အခန်း (၉၇၀-၉၇၁)
Vol. 55 Ch. 970-971
Chapter 970
အမှောင်ထုအတွင်းမှ ဖုံးကွယ်နေသော
“ထူးဆန်းလိုက်တာ… ဒီမွန်းစတားတွေက ထွက်ပြေးနေကြတာလား...”
ရှားရှားက မျက်နှာပြင်ကို စိုက်ကြည့်ရင်း ခပ်တိုးတိုးပြောလိုက်သည်။
“မဟုတ်ဘူး၊၊ ထွက်ပြေးတာ မဟုတ်ဘူး”
ရူဂျီ၏ စိတ်စွမ်းအင်လှိုင်းများက အဝေးမှ စွမ်းအင်စီးဆင်းမှုကို အာရုံခံမိလိုက်ပြီး “သူတို့က တစ်ခုခုရဲ့ မောင်းနှင်မှုကို ခံနေရတာ”
ဝုန်း၊၊
ထိုခဏ၌ ဥမင်လိုဏ်ခေါင်းအတွင်းမှ တုန်ခါမှုသံများ ထွက်ပေါ်လာပြီး ဖုန်မှုန့်များ တလူလူကျလာသည်။ ပြုပြင်ထိန်းသိမ်းရေးလမ်းကြောင်းထဲတွင် ပုန်းနေသော အနန္တရထားကြီးပင် တုန်ခါသွားရာ လူတိုင်းမျက်နှာပျက်သွားကြသည်။
“အကောင်ကြီးတွေ လာနေပြီ...”
ချန်ဆီရွှမ်၏ မျက်နှာမှာ အလွန်တည်ကြည်နေသည်၊၊
“အားလုံး တည်တည်ငြိမ်ငြိမ်နေကြ… အချိန်တန်မှ လှုပ်ရှားကြမယ်”
လော့ယန်က ဒရုန်းကို သတိထား၍ ပြန်ရုပ်သိမ်းလိုက်ရင်း ချွေးအေးများ ထွက်နေသည်၊၊
“ဒါက လင်းနဲ့ နန်ကျင်းတို့ ကမ်းခြေမှာ တွေ့ခဲ့တဲ့ အကောင်ကြီးတွေ ဖြစ်မယ်၊၊ ရိုင်ယန် ပြောဖူးတဲ့ ပင်လယ်ကျောက်ဆောင်ကျွန်းဆီကို စုရုံးလာနေတဲ့ ကောင်တွေပေါ့၊၊ အနည်းဆုံးတော့ A-အဆင့် ဒါမှမဟုတ် အထူးအဆင့်တွေ ဖြစ်မှာပဲ၊၊ S-Class အဆင့်ဖြစ်ဖို့လည်း အလားအလာအများကြီးရှိတယ်”
“S-Classအဆင့် ဟုတ်လား… ဒါက များလွန်းမနေဘူးလား” လုချန်က စိုးရိမ်တကြီး ဆိုသည်။
ရှုချင်းကမူ တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်၊၊
“ဧရာမ သမုဒ္ဒရာနတ်ဘုရားတောင် ပေါ်လာသေးတာပဲ၊၊ S-Class အဆင့် သတ္တဝါဆိုတာ အံ့သြစရာမဟုတ်တော့ပါဘူး”
ထိန်းချုပ်ခန်းအတွင်း၌ မိုနီကာနှင့် ချန်ဆီရွှမ်တို့သည် မှောင်အတိကျနေသော ဥမင်လိုဏ်ခေါင်းကို တိတ်တဆိတ်စောင့်ကြည့်နေကြသည်။ ထိုစဉ် မိုနီကာက ချန်ဆီရွှမ်ကို လှမ်းမေးလိုက်၏။
“တကယ်လို့ ငါတို့ကို ရှာတွေ့သွားရင် တခြားရွေးချယ်စရာရှိသေးလား”
ချန်ဆီရွှမ်က အသက်ကို ပြင်းပြင်းရှူကာ ရှေ့သို့ မျှော်ကြည့်သည်၊၊
“ရှာတွေ့မယ်ဆိုရင် မှောင်စပျိုးကတည်းက အတိုက်ခံရမှာပဲ၊၊ ဒါကြောင့်...”
“ငါဆိုလိုတာက တကယ်လို့များ ရှာတွေ့ခဲ့ရင်ပေါ့”
မိုနီကာ၏ အကြည့်မှာ စူးရှနေသည်။
ချန်ဆီရွှမ် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဒါဆိုရင်တော့ တိုက်ရမှာပေါ့၊၊ ငါတို့ တစ်ညလုံး တိုက်ပွဲဝင်ခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိပြီးသားပဲ”
မိုနီကာက ခပ်တိုးတိုးရေရွတ်သည်။
“သေခြင်းတရားကို လျစ်လျူရှုလိုက်တာက တကယ်ကိုလွတ်လပ်မှုတစ်မျိုးပဲ”
ချန်ဆီရွှမ်က သူမကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ဆိုလိုနေမှန်း ရိပ်မိသွားသည်၊၊
“နင့်မှာ တစ်ခုခု စဉ်းစားထားတာ ရှိလို့လား”
“စဉ်းစားထားတာရှိလို့တော့ မဟုတ်ပါဘူး”
မိုနီကာက သက်ပြင်းတစ်ချက်ချကာ လက်ပိုက်လိုက်ရင်း နှုတ်ခမ်းဖျားတွင် အပြုံးလေးတစ်ခု ပေါ်လာသည်။
“ဒါပေမဲ့ လင်းရှန်နဲ့ တွေ့ပြီးတဲ့နောက်မှာတော့ သူက ငါ့ကို စိတ်ပျက်စရာတွေကြားထဲမှာ အမြဲတမ်း မျှော်လင့်ချက်ဆိုတဲ့ အထင်အမြင်မှားမှုမျိုး ပေးလေ့ရှိတယ်”
“ဒါက ကောင်းတဲ့အချက် မဟုတ်လား”
“ငါ့အတွက်တော့ သူက ယာဉ်တန်းကြီးတစ်ခုလုံးကို ဦးဆောင်နိုင်တဲ့သူမျိုးမဟုတ်ပေမဲ့ ဘာလို့ အမြဲတမ်း လုံခြုံမှုရှိတယ်လို့ ခံစားနေရတာလဲ။ မဟုတ်ဘူး၊၊ ဒါက အမှောင်ယဉ်ကျေးမှုနဲ့ ကမ္ဘာပျက်ကပ်အပေါ်မှာ ရှိနေတဲ့ ကြောက်ရွံ့မှုနှင့် သဘောထားတင်းမာမှုကို လျော့ပါးသွားစေတဲ့ ကျိုးကြောင်းမဆီလျော်တဲ့ ထူးခြားတဲ့ စွမ်းအားမျိုးလား။ တကယ်တမ်း ပြောရရင် ငါတို့ ရင်ဆိုင်နေရတာတွေရော၊ အနာဂတ်မှာ အသက်ရှင်သန်ဖို့ ဆိုတာတွေရောက လုံးဝကို မျှော်လင့်ချက်မဲ့နေတာလေ”
မိုနီကာက ချန်ဆီရွှမ်ဘက်သို့ လှည့်ကာ ပွင့်ပွင့်လင်းလင်းပင် ဆက်ပြောသည်။
“ဒီလိုစိတ်ပျက်အားငယ်မှုက အမှောင်ထု ကျူးကျော်တာထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ် မဟုတ်လား”
ချန်ဆီရွှမ် ခဏမျှ တိတ်ဆိတ်သွားသည်၊၊
“လင်းရှန်နဲ့ ပရော်ဖက်ဆာယဲ့လန်တို့က ဒီကပ်ဘေးကြီးကြားမှာ လူသားတွေ အသက်ရှင်သန်ဖို့ အခွင့်အရေးပေးနိုင်တဲ့ တခြားယဉ်ကျေးမှုတစ်ခုရှိနေတယ်လို့ ယုံကြည်နေကြတယ်။ ဒါကြောင့်လည်း လင်းရှန်က သူ့ရဲ့ ယန္တရားစွမ်းအားနဲ့ ဓားကိုင်ဆောင်သူဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးပြီး စူးစမ်းရှာဖွေနေတာပေါ့။ ငါကတော့ သူ့ရဲ့ အမြင်ကို နားလည်ပါတယ်။ တောင်ဘက်ကောင်းကင်ဂိတ်နဲ့ ဆက်သွယ်နေသရွေ့၊ အာရုဏ်ဦးမြို့တော်နဲ့ တွင်းနက်ကြီးတွေ ဆုတ်ခွာသွားသရွေ့၊ ဖီးနစ်အဖွဲ့အစည်းက တင်ပြထားတဲ့ ဟန့်တားမှုဆိုင်ရာ အယူအဆတွေက ခိုင်လုံနေသရွေ့၊ ဒီထူးခြားချက်တွေကို အဖြေမထုတ်နိုင်သေးသရွေ့၊ နောက်တစ်ကြိမ် အာရုဏ်မတက်ခင်မှာ အမှောင်ယဉ်ကျေးမှုက ကမ္ဘာကြီးကို မဖျက်ဆီးသေးသရွေ့တော့ လင်းရှန်နဲ့ ပရော်ဖက်ဆာယဲ့ရဲ့ အမြင်က မှန်နေမှာပဲ”
သူမက မိုနီကာကို ကြည့်လိုက်သည်၊၊
“ဒါက လင်းရှန် စွဲစွဲမြဲမြဲဆုပ်ကိုင်ထားတဲ့ အချက်ပဲ။ ခိုင်မာတဲ့ သက်သေမရှိဘဲ ခန့်မှန်းချက်တွေ သက်သက်ပဲဖြစ်နေရင်တောင် ဒီအချက်ကို သူ အခိုင်အမာ ယုံကြည်နေလို့သာ သူ့ကိုယ်သူ ဒီလို အကျိုးအကြောင်း မဆီလျော်တဲ့ အခြေအနေထဲအထိ ရောက်အောင် တွန်းပို့နေတာပေါ့”
“တကယ်တော့ ဒီဘက်က ကြည့်ရင် သူက တကယ့်ကို ကျိုးကြောင်းဆီလျော်မှုရှိလွန်းတဲ့သူပဲ”
မိုနီကာက ခေါင်းညိတ်လိုက်သည်၊၊
“ငါက သူ့ကို ကောင်းကောင်းမသိသေးပုံရတယ်”
ချန်ဆီရွှမ်၏ အကြည့်များ နူးညံ့သွားပြီး တိုးတိုးလေးပြောလိုက်သည်၊၊
“နင် သူ့အကြောင်းကို သိဖို့ အများကြီးလိုပါသေးတယ်...
ဝုန်းခနဲ မြေကြီးတုန်ခါသွားမှုကြောင့် လူနှစ်ဦး၏ စကားဝိုင်းပြတ်တောက်သွား၏။ မြေအောက်လှိုဏ်ခေါင်းတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါနေပြီး သဲများနှင့် နံရံအုတ်စအနများ အမြောက်အမြား ပြိုကျလာရာ အနန္တရထားကြီး၏ ကိုယ်ထည်ပေါ်သို့ တဖြောဖြောကျသံများ မြည်ဟည်းနေလေသည်။
ဤအချိန်၌ ညမှာ မှောင်မိုက်လွန်းလှသည်။ ကမ်းခြေတစ်လျှောက်တွင် ပင်လယ်ရေများ လှိုင်းထလာပြီး နက်ရှိုင်းသော ပင်လယ်ရေအောက်မှ ဧရာမ အရိပ်မည်းကြီးများ ပေါ်ထွက်လာသည်။
ပထမဦးစွာ အဆောက်အအုံများပမာ ကြီးမားထည်ဝါလှသော အနက်ရောင်လက်တံကြီးများ ထွက်ပေါ်လာပြီး ကျောက်ဆောင်များကို ရိုက်ခတ်နေရာ ပေအစိတ်ခန့်ရှိသော လှိုင်းလုံးကြီးများ ထကြွလာသည်။ ထို့နောက် တောင်တစ်လုံးမျှ ကြီးမားသော ကိုယ်ထည်ကြီးမှာ ရေမျက်နှာပြင်ပေါ်သို့ ဖြည်းညှင်းစွာ တက်လာသည်။ ထိုကိုယ်ထည်ပေါ်ရှိ တလှုပ်လှုပ်ဖြစ်နေသော အပေါက်များထဲမှ ပုပ်ပွနေသော လူခေါင်းများ ထွက်ပေါ်လာကြပြီး ၎င်းတို့၏ တောက်ပနေသော အပြာရောင်မျက်လုံးများဖြင့် မြို့တော်ကို တိတ်ဆိတ်စွာ အကဲခတ်နေကြသည်။
ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဧရာမ ပင်လယ်ကြယ်ငါးကြီးများပေါ်လာသလို လေထဲတွင်လည်း ကွေးကောက်နေသော အရိုးစုသတ္တဝါကြီးများ ရှိနေ၏၊၊ အဝေးတစ်နေရာမှ မုန်တိုင်းနှင့်အတူ လိုက်ပါလာသော ထူးဆန်းသည့် ကျွန်းမျောကြီးတစ်ကျွန်းလည်း ရှိနေသေးသည်။
မြို့ပျက်ကြီးအတွင်းရှိ မြောင်းများ၊ မြေအောက်ရထားဝင်ပေါက်များနှင့် ပြိုကျနေသော အဆောက်အအုံများထဲမှ အမြီးသုံးခွမွန်းစတားများ၊ အနီရောင်အရိုးစုများနှင့် တစ်ခါမှ မမြင်ဖူးသေးသော သန္ဓေပြောင်းသတ္တဝါဆန်းများမှာ မမြင်ရသော အချက်ပေးသံတစ်ခုခုကြောင့် နိုးထလာသကဲ့သို့ တရွေ့ရွေ့ထွက်လာကြသည်။ ၎င်းတို့သည် လူသူကင်းမဲ့နေသော မြို့ပျက်ကြီးနှင့် ပြိုကျနေသော အနောက်ဘက်ရထားလမ်းဆီသို့ စုရုံးလာကြ၏။ လမ်းကြားများထဲတွင် ဆူညံသော အော်ဟစ်သံများ ပဲ့တင်ထပ်နေပြီး ကမ်းခြေရှိ လူနေအိမ်တိုက်တန်းများသည် ဧရာမ ပင်လယ်ကြယ်ငါးကြီးများ၏ တိုးဝှေ့မှုအောက်တွင် ပြိုပျက်ကုန်ကြ၏။ ကြောက်မက်ဖွယ်ကောင်းလှသော အရိပ်မည်းကြီးမှာ စကြဝဠာမှ တစ္ဆေသရဲတစ်ကောင်ကဲ့သို့ မြို့တော်အပေါ် လွှမ်းမိုးထားသည်။
“လင်းရှန်ဘက်မှာရော ဘယ်လိုနေမလဲမသိဘူး”
ချန်ဆီရွှမ်သည် အပြင်ဘက်မှ ကြောက်မက်ဖွယ် အသံဗလံများကို နားစွင့်ရင်း စိုးရိမ်တကြီးပြောလိုက်သည်။
“ဒီလိုအခြေအနေမျိုးဆိုရင်တော့ သူတို့ ဒီည ငါတို့ဆီကို ပြန်လာနိုင်မှာ မဟုတ်ဘူး”
…
ပင်လယ်ကျောက်ဆောင်ကျွန်း၊ ကျွန်းငယ်လေး၏
မှောင်မိုက်သော ညအမှောင်ထုသည် ပင်လယ်ကျောက်ဆောင်ကျွန်း အကျဉ်းထောင်တစ်ခုလုံးကို ဝါးမျိုထားသည်။
အခြေအနေများမှာ လင်းရှန် ခန့်မှန်းထားသည်ထက် လုံးဝကျော်လွန်နေသည်။ ဤအချိန်တွင် သူနှင့် ကီကီ၊ နန်ကျင်းတို့သည် အမှောင်ထုကို ရှောင်ရှားရန်အတွက် အကျဉ်းထောင်၏ ဧရာမ ကျောက်မျှော်စင်အတွင်းသို့ ဆုတ်ခွာလာခဲ့ကြသည်။ မြေအောက်လှိုဏ်ခေါင်းအတွင်းသို့ မဝင်ရဲကြသေးပေ။ အရပ်မျက်နှာအနှံ့မှ တိုက်ခတ်လာသော ဆားငန်နံ့နှင့် ပုပ်ဟောငမသော ညလေညင်းတို့မှာ အကျဉ်းထောင်၏ ဟာလာဟင်းလင်းနေရာများတွင် လေပွေများဖြစ်ပေါ်စေကာ ငိုကြွေးသံကဲ့သို့ အေးစိမ့်သော အသံများကို ထွက်ပေါ်လာစေ၏။
“အဲ့ဒီခြေထောက်ပြတ်က ဘာလဲ… ဘယ်လိုလုပ်ပြီး ဒီလောက်အင်အားကောင်းတဲ့ အမှောင်စွမ်းအားတွေရှိနေရတာလဲ”
နန်ကျင်းက အသံကိုနှိမ့်၍ မေးလိုက်သည်။ ရှီဇီသည် အားဖေးကို ကုသပေးရန် စွမ်းအားများကို အသုံးပြုနေသည်။ အားဖေး၏ မျက်နှာဖုံးတွင် သွေးမျက်ရည်များက ခြောက်ကပ်နေပြီဖြစ်သည်။ အကယ်၍ အရေးကြီးသော အချိန်တွင် အားဖေးသာ သတိမပေးခဲ့ပါက ထိုအမှောင်စွမ်းအားများကြောင့် အားလုံး ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်လေ၏။
“အတော်ထူးဆန်းတယ်။ လူခြေထောက်တစ်စုံပဲ… ပြတ်နေပေမဲ့ ပုံမှန်အတိုင်း လမ်းလျှောက်နေတာ… သန္ဓေပြောင်းမွန်းစတား ဒါမှမဟုတ် ထူးဆန်းတဲ့ လူသားမျိုးလည်း မဟုတ်ဘဲနဲ့ ကြမ်းကြုတ်တဲ့ အရှိန်အဝါတွေ ထွက်နေတယ်”
လုရှင်းချန်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“အဲ့ဒီအရာက ကျွန်မတို့ကို ပစ်မှတ်ထားနေတာလား မသိဘူး” နန်ကျင်းက ပြောသည်။
“ကျွန်မ အဲ့ဒီအငွေ့အသက်ကို ခံစားနေရတုန်းပဲ”
“အခု အောက်တည့်တည့်မှာပဲ”
ရှီဇီက တိုးတိုးလေးပြောလိုက်သည်။
“ရှူး”
ကီကီသည် မျှော်စင်ပေါ်မှ ဖြည်းညှင်းစွာ ပျံဆင်းလာပြီး နှုတ်ခမ်းတွင် လက်ညှိုးတင်ကာ အပြင်ဘက်ကို ညွှန်ပြလိုက်သည်။
“ပင်လယ်ထဲကနေ ကြောက်စရာကောင်းတဲ့ အကောင်ကြီးတွေ တက်လာပြီ၊၊ တကယ့်ကို အကောင်ကြီးတွေပဲ”
လင်းရှန်က ဒရုန်းကို ထိန်းချုပ်ကာ အနီးကပ်ကြည့်ရှုလိုက်ရာ သူ၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားတော့သည်။
ပင်လယ်ရေပြင်မှာ ဝဲဂယက်များထနေပြီး လှိုင်းလုံးများ တရစပ်တက်လာနေသည်။ ကျွန်းငယ်လေးကို ရေများစတင်ဖုံးလွှမ်းလာပြီဖြစ်၍ ကမ်းခြေက တဖြည်းဖြည်းကျဉ်းမြောင်းလာသည်ကို သူ သတိပြုမိလိုက်သည်။
ရေမျက်နှာပြင်ပေါ်တွင် ဧရာမ အရိပ်မည်းကြီးတစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။ အစပိုင်းတွင် ဝါးတားတားသာမြင်ရသော်လည်း တဖြည်းဖြည်း တောက်ပလာသောအခါ ပုပ်ပွနေသော ဝေလငါးကြီးနှင့်တူသည့် သန္ဓေပြောင်းမွန်းစတားကြီးဖြစ်နေသည်။ ၎င်း၏ ကိုယ်ထည်တွင် တွန့်လိမ်နေသော လက်တံပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေပြီး လက်တံတစ်ခုချင်းစီ၏ ထိပ်ဖျားတွင် ထက်မြက်သောသွားများ ပြည့်နှက်နေသည့် ပါးစပ်များပါရှိသည်။ အရေပြားပေါ်တွင် အနာလို အဖုများ ပြည့်နေပြီး အနက်ရောင်နှင့် အနီရောင်ရောယှက်နေသော အချွဲများ ထွက်နေကာ ပင်လယ်ရေကို ညစ်ညမ်းစေလျက်ရှိသည်။
Chapter 971
အကျဥ်းထောင်အောက်ခြေ
“အဆင့် A… မဟုတ်ဘူး၊၊ ဒါဟာ အထူးအဆင့် ပဲ”
ကီကီ၏ အသံတုန်ရီနေသည်။
ဝေးလံသော မိုးကုတ်စက်ဝိုင်းတွင် အရိပ်များ ပိုမိုပေါ်ထွက်လာသည်။ ဧရာမ ပင်လယ်ကြယ်ငါးကြီးများ၊ အလယ်တွင် တွင်းနက်ကြီးကဲ့သို့ ပါးစပ်ပါသော သတ္တဝါများ၊ ပုပ်ပွနေသော ရေဘဝဲနှင့်တူပြီး လက်တံများတွင် လူ့မျက်လုံးများ ပြည့်နေသော သတ္တဝါများအပြင် တွန့်လိမ်လှုပ်ရွနေသော အဖုအထစ်များဖြင့် အနက်ရောင် မြူခိုးများကို မှုတ်ထုတ်နေသည့် ကျွန်းမျောကြီးလည်း ပါဝင်သည်။
“သူတို့ ကျွန်းမကြီးဆီကို ချဉ်းကပ်လာနေပြီ”
နန်ကျင်း၏ အသံက အေးစက်နေသည်။
“ဒါက မြင့်မြတ်မြို့တော်က ဖန်တီးထားတဲ့ သွေးဆောင်ဖြားယောင်းဆေးရည်ကြောင့် ဖြစ်ရမယ်။ ဒါပေမဲ့ အခုချိန်မှာ အဲ့ဒါကို စိတ်ပူနေဖို့ အချိန်မရှိဘူး”
တစ်ဖက်တွင်လည်း လင်းရှန်သည် အကျဉ်းထောင်၏ အချို့နေရာများတွင် အချက်ပြကိရိယာနှင့် စောင့်ကြည့်ကိရိယာများကို တပ်ဆင်ထားပြီး ဖြစ်သည်။ ရာနှင့်ချီသော ဒရုန်းများသည် အမှောင်ကွန်ရက်ကို ထိန်းချုပ်ရန် စတင်ရှာဖွေနေကြသည်။ တစ်ချိန်တည်းမှာပင် သူသည် ဒရုန်းများကို မြေအောက်လှိုဏ်ခေါင်းအတွင်းသို့ စေလွှတ်လိုက်ပြီး ထိုခြေထောက်ပြတ်သည် မည်သို့သောအရာဖြစ်ကြောင်း စူးစမ်းရန်ပြင်ဆင်လိုက်သည်။
“လင်းရှန်” ကီကီက သူ့အနားသို့ ကပ်ကာ အလေးအနက် ပြောလိုက်သည်။
“ဒါက ကျွန်မတို့ မိုးရေမြို့မှာ တွေ့ခဲ့ရတဲ့ ကပ်ပါးသတ္တဝါတွေလိုမျိုးဖြစ်နိုင်မလား”
“ငါလည်း အဲ့ဒါကို စဉ်းစားမိတယ်၊၊ ဒါပေမဲ့ ဒါက အရမ်းထူးဆန်းနေတယ်။ အောက်ကို တန်းမဆင်းသွားမိတာ တော်သေးတာပေါ့”
လင်းရှန်က ပြန်ပြောသည်။
နန်ကျင်းသည် မျှော်စင်ပြတင်းပေါက်နားတွင် ရှောင်ချင်းနှင့်အတူ အပြင်ဘက်အခြေအနေကို စောင့်ကြည့်နေသည်။ မျှော်စင်အတွင်း၌ လင်းရှန်၏ ဒရုန်းများမှ အချက်ပြမီးများသာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ကျန်ရှိသော နေရာအားလုံးမှာ အမှောင်ထုက ဝါးမျိုထားသည်။
ဤအချိန်တွင် လင်းရှန်သည် ဒရုန်း၏ မြင်ကွင်းကို အာရုံစိုက်လိုက်ပြီး ကင်းထောက်ဒရုန်းတစ်စီးကို မြေအောက်သိုလှောင်ရုံအတွင်းသို့ တစ်ဖန် ဝင်ရောက်စေလိုက်သည်။ ညကြည့်မြင်ကွင်းထဲတွင် ထိုကျင်းကြီးမှာ အနက်ရောင်တွင်းနက်ကြီးတစ်ခုကဲ့သို့ မြင်နေရသည်။ လင်းရှန်က မြေပြင်အနေအထားကို ကြည့်လိုက်သောအခါ မြင့်မြတ်မြို့တော်အဖွဲ့ဝင်များ ထိုလှိုဏ်ခေါင်းထဲမှ ထွက်ပေါ်လာနေသည့် ပုံရိပ်များကို သတိရသွားပြီး ၎င်းတို့သည် ဤနေရာမှ မည်သို့ထွက်လာကြသနည်းဟု ရုတ်တရက် သိချင်စိတ်ဖြစ်ပေါ်လာသည်။
သူသည် ဒရုန်းကို အသုံးပြု၍ ကျင်းနားတွင် အချက်ပြကိရိယာငယ်တစ်ခု တပ်ဆင်လိုက်ပြီးနောက် ကျင်းထဲသို့ တိတ်ဆိတ်စွာ ဆင်းသွားစေသည်။ လင်းရှန်သည် မှောင်မိုက်နေသော လှိုဏ်ခေါင်း၏ ပုံရိပ်များကို ကြည့်ရင်း အသက်အောင့်ထားလိုက်မိ၏။ ညကြည့်မြင်ကွင်းထဲတွင် အဆုံးမရှိသော ရေဆိုးထုတ်ပြွန်ကြီးတစ်ခုကို သူ စတင်မြင်တွေ့လိုက်ရလေသည်။
ဝူး...
ဒရုန်း၏ ပျံသန်းမှုထိန်းချုပ်စနစ်မှ ခပ်တိုးတိုးအသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဒရုန်းသည် ဖြည်းညှင်းစွာ လှည့်ပတ်သွားသည်။ အခြားတစ်ဖက်ခြမ်းတွင်လည်း မှောင်မိုက်နေသော လမ်းကြောင်းတစ်ခုရှိနေသည်။ ဒရုန်းအောက်သို့ ဆင်းသွားချိန်တွင် လင်းရှန်သည် ထူးခြားသည့်အရာ ဘာမျှမတွေ့ရသေးသော်လည်း နေမဝင်မီက ထိုလှိုဏ်ခေါင်းအောက်တွင် ကြောက်မက်ဖွယ်ကောင်းအောင် လမ်းလျှောက်နေသည့် ခြေထောက်ပြတ်တစ်စုံကို ၎င်းတို့ မြင်တွေ့ခဲ့ရသည်။ အကယ်၍ အားဖေး၏ လျင်မြန်သော သတိပေးမှုသာ မရှိခဲ့ပါက သူတို့ ဘာနှင့် ရင်ဆိုင်ရမည်ကို မည်သူမျှ မသိနိုင်ပေ။ ထိုခြေထောက်ပြတ်များပေါ်တွင် တားမြစ်ပစ္စည်းတစ်ခုနှင့် ဆင်တူသော စွမ်းအင်လှိုင်းတစ်ခုကို လင်းရှန် သတိပြုမိခဲ့သည်။ ထိုအချက်ကို စဉ်းစားမိသည်နှင့် သူသည် ကင်းထောက်ဒရုန်းပေါ်ရှိ ရှာဖွေရေးစနစ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
၎င်းမှာ တိတ်ဆိတ်မြို့တော်ရှိ ဗျာဒိတ်တော်ဂိုဏ်းမှ တစ္ဆေအိုကြီးဟုခေါ်သောလူထံမှ လင်းရှန် သိမ်းဆည်းရရှိခဲ့သော တားမြစ်ပစ္စည်းများကို စမ်းသပ်သည့် အထူးကိရိယာဖြစ်သည်။ နောက်ပိုင်းတွင် လင်းရှန်သည် ၎င်းကို ကင်းထောက်ဒရုန်းတွင် တပ်ဆင်နိုင်ရန် ပြုပြင်မွမ်းမံခဲ့ပြီး တားမြစ်ပစ္စည်းများကို ရှာဖွေရာတွင် အထူးအသုံးပြုခဲ့သည်။
ဤအချိန်တွင် လင်းရှန်၏ ကင်းထောက်ဒရုန်း စောင့်ကြည့်စက်ကွင်း၌ အချက်ပြမှုများ lag နေပြီး လိုင်းများတုန်ခါကာ ထူးဆန်းသော ဆူညံသံများပေါ်လာ၏။ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း လင်းရှန် ချက်ချင်းသိလိုက်သည်။ ရှေ့ရှိမြင်ကွင်းမှာ မှောင်မိုက်နေသော တွင်းနက်ကြီးအတိုင်းပင်။ သူသည် မျက်မှောင်ကြုတ်လိုက်ပြီး ဒရုန်း၏ မြင်ကွင်းစနစ်ကို ထပ်မံလှည့်ပတ်ကြည့်လိုက်၏။ အချက်ပြမှုမတည်ငြိမ်ခြင်းကြောင့် ဒရုန်းမှာ lag၍ လည်ပတ်နေပြီး ဝါးတားတားဖြစ်နေသောမြင်ကွင်းများမှာ နောက်ဘက်သို့ ကူးပြောင်းသွားသည်။ ထိုခဏတွင်ပင် မမျှော်လင့်ထားသော အရိပ်တစ်ခု မြင်ကွင်းထဲ၌ ပေါ်လာလေသည်။
၎င်းမှာ မြွေရှည်ကြီးများကဲ့သို့ တွန့်လိမ်နေသော အနက်ရောင်တီကောင်နှင့်တူသော သတ္တဝါအုပ်ကြီးဖြစ်ပြီး လှိုဏ်ခေါင်းတစ်ခုလုံးကို ပြည့်နှက်သွားစေနိုင်လောက်အောင် ကြီးမားလှသည်။ ဒရုန်း၏ မြင်ကွင်းတွင် ထိုအရာကြီး ပေါ်လာသောအခါ လင်းရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ရှေ့တွင် လူခြေထောက်ပြတ်တစ်စုံ ထပ်မံပေါ်လာသည်ကို တုန်လှုပ်ဖွယ် တွေ့လိုက်ရပြန်သည်။ ၎င်းတို့မှာ ဒူးခေါင်းမှနေ၍ လုံးဝ ပြတ်တောက်နေသည်။ ထိုခြေထောက်ပြတ်များ၏ ဖြူဖျော့ပြီး ပုပ်ပွနေသော အသားစများထဲမှ ထူထပ်လှသော အနက်ရောင် တီကောင်များမှာ လှိုဏ်ခေါင်းတစ်ခုလုံးကို ဖုံးလွှမ်းလျက် ထွက်ပေါ်လာနေကြခြင်း ဖြစ်သည်။
လင်းရှန်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကာ မသိမသာအသက်ရှူလိုက်မိသည်။ သူတို့ အစောပိုင်းက မြင်တွေ့ခဲ့ရသည်မှာ ခြေထောက်ပြတ်တစ်စုံတည်း မဟုတ်ဘဲ ဧရာမ လှိုဏ်ခေါင်းသတ္တဝါကြီးတစ်ကောင်ဖြစ်နေကြောင်း သူ သိလိုက်ရသည်။ ထူးဆန်းသည်မှာ ထိုလူ့ခြေထောက်ပြတ်များမှလွဲ၍ ကျန်ရှိသော သတ္တဝါကြီး၏ ကိုယ်ထည်တစ်ခုလုံးမှာ မမြင်ရသော အခြေအနေတွင် ရှိနေခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် အားဖေး၏ အာရုံခံစားမှုကြောင့်သာမဟုတ်ပါက လင်းရှန်တို့ဘက်မှ စွမ်းအားဝတ်စုံ ၏ စောင့်ကြည့်ရေးစနစ်နှင့် ရေဒါစနစ်များဖြင့်ပင် ထိုအရာကို မရိပ်မိနိုင်ပေ။ အကယ်၍ သူတို့သာ ဇွတ်အတင်း ဆင်းသွားခဲ့ပါက အကိုက်ခံရသည့်တိုင်အောင် ဘာက ကိုက်လိုက်သည်ကို သိနိုင်မည် မဟုတ်ဘဲ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဝုန်း...
ဤအချိန်တွင် လှိုဏ်ဂေါင်းအတွင်းရှိ မရေမတွက်နိုင်သော အနက်ရောင်တီကောင်သတ္တဝါကြီးမှာ ဒရုန်းကို ဝါးမျိုတော့မည့်အလား တစ်ဟုန်ထိုးပြေးဝင်လာသည်။ လင်းရှန်၏ lagနေသော မြင်ကွင်းထဲတွင် မြွေရှည်ကြီးများစွာ မှန်ဘီလူးကို ဖြတ်ကျော်သွားသည်ကို မြင်လိုက်ရပြီး ပို၍ ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းက ပေါ်လာသည်။ ထိုအနက်ရောင်တီကောင်များကြားတွင် ဝါးမျိုခံထားရသော်လည်း မကြေညက်သေးသော လူ့အကြွင်းအကျန်များစွာ ပေါ်ထွက်လာသည်။ အချို့မှာ အရိုးစုများဖြစ်နေပြီး အချို့မှာ ခြေလက်အင်္ဂါများပြတ်တောက်နေကြသည်။ ၎င်းတို့အနက် အချို့မှာ မြင့်မြတ်မြို့တော်၏ စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားကြသဖြင့် သေဆုံးသည်မှာ မကြာသေးကြောင်း သိသာလှသည်။
ထို့နောက်တွင် မြင်ကွင်းမှာ ရပ်တန့်သွားတော့သည်။ ဒရုန်း ပျက်စီးသွားခြင်းလော သို့မဟုတ် အချက်ပြမှု လုံးဝ ပြတ်တောက်သွားခြင်းလောဆိုသည်ကို လင်းရှန် မသေချာပေ။
“ဘယ်လိုနေလဲ” ကီကီ က မေးလိုက်သည်။
“အဲ့ဒီလှိုဏ်ခေါင်းက တစ်နေရာရာကို ဆက်သွယ်ထားတာပဲ။ မြင့်မြတ်မြို့တော်အဖွဲ့ဝင်တွေ ဒီနေရာမှာ ပေါ်လာပေမဲ့ မမြင်ရတဲ့ မွန်းစတားကြီးက ရေဆိုးထုတ်ပြွန်ကို ပိတ်ထားတယ်”
လင်းရှန်က ပြန်ဖြေလိုက်သည်။
“မမြင်ရတဲ့ မွန်းစတားကြီးဟုတ်လား”
ကီကီက မျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်လောက်တောင် ကြီးတာလဲ”
လင်းရှန်က ခေါင်းခါလိုက်သည်၊၊
“ပုံစံအပြည့်အစုံကိုတော့ မမြင်ရဘူး။ ဒါပေမဲ့ အဲ့ဒီလောက် အမှောင်စွမ်းအားတွေ ထွက်နေတာဆိုတော့ သာမန်တော့မဟုတ်နိုင်ဘူး”
ဤနေရာတွင် လင်းရှန် တစ်ခုခုကို စဉ်းစားမိသွားပြီး ကီကီကို ပြောလိုက်သည်။
“ကီကီ... မင်း အရင်က ဖက်ဒရေးရှင်းဆီကနေ ရထားတဲ့ အချက်အလက်တွေကို ပြန်ကြည့်ပါဦး။ ဒီအကျဉ်းထောင်အကြောင်းကို စစ်ဆေးကြည့်… အကယ်၍ ဒီလမ်းကြောင်းက စစ်တပ်နဲ့ ပတ်သက်နေမယ်ဆိုရင် မြင့်မြတ်မြို့တော်အဖွဲ့ဝင်တွေ အောက်မှာဘာလုပ်နေလဲဆိုတာ ငါတို့ သိနိုင်လိမ့်မယ်”
“ဟုတ်သားပဲ”
ကီကီသည် စွမ်းအားဝတ်စုံ၏ AI စနစ်ကို ချက်ချင်း အသုံးချလိုက်သည်။ သူမ၏ အချက်အလက်စင်တာတွင် ထိုသတင်းအချက်အလက်များကို ကြိုတင်ထည့်သွင်းထားပြီးဖြစ်ရာ ပင်လယ်ပြင်ရှိ ကျောက်ဆောင်အကျဉ်းထောင်နှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေလိုက်သည်။
မကြာမီတွင် ကီကီသည် အချက်ပြမျက်နှာပြင်ကြည့်ရင်း အံ့သြသံတစ်ခုထွက်ပေါ်လာသည်။
“ဘယ်လိုနေလဲ”
“လင်းရှန်... ရှင် ခန့်မှန်းတာ မှန်တယ်”
ကီကီသည် လျှို့ဝှက်ပုံကြမ်းတစ်ခုကို ဟိုလိုဂရမ်မျက်နှာပြင်ပေါ်တွင် ချဲ့ပြလိုက်သည်။ ဘေးရှိ နန်ကျင်းနှင့် လုရှင်းချန်တို့လည်း ချက်ချင်းပင် လှမ်းကြည့်လိုက်ကြ၏။ နန်ကျင်းက ကြည့်လိုက်ပြီးနောက် မအောင့်နိုင်ဘဲ အော်ဟစ်လိုက်မိသည်။
“G085-လျှို့ဝှက်နျူကလီးယားရေငုပ်သင်္ဘောဆိပ်ကမ်း ဟုတ်လား”
နျူကလီးယား ရေငုပ်သင်္ဘောများ၏ ရေအောက်လျှို့ဝှက်ဆိပ်ကမ်း... ပင်လယ်ကျောက်ဆောင်ကျွန်း၏ အကျဉ်းထောင်အောက်ခြေတွင် ဤမျှအရေးပါသော စစ်အခြေစိုက်စခန်းတစ်ခု ရှိနေလိမ့်မည်ဟု လင်းရှန် တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
“မထူးဆန်းတော့ဘူး… ဒီလောက်ကြီးတဲ့ စစ်အခြေစိုက်စခန်းရှိနေမှတော့ မြင့်မြတ်မြို့တော်အဖွဲ့ဝင်တွေ ဒီမှာပုန်းအောင်းပြီး ခြေကုပ်စခန်းအဖြစ် သုံးနေတာ အဓိပ္ပာယ်ရှိသွားပြီ”
ကီကီက အခြေအနေကို သဘောပေါက်သွားသည့် ဟန်ဖြင့် ပြောလိုက်သည်။
“မြင့်မြတ်မြို့တော်က ကျွန်မတို့ကို ခြုံခိုတိုက်ခိုက်ဖို့ ကြိုတင်ပြင်ဆင်ထားတာဆိုရင် ဒီနေရာက ဘယ်လိုဖြစ်ပြီး ပျက်စီးသွားရတာလဲ”
နန်ကျင်းက မျက်မှောင်ကြုတ်လျက် မေးမြန်းသည်။
“ဒါမှမဟုတ် ဒီခြေကုပ်စခန်းက အစကတည်းက အကုန်ဖျက်ဆီးခံထားရတာလား”
“ဖြစ်နိုင်ခြေအရမ်းများတယ်”
လင်းရှန်က တည်ငြိမ်သောအသံဖြင့် ပြန်ဖြေသည်။
“ဒါပေမဲ့ ငါ အကျဉ်းထောင်ထဲက ဖုတ်ကောင်တွေကို စစ်ဆေးကြည့်တော့ သူတို့က မြင့်မြတ်မြို့တော်အဖွဲ့ဝင်တွေ မဟုတ်ကြဘူး။ ဆိုလိုတာက သူတို့ ဒီမှာအခြေချနေတာ သိပ်မကြာသေးဘူး၊၊ အခုတလောမှ ရောက်လာတာဖြစ်ရမယ်”
ကီကီက ခေါင်းညိတ်သည်၊၊
“ဒီနေရာမှာ တစ်ခုခုဖြစ်ခဲ့လို့ပဲ ဒီဘေးမဲ့ဒေသကြီး ပျက်စီးသွားပြီး မြေအောက်လမ်းကြောင်းတွေထဲကို သန္ဓေပြောင်းမွန်းစတားတွေ ကျူးကျော်ဝင်ရောက်လာတာ ဖြစ်လိမ့်မယ်”
လုရှင်းချန်က လက်ပိုက်ပြီးမေးသည်၊၊
“ဒါဆိုရင် ငါတို့ ဒီကို လာခဲ့တာ အလကားဖြစ်သွားပြီပေါ့ ဟုတ်လား”