အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း - ၆၅
ညနေ ၅ နာရီခွဲတွင် ရှီလဲ့သည် လင်းယွီမော့နှင့် မုရွှမ်းတို့ကို ခေါ်ဆောင်ကာ စိမ်းလန်းသောကန်ရေပြင် ဟိုတယ်သို့ ရောက်ရှိလာခဲ့သည်။ မူလက လီချိုင်သည် ရှီလဲ့နောက်သို့ တကောက်ကောက် လိုက်ချင်နေသော်လည်း မုရွှမ်းနှင့် လင်းယွီမော့တို့က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သဖြင့် သူခမျာ ကျောင်းသားစားသောက်ဆိုင်တွင်သာ ဗိုက်ဖြည့်လိုက်ရရှာသည်။
တက္ကစီပေါ်တွင် ရှီလဲ့က ရှေ့ခန်းမှ ထိုင်လိုက်ပြီး အလှပဂေးနှစ်ဦးက နောက်ခန်းတွင် ထိုင်ကြသည်။ ကားဆရာက နောက်ကြည့်မှန်မှတစ်ဆင့် ထိုအလှလေးနှစ်ယောက်ကို တစိမ့်စိမ့်ကြည့်ရင်း “ဘယ်သွားမလို့လဲ” ဟု မိန်းမောစွာ မေးလိုက်သည်။
ရှီလဲ့က ပြုံးပြီး “စိမ်းလန်းသောကန်ရေပြင်ဟိုတယ်ကိုပါ” ဟု ပြောလိုက်သည်။
“ဟင်” ကားဆရာက အံ့ဩတကြီးဖြင့် ရှီလဲ့ကို လှည့်ကြည့်လာသည်။
“စိမ်းလန်းသောကန်ရေပြင် ဟိုတယ်ကို သွားမှာပါ၊ လောနေလို့ မြန်မြန်လေးမောင်းပေးပါ” ဟု ရှီလဲ့က ထပ်ပြောလိုက်သည်။ နောက်ခန်းတွင် ထိုင်နေသည့် လင်းယွီမော့နှင့် မုရွှမ်းတို့က တိုးတိုးလေး ရယ်မောလိုက်ကြသည်။
ကားဆရာမှာ ရှီလဲ့ကို စိတ်ထဲမှ မနာလိုဖြစ်နေရင်း ဟိုတယ်ဆီသို့ မကျေမချမ်း မောင်းနှင်သွားတော့သည်။
စိမ်းလန်းသောကန်ရေပြင် ဟိုတယ်သည် ရွှမ်ချင်းတက္ကသိုလ်နှင့် သုံးကီလိုမီတာခန့်သာ ဝေးကွာသဖြင့် မိနစ်အနည်းငယ်အတွင်း ရောက်ရှိသွားသည်။ ကားဆရာသည် အလှလေးနှစ်ယောက်နှင့်အတူ ဟိုတယ်ထဲသို့ ဝင်သွားသည့် ရှီလဲ့ကို မနာလိုသော မျက်လုံးများဖြင့် ကြည့်ကာ ကျန်ရစ်ခဲ့သည်။
ဟိုတယ်ဧည့်ခန်းထဲတွင် ရွှေအိုရောင်ဆံပင်နှင့် ပြာလဲ့သောမျက်လုံးရှိသည့် နိုင်ငံခြားသား လေးဦး ရပ်နေကြသည်။ ရှီလဲ့တို့ သုံးယောက် ဝင်လာသောအခါ ထိုသူလေးဦးသည် မုရွှမ်းနှင့် လင်းယွီမော့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိုးရိမ်တကြီး ဖြစ်သွားသည့် မျက်နှာထားများ ပေါ်လာသည်။
ရှီလဲ့က ဤနိုင်ငံခြားသား လေးဦးမှာ ကိုဒက်ကုမ္ပဏီမှ ညှိနှိုင်းရေးအဖွဲ့ ဖြစ်လိမ့်မည်ဟု တွေးလိုက်သော်လည်း သေချာစေရန်အတွက် သူ၏နိုကီယာဖုန်းကို ထုတ်ကာ တစ်ဖက်လူ၏ ဖုန်းနံပါတ်ကို ဆက်လိုက်သည်။
နိုကီယာ၏ ဂန္ထဝင်ဖုန်းမြည်သံသည် ဟိုတယ်ဧည့်ခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။ ရှီလဲ့ ခန့်မှန်းထားသည့်အတိုင်းပင် ထိုနိုင်ငံခြားသား လေးဦးထံမှ မြည်လာခြင်းဖြစ်သည်။
ရှီလဲ့သည် လင်းယွီမော့၊ မုရွှမ်းတို့နှင့်အတူ လျှောက်သွားကာ အင်္ဂလိပ်လို ဦးအောင် နှုတ်ဆက်လိုက်သည်။ “ဟယ်လို... ကိုဒက်ခ်က သူငယ်ချင်းတို့... ကျွန်တော်က အပြုံးထောက်လှမ်းရေးပရိုဂရမ်ကို ရေးသားသူ ရှီလဲ့ပါ”
ထိုလေးဦးအနက် အရပ်ရှည်ရှည်နှင့် ရွှေရောင်ဆံပင်ရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ကြည်သော မျက်နှာထားဖြင့် “ဟယ်လို မစ္စတာရှီ.. ကျွန်တော်က ကိုဒက်ခ်ကုမ္ပဏီရဲ့ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဂျော့ခ်ဘလက်ပါ...တွေ့ရတာ ဝမ်းသာပါတယ်” ဟု ပြောလာသည်။
ရှီလဲ့ကလည်း “တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာဘလက်” ဟု ပြန်ပြောလိုက်သည်။
ဂျော့ခ်က ရှေ့မှဦးဆောင်ကာ လမ်းပြလိုက်သည်။ “မစ္စတာရှီ... ဒီဘက်ကို ကြွပါ..ကျွန်တော်တို့ စားပွဲတစ်ခု ကြိုတင်မှာထားပါတယ်”
နှစ်ဖက်စလုံးသည် ကိုဒက်ခ်မှ ကြိုတင်မှာထားသည့် သီးသန့်ခန်းထဲသို့ ဝင်လိုက်ကြသည်။ ဟိုတယ်ဝန်ထမ်းက လိုအပ်သည်များကို မေးမြန်းပြီးနောက် ဟင်းပွဲများပြင်ဆင်ရန် ထွက်သွားသည်။
အားလုံး နေရာတကျ ထိုင်ပြီးနောက် ရှီလဲ့က စတင်မိတ်ဆက်ပေးသည်။ “မစ္စတာဘလက်... ဒါက ကျွန်တော့်ရဲ့ ရည်းစား လင်းယွီမော့ပါ.. ဒါကတော့ ကျွန်တော်တို့ရဲ့ ညှိနှိုင်းရေးမှူး မုရွှမ်းပါ”
ဘလက်က ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် သူ၏အဖွဲ့ကို ပြန်လည်မိတ်ဆက်ပေးသည်။ “မစ္စတာရှီလဲ့... ဒါကတော့ ကိုဒက်ခ်ကုမ္ပဏီရဲ့ နည်းပညာကျွမ်းကျင်သူ ဘေးလ်တာကာပါ”
ဘေးလ်တာကာမှာ ဖန်ချက်အိမ်ကဲ့သို့ ထူထဲသော မျက်မှန်ကို တပ်ထားသည့် သက်လတ်ပိုင်းအရွယ် ပညာတတ်ပုံစံမျိုး ဖြစ်သည်။ သူသည် သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများတွင် အချိန်အတော်ကြာ ပါဝင်ပတ်သက်နေသူဖြစ်ကြောင်း သိသာလှသည်။
ကျန်ရှိသည့် နှစ်ဦးမှာ မိုက်ခ်နှင့် ဒေးဗစ် တို့ ဖြစ်ကြသည်။ မိုက်ခ်သည် ဂျော့ခ်၏ လက်ထောက်ဖြစ်ပြီး ဒေးဗစ်မှာမူ ဘေးလ်၏ လက်ထောက်ဖြစ်သည်။
သီးသန့်ခန်းထဲတွင် လင်းယွီမော့က ရှီလဲ့၏ ညာဘက်တွင် ထိုင်ပြီး မုရွှမ်းက လင်းယွီမော့၏ ညာဘက်၊ ဂျော့ခ်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်သည်။ ရှီလဲ့၏ ဘယ်ဘက်တွင် နည်းပညာရှင် ဘေးလ်၊ ထို့နောက် ဒေးဗစ်၊ ဂျော့ခ်နှင့် မိုက်ခ်တို့ အစဉ်လိုက် ထိုင်ကြသည်။ မုရွှမ်းနှင့် မိုက်ခ်ကြားတွင် ထိုင်ခုံ သုံးလုံးစာ ခြားနေသည်။ နှစ်ဖက်စလုံးသည် ထိုင်ခုံနေရာယူပုံဖြင့်ပင် အားပြိုင်နေကြသည့်အလား။
မုရွှမ်း၏ လက်ထဲတွင် A4 စာရွက်တစ်ရွက် ပါရှိသည်။ ထိုစာရွက်ပေါ်တွင် ရှီလဲ့ အလိုရှိသည့် အနိမ့်ဆုံးဈေးနှုန်းကို ရေးမှတ်ထားပြီး မုရွှမ်းက ထိုအချက်ကို အခြေခံ၍ ထိန်းညှိသွားမည်ဖြစ်သည်။
ရှီလဲ့၏ အနိမ့်ဆုံးဈေးမှာ အမေရိကန်ဒေါ်လာ ၅ သိန်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ဒေါ်လာနှင့် တာ့ရှားငွေလဲလှယ်နှုန်းမှာ ၁ အချိုး ၈ ခန့် ဖြစ်သဖြင့် ဒေါ်လာ ၅ သိန်းသည် ရှမန်ငွေ ၄ သန်းနှင့် ညီမျှသည်။
ဟင်းပွဲများ မလာခင်မှာပင် နည်းပညာရှင် ဘေးလ်က ရှီလဲ့ကို စတင်မေးမြန်းတော့သည်။ “မစ္စတာရှီ... အပြုံးထောက်လှမ်းရေးပရိုဂရမ်နဲ့ ပတ်သက်ပြီး အချောသတ်ထားတဲ့ လက်ရာရှိလား...အခုပဲ ကျွန်တော်တို့ကို သရုပ်ပြပေးနိုင်မလား” ဟု ပြောရင်း လက်တော့ပ်တစ်လုံးနှင့် ကိုဒက်ခ် ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို ထုတ်လိုက်သည်။
လီကျန့်ပြည်နယ်သားများသည် လက်တွေ့ဆန်သူများဖြစ်ပြီး စကားဝိုင်းလှည့်ပတ်ပြောနေတတ်သူများ မဟုတ်ကြောင်း ရှီလဲ့ သိသည်။ သူက သူ၏ USB နှင့် ကင်မရာအသေးစားလေးတစ်ခုကို ထုတ်လိုက်သည်။
“အပြုံးထောက်လှမ်းရေးပရိုဂရမ်က ဒီ USB ထဲမှာ ရှိပါတယ်.. ဒီကင်မရာကတော့ ကွန်ပျူတာ ဗီဒီယိုကင်မရာပါ... ပစ်ဇယ် ၈ သန်းရှိပြီး အော်တိုဖိုးကပ်စ် စနစ် ပါပါတယ်...ဘေးလ်... မင်း ဒီကင်မရာကို သုံးပြီး ဒစ်ဂျစ်တယ်ကင်မရာအစား ဗီဒီယိုနဲ့ စမ်းသပ်ကြည့်လို့ ရပါတယ်”
ဘေးလ်သည် USB နှင့် ကင်မရာကို လက်တော့ပ်တွင် ချက်ချင်း ချိတ်ဆက်လိုက်သည်။ ရှီလဲ့၏ လမ်းညွှန်မှုဖြင့် ပရိုဂရမ်ကို အရင်သွင်းပြီးနောက် ကင်မရာကို ဖွင့်လိုက်သည်။
ရှီလဲ့က ရှင်းပြသည်။ “ဘေးလ်... အရင်ဆုံး ပရိုဂရမ်ကို သုံးပြီး မစ္စတာဘလက်ကို ဓာတ်ပုံရိုက်ကြည့်ပါ... ပြီးရင် ပရိုဂရမ်ကို ပိတ်ပြီး နောက်တစ်ပုံ ရိုက်ကြည့်... အဲ့ဒီပုံနှစ်ပုံကို နှိုင်းယှဉ်ကြည့်ရင် ကွာခြားချက်ကို မြင်ရလိမ့်မယ်”
ပရိုဂရမ်ကို ကင်မရာထဲ ထည့်သွင်းလိုက်သည်။ ဂျော့ခ်ဘလက်နှင့် မိုက်ခ်တို့ နှစ်ယောက်လုံး ကင်မရာကို ကြည့်ပြီး ပြုံးလိုက်ကြသည်။ ကင်မရာဖန်သားပြင်ပေါ်တွင် သူတို့နှစ်ဦး၏ အပြုံးကို စိမ်းရောင်လေးထောင့်ကွက်လေးများဖြင့် ဝိုင်းပြလာပြီး ကင်မရာက အလိုအလျောက် ဓာတ်ပုံရိုက်ယူလိုက်သည်။
လက်တော့ပ်မှ ‘ကလစ်’ ခနဲ အသံမြည်သွားသည်။ ကင်မရာစဖွင့်ချိန်မှ ဓာတ်ပုံရိုက်ပြီးချိန်အထိ ၂ စက္ကန့်ပင် မကြာလိုက်ပေ။
ဘေးလ်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ ကျွမ်းကျင်သူတစ်ယောက်အတွက်တော့ တစ်ချက်ကြည့်လိုက်ရုံနှင့် အဖြေသိနိုင်သည်။ အော်တိုဖိုးကပ်စ်ချိန်ချိန်မှ ဓာတ်ပုံရိုက်ပြီးချိန်အထိကို ၂ စက္ကန့်အတွင်း အပြတ်ဖြတ်နိုင်ခြင်းမှာ ကင်မရာ၏ ဖမ်းယူမှုအရှိန်မှာ အလွန်မြန်ဆန်လှသည်ဟု ဆိုလိုခြင်းဖြစ်သည်။
“အော်တိုဖိုးကပ်စ် အရှိန်ကတော့ မဆိုးဘူး... ဒါပေမဲ့ ပုံအရည်အသွေးက ဘယ်လိုရှိမလဲ” ဟု ဘေးလ်က စိတ်ထဲမှ မှန်းဆလိုက်သည်။ ထို့နောက် သူက ပရိုဂရမ်ကို ပိတ်ပြီး ကင်မရာ၏ သာမန်စနစ်ဖြင့် နောက်တစ်ပုံ ရိုက်ကြည့်သည်။
ဤတစ်ကြိမ်တွင်မူ ပရိုဂရမ်မပါသဖြင့် အော်တိုဖိုးကပ်စ်ချိန်ရန် ၃ စက္ကန့်မှ ၄ စက္ကန့်ခန့်အထိ ကြာသွားသည်။ ထို့နောက်မှ ဘေးလ်က လက်ဖြင့် နှိပ်၍ ဓာတ်ပုံရိုက်လိုက်ရသည်။
အရှိန်ကို နှိုင်းယှဉ်ကြည့်ရုံဖြင့် အပြုံးထောက်လှမ်းရေးပရိုဂရမ်က အပြတ်အသတ် အနိုင်ရရှိသွားသည်။
ဘေးလ်သည် ရိုက်ထားသော ပုံနှစ်ပုံကို ရှာဖွေပြီး နှိုင်းယှဉ်ကြည့်လိုက်သည်။
ပုံများကို ဖွင့်ကြည့်လိုက်သောအခါ ရလဒ်မှာ သိသိသာသာ ကွဲပြားနေသည်။
ကင်မရာတစ်ခုတည်း၊ နေရာတစ်ခုတည်း၊ လူတစ်ယောက်တည်း ဖြစ်သော်လည်း ရလဒ်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေသည်။
ပထမပုံမှာ အလွန်ကြည်လင်ပြတ်သားပြီး အရောင်အသွေး စိုပြည်လှသည်။ အထူးသဖြင့် မစ္စတာဘလက်နှင့် မိုက်ခ်တို့၏ မျက်နှာမှာ ဝေဝါးခြင်းမရှိဘဲ အလွန်ပင် ရှင်းလင်းနေသည်။
ဒုတိယပုံမှာမူ ပုံရိပ်မှာ မကြည်လင်ရုံသာမက အစက်အပြောက်များ ပါရှိနေပြီး ပုံရိပ်များမှာလည်း အနည်းငယ် ဝေဝါးနေသည်။
ဘယ်အရာက ပိုကောင်းသလဲဆိုသည်မှာ ငြင်းစရာမလိုတော့ပေ။
သီးသန့်ခန်းအပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသဖြင့် ရှီလဲ့က “ဝင်ခဲ့ပါ” ဟု ခွင့်ပြုလိုက်သည်။
စားပွဲထိုးနှစ်ဦးက ဟင်းပွဲတွန်းလှည်းများဖြင့် ဝင်လာပြီး ခမ်းနားလှသော ဟင်းလျာများကို လှည့်ပတ်စားပွဲပေါ်တွင် တစ်ပွဲပြီးတစ်ပွဲ တင်ပေးကြသည်။ ရှီလဲ့က ဂျော့ခ်ကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ “မစ္စတာဘလက်... တာ့ရှားက ကြိုဆိုပါတယ်..အရင်ဆုံး တာ့ရှားရဲ့ အရသာရှိတဲ့ အစားအစာတွေကို မြည်းစမ်းကြည့်ကြရအောင်.. ပရိုဂရမ်ကိစ္စကိုတော့ နောက်မှ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့၊ ဘယ်လိုလဲ”
ဂျော့ခ်ဘလက် မလာခင်က ကိုဒက်ခ်ကုမ္ပဏီမှ တာ့ရှားလူမျိုး ဝန်ထမ်းတစ်ဦးက ရှမန်တွင် စီးပွားရေးဆွေးနွေးမည်ဆိုလျှင် အစားအသောက်နှင့် သောက်စားမှုယဉ်ကျေးမှုမှာ အရေးကြီးကြောင်း၊ အစားအသောက် ကောင်းကောင်းရှိလျှင် အရာရာ အဆင်ပြေနိုင်ကြောင်း ကြိုတင်မှာကြားထားခဲ့သည်။
“မစ္စတာရှီ... ဘာသောက်မလဲ.. မောက်ထိုင် လား.. ဒါမှမဟုတ် ဝူလျန်ယဲ့ လား”
ပရိုဂရမ်၏ စွမ်းဆောင်ရည်ကို တွေ့လိုက်ရသဖြင့် ဂျော့ခ်၏ သဘောထားမှာ သိသိသာသာ နွေးထွေးလာသည်။ သူ၏မျက်နှာတွင် အပြုံးလေးများ ပေါ်လာပြီး စစချင်းတွေ့သလိုမျိုး တည်တင်းမနေတော့ပေ။
ရှီလဲ့မှာ အံ့ဩသွားသည်။ နိုင်ငံခြားသားတွေကတောင် မောက်ထိုင်နဲ့ ဝူလျန်ယဲ့ကို သိနေကြတာလား။
“မစ္စတာဘလက်က မောက်ထိုင်နဲ့ ဝူလျန်ယဲ့ကို ကြိုက်တာလား..ကျွန်တော်ကတော့ အုန်းနို့ပဲ သောက်တတ်တယ်” ရှီလဲ့၏ အရက်သောက်နိုင်စွမ်းမှာ တကယ့်ကို အလွဲအချော်ကြီးပင်။
ရှီလဲ့က စားပွဲထိုးကို မောက်ထိုင် တစ်ပုလင်း ယူလာခိုင်းလိုက်သည်။ ဤနိုင်ငံခြားသားများကို တာ့ရှားအရက်၏ ပြင်းအားကို မြည်းစမ်းကြည့်စေချင်သည်။ ၎င်းသည် ဝီစကီ သို့မဟုတ် ဗော့ဒ်ကာတို့ထက် မနိမ့်ကျကြောင်း ပြသလိုခြင်း ဖြစ်သည်။
နည်းပညာရှင် ဘေးလ်နှင့် ဒေးဗစ်တို့ကမူ နည်းပညာရူးသွပ်သူများဖြစ်ကြသဖြင့် အစားအသောက်ကို ဂရုမစိုက်ဘဲ ပရိုဂရမ်ကိုသာ တစိုက်မတ်မတ် စမ်းသပ်နေကြသည်။ ဘေးလ်က ဓာတ်ပုံရိုက်ပြီး ဒေးဗစ်က မော်ဒယ်လ်လုပ်ပေးနေကြသည်။
ရှီလဲ့ကတော့ ဂရုမစိုက်နိုင်တော့ပေ။ မွန်းလွဲပိုင်းက ဘာမှ သိပ်မစားထားသဖြင့် အခု အတော်လေး ဗိုက်ဆာနေပြီဖြစ်သည်။
သူက တူကို ကိုင်လိုက်ပြီး “ယွီမော့.. မုရွှမ်း... စားကြစို့” ဟု ပြောလိုက်သည်။
လင်းယွီမော့က အားနာစွာဖြင့် “ရှီလဲ့... ဒါက သိပ်မကောင်းဘူး မဟုတ်လား” ဟု တိုးတိုးလေး မေးသည်။
မုရွှမ်းက ဘာမှမပြောသော်လည်း သူမ၏ မျက်နှာထားမှာ လင်းယွီမော့ကဲ့သို့ပင် ဖြစ်သည်။ ဧည့်သည်တွေ မစားသေးဘဲ အရင်စားရန် အားနာနေခြင်းဖြစ်သည်။
ရှီလဲ့က ပြုံးပြီး ဟင်းတစ်ဖဲ့ကို ပါးစပ်ထဲထည့်ကာ ဝါးလိုက်သည်။ ရုတ်တရက် သူ၏ မျက်နှာထား ပျက်သွားသည်။ အကယ်၍ ဘေးတွင် လင်းယွီမော့တို့သာ မရှိပါက သူ ချက်ချင်း ထွေးထုတ်မိမှာ သေချာသည်။
ရှီလဲ့က အနိုင်နိုင် မျိုချလိုက်ပြီးနောက် ညည်းညူလိုက်သည်။ “တောက် ဒါကကြယ်လေးပွင့်ဟိုတယ်လား အစားအသောက်က အဆိုးကြီးပဲ.. အိုးရန်...”
ရှီလဲ့ စကားကို ဆက်မပြောတော့ပေ။ အိုးရန်ရှန်းအကြောင်းကိုသာ ထုတ်ပြောမိပါက လင်းယွီမော့ကို ရှင်းပြရန် ခက်ခဲသွားလိမ့်မည်။
လင်းယွီမော့က ဟင်းကို မြည်းကြည့်ပြီးနောက် “ရှီလဲ့... အရသာရှိသားပဲ” ဟု အံ့ဩစွာ ပြောလာသည်။
ရှီလဲ့က ခေါင်းကို ရှက်ကိုးရှက်ကန်း ကုတ်လိုက်သည်။ သူသည် အိုးရန်ရှန်း၏ လက်ရာများကို စားနေကျဖြစ်သဖြင့် ဤဟိုတယ်ဟင်းများကို အရသာမရှိဟု ခံစားနေရခြင်း ဖြစ်သည်။
မုရွှမ်းကလည်း မြည်းကြည့်ပြီး အရသာကောင်းကြောင်း ထောက်ခံသည်။
ရှီလဲ့ခမျာ ရင်ထဲမှာ မျက်ရည်ကျနေရသည်။ သူက လင်းယွီမော့နှင့် မုရွှမ်းတို့ကို အိမ်ခေါ်သွားပြီး အိုးရန်ရှန်းကို ဟင်းချက်ခိုင်းဖို့ဆိုသည်မှာလည်း မဖြစ်နိုင်သည့်ကိစ္စ မဟုတ်ပါလား။
ကံကောင်းထောက်မစွာဖြင့် ကျန်သည့် ဟင်းများမှာတော့ သိပ်မဆိုးလှပေ။ ဂျော့ခ်နှင့် မိုက်ခ်တို့မှာလည်း တရုတ်စာကို ခရင်း၊ ဇွန်းများဖြင့် မြိန်ရည်ယှက်ရည် စားသောက်နေကြသည်။
နည်းပညာရှင် ဘေးလ်နှင့် ဒေးဗစ်တို့ကသာ ပရိုဂရမ်စမ်းသပ်မှုတွင် အာရုံရောက်နေပြီး ဘာမှမစားကြသေးပေ။
စားသောက်ပြီးနောက် ရှီလဲ့က အင်္ဂလိပ်လို ရုတ်တရက် မေးလိုက်သည်။ “ဘေးလ်... ပရိုဂရမ်က ဘယ်လိုလဲ.. ငါတို့ကုမ္ပဏီအတွက် အထောက်အကူ ဖြစ်ရဲ့လား”
ဘေးလ်က ခေါင်းပင်မဖော်ဘဲ တိုက်ရိုက်ပြန်ဖြေလိုက်သည်။ “ဒီပရိုဂရမ်က တကယ့်ကို အလန်းကြီးဗျာ... ငါတို့ကင်မရာတွေမှာသာ ဒီပရိုဂရမ် ထည့်လိုက်ရင်တော့ တကယ့်ကို ပေါက်သွားမှာ သေချာတယ်”
ဂျော့ခ်ဘလက်ကတော့ မျက်နှာပျက်သွားပြီး ဘေးလ်ကို စိုက်ကြည့်လိုက်သည်။ သူ၏ နည်းပညာရှင်မှာ ရှီလဲ့၏ အမေးနောက်သို့ အလွယ်တကူ ပါသွားခဲ့ပြီ မဟုတ်ပါလား။
အခန်း - ၆၆
စိမ်းလန်းသောကန်ရေပြင် ဟိုတယ်၏ သီးသန့်ခန်းအတွင်း နည်းပညာရှင် ဘေးလ်သည် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်သောအခါ မေးခွန်းမေးနေသူမှာ ရှီလဲ့ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဘေးလ်သည် လူအမဟုတ်ပေ။ သူသည် ကုမ္ပဏီ၏ လိုအပ်ချက်ကို သူကိုယ်တိုင်ပင် ဘူးပေါ်သီးပေါ် ဖော်ပြလိုက်မိပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
ညှိနှိုင်းရေးမှူး ဂျော့ခ်ဘလက်က အားရပါးရ ရယ်မောလိုက်ပြီး “မစ္စတာရှီ... မင်းက တကယ့်ကို ပါးနပ်တာပဲ” ဟု ပြောလိုက်သည်။
ရှီလဲ့က ခေါင်းကိုကုတ်ရင်း အပြစ်ကင်းသယောင် ဟန်ဆောင်ကာ “ဟုတ်လို့လား ကျွန်တော်က ဒီတိုင်း မေးကြည့်တာပါ” ဟု ပြန်ပြောလိုက်သည်။
တကယ်တမ်းသာ ‘ဒီတိုင်း မေးကြည့်တာ’ ဆိုလျှင် ‘ကျွန်တော်တို့ ကုမ္ပဏီ’ ဆိုသည့် လမ်းလွဲစေသော စကားလုံးများကို သူ ဘာကြောင့် သုံးပါမည်နည်း။
“မစ္စတာဘလက်... အပြုံးထောက်လှမ်းရေးပရိုဂရမ်က ကိုဒက်ခ်အတွက် အထောက်အကူဖြစ်တယ်ဆိုတော့ ကျွန်တော် စိတ်အေးသွားပါပြီ” ရှီလဲ့က သူ၏ သဘောထားကို ရှင်းရှင်းလင်းလင်း ပြလိုက်သည်။ “ကျွန်တော်က တာ့ရှားဘက်တော်သားပါ.. ဗွိုက်စင်ကင်မရာကုမ္ပဏီကိုတော့ ကျွန်တော် တော်တော်လေး မုန်းတယ်”
ဂျော့ခ်၏ မျက်လုံးများ တောက်ပသွားသည်။ တာ့ရှားနှင့် ဗွိုက်စင်တို့ တစ်ဦးနှင့်တစ်ဦး မုန်းတီးကြခြင်းမှာ မထူးဆန်းပေ။
“မစ္စတာရှီ... ကိုဒက်ခ်ကလည်း ဗွိုက်စင်ကုမ္ပဏီရဲ့ ပြိုင်ဘက်ပါပဲ... အကယ်၍ မင်းက ဒီပရိုဂရမ်ကို ကိုဒက်ခ်ဆီ ရောင်းမယ်ဆိုရင် ကျွန်တော်တို့က ဗွိုက်စင်ကို နောက်တစ်ကျော့ ပြန်တိုက်စစ်ဆင်နိုင်မှာ သေချာပါတယ်.. မစ္စတာရှီအနေနဲ့ ဒီပရိုဂရမ်ရဲ့ အခွင့်အရေးအားလုံးကို ကိုဒက်ခ်ဆီ ရောင်းဖို့ ဆန္ဒရှိရဲ့လား”
ရှီလဲ့က တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်သည်။ “ရောင်းဖို့ ဆန္ဒရှိပါတယ်.. ဒါပေမဲ့ ခင်ဗျားတို့က ဘယ်လောက် ပေးမှာလဲ” ဤအချိန်တွင် ရှီလဲ့သည် ပိုက်ဆံတစ်ခုတည်းကိုသာ သိသည့် လူအတစ်ယောက်ကဲ့သို့ ပြုမူနေသည်။ သူသည် လိုင်စင်ကိစ္စ သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုများအကြောင်းကို လုံးဝ မပြောပေ။
ဂျော့ခ်မှာ ဝမ်းသာသွားသည်။ ကိုဒက်ခ်သည် ရှီလဲ့က မူပိုင်ခွင့်ဖြင့် သူတို့ကို ခြိမ်းခြောက်မည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
ရှီလဲ့က ပိုက်ဆံပဲ လိုချင်တာဆိုလျှင်တော့ ကိစ္စက လွယ်ကူသွားပြီ ဖြစ်သည်။
“မစ္စတာရှီ... ဘယ်လောက်နဲ့ ရောင်းဖို့ စိတ်ကူးထားလဲ” ဟု ဂျော့ခ်က အလောတကြီး မေးလိုက်သည်။
ရှီလဲ့က ရယ်မောပြီး မုရွှမ်းကို ညွှန်ပြလိုက်သည်။ “မစ္စတာဘလက်... ဈေးနှုန်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရှိရင် မုရွှမ်းကိုပဲ မေးပါ..သူက ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်ပါ”
မုရွှမ်းမှာ သက်ပြင်းချနိုင်သွားသည်။ ရှီလဲ့က မတော်တဆ သူတို့၏ အနိမ့်ဆုံးဈေးကို လွှတ်ခနဲ ပြောချလိုက်မည်ကို သူမ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ ရှီလဲ့၏ မိတ်ဆက်မှုကို ကြားပြီးနောက် မုရွှမ်းက အင်္ဂလိပ်လို ပြောလိုက်သည်။ “မစ္စတာဘလက်... တွေ့ရတာ ဝမ်းသာပါတယ်.. ကျွန်မ မုရွှမ်းပါ”
ဂျော့ခ်မှာမူ ရှီလဲ့ထံမှ ဈေးနှုန်းကို တိုက်ရိုက်မရလိုက်သဖြင့် စိတ်ထဲတွင် နှမြောသွားသည်။ သူက စိတ်ကို ပြန်ထိန်းပြီး မုရွှမ်းကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ “ဟယ်လို... မစ္စမု”
သီးသန့်ခန်းထဲတွင် ရှီလဲ့သည် နိုကီယာဖုန်းကို ကိုင်ကာ လင်းယွီမော့နှင့်အတူ မြွေဂိမ်းကစားနေကြသည်။ သူတို့ တော်တော်လေး ပျော်နေကြပုံရသည်။ နည်းပညာရှင် ဘေးလ်နှင့် ဒေးဗစ်တို့ကမူ ပရိုဂရမ်ကို စမ်းသပ်နေဆဲ ဖြစ်သည်။
မုရွှမ်း၊ ဂျော့ခ်ဘလက်နှင့် မိုက်ခ်တို့မှာမူ အကြိတ်အနယ် ညှိနှိုင်းနေကြသည်။
“မစ္စတာဘလက်... ဒီပရိုဂရမ်ရဲ့ အကျိုးသက်ရောက်မှုကို ရှင် နားလည်မယ်လို့ ကျွန်မ ထင်ပါတယ်...အခွင့်အရေးအားလုံးကို တစ်ခါတည်း အပြတ်ရောင်းမှာဖြစ်လို့ အမြတ်ခွဲဝေပေးဖို့လည်း မလိုတော့ပါဘူး” ဟု မုရွှမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ဂျော့ခ်၏ မျက်နှာထားမှာ အနည်းငယ် ပျက်သွားသည်။ မုရွှမ်း၏ ပုံစံကို ကြည့်ပြီး သူက လူသစ်တစ်ယောက်ဟု ထင်ထားသော်လည်း မုရွှမ်၏ စီးပွားရေးညှိနှိုင်းမှု အတွေ့အကြုံများမှာ ဂျော့ခ်ကို အနည်းငယ် တုန်လှုပ်သွားစေသည်။
“မစ္စမု... ကျွန်တော်တို့ ပရိုဂရမ်ရဲ့ စွမ်းဆောင်ရည်ကို နားလည်ပါတယ်.. ကျွန်တော်တို့ဘက်ကလည်း အပြတ်ဝယ်ဖို့ တော်တော်လေး စိတ်ဝင်စားပါတယ်.. ဒါပေမဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်း ဆိုတဲ့ ဈေးကတော့ အရမ်းများလွန်းတယ်”
ဒေါ်လာ ၁၀ သန်း
ရှီလဲ့၏ ကိုယ်လုံးလေးမှာ အနည်းငယ် တုန်ခါသွားသည်။ သူ၏ အရင်ဘဝက ကမ္ဘာ့ထိပ်တန်း ဟက်ကာတစ်ဦး ဖြစ်ခဲ့စဉ်ကပင် ရှီလဲ့မှာ ထိုမျှလောက် ချမ်းသာကြွယ်ဝမှု မရှိခဲ့ပေ။ အွန်လိုင်းကမ္ဘာတွင် သူတို့ အလိုရှိရာ လုပ်နိုင်သော်လည်း လက်တွေ့ကမ္ဘာတွင်မူ သူတို့မှာ သာမန်လူများသာ ဖြစ်ကြသည်။ အကယ်၍ ဟက်ကာစွမ်းရည်ကို သုံးပြီး အမြတ်အစွန်းကြီးကြီးမားမား ရှာမည်ဆိုလျှင် အစိုးရ၏ အလိုရှိဆုံးစာရင်းတွင် ပါသွားပေလိမ့်မည်။ ၎င်းမှာ လုံးဝ ပျော်စရာမကောင်းပေ။
‘မုရွှမ်း... ဒီကောင်မလေးကတော့ တကယ်ကို တောင်းရဲတာပဲ.. ငါက ငါးသိန်းပဲ လိုချင်တာကို သူက အဆ ၂၀ တောင် တိုးတောင်းလိုက်တာလား.. ကျွမ်းကျင်သူတွေ ခေါ်လာရတာ ဒါကြောင့်ကိုး’
မုရွှမ်းက အေးအေးဆေးဆေး ပြုံးလိုက်ပြီး “နည်းပညာအသစ်တစ်ခုကို တီထွင်ဖို့အတွက် ဒေါ်လာ ၁၀ သန်းဆိုတာ မများပါဘူး နောက်ပြီး ဒီနည်းပညာက အချောသတ်ပြီးသား ဖြစ်လို့ ရှင်တို့ရဲ့ ကိုဒက်ခ်ကင်မရာတွေမှာ ချက်ချင်း အသုံးပြုနိုင်ပါတယ်...ဒီနည်းပညာကြောင့် ကိုဒက်ခ်ရဲ့ ရောင်းအားက ဘယ်လောက်ထိ တက်လာမယ်ဆိုတာ တွေးကြည့်လိုက်ပါဦး”
ဂျော့ခ်ဘလက်မှာ ဆွံ့အသွားသည်။ မုရွှမ်း ပြောသည်မှာ မှန်ပေသည်။ အကယ်၍ သူတို့တွင် ဤနည်းပညာသာ ရှိပါက ရောင်းအားမှာ အဆမတန် တက်လာပေလိမ့်မည်။
သို့သော် ဒေါ်လာ ၁၀ သန်းမှာ ကိုဒက်ခ် သတ်မှတ်ထားသည့် အမြင့်ဆုံးဈေးထက် ကျော်လွန်နေသည်။
နှစ်ဖက်စလုံးသည် အားပြိုင်နေကြသည်။ ဒေါ်လာ ၁၀ သန်းမှ ၆ သန်းအထိ ဈေးဆစ်ရင်း အကြိတ်အနယ် ဆွေးနွေးနေကြဆဲ ဖြစ်သည်။ ရှီလဲ့ကတော့ မုရွှမ်းကိုသာ လွှဲထားလိုက်ပြီး သူနှင့် လင်းယွီမော့မှာ ဖုန်းဂိမ်းကိုသာ အာရုံစိုက်နေကြသည်။
နည်းပညာရှင် ဘေးလ်က ရှီလဲ့ကို ရုတ်တရက် မေးလိုက်သည်။ “မစ္စတာရှီ... ဒီပရိုဂရမ်အတွက် လိုအပ်တဲ့ ဟာ့ဒ်ဝဲ က အဆင့်မြင့်ဖို့ လိုသလား”
ဒစ်ဂျစ်တယ်ကင်မရာနှင့် ကွန်ပျူတာမှာ မတူပေ။ ကင်မရာ၏ မှန်ဘီလူးမှာလည်း ဗီဒီယိုကင်မရာနှင့် မတူပေ။ ကွန်ပျူတာပေါ်တွင် စမ်းသပ်စဉ်က ရလဒ်ကောင်းသော်လည်း ကိုဒက်ကင်မရာထဲသို့ ထည့်လိုက်လျှင် မည်သို့ရှိမည်ကို သူ သိချင်နေခြင်းဖြစ်သည်။
ဤပရိုဂရမ်မှာ 300 KB သာ ရှိသဖြင့် ပရိုဆက်ဆာနှင့် အခြား ဟာ့ဒ်ဝဲများအတွက် လိုအပ်ချက်မှာ အလွန်နိမ့်သည်။
“ဘေးလ်... စိတ်မပူပါနဲ့... မင်းတို့ရဲ့ ကိုဒက်ခ်ကင်မရာ ဟာ့ဒ်ဝဲတွေကို ငါ စစ်ဆေးပြီးပါပြီ... ဒီပရိုဂရမ်ကို အေးအေးဆေးဆေး လည်ပတ်နိုင်ပါတယ်”
ရှီလဲ့၏ စကားကို ကြားမှ ဘေးလ်မှာ စိတ်အေးသွားပြီး ပရိုဂရမ်ကို ဆက်လက်စမ်းသပ်နေသည်။
ည ၈ နာရီတွင် ဂျော့ခ်၏ ဖုန်းသည် ရုတ်တရက် တုန်ခါလာသည်။ သူက မုရွှမ်းကို “မစ္စမုရွှမ်း... ခဏလောက် ခွင့်ပြုပါဦး.. ဖုန်းဖြေစရာရှိလို့ပါ” ဟု ခွင့်တောင်းကာ အခန်းပြင်သို့ ထွက်သွားသည်။
“ဟယ်လို... ကိုဒက်ခ်ကုမ္ပဏီက ဂျော့ခ်ဘလက် ပြောနေပါတယ်” ဟု သူက မိတ်ဆက်လိုက်သည်။
ဖုန်းမှာ လီကျန့်ပြည်နယ်ရှိ ကိုဒက်ခ်ဌာနချုပ်မှ ဖြစ်သည်။ “ဂျော့ခ်... အပြုံးထောက်လှမ်းရေးပရိုဂရမ် ရေးတဲ့သူနဲ့ ညှိနှိုင်းနေတာတွေကို ရပ်လိုက်တော့.. ဆိုနီက အဲ့ဒီပရိုဂရမ်အတွက် မူပိုင်ခွင့် လျှောက်ထားပြီးပြီဆိုတဲ့ သတင်းကို အခုလေးတင် ရထားတယ်.. မကြာခင်မှာလည်း မူပိုင်ခွင့် ကျတော့မှာပဲ”
ဂျော့ခ်၏ မျက်နှာ ပျက်သွားသည်။ “ဘာ..ဥက္ကဋ္ဌ... ဒါဆို အဲ့ဒီ မစ္စတာရှီက ဆိုနီရဲ့ နည်းပညာကို ခိုးယူထားတာလား”
ကိုဒက်ဥက္ကဋ္ဌကတော့ ချက်ချင်း ဆုံးဖြတ်ချက်မချပေ။ “အသေးစိတ်ကိုတော့ မသေချာသေးဘူး.. ညှိနှိုင်းတာတွေကို ရပ်ထားလိုက်ဦး...ဒါပေမဲ့ သူနဲ့တော့ အဆက်အသွယ် မပြတ်စေနဲ့... ငါတို့ရဲ့ သတင်းဌာနကတော့ ဒါကို ဆက်ပြီး စုံစမ်းနေတုန်းပဲ”
“နားလည်ပါပြီ ဥက္ကဋ္ဌ” ဂျော့ခ်၏ လေသံမှာ အနည်းငယ် စိတ်ပျက်နေပုံရသည်။
ဖုန်းချပြီးနောက် သူသည် အခန်းထဲသို့ ပြန်ဝင်လာသည်။ မုရွှမ်းနှင့် ပြန်လည်ဆွေးနွေးသောအခါ သူ၏ သဘောထားမှာ အလွန် တင်းမာသွားသည်။
“မစ္စမု... ကျွန်တော်တို့ ဒီအခြေအနေကို လက်မခံနိုင်ပါဘူး...အချိန်လည်း တော်တော်နောက်ကျနေပြီဆိုတော့ လောလောဆယ် ညှိနှိုင်းတာကို ရပ်ထားရအောင်။ နောက်မှ ပြန်တွေ့ကြတာပေါ့”
မုရွှမ်းက ဂျော့ခ်ကို အံ့ဩစွာ ကြည့်လိုက်သည်။ ဖုန်းပြောပြီးနောက်တွင် သူ ဘာကြောင့် ဤမျှ တင်းမာသွားရသည်ကို သူမ နားမလည်ပေ။
ရှီလဲ့သည် ဖုန်းကစားနေသော်လည်း ညှိနှိုင်းမှုများကို အာရုံစိုက်နေခဲ့သည်။ ဂျော့ခ်၏ ပြောင်းလဲသွားသော သဘောထားကို ကြည့်ပြီး အကြောင်းရင်းကို သူ ခန့်မှန်းမိလိုက်သည်။ ဆိုနီက မူပိုင်ခွင့် လျှောက်ထားလိုက်ပြီဆိုသည့်အချက်ကြောင့် ဖြစ်ရမည်။
မုရွှမ်က ရှီလဲ့ကို ကြည့်လိုက်သောအခါ ရှီလဲ့က ပြောလိုက်သည်။ “မစ္စတာဘလက်... ဒါဆိုလည်း ကျွန်တော်တို့ မနှောင့်ယှက်တော့ပါဘူး”
နည်းပညာရှင် ဘေးလ်ကမူ “မစ္စတာရှီ... ဒီပရိုဂရမ်ကို ထားခဲ့လို့ ရမလား.. ကျွန်တော် ဆက်ပြီး သုတေသနလုပ်ချင်သေးလို့ပါ” ဟု တောင်းဆိုသည်။
အမှန်အတိုင်းပြောရလျှင် ဘေးလ်၏ တောင်းဆိုမှုမှာ အလွန်ပင် ရိုင်းရာကျလှသည်။
အကြောင်းမှာ ဤပရိုဂရမ်ကို သူတို့လက်ထဲ ထားခဲ့လျှင် သူတို့က နည်းပညာကို ခိုးယူရန် ကြိုးစားမည်လားဆိုသည်ကို မည်သူမှ မသိနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ရှီလဲ့ကတော့ ဂရုမစိုက်ပေ။ သူ၏ ပရိုဂရမ်ကို အဆင့်မြင့်စွာ ကုဒ်နံပါတ်များဖြင့် ပိတ်ထားသဖြင့် ခွဲခြမ်းစိတ်ဖြာရန်မှာ မလွယ်ကူပေ။
“ဘေးလ်... မင်း သုတေသနလုပ်ချင်ရင်တော့ လုပ်ပါ... ဒါပေမဲ့ ဒါက စမ်းသပ်ဆဲဗားရှင်းဖြစ်လို့ ၃ ရက်နေရင် အလိုအလျောက် ပျက်သွားပါလိမ့်မယ်.. နောက်ပြီး တစ်ခု သတိပေးချင်တာကတော့ ဒါကို ခွဲခြမ်းဖို့မကြိုးစားပါနဲ့..
အဲ့လိုလုပ်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကိုတော့ မင်းတို့ပဲ တာဝန်ယူရလိမ့်မယ်”
ထို့နောက် ရှီလဲ့သည် လင်းယွီမော့နှင့် မုရွှမ်းတို့ကို ခေါ်ကာ ထွက်လာခဲ့သည်။
သူတို့ ထွက်သွားပြီးနောက် ဘေးလ်က မေးလိုက်သည်။ “ဂျော့ခ်... ခုနက ဘာဖြစ်တာလဲ”
“ဘေးလ်... ဌာနချုပ်က ဖုန်းဆက်တာ..ဆိုနီက အပြုံးထောက်လှမ်းရေးပရိုဂရမ်အတွက် မူပိုင်ခွင့် လျှောက်ထားလိုက်ပြီတဲ့... မကြာခင်မှာလည်း ကျတော့မှာ” ဟု ဂျော့ခ်က စိတ်မသက်မသာ ပြန်ဖြေလိုက်သည်။
လက်ထောက် မိုက်ခ်က မျက်မှောင်ကြုတ်ရင်း “သူဌေး... ဒါဆို မစ္စတာရှီက ဆိုနီရဲ့ နည်းပညာကို ခိုးပြီး ကျွန်တော်တို့ကို လာလိမ်နေတာလို့ ပြောချင်တာလား”
ဘေးလ်က နှာခေါင်းရှုံ့လိုက်ပြီး “ဆိုနီ... သူတို့ရဲ့ အပြုံးထောက်လှမ်းရေးပရိုဂရမ်လား အဲ့ဒါက အမှိုက်တွေပါ”
ဂျော့ခ်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ “ဘေးလ်... မင်းက ဆိုနီရဲ့ ပရိုဂရမ်အကြောင်း သိလို့လား”
“သိတာပေါ့ ကျွန်တော့်ရဲ့ တက္ကသိုလ် သူငယ်ချင်းတစ်ယောက်က ဆိုနီမှာ အဆင့်မြင့်သုတေသီ လုပ်နေတာ.. ပြီးခဲ့တဲ့ အပတ်ကတောင် အီးမေးလ် ပို့ဖြစ်သေးတယ်... ဆိုနီရဲ့ ပရိုဂရမ်က တကယ်ကို အဆင့်မရှိတာပါ” ဘေးလ်က ဆိုနီ၏ ပရိုဂရမ်ကို နှိမ်ချပြောဆိုလိုက်သည်။
ဘေးလ် ပြောသည်မှာ မှန်ပေသည်။ ရှီလဲ့၏ ပရိုဂရမ်မှာ အနာဂတ်မှ နည်းပညာဖြစ်သဖြင့် ဆိုနီထက် ပိုမိုမြန်ဆန်ပြီး ပိုမို တိကျနေခြင်း ဖြစ်သည်။
ဂျော့ခ်သည် ဘေးလ်ထံမှ အသေးစိတ် အချက်အလက်များကို မေးမြန်းပြီးနောက် ကိုဒက်ခ်၏ အဆင့်မြင့် စီမံခန့်ခွဲရေးအဖွဲ့ထံသို့ ချက်ချင်း အစီရင်ခံလိုက်သည်။
ရှီလဲ့တို့ သုံးယောက်မှာမူ တက္ကစီဖြင့် ကျောင်းသို့ ပြန်လာခဲ့ကြသည်။ ကျောင်းထဲသို့ ရောက်သောအခါ မုရွှမ်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ရှီလဲ့... ဒီပရိုဂရမ်ကို မင်း တကယ်ပဲ ရေးခဲ့တာလား..ကိုဒက်ခ် ကိုယ်စားလှယ်ရဲ့ သဘောထားက ဘာလို့ ချက်ချင်းကြီး ပြောင်းသွားရတာလဲ”
“မုရွှမ်း... ဒီပရိုဂရမ်ကို ငါပဲ ရေးခဲ့တာပါ.. ဒါပေမဲ့ ဒါက ငါ တစ်ယောက်တည်းမှာပဲ ရှိတာတော့ မဟုတ်ဘူး... ငါ့မှာ တာ့ရှားရဲ့ မူပိုင်ခွင့် ရှိသလို၊ ဆိုနီမှာလည်း ကမ္ဘာ့မူပိုင်ခွင့် ရှိတယ်.. ကိုဒက်ခ်ရဲ့ သဘောထား ပြောင်းသွားတာက လီကျန့်ပြည်နယ်ရဲ့ မူပိုင်ခွင့်က ဆိုနီလက်ထဲမှာ ရှိနေတယ်ဆိုတာကို သူတို့ သိသွားလို့ ဖြစ်မှာပါ...ဒါပေမဲ့ ငါ့ရဲ့ ပရိုဂရမ်က ဆိုနီထက် ပိုပြီး အဆင့်မြင့်တယ်..ကိုဒက်ခ်တို့ ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့” ဟု ရှီလဲ့က ရှင်းပြလိုက်သည်။
မုရွှမ်းက ခဏလောက် တွေးပြီး ထပ်မေးသည်။ “ရှီလဲ့... ငါ့ကို မပြောရသေးတာ ဘာတွေ ကျန်သေးလဲ... အားလုံးကို တစ်ခါတည်း ပြောပြလိုက်ပါ... ဒါက ညှိနှိုင်းမှုတွေအပေါ်မှာ အများကြီး သက်ရောက်မှု ရှိတယ်... မင်းရဲ့ အနိမ့်ဆုံးဈေးက ဘာလို့ ငါးသိန်းပဲ ဖြစ်နေရလဲဆိုတာ အခုမှ ငါ နားလည်တော့တယ်... မင်းက တကယ် မအဘူးပဲ”
ရှီလဲ့က ရယ်မောလိုက်ပြီး “စိတ်မပူပါနဲ့။ ကိုဒက်ခ်က မလိုချင်ရင်တောင် တခြားလိုချင်တဲ့သူတွေ အများကြီး ရှိပါသေးတယ်” ဟု ပြောလိုက်တော့သည်။