← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

201 01

အခန်း ၂၀၁

ရေတပ်ဌာနအတွက် တည်နေရာက ဆိပ်ကမ်းဘေးမှာတင်ဖြစ်ပြီး ရွှီထင်းရှန်းကိုယ်တိုင် ရွေးချယ်ထားတဲ့နေရာဖြစ်တယ်။ ပင်လယ်နဲ့ကပ်လျက်ဖြစ်သလို ဆိပ်ခံနဲ့လည်းနီးတော့ သင်္ဘောတွေကမ်းကပ်ဖို့အတွက် အင်မတန် အဆင်ပြေတယ်။

ခံတပ်အတွက် ဆောက်လုပ်ရေးကလည်း စတင်အကောင်အထည်ဖော်နေပြီဖြစ်သလို ရွှီထင်းရှန်းက နောက်ထပ် အားကောင်းမောင်းသန် အလုပ်သမားတစ်သုတ်ကြီးကို ထပ်ခန့်ထားခဲ့တာတောင် အခုမှ အခြေခံအုတ်မြစ်ပဲချရသေးတယ်။

အလုပ်သမားတွေက နေ့တိုင်းကြိုးကြိုးစားစား လုပ်နေတာတောင် ဌာနကြီးတစ်ခုလုံးပြီးလို့ လူတွေလာနေဖို့အတွက်ကတော့ အနည်းဆုံး ၂လလောက် လိုသေးတယ်။ တစ်နည်းပြောရရင် တစ်နေရာလုံးက အုတ်တွေသဲတွေနဲ့ပဲ ပြည့်နေတာကြောင့် ရွှီထင်းရှန်း ကုန်တာ့ထုံနဲ့ တခြားရေတပ်အရာရှိတွေကို ကွင်းဆင်းပြဖို့ခေါ်လာတာ အလကားဖြစ်သွားတော့တာပေါ့။

နေထွက်ချိန်ကစလို့ ချွေးတဒီးဒီးကျရင်း လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေက ခရိုင်မှူးရွှီတစ်ယောက် ချပ်ဝတ်တန်ဆာတွေနဲ့ လူတစ်စုကို ဦးဆောင်ခေါ်လာတာမြင်တော့ စပ်စပ်စုစု ခေါင်းထောင်ကြည့်လာကြတယ်။

ရွှီထင်းရှန်းက ကုန်တာ့ထုံတို့ကို ရေတပ်ဌာန အရှေ့ပိုင်းကစလို့ တပ်သားတွေ တန်းလျားနဲ့ စစ်သင်္ဘောတွေ စတည်းချမယ့်နေရာရယ် လေ့ကျင့်ရေးကွင်းတွေအဆုံး လိုက်လံပြသနေပြီး တပ်စခန်းရဲ့အနောက်က လျှို့ဝှက်ဆိပ်ကမ်းလေးကိုပါ ခေါ်လာခဲ့တယ်။

ဒီဆိပ်ကမ်းရဲ့ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့နေရာကိုယ်၌က ထူးခြားတယ်။ ရွှီထင်းရှန်းက အမြင့်တစ်နေရာမှာရှိတဲ့ ကျောက်ဆောင်ပေါ်ကနေ အောက်က နေရာလပ်ကို ညွှန်ပြလိုက်တယ်။

“ဒီနေရာလေးကို တပ်မှူးကုန်တာ့ထုံ ဘယ်လိုထင်ပါသလဲ”

ကုန်တာ့ထုံက သူ့လက်ညှိုးညွှန်ရာဆိ အကြည့်ပို့လိုက်တယ်။ သူက အရွယ်ကောင်းမှာပဲရှိသေးတဲ့အတွက် မြင့်မားထောင်မောင်းတဲ့ အရပ်ကိုယ်ထည်နဲ့ ခြေလက်ကြီးကြီးတွေရှိတာကြောင့် ရေကူးကျွမ်းကြောင်း သိသာတယ်။

ရွှီထင်းရှန်းက အရင်ကတည်းက သူ့ဘာသာ အားလုံးလေ့လာထားခဲ့ပြီးသား ရေအနီးအနားမှာ ကြီးပြင်းလာခဲ့တဲ့သူမှန်သမျှ ခြေဖဝါးလက်ဖဝါးတွေကြီးကာ ဒါကပဲ ရေကူးရာမှာ လိုအပ်တဲ့အချက်တစ်ခုဖြစ်တယ်။

ကုန်မိသားစုက ချောင်းဟူမှာ မျိုးရိုးစဥ်ဆက်နေထိုင်လာခဲ့ပြီး ထောင်ပေါင်းများစွာသော အိမ်ထောင်စုတွေကို အုပ်ချုပ်ရတဲ့ ဆက်ခံသူတွေဖြစ်တယ်။ သူတို့အိမ်က ယောက်ျားသားအားလုံး ရေကူးနဲ့ ရေတပ်အရာမှာ အင်မတန် ကျွမ်းကျင်ကြလို့ မိသားစုအစဥ်အလာလို့တောင် ပြောနိုင်တယ်။

“ဒီက မြေပြင်အနေအထားက ထူးခြားတယ်။ အပြင်ကကြည့်ရင် ဆိပ်ခံရှိမှန်းတောင် မသိရလို့ တပ်သင်္ဘောတွေ လျှိုထားဖို့အကောင်းဆုံးနေရာပဲ ကြီးကြပ်ရေးမှူး ဒီထဲကို တော်တော်အားစိုက်ထုတ်ထားတာပဲ”

ရွှီထင်းရှန်းက တကယ်လည်း ဒီရေတပ်နဲ့ပတ်သက်လို့ အများကြီး ကြိုးစားထားခဲ့တာ။ သူ ကုန်တာ့ထုံတို့ကို ခံတပ်အနှံ့ လိုက်ပြကတည်းက စစ်သည်တွေအတွက် ရေအိမ်ဘယ်နားရှိမှန်းတောင် အတိအကျသိတယ်။

အဲဒါထက် ခံတပ်မှာ စစ်သည်တွေရဲ့မိသားစုအတွက်ပါ သီးသန့်နေရာထိုင်ခင်း ပြင်ဆင်ပေးထားတာက သူအကောင်းဆုံး လုပ်ထားတယ်ဆိုတာ ပြနေတယ်။ တာ့ချန်းမင်းဆက်မှာ အစိုးရအမှူထမ်းတွေက အမြဲတစေ စစ်ဌာနအရာရှိတွေထက် ဂုဏ်ပိုရှိသလို အဆင့်အတန်းလည်းပိုမြင့်တယ်။

သူတို့က ရာထူးချင်းအတူတူဆိုရင်တောင် တပ်မတော်က အမတ်တွေကို ဦးညွှတ်ရတာ ထုံးစံပဲ။ အခုရွှီထင်းရှန်းက အစစအရာရာ ထည့်စဥ်းစားပေးတဲ့ သူ့လုပ်ရပ်နဲ့တင် သူတို့ချောင်းဟူရေတပ်ကို တန်ဖိုးထားကြောင်း ပြသလိုက်တာပဲ။

201 02

နောက်ပြီး လူတွေ သူ့ဘက်ပါအောင် တမင်တကာ ပရိယာယ်သုံးတာလည်း ဟုတ်တယ်။ ဒါပေမယ့် လူ့စိတ်ဆိုတာ တစ်ခါတလေ ဒီလိုလည်း ထူးဆန်းတတ်သေးတယ်။ ကိုယ့်ကို တမင်ကောင်းပြနေတာသိလည်း ပျော်နေမိတာမျိုးလေ။

အဲဒါတွေထက် ကုန်တာ့ထုံကတော့ သူတို့ချောင်းဟူရေတပ်ဆိုတာ ပြောင်းနှံတွေ သယ်ယူပို့ဆောင်ရတဲ့အဖွဲ့သက်သက် မဟုတ်ကြောင်း တစ်လောကလုံးကို ပြောပြချင်စိတ်က ပိုများနေခဲ့တယ်။

ရွှီထင်းရှန်းနဲ့ ကုန်တာ့ထုံက လက်ရှိတျန့်ဟိုင်က အခြေအနေတွေအကြောင်း အဓိကပြောဖြစ်ကြပြီး တခြားအသေးအဖွဲကိစ္စတွေလည်း ဆွေးနွေးခဲ့ကြတယ်။ တစ်အောင့်နေတော့ ရွှီထင်းရှန်းက လက်နောက်ပစ်ပြီး ကျောက်ဆောင်ပေါ် လျှောက်နေရင်းက အောက်က လှိုင်းပုတ်သံတွေကို နားစွင့်ရင်း

“ဟင်း ဒီလောက်ဆို တပ်မှူးကုန်တာ့ထုံလည်း ကျုပ်ရည်ရွယ်ချက်တွေကို နားလည်မယ် မျှော်လင့်ပါတယ်။ ကျုပ်တို့ အခြေအနေက သိပ်မကောင်းသေးဘူး နောက်ရက်အနည်းငယ်မှာတင် ဖူကျန်းနဲ့ကွမ်တုန်းက သင်္ဘောသားတွေ ရောက်လာကြလိမ့်မယ်”

သူက ခပ်ပြုံးပြုံးလေး နောက်လှည့်လာပြီး “အဲဒီအခါကျ ကျုပ်တို့ချောင်းဟူ ရေတပ်က နောက်ကောက် မကျကျန်ခဲ့စေချင်ဘူး။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က ကျွန်တော် အရှင်မင်းကြီးဆီမှာ အထူးတလယ် သွားတောင်းဆိုခဲ့တဲ့ လူတော်တွေမို့ပဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မျက်နှာမပျက်ရအောင် ဆောင်ရွက်ပေးပါ”

ကုန်တာ့ထုံက လက်သီးနှစ်ဖက်ယှက်ကာ “စိတ်ချထားပါ လူကြီးမင်း ဒီနိမ့်ကျတဲ့အရာရှိက ကျိန်းသေပေါက် လူကြီးမင်းရဲ့မျှော်လင့်ချက်ကို မပျက်စေရပါဘူး”

ရွှီထင်းရှန်းက သူ့ပခုံးကို တစ်ချက်ပုတ်ပေးလိုက်ပြီး “တကယ်တော့ ကျုပ်က ဒီတိုင်းပြောလိုက်တာပါ။ သိပ်အရေးတယူ မလုပ်လည်း ရပါတယ် တပ်မှူးကုန်တာ့ထုံ”

အစကတော့ ရွှီထင်းရှန်းက ရေတပ်ကလူတွေအတွက် ယာယီနေရာထိုင်ခင်းတစ်ခု စိစဥ်ပေးမလို့လုပ်ထားပေမယ့် ကုန်တာ့ထုံက မလိုအပ်ကြောင်း ပြောပြီး သူချောင်းဟူရေတပ်က ခေါ်လာတဲ့ တပ်သား ၃၀၀၀လုံးကို ရေတပ်ဆောက်လုပ်ရာ ကွင်းပြင်ဘေးနားမှာတင် တဲထိုးစခန်းချစေလိုက်တယ်။

ဒါကိုမြင်တော့ ရွှီထင်းရှန်းလည်း အတင်းမတိုက်တွန်းတော့ပေမယ့် သူတို့အတွက် လိုအပ်တာမှန်သမျှနဲ့ အစားအသောက်ကိုတော့ အကောင်းဆုံး စီစဥ်ခိုင်းထားလိုက်တယ်။ ဒီတပ်သားတွေက အတော်လေး အလုပ်ကြိုးစားကြတာ ရှင်းတယ်။

သူတို့စခန်းချပြီး နောက်တစ်နေ့မှာပဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားတွေကို ဝင်ကူညီပေးနေခဲ့တယ်။ မေးတော့လည်း ဒါက အနှေးနဲ့အမြန် သူတို့ဌာနဖြစ်လာမှာမို့ ကိုယ့်အိမ်ကိုယ်ဆောက်တဲ့နေရာမှာ ဝင်ကူတာ မဆန်းကြောင်း ဆိုလာတယ်။

ဒီလိုနဲ့ လူအင်အားများလာတဲ့အခါ ၂လလောက်နေမှ ပြီးရမယ့်ရေတပ်ဌာနချုပ်ကြီးက ၁လထဲနဲ့ ပြီးစီးသွားတယ်။ ထိုအချိန်မှာပဲ ဖူကျန်းနဲ့ကွမ်တုန်းက ရေတပ်သားတွေလည်း ရောက်လာခဲ့တယ်။ နှစ်ဖွဲ့စလုံးကို ကပ္ပတိန်တစ်ယောက်တည်းက ဦးဆောင်လာခဲ့ပြီး ဒေသခံမြို့စောင့်တပ်နဲ့တောင်မတူဘဲ သူတို့က ရာထူးအဆင့်ခွဲတွေနဲ့ တကယ်ထင်းထွက်နေတဲ့ တပ်မတော်တစ်ခုဖြစ်တယ်။

သူတို့မှာ အထွေထွေတပ်မှူးတစ်ယောက်ရယ် ရေတပ်ဦးစီးတစ်ယောက်ရယ်ရှိပြီး သူတို့လက်အောက်မှာ ဒုတပ်မှူးကနေ လက်ထောက်ညွှန်ကြားရေးမှူး တပ်ကြပ်တွေအထိ အဆင့်ဆင့်ကွဲသွားတယ်။

ကျဲကျန့်ရေတပ်က အခုမှစဖွဲ့စည်းကာစဖြစ်တဲ့အတွက် အထွေထွေတပ်မှူးအောက်က ရာထူးမှန်သမျှက လစ်လပ်နေဆဲပဲ။ သို့သော်လည်း ရွှီထင်းရှန်းရဲ့လှုပ်ရှားမှုတွေကို မြန်ဆန်ချောမွေ့စေဖို့ရာ ဗလာဖိုင်တွဲတစ်ခု ပို့ပေးလိုက်တာကြောင့် သူကလည်း ကုန်တာ့ထုံကို အဆင်ပြေသလို လုပ်လို့ရအောင် တစ်ဆင့်ပြန်ပို့ပေးခဲ့တယ်။

201 03

အဲဒီအတွက် ဖူကျန်းနဲ့ကွမ်တုန်းတို့ရောက်လာပြီးတဲ့နောက် သူတို့ရေတပ်ရဲ့ အဓိကကျတဲ့ ကဏ္ဍတော်တော်များများ အပြီးသတ်နိုင်ခဲ့တယ်။ သူတို့က ဒီရောက်ရင်တော့ အနည်းဆုံး တပ်သား ၁၀၀ အုပ်ချုပ်ရတဲ့သူဖြစ်ရင်ဖြစ် မဟုတ်ရင် တပ်မှူးလောက်တော့ ဖြစ်မယ်လို့ တွေးထားတာ

ဒါပေမယ့် တပ်ရင်းမှူးအဖြစ်နဲ့ အဆုံးသတ်သွားရတယ်။ သူတို့နှစ်ယောက်က တော်တော်မကျေနပ်ပေမယ့် ဘာမှလည်းသွားလုပ်လို့မရတော့ ငြိမ်နေလိုက်ရတယ်။ နောက်ကျ ဒီနှစ်ဖွဲ့က ကုန်တာ့ထုံကို တော်တော်ဒုက္ခပေးခဲ့ပေမယ့် ချောင်းဟူတပ်ဖွဲ့က ကြိုပြင်ဆင်ထားတာကြောင့် ဖြစ်လာသမျှ အကောင်းဘက်ရောက်အောင် ကိုင်တွယ်ခဲ့တယ်။

တျန့်ဟိုင်ဆိပ်ကမ်းရဲ့ ဝင်ပေါက်တည့်တည့်မှာ ရေလမ်းကြောင်း ကုန်သွယ်မှုရုံးတော်ရှိပြီး ကုန်စည်တွေ အမျိုးအစားစစ်တာကစလို့ အခွန်အခနဲ့ ကုန်တင်ကုန်ချ အလုပ်သမားငှားတာအဆုံး တစ်နေရာထဲမှာ ပြုလုပ်လို့ရတယ်။

တျန့်ဟိုင်က ဆိပ်ကမ်းမြို့အဖြစ် ဖွင့်လှစ်လိုက်ပြီဆိုထဲက တစ်တိုင်းပြည်လုံးက ကုန်သည်ကြီးငယ်မရွေး အများအပြားရောက်လာကြပြီး အထူးသဖြင့် နာမည်ရှိပြီးသားလူတွေထက် ဒီမှာငွေရှာရတာ ပိုမြန်မှန်းသိထားတဲ့ တစ်နိုင်တစ်ပိုင်ကုန်သည်လေးတွေက ပိုများတယ်။

သူတို့က လက်ထဲရှိသမျှ ကုန်ပစ္စည်းအားလုံး ယူချလာပြီး အများဆုံး လှည်း ၁၀စီးစာကစလို့ အနည်းဆုံး ၄ ၅စီးစာအထိ အခွန်ဆောင်နိုင်သရွေ့ တျန့်ဟိုင်ကလည်း တုံ့ဆိုင်းခြင်းမရှိ လက်ခံပေးနေတယ်။

ရှန်ဖျင်းက ရုံးကနားကိစ္စတွေ တန်းစီရတာနဲ့တင် တစ်နေကုန်သွားမယ်ထင်ပေမယ့် အံ့ဩစရာကောင်းအောင် နှစ်နာရီထဲနဲ့ ပြီးသွားမယ်လို့ ဘယ်သူသိမှာလဲ။ နောက်ပြီး ဒါကလည်း သူက လှည်း ၅စီးစာလောက်ပဲ ယူလာလို့ဖြစ်နိုင်တယ်။

လှည်း ၅စီးစာလောက်ပဲဆိုရင်တောင် ရှန်ဖျင်းကတော့ သူ့ရှိစုမယ့်စုအားလုံး သုံးထားရတာဖြစ်ပြီး ဒီကိုလာတယ်ဆိုတာလည်း ကြီးမားတဲ့အလောင်းအစားတစ်ခု လုပ်ချင်လို့ဖြစ်တယ်။ သူ့ကုန်စည်တွေအားလုံးကို သင်္ဘောပေါ်တင်ပြီးပေမယ့် ဝန်မပြည့်သေးတာကြောင့် ထွက်လို့မရသေးဘူးတဲ့။

ဒါက ကုန်သည်လေးတွေအတွက် ဘယ်လောက်အဆင်မပြေဖြစ်ရသလဲဆိုတာ ပြနေတယ်။ တတ်နိုင်တဲ့ သူကြွယ်ကုန်သည်တွေကတော့ တစ်စီးလုံးငှားနိုင်တာကြောင့် ဝန်ပြည့်ပြည့် မပြည့်ပြည့် သူတို့ကြိုက်တဲ့အချိန် ထွက်ခွာလို့ရတယ်။

ရှန်ဖျင်းက သင်္ဘောကုန်းပတ်ပေါ်မှာ ရပ်ရင်း ပင်လယ်ပြင်ကို ငေးကြည့်နေမိတယ်။ ရေပြင်က ငြိမ်သက်နေသလို သူ့စိတ်လည်း တည်ငြိမ်နေခဲ့တယ်။ သူ ရှန်မိသားစုက ထွက်လာကတည်းက ခြေသလုံးအိမ်တိုင်အဖြစ်နဲ့ ဦးတည်ရာမဲ့နေခဲ့တာ။

စားဝတ်နေရေးအတွက် စီးပွားတစ်ခုခုလုပ်မယ်ကြံတော့လည်း အရောင်းအဝယ်ကသာ သူလုပ်တတ်တဲ့တစ်ခုတည်းသော လုပ်ငန်း။ သူ အဲဒီလူအကြောင်း မတွေးရဲသလို ပြန်လည်းမကြည့်ရဲပါဘူး။

သူ အဲဒီတစ်ယောက်ကို သတိရတိုင်း အလုပ်တွေပဲဖိလုပ်ဖြစ်နေတာ နည်းနည်းပါးပါး စိတ်ထွက်ပေါက်ရအောင်ပါ။ တစ်ခါတလေ ညနက်သန်းခေါင် အိပ်မပျော်တဲ့အခါတွေကျရင်တော့ တစ်နေ့ သူအောင်မြင်ပြီး ချမ်းသာလာလို့ သူမအရှေ့ တဖန်သွားရပ်တဲ့အခါကျရင်ရော သူမ သူ့ကိုလက်ထပ်ဖို့ လက်ခံမှာလားလို့ တွေးမိသေးတယ်။

ဒါပေမယ့် အောင်မြင်ဖို့က အများကြီးကြိုးစားဖို့လိုပါသေးတယ်။ ဒီနေ့ဒီအချိန်အထိ စစ်မှန်တဲ့အောင်မြင်ခြင်းနဲ့ ကျော်ကြားမှုဆိုတာ ဘာမှန်း သူနားမလည်သေးသလို သူမမျက်လုံးထဲဝင်ဖို့ ဘာတွေလိုအပ်သေးလဲဆိုတာလည်း သူမသိသေးပါဘူး။ သိသွားတဲ့အချိန်ကျရင်လည်း သူမက အိမ်ထောင်တောင်ကျပြီးသွားလောက်ပြီ။

“ဆရာ ကျွန်တော် အကုန်စစ်ဆေးပြီးသွားပြီ။ ပစ္စည်းတွေအားလုံးတင်ပြီးသလို သင်္ဘောကလည်း စထွက်တော့မှာပါ။ နောက်နာရီဝက်နေရင် ရွှမ်းယွီကျွန်းကို ရောက်ပါပြီ”

201 04

ရွှမ်းယွီကျွန်း ကုန်သည်လေးတွေရဲ့ ပါးစပ်ထဲမှာတော့ ရတနာတွင်းကြီးတစ်ခု ပြောကြတာတော့ ဒီကိုလာတဲ့လူတိုင်း အနည်းဆုံး နှစ်ဆလောက်ချမ်းသာသွားမှာတဲ့။ တခြားလူတွေက စတင်ဖို့တွန့်နေသေးတဲ့အချိန် သူကတော့ ရောက်နှင့်နေခဲ့တယ်ဆိုတာ သာမန်ကုန်သည်တစ်ယောက်ထက် သူသိတာတွေ ပိုများလို့ပဲ။

နောက်ပြီး ဒါက နန်းတွင်းလွှတ်တော်က ဖွင့်လှစ်ထားတဲ့ ဆိပ်ကမ်းဆိုမှတော့ အနာဂတ်က မကျိန်းသေတောင် အခွင့်အလမ်းတွေတော့ ရလာမှာပဲ။ သူရင်းထားသမျှ ဆုံးရှုံးသွားရင်တောင် မမှုတော့ဘူး ဘယ်လိုမဆို သူ့မှာထပ်ဆုံးရှုံးစရာမှ မရှိတော့တာ။

ရွှမ်းယွီကျွန်းကြီးက စိတ်ကူးထဲကထက် ပိုခမ်းနားတယ်။ မိုးထိမြင့်တဲ့ စောင့်ကြည့်မျှော်စင်တွေရယ် ခန့်ညားကြီးမားလွန်းလှတဲ့ အမြှောက်တွေအပြည့်နဲ့ ခံတပ်ကြီးရယ်က ပထမဆုံးရောက်လာသူတွေအဖို့တော့ အမှန်တကယ် ပါးစပ်အဟောင်းသားဖြစ်စရာပဲ။

သင်္ဘောကြီးတွေက ကမ်းနဲ့မီတာတစ်ရာကျော် အကွာမှာကျောက်ချလိုက်တဲ့အချိန် ကမ်းစပ်က ကုန်သယ်လှေအသေးစားလေးတွေက ဒီဘက်လှော်ခတ်လာတယ်။ ပါလာတဲ့အလုပ်သမားတွေက ကုန်စည်တွေကို ရွှေ့ပြောင်းပြီးသွားတဲ့အခါ ရေကြောင်းကုန်သွယ်မှုရုံးရဲ့ ညွှန်ကြားချက်အောက်မှာ ကမ်းပေါ် စနစ်တကျ ပြန်တင်ပေးကြတယ်။

ကုန်စည်တွေအားလုံး ချပြီးသွားတဲ့သူတွေကတော့ အဲဒီလှေလေးတွေနဲ့ပဲ ကမ်းစပ်ကို သွားကြတယ်။ ကံကောင်းချင်တော့ ရှန်ဖျင်းက သူ့အလှည့်ရောက်လာဖို့ နာရီဝက်လောက်သာ စောင့်လိုက်ရပြီး သူဆိပ်ကမ်းပေါ်ရောက်တဲ့အခါ သူ့အနည်းအကျဥ်း ကုန်သေတ္တာတွေကလည်း အလုပ်သမားတွေ ကျေးဇူးနဲ့ ကုန်သွယ်ရုံးမှာ စာရင်းသွင်းပြီးသား အသင့်ထုတ်သွားရုံဖြစ်နေပြီ။

မြို့တံတိုင်းကိုကျော်လွန်ပြီး အထဲဝင်လာတဲ့အခါ နောက်ထပ် စည်ကားတဲ့မြင်ကွင်းတစ်ခုက ဆီးကြိုနေပြန်တယ်။ ကျောက်သားလမ်းက အဖုအထစ်မရှိ ချောမွေ့နေပြီး လေးဖက်လေးတန်မှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေကလည်း အစီအရီရှိသလို လမ်းပေါ်ချရောင်းနေတဲ့ ပျံကျဈေးသည်တွေကလည်း မနည်းမနောပဲ။

ဒီထက်ပိုအံ့ဩစရာကောင်းတာက ဆံပင်၊မျက်ဆန်ရောင်စုံနဲ့ သူတို့နဲ့ကွဲပြားစွာ ထူးထူးခြားခြားဝတ်ထားတဲ့ တိုင်းတစ်ပါးသားတွေကို လမ်းအနှံ့အပြားမှာ တွေ့လိုက်ရတာပဲ။ တကယ်လို့ ဒီကိုပထမဆုံးရောက်ဖူးတဲ့သူသာဆိုရင် အတော်လေး လန့်ဖြန့်သွားလိမ့်မယ်။ ဥပမာ ရှန်ဖျင်းနဲ့ တခြားကုန်သည်လေးတွေ အုပ်စုလိုပေါ့။

သူတို့ကို ပစ္စည်းကူချပေးတဲ့ အလုပ်သမားက ဒီလူတွေက ဒီမှာအရောင်းအဝယ်လုပ်ဖို့ လာတာလို့ ရှင်းပြလိုက်လို့သာ အကြောအချဥ်တွေ နည်းနည်း ပြေလျော့သွားကြတာ။ မြို့ထဲရောက်တာနဲ့ တစ်နိုင်တစ်ပိုင် ကုန်သည်လေးတွေက အသီးသီးကွဲသွားကြပြီး အရင်ရောက်ဖူးသလို အဆက်အသွယ်လည်း ရှိတဲ့သူတွေကတော့ ဘာဆက်လုပ်ရမလဲ ကောင်းကောင်းသိတာပေါ့။

သူတို့ထဲမှာ ရှန်ဖျင်းကသာ တစ်ယောက်ထဲသော လူသစ်လေးမို့ အားလုံးလမ်းခွဲသွားတဲ့အခါ သူ့မှာ ယောင်တောင်တောင်နဲ့ ကျန်ခဲ့ရှာတယ်။

“တျန့်ဟိုင်ကိုရောက်တာ ပထမဆုံးလားဗျ။ ပထမဆုံးဆို အရင်ဆုံး နေရာအနှံ့လျှောက်သွားပြီး ပတ်ဝန်းကျင်နဲ့ ရင်းနှိးအောင် လုပ်လိုက်ပါလား။ ဒီပစ္စည်းတွေကိုတော့ ခရိုင်ဝန်ရုံးက ဂိုထောင်တွေမှာ ထားထားလို့ရတယ်။ အခွန်ဆောင်ထားသရွေ့ သုံးရက်တာ အလကား လှောင်ထားလို့ရတယ်လေ။ သုံးရက်ကျော်သွားရင်တော့ ရေကြောင်းကုန်သွယ်ရုံးမှာ ဂိုထောင်ကြေးသွားပေးရလိမ့်မယ်”

ရှန်ဖျင်းက သူ့စကားတွေကို အလျင်မီ နားလည်အောင်ကြိုးစားနေရတုန်း သိချင်စိတ်ကလည်း ဖြတ်ပြေးသွားတော့ မနေနိုင်ဘဲ ထုတ်မေးလိုက်မိတယ်။

“ဘာလို့ အဲ့လောက်အများကြီး သိနေတာလဲ”

အလုပ်သမားလေးက ခေါင်းတစ်ချက်ကုတ်ပြီးမှ ရယ်ကျဲကျဲ ပြန်ဖြေတယ်။

“အဲဒါ ကုန်သွယ်ရုံးက လူကြီးမင်းရွှီမှာထားလို့ပါ။ ကျွန်တော်တို့ကို အလုပ်ကြမ်းသမားပဲဆိုပြီး လျှော့မတွက်လိုက်နဲ့။ တျန့်ဟိုင်မှာ အလုပ်ကြမ်းသမားဖြစ်ဖို့တောင် ကုန်သွယ်ရုံးမှာ သွားအရွေးခံရတာ။ အဲဒီထဲမှာမှ သန်စွမ်းကျန်းမာပြီး အပြောကောင်းတဲ့သူတွေပဲ အလုပ်ရတာ သာမန်လူတွေ မရဘူး”

201 05

“အရင်တုန်းက တျန့်ဟိုင်မှာနေရတာ သိပ်ခက်ခဲခဲ့တာ။ လူကြီးမင်းရွှီရောက်လာတော့မှ အားလုံးတိုးတက်ပြောင်းလဲကုန်တာလေ။ လူကြီးမင်းရွှီက အမြဲပြောတတ်တယ်။ တျန့်ဟိုင်မြို့ကြီး တည်ရှိပြီး ကြွယ်ဝနေသရွေ့ မြို့သူမြို့သားတွေလည်း ထပ်တူဖြစ်ရမယ်။တဲ့ ဆရာတို့လို လူတွေက အဝေးကတောင်လာပြီး ဒီမှာစီးပွားလာလုပ်တာမို့ ကျွန်တော်တို့ကလည်း အောင်မြင်ပါစေလို့ မျှော်လင့်ပါတယ်”

ရှန်ဖျင်းက ဒီလူအကြောင်းကြားရတာ ဒါပထမဆုံးပဲ။ နောက်ပြီး ဒီကောင်လေး ပြောပြသလောက်ဆို ဒီလူကြီးမင်းရွှီက အမှန်တကယ် အထင်ကြီးစရာလူတစ်ယောက်ပဲ။ ဒီလိုတွေးမိတာ ရှန်ဖျင်းတစ်ယောက်တည်းမဟုတ်ဘူး။ သူ့ရဲ့အနောက်က မလှမ်းမကမ်းနေရာမှာ လူတစ်ယောက် ရပ်နေသေးတယ်။

ထိုလူက အရပ်မြင့်မြင့်နဲ့ ပိန်သွယ်ပြီး ဆံနွယ်ရော မျက်ဆန်ကရော အနက်ပဲ။ ဒါပေမယ့် အရိပ်ကျသွားတဲ့အခါကျရင်တော့ သူ့မျက်ဝန်းတွေထဲမှာ တမူထူးတဲ့ အပြာရောင်တချို့ စွက်နေတာ တွေ့ရလိမ့်မယ်။

လောလောဆယ် သူ့ဘေးနားမှာ စားပွဲထိုးလို ဝတ်ဆင်ထားတဲ့ လူတစ်ဒါဇင်လောက် ဝိုင်းနေပြီး ရှန်ဖျင်းထက် လူအင်အားများတယ်။ သို့သော် ဒီအုပ်စုက လူများပေမယ့် တစ်လမ်းလုံး ဘယ်သူ့ကိုမှ စကားမပြောတာကြောင့် သိပ်တော့ ဂရုအစိုက်မခံရဘူး။

“တကယ်လို့ ဆရာ့မှာ အဆက်အသွယ်တွေမရှိဘူးဆိုလည်း လောင်းကြေးဈေးမှာ ကံသွားစမ်းလို့ရတယ်”

“လောင်းကြေးဈေး”

“အင်း အဲဒီလောင်းကြေးဈေးဆိုတာလည်း ကုန်သွယ်ရုံးကပဲ ရောင်းဝယ်ဖောက်ကားဖို့ အဓိကလုပ်ပေးထားတဲ့ နေရာပဲ။ အဲဒီမှာပွဲစားတွေရှိတော့ အဆက်အသွယ်မရှိလည်း သူတို့ကတစ်ဆင့် ရောင်းခိုင်းလို့ရတယ်။ ပြီးတော့ ဒီပွဲစားတွေအကုန်လုံးက ကုန်သွယ်ရုံးက စီစဥ်ပေးထားတာမို့ သူတို့လိမ်သွားမှာ ညှပ်ချသွားမှာလည်း စိုးရိမ်စရာမလိုပါဘူး။ တကယ်လို့ ကိုယ်ယူလာတာတွေက သိပ်မများဘူးဆိုရင်တော့ ဒီဆိုင်ခန်းတွေမှာ ကိုယ့်ဘာသာ ခွဲပြီးလိုက်သွင်းကြည့်လို့တော့ ရတယ်”

ရှန်ဖျင်းက ခေါင်းတစ်ချက်ညိတ်ပြကာ အလုပ်သမားလေးကို ငွေတစ်စ ဆုချလိုက်တယ်။ အလုပ်သမားလေးက အပြုံးလေးနဲ့ ချက်ချင်းလက်ခံလိုက်သလို သိပ်မဝေးတဲ့နေရာက အနက်ရောင်ဆံပင်နဲ့လူကလည်း ခေါင်းတစ်ချက်ညိတ်ပြလိုက်တော့ သူ့လူတစ်ယောက်က ရှေ့တက်ပြီး ကောင်လေးကို ထပ်ဆုချလိုက်တယ်။

အလုပ်သမားလေးရဲ့ အကြံပြုချက်အတိုင်း သူတို့နှစ်ဖွဲ့က အလကားသုံးရက်ထားလို့ရတဲ့ ဂိုထောင်ထဲမှာ ပစ္စည်းတွေ ထည့်ခဲ့ပြီးတဲ့နောက် ဘယ်အချိန်ဖြစ်ဖြစ် ပစ္စည်းပြန်လာထုတ်လို့ရတဲ့ ဝါးပြားလေးယူကာ ကိုယ့်လမ်းကိုယ် ထွက်ခွာသွားကြတယ်။

အနည်းဆုံး ရှန်ဖျင်းအတွက်တော့ သုံးရက်ကျော်ရင် ပေးဆောင်ရမယ့် ဂိုထောင်ကြေးက မနည်းလှဘူး။ သူ တျန့်ဟိုင်ကိုရောက်လာကတည်းက တစ်ခုမှမရောင်းရခင် သုံးခဲ့တာတွေပဲ များလွန်းနေပြီ။ နောက်ပြီး ဒါသာကုန်ရင် သူ့မှာသုံးစရာမရှိတော့ဘူးမို့ ဒီသုံးရက်အတွင်း သူ့ပစ္စည်းတွေကို ဆိုင်ခန်းတွေမှာ အမြန်ဆုံး သွားသွင်းရမယ်။

ရှန်ဖျင်းက ဂိုထောင်က ပြန်လာပြီးနောက် တျန့်ဟိုင်မြို့ထဲမှာပဲ လောင်းကြေးဈေးကို သွားစနည်းနာရင်း တခြားဆိုင်တွေမျိုးစုံကို အခြေအနေကြည့်လာခဲ့တယ်။ နေ့ဝက်လောက်ရောက်တော့ အလုပ်သမားလေး ဘာလို့ ဆိုင်တွေမှာသွင်းခိုင်းသလဲဆိုတာ သဘောပေါက်သွားတယ်။

သူ တကယ်ဝန်ခံရရင် ဆိုင်ပိုင်တဲ့သူတွေကို တော်တော်မနာလိုမိတယ်။ အခန်းတစ်နေရာရှိတာနဲ့ ကြိုက်ရာချရောင်းလို့ရပြီး ဆိုင်အများစုက ကုန်ပစ္စည်းတစ်မျိုးထဲ ရောင်းကျတာမဟုတ်ဘဲ အစုံတင်တာမို့ အမြတ်ပိုရတယ်။

အဲဒါထက် ဆိုင်ရှင်ကြီးတွေက သူတို့လို ကုန်သည်လေးတွေဆီက အရင်းဈေးနည်းနည်းနဲ့ ဝယ်ပြီး ပိုမြင့်တဲ့ဈေးနဲ့ရောင်းကြတာ။ ဝယ်သူဘက်ကအမြင်မှာတော့ ဒီထက် ဈေးတင်လို့ရတာမို့ နည်းနည်းလေး ရင်းလိုက်ရုံပဲဆိုပေမယ့် အဲဒီနည်းနည်းလေးက ရှန်ဖျင်းတို့အတွက်တော့ အမြတ်နှစ်ဆလောက်ရှိတယ်။

201 06

စိတ်မကောင်းစရာက ရှန်ဖျင်းတစ်ယောက် ခြေတိုအောင်လျှောက်ပြီး တွေ့သမျှဆိုင်တိုင်းကို မေးမြန်းကြည့်တာတောင် ဘယ်သူမှ စိတ်မဝင်စားကြတာပဲ။ သူယူလာတဲ့ပစ္စည်းတွေက ဒီမှာအဝယ်များတဲ့ ကြွေထည်တို့ ပိုးထည်တို့မဟုတ်ဘဲ ရှန်းရှီက အိမ်တွင်းဖြစ်အထည်တွေဖြစ်တယ်။

ရှန်းရှိမှာတော့ ဒါတွေကရောင်းကောင်းပေမယ့် တျန့်ဟိုင်လို နယ်မျိုးစုံက အကောင်းစား ပိတ်လိပ်တွေ ဘရိုကိတ်အထည်တွေ စုနေတဲ့နေရာမှာတော့ ချောင်ထိုးခံထားရတာ မဆန်းပါဘူး။ ရှန်ဖျင်းက သူ အရမ်းလောမိသွားသလို ခံစားနေရတယ်။

အမှန်ဆို သူ အရင်ဈေးကွက်ကို လေ့လာခဲ့သင့်တာဆိုပေမယ့်လည်း ပြဿနာက လူခံမရှိတော့ ဒီကိုမလာဘဲ ဒါတွေဘယ်လိုသိမှာလဲ။ သိပြီးသားလူတွေကလည်း သူ့အုပ်စုနဲ့သူမို့ ဘယ်သူက ကိုယ်အကျိုးအမြတ်မရဘဲ သူ့ကိုဒါတွေလိုက်ပြောပြနေမှာလဲ?

လေးလံတဲ့စိတ်နဲ့ပဲ ရှန်ဖျင်းနဲ့သူ့လူတွေက နေဖို့စားဖို့ တစ်နေရာရှာတွေ့သွားကြတယ်။ တျန့်ဟိုင်မှာ အစစအရာရာ ဈေးကြီးတယ်လို့ဆိုရမယ် တစ်ဖက်က ပြန်တွေးကြည့်တော့လည်း စီးပွားရေးလုပ်လို့ကောင်းတဲ့နေရာဆိုတော့ သူ့ဟာနဲ့သူ မျှခြေညီတယ်လို့ ပြောရမှာပါပဲ။

နောက်တစ်နေ့ကျ အရုဏ်ဦးမတိုင်ခင် ရှန်ဖျင်းက အပြင်ထွက်လာခဲ့တယ်။ သူက တစ်ညလုံးစဥ်းစားပြီးတဲ့နောက် အသိပညာနဲ့ အတွေ့အကြုံတစ်ခု တိုးလာရင်ပဲ ကျေနပ်စရာကောင်းနေပြီမို့ ဒီတစ်ခေါက်ပစ္စည်းတွေကိုတော့ မမြတ်လည်း အရှုံးခံပြီး ရောင်းချဖို့ လုပ်လိုက်တယ်။

ဒါပေမယ့်လည်း စိတ်ဓာတ်ကျစရာကောင်းအောင် အရှုံးခံပြီးသွင်းတာတောင် ဘယ်ဆိုင်မှ သူ့အထည်လေးတွေကို မယူချင်တာပဲ။ မသိလိုက်ခင်မှာပဲ သူ့ကိုယ်သူ မိန်းလမ်းမကြီးပေါ်ရောက်နေတာ သတိထားမိလိုက်တယ်။

ဒီလမ်းကြီးက တျန့်ဟိုင်မြို့မှာ အစည်ကားဆုံးနေရာလို့ ပြောလို့ရပြီး ရေကြောင်းကုန်သွယ်ရုံးကလည်း ဒီမှာပဲတည်ရှိတာ။ ရှန်ဖျင်းက မနေ့တုန်းက ဒီကိုတစ်ခေါက်ရောက်ဖူးပေမယ့် ဒီလမ်းပေါ်က ဆိုင်ခန်းအားလုံးက တကယ့်သူကြွယ်တွေချည်း ဖွင့်ထားတာဆိုမှတော့ သူ့ဖျင်ကြမ်းထည်တွေကို ဘယ်သူက လက်ခံမှာလဲဆိုတဲ့စိတ်ကြောင့် သူက ဒီနေရာကို လှည့်တောင်မကြည့်တော့တာ။

ဒါပေမယ့် အခုတော့ နောက်ဆုံးကောက်ရိုးမျှင်ဆိုဆို သူတစ်ခါလောက် ကြိုးစားကြည့်ချင်လာတယ်။ ကံတရားက မျက်နှာသာမပေးပုံများ သူသွားမေးလိုက်တဲ့ဆိုင်တိုင်းက ခေါင်းခါကြတဲ့အပြင် လှောင်ပြောင်သရော်တာပါ ခံခဲ့ရသေးတယ်။

လောကကြီးမှာ ကြီးနိုင်ငယ်ညှင်းဆိုတာက ရှိတတ်စမြဲမို့ ရှန်ဖျင်းကတော့ ဒါကို မမျှော်လင့်ထားတာ မဟုတ်ပါဘူး။ သူသွားရင်းလျှောက်ရင်း ကုန်သွယ်ရုံးရဲ့မျက်နှာချင်းဆိုင် တည့်တည့်ကဆိုင်ကြီးကို မြင်သွားတယ်။

တခြားဆိုင်ခန်းတွေနဲ့ယှဥ်ရင် ဒီတစ်ခုက အကောင်းဆုံးနေရာမှာရှိပြီး အဆောက်အဦးကလည်း အတော်လေး ကြီးမားထည်ဝါလွန်းတယ်။ အရှေ့မျက်နှာစာမှာတော့ ‘ထိုက်လုံရောင်းဝယ်ဖောက်ကားရေးကုမ္ပဏီ’နဲ့ ‘ထိုက်လုံငွေလွှဲဌာန’ဆိုတဲ့ ဆိုင်းဘုတ်ကြီးနှစ်ခု ချိတ်ဆွဲထားပြီး ဘဏ်အဆောက်အဦးဘက်မှာ လူတွေဝင်ထွက်သွားလာနေပေမယ့် ဒီဘက်က ရောင်းဝယ်ဖောက်ကားရေးမှာတော့ မရှိသလောက် ကျဲပါးနေတယ်။

လောလောဆယ် လက်ထဲတစ်ခုခုကိုင်ထားတဲ့ အထူးအဆန်းအဝတ်အစားတွေနဲ့ တိုင်းတစ်ပါးသားတစ်ယောက်က အပြင်ဘက်ကို ကျောပေးထားရင်း ကောင်တာက တစ်စုံတစ်ယောက်နဲ့ စကားပြောဆိုနေတယ်။

ရှန်ဖျင်း လှေကားထစ်တွေပေါ် တက်လာတာနဲ့ အထဲက ရင်းနှီးတဲ့မိန်းကလေးအသံကို ကြားလိုက်ရတယ်။

“မစ္စတာ ရောဘတ် ရှင့်ရဲ့ဒီပန်းတွေက လှလည်းမလှဘူး ကိုယ့်ဘာသာ ပြန်ယူသွားပါတော့”

“အိုး အချစ်ကလေး တိရယ် ဘယ်လိုတောင် ပြောလိုက်တာလဲ။ ကိုယ့်ရင်ဘတ်တွေ နာလိုက်တာကွာ”

………….

******

202 01

အခန်း ၂၀၂

ကျောက်တိက အရှေ့မျက်နှာစာကောင်တာ အနောက်မှာရပ်နေပြီး မက်မွန်ရောင်ကိုယ်ကျပ် အင်္ကျီလေးကိုမှ ရဲရဲနီနေတဲ့ ဘာဂျာစကပ်ရှည်လေးနဲ့ တွဲဝတ်ထားတယ်။ ဆံနွယ်ရှည်တွေကိုတော့ ရိုးရိုးရှင်းရှင်း ခေါင်းနောက်မှာ တစ်ခုတည်းထုံးဖွဲ့ထားပြီး ဝမ်ကျိပန်းဆိုင်က ရွှေအိုရောင် ပိုးဖဲပန်းကလစ်လေး ပန်ထားတယ်။

ဒါက ဝမ်ကျိပန်းဆိုင်ရဲ့ ဒီဇိုင်းအသစ်ဖြစ်ပြီး အရင်ကလို ပြူးပြဲနေတဲ့ပန်းပွင့်အကြီးကြီး တစ်ပွင့်တည်းမဟုတ်တော့ဘဲ တစ်ကိုင်းမှာ ပန်းနု၊ငွေရောင်၊ အနီရောင်စတဲ့ ပန်းသေးလေးမျိုးစုံကိုမှ ရောစပ်ထားတာမို့ အမြင်ဆန်းပြီး ကျော့ရှင်းတယ်။

အခုဆိုရင် ဝမ်ကျိပန်းဆိုင်က ဈေးသင့်တဲ့ပန်းတုတွေတင်သာမက အကောင်းစားပန်းကလစ်တွေပါ အစားစားထုတ်လုပ်နေပြီဖြစ်တယ်။ လူတန်းစေ့ဝယ်သုံးနိုင်အောင်လို့ တစ်ပွင့်ကို ငွေစတစ်ရာလောက်သာရှိတဲ့ ဈေးအသက်သာဆုံးကစလို့ ထောင်နဲ့ချီပေးရတဲ့ အရည်အသွေးမြင့် ပန်းခိုင်တွေအထိ ထားပေးထားတယ်။

ဥပမာ ဝမ်ကျိပန်းဆိုင်ရဲ့ ပန်းဆံထိုးတွေ ကလစ်တွေက ဒီကနေလက်ကားဝယ်ပြီး ပြန်ဖြန့်တဲ့ နိုင်ငံခြားသားကုန်သည်တွေကြောင့် အနောက်တိုင်းက မိန်းကလေးတွေကြားမှာတောင် အတော်လေး ရေပန်းစားတယ်။

ပြီးတော့ ဆာရောဘတ်ကလည်း အဲဒီနိုင်ငံခြားသားဖောက်သည်တွေထဲက တစ်ယောက်ပဲ။ လက်ရှိ ကျောက်အာက ထိုက်လုံဘဏ်အတွက် ပြေးလွှားနေရပြီး ကောင်းရှန် ကျန်းဝူနဲ့ ရွှီချင်းဟွိုင်တို့ကလည်း သူ့အလုပ်နဲ့သူမို့ တျန့်ဟိုင်ကလုပ်ငန်းကို ကြည့်ပေးဖို့ ဘယ်သူမှမရှိဘူး။ ဖြစ်ချင်တော့ ကျောက်တိကလည်း ဒီစီးပွားရေးကို အချိန်အတော်ကြာလုပ်လာခဲ့ဖူးတဲ့သူမို့ သူမက လုပ်အားပေးဝင်လိုက်တော့တယ်။

ပိုသွားတာဆိုလို့ နိုင်ငံခြားသားတွေ အပါအဝင် ဒီထက်ပိုကြီးတဲ့ ဖောက်သည်တွေနဲ့ ပြောဆိုဆက်ဆံရတာပဲရှိတယ်။ ကျောက်တိလည်း တျန့်ဟိုင်ကို စစရောက်ချင်းတုန်းက အနောက်တိုင်းကုန်သည်တွေကိုတွေ့ပြီး လန့်ခဲ့ဖူးတယ်။

ဒါပေမယ့် မြင်ပါများတော့လည်း နေသားကျသွားတာပဲ။ အမှန်တော့ တကယ်လည်း တိုင်းတစ်ပါးသားတွေက တာ့ချန်းကလူတွေထက် မျက်စိနဲ့ဆံပင်အရောင် မတူတာကလွဲရင် ဘာမှမကွာခြားပါဘူး။

သူတို့က အဓိကအားဖြင့် တာ့ချန်းကုန်သည်တွေနဲ့ ပြောဆိုဆက်ဆံနေရတာကြောင့် တရုတ်စကားကို ရအောင်သင်ထားကြပြီး ဒါကစိတ်အေးစရာအချက်ဆိုပေမယ့်လည်း အင်မတန် ထူးဆန်းလွန်းတဲ့ လေယူလေသိမ်းကတော့ အတော်လေး နားကန့်လန့်ဖြစ်နေတော့တယ်။

ကျောက်တိက သူ့နားရွက်သူပွတ်ရင်း အရှေ့ကဇွဲကောင်းလွန်းတဲ့ နိုင်ငံခြားသားကြောင့် ဘာလုပ်ရမှန်းမသိတော့ဘူး။

အိုး ဟုတ်သား ဒီအနောက်တိုင်းသားတွေက အထူးသဖြင့် ချစ်ရေးချစ်ရာမှာ အတော်လေး ပွင့်လင်းကြတယ်။ အစတုန်းကဆို ကျောက်တိမှာ ကြောက်လန့်ပြီး လက်ရဲဇက်ရဲနိုင်တဲ့ နိုင်ငံခြားသားတွေကို နှာဗူးတွေအထင်နဲ့ လူခေါ်ပြီး ရိုက်ခိုင်းဖူးတယ်။

ဒါပေမယ့် နောက်ကျတော့မှ ဒါက ယဥ်ကျေးမှုချင်းမတူတာဆိုတာ နားလည်သွားတာ။ သူတို့တွေဆီမှာ တစ်စုံတစ်ယောက်ကို သဘောကျရင် တစ်ဖက်လူ သိအောင် တမင်တကာ ထုတ်ပြပြီး စကားလုံးနဲ့ဖြစ်စေ အမူအရာနဲ့ဖြစ်စေ ပိုးပန်းတတ်ကြတယ်။

ဒါပေမယ့် ဒီလောက်အထိ အသည်းအသန်ဖြစ်နေရအောင် သူတို့အနောက်တိုင်းသူတွေက တာ့ချန်းကို မမှီတဲ့အထိ ရုပ်ဆိုးနေတာများလားလို့ သူမ တွေးမိသေးတယ်။

“ဆာရောဘတ် ကျွန်မ အမှန်အတိုင်းပြောနေတာပါ။ ဒီမှာ ရှင်လည်း ရှင့်စီးပွားရှင် အားလုံးလုပ်ပြီးသွားပြီမလား။ ပစ္စည်းတွေကို ဟိုမှာသွားမရောင်းဘဲ တျန့်ဟိုင်မှာ ဘာလို့ဝေ့လည်ကြောင်ပတ်လုပ်နေသေးတာလဲရှင်။ ရှင် စီးပွားမလုပ်တော့ဘူးလား?”

“နိုး ကိုယ့်အချစ်ကလေးကလည်း ကိုယ်ဒီမှာဆက်နေနေတယ်ဆိုတာ မင်းကြောင့်ပဲပေါ့။ ကိုယ်မင်းကို မြင်မြင်ချင်း ချစ်မိသွားတာပါ။ သိပ်စွဲလမ်းနေပြီမို့ ချက်ချင်း လက်ထပ်ယူပြီး ကိုယ့်ဇနီးသာ လုပ်ပစ်လိုက်ချင်တော့တယ်”

မျက်ဆံပြာ ရွှေရောင်ဆံနွယ်တွေနဲ့အမျိုးသားက လက်တစ်ဖက်က သူ့နှလုံးသားကို ဆုပ်ကိုင်ပြပြီး နောက်တစ်ဖက်က ပန်းစည်းကိုင်ထားရင်း အတော်လေး မူပိုနေတယ်။ တကယ်လည်း သူယူလာတဲ့ ပန်းတွေက ကမ်းရိုးတန်းဒေသမှာတွေ့ရရှားတာကြောင့် ရောဘတ်မှာ တကူးတက ကြံဖန်ပြီး ရှာဝယ်ထားရတာ။

202 02

သို့ပေမယ့် ကျောက်တိကတော့ အရေးမပါတဲ့ အမှိုက်လို သဘောထားနေတယ်။ တစ်ဖက်ကကြည့်ပြန်ရင်လည်း ကျောက်တိရဲ့မိသားစုက ပန်းဆိုင်ဖွင့်ထားတာလေ။ ပန်းအားလုံးအတုဆိုပေမယ့် သူပြောတဲ့ ‘လတ်လတ်ဆတ်ဆတ်’ဆိုတဲ့ အနံ့ပြယ် ညှိုးနွမ်းနေတဲ့ဟာတွေထက်စာရင် အများကြီးပိုလှတယ်။

“ဒါပေမယ့် ကျွန်မက ကလေးတစ်ယောက်အမေ မုဆိုးမဆိုတာ ရှင့်ကိုပြောပြီးသားလေ”

“မင်းပြောတဲ့ မုဆိုးမဆိုတာလည်း လင်ယောက်ျားမရှိတော့တဲ့ မိန်းကလေးတစ်ယောက်ပဲ မဟုတ်ဘူးလား? ကိုယ့်အတွက်တော့ မင်းမှာ ယောက်ျားရှိခဲ့မရှိခဲ့ ကိစ္စမရှိဘူး ကိုယ်တို့ဆီမှာဆို လူနှစ်ယောက် တကယ်မေတ္တာမျှနေသရွေ့ ဘုရားသခင်တောင် ဆင်းတားလို့မရဘူး မင်းမှာ သားလေးရှိလည်း ရတယ် ကိုယ်သူ့ကို သားအရင်းလို ဆက်ဆံပေးလို့ရတယ်”

“ဒါပေမယ့် ကျွန်မ-လက်ဖယ်ပါ ကျွန်မကို မထိပါနဲ့”

ရောဘတ်က ပြောရင်းအရှိန်တွေပါပြီး ကျောက်တိရဲ့လက်တစ်ဖက်ကို ဖမ်းကိုင်လိုက်တယ်။

“အချစ်ကလေး တိရယ် ခေါင်းသာညိတ်လိုက်စမ်းပါ မင်းက သိပ်လှလွန်း-အ့”

ကျန်တဲ့သူ့စကားလုံးတွေအားလုံးက လက်သီးတစ်ချက်ကြောင့် တစ်ဆို့သွားတယ်။ ရောဘတ်က သူ့မျက်နှာသူအုပ်ကိုင်ရင်း နာကျင်စွာ အော်ညည်းလာတယ်။

“အောင်မယ်လေး ဘယ်ကောင်လဲကွ- အာ့”

နောက်တစ်ချက် ဝမ်းဗိုက်ကိုအထိုးခံလိုက်ရတော့ သူ့မှာ ကုန်းကုန်းကွကွနဲ့ ရန်တောင်ပြန်မတွေ့နိုင်တော့ဘူး။

“မိန်းကလေးတွေကို ထိကပါး ရိကပါးလုပ်တဲ့ကောင် မင်းကို သင်ခန်းစာကောင်းကောင်းပေးရမယ်!”

“ဘာတွေဖြစ်နေတာလဲ။အယ် ရှန်ဖျင်း ရှင် ဒီမှာဘာလုပ်နေတာလဲ”

ကျောက်တိက လက်သည်ကိုမြင်တော့ ချက်ချင်းကြောင်အမ်းသွားတယ်။

“ငါ … အဲဒါတွေ ခဏထားလိုက်ပါ တစ်ယောက်ယောက်ခေါ်ပြီး ဒီလူ့ကို သက်ဆိုင်ရာလက်အပ်လိုက်စမ်းပါ။ နေ့ခင်းကြောင်တောင်ကြီးတောင် မိန်းကလေးတစ်ယောက်ကို ဘယ်လိုနှောင့်ယှက်ရဲတာလဲ?”

“မင်းကသာ ငါတို့ကြားလာနှောင့်ယှက်တာ တိလေးနဲ့ငါက နှစ်ကိုယ်တူ မေတ္တာမျှနေကြတာကွ မင်းဘယ်လိုတောင် ရိုင်းစိုင်းတာလဲ? ဒီကောင် ဘယ်ကကောင်လဲ? မင်းကို သက်ဆိုင်ရာတိုင်ပြီး ချက်ချင်း အချုပ်ထဲထည့်ပစ်မယ်!”

ရောဘတ်က မတ်တပ်ထရပ်လိုက်ပေမယ့် သူ့ဝမ်းဗိုက်ကို ဖိကိုင်ထားဆဲဖြစ်ပြီး ဒေါတသကြီး ပြောပြီးတာနဲ့ သွေးတစ်ပွက်အန်လာတယ်။ အခုနက သူ့ရဲ့ရင့်ကျက်တည်ငြိမ်တဲ့ပုံစံက အခုတော့ဖြင့် မြင်မကောင်း ရှုမကောင်းနဲ့ နီရဲဖူးယောင်လာတဲ့ ဘယ်ဘက်ပါးပြင်ကလည်း ရှန်ဖျင်းကျေးဇူးကြောင့်ပဲ။

ဒါကိုကြားတော့ ရှန်ဖျင်းက ကျောက်တိနဲ့ရောဘတ်တို့ကို တစ်လှည့်စီ ကြည့်လိုက်တယ်။ လူဖြူကောင်ရဲ့တရုတ်အသံထွက်က ဆိုးဝါးရင်တောင် လူနားလည်နိုင်ပါသေးတယ်။ ကျောက်တိရဲ့မျက်နှာက တောင့်တင်းသွားပြီး သူမက ဘာမှရှင်းပြမနေဘဲ အရင်ဆုံး ရောဘတ်ကို သွားထူပေးရင်း အဆင်ပြေလား မေးလိုက်တယ်။

တျန့်ဟိုင်က သူ့လူမျိုးတွေကို ကာကွယ်ပေးတယ်ဆိုပေမယ့် ဒီမှာစီးပွားလာလုပ်တဲ့ နိုင်ငံခြားသားကုန်သည်တွေကိုလည်း စောင့်ရှောက်ပေးတာဖြစ်တယ်။ တကယ်လို့ ရောဘတ်သာ မကျေနပ်ကြောင်း အထက်ကိုတိုင်လိုက်ရင် ဒုက္ခရောက်မှာ ရှန်ဖျင်းပဲ။

“အခုကြည့်ပါလား မင်းကိုယ့်အတွက် သိပ်စိတ်ပူပေးနေတာ ချစ်လို့မလားဟင်?”

“မဟုတ်ပါဘူး။ ရှင့်ကို ထိုးလိုက်မိတာ ကျွန်မအသိမို့ ရှင်တစ်ခုခုဖြစ်သွားရင် သူဒုက္ခရောက်မှာ စိုးနေတာပါ။ ဒါပေမယ့် ကျေးဇူးပြုပြီး သူ့ကို ရဲမတိုင်ပါနဲ့နော်။ ကျွန်မမိတ်ဆွေက ရှင်ကျွန်မကို နှောင့်ယှက်နေတယ်ထင်လို့ အထင်လွဲပြီး လက်ပါလိုက်မိတာပါ။ အဲဒီလိုဆိုမှ အရင်ကလည်း ကျွန်မတို့တာ့ချန်းက ရှင်တို့အနောက်တိုင်းနဲ့ ဓလေ့မတူတာကို ကျွန်မပြောပြဖူးပါတယ် ဒီမှာသူစိမ်းမိန်းကလေးနဲ့ ယောက်ျားလေးက အချင်းချင်း မထိကြဘူး။ ကျေးဇူးပြုပြီး နောက်ကျ ဒါကိုပိုပြီးသတိထားပေးပါ”

202 03

“အိုး အချစ်ကလေးရယ် ကိုယ်က ခဏ စိတ်မထိန်းနိုင်ဖြစ်သွားလို့ပါ။ ကိုယ့်ခံစားချက်တွေကို နားမလည်ဘူးလား”

“ဆာရောဘတ် ကြည့်ရတာ တော်တော်ထိခိုက်သွားတဲ့ပုံပဲ ရှင်သမားတော် အရင်သွားပြတာ ပိုကောင်းမယ် ထင်တယ် ဒီလိုလုပ်ပါလား။ ကျွန်မ ရှင့်ကိုအဖော်ရအောင်လို့ ကျွန်မတို့ထိုက်လုံက လူတစ်ယောက် ထည့်ပေးလိုက်မယ်။ ချန်းဇီရေ လာပါဦး ဒီကလူကြီးမင်းကို ဆေးခန်းလိုက်ပို့ပေးလိုက်ပါ”

အလုပ်သမားလေးတစ်ယောက် ချက်ချင်း ရောက်လာပြီး သူ့ကိုလက်မောင်းကနေ တွဲကူပေးလိုက်တယ်။

“လာပါ လူကြီးမင်း ကျွန်တော် ဆေးခန်းလိုက်ပို့ပေးပါရစေ”

ရောဘတ်က ဒါတောင် သံယောဇဥ်အမျှင်မပြတ်သေးဘဲ ကျောက်တိနဲ့ဘေးကရှန်ဖျင်းကို လှည့်တကြည့်ကြည့်လုပ်ရင်း “ဒါဆိုလည်း အချစ်ကလေး တိ စိတ်မပူရအောင်လို့ ကိုယ် ဆေးခန်းသွားပြလိုက်ပါမယ်။ အခုသွားတော့မယ်ဆိုပေမယ့် မနက်ဖြန်ကျ မင်းကိုထပ်လာတွေ့ပါဦးမယ်”

သူက ကျောက်တိကို ပြုံးပြရင်း ရှန်ဖျင်းကိုပါ ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးမှ သူ့ခြေထောက်နဲ့သူ ထွက်သွားတယ်။ ကြည့်ရတာ ကျောက်တိအရှေ့မှာ စိတ်သဘောထားပြည့်ဝတဲ့ လူကြီးလူကောင်းဆန်တဲ့ပုံကို ပြချင်ပုံရပါတယ်။

ဒါကိုမျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတော့မှ ရှန်ဖျင်းက သူအလောတကြီးလုပ်မိသွားတာ သိပြီး တော်တော် ရှက်ရွံ့သွားတယ်။ ဒီလူကြည့်ရတာ ကျောက်တိကို ပိုးနေတဲ့ပုံပဲ။ နောက်ပြီး အခုနက ကျောက်တိရဲ့ ‘ကျွန်မတို့ထိုက်လုံ’ဆိုတဲ့အသုံးအနှုန်းကိုလည်း သူမလွတ်သွားပါဘူး။

ကြည့်ရတာ ဒီဆိုင်ကြီးကလည်း ကျောက်တိရဲ့ခင်ပွန်းဖြစ်သူ ပိုင်တာထင်ပါတယ်။ ရှန်ဖျင်းက သူ့အခြေအနေနဲ့ယှဥ်တွေးမိသွားတော့ သိမ်ငယ်စိတ်နဲ့အတူ ခေါင်းငိုက်ကျသွားပေမယ့် အတင်းပြုံးပြလိုက်ဆဲပဲ။

“ဖြစ်ချင်တော့ ငါက အထင်လွဲမိသွားတာပဲ။ မင်းအဆင်ပြေလို့ ဝမ်းသာပါတယ် ငါ့မှာတခြားလုပ်စရာလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦး”

“ခဏ”

ကျောက်တိက ရှန်ဖျင်းရဲ့ရုတ်တရက် အပြုအမူအပေါ် တုံ့ပြန်ချိန်တောင်မရလိုက်သေးခင် သူကတော့ ဆိုင်အရှေ့က ခပ်သွက်သွက် ထွက်သွားနှင့်ပြီးပြီ။

“ဘာလို့ထွက်ပြေးသွားတာလဲ။ ကျွန်မက ကျားလည်းမဟုတ်ဘူး ရှင့်ကိုကိုက်မစားပါဘူး-“

ဘယ်လောက်ပြောပြော မရပ်တဲ့အရှေ့ကလူကြောင့် သူမမှာ မိန်းကလေးတန်မဲ့ အနောက်က ပြေးလိုက်နေရတယ်။ နောက်ဆုံးတော့ ကျောက်တိက စိတ်ပေါက်ပေါက်နဲ့ ခြေထောက်ဆောင့်ရင်း ဘေးကလူတွေကို အကူအညီတောင်းလိုက်တဲ့အခါ ထိုက်လုံထဲက လက်အောက်ငယ်သားတချို့ ထွက်လာပြီး လိုက်ဖမ်းပေးတယ်။

လမ်းတစ်ဖက်ခြမ်းက ရေကြောင်းကုန်သွယ်ရုံးက အစောင့်တွေကလည်း ဒီဘက်ကို စောင့်ကြည့်နေတာ အခုနက ထိုးကြိတ်နေကြကတည်းကပဲ။ ဒါပေမယ့် ကျောက်တိရဲ့အသိမှန်း ကြားသွားလို့သာ ရောက်မလာတော့တာ။

အခုဆို တျန့်ဟိုင်ကလူတိုင်း နိုင်ငံခြားသား ရောဘတ်တစ်ယောက် ခရိုင်မှူးရွှီရဲ့မရီးကို ကြိုက်နေတယ်ဆိုတာ သိလို့ ကာယကံရှင်ဘက်က ဘာမှမပြောသရွေ့ ဘယ်သူမှ ဝင်မပါကြတာ။

ဒါပေမယ့် အခုကျောက်တိရဲ့အော်သံအပြင် အလုပ်သမားတချို့ကပါ လိုက်နေတာတွေ့တော့ ထွက်ပြေးသွားတဲ့သူကို သူခိုးလို့ထင်သွားပြီး အစောင့်တပ်သားတွေက ရှန်ဖျင်းကို အမဲလိုက်ကြတော့တယ်။

ကျောက်တိလည်း လုပ်ပြီးတော့မှ ယောက်ျားလေးတစ်အုပ် ရှန်ဖျင်းကို ပစ်မှတ်ထားနေတာတွေ့တော့ ငြိမ်မနေနိုင်တော့ဘဲ အမြန်ပြေးသွားလိုက်ရတယ်။ သူမ ရောက်လာတဲ့အချိန် တကယ်လည်း ရှန်ဖျင်းက အစောင့်တွေလက်ထဲ ဖမ်းချုပ်ခံနေရပြီ။

“အထင်မလွဲကြပါနဲ့ သူက သူခိုးမဟုတ်ပါဘူး ကျွန်မ မိတ်ဆွေဟောင်းပါ အချင်းချင်း နားလည်မှုလွဲသွားကြလို့ပါ။ ဒီမှာဘာမှကြည့်စရာ မရှိတော့ပါဘူး။ လူစုခွဲလို့ရပါပြီ ပြန်ကြတော့ ပြန်ကြတော့”

သူမ အတည်ပြုချက်ကိုကြားတော့မှ အစောင့်တွေက ရှန်ဖျင်းကိုလွှတ်ပေးပြီး ဘေးကရပ်ကြည့်နေကြတဲ့ လူအုပ်ကိုလည်း ရှင်းပေးလိုက်တယ်။ ဖရိုဖရဲတွေကြားထဲမှာတောင် ရှန်ဖျင်းက ကျောက်တိကိုကြည့်ရင်း ရုတ်တရက်ကြီး စိမ်းသက်သလို ခံစားလိုက်ရတယ်။

202 04

သူ့စိတ်ထဲတန်းဝင်လာတာက ကျောက်တိရဲ့ခင်ပွန်းက တော်တော်လေး အင်အားကြီးတဲ့သူဖြစ်ရမယ်ဆိုတာပဲ မဟုတ်ရင် သူမ စကားတစ်ခွန်းနဲ့တင် ဒီလောက်အထိ လူတွေပြေးထွက်လာမှာလဲ။

“ရှင်က ဘာလို့အသည်းအသန် ထွက်ပြေးနေတာလဲ။ ကျွန်မက ကိုက်စားမယ့်သူလည်း မဟုတ်တာကို ဘာတွေကြောက်နေတာလဲ?”

ကျောက်တိက ရှန်ဖျင်းကို ရန်တွေ့လိုက်ပေမယ့် အခုထိ ကွက်ကြည့်ကွက်ကြည့်လုပ်နေတဲ့သူ‌တွေ ရှိနေသေးတာကြောင့် ခပ်ကျိတ်ကျိတ်သာ အမိန့်ပေးလိုက်တယ်။

“တကယ်ပါပဲ အနောက်က လိုက်ခဲ့”

ရှန်ဖျင်းကလည်း နာခံစွာပဲ သူမနောက်က ဖြည်းဖြည်းချင်း လိုက်လာခဲ့တယ်။ နှစ်ယောက်သား အဲဒီမှာမရှိတော့တာနဲ့ ပတ်ဝန်းကျင်မှာ တီးတိုးစကားသံတွေထွက်လာပြီး မကြာခင်မှာတင် ခရိုင်မှူးရွှီရဲ့မရီးမှာ ချစ်သူအသစ်ရသွားပြီဆိုတဲ့အကြောင်းက ဟိုးလေးတကျော်ကျော်ဖြစ်လာတော့မှာ။

“ထိုင်လေ ဘာရပ်လုပ်နေတာလဲ”

‘ထိုက်လုံ’ စီးပွားရေး လုပ်ငန်းစုရဲ့ဧည့်ခန်းက အတော်လေး ပရိဘောဂအစုံအလင်နဲ့ မျက်စိပသာဒဖြစ်တယ်။ ကျောက်တိက ဝင်ထိုင်ပြီးတာနဲ့ ရေနွေးကြမ်းတစ်ခွက်ထည့်ကာ တစ်ငုံငုံရင်း ရှန်ဖျင်းကို ခွက်ပေါ်ကနေပဲ မျက်လုံးလှန်ကြည့်တယ်။

“ကျွန်မက ထိုင်နေတဲ့အချိန် ရှင်ကရပ်နေတော့ မော့ပြီးပြောနေရတာ ဇက်ညောင်းတယ်”

ဒီတော့မှ ရှန်ဖျင်းက ထိုင်တယ်။

“ဘယ်လိုဖြစ်လို့ ရှန်မိသားစုမှာရှိနေရမယ့်သူက တျန့်ဟိုင်ကို ရောက်နေတာလဲ?”

“မင်းကရော? ဒီမှာဘာလုပ်နေတာလဲ?”

သူ့ကိုလှမ်းကြည့်လာတဲ့ ကျောက်တိရဲ့မျက်ဝန်းတွေက တဖျက်ဖျက်လက်သွားတယ်။

“ကျောက်အာရဲ့ယောက်ျားက အရာရှိဖြစ်သွားပြီး လက်ရှိတျန့်ဟိုင်မှာ တာဝန်ကျနေတာလေ။ အဲဒါကြောင့် ကျွန်မလည်း သူတို့နဲ့အတူလိုက်လာခဲ့တာ”

“ဪ ဒါဆို နေရတာ အဆင်ပြေရဲ့လား?”

ရှန်ဖျင်းက သူမကို ဂနာမငြိမ်ကြည့်ရင်း စိတ်လှုပ်ရှားစွာမေးတယ်။

“ပြေပါတယ် … ရှင်ကရော? အခုထိ ကျွန်မမေးတာ မဖြေရသေးဘူးနော် ဘာလို့ဒီကိုရောက်နေတာလဲ?”

ကျောက်တိက အနည်းငယ် ရန်လိုနေပုံရသော်လည်း ရှန်ဖျင်းကတော့ မတုန်လှုပ်သွားဘူး။

“ဒီမှာအလုပ်လာလုပ်တာ”

“အလုပ်? ဘယ်တုန်းက ရှန်မိသားစုက ကျယ်ကျန်းအထိ စီးပွားချဲ့လိုက်တာတုန်း? ဘယ်သူနဲ့လာတာလဲ။ တစ်ယောက်တည်းလား?”

“ရှန်မိသားစုကြောင့် မဟုတ်ဘူး ငါ သူတို့နဲ့ အဆက်ဖြတ်လိုက်ပြီ”

“ရှင် ရှန်အိမ်ကထွက်လာတာလား? ဘယ်လိုဖြစ်လို့လဲ?”

ရှန်ဖျင်းကြည့်ရတာ ဒါတွေကို အစဖော်ချင်ပုံမရဘူး။

“ဒါတွေ ဆက်မပြောကြရအောင် စူးလန် ဒီဆိုင်က မင်းနဲ့ကျောက်အာတို့ ဖွင့်ထားကြတာလား?”

“ကျောက်အာ ဖွင့်ထားတာပါ။ ကျွန်မက ဒီတိုင်းကူကြည့်ပေးရုံ”

ရှန်ဖျင်းက ခေါင်းတညိတ်ညိတ်နဲ့ ပြုံးရင်း “အရင်ထဲက ကျောက်အာက စီးပွားအမြင်ရှိတာ ငါသိပြီးသားပါ။ မင်းတို့အားလုံး အဆင်ပြေနေတယ်ကြားရတာ ဝမ်းသာပါတယ်”

“ရှင်ကရော အခုဘာအလုပ်လုပ်နေတာလဲ”

202 05

“စားဝတ်နေရေးအတွက် လုပ်ငန်းသေးလေးတွေပါပဲ။ စူးလန် ငါချိန်းထားတာလေးရှိသေးလို့ တကယ် မင်းနဲ့စကားဆက်ပြောလို့မရတော့ဘူး။ အလုပ်တွေပြီးသွားတဲ့အခါကျ ထပ်လာလည်ခဲ့ပါမယ်”

သူက ဒီလိုပြောပြီး မတ်တပ်ထရပ်လိုက်ပေမယ့် ချက်ချင်းမပြန်ရဲတော့သလို ကျောက်တိကိုလည်း သေချာမကြည့်ရဲဘူး။

“ဒါဆိုလည်း ကောင်းပြီလေ”

သူ့မှာ ကျောက်တိရဲ့ခွင့်ပြုချက်ရမှ အလျင်စလို ခေါင်းပြုတ်မတတ် ခေါင်းညိတ်ပြပြီး ဧည့်ခန်းထဲက ခပ်သုတ်သုတ်ထွက်သွားတယ်။ သူမရှိတော့မှ ကျောက်တိက ထိုင်ခုံနောက်မှာမှီချလိုက်ပြီး မျက်လုံးတွေက တောင်ရောက်မြောက်ရောက်နဲ့ ရေရွတ်လိုက်တယ်။

“အရူး အရင်အတိုင်းပဲ အခုထိ ငါ့ကိုတည့်တည့် မကြည့်ရဲသေးဘူး။ ငါတကယ် အဲဒီလောက် ရုပ်ဆိုးနေလို့လား။ လိမ်လိုက်တာနဲ့ မျက်နှာမှာ အကုန်ပေါ်နေတာကို ဘယ်လိုစီးပွားလုပ်မလဲ မသိတော့ဘူး”

သူမက ကိုယ့်မျက်နှာကိုယ် ကိုင်ကြည့်ပြီးမှ ထရပ်ပြီး “ချန်းဇီ သူ့နောက်ကို လူတစ်ယောက်လွှတ်ပြီး ဘာတွေလုပ်နေသလဲ။ စောင့်ကြည့်ခိုင်းထားလိုက်ပါ”

“ဟုတ်ကဲ့ပါ မမကြီး”

အခုနက လူအုံခဲ့တဲ့လမ်းချိုးထောင့်လေးက အခုတော့ လူတစ်စုသာ ကျန်ရှိတော့တယ်။ ရှန်ဖျင်းသာ သေချာသတိထားကြည့်ခဲ့မယ်ဆိုရင် အဲဒါက သူနဲ့အတူ ခရီးထွက်လာတဲ့ ကုန်သည်အုပ်စုပဲဆိုတာ သိလိမ့်မယ်။

“ခေါင်းဆောင် ကျွန်တော်အခုပဲ သွားစုံစမ်းလိုက်တာ အဲဒီမိန်းမက ရေကြောင်းကုန်သွယ်ရုံး ဦးစီးရွှီရဲ့မရီးတဲ့ ဟိုလူကတော့ ဘယ်ကလဲမသိဘူး”

မော့ကျားက မလှမ်းမကမ်းက ကုန်သွယ်ရုံးကိုသာ တစိုက်မတ်မတ် မျက်စိတွေမှေးကြည့်နေပြီး ဒီစကားတွေကို ကြားပုံမပေါ်ဘူး။ သူက ဘာမှမပြောပေမယ့် ဘေးက ညိုမဲတဲ့မျက်နှာနဲ့ လူကြီးတစ်ယောက်ကတော့ “ဘာကို ခေါင်းဆောင်လဲ အခု သခင်လေးမော့လို့ ခေါ်ရတော့မှာလေ”

“မေ့သွားလို့ပါ မရည်ရွယ်ပါဘူး သခင်လေးမော့”

“ထားလိုက် ဟေးဇီ” မော့ကျားက ဖြတ်ပြောတယ်။ “အရင်ဆုံး နေဖို့တစ်နေရာ ရှာကြတာပေါ့”

“ဟုတ်ကဲ့ပါ သခင်လေးမော့”

သူတို့အဖွဲ့ ပြန်လှည့်ဖို့အလုပ်မှာတင် ဒီလမ်းကို အပြင်းနှင်လာတဲ့ ရထားလုံးတစ်စီးက သူတို့ကိုတိုက်မိမတတ် ဘေးနားက ကပ်ဖြတ်သွားတယ်။ ဟေးဇီနဲ့တခြားသူတွေက မကျေမချမ်းနဲ့ ပြဿနာရှာဖို့ပြင်ပေမယ့် မော့ကျားဆီက အကြည့်တစ်ချက်နဲ့တင် အားလုံးပြန်ငြိမ်သွားတယ်။

ရထားလုံးက ရေကြောင်းကုန်သွယ်ရုံး အရှေ့တည့်တည့်မှာရပ်တန့်သွားပြီး အရပ်ရှည်ရှည်နဲ့လူတစ်ယောက် ဆင်းလာတယ်။ အထဲက သွားလာလှုပ်ရှားနေတဲ့ အလုပ်သမားတွေကလည်း ဒီတစ်ယောက်ကိုမြင်တော့ အားလုံး ‘ဆရာကတော်’ဆိုကာ ခေါင်းငုံ့နှုတ်ဆက်ကြတယ်။

ကာယကံရှင်ကတော့ လက်တစ်ချက်ကာပြရင်း အလျင်စလို အထဲဝင်သွားတယ်။ အဲဒီဘက်ကို ငေးကြည့်နေရင်း နေရောင်ထဲက မော့ကျားရဲ့မသိမသာ မှေးကျဥ်းနေတဲ့မျက်ဝန်းတစ်စုံထဲ ကျောချမ်းစရာကောင်းတဲ့ အပြာရောင်အလင်းတချို့ ဖြတ်ပြေးသွားတယ်။

…………….

******

All Chapters