အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
205 01
အခန်း 205
နောက်တစ်နေ့ကျတော့ အရုဏ်ဦးမတိုင်ခင် ကျောက်အာတို့နှစ်ယောက် ပြန်ထွက်လာခဲ့ကြတယ်။ ရွှီထင်းရှန်းက ထုံးစံအတိုင်း ရေကြောင်းကုန်သွယ်ဌာနကို ပြန်သွားတဲ့အချိန် ကျောက်အာကတော့ တျန့်ဟိုင်ကို ပြန်လာခဲ့တယ်။
သူမက တစ်နေကုန် ဂနာမငြိမ်ဖြစ်နေပေမယ့် ကျောက်တိ နေ့လယ်ပိုင်းလောက် ပြန်လာတော့လည်း စိတ်ထဲက မေးခွန်းပေါင်းတစ်ရာကို မနည်းမျိုသိပ်ထားရင်း သူ့အစ်မအရင်ပြောလာမယ့် သတင်းကောင်းကိုပဲ စောင့်နေခဲ့လိုက်တယ်။
သို့သော် နှစ်ရက်ကြာတဲ့အထိ ဘာအသံမှထွက်မလာဘဲ ကျောက်တိကလည်း အမြဲလိုလို အလောတကြီးဖြစ်နေတဲ့အတွက် ညီအစ်မနှစ်ယောက်မှာ စကားပြောဖြစ်တာတောင် ခပ်ရှားရှားရယ်။ နောက်တစ်နေ့ထပ်စောင့်ပြီးတဲ့နောက်မှာတော့ ကျောက်အာက မနေနိုင်တော့ဘဲ ရွှီထင်းရှန်းရုံးကို အကြောင်းပြကာ ရွှမ်းယွီကျွန်းကို ရောက်ချလာခဲ့တယ်။
‘ထိုက်လုံ’ စီးပွားရေး လုပ်ငန်းစုကတော့ ခါတိုင်းလို တစပြင်အလား ခြောက်ကပ်နေဆဲပဲ။ ဝင်ထွက်နေတဲ့ ဝယ်သူတွေ အများအပြားမရှိပေမယ့် တစ်ခါလာရင်လည်း ငွေထောင်နဲ့ချီ လုပ်ငန်းတစ်ခုဖြစ်သွားတတ်တာမို့ လူမရှိတိုင်း စီးပွားကျနေတယ်လို့တော့ တရားသေမှတ်လို့မရဘူး။
လုပ်ငန်းစုနဲ့ငွေလွှဲဌာနကြားမှာ ဆက်ထားတဲ့ အနောက်တံခါးပေါက်တစ်ခုရှိပြီး လက်ရှိဒီဘက်မှာ ဘာမှလုပ်စရာမရှိတော့ ချန်းဇီနဲ့ကျန်တဲ့လူတွေအားလုံး ဟိုဘက်အပို့ခံလိုက်ရပြီး ရှန်ဖျင်းတစ်ယောက်ပဲ မရှိရှိတဲ့အလုပ်တွေ လုပ်ဖို့ကျန်ခဲ့တယ်။
ကျောက်တိက စိတ်မကြည်မသာနဲ့ ရှန်ဖျင်းကို တစ်နေ့လုံး ခိုင်းစားနေတာတောင် ဒေါသမပြေနိုင်သေးဘူး။ သူမက ဒီလောက်ကြံဖန်ပေးနေတာတောင် အခွင့်အရေးကို မယူသေးတဲ့ ငတုံးကြောင့် အခုလိုတွေဖြစ်နေရတာပဲ။
အဲဒီနေ့မှာ နှစ်ယောက်သား တစ်ညလုံးချစ်ရည်လူးခဲ့ကြပြီး နောက်ဆုံး ကျောက်တိတစ်ယောက် ရှန်ဖျင်းရဲ့သက်လုံကို လိုက်မမှီတဲ့အထိပဲ။ ဒီလူက အိပ်ရာပေါ်မှာကျ အပြင်မှာမြင်နေကျပုံစံနဲ့ လုံးဝမတူဘဲ မသိရင် ဒီအနှစ် ၂၀လုံး ထိန်းချုပ်ခဲ့သမျှကို လွှတ်လိုက်သလိုနဲ့ တကယ့်သားရဲကြီး။
ပြင်းထန်တဲ့ အချစ်တိုက်ပွဲပြီးတော့ နှစ်ယောက်သား ခြေကုန်လက်ပန်းကျရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြတယ်။ ကျောက်တိနိုးလာတဲ့အချိန်မှာတော့ သူမက နောက်ဆုံးဒီစည်းကို ကျော်ဖြတ်နိုင်ခဲ့ပြီဆိုကာ ပျော်ရွှင်သွားရပေမယ့် ရှန်ဖျင်းကတော့ အတော်လေး ရှက်ရွံ့နေဟန်နဲ့ ခေါင်းပဲငုံ့ထားခဲ့တယ်။
ကျောက်တိကတော့ ဒါသူ့ပုံစံပဲလို့မှတ်ယူပြီး စိတ်ထဲမထားပါဘူး။ သူမ လုပ်ငန်းစုကိုပြန်လာတဲ့အခါ အောက်ကလူတွေကို ရှန်ဖျင်းပစ္စည်းတွေ သွားသယ်ခိုင်းလိုက်တယ်။ ကုန်ပစ္စည်းတွေ အကုန်ရောက်လာတော့ ငွေချေ စာချုပ်ချုပ်တာကအစ အောက်က ယုံကြည်ရတဲ့သူတွေနဲ့ပဲ လွှဲထားလိုက်တာ။ သူမ ပေါ်လာရင် ဟိုလူက ရှက်ကြောက်ပြီး ထပ်ထွက်ပြေးသွားမှာစိုးလို့။
ဒါပေမယ့် နောက်နေ့ကျ သူပေါ်လာပြီး လက်ထပ်ဖို့အကြောင်း စကားစမယ်လို့ ထင်ခဲ့ပေမယ့် မောင်မင်းကြီးသားက ပေါ်တော့ပေါ်လာပါရဲ့။ ဒါပေမယ့် အဲဒီကိစ္စကို တစ်စက်မှမဟဘဲ ဆိုင်လက်ထောက်လုပ်ဖို့ ရောက်လာတာတဲ့လေ။
အစကတည်းက ဒီလိုစီစဥ်ထားတာဖြစ်တဲ့အပြင် တစ်မိုးအောက်ထဲရှိနေပြီပဲဟာ နောက်ကျရင်တော့ သူဖွင့်ပြောလာမှာပါလေလို့ ဖြည့်တွေးရင်း ကျောက်တိက ဘာမှမပြောသေးဘူး။ သူမအစီအစဥ်က ဟိုလူလျစ်လျူမရှုခင်အထိ သူ့ဟာနဲ့သူ ပြီးပြည့်စုံနေခဲ့ပါတယ်။
ရှန်ဖျင်းလုပ်ပုံက လက်ထပ်ဖို့အကြောင်း မပြောရုံတင်မဟုတ်ဘူး။ အဲဒီနေ့ညက ဘာမှမဖြစ်ခဲ့သလိုပါ ပြုမူနေတာကြောင့် ကျောက်တိရဲ့ဒေါသတွေက ငယ်ထိပ်ဆောင့်တက်သွားတာ မဆန်းပါဘူး။
“ရှန်ဖျင်း အပြင်က ဆိုင်းဘုတ်ကိုသွားသုတ်ဦး”
“ရှန်ဖျင်း ကောင်တာကို သန့်ရှင်းရေးလုပ်ပြီး ကြမ်းတိုက်စမ်း”
အခြေအနေတွေက ဘယ်လောက်အထိလဲဆို အားလုံးလုပ်စရာမရှိလို့ အားလပ်နေတဲ့အချိန် ရှန်ဖျင်းကတော့ တောက်တိုမယ်ရပေါင်း သောင်းခြောက်ထောင်နဲ့ ပြေးလွှားနေရတယ်။ ဒီတော့ ဆိုင်ကအလုပ်သမားအကုန် လက်ထောက်သစ်လေးက မမလေးကို တစ်နည်းနည်းနဲ့ သွားစော်ကားထားတယ်လို့ပဲ တွေးကုန်ကြတယ်။
205 02
အဲဒါကြောင့်လည်း အခုကျောက်တိတစ်ယောက် ရှိသမျှလူအားလုံးကို ငွေလွှဲဌာနဘက် ပို့လိုက်တဲ့အခါလည်း ဘယ်သူမှအများကြီးတွေးမနေဘဲ လက်ထောက်သစ်လေးကို အပြစ်ပေးဖို့လို့ပဲ ထင်လိုက်ကြတယ်။ ဒါပေမယ့် ချန်းဇီတစ်ယောက်ထဲသာ ဘာတွေဖြစ်နေမှန်း သိသော်လည်း ထုတ်မပြောရဲတာ။
“မမလေး ပစ္စည်းတွေအကုန် ဆိပ်ကမ်းရောက်ပါပြီ။ လူကြီးမင်းကျန်းက ကျွန်တော်တို့ဆီက ကြည့်ပေးဖို့ လူတစ်ယောက်လွှတ်ပေးပါလို့ ပြောလာပါတယ်”
ချန်းဇီက အပြင်ကဝင်လာရင်း တင်ပြတယ်။ အရင်ဆို ဒါလည်း သူပဲသွားကြည့်ပေးရမှာဆိုပေမယ့် ဒီနေ့တော့ ကျောက်တိက “ရှန်ဖျင်းကို သွားခိုင်းလိုက်”
ထိုအခါ မလှမ်းမကမ်းက စင်တွေကိုဖုန်သုတ်နေတဲ့ ရှန်ဖျင်းက လက်ထဲကကြက်မွှေးတုတ်ကို ချကာ အင်္ကျီတွေသပ်ပြီး ချန်းဇီနားရောက်လာတယ်။ လူသစ်လေးပဲ ရှိသေးတဲ့အတွက် သေချာပေါက် တစ်ယောက်တည်း လွှတ်လိုက်လို့ဘယ်ရမလဲ။
ချန်းဇီက တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး “ကောင်းပါပြီ ဒါက ရှန်ဖျင်းရဲ့ပထမဆုံးဆိုတော့ ပစ္စည်းအဝင်အထွက်တွေ နားလည်ဦးမှာမဟုတ်သေးဘူး ကျွန်တော်ပါ လိုက်သွားလိုက်ပါ့မယ်”
ကျောက်တိက ဘာမှမမပြောဘဲ ခေါင်းသာညိတ်ပြလာတယ်။ သူတို့နှစ်ယောက် ပြန်ရောက်လာတဲ့အချိန် နေခေါင်းပေါ် တည့်တည့်ကျတဲ့အချိန်မို့ ၈လပိုင်းနွေက အတော်လေး နှိပ်စက်နေတယ်။
ရှန်ဖျင်းက တစ်နံနက်လုံး အမိုးအကာမရှိတဲ့ ဆိပ်ခံမှာ ရပ်နေရတာကြောင့် တစ်ကိုယ်လုံး ချွေးရွှဲနေပြီ။ ပြန်လာတဲ့အခါ သူ့အင်္ကျီတစ်ထည်လုံး ချွေးတွေစိုကွက်နေပြီး လူကလည်း ညီးစီစီဖြစ်နေတာကြောင့် ရောက်တာနဲ့ ဆိုင်အနောက်ထဲ ခပ်သုတ်သုတ်ဝင်လာလိုက်တယ်။
ဆိုင်အနောက်က ခြံဝန်းငယ်လေးထဲမှာ ရေတွင်းတစ်တွင်းရှိနေတယ်။ ရေတွင်းလေးပဲဆိုပြီး အထင်မသေးလိုက်နဲ့ ရွှမ်းယွီကျွန်းလို့ ဆားငံရေတွေ ပတ်လည်ဝိုင်းနေတဲ့နေရာမှာ လူသုံးရေချိုဆိုတာ အင်မတန်ရှားပါးတယ်။
တစ်ကျွန်းလုံးမှာ ရေကြောင်းကုန်သွယ်ရုံးကလွဲလို့ နောက်ထပ်ရေတွင်းတစ်တွင်းပဲရှိပြီး ဒါကြောင့်လည်း ရွှီထင်းရှန်းက ကျောက်အာအတွက် အထူးတလည် တူးပေးထားတာဖြစ်တယ်။ တခြားဆိုင်တွေကတော့ ရေသုံးချင်ရင် လမ်းထောင့်က ရေတွင်းဆီသွားပြီး အလှည့်ကျရေဆွဲရတယ်။
ဒါကြောင့် ရွှမ်းယွီကျွန်းမှာ အစည်ကားဆုံးနေရာက ရေကြောင်းကုန်သွယ်ဌာနနဲ့ လောင်းကြေးဈေးပြီးရင် ရေတွင်းတွေပဲ။ ရေတွင်းတစ်ခုစီတိုင်းမှာ သတ်မှတ်ထားတဲ့ တာဝန်ကျအရာရှိတစ်ယောက် စောင့်ကြပ်နေပြီး တစ်နေ့တခြားတိုးပွားလာတဲ့ နေထိုင်သူဦးရေကြောင့် သုံးရေချွေတာသုံးစွဲဖို့က အရေးကြီးလာတယ်။
ရှန်ဖျင်းက ရေတွင်းထဲက ရေတစ်ပုံးခပ်ပြီးမှ သူ့အပေါ်အင်္ကျီကိုချွတ်ကာ တဘက်သန့်တစ်ထည်ကို ရေစွတ်ရင်း တစ်ကိုယ်လုံး ရေပတ်တိုက်သန့်စင်လိုက်တယ်။ ထိုစဥ် ရုတ်တရက်ကြီး အနောက်က တစ်ယောက်ယောက်ရဲ့အသံ ထွက်လာတယ်။
“ဒီလိုရာသီဥတုမှာ ပူပြနေတာ မသိရင် သူဌေးက အလုပ်သမားတွေကို တအားခိုင်းထားတယ် ထင်နေဦးမယ်”
ကျောက်တိပဲပေ့ါ။ လောလောဆယ် သူမရဲ့မျက်နှာလှလှတစ်ခုလုံးက မကျေနပ်ဘူးဆိုတဲ့ စာတန်းမထိုးထားရုံတမယ် မဲမှောင်နေတယ်။ ရှန်ဖျင်းကတော့ ခပ်ဖွဖွရယ်ရင်း “သူတို့အားလုံး ကျင့်သားရနေပြီပဲဟာ။ ဘယ်သူမှပြောမှာမဟုတ်ပါဘူး”
သူ ကပြောရင်းနဲ့ ပုံးထဲကရေကို လက်ခုပ်နဲ့ယူရင်း ခပ်သွက်သွက် မျက်နှာသစ်နေတယ်။ ရေသီးရေစက်တွေက ခပ်မြန်မြန်အရှိန်နဲ့ သူ့ရဲ့ဗလာကျင်းနေတဲ့ ရင်အုပ်နဲ့ ကိုယ်ထည်ပေါ် စီးကျသွားတာမြင်တော့ ကျောက်တိက အကြည့်လွှဲပြီး နှာတစ်ချက်မှုတ်ရင်း လှည့်ထွက်ဖို့ပြင်တယ်။
“စိတ်မဆိုးပါနဲ့။ ငါ မင်းကို မယူချင်လို့မဟုတ်ပါဘူး ...”
ရုတ်တရက် သူမနောက်က တွန့်ဆုတ်ဆုတ်အသံထွက်လာတော့ ကျောက်တိက တန့်သွားပေမယ့်
“မင်းကိုလာမတင်တောင်းခင် လက်ထဲ ငွေလေးနည်းနည်းစုချင်လို့ပါ”
နောက်ဆက်တွဲစကားတွေက သူမဒေါသကို လောင်စာဖြည့်ပေးလိုက်သလိုပဲ။ မိန်းမလှလေးက ချက်ချင်း နောက်လှည့်လာပြီး ရန်လိုခြင်းများစွာနဲ့ သူ့နား ရောက်ချလာတယ်။
“ကျွန်မက ရှင့်ရဲ့မဖြစ်စလောက် တင်တောင်းငွေကို မျှော်တယ်ထင်နေလား”
“မထင်ပါဘူး။ ဒါပေမယ့် မင်းကို တင်တောင်းတင့်တယ်ထားနိုင်ကြောင်း ပြဖို့တော့ လိုတယ်လေ”
205 03
“မလိုဘူး ကျွန်မမှာ ရှိတယ်။ ကိုယ့်ဟာကိုယ်လည်း ရှာနိုင်တယ်”
“မင်းမှာရှိတာ သိပါတ။ယ် ဒါပေမယ့် ငါ့မှာရှိတာမှမဟုတ်တာ။ အခုဆို မင်းတို့အိမ်မှာ အရာရှိတစ်ယောက်ရှိနေပြီဆိုတော့ မင်းရဲ့အဆင့်အတန်းကလည်း အများကြီး ပိုမြင့်သွားပြီလေ။ ဒီလိုလူကို လက်ထဲတစ်ပြားမှမရှိဘဲ ငါဘယ်လိုမျက်နှာနဲ့ လာတင်တောင်းရမှာလဲ”
သူမ ဘာမှမပြောဘဲ စိတ်ဆိုးမာန်ဆိုးနဲ့ လှည့်ထွက်ဖို့ပြင်တဲ့အချိန် အရင်က တွန့်ဆုတ်ပြီး ကြောက်လန့်ခဲ့တဲ့ ရှန်ဖျင်းက အခုတော့ သူနဲ့မတူစွာ ကျောက်တိရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်တယ်။
“ငါ့ကို ခဏလောက်ပဲ အချိန်ပေးပါ။ ငါ့လက်ထဲ နည်းနည်းစုမိတာနဲ့ မင်းကိုတန်းပြီး လာတောင်းပါမယ် ဟုတ်ပြီလား”
“ဒါဆို ဟိုနေ့ညတုန်းကကျ ဘာလို့ဒါတွေမစဥ်းစားခဲ့တာလဲ”
ဒီမေးခွန်းက ရှန်ဖျင်းကို အလွန်တရာ မျက်နှာ မဖော်ရဲဖြစ်သွားစေတယ်။ သူ့မျက်နှာက ချက်ချင်းနီရဲလာပြီး “အဲဒီနေ့ညက ငါမှားသွားတာပါ။ ဘာမှမချင့်ချိန်ဘဲ ထင်ရာစိုင်းလိုက်မိတယ်”
ကျောက်တိကတော့ စိတ်မပြေနိုင်ဘဲ ဒီအတောအတွင်း မကျေနပ်ခဲ့သမျှ သူမရဲ့လက်ဖဝါးနုနုလေးတွေနဲ့ သူ့ရင်ဘတ်ကျယ်ကြီးကို တဘုန်းဘုန်းထုရင်း ပုံချတော့တယ်။
“ဪ အခုမှ သိတယ်ပေါ့။ ရှင်ဟာဆိုရင်လေ လူကို ဘယ်လိုစိတ်ထိခိုက်အောင် လုပ်ရမလဲဆိုတာပဲ သိတာမလား”
“နောက်တစ်ခါ မလုပ်တော့ပါဘူး”
“နောက်တစ်ခါရော ထပ်လုပ်ချင်သေးတာလား... အခု ကျွန်မကို နမ်း”
ရှန်ဖျင်းက သူမရဲ့မဆီမဆိုင် စကားလမ်းကြောင်းလွှဲမှုကြီးကြောင့် တော်တော် ကြောင်အမ်းသွားတယ်။
“ရှင် နမ်းမှာလား မနမ်းဘူးလား”
“ငါ ...”
“ရှင်မနမ်းပေးလည်း တခြားသူကို သွားနမ်းလိုက်တော့မယ်”
ကျောက်တိက သူ့လက်ထဲကရုန်းထွက်ပြီး ထွက်သွားဖို့ပြင်တော့မှ ရှန်ဖျင်းက လက်မောင်းကနေ အသည်းအသန် လှမ်းဆွဲတယ်။
“အေးပါ နမ်းမယ် နမ်းမယ် ဟုတ်ပြီလား”
ရှန်ဖျင်းမှာ ဘေးဘီဝဲယာကိုလည်း အကဲခတ်ရသေးတယ်။ ဘယ်သူမှမရှိတာမြင်မှ မိန်းကလေးကို အနီးနားက စတိုခန်းတစ်ခုထဲ ဆွဲခေါ်သွားပြီး သူမဆန္ဒအတိုင်း လိုက်လျောပေးရတယ်။ ဒီလူက အရင်တစ်ယောက်လောက် အနမ်းမကျွမ်းပေမယ့် ကျောက်တိကို ပိုရင်ခုန်စေတာကတော့ အမှန်ပဲ။
သူမက အလိုအလျောက် လည်ပင်းကို သိုင်းဖက်လိုက်မိပြီး လက်ချောင်းလေးတွေက လည်ဂုတ်အစပ်နား ရောက်သွားတဲ့အချိန် မူမမှန်တာတစ်ခုကို စမ်းမိလိုက်တယ်။ ကျောက်တိက ရှန်ဖျင်းကို အသာတွန်းရင်း မော့ကြည့်ပြီး တန်းမေးတယ်။
“ရှင့်နောက်ကျောမှာ ဘာကြီးလဲ”
အမှန်တော့ ဟိုနေ့ညကတည်းက တစ်ခုခုကိုစမ်းမိလိုက်ပေမယ့် ရှည်ရှည်ဝေးဝေး တွေးတောချိန် မရလိုက်လို့သာ။ ရှန်ဖျင်းက ကိုးရို့ကားရားနိုင်စွာ တန့်သွားပြီး ဘာမှမဟုတ်ကြောင်း ပြောလာပေမယ့် ကျောက်တိက သူ့မျက်နှာကိုကြည့်ပြီး တစ်ခုခုမှားနေတာ သိလို့ အတင်းအကျပ် ပြောတော့မှ နောက်လှည့်ပြီး အင်္ကျိချွတ်ပြလာတယ်။
တကယ်လည်း ကြွက်သားအသင့်အတင့်နဲ့ သန်မာတဲ့ကျောပြင်ပေါ်မှာ လည်ဂုတ်အောက်ကစလို့ ခါးတစ်ဝိုက်အထိ အကျည်းတန်လွန်းလှတဲ့ နှစ်ပေလောက်ရှည်တဲ့ ကြာပွတ်ဒဏ်ရာဒဏ်ချက်တွေက တစ်ခုမက အမာရွတ်ကျန်နေတယ်။
“ရှင် အရိုက်ခံထားရတာလား။ ဘယ်သူလုပ်တာလဲ”
“အဖေ”
“အိမ်တော်ထိန်း ရှန်လား”
205 04
တစ်ခဏလောက် တိတ်ဆိတ်သွားတဲ့နောက် ကျောက်တိက တုန်ယင်စပြုနေတဲ့အသံနဲ့ ထုတ်မေးတယ်။
“ဘာလို့ဒီလောက် ရိုက်ရတာလဲ။ အဲဒီတုန်းက ကျွန်မကြောင့်လား။ ရှင် ရှန်အိမ်တော်ကနေရော ဘယ်လိုထွက်လာခဲ့တာလဲ။ သူတို့နှင်ထုတ်လိုက်လို့လား”
ရှန်ဖျင်းက တိတ်တဆိတ် အင်္ကျီပြန်ဝတ်နေပြီး ကျောက်တိ အသည်းအသန် မေးတော့မှ အမှန်အတိုင်းပြောပြတယ်။ အဲဒီတုန်းက သူ့လုပ်ရပ်က အိမ်တော်ထဲကအကြီးပိုင်းတွေကို ညာနိုင်ခဲ့ပေမယ့် ဖခင်ဖြစ်သူ အိမ်တော်ထိန်းရှန်ဆီကနေတော့ မဖုံးထားနိုင်ခဲ့ဘူး။
အဓိကအကြောင်းအရင်းကတော့ ရှန်ဖျင်း ဆေးပြင်ခိုင်းထားတဲ့လူက သူ့အဖေ သံသယရှိလို့ ခေါ်စစ်ရာက ကြောက်လန့်ပြီး ထုတ်ပြောလိုက်ရာက စတယ်။ အမှန်တော့ ရှန်ဖျင်းကိုယ်တိုင် ဒီလိုနေ့ရောက်လာမယ်ဆိုတာ သိပြီးသား။
ထိုနေ့က အိမ်တော်ထိန်းရှန်တစ်ယောက် ဒေါသငယ်ထိပ် တက်ဆောင့်သွားပြီး မိန်းမဖြစ်သူက ဝင်ဆွဲတာတောင် မရလိုက်ဘူး။ နောက်နေ့ကျ ရှန်ဖျင်းကိုခေါ်ပြီး ရှန်အိမ်တော်က ထွက်သွားဖို့ ပြောတော့တယ်။
ရှန်ဖျင်းက ဒါကိုကြိုတင်ခန့်မှန်းထားပြီးသားဆိုရင်တောင် ကြားလိုက်ရတော့လည်း လန့်သွားခဲ့တာပါပဲ။ အိမ်တော်သခင်က စူးလန်နဲ့သူ့ဗိုက်ထဲက ကလေးကို သေစေချင်နေတဲ့ဟာ သူ့သားက အတင့်ရဲပြီး ဝင်ပါရတဲ့အထိ စိတ်လွတ်သွားရတယ်လို့။
ဒါက အိမ်တော်သခင်ကို ပြန်လှည့်စားနေတာပဲ။
တကယ်လို့ သခင်ကြီးတို့သာသိသွားရင် ရှန်ဖျင်းတင်မက ကျန်တဲ့တစ်မိသားစုလုံး ခေါင်းဖြတ်သတ်ခံရလိမ့်မယ်။ ဒါကြောင့်ပဲ ရှန်ဖျင်းက သဘောတူခဲ့ပေမယ့် ဘယ်လိုထွက်သွားရမလဲဆိုတာက ပြဿနာြဖစ်နေခဲ့တယ်။
အိမ်တော်ထိန်းရှန်က တကယ့်အကြောင်းပြချက်ကို ဘယ်ဖော်ရဲမလဲ အဲဒါနဲ့ ရှန်ဖျင်းက အပေါင်ဆိုင်မှာ အမှားတစ်ခုလုပ်ခဲ့လို့ဆိုတာကိုပဲ ခေါင်းစဥ်တပ်ပြီး ဟန်ပြအနေနဲ့ ကြိမ်ဒဏ်ပေးရုံသာမက ရှန်အိမ်တော်ကနေပါ ကန်ထုတ်ခဲ့တယ်။
ရှန်ဖူကတော့ အိမ်တော်ထိန်းရှန်က သူ့သားအပေါ် ပြင်းထန်လွန်းတယ်လို့ သက်ပြင်းချရင်း ရှန်ဖျင်းကလည်း သူ့ဘေးနားမှာ အနီးကပ်ခစားလာတာ နှစ်အတော်ကြာတဲ့မျက်နှာကို ထောက်ထားကာ အစေခံအဖြစ်ကနေ ကင်းလွတ်ခွင့်ပေးလိုက်တာကြောင့် သူဒီလို အပြင်မှာ စီးပွားလာလုပ်လို့ရတာ။
နောက်တော့ ရှန်ဖျင်းက ဖျင်ယန်းစီရင်စုကနေ အပြီးပိုင်ထွက်လာခဲ့လိုက်တယ်။
“အရူးကောင်”
ကျောက်တိက ပါးစပ်ကို လက်နဲ့အုပ်ရင်း ရှိုက်ငိုတယ်။
“မရူးပါဘူး။ မင်းအဆင်ပြေရင်ပဲ ရပြီ။ ငါဘာဖြစ်ဖြစ် ကိစ္စမရှိပါဘူး”
ရှန်ဖျင်းက ဂရုမထားသလို ခပ်အေးအေးပြုံးပြလာပေမယ့် ကျောက်တိကတော့ စိတ်မအေးနိုင်ဘဲ သူ့ကို ပြစ်တင်ဆူပူတော့တယ်။
“ရူးတာပေါ့။ အဲဒါကိုယ်၌က ရူးတာ ငတုံးကောင်ရဲ့”
ရှန်ဖျင်းက ဘယ်လိုချော့ရမှန်းမသိလို့ မျက်ရည်တွေသုတ်ပေးရင်း အငိုတိတ်အောင် နှုတ်ခမ်းချင်း ထိကပ်ပစ်လိုက်တယ်။ ဒီတစ်ခေါက် အနမ်းက ပိုနက်ရှိုင်းပြီး ကျောက်တိရဲ့အဝတ်အစားတွေ လျော့ရဲလာသလို ရှန်ဖျင်းကလည်း ချွတ်ပစ်လိုက်ဖို့ ဝန်မလေးဘူး။
တံခါးအပြင်ဘက်မှာတော့ ကျောက်အာတစ်ယောက် ခပ်သဲ့သဲ့ ကြားလိုက်ရတဲ့အသံကြောင့် လန့်ဖြန့်ပြီး နောက်လှည့်လိုက်တဲ့အချိန် ဒီဘက်ကို လျှောက်လာနေတဲ့ ချန်းဇီကိုမြင်လိုက်ရတယ်။ ကျောက်အာက ချက်ချင်း အပေါက်ဝကို ကိုယ်နဲ့ကာလိုက်ပြီး သူခိုးလူမိမှာစိုးတဲ့ပုံနဲ့ လက်ခါပြလာတယ်။
“မမက ရှန်ဖျင်းနဲ့အရေးတကြီး ပြောစရာရှိလို့ အနားကို ဘယ်သူမှမလာစေနဲ့နော် သိလား”
ချန်းဇီကလည်း ငယ်တော့တာမှ မဟုတ်တာ ဆရာကတော်ရဲ့ ရှက်သွေးဖြာနေတဲ့မျက်နှာကို ကြည့်တာနဲ့တင် ဘာတွေဖြစ်နေမှန်း သိလိုက်ပေမယ့် မသိချင်ယောင် ဆောင်ပေးလိုက်ပါတယ်။
“သိပါပြီ”
ကျောက်အာက ခေါင်းညိတ်ပြရင်း ဆိုင်ထဲက မပြေးရုံတမယ် ထွက်သွားတယ်။ သူမက လမ်းတစ်ဖက်ခြမ်းက ကုန်သွယ်ရုံးဆီဝင်သွားပြီး ရောက်ရောက်ချင်း ရေတစ်ခွက်အပြည့် သောက်ချလိုက်တော့မှ ရင်တုန်တာ ပျောက်သွားတယ်။
205 05
“တကယ်ပါပဲ မမကိုပြောပါတယ်။ သူ ဘာတွေ ပေါက်ကရလျှောက်လုပ်နေလဲ မသိတော့ဘူး”
ရွှီထင်းရှန်းက သူ့စားပွဲပေါ်က စာရွက်တချို့ကိုဖတ်နေပြီး ဒါကိုကြားတော့ သူမကို ပြုံးပြီးမော့ကြည့်လာတယ်။
“သူတို့အတွက်တော့ နှစ်ယောက်သားက အခုမှချစ်စခင်စအချိန်ပဲ ရှိသေးတာကိုး”
“သူတို့ ဒီကိစ္စကို ဘယ်အချိန်မှထုတ်ပြောဖို့ လုပ်ထားလဲမသိဘူး။ ချန်းဇီဆီက ငါကြားတာတော့ မမက ဒီတလော အစ်ကိုရှန်ကို အရမ်းခိုင်းစားနေတာတဲ့ သူဘာတွေလုပ်နေမှန်း နားကိုမလည်တော့ဘူး”
ရွှီထင်းရှန်းက စုတ်တံကိုင်ရင်း တစ်ခုခုချရေးနေတယ်။
“ဘာလို့သူများကိစ္စစိတ်ဝင်စားနေမှာလဲ။ မင်း ဘယ်လောက်ပဲ စပ်စုချင်ပါစေ ကြားသုံးကြား ဝင်လို့မကောင်းဘူးဆိုတာ သိတယ်ဟုတ်”
ကျောက်အာက နှာမှုတ်သရော်ရင်း သူ့ဘေးနား ခပ်ဆောင့်ဆောင့်ဝင်ထိုင်တယ်။ သူရေးနေတာ ခဏလောက်ကြည့်နေပြီးတော့မှ ပြန်ထရပ်လိုက်ပြီး “အချိန်တောင် လင့်နေပြီ။ ငါ တစ်ခုခုစားဖို့ သွားပြင်လိုက်မယ်”
သူမတို့နှစ်ယောက်က စားသောက်ပြီးတော့ နားနေခန်းထဲမှာ တစ်ရေးတစ်မောအိပ်ပြီးမှ ရွှီထင်းရှန်းက ကုန်သွယ်ရုံးမှာ ကျန်နေခဲ့ပြီး ကျောက်အာကတော့ တျန့်ဟိုင်က သူမတို့သင်တန်းကျောင်း အခြေအနေကို ကြည့်ဖို့ထွက်လာခဲ့လိုက်တယ်။
ဒါကိုအကြံပေးခဲ့တာလည်း ရွှီထင်းရှန်းပဲ။ အခုကိုယ်ပိုင်လုပ်ငန်းလေးက တဖြည်းဖြည်း ကြီးထွားလာတာနဲ့အမျှ ကိုယ့်လူယုံအနည်းစုကိုပဲ ခိုင်းနေလို့မရတော့ဘူး။ ဒါကြောင့် ကျောက်အာက နောက်ကြောင်းရှင်းတဲ့ သာမန်မိသားစုက ဆင်းရဲသားကလေးတွေကို လေ့ကျင့်ပေးဖို့ သီးသန့်သင်တန်းတစ်ခု ဖွင့်လိုက်တာ။
ဒီကနေအောင်သွားတဲ့ သင်တန်းသားတွေက ထိုက်လုံနဲ့ အနှစ် ၂၀သက်တမ်းရှိ စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီး အောက်ခြေသိမ်းအလုပ်သမားအဖြစ်ကနေ တော်ရင်တော်သလို ကြီးကြပ်သူရာထူးတွေအထိ တိုးပေးသွားမှာဖြစ်တယ်။
ဒီသင်တန်းကျောင်းလေး ဖွ့င်ထားတာ အချိန်တစ်ခုရှိပြီဖြစ်သလို ချန်းဇီနဲ့သူ့သူငယ်ချင်းတွေကလည်း အောင်မြင်ပြီးမြောက်သွားတဲ့ သင်တန်းသားတွေပဲ။ ထိုက်လုံရောင်းဝယ်ရေးလုပ်ငန်းစုက စာရော၊စီးပွားရောသင်ပေးပြီး သင်တန်းသားတွေအတွက် လစဥ် ဆန်ဆိုဆန် ဆီဆိုဆီ ထောက်ပံ့ပေးနေတော့ တျန့်ဟိုင်က ဆင်းရဲသားမိသားစုအားလုံး သူတို့ကလေးကို ဒီကိုပဲပို့ကြတော့တာပေါ့။
သူတို့ကျောင်းလေးက အခုဆို ကျယ်ကျယ်ပြန့်ပြန့် သိသွားကြပြီမို့ လာအပ်တဲ့သူအရေအတွက်ကလည်း ရာကျော်နေပြီး အစက အဆောင်ငယ်လေးတစ်ခုနဲ့ သင်တဲ့အခန်းက အခုဆို နှစ်ဆောင်ပြိုင်အဖြစ် တိုးချဲ့လိုက်ရပြီ။
တည်နေရာက တျန့်ဟိုင်မြို့ အရှေ့ဘက်မှာဖြစ်ပြီး ရွှီအိမ်တော်နဲ့လည်း သိပ်မဝေးဘူး။ ကျောက်အာရောက်သွားတဲ့အခါ တပည့်လေးတွေက ထောက်ကျူကုန်းရဲ့ စီးပွားရေးအခြေခံအချက်တွေကို ရွတ်ဖတ်နေကြတယ်။
ဒီဆင်းရဲသားကလေးတွေက စာမသင်ဖူးတာကြောင့် ဒီကဆရာတွေက စလာကတည်းက သူတို့ကို အရေးအဖတ်သင်ပေးပြီးမှ စာရင်းအင်းနဲ့ ပေသီးသုံးနည်း သင်ရတယ်။ ကျောက်အာ ရောက်လာတာမြင်တော့ သင်နေတဲ့ဆရာက ထရပ်ပြီးနှုတ်ဆက်တယ်။
“ဆရာကတော်”
ကျောက်အာက ပြုံးရင်း လက်ကာပြလိုက်တယ်။
“ဆက်သင်ပါ ဆက်သင်ပါ။ ကျွန်မက အခြေအနေတစ်ချက် လာကြည့်ရုံပါပဲ”
ဆရာဖြစ်သူက ချောင်းဟန့်ပြီး စာဆက်သင်နေတဲ့အချိန် တပည့်တပန်းလေးတွေကတော့ ထွက်သွားတဲ့ ကျောက်အာရဲ့နောက်ကျောကို လိုက်စပ်စုနေကြတယ်။ ကျောက်အာက နေရာအနှံ့လှည့်ပတ် ကြည့်ရင်း ကျောင်းဝန်းက သန့်ရှင်းသလို အစားအသောက်တွေကလည်း လတ်ဆတ်ဖူလုံနေတာတွေ့တော့ စိတ်ချလက်ချ ဖြစ်သွားတယ်။
သူမ ကျောင်းတံခါးကနေ အပြင်လှမ်းဖို့ပဲလုပ်ရသေးတယ်။ ယောက်ျားလေးလိုဝတ်ထားတဲ့ ရှောင်ဟုန်းက အနောက်ကနေ လှမ်းအော်ရင်း အသည်းအသန်ပြေးလာတယ်။
“သခင်မလေး အောင်မယ်လေး နောက်ဆုံးတော့တွေ့ပြီ။ ကျွန်မ လိုက်ရှာတာနှံ့နေပြီ သခင်မလေးက ဒီရောက်နေတာပဲ”
205 06
“ဘာဖြစ်လို့လဲ။ အရေးကြီးကိစ္စရှိလို့လား”
“စူးကျိုးက စာတစ်စောင်ရောက်လာတယ် အလျင်လိုတယ်ပြောလို့ ကျွန်မ အမြန်လာပေးတာ”
ကျောက်အာ ဖွင့်ကြည့်လိုက်တဲ့အခါ ဟုန်းချန်းငွေလွှဲဌာနရဲ့ ပိုင်ရှင်ပြန်ရောက်ပြီဖြစ်လို့ သူမနဲ့ တွေ့ချင်ကြောင်း သဘောတူတဲ့စာဖြစ်နေတယ်။
...............
*****
206 01
အခန်း 206
ကျောက်အာက ပြန်လာပြီးလို့ ဘယ်လောက်မှ မရှိသေးတဲ့အချိန် တဖန်ခရီးထွက်ရမယ့်အပေါ် နည်းနည်းမသက်မသာဖြစ်သွားပေမယ့် ဘာပဲဖြစ်ဖြစ် သွားရမှာပဲ။ တကယ်လို့ ဟုန်းချန်းငွေလွှဲဌာနကိုသာ ထိုက်လုံနဲ့ ပူးပေါင်းဖို့ သိမ်းသွင်းနိုင်ခဲ့မယ်ဆိုရင် နှစ်ဖက်လုံးအကျိုးများလာလိမ့်မယ်။
ဘာလို့လဲဆိုတော့ ဟုန်းချန်းငွေလွှဲဌာနက အဆက်အသွယ်တွေ မချိတ်ရသေးသလို ထိုက်လုံကလည်း စူးကျိုးနဲ့တခြားဒေသတွေမှာ ငွေလွှဲဌာနခွဲတွေမဖွင့်ရသေးလို့ပဲ။ ရေလမ်းကြောင်းကုန်သည်အများစုက စူးကျိုး-ဟန်ကျိုးဘက်က လာတယ်ဆိုတာ သိထားဖို့လိုတယ်။
သွားလာရေးခက်ခဲတာကို ထည့်တွက်ပြီး တစ်နယ်နဲ့တစ်နယ် ငွေပြောင်းငွေလွှဲလုပ်ရတာ အတော်လေး ခဲယဥ်းလှတယ်။ တျန့်ဟိုင်က ကုန်သည်အများစုကလည်း ဒီအခက်အခဲကို အပြောများလာပြီမို့ ကျောက်အာက ဒီကိစ္စကို အမြန်ဖြေရှင်းချင်တာလည်း ပါတယ်။
ထိုနေ့ညနေ ရွှီထင်းရှန်းပြန်လာတဲ့အခါ ကျောက်အာက သားအဖနှစ်ယောက်လုံးကို သူမ ခရီးထွက်ရမယ့်အကြောင်း ပြောပြလိုက်တယ်။ နောက်တော့ သူမက စူးကျိုးခရီးစဥ်အတွက် စတင်ပြင်ဆင်တော့တယ်။
ရွှီထင်းရှန်းက သူ့မိန်းမ ဘယ်သွားသွား ကျောက်အာရဲ့ဘေးကင်းလုံခြုံမှုအတွက် အတော်လေး ဂရုတစိုက် စီစဥ်ပေးလေ့ရှိတယ်။ အခုသူက ရေတပ်ဦးစီးမှူးဖြစ်နေပြီမို့ ဟူဆန်းရဲ့လက်အောက်ငယ်သားအားလုံးကို ကျောက်အာဆီ လွှဲပေးလိုက်တော့တယ်။
ဒီလူတွေရဲ့ သစ္စာရှိမှုကို မေးခွန်းထုတ်စရာမလိုသလို ဟူဆန်းရဲ့ သင်ကြားမှုတွေအောက်မှာ တစ်ယောက်ချင်းစီက လူဆယ်ယောက်ကို ယှဥ်တိုက်နိုင်ကြတဲ့သူတွေချည်းပဲ။ ပင်ပန်းရှည်လျားလှတဲ့ ခရီးစဥ်ကြီးရဲ့အဆုံးမှာတော့ ကျောက်အာက ရည်ရွယ်ရာ စူးကျိုးကို ရောက်လာခဲ့ပြီ။
သူမ ကောင်းမွန်စွာ အနားမယူရသေးခင်မှာပဲ ကောင်းရှန်ကို တစ်ဖက်လူနဲ့ အချိန်းအချက်လုပ်ဖို့ ညွှန်ကြားရပြန်တယ်။ တွေ့ဆုံမှုက မနက်ဖြန်နေ့လယ်မှာ အတည်တကျ ဖြစ်သွားပြီဆိုမှသာ ကျောက်အာတစ်ယောက် စိတ်ချလက်ချ တည်းခိုခန်းရွေးနိုင်တော့တယ်။
အဲဒီနေ့မှာပဲ ကျောက်အာက ဟုန်းချန်းငွေလွှဲဌာနရဲ့ အဓိကရုံးချုပ်ကြီးကို ကိုယ်တိုင်သွားလိုက်သေးတယ်။ အဲဒီမှာ သူမနာမည်ပဲကြားခဲ့ဖူးတဲ့ ဟုန်းချန်းငွေလွှဲဌာနပိုင်ရှင် ရှန်းချင်းရှန်ကိုပါ တွေ့ခဲ့ရတော့တယ်။ တကယ်လို့ ရှန်းချင်းရှန်ရဲ့ မူလဇစ်မြစ်အကြောင်း ပြောမယ်ဆိုရင် တစ်ထောင့်တစ်ညပုံပြင်တွေထက် ကြာသွားလိမ့်မယ်။
ဒါကြောင့် အတိုချုံ့လိုက်ရင်တော့ ရှန်းချင်းရှန်ကို ဂန္ဓဝင်တွင်တဲ့ပုဂ္ဂိုလ်တစ်ဦးလို့ ဆိုနိုင်တယ်။ တဲစုတ်ကနေ ဒီလိုကြီးမားတဲ့ငွေလွှဲဌာနကြီး တည်ဆောက်လိုက်တာကစလို့ စူးကျိုးနဲ့ဟန်ကျိုးအတွင်းမှာတော့ သူက ကုန်သည်တိုင်းမဖြစ်မနေ မျက်နှာသွားပြသင့်တဲ့ လူတစ်ယောက်ဖြစ်လာတယ်။
လက်ရှိ သူ ကျောက်အာကို တွေ့ဖို့လက်ခံလိုက်တာကလည်း ထိုက်လုံကို စိတ်ဝင်စားလို့မဟုတ်ဘဲ တျန့်ဟိုင်ကို လိုချင်လို့ပဲ။ တျန့်ဟိုင်ကို ဆိပ်ခံမြို့အဖြစ် ဖွင့်လှစ်လိုက်ကတည်းက ရှန်းချင်းရှန်က အဲဒီကို နယ်ချဲ့ချင်နေတာ သူ့ကိုယ်စားပြောဆိုပေးမယ့် အင်အားကြီးလူတစ်ယောက် မရှိသေးတာမို့ ထိုက်လုံဆိုတဲ့ ငွေလွှဲဌာနတစ်ခု ရုတ်တရက် ပေါ်လာတာကိုသာ ကြည့်နေရတာ။
အဲဒါကြောင့် ဒါက သူရောကိုယ်ရော အကျိုးရှိမယ့် လက်တွဲမှုဆိုတာတောင် သူ ကျောက်အာရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းလက်သင့်မခံနိုင်ခဲ့တာ။ အကြောင်းအရင်းကတော့ စိတ်ထဲအခဲမကြေသေးလို့ပေါ့လေ။
အခုတွေ့မယ်ဆိုတာကတော့ သူရုတ်တရက်ကြီး စိတ်ပြောင်းသွားလို့ပဲ။ ကျောက်အာနဲ့နောက်လိုက်ငယ်သားတွေကို အထဲဖိတ်ခေါ်ပြီး အချိုးအကွေ့ပေါင်းများစွာ ကျော်ဖြတ်ပြီးတဲ့အချိန်မှာတော့ သူတို့ ဥယျာဥ်တစ်ခုထဲရောက်လာခဲ့တယ်။
စူးကျိုးနဲ့ဟန်ကျိုးတို့က ပန်းခြံတွေလို ကျန်းနန်က ပန်းဥယျာဥ်တွေက သူတို့ရဲ့ထူးခြားတဲ့အလှကြောင့် အတော်လေး ကျော်ကြားကြတယ်။ ခြံဝန်းအတွင်း စီးဆင်းနေတဲ့ စမ်းချောင်းလေးပေါ်က တံတားတွေ လူလုပ်တောင်ကုန်းပုလေးတွေနဲ့ ရေကန်ထဲက သာမန်နဲ့မတူတဲ့ ရောင်စုံကျောက်အလှတွေက မြင်ရသူတိုင်း ငေးသွားစေတယ်။
သူတို့ ပန်းခင်းတစ်ခုဆီရောက်တော့ ကျောက်အာက လမ်းဆုံးသွားပြီ ထင်ခဲ့ပေမယ့် တကယ်တမ်း အနီးနားရောက်တော့မှ အထဲမှာလျှို့ဝှက်သုခဘုံလေးရှိနေတာ တွေ့လိုက်ရတယ်။
206 02
လက်ဖက်ရည်သောက် အနားယူဆောင်လေးက ကန်ရေပြင်ပေါ်ဆောက်ထားပြီး ကန်နံဘေးတစ်လျှောက် မိုးမခပင်တွေအများအပြားလည်း စိုက်ထားတော့ လေတိုက်တိုင်း ယိမ်းနွဲ့နေတဲ့ အကိုင်းအခက်တွေနဲ့ ကြည်လင်တဲ့ကန်ထဲက အလှမွေးငါးလေးတွေက ရှုမငြီးစရာမြင်ကွင်းတစ်ခုပဲ။
အပေါ်များ မော့ကြည့်လိုက်မိရင်တော့ သစ်သားအဆောင်ငယ်လေး ဝင်ပေါက်မှာ ချိတ်ဆွဲထားတဲ့ ‘ယီပိရွှမ်’ဆိုတဲ့စာလုံးတွေကို တွေ့ရလိမ့်မယ်။
“အိမ်တော်သခင်က ဒီထဲမှာ သခင်လေး ဝမ်ကို စောင့်နေပါတယ်”
ကျောက်အာက ခေါင်းညိတ်ပြလိုက်ပြီး ဝင်သွားတဲ့အခါ ကောင်းရှန်နဲ့တခြားသူတွေက အဝင်ဝမှာ စောင့်ကျန်ခဲ့တယ်။ ဝတ်စုံပြာနဲ့အစေခံလေးနောက် လိုက်သွားရင်း ကျယ်ပြောခမ်းနားတဲ့ ဟောခန်းမတစ်ခုထဲ ရောက်လာခဲ့တယ်။
ခန်းမက မှန်ဇာပါးတစ်ခုနဲ့ ခြားထားပြီး အရှေ့မှာ ကြီးမားတဲ့ပန်းချီကားတစ်ချပ် ချိတ်ထားတယ်။ ပန်းချီအောက်မှာတော့ စားပွဲရှည်ကြီးတစ်လုံးရှိကာ အလယ်မှာ ဆင်စွယ်ရောင်ရှုခင်းတစ်ခုနဲ့အတူ ဘေးနားမှာ အလှပန်းအိုးအနည်းငယ် ထောင်ထားတယ်။
စားပွဲရှည်ကြီးအရှေ့မှာ လေးထောင့်သစ်သားစားပွဲတစ်ခုနဲ့ တစ်ဖက်တစ်ချက်စီမှာ သစ်သားထိုင်ခုံတွေ ထပ်ရှိသေးတယ်။ အခန်းတစ်ခုလုံးက ရှေးဟောင်းပစ္စည်းတွေ တင်ထားတဲ့စင်တွေနဲ့ ပြည့်နှက်နေပြီး ထောင့်နားမှာတော့ လူ့အရပ်တစ်ဝက်စာ ခြေသုံးချောင်း အမွှေးတိုင်စင်တစ်ခုရှိတယ်။
ဒါကိုကြည့်တာနဲ့တင် ဟုန်းချန်းငွေလွှဲဌာနက ဘယ်လောက်ချမ်းသာလဲသိနိုင်တယ်။ ကျန်တာမပြောနဲ့ ရှိသမျှ ပရိဘောဂအားလုံး ဟွမ်ဟွားလီသားနဲ့ လုပ်ထားတာကိုကြည့်ရင်ပဲ မြင်သာနေပြီ။ ပြူတင်းပေါက်တွေကလည်း ပုံမှန်တွေ့နေကျ စက္ကူမဟုတ်ဘဲ အနောက်တိုင်းက တင်ပို့တဲ့ မှန်သားနဲ့ ပြုလုပ်ထားတာဖြစ်တယ်။
တာ့ချန်းမှာလည်း ဒီလိုမှန်တွေရှိပေမယ့် စဥ့်သုတ်ထားတဲ့ မှန်တွေက အနောက်တိုင်းလောက်တော့ ကြည်လင်မှုမရှိသေးဘူး။ အမှန်တော့ ကျောက်အာလည်း သူမအိမ်က ပြူတင်းအားလုံးကို ဒီမှန်တွေ တပ်ပစ်ချင်နေတာ ကြာပြီ။ ဒါပေမယ့် အကောင်အထည်မဖော်ဖြစ်သေးတာ။
လောလောဆယ် စားပွဲထိပ်ဆုံးမှာ အသက်ကြီးကြီးလူတစ်ယောက် ထိုင်နေတယ်။ သူ့ကြည့်ရတာ အသက်ငါးဆယ်ကျော်လောက်ရှိပြီး ဆံပင်ဖြူတွေ ရိုးရှင်းတဲ့အဝတ်အစားတွေနဲ့ သာမန်အဘိုးကြီးတစ်ယောက်လိုပဲ။
ဒါပေမယ့် ရှိန်ချင်စရာအနေအထားကတော့ ထိုင်နေတာတောင် သိသာနေတယ်။
“မင်္ဂလာပါ လူကြီးမင်းရှန်း”
ကျောက်အာက ဦးညွှတ်နှုတ်ဆက်လိုက်တော့ ရှန်းချင်းရှန်က လက်ကာပြရင်း “သခင်လေးဝမ် အရမ်းယဥ်ကျေးနေစရာမလိုပါဘူး ထိုင်ပြီး အကြမ်းရည် သုံးဆောင်ပါဦး”
ကျောက်အာက ဘယ်ဘက်က သုံးခုမြောက်ခုံမှာ ဝင်ထိုင်လိုက်တယ်။ သူတို့က စီးပွားရေးအကြောင်း ဆွေးနွေးဖို့လာတယ်ဆိုထဲက ထိုင်ခုံအစဥ်လိုက်က အရေးကြီးတယ်။ ပထမဆုံးခုံက အရင်းနှီးဆုံးသူတွေအတွက်မို့ မဝေးလွန်း မနီးလွန်းတဲ့ လက်ရှိနေရာက အသင့်တော်ဆုံးပဲ။
သူမ ထိုင်လိုက်တာနဲ့ အစေခံလေးက ရေနွေးကြမ်းဗန်းယူလာပြီး ဘေးက ခုံပုလေးမှာ တင်ထားပေးတယ်။
“သခင်လေးဝမ် ဒီအတောအတွင်း အကြိမ်ပေါင်းမနည်း လာခဲ့ကြောင်း ကြားပြီးသွားပါပြီ ဒါပေမယ့် ကျုပ်က အသေးအဖွဲကိစ္စလေးတွေနဲ့ ရှုပ်နေတာကြောင့် ခရီးရှည်ထွက်သွားလိုက်တာ လျစ်လျူရှုသလို ဖြစ်သွားတယ်”
“မဟုတ်တာ လူကြီးမင်း သိပ်သဘောထားကြီးလွန်းနေပါပြီ။ ဝါစဥ်အရရော စီးပွားရေးမှာရော လူကြီးမင်းကအကြီး ကျွန်တော်က အငယ်ပါ လျစ်လျူရှုသလိုဖြစ်သွားတာအပေါ် စိတ်ထဲမထားပါဘူး”
“နောက်ပိုင်းမျိုးဆက်လေးတွေက တကယ်အထင်ကြီးစရာပဲ သခင်လေးဝမ်က အသက်ငယ်ငယ်နဲ့တင် ဒီလိုအောင်မြင်တဲ့လုပ်ငန်းကြီး ထူထောင်နိုင်တာ။ ဒီလိုထက်မြက်တဲ့ လူငယ်လေးတွေ ပေါ်လာတိုင်း ကျုပ်တို့လူအိုကြီးတွေကတော့ အသုံးမကျသလို သက်ပြင်းချမိတော့တာပါပဲလေ။ သခင်လေးဝမ်အရွယ်တုန်းက ကျုပ်ဆို လက်တိုလက်တောင်းအဆင့်ပဲ ရှိသေးတာ။ မျိုးဆက်သစ်လေးတွေက တကယ်ကြိုးစားကြတယ်”
ကျောက်အာက ခပ်သာသာပြုံးရင်း “ကျွန်တော်က လူကြီးမင်းဆီက ဒီလောက်ချီးကျူးမထိုက်သေးပါဘူး။ တခြားသူတွေရဲ့အကူအညီကြောင့် ဒီနေ့အထိ ရပ်တည်လာနိုင်တာမို့ ပြောရရင် အားလုံးရဲ့ကြိုးစားမှုတွေပါပဲ”
206 03
သူပြောတဲ့ ‘တခြားသူ’ဆိုတာက မေးနေစရာတောင် မလိုပါဘူး၊ အခုချိန်မှာ ထိုက်လုံလုပ်ငန်းစုရဲ့သူဌေး ဝမ်ကျောက်ခိုင်ဆိုတာ ကျယ်ကျန်းရေတပ်ဦးစီးနဲ့ တျန့်ဟိုင်ရေကြောင်းကုန်သွယ်ရုံးရဲ့ ညွှန်ကြားရေးမှူး ရွှီထင်းရှန်းရဲ့ ယောက်ဖဖြစ်ကြောင်း အားလုံးသိပြီးသား။
ရွှီထင်းရှန်းဆိုတာလည်း ဧကရာဇ်ကိုယ်တိုင် မြှောက်စားထားတဲ့သူမို့ လက်ရှိနန်းတော်ထဲမှာမဟုတ်တာတောင် ထိုက်လုံဆိုတာနဲ့ မျက်နှာလုပ်ချင်သူက အများသားရယ်။ တကယ်လည်း တျန့်ဟိုင်ဆိုတာ တာ့ချန်းမှာ ပထမဆုံးဆိပ်ခံမြို့ဖြစ်လာတဲ့အတွက် နောက်ကွယ်က ရွှီထင်းရှန်းက စိတ်ဝင်စားခံရတာ မဆန်းပါဘူး။
မြေခွေးအိုကြီးနဲ့ မြေခွေးပေါက်လေး နှစ်ယောက်လုံး တစ်ယောက်အကြောင်း တစ်ယောက်သိပေမယ့် အပေါ်ယံနှမ်းဖြူးစကားတွေဆိုတာ အချင်းချင်း စမ်းသပ်ရုံလေးပဲ။ တစ်ဖက်လူရဲ့ စိတ်နေသဘောထားကို ကြည့်တာနဲ့တင် ကျောက်အာကတော့ ဒီနေ့ဆွေးနွေးမှုက အောင်မြင်နိုင်ချေများတယ်လို့ မှန်းလိုက်မိတယ်။
လူမှုရေးအရ နည်းနည်းပါးပါး ပြောဆိုပြီးတဲ့အခါ ရှန်းချင်းရှန်က လိုရင်းကို စပြောတယ်။
“သခင်လေးဝမ်က ကျုပ်ကိုခဏခဏတွေ့ဖို့လာတာ ဟုန်းချန်းငွေလွှဲဌာနနဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားနေတာများလား?”
ကျောက်အာကလည်း ဟန်ဆောင်မနေဘဲ ပွင့်လင်းစွာပဲ ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်ပါတယ်။ လူကြီးမင်းက အတွေ့အကြုံရှိပြီးသားဖြစ်တဲ့အတွက် ကျွန်တော် အသေးစိတ်ရှင်းပြစရာ မလိုဘူး ထင်ပါတယ်။ တကယ်လို့ ဟုန်းချန်းငွေလွှဲဌာနသာ ထိုက်လုံနဲ့ပူးပေါင်းလိုက်မယ်ဆိုရင် လာမယ့်နှစ်အနည်းငယ်အတွင်းမှာတင် ကျွန်တော်တို့နှစ်ယောက်လုံး မြို့တော်ကြီး နှစ်ခုနဲ့ တာ့ချန်းက စီရင်စုပေါင်း ၁၃ခုလောက်မှာ အင်အားကြီးလာလိမ့်မယ်လို့ ယုံကြည်ပါတယ်”
“သခင်လေးဝမ်က သတ္တိတော့ရှိသားပဲ”
“လူကြီးမင်းလည်း ကျွန်တော်ပြောတာတွေက စကားသက်သက်မဟုတ်ဘူးဆိုတာ သိပါတယ်”
“အိုး တကယ်လား?”
အခုကစပြီး ရှန်းချင်းရှန်ကလည်း ဝါရင့်စီးပွားရေးသမားပီပီ သူ့ပါးနပ်မှုတွေကို ထုတ်ပြလာပြီး အခုနက ဖော်ရွေတဲ့မျက်နှာဖုံးက ဘယ်ပျောက်လို့ ဘယ်ရောက်မှန်း မသိတော့ဘူး။ အကျိုးအမြတ်နဲ့ ပတ်သက်လာတဲ့အခါ ဘယ်သူမှ လူမှုရေးနဲ့ လူ့ကျင့်ဝတ်တွေကို ဂရုစိုက်မနေတော့တာ ထုံးစံပဲ။
ရှန်းချင်းရှန်က နက်နဲတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင်း မျက်နှာထားကလည်း မော်ချီနေတယ်။
“လက်ရှိကျုပ်ရဲ့ ဟုန်းချန်းကလည်း မင်းပြောတဲ့ မြို့တော်နှစ်ခုနဲ့ စီရင်စုပေါင်း ၁၃မှာ အင်အားကြီးနေနှင့်ပြီးသားလေ။ မဟုတ်ရင် မင်း ဒီကိုဘယ်ရောက်လာပါ့မလဲ။ ခြင်္သေ့နှစ်ကောင် တစ်ဂူတည်း မအောင်းဘူးဆိုတာ အနေအထားတစ်ခုမှာရှိနေတဲ့ သခင်လေးဝမ်လည်း သိလောက်မှာပေါ့”
ဒီစကားတွေက မယဥ်ကျေးရာရောက်ပေမယ့် ကျောက်အာက မျှော်မှန်းထားပြီးသားမို့ ဘယ်လိုဖြေရှင်းရမလဲ သိတယ်။ သူမက ပိုတောင်အပြုံးကြီးကြီးနဲ့ ရှန်းချင်းရှန်ကို တည့်တည့်ကြည့်လိုက်ပြီး
“ဟုန်းချန်းငွေလွှဲဌာနက အင်အားကြီးကောင်း ကြီးပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက အရင်တုန်းကလေ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ?”
ရှန်းချင်းရှန်က အသံထုတ်ရယ်လိုက်ပေမယ့် နောက်ဆက်တွဲစကားတွေထဲမှာ ဒေါသရိပ်စွက်လာတယ်။
“သခင်လေးဝမ်က ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတာပဲ မင်းရဲ့ထိုက်လုံက ငါ့စီးပွားကို လုနိုင်မယ်ထင်နေတာလား?”
ကျောက်အာက တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်ပြပြီး “ဟုတ်ကဲ့”
“ဒီမောက်မာတဲ့ကောင်စုတ်”
ကြွေခွက်ကို စားပွဲပေါ်ဆောင့်ချလိုက်တဲ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် တစ်ခန်းလုံးက တင်းမာမှုနဲ့အတူ တိတ်ကျသွားတယ်။ တခြားသူသာဆို တုန်လှုပ်နေလောက်ပေမယ့် ခန့်ညားတဲ့လူငယ်လေးကတော့ ရေနွေးကြမ်းတောင် တည်တည်ငြိမ်ငြိမ် သောက်လိုက်သေးတယ်။
ကျောက်အာက သူမပါးစပ်ထဲက အဝင်ခါးပြီး နောက်မှတဖြည်းဖြည်းချိုသွားတဲ့ အရသာကြောင့် ပီလော့ချွင်း လက်ဖက်ခြောက်ဖြစ်မယ်မှန်း သိလိုက်တယ်။
206 04
“လူကြီးမင်း ရှန်းလည်း ကျွန်တော် အလကားမောက်မာနေတာ မဟုတ်မှန်း သိမှာပါ”
ကျောက်အာက သူ့ကိုတည့်တည့်ကြည့်ပြီး ပြုံးပြုံးလေးနဲ့ “တျန့်ဟိုင်ဆိပ်ကမ်း ဖွင့်လိုက်တာနဲ့ ကုန်သည်တွေက အစုလိုက်အပြုံလိုက် ရောက်လာကြတာ ရေကြောင်းကုန်သွယ်ရုံးက လက်ရှိဘယ်လောက်မြတ်နေသလဲဆိုတာ ကျွန်တော် ရှင်းပြစရာတောင် လိုမယ် မထင်ဘူး”
ကျောက်အာရဲ့အကြည့်တွေက ပြူတင်းပေါက်က မှန်ဆီရောက်သွားပြီးတော့မှ ဆက်ပြောတယ်။
“ဟုန်းချန်းငွေလွှဲဌာနက ငွေလွှဲဌာနလုပ်ငန်းမှာ ရှေ့ပြေးနေတယ်ဆိုတာ သိပါတယ်။ ဒါကြောင့်လည်း ဒီကိုအကြိမ်ကြိမ်လာခဲ့တာပေါ့။ ဒါပေမယ့် ထိုက်လုံကလည်း အချိန်မရွေး ဟုန်းချန်းငွေလွှဲဌာနကို အစားထိုးသွားနိုင်တယ်ဆိုတာလည်း မမေ့စေချင်ဘူး”
ဒီတစ်ခေါက် ခပ်ပါးပါးပြုံးလိုက်တဲ့မျက်နှာက နည်းနည်းတော့ မောက်မာချင် မောက်မာသွားလိမ့်မယ်။
“ဟုန်းချန်းမဟုတ်လည်း ထိုက်လုံက တခြားအသေးစားငွေလွှဲဌာနလေးတွေနဲ့ ပူးပေါင်းလို့ရတာပဲ။ တျန့်ဟိုင်မြို့ကြီးတစ်ခုလုံး ရှိနေတဲ့အတွက် ဘယ်သူကများ ငြင်းဆန်မှာလဲ။ ထိုက်လုံက စလိုက်တာနဲ့ ပါလာမယ့်သူတွေအများကြီးပါ။ ဒါပေမယ့် အဲဒီအတိုင်းသာ ဖြစ်ခဲ့မယ်ဆိုရင် ဟုန်းချန်းငွေလွှဲဌာနက နောင်မှာရော ဈေးကွက်ကို ချုပ်ကိုင်နိုင်ဦးမယ် ထင်လား?”
အပေါ်ယံမှာသာ ငွေလွှဲဌာနဆိုတာ ချေးငွေတွေ အပ်နှံငွေတွေနဲ့ လည်ပတ်နေတာဆိုပေမယ့် ဒီလောက်ရိုးရှင်းတယ် ထင်ရင်မှားသွားမှာပေါ့။ ငွေလွှဲဌာနတွေက စွန့်စားမှုမရှိတဲ့ အခြေခံလေးတွေအပေါ် မူတည်ပြီး စီးပွားလုပ်တာ။
လူတစ်ယောက်က ငွေစတစ်စနှစ်စပဲ လာထည့်တယ်ထား အရေအတွက်များလာရင် ငွေပမာဏက များလာတာပဲ။ နောက်ပြီး လူတိုင်း ကိုယ့်ပိုက်ဆံကိုယ် ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူး။ ဥပမာ ကုန်သည်ကြီးတွေဆိုလည်း သူတို့ပိုက်ဆံတွေကို အာမခံမရှိတဲ့အပြင်မှာ ထုတ်မယ့်အစား ငွေလွှဲဌာနက နာမည်ကြီးလေ ငွေပိုသိမ်းလေပဲ။
တစ်နည်းပြောရရင်တော့ ဒီငွေတွေက လမ်းကြောင်းအထွေထွေသာ ပြောင်းသွားတာ နောက်ဆုံးတော့ ငွေလွှဲဌာနထဲမှာပဲ အဆုံးသတ်တာပဲ။ ဒါပေါ့ ဒီလုပ်ငန်းစဥ်က နာမည်ရှိပြီးသား ငွေလွှဲဌာနကြီးတွေအတွက်ပဲပေါ့။ တာ့ချန်းမှာ ဟုန်းချန်းငွေလွှဲဌာန မပေါ်လာခင်အထိ ဒီလိုအဆင့်မြင့် ပမာဏကြီးကြီး သိမ်းဆည်းလို့ရမယ့်နေရာ မရှိခဲ့ဘူး။
ဒါဆို ငွေလွှဲဌာနတွေကရော ဒီပိုက်ဆံတွေကို ဘဏ္ဍာတိုက်ထဲမှာပဲ သိမ်းထားမှာလား။ သေချာပေါက် ဘယ်ဟုတ်မလဲ။ ဘယ်ငွေလွှဲဌာနကများ ငွေအပ်သူတွေရဲ့ပိုက်ဆံနဲ့ တခြားကုန်သည်ကြီးငယ်မရွေး ချေးငွေထုတ်ပေးပြီး တခြားစီးပွားရေးတွေမှာ ရင်းနှီးမြှုပ်နှံတာ မရှိလို့လဲ။
ရထားတဲ့ ပမာဏနဲ့တင် တရားမဝင် အရောင်းအဝယ်တွေမှာပါ ပါဝင်နိုင်သေးတယ်။ ရှင်းရှင်းပြောရရင်တော့ တချို့ငွေလွှဲဌာနတွေဆို လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စာမူကြမ်းဗလာတွေထုတ်ပြီး နောက်ကွယ်က ငွေမဲတွေကို ပြီးပြည့်စုံစွာ ခဝါချပစ်လိုက်တယ်။
ဒါကြောင့် လူတွေပြောတဲ့ ဆားကုန်သည်တွေ ပိုးထည်ကုန်သည်တွေ မြတ်တယ်ဆိုတာ ငွေလွှဲဌာနလုပ်ငန်းရှင်တွေ အိပ်နေသလောက်ပဲ ရှိတယ်။ ဒါပေမယ့် အားလုံးမှာ သူ့အကန့်အသတ်နဲ့သူတော့ ရှိတာပေါ့။
ပင်လယ်ရေ တစ်ယောက်တည်း သောက်လို့မရသလိုပဲ တာ့ချန်းက ကြီးမားတဲ့တိုင်းပြည်ကြီးတစ်ခုမို့ အဘက်ဘက်က ဝိုင်းခပ်ကြတဲ့အခါ လက်နှေးတဲ့သူ ကျန်ခဲ့မှာပဲ။ ဒါကြောင့် ကိုယ့်လက်ထဲမှာ ပုံးကြီးကြီးတစ်ခု လိုအပ်တယ်။ လောလောဆယ်တော့ အဲဒီပုံးကြီးကြီးက တျန့်ဟိုင်ပဲ။
ဒါတွေအားလုံး နားလည်ထားတဲ့ ဟုန်းချန်းငွေလွှဲဌာနက ထိုက်လုံနဲ့ မပူးပေါင်းဘဲနေပါ့မလား။ ထိုက်လုံရဲ့လက်ရှိအရှိန်အဟုန်အတိုင်းဆို သူတို့ဟုန်းချန်းကိုတောင် ဖြုတ်ချသွားနိုင်တဲ့အဆင့်မို့ သူတို့သာ ငြင်းလိုက်ရင် တကယ်တမ်း နောက်ပိုင်းထိုးတက်သွားမှာ ကျန်တဲ့ငွေလွှဲဌာနအသေးစားလေးတွေပဲ။
“ကဲ နားလည်ပြီလား”
ရွှီထင်းရှန်းက အရှည်ကြီးရှင်းပြလိုက်တဲ့အခါ ကျောက်အာရဲ့မျက်လုံးတွေက ကြယ်ပေါင်းသောင်းချီ ဝင်တိုးထားသလိုနဲ့ တဖျက်ဖျက်လက်နေပြီး ရုတ်တရက်ကြီး ရွှီထင်းရှန်းကို လည်ပင်းကနေသိုင်းဖက်ကာ အကြမ်းပတမ်း နမ်းတော့တယ်။
“အောင်မယ်လေး ထင်းရှန်း ကုန်းအာရေ … ရှင်ဘာလို့ ဒီလောက်ဉာဏ်ကောင်းရတာလဲဟင်။ အား… ငါ ဘာလို့ဒါတွေ မတွေးမိခဲ့ရတာလဲ။ မွ မွ နင့်ဦးနှောက်က ဘာလို့ဒိလောက်ပြေးနေရတာတုန်း။ ပြောစမ်းပါ နင်ဒီလောက်တော်အောင် ဘာတွေစားနေတာတုန်း …”
206 05
ကျောက်အာက စိတ်လွတ်သွားသလိုမျိုး သူ့ကိုဖက်တွယ်ထားရင်း မျက်နှာတစ်ခုလုံး အနမ်းမိုးရွာချနေတုန်းပဲ။ ရွှီထင်းရှန်းကတော့ အလှလေးရဲ့ ချီးကျူးမှုကို တည်ငြိမ်စွာပဲ ပြန်တုံ့ပြန်လိုက်ပါတယ်။
“မွေးကတည်းက တော်လာတော့လည်း ဘယ်တတ်နိုင်မလဲ။ နောက်ပြီး မင်းမတွေးနိုင်တာ ဘာလို့တွေးမိသလဲဆိုတော့ ငါက မင်းယောက်ျား ဖြစ်နေလို့ပေါ့”
****
လက်ရှိအချိန်မှာတော့ ကျောက်အာရဲ့မျက်ဝန်းတွေက အဲဒီတုန်းကအတိုင်း တဖျက်ဖျက်လက်နေတဲ့အချိန် ရှန်းချင်းရှန်ကတော့ လန့်တာရော အံ့ဩတာရော လေးစားတာပါ တစ်ပြိုင်နက်ခံစားလိုက်ရတယ်။
အတော်လေးကြာမှ သူက ဝါးလုံးကွဲရယ်လာပြီး “ကောင်းတယ် ကောင်းတယ် မျိုးဆက်သစ်တွေက တကယ်ရဲတင်းတာပဲ။ ကြိုက်တယ် ဒီလူအိုကြီးက ရှက်တောင်ရှက်မိသွားတယ်”
“ဒါဆို လူကြီးမင်းက ထိုက်လုံနဲ့ပူးပေါင်းဖို့ သဘောတူလိုက်ပြီလား မသိဘူး?”
ရှန်းချင်းရှန်က အပြုံးတစ်ခုနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“ဒါပေါ့ သခင်လေးဝမ်က ဒီလိုနည်းနဲ့ဆွယ်လာမှတော့ ခေါင်းမာနေလည်း ဘယ်ထူးတော့မလဲ”
ဒီလိုနဲ့ နှစ်ယောက်သားက မုန်တိုင်းပြီး လေပြည်လာဆိုသလိုပဲ နောက်ထပ်ပူးပေါင်းမှုနဲ့ပက်သတ်ပြီး အသေးစိတ်ဆွေးနွေးခဲ့ကြတယ်။ သန်ဘက်ခါကျ သဘောတူစာချုပ်ချုပ်ဆိုဖို့ပြောပြီးတာနဲ့ ကျောက်အာက ပြန်ဖို့ပြင်တော့ ရှန်းချင်းရှန်က လိုက်ပို့ပေးဖို့ပြင်ပေမယ့် သူမက တရိုတသေပဲ ငြင်းဆန်လိုက်တယ်။
ကျောက်အာတို့ ပြန်သွားတာနဲ့ ခန်းမရဲ့အနောက်ဆောင်ထဲက ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်ထွက်လာတယ်။ ကျောက်အာသာရှိသေးရင် ဒီပိန်ပါးဖြူဖျော့တဲ့ မိန်းမကို သေချာပေါက် မှတ်မိမှာ သူတို့က ဦးလေးအန်းနဲ့ ဝူဝမ့်ချုံးတို့ပဲ။
“မမလေး ဒီမိန်းမက အထင်သေးလို့မရဘူး”
ဝူဝမ်ချုံးရဲ့မျက်လုံးတွေက အံ့ဩမှုနဲ့အတူ မနာလိုခြင်းတွေပါ ရောစွက်နေပြီး အောက်နှုတ်ခမ်းကို ကိုက်ရင်း ခေါင်းတစ်ချက် ညိတ်ပြပြီးတာနဲ့ အခန်းထဲက ထွက်သွားတယ်။ ဘေးနားကပါလာတဲ့ ဦးလေးအန်းကတော့ “မမလေး ဘာလို့သူ့ကို စိတ်ထဲထည့်နေမှာလဲ။ သူက နိမ့်ပါးလွန်းပြီး ဟိုဒီလျှောက်သွားဖို့တောင် ယောက်ျားအဖြစ် ဟန်ဆောင်ထားရတာလေ။ ဆန့်ကျင်ဘက်က မမလေးကတော့ ဘယ်နေရာမဆို ခေါင်းမော့ရင်ကော့ပြီး အဆင့်အတန်းမြင့်မြင့် သွားလာလို့ရတယ်။ မမလေးလို ကျောက်စိမ်းအိုးနဲ့ယှဥ်ရင် သူက အုတ်အကျိုးအပဲ့သာသာပါပဲ”
ဝူဝမ်ချုံးက အစကတော့ ခပ်တိုးတိုးရယ်ရင်း နောက်ပိုင်း သူ့အသံက ကျယ်လာပြီးမှ တိခနဲရပ်သွားတယ်။
“ဦးလေးအန်း ကျွန်မကို ဒီလိုလာသိမ်းသွင်းစရာ မလိုပါဘူး။ အခုသူက ရေကြောင်းကုန်သွယ်ရုံးနဲ့ ရေတပ်ဦးစီးမှူးရဲ့ ကတော်ဖြစ်နေတဲ့အချိန် ကျွန်မကတော့ အဖေရင်းက စွန့်ပစ်ခံလိုက်ရတဲ့ မုဆိုးမသက်သက်ပဲ။ သူသွားလာနေတဲ့ တောင်မြောက်အနှံ့မှာ ဘယ်သွားသွား ချီးကျူးသံတွေဆိုတာ မကြားချင်မှအဆုံး ကျွန်မမှာတော့ ဘယ်သွားသွား အပြစ်သားလိုမျိုး ပုန်းကွယ်ပြီးသွားရတယ်။ အုတ်အကျိုးအပဲ့နဲ့ ကျောက်စိမ်းအိုးဆိုရင်တောင် ကျွန်မရဲ့အိုးက တစစီကွဲကြေနေပြီးပါပြီ။ ဒါပေမယ့် သူ့ရဲ့အုတ်အကျိုးကတော့ မကြာခင် ရုပ်လုံးပေါ်လာတော့မှာ”
………..
******