အခန်း (၁၈၉-၁၉၀)
Vol. 19 Ch. 189-190
189 01
အခန်း (၁၈၉)
စွီအမတ်ချုပ်ရဲ့အသံက မိုးခြိမ်းသံလို ဟည်းထွက်လာတာကြောင့် နန်းဆောင်အတွင်းမှာရှိတဲ့ လူအားလုံး ကြောင်အသွားကြတယ်။
သူတို့ ကြောင်အသွားရတာက အဲဒီအသံက ရုတ်တရက်ဆန်လွန်းလို့ ဖြစ်သလို၊ လျောင်တုံးဒေသရဲ့ စစ်စရိတ်ကိစ္စ ပါဝင်နေတာကြောင့်လည်း ဖြစ်တယ်။ ဒါ့အပြင် စွီအမတ်ချုပ်ရဲ့ အခုလို ပြုမူပုံက အလွန် ရှားပါးတာကြောင့်လည်း ဖြစ်တယ်။
နန်းဝန်ကြီးချုပ်က အသက်အရွယ် ကြီးရင့်နေပြီဖြစ်လို့ ပုံမှန်အားဖြင့် စကားပြောတာက နှေးကွေးသလို လမ်းလျှောက်တာကလည်း နှေးကွေးလှပြီး၊ အချိန်အတော်များများမှာ ရုပ်တုတစ်ခုလိုပဲ ငြိမ်သက်နေတတ်သူဖြစ်လို့ အခုလိုမျိုး အမူအရာက တကယ့်ကို မြင်တွေ့ရခဲလှတယ်။
ဒါပေမဲ့ စစ်စရိတ်ကိစ္စကို ပြောဆိုလာတဲ့အခါမှာတော့ သူ ဘာကြောင့် ဒီလောက်အထိ စိတ်လှုပ်ရှားနေရသလဲဆိုတာကို နားလည်ပေးနိုင်ကြတယ်လေ။
မကြာသေးခင်က နန်းတွင်းက နယ်စပ်ဒေသကို စစ်စရိတ်တွေ မထောက်ပံ့နိုင်တဲ့ ကိစ္စကြောင့် အမှန်တကယ်ပဲ အကျပ်ရိုက်နေခဲ့ပြီး၊ ဧကရာဇ်ကျားချန်ကလည်း အကြိမ်ကြိမ် ဒေါသထွက်ခဲ့ဖူးတယ်။
နှမြောစရာ ကောင်းတာက ဘဏ္ဍာရေးဌာနမှာ ငွေမရှိသလို၊ အခြားနေရာတွေကလည်း လွှဲပြောင်းပြီး မရနိုင်တာကြောင့် နန်းတွင်းရဲ့ အခြေအနေက အလွန်ပဲ မှေးမှိန်နေခဲ့ပြီး အမတ်တွေ အားလုံးကလည်း ခေါင်းငုံ့ပြီးပဲ နေနေကြရတယ်။
တကယ်လို့ တျန့်ဟိုင်ခရိုင်က ငွေပြား သုံးသန်းကို အမှန်တကယ် ထုတ်ပေးနိုင်မယ်ဆိုပါက အခု ကြုံတွေ့နေရတဲ့ အရေးပေါ် အခြေအနေကို ဖြေရှင်းပေးနိုင်မှာ ဖြစ်တယ်။
ဒါပေမဲ့ ပြဿနာက အဲဒီငွေတွေဟာ ရွှီထင်းရှန်းက မှောင်ခိုကုန်သွယ်မှုကို ကာကွယ်ပေးရင်း ရထားတဲ့ ငွေတွေ ဖြစ်နေတာပဲ ဖြစ်တယ်။
လက်တွေ့မှာ အခုအချိန်မှာ ကိစ္စရပ်တွေက အလွန် ထင်ရှားနေခဲ့ပြီ ဖြစ်တယ်။ ကျူးပင်ထုံက ကျဲ့ကျန်းနယ်စားမင်း ဖြစ်တာမလို့ သူကလည်း တိတ်တဆိတ် လာဘ်ပေးလာဘ်ယူမှုတွေ လုပ်ပြီး မှောင်ခိုကုန်သွယ်မှုကို ကာကွယ်ပေးထားမှာ အသေအချာပဲ ဖြစ်ပေမဲ့၊ ရွှီထင်းရှန်း ရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ပါးစပ်ထဲက အသားကို လုယူလိုက်သလိုမျိုး ဖြစ်သွားခဲ့တယ်။
ဒါကြောင့်လည်း ကျူးပင်ထုံက အဆင့် ၇ ခရိုင်ဝန်လေး တစ်ယောက်ကို ကိုင်တွယ်ဖို့အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့တာ ဖြစ်ပြီး၊ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကိုတောင် နာမည်ဖျက်ဖို့ ဝန်မလေးခဲ့တာ ဖြစ်တယ်။
ဘာကြောင့် ကျူးပင်ထုံက တိုက်ရိုက်နည်းလမ်းတွေကို မသုံးဘဲ လမ်းကွေ့ပြီး လုပ်ဆောင်ခဲ့ရတာလဲ။
ဒီကိစ္စရဲ့အဖြေက ဧကရာဇ်ကျားချန်အပေါ်မှာပဲ မူတည်နေမှာ ဖြစ်တယ်။
အခုအချိန်မှာ ဒါဟာ ဧကရာဇ်မင်းမြတ်နဲ့ စွီအမတ်ချုပ်တို့ ပူးပေါင်းပြီး ကပြနေတဲ့ ပြဇာတ်တစ်ခု ဖြစ်တယ်ဆိုတာကို ဘယ်သူကများ မသိဘဲ နေမှာလဲ၊ သူတို့ရဲ့ ရည်ရွယ်ချက်က ပင်လယ်ကုန်သွယ်မှုကို ပြန်ဖွင့်ဖို့ပဲ ဖြစ်တယ်။
ရွှီထင်းရှန်းကတော့ ဧကရာဇ်မင်းမြတ်က တိတ်တဆိတ် အမိန့်ပေးထားသူ ဖြစ်မှာ အသေအချာပဲ ဖြစ်ပြီး၊ ဒါကြောင့်လည်း သူက ဒီလောက်အထိ သတ္တိကောင်းနေတာ ဖြစ်ရမယ်။
တကယ်လို့ တျန့်ဟိုင်ခရိုင်က ငွေတွေကို အသုံးပြုလိုက်မယ်ဆိုရင် စွီအမတ်ချုပ်တို့က အဲဒီအခွင့်အရေးကို သုံးပြီး ပင်လယ်ကုန်သွယ်ရေးကို ဖွင့်ဖို့ တင်ပြကြတော့မှာ ဖြစ်တယ်။
189 02
ဒါပေမဲ့ အဲဒီငွေတွေကို အသုံးမပြုရင်လည်း နယ်စပ်ဒေသမှာရှိတဲ့ စစ်စရိတ်တွေအတွက် ဘယ်နေရာကနေ ငွေတွေကို ဖန်တီးပေးနိုင်မလဲ။
အစောပိုင်းမှာ အရင်ဘုရင်ကြီးက ရန်သူတွေကို နှိမ်နင်းပြီး တိုင်းပြည်ကို ငြိမ်းချမ်းစေခဲ့ပေမဲ့၊ အဲဒီရန်သူတွေကို ရှန်းဟိုင်ဂိတ်ရဲ့ အပြင်ဘက်ကိုပဲ မောင်းထုတ်နိုင်ခဲ့တာ ဖြစ်တယ်။
ဒီနှစ်တွေအတွင်း ရန်သူတွေက အနှောင့်အယှက် ပေးဖို့ လက်မလျှော့ခဲ့ကြတာမလို့ နန်းတွင်းအနေနဲ့လည်း အမြဲတမ်း သတိရှိနေခဲ့ရတယ်။
နှစ်စဉ် နယ်စပ်ဒေသအတွက် အသုံးပြုနေရတဲ့ စစ်စရိတ်တွေက နန်းတွင်းရဲ့ စုစုပေါင်း ကုန်ကျစရိတ် ထက်ဝက်ကျော်ခန့် ရှိနေပြီး အရေးကြီးဆုံးက အခြားနေရာတွေမှာ ချွေတာလို့ ရနိုင်ပေမဲ့ ဒီနေရာကိုတော့ လုံးဝချွေတာလို့ မရတာပဲ ဖြစ်တယ်။
ဧကရာဇ်မင်းမြတ်ရဲ့ နည်းလမ်းက တကယ့်ကို ထက်မြက်လှပြီး နေရာအနှံ့ကနေ ဝိုင်းရံတိုက်ခိုက်လိုက်တာကြောင့် လူတွေကို ဘာလုပ်ရမှန်း မသိဘဲ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်စေခဲ့တယ်။
အခြားအမတ်တွေက ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲလို့ စဉ်းစားနေကြတဲ့ အချိန်မှာ အဲဒီဘက်က စွီအမတ်ချုပ်ကတော့ စတင်ပြောဆိုနေခဲ့ပြီဖြစ်ပြီး၊ သူ ပြောသမျှ စကားလုံးတိုင်းက တျန့်ဟိုင်ခရိုင်ဝန် ရွှီထင်းရှန်းကို နာမည်ကောင်း ရရှိစေဖို့ပဲ ဖြစ်တယ်။
အမြော်အမြင် ကြီးမားတာကနေစပြီး သစ္စာစောင့်သိတာအထိ၊ ဧကရာဇ်က အမတ်တွေကို ဒုက္ခခံခိုင်းနိုင်ပေမဲ့ သစ္စာရှိတဲ့ အမတ်တစ်ယောက်ကိုတော့ မျက်ရည်မကျစေရဘူးလို့ ပြောဆိုနေခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူက စကားလုံး လှလှလေးတွေကို အများကြီး သုံးနေခဲ့ပြီး၊ အဓိကရည်ရွယ်ချက်က ရွှီထင်းရှန်းကို အပြစ်ကနေ ကင်းလွတ်စေဖို့ပဲ ဖြစ်တယ်။
နန်းတွင်းကို ဖုံးကွယ်ပြီး မှောင်ခိုကုန်သည်တွေကို ဦးဆောင်ကာ ကာကွယ်ပေးခဲ့တာက စွီအမတ်ချုပ်ရဲ့ပါးစပ်ထဲမှာတော့ တိုင်းပြည်နဲ့ ပြည်သူအတွက် လုပ်ဆောင်တာ ဖြစ်သွားခဲ့ပြီ။
အရေးကြီးဆုံး အချက်က ဘယ်သူမှ ဘာမှမပြောရဲတာပဲ ဖြစ်တယ်။ နန်းတွင်းအနေနဲ့ အဲဒီငွေတွေကို အသုံးပြုချင်တယ်ဆိုရင် အဲဒီလုပ်ရပ်ကို လှပတဲ့ မျက်နှာဖုံးတစ်ခု စွပ်ပေးရမှာကတော့ မလွဲဧကန်ပဲ ဖြစ်တယ်။
အဲဒီလိုမဟုတ်ဘဲ တစ်ဖက်ကလည်း အကျင့်ပျက်ခြစားသူလို့ ဆဲဆိုပြီး အပြစ်ပေးဖို့ ပြင်ဆင်ကာ၊ အခြားတစ်ဖက်ကလည်း သူ ရှာပေးထားတဲ့ ငွေတွေကို အသုံးပြုနေမယ်ဆိုရင် နန်းတွင်းရဲ့ဂုဏ်သိက္ခာက ဘယ်မှာ ရှိတော့မလဲ။
နန်းတွင်းမှာရှိတဲ့ အထက်ကနေ အောက်အထိ ဘယ်သူကများ သိက္ခာကို ဂရုမစိုက်ဘဲ နေမှာလဲ။ သိက္ခာကို ဂရုစိုက်တယ်ဆိုရင် ရွှီထင်းရှန်းက အရာရှိကောင်းတစ်ယောက်နဲ့ သစ္စာရှိတဲ့ အမတ်တစ်ယောက် ဖြစ်နေရမယ်။
"စွီအမတ်မင်း ပြောတာက တကယ်ပဲ အကြောင်းပြချက် ရှိလှပါတယ်။ တကယ်တမ်းတော့ ငါကလည်း သူ့ကို ဘယ်လိုမျိုး အပြစ်တင်နိုင်မှာလဲ” ဧကရာဇ်ကျားချန်က မျက်နှာမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေပြီး သက်ပြင်းချကာ ပြောလိုက်တယ်။
189 03
"ဒီကောင်လေးက ငယ်ရွယ်ပြီး မာန်တက်နေတယ် ဆိုပေမဲ့လည်း တကယ်တော့ ရင်ထဲမှာ အမြော်အမြင် ကြီးမားသူ ဖြစ်သလို၊ ပြည်သူတွေကို စောင့်ရှောက်တတ်တဲ့ အရာရှိတစ်ယောက်ဖြစ်တာကြောင့် သူ အမှားလုပ်ခဲ့ရင်တောင်မှ သူဟာ အရာရှိကောင်း တစ်ယောက်ပါပဲ။ ဒါ့အပြင် သူပြောတာကလည်း အမှန်တရားပဲလေ၊ အတင်းပိတ်ဆို့ထားတာထက် လမ်းဖွင့်ပေးတာက ပိုကောင်းပါတယ်၊ ပြည်သူတွေကို အသက်ရှင်ဖို့ လမ်းမရှိအောင်အထိ ဖိနှိပ်ထားမယ်ဆိုရင် ငါ့ရဲ့တိုင်းပြည်က ဘယ်လိုလုပ်ပြီး တည်ငြိမ်မှာလဲ”
"အရှင်မင်းကြီးက တကယ်ပဲ အမြော်အမြင် ရှိလှပါတယ် "
စွီအမတ်ချုပ်က တုန်တုန်ရီရီနဲ့ မြေပြင်ပေါ် ဒူးထောက်ဖို့ ပြင်ဆင်လိုက်ပေမဲ့လည်း ဧကရာဇ်ကျားချန်က မျက်ရိပ်ပြလိုက်တာကြောင့် ဘေးနားရှိ ကျိန်းအန်းချန်က သူ့ကို တွဲကူပေးလိုက်ရတယ်။
"လက်တွေ့ကျကျ အလုပ်လုပ်နိုင်ပြီး နန်းတွင်းအတွက် အလုပ်လုပ်ချင်တဲ့သူတွေဟာ၊ ငါပေးထားတဲ့ နေရာမှာ ထိုင်ပြီး ငါ့ရဲ့ငွေတွေကိုပဲ လာဘ်စားနေတဲ့ အရာရှိတွေထက် အများကြီး ပိုပြီး ကောင်းမွန်ပါတယ်”
ဒီကိစ္စတွေကို ပြောဆိုလာတဲ့အခါ ဧကရာဇ်ကျားချန်ရဲ့မျက်နှာမှာ ဒေါသအရိပ်အယောင်တွေ ပေါ်ထွက်လာပြီး ပြောလိုက်တယ်။
"ကျိန်းအန်းချန်... နန်းတွင်းစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ကို ချက်ချင်း သွားပြီး ချက်ချင်း ပြန်လာဖို့ အမိန့်ပေးလိုက်၊ အမြန်ဆုံးနှုန်းနဲ့ ကျူးပင်ထုံကို မြို့တော်ကို ဖမ်းခေါ်လာခဲ့ကြ။ ငါကိုယ်တိုင် သေသေချာချာ ကြည့်ချင်သေးတယ်၊ ကျဲ့ကျန်းနယ်က အခြေအနေတွေက ဘယ်လောက်အထိ နက်နဲနေသလဲဆိုတာကိုပေါ့၊ အခုမှ ရောက်လာတဲ့ ခရိုင်ဝန်လေးတောင်မှ နန်းတွင်းရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်တာကို၊ နှစ်တွေအကြာကြီး အရာရှိ လုပ်လာတဲ့သူတွေက မျက်စိကန်းပြီး နားပင်းကုန်ကြလို့လား"
ဒီစကားက အောက်ခြေမှာရှိတဲ့ လူတွေရဲ့ကန့်ကွက်ချင်တဲ့ စိတ်တွေကို အောင်အောင်မြင်မြင် ဟန့်တားလိုက်နိုင်ခဲ့ပြီ ဖြစ်တယ်။ အခြေအနေက ဒီလို ဖြစ်ပျက်နေပြီဖြစ်လို့ ကိုယ်တိုင် ပြဿနာထဲ ပါမသွားရင်တောင် တော်လှပြီ ဖြစ်တာမလို့ တခြားကိစ္စတွေကိုတော့ လောလောဆယ် မပြောဝံ့ကြပါဘူး။
ဧကရာဇ်ကျားချန်က ဆက်ပြောလိုက်တယ်။
"နန်းဝန်ကြီးချုပ်က တခြားလူတွေကို ခေါ်ပြီး တိုင်ပင်လိုက်ကြဦး၊ နယ်စပ်ဒေသ စစ်စရိတ် ကိစ္စကိုလည်း တိုင်ပင်ရမယ်၊ ပင်လယ်ကုန်သွယ်ရေး ဖွင့်လှစ်မယ့် အသေးစိတ် အချက်အလက်တွေကိုလည်း တိုင်ပင်ရမယ်။ ကျန်တဲ့ ကိစ္စတွေကိုတော့ ကျူးပင်ထုံ မြို့တော်ကို ရောက်လာမှပဲ ဆက်ပြောကြတာပေါ့”
"မှန်လှပါ”
"ကောင်းပြီ... မင်းတို့အားလုံး ဆင်းသွားကြတော့၊ လုပ်စရာ ရှိတာတွေကို သွားလုပ်ကြစမ်း”
စွီအမတ်ချုပ်နဲ့ အခြားသူတွေ အားလုံးက ချင်ချန်းနန်းဆောင်ကနေ အမြန်ပဲ ထွက်လာခဲ့ကြပေမဲ့၊ ကိုယ့်အစုအဖွဲ့နဲ့ကိုယ်ပဲ သီးခြား လမ်းလျှောက်ခဲ့ကြတယ်။
စွီအမတ်ချုပ်က ချန်ကျန်းကို ခေါ်သွားပြီး ဘေးမှာ တန်အမတ်ချုပ်ကြီး ရှိနေသလို၊ ဝူအမတ်ချုပ်ကြီးရဲ့ ဘေးမှာတော့ ဖုန်းချန်ပေါင်နဲ့ ဖေးချန့် နှစ်ယောက် ရှိနေခဲ့တယ်။
189 04
ယန်ချုံဟွာ အစရှိတဲ့ အခြားသူတွေကတော့ သီးခြားစီပဲ ထွက်သွားကြတော့တယ်။
ဘယ်သူကမှ တစ်ယောက်ကိုတစ်ယောက် နှုတ်မဆက်ကြဘဲ ခြေလှမ်းတွေကပဲ မြန်ဆန်နေခဲ့ကြတယ်။
ဝူအမတ်ချုပ်ကြီးနဲ့အခြားသူတွေကတော့ အမတ်ချုပ်ကြီးများရုံးကို ပြန်ရောက်တဲ့အခါ၊ ဝူအမတ်ချုပ်ကြီး အနားယူဖို့ သီးသန့် ပြင်ဆင်ထားတဲ့ အခန်းထဲကို ဝင်သွားကြတယ်။
ဒီအမတ်ချုပ်ကြီးများရုံးမှာ စွီအမတ်ချုပ်နဲ့ ဝူအမတ်ချုပ်ကြီး နှစ်ယောက်တည်းပဲ သီးသန့် အနားယူဆောင် ရထားတာ ဖြစ်တယ်။ အခန်းက မကြီးပေမဲ့ အတွင်းခန်းနဲ့ အပြင်ခန်းဆိုပြီး ခွဲထားတာ ဖြစ်တယ်။
ဖေးချန့်က နောက်မှ လိုက်ဝင်လာပြီး တံခါးကို အမြန် ပိတ်လိုက်သလို၊ အပြင်ဘက်မှာလည်း လူတွေကို စောင့်ခိုင်းထားကာ သူတစ်ပါး ချောင်းမြောင်း နားထောင်ခြင်း မရှိစေဖို့ လုပ်ဆောင်လိုက်တယ်။
"အမတ်ချုပ်ကြီး... အရာရှိမင်း တကယ်ပဲ မှားယွင်းသွားခဲ့ပြီ၊ အဲ့ဒီလို လူစားမျိုးကို ကျဲ့ကျန်းကို ဘာလို့ လွှတ်လိုက်ရတာလဲ" ဖုန်းချန်ပေါင်က ဒေါသတကြီး ပြောလိုက်ပြီး ပုံမှန်အားဖြင့် သူက ဝူအမတ်ချုပ်ကြီးကိုသာ အားကိုးနေရသူ ဖြစ်တာကိုတောင် မေ့လျော့နေခဲ့ပုံ ရတယ်။
ဝူအမတ်ချုပ်ကြီးကလည်း ဒေါသမထွက်ဘဲ မျက်နှာက အတော်ညှိုးနွမ်းနေခဲ့တယ်။
"ငါလည်း မသိပါဘူးလို့ ပြောရင်တောင်၊ မင်းတို့ အားလုံးက ငါ့ကို လိမ်နေတယ်လို့ပဲ ထင်ကြမှာပဲ။ အဲ့ဒီတုန်းက ငါက သူ့ကို အဝေးကိုပဲ ပို့လိုက်ဖို့ ပြောခဲ့တာ၊ ဘယ်နေရာကို ပို့ရမယ်လို့ ငါ မပြောခဲ့ပါဘူး၊ အောက်ခြေက လူတွေက လုပ်ဆောင်ခဲ့ကြတာပါ။ ဧကရာဇ်မင်းမြတ် နေမကောင်း ဖြစ်ကတည်းက ငါတို့တွေ ဘယ်နတ်ကို သွားပြစ်မှားမိသလဲ မသိပါဘူး၊ ပြဿနာတစ်ခုကို ဖြေရှင်းလိုက်ရင် နောက်တစ်ခုက ချက်ချင်း ပေါ်လာတော့တာပဲ၊ ငါ့မှာ အဲဒီကောင်လေးကို ဂရုစိုက်ဖို့ ဘယ်မှာ အချိန်ရှိမှာလဲ"
ဖုန်းချန်ပေါင်ကမူ ယုံကြည်နိုင်ခြင်း မရှိသေးဘဲ "ကျူးပင်ထုံက အရာရှိမင်းကို ဘာမှသတင်းမပို့ဘူးလို့ ကျွန်တော်မျိုး လုံးဝမယုံပါဘူး "
ဝူအမတ်ချုပ်ကြီးက သက်ပြင်းကို အရှည်ကြီး ချလိုက်ပြီး ဘေးနားက ကုလားထိုင်မှာ ဝင်ထိုင်လိုက်တယ်။
"သူက တကယ်ပဲ ဘာမှ မပြောခဲ့ဘူး၊ ဟဲ့ဝေက သတင်းပို့လာတော့မှပဲ ငါလည်း ဒီကိစ္စကို သိလိုက်ရတာ။ အဲ့ဒီအချိန်မှာပဲ ငါက သူ့ကို အဲဒီကောင်လေးကို ရှင်းပစ်ဖို့ ချက်ချင်း ခိုင်းလိုက်တာ ဖြစ်ပေမဲ့၊ ဘယ်သူ ထင်မှာလဲ... အခုလိုမျိုး ဖြစ်ပျက်လာလိမ့်မယ်လို့”
ဖုန်းချန်ပေါင်က ငိုရမလို ရယ်ရမလို မျက်နှာထားနဲ့ သူ့ဘေးက ကုလားထိုင်မှာ ဝင်ထိုင်လိုက်ပြီး မေးမြန်းလိုက်တယ်။ "ဒါဆိုရင် ပြောပါဦး... အခု ငါတို့ ဘယ်လို လုပ်ကြမလဲ"
++++++189.2 01
ဝူအမတ်ချုပ်ကြီးမှာ စကားမပြောဘဲ နေနေတာကြောင့် ဖေးချန့်က ရှေ့ကို တိုးလာပြီး ပြောလိုက်တယ်။
"အခု အခြေအနေကို ကြည့်ရသလောက်တော့ ဧကရာဇ်မင်းမြတ် ပင်လယ်ကုန်သွယ်မှုကို ဖွင့်လှစ်မယ့် ကိစ္စကို ငါတို့ လောလောဆယ် တားဆီးလို့ မရတော့ဘူး။ ကျဲ့ကျန်းဘက်မှာ ငါတို့အားလုံးက မသန့်ရှင်းကြဘူးလေ၊ တကယ်လို့ တားဆီးဖို့ ကြိုးစားရင်တော့ နောက်ထပ် ပြဿနာတွေ အများကြီး ပေါ်လာမှာကို စိုးရိမ်ရတယ်”
ဖုန်းချန်ပေါင်က သူ့ကို တစ်ချက် ကြည့်လိုက်တယ်။ "မသန့်ရှင်းတာက ကျွန်တော်မျိုးတို့ တစ်ဖွဲ့တည်း မဟုတ်ပါဘူး၊ သူတို့တွေထဲမှာကော ဘယ်သူကများ သန့်ရှင်းနေလို့လဲ"
"ဒါပေမဲ့ သူတို့က အခု ပစ်မှတ်ထဲမှာ မပါနေဘူးလေ" ဝူအမတ်ချုပ်ကြီးက ပြောလိုက်တယ်။
"ဒါဆိုရင်လည်း ပြောကြစမ်းပါ... ဘယ်လို လုပ်ကြမလဲ။ ဒီကိစ္စကို ကျွန်တော်မျိုးတို့က လွှတ်ထားမှာလား၊ နန်းတွင်းက ဖွင့်လိုက်တာကိုပဲ ကြည့်နေမှာလား ဖွင့်လိုက်ပြီးရင်တော့ ကျွန်တော်တို့ ဘာစားပြီး ဘာသောက်ကြမှာလဲ"
ဝူအမတ်ချုပ်ကြီးက သူ့စကားကြောင့် အရမ်းဒေါသထွက်သွားပြီး ဆဲဆိုလိုက်တယ်။
"မင်းကတော့ စားဖို့ သောက်ဖို့ပဲ သိတာပဲ၊ မင်း လာဘ်စားထားတဲ့ ငွေတွေက မင်း တစ်ဘဝလုံး စားသောက်ဖို့ မလုံလောက်သေးဘူးလား။ တစ်နေ့ကျရင်တော့ မင်းဟာ အဲဒီ စားသောက်တဲ့ ကိစ္စနဲ့တင် သေရလိမ့်မယ်"
ဖုန်းချန်ပေါင်က မျက်နှာပျက်သွားပေမဲ့လည်း ပြန်ပြီး မပြောဝံ့ပါဘူး။
ဖေးချန့်က တခဏခန့် စဉ်းစားပြီးနောက် ပြောလိုက်တယ်။
"အခု အခြေအနေမှာတော့ ငါတို့ ကိုယ့်ကိုယ်ကိုယ် အရင် ကာကွယ်ပြီးမှ တခြားဟာကို စဉ်းစားလို့ ရမယ်။ အမတ်ချုပ်ကြီး... ဒီကိစ္စကို အမြန်ဆုံး လုပ်ဆောင်ရပါမယ်၊ အနည်းဆုံးတော့ ကျူးပင်ထုံ မြို့တော်ကို မရောက်ခင်မှာပဲ သူ့ဆီကို စကားပါးထားရမယ်၊ မပြောသင့်တာတွေကို မပြောဖို့ပေါ့”
"နန်းတော်က ထွက်တာနဲ့ ငါ လူလွှတ်ပြီး ချက်ချင်း စီစဉ်လိုက်မယ်" ဝူအမတ်ချုပ်ကြီးက နဖူးကို နှိပ်ရင်း ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်တယ်။
"နောက်ပြီး အရင်က ပြောခဲ့သလိုပဲ၊ ဧကရာဇ်မင်းမြတ်က ပင်လယ်ကုန်သွယ်ရေးကို ဖွင့်ဖို့ ပြင်ဆင်နေတာကတော့ ဘယ်လိုမှ တားလို့ မရတော့ဘူး။ ဒါပေမဲ့ ဘယ်နေရာမှာ ဖွင့်မလဲ၊ ဘယ်လို ဖွင့်မလဲ ဆိုတာကိုတော့ ငါတို့တွေ ညှိနှိုင်းလို့ ရပါသေးတယ်”
"မင်းရဲ့အဓိပ္ပာယ်က"
ဝူအမတ်ချုပ်ကြီးက လှမ်းကြည့်လိုက်တယ်။
"ဒီကုန်သွယ်ရေးကို ဖွင့်လိုက်ရင် ဆုံးရှုံးမှာက ငါတို့ တစ်ဖွဲ့တည်း မဟုတ်ဘူးလေ၊ တခြားလူတွေလည်း တည်ငြိမ်နေတယ် ထင်ရပေမဲ့ ရင်ထဲမှာတော့ ပူလောင်နေကြမှာ အသေအချာပဲ။ ဒီကိစ္စကို ငါတို့ တစ်ဖွဲ့တည်း လုပ်လို့ မရဘူး၊ သူတို့ကိုပါ ဆွဲခေါ်ရမယ်၊ အချိန်ဆွဲလို့ ရသလောက် ဆွဲရမယ်၊ တစ်နေရာတည်းမှာပဲ အရင် ဖွင့်ခိုင်းရမယ်”
ဒီစကားကို ကြားရတဲ့အခါ အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် သဘောတူတဲ့ အနေနဲ့ ခေါင်းညိတ်လိုက်ကြတော့တယ်။
မြို့တော်မှာ ရှုပ်ထွေးမှုတွေ ဖြစ်နေတဲ့ အချိန် ကျဲ့ကျန်းဘက်မှာတော့ အရာအားလုံးက အရင်အတိုင်းပဲ တည်ငြိမ်နေခဲ့တယ်။
189.2 02
ကျူးပင်ထုံ တစ်ယောက်တည်းပဲ လီစစ်ကဲ ပျောက်နေတာမလို့ ရင်ထဲမှာ အလိုလို စိုးရိမ်ပူပန်မှုတွေ ဖြစ်နေခဲ့တယ်။
သူက လူတွေကို စေလွှတ်ပြီး စုံစမ်းခိုင်းပေမဲ့ လီစစ်ကဲက ပြန်ရောက်မလာတဲ့အပြင်၊ သူနဲ့အတူ လိုက်သွားတဲ့ လူတွေကလည်း ပျောက်နေတုန်းပဲ ဖြစ်တယ်။
ဒါဟာ တကယ့်ကို ထူးဆန်းလွန်းလှတယ်။
နောက်ထပ် နှစ်ရက်လောက် စောင့်ပြီးတဲ့နောက်မှာ သူက သည်းမခံနိုင်တော့ဘဲ လူတွေကို တျန့်ဟိုင်ခရိုင်ကို စေလွှတ်လိုက်တယ်။
နှမြောစရာ ကောင်းတာက သူ့ရဲ့လူတွေ သတင်းယူပြီး ပြန်မလာနိုင်ခင်မှာပဲ၊ မြို့တော်ကနေ သူ့ကို ဖမ်းဖို့ လာတဲ့ လူတွေက ရောက်လာခဲ့ပြီ ဖြစ်တယ်။
ထိုသူများမှာ ကျင်းယီဝေ့များ ဖြစ်ကြတယ်။
ကျင်းယီဝေ့တွေကို မြင်လိုက်ရတဲ့အခါမှာ ကျူးပင်ထုံက ထိတ်လန့်တုန်လှုပ်သွားခဲ့ပေမဲ့၊ သူ ဘယ်လောက်ပဲ မေးမေး တစ်ဖက်လူကတော့ ဘယ်သတင်းကိုမှ ထုတ်မပြောခဲ့ပါဘူး။ စာတိုက်စခန်းတစ်ခုကို ရောက်တဲ့ အခါကျမှ လူတစ်ယောက်က သူ့ဆီကို စကားပါးခဲ့ပြီး၊ အဲဒီစကားက တုကျွန့်နဲ့ ကိုယ်ပိုင် ရန်ငြိုးရှိလို့ပဲ နာမည်ဖျက်ခဲ့တာ ဖြစ်ကြောင်း၊ တခြား ကိစ္စတွေကိုတော့ ဘာမှ မသိပါဘူးလို့ပဲ အသေအလဲ ငြင်းဖို့ ဖြစ်တယ်။
စကားလုံး အနည်းငယ်ပဲ ပြောပြီးတဲ့နောက်မှာ သူ့ကို စောင့်ကြပ်နေတဲ့ လူတွေ ရောက်လာခဲ့ပြီ ဖြစ်တယ်။
အဲဒီလူက အမြန်ပဲ ထွက်သွားခဲ့ပြီးနောက် နောက်ထပ် ပေါ်မလာတော့ပေမဲ့၊ ကျူးပင်ထုံရဲ့ရင်ထဲမှာတော့ လှိုင်းတံပိုးတွေအများကြီး ထကြွနေခဲ့ပြီ ဖြစ်တယ်။
အခြားတစ်ဖက်မှာတော့ ရွှီထင်းရှန်းက အစီရင်ခံစာကို ရင်နာစရာ ကောင်းအောင် ရေးခဲ့ပေမဲ့၊ လက်တွေ့မှာတော့ အဲဒီအရာက အထက်က လူတွေကို ပြဖို့အတွက်ပဲဖြစ်ပြီး သူကိုယ်တိုင်ကတော့ အဲဒီကိစ္စကို အလေးအနက် လုံးဝမထားခဲ့ပါဘူး။
တျန့်ဟိုင်ခရိုင်ကလည်း အရင်အတိုင်းပဲ ရှိနေတုန်း ဖြစ်ပြီး၊ စီးပွားရေးမှာလည်း နည်းနည်းလေးမှ လျော့သွားတာမျိုး မရှိခဲ့ပါဘူး။
တုကျွန့်က ရွှီထင်းရှန်းဆီကို စာတစ်စောင် ပေးပို့ခဲ့ပြီး၊ ကျူးပင်ထုံကို မြို့တော်မှ လူများက ဖမ်းဆီးခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း အကြောင်းကြားခဲ့တာကြောင့် ရွှီထင်းရှန်းက အချိန်အတော်ကြာ စိုးရိမ်နေခဲ့ရတဲ့စိတ်တွေကို နောက်ဆုံးမှာ လျှော့ချနိုင်ခဲ့ပြီ ဖြစ်တယ်။
သူက နန်းတွင်းရဲ့ အလုပ်လုပ်ပုံနှုန်းအရဆိုရင် အနည်းဆုံး တစ်လ ဒါမှမဟုတ် နှစ်လခန့်ကြာမှပဲ ရလဒ်တစ်ခု ထွက်ပေါ်လာလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပြီး၊ ဒါကြောင့်လည်း သားဖြစ်သူကို သွားခေါ်ဖို့နဲ့ ကျောက်အာကိုပါ တစ်ခါတည်း ပြန်ခေါ်ဖို့ စဉ်းစားနေခဲ့ပေမဲ့၊ သူ မထွက်ခွာခင်မှာပဲ မြို့တော်ကနေ ဧကရာဇ်ရဲ့ အမိန့်တော် ရောက်လာခဲ့တယ်။
အဲဒီအမိန့်တော်ကို သယ်လာတဲ့သူက ရွှန်ရှီး ဖြစ်တယ်။
နှစ်နှစ်ကျော်ကြာအောင် မတွေ့ရတဲ့ ရွှန်ရှီးက အရင်ကထက် အများကြီး ပြောင်းလဲသွားခဲ့သလို၊ ရွှီထင်းရှန်းကလည်း အရင်ကထက် ပိုပြီးရင့်ကျက်လာခဲ့ပြီ ဖြစ်တယ်။ ရွှန်ရှီးက အမိန့်တော်ကို မဖတ်ခင်မှာပဲ ရွှီထင်းရှန်းနဲ့အတူ အရင်က အကြောင်းအရာတွေကို ရင်းရင်းနှီးနှီး စကားပြောခဲ့ကြတယ်။
189.2 03
ရွှီထင်းရှန်းက ရွှန်ရှီးရဲ့မျက်နှာမှာ အပြုံးတွေ ရှိနေတာကို မြင်ရသလို၊ စကားပြောရာမှာလည်း သူ့ကို အရမ်းလေးစားတဲ့ ပုံစံမျိုး ပြနေတာမလို့ အမိန့်တော်ထဲမှာ ဝမ်းသာစရာ သတင်းကောင်းတွေ ပါဝင်နေမယ်ဆိုတာကို သိလိုက်တယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ ရင်းရင်းနှီးနှီး စကားပြောပြီးနောက်မှာ ရွှန်ရှီးက တည်ကြည်တဲ့ အသွင်ကို ဆောင်လိုက်ပြီး အမိန့်တော်ကို စတင် ဖတ်ပြတော့တယ်။
အမိန့်တော်ရဲ့အကြောင်းအရာက ရွှီထင်းရှန်း အကြာကြီး မျှော်လင့်နေခဲ့တဲ့ ကိစ္စပဲဖြစ်ပြီး၊ နန်းတွင်းက ကုန်သွယ်ရေးဌာနကို ပြန်လည်တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ကာ၊ လောလောဆယ်မှာ နင်းပေါ်မြို့မှာပဲ တစ်နေရာတည်း ဖွင့်ဖို့နဲ့ ရွှီထင်းရှန်းကို အရာရှိချုပ်အဖြစ် ခန့်အပ်ပြီး အဲဒီဌာန တည်ထောင်မယ့် ကိစ္စတွေကို တာဝန်ပေးလိုက်တာ ဖြစ်တယ်။
ဆိုလိုတာက ရွှီထင်းရှန်း ရာထူးတိုးသွားခဲ့ပြီ ဖြစ်တယ်၊ ရာထူးက မကြီးပေမဲ့ ကုန်သွယ်ရေးဌာနရဲ့ အရာရှိချုပ်ဆိုတာက အဆင့် ၅ ရာထူး ဖြစ်တာမလို့ ဒါဟာ ကြီးမားတဲ့ တိုးတက်မှုကြီး တစ်ခုပဲ ဖြစ်တယ်။
တစ်တိုင်းပြည်လုံးမှာ ဒီကုန်သွယ်ရေးဌာန တစ်ခုတည်းပဲ ဖွင့်ထားတာ ဖြစ်လို့၊ ဒီရာထူးက ဘယ်လောက်အထိ အရှိန်အဝါ ကြီးမားမလဲဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။
ရွှီထင်းရှန်း အမိန့်တော်ကို လက်ခံပြီးနောက်မှာ ရွှန်ရှီးက ပြုံးစစနဲ့ သူ့ကို အတွင်းကို လိုက်ပို့ရင်း ပြောလိုက်တယ်။
"ဒီတစ်ခါတော့ အရှင်မင်းကြီးက အားလုံးရဲ့ ကန့်ကွက်မှုကို အံတုပြီး ဆုံးဖြတ်ပေးခဲ့တာ ဖြစ်လို့၊ ရွှီအရာရှိချုပ်အနေနဲ့ အရှင်မင်းကြီးရဲ့ စေတနာကို အလဟဿ မဖြစ်စေဖို့ မျှော်လင့်ပါတယ်"
"ဒါပေါ့... ကျွန်တော်မျိုးအနေနဲ့ အရှင်မင်းကြီးရဲ့မျှော်လင့်ချက်ကို လုံးဝအပျက်ခံမှာ မဟုတ်ပါဘူး"
နှစ်ယောက်သား ခန်းမထဲကို ရောက်ပြီး တခြားသူတွေ အားလုံး ထွက်သွားကြတော့မှ ရွှီထင်းရှန်းက မေးလိုက်တယ်။ "ဘာလို့ ဒီတစ်နေရာတည်းမှာပဲ ဖွင့်တာလဲ"
ရွှန်ရှီးက ချက်ချင်းပဲ သက်ပြင်းချလိုက်ရင်း ပြောလိုက်တယ်။ "အဲဒီလူတွေက အတင်း ကန့်ကွက်နေကြလို့ပေါ့"
အဲဒီနောက် သူက ဧကရာဇ်ကျားချန် ကုန်သွယ်ရေးဌာနကို ပြန်လည် တည်ထောင်ဖို့ ပြောတဲ့ အခါမှာ၊ အောက်ခြေမှာရှိတဲ့ အရာရှိတွေက ဘယ်လိုမျိုး ပြဿနာရှာခဲ့ကြလဲဆိုတာကို အားလုံး ပြောပြတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလွန်ရှုပ်ထွေးလှပြီး အချင်းချင်း အားပြိုင်မှုတွေအများကြီး ရှိခဲ့ပေမဲ့၊ ဧကရာဇ်ကျားချန်က ပြဿနာတွေ ပိုပြီးမကြီးထွားစေဖို့အတွက် တစ်နေရာတည်းမှာပဲ အရင်ဆုံး စမ်းသပ်ဖွင့်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။
"ဒါကြောင့် ရွှီအရာရှိမင်း... ကျွန်တော် ခုနက ပြောခဲ့တဲ့ အရှင်မင်းကြီးရဲ့ စေတနာဆိုတာက တကယ်ပဲ လိမ်ပြောနေတာ မဟုတ်ပါဘူး။ အရာရှိမင်းရဲ့ ဒီရာထူးကိုလည်း အရှင်မင်းကြီးက အတင်းအကျပ် သတ်မှတ်ပေးခဲ့တာပါ၊ အရာရှိမင်းမှာ အတွေ့အကြုံ ရှိသလို ဒီနယ်မြေကိုလည်း ကျွမ်းကျင်တာကြောင့်၊ အရာရှိမင်းတောင် မလုပ်နိုင်ရင် တခြားသူတွေလည်း လုပ်နိုင်မှာ မဟုတ်ဘူးလို့ အရှင်မင်းကြီးက ယုံကြည်နေလို့ပဲ။ အခု ဒီနေရာကို လူတိုင်းက စောင့်ကြည့်နေကြတာ ဖြစ်လို့၊ အရာရှိမင်း ရာထူးတက်သွားတယ် ဆိုပေမဲ့ တာဝန်ကတော့ အရင်ကထက် ပိုပြီးတော့ လေးလံလာမှာပါ"
189.2 04
"ကျွန်တော် အစွမ်းကုန် ကြိုးစားသွားပါ့မယ်"
"ဒါပေမဲ့ အရာရှိမင်း မကြောက်ပါနဲ့၊ ကျွန်တော် ဒီတစ်ခါ လာတာက ပြန်သွားဖို့ မဟုတ်ပါဘူး။ အရှင်မင်းကြီးက နန်းတော်က လူတစ်ယောက် ဒီမှာ ရှိနေရင် တခြားသူတွေကလည်း ကြောက်ရွံ့ကြမှာ ဖြစ်သလို၊ အရာရှိမင်းအတွက်လည်း အလုပ်လုပ်ရတာ ပိုပြီးအဆင်ပြေမယ်လို့ မိန့်ကြားလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ ရွှီအရာရှိမင်းက ကျွန်တော့်ကို များများ စောင့်ရှောက်ပေးပါဦး၊ ကျွန်တော်က နန်းတော်ကနေ ပထမဆုံးအကြိမ် အပြင်ထွက်ပြီး အလုပ်လုပ်တာဆိုတော့ အမှားအယွင်း မရှိစေချင်လို့ပါ"
ရွှီထင်းရှန်းက အံ့ဩသွားပြီးနောက် ရယ်မောလိုက်တယ်။ "ရှီးကိုယ်တော်လေးကို ဂုဏ်ပြုပါတယ်၊ ဒါဟာ အတွင်းဝန်ဌာန ပြန်လည်တည်ထောင်ပြီးနောက်ပိုင်း ပထမဆုံးသော အခွင့်အရေးပဲ မဟုတ်လား"
ရွှန်ရှီးသည် ပြုံးလျက်နှင့် လက်ယမ်းပြလိုက်တယ်။ "ဒါကလည်း ကျွန်တော့်ရဲ့ အဖေက ကျွန်တော့်ကို မျက်နှာသာ ပေးပြီး အရှင်မင်းကြီးဆီမှာ ထောက်ခံပေးခဲ့လို့ပါ။ ဒါတွေအားလုံးကလည်း ရွှီအရာရှိမင်းရဲ့ ကံကောင်းမှုတွေကြောင့် ပါဝင်နေတာပါ၊ ကျွန်တော်တို့နှစ်ယောက်က အစောကြီးကတည်းက ရင်းနှီးခဲ့ကြတာကြောင့် တခြားသူတွေထက် အခွင့်အရေး တစ်ခု ပိုရခဲ့တာပေါ့"
"မဝံ့ရဲပါဘူး၊ ရှီးကိုယ်တော်လေးက အလုပ်လုပ်ရာမှာ သေသပ်တာကြောင့်သာ အရှင်မင်းကြီးနဲ့ ကျန်းကိုယ်တော်ကြီးတို့က ဒီလောက်အထိ ယုံကြည်ကြတာပါ"
နှစ်ယောက်သားက အရမ်းရင်းရင်းနှီးနှီး စကားပြောဆိုခဲ့ကြပြီးနောက်၊ အတူတူ စားသောက်ကြပုံများကိုမူ အသေးစိတ် ပြောဆိုဖို့ မလိုအပ်တော့ပါဘူး။
အခုတစ်ခေါက်မှာ ရွှန်ရှီးတစ်ဦးတည်း ရောက်လာခဲ့ခြင်း မဟုတ်ဘဲ၊ ကျင်းယီဝေ့များလည်း အတူတူ လိုက်ပါလာခဲ့ကြတယ်။
အတွင်းဝန်ဌာနက တဖြည်းဖြည်း အားကောင်းလာတာနဲ့အမျှ၊ ကျင်းယီဝေ့တွေလည်း အရင်ကလို တိတ်ဆိတ်မနေတော့ဘဲ လူအများရှေ့ကို ခဏခဏ ပေါ်ထွက်လာကြပြီ ဖြစ်တယ်။
သူတို့ ဒီတစ်ခေါက် လာတာက တျန့်ဟိုင်ခရိုင်ဝန်ရုံးရဲ့ ငွေတိုက်ထဲက ငွေတွေကို ယူဖို့ဖြစ်ပြီး၊ လူအင်အား တစ်ရာကျော် ပါဝင်တာကြောင့် ဧကရာဇ်ကျားချန်က အဲဒီငွေတွေကို တခြားသူတွေရဲ့ လက်ထဲကို မအပ်ချင်တာက ထင်ရှားလှတယ်။
ငွေတိုက်ထဲက ငွေတွေကို တစ်ခုချင်းစီ စစ်ဆေးပြီးတဲ့နောက်မှာ ကျင်းယီဝေ့တွေက အဲဒီငွေတွေကို သယ်ပြီး ထွက်သွားကြတော့တယ်။ သူတို့ကို ပို့ပြီးတဲ့နောက်မှာ ရွှီထင်းရှန်းက ကုန်သွယ်ရေးဌာန တည်ထောင်ဖို့ ကိစ္စတွေကို အနားမနေဘဲ ချက်ချင်း စလုပ်တော့တယ်။
ပထမဆုံး လုပ်ဆောင်ရမယ့် အလုပ်က နေရာ ရွေးချယ်ဖို့ ဖြစ်တယ်။
တျန့်ဟိုင်ခရိုင်က ကောင်းပေမဲ့၊ အခုအခါ ရွှီထင်းရှန်းအနေနဲ့ နင်းပေါ်မြို့ တစ်မြို့လုံးကနေ ဘယ်နေရာကိုမဆို ရွေးချယ်ခွင့် ရထားတာမလို့ သူက တခြားနေရာတွေကိုလည်း စဉ်းစားမိသေးတယ်။ ဒါပေမဲ့ မြေပုံကို သေသေချာချာ ကြည့်လိုက်တဲ့ အခါမှာတော့ နင်းပေါ်တစ်မြို့လုံးမှာ တျန့်ဟိုင်ခရိုင်ရဲ့တည်နေရာက အကောင်းဆုံး ဖြစ်နေသလို၊ ကော်ကျွီဘက်ထက်တောင်မှ ပိုပြီးသာလွန်နေတာကို တွေ့လိုက်ရတယ်။
ထူးခြားတဲ့ အချက်တစ်ခုက အဲဒီကိစ္စ ဖြစ်ပျက်ပြီးနောက်မှာ ကော်ကျွီခံတပ်ရှိ အရာရှိတွေ အားလုံးက အထက်ကနေ အောက်အထိ အကုန်လုံး အပြောင်းအလဲ လုပ်ခံလိုက်ရပြီး၊ အဲဒီလူတွေကို ဘယ်လို အပြစ်ပေးလိုက်လဲ ဆိုတာကိုတော့ ရွှီထင်းရှန်းက ဂရုမစိုက်ပါဘူး။
ရက်အနည်းငယ်လောက် ကြည့်ပြီးနောက်၊ ရွှန်ရှီးနဲ့လည်း တိုင်ပင်ပြီး ရွှီထင်းရှန်းက ကုန်သွယ်ရေးဌာနကို တျန့်ဟိုင်မှာပဲ ထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူက ကြီးမားတဲ့ အစီအစဉ်တစ်ခုကို လုပ်ဖို့ ပြင်လိုက်ပြီး၊ တျန့်ဟိုင်ခရိုင်ကို ကော်ကျွီအထိ ရောက်အောင် ချဲ့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။
189.2 05
ရွှမ်းယွီကျွန်းကို ကုန်စည် လွှဲပြောင်းရာ နေရာအဖြစ် ထားပြီး၊ ကျိုးရှန်းကျွန်းကို အဓိကကျွန်းအဖြစ်ထားပြီး၊ ချဲ့လိုက်တဲ့ တျန့်ဟိုင်ခရိုင်ကိုတော့ အခြေစိုက်စခန်းအဖြစ် ထားကာ တိုက်စစ်ရော ခံစစ်ပါ အသင့်ရှိနေစေဖို့ စီစဉ်လိုက်တယ်။
ဒါဟာ ကြီးမားလှတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်မှာကတော့ အသေအချာပဲဖြစ်ပြီး၊ ရွှီထင်းရှန်းက မြေပုံပေါ်မှာ ပုံစံငယ်အများကြီးကို ကိုယ်တိုင်ရေးဆွဲခဲ့ကာ အဲဒီကနေတစ်ဆင့် အတွေးသစ်တွေအများကြီး ရလာခဲ့တယ်။ သူက ရွှမ်းယွီနဲ့ ကျိုးရှန်းတို့မှာ စီးပွားရေး မြို့နယ်တွေ တည်ထောင်ဖို့ စဉ်းစားလိုက်ပြီး၊ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကုန်သည်တွေ အားလုံး အဲဒီနေရာကို လာပြီး ဆိုင်ခန်းတွေ ဖွင့်ကာ စီးပွားရေး လုပ်နိုင်ဖို့ စီစဉ်လိုက်တယ်။
ဒီစိတ်ကူးက ရွှီထင်းရှန်းရဲ့ အဲဒီအိပ်မက်ထဲကနေ ရလာတာ ဖြစ်တယ်။ သူ့ရဲ့အိပ်မက်ထဲမှာတော့ လျူရှို့ကျွန်းစုတွေပေါ်မှာ 'မိုလော်ကျွန်း' လို့ ခေါ်တဲ့ နေရာတစ်ခု ရှိပြီး၊ အဲဒီနေရာမှာ ကုန်စည်တွေအများကြီး ရှိသလို နိုင်ငံပေါင်းစုံက ကုန်သည်တွေ စုဝေးရာဖြစ်တဲ့အပြင် အရှေ့ပင်လယ်တစ်ခွင်ရဲ့ အကြီးမားဆုံး မှောင်ခိုဈေးကွက်ကြီးတစ်ခု ဖြစ်နေခဲ့တာကို သူ သိနေတာ ဖြစ်တယ်။
အခုအချိန်မှာ အဲဒီ မိုလော်ကျွန်း ဆိုတဲ့ နေရာ ရှိနေပြီလားဆိုတာကိုတော့ သူ မသိပါဘူး၊ ဘာလို့လဲဆိုတော့ အဲဒီနေရာအကြောင်း သူ သိခဲ့တဲ့ အချိန်တုန်းက သူက အသက် ခြောက်ဆယ်ကျော်နေပြီ ဖြစ်လို့ပဲ။
******
190 01
အခန်း (၁၉၀)
အဲဒီအကြောင်းတွေကို ထားလိုက်ပါဦး၊ ဘယ်ကိစ္စမဆို ပြောရတာက လွယ်ပေမဲ့ လက်တွေ့ လုပ်ဖို့ကတော့ ခက်ခဲလှတယ်။
နေရာကို ဆုံးဖြတ်ပြီးတဲ့နောက်မှာ အရင်ဆုံး လုပ်ရမှာက ကုန်သွယ်ရေးဌာနရဲ့ ရုံးခန်းကို ဖွဲ့စည်းဖို့ ဖြစ်တယ်။
နေ့စဉ် ရုံးအလုပ်တွေ လုပ်မယ့် နေရာတင်မက၊ ကုန်သွယ်ခွန်တွေ ကောက်မယ့် နေရာတွေလည်း ပါရမှာဖြစ်ပြီး ကံကောင်းတာက ရွှီထင်းရှန်းက အရင်ကတည်းက ကုန်သွယ်ရေးဌာနရဲ့ပုံစံအတိုင်း တျန့်ဟိုင်ခရိုင်ကို စီမံနေခဲ့တာမလို့ အရင်ပုံစံအတိုင်းပဲ ပြန်လုပ်လိုက်ရုံပဲ ဖြစ်တယ်။
နယ်စားမင်းရုံးဘက်မှာတော့ တုကျွန့်က မျှော်လင့်ထားတဲ့အတိုင်းပဲ နယ်စားမင်း ရာထူးကို ရသွားခဲ့ပြီး အထက်ကလည်း နင်းပေါ် ကုန်သွယ်ရေးဌာန ဖွဲ့စည်းမှုကို အစွမ်းကုန် ကူညီဖို့နဲ့ လိုအပ်တဲ့ ကိစ္စတွေကို အဆင်ပြေအောင် လုပ်ပေးဖို့ အမိန့်တော် ထုတ်ပြန်လိုက်ပြီ ဖြစ်တယ်။
ဆိုလိုတာက ဘယ်လိုတောင်းဆိုချက်မျိုးကိုမဆို တင်ပြနိုင်ပြီး၊ တတ်နိုင်သမျှ အကုန်ဖြည့်ဆည်းပေးမယ်လို့ ဆိုလိုတာ ဖြစ်တယ်။
ရွှီထင်းရှန်း ပထမဆုံး တင်ပြတဲ့ တောင်းဆိုချက်က ကန်းစစ်ကဲကို ကော်ကျွီခံတပ်ရဲ့ စစ်သူကြီးအဖြစ် ပြောင်းပေးဖို့ ဖြစ်ပြီး၊ တျန့်ဟိုင်ခံတပ်ကိုတော့ ချန်ရာအုပ်ကို တာဝန်ပေးလိုက်တာ ဖြစ်တယ်။
ဒါဟာ အနာဂတ်အတွက် ကြိုတင် ပြင်ဆင်တာ ဖြစ်ပြီး၊ သူ စိတ်ကူးထားတဲ့ စီးပွားရေး မြို့နယ်တွေ မတည်ဆောက်ရသေးခင်မှာပဲ ကြိုတင်ကာကွယ်မှုတွေကို လုပ်ထားရမှာကတော့ အမှန်ပဲ ဖြစ်တယ်။
နောက်ထပ် ကိစ္စတစ်ခုမှာ သူက တျန့်ဟိုင်ခရိုင်ဝန် ရာထူးမှ နှုတ်ထွက်ရမည်
ဖြစ်ရာ၊ အဲဒီနေရာအတွက် လူတစ်ယောက် လိုအပ်နေတာ ဖြစ်ပြီး၊ ရွှီထင်းရှန်းက ကိုယ်နဲ့ ရင်းနှီးသူတွေကိုပဲ ယုံကြည်တာမလို့ ဖန်ခရိုင်ဝန်ထောက်ကို ထောက်ခံ တင်ပြလိုက်တယ်။
သူက မူလက မောက်ပါ့သို ဒါမှမဟုတ် လီတာ့ထျန်း တို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်ချင်ပေမဲ့၊ လီတာ့ထျန်းက ဖူကျန့်မှာ ရှိနေသလို မောက်ပါ့သိုကတော့ စုန့်ကျန်းမှာ ရှိနေခဲ့တယ်။ အကွက်တွေက ဒီနေရာအထိ ရောက်လာပြီ ဖြစ်လို့ သူတို့နှစ်ယောက်စလုံးကလည်း ကိုယ်စီ အသုံးဝင်တဲ့ နေရာတွေမှာ ရှိနေကြတာ ဖြစ်တယ်။
နောက်ထပ် တစ်ယောက်က ရှဲ့သခင်လေး ဖြစ်ပြီး၊ စည်းကမ်းအရ ကုန်သွယ်ရေးဌာနမှာ အရာရှိချုပ် နှစ်ယောက် ထားရမှာ ဖြစ်လို့၊ တစ်ယောက်က ရွှီထင်းရှန်း ဖြစ်ပြီး နောက်တစ်ယောက်က ရွှန်ရှီး ဖြစ်တယ်။
ရွှန်ရှီးက နန်းတော်က လူဖြစ်တာကြောင့် နာမည်သာ ခံထားပြီး အလုပ်ကိုတော့ ဝင်ပြီး စွက်ဖက်တာ မရှိပါဘူး။ ဒါ့အပြင် ဒုတိယ အရာရှိချုပ် တစ်ယောက်လည်း ရှိနေသေးလို့ အဲဒီရာထူးက အဆင့် ၆ ဖြစ်ပြီး၊ ရွှီထင်းရှန်းက အဲဒီနေရာအတွက် ရှဲ့သခင်လေးကို ထောက်ခံပေးလိုက်တာ ဖြစ်တယ်။
ရှဲ့သခင်လေးက ကျဲ့ကျန်းနယ်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်လို့ နေရာအနှံ့ကို ကျွမ်းကျင်တယ်။ အခုအခါ ဒီနင်းပေါ် ကုန်သွယ်ရေးဌာနက ကိုယ့်ရဲ့ နယ်မြေ ဖြစ်နေပြီ ဖြစ်လို့၊ ရွှီထင်းရှန်းအနေနဲ့ အပြင်က လူတွေကို ခေါ်ဖို့ စိတ်ကူး လုံးဝမရှိပါဘူး။ အခုအချိန်မှာ အစပျိုးနေတဲ့ အခြေအနေ ဖြစ်တာကြောင့် အလွန် အရေးကြီးလှပြီး၊ သူက ရှေ့တန်းမှာ ပင်ပန်းနေတုန်း အနောက်ကနေ ဓားနဲ့ထိုးခံရမှာကို လုံးဝ အဖြစ်မခံနိုင်ပါဘူး။
လက်အောက်ငယ်သားတွေ နည်းနည်း ညံ့ရင်တောင် ရပေမဲ့၊ အဓိကက သစ္စာရှိဖို့ပဲ လိုအပ်တာ ဖြစ်တယ်။ ပေါင်နဲ့ဟို ဆရာကြီး နှစ်ယောက်ကိုလည်း ရွှီထင်းရှန်းက အရာရှိ အမှတ်အသားတွေ ရအောင် လုပ်ပေးလိုက်ပြီး အောက်ခြေမှာရှိတဲ့ စာရင်းကိုင်နဲ့ စာရေးအရာရှိ ရာထူးတွေကို ပေးလိုက်တယ်။ အရာရှိအစစ်အမှန် မဟုတ်သေးပေမဲ့၊ အခြေခံအားဖြင့်တော့ သာမန်လူတန်းစားကနေ အရာရှိလောကထဲကို ဝင်နိုင်ခဲ့ကြပြီ ဖြစ်တယ်။
190 02
ဒီကိစ္စတွေကို တုကျွန့်က အကုန်လုံး လုပ်ပေးခဲ့သလို၊ ရွှီထင်းရှန်းကလည်း မျက်နှာသာ ပေးတဲ့အနေနဲ့ ရာထူးအချို့ကို ချန်ထားပြီး တုကျွန့်ကို စိတ်ကြိုက် ခန့်ခိုင်းလိုက်တယ်။ ဒါဟာ သူတို့နှစ်ယောက် သင်္ဘောတစ်စီးတည်းပေါ်မှာ ရှိနေတာကို တိတ်တဆိတ် အသိပေးလိုက်တာ ဖြစ်သလို၊ လက်တွေ့မှာလည်း ဒီအရာအားလုံးက တရားဝင် လမ်းကြောင်းပေါ်ကို ရောက်နေခဲ့ပြီ ဖြစ်တယ်။
ဧကရာဇ်ကျားချန်က ဘာကြောင့် တုကျွန့်ကို နယ်စားမင်း ရာထူး ပေးခဲ့တာလဲ။ အဖြေက ထင်ရှားလှပြီး အပြင်က အနှောင့်အယှက်တွေ အားလုံးကို ဖယ်ရှားပေးပြီး ကုန်သွယ်ရေးဌာနကို ကာကွယ်ပေးဖို့ပဲ ဖြစ်တယ်။
တစ်လလောက် အချိန်ကုန်သွားတဲ့ အခါမှာတော့၊ နင်းပေါ် တျန့်ဟိုင် ကုန်သွယ်ရေးဌာနရဲ့ဆိုင်းဘုတ်ကို နောက်ဆုံးမှာ ချိတ်နိုင်ခဲ့ပြီ ဖြစ်တယ်။
ရုံးအလုပ်တွေကိုတော့ လောလောဆယ် တျန့်ဟိုင်ခရိုင်ဝန်ရုံးမှာပဲ လုပ်နေတုန်း ဖြစ်ပြီး၊ ကုန်သွယ်ရေးဌာနရဲ့ ရုံးခန်းအစစ်အမှန်ကိုတော့ အခု ဆောက်နေတုန်းပဲ ရှိသေးတယ်။
ဒီလောက်အထိ အလျင်စလို လုပ်ရတာက အထက်က အမိန့်တော် ကျလာပြီဖြစ်လို့ အမြန်ဆုံး စရမှာ ဖြစ်တာကြောင့်ပဲ ဖြစ်တယ်။ ဆောင်းဦးရာသီ ရောက်လာပြီး ဆောင်းတွင်းကလည်း မကြာခင် ရောက်တော့မှာ ဖြစ်တာမလို့၊ ရာသီဥတု မအေးခင်မှာပဲ ကောင်းကောင်းမွန်မွန် လုပ်ပြနိုင်မှသာ နန်းတွင်းကို ဖြေရှင်းချက် ပေးနိုင်မှာ ဖြစ်တယ်။
နင်းပေါ်မှာ ကုန်သွယ်ရေးဌာန ဖွင့်မယ့် သတင်းက တစ်တိုင်းပြည်လုံးကို ပျံ့သွားခဲ့ပြီ ဖြစ်တာမလို့၊ ကုန်သည်အများကြီးက ဒီနေရာကို စောင့်ကြည့်နေကြပေမဲ့ အခုမှ စတာဖြစ်လို့ အခြေအနေကိုပဲ အကဲခတ်နေကြတုန်း ဖြစ်တယ်။
ရွှီထင်းရှန်းက အဲဒီအခြေအနေကို သိနေပေမဲ့ ဂရုမစိုက်ဘဲ၊ ဒီနှစ်အတွင်း ကုန်သွယ်ရေးဌာနကနေတစ်ဆင့် အရောင်းအဝယ် လုပ်တဲ့ ကုန်စည်တွေ အားလုံးကို အခွန် ၂၀ ရာခိုင်နှုန်း လျှော့ပေးမယ်ဆိုတဲ့အကြောင်း သတင်း ထုတ်ပြန်လိုက်တယ်။
ဒီအခွန်စနစ်က ဆွန်၊ ယွမ်၊ မင် မင်းဆက် သုံးခုစလုံးရဲ့ ကုန်သွယ်ရေး စည်းကမ်းတွေကို ပေါင်းစပ်ပြီး ဖန်တီးထားတာ ဖြစ်ပြီး၊ အမျိုးအစားကိုလည်း အနုနဲ့ အကြမ်းဆိုပြီး နှစ်မျိုး ခွဲထားတာ ဖြစ်တယ်။ အနု ဆိုတာက တန်ဖိုးကြီး ပစ္စည်းတွေ ဖြစ်တဲ့ ပိုးထည်၊ ကြွေထည်၊ ပုလဲ စတာတွေကို ဆိုလိုတာ ဖြစ်ပြီး အမျိုးအစား ပေါင်းစုံ ပါဝင်ပြီး စုစုပေါင်း အမျိုးအစား ၅၀ ကျော် ရှိတယ်။ ကျန်တဲ့ အရာတွေကိုတော့ အကြမ်းဆိုပြီး သတ်မှတ်ထားပြီး သာမန် ကုန်စည်တွေပဲ ဖြစ်ကြတယ်။
အနု ပစ္စည်းတွေကို ဆယ်ပုံ တစ်ပုံ အခွန်ကောက်ပြီး၊ အကြမ်း ပစ္စည်းတွေကိုတော့ တစ်ဆယ့်ငါးပုံ တစ်ပုံ ကောက်တာ ဖြစ်တယ်။
အရင်က တျန့်ဟိုင်ခရိုင်မှာ ကောက်ခဲ့တဲ့ ဂိုဒေါင်ခ ထက်စာရင် အများကြီး ပိုပြီး ဈေးကြီးပေမဲ့၊ အရေးကြီးဆုံး အချက်က တရားဝင် ဖြစ်နေတာပဲ ဖြစ်တယ်။
ဘယ်သူကမှ မှောင်ခိုကုန်သွယ်မှုလိုမျိုး အန္တရာယ်ရှိတဲ့ အလုပ်ကို မလုပ်ချင်ကြပါဘူး၊ အားလုံးမှာ မိသားစုရှိသလို စီးပွားရေး ရှိကြတာ ဖြစ်တယ်။ မှောင်ခိုလုပ်ရင်း ဖမ်းမိရင် အပေါ့ဆုံး ပြစ်ဒဏ်က ပိုင်ဆိုင်မှုတွေ အသိမ်းခံရတာ ဖြစ်ပြီး၊ ပြင်းထန်ရင် ခေါင်းဖြတ်ခံရမှာက မသေးတဲ့ ကိစ္စ ဖြစ်လို့ ဘယ်သူကများ အဲဒီအန္တရာယ်ကို ရင်ဆိုင်ချင်မှာလဲ။ အခုတော့ အခွန် ပိုပေးရတယ် ဆိုပေမဲ့ အနည်းဆုံးတော့ ထိတ်လန့်တုန်လှုပ်နေစရာ မလိုတော့ဘူး။
ဒါကြောင့် အရင်က တျန့်ဟိုင်မှာ စီးပွားရေး လုပ်နေတဲ့ ကုန်သည်တွေက မကျေမနပ် ဖြစ်ကြပေမဲ့၊ အဆုံးမှာတော့ လမ်းဟောင်းအတိုင်းပဲ ဆက်ပြီး လျှောက်လှမ်းဖို့ သဘာဝတူခဲ့ကြတယ်။ အပြင်က ကုန်သည်တွေလည်း တျန့်ဟိုင်ကို လူတွေ စုပြုံလာတာကို မြင်ရတဲ့အခါ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်မှန်း သိသွားကြပြီး၊ အရင်က ဒီအလုပ်ကို လုပ်ဖူးသည်ဖြစ်စေ၊ မလုပ်ဖူးသည်ဖြစ်စေ အကုန်လုံး ကုန်စည်တွေ သယ်ပြီး ရောက်လာကြတော့တယ်။
190 03
ပင်လယ်နဲ့ နီးစပ်တဲ့ ဒီတျန့်ဟိုင်ခရိုင် မြို့ငယ်လေးက ခဏလေးအတွင်းမှာပဲ အလွန် စည်ကားလာခဲ့ပြီ ဖြစ်တယ်။
နေ့စဉ်နေ့တိုင်း အဝေးက လူအများကြီး ရောက်လာသလို မြို့ထဲမှာလည်း အိမ်ဟောင်းတွေကို ဖျက်ပြီး အိမ်သစ်တွေ ဆောက်နေကြတာကြောင့် တိုးတက်စည်ကားနေတဲ့ မြင်ကွင်းတွေပဲ ရှိနေခဲ့တယ်။
ပိုပြီးအလုပ်ရှုပ်နေတာက ရွှမ်းယွီနဲ့ကျိုးရှန်း ကျွန်းနှစ်ခု ဖြစ်ပြီး၊ ရွှီထင်းရှန်းက တုကျွန့်ဆီကနေ ခရိုင်နှစ်ခုရဲ့ အလုပ်သမားတွေကိုငှားကာ ကိုယ်တိုင် မြေပုံတွေ ဆွဲပြီး အဲဒီမြေပုံအတိုင်း ဆောက်ခိုင်းနေတာ ဖြစ်တယ်။ ကျွန်းပေါ်မှာရှိတဲ့ အခြေအနေက တစ်ရက်နဲ့ တစ်ရက် မတူအောင် ပြောင်းလဲနေပြီး ရွှီထင်းရှန်း စိတ်ကူးထားတဲ့ ပုံစံကို ရောက်ဖို့ကတော့ သိပ်မဝေးတော့ပါဘူး။
ရွှီထင်းရှန်း တစ်ယောက် အလုပ်များလွန်းလို့ နားချိန်မရှိ ဖြစ်နေတဲ့ အချိန်မှာ၊ ကျောက်အာကလည်း သူ့ထက် မလျော့အောင် အလုပ်ရှုပ်နေခဲ့တယ်။
တျန့်ဟိုင်မှာရှိတဲ့ စီးပွားရေးအတွက် ကုန်စည်အရင်းအမြစ်တွေ ရှာပေးနေတုန်းမှာပဲ၊ သူက ဝမ်ကျိပန်းဆိုင်ကို နန်ကျိလေး နယ်ကို ပြောင်းခဲ့ပြီး၊ အခုအချိန်မှာ အဲဒီနယ်မြေမှာ နှစ်ပေါင်းများစွာ အခြေချနေတဲ့ ဆိုင်ကြီးတွေကို မမီသေးပေမဲ့ နေရာတစ်ခုကိုတော့ ခိုင်ခိုင်မာမာ ရနေခဲ့ပြီ ဖြစ်တယ်။
အခု ရွှီထင်းရှန်းက နင်းပေါ် ကုန်သွယ်ရေးဌာနရဲ့ အရာရှိချုပ် ဖြစ်လာသလို၊ စီးပွားရေး မြို့နယ်တွေ တည်ဆောက်ဖို့လည်း ပြင်ဆင်နေတာမလို့ အခွင့်အရေးတွေကို သူများ လက်ထဲကို မရောက်စေဘဲ ကျောက်အာကလည်း ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းစုကို စပြီး ဖွဲ့စည်းနေခဲ့ပြီ။
အဲဒီလုပ်ငန်းစုရဲ့ အမည်က 'ထိုက်လုံ' ဖြစ်ပြီး၊ ကျောက်အာက မူလက ဝမ်ကျိ လုပ်ငန်းစုလို့ပဲ အမည်ပေးဖို့ စဉ်းစားခဲ့ပေမဲ့ ရွှီထင်းရှန်းက ငြင်းခဲ့တယ်။ အခုခေတ် စီးပွားရေး လုပ်ငန်းတွေမှာ ကံကောင်းတာကို ဖော်ဆောင်တဲ့ အမည်တွေကိုပဲ ရွေးချယ်လေ့ ရှိကြတာမလို့၊ ဝမ်ကျိ ဆိုတာက မကောင်းဘူးလို့ ပြောလို့မရပေမဲ့ အရမ်းရိုးရှင်းလွန်းနေတာကြောင့် ဖြစ်တယ်။
ကျောက်အာကလည်း အရင်က ကျောက်အာ မဟုတ်တော့ဘဲ ပါးနပ်တဲ့ ကုန်သည်ကြီးတွေကြားမှာ ကျင်လည်လာတာက ကြာပြီဖြစ်လို့ အပြင်ပန်းမှာ မမြင်ရတဲ့ အပေးအယူတွေကိုလည်း အရမ်း ကျွမ်းကျင်နေခဲ့ပြီ။
သူမက ကုန်သွယ်ရေးဌာနရဲ့နာမည်ကို သုံးပြီး နေရာအနှံ့မှာ အကူအညီတွေအများကြီး ရခဲ့ပေမဲ့ အရာရှိချုပ်ကတော်ဆိုတဲ့ နာမည်ကိုတော့ လုံးဝမသုံးဘဲ ရွှီအရာရှိချုပ်ရဲ့ဇနီးဘက်က မောင်ဖြစ်သူဆိုတဲ့ နာမည်ကိုပဲ သုံးခဲ့တာ ဖြစ်တယ်။
ဒီလိုနဲ့ နှစ်ကုန်ခါနီး အချိန်ကို ရောက်လာတဲ့ အခါမှာ တျန့်ဟိုင်ခရိုင်ကို လူတစ်ယောက် ရောက်လာခဲ့တယ်။
အဲဒီလူက ကျောက်အာရဲ့အစ်မအရင်းဖြစ်တဲ့ ဝမ်ကျောက်တိ ဖြစ်ပြီး၊ သူ့ရဲ့ သားဖြစ်သူ ဝေကောအာ ကို ခေါ်ပြီး ရောက်လာတာ ဖြစ်တယ်။
ရွှီထင်းရှန်းက ကျောက်အာဆီကို စာတစ်စောင် ပို့လိုက်တာကြောင့် သုံးရက်လောက် ကြာတဲ့အခါ ကျောက်အာက နန်ကျိလေး ကနေပြီး အမြန် ပြန်ရောက်လာခဲ့တယ်။
"မမ"
ကျောက်အာက အမျိုးသား ဝတ်စုံကို ဝတ်ထားတာမလို့၊ ဒီလို ဝတ်ထားတာက ဘယ်သူကမှ အမျိုးသမီး တစ်ယောက်လို့ ထင်မှာ မဟုတ်ဘဲ၊ တကယ့်ကို ခန့်ညားတဲ့ သခင်လေးတစ်ယောက်နဲ့ တူနေသလို လက်ထဲမှာလည်း ယပ်တောင် တစ်ခုကို ကိုင်ထားသေးတယ်။ သူက ပြေးဝင်လာပြီး ကျောက်တိကို ဖက်လိုက်တဲ့ အခါမှာ ဝမ်ကျောက်တိက ထိတ်လန့်သွားခဲ့ပေမဲ့၊ မမ ဆိုတဲ့ ခေါ်သံကို ကြားလိုက်ရတော့မှပဲ စိတ်ကို ပြန်ထိန်းနိုင်တော့တယ်။
"နင်ကတော့ တကယ့်ကို ဆိုးတဲ့ ကောင်မလေးပဲ၊ ယောက်ျားကိုလည်း ပစ်ထားတယ်၊ ဟုန်ကောအာကိုလည်း ဂရုမစိုက်ဘူး၊ တစ်ခါ ထွက်သွားရင် လနဲ့ချီပြီး ပြန်မလာဘူး၊ ထင်းရှန်းက နင့်ကို အလိုလိုက်ထားလို့သာပေါ့၊ တခြား အိမ်က ချွေးမဆိုရင်တော့ နင့်ကို အစောကြီးကတည်းက ကွာရှင်းပြီး မောင်းထုတ်လိုက်မှာ အသေအချာပဲ" ဝမ်ကျောက်တိက ဆူပူလိုက်တယ်။
190 04
အခုအချိန်မှာ ဝမ်ကျောက်တိက လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကနဲ့ လုံးဝ မတူတော့ပါဘူး။ အရင်တုန်းက ကျောက်တိက စိတ်ထား မာကျောပေမဲ့ နည်းနည်း နုနယ်ပြီး ချော့မော့ရတဲ့ ပုံစံမျိုး ရှိခဲ့ပေမဲ့၊ အခုအခါမှာတော့ ရင့်ကျက်တဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အလှတရားတွေ ပြည့်နှက်နေပြီး တကယ့်ကို တောက်ပလှပနေခဲ့ပြီ ဖြစ်တယ်။
အထူးသဖြင့် ကျောက်အာနဲ့ ရွှီထင်းရှန်းတို့ အိမ်ကနေ ထွက်သွားပြီးနောက်၊ ဝေကောအာ ကြီးပြင်းလာတာနဲ့အမျှ သူကလည်း ညီမနဲ့မောင်လေးရဲ့ အထောက်အပံ့ကိုပဲ အမြဲတမ်း ယူမနေချင်တာကြောင့်၊ အဝတ်အထည် ချုပ်လုပ်တဲ့ လုပ်ငန်းကို လွှဲပြောင်းယူပြီး လုပ်ကိုင်ခဲ့တာ ဖြစ်တယ်။
ဝမ်မိသားစုရဲ့သမီးတွေမှာ စီးပွားရေးပါရမီ ပါကြတာက အမှန်ပဲ ဖြစ်လို့ ဒီနှစ်တွေအတွင်း သူကလည်း အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့သလို ဝမ်ကျိ ပန်းထိုးလုပ်ငန်းကိုလည်း တည်ထောင်နိုင်ခဲ့တယ်။ ဒါ့အပြင် ဝမ်ကျိ ဟင်းသီးဟင်းရွက်ဆိုင်နဲ့ ပန်းဆိုင်တို့ရဲ့ အရှိန်အဝါကို သုံးပြီး ရှန်းရှီနယ်ရဲ့ အပြင်ဘက်ကိုပါ ဆိုင်ခွဲတွေ ဖွင့်နိုင်ခဲ့တယ်။ အခု ရှန်းရှီနယ်မှာရှိတဲ့ ဝမ်ကျိ ပန်းဆိုင်ရဲ့ လုပ်ငန်းတွေကို သူကပဲ စီမံနေတာ ဖြစ်ပြီး အလွန် စည်ကားနေခဲ့ပြီ ဖြစ်တယ်။
ဒီအတွေ့အကြုံတွေက သူ့ကို တည်ငြိမ်ပြီး ထက်မြက်တဲ့ အရှိန်အဝါတွေ တိုးပွားစေခဲ့ပြီး၊ လှပသလို ဆွဲဆောင်မှုလည်း ရှိနေတာမလို့ လူတစ်ယောက်ကို အသွင်ပြောင်းသွားစေခဲ့ပြီ ဖြစ်တယ်။
ဒီတစ်ခေါက်မှာ ရွှီထင်းရှန်းက ဒီမှာ စီးပွားရေး မြို့နယ် တည်ထောင်မယ်ဆိုတဲ့အကြောင်းနဲ့၊ ဒီနေရာရဲ့အခွင့်အလမ်းက တခြားနေရာတွေထက် ကြီးမားမှန်း သိတာကြောင့်ပဲ သူက စီးပွားရေးတွေကို ပစ်ထားခဲ့ပြီး ကျဲ့ကျန်းကို လာခဲ့တာ ဖြစ်တယ်။
ဒါ့အပြင် ညီမဖြစ်သူကို အမှန်တကယ် လွမ်းနေတာကြောင့်လည်း ပါသလို၊ ဝေကောအာ အတွက်လည်း ဖြစ်တယ်။
ဝေကောအာက ဟုန်အာထက် ခြောက်လလောက် ပိုကြီးပြီး၊ အစောကြီးကတည်းက ပညာသင်နေခဲ့ပြီ ဖြစ်တယ်။ ဒီကလေးက ဉာဏ်ကောင်းပြီး စာကိုလည်း ကောင်းကောင်း သင်ယူနိုင်သလို အေးဆေး တည်ငြိမ်ပေမဲ့၊ စိတ်နေစိတ်ထားကတော့ နည်းနည်း အနေအေးလွန်းတယ်။
ကျောက်တိက ဒီကိစ္စကို အမြဲ စိုးရိမ်နေခဲ့ပေမဲ့ စီးပွားရေးနဲ့ အလုပ်ရှုပ်နေခဲ့ရတာ ဖြစ်တယ်။ သူ သေသေချာချာ စဉ်းစားကြည့်တဲ့အခါမှာ ညီမနဲ့ မောင်လေးတို့ ဒီမှာ ရှိနေသလို ဟုန်အာလည်း ဒီမှ ရှိနေတာမလို့ ညီအစ်ကိုနှစ်ယောက် အတူတူ ရှိနေရင် ကလေးနှစ်ယောက်စလုံး အထီးမကျန်တော့ဘဲ နေနိုင်လိမ့်မယ်လို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။
ကျောက်အာက ပုံမှန်ဆိုရင် တည်ငြိမ်ပြီး ထက်မြက်တဲ့ ပုံစံရှိပေမဲ့၊ အစ်မဖြစ်သူရဲ့ရှေ့မှာတော့ သူက ညီမငယ်လေး အဖြစ်ကိုပဲ ပြန်ရောက်သွားခဲ့တယ်။ သူက လက်ထဲက ယပ်တောင်ကို ကိုင်ရင်း မျက်နှာပျက်နေခဲ့ပြီး၊ စိတ်ထဲမှာတော့ ရွှီထင်းရှန်းက အစ်မကို တိုင်လိုက်တာ ဖြစ်မယ်လို့ တွေးနေမိတော့တယ်။
190 05
ဒီပါးနပ်လှတဲ့ လူကတော့ သူမရဲ့ရှေ့မှာ အမြဲတမ်း သဘောထားကြီးသလို နေတတ်ပေမဲ့၊ နောက်ကွယ်မှာတော့ တိတ်တဆိတ် တိုင်တတ်လိမ့်မယ်လို့ သူမ ထင်မထားခဲ့ပါဘူး။ ဒါပေမဲ့ သူမရဲ့ရင်ထဲမှာတော့ နောင်တရတဲ့ စိတ်က ပိုများနေတာကြောင့် ကျောက်အာက အရမ်းကြီး ရဲရဲဝံ့ဝံ့ မရှိဘဲ ဖြစ်နေခဲ့တယ်။
"မမ... ကျွန်မကလည်း အိမ်က စီးပွားရေးအတွက် လုပ်နေရတာပါ၊ ပြီးတော့ ကျွန်မက အခုမှ အပြင်ကို ထွက်သွားတာပါ"
ကျောက်တိသည် ညီမဖြစ်သူ၏မျက်နှာကို တစ်ချက်စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်တယ်။
"တကယ်လို့ ငါ အခုအချိန်မှာ မလာခဲ့ရင် နင်က နှစ်သစ်ကူးတဲ့အထိတောင် ပြန်လာမှာ မဟုတ်ဘူး မဟုတ်လား"
"ဘယ်ကလာ... မမ မလာရင်တောင်မှ၊ ကျွန်မ ဒီရက်ပိုင်းအတွင်း ပြန်လာဖို့ ပြင်နေတာပါ"
တကယ်တော့ ကျောက်အာက အမှန်အတိုင်း ပြောနေတာ မဟုတ်ပါဘူး။ သူမက မကြာသေးခင်က စီးပွားရေးတစ်ခု တိုင်ပင်နေပြီး အရမ်း အရေးကြီးတဲ့ အချိန်ကို ရောက်နေတာ ဖြစ်တယ်။ ရွှီထင်းရှန်းက လူလွှတ်ပြီး အစ်မ ရောက်နေတဲ့အကြောင်း စာမပို့ခဲ့ရင်တော့ သူမက အဲဒီစီးပွားရေး အောင်မြင်မှပဲ ပြန်လာမှာဖြစ်ပြီး၊ အဲဒီအချိန်မှာတော့ နှစ်သစ်ကူးဖို့ ရက်အနည်းငယ်ပဲ လိုတော့မယ့် အချိန် ဖြစ်မှာ ဖြစ်တယ်။
"အမြန်သွားပြီးတော့ အဲဒီအဝတ်အစားတွေကို လဲလိုက်စမ်း၊ ဟုန်ကောအာနဲ့ဝေကောအာတို့ ခဏနေရင် ပြန်လာတော့မယ်၊ ကလေးတွေ မြင်ရင် ဘယ်လိုမျိုး ရှိမှာလဲ"
ညီမဖြစ်သူက အပြာရင့်ရောင် ပိုးထည်ဝတ်စုံကို ရွှေချည်ထိုး ပန်းပုံစံတွေနဲ့ ဝတ်ထားပြီး၊ ခါးမှာလည်း ရွှေချည်ထိုး ခါးပတ်ကို ပတ်၊ ခေါင်းမှာ ရတနာပါတဲ့ ခေါင်းစည်းကို စည်းထားသလို၊ လက်မမှာလည်း ကျောက်စိမ်း လက်စွပ်ကြီး တစ်ကွင်းကို ဝတ်ထားတာမလို့၊ တကယ့်ကို ခန့်ညားတဲ့ သခင်လေး တစ်ယောက်ရဲ့အသွင်ကို ဆောင်နေတာကြောင့် ကျောက်တိမှာ မျက်မှောင်ကြုတ်ပြီး မကြည်မလင် ဖြစ်နေခဲ့တယ်။
"ကျွန်မကလည်း စီးပွားရေး ပြောဖို့အတွက် ဝတ်ထားရတာပါ၊ အဝတ်အစားက သိပ်မကောင်းရင် တစ်ဖက်လူကလည်း ကျွန်မကို အရေးစိုက်မှာ မဟုတ်ဘူးလေ။ ကောင်းပါပြီ မမ... ကျွန်မ အခုပဲ သွားလဲလိုက်ပါ့မယ်"
ကျောက်အာက အခန်းထဲကို အမြန်ပဲ ဝင်သွားခဲ့ပြီး၊ ရှောင်လျူနဲ့ ရှောင်ဟုန်းတို့က ရေနွေးတွေ ပြင်ပေးပြီး သူ့ကို ရေချိုး သန့်စင်ပေးကြတယ်။ သက်သောင့်သက်သာနဲ့ ရေချိုးပြီးနောက် အကြာကြီး မဝတ်ဖြစ်တော့တဲ့ အမျိုးသမီး ဝတ်စုံကို ပြန်ဝတ်လိုက်တဲ့ အခါမှာတော့ ခန့်ညားတဲ့ သခင်လေးက လှပတဲ့အမျိုးသမီးလေးတစ်ယောက် အဖြစ်ကို ပြန်ပြောင်းသွားခဲ့ပြီ ဖြစ်တယ်။
မှန်တင်ခုံရှေ့မှာ ထိုင်နေတဲ့ အချိန်မှာ ရှောင်လျူက ကျောက်အာရဲ့ ရှည်လျားလှတဲ့ ဆံပင်တွေကို ဖြီးသင်ပေးနေခဲ့တယ်။
ကျောက်အာရဲ့ဆံပင်က အရမ်း ကောင်းပြီး နက်မှောင်ပြီး ထူထဲလှတာကြောင့် အမျိုးသမီးဆံပင်ပုံစံလုပ်ဖို့ လွယ်သလို၊ အမျိုးသား ဆံပင်ပုံစံ လုပ်တဲ့ အခါမှာလည်း နူးညံ့ပျော့ပျောင်းတာမျိုး မရှိဘဲ တည်ငြိမ်နေစေတာ ဖြစ်တယ်။ ရှောင်လျူက မှန်ထဲက ကတော်ကြီးကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။
"ကတော်ကြီးက အဝတ်အစား လဲလိုက်တာနဲ့ လူတစ်ယောက်လုံး ပြောင်းလဲသွားသလိုပဲနော်"
ဘေးနားရှိ ရှောင်ဟုန်းကလည်း ပြုံးရယ်လိုက်တယ်။ "နင့်ကိုလည်း အဲဒီလိုမျိုး ဝတ်ပေးထားရင် နင်လည်း တူမှာပါ"
ရှောင်လျူက ပြန်၍ ရန်ဖြစ်လိုက်တယ်။ "ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ၊ နင်က အမျိုးသား ဝတ်စုံ ဝတ်ထားရင် အစေခံမလေး တစ်ယောက်နဲ့ပဲ တူနေမှာပါ။ ဒါပေမဲ့ ကတော်ကြီးကတော့ အမျိုးသမီး ဝတ်စုံ ဝတ်ရင် အမျိုးသမီး ပီသသလို၊ အမျိုးသား ဝတ်စုံ ဝတ်ရင်လည်း အမျိုးသား စစ်စစ် တစ်ယောက်လိုပဲ"
190 06
ကျောက်အာက မိန်းကလေး နှစ်ယောက်ရဲ့ စနောက်မှုကို ရယ်မောလိုက်ပြီး ပြောလိုက်တယ်။
"နင်တို့က ငါ့ကို ယောက်ျားလည်း မဟုတ်၊ မိန်းမလည်း မဟုတ်ဘူးလို့ ပြောချင်တာ မဟုတ်လား"
ရှောင်လျူက အမြန်ပင် ပြောလိုက်တယ်။ "ကျွန်တော်မျိုးမက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး၊ ကျွန်တော်မျိုးမက ကတော်ကြီးက အမျိုးသားဝတ်စုံ ဝတ်ရင် မိန်းကလေးတွေတောင် ရင်ခုန်သွားစေလောက်အောင် ခန့်ညားသလို၊ အမျိုးသမီး ဝတ်စုံ ဝတ်ရင်လည်း ဘယ်သူ့ကိုမှ မရှုံးဘူးလို့ ပြောချင်တာပါ"
ရှောင်ဟုန်းကလည်း ဘေးမှ ဝင်ပြောလိုက်ပြန်တယ်။ "လျူအစ်မ ပြောတာလည်း အဟုတ်ပဲ၊ အပြင်မှာ ကျွန်မတို့ ကတော်ကြီးကို သဘောကျနေတဲ့ မိန်းမတွေက အများကြီးပဲလေ..."
"ဘာတွေ အများကြီး ရှိနေတာလဲ"
အမျိုးသားတစ်ဦး၏အသံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး၊ ရွှီထင်းရှန်းက အပြင်မှ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်။
"သခင်ကြီး" မိန်းကလေး နှစ်ယောက်မှာ ချက်ချင်းပင် အရိုအသေ ပေးလိုက်ကြတယ်။
"မင်းတို့ ခုနက ဘာတွေ အများကြီး ရှိနေတာလဲလို့ ပြောလိုက်တာလဲ"
ရှောင်လျူက "ရှောင်ဟုန်းက အပြင်မှာ သဘောကျတဲ့သူတွေ..."
ကျောက်အာက ချက်ချင်းပဲ မတ်တပ်ရပ်လိုက်ပြီး စကားဖြတ်ပြောလိုက်တယ်။ "ကောင်းပြီ... နင်တို့ အရင် ဆင်းသွားကြတော့၊ ကျန်တာ ငါ့ဘာသာပဲ လုပ်လိုက်မယ်"
ရှောင်ဟုန်းက စကားလွန်သွားမိကြောင်း သိရှိသွားတာကြောင့် ရှောင်လျူကို ဆွဲပြီး အလျင်အမြန် ထွက်ခွာသွားတော့တယ်။
ကျောက်အာက ရွှီထင်းရှန်းကို ပြုံးပြရင်း ဂရုတစိုက် မေးမြန်းလိုက်တယ်။
"ဘာလို့ ဒီလောက် အင်္ကျီတွေ အထူကြီး ဝတ်ထားရတာလဲ၊ တစ်နေရာရာက မနေလို့ မကောင်းဘူးလား ဗိုက်ရော ဆာပြီလား ကျွန်မ သွားပြီး ဟင်းချက်ပေးမယ်လေ"
သူမက ရင်ဘတ်မှာရှိတဲ့ အင်္ကျီစတွေကို စုစည်းလိုက်ပြီး၊ ဘီရိုထဲက ဝတ်ရုံရှည် တစ်ထည်ကို ယူပြီး ထပ်ဝတ်လိုက်ရင်း မီးဖိုချောင်ကို သွားဖို့ ပြင်လိုက်တယ်။
ရွှီထင်းရှန်းက သူမကို မျက်စောင်းထိုး ကြည့်လိုက်တဲ့အခါ သူမရဲ့ပါးပြင်လေးတွေက ရေငွေ့တွေကြောင့် နီမြန်းနေတာကို မြင်လိုက်ရတယ်။ ဘေးတိုက် ကြည့်လိုက်တဲ့ အခါမှာတော့ သူမရဲ့ နဖူးပြင်က ပြည့်ဖြိုးနေသလို၊ မျက်တောင်တွေကလည်း ကွေးညွတ်နေပြီး နှာတံကလည်း ပေါ်လွင်နေခဲ့တယ်။ သူမက နည်းနည်းစိတ်လှုပ်ရှားနေတာကြောင့် နှုတ်ခမ်းအောက်ပိုင်းကို မသိစိတ်နဲ့ ကိုက်ထားတာမလို့၊ အဲဒီအရာက လူကို အနားကို တိုးသွားပြီး တားဆီးချင်တဲ့ စိတ်တွေကို ဖြစ်ပေါ်စေခဲ့တယ်။
ကျောက်အာက အရှေ့က ကြည့်ကြည့်၊ ဘေးက ကြည့်ကြည့် မျက်နှာပေါက်က အရမ်းလှတဲ့သူ တစ်ယောက် ဖြစ်တယ်။ တချို့အမျိုးသမီးတွေလို အရှေ့က ကြည့်ရင် ချောပေမဲ့ ဘေးက ကြည့်ရင်တော့ မလှတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။
သူမရဲ့ ဆံပင်တွေက နည်းနည်း စိုနေတုန်းပဲ ဖြစ်ပြီး ပုခုံးပေါ်မှာ အလွတ်အတိုင်း ဖြန့်ချထားတယ်။ သူမရဲ့ခန္ဓာကိုယ်ကတော့ ခြေတံရှည်ပြီး ခါးသေးပြီး အချိုးအစား ပြေပြစ်လှပြီး၊ ရင်ဘတ်မှာလည်း စည်းနှောင်ထားတာမျိုး မရှိတာမလို့ ပေါ်လွင်နေတဲ့ အလှတရားတွေက အရမ်းပဲ မြင်ရတာ လှပနေတယ်။ ဒါပေမဲ့ ရွှီထင်းရှန်း ကြည့်လိုက်တဲ့ အခါမှာတော့ အရင်ကထက် နည်းနည်း ပြားသွားသလို ခံစားရလို့၊ ဒါဟာ အကြာကြီး စည်းထားရတာကြောင့် ဖြစ်မယ်လို့ သူ တွေးမိနေတော့တယ်။
"ဘာကို ကြည့်နေတာလဲ" ကျောက်အာက တစ်ဖက်မှ လာတဲ့အကြည့်တွေကို သည်းမခံနိုင်တော့တာကြောင့် မေးမြန်းလိုက်တယ်။
ရွှီထင်းရှန်းက ဘာမှ ပြန်မပြောဘဲ ပြုံးပြီးသာ ကြည့်နေခဲ့တယ်။
"ဒါဆိုရင် ကျွန်မ အရင်သွားပြီး ထမင်းချက်လိုက်ဦးမယ်၊ ကိစ္စရှိရင်လည်း ထမင်းစားပြီးမှ..."
သူမရဲ့ကျန်ရှိနေတဲ့ စကားတွေနဲ့ လှမ်းလိုက်တဲ့ ခြေလှမ်းတွေမှာမူ ရွှီထင်းရှန်းရဲ့နောက်ထပ် လုပ်ရပ်ကြောင့် ရပ်တန့်သွားခဲ့ရတယ်။
190 07
"မင်း ငါ့ကို မပြောရသေးဘူးလေ၊ အပြင်မှာ ငါ့ရဲ့ဇနီးသည်ကို သဘောကျနေတဲ့ ဘယ်လိုလူစားမျိုးတွေက အများကြီး ရှိနေတာလဲ ယောက်ျားတွေလား၊ ဒါမှမဟုတ် မိန်းမတွေလား"
ဒီစကားမှာမူ အားလုံးကို အစအဆုံး ကြားလိုက်ပြီးဖြစ်ပေမဲ့လည်း တမင်တကာ ပြန်လည် မေမြန်းနေခြင်းသာ ဖြစ်တယ်။
ကျောက်အာမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ရှင်းပြလိုက်တယ်။ "ရှောင်ဟုန်းရဲ့ စကားတွေကို လျှောက်မယုံပါနဲ့၊ အဲဒါတွေက ကချေသည် မိန်းကလေးတွေပါ၊ သူတို့ကတော့ လာသမျှ လူတိုင်းကို အဲဒီလိုပဲ ပြောတတ်ကြတာဆိုတော့ အတည်ယူလို့ မရပါဘူး"
ရွှီထင်းရှန်းရဲ့မျက်လုံးတွေက မျဉ်းတစ်ကြောင်းတည်း ဖြစ်သွားတဲ့အထိ မှေးသွားပေမဲ့လည်း မျက်နှာကမူ ပို၍ပင် တောက်ပစွာ ပြုံးလိုက်တယ်။
"ကချေသည် မိန်းကလေးတွေ ဟုတ်လား ဝမ်ကျောက်အာ... မင်း ငါ့ကို ပြောပြပါဦး၊ မင်း အပြင်မှာ ဘာတွေ လုပ်ခဲ့သလဲဆိုတာကို"
******