အခန်း (၃၃၅-၃၃၆)
Vol. 34 Ch. 335-336
အခန်း (၃၃၅) - ပုံရိပ်ယောင် သဲမြေပုံနှင့် ဇီဇာကြောင်သော အစ်ကိုကြီးလော့
ဗုန်း....
မည်သို့မျှ တွန့်ဆုတ်နေခြင်းမရှိဘဲ စီမာဟွေ့နန်သည် ဒူးတစ်ဖက်ကို အားပြုကာ ကြမ်းခင်းပေါ်သို့ ဝပ်စင်းချလိုက်သည်။ သူမ၏ နက်မှောင်ရှည်လျားသော ဆံနွယ်များမှာ ပုခုံးပေါ်မှ ရှေ့သို့ ဝဲကျလာ၏။
“ကျေး.... ကျေးဇူးတင်ပါတယ် အဖွဲ့ခေါင်းဆောင်”
လော့ချန် ရယ်ချင်ပတ်ကျိဖြစ်ကာ ပြုံးလိုက်မိသည်။ ‘ကြည့်ရတာ ဒီတစ်ခါတော့ ဟွေ့နန်လည်း ဟန်မဆောင်နိုင်တော့ဘူးပဲ’ ဟု သူ တွေးလိုက်မိသည်။ သို့သော် ဤကဲ့သို့ အခွင့်အရေးမျိုးနှင့် ကြုံလာရပါက မည်သည့် ချီသန့်စင်အဆင့် ကျင့်ကြံသူမျှ တည်ငြိမ်အေးဆေးမှု ရှိနိုင်တော့မည် မဟုတ်ပေ။
“ကဲပါ.... ဒီလောက် အရိုအသေပေးနေစရာ မလိုပါဘူး ဟွေနန်ရယ်၊ ထတော့.... ငါနဲ့အတူ ရေခဲလှိုင်းနန်းတော်ကို လိုက်ခဲ့ဦး”
ပြောပြောဆိုဆိုဖြင့် လော့ချန် မတ်တပ်ထကာ ဂူဗိမာန်အပြင်ဘက်သို့ ဦးတည်လိုက်သည်။
စီမာဟွေ့နန်သည်လည်း ဒူးထောက်နေရာမှ ကမန်းကတန်း ထကာ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ သူမရှေ့မှ ခန့်ညားစွာ လျှောက်လှမ်းနေသော လော့ချန်၏ ကျောပြင်ကို ကြည့်ရင်း ‘ဩော်.... ငါ ခေါင်းဆောင်လော့နဲ့ ဆုံတွေ့ခွင့်ရခဲ့တာဟာ.... တော်တော်ကံကောင်းတာပဲ’ ဟုတွေးနေမိသည်။
လော့ချန်သည် မုဒြာလက်ကွက်တစ်ခုဖြင့် သူ့ ဂူဗိမာန်ကို အပြင်လူများ မမြင်နိုင်စေရန် အစီအရင်ဖြင့် ပိတ်ဆို့လိုက်လေသည်။ သူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ ကျူးကျော်ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ခြွင်းချက်အနေဖြင့် ငှားရမ်းခ သက်တမ်းကုန်ဆုံး၍ ငွေမချေနိုင်ပါက ရေခဲခံတပ်မှ အစောင့်များသာ အတင်းအဓမ္မ ချိတ်ပိတ်နိုင်ပေလိမ့်မည်။
သူသည် တိမ်တိုက်တစ်ခုကို ဆင့်ခေါ်လိုက်ကာ စီမာဟွေ့နန်ကို တက်ခဲ့ ဟု ပြောလိုက်သည်။
ကတုန်ကယင်ဖြစ်နေသေးသော စီမာဟွေ့နန်သည် ဂရုတစိုက်ဖြင့် ခုန်တက်လိုက်သော်လည်း နူးညံ့ပြီး လှုပ်လှုပ်ရွရွဖြစ်နေသော တိမ်တိုက်ပေါ်တွင် သူမ၏ ခြေလှမ်းများမှာ ယိုင်နဲ့သွားကာ တစ်ကိုယ်လုံး အနည်းငယ် တုန်ရီသွားသည်။ ထို့နောက် ဖြူလွလွ တိမ်တိုက်သည် တောင်အောက်ဘက်သို့ မြူခိုးများအကြား ဖြည်းညှင်းစွာ မျောလွင့်သွားတော့သည်။ ကောင်းကင်ယံမှ ကြီးမားလှသော ရေတံခွန်ကြီးမှာ မြေပြင်သို့ အရှိန်အဟုန်ဖြင့် စီးဆင်းနေပြီး နဂါးဟိန်းသံအလား ဆူညံသံများ ပေးနေ၏။ ထိုစဉ် သူမ၏ နားထဲသို့ လော့ချန်၏ အသံမှာ အသံလွှင့်ခြင်း အတတ်ဖြင့် ပြတ်သားစွာ စိမ့်ဝင်လာသည်။
“အင်း.... ဟွေ့နန် တိမ်စီးတာ ကျင့်သားမရသေးဘူးပဲ.... မှတ်ထား.... တိမ်စီးအတတ် ဆိုတာ ချီစွမ်းအင်ကို အငွေ့အဖြစ် ပြောင်းလိုက်တဲ့သဘောပဲ.... ဒါက ချီသန့်စင်အဆင့် ၉ လောက်ဆို ကောင်းကောင်းကျင့်လို့ရတဲ့ မှော်အတတ်ပဲ.... တိမ်ပေါ်တက်ရင် စိတ်ကို လျှော့ထားလိုက်.... ပြီးတော့ ဒန်ထျန်းထဲက ချီစွမ်းအင်ကို ခြေဖဝါးဆီ ပို့လိုက်ရင် တိမ်နဲ့ ထိလိုက်တာနဲ့ မြေပေါ် ရပ်နေရသလိုပဲ ဖြစ်သွားလိမ့်မယ်.... ”
စီမာဟွေ့နန်သည် လော့ချန် ညွှန်ကြားသည့်အတိုင်း တစ်သွေမတိမ်း လိုက်နာလိုက်သည်။ မကြာမီပင် ယိုင်တိယိုင်တိုင် မဖြစ်တော့ဘဲ မျောလွင့်နေသော တိမ်တိုက်ပေါ်တွင် ဣန္ဒြေရရ ရပ်လိုက်နိုင်သွားတော့သည်။ ထိုအခါမှသာ တိမ်လွှာထက်မှ မြင်ရသော ရှုခင်းအလှကို စိတ်ဝင်စားအားတော့သည်။
သူမ အနောက်သို့ လှည့်ကြည့်လိုက်ရာ နတ်ပြည်မှ ဆင်းသက်လာသည့် ရေနဂါးကြီးအလား ခမ်းနားလှသော ရေတံခွန်ကြီးကို မြင်ရသည်။ ထို့အပြင် ရေတံခွန်ကြီး၏ အနောက်ဘက်တွင် နတ်ဘုရားများ စံမြန်းရာ ဂူဗိမာန်များအလား ထင်မှတ်ရသည့် ကျင့်ကြံဂူများစွာကို တောင်နံရံတွင် ရင်သပ်ရှုမောဖွယ် မြင်ကွင်းအဖြစ် ရှုစားလိုက်ရသည်။
“အမလေး.... အားကျနေပြီမလား၊ မပူနဲ့.... တစ်နေ့ အဲဒီဂူဗိမာန်မျိုးမှာ မင်းနေရမှာပဲကို.... မင်း အခြေတည်အဆင့် ရောက်တာနဲ့ လစာခံစားခွင့်တွေလည်း တိုးပေးမယ်.... အဲ့ကျမှ ကြိုက်တဲ့ ဂူဗိမာန် သဘောရှိ ရွေးနေပေတော့.... ”
စီမာဟွေ့နန်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် လော့ချန်၏ ဘေးတိုက်အသွင်အပြင်ကို ခိုးကြည့်လိုက်မိ၏။ ဓားသွားတစ်စင်းကဲ့သို့ ထင်ရှားပြတ်သားသော မျက်ခုံးများနှင့် ကြယ်တာရာအလား လင်းလက် တောက်ပသော မျက်လုံးတို့သည် အဝေးသို့ စိုက်ကြည့်နေပြီး တက်ကြွသော စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ တာဟဲဈေးမြို့တော်တွင်ရှိစဉ်က သူမ တွေ့ရဖန်များသလို ထိုင်းမှိုင်း လေးလံမနေဘဲ လက်ရှိတွင် လွတ်လပ်ပေါ့ပါးကာ ယုံကြည်ချက်အပြည့်ရှိသည့် ဟန် ပေါ်နေသည်။
သူမ ကြည့်နေသည်ကို သိသွားသယောင်ဖြင့် လော့ချန် ခေါင်းလှည့်ကြည့်လာသည်။ စီမာဟွေ့နန်မှာ အနေရခက်သွားသဖြင့် လော့ချန် ဘာမှမပြောခင် ကြိုမေးလိုက်သည်။
“အဖွဲ့ခေါင်းဆောင်.... ကျွန်မတို့က ရေခဲလှိုင်းနန်းတော်ကို ဘာသွားလုပ်မှာလဲဟင်”
“ဟဲဟဲ.... မြေကွက် သွားကြည့်မလို့လေ”
....
“ဟောတော့.... အစ်ကိုကြီး လော့ချန်.... ရောက်တာမြန်သားပဲ၊ ကြွပါ ကြွပါ.... ”
ရေခဲလှိုင်း နန်းတော်ထဲသို့ ခြေမချရသေးမီမှာပင် ချိုသာသော အသံတစ်သံ အရင်ထွက်လာသည်။ ရှီလန်သည် ဆံနွယ်အရှည်ကြီးကို ဖဲကြိုးအပြာနုဖြင့် ခပ်မြင့်မြင့် စည်ထားသဖြင့် လော့ချန်တို့ဆီသို့ အပြေးလာကြိုသောအခါ သူမ၏ ဆံနွယ်လေးများသည် လေထဲတွင် ဝဲခါနေသည်။
သူတို့နှစ်ဦးအရှေ့သို့ ရောက်လာသောအခါ လော့ချန် ပျောက်ကွယ်သွားမည်ကိုပင် စိုးရိမ်နေသည့်အလား သမင်မျက်လုံးလေးများဖြင့် အကြည့်မခွာတော့ပေ။
ထိုအမူအရာကို လော့ချန်က ဂရုပြုမိဟန် မပေါ်သော်လည်း စီမာဟွေ့နန် သေချာ သတိပြုမိလိုက်သည်။ ‘ကြည့်ရတာ.... သူမက ခေါင်းဆောင်နဲ့ တော်တော်ရင်းနှီးနေပုံပဲ’ ဟုလည်း တွေးမိသည်။
“ကဲ.... ရှီလန့်ကို မိတ်ဆက်ပေးရဦးမယ်.... ဒါက လော့ထျန်းအဖွဲ့ရဲ့ အရမ်းတော် အရမ်းထက်မြက်တဲ့ စီမံခန့်ခွဲရေးမှူး စီမာဟွေ့နန်ပဲ.... ”
“ဟွေ့နန် ဒါက အရမ်းသွက် အရမ်းခင်ဖို့ကောင်းတဲ့ မိန်းကလေး ရှီလန်ပေါ့”
လော့ချန်သည် သူ့ ဘေးရှိ အမျိုးသမီးနှစ်ဦးအား အချင်းချင်း ရင်းနှီးသွားအောင် မိတ်ဆက်ပေးလိုက်သည်။
ရှီလန်က စီမာဟွေ့နန်ကို အံ့ဩတကြီး ကြည့်လိုက်သည်။
“ဟင်.... ဒီက အစ်မလှလှက အဖွဲ့ကို စီမံခန့်ခွဲပြီး ဆုံးဖြတ်ချက် ချပေးရတဲ့သူမို့ စီမံခန့်ခွဲရေးမှူးလို့ ခေါ်တာလား.... အဖွဲ့အစည်းတစ်ခုလုံးကို ဦးဆောင်နေတာပဲဟာ.... ဂိုဏ်းချုပ်မမလို့ ခေါ်သင့်တာပေါ့.... ဟုတ်ဖူးလား”
လော့ချန်က ခေါင်းခါလိုက်ရင်း “ရှီလန်ရယ်.... လော့ထျန်းအဖွဲ့ဆိုတာ အဖွဲ့ပိစိလေးပါ.... ဂိုဏ်းလို့ နာမည်မတပ်ရဲပါဘူး....”
“အမလေးတော်.... အစ်ကိုကြီးက နောက်နေပြန်ပါပြီ.... ဒို့အစ်ကိုကြီးလို ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အခြေတည်အဆင့် ရောက်နေတဲ့သူကများ.... ရွှေအမြုတေအဆင့်ကို မနက်ဖန် သန်ဘက်ခါဆို ရောက်တော့မှာပဲဟာ.... အဲဒီအချိန်မှ ကိုယ်ပိုင်ဂိုဏ်းထောင်လဲ တစ်ရက်တောင် ကြာမှာမဟုတ်ဘူး.... ”
‘ဒီကောင်မလေးကတော့ အပြောကောင်းချက်ပဲ ဟေ့’ ဟု လော့ချန် မြှောက်လုံးများကို နားထောင်ရင်း ပြုံးလိုက်မိသည်။
ရှီလန်သည် မြှောက်ပင့်စကားများ ပြောပြီးနောက် စီမာဟွေ့နန်ဘက်သို့ ပြုံးပြုံးလေး လှည့်လိုက်သည်။
“မမ ဟွေ့နန်.... ညီမလေး နာမည်ကို မှတ်ထားဦးနော်.... လော့ထျန်းအဖွဲ့အနေနဲ့ ဒီမှာ တစ်ခုခု လိုအပ်တာရှိရင် ရေခဲခံတပ်က ဒီ ရှီလန် ညီမလေးဆီကိုသာ တန်းလာခဲ့နော်”
စီမာဟွေ့နန်ကလည်း ယဉ်ကျေးသိမ်မွေ့စွာ ပြန်ပြောလိုက်သည်။
“ဟာ ဒါဆိုရင်တော့ အစ်မ အားမနာတော့ဘူးနော်.... တော်ကြာမှ ခဏခဏ နှောင့်ယှက်နေတယ်ဆိုပြီး ငြိုငြင်မှာစိုးရတယ်.... ”
“ခစ်ခစ်.... မမက နောက်တတ်သားပဲ.... စိတ်သာချ မမဟွေ့နန်အတွက်ဆို ရှီလန် အမြဲတမ်း ကြိုဆိုနေမှာပေါ့”
ထိုသို့ဖြင့် ရယ်ရယ်မောမော စကားပြောကြရင်း သူတို့ သုံးဦးသည် ရေခဲလှိုင်း နန်းတော်၏ ခမ်းနားလှသော ခန်းမကြီးအတွင်းသို့ ဝင်လာခဲ့ကြသည်။ အတွင်း၌ အခြားသော အခြေတည်ကျင့်ကြံသူများလည်း ဂူဗိမာန် သို့မဟုတ် ဆိုင်ခန်းများ ငှားရမ်းရန် ရောက်ရှိနေကြသည်။ သို့သော် ရှီလန်မှာ သူတို့ကို ဂရုမစိုက်ဘဲ အခြားသူ့လက်ထောက်မိန်းကလေးများကိုသာ ဧည့်ခံခိုင်းလိုက်သည်။ သူမကမူ လော့ချန်တို့၏ ဘေးတွင်သာ တပူးပူးတတွဲတွဲ လိုက်ပါနေပြီး မျက်စိအောက်အပျောက်မခံနိုင် ဖြစ်နေသည်။
“ဒီဘက်ကို ကြွပါ အစ်ကိုကြီး၊ ရှီလန်တို့ ဒုတိယထပ်ကို သွားရအောင်”
လော့ချန်တို့သည် သူမနောက်သို့ လိုက်သွားလေရာ ဒုတိယထပ် အခန်းအတွင်းသို့ ရောက်သည်နှင့် သဲမြေပုံ စားပွဲခင်းကြီးကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။ ထို ပုံစံတူ မြေပုံ၏ ဗဟိုချက်တွင် ထျန်းလန် နတ်ဘုရားမြို့တော် ရှိနေပြီး အကျယ်ဆုံး နေရာကို ယူထားသည်။ မြို့တော်၏ အပြင်ဘက်တွင်မူ မြစ်များ၊ တောင်တန်းများက နတ်ဘုရားတို့၏ စစ်တုရင်ခုံပေါ်မှ အရုပ်များအလား ပြန့်ကျဲနေသည်။ ထိုနေရာအများစုတွင် အနီရောင် အစက်ကလေးများဖြင့် မှတ်ထားသော နာမည်အသီးသီးကို တွေ့ရလေသည်။
လော့ချန်သည် တစ်ချက်ကြည့်ရုံနှင့်ပင် သူ ယမန်နေ့က ထျန်းလန်မြေပုံစာရွက်တွင် တွေ့ရသော နတ်ဘုရားဝတ်ရုံမျှော်စင်၊ မက်မွန်တောင်နှင့် ရှီကုန်းဂိုဏ်း စသည်တို့အပြင် အခြား အမည်အချို့ကိုပါ ရင်းရင်းနှီးနှီး တွေ့လိုက်ရသည်။ ထိုအထဲတွင်မှ မှိန်ဖျော့သော အဖြူရောင် အစက်ကလေးများမှာ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေကြသည်။ ထိုအဖြူစက်များသည် ပိုင်ရှင်မဲ့ မြေကွက်များ ဖြစ်သည်။ တိတိကျကျ ပြောရပါက ထျန်းလန် နတ်ဘုရားမြို့တော်၏ အာဏာစက်အောက်တွင် ရှိနေသော်လည်း မည်သည့် အဖွဲ့အစည်းမှ အခြေမချရသေးသော နေရာများ ဖြစ်သည်။
ရှီလန်က ရှေ့သို့ လှမ်းလိုက်ပြီး ကျောက်စိမ်းပေတံရှည် တစ်ခုကို ကောက်ကိုင်လိုက်သည်။ သူမ၏ ဆံပင်မြီးရှည်မှာ လှုပ်ရှားမှုနှင့်အတူ ဟိုဘက်ဒီဘက် ယိမ်းနွဲ့နေသည်။
“ဟိုတခေါက်တွေ့တုန်းက အစ်ကိုကြီးလော့ချန်က ပထမအဆင့် ဝိညာဉ်ကြောရှိတဲ့ မြေကွက်တစ်ကွက်လောက် လိုချင်တယ်လို့ ပြောထားတာကို ရှီလန် မှတ်မိပါတယ်.... ဒါနဲ့ ခံတပ်ပြန်ရောက်ရောက်ချင်း လော့ထျန်းအဖွဲ့နဲ့ အလိုက်ဖက်ဆုံး နေရာ ခုနစ်ခုကိုသေချာ စစ်ဆေးပြီး ရွေးထားတယ်ရှင့်"
ထို့နောက် ရှီလန်က ကျောက်စိမ်းပေတံရှည်ဖြင့် သဲဖြင့် ပုံစံငယ်ဖော်ဆောင်ထားသော နေရာတစ်ခုကို ထောက်ပြလိုက်သည်။
“ဟောဒီနေရာလေးကို ကြည့်ပါရှင့်.... ဒီပထမဆုံး နေရာကတော့ မြကြေးမုံကန် လို့ခေါ်တယ်ရှင့်.... အရင်ကတော့ အစီအရင် မှော်စာရွက်တွေ အရောင်းအဝယ် လုပ်တဲ့ မျိုးနွယ်စုတစ်ခုရဲ့ နယ်မြေပေါ့ရှင်.... စိတ်မကောင်းစရာက မျိုးနွယ်စုခေါင်းဆောင်ကြီး ဆုံးပါးသွားပြီး မကြာပါဘူး.... ဦးဆောင်မဲ့သူလဲ မရှိတော့ မျိုးနွယ်ဝင်တွေလဲ အခြားအရပ်တွေ ပြောင်းသူပြောင်းနဲ့ တကွဲတပြားဖြစ်သွားတယ် ငှားရမ်းသက်တမ်းကလည်း ဟိုအရင် ဆယ်နှစ်ကတည်းက ကုန်သွားပြီး အခုထိ လွတ်နေတုန်းရှင့်.... ဒီနေရာအကြောင်းပြောရရင် သဘာဝအလျောက်ရှိနေတဲ့ စိမ်းကြည်နေတဲ့ ဝိညာဉ်စမ်းရေတွင်းလေး ရှိတဲ့အပြင် မြေကတော့ ထျန်းလန်တောင်ရဲ့ တတိယအဆင့် ဝိညာဉ်ကြောကနေ ခွဲထွက်လာတဲ့ အခက်အလက်လို့ဆိုရမယ့် ပထမအဆင့် ဝိညာဉ်ကြောပေါ်မှာရှိတယ်ရှင့်.... ဆိုတော့.... ချီသန့်စင်အဆင့် ကျင့်ကြံသူ တစ်ရာကျော်လောက်ကတော့ အသာလေး နေလိုရတယ်ရှင်.... ”
စီမာဟွေ့နန်က ယခင် ထိုမြေတွင် နေထိုင်သူများသည် ဖူမျိုးနွယ်စုဖြစ်မည်ဟု တွေးရင်း ပြုံးလိုက်မိသည်။
“ငှားခကရော ဘယ်လောက်လဲ ညီမလေး”
ရှီလန်က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။
“တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး တစ်သောင်းပါ မမ.... အနည်းဆုံး ဆယ်နှစ်တော့ ငှားရမယ်ရှင့်.... ”
“အမလေး.... ဈေးကြီးလိုက်တာ ညီမလေးရယ်.... ”
ထိုဈေးမှာ ထျန်းလန်တောင်ပေါ်ရှိ ဒုတိယအဆင့် ဂူဗိမာန် တစ်ခု၏ ဈေးနှင့် မခြားလှပေ။
“သူ့ဈေးနဲ့သူ တန်ပါတယ်.... မမဟွေ့နန်ရဲ့.... ဒီမှာကြည့်.... ရှီလန် ပြမယ်”
ထိုသို့ပြောရင်း ရှီလန်သည် လက်ထဲမှ ကျောက်စိမ်းပေတံကို ဝှေ့ယမ်းလိုက်ရာ သဲမြေပုံပေါ်ရှိ အဖြူရောင်အလင်းမှာ ပို၍ လင်းလက်လာသည်။ ချက်ချင်းပင် ဧကပေါင်းများစွာ ကျယ်ဝန်းသော ကန်ကြီးတစ်ခု၏ ပုံရိပ်မှာ သဲမြေပုံအထက်တွင် ပုံရိပ်ယောင်အဖြစ် ပေါ်ထွက်လာသည်။ ရှီလန်က ထိုပုံရိပ်ကို ညွှန်ပြကာ ရှင်းပြသည်။
“မြကြေးမုံကန်ကြီးထဲမှာ ဝိညာဉ်ငါး အမျိုးအစား ၂၇ မျိုးတောင် ရှိတယ်ရှင့်.... ကန်ထဲမှာ ဝိညာဉ်ဆေးပင်တွေလည်း အများကြီးပေါက်နေတယ်.... အရင်နေတဲ့ ဖူမျိုးနွယ်စုဆိုရင် ဒီကန်ထဲက ရေမြက်အမျိုးအစား သုံးမျိုးကို သုံးပြီး မှော်စက္ကူ လုပ်တာလို့ပြောကြတယ်.... မမသိတဲ့အတိုင်း မှော်လုပ်ငန်းမှာ စက္ကူကလဲ အရေးကြီးတယ်မလား.... ရေမြက်ကနေ ရက်လုပ်ထားတဲ့ စက္ကူက မန္တန်တွေရဲ့ စွမ်းအားကို သာမန်စက္ကူထက် ပိုအစွမ်းထက်စေတော့ ဖူမျိုးနွယ်စု နာမည်ကြီးတော့တာပေါ့.... ”
စီမာဟွေ့နန်က နားလည်သွားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ ဖူမျိုးနွယ်စုသည် အခြားမြို့များကို ကျော်ဖြတ်ပြီး အဘယ်ကြောင့် တာဟဲဈေးမြို့တော်သို့ လာခဲ့သည်ကို ယခုမှ သဘောပေါက်တော့သည်။ တာဟဲဈေးမြို့တော်အနီးရှိ လန်ချန်းမြစ်တွင်လည်း ရေနေ ဝိညာဉ်ဆေးပင် အမျိုးမျိုး ထွက်ရှိသည် မဟုတ်ပါလော။ သူတို့၏ နည်းစနစ်များတွင် မှော်သားရေများကိုပါ ပေါင်းစပ်လိုက်လျှင် သူတို့၏ အနာဂတ်မှာ တောက်ပနေမည်ဖြစ်ကြောင်း သူတို့ အသေအချာသိခဲ့လိမ့်မည်။
ရှီလန်သည် ဟွေ့နန်ကို ကြည့်လိုက်ရာ သူရွေးထားသောနေရာကို မျက်စိကျနေမှန်း အကဲခတ်မိလိုက်သည်။ ရှီလန်အနေနှင့်လည်း မြကြေးမုံကန်သည် လော့ထျန်းအဖွဲ့ဘက်မှ ကြည့်ပါက ပေးရသည့်ဈေးနှင့် တန်သော နေရာကောင်းတစ်ခုဟုလည်း ယုံကြည်လျှက်ရှိသည်။ အဆောက်အအုံများမှာလည်း အသင့်ရှိနေသဖြင့် အနည်းငယ် သန့်ရှင်းရေး လုပ်ရုံဖြင့် အထုပ်တန်းချ၊ တန်းနေနိုင်ပေသည်။ အကယ်၍ ငှားရမ်းဖြစ်သွားပါက ရှီလန်အား သူမ၏ရေခဲခံတပ်မှ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ဆုချမည် ဖြစ်ရာ အတွေးနှင့်ပင် ကြည်နူးနေသည်။
သို့သော်လည်း သူမ၏ ကြည်နူးမှုများ တစစီ ဖြစ်သွားခဲ့သည်။
“ဒီနေရာ မကြိုက်ဘူး.... နောက်တစ်နေရာ ပြဦးနော်”
လော့ချန်၏ စကားကြောင့် ရှီလန်သည် ခေါင်းကုတ်လိုက်ရင်း ကျောက်စိမ်းပေတံကို အခြားတစ်နေရာသို့ ညွှန်ပြလိုက်သည်။
“‘ဟုတ်ကဲ့.... ပြရမှာပေါ့.... ဒါက ဝါးတောပင်လယ် ဆိုတဲ့နေရာရှင့်.... နာမည်နဲ့လိုက်အောင် တမျှော်တခေါ် မဆုံးနိုင်တဲ့ ဝါးတောကြီး ရှိတယ်ရှင့်.... ဘယ်လောက်တောင်လဲဆိုရင် ဟိုးဘက်ခြမ်းက ဆေးလုံးစိမ်းချိုင့်ဝှမ်းထိတောင် သွားဆက်နေတယ်.... အဲဒီမှာ အဓိက ဝိညာဉ်ဝါး အမျိုးအစား ခုနစ်မျိုး ရှိပြီးတော့ သာမန်ဆန်ထက် အရသာရော အာဟာရရော ပိုကောင်းတဲ့ ဝိညာဉ်ဝါးဆန်တွေ ထွက်ပါတယ်.... တစ်ခုရှိတာက ဆန်ရိတ်သိမ်းတဲ့အချိန် လူအင်အားရော အချိန်ရော အများကြီး ပေးရမှာတော့ရှိတယ်ရှင့်.... တကယ်လို့ အခြေစိုက်စခန်းအဖြစ် သုံးမယ်ဆို....”
“ကျော်လိုက်တော့ ရှီလန်.... နောက်တစ်နေရာပြ” ဟု လော့ချန်က ကြားဖြတ်ကာ ထပ်ငြင်းလိုက်သည်။
“အဲ.... ဟုတ်၊ နောက်တစ်နေရာက မက်မွန်တောင် ပါ.... ရှေးအဆိုအရတော့ ဖီးနစ်ငှက်ရဲ့အမြုတေကနေ တောင် စဖြစ်လာတာလို့ ပြောကြတယ်.... အဲဒီမှာကျ ပထမအဆင့် မြေအောက်မီး ရှိတယ်၊ ဒါပေမဲ့ တောင်ကတော့ နည်းနည်း သေးပါတယ်....”
“အဲဒီနေရာမဆိုးဘူးပဲ.... ဟွေ့နန် တစ်ချက်မှတ်ထားလိုက်.... နောက်တစ်နေရာ ပြောတော့နော်”
“ဒီ ငွေလကျော့ကွင်း ပင်လယ်အော်ကျတော့ လော့ရှားဈေးမြို့တော်နဲ့ နီးတယ်ရှင့်.... ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ ရှိတော့ စီးပွားရေးလုပ်လို့ အကောင်းဆုံးပဲ.... ဓားပြတွေ ခဏခဏ သောင်းကျန်းလွန်းလို့သာ အခုထိ နေရာလွတ်နေတာ.... ငှားခကတော့ တစ်နှစ်မှ ဝိညာဉ်ကျောက်တုံး ရှစ်ထောင်ပဲရှင့်.... ”
သဲမြေပုံပေါ်ရှိ ပုံရိပ်ယောင်များမှာ တစ်ခုပြီးတစ်ခု မြန်ဆန်စွာ ပြောင်းလဲသွားသည်။ ရုတ်တရက် လော့ချန်က မှိန်ဖျော့နေသော မီးခိုးဖြူရောင် အလင်းစက်တစ်ခုကို လက်ညိုးထိုးပြလိုက်သည်။
“ရှီလန်ရေ.... အဲဒါ ဘယ်နေရာလဲဟင်၊ ဒီနေရာအကြောင်း ပြောပြစမ်းပါ”
ရှီလန်သည် ကျောက်စိမ်းပေတံဖြင့် ထိုအလင်းစက်ကို ခပ်ဖွဖွ တို့လိုက်သည်။ ချက်ချင်းပင် ရောင်စုံ နေဝင်ချိန် အလှတရားများ လွှမ်းခြုံထားသည့် မြင့်မားသော တောင်ကြီးတစ်လုံး၏ ပုံရိပ်တူမှာ အခန်းအလယ်တွင် ဝင့်ထည်စွာ ပေါ်ထွက်လာတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၃၆) - ကော်တရာကပ်စီးနှင့် ဒန်ရှားတောင်ထိပ်
ရှီလန်တစ်ယောက် တွေဝေလျက်ရှိသည်။
“အစ်ကိုကြီးလော့က.... ဒန်ရှားတောင်ထိပ်ကို စိတ်ဝင်စားလို့လား”
လော့ချန်က ခေါင်းငြိမ့်ပြလိုက်သည်။
“အင်း.... မဆိုးဘူးလားလို့လေ.... ဝိညာဉ်မြေကြောလဲကောင်းတယ်.... ပထမအဆင့် မြေအောက်မီးကြောတစ်ခုလည်း ရှိတယ်လို့ ကြားဖူးတာပဲ.... ဟုတ် မဟုတ်တော့မသိဘူး.... ”
ရှီလန်သည် တာဝန်အရ ထိုတောင်၏ အားသာချက်များကို စရှင်းပြရတော့သည်။
“ဟုတ်ပါတယ်ရှင့်.... မြေအောက်မီးက ဟိုးတောင်အောက်အနက်မှာ ရှိနေတာဆိုတော့ တောင်ပေါ်မှာ စိတ်ချလက်ချနေလို့ရတယ်.... နေရာကလည်း တိတ်ဆိတ်ငြိမ်သက်ပြီး အနောက်ဘက်မှာ ဆေးလုံးစိမ်းချိုင့်ဝှမ်း ရှိပါတယ်.... ဒီတောင်ထိပ်က ထျန်းလန်ရဲ့ အမြင့်ဆုံး တောင်ငါးလုံးထဲက တစ်လုံးဆိုလဲ မမှားဘူးရှင့်.... အရင်ကဆိုရင် ဒီတောင်ပေါ်မှာ ပထမအဆင့် ဝိညာဉ်စိုက်ခင်း ရာချီရှိပြီး တောင်ခြေမှာ သဘာဝကပေးထားတဲ့ ခံတပ်တစ်ခုလိုဖြစ်နေတဲ့ ပိယိုတောင်ကြား ရှိနေတော့ ရန်သူတွေလာရင်တောင် အသာစီးရနိုင်တာပေါနော်.... အဲ့လိုအချက်တွေကြောင့်လဲ ဒီတောင်ရဲ့ ငှားခက ဈေးကြီးခဲ့တာပေါ့.... ”
နားထောင်လေလေ လော့ချန် စိတ်ဝင်စားလေ ဖြစ်လာသည်။
“ဘယ်လောက်မိုလို့လဲ ရှီလန်”
“အင်း.... အရင်ကတော့ အနည်းဆုံး ဆယ်နှစ် ငှားရပြီး တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး တစ်သောင်းခွဲကျတယ်ရှင့်”
လော့ချန် မျက်စိကျနေသည်ကို သိသော ရှီလန်သည် ဤမြေကွက်အငှား ကိစ္စကို အမြန်ဆုံး အဆုံးသတ်ချင်လာသည်။ သို့သော် လော့ချန်မှာ ရွှီကျင်းနန်၏ မိတ်ဆက်မှုဖြင့် ရောက်လာသူ ဖြစ်သောကြောင့် သူမအနေဖြင့် ဈေးအဆမတန် တောင်း၍ မကောင်းပေ။ ထို့အပြင် သူမ ထိမ်ချန်ထားသော အချက်အချို့ကိုလဲ ပြောပြရပေလိမ့်မည်။ သူမ ခဏတာ အသေအချာစဉ်းစားပြီးနောက် နှုတ်ခမ်းကို အသာကိုက်ရင်း ရိုးသားစွာ ဝန်ခံလိုက်သည်။
“ဒါပေမဲ့ အစ်ကိုကြီးတို့ လော့ထျန်းအတွက်.... ကျွန်မဒီနေရာကို သိပ် မညွှန်းပေးချင်ဘူး”
“ဟေ.... ဘာလို့လဲ”
“အဲ့ဒီနေရာမှာ အရှုပ်အရှင်းလေးတွေ နည်းနည်း ရှိလို့လေ.... ဒီလိုရှင့်.... အစ်ကိုကြီးတို့ နားလည်လွယ်အောင် အတိုချုပ်ရှင်းပြရရင် ဟိုးအရင်နှစ်တစ်ရာတုန်းက ဒီတောင်မှာ အစီအရင်အတတ်ပညာရှင် မင်မျိုးနွယ်စုက နေခဲ့တယ်လေ”
၎င်းမှာ လော့ချန်အတွက် မထူးဆန်းလှပေ။ မင်လုံယွီ၏ မျိုးနွယ်စုမှာ မူလက ဒန်ရှားတောင်တွင် နေထိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဆက်မငှားနိုင်တော့ဘဲ နေရာဖယ်ပေးခဲ့ရသည်ကို သူသိထားပြီးဖြစ်သည်။
ရှီလန်က သက်ပြင်းချရင်း ဆက်ပြောသည်။
“နောက်ပိုင်း အင်အားကြီး ရန်သူတစ်ယောက်နဲ့ မင်မျိုးနွယ်စု ပဋိပက္ခ တိုက်ပွဲတစ်ခုဖြစ် ခဲ့တယ်.... မင်မျိုးနွယ်စုကလည်း ခေသူမှမဟုတ်တာ.... သူတို့ ကျွမ်းကျင်တဲ့ အစီအရင်အကာအကွယ် အတတ်တွေကို သုံးပြီး ပြန်ခုခံတော့.... ရှီလန့်အထင် တစ်နှစ်လောက် ပြန်ခုခံနိုင်ခဲ့တယ်.... စိတ်မကောင်းစရာက နောက်ဆုံး အစီအရင် ကျိုးပေါက်သွားပြီး တောင့်မခံနိုင်တော့တဲ့အဆုံး မင်မျိုးနွယ်စုရဲ့ အခြေတည်ကျင့်ကြံသူအားလုံးနီးပါး သုတ်သင်ခံရတယ်လေ.... ပုံမှန်ဆိုရင်တော့ ဆက်ငှားဖို့က ပြဿနာ မရှိပါဘူး.... သူတို့ဆက်နေမယ်ဆိုလဲ ငှားခကို ညှိပေးမယ့်သဘောရှိတယ်.... ကျွန်မတို့လဲ ဒီလောက်တော့ နားလည်မှုပေးပါတယ်.... ခက်တာက သူတို့ရဲ့ အစီအရင်အကာကွယ်က ဒန်ရှားတောင်ရဲ့ မြေဓာတ်ကို ဆက်စပ် အခြေခံထားတာ ဖြစ်နေတယ်ရှင့်.... အဲ့တော့ အစီအရင်ပျက်စီးသွားတော့ တောင်ရဲ့မြေဓာတ်တွေလဲ ထိသွားပါလေရော.... ဝိညာဉ်ကြောအဆင့် နည်းနည်း ကျသွားတဲ့အပြင် ဝိညာဉ်စိုက်ခင်း ထက်ဝက်ကျော်လည်း ပျက်စီးကုန်တယ်လေ.... ဒါနဲ့ပဲ မင်မျိုးနွယ်စုရဲ့ ငှားရမ်းခွင့်ကို ပယ်ဖျက်လိုက်တာရှင့်”
“နေစမ်းပါဦး.... ရေခဲခံတပ်က ကျင့်ကြံရေးဂူတွေမှာတောင့် အစောင့်ထားပေးတယ်မလား.... ဝိညာဉ်မြေကွက်တွေကိုကော ကာကွယ်မပေးဘူးလား.... မျိုးနွယ်စုဝင်တွေကို လာသတ်ပြီး တောင်တွေပါ ပျက်ဆီးတဲ့အထိကို လက်ပိုက်ကြည့်နေတာလား.... ”
ရှီလန်က ပုခုံးတွန့်ပြရင်း ဆိုသည်။
“မတတ်သာလို့ပေါ့ရှင်.... ရှီလန်တို့လဲ ကာကွယ်ပေးချင်တာပေါ့.... ဒါပေမဲ့ ဝိညာဉ်မြေကွက်တွေက မြို့အပြင်ဘက် အဝေးကိုရောက်နေတာလေ.... အစ်ကိုကြီးကိုလဲ ခင်နေတော့ ရှီလန် အမှန်အတိုင်းပြောပြမယ်.... ဒီမြို့ပြင်မြေကွက်တိုင်းက ငှားခ ကောက်ရုံကလွဲပြီး ကျန်တာ ဘာမှတာဝန်ယူမပေးဘူး.... ဘာလို့ဆို အစ်ကိုကြီးပဲစဉ်းစားကြည့်.... ဒီထျန်းလန်မြို့က အကြီးကြီးလေ.... မြို့တွင်းထဲမှာတင် နေ့တဓူဝ စီမံနေရတဲ့ ကိစ္စတွေက နည်းတာမဟုတ်ဘူး.... မမဟွေ့နန်က စီမံခန့်ခွဲမှုးဆိုတော့ ပိုသိလောက်မယ်.... မြို့ပြင်အထိ လိုက်ပြီး ထိန်းချုပ်ဖို့က မဖြစ်နိုင်ဘူး.... လုပ်လဲမလုပ်နိုင်တော့ဘူးလေ.... ”
လော့ချန် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ရင်း ခေါင်းရမ်းမိလိုက်သည်။
‘ဒီလိုကျ ငှားတဲ့လူဘက်က ကြည့်ရင် ဘယ်ကောင်းပါ့မလဲ.... ငှားခကျ မှန်မှန်လာ ကောက်တယ်.... တစ်ခုခုဖြစ်ရင်ကျ သေသေရှင်ရှင် ပစ်ထားမဲ့သဘော.... ဒါဆို လူမိုက်အားပေး လုပ်နေတာနဲ့မထူးတော့ဘူးလေ.... ငါတို့တိုက်လည်း ဘယ်သူမှအရေးမယူပါဘူးကွာ ဆိုပြီး ဖြစ်ကုန်မှာပေါ့.... အင်းအားနည်းတဲ့သူတွေ သေကျေပြီး နောက်လူတွေထပ်နေ.... ကြားထဲက ရေခဲခံတပ်က အအိပ်အစားမပျက် ဒူးလေးနှံ့ ပွဲကြည့်နေရုံပဲလား.... ဘယ်မှာလဲ တာဝန်ယူမှု တာဝန်ခံမှု.... ’
လော့ချန်သည် ရေခဲခံတပ်မှ အုပ်ချုပ်သူများအား လက်ညိုးငေါက်ငေါက်ထိုး၍ အထက်ပါအတိုင်း ပြောချင်နေသည်မှာ ပါးစပ်တယားယားဖြစ်နေသည်။ ထိုအတွေးများကို မရိပ်မိသည့် ရှီလန်မှာမူ ကျောက်စိမ်းပေတံဖြင့် ပုံရိပ်ယောင်ကို ထပ်တို့လိုက်ရင်း စကားဆက်သည်။
“တောင်က ပျက်စီးနေတဲ့ အပြင်ငှားခကလဲ ဈေးများတော့ မင်မျိုးနွယ်စု ထွက်သွားကတည်းက အခုချိန်ထိ ဘယ်သူမှ လာမငှားတော့ဘူး.... ဒီလိုနဲ့ လူမရှိတဲ့ တောင်အလွတ်တွေ၊ မြေအလွတ်တွေရဲ့ ကြုံနေကြထုံးစံအတိုင်း ကျူးတွေ ဝင်နေကုန်ကြရော.... သွားကြည့်တဲ့သူပြောတာတော့ တစ်ကိုယ်တော် ကျင့်ကြံသူတွေ ဖြစ်သလိုတဲလေးထိုး၊ သူတို့ သူခိုးအချင်းချင်းညှိပြီး မင်းအကွက် ငါ့အကွက် ဆိုပြီးတောင် သတ်မှတ်ထားကြတယ်တဲ့.... အဲ့လို ခိုးကြောင်ခိုးဝှက် ကျူးကျော်နေနေတဲ့ သူတွေထဲမှာ အခြေတည်အဆင့် တစ်ကိုယ်တော်ကျင့်ကြံသူတွေတောင် ပါတယ်တဲ့လေ”
သည်တကြိမ်တွင်မူ စီမာဟွေ့နန်က မနေနိုင်ဘဲ ဝင်မေးလိုက်သည်။
“အုပ်ချုပ်ရေးပိုင်းက ဒီလိုကျူးကျော်တွေကို မနှင်ထုတ်ဘူးလား ရှီလန်.... နှင်ထုတ်မရတောင် အနည်းဆုံးတော့ သူတို့ဆီက ငှားခ သတ်မှတ်ပြီး ကောက်သင့်တာပေါ့”
“ရှီလန် စောနပြောသလိုပါပဲ မမရယ်.... မြို့ပြင်က ကိစ္စတွေ မစီမံအားဘူးလို့.... သူတို့မအားကြဘူးလေ”
ရှီလန်ပြောသကဲ့သို့ပင် အဓိက ပြဿနာမှာ မြို့တော် အုပ်ချုပ်ရေးပိုင်းတွင် လူအင်အား မလောက်ခြင်း ဖြစ်သည်။
“မမတို့ သိတဲ့အတိုင်း တစ်ကိုယ်တော်ကျင့်ကြံသူ အများစုက ဆင်းရဲကြတယ်လေ.... သူတို့ မြို့ထဲမှာ နေစရာ မငှားနိုင်တော့ ချီစွမ်းအားရဖို့ ဒီလိုနေရာတွေ ခိုးနေရုံအပြင် ရွေးချယ်စရာမှမရှိတာ.... ပြီးတော့ သူတို့က တစ်နေရာတည်းမှာ အကြာကြီး မနေဘူး.... အုပ်ချုပ်ရေးပိုင်းဘက်က ကျူးတွေ ဂိုဏ်းထောင်တာမျိုး၊ အဖွဲ့အစည်း၊ မျိုးနွယ်စု အလံထောင်တာမျိုး မလုပ်သရွေ့တော့ မျက်စိမှိတ် လွှတ်ပေးထားတာပဲ.... ”
စီမာဟွေ့နန် မျက်မှောင်ကြုတ်သွားသည်။
“ဟင်.... ဒါဆို တကယ်လို့ အစ်မတို့ အဖွဲ့က ဒီတောင်ကို ငှားမယ်ဆိုရင်ရော.... ရှီလန်တို့ဘက်က ကျူးတွေကို မောင်းထုတ်ပေးမှရမှာပေါ့ ဟုတ်တယ်မလား”
ရှီလန် ခဏစဉ်းစားပြီး ခေါင်းငြိမ့်ပြသည်။
“ဟုတ်ကဲ့ မမ.... ငှားမှာကျိန်းသေပြီဆိုရင်တော့ ရှီလန်တို့ဘက်က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို လွှတ်ပြီး ရှင်းလင်းပေးလို့ ရပါတယ်”
ထို့နောက် ရှီလန်သည် လော့ချန်ဘက်သို့ မျှော်လင့်တကြီး လှည့်ကြည့်လိုက်သည်။
“အစ်ကိုကြီးလော့.... ဒီတောင်ကိုပဲ ရွေးဖို့ သေချာပြီလားရှင့်”
အကယ်၍ ဒန်ရှားတောင်တွင် အငှားတင်နိုင်ပါက ရှီလန်သည် နှစ်ချီထိုင်စားနိုင်သည့် ဝိညာဉ်ကျောက်တုံးများစွာ ဆုလာဘ်ရနိုင်ချေ ရှိပေသည်။ ဝိညာဉ်တောင်တစ်လုံးကို ငှားရမ်းခြင်းမှာ ဂူဗိမာန် ငှားရမ်းခြင်းထက် ပိုမြတ်သည့်အပြင် ဒန်ရှားတောင် ဟူသောနေရာလည်း ဖြစ်နေသည် မဟုတ်ပါလော။
လော့ချန်သည် စဉ်းစားဟန်ဖြင့် “အင်း.... ” ဟု ရေရွတ်လိုက်သည်။ ရှီလန်၏ မျက်နှာတွင် မျှော်လင့်ချက်များ ဝင်းပလာစဉ်မှာပင် လော့ချန်၏ မျက်နှာထားက ခက်ထန်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။
“ကြိုက်တော့ကြိုက်ပါတယ်.... ဒါပေမဲ့ ဈေးကများနေတော့.... ”
ရှီလန်က ချက်ချင်းပင် “အို.... ဒီအတွက်မပူပါနဲ့.... အစ်ကိုကြီးသာ တကယ်ငှားမယ်ဆိုရင် ရှီလန် တစ်နှစ်ကို တစ်ထောင် လျှော့ပေးဖို့ အထက်ကို တင်ပြပေးပါ့မယ်”
လော့ချန်က ရှီလန်အား အကဲခတ်လိုက်ကာ စိတ်ထဲမှ ကျိတ်ပြုံးလိုက်သည်။ သို့သော် အပြင်ပန်းတွင်မူ စိတ်မပါသယောင် သက်ပြင်းချလိုက်ရင်း ဆိုသည်။
“တော်ပါပြီကွာ.... ဒီတောင်က လွန်ခဲ့တဲ့ နှစ်တစ်ရာက တိုက်ပွဲတွေကြောင့် ပျက်စီးပြီး ဝိညာဉ်ကြောအဆင့်ကလည်း ကျသွားတယ်လို့ စောနကပဲ ရှင်းပြထားတာမလား.... အဲ့လိုဆို ငှားခကလည်း အဲဒီအဆင့် လျော့သွားတဲ့အပေါ် မူတည်ပြီး လျှော့သင့်တာ မဟုတ်ဘူးလား၊ အရင်ဈေးကနေ တနှစ်တထောင်လျှော့တာက အဓိပ္ပာယ်မရှိဘူးလေ ရှီလန်ရဲ့.... ”
ရှီလန် ဆွံ့အသွားသည်။ သူမ စကားကိုနင်းကာ ချက်ကျလက်ကျပြောခြင်း ဖြစ်သဖြင့် ဘာပြန်ပြောရင် ကောင်းမလဲ ဟု အသေအလဲ စဉ်းစားနေသည်။
ခဏကြာမှ “ဟုတ်ကဲ့ရှင့်.... အစ်ကိုကြီးပြောတာ မှန်ပါတယ်.... ရှီလန်တို့ ထပ် လျှော့ပေးပါ့မယ်” ဟု ဆိုရှာသည်။
“ဒါနဲ့ အစ်ကိုတို့ ငှားမယ်ဆိုရင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကျူးတွေကို ရှင်းပေးမယ်ဆိုတာ သေချာလား”
“ဟာ.... သေချာတာပေါ့၊ အငှားတက်တော့မယ်ဆို နယ်မြေရှင်းလင်းရေး လုပ်ဖို့က သူတို့တာဝန်ပဲဟာ.... ဒါက လုပ်ထုံးလုပ်နည်းဆိုတော့ အစ်ကိုကြီးတို့ စိတ်မပူပါနဲ့.... ဟီးဟီး.... ”
“စိတ်ပူရတာပေါ့.... စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကရော အင်အား ဘယ်လောက်ရှိလဲ ပြောလို့ရလား”
“အို.... ဘာလို့ မရ ရမှာလဲ.... အဲဒီ့ အဖွဲ့ခေါင်းဆောင်က ရှီလန့် ဒေါ်လေး တန်းထိုင်ကျင် လေ.... သူက အခြေတည်နှောင်းပိုင်းအဆင့် ရောက်နေပြီ အစ်ကိုကြီးရဲ့.... ပြီးတော့ အခြေတည် အစောပိုင်းအဆင့် ကျင့်ကြံသူ လေးယောက်လဲ ပါတယ်.... အဲဒီလိုအခြေတည်ကျင့်ကြံသူ အဖွဲ့က လာမောင်းထုတ်မှတော့ ဘယ်ကျူးက မပြေးဘဲနေနိုင်မှာလဲလို့.... စိတ်သာချ.... မပူနဲ့နော်.... ”
လော့ချန်က ခေါင်းငြိမ့်ပြပြီး တုံဏှိဘာဝေ လုပ်နေပြန်သည်။ ရှီလန်သည် ‘ငှားလိုက်ပါတော့ တေမိမင်းသားရယ်’ ဟု ပါးစပ်ကပင် ယောင်ထွက်လုမတတ် ဖြစ်လာသည်။
ထိုစဉ် လော့ချန် စကားပြောမည့်ဟန် ပါးစပ်ဟလိုက်သည်နှင့် ရှီလန် ခုန်ပေါက်မိမတတ် ပျော်သွားသည်။
“အဲ.... အစ်ကိုပြောချင်တာက ဒီလိုလေ.... အုတ်ကြားမြက်ပေါက် ကျူးလေးတွေကို အခြေတည်ကျင့်ကြံသူ ငါးယောက်တောင် သွားနှင်ထုတ်ရမှာဆိုတော့ အဲ့ဒီ ကျင့်ကြံသူတွေ သိက္ခာကျတာပေါ့.... ရှီလန်ပြောသလို မြို့တွင်းထဲမှာတင် သူတို့ လုပ်စရာတွေတစ်ပုံကြီးမလား.... အစ်ကို သူတို့ အချိန်တွေလိုက်ဖြုန်းလို့ ဘယ်ကောင်းပါ့မလဲ.... ဒီတော့ အစ်ကိုတို့အဖွဲ့ကပဲ ကျူးတွေကို ကိုယ့်ဘာသာ ရှင်းလိုက်မယ်.... ငှားခကိုတော့ တစ်နှစ်ကို တစ်သောင်းပဲ ထားလိုက်ပေါ့ ဟုတ်ပြီလား.... ”
ရှီလန် အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူမ၏ ခေါင်းထဲတွင် မူးဝေဝေပင် ဖြစ်လာသဖြင့် နားထင်ကိုလက်မဖြင့် ဖိထားရသည်။ သူမ ယခုမှ သဘောပေါက်သွားတော့သည်။
ဤမျှ သဘောမနောကောင်းကာ ခပ်အေးအေးပုံဖမ်းထားသော ကိုလူရိုးကြီး လော့ချန်သည် တစ်ချိန်လုံး သူမပြောသမျှ စကားလုံးတိုင်းကို အသေအချာနားထောင်ကာ ဈေးလျှော့ရမည့် အခြေအနေသို့မရောက် ရောက်အောင်တွန်းပို့နေခြင်း ဖြစ်သည်။ သူမသည်သာ ဘာမှမရိပ်မိခဲ့ဘဲ အိတ်သွန်ဖာမှောက် ပြောပြရင်း မိမိဘာသာ ဈေးများကို လျှော့ပေးနေခဲ့မိသည်။ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ ဆိုသလို အဆုံးသတ်မှပင် သူမဇာတ်ရည်လည်တော့သည်။ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှင့် အစောပိုင်းအဆင့် ကျင့်ကြံသူများကို တာဝန်ပေးရခြင်းသည် အလွန် ကုန်ကျစရိတ်များမှန်း ကျင့်ကြံလောကသားတိုင်း သိကြလေသည်။ အုပ်ချုပ်ရေးပိုင်းအနေဖြင့်လည်း အခြေတည်ကျင့်ကြံသူကို တခါတာဝန်စေလွှတ်တိုင်း ကိစ္စကြီးသေး အပေါ်မူတည်၍ ဝိညာဉ်ကျောက်တုံး သောင်းချီခန့် ကုန်ကျနိုင်သည်ကို ကိုလူရိုးကြီး မသိဘဲ နေမည်မဟုတ်။ သို့ဖြစ်လေရာ သူမတို့၏အကျိုးကို လိုလားသယောင်နှင့် ကျူးနှင်ထုတ်မည့် ဝန်ဆောင်မှုကို မယူဘဲ ချည်ပြီးတုပ်ပြီး ဈေးဆစ်နည်းသည် တဩချရလောက်ပေသည်။
သို့သော်လည်း ထိုဝန်ဆောင်မှုသည် လုပ်ရိုးလုပ်စဉ်ဖြစ်သဖြင့် ရှီလန် ချက်ချင်း အဖြေပေး၍မရပေ။ ထို့အပြင် ထိုစည်းကမ်းထိန်းသိမ်းရေးသမားများ ပေါ်လာရုံဖြင့် ကျူးများ ဝရုန်းသုန်းကား ပြေးကြမည်မှာ အသေအချာပင်ဖြစ်ရာ သူမတို့ သိပ်ကုန်ကျမည်မဟုတ်ပေ။
‘ဒီအစ်ကိုကြီးကတော့.... တကယ်ပါပဲဟယ်.... ’ ဟု တွေးရင်း ရှီလန်မှာ ငိုချင်စိတ်ပင် ပေါက်လာတော့သည်။
“အစ်ကိုကြီး လျှော့ခိုင်းတဲ့ပမာဏက အရမ်းများလွန်းတယ်.... ရှီလန် အထက်လူကြီးကို မေးကြည့်ဦးမယ်နော်”
“အေးပါ.... အေးပါ သွား သွား.... ”
ရှီလန် အကြံအမျိုးမျိုးထုတ်ရင်း ဇိုးဇိုးဇတ်ဇတ် အောက်ထပ်သို့ ပြေးဆင်းသွားသည်ကို ကြည့်ရင်း လော့ချန် ရယ်မောကာ လှမ်းပြောလိုက်သည်။
“ဟားဟား.... လျှော့ခိုင်းသလို လျှော့ပေးမယ် တခြားနေရာကို ယူတော့မလုပ်နဲ့နော်.... အစ်ကိုက ဒန်ရှား မှ ဒန်ရှားပဲဟေ့”
ထိုစကားကြောင့် မိန်းမငယ်လေး၏ ခြေလှမ်းများမှာ လမ်းတဝက်တွင် ယိုင်နဲ့သွားရရှာသည်။
....
ရေခဲလှိုင်း နန်းတော်မှ ထွက်လာသည့်တိုင် စီမာဟွေ့နန်မှာ မျက်စိရှေ့ ဖြစ်ပျက်ခဲ့သည်များကို မယုံနိုင်သေးပေ။ သူမ ဘေးရှိ တည်ငြိမ်အေးဆေးနေသော လော့ချန်၏ မျက်နှာကို ကြည့်ရင်း ရင်းနှီးသလိုလို၊ သူစိမ်းပြင်ပြင်လိုလို ခံစားနေရသည်။ အခြေတည်ကျင့်ကြံသူတစ်ဦးသည် (သူ့ကျင့်ကြံဆင့်အရ သိက္ခာကျမည်စိုးကာ) ဤမျှအထိ ဈေးဆစ်တတ်လိမ့်မည်ဟု မထင်ထားပေ။ သို့ရာတွင် သူမ အတိတ်ကို တဖန်စဉ်းစားကြည့်သောအခါ လော့ချန်သည် ယခင်ကလည်း ဤအကျင့်ရှိကြောင်း ပြန်သတိပြုမိသွားသည်။
‘အင်း.... သူ့ ဗီဇကိုက စိစစ်တယ်ခေါ်မလား.... လက်ပေါက်ကပ်တာလို့ပဲ ပြောရမလား.... အို ဘယ်လိုပဲဖြစ်ဖြစ် ဒါပါရမီပဲ.... ငါဆို ဒီလောက်မတွက်ချက်တတ်ဘူး.... ”
သူမ တွေးနေရာမှ မနေနိုင်ဘဲ ထုတ်ချီးကျုးလိုက်မိသည်။
“ကျွန်မဖြင့် မျက်မြင်မို့သာ ယုံလိုက်ရတယ်.... တစ်သောင်းငါးထောင်ကနေ တစ်သောင်းအထိ ဈေးဆစ်နိုင်တဲ့အရည်အချင်းကလေ.... ဘယ်လိုပြောရမလဲ.... ငါးထောင်ကြီးများတောင် ကျွန်မတို့ သက်သာသွားတာနော်.... အဖွဲ့ခေါင်းဆောင်ကတော့ တကယ်ကို.... ”
“တကယ်ကို ဘာဖြစ်လဲ.... ဆက်ပြောလေ ဟဲဟဲ.... ”
လော့ချန်သည် အောင်နိုင်သူအပြုံးဖြင့် ရင်ကော့ခေါင်းမော့ထားသည်။ သူ့အား မည်သို့ချီးမွမ်းမည်ကို နားစွင့်နေသည်။
“တကယ်ကို ထိပ်တန်း ဦးကပ်စီးပဲ.... ” ဟု အံ့ဩလက်ဖျားခါဟန်ဖြင့် ဟွေ့နန်က မျက်လုံးလေးဝိုင်းကာ လက်မထောင်ပြလိုက်သည်။
ချီးကျုးသည်လည်းမဟုတ် ကဲ့ရဲ့သည်လည်းမဟုတ်သည့် ဟွေ့နန်အပြောကြောင့် လော့ချန်သည် မှန်းချက်နှင့် နှမ်းထွက်မကိုက်သလို အီလည်လည် ဖြစ်သွားသည်။
“အမ်မာ.... ဘာဦးကပ်စီးလဲ.... သေချာ စဉ်းစားကြည့်.... တစ်နှစ်မှ ငါးထောင်ပဲ လျှော့ပေးတာ.... တစ်လကို ဝိညာဉ်ကျောက်တုံး ရာဂဏန်းလောက်ပဲ လျော့သွားတာလေ.... ပြီးတော့ ဒန်ရှားတောင်က ဘယ်သူမှမငှားလို့ သူတို့တပြားမှမရဖြစ်နေတာ.... ခုလို သူတို့ ဈေးလျှော့လိုက်တော့ သူတို့လဲ ဝင်ငွေရ ငါတို့လဲနေစရာရ.... နာချင်းနာ ငါတို့က နစ်နာမှာပါ.... ကဲ မြန်မြန်လာ ဟွေ့နန်.... နောက် ရတနာနန်းဆောင်ကို သွားကြမယ်.... ”
“ဟင်.... ရတနာနန်းဆောင်ကိုလား.... ကျွန်မတို့မှာ မှော်လက်နက်တွေ အများကြီး ရှိနေပြီလေ.... ထပ်ဝယ်ဦးမလို့လား”
“တယ်ခက်ပါလား ဟွေ့နန်ရယ်.... အများကြီး ရှိနေလို့ပဲ သွားတာပေါ.... လာ.... ဟိုရောက်ရင်သိလိမ့်မယ်.... ”
ရတနာနန်းဆောင်တွင် အဟောင်းများကို ပြန်လည် ဝယ်ယူလေ့ရှိသည်။ တစ်ဖက်တွင်လည်း လော့ထျန်းအဖွဲ့၌ လက်နက်များ အပိုအလျှံ ရှိနေသဖြင့် ၎င်းမှာ ကွက်တိပင် ဖြစ်သည်။
လော့ချန်နှင့် စီမာဟွေ့နန်တို့သည် ရေခဲလှိုင်းနန်းတော် ဝင်ပေါက်မှ ထွက်လာသည်နှင့် ကြက်ပျံမကျ စည်ကားနေသောလူအုပ်ကြီး အတွင်းသို့ တိုးဝင်လိုက်ရသည်။ လျှောက်နေရင်းဖြင့်ပင် လူအုပ်ကြီးမှာ များသထက် များပြားလာလေ ဖြစ်သည်။ ရံဖန်ရံခါတွင် သံကိုယ်ထည်နှင့် စီးတော်ယာဉ်များ၊ မှော်ရုပ်သေးမြင်းရထားများသည် သူတို့ ဘေးမှ အရှိန်အဟုန်ဖြင့် ဖြတ်မောင်းသွားကြသည်။ ဤဆူညံသံများနှင့် ရှုပ်ထွေးမှုများမှာ တာဟဲဈေးမြို့တော်နှင့် လုံးဝ ဆန့်ကျင်လျက်ရှိလေသည်။
နောက်ဆုံးတွင် သူတို့နှစ်ဦးသည် အဆောက်အအုံခပ်မြင့်မြင့် တစ်ခုရှေ့တွင် ရပ်လိုက်ကြသည်။ အပေါ်ဆုံးထပ်တွင် ရွှေရောင် ရွက်လွှင့်အလံကြီး သုံးခု လွှင့်ထူထားသည်။ လော့ချန်သည် ထိုခမ်းနားလှသော အလံများကို ကြည့်ရင်း စိတ်ထဲတွင် သံဓိဋ္ဌာန် ချလိုက်သည်။
‘ပျံလွှားဂိုဏ်းရဲ့ ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူ သုံးဦးရဲ့ ကိုယ်စားပြုအလံတွေပါလား.... ဒီလိုမျိုး တစ်နေ့မှာ ငါ့နာမည်လည်း နယ်မြေတောင်တန်းတွေ အကုန်ဖြတ်ကျော်ပြီး ပျံ့နှံ့သွားရင် သိပ်ကောင်းမှာပဲ.... မဟုတ်ဘူး.... အဲလိုပျံ့နှံ့တဲ့အထိ ငါ ကြိုးစားမယ်.... ”
ရတနာနန်းဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် လော့ချန်အား အခြေတည်အဆင့်မှန်း အကဲခတ်မိလိုက်သော အရောင်း တာဝန်ယူထားသည့် မိန်းမချောလေးတစ်ဦး အပြေးလေးရောက်လာသည်။
လော့ချန်ကမူ ခပ်တည်တည်ဖြင့် မှော်လက်နက် ကိရိယာအမျိုးမျိုး၏ ဈေးနှုန်းများကို တဲ့တိုး မေးလိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် မှော်လက်နက် ဈေးနှုန်းများမှာ ဈေးတက်နေဆဲ ဖြစ်သည်။ တာဟဲဈေးမြို့တော်နှင့် ထိုက်ရှန်းဈေးမြို့တော်ကထက်ပင် ပိုဈေးကြီးနေသည်။ ထို့နောက် အဟောင်းများ ပြန်ဝယ်ပေးသည့် ဈေးနှုန်းကို မေးလိုက်သောအခါ လော့ချန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ဟမ်.... ဘယ်လို ဘယ်လို၊ အဟောင်းတွေကို အဝယ်ရပ်လိုက်ပြီ ဟုတ်လား” သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဟုတ်ပါတယ်ရှင့်”
မိန်းမချောလေးက ယဉ်ကျေးစွာ ပြုံးပြသည်။
“ကျွန်မတို့ ရတနာနန်းဆောင်မှာ အရင်သုံးနှစ်လောက်ထဲက အဟောင်းမဝယ်တော့တာပဲ....”
ဤအချက်မှာ ထူးဆန်းလှသည်။ အကယ်၍ အဟောင်းရောင်းပါက ဈေးနှိမ်ဝယ်သည်ဆိုလျှင် ယုတ္တိရှိသော်လည်း လုံးဝ အဝယ်ရပ်လိုက်ခြင်းမှာ မည်သည့် စီးပွားရေး အတွေးအခေါ်မျိုးပါနည်း သူနားမလည်ပေ။ သို့သော် သူတစ်ပါး၏ လုပ်ငန်းကို သူ ဝင်ရောက် စွက်ဖက်၍ မရပေ။
လက်ရှိတွင် ဒန်ရှားတောင်ထိပ်ကို ငှားရမ်းပြီးနောက် သူ၏ ဝိညာဉ်ကျောက်တုံး တစ်သိန်း သုံးသောင်းမှာ သုံးသောင်းသာ ကျန်တော့သည်။ တောင်ပေါ်တွင် အခြေစိုက်စခန်းကို ပြန်လည် တည်ဆောက်ရန်မှာလည်း ငွေကြေးများစွာ လိုအပ်ဦးမည် ဖြစ်သည်။ လော့ချန် ခေါင်းတရမ်းရမ်းလုပ်ရင်း စင်ပေါ်တွင် ခင်းကျင်းထားသော လှေပျံ ပုံစံငယ်လေး တစ်ခုကို ကြည့်လိုက်မိသည်။
“ဟင်.... ဒါလေးက ဘာလဲ.... ရှင်းပြပေးဦး”
မိန်းမချောလေး၏ မျက်လုံးများ ဝင်းပသွားသည်။
“ဟောတော့.... ဒီက အစ်ကိုက တကယ့်ပစ္စည်းကောင်းကိုမှ ကြည့်တတ်တာပဲ၊ မြင်တတ်လိုက်တာရှင်.... ဒါက နောက်ဆုံးထွက် လန်ချီ လှေပျံပါရှင့်.... ပျံလွှားဂိုဏ်းရဲ့ နောက်ဆုံးပေါ် လက်ရာဆိုတော့ အထွေအထူးညွှန်းနေစရာ မလိုအောင် ကောင်းပြီးသားပေါ့ရှင်.... ထိပ်တန်းအဆင့် မှော်လက်နက် တစ်စီး ဒီနေ့မှပဲ ရောက်လာတာပါ”
လော့ချန် သူမကို အပြောကောင်းသဖြင့် တစ်ချက် ဘေးစောင်းကြည့်လိုက်ရင်း ဈေးတင်ချင်လို့ ပြောနေတာလားဟု ဇဝေဇဝါဖြစ်သွားပြန်သည်။
“ဘယ်နေရာတွေသုံးလို့ရလဲ အသေးစိတ်ရှင်းပြပါဦး မိန်းကလေး”
“အိုး.... ရှင်းပြရမှာပေါ့.... အစ်ကို ဒီလှေကို မိုးပေါ်ပျံချင်လား.... မြေကြီးပေါ်မောင်းချင်လား.... နှစ်စီးရောင်းမလို့ မဟုတ်ဘူးနော်.... နှစ်မျိုးလုံးတစ်စီးနဲ့လုပ်နိုင်တာ ပြောမလို့.... ခစ်ခစ်.... ကောင်းကင်မှာဆိုရင် မြန်နှုန်း မြင့်ယာဉ်ပျံ ဖြစ်သလို၊ မြေပြင်မှာလည်း မြေပြင် စီးတော်ယာဉ်အဖြစ် စိတ်ကြိုက်သုံးလို့ ရတယ်ရှင့်.... အရွယ်အစားကိုလည်း လိုသလို ပြောင်းလဲလို့ ရသလို၊ အရမ်းသွက်တဲ့ ထိပ်တန်းယာဥ်ပျံဆိုလဲ မမှားဘူးရှင့်၊ အကောင်းဆုံးအချက်ကတော့ ရှားပါးဒြပ်စင်တွေနဲ့ လုပ်ထားတာမို့ အကြမ်းခံပြီး ကာကွယ်ရေးယာဉ်အဖြစ်တောင် အသုံးချလို့ရတာပါပဲ.... ”
“ဟေ.... အဆန်းပါလား.... အရွယ်အစား ပြောင်းလို့ရပြီး မြေပြင်မှာလည်း မောင်းလို့ရတယ် ဟုတ်လား”
“ဟုတ်ကဲ့ရှင့်.... ဒီလှေကို ကျင့်ထင်တောင်ရသေ့ ကိုယ်တိုင် စိတ်ကူးကောင်းကောင်းနဲ့ ထုတ်ထားတာလေ.... အစ်ကိုလဲ သိမှာပါ.... ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူတွေ သွန်းလုပ်တဲ့ ပစ္စည်းတွေက လိုသလိုချုံ့ချဲ့လို့ရတာက ထုံးစံတောင်ဖြစ်နေပြီလေ”
လော့ချန်၏ မျက်နှာထားကို အကဲခတ်ကာ မိန်းမချောလေးက ဆက်ပြောသည်။
“မြေပြင်မှာ မောင်းနှင်နိုင်တာကလဲ တကယ့်အားသာချက်နော်.... မြို့တော်ထဲက အများသုံး စီးတော်ယာဉ်တွေကို စောင့်နေစရာ မလိုတော့ဘူးပေါ့”
သူမသည် စီမာဟွေ့နန်ဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဆက်ပြောသည်။
“ပြီးတော့ အစ်မတို့လို အလုပ်များတဲ့သူတွေဆို ပိုလိုတာပေါ့.... အလျင်လိုတဲ့အခါ လမ်းပေါ်မှာ ကျားလိုက်သလို ပြေးနေရတာ အစ်မတို့ ညီမတို့လို မိန်းမသားတွေအတွက် ထင်သလောက် မလွယ်ဘူးလေ.... အစ်ကိုတို့လို ယောကျာ်းသားတွေအဖို့လဲ ဒီလို မိန်းမလှလေး ဘေးမှာထားပြီး အထာကျကျ ကိုယ်ပိုင်စီးတော်ယာဉ်လေး.... ”
လော့ချန်က ဆက်မရှင်းပြရန် လက်ကာပြလိုက်ပြီး ပြောလိုက်သည်။
“အစ်ကို ဒီဟာ ယူမယ်”
လော့ချန်ကို ချက်ချင်းဝယ်ချင်အောင် ဆွဲဆောင်သွားသည်မှာ ထိုလန်ချီ လှေပျံ၏ အရွယ်အစား ပြောင်းလဲနိုင်စွမ်းနှင့် မြေပြင်မောင်းနှင်မှု စွမ်းရည်ပင် ဖြစ်သည်။ ထျန်းလန် နတ်ဘုရားမြို့တော်အတွင်း သွားလာရသည်မှာ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှသည်။ ဤပျံသန်းရေးကိရိယာ ရှိလျှင်မူ ထိုပြဿနာ အလိုလိုပျောက်သွားပေမည်။
‘ဟားဟား.... ကိုယ်ပိုင် စီးတော်ယာဉ်ရပြီဟေ့ ’
အရောင်းအဝယ် ပြီးမြောက်သွားသောအခါ လော့ချန်မှာ မနေနိုင်ဘဲ ကျေနပ်စွာ ရယ်မောလိုက်မိသည်။
စီမာဟွေ့နန်ကမူ မျက်လုံးအပြူးသားနှင့် အံ့ဩနေတော့သည်။ ထိုလှေ၏ ဈေးနှုန်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရှစ်ထောင် ဖြစ်လေရာ အဆင့်မြင့် ခံစစ်မှော်လက်နက်တစ်ခုကို အသာလေး ဝယ်နိုင်သော ပမာဏ ဖြစ်သည်။
ရတနာနန်းဆောင်မှ ထွက်လာသည်နှင့် လော့ချန်သည် ချက်ချင်း လန်ချီလှေပျံကို ထုတ်မောင်းရန် ပြင်တော့သည်။
“တက်လေ ဟွေ့နန်.... ငါတို့ ဒါကို စမ်းမောင်းကြည့်ရအောင်”
စီမာဟွေ့နန်မှာ ရင်တထိတ်ထိတ်ဖြင့် လန်ချီယာဉ်ပေါ်သို့ တက်လိုက်သည်။ လော့ချန်သည် ယာဉ်အတွင်း ကျောက်စိမ်းပြားပေါ်ရှိ ညွှန်ကြားချက်များအတိုင်း အကာအကွယ် အစီအရင်ကို ဦးစွာ ဖွင့်လိုက်သည်။
ဝုန်း....
ထို့နောက် လန်ချီ လှေပျံသည် မြေပြင်မှ ခဏကြွသွားပြီး လမ်းမပေါ်သို့ တသမတ်တည်း ပြေးထွက်သွားတော့သည်။ အရှိန်မှာ မမြန်လွန်း၊ မနှေးလွန်း ဖြစ်ရာ စီးရသည်မှာ သက်တောင့်သက်သာရှိနေသည်။ ချီသန့်စင်နှောင်းပိုင်း ကျင့်ကြံသူတစ်ဦး လေခွင်းအတတ်သုံးကာ အရှိန်ကုန် ပြေးနေသည့်နှုန်းနှင့် အတူတူလောက်ရှိမည်။
လော့ချန် မောင်းနှင်းလာသော နောက်ဆုံးပေါ် လန်ချီလှေပျံသည် လမ်းဘေးဝဲယာတလျှောက်မှ လူများ၏အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။ အံ့ဩခြင်း၊ စူးစမ်းခြင်းနှင့် အားကျခြင်း များပြည့်နေသော အကြည့်ပေါင်းများစွာမှာ သူတို့ယာဉ်ဆီသို့ စုပြုံရောက်ရှိလာသည်။
“ဟာ.... ဒီလို စီးတော်ယာဉ်မျိုး မမြင်ဖူးသေးဘူးဟေ့၊ အသစ်ထွက်တာထင်တယ်”
“ဟင်.... မြန်လိုက်တာ၊ အများသုံးယာဉ်နဲ့များကွာပ.... ”
“တောက်.... ငါ့မှာ ဒီလို ယာဉ်မျိုးသာ ရှိရင် မြို့ထဲ သွားလာရတာ သက်သာမယ့်ဖြစ်ခြင်း.... ခုတော့ လမ်းလျှောက်ရတာ ခြေတိုနေပြီ.... ”
“အမလေး.... ဖေဖေ ဟိုမှာကြည့်ပါဦး.... အဲတာမျိုး သမီးကိုဝယ်ပေးနော်.... ခုလမုန့်ဖိုးလျှော့ချင်လျှော့လိုက်.... ”
အစရှိသဖြင့် ကျွတ်ကျွတ်ညံနေသော ပြောဆိုသံများ အနောက်တွင်ကျန်ခဲ့လေသည်။
လော့ချန် မသိလိုက်သည်မှာ သူ၏ မြို့တပတ်အစမ်းမောင်း ခရီးစဉ်သည် ရတနာနန်းဆောင်အတွက် အခမဲ့ ကြော်ငြာပေးသည့်နှယ် ရှိလေသည်။ လော့ချန် ကျေနပ်လောက်အောင် အစမ်း မောင်းနှင်ပြီးချိန်တွင် ဤ ပျံသန်းရေး ကိရိယာသည် ပေးရသည့်ဈေးနှင့် အလွန်တန်သည်ဟု တွေးကာ ပီတိဖြစ်နေသည်။
စီမာဟွေ့နန် ဘက်သို့ ကြည့်လိုက်သောအခါ စိတ်လှုပ်ရှားနေပုံပေါ်ကာ မျက်နှာ အနည်းငယ် နီမြန်းနေသည်။
လော့ချန်က ပြုံးရင်း “ကိုင်း.... ခုနက ငါငွေချေနေတုန်းက ဈေးကြီးတယ်ဆိုပြီး ကျိတ်နှမြောနေတာမလား.... အခုရော ဘယ့်နှယ့်လဲ ဒေါ်ကြီးဟွေ့နန်.... ”
စီမာဟွေ့နန်က ဒေါ်ကြီးဟွေ့နန်ဟု စ နောက်ခံရသည်ကိုပင် သတိမပြုမိဘဲ ခေါင်းကို တရစပ် ငြိမ့်ပြလိုက်သည်။ သူမသည် လမ်းဘေးရှိ ကျင့်ကြံသူများ၏ အားကျအကြည့်ကို ယာဉ်ပေါ်မှ မြင်နေရသဖြင့် ကြည်နူးသလိုလို၊ ဂုဏ်ယူသလိုလို ဖြစ်နေသည်။
“ဟို.... ဟိုလေ ခေါင်းဆောင်၊ ကျွန်မတို့က ဒီရောက်တာမှ မကြာသေးဘူး.... လူကြားထဲ ဒီလိုအာရုံစိုက်ခံနေရတာ သိပ်မကောင်းဘူး ထင်တယ်နော်.... တော်ကြာ.... ”
“ဟားဟား.... ပူတတ်ရန်ကော ဟွေ့နန်ရယ်.... စိတ်ကိုပေါ့ပေါ့ထား ပျော်ပျော်နေလိုက်စမ်းပါ.... ဒီပေါ်တက်ကတည်းက အကာအကွယ် အစီအရင်ကို ဖွင့်ထားတာမသိဘူးလား.... ငါတို့ မျက်နှာကို ဘယ်သူမှ မမြင်နိုင်ဘူး.... ဟေ့ ဟေ့ မြဲမြဲကိုင်ထားပေတော့.... ရှေ့နားဆို မြို့ပြင်ရောက်ပြီ.... ငါအရှိန်တင်တော့မယ်.... လာလေရော့.... ”
ဝူးး....
“ဘယ်လို ဘယ်လို၊ မြိုပြင်ကို.... ဟုတ်လား”
“အေးလေ.... မကြာခင် လော့ထျန်းတစ်ဖွဲ့လုံး အိမ်သစ်ကို ပြောင်းရတော့မှာပဲဟာ.... ခု နေ နေတဲ့ အိမ်ရှင်ဟောင်းတွေကို သွားနှုတ်ဆက်သင့်တာပေါ့ မဟုတ်ဘူးလား”
စီမာဟွေ့နန်၏ ခေါင်းထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။
“နေ.... နေပါဦး ဒန်ရှားတောင်ကိုလေ.... ကျွန်မတို့နှစ်ယောက်တည်းလေ.... မ.... မဖြစ်ဘူးထင်တယ်နော်”
စီမာဟွေ့နန် အထစ်ထစ်အငေါ့ငေါ့ မေးနေသည်ကို လော့ချန်က မချိုမချဉ်ပြုံးကာ ခေါင်းတချက်ငြိမ့်ပြသည်။ ထို့နောက် သီချင်းတအေးအေးညည်းရင်း လှေပျံအား အရှိန်နည်းနည်း ထပ်တင်လိုက်လေသည်။