အခန်း (၉၆၆-၉၆၇)
Vol. 55 Ch. 964-965
Chapter 966
အကျဥ်းထောင် (၂)
လင်းရှန် ဖမ်းဆုပ်နိုင်ခဲ့သည့် အထင်ရှားဆုံးမြင်ကွင်းမှာ လူများစွာဖြင့် ပြည့်နှက်နေသော အခန်းတစ်ခု ဖြစ်သည်။ ရှေ့တွင် ဟိုလိုဂရမ်နှင့် ဆင်တူသော်လည်း ထိတွေ့နိုင်နိုင်သော အပြာရောင်အလင်းလုံးတစ်ခု ရှိနေပြီး မှိန်ဖျော့သော အပြာရောင်အလင်းကို ထုတ်လွှတ်နေသည်။ ထိုအပြာရောင်အလင်းကို စိုက်ကြည့်နေစဉ် သုံးဖက်မြင် ပုံရိပ်များစွာနှင့်အတူ တစ်စုံတစ်ယောက်က ဝါဒတစ်ခု၊ အတွေးအခေါ်တစ်ခုနှင့် သမိုင်းကြောင်းတစ်ခုကို ရှင်းပြနေသည့်အသံကို ကြားလိုက်ရသည်။
ဓာတုအစားအစာများဖြင့် ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုကို မည်သို့ ဖြေရှင်းမည်နည်း၊ အာရုံငါးပါး၊ ကျားမခွဲခြားမှုနှင့် နာကျင်မှုတို့ကို ပယ်ဖျက်ကာ မျိုးပွားခြင်းဆိုင်ရာ အတားအဆီးများကို မည်သို့ ကျော်ဖြတ်မည်နည်း၊ ထိုသို့ဖြင့် သက်ရှိများမှာ ရောဂါဘယကင်းဝေးပြီး အသိစိတ်များပေါင်းစည်းကာ ပိုမိုမြင့်မားသော သက်ရှိပုံစံသို့ မည်သို့ တက်လှမ်းနိုင်မည်နည်း…
“သဘောထားကွဲလွဲမှု မရှိ၊ မုသားမရှိ၊ နာကျင်မှုမရှိ၊ သက်ရှိတွေမှာ ဉာဏ်ရည်ကင်းမဲ့သွားတဲ့အခါ လူသားတွေဟာ ဉာဏ်ပညာမရှိ၊ နာကျင်မှုမရှိ၊ တစ်ဦးချင်း ကွဲပြားမှုမရှိတဲ့ ပြည့်စုံတဲ့ သတ္တဝါတွေ ဖြစ်လာလိမ့်မယ်၊၊ အပြာရောင်ဂြိုဟ်ဟာ ဉာဏ်ရည်ကင်းမဲ့တဲ့ ထာဝရသုခဘုံဖြစ်လာပြီး အပြန်အလှန်ဝါးမျိုမှုနဲ့ အာရုံကြောပေါင်းစည်းမှုတွေကနေတစ်ဆင့် ပျော်ရွှင်မှုကို မျှဝေခံစားကြလိမ့်မယ်၊၊ ခန္ဓာကိုယ်က အရမ်းကြီးမားလာရင်တော့ တစ်စစီကွဲပြီး မျိုးပွားကြလိမ့်မယ်”
“ယဉ်ကျေးမှုထွန်းကားဖို့ဆိုတာ သက်ရှိတွေရဲ့ အဆင့်ဆင့်ပြောင်းလဲမှုနဲ့ အသိစိတ် နိုးထမှုတွေလိုအပ်တယ်၊၊ လူမှုဖွဲ့စည်းပုံ ဒါမှမဟုတ် ပဋိပက္ခတွေမရှိတဲ့ ယဉ်ကျေးမှုတစ်ခုကသာ ပိုမိုမြင့်မားတဲ့ လူမှုဘဝပုံစံကို ရောက်ရှိနိုင်မှာဖြစ်ပြီး အဲ့ဒီနေရာမှာ အလိုဆန္ဒအားလုံးကို မျှဝေနိုင်ကာ နာကျင်မှုအားလုံးကို ဖယ်ရှားနိုင်လိမ့်မယ်”
ထိုစွဲမက်ဖွယ်ကောင်းသော အသံမှာ လင်းရှန်၏ နားထဲတွင် ခေါင်းလောင်းသံကဲ့သို့ ပဲ့တင်ထပ်နေသည်။ အပြာရောင်အလင်းလုံးမှ ပေးပို့သော သတင်းစကားမှာ အတွေးအခေါ်ဆိုင်ရာ တံဆိပ်ခတ်နှိပ်မှုထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။ လင်းရှန် ဖမ်းဆုပ်မိသမျှသော နူရွန်အသိစိတ်အပိုင်းအစများသည် ယခုလောက် ကြည်လင်ထင်ရှားခြင်း မရှိခဲ့ဖူးပေ။ သူကိုယ်တိုင် ထိုနေရာတွင် ရှိနေပြီး ထိုအသံများကို နားထောင်နေရသကဲ့သို့ပင် ခံစားနေရသည်။
ထာဝရသုခဘုံဟုဆိုရမည်လား… အာရုံကြော ပေါင်းစည်းမှုဟုဆိုရမည်လား…
ဤအရာသည် အမှောင်ဂိုဏ်းများ၏ ဆန္ဒနှင့် မတူဘဲ အခြားယဉ်ကျေးမှုတစ်ခုခုမှ သွတ်သွင်းလိုက်သော ဆန္ဒနှင့် ပိုတူနေသည်။
ရှဲရှဲ။
အောက်ဘက်ရှိ လမ်းမများပေါ်မှ သန္ဓေပြောင်း သတ္တဝါများ ပိုမိုထွက်ပေါ်လာသည်။ တချို့မှာ သူတို့ထံ စုဝေးလာကြပြီး အများစုမှာမူ မြင့်မြတ်မြို့တော်အဖွဲ့အစည်းမှ ထုတ်လွှတ်ခဲ့သော သွေးဆောင်ဖြားယောင်းဆေးရည်၏ အကြွင်းအကျန်များကြောင့် အနန္တရထားရှိရာသို့ ပြေးဝင်သွားကြသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ရှုချင်း၏ မျက်နှာပျက်နေသည်။
“သေစမ်း…. ဒီကောင်တွေ အနန္တရထားဆီကို စုပြုံနေကြပြီ၊၊ ဟိုမှာ အန္တရာယ်ရှိနေတယ်”
“ကပ္ပတိန်လင်း”
လင်းရှန်သည် ဖရိုဖရဲဖြစ်နေသော အသိစိတ်အပိုင်းအစများထဲမှ သတိပြန်ဝင်လာသည်။ သူ့တစ်ကိုယ်လုံးတွင် ချွေးစေးများ ထွက်နေ၏။ ထိုစဉ် သူက စွဲမက်ဖွယ်ကောင်းသော အသံများကို ဖျောက်ဖျက်ရန် ကြိုးစားရင်း မြေအောက်လှိုဏ်ခေါင်းမြင်ကွင်းကို ပြန်ပုံဖော်ရင်း အားလုံးကို ပြောလိုက်သည်။
“ချီလီ၊ မိုနီကာ၊ အဖွဲ့ကို အမြန်ဦးဆောင်ပြီး အနန္တရထားဆီ ပြန်သွားကြ… ရထားကို ပင်းဟိုင်တက္ကသိုလ်ရဲ့ မြေအောက်လမ်းကြောင်းဆီ ရွှေ့ပြီး ခံစစ်ပြင်ထားပါ၊၊ ညမမှောင်ခင် အမှတ်အသားတွေကို သေချာအောင် ဖယ်ရှားကြဦး”
“ကောင်းပြီ” ချီလီက ခေါင်းညိတ် သဘောတူလိုက်သည်။
မိုနီကာက လင်းရှန်ကို ကြည့်ကာ “ရှင်ကရော”
“ဒီကျွန်းပေါ်မှာ သူတို့လူတွေ အများကြီးကျန်သေးတယ်၊၊ ထွက်ပြေးသွားတဲ့ကောင်က တားမြစ်ပစ္စည်းတစ်ခုခုကို သုံးသွားတယ်၊၊ အဲ့ဒါက ရိုင်ယန်ပြောတဲ့ ဂါလန်မီးတောင်ကို ထိန်းချုပ်နိုင်တဲ့အရာနဲ့ ပတ်သက်နေနိုင်တယ်၊၊ အစ်မနန်ကျင်း၊ ရှောင်ချင်း၊ အားဖေး၊ မီးတောက်… မင်းတို့က ငါနဲ့ လိုက်ခဲ့ပါ၊ အဲ့ဒီနေရာက ရေဆိုးထုတ်စနစ်တစ်ခုခုထဲမှာ ရှိနေလိမ့်မယ်လို့ ငါထင်တယ်၊၊ သူတို့ကို အပြင်ထုတ်ရမယ်”
နန်ကျင်းက မျက်မှောင်ကြုတ်လိုက်သည်၊၊
“သူတို့က ဂါလန်မီးတောင်ကို ပေါက်ကွဲအောင် လုပ်ဖို့ ကြံစည်နေမှာကို စိုးရိမ်နေတာလား”
လင်းရှန်က ခေါင်းခါပြလိုက်သည်။
“အဲ့ဒီလောက် မရိုးရှင်းဘူး၊၊ ဒါပေမဲ့ သူတို့မှာ ပုန်းစရာနေရာတစ်ခုတော့ ရှိမှာပဲ၊၊ ဒီမှာ တစ်ခုခုဖြစ်လာရင် ထွက်သွားနိုင်မှာမဟုတ်ဘူး”
“ဟင်… ဟုတ်သားပဲ၊၊ မြင့်မြတ်မြို့တော်ကလူတွေ ကျွန်းပေါ်မှာ ရှိနေသေးရင် သူတို့ကို တားဖို့ အခွင့်အရေးရှိသေးတာပဲ”
ကီကီလည်း သဘောပေါက်သွားသည်။
လုရှင်းချန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး “ကောင်းပြီ၊၊ ဒီကြွက်ကောင်တွေက ငါတို့ကို ကြံစည်ရဲတယ်ပေါ့၊၊ အကုန်လုံးကို ပြာဖြစ်အောင် လုပ်ပစ်မယ်”
မှောင်လာတော့မည့် ကောင်းကင်နှင့် လမ်းမများပေါ်တွင် လှုပ်ရှားလာသော သတ္တဝါများကို ကြည့်ရင်း အခြေအနေမှာ အန္တရာယ်ရှိနေပြီဖြစ်ကြောင်း လင်းရှန် သိလိုက်သည်။ သူက မိုနီကာနှင့် ချီလီတို့အဖွဲ့ကို ချက်ချင်း ပြန်ခိုင်းလိုက်သည်။ တစ်ဖက်တွင်လည်း မြင့်မြတ်မြို့တော်အဖွဲ့အစည်း၏ သယ်ယူပို့ဆောင်ရေးယာဉ်များကို စစ်ဆေးလိုက်ရာ ပျံသန်းရေးကိရိယာတစ်ခုပေါ်တွင် ပင်လယ်ကျောက်ဆောင်ကျွန်း၏ အရှေ့တောင်ဘက်ရှိ ကျွန်းငယ်လေးတစ်ခုပေါ်က ပင်လယ်အကျဉ်းထောင်သို့ ဦးတည်နေသော လမ်းကြောင်းပြစနစ်ကို တွေ့လိုက်ရသည်။
“ဒီမှာပဲ၊၊ မြန်မြန်သွားကြမယ်”
တားမြစ်ပစ္စည်းကို ကိုင်ဆောင်ထားသော သက်လတ်ပိုင်းအမျိုးသားသည် ကြီးမားသောပြဿနာဖြစ်လာနိုင်ကြောင်း လင်းရှန် ခံစားနေရသည်။ ယခု ညရောက်တော့မည် ဖြစ်ရာ တစ်နေရာတည်းတွင် ထိုင်စောင့်နေ၍ မဖြစ်သဖြင့် သူက အရင်ဦးအောင် လှုပ်ရှားရပေမည်၊၊ ဤလူစုသည် သန္ဓေပြောင်းမွန်းစတားများကို အများအပြားဆွဲဆောင်နိုင်သော်လည်း သူတို့ကိုယ်တိုင် လုံခြုံနေခြင်းမှာ အန္တရာယ်ကို ရှောင်ရှားနိုင်သည့် နည်းလမ်းတစ်ခုခုရှိနေသောကြောင့် ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်၏။
“ကောင်းပြီ… သွားကြစို့”
လင်းရှန်နှင့် နန်ကျင်းတို့သည် အရှေ့တောင်ဘက်သို့ ဦးတည်ကာ အမြန်ဆုံး အရှိန်ဖြင့် ထွက်ခွာလာကြသည်။ မနေ့က နေဝင်ချိန်အရဆိုလျှင် သူတို့တွင် အချိန်တစ်နာရီခန့်သာ ကျန်တော့၏။
ပင်လယ်ကျောက်ဆောင် အကျဉ်းထောင်မှာ ပင်လယ်ကျောက်ဆောင်ကျွန်းမကြီးပေါ်တွင် တည်ရှိခြင်း မဟုတ်ပေ။ ၎င်းမှာ ခရီးသွားမြို့တော်ဖြစ်သောကြောင့် အကျဉ်းထောင်ကို ကျွန်း၏ အရှေ့တောင်ဘက် ရေမိုင် ၃၀ ခန့်အကွာရှိ ကျွန်းငယ်လေးတစ်ကျွန်းပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ မီးခိုးရောင် ကွန်ကရစ်အဆောက်အအုံကြီးမှာ ဆွေးမြည့်နေသော သတ္တဝါကြီးတစ်ကောင်၏ အရိုးစုကဲ့သို့ ကျွန်းပေါ်တွင် အထီးကျန်စွာ တည်ရှိနေသည်။ အကျဉ်းထောင်ကို ဝန်းရံထားသော ဆူးကြိုးများမှာ သံချေးတက်ကာ ပြတ်တောက်နေပြီး ကြီးမားသော အင်အားတစ်ခုခုဖြင့် ဆွဲဖြဲခံထားရသကဲ့သို့ တွန့်လိမ်နေသည်။ အကျဉ်းထောင်တစ်ခုလုံးကို မြင့်မားသော တံတိုင်းများဖြင့် ကာရံထားပြီး ကြီးမားသော သံကူကွန်ကရစ်ခံတပ်ကြီးတစ်ခုအသွင်ဆောင်နေသည်။
လင်းရှန်၊ ကီကီ၊ နန်ကျင်းနှင့် အခြားလူများ အနားသို့ရောက်သွားသည်နှင့် တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိလိုက်ကြသည်။
“ဒီနေရာမှာ... ဘာလို့ ဖုတ်ကောင်တွေ ရှိနေတာလဲ”
“သန္ဓေပြောင်းသွားတာ မကြာသေးတဲ့ အသက်ရှင်ကျန်ရစ်သူတွေနဲ့ တူတယ်”
လင်းရှန်က မြင့်မားသော တံတိုင်းပေါ်တွင် ရပ်ကာ အကျဉ်းထောင်တစ်ခုလုံးကို အကဲခတ်လိုက်သည်။ ထိုနေရာတွင် တဲများနှင့် ယာယီတဲအိမ်များစွာ ရှိနေပြီး တံတိုင်းများပေါ်တွင်လည်း ခံစစ်လက်နက်များစွာ တပ်ဆင်ထားသည်ကို တွေ့ရသည်။ တံတိုင်းအတွင်းရှိ နေရာမှာ ခိုလှုံနေရာတစ်ခုကဲ့သို့ ဖြစ်နေပြီး စိမ်းလန်းသောအပင်များလည်း စိုက်ပျိုးထားသည်။ ၎င်းမှာ မူလပင်လယ်ကျောက်ဆောင်ကျွန်းမှ အသက်ရှင်ကျန်ရစ်သူများ စုဝေးရာ ခံတပ်တစ်ခုဖြစ်ခဲ့ပုံရသည်။
သို့သော်လည်း ယခုအချိန်တွင်မူ ဤအကျဉ်းထောင်ခိုလှုံနေရာမှာ လှည့်လည်သွားလာနေသော ဖုတ်ကောင်များသာ ကျန်ရှိတော့ပြီး နေရာတိုင်းတွင် သုသာန်တစ်ခုကဲ့သို့ တိတ်ဆိတ်နေကာ ညိုမည်းသော သွေးကွက်များမှာလည်း ဤနေရာမှ ထိတ်လန့်စရာအဖြစ်အပျက်မှာ မကြာသေးမီကမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတိပေးနေသကဲ့သို့ ရှိနေသည်။
နန်ကျင်းက အလေးနက်ထားပြောလိုက်သည်။
“အတော်ဆိုးတယ်… သူတို့ ဘာနဲ့ကြုံခဲ့ရလဲ မသိဘူး၊၊ ဒီနေရာက အတော်လေးကောင်းတဲ့ ဘေးကင်းဇုန်ဖြစ်ပုံရတာပဲဟာကို”
“သတိထားကြ… မြင့်မြတ်မြို့တော်က လူတွေ ဒီမှာရှိနေနိုင်တယ်”
လင်းရှန် ယန္တရားစကင်ဖတ်ခြင်းကို အသုံးပြုလိုက်သည်။
“မြေအောက် အဆောက်အအုံတွေဆီ သွားတဲ့ အပေါက်ရှိလား ကြည့်ကြ… သူတို့ ယာဉ်တွေ အကုန်လုံးကို အပြင်မှာ ရပ်ထားမှာ မဟုတ်ဘူး”
“ဟိုမှာ”
အားဖေးက အကျဉ်းထောင်အတွင်းပိုင်းရှိ ကွင်းပြင်တစ်ခုကို လက်ညှိုးညွှန်ပြလိုက်သည်။ ၎င်းကို ဆူးကြိုးများဖြင့် သီးသန့်ကာရံထားပြီး အဆောက်အအုံ၏ တစ်ဖက်တွင် ကြီးမားသောတံခါးများ တန်းစီလျက်ရှိသည်။
“အဲ့ဒီနေရာမှာ စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုးတွေ အများကြီးရှိနေတယ်”
“သွားကြမယ်”
လင်းရှန်က ချက်ချင်း လှုပ်ရှားလိုက်ပြီး ကီကီနှင့် ရှောင်ချင်းကို အချက်ပြလိုက်သည်၊၊
“အားဖေးနဲ့ ရှီဇီကို ကာကွယ်ပေးထား”
“နားလည်ပြီ”
ဝူးးး၊၊
ထိုအချိန်တွင် လင်းရှန်နှင့် အခြားလူများသည် ကောင်းကင်မှ ဆင်းသက်လာကာ လျှပ်စီးလင်းယုန်ဒရုန်းအစင်းပေါင်း ရာချီကို ဆင့်ခေါ်လိုက်သည်။ ဒရုန်းများမှာ အသံတိတ် လျှပ်စစ်လှိုင်းများကို ပစ်ခတ်ကာ ဖုတ်ကောင်များကို အစုလိုက်အပြုံလိုက် ရှင်းလင်းပစ်လိုက်ပြီး တံခါးဆီသို့ အမြန်ချဉ်းကပ်သွားကြသည်။
လင်းရှန် စစ်ဆေးကြည့်ရာ တံခါးသည် ထပ်မံအားဖြည့်ထားသည်ကို တွေ့ရသည်။ သူက ယန္တရားဝါးမျိုမှုဖြင့် တံခါးကို ဖွင့်လိုက်ပြီးနောက် အတွင်းဘက်ရှိ သံတံခါးက ပြိုကျနေပြီး နက်ရှိုင်းသော လမ်းကြောင်းတစ်ခုပေါ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ အကျဉ်းထောင်၏ ပစ္စည်းသိုလှောင်ရာနေရာဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်တွင် စိုစွတ်ကာ မှောင်မဲနေပြီး အပုပ်နံ့များဖြင့် ပြည့်နှက်နေသည်။ အတွင်းဘက်သို့ ဆက်သွားရာ ပစ္စည်းများ သိုလှောင်သည့် မြေအောက်ခန်းမှာ အပေါက်ကြီးတစ်ခုအဖြစ် ပြိုကျနေပြီး ရေစက်ကျသံများမှာ ဟာလာဟင်းလင်းဖြစ်နေသောနေရာတွင် ပဲ့တင်ထပ်နေသည်။ လင်းရှန် ဒရုန်းများကို အသုံးပြုကာ အောက်ဘက်သို့ မီးထိုးကြည့်လိုက်ရာ ကြီးမားသော ပိုက်လိုင်းတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ သို့သော် ထင်မှတ်ထားသကဲ့သို့ ရေဆိုးထုတ်ပိုက်မဟုတ်ဘဲ ၎င်း၏ အရွယ်အစားအရ ဆူနာမီရေထုတ်ပိုက်လိုင်းနှင့် ပိုတူနေသည်။
Chapter 967
အကျဥ်းထောင် (၃)
“ဒီကျွန်းမှာ အကျဉ်းထောင်တစ်ခုပဲရှိတာကို ဘာလို့ဒီလောက်ကြီးတဲ့ ရေထုတ်ပိုက်လိုင်းကြီးဆောက်ထားတာလဲ”
နန်ကျင်းလည်း ထူးဆန်းမှုကို သတိထားမိပြီး ပြောလိုက်သည်။
အနားရှိ ရှုချင်းက မှတ်ချက်ချသည်၊၊
“စစ်ဘက်ဆိုင်ရာအဆောက်အအုံတစ်ခုခုဖြစ်နိုင်တယ်၊၊ ရှိနေတာလည်း နှစ်တော်တော်ကြာပြီနဲ့ တူတယ်”
“လင်းရှန်… ငါတို့ အောက်ကို ဆင်းကြမလား”
ကီကီက မေးသည်။
လင်းရှန် ဘာမှမပြောရသေးခင်မှာပင် ပိုက်လိုင်းအောက်ဘက်မှ ခြေသံများ ပဲ့တင်ထပ်လာသည်။ ကြမ်းပြင်ပေါ်တွင် ဖိနပ်စီး၍ လျှောက်နေသည့် အသံမျိုးဖြစ်ပြီး ဤကဲ့သို့ ပျက်စီးနေသောပတ်ဝန်းကျင်တွင် အလွန်ပင်ထိတ်လန့်စရာကောင်းနေသည်။
လူတစ်ယောက် ထွက်လာတော့မည်ဟု လင်းရှန် ထင်မှတ်ထားစဉ် မြင်ကွင်းထဲသို့ ပေါ်လာသည်မှာ ပြတ်တောက်နေသော ထူးဆန်းသည့် ခြေထောက်တစ်စုံဖြစ်နေသည်။
….
ဝုန်း။
ပြင်းထန်လှသော ပေါက်ကွဲသံနှင့်အတူ ပင်လယ်ကျောက်ဆောင်ကျွန်း၏ ပျက်စီးနေသော ရထားဘူတာဟောင်းအတွင်းမှ လေးလံသော အနက်ရောင်ရထားကြီးတစ်စီးသည် အပျက်အစီးများကို ထိုးဖောက်ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ရထားအပေါ်ရှိ ဒိုင်းကာသုံးခုကို ဖြန့်ကျက်လိုက်ပြီး G3 လျှပ်စစ်သံလိုက်အမြောက် ၃လက်က ပြိုင်တူပစ်ခတ်လိုက်ရာ ဝန်းရံထားသော အနီရောင်အရိုးစုကဲ့သို့ ထူးဆန်းသော သတ္တဝါများကို ချေမှုန်းပစ်လိုက်သည်။ ထို့နောက် မြို့လယ်ခေါင်သို့ ဦးတည်သည့် ရထားလမ်းပေါ်သို့ အရှိန်ပြင်းစွာ မောင်းနှင်တက်သွားသည်။
ပင်မလမ်းကြောင်းမှ ခွဲထွက်လာပြီးနောက် အနန္တရထားသည် ပွတ်တိုက်အားကို ပြန်လည်ရရှိလာပြီး တန်ချိန်ထောင်ချီလေးသော ရထားကြီးသည် သံလမ်းများပေါ်တွင် တဂျုန်းဂျုန်းမြည်ဟည်းကာ ပြေးလွှားနေသည်။ သံဘီးများမှ မီးပွားများ တဖျတ်ဖျတ်ထွက်နေပြီး သံမဏိကိုယ်ထည်မှာလည်း တုန်ခါနေ၏။ ကောင်းကင်တွင်မူ ရှားရှားက မိုးပျံမက်မွန်သီးကို မောင်းနှင်ကာ လမ်းတစ်လျှောက် ဗုံးကြဲရှင်းလင်းလာရာ ရထားလမ်းဘေးတွင် မီးဟုန်းဟုန်းတောက်ပြီး မီးခိုးများလိပ်တက်နေလေသည်။
ရထား၏ တွဲ ၅ ရှိ ပေါက်ကွဲမှုဒဏ်ခံတံခါး ပွင့်သွားပြီး စွမ်းအားဝတ်စုံ ဝတ်ဆင်ထားသော လို့ဟွာ၊ လုချန်၊ ရှုချင်းနှင့် လော့ယန်တို့သည် ရထားလမ်းဘေးမှ လိုက်ပါလာသော ထူးဆန်းသည့် သတ္တဝါများကို လက်နက်အပြည့်အစုံဖြင့် ပစ်ခတ်နှိမ်နင်းနေကြသည်။ ရူဂျီမှာမူ ရထားခေါင်မိုးပေါ်တွင် ပျံသန်းနေပြီး ရထားလမ်းကို ပိတ်ဆို့ထားသမျှ အရာအားလုံးကို ပြင်းထန်သော စိတ်စွမ်းအင်လှိုင်းများဖြင့် ဖိနှိပ်ဖယ်ရှားပေးနေ၏။
၁၇:၂၃ နာရီ၊၊
“အချိန် ၅၀ မိနစ်တောင် မကျန်တော့ဘူး၊၊ အခုထိ ပစ်မှတ်တွေကို အကုန်မရှင်းနိုင်သေးဘူး”
ထိန်းချုပ်ခန်းအတွင်း၌ ချန်ဆီရွှမ်သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက် တိုက်ပွဲကို အကဲခတ်ရင်း ဆက်သွယ်ရေးစက်ထဲသို့ လေးနက်စွာ အော်ပြောလိုက်သည်။
“မြေအောက်ထဲမဝင်ခင် အကုန်လုံးကို အပြီးရှင်းရမယ်”
“ကောင်းပြီ… ငွေနဂါးဆယ်ဆပန်းရဲ့ စွမ်းရည်ကို သုံးလို့ရမလား”
ချီလီ၏ အသံထွက်ပေါ်လာသည်။
သို့သော် တွဲ ၃ တွင် အလုပ်လုပ်နေသော တင်းကျန်းရီက ချက်ချင်း ပြန်ဖြေသည်။
“မရဘူး၊၊ အဖူးအသစ်တွေ မထွက်သေးဘူး”
“ဒါဆို ဘယ်လိုလုပ်မလဲ… ဒီသတ္တဝါတွေက အရေအတွက် သိပ်မများပေမဲ့ ကုန်ကိုမကုန်နိုင်ဘူး”
ကောင်းကင်တွင် မီကာဗုံးကြဲယာဉ်ကို မောင်းနှင်နေသော ရှားရှားက လမ်းမများနှင့် အဆောက်အအုံများပေါ်မှ ထွက်လာသော သတ္တဝါများကို ကြည့်ကာ စိုးရိမ်တကြီးပြောလိုက်သည်။
“အရင်က နှင်းတောထဲမှာ သုံးခဲ့တဲ့ နည်းလမ်းကို သုံးလို့ရတယ်”
ချန်ဆီရွှမ်က ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ဆက်ပြောသည်။
“ငါ စစ်ဆေးကြည့်ပြီးပြီ၊၊ တက္ကသိုလ်မြို့တော်ဘူတာမရောက်ခင် ကုန်စည်နဲ့ မြေအောက်ရထားလမ်းဆုံ ပလက်ဖောင်းတစ်ခုရှိတယ်၊၊ အဲ့ဒီမှာရပ်ပြီး တစ်ခါတည်း အပြတ်ရှင်းကြမယ်”
ရွှီး၊၊
ရထား၏ နောက်ဆုံးတွဲတွင် မိုနီကာက အနောက်ဘက်ကို တာဝန်ယူထားပြီး အသံလှိုင်းဓားများဖြင့် သတ္တဝါအချို့ကို တားဆီးနေသည်။ ထိုသတ္တဝါများ၏ ကိုယ်ပေါ်တွင် အစိမ်းရောင် ဇီဝစွမ်းအင်ဒိုင်းကာများ လင်းလက်နေပြီး သံလိုက်အမြောက်ဖြင့် ပစ်လျှင်ပင် တန်းမသေဘဲ အချက်ပေါင်းများစွာ စုပြုံပစ်မှသာ ပျက်စီးကြသည်။ မိုနီကာက ပြောလိုက်သည်။
“ဒါတွေက နှင်းတစ္ဆေတွေနဲ့ မတူဘူး၊၊ အရေအတွက် များလာရင် ကျွန်မတို့ အမြန်ရှင်းနိုင်ဖို့ မသေချာဘူး”
“ဟုတ်တယ်၊၊ သူတို့ရဲ့ ခံစစ်က တကယ်ကို ရူးချင်စရာပဲ၊၊ စက်သေနတ်ကြီးတွေနဲ့ ပစ်တာတောင် တိုးမပေါက်ဘူး...” လုချန်က မယုံနိုင်စွာ ပြောသည်။
ထိုစဉ် ရှုချင်းနှင့် လို့ဟွာတို့က အမြှီးနှစ်ခွနှင့် သတ္တဝါတစ်ကောင်ကို စုပြုံပစ်ခတ်လိုက်ရာ ပေါက်ကွဲအားပြင်းကျည်ဆန်က ၎င်းကို လေထဲသို့ လွင့်စင်သွားစေသည်။ ၎င်း၏ ကိုယ်ပေါ်ရှိ အကာကွယ်ဒိုင်းလင်းလက်လာချိန်တွင် သူမက အခွင့်ကောင်းယူကာ လျှပ်စစ်အမြောက်ဖြင့် ထပ်မံပစ်ခတ်လိုက်ရာ ထိုသတ္တဝါ၏ ကိုယ်အထက်ပိုင်းမှာ ချက်ချင်းပင် လွင့်ထွက်သွားပြီး အသားစများမှာ အနီးရှိ အဆောက်အအုံပေါ်သို့ လွင့်စင်သွားတော့သည်။
“သူတို့ရဲ့ ဇီဝဒိုင်းကာမှာ ကန့်သတ်ချက် ရှိတယ်၊၊ ဆက်တိုက်တိုက်ခိုက်ရင် ဒိုင်းကာက ဝန်ပိသွားလိမ့်မယ်၊၊ ဒါမှမဟုတ် ဒိုင်းကာထက် စွမ်းအင်သိပ်သည်းဆပိုများတဲ့ တိုက်ခိုက်မှုမျိုးဆိုရင် ပေါက်သွားလိမ့်မယ်”
ရှုချင်းက တွဲ ၂ ရှိ ရထားလက်နက်များကို ထိန်းချုပ်နေသော ရှောင်ယွမ်နှင့် မြောင်လုကို ချက်ချင်း လှမ်းပြောလိုက်သည်။
“တိုက်ခိုက်တဲ့ နည်းလမ်းကို ပြောင်းလိုက်… လက်နက်တွေ အကုန်လုံးကို စုပြုံပစ်ပြီး ဒိုင်းကာကို ဖျက်ဆီး… ပြီးမှ နောက်တစ်ကောင်ကို ပြောင်းပစ်”
“နားလည်ပြီ”
ရှောင်ယွမ်က ချက်ချင်း ပြင်ဆင်လိုက်သည်။ မြောင်လုကလည်း အကူအညီပေးရင်း ပြောလိုက်သည်။
“ဘာလို့ ဗိုင်အိုလာက အခုထိ ပြန်မလာသေးတာလဲ… ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်နေတယ်”
“ကပ္ပတိန်လင်းက ဗိုင်အိုလာကို ရထားလမ်းကြောင်းအတိုင်း ကင်းထောက်ခိုင်းထားတယ်၊၊ မှောင်တဲ့အထိ ပြန်မလာနိုင်လောက်ဘူး ထင်တယ်” ရှောင်ယွမ်က ပြန်ဖြေသည်။
ဝှစ်။
ရှုချင်းနှင့် လော့ဟွာတို့က နောက်ထပ် အမြှီးနှစ်ခွသတ္တဝါတစ်ကောင်ကို တိုက်ခိုက်နေစဉ် အရှိန်ပြင်းစွာ ပျံသန်းနေသော ပုံရိပ်တစ်ခု ဖြတ်ပျံသွားသည်။ ၎င်းမှာ လင်းရှန် ဖန်တီးပေးထားသည့် အထူးပျံသန်းရေးဝတ်စုံကို ဝတ်ဆင်ထားသော စွန်းယုကျန်းဖြစ်သည်။ သူမတွင် ပျံသန်းနိုင်သည့် အတောင်ပံများသာမက ဒုံးကျည်စနစ်ပါ ပါရှိပြီး တံတိုင်းတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။ သူမ၏ ကျောဘက်မှ ပင့်ကူခြေထောက်ကဲ့သို့ ယန္တရားလက်တံ ခြောက်ခု ထွက်ပေါ်လာကာ တံတိုင်းကို တွယ်ကပ်လိုက်ပြီးနောက် ထူးခြားသော ဘူးတစ်ခုဖြင့် သတ္တဝါ၏ အသားစများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သတ္တဝါများ မတိုက်ခိုက်မီ ချက်ချင်း ပြန်လည်ပျံတက်သွားသည်။
“ဒါက ဘာလုပ်ဖို့လဲ”
တွဲ ၇ တွင် ချီလီက တံခါးကို ဖွင့်ပြီး အနီရောင်အရိုးစုတစ်ကောင်ကို ကန်ထုတ်လိုက်စဉ် စွန်းယုကျန်း ပြန်ပျံလာသည်ကို မြင်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒါရိုက်တာတင်းက… သူတို့ရဲ့ ဇီဝဒိုင်းကာကို သုတေသနလုပ်မလို့တဲ့”
စွန်းယုကျန်းက ပြောပြီး အတောင်ပံများကို ပြန်ရုပ်သိမ်းကာ တွဲ ၃ သို့ အမြန်ပြေးသွားသည်။
ချီလီ ပုခုံးတွန့်လိုက်သည်၊၊
“ကောင်းပြီလေ… ငါတို့ရထားပေါ်မှာလည်း အဲ့ဒီလိုကာကွယ်ရေးဒိုင်းကာမျိုး ရှိလာရင် ကောင်းမှာပဲ၊၊ သံမဏိချပ်ကာတွေထက်တော့ ပိုကောင်းမှာ သေချာတယ်”
“လောလောဆယ် အပြင်မှာ ဇီဝဒိုင်းကာပါတဲ့ ထူးဆန်းတဲ့ သတ္တဝါ အကောင် ၄၀၊ ၅၀ လောက် ရှိနေတယ်၊၊ ဒီနှုန်းအတိုင်း တိုးလာမယ်ဆိုရင် ကျွန်မတို့ ရပ်လိုက်တာနဲ့ သူတို့နဲ့ ထိပ်တိုက်တွေ့ဖို့ အချိန် ၂ မိနစ်ပဲ ရှိတော့မယ်”
ကောင်းကင်တွင် ပျံသန်းနေသော ရှားရှားက ကွန်ပျူတာဖြင့် တွက်ချက်ကာ ပြောလိုက်သည်။
“ပြီးတော့ ဒီဘက်လမ်းကြောင်းမှာ အရေအတွက်က ပိုတိုးလာနေတယ်၊၊ ၂ မိနစ်တောင် မရလောက်ဘူး”
“၁ မိနစ်ဆိုရင် လုံလောက်တယ်”
ဒိုင်း။
တောက်ပသော စနိုက်ပါအလင်းတန်းတစ်ခု ပေါက်ကွဲထွက်သွားသည်။ အနန္တရထား၏ ထိန်းချုပ်ခန်းတံခါး ပွင့်သွားပြီး သူမအရပ်ထက်ပင် ရှည်လျားသော ညမုဆိုးသေနက်ကို ကိုင်ဆောင်ထားသည့် ချန်ဆီရွှမ် ထွက်လာသည်။ သူမက ပလာစမာအမြောက်ဖြင့် ပစ်ခတ်လိုက်ရာ အမြှီးနှစ်ခွသတ္တဝါနှင့် အနီရောင်အရိုးစုတစ်ကောင်ကို ထိုးဖောက်သွားပြီး ၎င်းတို့၏ ကိုယ်ပေါ်တွင် မျက်နှာအရွယ်အစားရှိသော သွေးပေါက်ကြီးတစ်ခုဖြစ်သွားစေသည်။ ချန်ဆီရွှမ်က အေးစက်သော အမူယာဖြင့် လက်နက်၏ စွမ်းအင်ဖြည့်ခလုတ်ကို နှိပ်လိုက်ပြီး ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်။
“ရူဂျီ”
“အမိန့်ပေးပါ”
ရူဂျီ၏ အသံက သြရှသော်လည်း လေးစားမှုရှိနေသည်။
“ကုန်တင်စခန်းကို ရောက်တာနဲ့ မြောက်ဘက်မှာ ဂိုဒေါင်တစ်ခုရှိတယ်၊၊ မြင်သမျှ သတ္တဝါတွေ အကုန်လုံးကို နေရာတစ်ခုတည်း… ဖြစ်နိုင်ရင် ၁၀ မီတာ ပတ်လည်အတွင်းရောက်အောင် စုပေးပါ၊၊ ရမလား”
ရူဂျီက ခဏမျှ စဉ်းစားပြီးနောက် ပြတ်သားစွာ ပြန်ဖြေသည်။
“သူတို့ကို တစ်နေရာတည်း စုပေးရုံပဲဆိုရင် ဖြစ်နိုင်ပါတယ်”
“ကောင်းပြီ”
ထို့နောက် ချန်ဆီရွှမ်က ဆက်ပြောသည်။
“ရူဂျီက ထိန်းချုပ်ပြီးတာနဲ့ အားလုံးက ရထားရဲ့ ညာဘက်အခြမ်းကို အာရုံစိုက်ကြပါ…. ရှားရှား၊ ရှောင်ယွမ်… မိုးပျံမက်မွန်သီးရော၊ အနန္တရထားက လက်နက်တွေရော အကုန်အသင့်ပြင်ထား… အဲ့ဒီနေရာကို တစ်ခါတည်း စုပြုံပစ်ချကြမယ်”