အခန်း (၃၃၁-၃၃၂)
Vol. 34 Ch. 331-332
အခန်း (၃၃၁) - ကျေးလက်တောသားလေးများ ရွှေမြို့တော်သို့ ရောက်တော်မူခန်း
"ဟွေ့နန်.... ဘယ်လိုလဲ ပေးပြီးပြီလား” ဟု လော့ချန် မေးလိုက်သည်။
"ဟုတ်ကဲ့ရှင့်.... ကျွန်မ သေချာ ပေးခဲ့ပြီးပါပြီ"
"သူတို့ လိုလိုချင်ချင် လက်ခံတယ်မလား"
"ဟုတ်ကဲ့ရှင့်.... ပုံစံအကဲခတ်ရသလောက်တော့ အသာတကြည်ပါပဲရှင့် "
"အေး.... ကောင်းတယ်၊ အနောက်က အဖွဲ့သားတွေဆီသွားပြီး မြို့ထဲဝင်ရင် အိန္ဒြေရရ နေကြဖို့ သေချာမှာလိုက်၊ ဘာပြဿနာမှ မကြားချင်ဘူး.... ကြားလား....”
ချွီလင်ကျွင်းနှင့် စုရှောင်လင်တို့၏ ဖြစ်ရပ်အပြီးနောက်တွင် လော့ချန်သည် ယခင်က သူ သိပ်ဂရုမစိုက်ခဲ့သော အရာများဖြစ်သည့် စည်းကမ်း၊ အပြုအမှုနှင့် ကျင့်ဝတ်များကို ပို၍ အလေးထားလာခဲ့သည်။ ဟော်ဟူ၏ ချောင်းမြောင်းတိုက်ခိုက်မှုသည် အဆိုပါ ပဋိပက္ခနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း ပြဿနာအများစုမှာ ရန်ပွဲအကြီးများမှ စတင်သည်မဟုတ်ဘဲ လူတို့ လျစ်လျူရှုထားသော ရန်စွယ်ရန်စ အစပျိုးမှုများမှသာ ပေါက်ဖွားလာတတ်ကြောင်း လော့ချန် သဘောပေါက်ထားသည်။ ထိုသို့သော ပြဿနာများကို သူ ထပ်မကြုံချင်တော့ပေ။ အသေးအဖွဲကိစ္စများကြောင့် ဖြစ်လာသော ရှုပ်ထွေးမှုများကို လိုက်လံ ရှင်းလင်းနေရန် သူ၌ အချိန်မရှိချေ။
စီမာဟွေ့နန်သည် လော့ချန်၏ အမိန့်အတိုင်း အဖွဲ့ကို စီမံရန် အနောက်ဘက်သို့ ရိုကျိုးစွာ ထွက်သွားလေသည်။ သူမ ထွက်သွားပြီးနောက် လော့ချန်သည် တံတားထိပ်သို့ လျှောက်လှမ်းသွားကာ ရေနွေးကြမ်းတစ်ခွက်ကို အေးအေးလူလူ သောက်နေသော ဝတ်ရုံဖြူဝတ်အဘိုးကြီးထံ ချဉ်းကပ်လိုက်သည်။
"မိတ်ဆွေရွှီ.... အနှောင့်အယှက် ပေးမိပြီဗျာ၊ ဗွေမယူပါနဲ့ဦး" ဟု လော့ချန် ယဉ်ကျေးပျူငှာစွာ ဆိုလိုက်သည်။
ရွှီကျင်းနန်သည် အစောပိုင်းက တင်းတင်းမာမာ ပြောဆိုခဲ့သော်လည်း ၎င်းမှာ ရေခဲခံတပ်ဂိုဏ်း၏ တပည့်ဆိုသည့် ဂုဏ်ပုဒ်ကြောင့် ဖြစ်သည်။ ယခုအခါ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သော လော့ချန်က ယဉ်ယဉ်ကျေးကျေး စကားလာပြောသည့်အခါ သူလည်း မာန်မတင်းရဲတော့ပေ။ ထို့အပြင် ဝိညာဉ်ကျောက်တုံးများလည်း လက်ခံထားပြီးပြီ မဟုတ်ပါလော။
"ဟာ.... မဟုတ်တာ၊ အားနာစရာ မလိုပါဘူး၊ ကျုပ်ကို လူကြီးနန် ဒါမှမဟုတ် လောင်ရွှီလို့ပဲ ခေါ်ပါဗျာ”
"ကောင်းပြီဗျာ.... ဒါဆို လောင်ရွှီလို့ပဲ ခေါ်တော့မယ်ဗျာ"
ဘေးမှ စောင့်ကြည့်နေသော လျိုဇီမှာမူ ဤမြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေသည်။ ယခု မြင်တွေ့နေရသော ယဉ်ကျေးသိမ်မွေ့သည့် လော့ချန်မှာ လှေရပ်နားစခန်းတွင် လုရုန်ကို လှောင်ပြောင်ပြီး အသာစီးယူခဲ့သော လော့ချန်မှ ဟုတ်ပါ့မလားဟု သူတွေးနေမိသည်။ ‘အပြောင်းအလဲမြန်ချက်က တတ်လဲ တတ်နိုင်ပါပေတယ်’ ဟုသာ ကောက်ချက်ချရပေမည်။ သူ၏ ဦးလေးမှာ ကျင့်ကြံခြင်း အဆင့်အရ လုရုန်ထက်ပင် နိမ့်ပါးနေသော်လည်း လော့ချန်က ပို၍ ရိုသေပြနေသည်မှာ ထူးဆန်းလှသည်။
လောင်ရွှီသည် ခေါင်းမော့ကာ လော့ချန်ကို သေချာစိုက်ကြည့်လိုက်သည်။ ခဏတာ အကဲခတ်ပြီးနောက် သူ ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြလိုက်သည်။
"ကဲ.... မောင်ရင်တို့ သွားကြတော့လေ၊ မောင်ရင်တို့ မြို့ထဲမှာနေတဲ့ အချိန်အတောအတွင်း ဆောင်ရန် ရှောင်ရန်တွေကို လျိုဇီက ပြောပြပေးလိမ့်မယ်၊ အခက်အခဲလေးတွေ ရှိရင် ကျုပ်နာမည်ကို သုံးလိုက်ပါ၊ တကယ်လို့ ကြီးကြီးမားမား ပြဿနာဆိုရင်တော့.... ”
သူ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရင်း "မောင်ရင့်လို လူမျိုးက အဲဒီလို အဖြစ်ခံမယ်လို့ ကျုပ် မထင်ပါဘူး" ဟု ဆိုသည်။
"ကျေးဇူးကြီးပါပေတယ် လောင်ရွှီရယ်.... တစ်ရက် ရေနွေးကြမ်း အတူတူ သောက်ကြတာပေါ့ဗျာ"
ပြောပြီးနောက် လော့ချန်သည် တံတားကို ဖြတ်ကျော်ကာ ကြီးမားလှသော မြို့တံခါးဆီသို့ ဦးတည်လိုက်သည်။ သို့သော် နောက်ဘက်မှ ကြားလိုက်ရသော တိုးညင်းသည့် ရေရွတ်သံကြောင့် သူ၏ ဟန်ဆောင်ထားသော တည်ငြိမ်မှုမှာ ပျက်ပြယ်လုနီးပါး ဖြစ်သွားသည်။
"မက်မွန်တောင်က လက်ဖက်ရည်မဟုတ်ရင်တော့ ကျုပ် မသောက်ဘူးနော်"
လော့ချန်၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိသော်လည်း စိတ်ထဲတွင်မူ တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူသည် မျက်လုံးထောင့်မှ အနောက်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ အဘိုးအိုမှာ ဘာမှမပြောခဲ့သလိုပင် အေးဆေးစွာ ရေနွေးကြမ်း ဆက်သောက်နေသည်ကို တွေ့လိုက်ရသည်။
‘ဒါကြောင့်ကိုး.... ’
လော့ချန်၏ မျက်နှာထားမှာ ပို၍ လေးနက်သွားသည်။ နောင်လာမည့် နှစ်အနည်းငယ်တွင် ရေခဲခံတပ်ဂိုဏ်းက ထျန်းလန် နတ်ဘုရားမြို့တော်ကို အလှည့်ကျ အုပ်ချုပ်ရမည်ဟု ကြားထားသဖြင့် သာမန်ကျင့်ကြံသူတစ်ဦးကပင် ဤမျှ ရဲတင်းနေခြင်းမှာ မဆန်းတော့ပေ။ နောက်ခံတောင့်တင်းလျှင် စကားပြောရာတွင် အားပါသည် မဟုတ်ပါလော။
‘ဩော်.... ရေခဲခံတပ်.... သူတို့ ဘာလို့ ဒီလောက် ဇောင်းကြွနေလဲဆိုတာ မဆန်းတော့ပါဘူး’
....
ဤသည်မှာ ထျန်းလန် နတ်ဘုရားမြို့တော်ပေလော။
လော့ချန်သည် မြို့ဝင်ပေါက်တွင် ရပ်နေရင်း သူ့ရှေ့ရှိ ကြက်ပျံမက စည်ကားသိုက်မြိုက်နေသည့် မြင်ကွင်းကို အကဲခတ်နေသည်။ လမ်းမကြီးတစ်လျှောက် လူအများဖြင့် ကျိတ်ကျိတ်တိုးနေပြီး အနယ်နယ်အရပ်ရပ်မှ လာကြသော ကျင့်ကြံသူများ၏ ရယ်မောပြောဆိုနေသံများ စီစီညံနေတော့သည်။ လော့ချန် ခဏတာ နားထောင်လိုက်ရုံနှင့်ပင် တာဟဲဈေးမြို့တော်မှ ကျင့်ကြံသူများ၏ လေယူလေသိမ်းမှာ အခြားသူများထက် ပို၍ ရိုင်းပျနေသည်ကို သတိပြုမိလိုက်သည်။
သူ့ရှေ့ရှိ လမ်းမကြီးမှာ အလွန်ပင် တပြန့်တပြော ကျယ်ဝန်းလှသဖြင့် တစ်ချက်ကြည့်ရုံနှင့် ရင်ပြင်ကျယ်ကြီးတစ်ခုနှင့်ပင် တူနေတော့သည်။ လမ်းဘေးဝဲယာရှိ ထူးခြားဆန်းပြားသော အဆောက်အအုံများကို ကြည့်ခြင်းအားဖြင့် ဤနေရာသည် အင်အားနှင့် သက်ဝင်လှုပ်ရှားမှုတို့ ပြည့်နှက်နေသော ဗဟိုလမ်းမကြီး တစ်ခု ဖြစ်ကြောင်း သိသာလှသည်။ ၎င်းမှာ မြင်းအစီးပေါင်းများစွာ ယှဉ်တွဲ၍ အသော့နှင်နိုင်လောက်အောင် ကျယ်ဝန်းလှ၏။
လမ်းမပေါ်ရှိ ကျင့်ကြံသူ အရေအတွက်မှာ မြို့အဝင် လမ်းမတစ်ခုတည်းမှာပင် အနည်းဆုံး တစ်ထောင်ကျော် ရှိနေသည်။ လေထဲတွင် ပျံ့လွင့်နေသော ချီစွမ်းအင်များအရ အများစုမှာ ချီသန့်စင် နှောင်းပိုင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကိုလည်း အဆောက်အအုံများအတွင်း အဝင်အထွက် ပြုလုပ်နေကြသည်ကို ခပ်စိပ်စိပ် မြင်တွေ့နေရသည်။
ရုတ်တရက် လျိုဇီသည် ရှေ့ဆုံးမှနေ၍ လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ "အားလုံးပဲ နားထောင်ကြပါဦး" ဟု အော်လိုက်၏။
အဖွဲ့ဝင်များက သိပ်ဂရုမစိုက်ကြပေ။ အများစုမှာ ဤနတ်ဘုရားမြို့တော်၏ ကြီးကျယ်ခမ်းနားမှုတွင် မိန်းမောနေကြဆဲ ဖြစ်သည်။ သို့သော် လော့ချန် မျက်နှာထားတင်းတင်း တစ်ချက် ကြည့်လိုက်သည်နှင့် လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများမှာ ချက်ချင်း ငြိမ်ကျသွားတော့သည်။
လျိုဇီတစ်ယောက် သက်ပြင်းချလိုက်မိသည်။ ဤမျှ လူအုပ်ကြီးကို တစ်ယောက်တည်း လမ်းပြရသည်မှာ သူ့အတွက် အလွန် ဖိအားများလှသည်။
"ကဲ....” သူ တည်ငြိမ်သော လေသံဖြင့် စပြောသည်။
"ခင်ဗျားတို့က ထျန်းလန် နတ်ဘုရားမြို့တော်ကို ပထမဆုံး ရောက်ဖူးတာဆိုတော့ သိထားရမဲ့ အချက်တချို့ ရှိတယ်ဗျ....”
"ပထမအချက်၊ မြို့ထဲက ကျင့်ကြံသူတွေကို နတ်မျက်စိနဲ့ လျှောက်မကြည့်ပါနဲ့"
အချို့အဖွဲ့သားများက ဇဝေဇဝါ ဖြစ်နေသဖြင့် လျိုဇီက အလောတကြီး မလုပ်ဘဲ စိတ်ရှည်စွာ ရှင်းပြသည်။
"ဒီမှာ ကျင့်ကြံသူ အမျိုးမျိုး ရှိကြသလို သူတို့ရဲ့ စရိုက်တွေကလည်း မတူကြဘူး၊ စိတ်တိုတတ်တဲ့ သူတွေလည်း ပါတာပေါ့၊ အခြားသူရဲ့ ကျင့်ကြံမှုအဆင့်ကို မှော်အတတ်နဲ့ လိုက်စစ်တာက အရမ်းရိုင်းတဲ့ အပြုအမူလို့ သတ်မှတ်ထားတယ်၊ အထူးသဖြင့် အစွမ်းထက်တဲ့သူတွေ ဒါမှမဟုတ် ထူးခြားတဲ့ အတတ်ပညာရှိတဲ့သူတွေဆိုရင် သွားမထိမိစေနဲ့၊ ဘာလို့ဆို သူတို့ရဲ့ စွမ်းအားတွေကို လူမသိစေချင်လို့မှ တမင် ဖုံးကွယ်ထားတာ၊ ကိုယ်က အလိုက်မသိ သွားကြည့်မိရင် ချက်ချင်းတော့ သူတို့က တုံ့ပြန်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်ကျ မှတ်လောက်သားလောက်အောင် လာဆုံးမလိမ့်မယ်၊ အဲဒါတစ်ခုကတော့ ခင်ဗျားတို့ အရှောင်ရှားသင့်ဆုံး ကိစ္စပဲ"
ဤစကားကို လော့ချန် အလွန် သဘောတူမိသည်။ သူသည် ချီဖုံးကွယ်မှော်အတတ်ကြောင့် အာရုံခံစားမှု ပိုမို စူးရှလာခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးက သူ့အား စစ်ဆေးရန် ကြိုးစားလျှင် ကျင့်ကြံခြင်းအဆင့် သူ့ထက် အဆမတန် မြင့်မားမနေပါက သူ ချက်ချင်း သိရှိနိုင်သည်။ သူ၏ လက်အောက်ငယ်သားများမှာမူ နယ်စွန်နယ်ဖျားဘက်မှ လာကြသော တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ဘဝတွင် ပရမ်းပတာ လွတ်လပ်စွာ စိတ်ကြိုက် နေထိုင်လာခဲ့ကြသူများ ဖြစ်သည်။ ယခုကဲ့သို့ မြို့ကြီးပြကြီးသို့ ရောက်လာသောအခါ သူတို့၏ အပြုအမူကို ဆင်ခြင်ရန် လိုအပ်ပေသည်။ အကယ်၍ ဤနေရာမျိုးတွင် အပြောအဆိုမတတ်၊ မျက်နှာရိပ်မျက်နှာကဲ မခတ်တတ်ဘဲ ဘုနဲ့ ဘောက် သွားလုပ်ပါက ဒဏ်ရာရရုံနှင့် ပြီးမည်မဟုတ်ဘဲ အလောင်းချင်း ထပ်သွားနိုင်သည်။
လျိုဇီ၏ သတိပေးချက်မှာ အချိန်ကိုက်ပင် ဖြစ်သည်။
"ဒုတိယအချက်ကတော့ မြို့ထဲမှာ တိုက်ခိုက်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မိသွားရင်တော့ မဟူရာချောက်နက် ရေအကျဉ်းထောင်ထဲ ပစ်ချတာ ဒါမှမဟုတ် နေရာမှာတင် သတ်ပစ်တာမျိုး လုပ်တတ်ပါတယ်၊ တကယ်လို့ ပြဿနာတစ်ခုက အေးအေးဆေးဆေး မဖြေရှင်းနိုင်တော့ဘူးဆိုရင် အဆုံးအဖြတ်စင်မြင့်ကို သွားလို့ရတယ်၊ အဲဒီမှာ နာမည်စာရင်းသွင်း၊ အသက်စွန့်စာချုပ်မှာ လက်မှတ်ထိုးပြီး သူသေကိုယ်သေ တိုက်လို့ရတယ်ဗျ"
အဆုံးအဖြတ်စင်မြင့် ဆိုသည့်စကားကြောင့် လော့ချန် အတော်စိတ်ဝင်စားသွားသည်။
တိုက်ခိုက်ခြင်းကို တားမြစ်ထားခြင်းမှာ လူတိုင်း လက်ခံနိုင်သော အရာဖြစ်သည်။ မြို့တော်အများစုတွင် ထိုစည်းကမ်းမျိုး ရှိကြသည်။ သို့သော် ထျန်းလန် နတ်ဘုရားမြို့တော်တွင်လည်း အဆုံးအဖြတ်စင်မြင့် ရှိနေသည်ကို သူတို့ စိတ်ဝင်စားသွားကြသည်။
သူတို့အားလုံး သိလိုစိတ် ပြင်းပြနေသည်ကို မြင်သောအခါ လျိုဇီက ထပ်မံ ရှင်းပြသည်။
"ကျွန်တော်တို့ ထျန်းလန်ရဲ့ အဆုံးအဖြတ်စင်မြင့်ဟာ တခြားနေရာတွေနဲ့ မတူပါဘူး၊ ဒါဟာ နှစ်ပေါင်း သုံးရာကျော်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ထူးချွန်တဲ့ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်ခဲ့တာ…."
လျိုဇီတစ်ယောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဇာတ်လမ်းဟောင်းတစ်ပုဒ်ကို စပြောတော့သည်။
"ဥပမာ ပြောရရင်.... လွန်ခဲ့တဲ့ ဆယ်နှစ်ကပေါ့ဗျာ.... အဲဒီတုန်းက ထိပ်သီး ၁၀ ယောက်စာရင်းမှာ ဘယ်သူတွေ ပါခဲ့လဲဆိုတော့....”
သူ ခေတ္တရပ်ကာ ဆက်ပြောသည်။
"အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ ပထမနေရာကတော့ လင်ချင်းရွှမ်ပဲ.... သူဟာ ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ ရွှေအမြုတေလောင်းလျာ ပါရမီရှင်တစ်ဦးလေ.... သူတစ်ဦးတည်းနဲ့ မသေမျိုးမြို့တော် ဆယ်မြို့က ပြိုင်ဘက်တွေကို စိန်ခေါ်ခဲ့တာ.... ဆယ်ယောက်၊ ဆယ်နှစ်ယောက်လောက် သူ့စိန်ခေါ်တာလက်ခံပြီး လာပြိုင်ကြတယ်.... ဒါပေမဲ့ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူး၊ သူရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ တုနှိုင်းမဲ့ပဲဗျ….”
"ဒုတိယနေရာ ရတာကတော့ နှင်းမိမယ်ပဲ.... အဲ.... သူကလည်း ရွှေအမြုတေ လောင်းလျာတစ်ဦးဖြစ်ပေမဲ့ ရေခဲခံတပ်ဂိုဏ်းကဗျ၊ တော်တော် ကြောက်စရာကောင်းတဲ့ အမျိုးသမီးပါဗျာ၊ ရေခဲတုံးလို အေးစက်ပြီး သေမင်းတမာန်တော်လိုပဲ အတော် ကြောက်စရာကောင်းတယ်….”
“နောက်တစ်ယောက်ကတော့ ဆေးလုံးစိမ်းချိုင့်ဝှမ်းက ထောင်ဝမ်ပဲ၊ ရုပ်ရည်က မြင်ရသူတိုင်း ငေးကြည့်ချင်လောက်တဲ့အထိ အရမ်းချောတယ်.... အဲ.... လှပချောမောသလောက်လဲ အတော်လေး ရက်စက်တတ်တယ်လို့ ပြောကြတယ်.... ရွှေအမြုတေ မျိုးနွယ်စုက ဆင်းသက်လာပြီး အခြေခံတည်ဆောက်ခြင်း အဆင့် ၉ မှာ ရှိတယ်ဗျ၊ သူ့ရဲ့ တိမ်ပြေးလက်စွပ်အတတ်က အရမ်း သိမ်မွေ့သယောင်နဲ့ အားကောင်းတယ်"
လျိုဇီ၏ အသံမှာ ပို၍ တက်ကြွလာသည်။
"ကျွန်တော်ပြောတဲ့ သူတွေအားလုံးဟာ ကျင့်ကြံခြင်းလောကကို တုန်လှုပ်စေခဲ့တဲ့ နာမည်တွေချည်းပဲ၊ သူတို့ဟာတစ်ချိန်ချိန်မှာ အင်အားကြီး ထောက်တိုင်တွေ ဖြစ်လာမယ့် ပါရမီရှင်တွေပေါ့ဗျာ"
အဖွဲ့ထဲမှ တစ်ယောက်က အော်မေးသည်။
"နေဦး ကျုပ်တစ်ခုမေးချင်လို့၊ ဘာလို့ သူတို့အားလုံးက ဂိုဏ်းကြီးတွေက တပည့်တွေချည်းပဲ ဖြစ်နေတာလဲ"
လျိုဇီက ရှက်ကိုးရှက်ကန်း ရယ်လိုက်ရင်း "ဂိုဏ်းတပည့်တွေချည်းပဲ မဟုတ်ပါဘူး၊ ချူခွေး ဆိုတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက်တောင် ပါသေးတယ်ဗျ" ဟု ဆိုသည်။
"တော်လောက်ပြီ.... အရမ်းဝေးသွားပြီ" လော့ချန် အေးစက်စက် လှမ်းကြည့်လိုက်ရာ လျိုဇီတစ်ယောက် အသံတိတ်သွားသည်။ သူ အာချောင်မိပြန်ပြီ ဖြစ်သည်။
လူအုပ်ကြီးသည် ကျယ်ပြောလှသော လမ်းမကြီးအတိုင်း ဆက်လျှောက်လာကြသည်။ လမ်းလျှောက်နေရင်းနှင့် လျိုဇီက ဆက်ရှင်းပြသည်။
"အခု တတိယအချက်အနေနဲ့ အားလုံး မှတ်ထားရမှာက ထျန်းလန် နတ်ဘုရားမြို့တော်ဟာ ပျံသန်းမှု တားမြစ်နယ်မြေ ဖြစ်ပါတယ်.... ဆိုလိုတာက လှေပျံတွေ၊ ပျံသန်းရေး မှော်လက်နက်တွေ သုံးခွင့်မရှိသလို လေဟုန်စီးတာမျိုးတောင် မရပါဘူး.... ဘယ်လို ပျံသန်းမှုမျိုးကိုမဆို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်"
"ဒါပေမဲ့ မြို့ကြီးက ဒီလောက်တောင်ကျယ်တာ.... ကျုပ်တို့ ဘယ်လို သွားလာကြမလဲ.... ကုန်းကြောင်းလျှောက်ရမှာဆို ခြေညောင်းလို့ သေပြီလေဗျာ" ဟု အဖွဲ့ထဲမှ တစ်ဦးက ဝင်မေးလိုက်သည်။
ထိုအခါ လျိုဇီက ပြုံးပြလိုက်ရင်း
"အဲဒါက လွယ်ပါတယ်.... ခင်ဗျား အနောက်ကို ကြည့်လိုက်ပါ"
အားလုံး လှည့်ကြည့်လိုက်သောအခါ ဧရာမ အနက်ရောင် သားရဲကြီးတစ်ကောင် သူတို့ဆီသို့ တရွေ့ရွေ့ လာနေသည်ကို မြင်လိုက်ရသည်။
"ဟာ.... မိစ္ဆာသားရဲလား"
တစ်ဦးက စိုးရိမ်တကြီး ရေရွတ်လိုက်သည်။
"မဟုတ်ဘူး.... နေဦး.... အဲဒါက ဘာကြီးလဲ"
နောက်တစ်ဦးက ဇဝေဇဝါ ဖြစ်နေသည်။
လော့ချန် မျက်မှောင်ကြုတ်သွားသည်။ ထိုသတ္တဝါကြီး နီးကပ်လာလေလေ ပို၍ ထူးဆန်းလေလေ ဖြစ်နေသည်
‘ဒါ.... ဘတ်စ်ကားလား’
သူ၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ဝင်လာတော့သည်။ ထိုအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် ပေ ၁၀၀ ခန့် ရှည်လျားသော သားရဲရထားလုံးကြီးသည် မြို့တံခါးဝတွင် ရပ်တန့်သွားသည်။ ထို့နောက် ဆွဲဆောင်မှုရှိသော အမျိုးသမီး ကျင့်ကြံသူ တစ်ဦးမှာ အတွင်းမှ ခေါင်းပြူထွက်လာသည်။
"တက်ကြပါ.... တက်ကြပါ.... ဒီလမ်းကြောင်းက ဟွာချင်းနန်းတော်ကို သွားမှာပါ၊ ခရီးစဉ်က နှစ်နာရီ ကြာပါမယ်၊ မြန်မြန်လုပ်ကြ"
သူမ၏ အော်ဟစ်သံ မဆုံးခင်မှာပင် ကျင့်ကြံသူ အုပ်စုကြီးသည် သားရဲရထားလုံး၏ တံခါးပေါက်ဆီသို့ တိုးဝှေ့ဝင်ရောက်သွားကြသည်။ လူများလွန်းလှသဖြင့် တစ်ဦးကိုတစ်ဦး တွန်းတိုက်နေကြတော့သည်။ လှပသော ယာဉ်အကူ အမျိုးသမီးက ငေါက်ငမ်းလိုက်သည်။
"တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး တစ်တုံးစီ ပေးရမယ်…. ခိုးစီးဖို့တော့ မစဉ်းစားနဲ့…. မိရင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့ တိုင်လိုက်မယ်"
သူမ၏ စူးရှသော အသံကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်နေမှုများ ငြိမ်ကျသွားသည်။ လူအုပ်ကြီးသည် ပွစိပွစိ ပြောနေကြသော်လည်း စည်းကမ်းတကျ နေရာယူလိုက်ကြသည်။ သို့သော် ရထားလုံး၏ ထက်ဝက်ကျော်မှာ လွတ်နေဆဲ ဖြစ်သည်။ သူမ၏ အကြည့်များ လော့ချန်တို့ အုပ်စုဆီသို့ ရောက်လာသောအခါ မျက်ဝန်းများ အရောင်တောက်သွားသည်။
"ရှင်တို့ရော တက်မလား.... တိုးစီးရင် အကုန်ဆံ့ပါတယ်.... လာကြ လာကြ…."
လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။ နေရာများမှာ ထက်ဝက်ခန့် လွတ်နေသည်မှာ မှန်သော်လည်း မိမိတို့ လော့ထျန်း တစ်ဖွဲ့တည်းမှာပင် လူတစ်ရာကျော် ရှိနေသည် မဟုတ်ပါလော။ လီမျိုးနွယ်စုတွင် နောက်ထပ် ခြောက်ဆယ်ခန့်ရှိပြီး အနည်းဆုံးဖြစ်သော နန်ကုန်းမျိုးနွယ်စုတွင်ပင် ဆယ့်ငါးဦးထက် မနည်း ရှိနေသည်။
လော့ချန်က "အားလုံး ဆံ့ပါ့မလားဗျ၊ ကြည့်လဲလုပ်ဦး” ဟု မေးလိုက်သည်။
လျိုဇီက ချက်ချင်း ဝင်ရှင်းပြသည်။
"ဆံ့ပါတယ်ဗျ၊ မြွေဟောက်နက်ရထားလုံးဆိုတာ တကယ့် သားရဲရထားလုံး မဟုတ်ပါဘူး၊ သားရဲရုပ်သေးပါ၊ ဒါဟာ တော်တော် ပြောင်းလွယ်ပြင်လွယ် ရှိပါတယ်၊ အပြင်က မြင်ရတာထက် အဆပေါင်းများစွာ ပိုချဲ့လို့ရပါတယ်"
‘သားရဲရုပ်သေး ဟုတ်လား’ လော့ချန် အံ့အားသင့်သွားသည်။ ချက်ချင်းပင် သူသည် သူ၏ သိုလှောင်အိတ်ထဲမှ သင်းခွေချပ်လေးနှင့် ကူချိုင်ယီ ပိုင်ဆိုင်သော ဝက်ဝံရုပ်သေးကြီးကို သတိရလိုက်သည်။ ထိုအရာများမှာလည်း သားရဲရုပ်သေးများ ဖြစ်ကြသည်။ ဤအရာများမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုနိုင်လောက်အောင် အဆင့်မြင့်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
လော့ချန် ဆက်မေးလိုက်သည်။
"လျိုဇီရေ…. ငါတို့ သွားမယ့် နေရာက ဘယ်လောက်ဝေးလဲ"
လျိုဇီက ခဏတာ စဉ်းစားပြီးမှ "ခြေကျင်ဆိုရင် သုံးနာရီလောက် လျှောက်ရပါမယ်ဗျ၊ အစကတော့ အားလုံးကို ခြေကျင်လျှောက်ပြီး မြို့ပတ်ပြဖို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ အကြီးအကဲ အချိန်မရရင်တော့ ဒီသားရဲရထားလုံးကိုပဲ စီးကြတာပေါ့၊ လမ်းခုလတ်မှာ ဆင်းပြီး ခဏလေး လျှောက်ရင် ရောက်ပါပြီ” ဟု ဆိုသည်။
"ကောင်းပြီ၊ ဒါဆို တက်ကြတာပေါ့"
လော့ချန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ လော့ထျန်းအဖွဲ့ဝင်များ၏ မျက်ဝန်းထဲတွင် စပ်စုလိုစိတ်များ တောက်ပနေသည်ကို သူ သတိပြုမိသည်။
လီမျိုးနွယ်စုနှင့် နန်ကုန်းမျိုးနွယ်စုသည်လည်း ထိုနည်းတူပင် သားရဲရထားလုံးပေါ် တက်ရန် ဆုံးဖြတ်လိုက်ကြသည်။ လူများလွန်းသဖြင့် ခြေကျင်သွားလျှင် ကြန့်ကြာမည်ဖြစ်သလို အပြင်တွင် အချိန်ကြာကြာ ရှိနေခြင်းကလည်း ပြဿနာကို ဖိတ်ခေါ်သလို ဖြစ်နေသည်။ အတူတူ သွားခြင်းက ပို၍ စနစ်တကျ ရှိပေလိမ့်မည်။
သို့ရာတွင် ကုန်ကျစရိတ်မှာ ထင်သည်ထက် များနေပေသည်။
ဝိညာဉ်ကျောက်တုံး ၁၀၀ ကျော် ထပ်ထုတ်ပေးလိုက်ရသောအခါ စီမာဟွေ့နန်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားရသည်။
"ဘာဖြစ်လို့လဲ ဟွေ့နန်"
လော့ချန် ချက်ချင်း မေးလိုက်သည်။ သူသည် လီရီရှန်းနှင့်အတူ အနောက်ဘက်တွင် ထိုင်နေပြီး မြွေဟောက်နက်ရထားလုံး၏ တည်ဆောက်ပုံကို အကဲခတ်နေခြင်း ဖြစ်သည်။
စီမာဟွေ့နန်က အားနာနာဖြင့် ပြုံးပြရင်း "ခေါင်းဆောင်.... ကျွန်မတို့ ဝိညာဉ်ကျောက်တုံးတွေ သုံးနေတာ နည်းနည်း များမနေဘူးလား" ဟု ဆိုသည်။
လော့ချန် ရယ်လိုက်မိသည်။ လီရီရှန်းပင်လျှင် ဟွေ့နန်၏ စကားကို ကြားသောအခါ ခပ်နွမ်းနွမ်း ပြုံးမိသည်။ လှေရပ်ခ၊ မြို့ဝင်ခ၊ ယခု ရထားလုံးစီးခ စသဖြင့် တစ်ခုချင်းစီမှာ မများသော်လည်း ခဏခဏ ပေးနေရသဖြင့် စုလိုက်လျှင် မနည်းလှပေ။
"မင်း ဒါကို စောစောကတည်းက သတိထားမိသင့်တာ"
စီမာဟွေ့နန်နှင့် လီရီရှန်းတို့ ဇဝေဇဝါဖြင့် လော့ချန်ကို ကြည့်လိုက်ကြသည်။
"ဘာကိုလဲရှင်"
လော့ချန်၏ မျက်နှာထား လေးနက်သွားသည်။
"ငါ လှေရပ်နားစခန်းမှာ လုရုန်ကို ပြောခဲ့တဲ့ စကားကို မှတ်မိလား"
စီမာဟွေ့နန် ခဏစဉ်းစားလိုက်ပြီးမှ မျက်လုံးများ တောက်ပသွားသည်။ လီရီရှန်းလည်း ချက်ချင်း နားလည်သွားဟန်ရှိသည်။ လော့ချန်၏ ပြတ်သားသော အကြည့်ကို ကြည့်ရင်း သူတို့နှစ်ဦးသည် လော့ချန်အား တစ်လှမ်းလှမ်းလျှင် ဆယ်လှမ်းကြိုမြင်သူအဖြစ် အသိအမှတ်ပြုလိုက်မိသည်။ မြို့ထဲသို့ ခြေမချခင် စကားအနည်းငယ် ပြောရုံဖြင့် လော့ချန်သည် ထျန်းလန် နတ်ဘုရားမြို့တော်၏ လည်ပတ်ပုံကို သိရှိနေပြီ ဖြစ်သည်။
ဤသည်မှာ တာဟဲဈေးမြို့တော် မဟုတ်တော့ပေ။ သူတို့ သိခဲ့သော နေထိုင်မှုပုံစံများမှာ ဤနေရာတွင် ကွယ်ပျောက်သွားပြီ ဖြစ်သည်။ အရာအားလုံးကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားသည်။ လှေဆေးခကိုပင် အဆင့်အတန်း၊ အညစ်အကြေး ပမာဏနှင့် အရွယ်အစားပေါ် မူတည်၍ ဈေးသတ်မှတ်ထားသည်။ ပြုပြင်ခမှာလည်း အသေးစိတ် တွက်ချက်ထားသည်။ ရပ်နားခမှာပင် ရက်စွဲ၊ လစွဲ၊ ဒဏ်ကြေးနှင့် လျော်ကြေးများ ပါဝင်နေသည်။ ဤအရာများအားလုံးမှာ သယ်ယူပို့ဆောင်ရေး တစ်ခုတည်းအတွက်ပင် ရှိသေးသည်။
ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေသည်ဟု ထင်နိုင်သော်လည်း အရာအားလုံးမှာ စနစ်တကျ ရှိလှသည်။
ကုန်သွယ်မှုပိုင်းတွင်လည်း ထျန်းလန် နတ်ဘုရားမြို့တော်သည် ပို၍ပင် ကြောက်စရာကောင်းလောက်အောင် တိကျပေလိမ့်မည်။ တိုက်ခိုက်မှုကို တားမြစ်ထားခြင်းမှာ လူထုလုံခြုံရေးအတွက်သာမက စီးပွားရေးကို ကာကွယ်ရန်နှင့် ပဋိပက္ခများကို အဆုံးအဖြတ်စင်မြင့်ဆီသို့ လမ်းကြောင်းပြောင်းရန် ဖြစ်ပြီး ၎င်းမှတစ်ဆင့် ဝင်ငွေများ ထပ်မံ ရရှိဦးမည် ဖြစ်သည်။ ပျံသန်းမှုကို တားမြစ်ခြင်းကမူ ဤကဲ့သို့သော သားရဲရထားလုံးများအတွက် ဝယ်လိုအားကို ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ စနစ်တကျ တည်ဆောက်ထားသော ဈေးကွက်တစ်ခုပင် ဖြစ်လေသည်။
ထိုသို့ဆိုပါက ကျန်ကိစ္စရပ်များတွင်ရော မည်သို့ လည်ပတ်နေကြသနည်း။
ဝိညာဉ်ကျောက်တုံး တစ်တုံးပေးပါက မြို့ထဲတွင် တစ်ရက်နေခွင့်ပေးသည်။ ညမိုးချုပ်သည်နှင့် ထွက်သွားရမည် ဖြစ်သည်။ အကယ်၍ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ဖမ်းဆီးခြင်းခံရလျှင် မိုင်းတွင်းများတွင် တစ်လ အလုပ်ကြမ်း လုပ်ရမည် ဖြစ်သည်။ မြို့ထဲတွင် ဆက်နေလိုပါက တည်းခိုခန်းတွင် အခန်းငှား နေသည်ဖြစ်စေ၊ ကျင့်ကြံရေးဂူဗိမာန် ငှားနေသည်ဖြစ်စေ၊ ထျန်းလန်နတ်ဘုရားမြို့တော်တွင် နေထိုင်ခမှာ အလွန် မြင့်မားလှပေလိမ့်မည်။ လှေရပ်နားစခန်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်လေးတစ်ခုတည်းဖြင့် လော့ချန်သည် မြို့၏ စီးပွားရေးစနစ်ကို သိရှိခဲ့ပြီ ဖြစ်သည်။ ဤနေရာတွင် အရာအားလုံးမှာ အသေးစိတ် စနစ်တကျ ရှိနေပြီး အရာရာတိုင်းအတွက် ငွေပေးရသည်။
အင်အားသည် အရေးကြီးဆဲဖြစ်သော်လည်း ၎င်းမှာ ထိပ်သီးပိုင်းများအတွက်သာ ဖြစ်သည်။ ကျန်ရှိသူများအတွက်မူ ရှင်သန်ခြင်း၏ အခြေခံမှာ ချမ်းသာကြွယ်ဝမှုပင် ဖြစ်သည်။ ကုန်သွယ်မှု ထွန်းကားလာသည်နှင့်အမျှ တခြားနေရာတွင် ရှားပါးသော အရင်းအမြစ်များမှာ ဤနေရာတွင် ပေါများလှသည်။ တာဟဲဈေးမြို့တော်တွင် ရိုသေခံရသော ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူမှာ ဤနေရာတွင် ဘာမှမဟုတ်ပေ။ တစ်နယ်လုံးကို အုပ်စိုးခဲ့သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် ဤနေရာတွင် အရာရာကို လွှမ်းမိုးနိုင်စွမ်း မရှိတော့ပေ။ ထျန်းလန် နတ်ဘုရားမြို့တော်သည် အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူများကို စုစည်းပေးထားသဖြင့် အားနည်းသူဟူ၍ မရှိသလောက်ပင်။ ရွှေအမြုတေအဆင့်သို့ မရောက်မချင်း တိုက်ခိုက်ရေးစွမ်းရည် တစ်ခုတည်းဖြင့် မလုံလောက်တော့ပေ။
ထို့ပြင် မြို့တော်ကို ဂိုဏ်းကြီး ခုနစ်ဂိုဏ်းက အလှည့်ကျ စီမံနေကြပြီး လက်ရှိတွင် ရေခဲခံတပ်ဂိုဏ်းက ထိန်းချုပ်ကာ တည်ငြိမ်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးထားသည်။ ထိုတည်ငြိမ်မှုကြောင့်ပင် အဖွဲ့အစည်းပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံမှာ အချင်းချင်း ရောယှက်ကာ အမြစ်တွယ်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ အကျဉ်းချုပ်မျှသာ ရှိသေးသည်။ အလုံးစုံကို သိရှိရန်မှာကား စကားလုံး အနည်းငယ်ဖြင့် မလုံလောက်တော့ပေ။ ဤနေရာတွင် ရှင်သန်နိုင်ရန် လော့ချန်တို့သည် အတွေ့အကြုံများမှတစ်ဆင့် ဖြည်းဖြည်းချင်း သင်ယူသွားကြရမည်သာ ဖြစ်သည်။
"အားလုံးပဲ.... ရောက်ခါနီးနေပါပြီ"
"နောက်တစ်မှတ်တိုင်က ယွီလုလမ်း ပါ၊ အခြေချဖို့ ဒါမှမဟုတ် အလုပ်ရှာဖို့ လာတဲ့သူတွေ ဒီမှာ ဆင်းပါ" ဟု ယာဉ်အကူ အမျိုးသမီးက လှမ်းအော်လိုက်သည်။ တစ်ကိုယ်တော် ကျင့်ကြံသူများစွာမှာ ခြေသံတရှပ်ရှပ်ဖြင့် ရထားလုံးပေါ်မှ ဆင်းသွားကြတော့သည်။
လျိုဇီက တံခါးဝတွင် ရပ်ကာ လက်ဝှေ့ယမ်းရင်း "သွားကြစို့ အားလုံးပဲ.... ဒါ ကျွန်တော်တို့ ဆင်းရမယ့် နေရာ.... ဒီဘက်မှာပါ အကြီးအကဲ.... ဒီဘက်ကို လာပါ" ဟု ခေါ်လိုက်သည်။
လော့ချန် ခေါင်းညိတ်ပြကာ မြွေဟောက်နက်ရထားလုံးပေါ်မှ ဆင်းလိုက်သည်။ ယာဉ်ပေါ်တွင်ရှိစဉ်က မြို့၏ မြင်ကွင်းကို မမြင်ရသော်လည်း ယခု ခြေချလိုက်သည်နှင့် ထျန်းလန် နတ်ဘုရားမြို့တော်၏ လောကကြီးက သူ့အား အပြည့်အဝ ကြိုဆိုလိုက်တော့သည်။
သူ ဆင်းလိုက်သည်နှင့် ဆူညံသံများက လှိုင်းလုံးကြီးကဲ့သို့ သူ့ဆီ လှိမ့်ဝင်လာတော့သည်။ တစ်ချိန်တည်းမှာပင် လူချွေးနံ့၊ မိစ္ဆာသားရဲနံ့၊ သတ္တုရိုင်းနံ့နှင့် ဆေးဖက်ဝင် အပင်နံ့များ ရောပြွမ်းနေသော ထူးဆန်းသော အနံ့တစ်ခုက သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ၎င်းမှာ အလွန် ပြင်းရှလှသဖြင့် ကျင့်ကြံသူ အများစုမှာ နှာခေါင်းရှုံ့မိကြသည်။ တစ်ဦးက မကျေမနပ် ရေရွတ်သည်။
"လျိုဇီ.... ခင်ဗျား လမ်းမှားခေါ်လာတာ မဟုတ်ပါဘူးနော်၊ ဘာလို့ ကျုပ်တို့ကို ဒီလိုနေရာမျိုး ခေါ်လာတာလဲ"
လျိုဇီက ချက်ချင်း လက်ကာပြသည်။
"ကျွန်တော့်ကို ယုံပါ၊ ယွီလုလမ်းမဟာ ထျန်းလန်နတ်ဘုရားမြို့တော်ရဲ့ တည်းခိုခ အသက်သာဆုံး နေရာပါ၊ ကျွန်တော်တို့က ယာယီပဲ နေမှာမလား၊ တစ်ညကို ဝိညာဉ်ကျောက်တုံး ဆယ်တုံးကျော် ပေးရတဲ့ တည်းခိုခန်းကြီးတွေမှာ ငွေဖြုန်းနေဖို့ မလိုပါဘူး"
သူ ရှင်းပြနေရင်းနှင့် အဖွဲ့ကြီးသည် လမ်းကြားလေးများထဲသို့ တဖြည်းဖြည်း တိုးဝင်သွားကြသည်။ လော့ချန်သည် လီရီရှန်းနှင့် နန်ကုန်းကျင်းတို့ကဲ့သို့ မျိုးနွယ်စုဝင်များနှင့် ကပ်မနေသလို သူ့လူများနှင့် ခပ်ခွာခွာတွင် လျှောက်လှမ်းနေသည်။ တည်းခိုရေးနှင့် အစီအစဉ်များကို စီမာဟွေ့နန်က တာဝန်ယူထားသည်။ လော့ချန်၏ အကြည့်မှာမူ လမ်းဘေးရှိ ဆိုင်ငယ်လေးများဆီသို့ ရောက်ရှိနေသည်။
‘မှော်စာရွက်လုပ်တဲ့ သားရေရောင်းတဲ့ဆိုင်၊ မှင်ရောင်းတဲ့ဆိုင်၊ ကလောင်ရောင်းတဲ့ဆိုင်.... ဒါပေမဲ့ မှော်စာရွက် အစုံရောင်းတဲ့ ဆိုင်ကြီးတွေတော့ မရှိသလောက်ပါလား၊ ဒါဟာ ကုန်သွယ်ရေး ဗဟိုချက်ထက် ကုန်ကြမ်းထုတ်လုပ်တဲ့ နယ်မြေနဲ့ ပိုတူနေတယ်၊ မိစ္ဆာသားရဲနံ့နဲ့ သတ္တုနံ့တွေ နံနေတာ မဆန်းပါဘူး၊ ခမ်းနားတဲ့ ဆိုင်ကြီးတွေက လမ်းမကြီးပေါ်မှာ ရှိပြီး ဒီလို ဆိုင်ငယ်လေးတွေကတော့ အစွန်အဖျားကို တွန်းထုတ်ခံထားရတာပဲ’
လော့ချန်သည် ဆိုင်တစ်ဆိုင်၏ ရှေ့တွင် အလုပ်သင် ခေါ်နေသော ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။ ထျန်းလန် နတ်ဘုရားမြို့တော်၏ ရှင်သန်ပုံကို သူ တဖြည်းဖြည်း ပို၍ နားလည်လာသည်။ ကျင့်ကြံခြင်းလောကတွင် ဦးစားပေး အစီအစဉ်မှာ ကျင့်စဉ်၊ စည်းစိမ်ဥစ္စာ၊ အဖော်နှင့် နေရာ ဟု အစဉ်အလာအရ သတ်မှတ်ထားသော်လည်း ဤ ထျန်းလန် နတ်ဘုရားမြို့တော်တွင်မူ ထိုအစီအစဉ်မှာ ပြောင်းလဲသွားသည်။ စည်းစိမ်ဥစ္စာ က ပထမ၊ နေရာ က ဒုတိယ၊ ထို့နောက်မှ ကျင့်စဉ် နှင့် အဖော် တို့ လိုက်ပါလာသည်။
‘ဒါဆိုရင်တော့.... လော့ထျန်းအဖွဲ့အနေနဲ့ ထျန်းလန်မှာ ရှင်သန်ဖို့ဆိုရင် နယ်ပယ်အစုံကို ချဲ့ထွင်နေမယ့်အစား တစ်ခုတည်းကိုပဲ အာရုံစိုက်တဲ့ စနစ်ကို ပြန်သွားတာက ပိုပြီး ပညာရှိရာ ရောက်လိမ့်မယ်’
လော့ထျန်းအဖွဲ့အတွက် ဗျူဟာမြောက် အတွေးတစ်ခု သူ၏ စိတ်ထဲတွင် လျှပ်ခနဲ ပေါ်လာသည်။ သို့သော် လော့ချန် အမှန်တကယ် စိတ်ဝင်စားနေသည်မှာ အခြားအရာတစ်ခု ဖြစ်သည်။
ကျင့်ကြံသူများအတွက် နေရာထိုင်ခင်း စီစဉ်ပေးနေသော လျိုဇီသည် ရုတ်တရက် လှည့်လာပြီး လော့ချန်၏ ဘေးသို့ ပြေးလာသည်။
"အကြီးအကဲ.... ကျွန်တော့်ဆီက ဘာများ ထပ်သိချင်သေးလဲဗျ"
လော့ချန် သူ့ကို ကြည့်လိုက်သည်။ ခရီးစဉ်တစ်လျှောက်လုံးတွင် လျိုဇီသည် အမှန်တကယ်ပင် လိမ္မာယဉ်ကျေးစွာ နေထိုင်ခဲ့ပြီး မည်သည့် လှည့်ကွက်မှ မသုံးခဲ့ပေ။ ရွှီကျင်းနန်ကို သူ ပေးခဲ့သော ဝိညာဉ်ကျောက်တုံးများမှာ အကျိုးသက်ရောက်မှု ရှိပုံရသည်။ အနည်းဆုံးတော့ လျိုဇီအား သူ၏ အလုပ်တွင် ပို၍ ကြိုးစားလာစေသည်။
"အင်း…. ငါ့မှာ မေးစရာလေးတစ်ခု ရှိတယ်"
လော့ချန်က တည်ငြိမ်သော်လည်း အမိန့်သံပါပါဖြင့် မေးလိုက်သည်။
"ကျကျနနကျင့်ကြံလို့ရမယ့် ကျင့်ကြံရေး ဂူဗိမာန်တစ်ခု ဘယ်မှာ ငှားလို့ရမလဲ မင်း သိလား"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၃၂) - မာလာဒေဝီနှင့် တာဟဲသားတို့ သောကမီးများ
ထိုသို့ လျိုဇီ မမျှော်လင့်ထားသော မေးခွန်းတစ်ခုကို လော့ချန်က ပေါ့ပါးတည်ငြိမ်သော လေသံဖြင့် မေးလိုက်ရာ သူဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။
လော့ချန်၏ စကားအသွားအလာအရ ထိုကဲ့သို့သော နေရာမျိုး ရှိ၊ မရှိကို မေးမြန်းနေခြင်း မဟုတ်ဘဲ မည်သည့်နေရာတွင် ရှိသနည်းဟုသာ တိုက်ရိုက်မေးမြန်းလိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် ယုတ္တိကျလှပေ၏။ ထျန်းလန်နတ်ဘုရားမြို့တော်သည် ကျင့်ကြံသူ တစ်သန်းကျော် စုဝေးရာ မဟာမြို့တော်ကြီး ဖြစ်ရကား ကျင့်ကြံခြင်းအတွက် သီးသန့်နေရာများ ရှိနေမည်မှာ အသေအချာပင်ဖြစ်သည်။ ချီစွမ်းအင်ကြွယ်ဝသည့် မြေအများစုကို ဂိုဏ်းကြီးခုနစ်ဂိုဏ်းက အပိုင်စီးထားသော်လည်း ၎င်းတို့ကို အသုံးမပြုဘဲ ပစ်ထားမည်ဆိုပါက နှမြောစရာကောင်းလှပေမည်။ ထို့ကြောင့် အထိရောက်ဆုံးသော နည်းလမ်းမှာ ထိုမြေများကို အဆင့်အနိမ့်အမြင့်ခွဲ၍ ပြန်လည်ငှားရမ်းခြင်းပင် ဖြစ်သည်။
လျိုဇီသည် ခဏစဉ်းစားပြီးနောက် ပြန်ဖြေသည်။
"ကျွန်တော် ကောင်းကောင်းသိတာပေါ့ အကြီးအကဲရဲ့.... အခုပဲ သွားကြည့်ချင်တာလား"
လော့ချန် ခေါင်းကိုအနည်းငယ်စောင်းကာ လျိုဇီ စီစဉ်ပေးထားသော တည်းခိုခန်းဘက်သို့ ကြည့်လိုက်သည်။ ၎င်းမှာ ဈေးနှုန်းသက်သာပြီး လူတစ်ရာကျော် ဆံ့သောကြောင့် တော်တော်လေး အဆင်ပြေလှသည်။ လော့ထျန်းအဖွဲ့နှင့် နန်ကုန်းမျိုးနွယ်စုတို့မှာ ငှားရမ်းအခြေချပြီးဖြစ်သော်လည်း လီမျိုးနွယ်စုမှာမူ အဆင်မပြေသေးပေ။ လီရီရှန်းသည် တည်းခိုခန်းတာဝန်ခံနှင့် အိုးတိုးအမ်းတမ်း စကားပြောနေကာ ရှက်ရွံ့နေသည်ကို လော့ချန် မြင်လိုက်ရသည်။
လျိုဇီက သက်ပြင်းတစ်ချက်ချရင်း "ဒါ ကျွန်တော့်အပြစ် မဟုတ်ဘူးနော်၊ ဒါဟာ မြို့ထဲမှာ ဈေးအသက်သာဆုံးနေရာပဲ၊ ဆယ်ရက်စာအတွက် တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ငါးတုံးပဲ ပေးရတယ်၊ ဝိညာဉ်ဆန်တစ်ပန်းကန်တောင် အလကားရသေးတာ၊ ကိုင်း.... ဒီထက်တန်တဲ့ တည်းခိုခန်းရှိဦးမလား....” ဟု ဆိုသည်။
ထို့နောက် လီရီရှန်းတို့အုပ်စုဘက်သို့ မေးဆတ်ပြရင်း ဆက်ပြောသည်။
"ဟိုက အကြီးအကဲလီက သူခေါ်လာတဲ့ လူအရေအတွက်နဲ့ဆိုရင် ကုန်ကျစရိတ်က နည်းနည်းများတယ်လို့ ထင်နေပုံရတယ်"
လော့ချန် ဘာမှမပြောပေ။ လီမျိုးနွယ်စု၏ အခြေအနေကို သူ ကောင်းကောင်းနားလည်သည်။ သူတို့တွင် အရင်းအမြစ် အသင့်အတင့် ရှိနေသေးသော်လည်း လီရီရှန်းသည် မကြာခင်ကမှ ဘေးအန္တရာယ်များကို ကာကွယ်ရန်အတွက် အဆင့်နိမ့် မှော်ရတနာတစ်ခုကို ဝိညာဉ်ကျောက်တုံး အမြောက်အမြားပေး၍ ဝယ်ယူခဲ့ရသည်။ ထိုတစ်ခုတည်းနှင့်တင် သူတို့၏ စုဆောင်းထားသမျှ ထက်ဝက်နီးပါး ကုန်ခန်းသွားခဲ့သည်။ ထျန်းလန်နတ်ဘုရားမြို့တော်သို့ ရောက်ရှိလာပြီးနောက်တွင်လည်း ဝိညာဉ်ကျောက်တုံးများမှာ ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ လွင့်စင်ကုန်ခမ်းနေသည်။ လီရီရှန်းသည် ငွေကြေးစီမံမှုအပိုင်းတွင် မကျွမ်းကျင်သော်လည်း ဤအတိုင်း ဆက်သွားပါက မကြာမီ သူတို့ မျိုးနွယ်စုတစ်ခုလုံး ပြာပုံဘဝ ရောက်သွားမည်ကို ကောင်းကောင်း ရိပ်မိနေသည်။ ပို၍ ဆိုးသည်မှာ ဤမြို့ကြီးတွင် ငွေရှာရန် လမ်းစ မရှိသေးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သူမ အသုံးစရိတ်ကို အစွမ်းကုန် ခြိုးခြံချွေတာနေရခြင်း ဖြစ်သည်။
မျိုးရိုးမြင့် မျိုးနွယ်စုတွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် လီရီရှန်းသည် ကျင့်ကြံခြင်းကိုသာ နားလည်ပြီး ဈေးဆစ်ခြင်းကဲ့သို့သော လက်တွေ့ကိစ္စများတွင်မူ အလွန် ညံ့ဖျင်းလှသည်။ အပြန်အလှန် စကားပြောပြီးနောက်တွင် တည်းခိုခန်းတာဝန်ခံမှာ စိတ်ပျက်သွားရုံသာ အဖတ်တင်သည်။ လီအောက်ပင်လျှင် လူပုံအလယ်တွင် ဈေးဆစ်နေသော အဒေါ်ဖြစ်သူကို ကြည့်ကာ ရှက်လွန်း၍ မျက်နှာနီမြန်းနေရရှာသည်။
နောက်ဆုံးတွင် သူမ ရှုံးနိမ့်သွားခဲ့သည်။ ဈေးက တစ်ပြားသားမျှ မလျှော့ပေးပေ။ သူမ သက်ပြင်းချရင်း မျိုးနွယ်စုရန်ပုံငွေထဲမှ ဝိညာဉ်ကျောက်တုံး ရာချီကို ထုတ်ပေးကာ သူမ၏ လူများအတွက် အခန်းငှားလိုက်ရတော့သည်။ လီရီရှန်းသည် လူများစွာက သူမကို ကြည့်နေသည်ကို သိသော်လည်း "ကျွန်မတော့ လူကြားသူကြားထဲ အရှက်ကွဲပြီ ထင်ပါရဲ့ မိတ်ဆွေလော့ရယ်" ဟုသာ လော့ချန်ကို ကြည့်၍ ခါးသီးသော အပြုံးဖြင့် ဆိုနိုင်တော့သည်။
လော့ချန်က ခေါင်းခါပြလိုက်ရုံသာ ပြုလုပ်ပြီး ဤသည်မှာ ရှက်စရာမဟုတ်ကြောင်း ပြောလိုက်သည်။ စင်စစ်မူ သူမ၏ မာနကို ဘေးဖယ်ထားနိုင်မှုကို သူ ချီးကျုး၍ပင်နေမိသည်။ အခြေအနေ နိမ့်ပါးနေချိန်တွင် မာနဆိုသည်မှာ အသုံးမဝင်ဆုံးသော အရာပင်ဖြစ်သည်။ သူကိုယ်တိုင်လည်း တစ်ချိန်က ဈေးဆိုင်လေးများတွင် ဝိညာဉ်ကျောက်တုံး တစ်ဝက်အတွက် အိမ်ရှင်မကြီးတစ်ဦးကဲ့သို့ ဈေးဆစ်ရင်း ဈေးသည်နှင့် အော်ကြီးဟစ်ကျယ် ငြင်းခုံခဲ့ဖူးသည် မဟုတ်ပါလော။
ထိုစဉ် နန်ကုန်းကျင်း ရောက်လာသဖြင့် လော့ချန်က ဆီးမေးလိုက်သည်။
"ကျွန်တော် ကျင့်ကြံရေး ဂူဗိမာန် ငှားမလို့၊ အဲဒါ လျိုဇီနဲ့အတူ သွားကြည့်မလို့၊ ခင်ဗျားတို့ရော လိုက်ခဲ့မလားဗျ"
"ဟင်.... ကျင့်ကြံရေး ဂူဗိမာန် ဟုတ်လား"
နန်ကုန်းကျင်း၏ မျက်လုံးများ အရောင်တောက်သွားသည်။
"ဟိုဟာ.... ဒုတိယအဆင့် ဝိညာဉ်ကြော ရှိတဲ့နေရာလားကွ"
သူတို့၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။
နန်ကုန်းကျင်းက ချက်ချင်းပင် "ဟာ.... ဒါပေါ့.... လိုက်မှာပေါ့ကွ" ဟု အားတက်သရောဆိုသည်။
လီရီရှန်းသည်လည်း ခဏတာ စဉ်းစားပြီးနောက် အံကြိတ်ကာ "ကောင်းသားပဲ.... ကျွန်မလည်း လိုက်မယ်လေ.... သွားကြည့်ကြတာပေါ့" ဟု ပြောလိုက်သည်။
သို့သော် မထွက်ခွာမီ သူမသည် လီအောက်ထံသို့ အသံလှိုင်းဖြင့် သတင်းပို့လိုက်သည်။ တည်းခိုခန်း တံခါးဝတွင် ထွက်ရန် အသင့်ဖြစ်နေသော လီအောက်မှာ ထိုသတင်းကို ရသည်နှင့် မျက်နှာပျက်သွားတော့သည်။ မျိုးနွယ်စုဝင်များကို စောင့်ရှောက်ရန် သူ ချန်ထားခဲ့ခံရခြင်းပင်ဖြစ်သည်။
လော့ထျန်းအဖွဲ့တွင်မူ စီမာဟွေ့နန်၏ စီမံမှုအောက်တွင် စည်းကမ်းများ ချမှတ်ပြီး ဖြစ်သည်။ ပထမဆုံးနေ့တွင် မည်သူမျှ အပြင်မထွက်ရ။ အားလုံး အနားယူကြရမည်။ ဒုတိယနေ့မှ စတင်၍ လူစုခွဲကာ မြို့တော်အခြေအနေကို လေ့လာကြရမည်။ သို့သော် လျိုဇီ၏ လမ်းညွှန်မှုအောက်တွင်သာ သတိကြီးစွာဖြင့် သွားလာကြရန် ညွှန်ကြားထားသည်။
"အကြီးအကဲရေ.... သားရဲရထားလုံးရောက်ပြီဗျ.... သွားကြမယ်ဗျိုး” ဟု လျိုဇီက ဇရပ်တစ်ခုအောက်မှနေ၍ လက်ယမ်းကာ အော်လိုက်သည်။
ကျားသစ်အစင်းကြောင်းများ ပါရှိသော ကြီးမားလှသည့် ကျားပုံသဏ္ဌာန် သားရဲရုပ်သေးရထားလုံးကြီးသည် သူတို့ရှေ့တွင် ရပ်တန့်သွားသည်။
ရထားလုံးရပ်သွားသောအခါ လျိုဇီက ပြုံးပြရင်း "ဟာ အကြီးအကဲတို့.... လူစုံတက်စုံပါလား၊ ဒီဘက်ကို ကြွပါဗျ၊ ယာဉ်ပေါ် တက်ကြရအောင်" ဟု လှမ်းခေါ်လိုက်သည်။
လော့ချန် ရှေ့သို့ လှမ်းကြည့်လိုက်ရာ ဤရထားလုံးမှာ စောစောက စီးခဲ့သော မြွေဟောက်နက်ရထားလုံးနှင့် မတူဘဲ အမိုးဖွင့်ပုံစံ ဖြစ်နေသည်ကို တွေ့ရသည်။ ခရီးသည်များအတွက် သက်တောင့်သက်သာရှိသော ထိုင်ခုံများ ပါရှိပြီး ထျန်းလန်နတ်ဘုရားမြို့တော်၏ အလှအပကို ကြည့်ရှုနိုင်သည်။ သို့သော် ၎င်းမှာ သေးငယ်ပြီး လူတစ်ဒါဇင်ခန့်မျှသာ ဆံ့လေသည်။ ရထားလုံးပေါ်တွင် ရောက်နှင့်နေသော ခရီးသည်အချို့မှာ သူတို့ သုံးဦးကို စပ်စုသလို ကြည့်နေကြသည်။
လော့ချန်သည် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို တွန့်ဆုတ်ခြင်းမရှိဘဲ ပေးလိုက်ပြီး ရထားလုံးပေါ် တက်ခဲ့သည်။ အနောက်ဘက်တွင် လျိုဇီက ထိုင်ခုံတစ်ခုကို ဖုန်ဖတ်ခါပေးနေသည်ကို မြင်လိုက်ရသည်။
"လာဗျ.... အကြီးအကဲ ဒီမှာ ထိုင်ပါ"
"အေး…. လျိုဇီ၊ ကျေးဇူးပဲကွာ" ဟုဆိုရင်း လော့ချန် ဝင်ထိုင်လိုက်သည်။ လီရီရှန်းနှင့် နန်ကုန်းကျင်းတို့လည်း သူ့ဘေးတွင် နေရာယူလိုက်ကြသည်။
"ကျွန်တော်တို့ သွားမယ့် ရေခဲလှိုင်းနန်းတော်က ယွီလုလမ်းနဲ့ အတော်လေး ဝေးတယ်ဗျ၊ အဲ့ဒီကိုသွားတဲ့ ရထားလုံးက နှစ်စီးပဲရှိတာ၊ ဒီကျားသစ်ရထားလုံးက အဲ့ဒီထဲက တစ်စီးပါ” ဟု လျိုဇီက ရှင်းပြသည်။
လော့ချန်က စိတ်ဝင်တစားဖြင့် "ဒါနဲ့လျိုဇီရေ.... ဘာလို့ ထျန်းလန်က ရထားလုံးတွေက ပုံစံမျိုးစုံ ဖြစ်နေရတာလဲ၊ တွေ့ရသလောက် တသမတ်တည်း ပုံစံ မရှိဘူးနော်" ဟု မေးလိုက်သည်။
လျိုဇီက ခေါင်းကို ကုတ်လိုက်ရင်း "ဟီး.... အဲဒါကတော့.... ကျွန်တော်လည်း သေချာ မသိဘူးဗျ" ဟု ပြန်ဖြေရှာသည်။
"ဒါဆို ဒီမြို့မှာ ဒီလို ရထားလုံးမျိုး စုစုပေါင်း ဘယ်လောက်ရှိလဲကော မင်းသိလားကွ"
"ဩော်.... အဲဒါတော့ ကျွန်တော် သိတယ်ဗျ"
လျိုဇီ၏ မျက်လုံးများ တောက်ပသွားသည်။
"သားရဲရုပ်သေး ရထားလုံးငါးစီး ရှိတယ်ခင်ဗျာ.... မြွေပုံစံ နှစ်စီးနဲ့ ကျားသစ်ပုံစံ သုံးစီးပေါ့၊ အဲ့ငါးစီးလုံးကို တိမ်ပြိုဂိုဏ်းက တီထွင်ထားတာ.... နောက်ပြီး မနေ့က ကျွန်တော်တို့ စီးတဲ့ဟာမျိုးလေ.... အဲ့လို လူအများကြီးဆံ့တဲ့ တိမ်ပြေးရထားလုံးမျိုး သုံးစီး ရှိတယ်ဗျ.... အဲဒါကတော့ မီးလျှံမဟာမိတ်က ပိုင်တဲ့ ရထားလုံး တဖြစ်လဲ မှော်လက်နက်တွေပေါ့ဗျာ၊ နောက်ပြီး အိုင်လောင်တောင် အပိုင် သံတောင်ရထားလုံး နှစ်စီးလည်း ရှိသေးတယ်ဗျ"
လော့ချန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးစေ့ကို ပွတ်ကာ စဉ်းစားနေမိသည်။ ဆိုလိုသည်မှာ ထျန်းလန် နတ်ဘုရားမြို့တော်၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ဂိုဏ်းကြီး သုံးဂိုဏ်းက လက်ဝါးကြီးအုပ်ထားသည့် သဘောပင်ဖြစ်သည်။ ယာဉ်စီးခမှာ ဈေးသက်သာသယောင် ရှိသော်လည်း နေ့စဉ် ပြေးဆွဲနေသော ခရီးစဉ်ပေါင်းများစွာမှ ရရှိမည့် ဝိညာဉ်ကျောက်တုံး ပမာဏမှာ အလွန်ပင် တွက်ခြေကိုက်ပေလိမ့်မည်။
လော့ချန်သည် သူ့ဘေးရှိ အဖော်နှစ်ဦးကို အကဲခတ်လိုက်သည်။ နန်ကုန်းကျင်းမှာ မျက်စိမှိတ်၍ ငြိမ်သက်နေပြီး အပြင်ဘက်ကို စိတ်ဝင်စားပုံ မရပေ။ သူ အပြင်းအထန် ဒဏ်ရာရထားသည်ကို လော့ချန် သိသည်။ ယခု သူ အလိုအပ်ဆုံးမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာရန်အတွက် ချီစွမ်းအင် ကြွယ်ဝသော ဘေးကင်းသည့် နေရာတစ်ခုပင်။ လီရီရှန်းမှာမူ ရှေ့သို့ ကုန်း၍ မြင်ကွင်းများကို ကြည့်ကာ စိတ်လှုပ်ရှားနေသည်။ သူမ၏ မျက်နှာမှာ အံ့ဩခြင်းနှင့် ဝမ်းသာခြင်းတို့ဖြင့် ပြည့်နှက်နေပြီး မြို့ကြီးပြကြီးသို့ ပထမဆုံး ရောက်ဖူးသည့် မိန်းမငယ်လေးနှင့်ပင် တူနေတော့သည်။ အစောပိုင်းက တည်းခိုခန်း တာဝန်ခံနှင့် အသည်းအသန် ဈေးဆစ်နေသော ခေါင်းဆောင်တစ်ဦးနှင့် လုံးဝ မတူတော့ပေ။
‘ဩော်.... ဒါဟာ မိတ်ဆွေလီရဲ့ တကယ့် ပုံစံအစစ် ဖြစ်လိမ့်မယ်ထင်တယ်’
လော့ချန်လည်း လမ်းမပေါ်သို့ အကြည့်လွှဲလိုက်ပြီး တိတ်တဆိတ် အကဲခတ်နေမိသည်။ လမ်းဘေး ဝဲယာတွင် မြင့်မားသော အဆောက်အအုံများ ရှိနေပြီး အားလုံးမှာ စည်ကားနေသော ဆိုင်ခန်းများ ဖြစ်ကြသည်။
"အလို.... မှော်ဝတ်ရုံတွေ အများကြီးပါလား....”
လော့ချန်က ထင်ရှားလှသော ဆိုင်ကြီးတစ်ဆိုင်ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
ထိုအခါ လျိုဇီက "ဟုတ်ပါ့.... အဲဒါ နတ်ဘုရားဝတ်ရုံမျှော်စင်လေ အကြီးအကဲရဲ့၊ သူတို့က မှော်ဝတ်ရုံတွေပဲ သီးသန့် ရောင်းတာ၊ အထူးသဖြင့် အမျိုးသမီး ကျင့်ကြံသူတွေအတွက်ပေါ့၊ ချန်မျိုးနွယ်စုပိုင် ဆိုင်ကြီးပေါ့" ဟု ဆိုသည်။
"ဟမ်.... ချန်မျိုးနွယ်စု ဟုတ်လား" လော့ချန် မျက်ခုံးပင့်လိုက်သည်။
"ဟုတ်တယ်ဗျ.... ချန်မျိုးနွယ်စုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးယောက် ရှိတယ်၊ သူတို့က ဒီမြို့နားလေးမှာပဲ အခြေစိုက်ပြီး ရေခဲခံတပ်ဂိုဏ်းနဲ့လည်း အတော် ရင်းနှီးတယ်ဆိုပဲ.... ဒီတော့လဲ အချက်အခြာကျတဲ့ နေရာကောင်းကောင်းမှာ ဆိုင်ဖွင့်ခွင့် ရထားတာပေါ့ဗျာ"
လော့ချန်က နားလည်သွားသလို ခေါင်းညိတ်လိုက်သည်။ ချန်မျိုးနွယ်စုကဲ့သို့ ကျင့်ကြံသူ မျိုးနွယ်စုများမှာ ဟော်မျိုးနွယ်စု သို့မဟုတ် တွမ်မျိုးနွယ်စုတို့ကဲ့သို့ပင် ဂိုဏ်းကြီးများနှင့် ဆက်နွယ်မှု ရှိကြသည်။ သို့သော် ချန်မျိုးနွယ်စု၏ အင်အားမှာ ထိုမျိုးနွယ်စုနှစ်ခုထက် အဆပေါင်းများစွာ ပို၍ သန်မာပေသည်။
ထို့နောက် လော့ချန်၏ နှာခေါင်းထဲသို့ စူးရှသော်လည်း လန်းဆန်းစေသော ရနံ့တစ်ခု တိုးဝင်လာလေသည်။ သူ့အကြည့်သည် အနီးရှိ အဆောက်အအုံတစ်ခုဆီသို့ ရောက်သွားစဉ် မျက်လုံးများကို အနည်းငယ် မှေးလိုက်ရင်း "ဟေ့.... ဟိုနေရာက ဘာရောင်းတာလဲ" ဟု မေးလိုက်သည်။
လျိုဇီက လိုက်ကြည့်လိုက်ပြီးနောက် "ဩော်.... အဲဒါ မွှေးရနံ့စိတ်ရွှင်ဂေဟာလေ၊ သူတို့က ထူးခြားတဲ့ ရနံ့တွေကို သုတေသန လုပ်တဲ့ အဖွဲ့အစည်းဗျ၊ သူတို့ရဲ့ နာမည်ကျော် ရနံ့သုံးမျိုးနဲ့ ရသလေးမျိုးက ကျင့်ကြံသူတွေကြားမှာ ရေပန်းစားချက်ပဲဗျာ.... "
"အလို.... ရနံ့သုံးမျိုးနဲ့ ရသလေးမျိုး ဟုတ်လား" ဟု လော့ချန် စိတ်ဝင်တစား မေးလိုက်သည်။
လျိုဇီက ပြုံးလိုက်ရင်း "ရနံ့သုံးမျိုးကတော့ ဝိညာဉ်ခေါ် အမွှေးတိုင်၊ နတ်ဘုရားမီးလျှံ အမွှေးတိုင်နဲ့ ကိုယ်သင်းနံ့ အမွှေးတိုင်ကို ဆိုလိုချင်တာဗျ....” ဟု ပြန်ဖြေသည်။
လော့ချန် ပို၍ စိတ်ဝင်စားသွားသည်။
"အဲ့ဒီအမွှေးတိုင်တွေက ဘာအတွက် သုံးတာလဲကွ၊ ဘာလို့ ကျင့်ကြံသူတွေကြားမှာ နာမည်ကြီးတာလဲ"
မြင်ကွင်းများကို ကြည့်နေသော လီရီရှန်းပင်လျှင် စိတ်ဝင်စားလာကာ သူတို့ ပြောစကားများကို နားစွင့်လာသည်။ နန်ကုန်းကျင်းလည်း မျက်လုံးဖွင့်လာပြီး လျိုဇီကို စိုက်ကြည့်လိုက်သည်။ ထိုသို့သော အကြည့်များအောက်တွင် လမ်းပြလေး လျိုဇီမှာ အနည်းငယ် ချွေးပျံသွားရသည်။
ထို့နောက် သူ စိတ်တည်ငြိမ်အောင် ကြိုးစားကာ တစ်ချက်ချင်း ရှင်းပြလေသည်။
"ဒီလို အကြီးအကဲတို့ရဲ့.... ဝိညာဉ်ခေါ် အမွှေးတိုင် ဆိုတာက သူ့အခေါ်အဝေါ်အတိုင်း ဝိညာဉ်ကို ဆင့်ခေါ်လို့ရတယ်၊ ပုံမှန်ဆိုဗျာ.... ကျင့်ကြံသူတစ်ဦး သေဆုံးသွားပြီဆိုပါစို့.... ဝိညာဉ်သန္ဓေတည်အဆင့်ကို မရောက်သေးဘူးဆိုရင် သူတို့ရဲ့ ဝိညာဉ်ဟာ ရုပ်ခန္ဓာ အနားမှာ ကြာကြာမနေနိုင်ဘဲ ချက်ချင်း ပျောက်သွားတတ်တယ်လေ"
လော့ချန် ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ကျင့်ကြံခြင်းလောက၏ သဘော သဘာဝပင် ဖြစ်သည်။ ဆုံးပါးသွားသော ကျင့်ကြံသူ၏ ဝိညာဉ်မှာ ယေဘုယျအားဖြင့် ငရဲဘုံသို့ ပြန်လည်ရောက်ရှိသွားပြီးမှ သံသရာထဲသို့ ပြန်လည် ဝင်ရောက်တတ်သည်။ ဝိညာဉ်သန္ဓေတည်အဆင့်သို့ ရောက်မှသာ ဤဖြစ်စဉ်ကို ကျော်လွှားနိုင်ပြီး ဝိညာဉ်မှာ မပျောက်မပျက် ကျန်ရှိနိုင်ခြင်း ဖြစ်သည်။ ခြွင်းချက်အနေဖြင့် အချို့ဆန်းကြယ်သော နေရာမျိုးတွင် သေဆုံးမှသာ ဝိညာဉ်မှာ ကျန်ရစ်တတ်သည်။ ဥပမာ တာဟဲမြို့တွင်း တိုက်ပွဲတွင် တစ္ဆေဘုရင် သုံးပါး ရှုံးနိမ့်သွားစဉ်က ထိုမြေမှာ တစ္ဆေချောက်နက်အဖြစ် ပြောင်းလဲသွားပြီး ထိုချောက်နက်အတွင်း သေဆုံးသူများမှာ ဝိညာဉ်အဖြစ် ဆက်နေနိုင်ကြသည်။
လျိုဇီက စကားပြန်ဆက်သည်။
"ဒါပေမဲ့ အကြီးအကဲမှာ ဝိညာဉ်ခေါ် အမွှေးတိုင် ရှိနေပြီဆိုပါစို့.... ရှိပြီး အကြီးအကဲရဲ့ သွေးနဲ့ ညှို့ယူ မီးထွန်းလိုက်မယ်ဆိုရင်၊ ပြီးတော့ အဲဒီသေဆုံးသူနဲ့ မျိုးနွယ်စုဝင် ဖြစ်တာ ဒါမှမဟုတ် ရေစက် အနှောင်အဖွဲ့ ရှိနေမယ်ဆိုရင် ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ဝိညာဉ်ကို ပြန်ခေါ်လို့ ရတယ်ခင်ဗျ၊ ကျွန်တော်သိသလောက်ဆို.... တချို့မျိုးနွယ်စုတွေက ရေခြားမြေခြားမှာ ဆုံးပါးသွားတဲ့ မျိုးနွယ်ဝင်တွေရှိရင် အဲ့ ဝိညာဉ်ကို ပြန်ခေါ်ပြီး သူတို့ မျိုးနွယ်စုအိမ်တော်ဝင်းထဲမှာပဲ အေးအေးချမ်းချမ်း ဘဝကူးလို့ရအောင် လုပ်ဖို့ သုံးကြတယ်၊ သူတို့အယူအဆအရ ဒီလိုမှသာ နောင်ဘဝမှာ မျိုးနွယ်စုထဲမှာပဲ ပြန်ပြီး လူဝင်စားနိုင်တယ်လို့ ဆိုတာကိုး.... တချို့လူဝင်စားတွေဆို အတိတ်ဘဝက မှတ်ဉာဏ်တွေတောင် အကုန်မှတ်မိတယ်လို့ ကြားဖူးနားဝရှိတာပဲ.... ဟုတ်၊ မဟုတ်တော့ မသိဘူးပေါ့ဗျာ.... .
လျိုဇီ၏ စကားအဆုံးတွင် နန်ကုန်းကျင်း၏ မျက်လုံးများ တောက်ပလာပြီး အလွန် စိတ်ဝင်စားသွားပုံရသည်။
"ဟေ.... ဒီလောက်တောင် စွမ်းသလားဟ”
"ဟို.... ဟိုလေ ဒါက ကျွန်တော် ကြားဖူးတာကို ပြောပြတာပါ.... အကြီးအကဲရဲ့.... အသေးစိတ် ပိုသိချင်ရင်တော့ အားတဲ့အချိန် ဆိုင်ခန်းထဲ ဝင်စုံစမ်းတာဆို ပိုတိကျမယ်ဗျ.... "
နန်ကုန်းကျင်းသည် ထိုဆိုင်ကြီးကို စိုက်ကြည့်ကာ ဦးနှောက်ထဲ စွဲနေအောင် မှတ်သားထားလိုက်သည်။
လျိုဇီက လော့ချန်ကို တစ်ချက်ကြည့်လိုက်ရာ လော့ချန်က ဆက်ပြောရန် ခေါင်းညိတ်ပြလိုက်သည်။
"ဆက်ပြောရရင် နတ်ဘုရားမီးလျှံ အမွှေးတိုင်ကတော့ တစ်မျိုးဗျ.... သူက ကျင့်ကြံအထောက်အကူပစ္စည်းလို့ပြောရမယ်.... စိတ်ငြိမ်အမွှေးတိုင်နဲ့ ပုံစံချင်းဆင်တူပေမဲ့ အစွမ်းကတော့ လုံးဝ ကွဲသွားတယ်.... တခြားဆိုင်တွေက အမွှေးတိုင်တွေက အမွှေးနံ့ရှူလိုက်တာနဲ့ စိတ်ကို အေးဆေးတည်ငြိမ်သွားစေပေမဲ့ ဒီ နတ်ဘုရားမီးလျှံ အမွှေးတိုင်ကျတော့ ပိုပြင်းပြီး ပိုစွမ်းတယ်လို့ဆိုကြတယ်.... အဲဒါကြောင့်လဲ ဝိညာဉ်အားကောင်းတဲ့ ကျင့်ကြံသူတွေပဲ အသုံးများကြတယ်ဗျ၊ အတိအကျပြောရရင် အခြေတည်အဆင့်နှောင်းပိုင်း ကျင့်ကြံသူတွေပဲ အဓိက ဝယ်ကြတဲ့ အမွှေးတိုင်ပေါ့ ဗျာ"
‘စိတ်ငြိမ် အမွှေးတိုင်ရဲ့ ပိုပြင်းတဲ့ ပုံစံသစ်တမျိုးပေါ့လေ’ ဟု လော့ချန် စိတ်ထဲမှ ကောက်ချက်ချလိုက်ပြီး မျက်လုံးများ အရောင်တောက်သွားသည်။ သူ အခွင့်အရေးရသည်နှင့် စမ်းကြည့်ရန် တေးထားလိုက်သည်။ သူ၏ ဝိညာဉ်အခြေခံမှာ အခြားသူများထက် ပို၍ ခိုင်မာသည်ဟု သူ ယုံကြည်ထားသော်လည်း အခြေတည်အဆင့်နှောင်းပိုင်း ကျင့်ကြံသူများနှင့် ယှဉ်နိုင်မလား ဆိုသည်မှာမူ စမ်းသပ်ကြည့်ရပေမည်။
"အခုပြောမဲ့ နောက်ဆုံးအမွှေးတိုင်ကတော့.... ကိုယ်သင်းနံ့ အမွှေးတိုင်ဗျ.... ဒါကတော့ ကျင့်ကြံခြင်းနဲ့ ဘာမှ မဆိုင်ပါဘူး.... သုံးတဲ့လူရဲ့ စိတ်နေစိတ်ထား၊ ခန္ဓာကိုယ်အချိုးအစားနဲ့ အလိုက်ဖက်ဆုံး မွှေးရနံ့တစ်ခု အလိုလို ထွက်လာတာဗျ.... အမျိုးသမီး ကျင့်ကြံသူတွေရဲ့အသည်းစွဲပေါ့ဗျာ.... ကြားရသလောက် အမွှေးတိုင်တစ်ခါသုံးပြီးရင် အဲဒီရနံ့က လအတော်ကြာ ခံတယ်ဆိုပဲ.... ဟဲဟဲ"
လျိုဇီ၏ အပြောကောင်းမှုကြောင့် လီရီရှန်းမှာ ဝယ်လိုစိတ် ပြင်းပြလာသော်လည်း ကိုယ့်ဝမ်းနာကိုယ်သာသိ ဆိုသလို သူမွဲနေသည်ကို ပြန်သတိရကာ မျက်နှာ ညှိုးငယ်သွားရသည်။
လျိုဇီက ဆက်လက်၍ "ကိုင်း.... ဒါကတော့ ရနံသုံးမျိုးအကြောင်းပေါ့ဗျာ.... ရသလေးမျိုးကတော့ ချဉ်၊ ချို၊ ခါး၊ စပ် ဆိုပြီး ရှိတယ်.... ခုနက အမွှေးတိုင်လိုပါပဲ ကျင့်ကြံတာကို တိုက်ရိုက်ကြီး အထောက်အကူမပြုတောင် သွယ်ဝိုက်တဲ့နည်းနဲ့ အကျိုးရှိစေပြီး ထူးထူးခြားခြား အာနိသင်တွေပါတော့.... တိုတိုပြောကြပါစို့ရဲ့.... ဒီဆိုင်က ဒီမြို့မှာတော့ အတော်ကြီးရောင်းအားကောင်းပြီး ရေပန်းစားတယ်ပေါ့ဗျာ "
လျိုဇီ၏ စိတ်ရှည်ရှည်ဖြင့် ရှင်းပြချက်ကို လော့ချန်၊ လီရီရှန်းနှင့် နန်ကုန်းကျင်းတို့ သုံးဦးစလုံး ကျေနပ်သွားကြသည်။ သူတို့အတွက်မူ မြင်မြင်သမျှ အသစ်အဆန်း ဖြစ်နေကြသည်။ ဆိုင်ကြီးကနားကြီးများမှ ကျကျနန ခင်းကျင်းရောင်းချထားသော ပစ္စည်းများမှာ တာဟဲဈေးမြို့တော်ကဲ့သို့ ဝေးလံသော နေရာများတွင် မမြင်ဖူး၊ မတွေ့ဖူးသောအရာများ ဖြစ်နေသည်။ မျိုးနွယ်စုခေါင်းဆောင်များ ဖြစ်ကြသော လီရီရှန်းနှင့် နန်ကုန်းကျင်းကမူ ဝိညာဉ်ခေါ် အမွှေးတိုင်အား ဦးစားပေး ဝယ်ယူမည့် စာရင်းထဲသို့ ချက်ချင်း ထည့်ထားလိုက်သည်။
"လျိုဇီရေ.... မင်းပြောပုံအတိုင်းဆို ဒီ မွှေးရနံ့စိတ်ရွှင်ဂေဟာက တစ်နှစ် တစ်နှစ်ကို ငွေဝင်တာ နည်းမှာ မဟုတ်ဘူးနော်.... သိန်းသောင်းချီပြီး မြတ်နေမှာပဲ၊ ပြိုင်ဘက်တွေ မနာလိုတဲ့သူတွေ ပေါ်မလာဘူးလား....”
လော့ချန်သည် ဤမျှ ဂွင်ကောင်းကောင်းဖြင့် သွက်သွက်ခါ မြတ်နေသော လုပ်ငန်းတစ်ခုအား အခြားသူများက လာရောက် တိုက်ခိုက်ခြင်း၊ လုယူခြင်းနှင့် အပြိုင်ဆိုင်ခန်းဖွင့်ကာ တုပခြင်းမျိုး မရှိဘူးလား ဆိုသည်ကို မေးလိုခြင်းဖြစ်သည်။
အကြောင်းမူ လော့ချန်သည် ကျင့်ကြံလောက၏ အထာကို သိသည်။ သူ ကျောက်စိမ်းအမြုတေ ဆေးလုံးများကို ဖော်စပ်ရောင်းချစဉ်က တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး သောင်းချီ၍ အသားတင် မြတ်ခဲ့သည်။ ထိုစဉ်က တာဟဲဈေးမြို့တော်မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတိုင်းလိုလိုပင် သူ့အား မနာလို ဖြစ်ကာ အခွင့်သာပါက တိုက်ခိုက်ချင်နေကြသည်။ သို့ဖြစ်လေရာ ဤ မွှေးရနံ့စိတ်ရွှင်ဂေဟာကဲ့သို လုပ်ငန်းကြီးမှာ အနှောင့်အယှက်ကင်းကင်း အဘယ်ပုံ လည်ပတ်နေသနည်း ဟူသည်ကို သူသိချင်သည်။
လျိုဇီက ရယ်လိုက်ရင်း "ဟားဟား.... အကြီးအကဲရာ၊ ဘယ်ကောင်က လုပ်ရဲမလဲဗျ.... စိတ်တောင်ကူးရဲမှာ မဟုတ်ဘူး.... ဘာလိုဆို ဒီဂေဟာပိုင်ရှင်က မာလာဒေဝီ ဆိုတဲ့သခင်မ ပိုင်တာဗျ.... အဲ့သခင်မက ရွှေအမြုတေအဆင့်ရှိတော့ တိုက်ခိုက်ဖို့နေနေသာသာ မော်တောင်မကြည့်ဝံ့ဘူးလေဗျာ.... "
‘အလို.... ရွှေအမြုတေ အဆင့်တဲ့လား’
လော့ချန် မျက်နှာထား တည်သွားကာ လျိုဇီ ဆက်ရှင်းပြသည်ကို အာရုံစိုက်နားထောင်လိုက်သည်။ လျိုဇီ၏ အဆိုအရ ဤဂေဟာသည် ဘုရင်မပန်းဂိုဏ်းမှ ရွှေအမြုတေ အကြီးအကဲတစ်ဦး၏ ကိုယ်ပိုင်လုပ်ငန်း ဖြစ်သည်။ သူမသည် အလွန် အစွမ်းထက်သော အမျိုးသမီး ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး ပန်းရနံ့ သင်းပျံ့နေတတ်သဖြင့် မာလာဒေဝီဟု လူသိများသည်။ ဤမြို့တွင်မူ ဝိညာဉ်သန္ဓေတည်အဆင့်ရှိသူ နှစ်ဦးမှလွဲ၍ ကျန်ရှိသူ အားလုံးမှာ သူမကို ကြောက်ရွံ့ရိုသေကြရသည်။
ကျားသစ်ရထားလုံးကြီး သွားရာလမ်းတစ်လျှောက်လုံးတွင် လော့ချန်တို့သည် ထျန်းလန် နတ်ဘုရားမြို့တော်၏ ဆန်းကြယ်မှုများကို ပို၍ မြင်တွေ့လာရသည်။ သူတို့ ဖြတ်သန်းသွားသော ဆိုင်များထဲတွင် ရတနာနန်းဆောင်နှင့် ဝိညာဉ်ဆေးနန်းဆောင် တို့ကဲ့သို့ ဝိညာဉ်သန္ဓေတည်အဆင့်ရှိသူများ နောက်ခံရှိသော လုပ်ငန်းကြီးများကိုလည်း မြင်တွေ့ရသည်။ ၎င်းတို့မှာ စောစောက ဆိုင်ငယ်လေးများနှင့် မတူဘဲ အလွန် ကြီးမားလှပြီး အဆောက်အအုံတစ်ခုတည်းကပင် မြေဧကများစွာ ယူထားကာ ဘေးရှိ အဆောက်အအုံများကို လွှမ်းမိုးထားသည်။
ထိုဆိုင် အမျိုးအစား နှစ်မျိုးကို နှိုင်းယှဉ်ကြည့်ပြီးနောက် လော့ချန် ကောက်ချက်ချလိုက်သည်။
နတ်ဘုရားဝတ်ရုံ မျှော်စင်နှင့် မွှေးရနံ့ စိတ်ရွှင်ဂေဟာတို့မှာ အဆင့်မြင့်ဆိုင်ကြီးများ ဖြစ်ကြပြီး သီးသန့်ထုတ်ထားသော အဖိုးတန်ထုတ်ကုန်များကိုသာ ရောင်းချပေးသည်။ တစ်ဖက်တွင်မူ ရတနာနန်းဆောင်နှင့် ဝိညာဉ်ဆေးနန်းဆောင်တို့မှာ စုံစီနဖာအားလုံး ရရှိနိုင်သော ကုန်တိုက်ကြီးများနှင့် တူနေသည်။ အကယ်၍ ကျင့်ကြံသူတစ်ဦးတွင် တိကျသော လိုအပ်ချက် ရှိပါက အဆင့်မြင့်ဆိုင်ကြီးသို့ သွားမည်ဖြစ်ပြီး ဘာဝယ်ရမှန်း မသိသေးပါက အခြားအစုံရနိုင်သောဆိုင်များသို့ သွားပေလိမ့်မည်။
တိုင်ပင်မထားသော်ငြား သူတို့ သုံးဦးစလုံး၏ ခေါင်းထဲတွင် အတွေးတစ်ခုစီ ပေါ်လာသည်။ ထိုအတွေးမှာ "တကယ်လို့ ငါသာ ထျန်းလန်မှာ နေမယ်ဆိုရင် ဘာနဲ့လုပ်ကိုင်စားမလဲ" ဟူသည့် မေးခွန်းဖြစ်သည်။
နန်ကုန်းကျင်းမှာမူ ငြိမ်နေသည်။ သူ၏ မျိုးနွယ်စုမှာ ဆယ်ဦးခန့်သာ ကျန်တော့သဖြင့် ရှင်သန်ရန် မခက်ခဲတော့ပေ။ အဆိုးဆုံး အနေဖြင့် ကြုံရာ ကျပန်း လုပ်စားကာ အေးအေးလူလူ နေနိုင်ပေသည်။
သို့ရာတွင် လီရီရှန်းမှာ အခက်တွေ့နေရသည်။ အကြောင်းမူ သူမတို့မျိုးနွယ်စုသည် မိစ္ဆာသားရဲရိုင်းများအား ယဉ်ပါးအောင် လေ့ကျင့်ပေးခြင်း ဖြစ်သည်။ ထို ဝန်ဆောင်မှု လုပ်ငန်းကိုသာ မျိုးရိုးစဉ်ဆက် အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ခဲ့ကြသည်။ ခက်သည်က ထိုကဲ့သို့ သားရိုင်းလေ့ကျင့်ရေး ဝန်ဆောင်မှုပေးသော ဆိုင်အများအပြားသည် ဤမြို့တော်ကြီး၏ လမ်းဘေးဝဲယာ တစ်လျှောက်လုံးတွင် လက်ညိုးထိုးမလွဲ ရှိနေသည်။ ထိုသို့မှိုလိုပေါက်နေသော အပြိုင်လုပ်ငန်းများအကြား ဖောက်သည်မရှိတော့ပါက သူမတို့ မျိုးနွယ်စုတစ်ခုလုံး ငွေကြေးချောင်လည်နိုင်မည့် အလားအလာမရှိပေ။
လော့ချန်သည်လည်း အလားတူ မေးခွန်းအား တွေးတောနေစေကာမူ စိုးရိမ်သောက အလျင်းမရှိပေ။ အကြောင်းမူ သူသည် ဆေးဖော်စပ်ခြင်းတွင် ကျွမ်းကျင်သူ ဖြစ်သည့်အပြင် လော့ထျန်းအဖွဲ့ဝင်ကျင့်ကြံသူတိုင်းနီးပါးသည်လည်း သူတို့ဝမ်းသူတို့ ကျောင်းနိုင်သည်။ သို့သော် သူ့တွင် ပြဿနာတစ်ခုတော့ ရှိနေသည်။ လတ်တလော ခေါင်းခဲနေသည်မှာ မည်သည့် ဆေးလုံးကို ရောင်းရမည်နည်း ဆိုသည့် အခက်အခဲပင်ဖြစ်သည်။ အမှန်ဆိုရသော် သူ ဈေးကွက်ကို သေချာ မလေ့လာရသေးပေ။ သူ၏ အကောင်းဆုံး လက်ရာဖြစ်သော ကျောက်စိမ်းအမြုတေ ဆေးလုံးများပင်လျှင် ဤနေရာတွင် ဝယ်လိုအား ရှိ၊ မရှိ မသေချာပေ။ ဤကဲ့သို့သော ပြိုင်ဆိုင်မှု ပြင်းထန်သည့် နေရာတွင် အဝယ်မလိုက်သော ဆေးကို ရောင်းချမိပါက အကြီးအကျယ် အရှုံးပေါ်ပေလိမ့်မည်။
‘ငါ ပြန်ရောက်ရောက်ချင်း ဟွေ့နန်ကို ဒီကိစ္စ စုံစမ်းခိုင်းရမယ်’ ဟု လော့ချန် တွေးလိုက်သည်။ ဤနေရာတွင် ခန့်မှန်းရုံနှင့် မရပေ။ သေချာစွာ စုံစမ်းစစ်ဆေးပြီးမှသာ ရှေ့သို့ ဆက်လှမ်းရမည် ဖြစ်သည်။
သူတို့ သုံးဦးစလုံး ကိုယ်စီ အတွေးများဖြင့် နစ်မျောနေစဉ် အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကျားသစ်ရထားလုံးကြီးသည်လည်း မြို့၏ ထက်ဝက်ကျော်ကို ဖြတ်ကျော်လာပြီးနောက် အဖြူရောင်နန်းတော်ကြီးတစ်ခု၏ ရှေ့တွင် ရပ်တန့်သွားသည်။
လျိုဇီက အရင်ဆုံး ခုန်ဆင်းလိုက်ရင်း လက်ယမ်းပြသည်။
"ရောက်ပြီဗျို့.... ကျွန်တော်တို့ ရေခဲလှိုင်းနန်းတော်ကို ရောက်ပြီဗျို့.... "
လော့ချန် ယာဉ်ပေါ်မှ ဆင်းကာ နန်းတော်ကြီးကို မော့ကြည့်လိုက်သောအခါ အေးစိမ့်နေသော စွမ်းအင်များကို ခံစားလိုက်ရသည်။ အဆောက်အအုံတစ်ခုလုံးမှာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ရေခဲတောင်မှ ရေခဲတုံးကြီးများဖြင့် တည်ဆောက်ထားပုံရသည်။ လော့ချန် ဝတ်ရုံကို သပ်ရပ်အောင် ပြုပြင်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူ့တို့ လေးဦးသား နန်းတော်ကြီးအတွင်းသို့ တည်ငြိမ်စွာ လျှောက်လှမ်းဝင်ရောက်သွားတော့သည်။