← Chapters

အခန်း (၁၀၂၇-၁၀၂၈)

Vol. 99 Ch. 1027-1028

အခန်း (၁၀၂၇-၁၀၂၈)

Vol. 99 Ch. 1027-1028

​အခန်း ၁၀၂၇ လုံချန်း၏ အပြောင်းအလဲ

လုံချန်းနှင့် ကျိချင်းတို့သည် ညအိပ်နားခိုရန်အတွက် သင့်တော်သော နေရာတစ်ခုကို ရှာဖွေတွေ့ရှိသွားကြပြီ ဖြစ်သည်။

​၎င်းမှာ လူသူဝေးရာ တောနက်ကြီးတစ်ခု၏ အလယ်ဗဟိုတွင် ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ထိုတောအုပ်အတွင်းဝယ် ရန်မူတတ်သော သားရဲတိရစ္ဆာန်များ မရှိချေ။ တိတ်ဆိတ်ငြိမ်သက်လှသော ထိုနေရာသည် နီးစပ်ရာ လူသားတို့၏ မြို့ပြနှင့်လည်း အလွန်ပင် ဝေးကွာလှပေသည်။

​တောအုပ်၏ အလယ်ဗဟိုတွင် လုံချန်းက တဲထိုးရန် ပြင်ဆင်နေပြီး ကျိချင်းကလည်း ဘေးမှ ကူညီပေးနေ၏။

​"ဒီလိုဆိုရင်တော့ ပိုပြီး ကြည့်ကောင်းသွားပြီ"

​တဲထိုးခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားသောအခါ လုံချန်းက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။

​"အင်း... နင် တော်တော်လေး ကြိုးစားလိုက်တာပဲ" ကျိချင်းက လုံချန်းကို ချီးကျူးလိုက်၏။

​မင်ယုနှင့် ပတ်သက်ပြီး မည်သို့ ဖြစ်ပျက်ခဲ့သည်ကို လုံချန်းက အသေးစိတ် ဖြေကြားမည်မဟုတ်ကြောင်း သူမ သိထားပြီးသား ဖြစ်သည်။ ထို့ကြောင့်လည်း လုံချန်းက ထိုအကြောင်းအရာကို ရှောင်လွှဲနေခဲ့ခြင်း မဟုတ်လော။ ၎င်းကို သတိပြုမိသွားသော ကျိချင်းသည်လည်း ထိုကိစ္စကို ဤညအတွက်တော့ ထပ်မမေးရန် ဆုံးဖြတ်လိုက်တော့သည်။

​နက်ဖြန်မနက် မိုးလင်း၍ လုံချန်းတစ်ယောက် ကောင်းကောင်းအိပ်စက်ပြီး စိတ်ကြည်လင်နေသည့် အချိန်ကျမှသာ ထပ်မံ မေးမြန်းရန် သူမ စိတ်ကူးထားလိုက်၏။

​"အိပ်ကြစို့" လုံချန်းက ပြောပြောဆိုဆိုနှင့် တဲအတွင်းသို့ လှမ်းဝင်သွားသည်။

​ကျိချင်းသည်လည်း တဲအတွင်းသို့ လိုက်ဝင်သွားရာ လုံချန်းတစ်ယောက် မွေ့ရာပေါ်တွင် မျက်လုံးမှိတ်လျက် လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။

​'ဟင်... သူက ဒီလောက် မြန်မြန်ကြီး အိပ်ပျော်သွားတာလား' သူမက မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိသည်။ သူမ မဝင်ခင် စက္ကန့်ပိုင်းအလိုကမှ သူ ဝင်သွားသည် မဟုတ်လော။ တကယ့်ကို မြန်ဆန်လွန်းလှသည်။ သူ တကယ်ပင် ထိုမျှ အိပ်ချင်နေသည်လော။

​ပုံမှန်ဆိုလျှင် လုံချန်းသည် ဤမျှ မြန်မြန်ဆန်ဆန် အိပ်ပျော်တတ်သူ မဟုတ်ပေ။ သူတို့နှစ်ဦး ပျော်ပျော်ပါးပါး အချိန်ပေးကောင်း ပေးနိုင်သော်လည်း သူက မည်သည်မျှ မလုပ်ဘဲ အိပ်ပျော်သွားခြင်းမှာ လုံချန်း၏ စရိုက်နှင့် လုံးဝ မကိုက်ညီလှချေ။

​'ဒီနေ့ ဖြစ်ပျက်ခဲ့သမျှတွေက သူ့ကို တော်တော်လေး ပင်ပန်းသွားစေတာ ဖြစ်မှာပေါ့' ကျိချင်းသည် လုံချန်းအနားသို့ တိုးကပ်သွားရင်း တွေးနေမိသည်။ အသက်ရှူရသည်မှာ တစ်ခုခု ကျပ်တည်းနေဆဲပင်။ ထူးဆန်းသော အငွေ့အသက်အချို့ လုံချန်း၏ ပတ်ဝန်းကျင်တွင် ရှိနေသေးသော်လည်း ယခင်ကလောက်တော့ မဆိုးရွားတော့ချေ။ ယခုတစ်ကြိမ်တွင်မူ သူမ သည်းခံနိုင်သော အဆင့်တွင် ရှိနေသည်။

​သူမသည် လုံချန်း၏ မျက်နှာနားသို့ တိုးကပ်သွားပြီး သူ၏ ပါးပြင်ကို အသာအယာ နမ်းရှုံ့လိုက်ရင်း တိုးတိတ်စွာ ကပ်ပြောလိုက်၏။ "အိပ်မက်လှလှ မက်ပါစေဦး... အရာအားလုံးက မကြာခင်မှာ အဆင်ပြေသွားမှာပါ"

​ထိုသို့ ပြောပြီးနောက်တွင်မူ သူမသည်လည်း လုံချန်း၏ ဘေးနားတွင် လဲလျောင်းကာ မျက်လုံးများကို မှိတ်လိုက်လေတော့သည်။

​ကျိချင်းက လုံချန်း၏ အနောက်ဘက်တွင် မျက်လုံးမှိတ်ကာ လဲလျောင်းလိုက်သည့် အချိန်၌ လုံချန်းသည် မျက်လုံးများကို ဖွင့်လိုက်၏။

​သူသည် လက်ကို မြှောက်ကာ ကျိချင်း နမ်းသွားသော သူ၏ ပါးပြင်ကို အသာအယာ ပွတ်သပ်လိုက်သည်။

​ထို့နောက် သူသည် မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ယခုတစ်ကြိမ်တွင်မူ တကယ်ပင် အိပ်ပျော်သွားခဲ့လေတော့သည်။

​...

​"ထတော့လေ... မနက်လင်းနေပြီ"

​ကျိချင်းတစ်ယောက် ကောင်းကောင်း အိပ်မောကျနေစဉ် ပြင်းရှရှ အသံကြီးကို ကြားလိုက်ရ၏။ "ဟင်း... ငါ့ကို အိပ်ခွင့်ပေးပါဦး"

​"အခုက နေတောင် စောင်းနေပြီဟာ။ ထတော့... ငါတို့ နောက်ကျနေလိမ့်မယ်"

​လုံချန်းကတော့ နိုးနေပြီ ဖြစ်သည့်အပြင် ခရီးထွက်ရန် အဆင်သင့်ပင် ဖြစ်နေချေပြီ။ ကျိချင်းကမူ အိပ်ပျော်နေဆဲ။

​သူ့ထံမှ ဆက်တိုက် နှိုးဆော်နေမှုများကြောင့် ကျိချင်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ "နင်ကတော့ ငါ့ကို အေးအေးဆေးဆေးတောင် အိပ်ခွင့်မပေးဘူး မဟုတ်လား"

​"ငါသာ နောက်မကျနေဘူးဆိုရင် နင့်ကို နှိုးမှာ မဟုတ်ပါဘူး။ ထတော့... ငါတို့ သွားကြစို့" လုံချန်းက ဆိုသည်။ "ငါ တဲကို သိမ်းလိုက်မယ်၊ နင် အဲဒီအတွင်းမှာပဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်"

​သူသည် တဲအပြင်သို့ ထွက်သွားကာ တဲကို စတင် သိမ်းဆည်းလေတော့သည်။

​....

​အရာအားလုံး ပြင်ဆင်ပြီးသွားသောအခါ လုံချန်းက သူတို့ကို သယ်ဆောင်ရန်အတွက် မြွေဘုရင်အား ဆင့်ခေါ်လိုက်၏။

​"ဟင်... မင်း တစ်မျိုးကြီး ဖြစ်နေပါလား"

​မြွေဘုရင်သည် အပြင်သို့ ထွက်လာသည်နှင့် လုံချန်းထံမှ ထူးဆန်းသော အပြောင်းအလဲကို ချက်ချင်း သတိပြုမိသွားသည်။

​"အေးလေ... ငါ ဆံပင်ပုံစံ ပြောင်းလိုက်လို့ ဖြစ်မှာပေါ့။ အဲဒါကို မင်း သတိထားမိတာ ဖြစ်လိမ့်မယ်" လုံချန်းက ရွဲ့စောင်းကာ ပြန်ပြောလိုက်၏။

​"ဟင်... ဆံပင်ပုံစံ ဟုတ်လား။ အခု မင်းပြောမှပဲ ငါ သတိထားမိတော့တယ်။ မင်းဆံပင်တွေက အရင်ကထက် ပိုပြီး ကြည့်ရဆိုးလာသလိုပဲ၊ တိုလည်း တိုသွားသလိုပဲ" မြွေဘုရင်က လုံချန်း၏ ဆံပင်ကို စူးစိုက်ကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။

​"ငါက ရွဲ့ပြောနေတာကွ အရူးရဲ့။ ငါ့ဆံပင်က အရင်အတိုင်းပါပဲ" လုံချန်းက မျက်လုံးအသာလှန်ကာ နှာခေါင်းရှုံ့လိုက်၏။ "ဘာပဲဖြစ်ဖြစ်... ခန္ဓာကိုယ်ကို မြန်မြန်ကြီးလိုက်စမ်း။ ငါတို့ သွားရမယ်"

​"နေပါဦး... မင်ယုရော ဘယ်မှာလဲ။ ပြီးခဲ့တဲ့ တစ်ခါက သူ့အသက် အန္တရာယ်ရှိနေလို့ မင်း စိုးရိမ်နေတာနဲ့ ငါ မင်းတို့ကို နန်းတော်မှာ ထားခဲ့တာလေ။ အခု သူ ဘေးကင်းသွားပြီလား။ သူ့ကို သတ်ချင်တဲ့လူကို မင်း နှိမ်နင်းလိုက်နိုင်ပြီလား" မြွေဘုရင်က မေးမြန်းလိုက်ပြန်သည်။

​"စကားတွေ အပိုမပြောနဲ့တော့။ ငါ့စကားကို နားထောင်မှာလား၊ ဒါမှမဟုတ် ဒီနေ့ နှင်းခဲလေးကျွေးဖို့ မြွေဟင်းချို လုပ်လိုက်ရမလား" လုံချန်းက အကြောင်းအရာကို လွှဲလိုက်ရင်း နောက်ပြောင်သလို ပြောလိုက်၏။ "သူကတော့ မင်းကို သဘောကျမှာ အမှန်ပဲ"

​"ဟ... မင်းက ဒီဘုရင်ကြီးကို ခြိမ်းခြောက်နေတာလား။ အဲဒါက အလုပ်ဖြစ်မယ် ထင်လို့လား။ လုံးဝ ဖြစ်မှာ မဟုတ်ဘူးနော်" မြွေဘုရင်က ထိုသို့ ပြောရင်းပင် သူ၏ ခန္ဓာကိုယ်ကို စတင် ကြီးထွားစေလိုက်သည်။ "ငါ မင်းကို သယ်သွားပေးမှာက ငါ ကြောက်လို့ မဟုတ်ဘူးနော်"

​"ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်... ငါ့အတွက် အဆင်ပြေရင် ပြီးတာပဲ" လုံချန်းက စကားအများကြီး ဆက်မပြောတော့ပေ။

​သူသည် ကျိချင်းကို သူ၏ လက်မောင်းအတွင်းသို့ ပွေ့ချီလိုက်ပြီး လေပေါ်တွင် လမ်းလျှောက်ကာ မြွေဘုရင်၏ ဦးခေါင်းပေါ်သို့ ဆင်းသက်လိုက်၏။

​"တောင်ဘက်ကို သွား။ လမ်းကြောင်း ပြောင်းရမယ့်အချိန်ကျရင် ငါ ပြန်ပြောမယ်" လုံချန်းက မြွေဘုရင်ကို အမိန့်ပေးပြီးနောက် မျက်လုံးများအား မှိတ်လိုက်လေတော့သည်။

​မြွေဘုရင်သည်လည်း စကားအများကြီး ထပ်မငြင်းတော့ဘဲ စတင် ပျံသန်းလေတော့၏။ သူက မကြောက်ကြောင်း ပြောနေသော်လည်း လုံချန်းတစ်ယောက် မြွေဟင်းချိုအကြောင်း ပြောလိုက်သည့် အချိန်၌ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း တစ်စုံတစ်ရာက သူ့ကို သတိပေးနေသလို ခံစားရသောကြောင့် ဖြစ်သည်။ သူ သေသွားလျှင်ပင် နှင်းခဲလေး၏ ပန်းကန်ထဲတွင်တော့ အဆုံးမသတ်ချင်ချေ။

​...

​"ဒါက ဟိုဘက်ကို ကူးမယ့် တံခါးလား"

​အခြားသော ကြယ်တာရာ အင်ပါယာတွင် ဧကရာဇ်မင်းသည် ဝူလျာကို ဤကမ္ဘာသို့ ပို့ဆောင်ပေးမည့် အထူး နေရာကူးပြောင်းခြင်း တံခါးဆီသို့ ခေါ်ဆောင်လာခဲ့သည်။

​"ဒါက ပိုကောင်းသားပဲ။ ငါ ဒါကိုပဲ သုံးမယ်" ဝူလျာသည် ဧကရာဇ်ကို ပြောပြီးနောက် နေရာကူးပြောင်းခြင်း အစီရင် အတွင်းသို့ လှမ်းဝင်သွား၏။

​အစီရင်သည် တဖြည်းဖြည်း တောက်ပလာပြီး ခဏချင်းမှာပင် ထိုအလင်းတန်းများသည် အခန်းတစ်ခန်းလုံးကို လွှမ်းခြုံသွားတော့သည်။

​အလင်းတန်းများ ပျောက်ကွယ်သွားသော်လည်း ထူးဆန်းသည်မှာ လူငယ်လေးတစ်ဦးနှင့် တူသော ဝူလျာသည် ထိုနေရာတွင်ပင် ရပ်နေဆဲ ဖြစ်၏။ သူ ပျောက်ကွယ်သွားခြင်း မရှိချေ။

​"ဒီအစီရင်က ငါ့ကို မထောက်ပံ့နိုင်ဘူး။ ငါ့ရဲ့ စွမ်းအားက အဲဒါအတွက် အလွန်အမင်း များပြားလွန်းနေတယ်" ဝူလျာက မျက်မှောင်ကြုတ်ရင်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။

​သူသည် ဧကရာဇ်ကို ပြန်ကြည့်ကာ အမိန့်ပေးလိုက်၏။ "မူလအစ ကျောက်တုံး ခြောက်ဆယ့်ခုနစ်တုံး ယူခဲ့စမ်း"

​"ခြောက်ဆယ့်ခုနစ်တုံး ဟုတ်လား။ အဲဒါက ကျွန်တော့်မှာ ရှိသမျှ အကုန်ပဲ။ အဲဒါတွေကို သုံးလိုက်ရင် ကျွန်တော်တို့ အင်ပါယာမှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး" ဧကရာဇ်က ထောက်ပြလိုက်၏။

​"မင်းက ငါ့ကို အဲဒီကျောက်တုံးတွေ မပေးရင် မင်းတို့ အင်ပါယာကြီးကရော ကျန်နေဦးမယ် ထင်လို့လား။ မင်းကိုယ်တိုင် သွားယူပေးမလား၊ ဒါမှမဟုတ် ငါ့ဘာသာငါ သွားယူရမလား" ဝူလျာက ဧကရာဇ်ကို ခြိမ်းခြောက်လိုက်သည်။

​သူ၏ ခြိမ်းခြောက်မှုမှာ သူ အလိုရှိသည်ကို မရလျှင် ဤအင်ပါယာကြီးအား ဖျက်ဆီးပစ်မည်ဟု သွယ်ဝိုက်သောနည်းဖြင့် သတိပေးလိုက်ခြင်း ဖြစ်၏။

​ဧကရာဇ်မင်းသည် သက်ပြင်းတစ်ချက် ချလိုက်ရင်း ခေါင်းညိတ်လိုက်ရုံသာ ရှိတော့သည်။ သူသည် အနောက်သို့ လှည့်ထွက်သွားရင်း... "ကျွန်တော် သွားယူပေးပါ့မယ်"

​"အေး... အဲဒါမှ လိမ်မာတဲ့ ကောင်လေး။ သူက ခေါင်းမမာတာ တော်သေးတာပေါ့။ ငါက သူ့ကို တိုက်ခိုက်လို့တောင် မရဘူးဆိုတာသာ သူ သိသွားရင်တော့ ငါ့စကားကို နားထောင်မှာ မဟုတ်ဘူး" ဝူလျာက မဲ့ပြုံး ပြုံးရင်း ရေရွတ်လိုက်၏။

​သူသည် အစီရင်ကို ကြည့်ကာ ဆက်လက် ညည်းညူနေပြန်သည်။ "တကယ့်ကို ကြမ်းတမ်းလှတဲ့ အစီရင်ပဲ။ တကယ်လို့ ဒီအစီရင်ကို အမှောင်လက်ရာ နည်းလမ်းနဲ့ ဖန်တီးနိုင်တဲ့ ဆရာကောင်းတွေသာ ရှိခဲ့ရင် မူလအစ ကျောက်တုံးတွေ မလိုဘဲ ငါ့ကို ပို့ဆောင်ပေးနိုင်မှာပဲ။ ထားလိုက်ပါတော့... ငါ့မှာ အချိန်မရှိဘူး။ ဒါကို ပြင်ဆင်နေဖို့ ဒါမှမဟုတ် ပြစ်တင်ဝေဖန်နေဖို့ အချိန်မရဘူး"

​မိနစ်အနည်းငယ် ကြာသောအခါ ဧကရာဇ်သည် တောက်ပလှပသော ကျောက်တုံးများ ပြည့်နှက်နေသည့် အိတ်တစ်အိတ်နှင့်အတူ ပြန်ရောက်လာ၏။ ထိုကျောက်တုံးများထံမှ စွမ်းအင်များ ထွက်ပေါ်နေခြင်း မရှိသလို ချီစွမ်းအင်လည်း မရှိချေ။ သို့သော် ၎င်းတို့၌ ထိုအရာများထက် ပိုမို ကောင်းမွန်သော အရာတစ်ခု ရှိနေသည်။

​ထိုမူလ ကျောက်တုံးများတွင် နတ်ဘုရား စစ်သည်တော်များနှင့် မိစ္ဆာများကိုယ်တိုင် အသုံးပြုကြသော မူလ စွမ်းအင်များ ကိန်းဝပ်နေခြင်းပင် ဖြစ်၏။

​သာမန်လူသားများမှာမူ ဤကျောက်တုံးများကို ကျင့်ကြံခြင်းအတွက် အသုံးပြု၍ မရနိုင်ပေ။ အခြားသော ကိစ္စရပ်များ အတွက်သာ အသုံးပြုနိုင်ကြသည်။

​ဧကရာဇ်မင်းသည် ထိုကျောက်တုံးများကို ဝူလျာ၏ လက်ထဲသို့ အပ်နှံလိုက်လေတော့သည်။

​အခန်း ၁၀၂၈ အတင့်ရဲခြင်း

ဧကရာဇ်သည် ဝူလျာထံသို့ မူလအစကျောက်တုံးများ အပ်နှံလိုက်ပြီးနောက် ဝူလျာသည် အစီရင် အနီးတွင် လှည့်ပတ်သွားလာကာ ကျောက်တုံးများကို သတ်မှတ်ထားသော အစီအစဉ်အတိုင်း သတ်မှတ်ထားသော နေရာများ၌ စတင်နေရာချလေတော့သည်။

​ဧကရာဇ်မှာ ဘေးမှကြည့်ရင်း အံ့အားသင့်နေမိ၏။ ဤဝူလျာသည် ဤအစီရင် အကြောင်းကို မည်သို့ ဤမျှ နှံ့နှံ့စပ်စပ် သိနေရသနည်း။ ၎င်းမှာ ဤကမ္ဘာရှိ ပညာရှင်တစ်ဦးက ဖန်တီးထားခြင်း ဖြစ်ပြီး သူသိသလောက် ဝူလျာသည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည်။

​ဤမျှ မြန်မြန်ဆန်ဆန် နားလည်သဘောပေါက်သွားခြင်းမှာ ဝူလျာ၏ အစီရင်ဆိုင်ရာ အသိပညာသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ဆိုရပေမည်။ သူသည် အစီရင် ပညာရှင်တစ်ဦး ဖြစ်နေသည်လော။

​ဧကရာဇ်မင်းမှာ ဝူလျာ၏ စွမ်းဆောင်ရည်ကို ငေးမောအံ့သြနေစဉ်မှာပင် ဝူလျာသည် ကျောက်တုံးများ ချထားခြင်းအား အပြီးသတ်လိုက်ပြီ ဖြစ်သည်။

​ဝူလျာသည် အလုပ်ပြီးသွားသောအခါ အစီရင်၏ အလယ်ဗဟိုသို့ ပြန်လည် လျှောက်လှမ်းသွား၏။

​အစီရင်သည် တစ်ဖန်ပြန်၍ တောက်ပလာပြန်သည်။ ယခင်ကထက် ပိုမိုပြင်းရှသော အလင်းတန်းတို့သည် အခန်းတစ်ခုလုံးကို ပြည့်နှက်သွားတော့၏။ ၎င်းမှာ အလွန်ပင် စူးရှလွန်းလှသဖြင့် ဧကရာဇ်မင်းမှာ သူ၏မျက်လုံးများကို လက်ဖြင့် ကာကွယ်ထားရလေသည်။ မျက်လုံးမှိတ်ထားရုံမျှနှင့်ပင် ထိုအလင်းဒဏ်ကို မခံနိုင်ချေ။

​ငါးမိနစ်ခန့် ကြာပြီးနောက်တွင်မူ အလင်းတန်းများ ပျောက်ကွယ်သွားခဲ့သည်။

​ဧကရာဇ်သည် သူ၏လက်များကို ဖြည်းဖြည်းချင်း ဖယ်ရှားကာ ကြည့်လိုက်သောအခါ အခန်းထဲတွင် သူတစ်ဦးတည်းသာ ကျန်ရစ်တော့ကြောင်း တွေ့လိုက်ရ၏။

​"သူ ထွက်သွားပြီပဲ။ နောက်ဆုံးတော့ ဒီပြဿနာကောင်ကြီး မရှိတော့ဘူး။ ငါ့အင်ပါယာကို သူ မဖျက်ဆီးခဲ့တာ တော်သေးတာပေါ့။ ရာစုနှစ်ပေါင်းများစွာ စုဆောင်းထားရတဲ့ မူလကျောက်တုံးတွေ အကုန်ကုန်သွားတာတော့ တော်တော်လေး နာတာပဲ" ဧကရာဇ်သည် သက်ပြင်းချရင်း ရေရွတ်လိုက်မိသည်။

​"ထားလိုက်ပါတော့... ဒါက ငါ့အင်ပါယာ ဆက်လက်တည်မြဲဖို့အတွက်ဆိုရင်တော့ ထိုက်တန်တဲ့ လဲလှယ်မှုပါပဲ။ ငါလည်း ပြင်ဆင်ပြီး ထွက်ရတော့မယ်။ စမ်းသပ်ပွဲရဲ့ ဒုတိယအဆင့်က ဒီညပဲ စတော့မှာ မဟုတ်လား" သူသည် ပြောပြောဆိုဆိုနှင့် အနောက်သို့ လှည့်ကာ အခန်းထဲမှ ထွက်ခွာသွားလေတော့သည်။

​...

​လုံချန်းသည် မနားမနေ ပျံသန်းနေသော မြွေဘုရင်၏ ဦးခေါင်းပေါ်တွင် ထိုင်နေ၏။

​ခရီးစဉ်တစ်လျှောက်လုံးတွင် လုံချန်းသည် မျက်လုံးများကို မှိတ်ကာ ကျင့်ကြံနေခဲ့ပြီး သူ မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်သော အဆင့်တက်လှမ်းမှုကို ရရှိခဲ့သည်။

​ကောင်းကင်ဘုံ အဆင့် ၂ သို့ ရောက်ရန် အနည်းဆုံး တစ်လခန့် ကြာဦးမည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း အခုတော့ ထိုအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

​ထို့ပြင် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာလည်း ယခင်ကထက် ပိုမို မြန်ဆန်လာ၏။

​လုံချန်း၏ အယူအဆအရ ၎င်းမှာ သူ၏ အမှောင်နိယာမ မြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်ပြီး ရွှင်း၏ အဆိုအရမူ ၎င်းမှာ အချိန်ဓားကြောင့် ဖြစ်ပေသည်။

​အကယ်၍ ထိုစကားသာ အမှန်ဆိုလျှင် ဤဓားကို ကိုင်ဆောင်ထားခြင်းမှာ သူ့အတွက် ကောင်းကျိုးဖြစ်နေသည် မဟုတ်လော။

​ဓားကို ကိုင်ထားခြင်းဖြင့် အမှောင် နိယာမအား မြှင့်တင်ပေးရုံသာမက ကျင့်ကြံခြင်းအဆင့်ကိုပါ အရှိန်မြှင့်ပေးနေခြင်း ဖြစ်သည်။ ထို့ပြင် ရွှင်း စိုးရိမ်သကဲ့သို့ သူ၏ကိုယ်ထဲတွင် ထူးထူးခြားခြား ပြောင်းလဲသွားမှုမျိုးကိုလည်း သူ မခံစားရပေ။

​ရွှင်းသည် သူ့အပေါ် တကယ် ရိုးသားသည်လောဟု သူ သံသယဝင်လာမိသည်။

​ရွှင်းဆိုသည်မှာ သူ အပြည့်အဝ ယုံကြည်ရမည့်သူ မဟုတ်ချေ။ ရွှင်းသည် သတိမထားမိဘဲ ထျန်းရှန်၏ အကြံအစည်ကို ကူညီပေးနေသူ ဖြစ်သည်။ ထျန်းရှန်သည် လုံချန်း၏ သွေးမျိုးဆက်ကို အပြီးအပိုင် နိုးထစေချင်နေ၏။ သို့မှသာ သူက လုံချန်း၏ သွေးမျိုးဆက်ကို လုယူပြီး သူ့ကို ဝါးမြိုနိုင်မည် ဖြစ်သည်။

​ထိုအန္တရာယ်ကို တုံ့ပြန်နိုင်ရန်အတွက် လုံချန်းသည် ထျန်းရှန်နှင့် ရင်ဆိုင်ရမည့် အချိန်တွင် အမြင့်ဆုံးသော ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေရန် လိုအပ်လှသည်။

​ရွှင်းသည် လုံချန်း၏ ကျင့်ကြံခြင်း အဆင့်က သွေးမျိုးဆက် နိုးထမှုထက် ပိုမိုမြန်ဆန်သွားမည်ကို မလိုလားခြင်းလည်း ဖြစ်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ထျန်းရှန်အတွက် ခက်ခဲသွားစေနိုင်သောကြောင့်ပင်။ ရွှင်းသည် ထိုအကြောင်းပြချက်ကြောင့်ပင် သူ့ကို လိမ်ညာနေခြင်း ဖြစ်နိုင်သည်လော။

​သူမ ပြောသော ဆိုးကျိုးများမှာ ဟန်ဆောင်နေခြင်းလား သို့မဟုတ် အမှန်တရားလား။ သူ၏ ဆုံးဖြတ်ချက်အချို့က စိတ်လိုက်မာန်ပါ ဖြစ်နေခဲ့သည်ကို သူ သိသော်လည်း ၎င်းတို့မှာ ထူးဆန်းလွန်းသည့် အပြုအမူမျိုးတော့ မဟုတ်တန်ရာ။ သူ တွေးတောနေမိသည်။

​သူသည် ဓား၏ လွှမ်းမိုးမှုကို တကယ်ပဲ ခံနေရသည်လား သို့မဟုတ် ရွှင်းက ပိုပြီး ပြောနေသည်လား။ မည်သို့ပင်ဖြစ်စေ သူ့အတွက် စွမ်းအား လိုအပ်သည်။ သူ၏ သွေးမျိုးဆက် အပြည့်အဝ နိုးထလာသောအခါ သူ့ကို လာရောက်ရှာဖွေမည့် ထျန်းရှန်၏ လက်မှ လွတ်မြောက်နိုင်ရန် သူ အစွမ်းထက်နေဖို့ လိုအပ်ပေသည်။

​ဤဓားမှာ သူ့ကို ကူညီနိုင်မည့် အရာတစ်ခု ဖြစ်၏။ အန္တရာယ် အနည်းငယ် ရှိနိုင်သော်လည်း ဤအရာက အရေးကြီးလှသည်။

​ရွှင်း၏ သတိပေးချက်များကို လျစ်လျူရှုကာ ဤဓားကို ပိုမို အသုံးပြုသင့်သည်လားဟု သူ စဉ်းစားနေမိသည်။

​၎င်းမှာ သူ့အား များစွာ တွေးတောစေသော အချက်ဖြစ်၏။ ထည့်သွင်းစဉ်းစားစရာ အများကြီး ရှိသော်လည်း နောက်ဆုံးတွင်မူ သူ ဆုံးဖြတ်ချက် ချလိုက်သည်။ သူ၏ တိုက်ပွဲအများစုနှင့် ကျင့်ကြံခြင်းများတွင် အချိန်ဓားကို အသုံးပြုရန် ရွေးချယ်လိုက်ခြင်းပင်။

​ယခုမူ မြွေဘုရင်ပေါ်တွင် ကျင့်ကြံနေခြင်း မဟုတ်သဖြင့် အချိန်ဓားကို ထုတ်မသုံးသေးချေ။

​ထိုအစား သူ၏ အသိဉာဏ် အားလုံးကို ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားလိုက်၏။

​လုံချန်းသည် မကျင့်ကြံဘဲ တွေးတောနေသည့် အချိန်တွင်ပင် မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သည်။ ကျိချင်းမှာမူ လုံချန်းကို ကြည့်ရင်း အနောက်တွင် ပျင်းရိစွာ ထိုင်နေရရှာ၏။ သို့သော်လည်း လုံချန်းကို ကြည့်ရသည်မှာ ယခင်ကထက် နည်းနည်း ပိုကောင်းလာသလို ရှိသဖြင့် သူမ စိုးရိမ်စိတ် အနည်းငယ် လျော့သွားရသည်။

​တစ်ခုတည်းသော စိုးရိမ်စရာမှာ မင်ယုအပေါ် သူ စိတ်ဆိုးနေခြင်းပင်။

​၎င်းမှာ ဖြေရှင်းနိုင်မည့် ကိစ္စတစ်ခု ဖြစ်သည်။ သူ အဆင်ပြေနေသရွေ့တော့ သူ စိတ်အေးသွားပြီး မင်ယုထံ ပြန်သွားဖို့ဆိုသည်မှာ အချိန်တစ်ခုသာ လိုအပ်မည် ဖြစ်သည်။

​...

​ဤဖုန်းရှုကမ္ဘာရှိ နန်းတော်တစ်ဆောင်တွင် နေရာကူးပြောင်းခြင်း တံခါးတစ်ပေါက် ပွင့်လာခဲ့၏။

​၎င်းမှာ လုံချန်း၊ ချန်းယုနှင့် သူတို့အဖွဲ့သားများ ပေါ်လာခဲ့သော နေရာနှင့် တစ်နေရာတည်းပင် ဖြစ်သည်။

​ဝူလျာသည် ထိုကဲ့သို့သော အစီရင်မျိုး ရှိသည့် အခန်းလွတ် တစ်ခန်းအတွင်း ပေါ်လာခဲ့၏။

​သူသည် တံခါးဆီသို့ လျှောက်သွားကာ တံခါးကို ခေါက်လိုက်သည်။

​အပြင်၌ စောင့်နေသော စစ်သည်တော်များက တံခါးကို ဖွင့်ပေးလိုက်၏။

​"ဖုန်းရှုကမ္ဘာကနေ ကြိုဆိုပါတယ်။ ခင်ဗျားက စမ်းသပ်ပွဲတွေအတွက် လာတာ ဖြစ်ရမယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့နောက် လိုက်ခဲ့ပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို လိုက်ပြပါ့မယ်" စစ်သည်တော်များက ဝူလျာကို စမ်းသပ်ပွဲ၏ ဒုတိယအဆင့်တွင် ပါဝင်ရန် လာရောက်သော အခြားကမ္ဘာမှ ဧည့်သည်တစ်ဦးဟု မှားယွင်းစွာ ထင်မှတ်ကာ ပြောဆိုလိုက်ကြသည်။

​"ငါက ဘယ်စမ်းသပ်ပွဲအတွက်မှ လာတာ မဟုတ်ဘူး။ ငါ့လမ်းက ဖယ်စမ်း... ငါ သွားရမယ်" ဝူလျာက ပြောပြောဆိုဆိုနှင့် ပျင်းရိစွာ လမ်းလျှောက်ထွက်သွားလေတော့သည်။

​...

​ခရီးစဉ်တစ်လျှောက် ကျင့်ကြံပြီးနောက် လုံချန်းသည် မျက်လုံးများကို ဖွင့်လိုက်၏။

​သူတို့ ရောက်လိုသော နေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း မြွေဘုရင်က အကြောင်းကြားသဖြင့် သူ နိုးလာခြင်း ဖြစ်သည်။

​"ဒီနေရာပဲ မဟုတ်လား" မြွေဘုရင်က မေးသည်။

​"မင်း ငါပြောတဲ့ လမ်းကြောင်းအတိုင်း လာတယ်ဆိုရင်တော့ ဒါ မှန်ကန်တဲ့ နေရာပဲ ဖြစ်ရမယ်။ သေချာအောင်လို့ အောက်ကို ဆင်းလိုက်ဦး။ ဒါ မှန်ကန်တဲ့ နေရာလားဆိုတာ တစ်ယောက်ယောက်ကို မေးကြည့်ရမယ်" လုံချန်းက အရှေ့ဘက်ရှိ မြို့တော်ကို ကြည့်ရင်း ပြန်ဖြေလိုက်၏။

​"ကောင်းပါပြီ" မြွေဘုရင်က သဘောတူလိုက်သည်။ "ဒါဆို လူတွေ သတိမထားမိအောင် မြို့အပြင်မှာပဲ ရပ်လိုက်ရမလား"

​"ဘယ်သူက သတိထားမိမှာကို ဂရုစိုက်နေလို့လဲ။ ငါက ဒီကမ္ဘာက ဧကရာဇ်တစ်ပါးကိုတောင် စိန်ခေါ်ထားပြီးသားပဲ။ လမ်းမှာ ဘုရင်တစ်ပါး နှစ်ပါးလောက်ကို ထပ်ပြီး စော်ကားမိတာ ဘာအရေးလဲ" လုံချန်းက ပျင်းရိပျင်းတွဲ ပြောလိုက်၏။

​"တဟားဟား၊ ဒါမှ ငါ့ သူငယ်ချင်းကွ" မြွေဘုရင်က အားရပါးရ ရယ်မောလိုက်သည်။ "မင်းကို ဘာက ပြောင်းလဲစေလိုက်လဲ ငါ မသိပေမဲ့ မင်း အခုလို အတင့်ရဲလာတာကို ငါ သဘောကျတယ်။ အရင်ကတော့ မင်းက ကလေးတစ်ယောက်လို သိပ်ကို သတိကြီးလွန်းတာ။ အခုတော့ မင်း လူကြီးဖြစ်လာပြီပဲ။ အေးလေ... စွမ်းအားရှိတဲ့အခါမှာ အဲဒါကို ဖုံးကွယ်ထားဖို့ မလိုပါဘူး"

​လုံချန်း၏ အတင့်ရဲလာသော အပြောင်းအလဲအပေါ် မြွေဘုရင်မှာ ကျေနပ်နေပုံရ၏။ အမြဲတမ်း ပုန်းလျှိုးကွယ်လျှိုး လုပ်နေရသည်ကို မြွေဘုရင်က စိတ်ကုန်နေခဲ့သည်မှာ ကြာပြီ မဟုတ်လော။

All Chapters