အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း - ၆၉
ရှီလဲ့သည် ဖုန်းချလိုက်ပြီးနောက် မုရွှမ်းကို ပြုံးပြကာ ပြောလိုက်သည်။ “မုရွှမ်း... ပက်ထရီးရော့တ် ကုမ္ပဏီက ကိုယ်စားလှယ်က ငါတို့ကို နေ့လယ်စာ ဖိတ်ကျွေးတယ်”
မုရွှမ်း၏ မျက်နှာမှာ တည်ငြိမ်နေပြီး သူမ ဘာတွေးနေသလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပေ။ “ရှီလဲ့... လိုင်ကာတို့၊ ကိုဒက်ခ် တို့နဲ့ နှိုင်းယှဉ်ရင် ပက်ထရီးရော့တ်က နည်းနည်းတော့ အင်အားနည်းလွန်းတယ်”
သူမဘေးတွင် ရပ်နေသည့် ဝီလျံက ခပ်ရောင့်ရောင့် တာ့ရှားဘာသာစကားဖြင့် ဝင်ပြောသည်။ “မစ္စမု ပြောတာ မှန်တယ်ကင်မရာလောကမှာ ပက်ထရီးရော့တ်ဆိုတာ လမ်းလျှောက်သင်စ ကလေးလေးပဲ ရှိသေးတာ.. သူတို့က လိုင်ကာကုမ္ပဏီကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ရှီလဲ့၊ လင်းယွီမော့နှင့် မုရွှမ်းတို့ သုံးယောက်လုံး ဝီလျံကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။ ဝီလျံက တာ့ရှားစကား တတ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် လျှို့ဝှက်ချက်များကို မပြောမိခဲ့ပေ။ သို့မဟုတ်ပါက သူတို့၏ အသာစီးရနိုင်မည့် အချက်များကို ဝီလျံ သိသွားပေလိမ့်မည်။
“ဝီလျံ... မင်း တာ့ရှားစကား တတ်မယ်လို့ ငါ မထင်ထားဘူး” ရှီလဲ့သည် ထိုလူကို တစ်ချက်ကြည့်လိုက်သည်။ ဤလူသည်လည်း သိုးရေခြုံထားသည့် ဝံပုလွေတစ်ကောင်ပင်။ သူ တာ့ရှားစကား တတ်သော်လည်း ထုတ်မပြောဘဲ နေခဲ့သည် မဟုတ်ပါလား။
ဝီလျံကတော့ ရှက်ကိုးရှက်ကန်း ဖြစ်မနေဘဲ တည်တည်ငြိမ်ငြိမ်ပင် ဖြေသည်။ “တက္ကသိုလ်မှာတုန်းက တာ့ရှားဘာသာစကားကို အပိုဘာသာရပ်အနေနဲ့ ယူခဲ့ဖူးလို့ နည်းနည်းပါးပါးတော့ သိပါတယ်... ရှီလဲ့... မင်း ပက်ထရီးရော့တ်နဲ့ ညှိနှိုင်းတော့မှာလား.. ငါရော ပါဝင်လို့ ရမလား”
သူ၏ တောင်းဆိုချက်မှာ အနည်းငယ် ရိုင်းရာကျလှသည်။
ရှီလဲ့က ငြင်းရန် ပြင်လိုက်သော်လည်း မုရွှမ်းက ဦးအောင် ပြောလိုက်သည်။ “မစ္စတာလူဝစ်... ရှင်လည်း ပါချင်တယ်ဆိုရင်တော့ အတူတူ သွားကြတာပေါ့”
ရှီလဲ့က မုရွှမ်းဘက် လှည့်ကာ “ဟင်” ဟု မေးခွန်းထုတ်သလို ကြည့်လိုက်သည်။
မုရွှမ်းက ယုံကြည်မှုရှိသည့် အကြည့်ဖြင့် ခေါင်းညိတ်ပြသဖြင့် ရှီလဲ့လည်း သူမကို ယုံကြည်လိုက်ရုံသာ ရှိတော့သည်။
ဟိုတယ်ဧည့်ခန်းထဲတွင် မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် ကြံ့ခိုင်သော ကိုယ်ခန္ဓာရှိသည့် အမျိုးသားတစ်ဦး ရှိနေသည်။ သူသည် အသက် ၃၀ ကျော်ခန့်ရှိပြီး လူပျိုသိုးအရွယ်ပင် ဖြစ်သည်။ သူ၏ဘေးတွင် မျက်မှန်တပ်ထားသည့် လူကြီးတစ်ဦးနှင့် လူငယ်တစ်ဦး ရှိနေသည်။ လူကြီးမှာ အသက် ၅၀ ကျော်ခန့် ဖြစ်ပြီး လူငယ်မှာ ၂၀ ကျော်ခန့် ဖြစ်သည်။
ရှီလဲ့တို့အဖွဲ့နှင့် ဝီလျံတို့အဖွဲ့ ဓာတ်လှေကားထဲမှ အတူထွက်လာသောအခါ ထိုမျက်ခုံးထူထူနှင့် လူက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး တံခါးဘက်သို့ ပြန်ကြည့်နေသည်။
ရှီလဲ့က တစ်ချက်ကြည့်ရုံဖြင့် ဤသူများမှာ ပက်ထရီးရော့တ်မှ ကိုယ်စားလှယ်များဖြစ်ကြောင်း သိလိုက်သည်။
“အကိုကြီးကျုံးလား” ဟု ရှီလဲ့က ပြုံးကာ စမ်းမေးလိုက်သည်။
ထိုသူမှာ အခြားသူမဟုတ်ဘဲ ကျုံးမူယွမ် ပင် ဖြစ်သည်။
ကျုံးမူယွမ်သည် ရှီလဲ့ကို မယုံနိုင်သလို စိုက်ကြည့်ရင်း “ညီလေး ရှီလဲ့လား” ဟု မဝံ့မရဲ မေးသည်။
“ဟုတ်ကဲ့... တွေ့ရတာ ဝမ်းသာပါတယ် အကိုကြီးကျုံး” ရှီလဲ့က လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်သည်။
ကျုံးမူယွမ်က ပွင့်လင်းစွာပင် “ညီလေး ရှီလဲ့က ဒီလောက် ငယ်လိမ့်မယ်လို့ ငါ မထင်ထားဘူး... တကယ့်ကို မယုံနိုင်စရာပဲ ကဲ... သွားကြစို့၊ အရင်ဆုံး ထမင်းစားရင်း ပရိုဂရမ်အကြောင်း ဆွေးနွေးကြတာပေါ့” ဟု ပြောကာ စိတ်လှုပ်ရှားနေပုံရသည်။
“ခဏလေးပါ အကိုကြီးကျုံး၊ မိတ်ဆက်ပေးပါရစေဦး” ရှီလဲ့က ကျုံးမူယွမ်ကို တားလိုက်ပြီး သူနှင့်အတူ ပါလာသူများကို တစ်ဦးချင်း မိတ်ဆက်ပေးလိုက်သည်။
ကျုံးမူယွမ်သည် ဝီလျံနှင့် ကွန်ရက်ကို ကြည့်ပြီး စိုးရိမ်သွားသည်။ ဤနိုင်ငံခြားသား နှစ်ဦးမှာ နာမည်ကျော် လိုင်ကာကုမ္ပဏီမှ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လိုင်ကာကင်မရာဆိုသည်မှာ ဒစ်ဂျစ်တယ်ကင်မရာလောကတွင် ဂန္ထဝင်မြောက်သည့် အမှတ်တံဆိပ်တစ်ခု ဖြစ်သည် မဟုတ်ပါလား။
“မစ္စတာလူဝစ်၊ မစ္စတာကွန်ရက်... တွေ့ရတာ ဝမ်းသာပါတယ်” ဟု ကျုံးမူယွမ်က တာ့ရှားဘာသာစကားဖြင့် နှုတ်ဆက်သည်။
ဝီလျံကလည်း တာ့ရှားစကားဖြင့်ပင် “တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာကျုံး” ဟု ပြန်ပြောလိုက်သည်။ ထို့နောက် သူက ကွန်ရက်အတွက် ဂျာမန်လို ပြန်ဘာသာပြန်ပေးသည်။
“မစ္စတာကျုံး... ပက်ထရီးရော့တ်ကလည်း ဒီပရိုဂရမ်ကို စိတ်ဝင်စားတယ်လို့ ကြားပါတယ်... ကျွန်တော်တို့ပါ ရှီလဲ့နဲ့အတူ ထမင်းစားရင်း ပါဝင်ဆွေးနွေးလို့ ရမလား” ဟု ဝီလျံက မရှက်မကြောက်ပင် တောင်းဆိုလိုက်သည်။
အမှန်စင်စစ် ကျုံးမူယွမ်က အလွန်ပင် စိတ်ထဲမှာ ငြင်းချင်နေသော်လည်း အခြေအနေအရ မတတ်နိုင်ပေ။ သူက အောင့်ကာနမ်း ပြုံးလိုက်ပြီး “လိုင်ကာကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေနဲ့ နေ့လယ်စာ အတူစားရတာ ဂုဏ်ယူစရာပါပဲ” ဟု ဖိတ်ခေါ်လိုက်ရသည်။
ဝီလျံက ပြုံးပြီး “ပက်ထရီးရော့တ်ကုမ္ပဏီက ဖိတ်ကြားတာကိုလည်း ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်” ဟု ပြန်ပြောသည်။
သုံးဖက်စလုံးသည် ပက်ထရီးရော့တ်မှ မှာထားသည့် သီးသန့်ခန်းထဲသို့ ဝင်လိုက်ကြပြီး အဖွဲ့သုံးဖွဲ့ ခွဲထိုင်လိုက်ကြသည်။ ရှီလဲ့က အလှလေးနှစ်ဦးနှင့် ထိုင်ပြီး၊ လိုင်ကာမှ နှစ်ဦး၊ ပက်ထရီးရော့တ်မှ သုံးဦးတို့ အသီးသီး နေရာယူကြသည်။
လှည့်ပတ်စားပွဲပေါ်တွင် ဟင်းလျာအမျိုးမျိုးနှင့် ဝူလျန်ယဲ့အရက်နှစ်ပုလင်း အဆင်သင့်ရှိနေသည်။ ကျုံးမူယွမ်က စတင်စကားပြောသည်။ “မစ္စတာလူဝစ်... ဂျာမနီက ယောက်ျားတိုင်းဟာ အရက်တော်တော် သောက်နိုင်ကြတယ်လို့ ကျွန်တော် ကြားဖူးပါတယ်... မစ္စတာကရော ဘယ်လောက် သောက်နိုင်သလဲ”
ကျုံးမူယွမ်မှာ ပုံစံကြည့်ရသည်မှာ ရိုးအသယောင်ရှိသော်လည်း တကယ်တမ်းတွင် မဟုတ်ပေ။ မဟုတ်ပါက သူသည် ပက်ထရီးရော့တ်၏ ဒုတိယအထွေထွေမန်နေဂျာ ဖြစ်လာပါမည်လား။ သူ၏ စကားမှာ ဝီလျံကို ချီးကျူးနေသယောင်ရှိသော်လည်း တကယ်တော့ ထောင်ချောက်ဆင်နေခြင်း ဖြစ်သည်။ ဂျာမနီယောက်ျားတွေက အရက်သောက်နိုင်တယ်ဆိုမှတော့ ဝီလျံက မသောက်နိုင်ဘူးလို့ ပြောရင် သူက ယောက်ျားမဟုတ်ဘူးလို့ ဝန်ခံလိုက်သလို ဖြစ်နေလိမ့်မည်။
မုရွှမ်းနှင့် လင်းယွီမော့တို့၏ မျက်လုံးများတွင် အပြုံးလေးများ ပေါ်လာသည်။ ရှီလဲ့ကတော့ ဘာမှမပြောပေ။ သူ အရက်ဘယ်လောက် သောက်နိုင်သလဲဆိုတာ သူကိုယ်တိုင် အသိဆုံး ဖြစ်သည်။
ပြင်းအားကြီးသည့် ဝူလျန်ယဲ့ကို တစ်ငုံလောက် သောက်လိုက်ရုံနှင့် ရှီလဲ့မှာ စားပွဲအောက်ကို ရောက်သွားပေလိမ့်မည်။
ဝီလျံက ဝူလျန်ယဲ့ကို ကြည့်ပြီး အနည်းငယ် အံ့ဩသွားသော်လည်း သူကိုယ်တိုင်မှာလည်း အရက်ဒဏ် ခံနိုင်သူဖြစ်သဖြင့် “မစ္စတာကျုံး ပြောတာ မှန်ပါတယ်... ဂျာမနီက ယောက်ျားတွေထဲမှာ အရက်မသောက်နိုင်တဲ့သူ မရှိပါဘူး” ဟု ပြန်ဖြေသည်။
ကျုံးမူယွမ်က “ကောင်းပြီ မစ္စတာလူဝစ်၊ ဒီနေ့တော့ အဝသောက်ကြတာပေါ့..စားပွဲထိုး... အရက်ပုလင်း ဖွင့်လိုက်တော့” ဟု အားရပါးရ ပြောလိုက်သည်။
စားပွဲထိုးက ဝူလျန်ယဲ့ နှစ်ပုလင်းကို ဖွင့်ကာ ကျုံးမူယွမ်နှင့် ဝီလျံတို့ကို တစ်ခွက်စီ အပြည့်လောင်းပေးလိုက်သည်။
ဝီလျံက စကားဝိုင်းအပြင်ရောက်နေသည့် ရှီလဲ့ကို ကြည့်ပြီး “ရှီလဲ့... မင်း ခုနက ဘီယာပွဲတော်မှာ ဘီယာဘုရင် ဖြစ်အောင် လုပ်မယ်လို့ ပြောထားတယ် မဟုတ်လား... အခု ငါတို့နဲ့ ပြိုင်ကြည့်မလား” ဟု စိန်ခေါ်သည်။
ရှီလဲ့က ခေါင်းခါပြီး “ဝီလျံ... ငါက မင်းတို့နိုင်ငံက ဘီယာကိုပဲ ကြိုက်တာ၊ ငါတို့နိုင်ငံက ဒီလို ပြင်းတဲ့အရက်တွေကို မကြိုက်ဘူး... မင်းတို့ပဲ သောက်ကြပါ..” ဟု ငြင်းလိုက်သည်။
ကျုံးမူယွမ်ကလည်း ဝင်ပြောသည်။ “မစ္စတာလူဝစ်... လူကူမရှာနဲ့လေ၊ ငါတို့ နှစ်ယောက်ချင်းပဲ ပြိုင်ရအောင်” ထို့နောက် သူက သူ၏ဘေးမှ လူငယ်ကို လှည့်ပြောသည်။ “ကုန်းကျင်း .. မင်း မစ္စတာကွန်ရက်နဲ့ စကားပြောလိုက်ဦး...မင်းတို့က နည်းပညာရှင်တွေပဲ မဟုတ်လား၊ လိုင်ကာရဲ့ အဆင့်မြင့်နည်းပညာတွေကို လေ့လာဖို့ ကြိုးစားစမ်းပါ” ဟု ပြောကာ ရယ်မောလိုက်သည်။ ၎င်းမှာ နောက်ပြောင်ပြောဆိုခြင်းဖြစ်ကြောင်း အားလုံး သိကြသည်။
ကုန်းကျင်းက ခေါင်းညိတ်ပြီး “စိတ်ချပါ ဒါရိုက်တာကျုံး၊ ကျွန်တော် မစ္စတာကွန်ရက်ကို ကောင်းကောင်း ဧည့်ခံပါ့မယ်” ဟု ပြောလိုက်သည်။
စားပွဲပေါ်တွင် လိုင်ကာနှင့် ပက်ထရီးရော့တ်တို့ အပြိုင်အဆိုင် သောက်ကြတော့သည်။ ရှီလဲ့တို့ သုံးယောက်ကတော့ ဘေးကနေ ပွဲကြည့်နေကြရုံသာ ရှိတော့သည်။
ထိုစားပွဲမှာ သုံးနာရီနီးပါး ကြာမြင့်ခဲ့ပြီး ပြင်းအား ၅၂ ဒီဂရီရှိသည့် ဝူလျန်ယဲ့ လေးပုလင်း ကုန်သွားခဲ့သည်။ ကျုံးမူယွမ်၊ ဝီလျံ၊ ကွန်ရက်နှင့် ကုန်းကျင်းတို့ တစ်ယောက်ကို တစ်ပုလင်းနှုန်း ကုန်သွားခြင်းဖြစ်သည်။
မူးနောက်နေသည့် ဝီလျံနှင့် ကျုံးမူယွမ်တို့ကို ကြည့်ပြီး ရှီလဲ့ ခေါင်းခါလိုက်မိသည်။ အရက်ကတော့ တကယ်ကို လူကို ဒုက္ခပေးတာပင်။
“ဝီလျံ... အကိုကြီးကျုံး... ညှိနှိုင်းမှုတွေကို မနက်ဖြန်မှ ဆက်ရအောင်လား”
ကျုံးမူယွမ်မှာ တော်တော်လေး မူးနေသော်လည်း သတိတော့ ရှိနေသေးသည်။ “ညီလေး ရှီလဲ့... မလိုပါဘူး... ဒီနေ့ပဲ ဆက်ရအောင်... လိုင်ကာက လူတွေကို မူးအောင် တိုက်ထားရတာ မလွယ်ဘူး... ငါတို့ သူတို့ထက် လက်ဦးမှု ယူရမယ်”
ဝီလျံသည်လည်း မူးနေသော်လည်း ကျုံးမူယွမ်၏ စကားကို ကြားသောအခါ “မစ္စတာကျုံး... ခင်ဗျားတို့က တော်တော် ကောက်ကျစ်တာပဲ” ဟု နှာခေါင်းရှုံ့ပြောသည်။
ကျုံးမူယွမ်က ရယ်မောရင်း “ဘာကောက်ကျစ်တာလဲ.. စီးပွားရေးလောကဆိုတာ စစ်တလင်းပဲ၊ စစ်မှာ ဘယ်အရာမှ မတရားဘူးဆိုတာ မရှိဘူး.. မစ္စတာလူဝစ်... ခင်ဗျား တာ့ရှားယဉ်ကျေးမှုကို လေ့လာဖို့ လိုသေးတယ် အဘိုးကြီး ရှောင်း ... ခဏနေရင် ရှီလဲ့နဲ့ ညှိနှိုင်းဖို့ ခင်ဗျား တာဝန်ယူလိုက်” ဟု မှာကြားလိုက်သည်။
အဘိုးကြီးရှောင်းမှာ အသက် ၅၀ ကျော် လူကြီးဖြစ်ပြီး ပက်ထရီးရော့တ်၏ နည်းပညာရှင်ဖြစ်သည်။
“စိတ်ချပါ ဒါရိုက်တာကျုံး... ကျွန်တော် မစ္စတာရှီလဲ့နဲ့ သဘောတူညီချက် ရအောင် လုပ်ပါ့မယ်” ဟု သူက တည်ငြိမ်စွာ ပြောသည်။
ဝီလျံက ကျုံးမူယွမ်ကို အေးစက်စွာ ကြည့်ကာ ထိုကောက်ကျစ်သော တာ့ရှားလူမျိုးကို စိတ်ထဲမှ ကျိန်ဆဲနေသည်။ “ရှီလဲ့... ငါတို့ လိုင်ကာကုမ္ပဏီက မင်းတောင်းတဲ့ဈေးကို သဘောတူတယ်.. ကဲ... စာချုပ်ချုပ်ကြစို့”
ကျုံးမူယွမ် မျက်လုံးပြူးသွားပြီး ဝီလျံကို စိုက်ကြည့်ကာ “မင်း... ဟွန်း” ဟု ညည်းညူလိုက်သည်။
ရှီလဲ့က ပြုံးကာ “ပြဿနာမရှိပါဘူး ဝီလျံ၊ စာချုပ်ချုပ်ကြတာပေါ့... ဒါပေမဲ့ ငါတို့ရဲ့ အပြုံးထောက်လှမ်းရေးပရိုဂရမ်က မင်းတို့အတွက်ပဲ သီးသန့် မဟုတ်ဘူးနော်... ဆိုလိုတာက မင်းတို့ကို ရောင်းပြီးရင် ပက်ထရီးရော့တ်ကိုလည်း ရောင်းချင်ရောင်းမှာပဲ”
ဝီလျံက ခေါင်းကို အပြင်းအထန် ခါလိုက်ပြီး “ဒါ... ရှီလဲ့၊ ဒီအချက်ကိုတော့ ငါတို့ လက်မခံနိုင်ဘူး လိုင်ကာကုမ္ပဏီက သီးသန့်ဝယ်ယူခွင့်လိုချင်တာ..မင်း ငါတို့ကို ရောင်းပြီးရင် တခြားကုမ္ပဏီတွေကို မရောင်းရဘူး”
“မဖြစ်နိုင်ဘူး” ရှီလဲ့က တုံ့ဆိုင်းမနေဘဲ ငြင်းလိုက်သည်။ “မင်းတို့ကိုပဲ သီးသန့်ရောင်းရမယ်ဆိုရင် ငါ့လက်ထဲက မူပိုင်ခွင့်ကို အပြတ်ဝယ်လိုက်တာနဲ့ ဘာထူးမှာလဲ”
ဝီလျံမှာ အနည်းငယ် အမူးပြေသွားသလို ဖြစ်သွားသည်။ “ရှီလဲ့... အကယ်၍ သီးသန့် အပြတ်ဝယ်တာ မဟုတ်ဘူးဆိုရင်တော့ ငါတို့ ပေးနိုင်တဲ့ အမြင့်ဆုံးဈေးက ဒေါ်လာ ၅ သိန်းပဲ”
ရှီလဲ့က မုရွှမ်းကို ကြည့်လိုက်သည်။ မုရွှမ်းက အသာအယာ ခေါင်းညိတ်ပြသည်။ ဤဈေးနှုန်းမှာ ရှီလဲ့၏ အနိမ့်ဆုံး သတ်မှတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ပြင် သီးသန့်မဟုတ်သဖြင့် သူတို့သည် ဤပရိုဂရမ်ကို ပက်ထရီးရော့တ် ၊ ကိုဒက်ခ် နှင့် ကန်နွန် တို့ကိုပါ ထပ်မံရောင်းချနိုင်ပေဦးမည်။
“ကောင်းပြီ ပြဿနာမရှိဘူး” ရှီလဲ့က သဘောတူ ခေါင်းညိတ်လိုက်သည်။
ထိုစဉ် ကျုံးမူယွမ်လည်း အနည်းငယ် အမူးပြေလာပြီး “ညီလေး ရှီလဲ့... ပက်ထရီးရော့တ်အတွက်ရော.. ငါတို့ကို မမေ့ပါနဲ့ဦး” ဟု အလောတကြီး ပြောလာသည်။
ရှီလဲ့က ခေါင်းလှည့်ကာ “အကိုကြီးကျုံး... မုရွှမ်းနဲ့သာ ဆွေးနွေးပါ..သူမက ကျွန်တော့်ရဲ့ အာဏာကုန်လွှဲအပ်ခြင်း ခံထားရသူ ကိုယ်စားလှယ်ပဲ” ဟု လွှဲချလိုက်သည်။
မုရွှမ်းက ရှီလဲ့ကို မျက်စောင်းထိုးလိုက်သည်။ သူမက အာဏာကုန်လွှဲအပ်ခြင်း ခံထားရသူဟုတ်လား ရှီလဲ့ကပဲ ဈေးနှုန်းကိစ္စတွေကို ဝင်ဝင်ပြောနေသည် မဟုတ်ပါလား။
“မစ္စတာကျုံး... ပက်ထရီးရော့တ်ကလည်း အပြုံးထောက်လှမ်းရေးပရိုဂရမ်ကို ဝယ်ချင်တယ်ဆိုရင်တော့ ကျွန်မတို့ တောင်းဆိုမယ့်ဈေးက အမေရိကန်ဒေါ်လာ ၂ သန်း ပါ” ဟု မုရွှမ်က ခပ်ပြတ်ပြတ် ပြောချလိုက်သည်။
ကျုံးမူယွမ်မှာ မကျေမနပ် ဖြစ်သွားပြီး “မစ္စမု... လိုင်ကာကုမ္ပဏီက ၅ သိန်းပဲ ပေးရတယ်လို့ ကျွန်တော် ကြားလိုက်သလိုပဲနော်... ဘာဖြစ်လို့ ပက်ထရီးရော့တ်ကကျတော့ ၂ သန်းအထိ ပေးရမှာလဲ...ကျွန်တော်တို့က လိုင်ကာလောက် နာမည်မကြီးလို့လား.. ဒါမှမဟုတ် တစ်ဖက်က နိုင်ငံခြားကုမ္ပဏီ ဖြစ်နေလို့လား”
မုရွှမ်းက ခေါင်းခါလိုက်ပြီး “နှစ်ခုလုံး မဟုတ်ပါဘူး” ဟု ပြောလိုက်သည်။
ကျုံးမူယွမ်မှာ စိတ်ပူသွားပြီး “ဒါပေမဲ့ ကိုယ့်လူမျိုးအချင်းချင်းတော့ နှိပ်ကွပ်လို့ မကောင်းဘူး မဟုတ်လား” ဟု ညည်းတွားလိုက်တော့သည်။
အခန်း - ၇၀
စိမ်းလန်းသောကန်ရေပြင် ဟိုတယ်အတွင်း ပက်ထရီးရော့တ်ကုမ္ပဏီမှ ကိုယ်စားလှယ်သုံးဦးသည် မုရွှမ်းကို စိုက်ကြည့်နေကြသည်။ သူတို့သည် မုရွှမ်းထံမှ ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်တစ်ခုကို မျှော်လင့်နေကြခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံမှ လိုင်ကာ ကုမ္ပဏီက အပြုံးထောက်လှမ်းရေးပရိုဂရမ်၏ ကုဒ် အတွက် အမေရိကန်ဒေါ်လာ ၅ သိန်းသာ ပေးရပြီး သူတို့ကျမှ ဘာကြောင့် ဒေါ်လာ ၂ သန်း ပေးရသနည်း။
ရှီလဲ့နှင့် လင်းယွီမော့တို့သည်လည်း မုရွှမ်းကို ထူးဆန်းသလို ကြည့်နေကြသည်။ သူမ ဘာကြောင့် ဤသို့ ခွဲခြားဆက်ဆံသည်ကို သူတို့ နားမလည်ကြပေ။
မုရွှမ်းသည် ထိုင်ခုံတွင် ကျောဆန့်ကာ ထိုင်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ “လိုင်ကာကုမ္ပဏီက အပြုံးထောက်လှမ်းရေးပရိုဂရမ်ရဲ့ ကုဒ်နဲ့ တာ့ရှား နိုင်ငံတွင်း မူပိုင်ခွင့်အသုံးပြုခွင့် ကိုပဲ လိုချင်တာပါ.... ဒါကြောင့် သူတို့ကို ဒေါ်လာ ၅ သိန်းပဲ ယူတာပါ.. ဒါပေမဲ့ ပက်ထရီးရော့တ်ကိုကျတော့ ကျွန်မတို့က အပြုံးထောက်လှမ်းရေးပရိုဂရမ်ရဲ့ တာ့ရှားမူပိုင်ခွင့် တစ်ခုလုံးကို အပြတ်ရောင်းဖို့ ပြင်ဆင်ထားတာပါ... ရှင်တို့က မူပိုင်ခွင့်ပိုင်ရှင် ဖြစ်လာမှာမို့လို့ ဒေါ်လာ ၂ သန်း ပေးရမှာ ဖြစ်ပါတယ်”
ကျုံးမူယွမ်သည် ပါးနပ်သူဖြစ်သော်လည်း နည်းပညာရှင်မဟုတ်သဖြင့် မူပိုင်ခွင့်နှင့် ပတ်သက်သည့် အခွင့်အရေးများကို နားမလည်ပေ။ ထို့ကြောင့် သူက အော်ပြောလိုက်သည်။ “ငါတို့ မူပိုင်ခွင့် မလိုချင်ဘူး...ငါတို့လည်း ကုဒ်နဲ့ အသုံးပြုခွင့်ပဲ လိုချင်တယ်”
မုရွှမ်းက အသာအယာ ပြုံးလိုက်ပြီး “မစ္စတာကျုံး... မူပိုင်ခွင့်ကို မလိုချင်တာ သေချာလား” ဟု မေးလိုက်သည်။
နည်းပညာရှင် အဘိုးကြီးရှောင်းက ကျုံးမူယွမ်ကို သတိပေးရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှဝင်မပြောဘဲ နေလိုက်သည်။
“သေချာတယ် မစ္စမု ငါ ကုဒ်နဲ့ အသုံးပြုခွင့်ပဲ လိုချင်တယ်... ဒေါ်လာ ၅ သိန်းပဲ မဟုတ်လား” ဟု ကျုံးမူယွမ်က တုံ့ဆိုင်းမနေဘဲ မေးလိုက်သည်။
မုရွှမ်က ခေါင်းညိတ်ပြသည်။ “ဟုတ်ပါတယ်... ဒေါ်လာ ၅ သိန်းပါ... ဒါပေမဲ့ ရှင်တို့ စဉ်းစားဖို့အတွက် အချိန်တစ်ရက် ပေးပါ့မယ်...မနက်ဖြန်မှ ထပ်ပြီး ဆွေးနွေးကြတာပေါ့”
ကျုံးမူယွမ်က အခုပင် စာချုပ်ချုပ်ချင်နေသော်လည်း အဘိုးကြီးရှောင်းက သူ့အင်္ကျီလက်ကို ဆွဲကာ အချက်ပြလိုက်သဖြင့် မတတ်နိုင်တော့ပေ။
“ကောင်းပါပြီ မစ္စမု... ငါတို့ သေချာစဉ်းစားပါ့မယ်”
ရှီလဲ့တို့နှင့် လိုင်ကာမှ ကိုယ်စားလှယ်များမှာ သူတို့ငှားထားသည့် အစည်းအဝေးခန်းငယ်သို့ ပြန်သွားကြသည်။ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် မုရွှမ်းနှင့် ဝီလျံတို့သည် ကနဦးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြသည်။
ထိုစာချုပ်တွင် လိုင်ကာကုမ္ပဏီအနေဖြင့် ပရိုဂရမ်ကုဒ်ကို အသုံးပြုနိုင်ပြီး ဒုတိယအကြိမ် ပြန်လည်မွမ်းမံခွင့်ရှိကြောင်း၊ သို့သော် ကုဒ်ကို လူသိရှင်ကြား မဖော်ပြရကြောင်းနှင့် ရှီလဲ့အနေဖြင့် ပရိုဂရမ်ကို လိုင်ကာ၏ ကင်မရာစနစ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းရာတွင် နည်းပညာပိုင်းဆိုင်ရာ ကူညီပေးရမည်ဖြစ်ကြောင်း ပါရှိသည်။
စာချုပ်ချုပ်ပြီးနောက် ရှီလဲ့သည် ရွှမ်ချင်းတက္ကသိုလ်၏ ဆော့ဖ်ဝဲလ်ပြိုင်ပွဲအကြောင်းကို ဝီလျံအား ပြောပြလိုက်သည်။ လိုင်ကာကုမ္ပဏီ၏ အမည်ဖြင့် ကျောင်းသို့ လျှောက်လွှာတင်ကာ ပြိုင်ပွဲတွင် ဒိုင်အဖွဲ့ဝင်အဖြစ် ပါဝင်ပေးရန် သူက တောင်းဆိုလိုက်သည်။ ဝီလျံမှာ အလွန်စိတ်ဝင်စားသွားပြီး သဘောတူညီခဲ့သည်။ ထို့ပြင် ပရိုဂရမ်အတွက် တရားဝင်စာချုပ်ကိုလည်း ပြိုင်ပွဲရလဒ် ထွက်ပေါ်လာသည့်နေ့တွင် လက်မှတ်ရေးထိုးရန် နှစ်ဦးသား သဘောတူလိုက်ကြသည်။
လိုင်ကာနှင့် ကိစ္စပြတ်သွားသောအခါ ရှီလဲ့ သက်ပြင်းချနိုင်သွားသည်။ သူသည် မိန်းကလေးနှစ်ဦးကို ခေါ်ကာ ကျောင်းပြန်ရန် ပြင်နေစဉ် ကိုဒက်ခ် ကုမ္ပဏီမှ ဂျော့ခ်က ဖုန်းဆက်လာပြီး ဟိုတယ်သို့ ဆွေးနွေးရန် ထပ်မံဖိတ်ခေါ်ပြန်သည်။
အစည်းအဝေးခန်းအတွင်း ကိုဒက်ခ်၏ အကြီးအကဲ ဂျော့ခ်ဘလက်သည် စာရွက်စာတမ်း အထပ်လိုက်ကို ကိုင်ထားသည်။ ရှီလဲ့ ဝင်လာသောအခါ သူက ယဉ်ကျေးစွာ နှုတ်ဆက်သည်။ “မစ္စတာရှီ... စောစောရောက်လာတာပဲ”
ရှီလဲ့က ဖုံးကွယ်မထားဘဲ တည့်တည့်ပင် ပြောလိုက်သည်။ “ကျွန်တော် မနက်ကတည်းက ရောက်နေတာပါ...မနက်က ဂျာမနီက လိုင်ကာနဲ့ ဆွေးနွေးပြီးပါပြီ...နေ့လယ်ကျရင်လည်း တာ့ရှားက ပက်ထရီးရော့တ်နဲ့ တွေ့ဖို့ ရှိပါတယ်”
ဂျော့ခ် မျက်မှောင်ကြုတ်သွားသည်။ သူ၏လက်ထောက် မိုက်ခ်ကမူ ဒေါသကို မထိန်းနိုင်ဘဲ “မစ္စတာရှီ... ကျွန်တော်တို့မှာ မေးစရာရှိတယ်...ဘာဖြစ်လို့ ဒီပရိုဂရမ်ရဲ့ မူပိုင်ခွင့်က ဆိုနီလက်ထဲမှာ ရှိနေရတာလဲ” ဟု မေးသည်။
ရှီလဲ့က မျက်ခုံးပင့်လိုက်ပြီး “မစ္စတာမိုက်ခ်... ခင်ဗျား အမှားကို ပြင်ပေးပါရစေ...မူပိုင်ခွင့်က ကျွန်တော့်လက်ထဲမှာပါ... ဆိုနီဆီမှာ မဟုတ်ဘူး... ပြီးတော့ ကျွန်တော့်ပရိုဂရမ်က ဆိုနီထက် အများကြီး ပိုကောင်းတယ်”
မိုက်ခ်က နှာခေါင်းရှုံ့ကာ “ဒါဆိုရင် ဘာလို့ အစကတည်းက ဒါကို မပြောခဲ့တာလဲ” ဟု ဆိုသည်။
“မစ္စတာမိုက်ခ်... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီပရိုဂရမ်ကသာ ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်ရှိနေရင် ဘယ်လောက်တန်မယ် ထင်သလဲ” ရှီလဲ့၏ မေးခွန်းက မိုက်ခ်ကို ဆွံ့အသွားစေသည်။
အနာဂတ်တွင် ကင်မရာ ၉၉.၉၉ ရာခိုင်နှုန်းနှင့် ဖုန်းကင်မရာအများစုတွင် ဤပရိုဂရမ်ကို အသုံးပြုကြမည်ဖြစ်သည်။ ထိုမျှလောက် အသုံးများမည့် နည်းပညာတစ်ခု၏ မူပိုင်ခွင့်ကြေးမှာ နက္ခတ္တဗေဒ ကိန်းဂဏန်းများကဲ့သို့ များပြားပေလိမ့်မည်။
“မစ္စတာရှီ... အကယ်၍ ဒါက တာ့ရှားမူပိုင်ခွင့်နဲ့ ကုဒ်ပဲဆိုရင်တော့ ကိုဒက်ခ်အနေနဲ့ ဒေါ်လာ ၅ သောင်းပဲ ပေးနိုင်မယ်” ဟု ဂျော့ခ်က ပြောလိုက်သည်။
ရှီလဲ့၏ မျက်နှာ အေးခဲသွားသည်။ ဒေါ်လာ ၅ သောင်း ကိုဒက်ခ်က သူ့ကို သူတောင်းစားများမှတ်နေသလား။ မုရွှမ်းပင်လျှင် ခနဲ့တဲ့တဲ့ ပြုံးလိုက်မိသည်။
“ညှိနှိုင်းရေးမှူး ဂျော့ခ်... ခင်ဗျားတို့ ကိုဒက်ခ်ကုမ္ပဏီက လုံးဝ စိတ်မပါဘူးပဲ” ရှီလဲ့က ရွဲ့ကာ ပြောလိုက်သည်။
ဂျော့ခ်ဘလက်က တည်တည်ငြိမ်ငြိမ်ပင် “မစ္စတာရှီ... ကျွန်တော်တို့က စိတ်ပါပါတယ်..ဒေါ်လာ ၅ သောင်းဆိုတာ မနည်းပါဘူး...တာ့ရှားငွေနဲ့ဆို ၄ သိန်းရှိတယ်... အဲ့ဒီငွေက မင်းတို့ကျောင်းနားမှာ အိမ်တစ်လုံးဝယ်ဖို့ လောက်ပါတယ်”
ရှီလဲ့ ရယ်မောလိုက်သည်။ ကိုဒက်ခ်သည် သူ၏နောက်ခံကို စုံစမ်းထားပြီး သူသည် ကျောင်းသားတစ်ဦးဖြစ်သဖြင့် အလွယ်တကူ လှည့်စားနိုင်မည်ဟု ထင်နေခြင်းဖြစ်သည်။ ဓာတ်ပုံလောကတွင် နှစ်ပေါင်း ၁၀၀ ကျော် ရပ်တည်ခဲ့သည့် ဤကုမ္ပဏီသည် အဘယ်ကြောင့် အနာဂတ်တွင် ဒေဝါလီခံကာ ပြိုလဲသွားရသနည်းဆိုသည်ကို ရှီလဲ့ သိလိုက်ပြီဖြစ်သည်။
“မစ္စတာဂျော့ခ်... ခင်ဗျားရဲ့ ဒေါ်လာ ၅ သောင်းကိုပဲ သိမ်းထားလိုက်ပါတော့” ရှီလဲ့ မတ်တပ်ရပ်လိုက်ပြီး ဆွေးနွေးပွဲကို အဆုံးသတ်လိုက်သည်။
ဂျော့ခ်က နောက်ဆုံးအနေဖြင့် “မစ္စတာရှီ... ဒီမူပိုင်ခွင့်အများစုက ဆိုနီလက်ထဲမှာရှိတယ်... သူတို့က မင်းကို တာ့ရှားမူပိုင်ခွင့် ရအောင် ပေးမှာမဟုတ်ဘူး.. ဥပဒေကြောင်းအရ နှောင့်ယှက်လိမ့်မယ်.. အကယ်၍ မင်းက မူပိုင်ခွင့်ကို ကိုဒက်ခ်ဆီ လွှဲပေးမယ်ဆိုရင်တော့ ဒေါ်လာ ၁ သိန်း ပေးမယ်” ဟု ပြောသည်။
ရှီလဲ့ မအောင့်နိုင်ဘဲ အကျယ်ကြီး ရယ်မောလိုက်မိသည်။ ကိုဒက်ခ်သည် သူ့ကို တကယ် စိတ်ပျက်စေခဲ့သည်။ ကိုဒက်ခ်သည် တာ့ရှားတွင် နှစ်ပေါင်းများစွာ အခြေချခဲ့သဖြင့် ဩဇာရှိသောကြောင့် သူက ကိုဒက်ခ်နှင့် အလုပ်လုပ်ရန် အလိုလားဆုံး ဖြစ်ခဲ့သော်လည်း ကိုဒက်ခ်ကမူ အလွန်ပင် ကပ်စေးနှဲလွန်းလှသည်။
“ညှိနှိုင်းရေးမှူး... ကျွန်တော်တို့မှာ တခြားကိစ္စတွေ ရှိသေးလို့ သွားလိုက်ပါဦးမယ်” ရှီလဲ့က ကိုဒက်ခ်အတွက် လမ်းစမချန်ဘဲ ထွက်လာခဲ့သည်။
မုရွှမ်ကလည်း “နှစ်ပေါင်းတစ်ရာ သမိုင်းကြောင်းရှိတဲ့ ကုမ္ပဏီဆိုတော့ သူတို့မှာ မာန်မာနရှိတယ်.. ဒါပေမဲ့ သူတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကို သူတို့ မမြင်ကြသေးတာပဲ” ဟု ထောက်ခံသည်။
ရှီလဲ့ အံ့ဩသွားသည်။ မုရွှမ်းက ကိုဒက်ခ် ပြိုလဲတော့မည်ကို ကြိုတင်ခန့်မှန်းနိုင်သလား။ “မုရွှမ်း... ကိုဒက်ခ်မှာ ဘာအန္တရာယ် ရှိလို့လဲ”
မုရွှမ်းက ရှင်းပြသည်။ “အနာဂတ် ဓာတ်ပုံလောကဟာ ရိုးရှင်းတဲ့ ဒစ်ဂျစ်တယ်ကင်မရာတွေရဲ့ လက်ထဲကို ရောက်သွားလိမ့်မယ်... ဖလင် (Film) ခေတ် မဟုတ်တော့ဘူး... ကိုဒက်ခ်က အတိတ်က ဂုဏ်သိက္ခာတွေကို မစွန့်လွှတ်နိုင်ဘူး... အဲ့ဒါကြောင့် သူတို့ လောကဒဏ်ကို မခံနိုင်ဘဲ ပျောက်ကွယ်သွားလိမ့်မယ်”
ရှီလဲ့မှာ မုရွှမ်း၏ စီးပွားရေးအမြင်ကို တကယ်ပင် အထင်ကြီးသွားတော့သည်။
ဟိုတယ်အပြင်ဘက်ရောက်သောအခါ ရှီလဲ့၏ ဖုန်းထပ်မံမြည်လာပြန်သည်။
“ဟယ်လို... ရှီလဲ့ လား.. ကျွန်တော်က ကန်နွန် ကုမ္ပဏီက ကိုယ်စားလှယ် အိချီရို ပါ”
သူ၏ တာ့ရှားစကားမှာ သိပ်မပီပြင်သဖြင့် ရှီလဲ့ ခက်ခက်ခဲခဲ နားထောင်လိုက်ရသည်။ “ကျွန်တော် ရှီလဲ့ပါ... မစ္စတာအိချီရို... ခင်ဗျား အခု ဘယ်မှာလဲ”
အိချီရိုက သူ၏ ဘာသာပြန် မိန်းကလေး မဆုရှိတာကို ဂျပန်လို မေးလိုက်သည်။ “မီဆုရှိတာ... ငါတို့ ဘယ်ရောက်နေပြီလဲ”
မီဆုရှိတာမှာ ချောမောလှပသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမက အိချီရိုကို ပြုံးပြရင်း “မစ္စတာအိချီရို... ဒါ ရွှမ်ချင်းတက္ကသိုလ်ပါ... ဟိုတယ်ကို ငါးမိနစ်အတွင်း ရောက်ပါလိမ့်မယ်” ဟု ဖြေသည်။
အိချီရိုက ဖုန်းကို သူမထံပေးကာ “ဒီတာ့ရှားလူမျိုးကို ငါတို့ ဟိုတယ်ကို မကြာခင် ရောက်တော့မယ်လို့ ပြောလိုက်.. သူတို့ကိုလည်း ဟိုတယ်ကို လာခဲ့ခိုင်းလိုက်” ဟု ခိုင်းသည်။
ရှီလဲ့သည် ဂျပန်စကားကို ကျွမ်းကျင်စွာ တတ်သဖြင့် ဖုန်းထဲမှ ပြောသမျှကို အကုန်ကြားနေရသည်။ သို့သော် သူကလည်း ဝီလျံကဲ့သို့ပင် နားမလည်ဟန် ဆောင်ထားလိုက်သည်။
မီဆုရှိတာက ချိုသာသော အသံဖြင့် “ရှီလဲ့... ဟယ်လို ကျွန်မက ကန်နွန်ကိုယ်စားလှယ်ရဲ့ ဘာသာပြန် မီဆုရှိတာပါ..ကျွန်မတို့ ဟိုတယ်ကို ရောက်တော့မှာမို့လို့ ရှင်လည်း ဟိုတယ်ကို လာခဲ့ပေးပါဦး..အပြုံးထောက်လှမ်းရေးပရိုဂရမ်အကြောင်းကို အမြန်ဆုံး ဆွေးနွေးကြရအောင်” ဟု ပြောသည်။
ရှီလဲ့က “ကျွန်တော် ဟိုတယ်မှာပဲ ရှိနေပါတယ်...ခင်ဗျားတို့ ရောက်လာမယ့်အချိန်ကို စောင့်နေပါ့မယ်” ဟု ပြန်ဖြေလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် အနက်ရောင်ကားတစ်စီး ဟိုတယ်ရှေ့တွင် ဆိုက်ရောက်လာသည်။ အရပ် ၅ ပေပင် မပြည့်ဘဲ ဝဝပုပုနှင့် ရုပ်ဆိုးလှသော အမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာသည်။ ထို့နောက် အရပ် ၅ ပေ ၅ လက်မခန့်ရှိသော လှပသည့် မိန်းကလေးတစ်ဦးနှင့် ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားနှစ်ဦး ထွက်လာကြသည်။
ထိုဝဝပုပုနှင့် လူမှာ အိချီရိုပင် ဖြစ်သည်။ သူသည် မဆုရှိတာ၏ ခါးကို ဖက်ကာ လူမဆန်စွာ ဆွဲဖိလိုက်သော်လည်း မီဆုရှိတာကမူ ပျော်ရွှင်နေပုံရသည်။ ၎င်းမှာ ကြည့်ရသည်မှာ အလွန်ပင် အရသာမရှိလှသော မြင်ကွင်းတစ်ခုပင်။
အိချီရိုသည် ရုပ်ဆိုးသော်လည်း ကန်နွန်ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဖြစ်ပြီး သူ၏ မိသားစုမှာ ကန်နွန်တွင် ရှယ်ယာအများအပြား ပိုင်ဆိုင်ထားသည်။
အိချီရိုသည် မီဆုရှိတာကို ဖက်ရင်း ဟိုတယ်ဧည့်ခန်းထဲသို့ ဝင်လာသောအခါ သူ၏ ရမ္မက်ထနေသော မျက်လုံးများက လင်းယွီမော့နှင့် မုရွှမ်းတို့အပေါ်သို့ ချက်ချင်း ကျရောက်သွားတော့သည်။