အခန်း (၁၀၂၉-၁၀၃၀)
Vol. 99 Ch. 1029-1030
အခန်း ၁၀၂၉ ကြီးမားခြင်း
"ဟုတ်တယ်... ငါ့ဘဝမှာ သတိထားလွန်းနေခဲ့တာ ကြာလှပြီ။ ငါ့မှာ အစွမ်းရှိနေတာပဲ၊ ဘာလို့ ဖုံးကွယ်ထားရမှာလဲ။ ဘာလို့ အမြဲတမ်း အပြေးအလွှား ရှောင်နေရမှာလဲ။ ငါ ဘာကို ဂရုစိုက်နေရမှာလဲ။ ငါ့နောက်ကို လိုက်နေတဲ့သူတွေကို သတ်ပစ်လိုက်တာက ထွက်ပြေးရတာထက် ပိုလွယ်တာပဲဥစ္စာ။ အဲဒီတော့ ငါ ဘာလို့ ပုန်းနေရမှာလဲ" လုံချန်းက ခေါင်းခါရင်း မြွေဘုရင်ကို ပြောလိုက်၏။
"ပြီးတော့... မင်းတို့အားလုံးက ငါ ပြောင်းလဲသွားပြီလို့ ဘာလို့ ခဏခဏ ပြောနေကြတာလဲ။ ငါ ဘာမှ မပြောင်းလဲပါဘူး။ အမြဲတမ်း စိုးရိမ်နေရတာနဲ့ ပုန်းလျှိုးကွယ်လျှိုး လုပ်နေရတာကို ငါ ငြီးငွေ့သွားတာပဲ ရှိတယ်။ ဒီလို အသေးအဖွဲ ကိစ္စလေးတွေကိုတောင် ပုန်းနေရရင် တကယ့် ပြဿနာကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ငါ ဘယ်လို လုပ်မလဲ" သူက ဆက်လက်၍ ဆိုလိုက်လေသည်။ "အတားအဆီးဆိုတာ ရှောင်ကွင်းဖို့ မဟုတ်ဘူး၊ အမှုန့်ခြေပစ်ဖို့ပဲ"
"ဟားဟား... ဒါမှ တကယ့် ခံယူချက်ကွ။ ငါ့ရဲ့ လက်ရုံးအဖြစ် လက်ခံထားတဲ့ ဒီလူသားဆီက ဒီလိုစကားမျိုး ကြားရတာ တကယ်ကို အားရဖို့ ကောင်းတယ်"
မြွေဘုရင်သည် အားရပါးရ ရယ်မောလိုက်ပြီးနောက် အရှေ့ဘက်ရှိ မြို့တော်၏ ဝေဟင်နယ်မြေအတွင်းသို့ မည်သည်ကိုမျှ ဂရုမစိုက်ဘဲ အတင်းတိုးဝင်သွားလေတော့သည်။
ကျိချင်းမှာမူ လုံချန်းသည် ယခင်ကထက် ပို၍ အတင့်ရဲလာသည်ကို သတိမပြုမိဘဲ မနေနိုင်ချေ။ သူသည် စွမ်းအားရှိသော်လည်း အမြဲတမ်း သတိကြီးစွာဖြင့် လုပ်ဆောင်တတ်သူ ဖြစ်၏။ ယခုမူ ထိုသို့ မဟုတ်တော့ချေ။
သူ မလိုအပ်ဘဲ သတိထားနေရသည်ကို တကယ်ပင် ငြီးငွေ့သွားခြင်းလော သို့မဟုတ် အခြားတစ်ခုခုကြောင့်လော။ မင်ယုကိစ္စကြောင့် ရရှိခဲ့သော စိတ်ဒဏ်ရာက သူ့ကို ယခုကဲ့သို့ စိတ်ဓာတ်ပြင်းပြလာစေခြင်းလော။ သို့မဟုတ် သူ၏ အသိဉာဏ်ထဲတွင် တစ်စုံတစ်ရာသော လှုံ့ဆော်မှုကို ရှာဖွေနေခြင်းလော။ လွှမ်းမိုးမှုရှိနိုင်သော အကြောင်းရင်းများစွာ ရှိနေသည်။
ဤသို့ ဂရုမစိုက်ဘဲ ဝင်သွားခြင်းက တကယ်ပဲ စိတ်ချရသည်လောဟု သူမ မေးချင်သော်လည်း ယခုကဲ့သို့ အခြေအနေတွင် ထိုသို့ မေးလိုက်ခြင်းက သူ့အား သံသယဝင်ရာ ကျသွားမည်ကိုလည်း သူမ စိုးရိမ်နေမိ၏။
"ဒါ မှန်ကန်တဲ့ မြို့တော်ဖြစ်ဖို့ များပါတယ်။ စမ်းသပ်ပွဲတွေကြောင့် လူအများကြီးလည်း အဝင်အထွက် ရှိနေမှာပဲ။ ဘယ်သူမှတော့ ငါတို့ကို ဗြောင်ကျကျ တိုက်ခိုက်ဝံ့မှာ မဟုတ်ပါဘူး။ တခြားကမ္ဘာက လူတွေလည်း ဒီကို လာကြတာပဲလေ။ ဘာမှ မလုပ်တဲ့သူကိုတော့ သူတို့ တိုက်ခိုက်မှာ မဟုတ်ပါဘူး" ကျိချင်းက အခြေအနေမှာ ထင်သလောက် မဆိုးနိုင်ကြောင်း တွေးရင်း ပြောလိုက်သည်။
"အေးလေ... တကယ်လို့ တစ်ယောက်ယောက်ကများ တိုက်ခိုက်ဝံ့ရင်တော့ သူ့ဘိုးဘေးတွေပါ မှတ်မိသွားအောင် ငါ နှိမ်နင်းပြမယ်။ ငါတို့က အသုံးမကျတဲ့သူတွေ မဟုတ်ဘူး။ ဒီဘုရင်ကြီး တစ်ယောက်တည်းတင် မြို့တစ်မြို့လုံးကို အပြတ်ရှင်းနိုင်တယ်" မြွေဘုရင်က ဂုဏ်ယူစွာ ပြောလိုက်၏။
သူသည် လူစည်ကားသော နေရာတစ်နေရာသို့ စတင် ဆင်းသက်လိုက်လေသည်။
လူအုပ်ကြီး၏ ခေါင်းပေါ်တွင် ပျံသန်းနေသော ဧရာမ မြွေကြီးသည် လူတိုင်း၏ အာရုံကို ဖမ်းစားထား၏။ ၎င်း၏ ကြီးမားလှသော အရွယ်အစားကြောင့် လူတိုင်းက နဂါးတစ်ကောင်ဟု ထင်မှတ်ကာ အံ့အားသင့်နေကြသည်။
"နဂါးကြီးပါလား"
"ကြည့်ကြစမ်း... တကယ့် နဂါးအစစ်ပဲ။ နတ်ဘုရားတွေ ဆင်းသက်လာတာလား မသိဘူး"
"ငါတို့ ထွက်ပြေးကြမလား"
"မဟုတ်ဘူး အရူးရဲ့။ မမြင်ဘူးလား... အဲဒီ နဂါးကြီးပေါ်မှာ လူတစ်ယောက် ရှိနေတာလေ။ ဒါ လူတစ်ယောက်ရဲ့ မွေးမြူထားတဲ့ သားရဲ ဖြစ်ရမယ်။ ကမ္ဘာအနှံ့ စမ်းသပ်ပွဲအကြောင်း မကြားဖူးဘူးလား။ အဲဒီအတွက် လာတဲ့ ဂုဏ်သရေရှိ သခင်လေး တစ်ယောက်ယောက် ဖြစ်မှာပေါ့"
"ဟုတ်တယ်၊ ငါတို့ ကမ္ဘာမှာ နဂါးလို သားရဲမျိုး မရှိဘူးလေ။ ဒါတွေက ပုံပြင်ထဲမှာပဲ ရှိတာ။ ဒါပေမဲ့ တခြားကမ္ဘာတွေမှာတော့ ရှိနိုင်တာပေါ့။ ဒါမှမဟုတ် စမ်းသပ်ပွဲကို လာကြည့်တဲ့ အင်မော်တယ် ကမ္ဘာက လူများလား"
"ဘာမှ မလုပ်နဲ့၊ ငါတို့ကိုတော့ ဒုက္ခပေးမှာ မဟုတ်ပါဘူး"
မြို့သူမြို့သားများက အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။ အများစုမှာ မည်သည်မျှ မသိကြသော်လည်း အချို့သော ပါးနပ်သူများကမူ လုံချန်းသည် အခြားကမ္ဘာမှ လာသူဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြ၏။
အချို့ကလည်း ၎င်းမှာ နဂါးမဟုတ်ဘဲ နဂါးနှင့် ဆင်တူသော သတ္တဝါသာ ဖြစ်နိုင်ကြောင်း ရိပ်မိကြသည်။
မြွေဘုရင်သည် သူတို့၏ စကားများကို ကြားရသောအခါ နှာခေါင်းရှုံ့လိုက်မိ၏။
"နဂါး ဟုတ်လား။ ဒီအရူးတွေက ငါ့ကို သားရဲတစ်ကောင်နဲ့ နှိုင်းယှဉ်ဝံ့တယ်ပေါ့လေ" သူက မကျေမနပ် ညည်းညူလိုက်သည်။ "လုံချန်း... ငါ သူတို့ကို စားပစ်လို့ ရမလား။ ငါ့ကို အခုလို စော်ကားတဲ့အတွက် သူတို့ အစားခံရဖို့ ထိုက်တန်တယ်"
"ဘယ်သူ့ကိုမှ မစားနဲ့။ ဒီမှာပဲ နေဦး၊ ငါ အောက်ဆင်းသွားမယ်" လုံချန်းက မြေပြင်မှ ဆယ်မီတာခန့်အကွာတွင် ပျံသန်းနေသော မြွေဘုရင်ကို ပြောလိုက်၏။
လုံချန်း မတ်တတ်ရပ်လိုက်သည့် အခါတွင် မြွေဘုရင်သည် ထိုနေရာ၌ပင် ရပ်တန့်ပေးလိုက်သည်။
လုံချန်းသည် ပျံသန်းခြင်းကိုပင် အားမထုတ်တော့ဘဲ မြွေဘုရင်ပေါ်မှနေ၍ မြေပြင်သို့ အသာအယာ ခုန်ချလိုက်၏။
သူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့်အခါ သူ နင်းလိုက်သော နေရာတွင် ချိုင့်ခွက်လေးတစ်ခွက် ဖြစ်ပေါ်သွားသည်။
သူ၏ ရဲရင့်သော ဆင်းသက်မှုပုံစံက သူ့ကို နတ်ဘုရား မင်းသား တစ်ပါးအဖြစ် သတ်မှတ်ထားကြသော မြို့သူမြို့သားများကို ပို၍ အံ့အားသင့်သွားစေ၏။
လုံချန်းသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် အတွေ့အကြုံ ဗဟုသုတ ရှိပုံရသော လူတစ်ယောက်ထံတွင် အကြည့်က ရပ်တန့်သွားသည်။
သူသည် အသက် လေးဆယ်ဝန်းကျင်ခန့်ရှိသော ထိုလူရှိရာသို့ လျှောက်သွားလိုက်၏။
"ဒါ တင်ရှီးမြို့လား" လုံချန်းက ထိုလူကို မေးလိုက်သည်။
"တင်ရှီး မြို့ ဟုတ်လား... မဟုတ်ပါဘူး ခင်ဗျာ။ တင်ရှီးမြို့က ဒီလမ်းကြောင်းအတိုင်း သွားရင် နောက်တစ်မြို့ပါ သခင်လေး" ထိုလူက လုံချန်းကို အလွန်အမင်း ရိုသေလေးစားစွာဖြင့် ပြန်ဖြေလိုက်၏။
လုံချန်းသည် အနောက်သို့ လှည့်ကာ မြွေဘုရင်ရှိရာသို့ ပျံတက်သွားလိုက်သည်။
"ငါတို့ မြို့မှားနေတယ်။ ဟိုဘက်ကို ဆက်သွားမယ်" သူက မြွေဘုရင်ကို ပြောလိုက်ပြီးနောက် ပြန်ထိုင်ကာ မျက်လုံးများကို မှိတ်လိုက်ပြန်သည်။
"ရောက်ရင် ငါ့ကို နှိုးဦး"
မြွေဘုရင်သည် အံ့အားသင့်စွာ ငေးကြည့်နေကြသော မြို့သူမြို့သားများကို ထားရစ်ခဲ့ပြီးနောက် ပြန်လည် ပျံသန်းသွားလေသည်။
...
အတန်ကြာပြီးနောက် မြွေဘုရင်သည် နောက်တစ်မြို့သို့ ရောက်ရှိသွား၏။
ထိုမြို့မှာမူ သုံးလောက အင်ပါယာ၏ တော်ဝင်မြို့တော်ဖြစ်သော တင်ရှီးမြို့ပင် ဖြစ်သည်။ ၎င်းမှာ စမ်းသပ်ပွဲ၏ ဒုတိယအဆင့် ကျင်းပမည့် နေရာလည်း ဖြစ်၏။
စမ်းသပ်ပွဲ ကျင်းပမည့် နေရာအတွက် ရွေးချယ်စရာ သုံးခု ရှိခဲ့သည်။ ၎င်းတို့မှာ ဖုန်းရှု အဖွဲ့ဝင် သုံးဦး၏ မြို့သုံးမြို့ ဖြစ်၏။
သုံးလောက မင်းသားသည်လည်း အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး သူသည် စွမ်းဆောင်ရည် ကောင်းမွန်ခဲ့သည်။ ထို့ကြောင့်လည်း သုံးလောကကို စမ်းသပ်ပွဲ ဒုတိယအဆင့် ကျင်းပရန် နေရာအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်၏။
မည်သူမျှ မသိရှိသည့် အချက်မှာ သုံးလောက မင်းသားသည် စမ်းသပ်ပွဲ၏ ပထမအဆင့်တွင် ပါဝင်ခဲ့ခြင်း မရှိချေ။ သူသည် ပါဝင်ရန် သွားခဲ့သော်လည်း မပါဝင်မီမှာပင် အသတ်ခံခဲ့ရခြင်း ဖြစ်၏။ ထိုအစား လုံချန်းက သူ၏နေရာတွင် ရုပ်ဖျက်ကာ ပါဝင်ခဲ့ခြင်း ဖြစ်သည်။
ဤလူသည် သုံးလောက မင်းသားအဖြစ် ဟန်ဆောင်နေသော လုံချန်း ဖြစ်ကြောင်းကို ချန်ယုကလွဲ၍ မည်သူမျှ မသိရှိကြချေ။
ကံမကောင်းစွာဖြင့် လုံချန်းသည် ဒုတိယအဆင့်တွင် ပါဝင်ဦးမည်လား ဆိုသည်ကို သူမ မသိရသေးပေ။ လုံချန်းကို ပါဝင်မည်ဟု သဘောတူအောင် သူမ နားချနိုင်ခဲ့သော်လည်း လုံချန်းက တကယ် လာမည်လားဆိုသည်မှာ မသေချာလှပေ။
တင်ရှီးမြို့၏ ဝေဟင်နယ်မြေမှာမူ အလွန်ပင် စည်ကားလှသည်။ တိုက်ကြီးတစ်ခုလုံးမှ လူအများအပြားသည် ကမ္ဘာအနှံ့ စမ်းသပ်ပွဲ၏ နောက်ဆုံးအဆင့်ကို လာရောက် ကြည့်ရှုရန် ရောက်ရှိနေကြ၏။ အထူးသဖြင့် ယခုတစ်ကြိမ်တွင် သူတို့၏ အဖွဲ့က အနိုင်ရမည်ဟု သတင်းကြီးနေသောကြောင့် ဖြစ်သည်။
လမ်းမများပေါ်တွင်လည်း မြင်းရထားများဖြင့် ပြည့်နှက်နေ၏။ ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့် ချမ်းသာကြွယ်ဝသော မိသားစုများစွာသည် မြင်းရထားများဖြင့် ရောက်ရှိလာကြသောကြောင့် ဖြစ်သည်။
မိုးပျံ သားရဲများကို တတ်နိုင်သူများမှာလည်း နည်းပါးလှသည် မဟုတ်ချေ။ ကောင်းကင်ယံတွင် အရွယ်အစားစုံ ပျံသန်းတတ်သော သားရဲ ရာနှင့်ချီ၍ မြင်တွေ့နေရသည်။
မြွေဘုရင်သည် လူအများ၏ အာရုံကို ဖမ်းစားနိုင်ဆုံး ဖြစ်သော်လည်း ဤနေရာတွင် သူသည် အကြီးဆုံးသော သားရဲတော့ မဟုတ်သေးပေ။
"ဟွန်း... ဟို အကောင်ကြီးက ငါ့ထက်တောင် လူကြည့်များနေပါလား။ မြို့သူမြို့သားတွေက ဒီဘုရင်ကြီးကို ဘယ်လိုများ လျစ်လျူရှုဝံ့ရတာလဲ... ဘယ်လိုလဲ" မြွေဘုရင်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။
"ကြီးမားတဲ့ အရာတွေက အာရုံစိုက်ခံရတာ ပုံမှန်ပါပဲ။ အဲဒါကို ဂရုမစိုက်ပါနဲ့" ကျိချင်းက မြွေဘုရင်ကို ချော့လိုက်သည်။
"ကြီးတယ် ဟုတ်လား။ တကယ့် ကြီးမားခြင်းဆိုတာ ဘာလဲဆိုတာ ငါ ပြပေးမယ်" မြွေဘုရင်က ဂုဏ်ယူစွာ ကြွေးကြော်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်းနှင့် ပို၍ ပို၍ ကြီးမားအောင် လုပ်လိုက်လေတော့သည်။
အခန်း ၁၀၃၀ ကောင်းကင်ဘုံ၏ စကားလုံးများ
မြွေဘုရင်သည် သူ၏ အရွယ်အစားကို လူများက အသိအမှတ်မပြုကြ၊ အာရုံမစိုက်ကြသည့်အပေါ် တော်တော်လေး စိတ်တိုနေပုံရ၏။ အခြေအနေက ထိုသို့ဆိုလျှင် သူ အမှန်တကယ် မည်သည်များ လုပ်နိုင်ကြောင်း လူအများကို ပြသရန် သူ ဆုံးဖြတ်လိုက်လေတော့သည်။
"မင်းက တကယ်ပဲ ကလေးလား ဘာလားကွ" လုံချန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ ဤကောင်သည် အဘယ်ကြောင့် ဤမျှလောက် အဆွရ လွယ်နေရသနည်းဟု သူ တွေးတောနေမိသည်။
ဤကောင်သည် ကောင်းကင်ဘုံ အဆင့် သားရဲတစ်ကောင် ဖြစ်နေသည် မဟုတ်လော။ ထိုအဆင့်ရှိသော သားရဲများသည် ရင့်ကျက်ပြီး အသိဉာဏ် မြင့်မားကြသည် မဟုတ်လော။ သို့သော် ဤကောင်၏ အပြုအမူများကမူ ထိုယုတ္တိဗေဒ အားလုံးကို ဆန့်ကျင်နေပေသည်။
"ဒီတစ်ခါတော့ ငါ့ကို မတားနဲ့တော့။ ဒါ ငါ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်ပဲ။ ငါ ရောက်လာတာကို ဂုဏ်ယူဝံ့ကြွားစွာ ကြေညာပါရစေ၊ ပြီးတော့ အဲဒီ အနှောင့်အယှက်ပေးတဲ့ သားရဲအကောင်ပေါက်လေးတွေကို သူတို့နေရာ သူတို့သိအောင် ငါ ပြပေးမယ်" မြွေဘုရင်က ဇွတ်အတင်း ပြောဆိုနေတော့သည်။
"အေးပါ... မင်း သဘောရှိသာ လုပ်စမ်းပါ။ အာရုံစိုက်မှုတွေ သိပ်များသွားလို့ တစ်ခုခုဖြစ်ရင်တော့ ငါ့ကို လာမပြစ်တင်နဲ့ဦး။ တကယ်လို့ တစ်ယောက်ယောက်က ငါတို့ကို လာတိုက်ခိုက်ရင်တော့ ငါက နောက်ဆုတ်နေမှာ၊ မင်း တစ်ယောက်တည်းပဲ အဲဒါကို ဖြေရှင်းရလိမ့်မယ်" လုံချန်းက ပျင်းရိစွာ ပြန်ဖြေလိုက်၏။
"ဟက်... ဒီဘုရင်ကြီးက အဲဒီ ပိုးမွှားလေးတွေကို ကြောက်နေရမယ်လို့ မင်း ထင်နေတာလား။ ငါ့အတွက် မင်းရဲ့အကူအညီ မလိုပါဘူး။ သူတို့အားလုံး စုပေါင်းလာရင်တောင် ငါ့ရဲ့ အမွေးတစ်ပင်ကိုတောင် ထိနိုင်မှာ မဟုတ်ဘူး" မြွေဘုရင်က ဂုဏ်ယူစွာ ပြောလိုက်သည်။
"မင်းမှာ သူတို့ ထိစရာ အမွေးမှ ရှိလို့လား" လုံချန်းက ရယ်ချင်ပတ်ချင်နှင့် မေးလိုက်၏။
"မရှိဘူးလေ။ အဲဒါက ငါ့ကို ဘယ်သူမှ မထိနိုင်ဘူးဆိုတာကို တင်စားပြောတာကွ။ မင်းက လူသားတစ်ယောက် ဖြစ်နေလို့ နားမလည်တာပါ။ ဒါက ကောင်းကင်ဘုံမှာ သုံးတဲ့ ဝေါဟာရတွေလေ" မြွေဘုရင်က လုံချန်းကို ရှင်းပြနေသော်လည်း လုံချန်းကမူ ဤအရှက်မရှိသောကောင်မှာ ကြွားလုံးထုတ်နေခြင်းသာ ဖြစ်ကြောင်း သိသဖြင့် နှာခေါင်းရှုံ့လိုက်မိသည်။
"ထားလိုက်ပါတော့" လုံချန်းသည် ပျင်းရိစွာဖြင့် နောက်သို့ မှီလိုက်ပြီး မြွေဘုရင်ကို သူ အလိုရှိသလို လုပ်ခွင့်ပေးလိုက်၏။
မြွေဘုရင်သည် သူ၏ ယခင်အရွယ်အစားထက် ငါးဆခန့် ပိုမိုကြီးမားလာသည်အထိ ခန္ဓာကိုယ်ကို ဆက်တိုက် ကြီးထွားစေလိုက်လေသည်။
ဤနေရာရှိ အကြီးဆုံးသော သားရဲများသည်ပင် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး နဂါးတစ်ကောင်နှင့် တူသော မြွေဘုရင်၏ ဘေးတွင် အလွန်ပင် သေးငယ်သွားတော့သည်။
"ဟိုမှာ ကြည့်စမ်း၊ နဂါးကြီးဟေ့"
"မဟုတ်ဘူး... အဲဒါ မြွေကြီးတစ်ကောင်ပဲ"
"ဒါ နဂါးနဲ့ တော်တော်ဆင်တဲ့ သားရဲပဲ"
"ဘယ်လောက်တောင် ကြီးလိုက်လဲကွာ၊ သားရဲတစ်ကောင်က ဒီလောက်အထိ ကြီးနိုင်ပါ့မလား"
"ဟုတ်ပါ့ကွာ၊ သူက သိပ်ကြီးတာပဲ။ လူပေါင်း ထောင်ချီကိုတောင် အသာလေး သယ်သွားနိုင်တယ်"
"အပေါ်မှာ လူထိုင်နေတာများ ရှိလား"
"ငါတော့ မမြင်ရဘူး"
ဧရာမ မြွေကြီးသည် ဤနေရာသို့ ရောက်ရှိနေသူ အားလုံး၏ အာရုံကို လျင်မြန်စွာ ဖမ်းစားသွား၏။
မိုးပျံ သားရဲများပေါ်တွင် ထိုင်နေကြသော ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့် ချမ်းသာသော ကျင့်ကြံသူများသည် မမြင်ဘဲ မနေနိုင်လောက်အောင် ကြီးမားလှသော မြွေကြီးကို ငေးကြည့်နေကြသည်။ ထို့ပြင် ထိုမြွေကြီးပေါ်တွင် ထိုင်နေသော လူနှစ်ယောက်ကိုလည်း သူတို့ မြင်တွေ့လိုက်ရ၏။
ထိုနှစ်ဦးအနက် တစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး သူမသည် အလွန်ပင် လှပကာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိကြောင်း သူတို့ သတိထားမိကြသည်။ အခြားတစ်ဦးမှာမူ ပျင်းရိသလို ရှိသော်လည်း ကြောက်စရာကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် လူငယ်တစ်ဦး ဖြစ်ပြီး ကြည့်ရသည်မှာ မင်းသားတစ်ပါးနှင့်ပင် တူလှပေသည်။
လုံချန်းသည် သူ၏ ဝတ်စုံကို လဲလှယ်ထားသည်မှာ ကြာပြီ ဖြစ်၏။ ပုန်းလျှိုးကွယ်လျှိုး နေရသည်ကို သူ ငြီးငွေ့သွားပြီ ဖြစ်သဖြင့် သူ၏ အငွေ့အသက် သို့မဟုတ် သူ၏ ရုပ်ရည်အား ဖုံးကွယ်မထားဘဲ စနစ်တကျရှိသော ကျင့်ကြံသူတစ်ဦးကဲ့သို့ နေထိုင်ရန် သူ ဆုံးဖြတ်ထားသည်။
ထို့ကြောင့်ပင် သူသည် သူ့ကို မင်းသားတစ်ပါးကဲ့သို့ ထင်မှတ်စေမည့် အဝတ်အစားများကို ဝတ်ဆင်ထားခြင်း ဖြစ်၏။ ၎င်းတို့မှာ သူပိုင်ဆိုင်သမျှထဲတွင် အကောင်းဆုံး အဝတ်အစားများ ဖြစ်သည်။ သူသည် ဤနေရာသို့ ရောက်ရှိနေသော မည်သည့် မျိုးနွယ်စုကြီးများထက်မဆို ပို၍ ကြည့်ကောင်းနေပေသည်။
ကောင်းကင်ယံတွင် ရှိနေသူများက လုံချန်းကို မြင်နိုင်သော်လည်း မြေပြင်ပေါ်ရှိ လူများကမူ မမြင်နိုင်ကြချေ။ သူတို့ မြင်ရသည်မှာ အောက်ခြေမှ ကြည့်လျှင် ဧရာမ မြွေကြီးတစ်ကောင်ကိုသာ မြင်တွေ့ရခြင်း ဖြစ်၏။
လမ်းမများပေါ်တွင် ပြည့်နှက်နေသော ချမ်းသာကြွယ်ဝသည့် မိသားစုများ၏ မြင်းရထားများသည်လည်း ရပ်တန့်သွားကြပြီး သခင်လေးများ အားလုံး သူတို့၏ မြင်းရထားများပေါ်မှ ဆင်းကာ ကောင်းကင်ယံသို့ မော့ကြည့်နေကြသည်။
သူတို့သည် မြွေကြီး၏ အပေါ်ဘက်ကို မမြင်ရသော်လည်း သားရဲပေါ်တွင် တစ်စုံတစ်ယောက် ရှိနေမည်ဟုသာ တွေးဆနိုင်ကြ၏။ ထိုကဲ့သို့ ခမ်းနားသော သားရဲကို ပိုင်ဆိုင်ထားသူအား သူတို့ အားကျမဆုံး ဖြစ်နေကြသည်။
"ငါ့မှာသာ အဲဒီလို အကောင်မျိုး ရှိရင် သိပ်ကောင်းမှာပဲ။ ဒီသားရဲ တစ်ကောင်တည်းနဲ့တင် ငါ့ရဲ့ နာမည်ဂုဏ်သတင်းက တဟုန်ထိုး တက်သွားမှာ။ တကယ်ပဲ အပေါ်မှာ ဘယ်သူ ရှိနေတာလဲ။ ဒါမှမဟုတ် အင်ပါယာတစ်ခုခုက လာတဲ့ အဖွဲ့အစည်းများလား" မြေပြင်ပေါ်ရှိ ကျင့်ကြံသူတစ်ဦးက တိုးတိတ်စွာ ရေရွတ်လိုက်၏။
...
"မြင်တယ် မဟုတ်လား။ သူတို့အားလုံး ငါ့ကို ကြည့်နေကြတာ။ အဲဒါမှ ဟုတ်တာပေါ့။ ဒါကိုမှ ငါတို့နဲ့ ထိုက်တန်တဲ့ ဝင်ရောက်လာမှုလို့ ခေါ်တာ။ ဒါနဲ့ ငါတို့ ဘယ်ကို သွားမှာလဲ။ အောက်ဆင်းရတော့မလား" မြွေဘုရင်က ကျေနပ်သွားပြီးနောက် မေးလိုက်သည်။
"အေး... အောက်ကို သယ်သွားပေး။ စမ်းသပ်ပွဲ ကျင်းပမယ့် နေရာကို ငါ့ဘာသာငါ ရှာမယ်။ ဒီမှာ လူတွေ ဒီလောက် အများကြီး ရောက်နေတာဆိုတော့ စမ်းသပ်ပွဲကို လူအများရှေ့မှာ ကျင်းပမှာကတော့ သေချာတယ်" လုံချန်းက မတ်တတ်ရပ်ရင်း မြွေဘုရင်ကို ပြောလိုက်၏။
"ငါ့လက်ကို ကိုင်ထား" သူက ကျိချင်းကို ပြောလိုက်ရာ သူမကလည်း သူခိုင်းသည့်အတိုင်း လုပ်လိုက်သည်။
လုံချန်းသည် မြွေဘုရင်အား သားရဲ တောင်တန်းထဲသို့ ပြန်လည် ပို့ဆောင်လိုက်ပြီး ကျိချင်းကို ပွေ့ချီကာ လေပေါ်တွင် ရပ်နေလိုက်၏။
ထို့နောက် သူသည် မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်ရာ ချမ်းသာသူဖြစ်စေ ဆင်းရဲသူဖြစ်စေ လူတိုင်း၏ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရလေသည်။
"စမ်းသပ်ပွဲက ဘယ်မှာ ကျင်းပနေတာလဲ" သူက သူ့အနားတွင် အနီးဆုံးရှိနေသော လူကို မေးလိုက်၏။
"အဲဒါက မြို့လယ်ခေါင်က ဗဟို တိုက်ပွဲကွင်းမှာ ကျင်းပနေတာပါခင်ဗျာ" ထိုသူက အစပိုင်းတွင် အနည်းငယ် တုံ့ဆိုင်းနေသော်လည်း ပြန်လည် ဖြေကြားပေးခဲ့သည်။
လုံချန်းသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် တော်ဝင်စုံတွဲ တစ်တွဲကဲ့သို့ ကျိချင်း၏ လက်ကို ကိုင်ကာ တိုက်ပွဲကွင်းရှိရာသို့ လျှောက်လှမ်းသွားလေတော့သည်။
လုံချန်းသည် ဤနေရာသို့ စမ်းသပ်ပွဲတွင် ပါဝင်ရန် သို့မဟုတ် လာကြည့်ရန် ရောက်ရှိလာခြင်းမှာ သေချာသလောက် ရှိသော်လည်း သူသည် အဘယ်ကြောင့် သူ၏ ခမ်းနားသော သားရဲကြီးနှင့် တိုက်ပွဲကွင်းသို့ တိုက်ရိုက် မသွားဘဲ လမ်းလျှောက်သွားရန် ရွေးချယ်ခဲ့သည်ကိုမူ မည်သူမျှ နားမလည်နိုင်ကြချေ။
...
"ဒါ စမ်းသပ်ပွဲ ကျင်းပမယ့် တိုက်ပွဲကွင်း ဖြစ်ရမယ်"
လုံချန်းသည် မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ပြီးနောက် အလယ်ဗဟို တိုက်ပွဲကွင်းသို့ ရောက်ရှိလာခဲ့၏။
"ဒီနေရာပဲ ထင်တယ်။ လူတွေအားလုံး ဝင်နေကြပြီ။ ဒါပေမဲ့ သူတို့အားလုံးက ပိုက်ဆံပေးပြီး ဝင်နေကြတာ။ နင့်မှာ ဒီကမ္ဘာက သုံးတဲ့ ပိုက်ဆံ ရှိလို့လား" ကျီချင်းသည် စစ်သည်တော်များက လူများဆီမှ ပိုက်ဆံကောက်နေသည်ကို သတိပြုမိသွားပြီး မေးလိုက်သည်။
"ပိုက်ဆံ ဟုတ်လား။ ငါ့မှာ ဒီကမ္ဘာက ပိုက်ဆံ တစ်ပြားမှ ရှိမယ်မထင်ဘူး။ ဒါပေမဲ့ ငါတို့ဆီက ပိုက်ဆံကို ပြပြီး ငါတို့က တခြားကမ္ဘာက လာတာ၊ ပွဲကြည့်ဖို့ လာတာလို့ ပြောရင် သူတို့ ပေးဝင်မှာပါ။ ဒီမှာ တခြားကမ္ဘာက လာတဲ့လူတွေ အများကြီး ရှိနေတာပဲ။ သူတို့အားလုံးလည်း ဒီကမ္ဘာက ပိုက်ဆံ ရှိနေကြမှာ မဟုတ်ပါဘူး" လုံချန်းက ပြန်ဖြေလိုက်၏။
သူတို့သည် အဝင်ဝသို့ လျှောက်သွားသော်လည်း စစ်သည်တော်များက တားဆီးလိုက်ကြသည်။
"မင်းတို့မှာ ခွင့်ပြုချက်ရှိလား" စစ်သည်တော်များက မေးလိုက်၏။
"ဘာခွင့်ပြုချက်လဲ" လုံချန်းက ပြန်မေးလိုက်သည်။
"စမ်းသပ်ပွဲ ကျင်းပမယ့် နေရာကို ဝင်ခွင့်လေ။ မင်းတို့မှာ အဲဒါ မရှိရင်တော့ ပိုက်ဆံပေးပြီး လက်မှတ်ဝယ်ရလိမ့်မယ်" စစ်သည်တော်များက လုံချန်းကို အကြောင်းကြားလိုက်သည်။
"ကျွန်မတို့က ဒီကမ္ဘာက မဟုတ်ဘူး။ တခြားကမ္ဘာက ပိုက်ဆံကိုရော လက်ခံလား" ကျိချင်းက ကြားဝင် မေးလိုက်၏။
"တခြားကမ္ဘာက ပိုက်ဆံနဲ့ ငါတို့က ဘာလုပ်ရမှာလဲ" စစ်သည်တော်က ခေါင်းခါရင်း ရယ်မောလိုက်သည်။ "မင်းတို့က တခြားကမ္ဘာက လာတာဆိုရင် စမ်းသပ်ပွဲမှာ ပါဝင်ဖို့အတွက် ဧကရာဇ်က ပေးထားတဲ့ ခွင့်ပြုချက် ရှိရမယ်။ မင်းတို့မှာ အဲဒါ မရှိဘူးဆိုတော့ မင်းတို့က ပါဝင်ဖို့ လာတာ မဟုတ်ဘူးပေါ့"
"ဒါဆို မင်းတို့က ပွဲကြည့်ပရိသတ်အဖြစ် လာတာလား။ အဲဒီလိုဆိုရင်တော့ ပိုက်ဆံအစား မြေကမ္ဘာအဆင့် လက်နက် တစ်ခုခုကို ဝင်ကြေးအဖြစ် ပေးလို့ရပါတယ်" စစ်သည်တော်များက အကြံပြုလိုက်ကြသည်။
လုံချန်းသည် စကားများများစားစား ငြင်းခုံမနေတော့ဘဲ သူ၏ လက်ဝယ်ရှိ မြေကမ္ဘာအဆင့် ပစ္စည်းတစ်ခုကို ထုတ်ယူကာ စစ်သည်တော်များထံသို့ ပစ်ပေးလိုက်လေသည်။