အခန်း (၉၆၂-၉၆၃)
Vol. 55 Ch. 962-963
Chapter 962
မင်းတို့ရဲ့ သခင်ကြီး ၁
ဂူကျန်းသည် အသက် ၃၀ အစောပိုင်းအရွယ်သာ ရှိသေးသော်လည်း တစ်ချိန်က သူသည် နာမည်ကြီးတက္ကသိုလ်တစ်ခုတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သိပ္ပံဘာသာရပ်ဖြင့် ထူးချွန်စွာ ဘွဲ့ရခဲ့သူဖြစ်ကြောင်း မည်သူမျှ သိရှိကြမည် မဟုတ်ပေ၊၊ ကမ္ဘာပျက်ကပ်မတိုင်မီက သူသည် အစိမ်းရောင်နည်းပညာနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာအယူအဆများကို အောက်ခြေလူတန်းစားများအထိ လိုက်လံစည်းရုံးဟောပြောခဲ့သည့် ခိုင်မာပြတ်သားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတစ်ဦးဖြစ်ခဲ့သည်၊၊ သူ၏ လူမှုကွန်ရက်စာမျက်နှာသည်ပင် အတော်လေး နာမည်ကြီးခဲ့သေး၏၊၊ သို့သော် တစ်နှစ်မပြည့်မီသော အချိန်အတွင်း သူ၏ အခန်းကဏ္ဍသည် မြင့်မြတ်မြို့တော်အဖွဲ့အစည်း၏ နာမည်ကျော် သူရဲကောင်းလေးဦးအနက်မှ တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း၊၊ ယခုအခါ သူသည် စွမ်းအားရှင်များကို နေရာအနှံ့လိုက်လံဖမ်းဆီးကာ သန့်စင်ခြင်းဟု ခေါ်ဆိုသည့် အလုပ်များကို လုပ်ဆောင်နေပြီ ဖြစ်သည်၊၊
လင်းရှန်က ထိုသူ၏ စကားကို ကြားသောအခါ ပြန်လည်တုံ့ပြန်လိုက်၏၊၊
“မင်းက သလင်းကျောက်အပေါ် ဒီလောက်ယုံကြည်ချက်ရှိနေရင် ဘာလို့ အခုလိုအကြီးအကျယ်လှုပ်ရှားနေဖို့ လိုသေးတာလဲ”
ဂူကျန်းက လင်းရှန်ကို ကြည့်ကာ ရုတ်တရက် လှောင်ပြုံးလိုက်သည်၊၊
“ဟားဟားဟား…. ညီလေး… မင်းက မင်းကိုယ်မင်း တကယ်ပဲ ကယ်တင်ရှင်လိုမျိုး အရေးကြီးတဲ့သူလို့ ထင်နေတာလား”
သူသည် ရယ်သံကို ထိန်းလိုက်ပြီး လင်းရှန်ကို ဆက်၍လှောင်ပြောင်လိုက်သည်၊၊
“ငါ မင်းကို နည်းနည်းတော့ သနားမိတယ် လင်းရှန်၊၊ ဖီးနစ်ရော၊ ကျန်တဲ့ အသက်ရှင်ကျန်ရစ်သူအဖွဲ့အစည်းတွေရော မင်းတို့အားလုံးက တွင်းနက်အကြောင်း၊ အမှောင်ထုအကြောင်း ဒါမှမဟုတ် အနာဂတ်အကြောင်း ဘာမှမသိကြဘူး၊၊ တစ်နေ့ကျရင် မင်းတို့ နားလည်လာလိမ့်မယ်၊၊ မင်းတို့ရဲ့ လက်နက်တွေ၊ ခုခံမှုတွေနဲ့ လူသားမျိုးနွယ်တွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို ကျော်လွန်ရရှိထားတဲ့ စွမ်းအားတွေဆိုတာ ငါတို့ သခင်ကြီးရဲ့ ယဉ်ကျေးမှုရှေ့မှာတော့ ဘာအဓိပ္ပာယ်မှမရှိတဲ့ အရာတွေပဲဆိုတာကိုပေါ့”
လင်းရှန်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသော်လည်း စွမ်းအားဝတ်စုံ မျက်နှာဖုံးအောက်တွင် ရှိနေသဖြင့် မည်သည့် အမူအရာမျှ မပေါ်လွင်လာပေ၊၊ သူက အေးစက်စွာ ပြန်ပြောလိုက်၏၊၊
“မင်းလုပ်နေတဲ့ ဒီလုပ်ရပ်တွေက မင်းပြောတဲ့ စကားတွေကို ဘာယုံကြည်မှုမှ မရှိစေဘူး”
“အဲ့ဒီလိုလား”
ဂူကျန်းက ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ မျက်နှာအမူအရာ တည်ငြိမ်ခက်ထန်သွားသည်၊၊ သူ၏ လက်ဖဝါးအတွင်းသို့ ရုတ်တရက် တုန်ခါလှိုင်းများ စုစည်းလာပြီးနောက် မိမိကိုယ်ကိုယ် ရေရွတ်နေသကဲ့သို့ ပြောလိုက်၏၊၊
“ကောင်းပြီလေ၊၊ ကိုယ့်ကိုယ်ကိုယ် လိမ်ညာပြီးတော့ ကူရာမဲ့နေတဲ့ အခြေအနေမျိုးမှာ ယုံကြည်ချက်တွေ ပြိုလဲသွားတာထက်စာရင် မျှော်လင့်ချက်ရှိနေတုန်း သေသွားတာက အဆပေါင်းထောင်ချီပြီး ပိုကောင်းပါတယ်”
“လင်းရှန်”
ထိုအချိန်တွင် ကီကီလည်း ပျံသန်းလာပြီး သူတို့နှစ်ဦးမှာ ဂူကျန်းကို ညှပ်ပိတ်ထားသည့် အနေအထားဖြစ်သွားသည်၊၊ ဂူကျန်းထံမှ ထွက်ပေါ်နေသော စွမ်းအားအတက်အကျကို ကြည့်ကာ ကီကီက လင်းရှန်ကို သတိပေးလိုက်၏၊၊
“သတိထားဦး၊၊ ဒီကောင်က အနည်းဆုံး ၈၀၀၀ ဝန်းကျင် စွမ်းအားရှိနေတယ်၊၊ သလင်းကျောက်ကို ထုတ်သုံးရင် ၁၆၀၀၀ အထိရောက်သွားနိုင်တယ်၊၊ သူ့ကို အရှင်ဖမ်းရမလား”
လင်းရှန်က ဂူကျန်းကို စိုက်ကြည့်ရင်း မျက်လုံးများ မှေးလိုက်သည်၊၊ အဝေးတစ်နေရာရှိ တိုက်ပွဲမြေပြင်များတွင် မိုနီကာ၊ နန်ကျင်းနှင့် ချီလီတို့၏ အဖွဲ့များသည် ခက်ခဲစွာ တိုက်ခိုက်နေကြရသည်၊၊ ရန်သူများထဲတွင် သလင်းကျောက်ဆင့်ကဲပြောင်းလဲထားသည့် ကျွမ်းကျင်သူအများအပြားပါဝင်နေသဖြင့် ကိုင်တွယ်ရခက်ခဲနေခြင်းဖြစ်၏၊၊ ယခု ညအချိန်သို့ ရောက်ရှိလာပြီ ဖြစ်ရာ သလင်းကျောက်မှ ထွက်ပေါ်လာသော စွမ်းအားများသည် အနီးပတ်ဝန်းကျင်ရှိ ထူးဆန်းသည့် သတ္တဝါများကို ဆက်တိုက်ဆွဲဆောင်နေလေသည်၊၊ လင်းရှန်အနေဖြင့် ဤတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ပြီး ထွက်ပြေးသွားသည့်သူကို ရှာဖွေရမည် ဖြစ်သည်၊၊ မဟုတ်ပါက မှောင်သွားသည်နှင့် အခြေအနေများက ပိုကောင်းလာမည် မဟုတ်ပေ၊၊
“ဟမ့်… အိပ်မက်မက်မနေနဲ့”
ထိုအချိန်တွင် ဂူကျန်း၏ မျက်လုံးများမှ ပြင်းထန်သောစွမ်းအားအလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် ပျံတတ်လာသည်၊၊ သူ၏ တစ်ကိုယ်လုံးမှ လေးထောင့်ပုံစံ လှိုင်းလုံးများ ထွက်ပေါ်နေပြီး အလွန်ထူးဆန်းပြီး ထိတ်လန့်ဖွယ်ကောင်းနေ၏၊၊
ဝူး
အလွန်အားကောင်းသည့် စွမ်းအားများ သူ၏ ခန္ဓာကိုယ်မှ ဆက်တိုက်မြင့်တက်လာပြီး ထိတ်လန့်ဖွယ်အဆင့်သို့ ရောက်ရှိလာသည်၊၊ အဝေးရှိ ရှီဇီ၏ မျက်လုံးများပြူးသွားကာ လင်းရှန်ကို အမြန်ပြောလိုက်၏၊၊
“လင်းရှန်၊၊ သူ့ရဲ့ စွမ်းအားတွေက နှစ်ဆလောက် ဖြစ်သွားပြီ၊၊ ကီကီထက်တောင် ပိုပြင်းထန်နေတယ်”
“ငါ သိတယ်”
လင်းရှန်က တည်ငြိမ်စွာ ပြန်ပြောရင်း ဂူကျန်းကို ဆက်စောင့်ကြည့်နေသည်၊၊
“မင်းတို့ရဲ့ မြင့်မြတ်မြို့တော်အဖွဲ့အစည်းက SIID ဖောင်ဒေးရှင်းနဲ့ ပတ်သက်မှုရှိလား”
ဂူကျန်းက သူ၏ သလင်းကျောက်စွမ်းအားများကို ထုတ်ဖော်နေစဉ်မှာပင် လင်းရှန်က ရုတ်တရက် မေးခွန်းတစ်ခု မေးလိုက်ခြင်းဖြစ်သည်၊၊
ဂူကျန်းက လူပြက်တစ်ယောက်ကို မြင်လိုက်ရသလို လင်းရှန်ကို လှောင်ပြုံးပြုံးလိုက်သည်၊၊
“မင်းက သခင်ကြီးရဲ့ အစီအစဉ်တွေက ဘာလဲလို့လည်း မေးချင်နေတာလား”
လင်းရှန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်၊၊
“မင်းတို့ ပြောနေတဲ့ သခင်ကြီးဆိုတာ ဘယ်သူလဲ… မင်းတို့မှာ အမှောင်ယဉ်ကျေးမှု ဒါမှမဟုတ် တွင်းနက်ထဲက တည်ရှိမှုတွေနဲ့ ပတ်သက်မှုရှိနေတာလား”
“ဟမ်”
လင်းရှန်၏ မေးခွန်းကို ကြားသောအခါ ဂူကျန်းလည်း နားမလည်နိုင်သလို ခံစားလိုက်ရသည်၊၊ ထိုခဏအတွင်းမှာပင် သူ၏ စွမ်းအားမြင့်တင်မှုပြီးဆုံးသွားပြီး များပြားလှသော အမှောင်စွမ်းအင်လှိုင်းများသည် ထူးဆန်းသည့် သတ္တဝါအများအပြားကို ဆွဲဆောင်လိုက်သည်၊၊ ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင် ကောင်းကင်တစ်ခုလုံး မှောင်မည်းသွားပြီး မရေမတွက်နိုင်သော ထူးဆန်းသည့် အော်ဟစ်သံများ အနီးသို့ တိုးဝင်လာကြသည်၊၊
“လူသားမျိုးနွယ်နဲ့ ဓားကိုင်ဆောင်သူတွေက တကယ့်ကို အရူးတွေပဲ၊၊ သူတို့တွေ မျိုးတုံးမသွားသေးတာက ကောင်းကင်ဘုံရဲ့ တရားမမျှတမှုပဲဖြစ်ရမယ်”
ဂူကျန်းက ခေါင်းခါရင်း အေးစက်စွာ အော်ဟစ်လိုက်ကာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သော အရှိန်နှုန်းဖြင့် သူရှိနေသည့် နေရာမှ ပျောက်ကွယ်သွား၏၊၊ အပျက်အစီးများကြားတွင် ကြီးမားသော လေလှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ဂူကျန်းသည် လင်းရှန်၏ ရှေ့သို့ ရုတ်ချည်းရောက်ရှိလာပြီး လင်းရှန်၏ မျက်နှာကို လက်ဖြင့် ချိန်ရွယ်လိုက်သည်၊၊
“နှုတ်ဆက်ပါတယ် ဓားကိုင်ဆောင်သူ၊၊ မင်း အောက်ကို ဆင်းပြီး သခင်ကြီးကိုပဲ သွားမေးလိုက်တော့၊၊ ဪ မေ့လို့… သခင်ကြီးရဲ့ ယဉ်ကျေးမှုမှာ ဘာသာရေးအယူအဆဆိုတာ မရှိဘူး၊၊ ဒါကြောင့် မင်း နောက်ထပ် အခွင့်အရေးရမှာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် သူ၏ လက်ဖဝါးအတွင်းရှိ တုန်ခါလှိုင်းများသည် အဆပေါင်းများစွာ ချက်ချင်း ကျယ်ပြန့်လာကာ ခရမ်းနက်ရောင် လေးထောင့်ပုံဆောင်ခဲနံရံကြီးအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်သော ပေါက်ကွဲအားနှင့်အတူ လင်းရှန်ကို တိုက်ရိုက်ဖုံးလွှမ်းသွားသည်၊၊
ထိုအချိန်တွင် လင်းရှန်၏ အကြည့်က ဂူကျန်း၏ မျက်နှာပေါ်တွင်သာ စိုက်ကြည့်နေဆဲဖြစ်ပြီး အသံကျယ်ကျယ်ဖြင့် ထပ်မေးလိုက်၏၊၊
“ဒါဆို မင်းတို့က တကယ်ပဲ အမှောင်ယဉ်ကျေးမှုနဲ့ ဆက်သွယ်ထားတာပေါ့ ဟုတ်လား၊၊ မင်းတို့က အမှောင်ထုနဲ့ စကားပြောနေတာလား”
“အရူးကောင်”
ဂူကျန်း၏ မျက်လုံးများက သွေးရောင်လွှမ်းလာပြီး ဖျက်ဆီးအားပြင်းထန်သော စွမ်းအားများကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်၊၊
ဘွန်းး
တုန်ခါလှိုင်းများ၏ ရိုက်ခတ်မှုကြောင့် လေထဲတွင် လေဟာနယ် ဧရိယာတစ်ခုဖြစ်ပေါ်သွားပြီး ကြီးမားလှသောတန်ပြန်သက်ရောက်မှု အားကြောင့် ကီလိုမီတာ အများအပြားအထိ ပြန့်နှံ့သွားသည့် ပေါက်ကွဲမှု လေလှိုင်းကြီးတစ်ခု ထွက်ပေါ်လာ၏၊၊
ဂူကျန်းသည် သူ၏ သလင်းကျောက်စွမ်းအားအပြည့်နှင့် တိုက်ခိုက်မှုကြောင့် လင်းရှန် လုံးဝပျောက်ကွယ်သွားပြီဟု ယုံကြည်လိုက်သည့် ခဏမှာပင် သူ၏ ဘေးတွင် စွမ်းအင်ပေါက်ကွဲသံ ၃ခု ထပ်မံ ထွက်ပေါ်လာသည်၊၊
ဘစ်ဇ် ဘစ်ဇ် ဘစ်ဇ်
မူလက ပျောက်ကွယ်သွားပြီဟု ထင်ရသော လင်းရှန်သည် ဂူကျန်း၏ ရှေ့တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ပြန်လည်ပေါ်လာသည်၊၊ သူ၏ ကျောဘက်တွင် ကြီးမားသော စူပါစထရင်းနူဓာတ်ပြု အဆင့်သက်တန့်ကွင်း သုံးခုမှာ တစ်ခုပြီးတစ်ခု လင်းထိန်လာ၏၊၊ လင်းရှန်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် နာနိုစွမ်းအားဝတ်စုံမှ ပြင်းထန်သော အလင်းတန်းများထွက်ပေါ်နေသည်၊၊ ဂူကျန်း၏ မျက်လုံးထဲတွင် လင်းရှန်၏ အမြင့်ဆုံးစွမ်းအားသည် ၁၂၀၀၀ မှနေ၍ ထိတ်လန့်ဖွယ်ကောင်းအောင် ၁၈၀၀၀ အထိ တိုးသွားပြီးနောက် ၂၀၀၀၀ အထက်သို့ ကျော်လွန်သွားကာ ဂူကျန်း၏ အာရုံခံနိုင်စွမ်းပြင်ပသို့ ရောက်ရှိသွားသည်၊၊ ဤရုတ်တရက် အပြောင်းအလဲကြောင့် ဂူကျန်း၏ မျက်ဆန်များ ကျုံ့သွား၏၊၊ လင်းရှန်က ရှေ့သို့ လှမ်းဖမ်းလိုက်ရာ မရေမတွက်နိုင်သော ယန္တရားလက်တံများ ထွက်ပေါ်လာပြီး ဂူကျန်းကို ချက်ချင်း ဖမ်းဆီးဆွဲခေါ်သွားသည်၊၊ ထို့နောက် ယန္တရားအမြောက်ဖြင့် ဂူကျန်း၏ နှလုံးသားကို ဖောက်ထုတ်ပစ်လိုက်ပြီးနောက် လင်းရှန်က ထိုသူ၏ ဦးခေါင်းတွင် ထူးဆန်းသောကိရိယာတစ်ခုကို လျင်မြန်စွာ တပ်ဆင်လိုက်သည်၊၊
Chapter 963
မင်းတို့ရဲ့ သခင်ကြီး ၂
မှိုမျှင်ဦးနှောက်-ယန္တရားကိရိယာ…
တိတိကျကျဆိုရလျှင် ဦးနှောက်-ယန္တရားကိရိယာသည် လူသားဦးနှောက်ထဲမှ အချက်အလက်များကို စိတ်တိုင်းကျထုတ်ယူရန်အတွက် အကောင်းဆုံးဟု မဆိုနိုင်သေးပေ၊၊ ဒစ်ဂျစ်တယ် အသိစိတ်အွန်လိုင်းတင်ခြင်းလုပ်ငန်းစဉ်သည် အသိစိတ်အချက်ပြမှုများကို ပြုစုရန် အချိန်အတော်ကြာလိုအပ်သည်၊၊ သို့သော် မှိုမျှင်ဦးနှောက်သည် လူပုဂ္ဂိုလ်များကြား အသိစိတ်ချင်းပေါင်းကူးပေးနိုင်စွမ်း ရှိသည်၊၊ ထို့ကြောင့် လင်းရှန်သည် မှတ်ဉာဏ်များကို လှုံ့ဆော်ရန်အတွက် အဓိကကျသော မေးခွန်းအချို့ကိုသာ ထုတ်မေးလိုက်ခြင်းဖြစ်သည်၊၊ ဤသို့ဖြင့် ဂူကျန်းကို သတ်လိုက်ရလျှင်ပင် အတင်းအကျပ် ဒစ်ဂျစ်တယ်အသိစိတ်ရှာဖွေမှုအတွင်းမှ အသုံးဝင်သော အချက်အလက်အပိုင်းအစများကို လျင်မြန်စွာ ဖမ်းယူနိုင်မည် ဖြစ်သည်၊၊
“မင်း...”
ဂူကျန်းသည် လုံးဝ ပြင်ဆင်ထားခြင်းမရှိပေ၊၊ သူ၏ သလင်းကျောက်စွမ်းအားပေါက်ကွဲမှုကြောင့် သူ၏ စွမ်းအား အမြင့်ဆုံးတန်ဖိုးမှာ ၁၆၀၀၀ နီးပါး ရှိနေသော်လည်း လင်းရှန်၏ လက်ချက်ဖြင့် ချက်ချင်း အရေးနိမ့်သွားခဲ့ရသည်၊၊ သူတို့သည် ဓားကိုင်ဆောင်သူ၏ စွမ်းရည်များကို သေချာစွာခွဲခြမ်းစိတ်ဖြာထားပြီး ဖြစ်သော်လည်း ရရှိထားသော အချက်အလက်များအရ လင်းရှန်သည် စွမ်းအား ၇၀၀၀ ဝန်းကျင်သာ ရှိပြီး ယူနစ် ၀၁နှင့် မြူမီးခိုးကဲ့သို့သော စွမ်းအားများကိုသာ အဓိကသုံးစွဲခဲ့ခြင်း ဖြစ်သည်၊၊ လင်းရှန်၏ ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းရည်မှာ ၂၀၀၀၀ ကျော်အထိ ရှိနေလိမ့်မည်ဟု ၎င်းတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ၊၊
လင်းရှန် ထုတ်လိုက်သော ဦးနှောက်-ယန္တရားကိရိယာကို မြင်သည်နှင့် မြင့်မြတ်မြို့တော်၏ အကြီးတန်းအဖွဲ့ဝင်ဖြစ်သူ ဂူကျန်းသည် လင်းရှန်၏ ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်သွားသည်၊၊ သူ၏ မျက်နှာဖြူလျော်သွားပြီး အံတင်းတင်းကြိတ်ကာ အေးစက်စွာ အော်ဟစ်လိုက်၏၊၊
“မဖြစ်နိုင်ဘူး”
ရုတ်တရက်ဆိုသလို သူ၏ရှုံးနိမ့်မှုနှင့် ပြိုင်ဘက်၏ နည်းလမ်းများကို သိရှိသွားပြီးနောက် ဂူကျန်းသည် မျက်လုံးများကို ပြူးလိုက်ရာ သူ၏ မျက်ဆန်များမှာ လုံးဝ ကွဲအက်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် မရေမတွက်နိုင်သော အနက်ရောင်သွေးကြောများက သူ၏ မျက်လုံးများအထိ ယှက်နွယ်လာသည်၊၊
လင်းရှန်သည် ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွား၏၊၊ ဂူကျန်း၏ အသိစိတ်ကို ဝါးမြိုနေသည့် ပြင်းထန်သော အမှောင်လှိုင်းတစ်ခုကို သူ ချက်ချင်း အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်၊၊
“သူက ကိုယ်တိုင်သန္ဓေပြောင်းအောင်လုပ်နေတာလား” ကီကီက အနားသို့ ပြေးလာရင်း ပြောလိုက်သည်၊၊
“ငါ သိတယ်၊၊ သူ့ကို ထိန်းထားနိုင်အောင် ကူညီပေးဦး”
လင်းရှန်က ဂူကျန်းကို မယူကာ ရှီဇီရှိနေသည့် အမိုးပေါ်သို့ တိုက်ရိုက်ပျံသန်းသွားပြီးနောက် သူ့ကို ချထားလိုက်ကာ ရှီဇီကို အော်ပြောလိုက်၏၊၊
“ရှီဇီ… ငါ့ကို မင်းရဲ့ စွမ်းအားအပြည့်သုံးပေးပါ”
ကီကီလည်း လင်းရှန်၏ အတွေးကို ရိပ်မိသွားသည်၊၊
“လင်းရှန်၊၊ ဒါက အရမ်းအန္တရာယ်များလွန်းတယ်”
“ငါ အချိန်နည်းနည်းပဲ လိုတယ်”
လင်းရှန်သည် ဂူကျန်းကို လုံးဝချုပ်နှောင်ထားနိုင်ရန် ယန္တရား ကိရိယာများကို ထိန်းချုပ်လိုက်သည်၊၊
“ငါတို့ တစ်ခုခုမသိရဘူးဆိုရင် ဒီညက ငါတို့အတွက် အရမ်း အန္တရာယ်များလိမ့်မယ်”
အမှောင်ဂိုဏ်းများ၏ အချက်အလက်များသာမက ကျွန်းပေါ်တွင် တစ်ဖက်အဖွဲ့က အတိအကျဘာတွေပြင်ဆင်ထားလဲဆိုသည်ကိုပါ လင်းရှန် သိချင်နေသည်၊၊ ဤသည်မှာ လက်ရှိ အဓိကပြဿနာဖြစ်ပြီး မဟုတ်ပါက ပင်လယ်ကျောက်ဆောင်ကျွန်းသည် မြူထုကြီးတစ်ခုကဲ့သို့ ဖြစ်နေကာ ဘာတွေ ဖြစ်ပျက်နေသည်ကို မသိရဘဲ ဘေးပတ်ပတ်လည်တွင် မိစ္ဆာကောင်များ ဝိုင်းနေသကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်သည်၊၊
ထို့ကြောင့် လင်းရှန်သည် ကီကီကို ဂူကျန်းအား သေချာထိန်းချုပ်ထားရန် ညွှန်ကြားလိုက်ပြီး ရှီဇီကိုမူ သူ၏အပေါ်သို့ စွမ်းအားများ သုံးခိုင်းလိုက်သည်၊၊ ထို့နောက် ဝိညာဉ်စွမ်းအားများ ဆုံးရှုံးသွားသော ဂူကျန်း၏ အတွေးများကို ကျူးကျော်ရန်အတွက် ရှင်းဂျီ၏ အထူးဦးနှောက်-ယန္တရားကိရိယာကို တိုက်ရိုက်အသုံးပြုလိုက်သည်၊၊
ကီကီ၏ အမူယာအလွန်တင်းမာနေပြီး လင်းရှန်ကို ကြည့်လိုက်၊ ဂူကျန်းကို ကြည့်လိုက်နှင့် အလုပ်ရှုပ်နေသည်၊၊ ထိုအချိန်တွင် သူမသည် ဂူကျန်းကို စိတ်စွမ်းအားဖြင့် ဖိနှိပ်ထားသော်လည်း သူ့ကို လုံးဝ ချေမွမိသွားမည်ကိုလည်း ကြောက်ရွံ့နေသဖြင့် အလွန်စိုးရိမ်ပူပန်နေ၏၊၊
စွမ်းအားရှင်တစ်ဦး သန္ဓေပြောင်းသည့် ဖြစ်စဉ်ကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်၊၊ ထိုအချိန်တွင် ဂူကျန်းသည် အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေပြီး သူ၏ အသိစိတ်များပျောက်ဆုံးနေသော်လည်း အသက်စွမ်းအင် မကုန်ဆုံးသေးပေ၊၊ သူ၏ ရင်ဘတ်မှ သွေးရောင်သလင်းကျောက်များ ပြောင်းပြန်စီးဆင်းနေပြီး သစ်မြစ်ပုံစံသွေးကြောများကဲ့သို့သော အနီရောင်စွမ်းအင်များသည် နှလုံးသားမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်၊၊ သူ၏ အရေပြားပေါ်တွင် အနက်ရောင်မျဥ်းကြောင်းများ ဖုံးလွှမ်းလာပြီး သာမန်လူသားအရေပြားသည် ဖုတ်ကောင်များကဲ့သို့ ဖြူလျော်ကာ ပုပ်သိုးနေသည့် အရောင်သို့ ပြောင်းလဲလာသည်ကို ထင်ရှားစွာ မြင်တွေ့နေရသည်၊၊
“သေကြ... မင်းတို့အားလုံး သေရမယ်”
နောက်ဆုံးထွက်ပေါ်လာသော အက်ကွဲသည့် အော်ဟစ်သံမှာ ဂူကျန်း၏ လည်ချောင်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်၊၊ ထိုအသံမှာ တဖြည်းဖြည်းမသဲမကွဲဖြစ်သွားပြီးနောက် အမောတကော ရှူရှိုက်သံများသာ ကျန်တော့သည်၊၊ သူ၏ မျက်နှာအရေပြားအောက်တွင် ထူးဆန်းသော သတ္တဝါများ တိုးဝှေ့နေသကဲ့သို့ ရှိနေပြီး မူလမျက်နှာမှာ ဖောယောင်ကာ တဖြည်းဖြည်း ပုံပျက်ပန်းပျက်ဖြစ်လာသည်၊၊ ဆံပင်အမြောက်အမြား ကျွတ်ထွက်သွားပြီး ခါးရိုးဆစ်များမှာလည်း တဂျွတ်ဂျွတ်အသံများနှင့်အတူ ရှည်ထွက်လာ၏၊၊ ပခုံးရိုးများသည် အရေပြားကို ဖောက်ထွက်ကာ အရိုးအတောင်ပံ၊ အဖုအကျိတ်များဖြစ်ပေါ်လာပြီး လက်ချောင်းအရိုးများသည်လည်း ရှည်လျားသည့် အနက်ရောင်အရိုးစူးများအဖြစ် ပြောင်းလဲကာ လက်သည်းများ ထွက်ပေါ်လာသည်၊၊
ဤအရာအားလုံးမှာ ဆယ်မိနစ်ပင် မပြည့်သော အချိန်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်၊၊
“သူ့ထဲမှာ ပါတဲ့ အမှောင်ကျုးကျော်မှုအဆိပ်တွေက အရမ်းများနေတာပဲ”
ရှီဇီက ထိတ်လန့်တကြား ပြောရင်း လင်းရှန်၏ ကျူးကျော်ခံထားရသော အသိစိတ်ကို ကာကွယ်ရန် စွမ်းအားများကို ဆက်တိုက်အသုံးပြုနေသည်၊၊
ထိုမြင်ကွင်းကို ကြည့်ရင်း ကီကီက လင်းရှန်ကို စိုးရိမ်တကြီး အော်ပြောလိုက်၏၊၊
“လင်းရှန်၊၊ မပြီးသေးဘူးလား၊၊ သူက ထူးဆန်းတဲ့ သတ္တဝါအဖြစ် သန္ဓေပြောင်းတော့မယ်”
အွတ်... အွတ်...
ဂူကျန်း၏ မျက်နှာမှာ ယခုအခါ ဖုတ်ကောင်တစ်ကောင်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းအောင် ပုံပျက်နေပြီ ဖြစ်သည်၊၊ မျက်လုံးများ ဖြူဆုတ်ကာ ချိုင့်ဝင်နေပြီး ခါးရိုးများ ပုံပျက်သွားမှုကြောင့် သူ၏ အရပ်မှာလည်း ဆက်တိုက်မြင့်တက်လာသည်၊၊ ဦးခေါင်းခွံတွင် ဦးချိုကဲ့သို့ အလွှာများစွာ ပေါက်လာပြီး ပုပ်ဟောင်သည့် အနံ့ဆိုးများလည်း လျင်မြန်စွာ ပျံ့နှံ့လာ၏၊၊ ကီကီနှင့် ရှီဇီတို့လည်း ဤသတ္တဝါထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် အဆိပ်ငွေ့များကို ခံစားနေရပြီ ဖြစ်သည်၊၊
အဆိုးရွားဆုံးမှာ ဂူကျန်း ရုန်းကန်နေစဉ်အတွင်း သူ၏ တစ်ကိုယ်လုံးမှ တုန်ခါလှိုင်းပုံစံ စွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာခြင်း ဖြစ်သည်၊၊ သူ၏ ရုန်းကန်မှု ပြင်းထန်လာသည်နှင့်အမျှ လင်းရှန် သူ့ကို ချုပ်နှောင်ရန် အသုံးပြုထားသည့် ယန္တရားလက်တံများ စတင်ပျက်စီးလာပြီး ကီကီ၏ စိတ်စွမ်းအားဖြင့် ဖိနှိပ်မှုသည်ပင် ထိုတုန်ခါလှိုင်း စွမ်းအားကြောင့် ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားနေရသည်၊၊
“သန္ဓေပြောင်းပြီးတော့ သူ့ရဲ့ စွမ်းအားတွေက ထိန်းမရအောင် ဖြစ်နေပြီ၊၊ ငါ သူ့ကို ဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး”
ကီကီက ရှီဇီကို ကြည့်ကာ ပြောလိုက်သည်၊၊
“သူ ခဏနေရင် လွတ်သွားတော့မယ်၊၊ ငါ လင်းရှန်ရဲ့ အသိစိတ်ချိတ်ဆက်မှုကို ဖြတ်လိုက်မယ်၊၊ နင်က လင်းရှန်ကို အရင်ခေါ်သွားလိုက်… ဒီကောင့်ကို ငါတားထားမယ်”
ရှီဇီ ခေါင်းညိတ်လိုက်ပြီးမှ ရုတ်တရက် ခေါင်းပြန်ခါကာ ကီကီကို ပြောလိုက်၏၊၊
“သူ့ဆီက ထွက်နေတဲ့ စွမ်းအားအတက်အကျတွေက... အဲ့ဒါတွေက ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ရဲ့ အထူးအဆင့် ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုးနီးပါး ရောက်နေပြီ၊ နင် သူ့ကို တားနိုင်ပါ့မလား”
“လင်းရှန်ကို အရင်ထုတ်သွားလိုက်… မရရင် စစ်ကူခေါ်ရမယ်”
ကီကီက အဝေးက လမ်းမတွေပေါ်က ပေါက်ကွဲသံများ ထွက်ပေါ်နေရာကို လှမ်းကြည့်လိုက်သည်၊၊
“ကျန်တဲ့သူတွေလည်း ကိစ္စတွေကို အတော်လေး ကိုင်တွယ်ပြီးလောက်ပြီ”
အွတ်... အွတ်...
ဂူကျန်းသည် ယခုအခါ သုံးမီတာခန့် မြင့်သည့် ဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်၊၊ ဖြူလျော်သော အရေပြား၊ ကြောက်မက်ဖွယ် မျက်နှာနှင့် ဝမ်းဗိုက်တွင် ဒုတိယမြောက် ကြီးမားသော ပါးစပ်ကြီးတစ်ခု ပေါက်နေကာ အလွန်ထိတ်လန့်ဖွယ်ကောင်းနေသည်၊၊ သူ၏ အရေပြားများမှာလည်း အလွှာလိုက် ကွာကျနေပြီး အနက်ရောင်အခိုးငွေ့များကို ထုတ်လွှတ်နေသည်၊၊ ထို့ပြင် ခရမ်းနက်ရောင် တုန်ခါမှုလှိုင်းများသည်လည်း ထိန်းချုပ်မရဘဲ အရပ်မျက်နှာအနှံ့သို့ ပန်းထွက်နေပြီး သန္ဓေပြောင်းသွားသည့် လူသားသည် ကီကီနှင့် ရှီဇီတို့ကို စတင်တိုက်ခိုက်လာတော့သည်၊၊
“ထိန်းလို့ မရတော့ဘူး”
ကီကီ အံတင်းတင်းကြိတ်ကာ ရှီဇီကို တစ်ချက်ကြည့်လိုက်သည်၊၊ အခွင့်အရေးကို အရယူကာ သူမ၏ လက်ဝဲဘက်လက်ကို မြှောက်လိုက်ပြီး လင်းရှန်နှင့် ဂူကျန်းကြားရှိ ဦးနှောက်-ယန္တရားချိတ်ဆက်မှုကို ဖြတ်တောက်လိုက်၏၊၊ ထို့နောက် စိတ်စွမ်းအားကို အသုံးပြုကာ လင်းရှန်နှင့် ရှီဇီတို့ကို တွန်းထုတ်လိုက်ရာ ဝုန်းခနဲ အသံနှင့်အတူ ၎င်းတို့မှာ နောက်သို့ လွင့်ထွက်သွားကြသည်၊၊