အခန်း (၁၀၂၅-၁၀၂၆)
Vol. 99 Ch. 1025-1026
အခန်း ၁၀၂၅ မင်ယု၏ မုသား
"ငါသာ သူ့ကို ကြိုတင်သတိပေးခဲ့ရင် သူ ဒီလောက်အထိ သုံးဖြစ်မှာ မဟုတ်ဘူး။ အရင်ကတော့ သူက ကိုယ်ဖြစ်ချင်တာကိုယ်လုပ်တဲ့ အရူးတစ်ယောက်ပဲ။ အခုတော့ သူက ဘာကိုမှ မစဉ်းစားဘဲ ဝုန်းဒိုင်းကြဲတတ်တဲ့ စိတ်လိုက်မာန်ပါ လူမိုက်ကြီး ဖြစ်နေပြီ။ ဒါကြောင့်လည်း ဒီကမ္ဘာကို ရောက်လာကတည်းက သူ ဒီလိုတွေ လျှောက်လုပ်နေတာပေါ့။ ငါဟာ တကယ့်ကို အရူးမလေးပဲ"
ရွှင်းသည် သူမကိုယ်သူမ အားမလိုအားမရ စိတ်ပျက်လက်ပျက် ရေရွတ်နေမိသည်။ ယခုအချိန်တွင် သူမ မည်သည်များ လုပ်ပေးနိုင်တော့မည်နည်း။ သို့တည်းမဟုတ် သူသည် ပြန်လမ်းမရှိတော့သည့်တိုင်အောင် အမှောင်ထုထဲသို့ နက်ရှိုင်းစွာ ကျဆင်းသွားလေပြီလော။
"လုံချန်း၊ ငါပြောတာ နားထောင်စမ်း။ အခုချက်ချင်း အဲဒီအချိန်ဓားကို ရှေးဟောင်းလက်စွပ်ထဲ ပြန်ထည့်လိုက်တော့" သူမက လုံချန်းအား သတိပေးသည့်အနေဖြင့် အော်ဟစ်လိုက်၏။
ဓားကို ပြန်သိမ်းလိုက်ရုံနှင့် အခြေအနေက ထူးခြားလာမည်မဟုတ်ကြောင်း သူမ သိသည်။ အဘယ်ကြောင့်ဆိုသော် လုံချန်းသည် ဓား၏ လွှမ်းမိုးမှုကို ခံနေရပြီ ဖြစ်သောကြောင့်တည်း။ သို့သော် အနည်းဆုံးတော့ အခြေအနေ ပို၍ ဆိုးမလာအောင် တားဆီးနိုင်ကောင်း၏။
"ဟင်... ဓားကို ပြန်သိမ်းရမယ် ဟုတ်လား။ ဘာဖြစ်လို့လဲ"
လုံချန်းက လှည့်ကြည့်ကာ မေးလိုက်သည်။
'ငါ ထင်တဲ့အတိုင်းပဲ... သူ့ရဲ့ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ စိတ်က သူ့ကို လွှမ်းမိုးနေပြီ။ အရင်က လုံချန်းသာဆိုရင် ကျိချင်းရဲ့ ရှေ့မှာ ငါနဲ့ စကားပြောချင်ရင် စိတ်ချင်းဆက်သွယ်တဲ့ နည်းလမ်းကိုပဲ သုံးမှာပဲ' ရွှင်းက မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိ၏။
တစ်ဖက်တွင်လည်း ကျိချင်းသည် လုံချန်းက လေထဲသို့ လှည့်၍ စကားပြောနေသည်ကို ကြည့်ကာ ထူးဆန်းနေမိသည်။ သူမ၏ စိတ်ထဲတွင် ဝမ်းနည်းမှုတို့ကလည်း အရှိန်အဟုန်ဖြင့် စီးဆင်းလာ၏။ 'မင်ယု တကယ်ပဲ သေသွားပြီလား မသိဘူး။ အဲဒါကြောင့်ပဲ လုံချန်း ဒီလောက်အထိ စိတ်ဖောက်ပြန်သွားရတာ ဖြစ်မှာ။ သူ မင်ယုရဲ့ ဝိညာဉ်ကိုများ မြင်နေရတာလား'
"နင် တစ်နေ့လုံး ဘာမှ မစားရသေးဘူး မဟုတ်လား။ အရင်ဆုံး တစ်ခုခု စားလိုက်ရအောင်လေ။ ပြီးမှပဲ စကားဆက်ပြောကြတာပေါ့" ကျိချင်းက လုံချန်း၏ အာရုံကို သူမထံသို့ ရောက်လာစေရန်နှင့် မင်ယုအပေါ်တွင်သာ အာရုံမကျနေစေရန် ဖျောင်းဖျလိုက်၏။ သူမသည် လုံချန်း၏ စိတ်ကို တည်ငြိမ်စေချင်ရုံသာ ဖြစ်သည်။
"နင်ပဲ သွားစားလိုက်ပါ။ ငါ ဗိုက်မဆာဘူး" လုံချန်းက ကျိချင်းကို အမှတ်မထင် ပြန်ပြောလိုက်ပြီး ရွှင်းကို ပြန်ကြည့်ကာ မေးလိုက်ပြန်သည်။ "နင်က ဘာလို့ ငါ့ကို ဓားပြန်သိမ်းခိုင်းနေရတာလဲ"
"အဲဒီဓားက နင့်အတွက် မကောင်းဘူး။ နင့်ရဲ့ ကျန်းမာရေးရော၊ နင့်ရဲ့ အသိဉာဏ်ကိုပါ ထိခိုက်နေစေတယ်။ ပြန်သိမ်းလိုက်စမ်းပါ" ရွှင်းက ခက်ထန်စွာ ဆို၏။
"ဟား... ဒီဓားက ငါ့ကျန်းမာရေးကို ထိခိုက်စေတယ် ဟုတ်လား။ ငါ ဘာမှ မခံစားရပါဘူး။ ငါ့ကိုယ်ငါ အကောင်းကြီးလို့ ခံစားရတယ်။ နင် ငါ့ကို နောက်နေတာလား" လုံချန်းက သူမ၏ စကားကို မယုံကြည်နိုင်သည့်အလား ထူးဆန်းသော အပြုံးဖြင့် ပြန်မေးလိုက်သည်။
"ငါ နောက်နေတာ မဟုတ်ဘူး။ နင် အခု စဉ်းစားဆင်ခြင်ဉာဏ်တွေ ကင်းမဲ့နေပြီဆိုတာ ငါသိတယ်။ ငါပြောတာ နားထောင်ပြီး ဓားကို ပြန်သိမ်းလိုက်စမ်း။ အဲဒါပြီးရင် မင်ယုကို သွားခေါ်ပြီး ဒီကမ္ဘာကနေ ငါတို့ ထွက်သွားကြမယ်" ရွှင်းက တိုက်တွန်းလေသည်။
"သူ့ကို သွားခေါ်ရမယ် ဟုတ်လား။ တဟားဟား... သူ လိုက်လာလိမ့်မယ်လို့ နင် တကယ် ထင်နေတာလား။ သူက ငါ့ကို လူယုတ်မာ၊ ရာဇဝတ်ကောင်လို့ ထင်နေတာလေ။ ငါ့ရဲ့ စိတ်ရင်းအစစ်ကို သူ တစ်စက်မှ မသိဘူး" လုံချန်းသည် အချိန်ဓားကို လက်တွင် တင်းတင်းဆုပ်ကိုင်ထားပြီး ပြန်သိမ်းရန် အလျဉ်း စိတ်မကူးချေ။
"နင် တကယ့် ငတုံးပဲ။ နင် ကောင်းကောင်း မစဉ်းစားနိုင်တော့ဘူး။ နင်သာ အသိဉာဏ် ရှိနေဦးမယ်ဆိုရင် သူ လိမ်ပြောနေမှန်း ချက်ချင်း သိမှာပေါ့။ ဒါပေမဲ့ ဒီဓားကြောင့် နင် ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘူး။ ဒါကို ပြန်သိမ်းလိုက်တော့။ ဒီဓားက နင့်ရဲ့ အမှောင်နိယာမတွေကို ပိုပြီး ပြင်းထန်စေတယ်။ ဒါက နင့်အတွက် အန္တရာယ်ရှိတယ်" ရွှင်းက အော်ဟစ်လိုက်၏။
ကျိချင်းသည် ရွှင်း၏ စကားများအား မကြားရသော်လည်း လုံချန်း တစ်ယောက်တည်း ရေရွတ်နေသည်များကို ကြားနေရသည်။ ထိုစကားများက သူမအတွက် အခြေအနေကို ပို၍ ရှင်းလင်းသွားစေ၏။
'ဪ... သူက အသက်ရှင်နေသေးတာပဲ။ လုံချန်း ဝမ်းနည်းနေတာက သူက လုံချန်းကို မယုံကြည်လို့ကိုး။ သူ့ကို အဓမ္မကျင့်သူလို့ စွပ်စွဲခဲ့တာလား။ ဒီမှာ ဘာတွေ ဖြစ်ကုန်ကြတာလဲ' သူမသည် အခြေအနေကို နားလည်ရန် ကြိုးစားနေမိသည်။
"သူ လိမ်ပြောနေတယ်လို့ နင်က ဘာကို ဆိုလိုတာလဲ။ ထားလိုက်ပါတော့... အရေးမကြီးပါဘူး။ ပြီးတော့ နင်က ဒီဓားကို ကိုင်ထားရင် ငါ့ရဲ့ အမှောင်နိယာမတွေ တိုးတက်လာမယ်လို့ ပြောတယ်နော်။ အဲဒါက ကောင်းတာ မဟုတ်ဘူးလား။ ဘာအားစိုက်မှုမှ မလိုဘဲ နိယာမတွေကို ငါ ပိုပြီး နားလည်လာနိုင်တာလေ။ ငါ လုပ်ရမှာက ဒီဓားကို ကိုင်ထားရုံပဲ။ ရွှင်း... နင်ပဲ ရူးသွားတာလား။ ငါ အသိဉာဏ် မရှိတော့ဘူးလို့ နင် ပြောနေပေမဲ့ တကယ်တော့ နင်ကိုယ်တိုင်က မစဉ်းစားတတ်တာ သိသာနေတာပဲ။ ငါ့ရဲ့ အမှောင်နိယာမတွေကို မြှင့်တင်ဖို့ ဒီလောက် ကောင်းတဲ့ အခွင့်အရေးမျိုးကို လက်လွှတ်ရမယ် ဟုတ်လား"
"ဒီမှာ လူမိုက်လေး... နင့်ကို ဒုက္ခမပေးဘူးဆိုရင် ငါ ဘာမှ ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုက နင့်ကို ဒုက္ခပေးနေပြီလေ။ နင့်ရဲ့ အမှောင် နိယာမတွေ တိုးတက်လာတာက ကောင်းတဲ့အရာ မဟုတ်ဘူး" ရွှင်းက ဒေါသတကြီး ပြောလိုက်၏။
"အမှောင်နိယာမဖြစ်ဖြစ် တခြား ဘယ်နိယာမမဆို ကိုယ့်ရဲ့ နက်ရှိုင်းတဲ့ နားလည် သဘောပေါက်မှုနဲ့မှ တိုးတက်လာရတာ။ ဒါပေမဲ့ ဒီဓားက နင့်ရဲ့ နားလည်မှုကို မမြှင့်တင်ပေးဘဲ စွမ်းအားကိုပဲ အတင်းမြှင့်ပေးနေတာ။ အဲဒါကြောင့်ပဲ နင့်ကို ဆိုးကျိုးတွေ ပေးနေတာပေါ့။ နင် ဒါကို မထိန်းချုပ်နိုင်တော့ဘူး" သူမက ဆက်လက် ရှင်းပြလေသည်။
ဓားအကြောင်း ရှင်းပြနေမိသဖြင့် သူမ ပြောလိုသော မုသား အကြောင်းကိုမူ ရှင်းပြရန် မေ့လျော့သွားခဲ့ပေသည်။
ကြယ်တာရာ နန်းတော်တွင် မင်ယုသည် သူမ၏ မိခင်နှင့်အတူ ထိုင်နေ၏။
ဧကရာဇ်မင်းမှာမူ တစ်နိုင်ငံလုံးတွင် လုံချန်းကို လိုက်လံရှာဖွေရန် အမိန့်ထုတ်ပြန်ပြီးနောက် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
"တောင်းပန်ပါတယ် အမေ။ သမီးကြောင့် အစ်ကို အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ" မင်ယုက သူမ၏ မိခင်ကို တောင်းပန်လိုက်သည်။
"ဒီအရူးမလေး... ငါက နင့်အမေပါအေ။ နင် ဘာလုပ်ခဲ့လဲဆိုတာ ငါ မသိဘူးလို့ ထင်နေတာလား" သူမ၏ မိခင်က စိုးရိမ်စိတ်ဖြင့် ခေါင်းခါရင်း မေးလိုက်၏။
"သမီး ဘာလုပ်ခဲ့လို့လဲဟင်" မင်ယုက နားမလည်နိုင်သလို ပြန်မေးသည်။
"သူက နင့်အစ်ကိုကို သတ်တော့မယ့် အချိန်မှာ သူက မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မ လုပ်ခဲ့တယ်လို့ နင် စွပ်စွဲပြီး အပြစ်တွေ အကုန် ပုံချခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ ငါ နင့်ကို သိတာပေါ့။ သူ အဲဒီလိုတွေ လုပ်ခဲ့တယ်ဆိုတာ နင် တကယ် မယုံဘူးဆိုတာ ငါသိတယ်။ သူ အပြစ်မရှိဘူးဆိုတာ နင် သိနေတုန်းပဲ။ နင် လုပ်ခဲ့သမျှက သူ့ကို စိတ်ပျက်သွားအောင် တမင်လုပ်ခဲ့တာပဲ"
"ဒီမှာ တစ်ခုခု နားလည်မှုလွဲနေတယ်ဆိုတာ နင် သိခဲ့တယ်။ သူက နင့်ကို အနာဂတ် အန္တရာယ်တွေကနေ ကာကွယ်ဖို့ ကြိုးစားနေတယ်လို့ သူ ထင်နေခဲ့တာလေ။ သူ ဘာကြောင့် အဲဒီလို ထင်ရသလဲဆိုတာ ငါ မသိပေမဲ့ သူ့မှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိမှာပဲ။ နင်လည်း အဲဒီလိုပဲ တွေးခဲ့သင့်တာ။ နင် သူ့ကို တားလို့ မရမှန်း သိတဲ့အခါမှာ နင် လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သူ့ရဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီးပစ်ဖို့ပဲ"
"သူက နင့်ရဲ့ ဘေးကင်းလုံခြုံရေးအတွက် နင့်အစ်ကိုကို သတ်ဖို့ ကြိုးစားနေတာ။ အဲဒါကြောင့် သူ နင့်ကို မုန်းသွားအောင်၊ နင့်ကို ဂရုမစိုက်တော့အောင် နင်က တမင်လုပ်ခဲ့တာပေါ့။ ဒါမှ သူ နင့်ကို ကာကွယ်ဖို့အတွက် နင့်အစ်ကိုကို သတ်မှာ မဟုတ်တော့ဘူးလေ။ သူ နင့်ကို ရွံရှာပြီး ဒေါသတကြီးနဲ့ ထာဝရ ထွက်သွားစေချင်ခဲ့တာ မဟုတ်လား"
"နင့်အစ်ကိုကို နင့်ယောကျ်ားလက်ကနေ ကယ်ဖို့၊ ပြီးတော့ နင့်ယောကျ်ားကို နင့်အဖေလက်ကနေ ကယ်ဖို့အတွက် နင်က မသိမသာနဲ့ နင့်ယောကျ်ားရဲ့ အမုန်းကို ခံယူလိုက်တာပဲ။ နင် ကမ္ဘာပေါ်မှာ အချစ်ဆုံး လူသားကို ဆုံးရှုံးရမယ် ဆိုရင်တောင် အနာဂတ်မှာ ဖြစ်လာမယ့် ပဋိပက္ခတွေကို တားဆီးဖို့အတွက် နင် အဲဒီလို စတေးခဲ့တာပါ" မိဖုရားကြီးက သမီးဖြစ်သူ၏ ပခုံးကို ပုတ်ရင်း ပြောလိုက်လေသည်။
ထိုစကားများကို ကြားလိုက်ရသောအခါ မင်ယုသည် သူမ၏ မျက်ရည်များကို မထိန်းနိုင်တော့ချေ။ သူမသည် မိခင်ဖြစ်သူကို ဖက်ကာ သူမ၏ ရင်ထဲတွင် သိမ်းဆည်းထားသမျှသော ခံစားချက်များအား ငိုကြွေးရင်း ဖွင့်ချလိုက်တော့သည်။
"ဒါပေမဲ့ အဆင်မပြေခဲ့ဘူး အမေ။ အစ်ကိုက အဖမ်းခံလိုက်ရပြီ၊ သူ အသတ်ခံရတော့မယ်။ အဲဒါပြီးရင်လည်း အဖေက လုံချန်းကို သတ်မှာပဲ။ သမီးက သူ့နှလုံးသားကို နာကျင်အောင် လုပ်လိုက်တာပဲ ရှိတယ်။ ဒါတွေ အားလုံးက သမီး အပြစ်တွေပါ အမေ။ သမီးကြောင့် အရာရာ ပျက်စီးကုန်ပြီ" မင်ယုသည် မာန်တင်းထားသမျှ မျက်ရည်များ ဒလဟော စီးကျကာ ရှိုက်ကြီးတငင် ငိုကြွေးနေရှာတော့သည်။
အမှန်စင်စစ် သူမသည် အလွန် အားနည်းသူ တစ်ဦးသာ ဖြစ်၏။ ဤနေရာတွင် သူမသည် စွမ်းအားအရ မဟုတ်ဘဲ ခံစားချက်ပိုင်းဆိုင်ရာတွင် အားအနည်းဆုံးသူ ဖြစ်သည်။ သူမ ပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီဟု ခံစားနေရ၏။ သူမ တန်ဖိုးထားရသမျှ အရာအားလုံး ပျောက်ကွယ်သွားခဲ့ပြီ။
အရာအားလုံးကို ကာကွယ်ရန် ကြိုးစားခဲ့ရင်းဖြင့် အရာအားလုံးကို ဆုံးရှုံးခဲ့ရခြင်းတည်း။ ယခုမူ သူမသည် ဤလောကကြီးတွင် တစ်ကိုယ်တည်း ကျန်ရစ်ခဲ့လေပြီ။
"ဒါ နင့်အပြစ် မဟုတ်ပါဘူး သမီးရယ်။ ငါတို့ မိသားစုရဲ့ ပျော်ရွှင်မှုကို မကြည့်ရက်တဲ့ လူတစ်ယောက်ရဲ့ အကြံအစည် ဖြစ်မှာပါ။ ပြီးတော့ နင်က သူ့ကို အမုန်းပွားအောင် လုပ်ခဲ့ပေမဲ့လည်း သူက နင့်အစ်ကိုကို ခေါ်သွားတယ်ဆိုတာ နင့်အပြစ် မဟုတ်ပါဘူး" မိခင်ဖြစ်သူက ချော့မော့ပြောဆို၏။
"အမေ... သူ အစ်ကို့ကို သတ်လိမ့်မယ်။ အဖေကလည်း သူ့ကို ပြန်သတ်လိမ့်မယ်။ အမေ မစိုးရိမ်ဘူးလားဟင်" သူမက မိခင်ဖြစ်သူကို မေးလိုက်လေတော့သည်။
အခန်း ၁၀၂၆ အစီအမံ
"စိုးရိမ်တယ် ဟုတ်လား။ ငါက ဘာလို့ စိုးရိမ်ရမှာလဲ။ လုံချန်းဆိုတာ နင် တကယ်ချစ်တဲ့ လူပဲဥစ္စာ။ သူ့မှာ တစ်ခုခု နားလည်မှုလွဲနေတာ ရှိနိုင်ပေမဲ့ လုဝမ်ကိုတော့ သူ တကယ် သတ်လိမ့်မယ်လို့ ငါ မယုံဘူး။ သူ နင့်ကို ချစ်တာပဲ... အဲဒီတော့ နင့်အစ်ကိုကို သူ သတ်မှာ မဟုတ်ပါဘူး" မင်ယု၏ မိခင်က သမီးဖြစ်သူ၏ ခေါင်းကို အသာအယာ ပုတ်ရင်း နှစ်သိမ့်ပြောဆိုလိုက်၏။
"အလွန်ဆုံးရှိလှ တိုက်ခိုက်ကြရုံပေါ့အေ။ ဒါပေမဲ့ လုဝမ်ကိုတော့ သူ အသက်ချန်ထားမှာပါ။ အဲဒီလူက ဒီလောက်အထိတော့ မအပါဘူး။ နင် မေ့သွားပြီလား... သူက နင့်ကို ဝမ်းနည်းအောင် တမင်တကာ မလုပ်ပါဘူးလို့ ကတိပေးထားခဲ့တာလေ။ နင့်အစ်ကိုကို သတ်လိုက်ရင် နင် ဘယ်လောက်အထိ ကြေကွဲသွားမလဲဆိုတာ သူ အသိဆုံးပဲ။ စိတ်အေးသွားတဲ့အခါ သူ နားလည်သွားမှာပါ။ သူ ဒါကို မလုပ်ပါဘူး" သူမက ထပ်လောင်းပြောကြားလိုက်သည်။
"အမေ ပြောသလို ဖြစ်ပါစေလို့ပဲ သမီး ဆုတောင်းရတော့မှာပဲ" မင်ယုက သူမ၏ မိခင်၏ ပေါင်ပေါ်တွင် ခေါင်းမှီထားရင်း တိုးတိတ်စွာ ရေရွတ်လိုက်မိ၏။ သူမ၏ မျက်ရည်များမှာမူ ယခုထက်တိုင် မစဲနိုင်သေးချေ။
...
"ဒါဆို နင်ပြောချင်တာက... ဒီဓားက ငါ့ရဲ့ နားလည်သဘောပေါက်မှုကို မမြှင့်တင်ပေးဘဲ ငါ့ရဲ့ နိယာမစွမ်းအားတွေကိုပဲ အတင်းတိုးပွားစေနေတာပေါ့ ဟုတ်လား။ အဲဒါ ဘာဖြစ်လဲ။ ငါ့ကို အစွမ်းထက်စေသရွေ့တော့ ကောင်းတာပဲ မဟုတ်လား။ နင်က အပိုတွေ စိုးရိမ်နေတာပါ။ နင် စိုးရိမ်သမျှ အရာအားလုံးကို ငါ ကိုင်တွယ်နိုင်ပါတယ်။ ဒီဓားက ငါ့ကို ဘာမှ လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး" လုံချန်းက ခေါင်းခါရင်း ရွှင်းကို ပြန်ပြောလိုက်၏။
သူသည် မိမိလက်ထဲရှိ ဓားအိုကြီးကို စိုက်ကြည့်လိုက်သည်။ ၎င်းမှာ ယခင်အတိုင်းပင် သာမန်ကာလျှံကာနှင့် အသုံးမဝင်သော လက်နက်တစ်ခုကဲ့သို့ ရှိနေဆဲပင်။ ဓားထဲတွင် ထူးခြားသော ပြောင်းလဲမှုမျိုးကို သူ မခံစားရသလို သူ့ကိုယ်သူလည်း မည်သို့မျှ ထူးထူးခြားခြား ပြောင်းလဲသွားသည်ဟု မယူဆမိချေ။
"နင် အဲဒီဓားကို အခုချက်ချင်း ပြန်သိမ်းမှာလား၊ မသိမ်းဘူးလား" ရွှင်းက လုံချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
"ငါ မသိမ်းဘူးဆိုရင် နင် ဘာလုပ်မှာလဲ" လုံချန်းက နောက်ပြောင်သလို မေးလိုက်သည်။
"ဒါဆိုရင်တော့ ငါ နောက်တစ်ခါ ထပ်မပြောတော့ဘူး။ ငါ နင့်ကို သတိပေးပြီးပြီ။ နင်က နားမထောင်ချင်ဘူးဆိုရင်တော့ ဒါ နင့်ကိစ္စပဲ။ ဆက်ပြီးတော့ ခေါင်းမာနေလိုက်စမ်း။ နောက်ကျသွားတဲ့ အချိန်ကျမှတော့ နောင်တတွေနဲ့ ငါ့ဆီ လာပြီး ငိုမပြနဲ့တော့" ရွှင်းသည် ထိုသို့ ပြောဆိုပြီးနောက် ပျောက်ကွယ်သွားလေတော့သည်။
"ဒီ စိတ်မရှည်တဲ့ ကောင်မလေး... သူက ငါ့လက်ထဲမှာ ဒီဓားကို တစ်နေ့လုံး ကိုင်ထားမယ်လို့ တကယ် ထင်နေတာလား။ ငါက သူ့ဘာသာသူ ပြန်သိမ်းမလို့ပါပဲဥစ္စာ" လုံချန်းက တိုးတိတ်စွာ ရေရွတ်လိုက်ရင်း အချိန်ဓားကို ရှေးဟောင်းလက်စွပ်ထဲသို့ ပြန်ထည့်လိုက်၏။ ထို့နောက် သူသည် အနီးဆုံးရှိ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ဝင်ထိုင်လိုက်သည်။
"နင် စားဖို့အကြောင်း ပြောနေတယ် မဟုတ်လား။ ကဲ... စားကြတာပေါ့" သူက ကျိချင်းကို လှမ်းပြောလိုက်၏။ ကျိချင်းမှာမူ သူ့ကို ထူးဆန်းသော သတ္တဝါတစ်ကောင်အား ကြည့်သကဲ့သို့ စိုက်ကြည့်နေဆဲပင်။ "နင်က ငါ့ကို ဘာလို့ သရဲတစ်ကောင်ကို ကြည့်သလို ကြည့်နေရတာလဲ"
"ဘာမှ မဟုတ်ပါဘူး" ကျိချင်းက လုံချန်းရှိရာသို့ လျှောက်လာရင်း ပြောလိုက်သည်။
မင်ယုက သူ့နှလုံးသားကို နာကျင်အောင် လုပ်လိုက်သည်လော။ မည်သည်များ ဖြစ်ခဲ့သနည်းဟု သူမ မေးချင်သော်လည်း မမေးဖြစ်ခဲ့ချေ။ လုံချန်းတစ်ယောက် ပုံမှန်စိတ်အနေအထားတွင် မရှိတော့ကြောင်း သူမ ခံစားမိနေသည်။ သူ့ကို ပို၍ စိတ်ဆွပေးနိုင်မည့် အကြောင်းအရာများ၊ အထူးသဖြင့် ယခုအခြေအနေသို့ ရောက်အောင် တွန်းပို့ခဲ့သော အကြောင်းအရာများကို သူမ မပြောလိုတော့ပေ။
သူမသည် လုံချန်း၏ ဘေးနားရှိ ကျောက်တုံးပေါ်တွင် ဝင်ထိုင်လိုက်၏။
သူမ၏ သိုလှောင်လက်စွပ်ထဲမှ သစ်သီးအချို့ကို ထုတ်ယူကာ လုံချန်းအား ပေးလိုက်သည်။ "ရော့... စားလိုက်ဦး"
"နင်ရော မစားဘူးလား" လုံချန်းက အဝါရောင်ပန်းသီးနှင့် တူသော သစ်သီးကို ယူကာ စားရင်း မေးလိုက်၏။
"ငါလည်း စားမှာပါ" ကျိချင်းက နောက်ထပ် သစ်သီးများကို ထုတ်ကာ စားလိုက်သည်။
"နင် အခု စိတ်နည်းနည်း သက်သာသွားပြီလား" သူမက လုံချန်းကို စိုးရိမ်တကြီး မေးလိုက်၏။
"သက်သာတာပေါ့။ ငါက ဘာလို့ စိတ်မသက်သာဖြစ်ရမှာလဲ" လုံချန်းက ပြုံးရင်း ပြန်ဖြေသည်။ သို့သော် သူ၏ အပြုံးမှာ ထုံးစံအတိုင်း ပြုံးနေကျ အပြုံးမျိုး မဟုတ်တော့ချေ။
သူ၏ ပုံမှန်အပြုံးတွင် သွေးရောင်လွှမ်းသော မျက်ဝန်းများနှင့်အတူ ရိုးသားသော မာန်တက်မှုတို့ ပါဝင်သော မိစ္ဆာဆန်သည့် ဆွဲဆောင်မှုမျိုး ရှိတတ်သော်လည်း ယခုလက်ရှိ အပြုံးမှာမူ မျက်ဝန်းထဲ၌ ကြောက်စရာကောင်းသော စူးရှမှုများနှင့်အတူ ယုတ်မာသော မိစ္ဆာဆန်သည့် ဆွဲဆောင်မှုမျိုးသာ ကိန်းဝပ်နေတော့သည်။
"ဘာမှ မဟုတ်ပါဘူး။ ဒါနဲ့... နင့်မှာ ဘာအစီအစဉ်တွေ ရှိလဲ။ စားသောက်ပြီးရင် ဘာဆက်လုပ်မှာလဲ" ကျိချင်းက မင်ယုအကြောင်းကို သူ ပြောမည်လားဟု မျှော်လင့်ရင်း မေးလိုက်၏။
"ငါ့ရဲ့ အစီအစဉ် ဟုတ်လား။ ဟုတ်သားပဲ... ငါ လုပ်စရာ ရှိတာလေး တစ်ခု ရှိတယ်။ ဒါက တကယ့် အခွင့်ကောင်းပဲလို့ ငါ ထင်တယ်" လုံချန်းက သစ်သီးကို တစ်လုပ်ကိုက်ရင်း ရယ်မောကာ ပြောလိုက်သည်။
"ဘာအတွက် အခွင့်ကောင်းလဲ" ကျိချင်းက မေး၏။
"ငါ လိုချင်တာကို လုယူဖို့ပေါ့။ ကမ္ဘာ့စမ်းသပ်ပွဲရဲ့ ဒုတိယအဆင့်က မကြာခင် စတော့မှာလေ။ အဲဒီမင်းသားမှာလည်း သူတော်စင်ဘုရင်ရဲ့ အမှတ်အသား ရှိနေမှာပဲ။ ငါလည်း အခု စိတ်အခြေအနေ ကောင်းနေတာနဲ့ ငါနဲ့ ထိုက်တန်တာကို သွားယူရမှာပေါ့။ သူတော်စင်ဘုရင်ရဲ့ ဂူသင်္ချိုင်းထဲမှာ ဘာတွေ ရှိနေမလဲဆိုတာ ငါ သိချင်နေတုန်းပဲ" လုံချန်းက ပြန်ဖြေလိုက်၏။
"ဒါဆို နင်က ထပ်ပြီး တိုက်ခိုက်ဦးမယ်ပေါ့" ကျိချင်းက မေးသည်။
"တိုက်ခိုက်တယ် ဟုတ်လား။ တိုက်ခိုက်တယ်ဆိုတာ အင်အားချင်း ညီမျှတဲ့သူတွေကြားမှာ ဖြစ်တာလေ။ အခုကတော့ တစ်ဖက်သတ် နှိပ်ကွပ်တာမျိုးပဲ ဖြစ်မှာပါ။ တကယ်လို့ သူက ငါ့ကို တားမယ်ဆိုရင်တော့ ဒါက တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်သွားလိမ့်မယ်" လုံချန်းက ဆို၏။ "ဒါပေမဲ့ ငါကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် ကြိုးစားမှာပါ"
သူသည် အဝါရောင်ပန်းသီးကို စားပြီးနောက် နောက်ထပ် တစ်လုံးအား ထပ်မံ စားသုံးပြန်သည်။
ကျိချင်းမှာမူ တိတ်ဆိတ်စွာ ထိုင်နေမိ၏။ သူမ ကြားနေရသော တစ်ခုတည်းသော အသံမှာ လေတိုက်သံနှင့် လုံချန်း သစ်သီးစားနေသည့် အသံသာ ဖြစ်သည်။ သူမ စကားပြောသင့်သည်လား။ မပြောသင့်သည်လား စဉ်းစားနေမိ၏။
သူမသည် မင်ယုအကြောင်းကို မေးချင်သည်။ မည်သည်များ ဖြစ်ခဲ့သည်ကို သိချင်သည်။ လုံချန်းက သူ့အလိုလို ပြောပြမည်ဟု ထင်ခဲ့သော်လည်း ထိုသို့ ဖြစ်မလာခဲ့ပေ။ သူသည် ရှင်းပြရန်ပင် စိတ်မပါတော့သည့်အလား ရှိနေတော့သည်။
"သော့ကို ရပြီးရင်ရော ဘာလုပ်မလဲ။ ငါတို့ ဒီကမ္ဘာကနေ ထာဝရ ထွက်ခွာပြီး ငါတို့ ကမ္ဘာကို ပြန်ကြမှာလား" အတော်ကြာမှ ကျိချင်းက မေးလိုက်၏။
"ဒီနေရာကနေ ထွက်သွားမယ် ဟုတ်လား" လုံချန်းက မျက်မှောင်ကြုတ်ရင်း စဉ်းစားလိုက်သည်။ "ငါတို့ ပြန်ကြရမှာပေါ့"
"သူတော်စင်ဘုရင်ရဲ့ ဂူသင်္ချိုင်းကို သွားဖို့ ငါတို့ မူလကမ္ဘာကို ပြန်ဖို့ လိုအပ်တယ်။ ထာဝရ ထွက်ခွာသွားဖို့ ဆိုတာကတော့ ပြောဖို့ စောလွန်းပါသေးတယ်။ ဘယ်အရာမှ ထာဝရ မတည်မြဲသလို ဘယ်အရာမှလည်း အဆုံးမရှိဘူး။ ဒီကမ္ဘာနဲ့ ငါ့ကို ဆက်နွှယ်နေစေတဲ့ အရာတွေ အများကြီး ရှိနေသေးတယ်" လုံချန်းသည် ဝင်လုဆဲဆဲ နေမင်းကြီးကို ကြည့်ရင်း တိုးတိတ်စွာ ရေရွတ်လိုက်၏။ "ငါ ဒီကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့တော့ မထင်ဘူး"
"မင်ယု အသက်ရှင်နေသေးရဲ့လား" ကျိချင်းသည် သတ္တိမွေးကာ နောက်ဆုံးတွင် မေးလိုက်လေတော့သည်။
"ရှင်တာပေါ့။ သူက ဘာလို့ မရှင်ဘဲ နေရမှာလဲ" လုံချန်းက ထိုရယ်စရာကောင်းသော မေးခွန်းကြောင့် အော်ဟစ်ရယ်မောလိုက်၏။ "နင်က ငါ သူ့ကို သတ်လိုက်တယ်လို့ ထင်နေတာလား"
"ငါ အဲဒီလို ပြောတာ မဟုတ်ပါဘူး။ နင် ဝမ်းနည်းနေတာကို မြင်လို့ သူ့မှာ တစ်ခုခု ဖြစ်သွားပြီလားလို့ ထင်မိလို့ပါ" ကျိချင်းက ခေါင်းငုံ့ကာ ရှင်းပြလိုက်သည်။
"သေခြင်းတရား တစ်ခုတည်းကပဲ နာကျင်စေတာ မဟုတ်ဘူး ကျိချင်းရဲ့။ ငါတို့ လူသားတွေရဲ့ နှလုံးသားက သိပ်ကို အားနည်းလွန်းတယ်။ သေခြင်းတရားလို ကြောက်စရာကောင်းတဲ့ အရာတွေ ထားပါဦး၊ အသေးအဖွဲ ကိစ္စလေးတွေကတောင် ဒီနှလုံးသားကို နာကျင်အောင် လုပ်နိုင်တယ်" လုံချန်းသည် သူ၏ နှလုံးရှိရာ ရင်ဘတ်ကို ပွတ်သပ်ရင်း ပြောလိုက်၏။
ကျိချင်းသည် သူ၏ စကားများကို ကြားရသောအခါ သက်ပြင်းချလိုက်မိသည်။ "သူ နင့်ကို နာကျင်အောင် လုပ်လိုက်တာလား။ သူက တစ်ခါတလေကျရင် ကလေးဆန်တတ်တာ နင် သိသားပဲ။ သူ နင့်ကို တမင်တကာ နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး"
"သူက ငါ့မျက်နှာကို ဘယ်တော့မှ မပြနဲ့တော့တဲ့၊ သူ့ဆီကိုလည်း ဘယ်တော့မှ လာမတွေ့နဲ့တော့တဲ့" လုံချန်းက ပြုံးရင်း ရေရွတ်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်တွင် အမှောင်ထုများ ရှိနေဆဲ ဖြစ်သော်လည်း အချိန်ဓား မရှိတော့သဖြင့် ယခင်ကလောက် မပြင်းထန်တော့ချေ။
"နင်နဲ့ ငါ နောက်ဆုံးတွေ့ပြီးကတည်းက ဖြစ်ခဲ့သမျှ အရာအားလုံးကို ငါ့ကို ပြောပြလို့ ရမလား။ ငါ ပိုပြီး သိချင်လို့ပါ" ကျိချင်းက အခြေအနေတစ်ခုလုံးကို နားလည်ရန် ကြိုးစားရင်း မေးလိုက်၏။
ထိုအချိန်တွင် လုံချန်းသည် နောက်ဆုံး တစ်လုပ်ကို စားပြီးသွားပြီ ဖြစ်သည်။
သူသည် ထရပ်လိုက်ကာ ပျင်းရိစွာဖြင့် အညောင်းဆန့်လိုက်၏။
"စားသောက်ပြီးတော့ အိပ်ချင်လာပြီ။ တော်တော်လည်း ပင်ပန်းသွားတဲ့ နေ့တစ်နေ့ပဲ။ ငါတို့ အနားယူဖို့ နေရာ ဒါမှမဟုတ် စခန်းချဖို့ ဘေးကင်းတဲ့ နေရာတစ်ခု အမြန်ရှာမှ ဖြစ်တော့မယ်" သူက ကျိချင်းကို ပြောလိုက်သည်။