အခန်း (၉၅၆-၉၅၇)
Vol. 55 Ch. 956-957
Chapter 956
သမုဒ္ဒရာနတ်ဘုရား ၂
ဘန်း ဘန်း ဘန်း
ပလာစမာ အလင်းဖြာဓား၏ ကမ္ဘာပျက်မတတ် ပြင်းထန်သော တိုက်ကွက်သည် လက်တံကြီးဆီသို့ ကျရောက်သွားပြီး ၎င်းပေါ်ရှိ အနီရင့်ရောင် အိုင်ယွန်းစွမ်းအားနယ်ပယ်နှင့် ထိပ်တိုက်တွေ့ကာ မီးပွားထောင်ပေါင်းများစွာနှင့် ပူပြင်းလှသော ချော်ရည်များ ပွင့်ထွက်လာသည်။ မုန်တိုင်းထန်နေသော ကမ်းရိုးတန်းတစ်ခုလုံးသည်လည်း ခဏတာမျှ လင်းထိန်သွား၏။ လင်းရှန်သည် ဤကောင်းကင်တိုက်ကွက်ကို အဝေးမှ ထိန်းချုပ်ကာ လက်တံကို သုံးပုံတစ်ပုံခန့်ရှိသော ကြီးမားလှသည့် ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်အောင် ပိုင်းဖြတ်လိုက်ရာ လက်တံပေါ်ရှိ လျှပ်စီးလှိုင်းများမှာ ချက်ချင်းပင် တုန်ခါပျောက်ကွယ်သွားသည်။
လင်းရှန်လည်း အခွင့်အရေးရပြီဟု တွေးကာ ဆုတ်ခွာရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ယံထက်မှ စွမ်းအင်ပေါက်ကွဲသံကြီးတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် အလွန်ပြင်းထန်လှသော အမှောင်စွမ်းအင်များသည် လျှပ်စီးအလား လက်တံတစ်လျှောက် စီးဆင်းလာပြီး မြေပြင်ပေါ်သို့ ဒလဟောစီးဝင်သွားသည်။ အမှောင်စွမ်းအင်များက တစ်နေရာတည်းတွင် စုစည်းသွားတော့သည်။
လင်းရှန်၏ မျက်လုံးအစုံကျဉ်းမြောင်းသွားသည်၊၊
“မကောင်းတော့ဘူး”
နောက်တစ်စက္ကန့်တွင် ထိုလက်တံကြီးက ကျောက်ဆောင်တောင်တန်းကြီး၏ အလယ်ဗဟိုဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး စူးရှသော အဖြူရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ဖျက်ဆီးအားပြင်းသော မိုးကြိုးလျှပ်စီးများ ဝန်းရံထားသည့် ပေါက်ကွဲမှုလှိုင်းကြီးက အပြင်ဘက်သို့ ရိုက်ခတ်သွားခဲ့သည်။
ဧရာမ ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားခဲ့သည်။
ကီကီက လင်းရှန်ကို ကူညီရန် ပြင်ဆင်နေသော်လည်း ထိုပေါက်ကွဲမှုကြောင့် လေထဲသို့ လွင့်ထွက်သွားသည်။
“လင်းရှန်”
ဝင်ရောက်လာသော ဖျက်ဆီးခြင်း လျှပ်စီးတန်းများကို မြင်လိုက်ရသည့် ကီကီ၏ မျက်နှာဖြူလျော့သွားပြီး ခေတ္တမျှ အသက်ရှူပင် ရပ်သွားရသည်။
လင်းရှန်၏ မျက်လုံးထဲတွင်မူ ကီကီ လွင့်ထွက်သွားသည်ကို ကြည့်ရင်း အချိန်များနှေးကွေးသွားသလို ခံစားလိုက်ရသည်။ သူသည် အမှောင်လွှမ်းနေသော ပင်လယ်ပြင်ဘက်သို့ ကြည့်ကာ အံတင်းတင်းကြိတ်လိုက်သည်။ ထို့နောက်တွင်တော့ သူတို့နှစ်ဦးလုံး ဖျက်ဆီးခြင်းလှိုင်းလုံးကြီးအောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။
အဝေးသို့ ပျံသန်းသွားခဲ့သည့် ရှီဇီလည်း လင်းရှန်ကို ကူညီရန် စွမ်းအားဝတ်စုံကို ထိန်းချုပ်ပြီး ပြန်လှည့်လာသော်လည်း စွမ်းအားဝတ်စုံက အလိုအလျောက်စနစ်ထဲတွင်သာ ရှိနေသဖြင့် သူမအနေဖြင့် မည်သို့မျှ ထိန်းချုပ်၍ မရနိုင်ခဲ့ပေ။ သူမသည် လင်းရှန်နှင့် ကီကီတို့ ဧရာမပေါက်ကွဲမှုကြီးအတွင်း ပါသွားသည်ကို ကြည့်ကာ ဘာမှမတတ်နိုင်ဘဲ ဖြစ်နေရပြီး သူမ၏မျက်နှာလေးက ချက်ချင်း ဖြူဖျော့သွားတော့သည်။
“လင်းရှန်”
“မြန်မြန်... အလိုအလျောက် ထိန်းချုပ်မှုကို လွှတ်ပေးစမ်းပါ”
[အဆင့် ၃ အရေးပေါ် အဝေးထိန်းစနစ် အသက်ဝင်နေပါသည်၊၊ ကိုယ်တိုင်ထိန်းချုပ်မှု လုပ်ဆောင်၍ မရနိုင်ပါ]
“ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
ထိုစဉ်မှာပင် စွမ်းအားဝတ်စုံထံမှ အသံထွက်လာသည်၊၊
[အဝေးထိန်းစနစ် ပြတ်တောက်သွားပါပြီ၊၊ ကိုယ်တိုင်ထိန်းချုပ်သည့်စနစ်သို့ ပြောင်းလဲနေပါသည်]
ရှီဇီ သတိပြန်ဝင်လာချိန်တွင် အဝေးထိန်းစနစ် မရှိတော့သဖြင့် ဝတ်စုံ၏ ပျံသန်းမှုက ရုတ်တရက် ရပ်တန့်သွားသည်။ လင်းရှန်၏ ထိန်းချုပ်မှုပြတ်တောက်သွားသည်ကို သူမ ချက်ချင်းသဘောပေါက်လိုက်ပြီး ဆက်သွယ်ရန်ပြင်လိုက်သော်လည်း ပေါက်ကွဲမှုလှိုင်းက နောက်တစ်ကြိမ် ရိုက်ခတ်လာပြန်သဖြင့် သူမ လွင့်ထွက်သွားပြီး လောကကြီးတစ်ခုလုံး အမှောင်ကျသွားခဲ့သည်။
တီ တီ တီ
အချိန်မည်မျှကြာသွားသည်မသိပဲ ရှီဇီ သတိရလာချိန်တွင် စွမ်းအားဝတ်စုံအတွင်းရှိ သတိပေးသံများနှင့် သူမ၏ အသက်ရှူသံများကိုသာ ကြားနေရသည်။
[အသက်အန္တရာယ် သတိပေးချက်]
[နှလုံးနှင့် အသက်ရှူနှုန်းတည်ငြိမ်ပါသည်၊၊ ဦးနှောက်ကို အနည်းငယ် ထိခိုက်မှုရှိပါသည်]
[ပွန်းပဲ့ဒဏ်ရာ ၇ နေရာ]
[စွမ်းအားဝတ်စုံ ကြံ့ခိုင်မှု ကောင်းမွန်ပါသည်]
“အဟွတ်... အဟွတ်”
ရှီဇီ ကျောက်ခဲပုံများကြားမှ ရုန်းထွက်လိုက်ရာ နာနိုစွမ်းအားဝတ်စုံ၏ ယန္တရားအဆစ်များက ပွတ်တိုက်မှုကြောင့် အသံများ ထွက်ပေါ်လာသည်။ ထိုအခါမှ သူမလည်း ကျောက်တုံးကြီးများအောက်တွင် ပိနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ အကယ်၍ စွမ်းအားဝတ်စုံသာမရှိလျှင် ထိုပေါက်ကွဲမှုလှိုင်းကြောင့် သူမမှာ အသားပြားဖြစ်သွားလောက်ပေပြီ။
သူမ ကောင်းကင်ယံကို မော့ကြည့်လိုက်ချိန်တွင်မူ အသက်ရှူမှားသွားလေသည်။
ကောင်းကင်ထက်မှ အနက်ရောင်အရိပ်ကြီးက မိုးကြိုးတိမ်တိုက်များကြားသို့ ဖြည်းညှင်းစွာ ပြန်လည်ဝင်ရောက်သွားပြီး ဧရာမ လက်တံကြီးများစွာက တိမ်တိုက်များကြားတွင် လှုပ်ရှားနေကြသည်။ ရှေ့ရှိ ကျောက်ဆောင်တောင်တန်းကြီးမှာလည်း ပျက်စီးနေပြီး ပြိုကျလာသော ကျောက်တုံးကြီးများနှင့်အတူ မီတာတစ်ရာခန့်မြင့်သော ဆူနာမီလှိုင်းကြီးက အားဖြည့်ကွန်ကရစ် အပျက်အစီးများကိုပင် အမှုန့်ဖြစ်အောင် ချေဖျက်ရင်း တိုးဝင်လာနေသည်။
“လင်းရှန်... ကီကီ”
ရှီဇီ ချက်ချင်းပင် မျက်နှာပျက်သွားပြီး စွမ်းအားဝတ်စုံကို ထိန်းချုပ်ကာ တိုးဝင်လာနေသော ဆူနာမီလှိုင်းကို မျက်နှာမူလျက် ကောင်းကင်သို့ ပျံတက်လိုက်သည်။ အနက်ရောင်လက်တံကြီးက ကောင်းကင်ယံတွင် ပျောက်ကွယ်သွားပြီဖြစ်သော်လည်း မြင်ကွင်းမျက်နှာပြင်တွင် [အချက်ပြစနစ် ရှာဖွေနေပါသည်] ဟူသော အနီရောင် သတိပေးချက်များ ဆက်တိုက်ပြနေပြီး လင်းရှန်နှင့် ကီကီတို့ဆီမှ မည်သည့် အချက်ပြမှုမျှ မရရှိပေ။
ဂယား
ရွှံ့နွံများ ရောနှောနေသော ဆူနာမီလှိုင်းများကြားတွင် ရှီဇီသည် ထူးဆန်းသောသတ္တဝါအချို့ လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ သူမ အလွန်စိုးရိမ်သွားပြီး လေထဲမှ ပျံထွက်ကာ တောင်စောင်းရှိ သံမဏိအချက်ပြတာဝါတိုင်တစ်ခုပေါ်တွင် သွားရောက်ပုန်းအောင်းလိုက်ရသည်။ သူမသည် အကူအညီမဲ့နေပြီး လင်းရှန်၊ ကီကီ သို့မဟုတ် အခြားမည်သူနှင့်မျှ ဆက်သွယ်၍ မရနိုင်ပေ။ ယခုအချိန်တွင် တိုးဝင်လာနေသော ထိုထူးဆန်းသောသတ္တဝါများနှင့် ရင်ဆိုင်ရချိန်တွင် သူမအနေဖြင့် အရင်ဦးဆုံး ပုန်းအောင်းနေပြီးမှ ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ တောင်စောင်းအတိုင်း စူးစမ်းသွားရန်သာ တတ်နိုင်တော့သည်။
လင်းရှန်သည် ခဏတာမျှ အသက်ရှူရပ်သွားသလို ခံစားလိုက်ရသည်။ အဆင့်မြှင့်တင်ထားသော စွမ်းအင်ကူးပြောင်းခြင်းစွမ်းရည်ကို ပထမဆုံးအကြိမ် သုံးဖူးခြင်းဖြစ်သည်၊၊ ၎င်းသည် ငွေကျည်ဆန်ဖြင့် တယ်လီပို့သလိုပင် ခံစားရသည်၊၊ ထိုစွမ်းရည်က သူ့ကို မည်မျှအထိ ဝေးဝေးရောက်သွားစေမည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုး ဘာရှိမည်ကို သူမသိပေ။
သူ သိလိုက်ရသည့် တစ်ခုတည်းသော ခံစားချက်မှာ ဦးနှောက်သည် လမ်းကြောင်းနှင့် ဆွဲငင်အားကို လုံးဝမသိတော့ဘဲ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားကာ အခြားတစ်နေရာသို့ ရောက်ရှိသွားခြင်းပင်။
ဝေါ ဝေါ
ရေဖိအားသံများကြောင့် သူ ပင်လယ်ထဲ ရောက်နေပြီဆိုသည်ကို လင်းရှန် သိလိုက်သည်။ စွမ်းအားဝတ်စုံ၏ မြင်ကွင်းပြင်ပတွင် အမှောင်တွင်းနက်ကြီးကဲ့သို့ ရှိနေပြီး ဝင်သက်ထွက်သက်များကြောင့် မှန်ချပ်မှာ မြူများ ဆိုင်းနေသည်။ လင်းရှန်သည် အသက်ကယ်စနစ်၊ အောက်ဆီဂျင်စနစ်နှင့် ဖိအားစနစ်တို့ တစ်ပြိုင်နက် အလုပ်လုပ်နေသဖြင့် နွေးထွေးမှုကို ခံစားနေရဆဲပင်။
[လက်ရှိ အနက် ၃၂၇ မီတာ၊ ရေဖိအား ၄၂.၇ MPa၊ ရေဖိအားကြောင့် ပုံပျက်ခြင်းကို ကာကွယ်ရန် နာနိုဖိအားလွှာကို အသက်သွင်းထားပါသည်]
[အောက်ဆီဂျင် ၇၁ ရာခိုင်နှုန်း ကျန်ရှိပါသည်၊၊ ရေနက်ပိုင်းထိန်းညှိစနစ် အသက်ဝင်နေပါသည်]
စွမ်းအားဝတ်စုံ၏ တံတောင်ဆစ်ရှိ အရှိန်မြှင့်စနစ်မှာ ပစိဖိတ်သမုဒ္ဒရာအောက်ခြေရှိ ရေစီးကြောင်းများကို အလိုအလျောက် တုံ့ပြန်ကာ နစ်မြုပ်မသွားအောင် ထိန်းညှိပေးနေသည်။ ယခုအခြေအနေကို သိလိုက်ရသည်နှင့် လင်းရှန်၏ ပထမဆုံးအတွေးမှာ ကီကီကို ရှာရန်ဖြစ်သည်။
“ကီကီ”
ကီကီ၏ ဆက်သွယ်မှုစနစ် အွန်လိုင်းတွင် ရှိနေသည်ကို သူ တွေ့လိုက်ရသဖြင့် မီးကိုဖွင့်ပြီး ခေါ်လိုက်ရာ ကီကီ၏ လက်က လင်းရှန်၏ မျက်နှာဖုံးရှိ မီးရောင်ကို လာရောက် ပိတ်ဆို့လိုက်သည်။
“မီးပိတ်လိုက်”
ကီကီ၏ အသံက အလွန်စိုးရိမ်တကြီးဖြစ်နေသဖြင့် လင်းရှန်လည်း အန္တရာယ်ရှိနေမှန်း ချက်ချင်း သိလိုက်ပြီး မီးကို အမြန်ပိတ်လိုက်ရသည်။
ပင်လယ်နက်ထဲတွင် ရှိနေရခြင်းမှာ အာကာသထဲသို့ ရောက်သွားစဉ်ကထက်ပင် ပို၍ ထိတ်လန့်စရာကောင်းနေသည်။ ပင်လယ်ရေမှာ အေးစက်နေပြီး ရေဖိအားမှာလည်း မြင့်တတ်နေသည်။ ထိုအချိန်တွင် လင်းရှန်နှင့် ကီကီတို့ နှစ်ဦးလုံး ငြိမ်သက်နေကြပြီး ကီကီ၏ အသံမှာ နားကြပ်မှတစ်ဆင့် ထွက်ပေါ်လာသည်။
“ကျွန်မတို့ အနောက်မှာ...”
ထိုစကားကို ကြားလိုက်ရသည့် လင်းရှန်မှာ ခေါင်းညိတ်လိုက်ပြီး “ငါ ဒရုန်းကို ငါးစာလုပ်ပြီး အရင်လွှတ်လိုက်မယ်”
“ကောင်းပြီ”
သူသည် လက်ရှိအခြေအနေကို သေချာမသိရသေးသော်လည်း ယခုကဲ့သို့ ပင်လယ်ထဲတွင် ဒရုန်းလွှတ်ခြင်းက လမ်းကြောင်းကို စူးစမ်းနိုင်သလို ရန်သူ၏ အာရုံကိုလည်း လွှဲနိုင်မည် ဖြစ်သည်။
လင်းရှန်သည် ပင်လယ်နက်ပိုင်းသုံး ဒရုန်းတစ်စင်းကို ချက်ချင်းလွှတ်တင်လိုက်ပြီး အနောက်ဘက်ဆီသို့ ဖြည်းညှင်းစွာ စေလွှတ်လိုက်သည်။ သို့သော် ထိုဒရုန်းလေး စတင်ထွက်ခွာသွားသည်နှင့် သတိပေးချက်တစ်ခု ချက်ချင်းတက်လာသည်။
[ရှေ့တွင် အကြီးစားထူးဆန်းသောသတ္တဝါတစ်ခုကို တွေ့ရှိပါသည်]
လင်းရှန်နှင့် ကီကီတို့ ခေါင်းလှည့်ကြည့်လိုက်ရာ မျက်နှာများ ချက်ချင်း တင်းမာသွားပြီး လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်ကြသည်။
ပင်လယ်နက်ပိုင်းသုံး ဒရုန်း၏ အထက်နားတွင် ငါးမြှောင့်ပုံစံရှိပြီး သွေးဆာနေသည့် ဧရာမ ပါးစပ်ကြီးတစ်ခုပေါ်လာကာ ယင်း၏ အနားသတ်တစ်လျှောက်တွင် မရေမတွက်နိုင်သော မျက်လုံးများ တန်းစီလျက် ရှိနေသည်။ ၎င်းမှာ ပင်လယ်နက်ထဲတွင် လွင့်မျောနေသည့် ဧရာမ ကြယ်ငါးတစ်ကောင်ဖြစ်ပြီး ဂြိုဟ်သားတစ်ကောင်ကဲ့သို့ ထူးဆန်းလှသည်။ မီတာရာချီ ရှည်လျားသော ခန္ဓာကိုယ်ကြီးမှာ ဒေါင်လိုက်အနေအထားဖြင့် ရှေ့သို့ တိုးဝင်လာနေ၏။ ဧရာမ မျက်လုံးကြီးများသည် ဒရုန်း၏ မီးရောင်အောက်တွင် ဖြည်းညှင်းစွာ လည်ပတ်နေကြသည်။ နောက်တစ်စက္ကန့်တွင်တော့ ထက်ရှသော သွားများဖြင့် ပြည့်နှက်နေသည့် ပါးစပ်ကြီးက ရုတ်တရက် ပွင့်အာလာပြီး သေးငယ်သော လက်တံငယ်ပေါင်း ရာချီထွက်ပေါ်လာကာ ဒရုန်းကို တိုက်ရိုက်ဖမ်းဆီးပြီး ပါးစပ်အတွင်းသို့ လျင်မြန်စွာ ဆွဲသွင်းသွားခဲ့သည်။
ပင်လယ်နက်ကြီးမှာ တစ်ဖန်ပြန်၍ မှောင်အတိ ကျသွားပြန်သည်။
Chapter 957
သမုဒ္ဒရာနတ်ဘုရား ၃
“ဒီလောက်ကြီးတဲ့ ကြယ်ငါးကြီး...”
“မလှုပ်နဲ့”
လင်းရှန်သည် ကီကီကို ဆွဲခေါ်ကာ စွမ်းအားဝတ်စုံ၏ အရှိန်မြှင့်စနစ်ကို အသုံးပြုပြီး ရေမျက်နှာပြင်ဆီသို့ ဖြည်းညှင်းစွာ ဆုတ်ခွာတက်လှမ်းလိုက်သည်။
နောက်သို့ ပြန်ကြည့်လိုက်ရာ ပင်လယ်ကြမ်းပြင်အောက်တွင် စစ်တပ်တစ်ခုအလား ချီတက်နေသော ဧရာမ ကြယ်ငါးကြီးများစွာကို မြင်တွေ့နေရပြီး ၎င်းမြင်ကွင်းက ကြက်သီးထဖွယ်ကောင်းလှသည်။
ဝုန်း
ထိုစဉ်မှာပင် ပင်လယ်ကြမ်းပြင်၌ ငလျင်လှုပ်သကဲ့သို့ ပြင်းထန်သော ရေအောက်လှိုင်းလုံးကြီးတစ်ခု ပင်လယ်ရေနက်ထဲမှ ထွက်ပေါ်လာသည်။ ပင်လယ်ရေများသည် တစ်ခဏမျှပင်ငြိမ်သက်ခြင်းမရှိဘဲ လှုပ်ခတ်နေသည်။ လင်းရှန်သည် စွမ်းအားဝတ်စုံ၏ စကင်ဖတ်စနစ်ကို ကြည့်လိုက်ရာ အဝေးတစ်နေရာတွင် ဧရာမ သတ္တဝါကြီးတစ်ကောင် ငုပ်လျှိုးနေသဖြင့် လှိုင်းလုံးကြီးများ ထကြွနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
“အဲဒါ ကမ္ဘာ့အဆင့်သတ္တဝါကြီးပဲ”
ကီကီက ရုတ်တရက် ပြောလိုက်သည်။
“သေချာတယ်”
ထိုကြောက်မက်ဖွယ် တွင်းနက်ကြယ်ငါးကြီးများ၏ စက်ကွင်းအတွင်းမှ လွတ်မြောက်လာပြီးနောက် လင်းရှန်သည် ဤပင်လယ်ပြင်မှ ထွက်ခွာရန် အရှိန်မြှင့်စက်ကို အသက်သွင်းရန် ပြင်လိုက်သည်။ ထိုစဉ်မှာပင် ငွေရောင်အလင်းတန်းများဖြာထွက်နေပြီး ဓားတစ်စင်းအလား ရေပေါ်မှ အောက်သို့ တိုးဝင်လာသည့် ထူးဆန်းသေးသွယ်သော ပုံရိပ်တစ်ခုကို သူ့မျက်လုံးထောင့်မှ တွေ့လိုက်သည်။
ထိုပုံရိပ်မှာ တာ့ကူပင်လယ်နက်ဆိပ်ကမ်းတွင် သူတို့ ကြုံတွေ့ခဲ့ဖူးသည့် ဂြိုဟ်သားနှင့်တူသော လူသားပုံစံ ထူးဆန်းသောသတ္တဝါဖြစ်ကြောင်း လင်းရှန် ချက်ချင်း မှတ်မိလိုက်သည်။
ကီကီလည်း ယင်းကို သတိပြုမိပြီး စိတ်စွမ်းအားကို အသုံးပြုကာ သူတို့နှစ်ဦးလုံးကို စိတ်စွမ်းအား ပူဖောင်းတစ်ခုဖြင့် ဝန်းရံလိုက်သည်။ ထူးဆန်းသည်မှာ ထိုသတ္တဝါသည် သူတို့ကို လုံးဝ သတိမထားမိဘဲ ပင်လယ်နက်ပိုင်း၏ အဝေးတစ်နေရာသို့ တိုက်ရိုက်ထွက်ပြေးသွားခြင်းပင်။ ပို၍ ထူးဆန်းသည်မှာ ထိုသတ္တဝါ၏ ခန္ဓာကိုယ်ကို အလင်းမပေါက်သော ဗိုင်းငင်တိုင်ပုံစံ ပူဖောင်းတစ်ခုက ဖုံးအုပ်ထားပြီး ရေလှိုင်းများပင် မထစေဘဲ ပင်လယ်အောက်ခြေသို့ မမှန်းဆနိုင်သော အရှိန်ဖြင့် ပျောက်ကွယ်သွားခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ပင်လယ်ကြမ်းပြင်၏ တုန်ခါမှုမှာ ပို၍ ပြင်းထန်လာသည်။ ပင်လယ်နက်ပိုင်းဒေသတစ်ခုလုံးမှာ မှောင်မည်းလာပြီး အမှောင်ရေစီးကြောင်းများက သူတို့နှစ်ဦးကို ဝါးမျိုကာ အောက်သို့ ဆွဲချနေတော့သည်။ လင်းရှန်သည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး ကီကီနှင့်အတူ အရှိန်မြှင့်စက်ကို အသက်သွင်းကာ ရေမျက်နှာပြင်ဆီသို့ လျင်မြန်စွာ ပြေးတက်လိုက်သည်။
“အဲဒီအကောင်က ကျွန်မတို့နောက်ကို ဘာလို့ လိုက်လာတာလဲ၊၊ ဧရာမ သမုဒ္ဒရာနတ်ဘုရားနဲ့ ပတ်သက်နေတာလား”
ကီကီက စိုးရိမ်တကြီး မေးလိုက်သည်။
“အရင်ဆုံး ရေထဲက ထွက်ရအောင်”
အစောပိုင်းက လင်းရှန်သည် စွမ်းအင်ကူးပြောင်းမှုကို သုံးပြီး ပင်လယ်နက်ပိုင်းထဲမှ လွတ်မြောက်အောင် ကြိုးစားခဲ့ရာ ကီလိုမီတာ အတော်များများအထိ ရောက်ရှိသွားသည်။ သူသည် စူပါစထရင်း နူဓာတ်ပြုအဆင့် သက်တန့်ကွင်းကို အသက်သွင်းကာ အစွမ်းကုန်အသုံးပြုခဲ့သော်လည်း ရောက်ရှိသွားသည့် အကွာအဝေးမှာ သူထင်ထားသည်ထက်ပင် ပိုဝေးနေခဲ့သည်။ ကံကောင်းသည်မှာ ပေါက်ကွဲမှုဖြစ်ပွားသည့် အရေးကြီးသော အချိန်တွင် ကီကီကို ကယ်တင်နိုင်ခဲ့ခြင်းပင်။ ယခုအချိန်တွင် လင်းရှန်သည် ဤထူးဆန်းသော ပင်လယ်နက်ကြီးထဲတွင် ဆက်မနေလိုတော့ဘဲ ရေမျက်နှာပြင်ပေါ်သို့ အမြန်ဆုံး ရောက်ရှိလိုနေသည်။
စွမ်းအားဝတ်စုံ၏ ဖိအားထိန်းညှိစနစ်က လျင်မြန်စွာ အလုပ်လုပ်ပေးသဖြင့် လင်းရှန်အနေဖြင့် ပြောင်းလဲနေသော ရေဖိအားကို ဟန်ချက်ညီအောင် ထိန်းညှိနိုင်ခဲ့သည်။ တစ်ဖက်တွင်လည်း အပူဖလှယ်စနစ်ကြောင့် သူ၏ ကိုယ်အပူချိန်မှာ အေးစက်လှသော ပင်လယ်ရေအောက်တွင်ပင် ထိခိုက်မှု မရှိခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် သူသည် အဖွဲ့ဝင်များကို Ironmanနှင့် နှိုင်းယှဉ်နိုင်သော အဆင့်မြင့်ကြယ်တာရာအဆင့် စွမ်းအားဝတ်စုံများ တပ်ဆင်ပေးထားခဲ့သည်။ သို့မဟုတ်လျှင် သူတို့ အသက်ရှင်နိုင်မည် မဟုတ်ပေ။
မကြာမီမှာပင် လင်းရှန်နှင့် ကီကီတို့လည်း ရေအောက်မှ ရုန်းထွက်နိုင်ခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်မှာ ဆူပွက်နေပြီး မုန်တိုင်းအတွင်း မီတာပေါင်းများစွာ မြင့်သော လှိုင်းလုံးကြီးများ လိပ်တက်နေသည်။ မှောင်မည်းနေသော ပစိဖိတ်သမုဒ္ဒရာကြီးသည် ဒေါသတကြီးစီးဆင်းနေပြီး အထက်တွင်လည်း မိုးခြိမ်းသံများမှာ အဆက်မပြတ်တုန်ဟီးနေသည်။ အဝေးတစ်နေရာတွင် ဧရာမ သတ္တဝါကြီးတစ်ကောင်သည် မိုးကြိုးနှင့် မုန်တိုင်းများကြားတွင် ရှိနေပြီး ယင်း၏ ဧရာမ လက်တံကြီး တစ်ခုချင်းစီမှာ ပင်လယ်ကူးသင်္ဘောများကိုပင် မှောက်လှန်နိုင်စွမ်းရှိသည်။ ယင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ချက်ကြည့်ရုံဖြင့် မမြင်နိုင်ပေ။ ဧရာမ သမုဒ္ဒရာနတ်ဘုရားသည် ပင်လယ်နှင့် ကောင်းကင်ကြားတွင် မင်းမူနေပြီး ခန့်ညားထည်ဝါလှသော မိစ္ဆာနတ်ဘုရားတစ်ပါးအလား ကမ္ဘာပေါ်၌ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ယင်းကို တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်ပင် စိတ်မခိုင်သူများသည် ရူးသွပ်သွားလောက်ပေသည်။
လင်းရှန်သည် ဤမြင်ကွင်းကို တစ်ချက်ကြည့်ကာ ကီကီနှင့်အတူ လှိုင်းလုံးကြီးများကြားမှ ကမ်းခြေဘက်သို့ အမြန်ပျံသန်းသွားသည်။ ဆူနာမီလှိုင်းလုံးများကြားတွင် သူတို့သည် ဧရာမ ကျောက်ဆောင်ကြီးတစ်ခု၏ နောက်၌ ပုန်းအောင်းလိုက်ကြသည်။ နောက်သို့ ပြန်ကြည့်လိုက်ရာ ကမ္ဘာ့အဆင့်ကပ်ဘေးကြီးသည် ပင်လယ်ကြမ်းပြင်အတိုင်း ပစိဖိတ်သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဖြည်းညှင်းစွာ ငုပ်လျှိုးသွားသည်ကို တွေ့လိုက်ရသည်။ ကီကီ ခန့်မှန်းထားသည့်အတိုင်းပင် ထိုသတ္တဝါကြီးသည် ငွေရောင်သတ္တဝါ ထွက်ခွာသွားသော လမ်းကြောင်းအတိုင်း လိုက်ပါသွားခြင်း ဖြစ်သည်။
ဆူနာမီလှိုင်းလုံးများမှာ ဝေါခနဲ တိုးဝင်လာပြီး မိုးခြိမ်းသံများမှာလည်း ပြင်းထန်စွာ တုန်ဟီးနေသည်။ မွန်းလွဲ ၃ နာရီသာ ရှိသေးသော်လည်း ပင်လယ်ကျောက်ဆောင်ကျွန်းတစ်ခုလုံးမှာ လုံးဝ အမှောင်ကျနေသည့် ဝင်ရိုးစွန်းညထဲသို့ ကျရောက်နေသလို ခံစားရစေသည်။
အထက်ကောင်းကင်ယံမှ မုန်တိုင်းမှာ ဝုန်းဒိုင်းကျဲနေဆဲဖြစ်ပြီး လင်းရှန်နှင့် ကီကီတို့ ကျောက်ဆောင်နောက်တွင် ပုန်းအောင်းကာ ဆူနာမီကြောင့် ရေများ ခဏတာပျောက်သွားသည့် ပင်လယ်ကြမ်းပြင်နှင့် ပင်လယ်ဝဲဂယက်ကြီးအတွင်းသို့ ငုပ်လျှိုးပျောက်ကွယ်သွားသည့် ဧရာမ သတ္တဝါကြီးကို ကြည့်နေကြသည်။ နောက်တစ်စက္ကန့်တွင်တော့ မီတာတစ်ရာမြင့်သော ဆူနာမီလှိုင်းကြီးက ဝုန်းခနဲ ရိုက်ခတ်လာတော့သည်။
“သေချာကိုင်ထား”
လင်းရှန်နှင့် ကီကီတို့၏ စွမ်းအားဝတ်စုံမှ တုန်ခါမှုဒဏ်ခံ ကိရိယာများ အသက်ဝင်လာပြီး ညှပ်များက ကျောက်ဆောင်ကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်သည်။ ထို့နောက်တွင်တော့ သမုဒ္ဒရာကြီးတစ်ခုလုံး သွန်ချလိုက်သလားထင်မှတ်ရအောင်ပင် ကမ်းခြေတစ်ခုလုံးနှင့် နောက်ကွယ်ရှိ တောင်တန်းကြီးက ရေအောက်သို့ လုံးဝ နစ်မြုပ်သွားတော့သည်။
ဝုန်း ဝေါ ဝေါ
ပြင်းထန်လှသော လှိုင်းလုံးကြီးများက သူတို့ကို လုံးဝဝါးမျိုသွားသော်လည်း လင်းရှန်သည် ကောင်းကင်သို့ တိုက်ရိုက်ပျံမတက်သေးဘဲ ရေအောက်တွင်ပင် ဆူနာမီ၏ ရိုက်ခတ်မှုကို ရှောင်တိမ်းလိုက်သည်။ ထို့နောက်မှ လှိုင်းလုံးများအောက်မှ ဖောက်ထွက်ကာ ဆူပွက်နေသော ဒီရေလှိုင်းများနှင့် ကပ်လျက် ကမ်းခြေဘက်သို့ ပြန်လည်ပျံသန်းလာခဲ့သည်။
“ဟိုသတ္တဝါကြီး ပျောက်သွားပြီ”
“ပင်လယ်ထဲ ငုပ်သွားတာလား… ဒါမှမဟုတ် ကောင်းကင်ပေါ် တက်သွားတာလား”
လင်းရှန်၏ မျက်နှာတင်းမာနေသည်။ ဧရာမ သမုဒ္ဒရာနတ်ဘုရား မည်သည့်နေရာသို့ ရောက်သွားသည်ကို သူ အသေအချာမပြောနိုင်ပေ။ မိုးကြိုးတိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး အလင်းရောင်အားလုံးကို ပိတ်ဆို့ထားသလိုဖြစ်ကာ ပင်လယ်ပြင်မှာလည်း လှိုင်းထန်နေသည်။ သူတို့ ကျွန်းပေါ်သို့ ရောက်နေသော်လည်း လုံးဝ မလုံခြုံသလို ခံစားနေရဆဲပင်။
“ပင်လယ်ထဲမှာပဲ ရှိနေလောက်မှာပါ”
ကီကီသည် လင်းရှန်၏ နောက်မှ ပျံသန်းလာရင်း အဝေးရှိပင်လယ်နက်အတွင်းမှ ဧရာမ ဝဲဂယက်ကြီးကို ပြန်ကြည့်ကာ ပြောလိုက်သည်။
“ကံကောင်းလို့ ကျွန်တို့ကို အမှတ်အသားမလုပ်တာပဲ”
“ဒီမွန်းစတားက ကိုင်တွယ်ရတာ ထင်ထားတာထက် ပိုခက်ခဲတယ်၊၊ အင်ပါယာယန္တရားစက်ရုပ်တောင် သူ့ရှေ့မှာ ပုရွက်ဆိတ်လောက်ပဲဖြစ်နေမှာပဲ”
လင်းရှန်က သွားကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ခုနက ငါ စမ်းကြည့်လိုက်သေးတယ်၊၊ သူ့ကို ဖြတ်တောက်လို့ ရနိုင်တယ်။ ဇီဝစွမ်းအားနယ်ပယ်ပြဿနာကိုသာ ဖြေရှင်းနိုင်ရင် အဖျက်စွမ်းအားပြင်း နျူကလီးယားလက်နက်တွေကို သုံးပြီး စမ်းကြည့်သင့်တယ်”
“နျူကလီးယားလက်နက်တွေ… ဟွန့် ကျွန်မတို့မှာ ရှိနေတဲ့အတိုင်းကို ပြောနေတာပဲ”
ကီကီက သွေးဆုတ်နေသောမျက်နှာဖြင့် ဆက်ပြောလိုက်သည်။
“ထူးဆန်းတာက အဲဒီအကောင်က ကျွန်မတို့ကို မြင်နေရတဲ့အတိုင်း တည့်တည့်ကြီး ဦးတည်လာတာပဲ”
ထိုစကားကို ကြားသောအခါ လင်းရှန် အနည်းငယ် မျက်နှာပျက်သွားပြီး မကောင်းသော အတွေးတစ်ခု ဝင်လာမိသည်၊၊
“ဖြစ်နိုင်တာက အဲဒါကြီးက ငါတို့ဆီကို လာတာလည်း ဖြစ်နိုင်တယ်”
“ဒါဆို ဘာလို့ ထွက်ပြေးသွားတာလဲ”
“မသိဘူးလေ”
အန္တရာယ်ကင်းသောနေရာသို့ လုံးဝမရောက်သေးသဖြင့် လင်းရှန်သည် အောက်ဘက်တွင် အရှိန်ဖြင့် စီးဆင်းနေသော ဆူနာမီရေစီးကြောင်းများကို ကြည့်ကာ စိုးရိမ်တကြီးပြောလိုက်သည်။
“အရင်ဆုံး ရှီဇီကို ရှာရမယ်၊၊ ပြီးမှ ဆရာမချန်နဲ့ သွားတွေ့မယ်”
“အင်း”
သူတို့နှစ်ဦးသည် တောင်ကြောအတိုင်း ကျွန်း၏ အတွင်းပိုင်းဆီသို့ ပျံသန်းလာပြီး ယခင်က သတ်မှတ်ထားသော ထွက်ပြေးရမည့် လမ်းကြောင်းအတိုင်း သူမကို လိုက်ရှာကြသည်။
ယခုအခါ မုန်တိုင်းမှာ သိသိသာသာ အားနည်းသွားပြီ ဖြစ်သည်။ ထိုစဉ်မှာပင် ရှီဇီ၏ စွမ်းအားဝတ်စုံ အချက်ပြက လင်းရှန်၏ ဆက်သွယ်ရေးစက်ထဲတွင် ရုတ်တရက် ပေါ်လာသဖြင့် သူက ချက်ချင်း အော်ဟစ်လိုက်သည်။
“ရှီဇီ… မင်းဘယ်မှာလဲ”
“ဂျစ်... ဂျစ်... အင်း... လင်း”
အချက်ပြမှုမှာ ပြတ်တောင်းပြတ်တောင်းဖြစ်နေသည်။ လင်းရှန်သည် မျက်နှာပြင်ပေါ်တွင် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော တည်နေရာပြ အစက်ကလေးကို ကြည့်လိုက်ရာ မြို့ပြဧရိယာဘက်သို့ ရွေ့လျားနေသဖြင့် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။
“သူမ ဒုက္ခရောက်နေပြီ… အမြန်သွားရအောင်”