အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
207 01
အခန်း 207
“မမလေး”
အိမ်တော်ထိန်းအန်းက ရုတ်တရက် အသံမြှင့်လိုက်မိတယ်။
“တကယ်ကြီး အဲဒီနယ်လှည့်နေတဲ့ တာအိုဘုန်းကြီးရဲ့ ပေါက်ကရစကားတွေကို ယုံစရာမလိုပါဘူး။ အခု သခင်ကြီးတင်မက မမလေးကပါ ယုံနေတာလား”
“မယုံပါဘူး။ ဒါပေမယ့် အဖေကတော့ ယုံတယ်လေ”
ဝူဝမ့်ချုံးက လျော့တိလျော့ရဲပြုံးရင်း ဆိုတယ်။ ရွှီထင်းရှန်းက ရာထူးချခံရပြီးတာနဲ့ မြို့တော်ကြီးက ပျောက်ကွယ်သွားတော့ အမတ်ချုပ်ဝူကတော့ သူ့သမီးတစ်ယောက် နောက်ဆုံးလက်လျှော့ပြီး တခြားလူကိုပဲ ရွေးတော့မယ် ထင်ထားတာ။ ဒါပေမယ့် ခေါင်းမာတဲ့ ဝူဝမ့်ချုံးက သူမှမဟုတ်ရင် ဘယ်သူ့ကိုမှမယူနိုင်ကြောင်း ငြင်းဆန်နေတုန်းပဲ။
အမတ်ချုပ်ဝူက အစာငတ် ပစ်ထားလိုက်တဲ့အခါမှာတော့ သားအဖနှစ်ယောက်ကြား ဆက်ဆံရေးက အဖုအထစ်ဖြစ်လာတယ်။ တစ်နေ့ကျ နယ်လှည့်သွားလာနေတဲ့ တာအိုဘာသာဝင် ဘုန်းတော်ကြီးတစ်ဦးက ဝူအိမ်တော်ကို အမှတ်မထင် ရောက်လာခဲ့တယ်။
သူက စီချွမ်းဒေသကဖြစ်ပြီး ဆေးပညာနဲ့နက္ခတ်တာရာပိုင်းမှာ ကျွမ်းကျင်တဲ့အတွက် စီချွမ်မှာဆို ‘သားဆုပန် နတ်ဆေးသမားတော်’အဖြစ် ကျော်ကြားတယ်။ သူ ဝူအိမ်တော်ကိုရောက်လာတာကလည်း အမတ်ချုပ်ဝူက မြို့တော်က ထွက်လို့မရတာကြောင့် အထူးတလယ် ဆရာကြီးကို ဖိတ်ခေါ်လိုက်တာပဲ။
သူလိုချင်တာက ကလေးတစ်ယောက်ပဲ။ အမှန်တော့ ကုန်လွန်သွားတဲ့ ဒီနှစ်တွေထဲ ဝူကောလောင်တစ်ယောက် တိုင်းပြည်တစ်လွှားက အတော်ဆုံး သမားတော်တွေနဲ့ ပြကြည့်ခဲ့ပြီး အားလုံးက သူ့မှာ ဘာချို့ယွင်းချက်မှ မတွေ့ဘူးလို့ ပြောတာတောင် ကလေးမရသေးဘူး။
ဒီတစ်ယောက်ကလည်း အမတ်ချုပ်ဝူကို စမ်းသပ်စစ်ဆေးပြီး ထွက်လာတဲ့အဖြေက တစ်ပုံစံတည်းပဲမို့ ဝူကောလောင်မှာ တော်တော်အားလျော့သွားရတယ်။ ဒါကိုမြင်တော့ သမားတော်ကြီးက ရုပ်ဆင်းအင်္ဂါကို ဖတ်ကြည့်ပြီး သူ့မှာ အစေးမကပ်တဲ့သမီးတစ်ယောက် ရှိနေလို့ အခုထိ သားသမီးလမ်းကြောင်း မပွင့်သေးတာလို့ ဆိုတယ်။
ဒီဟောချက်က ယုံတမ်းစကားမှန်း သိသာနေတာတောင် ဝူကောလောင်ကတော့ ယုံကြည်သွားတုန်းပဲ။
သူတို့ ဆန့်ကျင်ဘက်ဖြစ်နေလို့ ဝူဝမ့်ချုံးမွေးပြီးကတည်းက သူ့အိမ်က ကိုယ်လုပ်တော်တွေ သန္ဓေတောင် မတည်ကြတော့တာမလား။ ဝူဝမ့်ချုံး မရှိတုန်းက အမတ်ချုပ်ဝူမှာ သားသမီးမထွန်းကားသေးတောင် ကိုယ်လုပ်တော်တချို့ ကိုယ်ဝန်ရခဲ့သေးတယ်။ ဒါပေမယ့် သူတို့အားလုံး ပျက်ကျသွားတာတော့ စိတ်မကောင်းစရာပဲ။
အမွေဆက်ခံမယ့် ယောက်ျားလေးတစ်ယောက် လိုအပ်နေပြီမို့ သားဇောကြီးနေတဲ့ အမတ်ချုပ်ဝူရဲ့မျက်လုံးထဲမှာ အနှစ် ၂၀လုံးလုံး သူအလိုလိုက်ခဲ့တဲ့ သမီးက ရုတ်တရက် နိမိတ်မကောင်းတဲ့လူ ဖြစ်သွားတယ်။
နေ့ချင်းညချင်း ပြောင်းလဲသွားပုံများ အမတ်ချုပ်ဝူတစ်ယောက် သူ့သမီးကို မျက်နှာတောင် မမြင်ချင်တော့တဲ့အထိပဲ။ ဝူဝမ့်ချုံးကတော့ သူ့အဖေ သူမကို ရက်သတ္တပတ်တချို့ နယ်ဘက်ပို့ဖို့ စီစဥ်နေတာမြင်တော့ ရင်ကွဲတော့တာပေါ့။
ဦးနှောက်ရှိတဲ့သူတိုင်း အဲဒီကိုအပို့ခံရပြီးရင် ပြန်လာလို့မရတော့တာ သိတာကြောင့် သူမကအရင် မွေးရပ်မြေ စူးကျိုးမှာ လောလောဆယ် သွားနေပါရစေလို့ အရင်ခွင့်တောင်းပြီး ထွက်လာခဲ့လိုက်တယ်။ အမတ်ချုပ်ဝူကလည်း ဒါကိုပဲ လိုချင်နေခဲ့တာ။ ဘာပဲဖြစ်ဖြစ် သူ့သမီးအရင်းမို့ ကိစ္စတွေအကျည်းမတန်အောင် ထိန်းတာ အကောင်းဆုံးပဲ။
အန်းပေါ်ကတော့ စူးကျိုးကို တခြားအကြောင်းအရင်းတစ်ခုကြောင့် ရောက်လာတာ။ ဝူချန်းတို့သားအဖ အမတ်ချုပ်ဝူနောက်ကွယ်မှာ လုပ်ချင်တာလုပ်ပြီး သူ အငြိမ်းစားယူရမတတ် ဖြစ်ပြီးတဲ့နောက် အမတ်ချုပ်ဝူက ဝူချန်းလက်ထဲက ဝူမိသားစုစီးပွားရေးကို ပြန်ရုတ်သိမ်းခဲ့တယ်။
အခုအားလုံးက ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေပြီး အရင်လို အုပ်ချုပ်ပေးမယ့်သူမရှိတော့ အားလုံးက ကမောက်ကမတွေ ဖြစ်ကုန်တော့တယ်။ ကြီးကြပ်ပေးမယ့်သူတစ်ယောက် အရေးပေါ်လိုလာတဲ့အချိန် ဦးလေးအန်းက ကူညီပေးဖို့ ပြောလာတယ်။
207 02
အမတ်ချုပ်ဝူကလည်း ဦးလေးအန်းတစ်ယောက်ထဲသာ အဲဒီမိသားစုခွဲတွေကို စီမံနိုင်လောက်မယ်လို့ ထင်တာကြောင့် သူ့ကို ဝူဝမ့်ချုံးနဲ့အတူ လွှတ်လိုက်တာ။ ဦးလေးအန်းရှိနေတာကြောင့် ဝူဝမ့်ချုံးရဲ့ စူးကျိုးမှာ နေရတဲ့ဘဝက သိပ်တော့မကျပ်တည်းလှပါဘူး။
သူမက အချိန်ပြည့် စိတ်ဓာတ်ကျနေတတ်ပေမယ့် နှစ်ဝက်နီးပါး ကြာသွားတော့မှ ဘာကြောင့်ရယ်မသိ စီးပွားတစ်ခုလုပ်ချင်ကြောင်း ပြောလာတယ်။ ဒီနေရာမှာ သိထားရမှာက သူမက ရွှေကိုင်းရွှေခက်နဲ့ မြရွက်လို မွေးလာတဲ့ လူကုန်ထံသခင်မလေးတစ်ယောက် အဲဒီလိုလူက အပြင်မှာ စီးပွားထွက်ရှာမှန်း လူတွေသိသွားရင် တစ်သက်လုံး အလှောင်ခံရတော့မှာ။
ဒါပေမယ့် ဝူဝမ့်ချုံးက သိပ်စိတ်အားထက်သန်နေတော့ ဦးလေးအန်းလည်း ပြောမနိုင်တာနဲ့ အလုပ်ဝင်လုပ်ဖို့ ဆိုင်တစ်ဆိုင် ခွဲပေးလိုက်တယ်။ တကယ်လည်း သူမက ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။
ဦးလေးအန်းကလည်း သူတို့မမလေး အများကြီး ပိုအသက်ဝင်လာတာမြင်တော့ တားမနေတော့ဘဲ ဒီအတိုင်း လွှတ်ထားပေးလိုက်တာ ဝူဝမ့်ချုံးတစ်ယောက် နောက်ဆုံးတော့ ဝူမိသားစုလုပ်ငန်းရဲ့ တစ်ဝက်လောက်ကို သူ့ဘာသာ ကိုင်တွယ်နိုင်တဲ့အထိ တိုးတက်လာခဲ့တယ်။
ဒါပေမဲ့ သူ လုံးဝမထင်မှတ်ထားတဲ့ လမ်းကြောင်းဘက်ကို ကူးလာတော့မှ ဦးလေးအန်းက မမလေးရဲ့အကြံအစည်ကို သဘောပေါက်လိုက်တာ။ သူမက ရွှီထင်းရှန်းကို လုံးဝအလွတ်မပေးသေးဘဲ အခုဆို မိန်းမဖြစ်သူကိုတောင် အတည်ပေါက်ကြီး လိုက်ပြိုင်နေခဲ့တယ်။
ဒါကြောင့် သူအမြဲ တျန့်ဟိုင်အကြောင်း မေးနေတာ မဆန်းတော့ပါဘူး။ အန်းပေါ်က ဒါကိုရိပ်မိပေမယ့် သူမအပြင်ပန်းပုံစံက အဲဒီလိုမဟုတ်တာကြောင့် ယီမျိုးရိုးတွေနဲ့ ဝူမိသားစုကြားက လုပ်ငန်းအပေါ် စိုးရိမ်နေတာလို့ပဲ သတ်မှတ်ခဲ့လိုက်တာ။
ဦးလေးအန်းက တိတ်တဆိတ် သက်ပြင်းချရင်း “မမလေး သူက မမလေးကို ရှိတယ်လို့တောင် သတ်မှတ်တာမဟုတ်ဘူး”
“ဦးလေးအန်း သူကျွန်မကို စိတ်ထဲရှိတာမရှိတာ အရေးမကြီးတော့ဘူး။ အခု တျန့်ဟိုင်ရေကြောင်းကုန်သွယ်ရုံးကြောင့် တိုင်းတစ်ပါးသားကုန်သည်တွေနဲ့ ကျွန်မတို့မိသားစုစီးပွားက အများကြီး နစ်နာခဲ့ရပြီးပြီ။ ဒါတောင် ဒီဝမ်ကျောက်အာက အိမ်ထဲဝင်ပြီး ပူးပေါင်းဖို့ လာပြောရဲသေးတယ်။ သူ တစ်နေ့တခြား ပိုအင်အားကြီးလာတာကို ဒီတိုင်းထိုင်ကြည့်နေရမှာလား။ ဦးလေးလည်း ဝူမိသားစုက ဟုန်းချန်းငွေလွှဲဌာနရဲ့ ရှယ်ယာ ၃၀ရာခိုင်နှုန်းလောက်ပဲ ကိုင်ထားနိုင်တာ သိတာပဲ ရှန်းချင်းရှန်က တကယ့်မြေခွေးအိုကြီး သူ ရွှီထင်းရှန်းနဲ့ပေါင်းပြီး ကျွန်မတို့ကို သစ္စာဖောက်မှာ မကြောက်ဘူးလား”
ဒါပေါ့ သူကြောက်တာပေါ့။ ဝူမိသားစုအတွက် ဟုန်းချန်းငွေလွှဲဌာနရဲ့ အရေးပါပုံက ဝူအိမ်တော်ရဲ့ပိုင်ဆိုင်မှုအားလုံးပေါင်းလောက် ရှိတယ်။ လတ်တလော နှစ်တွေထဲမှာ ငွေလွှဲဌာနလုပ်ငန်းရဲ့ အကျိုးရလဒ်ကို မြည်းစမ်းဖူးသွားတဲ့ ဝူမိသားစုက တခြားလုပ်ငန်းတွေအကုန် ပြန်ရုတ်သိမ်းကာ ရေကြောင်းကုန်သွယ်ရေးနဲ့ ငွေလွှဲဌာနလုပ်ငန်းကိုပဲ ဦးစားပေးအာရုံစိုက်ခဲ့တယ်။
အခု ရွှီထင်းရှန်းရဲ့တျန့်ဟိုင်ကို ဆိပ်ကမ်းမြို့အဖြစ် ပြောင်းပြီး ရွှမ်းယွီကျွန်းမှာ ကုန်သွယ်ရုံးဖွင့်လိုက်တာက ဝူမိသားစုစီးပွားရေးကို အပြင်းအထန် ထိခိုက်စေတယ်။ တကယ်လို့ ရှန်းချင်းရှန်သာ ငွေမက်ပြီး ဟိုဘက်လူနဲ့ ပေါင်းလိုက်မယ်ဆို နစ်နာမှုက မတွေးရဲစရာပဲ။
ဒီခေတ်ကြီးမှာ အာဏာက အစွမ်းထက်ဆုံး အမှန်တရားဆိုပေမယ့် ငွေကလည်း မရှိမဖြစ်ပဲ။ ဝူမိသားစုဆိုတာ မိသားစုခွဲပေါင်းများစွာက ဒီစီးပွားရေးကိုပဲ မှီခိုနေရတာမို့ ပိုက်ဆံသာမရှိရင် အမတ်ချုပ်ဝူကို ခုတ်ထစ်ပြီး ကျွေးတောင် လောက်မှာမဟုတ်ဘူး။
“သူ့ဆိုင်မှာ ကျွန်မလုပ်ဖူးတာမို့ အဲဒီမိန်းမရဲ့ စီးပွားရေးအမြင်ကတော့ အံ့မခန်းဆိုတာ ဝန်ခံရမယ်။ သူတို့ မြို့တော်မရောက်ခင်တုန်းကတောင် သူ့ဟင်းရွက်လုပ်ငန်းက ရှန်းရှီတစ်ခွင် နာမည်ကြီးပဲ။ အဲဒါတင်မက ပန်းဆိုင်ရော ရှာလကာရည်ဆိုင်ရော ပြီးတော့ အခုထိုက်လုံငွေလွှဲဌာန အဲဒီထိုက်လုံ အောင်မြင်နေတာ အဲဒီမိန်းမကြောင့် အများကြီးပါတယ်”
“တျန့်ဟိုင် အခုလို ဆိပ်ကမ်းမြို့ဖြစ်သွားတာတောင် သူ့ပယောဂမကင်းဘူး။ ရွှီထင်းရှန်းက တော်တာမှန်ပေမယ့် သူက ပညာရေးမှာပဲ ထူးချွန်မှာပေါ့။ ဘယ်နတ်ဘုရားက မ,စထားတဲ့သူမို့ စီးပွားလည်းတော် စာလည်းတော်နေမှာလဲ။ နောက်ပြီး တျန့်ဟိုင်မှာ သုံးခဲ့သမျှ စီးပွားရေးလှည့်ကွက်တွေကို သေချာပြန်ကြည့်ရင် တစ်ချိန်လုံး စာအုပ်ပုံထဲ ခေါင်းနှစ်နေရတဲ့သူက ဒါတွေသိမယ် ထင်လား။ သေချာပေါက် စီးပွားရေးလုပ်ဖူးတဲ့ ဝါရင့်တစ်ယောက်ရှိနေလို့သာ။ အဲဒီမိန်းမက ရွှီထင်းရှန်းနောက်မှာ ကောင်းကောင်း ရပ်တည်ပေးနေလို့ သူက ဒီကျဲ့ကျန်းမှာတောင် ကျွန်မတို့ဝူမိသားစုကို ကျော်တက်သွားနိုင်တာ”
207 03
ဦးလေးအန်းလည်း ဒါတွေကောင်းကောင်း နားလည်တာပေါ့။
“ဒါဆို မမလေး ဘာလုပ်ချင်တာလဲ”
ဘာလုပ်ရမလဲ သတ်ပစ်ချင်တာပေါ့ အဲဒီမိန်းမကို..
ဒါပေမယ့် သူမက ဒီစကားတွေကို စိတ်ထဲမှာပဲ သိမ်းထားလိုက်ပြီး “ဒီမိန်းမက သူ့ဇနီးလည်း ဟုတ်သလို ညာလက်ရုံးဆိုလည်း ဟုတ်တယ် သူ့ကို အသေမသတ်နိုင်ရင်တောင် လက်တစ်ဖက် ပြုတ်သွားတဲ့အခါ ကျွန်မတို့ အခွင့်ကောင်းယူလို့ရပြီလေ”
ဦးလေးအန်းက အပြည့်အဝ နားမလည်ပေမယ့် ဝူဝမ့်ချုံးကတော့ ယီပိရွှမ်းဘက်ကို မျက်နှာလှည့်လိုက်တော့မှ ဘာတွေဖြစ်နေမှန်း ရိပ်စားမိသွားတယ်။ ထိုက်လုံရဲ့ ဟုန်းချန်းငွေလွှဲဌာနနဲ့ပူးပေါင်းမှုက ဝမ်ကျောက်အာရဲ့ ကြောက်ခမန်းလိလိ အရည်အချင်းမပါရင်တောင် မရေမတွက်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရလာလိမ့်မယ်။
ထိုက်လုံငွေလွှဲဌာနကို ကောင်းကောင်း အသုံးချလိုက်ရင်ပဲ သူတို့ တျန့်ဟိုင်ကို အလွယ်လေး ထိုးဖောက်လို့ရပြီ။ အဲဒါထက် ရှန်းချင်းရှန်ကို ပြောသွားတဲ့ ကျောက်အာရဲ့စကားလုံးတွေက ဦးလေးအန်းကို အင်မတန် အထင်ကြီးပြီး အသိအမှတ်ပြုသွားစေတယ်။
ရွှီထင်းရှန်းနဲ့တင် တော်တော်လေး ခေါင်းခဲနေရပြီကို အခုသူ့နောက်မှာ ဒီလိုထက်မြက်တဲ့မိန်းမတစ်ယောက် ရှိနေတော့ လတ်တလောနှစ်တွေထဲ ဝူမိသားစု စီးပွားကျသွားတာ မဆန်းတော့ပါဘူး။
“ဒါပေမယ့် မမလေး ကျွန်တော်တို့အတွက် လှုပ်ရှားဖို့မလွယ်သေးဘူး။ ဒီကိစ္စက အရမ်းမကြီးပေမယ့် အသေးအဖွဲလည်း မဟုတ်ပြန်ဘူး။ ဒီမိန်းမက တစ်ယောက်တည်း ထွက်လာရဲမှတော့ သူ့နောက်မှာ မားမားမတ်မတ် ရပ်တည်ပေးနေတာ။ ဒါမှမဟုတ် ကာကွယ်ပေးနေတဲ့တစ်စုံတစ်ခုတော့ ရှိမှာပဲ။ အလျင်စလို လှုပ်ရှားလိုက်တော့မှသာ ကျွန်တော်တို့ သခင်ကြီးကိုပါ ဆွဲထည့်သလိုဖြစ်သွားလိမ့်မယ်”
“ဦးလေးအန်း အဲဒီဟုန်ပင်းဂိုဏ်းကလူတွေကို မေ့သွားပြီလား။ အဖေတစ်ခါ ရှောက်ခိုင်ကို ဟုန်ပင်းဂိုဏ်းနဲ့ပေါင်းပြီး တျန့်ဟိုင်ကိုရှင်းဖို့ စကားပါးဖူးတယ်လေ။ အခုဘာအသံမှ ထွက်မလာသေးတာ သူတို့ အခွင့်အရေးမရသေးလို့ နေမယ်။ ဒီကိစ္စ သူတို့ကို ကိုင်တွယ်ခိုင်းလိုက် ကျွန်မတို့က အေးဆေးနေလို့ရတယ်”
“အဲဒါ …”
“ဦးလေးအန်း တွန့်ဆုတ်မနေနဲ့တော့ မဟုတ်ရင် အခွင့်အရေးလွတ်သွားလိမ့်မယ်”
ဦးလေးအန်းက တုံ့ဆိုင်းတတ်တဲ့လူ မဟုတ်တာကြောင့် သူက ခေါင်းညိတ်ပြလိုက်တယ်။ ဒီတော့မှ မသိမသာ ခေါင်းငုံ့လိုက်တဲ့ ဝူဝမ့်ချုံးရဲ့မျက်နှာပေါ်က ကျေနပ်ရိပ်တွေ တက်လာတယ်။ အခုဝူမိသားစုလုပ်ငန်းနဲ့ပါ သက်ဆိုင်လာတော့ ဦးလေးအန်းက ပြီးစလွယ်လုပ်တော့မှာမဟုတ်ဘူး။
ဝမ်ကျောက်အာ ဒီတစ်ခါတော့ နင် တကယ်သေပြီ။
****
စာချုပ်ချုပ်တဲ့နေ့မှာတော့ သူတို့ပိုင်ရှင် ဖျားနာနေကြောင်း ဟုန်းချန်းငွေလွှဲဌာနဘက်က စာတစ်စောင် ရောက်လာတယ်။ လူကြီးမင်းရှန်းက အအေးမိပြီး အိပ်ရာထဲလဲနေတာကြောင့် စာချုပ်ချုပ်မယ့်ရက်က နောက်ရွှေ့ထားလိုက်ရတယ်။
ကျောက်အာက သူတို့ စိတ်ပြောင်းသွားပြီအထင်နဲ့ ကောင်းရှန်းတို့ကိုလွှတ်ပြီး စုံစမ်းခိုင်းတော့မှ တကယ်လည်း ရှန်းချင်းရှန်က နေမကောင်းတာတွေ့မှ စိတ်ငြိမ်ငြိမ်နဲ့ စောင့်ဆိုင်းနေလိုက်တယ်။ ငါးရက်လောက်ကြာမှ ဟုန်းချန်းငွေလွှဲဌာနဘက်က လူတစ်ယောက် ရောက်လာပြီး ကျောက်အာ စကားပြောချင်ရင် ဘယ်အချိန်မဆို လာခဲ့နိုင်ကြောင်း တင်ပြလာတယ်။
စာချုပ်ချုပ်တာနဲ့တင် နေ့တစ်ဝက်လောက်ကုန်သွားပြီး နောက်ဆုံး အတည်ပြုစာချုပ် လက်ထဲသေချာရောက်လာမှ ကျောက်အာမှာ ရင်ထဲကအလုံးကြီး ကျသွားတော့တယ်။ သူမက တခြားကိစ္စတွေကိုလည်း ကြီးကြပ်ရင်း စူးကျိုးမှာ ရက်အချို့လောက်ထပ်နေခဲ့ပြီးမှ ဟန်ကျိုးကို သင်္ဘောမငှားခင် ကျဲ့ကျန်းကို ပြန်လာဖို့လုပ်လိုက်တယ်။
207 04
ဒါက သူမ စူးကျိုးကိုလာတိုင်း သွားနေကျလမ်းကြောင်းပဲ။ ပြောတော့မှ သူမ ဟန်ကျိုးကနေ စုန့်ကျန်းဒေသအထိ လှေငှားပြီး ခရီးဆက်လာတဲ့ ဝူစုန့်မြစ်က ၂၅၀ လီရှည်လျားတယ်။ ထိုက်ဟူကန်ကနေ အရင်းတည်လာတဲ့ ဒီမြစ်က စူးကျိုးကနေ စုန့်ကျန်းဒေသထဲ ဖြတ်သန်းသွားရင်း မြောက်ပိုင်း မဟာတူးမြောင်းကြီးနဲ့ပါဆက်စပ်ကာ ဝူစုန့်ကိုးက တုန်းဟိုင်အတွင်း စီးဝင်သွားတယ်။
ကျောက်အာက ခါတိုင်း အမြန်ဆုံးနဲ့ အလုံခြုံဆုံးလမ်းကြောင်းကို ရွေးလေ့ရှိပေမယ့် ခဏခဏတော့ လှေပြောင်းစီးရတယ်။ ဆိပ်ကမ်းမှာ ကြန့်ကြာမှုကြောင့် စုန့်ကျန်းကို ရောက်တဲ့အချိန် မိုးတောင်ချုပ်နေပြီ။
ညလုံးပေါက် ရွက်လွှင့်ရဦးမှာမို့ ဖြည်းဖြည်းချင်း သွားနေတဲ့လှေပေါ်မှာ ကျောက်အာက စားသောက်ပြီးတာနဲ့ အိပ်ခန်းထဲ ပြန်ဝင်သွားတယ်။ လက်ရှိ စီးနင်းလာတဲ့ ကုန်တင်သင်္ဘောက သူမအပိုင်ဖြစ်ပြီး သိပ်မကြီးပေမယ့် ဟူဆန်းထည့်ပေးလိုက်တဲ့ လူအယောက်နှစ်ဆယ်နဲ့ ရေလုပ်သားတွေပါမှ အယောက်လေးဆယ်ကျော်အတွက်တော့ နေလို့ရပါသေးတယ်။
ကျောက်အာ အိပ်ပျော်နေတဲ့ ညသန်းခေါင်ယံကျမှ အပြင်ဘက်မှာ လှုပ်လှုပ်ရှားရှားအသံတွေ ထွက်လာတယ်။ အအိပ်ဆတ်တဲ့ကျောက်အာက ချက်ချင်း နိုးသွားပြီး ညဝတ်အင်္ကျီတွေလဲနေတဲ့အချိန် ရှောင်ဟုန်းကလည်း နိုးလာတယ်။
သူမ အပေါ်ထပ်ဝတ်လို့ပြီးတဲ့အချိန်မှ တံခါးခေါက်သံထွက်လာလို့ သွားကြည့်လိုက်တဲ့အခါ ကျောက်ကျီဖြစ်နေတယ်။ ကျောက်ကျီရဲ့မျက်နှာက အတော်လေး ညှို့မှိုင်းနေပြီး
“ဆရာကတော် ကျွန်တော်တို့ သင်္ဘောက ရေစိမ့်နေတယ်”
“ရေစိမ့်တယ် ဘယ်လိုဖြစ်လို့လဲ”
“ကျွန်တော်လည်း မသိဘူး။ သင်္ဘောသားတွေပြောတာတော့ အချွန်တစ်ခုခုနဲ့ တိုက်မိသွားတယ် ထင်တယ်တဲ့”
“ဒါဆို မြန်မြန် ပြင်ရမှာပေါ့”
“ကျွန်တော့်လူတွေ ပြင်နေပေမယ့် ပျက်စီးသွားတာက များတယ်။ အပေါက်တွေက တစ်ခုထက်မနည်း ရှိနေတာ အခု အခြေအနေမဟန်တော့လို့ သင်္ဘောကိုထားခဲ့တာက အကောင်းဆုံးပဲ”
“ဒါဆို ငါတို့မှာ အသက်ကယ်လှေတွေ ပါတယ်မလား။ ဘယ်မှာလဲ။ အခုခရီးကရော ဘယ်ရောက်ပြီလဲ”
“ကျွန်တော်တို့ ရှန်းဟိုင်စီရင်စုတော့ ရောက်တော့မယ်။ သင်္ဘောပေါ်မှာလည်း အားလုံးအတွက် လုံလုံလောက်လောက် လှေအပိုတွေရှိပါတယ်”
ကျောက်အာက ချက်ချင်း စိတ်အေးသလို သက်ပြင်းချလိုက်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်တယ်။
“အေး ထားခဲ့ဆိုတော့လည်း ထားခဲ့ကြတာပေါ့။ သင်္ဘောထက် လူ့အသက်တွေက ပိုအရေးကြီးတယ်။ ပါ့သိုက ရှန်းဟိုင်နယ်စားပဲ ငါတို့အများကြီးလည်း မဝေးတော့ဘူးဆိုတော့ အရမ်းစိုးရိမ်စရာ မလိုပါဘူး”
“ဟုတ်ကဲ့ ဒါဆို ကျွန်တော် ချက်ချင်းအမိန့်ပေးလိုက်ပါတော့မယ်”
ကျောက်အာက ရှောင်ဟုန်းနဲ့အတူ အခန်းပြန်ပြီး သိမ်းစရာရှိတာတွေ ကောက်သိမ်းတယ်။ ကံကောင်းလို့ ဒီတစ်ခေါက် သူတို့ဘာပစ္စည်းမှ သယ်မလာလို့ပေါ့။ မဟုတ်ရင် ဘယ်လောက်ရှုံးမလဲ မသိဘူး။
ဒီတစ်ခါတော့ တကယ်ကံဆိုးတာပဲ။ သင်္ဘောက ဘယ်လိုဖြစ်လို့ လမ်းကြောင်းအရှင်းကြီးမှာ တိုက်မိရတာလဲ။
ဒါပေမယ့် သူတို့မှာ အဲဒါတွေးချိန်တောင် မရလိုက်ဘဲ အထုပ်အပိုးကိုယ်စီ ကျောမှာလွယ်ရင်း ထွက်လာခဲ့လိုက်တယ်။ ကျောက်ကျီရဲ့ဖြောင်းဖြမှုကြောင့် သင်္ဘောပေါ်က လူအားလုံး စိတ်ငြိမ်ငြိမ်နဲ့ပဲ ရှိနေပြီး တချို့တွေဆို အသက်ကယ်လှေတွေဆီတောင် ပစ္စည်းတွေချနေပြီ။
စုစုပေါင်း လေးစီးရှိပြီး ရှည်လျားတဲ့ လှေအပိုတွေက အထုပ်အပိုးတွေအပြင် တစ်စီးမှာ လူဆယ်ယောက်လောက် အသာလေးတင်လို့ရတာကြောင့် အားလုံးတစ်ပြိုင်နက် ထွက်သွားလို့ရတယ်။ ညလေအေးအေးကြားမှာပဲ သင်္ဘောကိုယ်ထည်ကနေ ကြိုးလှေကားရှည်တစ်ခု ကျလာပြီး တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြတယ်။
207 05
တစ်စီးပြည့်သွားတာနဲ့ သူတို့က ဘေးဘက်ကိုဆက်လှော်သွားပြီး နောက်တစ်စီးအတွက် နေရာဖယ်ပေးတယ်။ ရှောင်ဟုန်းက ဘယ်လိုမဆို မိန်းကလေးဖြစ်တဲ့အပြင် ရေလည်းမကူးတတ်တော့ ဒီလိုအခြေအနေမှာ သတ္တိမရှိတာ သဘာဝကျပါတယ်။
“အခုမဆင်းလာရင် ငါတို့သွားလိုက်တော့မှာနော်”
ဒီလိုခြောက်လိုက်တော့မှ တုန်တုန်ယင်ယင်နဲ့ တွယ်ဆင်းလာပြီး ပါးစပ်ကလည်း ကြောက်လန့်တကြား အော်ဟစ်နေသေးတယ်။
“ကျောက်ကျီ ငါ့ကိုဖမ်းပေးနော် ငါပြုတ်ကျသွားလို့ကတော့ နင့်ပါဆွဲချမှာ!”
အောက်က ယောက်ျားသားအကုန် ဝိုင်းရယ်ကြတော့တယ်။ ကျောက်ကျီကလည်း ခပ်ဟဟရယ်ရင်း
“မပူပါနဲ့ ပြုတ်ကျရင် ငါသေချာဖမ်းပေးမှာပါ”
ကျောက်အာကလည်း ပြုံးတုံ့တုံ့နဲ့ ရှောင်ဟုန်းတစ်ယောက် ဒယိမ်းဒယိုင် လှေပေါ်ရောက်သွားတော့မှ နောက်ကလိုက်ဆင်းလာတယ်။ သူမကတော့ ရှောင်ဟုန်းထက်စာရင် အများကြီးပိုသွက်ပြီး လွှားကနဲအောက်ရောက်လာတယ်။ အောက်ကလူတွေကတော့ ရှောင်ဟုန်းကို ဝိုင်းစနေတုန်းပဲ။
“တွေ့လား ဆရာကတော်တောင် နင့်ထက်ပိုသတ္တိရှိတယ်”
ရှောင်ဟုန်းက ကျောက်ကျီကို ရိုက်ဖို့လက်ရွယ်လိုက်တဲ့အချိန်မှာပဲ မမျှော်လင့်ထားတာတစ်ခု ဖြစ်ပျက်လာခဲ့တယ်။ မှောင်မှောင်မဲမဲအရာတွေက ရုတ်တရက်ကြီး ရေအောက်ထဲကထွက်လာပြီး လှေကိုဝင်စီးတော့တယ်။
ကျောက်အာက လှေပေါ်တက်ကာစမို့ ရုတ်တရက် ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့အခါ သူမက ခြေမခိုင်ဘဲ ရေထဲပြုတ်ကျသွားပေမယ့် ကြိုးလှေကားကိုတော့ လက်တစ်ဖက်နဲ့ဆွဲထားတုန်းပဲ။
“ဆရာကတော်!”
သင်္ဘောပေါ်ကလူတွေရော လှေပေါ်ကလူတွေရော ထိတ်လန့်တကြား အော်လိုက်ကြပြီး အခြေအနေတွေက မျက်စိတစ်မှိတ်အတွင်း ဝရုန်းသုန်းကားဖြစ်ကုန်တယ်။
တိမ်ကွဲလို့ လရောင်ဖြာလာတဲ့အခါ ရေအောက်က ကြီးမားတဲ့အရာရဲ့ ကိုယ်ထည်တစ်ခုလုံးက နက်မှောင်သော်လည်း ခပ်ဖျော့ဖျော့အလင်းတချို့ လင်းနေပြီး ထူးဆန်းတဲ့အကြေးခွံလို အရာတွေပါနေတယ်။
“အား ရေအောက်က နဂါးမင်းကြီး နိုးထလာပြီ!”
သင်္ဘောကြီးပေါ်က ရေလုပ်သားတစ်ယောက်က ကြောက်လန့်တကြား အော်ဟစ်ပြီး ချက်ချင်း ဒူးထောက်ဝပ်တွားပြီး ကန်တော့,တော့တယ်။ လောလောဆယ် ကျောက်အာကတော့ နဂါးမင်းကို ဂရုမစိုက်အားသေးဘူး။ သူ့မှာ သင်္ဘောပေါ် တွယ်တက်ဖို့ ကြိုးစားနေတုန်း မာကျောတဲ့အရာတစ်ခုက နောက်စေ့တည့်တည့်ကို ထိမှန်ပြီး အတော်လေး မူးဝေသွားရတယ်။
သူမ လက်လွတ်ပြီး ပြုတ်ကျသွားတဲ့အချိန် ကျောက်ကျီကလည်း ဓားတစ်ချက် ထိသွားတော့မှ ဒီအနက်ရောင်အရာတွေက မိစ္ဆာတွေမဟုတ်ဘဲ လူတွေမှန်း သဘောပေါက်သွားတာ။
“အဲဒါ လူတွေပဲ မကြောက်ကြနဲ့ အားလုံး ရွှမ်းကျစ် မင်းတို့အကုန် သေနေကြတာလား။ မြန်မြန် ဆရာကတော်ကို ဆွဲတင်ကြလေ”
ကျောက်ကျီက ရေထဲမှာရုန်းကန်ရင်း လှမ်းအော်တော့မှ အသက်ကယ်လှေနှစ်စီးပေါ်က လူတွေလည်း ဒီဘက်ကို တတ်နိုင်သမျှ ပြန်လှော်ခတ်လာကြတယ်။ ကသောင်းကနင်းထဲမှာ ကျောက်အာကို အမည်မသိလူတစ်ယောက်က ဆွဲခေါ်သွားတာတော့ ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။
****
ဒီကနေ သိပ်မဝေးတဲ့တစ်နေရာမှာ သင်္ဘောတစ်စီး မြစ်ကမ်းနားမှာ ကျောက်ချလျက်ရှိနေတယ်။ သင်္ဘောပေါ်မှာ အလင်းတစ်စက်မှမရှိသလို အောက်က ရေသံကြားတော့မှ တစ်ယောက်က တိုးတိုးလေး လှမ်းမေးတယ်။
“ခေါင်းဆောင်လား”
“လှေကားသာ မြန်မြန်ချစမ်းပါ”
ဒိတော့မှ မီးတုတ်တစ်ခုက ဖျက်ခနဲလင်းလာပြီး လူလေးငါးခြောက်ယောက်လောက်က အောက်ကလှေငယ်ပေါ်ကလူကို ဆွဲတင်ဖို့ရောက်လာကြတယ်။ သူတို့ ကုန်းပတ်ပေါ်ရောက်လာမှ တစ်ယောက်က ထပ်စပ်စုတယ်။
“ပြီးသွားပြီလား”
“စကားများမနေနဲ့ မြန်မြန်လုပ်”
ဒိလိုနဲ့ သူတို့သင်္ဘောက ချက်ချင်းအသက်ဝင်လာပြီး ဝူစုန့်ကိုးဆီ ဦးတည်ရင်း အဆုံးမရှိတဲ့ညအမှောင်ထဲ တိုးဝင်ပျောက်ကွယ်သွားတော့တယ်။
………….
******
208 01
အခန်း 208
ကျယ်ပြောတဲ့ သင်္ဘောဝမ်းပိုင်းက အခုတော့ လူတစ်စုနဲ့ ပြည့်နှက်နေပြီး သူတို့အားလုံးက တာအိုဘုန်းကြီး ဝတ်စုံကစလို့ အင်္ကျီတို ဘောင်းဘီတိုနဲ့ စာသင်သားဝတ်ရုံအဆုံး အသီးသီး ကွဲပြားစွာ ဝတ်ဆင်ထားကြတယ်။
လက်ရှိ အခန်းထောင့်တစ်နေရာမှာ ရေစိုခံဝတ်စုံနက်တွေနဲ့ ရပ်နေတဲ့လူတွေကတော့ လောလောလတ်လတ်မှ ကျောက်အာတို့ကို တိုက်ခိုက်သွားတဲ့သူတွေပဲ။
စုစုပေါင်း ၇ယောက် ၈ယောက်လောက်ရှိပြီး ဘေးနံရံမှာ ထွန်းညှိထားတဲ့ မီးတုတ်အလင်းကတောင် အခန်းထဲက အေးစက်နေတဲ့ လေထုကို အနွေးမပေးနိုင်ဘူး။
အဓိကကတော့ စားပွဲထိပ်က လူနှစ်ယောက်ကြား တင်းမာမှုပဲ။
နက်ပြာရောင်ဝတ်စုံနဲ့ အလယ်မှာထိုင်နေတဲ့ တစ်ယောက်က အင်မတန် ထင်းထွက်နေတဲ့ မျက်နှာချောချောနဲ့ ဒီဖရိုဖရဲပတ်ဝန်းကျင်ကြောင့်သာ မဟုတ်ရင် အိမ်တော်တစ်ခုခုက သခင်လေးလို့တောင် အောက်မေ့ရတယ်။
သူ့ရဲ့ဘယ်ဘက်မှာတော့ အစွန်းကော့တက်နေတဲ့ မျက်ဝန်းမှေး၊ မုတ်ဆိတ်မွှေးတွေနဲ့ ၄၀စွန်းစွန်း သက်လတ်ပိုင်းလူတစ်ယောက် ရှိတယ်။ သူကတော့ သေချာပေါက် ဦးလေးယောင်ပဲပေါ့။
"သခင်မော့ အထက်က ဒီမိန်းမကို ချက်ချင်းသတ်ပစ်ဖို့ အမိန့်ချထားတာကို အခုပြန်ခေါ်လာတာ ဘာသဘောလဲ"
သူ့စကားနဲ့လေသံက ရိုင်းရာကျပြီး မော့ကျားကို ခိုင်းသလို လုပ်ဆိုပြီး မပြောရုံတမယ်ပဲ။ မော့ကျားကတော့ သောက်လက်စ ကြွေခွက်ကိုသာ ကိုင်ထားရင်း နှုတ်ခမ်းနားတေ့လိုက်ပြီး
"အထက်အမိန့် ဘယ်သူလဲ။ လုချီလား။"
အမှန်အတိုင်းပြောရရင် မော့ကျားရဲ့ပုံပန်းသွင်ပြင်ကစလို့ အပြုအမူ အသုံးအဆောင်တွေအထိ သွေးဆာရက်စက်တဲ့ ဟုန်ပန်းဂိုဏ်းကပါလို့ ထင်ရက်စရာမရှိဘူး။
လက်ရှိ သူ့မျက်နှာက တည်ငြိမ်ပြီး တစ်ဖက်လူကို ဂရုမစိုက်ဘဲ အေးအေးလူလူရှိနေပေမယ့် ဘေးက နောက်လိုက်တစ်ယောက်ကတော့ ငြိမ်မနေဘူး။
"မင်းကိုယ်မင်း ဘယ်သူထင်နေလဲ။ ရာရာစစ ဂိုဏ်းခေါင်းဆောင်ကို ဒီလိုပြောစရာလား။ ဂိုဏ်းစည်းကမ်းတွေကို မေ့သွားပြီ ထင်တယ်။ ဘာလဲ ငါမှတ်ဉာဏ်ပြန်ခေါ်ပေးရမလား။!"
ဟေးဇီရဲ့ကြမ်းတမ်းတဲ့စကားတွေကြောင့် ဘေးပတ်လည်မှာ ရပ်နေတဲ့ ရွှမ်းဇီအဖွဲ့သားတွေက ရှေ့တစ်လှမ်း တိုးလာကြတယ်။
"မင်း"
တစ်ဖက်လူရဲ့မျက်နှာကလည်း ဒေါသနဲ့ခံပြင်းမှုကြောင့် စိမ်းပုပ်သွားတယ်။ မော့ကျားက အကြမ်းရည်ခွက်ချပြီး အေးစက်စက် စိုက်ကြည့်လိုက်တာနဲ့ အမျက်တလူလူဖြစ်နေတဲ့ လူတွေအားလုံး ငြိမ်သွားကြတယ်။
သူတို့ နောက်ပြန်ဆုတ်သွားမှ သူက ယောင်ယဲ့ကို မျက်နှာသေနဲ့
"လုချီက ငါ့ကို ဒီခရီးလွှတ်လိုက်ကတည်းက တာဝန်ရှိသူက ငါပဲ။ မကျေနပ်ရင် လုချီကို ကိုယ်တိုင်သွားပြောလိုက်"
ဒီတော့မှ ယောင်ယဲ့က လက်သီးနှစ်ဖက်ယှက်ရင်း “ဒါဆိုလည်း လက်အောက်ငယ်သားတွေ အပြစ်မဖြစ်ရအောင် သခင်ကြီးကို အချိန်မှီတင်ပြပေးပါ”
သူ့လူတွေခေါ်ပြီး ထွက်သွားတယ်။ ရွှမ်းဇီအဖွဲ့ ဆုတ်ခွာသွားတော့ အခန်းကြီးက လစ်ဟာသွားတယ်။ ဟေးဇီက ခဏလောက် တုံ့ဆိုင်းနေရင်းနဲ့မှ မော့ကျားကို ကြည့်ပြီး “သခင် ကျွန်တော်တို့ ဒီမိန်းမကို တကယ်ခေါ်ထားမလို့လား။ သူက တကယ့်မီးခဲနော်။ ဟိုလူပြောတဲ့အတိုင်း တစ်ခါတည်း သတ်ပစ်လိုက်တာ ပိုကောင်းမယ် ထင်တယ်”
“ဒီသင်္ဘောပေါ်မှာ ငါတို့လူတွေချည်းပဲရှိတယ်လို့ ထင်နေတာလား” မော့ကျားက ခနဲ့သလို ခွန်းတုံ့ပြန်ရင်း “ဒီမိန်းမက တကယ့်အခရာပဲ သူ့ကိုသတ်မသတ်က အဲဒီမျိုးရိုးရှောင်က ဆုံးဖြတ်လို့ရတာမဟုတ်ဘူး”
ဟေးဇီက ထိတ်လန့်သွားပြီး အလိုလိုထုတ်မေးမိသွားတယ်။
208 02
“သခင် ဘာကိုပြောချင်…”
“ငါတို့ မနက်ဖြန်ကျ သိရမှာပေါ့”
မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေကင်းအောင်လို့ ဟုန်ပန်းဂိုဏ်းက တစ်ညလုံး အဆက်မပြတ် ရွက်လွှင့်ခဲ့တယ်။ အရုဏ်ဦးပွင့်ကာစကျတော့ သူတို့ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းဆီ ဆိုက်ကပ်ခဲ့တယ်။
ဟုန်ပန်းဂိုဏ်းက ပင်လယ်မှာ ကျက်စားတာမို့ တုန်းဟိုင်တစ်ပြင်လုံးမှာ သူတို့ တစ်ထောက်နားတဲ့နေရာလေးတွေ ဒုနဲ့ဒေးရှိတယ်။ သူတို့က တစ်ညလုံး သတိချပ်ရင်း ခရီးနှင်ခဲ့ရတာမို့ အားဖြည့်ဖို့ နားရဦးမယ်။
အဲဒါထက် လောလောဆယ် တုန်းဟိုင်ပြင်ပရောက်နေပြီမို့ ကျဲ့ကျန်းရေတပ်က ဒီအထိတော့ မလိုက်လာနိုင်လောက်ဘူး။ ဒါပေမယ့် သူတို့ရောက်တဲ့အချိန် အဲဒီမှာ သင်္ဘောတစ်စင်းက ကြိုတင်စောင့်ကြိုနေခဲ့တယ်။
ရွက်တိုင်တွေကြား တလူလူလွင့်နေတဲ့ သွေးနီရောင်အလံပေါ်မှာ (ထျန်း - ကောင်းကင်ဘုံ)လို့အဓိပ္ပာယ်ရတဲ့ စာလုံးတစ်လုံးပဲ ရေးထိုးထားတယ်။ ဒါက ဟုန်ပန်းဂိုဏ်းပိုင် သင်္ဘောဖြစ်ပြီး ထျန်းဇီအဖွဲ့ကို ကိုယ်စားပြုလည်းဖြစ်တယ်။
ထျန်းဇီအဖွဲ့ဆိုတာ ဟုန်ပန်းဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းခွဲတစ်ခုဖြစ်ပြီး ထျန်း၊ရွှမ်း အနက်၊ အဝါ ယွီနဲ့ ဟွင်းသွင်းအပြင် စုစုပေါင်း ဂိုဏ်းခွဲပေါင်း ၈ခုရှိတယ်။ အဲဒီအပြင် ပြစ်ဒဏ်တွေနဲ့ပက်သတ်ပြီး ကိုင်တွယ်ရတဲ့ အပြစ်ပေးအဖွဲ့လည်း ရှိသေးတယ်။
ဟုန်ပန်းဂိုဏ်းက ပင်လယ်ဓားပြအုပ်စုကြီးလို့ ထင်ရပေမယ့် တကယ်တမ်းကျ စည်းစနစ်ကျပြီး သူတို့မှာ အင်မတန် တင်းကျပ်တဲ့စည်းမျဥ်းတွေ ရှိတယ်။ စည်းကမ်းချိုးဖောက်တဲ့ ဘယ်သူမဆို လက်ဖြတ် နားရွက်ဖြတ်တာကနေ သေဒဏ်အထိ အမျိုးမျိုး အပြစ်ပေးခံရတယ်။
ထျန်းဇီက သာ့လီအကြီးအကဲလက်အောက်ကဖြစ်ပြီး ဂိုဏ်းခွဲ ၈ခုထဲမှာ ထိပ်ဆုံးဝင်တယ်။ ဒါကြောင့် ရွှမ်းဇီသင်္ဘောက သူတို့ကိုမြင်တဲ့အခါ ‘ရွှမ်း’အလံကို လွှင့်ထူကြရတယ်။ သူတို့က ထွက်ပြေးဖို့တောင် မစဥ်းစားကြဘူး။
သင်္ဘောနှစ်စင်း ထိပ်တိုက်ဆုံတဲ့အခါ ထျန်းဇီအဖွဲ့ရဲ့ ဒုခေါင်းဆောင်ဖြစ်တဲ့ လော့ကျောက်က သူ့လူတွေနဲ့ တစ်ဖက်သင်္ဘောကို တက်လာတယ်။ ယောင်ယဲ့က စိတ်ဓာတ်ကျနေသလိုပုံစံနဲ့ ဦးဆုံးထွက်လာပြီး မော့ကျားကတော့ အေးဆေးတဲ့ဟန်ပန်နဲ့သာ မလှမ်းမကမ်းက လိုက်လာတယ်။
လော့ကျောက်က အရှေ့ကလူကို မရှိသလိုသဘောထားပြီး မော့ကျားကိုသာ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်တယ်။
“သခင်မော့”
“ဒုခေါင်းဆောင်လော့”
လော့ကျောက်က အရိုအသေပေးပြီးတာနဲ့ စကားပလ္လင်ခံနေတာမရှိဘဲ လိုရင်းတန်းသွားတယ်။ ဖြစ်ချင်တော့ သူတို့လည်း ရွှမ်းဇီအဖွဲ့ရဲ့ ခိုးကြောင်ခိုးဝှက် လုပ်ရပ်တွေကို သိသွားပြီး ခေါင်းဆောင်ကြီးက အားလုံးကိုပြန်ခေါ်လာဖို့ အမိန့်ပေး စေလွှတ်လိုက်တာပဲ။
“ကျုပ်ကို ဘာမှရှင်းပြစရာမလိုဘူး။ ခေါင်းဆောင်ကြီးကိုသာ အားလုံးပြန်ပြောပြလိုက်ပါ”
လော့ကျောက်က ပြောဆိုပြီးတာနဲ့ ဘေးကလူတစ်ယောက်ကို အောက်ထပ်ထဲဦးဆောင်ဖို့ ညွှန်ကြားလိုက်တယ်။ မော့ကျား မနေ့ညကပြောခဲ့သလိုပဲ ဒီသင်္ဘောပေါ်မှာ သူတို့နှစ်ဖွဲ့ပဲ ပါတာမဟုတ်ဘဲ တခြားဂိုဏ်းခွဲကလူတွေပါ ရောယောင်လိုက်လာပုံရတယ်။
ထိုစဥ် အခုမှသတိပြန်လည်လာတဲ့ ကျောက်အာတစ်ယောက် သူမဘဝရဲ့အကြီးမားဆုံးသော အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်။ သင်္ဘောရဲ့အောက်ဆုံးထပ်ဆိုတာ အပြစ်လုပ်မိတဲ့သူတွေနဲ့ မလိုအပ်တဲ့ပစ္စည်းတွေ ပစ်ထားတဲ့စတိုခန်းသာသာမို့ အမြဲတမ်း မှောင်မဲပြီး စိုစွတ်နေတာ။
အခုတော့ ကျောက်အာက ဒီနေရာမှာ အကျဥ်းချခံထားရတယ်။ စောင့်ကြပ်နေတဲ့ အစောင့်တွေကလည်း သင်္ဘောပေါ်မှာ အနိမ့်ဆုံးဓားပြတွေဖြစ်ပြီး ဒီလိုလူတွေမှာ ဘာအရည်အချင်းမှမရှိသလို ဘယ်တော့မှလည်း ထုတ်ပြခွင့်ရမှာမဟုတ်လို့ သင်္ဘောပေါ်က လက်တိုလက်တောင်း လိုက်လုပ်နေရတာ။
208 03
ပင်လယ်ဓားပြဆိုတဲ့အတိုင်း ဒီရေပြင်ပတ်လည်ဝိုင်းနေတဲ့ ပင်လယ်မှာပဲ ကမ်းမမြင်လမ်းမမြင်နဲ့ နှစ်နဲ့ချီရွက်လွှင့်နေရတာမို့ ဆန့်ကျင်ဘက်လိင်ကို မြင်ရတာ အင်မတန်ရှားတယ်။ ဒါကြောင့် သူတို့က မိန်းကလေးကိုယ်သင်းနံ့ရရင်တောင် ဆန္ဒက အထွတ်အထိပ်ရောက်လာတတ်ကြတယ်။
လောလောဆယ် အချုပ်ခန်းထဲက မိန်းကလေးမှာ လုံးဝန်းတဲ့တင် ပြည့်ဖြိုးတဲ့ရင်ဘတ်နဲ့ သွယ်လျလျ ခြေထောက်လေးတွေရှိတာကြောင့် ဟွမ်းသာ့ယာရဲ့စကားအရဆို ယောက်ျားတွေအတွက် သံလိုက်လို မိန်းမမျိုးပဲ။
ကျောက်အာက ရေထဲကျသွားကတည်းက သေနိုင်ဆဲဆဲ အခြေအနေဖြစ်နေတာ ဒါပေမယ့် သူတို့ရဲ့ ပြောင်းလဲသွားတဲ့ အကြံအစည်ကြောင့် ယာယီအသက်ရှင်ခွင့် ရထားသော်လည်း လက်နောက်ပြန်ကြိုးတုတ်ထားပြီး တွေ့ကရာ အခန်းထဲပစ်ထည့်ခံလိုက်ရတယ်။
အခုချိန်အထိ သူမအဝတ်အစားတွေက မခြောက်သေးတာမို့ စိုကပ်နေတဲ့အနေအထားက အချိုးအစားကျတဲ့ ကောက်ကြောင်းကို ထင်ဟပ်နေစေတယ်။ ဟွမ်းသာ့ယာနဲ့လီသာ့ချွေတို့က အကျဥ်းခန်းအရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ညလုံးပေါက် ဒီမိန်းမကို သွားထိသင့်မသင့် ဝေခွဲမရဖြစ်နေကြတယ်။
ဟွမ်းသာ့ယာရဲ့အကြံက လှုပ်ရှားလိုက်ဖို့ ဘယ်လိုမဆို ဘယ်သူမှဂရုစိုက်တာမှ မဟုတ်တာ။ နဂိုကတည်းက ခေါင်းဆောင် ယောင်က သူ့ကိုသတ်ဖို့လုပ်ထားပြီးသားမို့ သခင်လေး မော့ ဆိုင်းငံ့ထားရင်တောင် တစ်နေ့သေမှာပဲ။
ဒီလိုအစားကောင်းလေးကို အလကားမဖြစ်သွားခင် သူအရင်မြည်းစမ်းကြည့်တာ ပိုမကောင်းဘူးလား။
ဒါပေမယ့် လီသာ့ချွေကတော့ ငကြောက်တစ်ယောက် ဟုန်ပန်းဂိုဏ်းက အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာနဲ့ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် တားမြစ်ထားသလို ကျူးလွန်တဲ့သူတိုင်း ကွပ်မျက်ခံရလိမ့်မယ်။
ဟွမ်းသာ့ယာက သူ့ဘောင်းဘီကို အကြိမ်ကြိမ်ချွတ်ဖို့ပြင်တိုင်း လီသာ့ချွေက လိုက်တားနေတယ်။
“ဟေ့ကောင် မင်းငါ့ကို ထပ်လာတားရင် ငါ တကယ်မင်းကို လုပ်မိတော့မယ်။ မင်းသေမှာကြောက်ရင် လစ်လိုက်တော့ ငါကတော့ မိန်းမအတွက်ကြောင့် သေရလည်း ကိစ္စမရှိဘူး”
ဟွမ်းသာ့ယာရဲ့ ဆောင့်တွန်းခြင်းခံလိုက်ရတဲ့ လီသာ့ချွေကတော့ မတတ်နိုင်တဲ့ဟန်နဲ့ သောကရောက်သွားရပေမယ့် လဲလျောင်းနေတဲ့ပုံရိပ်ကို မြင်တော့လည်း နှလုံးခုန်သံတွေမြန်လာတယ်။ ကျောက်အာက သူတို့နှစ်ယောက်ရဲ့ ငြင်းခုံသံတွေကြား နိုးလာပြီး မျက်စိပွင့်တာနဲ့ ရုပ်ဆိုးဆိုးလူတစ်ယောက် ချဥ်းကပ်လာတာပဲ တွေ့လိုက်ရတယ်။
“ငါ့အလှလေးက နိုးလာပြီပဲ။ ကောင်းလိုက်တာ တစ်ခါမှ မင်းလောက် ဖြူဖွေးပြီး လှတဲ့လူမျိုးနဲ့ မအိပ်ဖူးဘူး။ ဘာလို့ဆို ကောင်းတာအကုန် အဲဒီခေါင်းဆောင်တွေဆီပဲ ရောက်သွားလို့လေ။ မပူပါနဲ့ ငါက မင်းကိုသေချာပေါက် ကောင်းအောင်လုပ်ပေးမှာ”
ဟွမ်းသာ့ယာက အဝတ်တွေစချွတ်ရင်း ကျောက်အာကိုလည်း ကြက်တစ်ကောင်တောင် မသတ်နိုင်တဲ့ အလှလေးလို့ ထင်မှတ်နေတယ်။ ကျောက်အာကတော့ မှုန်ဝါးနေတဲ့အမြင်အာရုံနဲ့ အန်ချင်တာပဲ သိတော့တယ်။
ဒါပေမယ့် တစ်ချိန်လုံး နေရာအနှံ့ သွားလာနေရတဲ့သူမို့ ဒီစကားက ဘာကိုဆိုလိုချင်သလဲ ကောင်းကောင်းသိတာပေါ့။ စဥ်းစားချိန်တောင်မရလိုက်ခင် အလျင်စလို ထရပ်ဖို့ကြိုးစားလိုက်မိပေမယ့် ခြေမခိုင်တဲ့အတွက် ပြန်လဲကျသွားရတယ်။
တစ်ချိန်တည်းမှာပဲ အရှေ့က ဟွမ်းသာ့ယာကလည်း သူမအပေါ် ခုန်အုပ်လာခဲ့တယ်။ ကျောက်အာက မူးနေတဲ့ကြားက အင်မတန် နံစော်တဲ့ ညှီစို့စို့ချွေးနံ့ကြီးကို ရတဲ့အခါ ကြောက်အားလန့်အားနဲ့ အလိုအလျောက် ကန်ထုတ်လိုက်မိတယ်။
သူမက ဒေါသလည်းထွက် ကြောက်လည်းကြောက်နဲ့ အားကုန်သုံးလိုက်တာမို့ ဟွမ်းသာ့ယာတစ်ယောက် အဝေးကိုလွင့်ထွက်သွားတယ်။ အစကတော့ သူက စိတ်တိုတိုနဲ့ရယ်ရင်း “ကြမ်းလိုက်တဲ့ ကြောင်ရိုင်းလေး” လို့မှတ်ချက်ပေးနိုင်ခဲ့ပေမယ့် မကြာခင်မှာပဲ သူ့ရင်ညွှန့်နားက စူးကနဲအောင့်တက်လာပြီး သွေးတစ်ပွက် အန်ထုတ်လိုက်မိတယ်။
“ချီး ဒီကောင်မက သိုင်းတတ်တယ်ဟ လီသာ့ချွေ မင်းငါ့ကို မြန်မြန်လာမကူဘဲ ဘာလုပ်နေတာလဲ”
208 04
လီသာ့ချွေက ရေနံဆီမီးအိမ်တစ်ခုကိုင်ရင်း အလျင်စလို ရှေ့တက်လာပြီး ယောက်ျားသားနှစ်ယောက်လုံးက ခါးကြားက ဓားမြှောင်တို တစ်ချောင်းထုတ်ကာ အခန်းထောင့်က ကျောက်အာဆီ ချဥ်းကပ်လာကြတယ်။
“ဒုခေါင်းဆောင် လော့ကို တင်ပြပါတယ်။ မိန်းကလေးကို ဒီမှာချုပ်ထားပါတယ် ခဏလေး အစောင့်တွေ ဘယ်မှာလဲ။ ဟွမ်းသာ့ယာ”
လော့ကျောက်ရဲ့မျက်လုံးတွေက ချက်ချင်းသတိကပ်သွားပြီး သူ့လူနှစ်ယောက်ကလည်း တမဟုတ်ချင်း ကာကွယ်ဖို့ အသင့်အနေအထားနဲ့ ရှေ့တက်လာတယ်။ လျှောက်လမ်းက အင်မတန်ကျဥ်းမြောင်း မဲမှောင်တာကြောင့် လူနှစ်ယောက် ယှဥ်သွားလို့တောင်မရဘဲ ဘာမှလည်း သေချာမမြင်ရဘူး။
လော့ကျောက်က မွန်းကျပ်သလိုခံ စားရတာကြောင့် အထဲမဝင်ဘဲ အဝမှာပဲရပ်နေတဲ့အချိန် သူ့လက်အောက်ငယ်သားတစ်ယောက်က ထိတ်လန့်တကြား ပြေးထွက်လာတယ်။
“ဒုခေါင်းဆောင် အထဲမှာ လူသေနေတယ်။ တစ်ယောက်ယောက် သေနေတယ်”
ဒါကိုကြားတော့ လော့ကျောက်တင်မက လှေကားပေါ်မှာရပ်နေတဲ့ မော့ကျားရဲ့မျက်နှာအမူအရာကပါ ပြောင်းလဲသွားတယ်။ စေခိုင်းမှုကြောင့် ငယ်သားတချို့ မီးတုတ်ကိုယ်စီကိုင်ပြီး ဝင်သွားတော့မှ မြေပြင်ပေါ်မှာ လဲနေတဲ့လူနှစ်ယောက်ကို တွေ့လိုက်ရပြီး သွေးနံ့တွေကလည်း တထောင်းထောင်းထနေတယ်။
“ဒုခေါင်းဆောင် သတိထား”
“နောက်ထပ် မီးတုတ်တစ်ခုယူခဲ့”
အော်သံကျယ်နှစ်ခုက တစ်ပြိုင်နက်ထွက်ပေါ်လာပြီး သူတို့အသံမဆုံးခင်မှာပဲ အခန်းထဲက အမည်မသိအရာတစ်ခု လျင်မြန်စွာ လွင့်ပျံလာခဲ့သော်လည်း လော့ကျောက်ရဲ့ လူယုံတော်တွေလက်ချက်အောက်မှာ ကျယ်လောင်တဲ့အသံနဲ့ ကြမ်းပေါ် ကျကွဲသွားတယ်။
သူတို့လူနှစ်ယောက်စလုံး ကြမ်းပေါ်အသက်မဲ့စွာ လဲကျနေပြီး ဟွမ်းသာ့ယာရဲ့ဗလာကျင်း အောက်ပိုင်းကတော့ မြင်မကောင်းစွာ ထွက်ပေါ်နေခဲ့တယ်။ အခန်းထောင့်က သစ်သားပုံးတွေစုပုံထားတဲ့အရှေ့မှာတော့ မျက်နှာတစ်ခုလုံး သွေးပေကျံနေတဲ့ မိန်းမတစ်ယောက်က ဓားတိုတစ်ချောင်းကိုင်ရင်း ခုခံမယ့်အနေအထားနဲ့ အသင့်စောင့်နေတယ်။
သူမ မျက်ဝန်းထဲမှာ ကြောက်လန့်ဟန် တစွန်းတစရောပြွန်းနေပေမယ့် နှုတ်ခမ်းနှစ်လွှာ စေ့ပိတ်ကာ လူအုပ်ကို စူးစူးရဲရဲစိုက်ကြည့်နေခဲ့တယ်။
“နင်တို့ ဘာလိုချင်တာလဲ။ ပိုက်ဆံလား။ ကြိုက်သလောက်ပြောလိုက် ပေးမယ်။ ငါ့ယောက်ျားက သင်းဟိုင်ကုန်သွယ်ရုံးနဲ့ ကျဲ့ကျန်းရေတပ်ရဲ့ဦးစီးပဲ တာ့ချန်းဧကရာဇ်ရဲ့ လူယုံတော်မို့ လောကကြီးက ဘယ်လောက်ကျယ်ကျယ် သူ့မိသားစုကို ထိထားတဲ့ နင်တို့တွေပြေးလွတ်မယ် ထင်လား။ ဦးနှောက်ရှိရင် ငါ့ကိုအခုချက်ချင်း လွှတ်ပေးလိုက်”
“အဟင်း …”
မော့ကျားက ရုတ်တရက် ထရယ်လာပြီး သူ့မျက်ဝန်းတွေကလည်း ရွှင်မြူးမှုနဲ့အတူ ဝင်းလက်လာတယ်။
****
ရှန်းဟိုင်ကောင်တီရုံးမှာလည်း မောက်ပါ့သိုက သတင်းတွေကြားကြားပြီးချင်း ညတွင်းချင်း ရောက်ချလာတဲ့ ရွှီထင်းရှန်းကို အပြစ်ရှိစိတ်တွေနဲ့ မလုံ့တလုံ ကြည့်လိုက်မိတယ်။ ခါတိုင်းပြုံးနေတဲ့ မျက်နှာမဟုတ်ဘဲ ရွှီထင်းရှန်းရဲ့မျက်နှာထားက လက်ရှိလုံးဝအေးစက်နေတယ်။
နှစ်ယောက်သားက နှစ်ပေါင်းများစွာ ခင်လာပြီး အခက်အခဲအများစု အတူကျော်ဖြတ်ခဲ့ကြပေမယ့် သူ့ကို မိုးပြိုသလိုမျက်နှာနဲ့တွေ့ဖူးတာ ဒါပထမဆုံးပဲ။ လက်ရှိ ကျောက်ကျီနဲ့အဖွဲ့သားအားလုံးက ကြမ်းပြင်မှာ ဒူးတုပ်ဝပ်စင်းရင်း နဖူးနဲ့ကြမ်းထိကပ်ထားကြတယ်။
သူတို့လည်း အတော်များများ ထိခိုက်ခဲ့ပြီး ရေမကူးတတ်တဲ့သူတွေဆို သေလုမျောပါးအထိ ဖြစ်ခဲ့ကြတယ်။ အဲဒီညက အဖြစ်အပျက်တွေက မြန်ဆန်လွန်းတော့ မျက်စိတစ်မှိတ်အတွင်းမှာတင် ဆရာကတော်ကို ပျောက်သွားပြီး သူတို့လည်း ရေထဲမှာ အတော်ရုန်းကန်လိုက်ရတယ်။
208 05
ရှိစုမဲ့စုလှေလေး တစ်စီးနှစ်စီးနဲ့ ကမ်းပေါ်ရောက်တဲ့အချိန်မှ ကောင်တီရုံးကို အမြန်သွားအကူအညီတောင်းရတယ်။ မောက်ပါ့သိုကလည်း သူ့လက်အောက်ငယ်သား အားလုံးစေလွှတ်ပြီး ရေလမ်းကြောင်းတစ်လျှောက် ပိုက်စိပ်တိုက်ရှာခိုင်းခဲ့ပေမယ့် ဘာမှမတွေ့ခဲ့ကြဘူး။
ဒီသတင်းတွေ တျန့်ဟိုင်ကို ရောက်သွားတဲ့အခါမှာတော့ ရွှီထင်းရှန်းက သူတင်မက ကျဲ့ကျန်းရေတပ်ကိုပါ ခေါ်ပြီး ချက်ချင်းရောက်လာတယ်။ ရေတပ်အကူအညီနဲ့ကျမှ ဝူစုန့်ကိုးကနေ သိပ်မဝေးတဲ့နေရာမှာ လှေငယ်လေးနှစ်စီးကို ရှာတွေ့တယ်။
သို့သော် လူကိုတော့ ဘယ်မှာမှမတွေ့ခဲ့ကြဘူး။
“သခင်လေး ကျွန်တော်တို့ကို သတ်လိုက်ပါတော့။ ကျွန်တော်တို့အသက်ပေးရင်တောင် ဒီအပြစ်တွေမကျေနိုင်ပါဘူး!”
ရှောင်ဟုန်းကလည်း ရေမကူးတတ်တာကြောင့် သေလုမျောပါးဖြစ်ခဲ့ရတာ သူမ နိုးလာတဲ့အချိန် ကျောက်အာ ပျောက်နေမှန်း သိပြီးကတည်းက မျက်ရည်တစမ်းစမ်းနဲ့ နောင်တရနေခဲ့တာ အခုထိပဲ။ တကယ်လို့ သူမသာ ရေကူးတတ်ပြီး ကျောက်ကျီသာ သူမကို ကယ်မနေရရင် မမလေးကို လက်လွှတ်လိုက်ရမှာမဟုတ်ဘူး။
“အားလုံး သွားလို့ရပြီ”
ရွှီထင်းရှန်းပြောပြီးတာတောင် သူတို့က သွားမယ့်ပုံမပေါ်လို့ မောက်ပါ့သိုကပဲ “ကဲ ကဲ သွား သွား နားကြတော့”
ဒီတော့မှ ကျောက်ကျီတို့က တုံ့ဆိုင်းဆိုင်းနဲ့ ပြန်သွားကြတယ်။ အားလုံးမရှိတော့မှ မောက်ပါ့သိုက ရွှီထင်းရှန်းကို တစ်ခုခုပြောချင်ဟန်နဲ့ ကြည့်လိုက်ပေမယ့် သူက ရုတ်တရက်ကြီး ထရပ်ပြီး အခိုင်အမာ ပြောလာတယ်။
“ကျောက်အာ သေမှာမဟုတ်ဘူး”
အိပ်မက်ထဲမှာလည်း မသေခဲ့ဘူးလေ။ အဲဒါကြောင့် အခုလည်း သေမှာမဟုတ်ဘူး။
“ထင်းရှန်း ….”
“ငါ ခဏလောက် တစ်ယောက်တည်း နေချင်တယ်”
သူက ဒီလိုပြောပြီးတာနဲ့ တံခါးဆီကို တန်းလျှောက်သွားတော့ မောက်ပါ့သိုကတော့ စိတ်မကောင်းကြီးစွာ သက်ပြင်းသာချလိုက်မိတယ်။
………….
******