အခန်း (၁၈၅-၁၈၆)
Vol. 19 Ch. 185-186
185 01
အခန်း (၁၈၅)
ဒါကို မြင်တော့ ရှဲ့သခင်လေးဟာ စိတ်ပင်ပန်းနွမ်းနယ်နေပေမဲ့ ပြောချင်တာကို မျိုသိပ်ထားလိုက်ရပြီး ဘာပြောရမှန်းကို လုံးဝ မသိတော့ဘူး။
ပြောသင့်တာတွေကိုတော့ ပြောပြီးသွားပြီ ဖြစ်ပေမဲ့ ရွှီထင်းရှန်းကတော့ သူ့ရဲ့ စိတ်ထဲမှာ ဘာတွေတွေးနေသလဲဆိုတာကိုတော့ သူ အခုထိ မခန့်မှန်းနိုင်သေးဘူး။
ရွှီထင်းရှန်းက နောက်ဘက် အဆောင်ဆီကို ထွက်သွားပြီ ဖြစ်တာကြောင့် ရှဲ့သခင်လေးလည်း လှည့်ထွက်ပြီး ခရိုင်ဝန်ရုံးကနေ ထွက်ခွာသွားရတော့တယ်။
ဖန်ခရိုင်ဝန်ထောက်နဲ့ ကျိုးစာရေးတို့ဟာ လက်အောက်ငယ်သားတွေကို ကိုယ့်အလုပ်ကိုယ် လုပ်ကြဖို့ မှာကြားလိုက်ပြီးနောက်မှာတော့ နှစ်ယောက်သား အတူတူ ငွေတိုက်နဲ့ ဆန်ဂိုဒေါင်ဆီကို ထွက်လာခဲ့ကြတယ်။
ဒီငွေတိုက်ဟာ ခရိုင်ဝန်ထောက် ရုံးထိုင်တဲ့နေရာလည်း ဖြစ်တာကြောင့် သူတို့နှစ်ယောက် အထဲကိုဝင်ပြီး ကုလားထိုင်မှာ ထိုင်လိုက်တာနဲ့ အစေခံတစ်ယောက်က လက်ဖက်ရည် ဖျော်ပြီး လာချပေးတယ်။
ကျိုးစာရေးဟာ နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ရင်း ပြောလိုက်တယ်။ "မင်း ဒီနေ့ တကယ့်ကို သတ္တိရှိတာပဲ၊ အဲဒီ ချောင်အမတ်နဲ့တောင် ထိပ်တိုက် ရင်ဆိုင်ရဲတယ်"
ဖန်ခရိုင်ဝန်ထောက်က ခပ်ညှိုးညှိုး ပြုံးလိုက်တယ်။ "ဒါကို ထိပ်တိုက် ရင်ဆိုင်တယ်လို့ ခေါ်မလား၊ ကိုယ့်တာဝန်ကိုယ် လုပ်တာပါ၊ သခင်ကြီးက ငါတို့အပေါ် ပုံမှန်ဆိုရင် ကောင်းတာပဲ၊ ဒီချောင်အမတ်ကတော့ သိသာစွာကို စေတနာဆိုးနဲ့ လာတာလေ။ တကယ်လို့ ငါက ရှေ့ကနေ မထွက်ရင်တောင်မှ အောက်က လူတွေလည်း သည်းမခံနိုင်တော့တာ မြင်သားပဲ၊ အဲ့ဒီအခါကျရင် အောက်ကလူတွေတောင် ရှေ့ထွက်နေတဲ့ အချိန်မှာ ငါတို့နှစ်ယောက်က အနောက်မှာ ကုပ်နေရင် သခင်ကြီးက ငါတို့ကို အမြင်စောင်းသွားမှာပေါ့။ အဲ့ဒီအစား စောစောစီးစီး ထွက်လာတာက ပိုကောင်းပါတယ်၊ သခင်ကြီးရဲ့ ဒီခရိုင်ထဲမှာ ရှိတဲ့ အရှိန်အဝါနဲ့ဆိုရင် တပ်ရင်းမှူးတစ်ယောက်နဲ့ အမတ်တစ်ယောက်က လာပြီး သခင်ကြီးကို ခေါ်သွားချင်တာကတော့ စိတ်ကူးယဉ်နေတာပဲ"
ကျိုးစာရေးက သက်ပြင်းချလိုက်တယ်။ သူလည်း ဒီအမှန်တရားကို သိတာပေါ့။
သူက မုတ်ဆိတ်ကို သပ်ရင်းနဲ့ အရမ်းကို စိုးရိမ်ပူပန်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ "အဲဒီလူတွေ အကုန်လုံးက အပြင်မှာ စောင့်နေကြတယ်၊ သူတို့ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ တကယ်ပဲ အမိန့်စာ သွားယူတာလား"
"အဲဒါကို ဘယ်သူ သိမှာလဲ။ ငါကြည့်ရသလောက်တော့ အဲဒီ ချောင်အမတ်က အပြင်ပန်းကသာ တင်းမာပြနေတာ၊ တကယ်တော့ ဟိုဘက်က လူတွေက ခိုင်းလိုက်လို့ သခင်ကြီးကို တမင်တကာ လာပြီး ဒုက္ခပေးတာ ဖြစ်နိုင်တယ်" ဟိုဘက်ဆိုတာကတော့ ကော်ကျွီခံတပ်ကို ဆိုလိုတာ ဖြစ်ပြီး ရွှီခရိုင်ဝန်က ကော်ကျွီခံတပ်ကို အကြီးအကျယ် အပြစ်ပေးမိထားတာကို ဘယ်သူမှ မသိဘဲ မနေပါဘူး။
"သူတို့က သခင်ကြီးကို ခေါ်သွားနိုင်ရင်တောင်မှ သခင်ကြီးကို ဘာလုပ်နိုင်မှာလဲ၊ သခင်ကြီးက နန်းတွင်းက တရားဝင် ခန့်အပ်ထားတဲ့ အရာရှိကြီး တစ်ယောက်ပဲလေ"
ကျိုးစာရေးနဲ့ မတူတာကတော့ ဖန်ခရိုင်ဝန်ထောက်ဟာ ခရိုင်ဝန်ထောက် လုပ်သက်က ကြာပြီ ဖြစ်တာကြောင့် အမြင်က ပိုပြီး ကျယ်ပြန့်တယ်။
သူက ဒီစကားကို ကြားတော့ မျက်စောင်းထိုးပြီး ကြည့်လိုက်တယ်။
"ငါမေးပါရစေဦး၊ မင်းက တကယ်ပဲ နားမလည်တာလား၊ ဒါမှမဟုတ် နားမလည်ချင်ယောင် ဆောင်နေတာလား"
ကျိုးစာရေးက ဖန်ခရိုင်ဝန်ထောက်ကို ထိတ်လန့်တုန်လှုပ်စွာနဲ့ ကြည့်ပြီး သွားကို စေ့လိုက်တယ်။ "ဒါဆိုရင် သူတို့ တကယ်ပဲ ဝံ့ရဲလို့လား"
185 02
ဖန်ခရိုင်ဝန်ထောက်က လှောင်ရယ်လိုက်တယ်။ "ဘာလို့ မဝံ့ရဲရမှာလဲ၊ ဒီကမ်းရိုးတန်း တစ်လျှောက်မှာ ဂျပန်ဓားပြနဲ့ ပူးပေါင်းတယ်ဆိုတာက အမြဲတမ်း အကောင်းဆုံး အပြစ်ပေးလို့ရတဲ့ နာမည်တစ်ခုပဲ။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဒုက္ခပေးချင်ရင် ဂျပန်ဓားပြနဲ့ ပူးပေါင်းတယ်ဆိုတဲ့ ခေါင်းစဉ်ကြီး တပ်လိုက်ရုံပဲ၊ လူကိုသာ လက်ထဲ ရောက်သွားရင် အတုကို အစစ် ဖြစ်အောင် လုပ်လို့ ရတယ်၊ အဲဒီအချိန်ကျရင်တော့ ဘယ်နတ်ဘုရားမှ လာကယ်နိုင်မှာ မဟုတ်ဘူး။ အပြစ်ပေးပြီးပြီဆိုရင် မင်းကို မြို့တော်ဆီ ပို့ရမှာလေ၊ လမ်းခရီးက ဝေးတာကြောင့် လမ်းမှာ တစ်ခုခု ဖြစ်သွားတာမျိုး၊ ဒါမှမဟုတ် တစ်နေရာရာမှာ ချုပ်ထားတုန်း မီးလောင်တာမျိုး စတဲ့ နည်းလမ်းတွေက အများကြီး ရှိတယ်"
"ဒါဆိုရင် ငါတို့ သခင်ကြီးက ဘယ်လို လုပ်ရမှာလဲ ငါကြည့်ရတာတော့ ဒီကိစ္စက ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး" ကျိုးစာရေးက စိုးရိမ်တကြီး ပြောလိုက်တယ်။
ဖန်ခရိုင်ဝန်ထောက်က သက်ပြင်းချလိုက်တယ်။ "မင်းက ငါ့ကို ဘယ်လို လုပ်ရမလဲ မေးနေတာလား၊ ငါက ဘယ်လို သိမှာလဲ၊ ဒီကိစ္စသာ အပြင်ကို ပေါက်ကြားသွားရင် ငါတို့အားလုံးလည်း လွတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါကြည့်ရတာတော့ သူတို့က ဒီကိစ္စကို လူသိရှင်ကြား ဖြစ်စေချင်တဲ့ ပုံစံမျိုး မရှိဘူး။ မဟုတ်ရင် သခင်ကြီးကို နိုင်ငံခြားသားနဲ့ ပူးပေါင်းတယ်ဆိုတဲ့ အပြစ်တစ်ခုတည်းနဲ့တင် လုံလောက်နေပြီလေ။ ဘာလို့ ဒီလောက်အထိ ကိစ္စတွေ ရှုပ်အောင် လုပ်နေမှာလဲ"
"ငါတို့တွေလည်း အရမ်းကို မာန်တက်ခဲ့တာ ပါတာပေါ့၊ ဒီရက်ပိုင်းအတွင်း အခြေအနေတွေကို ကြည့်ပြီး ငါလည်း ရင်ထဲမှာ ကြောက်နေမိတယ်၊ သူတစ်ပါးရဲ့ ထမင်းအိုးကို သွားနှိုက်မိထားတာဆိုတော့ သူတို့က အသေသတ်ဖို့ ကြိုးစားမှာပဲလေ။ ငါက အကြိမ်ကြိမ် အရိပ်အယောင် ပြခဲ့ပေမဲ့ သခင်ကြီးကတော့ နားမလည်သလိုမျိုးပဲ နေနေတယ်" ကျိုးစာရေးကလည်း သက်ပြင်းချလိုက်ပြန်တယ်။
ဒီကိစ္စကို သူတို့နှစ်ယောက် တိုင်ပင်ခဲ့တာ တစ်ကြိမ် နှစ်ကြိမ် မကတော့ပါဘူး၊ ဒါပေမဲ့ အဓိက ကတော့ ရွှီထင်းရှန်းက နားထောင်မှ ဖြစ်မှာလေ။ အကြိမ်အနည်းငယ် ကြာတော့ သူတို့လည်း ထပ်မပြောကြတော့ပါဘူး၊ သခင်ကြီးက ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိတဲ့သူမှန်း အားလုံး သိကြတာကိုး။
"မင်း ထင်တာတော့ ငါတို့ သခင်ကြီးရဲ့ နောက်ကွယ်မှာ..." ကျိုးစာရေးက တိုးတိုးလေး မေးလိုက်ရင်း လက်ညှိုးကို အပေါ်ကို ထိုးပြလိုက်တယ်။
ဒီကိစ္စကို ပြောလိုက်တာနဲ့ ဖန်ခရိုင်ဝန်ထောက်ဟာ စိတ်ပျက်သွားတော့တယ်။
သူနဲ့ ကျိုးစာရေးဟာ ရွှီထင်းရှန်းရဲ့ နောက်ကွယ်မှာ အင်အားရှိတယ်လို့ ထင်ခဲ့ကြတာ အကြိမ်ကြိမ်ပါပဲ၊ ဒါပေမဲ့ ဘယ်သူလဲဆိုတာကိုတော့ နှစ်နှစ်ကျော်တဲ့အထိ မြင်လည်း မမြင်ဖူးပါဘူး။ ပုံမှန်ဆိုရင် ခရိုင်ဝန်ရုံးဆီကို ထူးဆန်းတဲ့ စာတွေ ရောက်လာတာမျိုးလည်း မရှိသလို၊ သခင်ကြီးရဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် ဆရာတွေဆီက စာတွေ အဆက်အသွယ် ရှိတာမျိုးလည်း မမြင်ဖူးပါဘူး။
တစ်ခါတလေမှာ ဖန်ခရိုင်ဝန်ထောက်ဟာ သူ့ရဲ့သခင်ကြီးရဲ့ အရှိန်အဝါတွေက သူ့ဘာသာသူ ဖန်တီးထားတာလားလို့တောင် ထင်မိတယ်။ ဒါပေမဲ့ ဘယ်သူကမှ နောက်ကွယ်မှာ အင်အား မရှိဘဲနဲ့တော့ ဒီလိုမျိုး မလုပ်ရဲပါဘူး၊ ကိုယ့်အသက်ကို ကိုယ် နှမြောကြမှာပဲလေ။
စဉ်းစားလေ ခေါင်းကိုက်လေ ဖြစ်တာကြောင့် သူလည်း ဆက်မစဉ်းစားတော့ဘဲ ပြောလိုက်တယ်။ "ထားလိုက်ပါတော့။ ငါတို့ ဒီမှာ စိုးရိမ်နေလည်း ဘာမှ မထူးပါဘူး၊ ကိုယ်လုပ်နိုင်တာကို လုပ်ပြီး ကံတရားအတိုင်းပဲ ထားလိုက်ကြစို့"
ကျိုးစာရေးက သက်ပြင်းချလိုက်ပြီး ဒီအတိုင်းပဲ နေလိုက်ရတော့တယ်။
နှစ်ယောက်သား ခဏလောက် ထပ်ပြောပြီးနောက်မှာတော့ အပြင်ကို အမြန် ထွက်လာခဲ့ကြတယ်။ ဒီလို အချိန်မျိုးမှာ အောက်ခြေက လူတွေ ဖရိုဖရဲ မဖြစ်စေဖို့ အရေးကြီးတာကိုး။
အခြားတစ်ဖက်မှာတော့ ချောင်အမတ်နဲ့ ဝမ်စစ်ကဲတို့ဟာ တျန့်ဟိုင်ခရိုင်ဝန်ရုံးကို စောင့်ကြည့်ဖို့ စစ်သည် ဆယ်ဂဏန်းလောက်ကို ချန်ထားခဲ့ပြီး နှစ်ယောက်သား နေရပ်ကို ပြန်ခဲ့ကြတယ်။
ခရီးကို အသည်းအသန် သွားနေကြတာကြောင့် နှစ်ယောက်စလုံး မြင်းစီးနေကြသလို အနောက်မှာလည်း မြင်းစီးထားတဲ့ စစ်သည် ဆယ်ဂဏန်းလောက် ပါလာကြတယ်။
185 03
"အရာရှိမင်း ခင်ဗျား တကယ်ပဲ တရားစီရင်ရေးဌာနကို ပြန်ပြီး ဖမ်းဝရမ်း သွားတောင်းမှာလား"
ဝမ်စစ်ကဲက အခုလို မေးရတာက ချောင်အမတ်က ရွှီထင်းရှန်းကို စောင့်ကြည့်ဖို့ လူတွေ ချန်ထားခဲ့လို့ပဲ ဖြစ်တယ်။ အခုလိုမျိုး ဖြစ်ပျက်ခဲ့မှတော့ တခြား နည်းလမ်း မရှိတော့ဘူးလို့ သူက ထင်နေခဲ့တာ။
ဒီကိစ္စကို ပြောလိုက်တာနဲ့ ချောင်အမတ်လည်း ခေါင်းတွေ အရမ်းကို ကိုက်နေရပြီ။
အထက်က ဒီအလုပ်ကို အပ်လိုက်တုန်းက သူလည်း သိပ်ပြီး အလေးမထားခဲ့ပါဘူး၊ အဆင့် ၇ ခရိုင်ဝန်လေး တစ်ယောက်က အမိန့်ကို မဆန့်ကျင်ရဲပါဘူးလို့ ထင်ခဲ့တာ၊ ဘယ်သူ ထင်မှာလဲ... အဲ့ဒီကောင်လေးက တကယ်ပဲ အမိန့်ကို ဆန့်ကျင်လိမ့်မယ်လို့။
အခုတော့ အလုပ်က မအောင်မြင်ခဲ့ဘူး၊ သူ ပြန်သွားပြီး အစီရင်ခံရင်တော့ အထက်က ဘယ်လိုမျိုး ဆူပူဦးမလဲဆိုတာ မသိနိုင်တော့ဘူး။
"အထက်က ငါ့ကို သူ့ကို ဖမ်းဖို့ ခိုင်းခဲ့တာ၊ အခု လူကို မဖမ်းနိုင်မှတော့ ပြန်ပြီး အစီရင်ခံရမှာပဲ။ ဖမ်းဝရမ်း သွားတောင်းမလား၊ မတောင်းဘူးလား ဆိုတာကတော့ အထက်က အမိန့်အပေါ်မှာပဲ မူတည်လိမ့်မယ်"
ဒီစကားကတော့ ချောင်အမတ်ရဲ့ အရင်က သဘောထားနဲ့ နည်းနည်းတော့ ကွာခြားသွားပြီ၊ ဝမ်စစ်ကဲကလည်း အရူးမဟုတ်တာကြောင့် စဉ်းစားကြည့်လိုက်တဲ့ အခါမှာတော့ ချောင်အမတ်ဟာ ဒီကိစ္စမှာ ထပ်ပြီး မပတ်သက်ချင်တော့ဘူးဆိုတာ သိလိုက်ရတယ်။
တကယ်တော့ စဉ်းစားကြည့်ရင်လည်း ဟုတ်တာပဲ၊ ဒီခရိုင်ဝန်က ရာထူးငယ်ပေမဲ့ သူ့ရဲ့နောက်ကွယ်က လူကတော့ သေးမှာ မဟုတ်ဘူး၊ မဟုတ်ရင် ခရိုင်ဝန်လေး တစ်ယောက်က ဒီနယ်မြေမှာ လာပြီး သူတစ်ပါးရဲ့ အကျိုးအမြတ်ကို လုယူရဲပါ့မလား၊ ကိုယ့်အသက်ကို ကိုယ် နှမြောမှာပဲလေ။
လူကြီးတွေ အချင်းချင်း အားပြိုင်တာကတော့ ဘယ်လိုပဲ ပြိုင်ပြိုင် ကိုယ့်အတွက်တော့ ထိခိုက်စရာ မရှိဘူး။ ဒါပေမဲ့ သူတို့လို လူအငယ်စားလေးတွေကတော့ မတူဘူး။ ကိစ္စထဲမှာ အရမ်း နစ်ဝင်သွားလို့ အမှုထမ်းကောင်း အဖြစ် အသိအမှတ် မပြုခံရတဲ့အပြင် တစ်စုံတစ်ယောက်သော လူကြီးရဲ့ အငြိုအငြင်ကို ခံရရင်တော့ ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။
နှစ်ယောက်သား ကိုယ်စီ တွေးတောရင်းနဲ့ တရားစီရင်ရေးဌာန ရှိတဲ့ ဟန်ကျိုးနယ်ဆီကို တန်းတန်းမတ်မတ် သွားခဲ့ကြတယ်။
ရောက်တဲ့ အချိန်မှာတော့ တတိယနေ့ ညနေခင်း ရှိနေပြီ ဖြစ်ပေမဲ့ ရက်ပေါင်းများစွာ ခရီးသွားလာခဲ့ရတဲ့ သူတို့နှစ်ယောက်ဟာ မနားဝံ့ကြပါဘူး၊ တစ်ယောက်က တရားစီရင်ရေး အရာရှိချုပ်ကို သွားတွေ့သလို၊ နောက်တစ်ယောက်ကတော့ စစ်သူကြီးရုံးကို အလျင်အမြန် သွားခဲ့ကြတယ်။
တရားစီရင်ရေးဌာနနဲ့ အုပ်ချုပ်ရေးဌာနဆိုတာကတော့ အတိုကောက်တွေပဲ ဖြစ်တယ်။ အရှေ့က အဖွဲ့ကတော့ ဒေသဆိုင်ရာ အရာရှိတွေကို စောင့်ကြည့်ဖို့နဲ့ တရားစီရင်ရေး ကိစ္စတွေကို တာဝန်ယူရတာ ဖြစ်တယ်။ အနောက်က အဖွဲ့ကတော့ တစ်နယ်လုံးရဲ့ ပြည်သူ့ရေးရာ ကိစ္စတွေကို တာဝန်ယူရပြီး တရားစီရင်ရေးဌာနနဲ့ အတူတူ နယ်မြေရဲ့ အဓိက အဖွဲ့အစည်း နှစ်ခု ဖြစ်တယ်။
နောက်ထပ် အဖွဲ့တစ်ခုကတော့ စစ်သူကြီးဌာနဖြစ်ပြီး ဒေသခံ စစ်ရေးကိစ္စတွေကို တာဝန်ယူရတယ်။
ဒီဌာန သုံးခုဟာ တာဝန်တွေကို ရှင်းရှင်းလင်းလင်း ခွဲထားကြသလို၊ တစ်ခုနဲ့တစ်ခု အပြန်အလှန် ထိန်းကျောင်းကြပြီး တစ်ဖက်နဲ့ တစ်ဖက် မသက်ဆိုင်ကြဘဲ ဗဟိုအစိုးရကိုပဲ တိုက်ရိုက် တာဝန်ခံကြရတာ ဖြစ်တယ်။ နောက်ပိုင်းမှာ ဒေသတွင်း အာဏာ စုစည်းမှုကို ကာကွယ်ဖို့အတွက် ဒီဌာန သုံးခုရဲ့ အထက်မှာ နယ်စားမင်းကို ထားရှိသလို၊ နယ်စားမင်းရဲ့ အထက်မှာလည်း စစ်သူကြီးချုပ်ကို ထားရှိထားပြန်တယ်။
185 04
အရင် မင်းဆက် လက်ထက်မှာတော့ နယ်စားမင်းနဲ့ စစ်သူကြီးချုပ် ဆိုတာက ယာယီ ခန့်အပ်တာမျိုးပဲ ရှိပေမဲ့၊ အခု မင်မင်းဆက်မှာတော့ ပြည်နယ်တိုင်းမှာ အမြဲတမ်း ရှိနေတဲ့ ရာထူးတွေ ဖြစ်လာခဲ့ပြီ။
စစ်သူကြီးချုပ်ကတော့ ပြည်နယ် နှစ်ခုရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ပူးတွဲ တာဝန်ယူရလေ့ ရှိတာကြောင့် သူ့ရဲ့ရုံးစိုက်ရာ နေရာက အမြဲ မရှိတတ်ပေမဲ့၊ တခြားဌာနတွေကတော့ ပြည်နယ်ရဲ့ အဓိက မြို့ကြီးတွေမှာပဲ ရုံးစိုက်ကြတာ ဖြစ်တယ်။
ချောင်အမတ် တရားစီရင်ရေးရုံးကို ရောက်တဲ့ အခါမှာတော့ တရားစီရင်ရေး အရာရှိချုပ် တုကျွန့် က သူ့ကို ချက်ချင်းပဲ ခေါ်တွေ့ခဲ့တယ်။
ချောင်အမတ်ရဲ့ တင်ပြချက်ကို နားထောင်ပြီးနောက်မှာတော့ တုကျွန့်ဟာ စဉ်းစားခန်း ဝင်သွားတော့တယ်။
တုကျွန့်ဟာ ချန်ထျန်း အနှစ် ၂၀ ရဲ့ ကျင်းရှီဘွဲ့ရ တစ်ယောက် ဖြစ်ပြီး၊ အရာရှိလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တာကြောင့် အခုဆိုရင် အဆင့်မြင့် အရာရှိကြီး တစ်ယောက် ဖြစ်နေပြီ။ ဒီနှစ်တွေမှာ လောကဓံကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရတာကြောင့် သူ့ရဲ့စိတ်ဓာတ်က သာမန် မဟုတ်ပါဘူး၊ ဒါကြောင့်လည်း ဒီကိစ္စထဲမှာ ထူးဆန်းတဲ့ အချက်တွေ ရှိနေတာကို သူ သိလိုက်ရတယ်။
ချောင်အမတ်က သူ့ကို မရဲတရဲနဲ့ မော့ကြည့်လိုက်ပြီး ဝေခွဲမရတဲ့ လေသံနဲ့ ပြောလိုက်တယ်။ "အရာရှိမင်း၊ ကျွန်တော်မျိုး ကြည့်ရသလောက်တော့ ဒီကိစ္စမှာ အရာရှိမင်းအနေနဲ့ မပတ်သက်တော့တာက ပိုကောင်းမယ် ထင်ပါတယ်" တုကျွန့်က သူ့ကို မော့ကြည့်လိုက်ပြီး စားပွဲကို တစ်ချက် ခေါက်လိုက်တယ်။ "ဩော်... မင်းမှာ ဘယ်လို အမြင် ရှိလို့လဲ"
ချောင်အမတ်က ခြောက်ကပ်နေတဲ့ နှုတ်ခမ်းတွေကို လျှာနဲ့ သပ်လိုက်ပြီး ပြောလိုက်တယ်။ "ကျွန်တော်မျိုးမှာတော့ ဘာအမြင်မှ မရှိပါဘူး၊ ဒါပေမဲ့ တစ်ခုခုတော့ ပုံမှန် မဟုတ်ဘူးလို့ ခံစားနေရလို့ပါ။ စဉ်းစားကြည့်ပါဦး... အဆင့် ၇ ခရိုင်ဝန်လေး တစ်ယောက်က ဒီလောက်အထိ ကိစ္စကြီးတွေ လုပ်ရဲတာ၊ ကျွန်တော်တို့ တရားစီရင်ရေးဌာနကို ထားလိုက်ပါဦး၊ အဲဒီ နင်းပေါ်မြို့တော်ဝန်၊ အဲဒီ တျန့်ဟိုင်ခံတပ်၊ နောက်ပြီး အုပ်ချုပ်ရေးဌာနတွေကကော... သူတို့အားလုံးက မျက်စိကန်းနေကြလို့လား၊ ဒီကောင်လေး ဒီလောက်အထိ လုပ်နေတာကို ဘာလို့ တစ်ယောက်မှ မတားကြတာလဲ။ နောက်ဆုံးမှာတော့ ဟိုတစ်ယောက်ကတောင် သူ့ကို ကိုင်တွယ်ဖို့ လှုပ်ရှားလာခဲ့ရတယ်"
"ပုံမှန်အားဖြင့် ဆိုရင်တော့ အဲဒီလူ ကိုယ်တိုင် လုပ်တာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အုပ်ချုပ်ရေးဌာနက လုပ်တာ ဖြစ်ဖြစ် ကျွန်တော်တို့ထက်စာရင် အများကြီး ပိုပြီး တရားဝင်တာပေါ့၊ ဒါပေမဲ့ အခုတော့ ဒီကိစ္စက ကျွန်တော်တို့ တရားစီရင်ရေးဌာနရဲ့ လက်ထဲကို ရောက်လာရတယ်။ လမ်းကြောင်းတွေ အများကြီး ကွေ့ပတ်ပြီးမှ ကျွန်တော်တို့ဆီ ရောက်လာတာကို စဉ်းစားကြည့်ရင်တော့ ကျွန်တော်မျိုး ရင်ထဲမှာ တကယ့်ကို အေးစိမ့်သွားရပါတယ်"
သူက သက်ပြင်းချလိုက်ပြီး တုကျွန့်ရဲ့ လေးနက်နေတဲ့ မျက်နှာကို ကြည့်ကာ ထပ်ပြောလိုက်ပြန်တယ်။ "နောက်ပြီး ကျွန်တော်မျိုး တျန့်ဟိုင်ခရိုင်ဝန်ရုံးကို သွားခဲ့တုန်းက အဲဒီရွှီမျိုးရိုးနဲ့ ခရိုင်ဝန်က တကယ့်ကို မာန်တက်နေတာ၊ နောက်ကွယ်မှာ အင်အား မရှိဘဲနဲ့တော့ ဒီလိုမျိုး မလုပ်ရဲပါဘူး။ အဲဒါကြောင့် အရာရှိမင်းအနေနဲ့ သိက္ခာလေး တစ်ခုအတွက်နဲ့ ဒီလို အရှုပ်ထုပ်ထဲကို ဝင်မပါတာက ပိုပြီးတော့ တန်ဖိုးရှိမယ် ထင်လို့ပါ"
185 05
တကယ်တော့ ချောင်အမတ်ရဲ့ စကားတွေက တော်တော်လေးကို ချင့်ချိန်ပြောထားတာ ဖြစ်ပြီး၊ သူက တမင်တကာ တစ်ဝက်ကို ချန်ထားခဲ့တာ ဖြစ်ပေမဲ့ တုကျွန့်ကတော့ ဒါကို မစဉ်းစားဘဲ နေမှာ မဟုတ်ပါဘူး။
သေချာစဉ်းစားကြည့်ရင်တော့ တုကျွန့်ဟာ ဘယ်သူ့ဘက်တော်သားမှ မဟုတ်ပါဘူး။ သူ့ကို စည်းရုံးမယ့်သူ မရှိတာတော့ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ သူကတော့ အမြဲတမ်း ဘက်မလိုက်ဘဲ အဆင်ပြေအောင် နေတတ်တာကြောင့်၊ သူ့ဆီကို ကိစ္စလေးတွေ ရောက်လာရင်တော့ တစ်ဖက်လူကို မျက်နှာသာပေးတဲ့ အနေနဲ့ ကူညီပေးလေ့ ရှိတယ်။
ဒီလို လူမျိုးကတော့ အရာရှိ လုပ်ဖို့အတွက် မွေးဖွားလာတဲ့သူပဲ၊ တစ်ဖက်လူကို အမှန်အတိုင်း မပြောပေမဲ့ အုပ်စု အသီးသီးကတော့ သူ့ကို ကိုယ့်လူလို့ပဲ ထင်နေကြတာ။ အဲဒီ "ကိုယ့်လူ" ဆိုတဲ့ အသုံးက နည်းနည်းတော့ ကွာခြားနိုင်ပေမဲ့ သူ့ကို တိုက်ခိုက်မယ့်သူကတော့ မရှိသလောက်ပါပဲ။
ဒီလို စိတ်ဓာတ်မျိုးနဲ့သာ တုကျွန့်ဟာ အခုလို အဆင့်မြင့် အရာရှိကြီး ဖြစ်လာခဲ့တာလေ။
ဒီတစ်ခါလည်း အဲဒီအတိုင်းပါပဲ၊ ကျဲ့ကျန်းနယ်စားမင်း ကျူးပင်ထုံက လူလွှတ်ပြီး စကားပါးလိုက်တော့ သူလည်း အများကြီး မစဉ်းစားဘဲ သဘောတူလိုက်မိတာ။
နောက်မှ ပြန်စဉ်းစားကြည့်တော့မှ သူက အလျင်စလို ဆုံးဖြတ်လိုက်မိပြီလို့ ခံစားရတာကြောင့် သူ့ရဲ့လူယုံဖြစ်တဲ့ ချောင်အမတ်ကိုပဲ လွှတ်လိုက်တာ ဖြစ်တယ်။ ချောင်အမတ်ရဲ့ သတိရှိတဲ့ စိတ်ဓာတ်နဲ့ဆိုရင် အလုပ်က မအောင်မြင်ရင်တောင်မှ အကြီးအကျယ် ပျက်စီးမှာ မဟုတ်ဘဲ ပြန်ပြီး ဖြေရှင်းလို့ ရနိုင်မယ်ဆိုတာကို သူ သိလို့ပဲ။
အခု အခြေအနေကို ကြည့်ရသလောက်တော့ တစ်ဖက်လူက သူ့အတွက် သေတွင်းတူးထားတာ သိသာနေပြီ။
ဒါဆိုရင် သူက အဲဒီတွင်းထဲကို ဆင်းမှာလား၊ ဒါမှမဟုတ် မဆင်းဘူးလား။
တုကျွန့်ကတော့ ရင်ထဲမှာ ချိန်ဆနေတော့တယ်။
လောလောဆယ်မှာတော့ အဲဒီ ရွှီမျိုးရိုးက အဆင့် ၇ ခရိုင်ဝန်လေးပဲ ရှိသေးတယ်၊ ကျူးပင်ထုံကတော့ တစ်နယ်လုံးကို အုပ်ချုပ်ရတဲ့ နယ်စားမင်း ဖြစ်သလို သူ့ရဲ့ နောက်ကွယ်မှာလည်း ရှောက်ခိုင်နဲ့ ဟိုတစ်ယောက်က ရှိနေတာလေ။ သူ့ရဲ့ ရာထူးသက်တမ်းကလည်း မကုန်သေးတာကြောင့် ဒီလူတွေကို အပြစ်ပေးမိရင်တော့ ဆုံးရှုံးမှုက များနိုင်သလို၊ ရာထူးသက်တမ်း ကုန်လို့ မြို့တော်ကို ပြန်ရင်လည်း အဲ့ဒီလူရဲ့ လက်အောက်ကိုပဲ ပြန်ရောက်မှာ ဖြစ်တယ်။
သူကတော့ အဲဒီလူတွေကို ကြောက်စရာ မလိုပါဘူး၊ ဒါပေမဲ့ ရင်ထဲမှာတော့ တစ်စုံတစ်ရာကို စိုးရိမ်နေမိတာ ဖြစ်တယ်။
အတော်ကြာမှ သူက မော့ကြည့်လိုက်ပြီး ပြောလိုက်တယ်။ "မင်း အရင် ဆင်းသွားလိုက်ဦး၊ ဒီကိစ္စကိုတော့ ငါ့မှာ အစီအစဉ် ရှိပါတယ်"
ချောင်အမတ်က ခေါင်းညိတ်ပြီး ထွက်သွားတော့တယ်။ တုကျွန့်ကတော့ တစ်ယောက်တည်း အကြာကြီး ထိုင်နေခဲ့တယ်။
သူက အစေခံကို ခေါ်လိုက်တဲ့ အခါမှာတော့ အပြင်ကနေ အစေခံဝတ်စုံ ဝတ်ထားတဲ့ လူလတ်ပိုင်း တစ်ယောက် ဝင်လာခဲ့တယ်။
"မင်း နယ်စားမင်းရုံးကို တစ်ခေါက် သွားလိုက်ပါဦး၊ နယ်စားမင်းကျူးကို ပြောလိုက်... အဲဒီလူက ပင်လယ်ပြင် ကာကွယ်ရေးဌာနနဲ့ တရားစီရင်ရေးရုံးမှာ လူဖမ်းပိုင်ခွင့် မရှိဘူးလို့ အတင်း ငြင်းဆန်နေတယ်၊ အထက်က ထုတ်ပေးတဲ့ အမိန့်စာကို မြင်မှ လိုက်မယ်လို့ ပြောနေတယ်လို့ သတင်းပို့လိုက်"
"သခင်ကြီး ဒီလောက်ပဲ ပြောရမှာလား"
တုကျွန့်က ခေါင်းညိတ်လိုက်တယ်။ "ဒီလောက်ပဲ ပြောလိုက်"
185 06
တုကျွန့်က နယ်စားမင်းရုံးကို လူလွှတ်လိုက်ပေမဲ့ ဟိုဘက်က ဘာမှပြန်မပြောတာကြောင့် ကိစ္စကတော့ ဒီအတိုင်းပဲ ငြိမ်သွားခဲ့တယ်။
ဒါပေမဲ့ တျန့်ဟိုင်ခရိုင်ဝန်ရုံးမှာ ရှိနေတဲ့ စစ်သည်တွေကိုတော့ ပြန်မခေါ်ခိုင်းခဲ့ပါဘူး။
နောက်တစ်ရက် ကြာတော့ အုပ်ချုပ်ရေး အရာရှိချုပ် ချန်တယ်က တုကျွန့်ဆီကို လာလည်ခဲ့တယ်။
"ငါတို့ နှစ်ယောက်ကြားမှာက ဘယ်လို ပတ်သက်မှုမျိုး ရှိလဲ၊ ဒီကိစ္စကိုတော့ မင်း ငါ့ကို ပြောပြမှ ဖြစ်မယ်၊ အခုတော့ အစ်ကိုကြီး တစ်ယောက်အနေနဲ့ မင်းပဲ ငါ့ကို ကယ်နိုင်တော့မယ်"
ချန်တယ်ကတော့ ကိုယ်လုံးက ဝဖြိုးပြီး အသက် ငါးဆယ်ကျော်လောက် ရှိနေပြီ၊ လူက ဝတာရယ်၊ စကားပြောတိုင်း ပြုံးနေတာရယ်ကြောင့် တကယ့်ကို ကရုဏာရှင်ကြီး တစ်ယောက်နဲ့ တူနေခဲ့တာပေါ့။ တကယ်တမ်းကျတော့ ချန်တယ်ဟာ မျက်နှာချိုသွေးပြီး ရက်စက်တတ်တဲ့သူအဖြစ် နာမည်ကြီးသူ ဖြစ်တယ်။ သူက တုကျွန့်ကို အခုလို ပြောနေပေမဲ့ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက မဆိုးဘူး ဆိုရင်တောင်မှ ဒီလောက်အထိတော့ မရင်းနှီးပါဘူး။
ဒါပေမဲ့ ဒီလူကတော့ လူတွေကို အမြင်မကြည်အောင်တော့ မလုပ်တတ်ပါဘူး။
တုကျွန့်ကတော့ သူ့ရဲ့စကားတွေကို ရက်ဝက်လောက်အထိ သည်းခံနားထောင်ပေးခဲ့ရတယ်။ ချန်တယ်က ဘယ်လိုပဲ မေးမေး သူကတော့ စကားတွေကို လှည့်ပတ်ပြောနေပြီး အမှန်အတိုင်း တစ်ခွန်းမှ မပြောခဲ့ပါဘူး။ အကြောင်းရင်းကိုလည်း မပြောဘဲ ကိုယ်နဲ့ မဆိုင်သလိုမျိုးပဲ အကြောင်းပြချက်တွေ ပေးနေခဲ့တာပေါ့။
ဒါကို မြင်တော့ ချန်တယ်က ဘာမှ နားမလည်ဘဲ နေပါ့မလား။
"ဟော... တူချီချန်၊ ငါတို့က တစ်နှစ်တည်း ဘွဲ့ရခဲ့ကြတဲ့ သူငယ်ချင်းတွေလေ၊ အရင်တုန်းက မင်း စာမေးပွဲ သွားဖြေတုန်းက မင်းရဲ့ဆန်တွေကို အစစ်အဆေး ခံရလို့ ပျက်စီးကုန်တော့ ငါကပဲ မင်းကို ဆန်ဖြူတွေ ချေးပေးခဲ့လို့ မင်း အဲဒီ သုံးရက်ကို ဖြတ်သန်းနိုင်ခဲ့တာ မဟုတ်လား"
ဒါကို ပြောလိုက်တော့မှ တုကျွန့်လည်း ရှက်သွားရသလို၊ အရင်တုန်းက တကယ်ပဲ အဲ့ဒီလို ဖြစ်ခဲ့တာကို သတိရသွားတာကြောင့် စိတ်လည်း နည်းနည်း ပျော့သွားခဲ့တယ်။
သူက သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။ "မင်းလည်း အဲ့ဒီ ဆန်တစ်ဆုပ်စာ ကျေးဇူးကို ခဏခဏ လာမပြောပါနဲ့ဦး၊ ငါ အမှန်အတိုင်း ပြောရရင်တော့ ဒီကိစ္စမှာ ငါ တကယ်ပဲ မပတ်သက်ချင်တော့ဘူး။ အသက်ကလည်း ဒီလောက် ကြီးနေပြီ၊ အရာရှိ ဘယ်နှစ်နှစ် ထပ်လုပ်ရဦးမလဲ မသိဘူး၊ အခု နန်းတွင်းမှာကလည်း အခြေအနေတွေက ရှုပ်ထွေးနေသလို ဧကရာဇ်မင်းမြတ်ရဲ့ စိတ်တော်ကလည်း ခန့်မှန်းရ ခက်လွန်းလှတယ်။ ဒါကြောင့် ငါကတော့ ဒီလောက်အထိ နက်နဲတဲ့ ကိစ္စထဲမှာ ဝင်မပါချင်တော့ဘူး၊ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင်ပဲ နေချင်တော့တယ်"
"မင်းရဲ့ အဓိပ္ပာယ်က အဲဒီရွှီမျိုးရိုးရဲ့ နောက်ကွယ်မှာ…" ချန်တယ်က ပြောရင်းနဲ့ လက်ညှိုးကို အပေါ်ကို ထိုးပြလိုက်တယ်။
တုကျွန့်က အစကတော့ မဖြေချင်ပါဘူး၊ ဒါပေမဲ့ တစ်ဖက်လူရဲ့ သနားစရာ ကောင်းတဲ့ မျက်လုံးတွေကို ကြည့်ပြီးနောက်မှာတော့ အမြန်ပဲ ခေါင်းညိတ်ပြလိုက်တယ်။ "ဖြစ်ချင်လည်း ဖြစ်နိုင်တာပဲ၊ ဘာပဲဖြစ်ဖြစ် ငါကတော့ ဝင်မပါတော့ဖို့ ဆုံးဖြတ်လိုက်ပြီ"
ချန်တယ်ရဲ့ မျက်လုံးတွေက ရှုပ်ထွေးသွားပြီး သက်ပြင်းကို အရှည်ကြီး ချလိုက်တယ်။ "လောကကြီးမှာ အသက်ကြီးလေ၊ သတ္တိနည်းလေပါပဲလား။ ထားလိုက်ပါတော့... မင်း မပါမှတော့ ငါလည်း မပါတော့ပါဘူး"
အဲဒီနောက်မှာတော့ ချန်တယ်လည်း နှုတ်ဆက်ပြီး ထွက်သွားခဲ့တယ်၊ ညမရောက်ခင်မှာတင် အုပ်ချုပ်ရေး အရာရှိချုပ်ဟာ အအေးမိပြီး ဖျားနေတာကြောင့် အိပ်ယာထဲက မထနိုင်တော့ဘူးလို့ သတင်းထွက်လာတော့တယ်။ သမားတော်ကလည်း လာကြည့်ပြီးပြီ၊ ရောဂါ မပျောက်မချင်း လေတိုက်ခံလို့ မဖြစ်ဘူးလို့ ပြောသွားတယ်တဲ့။
185 07
ဒီသတင်းက အုပ်ချုပ်ရေးဌာနက ထွက်လာတာ ဖြစ်ပြီး၊ အဓိပ္ပာယ်ကတော့ နယ်စားမင်းအနေနဲ့ လောလောဆယ် ရုံးအလုပ်တွေကို မလုပ်နိုင်တော့ဘူး၊ မင်းတို့မှာ ကိုယ်ပိုင် ဖြေရှင်းနိုင်တာ ရှိရင် ဖြေရှင်းကြ၊ မဖြေရှင်းနိုင်ရင်လည်း နယ်စားမင်းနဲ့ စစ်သူကြီးချုပ်ဆီပဲ သွားကြတော့၊ ဘာပဲဖြစ်ဖြစ် အရာအားလုံးကတော့ အုပ်ချုပ်ရေး အရာရှိချုပ် နေကောင်းလာမှပဲ ဆက်လုပ်လို့ ရတော့မယ် ဆိုတဲ့ သဘောပေါ့။
နောက်တစ်ယောက် ထွက်ပြေးသွားပြန်ပြီ။
သတင်းရတာနဲ့ တစ်ပြိုင်နက် နယ်စားမင်းရုံးမှာတော့ ဖန်ခွက်တွေ ကွဲကုန်တော့တာပဲ။
ကျူးပင်ထုံဟာ ဒေါသထွက်လွန်းလို့ စာကြည့်ခန်းထဲမှာ ဟိုဟိုဒီဒီ အခါခါ လျှောက်နေပေမဲ့ ရင်ထဲက ဒေါသတွေကတော့ မပြေနိုင်သေးပါဘူး။
"ဟမ့်... တုကျွန့်၊ မင်းလည်း ဟုတ်လှချည်လား၊ ချန်တယ်... မင်းကလည်း ကောင်းလှချည်လား။ ပုံမှန်ဆိုရင်တော့ စကားတွေက တကယ့်ကို အလွန်အကျွံ ပြောတတ်ကြပြီး၊ အခုလို အရေးကြီးတဲ့ အချိန်ကျတော့မှ အကြောင်းပြချက်တွေနဲ့ ရှောင်နေကြတယ်"
ဘေးနားက အကြံပေးပုဂ္ဂိုလ်တစ်ယောက်က ဖျောင်းဖျလိုက်တယ်။ "အရာရှိမင်း စိတ်လျှော့ပါဦး၊ အဲဒီ ချန်တယ်ဆိုတာက မူလကတည်းက လူကိုကြည့်ပြီး စကားပြောတတ်တဲ့သူလေ၊ အလုပ်လုပ်ရင်လည်း ပါးနပ်လွန်းတယ်။ အကျိုးရှိရင် အရင်ဆုံး ပြေးလာတတ်ပြီး၊ ပြဿနာ တက်ပြီဆိုရင်တော့ တခြားသူထက် အမြန် ပြေးတာပေါ့။ အဓိက ကတော့ ဒီလူက သိက္ခာကို လုံးဝ ဂရုမစိုက်တာပဲ၊ ဖျားတယ်ဆိုတဲ့ နည်းလမ်းကိုတောင် သုံးရဲတယ်ဆိုမှတော့ ဒီလို လူမျိုးအတွက်နဲ့ ဒေါသထွက်နေရတာ မတန်ပါဘူး"
"ဒါပေမဲ့ တရားစီရင်ရေး အရာရှိချုပ် တုကျွန့်ကပါ ငြင်းလိုက်တာကတော့ ကျွန်တော့်ကို နည်းနည်း အံ့ဩစေပါတယ်။ ဒီလူကတော့ အမြင်ကျယ်တယ်၊ နှစ်ပေါင်းများစွာ အင်အားစု အသီးသီးကြားမှာ အဆင်ပြေအောင် နေလာနိုင်တဲ့သူလေ၊ အပြင်ပန်းကတော့ ဘာမှ မရှိသလို ထင်ရပေမဲ့ ရာထူးကတော့ ခဏခဏ တက်နေတာပဲ" အဲဒီ အကြံပေးက ခဏလောက် ရပ်လိုက်ပြီး ဝေခွဲမရတဲ့ လေသံနဲ့ ပြောလိုက်တယ်။ "ကျွန်တော်မျိုး ထင်တာတော့ အရာရှိမင်းအနေနဲ့လည်း ဒီကိစ္စကို အကြောင်းပြချက် တစ်ခုခုပေးပြီး ငြင်းလိုက်ရင် မကောင်းဘူးလား"
ကျူးပင်ထုံက ခြေလှမ်းတွေကို ရပ်လိုက်ပြီး လက်ကို ပြင်းပြင်းထန်ထန် ခါလိုက်တယ်။ "ဒီကိစ္စကိုတော့ ထပ်မပြောနဲ့တော့၊ ငါကတော့ ငြင်းလို့ မရဘူး"
တကယ်လို့ ငြင်းလို့ ရမယ်ဆိုရင် သူ အစောကြီးကတည်းက ငြင်းမှာပေါ့။ တုကျွန့်နဲ့ ချန်တယ်တို့ မြင်တဲ့ကိစ္စကို သူကော မမြင်ဘဲ နေပါ့မလား။ ဒီလူနှစ်ယောက်က အဲဒီ ရွှီမျိုးရိုးရဲ့ နောက်ကွယ်မှာ ဧကရာဇ်မင်းမြတ် ရှိနေမှာကို ကြောက်နေကြတာလေ။ သူလည်း ကြောက်တာပေါ့။ မဟုတ်ရင်တော့ ဟဲ့ဝေ ပထမဆုံးအကြိမ် လာပြောကတည်းက အဲဒီ ရွှီမျိုးရိုးကို သူ ကိုင်တွယ်ပြီးသား ဖြစ်မှာပေါ့။
နှမြောစရာ ကောင်းတာက သူက ဒီကိစ္စထဲမှာ အရမ်း နစ်ဝင်သွားခဲ့ပြီ၊ ကျဲ့ကျန်းနယ်မှာ တခြားသူတွေက ရှောင်လို့ ရပေမဲ့ သူကတော့ ရှောင်လို့ မရဘူးလေ။
"ဒါဆိုရင်တော့ တစ်ခါတည်းနဲ့ အပြတ်ရှင်းလိုက်တာက ပိုကောင်းပါလိမ့်မယ်"
ကျူးပင်ထုံက လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ မျက်လုံးတွေက အရောင်တွေ တောက်ပနေခဲ့ပြီ။
အဲဒီအကြံပေးက ပြောလိုက်တယ်။ "သူက နယ်စားမင်းရုံးရဲ့ ဖမ်းဝရမ်းကို လိုချင်နေတာဆိုမှတော့ ကျွန်တော်တို့ကလည်း သူ့ကို ဖမ်းဝရမ်း ပေးလိုက်တာပေါ့။ ဘာပဲဖြစ်ဖြစ် လူကို ဖမ်းထုတ်လာပြီး လမ်းတစ်ဝက် ရောက်တဲ့ အခါကျရင်တော့ အဲ့ဒီမှာပဲ အပြတ်ရှင်းပစ်လိုက်မယ်၊ ပြီးရင် ဂျပန်ဓားပြတွေရဲ့ လက်ချက်လို့ပဲ အမည်တပ်လိုက်မယ်။ လူက သေသွားပြီဆိုရင်တော့ ဘာမှ ထပ်ပြောနိုင်မှာ မဟုတ်တော့ပါဘူး"
185 08
"ဒါပေမဲ့ အရင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြောင့် သူက အသေအချာ ကြိုတင် ကာကွယ်ထားမှာပဲ၊ ဒီဖမ်းဝရမ်း ကိစ္စကို ဘယ်လို ဖြေရှင်းမှာလဲ ဖမ်းဝရမ်းကို ဖျက်ဆီးပစ်လို့ ရတယ် ဆိုရင်တောင်မှ အထက်က စစ်မေးလာရင်တော့ သတင်း ပေါက်ကြားသွားမှာကို ရှောင်လို့ မရဘူးလေ"
စကားတွေ အများကြီး ပြောခဲ့ပေမဲ့ အဓိက ကြောက်နေတာကတော့ တစ်ခုတည်းသော "မတော်တဆ" ဖြစ်ရပ်ပဲ။ တကယ်လို့များ ရွှီထင်းရှန်းက ဧကရာဇ်ကျားချန် လွှတ်လိုက်တဲ့သူ ဖြစ်နေခဲ့ပြီး၊ သူက ဧကရာဇ်ရဲ့ အစီအစဉ်ကြီးကို သွားပြီး ဖျက်ဆီးမိလိုက်မယ်ဆိုရင်တော့၊ သူက အမတ်ချုပ်ကြီး မဟုတ်တာကြောင့် ဧကရာဇ်ရဲ့ဒေါသကို ဘယ်လိုမှ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူးလေ။
"အရာရှိမင်း မေ့နေပြီလား၊ အရင်က တရားစီရင်ရေးရုံးက လူတွေ သွားခဲ့တာကို ခရိုင်ဝန်ရုံးရော တစ်မြို့လုံးကပါ သိနေကြတာပဲ။ ပြီးတော့ ခရိုင်ဝန်ရုံး ရှေ့မှာ စောင့်နေတဲ့ လူတွေကလည်း တရားစီရင်ရေးရုံးက စစ်သည်တွေလေ"
"မင်းရဲ့ အဓိပ္ပာယ်က…"
"ကျွန်တော်တို့က တရားစီရင်ရေးရုံးက လူတွေလို့ ဟန်ဆောင်ပြီး သွားလိုက်မယ်၊ အဲဒီအခါကျရင် အထက်က စစ်မေးလာရင်လည်း ဒါဟာ တရားစီရင်ရေးရုံးရဲ့ ကိစ္စပဲ ဖြစ်သွားမှာပေါ့"
ကျူးပင်ထုံက မျက်လုံးတွေကို မှေးလိုက်ပြီး ခဏလောက် စဉ်းစားပြီးနောက်မှာတော့ ပြုံးလိုက်တော့တယ်။ "ဒီနည်းလမ်းကတော့ တကယ်ပဲ မဆိုးပါဘူး"
******
186 01
အခန်း (၁၈၆)
ဒီနှစ်ရက်အတွင်း ရွီထင်းရှန်းက ခရိုင်ဝန်ရုံးထဲမှာ အလကားထိုင်နေတာ မဟုတ်ခဲ့ဘူးလေ။
သူက နေ့တိုင်း ခရိုင်ဝန်ရုံးကနေ အပြင်သို့ တစ်ခေါက် ထွက်ကာ ကင်းလှည့်ကြည့်ရှုလေ့ ရှိတယ်။
အရင်က လုပ်နေကျဟာကို အခုလည်း အဲဒီအတိုင်းပဲ လုပ်ဆောင်နေခဲ့တယ်> ထူးခြားတာကတော့ သူ့ရဲ့အနောက်မှာ နောက်မြီးဆွဲ အချို့ ပိုလာတာပဲ ဖြစ်တယ်။
ဒီစစ်သည် အနည်းငယ်ကတော့ သူ့ကို ချုပ်နှောင်ထားတာ မဟုတ်ဘဲ သူ ထွက်ပြေးမှာကိုပဲ စိုးရိမ်နေပုံ ရတယ်။
သူ ဘယ်နေရာကိုပဲ သွားသွား သူတို့က အပြင်ကနေ စောင့်နေကြတာကြောင့် သူတို့က သူ့ကို စောင့်ကြည့်ဖို့ လာတာလား ဒါမှမဟုတ် ကာကွယ်ပေးဖို့ လာတာလား ဆိုတာကို ဘယ်သူမှ ဝေခွဲမရ ဖြစ်နေကြရတယ်။
နောက်ထပ် တစ်ရက် ကုန်လွန်သွားပြန်တယ်။ ရွှေရောင် တောက်ပနေတဲ့ ညနေခင်း ဆည်းဆာရောင်က ကောင်းကင်ကြီးကို လိမ္မော်ရင့်ရောင်အဖြစ် ပြောင်းလဲပေးနေခဲ့တယ်။
နွေရာသီရဲ့အဆုံးပိုင်း ရောက်နေပြီ ဖြစ်ပေမဲ့ ရာသီဥတုကတော့ လူကို မအီမသာ ဖြစ်စေလောက်အောင် ပူပြင်းနေဆဲပဲ ဖြစ်တယ်။
ရွှီထင်းရှန်းက နောက်ဘက် အဆောင်သို့ ပြန်လာခဲ့တယ်။ အခန်းထဲမှာတော့ တိတ်ဆိတ်အေးစက်နေတာကြောင့် အစေခံကို ပက်လက်ကုလားထိုင် တစ်လုံး အပြင်ကို ထုတ်ခိုင်းပြီး အေးအေးဆေးဆေး အနားယူနေလိုက်တယ်။
ခြင်နဲ့ ပိုးမွှားတွေ ရှိတာကြောင့် မလှမ်းမကမ်းမှာ ခြင်ဆေးနံ့သာကို ထွန်းထားတယ်။ လေပြေလေးတွေ တိုက်ခတ်လာတဲ့ အခါမှာတော့ နည်းနည်းလေး ပိုပြီး လန်းဆန်းမှုကို ပေးစွမ်းနိုင်ခဲ့တယ်။
ညစာကိုတော့ ခေါက်ဆွဲ စားတယ်၊ ရှန်းရှီမှာလို အသားဟင်းရည်နဲ့ မဟုတ်ဘဲ ဒီမှာကတော့ ငါးနဲ့ ပုစွန် အမျိုးမျိုးကိုပဲ သုံးထားတာ ဖြစ်တယ်။
ကျောက်အာ ထွက်သွားပြီးကတည်းက ရွှီထင်းရှန်းက ထမင်းကို စားလိုက် မစားလိုက် ဖြစ်နေခဲ့တယ်။ ကံကောင်းတာက ခရိုင်ဝန်ရုံးက ထမင်းချက်အဘွားကြီးရဲ့လက်ရာက မဆိုးတာကြောင့် ရောက်လာတာ နှစ်နှစ်ကျော်တဲ့ အချိန်မှာတော့ ဒီဘက်က အရသာကို အသားကျနေပြီ ဖြစ်တယ်။
အပြင်ဘက်မှာ မှောင်ကျလာတော့မှ ရွှီထင်းရှန်းက အခန်းထဲကို ပြန်ဝင်သွားခဲ့တယ်။
ပေါင်ယီရှင်းက ရွှီထင်းရှန်းဆီကို လာပြီး ခဏလောက် စကားပြောခဲ့တယ်။ အဲဒီအတွင်းမှာ ဟူဆန်းလည်း တစ်ခေါက် ရောက်လာခဲ့တယ်။
ရွှီထင်းရှန်းက အခန်းထဲသို့ ပြန်ဝင်ပြီး အဝတ်အစား လဲလှယ်လိုက်ကာ ရှေ့ဘက် ရုံးတော်ဆီကို ထွက်လာခဲ့တယ်။
တျန့်ဟိုင်ခရိုင်လို ခရိုင်မြို့ငယ်လေးမှာတော့ ညအချိန် ရောက်တာနဲ့ တစ်မြို့လုံးက တိတ်ဆိတ်သွားတတ်တာပဲ။
ညမထွက်ရအမိန့် ရှိတာကြောင့် သတ်မှတ်ထားတဲ့အချိန် ကျော်လွန်လို့ လမ်းပေါ်မှာ လျှောက်သွားနေရင် ခရိုင်ဝန်ရုံးက လူတွေ ဖမ်းမိတာနဲ့ ကြိမ်ဒဏ် ခံရမှာ ဖြစ်တယ်။
ဒါပေါ့... ချွင်းချက်တော့ ရှိတာပေါ့။ ဒီချွင်းချက်ကိုတော့ တစ်ခရိုင်လုံးက ပြည်သူတွေ သိကြပါတယ်။ ဒါပေမဲ့ ရွှီခရိုင်ဝန် ရောက်လာကတည်းက ညဘက်မှာ ခိုးပြီး အလုပ်လုပ်တာတွေ မရှိတော့ဘူးလေ။
ဒါကြောင့် အခု ညဘက်မှာ မြို့တံခါး စောင့်ရတဲ့ အလုပ်က တော်တော်လေးကို သက်သာလှတယ်။
186 02
အချိန်တန်လို့ မြို့တံခါး ပိတ်လိုက်ပြီဆိုရင် အထက်က အမိန့်မပါဘဲ ဘယ်သူ ခေါ်ခေါ် ဖွင့်မပေးပါဘူး။
ဒါပေမဲ့ ဒီနေ့ညမှာတော့ ထူးထူးခြားခြား ဖြစ်ပျက်လာခဲ့တယ်။ အရင်ဆုံး ခရိုင်ဝန်ရုံးဘက်က တစ်ခါ ဖွင့်ခိုင်းခဲ့တယ်။ မြို့တံခါးစောင့်က အိပ်ဖို့ ပြင်နေတုန်းမှာပဲ တစ်ယောက်ယောက်က တံခါးလာခေါ်ပြန်တယ်။
မြို့တံခါးကို တဒုန်းဒုန်းနဲ့ ထုနှက်နေတဲ့ အသံတွေက တော်တော်လေးကို ကျယ်လောင်နေပြီး လူအများကြီး ရောက်နေတဲ့ ပုံစံမျိုးပဲ။
မြို့တံခါးပေါ်မှာ ခြေသံတွေ ထွက်ပေါ်လာပြီး တံခါးစောင့် အနည်းငယ် ထွက်လာကာ အောက်ကို ငုံ့ကြည့်လိုက်ကြတယ်။
ဟောဗျာ... အပြင်မှာ လူပေါင်း ဆယ်ဂဏန်းလောက် ရောက်နေတာပဲ။
အားလုံးက မြင်းစီးထားကြပြီး လက်ထဲမှာ မီးတုတ်တွေ ကိုင်ထားကြတယ်၊ ဝတ်စားထားတဲ့ ပုံစံကို ကြည့်ရတာတော့ တစ်နေရာရာက စစ်သည်တွေ ဖြစ်နေခဲ့တယ်။
"ငါတို့က တရားစီရင်ရေးဌာနက လူတွေပဲ။ ရုံးအလုပ်နဲ့ လာတာ ဖြစ်တာကြောင့် မြို့တံခါးကို ချက်ချင်း ဖွင့်လိုက်စမ်း”
ဦးဆောင်လာတဲ့သူက ရင်ဘတ်ထဲကနေ အမှတ်အသား တံဆိပ်တစ်ခုကို ထုတ်ပြီး ဟန်ပြပြလိုက်ကာ ပြန်သိမ်းလိုက်တယ်။
မြို့တံခါးပေါ်က တံခါးစောင့်တွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်က ဝေခွဲမရတဲ့ လေသံနဲ့ ပြောလိုက်တယ်။ "အရာရှိမင်းတို့ခင်ဗျာ၊ ခရိုင်ဝန်ရုံးမှာက စည်းကမ်း ရှိပါတယ်၊ အထက်က အမိန့်မပါရင် မြို့တံခါးကို ဖွင့်လို့ မရပါဘူး။ အရာရှိမင်းတို့ ခဏလောက် စောင့်ပေးပါဦး၊ ကျွန်တော်မျိုးတို့ အရင် သွားမေးပါရစေ"
ဦးဆောင်လာသူက စစ်ဗိုလ်တစ်ယောက်ရဲ့ အသွင်အပြင် ရှိပြီး စိတ်တိုတတ်တဲ့ ပုံစံနဲ့ ခါးက ဓားကို ဆွဲထုတ်လိုက်တယ်။ "မင်းတို့ရဲ့ မျက်စိတွေ ကန်းနေလို့လား၊ ငါတို့ တရားစီရင်ရေးဌာနက အလုပ်လုပ်တာကို မင်းတို့ ခရိုင်ဝန်ရုံးရဲ့ အမိန့်ကို စောင့်နေရဦးမှာလား။ ဟိုတစ်ခါက မင်းတို့ရဲ့ခရိုင်ဝန်က အထက်က ဖမ်းဝရမ်းကို စောင့်နေတာ မဟုတ်လား။ အခု ဖမ်းဝရမ်း ပါလာပြီ၊ အမြန် တံခါးဖွင့်စမ်း၊ မဟုတ်ရင်တော့ ငါ အထဲရောက်တဲ့ အခါကျရင် မင်းတို့ကို တရားစီရင်ရေးဌာနရဲ့အလုပ်ကို နှောင့်ယှက်တဲ့ အပြစ်နဲ့ အကြီးအကျယ် အပြစ်ပေးမယ်"
ဒီစကားကို ကြားတော့ တံခါးစောင့်တွေဟာ ချက်ချင်းပဲ ထိတ်လန့်သွားကြတော့တယ်။
ဒါက သခင်ကြီးကို လာဖမ်းတာလား။ တကယ်လို့ သခင်ကြီး အဖမ်းခံရရင် သူတို့ကော ဘယ်လို လုပ်ကြမလဲ။
ဒါပေမဲ့ သူတို့လည်း ဆက်ပြီး မတားရဲတော့ပါဘူး၊ တံခါးစောင့် နှစ်ယောက်က အောက်ဆင်းပြီး တံခါးဖွင့်ပေးလိုက်သလို တစ်ယောက်ကတော့ ခရိုင်ဝန်ရုံးကို အပြေးအလွှား သတင်းသွားပို့တော့တယ်။
နှမြောစရာ ကောင်းတာက သူ့ရဲ့ခြေထောက်က မြင်းကို မမီပါဘူး၊ ခရိုင်ဝန်ရုံး တံခါးဝကို ရောက်တဲ့ အချိန်မှာပဲ ဒီလူအုပ်စုက သူ့ကို ကျော်တက်သွားခဲ့ပြီ။
ခရိုင်ဝန်ရုံးရဲ့တံခါးမကြီးကို တဒုန်းဒုန်းနဲ့ ထုနှက်လိုက်တဲ့ အခါမှာတော့ တစ်ယောက်ယောက်က အထဲကနေ တံခါးဖွင့်ပေးလိုက်တာနဲ့ ဒီလူတွေဟာ ဗိုက်ဆာနေတဲ့ ဝံပုလွေတွေလိုမျိုး အထဲကို တိုးဝင်လာကြတော့တယ်။
"မင်းတို့ရဲ့ ရွှီခရိုင်ဝန်ကို ချက်ချင်း ထွက်လာခိုင်းစမ်း"
ဖန်ခရိုင်ဝန်ထောက်နဲ့ ကျိုးစာရေးတို့လည်း အိပ်ယာကနေ နှိုးခံလိုက်ရတယ်။ နှစ်ယောက်စလုံး အဝတ်အစားတောင် သေသေချာချာ မဝတ်နိုင်ကြသေးဘဲ မျက်နှာတွေလည်း ထိတ်လန့်နေကြတယ်။
186 03
"အရာရှိမင်းတို့ခင်ဗျာ... ဒီသန်းခေါင်ယံ အချိန်ကြီးမှာ ကျွန်တော်တို့ သခင်ကြီးက အနားယူနေပါပြီ။ အရာရှိမင်းတို့ကို အရင်ဆုံး နားနေဖို့ စီစဉ်ပေးပါ့မယ်။ ကိစ္စရှိရင်လည်း မနက် မိုးလင်းမှ ပြောကြတာပေါ့"
ကျိုးစာရေးဟာ အတင်း တွန်းထုတ်ခြင်း ခံလိုက်ရပြီး ယိုင်သွားခဲ့တယ်။ ဦးဆောင်လာတဲ့ တပ်ရင်းမှူးပုံစံရှိသူက အထဲကို တန်းတန်းမတ်မတ် လျှောက်သွားရင်း ပြောလိုက်တယ်။ "ငါ့ကို အချိန်ဆွဲမနေနဲ့၊ ဟိုတစ်ခါက ချောင်အမတ်က မင်းတို့နဲ့ ကောင်းကောင်း ပြောခဲ့ပေမဲ့ လက်ဗလာနဲ့ ပြန်သွားခဲ့ရတယ်။ ဒီနေ့ ငါလာတာကတော့ မင်းတို့ကို အားနာနေမှာ မဟုတ်ဘူး၊ အဲဒီရွှီမျိုးရိုးနဲ့ ခရိုင်ဝန်က ဘယ်လောက်အထိ ရမ်းကားနိုင်မလဲဆိုတာ ငါ ကိုယ်တိုင် ကြည့်ချင်သေးတယ်"
ဘေးက စစ်သည်တစ်ယောက်ကလည်း ဝင်ပြီး ပြောလိုက်တယ်။ "ရွှီခရိုင်ဝန်ကို အမြန် ထွက်လာခိုင်းစမ်း၊ ငါတို့ တပ်ရင်းမှူးမင်းကို ဒေါသထွက်အောင် လုပ်ရင်တော့ မင်းတို့ အကုန်လုံး ဒုက္ခရောက်ကုန်မယ်"
ဖန်ခရိုင်ဝန်ထောက်က တုန်လှုပ်နေတဲ့ ရင်ခုန်သံကို အတတ်နိုင်ဆုံး ထိန်းလိုက်ပြီး အဝတ်အစားတွေကို သပ်ရပ်အောင် ပြင်ကာ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်တယ်။ "အရာရှိမင်းတို့က လူဖမ်းဖို့ လာတာဆိုရင် အထက်က ထုတ်ပေးတဲ့ အမိန့်စာ ပါပါသလား"
မျက်နှာမှာ အသားစိုင်တွေ ဗြုတ်ဗြုတ်သိပ် ဖြစ်နေတဲ့ တပ်ရင်းမှူးက အေးစက်စွာ ရယ်မောလိုက်ပြီး ရင်ဘတ်ထဲကနေ စက္ကူတစ်ရွက် ထုတ်ကာ ဖန်ခရိုင်ဝန်ထောက်ရဲ့ မျက်နှာပေါ်ကို ပစ်ပေးလိုက်တယ်။
ဖန်ခရိုင်ဝန်ထောက်က ဖြန့်ကြည့်လိုက်တဲ့ အခါမှာတော့ မျက်နှာက ချက်ချင်း ပျက်သွားပြီး တဖြည်းဖြည်းနဲ့ အသက်မဲ့တဲ့ အရောင်မျိုး ပြောင်းလဲသွားတော့တယ်။
"အခုတော့ ဘာပြောစရာ ရှိသေးလဲ။ မင်းတို့ရဲ့ ရွှီသခင်ကြီးကို အမြန်ထွက်လာခိုင်းစမ်း၊ နောက်ထပ် အချိန်ဆွဲနေမယ်ဆိုရင်တော့ ငါ့ရဲ့ လက်အောက်ငယ်သားတွေကို လွှတ်လိုက်မယ်၊ အဲ့ဒီအချိန်ကျမှ မတော်တဆ ကိစ္စတွေ ဖြစ်လာရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့"
"ကျွန်တော်မျိုး အခုပဲ သွားခေါ်ပါ့မယ်”
ဖန်ခရိုင်ဝန်ထောက်က ဘေးကို ထွက်သွားပြီး ထိတ်လန့်နေတဲ့ အစေခံတစ်ယောက်ကို ခေါ်ကာ နောက်ဘက် အဆောင်က ရွှီထင်းရှန်းကို သွားခေါ်ခိုင်းလိုက်တယ်။
ရုံးတော်ထဲက အခြေအနေကတော့ တကယ့်ကို မွန်းကြပ်နေခဲ့ပြီ၊ အလယ်မှာ ရှိတဲ့ တောင်နဲ့ ရေပုံပြင် ပန်းချီကားက မီးတုတ်တွေရဲ့ အလင်းရောင်အောက်မှာ တကယ့်ကို ထူးဆန်းတဲ့ အသွင်ကို ဆောင်နေခဲ့တယ်။ အပေါ်ဆုံးမှာ ချိတ်ထားတဲ့ 'မင်ကျင့်ကောင်းရွှမ်' ဆိုင်းဘုတ်ကလည်း အေးစိမ့်တဲ့ ရွှေရောင် အလင်းတန်းတွေကို ထုတ်လွှတ်နေခဲ့တယ်။
ဖန်ခရိုင်ဝန်ထောက်ရဲ့ ရင်ထဲမှာတော့ ဘာလုပ်ရမှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေခဲ့ပြီး နက်ဖြန် မနက်မှာ နေက ပြန်ထွက်လာပါဦးမလားလို့တောင် တွေးမိနေတော့တယ်။
အစေခံက မကြာခင်မှာ ပြန်ရောက်လာပေမဲ့ မျက်နှာမှာတော့ ကြောက်ရွံ့မှုတွေ ပြည့်နေခဲ့ပြီ။
"သခင်ကြီးက မလာဘူးလို့ ပြောလိုက်ပါတယ်၊ သူက နန်းတွင်းက အရာရှိ တစ်ယောက်ပါ၊ မင်းတို့လို ဓားပြတွေလိုမျိုး သန်းခေါင်ယံမှာ လာပြီး ဖမ်းတာက ဘာကို ရည်ရွယ်တာလဲလို့ မေးလိုက်ပါတယ်"
တပ်ရင်းမှူးက ဒေါသထွက်လွန်းလို့ ရယ်တောင် ရယ်မိသွားတယ်။ "ငါတို့က မြို့တော်ကနေ ရက်ပေါင်းများစွာ ခရီးနှင်လာခဲ့တာ၊ ရောက်တဲ့ အချိန်မှာတောင် မင်းတို့ရဲ့အချိန်ကို ရွေးပေးရဦးမှာလား ဒီစာပေသမားတွေက တကယ့်ကို ကိစ္စများတာပဲ၊ ငါက မျက်နှာသာ ပေးထားတာကိုမှ လက်မခံရင်တော့ ငါလည်း အားနာနေမှာ မဟုတ်ဘူး"
ပြောပြီးတာနဲ့ သူက အနောက်ဘက်ကို လျှောက်သွားတော့တယ်၊ သိသာတာကတော့ လူကို အတင်းအကျပ် ဖမ်းတော့မယ့် ပုံစံပဲ။
186 04
လမ်းပြမယ့်သူ မရှိတာကြောင့် စစ်သည်တစ်ယောက်က ဓားနဲ့ အဲ့ဒီ အစေခံကို ခြိမ်းခြောက်ပြီး လမ်းပြခိုင်းလိုက်တာကြောင့် လူအုပ်ကြီးဟာ တတိယခန်းမဆောင်ဆီကို အုံနဲ့ကျင်းနဲ့ သွားကြတော့တယ်။
အခုအချိန်မှာတော့ တတိယခန်းမဆောင်ထဲမှာ ရွှီထင်းရှန်းက သပ်ရပ်လှပတဲ့ အပြာရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး အရာရှိဦးထုပ်ကိုလည်း စနစ်တကျ ဆောင်းထားခဲ့ပြီ။
အရာရှိဝတ်စုံ ဆိုတာကတော့ နန်းတွင်းက အရာရှိတွေ အားလုံးအတွက် သတ်မှတ်ထားတဲ့ ဝတ်စုံ ဖြစ်ပေမဲ့ လူတိုင်းနဲ့တော့ လိုက်ဖက်တာ မဟုတ်ဘူး၊ တချို့လူတွေဆိုရင် ဝတ်ထားတာက အရပ်ဝတ်ထက်တောင် ကြည့်မကောင်းတာမျိုး ရှိတတ်ပေမဲ့ တချို့လူတွေကျတော့လည်း တကယ့်ကို ခန့်ညားသွားစေတာပေါ့။
ရွှီထင်းရှန်းကတော့ အဲ့ဒီလို လူစားမျိုးပဲ၊ သူ အရပ်ဝတ် ဝတ်ထားတုန်းကတော့ ကြည်လင်တဲ့ အရှိန်အဝါ ရှိပြီး မျက်နှာဖြူဖြူလေးကြောင့် နည်းနည်းတော့ နုနယ်သလို ထင်ရပေမဲ့၊ အခု အရာရှိဝတ်စုံ ဝတ်လိုက်တဲ့ အခါမှာတော့ ဝတ်စုံရဲ့ ခန့်ညားမှုက သူ့ရဲ့ နုနယ်မှုကို ဖုံးကွယ်သွားစေပြီး တကယ့်ကို ထည်ဝါလှတဲ့ အရာရှိကြီး တစ်ယောက်ရဲ့ ပုံစံမျိုး ဖြစ်သွားခဲ့ပြီ။
အခုတော့ သူက စားပွဲမှာ ထိုင်နေပြီး စားပွဲပေါ်မှာတော့ လက်ဖက်ရည် နှစ်ခွက် ရှိနေခဲ့တယ်။
မီးရောင်အောက်မှာ သူ့ရဲ့ကျောပြင်က မတ်နေပေမဲ့ နည်းနည်းတော့ ပါးလွှာနေသလိုပဲ။
အပြင်က အသံတွေကို ကြားလိုက်ရတဲ့ အခါမှာတော့ သူက မော့ကြည့်လိုက်ပြီး ခပ်ညှိုးညှိုး ပြုံးလိုက်ရင်း ပြောလိုက်တယ်။ "မင်းတို့တွေကတော့ တကယ့်ကို လက်မလျှော့ကြသေးဘူးပဲ"
အဲဒီ တပ်ရင်းမှူးက အထဲကို ဝင်လာပြီး ခန်းမအလယ်မှာ ခြေကို ခွရပ်လိုက်ရင်း အထင်သေးတဲ့ လှောင်ပြုံးနဲ့ ပြောလိုက်တယ်။ "ရွှီခရိုင်ဝန်၊ အလုပ်က စောင့်မနေဘူးလေ၊ ငါတို့နဲ့အတူ တစ်ခေါက် လိုက်ခဲ့ရမယ်"
အဲ့ဒီအချိန်မှာ ရွှီထင်းရှန်းက ထိုင်ဖို့ ဖိတ်ခေါ်တဲ့ အမူအရာ လုပ်လိုက်ပေမဲ့ တပ်ရင်းမှူးကတော့ ဂရုမစိုက်ဘဲ သူ့ကိုပဲ စိုက်ကြည့်နေခဲ့တယ်။
"အရာရှိမင်းရဲ့ နာမည်ကို မမေးရသေးဘူးနော်"
တပ်ရင်းမှူးက အေးစက်စွာ ရယ်လိုက်ပြီး ခေါင်းကို မော့ကာ ပြောလိုက်တယ်။ "ငါက ကျဲ့ကျန်းတရားစီရင်ရေးဌာနက တပ်ရင်းမှူးတစ်ယောက်ပဲ၊ မျိုးရိုးကတော့ လီပါ။ နာမည်ကိုတော့ ရွှီခရိုင်ဝန် မမေးပါနဲ့တော့၊ ငါက ရုံးအလုပ်နဲ့ လာတာ ဖြစ်ပြီး အမိန့်အရ ရွှီခရိုင်ဝန်ကို တရားစီရင်ရေးရုံးဆီ ဖိတ်ခေါ်ဖို့ လာတာပဲ။ အလုပ်ပြီးသွားရင်တော့ ငါတို့က ဘယ်သူလဲဆိုတာ သိစရာ မလိုတော့ပါဘူး၊ မင်းတို့လို အရာရှိတွေကတော့ ငါတို့ကို မတွေ့ရပါစေနဲ့လို့ပဲ ဆုတောင်းထားကြပါ၊ ဘာလို့လဲဆိုတော့ ငါတို့ ပေါ်လာပြီဆိုရင်တော့ မင်းတို့ ကံဆိုးမယ့် အချိန် ရောက်ပြီဆိုတာပဲ"
ရွှီထင်းရှန်းက ခပ်ဟဟ ရယ်လိုက်ပြီး ထပ်မေးလိုက်တယ်။ "ဒါဆိုရင် လီစစ်ကဲမှာ ဖမ်းဝရမ်း ပါရဲ့လား ဆိုတာကိုတော့ မသိသေးဘူးနော်"
ရောက်လာကတည်းက လူနှစ်ယောက်က ဒီကိစ္စကို မေးနေခဲ့တာ ဖြစ်တာကြောင့် လီစစ်ကဲကတော့ တော်တော်လေးကို စိတ်မရှည် ဖြစ်နေခဲ့ပြီ။ ဒါပေမဲ့ ဒါကလည်း လုပ်နေကျ အလုပ်တစ်ခု ဖြစ်တာကြောင့် သူက အနောက်ကို မျက်ရိပ်ပြလိုက်တဲ့ အခါမှာတော့ ဖန်ခရိုင်ဝန်ထောက်က အနောက်ကနေ ဝင်လာပြီး စက္ကူတစ်ရွက်ကို ရွှီထင်းရှန်းရဲ့ ရှေ့ကို ရိုသေစွာ တင်ပေးလိုက်တယ်။
"သခင်ကြီး... တစ်ချက် ကြည့်ပေးပါဦး" ဖန်ခရိုင်ဝန်ထောက်က တုန်ရီနေတဲ့ အသံနဲ့ ပြောလိုက်တယ်။
အရင်က သူ ကြည့်ပြီးသားပဲ၊ ဒါဟာ တရားစီရင်ရေးဌာနက ထုတ်ပေးတဲ့ အမိန့်စာ အစစ်ပဲ ဖြစ်တယ်၊ တံဆိပ်တွေကအစ အကုန်လုံးက အစစ်အမှန်တွေမို့ လိမ်လို့ မရပါဘူး။ ဒါကြောင့် ဒီတစ်ခါတော့ ရွှီသခင်ကြီး တကယ်ပဲ ကံဆိုးတော့မှာပဲ။
186 05
ရွှီထင်းရှန်းက အဲဒီစာကို ယူပြီး သေသေချာချာ ဖတ်ကြည့်နေခဲ့တယ်။
ဖတ်ပြီးနောက်မှာတော့ သူက သက်ပြင်းလေး တစ်ချက် ချလိုက်ပြီး မျက်နှာမှာ အပြုံးတစ်ခုနဲ့အတူ မတ်တပ်ရပ်လိုက်တယ်။
လူတိုင်းကတော့ သူ လက်လျှော့လိုက်ပြီလို့ ထင်လိုက်ကြပြီး လီစစ်ကဲကတော့ ကျေနပ်စွာ ပြုံးလိုက်သလို ဖန်ခရိုင်ဝန်ထောက်ကတော့ ပိုပြီးတော့ စိတ်မကောင်း ဖြစ်သွားရတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ရွှီထင်းရှန်းက အရှေ့ကို တိုးမလာဘဲ အထဲက အခန်းထဲကို ဝင်သွားတော့တယ်။
အချိန်ကို အရှေ့ကို နည်းနည်း ပြန်ဆွဲလိုက်ကြရအောင်၊ မြို့တံခါးမှာ တစ်ယောက်ယောက်က တံခါးလာခေါ်ခဲ့တုန်းကပေါ့။
ဒါပေမဲ့ မြင်းစီးလာတဲ့သူက လူရင်း ဖြစ်နေတာကြောင့် တံခါးစောင့်က ဘာမှ မမေးဘဲ အမြန်ပဲ တံခါးဖွင့်ပေးလိုက်တာ။
ရင်ထဲမှာတော့ သံသယတွေ ရှိတာပေါ့၊ အခုလို အချိန်ကြီးမှာ ဟူဆန်းက ဘာလို့ အပြင်ကနေ ပြန်လာတာလဲ၊ ပြီးတော့ သူ့အနောက်မှာလည်း မြင်းလှည်းတစ်စီး ပါလာသေးတယ်။ ဒါပေမဲ့ ခရိုင်ဝန်ရုံးမှာ အလုပ်လုပ်တဲ့သူတွေကတော့ ဘာကို မေးရမယ်၊ ဘာကို မမေးရဘူးဆိုတာကိုတော့ သိကြတာပေါ့။
ဒီမြင်းလှည်းက ခရိုင်ဝန်ရုံးရဲ့ အနောက်တံခါးအထိ မောင်းလာပြီးမှ ရပ်လိုက်တယ်။
မြင်းလှည်းပေါ်ကနေ လူတစ်ယောက် ဆင်းလာခဲ့တယ်၊ သူက အနက်ရောင် ဝတ်ရုံကို ခြုံထားပြီး ခေါင်းစွပ် စွပ်ထားတာကြောင့် ယောက်ျားတစ်ယောက် ဖြစ်တယ်ဆိုတာကိုပဲ သိနိုင်တယ်။ သူ့ဘေးမှာတော့ ကိုယ်ရံတော် လေးငါးယောက် ပါလာပြီး ဟူဆန်းတောင်မှ အနားကို ကပ်လို့ မရပါဘူး။
ဒီလူတွေဟာ တတိယခန်းမဆောင်ဆီကို တန်းတန်းမတ်မတ် လာခဲ့ကြပြီး ရွှီထင်းရှန်းကလည်း အဝတ်အစားတွေ အပြည့်အစုံနဲ့ စောင့်နေတာ ကြာလှပြီ။
သူက ရှေ့ကို တက်ပြီး အရိုအသေ ပေးဖို့ ပြင်လိုက်ပေမဲ့ တစ်ဖက်လူက လက်နဲ့ တားလိုက်တယ်။
ဒီအနက်ရောင် ဝတ်ရုံခြုံထားတဲ့သူက အရင်ဆုံး ခန်းမထဲကို ဝင်သွားခဲ့ပြီး ဟူဆန်းက လက်ဖက်ရည် လာချပေးတယ်။ ရွှီထင်းရှန်းက ဘေးနားက လူတွေကို အပြင်ထွက်ခိုင်းလိုက်ပေမဲ့ တစ်ဖက်လူရဲ့ ကိုယ်ရံတော်တွေက မထွက်ချင်ကြပါဘူး။ တစ်ဖက်လူက လက်ယမ်းပြလိုက်တော့မှ သူတို့တွေ အပြင်ကို ထွက်ပြီး တံခါးပိတ်ပေးလိုက်ကြတော့တယ်။
"ရွှီခရိုင်ဝန်က ငါ့ကို ဘာကိစ္စနဲ့ လာခိုင်းတာလဲ ဆိုတာကိုတော့ မသိသေးဘူးနော်"
ရွှီထင်းရှန်းရဲ့ မျက်နှာမှာတော့ အေးအေးဆေးဆေး အပြုံးတစ်ခု ရှိနေပြီး တစ်ဖက်လူရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ရင်း လက်ဖက်ရည် သောက်ဖို့ ဖိတ်ခေါ်လိုက်တယ်၊ တစ်ဖက်လူက ငြိမ်နေတာ မြင်တော့မှ သူကပဲ ရယ်လိုက်ရင်း လက်ဖက်ရည် တစ်ငုံ သောက်လိုက်တယ်။
"အရေးကြီးတဲ့ ကိစ္စ ရှိလို့ပါပဲ။ ကိစ္စမရှိဘဲနဲ့တော့ ကျွန်တော်မျိုးက အရာရှိမင်းကို ဒီလောက်အထိ အပင်ပန်းခံပြီး လာခိုင်းပါ့မလား”
"မင်းမှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိတာ ပိုကောင်းမယ်၊ မဟုတ်ရင်တော့" တစ်ဖက်လူရဲ့ အသံက အေးအေးဆေးဆေး ရှိနေပေမဲ့ ခြိမ်းခြောက်တဲ့ အရိပ်အယောင်တွေ ပါဝင်နေခဲ့တယ်။
ရွှီထင်းရှန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။ "ဒီကိစ္စက အရာရှိမင်းအတွက် အကျိုးပဲ ရှိမှာပါ၊ အပြစ်တော့ မရှိပါဘူး”
ဒါကို မြင်တော့ တစ်ဖက်လူကလည်း ထပ်ပြီး မမေးတော့ဘဲ လက်ဖက်ရည်ခွက်ကို ယူကာ အေးအေးဆေးဆေး သောက်နေတော့တယ်။
လက်ဖက်ရည်ကြမ်းတစ်ခွက် ကုန်သွားတဲ့အထိ ရွှီထင်းရှန်းကပဲ စိတ်မရှည်ဘဲ အရင် စကားစလိုက်ရတယ်။
"အရာရှိမင်းက ကျွန်တော်မျိုး ဘာပြောမလဲဆိုတာကို မသိချင်ဘူးလား"
186 06
အခုတော့ တစ်ဖက်လူကပဲ အသာစီး ရနေတဲ့ ပုံစံမျိုးနဲ့၊ ခေါင်းစွပ်ကို မချွတ်သေးတာကြောင့် မျက်နှာကို မမြင်ရဘဲ တည်ငြိမ်တဲ့ အသံနဲ့ပဲ ပြန်ပြောလိုက်တယ်။ "ဘာကိစ္စပဲ ဖြစ်ဖြစ်၊ ရွှီခရိုင်ဝန်က သူ့ဘာသာသူ ပြောပြမှာပဲလေ၊ ငါက စိုးရိမ်နေလည်း ဘာမှ မထူးပါဘူး”
ရွှီထင်းရှန်းက ရယ်မောလိုက်တယ်။ "အရာရှိမင်းက တကယ့်ကို အရာရှိကြီး ပါပဲ၊ ဒီလောက်အထိ တည်ငြိမ်နိုင်တာကိုတော့ ကျွန်တော်မျိုး တကယ့်ကို အံ့ဩမိပါတယ်” သူက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အင်္ကျီလက်ကို သပ်ရပ်အောင် ပြင်လိုက်ရင်း ပြောလိုက်တယ်။ "တကယ်တော့ ဒီတစ်ခါ ကျွန်တော်မျိုးက အရာရှိမင်းကို လာခိုင်းတာက အရာရှိမင်းရဲ့အသက်ကို ကယ်ဖို့အတွက်ပါ”
"ဩော်... ဟုတ်လား"
အဲ့ဒီ "ဩော်" ဆိုတဲ့ အသံထဲမှာ အဓိပ္ပာယ်တွေ အများကြီး ပါဝင်နေခဲ့တယ်။ သံသယဖြစ်တာရော၊ အံ့ဩတာရော၊ ပြီးတော့ အထင်သေးတဲ့ ပုံစံမျိုးလည်း ပါနေတာကြောင့် ရွှီထင်းရှန်းက တစ်ခုခုကို နောက်ပြောင်နေတယ်လို့ သူက ထင်နေခဲ့တာ။
ရွှီထင်းရှန်းက အေးအေးဆေးဆေးပဲ ပြုံးလိုက်ပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်တယ်။ "အရာရှိမင်း... ကျွန်တော်မျိုးနဲ့အတူ လိုက်ခဲ့ပါဦး”
ဒီလူက ချက်ချင်း မထသေးပါဘူး၊ ရွှီထင်းရှန်းက တံခါးနောက်ကို ဝင်သွားတော့မှ သူက မတ်တပ်ရပ်ပြီး နောက်ကနေ လိုက်သွားတော့တယ်။
အထဲမှာတော့ လျှို့ဝှက်အခန်း တစ်ခု ရှိနေပြီး ပြတင်းပေါက် မရှိပေမဲ့ ဆီမီးတွေ ထွန်းထားတာကြောင့် လင်းထိန်နေခဲ့တယ်။
ခန်းတစ်ခုနဲ့ တူနေပေမဲ့ ခန်းတော့ မဟုတ်ပါဘူး။
အကျယ်အဝန်းက မကြီးသလို အထဲမှာလည်း စားပွဲ၊ ကုလားထိုင်တွေ မရှိပါဘူး၊ မြောက်ဘက် အလယ်မှာတော့ စားပွဲအမြင့် တစ်လုံး ရှိနေခဲ့တယ်။ အဲ့ဒီ စားပွဲပေါ်မှာတော့ အနီရောင် ဗန်းတစ်ခု ရှိနေပြီး တစ်ခုခုကို တင်ထားတာပေါ့။
အဲဒီအရာကပဲ အနက်ရောင် ဝတ်ရုံခြုံထားတဲ့သူကို မျက်လုံးတွေ ပြူးထွက်သွားအောင် လုပ်လိုက်တာပဲ ဖြစ်တယ်။
အဲ့ဒါကတော့ ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ပဲ ဖြစ်တယ်။
အဝါရောင် တောက်ပနေပြီး ကျောက်စိမ်းရိုးတံနဲ့ လုပ်ထားတာ ဖြစ်သလို၊ အဲ့ဒီအပေါ်မှာလည်း မင်္ဂလာရှိတဲ့ တိမ်တိုက်တွေနဲ့ ကြိုးကြာငှက်တွေကို ရက်လုပ်ထားတာကြောင့် တကယ့်ကို ဧကရာဇ်ရဲ့ အရှိန်အဝါတွေ ပြည့်နှက်နေခဲ့တယ်။
ရွှီထင်းရှန်းက ဘာမှမပြောဘဲ အဲ့ဒီရှေ့မှာ ဒူးထောက်ပြီး အကြိမ်အနည်းငယ် အရိုအသေ ပေးလိုက်တယ်။ အဲဒီနောက်မှာမှ ပြန်ထလာပြီး သူ့ကို ကြည့်ကာ ပြုံးပြလိုက်တယ်။
"ကျွန်တော်မျိုး ပြောချင်တာတွေကို အရာရှိမင်း နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ နားမလည်သေးဘူး ဆိုရင်တော့ အရာရှိမင်း ခဏလောက် စောင့်ပေးပါဦး၊ ကျွန်တော်မျိုးက အစားအသောက်လေးတွေ ပြင်ဆင်ထားသလို၊ အဆင့်မြင့်တဲ့ စစ်တုရင် တစ်ခုလည်း ရှိပါသေးတယ်၊ ကျွန်တော်မျိုးက စစ်တုရင်မှာ သိပ်မကျွမ်းကျင်ပေမဲ့ အရာရှိမင်းနဲ့ တစ်ပွဲလောက်တော့ ကစားနိုင်ပါတယ်”
"ဒါဆိုရင်လည်း... သွားကြတာပေါ့” ဒီရိုးရှင်းတဲ့ စကားလုံး အနည်းငယ်ကပဲ တစ်ဖက်လူရဲ့ သဘောထား ပြောင်းလဲသွားတာကို ဖော်ပြနေခဲ့ပြီ။
အစားအသောက်လေးတွေ စားပြီးနောက်မှာတော့ ရွှီထင်းရှန်းက စစ်တုရင်ခုံကို ပြင်လိုက်ပြီး ဒီလူနဲ့အတူ ကစားတော့တယ်။
ရွှီထင်းရှန်းက သူ စစ်တုရင်မှာ မကျွမ်းကျင်ဘူးလို့ ပြောခဲ့ပေမဲ့ သူပြောတာနဲ့ လုပ်တာကတော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ ဒီအရာရှိကြီးက သူကိုယ်တိုင် စစ်တုရင်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး ရှုံးတယ်ဆိုတာ ရှားပါတယ်လို့ ကြွားခဲ့ပေမဲ့၊ ဒီနေ့မှာတော့ ရွှီထင်းရှန်းရဲ့ လက်ချက်နဲ့ အလဲလဲအပြားပြား ရှုံးနိမ့်ခဲ့ရတော့တယ်။
186 07
"ထပ်ကစားမယ်"
အစကတော့ အပျော်သဘော ကစားတာ ဖြစ်ပေမဲ့ တစ်ပွဲရှုံးသွားတော့မှ အနိုင်ရချင်တဲ့ စိတ်က ပေါ်လာခဲ့တာ။
ဒီလိုနဲ့ ကစားလိုက်တာ ညသန်းခေါင်တောင် ရောက်သွားခဲ့ပြီ။ အပြင်ကနေ ခြေသံတွေ ထွက်ပေါ်လာတော့မှပဲ ရပ်လိုက်ကြတော့တယ်။
...
ရွှီထင်းရှန်းက အတွင်းခန်းထဲကို ဝင်လာတဲ့ အခါမှာတော့ စစ်တုရင်ခုံရှေ့မှာ လူတစ်ယောက် ထိုင်နေခဲ့တယ်။
ဒီလူကတော့ ခေါင်းစွပ်ကို ချွတ်ထားပြီ ဖြစ်တာကြောင့် သူဟာ တုကျွန့် ဖြစ်မှန်း သိသာနေခဲ့ပြီ။
အပြင်က အသံတွေကို သူလည်း ကြားနေရတာကြောင့် ရွှီထင်းရှန်း ဝင်လာတာ မြင်တာနဲ့ ချက်ချင်းပဲ လှမ်းကြည့်လိုက်တယ်။
ရွှီထင်းရှန်းက တရားစီရင်ရေးဌာနရဲ့ နာမည်နဲ့ ထုတ်ထားတဲ့ အမိန့်စာကို သူ့လက်ထဲကို ထည့်ပေးလိုက်တယ်။ တုကျွန့်က ယူပြီး ကြည့်လိုက်တဲ့ အခါမှာတော့ မျက်နှာက ချက်ချင်းပဲ မည်းမှောင်သွားတော့တယ်။
"အခုတော့ အရာရှိမင်း သိပြီ မဟုတ်လား၊ ကျွန်တော်မျိုး ပြောခဲ့တဲ့စကားရဲ့ အဓိပ္ပာယ်ကို”
တုကျွန့်က လက်ထဲက အမိန့်စာကို တင်းတင်းဆုပ်ထားရင်းမှ သူ အခုထိ ဒီစာကို ကိုင်ထားမိတုန်းပဲဆိုတာ သတိရသွားပြီး စားပွဲပေါ်ကို ပစ်တင်လိုက်ကာ ပြောလိုက်တယ်။ "တကယ့်ကို ရက်စက်တာပဲ၊ တကယ့်ကို ယုတ်မာတာပဲ"
စကားတောင် မဆုံးသေးခင်မှာပဲ အပြင်ကနေ ဖရိုဖရဲ ဖြစ်နေတဲ့ ခြေသံတွေဟာ အထဲကို တိုးဝင်လာခဲ့ပြီ။
"ရွှီမျိုးရိုး၊ မင်းက ကောင်းကောင်း ပြောတာကို နားမထောင်ဘူးပေါ့လေ"
လီစစ်ကဲက ဒီစကားကို အော်ဟစ်ပြီး ဝင်လာတဲ့ အချိန်မှာပဲ၊ ကုလားထိုင်မှာ ထိုင်နေတဲ့ အနက်ရောင် ဝတ်ရုံခြုံထားတဲ့သူကို မြင်လိုက်ရတဲ့ အခါမှာတော့ သူ့ရဲ့လျှာကို တစ်ယောက်ယောက်က ဖြတ်လိုက်သလိုမျိုး ချက်ချင်းပဲ အသံတိတ်သွားတော့တယ်။ "တူ... တူ... တူအရာရှိမင်းကြီး"
"သတ္တိတွေ တော်တော် ကောင်းနေကြတာပဲ၊ ငါတို့ တရားစီရင်ရေးဌာနရဲ့ နာမည်ကို သုံးပြီးတော့ ဒီလိုမျိုး ယုတ်မာတဲ့ ကိစ္စတွေကို လုပ်ရဲကြတယ်ပေါ့၊ ဘယ်သူက မင်းတို့ကို သတ္တိ ပေးလိုက်တာလဲ။ လာကြစမ်း… အကုန်လုံးကို ဖမ်းလိုက်ကြ"
ချက်ချင်းပဲ တုကျွန့်ရဲ့ကိုယ်ရံတော်တွေဟာ အပြင်ကနေ ပြေးဝင်လာကြတော့တယ်။
ဘေးနားက ဖန်ခရိုင်ဝန်ထောက်ဟာ ဒီမြင်ကွင်းကို ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်နေခဲ့ပြီ။
ဒီတရားစီရင်ရေး အရာရှိချုပ်ကြီးက ဘယ်အချိန်ကတည်းက ရောက်နေတာလဲ။ သူ ဘာလို့ မသိတာလဲ။
ဒါပေမဲ့ အရာရှိချုပ်ကြီးရဲ့လူက နည်းနေတာ မြင်တော့ သူလည်း အပြင်ကို အမြန် ပြေးထွက်ပြီး လူသွားခေါ်တော့တယ်။ အဲဒီနောက်မှာတော့ တျန့်ဟိုင်ခရိုင်ဝန်ရုံးက အစေခံတွေ အကုန်လုံး ပြေးဝင်လာကြပြီး လီစစ်ကဲတို့ အဖွဲ့ကို ဝိုင်းရံပိတ်ဆို့လိုက်ကြတော့တယ်။
******