အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
193 01
အခန်း (၁၉၃)
ရွှီထင်းရှန်းက သူမက ဒီလိုမျိုး လုပ်လာလိမ့်မယ်လို့ မထင်ထားခဲ့တာမလို့၊ အရမ်းကို အံ့သြမှင်တက်သွားရတယ်။
ကျောက်အာကလည်း ခဏလောက် ကြောင်သွားခဲ့ပြီးမှ ကိုယ်တိုင် ဘာကို လုပ်လိုက်မိလဲဆိုတာ သိသွားပြီး မရဲတရဲနဲ့ အော်ဟစ်လိုက်တော့တယ်။ "ဘယ်လိုလုပ်ပြီး နင်က အဲဒီလိုမျိုး လုပ်နိုင်ရတာလဲ"
ပြောရင်းနဲ့တင် သူမရဲ့မျက်ရည်ဥတွေက မသိစိတ်နဲ့ ပိုးပိုးပေါက်ပေါက် ကျလာခဲ့ပြီ ဖြစ်တယ်။
ကိုယ်တိုင် ငိုနေမိတာကို သိသွားတဲ့အခါ ကျောက်အာက ထိတ်လန့်သွားပုံရပြီး မျက်နှာကို အမြန် သုတ်လိုက်ကာ ကိုယ်ကိုလှည့်ပြီး စောင်ထဲကို တိုးဝင်ပုန်းနေလိုက်တော့တယ်။
ဒီရက်ပိုင်းအတွင်း သူမက ကိုယ့်ရဲ့ လုပ်ရပ်တွေက မမှန်ဘူးဆိုတာ သိနေလို့၊ ရင်ထဲမှာ အရမ်းကို နောင်တရ ပူဆွေးနေခဲ့ရတာ ဖြစ်တယ်။
စီးပွားရေး ကိစ္စတွေအပေါ်မှာပဲ အာရုံစိုက်နေမိလို့ သူမက ရွှီထင်းရှန်းကို အမှန်တကယ်ပဲ ပစ်ထားမိသလို သားဖြစ်သူကိုလည်း ဂရုမစိုက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူမကလည်း ဒီလိုမျိုး မဖြစ်စေချင်ခဲ့ပါဘူး။
လူတစ်ယောက်ရဲ့ အမြင်ဆိုတာ ဗဟုသုတတွေ တိုးပွားလာတာနဲ့အမျှ တဖြည်းဖြည်း ကျယ်ပြန့်လာတတ်တာမလို့ ကျောက်အာက ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး လုပ်နေပြီလို့ အမြဲ ထင်ခဲ့ပေမဲ့ လက်တွေ့ လောကဓံကတော့ သူမရဲ့ကြိုးစားမှုတွေက မလုံလောက်သေးဘူးဆိုတာကို ချက်ချင်းပဲ သတိပေးတတ်တယ်။ ဟိုးအရင် ရှခရိုင်မှာ ရှိတုန်းကလိုမျိုး၊ မြို့တော်ကို စတင် ရောက်လာတုန်းကလိုမျိုး၊ အခုတစ်ခေါက် နန်ကျိလေးကို သွားခဲ့တုန်းကလိုမျိုး ဖြစ်တယ်။
စီးပွားရေး လုပ်တာက ကျောက်အာအတွက် အရမ်းလွယ်ကူပြီး၊ အခြေအနေတိုင်းကို သူမအနေနဲ့ ကျွမ်းကျင်အောင် ကိုင်တွယ်နိုင်လိမ့်မယ်လို့ တခြားသူတွေက ထင်နေကြပေမဲ့၊ လက်တွေ့မှာတော့ အဲဒီလို မဟုတ်ပါဘူး။
ဒီလောကမှာ ဖြတ်လမ်းဆိုတာ များများစားစား မရှိဘဲ ကောင်းရှန်း တစ်ယောက် နန်ကျင်းမြို့မှာ ခြေလှမ်းတိုင်း ခက်ခဲနေရပါလျက်နဲ့ ကျောက်အာ ရောက်သွားတဲ့ အခါကျမှပဲ အရာရာက အလိုလို ပြေလည်သွားမယ်ဆိုတဲ့ အကြောင်းပြချက်လည်း မရှိပါဘူး။ ပိုးထည် အများကြီး ရဖို့အတွက် သူမက နေရာပေါင်းစုံကို သွားခဲ့ရတယ်။ ဒီဆိုင်က မရရင် နောက်တစ်ဆိုင်ကို ပြောင်းခဲ့ရပြီး၊ ဆိုင်ရှင်ကို နားချနိုင်ဖို့အတွက် သူမက ပိုးထည်ဆိုင်ကြီး တစ်ဆိုင်ရဲ့တံခါးဝမှာ ရက်ပေါင်းများစွာ စောင့်ခဲ့ရဖူးတယ်။
သူမရဲ့စကားကို နားထောင်ပေးချင်တဲ့သူ ရှိသလို၊ နားမထောင်ချင်တဲ့သူတွေလည်း အများကြီး ရှိနေပြီး၊ အေးစက်တဲ့ မျက်နှာပေးတွေနဲ့ ဆက်ဆံမှုတွေကိုလည်း သူမက ခဏခဏ ကြုံခဲ့ရတယ်။ သူမလည်း လက်လျှော့ချင်တဲ့ စိတ်တွေ ဖြစ်ခဲ့ဖူးပေမဲ့ တျန့်ဟိုင်ခရိုင်ရဲ့ အခြေအနေနဲ့ ဖုံးကွယ်ထားတဲ့ စိုးရိမ်မှုတွေကို တွေးမိတဲ့ အခါတိုင်း သူမက အံကို တင်းတင်းကြိတ်ပြီး မျှော်လင့်ချက် တစ်စက်ကလေးကိုမှ လက်မလွှတ်ဘဲ အတင်းအကျပ် ပြုံးပြီး ရင်ဆိုင်ခဲ့ရတာ ဖြစ်တယ်။
ကချေသည်တွေနဲ့ အရက်သောက်ရတဲ့ ကိစ္စမှာလည်း အဲဒီအတိုင်းပဲ၊ သူမက အမျိုးသမီး တစ်ယောက် ဖြစ်ပါလျက်နဲ့ အဲဒီလို နေရာမျိုးကို မိန်းကလေးတွေ မသွားသင့်ဘူးဆိုတာကို ဘာလို့ မသိဘဲ နေမှာလဲ။ ဒါပေမဲ့ စီးပွားရေး အောင်မြင်ချင်တယ်ဆိုရင်၊ တခြားသူက ကိုယ့်ဘက်ကို လိုက်လျောဖို့ မစောင့်ဘဲ ကိုယ်ကပဲ တခြားသူဘက်ကို လိုက်လျောပေးရမှာ မဟုတ်လား။
193 02
အရင်က ကျောက်အာက အမျိုးသမီးတွေထဲမှာ အရက်သောက်နိုင်သူလို့ ဆိုနိုင်ပေမဲ့၊ အခုတော့ အမျိုးသား အများကြီးထက်တောင် ပိုသောက်နိုင်နေပြီ ဖြစ်တယ်။ ဒါတွေက ရုတ်တရက် တတ်လာတာ မဟုတ်ဘဲ၊ အကြိမ်ကြိမ် သောက်လိုက်၊ အန်လိုက်နဲ့ပဲ လေ့ကျင့်ယူခဲ့ရတာ ဖြစ်တယ်။
သူမလည်း ခင်ပွန်းနဲ့သားဖြစ်သူကို လွမ်းမိပါတယ်။ အထူးသဖြင့် ဟုန်အာကိုပေါ့။ သားဖြစ်သူက ဒီလောက်အထိ ငယ်သေးချိန်မှာ မိခင်ဖြစ်သူက ဘေးနားမှာ မရှိနိုင်တာကို တွေးမိတိုင်း သူမလည်း ရှက်ပြီး စိတ်မကောင်း ဖြစ်ရတယ်။
ဒါပေမဲ့ အဲဒီအကြောင်းတွေကို တွေးဖို့ သူမအတွက် အချိန် မရှိခဲ့ပါဘူး။ ရင်ထဲက အရေးတကြီး လိုအပ်နေတဲ့ ခံစားချက်က သူမကို အမြဲတမ်း ဖိနှိပ်နေတာ ဖြစ်တယ်။ တခြားသူတွေ မသိနိုင်ပေမဲ့ ကျောက်အာက ခင်ပွန်းဖြစ်သူရဲ့ ဘေးနားမှာ နေသူဖြစ်လို့ အခု ရှိနေတဲ့ အခြေအနေတွေက ဟန်ပြ သက်သက်ပဲဆိုတာကို ဘာလို့ မသိဘဲ နေမှာလဲ။
ခိုင်မာတဲ့ အင်အား မရှိသလို၊ အကာအကွယ်ပေးမယ့် အရာလည်း မရှိပါဘူး။ တကယ်လို့သာ ရှိခဲ့မယ်ဆိုရင် ညဘက်တွေမှာ သူမ နိုးလာတဲ့အခါမှာ ဘေးနားမှာ လူမရှိဘဲ စာကြည့်ခန်းထဲက ဆီမီးပဲ လင်းနေမှာ မဟုတ်ပါဘူး။
သူကပဲ ထုတ်မပြောလို့ သူမကလည်း မမေးရဲခဲ့ဘဲ သူ့ကို ကူညီနိုင်မယ့် နည်းလမ်းတွေကိုပဲ ကြိုးစား ရှာခဲ့ရတာ ဖြစ်တယ်။
ဒါကြောင့်လည်း တခြားသူတွေ လုပ်နေကြလို့ ငါတို့လည်း လုပ်သင့်တယ်ဆိုတာကို သူမက အကြံပြုခဲ့တာ ဖြစ်သလို၊ သူမရဲ့လက်အောက်က လူအင်အား အားလုံးကိုလည်း တျန့်ဟိုင်ကို ပြောင်းခိုင်းခဲ့တာ ဖြစ်တယ်။
ဒါပေမဲ့ အဲဒီအရာတွေကလည်း မလုံလောက်သေးဘူးဆိုတာ သူမ သိနေခဲ့တယ်။
ငွေရှိရင် သေမင်းကိုတောင် ခိုင်းလို့ရတာ မဟုတ်လား။ နန်းတွင်းက ငွေလိုနေတယ်ဆိုရင် ငွေအများကြီး ရှိနေရင် လက်ရှိ ကြုံနေရတဲ့ အခက်အခဲတွေကို အလိုလို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။
နန်းတွင်းကို တင်ပြထားတဲ့ ငွေပြား သုံးသန်းဆိုတာ၊ သင်္ဘောဆောက်တဲ့ စရိတ်တွေကို နှုတ်လိုက်ရင်တောင်မှ အရမ်းကို မရေမရာ ဖြစ်နေခဲ့ရတယ်။ ဘာလို့လဲဆိုတော့ အစပိုင်းမှာ အင်အား မရှိလို့၊ အခြေအနေ ဖန်တီးဖို့အတွက် ငွေတွေကိုပဲ သုံးခဲ့ရတာကြောင့် ဖြစ်တယ်။
ဒီငွေတွေက ဘယ်ကနေ လာခဲ့တာလဲ။ အောက်ခြေက လူတွေကို စည်းရုံးဖို့ သုံးခဲ့တဲ့ ငွေတွေက ဘယ်ကနေ လာခဲ့တာလဲ။
ဒါတွေအားလုံးက တျန့်ဟိုင်ကို မပြတ်မတောက် သယ်လာတဲ့ ကုန်စည်တွေကနေ ရလာတာပဲ ဖြစ်တယ်။
အောက်ခြေက လူတွေက အမြတ်အစွန်း အများကြီး ရနေကြပြီး၊ ရွှီခရိုင်ဝန်လည်း အများကြီး ရလိမ့်မယ်လို့ လူတိုင်းက ထင်နေကြပေမဲ့၊ ခရိုင်ဝန်ရုံးရဲ့ ငွေတိုက်ထဲက ငွေတွေထဲက တချို့က ရွှီထင်းရှန်းက ကိုယ့်ရဲ့ပိုင်ဆိုင်မှု အားလုံးကို ထည့်ထားတာ ဖြစ်မှန်း ဘယ်သူမှ မသိကြပါဘူး။
နောက်ဆုံးမှာတော့ အရာရာက မုန်တိုင်းအပြီး နေသာသလို ဖြစ်သွားခဲ့ပြီ။ ဧကရာဇ်ကျားချန်လည်း ဝမ်းသာသလို၊ နန်းတွင်းလည်း ဝမ်းသာသွားခဲ့ပြီ၊ အောက်ခြေက လူတွေအားလုံးလည်း ပျော်နေကြပေမဲ့၊ စာရင်းကိုင် ဖြစ်သူ ကျောက်အာကတော့ ရင်ထဲက ဒုက္ခတွေကို ထုတ်မပြောနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် ငွေဆိုတာ အရာမမြဲပါဘူး။ ဒီနေ့ ကုန်သွားရင် နက်ဖြန် ပြန်ရှာလို့ ရတာပဲ မဟုတ်လား။ ဒါကြောင့် ထပ်ပြီး ရှာဖို့ပဲ ဆုံးဖြတ်လိုက်ရတော့တယ်။
ကျောက်အာက စီးပွားရေး လုပ်ငန်းစုကို အခြေချပြီးရင် အိမ်မှာ ခဏလောက် အနားယူဖို့ စိတ်ကူးထားခဲ့ပြီး၊ နောင်မှာလည်း နေ့တိုင်း အပြင်ကို ခြေဆန့်နေဖို့ မလိုတော့ပါဘူး။ ဒါပေမဲ့ ဘယ်သူ ထင်မှာလဲ... အသည်းအသန် ပြန်လာခဲ့တဲ့ အခါမှာ၊ အရင်ဆုံး အစ်မဖြစ်သူရဲ့ ဆူတာကို ခံရသလို၊ နောက်ပိုင်းမှာတော့ ရွှီထင်းရှန်းကလည်း သူမအပေါ် ကလေးဆန်စွာ စိတ်ဆိုးနေခဲ့ပြန်တယ်။
ကျောက်အာရဲ့ ကြီးပြင်းလာတဲ့ ဘဝအတွေ့အကြုံတွေကြောင့်၊ သူမက ပင်ပန်းဆင်းရဲတာတွေကို ကိုယ့်ဘာသာ မျိုသိပ်ပြီး အပြင်ပန်းမှာ အမြဲတမ်း ပြုံးရွှင်နေတတ်သူ ဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သူမက အမှန်တကယ်ကို သည်းမခံနိုင်တော့ပါဘူး။
193 03
သူမက မျက်ရည်တွေကို သုတ်လိုက်ရင် ကုန်သွားလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့၊ ရင်ထဲက မကျေနပ်မှုတွေကိုတော့ သူမ သတိမထားမိခဲ့ပါဘူး။ အဲဒီမကျေနပ်မှုတွေက သူမရဲ့ ရင်ကို မွန်းကြပ်စေလို့ မျက်လုံးတွေက ပူထူးလာပြီး၊ မျက်ရည်တွေကတော့ မပြတ်မတောက် စီးဆင်းလာတဲ့ မြစ်ရေတွေလို ထွက်လာတော့တယ်။
သူမရဲ့တုန်ခါနေတဲ့ ပုခုံးတွေကို ကြည့်ရင်း ရွှီထင်းရှန်းက ချက်ချင်းပဲ ကြောင်သွားခဲ့ရတယ်။
ကြောင်သွားပြီးတဲ့နောက်မှာတော့ သူက နည်းနည်း ထိတ်လန့်သွားပြီး၊ သူမကို လက်နဲ့ အသာအယာ ဆွဲလိုက်ရင်း ပြောလိုက်တယ်။ "မငိုပါနဲ့တော့၊ ဒါတွေအားလုံးက ငါ့အမှားတွေပါ"
"အခု ငါ့ကို စကားမပြောနဲ့ဦး၊ နင့်ကို ငါ မတွေ့ချင်ဘူး"
"မင်းက ငါ့ကို မတွေ့ချင်ပေမဲ့၊ ငါကတော့ မင်းကို တွေ့ချင်တယ်လေ"
သူက မျက်နှာပြောင်တိုက်ပြီး သူမရဲ့ အနောက်ကနေ တိုးကပ်ဖက်လိုက်ပေမဲ့၊ သူမကတော့ အဖက်မခံဘဲ တွန်းဖယ်နေတာကြောင့်၊ သူကလည်း သူမရဲ့ ခါးကို လက်မောင်းနဲ့ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြန်တယ်။ နှစ်ယောက်သား အပြန်အလှန် ရုန်းကန်နေကြရင်း၊ ကျောက်အာက သူ့ရဲ့လုပ်ရပ်ကြောင့် ဒေါသထွက်ပြီး ငိုတောင် မငိုနိုင်တော့ပါဘူး။
"ဖယ်စမ်း"
"မဖယ်ဘူး"
ကျောက်အာက သူရဲ့မျက်နှာပြောင်တိုက်မှုကြောင့် အရှုံးပေးလိုက်ရပြီး၊ ဒေါသတကြီးနဲ့ အော်ဟစ်ငိုယိုလိုက်တော့တယ်။
"နင်က ငါ့ကို နှိပ်စက်ဖို့ပဲ သိတာ"
နင်က ငါ့ကို နှိပ်စက်ဖို့ပဲ သိတာ။
အဲဒီအိပ်မက်ထဲမှာလည်း ကျောက်အာက ဒီလိုမျိုး ပြောခဲ့ဖူးပေမဲ့၊ အခု အခြေအနေနဲ့ကတော့ လုံးဝ မတူပါဘူး။
တကယ်တော့ ပြန်စဉ်းစားကြည့်ရင် သူက သူမကို နှိပ်စက်ဖို့ပဲ တတ်တာ မဟုတ်လား။
သူမက ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ထင်နေမှန်း သိလို့၊ သူက ပိုပြီး နှိပ်စက်ခဲ့တာ ဖြစ်တယ်။ အမှန်ကတော့ သူ့ရင်ထဲမှာ စိတ်မဆိုးတော့ပေမဲ့၊ သူမက သူ့ကို ခဏခဏ တောင်းပန်နေတာကို မြင်ချင်သလို၊ ဒေါသထွက်ပေမဲ့ ထုတ်မပြောရဲတဲ့ သူမရဲ့ပုံစံလေးကို မြင်ရတာနဲ့၊ အလုပ်များပြီးနောက် အိမ်မှာ အထီးကျန်နေခဲ့ရတဲ့ စိတ်ညစ်မှုတွေကို ဖြေဖျောက်ချင်တာ ဖြစ်တယ်။
သူက နောက်ဆုံးမှာ အဲဒီအိပ်မက်ရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတာ ဖြစ်ပုံရပြီး၊ သူ့ရဲ့မူလစိတ်ထဲမှာ ဟိုးအရင်က ရမ်းကားတတ်တဲ့ လူငယ်လေးရဲ့ အရိပ်အယောင်တွေ ရှိနေသေးတာမလို့၊ သူမက သူ့ကို အရာရာ လိုက်လျောနေတာကို အခွင့်ကောင်းယူပြီး အတင့်ရဲရဲ နှိပ်စက်ခဲ့တာ ဖြစ်တယ်။ အဲဒီအိပ်မက်ကို ကြောက်နေလို့သာ သူက အဲဒီစိတ်တွေကို သေသေချာချာ ဖုံးထားခဲ့ပေမဲ့၊ မသိစိတ်နဲ့ဘဲ မူလစရိုက်က ပေါ်လာတာ ဖြစ်တယ်။
သူက သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး၊ မေးစေ့ကို သူမရဲ့လည်ပင်းကြားမှာ မြှုပ်ထားလိုက်တယ်။ "ငါ မှားသွားပါပြီ၊ နောင်ကို အဲဒီလို မလုပ်တော့ပါဘူး" သူက အလေးအနက် ပြောလိုက်တယ်။
"နင်က လူယုတ်မာပဲ၊ နင့်ကို ငါ စကားမပြောတော့ဘူး" ကျောက်အာက သူ့ကို အတင်း တွန်းဖယ်ပေမဲ့ တွန်းလို့ မရဘဲ၊ ရင်ထဲက အရာတစ်ခုက ရုတ်တရက် ပေါက်ကွဲသွားပြီး ငိုရင်းနဲ့တင် သူ့ကို ခဏခဏ တွန်းနေမိတော့တယ်။ "နင်က အရမ်း လွန်တာပဲ၊ ဘာလို့ အဲဒီလိုမျိုး လုပ်ရတာလဲ"
အဲဒီ "အဲဒီလိုမျိုး" ဆိုတာက ရွှီထင်းရှန်းက ကိုယ် စိတ်ဆိုးနေတာကို ပြဖို့အတွက်၊ ညတိုင်း ကျောက်အာရဲ့ လက်ကိုပဲ သုံးပြီး ဖြေရှင်းပြီး သူမကိုတော့ လုံးဝ ဂရုမစိုက်ဘဲ ထားခဲ့တဲ့ ကိစ္စကို ဆိုလိုတာ ဖြစ်တယ်။
193 04
ကျောက်အာက အဲဒီလို ပြောလိုက်တဲ့ အခါကျမှ ရွှီထင်းရှန်းကလည်း ကိုယ့်ရဲ့ လုပ်ရပ်က အမှန်တကယ် ရှက်ဖို့ကောင်းသလို အဓိပ္ပာယ် မရှိဘူးဆိုတာကို သိသွားတော့တယ်။
"ငါက တကယ်တော့ မင်းကို စနောက်ရုံတင်ပါ"
"စနောက်တာဟုတ်လား ညတိုင်း ငါ့ကို အဲ့ဒီလိုမျိုး နှိပ်စက်တာက စနောက်တာလား။ အစ်မ ရှေ့မှာလည်း ဒဏ်ရာရသလိုမျိုး ဟန်ဆောင်ပြီး ငါ့ကို အစ်မရဲ့ ဆူပူကြိမ်းမောင်းမှု ခံရအောင် လုပ်တာကလည်း စနောက်တာပဲလား" ကြည့်ရသည်မှာ ရွှီထင်းရှန်း အရင်က လုပ်ဆောင်ခဲ့သမျှကို ကျောက်အာအနေနဲ့ အကုန်လုံး သိရှိနေပုံ ရတယ်။ သူက ဘယ်လောက်ပဲ သည်းခံသလိုမျိုး ဟန်ဆောင်ပြပါစေ၊ ကျောက်တိက ညီမဖြစ်သူ ကောင်းစားစေရန်အတွက် ပိုမို၍သာ ဆူပူနေမှာ မဟုတ်လား။
ဒီစကားတွေကြောင့် ရွှီထင်းရှန်းက အရှက်ရသွားပြီး၊ မျက်နှာကို သူမရဲ့ ပုခုံးပေါ်မှာ တိုးဝှေ့ရင်း တိုးတိုးလေး ပြောလိုက်တယ်။ "မင်း ပြန်မလာမှာကို ငါက စိတ်ဆိုးနေလို့ပါ၊ ညတိုင်း မင်းကို ငါ အရမ်း လွမ်းနေခဲ့တာ၊ ရူးမတတ် လွမ်းနေခဲ့တာပါ။ ငါက မင်းကို နည်းနည်းလောက် နှိပ်စက်ချင်ရုံတင်ပါ၊ မင်းရဲ့ အာရုံတွေက ငါ့အပေါ်မှာ မရှိတော့ဘူးလို့ ခံစားရလို့၊ အဲဒီလိုနဲ့ လုပ်ရင်း လုပ်ရင်းနဲ့..." စွဲလမ်းသွားခဲ့တာ ဖြစ်တယ်။
ဒီစကားကြောင့် ကျောက်အာက သူ့ကို တွန်းဖယ်နေတဲ့ လှုပ်ရှားမှုတွေက ရုတ်တရက် ရပ်သွားခဲ့ရတယ်။
ရွှီထင်းရှန်းက အရင်ကလည်း ဒီလိုမျိုး စကားတွေကို မပြောခဲ့ဖူးတာ မဟုတ်ပေမဲ့၊ ဒီတစ်ခေါက်လိုမျိုး ကျောက်အာကို ရင်ခုန်သွားစေတာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။ နည်းနည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားသလို၊ ပြောမပြတတ်တဲ့ ခံစားချက် အများကြီးကလည်း ရင်ထဲမှာ လှုပ်ရှားနေခဲ့ပြီ ဖြစ်တယ်။
"မင်းကို ငါ လွမ်းတယ်၊ အရမ်း လွမ်းတာပဲ၊ ငါဆိုရင် မင်းဆီကို အပြေးအလွှား လိုက်လာပြီး အရာအားလုံးကို ပစ်ထားချင်တဲ့ စိတ်တွေတောင် ဖြစ်ခဲ့တာ။ တျန့်ဟိုင်လည်း မရှိဘူး၊ နန်းတွင်းလည်း မရှိဘူး၊ ဘာမှ မရှိဘဲနဲ့ မင်းဆီကိုပဲ လာချင်ခဲ့တာ"
တကယ်တော့ ရွှီထင်းရှန်းကလည်း အရမ်းပင်ပန်းနေခဲ့ပြီ ဖြစ်သလို၊ သူ ဘယ်လောက်တောင် ဖိအားတွေ ခံစားနေရလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ သူက အပြင်ပန်းမှာ တည်ငြိမ်ပြီး အရာရာကို ထိန်းချုပ်နိုင်သလို ပြနေပေမဲ့၊ လက်တွေ့မှာတော့ သူက အသက် နှစ်ဆယ်ကျော် လူငယ်လေး တစ်ယောက်ပဲ ရှိပါသေးတယ်။
သူ့ရဲ့ရန်သူတွေကတော့ တခြားသူတွေ မဟုတ်ဘဲ၊ အရာရှိလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်လာတဲ့ ပါးနပ်လှတဲ့ မြေခွေးအိုကြီးတွေပဲ ဖြစ်တယ်။ အဲဒီအိပ်မက် ရှိနေရင်ကော ဘာထူးမှာလဲ၊ အဲဒီလူက သူကိုယ်တိုင် မဟုတ်ပါဘူး။ အဲဒီအကွက်တွေက အရမ်း မြင့်မြတ်တယ် ထင်ရပေမဲ့ တစ်ကွက် မှားသွားတာနဲ့ သူက အသက်ပျောက်ရမယ့် အခြေအနေမျိုး ဖြစ်တယ်။
ဒါကြောင့် အရာရာ ငြိမ်းချမ်းသွားတဲ့ အချိန်မှာ၊ သူ့ရင်ထဲမှာ အမြဲတမ်း ဖိနှိပ်ထားခဲ့ရတဲ့ စိတ်ခံစားမှုတွေက ပေါက်ကွဲထွက်လာတာ ဖြစ်တယ်။
လူသားတွေက ကိုယ်နဲ့အနီးကပ်ဆုံးသူတွေကိုပဲ နာကျင်အောင် လုပ်တတ်ကြတာက၊ အဲဒီသူက ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကို စွန့်ခွာသွားမှာ မဟုတ်ဘူးဆိုတာ သိနေလို့ပဲ ဖြစ်တယ်။
အဲဒီအိပ်မက်ထဲက ရွှီထင်းရှန်းလိုမျိုး၊ အခု သူကိုယ်တိုင်လိုမျိုး၊ ဒါ့အပြင် ကျောက်အာလိုမျိုး ဖြစ်တယ်။
အရာအားလုံးက ရင်ထဲမှာ ရှိနေတဲ့ ယုံကြည်ချက် တစ်ခုကြောင့်ပဲ ဖြစ်တယ်။
"ကျောက်အာ... ငါ မင်းကို အရမ်း လွမ်းတယ်"
သူသည် သူမနှင့် အလွန် နီးကပ်နေခဲ့ပြီး မျက်နှာချင်း ဆိုင်နေခဲ့ပြီ ဖြစ်တယ်။
ဒီစိတ်ခံစားမှုတွေကို ထုတ်ပြတာနဲ့ လွမ်းတာတွေက၊ ကျိုးပေါက်သွားတဲ့ ဆည်ရေတွေလိုမျိုး သူမဆီကို တိုက်ရိုက် စီးဝင်လာခဲ့တယ်။
193 05
သူမက ဘာအကာအကွယ်မှ မရှိဘဲ အဲဒီခံစားချက်တွေကြားမှာ လုံးဝ နစ်မြုပ်သွားခဲ့ရတယ်။
ကျောက်အာက ရုတ်တရက် ငြိမ်သက်သွားခဲ့ပြီး မျက်တောင်များကို ချထားရင်း တိုးတိုးလေး ပြောလိုက်တယ်။ "တကယ်တော့ ငါလည်း နင့်ကို လွမ်းနေခဲ့တာပါ၊ ငါ ဒီတစ်ခါ ပြန်လာတာက အရာရာ အသားကျသွားပြီဆိုရင် အိမ်မှာပဲ အကြာကြီး နေဖို့ စိတ်ကူးထားတာပါ"
"တကယ်ပဲလား ကျောက်အာ... မင်းလည်း ငါ့ကို လွမ်းနေတာလား" ရွှီထင်းရှန်းရဲ့ မျက်လုံးတွေက ချက်ချင်းကို တောက်ပလာခဲ့ပြီ ဖြစ်တယ်။
ကျောက်အာက သူ့ရဲ့တုံ့ပြန်မှုကြောင့် နည်းနည်း အံ့ဩသွားပေမဲ့၊ သူက ခဏခဏ ထပ်မေးနေတာကြောင့် မစဉ်းစားတော့ဘဲ ခေါင်းညိတ်ပြလိုက်တယ်။ ဒါပေမဲ့ သူမ ခေါင်းညိတ်ရုံနဲ့ မလုံလောက်ဘဲ၊ ရွှီထင်းရှန်းက အဲဒီစကားကို တစ်ခါ၊ နှစ်ခါနဲ့ အကြိမ်ကြိမ် ထပ်ပြောခိုင်းနေခဲ့တယ်။
တစ်ချိန်တည်းမှာပဲ သူ့ရဲ့အနမ်းတွေကလည်း မုန်တိုင်းတစ်ခုလို ရောက်လာခဲ့တော့တယ်။
နှစ်ယောက်သား တစ်သားတည်း ဖြစ်သွားကြတော့မှပဲ ကျောက်အာက ဒီနေ့ ရွှီထင်းရှန်းက အရမ်းကို တက်ကြွနေတာကို သိလိုက်ရပြီး၊ သူမ ပြောလိုက်တဲ့ စကားလုံးတိုင်းက သူ့ကို ပိုပြီး စိတ်လှုပ်ရှားစေပုံ ရနေခဲ့တယ်။
အပြင်ဘက်မှာ မိုးလင်းနေပြီ ဖြစ်ပေမဲ့၊ နှစ်ယောက်သားကတော့ ကုတင်ပေါ်က မထကြသေးပါဘူး။
ရှောင်ဟုန်းက တစ်ခေါက် လာမေးပေမဲ့ ကျောက်အာက ထတော့မယ်လို့ ပြောဖို့ ပြင်နေတုန်းမှာပဲ ရွှီထင်းရှန်းက တားလိုက်တယ်။
ရက်ပေါင်းများစွာ ပင်ပန်းနေခဲ့လို့၊ ဒီနေ့မှာတော့ ကောင်းကောင်း အနားယူမယ်လို့ သူက ပြောတယ်။
နှစ်ယောက်သားက ကုတင်ပေါ်မှာ ဘာမှ မလုပ်ဘဲ လှဲနေကြရုံပဲ ရှိနေခဲ့တယ်။
ရွှီထင်းရှန်းက အရမ်းကို စိတ်ကြည်လင်နေပုံရပြီး ခဏကြာရင် ကျောက်အာရဲ့ဆံပင်တွေကို ပွတ်လိုက်၊ ခဏကြာရင် သူမရဲ့ နားရွက်ကလေးကို ညှစ်လိုက်၊ ခဏကြာရင် ပါးပြင်ကို တို့လိုက်နဲ့ အလုပ်ရှုပ်နေသလို၊ သူမရဲ့ ကိုယ်ပေါ်မှာ မှောက်ပြီးနေရင်း နဖူးနဲ့ ပါးပြင်တွေကို ခဏခဏ နမ်းနေခဲ့တယ်။
ကျောက်အာအတွက်တော့ ဒီခံစားချက်က ဟိုးအရင်က ဟေးကျစ်ကို စမွေးတုန်းကလိုမျိုး ဖြစ်နေပြီး၊ အမြီးကို တယမ်းယမ်းနဲ့ သူမရဲ့ ခြေထောက်နားမှာ လှည့်ပတ်နေသလိုမျိုး ခံစားရစေတယ်။ လက်ဝါးလောက်ပဲ ရှိတဲ့ အဲဒီခွေးလေးက သူမရဲ့ ဘောင်းဘီနားကို ဆွဲရတာကို ကြိုက်သလို၊ ဖိနပ်ပေါ်မှာ မှောက်နေရင်း သူမကို ထွက်သွားခွင့် မပေးဘဲ တားနေတတ်တာ မဟုတ်လား။
"မြန်မြန် ထကြစို့"
"ဘာလို့ လောနေတာလဲ" ရွှီထင်းရှန်းက ပျင်းရိစွာဖြင့် လဲလျောင်းနေပြီး လှုပ်ရှားခြင်း မရှိပါဘူး။
"ခဏနေရင် ဟုန်းအာ ရောက်လာလိမ့်မယ်။ နောက်ပြီး အစ်မကလည်း ငါတို့ မထသေးတာကို မြင်ရင် လူလွှတ်ပြီး လာမေးမှာ အသေအချာပဲ"
မျှော်လင့်ထားတဲ့အတိုင်းကို စကားမဆုံးသေးမီမှာ အပြင်ဘက်ကနေ ရှောင်ဟုန်း ရောက်လာပြန်တယ်။
"ကတော်ကြီး... အစ်မက ဘယ်အချိန်မှာ ထမလဲလို့ လူလွှတ်ပြီး မေးခိုင်းလိုက်ပါတယ်"
"တွေ့လား တွေ့လား... မြန်မြန် ထကြစို့" ကျောက်အာက စိုးရိမ်တကြီး ပြောလိုက်တယ်။
"ဘာလို့ လောနေတာလဲ။ အစ်မကို သွားပြောလိုက်... ငါနဲ့ ကတော်ကြီး ခဏနေရင် ထလာမယ်လို့"
193 06
အပြင်ဘက်ရှိ ရှောင်ဟုန်းက သခင်ကြီးရဲ့စကားကို ကြားရတဲ့အခါ အမြန်ပြန်လည်ဖြေကြားပြီး ထွက်ခွာသွားတော့တယ်။
"တွေ့လား... ဒါဆိုရင် ပြေလည်သွားပြီ မဟုတ်လား" သူက ဂုဏ်ယူစွာနဲ့ သူမကို ပြောလိုက်တယ်။
ကျောက်အာမှာ မျက်နှာကိုသာ အုပ်ထားလိုက်ချင်တော့တယ်။
ဘာပဲဖြစ်ဖြစ် အစ်မဖြစ်သူရှေ့မှာ အရှက်ကွဲပြီးပြီ ဖြစ်ရာ၊ ကျောက်အာကလည်း ဘာမှ မထူးတော့ပါဘူး သဘောထားလိုက်တော့တယ်။
"နင်က အတင်း နှောင့်ယှက်ပြီး မထခိုင်းဘူး၊ ဒီနေ့ အိမ်ကို ဧည့်သည်တွေ လာဦးမှာကို၊ နင် ဘယ်လို လုပ်မလဲ ကြည့်သေးတာပေါ့"
"သူတို့ကို စောင့်ခိုင်းထားလိုက်မယ်"
"ဒါဆိုရင်လည်း ငါ့ကို ခဏလောက် အိပ်ခွင့်ပေးပါဦး၊ လာပြီး မနှောင့်ယှက်နဲ့တော့" ပြောရင်းနှင့်ကို ကျောက်အာက ကုတင်ရဲ့ အတွင်းဘက်ကို တိုးဝင်သွားပြီး၊ စောင်ကို တင်းတင်းကြပ်ကြပ် ခြုံထားလိုက်ကာ ထိုလူယုတ်မာ လာရောက်မနှောင့်ယှက်နိုင်အောင် ကာကွယ်လိုက်တယ်။
ကျောက်အာက စောင်ကို ပိုးအိမ်တစ်ခုလို တင်းတင်းကြပ်ကြပ် ပတ်ထားလို့ မျက်နှာက မပေါ်တော့ဘဲ ဆံပင်နည်းနည်းပဲ မြင်နေရတယ်။ သူမ ထင်တဲ့အတိုင်းပဲ ခဏကြာတော့ ရွှီထင်းရှန်း ရောက်လာပြီး၊ စောင်ကို ဆွဲပေမဲ့ ဆွဲလို့မရတာကြောင့် သူမရဲ့အရှေ့ကို လှည့်လာခဲ့ပေမဲ့ သူမကတော့ ဆံပင်တွေကိုပဲ ပြထားခဲ့တာ ဖြစ်တယ်။
ဒါပေမဲ့ သူက လက်မလျှော့ဘဲ ကျောက်အာရဲ့ မျက်နှာကို စောင်ထဲကနေ မနည်း ဆွဲထုတ်ခဲ့တယ်။
ကျောက်အာက မျက်လုံးတွေကို တင်းတင်းပိတ်ပြီး အိပ်ပျော်နေသလို ဟန်ဆောင်နေပေမဲ့၊ သူကတော့ လက်ချောင်းလေးတွေနဲ့ သူမရဲ့ပါးကို တို့နေခဲ့ပြန်တယ်။
တစ်ချက်၊ နှစ်ချက်၊ သုံးလေးချက်။
ကျောက်အာက စောင်ကို ရုတ်တရက် လှန်ချလိုက်ပြီး၊ မျက်လုံးကို ဖွင့်ပြီး သူ့ကို စိုက်ကြည့်လိုက်တယ်။
“နင် တကယ်ပဲ ဘာလုပ်ချင်နေတာလဲ”
ဒါပေမဲ့ သူ့ရဲ့မျက်နှာကို မြင်လိုက်ရတဲ့ အခါမှာ၊ မနေ့ညက သူမကို လွမ်းနေတာနဲ့ ချစ်တဲ့အကြောင်းကို အတင်းအကျပ် ပြောခိုင်းခဲ့တာတွေကို ပြန်သတိရသွားလို့၊ မျက်နှာက ချက်ချင်းပဲ နီမြန်းသွားပြီး စကားသံကလည်း အဆုံးမှာ တိုးသွားခဲ့ရတယ်။
"ငါ ဘာမှ မလုပ်ချင်ပါဘူး၊ မင်းကကော ငါ့ကို ဘာလုပ်စေချင်လို့လဲ"
ရွှီအရာရှိချုပ်ကြီးမှာ လူယုတ်မာ လုပ်နေခဲ့ပြီ ဖြစ်တယ်။
ကျောက်အာက လမ်းပေါ်ကို ပြေးထွက်ကာ အားလုံးကို အော်ဟစ် အသိပေးလိုက်ချင်တော့တယ်။ ဒါပေါ့... ဒါက တွေးကြည့်ရုံသာ ရှိပါသေးတယ်၊ ဒီလို လူယုတ်မာ ယောက်ျားကို သူမအနေနဲ့ ဘာမှ မတတ်နိုင်တာကြောင့် လေသံကို လျှော့ကာ တောင်းပန်လိုက်ရတော့တယ်။ "ငါ့ကို ခဏလောက် အိပ်ခွင့်ပေးပါဦး၊ မနေ့ညက တစ်ညလုံး မအိပ်ရသေးဘူးလေ"
"မင်း အိပ်ချင်ရင် အိပ်လေ၊ ငါ မင်းကို မနှောင့်ယှက်ပါဘူး"
နင့်စကားကို ယုံရင် ငါက အရူးပဲ။
ဘာလို့ လူတစ်ယောက်ယောက် လာပြီး သူ့ကို ခေါ်မသွားတာလဲ။
ကျောက်အာ ဒီလို တွေးတောနေစဉ်မှာကို လူတစ်ယောက် ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်။
193 07
ဒီတစ်ခေါက်မှာတော့ ကန်းစစ်ကဲဖြစ်ပြီး... မဟုတ်ပါဘူး၊ အခုဆို စစ်သူကြီးအဖြစ် ရာထူးတိုးသွားပြီ ဖြစ်လို့ ရွှီအိမ်တော်ကို ရွှီထင်းရှန်းကို အရေးကြီးကိစ္စနဲ့ လာရှာတာ ဖြစ်တယ်။
ကန်းစစ်သူကြီးက အရမ်းကို လောနေပြီး၊ အရေးကြီးတဲ့ကိစ္စ တိုင်ပင်ဖို့ ရှိတယ်လို့ ပြောလိုက်တယ်။
ဒါကို မြင်တော့ ရွှီထင်းရှန်းက အမြန်ထပြီး သူ့ကို သွားတွေ့ခဲ့ရတယ်။
ရွှမ်းယွီကျွန်း တိုက်ခိုက်ခံလိုက်ရတာ ဖြစ်တယ်။
အလုပ်ကို အမြန်ပြီးစေချင်လို့၊ နှစ်သစ်ကူး ငါးရက်မြောက်နေ့ကတည်းက ရွှမ်းယွီကျွန်းက အလုပ်တွေကို စခဲ့တာ ဖြစ်တယ်။
လုပ်အားခကိုလည်း နှစ်ဆ ပေးထားလို့ ခရိုင်ထဲက အလုပ်သမားတွေကလည်း လိုလိုလားလား ရှိကြတယ်။ အရင်က အစိုးရက အလုပ်ခိုင်းရင် လုပ်အားခ မရပေမဲ့၊ အခု အလုပ်လုပ်ရတာက အပြင်မှာ အလုပ်ကြမ်း လုပ်ရတာထက် ပိုကောင်းတာကြောင့် ဘယ်သူမှ မငြင်းကြပါဘူး။
ဒါကြောင့် အသည်းအသန် လုပ်ခဲ့ကြလို့၊ အခုဆိုရင် ရွှမ်းယွီကျွန်းရဲ့ အသွင်အပြင်က အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်တယ်။
အိမ်တန်းကြီး အများကြီးက မြေပြင်ကနေ ထိုးထွက်လာခဲ့ကြပြီး၊ အလယ်ပိုင်းမှာတော့ စီးပွားရေး ဆိုင်ခန်းတွေ ရှိပြီး နေရာ လေးခု ခွဲထားတာ ဖြစ်တယ်။ အပြင်ဘက်မှာတော့ နေအိမ်တွေ၊ စားသောက်ဆိုင်တွေ၊ တည်းခိုခန်းတွေ ရှိနေသလို၊ ဂိုဒေါင် ဧရိယာကိုလည်း နှစ်နေရာ ခွဲပြီး ဆောက်ထားတာမလို့၊ အကြီးစား တစ်ခုက ကျွန်းရဲ့ အလယ်မှာ ကုန်သွယ်ရေးဌာနနဲ့ ကပ်လျက် ရှိနေပြီး၊ အငယ်စား တစ်ခုကတော့ ဆိပ်ကမ်းမှာ ရှိနေခဲ့တယ်။
အားလုံးက အပြာရောင် အုတ်တွေနဲ့ မီးခိုးရောင် အမိုးတွေနဲ့ တစ်ပုံစံတည်း ဖြစ်တာကြောင့်၊ အဝေးက ကြည့်ရင် ကျွန်းပေါ်မှာ မီးခိုးရောင် မြို့တော်ကြီး တစ်ခု ပေါ်လာသလိုမျိုး ဖြစ်နေခဲ့တယ်။
မြို့ရိုးတွေလည်း ပါပေမဲ့၊ မြို့ရိုး ဆောက်တာက ကြီးမားတဲ့ အလုပ်ဖြစ်လို့ ကျောက်တုံးတွေကို ဖြည်းဖြည်းချင်း ထုပြီး ဆောက်နေတုန်းပဲ ဖြစ်တယ်။ လက်ရှိ အခြေအနေအရ ဆိုရင် မတ်လ မတိုင်ခင်မှာပဲ ရွှမ်းယွီကျွန်းကို စတင် သုံးလို့ရမှာ ဖြစ်ပေမဲ့၊ အခုတော့ တိုက်ခိုက်ခံလိုက်ရပြီ ဖြစ်တယ်။
ဒီကိစ္စကို ရွှီထင်းရှန်းတို့ ကြိုတင် ကာကွယ်ထားလို့၊ ရွှမ်းယွီကျွန်း ပတ်ပတ်လည်မှာ တိုက်သင်္ဘောတွေ ကင်းလှည့်နေပေမဲ့၊ ဒီတစ်ခေါက်မှာ ရန်သူက အရမ်း ပါးနပ်လွန်းလို့ လူတွေ သတိမထားမိတဲ့ အချိန်မှာ ရုတ်တရက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ ကင်းလှည့်နေတဲ့ လူတွေ ချက်ချင်း ပြန်ရောက်လာပေမဲ့၊ ကျွန်းပေါ်က အလုပ်သမားတချို့ကတော့ ဒဏ်ရာ ရသွားကြရတယ်။
"လူတစ်စုပါပဲ၊ ဝတ်စားထားတဲ့ ပုံစံအရ ဘယ်ဘက်က လူတွေလဲဆိုတာ ခွဲခြားလို့ မရပါဘူး။ လူအင်အားလည်း သိပ်မများသလို၊ သင်္ဘောတွေကလည်း အပေါ့စား အမျိုးအစားတွေ ဖြစ်တာကြောင့် ကျွန်တော်တို့ လိုက်မမီခဲ့ပါဘူး"
သင်္ဘောပေါ်ကို ရောက်တဲ့အခါမှာ ကန်းစစ်သူကြီးက မျက်နှာပျက်ပျက်နဲ့ ပြောလိုက်တယ်။
ကုန်သွယ်ရေးဌာနဘက်မှာ အနားမနေဘဲ အလုပ်ရှုပ်နေတုန်းမှာပဲ၊ ကော်ကျွီခံတပ်ဘက်မှာလည်း အားမနေပါဘူး။ အခု ကန်းရုံဟိုင်က စစ်သေနာပတိအဖြစ် ရာထူးတိုးသွားပြီ ဖြစ်လို့ အရာရာကို ကိုယ့်စိတ်ကြိုက် စေခိုင်းနိုင်ခဲ့ပြီ ဖြစ်တယ်။
အဟောင်းတွေကို ပြုပြင်ပြောင်းလဲတာ၊ စစ်သည်အသစ်တွေကို လေ့ကျင့်ပေးတာတွေနဲ့ အရမ်းကို အလုပ်များနေခဲ့ကြတယ်။ ကန်းရုံဟိုင်က ကိုယ့်တာဝန်က ဘာလဲဆိုတာကို သိနေပြီ ဖြစ်ပြီး၊ အဲဒါက ကုန်သွယ်ရေးဌာနအတွက် နိုင်ငံတကာ ဆိပ်ကမ်းတစ်ခု တည်ထောင်ဖို့ ကူညီပေးဖို့ပဲ ဖြစ်တယ်။
ရွှီထင်းရှန်းက အရင်က သူ့စိတ်ကူးတွေကို ပြောပြခဲ့ဖူးလို့ အဲဒီစိတ်ကူးကို ကန်းရုံဟိုင် တွေးမိတိုင်း ရင်ခုန်တုန်လှုပ်သွားရလေ့ ရှိတယ်။
193 08
ဒါက စိတ်လှုပ်ရှားမှုကြောင့် ဖြစ်တယ်။
တကယ်လို့သာ အဲဒီလို စည်ကားတဲ့ မြင်ကွင်းကို အမှန်တကယ် ဖော်ဆောင်နိုင်မယ်ဆိုရင်၊ ဒါဟာ ကြီးမားတဲ့ ကုသိုလ်ထူးကြီး ဖြစ်သလို၊ ရာထူးဂုဏ်ထူးတွေ ရဖို့ကလည်း လက်တစ်ကမ်းမှာပဲ ရှိနေမှာ ဖြစ်တယ်။
အရာရာက အရမ်း ချောချောမွေ့မွေ့ တိုးတက်နေတုန်းမှာပဲ၊ ဘယ်သူ ထင်မှာလဲ... အခုလို အချိန်မျိုးမှာ ပြဿနာ ဖြစ်လာလိမ့်မယ်လို့။
"ငါတို့တွေ ဘယ်လောက်အထိ သူတစ်ပါးရဲ့ ထမင်းအိုးကို သွားနှိုက်မိထားသလဲ ဆိုတာကို မင်း သိပါတယ်၊ နန်းတွင်းက ဘာလို့ ဒီကုန်သွယ်ရေးဌာန တစ်ခုတည်းကိုပဲ အရင် ဖွင့်ခိုင်းရတာလဲ၊ နေရာအနှံ့မှာ ဘာလို့ တစ်ပြိုင်တည်း မဖွင့်တာလဲ ဆိုတာကတော့၊ နန်းတွင်းမှာ တားဆီးနေတဲ့သူတွေ ရှိနေလို့ပဲ။ တကယ်လို့ ငါတို့ ဒီနေရာမှာသာ အမှားအယွင်း တစ်ခုခု ဖြစ်သွားခဲ့ရင်၊ အဲဒီလူတွေက ပိုပြီးတော့ အကြောင်းပြချက်တွေ ပြလာကြလိမ့်မယ်၊ ဒါကြောင့် တစ်စုံတစ်ယောက်က ကြားထဲကနေ ပြဿနာရှာတာကို မင်း အံ့ဩမနေသင့်ပါဘူး"
"ကျွန်တော်မျိုးဘက်က ဂရုမစိုက်မိတာ ပါဝင်သွားခဲ့ပါတယ်" ကန်းရုံဟိုင်က ခပ်ညှိုးညှိုး ပြုံးလိုက်တော့တယ်။
******
194 01
အခန်း (၁၉၄)
လူနှစ်ယောက်က ရွှမ်းယွီကျွန်းကို အမြန်ရောက်လာတဲ့အခါ၊ အဲဒီအချိန်မှာ ကျွန်းပေါ်မှာ အရာရာက ဖရိုဖရဲ ဖြစ်နေခဲ့တယ်။
အဲဒီလူတွေက အဝတ်အစား ပေါ့ပေါ့ပါးပါးနဲ့ လာကြတာဖြစ်ပြီး၊ နှောင့်ယှက်ဖျက်ဆီးဖို့ပဲ ရည်ရွယ်ပုံရတယ်။
ကျွန်းပေါ်ကို တက်လာတာနဲ့ သူတို့က ကျွန်းရဲ့ အလယ်ဗဟိုကို တန်းတန်းမတ်မတ် ဦးတည်သွားပြီး၊ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်။
ကျွန်းပေါ်မှာ ခံတပ်က စစ်သည်တွေ စောင့်နေခဲ့ပြီး၊ လူအင်အား တစ်ရာကျော်လောက် ရှိပေမဲ့ ရန်သူကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။
ရန်သူ့ဘက်မှာ လူအင်အား သုံးဆယ်ကျော်ပဲ ရှိပေမဲ့၊ အားလုံးက မီးပေါက်လက်နက်တွေကို ကိုင်ထားကြတာကြောင့် ဖြစ်တယ်။
အခုခေတ်မှာ သုံးနေကြတဲ့ ငှက်ပစ်သေနတ်နဲ့ သုံးလုံးပူးသေနတ်လိုမျိုး လက်နက်တွေက ယမ်းတောင့်တွေကို သုံးရတာ ဖြစ်တယ်။
အဲဒီအထဲမှာ ကျည်ဆန် နှစ်မျိုး ရှိနေပြီး၊ တစ်မျိုးက ယမ်းနဲ့ သံကျည်အစစ်ကို တွဲထားတာ ဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ အထဲမှာ သံမှုန့်တွေ၊ ကြွေထည် အပိုင်းအစတွေနဲ့ ကျောက်စရစ်ခဲတွေ ရောထည့်ထားတဲ့ ကျည်ပျံ့ အမျိုးအစား ဖြစ်တယ်။
ဒီတစ်ခေါက် တိုက်ခိုက်တဲ့သူတွေ သုံးခဲ့တာက အဲဒီကျည်ပျံ့ အမျိုးအစား ငှက်ပစ်သေနတ်တွေ ဖြစ်ပြီး၊ ဒီလက်နက်က အရမ်းကို ရက်စက်သလို ထိခိုက်မှု အတိုင်းအတာကလည်း အရမ်း ကျယ်ပြန့်တာကြောင့်၊ လက်ရှိ အခြေအနေမှာ အသုံးအများဆုံး မီးပေါက်လက်နက် တစ်မျိုး ဖြစ်တယ်။
ရန်သူကို နှိမ်နင်းဖို့အတွက် ဆိုရင်တော့ အရမ်း ကောင်းပေမဲ့၊ တကယ်လို့သာ ကိုယ့်လူတွေ အဲဒီကျည်ပျံ့ ထိမှန်သွားမယ်ဆိုရင် ကြည့်မကောင်းလောက်အောင်ကို ဆိုးရွားတာ ဖြစ်တယ်။
ခံတပ်က စစ်သည် တစ်ယောက်က နေရာမှာတင် ပွဲချင်းပြီး သေသွားခဲ့ရသလို၊ တခြား ဒဏ်ရာရတဲ့သူတွေကလည်း မနည်းပါဘူး။ ရွှီထင်းရှန်းတို့ နှစ်ယောက် ရောက်လာတဲ့ အခါမှာ၊ ဒဏ်ရာရတဲ့သူတွေကို ထားတဲ့ စခန်းထဲမှာ အော်ဟစ် ညည်းညူသံတွေ ပျံ့နေခဲ့ပြီ ဖြစ်တယ်။
သင်္ဘောနဲ့အတူ လိုက်ပါလာတဲ့သူတွေထဲမှာ ကန်းရုံဟိုင် ရှာလာတဲ့ ဆေးဆရာတွေလည်း ပါဝင်နေပြီး၊ တျန့်ဟိုင်ခရိုင်က ဆေးခန်း နှစ်ခုစလုံးက ဆေးဆရာတွေနဲ့ ခံတပ်က စစ်ဆေးဆရာတွေကိုလည်း ခေါ်လာခဲ့တာ ဖြစ်တယ်။
လူအုပ်ကြီး ရောက်လာတာနဲ့ ရွှီထင်းရှန်းက ဆေးဆရာတွေကို အမြန်ပဲ ဒဏ်ရာတွေ ကုပေးဖို့ အမိန့်ပေးလိုက်တယ်။
ဒါပေမဲ့ လူအင်အားက လုံးဝ မလုံလောက်ခဲ့ပါဘူး။ ဒီလို ငှက်ပစ်သေနတ်မျိုးက လူကို သေစေဖို့ မလွယ်ပေမဲ့ ထိခိုက်မှုကတော့ အရမ်း ကြီးမားပြီး၊ ဒဏ်ရာတွေကလည်း အရမ်း ကျယ်ပြန့်လှသလို၊ အသားထဲမှာ မြှုပ်နေတဲ့ ကျောက်ခဲတွေနဲ့ သံမှုန့်တွေက ဒဏ်ရာကို ကုတဲ့နေရာမှာ အခက်အခဲ အများကြီး ဖြစ်စေခဲ့တယ်။
ခံတပ်က စစ်သည်တွေကတော့ အခြေအနေ ကောင်းသေးပြီး၊ စစ်သူကြီး ရောက်လာတာကို မြင်တဲ့အခါ သွားကို တင်းတင်းကြိတ်ပြီး အောင့်ခံနေကြတယ်။ စစ်သည် လူငယ်လေး တစ်ယောက်ကတော့ သူ့ရဲ့ ဘယ်ဘက် ပုခုံးမှာ သွေးချင်းချင်းနီပြီး အသားတွေ လန်ထွက်နေပေမဲ့၊ ဘာမှ မဖြစ်သလိုမျိုး အတင်း အောင့်ထားနေခဲ့တယ်။
ထူးခြားတာက ဒဏ်ရာရထားတဲ့ အလုပ်သမားတွေကတော့ တကယ့်ကို ကိုင်တွယ်ရ ခက်နေတာ ဖြစ်တယ်။ သူတို့က သာမန် ပြည်သူတွေပဲမလို့ ဒီလို မြင်ကွင်းမျိုးကို တစ်ခါမှ မကြုံဖူးကြလို့ နာကျင်လို့ စူးစူးဝါးဝါး အော်နေကြသလို၊ သူတို့ သေတော့မယ်ဆိုပြီးလည်း တစာစာ အော်နေကြတော့တယ်။
194 02
ကန်းရုံဟိုင်က မျက်နှာပျက်ပျက်နဲ့ ဒီမြင်ကွင်းကို စိုက်ကြည့်နေသလို၊ ရွှီထင်းရှန်းရဲ့ မျက်နှာကလည်း အရမ်းကို ညှိုးနွမ်းနေပြီ ဖြစ်တယ်။
"ကျွန်တော် အရင်ဆုံး အလုပ်သမားတွေကို သွားကြည့်လိုက်ဦးမယ်" ရွှီထင်းရှန်းက ပြောပြီးတဲ့နောက်၊ ဒီတဲထဲကနေ ထွက်ပြီး ဘေးနားက တခြားတဲတွေထဲကို ဝင်သွားခဲ့တယ်။
ဒီတဲတွေက ပုံမှန်ဆိုရင် စစ်သည်တွေနဲ့ အလုပ်သမားတွေ နေဖို့ ဖြစ်ပေမဲ့၊ အခုတော့ အကြီးဆုံးတဲတချို့ကို ဒဏ်ရာရတဲ့သူတွေကို ထားဖို့ သုံးနေတာ ဖြစ်တယ်။
"ရွှီသခင်ကြီး... ကျွန်တော်မျိုးတို့ သေသွားမှာလား"
"ရွှီသခင်ကြီး..." ရွှီထင်းရှန်းက ကျွန်းပေါ်ကို အမြဲတမ်း ကင်းလှည့် လေ့ရှိတာကြောင့် အလုပ်သမား အများစုက သူ့ကို သိနေကြပြီ။ သူ ရောက်လာတာကို မြင်တွေ့ရတဲ့အခါ အားကိုးတကြီး လှမ်းခေါ်ဆိုကြတော့တယ်။
ရွှီထင်းရှန်းက နှုတ်ခမ်းကို တင်းတင်းစိထားရင်း "မသေပါဘူး၊ အားလုံး ကျွန်တော့်ကို ယုံကြည်ကြပါ အခု ဆေးဆရာတွေက ဒဏ်ရာတွေကို ကုသပေးနေပါပြီ၊ လူအင်အား နည်းနေတာကြောင့် တစ်ယောက်ချင်းစီပဲ လုပ်ဆောင်ပေးနိုင်တာကို နားလည်ပေးကြပါ။ ဒီကိစ္စအတွက် ကျွန်တော်မျိုး တကယ့်ကို အားနာမိပါတယ်၊ မင်းတို့ စိတ်ချကြပါ... အခု ဒဏ်ရာရသွားတဲ့သူတွေ အားလုံးကို လုပ်အားခတွေ အပြည့် ပေးအပ်သွားမှာ ဖြစ်သလို၊ လျော်ကြေးငွေတွေကိုလည်း သီးသန့် ထောက်ပံ့ပေးသွားမှာပါ"
"ဒဏ်ရာတွေ ကုသပြီးသွားရင်တော့၊ မင်းတို့ အိမ်ကို ပြန်ပြီး ကောင်းကောင်း အနားယူကြပါ၊ အမြန်ဆုံး နေကောင်းလာအောင်လည်း ဂရုစိုက်ကြပါ။ တကယ်လို့သာ မသန်စွမ်း ဖြစ်သွားခဲ့မယ်ဆိုရင်လည်း၊ ကုန်သွယ်ရေးဌာနနဲ့ ခရိုင်ဝန်ရုံးက အစအဆုံး တာဝန်ယူပေးသွားမှာ ဖြစ်တာကြောင့်၊ အားလုံးပဲ စိုးရိမ်မနေကြပါနဲ့၊ တည်တည်ငြိမ်ငြိမ်ပဲ နေကြပါ၊ ဒါမှသာ သွေးထွက်တာကို လျှော့ချနိုင်မှာ ဖြစ်တယ်" သူက နှစ်သိမ့်လိုက်တယ်။
"ဟုတ်ပါတယ်... အားလုံးပဲ စိတ်ကို အေးအေးထားကြပါ၊ အခု ဆေးဆရာတွေ အားလုံး ဒီမှာရှိနေကြတာပဲ။ ဘေးနားက တဲထဲမှာ ရှိနေတဲ့ စစ်သည်တွေတောင်မှ မင်းတို့ရဲ့ အနောက်မှာပဲ အလှည့် စောင့်နေကြတာပါ၊ မင်းတို့ တည်တည်ငြိမ်ငြိမ်နဲ့ ဆေးဆရာတွေကို ကူညီပေးကြပါ၊ ဒါမှသာ အလုပ်တွေ ပိုပြီး မြန်ဆန်မှာ ဖြစ်တယ်" ဘေးနားက ကြီးကြပ်သူတစ်ဦးကလည်း ဝင်ရောက်ပြောဆိုလိုက်တယ်။
ဒီလိုပြောလိုက်တော့မှပဲ အလုပ်သမားတွေက နည်းနည်း ငြိမ်သွားကြတော့တယ်။
အမှန်တော့ သူတို့ရင်ထဲမှာ တခြားစိတ်ကူးတွေ မရှိပါဘူး။ ဒဏ်ရာရတဲ့သူ များနေလို့ သူတို့လို သာမန်လူတွေကို ပစ်ထားမလားဆိုပြီး စိုးရိမ်နေကြတာ ဖြစ်တယ်။ အခုအရာရှိကြီးတွေက သူတို့နောက်မှာပဲ အလှည့်စောင့်နေကြတယ်လို့ ကြားလိုက်ရတော့၊ သူတို့ဘက်ကလည်း ထပ်ပြီး ဘာမှပြောစရာမရှိတော့ပါဘူး။
တဲအသီးသီးထဲမှာ ကုသတာတွေကို စနစ်တကျ လုပ်နေတာ မြင်ရတော့မှပဲ ရွှီထင်းရှန်းက အပြင်ကို ထွက်ခဲ့တော့တယ်။
ကန်းရုံဟိုင်လည်း တခြားနေရာကနေ ထွက်လာပြီး၊ မျက်မှောင်ကြုတ်နေသလို မျက်နှာကလည်း အရမ်း မည်းမှောင်နေတာမလို့၊ ရင်ထဲမှာ နာကျည်းမှုတွေ အများကြီး ရှိနေတာ သိသာလှတယ်။ တကယ်လို့သာ အဲဒီလူတွေကို ဖမ်းမိခဲ့ရင်၊ အခုချိန်မှာ သူက အဲဒီလူတွေကို အစိပ်စိပ်အမွှာမွှာ ခုတ်ထစ်ပစ်ဖို့ ခိုင်းမှာကတော့ အသေအချာပဲ။
"သေရမှာကို မကြောက်တဲ့ ကောင်တွေ" သူက သစ်တိုင်တစ်ခုကို လက်သီးနဲ့ အရှိန်ပြင်းပြင်း ထိုးနှက်လိုက်တာကြောင့် လက်မောင်းခန့် အထူရှိတဲ့ သစ်တိုင်က ကျိုးပဲ့သွားခဲ့ရတယ်။
"ငါတို့ကို တိုက်ခိုက်သွားတာ ဘယ်ဘက်က လူတွေလဲဆိုတာ၊ မင်းရဲ့ ရင်ထဲမှာ ခန့်မှန်းမိတာ ရှိလား"
194 03
"ခုနက ဒဏ်ရာရထားတဲ့ စစ်သည်တွေကို ကျွန်တော်မျိုး မေးကြည့်ခဲ့ပါတယ်၊ ဒီလူတွေမှာ တစ်သမဟုတ်တည်း ဝတ်စားထားတာမျိုး မရှိသလို၊ ထူးခြားတဲ့ အမှတ်အသားလည်း ဘာမှမရှိပါဘူး၊ တစ်ခုတည်းသော အချက်ကတော့ သူတို့ဆီမှာ ငှက်ပစ်သေနတ် ဆယ်ကျော်လက် ပါလာတာပါပဲ။ ခုနက လူတွေကို လိုက်ဖမ်းတဲ့ ပိုင်ဟူကို ခေါ်ပြီးတော့ အသေးစိတ် ထပ်မေးကြည့်လိုက်ပါ့မယ်"
နှစ်ယောက်သားက တဲတစ်ခုထဲမှာ ဝင်ထိုင်လိုက်ကြပေမဲ့၊ ဒီနေရာရဲ့ အခြေအနေက အရမ်းကို ညံ့တာကြောင့် ဧည့်ခံဖို့ လက်ဖက်ရည်ကြမ်းတောင် မရှိပါဘူး။
ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာ သူတို့နှစ်ယောက်လုံးက လက်ဖက်ရည်ကြမ်း သောက်ချင်တဲ့ စိတ်လည်း မရှိကြပါဘူး။
မျိုးရိုးရွှီဖြစ်တဲ့ ပိုင်ဟူက မကြာခင်မှာပဲ ရောက်လာပြီး၊ သူက အသက် လေးဆယ်ကျော်လောက် ရှိကာ ကိုယ်လုံးက ပုပေမဲ့ ကြံ့ခိုင်ထက်မြက်တဲ့ အသွင်ရှိတဲ့ လူလတ်ပိုင်း တစ်ယောက် ဖြစ်တယ်။
"အဲဒီလူတွေက အလွန် မြန်မြန် ထွက်ပြေးသွားကြတာပါ၊ သူတို့ သုံးသွားတာက သဲတင်သင်္ဘော အငယ်စားတွေ ဖြစ်ပေမဲ့၊ အဲဒီသင်္ဘောတွေကို ပြုပြင်ထားပုံ ရပါတယ်၊ ရွက်လွှင့်ရုံတင် မကဘဲ သင်္ဘောဘေးမှာ ရေယက်ဘီးတွေလည်း ပါနေခဲ့တယ်။ ကျွန်တော်မျိုးတို့ သူတို့ကို လိုက်တဲ့ အခါမှာ သူတို့က အလေးတွေကို အကုန် ပစ်ချလိုက်ပြီး နည်းလမ်းနှစ်မျိုးလုံးနဲ့ အသည်းအသန် မောင်းပြေးကြတာပါ။ ကျွန်တော်မျိုးတို့ သင်္ဘောက ကြီးမားသလို ရေစူးလည်း နက်တာကြောင့် သူတို့ကို မမီခဲ့ပါဘူး"
"ရေယက်ဘီး ဟုတ်လား" ရွှီထင်းရှန်းက အံ့ဩတကြီး မေးမြန်းလိုက်တယ်။
သူက ပင်လယ်သင်္ဘောတွေအကြောင်းကို အရမ်းကြီး ကျွမ်းကျင်တဲ့သူ မဟုတ်လို့၊ ဒီလိုမျိုး နည်းပညာသုံး စကားလုံးတွေကို နားမလည်တာ ဖြစ်ရမယ်။
အဲဒီနောက်မှာ ကန်းရုံဟိုင်က ရှင်းပြလိုက်တော့မှပဲ ရွှီထင်းရှန်းက အခုခေတ်မှာ သင်္ဘောအမျိုးအစား အများကြီး ရှိနေမှန်း သိသွားတော့တယ်။ ပင်လယ်သင်္ဘော အများစုက လေအားကို သုံးပြီး ရွက်လွှင့်ကြသလို၊ တက်မနဲ့ လမ်းကြောင်းကို ထိန်းချုပ်ကြတာ ဖြစ်လို့၊ သင်္ဘောမောင်းတဲ့သူတွေက အတွေ့အကြုံ ရင့်ကျက်ဖို့ လိုသလို ရေစီးကြောင်းနဲ့ ရာသီဥတု အခြေအနေတွေကိုလည်း ကျွမ်းကျင်ရမှာ ဖြစ်တယ်။
ဒါပေမဲ့ လေအား တစ်ခုတည်းကိုပဲ အားကိုးတာ မဟုတ်တဲ့ သင်္ဘောတွေလည်း ရှိနေပြန်တယ်၊ ပုံမှန်အားဖြင့် ပင်လယ်သင်္ဘောတွေက ပိုမြန်ဖို့အတွက် လိုအပ်တဲ့ အခါမှာ တက်မတွေကိုပါ သုံးတတ်ကြတယ်။ ဒါပေမဲ့ တက်မတွေကို သုံးဖို့အတွက် လူအင်အား အများကြီး လိုသလို၊ အဲဒီလူတွေကို စနစ်တကျ ရှိဖို့ လေ့ကျင့်ပေးရတာကလည်း အချိန်အများကြီး ကုန်စေတာ ဖြစ်တယ်။ ဒါကြောင့်လည်း ရေယက်ဘီးသင်္ဘော ဆိုတာ ပေါ်လာတာ ဖြစ်တယ်။
ဒီရေယက်ဘီးသင်္ဘောတွေက သင်္ဘောရဲ့အနောက်ဘက်နဲ့ ဘေးနှစ်ဖက်မှာ အရွယ်အစား အမျိုးမျိုးရှိတဲ့ ဘီးတွေကို တပ်ထားပြီး၊ အဲဒီဘီးတွေနဲ့ ရေကို ယက်ထုတ်ပြီး အရှိန်ပြင်းပြင်း မောင်းနှင်နိုင်တာ ဖြစ်တယ်။ ဒီဘီးတွေကို နင်းရတဲ့ လူတွေကလည်း အချင်းချင်း ညှိနှိုင်းနေဖို့ မလိုဘဲ၊ ကိုယ့်ခြေထောက်အောက်က ဘီးတွေကိုပဲ အားစိုက်ပြီး နင်းလိုက်ရုံပါပဲ။
ဒါပေမဲ့ ဒီသင်္ဘောတွေမှာလည်း အားနည်းချက် တစ်ခု ရှိနေပြန်တယ်။ အဲဒါကတော့ ဝန်အများကြီး မတင်နိုင်တာနဲ့ သင်္ဘောကိုယ်ထည်က အရမ်းကြီးလို့ မရတာပဲ ဖြစ်တယ်။ ဒါကြောင့် မြစ်ချောင်းတွေနဲ့ အိုင်တွေမှာပဲ အသုံးများကြပြီး၊ ပင်လယ်ထဲမှာ သုံးတာကတော့ အရမ်း ရှားပါတယ်။
ဒါပေါ့... လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။ ဥပမာ သင်္ဘောကြီးတွေနဲ့ တွဲသုံးတာ ဒါမှမဟုတ် ပင်လယ်ပြင် တိုက်ပွဲတွေမှာ ရုတ်တရက် တိုက်ခိုက်တဲ့ နေရာတွေမှာဆိုရင် ဒီသင်္ဘောက အရှိန် အရမ်းမြန်ပေမဲ့ နောက်ပိုင်းမှာတော့ အားနည်းသွားတတ်တာ ဖြစ်တယ်။ ပုံမှန်အားဖြင့် အချိန်အကြာကြီး ခရီးသွားမယ်ဆိုရင်တော့ ရွက်လွှင့်တာကိုပဲ အဓိက ထားကြရတာ ဖြစ်တယ်။
"သူတို့က ကျောက်တန်းတွေများတဲ့ ပင်လယ်ပြင်ဘက်ကို ထွက်ပြေးသွားကြတာပါ၊ ဒါပေမဲ့ ကျွန်တော်မျိုးတို့ဘက်က အမြောက်နဲ့ တစ်ချက်တော့ ပစ်နိုင်ခဲ့ပါတယ်။ နှမြောစရာ ကောင်းတာက သင်္ဘောရဲ့ ဘေးဘောင်ကိုပဲ ထိမှန်သွားပြီး၊ အဓိက ကိုယ်ထည်ကိုတော့ မထိခိုက်ခဲ့ပါဘူး" ပိုင်ဟူရွှီက သက်ပြင်းချရင်း ပြောဆိုလိုက်တယ်။
194 04
ရွှီထင်းရှန်းက ခဏစဉ်းစားလိုက်ပြီးမှ လူနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်တယ်။ "ဒီလောက်အထိ ရှားပါးတဲ့ သင်္ဘောမျိုး ဆိုရင်တော့၊ စုံစမ်းရတာ မခက်ခဲလောက်ပါဘူး"
"ဒါက"
ပိုင်ဟူရွှီက ရုတ်တရက် သတိရသွားဟန်နဲ့ ပြောလိုက်တယ်။ "ဟုတ်သားပဲ... စစ်သူကြီး၊ အရာရှိချုပ်မင်း၊ ကျွန်တော်မျိုး ပြောဖို့ ကျန်နေတဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်၊ ကျွန်တော်မျိုး ကြည့်ရသလောက်တော့ အဲ့ဒီလူတွေက 'တန့်မင်' (လှေထိုးသား) တွေနဲ့ တူနေခဲ့ပါတယ်"
"'တန့်မင်' (လှေထိုးသား)ဟုတ်လား"
ရွှီထင်းရှန်းနဲ့ ကန်းရုံဟိုင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ ရွှီထင်းရှန်း နားမလည်မှာကို စိုးရိမ်လို့ ကန်းရုံဟိုင်က ရှင်းပြလိုက်တော့တယ်။
'တန့်မင်' (လှေထိုးသား) ဆိုတာက နေရာနှစ်ခုက လူတွေကို ဆိုလိုတာ ဖြစ်ပြီး၊ ဖူကျန့်နယ် မင်ကျန်းမြစ် တစ်လျှောက်က ဖူးကျိုး လှေထိုးသားတွေနဲ့ ကွမ်တုံးနယ် ကျူးကျန်းမြစ်ဝက လှေထိုးသားတွေကို ခေါ်တာ ဖြစ်တယ်။ ဒီလူတွေက တစ်နှစ်ပတ်လုံး ရေပေါ်မှာပဲ ကျင်လည်နေကြသူတွေ ဖြစ်ပြီး၊ သူတို့မှာ အိမ်ထောင်စု စာရင်း မရှိသလို မြေယာလည်း မပိုင်ဆိုင်ကြပါဘူး။ သင်္ဘောကိုပဲ အိမ်အဖြစ် သတ်မှတ်ပြီး ငါးဖမ်းတာနဲ့ ပုလဲငုပ်တာတွေနဲ့ အသက်မွေးကြတာမလို့၊ ဆွန်မင်းဆက် ကတည်းက အဆင့်နိမ့်တဲ့ လူတန်းစားအဖြစ် သတ်မှတ်ခံခဲ့ရသူတွေ ဖြစ်တယ်။
နန်းတွင်းဘက်က လှေထိုးသားတွေကို စည်းကမ်းချက် အများကြီးနဲ့ ထိန်းချုပ်ထားခဲ့လို့၊ ဥပမာ ကုန်းပေါ်မှာ နေထိုင်ခွင့် မပြုတာ၊ ပိုးထည်တွေ ဝတ်ဆင်ခွင့် မရှိတာ၊ စာသင်ခွင့် မရှိတာနဲ့ စာမေးပွဲ ဝင်ဖြေခွင့် မရှိတာ အစရှိတာတွေ ဖြစ်တယ်။ ဒါ့အပြင် လှေထိုးသား အများစုကတော့ အသက်အန္တရာယ် များလှတဲ့ ပုလဲငုပ်သမားတွေ အဖြစ်ပဲ အသုံးချခံခဲ့ရတာမလို့၊ သူတို့ရဲ့ ဘဝက အရမ်းကို ဆင်းရဲပင်ပန်းလှတာ ဖြစ်တယ်။
ဖူကျန့်နဲ့ ကွမ်တုံး တစ်ဝိုက်ကတော့ ဟိုးအရင်က လူသူ မနီးတဲ့ အရိုင်းအစိုင်း နယ်မြေတွေ ဖြစ်ခဲ့ပေမဲ့၊ အရင် မင်းဆက် လက်ထက်မှာ စားနပ်ရိက္ခာ အခက်အခဲကို ဖြေရှင်းဖို့အတွက် ဖွံ့ဖြိုးအောင် လုပ်ခဲ့တာ ဖြစ်တယ်။ နောက်ပိုင်းမှာ ပင်လယ်နဲ့ ကုန်းလမ်းတွေ ပွင့်လင်းလာပြီး၊ ပင်လယ်ကုန်သွယ်မှုတွေ တိုးတက်လာတာနဲ့အမျှ ဒီနေရာနှစ်ခုက တဖြည်းဖြည်း စည်ကားလာခဲ့ပြီ ဖြစ်တယ်။
ဒါပေမဲ့ ဒီနေရာတွေ စည်ကားလာတာက လှေထိုးသားတွေရဲ့ ဘဝအတွက်တော့ နည်းနည်းမှ ပြောင်းလဲမှု မရှိခဲ့တဲ့အပြင်၊ သူတို့ရဲ့ မူလရှင်သန်ရာ နယ်မြေတွေကိုပါ ဖိနှိပ်တာ ခံခဲ့ရတာ ဖြစ်တယ်။ သူတို့က ရေကူး အရမ်း ကျွမ်းကျင်ကြသလို၊ သူတို့ရဲ့ ရုပ်ရည်သွင်ပြင်ကလည်း ကုန်းပေါ်က လူတွေနဲ့ နည်းနည်း ကွာတာကြောင့်၊ ကုန်းတွင်းပိုင်းက လူတွေကတော့ သူတို့ကို ကြောက်တတ်ကြတယ်။ ပင်လယ်ကုန်သွယ်မှုတွေ စည်ကားလာလို့ ကမ်းရိုးတန်း တစ်လျှောက်မှာ ပင်လယ်ဓားပြတွေ ခဏခဏ ပေါ်လာတတ်တာမလို့၊ အဲဒီအထဲမှာ ဒေသခံ လှေထိုးသားတွေ ပါနေမှာကတော့ အသေအချာပဲ ဖြစ်ရမယ်။
လှေထိုးသားတွေကို တခြားအမည်တစ်ခုနဲ့လည်း ခေါ်ကြသေးပြီး၊ အဲဒီအမည်က 'လှေသူခိုး' ပဲ ဖြစ်တယ်။
ဒါကို ကြည့်ရင်တင် သူတို့ရဲ့ အခြေအနေကို သိနိုင်ပါတယ်။
ပိုင်ဟူရွှီက အခုလို ပြောတာကလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ လှေထိုးသားတွေက တစ်နှစ်ပတ်လုံး သင်္ဘောပေါ်မှာပဲ နေကြတာမလို့၊ သဘာဝအရ သူတို့ရဲ့ ရုပ်ရည်က သာမန်လူတွေနဲ့ မတူဘဲ ဖြစ်နေတတ်တယ်။ အသားအရေက အရမ်း မည်းမှောင်နေရုံတင် မကဘဲ၊ ခန္ဓာကိုယ် အောက်ပိုင်းက တိုပြီး ခြေထောက်တွေကလည်း ကွေးနေတတ်တာကြောင့်၊ ဖူကျန့် ဒေသသုံး စကားနဲ့ဆိုရင် သူတို့ကို 'ကွေးနေတဲ့ ခြေထောက်' လို့လည်း ခေါ်ကြသေးတယ်။
"ကျွန်တော်မျိုး ကြည့်ရသလောက်တော့ အဲဒီအတိုင်းပါပဲ၊ ခြေထောက်တွေနဲ့ အသားအရေက အစပေါ့၊ ပြီးတော့ အရာရှိမင်းတို့ မသိနိုင်တာကတော့... ကျွန်တော်မျိုး အနောက်ကနေ လိုက်ဖမ်းတဲ့ အခါမှာ၊ အဲ့ဒီလူတွေရဲ့ လှုပ်ရှားမှုက တကယ့်ကို လျင်မြန်လွန်းလှပြီး ရေထဲမှာ ကျွမ်းကျင်တဲ့သူတွေမှန်း သိသာပါတယ်" ပိုင်ဟူရွှီက ဆက်လက် ပြောကြားလိုက်တယ်။
194 05
ကန်းရုံဟိုင်ရဲ့မျက်နှာက ပိုမည်းမှောင်သွားခဲ့ပြီး၊ မျက်မှောင်များ ကြားမှာလည်း စိုးရိမ်မှု အရိပ်အယောင်တွေ ပေါ်ထွက်နေခဲ့ပြီ ဖြစ်တယ်။
ဒါကို မြင်တော့ ရွှီထင်းရှန်းက မေးမြန်းလိုက်တယ်။ "ကန်းစစ်သူကြီး... ဘာတွေ စဉ်းစားနေလို့လဲ"
ကန်းရုံဟိုင်က မျက်နှာပေါ်ရှိ မုတ်ဆိတ်တိုများကို လက်ဖြင့် သပ်လိုက်ရင်း ပြောလိုက်တယ်။ "ဒါဟာ 'ဟုန်ပန်း'က လူတွေများ ဖြစ်နေမလားလို့ ကျွန်တော်မျိုး စဉ်းစားနေမိတာပါ"
"'ဟုန်ပန်း' ဟုတ်လား"
ကန်းရုံဟိုင်က ခေါင်းညိတ်လိုက်ပြီး "ရွှီအရာရှိမင်း မသိနိုင်တာကတော့၊ ဒီဟုန်ပန်း ဆိုတာက ဟိုးအရင်တုန်းက လှေထိုးသားအုပ်စု တစ်စုကနေ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်"
အရင်မင်းဆက် လက်ထက်မှာ ပြည်သူတွေကို အဆင့်အတန်း ခွဲခြားထားခဲ့သလို၊ အခု မင်းဆက်မှာလည်း အဲဒီအတိုင်း ရှိနေဆဲ ဖြစ်ပြီး လှေထိုးသားတွေကတော့ အဆင့်နိမ့်တဲ့ လူတန်းစားတွေထဲမှာ ပါနေခဲ့တာ ဖြစ်တယ်။ ဘဝမှာ အရမ်း ဆင်းရဲပင်ပန်းတာကြောင့်၊ နန်းတွင်းက သူတို့ကို အသက်အန္တရာယ် များတဲ့ ပုလဲငုပ်တဲ့ အလုပ်တွေကို အတင်းအကျပ် ခိုင်းတဲ့ အခါမှာ၊ လှေထိုးသား အများစုကတော့ ဆန့်ကျင်တဲ့ အနေနဲ့ ဓားပြဘဝကို ရောက်သွားခဲ့ကြတာ ဖြစ်တယ်။
အရင်မင်းဆက် လက်ထက်မှာ ဂျပန်ဓားပြတွေ ကမ်းရိုးတန်း တစ်လျှောက် သောင်းကျန်းနေတုန်းမှာပဲ လှေထိုးသားအများကြီးကလည်း ပင်လယ်ဓားပြတွေ ဖြစ်လာခဲ့ကြပြီး ဟုန်ပန်းရဲ့ မူလ ခေါင်းဆောင်ကလည်း အဲဒီလူတွေထဲက တစ်ယောက် ဖြစ်ရမယ်။
ဒီလူကလည်း သူရဲကောင်း တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ သူက မူလက ပုလဲငုပ်သမား တစ်ယောက်ဖြစ်ပေမဲ့ သူ့သူငယ်ချင်းတွေနဲ့ ဆွေမျိုးသားချင်းတွေရဲ့ဘဝက အရမ်းကို သနားဖို့ကောင်းနေတာကို မြင်ရတဲ့အခါ အဲဒီလူအုပ်စုကို ဦးဆောင်ပြီး ထွက်ပြေးခဲ့တာ ဖြစ်တယ်။ အဲဒီနောက်မှာတော့ သူက ပင်လယ်ဓားပြ ဖြစ်လာခဲ့ပြီး ကမ်းရိုးတန်းက ကုန်သည်တွေကို လုယက်ပြီး အသက်မွေးခဲ့ကြတယ်။
အဲဒီအချိန်က ရာသီဥတု ကောင်းသလို၊ နန်းတွင်းကလည်း ပင်လယ်ကို ခဏခဏ ပိတ်လိုက် ဖွင့်လိုက် လုပ်ခဲ့လို့၊ ပင်လယ်ကုန်သည်တွေက အရမ်း ချမ်းသာနေခဲ့ကြတာမလို့ အဲဒီကုန်တင်သင်္ဘောတွေကို လုယက်ရင်းနဲ့ပဲ ဟုန်ပန်းရဲ့ အင်အားက တစ်နေ့ထက်တစ်နေ့ ကြီးလာခဲ့ပြီး နောက်ဆုံးမှာတော့ ကျူးကျန်းမြစ်ဝ တစ်ဝိုက်မှာ အကြီးဆုံး ဂိုဏ်းကြီး တစ်ခု ဖြစ်လာခဲ့တော့တယ်။
ဒီလူတွေက နည်းလမ်းပေါင်းစုံနဲ့ အကျိုးအမြတ် ရှာကြသူတွေ ဖြစ်ပြီး၊ နန်းတွင်း ကုန်သင်္ဘောပဲ ဖြစ်ဖြစ်၊ မှောင်ခိုကုန်သည်ပဲ ဖြစ်ဖြစ်၊ သူတို့နဲ့ တွေ့ရင်တော့ ကောင်းကျိုး မရှိပါဘူး။
ဒါ့အပြင် ဒီလူတွေက ပင်လယ်ပြင် တိုက်ပွဲတွေမှာ အရမ်း ကျွမ်းကျင်ကြလို့၊ ကန်းရုံဟိုင် တစ်ယောက် သူတို့နဲ့ ရင်ဆိုင်ရရင်တောင် အနိုင်ရဖို့ မလွယ်ပါဘူး။
ဟုန်ပန်းက အပြင်လူတွေကို ဂိုဏ်းထဲ လက်ခံလေ့ မရှိပေမဲ့၊ တစ်ခုတည်းသော ချွင်းချက်အနေနဲ့ လှေထိုးသားတွေကိုတော့ တားမြစ်တာ မရှိပါဘူး။ ဒါကြောင့်လည်း ကန်းရုံဟိုင်ရဲ့ ခန့်မှန်းချက်က အကြောင်းမဲ့ မဟုတ်ပါဘူး။ အထူးသဖြင့် အရင်က ဟုန်ပန်းက တစ်ခေါက် လာလုဖူးပေမဲ့၊ အဲဒီနောက်ပိုင်းမှာတော့ ပေါ်မလာတော့တာ ဖြစ်တယ်။
"ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာတော့ ဟုန်ပန်းက နန်းတွင်းကို တိုက်ရိုက် ဆန့်ကျင်တာမျိုး အလွန်ရှားပါးလှတာကြောင့်၊ ကျွန်တော်မျိုးကတော့ ဒါကို ခန့်မှန်းရုံတင် ရှိပါသေးတယ်"
"ဒါပေမဲ့ တကယ်လို့သာ နန်းတွင်းထဲက တစ်ယောက်ယောက်က သူတို့ကို တစ်စုံတစ်ရာသော အခွင့်အရေးတွေ ကမ်းလှမ်းခဲ့မယ်ဆိုရင်ကော"
ဒီစကားကို ကြားလိုက်ရတဲ့အခါ ကန်းရုံဟိုင်က ချက်ချင်းကို ရွှီထင်းရှန်းကို လှမ်းကြည့်လိုက်တယ်။ "ရွှီအရာရှိမင်းရဲ့ အဓိပ္ပာယ်က"
194 06
"ဓားငှားပြီး လူသတ်ခြင်း ပဲပေါ့"
ရွှီထင်းရှန်းက သက်ပြင်းလေး တစ်ချက်ချလိုက်ပြီး မတ်တပ်ရပ်ကာ ပြောလိုက်တယ်။ "အဲဒီ ဓားငှားပြီး လူသတ်တာက ဘယ်လိုမျိုး နည်းလမ်းနဲ့ ဓားငှားလိုက်သလဲ ဆိုတာကိုတော့ မသိသေးပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ်၊ နောင်ကို ငါတို့တွေ သေသေချာချာ ကြိုတင် ကာကွယ်ထားကြရမယ်၊ ဒီလို ကိစ္စမျိုး နောက်တစ်ကြိမ် ထပ်ပြီး အဖြစ်မခံနိုင်တော့ဘူး"
******