အခန်း (၉၆၄-၉၆၅)
Vol. 55 Ch. 964-965
Chapter 964
မင်းတို့ရဲ့ သခင်ကြီး ၃
တစ်ချိန်တည်းမှာပင် ရှည်လျားလှသော ခန္ဓာကိုယ်ဖြင့် သန္ဓေပြောင်းလူသားသည် ယန္တရားကိရိယာများကြားမှ ရုန်းထွက်လွတ်မြောက်လာပြီး ကီကီ၏ ပြင်းထန်သော စိတ်စွမ်းအားဖိနှိပ်မှုအောက်မှာပင် သွေးရောင်လွှမ်းနေသည့် ပါးစပ်ကြီးကို သူမဘက်လှည့်ကာ ရုတ်တရက် ဟလိုက်သည်၊၊ ၎င်း၏ ပါးစပ်အတွင်းမှ ခရမ်းနက်ရောင် တုန်ခါအလင်းတန်းတစ်ခု ထွက်ပေါ်လာ၏၊၊
၎င်းကို မြင်သည်နှင့် ကီကီသည် ချက်ချင်း ရှောင်တိမ်းလိုက်သည်၊၊ နောက်တစ်စက္ကန့်တွင် ပတ်ဝန်းကျင်ရှိ အလင်းရောင်ကို မှေးမှိန်သွားစေသည့် တုန်ခါအလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ပြင်းထန်သော တုန်ခါလှိုင်းကြောင့် နိမ့်ဆင်းနေသည့် တိမ်တိုက်များကွဲလွင့်သွားကာ အနီးနားရှိ အဆောက်အဦးတိုင်း၏ မှန်ချပ်များ တစ်စစီကြေမွသွားသည်၊၊
ဘွန်းးးး
“ဝိုး၊၊ ဒါက တကယ်အားကောင်းတာပဲ”
ကီကီသည် သီသီလေးရှောင်လိုက်နိုင်သဖြင့် မချင့်မရဲမှတ်ချက်ပေးလိုက်မိသည်၊၊ အကယ်၍ သူမကိုသာ ထိမှန်သွားပါက လင်းရှန် ပြုလုပ်ပေးထားသော အထူးစွမ်းအားဝတ်စုံနှင့် သူမ၏ စိတ်စွမ်းအား ဒိုင်းကာသည်ပင် ချက်ချင်း ပေါက်ထွက်သွားပေလိမ့်မည်၊၊ ဤသလင်းကျောက်ဆင့်ကဲပြောင်းလဲထားသည့် သန္ဓေပြောင်း လူသားသည် မွန်းစတားတစ်ကောင်ထက်ပင် ပို၍ကြောက်စရာကောင်းနေပြီ ဖြစ်သည်၊၊ ကီကီသည် ရန်သူ ချက်ချင်းမလှည့်လာခင် အခွင့်အရေးကို အရယူကာ လက်တစ်ဖက်ဖြင့် စိတ်စွမ်းအားကို သုံး၍ ဖိနှိပ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် VK လျှပ်စစ်ဓားများကို ထိန်းချုပ်လိုက်သည်၊၊ ထိုဓားများသည် သန္ဓေပြောင်းလူသား၏ နှလုံးသားကို မြှားပေါင်း ၁၀၀၀ဖြင့် ဖောက်ထွက်ရန် အထက်ကောင်းကင်မှ မိုးသီးမိုးပေါက်များ ရွာသွန်းသည်နှယ် ဆင်းသက်လာသည်၊၊
ရွှီးးးး
သတ္တုလှိုင်းတစ်ခုမှာ ရေစီးကြောင်းများကဲ့သို့ သွန်းဖြိုးလာပြီး ကီကီ၏ ကြီးမားလှသော စိတ်စွမ်းအားနှင့်အတူ အလွန်မြန်ဆန်သော အရှိန်ဖြင့် ထိုးဆင်းလာ၏၊၊ သန္ဓေပြောင်းလူသားလည်း အန္တရာယ်ကို အာရုံခံမိသွားပြီး အမိုးပေါ်တွင် ဝပ်နေလျက်ပင် ၎င်း၏ ပါးစပ်နှင့် ဝမ်းဗိုက်ရှိ ဒုတိယမြောက် ပါးစပ်ကြီးကို ဟလိုက်သည်၊၊ လေးထောင့်ပုံစံ တုန်ခါလှိုင်းများမှာ တစ်လွှာပြီးတစ်လွှာ မြင့်တက်လာပြီး ကျယ်ပြန့်သွားရာ ၎င်း၏ရှေ့တွင် စွမ်းအင်ဒိုင်းကာတစ်ခုသဖွယ်ဖြစ်ပေါ်လာပြီး ကီကီ၏ ပြင်းထန်သောလျှပ်စစ်ဓားများကို တားဆီးထားလိုက်သည်၊၊
၎င်းကို မြင်သောအခါ ကီကီက အေးစက်စွာ လှောင်ရယ်လိုက်ပြီး လက်ချောင်းများကို တင်းကျပ်စွာဆုပ်ကာ စိတ်စွမ်းအားဖြင့် သန္ဓေပြောင်းလူသား၏ လည်ပင်းကို လိမ်ချိုးရန် ကြိုးစားလိုက်သည်၊၊ ဂျွတ်ခနဲ အသံနှင့်အတူ သန္ဓေပြောင်းလူသား၏ လည်ပင်းမှာ ၁၈၀ ဒီဂရီ လည်သွားသော်လည်း ၎င်းမှာ မြေပြင်ကို အားပြုကာ အသက်ရှင်နေရုံသာမက အင်အားသုံး၍ ပြန်ထရပ်ရန် ပြင်နေပြန်သည်၊၊
ထိုအချိန်တွင် ကီကီသည် သူမ၏ စွမ်းရည်ထက် အဆပေါင်းများစွာသာလွန်နေသည့် အမြင့်ဆုံးစွမ်းအား၏ ဖိအားကို နောက်ဆုံးတွင် ခံစားလိုက်ရသည်၊၊ ကြီးမားလှသော ထူးဆန်းသည့် သတ္တဝါများမှလွဲ၍ သန္ဓေပြောင်းလူသားတစ်ဦးကို သူမ၏ စိတ်စွမ်းအားဖြင့် ဖိနှိပ်၍မရသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်၊၊ သူမ အရှုံးမပေးလိုသဖြင့် လက်နှစ်ဖက်လုံးကို မြှောက်ကာ ၎င်းကို ပြန်လည်ဖိချရန် အစွမ်းကုန်အသုံးပြုလိုက်သည်၊၊ သို့သော် ထိုအချိန်တွင် သန္ဓေပြောင်းလူသားသည် သူမ၏ တည်နေရာကို ရှာတွေ့သွားပြီ ဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်မှ လက်တံများ နေရာအနှံ့မှ ထွက်ပေါ်လာသည်၊၊ ထိုလက်တံများမှ သေးငယ်သော တုန်ခါမှုလှိုင်း အလင်းတန်းများ လင်းလက်လာပြီး လေဆာတန်းများသဖွယ် ကီကီထံသို့ ပစ်ခတ်လိုက်လေသည်၊၊
ကီကီမှာ ထိုအရာက ဤကဲ့သို့သော နည်းလမ်းကို သုံးလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အံ့အားသင့်သွားသည်၊၊ သူမ ချက်ချင်း ရှောင်တိမ်းရန် ကြိုးစားသော်လည်း အလင်းတန်းတစ်ခုမှာ သူမ၏ စွမ်းအားဝတ်စုံပခုံးကို ဖောက်ထွက်သွားသဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရကာ စိတ်စွမ်းအား ဖိနှိပ်မှုကိုလည်း လက်လွှတ်လိုက်ရသည်၊၊ ထို့နောက် သန္ဓေပြောင်းလူသားသည် ချုပ်နှောင်မှုမှ လွတ်မြောက်သွားပြီး ပျက်စီးနေသော အဆောက်အဦးတစ်ခုအတွင်းသို့ လျင်မြန်စွာ ငုပ်လျှိုးပျောက်ကွယ်သွားတော့သည်၊၊
ကီကီလည်း ချက်ချင်း လိုက်လံဖမ်းဆီးရန် ပြင်ဆင်လိုက်သည်၊၊ သူမ၏ ပခုံးကို ပွတ်၍ ထိမှန်သွားခြင်းဖြစ်သဖြင့် ကံကောင်းထောက်မစွာ ပြင်းထန်သော ဒဏ်ရာကို ရှောင်လွှဲနိုင်ခဲ့သော်လည်း ယခုအခါ သိသာထင်ရှားသော ခြိမ်းခြောက်မှုကို ခံစားနေရပြီ ဖြစ်သည်၊၊
“ဘယ်ရောက်သွားတာလဲ…. သေစမ်း... ငါသာ သလင်းကျောက်ဆင့်ကဲပြောင်းလဲထားရင် ဒီမိစ္ဆာကောင်ကို ကြောက်နေမှာ မဟုတ်ဘူး”
ဘစ်ဇ်
ကီကီ လျင်မြန်စွာ လိုက်လံရှာဖွေနေစဉ် အလွန်အန္တရာယ်ကြီးမားသော စွမ်းအားအတက်အကျတစ်ခုကို ထက်မြက်စွာ အာရုံခံမိလိုက်သည်၊၊ သူမ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လေထဲတွင် စိတ်စွမ်းအားလှိုင်းတစ်ခုကို သုံး၍ နောက်ပြန်အားယူကာ သူမ၏ ခန္ဓာကိုယ်သည် လမ်းကြောင်းပြောင်းသွားသည့် အမြောက်ဆံတစ်ခုကဲ့သို့ လွင့်မျောသွား၏၊၊
ဝှစ်၊၊
နောက်တစ်စက္ကန့်တွင် စည်ပိုင်းတစ်လုံးစာခန့် ထူထဲသော ကြီးမားလှသည့် အလင်းတန်းကြီးတစ်ခုမှာ အောက်ဘက်ရှိ အဆောက်အဦးနိမ့်တစ်ခုမှ ပစ်ခတ်ထွက်ပေါ်လာပြီး ကြီးမားလှသော စွမ်းအားဖြင့် လေထုကိုပင် လောင်မြိုက်သွားစေကာ ကီကီရှိနေခဲ့သည့် နေရာကို ဖြတ်သန်းသွားသည်၊၊
“မိပြီ”
ကီကီသည် လေဆာတန်းထွက်ပေါ်လာရာ နေရာကို အာရုံစိုက်လိုက်ပြီး လျှပ်စစ်ဓားလှိုင်းလုံးများကို ထိုနေရာသို့ သွန်းချလိုက်သည်၊၊ ရုတ်တရက် တစ်ခုခုမှားယွင်းနေသည်ကို သူမ အာရုံခံမိလိုက်သဖြင့် လေဟာနယ်ထဲသို့ လှည့်၍ ဖမ်းဆီးလိုက်ရာ သူမ၏ နောက်တွင် ထူးဆန်းစွာ ပေါ်လာပြီး အလင်းတန်းတစ်ခု ထပ်မံပစ်လွှတ်ရန် ပြင်ဆင်နေသည့် သန္ဓေပြောင်းလူသားကို ဖမ်းမိသွားသည်၊၊
သေစေနိုင်သော အလင်းတန်းသည် လမ်းကြောင်းပြောင်းသွားသဖြင့် ကီကီ၏ မျက်နှာနားမှ ကပ်၍ လွဲချော်သွား၏၊၊ ကီကီ တည်ငြိမ်စွာပင် အန္တရာယ်ရှိသော တိုက်ခိုက်မှုကို ရှောင်လွှဲလိုက်ပြီး လေထဲတွင် သန္ဓေပြောင်းလူသားကို လျင်မြန်စွာ ဖမ်းဆီးလိုက်ကာ ထိုအကောင်ကို လွတ်မသွားနိုင်စေရန် သူမ၏ စိတ်စွမ်းအားအားလုံးကို စုစည်း၍ တိုက်ရိုက်ချေမွပစ်လိုက်သည်၊၊
ဝူးးး၊၊
ခဏချင်းမှာပင် သဏ္ဍာန်မဲ့ ပြင်းထန်လှသည့် စိတ်စွမ်းအားများသည် ဆွဲငင်အားကဲ့သို့ ပြိုဆင်းလာပြီး သန္ဓေပြောင်းလူသားကို ဘောလုံးတစ်လုံးသဖွယ် ကျုံ့သွားစေသည်၊၊ ၎င်းမှာ ချေမွခံရတော့မည့် အန္တရာယ်ကို အာရုံခံမိကာ ခန္ဓာကိုယ်အနှံ့မှ အာရုံကြောအဖုအကျိတ်များ ရုတ်တရက် ပေါက်ထွက်လာပြီး အမှောင်စွမ်းအင်များ ပျံ့နှံ့လာကာ လေးဘက်လေးတန်သို့ တုန်ခါမှုလှိုင်းများ ထုတ်လွှတ်ရန် ပြင်ဆင်လိုက်သည်၊၊
ဝုန်း ဝုန်း ဝုန်း၊၊
ကီကီ မျက်မှောင်ကြုတ်သွား၏၊၊ ရှောင်တိမ်း၍မရသော နေရာသို့ ရောက်ရှိနေသဖြင့် သူမသည် သွားကို တင်းတင်းကြိတ်ကာ မျက်လုံးများမှ စွမ်းအားအလင်းတန်းများလက်လာပြီး ၎င်းကို အသားစိုင်ဘောလုံးတစ်ခုဖြစ်သွားအောင် လျင်မြန်စွာ ချေမွရန်ပြင်ဆင်လိုက်သည်၊၊
ခရမ်းနက်ရောင် တုန်ခါလှိုင်းများက ပို၍လင်းလက်လာသဖြင့် မထိန်းချုပ်နိုင်ဖြစ်နေသည်၊၊
ဤအရေးကြီးသော အချိန်တွင် ပတ်ဝန်းကျင်မှာ ရုတ်တရက် မှောင်မည်းသွား၏၊၊ ကောင်းကင်ယံအထက်မှ တောက်ပသော အဖြူရောင်မီးလျှံဓားတစ်လက်သည် တိမ်တိုက်များကို ဖောက်ထွက်လာပြီး အလင်းအားလုံးကို ဝါးမျိုကာ ပြင်းထန်သော မီးတောက် ပေါက်ကွဲမှုနှင့်အတူ ခုတ်ပိုင်းချလိုက်တော့သည်၊၊
“အဆုံးမဲ့လောင်မြိုက်ခြင်း နတ်ဘုရားဓား”
ဝုန်း၊၊
လုရှင်းချန်သည် မီးနတ်ဘုရားတစ်ပါး၏ အရှိန်အဝါနှင့်အတူ ကောင်းကင်မှ ဆင်းသက်လာပြီး ထူးဆန်းသည့် လူသားကို ဒီဂရီ တစ်သောင်းခန့်ရှိသော ပူပြင်းသည့် အပူချိန်အောက်တွင် ချက်ချင်း ဖုံးလွှမ်းသွားစေသည်၊၊
“ဘယ်လိုမိစ္ဆာကောင်မျိုးက ငါ့ရှေ့မှာ အညံ့မခံသေးတာလဲ”
လုရှင်းချန်၏ အနန္တလက်စွပ်သည် အရှိန်ပြင်းစွာ လည်ပတ်နေပြီး သူ၏ အမြင့်ဆုံးစွမ်းအားမှာ အကန့်အသတ်အထိမြင့်တက်လာကာ သန္ဓေပြောင်းလူသား၏ တုန်ခါလှိုင်းများကို ချေဖျက်လိုက်သည်၊၊ ထိုအချိန်တွင် ထူးဆန်းသော အရိပ်တစ်ခုက ထွက်ပြေးရန် ကြိုးစားရင်း လေထဲသို့ ပျံတက်သွား၏၊၊
သန္ဓေပြောင်းလူသားသည် အသိစိတ်ရှိသေးပုံရပြီး ကီကီနှင့် လုရှင်းချန်တို့၏ ပြင်းထန်သော တိုက်ခိုက်မှု ဒဏ်ရာရပြီးနောက် ထွက်ပြေးရန် ကြိုးစားခြင်းပင်၊၊
“ထူးဆန်းတယ်၊၊ သန္ဓေပြောင်းလူသားက ထွက်ပြေးဖို့ ကြိုးစားနေတာလား”
လုရှန်းချန်သည် မီးလျှံများကို ပြန်သိမ်းကာ ကီကီ၏ ဘေးတွင် ဆင်းသက်လိုက်ပြီးနောက် ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြောလိုက်သည်၊၊
“စကားမများနေနဲ့… သူ့ကို အလွတ်ပေးလို့မဖြစ်ဘူး”
ကီကီက သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ စွမ်းအားဝတ်စုံကို ချက်ချင်း အရှိန်မြှင့်ကာ လျှပ်စစ်ဓားလှိုင်းလုံးများနှင့်အတူ လိုက်လံဖမ်းဆီးတော့သည်၊၊
ထိုအချိန်တွင် မိုနီကာ၊ နန်ကျင်းနှင့် ချီလီတို့၏ အဖွဲ့များ ရောက်ရှိလာကြပြီး ဤမြင်ကွင်းကို မြင်သည်နှင့် သန္ဓေပြောင်းလူသားကို ဝိုင်းဝန်းဖိနှိမ်ရန် ပြင်ဆင်လိုက်ကြသည်၊၊
သန္ဓေပြောင်းလူသားသည် အလွန်မြန်ဆန်စွာ လှုပ်ရှားနေပြီး လေထဲသို့ ခုန်ပျံကာ အမိုးများပေါ်မှတစ်ဆင့် အဝေးရှိ ကမ်းရိုးတန်းဆီသို့ တုန်ခါလှိုင်းများနှင့်အတူ ဦးတည်ပြေးလွှားနေသည်၊၊ သို့သော် ၎င်းလေထဲသို့ ခုန်တက်လိုက်စဉ်မှာပင် ကြီးမားလှသော ယန္တရားလက်သီးချက်တစ်ခုက ကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လာတော့သည်၊၊
ရွှမ်းဝူယန္တရားစက်ရုပ်…
ပင်လယ်ကျောက်ဆောင်မြို့၏ အထက်ကောင်းကင်မှ နက်မှောင်သော အပြာရောင်ယန္တရားလက်ကြီးတစ်ခုက ကောင်းကင်ရှိ အံ့ဖွယ်အရာတစ်ခုသဖွယ် ဟိန်းဟောက်သံနှင့်အတူ ဆင်းသက်လာပြီး သလင်းကျောက်ဆင့်ကဲပြောင်းလဲပြီးနောက် စွမ်းအားများ မြင့်တက်နေသော ဂူကျန်းကို ပြင်းထန်သော ပေါက်ကွဲအဟုန်နှင့်အတူ မြေပြင်ထဲသို့ ထိုးချလိုက်တော့သည်၊၊
ဝုန်း
သန္ဓေပြောင်းလူသားသည် အမြောက်ဆံတစ်ခုကဲ့သို့ လွင့်စင်သွားပြီး ၎င်း၏ ခန္ဓာကိုယ်မှာ လေထဲတွင်ပင် တစ်စစီပြိုကွဲပျက်စီးကာ နေရာအနှံ့ပြန့်ကျဲသွားသည်၊၊
Chapter 965
အကျဉ်းထောင် (၁)
ညနေ ၄ နာရီ ၁၂ မိနစ်၊၊
ပင်လယ်ကျောက်ဆောင်ကျွန်း၏ အပူချိန်မှာ ရုတ်ချည်းကျဆင်းသွားပြီး မုန်တိုင်းအပြီး ကောင်းကင်ယံမှာလည်း အုံ့မှိုင်းနေသည်။
မြို့အတွင်းရှိ ကြမ်းတမ်းလှသော သန္ဓေပြောင်းမွန်းစတားများသည် ရေဆိုးထုတ်မြောင်းများနှင့် အဆောက်အအုံအသီးသီးမှ ဆက်တိုက်ထွက်ပေါ်လာကာ လင်းရှန်တို့အဖွဲ့ထံသို့ ဦးတည်ပြေးဝင်လာကြသည်။
သန္ဓေပြောင်းနေသော ဂူကျန်းကို လင်းရှန်က ရွှမ်းဝူယန္တရားစက်ရုပ်၏ လက်မောင်းကို အသုံးပြု၍ လက်သီးဖြင့် ထိုးနှက်ချေမှုန်းပစ်လိုက်သည်။ ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် မြေပြင်ပေါ်တွင် မိုးထစ်ခြိမ်းသံအလား ကျယ်လောင်စွာ ပေါက်ကွဲထွက်သွားပြီး ဖုန်မှုန့်များနှင့် အပျက်အစီးများ လွင့်စင်သွား၏။
အဖွဲ့သုံးဖွဲ့လုံး ပြန်လည်စုစည်းမိချိန်တွင် အားလုံးမှာ ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲခဲ့ပြီး ဖြစ်သည်။ ဤမြင့်မြတ်မြို့တော်အဖွဲ့အစည်း၏ အင်အားမှာ ကြောက်မက်ဖွယ်ကောင်းရုံသာမက မိုနီကာနှင့် နန်ကျင်းတို့သည်လည်း သလင်းကျောက်ဆင့်ကဲပြောင်းလဲထားသော သန္ဓေပြောင်းစွမ်းအားရှင်များ၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသဖြင့် အမှန်တကယ်ပင် ခက်ခဲခဲ့သည်။
လင်းရှန်၏ ဘက်တွင်မူ ထိုသန္ဓေပြောင်း လူသား၏ အင်အားမှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။ အနန္တရထား၏ အဓိကတိုက်ခိုက်ရေးသမားများဖြစ်သော ကီကီနှင့် မီးတောက်တို့ပင် ၎င်းကို မဖိနှိမ်နိုင်ခဲ့ကြပေ။ အရေးကြီးသောအချိန်တွင် လင်းရှန်သာ သူ၏ အသိစိတ်ကို ပြန်မရခဲ့ပါက ဤသတ္တဝါသည် လွတ်မြောက်သွားနိုင်ချေရှိသည်။
“ဘယ်လိုလဲ၊၊ အသုံးဝင်တဲ့ အချက်အလက်တွေ ရခဲ့လား” ကီကီက ထိုစဉ် မေးလိုက်သည်။
နန်ကျင်းက ခေါင်းခါပြလိုက်ပြီး အသားပုံအဖြစ် ကြိတ်ခြေခံထားရသော အောက်မှ သန္ဓေပြောင်းလူသားကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“ဒီလူတွေ ဘယ်လိုလေ့ကျင့်မှုတွေ လုပ်ထားလဲတော့ မသိဘူး၊၊ သူတို့က သန္ဓေပြောင်းတာကို ကိုယ်တိုင်လုပ်နိုင်ကြတ၊ယ်၊ ဒါက သာမန်စွမ်းအားရှင်တွေထက် ပိုကိုင်တွယ်ရခက်စေတယ်”
“သူတို့က သာမန်အသက်ရှင်ကျန်ရစ်သူအဖွဲ့အစည်းနဲ့မတူဘဲ ဘာသာရေးဂိုဏ်းတစ်ခုနဲ့ ပိုတူနေတယ်”
ချီလီက ပြောသည်။
“သူတို့က ကိုယ့်လူအချင်းချင်းအပေါ်မှာတောင် အတော်လေးရက်စက်ကြတာပဲ”
“ဒါက သလင်းကျောက်အသွင်ပြောင်းမှုရဲ့ ဘေးထွက်ဆိုးကျိုးများလား”
ရှုချင်းက မေးလိုက်သည်။
“ကျွန်မတို့ ဆုတ်ခွာနေတုန်းမှာ ထူးဆန်းတဲ့ လှုပ်ရှားမှုတချို့ကို ဖမ်းမိခဲ့တယ်”
တိုက်ပွဲကို စတင်ခဲ့သူ မိုနီကာက လင်းရှန်ကို ပြောသည်။
“သူတို့က ရထားလမ်းဘက်ကနေ လာကြတာ… တစ်ခုခုမှားနေပြီလို့ ခံစားမိလို့ မမှောင်ခင် သူတို့ကို တားထားလိုက်တာပဲ”
“ဒီကောင်တွေ ဘယ်ကနေ ရောက်လာတာလဲ”
လုရှင်းချန်က လက်ပိုက်လျက် ပြောလိုက်သည်။
“သူတို့က မြို့ရဲ့ အနောက်ဘက်ကို ဘယ်လိုလုပ်ပြီး တိတ်တဆိတ်ချဉ်းကပ်လာနိုင်တာလဲ”
“ခုနက မုန်တိုင်းကလည်း သူတို့ကြောင့်ပဲ ဖြစ်မှာပဲ”
လော့ယန်က လက်ကိုင်ကွန်ပျူတာကို ကိုင်ဆောင်ကာ ဟိုလိုဂရမ်ပုံရိပ်တစ်ခုကို ထုတ်ပြလိုက်ရာ ၎င်းမှာ စောစောက တွေ့ခဲ့ရသော ထူးဆန်းသည့် ကိရိယာပင်ဖြစ်သည်။
“ဒီအရာက ရေဒီယိုသတ္တိကြွနေတယ်၊၊ ပြီးတော့ ဗန်နက်ဆာနဲ့ သူ့ရဲ့ သွေးဆောင်ဖြားယောင်းဆေးရည်ဆီက စွမ်းအင်လှိုင်းတွေကိုလည်း ဒီအပေါ်မှာ ကျွန်တော် ဖမ်းမိခဲ့တယ်၊၊ ဒါပေမဲ့ ထူးဆန်းတာက သူတို့က ကျွန်တော်တို့ကို တိုက်ခိုက်တော့မယ်ဆိုရင် မှောင်တဲ့အထိ မစောင့်သင့်ဘူးလား”
ထိုအချိန်တွင် ကီကီက လင်းရှန်ကို ကြည့်လိုက်သည်။ ရှီဇီ၏ စွမ်းရည်အကူအညီဖြင့် လင်းရှန်၏ မျက်နှာက သွေးရောင်ပြန်လွှမ်းလာပြီး သူက အသက်ပြင်းပြင်းရှူကာ သူတို့၏ ဆွေးနွေးမှုကို ဖြတ်ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်တောင် ဒီအရာကို လုံးဝ ဖုံးကွယ်မထားနိုင်လို့ပဲ၊၊ နေ့ဘက်မှာ ထုတ်လွှတ်လိုက်တာက သူတို့ ဆုတ်ခွာဖို့ ပိုလွယ်ကူစေတယ်၊၊ တစ်ခါတည်း ဆက်တိုက်တုံ့ပြန်မှုဖြစ်သွားပြီဆိုရင် ညရောက်ရင်တောင် ငါတို့ဆီက အမှတ်အသားကို ဖယ်ရှားဖို့ ခက်ခဲသွားလိမ့်မယ်”
လင်းရှန်က သန္ဓေပြောင်းမွန်းစတားများကြောင့် သူတို့အပေါ် ရောက်ရှိနေသော ဒုတိယအဆင့် အမှတ်အသားကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“မြင့်မြတ်မြို့တော်အဖွဲ့အစည်းက ငါတို့ဆီကို ဦးတည်လာနေတာပဲ၊၊ ဒါပေမဲ့ အခြေအနေအရ ကြည့်ရင် သူတို့ရဲ့ အစီအစဉ်မှာ အားနည်းချက်တချို့ ရှိနေတယ်”
“လင်းရှန်”
ကီကီက သူ့ကို မေးလိုက်သည်။
“ရှင်ဘာတွေသိခဲ့ရလဲ”
လင်းရှန် ခဏမျှ မောဟိုက်စွာ အသက်ရှူနေမိသည်။ စိတ်ပိုင်းဆိုင်ရာယန္တရားကို ဤကဲ့သို့ အသုံးပြုခြင်းမှာ ရူးသွပ်မှုပင် ဖြစ်သည်။ ချူယန်သာ ဤနေရာမှာ ရှိနေပါက ပြဿနာမှာ ပို၍ ရိုးရှင်းပေလိမ့်မည်။ ဝိညာဉ်စွမ်းရည်မရှိဘဲ လင်းရှန်အနေဖြင့် မှိုမျှင်ဆက်သွယ်မှုကိုသာ စွန့်စားအသုံးပြုခဲ့ရပြီး ၎င်းမှာ အလွန်ပင် မတည်ငြိမ်ပေ။ ထို့အပြင် ဂူကျန်းသည် သန္ဓေပြောင်းခါနီး အခြေအနေဖြစ်နေသဖြင့် အမှားအယွင်းအနည်းငယ်ရှိရုံဖြင့် သန္ဓေပြောင်းမှု၏ ဝါးမျိုခြင်းကို ခံရနိုင်သည်။ ကံကောင်းထောက်မစွာဖြင့် ရှီဇီ ရှိနေသည်။
“မကောင်းဘူး”
လင်းရှန်က အောက်တွင် အုံခဲနေသော သန္ဓေပြောင်းမွန်းစတားများကို ကြည့်ကာ လေသံနှိမ့်၍ ပြောလိုက်သည်။
“ပင်လယ်ပြင်က သန္ဓေပြောင်းမွန်းစတားတွေကို ဖန်တီးထားတာ အမှန်ပဲ၊၊ အခု ငါ စိုးရိမ်တာက ဂါလန်မီးတောင်နဲ့ အဲ့ဒီတားမြစ်ပစ္စည်းက မြင့်မြတ်မြို့တော်အဖွဲ့အစည်းနဲ့ ပတ်သက်နေမှာကိုပဲ၊၊ ငါတို့ ဒီကျွန်းပေါ်မှာ ပိတ်မိနေပြီး အခြေအနေက အတော်လေးဆိုးရွားနေတယ်”
“ရှင် ပြောချင်တာက ဒီကျွန်းပေါ်က ထူးဆန်းမှုတွေက ရှင့်ကို ရည်ရွယ်ပြီး ကြိုတင်ပြင်ဆင်ထားတာလား”
မိုနီကာက မျက်မှောင်ကြုတ်လိုက်သည်၊၊
“ကျွန်မတို့ ထွက်ခွာလာတဲ့ အချိန်ကို ဖီးနစ်တောင် သိမှာမဟုတ်ဘူး၊၊ သူတို့က ဘယ်လိုလုပ်သိတာလဲ”
လင်းရှန်က ခေါင်းခါလိုက်သည်။
“မသိဘူး၊၊ ဒီကောင်က သခင်ကြီးဆိုတဲ့ အသုံးအနှုန်းကို ခဏခဏပြောနေတယ်၊၊ သူတို့က အမှောင်ယဉ်ကျေးမှုနဲ့ အရင်ထဲက အဆက်အသွယ်ရှိနေတယ်လို့ ငါသံသယရှိတယ်၊၊ ပြီးတော့ ငါ့ရဲ့ စိတ်ကလည်း အမှောင်ဘက်ခြမ်းမြင်ကွင်းရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရတယ်၊၊ ဒါကြောင့် စောစောက အကောင်ကြီးက ငါ့ရဲ့ တည်ရှိမှုကို သိနေလိမ့်မယ်လို့ ခံစားရတယ်”
“အမှောင်ယဉ်ကျေးမှုက အမှောင်ဂိုဏ်းကို ရှင့်ကို လုပ်ကြံဖို့ အမိန့်ပေးထားတယ်လို့ ထင်နေတာလား”
ကီကီ မျက်နှာပျက်သွားသည်။
“ဒါပေမဲ့... ဒါပေမဲ့ သူတို့က ဘာလို့ သွေးဆောင်ဖြားယောင်းဆေးရည်နည်းလမ်းကို သုံးနေသေးတာလဲ၊၊ ပြီးတော့ ဧရာမသမုဒ္ဒရာနတ်ဘုရားက ဘာလို့ ရုတ်တရက် ထွက်ပြေးသွားတာလဲ”
“ထွက်ပြေးသွားတာ မဟုတ်ဘူး...”
လင်းရှန်က အုံ့မှိုင်းနေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“အဲ့ဒီအရာက အနီးနားက ပင်လယ်ထဲမှာ မဟုတ်ရင် လေထုထဲက တိမ်တွေထဲမှာရှိနေလိမ့်မယ်လို့ ငါခံစားရတယ်၊၊ ဒါပေမဲ့ အကြောင်းရင်းတစ်ခုခုကြောင့် သူက ရုတ်တရက် ငြိမ်ကျသွားတယ်”
“အာ့တာမှ ပြဿနာပဲ”
ချီလီက သူ၏ မျက်နှာဖုံးကို ချွတ်လိုက်ပြီး တံတွေးထွေးကာ ပြောလိုက်သည်။
“ထွီ… ဂြိုဟ်ပတ်ရထားလမ်းကလည်း ပျက်နေပြီ၊၊ ကောင်းကင်နဲ့ ရေလမ်းကလည်း သွားလို့ မရဘူး၊၊ ငါတို့ ဒီမှာ ပိတ်မိပြီး အသေခံရတော့မှာလား”
“ပိတ်မိနေတာလား”
မိုနီကာက တည်ငြိမ်သော လေသံဖြင့် ပြန်ပြောသည်။
“သိပ်အဝေးကြီး မတွေးပါနဲ့ဦး၊၊ အခုရောက်လာမယ့် အမှောင်ညကပဲ ကျွန်မတို့အတွက် စိန်ခေါ်မှုဖြစ်နေပြီ”
“အရှေ့ဘက် ကမ်းရိုးတန်းမှာ ပျံသန်းနိုင်တဲ့ သန္ဓေပြောင်းသတ္တဝါအကြီးစားတွေကို ကျွန်မတို့ တွေ့ခဲ့တယ်၊၊ အနည်းဆုံးတော့ အထူးအဆင့်တွေပဲ”
နန်ကျင်းက စုံစမ်းရရှိမှုများကို လင်းရှန်ထံသို့ ပေးပို့လိုက်သည်။
“ပြီးတော့ သူတို့က အုပ်စုလိုက်လာကြတယ်၊၊ သူတို့ ကျွန်းကို ဝိုင်းလိုက်ပြီဆိုရင် ကျွန်မတို့ ကိုင်တွယ်ရခက်ခဲလိမ့်မယ်”
“အာ… ညီမတို့လည်း အများကြီး တွေ့ခဲ့တယ်၊၊ အကောင်ကြီးတွေချည်းပဲ”
ရှားရှားက စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူသည်။
“သူတို့တွေ ဘာလို့ အကုန်ရောက်လာကြတာလဲ၊၊ အဲ့ဒီလူတွေ ဘာတွေလုပ်လိုက်ကြတာလဲ”
“ကပ္ပတိန်လင်း”
ရှုချင်းက လင်းရှန်ကို လှမ်းခေါ်လိုက်သည်။
ထိုအချိန်တွင် လူတိုင်း၏ အကြည့်က သူ့ထံသို့ ရောက်သွားသည်။
“ဒီကျွန်းမှာ လျှို့ဝှက်ချက်တွေ ရှိနေတယ်”
လင်းရှန်က သူ၏ စွမ်းအားဝတ်စုံ မျက်နှာဖုံးကို ချွတ်လိုက်ပြီး စောစောက ဖရိုဖရဲဖြစ်နေသော အသိစိတ်အပိုင်းအစများကို ဖမ်းဆုပ်နိုင်ရန် ကြိုးစားရင်း သူ၏ နဖူးကို လက်ဖြင့် ဖိထားလိုက်သည်။
ဂူကျန်း၏ အသိစိတ်ထဲတွင် အမှောင်ဂိုဏ်း၏ အဆုံးမဲ့ကျိုးနွံမှုဆိုင်ရာ အတွေးအခေါ်များနှင့် လူသားတို့၏ ကမ္ဘာ့အမြင်ပြိုလဲသွားပြီးနောက် ဖြစ်ပေါ်လာသော ရူးသွပ်မှုများသာ ရှိနေသည်။ သူ တစ်ခုခုကို ဖမ်းဆုပ်နိုင်ရန် အသည်းအသန်ကြိုးစားခဲ့သော်လည်း သန္ဓေပြောင်းပြီးနောက် ထွက်ပေါ်လာသော ဟိန်းဟောက်သံကိုသာ ကြားခဲ့ရသည်။
ထိုအပိုင်းအစများထဲတွင် သူ ဖမ်းဆုပ်နိုင်ခဲ့သော တစ်ခုတည်းသော အသုံးဝင်သည့် အရာမှာ အလောင်းများနှင့် ရေဆိုးများပြည့်နှက်နေသည့် မှောင်မဲသော မြေအောက်လှိုဏ်ခေါင်းတစ်ခုအတွင်းမှ မြင်ကွင်းတစ်ခုသာ ဖြစ်သည်။
လင်းလက်တောက်ပနေသော ခန်းမတစ်ခုအတွင်း လူပေါင်းရာချီသည် ခန့်ညားထည်ဝါသော လူတန်းကြီးများအဖြစ် ကျိုးနွံစွာ ရပ်နေကြသည်။ မြင့်မားသော စင်မြင့်ထက်ရှိ ဝေဝါးသော ပုံရိပ်တစ်ခုမှာ တစ်စုံတစ်ခုကို ပြောကြားနေပုံရပြီး အောက်ရှိ လူများမှာလည်း လက်သီးများကို မြှောက်ကာ အော်ဟစ်နေကြသည်။
ထို့နောက်တွင် စည်တီးသံကဲ့သို့ ဗုံသံများ၊ သေနတ်ပစ်သံများ၊ နက်ရှိုင်းသော ရေအောက်တွင် ပိတ်လှောင်ခံထားရသည့် အသံများနှင့် ထူးဆန်းသော သတ္တဝါများ၏ မျက်နှာပေါင်းများစွာ ပေါ်ထွက်လာသည်။