အခန်း (၁၈၃-၁၈၄)
Vol. 19 Ch. 183-184
183 01
အခန်း (၁၈၃)
"သခင်ကြီး" လျူတပ်ခွဲမှူးက အံ့ဩတကြီး ဟစ်အော်လိုက်တယ်။
ငွေက ထားပါဦး၊ ကော်ကျွီခံတပ်မှာ အခု သုံးလို့ရတဲ့ တိုက်သင်္ဘောက ဆယ်စီးပဲ ရှိတာလေ။ ဒီသင်္ဘောတွေ ရှိလို့သာ ကော်ကျွီခံတပ်ဟာ ကျဲ့ကျန်း ကမ်းရိုးတန်း တစ်လျှောက်မှာ အရှိန်အဝါ ရှိနေပြီး ဒေသတွင်းက နိုင်ငံခြား ကုန်သွယ်မှု အားလုံးကို လက်ဝါးကြီး အုပ်ထားနိုင်တာ ဖြစ်တယ်။
တကယ်တော့ ပင်လယ်နဲ့ နီးစပ်တဲ့ တခြား နေရာတွေမှာလည်း သူတို့လိုပဲ စီးပွားရေး လုပ်ချင်တဲ့သူတွေ ရှိခဲ့တာပါပဲ။ ဒါပေမဲ့ နှိမ်နင်းလို့ ရတဲ့သူတွေကိုတော့ အကုန်နှိမ်နင်းခဲ့သလို နှိမ်နင်းဖို့ မလွယ်တဲ့သူတွေကိုတော့ အခုလိုမျိုး လူမိုက်ဆန်တဲ့ နည်းလမ်းတွေနဲ့ အမှုန့်ခြေပစ်ခဲ့ကြတာ ဖြစ်တယ်။
ဒါဟာ သူတို့ရဲ့ အခြေခံ အုတ်မြစ်ပဲဖြစ်သလို ကော်ကျွီခံတပ်ရဲ့ အသက်သွေးကြောလည်း ဖြစ်တယ်။
တကယ်လို့သာ ဒီသင်္ဘောတွေကို ဆုံးရှုံးလိုက်ရရင် ခဏတဖြုတ်တော့ ငွေရှိရင်တောင်မှ စီးပွားရေးကို ပြန်ပြီး ထိန်းကျောင်းနိုင်မှာ မဟုတ်တော့ဘူး။ ခံတပ်ကတော့ ထားလိုက်ပါဦး။ အထက်ကို ဘယ်လို ဖြေရှင်းချက် ပေးရမလဲ ဆိုတာက ပိုပြီးစိုးရိမ်စရာ ကောင်းတယ်။ သူနဲ့စစ်သူကြီးဟဲ့တို့သာ ပြန်သွားခဲ့ရင်တော့ တကယ့်ကို ဒုက္ခကြီးစွာ ကြုံရမှာ အသေအချာပဲ။ သိသာတာကတော့ အခု အခြေအနေမှာ သူတို့အတွက် ရွေးချယ်စရာ မရှိတော့ပါဘူး။ ပစ္စည်းကို နှမြောနေရင် အသက်ကို စတေးရတော့မှာလေ။ အသက်နဲ့ပစ္စည်း ယှဉ်လာရင်တော့ အသက်က ပိုအရေးကြီးတာကြောင့် လျူတပ်ခွဲမှူးက ဘာမှထပ်မပြောတော့ဘဲ ခေါင်းကိုသာ ငိုက်စိုက်ချထားလိုက်တော့တယ်။
တျန့်ဟိုင်ဘက်က လူတွေကတော့ ဒီကိစ္စကို ကြားလိုက်ရတဲ့ အခါမှာ ဝေခွဲမရ ဖြစ်နေကြရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်သူကြီးကန်းရဲ့ရင်ထဲမှာတော့ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကို စွန့်လွှတ်ရမယ့် ကိစ္စအတွက် နာကျင်နေရဆဲ ဖြစ်သလို၊ ရွှီထင်းရှန်းကလည်း ဒီတိုက်ပွဲရဲ့ အဓိကခေါင်းဆောင် ဖြစ်နေတာကြောင့် စစ်သူကြီးကန်းက စကားမပြောတဲ့ အခါမှာတော့ တခြားသူတွေလည်း ဘာမှ ပြောစရာ မရှိတော့ပါဘူး။
ထူးခြားတာကတော့ ရှဲ့သခင်လေးဟာ တစ်စုံတစ်ရာသော အကြောင်းရင်းကြောင့် စိတ်သက်သာရာ ရသွားသလို သက်ပြင်းချလိုက်တာပဲ ဖြစ်တယ်။
ကိစ္စကတော့ ဒီအတိုင်းပဲ အတည်ဖြစ်သွားခဲ့ပြီ။ လဲလှယ်မယ့် ပမာဏနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးဟာ အကြီးအကျယ် အငြင်းပွားခဲ့ကြသေးတယ်။
ကော်ကျွီဘက်က ရွှီထင်းရှန်းကို ဈေးနှုန်း အရမ်းတောင်းတယ်လို့ ပြောသလို၊ ရွှီထင်းရှန်းကလည်း တစ်ဖက်လူကို ကပ်စေးနှဲတယ်လို့ ပြန်ပြီးစွပ်စွဲတယ်။ အပြန်အလှန် ညှိနှိုင်းပြီးနောက်မှာတော့ သာမန်စစ်သည်တွေအတွက် ငွေပြားငါးသောင်းနဲ့ အတည်ပြုလိုက်ကြသလို၊ တပ်ခွဲမှူးတွေနဲ့ လျူတပ်ခွဲမှူးအတွက်ကိုတော့ ပေါ်တူဂီ အမြောက် ဆယ့်ငါးလက်နဲ့ အမြောက်ကြီး နှစ်လက် ပေးဖို့ သတ်မှတ်လိုက်ကြတယ်။
စစ်သူကြီးဟဲ့ရဲ့ဈေးနှုန်းကိုတော့ ရွှီထင်းရှန်းက လုံးဝအလျှော့မပေးဘဲ တိုက်သင်္ဘော တစ်စီးတောင် လျော့လို့ မရဘူးလို့ တင်းတင်းမာမာ ပြောခဲ့တယ်။
နှစ်ဖက်စလုံးကလည်း နန်းတွင်းရဲ့အရာရှိကြီးတွေ ဖြစ်ကြပါလျက်နဲ့ အခုတော့ ဈေးထဲမှာ ဟင်းသီးဟင်းရွက် ရောင်းသလိုမျိုး ဈေးဆစ်နေကြတာကတော့ တကယ့်ကို လောကကြီး ပျက်စီးနေပြီလားလို့တောင် ထင်မှတ်ရတယ်။
183 02
လျူတပ်ခွဲမှူးကတော့ စိုးရိမ်တဲ့ စိတ်တွေကို ဖယ်ထားပြီး ခံတပ်အတွက် ဆုံးရှုံးမှု အနည်းငယ် သက်သာအောင်လို့ ရှားရှားပါးပါး ဈေးဆစ်တဲ့ ပါရမီကို ထုတ်သုံးခဲ့တယ်။ နောက်ဆုံးမှာတော့ ရွှီထင်းရှန်းရဲ့ "လဲရင်လဲ၊ မလဲရင် နေလိုက်တော့" ဆိုတဲ့ စကားတစ်ခွန်းကသာ တစ်ဖက်လူရဲ့ စကားတွေကို ရပ်တန့်စေခဲ့တာ ဖြစ်တယ်။
ဈေးနှုန်း သတ်မှတ်ပြီးပြီဆိုရင်တော့ ဘယ်လိုလဲလှယ်မလဲ ဆိုတဲ့ ကိစ္စပဲ ကျန်တော့တယ်။ ရွှီထင်းရှန်းကတော့ ပြတ်သားတယ်၊ လျူတပ်ခွဲမှူးကို ငွေနဲ့ပစ္စည်းတွေ သွားပြင်ဖို့ လွှတ်လိုက်ပြီး စစ်သူကြီးဟဲ့နဲ့ ကျန်တဲ့သူတွေကိုတော့ သုံ့ပန်းအဖြစ် ထားခဲ့တယ်။
လဲလှယ်မယ့် နေရာကိုတော့ ရွှန်းယွီပင်လယ်အော်မှာ သတ်မှတ်လိုက်ပြီး သုံးရက် အချိန်ပေးလိုက်တယ်။
ရွှီထင်းရှန်းက လူလွှတ်ပြီး လျူတပ်ခွဲမှူးကို ပြန်ပို့ခိုင်းလိုက်သလို သူကိုယ်တိုင်ကတော့ ရသမျှ တိုက်ပွဲ ရလဒ်တွေကို ယူပြီး တျန့်ဟိုင်ကို ခန့်ခန့်ထည်ထည် ပြန်လာခဲ့တယ်။
တျန့်ဟိုင်ကို ရောက်တဲ့ အခါမှာတော့ စစ်သူကြီးဟဲ့ဟာ သင်္ဘောပေါ်ကနေ ဘယ်လိုမှ မဆင်းချင်ဘဲ နေခဲ့တယ်။ ရွှီထင်းရှန်းကတော့ သူ ဘာလို့ မဆင်းချင်သလဲဆိုတာကို သိနေတာကြောင့် သူ့သဘောအတိုင်းပဲ ထားလိုက်တယ်။
သုံးရက်တာ အချိန်ကတော့ မြန်မြန်ပဲ ကုန်လွန်သွားခဲ့တယ်။ ဒီသုံးရက်အတွင်း ကော်ကျွီခံတပ်က လူတွေဟာ တကယ့်ကို လိမ္မာနေကြပြီး ဘာပြဿနာမှ မရှာခဲ့ကြပါဘူး။ ရွှီထင်းရှန်းကလည်း တော်တော်လေးကို ရက်စက်တယ်။ သူတို့ကို ရေပဲ ပေးပြီး ထမင်းမကျွေးဘဲ ထားတာကြောင့် သုံးရက်အတွင်းမှာတော့ သံနဲ့ လုပ်ထားတဲ့သူတောင်မှ ခံနိုင်ရည် ရှိမှာမဟုတ်တော့ပါဘူး။ အထူးသဖြင့် အရင်က တိုက်ပွဲမှာလည်း ပင်ပန်းထားကြတာ မဟုတ်လား။
ချိန်းထားတဲ့ အချိန်ကို ရောက်တော့ လျူတပ်ခွဲမှူးဟာ တကယ်ပဲ ပစ္စည်းတွေနဲ့ ရောက်လာခဲ့တယ်။
စုစုပေါင်း တိုက်သင်္ဘော ငါးစီး၊ အဝေးက ကြည့်ရင်တော့ တကယ့်ကို အရှိန်အဝါ ရှိပြီး ထည်ဝါလှတယ်။ ဒါပေမဲ့ လွှဲပြောင်းယူတဲ့ အချိန်မှာတော့ ရွှီထင်းရှန်းက ကပ်စေးနှဲတဲ့ ပုံစံမျိုးနဲ့ တျန့်ဟိုင်က သင်္ဘောပြင်သမားတွေကို သင်္ဘောပေါ် တက်ပြီး အကုန် စစ်ဆေးခိုင်းတော့တယ်။
သူက ကော်ကျွီခံတပ်က လူတွေကို မယုံကြည်တာကြောင့် တစ်ခုခု လှည့်စားထားမှာကို စိုးရိမ်လို့ပဲ ဖြစ်တယ်။
ဒီအခြေအနေကို လျူတပ်ခွဲမှူး မြင်လိုက်ရတဲ့ အခါမှာတော့ သူ အရင်က ခံတပ်ကို ပြန်ရောက်တုန်းက တခြားတပ်ရင်းမှူးတွေက တစ်ခုခု လှည့်စားဖို့ တိုက်တွန်းခဲ့တာကို သူက လက်မခံဘဲ ငြင်းဆန်ခဲ့တာက တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ်လို့ တွေးမိနေတော့တယ်။
စစ်ဆေးမှုကတော့ မနက်ခင်း တစ်ဝက်လောက်အထိ ကြာမြင့်ခဲ့တယ်။ ကော်ကျွီခံတပ်ကတော့ ဘာမှ မလှည့်စားခဲ့ပါဘူး။ ထူးခြားတာ တစ်ခုကတော့ ဒီထည်ဝါလှတဲ့ တိုက်သင်္ဘော ငါးစီးဟာ အခွံသက်သက်ပဲ ဖြစ်နေခဲ့တာပဲ၊ ကတိပေးထားတဲ့ မီးပေါက်လက်နက်တွေကလွဲလို့ ကျန်တဲ့ လက်နက်တွေကိုတော့ အကုန်ဖြုတ်ယူထားကြတာ ဖြစ်တယ်။
ဒါတွေအားလုံးကလည်း ရွှီထင်းရှန်း တွက်ထားပြီးသားပါ၊ သူကိုယ်တိုင်သာ ဆိုရင်လည်း သင်္ဘောပေးမယ်လို့ပြောရင် သင်္ဘောပဲ ပေးမှာပေါ့။ ဒါကြောင့်လည်း သူက အစောကြီးကတည်းက လက်နက်တွေကို အများကြီး တောင်းခဲ့တာ ဖြစ်သလို၊ အရင်က တိုက်ပွဲမှာ ရခဲ့တဲ့ လက်နက်တွေနဲ့ ပေါင်းလိုက်ရင်တော့ ဒီသင်္ဘော ငါးစီးကို အပြည့်အစုံ တပ်ဆင်ဖို့အတွက် လုံလောက်နေပြီ ဖြစ်တယ်။
ထူးခြားတဲ့ အချက်တစ်ခုကတော့ ရွှီထင်းရှန်း အရင်က ကော်ကျွီခံတပ်ဆီကနေ သိမ်းယူလာတဲ့ ပစ္စည်းတွေထဲမှာ တိုက်သင်္ဘော နှစ်စီးကတော့ ဘာမှ မထိခိုက်ခဲ့ပေမဲ့၊ တစ်စီးကတော့ အသုံးမပြုနိုင်အောင် ပျက်စီးသွားသလို နောက်ထပ် နှစ်စီးကတော့ နစ်မြုပ်သွားခဲ့တာ ဖြစ်တယ်။
183 03
ဒါပေမဲ့ နစ်သွားတဲ့ နေရာတွေကိုတော့ သူတို့တွေ မှတ်သားထားပြီးသား ဖြစ်တာကြောင့် နောက်ပိုင်းမှာ ပြန်ပြီးဆယ်ယူလို့ ရနိုင်သေးတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေက တျန့်ဟိုင်ရဲ့နယ်မြေထဲမှာ ဖြစ်တာကြောင့် ကော်ကျွီဘက်ကလည်း လာပြီး မရှုပ်ရဲတော့ပါဘူး။
ရွှီထင်းရှန်းက ကတိအတိုင်း ကော်ကျွီက လူတွေကို လွှတ်ပေးလိုက်တယ်။ ကိစ္စကတော့ ခဏတဖြုတ် ပြီးသွားပြီဖြစ်ပေမဲ့ နှစ်ဖက် ရန်ငြိုးကတော့ ကြီးသွားပြီဆိုတာကိုတော့ အားလုံး သိကြတာပေါ့။
နောက်ပိုင်း ရက်တွေမှာတော့ ရွှီထင်းရှန်းဟာ ပြန်ပြီး အလုပ်ရှုပ်လာပြန်တယ်။
အရေးကြီးဆုံး ကိစ္စကတော့ ဒီတစ်ခါ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သည်တွေနဲ့ အရပ်သားတွေကို လျော်ကြေးပေးဖို့ပဲ ဖြစ်တယ်။ ဒါတွေ ပြီးသွားတော့လည်း သူက အားမနေပါဘူး။ ရှဲ့သခင်လေးနဲ့ စစ်သူကြီးကန်းတို့လည်း အရမ်း အလုပ်ရှုပ်နေကြရတယ်။ တစ်ယောက်ကတော့ လူသစ်တွေကို စည်းရုံးဖို့ ကြိုးစားနေသလို နောက်တစ်ယောက်ကတော့ စစ်သည်အသစ်တွေကို လေ့ကျင့်ပေးနေရတာ ဖြစ်တယ်။
ရွှီထင်းရှန်းက ရှဲ့သခင်လေးကို သီးသန့်တာဝန်တစ်ခု ပေးလိုက်တယ်။ ကျိုးရှန်းကျွန်းမှာ စီးပွားရေး လုပ်နေတဲ့ ကုန်သည်တွေကို တျန့်ဟိုင်ကို လာဖို့ စည်းရုံးခိုင်းလိုက်တာ ဖြစ်တယ်။ ရှဲ့သခင်လေးက ဒီနယ်သားဖြစ်သလို ရှဲ့မိသားစုကလည်း ဒီနယ်မှာ အရှိန်အဝါ ရှိတာကြောင့် နေရာအနှံ့မှာ စကားပြောလို့ အဆင်ပြေတယ်။
အလုပ်ကတော့ တော်တော်လေးကို ချောမွေ့သွားခဲ့တယ်။ ဒါကလည်း ကော်ကျွီခံတပ်က ထိခိုက်မှု ပြင်းထန်လွန်းလို့ တိုက်သင်္ဘောတွေ ဆုံးရှုံးသွားရတာကြောင့် ကာကွယ်ရေး အင်အား မရှိတော့လို့လည်း ပါတာပေါ့။ ကော်ကျွီဘက်ကလည်း ကြောက်ကြောက်လန့်လန့်နဲ့ တိုက်သင်္ဘော အငယ်စားလေး အချို့ကိုတော့ ဟန်ပြအနေနဲ့ သုံးနေပေမဲ့၊ ရွှီထင်းရှန်းကလည်း တကယ့်ကို လူဆိုးပဲလေ။ ဆယ်ရက် တစ်ပတ်လောက်ကြာတိုင်း သူ့ရဲ့တိုက်သင်္ဘောတွေကို အလံမပါဘဲ လွှတ်ပြီး ဂျပန်ဓားပြ အသွင်ဆောင်ကာ သွားပြီး လုယက်ခိုင်းနေတာ ဖြစ်တယ်။
ဒါကြောင့် ကော်ကျွီခံတပ်မှာတော့ ရင်ထဲမှာ ရှိသမျှ အောင့်ထားရပြီး တစ်ဖက်လူက ဘယ်သူလဲဆိုတာ သိနေပေမဲ့ ဘာမှထုတ်မပြောရဲဘဲ ငြိမ်နေရတော့တယ်။ ဒီလို ဖြစ်လာတော့ စီးပွားရေးကိုလည်း ထိခိုက်သွားခဲ့ပြီ၊ ဒီကို လာပြီး စီးပွားရေး လုပ်တဲ့ ကုန်သည်တွေ အကုန်လုံး ထွက်ပြေးကုန်ကြတော့တာကြောင့် စစ်သူကြီးဟဲ့ဟာ ဒေါသထွက်လွန်းလို့ သွားတွေကို ကြိတ်ထားရရုံကလွဲလို့ တျန့်ဟိုင်ကို ဘာမှ လုပ်လို့ မရတော့ပါဘူး။
အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားပြီး တျန့်ဟိုင်ခရိုင်ကတော့ ပိုပြီးတော့ စည်ကားလာခဲ့ပြီ၊ အခုဆိုရင် ကျဲ့ကျန်းနယ်က စီးပွားရေးသမားကြီးတွေထဲမှာ ဒီနေရာအကြောင်း မသိတဲ့သူ မရှိသလောက်ပဲ ဖြစ်နေပြီ။
ခရိုင်မြို့လေး တစ်ခုက ဒီလောက်အထိ ရမ်းကားရဲတာကို ကြည့်ပြီး သူ့ရဲ့နောက်ကွယ်မှာ အာဏာရှိသူ တစ်ယောက်ယောက် ရှိနေလိမ့်မယ်လို့ပဲ အားလုံးက ထင်နေကြပြီး အုံနဲ့ကျင်းနဲ့ ရောက်လာကြတော့တယ်။ ရွှီထင်းရှန်းကတော့ လစဉ် ကုန်စည်တွေကို ဂိုဒေါင်ထဲမှာ သိမ်းပေးတဲ့ စရိတ်နဲ့တင် ငွေတွေ အများကြီး ရနေခဲ့ပြီး ဒါဟာ တကယ့်ကို ရွှေတွင်းကြီး တစ်ခု ဖြစ်နေခဲ့ပြီ။
အဲဒီအတွင်းမှာ ကျောက်အာက တစ်ခေါက် ပြန်လာခဲ့ပေမဲ့ ရက်အနည်းငယ်ပဲ နေပြီး ပြန်ထွက်သွားခဲ့တယ်။
သူမကတော့ သူမ ထွက်သွားပြီးနောက်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို သိနေသလို ရွှီထင်းရှန်း အလုပ်ရှုပ်နေတာရဲ့ အဓိပ္ပာယ်ကိုလည်း နားလည်နေတာကြောင့် သူမကိုယ်တိုင်လည်း တစ်စုံတစ်ရာသော ဖိအားတွေကြောင့် ပိုပြီးကြိုးစားနေခဲ့တာ ဖြစ်တယ်။
အရာအားလုံးက ကောင်းမွန်တဲ့ဘက်ကို ဦးတည်နေတဲ့ အချိန်မှာပဲ ပြဿနာတစ်ခုကတော့ ရုတ်တရက် ပေါ်ပေါက်လာခဲ့တယ်။
တကယ်တော့ ဒီပြဿနာက ရွှီထင်းရှန်း တွက်ထားပြီးသားပါ၊ ဒါပေမဲ့ ဟဲ့မျိုးရိုးက ဒီလောက်အထိ စိတ်မရှည်ဘဲ အမြန် ရောက်လာလိမ့်မယ်လို့တော့ သူ ထင်မထားခဲ့ဘူး။
183 04
ဒီနေ့ကတော့ တျန့်ဟိုင်ခရိုင်ရဲ့ အမှုဖွင့်ရက် ဖြစ်တယ်။
ရွှီထင်းရှန်းက ပုံမှန်ဆိုရင် ရုံးအလုပ်တွေကို ဂရုမစိုက်ပေမဲ့ တရားစီရင်ရေးက ဒေသဆိုင်ရာ အရေးကြီးတဲ့အလုပ် ဖြစ်တာကြောင့် ဘယ်လောက်ပဲ အလုပ်များများ အမှုဖွင့်ရက်တွေမှာတော့ သူကိုယ်တိုင် ရုံးထိုင်လေ့ ရှိတယ်။
အမှုဖွင့်ရက် ဆိုတာကတော့ ပြည်သူတွေ တရားစွဲဆိုနိုင်တဲ့ ရက်ပဲ ဖြစ်တယ်။ နန်းတွင်းရဲ့ ဥပဒေအရ ဆိုရင်တော့ အရေးကြီးတဲ့ အမှုကြီးတွေကလွဲလို့ ကျန်တဲ့ အမှုတွေကိုတော့ အမှုဖွင့်ရက် ရောက်မှသာ အစိုးရက လက်ခံပေးတာ ဖြစ်ပြီး၊ လတိုင်းရဲ့ သုံးရက်၊ ခြောက်ရက်နဲ့ ကိုးရက် ပါတဲ့ နေ့တိုင်းဟာ အမှုဖွင့်ရက်တွေ ဖြစ်ကြတယ်။
အခု တျန့်ဟိုင်ခရိုင်ရဲ့ လုံခြုံရေးကတော့ တော်တော်လေး ကောင်းမွန်နေပြီး၊ လမ်းပေါ်မှာ ပစ္စည်းကျရင်တောင်မှ ကောက်မယ့်သူ မရှိဘူးလို့ ပြောလို့ ရတယ်။ ရုံးတော်ကို ရောက်လာတဲ့ အမှုတွေကတော့ လူသတ်မှု အချို့ကလွဲလို့ ကျန်တာတွေကတော့ သာမန် ကိစ္စလေးတွေပဲ ဖြစ်တယ်။ ဥပမာ မင်းက ငါ့ဆီက ငွေချေးပြီး မဆပ်ဘူး၊ ဒါမှမဟုတ် ငါ့ရဲ့ ကြက်ကို ခိုးသွားတယ် ဆိုတာမျိုးတွေပေါ့။
ဒီလို အမှုမျိုးတွေနဲ့ ကြုံရတိုင်း ရွှီထင်းရှန်းကတော့ ရယ်ရခက် ငိုရခက် ဖြစ်ရပေမဲ့လည်း သူကိုယ်တိုင်တော့ ဆုံးဖြတ်ချက် ပေးရတာပဲ။
ခန်းမအပြင်ဘက်မှာတော့ ပြည်သူ ဆယ်ဂဏန်းလောက်က တရားစွဲဖို့အတွက် စောင့်နေကြတယ်။
ခန်းမထဲမှာတော့ ရွှီထင်းရှန်းက အဖေက သားကို တရားစွဲတဲ့ အမှုတစ်ခုကို စစ်ဆေးနေတယ်။
မင်မင်းဆက်မှာက မိဘအပေါ် သိတတ်မှုကို အဓိက ထားပြီး အုပ်ချုပ်တာ မဟုတ်လား၊ သိတတ်မှု ဆိုတာက တိုင်းပြည်ရဲ့ အခြေခံ အုတ်မြစ်ပဲ။ အဖေက သားကို မသိတတ်ဘူးဆိုပြီး တရားစွဲတာကတော့ တကယ့်ကို ကြီးလေးတဲ့ ကိစ္စတစ်ခု ဖြစ်တယ်။ ပေါ့ရင်တော့ ထောင်ကျပြီး နယ်နှင်ခံရမှာ ဖြစ်သလို၊ လေးရင်တော့ ဂုဏ်သိက္ခာတွေ ဆုံးရှုံးရမှာ ဖြစ်ပြီး အသက်ပေးရတဲ့ အထိလည်း ရှိတတ်တယ်။
ဒါကြောင့် ဒီအမှုက ကြည့်ရင်တော့ ဘာမှမဟုတ်သလို ရှိပေမဲ့ သေသေချာချာတော့ ကိုင်တွယ်ရမှာပဲ။
ဒါပေမဲ့ ဒီနေ့ကတော့ သားက မသိတတ်လို့ အဖေက လာပြီး စွဲတာ မဟုတ်ပါဘူး။
သားကို တရားစွဲတဲ့ အဘိုးကြီးကတော့ အစပိုင်းမှာ ဟန်ဆောင်ပြီး ငိုပြနေတယ်၊ သားက မသိတတ်ဘူး၊ အဖေကို မလုပ်ကျွေးချင်ဘူးလို့ လျှောက်ပြောနေတာလေ။ ဒါပေမဲ့ ရွှီထင်းရှန်းရဲ့မျက်လုံးတွေကတော့ စူးရှလှတာကြောင့် အစောကြီးကတည်းက တစ်ခုခု မှားနေတာကို သိလိုက်ရတယ်။
အကြိမ်ကြိမ် စစ်မေးပြီးနောက်မှာတော့ ဒီအဘိုးကြီးဟာ အမှန်အတိုင်း ပြောလိုက်ရတော့တယ်။
တကယ်တော့ ဒါကလည်း လောကမှာ ရှိနေကျ မိဘတွေ ဘက်လိုက်တဲ့ ကိစ္စပါပဲ၊ ဒီအဘိုးကြီးက သားတစ်ယောက်ကိုပဲ အစွန်းရောက်အောင် ချစ်တာ ဖြစ်တယ်၊ ဒါပေမဲ့ သူချစ်တာက သားအကြီးဆုံး မဟုတ်ဘဲ သားအငယ်ဆုံး ဖြစ်နေခဲ့တာ၊ အခု သူ တရားစွဲနေတဲ့ သားကတော့ သူ့ရဲ့တတိယသား ဖြစ်တယ်။
သေချာ ပြောရရင်တော့ ဒီသားက သူ့သားလို့တောင် ပြောလို့ မရတော့ပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်က သူ ဆင်းရဲနေတုန်းက သားသမီး မရှိတဲ့ ဝမ်းကွဲညီအစ်ကို တစ်ယောက်ဆီကို ဒီသားကို မွေးစားဖို့ ပေးခဲ့တာလေ။ အဲဒီတုန်းက သားဖြစ်သူက ငယ်သေးသလို၊ ဒီနှစ်တွေမှာလည်း အဲဒီ ဝမ်းကွဲညီအစ်ကိုကပဲ သူ့ကို လူလားမြောက်အောင် ကျွေးမွေးခဲ့ပြီး အိမ်ထောင်ပြုပေးကာ သားသမီးတွေတောင် ရနေပြီ။ အစကတော့ အဖေကလည်း ကြင်နာ၊ သားကလည်း သိတတ်တဲ့ မြင်ကွင်းလေး ဖြစ်နေခဲ့ပေမဲ့၊ ဘယ်သူ သိမှာလဲ... အဲ့ဒီ ဝမ်းကွဲညီအစ်ကို လင်မယား နှစ်ယောက်စလုံးဟာ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့ကြတယ်။ အခုတော့ မွေးစားသား တစ်မိသားစုလုံးနဲ့ အသင့်အတင့် ရှိတဲ့ အိမ်ထောင်စုကြီးပဲ ကျန်ခဲ့တော့တယ်။
183 05
ဒီအိမ်ထောင်စုကြီးကတော့ ကျေးလက် လူတန်းစားအတွက် ဆိုရင်တော့ တော်တော်လေးကို ကြွယ်ဝတဲ့ ပမာဏပေါ့။ သားဖြစ်သူကတော့ ဝမ်းနည်းပူဆွေးနေခဲ့ပြီး မွေးစားမိဘတွေရဲ့ နာရေးကို ကောင်းကောင်းမွန်မွန် လုပ်ပေးခဲ့တယ်၊ ကိစ္စကတော့ ပြီးသွားပြီလို့ ထင်ရတာပေါ့။ သေသူက သွားပြီ၊ ရှင်သူကတော့ ဆက်ပြီး အသက်ရှင်ရမှာပဲလေ။ ဒါပေမဲ့ အဲဒီအချိန်မှာမှ သားအရင်းရဲ့ မိဘတွေက ရောက်လာကြတော့တယ်။
အဖေနဲ့အမေကတော့ အစပိုင်းမှာ စကားကောင်းတွေ ပြောတယ်၊ မွေးစားမိဘတွေလည်း ဆုံးသွားပြီ၊ အရင်တုန်းကလည်း သားကို သူတစ်ပါးဆီ ပေးချင်လို့ ပေးခဲ့တာ မဟုတ်ဘူး ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အိမ်ကို ပြန်လာဖို့ ပြောကြတာပေါ့။
ဒီတတိယသားကတော့ သေချာပေါက် မပြန်ချင်ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ ကိစ္စတွေ အများကြီး ဖြစ်ခဲ့ပြီး၊ သားဖြစ်သူက ပိုပြီးတော့ ဒေါသထွက်လာခဲ့တယ်။ အဖေက သူ့ကို အိမ်ပြန်ခေါ်ချင်တာက စေတနာကြောင့် မဟုတ်ဘဲ မွေးစားမိဘတွေရဲ့ အမွေကို လိုချင်လို့ဆိုတာ သိလိုက်ရလို့ပဲ။ ဒီကိစ္စက တစ်ရွာလုံးမှာလည်း ဟိုးဟိုးကျော် ဖြစ်သွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဖေကတော့ လူကြီး ဖြစ်နေသလို၊ အိမ်မှာလည်း အဆင်မပြေတာ အမှန်ပဲဖြစ်တာကြောင့် ရွာက လူကြီးတွေကလည်း အဖေနဲ့ သားကို မကွဲစေချင်ဘဲ ပြန်ပေါင်းဖို့ပဲ တိုက်တွန်းနေကြတာလေ။
ဒါပေမဲ့ ဒီသားကတော့ ရှားရှားပါးပါး ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိတဲ့သူ ဖြစ်တာကြောင့် လုံးဝ အလျှော့မပေးဘဲ နေခဲ့ရာကနေ၊ ဒီနေ့မှာတော့ အဖေက သားကို မသိတတ်ဘူးဆိုပြီး တရားစွဲတဲ့ အထိ ဖြစ်လာတာပေါ့။
"မင်းက ကိုယ့်သားအရင်းကို သူတစ်ပါးဆီ ပေးခဲ့တာပဲ၊ ပေးပြီးမှ ဘာလို့ အတင်း ပြန်ခေါ်ချင်နေရတာလဲ။ မင်းကို ယုံကြည်တဲ့ ဝမ်းကွဲညီအစ်ကိုကို ဘယ်လို သဘောထားတာလဲ မင်းရဲ့ဝမ်းကွဲညီအစ်ကိုက အပင်ပန်းခံပြီး သားကို လူလားမြောက်အောင် ကျွေးမွေးခဲ့တယ်။ မင်းကတော့ အရာအားလုံး ပြည့်စုံသွားတော့မှ အမွေကို လိုချင်လို့ စိတ်ပြောင်းသွားတာလား။ စိတ်ပြောင်းချင်ရင်လည်း အစောကြီးကတည်းက ပြောင်းပါလား။ ဘာလို့ မင်းရဲ့ ဝမ်းကွဲညီအစ်ကို သေသွားတော့မှ လာပြီး လုပ်နေရတာလဲ၊ ဒါဟာ သေသွားတဲ့သူက စကားမပြောနိုင်တော့တာကို အခွင့်ကောင်းယူပြီး နှိပ်စက်တာပဲ"
"သခင်ကြီး... ကျွန်တော်မျိုး မဝံ့ရဲပါဘူး"
အဲဒီအဘိုးကြီးကတော့ ခရိုင်ဝန်မင်းက ဒီလို ပြောလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ သိတတ်မှု ဆိုတာက နိုင်ငံတော်ရဲ့မူဝါဒ ဖြစ်တာကြောင့် ဘယ်သူမှ မသိတတ်တာကို အားပေးမှာ မဟုတ်ဘူးလို့ သူ ထင်ခဲ့တာလေ။ ခရိုင်ဝန်မင်းက ပြည်သူတွေကို ဆုံးမရတဲ့တာဝန် ရှိတာကြောင့် ပုံမှန်အားဖြင့်တော့ လူကြီးက လူငယ်ကို စွဲရင် လူကြီးဘက်ကပဲ အနိုင်ပေးလေ့ ရှိတာကိုး။
ဒါပေမဲ့ ဒီအဘိုးကြီးကတော့ ဒါတွေကို ဘယ်သိမှာလဲ။ သူ သိတာကတော့ အဖေက သားကို စွဲရင် အမှုက ကြီးတယ်၊ သားက ထောင်ကျမယ် ဆိုတာပဲ သိတာလေ။ ဘယ်သူ ထင်မှာလဲ... ဒီခရိုင်ဝန်မင်းကတော့ တခြားသူတွေနဲ့ မတူဘူးဆိုတာကို။
"ဘယ်လိုလဲ မင်းက ငါပြောတာကို မကျေနပ်ဘူးလား"
"ကျွန်တော်မျိုး မဝံ့ရဲပါဘူး၊ မဝံ့ရဲပါဘူး" အဘိုးကြီးက ကြောက်ကြောက်လန့်လန့်နဲ့ မြေပြင်ပေါ်မှာ ဝပ်တွားရင်း ခေါင်းကို အကြိမ်ကြိမ် ခါလိုက်တော့တယ်။
ရွှီထင်းရှန်းရဲ့မျက်နှာပေါ်မှာတော့ အေးစက်စက် အပြုံးတစ်ခု ရှိနေပြီး စားပွဲနောက်ကနေ မတ်တပ်ရပ်လိုက်တယ်။ "လူသားတွေ လိုက်နာရမယ့် ကျင့်ဝတ်ဆိုတာ ဘာလဲ။ အဖေက ကြင်နာရမယ်၊ သားက သိတတ်ရမယ်၊ အစ်ကိုက ကောင်းရမယ်၊ ညီက ရိုသေရမယ်၊ ခင်ပွန်းက တရားမျှတရမယ်၊ ဇနီးက နားထောင်ရမယ်၊ လူကြီးက ရက်ရောရမယ်၊ လူငယ်က လိမ္မာရမယ်၊ ဘုရင်က ကရုဏာရှိရမယ်၊ အမတ်က သစ္စာရှိရမယ်။ အဖေက ကြင်နာမှသာ သားက သိတတ်မှာပေါ့၊ မင်းကမှ မကြင်နာတာ၊ ဘယ်လိုမျက်နှာနဲ့ သားကို သိတတ်ဖို့ လာတောင်းဆိုနေတာလဲ။ မင်းတို့ အားလုံး လူ့ကျင့်ဝတ်တွေကို လိုက်နာနိုင်ကြပါစေ၊ ဒါမှသာ မိသားစုတွေ အေးချမ်းမှာ ဖြစ်တယ်"
183 06
နောက်ဆုံး စကားကိုတော့ သူက အပြင်က ကွင်းပြင်မှာ ရှိနေတဲ့ ပြည်သူတွေကို ကြည့်ပြီး ပြောလိုက်တာ ဖြစ်တယ်၊ တကယ့်ကို အလေးအနက်ထားပြီး ဆုံးမလိုက်တာ ဖြစ်တာကြောင့် ကြည့်နေတဲ့ ပြည်သူတွေ အားလုံးဟာ ဒူးထောက်လိုက်ကြပြီး သခင်ကြီးရဲ့ဆုံးမမှုကို နားထောင်ပါ့မယ်လို့ ဟစ်အော်လိုက်ကြတော့တယ်။
သူတို့တွေ မထင်ထားခဲ့တာကတော့ ဒီလိုမျိုး သေသေချာချာ သတ်မှတ်ထားတဲ့ အမှုကို သခင်ကြီးက အခုလိုမျိုး ဆုံးဖြတ်လိမ့်မယ်လို့ပဲ ဖြစ်တယ်။
သခင်ကြီးကတော့ အရာရာကို အသေးစိတ် သိမြင်နိုင်လွန်းလှတယ်၊ စကားအနည်းငယ်နဲ့တင် အဘိုးကြီးရဲ့ကိုယ်ကျိုးရှာတဲ့ စိတ်ကို ဖော်ထုတ်နိုင်ခဲ့သလို သူ့ရဲ့မျက်နှာဖုံးကိုလည်း ခွာချနိုင်ခဲ့ပြီ။ အရင်ကတော့ အပြင်က ပြည်သူအများအပြားဟာ အဘိုးကြီးရဲ့စကားကို ယုံပြီး အဲဒီ တတိယသားကို မသိတတ်တဲ့သူဆိုပြီး ကဲ့ရဲ့နေခဲ့ကြတာ။ အခုတော့ အထဲမှာ ဒီလိုမျိုး ကိစ္စတွေ ရှိနေလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။
ပြန်ပြီးမတ်တပ်ရပ်လိုက်တဲ့ အခါမှာတော့ မိသားစု ပြဿနာတွေကြောင့် တရားလာစွဲကြတဲ့ အိမ်ထောင်စု အချို့ဟာ ချက်ချင်းပဲ အမှုကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြတော့တယ်။ ကိုယ်ကျိုးအတွက်ပဲ ဖြစ်ဖြစ်၊ ရှက်လို့ပဲ ဖြစ်ဖြစ်၊ ဒီလောက်အထိ မျက်လုံးစူးရှတဲ့ သခင်ကြီး အပေါ်မှာ ထိုင်နေတာကို မြင်တော့၊ တရားစွဲလိုက်ရင်လည်း ကိုယ့်ရဲ့လိုအင်ဆန္ဒက ပြည့်မှာ မဟုတ်တဲ့အပြင် လူအများရှေ့မှာ အရှက်ကွဲဖို့ပဲ ရှိတာကိုး။
တချို့ကလည်း စိတ်ထဲမှာ တစ်ခုခုကို ခံစားလိုက်ရပြီး၊ အိမ်ပြန်ပြီး ကိုယ့်ဘာသာ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အားလုံးက မိသားစုဝင်တွေပဲ မဟုတ်လား၊ ပြောမရတဲ့ ကိစ္စဆိုတာ ဘာရှိမှာလဲ။
အဲဒီအဘိုးကြီးကတော့ ရှက်လွန်းလို့ မျက်နှာကို အုပ်ပြီး အမြန်ပဲ ထွက်သွားခဲ့ပြီ၊ အစွဲခံရတဲ့ သားဖြစ်သူကတော့ မြေပြင်ပေါ်မှာ ဒူးထောက်ပြီး သခင်ကြီးက တကယ့်ကို အမြော်အမြင် ရှိပါတယ်လို့ အော်ဟစ်ငိုယိုနေတော့တယ်။ သူ့ရဲ့ ရင်ထဲမှာ စုပုံနေတဲ့ မကျေနပ်ချက်တွေက တော်တော်လေးကို များနေခဲ့တာကိုး။
ရွှီထင်းရှန်းက သက်ပြင်းချလိုက်ရင်း ပြုံးလိုက်တယ်။ အဲဒီနောက်မှာတော့ နောက်ထပ် အမှုတစ်ခုကို ဆက်ပြီး စစ်ဆေးဖို့ ပြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ အပြင်ကနေ ခြေသံတွေ အများကြီး ထွက်ပေါ်လာခဲ့တယ်၊ ဒီခြေသံတွေက အချက်အချာ ကျသလို စနစ်တကျ ရှိလွန်းတာကြောင့် ပထမဆုံး ကြားလိုက်ရတဲ့ အခါမှာတော့ စစ်တပ်ကြီး တစ်ခု ရောက်လာသလားလို့တောင် ထင်မှတ်ရတယ်။
ရွှီထင်းရှန်းရဲ့ မျက်နှာက လေးနက်သွားပြီး လှမ်းကြည့်လိုက်တဲ့ အခါမှာတော့ ချပ်ဝတ်တန်ဆာတွေ ဝတ်ထားတဲ့ အရာရှိတစ်ယောက်က စစ်သည် အများအပြားကို ဦးဆောင်ပြီး အထဲကို ဝင်လာနေတာကို မြင်လိုက်ရတော့တယ်။
******
184 01
အခန်း (၁၈၄)
ဒီစစ်အရာရှိဟာ ဦးခေါင်းမှာ အနီရောင်အမွှေးပွားပါတဲ့ သံဦးထုပ်ကို ဆောင်းထားပြီး ရှန်းဝမ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ တစ်ကိုယ်လုံးမှာလည်း ခန့်ညားထည်ဝါတဲ့ အရှိန်အဝါတွေ ပြည့်နှက်နေတယ်။
သူ့နောက်က လိုက်ပါလာတဲ့ စစ်သည်တွေဟာ အနီရဲရဲ ခေါင်းပေါင်းနဲ့ ပုခုံးစောင်တွေကို ဝတ်ဆင်ထားကြပြီး ချပ်ဝတ်တန်ဆာအတိုတွေကို ဝတ်ထားကာ လက်ထဲမှာတော့ လှံရှည်နဲ့ ဓားမကြီးတွေကို ကိုင်ဆောင်ထားကြတယ်။
သူတို့ဟာ အလျင်အမြန် ပြေးဝင်လာကြပြီး ရောက်တာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့လိုက်တာကြောင့် ရုံးတော်ရှေ့က ကွင်းပြင်မှာ ရှိနေတဲ့ ပြည်သူတွေဟာ ထိတ်လန့်တုန်လှုပ်သွားကြရတယ်။
ကျိုးစာရေးဟာ ရွှီထင်းရှန်းရဲ့ မျက်ရိပ်ပြမှုကို မြင်တော့ ရှေ့ကို တက်သွားပြီး မေးမြန်းလိုက်တယ်။ "အရာရှိမင်းတို့က ဘယ်သူတွေလဲဆိုတာ မသိရသေးလို့ပါ"
ဒီစစ်အရာရှိက သူ့ကို ပြန်မဖြေဘဲ နောက်ကို လှည့်လိုက်ပြီး တံခါးဝဘက်ကို ရိုသေစွာ ကြည့်နေခဲ့တယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ လူတစ်စုဟာ တံခါးပြင်ပကနေ ဝင်ရောက်လာကြပြန်တယ်။
အရှေ့ဆုံးက ဦးဆောင်လာသူဟာ အပြာရောင် အရာရှိဝတ်စုံ ပေါ်မှာ အဆင့်မြင့် ရင်ဖုံးအမှတ်အသား ပါဝင်တဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူလတ်ပိုင်း တစ်ယောက်ပဲ ဖြစ်တယ်။
သူ့ရဲ့မျက်နှာက ပိန်ပါးပြီး တည်ကြည်လေးနက်နေသလို ပြုံးရယ်ခြင်းလည်း လုံးဝမရှိဘဲ မျက်ခွံတွေက အနည်းငယ် တွဲကျနေကာ အထဲကို ဝင်လာတာနဲ့ ရုံးတော်ပေါ်မှာ ထိုင်နေတဲ့ ရွှီထင်းရှန်းကို စိုက်ကြည့်လိုက်တယ်။
ဒီလူဟာ အဆင့် ၅ အရာရှိ တစ်ယောက် ဖြစ်တာကြောင့် ရွှီထင်းရှန်းလို အဆင့် ၇ ခရိုင်ဝန်ကတော့ စည်းကမ်းအရ မတ်တပ်ရပ်ပြီး ကြိုဆိုရမှာပဲ ဖြစ်တယ်။
ရွှီထင်းရှန်းက စားပွဲနောက်ကနေ ထွက်လာတဲ့ အချိန်မှာတော့ အဲဒီစစ်အရာရှိက သူတို့ရဲ့ လာရာကို ထုတ်ဖော်ပြောလိုက်တယ်။ "ငါက ကျဲ့ကျန်းပင်လယ်ပြင် ကာကွယ်ရေးတပ်ဖွဲ့က စစ်ကဲတစ်ယောက်ပါ၊ မင်းတို့ ငါ့ကို ဝမ်စစ်ကဲလို့ ခေါ်နိုင်တယ်။ ဒီဘက်ကတော့ ကျဲ့ကျန်းပင်လယ်ပြင် ကာကွယ်ရေးတပ်ဖွဲ့က ချောင်အမတ် ချောင်အရာရှိမင်းပဲ ဖြစ်တယ်"
ဒီပင်လယ်ပြင် ကာကွယ်ရေးတပ်ဖွဲ့ဆိုတာကတော့ နန်းတွင်းက နယ်စပ်ဒေသတွေနဲ့ အချက်အခြာကျတဲ့ နေရာတွေမှာ စစ်ရေးပြင်ဆင်မှုတွေကို စစ်ဆေးဖို့အတွက် သီးသန့် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်တယ်။
သူတို့ရဲ့ အဓိက တာဝန်ကတော့ မိမိတို့ နယ်မြေအတွင်းက စစ်ရေးကိစ္စတွေကို စီမံခန့်ခွဲဖို့၊ ဒေသခံ တပ်ဖွဲ့တွေနဲ့ စစ်သည်အင်အားတွေကို စောင့်ကြည့် ထိန်းချုပ်ဖို့ပဲ ဖြစ်တယ်။
ဒီအရာရှိတွေမှာ သီးသန့်ရာထူးအဆင့်အတန်း မရှိဘဲ မိမိတို့ရဲ့ မူလရာထူးအဆင့်အတန်းအတိုင်းပဲ ရှိနေတတ်ကြပြီး များသောအားဖြင့် တရားစီရင်ရေးဌာနက ဒုတိယအရာရှိတွေ ဒါမှမဟုတ် အမတ်တွေက ပူးတွဲ တာဝန်ယူရလေ့ ရှိတယ်။
ဒီအရာရှိတွေဟာ အောက်ခြေမှာရှိတဲ့ ခံတပ်တွေကို ထိန်းချုပ်နိုင်သလို ဒေသဆိုင်ရာ အရာရှိတွေကိုလည်း စောင့်ကြည့်နိုင်ပြီး အထက်မှာတော့ နယ်စားမင်းနဲ့ စစ်သူကြီးချုပ်တွေရဲ့ လက်အောက်မှာ ရှိကြတယ်။
တကယ်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီချောင်အမတ်ဟာ ကျဲ့ကျန်းတစ်ခွင်က ပင်လယ်ပြင် ကာကွယ်ရေး ကိစ္စတွေကို သီးသန့် တာဝန်ယူရတဲ့သူဖြစ်ပြီး ပင်လယ်နဲ့ ပတ်သက်တဲ့ ဘယ်ကိစ္စကိုမဆို သူက ဝင်ရောက် စီမံခွင့်ရှိနေတာပဲ။
184 02
ဒါကြောင့် ကျိုးစာရေးဟာ သူတို့တွေက ပင်လယ်ပြင် ကာကွယ်ရေးဌာနက လူတွေမှန်း သိလိုက်ရတဲ့ အခါမှာတော့ မျက်နှာက ချက်ချင်းပဲ ဖြူလျော့သွားတော့တယ်။
"မင်းက တျန့်ဟိုင်ခရိုင်ဝန် ရွှီထင်းရှန်းလား" ချောင်အမတ်က မေးလိုက်တယ်။
ရွှီထင်းရှန်းက အေးအေးဆေးဆေးပဲ လက်ယှက် နှုတ်ဆက်လိုက်တယ်။ "ကျွန်တော် မှန်ပါတယ်"
"ဖမ်းလိုက်ကြစမ်း"
သူ့ရဲ့အမိန့်အောက်မှာပဲ ဘေးနားက စစ်သည်တွေဟာ ဗိုက်ဆာနေတဲ့ ဝံပုလွေတွေလိုမျိုး ရွှီထင်းရှန်း ဆီကို စုပြုံတိုးဝင်လာကြတော့တယ်။
ကျိုးစာရေးဟာ အရမ်းစိုးရိမ်သွားပြီး နဖူးကနေ ချွေးတွေ တဖြိုင်ဖြိုင် ကျနေသလို ကြားထဲကနေ ဝင်ပြီး တားဆီးလိုက်တယ်။ "ဒါက ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ ပြောစရာရှိရင် ကောင်းကောင်း ပြောကြပါဦး"
အဲဒီအချိန်မှာပဲ ရုံးတော်က အခြေအနေတွေကို ဖန်ခရိုင်ဝန်ထောက်နဲ့ ခရိုင်ဝန်ရုံးက ဌာနအသီးသီးက လူတွေ သိသွားကြပြီ။
ဖန်ခရိုင်ဝန်ထောက်ဟာ စာရေးဝန်ထမ်းတွေနဲ့ အစေခံတွေကို ခေါ်ပြီး အလျင်အမြန် ပြေးလာခဲ့သလို ကျိုးစာရေးနဲ့အတူ ဘေးကနေ ဝိုင်းပြီး တားဆီးပေးကြတယ်။
"အရာရှိမင်းခင်ဗျာ မင်းတို့က အကြောင်းပြချက်မရှိဘဲနဲ့ ရောက်ရောက်ချင်း ခရိုင်ဝန်မင်းကို ဖမ်းဖို့ လုပ်နေတာကတော့ ဘယ်လိုမှ မသင့်တော်ပါဘူး"
"ဟုတ်ပါတယ် ငါတို့ သခင်ကြီးကို ဘာလို့ ဖမ်းတာလဲ" ဖန်ခရိုင်ဝန်ထောက်နဲ့ ကျိုးစာရေးတို့ကတော့ စကားကို ချင့်ချိန်ပြောနေကြပေမဲ့ အစေခံတွေကတော့ အဲဒီလောက်အထိ အားမနာတော့ဘဲ လက်ထဲက တုတ်တွေကို ကိုင်ပြီး ရှေ့ကနေ ပိတ်ဆို့ တားဆီးလိုက်ကြတယ်။
ရွှီထင်းရှန်းကလည်း ချောင်အမတ်ကို အေးစက်စက် ကြည့်ရင်း ပြုံးလိုက်တယ်။ "ကျွန်တော့်မှာ ဘယ်လို အပြစ်ရှိသလဲဆိုတာကိုတောင် မမေးရသေးဘဲ ချောင်အမတ်ကိုယ်တိုင် လာပြီး ဖမ်းနေရသလား။ ကျွန်တော် မမှားဘူးဆိုရင်တော့ ခင်ဗျားတို့ ကာကွယ်ရေးဌာနက စစ်ရေးကိစ္စတွေကိုပဲ စီမံခွင့်ရှိတာပါ၊ ဒေသဆိုင်ရာ အရာရှိတွေကို စောင့်ကြည့်ပိုင်ခွင့် ရှိတယ် ဆိုရင်တောင်မှ ကျွန်တော့်ကို ဖမ်းဖို့အထိတော့ ခင်ဗျားတို့မှာ အာဏာ မရှိပါဘူး"
သူ့ရဲ့လေသံက တကယ့်ကို ရိုင်းပြနေတာကြောင့် ချောင်အမတ်ဟာလည်း ခုနက တည်ငြိမ်နေတဲ့ ပုံစံကို ဖျောက်ပစ်လိုက်ပြီး မျက်နှာမှာ လှောင်ပြုံးတစ်ခုနဲ့အတူ အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ပြောလိုက်တယ်။ "မင်း ဂျပန်ဓားပြတွေနဲ့ ပူးပေါင်းနေလို့ပဲ"
မျှော်လင့်ထားတဲ့အတိုင်းပါပဲ။
ဂျပန်ဓားပြတွေနဲ့ ပူးပေါင်းတယ်ဆိုတဲ့ အပြစ်တစ်ခုတည်းကသာ တရားစီရင်ရေးဌာနရဲ့ ကာကွယ်ရေးအဖွဲ့ကို ကိုယ်တိုင် ထွက်လာအောင် လုပ်နိုင်သလို၊ ဒီလိုမျိုး အကြောင်းပြချက်နဲ့မှသာ ခရိုင်ဝန်မင်း တစ်ယောက်ကို အလွယ်တကူ ဖမ်းဆီး ခေါ်ဆောင်သွားနိုင်မှာလေ။
သိထားရမှာက ခရိုင်ဝန်ဆိုတာ ရာထူးငယ်ပေမဲ့ နန်းတွင်းရဲ့ ရွေးချယ်ခန့်ထားရေးဌာနကနေ တိုက်ရိုက်ခန့်အပ်ထားတာ ဖြစ်တယ်။ အထက်အောက် ပူးပေါင်းပြီး အကျင့်ပျက်မှာကို စိုးရိမ်တာကြောင့် ခရိုင်ဝန်ကို အုပ်ချုပ်ရတဲ့ မြို့တော်ဝန်မှာတောင်မှ အထက်ကို တိုင်ကြားပိုင်ခွင့်ပဲ ရှိပြီး၊ ခရိုင်ဝန်ကို ရာထူးကနေ ဖယ်ရှားတာမျိုး ဒါမှမဟုတ် ဖမ်းဆီး ချုပ်နှောင်တာမျိုးတွေ လုပ်ပိုင်ခွင့် မရှိပါဘူး။
ဒီလိုမျိုး လုပ်ပိုင်ခွင့် ရှိတဲ့သူတွေကတော့ အုပ်ချုပ်ရေး အရာရှိချုပ်၊ နယ်စားမင်းနဲ့ စစ်သူကြီးချုပ်တွေပဲ ဖြစ်တယ်။ ဒါပေမဲ့ သူတို့တောင်မှ ရာထူးကို ခေတ္တ ရပ်ဆိုင်းတာပဲ လုပ်လို့ ရပြီး၊ ရာထူးကနေ အပြီးအပိုင် ဖြုတ်ချချင်ရင်တော့ နန်းတွင်းကို တင်ပြရဦးမှာ ဖြစ်တယ်။
"ဂျပန်ဓားပြနဲ့ ပူးပေါင်းတယ် ဟုတ်လား။ အထောက်အထားကော ရှိရဲ့လား"
184 03
ရွှီထင်းရှန်းက အခုလိုမျိုး ပြန်ပြောလိမ့်မယ်ဆိုတာ ချောင်အမတ်က တွက်ထားပြီးသားပုံစံနဲ့ အေးစက်စွာ ရယ်မောလိုက်တယ်။ "အထောက်အထားကတော့ အသေအချာ ရှိတာပေါ့၊ ရွှီခရိုင်ဝန်အနေနဲ့ ငါနဲ့အတူ ငြိမ်ငြိမ်လေး လိုက်ခဲ့တာက ပိုကောင်းမယ်၊ အဲဒီအခါကျရင်တော့ အထောက်အထားတွေကို အလိုလို မြင်ရမှာပဲ"
တစ်ချိန်တည်းမှာပဲ ဝမ်စစ်ကဲကလည်း ခရိုင်ဝန်ရုံးက တခြားလူတွေကို ဟောက်လိုက်တယ်။ "မင်းတို့ကို ငါ သတိပေးထားမယ်၊ ဆက်ပြီး တားဆီးနေမယ်ဆိုရင်တော့ ဂျပန်ဓားပြနဲ့ ပူးပေါင်းတဲ့ အပြစ်နဲ့ အကုန်လုံးကို ဖမ်းပစ်မယ်၊ သိတတ်ရင်တော့ အမြန် ဖယ်ပေးကြ၊ မဟုတ်ရင်တော့ ငါလည်း အားနာနေမှာ မဟုတ်ဘူး"
ဒါကို မြင်တော့ ဖန်ခရိုင်ဝန်ထောက်တို့ဟာ ထိတ်လန့်တုန်လှုပ်စွာနဲ့ ရွှီထင်းရှန်းကို လှမ်းကြည့်လိုက်ကြတယ်။
အခုလို အချိန် ရောက်လာတော့မှ ရွှီထင်းရှန်းကတော့ ပိုပြီးတော့ တည်ငြိမ်သွားခဲ့ပြီ။
သူက စားပွဲနောက်ကို ပြန်သွားပြီး ထိုင်လိုက်ရင်း ချောင်အမတ်ကို အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။ "တကယ်လို့ ချောင်အမတ်က အထောက်အထား မပြနိုင်ဘူးဆိုရင်တော့ ကျွန်တော် လိုက်မလာနိုင်တာကို ခွင့်လွှတ်ပေးပါ"
"ရွှီခရိုင်ဝန် မင်းက တရားစီရင်ရေးဌာနကို ဂရုမစိုက်ဘူးလို့ ပြောချင်တာလား"
"ဟင့်အင်း ကျွန်တော်မျိုးက တရားစီရင်ရေးဌာနကို ဂရုမစိုက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ချောင်အမတ်က တစ်အချက်က အထောက်အထား မပြနိုင်ဘူး၊ နှစ်အချက်က အထက်က ထုတ်ပေးတဲ့ ဖမ်းဝရမ်း မပါဘူး၊ အဲ့ဒါကြောင့် ကျွန်တော်မျိုးကတော့ အလွယ်တကူ လိုက်မလာနိုင်ပါဘူး"
ဒီစကားက ဖန်ခရိုင်ဝန်ထောက်ကို သတိဝင်လာစေခဲ့တယ်။
သူက ချက်ချင်းပဲ ရင်ထဲက ထိတ်လန့်မှုကို ဖုံးကွယ်လိုက်ပြီး ရှေ့ကို တက်ကာ ပြောလိုက်တယ်။ "ချောင်အမတ်မင်းခင်ဗျာ ခရိုင်ဝန်မင်း တစ်ယောက်ကို ဖမ်းဆီးချုပ်နှောင်ဖို့ဆိုရင် စည်းကမ်းအရ အုပ်ချုပ်ရေး အရာရှိချုပ်၊ နယ်စားမင်း ဒါမှမဟုတ် စစ်သူကြီးတို့ ကိုယ်တိုင် ထွက်လာရမှာ ဖြစ်ပါတယ်။ တကယ်လို့ သူတို့ကိုယ်တိုင် မလာနိုင်ရင်တောင်မှ သူတို့ရဲ့ ရုံးခန်းတွေကနေ ထုတ်ပေးထားတဲ့ ဖမ်းဝရမ်း ပါရှိရမှာ ဖြစ်ပါတယ်"
"ငါတို့ တရားစီရင်ရေးဌာနက အလုပ်လုပ်တဲ့ နေရာမှာ ဘယ်အချိန်ကစပြီး အုပ်ချုပ်ရေး အရာရှိချုပ်တွေ၊ နယ်စားမင်းတွေရဲ့ ခွင့်ပြုချက် လိုသွားလို့လဲ" ချောင်အမတ်က ဒေါသတကြီး မေးလိုက်တယ်။
ဒီစကားက ရွှီထင်းရှန်းအတွက်တော့ အကွက်ကောင်း ရသွားသလိုပဲ ဖြစ်သွားခဲ့ပြီ။
သူက တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်ပြောလိုက်တယ်။ "နန်းတွင်းရဲ့ စည်းကမ်းအရ ခရိုင်ဝန်တစ်ယောက်ကို ဖမ်းဆီးပိုင်ခွင့်က နယ်စားမင်းရုံး၊ စစ်သူကြီးရုံးနဲ့ အုပ်ချုပ်ရေးဌာနတွေမှာပဲ ရှိတာပါ။ ဒါပေါ့... ကျွန်တော်လည်း သိပါတယ်၊ အချို့သော နေရာတွေမှာ အလုပ်လုပ်ရတာ လွယ်ကူအောင်လို့ တရားစီရင်ရေးဌာနကနေ တိုက်ရိုက်ဖမ်းဆီးတာမျိုးလည်း ရှိနိုင်တယ်ဆိုတာကိုလေ..."
တစ်ဖက်လူက လေသံပျော့သွားတာ မြင်တော့ ချောင်အမတ်က တစ်ခုခု ပြောဖို့ ပြင်လိုက်ပေမဲ့ ရွှီထင်းရှန်းကပဲ ကြားဖြတ်ပြောလိုက်ပြန်တယ်။ "ဒီလို လုပ်ကြရအောင်လေ၊ တကယ်လို့ ချောင်အမတ်က တရားစီရင်ရေးဌာနက ထုတ်ပေးထားတဲ့ ဖမ်းဝရမ်းကို ပြနိုင်မယ်ဆိုရင်လည်း ရပါတယ်"
သူက တကယ့်ကို အားကိုးရာမဲ့နေတဲ့ အပြုံးမျိုးနဲ့ ပြုံးပြလိုက်တယ်။ "ကျွန်တော် ရာထူးတက်လာကတည်းက အရာရှိ အတော်များများကို အပြစ်ပေးမိထားတာလေ။ အဲဒါကြောင့် အထက်က ဖမ်းဝရမ်း မပါဘဲနဲ့တော့ ကျွန်တော် တကယ်ပဲ မလိုက်ရဲပါဘူး။ ချောင်အမတ်က ကျွန်တော့်ရဲ့ ရန်သူတွေက လွှတ်လိုက်တဲ့သူလား။ ဂျပန်ဓားပြနဲ့ ပူးပေါင်းတယ်ဆိုတဲ့ နာမည်တပ်ပြီး ကျွန်တော့်ကို အတင်း ခေါ်သွားမှာလား ဘယ်သူသိနိုင်မှာလဲ။ ကျွန်တော်သာ ခင်ဗျားတို့နောက် လိုက်သွားလို့ လမ်းမှာ တစ်ခုခု ဖြစ်သွားရင်တော့ ကျွန်တော်က အလကား သေရမယ့်အပြင် မကျေမနပ် ဖြစ်နေရဦးမှာပေါ့"
184 04
ရွှီထင်းရှန်းရဲ့ ဒီစကားတွေက နောက်ပြောင်နေသလို ရှိပေမဲ့ အဓိပ္ပာယ်တွေကတော့ တကယ့်ကို နက်နဲလှတယ်။
ချောင်အမတ်က သူ့ကို အေးစက်စက် ကြည့်လိုက်တယ်။ သူ့ရဲ့ မျက်နှာကတော့ မိုးတိမ်တွေ မှောင်မှောက်နေသလိုမျိုး ဖြစ်နေခဲ့ပြီ "ရွှီခရိုင်ဝန် မင်းက တရားစီရင်ရေးဌာနရဲ့ အမိန့်ကို ဆန့်ကျင်လိုက်ရင် ဘယ်လို အကျိုးဆက်မျိုး ကြုံရမလဲဆိုတာ သေသေချာချာ စဉ်းစားထားပါဦး"
"ဘယ်လို အကျိုးဆက် ကြုံရမှာလဲ အလွန်ဆုံးတော့ ကျွန်တော်မျိုးက အဆင့် ၇ ခရိုင်ဝန်လေးပဲလေ၊ မဟုတ်ရင် ချောင်အမတ်က ကျွန်တော့်ကို အဆင့် ၈ အထိ ရာထူးချလိုက်ပေါ့။ အဲဒါမှမဟုတ်ရင်လည်း ကျွန်တော့်ရဲ့ အရာရှိ ဦးထုပ်ကို သိမ်းလိုက်လေ။ ဒါပေမဲ့ ကျွန်တော်က ကြွားဝါပြောတာ မဟုတ်ပါဘူး၊ ဒီကိစ္စကတော့ ချောင်အမတ် လုပ်နိုင်လိမ့်မယ် မထင်ဘူး၊ ရွေးချယ်ခန့်ထားရေးဌာနအထိ တင်ပြရဦးမှာလေ"
"မင်း"
ချောင်အမတ်ဟာ ဒေါသတွေ အကြီးအကျယ် ထွက်သွားခဲ့ပေမဲ့ ချက်ချင်းပဲ အဲဒီဒေါသတွေကို ပြန်ထိန်းလိုက်တယ်။
သူက ကိုယ်ကို တစ်ဝက်လှည့်လိုက်ပြီး အင်္ကျီလက်ကို ခါယမ်းကာ အမိန့်ပေးလိုက်တယ်။ "လာကြစမ်း၊ ရွှီခရိုင်ဝန်ဟာ တရားစီရင်ရေးဌာနရဲ့ အမိန့်ကို လူသိရှင်ကြား ဆန့်ကျင်နေတယ်၊ သူ့ကို ချက်ချင်း ဖမ်းဆီးလိုက်ကြ"
အဲဒီနောက်မှာတော့ သူက ရွှီထင်းရှန်းကို ရက်စက်စွာ ပြုံးပြလိုက်တယ်။ "ရွှီခရိုင်ဝန်က ကောင်းကောင်း ပြောတာကို နားမထောင်ဘူးဆိုရင်တော့ ငါလည်း အင်အား သုံးရတော့မှာပေါ့"
သူ့ရဲ့ အမိန့်အောက်မှာပဲ စစ်သည်တွေဟာ ရွှီထင်းရှန်းကို ဖမ်းဖို့အတွက် အတင်း ပြေးဝင်လာကြတော့တယ်။
ဖန်ခရိုင်ဝန်ထောက်ဟာ အိပ်မက်ထဲကနေ နိုးလာသလိုမျိုး ရုတ်တရက် အော်ဟစ်လိုက်တယ်။ "အမြန်ဆုံး သခင်ကြီးကို ကာကွယ်ကြ၊ ဒီလူတွေမှာ ဘာအမိန့်စာမှ မပါဘဲနဲ့ သခင်ကြီးကို အတင်း ခေါ်သွားဖို့ လုပ်နေကြတာ၊ သူတို့မှာ တစ်ခုခု ကြံစည်ထားတာ အသေအချာပဲ၊ ငါတို့ သူတို့ကို လုံးဝ အောင်မြင်ခွင့် မပေးနိုင်ဘူး"
"မင်းတို့တွေ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ၊ အမိန့်စာ မပါဘဲနဲ့ ခရိုင်ဝန်ရုံးမှာ လာပြီး လူဖမ်းနေရသလား"
ရုံးတော်မှာတော့ အခြေအနေတွေက တကယ့်ကို ရှုပ်ထွေးသွားခဲ့ပြီ၊ ခရိုင်ဝန်ရုံးက အစေခံတွေကလည်း အရှေ့ကနေ အတင်းကာကွယ် တားဆီးနေကြတော့တယ်။
အခြားတစ်ဖက်မှာတော့ ကွင်းပြင်မှာ ရှိနေတဲ့ ပြည်သူတွေဟာ အခြေအနေ မကောင်းတာ မြင်တာနဲ့ အပြင်ကို အမြန်ပြေးထွက်သွားကြသလို၊ ခရိုင်ဝန်ရုံးထဲက လူအချို့လည်း အကူအညီ တောင်းဖို့အတွက် ပြေးထွက်သွားကြတယ်။
ခရိုင်ဝန်ရုံးက လူတွေ အရင်ဆုံး သတိရလိုက်တာကတော့ တျန့်ဟိုင်အလုပ်သမားသမဂ္ဂပဲ ဖြစ်တယ်။ အဲဒီမှာ လူတွေ အများဆုံး ရှိတာလေ၊ အချက်ပေးလိုက်တာနဲ့ လူအများကြီး ရောက်လာမှာပဲ။ အဲဒီ ပြည်သူတွေကတော့ ပိုတောင်ဆိုးသေးတယ်။ အထူးသဖြင့် ခုနက အဖေက သားကို စွဲတဲ့ အမှုက သားဖြစ်သူဟာ ခရိုင်ဝန်ရုံး တံခါးဝကနေ ထွက်လာတာနဲ့ အကျယ်ကြီး အော်ဟစ်တော့တယ်။
"ခရိုင်ဝန်ရုံးကို လူဆိုးတွေ လာတိုက်နေပြီဗျို့၊ ဒီလူတွေက ရွှီသခင်ကြီးက ဂျပန်ဓားပြနဲ့ ပူးပေါင်းတယ်လို့ ပြောနေကြတယ်။ အမိန့်စာလည်း မပြနိုင်ဘဲနဲ့ သခင်ကြီးကို အတင်းခေါ်သွားဖို့ လုပ်နေကြတယ်။ သခင်ကြီးက သူ ရန်သူတွေ များလို့ အမိန့်စာ မပါရင် မလိုက်နိုင်ဘူးလို့ ပြောတော့ သူတို့က အင်အား သုံးနေကြပြီ"
184 05
ဒီစကားကို ကြားတော့ ပြည်သူတွေဟာ ဘယ်လိုမှ ငြိမ်မနေနိုင်ကြတော့ပါဘူး။ လမ်းဘေးမှာ ဈေးရောင်းနေတဲ့သူတွေ၊ ဆိုင်ဖွင့်ထားတဲ့သူတွေ အားလုံးဟာ ဆိုင်ကိုတောင် ပစ်ထားခဲ့ပြီး ခရိုင်ဝန်ရုံးဆီကို အပြေးအလွှား ရောက်လာကြတော့တယ်။
ဒီသတင်းက တစ်ယောက်ကနေ တစ်ယောက်၊ ဆယ်ယောက်ကနေ ရာဂဏန်းအထိ ပြန့်သွားတဲ့ အခါမှာတော့ စကားလုံးတွေကလည်း ပြောင်းလဲသွားပြီး ခရိုင်ဝန်ရုံးကို ဓားပြတွေ လာတိုက်နေပြီဆိုတဲ့ အထိ ဖြစ်သွားခဲ့ပြီ။ ဒါကြောင့် ပိုပြီးတော့ များပြားလှတဲ့ ပြည်သူတွေဟာ လက်ထဲမှာ ထမ်းပိုးတွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ၊ တချို့ကလည်း အိမ်က ဟင်းချက်ဓားတွေကို ကိုင်ပြီး ရောက်ရှိလာကြတော့တယ်။
ဒါ့အပြင် တျန့်ဟိုင်အလုပ်သမားသမဂ္ဂက လူတွေလည်း ပါတာပေါ့။ သမဂ္ဂမှာက ဘာအများဆုံးလဲဆိုရင်တော့ ခွန်အားရှိတဲ့ အလုပ်သမားတွေပဲလေ၊ သူတို့တွေကတော့ မြို့အနောက်ဘက်မှာ ရှိနေကြတာ ဖြစ်ပေမဲ့၊ သတင်းရတာနဲ့ အမြန်ပြေးလာခဲ့ကြတာကြောင့် သာမန်ပြည်သူတွေရဲ့အနောက်မှာ ကပ်ပြီး ရောက်လာကြတော့တယ်။
ခရိုင်ဝန်ရုံးရဲ့ ရှေ့ကွင်းပြင်မှာတော့ လူတွေဟာ ရုတ်တရက် အများကြီး ရောက်လာကြပြီ၊ ယောက်ျားရော မိန်းမရော၊ လူကြီးရော လူငယ်ပါ အကုန် ပါဝင်နေကြတာပဲ။ ဒီပြည်သူတွေကလည်း အရူးတွေ မဟုတ်ကြပါဘူး၊ ရောက်လာတာက အရာရှိတွေဆိုတာ သိနေကြတာကြောင့် အရာရှိတွေကိုတော့ တိုက်ရိုက်မဆန့်ကျင်ရဲကြပေမဲ့၊ မဆန့်ကျင်ရဲဘူး ဆိုတာက ငိုလို့ မရဘူးလို့ မဆိုလိုပါဘူး။
ဒါကြောင့် လူငယ်တွေက အနောက်မှာ နေကြပြီး အရှေ့မှာတော့ လူအိုတွေနဲ့ မိန်းမတွေ၊ ကလေးတွေကို ထားလိုက်ကြတယ်။ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တဲ့ အဘိုးအဘွားတွေဟာ မျက်ရည်တွေကို သုတ်ရင်းနဲ့ အကျယ်ကြီး ငိုယိုတော့တာပဲ။
"မင်းတို့တွေ ဘာလုပ်ချင်နေကြတာလဲ။ ရွှီသခင်ကြီးက အရာရှိကောင်း တစ်ယောက်ပါ၊ သခင်ကြီးက ဘယ်လိုလုပ် ဂျပန်ဓားပြနဲ့ ပူးပေါင်းမှာလဲ"
"ဟုတ်ပါတယ်။ ဒါက ဘယ်က မျက်စိမရှိတဲ့ လူဆိုးက လျှောက်ပြောနေတာလဲ၊ ဒီလောက် ကြီးလေးတဲ့ အပြစ်ကို သခင်ကြီး ခေါင်းပေါ် လာတင်နေရသလား"
"ရွှီသခင်ကြီး ရောက်လာကတည်းက ပြည်သူတွေကို စောင့်ရှောက်ခဲ့တယ်၊ အရပ်သားတပ်ဖွဲ့တွေ ဖွဲ့ပြီး ဂျပန်ဓားပြတွေကို တိုက်ခိုက်ခဲ့တယ်။ အရင်တစ်ခါရော၊ အဲဒီမတိုင်ခင်ကရော၊ ဂျပန်ဓားပြတွေ လာတုန်းက သခင်ကြီး ကိုယ်တိုင်ပဲ လူတွေကို ဦးဆောင်ပြီး တိုက်ခဲ့တာလေ"
"ကျွန်မရဲ့သားက ဂျပန်ဓားပြကို တိုက်ရင်း သေသွားတာ။ သခင်ကြီးကပဲ ကျွန်မတို့ မိသားစုကို လျော်ကြေးငွေတွေ ပေးခဲ့တာပါ"
"မင်းတို့ သခင်ကြီးကို ခေါ်သွားလို့ မရဘူး"
"သေသေချာချာ ရှင်းရှင်းလင်းလင်း မပြောဘဲနဲ့ သခင်ကြီးကို ခေါ်သွားလို့ မရဘူး။ တကယ်လို့ ခေါ်သွားချင်ရင်တော့ ငါတို့ရဲ့အလောင်းပေါ်ကနေ ဖြတ်သွားကြ"
ဒီမြင်ကွင်းကတော့ ချောင်အမတ်နဲ့ ဝမ်စစ်ကဲကို တကယ့်ကို ထိတ်လန့်သွားစေခဲ့သလို ခံတပ်က စစ်သည်တွေလည်း ကြောင်အမ်းအမ်း ဖြစ်ကုန်ကြတော့တယ်။
"မင်းတို့... မင်းတို့"
"သခင်ကြီးကို ခေါ်သွားလို့ မရဘူး" အထဲကို မဝင်နိုင်တဲ့ ပြည်သူတွေ အများအပြားကလည်း တံခါးအပြင်ကနေ အော်ဟစ်နေကြတာကြောင့် အသံတွေက ကောင်းကင်အထိ ဟည်းနေတော့တာပဲ။
စစ်သည်တစ်ယောက်က အထဲကို ပြေးဝင်လာပြီး ချောင်အမတ်ကို ထိတ်လန့်တုန်လှုပ်စွာနဲ့ တင်ပြလိုက်တယ်။ "သခင်ကြီး... အပြင်မှာ ပြည်သူတွေ အများကြီး ရောက်နေပါတယ်။ ခရိုင်ဝန်ရုံးရဲ့ ရှေ့မှာတင် မကဘဲ အပြင်က လမ်းတွေပါ ပိတ်ကုန်ပါပြီ"
ချောင်အမတ်ရဲ့မျက်နှာကတော့ ချက်ချင်းပဲ မည်းမှောင်သွားတော့တယ်။ "ရွှီခရိုင်ဝန် မင်းက ပြည်သူတွေကို သွေးထိုးပြီး နန်းတွင်းကို ဆန့်ကျင်နေတာလား"
184 06
ရွှီထင်းရှန်းကတော့ အားကိုးရာမဲ့တဲ့ ပုံစံနဲ့ "အပြစ်ပေးချင်တဲ့သူကတော့ အကြောင်းပြချက် အမျိုးမျိုး ပေးမှာပဲလေ၊ ချောင်အမတ်အနေနဲ့ ကျွန်တော်က တစ်ခုခု ပြောတာကို တွေ့လို့လား။ ပြီးတော့လည်း ချောင်အမတ် တစ်ယောက်တည်းက နန်းတွင်းကို ကိုယ်စားပြုနိုင်လို့လား"
ချောင်အမတ်ကတော့ နန်းတွင်းကို ကိုယ်စားမပြုနိုင်တာ အမှန်ပဲ ဖြစ်သလို၊ သူလည်း အဲဒီလိုမျိုး ဝန်မခံရဲပါဘူး၊ ဒီစကားကိုတောင် သူ ပြန်မဖြေရဲတော့ဘူး။
အရှေ့က မြင်ကွင်းကို ကြည့်ပြီး သူ ဘယ်လောက်ပဲ တင်းမာချင်ပါစေ၊ နောက်ထပ် ဘာမှ ဆက်မလုပ်ရဲတော့ပါဘူး။
အရာရှိ တစ်ယောက်အနေနဲ့ အကြောက်ဆုံးက ဘာလဲဆိုရင်တော့ ပြည်သူတွေ ပုန်ကန်တာပဲ။
တကယ်လို့သာ ပြည်သူတွေ ပုန်ကန်မှု ဖြစ်သွားရင်တော့ ဘယ်သူမှ တာဝန်ယူနိုင်မှာ မဟုတ်ပါဘူး။
"မင်း တော်တော် တော်တာပဲ၊ ငါ အခုပဲ ပြန်ပြီး ဖမ်းဝရမ်း သွားယူမယ်။ အဲဒီအချိန်ကျရင်တော့ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ငါ အကုန် တင်ပြမယ်၊ ရွှီခရိုင်ဝန်အနေနဲ့ နန်းတွင်းကို ဘယ်လို ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့"
"ဒါကတော့ ချောင်အမတ် စိတ်ပူနေစရာ မလိုပါဘူး"
ချောင်အမတ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အင်္ကျီလက်ကို ခါယမ်းကာ ထွက်သွားတော့တယ်။
ဝမ်စစ်ကဲတို့လည်း ဆက်မနေတော့ဘဲ အမြန်ပဲ နောက်ကနေ လိုက်သွားကြတော့တယ်။
ဒီလူတွေ ထွက်သွားတော့မှ ပြည်သူတွေဟာ ငိုယိုတာကို ရပ်လိုက်ကြပြီး မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ကာ ဘေးနားက လူတွေကို ကြည့်ရင်း ရှက်ကိုးရှက်ကန်းနဲ့ ပြုံးလိုက်ကြတော့တယ်။
ရွှီထင်းရှန်းက ရှေ့ကို တက်လာပြီး ချောင်းတစ်ချက် ဟန့်လိုက်ရင်း ပြောလိုက်တယ်။ "အားလုံးကို ကျေးဇူးတင်ပါတယ်"
လူအုပ်ထဲကနေ ရယ်သံလေးတွေ ထွက်ပေါ်လာပြီး၊ အချို့ကလည်း ဒါက ဘာမှ မဟုတ်ပါဘူးလို့ လက်ယမ်းပြကြတယ်။
အရှေ့ဆုံးက ခုနတင် အသည်းအသန် ငိုနေခဲ့တဲ့ အဘွားအိုကြီးကတော့ ပါးနပ်တဲ့ အပြုံးလေးနဲ့ ရွှီထင်းရှန်းကို တိုးတိုးလေး ပြောလိုက်တယ်။ "ရွှီသခင်ကြီး... ဒါက ဘာမှမဟုတ်ပါဘူး၊ ဒီလို အရာရှိကြီးတွေက ပြည်သူတွေ ပြဿနာရှာမှာကို အကြောက်ဆုံးပဲလေ။ ကျွန်မတို့မှာ အတွေ့အကြုံတွေ ရှိပါတယ်၊ သူတို့ ကျွန်မတို့ကို ဘာမှ မလုပ်ရဲပါဘူး"
ရွှီထင်းရှန်းက အံ့ဩတကြီးနဲ့ မျက်တောင်လေး ခတ်လိုက်ပြီးမှ ရယ်မောလိုက်တယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း စိတ်မကောင်း ဖြစ်မိတာပေါ့။
ဆင်းရဲနွမ်းပါးတဲ့ နယ်မြေမှာတော့ ပြည်သူတွေဟာ အလိုလို ပါးနပ်လာကြရတာပဲ။ ဒါတွေကလည်း အတင်းအကျပ် ခံရလွန်းလို့ ဖြစ်လာရတာ။ နန်းတွင်းက လူတွေကို ကုန်းတွင်းပိုင်းကို အကြိမ်ကြိမ် ပြောင်းခိုင်းခဲ့တော့ ပြည်သူတွေကလည်း အသက်ရှင်ဖို့အတွက် အသက်နဲ့လဲပြီး ကြိုးစားခဲ့ကြရတာကြောင့် စစ်သည်တွေနဲ့ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို အတွေ့အကြုံတွေ ရနေခဲ့ကြပြီ။
"ဒါပေမဲ့လည်း ကျွန်တော်က အားလုံးကို ကျေးဇူးတင်ပါတယ်" ရွှီထင်းရှန်းက အလေးအနက် အရိုအသေ ပေးလိုက်တယ်။
ပြည်သူတွေကတော့ အဲဒီလို အရိုအသေပေးတာကို မခံယူရဲကြဘဲ ဖရိုဖရဲနဲ့ ရှောင်ဖယ်လိုက်ကြတယ်။ လူအုပ်ထဲက တစ်ယောက်က ဆိုင်မှာ လူမရှိတော့ဘူးလို့ အော်လိုက်သလို၊ နောက်တစ်ယောက်ကလည်း သူ့ရဲ့ဈေးလှည်းက အပြင်မှာ ကျန်ခဲ့တယ်လို့ သတိရသွားပြီးနောက်မှာတော့ အားလုံးဟာ လူစုကွဲသွားကြတော့တယ်။
လူအုပ်ကြီး ကွဲသွားတော့မှ ရှဲ့သခင်လေးဟာ အပြင်ကနေ လမ်းလျှောက် ဝင်လာခဲ့တယ်။
184 07
"ခုနက ကိစ္စအတွက် ကျေးဇူးတင်ပါတယ်" ရွှီထင်းရှန်းက ပြောလိုက်တယ်။
ဒီလောက်အထိ အင်အားကြီးမားတဲ့ မြင်ကွင်း ဖြစ်လာတာကတော့ နောက်ကွယ်မှာ တစ်ယောက်ယောက်က ဦးဆောင်ပေးလို့ ဖြစ်မယ်ဆိုတာ သူ သိနေတယ်။
"ကျွန်တော်လည်း ဘာမှမလုပ်နိုင်ပါဘူး၊ တကယ်တော့ ဒါက ပြည်သူတွေ ကိုယ်တိုင် လာကြတာပါ။ မင်းက အရာရှိကောင်း တစ်ယောက် ဖြစ်နေတော့ ပြည်သူတွေကလည်း အရာရှိကောင်းကို ကာကွယ်ပေးကြတာပေါ့"
ရွှီထင်းရှန်းက ရယ်မောလိုက်ပေမဲ့ အဲဒီအပြုံးထဲမှာ ဘယ်လို ခံစားချက်တွေ ပါနေသလဲဆိုတာကိုတော့ ပြောဖို့ ခက်လှတယ်။ အားကိုးရာမဲ့တာရော၊ ရယ်ချင်တာရော၊ ဝမ်းနည်းတာရော၊ စိတ်မကောင်းတာရော အကုန် ပါဝင်နေတာပေါ့။
"ဒါပေမဲ့ မင်း ကြိုတင် ပြင်ဆင်ထားမှ ဖြစ်မယ်၊ သူတို့တွေက ဒီအတိုင်း လက်လျှော့မှာ မဟုတ်ဘူး။ နောက်တစ်ခါ လာရင်တော့ ဒီလောက်နဲ့ ပြီးမှာ မဟုတ်တော့ဘူး"
ရွှီထင်းရှန်းက ဘာမှ ပြန်မပြောပါဘူး။
ရှဲ့သခင်လေးက သူ့ကို တစ်ချက် ကြည့်လိုက်တယ်။ "ဒီလို အခြေအနေ ရောက်နေပြီပဲ၊ မင်း ဟိုတစ်ယောက်ကို သတင်း မပို့သေးဘူးလား။ ငါတို့က လူအများကြီးရဲ့ ထမင်းအိုးကို သွားနှိုက်မိထားတာလေ၊ အခု ကျဲ့ကျန်းနယ်မှာ ငါတို့ကို သတ်ချင်နေတဲ့သူတွေ မနည်းဘူး။ မင်းရဲ့ရာထူးကလည်း ငယ်လွန်းတယ်၊ အထက်အရာရှိက ဖိနှိပ်ရင်တော့ ခံရရုံပဲ ရှိမှာ၊ အမြဲတမ်း ဒီလိုမျိုးပဲ နေလို့တော့ မဖြစ်ဘူးလေ"
အဲဒီ "ဟိုတစ်ယောက်" ဆိုတဲ့ စကားကို ကြားတော့ ရွှီထင်းရှန်းရဲ့ မျက်လုံးတွေက တစ်ချက် လက်သွားပေမဲ့ မျက်နှာကတော့ ခေါင်းညိတ်လိုက်ရင်း ပြောလိုက်တယ်။ "မင်းရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီကိစ္စကိုတော့ ငါ့မှာ အစီအစဉ် ရှိပြီးသားပါ"
အဲဒီအချိန်မှာပဲ ဖန်ခရိုင်ဝန်ထောက်ဟာ အပြင်ကနေ အလျင်အမြန် ပြေးဝင်လာပြီး ပြောလိုက်တယ်။ "သခင်ကြီး... မကောင်းတော့ဘူး၊ အဲဒီလူတွေက မပြန်ကြသေးဘဲ ခရိုင်ဝန်ရုံးရဲ့ အပြင်ဘက်မှာ စောင့်နေကြတယ်"
ရှဲ့သခင်လေးရဲ့ မျက်နှာက ချက်ချင်းပဲ ပျက်သွားခဲ့ပြီ၊ ဒါဟာ ရွှီထင်းရှန်း အကူအညီ သွားတောင်းမှာကို သူတို့က ကြောက်နေလို့လား
ဆိုလိုတာကတော့ ဒီကိစ္စက ချောင်အမတ် တစ်ယောက်တည်း လုပ်တာ မဟုတ်ဘဲ သူ့မှာ အသေအချာ အောင်မြင်နိုင်မယ့် အခွင့်အရေး ရှိနေလို့သာ အခုလို လုပ်ရဲတာ ဖြစ်မယ်။
ဒါဆိုရင်တော့ ရွှီထင်းရှန်းအတွက် အန္တရာယ် ရှိလာပြီပေါ့။
ဘာလို့ ရွှီထင်းရှန်းလို့ ပြောရတာလဲ၊ တျန့်ဟိုင်ခရိုင်လို့ မပြောဘဲနဲ့။ ဘာလို့လဲဆိုတော့ ဒီလူတွေ ရောက်လာကတည်းက ခရိုင်ထဲမှာ ထူးခြားတာတွေ အများကြီး ရှိနေတာကို သူတို့က မမြင်ချင်ယောင် ဆောင်ပြီး ခရိုင်ဝန်ရုံးကိုပဲ တန်းတန်းမတ်မတ် လာခဲ့ကြတာ ဖြစ်သလို၊ ရောက်လာတော့လည်း ဘာမှ မပြောဘဲ ဂျပန်ဓားပြနဲ့ ပူးပေါင်းတယ်ဆိုတဲ့ အကြောင်းပြချက်ကိုပဲ သုံးခဲ့လို့ပဲ။ သူတို့ရဲ့ရည်ရွယ်ချက်က ရှင်းနေတာပဲ၊ သူတို့က ရွှီထင်းရှန်းကိုပဲ ပစ်မှတ်ထားနေတာ။
ပိုပြီးရှင်းအောင် ပြောရရင်တော့ ရွှီထင်းရှန်းကိုသာ ဖယ်ရှားလိုက်နိုင်ရင် ဒီတျန့်ဟိုင်ခရိုင်ဟာ သူတို့ရဲ့လက်ထဲကို ရောက်လာမှာပဲလေ၊ ဒါဟာ တကယ့်ကို အမြတ်အစွန်း များပြားလှတဲ့ စီးပွားရေးကြီးတစ်ခု မဟုတ်လား။
"သူတို့ စောင့်ချင်ရင်လည်း စောင့်ပါစေပေါ့" ရွှီထင်းရှန်းက အေးအေးဆေးဆေးပဲ ပြုံးပြီး ပြောလိုက်တော့တယ်။
******