အခန်း (၉၇၄-၉၇၅)
Vol. 55 Ch. 974-975
Chapter 974
ယူနီဂါ ၁ (၁)
ဝူး... ဝူး...
ကြီးမားလှသော မြေအောက်အပူစွမ်းအင်တွင်းကြီးမှ အပူလှိုင်းများမှာ ရှေးဟောင်းဘီလူးကြီးတစ်ကောင်၏ စည်းချက်ကျကျ အသက်ရှူသံကဲ့သို့ ထွက်ပေါ်နေသည်။ သတ္တုချင်းပွတ်တိုက်မိသည့် တိုးလျသော အသံမှာ ရှေးဟောင်းသားရဲတစ်ကောင်၏ ညည်းညူသံတစ်ခုနှင့်ပင် ဆင်တူနေ၏။ မြေအောက်မှ တက်လာသော အပူရှိန်ကြောင့် ထိုနေရာတစ်ခုလုံးမှာ မီးဖိုတစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားရသည်။ မြေပြင်နှင့် လက်ရန်းသံတိုင်များမှာလည်း ပူလောင်နေလေ၏။ ထိုသို့သောနေရာမျိုးတွင် အလုပ်လုပ်ရန်အတွက် အပူဒဏ်ခံ စွမ်းအားဝတ်စုံများကို မဖြစ်မနေ ဝတ်ဆင်ထားရမည်ဖြစ်သည်။
“ဒီနေရာက ဒုံးကျည်ပစ်လွှတ်စင် ဒါမှမဟုတ် လျှို့ဝှက်လက်နက် သိုလှောင်ရုံတစ်ခုနဲ့ တူတယ်၊၊ ဒါပေမဲ့ ဒီနေရာကို တော်တော်လေး နက်နက်ရှိုင်းရှိုင်းတူးဖော်ထားတာပဲ၊၊ ဒီမြေအောက်အပူစွမ်းအင်က ဂါလန်ရေအောက်မီးတောင်နဲ့ ဆက်နေတာ ဖြစ်နိုင်တယ်...”
လင်းရှန်သည် ကြီးမားလှသော စက်ယန္တရားကြီး၏ အလယ်ဗဟိုတွင် ရပ်နေရင်း စက်ပစ္စည်းတစ်ခုလုံးကို တစ်ချက်တည်းနှင့် အဆုံးထိမကြည့်နိုင်ပေ။ ဒေါင်လိုက်တွင်းကြီး၏ တည်ဆောက်ပုံအရ အနည်းဆုံး သုံးပုံနှစ်ပုံခန့်မှာ အသစ်တူးဖော်ထားခြင်း ဖြစ်သည်။
ယခင်ကတွေ့ခဲ့သော စစ်အခြေစိုက်စခန်းနှင့်မတူဘဲ ဤမျှကြီးမားသော တည်ဆောက်မှုမျိုးမှာ အဖွဲ့အစည်းငယ်လေးတစ်ခုက လုပ်ဆောင်နိုင်သည့်အရာ မဟုတ်သည်မှာ သေချာလှ၏။
လင်းရှန် ပထမဆုံးတွေးမိသည်မှာ ချင်းရွှေမြို့ရှိ စမ်းသပ်ကွင်းကြီးနှင့် SIID ဖောင်ဒေးရှင်းအဖွဲ့အစည်းပင် ဖြစ်သည်။
“ဒါက ဘာအတွက်လဲ… မြေအောက်အပူစွမ်းအင်ကို ထုတ်ယူဖို့လား”
“အခုထိတော့ လည်ပတ်နေတုန်းပဲ ထင်တယ်၊၊ ဒီလောက်အထိ ကြီးမားတဲ့ အပူစွမ်းအင်ပမာဏဆိုရင် အနည်းဆုံးတော့ မြို့အလတ်စားတစ်ခုအတွက် စွမ်းအင်ပေးနိုင်တယ်၊၊ ဒါပေမဲ့...”
နန်ကျင်းက မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဒီလောက်များပြားတဲ့ စွမ်းအင်ကို တခြားဘာအတွက် သုံးနိုင်သေးလို့လဲ”
“ဒါက ရိုးရှင်းပါတယ်… အထဲရောက်လို့ အဓိကထိန်းချုပ်ခန်းကို ရှာတွေ့ရင် အဖြေသိရမှာပဲ”
ကီကီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး မူလအခြေစိုက်စခန်း၏ ပုံစံကြမ်းနှင့် နှိုင်းယှဉ်ကာ တူညီသောနေရာကို ရှာဖွေနေ၏။ သို့သော် ဤနေရာရှိ ပြုပြင်မွမ်းမံမှုများကြောင့် မူလမြေမျက်နှာသွင်ပြင်မှာ လုံးဝပြောင်းလဲသွားပြီဖြစ်သဖြင့် ကီကီသည် စနစ်နှင့် ချိတ်ဆက်နိုင်ရန် ထိန်းချုပ်ခလုတ်တစ်ခုဆီသို့ ချဉ်းကပ်သွားခဲ့သည်။
နန်ကျင်းက ပတ်ဝန်းကျင်ကို သတိနှင့်ကြည့်နေပြီး မပေါ့ဆရဲပေ၊၊
“ရှောင်ချင်းက ဟိုဘက်ကို သွားစစ်ကြည့်… အားဖေး... နင်က အပေါ်နဲ့ အောက် လမ်းကြောင်းတွေကို စောင့်ကြည့်ထား… တစ်ခုခုထူးခြားရင် ငါ့ကိုပြော”
“သိပြီ”
ရှောင်ချင်းက ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ရိပ်ခနဲ ပျောက်ကွယ်သွားသည်။
“ဒီနေရာက လည်ပတ်နေတုန်းပဲ၊၊ ငါတို့ ဝင်လာတာကို သူတို့ သိနေလောက်ပြီ၊၊ တစ်နေရာရာကနေ ချောင်းကြည့်နေတာလည်း ဖြစ်နိုင်တယ်”
ကီကီက ခလုတ်များကို နှိပ်လိုက်သည်။ စနစ်နှင့် ချိတ်ဆက်မိသည်နှင့် အခြေအနေကို နားလည်နိုင်မည်ဟု သူမ သိထားသည်။
လင်းရှန်၏ ဒရုန်းများကလည်း အရပ်မျက်နှာအနှံ့ ကင်းလှည့်နေပြီဖြစ်သည်။ ဗိုင်အိုလာ မရှိသဖြင့် ရှုပ်ထွေးသော ထောက်လှမ်းမှုများကို တစ်ပြိုင်နက်တည်းမလုပ်နိုင်သောကြောင့် ဒရုန်းများကို တစ်နေရာစီခွဲ၍သာ ကင်းလှည့်ခိုင်းထားရသည်။
“ဝင်လာကတည်းက သက်ရှိအရိပ်အယောင် မတွေ့သေးဘူး”
လင်းရှန်က ရှီဇီဘက်သို့ လှည့်ကြည့်ရာ သူမက ခေါင်းခါပြသည်။ သူမ၏ စွမ်းအားဝတ်စုံတွင် ထောက်လှမ်းရေးနှင့် ပံ့ပိုးရေးအတွက် ပိုမိုအဆင့်မြင့်သော ရေဒါစနစ်များပါရှိသည်။ လင်းရှန်သည်လည်း ထိုစနစ်ကို ချိတ်ဆက်ထိန်းချုပ်နိုင်သည်။ အကယ်၍ အားဖေးနှင့် ရှီဇီတို့ပင် ထူးခြားမှု မတွေ့ပါက တခြားသူများလည်း တွေ့နိုင်မည်မဟုတ်ပေ။
“ကိစ္စမရှိပါဘူး၊၊ အမှောင်ထဲမှာ ပုန်းနေတဲ့ ကြွက်တစ်စုပါပဲ၊၊ ထွက်လာရဲရင်တော့ ငါကတော့ အဆင်သင့်ပဲ”
လုရှင်းချန် လက်ဖျောက်တစ်ချက် တီးလိုက်ရာ လက်ထိပ်တွင် မီးလျှံတစ်ခု လက်ခနဲ ဖြစ်သွားကာ တိုက်ခိုက်ချင်စိတ်များ ပြင်းပြနေသည်။
“မီးတောက်... ဒီနေ့မွန်းလွဲပိုင်းက သလင်းကျောက်ဆင့်ကဲပြောင်းလဲထားတဲ့လူတွေကို တိုက်ခိုက်ရတာ ဖိအားတစ်ခုခုခံစားရလား”
လင်းရှန်က လုရှင်းချန်၏ စကားကို ကြားသောအခါ ရုတ်တရက် မေးလိုက်သည်။
လုရှင်းချန်က လက်ကို နောက်ပစ်ရပ်နေရင်း အနည်းငယ် ပြုံးလိုက်သည်၊၊
“ဒါက လှည့်ကွက်သက်သက်ပါပဲ၊၊ ငါတို့ ပင်ပင်ပန်းပန်း ကျင့်ကြံထားတဲ့ စွမ်းအားကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ”
“မင်း သလင်းကျောက်လိုချင်လား… ငါ့မှာ ဖီးနစ်အဖွဲ့ဆီက နည်းပညာနဲ့ အဆင့် ၄ သွေးပဲစေ့ရှိတယ်”
“အစ်ကိုလင်းကလည်း... အစောကြီးကတည်းက ပြောပါလား...”
လုရှင်းချန် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသော်လည်း အဝေးမှ ရှောင်ချင်း၏ စောင်းကြည့်မှုကို မြင်လိုက်သောအခါ ချောင်းတစ်ချက်ဟန့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါလည်း သေသေချာချာ စဉ်းစားပြီးပါပြီ၊ ဒီ သလင်းကျောင်ဆင့်ကဲပြောင်းလဲမှုက ကျင့်ကြံခြင်းလောကက ဝိညာဥ်ဖြစ်တည်မှုနဲ့ ဆင်တူနေတယ်၊၊ ဒါက အခွင့်အရေးတစ်ခုဖြစ်နိုင်တယ်”
“ဒါပေမဲ့ ဗန်နက်ဆာတို့ကတော့ အန္တရာယ်ရှိတယ်လို့ ပြောထားတယ်”
လင်းရှန်က အလေးအနက်ပြောလိုက်သည်။
“ငါ ဖီးနစ်အဖွဲ့နဲ့ ဆက်သွယ်ကြည့်တော့လည်း ဒီလိုလုပ်ဖို့ အန္တရာယ်တွေ အများကြီးရှိတယ်လို့ သိရတယ်”
“ထပ်မပြောပါနဲ့တော့ အစ်ကိုလင်း”
လုရှင်းချန်က တုံ့ဆိုင်းမှုမရှိဘဲ ပြန်ပြောသည်။
“ငါက ငရဲကို မဆင်းရင် ဘယ်သူကဆင်းမလဲ၊၊ ကမ္ဘာကြီးက ဒီလိုတောင်ဖြစ်နေပြီပဲ၊၊ ဒီလောက်အထိ အင်အားကြီးတဲ့ ရန်သူတွေကို ယှဉ်နိုင်ဖို့ စွမ်းအားရမယ်ဆိုရင် နာကျင်မှုနဲ့ အန္တရာယ်ကို ဘာလို့ ကြောက်နေရမှာလဲ၊၊ ဒီကမ္ဘာပျက်ကပ်ခြိမ်းခြောက်မှုထက် ဘာက ပိုအန္တရာယ်ရှိနိုင်ဦးမှာလဲ”
လင်းရှန် ဆွံ့အသွားကာ ရယ်မောလိုက်မိသည်။ လုရှင်းချန် ပြောသည်မှာလည်း အဓိပ္ပာယ်ရှိပေသည်။
“ကောင်းပြီ... အခုကိစ္စကို အရင်ရှင်းပြီးတာနဲ့ မွေးမြူရေးကိရိယာနဲ့ အစားထိုးပစ္စည်းတွေကို ငါလုပ်ပေးမယ်၊၊ မင်းကို စံပြအနေနဲ့ စမ်းသပ်ကြည့်တာပေါ့”
“ငါ အခါတစ်ထောင်လောက် သေရမယ်ဆိုရင်တောင် အသေခံဖို့ အဆင်သင့်ပဲ”
လုရှင်းချန်က အသံကျယ်ကျယ်ဖြင့် သူရဲကောင်းတစ်ယောက်၏ ဟန်ပန်နှင့် ပြောလိုက်သည်။
ထိုအချိန်တွင် ကီကီက စနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်းကို အပြီးသတ်လိုက်သည်။
“တွေ့ပြီ”
ဝူး...
သူမက လက်ညှိုးဖြင့် ထိလိုက်သောအခါ လမ်းကြောင်းအပေါ်ရှိ အလိုအလျောက်တံခါးတစ်ခု ရုတ်တရက် ပွင့်သွားသည်။
“ဒီတံခါးက အဓိကထိန်းချုပ်ခန်းကို တိုက်ရိုက်ရောက်တယ်၊၊ ကျွန်မစစ်ကြည့်ပြီးပြီ... ဒီနေရာက ရေအောက်ခြေစိုက်စခန်းနဲ့ ဆက်နေပြီး တကယ်ကို လုံးဝပြုပြင်မွမ်းမံထားတာပဲ”
ဝှစ် ဝှစ်... လင်းရှန်၊ နန်ကျင်းနှင့် တခြားသူများမှာ အပေါ်လမ်းကြောင်းသို့ အမြန်တက်သွားကြသည်။ ရှေ့ရှိ အလိုအလျောက်တံခါးကို မြင်သောအခါ လင်းရှန်က ဒရုန်းများကို အထဲသို့ အရင်လွှတ်လိုက်ပြီးနောက် သူကိုယ်တိုင်ဝင်သွားခဲ့သည်။ အတွင်းဘက်တွင် အလိုအလျောက်စနစ်သုံး လမ်းကြောင်းတစ်ခုရှိပြီး ရှေ့ဆက်သွားလေ အခန်းများ ပိုမိုတွေ့လာရလေဖြစ်သည်။ လမ်းကြောင်းအဆုံးတွင် အထပ်ပေါင်းများစွာရှိသော ခန်းမကျယ်ကြီးတစ်ခုရှိပြီး ဗဟိုသတင်းအချက်အလက်စင်တာကဲ့သို့ပင် စက်ပစ္စည်းများစွာဖြင့် ပြည့်နှက်နေသည်။
သို့သော် ထိုအချိန်တွင် အလုပ်ခုံအားလုံးမှာ လွတ်နေပြီး အရာအားလုံးမှာ သေသေသပ်သပ်ရှိနေသည်။ ယင်းမှာ အရေးပေါ်စွန့်ခွာသွားခြင်းမျိုးမဟုတ်ဘဲ စနစ်တကျပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။
လင်းရှန် လျှောက်သွားလိုက်သည်။ အချက်အလက် စီမံခန့်ခွဲရေးစင်တာအတွင်းရှိ မျက်နှာပြင်ကြီးများပေါ်တွင် ရှုပ်ထွေးသော အချက်အလက်များစွာမှာ မျက်စိမူးမတတ် တရစပ်တက်နေသည်။
“ဒီစနစ်တွေက အလိုအလျောက်လည်ပတ်နေတုန်းပဲ ကီကီ”
“ကျွန်မ ကြည့်လိုက်ဦးမယ်”
ကီကီက ရှေ့တိုးလာပြီး ကီးဘုတ်ကို ရိုက်လိုက်သည်။ သူမက အမြန်ပင် ပြောလိုက်သည်။
“ဒီစနစ်ယန္တရားကို Deep-3 နျူကလီးယား အပူပေးစက်လို့ ခေါ်တယ်၊၊အခြေစိုက်စခန်းတစ်ခုလုံးက အခု လောလောဆယ် အလိုအလျောက်လည်ပတ်တဲ့စနစ်မှာ ရှိနေတယ်”
“Deep-3 နျူကလီးယား အပူပေးစက် ဟုတ်လား” လင်းရှန်သည် ထိုအမည်ကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။
“ဒါက ဘာအတွက် သုံးတာလဲ”
ကီကီက စက်ကိုလည်ပတ်ရင်း ရှုပ်ထွေးသော အမူယာဖြင့် ပြောလိုက်သည်။
“ထူးဆန်းတယ်၊၊ သူတို့က ဒီအရာကို စွမ်းအင်ထုတ်ဖို့ မောင်းနှင်ထားတာ မဟုတ်ဘဲနဲ့...”
သူမက ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး—
“ထုတ်လွှတ်ဖို့အတွက်ပဲ”
“ဘာကို ဆိုလိုတာလဲ”
“ဒါက... ဒီမြေအောက်အပူစွမ်းအင်ကို စွမ်းအင်ဖလှယ်မှုတစ်ခုခုလုပ်ပြီးတဲ့နောက် ပင်လယ်နက်ထဲကို ပြန်ထုတ်လွှတ်နေတာပဲ… ဒီမှာကြည့်”
ကီကီက မျက်နှာပြင်ကို လက်ညှိုးထိုးပြလိုက်သည်။
Chapter 975
ယူနီဂါ ၁ (၂)
“ပင်လယ်ရေအောက် ပိုက်လိုင်းတွေက အရပ်မျက်နှာအနှံ့ကို သွားနေပေမဲ့ မြို့တွေဘက်ကို ဦးတည်မနေဘူး၊၊ ပင်လယ်နက်ပိုင်းတွေဆီကိုပဲ သွားနေတာ”
“တကယ် ထူးဆန်းတာပဲ”
တီ တီ။
ထိုစဉ် လင်းရှန်၏ ဒရုန်းမှ သတိပေးချက်တစ်ခု ပေးပို့လာသည်။ သူက ချက်ချင်းပင် ရုပ်သံမှတ်တမ်းကို ကြည့်ရှုလိုက်ရာ သဲလွန်စအချို့ကို တွေ့ရှိသွား၏။
“လွန်ခဲ့တဲ့ နာရီအနည်းငယ်က ဒီမှာ လူရှိခဲ့တယ်၊ အစ်နန်ကျင်း... မီးတောက်... ပတ်ဝန်းကျင်ကို ရှာဖွေကြည့်ရအောင်”
“ငါလည်း အဲဒါကို တွေးနေတာ”
လုရှင်းချန် ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး နန်ကျင်းကလည်း ခေါင်းညိတ်ပြသည်။ အဖွဲ့သားများမှာ ချက်ချင်းပင် လူစုခွဲကာ ရှာဖွေလိုက်ကြသည်။
လင်းရှန်သည် မျက်နှာပြင်ပေါ်ရှိ ထူးဆန်းသော အချက်အလက်များကို ကြည့်ရင်း စိတ်ထဲတွင် စဉ်းစားမရဖြစ်နေသည်။ အကယ်၍ အခြေအနေကသာ ခွင့်ပြုမည်ဆိုလျှင် သူသည် ချူယန်၏ အသိစိတ်နှင့် ချက်ချင်း ချိတ်ဆက်မိမည်မှာ သေချာသည်။ ဤပုံမှန်မဟုတ်သော အခြေအနေများကို ဟိုဘက်က ဖီးနစ်အဖွဲ့ဆိုလျှင် ပိုမိုရှင်းလင်းစွာ နားလည်နိုင်ပေလိမ့်မည်။
သူ့ဘေးတွင် ရပ်နေသော ရှီဇီက ပတ်ဝန်းကျင်ကို လေ့လာနေရင်း သူမ၏ မျက်နှာလေးပေါ်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“လင်း... ဒီနေရာက တစ်ခုခုတော့ မှားနေသလိုပဲ”
“ဘာဖြစ်လို့လဲ”
လင်းရှန် အလိုလျောက်သတိထားလိုက်သည်၊၊
ရှီဇီလည်း လင်းရှန် အထင်မှားသွားသည်ကို မြင်သောအခါ သူမက ကမန်းကတန်း လက်ကာပြရင်း စိုးရိမ်တကြီး ရှင်းပြသည်။
“တိတ်ဆိတ်မြို့တော်မှာ ကျွန်မအများကြီး မြင်ဖူးပါတယ်၊၊ ဒီမှာရှိတဲ့ စက်ပစ္စည်းအတော်များများက စမ်းသပ်တဲ့ကိရိယာတွေ မဟုတ်ဘူး၊၊ ဒါက...”
“စောင့်ကြည့်ရေးစင်တာတစ်ခုနဲ့ ပိုတူတယ်၊ ဟုတ်တယ်မလား”
အချက်အလက်များကို အာရုံစိုက်ခွဲခြမ်းစိတ်ဖြာနေသော ကီကီက မော့ကြည့်ရင်း ဝင်ပြောလိုက်သည်။
ရှီဇီသည် သင့်တော်သော နာမဝိသေသနကို ရှာမတွေ့သဖြင့် ခဏမျှ ရပ်တန့်နေရာမှ ခေါင်းကို ဆက်တိုက်ညိတ်ပြလိုက်သည်။
“စောင့်ကြည့်တာ ဟုတ်လား”
လင်းရှန် ပို၍ စိတ်ဝင်စားသွားသည်။
“ဘာကို စောင့်ကြည့်တာလဲ”
ကီကီက မျက်နှာပြင်ပေါ်တွင် အချက်အလက် အမြောက်အမြားကို ထုတ်ဖော်လိုက်သည်။ အဆိုပါ အကြောင်းအရာ အများစုမှာ တူညီနေကြပြီး အစိတ်အပိုင်းအနည်းငယ်သာ ကွဲပြားသည်။
“ရှင် တွေ့လား”
“ရက်စွဲလား”
“အဲဒီနောက်ရော”
“တခြား ဘာမှမရှိတော့ဘူး”
“…”
ကီကီက မျက်နှာပြင်ကို စိတ်ပျက်လက်ပျက်ဖြင့် ပုတ်လိုက်သည်။
“ဒီမှာရှိတဲ့ အချက်အလက်တွေက စမ်းသပ်ချက်တွေ မဟုတ်ဘူး၊၊ ဒါပေမဲ့ ရေအောက်အသံလှိုင်းတွေနဲ့ စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုးတွေကို အခြေခံပြီး တိကျတဲ့ နယ်မြေအချို့ကို တစိုက်မတ်မတ်စောင့်ကြည့်နေတာပဲ၊၊ အဲဒီနယ်မြေတွေက...”
“မြေအောက်အပူစွမ်းအင်တွေ ထုတ်လွှတ်လိုက်တဲ့ နေရာတွေပေါ့”
လင်းရှန်က ဝင်ပြောလိုက်သည်။
“မှန်တယ်” ကီကီက ခေါင်းညိတ်သည်။
“ရှင်ပြောတာ မှန်တယ်၊၊ သူတို့က မွန်းစတားတစ်ကောင်ကို စောင့်ကြည့်နေတာ… အဲဒါက တကယ့်ကို ထူးခြားတဲ့ သတ္တဝါပဲ”
“အသေးစိတ် အချက်အလက်ရှိလား”
“မရှိဘူး၊၊ ဒီမှာရှိတဲ့ မှတ်တမ်းမှာတော့ ကုဒ်နံပါတ်တစ်ခုပဲ ရှိတယ်၊၊ အဲဒါက...”
“ယူနီဂါ ၁”
လင်းရှန် သဲလွန်စအချို့ကို ရိပ်မိသွားသည်။
“သူတို့က ပင်လယ်နက်ထဲကို မြေအောက်အပူစွမ်းအင်တွေ ထုတ်လွှတ်ဖို့အတွက် ဒီလောက်ကြီးမားတဲ့ စက်ယန္တရားကြီးကို တည်ဆောက်ခဲ့တာပေါ့၊၊ အဲဒီမွန်းစတားရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့အတွက်ပဲလား… ဒါက ကြည့်ရတာ... အစာကျွေးနေတာနဲ့ မတူဘူးလား”
“ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်”
ကီကီက ပုခုံးတွန့်ပြသည်။
“မဟုတ်ရင်တော့ ရှင်းပြဖို့ ခက်တယ်၊၊ ဒါပေမဲ့ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တာလဲဆိုတာတော့ ကျွန်မလည်း စဉ်းစားမရဘူး”
“ငါတို့ နောက်ထပ် လျှို့ဝှက်ချက်အကြီးကြီးတစ်ခုကို ဖော်ထုတ်လိုက်နိုင်တာပဲ”
လင်းရှန်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ဒါက ဧရာမ သမုဒ္ဒရာနတ်ဘုရားနဲ့ အနီးနားက သန္ဓေပြောင်းမွန်းစတားတွေ စုဝေးနေတာနဲ့ ပတ်သက်နေမလားလို့ ငါ တွေးနေတာ”
“ဖြစ်နိုင်ခြေ တော်တော်များတယ်...”
“ဒီအခြေစိုက်စခန်းကို ဘယ်အဖွဲ့အစည်းက တည်ဆောက်တာလဲဆိုတဲ့ အခြားသဲလွန်စတွေရော ရှာလို့ရမလား”
“စုံစမ်းနေဖို့ လိုသေးလို့လား”
ကီကီက လက်ချောင်းလေးဖြင့် တို့လိုက်ရာ မျက်နှာပြင်ပေါ်တွင် မှတ်တမ်းစာမျက်နှာတစ်ခု ပေါ်လာသည်။ ထိုစာမျက်နှာ၏ ဘယ်ဘက်အပေါ်ထောင့်တွင် SIID လိုဂိုကို အထင်အရှား မြင်လိုက်ရသည်။
ထင်ထားတဲ့အတိုင်းပါပဲ။
၎င်းကို မြင်လိုက်ရသောအခါ လင်းရှန်၏ စိတ်ထဲရှိ သံယယများ ချက်ချင်း ပျောက်ကွယ်သွားသည်။ ဤမျှ ကြီးမားသော တည်ဆောက်မှုမျိုးကို အနီရောင်ကမ္ဘာနှင့် ဖောင်ဒေးရှင်းတို့မှလွဲ၍ တခြားသူမလုပ်နိုင်မှန်း သူသိထားသည်။ ရိုင်ယန်ဆီကရတဲ့ သတင်းအရ မြင့်မြတ်မြို့တော်ဆိုတာ ပင်လယ်အခြေစိုက်အဖွဲ့ကြီးတစ်ခုမျှသာဖြစ်ပြီး အနီရောင်ကမ္ဘာ ဒါမှမဟုတ် ဖောင်ဒေးရှင်းတို့ရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်နိုင်ကြောင်း လင်းရှန်အတွက် ပိုမိုရှင်းလင်းသွားခဲ့သည်။
“စုံစမ်းနေဖို့ လိုသေးလို့လား”
ထိုစဉ် လင်းရှန်၏ နောက်ဘက်မှ ကီကီ၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
သူမ အစောက ပြောခဲ့သည့် စကားကိုပင် ပြန်လည် ထပ်ပြောလိုက်သကဲ့သို့ပင်။
ခဏချင်းမှာပင် လင်းရှန်သည် ကီကီကို မော့ကြည့်လိုက်ပြီး ကီကီကလည်း သူ့ကို ပြန်ကြည့်ကာ အလိုလျောက်ပြောလိုက်မိသည်။
“ဘယ်သူပြောတာလဲ”
ရှီဇီက အံ့ဩတကြီး လှည့်ကြည့်လိုက်သည်။ ဟာလာဟင်းလင်းဖြစ်နေသော သတ္တုလမ်းကြောင်းထဲတွင် အဖြူရောင်မီးရောင်များမှာ အနည်းငယ် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ခန်းမကြီးအတွင်း တိတ်ဆိတ်ခြောက်ကပ်နေသဖြင့် အစောက စကားသံမှာ သူတို့၏ စိတ်အာရုံမှားယွင်းမှုဟုပင် ထင်ရသည်။
သို့သော် သူတို့ သုံးယောက်စလုံး၏ တုံ့ပြန်မှုအရ ၎င်းမှာ သေချာပေါက် အာရုံမှားယွင်းခြင်းမဟုတ်ပေ။
လင်းရှန်က ဒရုန်းနှစ်စင်းကို ချက်ချင်းခေါ်ယူပြီး လမ်းကြောင်းထဲသို့ လွှတ်တင်လိုက်သည်။ သို့သော် ဘာမှ မတွေ့ရပေ။
“ရှီဇီ”
ရှီဇီက ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ သူမ၏ မျက်လုံးများက ဗလာကျင်းနေသော စောင့်ကြည့်ရေးခန်းမကို ဝေ့ကြည့်နေပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“လင်း... ဒီမှာ... လူတစ်ယောက် ရှိနေတယ်”
ဝူး...
၎င်းကို ကြားလိုက်ရသောအခါ ကီကီက ချက်ချင်း ရှေ့တက်လာပြီး စိတ်စွမ်းအင်ဒိုင်းကာကို ဖွင့်လိုက်သည်။ တစ်ချိန်တည်းမှာပင် နန်ကျင်း၊ မီးတောက်နှင့် တခြားသူများကလည်း ဆက်သွယ်ရေးစနစ်မှ ကြားလိုက်ရသဖြင့် ခန်းမဘက်သို့ ချက်ချင်း ပြန်လာကြသည်။
“သတိထားကြ… လမ်းကြောင်းထဲက မွန်းစတားလိုမျိုး ကိုယ်ပျောက်နိုင်တဲ့ အရာတစ်ခုခုဖြစ်နိုင်တယ်”
လင်းရှန်သည် ဒါရိုက်တာတင်း၊ သွေးကပ်ဘေးပန်းနှင့် သွေးနွယ်ရှင်ပင်တို့ကို ခေါ်မလာမိသည်ကို နောင်တရမိသွားသည်။ ဤကဲ့သို့ တိုက်ရိုက်ကိုယ်ပျောက်နိုင်သည့် စွမ်းရည်မျိုးကို လင်းရှန် တစ်ခါမှ မကြုံဖူးသေးသဖြင့် ပြင်ဆင်မှု မရှိခဲ့ပေ။
“သူ ဘယ်မှာလဲဆိုတာ ခံစားမိလား”
လင်းရှန်က ရှီဇီကို သူ့နောက်သို့ ဆွဲခေါ်လိုက်သည်။ ယခု အခြေအနေတွင် ရှီဇီ၏ အာရုံခံနိုင်စွမ်းကိုသာ အားကိုးရတော့မည် ဖြစ်သည်။
ရှီတိယွမ်မှာလည်း အလွန်စိုးရိမ်နေပြီး ဤကဲ့သို့ အခြေအနေမျိုးနှင့် မကျွမ်းကျင်ပေ။ သူမက မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း အလျင်အမြန် ပြောလိုက်သည်။
“ကျွန်မ သေချာမသိဘူး၊၊ ဒါပေမဲ့ တစ်ယောက်ယောက်က ကျွန်မတို့ဘေးနားမှာတင် ရပ်ပြီး ကြည့်နေတယ်လို့ ခံစားရတယ်”
၎င်းကို ကြားသောအခါ လင်းရှန်နှင့် ကီကီတို့ ကျောချမ်းသွားကြသည်။
“ကီကီ”
“စမ်းကြည့်လိုက်မယ်”
သူတို့နှစ်ဦးမှာ အလွန်ပင် နားလည်မှုရှိလှသည်။ ကီကီက သူမ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ ပတ်ဝန်းကျင်ကို ချက်ချင်း ပတ်စစ်လိုက်သည်။ သူမ၏ တိကျလှသော စိတ်စွမ်းအားဖြင့်ဆိုလျှင် တစ်ခုခု ထူးခြားသည်နှင့် ချက်ချင်း သိနိုင်မည် ဖြစ်သည်။
“ဒါ ဘယ်လို တစ္ဆေမျိုးလဲဆိုတာ ငါ သိချင်နေပြီ”
ကီကီက ပြောလိုက်သည်။
“ဒါ ဘယ်လို တစ္ဆေမျိုးလဲဆိုတာ ငါ သိချင်နေပြီ”
မမျှော်လင့်ဘဲ ကီကီ၏ အသံဆုံးသည်နှင့် တစ်ပြိုင်နက် ထိုစကားသံမှာ သူတို့၏ ရှေ့တည့်တည့်တွင် ပေါ်ထွက်လာလေတော့သည်။
(အကြံတောင်းခံခြင်း- တစ်ပတ်ကို အပိုင်း (၂၀)တစ်အုပ်ထွက်တာကို ကြာတယ်လို့ ထင်ကြလားဗျ၊၊ သုံးရက်ကို (၁၀)ပိုင်း တစ်အုပ် ထွက်ရင်ရော... ဘယ်ဟာပိုဆင်ပြေကြမလဲ... Tg Channelမှာ ပြောပေးကြပါဦး...Commentမှာ ပြောခဲ့လည်း ရပါတယ်ဗျ၊၊ Telegram Channel - https://t.me/linxian2069)