အခန်း (၃၃၃-၃၃၄)
Vol. 34 Ch. 333-334
အခန်း (၃၃၃) - ဒုတိယအဆင့် ဂူဗိမာန်နှင့် ချူခွေးကို ရေလာမြောင်းပေးနေသော အပျိုကြီး
“အံမယ်.... ငလျိုဇီပါလား.... နင် ဧည့်သည်တွေ ထပ်ခေါ်လာပြန်ပြီလားဟေ့”
အက်ရှရှနှင့် မာန်ပါပါ အသံတစ်သံသည် ရေခဲလှိုင်းနန်းတော်၏ အေးစက်စက် ရင် ပြင်ကျယ်ကြီးထဲတွင် ဟိန်းထွက်သွားသည်။ ခန်းမဆောင်ကြီးမှာ ကျယ်ပြောလှသော်လည်း ထိုအသံကြောင့် ပတ်ဝန်းကျင် တစ်ခွင်မှာ ပို၍ပင် တိတ်ဆိတ်ငြိမ်သက်သွားသယောင်ရှိ၏။
ပက်လက် ကုလားထိုင်ပေါ်တွင် အဘွားအိုတစ်ဦးမှာ ပျင်းရိငြီးငွေ့စွာ မှီအိပ်နေသည်။ သူ မှေးခနဲရှိမည်အပြုတွင် လျိုဇီတို့တသိုက်၏ ခြေသံကို ကြားလိုက်ရခြင်းဖြစ်သည်။ အဘွားအို၏ လေးကန်ကန် မျက်ခွံများ အနည်းငယ် ပွင့်လာပြီး သူတို့အား ဂရုမစိုက်ဟန် တစ်ချက် ဝေ့ကြည့်လိုက်သည်။
လျိုဇီသည် ပုခုံးလေး ပုဝင်ကာ အသာအယာ ရှေ့တိုးသွားသည်။
“ဟီး ဟီး အဘွားရှီ.... နေကောင်းတယ်မလားဗျ.... ဒီကဧည့်သည်တော် သုံးယောက်က ကျွန်တော့်ဦးလေးရဲ့ မိတ်ဆွေရင်းတွေပါဗျ.... ဂူဗိမာန် ငှားချင်တယ်ဆိုလို့ ဒီကိုခေါ်လာတာ”
အဘွားအို၏ ခပ်စူးစူး အကြည့်က သူတို့ထံသို့ တစ်ဖန် ရောက်ရှိလာပြန်သည်။ လော့ချန်သည် ရှေ့သို့ တိုးကာ သခင်မရှီအား ယဉ်ကျေးစွာ ဂါရဝပြုလိုက်ကာ နှုတ်ခွန်းဆက်စကား ဆိုလိုက်လေသည်။
ထိုအခါမှ သူမ ခပ်တိုးတိုး အသံပြုလိုက်ပြီး နန်းတော်အတွင်းပိုင်းသို့ လှမ်းအော်လိုက်သည်။
“ဟဲ့.... အာလန်ရေ.... စက်ဝိုင်းပုံ မှော်သံလိုက်အိမ်မြှောင် ဒီယူခဲ့စမ်းဟေ့.... မြန်မြန်လုပ်”
“ဟုတ်ကဲ့ လာပါပြီ အဘွားရေ.... ” ဟူသည့် သာယာချိုအီသော အသံလေးတစ်သံ အတွင်းမှ ထွက်လာသည်။
ခဏအကြာတွင် မိန်းမငယ်လေးတစ်ဦး ခပ်သွက်သွက် ပြေးထွက်လာသည်။ သူမ၏ ရင်ဘတ်ထဲတွင် စက်ဝိုင်းပုံ မှော်ပစ္စည်းတစ်ခုကို ပိုက်ထားပြီး စားပွဲခုံပေါ်သို့ အသာအယာ တင်လိုက်လေသည်။
“အို.... ဧည့်သည်တွေပါလား.... ဟောဒီက အကြီးအကဲ သုံးယောက်က ဂူဗိမာန် ငှားမလို့လားဟင်” ဟု သူမက တောက်ပသော အပြုံးလေးဖြင့် မေးမြန်းလိုက်သည်။
“ဟုတ်ကဲ့ခင်ဗျ.... ဟုတ်တယ်.... သူတို့က....”
လျိုဇီက စိတ်အားထက်သန်စွာ ဝင်ဖြေရန် ကြိုးစားသော်လည်း ထိုမိန်းကလေးက သူ့အား စူးစူးဝါးဝါး ကြည့်လိုက်သဖြင့် စကားစရပ်သွားရသည်။
“ဟဲ့ ငါက အကြီးအကဲတွေကို မေးတာ၊ နင့်ကို မေးတာ မဟုတ်ဘူး၊ ဘာကိစ္စ ကြားဖြတ်ပြောနေတာလဲ” ဟု မိန်းကလေးက ငေါက်ငမ်းလိုက်သည်။
လျိုဇီမှာ ရှက်ကိုးရှက်ကန်း ခေါင်းကိုကုတ်လိုက်ရင်း အနောက်သို့ ဆုတ်သွားရတော့သည်။
လော့ချန်သည် လျိုဇီကို တစ်ချက်ကြည့်ကာ ရှေ့သို့ လှမ်းလိုက်သည်။
“အမှန်ပါပဲဗျာ.... ကျွန်တော်တို့ ကျင့်ကြံရေးဂူ ငှားရမ်းဖို့ စုံစမ်းချင်လို့ပါ.... ဒီက ဂူဗိမာန်တွေနဲ့ပတ်သက်ပြီး သိထားသင့်တာတွေ ရှိလား၊ ပြီးတော့ ငှားခကောရော ဘယ်လိုရှိမလဲဗျ”
ရှီလန်ဟု ခေါ်သော ထိုမိန်းမပျိုလေးက ခေါင်းညိတ်ပြကာ ချီစွမ်းအင်အချို့ကို သံလိုက်အိမ်မြှောင်ထဲသို့ စီးဆင်းစေလိုက်သည်။ ချက်ချင်းပင် စက်လုံးမျက်နှာပြင်ပေါ်တွင် အလင်းတန်းများ ရွေ့လျားလာပြီး ဂူဗိမာန် အမျိုးမျိုး၏ အတွင်းပိုင်း မြင်ကွင်းများ အံ့မခန်း အသေးစိတ် ပေါ်ထွက်လာလေသည်။
ရိုးရှင်း၍ သဘာဝဆန်သော ဂူဗိမာန်များ ရှိသလို တခမ်းတနားထည်ဝါလွန်းသော ဂူဗိမာန်မျိုးလည်း တွေ့ရသည်။ အချို့မှာ တောင်စောင်းတွင် တည်ရှိပြီး မြို့၏ မြင်ကွင်းကို အပေါ်စီးမှ မြင်ရကာ ပုလဲလုံးလေးများ အစီအရီ ကျဆင်းနေသကဲ့သို့ ပြေပြေ ငြိမ့်ငြိမ့်လေး စီးကျနေသော ရေတံခွန်များ ရှိနေသည်။ အနှစ်ချုပ်ဆိုရသော် ဂူဗိမာန်တိုင်းတွင် ကိုယ်ပိုင် ထူးခြားချက်နှင့် ဆွဲဆောင်မှုကိုယ်စီ ရှိနေကြသည်။
“အကြီးအကဲတို့ကို ကျွန်မ အသေးစိတ်လေး ရှင်းပြပါမယ်ရှင်.... အခုမြင်နေရတဲ့ ဂူဗိမာန်အားလုံးကို ထျန်းလန်တောင်ထိပ်ရဲ့ အနောက်ဘက်မှာ တည်ဆောက်ထားတယ်ရှင့်” ဟု ရှီလန်က အသံချိုချိုလေးဖြင့် စ ရှင်းပြသည်။
“ဒီတောင်မှာက တတိယအဆင့် ဝိညာဉ်ကြောရှိတယ်ရှင့်.... အဲဒီစွမ်းအင်တွေက ဘယ်လောက်တောင် ကြွယ်ဝသလဲဆိုရင် အနီးတစ်ဝိုက် မိုင်သုံးထောင်အတွင်းမှာ ချီစွမ်းအင်တွေ ပျံ့နှံ့နေတာကို ကြည့်လိုက်ရုံနဲ့ သိနိုင်တယ်လေ....”
လော့ချန်၊ လီရီရှန်းနှင့် နန်ကုန်းကျင်းတို့မှာ ခြွင်းချက်မရှိ ခေါင်းညိတ်မိကြသည်။ အကြောင်းမူ မြို့ထဲသို့ သူတို့ စရောက်စဉ်ကပင် ပထမအဆင့် ဝိညာဉ်ကြောတစ်ခုပေါ် ရောက်နေသကဲ့သို့ သူတို့ခံစားမိခဲ့သည်။ ဤသည်ပင် လမ်းမပေါ်ရှိ ချီစွမ်းအင်သာ ရှိသေးသည်။ ဝိညာဉ်ကြောမကြီးနှင့် နီးကပ်သောနေရာတွင် မည်မျှအထိ သိပ်သည်းဆများနေမည်ကို မှန်းဆကြည့်နိုင်ပေသည်။
“အကြီးအကဲတို့လဲ မြင်မိမှာပါ.... ဒီမြို့တဝိုက်မှာ တောင်တွေအများကြီးရှိတယ်.... ဒါပေမဲ့ အဲ့ဒီသာမာန်တောင်တွေနဲ့ ထျန်းလန်တောင်နဲ့ ကွာခြားချက်ရှိတယ်ရှင့်.... ဘာလို့ဆို ထျန်းလန်တောင်ထိပ်မှာပဲ ဒုတိယအဆင့်နဲ့ တတိယအဆင့် ဝိညာဉ်ကြော ရနိုင်တာမိုလို့ပဲ.... ကျန်တဲ့တောင်မှန်သမျှ မယုံရင်သွားစစ်ကြည့်ပါ.... ပထမအဆင့် ဝိညာဉ်ကြောပဲရှိလို့ စွမ်းအင်များများမရှိဘူးရှင့်.... ဩော်…. အကြီးအကဲတို့က အခြေတည် အဆင့်တွေကိုး.... အဲဒါဆိုရင် ဒုတိယအဆင့် ဂူဗိမာန်ကို ရွေးသင့်တယ်လို့ ကျွန်မ အကြံပေးချင်ပါတယ်ရှင့်”
ထို့နောက် သူမ သံလိုက်အိမ်မြှောင်ကို လှည့်လိုက်ရာ အဖြူရောင်အလင်းဖြင့် ငှားသူမရှိသေးသော လစ်လပ်နေသည့် ဂူဗိမာန်များကို မြင်တွေ့ရသည်။ လော့ချန် တစ်ချက်ကြည့်လိုက်ပြီး အံ့ဩစွာ မေးလိုက်သည်။
“ဒါနဲ့ မိန်းကလေးရှီလန်ကို မေးပါရစေ.... ဒီ ဒုတိယအဆင့် ဂူဗိမာန်တွေက ဘာလို့ အလင်းရောင် သုံးမျိုး ကွဲနေတာလဲဗျ”
“ခစ်.... ခစ်.... ဒါလား.... အဲဒီအရောင်လေးတွေက စွမ်းအင်သိပ်သည်းဆကို ကိုယ်စားပြုတယ်ရှင့်.... မြင်သာအောင်ပြရရင် ဟောဒီမှာကြည့်.... အမြင့်၊ အလယ်၊ အနိမ့် အဲ့လိုထပ်ခွဲထားတာ၊ ငှားရမ်းခကလည်း အနည်း အများ ကွာသွားတာပေါ့ရှင့်.... ရွေးစရာများတော့ ကိုယ်နဲ့ အသင့်တော်ဆုံးကို ဆုံးဖြတ်လို့ရတာပေါ့.... ”
နန်ကုန်းကျင်းနှင့် လီရီရှန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဂူဗိမာန်များ၏ အမျိုးအစား ခွဲခြားမှုက ဤမျှအထိ အသေးစိတ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။ သို့သော် သူတို့ ဘာမှမပြောကြဘဲ လော့ချန်၏ အရိပ်အခြေကိုသာ ကြည့်နေလိုက်တော့သည်။
“အာ.... ဒီလိုကိုး.... ဒါဆို ငှားရမ်းခအကြောင်း သိပါရစေ မိန်းကလေး.... ”
ရှီလန်က လော့ချန်ကို အကဲခတ်ရင်းမှ ထပ်ရှင်းပြသည်။
“ဒုတိယအဆင့် ဂူဗိမာန် အတွက်မလားရှင်.... တစ်လကို ငွေကျောက်တုံး ရာဂဏန်း၊ ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ အစားစား ရှိတယ်ရှင့်၊ ငှားဖြစ်ရင် တစ်နှစ်စာ တန်းချေဖို့တော့ လိုတယ်ပေါ့နော်.... ကြာကြာ ငှားမယ်ဆို ဈေးလျှော့ပေးတာမျိုး ရှိပါတယ်.... ”
နန်ကုန်းကျင်းနှင့် လီရီရှန်းတို့မှာ ရှီလန်စကားကို လိုက်မမှီတော့ဘဲ နားရှုပ်သွားသည်။ သို့ရာတွင် ဟန်ကိုယ့်ဖို့ ဆိုသလို နားလည်သယောင် ခေါင်းတငြိမ့်ငြိမ့်လုပ်နေသည်။ လော့ချန်ကမူ လူလည်ပတ်ကား ဖြစ်သဖြင့် ဈေး စ ဆစ်ရန် မောင်းတင်လိုက်သည်။
“ဩော်.... ဒီလိုလဲ ရှိသေးသကိုး.... ဒါဆို တစ်နှစ်စာ ငှားမယ်ဆို ဈေးနှုန်းက ဘယ်လောက်လဲ မိန်းကလေးရှီလန်”
“ခုနက ကျွန်မပြောသလို အမြင့်၊အလယ်၊အနိမ့် သုံးမျိုးထပ်ခွဲထားတယ်ဆိုတာ မှတ်မိတယ်မလား.... အဆင့်နိမ့်က တစ်လကို ဝိညာဉ်ကျောက်တုံး တစ်ထောင်၊ တစ်နှစ်ဆို တစ်သောင်း၊ အဆင်လတ်က တစ်လကို နှစ်ထောင်၊ တစ်နှစ်ဆိုရင် နှစ်သောင်း.... အင်း.... အဆင့်မြင့်ကတော့ တစ်လကို လေးထောင်၊ တစ်နှစ်ဆိုရင် လေးသောင်း ရှစ်ထောင် ကျပါမယ်ရှင့်”
“နေပါဦး” လီရီရှန်းက ကြားဖြတ်မေးလိုက်သည်။
“ဟိုလေ.... တစ်နှစ်စာအတွက် အဆင့်နိမ့်နဲ့ အဆင့်လတ်ကိုကျ နှစ်လစာ နီးပါး လျှော့ပေးထားပြီး အဆင့်မြင့်ကျတော့ ဘာလို့ လျှော့ဈေး မရှိတာလဲရှင့်”
ရှီလန်က သွားဖြူဖြူလေးပေါ်အောင် ပြုံးပြလိုက်ရင်း “ဟုတ်ကဲ့.... ဘာလို့ဆို ကျွန်မတို့ ဒုတိယအဆင့်ဂူဗိမာန်တွေမှာ အဆင့်နိမ့်နဲ့ အဆင့်လတ်က အများကြီး ရှိပေမဲ့ အဆင့်မြင့်ကတော့ အလုံး ၂၀ ပဲ ရှိလို့ပါရှင်.... သိတဲ့အတိုင်း အကန့်အသတ်နဲ့ဆိုတော့ ဒီတိုင်းတောင် လုငှားချင်နေတာဆိုတော့.... ”
ရှီလန် ပြောသလိုပင် အလုံး၂၀ ဟူသော ပမာဏမှာ ဤမြို့တော်ကြီး၏ လူဦးရေနှင့်ယှဉ်လျှင် အလွန်နည်းသော ပမာဏဖြစ်သည်။ ဈေးလျှော့ခြင်း မလျှော့ခြင်းထက် လေလံတင်မငှားသည်ကိုပင် ကျေးဇူးတင်ရမည့် သဘောဖြစ် နေသည်။ အကျိုးအကြောင်း ခိုင်လုံသလို ရေခဲခံတပ်ဂိုဏ်း၏ သတ်မှတ်ချက် ဖြစ်သဖြင့် ငြင်းခုံနေ၍လည်း မရပေ။
“ဒါဆို သုံးနှစ်ဆိုရင်ကော မိန်းကလေး” ဟု လော့ချန် မေးလိုက်သည်။
“သုံးနှစ်ဆိုရင်လည်း ဒီနှုန်းအတိုင်းပဲ အကြီးအကဲရဲ့.... အင်း.... တကယ်လို့ လျှော့ဈေး ရချင်ရင် အနည်းဆုံး ဆယ်နှစ် ငှားပေးရမယ်ရှင့်.... ”
‘ဆယ်နှစ်တဲ့လား’
လီရီရှန်း သွေးတက်သွားသည်။ သူမသာ အဆင့်မြင့်ကို ဆယ်နှစ်ငှားမည်ဆိုလျှင် ဝိညာဉ်ကျောက်တုံး ငါးသိန်းနီးပါး ကုန်မည် မဟုတ်ပါလော။ လီမျိုးနွယ်စု တစ်စုလုံး ကျွန်ခံလျှင်ပင် ထိုမျှ ရနိုင်မည် မဟုတ်ပေ။
ရှီလန်က ချိုသာစွာ ပြုံးပြရင်း “ကဲ.... အကြီးအကဲတို့ ဘယ်အဆင့်ကို ငှားချင်လဲရှင့်” ဟု မေးလာသည်။
နန်ကုန်းကျင်းက မျက်မှောင်ကြုတ်ရင်း အဆင့်နိမ့်နှင့် အဆင့်လတ်ကြားတွင် ဝေခွဲမရ ဖြစ်နေသည်။ ထိုအခါ လော့ချန်က ထင်မထားသော မေးခွန်းတစ်ခု ကောက်မေးလိုက်သည်။
“ဒါကတော့ ဒီတိုင်း တထိုင်တည်း ဆုံးဖြတ်လို့ ဘယ်ရမလဲ.... ကျွန်တော်တို့ အဲဒီဂူဗိမာန်တွေကို အရင်သွားလေ့လာလို့ ရမလား မိန်းကလေးရှီလန်”
ရှီလန် ခဏတာ အံ့ဩသွားသည်။ လူကိုယ်တိုင် သွားကြည့်ချင်သည် ဆိုပါလား။
ထိုစဉ် အနားမှ ချောင်းဆိုးသံတစ်သံ ထွက်လာသည်။
“အဟမ်း.... အဟမ်း ရှောင်လန်.... သူတို့ကို ခေါ်သွားပြလိုက်.... သေချာလေး ဧည့်ခံလိုက်ဦး”
ရှီလန်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်.... ဟုတ်ကဲ့ ဒီဘက်ကို ကြွပါ အကြီးအကဲတို့၊ ကျွန်မ နောက်က လိုက်ခဲ့ပါ”
လျိုဇီလည်း လိုက်ရန် ပြင်နေစဉ် အဘွားအိုက မျက်စောင်းတစ်ချက်ထိုးလိုက်သဖြင့် ကျောက်ရုပ်သဖွယ် နေရာမှာတင် ရပ်သွားရသည်။ သူသည် အဘွားအိုအား သွားဖြီးပြကာ ပါးပါးနပ်နပ် ကျန်ရစ်ခဲ့လေသည်။
….
ထျန်းလန် တောင်ထိပ်နှင့် ထျန်းလန် နတ်ဘုရားမြို့တော်ကြားတွင် ရေအလွှာကြီး တစ်ခုက ခြားထားသည်။ လော့ချန်သည် နေရောင်အောက်တွင် အရောင်မျိုးစုံ တောက်ပနေသော ထိုရေအလွှာကြီးကို ကြည့်ကာ မျက်မှောက်ကြုတ်လိုက်သည်။
“အလို.... ဒီ အလွှာကြီးက ကာကွယ်ရေး အစီအရင်ထင်တယ်နော် ” ဟု သူ ရေရွတ်လိုက်သည်။
လီရီရှန်းက အသက်ကို ခပ်ပြင်းပြင်းရှူရင်း “ကျွန်မအထင် တတိယအဆင့်အစီအရင် ဖြစ်မယ်ရှင့်” ဟု ပြန်ဖြေသည်။
သူတို့ အချင်းချင်း ကြည့်လိုက်မိကြသည်။ သူတို့ အံ့ဩမိသည်မှာ အစီအရင်၏ အဆင့်ကြောင့် မဟုတ်ဘဲ အချိန်ပြည့် ခင်းကျင်းထားခြင်းကြောင့် ဖြစ်သည်။ အစီအရင် တစ်ခုကို အချိန်ပြည့် အသက်သွင်းထားရန် မည်မျှအထိ ချီစွမ်းအင် ကုန်ကျသည်ကို ကျင့်ကြံသူတိုင်း သိကြသည်။ သို့သော် ဤနေရာတွင်မူ ၎င်းကို အစဉ်အမြဲ အသက်သွင်းထားသည်။
ရှီလန်က ရေလွှာတံတိုင်းအနားသို့ ကပ်ကာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်၍ တံဆိပ်ခတ် ဖွင့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ ရှင်းပြသည်။
“ဒါက ကောင်းကင် စမ်းရေ အစီအရင်လေ၊ ပထဝီသဘာဝ အရ အလိုလိုပေါ်နေတာရှင့်.... ဒီအစီအရင် ရှိနေတော့ တောင်ပေါ်က ကျင့်ကြံသူတွေလည်း ဘယ်ရန်သူဝင်မလဲ ကြောင့်ကြမနေဘဲ စိတ်အေးလက်အေး ကျင့်ကြံနိုင်တာပေါ့ရှင်”
ထို့နောက် ရှီလန်က အနီးရှိ ဇရပ်တစ်ခုအား လက်ညိုးထိုးပြလိုက်သည်။ သူမ ညွှန်ပြလိုက်ရာ ဇရပ်ပေါ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး အိပ်ပျော်နေသည်ကို မြင်လိုက်ရသည်။
“ဟိုမှာအိပ်နေတဲ့ ဦးလေးကြီးကို တွေ့လား.... သူ့ကို ဦးလေးကြီးဝမ် လို့လဲခေါ်ကြတယ်.... ဒီနေရာကို လာခွင့်မရှိဘဲ ဘယ်တစ်ကောင်တမြီးမှ မလာရဲတာ သူ့ကျေးဇူးပေါ့.... အကြီးအကဲတို့ ဂူဗိမာန် ငှားပြီးရင်တော့ ကိုယ်ပိုင် ဝင်ခွင့်တံဆိပ်ပြား ရမှာဆိုတော့ ဦးလေးကြီးဝမ်နဲ့ သိပ်မဆုံရလောက်ဘူး.... ”
ရှီလန်၏ တံဆိပ်ပြားကြောင့် ရေလွှာတံတိုင်းကြီးမှာ လှိုင်းများထသွားပြီး လမ်းတစ်ခု ပွင့်လာသည်။
“ကဲ.... သွားကြပါစို့ရှင်.... ”
သူတို့ ရှေ့သို့ သွားနေရင်း လော့ချန်သည် ဦးလေးကြီးဝမ် ဆိုသူကို တစ်ချက် ကြည့်လိုက်မိသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးက အစောင့် လုပ်နေသည်လားဟု သူအံဩနေသည်။ သို့ရာတွင် သူ့ အလုပ်မှာ လူအများ မနာလိုဖြစ်ရမည့် အလုပ်ပင် ဖြစ်နိုင်သည်။ အကြောင်းမူ ဤနေရာ၏ ချီစွမ်းအင်မှာ အလွန် သိပ်သည်းလှသဖြင့် ငွေတပြားမှမကုန်ဘဲ ကျင့်ကြံနိုင်လေရာ အလုပ်နေရာကောင်းဟုပင် ဆိုရချေမည်။
ရေလွှာတံတိုင်းကို ဖြတ်ကျော်လိုက်သည်နှင့် လော့ချန်သည် ပတ်ဝန်းကျင်မှ ချီစွမ်းအင် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။
ဝူး....
အလင်းတန်းတစ်ခု အပေါ်မှ ကျဆင်းလာသည်။ ထိုအလင်းတန်းပိုင်ရှင်သည် ရှီလန်ကို ခေါင်းတစ်ချက်ညိတ်ပြကာ ရေလွှာအပြင်ဘက် ထွက်သွားသည်။
“အလို.... ဒီထဲမှာ ပျံသန်းလို့ ရတာလား ညီမလေးရဲ့” ဟု လီရီရှန်းက မေးလိုက်သည်။
“ဟုတ်ကဲ့.... ထျန်းလန်တောင် အတွင်းမှာတော့ ပျံသန်းခွင့် ရှိပါတယ် မမ” ဟု ရှီလန်က ပြုံး၍ ဖြေသည်။ သူမသည် ဓားပျံတစ်စင်းကို ထုတ်ကာ မိုးပေါ် တက်လိုက်သည်။
“အကြီးအကဲတို့.... လာကြလေ သွားကြမယ်ရှင့်”
“ကဲ.... ရောက်ပါပြီရှင့်.... ဒါက ဒုတိယအဆင့် အဆင့်လတ် ဂူဗိမာန်ပါ”
သူတို့၏ ရှေ့တွင် ရိုးရှင်းသော ဂူဗိမာန်တစ်ခု ရှိနေသည်။ ဗိမာန်ဝင်းထဲသို့ ဝင်ဝင်ချင်း ဝိညာဉ်ဆေးပင်များ သို့မဟုတ် ဝိညာဉ်ဆန်များ စိုက်ပျိုးနိုင်သော မြေဆီလွှာ ကောင်းမွန်သည့် မြေကွက်ငယ်ကို တွေ့ရသည်။ ထိုမှတစ်ဆင့် ဧည့်ခန်းဆောင်သို့ရောက်ရှိမည် ဖြစ်ပြီး အတွင်းထဲသို့ဆက်ဝင်ပါက အိပ်ခန်း၊ ကျင့်ကြံခန်းနှင့် စာကြည့်ခန်းတို့ ရှိလေသည်။ နေရာမှာ အလွန် ကျယ်ဝန်းသည် ဆိုရမည်။ သို့သော် သူတို့ သုံးဦးသား ကျင့်ကြံခန်းထဲသို့ ဝင်၍ အကဲခတ်လိုက်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။
“ဟေ.... ဈေးနှုန်းက အဆင့်နိမ့်ထက် နှစ်ဆကို ချီစွမ်းအင် သိပ်သည်းဆကတော့ တစ်ဆခွဲလောက်ပဲ ရှိတာပဲဟေ့” ဟု နန်ကုန်းကျင်းက မှတ်ချက်ပေးကာ “လော့ချန်.... မင်းကော ဘယ်လို ထင်လဲကွ” ဟု မေးလိုက်သည်။
လော့ချန် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဖီးနစ်ကျတောင်အောက်မှ ဝိညာဉ်ကြောလိုဏ်ဂူနှင့် နှိုင်းယှဉ်ကြည့်နေခြင်း ဖြစ်သည်။ ထိုနေရာနှင့် ယှဉ်လျှင် ဤအဆင့်လတ် ဂူဗိမာန်မှာ သိပ်ပြီး မထူးခြားလှပေ။
“အင်း.... အမှန်ပဲဗျ.... ဒါဆို အဆင့်မြင့်ကို တစ်ချက် သွားကြည့်ကြမလား”
ရှီလန်က ကန့်ကွက်ခြင်း မရှိဘဲ တောင်အမြင့်ဖက် တစ်နေရာသို့ ခေါ်သွားသည်။ သူမက အဆင့်မြင့် ဂူဗိမာန်များမှာ လူပြည့်နေသဖြင့် ပျံသန်းရှိန်ကို နည်းနည်းလျှော့ရန် သတိပေးလိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူတို့ ဝင်းတစ်ခုရှေ့တွင် ရပ်လိုက်သည်။ ရှီလန်သည် အသံလှိုင်း ကျောက်စိမ်းပြားကို သုံး၍ တံခါးတစ်ခုကို ခေါက်လိုက်သည်။
“လာပြီဟေ့.... လာပြီ.... ရှီလန်လားကွယ်.... ဘယ့်နှယ်.... ငှားထားတာ သက်တမ်းမစေ့သေးဘူးလေ.... ဘာလာလုပ်တာတုန်း.... ”
ခဏအကြာတွင် အရပ်ရှည်ရှည် သွယ်လျကျော့ရှင်းသော အမျိုးသမီးတစ်ဦး ထွက်လာသည်။ သူမနှင့်အတူ သင်းပျံ့သော ရနံ့လေးတစ်ခု ကပ်ပါလာသည်။ လော့ချန် တစ်ချက်ကြည့်လိုက်ရုံ နှင့်ပင် သူမသည် အခြေခံတည်ဆောက်ခြင်း အလယ်ပိုင်းအဆင့်ရှိသူ ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုအမျိုးသမီးသည် လော့ချန်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားပြီး ဇဝေဇဝါ ဖြစ်သွားပုံရသည်။
‘ဟင် သူ ငါ့ကို သတိထားမိသွားတာလား.... ’ ဟုတွေးရင်း လော့ချန် ခပ်တည်တည် နေလိုက်သည်။ ထိုခဏတာအတွင်း အဆင့်တူ ကျင့်ကြံသူချင်း သတိထားမိရန် ခဲယဉ်းလှပေရာ သူ့အားသတိထားမိခြင်းမှန်ပါက သူမသည် အာရုံခံစားမှု အလွန် ထက်မြက်သူပင် ဖြစ်ရပေမည်။
ရှီလန်က ပြုံးပြရင်း “အကြီးအကဲလင်းရှင့်.... နှောင့်ယှက်သလိုဖြစ်သွားတယ်၊ အားနာလိုက်တာရှင်.... ဒီလူကြီးမင်းတွေက အဆင့်မြင့် ဂူဗိမာန်ရဲ့ ချီစွမ်းအင်ကို လာကြည့်ချင်လို့တဲ့.... တခြားသူတွေက ကျင့်ကြံတဲ့သူကကျင့်ကြံ၊ အပြင်သွားတဲ့သူသွားဆိုတော့.... ဟဲဟဲ လူရင်းထဲကဆို ပြေးကြည့်မှ အကြီးအကဲလင်းပဲ ရှိတာ ဆိုတော့ လာနှောင့်ယှက်မိတာ၊ ဟီးဟီး.... အတွင်းကို ဝင်ကြည့်ချင်လို့.... ရလားဟင်”
လင်းယွီကျစ်သည် ရှီလန်အား မျက်စောင်းထိုးကာ ကျီစယ်လိုက်သည်။
“အမလေးတော်.... ဝင်ချင်သပဆိုလဲ ဝင်ကြည့်ပါ ရေခဲခံတပ်က မမလေးရယ်.... ရှင်တို့ ခံတပ်ကပြောတာကို ကျွန်တော်မျိုးမ မငြင်းရဲပါဘူး.... ကြောက်ပါတယ်၊ ကဲ.... ကြွ.... ကြွ.... ”
သူမ ဘေးသို့ ဖယ်ပေးလိုက်သည်။ သူတို့ သုံးဦး အတွင်းသို့ ဝင်သွားသောအခါ သူမ၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုသော အကြည့်များကို မြင်လိုက်ရသည်။ တစ်လလျှင် ဝိညာဉ်ကျောက်တုံး လေးထောင် ပေးရသော ဂူဗိမာန်ကို တတ်နိုင်မည်မဟုတ်ဟူသော အဓိပ္ပာယ်ပါပါ အကြည့်ဖြစ်သည်။
ထို့နောက် သူတို့ ကျင့်ကြံခန်းကို ဝင်ကြည့်လိုက်ကြသည်။
“အမ်.... နှစ်ဆပဲလား”
“ဟုတ်ပ.... ဈေးက လေးဆတောင် ဖြစ်သွားတာကို ချီစွမ်းအင်က အလယ်အဆင့်ထက် နှစ်ဆပဲ တိုးလာတာပဲ”
သူတို့ စိတ်တိုင်းမကျသည်ကို မြင်သောအခါ ရှီလန်က ဝင်ရှင်းပြသည်။
“ကျွန်မ တစ်ခုလောက် ဖြတ်ပြောပါရစေ အကြီးအကဲတို့.... တန်ဖိုးဆိုတာ ဈေးနှုန်းနဲ့တင် တိုင်းတာလို့ မရဘူးလေ၊ ဥပမာ သာမန်ဆေးလုံးနဲ့ အဆင့်မြင့်ဆေးလုံး ကွာခြားသလို ပေါ့၊ အမြင်အရ ဈေးကြီးတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ပိုအဆင့်မြင့်လေလေ အချိန်ကုန်သက်သာလေပဲ မဟုတ်လားရှင်.... ကျင့်ကြံသူတွေအတွက် အချိန်ထက် အဖိုးတန်တာရှိသေးလို့လား.... အဆင့်မြင့်ဗိမာန်မှာ ကျင့်ကြံရင် ရေရှည်မှာ ဆယ်စုနှစ်နဲ့ချီတဲ့ အချိန်တွေကို သက်သာစေနိုင်တယ်၊ ဆယ်စုနှစ်ဆိုတာ မနည်းဘူးနော်.... အဲဒီအချိန်တွေမှာ အဆင့်တူကျင့်ကြံသူတွေထက် အကြီးအကဲတို့က ရွှေအမြုတေအဆင့်ဆီ ခြေတစ်လှမ်းကြိုသာအောင် လုပ်နေလို့ ရတာပေါ့.... ဒီဗိမာန်တွေကိုပဲ ဒီလောက်တန်သည် ဟိုလောက်တန်သည် ဈေးသတ်မှတ်လို့ရတာ.... အကြီးအကဲတို့ရဲ့ အချိန်ကတော့ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရဘူးနော်.... အရမ်းတန်ဖိုးရှိတယ်.... ကျွန်မပြောတာ လက်ခံလားရှင့်.... ”
လော့ချန်က သူမကို ကြည့်ရင်း ‘သောက်ကျိုးနည်း အပြောကောင်းတဲ့ ငတိမပဲဟ’ ဟု ကျိတ်ချီးမွမ်းလိုက်သည်။
သူမ ပြောသည်မှာ မှန်သော်ငြား သူတို့တသိုက် ငွေကြေးစိစစ်သုံးနေရသည်ကလဲ အမှန်တရားဖြစ်နေသည်။
“မိတ်ဆွေ နန်ကုန်း.... ရှင် ဘယ်လိုလုပ်မယ် စိတ်ကူးလဲ” ဟု လီရီရှန်းက မေးလိုက်သည်။
နန်ကုန်းကျင်းသည် ဤသို့ လာမကြည့်ခင်ကပင် စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။
“ကျုပ်ကတော့ လောလောဆယ် ဒဏ်ရာပျောက်ဖို့ပဲ အဓိကဆိုတော့ အဆင့်နိမ့် ဂူဗိမာန်ပဲ ယူတော့မယ်ဗျာ”
“ဒါဆို ကျွန်မလည်း အဆင့်နိမ့်ပဲ ယူမယ်၊ အဆင့်လတ်နဲ့ အဆင့်မြင့်တွေက ပေးရတဲ့ဈေးနဲ့ ရတဲ့အကျိုးက သိပ်မကွာလှဘူး.... ရှင်ရော မိတ်ဆွေလော့.... ”
လော့ချန်က ပြုံးလိုက်သည်။
“မိန်းကလေး ရှီလန်ရေ.... အဆင့်မြင့် ဂူဗိမာန်တွေက လူပြည့်နေပြီမလား.... အလွတ်ရှိသေးလား”
“အင်း.... ဘယ်လိုပြောရမလဲ၊ လောလောဆယ်ပြည့်နေတာတော့ဟုတ်တယ်.... ဒါပေမဲ့ မကြာခင် သက်တမ်းကုန်မယ့် အခန်းတွေ ရှိတယ်၊ အဲ့ထဲမှာ ဆက်မငှားမယ့် အခန်းတွေရှိတော့.... အကြီးအကဲ စိတ်ဝင်စားတယ်ဆို ကျွန်မ ကြိုစာရင်းသွင်းပေးထားမယ်လေ.... ”
“ကောင်းပါပြီ မိန်းကလေး.... လောလောဆယ်ကျင့်ကြံဖို့ ကျွန်တော်လဲ အဆင့်နိမ့် တစ်ခု ယူချင်တယ်၊ အဆင့်မြင့်ဗိမာန်တစ်ခု လွတ်တာနဲ့ ကျွန်တော့်ကို အကြောင်းကြားပေး နော်.... ဟုတ်ပြီလား”
ရှီလန်၏ မျက်လုံးများ အရောင်တောက်သွားသည်။ ထို့နောက် သူတို့ သုံးဦးသည် အဆင့်နိမ့်ဗိမာန် နေရာများကို ရွေးချယ်ရန် တောင်အောက်သို့ ပြန်ဆင်းခဲ့ကြသည်။
မဆင်းခင် လင်းယွီကျစ်အား သူတို့ ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့ကြသည်။ သူမကလည်း ပြန်နှုတ်ဆက်ကာ ပြုံးပြလိုက်သော်လည်း သူတို့ထွက်သွားသည်နှင့် “အမလေး ဘယ်ကငမွဲတွေ ခေါ်လာလဲမသိဘူး.... ရှုပ်ရှုပ်ယှက်ယှက်” ဟု နှာခေါင်းရှုံ့ရင်း မဲ့ရွဲ့ပြောလိုက်သည်။
ပေတစ်ရာ အကွာရှိ ဂူဗိမာန်တစ်ခုမှ လူတစ်ဦး ထွက်လာပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ ထိုသူသည် လင်းယွီကျစ်အား မြင်သွားသည်။
“ဟေး.... ယွီကျစ်.... ဟားဟား မျက်နှာအီးမှန်ထားတာလား.... ဘာတွေ ရှုံ့မဲ့နေတာလဲဟ”
“အို.... အစ်ကိုချူပါလား၊ အပြင်သွားတော့မလို့လား”
“အေးဟေ့.... လကုန်ခါနီးဆိုတော့ ငွေရှာရဦးမယ်လေ၊ မဟုတ်ရင် ဘာနဲ့သွားသုံးမှာတုန်းဟ”
“ဟိဟိ.... အစ်ကိုချူကတော့ နောက်ရော့မယ်.... အစ်ကိုချူလို လူမျိုးက ငွေမရှားပါဘူးရှင်.... ”
ချူခွေးက ခပ်ဖွဖွ ရယ်လိုက်ရင်း အောက်မှ လူလေးယောက်ကို ကြည့်လိုက်သည်။
“ဟင်.... ဘယ်သူတွေလဲ အိမ်ငှားအသစ်တွေ ထင်တယ်”
“အမလေး ထင်မှထင်တတ်ပလေ အစ်ကိုချူရယ်.... တောသားကျောမွဲတွေပါ.... ဒီလို အထက်တန်းကျတဲ့ နေရာကို သူတို့လား ငှားနိုင်မှာ.... ကျွန်မရဲ့ ဂူဗိမာန်ကို အလကားလာကြည့်ပြီး နှောင့်ယှက်သွားသေးတယ်ရှင်”
“ဟေ ဟုတ်လား.... တခြားနယ်က သူစိမ်းတွေပေါ့.... ”
“ဟုတ်ပရှင်.... အဲ့မှာ ခပ်ဖြောင့်ဖြောင့်တစ်ယောက်ပါသေးတယ်.... အမယ် သူကလဲ လူကသာ ကိုရွှေတောသား.... မှန်းတော့ အဆင့်မြင့် ဂူဗိမာန်တဲ့ရှင်.... လူမလွတ်မှန်းသိလို့ ကြိုစာရင်းသွင်းပေးပါ ဘာညာလုပ်နေသေးတယ်.... တကတည်း ဘယ်လိုလူတွေမှန်းကိုမသိဘူး”
“မဟုတ်သေးပါဘူး ယွီကျစ်ရယ်၊ နင့်ဟာက သေချာတောင်မသိပဲ
လူတစ်ယောက်ကို အပြင်ပန်းနဲ့ ဆုံးဖြတ်နေတယ်.... သူတကယ်တတ်နိုင်လို့ ပြောတာ ဖြစ်ချင်ဖြစ်မှာပေါ့ဟ.... နောက်မှ ငါ သူဆီသွားမိတ်ဆက်ဦးမယ်၊ ကဲ.... ငါ သွားပြီ ဟေ့”
ချူခွေးက လက်ယမ်းပြကာ မြှားတစ်စင်းကဲ့သို့ ပျံထွက်သွားတော့သည်။ လင်းယွီကျစ်မှာမူ တရားဟောခံလိုက်ရသဖြင့် ပွစိပွစိလုပ်ကျန်ခဲ့တော့သည်။
“ဟွန့်.... ဒီလူကြီးကလည်း အရည်အချင်းသာရှိတာ တက်လမ်းရှိမဲ့ပုံမပေါ်ပါဘူး.... ငါကသာအထင်တကြီး ရေလာမြောင်းပေးလုပ်နေရတာ.... ဒီပုံတိုင်းဆို လင်ကောင်းသားကောင်းဖြစ်မှာ မဟုတ်ပါဘူး.... ”
….
နောက်ဆုံးတွင် လော့ချန်တို့သုံးဦး နေရာငှားရမ်းခဲ့ပြီးဖြစ်ကာ အသီးသီး ကိုယ်ငှားထားသော ဗိမာန်တွင် အနားယူနေကြလေသည်။
တောင်စောင်း၏ အောက်ဘက် တစ်နေရာတွင် လော့ချန်သည် ဂူဗိမာန်လေးကျဉ်းကျဉ်းလေး အတွင်း၌ ရပ်နေသည်။ အဆင့်မြင့် ဂူဗိမာန်နှင့် ယှဉ်လျှင် ဤနေရာမှာ အလွန်ပင် စုတ်ပြတ်ပုံပေါ်နေသည်။ ခြံဝင်းထဲတွင် မြေကွက်လက် မပါသလို ဧည့်ခန်း၊ အိပ်ခန်းနှင့် ကျင့်ကြံခန်း သုံးခန်းသာ ရှိလေသည်။
သို့သော် လော့ချန်သည် စောဒကတက်စရာမရှိပေ။ အကြောင်းမူ အနည်းဆုံးတော့ သူ နေထိုင်ကျင့်ကြံရန် သီးသန့်နေရာလေး တစ်ခု ရရှိခဲ့ပြီ မဟုတ်ပါလော။
“အင်း.... နောက်တစ်ဆင့်ကတော့ လော့ထျန်းအဖွဲ့အတွက် နေရာ စီစဉ်ပေးဖို့ပဲကျန်တယ်” ဟု သူ ရေရွတ်လိုက်သည်။ သူ့ လူများကို မျက်နှာလွှဲ ခဲပစ်လုပ်ရန် စိတ်ကူးမရှိပေ။ သူတို့သည် မိတ်ဆွေအဖြစ်သာမက ဆေးလုံးဖော်စပ်ရာတွင်လည်း အလွန် အသုံးဝင်သော လက်ထောက်များ ဖြစ်ကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးတည်းနှင့် ဆေးလုံး အမြောက်အမြား ဖော်စပ်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့်လည်း ဂိုဏ်းကြီးများမှ ဆေးဖော်ဆရာများသည် လက်ထောက်များစွာ ထားရှိကြခြင်း ဖြစ်သည်။
သို့သော် ဤမျှ လူအုပ်ကြီးကို မြို့ထဲတွင် ရေရှည် ထားရှိရန်မှာ မဖြစ်နိုင်ပေ။
လော့ချန်သည် ရှီလန်ဆီမှ တောင်းထားခဲ့သော မြေပုံကို ဖြန့်လိုက်ပြီး အသေးစိတ် ကြည့်လိုက်သည်။
“မြကြေးမုံကန်၊ ဝါးတောပင်လယ်၊ မက်မွန်တောင်၊ ဒန်ရှားတောင်ထိပ်.... ”
သူသည် မြေပုံကို ပြူးပြဲကြည့်ရင်း တွေ့သမျှနာမည်တိုင်းကို စိတ်ဝင်တစား ကြည့်နေဆဲ ဖြစ်လေသည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၃၄) - ဟွေ့နန်၏ ရွှေရောင်နေ့သစ်များ
"အကြီးအကဲလီကို ဂါရဝပြုပါတယ်ရှင့်.... "
စီမာဟွေ့နန်က လှမ်း၍ နှုတ်ဆက်စကား ဆိုလိုက်သည်။
"ဩော်.... ဟွေ့နန်ပါလား၊ လော့ချန်ဆီ လာတာလား"
လီရီရှန်းက ပြန်လည် မေးမြန်းလိုက်သည်။
"ဟုတ်ကဲ့ရှင့်.... အဖွဲ့ခေါင်းဆောင်က ဒီနေ့ လာခဲ့ဖို့ ချိန်းထားလို့ပါ"
သူတို့သုံးဦးစလုံးသည် ကျင့်ကြံခြင်း ဂူဗိမာန်များကို လာကြည့်သည့်နေ့တွင်ပင် တခါတည်း ငှားရမ်းခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့်ပင် တာဟဲမှ ရောက်ရှိလာသော အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦးစလုံးမှာ ဤတောင်စောင်းတစ်ခုတည်း၌ပင် အိမ်နီးချင်းများအဖြစ် စုစုစည်းစည်း နေထိုင်ခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။
ယနေ့တွင် လီရီရှန်းတစ်ယောက် အပြင်ထွက်ရန် ပြင်ဆင်နေစဉ် စီမာဟွေ့နန်နှင့် တိုးမိခြင်း ဖြစ်သည်။ ခဏတာ စကားလက်ဆုံကျပြီးနောက် စီမာဟွေ့နန်သည် လော့ချန်၏ ဂူဗိမာန်အတွင်းသို့ ခပ်သုတ်သုတ် တန်းဝင်သွားတော့သည်။
တည်ငြိမ်ရင့်ကျက်ကာ အရည်အချင်း ပြည့်ဝလှသော အမျိုးသမီးငယ်၏ ကျောပြင်ကို ကြည့်ရင်း လီရီရှန်း၏ စိတ်ထဲတွင် အားကျမနာလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာရသည်။ အကယ်၍ လီမျိုးနွယ်စုတွင်သာ ဤကဲ့သို့သော ထူးချွန်သူတစ်ဦး ရှိခဲ့လျှင်၊ အတွင်းအပြင် ကိစ္စအဝဝကို စနစ်တကျ စီမံခန့်ခွဲပေးနိုင်မည့်သူသာ ရှိခဲ့လျှင် သူမသည် မိမိ၏ ဂူဗိမာန်တွင် အေးအေးဆေးဆေး ကျင့်ကြံနိုင်မည်ဖြစ်ပြီး မျိုးနွယ်စုအရေးအရာများအတွက် ဤမျှအထိ လုံးပန်းနေရမည် မဟုတ်ပေ။
သူ့တူ လီအောက်မှာ ငယ်လွန်းသေးသည့်အပြင် ကျင့်ကြံခြင်း အဆင့်မှာလည်း မျိုးနယ်စုတာဝန်တစ်ခုလုံးကို ပုခုံးထမ်းတင်နိုင်ရန် မလုံလောက်သေးပေ။ သို့ရာတွင် စီမာဟွေ့နန်ကဲ့သို့သော လက်ရုံးတစ်ဆူ ရှိနေသဖြင့် လော့ချန်မှာမူ အလွန် သက်သောင့်သက်သာ ရှိလှသည်။ ဟွေ့နန်သည် ချက်ဆိုနားခွက် မီးတောက် ဆိုသကဲ့သို့ အလိုက်သိ တာဝန်ကျေပွန်သူတစ်ဦးလည်း ဖြစ်လေသည်။
“ဩော်.... ငွေကြေးသာတတ်နိုင်ရင် ငါ့တူလေးကိုလည်း ဂူဗိမာန်ကောင်းကောင်းတစ်ခု ငှားပေးချင်လိုက်တာ.... သူ အခြေတည်အဆင့်မြန်မြန်ရောက်ရင် ငါလည်း မျိုးနွယ်စုရဲ့ကိစ္စ ဝိစ္စတွေနဲ့ ခေါင်းခဲရတာ မြန်မြန်သက်သာမှာပဲ.... အင်း ပြောသာပြောရတယ်.... စိတ်လွတ်ကိုယ်လွတ် ကျင့်ကြံနိုင်မယ့်နေ့က ဝေးနေပါသေးတယ်.... ”
လော့ထျန်းအဖွဲ့အတွင်း စုဝေးနေသော အဆင့်မြင့်ကျင့်ကြံသူများကို မြင်လေလေ၊ သူမ၏ စိတ်ထဲတွင် အားကျစိတ်များ ပို၍ ပြင်းထန်လာလေ ဖြစ်သည်။ အစီအရင် အတတ်ပညာတွင် ဆရာတစ်ဆူ ဖြစ်သော မင်လုံယွီပင်လျှင် လော့ချန်တို့နှင့် ပူးပေါင်းသွားခဲ့ပြီ ဖြစ်ရာ လော့ထျန်းအဖွဲ့၏ အင်အားမှာ ယခင်ကထက် များစွာ တောင့်တင်းသွားပြီ ဖြစ်သည်။
“ရှောင်အောက် တင်မက.... ငါမျိုးနွယ်ဝင်တွေထဲက ထူးချွန်တဲ့သူ ရှိရင်လဲ မြေတောင်မြှောက်ပေးမှရမယ်.... ဒါမှ ငါတို့ လီတွေ လော့ထျန်းအဖွဲ့ကို အမီလိုက်နိုင်မှာ”
သူမ ထိုသို့စိတ်ပိုင်းဖြတ်လိုက်ကာ မျိုးနွယ်စုခေါင်းဆောင်ဟူသော ဝတ္တရားကြီးကို ထမ်းဆောင်ရန်အတွက် အပြင်သို့ ထွက်သွားတော့သည်။
....
ထိုသို့ လီရီရှန်းတစ်ယောက် လော့ချန်ဘဝကို အားကျနေစဉ်မှာပင်၊ ဂူဗိမာန်အတွင်း၌ လော့ချန်သည် လော့ထျန်းအဖွဲ့၏ ပိုင်ဆိုင်မှုများကို အသေးစိတ် စစ်ဆေးနေသည်။ သူ့အရှေ့စားပွဲပေါ်တွင် မှတ်တမ်းဇယားများကို ဖြန့်ခင်းထားလေသည်။
"ကျွန်မ ကောင်းလင်လွင်ပြင်က တိုက်ပွဲရဲ့ အစီရင်ခံစာ လုပ်ရတာ တော်တော်လေး လက်ဝင်တယ် ခေါင်းဆောင်ရယ်.... အဲ့တုန်းက ကျွန်မတို့အဖွဲ့က ခြုံခိုတိုက်ခိုက်ခံရတာရော၊ အတင်းဖောက်ထွက်ခဲ့ရတာတွေရော ဆိုတော့ အခြေအနေက ထင်တာထက် ရှုပ်နေတယ်.... အဖွဲ့ဝင် အများစုကလဲ တိုက်ပွဲ ပြင်းထန်နေတော့ သုံ့ပန်း ပစ္စည်းတွေ သိမ်းဖို့တောင် အချိန်မရကြဘူး.... တိုက်ပွဲပြီးမှပဲ တိုက်ပွဲကျသွားတဲ့ ရန်သူ့အလောင်းတွေက ရသလောက် ပြန်သိမ်းထားရတယ်ရှင့်.... အဖွဲ့ဝင်တွေကို ခုထိ ဆုပေးဒဏ်ပေးတော့ မလုပ်ပေးရသေးဘူး.... ဒါပေမယ့် ခန်းမခေါင်းဆောင်မုရုံကတော့ သက်ဆိုင်ရာ ကောင်းမှုမှတ်တမ်းတွေကို အသေအချာလေး မှတ်တမ်းတင်ထားပြီးပါပြီ.... ကျွန်မတို့ ထပ်စစ်ပြီးရင်တော့ နောက်ဆုံးထွက်လာတဲ့ အစီအရင်ခံစာကို အဖွဲ့ခေါင်းဆောင်က အတည်ပြုပေးဖို့တော့လိုပါလိမ့်မယ်"
လော့ချန်က ခေါင်းငြိမ့်ပြလိုက်ကာ သူမလက်ထဲမှ စာရင်းစာအုပ်ကို ယူကာ သေချာ ဖတ်ကြည့်လိုက်သည်။ ဤတစ်ခါစာရင်းသည် ဖူမျိုးနွယ်စုနှင့် ရှောင်ဟွမ်းတောင် တိုက်ပွဲများကဲ့သို့မဟုတ်ပေ။ ကောင်းလင်လွင်ပြင်မှ ရရှိသမျှ သုံ့ပန်းပစ္စည်းအားလုံးမှာ တိုက်ပွဲပြီးမှသာ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။ အချို့သူများက ပစ္စည်းအချို့ကို ဝှက်ထားလျှင်ပင် သိနိုင်တော့မည်မဟုတ်ပေ။ သို့ရာတွင် ၉၀ ရာခိုင်နှုန်းကျော်မှာမူ လက်ရှိ သူ၏ လက်တွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သိမ်းဆည်းရရှိသော သုံ့ပန်းပစ္စည်းများဟု ခေါင်းစဉ်တပ်ထားသည့် စာရင်း၏ ပထမဆုံး စာမျက်နှာတွင် ဝိညာဉ်သိုလှောင်အိတ် အရေအတွက်ကို မှတ်တမ်းတင်ထားသည်။
"ဟေ.... စုစုပေါင်း ၇၅ အိတ် ဆိုပါလား.... ဒီလောက်တောင် များတာလား ဟွေ့နန်ရဲ့"
"မဟုတ်ဘူး.... အမှန်တော့ ဒီထက်များရမှာရှင့်.... ဟို တာကျန်းဂိုဏ်းသားတွေပေါ့.... သူတို့ ထွက်ပြေးတော့ အများကြီး ယူသွားတယ်လေ.... တချို့အိတ်တွေကျ တိုက်ပွဲထဲမှာပဲ စိစိညက်ညက်ကျေကုန်တယ်.... သုံးလို့ မရတော့ဘူး.... အခု ပြန်ရေကြည့်တော့မှ ၇၅ အိတ်ပဲ ကျန်တော့တယ်.... "
သို့သော်ငြား ၇၅ အိတ်ဆိုသည်မှာ နည်းနည်းနောနော ပမာဏ မဟုတ်ပေ။ အပြင်ဈေးကွက်တွင် သွားရောင်းပါက ပျမ်းမျှတစ်အိတ်လျှင် ဝိညာဉ်ကျောက်တုံး တစ်သောင်းနှုန်းနှင့် တွက်ပါက အလွန် များပြားသော ငွေပမာဏဖြစ်သည်။ သူ စိတ်ကူးအိပ်မက် မက်ကောင်းနေစဉ် စီမာဟွေ့နန်က အတင်း လှုပ်နှိုးလိုက်သကဲ့သို သတင်းဆိုး တစ်ခု ပေးလိုက်သည်။
"ရောင်းစားတောင် ဘယ်လောက်မှရမှာ မဟုတ်ဘူး.... အဖွဲ့ခေါင်းဆောင် သိတယ်မလား.... ဒီထျန်းလန် နတ်ဘုရားမြို့တော်က သိုလှောင်အိတ်တွေဆို အရမ်း ဈေးနှိမ်တာ....”
"အင်း.... သိတော့သိပေမယ့်.... မင်းသိသလောက် ပြောကြည့်ပါဦး.... ”
"မနေ့က ကျွန်မ အဖွဲ့နဲ့ မြို့ထဲသွားတော့ လျိုဇီလည်း ပါတယ်လေ.... ကျွန်မက သူ့ကို သိုလှောင်အိတ်တွေဘယ်ဈေးရှိလဲလို့မေးတော့ သူက ရတနာ နန်းဆောင်က အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်.... သူပြောတာကတော့.... တကယ်လို့ အိတ် ၁၀၀ ကျော်ကို တလုံးတခဲတည်း ဝယ်မယ်ဆိုရင် တစ်အိတ်ကို သုံးထောင်နှုန်းနဲ့ ရမယ်တဲ့"
"ဟား.... ဟား.... သုံးထောင်တဲ့လား.... "
လော့ချန်သည် သိုလှောင်အိတ်များမှာ အခြားနေရာများတွင် ဈေးတင်ရောင်းနေကြသည်ကိုသာ မြင်ဖူးကြုံဖူးသည်။ ဤနေရာတွင် အလွန် ဈေးပေါနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရတနာနန်းဆောင်သည် ကျောက်စိမ်းအိုးနယ်မြေ၏ မျက်နှာဖုံးဟုပင်ဆိုရမည့် အင်အားစုကြီးတစ်ခု ဖြစ်သည်။ ဤစစ်ပွဲအတွင်းတွင် အလွန်လက်သွက် နေခဲ့သည်။ လော့ချန် တာဟဲတွင်ရှိခဲ့စဉ်ကပင် ရတနာနန်းဆောင်မှ ထုတ်လုပ်သော မှော်လက်နက်များစွာမှာ မှောင်ခိုဈေးကွက်အတွင်းသို့ စတင် စီးဝင်နေခဲ့ပြီ ဖြစ်သည်။ အသံလွှင့် စက္ကူကြိုးကြာများ ရောင်းအားကောင်းခဲ့သည်သာမက ယခုအခါ သိုလှောင်အိတ်များကိုပင် လက်ကားဈေးဖြင့် ရောင်းချနေပြီ ဖြစ်သည်။ ဝယ်ယူသူများမှာ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းသာမက လော့ထျန်းအဖွဲ့ကဲ့သို့ အဖွဲ့ငယ်လေးများပင် ပါဝင်သည်။
"အဟက်.... စစ်ပွဲကနေ အမြတ်ထုတ်နေကြတာပေါ့.... အေးလေ စစ်ပွဲတိုင်းက ဝိသမလောဘသားတွေအဖို့တော့ အမြဲတမ်း တောင့်တနေတဲ့ ငွေတွင်းကြီးပဲဟာ.... ရာစုနှစ်တစ်ခုမှာ တစ်ခါပဲ ကြုံရမယ့် အခွင့်အရေးမျိုးဆိုတော့ ရသမျှကျူံးယူထားမှာပေါ့.... ”
ပျံလွှားဂိုဏ်းက လူတွေလဲ တူတူပဲဖြစ်မှာပဲဟု တွေးရင်း လော့ချန်၏ စိတ်ထဲတွင် သံသယတစ်ခု ပေါ်လာသည်။ တိမ်ပြိုဂိုဏ်းမှ စတင်ခဲ့သည့် လက်ရှိစစ်ပွဲသည် ပျံလွှားဂိုဏ်း၏ စနက်လည်း ဖြစ်နိုင်သည်။ စစ်မီးကို စမွှေးခဲ့သည့် နောက်ကွယ်မှ လက်သည်တရားခံသည် မည်သူဖြစ်မည်နည်းဟု သူ စဉ်းစားနေလျက်ရှိသည်။ သူတွေးနေစဉ်မှာပင် စီမာဟွေ့နန်၏ ပြတ်သားသော အသံက သူ၏ အတွေးများကို ဖြတ်တောက်ပစ်လိုက်သည်။ ဂိုဏ်းကြီးများ၏ လျှို့ဝှက်ချက်များကို သိခြင်း၊ မသိခြင်းသည် အခြေတည်အဆင့် ၂ သာ ရှိသေးသော သူ့အဖို့ ဘာမှ မထူးခြားနိုင်ပေ။ ယခု အရေးကြီးသည်မှာ မိမိ၏ ကိုယ်ပိုင်ကိစ္စများကို စီမံခန့်ခွဲရန်သာ ဖြစ်သည်။
"နောက်တစ်ချက်က ဝိညာဉ်ကျောက်တုံး အရေအတွက်ကတော့ တော်တော်လေး များပါတယ်၊ စုစုပေါင်း ၁၃၀,၀၀၀ လောက် ရှိမယ်ရှင့်.... အများစုကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ ဖြစ်ပေမဲ့၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀၀ လည်း ပါဝင်ပါတယ်…. ကျွန်မ အကြံပြုချင်တာကတော့.... "
"ဘာ.... ၁၃၀,၀၀၀ ဟုတ်လား…. ငါ နားကြားများ လွဲသွားလားဟင်"
လော့ချန်သည် စိတ်လှုပ်ရှားစွာဖြင့် ထိုင်နေရာမှ မတ်တပ်ထခုန်ချင်စိတ်ပင် ပေါက်သွားသည်။ အကြောင်းမူ သူ့လက်ထဲတွင် ဝိညာဉ်ကျောက်တုံး ငါးသောင်းသာ ကျန်တော့သည်။ ယမန်နေ့ကပင် သုံးနှစ်စာ ဂူဗိမာန် ငှားခကို တစ်လုံးတစ်ခဲတည်း ပေးလိုက်ရသဖြင့် သူ၏ ပိုင်ဆိုင်မှုမှာ အတော်လေး လျော့နည်းသွားခဲ့ရသည်။
ထိုတစ်သိန်းသုံးသောင်း ပမာဏသည် ဝမ်ဟိုင်ချောင်၊ ထူရှန်းနှင့် ဟော်ဟူတို့ထံမှ ရရှိသော သိုလှောင်အိတ် သုံးအိတ်ကို ထည့်မတွက်ရသေးသော ပမာဏ ဖြစ်သည်။ အကယ်၍ ထိုအိတ်များထဲတွင်သာ ဝိညာဉ်ကျောက်တုံးများ အမြောက်အမြား ပါဝင်နေမည်ဆိုပါက သူ၏ ပိုင်ဆိုင်မှုမှာ မခန့်မှန်းနိုင်အောင်ပင် မြင့်တက်သွားပေလိမ့်မည်။ အကယ်၍သာ လောဘဇောတိုက်နေသော ကျင့်ကြံသူတစ်ဦး ဖြစ်ပါက ဤမျှ အမြတ်ထွက်သော စစ်ပွဲများကို ထပ်မံ ဆင်နွှဲချင်နေပေလိမ့်မည်။ သို့သော် လော့ချန်သည် ထိုအတွေးကို ချက်ချင်းပင် ခေါင်းထဲမှ မောင်းထုတ်လိုက်သည်။ ထိုတိုက်ပွဲ တစ်ခုတည်းဖြင့်ပင် လော့ထျန်းအဖွဲ့၏ ကျင့်ကြံသူ ထက်ဝက်ကျော် ဆုံးရှုံးခဲ့ရသလို သူ၏ မိတ်ဆွေဟောင်း ကျန်းဝမ်မှာလည်း မိသားစုကို ကာကွယ်ရင်း သေဆုံးခဲ့ရသည် မဟုတ်ပါလော။
သူ၏ ပင်ကိုယ်စိတ်အရလည်း ပဋိပက္ခများကို အလွယ်တကူ မဖန်တီးချင်ပေ။ သူ အမှန်တကယ် လိုလားသည်မှာ ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်မည့် ဘဝတစ်ခုပင် ဖြစ်သည်။
"မှော်လက်နက်တွေ ရေကြည့်တာတော့ တစ်ထောင်ကျော်လောက်ရှိပါတယ်.... ထက်ဝက်ကျော်လောက်က ပကတိအတိုင်း ကောင်းသေးတယ်ရှင့်.... အဲဒါတွေ အခု လော့ထျန်းသိုလှောင်ရုံထဲမှာ သိမ်းထားပါတယ်.... ပြီးတော့ ဆေးလုံးတွေ၊ မှော်စာရွက်တွေ၊ မှော်ဝတ်ရုံတွေနဲ့ တခြား ကုန်ကြမ်းပစ္စည်းတွေလည်း အများကြီး ရထားတယ်ရှင့်.... ကျင့်စဉ်တွေနဲ့ လျှို့ဝှက်ကျမ်းတွေက တစ်ရာနီးပါး ရထားပေမဲ့ တူနေတာများတော့ သေချာ စစ်ထုတ်ပြီး ၃၀ ကျော်ပဲ ကျန်ပါတယ်.... အဲ.... အဲဒီထဲမှာ ဒုတိယအဆင့် ကျင့်စဉ် ၅ ခု ပါ ပါတယ် ခေါင်းဆောင်....”
"ဒါတွေကတော့ ကျွန်မ အကြမ်းဖျင်း တင်ပြတာပါ၊ ကျဆုံးသွားတဲ့ လော့ထျန်းအဖွဲ့သားတွေရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ ကျန်ရစ်သူ မိသားစုဝင်တွေဆီ အပ်ပေးပြီးပါပြီ.... ကျန်တာတွေကိုတော့ စာရင်းထဲမှာ မှတ်တမ်းတင်ထားပါတယ်.... ဩော်.... ဒါနဲ့ ဆေးဖော်နည်း မှတ်စုစာအုပ် ၃ အုပ်လည်း ရထားလို့ ကျွန်မ ယူလာခဲ့ပါတယ်"
စီမာဟွေ့နန်၏ တင်ပြချက်မှာ အချိန်အတန်ကြာသည်။
တစ်ခုကောင်းသည်က လော့ချန်သည် ဤကဲ့သို့သော စာရင်းဇယားများနှင့် ရိုးအီနေပြီ ဖြစ်သည်။ အတွေ့အကြုံ မရှိသော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပါက ဤမျှ များပြားလှသော အချက်အလက်များကြောင့် ခေါင်းကိုက်နေလောက်ပြီ ဖြစ်သည်။
လော့ချန်သည် သူမ၏ လက်ထဲမှ မှတ်စုစာအုပ် ၃ အုပ်ကို ယူကာ ပေါ့ပေါ့ပါးပါးပင် လှန်ကြည့်လိုက်သည်။ အများစုမှာ ပထမအဆင့် ဆေးဖော်ဆရာများ ရေးသားထားခြင်း ဖြစ်သဖြင့် သိပ်ထူးခြားမှု မရှိပေ။ သို့သော် ပထမအဆင့် ဆေးနည်း နှစ်ခုက သူ၏ အာရုံကို ဖမ်းစားလိုက်သည်။
"ကောင်းပြီ.... ဒါတွေကို ဆေးဖော်ခန်းမမှာ အခြေခံ အတတ်ပညာတွေအဖြစ် သိမ်းထားလိုက်မယ်.... ငါလည်း အားရင်ပြန်ဖတ်လို့ ရတာပေါ့.... ဟားဟား.... ဟွေ့နန်.... မင်း တော်တယ်ကွာ.... ဒီလောက်များတဲ့ကိစ္စတွေကို အကွက်စေ့အောင် စီမံတတ်ပါပေတယ်.... ”
သူ့ခေါင်းဆောင်မှ ချီးကျုးလိုက်သဖြင့် စီမာဟွေ့နန်၏ မျက်နှာထက်ဝယ် ပီတိအပြုံးတစ်ခု ပေါ်လာသည်။
"ဒါက ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါပဲ.... ခေါင်းဆောင်"
"ဟားဟား.... လုပ်သင့်လုပ်ထိုက်တယ် ဆိုတာထက် လူတိုင်းဟာ ကိုယ်ကျိုးအတွက် လုပ်ကိုင်နေရတာပါပဲ.... အလုပ်လုပ်တာ ကြိုးစားတဲ့သူ၊ တော်တဲ့သူတိုင်းက ဆုလာဘ်တစ်ခုတော့ ပြန်ရတာချည်းပဲ.... မင်း ဒီအတောအတွင်း ပြဿနာအများကြီးကို ငါ့ကိုယ်စားကောင်းကောင်း စီမံနိုင်တာ ဒီတိုင်းကျော်သွားလို့ ဘယ်ဖြစ်မလဲ.... ကျိန်းသေ ဆုချမှရမှာပေါ့”
လော့ချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်း ဖြစ်သော်လည်း စီမာဟွေ့နန်၏ စိတ်ထဲတွင် ကြည်နူးမိသလို ဖြစ်သွားရသည်။ လော့ချန်၏ နွေးထွေးသော အပြုံးကို သူမ ကြည့်လိုက်သည်။
‘အမှန်တော့ ခေါင်းဆောင်မသိတာက ကျွန်မ ဒါတွေကို ဝတ်ကျေတန်းကျေ လုပ်နေတာ မဟုတ်ပါဘူး.... ကျွန်မတို့မောင်နှမတသိုက်ရဲ့ အသက်သခင်ကျေးဇူးရှင်မိုလို့ တတ်နိုင်သလောက် အစွမ်းကုန် ကျေးဇူးပြန်ဆပ်ချင်တဲ့ သဘောပါ.... ခေါင်းဆောင်က ထုတ်မပြောပေမဲ့၊ ကျွန်မကတော့ ခေါင်းဆောင် ပေးတဲ့ အသက်ပဲရှိတော့တာပါ.... ’
ထိုအတွေးများကို သူမ နှုတ်မှ မည်သည့်အခါမှ ထုတ်ပြောမည်မဟုတ်ပေ။ စကားထက် အလုပ်ဖြင့်သာ သက်သေပြရန် ဆုံးဖြတ်ထားလေသည်။ သို့သော် သူမ အတွေးလွန်နေသည်ကို ကြည့်ကာ လော့ချန်မှာ အနည်းငယ် အံ့ဩသွားရသည်။ အထက်လူကြီးတစ်ဦးမှ ဆုချခြင်းကို သူမအနေဖြင့် အလွန် ဝမ်းသာသွားမည် သို့မဟုတ် ကျေးဇူးတင်စကား ပြောမည်ဟု သူ မျှော်လင့်ခဲ့သည်။
‘ဩော်.... ငါ့တုန်းကနဲ့များ ကွာပ.... ဆုလာဒ်ရမှာတောင် ဝမ်းသာတဲ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်တာလဲ အတော်ရင့်ကျက်တယ်ပြောရမယ်.... ’ ဟု သူအတွေးနှင့်သူ ကောက်ချက်ချလိုက်သည်။
"အဟမ်း.... ငါ သတိထားမိသလောက်တော့.... လော့ထျန်းအဖွဲ့ထဲက ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူတွေထဲမှာ မင်းနဲ့ တွမ်ဖုန်းက နောက်တစ်ဆင့်တက်ဖို့ အနီးစပ်ဆုံးပဲ.... ဒီတော့ကား နေ့တိုင်း ကျင့်ကြံတာကိုတော့ ဘယ်တော့မှ မပြတ်စေနဲ့.... တကယ်လို့ ချီသန့်စင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်တဲ့တစ်နေ့.... အခြေတည်ဆေးလုံး ငါ ရအောင်ရှာပေးမယ်.... ဟုတ်ပြီလား၊ အခြေတည် အဆင့်တက်မဲ့နေ့ ဒီ ဂူဗိမာန်ကိုလည်း စိတ်ကြိုက် သုံးနိုင်သလို ငါကိုယ်တိုင် သေချာစောင့်ကြည့်ပေးမယ်.... ”
ထိုစကားကို ကြားသောအခါတွင်မူ တည်ငြိမ်လှပါသည် ဆိုသော အမျိုးသမီး၏ မျက်နှာတွင်ပင် စိတ်လှုပ်ရှားမှုများ ဖုံးဖိမရတော့ပေ။ ဤသည်မှာ ဆုလာဒ်တစ်ခုထက်ပိုသော ကတိစကား တစ်ခွန်းပင် ဖြစ်သည်။
‘အခြေတည် ဆေးလုံး’
‘ဒုတိယအဆင့် ဂူဗိမာန်ကို သုံးခွင့်’
‘အဆင့်တက်စဉ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အပြည့်အဝ စောင့်ရှောက်မှု’
ဤသည်တို့မှာ အိပ်မက်ပင် မမက်ရဲခဲ့သော အခွင့်အရေးမျိုးဖြစ်သည်။ ယခင်က နယ်လှည့်ကုန်သည်အဖြစ် ကျင်လည်ခဲ့စဉ်က သူမသည် အခြေတည်အဆင့်အတွက် လိုအပ်သော အရင်းအမြစ်များကို အိုမင်းသည့်အချိန်အထိ ကြိုးပမ်းစုဆောင်း ရလိမ့်မည်ဟု ထင်ခဲ့သည်။ လက်ရှိတွင်မူ သူမ၏ ကံကြမ္မာမှာ ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်ထားခဲ့ပါမည်နည်း။
သေချာသည်က သူမသည် ပိုးတုံးလုံးဘဝမှ အတောင်ပံဖြန့် ပျံသန်းနိုင်မည့် လိပ်ပြာတစ်ကောင်အဖြစ် အသွင်ပြောင်းနိုင်ပေတော့မည်။ ခက်ခဲကြမ်းတမ်းသော နေ့ရက်များအဆုံးတွင် ရွှေရောင်နေ့သစ်များသည် စီမာဟွေ့နန်၏ လက်တကမ်းအလိုတွင် စောင့်ကြိုနေပြီ ဖြစ်လေသည်။