အခန်း (၉၇၂-၉၇၃)
Vol. 55 Ch. 972-973
Chapter 972
စွန့်ပစ်ထားသော အခြေစိုက်စခန်း (၁)
လင်းရှန်၏ အကြည့်များ စူးရှသွားသည်၊၊
“အနည်းဆုံးတော့ သူတို့ဘယ်လိုရောက်လာပြီး ဘယ်လိုပြန်ဖို့ စီစဉ်ထားလဲဆိုတာကို ငါတို့ အကြမ်းဖျင်းသိသွားပြီ”
“ရေငုပ်သင်္ဘောကို ပြောတာလား” ကီကီက မေးလိုက်သည်။
လင်းရှန်သည် သိုလှောင်ရုံရှိ ကျင်းကြီးကို စောင့်ကြည့်နေသည့် ဒရုန်းကို ကြည့်လိုက်သည်။ အနက်ရောင် တီကောင်မွန်းစတားကြီး တက်မလာသည်ကို အတည်ပြုပြီးနောက် ပြောလိုက်သည်၊၊
“ဒါပေမဲ့ တားမြစ်ပစ္စည်းကို သုံးသွားတဲ့ သက်လတ်ပိုင်းအမျိုးသားကိုတော့ အခုထိ ရှာမတွေ့သေးဘူး။ ပြီးတော့ ရေငုပ်သင်္ဘောတွေက ရေနက်ပိုင်းကနေ သွားတာဆိုတော့ သီအိုရီအရ ရေမျက်နှာပြင်ထက် ပိုအန္တရာယ်များရမှာ။ ဒါပေမဲ့ ဒီအချက်က ဘယ်လိုမှ မရှင်းပြနိုင်ဖြစ်နေတယ်...”
ကီကီ၏ မျက်နှာတွင် စိုးရိမ်မှုများ ပေါ်လာသည်။
“အစ်မချန်တို့ဘက်ကရော ဘယ်လိုနေမလဲ မသိဘူး။ အမှောင်အမှတ်အသားကို ဖျက်ပစ်နိုင်ပါ့မလား။ မဟုတ်ရင်တော့ မြင့်မြတ်မြို့တော်က ဆွဲဆောင်ထားတဲ့ ဒီသန္ဓေပြောင်းမွန်းစတားတွေက ကျွန်မတို့ရဲ့ အနန္တရထားကြီးတစ်စီးလုံးကို ဝါးမျိုသွားလိမ့်မယ်”
ထိုစကားကို ကြားသောအခါ လင်းရှန်၏ မျက်နှာထားက တည်ကြည်သွားသည်။ သူ၏ ဆက်သွယ်ရေးဒရုန်းများမှာ နယ်မြေကျော်လွန်၍ ချန်ဆီရွှမ်တို့ရှိရာသို့ မရောက်နိုင်သဖြင့် သူ၏စိတ်ထဲတွင် မတင်မကျဖြစ်နေမိ၏။ မူလက သူ၏အစီအစဉ်မှာ မြင့်မြတ်မြို့တော်၏ အသိုက်ကို တိုက်ရိုက်တိုက်ခိုက်ရန် ဖြစ်သည်။ သို့မှသာ ညရောက်သည့်အခါ ၎င်းတို့အနေဖြင့် အနန္တရထားကြီးအပေါ် ထပ်မံလှုပ်ရှားနိုင်တော့မည် မဟုတ်ပေ။ ဤကဲ့သို့ မွန်းစတားများဝိုင်းရံထားသည့် အခြေအနေမျိုးတွင် ရိုးရှင်းသော ဖြားယောင်းဆေးရည်တစ်ခုတည်းဖြင့်ပင် သူတို့ကို အကျပ်အတည်းဖြစ်အောင် ပြုလုပ်နိုင်လေ၏။ ထို့ကြောင့် လင်းရှန်သည် ချန်ဆီရွှမ်ကို အဖွဲ့တစ်ဖွဲ့ဦးဆောင်စေကာ နေရာရွှေ့ပြောင်းခြင်းနှင့် အမှတ်အသားဖျက်ခြင်းကို လုပ်ဆောင်စေခဲ့ခြင်း ဖြစ်သည်။ လင်းရှန်ကိုယ်တိုင်မူ တားမြစ်ပစ္စည်းဖြင့် ထွက်ပြေးသွားသော ထိုလူကြောင့် စိတ်မအေးနိုင်သဖြင့် နောက်မှ လိုက်လံစုံစမ်းနေခြင်း ဖြစ်သည်။
မြေအောက်အသိုက်သို့ မဝင်နိုင်မီမှာပင် လှိုဏ်ခေါင်းအတွင်းမှ အမှောင်စွမ်းအားများ ပေါက်ကွဲထွက်နေသည့် မမြင်ရသော သန္ဓေပြောင်းမွန်းစတားကြီးက ပိတ်ဆို့ထားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ ထိုမွန်းစတားကြီးမှာ အလွန်ကြီးမားသော်လည်း အထူးအဆင့် သို့မဟုတ် အဆင့် A အဆင့်မျိုး မဟုတ်သေးပေ။ သို့သော်လည်း ခြိမ်းခြောက်မှုအပိုင်းတွင်မူ S-Class အဆင့်ရှိ အမှောင်စွမ်းအား စုစည်းမှုမျိုးနှင့် နီးစပ်နေသည်ဟု လင်းရှန် ခံစားရသည်။ မဟုတ်ပါက အားဖေးအပေါ် ထိုမျှအကျိုးသက်ရောက်မှု ရှိလိမ့်မည်မဟုတ်ပေ။
“အဲ့ဒီအရာက လမ်းကို ပိတ်ထားတာဆိုတော့ ငါတို့ ဖြတ်သွားလို့ မရတာ သေချာတယ်။ ဒါပေမဲ့...”
နန်ကျင်းက မေးလိုက်သည်၊၊
“အောက်မှာရှိတဲ့ လူတွေက အကုန်လုံး ထွက်သွားကြပြီလား”
“ထွက်သွားကြပြီဆိုရင်တော့ ပိုကောင်းတာပေါ့”
ကီကီက ပြန်ဖြေသည်။
“ကျွန်မတို့ စိုးရိမ်တာက သူတို့ ညဘက်မှာ ကျွန်မတို့ကို ထပ်တိုက်ခိုက်မှာကိုပဲ။ ဒီညကိုသာ ဖြတ်ကျော်နိုင်ရင် ဒီနေရာကနေ ကျွန်တို့ ထွက်သွားကြမှာပဲလေ။ ဒီအခြေစိုက်စခန်းကိုလည်း ဒီလောက်စိတ်မဝင်စားပါဘူး”
လင်းရှန် အတွေးနက်နေစဉ် ဂူကျန်း၏ အသိစိတ်ပုံရိပ်တစ်ခု သူ၏မျက်စိရှေ့တွင် ထပ်မံဖျတ်ခနဲ ပေါ်လာပြီး ခေါင်းထဲ၌ စူးခနဲ နာကျင်သွားသည်။ ထိုခဏတွင်ပင် စည်တီးသံကဲ့သို့သော အနိမ့်သံတစ်ခုကို သူ ကြားလိုက်ရသည်။ သူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“အဲ့ဒီအသံက ဘာလဲလို့ ငါသိချင်နေတာ... အခုမှ နားလည်တော့တယ်… အဲ့ဒါ ရေငုပ်သင်္ဘောထဲက အသံပဲ”
“ကပ္ပတိန်လင်း”
နန်ကျင်းက လင်းရှန်ကို လှမ်းကြည့်လိုက်သည်။
“ရေမျက်နှာပြင်ပေါ်က အဖွဲ့အပြင် မြင့်မြတ်မြို့တော်မှာ ရေငုပ်သင်္ဘောတပ်ဖွဲ့လည်း ရှိနေတာပဲ”
လင်းရှန် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်နှာထားမှာ တင်းမာနေသည်။
“လင်းယုန်အုပ်စုတောင်မှ အန္တရာယ်ရှိတဲ့ ပင်လယ်ပြင်တွေမှာ မသွားရဲကြဘူး၊၊ သူတို့ကျမှ ဘယ်လိုလုပ်ပြီး ရေနက်ပိုင်းထဲအထိ ငုပ်လျှိုးပြီး သွားလာရဲနေကြတာလဲ...”
ကီကီက လင်းရှန်ကို ကြည့်ကာ မေးလိုက်သည်။
“သူတို့မှာ သန္ဓေပြောင်းမွန်းစတားတွေကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းတစ်ခုခု ရှိနေတယ်လို့ ရှင်သံသယဝင်နေတာလား”
လင်းရှန်က ခေါင်းခါပြပြီး ကီကီကို အလေးအနက်ပြောလိုက်သည်။
“မြင့်မြတ်မြို့တော်က အမှောင်ယဉ်ကျေးမှုနဲ့ တကယ်ပဲ အဆက်အသွယ်ရှိတယ်ဆိုရင်… နောက်ပြီး လူသားတွေထဲက အမှောင်ယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အမှောင်ဂိုဏ်း… သူတို့မှာ အဲ့ဒီလိုနည်းလမ်းမျိုးရှိနေတာက အဓိပ္ပာယ်ရှိနေတယ်”
“ဟုတ်တယ်၊၊ သူတို့က သစ္စာဖောက်တွေဆိုရင် အမှောင်ယဉ်ကျေးမှုက သူတို့ကို လမ်းကြောင်းဖြတ်သန်းခွင့်လက်မှတ်တစ်မျိုးမျိုး ပေးထားတာမျိုးလည်း ဖြစ်နိုင်တာပဲ...”
ကီကီက ပြောသည်။
“လမ်းကြောင်းဖြတ်သန်းခွင့်လက်မှတ်”
“ကျွန်မက ဒီအတိုင်း ဥပမာပေးပြောတာပါ။ အဲ့ဒီလိုမျိုးပေါ့။ အမှောင်ယဉ်ကျေးမှုက သူတို့ကို မဟာမိတ်လို့ သတ်မှတ်ထားတယ်ဆိုရင် သန္ဓေပြောင်းမွန်းစတားတွေက သူတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူးလေ”
ကီကီက ရှင်းပြသည်။
နန်ကျင်းက မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဒါပေမဲ့ ဒီနေ့ နေ့လယ်ကတော့ သူတို့အဖွဲ့လည်း တိုက်ခိုက်ခံခဲ့ရတာပဲ မဟုတ်လား”
“ဒါကို ငြင်းခုံနေလို့ အကျိုးမရှိဘူး” လင်းရှန်က ကြားဖြတ်ပြောလိုက်သည်။
“အခု ငါတို့ ဒီကို ရောက်နေပြီဆိုမှတော့ ဒီရေငုပ်သင်္ဘောအခြေစိုက်စခန်းကို စုံစမ်းရမှာပဲ။ သူတို့ တိုက်ခိုက်လာမှာကို ထိုင်စောင့်နေတာထက် ကိုယ့်ဘက်ကနေ စတင်လှုပ်ရှားတာက ပိုကောင်းတယ်။ နောက်ပြီး ဒီလို စစ်အခြေစိုက်စခန်းမျိုးမှာ ငါတို့အတွက် အသုံးဝင်မယ့်အရာတွေ ရှိနေနိုင်တယ်”
“နျူကလီးယား ရေငုပ်သင်္ဘောတွေလိုမျိုးလား” ရှောင်ချင်းက တိုးတိုးလေးမေးလိုက်သည်။
“ဒါမှမဟုတ် တားမြစ်ပစ္စည်းတစ်ခုခု ဒါမှမဟုတ် ကပ်ဘေးပင်လိုမျိုးတွေ ဖြစ်နိုင်တယ်” လင်းရှန်က ပြောသည်၊၊
“ဒါပေမဲ့... ကျွန်မတို့ ဘယ်လိုဝင်မလဲ” နန်ကျင်းက မေးသည်။
“ဝင်ဖို့ နည်းလမ်းအများကြီး ရှိပါတယ်”
ကီကီက သူမ၏ လက်ကိုင် terminal ကို လျင်မြန်စွာ အသုံးချပြီး အခြေစိုက်စခန်း၏ ပုံစံကြမ်းကို ရှာဖွေလိုက်သည်။
“ဒီရေငုပ်သင်္ဘောဆိပ်ကမ်းက အပြင်ဘက်ကို ထွက်တဲ့ အပေါက်မရှိဘူး။ ဆိုလိုတာက ဒါဟာ လျှို့ဝှက်ချက်အလွန်မြင့်မားတဲ့ အတွင်းပိုင်းဆိပ်ကမ်းပဲ။ ကျွန်းပေါ်က တောင်ကိုယ်ထည်ထဲမှာ တည်ဆောက်ထားတာ။ ကြည့်လိုက်ဦး… ဒီကျွန်းရဲ့ တောင်မျက်နှာပြင်က အရမ်းထူးခြားတယ်။ မြေအောက်မှာ ဟာလာဟင်းလင်းဖြစ်နေပြီး ရေနက်ပိုင်းချောက်ကမ်းပါးယံရှိနေတာကြောင့် ဒါဟာ အလွန်ကောင်းမွန်တဲ့ လျှို့ဝှက်အခြေစိုက်စခန်းတစ်ခုပဲ။ ဒီမှာရေငုပ်သင်္ဘောတွေကို ရိက္ခာဖြည့်တာ ဒါမှမဟုတ် ပြုပြင်တာတွေ လုပ်ခဲ့မယ်ဆိုရင် ဂြိုဟ်တုတွေက လုံးဝ ရှာတွေ့နိုင်မှာ မဟုတ်ဘူး...”
ကီကီက အော့ဖ်လိုင်းမြေပုံပေါ်ရှိ ချိုင့်ဝှမ်းတစ်ခုကို ညွှန်ပြလိုက်သည်။
“ဒီမှာလျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိတယ်။ မိုင်းတွင်းတစ်ခုလိုပဲ၊၊ ဒါပေမဲ့ ချိတ်ပိတ်ထားတယ်။ အဲ့ဒါက တကယ့်ဝင်ပေါက်ပဲ။ အကျဉ်းထောင်အောက်က ရေဆိုးထုတ်လမ်းကြောင်းကတော့ အရန်အဝင်ပေါက်ပဲဖြစ်လိမ့်မယ်။ အဲ့ဒီအဝင်ပေါက်က အကျဉ်းထောင် အဆောက်အအုံ (၁) အောက်မှာ ရှိတယ်၊၊ အခုဒီသိုလှောင်ရုံအောက်က အပေါက်ကတော့ ဗုံးဒဏ်ကြောင့် မတော်တဆပွင့်သွားတာ ဖြစ်ရမယ်။ ဒီလမ်းကြောင်းနှစ်ခုအပြင် နောက်ထပ်ဝင်လို့ရမယ့် နည်းလမ်းကတော့ ရေငုပ်သင်္ဘောတွေ ဝင်ထွက်တဲ့ ရေနက်ပိုင်းရေပေါ်ဆိပ်ကမ်းလမ်းကြောင်းကပဲ ရှိတော့တယ်”
“ရေနက်ပိုင်းရေပေါ်ဆိပ်ကမ်းကို ထားလိုက်ပါ၊ ကုန်းတွင်းပိုင်းလမ်းကြောင်းနှစ်ခုကိုပဲ အရင်စမ်းကြည့်ရအောင်”
လင်းရှန်က ပြောလိုက်သည်။
“ဒီလမ်းကြောင်းမှာတော့ အဲ့ဒီမွန်းစတားရှိနေတာဆိုတော့ ဟိုဘက်က တောင်ကြားအဝင်ပေါက်ကနေ ဝင်ဖို့ ကြိုးစားကြည့်မလား”
နန်ကျင်းက အကြံပြုသည်။
လင်းရှန်နှင့် ကီကီတို့သည် ပုံစံကြမ်းများကို ခွဲခြမ်းစိပ်ဖြာကြည့်ရာ အဝင်ပေါက်အဆောက်အအုံမှာ အလွန်အဆင့်မြင့်သည့် နည်းပညာများ အသုံးပြုထားကြောင်း တွေ့ရသည်။ သို့သော် ဤလျှို့ဝှက် ရေငုပ်သင်္ဘောဆိပ်ကမ်းမှာ ဟောင်းနွမ်းနေပုံရသည်။ ဖက်ဒရေးရှင်းအစိုးရ စတင်ထူထောင်စဉ်ကတည်းက အဓိကကျသော နိုင်ငံတော်၏ လျှို့ဝှက်လက်နက်ကိုင်တပ်ဖွဲ့များသည် နဂါးနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် စုစည်းခဲ့ကြပြီး ဤအခြေအနေများကြားမှ စတားဖလိ့စစ်တပ်က ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
“ဒီဒီရေလှိုင်း သက်သာစေမယ့် လမ်းကြောင်းနဲ့ ရေငုပ်သင်္ဘောအခြေစိုက်စခန်းကို ဒီရေလွှဲဖို့နဲ့ အရေးပေါ်အခြေအနေတွေအတွက် တစ်ဆက်တည်း ပုံစံထုတ်ထားတာပဲ။ အကယ်၍ သန္ဓေပြောင်းမွန်းစတားတွေက ဒီလမ်းကြောင်းထဲကို ကျူးကျော်ဝင်ရောက်နေပြီဆိုရင် အခြေစိုက်စခန်းကလည်း လုံခြုံမှာ မဟုတ်တော့ဘူး”
လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။ အမှတ်အသား အသေးအမွှားလေးတစ်ခုကပင် အသက်အန္တရာယ်ပေးနိုင်သောကြောင့် သူသည် ပုံမှန်အားဖြင့် ညဘက် လှုပ်ရှားလေ့မရှိချေ။ သို့သော် ယခုအခါ ဝိုင်းရံခြင်းခံထားရပြီး ဧရာမ သမုဒ္ဒရာနတ်ဘုရားကြီးကလည်း အနီးအနားတွင် ပုန်းအောင်းနေနိုင်ခြေ ရှိသည်။ မြင့်မြတ်မြို့တော်က သူတို့ကို ပစ်မှတ်ထားနေမှန်းသိလျက်နှင့် သူ ငြိမ်ခံနေ၍ မရတော့ပေ။
ထို့အပြင် ပင်လယ်လင်းယုန်အုပ်စုမှ ရိုင်ယန်ပြောပြချက်အရ တားမြစ်ပစ္စည်းတစ်ခုသည် ဂါလန်ရေအောက်မီးတောင်ကို သက်ရောက်မှုရှိနိုင်သည်ဟု ဆိုသည်။ ၎င်းမှာ ထွက်ပြေးသွားသော သက်လတ်ပိုင်းအမျိုးသားနှင့် ဆက်စပ်နေပုံရပြီး ထိုမသေချာမှုများကို ဖြေရှင်းရမည်ဟု လင်းရှန် ခံစားနေရသည်။
“အလောတကြီးမလုပ်နဲ့ဦး။ အမှောင်ထဲမှာ လှုပ်ရှားရတာက အဆင်မပြေဘူး။ ဒီကျွန်းက သေးပေမဲ့ လုံးဝ အန္တရာယ်မကင်းဘူး။ ဗိုင်အိုလာက ဒီမှာမရှိပေမဲ့ ငါ စက်ရုပ်တစ်ရုပ် လွှတ်လိုက်မယ်။ လုံခြုံရေးအတွက် လမ်းကြောင်းအမှတ်တွေမှာ စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုးတွေကို စကင်ဖတ်ခိုင်းလိုက်မယ်”
ကီကီက ခေါင်းညိတ်လိုက်သည်၊၊
“သဘောတူတယ်”
လင်းရှန် လက်တစ်ဖက် မြှောက်လိုက်ရာ ကြယ်နက်ပန်းပဲဖိုမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ရွှန်း၏ စက်ရုပ်နှင့် ဆင်တူသော ACT မီကာစက်ရုပ်တစ်ရုပ် ပေါ်ထွက်လာသည်။ လင်းရှန်သည် ၎င်းကို ဧရာမ စက်ရုပ်ကြီးများအား ထိန်းချုပ်နိုင်ရန်အတွက် အာရုံကြောဆက်သွယ်မှုစနစ်ကို စမ်းသပ်ရာတွင် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ပျံသန်းရေးဒရုန်းများထက် သာလွန်သော အဝေးထိန်းစနစ်များကို ထည့်သွင်းထားသည်။ အခြားနည်းလမ်းမရှိတော့သဖြင့် ၎င်းကို ဗိုင်အိုလာ၏ကိုယ်စား အဝေးထိန်းစနစ်ဖြင့် စူးစမ်းရန် အသုံးချလိုက်ခြင်း ဖြစ်သည်။
လင်းရှန်က ထိန်းချုပ်မှုကို ကီကီထံ လွှဲပြောင်းပေးလိုက်ရာ သူမသည် လျင်မြန်စွာပင် တာဝန်ယူကာ လမ်းကြောင်းအမှတ်များကို သတ်မှတ်လိုက်သည်။ မကြာမီတွင် ညမျှော်စင်ပေါ်မှ လူသားပုံစံ စက်ရုပ်တစ်ရုပ်သည် ကင်းထောက်ဒရုန်းများနှင့်အတူ အဆောက်အအုံမြင့်ကြီးပေါ်မှ တောအုပ်အတွင်းသို့ လျင်မြန်စွာ ဆင်းသက်သွားသည်။ ၎င်းကြောင့် အကျဉ်းထောင်မှ ထွက်ပြေးလာသော ဖုတ်ကောင်များ လန့်ဖျတ်ကုန်ကြပြီး အမှောင်ညထဲတွင် အော်သံများ ဆူညံသွားလေသည်။
တစ်ချိန်တည်းမှာပင် လင်းရှန်သည် ကျွန်းမကြီးနှင့် ဆက်သွယ်နိုင်ရန် ဒရုန်းများဖြင့် သတင်းအချက်အလက်ကွင်းဆက်များကို ပြန်လည်တည်ဆောက်ရန် စတင်လိုက်သည်။ ပြင်းထန်သော လှိုင်းလုံးများကြောင့် ဒရုန်းများမှာ လှိုင်းဒဏ် သို့မဟုတ် သန္ဓေပြောင်းသတ္တဝါများကြောင့် ပျက်စီးနိုင်ခြေရှိသော်လည်း ၎င်းတို့ကို ပြန်လည်ဖန်တီး၍ရသလို သန္ဓေပြောင်းမွန်းစတားများကလည်း သူရှိရာနေရာကို အတိအကျမသိနိုင်ပေ။ လက်ရှိတွင် အဓိကဦးစားပေးမှာ အခြေစိုက်စခန်း၏ လုံခြုံရေးအတွက် အနန္တရထားကြီးနှင့် အမြန်ဆုံးဆက်သွယ်ရန်ပင် ဖြစ်သည်။
မျှော်စင်ကြီးမှာ တိတ်ဆိတ်စွာ တည်ရှိနေပြီး အဖွဲ့သားများသည် စွမ်းအားဝတ်စုံ၏ အလင်းမျက်နှာပြင်မှတစ်ဆင့် ဆက်သွယ်နေကြသည်။ ဝတ်စုံအပြင်ဘက်တွင် စွမ်းအင်လှိုင်းများက ခပ်ဖျော့ဖျော့လင်းလက်နေသည်။ ပတ်ဝန်းကျင်မှာ သေလောက်အောင် တိတ်ဆိတ်နေသော်လည်း ဤအမှောင်ထုထဲတွင် အဖွဲ့သားများမှာ အတွေ့အကြုံရင့်ကျက်ပြီးသား ဖြစ်သည်။ ကွင်းပြင်ကြီးများ၏ အမှောင်ရိပ်ထဲတွင် အဆင့် C သို့မဟုတ် အဆင့် D ရှိသော သန္ဓေပြောင်းမွန်းစတားများ ရှိနေနိုင်သဖြင့် အန္တရာယ်ကြီးလှသည်။
Chapter 973
စွန့်ပစ်ထားသော အခြေစိုက်စခန်း (၂)
ကီကီ၏ ထိန်းချုပ်ရေးမျက်နှာပြင်တွင်မူ သူမသည် ACT စက်ရုပ်နှင့် အပြည့်အဝ ပေါင်းစည်းထားပြီး ကျွန်းနှင့် လီတောင်၏ အနောက်မြောက်ဘက်ခြေရင်းရှိ တွန့်လိမ်နေသော တောင်တက်လမ်းအတိုင်း အမြန်နှုန်း မြှင့်တင်မောင်းနှင်နေသည်။ မျက်နှာပြင်ရှိ ညကြည့်မြင်ကွင်းတွင် စွန့်ပစ်ထားသော စစ်ဆေးရေးဂိတ်တစ်ခု ပေါ်လာသည်။ ACT စက်ရုပ်သည် အတားအဆီးများကို ဖြတ်ကျော်ကာ တောင်အတွင်းရှိ ဗုံးဒဏ်ခံ အဝင်ပေါက်ကြီးတစ်ခုဆီသို့ ရှေ့ဆက်သွားသည်။
၎င်းမှာ ဧရာမ ပေါက်ကွဲမှုဒဏ်ခံ တံခါးကြီးတစ်ခုဖြစ်သည်။ ကီကီက အနားသို့ ချဉ်းကပ်ကာ ဘေးဘက်ရှိ ထိန်းချုပ်မျက်နှာပြင်အဖုံးကို ဖွင့်လိုက်ရာ ဟောင်းနွမ်းနေသော အဝင်ကုဒ်ရိုက်နှိပ်သည့် အပြားတစ်ခု ပေါ်လာသည်။
“အချိန်အတော်ကြာအောင် အသုံးမပြုထားတဲ့ ပုံပဲ...”
ကီကီက တိုးတိုးလေး ရေရွတ်ရင်း ACT စက်ရုပ်ကို ထိန်းချုပ်ကာ ထိန်းချုပ်မှုစနစ်နှင့် ချိတ်ဆက်ပြီး လျှပ်စစ်ဖြင့် တံခါးဖွင့်ရန် စတင်လိုက်သည်။ သံချေးတက်နေသော တံခါးမှ ဆားကစ်အသံများ ထွက်ပေါ်လာသည်၊၊
“တံခါးပွင့်သွားပြီ”
ကီကီ၏ အသံမှာ ရင်ခုန်စိတ်လှုပ်ရှားမှုနှင့်အတူ ဆက်သွယ်ရေးလိုင်းထဲတွင် ပဲ့တင်ထပ်သွားသည်။
ACT စက်ရုပ်သည် ဧရာမ တံခါးကြီးရှေ့တွင် ရပ်နေပြီး အသစ်ပြန်လည်အသက်သွင်းလိုက်သော အရေးပေါ်ဆားကစ်စနစ်များမှ ခပ်တိုးတိုးမြည်ဟည်းသံများ ထွက်နေသည်။ သံချေးတက်နေသော တံခါးပတ္တာများမှာ ဖြည်းညှင်းစွာ လည်ပတ်သွားပြီး ဘေးတံခါးမှာ ကြိတ်သံကြီးနှင့်အတူ ပွင့်သွားကာ နက်ရှိုင်းသော လမ်းကြောင်းကြီး ပေါ်လာတော့သည်။
မကြာမီတွင် ဘေးတံခါးမှာ ဖြည်းဖြည်းချင်း ပွင့်သွားပြီး ကျယ်ပြောလှသော နေရာလွတ်ကြီးတစ်ခုကို မြင်လိုက်ရသည်။
“အတွင်းထဲမှာ အမှိုက်တွေ အများကြီး ပုံနေတာပဲ၊၊ ဆယ်စုနှစ်နဲ့ချီပြီး ဘယ်သူမှ မထိတွေ့ရသေးတဲ့ ပုံပဲ။ အပြင်တံခါးမှာတော့ ဇွတ်အတင်းဖွင့်ထားတဲ့ ပျက်စီးရာတွေ ရှိနေတယ်၊၊ အသက်ရှင်ကျန်ရစ်သူတွေ လုပ်တာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူတို့ ဒီတံခါးကြီးကိုတော့ မဖောက်နိုင်ခဲ့ကြဘူး...”
လင်းရှန်သည် မျှော်စင်၏ အရိပ်ထဲတွင် ရပ်လျက် ကီကီ၏ ACT စက်ရုပ်မှ ပေးပို့လာသော တိုက်ရိုက်ဗီဒီယိုကို စွမ်းအားဝတ်စုံ၏ အလင်းမျက်နှာပြင်မှတစ်ဆင့် စောင့်ကြည့်နေသည်။ စက်ရုပ်၏ ညကြည့်မြင်ကွင်းက မှောင်မိုက်သော ကမ္ဘာကြီးကို အေးစက်သော မီးခိုးရောင်-အစိမ်းရောင်ပုံရိပ်များအဖြစ် ပြောင်းလဲပေးလိုက်ရာ လောကကြီးတစ်ခုလုံး သေမင်း၏ စစ်ထုတ်မှုအောက် ရောက်နေသကဲ့သို့ပင်။
“လေထုအရည်အသွေး စစ်ဆေးချက် - အောက်ဆီဂျင်နည်းနေတယ်၊၊ စိုထိုင်းဆ မြင့်မားနေပြီး ဟိုက်ဒရိုဂျင်ဆူလ်ဖိုဒ် အနည်းငယ် တွေ့ရတယ်”
ကီကီက လျင်မြန်စွာ အစီရင်ခံသည်။
“ဒီနေရာက ပိတ်ထားတာ ကြာလွန်းနေပြီ၊၊ ရေတွေ ဒါမှမဟုတ် တိုက်စားတတ်တဲ့ ဓာတ်ငွေ့တွေ ရှိနေနိုင်တယ်”
လင်းရှန်က မျက်နှာပြင်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်၊၊
“ထူးဆန်းတယ်၊၊ ငါ မှားသွားတာလား။ လမ်းမကြီးပေါ်မှာတော့ ဘယ်သူမှဖြတ်သွားတဲ့ လက္ခဏာမရှိဘူး။ သူတို့တွေ တကယ်ပဲ ရေဆိုးထုတ်လမ်းကြောင်းကနေ သွားကြတာလား”
ACT စက်ရုပ်သည် အတွင်းသို့ လှမ်းဝင်လိုက်ရာ သံမဏိခြေထောက်များနှင့် ဖုန်ထူသော ကြမ်းပြင်တို့ ထိတွေ့သံမှာ ခပ်တိုးတိုး ထွက်ပေါ်လာသည်။ လမ်းကြောင်းရှိ အရေးပေါ်မီးများမှာ ပျက်စီးနေသဖြင့် စက်ရုပ်၏ ရှေ့မီးအလင်းတန်းကသာ လမ်းပြနေသည်။ မီးရောင်က ဝေ့ဝဲသွားသောအခါ လွင့်ပျံနေသော ဖုန်မှုန့်များမှာ အမှောင်ထုထဲတွင် လွင့်မျောနေသည့် မမြင်ရသော တစ္ဆေသရဲများနှင့်ပင် တူနေတော့သည်။
“ယာဉ်ရပ်နားစခန်းပဲ”
ကီကီက တိုးတိုးလေး ရေရွတ်လိုက်သည်။
စက်ရုပ်၏ မြင်ကွင်းတွင် စစ်သုံးထရပ်ကားများနှင့် သံချပ်ကာယာဉ်တန်းများမှာ အစီရီရပ်နားထားကြသော်လည်း တာယာများမှာ လေလျော့၍ ပြားကပ်နေသည်မှာ ကြာလှပြီဖြစ်သလို ကိုယ်ထည်များပေါ်တွင်လည်း ဖုန်မှုန့်များ ထူထပ်စွာ ဖုံးလွှမ်းနေသည်။ အချို့သော ကားတံခါးများမှာ တစ်ဝက်တစ်ပျက် ပွင့်နေကြရာ တစ်စုံတစ်ယောက်သည် အရေးတကြီးထွက်ခွာသွားပြီးနောက် တစ်ခါမှ ပြန်မလာတော့သည့်အလားပင်။
“ဒီယာဉ်တွေ ဒီမှာရှိနေတာ အနည်းဆုံး ဆယ်စုနှစ်နဲ့ချီနေပြီ” ကီကီ၏ အသံမှာ အနည်းငယ် တင်းမာနေသည်။
“ဆေးသားတွေတောင် အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီး ကွာကျကုန်ပြီပဲ”
လင်းရှန်က ဘာမှပြန်မပြောဘဲ စက်ရုပ်မှတစ်ဆင့် စစ်သုံးဂျစ်ကားတစ်စီးကို သေချာကြည့်နေသည်။ ဒရိုင်ဘာထိုင်ခုံတွင် ဟောင်းနွမ်းနေသော စစ်ယူနီဖောင်းတစ်ထည် ချိတ်ဆွဲထားဆဲဖြစ်ပြီး လက်မောင်းပေါ်ရှိ စစ်သည်နံပါတ်မှာ မှေးမှိန်စွာ ပေါ်နေသည်။
“ရိက္ခာသိုလှောင်ရုံပဲ”
စက်ရုပ်သည် ထူထဲသော ပေါက်ကွဲမှုဒဏ်ခံ တံခါးကြီးကို ဖြတ်ကျော်၍ ရှေ့သို့ ဆက်သွားသည်။
ထိုနေရာတွင် သစ်သားသေတ္တာများနှင့် သံမဏိစင်များပြည့်နှက်နေသော်လည်း ရိက္ခာအများစုမှာ ပုပ်သိုးဆွေးမြည့်နေပြီ ဖြစ်သည်။ အစားအစာ ထုပ်ပိုးအိတ်များမှာ လေလျှော့နေပြီး မှိုတက်နေသလို စည်သွပ်ဗူးများမှာလည်း သံချေးတက်နေသည်။ ထောင့်တစ်နေရာတွင် လောင်စာဆီစည်က အနည်းငယ်ယိုစိမ့်နေပြီး အနက်ရောင်ဆီကွက်များမှာ ကြမ်းပြင်ပေါ်တွင် စေးကပ်သော အကွက်များအဖြစ် ခဲနေလေသည်။
“ဒီမှာလေယာဉ်ရုံလည်း ရှိသေးတာပဲ”
ကီကီက စက်ရုပ်၏ မြင်ကွင်းကို ပြောင်းလဲလိုက်သည်။
လေယာဉ်ရုံမှာ ယာဉ်ရပ်နားစခန်းထက် ပိုမိုကျယ်ဝန်းသော်လည်း ထပ်တူပင် တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဟိုက်ပိုဆိုးနစ်တိုက်လေယာဉ် အနည်းငယ်မှာ ၎င်းတို့၏ နေရာများတွင် ငြိမ်သက်စွာ ရှိနေကြပြီး တောင်ပံမှ အမှတ်အသားများမှာ ကွာကျနေကာ သံချေးတက်နေသော သံခဲများသာ ကျန်တော့သည်။ လေယာဉ်ရုံကို ကျော်လွန်ပြီး တစ်ဖက်ခြမ်းတွင် လက်နက်တိုက်ရှိနေပြီး ရိုင်ဖယ်များ၊ ပစ္စတိုများနှင့် ခဲယမ်းသေတ္တာများ ပြည့်နှက်နေသည်။ သို့သော်လည်း အထူးထိန်းသိမ်းမှု ကိရိယာများထဲတွင် သိမ်းဆည်းထားသဖြင့် အသုံးတည့်နိုင်သေးမည့် အရာများမှလွဲ၍ ကျန်ရှိသော လက်နက်များမှာ သံချေးတက်နေကာ ကျည်ဆန်များမှာလည်း ပုံပျက်ပန်းပျက်ဖြစ်နေပြီဖြစ်သည်။
“ကြည့်ရတာ... နှစ်ပေါင်းများစွာ ပိတ်နေတဲ့ သာမန်စစ်အခြေစိုက်စခန်းတစ်ခုလိုပဲ။ ဒီမှာတစ်ခုခုရှိနေရင်တောင် အကုန်ပျက်စီးနေပြီဆိုတော့ သုံးလို့ရမှာ မဟုတ်တော့ဘူး”
“ဒီအကျဉ်းထောင်ထဲမှာ ပုန်းအောင်းနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေက ဒီနေရာကို ရှာမတွေ့ကြဘူးလား။ စစ်တပ်ကာကွယ်ရေး မရှိတော့ဘူးဆိုရင် သူတို့ ဝင်လို့ရမယ့် နည်းလမ်းရှိမှာပဲ”
နန်ကျင်းက ဘေးမှနေ၍ မေးခွန်းထုတ်သည်။
ကီကီသည် ACT စက်ရုပ်နှင့် ဒရုန်းများကို အသုံးပြု၍ ပတ်ဝန်းကျင်ကို လျင်မြန်စွာ စကင်ဖတ်လိုက်သည်။ ထိုခဏတွင် လင်းရှန်က ရုတ်တရက် ပြောလိုက်သည်။
“ခဏနေဦး”
“ဘာဖြစ်လို့လဲ”
“နှစ်နာရီ လမ်းကြောင်းဘက်ကို ကြည့်လိုက်… မြင်ကွင်းကို မြှင့်လိုက်”
သူသည် ကီကီကို မြင်ကွင်းထောင့်ပြောင်းခိုင်းလိုက်သည်။ ပုံရိပ်မှာ အပေါ်သို့ ရွှေ့သွားသောအခါ ဧရာမ လူသွားလမ်းနံရံတစ်ခုပေါ်တွင် သင်္ကေတတစ်ခုကို ထင်ရှားစွာ မြင်တွေ့လိုက်ရသည်။ ၎င်းမှာ မှေးမှိန်နေသော်လည်း လင်းရှန်တို့ ချက်ချင်း မှတ်မိလိုက်ကြသည်။
နျူကလီးယား ရေဒီယိုသတ္တိကြွသင်္ကေတ၊၊
အခြေစိုက်စခန်း၏ အနက်ရှိုင်းဆုံးနေရာတွင် ဧရာမ ခဲတံခါးကြီးတစ်ခု ညကြည့်မြင်ကွင်းထဲ၌ ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ACT စက်ရုပ်ပေါ်ရှိ ရေဒီယိုသတ္တိကြွမှုတိုင်းတာသည့်ကိရိယာမှ ကိန်းဂဏန်းများမှာ မြင့်တက်လာပြီး လူသားများအတွက် အလွန်အန္တရာယ်ရှိသော အဆင့်သို့ ကျော်လွန်သွားတော့သည်။
“အခုမှ ဘာကြောင့်လဲဆိုတာ ငါတို့ သိသွားပြီ...”
ညမှာ မှောင်မိုက်လွန်းလှပြီး ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
လင်းရှန်သည် ကီကီ၊ ရှီဇီနှင့် နန်ကျင်းတို့အဖွဲ့နှင့်အတူ စွန့်ပစ်ထားသော ဤစစ်အခြေစိုက်စခန်းသို့ ရောက်ရှိလာကြသည်။ ရေဒီယိုသတ္တိကြွတိုင်းတာသည့်ကိရိယာမှ ဂဏန်းများကို ကြည့်ရင်း လင်းရှန်က လေးနက်စွာ ပြောလိုက်သည်။
“အပြည့်အဝကာကွယ်ပေးနိုင်တဲ့ စွမ်းအားဝတ်စုံမပါဘဲ ဒီကိုလာတာက ကိုယ့်ကိုယ်ကိုယ်သတ်သေတာနဲ့ အတူတူပဲ။ ဒါပေမဲ့ ဒီရေဒီယိုသတ္တိကြွမှုအဆင့်က ကြီးမားတဲ့ နျူကလီးယား ယိုစိမ့်မှုမျိုးတော့ မဟုတ်ပုံရဘူး”
“ထူးဆန်းတယ်၊၊ ဒီမှာ နျူကလီးယားလောင်စာတွေ သိုလှောင်ထားတုန်းလား မသိဘူး”
စက်ရုပ်စူးစမ်းထားသည့် လမ်းကြောင်းအတိုင်း အဖွဲ့သားများသည် အခြေစိုက်စခန်းအတွင်းပိုင်းရှိ ပိတ်ထားသော တံခါးကြီးရှေ့တွင် ရပ်လိုက်ကြသည်။
လင်းရှန်သည် ရှေ့ရှိ ယန္တရားတံခါးကို တစ်ချက်ကြည့်လိုက်ပြီး လက်ဝေ့ယမ်းလိုက်ရာ ယန္တရားနှလုံးသားသည် ဖုန်တတ်နေသော တံခါးကြီးများကို လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။ တဂျိန်းဂျိန်းအသံနှင့်အတူ တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာလေသည်။
အားလုံးက ခုခံကာကွယ်ရန် အသင့်အနေအထားဖြင့် သတိအပြည့်ဖြင့် ဆုတ်ခွာလိုက်ကြသည်။ တံခါးပွင့်သွားသည်နှင့် အတွင်းမှ လေထုမှာ ဝုန်းခနဲ အပြင်သို့ တိုးထွက်လာပြီး ဖုန်မှုန့်များကို လွင့်ပျံစေသည်။ တံခါးအတွင်းမှ မြင်ကွင်းမှာ အပြင်ဘက်နှင့် လုံးဝကွဲပြားခြားနားနေသည်။
တံခါးနောက်ကွယ်ရှိ ဧရိယာမှာ သံမဏိတံခါးများနှင့် ဆူးကြိုးများဖြင့် ပိတ်ဆို့ထားပြီး ကြမ်းပြင်ပေါ်တွင် လမ်းကြောင်းရာများ ရှိနေသည်။ လင်းရှန်သည် လမ်းကြောင်း၏ အစိတ်အပိုင်းအချို့ကို ဝါးမျိုဖယ်ရှားလိုက်ရာ အလွန်တောက်ပသော မီးများ လင်းထိန်နေသည့် လမ်းကြောင်းငယ်လေးတစ်ခု ပေါ်လာသည်။ ၎င်းမှာ ဤနေရာတွင် လှုပ်ရှားမှုများရှိနေကြောင်း ထင်ရှားစွာ ပြသနေခြင်း ဖြစ်သည်။
“သတိထားကြ… ဒါက အဲ့ဒီလူတွေရဲ့ ခြေကုပ်စခန်းဖြစ်နိုင်တယ်”
လင်းရှန်က အဖွဲ့သားများကို အသင့်ပြင်ထားရန် လက်အချက်ပြလိုက်ပြီး ဒရုန်းတစ်စင်းကို ရှေ့ဆုံးမှ လွှတ်လိုက်သည်။ အဖွဲ့သားများသည် အတွင်းသို့ သတိနှင့် ဝင်ရောက်သွားကြသော်လည်း လမ်းကြောင်းမှ ထွက်လိုက်သည်နှင့် အားလုံးမှာ မှင်တက်သွားကြတော့သည်။
လမ်းကြောင်းမှ ထွက်လိုက်သည်နှင့် အချင်းမီတာ ၃၀၀ကျော်ရှိသော ကျင်းကြီးတစ်ခုအတွင်း၌ ဧရာမ လက်တံလေးခုပါ ယန္တရားကြီးတစ်ခုသည်ခန့်ညားထည်ဝါစွာ ရှိနေသည်။ လေဝင်လေထွက်ပြွန်လေးခုမှာ အောက်ဘက်သို့ ဆင်းသွားကြရာ အလွန်ပင် ခန်းနားထည်ဝါလှသည်။
“ဒါ... ဒါက ဘာကြီးလဲ”
ကီကီက အံ့သြတကြီး မေးလိုက်သည်။
လင်းရှန်က ခေါင်းခါပြပြီး လှေကားအတိုင်း အောက်ဘက်သို့ ဆင်းသွားသည်။ အောက်ဆုံးထပ်သို့ ရောက်သောအခါ ပို၍ အံ့သြဖွယ်ကောင်းသော မြင်ကွင်းက ဆီးကြိုနေသည်။ ဧရာမယန္တရားတိုင်ကြီးမှာ မြေအောက်ထဲသို့ မီတာရာနှင့်ချီ၍ ထိုးဆင်းသွားပြီး အပိုင်းလိုက်ခွဲထားသော နီရဲနေသည့် ချော်ရည်ကန်ကြီးထဲသို့ နစ်ဝင်နေသည်။ ဧရာမ သံချပ်ကာကိရိယာကြီးတစ်ခုမှာ အဖုံးတစ်ခုကဲ့သို့ အပေါ်မှ အုပ်ထားသည်။ အတွင်းသို့ ဝင်လိုက်သည်နှင့် လင်းရှန်တို့၏ စွမ်းအားဝတ်စုံရှိ အပူချိန်တိုင်းကိရိယာမှာ တရိပ်ရိပ်တက်လာပြီး အပူလှိုင်းများမြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
“ဒါက ဘူမိအပူစွမ်းအင်သုံး ကိရိယာတစ်ခုလိုပဲ၊၊ ဒါပေမဲ့... ဘာလို့ ရေဒီယိုသတ္တိကြွမှုက ဒီလောက်မြင့်နေရတာလဲ”
ကီကီက မှတ်ချက်ပေးသည်။
လင်းရှန်က ခေါင်းခါလိုက်သည်။ ရှေ့မှ မြင်ကွင်းမှာ သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ နျူကလီးယားလောင်စာယိုစိမ့်သည့် လက္ခဏာလည်း မတွေ့ရပေ။ သို့သော် ဤဧရာမ ကိရိယာကြီးမှာ အခြေစိုက်စခန်းတစ်ခုထက် ပိုနေသည်မှာတော့ သေချာသည်။
“ဒီအရာက စစ်ဘက်ဆိုင်ရာ အဆောက်အအုံနဲ့တော့ မတူဘူး...”