အခန်း (၃၃၉-၃၄၀)
Vol. 34 Ch. 339-340
အခန်း (၃၃၉) - ဒန်ရှားတောင်မှ သည်းထိတ်ရင်ဖို ကျူးမောင်းပွဲ
"ဒီနေ့တော့ မင်း ထင်တိုင်းကြဲနေပါလားကွ" ဟု ဝမ်ယွမ်က ခပ်တိုးတိုး ဆိုသည်။
လန်ချီ လှေပျံထက်ရှိ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုအတွင်း၌ ဝမ်ယွမ်သည် သေတ္တာတစ်လုံးပေါ်တွင် သက်သောင့်သက်သာ ထိုင်နေရင်း လော့ချန်ကို ကြည့်ကာ ခပ်ပြုံးပြုံး ဆိုနေခြင်း ဖြစ်သည်။
လော့ချန်က သူထိုင်နေသော သေတ္တာကို တစ်ချက်ဝေ့ကြည့်ကာ နှာခေါင်းရှုံ့လိုက်ရင်း
"ဒါက ထင်တိုင်းကြဲတာ မဟုတ်ဘူးဗျ၊ အဲဒီကောင်က တကယ်အရှက်မရှိလွန်းလို့ ဆုံးမလိုက်တာ"
ဝမ်ယွမ်က ရယ်မောရင်း ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ကွာ.... ကောင်းကင်သိန်းငှက်လှေပျံကို တစစီ ဖြစ်အောင် ဖျက်ဆီးလိုက်တာတော့ နှမြောသားပဲကွ.... အပိုပစ္စည်းတွေ ဖြုတ်ရောင်းရင်တောင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ရာဂဏန်းတော့ အသာလေးရမှာ....”
"ဟုတ်တာပေါ့ အစ်ကိုဝမ်.... ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့ကို ရိသဲ့သဲ့လာလုပ်တာတော့ ငြိမ်ခံနေလို့ဘယ်ရမလဲ.... ဘာပြောပြော စိတ်ကျေနပ်မှုကတော့ ဘယ်လိုငွေကြေးနဲ့မှ တန်ဖိုးဖြတ်လို့ မရဘူးလေ.... "
ဝမ်ယွမ်က မျက်မှောင်ကြုတ်လိုက်ကာ "နေစမ်းပါဦး.... မင်း အကြောင်း ငါသိပါတယ်ကွ.... တကယ်ပဲ စိတ်အာသာပြေဖို့ သက်သက်ပဲလား" ဟု မေးလိုက်သည်။
ထိုအခါမှ လော့ချန်၏ မျက်နှာထက်ရှိ တင်းမာမှုများမှာ နှင်းပွင့်များ အရည်ပျော်သကဲ့သို့ လျော့ကျသွားပြီး ဒေါသအရိပ်အယောင်များ ပျောက်ကွယ်ကာ နှုတ်ခမ်းထောင့်တွင် လျှို့ဝှက်သော အပြုံးငယ်တစ်ခု ပေါ်လာတော့သည်။ မျှော်လင့်ထားသည့်အတိုင်း ဝမ်ယွမ်သည် သူ့ကို အူမချေးခါ သိသူဖြစ်ရာ အပေါ်ယံ ဟန်ဆောင်မှုများကို ကျော်လွန်၍ အတွင်းသဘောကို မြင်နိုင်ပေသည်။
ထိုအခါမှ လော့ချန်က မကွယ်ဝှက်တော့ဘဲ ခပ်အေးအေး လေသံဖြင့် ရှင်းပြလိုက်သည်။
"ကိုင်း.... အမေးရှိတော့လဲ အဖြေရှိရတာပေါ့ဗျာ.... ဒီလိုဗျ.... ဒန်ရှားတောင်မှာ တရားမဝင်ကျူးတွေခိုးနေတဲ့ အကြောင်းတော့ သိထားပြီးမလား၊ ဒီထက်ဆိုးတာက တောင်ခြေမှာ အမြတ်ထုတ်နေတဲ့ လူတစုလဲရှိနေသေးတယ်၊ အဲ့ထဲမှာ ရှန်ကုန်းဂိုဏ်းလဲပါတယ်.... အခု ကျွန်တော်တို့ ဒီတောင်ကို အခြေစိုက်စခန်းအဖြစ် သိမ်းပိုက်လိုက်တာနဲ့ သူတို့လုပ်လက်စ ရင်နှီးထားတဲ့ဟာတွေအကုန် ကျွန်တော်တို့လက်ထဲ ရောက်လာမှာပဲ.... ဒီတော့ မပူနဲ့ အဲဒီဂိုဏ်းနဲ့ ထိပ်တိုက်တွေ့ဖို့က အနှေးနဲ့အမြန်ပဲ၊ စောနက အစ်ကိုဝမ်တွေ့တဲ့အတိုင်း ဒီကောင်တွေက လှေရပ်နားစခန်းမှာ အခွင့်ထူးခံ နေရာရထားတာဗျ၊ ထျန်းလန်နတ်ဘုရားမြို့တော် အုပ်ချုပ်ရေးပိုင်းနဲ့ ရင်းနှီးပတ်သက်မှု ရှိမှာ ကျိန်းသေပဲ၊ ရန်သူကို အထင်သေးတာက လူမိုက်လုပ်ရပ်မှန်း ကျွန်တော်သိတယ်.... ဒါပေမဲ့ ဒီနေ့က သူတို့ရဲ့ တုံ့ပြန်မှုကို စမ်းသပ်ချင်လို့ ရန်စလိုက်ရုံပဲ"
လုရုန် ဘောင်ကျော်ခဲ့ခြင်းမှာ အမှန်ဖြစ်သည်။ သို့သော် နောက်ရက်ပိုင်းလောက်တွင် သူ့လုပ်ရပ်အား မည်သူမျှ သတိရတော့မည်မဟုတ်။ သို့ရာတွင် လော့ချန် ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ သူ့အပိုင်ယာဥ်ပျံကို တစစီဖျက်ဆီးလိုက်ခြင်းမှာမူ တဆင့်စကားတဆင့်နားဖြင့် မြို့ထဲအတော်ကြာ ပျံ့နှံ့သွားပေလိမ့်မည်။ ထိုအခါ မြို့သူမြို့သားများသည် လုရုန်၏ အမှားထက် ထျန်းလန်နတ်ဘုရားမြို့တော်၏ လှေဆိပ်စီမံခန့်ခွဲမှု လျော့ရဲခြင်းကိုသာ ခေါင်းစဉ်တပ် အပြစ်ဖို့ကြပေမည်။
ထျန်းလန်မြို့တော် အာဏာပိုင်များသည် သူတို့၏ ဂုဏ်သိက္ခာကို အပွန်းအပဲ့ခံမည် မဟုတ်ပေ။ ဆိုလိုသည်မှာ လုရုန်သည် မြေစာပင် ဖြစ်ရတော့မည်။ ပြင်းထန်သော ပြစ်ဒဏ်မဟုတ်သည့်တိုင် အနည်းဆုံး တာဝန်ရွှေ့ပြောင်းခြင်း သို့မဟုတ် ပြင်းပြင်းထန်ထန် သတိပေးခြင်းမျိုးကြုံလာလိမ့်မည်။
ကျင့်ကြံခြင်းလောကတွင် အာဏာနှင့် အကျိုးစီးပွားအပေါ် အခြေခံထားသော ဆက်ဆံရေးများသည် တစ်ခါတည်းနှင့် ပြိုလဲသွားလေ့ မရှိသော်လည်း၊ ယခုကဲ့သို့ ကိစ္စအသေးအဖွဲလေးများမှ စတင်ကာ တဖြည်းဖြည်း အဆုံးသတ်သွားတတ်ကြသည်။
ဝမ်ယွမ်က ခေတ္တမျှ စဉ်းစားပြီးမှ ခေါင်းငြိမ့်လိုက်သည်။ ဤသူမှာ သူသိသော လော့ချန်ပင် ဖြစ်သည်။ အကျိုးအမြတ် မရှိဘဲ ခြေတစ်လှမ်းမျှ မလှမ်းတတ်သလို အမြဲတမ်းလည်း ပြိုင်ဘက်ထက် သုံးလှမ်း ကြိုပြင်ထားတတ်သူဖြစ်သည်။
"ဒါနဲ့.... အစ်ကိုဝမ်ရဲ့ ဒဏ်ရာကော သက်သာပြီလား" ဟု လော့ချန်က ရုတ်တရက် စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်။
"အပေါ်ယံ ဒဏ်ရာတွေပဲကွာ.... မြို့ထဲက ကောင်းနိုးရာရာ ဝိညာဉ်ဆေးဝါးတွေ ဝယ်ပြီး ကုလိုက်တာ အရင် ရက်ပိုင်းကတည်းက အမြစ်ပြတ်သွားပြီလေ"
လော့ချန် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
"ဟူး.... ဒါဆိုရင်တော့ စိတ်အေးသွားပြီဗျာ…. ဒီနေ့ တိုက်ပွဲဖြစ်ရင်ဖြစ်လာမှာ.... လီရီရှန်းနဲ့ နန်းကုန်းကျင်းတို့နှစ်ယောက် အကူအညီမပါဘဲ ဖြေရှင်းနိုင်ရင် သိပ်ကောင်းမှာပဲ"
သူသည် ဝမ်ယွမ်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်ရင်း ဆိုသည်။
"ကျွန်တော် အစ်ကိုဝမ်ကို လုပ်ခိုင်းစရာ တစ်ခုရှိတယ်.... "
"ဟေ.... ဆိုစမ်းပါဦး.... အသေအကြေချရတာမျိုး မဟုတ်ရင်တော့ ငါစိတ်မဝင်စားဘူးကွ.... ”
"ဒါတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ပေါ့ဗျာ.... ဒါပေမဲ့ လော့ထျန်းဆိုတာ ဘယ်လိုအဖွဲ့မှန်း ဒီနေ့.... လူတိုင်း ကောင်းကောင်း သိသွားစေရမယ်....”
လော့ချန်က မျက်လုံးများကို မှေးလိုက်ရင်း ပြန်ဖြေသည်။ သူ၏ မျက်တောင်ရှည်များ အောက်တွင် အန္တရာယ်ရှိသော မုန်တိုင်း၏ အရိပ်အယောင်များ အစပျိုးနေမည်မှာ အသေအချာပင် ဖြစ်လေသည်။
….
ပုံမှန်အားဖြင့်ဆိုပါက ဒန်ရှားတောင်သည် နေ့ဘက်တွင် အတော်လေး စည်ကားသည်ဟု ဆိုရမည်။ မြို့နှင့်အတော်ဝေးသည့် မြို့ပြင်နေရာဖြစ်သည့်တိုင် ကျင့်ကြံသူများသည် ဤနေရာသို့ အဆက်မပြတ် လာရောက်လေ့ရှိကြသည်။ ကျင့်ကြံသူများမှာ တောင်ခြေနှင့် တောင်ခါးပန်းသို့ အလင်းတန်းများအလား ဝင်ထွက်သွားလာနေကြကာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အေးအေးချမ်းချမ်း အသက်ဝင်လှုပ်ရှားနေသည်။
သို့သော် ကြီးမားလှသော လှေပျံကြီး တစ်စင်း ပေါ်ထွက်လာချိန်တွင် ထိုအေးချမ်းမှုများမှာ ရုတ်ခြည်း ပျက်ပြားသွားတော့သည်။ လှေကြီးသည် ဒန်ရှားတောင် အပြင်ဘက်၌ ကျောက်ဆောင်ကြီးတစ်ခုအလား ရပ်တန့်နေပြီး အရိပ်မည်းကြီးမှာ တောင်ခြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အစပိုင်းတွင် မည်သူမျှ ဂရုမစိုက်ကြပေ၊ အကြောင်းမူ ဤကဲ့သို့ လှေပျံများမှာ အမြဲတစေ ဖြတ်သန်းသွားလာနေကြသည် မဟုတ်ပါလော။ သို့သော် ရေနွေးကြမ်း တစ်ခွက်သောက်စာမျှ အချိန်ကြာသည်အထိ မိုးတိမ်မည်းကြီးများအလား လှေကြီးက တောင်တစ်ခွင်အား မလှုပ်မယှက်အုပ်မိုးထားလေသည်။ ထိုအခါ အောက်မှလူများ စိုးရိမ်စပြုလာသည်။
တစ်ခုခု လွဲနေပြီဟု သူတို့ စတင် တွေးတောလာကြသည်။ စူးစမ်းလိုသော အကြည့်များနှင့် သတိကြီးစွာ ထားနေသော အကြည့်များက လှေကြီးဆီသို့ အရပ်မျက်နှာအနှံ့မှ ရောက်ရှိလာသည်။ လှေ၏ အစွန်ဘက်တွင် ချီသန့်စင်အဆင့် ကျင့်ကြံသူတသိုက်သည် လက်နက်များကိုယ်စီဖြင့် အသင့်ဖြစ်နေကြသည်ကို တွေ့ရသည်။ သူတို့ တစ်ဦးချင်းစီထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသော အရှိန်အဝါများနှင့် ပြင်းထန်သော ချီစွမ်းအားများမှာ ဒန်ရှားတောင်ကို တိုက်ခိုက်ချေမှုန်းရန် အသင့်ပြင်ထားသကဲ့သို့ပင် ရှိလေသည်။
ထိုစဉ် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာသည်။
ရှပ်….
ရွှေရောင် တောက်ပမှုက ကောင်းကင်ယံတစ်ခွင်ကို လင်းထိန်သွားစေသည်။ အမိန့်စာ တစ်ခု ကောင်းကင်ထက်၌ ပွင့်ထွက်သွားပြီး နေရောင်အောက်တွင် တလက်လက် တောက်ပ နေသည်။
[တောင်နှင့်သမုဒ္ဒရာ ပြက္ခဒိန်၊
သက္ကရာဇ် ၃၄၁၅၊ ၉ လပိုင်း၊ ၁ ရက်နေ့။
လော့ထျန်းအဖွဲ့သည် ဒန်ရှားတောင်ကို ဆယ်နှစ်သက်တမ်းဖြင့် တရားဝင် ငှားရမ်းလိုက်ပြီကြောင်း ထျန်းလန်နတ်ဘုရားမြို့တော်၊ ရေခဲလှိုင်း နန်းတော်မှ အတည်ပြုအပ်ပါသည်။
ငှားရမ်းသူ - လော့ချန်
ခွင့်ပြုမိန့်ချသူ - ရှီပိုင်ယင်]
ထိုစာချုပ်မှာ ကောင်းကင်ယံ၌ ပုံရိပ်ယောင်တစ်ခုအလား လှုပ်ခတ်နေပြီး စာသားများကို လူတိုင်း မြင်နိုင်ရန် ပြသထားသည်။ ဤအခိုက်အတန့်တွင် တောင်ပေါ်မှ ကျူးကျော်နေထိုင်သူများ တုန်လှုပ်ခြောက်ခြားကုန်ကြသည်။
“အမလေး.... ဒန်ရှားတောင်ကို ငှားလိုက်ပြီတဲ့.... ”
“ဒါ.... ဒါဆို…. ဒီနေ့ကစပြီး ပိုင်ရှင်မဲ့မြေ မဟုတ်တော့ဘူးပေါ့….”
တောင်ပေါ်ရှိလူများ ဆွံ့အသွားကြသည်။ အချို့က မယုံကြည်နိုင် ဖြစ်နေကြပြီး အချို့မှာမူ စိုးရိမ်တကြီးဖြင့် အချင်းချင်း ကြည့်နေကြသည်။
ထိုအခိုက် အသံနက်ကြီးတစ်သံသည် လူတိုင်း၏ နားထဲသို့ မိုးကြိုးသံအလား မြည်ဟိန်းရောက်ရှိလာသည်။
"ဒီနေ့ကစပြီး ဒန်ရှားတောင်မှာ လော့ထျန်းအဖွဲ့က တရားဝင် အခြေချခွင့်ရပြီဖြစ်တယ်.... ခင်ဗျားတို့ အထုပ်အပိုးပြင်၊ ပစ္စည်းတွေ သိမ်းပြီး ထွက်သွားဖို့ အမွှေးတိုင် တစ်တိုင်စာ အချိန်ပေးမယ်.... အဲဒီအချိန် ကျော်လွန်လို့မှ ကျန်နေသေးရင် ညှာတာမှာမဟုတ်ဘဲ အကုန် သတ်ပစ်မှာ ဖြစ်တယ်....”
ထိုစကားကြောင့် မကျေမနပ်ဆူညံသံများ ချက်ချင်း ပွက်လောရိုက်သွားသည်။
"ဘာ.... ငါတို့ကို နှင်တာလား.... ဟာသပဲဟေ့.... ဒီမှာနေတာ ခုနစ်နှစ်ရှိပြီဟ.... မိန်းမတောင်ရနေပြီ…. ဘယ်မှမသွားနိုင်ဘူး"
"တောက်.... လော့ထျန်းအဖွဲ့ဟုတ်လား.... ဘယ်က ကလေကဝတွေလဲ.... ဘယ်သူ့မှ မကြောက်လို့မှ ခိုးနေတာဟေ့.... အဲလေ မှားလို့.... ပေါ်တင်နေတာဟေ့၊ မိုက်တဲ့ကောင်ဆင်းခဲ့စမ်းပါ....”
"အို.... ဒုက္ခပါပဲ အစ်ကိုကြီးရယ်.... မဟုတ်မဟပ်တွေ လျှောက်ပြောမနေပါနဲ့ရှင်.... အစ်ကိုကြီးမရှက်ပေမဲ့ ညီမလေးရှက်တယ်.... ဟိုမှာ မမြင်ဘူးလား.... ကြေးစားလူသတ်သမားတွေလိုလို လက်နက်တွေ အပြည့်နဲ့၊ လာပါ ညီမလေးတို့မောင်နှမ ခဏရှောင်နေရအောင်...."
"အိမ်း.... နားရှိလို့သာကြားရတယ်.... အဖိုး ဒီတောင်မှာ ကျုးကျော်အဖြစ်နေလာတာပဲ အိုသေတော့မယ်၊ ဒီလိုမျိုး ခြိမ်းခြောက်တာမျိုးတစ်ခါမှ မကြုံဖူးပါဘူးကွယ်.... ဒါနဲ့ ဘယ်အချိန်ထိငှားမှာလဲကွဲ့....”
"သိချင်စာဖတ်လေဗျာ.... ဟိုမှာကြည့် အဖိုး၊ ဆယ်နှစ်ဆိုတာကြီး ပြူးနေတာပဲ…. တောက်.... ဒီတောင်ကို ဆယ်နှစ်စာ ငွေအပြတ်ချေပြီး ငှားနိုင်တယ် ဆိုမှတော့ ဒီကောင်တွေ တော်တော်ထောပုံပဲ၊ ကျွန်တော်တို့များ စိတ်ကူးတောင် မယဥ်ရဲဘူး.... ဒါ ကျိကျိတက် သူဌေးတွေပဲဗျ.... ဟင် ဒေါ်ကြီး ဘယ်သွားမလို့လဲဗျ”
"ဟဲ့.... သောက်စကားများမနေနဲ့၊ နင့်အမေလင်က အမွှေးတိုင်တတိုင်စာပဲ အချိန်ပေးထားတာ၊ အလကားနေလာတာ ကြာလှပီ.... ပိုင်ရှင်လာရင်ဖယ်ရမှာပဲ.... အသက်ရှင်ချင်ရင် မြန်မြန်အထုပ်သိမ်း.... ငါတော့ ပြေးပြီ....”
တောင်စောင်းမှ အလင်းတန်းတစ်ခု ချက်ချင်း ထွက်ခွာသွားသည်။ သိုလှောင်အိတ်ပင် မရှိသော်ငြား စုံစီနဖာ ပစ္စည်းမျိုးစုံ ထည့်ထားသော အထုပ်ကြီးကို ခေါင်းပေါ်ရွက်လျက် ထွက်သွားခြင်း ဖြစ်သည်။ ထို အဒေါ်ကြီးမှာ အခြေအနေကို ကြည့်ပြီး ဘယ်အချိန် ဆုတ်ရမလဲ သိသူပင် ဖြစ်သည်။
အချို့ကျင့်ကြံသူများမှာမူ ဝေခွဲမရဖြစ်နေကြသော်လည်း အချို့ကမူ ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းနေကြပြီ ဖြစ်သည်။ သို့သော် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေသူ အချို့မှာမူ လက်ပိုက်ကာ နေရာမှာတင် ရပ်နေကြသည်။
"ဟားဟား.... ညှာတာမှုမရှိ သတ်ပစ်မယ် ဟုတ်လား…. ဟာသပဲဟေ့…. ငါ့ဝမ်းကွဲအစ်ကိုက အဆုံးအဖြတ်စင်မြင့်မှာ ဒိုင် လုပ်နေတာ…. သူတို့ ငါ့ကို ထိရဲလား ကြည့်ကြတာပေါ့"
"အေး.... ငါတို့ ခဏ စောင့်ကြည့်ရအောင်"
"ဒီမယ်.... ငါ့အကြံကို နားထောင်.... ပစ္စည်းတွေသိမ်းပြီး တောင်အပြင်ဘက်မှာ ခဏသွားနေကြမယ်…. အခြေအနေ ဘာဖြစ်မလဲ ကြည့်ရအောင်လေ"
"မင်း ဆိုလိုတာက...."
"ဟုတ်တယ်လေ၊ တောင်ပေါ်မှာ အခြေတည်အဆင့် အကြီးအကဲ သုံးယောက် ရှိနေသေးတာပဲ…. ခွေးမောင်း မောင်းပြီး နှင်ထုတ်ခံရရင် သူတို့ကော ဒေါသမထွက်ဘူးလား"
"အေးလေ…. အခြေတည် ကျင့်ကြံသူ သုံးယောက်တောင် ရှိတာ…. လော့ထျန်းအဖွဲ့က ဘယ်လိုသတ္တိမျိုးနဲ့ ဒီလောက် မာန်တက်နေတာလဲ"
ဝှူး.... ဝှူး.... ဝှူး....
အလင်းတန်းများစွာက ဒန်ရှားတောင်မှ ထွက်ခွာသွားကြသော်လည်း မည်သူမျှ အဝေးသို့ မသွားကြပေ။ သူတို့သည် တောင်ခြေရှိ ခရမ်းရောင်မြူဝါးတောတွင် ရပ်နားကာ အခြေအနေကို စောင့်ကြည့်နေကြသည်။
ပိယိုတောင်ကြားမှ ကျင့်ကြံသူ တစ်ရာကျော် ထွက်ပေါ်လာသည်။ ရှေ့ဆုံးတွင်မူ ရှန်ကုန်းဂိုဏ်းနှင့် ကန်းမျိုးနွယ်စုမှ ချီသန်စင်အဆင့် ၉ ကျင့်ကြံသူများ ရှိနေကြသည်။ ထိုသူတို့သည် ရှေ့သို့တိုးကာ စကားပြောရန် ကြိုးစားသော်လည်း စီမာရှန့်၏ အေးစက်လှသော အကြည့်အောက်တွင် တွန့်ဆုတ်ကာ နောက်ဆုတ်သွားကြရသည်။
"ဟိတ်ကောင်.... မင်း ခုချက်ချင်း မျိုးနွယ်စု ခေါင်းဆောင်ကို အကြောင်းကြားလိုက်၊ ဒီမှာသေရေးရှင်ရေးဖြစ်နေပြီလို့"
"သွား.... ဂိုဏ်းချုပ်ကို ချက်ချင်း သတင်းပို့…. ဒန်ရှားတောင်က ငါတို့ ပိုင်ဆိုင်မှုတွေ ရေစုန်မြောတော့မယ်လို့"
အလင်းတန်းအချို့က သတင်းပို့ရန် ပျံထွက်သွားကြသည်။
စီမာရှန့်ကမူ အေးစက်သော မျက်နှာထားဖြင့်သာ ကြည့်နေ၏။ သူသည် အမိန့်ကို ကြိုတင် လက်ခံရရှိထားပြီး ဖြစ်သည်။ ဤနေ့သည် စကားများများပြောနေရန်မလိုဘဲ အင်အားသုံးဖြေရှင်းရမည့်နေ့ဟု လော့ချန်က ပြတ်ပြတ်သားသား အမိန့်ပေးထားသည်။ လော့ထျန်းအဖွဲ့သည် မိမိတို့၏ အစွမ်းကို ယနေ့ ပြရန် လိုအပ်သည်။ ဤနယ်မြေတွင် ရှင်သန်လိုပါက အားနည်းသယောင် ပျော့တိပျော့ဖတ်လုပ်နေ၍မရပေ။ နေရာသစ်သို့ ပြောင်းရွှေ့ခြင်းမှာ မိမိတို့၏ လွှမ်းမိုးမှုကို ပြသရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။
"တောက်.... ဒီကောင်တွေကို နားရင်းတီးချင်နေတာ လက်ကိုယားနေတာပဲ…. အချိန်မပြည့်သေးဘူးလားကွာ.... ”
စီမာရှန့်က လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်ရင်း ခါးထောက်ကာ အောက်ခြေရှိ တစ်ကိုယ်တော်ကျင့်ကြံသူ ရာပေါင်းများစွာကို သားကောင်ကို ချောင်းနေသော ကျားတစ်ကောင်အလား စူးစိုက်ကြည့်နေသည်။
လော့ထျန်းအဖွဲ့တွင် သူတစ်ဦးတည်းသာ ထိုသို့ သွေးဆာနေခြင်း မဟုတ်ပေ။ ထျန်းလန် နတ်ဘုရားမြို့တော်သို့ လိုက်ပါလာသော ကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ သွေးထွက်သံယိုတိုက်ပွဲများကြားမှ ရှင်ကျန် လွတ်မြောက်လာသူများ ဖြစ်ကြသည်။ သူတို့တွင် မြို့ခံကျင့်ကြံသူများကဲ့သို့ သိမ်မွေ့နက်နဲသော ပရိယာယ်မျိုး မရှိနိုင်သော်လည်း သတ်ဖြတ်လိုသော စိတ်ဓာတ်တွင်မူ မည်သူ့ကိုမျှ မရှုံးပေ။ ထို့အပြင် သူတို့သည် ရှင်သန်ရန်အတွက် မိစ္ဆာသားရဲများကို နေ့စဉ်တိုက်ခိုက်ခဲ့ရသော တာဟဲသားများဖြစ်လေရာ သူတို့နှင့် ယှဉ်လျှင် အချောင်ခိုကပ်ပါးကျူးများဖြစ်သော တစ်ကိုယ်တော်ကျင့်ကြံသူများမှာ ကလေးကစားစရာမျှသာ ဖြစ်လိမ့်မည်ဟု သူယူဆထားသည်။
အမွှေးတိုင် တစ်တိုင်စာ အချိန်သည် ကုန်ဆုံးသွားချေပြီ။
လော့ထျန်းအဖွဲ့မှာ မလှုပ်မယှက် ရှိနေသော်လည်း လွှတ်တင်ရန် အသင့်ဖြစ်နေသော လေးကြိုးတစ်ချောင်းအလား တင်းမာပြင်းထန်နေသည်။ တောင်တခွင်လုံးသည် မကြာမီ ကျရောက်တော့မည့် မိုးကြိုးမုန်တိုင်းအလား လေးလံနေတော့သည်။
နောက်ဆုံးတွင် တောင်ထိပ်မှ ဖြူလွလွ တိမ်တိုက်သုံးခု ဆင်းသက်လာသည်။ သူတို့၏ ဆင်းသက်မှုမှာ ကြော့ရှင်းခြင်း မရှိသလို တည်ငြိမ်ခြင်းလည်း မရှိပေ။ ဂုဏ်သိက္ခာရှိရှိလာခြင်းထက် တွန့်ဆုတ်မှုနှင့် စိုးရိမ်မှုများသာ အထင်းသား ပေါ်လွင်နေသည်။
"မင်္ဂလာပါဗျ.... ကျုပ် ပိုင်ကျုံးနဲ့ ဒီဘက်က ဇနီးဖြစ်သူတို့က မိတ်ဆွေလော့ချန်ကို လာပြီး တွေ့ဆုံတာပါ”
"ကျုပ်က ချောင်ဝမ်ချွန်းပါ၊ မိတ်ဆွေ လော့ချန်နဲ့ ခဏလောက် စကားပြောချင်ပါတယ်"
ထိုအသံများမှာ ကောင်းကင်ယံ၌ ဟိန်းထွက်သွားလေရာ တောင်အနီး တဝိုက်မှ သူများပင် ပီပီသသ ကြားနိုင်လောက်သည်။
မြင့်မားလှသော လန်ချီလှေပျံပေါ်မှ အရိပ်တစ်ခု ထွက်ပေါ် လာသည်။ သူသည် အဖြူရောင် အနားသတ်များ ပါရှိသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခါးတွင် စိမ်းဖန့်ဖန့် ကျောက်စိမ်း ခါးပတ်ကို ပတ်ထားသည်။ သူ၏ ကတ္တီပါရောင် ဆံနွယ်များကို ရိုးရှင်းစွာ ထုံးဖွဲ့ထားပြီး ကျောပြင်ပေါ်တွင် သေသေသပ်သပ် ဝဲဖြာကျနေစေသည်။ ထိုသူ၏ မျက်နှာမှာ ကျောက်စိမ်းပန်းပုအလား ဖြူဝင်းနေပြီး မျက်ခုံးများမှာမူ ထက်မြက်သော ဓားသွားများအလား ရှိလှသည်။
သို့သော် အားလုံးကို မှင်သက်သွားစေသည်မှာ ထိုသူ၏ ကျောက်နက်ရှင် အလား တောက်ပနေပြီး တည်ငြိမ်နေသော မျက်လုံးများပင် ဖြစ်သည်။ မည်သည့်မုန်တိုင်းမှ သူ့အား မထိခိုက်နိုင်သကဲ့သို့ပင် လှံတစ်စင်းအလား မတ်မတ်ရပ်နေပြီး လက်ထဲတွင် ငွေရောင် ယပ်တောင်လေးကို ကိုင်ထားသည်။ သူ၏ နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့လေး ရှိနေကာ အောက်ခြေရှိ တောင်တစ်ခွင်ကို ဖြတ်သွားဖြတ်လာ ရှုခင်းတစ်ခုအလား သဘောထားနေပုံရသည်။ ထို့နောက် ထိုသူသည် သူ့ဆီသို့ ရောက်လာသူများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ကျုပ်က လော့ချန်ပါ၊ ခင်ဗျားတို့ သုံးယောက်က ဘာတွေ များ အကြံပေးချင်လို့ပါလဲ"
တိမ်တိုက်များပေါ်မှ ဆင်းသက်လာသော ထိုသုံးဦးမှာ မျက်နှာကို တည်ငြိမ်အောင် ထားသော်လည်း မျက်ဝန်းထဲတွင်မူ ဝေခွဲရခက် နေခြင်းကို မဖုံးနိုင်မဖိနိုင်ဖြစ်နေသည်။
‘အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်တည်းလားဟ’ ဆိုသည့်အဓိပ္ပာယ်ဖြင့် ပိုင်ကျုံးနှင့် ချောင်ဝမ်ချွန်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့နှစ်ဦးသား တိတ်တဆိတ် နားလည်မှု ရလိုက်ကြသည်။
ပိုင်ကျုံးက ယဉ်ကျေးစွာ ပြုံးပြသည်။
"အလို.... မဟုတ်တာဗျာ၊ ကျုပ်တို့ အကြံပေးဖို့အထိ မဝံ့ရဲပါဘူး၊ မိတ်ဆွေလော့နဲ့ ကိစ္စလေးတစ်ခု ဆွေးနွေးချင်လို့ပါ"
လော့ချန်၏စူးရှသော အကြည့်က သူ့ပေါ်သို့ ရောက်သွားသည်။ အစပိုင်းတွင် သာမန်ဟု ထင်ရသော်လည်း ၎င်းမှာ တူကြီးတစ်လက်ဖြင့် ရိုက်ခတ်လိုက်သကဲ့သို့ပင် တိတ်တဆိတ်ပြင်းထန်လှသည်။ ပိုင်ကျုံးသည် အရှိန်ပြင်း ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
သူ အသက်ကို ထိန်းရှူလိုက်ရင်း ဆိုသည်။
"ကျုပ်တို့မှာ ဒီကနေ ချက်ချင်းထွက်သွားဖို့ရာ အခက်အခဲလေး ဖြစ်နေပါတယ်.... မိတ်ဆွေလော့ကပဲ သဘောထားကြီးကြီးနဲ့ တစ်နှစ်လောက် အချိန်ပေးလို့ ရမလား၊ တစ်နှစ်ပြည့်တာနဲ့ ကျုပ်တို့စုံတွဲ အလိုက်တသိ ချက်ချင်း ထွက်သွားပါ့မယ်ဗျာ"
လော့ချန်၏ နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။ ၎င်းမှာ လှောင်ပြုံးလည်း မဟုတ်သလို သဘောကျသည့် အပြုံးလည်း မဟုတ်ဘဲ မထီမဲ့မြင်ပြုခြင်းနှင့် ကြည့်ကောင်းရုံ ပြုံးခြင်းကြားတွင် ရှိနေသည်။ သူ ဘာမှပြန်မပြောဘဲ ဒုတိယမြောက် လူရိပ်ကို ကြည့်လိုက်သည်။
"ကိုင်း.... ဒီက မိတ်ဆွေ ချောင်ဝမ်ချွန်းကော ဘာပြောချင်သေးလဲ"
ချောင်ဝမ်ချွန်းက နှာခေါင်းရှုံ့လိုက်ရင်း ‘အခြေတည် အဆင့် ၂ ပဲရှိတဲ့ အကောင်ကများ....’ ဟူသည့်အကြည့်ဖြင့် လော့ချန်အား မထီမဲ့မြင် ကြည့်လိုက်သည်။ ထို့နောက် သူ သရော်လိုက်သည်။
"ဘာပြောချင်လဲ ဆိုတော့ကား.... ဒီမှာ အေးအေးဆေးဆေး နေလာတာ နှစ်တွေအများကြီး ရှိနေပြီလေ၊ အခုမှ ဘယ်ကပေါ်လာမှန်းမသိတဲ့ လူတသိုက်က ရုတ်တရက် လာနှင်ထုတ်တော့.... ကျုပ် ဘာပြောမယ်လို့ ခင်ဗျား ထင်လဲ"
လော့ချန်က တည်ငြိမ်စွာ ခေါင်းငြိမ့်ပြသည်။
"သဘောပေါက်ပြီ.... ဆိုလိုတာက.... ခင်ဗျားတို့က အသာတကြည် ထွက်မသွားဘူးပေါ့လေ....”
ထိုစကားကြောင့် ပိုင်ကျုံးသည် ရုတ်တရက် ရင်ဘတ်ထဲတွင် တင်းကျပ်လာသလို ခံစားလိုက်ရသည်။
လော့ချန်၏ မျက်နှာထား ခက်ထန်သွားသည်။
"စကားပုံတစ်ခု ရှိတယ်ဗျ.... တဂူထဲ ခြင်္သေ့နှစ်ကောင် မအောင်းတဲ့.... ကျုပ်က အဲ့လိုအဖြစ်မခံနိုင်ဘူးဗျ၊ ဒီစကားကို ခင်ဗျားတို့ကို ထပ်ရှင်းပြနေဖို့ မလိုတော့ဘူး ထင်တယ်"
ချောင်ဝမ်ချွန်းသည် ဒေါသကြောင့် မျက်နှာ ကွက်ခနဲ ပျက်သွားသည်။
"ဒါဆို ခင်ဗျားက ဘာလုပ်ချင်လို့လဲ"
"မိတ်ဆွေချွန်း.... စိတ်လျှော့ပါဗျာ.... ကျုပ်တို့တွေ အေးအေးဆေးဆေး ပြောရအောင်ဗျာ"
ပိုင်ကျုံးက သူ၏ဇနီး လက်ကို ဆုပ်ကိုင်ရင်း ဝင်ပြောလိုက်သည်။
လော့ချန်က ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်။
"ကျုပ်လဲ ပြဿနာ မဖြစ်ချင်ပါဘူး၊ ဒါပေမဲ့ စည်းကမ်းချက်တွေကို ပြောပြီးသားပဲ၊ အမွှေးတိုင်ကလည်း ကုန်ခါနီးနေပြီ၊ ရေနွေးကြမ်း တစ်ခွက်စာ အချိန်ပဲ ကျန်တော့တယ်"
လော့ချန် သူ့လက်ထဲမှ ငွေရောင်ယပ်တောင်ကို ဖြန့်လိုက်သည်။
"ဒါဆို ဒီလိုလုပ်.... တစ်ကွက်တည်းပဲ"
သူသည် လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်ပြီး ထိုသုံးယောက်အား အေးစက်စွာ ကြည့်လိုက်သည်။
"တကယ်လို့ ခင်ဗျားတို့ သုံးယောက်ပေါင်းပြီး ကျုပ်ရဲ့ တိုက်ကွက်တစ်ကွက်ကို ခံနိုင်ရည်ရှိမယ်ဆို၊ ခင်ဗျားတို့ကို ဒီဒန်ရှားတောင်မှာ ဆက်နေခွင့်ပေးမယ်.... ဘယ်လိုလဲ"
ပိုင်ကျုံး မှင်သက်သွားကာ တအံ့တဩ မေးလိုက်သည်။
"ဘယ်.... ဘယ်လို…. တစ်ယောက်ကို တစ်ကွက်ထဲလား"
"ဟားဟား.... အဲဒီလောက် ဒုက္ခခံနေဖို့ မလိုပါဘူး…. ခင်ဗျားတို့ သုံးယောက်လုံး အတူတူ ကျုက်တိုက်ကွက်ကို ခံနိုင်လားကြည့်မယ်လေ.... ဒဏ်ရာမရဘဲ တောင့်ခံနိုင်ရင် ကျုပ် ရှုံးတယ်ထားလိုက်....”
ပိုင်ကျုံး၏ စိတ်ထဲတွင် ဝမ်းသာသွားပြီး သူ့ဇနီး ကန်းရှောင်ယန်ကမူ ‘လေလုံးထွားနေတဲ့ငမိုက်သားပဲ’ ဟုတွေးရင်း အသံထွက်၍ပင် ရယ်မောလိုက်မိသည်။
ချောင်ဝမ်ချွန်းက နှာခေါင်းရှုံ့ကာ "စိန်လိုက်လေ.... မိတ်ဆွေရဲ့ အံ့ဩဘနန်း တိုက်ကွက်ကို ကျုပ်တို့ မြင်ဖူးတာပေါ့၊ စ မှာဖြင့် မြန်မြန်စ” ဟု ဆိုသည်။
လော့ချန်သည် သူတို့အား မထီမဲ့မြင် ကြည့်လိုက်ပြီးနောက် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ တိမ်စီးအတတ်ကို မသုံးသလို မည်သည့် မှော်လက်နက်ကိုမျှ မသုံးဘဲ လေထဲတွင် လမ်းလျှောက်နေသကဲ့သို့ အေးဆေးစွာ ရပ်နေ၏။
….
လန်ချီ လှေပျံ၏ အတွင်းပိုင်း၊ အချက်အချာကျသော နေရာတွင် ကြီးမားကျယ်ဝန်းသော အခန်းကျယ်တစ်ခု ရှိသည်။
၎င်းကို လန်ချီခန်းမဟုလည်း ခေါ်သည်။ ထိုတိတ်ဆိတ်သော အခန်းအတွင်း၌ လူသုံးယောက် မလှုပ်မယှက် ရပ်နေကြပြီး၊ သူတို့ရှေ့ရှိ ကြီးမားလှသော ရေပြင်ကြေးမုံကို စိုက်ကြည့်နေကြသည်။ ထိုကြေးမုံပေါ်တွင် အပြင်ဘက်၌ ဖြစ်ပျက်နေသော အရာအားလုံးမှာ ထင်ဟပ်နေသည်။
လီရီရှန်းက စိုးရိမ်တကြီး ပြောလိုက်သည်။
"လော့ချန်လုပ်နေတာတွေက အရမ်း စွန့်စားရာ ကျမနေဘူးလားရှင်…. အခြေတည် ကျင့်ကြံသူ သုံးယောက်နဲ့ သူတစ်ယောက်တည်းရယ်လေ.... ဒါတောင် သူ့တိုက်ကွက် တစ်ကွက်တည်းနဲ့ အပြတ်ရှင်းမယ် ပြောနေတာလား.... တကယ်လို့ ရှုံးသွားရင် လော့ထျန်းအဖွဲ့ နာမည်က ရစရာတောင်ရှိမှာ မဟုတ်ဘူး.... ဒုက္ခပါပဲရှင်....”
နန်းကုန်းကျင်းသည် မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် တွေးနေသည်။ လော့ချန်၏ ထိုမျှအထိ ယုံကြည်မှုသည် အဘယ်က လာသနည်းဟု သူ စဉ်းစားမရပေ။ လော့ချန် အလွန်တော်ကြောင်း သူ လက်ခံသည်။ အခြေတည်အဆင့်သို့ ရောက်လာစဉ် ပို၍ပင် အစွမ်းထက်ကာ နက်နဲလာခဲ့သည်။ အတိတ်တွင်လည်း ဝမ်ဟိုင်ချောင်နှင့် ထူရှန်းတို့ကို သတ်ဖြတ် ချေမှုန်းခဲ့ဖူးသည်။ သို့ရာတွင် ဤကဲ့သို့ အခြေတည်အဆင့် သုံးဦးအား တိုက်ကွက် တစ်ကွက်တည်းနှင့် လောင်းကြေးထပ်နေသည်မှာမူ မိုက်မဲ လွန်းရာကျပေသည်။
"ကျုပ်တို့ သုံးဦးသာ....”
နန်းကုန်းကျင်က စကားစလိုက်ပြီးမှ မျက်လုံးမှိတ်ကာ တိတ်ဆိတ်နေသော ဝမ်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြင်ပြောလိုက်သည်။
"အဲလေ.... မှားလို့…. ကျုပ်တို့ လေးဦးသား တူတူမျက်နှာပြလိုက်ရင်တောင် အရှိန်အဝါနဲ့တင် ဒီကောင်တွေကို ဖိနှိပ်ပြီး ဒန်ရှားတောင်ကို အသာလေး သိမ်းပိုက်လို့ရတာပဲဥစ္စာ.... ဟုတ်ဘူးလား"
လီရီရှန်းက ခေါင်းငြိမ့်လိုက်သည်။ နန်းကုန်းကျင်း စကားသည် အဓိပ္ပာယ်ရှိပေသည်။ လော့ချန် အဘယ်ကြောင့် အဆန်းထွင်နေသည်ကို သူမ နားမလည်နိုင်ပေ။ အစွမ်းပြချင်နေသည်လား သို့မဟုတ် အမှန်တကယ် မာန်တက်သွားခြင်းပေလား သူမစဉ်းစားရခက်နေသည်။
ထိုအခိုက် ဝမ်ယွမ်က မျက်လုံးဖွင့်လိုက်ပြီး သူတို့နှစ်ဦးကို တစ်ချက် ကြည့်လိုက်သည်။
"လော့ချန် ဘာလုပ်လုပ် အကြောင်းရှိလို့လုပ်တာ၊ ဝေဖန်မစောပါနဲ့”
သူတို့နှစ်ဦးမှာ ခေတ္တမျှ မှင်သက်သွားကြသည်။ ဝမ်ယွမ်သည် လော့ချန်အပေါ် အဘယ်ကြောင့် ဤမျှအထိ ယုံကြည်နေရသနည်းဟု သူတို့ သိချင်မိသော်လည်း ဆက်မမေးတော့ပေ။ နောက်ဆုံးတွင်မူ လော့ချန်သည် မျှော်လင့်ထားသည်ထက် ပို၍ သေသပ်စွာ လုပ်ဆောင်တတ်သူ ဖြစ်သဖြင့် သူတို့ နှစ်ဦး အစိုးရိမ်လွန်နေသည်ဟုသာ ကိုယ့်ဖာသာ ဖြည့်တွေးလိုက်တော့သည်။
ထိုအခန်းအတွင်း၌ သူတို့ သုံးဦးသည် နန်းကုန်းကျင်း၏ ကြေးမုံရေပြင်မှတစ်ဆင့် အပြင်လောကကို ဆက်လက် စောင့်ကြည့်နေကြသည်။ နောက်တစ်ခဏတွင်မူ နန်းကုန်းကျင်း၏ မျက်နှာထား ပြောင်းသွားသည်။
"ဟေ.... အဲဒီ တိုက်ကွက်လား"
လော့ချန်သည် မိုးပေါ်တွင် ရပ်နေရင်း သူ့အောက်ရှိ တောင်ပေါ် မှ ကျင့်ကြံသူ သုံးဦးအား အေးစက်စက် ကြည့်လိုက်သည်။ ထို့နောက် သူသည် လက်ကောက်ဝတ်ကို တစ်ချက် လှုပ်လိုက်ပြီး ငွေရောင် ယပ်တောင်ကို ပိတ်လိုက်၏။
သူ၏ သွယ်လျသော လက်ချောင်း ဆယ်ချောင်းသည် ရောင်စုံ ပန်းခင်း ကြားမှ လိပ်ပြာများအလား လေထဲတွင် စတင် ယိမ်းနွဲ့ လှုပ်ရှားလာတော့သည်။ အလွန်တရာ များပြားလှသော ချီစွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာကာ အရပ်မျက်နှာအနှံ့သို့ တဟုန်ထိုး ပျံ့နှံ့သွားလေသည်။ မဟာပထဝီမြေထုမှသည် ထက်ကောင်းကင်ယံထိတိုင် ထိုစွမ်းအားများက တရဟော စီးဆင်းနေကာ ပိတ်ပင်၍မရနိုင်သော အရှိန်အဝါမျိုး ရှိနေသည်။
လော့ချန်သည် သူတို့အား အရေးမစိုက်ဘဲ သူဖန်တီးနေသော အစီအရင် တံဆိပ်များကိုသာ အာရုံစိုက်ထားသည်။
အပြင်လူများအတွက်မူ သူ၏ လက်ကွက်လှုပ်ရှားမှုများမှာ ရှုပ်ထွေး နက်နဲသယောင် ထင်ရသည်။ သို့ရာတွင် ကျင့်ကြံခြင်းနယ်ပယ်ကို ချက်ကျလက်ကျ နားလည်သူများအဖို့မူ သူ၏ မန္တန်ရွတ်ဆိုမှုသည် လွင့်မျောနေသော တိမ်တိုက်များနှင့် ရေတံခွန်စိမ့်စမ်းရေအလား ကြည်လင်အေးမြကာ ပျော့ပြောင်းညင်သာနေပေသည်။
များမကြာမီတွင် ချီစွမ်းအားလှိုင်းလုံးကြီးများသည် သူ၏ လက်အတွင်းသို့ စုစည်းဝင်ရောက်လာသည်။ ချက်ချင်းဆိုသလိုပင် တဟုန်းဟုန်းလောင်ကျွမ်းလျက်ရှိသော နေမီးလျှံ မီးတောက်လုံး တစ်လုံးသည် သူ၏ လက်ဖဝါးအတွင်းမှ ပေါ် ထွက် လာတော့သည်။ ထို အရှိန်တောက်လောင်နေသော နေမီးလျှံအား လက်နှစ်ဖက်ဖြင့် မြှောက်လိုက်သောအခါ ၎င်းသည် စူးရှတောက်လောက်နေသော အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး အထက် ကောင်းကင်ယံရှိ နေမင်းနှင့်အပြိုင် တောက်ပနေတော့သည်။
ချီစွမ်းအားများမှာ အလိုအလျောက်ပင် နေမီးလျှံ အတွင်းသို့ စီးဝင်နေကြသည်။ ထို့နောက် တဖြည်းဖြည်း ပို၍ ကြီးမားလာကာ ၎င်း၏ စွမ်းအားလှိုင်းများသည် အရာအားလုံးကို လွှမ်းမိုးသွားတော့သည်။
အခြေတည်အဆင့်သို့ မရောက်ခင်ကပင် လော့ချန်၏ နေမီးလျှံ မှော်အတတ်မှာ တွမ်ချန်ခွန်းကဲ့သို့သော ဝါရင့် ကျင့်ကြံသူများကိုပင် ထိတ်လန့်နိုင်စေခဲ့သည်။ ယခု အခြေတည်အဆင့် ၂ တွင်မူ သူ၏ ချီစွမ်းအားမှာ အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။ သူနှင့် နေမီးလျှံအတတ်မှာလည်း တသားတည်းဖြစ်လာကာ တဖက်ကမ်းခပ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့အပြင် ယခုတစ်ကြိမ်တွင် သူသည် ရန်သူ၏တိုက်ကွက်ကို စိုးရိမ်စရာမလိုဘဲ စွမ်းအားများကို အေးဆေးစွာ စုစည်းခွင့် ရရှိထားလေသည်။
ထိုအချက်အားလုံး ပေါင်းလိုက်သောအခါ ပေါ်ထွက်လာသော အစွမ်းသည် စကားဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာတော့ပေ။
လော့ချန်သည် သူ့အောက်မှ လူသုံးဦးကို တချက်ကြည့်လိုက်သည်။ ဤအချိန်တွင် မာန်ချတောင်းပန်ပါက သူ အသာတကြည် လွှတ်ပေးရန် စဉ်းစားထားသည်။ သို့ရာတွင် ထိုသူတို့အနက် မျက်နှာပျက်နေသော ပိုင်ကျုံးမှ လွဲ၍ ချောင်ဝမ်ချွန်းနှင့် ကန်းရှောင်ယန်တို့သည် တုန်လှုပ်နေစေကာမူ လော့ချန်အား နိုင်လိမ့်မည်ဟု ထင်နေဟန် ရှိလေသည်။
“ကိုင်း.... လာ လေ ရော့.... ”
လော့ချန်သည် လက်နှစ်ဖက်ကို အောက်သို့ ရိုက်ချလိုက်သည်။ နေမီးလျှံကြီးသည် အောက်သို့ တဟုန်ထိုး ဆင်းသွားသည်။
ပိုင်ကျုံးသည် ခုခံကာကွယ်ရေး မှော်လက်နက်တစ်ခုကို ထုတ်ကာ အစွမ်းကုန် အသုံးချလိုက်သည်။ ထို့အတူပင် ကန်းရှောင်ယန်သည်လည်း အကာအကွယ် အစီအရင် ပေါင်းများစွာကို သူမ၏ သက်စောင့် မှော်လက်နက် အပေါ်တွင် ထပ်ဆင့်လိုက်သည်။ ချောင်ဝမ်ချွန်းမှာမူ တုန်ရင်နေသော လက်များဖြင့် အစိမ်းရောင် သစ်သားဒိုင်းကို ချက်ချင်းကာလိုက်ပြီး ထိုဒိုင်းကာနောက်တွင် ဝင်ပုန်းလိုက်တော့သည်။
ထိုအရာများမှာ တဒင်္ဂမျှ မျက်စိတစ်မှိတ်အချိန်လေးအတွင်း၌ တရစပ် ဖြစ်ပွားခဲ့လေသည်။
ဖုန်း….
မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်လှသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး မီးလျှံလှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားသည်။ ပြင်းထန်လှသော အပူရှိန်ကြောင့် လေထုမှာ အနီပုပ်ရောင်သန်းသွားပြီး ဟင်းလင်းပြင်ကြီးပင်လျှင် တုန်ခါသွားရသည်။
အောက်ရှိကျင့်ကြံသူ သုံးဦးမှာ ရုပ်သေးရုပ်များအလား အနောက်သို့ ချက်ချင်းလွင့်စင်သွားကြပြီး ခန္ဓာကိုယ်များမှာ ပေါက်ကွဲမှုလှိုင်းများအောက်တွင် နစ်မြုပ်သွားတော့သည်။ သူတို့ ပါးစပ်ထဲမှ သွေးများ တရဟော အန်ကျလာကာ မီးတောက် မီးလျှံများကြောင့် သူတို့၏ အသားနှင့် အရိုးများကို တဖျစ်ဖျစ် မြည် ကာ လောင်ကျွမ်းနေတော့သည်။ ဤသည်မှာ လော့ချန်၏ ကြောက်မက် ဖွယ်ရာ တစ်ကွက်တည်းသော တိုက်ကွက်အား အထင်သေးခဲ့သောရလဒ်ပင်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ သုံးဦးလုံး အပြတ်အသတ် ရှုံးနိမ့်သွားရရှာသည်။
လော့ချန်သည် လက်နှစ်ဖက်ကို အနောက်တွင် ပစ်ထားကာ လေထဲတွင် ရပ်နေရင်း ဒန်ရှားတောင်ပေါ်သို့ အပြေးလာကြည့်ကြသော ကျင့်ကြံသူတိုင်းကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်နှင့် ဆုံသူတိုင်းမှာ မော်၍ပင် မကြည့်ရဲဘဲ ခေါင်းငုံ့သွားကြသည်။
ပွဲကြည့်သူအားလုံး တိတ်ဆိတ်နေကြသော်လည်း သူတို့အသီးသီး၏ ခေါင်းထဲတွင်မူ တူညီသော အသိများ ရလိုက်ကြသည်။
သူတို့ ထျန်းလန်မြို့တော်သို့ ထူးဆန်းကြောက်မက်ဖွယ်ကောင်းသော လူစိမ်း တစ်ယောက် ရောက်ရှိလာပြီဖြစ်သည်။
ထိုသူသည် အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦးစလုံးအား တိုက်ကွက် တစ်ကွက်တည်းဖြင့် အပြတ်အသတ် ချေမှုန်းနိုင်ခဲ့လေသည်။ ၎င်းအပြင် ထိုလူ ဦးဆောင်သော လော့ထျန်းဟူသည့်အဖွဲ့သည် ယနေ့မှစ၍ ဒန်ရှားတောင်တွင် အခြေချတော့မည်လည်း ဖြစ်လေသည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၄၀) - မင်လုံယွီ၏ အတိတ်ဟောင်းနှင့် ဒုတိယအကြိမ် ခိုနားခွင့်
တောင်တန်းတစ်ခုလုံးရှိ ကျင့်ကြံသူများ၏ မျက်စိရှေ့မှောက်တွင်ပင်….။
ဖုန်း….
ချောင်ဝမ်ချွန်း၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော ရုပ်သေးရုပ်တစ်ရုပ်အလား ကမ်းပါးယံကျောက်ဆောင်များဆီသို့ အရှိန်ပြင်းစွာ လွင့်စင်သွားပြီး ကျောက်သားနံရံများမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ တဒုန်းဒုန်းမြည်ဟီးကာ အစိတ်စိတ်အမြွှာမြွှာ ကြေမွကွာကျကုန်သည်။ ထိုပြင်းထန်လှသော ပေါက်ကွဲသံမှာ တောင်ကြားတစ်ခုလုံးတွင် ဟိန်းထွက်သွားလေသည်။
ချောင်ဝမ်ချွန်း၏ မျက်နှာမှာ မခံမရပ်နိုင်သော ဝေဒနာနှင့် ထိတ်လန့်မှုတို့ကြောင့် ပုံပျက်ရှုံ့တွနေသော်လည်း သွေးရောင်လွှမ်းနေသော မျက်ဝန်းအိမ်များအတွင်း၌မူ ထိန်းမနိုင်သိမ်းမရသော ဒေါသမီးလျှံများက တဟုန်းဟုန်း တောက်လောင်နေဆဲ ဖြစ်သည်။
"တောက်…."
သူသည် လော့ချန်ကို သေမတတ်မုန်းတီးစွာ စိုက်ကြည့်ရင်း အာခေါင်ခြစ် ဟိန်းဟောက်လိုက်သည်။
"မင်း…. မင်းကို ငါ အသေသတ်မယ်"
ချောင်ဝမ်ချွန်းသည် နာကျင်မှုကြောင့် အသံများတုန်ရီနေသော်လည်း သူ၏ ဓားပျံကို စိတ်အာရုံဖြင့် ဆင့်ခေါ်လိုက်သည်။ ထိုဓားမြှောင်သည် ငွေရောင်လျှပ်စီးတစ်ခုအလား လေထုကို ခွင်းကာ ကလဲ့စားချေမည့် ကြယ်တံခွန်တစ်ခုကဲ့သို့ လော့ချန်၏ ရင်ဘတ်တည့်တည့်ဆီသို့ တိုးဝင်လာတော့သည်။
လော့ချန်မှာမူ မျက်တောင်တစ်ချက်ပင် မခတ်ပေ။ သူသည် လက်နှစ်ဖက်ကို အနောက်တွင် တည်ငြိမ်စွာ ပစ်ထားပြီး အေးစက်စက် မထီမဲ့မြင်ပြုကာ ကျောက်ရုပ်တစ်ရုပ်အလား မလှုပ်မယှက် ရပ်နေ၏။ သို့သော် ဓားသွားက သူ့ထံသို့ မရောက်မီမှာပင် သူ၏ဘေးတွင် ကြီးမားလှသော ဝိညာဉ်လက်ဝါးကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းမှာ တစ္ဆေတစ်ကောင်အလား ဝေဝါးနေသော်လည်း သံမဏိကဲ့သို့ ခိုင်မာလှသော အရှိန်အဝါရှိသည်။ ၎င်းသည် လျှပ်တပြက်အတွင်းမှာပင် ပြေးဝင်လာသော ဓားကို လေထဲတွင် ဖမ်းချုပ်လိုက်တော့သည်။ ဓားသည် မမြင်ရသော သံကြိုးများဖြင့် အတင်းအကျပ် ချည်နှောင်ခံထားရသကဲ့သို့ ပြင်းထန်စွာ တုန်ခါနေသော်လည်း လွတ်မြောက်အောင် မရုန်းကန်နိုင်တော့ပေ။
လော့ချန်၏ ဘေးမှ အရိပ်တစ်ခု အမှောင်ထုကြားမှ ရှေ့သို့ ထွက်လာသည်။ ထိုအရိပ်ပိုင်ရှင်သည် ချည်ကြမ်းထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်ရုပ်တစ်ရုပ်သဖွယ် တိတ်ဆိတ်နေသော်လည်း ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဝိညာဉ်ဖိအားများက သူ၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို သံသယဖြစ်ဖွယ်မရှိ သက်သေပြနေသည်။
ထိုသူသည် လော့ချန်အား ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် သွေးနီရောင် လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုအရိပ်ပိုင်ရှင် ဝမ်ယွမ်၏ ညှာတာမှုကင်းမဲ့သော လေသံအေးစက်စက် ထွက်ပေါ် လာသည်။
"ရှုံးတာကို လက်မခံနိုင်သေးတဲ့ ခွေးမိုက်ပါလား…. ငါတို့အဖွဲ့ခေါင်းဆောင်နဲ့ အလောင်းအစားကို ဖျက်ရဲတယ်ပေါ့…. မင်းကတော့ ကိုယ့်သေတွင်းကိုယ် တူးလိုက်တာပဲကွ"
ချောင်ဝမ်ချွန်း ဘာမျှမတုံ့ပြန်နိုင်ခင်မှာပင် သွေးနီရောင် လေဆင်နှာမောင်းကြီးက ဓားသွားမုန်တိုင်းတစ်ခုအလား သူ့ထံသို့ အရှိန်ပြင်းစွာ ရိုက်ခတ်လာတော့သည်။ ဝိညာဉ်လက်ဝါးကြီးသည် သူ၏ ကာကွယ်ရေးအစီအရင်များကို စက္ကူတစ်ရွက်ကဲ့သို့ လွယ်လင့်တကူ ဆုတ်ဖြဲလိုက်ပြီး သူ၏ လည်ပင်းကို သံညှပ်ကြီးတစ်ခုအလား တင်းကြပ်စွာ ညှစ်လိုက်တော့သည်။
ဂျွတ်….
ဝမ်ယွမ်သည် စကားအပိုမဆိုတော့ဘဲ ချောင်ဝမ်ချွန်း၏ လည်ပင်းကို အသာလေး ချိုးပစ်လိုက်သည်။ ဂုတ်ကျိုးကာ မချိမဆန့် အသက်မဲ့သွားသော အလောင်းကို ဆန်အိတ်တစ်အိတ်အလား မ သယ်လာကာ တည်ငြိမ်စွာ နောက်လှည့်လာခဲ့သည်။
"အဖွဲ့ခေါင်းဆောင်... ဒီကောင်ကို သုတ်သင်ပြီးပါပြီ"
ဒန်ရှားတောင်တွင် အသက်ရှူသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။ အားလုံး၏ မျက်လုံးများမှာ မှင်သက်စွာဖြင့် ထိုမြင်ကွင်းဆီသို့သာ စုပြုံရောက်ရှိနေကြသည်။
အခြေတည်ကျင့်ကြံသူ တစ်ဦး သေဆုံးသွားခဲ့လေပြီ။ ထိုသူသည် ဒဏ်ရာရခဲ့ခြင်း သို့မဟုတ် စစ်ပွဲတပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းမျိုးမဟုတ်ဘဲ ခြင်၊ ယင်တစ်ကောင်အလား အလွယ်တကူ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ သူ၏ လည်ပင်းမှာ အချိုးခံလိုက်ရပြီး အလောင်းမှာ အခြားသူတစ်ဦး၏ လက်ထဲတွင် အသက်မဲ့စွာ တွဲလောင်းကျနေသည်။
မည်သူမျှ အသံကျယ်ကျယ် မထွက်ရဲကြပေ။ တောင်စောင်းများ၊ သစ်ပင်မြင့်များနှင့် တောင်အနီးတဝိုက် အရိပ်ကွက်လပ်များမှ ချောင်းမြောင်းခိုးကြည့်နေကြသော တစ်ကိုယ်တော်ကျင့်ကြံသူတိုင်းမှာ ထိတ်လန့်အံ့ဩလွန်းကာ ခြေဖျားလက်ဖျားများပင် အေးသွားကြရသည်။
ထိုအနက်ရောင် ချည်ကြမ်းထည်နှင့် ကျင့်ကြံသူမှာ အမှန်တကယ် သွေးအေးလှသော လူသတ်သမားတစ်ဦးပင်ဖြစ်သည်။ သူသည် ဓားပျံကို လက်ဗလာဖြင့် ဖမ်းချုပ်ခဲ့ပြီး သက်ရှိမုန်တိုင်းတစ်ခုအလား တိုက်ခိုက် သတ်ဖြတ်ခဲ့သည်။ သို့ရာတွင် ထိုသူမှ ကျိုးနွံခယစွာ ဆက်ဆံနေသူမှာ လော့ထျန်းအဖွဲ့၏ အရှင်သခင်၊ လော့ချန် ပင်ဖြစ်သည်။
သို့ဖြစ်လေရာ လူတိုင်း၏စိတ်တွင် လော့ချန်သည် ပို၍ ကြောက်မက်ဖွယ်ကောင်း သောသူဟု တထစ်ချ ကောက်ချက်ချလ်ုက်တော့သည်။ ထိုလော့ချန်ဆိုသူသည် တိုက်ကွက် တစ်ကွက်တည်းဖြင့် အဆင့်တူ ကျင့်ကြံသူ သုံးဦးကို ဖုန်မှုန့်အလား ချေမှုန်းနိုင်ခဲ့သည်။ ဤအစွမ်းသည် မည်သည့် အဆုံးအဖြတ်စင်မြင့်၏ ပါရမီရှင်စာရင်းမှ ထိပ်ဆုံးထူးချွန်သူများနှင့်မဆို ယှဉ်နိုင်သည့် အနေအထား ဖြစ်နေပေသည်။
ယခုမှသာ လူအုပ်ကြီးသည် လော့ချန်ဆိုသူသည် အဘယ်ကြောင့် ဤမျှ မာန်တက်နေရသနည်းဆိုသည်ကို သဘောပေါက်သွားဟန်ရှိသည်။
ရုတ်တရက် သွေးအန်နေသော ချောင်းဆိုးသံတစ်သံ လေထဲတွင် ပျံ့လွင့်လာသည်။ လူအားလုံးသည် ပိုင်ကျုံးထံသို့ အကြည့်ရောက်သွားသည်။ ပိုင်ကျုံးသည် သူ၏ဇနီး ကန်းရှောင်ယန်ကို ပွေ့ချီကာ လော့ချန်ဆီသို့ ဖြည်းဖြည်းချင်း ယိုင်တိုင်တိုင် လျှောက်လာနေသည်။
“ဟ… သူတို့လင်မယားက တမျိုး… မပြေးဘဲ ဘာလုပ်နေတာလဲ…. သေပြီတောင်ထင်နေတာ အမြန်ပြေးတာ မဟုတ်ဘူး…. ကျစ်….”
ချောင်းကြည့်နေသော လူအုပ်ကြီးသည် လော့ချန်တပည့်ဖြစ်သည့် ချည်ကြမ်းထည်ဝတ်ရုံပိုင်ရှင်ကြီး၏ လက်စာမိသွားမည်လောဟု ပိုင်ကျုံးတို့ လင်းမယားအစား တွေးပူကာ မချင့်မရဲဖြစ်နေကြသည်။
ပိုင်ကျုံးက ခါးသီးစွာ ပြုံးလိုက်သည်။
"မိတ်ဆွေလော့.... အသက်ကို ညှာတာပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ဗျာ"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ လူအုပ်ကြီးမှာ မှင်သက်အံ့အားသင့်နေကြသည်။ ဤမျှ ပြင်းထန်လှသော တိုက်ခိုက်မှုများကို ခံစားခဲ့ရပြီးမှ 'ညှာတာပေးသည်' ဟူသော စကားမှာ မဖြစ်နိုင်သယောင် ထင်ရသော်လည်း ပိုင်ကျုံး၏ မျက်နှာမှာမူ အတည်ပေါက် ဖြစ်နေသည်။
စောစောက လော့ချန် အသုံးပြုခဲ့သော အတတ်မှာ အလွန်တရာ အစွမ်းထက်သော်လည်း အမှန်တကယ်တွင်မူ သူသည် သိသိသာသာ လက်တွန့်ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ကွက်သည် ပြိုင်ဘက်အား ဒဏ်ရာအနာတရ ဖြစ်စေခဲ့သည်မှာ မှန်သော်လည်း အသက်အန္တရာယ်ကိုမူ မစိုးရိမ်စေခဲ့ပေ။ ပြိုင်ဘက်များ ဒဏ်ရာရရှိသွားချိန်တွင်ပင် လော့ချန်က အဆုံးသတ်တိုက်ကွက်ကို ထပ်မံအသုံးပြုခြင်း မရှိဘဲ ရပ်တန့်ပေးခဲ့သည်။ အကယ်၍ လော့ချန်သာ လူမဆန်စွာ ဆက်လက်တိုက်ခိုက်ခဲ့မည်ဆိုပါက ယခုအချိန်တွင် သူတို့ လင်မယားသည် လောကကြီးကို အပြီးတိုင် နှုတ်ဆက်သွားရပြီ ဖြစ်ပေလိမ့်မည်။
"ကျုပ်က တိုက်ကွက်တစ်ကွက်တည်းလို့ ပြောခဲ့တယ်မလား…. အဲဒါသုံးပြီးတာတောင် ထပ်တိုက်လို့ ဘယ်ဖြစ်ပါ့မလဲ.…” ဟု လော့ချန်က အေးစက်စွာ ပြန်ဖြေသည်။
ပိုင်ကျုံး ခေတ္တရပ်ကာ လော့ချန်ကို စိုက်ကြည့်လိုက်သည်။ သူ လော့ချန်အား မထီမဲ့မြင်မပြုဝံ့တော့ပေ။ ထိုအစား တလေးတစားဖြင့် ဦးညွှတ်လိုက်ပြီး
"ကျုပ်တို့ ရှုံးသွားပြီဆိုတော့... ကျုပ်နဲ့ ကျုပ်ဇနီးက အရှင်သခင်ရောက်လာတဲ့ မြေပေါ်မှာ ဆက်နေစရာ အကြောင်းမရှိတော့ပါဘူးဗျာ.… ကျုပ်တို့ သွားပါတော့မယ်၊ ခွင့်ပြုပါဦး"
"ကောင်းပါပြီဗျာ…. နောင်များ ကံမကုန်သေးရင် ပြန်ဆုံကြတာပေါ့ .…”
ပိုင်ကျုံးက ဒဏ်ရာများကြားမှ ပြုံးပြရင်း သတိကောင်းကောင်းမလည်သေးသည့် ကန်းရှောင်ယန်ကို ပွေ့ချီကာ ပျံထွက်သွားသည်။ သူ့အား တီးတိုးဝေဖန်နေသော တစ်ကိုယ်တော်ကျင့်ကြံသူများအား မမြင်ဟန်ပြုကာ လတ်တလော ဒဏ်ရာ အနာကျက်ရေးအတွက် ခိုနားရာ ရှာရန်သာ အာရုံစိုက်လိုက်သည်။
လော့ချန်သည် သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် အကြည့်ကို လွှဲလိုက်သည်။
"ကိုင်း…အားလုံးပဲ၊ အမွှေးတိုင် တစ်တိုင်စာ အချိန် ကုန်ပြီ"
သူ၏ အသံ လေထဲတွင် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် လန်ချီလှေပျံပေါ်မှ ရောင်စုံအလင်းတန်းပေါင်းများစွာသည် ကြယ်တံခွန်များအလား ဒန်ရှားတောင်ပေါ်သို့ ထိုးဆင်းလာကြတော့သည်။ ခဏအကြာတွင် ထွက်မသွားဘဲ ပေကပ်ကပ်လုပ်နေသည့် သူများ၊ ချောင်များတွင် ပုန်းနေသူများနှင့် ပြန်ခုခံရန် ကြိုးစားသူတို့၏ အော်ဟစ်ငိုယိုသံများ လေထုထဲတွင် ဆူညံသွားတော့သည်။
အတန်ကြာ တိတ်ဆိတ်သွားမှသာ လန်ချီလှေကြီးသည် ဒန်ရှားတောင်စောင်းဆီသို့ တဖြည်းဖြည်း နိမ့်ဆင်းလာတော့သည်။ လှေကြီး ဖြတ်သန်းသွားသော နေရာတိုင်းတွင် ကျင့်ကြံသူများသည် အလျင်အမြန် ဖယ်ပေးကြရပြီး မည်သူမျှ လမ်းပိတ်မရပ်ရဲကြပေ။
ပိယိုတောင်ကြားတွင်မူ ထိတ်လန့်နေသော ကျင့်ကြံသူ တစ်အုပ်စုမှာ အရိပ်ထဲမှ ထွက်ပေါ်လာကြပြီး မျက်နှာများ ဖြူဖျော့လျက် တောင်ထိပ်ဆီသို့ စိုက်ကြည့်နေကြသည်။ ချီသန့်စင် ကျင့်ကြံသူ နှစ်ဦးသည် တောင်ကြားအစွန်းတွင် ရပ်ကာ တောင်ပေါ်ရှိ လော့ချန်ကို မော့ကြည့်နေကြ၏။
"ဒီကောင်က သိပ်စွမ်းတာပါလား…. သူ့လက်အောက်ငယ်သားတွေကလည်း မခေကြဘူး…. ငါတို့မျိုးနွယ်စုက အခြေတည်ကျင့်ကြံသူကို လွှတ်မယ်ဆိုရင်တော့ မနိုင်လောက်ဘူးကွ….”
"အမှန်ပဲကွ… သွားကြမယ်…. သတင်းပို့စရာရှိတာ ပို့ရမယ်.… ငါတို့ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး....”
"အေး.... သွားစို့…. ငါ…. ငါ့မျိုးနွယ်စုကို ချက်ချင်း အကြောင်းကြားမှဖြစ်မယ်.…”
ထိုသို့ဖြင့် ကြာကြာပင်မနေရဲတော့သည့် ထိုသူနှစ်ဦးမှာ သူတို့အား စေလွှတ်လိုက်သော အင်အားစုများထံ သတင်းပေးပို့ရန်အတွက် အဝေးသို့ ပျံထွက်သွားကြတော့သည်။
….
ဝုန်းးး
တောင်ကြားတစ်ခုလုံးတွင် လေးလံသော မြည်ဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။ လှေပျံကြီးသည် တောင်ခါးပန်းရှိ ကျယ်ဝန်းသော မြေကွက်လပ်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။
မင်လုံယွီသည် လှေပေါ်မှ တစ်လှမ်းချင်း ဆင်းလာခဲ့သည်။ သူ အိမ်ပြန်ရောက်ခဲ့ပြီဖြစ်သည်။ သူ၏ အတိတ်မှ ပျော်ရွင်မှု၊ ဝမ်းနည်းမှုများကို အသေးစိတ် ပြန်မြင်ယောင်လာသည်။ သူ ဆုံးရှုံးခဲ့သောအရာများကို ဤတောင်ကြီး၏ မြက်ခင်းရင်ဘတ်ပေါ်တွင် လှဲအိပ်ရင်း ရင်ဖွင့်လိုက်ချင်သည်။
ဒန်ရှားတောင်သည် မဆင်မခြင်နေကြသော ကျူးများကြောင့် သူ မှတ်မိသည်ထက် များစွာ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူ၏ မျက်ဝန်းများမှာ စိုစွတ် နီမြန်းလာသည်။ သို့ရာတွင် အရှက်တကွဲ နှင်ထုတ်ခံခဲ့ရသော မင်မျိုးနွယ်စု၏ သွေးမျိုးဆက်သည် ဤကဲ့သို့ အနိုင်ပိုင်းကာ ပြန်လည် ရောက်ရှိလာပြီဖြစ်သည်။
သူ့ရှေ့တွင် လော့ချန် ပေါ်လာသည်။ မင်လုံယွီသည် တရိုတသေ ဦးညွှတ်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်...."
"ဟာ…. အရိုအသေပေးနေဖို့ မလိုပါဘူးကွာ....”
လော့ချန်က လက်ကို ဝေ့ယမ်းရင်း အေးဆေးစွာ ပြောလိုက်သည်။ သူ၏ အခြားတစ်ဖက်တွင်မူ ချင်လျန်ချန်း ပေးခဲ့သော ကျောက်စိမ်းဖြူ ယပ်တောင်လေးကို ကိုင်ထားသည်။
"ကဲ…အိမ်ပြန်ရောက်တာ ဘယ်လို ခံစားရလဲ"
မင်လုံယွီ ပါးစပ်ပြင်လိုက်သော်လည်း စိတ်လှုပ်ရှားလွန်း၍ စကားပင် ထွက်မလာပေ။ ခဏကြာမှ သူ အာခေါင်ခြစ်ကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
"ဒီ…. ဒီလို ပုံစံနဲ့ ပြန်လာရလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူးပါဘူး၊ အဖွဲ့ခေါင်းဆောင်ရဲ့ ကျေးဇူးကို ကျွန်တော် ဒီတစ်သက် လုံးဝမမေ့ပါဘူး၊ အသက်နဲ့ရင်းပြီး ပြန်ဆပ်ပါ့မယ်ဗျာ"
"နမိတ်မရှိ နမာမရှိတွေ မပြောစမ်းပါနဲ့ကွာ"
လော့ချန်သည် မြူခိုးများ ဖုံးလွှမ်းနေသော တောင်ထိပ်ဆီသို့ မော်ကြည့်ရင်း ပြောလိုက်သည်။
"မင်းမိသားစုနဲ့အတူ ဒီကို ပြန်လာတာ မဟုတ်ပေမဲ့ ငါတို့ လော့ထျန်းအဖွဲ့ကို မင်းရဲ့ ဒုတိယမိသားစုလို့ သတ်မှတ်လို့ရပါတယ်ကွာ…. ဒီဒန်ရှားတောင်ကို အစွမ်းကုန် စောင့်ရှောက်ပေးပါ…. ဩော်…. ဒါနဲ့…. မင်းကို ပြောစရာလေးတစ်ခု ရှိတယ်"
မင်လုံယွီက ခေါင်းငုံ့ကာ ဆိုသည်။
"အမိန့်ပေးပါ ခေါင်းဆောင်"
"အင်း…. မင်းက အိမ်ရှင်ဆိုတော့ ဒီ ဒန်ရှားတောင်ကို နှံ့နှံ့စပ်စပ် လေ့လာ စူးစမ်းပြီးတော့ နောက် တစ်လအတွင်း ဒီတောင်ကို အပြည့်ကာကွယ်ပေးနိုင်မယ့် အစီအရင် တစ်ခုကို ဖန်တီးပေးလို့ရမလား…. ဝိညာဉ်ကျောက်တုံးကုန်ချင်သလောက် ကုန်ပစေ ဒါမှမဟုတ် လိုအပ်တဲ့ ပစ္စည်းတွေ မှာချင်တယ်ဆိုလဲ ဟွေ့နန်ဆီ သွားမှာ…. လူအင်အားလိုရင် မုရုံချင်းလျန်ကိုပြော၊ သူတို့ မင်းကို အစွမ်းကုန် ကူညီပေးလိမ့်မယ်"
မင်လုံယွီက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေသည်။
"တစ်လတောင် မကြာစေရဘူး ခေါင်းဆောင်၊ ကျွန်တော်က မွေးကတည်းက ဒီမှာ နေလာခဲ့တာ၊ ဒီတောင်ရဲ့ မြေအနေအထားကို ကျွန်တော်ကောင်းကောင်းသိပါတယ်၊ ပြီးတော့ ဟိုးအရင်က ကျွန်တော်တို့ မျိုးနွယ်စုရဲ့ မူလအစီအရင်ကိုလဲ အကြိမ်ပေါင်း ထောင်ချီပြီး လေ့လာခဲ့ဖူးတယ်…. ဒီတော့ ကျွန်တော့်မှာသာ လိုအပ်တဲ့ ပစ္စည်းတွေ ရှိမယ်ဆိုရင်၊ လဝက်အတွင်းမှာပဲ အကောင်းဆုံး အစီအရင်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်ဗျာ…. ကျွန်တော်အခုပဲ သွားပြင်ဆင်ပါရစေတော့”
‘ဩော်… သူက မျိုးနွယ်စုရဲ့ မူလအစီအရင်ကို လေ့လာဖူးတာပဲ’ ဟု လော့ချန် တွေးရင်း မင်လုံယွီကို တစ်ချက်ကြည့်ကာ ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
"ဟားဟား…. ပိုကောင်းတာပေါ့ကွာ…. ဒါဆို ငါစိတ်ချရပြီ...."
တာဝန်ရသွားသော မင်လုံယွီသည် စိတ်လှုပ်ရှားစွာဖြင့် အပြေးလေး ထွက်သွားတော့သည်။ သူ ပျံထွက်သွားပုံမှာ တစ်ဒင်္ဂလေးပင် အချိန်မဖြုန်းချင်ပုံရသည်။ လော့ချန်သည်လည်း ရလဒ်ကို မြင်တွေ့ချင်နေပြီ ဖြစ်သည်။ ရှီလန် ပြောခဲ့သည်များအရ မင်မျိုးနွယ်စု၏ အစီအရင်သည် တစ်ချိန်က မည်မျှအထိ အစွမ်းထက်ခဲ့သည်ကို သူ ကောင်းကောင်း နားလည်ထားသည်။ အကြောင်းမူ ထိုအစီအရင်ကြောင့်သာ သူတို့ထက် အင်အား အဆပေါင်းများစွာ သာလွန်သော ရန်သူများကို တစ်နှစ်ပတ်လုံး တောင့်ခံနိုင်ခဲ့သည် မဟုတ်ပါလော။
….
တောင်ပေါ်တွင် လီရီရှန်းနှင့် နန်းကုန်းကျင်းတို့သည် ကျောက်စရစ်လမ်းလေးအတိုင်း အေးအေးလူလူ လမ်းလျှောက်နေကြသည်။ လမ်းဘေးဝဲယာတွင် မြင့်မားလှသော ထင်းရှူးပင်များနှင့် သစ်ကတိုးပင်များက ခန့်ညားထည်ဝါစွာ ရှိနေကြ၏။ ပြာလဲ့လဲ့ ဝက်သစ်ချပင်များနှင့် ရွှေရောင်ရှိသော ရွှေဒေါင်းပင်များသည် တောင် ရှုခင်းအား နတ်ဘုရားတို့၏ ဥယျာဉ်အလား လှပနေစေသည်။ အောက်ဘက်တွင်မူ မေပယ်ပင်များက နီရဲနေသော ပင်လယ်ကြီးအလား ဖြန့်ကျက်ထားကြပြီး ၎င်းတို့၏ အရွက်များမှာ ညနေ နေဝင်ရီတရော ရွှေရောင်တလက်လက်တောက်နေသည့်အလား ရှိသည်။
"ဟူး...."
လီရီရှန်းသည် ထိုရှုခင်းများကို ကြည့်ရှုရင်း သက်ပြင်းချလိုက်သည်။
"အလို…. ဘာတွေ သက်ပြင်းချနေတာတုန်း၊ မိတ်ဆွေလီရဲ့"
ထိုသို့ နန်းကုန်းကျင်က မေးလေရာ လီရီရှန်း လမ်းလျှောက်နေရာမှ ခဏရပ်လိုက်သည်။ ထို့နောက် ဝိညာဉ်ကြော တောင်စောင်းတစ်နေရာရှိ သစ်ပင်များတစ်ဝက်ခန့် ဖုံးကွယ်နေသော ဂူဗိမာန်တစ်ခုကို ငေးကြည့်လိုက်ရင်း ပြန်ဖြေသည်။
"ကျွန်မ သက်ပြင်းချတာက…. စဉ်းစားကြည့်၊ လော့ချန်ဆိုရင် ကျွန်မတို့နဲ့အတူ တာဟဲဈေးမြို့တော်ကနေ ဒီကို ရောက်လာတာလေ…. အစိမ်းသက်သက်နယ်မြေတခုမှာ သူ့နေရာမှာ ကျွန်မသာဆို ဒေသခံတွေ စိတ်မကွက်အောင် သတိထား ဆင်ခြင်နေမှာပဲ၊ လော့ချန်ကတော့ မတူဘူး…. အဲဒီလို ခေါင်းငုံ့ခံနေမဲ့အစား သတ္တိရှိရှိနဲ့ သူ့အဖွဲ့သားတွေ ကျင့်ကြံရမယ့် နေရာကောင်းတစ်ခုကို အရယူနိုင်ခဲ့တယ်…. ကျွန်မ တော်တော်အသုံးမကျပါလားလို့တွေးပြီး သက်ပြင်းချမိတာပါ"
"ဩော်…. ဒီလိုတော့လဲ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့လေ…. ဒီ လော့ချန်က အစထဲက လူထူးလူဆန်းပဲဟာ၊ ကျုပ်တို့လို သာမာန်ရှုထောင့်နဲ့ ဘယ်တွေးပါ့မလဲ မိတ်ဆွေလီရဲ့….”
လီရီရှန်းက ခေါင်းခါလိုက်သည်။
"မဟုတ်ဘူးရှင့်…. သူက ထူးခြားတာထက်ကို ပိုတယ်၊ ဒန်ရှားတောင်ရဲ့ တစ်နှစ် ငှားခ ဘယ်လောက်ရှိလဲ ရှင် သိလား"
နန်းကုန်းကျင်က ယခုမှ စဉ်းစားမိဟန်ဖြင့် သူမကို အံ့ဩတကြီး ကြည့်လိုက်သည်။
"ကျွန်မ လီမျိုးနွယ်စု အတွက် နေရာလိုက်စုံစမ်းရင်း ရေခဲလှိုင်းနန်းတော်မှာ ဝင်မေးခဲ့ဖူးတယ်၊ ထျန်းလန်မြို့ပြင် တစ်ဝိုက်က ဝိညာဉ်ကြောတွေရဲ့ ဈေးနှုန်းက တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းလောက် ပေးရတာရှင့်…. တကယ် ကြောက်စရာကောင်းတဲ့ ငွေပမာဏနော်၊ ပိုထူးတာက ဒန်ရှားတောင်က အဲ့မြေတွေထဲမှာ အမြင့်ဆုံးအဆင့်ထဲမှာ ပါတာပဲ၊ တစ်နှစ် ငှားခတင် ဝိညာဉ်ကျောက်တုံး တစ်သောင်းခွဲ ပေးရတာ"
"ဟေ.… ဒီလောက်တောင်လား….”
"အမှန်ပါပဲရှင်…. ပြီးတော့ အနည်းဆုံး ဆယ်နှစ် စာချုပ်ချုပ်ရတယ်တဲ့"
နန်းကုန်းကျင် အသက် ပြင်းပြင်းရှူလိုက်ရင်း ခေါင်းခါလိုက်သည်။
"အမလေးလေး၊ ဒီကောင်စွန့်စားချက်ကတော့ လက်ဖျားခါတယ်ဟေ့….”
သူတို့စကားပြောနေစဉ်မှာပင် အသံပို့လွှတ်မှုတစ်ခု သူတို့၏ နားထဲသို့ ဝင်လာသည်။ ထိုတစ်ချိန်တည်းမှာပင် ဒန်ရှားတောင်၏ အပြင်ဘက်မှ ခက်ထန်သော အသံကြီးတစ်သံ ဟိန်းထွက်လာသည်။
"ရှန်ကုန်းဂိုဏ်းက ဖေးချန်းချူး လာရောက် တွေ့ဆုံပါတယ်”
လီရီရှန်းနှင့် နန်းကုန်းကျင်တို့ အချင်းချင်း တအံ့တဩ ကြည့်လိုက်ကြသည်။ ယခုမှသာ လော့ချန်သည် အဘယ်ကြောင့် သူတို့အား စောစောက အနားပေးခဲ့သည်ကို နားလည်သွားတော့သည်။ ဤပွဲသည် သူတို့ ဝင်ကရမည့် အလှည့် ရောက်လာပြီ ဖြစ်သည်။
"ကန်းမျိုးနွယ်စုက ကန်းလဲ့ နဲ့ ကန်းရှုကျန်းတို့ လာရောက် တွေ့ဆုံပါတယ်"
ဒန်ရှားတောင်၏ အပြင်ဘက်တွင် ကျင့်ကြံသူများ တစ်ဖန် ပြန်လည် စုရုံးလာကြပြန်သည်။ လော့ချန်သည် သူမဖိတ်ခေါ် ဘဲ ရောက်လာသော ဧည့်သည်များကို အေးစက်စက်အကြည့်ဖြင့် ထွက်ကြည့်လိုက်သည်။ ရှန်ကုန်းဂိုဏ်း မှ အခြေတည်ကျင့်ကြံသူ သုံးဦး ခေါ်လာပြီး ကန်းမျိုးနွယ်စုမှ နှစ်ဦး ခေါ်လာခဲ့သည်။ အားလုံးပေါင်းလိုက်လျှင် မထီမဲ့မြင်ပြု၍မရသော အင်အားတစ်ခုဖြစ်သည်။
သို့ရာတွင် လော့ချန်သည် အာရုံနောက်လေဟန် နှာခေါင်းရှုံ့လိုက်သည်။
"ဟမ်…. ကျုပ်လဲ ဘယ်သူ့မှ ဖိတ်မထားမိပါလား၊ ခင်ဗျားတို့က ဘာ လာလုပ်တာလဲ"
ဖေးချန်းချူး အံ့အားသင့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ အခြေတည်ကျင့်ကြံသူ ငါးဦးကို ရင်ဆိုင်နေရပါလျက် လော့ချန်ဆိုသူသည် ဤမျှ တည်ငြိမ်နေနိုင်သည်ကို သူ မယုံကြည်နိုင်ပေ။ သူ၏ အနောက်မှ မောင်စိတ်ကောင်းလေး လုရုန် ရှေ့ထွက်လာကာ လော့ချန်အား ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဟိတ်ကောင်.... မင်းအဆင့်မင်း သဘောပေါက်ရင် မင်းအဖွဲ့ထဲက အိုကြီးအိုမတွေနဲ့ သေခါနီးတွေ ခေါ်ပြီး အခုချက်ချင်း ထွက်သွား…."
လော့ချန်သည် သူ့အား လက်ညိုးငေါက်ငေါက်ထိုးကာ အော်ဟစ်နေသော လုရုန်အား လှောင်ပြုံး ပြုံးကာ စိုက်ကြည့်လိုက်သည်။
"ဩော်…. ဘယ်သူများလဲလို့ မင်းကိုး၊ ဒါနဲ့ ဆိပ်ကမ်းကြမ်းခင်းကိုရော သေသေချာချာ အမှိုက်သိမ်းခဲ့ရဲ့လား…. ဝေါ့…. နံလိုက်တာ မင်းရဲ့ ပါးစပ်ကတော့ ညစ်ပတ်နေတုန်းပဲကိုး"
"မင်း... . မင်းကများ…."
"တော်စမ်း လုရုန်"
ဖေးချန်းချူးက ဖြတ်ပြောလိုက်သည်။ ထို့နောက် သူ တည်ငြိမ်သော လေသံဖြင့် ဆိုသည်။
"မိတ်ဆွေလော့.... ကျုပ်တို့ နားလည်မှုမလွဲချင်ဘူးဗျာ…. ခင်ဗျားက ဒီတောင်ကို အင်အားသုံးပြီး သိမ်းယူတာကတော့ မတရားဘူးလို့ ထင်တယ်"
"မတရားဘူး ဟုတ်လား…. ဟား ဟား ဟား…. ကျုပ်က ငွေပေးပြီး ဒီတောင်ကို ငှားခဲ့တာလေဗျာ၊ ခင်ဗျားလူတွေကသာ ဒီမှာ နှစ်အကြာကြီး အလကား နေလာခဲ့တာလေ…. တကယ်လို့ ကျုပ်သာ ဒါကို မြို့တော်အုပ်ချုပ်ရေးကို တိုင်လိုက်ရင်…."
"မင်း လုပ်ရဲရင် လုပ်ကြည့်ပေါ့ကွ…."
ဖေးချန်းချူး၏ မျက်နှာ ချက်ချင်း မှောင်မည်းသွားသည်။
"အလို…. ကျုပ်က ဘာလို့ မလုပ်ရဲရမှာလဲဗျာ"
လော့ချန်က သူ၏ သွားဖြူဖြူများ ပေါ်အောင်ပင် ပြုံးပြလိုက်သေးသည်။
ဖုန်း….
တောင်ထိပ်ပေါ်မှ အခြေတည်အဆင့် ချီစွမ်းအားလှိုင်း နှစ်လှိုင်း ပေါက်ကွဲထွက်လာသည်။ အနက်ရောင်ဝတ်ရုံဝတ် လူရိပ်တစ်ခုမှာလည်း လော့ချန်၏ အနောက်တွင် မလှုပ်မယှက် ရပ်နေ၏။ အများအမြင်တွင် အခြေတည်ကျင့်ကြံသူ တစ်ယောက်တည်း မဟုတ်တော့ပေ။ ရုတ်တရက် သုံးယောက်တောင် ဖြစ်သွားခဲ့ လေသည်။
လော့ချန်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း လေသံမှာမူ မာကျောလှသည်။
"ခင်ဗျားတို့က တပွဲတလမ်း စမ်းချင်ရင်လဲ ကိစ္စမရှိဘူး.... တခုတော့ မြဲမြဲ မှတ်ထားလိုက်ပါ…. လော့ထျန်းအဖွဲ့က ဘယ်သူ့ကိုမှ ပြဿနာ စ မရှာဘူး၊ တကယ်လို့ ရန်စခံရရင်လဲ ဘယ်သူပဲဖြစ်နေပစေ၊ ကြောက်ပြီးပုန်းနေမှာတော့ မဟုတ်ဘူး"
ဖေးချန်းချူး တယောက် အသံတိတ်သွားသည်။ အကယ်၍သာ တကယ် တိုက်ပွဲဖြစ်ပါက ဆိုသည့်အတွေးဖြင့် ကောင်းကျိုးဆိုးကျိုး တွက်ဆနေခြင်းဖြစ်သည်၊ အဆုံးတွင် တိုက်ပွဲဖြစ်ဖို့ထိ မတန်ဘူးဟု သူ ယူဆလိုက်သည်။
"ကောင်းပြီလေ…. အချင်းချင်း ရန်စ မပွားချင်ဘူး၊ ဒီတော့ ကျုပ်ပြန်မယ်”
ဖေးချန်းချူးက ထိုသို့ ဆိုလိုက်ရင်း လှည့်ထွက်သွားတော့သည်။ လုရုန်မှာမူ တရှူးရှူး တရှားရှား ဒေါသထွက်နေသော်လည်း သူ့ ဂိုဏ်းချုပ်အား မလွန်ဆန်ရဲဘဲ နောက်မှ လိုက်ထွက်သွားတော့သည်။
လက်ရှိတွင် ကန်းမျိုးနွယ်စုမှ အခြေတည်ကျင့်ကြံသူ နှစ်ဦးသာ ကျန်တော့သည်။ လော့ချန်က ထိုနှစ်ဦးထံသို့ လှည့်ကြည့်လိုက်သည်။
"ဟောဒီက မိတ်ဆွေတို့ကော…. ဧည့်သည်အဖြစ် လာတာလား၊ တခြားရည်ရွယ်ချက်များ ရှိသေးလား"
ကန်းလဲ့က သူ့အား စိုက် ကြည့်လိုက်ပြီး ဘာမှမပြောဘဲ လှည့်ထွက်သွားသည်။
ဧည့်သည်အားလုံး ပြန်သွားကြမှသာ ဝမ်ယွမ်သည် ရင်ထဲ၌ တစ်ဆို့နေသော သက်ပြင်းအစုံကို လေးလံစွာ မှုတ်ထုတ်လိုက်နိုင်တော့သည်။
သူသည် ရှုခင်းများကို ငေးကြည့်ရင်း "အေးကွ၊ ထျန်းလန်နတ်ဘုရားမြို့တော်ကို ခြေချလိုက်ကတည်းက ကြည့်လေရာရာမှာ အခြေတည်အဆင့် ကျင့်ကြံသူတွေချည်းပဲ…. ဒီမှာတော့ သူတို့က လမ်းဘေးက ကျောက်ခဲတွေလိုပဲ တန်ဖိုးမရှိသလို ဖြစ်နေပြီနော်" ဟု ဆိုသည်။
ဘေးနားတွင် ရပ်နေသော လော့ချန်ကမူ တည်ငြိမ်အေးစက်သော အကြည့်တို့ဖြင့် ပြန်လည်တုံ့ပြန်သည်။
"ဒါက တာဟဲလို ဝေးလံခေါင်ဖျားတဲ့ နေရာလေး မဟုတ်တော့ဘူး အစ်ကိုဝမ်…. ဒီလို ဗဟိုချက်မဒေသမှာ အခြေတည်အဆင့် ကျင့်ကြံသူတွေ မှိုလိုပေါက်နေတာက သဘာဝပဲဗျ၊ အစ်ကိုဝမ် အံ့ဩနေရမယ့်အစား ဒီပတ်ဝန်းကျင်နဲ့ အသားကျအောင် အမြန်ဆုံး ကြိုးစားသင့်တယ်"
"ဒါပေမဲ့…. မင်းက ဒီလောက်များတဲ့ လူအုပ်ကြီးကို ရန်စလိုက်ရတာကို တကယ်ပဲ မကြောက်ဘူးလား" ဟု ဝမ်ယွမ်က သံသယစိတ်ဖြင့် စူးစမ်းကြည့်ရင်း မေးလိုက်သည်။
"ဒါဆို အစ်ကိုဝမ်ကော.... ကြောက်နေလို့လား"
ဝမ်ယွမ်က ခေါင်းအသာခါယမ်းလိုက်ပြီး "ကြောက်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အကျိုးမရှိဘဲ လျှောက်တိုက်နေရတာ ငါ့အကြိုက်မဟုတ်လို့ပါ" ဟု ဆိုရင်း ခေတ္တမျှ တုံ့ဆိုင်းသွားသည်။
ထို့နောက် ရင်ထဲမှ တင်းကျပ်မှုကို ဖွင့်ချလိုက်သလိုမျိုးဖြင့် "ဒါနဲ့ လော့ချန်.… မင်း ဟော်ဟူ ကိစ္စကိုကော ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ" ဟု မေးလိုက်သည်။
လော့ချန် ရုတ်တရက် ဝမ်ယွမ်အား စိုက်ကြည့်လိုက်သည်။
ဝမ်ယွမ်၏ စိတ်ကူးယဉ်မှုကို လော့ချန် ခြေရာလက်ရာမပျက် ဖတ်နိုင်နေသည်။ ဝမ်ယွမ်သည် ချီသန့်စင် အထွတ်အထိပ်အဆင့်၌ပင် နှစ်ပေါင်းများစွာ တန့်နေခဲ့သူဖြစ်ရာ သူ့အတွက် အခြေတည်အဆင့် တက်လှမ်းမည့်အရေးသည် မျှော်လင့်ချက်တစ်ခုတည်းသာ ကျန်တော့သည်။ ၎င်းမှာ သွေးစွမ်းအားလုယူခြင်း အစီအရင်ကို သုံးပြီး အခြေတည်အဆင့် ရောက်ခါစ ကျင့်ကြံသူတစ်ဦး၏ အသက်စွမ်းအားကို စုပ်ယူရန်ပင် ဖြစ်သည်။ လက်ရှိတွင် ဟော်ဟူမှာ ဝမ်ယွမ်အတွက် အဆင်သင့်ပြင်ထားသည့် ပစ္စည်း တစ်ခုလို ဖြစ်နေသည် မဟုတ်ပါလော။
သို့သော်လည်း လော့ချန်က ထိုအတွေးကို ချက်ချင်းပင် ရိုက်ချလိုက်သည်။
"မဟုတ်သေးဘူး အစ်ကိုဝမ်.... အခု သူ့ကို ထိလို့ လုံးဝမဖြစ်သေးဘူးဗျ"
ဟော်ချွမ်ထံမှ လာမည့် အန္တရာယ်ရိပ်ယောင်များသည် သူတို့လည်ပင်းကို အချိန်မရွေး ပိုင်းဖြတ်သွားနိုင်သည့် သေမင်းတမန် ဓားတစ်စင်းလို ခြိမ်းခြောက်နေဆဲ ဖြစ်သည်။ လောလောဆယ်တွင် ထိုကြောက်မက်ဖွယ်ရန်သူကို တန်ပြန်တိုက်ခိုက်ရန် သူတို့လက်ထဲ၌ရှိသော တစ်ခုတည်းသော နယ်ရုပ်မှာ ဟော်ဟူသာ ဖြစ်နေပေသည်။
ဝမ်ယွမ် မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်သွားတော့သည်။ လော့ချန်၏ အမြော်အမြင်ကို သူ နားလည်သည်။ သို့သော် သူ့မျက်စိရှေ့တွင် မြင်နေရသည့် ဆုလာဘ်ကြီးက နေ့စဉ်နှင့်အမျှ ဝဲလည်နေသည် မဟုတ်ပါလော။ သူ၏ ကျင့်ကြံသူစိတ်ဓာတ်မှာ မည်မျှပင် ခိုင်မာပါစေ၊ အဆင့်တက်လှမ်းလိုသည့် ပြင်းပြသော ရာဂနှင့် အသက်ရှည်လိုသော လူသားတို့၏ သဘာဝက သူ့အား အမြဲတစေ တိုက်စားနှောင့်ယှက်နေခဲ့သည်။
“အစ်ကိုဝမ်က... သွေးစွမ်းအားလုယူခြင်း အစီအရင်ကို ကျွမ်းအောင် ကြိုးစားနေတာ မဟုတ်လား"
လော့ချန်က အသံကိုနှိမ့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
"အခု ကျွန်တော်တို့ဆီမှာ အစီရင်အတတ်ကို နှံ့စပ်တဲ့ မင်လုံယွီ ရှိနေတာပဲဟာ…. သူ့ဆီကနေ အကြံဉာဏ်လေး၊ လျှို့ဝှက်ချက်လေး တောင်းကြည့်ပေါ့”
ဝမ်ယွမ် မျက်တောင်ခတ်လိုက်ပြီးနောက် ဝေဝါးနေသော သူ၏မျက်ဝန်းထဲတွင် ဉာဏ်အလင်းပွင့်သွားသည့် အရိပ်အယောင်များ ရုတ်ချည်း ပေါ်လာတော့သည်။ မှန်ပေသည်။ သူ၏ အစီရင်အတတ်မှာ အခြေခံ အပေါ်ယံမျှသာ ရှိသေးသည်။ အကယ်၍ မင်လုံယွီကဲ့သို့ ပါရမီရှင်ထံမှ လျှို့ဝှက်နည်းနာများကို သင်ယူနိုင်မည်ဆိုပါက အခြေတည်အဆင့်သို့ တက်လှမ်းသည့်အခါ နဂါးတစ်ကောင် ရေထဲ၌ ကျင်လည်သကဲ့သို့ ပို၍ ချောမွေ့သွားပေလိမ့်မည်။
လော့ချန်က အေးဆေးတည်ငြိမ်စွာပင် ဆက်ပြောလိုက်သည်။
"နောက်ပြီး…. အစ်ကိုဝမ်ဆီမှာ ရှိတဲ့ မူရင်းအစီအရင်ဖြစ်တဲ့ မိုးမြေစွမ်းအားလုယူခြင်းအစီအရင်ရဲ့ လျှို့ဝှက်ချက်တွေကို မင်လုံယွီဆီ လွှဲပေးလိုက်လို့ ရတယ်…. တကယ်လို့ သူသာ အဲ့ဒီအစီရင်ရဲ့ အနှစ်သာရကို အပိုင်ကျွမ်းကျင်သွားရင် ကျွန်တော်တို့ လော့ထျန်းအဖွဲ့ရဲ့ အင်အားဟာ ကောင်းကင်ကိုတောင် တုန်လှုပ်သွားလိမ့်မယ်ဗျ….”