အခန်း (၃၃၇-၃၃၈)
Vol. 34 Ch. 337-338
အခန်း (၃၃၇) - အသိုက်မှားတဲ့ စာကလေး လင်မယား
လော့ချန်နှင့် စီမာဟွေ့နန်တို့ မြို့တွင်းနယ်နိမိတ်ကို ကျော်လွန်သည်နှင့် တစ်ပြိုင်နက် လန်ချီလှေပျံသည် တဝှီးဝှီးမြည်ကာ ဝေဟင်ထက်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားတော့သည်။ မြို့ပြ၏ ဆူညံသံများနှင့် စူးစမ်းလိုသော အကြည့်များ ကွယ်ပျောက်သွားချိန်တွင် ထိုဝိညာဉ်လှေငယ်မှာ တိမ်တိုက်များအကြား၌ လွတ်လပ်ပေါ့ပါးစွာ ကူးခတ်နေပြီး ပတ်ဝန်းကျင် သဘာဝတရားနှင့် တစ်သားတည်း ကျနေသကဲ့သို့ ထင်မှတ်ရပေသည်။
သဲမြေပုံမှ ညွှန်ပြချက်အတိုင်း လော့ချန်သည် ဝိညာဉ်အရှိန်အဟုန်ကို အပြည့်အဝ မြှင့်တင်ကာ မောင်းနှင်နေ၏။ စီမာဟွေ့နန်မှာမူ သူ၏ဘေးတွင် စကားတစ်လုံးမျှ မဆိုဘဲ ရှိနေသည်။ မကြာမီမှာပင် တိမ်တိုက်များကို ဖောက်ထွက်ကာ မားမားမတ်မတ် တည်ရှိနေသော ဒန်ရှားတောင်ထိပ်ကြီးမှာ သူတို့၏ မြင်ကွင်းအတွင်းသို့ ခန့်ညားထည်ဝါစွာ ဆိုက်ရောက်လာတော့သည်။
ရှီလန် ပြောပြခဲ့သကဲ့သို့ ဤနေရာမှာ လူသူကင်းမဲ့သော တောတောင် မဟုတ်ဘဲ မမျှော်လင့်ထားသော လှုပ်ရှားမှုများဖြင့် အသက်ဝင် စည်ကားနေသည်ကို တွေ့ရသဖြင့် လော့ချန်၏ မျက်ခုံးအစုံမှာ အနည်းငယ် မြင့်တက်သွားရသည်။
တောင်ခြေသို့ ချဉ်းကပ်မိသောအခါ လော့ချန်သည် နတ်မျက်စိ အတတ်ကို ဖော်ဆောင်ကာ မြင်ကွင်းတစ်ခွင်ကို စေ့စေ့စပ်စပ် စူးစမ်းလိုက်ပြီးမှ ခေါင်းကို ခပ်ဖြည်းဖြည်း ငြိမ့်ပြလိုက်သည်။
"ဟွေ့နန်.... " သူ လေသံတိုးတိုးဖြင့် ဆိုသည်။
"ဒီ ဒန်ရှားတောင်မှာ တကယ် ဘာတွေ ဖြစ်နေလဲဆိုတာ သေချာ စုံစမ်းကြည့်မှရမယ်.... "
ရှီလန်၏ ပျားသကာကဲ့သို့ ချိုသာသော စကားလုံးများကိုသာ သူ အလုံးစုံ မယုံကြည်ဝံ့ပေ။ ဤနေရာမှာ သူ၏ လော့ထျန်းအဖွဲ့အတွက် အုတ်မြစ်ချရမည့် ရေရှည်အခြေစိုက်စခန်း ဖြစ်လာမည် ဖြစ်ရာ အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါက သူကိုယ်တိုင်သာ တာဝန်ယူရမည် မဟုတ်ပါလော။
စီမာဟွေ့နန်မှာ အထူးတလည် ညွှန်ကြားနေရန် မလိုသော လက်ရုံးတစ်ဆူပင် ဖြစ်သည်။ သူမ၏ ငယ်ဘဝ ကာလများတွင် အစ်ကိုမောင်များနှင့်အတူ ဈေးကွက်ပေါင်းစုံ၌ ကျင်လည်ခဲ့ဖူးသဖြင့် မရင်းနှီးသော နယ်မြေတစ်ခုတွင် သတင်းအချက်အလက် စုဆောင်းရသည်မှာ သူမအတွက်တော့ လက်ဖျားခါလောက်အောင် ကျွမ်းကျင်သော အလုပ်တစ်ခုပင် ဖြစ်သည်။
သူမသည် တောင်ခြေရှိ မြူမှောင်ကျနေသော တောင်ကြားတစ်ခုဆီသို့ ငှက်ငယ်တစ်ကောင်အလား တိုးဝင်ပျောက်ကွယ်သွားစဉ် လော့ချန်က လက်နှစ်ဖက်ကို နောက်ပစ်ထားကာ ရှေ့မှ ကောင်းကင်အထိ ထိုးတက်နေသော တောင်ထိပ်ကြီးကို မော်ကြည့်နေမိသည်။
ခန့်ညားလိုက်ပါဘိ။
ဒန်ရှားတောင်ကို နဖူးတွေ့ဒူးတွေ့မြင်ရသည်နှင့် တပြိုင်နက် သူ့စိတ်ထဲမှ ပထမဆုံး ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။
ဒန်ရှားတောင်ထိပ်သည် ကောင်းကင်ယံသို့ ထိုးဖောက်တက်လှမ်းနေပြီး တောင်တန်းကြီးမှာလည်း နဂါးတစ်ကောင် ဝပ်စင်းနေသကဲ့သို့ ခန့်ညားထည်ဝါလှသည်။ ထို့နောက် သူ၏ အာရုံကို ဖမ်းစားလိုက်သည်မှာ တောင်ပေါ်ရှိ ထူးခြားဆန်းပြားသော သစ်ပင်ပန်းမာန်များပင် ဖြစ်သည်။
တောင်ခြေတွင် ကြည်လင်အေးမြသော မြစ်ငယ်လေးတစ်စင်းသည် တသွင်သွင် စီးဆင်းနေပြီး ၎င်းမှာ ပိယိုတောင်ကြားမှ မြစ်ဖျားခံလာခြင်း ဖြစ်ဟန်တူသည်။ မြစ်ကမ်းနှစ်ဖက်စလုံးတွင် ခရမ်းရောင် ဝါးပင်များက လေပြည်၌ တယိမ်းယိုင်ယိုင် ရှိနေကြသည်။ ၎င်းတို့မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက မင်မျိုးနွယ်စုက ဝါးတောပင်လယ်မှ သယ်ယူစိုက်ပျိုးခဲ့သော ခရမ်းရောင်မြူဝါးများ ဖြစ်ကြသည်။ အကယ်၍ ထိုဝါးပင်များသာ အဆင့် ၂ အထိ ကြီးထွားနိုင်ပါက ပုလွေနှင့် အခြား မှော်တူရိယာများ ပြုလုပ်ရန် အလွန်တရာ တန်ဖိုးရှိသော ကုန်ကြမ်းများ ဖြစ်လာပေလိမ့်မည်။ ကံဆိုးစွာဖြင့် ခေတ်အဆက်ဆက် အုပ်ချုပ်သူမဲ့ခဲ့သဖြင့် ယခုအခါ ပထမအဆင့် ဝါးပင်များပင်လျှင် ခပ်ကျဲကျဲသာ ကျန်ရှိတော့သည်။ လမ်းဘေးတွင် အလေ့ကျပေါက်နေသော ဝိညာဉ်ဝါးပင်များကို လောဘသား ကျင့်ကြံသူတို့က မည်သို့လျှင် အလွတ်ပေးထားပါမည်နည်း။
တောင်ခြေကို ကျော်လွန်လိုက်သည်နှင့် အနီရောင်ရင့်ရင့် မေပယ်ပင်ကြီးများ ဖုံးလွှမ်းနေသော တောင်စောင်းများကို တွေ့ရသည်။ ကောင်းကင်သို့ ဟပ်နေသော မီးလျှံပင်လယ်ကြီးအလား ထိုအပင်များက ဒန်ရှားတောင် တစ်ခုလုံးကို ရဲရဲတောက် အရောင်များဖြင့် ခမ်းနားစွာ ခြယ်မှုန်းထားကြသည်။
တောင်ခါးပန်းနားသို့ ရောက်သောအခါ ထိုမေပယ်ပင်များမှာ ကျဲသွားပြီး ဟိုတစ်စ ဒီတစ်စသာ ကျန်တော့သည်။ ထိုနေရာတွင်မူ အေးမြသော အရှိန်အဝါရှိသည့် မိုးပြာရောင် သပိတ်ပင်များနှင့် ရွှေရောင်ဝင်းပသော ရွှေရောင် ဖီးနစ်ပင်များက နေရာယူထားကြသည်။ အပြာရောင်နှင့် ရွှေရောင် ရောယှက်နေသော ထိုမြင်ကွင်းမှာ နတ်ဘုရားတို့၏ ပန်းချီကားတစ်ချပ်ကဲ့သို့ ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။
တောင်ထိပ်ပိုင်းမှာမူ ဖြူလွလွ မြူတိမ်များဖြင့် ရစ်ပတ်ဖုံးလွှမ်းနေသဖြင့် ဘာကိုမျှ သဲသဲကွဲကွဲ မမြင်ရဘဲ လျှို့ဝှက်ဆန်းကြယ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
နောက်ဆုံးတွင် လော့ချန်၏ အာရုံကို အပြင်းအထန် ဖမ်းစားလိုက်သည်မှာ ကောင်းကင်ယံ၌ စာကလေးများအလား ဟိုဟိုဒီဒီ ပျံသန်းနေကြသော အလင်းတန်းများပင် ဖြစ်သည်။ ထိုသူအားလုံးမှာ ချီသန့်စင်အဆင့်ရှိသော တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကြပြီး အများစုမှာ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
"ဟားဟား.... ဒီကောင်တွေက တကယ်ဇိမ်ကျနေတာပဲ.... ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားနေကြပါလားဟ.... ”
လော့ချန် ခပ်ယဲ့ယဲ့ ရယ်မောလိုက်သည်။ သူသည် ထိုကျင့်ကြံသူများကို အငြိုးအတေး မရှိပေ။ သူ ကိုယ်ချင်းစာသည်။ သူသာဆိုလျှင်လည်း ငှားခပေးစရာ မလိုသော ဝိညာဉ်ကြောတစ်ခုတွင် အခြေချရန် လက်တွန့်နေမည် မဟုတ်ပေ။
“မင်းတို့ကို ကိုယ်ချင်းစာပါတယ်.... အခုတော့ဒီတောင်ကို ငါငှားလိုက်ပီ.... အဲ့တော့ မင်းတို့ကို ဆက်နေခွင့်ပေးလို့မရတော့ဘူး.... ကလန်ကဆန်လာလုပ်ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ သဘောထားကြပေတော့.... ”
မကြာမီမှာပင် ပိယိုတောင်ကြား၏ အရိပ်မှိုင်းမှိုင်းထဲမှ ပုံရိပ်တစ်ခု လျှပ်စီးအလား ပေါ်ထွက်လာပြီး လေထဲသို့ ပျံတက်လာသည်။
စီမာဟွေ့နန် ပြန်ရောက်လာပြီ ဖြစ်သည်။
သူမသည် လော့ချန်၏ ရှေ့တွင် လိပ်ပြာငယ်တစ်ကောင်အလား အသာအယာ ဆင်းသက်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်.... ကျွန်မ ဒီတောင်ပေါ်က သတင်းအကုန်နီးပါး စုံစမ်းပြီးပါပြီ"
"ဟေ.... မြန်လှချည်လား.... ကဲ ပြောစမ်းပါဦး"
"ဟုတ်ကဲ့ရှင့်.... ဒန်ရှားတောင်ပေါ်မှာ တစ်ကိုယ်တော်ကျင့်ကြံသူ ရှစ်ရာဝန်းကျင်လောက် ပြန့်ကျဲနေထိုင်နေတယ်ရှင့်.... အများစုကတော့ တောင်ခြေနဲ့ တောင်ခါးပန်းမှာ နေကြတာပါ.... ဒီနေရာမှာ ပထမအဆင့် မြေအောက်မီးကြောရှိတာရယ်၊ မြေမျက်နှာသွင်ပြင် အားသာချက်တွေကြောင့်မို့လားမသိ.... ပိယိုတောင်ကြားမှာ မှောင်ခို ဈေးကွက်ငယ်တစ်ခု ရှိနေတာတွေ့ရတယ်ရှင့်.... ပြီးတော့ မြေအောက်မီး လိုဏ်ဂူအချို့ကိုလည်း ငှားရမ်းနေကြပါတယ်"
လော့ချန် မျက်ခုံးပင့်လိုက်သည်။
"ဟေ.... ဈေးကွက်လား၊ မြေအောက်မီးလိုဏ်ဂူတွေ ငှားစားနေတာလား.... "
ပထမအချက်သည် လက်ခံနိုင်ဖွယ်ရှိသည်။ အကြောင်းမူ နေထိုင်သူရှိလျှင် ကုန်သွယ်မှု ရှိစမြဲ ဖြစ်သည်။ သို့ရာတွင် ဒုတိယအချက်မှာမူ.... ။
လော့ချန်၏ စူးရှသော အကြည့်အောက်တွင် စီမာဟွေ့နန်က ဆက်လက်ရှင်းပြသည်။
"အဲဒီ မြေအောက်မီး လိုဏ်ဂူတွေက စနစ်တကျ တူးဖော်ထားပြီးသားတွေရှင့်.... ဆေးဖော်ဖို့တွေ၊ လက်နက်သွန်းဖို့တွေရယ် မီးဓာတ် ဝိညာဉ်အမြစ် ရှိတဲ့သူတွေ ကျင့်ကြံဖို့ရယ် ငှားနေကြတာများတယ်ရှင့်.... ”
"ဘယ်ကောင်က ငှားစားနေတာလဲ"
လော့ချန် အေးစက်စက် မေးလိုက်သည်။
"ရှန်ကုန်းဂိုဏ်းနဲ့ ကန်းမျိုးနွယ်စုပါရှင့်.... ”
လော့ချန်က လှောင်ပြုံးပြုံးရင်း ခေါင်းခါလိုက်သည်။
"အဟက်.... ငါ ထင်တဲ့အတိုင်းပဲဟေ့.... ရေခဲလှိုင်းနန်းတော်က မြို့ပြင်ကိစ္စတွေ ဂရုမစိုက်တာနဲ့ တခြားလူတွေကတောင် ဒီဝိညာဉ်တောင်ကနေ အမြတ်ထုတ်နေကြပြီပေါ့.... ဒါနဲ့ အဲဒီ့ငှားစားတဲ့သူထဲမှာ အခြေတည်အဆင့် ကျင့်ကြံသူတွေရော မြင်မိလား ဟွေ့နန်"
စီမာဟွေ့နန်က ခေါင်းခါပြသည်။
"မမြင်မိဘူးရှင့်.... အကောင်းဘက်ကတွေးရင် ကျွန်မတို့သာ ဒီကို ပြောင်းလာရင် အဲဒီ မြေအောက်မီး လိုဏ်ဂူတွေကို လော့ထျန်း ဆေးဖော်ခန်းမဆောင်နဲ့ တိုက်ခိုက်ရေးခန်းမဆောင်အဖြစ် တန်းနေရာချလို့ ရပြီ.... ရေကန်အသင့် ကြာအသင့် ဖြစ်သွားတာပေါ့ ခေါင်းဆောင်ရယ်.... ”
လော့ချန်က "အင်း.... " ဟု တိုးတိုးမျှ ရေရွတ်လိုက်သည်။ အစက သူသည် အိုက်လောင်တောင်မှ ကျင့်ကြံသူများကို ငှားရမ်းပြီး ထိုကဲ့သို့သော အဆောက်အအုံများကို အချိန်ယူ ဆောက်လုပ်ရန် စဉ်းစားထားခြင်း ဖြစ်သည်။ ယခုမူ အခြေခံအဆောက်အအုံများ အဆင်သင့် ရှိနေပြီ ဖြစ်ရာ သူတို့ လော့ထျန်းအဖွဲ့အနေဖြင့် အချိန်ကုန် ငွေကုန်သက်သာသွားပေလိမ့်မည်။ သို့သော် ပို၍ အရေးကြီးသော အချက်တစ်ချက် ကျန်သေးသည်။
"တောင်ပေါ်မှာတော့ အခြေတည် ကျင့်ကြံသူတွေ ရှိမှာပေါ့.... ဘယ်နှစ်ယောက် ရှိလဲ"
ထိုအခါ စီမာဟွေ့နန်၏ မျက်နှာထား တည်သွားသည်။
"ကျွန်မ သုံးယောက် မြင်ခဲ့တယ်ရှင့်.... တစ်ယောက်က အခြေတည်အဆင့် ၁ ကျင့်ကြံသူ ချောင်ယွမ်ချွန်းပါ.... ကျန်တဲ့ နှစ်ယောက်ကတော့ လင်မယားတွေပါ၊ ယောင်္ကျားဖြစ်သူက အဆင့် ၂ မှာရှိပြီး မိန်းမဖြစ်သူကတော့ အခြေတည်အဆင့်ကို အခုမှ စတက်တာပါ"
"သူတို့ရဲ့ နောက်ခံရာဇဝင်ရော စုံစမ်းလိုက်လား.... အစွမ်းကော ဘယ်လောက်ရှိလဲ သိလား.... ပြီးတော့ ဘယ်လို ကိုယ်ပိုင် အတတ်ပညာတွေ ရှိလဲ.... ဒါနဲ့ ဂိုဏ်းကြီး အဖွဲ့ကြီးတွေရဲ့ မဟာမိတ်လူယုံများဖြစ်နေမလား.... ”
ထိုသို့ မေးခွန်းပေါင်းများစွာသည် လော့ချန်၏ နှုတ်ခမ်းဖျားမှ စက်သေနတ်ပစ်သကဲ့သို့ တရစပ်ထွက်ပေါ်လာသည်။
သို့ရာတွင် စီမာဟွေ့နန်မှာ တွန့်ဆုတ်မသွားပေ။ သူမသည် လော့ချန် မည်သည့်အချက်များကို ဦးစားပေး မေးမြန်းမည်ကို ကြိုတင်ခန့်မှန်းထားပြီး ဖြစ်ရာ ပိယိုတောင်ကြားရှိ ဒေသခံများအား ငွေအပုံလိုက်ပေး၍ သတင်းနှိုက်ခဲ့ပြီးဖြစ်လေသည်။ သူမ ရရှိထားသော အချက်အလက်များကို လော့ချန်အား တစ်လုံးမကျန် တင်ပြလိုက် သည်။ ထိုတင်ပြချက်ကို နားထောင်ပြီးနောက် လော့ချန် ကျေနပ်စွာ ပြုံးလိုက်သည်။
"ဟဲဟဲ.... ဒီကျူးတွေက.... တကယ်တော့လဲ ဘာမှ မဟုတ်တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေပါလား.... ဒီနေ့အဖို့တော့ တော်ပြီဟေ့၊ လာ.... ငါတို့ ပြန်ကြစို့"
စီမာဟွေ့နန်သည် လှေပျံပေါ်သို့ တက်လိုက်ရင်း ဒန်ရှားတောင်ကို တဖန် ပြန်လှည့်ကြည့်လိုက်သည်။
ဤနေရာသည် သူတို့၏ အနာဂတ် အိမ်သစ် ဖြစ်လာပေတော့မည်။ တောင်ပေါ်တွင် အခြေတည် ကျင့်ကြံသူ သုံးဦး ရှိနေသော်လည်း (မည်သူမဆို အလွန်အမင်း သတိထားရမည့် အခြေအနေမျိုး ဖြစ်သော်လည်း) သူမ၏ စိတ်ထဲတွင် စိုးရိမ်စိတ် အနည်းငယ်မျှပင် မရှိပေ။ အကြောင်းမူ လော့ချန်ဆိုသူ အဖွဲ့ချုပ်ခေါင်းဆောင်သည် အပွဲပွဲနွှဲလာခဲ့သမျှ အောင်ပွဲဆင်ခဲ့သည်သာဖြစ်သည်။ သူမတို့ခေါင်းဆောင်အနေဖြင့် ဤကျူးကိစ္စကိုလည်း အကောင်းဆုံးဖြေရှင်းနိုင်လိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်လျက် ရှိသည်။
“အဖွဲ့ခေါင်းဆောင်သာ ငါတို့ဘေးမှာ ရှိရင် ဘာမှ ကြောက်စရာမလိုဘူး.... ”
ဟွေ့နန်သည် ထိုသို့တီးတိုးရေရွတ်ရင်း ဒန်ရှားတောင်ကို ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။
….
"မောင်.... ဘာတွေကြည့်နေတာလဲဟင်.... ”
ကန်းရှောင်ယန်သည် ဇဝေဇဝါဖြစ်နေပုံပေါ်သော ပိုင်ကျုံးကို တွေ့လိုက်သဖြင့် မေးလိုက်ခြင်းဖြစ်သည်။ ပိုင်ကျုံးသည် သူတို့ လင်မယားစိုက်ပျိုးထားသော ကျောက်ဆောင်ဥယျာဉ်ရှေ့တွင် မျက်မှောင်ကြုတ်ကာ ရပ်နေသည်။
သူ ခေါင်းခါလိုက်ရင်း "မဟုတ်ဘူး မိန်းမရဲ့.... တောင်ခြေဘက်က အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က ဒန်ရှားတောင်တစ်ခုလုံးကို နတ်မျက်စိနဲ့ ပေါ်တင်ကြည့်နေတာ မောင် စောနက တွေ့လိုက်ရလို့.... ” ဟု ဆိုသည်။
"ဩော်.... ဒါများ အထူးအဆန်းလုပ်လို့ မောင်ရယ်.... ဒီက ဘာများဖြစ်လို့လဲ ဆိုပြီး စိုးရိမ်သွားတာပဲ ”
ရံဖန်ရံခါတွင် ဒန်ရှားတောင်တဝိုက်သို့ အခြားသော အခြေတည်အဆင့် ကျင့်ကြံသူများ ဖြတ်သန်းသွားစဉ် ကြုံကြိုက်သဖြင့် အကဲခတ်ကြည့်ရှုသွားလေ့ရှိသည်။ သို့သော် ၎င်းမှာ ပထမအဆင့် ဝိညာဉ်ကြောလေးသာ ဖြစ်သဖြင့် အဆင့်မြင့် ကျင့်ကြံသူတို့၏ အာရုံကို ဖမ်းစားနိုင်လောက်သည် မဟုတ်ပေ။ ထို့ကြောင့် စိတ်ပူစရာ ကိစ္စမဟုတ်ဟု သူမ ယူဆထားသည်။
သို့ရာတွင် ပိုင်ကျုံးက သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်ရင်း "ကြည့်ရတာ ဒီလူက တစ်မျိုးပဲ.... ခါတိုင်းလူတွေလို ဖြတ်သွားရုံ မဟုတ်မှာကို မောင် ကြောက်တာ" ဟု ဆက်ပြောလိုက်သည်။
အကြောင်းမူ ထိုကျင့်ကြံသူသည် ဒီအတိုင်း ကြည့်သွားခြင်း မဟုတ်။ တောင်ခြေတွင် အတော်ကြာအောင် ရပ်နားကာ တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေသည်ကို ပိုင်ကျုံး အသေအချာတွေ့ ခဲ့ခြင်း ဖြစ်သည်။
"တောက်.... ဒီလူက ဒန်ရှားတောင်ကို မျက်စိကျနေတာ ထင်တယ်” ဟု ပိုင်ကျုံးက စိုးရိမ်တကြီး ဆိုလိုက်သည်။
ကန်းရှောင်ယန်က ပုခုံးတွန့်လိုက်ရင်း "အဲ့တော့ရော ဘာအရေးလဲ မောင်ရဲ့.... သူက ပြဿနာရှာချင်တယ် ဆိုရင်ကော ဘာဖြစ်လဲ၊ ချောင်ယွမ်ချွန်းလည်း ရှိတာပဲ၊ ကျွန်မတို့ သုံးယောက်ပေါင်းစလုံး ခပ်ညံ့ညံ့မှမဟုတ်တာ၊ ထျန်းလန် နတ်ဘုရားမြို့တော်ရဲ့ အုပ်ချုပ်ရေးပိုင်းက လွှတ်တာ မဟုတ်ရင်တော့ ဒီလို ပျက်စီးနေတဲ့ တောင်အတွက် ဘယ်သူမှ လုပြီး စစ်ဖြစ်ချင်မှာမဟုတ်ဘူး.... အခြေတည်အဆင့် ကျင့်ကြံဖို့အတွက်လည်း သိပ်ကောင်းတာ မဟုတ်ဘူးလေ"
ပိုင်ကျုံးက ဆက်လက် ငြင်းခုံမနေတော့ပေ။ သူသည် ခေါင်းခါလိုက်ပြီး ထိုကိစ္စကို စကား စဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ ထပ်ပြောနေပါက သူ့အား မရှိတာကို အရှိထင်၊ အလိုလို စိုးရိမ်လွန်နေသူဟု အထင်ခံရပေလိမ့်မည်။ ထို့ကြောင့် သူ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"မောင်တို့ စုထားတဲ့ ငွေ ပြည့်ခါနီးပြီလား.... ”
ထိုအခါ ကန်းရှောင်ယန်၏ မျက်နှာမှာ ဝင်းပသွားသည်။
"နီးပြီလေ မောင်ရဲ့.... နောက်တစ်နှစ်လောက်ဆို ထျန်းလန်တောင်ပေါ်မှာ ဒုတိယအဆင့် ဂူဗိမာန် ငှားလို့ရပြီ.... မကြာခင်မှာပဲ ကျွန်မတို့ အဆင့်တက်ဖို့ လုပ်နိုင်တော့မှာပါ"
"ဟမ်.... နောက်တစ်နှစ်တောင် လိုသေးတာလား"
ပိုင်ကျုံး မျက်မှောင်ကြုတ်သွားသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ ပြတ်သားသော ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
"တကယ်ဆို ဒန်ရှားတောင်ဟာ မောင်တို့လို အခြေတည်အဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေအတွက် လုံးဝ မသင့်တော်ဘူး…. မောင်တို့ တခြားနေရာကို မြန်မြန် ပြောင်းဖို့ လိုတယ်…. ကျင့်ကြံမျိုးနွယ်စုရဲ့ အစောင့်အလုပ် ဝင်လုပ်နေရတာက ရေရှည်အတွက် ငွေစုဖို့မလောက်ဘူး…. ရှေ့လကျရင် မောင် တခြား ငွေပိုရမယ့် အလုပ်ပြောင်းလုပ်တော့မယ်.... ”
ကန်းရှောင်ယန် ချက်ချင်းမျက်နှာပျက်သွားသည်။
"မောင်.... ဟိုလေ.... ဂိုဏ်းကြီးတွေရဲ့ စစ်ပွဲထဲမှာတော့ ဝင်မပါလိုက်နဲ့နော်.... ကျွန်မ စိတ်မချဘူး"
"စိတ်မပူပါနဲ့ မိန်းမရယ်.... မောင်က ကိုယ့်အသက်ကိုယ် နှမြောတတ်ပါတယ်"
ပိုင်ကျုံးသည် မိန်းမဖြစ်သူ၏ ဆံနွယ်လေးများကို အသာအယာ ပွတ်သပ်ရင်း ချော့လိုက်သည်။
"မောင်လုပ်မလို့ စဉ်းစားထားတာတွေက အဲဒီလောက် အန္တရာယ် မရှိပါဘူး"
ထိုအခါမှ သူမ စိတ်အေးသွားရသည်။
"အင်း.... ဒါဆိုရင်တော့ တော်သေးတာပေါ့ မောင်ရယ်"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၃၈) - ရော့.... ဟိတ်ကောင် ဖုန်ရှူလိုက်....
ထျန်းလန်တောင်ထိပ်၏ တောင်ခြေနှင့် တောင်ခါးပန်းအကြား၊ အလွန်တရာ ဆိတ်ငြိမ်လှသော ဂူဗိမာန်အတွင်း၌ လော့ချန်သည် တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံခြင်း၌ နစ်မြောနေ၏။ သူ၏ စိတ်အာရုံ အလုံးစုံမှာ ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများထံ၌သာ တစ်ထပ်တည်း ကျနေသည်။
သူ၏ ကျယ်ပြောလှသော ချီပင်လယ်အတွင်း၌ ချီစွမ်းအင် ဝဲဂယက်တစ်ခုသည် အဟုန်ပြင်းစွာ လည်ပတ်လျက်ရှိသည်။ ချီစွမ်းအင်တန်းများသည် ခရုပတ်ပုံစံဖြင့် အပြင်ဘက်သို့ ပြင်းထန်စွာ ရိုက်ခတ်နေပြီး ချီပင်လယ်၏ အနားသတ်နံရံများကို အဆက်မပြတ် ပွတ်တိုက်တိုးဝှေ့နေကြသည်။ ရိုက်ခတ်မှုတိုင်းတွင် ပင်လယ်အနားသတ်၌ ကပ်ငြိနေသော အမည်းရောင် အနှစ်အသားများမှာ တဖြည်းဖြည်းချင်း ကွာကျလာသည်။ ထိုအရာများမှာ ဆေးလုံးများကို အလွန်အကျွံ မှီဝဲခဲ့ခြင်းကြောင့် ခန္ဓာကိုယ်၌ ကျန်ရစ်ခဲ့သော ဆေးအဆိပ်အတောက် အတားအဆီးများပင် ဖြစ်သည်။
သူ၏ ဒန်ထျန်းသည် ချီပင်လယ်အဖြစ် ပြောင်းလဲသွားသည့် အချိန်မှစ၍ ထိုဆေးအဆိပ်အတားအဆီးများမှာ ပျောက်ကွယ်မသွားဘဲ ချီပင်လယ်နှင့် တစ်သားတည်း ရောယှက်နေခဲ့သည်။ ထိုဆေးအဆိပ်များကို အမြစ်ပြတ်အောင် မရှင်းလင်းနိုင်သရွေ့ လော့ချန်သည် ကျင့်ကြံခြင်းအဆင့်ကို အရှိန်မြှင့်တင်ရန် မည်သည့်ဆေးလုံးကိုမျှ ထပ်မံ အသုံးမပြုရဲတော့ပေ။ ထို့ကြောင့်ပင် သူသည် မကြာသေးမီက လော့ထျန်းအဖွဲ့၏ ကိစ္စရပ်များကို စီမံခန့်ခွဲရန် အချိန်များစွာ ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏ ရင်ထဲတွင်မူ စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခုက အမြဲတမ်း ခြောက်လှန့်နေခဲ့သည်။
"နှစ်ပေါင်းနှစ်ထောင်တဲ့လား...."
သူ ခါးသီးစွာ ပြုံးရင်း သူ့လက်ဖဝါးသူ ပြန်ကြည့်လိုက်မိသည်။
"တကယ်လို့ ငါသာ ဆေးလုံးတွေရဲ့ အကူအညီကို မယူတော့ဘူးဆိုရင် ငါ့ရဲ့ ပါရမီသက်သက်နဲ့တင် အခြေတည်အဆင့်ကနေ ဝိညာဉ်သန္ဓေတည်အဆင့်ကို ရောက်ဖို့ နှစ်ပေါင်းနှစ်ထောင်တောင် စောင့်ရလိမ့်မယ်၊ ငါ့မှာ အဲဒီလောက် အချိန်မရှိဘူး....”
သူ၏ မျက်ဝန်းများထဲတွင် ပြတ်သားသည့် အရောင်အဝါများ ယှက်သန်းသွားပြီး "ဒါကြောင့် ဆေးအဆိပ်ဖြေနည်းကိုပဲ မရရအောင် ဆက်ပြီး လေ့လာရမယ်၊ ဒါဟာ ငါ့ရဲ့ တစ်ခုတည်းသော လမ်းပဲ.... ငါ ဇွဲလျှော့လို့ မဖြစ်ဘူး" ဟု ရေရွတ်လိုက်သည်။
"အင်း.... "
သူ၏ နှုတ်မှ နာကျင်စွာ ညည်းတွားသံတစ်ချက် ထွက်ပေါ်လာပြီးနောက် မှိတ်ထားသော မျက်လုံးများ ပွင့်လာသည်။ အေးစက်သော ချွေးစက်များက သူ၏ မျက်နှာတစ်ပြင်လုံးတွင် စီးကျလျက်ရှိ၏။ သူသည် တုန်ရင်နေသော လက်ချောင်းများဖြင့် သူ့လက်မောင်းသူ ပွတ်သပ်ကြည့်လိုက်သည်။ အရေပြားပေါ်တွင် စေးကပ်ညစ်ပတ်လှသော အမည်းရောင် ချွေးစီးအကျိများက ကပ်ငြိနေသည်။ ၎င်းမှာ ခန္ဓာကိုယ်အတွင်း၌ ကိန်းအောင်းနေသော ဆေးအဆိပ်များ ထပ်မံ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ ထိုအရာမှာ အဆိပ်သန့်စင်ခြင်း ဖြစ်စဉ် အောင်မြင်သွားသည့် လက္ခဏာတစ်ခုလည်း ဖြစ်၏။
သူ ထရပ်ကာ ရေချိုးခန်းသို့ သွားပြီး သန့်ရှင်းသော ရေစင်ဖြင့် ကိုယ်ခန္ဓာကို ဆေးကြောသန့်စင်လိုက်သည်။ သန့်ရှင်းသော ကျင့်ကြံသူဝတ်ရုံကို လဲလှယ်ဝတ်ဆင်ပြီးနောက်မှသာ သူ၏ စိတ်နှင့် ကိုယ်မှာ ပြန်လည် လန်းဆန်းသွားတော့သည်။
စိတ်အာရုံကို သုံး၍ သူ အခြေအနေပြကြေးမုံပြင်ကို ခေါ်ယူကြည့်ရှုလိုက်သည်။ သူ၏ အကြည့်များမှာ ကျင့်ကြံခြင်း အဆင့်ဖော်ပြချက်ထံသို့ ချက်ချင်း ရောက်ရှိသွား၏။ တာဟဲဈေးမြို့တော်မှ ထွက်လာကတည်းက ရပ်တန့်နေသော သူ၏ အဆင့်မှာ ထျန်းလန်တောင်ပေါ်၌ ကိုးရက်ကြာ သီတင်းသုံးပြီးနောက်တွင် သိသာသော ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။
အဆင့် - အခြေခံတည်ဆောက်ခြင်းအဆင့် ၂ (၂/၁၀၀)
၎င်းမှာ ကိုးရက်တာ အားထုတ်မှု၏ ရလဒ်သက်သက် မဟုတ်ဘဲ ခရီးတစ်လျှောက် သူ၏ မလျှော့သော ဇွဲလုံ့လကြောင့်လည်း ဖြစ်သည်။ သို့သော် အဓိက ဂုဏ်ပြုရမည်မှာ ဤကိုးရက်တာပင် ဖြစ်သည်။ ဒုတိယအဆင့် ဝိညာဉ်ကြော ရှိသော ဂူဗိမာန်မှာ ဝိညာဉ်ကြောမဲ့သော နေရာတွင် ကျင့်ကြံရခြင်းထက် အဆပေါင်းများစွာ သာလွန်လှပေသည်။ သို့ထိတိုင် နှေးကွေးနေဆဲပင်ဖြစ်သည်။ ဤအရှိန်နှင့်သာဆိုလျှင် နှစ်ပေါင်းနှစ်ထောင်ဟူသည်မှာ ပြက်လုံးတစ်ခု မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော ခန့်မှန်းချက်သာ ဖြစ်ပေလိမ့်မည်။
လော့ချန် သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း နွယ်မြက်သစ်ပင် ဆေးဘုရင်ကျင့်စဉ်၏ ကျွမ်းကျင်မှု အဆင့်ကို စစ်ဆေးကြည့်လိုက်သည်။ ၎င်းမှာ အနည်းငယ် တိုးတက်လာသော်လည်း ပြီးပြည့်စုံအဆင့်မှာပင် တစ်ဆို့နေဆဲ ဖြစ်သည်။ သူ၏ နွေဦးကျင့်စဉ်က အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည့်တိုင် ဆေးဘုရင်ကျင့်စဉ်ကို ပြီးပြည့်စုံ အဆင့်သို့သာ တွန်းပို့နိုင်ခဲ့သည်။ သူ စုဆောင်းထားသမျှ အားလုံးကို ထိုနေရာတွင် ပုံအောသုံးစွဲခဲ့ပြီး ဖြစ်သည်။
အတတ်ပညာများမှာ ချီစွမ်းအား စုပ်ယူရာတွင် အလွန်အရေးကြီးသော်လည်း ၎င်းမှာ လောလောဆယ်တွင် အရေးမကြီးသေးပေ။ နေ့စဉ်မပြတ် လေ့ကျင့်နေသရွေ့ ဆေးဘုရင်ကျင့်စဉ်သည် တစ်နေ့တွင် အထွတ်အထိပ်အဆင့်သို့ ဧကန်မုချ ရောက်ရှိလာမည် ဖြစ်သည်။ နွေဦးကျင့်စဉ် အထွတ်အထိပ်သို့ ရောက်စဉ်က ရရှိခဲ့သော ပြောင်းလဲမှုများကို ပြန်လည် အမှတ်ရရင်း၊ သူ၏ အဓိက ကျင့်စဉ်မှာ ပါရမီရှင်အဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားလျှင် မည်ကဲ့သို့သော ထူးခြားနက်နဲမှုများ ဖြစ်လာမည်နည်းဟု သူ မျှော်လင့်တောင့်တနေမိသည်။
နောက်ဆုံးတွင် သူ၏ အာရုံမှာ ဆေးဖော်စပ်ခြင်း ကဏ္ဍအောက်ရှိ စာကြောင်းတစ်ကြောင်းဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွား၏။ မှန်ပေသည်။ ၎င်းမှာ ဆေးဖော်စပ်ခြင်းဆိုင်ရာ အတတ်ပညာပင် ဖြစ်သည်။ သူ၏ အဆိပ်သန့်စင်ခြင်း နည်းလမ်းမှာ ကျင့်စဉ်တစ်ခုလည်း မဟုတ်သလို၊ မှော်အတတ်တစ်ခုလည်း မဟုတ်ပေ။ ၎င်းမှာ ဆေးဖော်စပ်ခြင်းဆိုင်ရာ အတတ်ပညာတစ်ခုသာ ဖြစ်သည်။
ချင်းယွမ်အဆိပ်ဖြေနည်း - အခြေခံအဆင့် (၇၈/ ၁၀၀)
ထိုစာကြောင်းကို မြင်တွေ့လိုက်ရသောအခါ လော့ချန်၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လွင်လာတော့သည်။
"ဟဲဟဲ.... ဒါက ငါထင်သလောက် မခက်ခဲဘူးပဲ"
ကျောက်စိမ်းဆေးကျမ်းပါ အချက်အလက်များအရ အခြေခံအဆင့်သို့ ရောက်ရှိရန်ပင် လနှင့်ချီ၍ အချိန်ယူရတတ်ပြီး ဆေးအဆိပ်များကို ထိရောက်စွာ သန့်စင်နိုင်မည့် အသေးစား ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရန် သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်တတ်သည်။ အကြီးစား ကျွမ်းကျင်မှုကို ပိုင်ဆိုင်ရန်မှာမူ ဆယ်စုနှစ်တစ်ခုကျော်ပင် အချိန်ပေးရပေလိမ့်မည်။
သို့သော် လော့ချန်သည် ရက်ပိုင်းအတွင်းမှာပင် အခြေခံအဆင့်သို့ ရောက်ရှိခဲ့သည်။ ယခုဆိုလျှင် အသေးစား ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရန် လပိုင်းမျှသာ လိုတော့သည်။
“အသေးစား ကျွမ်းကျင်မှုအဆင့်ကို ရောက်တာနဲ့ ဆေးအဆိပ်အသစ်တွေ ထပ်မဖြစ်အောင် ငါ ဟန့်တားလို့ရပြီ၊ အဲဒီအချိန်ကျမှ ငါ ကျင့်ကြံထောက်ကူ ဆေးလုံးတွေကို စိတ်ကြိုက် ပြန်သုံးလို့ရပြီ၊ တကယ့် သတင်းကောင်းပဲဟေ့”
လော့ချန်သည် ကျေနပ်နေသော်လည်း တည်ငြိမ်စွာပင် ရှိနေသည်။ ဤအရာအားလုံးမှာ သူ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုကြောင့် ရရှိလာခြင်း ဖြစ်သည်။ နေ့စဉ်နေ့တိုင်း ဆေးဘုရင်ကျင့်စဉ်ကို ကျင့်ကြံခြင်း၊ တာဟဲမြို့ပျက်မှ ရခဲ့သောနယ်ရုပ် နှင့် ဓားအမြုတေ တို့ကို သန့်စင်ခြင်းများအပြင် သူ၏ အချိန်အားလုံးနီးပါးကို ဆေးအဆိပ်ဖြေနည်း လေ့ကျင့်ရာတွင် နှစ်မြှုပ်အသုံးပြုခဲ့သည်။ ထိုသို့သာ မဟုတ်လျှင် သူသည် ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မည် မဟုတ်ပေ။
အသေးစား ကျွမ်းကျင်မှုအဆင့်တွင် အဆိပ်သစ်များကို ဟန့်တားနိုင်မည်၊ ကျွမ်းကျင်မှုအဆင့်တွင် ကိုယ်ခန္ဓာအတွင်း ကျန်ရှိနေသော အဆိပ်ဟောင်းများကို ဖယ်ရှားနိုင်မည်၊ အကြီးစား ကျွမ်းကျင်မှုအဆင့်တွင်မူ အကျိုးကျေးဇူးများစွာ ရရှိမည် ဖြစ်သည်။ အထူးသဖြင့် ဆေးအဆိပ်များထဲမှ အနှစ်သာရကို ပြန်လည် ထုတ်ယူနိုင်စွမ်းမှာ လော့ချန်ကို ပါးစပ်အဟောင်းသားပင် ဖြစ်စေခဲ့သည်။ ထိုအချက်မှာ သူသည် အခြားသူများထက် ဆေးလုံးတစ်လုံးမှ အာနိသင်ကို ပိုမို စုပ်ယူနိုင်မည်ဟု အဓိပ္ပာယ်ရသည် မဟုတ်ပါလော။
လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း သူ၏ သိုလှောင်အိတ်အတွင်းမှ အမည်းရောင် နယ်ရုပ်တစ်ခုနှင့် ဓားငယ်တစ်စင်းကို ထုတ်ယူလိုက်သည်။ နယ်ရုပ်မှာ ဝိညာဉ်ချုပ် နယ်ရုပ် ဖြစ်ပြီး ဓားမှာ ရွှေမီးဓား ဖြစ်သည်။ နှစ်ခုစလုံးမှာ သူ၏ အသက်ကယ် လက်နက်များ ဖြစ်ကြသည်။ ၎င်းတို့ကို သူ၏ ခြေလက်အင်္ဂါများသဖွယ် စိတ်ကြိုက် စေခိုင်းနိုင်ရန်အတွက် သေချာစွာ သန့်စင်ထားရန် လိုအပ်သည်။
လော့ချန်သည် မျက်လုံးများကို မှိတ်လိုက်ရင်း ချီစွမ်းအားများကို ဖြည်းညင်းစွာ ထုတ်လွှတ်လိုက်သည်။ စိတ်ဝိညာဉ် ပေါင်းစပ်ထားသော ထိုစွမ်းအားများက မှော်လက်နက်တစ်ခုကို စတင်လွှမ်းခြုံလိုက်တော့သည်။ ဤနည်းဖြင့်သာ သူ၏ ချီစွမ်းအား အမှတ်အသားများကို ၎င်းပေါ်တွင် ခိုင်မာစွာ ရေးထွင်းနိုင်မည် ဖြစ်သည်။ သူ၏ ကိုယ်ပိုင် သန့်စင်ခြင်း နည်းလမ်းအချို့ကိုလည်း ထည့်သွင်းလိုက်သည်။ တွမ်ချန်ခွန်း၏ နည်းလမ်းအတိုင်း ဖန်တီးကာ သူနှင့် မှော်လက်နက်များအကြား ဆက်နွှယ်မှုကို ပိုမို ခိုင်မာစေခဲ့သည်။ အခြားသူများ မည်သို့ သန့်စင်သည်ကို သူ မသိသလို၊ စိတ်လည်းမဝင်စားပေ။ ဤနည်းလမ်းမှာ သူ့အတွက် မှန်ကန်သည်ဟု ခံစားရပြီး အမှန်တကယ် အလုပ်ဖြစ်နေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုကို သွေးဖြင့် ယဇ်ပူဇော်ခြင်း မပြုဘဲ သန့်စင်ရန်မှာ အနည်းဆုံး လနှင့်ချီ၍ ကြာတတ်သည်။ သို့သော် လော့ချန်မှာမူ ထျန်းလန် နတ်ဘုရားမြို့တော်သို့ လာရာလမ်းမှာပင် လေးလံသော ပုံသွင်းတံဆိပ်ကို သန့်စင်ပြီးသား ဖြစ်နေခဲ့သည်။ ဝိညာဉ်အမှတ်အသားနှင့် အစီအရင်ကန့်သတ်ချက်များကို ပေါင်းစပ်ခြင်းမှာ အလွန် ထိရောက်မှန်း သိသာလှသည်။
အချိန်များမှာ တိတ်ဆိတ်စွာ ကုန်ဆုံးသွားပြီး မှော်လက်နက် နှစ်ခုကို အလှည့်ကျ သန့်စင်ပြီးနောက်တွင် ဂူအပြင်ဘက်၌ နံနက်ခင်း နေရောင်ခြည်က ထွန်းလင်းနေပြီ ဖြစ်သည်။ လော့ချန်သည် မှော်လက်နက် နှစ်ခုကို သိမ်းဆည်းလိုက်ပြီး ဂူဗိမာန်၏ အသံလုံအစီအရင်၊ ပုံရိပ်ယောင်နှင့် ကာကွယ်ရေးအစီအရင်ခံများ ခင်းကျင်းထားသည်ကို ပိတ်လိုက်သည်။
မှန်ပေသည်။ ထျန်းလန်တောင်ပေါ်ရှိ ဂူဗိမာန်တိုင်းတွင် ထို အစီအရင် သုံးမျိုးစလုံး ပါရှိသည်။ ပထမဆုံး အစီအရင်ပွင့်သွားသည်နှင့် အပြင်ဘက်မှ ရေတံခွန် ကျသံကြီးက သူ၏ နားထဲသို့ တိုးဝင်လာသည်။ လော့ချန်သည် စိတ်အာရုံဖြင့် အနီးနားရှိ ဂူဗိမာန်နှစ်ခုဆီသို့ အသံလွှင့် မှော်စာရွက် နှစ်ခုကို ပို့လွှတ်လိုက်သည်။
….
သူ၏ ကိုယ်ပိုင်ဂူဗိမာန် အတွင်း၌ နန်းကုန်းကျင်းသည် မျက်လုံးများကို ဖွင့်လိုက်စဉ် အပြင်ဘက်ရှိ အစီရင်ခံတွင် ပျံဝဲနေသော အသံလွှင့်မှော်စာရွက်တစ်ခုကို သတိထားမိလိုက်သည်။ ခဏအကြာတွင် ထိုမှော်စာရွက်မှာ လိပ်ပြာတစ်ကောင်အလား အတွင်းသို့ တိုးဝင်လာသည်။ သူသည် ချီစွမ်းအားတစ်မျှင်ဖြင့် ၎င်းကို တို့လိုက်သည်။ မှော်စာရွက်မှာ လေထဲတွင် ဖြည်းဖြည်းချင်း လောင်ကျွမ်းသွားပြီး လော့ချန်၏ အသံက ၎င်းအတွင်းမှ ထွက်ပေါ်လာသည်။
"မိတ်ဆွေကြီး.... သွားကြစို့လေ"
တစ်ချိန်တည်းမှာပင် လီရီရှန်း၏ ဂူဗိမာန်အတွင်း၌လည်း ထိုမြင်ကွင်းမျိုး ပေါ်ပေါက်နေသည်။
လီရီရှန်းသည် မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ကာ စဉ်းစားနေပြီးနောက် မတ်တတ်ထ ရပ်လိုက်သည်။ သူမ၏ သွယ်လျသော ကိုယ်လုံးလေးမှာ ခန့်ညားထည်ဝါလှသော အလှတရားနှင့် အစွမ်းသတ္တိတို့ကို ဖော်ပြနေ၏။ သူမ မျက်နှာကို လက်ဖြင့် တစ်ချက် ပွတ်လိုက်သောအခါ ဆွဲဆောင်မှုရှိသော အလှတရားများ ပျောက်ကွယ်သွားပြီး ရိုးရှင်းကာ ထူးခြားမှုမရှိသော မျက်နှာတစ်ခု ဖြစ်သွားသည်။
"ကိုင်း.... ဒီခရီးတစ်လျှောက်မှာ သူ ငါ့ကို ခဏခဏ ကူညီခဲ့တာဆိုတော့၊ ဒီနေ့မှာ သူ့ကို ပြန်ကျေးဇူးဆပ်ရမှာပေါ့"
….
"အားလုံးပဲ ကျေးဇူးတင်ပါတယ်ဗျာ.... ခရီးလမ်းသာပါစေ…. နောက်တစ်ခါ မြို့ထဲကို လာရင်လည်း ထုံဖူတည်းခိုခန်းကို မမေ့ကြနဲ့ဦးနော်"
မြို့မြောက်ဘက် လမ်းကြားလေးတစ်ခု၏ အဆုံးတွင်၊ တည်းခိုခန်း တာဝန်ခံက လူအုပ်ကြီးကို ပြုံးရွှင်စွာဖြင့် နှုတ်ဆက်နေသည်။ ခြံဝင်းအတွင်း၌ နန်းကုန်းမျိုးနွယ်စုနှင့် လီမျိုးနွယ်စု ကျင့်ကြံသူများသည် လော့ထျန်းအဖွဲ့ဝင်များ ထွက်ခွာရန် ပြင်ဆင်နေသည်ကို ကြည့်နေကြသည်။
"ဟင်.... သူတို့ အခြေချဖို့ နေရာရှာတွေ့သွားပြီထင်တယ်နော်"
"အေးလေ.... ငါကြားတာတော့ လော့ထျန်း ခေါင်းဆောင်က တောင်ကြီးတစ်တောင်လုံးကို ငွေပုံပြီး ငှားလိုက်တာဆိုလား...."
"ဟေ.... ဘယ်လောက်တောင် ပေးရလို့လဲ"
"ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်တဲ့.... ကိုင်း"
"အမလေး.... ကြောက်စရာကြီးပဲ"
"ကြက်သီးတောင်ထတယ်ဟေ့.... အဲဒါကြောင့် သူတို့ကို ချမ်းသာပြီး သတ္တိရှိတယ်လို့ ခေါ်ကြတာပဲ.... မထူးဆန်းတော့ပါဘူး…. ငါတို့ လီမျိုးနွယ်ဝင်တွေကတော့.... ခုထိ ဘယ်ကမ်းကပ်ရမယ်မသိသေးဘူး.... “
“ဟုတ်ပါရဲ့.... တည်းခိုခန်းမှာပဲ အမြဲနေနေလို့မှ မဖြစ်တာ.... ငါတို့လဲ သူတို့နေရာသစ်ကို လိုက်နေချင်တယ်”
"ငါတို့ကို အတူတူ ခေါ်သွားရင် ကောင်းမယ်ကွာ.... ဒီမှာပဲ ကျပ်ကျပ်တည်းတည်း နေ့တိုင်းနေရတာ ရူးတော့မယ်"
"စိတ်ကူးယဉ်မနေနဲ့.... ကိုယ့် ဒဏ်ရာသာမြန်မြန်ကျက်အောင်လုပ်စမ်းပါ.... အရေးထဲ မင့်ခေါ်ပါလိမ့်မယ် အားကြီးကြီး.... ’
ထိုသို့ တီးတိုးပြောဆိုသံများအကြားတွင် စီမာဟွေ့နန် ဦးဆောင်သော လောထျန်းအဖွဲ့ဝင် ကျင့်ကြံသူ တစ်ရာကျော်သည် ထျန်းလန်မြို့ထဲမှ ထွက်ခွာလာကြသည်။ မြို့ပတ်မြောင်းပေါ်ရှိ တံတားကို ဖြတ်ကျော်စဉ် စီမာဟွေ့နန်က ရွှီကျင်းနန်ကို ယဉ်ကျေးစွာ လက်ပြနှုတ်ဆက်လိုက်သည်။
ရွှီကျင်းနန်ကလည်း ပြန်လည် လက်ပြရင်း "ဟိတ်ကောင် လျိုဇီ…. အပျင်းတစ်မနေနဲ့.... အဲဒီ့မိတ်ဆွေတွေကို သေချာ လမ်းပြပေးလိုက်ဦး" ဟု အော်ပြောလိုက်သည်။
လျိုဇီက ခေါင်းငြိမ့်ပြပြီးနောက် လူအုပ်ကြီးနောက်မှ လိုက်ပါလာကာ ဆိပ်ကမ်းဆီသို့ ဦးတည်သွားကြသည်။ သူတို့၏ အစီအစဉ်မှာ လော့ချန်နှင့်အတူ ကောင်းကင်သိန်းငှက်လှေပျံဖြင့် ဒန်ရှားတောင်သို့ သွားရန် ဖြစ်သည်။ ဒန်ရှားတောင်မှာ ထျန်လန်နှင့် အတော်လေး ဝေးကွာသဖြင့် လူစုခွဲသွားခြင်းမှာ အန္တရာယ်ရှိနိုင်သည်။
သို့သော် စီမာဟွေ့နန်နှင့် အခြားသူများ ကောင်းကင်သိန်းငှက်လှေပျံ ထားရာ ဆိပ်ကမ်းအနီးသို့ ရောက်ရှိလာသောအခါ အခြေအနေတင်းမာနေသော မြင်ကွင်းတစ်ခုက သူတို့ကို ဆီးကြိုနေတော့သည်။
လော့ချန်သည် အခြား ကျင့်ကြံသူ နှစ်ဦးနှင့်အတူ ရပ်နေပြီး၊ ရှန်ကုန်းဂိုဏ်းမှ လုရုန်နှင့် အခြေအတင် ဖြစ်နေကြသည်။ သူသည် အဖွဲ့ဝင်များကို အချိန်မဆွဲဘဲ ခေါ်သွားနိုင်ရန် တွမ်ဖုန်း၊ မင်လုံယွီတို့နှင့်အတူ ကြိုတင် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ ကောင်းကင်သိန်းငှက်လှေပျံမှာ ပျံသန်း၍ မရတော့ပေ။
လော့ချန်၏ မျက်နှာမှာ ဒေါသကြောင့်ခက်ထန်နေသည်။ သူ၏ အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် အလယ်ဗဟိုရှိ စီမံအုပ်ချုပ်ရေးရုံး ဖြစ်ဟန်တူသော စောင့်ကြည့် မျှော်စင်တစ်ခုဆီသို့ ရောက်သွား၏။
တွမ်ဖုန်းသည် စိတ်မြန်သူဖြစ်သည့်အလျောက် "မင်းတို့လူပါးမဝနဲ့.... ထျန်းလန်မြို့သူ မြို့သားတွေက ဒီလိုပဲ ဆက်ဆံတတ်တာလား” ဟု ဆိုသည်။
လုရုန်က လှောင်ပြုံး ပြုံးလိုက်သည်။
"အဟက်.... ခင်ဗျား ဘယ်သူ့ကို စွပ်စွဲချင်နေတာလဲ…. လာလေ.... သက်သေပြလေ…. စကားသက်သက်နဲ့တော့ ကျုပ်နာမည်ကိုလာမဖျက်နဲ့ သဘောပေါက်လား"
တွမ်ဖုန်းနှင့် မင်လုံယွီ တို့မှာ ဒေါသကြောင့်လက်များ တဆတ်ဆတ် တုန်နေကြသည်။
"မင်း သေချာပေါက် တစ်ခုခု လုပ်ထားလို့ပေါ့ဟ.... မဟုတ်ရင် ငါတို့ ယာဉ်ပျံက ဘာလို့ စက်နှိုးမရတာလဲ"
လုရုန်က နှာခေါင်းရှုံ့လိုက်ရင်း "ဟ.... ခေါင်းရှိရင်စဥ်းစားလေ.... အဲဒီ ချီးထုပ်လှေကို ကျုပ်က ဘာကိစ္စ ဒုက္ခခံပြီး တစ်ခုခု လုပ်မှာလဲ" ဟု ဆိုသည်။
တွမ်ဖုန်းက ထပ်မံ ငြင်းခုံရန် ရှေ့သို့ တိုးလိုက်သော်လည်း လော့ချန်က လက်ဖြင့် တားလိုက်သည်။
"ဒီမှာ.... မင်းအမြင်က ဒါက ချီးထုပ် ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ မင်း အကျင့်ယုတ်မထားဘူးလို့ ငါမယုံဘူး.... ”
သူသည် စောင့်ကြည့်မျှော်စင်၏ ဒုတိယထပ်နေရာကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။ မည်သည့်တုံ့ပြန်မှုမှ မရှိပေ။ ဤသို့ဆိုပါက....။
လော့ချန်သည် ကောင်းကင်သိန်းငှက်လှေပျံဆီသို့ လျှောက်သွားလိုက်သည်။
ထိုအခါ လုရုန်က ခပ်တည်တည်ဖြင့် သူ့နောက် လိုက်လာပြီး ကောင်းကင်သိန်းငှက်လှေပျံကို သူ ပြင်ပေးနိုင်ကြောင်း ဆိုလာသည်။
"ကဲပါ…. ငွေမရှိဘူးဆိုလဲ ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းနဲ့ ပြင်ပေးမယ်လေ"
သူ၏ လှောင်ပြောင်မှုမှာ သိသာလွန်းလှသည်။ သူ့အား လော့ချန်တို့ဘက်မှ ခခယယဖြစ်လာအောင် လုပ်ရန် ဆုံးဖြတ်ထားပုံရသည်။ ငွေကြေးထက် သူ၏အရေးပါမှုအား လူအုပ်ကြီးကို ပြချင်နေသည်။
လော့ချန်က ဆုတောင်းလေ ဟူသည့်သဘောဖြင့် နှာခေါင်းရှုံ့လိုက်ရင်း သူ၏ လက်ဖဝါးကို မြှောက်လိုက်သည်။ ချီစွမ်းအားများက သူ၏ လက်ဖဝါးတွင် စတင် စီးဆင်းလာသည်။
လုရုန်၏ မျက်နှာထား ပျက်ကာ ပြာပြာသလဲလဲ ဖြစ်သွားသည်။
"ဘာ.... ဘာလုပ်တာလဲဟ၊ ဒီကိစ္စလေးနဲ့တင် ငါ့ကို တိုက်ခိုက်မလို့လား"
လော့ချန်က သူ့ကို ဂရုမစိုက်ဘဲ မျှော်စင် အပေါ်ထပ်ကို တစ်ချက် ကြည့်လိုက်ပြန်သည်။ ထို့နောက် ဘာတစ်ခွန်းမှမပြောဘဲ ကောင်းကင်သိန်းငှက်လှေပျံကို သူ၏ လက်ဖဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း….။
ကြီးမားလှသော ချီစွမ်းအားတန်းကြီး ထွက်ပေါ်လာပြီး ကောင်းကင်သိန်းငှက်လှေပျံကို ဦးပိုင်း နေရာမှ အမြီးအထိ ထိုးဖောက်သွားတော့သည်။
ဂျွမ်း.... ဂျွမ်း....
အားလုံး ဆွံ့အသွားသည်။ ထိုအံ့ဩနေသော မျက်လုံးများရှေ့တွင် ကောင်းကင်သိန်းငှက်လှေပျံကြီးသည် တစ်စစီ ဖြစ်သွားကာ ဖုန်မှုန့်နီးပါးအထိ ပျက်စီးသွားတော့သည်။ ထူးဆန်းသည်မှာ ထိုအစအနများသည် အရပ်မျက်နှာအနှံ့သို့ လွင့်မသွားခြင်းပင်ဖြစ်သည်။ ၎င်းမှာ လော့ချန်၏ ချီစွမ်းအား ထိန်းချုပ်မှု မည်မျှအထိ ကောင်းမွန်သည်ကို ပြသနေခြင်းပင် ဖြစ်သည်။
လူအုပ်ကြီးမှာ ထပ်မံဆွံ့အသွားပြန်သည်။ ထို့နောက် လော့ချန်သည် ဖုန်မှုန့်များကို လက်ဖြင့် ဝေ့ယမ်းဖယ်ရှားလိုက်ပြီး လုရုန်ကို စိုက်ကြည့်လိုက်သည်။
"မင်းက ငါ့ဆီကနေ ငွေ လိုချင်နေတာလား.... သနားစရာပါလား…. ကျွတ် ကျွတ်.... ကဲ ဒီဆိပ်ကမ်းပေါ်က ဖုန်တွေအမှိုက်တွေ ရှင်းလိုက်စမ်း.... ရော့ အဲ့မှာကောက်ယူလိုက်”
လော့ချန်သည် ဝိညာဉ်ကျောက်တုံး တစ်တုံးကို လုရုန်၏ ခြေရင်းသို့ ပစ်ချပေးလိုက်သည်။ လုရုန်၏ မျက်နှာမှာ ဖြူဖျော့သွားပြီးနောက် ဒေါသကြောင့် နီမြန်းလာကာ ညိုပုတ်ပုတ်ပင် ဖြစ်သွားတော့သည်။ နောက်ဆုံးတွင် သူသည် လော့ချန်ကို ဒေါသတကြီး ကြည့်လိုက်မိသည်။
"အေး.... ဟုတ်ပီ.... ဟုတ်ပီ.... ဟုတ်ပီ"
'ဟုတ်ပီ' ဟု ထပ်ခါတလဲလဲ ပြောနေသော သူ၏ အသံထဲတွင် စကားလုံးဖြင့် ဖော်ပြ၍မရသော ဒေါသများ ပါဝင်နေသည်။
လော့ချန်က သူ့အား အဖတ်လုပ်ပြီး ကြည့်မနေတော့ပေ။ သူသည် လန်ချီ လှေပျံကို ချက်ချင်း ထုတ်လိုက်သည်။ ချီစွမ်းအားများ ထည့်သွင်းလိုက်သောအခါ လှေသည် အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး ချက်ချင်းပင် အလျား တောင်ငါးဆယ်အထိ ရှိသွားတော့သည်။ ဤမျှ ကြီးမားလှသော လှေပျံမျိုးမှာ မြို့တော်၏ အကြီးစား လှေဆိပ်များတွင်ပင် တွေ့ရခဲလှသည်။
ထိပ်တန်းအဆင့်…. အကြီးစား လှေပျံ….။
"ကဲ.... အားလုံးပဲလာ.... လှေပေါ်တက်ကြ"
လော့ချန် လှေပေါ်သို့ တိုက်ရိုက် ပျံတက်သွားသည်။ နန်းကုန်းကျင်းနှင့် လီရီရှန်းတို့သည် အံ့ဩသော အကြည့်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် သူ၏နောက်မှ လိုက်ပါလာကြသည်။ တွမ်ဖုန်းနှင့် မင်လုံယွီတို့မှာမူ လှေပေါ်သို့ ရောက်ရှိသောအခါ စိတ်လှုပ်ရှားစွာဖြင့် ထိန်းချုပ်မှုများကို စတင် လေ့လာနေကြပြီ ဖြစ်သည်။
လော့ထျန်းအဖွဲ့ဝင် အားလုံး လှေပေါ်သို့ ရောက်သွားသည်နှင့် လော့ချန်က စတင်ပျံသန်းရန် အမိန့်ပေးလိုက်သည်။ ကျယ်လောင်သော မြည်သံကြီးနှင့်အတူ လန်ချီ လှေပျံသည် အလင်းတန်းတစ်ခုအလား ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
လှေဆိပ်တွင်မူ လုရုန်သည် အနီးနားရှိ ဆိုင်များမှ ကျင့်ကြံသူများ၏ စူးစိုက်ကြည့်ခြင်းကို ခံနေရပြီး အရှက်ရမှုကြောင့် မျက်နှာတစ်ခုလုံး ပူထူနေတော့သည်။
"ဒီတောသားက ခုမှမြို့တက်ပြီး ကြွားလုံးထုတ်ချင်နေသေးတယ်.... ရာရာစစ ဘယ်သူ့ကို ကြွားချင်နေတာလဲ"
သူ တိုးတိုးလေး ဆဲရေးဆိုလိုက်ရင်း ဆိုင်ထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သည်။ သို့သော် သူ မလှည့်ရသေးခင်မှာပင် မျှော်စင် ဒုတိယထပ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ တည်ငြိမ်အေးဆေးသော်လည်း အမိန့်အာဏာ ပါရှိလှသည်။
"အမှိုက်သိမ်းဦးလေ.... "
လုရုန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူသည် ကိုယ်ကို တစ်ဝက်လှည့်ကာ ငြင်းဆန်ရန် ပါးစပ်ပြင်လိုက်သော်လည်း ဘာစကားမှ ထွက်မလာပေ။ ထိုအသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ အေးဆေးနေဆဲ ဖြစ်သော်လည်း ငြင်းဆန်၍မရသော အာဏာ ပါဝင်နေသည်။
"သူ့ဆီက ငွေကို မရရအောင်ယူမယ်လို့ မင်းပဲ ဇွတ်ပြောခဲ့တာလေ"
ထိုအသံက တည်ငြိမ်စွာ ဆိုသည်။
"မင်းသိက္ခာကို ငဲ့ပြီး ငါ ဘာမှမပြောဘဲ နေခဲ့တာ…. ဒါပေမဲ့ အခု သူက ငွေပေးလိုက်တယ်မလား.... သူ ပစ်ချလိုက်တာ ဝိညာဉ်ကျောက်တုံးမဟုတ်ဘူး.... မင်းရဲ့ သိက္ခာပဲ၊ တကယ်လို့ ကလန်ကဆန်လုပ်ဦးမယ်ဆို မင်းတို့ ရှန်ကုန်းဂိုဏ်းကို ဒီလှေဆိပ်မှာ ခြေချခွင့်မပေးနိုင်တော့ဘူး"
လုရုန်၏ အသက်ရှူသံများ မြန်လာသည်။ သူ လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီးနောက် စိတ်လျှော့လိုက်သည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ လှည့်ထွက်လိုက်သော်လည်း သူ၏ မျက်နှာမှာ ရှုံးနိမ့်မှုကြောင့် မှောင်မည်းနေတော့သည်။ သူသည် ဘာစကားမှ ထပ်မပြောတော့ဘဲ တံခါးဘေးရှိ တံမြက်စည်းကို ဆွဲယူကာ လှေဆိပ်ကြမ်းခင်းကို အားစိုက်ပြီး စတင် လှည်းကျင်းတော့သည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ သူ၏ ဂုဏ်သိက္ခာကို ကိုယ်တိုင် ပြန်လည် ဖျက်ဆီးနေသကဲ့သို့ပင် ဖြစ်နေသည်။
အနီးနားရှိ ဆိုင်များမှ ကျင့်ကြံသူများမှာမူ မနေနိုင်ဘဲ ရယ်မောကြတော့သည်။
"မိတ်ဆွေလု.... အလုပ်ပြောင်းလိုက်ပြီလား.... သိပ်တော့ ပုံစံမကျဘူးနော်…. သေသေချာချာလှည်းမှပေါ့.... မိတ်ဆွေလုရာ ဝန်ဆောင်မှုအလုပ်ကို သေချာ မလုပ်တတ်ရင်လဲ ငါတို့ဝင်လုပ်ပေးရမလား ဟားဟား.... ”
"ဟုတ်ပါရဲ့…. ငါတို့ နှစ်ယောက်ပေါင်းရင် မင်းရဲ့ အရင် အလုပ်တွေကို အေးဆေး ကိုင်တွယ်နိုင်တာပဲ"
လုရုန်က သူတို့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ပြန်ပြောရန် ပြင်လိုက်သော်လည်း အထက်မှ သတိပေးသံကြောင့် သူ၏ ခေါင်းကို ပြန်ငုံ့လိုက်ရသည်။
"တောက် ဒီတစ်ခါ ရှိစေတော့.... နောက်တစ်ကြိမ်တော့လား.... ”
သူ မကျေမနပ်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိတော့သည်။