အခန်း (၁၀၃၁-၁၀၃၂)
Vol. 99 Ch. 1031-1032
အခန်း ၁၀၃၁ ပျောက်ဆုံးနေခြင်း
လက်နက်ကို ရရှိပြီး အဆင့်အတန်းအား စစ်ဆေးပြီးနောက်တွင် စစ်သည်တော်များက လုံချန်းကို လက်မှတ် တစ်စောင်ပေးကာ အတွင်းသို့ ဝင်ခွင့်ပြုလိုက်ကြသည်။
လုံချန်းသည် တိုက်ပွဲကွင်းအတွင်းသို့ လှမ်းဝင်လိုက်ရာ ၎င်းမှာ သူမြင်ဖူးသမျှထဲတွင် အကြီးဆုံးဖြစ်နေ၏။ ပွဲကြည့်ပရိသတ်များ ထိုင်ရန်အတွက် ကွင်းပြင်ကျယ်ကြီးကို ပတ်လည်ဝိုင်းထားသော ထိုင်ခုံနေရာများ ရှိနေသည်။
"ရှင်တို့ရဲ့ လက်မှတ်လေး ကြည့်ပါရစေ"
လုံချန်း တိုက်ပွဲကွင်းထဲသို့ ရောက်ရှိသွားချိန်တွင် အခြားစစ်သည်တော်တစ်ဦးက လက်မှတ်ပြရန် တောင်းဆိုလာပြန်သည်။
လုံချန်းသည် ထိုသူအား လက်မှတ်ပေးလိုက်ရာ သူက သေချာဖတ်ကြည့်လိုက်၏။
"ဒုတိယမြောက် အကွက်က ခုံနံပါတ် ၂၅" စစ်သည်တော်က လက်မှတ်ကိုဖတ်ရင်း ရေရွတ်လိုက်သည်။
"အဲဒါ ရှင့်ရဲ့ခုံပဲ၊ တတိယမြောက် တန်းစီဇယားရဲ့ ဒုတိယမြောက်ခုံပါ" သူက ပြောပြောဆိုဆိုနှင့် လုံချန်းထံ လက်မှတ်ပြန်ပေးလိုက်၏။
လုံချန်းသည် လက်မှတ်ရပြီးနောက် ဘေးဘက်သို့ လျှောက်သွားကာ ခုံတွင် ထိုင်လိုက်ပြီး ကျိချင်းကလည်း သူ့ဘေးကပ်လျက်တွင် ထိုင်လိုက်သည်။
ထိုင်ခုံများမှာ တစ်ဝက်ခန့်သာ ပြည့်နေသေး၏။ ကွင်းပြင်ကြီးထဲတွင်မူ လုံးဝနီးပါး အားလပ်နေဆဲ ဖြစ်သည်။ လူအနည်းငယ်ကသာ ကွင်းထဲတွင် အစီအစဉ်အချို့ကို ပြင်ဆင်နေကြသည်အား တွေ့ရ၏။
"ကြည့်ရတာ ငါတို့ နည်းနည်း စောသွားတယ်ထင်တယ်" ကျိချင်းက တိုးတိတ်စွာ ပြောလိုက်သည်။
"အင်း... ဒါပေမဲ့ ကိစ္စမရှိပါဘူး။ နောက်ထပ် နာရီပိုင်းအတွင်းမှာပဲ စတော့မှာပါ" လုံချန်းက ဆိုရင်း သူ၏ သိုလှောင်လက်စွပ်ထဲမှ သစ်သီးနှစ်လုံးကို ထုတ်လိုက်၏။
"ရော့... တစ်ခုခု စားထားလိုက်"
သူသည် သစ်သီးတစ်လုံးကို ကျိချင်းအား ပေးလိုက်ပြီး ကျန်တစ်လုံးကိုမူ သူကိုယ်တိုင် စားလိုက်သည်။
"ငါ မမှားဘူးဆိုရင် ဒီတစ်ခါ စမ်းသပ်ပွဲမှာ ပါဝင်မယ့်သူ ခြောက်ယောက်ထက် ပိုလိမ့်မယ်။ ငါမှတ်မိသလောက် အဆင့်သတ်မှတ်ချက် အရဆိုရင် ဒီကမ္ဘာက တုလျန်က ပထမ။ ဒုတိယမင်းသား မုန့်ချန်းက ဒုတိယ။ သူက ငါလိုအပ်တဲ့ ပစ္စည်းကို ပိုင်ဆိုင်ထားတဲ့သူပဲ။ ဖေကျန်ကတော့ တတိယပေါ့" လုံချန်းက ရေရွတ်လိုက်၏။
"နင်က တတိယနေရာမှာ ရှိခဲ့တာလို့ ပြောချင်တာမလား" ကျိချင်းက ကြားဝင်ပြောလိုက်သည်။ ထိုအချိန်က ဖေကျန်မှာ သေဆုံးနေပြီဖြစ်ကြောင်းနှင့် လုံချန်းက သူ၏ကိုယ်စား ဟန်ဆောင်ထားခြင်းဖြစ်ကြောင်း သူမ သိထားပြီးသား ဖြစ်သည်။
"အင်း... အတူတူပါပဲ။ ဟိုမိန်းကလေး ချန်ယုက ငါ့နောက်မှာဆိုတော့ စတုတ္ထ။ တတိယမင်းသား မုန့်ဟူလင်က ပဉ္စမ။ ဆဋ္ဌမနေရာကတော့... ကျိရှန်ပဲ... အဲဒီအရူး ဘာဖြစ်သွားလဲဆိုတာ ငါ ခုထိ မသိရသေးဘူး" လုံချန်းက ကျိရှန်တစ်ယောက် ရောက်လာဦးမည်လားဟု တွေးရင်း ပြောလိုက်၏။
အချိန်နှင့်အမျှ ပွဲကြည့်ပရိသတ်များ ပိုမိုရောက်ရှိလာပြီး ၎င်းတို့၏နေရာတွင် အသီးသီး ထိုင်လိုက်ကြသဖြင့် လူအုပ်ကြီးမှာ တဖြည်းဖြည်း ပိုမိုများပြားလာသည်။
တစ်ဝက်သာ ပြည့်နေသော အားကစားကွင်းကြီးမှာ တစ်နာရီမပြည့်မီမှာပင် အားလပ်သောနေရာ မရှိသလောက် ဖြစ်သွား၏။ အချို့သောနေရာများမှလွဲ၍ ထိုင်ခုံအားလုံးနီးပါး ပြည့်သွားတော့သည်။
...
"ဟင်... သူတို့ လာနေကြပြီထင်တယ်" အဝေးမှ ပျံသန်းလာသော သားရဲအုပ်စုကို လုံချန်း သတိပြုမိသွားကာ ပြောလိုက်သည်။
"ချန်ယုပါလား။ အဲဒါ ချန်တီအင်ပါယာပေါ့" မြေပြင်ပေါ်သို့ ဆင်းသက်လာသော ချန်ယုကို မြင်လိုက်ရသည့်အခါ သူက ထပ်လောင်းပြောလိုက်၏။
သူမ၏ဘေးတွင် လူငယ်တစ်ဦးက လိုက်ပါလာပြီး အဘိုးအိုတစ်ဦးမှာလည်း အနီးအနားတွင် ထိုင်နေသည်။
"အဲဒါ သူ့ရဲ့ အဖေ ဖြစ်ရမယ်"
သားရဲအုပ်စုသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြပြီးနောက် လူများက သူတို့၏ သားရဲများကို သားရဲအိတ်အတွင်းသို့ ပြန်လည် ထည့်သွင်းလိုက်ကြသည်။
ထိုအချိန်မှာပင် အခြားလမ်းကြောင်း တစ်ခုမှ ဦးချိုနှစ်ချောင်းပါသော လေဟုန်စီးမြင်းများဖြင့် အခြားသော သားရဲအုပ်စုတစ်စု ရောက်ရှိလာပြန်၏။
"တုလျန်လည်း ရောက်လာပြီပဲ" လုံချန်းက မှတ်ချက်ပေးလိုက်သည်။
...
"အစ်မ ဖေကျန်ကို စောင့်နေတာလား"
ချန်းယုက တစ်စုံတစ်ယောက်ကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေစဉ် သူမ၏ မောင်လေးက မေးလိုက်ခြင်း ဖြစ်၏။
"ငါက ဘာလို့ ဖေကျန်ကို ရှာရမှာလဲ" ချန်ယုက ပြန်မေးလိုက်သည်။
"အစ်မ သူ့ကို သဘောကျနေတယ်လို့ ကျွန်တော် ကြားထားတာပဲ။ ဒါကြောင့်လည်း ပြီးခဲ့တဲ့တစ်ခါက သူ့ကို အိမ်အထိ ခေါ်လာတာ မဟုတ်လား။ အဲဒါကြောင့် မဟုတ်ဘူးလား။ ကံမကောင်းတာက သူ့ကို ကျွန်တော်နဲ့တောင် မတွေ့ပေးဘဲ ပြန်လွှတ်လိုက်တာပဲ။ အစ်မ သူ့ကို တကယ် သဘောကျတယ်ဆိုရင် ပြောနော်။ ကျွန်တော် ခမည်းတော်ကို ပြောပြီး လုဝမ်နဲ့ လက်ထပ်ရမယ့်ကိစ္စကို ဖျက်ခိုင်းပြီး ဖေကျန်နဲ့ စီစဉ်ပေးမယ်။ ဘာပဲဖြစ်ဖြစ် အစ်မရဲ့ ဆန္ဒက ပိုအရေးကြီးတာပဲလေ" လူငယ်လေးက ဆိုသည်။
"လျှောက်မပြောစမ်းနဲ့။ အရူးပဲ ဖေကျန်ကို သဘောကျမှာ။ ငါ အိမ်ကို ခေါ်လာတဲ့သူက ဖေကျန် မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်... တော်တော့၊ စကားတွေ အများကြီး မပြောနဲ့တော့"
ချန်ယုသည် ရင်းနှီးသော မျက်နှာတစ်ခုကို ရှာဖွေရန် ပတ်ဝန်းကျင်သို့ တစ်ဖန်ပြန်၍ ဝေ့ဝဲကြည့်လိုက်ပြန်သည်။
အတန်ကြာပြီးမှသာ သူမ၏ အကြည့်သည် ပွဲကြည့်စင်ပေါ်တွင် အေးအေးလူလူ ထိုင်ကာ သစ်သီးစားနေသော အမျိုးသားတစ်ဦးပေါ်တွင် ရပ်တန့်သွား၏။
"ဟိုမှာ သူ..." သူမ ရေရွတ်လိုက်သော်လည်း လုံချန်းက သူ့ဘေးတွင် ထိုင်နေသော မိန်းကလေးတစ်ဦးနှင့် စကားပြောနေသည်ကို မြင်လိုက်ရသောအခါ စကားစကို ရပ်လိုက်မိသည်။ "အဲဒီ မိန်းကလေးက ဘယ်သူလဲ"
...
တုလျန်နှင့် သူ၏ တုအင်ပါယာမှ အဖွဲ့သားများသည်လည်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြပြီ ဖြစ်သည်။
"ဟားဟား... အဘိုးကြီး။ မင်း ရောက်နေပြီပဲ။ ငါက မင်း အမြဲတမ်းလိုလို နောက်ကျနေလိမ့်မယ်လို့ ထင်နေတာ" တုလျန်၏ ဖခင်က ချန်တီ ဧကရာဇ်ဆီသို့ ရယ်မောရင်း လျှောက်သွားကာ အားရပါးရ ပြောလိုက်၏။
"အသံကြီးကို လျှော့စမ်းပါ။ မင်းအသံက ငါ့နားတွေကို သွေးထွက်အောင် လုပ်နေပြီ။ ပြီးတော့ ငါက အမြဲတမ်း အချိန်မှန်ပါတယ်။ မင်းသာ နောက်ကျနေတာ" ချန်တီ ဧကရာဇ်က ပြန်လည် တုံ့ပြန်လိုက်သည်။
သူသည် တုဧကရာဇ်ကို သဘောကျပုံ မရချေ။ ထိုအစား ထိုလူနှင့် မတွေ့အောင် ရှောင်လွှဲရန် ကြိုးစားနေပုံရသည်။ ကံမကောင်းစွာဖြင့် ယခုအခါတွင်မူ သူ ရှောင်နေစရာ နေရာမရှိတော့ပေ။
"ငါ နောက်ကျတယ် ဟုတ်လား။ ဟားဟား... မင်းကတော့ နောက်ပြောင်တာကို မရပ်နိုင်သေးဘူးပဲ အဘိုးကြီး။ ဒါနဲ့ ဘာလို့ စားသောက်ပွဲကို မလာတာလဲ။ ငါ ဖိတ်ထားတာပဲလေ။ ဒါ သူငယ်ချင်းတစ်ယောက်ကို ဆက်ဆံတဲ့ ပုံစံလား" တုဧကရာဇ်က အားရပါးရ ရယ်မောရင်း မေးလိုက်သည်။
"ဟိုမှာ ကြည့်စမ်း... အဲဒီလူလည်း ရောက်လာပြီပဲ" သူက ဆိုသည်။ သုံးလောက ဧကရာဇ်နှင့် အဖွဲ့သားများ ဝင်ရောက်လာသည်ကို သူ သတိပြုမိသွားခြင်း ဖြစ်၏။
"မင်းရဲ့ သားကရော ဘယ်မှာလဲ။ ပြီးတော့ တခြား ဧည့်သည်တွေရော။ ဘာလို့ မစသေးတာလဲ။ သိပ်ကို နှေးကွေးလွန်းတယ်။ စမ်းသပ်ပွဲကို မြန်မြန် စလိုက်ပါတော့" ဧကရာဇ်ချန်က ယခုမှ ရောက်လာသော သုံးလောက ဧကရာဇ်ကို မေးလိုက်သည်။
"ငါ့သား အခုထိ ပြန်မရောက်သေးဘူး။ သူ ဘယ်မှာလဲဆိုတာ မင်းပဲ ငါ့ကို ပြောပြသင့်တာ မဟုတ်ဘူးလား" သုံးလောက ဧကရာဇ်က မျက်မှောင်ကြုတ်ရင်း ဧကရာဇ်ချန်ကို မေးလိုက်၏။
"ဟင်... သူ ဘယ်မှာလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ" ဧကရာဇ်ချန်က မျက်မှောင်ကြုတ်ကာ ပြန်မေးသည်။
"မင်းရဲ့ သမီးက သူ့ကို အိမ်တိုက်ရိုက်ပြန်ခွင့် မပေးဘဲ ခေါ်သွားလို့ မဟုတ်လား။ အခုထိ သူ အိမ်ပြန်မရောက်သေးဘူး။ ငါ မင်းဆီ စာပို့တော့ ဖေကျန်က မင်းရဲ့ နန်းတော်ကနေ ထွက်သွားပြီလို့ ပြန်ကြားရတယ်။ ဒါဆို သူ ဘာလို့ အခုထိ ပြန်မရောက်သေးတာလဲ" သုံးလောက ဧကရာဇ်က မေးလိုက်၏။
"စိတ်အေးအေးထားပါကွာ။ အဲဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း ပြောဖို့ မလိုပါဘူး" တုဧကရာဇ်က ကြားဝင် စေ့စပ်လိုက်သည်။
သူသည် ဧကရာဇ်ချန်ကို ပြန်ကြည့်ကာ ဆက်လက်ပြောဆို၏။ "အဘိုးကြီး... သူပြောတာလည်း မှန်တယ်နော်။ မင်းရဲ့ သမီးက သူ့ကို ငါ့နန်းတော်ကနေ ခေါ်သွားတာပဲ။ ဒါပေမဲ့ ဖေကျန်က မင်းရဲ့ နန်းတော်ကနေ ထွက်သွားပြီဆိုရင်တော့ အခုအချိန်မှာ သူ ပြန်ရောက်နေသင့်ပြီလေ။ သူ ပြန်မရောက်သေးဘူးဆိုရင်တော့ ဖြစ်နိုင်တဲ့ အကြောင်းပြချက် နှစ်ခုပဲ ငါ စဉ်းစားလို့ ရတော့တယ်"
"ဘာ အကြောင်းပြချက်တွေလဲ"
"သူ တစ်နေရာရာမှာ ပျင်းရိပြီး အချိန်ဖြုန်းနေလို့ နောက်ကျနေတာ ဖြစ်နိုင်သလို... ဒါမှမဟုတ် သူ သေသွားတာလည်း ဖြစ်နိုင်တယ်" တုဧကရာဇ်က လေးနက်စွာ ဖြေလိုက်၏။
သူ၏ ဒုတိယမြောက် အချက်က သုံးလောက ဧကရာဇ်ကို ဒေါသထွက်သွားစေရန် လုံလောက်လှပြီး သူကိုယ်တိုင်လည်း ၎င်းကို သိလိုက်သည်။
"ပထမအချက်ပဲ ဖြစ်မှာပါလို့ ငါ ယုံကြည်ပါတယ်။ သူက အင်ပါယာတစ်ခုရဲ့ မင်းသားတစ်ပါးပဲလေ။ ဘယ်သူက သူ့ကို အန္တရာယ်ပြုဝံ့မှာလဲ၊ တကယ်လို့ တစ်ယောက်ယောက်က လုပ်ခဲ့ရင်တောင် သူက သူ့ကိုယ်သူ ကာကွယ်နိုင်လောက်အောင် အစွမ်းထက်ပါတယ်။ သူ လမ်းမှာ နောက်ကျနေတာ ဖြစ်လိမ့်မယ်။ နည်းနည်းလောက် ထပ်စောင့်ကြည့်ကြတာပေါ့" တုဧကရာဇ်က ဆိုသည်။
သုံးလောက ဧကရာဇ်မှာမူ ထိုစကားမှာ အမှန်ဖြစ်နိုင်ကြောင်း ယုံကြည်ကာ ခေါင်းညိတ်လိုက်၏။ သူသည် သူ၏သားအပေါ် ယုံကြည်မှု ရှိပေသည်။
"မင်းပြောတာ မှန်ပါစေလို့ ငါ မျှော်လင့်ပါတယ်။ ဒါပေမဲ့ စမ်းသပ်ပွဲကို ထပ်ပြီး ရွှေ့ဆိုင်းဖို့ကတော့ မဖြစ်နိုင်ဘူး။ သူ အချိန်မီ ပြန်မရောက်လာရင်တော့ သူ့မပါဘဲ စလိုက်ရမှာပဲ" သူက ဆိုသည်။
ထိုအချိန်မှာပင် ကြယ်တာရာမှ အဖွဲ့သားများလည်း ရောက်ရှိလာခဲ့၏။ သို့သော် ၎င်းမှာ ဤကမ္ဘာမှ ကြယ်တာရာ မဟုတ်ချေ။
အခန်း ၁၀၃၂ မိစ္ဆာကျင့်ကြံသူ
မင်းသားသုံးပါး၊ ကျိရှန်တို့နှင့်အတူ လိုက်ပါလာသော ဧကရာဇ်မုန့်တို့ ပါဝင်သည့် ကြယ်တာရာ အဖွဲ့သည်လည်း ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရောက်ရှိလာသူ အသစ်များကို မြင်လိုက်ရသောအခါ လုံချန်း၏ အကြည့်သည် အခြားသူများနှင့်အတူ လိုက်ပါလာသော လင်းယုန်နှင့်တူသည့် သားရဲပေါ်တွင် အေးအေးလူလူ ထိုင်နေသည့် ကျိရှန်ထံ၌ စူးစိုက်သွား၏။
"ကျိရှန်လည်း ရောက်နေတာပဲ" ကျိချင်းကလည်း သူ့ကို သတိပြုမိသွားကာ ပြောလိုက်သည်။
"အင်း... သူလည်း အရည်အချင်း ပြည့်မီခဲ့တာပဲလေ။ ဒါကြောင့် သူ ဒီမှာ ရှိနေတာပေါ့။ ငါ နားမလည်တာက ဘာလို့လဲဆိုတာပဲ။ သူ့မှာ ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ။ နောက်မှပဲ သူ့ကို စကားပြောကြည့်ရတော့မယ်" လုံချန်းက ခေါင်းညိတ်ရင်း ဆိုလိုက်၏။
ကြယ်တာရာမှ အဖွဲ့သားများသည်လည်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြပြီး အခြားသူများနှင့် သွားရောက် တွေ့ဆုံကြသည်။
"ဧကရာဇ်မုန့်... ဖုန်းရှု ကမ္ဘာကနေ ကြိုဆိုပါတယ်။ ငါတို့ကမ္ဘာကို သဘောကျရဲ့လား" တုဧကရာဇ်က အခြားကမ္ဘာမှ ရောက်ရှိလာသော ဧကရာဇ်သစ်ကို မေးလိုက်၏။
"တော်တော်လေး ကောင်းမွန်တဲ့ ကမ္ဘာတစ်ခုပါပဲ။ ငါတို့ ကမ္ဘာနဲ့ အများကြီး ဆင်တူပါတယ်" ဧကရာဇ်မုန့်က ပြုံးရင်း ဆိုသည်။
"ဟုတ်ပါတယ်။ မင်း သိချင်မှ သိလိမ့်မယ်၊ ငါတို့ဆီမှာလည်း ကိုယ်ပိုင် ကြယ်တာရာ အင်ပါယာတစ်ခု ရှိသေးတယ်။ သူတို့လည်း မကြာခင် ရောက်လာတော့မှာပါ။ ကြယ်တာရာ အင်ပါယာ နှစ်ခု ဆုံတွေ့တာကို မြင်ရတာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းမှာပဲ" တုဧကရာဇ်က ရယ်မောရင်း ပြောလိုက်၏။
"ကါလည်း သူတို့နဲ့ တွေ့ဆုံချင်ပါတယ်" ဧကရာဇ်မုန့်က ဆိုသည်။ "ဒါနဲ့... အချိန်ရောက်ပြီ မဟုတ်လား။ အဆင့်သတ်မှတ်ချက်တွေ ဆုံးဖြတ်ဖို့ စမ်းသပ်ပွဲကို စသင့်ပြီထင်တယ်"
"အခုလား၊ ရောက်လာဖို့ ကျန်သေးတဲ့သူတွေ မရှိတော့ဘူးလား" သုံးလောက ဧကရာဇ်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ "တခြားကမ္ဘာက ကိုယ်စားလှယ်တွေလည်း ရောက်လာဖို့ ကျန်သေးတယ် မဟုတ်လား"
"သူတို့ လာကြတော့မှာ မဟုတ်ဘူး။ ကြားရသလောက်တော့ သူတို့ရဲ့ ကိုယ်စားလှယ်တွေဟာ မတော်တဆမှုတွေနဲ့ ကြုံတွေ့ပြီး သေဆုံးကုန်ကြပြီတဲ့။ အခု ကိုယ်စားလှယ် ခြောက်ယောက်ပဲ ကျန်တော့တယ်။ ငါတို့ကမ္ဘာက သုံးယောက်နဲ့ မင်းတို့ကမ္ဘာက နှစ်ယောက်ပေါ့" ဧကရာဇ်မုန့်က ပြောလိုက်သည်။
"အဲလိုလား၊ အဲဒါဆိုရင်တော့ စောင့်နေတာက အချိန်ဖြုန်းတာပဲ ဖြစ်လိမ့်မယ်" တုဧကရာဇ်က သဘောတူလိုက်သော်လည်း သုံးလောက မင်းသား ယခုထိ မရောက်သေးသည်ကို ရုတ်တရက် သတိရသွားသည်။
"အာ... တကယ်တော့ ငါတို့ဘက်က ကိုယ်စားလှယ် တစ်ယောက်လည်း အခုထိ မရောက်သေးဘူး။ သူ့ကို စောင့်နေကြတာ။ နည်းနည်းလောက် ထပ်ပြီး ဆိုင်းငံ့ထားရင်ရော ဘယ်လိုလဲ" သူက ဆိုလိုက်၏။ အဘယ်ကြောင့်ဆိုသော် သုံးလောက ဧကရာဇ်က လုံးဝ ပြောလိမ့်မည်မဟုတ်ကြောင်း သူ သိနေသောကြောင့် ဖြစ်သည်။
"ဟင်... မင်းတို့ ကိုယ်စားလှယ်က အခုထိ မရောက်သေးဘူးလား။ နင်း နောက်နေတာလား။ ဒါက ငါတို့ ကမ္ဘာတွေရမယ့် ဝေစုတွေကို ဆုံးဖြတ်ပေးမယ့် အရေးကြီးတဲ့ အခမ်းအနားကြီးလေ။ ပြီးတော့ သူက ရောက်မလာသေးဘူးလား။ ငါတို့က တခြားကမ္ဘာကနေ အချိန်မီ ရောက်အောင် လာနိုင်တယ်၊ သူကတော့ ဒီမှာ ရှိနေပါလျက်နဲ့ အချိန်မီ မရောက်လာဘူးလား။ ဒါကတော့ မကောင်းဘူးကွ" ဧကရာဇ်မုန့်က မျက်လုံးလှန်ရင်း ပြောလိုက်သည်။
သူသည် ယခင်က ဝူလျာ၏ နှိမ်နင်းဆက်ဆံမှုကို ခံထားရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်နေပြီးသား ဖြစ်၏။ ထို့ကြောင့် သူက စိတ်မကြည်မလင် ဖြစ်နေပြီး ထပ်မံ ဆိုင်းငံ့ထားခိုင်းသည့်အပေါ် မနှစ်မြို့ချေ။
"စမ်းသပ်ပွဲကို အခုပဲ စလိုက်ကြရအောင်။ ဖေကျန်ရဲ့ တိုက်ပွဲကိုတော့ အဆုံးသတ်မှာ ထားလိုက်မယ်။ အဲဒီအတောအတွင်း တခြားသူတွေနဲ့ အရင်စလို့ ရတာပဲ။ တကယ်လို့ သူက သူ့ရဲ့ တိုက်ပွဲအချိန်မီ ရောက်လာနိုင်ရင် ပါဝင်ခွင့် ရလိမ့်မယ်။ မလာနိုင်ရင်တော့ သူ့ရဲ့ ပြိုင်ဘက်ကို အလိုအလျောက် အနိုင်ပေးလိုက်မယ်"
"အဲဒါကတော့ လက်ခံနိုင်စရာ ရှိပါတယ်" ဧကရာဇ်မုန့်က သဘောတူလိုက်၏။
"ကောင်းပါပြီ။ မင်းတို့ရဲ့ နေရာမှာ ထိုင်ကြပါ။ အခုပဲ စတော့မယ်" သုံးလောက ဧကရာဇ်က ဧည့်သည်တော်များ ထိုင်ခုံနေရာကို ညွှန်ပြရင်း ဆိုလိုက်သည်။
ပါဝင်ယှဉ်ပြိုင်သူရှိသော အင်ပါယာ လေးခုကို အထူးနေရာများ ပေးထားပြီး ပွဲကြည့်ရန်သာ လာရောက်ကြသော အခြားအင်ပါယာများကိုမူ ပွဲကြည့်စင်များတွင် နေရာပေးထားလေသည်။
...
"စတော့မယ်။ ဘယ်သူ နိုင်မယ်လို့ နင် ထင်လဲ" လူတိုင်း သူတို့၏ ထိုင်ခုံနေရာများသို့ သွားနေကြသည်ကို ကြည့်ရင်း ကျိချင်းက လုံချန်းအား မေးလိုက်၏။
"သူတို့ရဲ့ မျက်နှာတွေကို ကြည့်ပြီး... ဘယ်သူ နိုင်မယ်လို့ နင် ထင်လဲ" လုံချန်းက ပြန်မေးလိုက်သည်။
"ငါလား၊ ငါတော့ မသိဘူးလေ။ သူတို့ တိုက်ခိုက်တာကို ငါမှ မမြင်ဖူးတာ။ ဒါပေမဲ့ နင်က ပထမစမ်းသပ်ပွဲမှာ သူတို့နဲ့ ယှဉ်ပြိုင်ခဲ့တာပဲ။ ဘယ်သူက အနိုင်ရဖို့ အလားအလာ ရှိသလဲဆိုတာ နင် သိမှာပေါ့" ကျိချင်းက စပ်စုလိုက်၏။
"အမှန်အတိုင်း ပြောရရင် ငါ့အမြင်မှာတော့ ဒါက ယှဉ်ပြိုင်စရာတောင် မလိုပါဘူး။ တုလျန်ကတော့ အပြတ်အသတ် အနိုင်ရမယ့်သူပဲ။ သူ့ရဲ့ အထူးမျက်လုံးနဲ့ သူ့ရဲ့ ခွန်အား၊ အဲဒီနှစ်ခုစလုံးက သူ့ကို တခြားကိုယ်စားလှယ်တွေ အနိုင်ယူဖို့ မဖြစ်နိုင်သလောက်ပဲ။ ဒုတိယကတော့ ချန်ယု ဖြစ်လိမ့်မယ်" လုံချန်းက ပျင်းရိစွာ ဖြေလိုက်သည်။
"ဟက်... နင်က တခြားကိုယ်စားလှယ်တွေကို မကြိုက်လို့ အဲလို ပြောနေတာလား။ သူတို့က အဲဒီလောက်အထိတော့ မအားနည်းနိုင်ပါဘူး။ နင်ပဲ မုန့်ချန်းက ဒုတိယလို့ ပြောခဲ့တယ် မဟုတ်လား။ ပြီးခဲ့တဲ့ အခါက စတုတ္ထပဲ ရခဲ့တဲ့ ချန်ယုကို ဘာလို့ သူ့ထက် အဆင့်မြင့်ပြီး အခုမှ ပြောနေရတာလဲ" ကျိချင်းက မေးလိုက်၏။ ၎င်းမှာ ယုတ္တိမရှိသကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်သည်။
အကယ်၍ လုံချန်း အခုပြောနေသည်မှာ မှန်ကန်လျှင် ပထမစမ်းသပ်ပွဲမှာလည်း အလားတူ ရလဒ်မျိုး ထွက်ပေါ်ခဲ့သင့်သည် မဟုတ်လော။
"အမှန်အတိုင်း ပြောရရင် ငါလည်း ခန့်မှန်းကြည့်တာပါ။ ငါ့ရဲ့ စိတ်အာရုံက ပြောနေတဲ့အတိုင်းပဲ ငါ ပြောတာ။ ချန်ယုက ပထမစမ်းသပ်ပွဲမှာ တစ်လျှောက်လုံး ငါ့ကိုပဲ စောင့်ကြည့်နေခဲ့ရတာဆိုတော့ သူ့ရဲ့ အစွမ်းကုန်ကို အသုံးမပြုခဲ့ဘူး။ ဒါပေမဲ့ ငါ မုန့်ချန်းနဲ့ မုန့်ဟူလင်တို့ တိုက်ခိုက်တာကိုတော့ မမြင်ဖူးသေးဘူး။ သူတို့က ပိုပြီး အားနည်းတယ်လို့ပဲ ငါ ခံစားရတယ်... သိပ်ကို အားနည်းလွန်းတယ်" လုံချန်းက ဖြေလိုက်၏။
"ကျိရှန်နဲ့ ပတ်သက်ရင်တော့... ငါ သူနဲ့ အချိန်အတော်ကြာ အတူရှိခဲ့ဖူးတယ်။ သူက အဲဒီလောက် မသန်မာပါဘူး။ သူ့ကို ဘာလို့ စမ်းသပ်ပွဲအတွက် ခေါ်ခဲ့တာလဲဆိုတာတောင် ငါ မသိဘူး။ ငါ့ကြောင့်များ ဖြစ်မလား။ ဘာပဲဖြစ်ဖြစ်... မကြာခင်မှာပဲ ငါတို့ သိရတော့မှာပါ" သူက ထပ်လောင်း ပြောလိုက်သည်။
...
လူတစ်ယောက်သည် တိုက်ပွဲကွင်း၏ အလယ်ဗဟိုသို့ လျှောက်လှမ်းလာခဲ့၏။
၎င်းမှာ ဒူးခေါင်းအထိ ရောက်သော ရှည်လျားသည့် မုတ်ဆိတ်ဖြူကြီး ရှိသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။ ထိုလူမှာ အသက် ရှစ်ဆယ်ကျော်ပုံ ရသော်လည်း မျက်နှာပေါ်တွင် မာနကြီးသော အမူအရာဖြင့် မတ်မတ်ရပ်နေဆဲ ဖြစ်၏။
"ဟိုမှာ ကြည့်စမ်း... အဲဒါ ဗိုလ်ချုပ်ဝူကီပဲ။ သူက သုံးလောကမှာ အသန်မာဆုံး ကျင့်ကြံသူဖြစ်ပြီး ဧကရာဇ်ရဲ့ ဦးလေးလို့ ပြောကြတယ်။ သူက သုံးလောက တော်ဝင်တပ်မတော်ကိုလည်း ဦးဆောင်နေတာ"
"အဲဒီ အဘိုးကြီးက တကယ်ကို ရက်စက်တယ်လို့ ငါ ကြားဖူးတယ်"
"ဟင်... သူက ကလေးတွေကို စားတယ်ဆိုတဲ့ ကောလာဟလတွေကို မင်း တကယ် ယုံနေတာလား။ အဲဒါတွေက ကောလာဟလတွေ သက်သက်ပါကွာ။ အဲဒါကို အတည်မယူပါနဲ့"
"မင်းက ဘယ်လိုသိလဲ။ ငါ ပုံပြင်တွေ ကြားဖူးတယ်။ သူက သုံးလောက အင်ပါယာကို ဆန့်ကျင်တဲ့ မျိုးနွယ်စု တော်တော်များများကို သတ်ဖြတ်ခဲ့သလို အဲဒီ မျိုးနွယ်စုက ကလေးတွေကိုလည်း စားပြီး အမျိုးသမီးတွေကို ရောင်းစားခဲ့တာ။ မျိုးနွယ်စုက အမျိုးသားတွေကိုပဲ ကွပ်မျက်တာ၊ ဒါပေမဲ့ သူတို့ရဲ့ ကံကြမ္မာက အနည်းဆုံးတော့ မရက်စက်ဘူးလို့ ပြောရမယ်။ အဲဒါကို ငြင်းဖို့ မကြိုးစားနဲ့။ သူ အဲဒါကို တကယ် လုပ်ခဲ့တာ"
"ရှူး... မင်း သေချင်လို့လား။ သူ ကြားသွားရင် မင်းကို သတ်လိမ့်မယ်။ ကောလာဟလတွေကို အတည်မယူပါနဲ့၊ အဲဒါတွေက အမှန်ဖြစ်နေရင်တောင်မှ လူသိရှင်ကြားတော့ မပြောနဲ့"
လုံချန်းမှာမူ အေးအေးလူလူ ထိုင်ရင်း သစ်သီးစားကာ တိုက်ပွဲကွင်း အလယ်တွင် ရပ်နေသော အဘိုးအိုကို ကြည့်နေ၏။ သူသည် သူ့အနားတွင် ထိုင်နေသော လူငယ်တစ်စု၏ စကားဝိုင်းကို ကြားနေရသည်။
"ကလေးတွေကို စားတယ် ဟုတ်လား... အဲဒါတွေက တကယ်ပဲ ကောလာဟလတွေလားဆိုတာ သိချင်မိသား။ တကယ်လို့ အဲဒါတွေက အမှန်ဆိုရင်တော့ သူက ကလေးတွေကို သူ့ရဲ့ ကျင့်ကြံခြင်းအတွက် အသုံးပြုတဲ့ မိစ္ဆာကျင့်ကြံသူ တစ်ယောက် ဖြစ်ရမယ်" သူက အဘိုးအို၏ မျက်နှာကို လေ့လာရင်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။ "သူကတော့ အဲဒီလိုလူမျိုးနဲ့ တကယ်ကို တူနေတာပဲ"
"အားလုံး ငြိမ်ကြစမ်း" အဘိုးအိုက သူ၏ ချီစွမ်းအားကို အသုံးပြု၍ အသံအား ကျယ်လောင်စေလိုက်ရာ ၎င်းမှာ တိုက်ပွဲကွင်း၏ ထောင့်တိုင်းသို့ ရောက်ရှိသွားတော့သည်။
"မင်းတို့ အားလုံး သိကြတဲ့အတိုင်းပဲ၊ ကမ္ဘာပေါင်း နှစ်ဆယ်ကြားက အဆင့်သတ်မှတ်ချက်တွေကို ဆုံးဖြတ်ဖို့အတွက် တစ်ကမ္ဘာကို ကိုယ်စားလှယ် သုံးယောက်စီ စေလွှတ်ပြီး စမ်းသပ်ပွဲတွေ ပြုလုပ်ခဲ့ကြတယ်။ ပထမအဆင့်ဟာ သိပ်ကို ရက်စက်လွန်းခဲ့ပြီး ကိုယ်စားလှယ် အများစုကို သေဆုံးစေခဲ့သလို ကျန်တဲ့သူတွေကလည်း ရှုံးနိမ့်သွားခဲ့ကြတယ်။ အခု ကိုယ်စားလှယ် ခြောက်ယောက်ပဲ ကျန်တော့တယ်"