← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

199 01

အခန်း (၁၉၉)

ကျောက်အာနဲ့ ရွှီချင်းဟွိုင်တို့က ဆိုင်ခန်းတွေကို သွားကြည့်ကြတယ်။ အမှန်တော့ ဒီဆိုင်ခန်းတွေကို သူတို့က ကြိုကြည့်ထားပြီးသား ဖြစ်ပေမဲ့ အခုတော့ နောက်တစ်ခါ ထပ်ကြည့်ရတာက ပိုပြီးစိတ်ကျေနပ်မှု ရှိစေတယ်။ ရွှီချင်းဟွိုင်က အခုပဲ စတင်ပြင်ဆင်တော့မလားလို့ ကျောက်အာကို မေးပေမဲ့ ကျောက်အာကတော့ နောက်ထပ် နှစ်ရက်လောက် စောင့်ဖို့ပဲ ပြောတယ်။

ညနေစောင်းတော့ ရွှီထင်းရှန်းက အပြင်က ပြန်ရောက်လာပြီး လူကြီးသုံးယောက်နဲ့ ကလေးနှစ်ယောက်တို့ အတူတူ ထမင်းစားကြတယ်။ ထမင်းစားပြီးတော့ ကျောက်တိက ကလေးနှစ်ယောက်ကို ခေါ်ပြီး ပြန်သွားရာမှာ မပြန်ခင် ကျောက်အာကို ပြုံးပြီး ကြည့်သွားလို့ ကျောက်အာမှာ မျက်နှာတစ်ခုလုံး နီသွားရတယ်။

"အစ်မကြီးက ဘာဖြစ်တာလဲ" ရွှီထင်းရှန်းက မေးတယ်။

ကျောက်အာက တံတွေးသီးသွားလို့ ဖုံးဖုံးဖိဖိ ပြောလိုက်တယ်။ "ဘာဖြစ်လို့လဲ၊ ဘာမှမဖြစ်ပါဘူး"

ရွှီထင်းရှန်းကလည်း သူမကို ထပ်မမေးတော့ဘဲ အပြင်ဘက်ကို လေညင်းခံဖို့ ထွက်လာခဲ့တယ်။ ကျောက်အာကလည်း သူ့နောက်က လိုက်ပါလာခဲ့တယ်။

အခုက ခြောက်လပိုင်းရဲ့ နွေအပူရှိန်ပြင်းတဲ့ အချိန်မို့လို့ ရာသီဥတုက သိပ်ကို ပူပေမဲ့ တျန့်ဟိုင်က ပင်လယ်နဲ့ နီးတော့ ပင်လယ်လေကြောင့် ညနေပိုင်းမှာ အတော်လေး အေးမြတယ်။

သူတို့နှစ်ယောက် အေးအေးဆေးဆေး လမ်းလျှောက်လာကြပြီး ကျောက်အာက နေ့ခင်းက သူမ တွေးမိတာတွေကို ပြောပြတယ်။

ရွှီထင်းရှန်းရဲ့ မျက်ဝန်းတွေက လက်ခနဲ ဖြစ်သွားပြီး ခြေလှမ်းကို ရပ်ကာ မေးလိုက်တယ်။

"မင်းရဲ့ ဆိုလိုရင်းက ငွေလွှဲဌာန တစ်ခု တည်ထောင်ချင်တာလား"

ကျောက်အာရဲ့ မျက်ဝန်းတွေထဲမှာ ဝေဝါးသွားပြီး ပြန်မေးတယ်။ "အဲဒါက ငွေလွှဲဌာနလား၊ ငွေလွှဲဌာနနဲ့ ငွေလဲစင်္ကြံက မတူဘူးလား" သူမက နေ့တိုင်း ငွေလဲစင်္ကြံတွေနဲ့ပဲ ပိုပြီး ထိတွေ့ရလို့ ငွေလွှဲဌာနအကြောင်း ကြားဖူးပေမဲ့ အဲဒီနှစ်ခုရဲ့ ခြားနားချက်ကိုတော့ နားမလည်ဘူး။

ရွှီထင်းရှန်းက သူမကို အသေးစိတ် ရှင်းပြတယ်။

တကယ်တော့ ငွေလွှဲဌာနနဲ့ ငွေလဲစင်္ကြံက သဘာဝချင်း သိပ်ကို ကွဲပြားတယ်။ ငွေလဲစင်္ကြံတွေရဲ့ မူလအစက ငွေကြေးစနစ် ရှုပ်ထွေးတာကနေ လာတာ ဖြစ်တယ်။ ဈေးကွက်ထဲမှာ အဓိက သုံးနေတာက ကြေးပြားတွေ ဖြစ်ပေမဲ့ ကြေးပြားတွေက သိပ်လေးလို့ သယ်ရခက်တာကြောင့် စက္ကူနဲ့ လုပ်တဲ့ ငွေကြေးတစ်မျိုး ပေါ်လာခဲ့တယ်။

အဲဒီငွေကြေးမျိုးကို အဓိကကတော့ အစိုးရက ထုတ်တာ ဖြစ်ပြီး ဆုန့်ခေတ်နဲ့ မင်ခေတ်တို့မှာ 'ကျောင်ကျစ်' နဲ့ 'တာ့မင် ရတနာငွေစက္ကူ' ဆိုပြီး ထုတ်ခဲ့ဖူးတယ်။

199 02

နှမြောစရာကောင်းတာက အစိုးရက စက္ကူငွေတွေကို အဆမတန် ထုတ်ခဲ့လို့ ငွေကြေးတန်ဖိုး ကျသွားပြီး အရင်ခေတ်က ရတနာငွေစက္ကူ တစ်ရာဟာ ဆန်တစ်တင်းနဲ့ပဲ လဲနိုင်တဲ့ အခြေအနေကို ရောက်ခဲ့ဖူးလို့ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ ပြင်းထန်ခဲ့ရတယ်။ ဒါကြောင့် အစိုးရက စက္ကူငွေ ထုတ်တာကို ရပ်လိုက်ပြီး ငွေတုံးတွေနဲ့ ကြေးပြားတွေကိုပဲ အတူတူ သုံးခွင့် ပေးခဲ့တယ်။

ဒါပေမဲ့ နယ်မြေ ကျယ်တော့ နေရာတိုင်းမှာ ငွေကြေး သတ်မှတ်ချက်တွေက တစ်ခုနဲ့တစ်ခု မတူဘဲ၊ အရပ်သားတွေကြား ကြေးပြားတွေကို တိတ်တဆိတ် သွန်းတာတွေတောင် ရှိလို့ ပြည်သူတွေ သုံးရတာ သိပ်ကို အဆင်မပြေ ဖြစ်ခဲ့ရတယ်။ ဒါကြောင့် အရပ်သားတွေကြား ကြေးပြားနဲ့ အနုငွေတွေကို လဲပေးတဲ့ ငွေလဲဆိုင်တွေ ပေါ်လာခဲ့တာ ဖြစ်တယ်။

အဲဒီငွေလဲဆိုင်တွေက အစပိုင်းမှာ လဲပေးရုံပဲ ဖြစ်ပေမဲ့ တဖြည်းဖြည်းနဲ့ ငွေတွေကို သိမ်းပေးတဲ့ အလုပ်ဆီ တိုးတက်လာတယ်။ အဲဒီတော့ ငွေလဲဆိုင်တွေက သိလာတာက ဆိုင်ထဲမှာ အပ်ထားတဲ့ ငွေတွေကို အသုံးမပြုဘဲ ထားရင် အကျိုးမရှိလို့၊ ဆိုင်ရဲ့လည်ပတ်မှုကို မထိခိုက်မယ့် ငွေပမာဏတချို့ကို သုံးပြီး ငွေကြေး လိုအပ်နေတဲ့ ကုန်သည်ကြီးတွေ ဒါမှမဟုတ် တခြား လုပ်ငန်းတွေမှာ ချေးငှား ရင်းနှီးမြှုပ်နှံတာနဲ့ အကျိုးအမြတ် ရနိုင်တာကို တွေ့ခဲ့ကြတယ်။

ဒါဟာ 'ငွေလဲစင်္ကြံ'လို့ ခေါ်လာတဲ့ အရာပါပဲ။

ကုန်သွယ်ရေး လုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ ငွေကြေးတွေ သုံးရတာမှာ သိပ်ကို ခက်ခဲတာတွေ ဖြစ်လာတယ်၊ အဲဒီတော့ ပြဿနာတစ်ခုက ပုံမှန် ငွေလဲစင်္ကြံတွေက မြို့တစ်မြို့ ဒါမှမဟုတ် နယ်တစ်ခုထဲမှာပဲ ရှိတတ်ပြီး ပိုကြီးရင် ပြည်နယ်တစ်ခုထဲမှာပဲ လုပ်နိုင်ကြတယ်၊ အကယ်၍ ပြည်နယ်ကျော် ဒါမှမဟုတ် မြို့ကျော်ပြီး ငွေသုံးချင်ရင် မရတော့ဘူး၊ ဒါကြောင့် အင်အားကြီးတဲ့ ကုန်သည်တချို့က ငွေလွှဲဌာနတွေကို ဖွင့်ခဲ့ကြတယ်။ ငွေလွှဲဌာနတွေက ငွေအပ်တာနဲ့ ချေးငှားတာတင် မကဘဲ နေရာအနှံ့ကို ငွေလွှဲပေးတာကိုပါ လုပ်နိုင်ကြတယ်။

ငွေလွှဲတယ်ဆိုတာက ငွေလွှဲဌာနက ငွေလွှဲလက်မှတ် တစ်စောင် ထုတ်ပေးလိုက်တာ ဖြစ်ပြီး၊ အဲဒီလက်မှတ်ကို ယူပြီး ငွေလွှဲဌာနရဲ့ တခြား ခွဲတမ်းတွေ ရှိတဲ့ နေရာမှာ ငွေလဲယူနိုင်တာ ဖြစ်တယ်။ ဒီနည်းနဲ့ ကုန်သည်တွေအတွက် အဆင်ပြေရုံတင် မကဘဲ လမ်းမှာ ငွေသယ်ရတဲ့ အန္တရာယ်ကိုလည်း ကာကွယ်နိုင်လို့ ကုန်သည်အများကြီးက ကြိုက်ကြတယ်။

တကယ်တော့ ဆုန့်ခေတ်မှာလည်း ဒီလို ငွေလွှဲလက်မှတ်မျိုး ရှိခဲ့ဖူးပြီး 'ဖေးချန်း' လို့ ခေါ်ခဲ့ပေမဲ့ ကုန်သည်တွေကြားမှာပဲ နည်းနည်း သုံးခဲ့ကြတာပါ။ အရင်ခေတ်ရဲ့ နောက်ဆုံးကာလ ရောက်မှပဲ ဒီလို ငွေလွှဲဌာနတွေက အရှိန်အဟုန်နဲ့ တိုးတက်လာပြီး 'အနုငွေလက်မှတ်'လို့ ခေါ်တဲ့ အရာ ပေါ်လာခဲ့တာ ဖြစ်တယ်။

အနုငွေလက်မှတ် ဆိုတာ တကယ်တော့ ငွေလွှဲလက်မှတ်ပါပဲ။

အဲဒီလက်မှတ်ကို ကိုင်ပြီး ထုတ်ပေးလိုက်တဲ့ ငွေလွှဲဌာနရဲ့ ဘယ်နေရာမှာမဆို ငွေလဲနိုင်လို့ ပြည်သူတွေအတွက် သိပ်ကို အဆင်ပြေစေပြီး အလွန်ခေတ်စားလာခဲ့တယ်။ တကယ်တော့ ငွေလွှဲလက်မှတ်ကို လက်ခံရာမှာ ဘယ်ငွေလွှဲဌာနက ထုတ်တာလဲဆိုတာကိုလည်း ကြည့်ရသေးတယ်၊ အကယ်၍ နာမည်မရှိတဲ့ ငွေလွှဲဌာနငယ်လေးတွေက ထုတ်တာဆိုရင် ပြည်သူတွေက လက်ခံမှာ မဟုတ်ဘူး။

"ငါကတော့ ငွေလဲစင်္ကြံနဲ့ ငွေလွှဲဌာနက အတူတူပဲလို့ ထင်နေတာ၊ အခုမှပဲ ဒီလောက်အထိ ကွဲပြားမှန်း သိတော့တယ်" ကျောက်အာက ဆိုတယ်။

"ဒီကြားထဲက ခြားနားချက်က သိပ်ကြီးပါတယ်" ရွှီထင်းရှန်းက ပြောတယ်၊ သူ ဒီလောက်အထိ သိနေရတာကလည်း သူ့ရဲ့ အဲဒီအိမ်မက်ကြောင့်ပဲ ဖြစ်တယ်။

"ဒါဆိုရင် ငါ တည်ထောင်ချင်တာက ငွေလွှဲဌာနပဲ ဖြစ်ရမယ်"

ရွှီထင်းရှန်းက ရယ်ပြီး သူမရဲ့နှာခေါင်းလေးကို တစ်ချက် တို့လိုက်ကာ ပြောလိုက်တယ်။ "မင်းရဲ့ရည်မှန်းချက်က မသေးလှဘူး၊ ငွေလဲစင်္ကြံ တည်ထောင်ဖို့က လွယ်ပေမဲ့ ငွေလွှဲဌာန တည်ထောင်ဖို့ကတော့ ခက်ပါတယ်"

199 03

ကျောက်အာက နှာခေါင်းလေး နာသွားလို့ သူ့ကို တစ်ချက် စိုက်ကြည့်ပြီး ဆိုတယ်။ "မလုပ်နိုင်သေးရင်တောင် မတွေးရဘူးလား၊ ဘယ်စီးပွားရေးမဆို အရင်ဆုံး တွေးကြည့်ရာကနေ၊ တွေးရင်း တွေးရင်းနဲ့ပဲ လုပ်ဖြစ်သွားကြတာပဲ မဟုတ်လား"

"အဲဒါလည်း မှန်ပါတယ်" ရွှီထင်းရှန်းက ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားပြီး ဆက်ပြောလိုက်တယ်။ "အမှန်တော့ ငါလည်း ဒီကိစ္စကို အရင်ကတည်းက စဉ်းစားနေတာပါ၊ အင်အားကြီးတဲ့ ငွေလွှဲဌာနတစ်ခုကို ဒီမှာ လာအခြေစိုက်ဖို့ ဆက်သွယ်ချင်ခဲ့တာ၊ ဒါပေမဲ့ အခုလို ကြည့်ရရင်တော့ ငါတို့ ဘာသာပဲ လုပ်တာက ပိုမကောင်းဘူးလား"

သူ့ရဲ့ဦးနှောက်က အမြန်လည်ပတ်နေပြီး "အခု လောလောဆယ် လူအင်အား မလုံလောက်သေးရင်တော့ အစပိုင်းမှာ အတိုင်းအတာတစ်ခုအထိပဲ အရင်လုပ်မယ်၊ ငွေလွှဲဌာနကနေ ငွေလွှဲလက်မှတ်တွေ ထုတ်ပေးပြီး ဒီဒေသတွင်းမှာပဲ ငွေလဲခွင့် ပေးမယ်။ ဒါပေမဲ့ ငွေလွှဲဌာနက နာမည်မရှိသေးရင် တခြားသူတွေက ယုံမှာမဟုတ်ဘူး၊ အဲဒီအတွက် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးကနေ အာမခံပေးထားလို့ ရတယ်။ ဒါပေမဲ့ ကုန်သည်တွေက နေရာအနှံ့က လာကြတာဆိုတော့ ဒါကို ဖြေရှင်းဖို့က နည်းနည်း ခက်လိမ့်မယ်။ တကယ်တော့ ဖြေရှင်းလို့ မရတာ မဟုတ်ပေမဲ့ သုံးရမယ့် လူအင်အားနဲ့ ပစ္စည်းအင်အားက သိပ်ကြီးလိမ့်မယ်။ ထိန်းသိမ်းခကို နည်းနည်းပဲ ယူရင်လည်း မကိုက်ဘူး၊ အများကြီး ယူရင်လည်း တခြားသူတွေက သဘောတူမှာ မဟုတ်ဘူး..."

"ငါတို့က ဒေသခံ ငွေလွှဲဌာနတွေနဲ့ ပူးပေါင်းပြီး ငွေလဲခွင့် ပြုလို့ ရတာပဲ၊ အကျိုးအမြတ်ကိုတော့ ခွဲကြတာပေါ့" ကျောက်အာက အကြံပြုတယ်။

"ဒီလိုဆိုရင်တော့ မဖြစ်နိုင်တာ မဟုတ်ဘူး" ဆိုရင်းနဲ့ ရွှီထင်းရှန်းရဲ့ မျက်ဝန်းတွေ လက်ခနဲ ဖြစ်သွားပြီး မေးစေ့ကို ပွတ်ကာ ပြုံးလိုက်တယ်။ "ငါတို့ အင်အားကြီးလာတဲ့ အခါကျမှ သူတို့ကို ကန်ထုတ်ပြီး ကိုယ့်ဘာသာကိုယ် လုပ်ကြတာပေါ့"

ကျောက်အာက သူ့ကို ရယ်ရင်း "နင်က တကယ့်ကို ကောက်ကျစ်တာပဲ၊ မလုပ်ရသေးခင်မှာတင် သူတစ်ပါးကို ဘယ်လို ကန်ထုတ်ရမလဲဆိုတာ တွေးနေပြီ။ တကယ်လို့ ငါသာ ငွေလွှဲဌာန ပိုင်ရှင်ဆိုရင် နင်နဲ့ လုံးဝ ပူးပေါင်းမှာ မဟုတ်ဘူး"

ရွှီထင်းရှန်းက သူမကို တစ်ချက် ကြည့်ပြီး အေးအေးဆေးဆေးပဲ ဆိုတယ်။ "မင်း သိထားရမှာက ဒီလုပ်ငန်းကို လုပ်တဲ့သူတွေဟာ ကိုယ့်ပါးစပ်ထဲက အသားကို တခြားသူကို လွယ်လွယ်နဲ့ ခွဲပေးမှာ မဟုတ်ဘူး။ ငါတို့က သူတို့ကို ကန်ထုတ်ဖို့ တွေးနေသလို သူတို့ကလည်း ငါတို့ကို ကန်ထုတ်ဖို့ တွေးနေကြမှာပဲ၊ ဒါပေမဲ့ ငါတို့မှာ ရှိတဲ့ တစ်ခုတည်းသော အားကိုးရာက ရွှမ်းယွီကျွန်းပဲ၊ ဒီနေရာကို အမှီပြုပြီး သူတို့ဟာ ငါတို့နဲ့ မပူးပေါင်းဘဲ မနေနိုင်ဖြစ်ရလိမ့်မယ်။ ဒါက အများပိုင် အာဏာကို သုံးပြီး ကိုယ်ကျိုးရှာရာ ကျမလားပဲ၊ နောက်ပိုင်းမှာ စောင့်ကြည့်စစ်ဆေးရေး အမတ်တွေက ငါ့ကို စွပ်စွဲရင် ဘယ်လိုလုပ်ရပါ့မလဲ"

အဲဒီစကားကို ကြားတော့ ကျောက်အာမှာ မျက်မှောင်ကြုတ်သွားပြီး တွေဝေစွာ မေးတယ်။

"ဒါဆိုရင် ငါတို့ မလုပ်ဘဲ နေလိုက်ကြမလား"

ရွှီထင်းရှန်းက ဟားဟားတိုက် ရယ်လိုက်ပြီး ဆိုတယ်။

"မင်းကို တုံးတယ် ပြောရင်ကျ မကြိုက်ဘူး၊ အဓိက လမ်းစဉ်ကို မထိခိုက်သရွေ့ အစိုးရအတွက် ငွေရှာပေးနိုင်ရင် စွပ်စွဲမယ့်သူ ရှိရင်တောင် အထက်က လူတွေက ငါ့ဘက်ကနေ ကာကွယ်ပေးထားလိမ့်မယ်။ မြင်းကိုလည်း ခိုင်းချင်သေးတယ်၊ မြင်းကိုလည်း မြက်မကျွေးချင်ဘူးဆိုတာမျိုးကတော့ လောကမှာ မရှိနိုင်ပါဘူး"

နောက်ဆုံး စကားနှစ်ခွန်းကိုတော့ သူက တိုးတိုးလေးပဲ ရေရွတ်လိုက်လို့ ကျောက်အာက သေချာမကြားရဘဲ ဘာပြောလိုက်တာလဲလို့ မေးပေမဲ့ ရွှီထင်းရှန်းကတော့ ဘာမှမဟုတ်ပါဘူးလို့ ခေါင်းခါလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဦးနှောက်က ဆက်ပြီး လည်ပတ်နေပြီး၊ အဲဒီအိမ်မက်ရဲ့ အသိဉာဏ်တွေနဲ့ ဒီငွေလွှဲဌာန လုပ်ငန်းက အပြင်ပန်း မြင်ရသလို မရိုးရှင်းကြောင်း သူ သိထားတယ် အကယ်၍ ကောင်းကောင်း စီမံနိုင်ရင် အဲဒါက အမှန်တကယ်ပဲ ရတနာတွေ ထွက်တဲ့ နေရာတစ်ခု ဖြစ်လာလိမ့်မယ်။

199 04

အတွေးအခေါ်က ကောင်းပေမဲ့ အဲဒါက တစ်ရက်နှစ်ရက်အတွင်း ပြီးနိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။

ရွှမ်းယွီကျွန်းပေါ်က ဆိုင်ခန်းလေလံပွဲတွေ ပြီးသွားတဲ့ အခါမှာတော့ ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးက အစိုးရအတွက် တစ်ခါမှ မကြားဖူး၊ မမြင်ဖူးတဲ့ ငွေပမာဏ အများကြီးကို ရှာပေးနိုင်ခဲ့တယ်။ အန်းရွှင့်ကတော့ သိပ်ကို စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပဲ မြို့တော်ကို ပြန်ဖို့ ဆုံးဖြတ်တော့တယ်။ ရွှီထင်းရှန်းက ဘယ်လောက်ပဲတားတား မရတာနဲ့ သူ့ကို လိုက်ပို့ပေးလိုက်ရတယ်။

တစ်ချိန်တည်းမှာပဲ နန်းတွင်းအဖွဲ့ထဲမှာ ကျဲ့ကျန်းနယ်စားတုကျွန့်နဲ့ အသစ်ခန့်ထားတဲ့ တရားသူကြီးချုပ်ယဲ့ကျူတို့ရဲ့ ပူးတွဲအစီရင်ခံစာကြောင့် ဝေဖန်ဆွေးနွေးတာတွေ ပြင်းထန်လာခဲ့တယ်။

ကျဲ့ကျန်းနယ်မှာ ရေတပ်တစ်ခုကို ဖွဲ့စည်းချင်တယ်လို့ ဆိုတယ်။

စာပေအရာရှိတွေနဲ့ စစ်ဘက်အရာရှိတွေက ဒီသတင်းကို ကြားတဲ့အခါ လက်ရှိ ကျဲ့ကျန်းနယ်ရဲ့ အခြေအနေက တကယ့်ကို ထူးဆန်းတယ်လို့ ခံစားရတယ်။ အခုမှ ဘာမှ မဟုတ်သေးခင်မှာတင် နန်းတော်ဆီက တောင်းဆိုတာတွေ အများကြီး လုပ်နေကြတယ်။

တခြားကိစ္စဆိုရင် ထားလိုက်ပါတော့၊ ရေတပ်ဖွဲ့စည်းမယ် ဟုတ်လား။ စစ်သင်္ဘောတစ်စင်း ဆောက်ဖို့ ငွေဘယ်လောက် ကုန်လဲဆိုတာ သိကြပါလား။ ရေတပ်တစ်ခု ဖွဲ့စည်းဖို့ လူအင်အားနဲ့ ပစ္စည်းအင်အား ဘယ်လောက် သုံးရမလဲဆိုတာ သိကြပါလား။ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာက ထင်ရှားလှတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျားချန်ဧကရာဇ်က ဘာသဘောထားမှ ထုတ်မပြောဘဲ ညီလာခံမှာ ဆွေးနွေးခိုင်းရုံတင် မကဘဲ အတွင်းဝန်ရုံးမှာလည်း ဆွေးနွေးခိုင်းတယ်။

ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ပြီးနောက် ထွက်လာတဲ့ ရလဒ်က မလျော်ကန်ဘူးလို့ ဖြစ်တယ်။

ဘာကြောင့်လဲ။ လက်ရှိ အစိုးရအဖွဲ့က အရင်ကထက် ငွေကြေး ပိုကြွယ်ဝလာတယ် ဆိုပေမဲ့ လျောင်တုန်းဒေသမှာ စစ်ရေး အသုံးစရိတ်တွေ ရှိနေသလို၊ အောက်ခြေမှာလည်း ဒီနေ့ မိုးခေါင်၊ နက်ဖြန် ရေကြီးနဲ့ နေရာတိုင်းမှာ ငွေတွေ လိုအပ်နေတာ မဟုတ်လား။ သေးငယ်လှတဲ့ ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးလေး တစ်ခုအတွက် ရေတပ်တစ်ခု ဖွဲ့စည်းပေးရမယ် ဆိုတာက ကြက်ဥ တစ်တောင်းကို သုံးပြီး ကြက်ကလေး တစ်ကောင်ကို ဖောက်ယူသလိုပဲ ဖြစ်နေလိမ့်မယ်။

မဖြစ်နိုင်တာ မဟုတ်ပေမဲ့ လက်ရှိအချိန်မှာ မဖြစ်နိုင်သေးဘဲ အစိုးရမှာ ငွေကြေး ပိုကြွယ်ဝလာမှပဲ ပြန်ဆွေးနွေးဖို့ ဆုံးဖြတ်ကြတယ်။

ဒါပေမဲ့ အစိုးရက ဘယ်အချိန်မှာ ငွေကြေး ကြွယ်ဝလာမှာလဲ။ ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးက ငွေတွေကို နှစ်ကြိမ်တိုင်တိုင် ပို့ပေးခဲ့ပေမဲ့ ပထမတစ်ကြိမ်က နယ်စပ်ကာကွယ်ရေးအတွက် အကုန်သုံးခဲ့ရပြီး၊ ဒုတိယတစ်ကြိမ်ကလည်း နေရာအနှံ့က သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ခွဲဝေပေးခဲ့ရတယ်။ ဒါ့အပြင် ကျားချန်ဧကရာဇ်က မိမိမှာ ငွေတွေ ရှိလာပြီလို့ ထင်ပြီး စိတ်ကြီးဝင်လာကာ အနောက်ဘက် ဥယျာဉ်တော်က နန်းဆောင်တွေကို ပြုပြင်ရာမှာ ငွေအများကြီး သုံးခဲ့ပြန်လို့ ဘဏ္ဍာရေးဌာနမှာ အမှန်တကယ်ပဲ ငွေမရှိတော့ဘူး။

ဒါကြောင့် တျန့်ဟိုင်ရဲ့ ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးနဲ့ ညွှန်ကြားရေးမှူး ရွှီထင်းရှန်းကို ပြစ်တင်ဝေဖန်သူတွေ ပေါ်လာခဲ့တယ်။ သူက မိမိကိုယ်ကိုယ် အထင်ကြီးလွန်းပြီး လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေ ထားတယ်၊ ကုန်သွယ်ရေးရုံး ဖွင့်ပြီး မကြာခင်မှာတင် ကုန်သွယ်ရေးမြို့ တည်ဆောက်ဖို့ ကြိုးစားနေတယ်၊ မိမိ တတ်နိုင်သလောက်ပဲ လုပ်သင့်ပြီး မဟုတ်ရင် မိမိကိုယ်ကိုယ် ဒုက္ခပေးရာ ရောက်လိမ့်မယ်လို့ ဆိုကြတယ်။

မိမိကိုယ်ကိုယ် ဒုက္ခပေးတာက ကိစ္စမရှိပေမဲ့ အစိုးရကိုပါ ဒုက္ခမပေးစေချင်ကြဘူး။ ဒါ့အပြင် အရာရှိအများကြီးက ဒီအခွင့်အရေးကို သုံးပြီး ရွှီထင်းရှန်းကို ညွှန်ကြားရေးမှူး ရာထူးက ဖယ်ပြီး တခြား ဝါရင့်အရာရှိကြီးတွေကို လွှတ်ပြီး စီမံဖို့ အကြံပြုကြတယ်။ သူက လူငယ်တစ်ယောက် ဖြစ်လို့ အလုပ်လုပ်ရာမှာ မခိုင်မာသေးဘူးလို့ ဆိုကြတယ်။ ခြုံပြီး ပြောရရင် အမျိုးမျိုး ပြောနေကြတာပါပဲ။ ကျားချန်ဧကရာဇ်က နှစ်ရက်လောက် ပျော်ခဲ့ရပေမဲ့ အခုတော့ မျက်နှာက ပြန်ပျက်သွားရပြန်တယ်။

199 05

အဲဒီအချိန်မှာတင် အထူးကိုယ်စားလှယ်အဖြစ် သွားခဲ့တဲ့ အန်းရွှင့်က မြို့တော်ကို ပြန်ရောက်လာခဲ့တယ်။

"မင်း ဘာပြောလိုက်တယ်၊ ငွေ နှစ်ဆယ့်ငါးသန်း ဟုတ်လား" ကျားချန်ဧကရာဇ်က လက်ထဲက စာရေးစုတ်တံကိုတောင် လွှတ်ချလိုက်တယ်၊ ဒီသတင်းက သူ့အတွက် ဘယ်လောက်အထိ တုန်လှုပ်စရာ ဖြစ်ခဲ့လဲဆိုတာ သက်သေပြနေတာပဲ။

အန်းရွှင့်က ခဏခဏ ခေါင်းညိတ်ပြီး တင်ပြတယ်။ "အရှင်မင်းကြီး၊ အရှင် ကြားလိုက်တာ မမှားပါဘူး၊ ငွေ နှစ်ဆယ့်ငါးသန်း တိတိပါပဲ"

"မင်း ထရပ်ပြီး ငါကိုယ်တော်ကို အသေးစိတ် တင်ပြစမ်း"

ကျိန်းအန်းချန်က အန်းရွှင့်ကို ကူညီထူပေးဖို့ လူတွေကို အချက်ပြလိုက်တယ်။ အန်းရွှင့်မှာလည်း ကံမကောင်းဘဲ ကျားချန်ဧကရာဇ်က အရာရှိတွေရဲ့ စကားတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေချိန်မှာ သူက ပြန်ရောက်လာပြီး ဝင်တွေ့ခဲ့တာမို့၊ ဧကရာဇ်ရဲ့မေးမြန်းမှုကို ကြောက်လန့်တကြားနဲ့ ဒူးထောက်လိုက်မိလို့ ဖြစ်တယ်။

အဲဒီလို အားပါပါနဲ့ ဒူးထောက်လိုက်မိလို့ သူ့ရဲ့ ဒူးတွေက ညိုမည်းကုန်ပြီး ပြန်ထဖို့တောင် ခက်နေရှာတယ်။

အန်းရွှင့်က ဒူးနာတာကို ဂရုမစိုက်နိုင်ဘဲ တျန့်ဟိုင်ကို ရောက်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် တင်ပြတယ်၊ အထူးသဖြင့် ရွှီထင်းရှန်းက ဆိုင်ခန်းတွေကို လေလံတင် ရောင်းခဲ့တဲ့အကြောင်းကို အလေးထား တင်ပြတယ်။ အဲဒီမြင်ကွင်းက အန်းရွှင့်အတွက် စွဲကျန်ခဲ့လို့ သူ့ရဲ့ တင်ပြချက်က သိပ်ကို အသက်ဝင်ပြီး နားထောင်သူအတွက် စိတ်လှုပ်ရှားစရာ ကောင်းလှတယ်။

"ကောင်းတယ် ကောင်းတယ် ရွှီအမတ်က တကယ့်ကို ငါကိုယ်တော်ရဲ့ လက်ရုံးသဖွယ် အားကိုးရတဲ့ အမတ်ပါပဲ၊ ဒီတစ်ခါတော့ သူတို့ ဘာပြောဦးမလဲဆိုတာ ငါကိုယ်တော် ကြည့်ရသေးတာပေါ့" ကျားချန်ဧကရာဇ်က ပလ္လင်ရဲ့လက်တန်းကို ပုတ်ပြီး ခဏခဏ ချီးမွမ်းစကား ဆိုတယ်။

"ကျိန်းအန်းချန်၊ ဝန်ကြီးချုပ်စွီကို ခေါ်ခဲ့စမ်း၊ ဒီတစ်ခါတော့ ငါကိုယ်တော်က ဒီလူတွေရဲ့ မျက်နှာကို အပြတ်အသတ် ဖြတ်ပစ်ရမယ်"

"အမိန့်တော်အတိုင်းပါ"

ညီလာခံထဲမှာ ကျဲ့ကျန်းရေတပ် ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားတာတွေ ပြန်ပေါ်လာချိန်မှာ၊ လန့်ကျောက်ယန်လို့ ခေါ်တဲ့ ကျွန်းငယ်လေး တစ်ကျွန်းပေါ်မှာလည်း ပြဿနာတစ်ခု ပေါ်နေတယ်။

"ဌာနမှူးရဲ့ စကားက ဘာကို ဆိုလိုတာလဲ။ ဆိုလိုတာက မင်းတို့ထဲက တစ်ယောက်ယောက်က ငါ့ကို ကွယ်ရာမှာ ရွှမ်းယွီကျွန်းကို နောက်တစ်ခါ သွားခဲ့ကြပြန်တာလား"

ကြမ်းတမ်းစွာ ဆောက်ထားတဲ့ အိမ်လေးတစ်လုံးထဲမှာ ဖြစ်တယ်။ နံရံတွေကို သစ်သားတွေနဲ့ လုပ်ထားပြီး သစ်ခေါက်တွေတောင် မခွာရသေးဘူး၊ အမိုးကိုတော့ ကမ်းရိုးတန်းဒေသမှာ ပေါက်တဲ့ သစ်ရွက်တွေနဲ့ သစ်ကိုင်းတွေကို စည်းပြီး မိုးထားတာ ဖြစ်တယ်။

အပြင်ပန်း ကြည့်ရင် သိပ်ကို ရိုးရှင်းပေမဲ့ အကျယ်အဝန်းကတော့ မသေးဘူး၊ အလယ်ဗဟိုမှာ သစ်သားနဲ့ လုပ်ထားတဲ့ ကုလားထိုင်ကြီး တစ်လုံး ရှိပြီး၊ အဲဒီပေါ်မှာ အသက် ငါးဆယ်ဝန်းကျင်လောက်ရှိကာ အရပ်ပုပေမဲ့ သန်မာထွားကြိုင်းပြီး အပြာရင့်ရင့် ဝတ်စုံကို ဝတ်ထားတဲ့ အဘိုးအိုတစ်ယောက် ထိုင်နေတယ်။

အဲဒီလူက ယောင်းရယ်ပါပဲ။

သူက ခန့်ညားစွာ ထိုင်နေပြီး စကားပြောနေတုန်းမှာပဲ သိမ်းငှက်လို ထက်မြက်တဲ့ သူ့ရဲ့ မျက်ဝန်းတွေနဲ့ အောက်က လူအုပ်စုကို စိုက်ကြည့်နေတယ်၊ ဘယ်သူက စည်းကမ်းဖောက်ပြီး မိမိသဘောနဲ့ လှုပ်ရှားခဲ့သလဲဆိုတာကို ရှာနေတဲ့ပုံ ရှိတယ်။

199 06

ရှဲ့ရုံ က အရင်တစ်ခေါက်က ကြိမ်းမောင်းခံရရုံတင် မကဘဲ ကြိမ်ဒဏ်ပါ ခံခဲ့ရလို့ သိပ်ကို စိုးရိမ်နေတဲ့ပုံ ရှိတယ်။ ယောင်းရယ်က သူ့ကို ကြည့်လိုက်တာ မြင်တော့ သူက လက်ကို ဝှေ့ယမ်းပြီး ကမန်းကတန်း ပြောတယ်။

"ယောင်းရယ်၊ ကျွန်တော် တိတ်တဆိတ် မသွားခဲ့ပါဘူး၊ ကျွန်တော့် ကိုယ်ပေါ်က ဒဏ်ရာတွေတောင် မပျောက်သေးပါဘူး"

"ယောင်းရယ်၊ ရုံကောကတော့ တကယ်ပဲ လူတွေကို ခေါ်ပြီး အပြင်မထွက်ခဲ့ပါဘူး၊ ကျွန်တော် အာမခံပါတယ်"

"မင်းက သူ့အတွက် အာမခံရအောင်၊ မင်းက ဘယ်သူမလို့လဲ" ယောင်းရယ်ရဲ့ မျက်မှောင်တွေက ထောင်တက်သွားပြီး ဒေါသထွက်နေတာက ထင်ရှားလှတယ်၊ "ဌာနမှူးက ပြောတယ်၊ ဒီတစ်ခေါက် ကိစ္စက ကြီးသွားပြီတဲ့၊ မင်းတို့ ပြီးခဲ့တဲ့ အခေါက်က ရွှမ်းယွီကျွန်းကို သွားတုန်းက ဘာတွေ ဖြစ်ခဲ့ကြသလဲ။ စာထဲမှာ ပါတာကတော့ အဲဒီမှာ အစိုးရ အရာရှိကြီးတွေ အများကြီး ရှိနေတယ်၊ ရှောက်နယ်စားမင်းကြီးတောင် ပါနေတယ်တဲ့၊ ဒါပေမဲ့ မင်းတို့ ဒီကောင်တွေက အဲဒီအပေါ်ကို အမြောက်တွေနဲ့ လှမ်းပစ်ရဲတယ်လား မင်းတို့ သိကြလား၊ အစိုးရက ကျဲ့ကျန်းမှာ ရေတပ်ဖွဲ့စည်းတော့မယ်တဲ့"

"အမြောက်နဲ့ ပစ်တယ် ဘာအမြောက်လဲ" ရှဲ့ရုံမှာ ဘာမှမသိဘဲ ကြောင်သွားတယ်။

လာကျစ်လည်း မကျေမနပ်နဲ့ အော်ဟစ်တာက "ကျွန်တော်တို့ အမြောက်နဲ့ မပစ်ပါဘူး ယောင်းရယ်၊ အဲဒီနေ့က ညီအစ်ကို နည်းနည်းပဲ သွားခဲ့တာပါ။ အကြီးအကဲက သူတို့ကို ပညာပေးချင်တယ်ဆိုလို့ အလုပ်သမားတွေကိုပဲ တိုက်ခဲ့တာပါ။ အလုပ်သမား မရှိရင် သူတို့ အလုပ်လုပ်လို့ မရတော့ဘူးလေ၊ ဘယ်သူမှ လာအလုပ်မလုပ်ရဲအောင် ခြောက်လိုက်ရင် ဒီကုန်သွယ်ရေးမြို့ကလည်း ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အဲဒီကျွန်းပေါ်မှာ စစ်သည်တွေ အများကြီး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒါကြောင့် သူတို့နဲ့ တိုက်ပွဲဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ သွားတုန်းက သေနတ်တွေ ယူသွားလို့သာ လွတ်အောင် ပြေးနိုင်ခဲ့တာ။ မူလက လွတ်သွားပြီ ဆိုပေမဲ့ သူတို့က စစ်သင်္ဘောတွေနဲ့ လိုက်တိုက်လို့ ကျွန်တော်တို့ဆီကို အမြောက်တစ်ချက် ထိမှန်သွားတာ၊ ဒါကြောင့် သင်္ဘောတစ်စင်း ဆုံးရှုံးသွားရတာပါ"

"မင်းတို့ အမြောက်နဲ့ မပစ်ခဲ့ဘူးလား" ယောင်းရယ်က သံသယနဲ့ လူအားလုံးကို လိုက်ကြည့်တယ်။

"ယောင်းရယ်၊ ကျွန်တော်တို့ တကယ်ပဲ အမြောက်နဲ့ မပစ်ခဲ့ပါဘူး" အဲဒီနေ့က အတူတူ သွားခဲ့သူတွေက တညီတညွတ်တည်း ပြောကြတယ်။

"မင်းတို့ အမြောက်နဲ့ မပစ်ဘူးဆိုရင် ဌာနမှူးက ဘာဖြစ်လို့ ရှောက်နယ်စားမင်းကြီးက ဒေါသထွက်နေပြီး ငါတို့ကို လျှောက်လုပ်တယ်လို့ စွပ်စွဲတယ်ဆိုတဲ့ စာကို ပို့ရတာလဲ"

"အဲဒါတော့ ကျွန်တော်တို့လည်း မသိတော့ပါဘူး"

ရှဲ့ရုံက ခေါင်းကို ကုတ်ပြီး မေးတယ်။

"တစ်ယောက်ယောက်က ကျွန်တော်တို့ကို တမင်တကာ အပြစ်ဖို့တာလား"

"ဘယ်သူက ငါတို့ကို အပြစ်ဖို့နိုင်မှာလဲ။ ရှဲ့ရုံ၊ မင်းက အမြောက်နဲ့ ပစ်ခဲ့ပြီးတော့ မဝန်ခံရဲလို့ မင်းရဲ့ ညီအစ်ကိုတွေကို လိမ်ခိုင်းထားတာ မဟုတ်လား" ဘေးနားက လူတစ်ယောက်က နောက်ပြောင်လိုက်တယ်။

ရှဲ့ရုံမှာ မျက်နှာတစ်ခုလုံး မကျေမနပ် ဖြစ်သွားပြီး ကောင်းကင်ကို လက်ညှိုးထိုးပြီး ကျိန်ဆိုတယ်၊ "ကျွန်တော် နဂါးမင်းကြီးကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်၊ အကယ်၍ အဲဒီနေ့က ကျွန်တော်တို့ အမြောက်နဲ့ ပစ်ခဲ့တာ မှန်ရင် ကျွန်တော့်ကို ငါးစာဖြစ်ပြီး ဘယ်တော့မှ လူပြန်မဖြစ်ပါစေနဲ့"

ပင်လယ်ပြင်မှာ ကျင်လည်နေသူတွေက ဒီလို ကျိန်ဆိုမှုတွေကို သိပ် အလေးထားကြလို့ ဒီကျိန်ဆိုမှုက သိပ်ကို ပြင်းထန်လှတယ်လို့ ဆိုနိုင်တယ်၊ အဲဒီတော့မှ ယောင်းရယ်က သံသယတွေ ပြေပျောက်သွားတော့တယ်။

"ဒီလိုဆိုရင်တော့ အဲဒီအရာရှိယုတ်တွေက တမင်တကာ လုပ်ကြံပြီး အပြစ်ဖို့လိုက်တာပေါ့"

"သေချာပေါက် အဲဒီအရာရှိတွေပါပဲ၊ ယောင်းရယ် မေ့သွားပြီလား၊ အဲဒီအရာရှိတွေက သိပ် ကောက်ကျစ်စဉ်းလဲကြတာလေ"

199 07

"ဟုတ်တယ်၊ သေချာပေါက်ပဲ" အောက်က လူအားလုံးက ဝိုင်းပြီး ထောက်ခံကြတယ်။

ယောင်းရယ်က စဉ်းစားဟန်နဲ့ "ဒါက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အစိုးရက ကျဲ့ကျန်းမှာ ရေတပ်ဖွဲ့စည်းမယ်ဆိုတာကတော့ ငါတို့အတွက် သတင်းကောင်း မဟုတ်ဘူး။ ဌာနမှူး ပေးထားတဲ့ တာဝန်က..."

"ယောင်းရယ်၊ ရေတပ် မဖွဲ့စည်းခင်မှာပဲ ကျွန်တော်တို့ ရွှမ်းယွီကျွန်းကို တိုက်လိုက်ရင် မကောင်းဘူးလား။ သူတို့ကို အပြတ်အသတ် ချေမှုန်းလိုက်ရင် ဒီတာဝန်က ပြီးသွားပြီ မဟုတ်လား" တစ်ယောက်က အကြံပြုရာ တခြားသူတွေကလည်း ဝိုင်းထောက်ခံကြပြန်တယ်။

ယောင်းရယ်က အောက်က ဦးနှောက်မပါတဲ့ လူတွေကို တစ်ချက် ကြည့်ပြီး ကြိမ်းမောင်းလိုက်တယ်။

"ငါတို့မှာ ရှိတဲ့ သင်္ဘောနည်းနည်းနဲ့ ဘယ်သူ့ကို သွားတိုက်နိုင်မှာလဲ။ တျန့်ဟိုင်ရဲ့ အခြေအနေကို မင်းတို့ မသိတာ မဟုတ်ဘူး၊ အရင်ကလို မဟုတ်တော့ဘူး။ တော်ပြီ၊ ဒါတွေ မပြောနဲ့တော့၊ ဌာနမှူးက စာထဲမှာ ပြောထားတယ်၊ မိုဌာနမှူး ကိုယ်တိုင် လူတွေခေါ်ပြီး လာလိမ့်မယ်တဲ့၊ ငါတို့ကို ကူညီပြီး ဒီကိစ္စကို ပြီးအောင် လုပ်ပေးလိမ့်မယ်"

"မိုဌာနမှူး လာမှာလား။ ဒါဆိုရင်တော့ ကျွန်တော်တို့ စိုးရိမ်စရာ မလိုတော့ဘူးပေါ့"

"မိုဌာနမှူး လူတွေနဲ့ ရောက်လာရင်တော့ ရွှမ်းယွီကျွန်းကို အပြတ်ရှင်းပစ်ပြီး ကျွန်တော်တို့ ဟုန်ပန်း ရဲ့ အစွမ်းကို ပြလိုက်ကြတာပေါ့"

အဲဒီစကားကို ကြားတော့ ယောင်းရယ်မှာ ဒေါသထွက်သွားပြန်ပြီး အော်ဟစ်လိုက်တော့တယ်။

"သွားကြစမ်း၊ သွားကြစမ်း၊ ဦးနှောက်မပါတဲ့ ကောင်တွေ၊ ငါ့ကို စိတ်အနှောင့်အယှက် မပေးကြနဲ့တော့၊ အားလုံး ထွက်သွားကြစမ်း"

ဒါကြောင့် အဲဒီလူအုပ်စုလည်း အလျင်အမြန်ပဲ ထွက်သွားကြတော့တယ်။

******

200 01

အခန်း (၂၀၀)

ဒီလို များပြားလှတဲ့ ငွေကြေးပမာဏ ရှိနေလို့ ကျဲ့ကျန်းရေတပ်ကို ဖွဲ့စည်းတည်ထောင်ဖို့ဟာ မလွဲမသွေ လုပ်ဆောင်ရမယ့် ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့တယ်။

ဒီကိစ္စကို အစိုးရအဖွဲ့အတွင်း တညီတညွတ်တည်း အတည်ပြုပြီးတဲ့နောက်မှာတော့၊ ရေတပ်အင်အား ဖြည့်တင်းဖို့အတွက် ဘယ်နေရာက စစ်သည်အင်အားတွေကို ထုတ်နှုတ်သုံးမလဲဆိုတဲ့ အချက်ကို ဆက်ပြီး စဉ်းစားကြရတော့တယ်။

ဒီအကြောင်းကို ပြောရင် ချောင်းဟူရေတပ် အကြောင်းကို မပြောဘဲ မနေနိုင်ဘူး။

ဒီချောင်းဟူရေတပ်ဟာ အရင်ခေတ်ရေတပ်ရဲ့ ရှေ့ပြေးဖြစ်ပြီး၊ နှစ်ပေါင်းများစွာတိုင်အောင် ပင်လယ်ပြင်ထက်မှာ ကျော်ကြားလှကာ အရှိန်အဝါ ကြီးမားခဲ့ဖူးတယ်။ နှမြောစရာကောင်းတာက အရင်ခေတ်က ပင်လယ်ပိတ်ဆို့မှုတွေကို အကြိမ်ကြိမ် လုပ်ခဲ့လို့ အဲဒါကလည်း တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်ကျဆင်းလာခဲ့ရတာပါပဲ။

တာ့ချန်းပြည်ခေတ်ကို ရောက်လာတဲ့အခါမှာတော့၊ အစိုးရက ပင်လယ်ကို အကြိမ်ကြိမ် ပိတ်ဆို့ခဲ့ပြီး ပြည်သူတွေကိုလည်း ကုန်းတွင်းပိုင်းကို အကြိမ်ကြိမ် ပြောင်းရွှေ့စေခဲ့ရာ၊ ချောင်းဟူရေတပ်ဟာ အရပ်ရပ်ရှိ ရေတပ်တွေဆီ လူသားအရင်းအမြစ်တွေ ပို့ပေးတဲ့ အခြေခံစခန်းတစ်ခုအဖြစ်ကနေ၊ အရပ်ရပ်ကို ရိက္ခာဆန်တွေ သယ်ယူပို့ဆောင်ပေးရတဲ့ သာမန်စစ်သည်စုအဖြစ် ပြောင်းလဲသွားခဲ့ရပြီး၊ ရေတပ်ဆိုတဲ့ အမည်နာမပဲ ကျန်ပေမဲ့ အနှစ်သာရအားဖြင့် ပျက်သုဉ်းနေခဲ့ပြီ ဖြစ်တယ်။

ချောင်းဟူရေတပ်ရဲ့ နောက်ဆုံးကျန်တဲ့ စစ်သင်္ဘောတွေထဲက အချို့ကို ရိက္ခာသယ်ဖို့ ချန်ထားခဲ့ပြီး၊ ကျန်တစ်စိတ်တစ်ပိုင်းကိုတော့ ဖူကျန်းရေတပ်ဆီ လွှဲပြောင်းပေးခဲ့တယ်။

အခုတစ်ခေါက် အစိုးရအဖွဲ့မှာ ရေတပ်ဖွဲ့စည်းဖို့ အဆိုပြုချက် တင်သွင်းလာတဲ့အခါမှာတော့၊ အချိန်ကို အမိအရ ဆုပ်ကိုင်ဖို့ လိုတာ ဖြစ်လို့၊ အချို့သောအမတ်တွေက ဖူကျန်းနဲ့ ကွမ်တုန်း ရေတပ်နှစ်ခုက စစ်သည်အင်အားအချို့ကို ကျဲ့ကျန်းဆီ ထုတ်နှုတ်ပေးဖို့ အကြံပြုကြပြီး၊ အတွင်းဝန်ရုံး ကလည်း သဘောတူခဲ့ပေမဲ့၊ ကျားချန်ဧကရာဇ်ဆီ ရောက်သွားတဲ့အခါမှာတော့ အဲဒီအစီအစဉ်ဟာ ပယ်ချခံလိုက်ရတယ်။

ကျားချန်ဧကရာဇ်ရဲ့ အလိုတော်က ချောင်းဟူရေတပ်က လူတွေကို ထုတ်နှုတ်သုံးဖို့ပါပဲ။ ကျဲ့ကျန်းကမ်းရိုးတန်းမှာ ပင်လယ်ဓားပြတွေအများကြီး ရှိနေသလို၊ ကွမ်တုန်းနဲ့ ဖူကျန်းတစ်ဝိုက်မှာလည်း ပင်လယ်ဓားပြတွေ ပိုပြီး ပေါများလှတာကြောင့်၊ တစ်ဖက်ကို ကာကွယ်ပြီး တစ်ဖက်ကို ပစ်ပယ်ထားလို့ မဖြစ်နိုင်ဘူး။ အမှန်အတိုင်း ပြောရရင် ဧကရာဇ်က အဲဒီဒေသနှစ်ခုက ရေတပ်သားတွေကို မသုံးချင်တာပါပဲ။

အစိုးရရဲ့ ဆုံးဖြတ်ချက်တိုင်းက အထက်လူကြီးတွေအတွက် စကားတစ်ခွန်း ပြောရုံနဲ့ ပြီးမြောက်နိုင်ပေမဲ့၊ အောက်ခြေလူတွေအတွက်တော့ သိပ်ကို ကြီးမားလှတဲ့ လှုပ်ခတ်မှု ဖြစ်စေတယ်။ ကိစ္စရပ်တွေ အတည်ပြုပြီးနောက်၊ စစ်သေနာပတိဌာနက ချောင်းဟူရေတပ်က အဆင့်ဆင့်သော စစ်သည်ပေါင်း နှစ်ထောင်ကို ကျဲ့ကျန်းဆီ စေလွှတ်ခဲ့ပြီး၊ ဖူကျန်းနဲ့ ကွမ်တုန်း ရေတပ်တို့ကလည်း တစ်ဖက်ကို ငါးရာစီ ထုတ်နှုတ်ခဲ့ရာ၊ သူတို့က ကျဲ့ကျန်းရေတပ်ရဲ့ အစောဆုံးသော အခြေခံအင်အားစုတွေ ဖြစ်လာခဲ့ကြတယ်။

တပ်မှူးချုပ်အဖြစ် ချောင်းဟူရေတပ်က ဒု-တပ်မှူးဟောင်း ကုန်တာ့ထုံကို ခန့်ခဲ့ပြီး၊ ရွှီထင်းရှန်းကို ရေတပ်ကြီးကြပ်ရေးမှူးအဖြစ် ပူးတွဲတာဝန် ပေးခဲ့တယ်။

ကြီးကြပ်ရေးမှူး ဆိုတာက စစ်ဘက်ဆိုင်ရာ တပ်မှူးချုပ်ထက် မြင့်တဲ့ ရာထူး ဖြစ်တယ်။

200 02

တပ်မှူးချုပ်က စစ်ဘက်အရာရှိ ဖြစ်ပေမဲ့၊ ကြီးကြပ်ရေးမှူးကတော့ စာပေအရာရှိ ဖြစ်တယ်။ တာ့ချန်းပြည်ရဲ့ စည်းကမ်းချက်အရ ပုံမှန်အားဖြင့် စစ်ဘက်အရာရှိက စစ်သားတွေကို လေ့ကျင့်ပေးရပြီး၊ စာပေအရာရှိရဲ့ ကန့်သတ်ကြပ်မတ်မှုကို ခံယူရတာ ဖြစ်လို့၊ ရွှီထင်းရှန်းဟာသာ ကျဲ့ကျန်းရေတပ်ရဲ့ အစစ်အမှန် ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ဖြစ်လာခဲ့တယ်။

ဒီကိစ္စ ဖြစ်ပြီးတဲ့နောက်မှာတော့၊ တစ်ပြည်လုံးမှာ ထပ်ပြီးတော့ တုန်လှုပ်သွားရပြန်တယ်။

ရာထူးတက်မြန်သူတွေကို မတွေ့ဖူးတာ မဟုတ်ပေမဲ့၊ ရွှီထင်းရှန်းလို တက်လှမ်းပုံမျိုးကိုတော့ တကယ့်ကို ပူပထမဆုံးအကြိမ် မြင်ဖူးတာပါပဲ။ တိုတောင်းလှတဲ့ နှစ်အနည်းငယ်အတွင်းမှာ၊ အဆင့်ခုနစ်ရှိတဲ့ မြို့ပိုင်အရာရှိငယ်ဘဝကနေ အဆင့်ငါးရှိတဲ့ ကုန်သွယ်ရေး ညွှန်ကြားရေးမှူးအထိ ရာထူးတိုးမြှင့်ခံခဲ့ရတာဟာ ရာထူးအဆင့် တစ်ဆင့်ခွဲလောက်ပဲ တိုးသွားတယ်လို့ ထင်ရပေမဲ့၊ လက်ဝယ်ရှိတဲ့ အာဏာကတော့ မိုးနဲ့မြေလို ကွာခြားလှတယ်။

အခု တစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်အတွင်းမှာ၊ အဆင့်ငါးကနေ အဆင့်နှစ် အထိ ရာထူးတိုးမြှင့်ခံရတာဟာ ကမ္ဘာဦးကတည်းက ပုံမှန်မဟုတ်တဲ့ ပထမဆုံးသော ဖြစ်ရပ်ပါပဲ။

မဖြစ်နိုင်ပါဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။ ဒီလို ဆက်ပြီး တိုးမြှင့်ပေးနေမယ်ဆိုရင်၊ တခြားသူတွေရဲ့ ရာထူးတွေကိုပါ သူ့ဆီ ပေးရတော့မှာ မဟုတ်ဘူးလား။ ဒီအဆိုပြုချက်အပေါ် အစိုးရအဖွဲ့အတွင်းမှာ ကန့်ကွက်မှုတွေအများကြီး ပေါ်လာခဲ့တယ်။ အဲဒီစာပေအရာရှိကြီးတွေက အမြဲတမ်းပဲ လှည့်ပတ်စဉ်းစားတတ်သူတွေ ဖြစ်ကြတာကြောင့်၊ ကန့်ကွက်စကား ပြောရာမှာတောင် သိပ်ကို စကားလုံးရွေးတတ်ကြတယ်။

အချို့က ရွှီညွှန်ကြားရေးမှူးက ငယ်ရွယ်လွန်းလှတာကြောင့်၊ ဒီလို ရာထူးတိုးမြှင့်ပေးတာဟာ သူ့ကို ဒုက္ခပေးရာ ရောက်လိမ့်မယ်လို့ ဆိုကြသလို၊ အချို့ကတော့ အဆင့်ငါးကနေ အဆင့်နှစ်ကို တိုးမြှင့်ပေးတာဟာ အစိုးရရဲ့ ထုံးတမ်းစဉ်လာနဲ့ မကိုက်ညီဘူးလို့ ဆိုကြတယ်။ ခြုံပြီးပြောရရင် အမျိုးမျိုး ပြောနေကြတာကြောင့်၊ ဒီကိစ္စက ရှေ့မတိုးနိုင်ဘဲ ရှိနေတော့တယ်။

ကျားချန်ဧကရာဇ်ကလည်း သိပ်ကို ခိုင်မာလှတယ်၊ နှစ်ပေါင်းများစွာတိုင်အောင် ဆင်းရဲမွဲတေခဲ့ရပြီးမှ ခက်ခဲစွာနဲ့ မိမိအတွက် ငွေရှာပေးနိုင်မယ့်သူတစ်ယောက်ကို ရထားတာဖြစ်တယ်။ ကျဲ့ကျန်းကမ်းရိုးတန်းဒေသက ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ကျားချန်ဧကရာဇ်က တခြားသူတွေထက် ပိုပြီးသိတယ်။ အဲဒီသူတို့ရဲ့ စကားကို နားထောင်ပြီး တခြားသူတစ်ယောက်ကိုသာ အဲဒီနေရာကို လွှတ်လိုက်ရင် ကောင်းနေတဲ့ ကိစ္စတွေကို ဖျက်ဆီးပစ်လိမ့်မယ်။

ရုတ်တရက် ချမ်းသာလာသူတွေက ပုံမှန်အားဖြင့် ငွေကြေးအတွက် အမြဲပူပန်နေရတဲ့ အရင်ဘဝဟောင်းကို ပြန်မသွားချင်ကြဘူး။ ဒါ့အပြင် အခုအခါ ကျားချန်ဧကရာဇ်က ရွှီထင်းရှန်းကို မိမိရဲ့ကံကောင်းစေတဲ့ အမတ်အဖြစ် မှတ်ယူထားတယ်။ ရွှီထင်းရှန်း ပေါ်လာကတည်းက သူဟာ အဲဒီအမတ်ကြီးတွေရဲ့မျက်နှာကို အကြိမ်ကြိမ် ဖြတ်နိုင်ခဲ့တာကြောင့်၊ သေချာပေါက်ပဲ ရွှီထင်းရှန်းကို အားပေးကူညီမှာ ဖြစ်တယ်။

နှစ်ဖက်စလုံးက မလျှော့ပေးဘဲ ဖြစ်နေကြတာကြောင့် နောက်ဆုံးမှာ ကြားနေနည်းလမ်းတစ်ခုကို သုံးပြီး၊ ရွှီထင်းရှန်းကို တျန့်ဟိုင် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးအဖြစ် ဆက်ထားပြီး ကျဲ့ကျန်းရေတပ်ကြီးကြပ်ရေးမှူးတာဝန်ကိုပါ တွဲဖက် ပေးလိုက်တော့တယ်။

200 03

ဒီ 'တွဲဖက်' ဆိုတဲ့ စကားလုံးက ရွှီထင်းရှန်းဟာ ယာယီပဲ ဖြစ်ပြီး၊ ဘယ်အချိန်မှာမဆို တခြားသူတစ်ယောက်နဲ့ အစားထိုးခံရနိုင်တယ်လို့ ဆိုလိုတာ ဖြစ်တယ်။ ဒါပေမဲ့ ရွှီထင်းရှန်းကတော့ ဒီအချက်ကို ဂရုမစိုက်ဘူး၊ တွဲဖက်ဖြစ်စေ၊ ဘာဖြစ်စေ မိမိရဲ့လက်ထဲကို ရောက်လာပြီးမှ ပြန်ထုတ်ပေးဖို့ကတော့ နည်းနည်း ခက်လိမ့်မယ်။

အမှန်တော့ ရွှီထင်းရှန်းအတွက် လက်ရှိ လိုအပ်နေတာက အချိန်နဲ့ သူ့ရဲ့ကိုယ်ပိုင်အင်အားစုပါပဲ။ အကယ်၍ နေရာအနှံ့အပြားမှာ သူရဲ့ လူတွေကို ခန့်ထားနိုင်ရင် တကယ့် ရေတပ်ကြီးကြပ်ရေးမှူးတစ်ယောက် ရောက်လာပြီး သူ့ကို အစားထိုးရင်တောင် သူ ကြောက်နေစရာ မလိုတော့ဘူး။

အမိန့်တော်ပြန်တမ်းက ကျဲ့ကျန်းကို ရောက်လာတဲ့အခါမှာတော့၊ နောက်ထပ် လှုပ်ခတ်မှုတစ်ခု ဖြစ်လာခဲ့တယ်။

သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ၊ လက်ရှိအချိန်မှာ အဲဒီလူကို ဘယ်လိုမှ လုပ်လို့ မရတာက ထင်ရှားလှတာကြောင့်၊ သိက္ခာအရ လုပ်သင့်တဲ့ ဂုဏ်ပြုလွှာတွေနဲ့ ဂုဏ်ပြုလက်ဆောင်တွေကို အရပ်ရပ်က ပေးပို့လာကြတယ်။ ရွှီအိမ်တော်အတွင်းမှာတော့ အားလုံးက သိပ်ကိုဝမ်းသာနေကြတယ်၊ သခင်ကြီးက ရာထူးတိုးမြှင့်ခံရပြီ ဖြစ်တာကြောင့်၊ အဲဒါက ယာယီတွဲဖက် ဖြစ်စေ၊ မဟုတ်စေ၊ အောက်ခြေလူတွေကတော့ ဂရုမစိုက်ကြဘူး။ မနေ့ညက ချောင်းဟူရေတပ်က စစ်သည်တွေ တျန့်ဟိုင်ကို ရောက်လာကြတယ်။ မြို့ထဲကို ဝင်ဖို့ အဆင်မပြေလို့လည်းကောင်း၊ ရေတပ်စခန်းကို မဆောက်ရသေးလို့လည်းကောင်၊ မြို့ပြင်မှာပဲ စခန်းချနေကြရတယ်။ ရွှီထင်းရှန်းက ယာယီကြီးကြပ်ရေးမှူး ဖြစ်တဲ့အတိုင်း ထုံးစံအရ သူတို့ကို သွားတွေ့ဖို့ လိုတယ်။

ကျောက်အာက ဆံပင်တွေကို ဖြန့်ချထားပြီး၊ ကျောက်စိမ်းရောင်အတွင်းခံဝတ်စုံကို ဝတ်ကာ၊ အပေါ်က ဝတ်ရုံတစ်ထည်ကို ခပ်ပေါ့ပေါ့ ခြုံထားရင်း၊ ရွှီထင်းရှန်းအတွက် အရာရှိဝတ်စုံကို လဲပေးနေတယ်။

သူက ယာယီကြီးကြပ်ရေးမှူးပဲ ဖြစ်တာကြောင့် မိမိရဲ့ မူလရာထူးအဆင့်အတိုင်း အစိမ်းရောင် အရာရှိဝတ်စုံကိုပဲ ဝတ်နိုင်သေးတယ်။

သူက အင်္ကျီလက်ကို တစ်ချက် ခါလိုက်ရင်း နှုတ်ခမ်းကို မဲ့ကာ ပြောတယ်။ "ဒီလူတွေကတော့ တကယ့်ကို စိတ်အနှောင့်အယှက် ပေးတတ်တာပဲ၊ ဘာဖြစ်လို့ ဒီလို တွဲဖက်ဆိုတာမျိုး လုပ်နေရတာလဲ"

ကျောက်အာက သူ့ရဲ့ ရင်ဘတ်ကို သေသေချာချာ ပြင်ပေးရင်း ပြုံးကာ ဆိုတယ်။ "အရင်က ဘယ်သူကများ ရာထူးမရမှာကို စိုးရိမ်နေခဲ့တာလဲ။ တွဲဖက်ဆိုလည်း တွဲဖက်ပေါ့၊ ဘာမှ မဖြစ်ပါဘူး"

"ကြည့်ရတာ အမြင်ကတ်စရာကြီး"

ဂရုမစိုက်ဘူး ပြောပေမဲ့၊ အမှန်တော့ စိတ်ထဲမှာ ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေပါ့မလဲ၊ အရာရှိတစ်ယောက်အနေနဲ့ အနီရောင်ဝတ်စုံကို ဝတ်နိုင်တာဟာ အဆင့်မြင့်အရာရှိကြီးတွေ စာရင်းထဲကို ဝင်တာပါပဲ။ ဒါက ကွာခြားချက်ပါပဲ၊ အချို့သောသူတွေက တစ်သက်လုံး ကြိုးစားပေမဲ့ အနီရောင်ဝတ်စုံကို မဝတ်နိုင်ဘဲ တစ်သက်လုံး နောင်တရသွားကြရတယ်။

"တော်ပါတော့၊ နင် အရာရှိလုပ်လာတာ ဘယ်နှနှစ် ရှိသေးလို့လဲ"

သူ ဝတ်ပြီးတာ မြင်တော့၊ ကျောက်အာကလည်း ကန့်လန့်ကာနောက်ကွယ်ကို သွားပြီး အဝတ်အစားလဲကာ၊ နည်းနည်း ပြင်ပြီးနောက် သူတို့နှစ်ယောက်က အပြင်ကို ထွက်ပြီး မနက်စာ စားကြတယ်။

ရွှီမိသားစုမှာ စားနေတုန်း စကားမပြောရဆိုတဲ့ စည်းကမ်း မရှိဘူး၊ ဒါ့အပြင် ရွှီထင်းရှန်းနဲ့ ကျောက်အာတို့က အလုပ်များကြတာမို့၊ မနက်စာနဲ့ ညစာ စားချိန်တွေကပဲ မိသားစုဝင်တွေကြား ဆက်ဆံရေး တည်ဆောက်ရမယ့် အချိန်တွေ ဖြစ်တယ်။

ဟုန်အာရဲ့စာပေလေ့လာတာကို မေးရင်း၊ အသေးအဖွဲကိစ္စတွေကို မှာရတယ်။ ဟုန်အာက တခြားကလေးတွေထက် ပိုပြီးလိမ္မာယဉ်ကျေးလှတယ်၊ အထူးသဖြင့် ဝေကော ရောက်လာကတည်းက၊ ကေးငယ်နှစ်ယောက်က သိပ်ကို ရင်းနှီးကြပြီး ခွဲမရအောင် တွဲနေကြတာကြောင့်၊ လူကြီးတွေအတွက်လည်း စိတ်အေးရစေတယ်။

200 04

အခုအခါ ကျောက်တိလည်း အလုပ်များနေတယ်။ တျန့်ဟိုင်မှာ လူအင်အား မလုံလောက်လို့ သူမက အခု ရွှမ်းယွီကျွန်းပေါ်က ဆိုင်ခန်းတွေကို စီမံနေရတယ်။ ပုံမှန်အားဖြင့် နိုင်ငံခြားသားတွေနဲ့ ထိတွေ့မှု များလှတာကြောင့် မကြာခင်က သူမက နိုင်ငံခြားဘာသာစကားကို သင်ဖို့ လူရှာနေတယ်လို့တောင် ကြားရတယ်။

"မေမေ၊ မေမေက နောက်တစ်ခါ ခရီးထွက်ရဦးမှာလား" ဟုန်အာက မေးတယ်။

သားဖြစ်သူက ဒီလို မေးတာ မြင်တော့၊ ကျောက်အာက နည်းနည်း အားနာတဲ့စိတ်နဲ့ ဆိုတယ်။

"ဒီတစ်ခေါက် မေမေသွားရတာက အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်ဖို့ပါ၊ ကောင်းရှန်းဦးဦးတို့၊ ကျန်းဝူဦးဦးတို့၊ နောက်ပြီး ဦးလေးကြီးတို့ပါ အကုန် ခရီးထွက်နေကြတာ၊ အပြင်မှာ လူအင်အား တကယ်လိုနေလို့ မေမေက သွားချင်တာပါ။ ဒီတစ်ခေါက် ကိစ္စပြီးရင်တော့၊ မေမေ အိမ်မှာပဲ သားနဲ့ ဖေဖေကို သေချာ အဖော်လုပ်ပေးပါ့မယ်"

ရွှီထင်းရှန်းကတော့ ဘေးနားမှာ ဆန်ပြုတ်သောက်ရင်း ဘာစကားမှ မပြောဘူး။

အမှန်တော့ မနေ့ညက သူနဲ့ ကျောက်အာတို့က ဒီကိစ္စကို တိုင်ပင်ခဲ့ကြပြီး ဖြစ်တယ်။ ငွေလွှဲဌာနတစ်ခုကို တည်ထောင်ချင်ပေမဲ့ လူအင်အားနဲ့ ပစ္စည်းအင်အား မလုံလောက်သေးတာကြောင့်၊ တခြားသူတွေနဲ့ ပူးပေါင်းဖို့ မလွှဲမရှောင်သာ ဖြစ်နေတယ်။

အခု ကျောက်အာတို့က ဒီကိစ္စအတွက် အလုပ်များနေကြတာ ဖြစ်တယ်။ အရပ်ရပ်က ငွေလွှဲဌာနတွေနဲ့ သဘောတူညီချက်ရဖို့ ကြိုးစားနေကြပြီး၊ အကယ်၍ တစ်ဖက်လူက ဒီဘက်က ထုတ်ပေးလိုက်တဲ့ ငွေလွှဲလက်မှတ်ကို အသိအမှတ်ပြုလိုက်ရင်၊ ကိစ္စက တစ်ဝက်လောက် ပြီးသွားပြီလို့ ပြောနိုင်တယ်။ ကုန်သည်တွေက ငွေလွှဲလက်မှတ်ကို ယူပြီး အရပ်ရပ်က နေရာတွေမှာ ငွေလဲလှယ်ကြမှာဖြစ်ပြီး၊ တျန့်ဟိုင်ဘက်ကလည်း ငွေလွှဲလက်မှတ်ရဲ့ ပမာဏအတိုင်း ငွေတွေကို တစ်ဖက်လူဆီ ပို့ပေးမှာ ဖြစ်တယ်။

ပြောရရင် လွယ်ပေမဲ့ လက်တွေ့မှာတော့ ပါဝင်ပတ်သက်နေတဲ့ အချက်အများကြီး ရှိနေတယ်။ ပထမဆုံး အချက်က ယုံကြည်မှု ပြဿနာပါပဲ။ ဘယ်လို သက်သေအထောက်အထားမှ မရှိဘဲ တခြားသူတွေက ဘာဖြစ်လို့ ရှင့်အတွက် ငွေတွေကို အရင်စိုက်ထုတ်ပေးပါ့မလဲ။ ငွေလွှဲလက်မှတ်နဲ့ ပတ်သက်လာရင် ပမာဏက မသေးတာကြောင့် ဘယ်သူမှ ငွေကြေးကိစ္စကို နောက်ပြောင်မှာ မဟုတ်ဘူး။

သေချာပေါက်ပဲ ထိုင်းလုံ ကုမ္ပဏီ အနေနဲ့ သက်ဆိုင်ရာ ငွေလွှဲဌာနတွေမှာ ငွေအချို့ကို ကြိုတင်အပ်ထားနိုင်ပြီး တခြားသူတွေက ကူညီလဲလှယ်ပေးနိုင်ပေမဲ့ ဒီအတွက် လိုအပ်တဲ့ ရင်းနှီးငွေက သိပ်ကို ကြီးမားလှတာကြောင့်၊ ကျောက်အာရဲ့ ပိုင်ဆိုင်မှုအားလုံးကို သုံးရင်တောင် မဖြစ်နိုင်သေးဘူး။

ဒါကြောင့်ပဲ ကောင်းရှန်းနဲ့ ကျန်းဝူတို့က အရပ်ရပ်က ငွေလွှဲဌာနကြီးတွေနဲ့ သွားပြီးညှိနှိုင်းနေကြပေမဲ့ တိုးတက်မှုက သိပ်ကို နှေးနေတာကြောင့် ကျောက်အာကိုယ်တိုင် သွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။

သူမက အခု နန်ကျစ်လီဒေသမှာ အတော်လေး နာမည်ကြီးနေပြီ ဖြစ်ရာ၊ ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ရွှီထင်းရှန်းရဲ့ဆွေမျိုးတော်စပ်သူဆိုတဲ့ အဆင့်အတန်းနဲ့ဆိုရင် ကောင်းရှန်းတို့ထက် ပိုပြီးလွယ်လွယ်ကူကူ ညှိနှိုင်းနိုင်လိမ့်မယ်လို့ ယူဆရတယ်။

ကျန်းနန်ဒေသရဲ့ အခြေအနေကို ဖွင့်နိုင်ရင်၊ အနောက်မြောက်ဒေသတွေအတွက် ပိုပြီးလွယ်သွားလိမ့်မယ်။ အမှန်အတိုင်း ပြောရရင် ပင်လယ်ကုန်သည် အများစုက ကျန်းနန်ဒေသမှာပဲ စုဝေးနေကြတာ ဖြစ်တယ်။ တျန့်ဟိုင်မြို့ ဖွင့်ကတည်းက အနောက်မြောက်ဘက်က ကုန်သည်အချို့ ရောက်လာကြပေမဲ့ အရေအတွက်က နည်းပါးလှပေသေးတယ်။

"ဒါဆိုရင်လည်း မေမေ လမ်းမှာ လုံခြုံရေးကို သတိထားပါနော်" ဟုန်အာက ဆိုတယ်။

200 05

ကျောက်အာက သားဖြစ်သူရဲ့မျက်နှာကို အကဲခတ်လိုက်ပေမဲ့ သူက အလွန်အမင်း ဝမ်းနည်းနေပုံ မပြတာကြောင့် စိတ်ထဲက သက်သာရာ ရသွားတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အမည်မသိတဲ့ ထိတ်လန့်မှုတစ်ခု ဝင်လာပြန်တယ်။ သူမက သားဖြစ်သူကို အချိန်ပေးတာ နည်းသွားတာကြောင့် မိခင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့အတွက် ဘာမှ မထူးခြားတော့သလို ဖြစ်နေပြီလားလို့ တွေးမိတာပဲ။

ဟုန်အာက မနက်စာကို အမြန်စားပြီးနောက် ဝေကောနဲ့အတူ စာသင်ခန်းကို သွားတော့မယ်လို့ ပြောပြီး ထွက်သွားတယ်။

ဟုန်အာ ထွက်သွားပြီးနောက်၊ ကျောက်အာက စိတ်ပျက်လက်ပျက်နဲ့ ကုလားထိုင်ပေါ် မှီချလိုက်တော့တယ်။

"ဘာဖြစ်လို့လဲ"

"ဘာမှ မဟုတ်ပါဘူး" သူမက ညိုးငယ်တဲ့ အမူအရာနဲ့ ဆိုတယ်။

ရွှီထင်းရှန်းက ထမင်းစားတူကို ချလိုက်ပြီး၊ သူမရဲ့ပုခုံးကို ပုတ်ကာ ဆိုတယ်။ "ကဲပါ၊ အများကြီး မတွေးပါနဲ့၊ ကလေးဆိုတာ အရွယ်ရောက်လာမှာပဲ၊ တစ်နေ့ကျရင် မိဘတွေဆီကနေ တဖြည်းဖြည်း ခွဲခွာသွားကြမှာပဲလေ။ အထူးသဖြင့် ယောက်ျားလေးတွေက အရွယ်ရောက်လာရင် မိဘကို မကပ်တော့ဘူး၊ မိန်းကလေးတွေလောက် စိတ်မနီးစပ်ကြတော့ဘူး။ ဟုန်အာက လိမ္မာတယ်၊ သိတတ်တယ်၊ မင်းက သူ့ကို မင်းရဲ့ခြေထောက်ကို ဖက်ထားပြီး မေမေ မသွားပါနဲ့လို့ အတင်းတားစေချင်တာလား"

"ငါက အဲဒီလို မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်မ ခံစားနေရတာက..." ကျောက်အာက စကားပြောဖို့ ပြင်လိုက်ပေမဲ့ သက်ပြင်းတစ်ချက်ပဲ ချလိုက်မိတယ်။ "ငါလည်း ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေမှန်း မသိတော့ပါဘူး"

"သူ နောက်ထပ် နည်းနည်းလောက် အရွယ်ရောက်လာရင်၊ တခြားနေရာမှာ သွားပြီး စာသင်တာမျိုး ဒါမှမဟုတ် ခရီးလှည့်လည်တာမျိုး လုပ်ဦးမှာပဲ၊ မင်းက သူ့ကို တစ်သက်လုံး စောင့်ကြည့်နေနိုင်မှာမလို့လား။ တကယ်လို့ မင်း ခရီးမထွက်ချင်ရင်လည်း မသွားပါနဲ့တော့၊ ဘာပဲဖြစ်ဖြစ် ငါတို့ အိမ်မှာ အခု ငွေသုံးဖို့ မရှားပါဘူး"

"ငါက..."

"ကြည့်စမ်း၊ မင်းကိုယ်တိုင်ကလည်း မကျေနပ်နိုင်ဘူးမဟုတ်လား၊ ဒါဆို ဘာဖြစ်လို့ စိတ်ညစ်နေရတာလဲ"

"အစ်မက ပြောတယ်၊ ငါက ခဏခဏ အပြင်ထွက်နေတော့၊ တစ်နေ့ကျရင် အိမ်ပြန်ရောက်တဲ့အခါ အိမ်မှာ လူအသစ်တွေ ရောက်နေမှာ စိုးရတယ်တဲ့၊ ယောက်ျားတွေက မယားငယ်တွေ ထားရတာ ဝါသနာပါကြတယ်တဲ့၊ အထူးသဖြင့် အရာရှိလုပ်တဲ့သူတွေပေါ့"

ရွှီထင်းရှန်းက သူမကို ကြည့်ပြီး ရယ်မောကာ ဆိုတယ်။

"စကားတွေက ဟိုလှည့်ဒီလှည့်နဲ့၊ မင်းက ခရီးမထွက်ခင်မှာ ငါ့ကို သတိပေးနေတာလား"

"ငါ မလုပ်ပါဘူး"

"တကယ် မလုပ်တာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား" သူက ရုတ်တရက် သူမရဲ့အနားကို တိုးကပ်လိုက်တယ်။

"တကယ် မလုပ်ပါဘူး"

ရွှီထင်းရှန်းက မေးစေ့ကို ပွတ်ရင်း စဉ်းစားဟန်နဲ့ ပြောလိုက်တယ်။ "ဒါကတော့ ပြောရခက်တယ်နော်၊ အခု ငါက ရာထူးတိုးသွားပြီဆိုတော့၊ နောင်မှာ အလားအလာတွေ အများကြီး ရှိနေတာ ထင်ရှားတယ်လေ၊ အရာရှိကြီးတစ်ယောက်ယောက်ကများ ငါ့ကို သဘောကျပြီး သူ့သမီးကို မယားငယ်အဖြစ် လာပေးရင်၊ ငါက လက်ခံရမလား၊ မခံရဘူးလား"

ကျောက်အာက ပြုံးပြီး မေးတယ်။

"ဒါဆိုရင် နင်က လက်ခံချင်တာလား၊ မခံချင်တာလား"

"ဒါကတော့..."

200 06

သူ့ရဲ့စကားမဆုံးခင်မှာပဲ ရွှီထင်းရှန်းက နှုတ်ခမ်းထက်မှာ နာကျင်မှုကို ခံစားလိုက်ရတယ်။ ကျောက်အာက သူ့ကို တစ်ချက် ကိုက်လိုက်တာပါပဲ။ ကိုက်ပြီးတာနဲ့ သူမက ထွက်ပြေးဖို့ ပြင်ပေမဲ့ ရွှီထင်းရှန်းက ဆွဲထားလိုက်တယ်။

ကျောက်အာက သူမရဲ့ပါးစပ်ထဲမှာ သွေးနံ့တွေ ပြည့်သွားတာကို ခံစားမိမှပဲ၊ သူမ အားပါသွားတာကို သိလိုက်တော့တယ်။ ခဏတာအတွင်းမှာပဲ၊ သူမရဲ့စိတ်ဝိညာဉ်က လှိုင်းတံပိုးတစ်ခုထဲ လွင့်မျောသွားသလို ခံစားလိုက်ရတယ်။

အတန်ကြာမှ သတိဝင်လာတဲ့အခါ၊ သူက အသက်ရှူသံ ခပ်ပြင်းပြင်းနဲ့ ပြုံးကာ ဆိုတယ်။

"အိမ်မှာ ကြောက်စရာကောင်းတဲ့ ဇနီးသည် ရှိနေတာဆိုတော့၊ လှပတဲ့ မိန်းကလေးတွေ နှိပ်စက်ခံရမှာ စိုးလို့၊ ငါ တကယ်ပဲ မယူရဲပါဘူး"

ကျောက်အာက ရယ်မောကာ မေးစေ့ကို မော့ပြီး ဆိုလိုက်တော့တယ်။

"နင် သိတတ်တာပဲ"

သူတို့နှစ်ယောက် ဒီလိုစနောက်နေကြတာကြောင့်၊ ဘေးနားက အစေခံမိန်းကလေးတွေက ကြောက်လန့်တကြားနဲ့ ထွက်ပြေးသွားကြတာ ကြာပြီ ဖြစ်တယ်။

အဲဒီနောက်မှာ ရွှီထင်းရှန်းအတွက် အရာရှိဝတ်စုံကို ကျောက်အာက ထပ်ပြီး ပြင်ပေးပေမဲ့၊ သူကတော့ မထွက်ချင်ဘဲ တွန့်ဆုတ်နေသေးတယ်။

"အချိန်မစောတော့ဘူးနော်၊ နင် ထပ်ပြီး မသွားရင်တော့ ယဉ်ကျေးမှု မရှိရာ ကျလိမ့်မယ်"

"မင်း ငါ့နှုတ်ခမ်းကို ဒီလိုလုပ်ထားတာ၊ ငါ အပြင်ထွက်ရင် လူတွေကို ဘယ်လို မျက်နှာပြရမလဲ"

ကျောက်အာက သူ တွန့်ဆုတ်နေတာဟာ သူမကို မခွဲနိုင်လို့လို့ ထင်ထားခဲ့တာ ဖြစ်တယ်။ အကြောင်းကတော့ ရွှီထင်းရှန်း ထွက်သွားပြီးနောက် သူမကလည်း ခရီးထွက်ရမှာ ဖြစ်လို့ပဲ၊ ဒါပေမဲ့ သူက ဒီကိစ္စကို စဉ်းစားနေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။

သူမက မော့ကြည့်လိုက်တဲ့အခါမှာတော့၊ တကယ်ပဲ ဖြစ်နေတော့တယ်

ရောင်နေရုံတင် မကဘဲ၊ အရေပြားလေးတောင် နည်းနည်း ပေါက်နေတယ်။

သူမမှာ စိတ်ပူသွားပြီး တစ်ခုခု ပြောဖို့ ပြင်စဉ်၊ ရွှီထင်းရှန်းက ပြုံးကာ ဆိုတယ်။

"ခြင်မ ကိုက်သွားတယ်လို့ပဲ ပြောလိုက်တော့မယ်"

ပြောပြီးတာနဲ့ သူ ထွက်သွားတော့ ကျောက်အာမှာ ခဏလောက် ကြောင်ပြီး ကျန်ခဲ့တယ်။

200 07

အတန်ကြာမှ သတိဝင်လာတဲ့အခါ၊ သူက သူမကို ဆဲဆိုသွားတာ ဖြစ်တာကို သိလိုက်တယ်။ ဘယ်အိမ်မှာများ ဒီလောက်ကြီးတဲ့ ခြင် ရှိလို့လဲ။

ရွှီထင်းရှန်းက မြို့ပြင်ကို သွားပြီး ကုန်တာ့ထုံနဲ့ ချောင်းဟူရေတပ်က စစ်သည်တွေကို တွေ့တယ်။

အခု သူတို့ကို ချောင်းဟူရေတပ်လို့ မခေါ်ရတော့ဘဲ ကျဲ့ကျန်းရေတပ်လို့ပဲ ခေါ်ရတော့မှာ ဖြစ်တယ်။

စစ်စခန်းထဲ ဖြတ်သွားတုန်း၊ စစ်သည်တွေရဲ့ စိတ်ဓာတ်နဲ့ အသေးစိတ်အချက်တွေကို တိတ်တဆိတ် အကဲခတ်လိုက်ရာ၊ သူတို့က အမှန်တကယ်ပဲ ထူးချွန်တဲ့ စစ်သည်တွေ ဖြစ်ကြပြီး၊ အညံ့စားတွေ မဟုတ်တာကို မြင်ရတယ်။

ရွှီထင်းရှန်းက စိတ်ထဲက တစ်ဝက်လောက် စိတ်အေးသွားရတယ်။ ဒီကိစ္စ အောင်မြင်ဖို့အတွက် သူဟာ ချန်ကျန်းဆီကို အထူးစာပို့ခဲ့ပြီး၊ ကျားချန်ဧကရာဇ်ရဲ့ရှေ့မှောက်မှာ ချောင်းဟူရေတပ်အကြောင်းကို ထည့်ပြောပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်။

ရေတပ်သားတွေက ကြည်းတပ်သားတွေနဲ့ မတူဘူး။ တာ့ချန်းပြည်တစ်ခုလုံးမှာ ရေတပ် သုံးခုပဲ ရှိတယ်။ ဖူကျန်းနဲ့ ကွမ်တုန်းရေတပ်က လူတွေကို မသုံးချင်ရင်၊ ဒီနေရာက လူတွေကိုပဲ သုံးရတော့မှာ ဖြစ်တယ်။

သူ့ရဲ အဲဒီအိမ်မက်ထဲမှာ ယန်ရှီးဧကရာဇ်က နန်းမတက်ခင် ငယ်ငယ်က ဖူကျန်းရေတပ်ကြီးကြပ်ရေးမှူးအဖြစ် လုပ်ခဲ့ဖူးတယ်။ အဲဒီအချိန်က ရေတပ်က အခြေခံကစပြီး ပျက်စီးနေခဲ့ပြီ ဖြစ်တာကြောင့် ယန်ရှီးဧကရာဇ်က ချောင်းဟူရေတပ်က လူတွေကို သုံးပြီး တစ်လောကလုံး ကျော်ကြားတဲ့ တာ့ချန်းရေတပ်ကြီးကို တည်ထောင်ကာ ခမ်းနားတဲ့ အောင်မြင်မှုတွေကို ရခဲ့တာ ဖြစ်တယ်။ အမှန်တော့ သူက အခုတစ်ခေါက် စွန့်စားခဲ့တာ ဖြစ်ပေမဲ့၊ ကံကောင်းလို့ အဲဒီအိမ်မက်က သူ့ကို မလိမ်ခဲ့ဘူး။

ရွှီထင်းရှန်းက စစ်သည်တွေကို အကဲခတ်နေတုန်းမှာပဲ၊ အဲဒီလူတွေကလည်း သူ့ကို ပြန်အကဲခတ်နေကြတယ်၊ ဒီစာပေအရာရှိက ကိုယ်လုံးကိုယ်ပေါက် သွယ်လျတာကြောင့် ကြည့်ရုံနဲ့တင် နုနယ်လှတယ်လို့ ထင်ရတယ်။

ဒါပေမဲ့ သူ့ရဲ့ကိုယ်ဟန်က ခန့်ညားထည်ဝါလှတယ်၊ တစ်ခုရှိတာက သူ့ရဲ့ နှုတ်ခမ်းက နည်းနည်း ရောင်နေတာပါပဲ။

စစ်စခန်းအလယ်က တဲနန်းထဲမှာ၊ ကုန်တာ့ထုံနဲ့ သူ့ရဲ့ လက်အောက်က တပ်မှူးတွေက ရွှီထင်းရှန်းရဲ့ နှုတ်ခမ်းကို မသိမသာ အကဲခတ်နေကြတယ်။

အဲဒီအကြည့်တွေက ထင်ရှားတာကြောင့်၊ ရွှီထင်းရှန်းက တည်ငြိမ်စွာ ပြုံးပြီး နှုတ်ခမ်းကို ပွတ်ကာ "ဒါက ခြင်ကိုက်သွားတာပါ၊ အမှန်တော့ ကျွန်တော်က ဒီဒေသခံ မဟုတ်ပါဘူး၊ ဒီကို စရောက်ကာစက တကယ်ပဲ အသားမကျခဲ့ဘူး။ တခြားဟာ မပြောနဲ့ဦး၊ အဲဒီခြင်တွေကိုပဲ ကြည့်၊ ကျွန်တော်တို့ အနောက်မြောက်ဘက်က ခြင်တွေက ပုရွက်ဆိတ်ထက် မကြီးဘူး၊ ဒီက ခြင်တွေကျတော့ ယင်ကောင်ထက် မငယ်ဘူး"

ရွှီထင်းရှန်းရဲ့လှည့်ဖြားမှုကို ယုံသွားကြတဲ့ ရေတပ်တပ်မှူးတွေက ရွှီထင်းရှန်းက သူတို့ကို ရေတပ်စခန်း ဆောက်မယ့်နေရာဆီ လိုက်ပြတဲ့ အခါမှာတောင် ဒီမေးခွန်းကိုပဲ စဉ်းစားနေကြတော့တယ်။

ဒီခြင်က ဒီလောက်အထိ ကြီးတာလား ခြင်မ ဖြစ်ရမယ်နော်။

******

All Chapters