အခန်း (၂၀၉-၂၁၀)
Vol. 21 Ch. 209-210
209 01
အခန်း 209
ကျောက်အာက သူမရဲ့ခြိမ်းခြောက်မှုက အောင်မြင်သွားလား ဒါမှမဟုတ် ဒီလူတွေက အစကတည်းက သူမကို ငွေညှစ်ချင်လို့လားတော့မသိဘူး။ အခုကျောက်အာက စိုထိုင်းထိုင်း အချုပ်ခန်းထဲကနေ တခြားအခန်းကို ပြောင်းရွှေ့ခံလိုက်ရသလို တစ်ယောက်ယောက်ကလည်း သူမဒဏ်ရာတွေကို လာကုသပေးခဲ့တယ်။
ဒါပေမယ့် ဒါတွေက အကုန်ပါပဲ။ အချိန်တွေဘယ်လောက်ကုန်သွားသလဲတော့ မသိ မှောင်မဲမဲအချုပ်ခန်းကနေ ထွက်လာတော့လည်း အပြင်ဘက်က နှစ်ဆလောက် ပိုမှောင်မဲနေပေမယ့် သင်္ဘောကတော့ ဆက်ရွေ့လျားနေတုန်းပဲ။
လမ်းတစ်လျှောက်မှာ အပူချိန်တဖြည်းဖြည်း ပြောင်းလဲလာတာကို ခံစားလို့ရတယ်။ ကျဲ့ကျန်းမှာ ဆောင်းဦးဝင်တာနဲ့ အေးစပြုနေပြီဆိုပေမယ့် ဒီမှာတော့ နွေရာသီလိုပဲ။ ကျောက်အာက ဒီနှစ်ရက်အတွင်း အစားအသောက်ယူလာပေးတဲ့ အနက်ရောင်ဝတ် လူကြမ်းကြီးကလွဲလို့ တခြားဘယ်သူ့ကိုမှ မတွေ့ရဘူး။
သူမ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရသလောက် အခန်းထဲမှာ ပြူတင်းပေါက်တွေရှိပေမယ့် သံနဲ့အပြီးပိတ်ခံထားရပြီး တံခါးအဝက အစောင့်နှစ်ယောက်ကလည်း သူမကို မျက်ခြေမပြတ်စောင့်ကြည့်နေတယ်။
သူမ ထွက်ပြေးလို့မရဘူး။ အမှန်တော့ ထွက်ပြေးလို့ရခဲ့ရင်တောင် ပင်လယ်ကြီးက ကျယ်လွန်းတယ်။ ဒီသင်္ဘောကလွဲရင် ကမ်းမမြင် လမ်းမမြင်နဲ့ သေဖို့ပဲရှိတယ်။ ဒီလိုနဲ့ ကျောက်အာမှာ ဒီလူတွေ သူတို့ရည်ရွယ်ချက်ကို ပြလာတဲ့အချိန်အထိ တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်စောင့်နေဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
အမှန်တော့ ဘယ်သူမှ မလာခဲ့တာတော့ မဟုတ်ဘူး။ ယောက်ျားတစ်ယောက်က သူမကို နှစ်ခါတောင် လာတွေ့ခဲ့သေးတယ်။ ပထမအကြိမ်တော့ ဘာမှမပြောဘဲ ဒီတိုင်းအခြေအနေသာ ကြည့်သွားခဲ့ပေမယ့် ဒုတိယအကြိမ်ကတော့ အခုပဲ။
“ငါတို့ရောက်တော့မှာ ရော့ ယူလိုက် ကိုယ့်အတွက် ဘာကောင်းသလဲသိရင် မျက်စိအုပ်ထားလိုက်”
မော့ကျားက အနက်ရောင်အဝတ်တစ်ခု ပစ်ပေးလိုက်ပေမဲ့လည်း ကျောက်အာက မဖမ်းလိုက်တာကြောင့် အဝတ်စလေးက ကြမ်းပေါ်သာ ကျသွားတယ်။
“ရှင် ဘယ်သူလဲ။ ဘာလို့ ကျွန်မတို့ကို တိုက်ခိုက်တာလဲ။ ဘာလို့ ကျွန်မကို ဖမ်းထားတာလဲ”
ကျောက်အာက ဒီမေးခွန်းကိုမေးနေတာ ဘယ်နှစ်ကြိမ်မှန်းတောင် မသိတော့ဘူး။ ဒါပေမယ့် ဘယ်သူမှ သူမကို ပြန်မဖြေပေးကြဘူး။ ဒီလူလည်း ထိုနည်း၎င်းပဲမို့ အပြင်ကလူနှစ်ယောက်ဆို ပိုဆိုး။
သူတို့အားလုံးက ကန်းချင်ယောင်ဆောင်နေကြတယ်။
ဒီတစ်ခေါက်တော့ တစ်ဖက်လူက သူမကို တစ်ချက်ကြည့်ပြီး တကယ်ပြန်ဖြေတယ်။
“သိချင်လို့လား”
“ရှင်က တကယ်ပဲ ဘယ်သူလဲ”
“ငါတို့က ပင်လယ်ဓားပြတွေ”
“အဲဒါတော့ သိတာပေါ့ ဘာလိုချင်တာလဲ။ ပြောစမ်းပါ တတ်နိုင်တာဆို ချက်ချင်းပေးပစ်လိုက်မယ်”
ကျောက်အာက ရွှီထင်းရှန်း သူမ ပျောက်နေကြောင်းသိသွားရင်ဆိုတာကို တွေးမိတိုင်း ဂနာမငြိမ်ဖြစ်လာရသလို စိတ်ထဲမှာလည်း နိမိတ်မကောင်းသလို ခံစားနေရတယ်။ မော့ကျားကတော့ အသာပြုံးရင်း
“ဘာမှမလိုချင်ပါဘူး”
ကျောက်အာက မယုံဘဲ စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်ပေးလိုက်တဲ့အခါ မော့ကျားရဲ့အကြည့်တွေကလည်း အံ့ဩသွားပြီးမှ ကျောချမ်းစရာကောင်းတဲ့ အလင်းတစ်ခုနဲ့အတူ တောက်ပလာတယ်။
ဒီတော့မှ ဒီလူ့မှာ နက်ပြာရောင်မျက်ဝန်းတွေရှိပြီး တာ့ချန်းကမဟုတ်တာ သိလိုက်တာ။
“မပြောချင်ဘူးဆိုလည်း ထားလိုက်တော့ သွားရင် တံခါးပိတ်သွား”
အဲဒီနေ့ည ကျောက်အာက အများအားဖြင့် သူမရဲ့ခေါင်းနဲ့လည်ပင်းမှာ ဒဏ်ရာတွေ ရှိနေတုန်းပဲ။ ဒီလောက်ပြင်းထန်တဲ့ အခြေအနေမှာ ဘယ်လိုအသက်ရှင်ခဲ့သလဲ မသိပေမယ့် နိုးလာတော့ ခေါင်းနောက်မှာ ကြီးမားတဲ့ အဖုကြီးနဲ့ လည်ပင်းအကြောတင်သလို ဖြစ်နေတာပဲ သိလိုက်ရတယ်။
209 02
နောက်ပြီး ဟိုလူနှစ်ယောက်ကို ခုခံတုန်းကလည်း အတွင်းအပြင် ဒဏ်ရာတချို့ ရသွားလောက်တယ်။ အခုအချိန်အထိ ကျောက်အာက အဲဒီညကို ပြန်မစဥ်းစားသေးရဲဘူး။ ကြည့်ရတာ သူမဦးခေါင်းတစ်ခုလုံးက နာကျင်မူးနောက်နေလို့ထင်ပါတယ်။ အဲဒီတုန်းက ပုံမှန်အသိစိတ် မဟုတ်ခဲ့ဘူး။
သူ တစ်ယောက်ယောက်ကို သတ်လိုက်တာတော့ သိပေမယ့် သေချာမမှတ်မိတာရယ် ခံစားမှုတွေ ရောထွေးနေတာရယ်ကြောင့် ဘာမှမခံစားရဘူး။ အမှန်တော့ နောင်တရချင်ရင်တောင် ပြန်ခေါက်ထားလိုက်တာ။ ဘာလို့ဆို အဲဒီနှစ်ယောက်က လူ့တိရစ္ဆာန်တွေမို့ပဲ။
“ငါတို့ကို မင်းယောက်ျားက မင်းကို သတ်ဖို့လွှတ်လိုက်တာဆိုရင်ရော ယုံမှာလား”
မော့ကျားက သူမကို အေးအေးလူလူကြည့်ရင်း ရုတ်တရက် ထုတ်ပြောလာတယ်။
“မဖြစ်နိုင်တာ!”
“ဘာလို့မဖြစ်နိုင်ရမှာလဲ။ မင်းယောက်ျားက အသက်ငယ်ငယ်လေးနဲ့ အရေးပါတဲ့ရာထူးကြီးတစ်ခု ကိုင်ဆောင်ထားနိုင်တယ်။ သူ့ကြည့်ရတာ ရည်မှန်းချက်လည်းကြီးပုံရပေမယ့် လက်ရှိရန်သူတွေဝိုင်းပြီး အမြင့်မတက်နိုင်ဖြစ်နေတယ်။ သနားစရာက နောက်ခံလည်းမရှိ အဆက်အသွယ်လည်းမရှိတော့ တကယ်လို့များ အကောင်ကြီးကြီးတစ်ယောက်ရဲ့ သမီးက သူ့ကိုကြိုက်လို့ ရာထူးလည်းမြင့် လစာလည်းကောင်းတဲ့ အခွင့်အရေးကို ကမ်းလှမ်းလာမယ်ဆိုရင် ပထမဇနီးဖြစ်တဲ့မင်းက သူ့အတွက် မျက်စိဆံပင်မွှေး စူးစရာဖြစ်လာမှာပဲ။ ဘာပဲဖြစ်ဖြစ် ငါကြားတာတော့ မင်းယောက်ျားက ဒီအတွက်ကြောင့်ပဲ မြို့တော်ကနေ ကန်ထုတ်ခံခဲ့ရတာဆို လက်ရှိဒီအနေအထားရောက်နေတာကလည်း ကံတရားက မျက်နှာသာပေးနေလို့ပဲ မဟုတ်လား”
မော့ကြည့်လာတဲ့ ကျောက်အာရဲ့သူငယ်အိမ်တွေက ကျဥ်းဝင်သွားတယ်။
“ရှင် တကယ် ဘယ်သူလဲ”
“ပြောပြီးပါရော ငါက ပင်လယ်ဓားပြပါဆို”
“ဓားပြတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်အများကြီး သိနေနိုင်မှာလဲ”
မော့ကျားက ရယ်လိုက်ပြီး “ဒါကတော့ မင်းပြန်ဖြေရမယ့် မေးခွန်းဖြစ်သွားပြီ စဥ်းစားကြည့်စမ်းပါ။ ငါ့လိုလူတစ်ယောက်က ဘာလို့ ဒါတွေသိနေရတာလဲ။ ဒါတွေတင်မဟုတ်ဘူး အဲဒီအကောင်ကြီးကြီးသမီးက ဝူမျိုးရိုးဆိုတာတောင် သိထားသေးတယ်!”
ကျောက်အာကတော့ နွေလယ်ခေါင် မိုးကြိုးပစ်ချသလို တန့်သွားတယ်။
ဝူ။ ဆိုတော့ ဝူဝမ့်ချုံးလား။
လက်ရှိ အရှေ့က မိန်းမတိုင်း ပစ်ကြွေသွားနိုင်တဲ့မျက်နှာပိုင်ရှင်ကို သူမကတော့ တစ်စစီသာ ကုတ်ဖဲ့ပစ်ချင်တော့တယ်။
တကယ်လည်း သူပြောသလိုပဲ ဒီအကြောင်းတွေက အတွင်းလူပြောပြမှ သိနိုင်မယ့်အရာ ကုန်းအာက တကယ်ပဲ သူမကို ဖယ်ရှားပစ်ချင်နေတာလား။ ဟင့်အင်း မဖြစ်နိုင်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ကျောက်အာက သူမတို့မင်္ဂလာဆောင်ကနေ မြို့တော်ကထွက်လာတဲ့ လက်ရှိအချိန်အထိ ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောင်းတွေးမိသွားတယ်။ နှစ်ယောက်သားက ဒီလောက်အများကြီး အတူတူကျော်ဖြတ်လာခဲ့ကြတာ နောက်ပြီး သူမ ခရီးထွက်ရမှာမို့ ကြီးကောင်ကြီးမားနဲ့ စိတ်ဆိုးနေတဲ့သူကို ဘယ်လောက်ချော့ခဲ့ရသလဲဆိုတာ သူအသိဆုံး။
လဝက်တောင် မရှိသေးတဲ့ဟာ ဘယ်လိုလုပ် သူမကို သတ်ခိုင်းမှာတဲ့လဲ။
“ရှင် ဘယ်သူလဲ ဘာလို့ဒီလိုတွေလုပ်နေလဲ မသိပေမယ့် ကျွန်မပါလာမယ်ထင်ရင်တော့ မှားသွားပြီ”
မော့ကျားက ကျောက်အာရဲ့တုံ့ပြန်မှုကို နည်းနည်း မထင်မှတ်ထားဘူး။ သူ့စိတ်ထဲမှာတော့ ဒီလင်မယားက အမြဲတမ်း တစ်ကွဲတစ်ပြားဖြစ်နေတာမို့ ဘယ်လောက်ပဲ သံယောဇဥ်ရှိပါစေ အကန့်အသတ်တော့ ရှိမှာပဲလို့ ထင်ထားတာ။
အဲဒါထက် ဒီမိန်းမက နိမ့်ကျတဲ့မိသားစုကဖြစ်တဲ့အပြင် စီးပွားရေးသမားလည်း ဟုတ်သေးတယ်။ ရွှီထင်းရှန်းကတော့ တောက်ပတဲ့အနာဂတ်ရှိတာ အထင်အရှားပဲ။ သူမ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်သွားရမှာမဟုတ်ဘူးလား။
သို့ပေမယ့်လည်း လက်ရှိ ခေါင်းမှာပတ်တီးဖြူဖြူ ဖရိုဖရဲဖြစ်နေတဲ့ ပုံစံနဲ့ ထိုင်နေတဲ့မိန်းမကို ကြည့်ပြီး သူမက တစ်တိုင်းပြည်လုံးအနှံ့ မကြောက်မလန့် လျှောက်သွားရဲပြီး လူနှစ်ယောက်ကိုတောင် ပိုးမွှားသတ်သလို သတ်ခဲ့တာကို ပြန်တွေးမိတော့လည်း သူက ဘယ်လိုလုပ် သာမန်မိန်းမဖြစ်မှာလဲ။
209 03
မော့ကျားက အသာပြုံးလိုက်ပြီး သူမတစ်ကိုယ်လုံးကို ခြုံကြည့်လိုက်တယ်။
“မယုံဘူးဆိုလည်း ထားလိုက်ပါတော့လေ”
သူက ဒီလိုပြောပြီးတာနဲ့ လှည့်ထွက်သွားတယ်။ ဒီလူက အပြောအဆိုရော အပြုအမူရော လုပ်သမျှထူးဆန်းနေတာမို့ ကျောက်အာမျက်လုံးထဲမှာတော့ ကန့်လန့်ပဲဖြစ်နေတယ်။ ဘာလိုချင်မှန်း တွေးမရမှတော့ ဆက်တွေးမနေတော့ဘဲ ကြမ်းပေါ်က အဝတ်စကိုသာ ကောက်ယူလိုက်တယ်။
ရောက်တော့မယ် ဘယ်ကိုရောက်မှာလဲ။ ဘာတွေ စောင့်ကြိုနေဦးမှာလဲ။
****
ဟိုင်နန်အဖြစ် သိကြတဲ့ ချုံကျိုးကျွန်းစွယ်က တာ့ချန်းရဲ့တောင်ဘက်အစွန်ဆုံးမှာ တည်ရှိပြီး တုန်းဟိုင်ပင်လယ်နဲ့ အနီးဆုံးပဲ။ အဲဒီနေရာက ရေလယ်ခေါင်မှာရှိတဲ့အပြင် ပြည်မကြီးနဲ့လည်း အလှမ်းဝေးတော့ တော်တော်လေး သီးသန့်ဖြစ်နေတာတော့ မဆန်းပါဘူး။
နန်းတွင်းလွှတ်တော်ရဲ့ အာဏာစက် မသက်ရောက်နိုင်တဲ့ဒေသမို့ အရပ်သားကင်းမဲ့တဲ့ ဒီနေရာဟာ ရာဇဝတ်သားတွေ ပင်လယ်ဓားပြတွေ စခန်းချရာဖြစ်လာတယ်။ နန်းတော်ကလည်း ပင်လယ်ကို အထပ်ထပ်အကာကာ တားမြစ်ထားတာကြောင့် ဒီဒေသမှာ နယ်ခံအရာရှိ မရှိသလို ရှိလည်း အရေးတယူရှိမှာ မဟုတ်ဘူး။
ချုံကျိုးကျွန်းစွယ်ရဲ့ အနောက်တောင်ဘက်မှာ နောက်ထပ် ကျွန်းလေးတစ်ခုရှိသေးတယ်။ ဒီကျွန်းလေးကတော့ နာမည်တောင်မရှိ အများသူငှာမသိကြပေမယ့် ဟုန်ဘန်းဂိုဏ်းရဲ့ အခြေစိုက်ဖြစ်တယ်။
လက်ရှိ ဂိုဏ်းခေါင်းဆောင်အားလုံး ကျွန်းပေါ်က တောင်တစ်ခုမှာ ခြေကုပ်ယူထားတဲ့ ကျူးယီခန်းမကို ရောက်ရှိနေကြပြီဖြစ်တယ်။ ဟုန်ဘန်းဂိုဏ်းမှာ စုစုပေါင်း အတွင်းခန်းမ ၈ခုနဲ့ အပြင်မုခ်ဝ ၁၂ခုရှိတယ်။
အပြစ်မုခ်ဝကလူတွေကတော့ အထဲဝင်ခွင့်မရှိလို့ ဟောခန်းမအပြင်မှာပဲ စောင့်ကျန်ခဲ့ရတယ်။ လက်ရှိ ကျူးယီခန်းမအပြင်က ကွက်လပ်ကြီးထဲမှာ ယောက်ျားမိန်းမမရွေး ပုံစံပေါင်းစုံ လူပေါင်းစုံ စုဝေးနေပြီး အထဲက အခြေအနေကို ရပ်ကြည့်နေတယ်။
အဓိကခန်းမကြီးရဲ့ အမြင့်ဆုံးနေရာမှာ စန္ဒကူးသား ထိုင်ခုံကိုမှ ကျားသားရေဖုံးအုပ်ထားတဲ့ ပလ္လင်သဖွယ်နေရာမှာ ထိုင်နေတဲ့သူက အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်။ ရှည်ရှည်သွယ်သွယ် ကိုယ်ဟန်နဲ့ အနီရောင်ဝတ် အမျိုးသမီးဟာ အခုမှအသက် သုံးဆယ်စွန်းစွန်းသာ ရှိဦးမယ့်ပုံပေါ်ပြီး အတော်လေး လှပကျော့ရှင်းတယ်။
လောလောဆယ်မှာတော့ သူမက ပျင်းရိပျင်းတွဲဟန်နဲ့ လက်ရန်းက နဂါးခေါင်းပေါ် ဖြူသွယ်သွယ် လက်တွေတင်ရင်း ငြိမ်နေပေမယ့် အကြောင်းသိတဲ့သူတိုင်းကတော့ မုန်တိုင်းမတိုင်ခင် လေပြည်သွေးနေမှန်း ရိပ်မိကြတယ်။
သူက ဟုန်ဘန်းဂိုဏ်းရဲ့ ခေါင်းဆောင်ကြီး ဟုန်းကူကလွဲလို့ ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
သူမရဲ့အနီးဆုံး အောက်ခြေတစ်ဖက်တစ်ချက်မှာ ဒုခေါင်းဆောင် သင်းရှီနဲ့ အပြစ်ပေးခန်းမခေါင်းဆောင် ရှီကျီတို့ရှိနေပြီး နောက်ထပ် အောက်တစ်ဆင့်မှာတော့ ဂိုဏ်းခွဲ ၈ခုရဲ့ ခေါင်းဆောင်အသီးသီးက ဘေးချင်းကပ် နေရာယူထားကြတယ်။
“ခေါင်းဆောင်လု ဒီတစ်ခေါက်ကိစ္စအတွက် ငါနဲ့တခြားလူတွေကို သင့်တော်တဲ့ ရှင်းပြချက်တစ်ခု ပေးဖို့လိုလိမ့်မယ်”
သူမအသံက တိုးညှင်းပေမယ့် တိတ်ဆိတ်တဲ့ခန်းမထဲမှာ ပဲ့တင်ထပ်သွားတယ်။ နောက်ဆက်တွဲအနေနဲ့ မုတ်ဆိတ်အပြည့်နဲ့ အသက်လေးဆယ်အရွယ် ထွားကျိုင်းကျိုင်း အပြစ်ပေးခေါင်းဆောင် ရှီကျီကလည်း ထပ်ပြောတယ်။
သူက မျက်လုံးတစ်ဖက်ကွယ်နေလို့ အနက်ရောင်မျက်လုံးကာ တစ်ဖက်ဝတ်ဆင်ထားပေမယ့် အဝတ်အောက်ကနေ ထွက်နေတဲ့ ရှည်လျားတဲ့အမာရွတ်ကြီးကိုတော့ မဖုံးထားနိုင်ဘူး။
“ခေါင်းဆောင်ကြီးက အစိုးရကို သွားမထိဖို့ပြောထားတာ ရှင်းပါတယ်။ ဒါပေမယ့် အခုမင်းရဲ့ တိ(ဂိုဏ်းခွဲ)က အထက်မိန့်မပါဘဲ ကျဲ့ကျန်းရေတပ်ဦးစီးရဲ့ မိန်းမကိုတောင် သွားပြန်ပေးဆွဲလိုက်သေးတယ်။ အခုရွှီထင်းရှန်းကလည်း သူ့မိန်းမကို တွေ့တဲ့ဘယ်သူမဆို ငွေစ တစ်သောင်းနဲ့ ကယ်လာပေးတဲ့သူတိုင်းကို ငွေစ တစ်သိန်း ဆုငွေထုတ်လိုက်ပြီ။ ဒီကိစ္စကို အသာလေး မကျော်သွားဘူးဆိုတာ ရှင်းတယ်။ ခေါင်းဆောင်လု ဒါကိုဘယ်လိုဖြေရှင်းမှာလဲ”
ဘယ်ဘက် ပထမဆုံးခုံမှာထိုင်နေတဲ့ လုချီဆိုသူက ဘုန်းကြီးတစ်ယောက်ဆိုရင်တောင် လူကောင်ကြီးပြီး မျက်နှာအပြည့်အမာရွတ်တွေ ရှိတယ်။ လက်ရှိသူက အညိုရောင်သင်္ကန်းကိုမှ ခါးစည်းဖြည်ပြီး ဝတ်ထားတာကြောင့် အနက်ရောင်ရင်ဘတ်မွှေးတွေက မြင်သာနေတယ်။
209 04
သူ့ကြည့်ရတာ စိတ်ရှည်သည်းခံမယ့်ပုံလည်း မရသလို မှန်းထားတာနဲ့ကွက်တိ ထပ်တလဲလဲ မေးငေါ့ခံနေရတော့ မနေနိုင်ဘဲ ထပြောတယ်။
“ဘာတွေ စည်းမျဥ်းတွေ လုပ်ထုံးတွေလာပြောနေတာလဲ။ ငါတို့ဟုန်ဘန်းဂိုဏ်းက လွှတ်တော်ကိုကြောက်နေလို့လား”
“ဟုန်ဘန်းဂိုဏ်းက ဒီမှာအခြေချတာမို့ နန်းတွင်းလွှတ်တော်ကို ဂရုစိုက်နေစရာ အကြောင်းမရှိဘူး။ ဒါပေမယ့် ဒီလိုအထိမခံတဲ့ကာလမှာတော့ ဘာပြဿနာမှ မလိုအပ်ဘဲ ရှာလို့မဖြစ်ဘူး။ အော့မန်က ဖိုလန်ကျီတွေက ငါတို့ကို ရန်ငြှိုးထားနေပြီးသား။ တကယ်လို့ သူတို့သာ အမြင်ကပ်ပုဒ်မနဲ့ အစိုးရနဲ့သွားပေါင်းပြီး လာတိုက်မယ်ဆို နစ်နာမှာ ငါတို့ပဲ”
ပြောသူက အဝါရောင်အဖွဲ့ခေါင်းဆောင် စုန့်ချီပဲ။ ဒီလူက အသက် ၃၀အရွယ်လောက်ရှိပြီး သူ့ဝတ်စားပုံကို ကြည့်တာနဲ့တင် ပင်လယ်ဓားပြထက် စာသင်သားနဲ့တောင် ပိုတူသေးတယ်။ သူက ဟုန်ဘန်းဂိုဏ်းထဲမှာ ဗျူဟာရှင်အဖြစ် လူသိများပြီး သူကြံစည်သမျှက ဘယ်တော့မှ ကျရှုံးတယ်မရှိဘူး။
ကျန်တဲ့လူအားလုံး ခေါင်းညိတ်နေကြတဲ့အချိန် ဟွမ်းဇီအဖွဲ့ခေါင်းဆောင် ချွင်းဟယ်က ဝင်ပြောတယ်။ သူက ချွင်ယန်းခေါင်းပတ်ပုဝါကိုမှ တာအိုဘုန်းကြီးဝတ်ရုံနဲ့ တွဲဝတ်ထားပြီး ကြင်နာတတ်ဟန်နဲ့ စိတ်ရင်းကောင်းတဲ့ လူအိုကြီးပုံပေါ်တယ်။
“ဒီကိစ္စက ခေါင်းဆောင်လုကိုလည်း သွားအပြစ်တင်လို့မရပါဘူးလေ။ တျန့်ဟိုင် ဆိပ်ကမ်းဖွင့်လိုက်ကတည်က ကျုပ်တို့ဘယ်လောက် ဆုံးရှုံးခဲ့ရသလဲ။ နောက်ပြီး ရေတပ်ဖွဲ့စည်းလိုက်တာကလည်း ကျုပ်တို့ကို ပိုဘောင်ကျဥ်းသွားစေတယ်။ အခု ချောင်ရှန်း၊ ဒီဝေါ့လူနဲ့ တခြားနိုင်ငံတွေကို ကုန်သွယ်တဲ့ တုန်းဟိုင်ပင်လယ်က လုံးဝပိတ်ဆို့ခံလိုက်ရပြီ ဂိုဏ်းမှာ လူပေါင်းထောင်နဲ့ချီရှိတယ်။ ဆန်နဲ့ပြောင်းနှံအားလုံးကို ကိုယ်တိုင်လည်း မစိုက်နိုင်တော့ ချောင်ရှန်းက တင်ပို့တာကိုပဲ အားကိုးရတာ”
“အခုကျဲ့ကျန်းရေတပ်က လမ်းလာပိတ်နေတော့ တကူးတက အန်းနန်နဲ့ မာလက်ကာတို့မှာ သွားဝယ်ရတော့မယ်။ အန်းနန်ကလည်း ကသောင်းကနင်း မာလက်ကာကလည်း ဖိုလန်ကျီတွေ အပိုင်သိမ်းထားတယ် ဒီစားရေးသောက်ရေးကိစ္စက အနှေးနဲ့အမြန် ဂိုဏ်းအတွင်းအုံကြွမှုတွေ ဖြစ်လာစေမှာမို့ ခေါင်းဆောင် လုက ဂိုဏ်းအတွက် တွေးပြီး လုပ်ပေးတာပါ။ ခေါင်းဆောင်ကြီး ပြစ်တင်မစောပါနဲ့ဦး”
သူပြောတာ မှန်တယ်။ တကယ်လည်း ဂိုဏ်းက ဒီကိစ္စအတွက် အကြိမ်ပေါင်းများစွာ အခြေအတင် ဆွေးနွေးခဲ့ကြဖူးတယ်။ အတော်များများက ဒါပထမဆုံးလည်းမဟုတ်တော့ နန်းတော်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အကြံပေးကြပေမယ့် ခေါင်းဆောင်ကြီးရဲ့ ပယ်ချခြင်း ခံလိုက်ရတယ်။
ဟုန်ဘန်းဂိုဏ်းက အရှိန်အဝါရှိပြီး လူအင်အားလည်းများပေမယ့် အရင်ကလောက် အင်အားကြီးတော့တာ မဟုတ်ဘူး။ အစိုးရရဲ့ ထပ်ကာတလဲလဲ ရေကြောင်းကုန်သွယ်ရေးကို တားမြစ်ပြီး ကျွန်းတွင်းပိုင်းက ပြည်သူတွေကို နေရပ်ပြောင်းရွှေ့ခိုင်းတာက ဟုန်ဘန်းဂိုဏ်းကိုလည်း အများကြီး လာထိခိုက်တယ်။
ဂိုဏ်းအတွင်းမှာ မန်ဘာတွေနဲ့ သူတို့မိသားစုတွေအားလုံးပေါင်းလိုက်ရင် လူပေါင်း ၂သောင်းလောက်ရှိတယ်။ ဒါပေမယ့် အပြင်ဘက်က နိုင်ငံခြားသားတွေနဲ့ ဖိုလန်ကျီတွေရန်ကို စောင့်ကြည့်ရမယ့်အပြင် ကိုယ့်ပြည်တွင်းအစိုးရကလည်း ဖိနှိပ်နေတော့ အခြေအနေတွေက ခက်ခဲသင့်တာထက် ပိုခက်ခဲနေတယ်။
အထူးသဖြင့် အရင်ခေါင်းဆောင်ဟောင်း ဆုံးပါးသွားလို့ သူ့မိန်းမ ဟုန်းကူ လက်လွှဲယူလိုက်ကတည်းက ဂိုဏ်းက ကမောက်ကမဖြစ်နေတာမို့ တတ်နိုင်ရင် အပိုပြဿနာတွေ မရှာချင်ကြဘူး။ ဓားပြအချို့ထဲ စာသင်သားတွေပါပေမယ့် သူတို့မှာ ဘာအခြေခံသဘောတရားမှ နားမလည်ဘဲ စာဖတ်တတ်ရုံသာရှိတယ်။
အခုလည်း ချွင်းဟယ်စကားကို နားထောင်ပြီး ရဲသွေးရဲမာန်တွေ ကြွလာတော့တယ်။
“ဟုတ်တယ် ဘာလို့ အဲဒီအစိုးရကို ကြောက်နေရမှာလဲ။ ဧကရာဇ်က အဝေးကြီးမှာ လုပ်ရဲရင် တစ်ခါလောက် လာဖမ်းကြည့်လိုက်လေ!”
“တော်ဝင်ရေတပ်ဆိုလည်း လာစမ်းပါ။ ငါတို့က သင်ခန်းစာ ကောင်းကောင်းပေးပစ်လိုက်မယ်!”
ဂိုဏ်းသားတွေရဲ့ ထောက်ခံမှုကြောင့် ခန်းမထဲက လုချီရဲ့မျက်နှာက မော်ချီသွားပေမယ့် မတရားခံရတဲ့ဟန် လုပ်ယူလိုက်ပြီး “ကျုပ် ကျဲ့ကျန်းကို လူတွေလွှတ်လိုက်တယ်ဆိုတာ ဂိုဏ်းအတွက် စဥ်းစားတာမှန်ပေမယ့် ခေါင်းဆောင်ကြီးရဲ့ စကားအရဆိုရင်တော့ ကျုပ်မှားပါတယ်”
209 05
ဟုန်းကူက မျက်နှာနှစ်မျိုးနဲ့လူကိုကြည့်ပြီး ဒေါသထွက်လွန်းလို့ ဘာမှတောင် မပြောနိုင်တော့တဲ့အချိန် ဒုခေါင်းဆောင် သင်းရှီကပဲ ဝင်ဖြန်ဖြေတယ်။
“ခေါင်းဆောင်ကြီးက အဲဒီလိုပြောချင်တာမဟုတ်ပါဘူး။ အခုက သတိထားရမယ့်အချိန်မို့ မလိုလားအပ်တာတွေ မဖြစ်စေချင်ရုံပါပဲ”
“ဘာပဲဖြစ်ဖြစ် လူက ငါတို့လက်ထဲမှာပဲ တကယ်လို့ အဲဒီရေတပ်ဦးစီးက ပြဿနာလာရှာရင်လည်း တစ်ဖက်လှည့်နဲ့ သူ့မိန်းမကို ပြန်ပို့ပေးလိုက်လို့ရတာပဲ။ အဲဒါဆို ငါတို့က ဆုကြေးတောင် ရဦးမှာ ဟားဟား”
လုချီက ပြုံးဖြီးဖြီးနဲ့ ပြောတယ်။ သူ့စကားတွေက မျက်နှာပြောင်တိုက်လွန်းလို့ တကယ်လို့ ခေါင်းဆောင်ကြီးသာ အာဏာလွှဲပေးခဲ့ရင် သူ့လူတွေက ပုန်ကန်မှာ ကျိန်းသေတယ်။ ဒီလိုအခြေအနေရောက်မှတော့ ဆက်ပြောလည်း ဘာမှမထူးတော့တာမို့ ဟုန်းကူက လုချီကို စူးရဲစွာ စိုက်ကြည့်ပြီး
“ဒီကိစ္စကို နောက်မှပြန်ဆွေးနွေးမယ်” ဆိုကာ ခန်းမထဲက လှည့်ထွက်လာခဲ့တယ်။ သင်းရှီကလည်း အနောက်ကလိုက်သွားတာမို့ အပြစ်ပေးခေါင်းဆောင် ရှီကျီက ထရပ်ပြီး လုပ်ယူထားတဲ့ ဟန်ဆောင်အပြုံးတစ်ခုနဲ့ အစည်းအဝေးလွှတ်ပေးလိုက်တယ်။
“အားလုံး သွားလို့ရပြီ”
ဒီလိုနဲ့ အတွင်းအပြင်က လူအုပ်ကြီးက ကြက်ငှက်တွေလို ပြန့်ကျဲလူကွဲသွားတဲ့အချိန် လုချီကတော့ ခန်းမဝင်ပေါက်ပေါ်မှာ ချိတ်ဆွဲထားတဲ့ ဘုတ်ပြားကိုမော်ကြည့်ကာ သူ့မျက်လုံးထဲ ယုတ်မာရက်စက်ဟန်တချို့ စွက်သွားတယ်။
မော့ကျားကိုတော့ အားလုံးက သူလည်း ကျဲ့ကျန်းကိုသွားခဲ့ကြောင်း တက်ညီလက်ညီ မေ့လိုက်ကြပုံနဲ့ ဘယ်သူမှ ဘာမှထုတ်မပြောကြဘူး။ သင်းရှီတစ်ယောက် အခန်းထဲမဝင်ခင် အထဲက ကျကွဲသံတွေကို အရင်ကြားလိုက်ရတယ်။
သူ အချိန်တစ်ခုစောင့်ပြီးမှ တံခါးခေါက်လိုက်တော့ ဟုန်းကူရဲ့အနီးကပ်အစေခံ လန်ချောင်က လာဖွင့်ပေးတယ်။ အထဲဝင်လိုက်တဲ့အခါမှာတော့ အစေခံတွေက အားလုံးရှင်းပြီးသွားပြီဖြစ်တယ်။ ဘေးခန်းက ရှည်လျားတဲ့ညောင်စောင်းပေါ်မှာတော့ ဒေါသထွက်နေတဲ့ နဂါးမတစ်ကောင် နှာမှုတ်လျက် လဲလျောင်းနေတယ်။
သင်းရှီက အရင်ခေါင်းဆောင်ဟောင်း ဟုန်းချီရဲ့မွေးစားသားဖြစ်ပြီး သူမနဲ့အသက် ၁၂နှစ်သာ ကွာတယ်။ ဟုန်းချီက သေအံ့ဆဲဆဲမှာပဲ သူ့တစ်ဦးတည်းသောသား ဟုန်းချန်းယင်က သုံးစားမရမှန်းသိလို့ ဟုန်ဘန်းဂိုဏ်းလို မိသားစုစီးပွားရေးကို သူ့မိန်းမလက်ထဲပဲ အပ်ခဲ့တာ။
ထောင်ပေါင်းများစွာသော လူတွေကို တာဝန်ယူရတဲ့ ဝန်ကမနည်းတဲ့အပြင် ဘယ်သူ့ကိုမှ မယုံရတာကြောင့် သင်းရှီကို ဒုခေါင်းဆောင်နေရာပေးကာ ဟုန်းကူရဲ့ပုခုံးပေါ်က ဝန်ထုပ်ကို မျှဝေစေခဲ့တယ်။
ဟုန်းကူက မိန်းမသားဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် သူမက သိုင်းပညာမှာရော ဉာဏ်ပညာမှာပါ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနိုင်တယ်။ သို့သော်ငြား ဘယ်သူမှ မိန်းမတစ်ယောက်ကို မလေးစားနိုင်တာကြောင့် အပြင်မှာသာ ကြောက်ဟန်ဆောင်ကြပေမယ့် စိတ်ထဲမှာတော့ ဘယ်တော့ဖြုတ်ချရမလဲ တွေးနေကြတာ။
ဥပမာ ဒီနေ့လိုပေါ့ လုချီက သူ့အမိန့်မနာခံတာ မှန်ပေမယ့် ထောက်ခံသူက များနေတော့ သူမ ဘာမှမလုပ်နိုင်တာက ခေါင်းဆောင်ရဲ့ အာဏာက လျော့ကျနေပြီဆိုတာ ပြသနေတာ ဒါကြောင့်လည်း ဟုန်းကူက ဒီလောက်ပေါက်ကွဲနေခဲ့တာဖြစ်တယ်။
သင်းရှီက လန်ချောင်ကို ရှောင်ခိုင်းလိုက်ပြီးမှ ခုံတစ်ခုမှာဝင်ထိုင်လိုက်တယ်။
“အရမ်း ဒေါသထွက်မနေပါနဲ့ ခေါင်းဆောင် လုချီက အပြောပဲရှိတာပါ”
………..
******
210 01
အခန်း 210
“ငါသိတာပေါ့ သူက ပါးစပ်ပဲရှိတာ”
ဟုန်းကူက ထထိုင်ပြီး “အပြစ်ပေးဌာနက သူ ဖူကျန်းနဲ့ကျဲ့ကျန်းအစိုးရနဲ့ တိတ်တဆိတ် သွားပူးပေါင်းထားတာ သက်သေရှာတွေ့ပြီလား”
တကယ်လို့ သူမက လုချီကို အပြစ်ပေးချင်တယ်ဆိုရင်တောင် ကျိုးကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ရှိမှဖြစ်မယ်။ နဂိုကတည်းက မိန်းမနဲ့ယောက်ျား ဖြစ်နေပါတယ်ဆိုမှ လုချီဆိုတာ အရင်ခေါင်းဆောင်ရှိထဲက ဆိုးတူကောင်းဖက် ရှိလာခဲ့တဲ့သူမို့ သက်သေမရှိရင် ဟုန်ဘန်းဂိုဏ်းသားတွေကို သိမ်းသွင်းဖို့ခက်လိမ့်မယ်။
သင်းရှီက ခေါင်းခါပြလိုက်ပြီး “လုချီက ဆိုးယုတ်ပေမယ့် အကွက်စေ့တယ်။ သူက သူ့ခြေရာလက်ရာတွေကို လွယ်လွယ်ချန်ခဲ့မှာမဟုတ်ဘူး။ အထူးသဖြင့် အခုတိဇီထန်းက ကွမ်တုန်းဒေသကနေ ဆန်ဝယ်ဖို့ တာဝန်ယူထားတာဆိုတော့ ပါဝင်မှုရှိရင်တောင် သက်သေရှာဖို့ခဲယဥ်းလိမ့်မယ်”
ဟုန်းကူက ခဏလောက် စဥ်းစားနေပြီးတော့မှ “ရွှမ်းဇီအဖွဲ့ကို အသုံးချလို့ရတာပဲ”
သင်းရှီက ခါးခါးသီးသီး ပြုံးလိုက်မိတယ်။
“မော့ကျားက နက်ရှိုင်းပြီး လှုပ်ကိုင်ဖို့မလွယ်ဘူး။ သူဘာတွေကြံစည်ထားသလဲဆိုတာ သိဖို့မဖြစ်နိုင်သလောက်ပဲ။ သူက အမြဲတမ်း တိဇီထန်းနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပေမယ့် သဘောထားကတော့ မသေချာဘူး။ ဥပမာ ဒီတစ်ခေါက် တိဇီထန်းက အဲဒီမိန်းကလေးကို သတ်ပစ်ဖို့ပြောခဲ့ပေမယ့် အသက်ရှင်လျက် ပြန်ခေါ်လာတာပဲ ကြည့်လေ”
ဟုန်းကူက ခပ်လေးလေး သက်ပြင်းချလိုက်ပြီး မျက်ခုံးတွေ တွန့်ချိုးနေတယ်။
“ဟူး ရှီကျီနဲ့လော့ကျောက်တို့ကို ပြောလိုက် သူတို့ကို မပြတ်စောင့်ကြည့်ထားဖို့ ဒီလိုအထိမခံတဲ့ကာလမှာ သူတို့ကြောင့် ငါတို့အစီအစဥ် ပျက်သွားလို့ မဖြစ်ဘူး။ ဟိုဖိုလန်ကျီကောင်တွေနဲ့ ဆုံဖို့ကိုတော့ ငါကိုယ်တိုင် ဖြေရှင်းမယ်”
“ခေါင်းဆောင်ကြီး …”
သင်းရှီက အလန့်တကြားဖြစ်သွားပြီးမှ သူ့စိတ်ခံစားချက်တွေကို ပြန်ထိန်းကာ “ကျွန်တော့်ကိုပဲ သွားခိုင်းလိုက်ပါ”
“ဟင့်အင်း မင်းက ဒီကျွန်းမှာပဲနေခဲ့ ဟိုမိန်းမကိုလည်း လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားလိုက်ဦး။ တိဇီထန်း ဘာမှပြဿနာမလုပ်စေနဲ့။ ငါပြန်ရောက်တော့မှ ကျဲ့ကျန်းရေတပ်ကိစ္စ ထပ်ပြောကြတာပေါ့”
အဲဒီလိုပြောပြီးတာနဲ့ ဟုန်းကူက ချက်ချင်း ထွက်သွားပြီး သင်းရှီကတော့ သူမရဲ့ မယိမ်းယိုင်တဲ့ ကျောပြင် တရွေ့ရွေ့ပျောက်ကွယ်သွားတာ ကြည့်ရင်းသာ အချိန်အတော်ကြာ မိန်းမောနေမိတယ်။ လုချီကတော့ ခေါင်းဆောင်ကြီးကို အားလုံးအရှေ့မှာ အရေးနိမ့်အောင် လုပ်ခဲ့ရတဲ့အတွက် အင်မတန် ဝမ်းသာပီတိဖြစ်နေတယ်။
ထိုနေ့ညနေခင်းမှာပဲ တိဇီအဖွဲ့ရဲ့ စခန်းမှာ ညစာစားပွဲတစ်ခု တည်ခင်းခဲ့ပြီး သူနဲ့ရင်းနှီးတဲ့ အဖွဲ့ခေါင်းဆောင်အချို့အပြင် ကျန်းကို့ကိုလည်း အတူသောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲဒီ ‘ကျန်းကို့သခင်ကြီးတွေ’ဆိုတာက တကယ်တော့ ခေါင်းဆောင်ကြီးလက်အောက်က ဂိုဏ်းအကြီးအကဲတွေပဲ။
အဲဒါကလည်း ဟုန်ဘန်းဂိုဏ်းက ကနဦးထဲက ပင်လယ်မှာဖွဲ့စည်းခဲ့တာမဟုတ်ဘဲ ကမ်းရိုးတန်းတစ်လျှောက်မှာ တည်ထောင်ခဲ့တာမို့လို့ပဲ။ ကျန်းကို့တစ်ခုချင်းစီမှာ ကပ္ပတိန်နဲ့ တခြားသာမန်ပင်လယ်ပျော် ဓားပြတွေ အများကြီးပါဝင်တယ်။
ပင်လယ်ဓားပြတွေအားလုံးက စာမတတ် ပေမတတ် ကြမ်းကြုတ်တဲ့လူတွေချည်းပဲမို့ ဒီနာမည်ကလည်း လက်ရှိအချိန်အထိ မပြောင်းလဲဘဲ ဆက်သုံးဖြစ်နေတော့တယ်။ တိဂိုဏ်းခွဲရဲ့ အဓိကခန်းမကြီးထဲမှာ ဒါဇင်ထက်ကျော်တဲ့ စားပွဲတွေချထားပြီး တစ်ခန်းလုံးက ရယ်မောသံနဲ့ ခွက်ချင်းတိုက်သံတွေ ပြည့်လျှံနေတယ်။
ပင်လယ်ဓားပြတွေဆိုတာ လက်ရှိအခိုက်အတန့်အတွက်ပဲ နေတတ်ကြတဲ့သူတွေမို့ ကျင့်ဝတ်တွေ စည်းဘောင်တွေမရှိဘဲ မိန်းမ သေရည်ကောင်းကောင်းနဲ့ ရွှေငွေတွေဆိုတာ သူတို့အကြိုက်ဆုံးအရာတွေ။
စိတ်မကောင်းစရာက ဟုန်ဘန်းဂိုဏ်းရဲ့ တင်းကျပ်တဲ့စည်းမျဥ်းတွေကြောင့် မိန်းကလေးတွေနဲ့ ပျော်ပါးလို့မရတော့သလို ရွှေငွေတွေဆိုတာလည်း ဒီလိုစုတ်ပြတ်တဲ့နေရာမှာ သုံးစားလို့ရမနေဘူး။ ဒါကြောင့် သေရည်ကသာ သူတို့ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်လာတယ်။
210 02
ဒီဟုန်ဘန်းကျွန်းမှာ ဘာအပေါဆုံးလဲလို့မေးရင်တော့ ပင်လယ်ဓားပြတွေအပြင် နှစ်ချို့သေရည်အိုးတွေပဲ။ သူတို့ဆက်ပွဲတော်တည်နေတုန်း တချို့က သူတို့အပေါင်းအဖော်တွေကို ဘယ်သူပိုသောက်နိုင်သလဲ ပြိုင်ခိုင်းတော့တယ်။
ပင်လယ်ဓားပြအုပ်စုကြီးက လူနှစ်ယောက်ကို ဝိုင်းအုံရင်း အော်ကြီးဟစ်ကျယ်နဲ့ အားပေးအားမြှောက် လုပ်နေကြတယ်။ ခန်းမရဲ့အတွင်းအကျဆုံးရှိ စားပွဲရှည်ကြီးနှစ်လုံးမှာတော့ ကျန်းကို့သခင်ကြီးတွေနဲ့ တခြားအဖွဲ့ခေါင်းဆောင်တွေရှိပြီး လက်အောက်ငယ်သားတွေ ပွဲခံနေတာကို အပြုံးနဲ့ ကြည့်နေကြတယ်။
လုချီက စိတ်ထိန်းထားရတာ ကြာပြီ အခု အရည်လေးလည်း ဝင်လာတော့ လျှာကလည်း သွက်လာတယ်။ သူက မျက်နှာချင်းဆိုင်က မော့ကျားကိုလှမ်းကြည့်ပြီး သူ့အစီအစဥ်ကို ဘယ်လိုဖျက်ဆီးခဲ့ကြောင်း ဗျစ်တောက်တောက် ပြောဆိုတော့တယ်။
ခေါင်းဆောင် ချွင်းဟယ်နဲ့ ဟုန်းဇီအဖွဲ့ခေါင်းဆောင် ရှုကူရုန်တို့ကတော့ တခြားလူတွေနဲ့အတူ ယမကာကိုသာ တစိုက်မတ်မတ်သောက်နေသလို ရှိပေမယ့် တကယ်တမ်းကျ သူတို့အားလုံး နားစွင့်ထားကြတာ သိသာတယ်။
မော့ကျားက သေးငယ်တဲ့ သေရည်ခွက်လေး ကောက်ယူရင်း တစ်ကျိုက်တည်း သောက်ချပစ်လိုက်တယ်။ လုချီ သူ့ကို မေးငေါ့နေတာတွေ့လည်း သူကတော့ အေးဆေးသောက်နေပြီးမှ ဖြည်းဖြည်းချင်း ပြောတယ်။
“သတ်လိုက်တာက ပြဿနာရှင်းတယ်ဆိုပေမယ့် မသတ်လည်း အနာဂတ်မှာ အသုံးဝင်လာနိုင်တာပဲ”
“ငါက သူတို့ကို သတ်ပေးမယ်လို့ ကတိပေးခဲ့တာကွ”
လုချီက သေရည်ခွက်ကို စားပွဲပေါ်ဆောင့်ချလိုက်ပြီး မူးလို့ရမ်းကားပုံပေါ်ပေမယ့် မျက်စိပါတဲ့သူတိုင်း သူ ဒီလောက်နဲ့မမူးကြောင်း သိပါတယ်။ မော့ကျားက ရယ်မိသွားတယ်။
“ခင်ဗျားပြောလို့ သွားပေးတာဆိုပေမယ့် အဲဒါနဲ့တင်ကျုပ်ရဲ့ ရွှမ်းဇီက တိဇီကို ကြောက်လို့နာခံနေတာ မဟုတ်ဘူး။ ခေါင်းဆောင်လု ကြည့်ရတာ မူးပြီး အသိစိတ် လွတ်သွားပြီနဲ့တူတယ်”
ဒီအချေအတင်က အောက်ကလူတွေကိုပါ အာရုံစိုက်လာစေတယ်။ ခန်းမတစ်ခုလုံးက ချက်ချင်းဆိုသလို မဟန်မှန်းသိတာနဲ့ တိတ်ကျသွားတယ်။ ချွင်းဟယ်က ခပ်ပြုံးပြုံးနဲ့ မဆိုင်သလိုရှိနေပေမယ့် ရှုကူရုန်ကတော့ လုချီကိုတစ်လှည့် မော့ကျားကို တစ်လှည့်ကြည့်ပြီး ဝင်ဖြန်ဖြေပေးဖို့ ကြိုးစားတယ်။
“ကဲပါ ကဲပါ ဒါက ဘာမှမဟုတ်ပါဘူး ခေါင်းဆောင်မော့ပြောတာလည်း ဟုတ်တာပဲ သတ်မယ့်အစား နောက်ပိုင်းအသုံးချတာ ပိုကောင်းတာပေါ့။ ငါတို့က လက်ရှိ ကျဲ့ကျန်းရေတပ်နဲ့ တောင်နဲ့မြောက်မှာရှိနေတာ ဘာမဟုတ်တာလေးနဲ့ ဒီလောက်အထိ အကျယ်အကျယ်ဖြစ်စရာမလိုပါဘူး”
အရင်တုန်းကလိုသာဆို မော့ကျားလည်း အသာလေး လျှော်ပေးလိုက်မှာဆိုပေမယ့် အခုတော့ သူ့မျက်နှာက ပိုပိုမဲမှောင်လာတယ်။
“ဟက် ခေါင်းဆောင်လုက ကြောင်သေးတွေ အများကြီးသောက်လိုက်လို့ သူ့ကိုယ်သူ ဟုတ်လှပြီထင်နေတာပဲ” မော့ကျားက သေရည်ခွက်ကို ပစ်ချရင်း ထရပ်လိုက်ပြီး “ကျုပ် မသောက်တော့ဘူး ပျော်စရာလည်း မကောင်းဘူး”
သူ ထထွက်သွားတော့ ရွှမ်းဇီအဖွဲ့သားတွေလည်း မဖြစ်မနေ လိုက်သွားရတာပေါ့။ ဒီလိုနဲ့ စားပွဲနှစ်လုံးက လွတ်သွားတယ်။ လုချီက ဒေါသထွက်ထွက်နဲ့ သေရည်အိုးကို လက်နဲ့ဖြတ်ရိုက်လိုက်တော့ ခွမ်းကနဲအသံနဲ့အတူ လက်ကျန်သေရည်တွေကလည်း ကြမ်းပေါ်ရွှဲသွားတယ်။
လေထုက အနည်းငယ် ကသိကအောက်ဖြစ်စရာ ကောင်းသွားတော့ ရှုကူရုန်ကပဲ ဝေ့ဝဲကြည့်ပြီး အော်လိုက်တယ်။
“ဆက်သောက်ကြလေ ဘာလာကြည့်နေကြတာလဲ”
လူအုပ်ကြီးက ချက်ချင်းအကြည့်လွှဲသွားပြီး အရင်လို ဟေးလားဝါးလားလုပ်နေကြပေမယ့် ဟန်ဆောင်နေတယ်ဆိုတာ သိသာလွန်းပါတယ်။ ခေါင်းဆောင်ချွင်းဟယ်ကတော့ ဘယ်သူ့ဘက်မှ ဝင်မပါဘဲ မြေပဲလှော်လေး ဝါးလိုက် သောက်လိုက်နဲ့ တစ်ယောက်တည်း သာယာနေတယ်။
210 03
လုချီရဲ့မျက်နှာက စိမ်းတစ်လှည့် ပြာတစ်လှည့်ဖြစ်နေတော့မှ သူက အသာဝင်ပြောတယ်။
“မင်းလည်း သိတဲ့အတိုင်း သူ့စိတ်က အဆန်းရယ် ဘာလို့ပြိုင်ဖြစ်နေမှာလဲ။ ပြီးတော့ ခေါင်းဆောင်ကြီးက အစကနေအဆုံးအထိ သူလည်းကျဲ့ ကျန်းသွားခဲ့တာကို ထည့်တောင်မပြောဘူးလေ။ မတွေ့ဘူးလား”
“အဲဒါဘာလို့ဆို ခေါင်းဆောင်ကြီးက ဒီကောင့်မျက်နှာချောချောကြောင့် သင်းရှီကိုပစ်ပြီး သူ့ကို လင်တော်ချင်နေလို့လေ”
သေရည်တစ်ကျိုက်မော့ရင်း ပြောလာတဲ့ လုချီရဲ့စကားတွေက သူတစ်ယောက်တည်းပဲ ဒီလိုပြောရဲတာ။ အမှန်တော့ ဂိုဏ်းသားအားလုံး ခေါင်းဆောင်ကြီးရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး မျိုးစုံပြောဆိုနေကြတာပဲ။ သူတို့က စာတတ်ပေတတ်တွေမဟုတ်လို့ ကျင့်ဝတ်တွေ ယဥ်ကျေးမှုတွေမသိဘဲ အိပ်ရာပေါ်ကကိစ္စတွေတောင် လူပုံအလယ်မှာ ညစ်ညမ်းစွာ ဟာသလုပ်ပြောတဲ့လူတွေ။
ဒါပေမယ့် ပြောသင့်မပြောသင့်တော့ သိပါသေးတယ်။ ချွင်းဟယ်ကလည်း ဒီလောက်ဘောင်ကျော်လာတော့ စိတ်ဆိုးဆိုးနဲ့ ခနဲ့တဲ့တဲ့ရယ်ရင်း
“အေး မင်းကအဲ့လိုထင်ရင်လည်း ငါတို့ ဆက်မသောက်တော့ရုံပဲပေါ့။ ခေါင်းဆောင်ကြီးက ဘာလို့ထုတ်မပြောခဲ့လဲဆိုတော့ ဒီလူကို ငါတို့ဘက်အတင်း မသွတ်သွင်းချင်လို့ပဲ။ ဒါပေမယ့် မင်းက ဘာမဟုတ်တာကို ရေးကြီးခွင်ကျယ်လုပ်နေတယ်”
“ဘာကို ဘာမဟုတ်တာလ။။ သူသာ အဲဒီမိန်းမကို သတ်ဖို့မတားခဲ့ရင် ငါဒီနေ့ အဲဒီအပျက်မ ထောင်လွှားတာ ခံခဲ့ရမလား”
“မင်း သူ့ကိုသတ်လိုက်လို့ ခေါင်းဆောင်ကြီးက မနိုင်တော့ရင် မင်းကို တစ်ဖက်လူဆီ ထိုးကျွေးသွား ဘယ်လိုလုပ်မလဲ။ ဒီနေရာမှာတော့ မော့ကျားနဲ့ငါ အတွေးတူတယ်။ မင်း အဲဒီဟိုကောင် ရှောင်နဲ့ရောတာ ကြည့်လုပ်စမ်းပါ။ အစိုးရအရာရှိတွေဆိုတာ တကယ့်ငလိမ်တွေ မင်းကိုဘယ်အချိန်မဆို သစ္စာဖောက်သွားနိုင်တယ်”
ချွင်းဟယ်က ပြောရင်းဆိုရင်း ထရပ်လာပြီး “ဒီနိမ့်ကျတဲ့ ဘုန်းတော်ကြီးကလည်း ဒီလောက်နဲ့ထတော့မယ် ငါလည်း အရမ်းပင်ပန်းနေပြီ”
သူပြန်သွားတော့ သူ့တပည့်တွေလည်း လိုက်သွားတာကြောင့် ခန်းမကြီးက ထပ်လူလျော့သွားပြန်တယ်။ လက်ရှိ တိဇီနဲ့ဟုန်းဇီတို့နှစ်ဖွဲ့ပဲရှိတော့ပြီး ဟုန်းဇီခေါင်းဆောင် ရှုကူရုန်ဆိုတာကလည်း လုချီတင်ပေးလို့ ဒီနေရာရောက်ခဲ့တာဆိုတော့ သူ့ကို သွားလှန်လို့မရပေဘူး။
“ခေါင်းဆောင်လု…”
“ဘာလဲ မင်းလည်း ငါ့ကို စာလာချဦးမလို့လား”
“မဟုတ်ပါဘူး …”
“တစ်နေ့ ငါဒီလူတွေအားလုံးကို သတ်ပစ်ဦးမယ်”
လုချီက ထိုင်နေတဲ့ခုံကို ဆောင့်ကန်ရင်း ဒေါကြီးမောကြီး ထွက်သွားတယ်။ ပွဲပိုင်ရှင်မရှိတော့ ကျန်တဲ့သူတွေလည်း ဆက်သောက်နေလို့ မရတာကြောင့် သူတို့ထွက်လာတဲ့အချိန် ရှုကူရုန်ရဲ့မျက်နှာက သုန်မှုန်နေတယ်။ ဘေးက လူယုံတော်ကတော့ သတိတကြီးနဲ့
“ခေါင်းဆောင် စိတ်ထဲမထည့်ပါနဲ့”
“ဒါပေါ့ မထည့်ပါဘူး” ရှုကူရုန်က အနောက်က တိဇီခန်းမကို လှည့်ကြည့်ပြီး သရော်လိုက်တယ်။ “သူ့လိုအရူးက ဘယ်တော့အပေါက်ကျဥ်းနဲ့ တွေ့မလဲ မသိဘူး”
ညတာက မလှမပအဆုံးသတ်သွားပေမယ့် နောက်တစ်နေ့ သူတို့အားလုံးဆုံတဲ့အခါ လုချီက သောက်တာလွန်သွားတာလို့ ပြောလာတော့ ဘယ်သူမှ ထပ်မပြောရဲတော့ဘူးပေါ့။ လုချီက အမြဲတမ်း အဲဒီလိုပဲ သူလုပ်သမျှ အမှားတိုင်းကို အရက်သေစာပေါ် ပုံချတတ်တယ်။
လူတိုင်းက နောကျောနေပြီမို့ သူ့ကို ဂရုစိုက်မနေတော့ဘူး။ သူတို့အားလုံး ခေါင်းဆောင်ကြီးကို လိုက်ပို့တဲ့အခါမှာတော့ သင်းရှီက အားလုံးကို ခြုံကြည့်ပြီး “အားလုံး လူခွဲလို့ရပြီ ခေါင်းဆောင်ကြီး မရှိတဲ့အတောအတွင်း တစ်ကျွန်းလုံး မာရှယ်လော ချထားတယ်။ ခေါင်းဆောင်တွေကလည်း ကိုယ့်ဂိုဏ်းသားကိုယ် ဘာပြဿနာမှမရှာအောင် ကြည့်ထိန်းပါ”
210 04
ထိုစဥ် ကျောက်အာကတော့ ဒီရောက်တာ ရက်အချို့လောက်နေမှ သူမကိုခစားပေးနေတဲ့ အစေခံမလေးတစ်ယောက်ကြောင့် အခု ဘယ်နေရာရောက်နေမှန်း သိတာ။ ဒီနေရာကို ဟုန်ဘန်းကျွန်းလို့ခေါ်ပြီး လက်ရှိသူမက ခေါင်းဆောင်ကြီးရဲ့ တိုက်ရိုက်ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ ထျန်းဇီစခန်းမှာ ရှိနေတာတဲ့။
အဲဒီခေါင်းဆောင်ကြီးဆိုသူကလည်း အမျိုးသမီးတစ်ယောက်ဆိုပဲ။ နည်းမျိုးစုံနဲ့အစ်အောက်မေးကြည့်ပြီး ဒီလောက်ပဲသိခဲ့ရတာ။ ဘာလို့ဆို အဲဒီ လန်နျိုလို့ခေါ်တဲ့ ကောင်မလေးကလည်း ဒါထက် ပိုဘာမှမသိတာကြောင့်ပဲ။
ကျောက်အာက လန်နျိုနဲ့ မျက်မမြင်အဘွားကြီးတစ်ယောက်သာရှိတဲ့ အဆောင်ဝန်းငယ်လေးထဲမှာ နေရပြီး လက်လျှော့သွားသလိုနဲ့ နှစ်ကြိမ်လောက် ခိုးထွက်ပေမဲ့လည်း အချိန်တိုအတွင်း ပြန်အဖမ်းခံလိုက်ရတယ်။
သူမ ဒီမှာဖမ်းချုပ်ခံထားရတာ တစ်လလောက်တောင်ရှိနေပြီမို့ ဟုန်အာလေး ဘယ်လိုနေလဲ။ ထင်းရှန်းရော ဘယ်လိုဖြစ်နေပြီလဲ စိုးရိမ်နေမိတယ်။ ကံကောင်းချင်တော့ သိပ်မကြာခင်မှာပဲ ဖူကျန်းက ဟုန်ဘန်းဂိုဏ်းခွဲတစ်ခုလုံး အမြစ်ပြတ် ရှင်းလင်းခံလိုက်ရတယ်လို့ ကြားလိုက်ရတယ်။
ဟုန်ဘန်းဂိုဏ်းဆိုတာ ဂိုဏ်းကြီးဖြစ်တာနဲ့အညီ တာ့ချန်းတစ်ပြည်လုံးမှာ ပေါ်ပေါ်ထင်ထင်တစ်မျိုး ပုန်းလျှိုးကွယ်လျှိုးတစ်ဖုံ ဂိုဏ်းခွဲလေးတွေ ဖြန့်ထားတာ။ သူတို့က ကိုယ်ယောင်ဖျောက်တာ တော်လွန်းလို့ နန်းတွင်းလွှတ်တော်ကတောင် ဖမ်းမိတာ အခုလို အမြစ်ပြတ်ရှင်းဖို့ဆိုတာ အင်မတန်ခက်တယ်။
ဘယ်သူ့လက်ချက်လဲ မသိပေမယ့် တစ်ယောက်မှမရှင်ဘဲ ပစ္စည်းယူဖို့သွားတဲ့ ဒီဘက်အဖွဲ့က လူပြောမှ သိရတယ်။ ဒီသတင်း ဂိုဏ်းချုပ်ဆီ ရောက်တဲ့အခါ အုတ်အော်သောင်းနင်းဖြစ်သွားတော့တယ်။ ဒါပေမယ့်လည်း ဒီပင်လယ်မှာ သူတို့အုပ်စုပဲရှိတာမှ မဟုတ်တာ ဥပမာ သူတို့နဲ့မဟာရန်သူတော် အလံနက်ဂိုဏ်းလည်း ရှိသေးတယ်။
တခြားဂိုဏ်းငယ်လေးတွေ အများကြီးရှိပေမယ့် အလံနက်သာ ဟုန်ဘန်းဂိုဏ်းကို လာထိရဲတဲ့တစ်ခုတည်းသော အဖွဲ့ပဲ။ အားလုံးက သွေးဆူပွက်သွားပြီး သူတို့ညီအစ်ကိုတွေအတွက် အလံနက်ကိုသွားပြီး လက်စားချေဖို့ တာဆူနေကြပေမယ့် သင်းရှီကပဲ ချွေးသိပ်လိုက်ရတယ်။
ဟုန်ဘန်းဂိုဏ်းက ခေါင်းဆောင်ကြီးရဲ့အမိန့်ကြောင့် မကျေမနပ်ဖြစ်နေကြတဲ့အချိန် ဖူကျန်းနားက ကျွန်းငယ်လေးမှာလည်း မထင်မှတ်ထားတဲ့တစ်ရပ် ဖြစ်ပေါ်လာခဲ့တယ်။ ဒီကျွန်းလေးက ဟုန်ဘန်းဂိုဏ်းရဲ့ ရန်သူတော် အလံနက်တွေစခန်းချရာနေရာပဲ။
အလံနက်က အဓိကအားဖြင့် တောင်တရုတ်ပင်လယ်နဲ့ ဒီဝေါ့လူ၊ ချောင်ရှန်းတို့ပင်လယ်တွေ ထိစပ်နေတဲ့ ရှောင်လျိုချိုးကျွန်းစွယ်အနီးမှာ ကျက်စားတယ်။ ဟုန်ဘန်းဂိုဏ်းနဲ့မတူတာက သူတို့က လူမျိုးပေါင်းစုံ လက်ခံပြီး ခေါင်းဆောင်ကလည်း မိုမို ရှီဆန်းလန်လို့ခေါ်တဲ့ ဒီဝေါ့လူ(ဂျပန်)လူမျိုးတစ်ယောက်ပဲ။
ပြောရရင် ဟုန်ဘန်းဂိုဏ်းက အင်အားကြီးလွန်းလို့ သူတို့မှာ တစ်ဖက်လူအကျန်တွေ လိုက်ကောက်နေရတာ ဘယ်လောက်ကြာပြီလဲ။ လတ်တလော ဂိုဏ်းခွဲတစ်ခု အရှင်းခံလိုက်ရတယ်ဆိုလို့ ဟုန်ဘန်းဂိုဏ်းတော့ မထိသင့်တဲ့တစ်စုံတစ်ယောက်ကို သွားထိမိပြီဆိုပြီး တစ်ဂိုဏ်းလုံးပြုတ် ချေမှုန်းခံရဖို့ မျှော်လင့်နေကြတာ။
ဝဋ်က ဒီလောက်မြန်မြန် လည်မယ်လို့ ဘယ်သူထင်ထားမှာလဲ။
ထိုနေ့ သူတို့တွေ ဘာရယ်မဟုတ် ရွက်လွှင့်ရာက ကုန်သင်္ဘောတစ်စီး ရသွားတဲ့နေ့ပေါ့။ အခုရာသီဥတုက အေးလာပြီဆိုတော့ ပင်လယ်ထဲထွက်တဲ့ ကုန်သည်တွေ ဘယ်လောက်မှ မရှိတော့ဘူး။ ဖူကျန်းနဲ့ ကွမ်တုန်းက ကျဲ့ကျန်းနဲ့မတူဘူး။
ကျဲ့ကျန်းမှာ လက်ရှိရေကြောင်းကုန်သွယ်ရုံးတစ်ခုလုံး ရှိနေပြီး ဧရိယာတစ်ခုလုံးက သူတို့မျက်စိအောက်မှာ။ ကုန်သည်အများစုက တျန့်ဟိုင်ကိုပဲ သွားလေ့ရှိပေမယ့် အစိုးရကို အခွန်မဆောင်ချင်တဲ့ လူတစ်စုက သက်သက်ကိုရှိတာ။
အခုတားမြစ်ထားတဲ့ လမ်းကြောင်းကလာပြီး အလုခံလိုက်ရတာ ဒီလိုလူတွေပဲ။ အရင်က ကျဲ့ကျန်း ဖူကျန်းနဲ့ကွမ်တုန်းတို့က ကိုယ့်ဒေသကိုယ် နယ်မကျော်ဘဲ စီးပွားလုပ်လာကြတာဆိုပေမယ့် အခုကျဲ့ကျန်းက ရုတ်တရက်ကြီး ကြီးပွားသွားပြီး အစိုးရကလည်း ဘာမပြော ညာမပြော ၁၀ရာခိုင်နှုန်း အခွန်ကောက်တဲ့အပြင် ဖူကျန်းတို့ဘက်က လမ်းကြောင်းတွေကိုလည်း ပိတ်လိုက်သေးတယ်။
ဒါက ဒီဒေသနှစ်ခုကြား ကုန်ကူးသန်းနေတဲ့ ကုန်သည်တွေအတွက် ကြီးမားတဲ့ ဈေးကွက်အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာစေတယ်။ အလံနက်တွေက ဒီတစ်ခေါက်တော့ ကံကောင်းသွားတယ်။
210 05
သင်္ဘောပေါ်က ပစ္စည်းတိုင်းက ရူကူက မှောင်ခိုဈေးမှာသွားရောင်းရင် အနည်းဆုံး ငွေသောင်းနဲ့ချီရနိုင်တယ်။ ငွေဆိုတာ သေရည် အသားနဲ့မိန်းမလှလေးတွေကို ယူဆောင်လာပေးနိုင်တယ်။
သူတို့ရလာတာတွေနဲ့ အောင်ပွဲခံနေတဲ့ညမှာပဲ အလစ်တိုက်ခံလိုက်ရတယ်။ အရင်ဆုံး ကျယ်လောင်တဲ့ အမြှောက်သံကြီးက ပဲ့တင်ထွက်လာပြီး လန့်နိုးသွားတဲ့သူတွေက ခပ်မြန်မြန် ရရာလက်နက်ကိုင်စွဲကာ ပြေးထွက်လာကြတယ်။
သူတို့ အပြင်ရောက်တာနဲ့ အော်တောင်မအော်ရသေးခင် မီးစတွေက စွဲလောင်ကုန်တော့တယ်။ တစ်ကျွန်းလုံးက ဆန်းသစ်စ လကလေးကလွဲရင် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေတာမို့ အားလုံး ခေါင်းမပါတဲ့ ယင်ကောင်လိုဖြစ်နေတဲ့အချိန် ကောင်းကင်ပေါ်မှာ သူတို့ဆီတည့်တည့်လာတဲ့ မီးတန်းကြီးကို တွေ့လိုက်ရတယ်။
“ရှေ့တန်း ပစ် အလယ်တန်း ပစ် နောက်တန်း ပစ်”
အရှေ့ဆုံးကတက်သွားတဲ့ လူတွေကျသွားသလို အနောက်ကလူတွေကလည်း ရန်သူဘယ်သူမှန်း မမြင်ရသေးခင် အဆုံးသတ်ကုန်ကြတယ်။ တချို့ကတော့ အလောင်းတွေကို ဒိုင်းကာလုပ်ကာ တိုက်ခိုက်ဖို့ပြင်ပေမယ့် လက်ထဲက ဓားမမြှောက်ရသေးခင် အေးစက်တဲ့အသံတစ်သံက ပြတ်သားစွာ ထွက်ပေါ်လာခဲ့တယ်။
“ရှေ့တန်း လှံပြင်”
“သတ်”
‘သတ်’ဆိုတဲ့အသံကတော့ ဂျပန်ဓားရှည်ကို ကိုင်စွဲရင်း အရှေ့ဆုံးက ဦးဆောင်လာတဲ့ ဒီဝေါ့လူကြီးဆီကပဲ။ သူက ရန်သူ့အင်အားများမှန်း သိပေမယ့် သူ့ဓားတစ်ချက်နဲ့ နှစ်ယောက်လောက် အသာလေးပြတ်သွားလိမ့်မယ်လို့ ယုံကြည်ချက်အပြည့်နဲ့ တက်လာခဲ့တာ။
စိတ်မကောင်းစရာကတော့ ဓားတောင်မလွှဲရသေးခင် ချွန်မြတဲ့ လှံတံမှာ ထိုးစိုက်ခံလိုက်ရတာပဲ။ သေခါနီးကျမှ မြင်လိုက်ရတဲ့ ရန်သူက
ရှေ့တန်းမှာ စတီးရောင်လက်နေတဲ့ သံချပ်ကာတွေနဲ့ လက်နက်အပြည့်အစုံပါတဲ့ လူတစ်စုဟာ စတုရန်းပုံစံ နေရာယူထားကြပြီး အဘက်ဘက်က လာတဲ့ရန်သူတွေကို သူတို့ရဲ့ ဦးချွန်နေတဲ့ လှံတွေနဲ့ ဆူးလုံးသဖွယ် ထိုးစိုက်တိုက်ခိုက်နေတယ်။
“တပ်စု ၂ လှံပြင်”
အဲဒီအေးစက်စက်အသံပဲ။
သူ အသက်မထွက်ခင် နောက်လှည့်ကြည့်လိုက်တော့ သူ့အဖွဲ့သားအကုန် ထပ်ပြီး မရေမတွက်နိုင်တဲ့ လှံတံတွေရဲ့ ပစ်မှတ်ဖြစ်သွားတာ မြင်လိုက်ရတယ်။
“အမြှောက်တွေ အသင့်ပြင်ထား”
ရုပ်လုံးမပေါ်သေးပေမယ့် အဲဒီအသံကို ကြားရရုံနဲ့တင် ကျောချမ်းသွားစေတယ်။ ဒီဝေါ့လူခေါင်းဆောင်ရဲ့ နာကျင်နေတဲ့လည်ချောင်းကို အံတုပြီး တစ်ကိုယ်စာကြားနိုင်ရုံ ဆိုလိုက်မိတဲ့ နောက်ဆုံးစကားတစ်ခွန်းက …
“ထပ်မလာကြနဲ့တော့ အဲဒါ တာ့ချန်းတပ်မတော်ကြီးပဲ …”
…………..
******