← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

211 01

အခန်း ၂၁၁

ဒီဝေါ့လူဟာ တာ့ချန်းပြည်ရဲ့ စစ်တပ်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေမဲ့ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ကြားဖူးနားဝ ရှိခဲ့တယ်။

အဲဒီတုန်းက သူက လှည့်လည်သွားလာနေတဲ့ ရိုနင် တစ်ယောက်အနေနဲ့ တာ့ချန်းပြည်ကို စတင်ရောက်လာတဲ့ အချိန်ဖြစ်လို့ ဒီဒေသက ပြည်သူတွေဟာ သိပ်ကို အားနည်းလှတယ်လို့ ထင်ခဲ့သလို ဒေသခံစစ်စခန်းက စစ်သည်တွေတောင်မှ အလွန်အမင်း အားနည်းလွန်းနေတယ်လို့ ခံစားခဲ့ရတယ်။ (စာစစ်မှတ်စု -ရိုနင် Ronin ဆိုတာက သခင်မရှိတဲ့ ဆာမူရိုင်းတွေကို ခေါ်ပါတယ်။ သာမန်စစ်သားမဟုတ်ပဲ ဆာမူရိုင်းဖြစ်ခဲ့သူအတွက် သာမန်စစ်သားတွေက အားနည်းမှာ အမှန်ပဲလေ။)

သူ့ကို ပင်လယ်ပြင်ကို ခေါ်လာခဲ့တဲ့ ဝါရင့်ရိုနင်ကြီးက သူ့ကို မှာခဲ့တာက ဒီမြေပြင်ကို လုံးဝ လျှော့မတွက်ဖို့နဲ့ ဒီစစ်သည်တွေဟာ အစစ်အမှန် စစ်သည်တွေ မဟုတ်ကြကြောင်း တာ့ချန်းပြည်ရဲ့ အစစ်အမှန် စစ်တပ်တွေက မြောက်ဘက် မြေပြင်မှာ ရှိနေကြကြောင်း ပြောပြခဲ့တယ်။ အကယ်၍ တစ်နေ့မှာ တာ့ချန်းပြည်ရဲ့ အစစ်အမှန် စစ်တပ်တွေ ရောက်လာရင် သူတို့ ဝေါ့နိုင်ငံက စစ်သူကြီးတွေတောင်မှ မြေပြင်ပေါ်မှာ ဝပ်စတွားပြီး ထိတ်လန့်တုန်လှုပ်နေကြရလိမ့်မယ်လို့ ပြောခဲ့တယ်။

သူက အဲဒီစကားကို မယုံခဲ့ဘူး အဲဒီလူက ဆာမူရိုင်းတို့ရဲ့ စိတ်ဓာတ်တွေ ပျက်သုဉ်းသွားပြီလို့ပဲ သူ ထင်ခဲ့တယ်။

အခု သေခါနီး အချိန်ကို ရောက်လာတဲ့ အခါမှာတော့ တစ်ဖက်လူက သူ့ကို မလိမ်ခဲ့ကြောင်း သူ အမှန်တကယ် သိသွားတော့တယ်။

……

အရာအားလုံး နောက်ဆုံးမှာ ပြီးသွားခဲ့ပြီ ဖြစ်လို့ ပတ်ဝန်းကျင် တစ်ခုလုံးက လူကို ကြောက်စိတ်ဝင်လာစေလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေတော့တယ်။

မြက်တောတွေကြားမှာ ဟိုဒီလှုပ်ရှားသွားလာနေတဲ့ ခြေသံတဖျတ်ဖျတ်ကတော့ တိုက်ပွဲအပြီး ကျန်နေတာတွေကို လိုက်သိမ်းနေကြတာပဲ ဖြစ်တယ်။

ကမ်းခြေနဲ့ နီးတဲ့ ကျောက်ဆောင်တစ်ခုပေါ်မှာ လူတစ်ယောက် ရပ်နေတယ်။

သူက ပညာတတ်ဝတ်စုံကို ဝတ်ထားပြီး ပင်လယ်လေကြောင့် အင်္ကျီစတွေက တဖျတ်ဖျတ် လွင့်နေတော့တယ်။ မနီးမဝေးက စစ်သင်္ဘောပေါ်မှာ စစ်သည်အုပ်စုတွေက တစ်သုတ်ပြီးတစ်သုတ် စနစ်တကျ ပြန်တက်နေကြတယ်။

တပ်မှူးငယ်ထန်က လျှောက်လာပြီး လက်အုပ်ယှက် အရိုအသေပြုကာ တင်ပြတယ်။

"ကြီးကြပ်ရေးမှူးကြီး အရာအားလုံး အဆင်သင့် ဖြစ်ပါပြီ"

ရွှီထင်းရှန်းက ခေတ္တမျှ ထပ်ရပ်နေပြီးမှ ကိုယ်ကိုလှည့်ပြီး သူ့ဆီကို လျှောက်လာခဲ့တယ်။

"မင်းတို့အားလုံး ပင်ပန်းသွားကြပြီ"

"မပင်ပန်းပါဘူး"

"ဘယ်လိုလုပ် မပင်ပန်းဘဲ နေပါ့မလဲ ဒါက မင်းတို့ရဲ့ တာဝန်ဝတ္တရား ပြင်ပက ကိစ္စတွေပဲလေ"

"သခင်ကြီးရဲ့ နတ်ဘုရားလို စစ်ရေးဗျူဟာတွေကို မြင်ခွင့်ရတာဟာ ကျွန်တော်မျိုးတို့အတွက်တော့ ဒီဘဝမှာ နောင်တရစရာ မရှိတော့ပါဘူး" တပ်မှူးငယ်ထန်ရဲ့ ရွှီထင်းရှန်းကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ ထူးဆန်းတဲ့ အရောင်တွေ လက်နေတော့တယ်။

သူက ဘဝတစ်ဝက်ကျော် ဖြတ်သန်းလာခဲ့ပေမဲ့ အခုလို တိုက်ခိုက်ရေး ဗျူဟာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး အဲဒီပင်လယ်ဓားပြတွေဟာ ဘယ်လိုမှ ပြန်မခုခံနိုင်ဘဲ အကုန်အစင် သုတ်သင်ရှင်းလင်းတာ ခံလိုက်ရပြီး မိမိတို့ဘက်ကတော့ နည်းနည်းလေးတောင် ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ဒါဟာ လူတစ်ရာတောင် မပြည့်တဲ့ အဖွဲ့ငယ်လေးတစ်ခုပဲ ဖြစ်လို့ အကယ်၍ ဒီစစ်သည်အဖွဲ့ကို တိုးချဲ့နိုင်မယ်ဆိုရင် မြောက်ဘက်က ရန်သူတွေကို မနှိမ်နင်းနိုင်မှာကို စိုးရိမ်နေစရာ လိုပါဦးမလား။

ရွှီထင်းရှန်းက နည်းနည်း ပြုံးလိုက်ပေမဲ့ ဘာစကားမှ မပြောဘူး။

သူတို့နှစ်ယောက် အတူတူ သင်္ဘောပေါ်ကို တက်ခဲ့ကြပြီး ကုန်းပတ်ပေါ်မှာ ရပ်ကာ မှောင်မိုက်နေတဲ့ အမှောင်ထုကြားက အဲဒီကျွန်းငယ်လေးကို လှည့်ကြည့်နေကြတယ်။

"ပစ္စည်းတွေကို ချထားခဲ့ပြီလား"

"ကျွန်တော်မျိုး ကိုယ်တိုင် သေချာ ကြည့်ကြပ်ပြီး ချထားခဲ့ပါတယ်"

"ဒါဆိုရင် ကောင်းပြီ နောက်တစ်နေရာကို သွားကြစမ်း"

211 02

အိမ်တော်ထဲမှာ ထိုင်နေရင်တောင် အပြင်ဘက်ကနေ ရံဖန်ရံခါ ထွက်နေတဲ့ ဗျောက်အိုးဖောက်သံတွေကို ကြားနိုင်တယ်။

ဒီနေ့က နှစ်ကုန်ရက် ဖြစ်လို့ ကျောက်တိက ကလေးနှစ်ယောက်ကို ခေါ်ပြီး နှစ်သစ်ကူးညကို စောင့်နေတယ်။

အရင်က နှစ်သစ်ကူးညစာ အတူတူ စားကြတုန်းက အားလုံး စုံစုံလင်လင် ရှိနေကြပေမဲ့ ထမင်းစားပြီးတဲ့နောက်မှာတော့ အသီးသီး အိမ်ပြန်သွားကြတယ်။ ဒီလောက် ကျယ်ဝန်းလှတဲ့ ရွှီအိမ်တော်ကြီးထဲမှာ သူတို့ သုံးယောက်ပဲ ကျန်တော့တယ်။

ရှန်ဖျင်လည်း ရှိနေတယ်။ သူက ကျောက်တိကို အမှန်တကယ် စိတ်မချလို့ မျက်နှာပြောင်တိုက်ပြီး ထမင်းလာစားခဲ့တာပဲ ဖြစ်တယ်။

မီးဖိုထဲက မီးက နွေးနွေးထွေးထွေး လောင်နေတယ်။ မူလက ရွှီအိမ်တော်ကို ဆောက်ကတည်းက လူနေမယ့် နေရာတိုင်းမှာ အပူပေး ခုတင်ကြီးတွေကို လုပ်ဖို့ ကျောက်အာက မှာခဲ့တာ ဖြစ်တယ်။ ဆောင်းရာသီမှာ အဲဒီခုတင်ကြီးပေါ်မှာ ထိုင်နေရတာဟာ သိပ်ကို သက်သောင့်သက်သာ ရှိလှလို့ နတ်ပြည်နဲ့ လဲရင်တောင် လဲနိုင်မှာ မဟုတ်ဘူး။

လွန်ခဲ့တဲ့ နှစ်က ညီအစ်မနှစ်ယောက်ဟာ ဒီခုတင်ကြီးပေါ်မှာ ထိုင်ပြီး စကားပြောခဲ့ကြကာ ကျောက်တိက ကျောက်အာရဲ့နဖူးကို တို့ပြီး ငိုလုနီးပါး ဖြစ်အောင် ဆုံးမခဲ့ဖူးတယ်။ အခုနှစ်မှာတော့ သူမ ဆုံးမရမယ့် အဲဒီလူက မရှိတော့ဘူး။ အကယ်၍ အချိန်ကို ပြန်လှည့်လို့ ရမယ်ဆိုရင် ကျောက်တိက အဲဒီတုန်းက ညီမဖြစ်သူကို အဲဒီလောက်အထိ ပြင်းပြင်းထန်ထန် ဆုံးမမှာ မဟုတ်ဘူး။

သူမက စိတ်ရှုပ်နေခဲ့တာ ဖြစ်တယ်။ ညီမဖြစ်သူနဲ့ မတ်ဖြစ်သူတို့ရဲ့ သံယောဇဉ်က တခြားသူတွေနဲ့ မတူလှလို့ သာမန်အတိုင်း နှိုင်းယှဉ်ကြည့်လို့ မရနိုင်တာကို သူမ သတိမထားမိခဲ့ဘူး။

ဟုန်အာနဲ့ ဝေကောတို့က ခုတင်ပေါ်မှာ ထိုင်နေကြပြီး သူတို့ရှေ့က စားပွဲကြီးပေါ်မှာ ယောက်ျားလေးတွေ ကစားတတ်တဲ့ ကစားစရာတွေနဲ့အတူ လက်ဖက်ရည်နဲ့ သစ်သီးဗန်းတွေလည်း ရှိနေတယ်။

ရှန်ဖျင်က သူတို့နဲ့အတူ အဖော်လုပ်ပေးနေတယ်။

ရှန်ဖျင်က စကားအပြောအဆို မလိမ္မာပေမဲ့ ဝေကောအပေါ်မှာတော့ သိပ်ကို ကောင်းပါတယ်။ ဝေကောက အသက်ငယ်ပေမဲ့ သိပ်ကို သိတတ်သူဖြစ်တာကြောင့် ရှန်ဖျင်နဲ့ ကျောက်တိကို ပထမဆုံးအကြိမ် မြင်တုန်းကပဲ ရှန်ဖျင်ကို သူ့အတွက် ဖေဖေလုပ်ပေးမယ့်သူလားလို့ မေးခဲ့ဖူးတယ်။ ရှန်ဖျင်မှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်ခဲ့ပေမဲ့ ဝေကောကတော့ သိပ်ကို စိတ်သဘောထား ကြီးပါတယ်။

သူက အကယ်၍ သူ့မေမေက သဘောတူရင် သူက စိတ်မရှိကြောင်း ပြောခဲ့တယ်။ ဒီလူကြီးနှစ်ယောက်တောင်မှ သူတို့ကို စိတ်အနှောင့်အယှက် ပေးနေတဲ့ ပြဿနာက ဒီလောက်လွယ်လွယ်နဲ့ ပြေလည်သွားလိမ့်မယ်လို့ မထင်ထားခဲ့ကြဘူး။

ထုံးစံအရဆိုရင် အိမ်ထောင်ရေးကိစ္စကို တရားဝင် စတင်ပြောရတော့မှာ ဖြစ်ပေမဲ့ ကျောက်အာ ပျောက်သွားတဲ့ ကိစ္စကြောင့် ဘယ်သူမှ အဲဒီစိတ်ဆန္ဒ မရှိကြတော့ဘူး။

ရွှီထင်းရှန်း ထွက်သွားတာ ကြာပြီဖြစ်လို့ နှစ်ကုန်ရက် ရောက်တဲ့အထိ ပြန်မလာသေးပေမဲ့ ဟုန်အာက သိပ်ကို သိတတ်တာကြောင့် ဘာစကားမှ မမေးဘူး။

ကျောက်တိက သူက မေးလာမှာကို အမြဲစိုးရိမ်နေခဲ့တယ်။ သူမက ပြန်မဖြေခင်မှာတင် မျက်ရည်တွေ ထိန်းမရအောင် ကျလာမှာကို ကြောက်နေတာ ဖြစ်တယ်။ သူတို့အားလုံးက ဟုန်အာကို ကျောက်အာဟာ အပြင်မှာ စီးပွားရေးလုပ်ရင်း နှောင့်နှေးနေတာ ဖြစ်တယ်လို့ ပြောထားကြပြီး ရွှီအိမ်တော် တစ်ခုလုံးကလည်း စကားမှားသွားမှာ စိုးလို့ ဟုန်အာကို ဖုံးကွယ်ထားကြတယ်။

အဲဒီဘက်မှာ လူကြီးတစ်ယောက်နဲ့ ကလေးနှစ်ယောက်က ကစားနေကြပေမဲ့ မပျော်ကြတာကို မြင်တော့ ကျောက်တိက ဆိုတယ်။ "ဒါဆိုရင် ငါတို့ မစောင့်တော့ဘဲ အဒေါ်က သားတို့ကို ခေါ်ပြီး ဗျောက်အိုး သွားဖောက်ပေးရမလား" ကလေးနှစ်ယောက် ပျော်အောင်လို့ နှစ်ကုန်ခါနီးမှာ ကျောက်တိက လူလွှတ်ပြီး ဗျောက်အိုးအများကြီးကို အထူး ဝယ်ထားတာ ဖြစ်တယ်။

"အဒေါ် မသွားတော့ပါဘူး။ ဖေဖေက နှစ်မကူးခင် သေချာပေါက် ပြန်လာမယ်လို့ ပြောထားတယ်လေ။ သားထင်တာတော့ သူ မကြာခင် ပြန်လာတော့မှာပါ။ ဖေဖေ ပြန်လာမှပဲ အတူတူ သွားဖောက်ကြတာပေါ့"

ဒီစကားက ကျောက်တိ ပြောမယ့် စကားလုံးအားလုံးကို ပြန်သိမ်းသွားစေတော့တယ်။ အဲဒီနောက် စကားလမ်းကြောင်း လွှဲဖို့အတွက် သူမက ရှောင်လန်၊ ရှောင်လျူနဲ့ တခြား အစေခံမိန်းကလေးတွေကိုပါ ခေါ်လိုက်တော့တယ်။

အခန်းတစ်ခန်းလုံးက လူတွေက ကလေးနှစ်ယောက်ကို ဝိုင်းပြီး ဂရုစိုက်နေကြတယ်။ အဓိကကတော့ ဟုန်အာပါပဲ ဝေကောတောင်မှ တစ်ခုခု ထူးခြားနေတာကို ရိပ်မိနေပေမဲ့ ဘာစကားမှ မပြောရဲဘူး။

211 03

ဒီလိုနဲ့ ဆူညံသံတွေကြားမှာ သန်းခေါင်ယံအချိန်ကို ရောက်လာခဲ့ရာ အစေခံမိန်းကလေးတွေက အပြင်ကို ခဏခဏ ကြည့်နေကြပေမဲ့ အချိန်ဘယ်လောက်ရှိပြီလဲဆိုတာကိုတော့ မပြောရဲကြဘူး။ ရုတ်တရက် တိတ်ဆိတ်နေတဲ့ တျန့်ဟိုင်မြို့လေးက ရုတ်ချည်းပဲ နိုးထလာသလို ရှိတော့တယ်။

မရေမတွက်နိုင်တဲ့ ဗျောက်အိုးသံတွေက အဆက်မပြတ် ထွက်လာပြီး ကြီးမားလှတဲ့ အသံလှိုင်းကြီးတစ်ခုအနေနဲ့ မြို့တစ်ခုလုံးကို ပျံ့သွားတော့တယ်။

ဒါဟာ သန်းခေါင်ယံ ကျော်သွားတာ ဖြစ်လို့ သန်းခေါင်ယံ ကျော်တာနဲ့ နှစ်သစ်ကို ရောက်ပြီ ဖြစ်တာကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ရော ဒဏ္ဍာရီလာ နန်သတ္တဝါကြီးကို မောင်းထုတ်ဖို့အတွက်ရော ဗျောက်အိုးတွေ ဖောက်ကြတာ ဖြစ်တယ်။

"ဖေဖေ ပြန်မလာတော့ဘူး ထင်တယ်" လို့ ဟုန်အာက တိုးတိုးလေး ရေရွတ်ရင်း ခုတင်ပေါ်က ဆင်းလိုက်တယ်။

လန်နူက ကမန်းကတန်း ရှေ့ကို တိုးလာပြီး သူ့အတွက် ဖိနပ် စီးပေးလိုက်တယ်။ ဝေကောကလည်း ဟုန်အာ ခုတင်ပေါ်က ဆင်းတာ မြင်တော့ လိုက်ဆင်းတယ်။

"ငါတို့ အပြင်ထွက်ပြီး ဗျောက်အိုး သွားဖောက်ကြစို့ အကုန်လုံး ဖောက်နေကြပြီ" လို့ ဟုန်အာက ဆိုတယ်။

အနွေးထည်တွေ ဝတ်ပြီး အပြင်ကို ထွက်လာကြရာ အားလုံးက ဟုန်အာကို ဝိုင်းရံထားကြတယ်။ ရုတ်တရက် တံခါးကာလန့်ကာက အပြင်ဘက်ကနေ လှန်လိုက်ပြီး အေးစိမ့်တဲ့ လေတွေ အထဲကို တိုးဝင်လာခဲ့တယ်။

အားလုံး ကြောင်သွားကြတုန်း ဟုန်အာက ရှေ့ကို ပြေးထွက်သွားတော့တယ်။

"ဖေဖေ"

ရွှီထင်းရှန်းက ဟုန်အာကို ပွေ့ချီလိုက်ပြီး ပြုံးပြီး ပြောတယ်။ "ဖေဖေ နောက်ကျတော့မလို့ပဲ"

"မှီပါသေးတယ်။ မှီပါသေးတယ်။ ဖေဖေ လာပါ ဗျောက်အိုး သွားဖောက်ကြရအောင်" ဟုန်အာက ဖခင်ကို ပြန်ချခိုင်းပြီး သူ့လက်ကို ဆွဲကာ အပြင်ကို ထွက်သွားတော့တယ်။

ရွှီထင်းရှန်းက လမ်းခရီးက ပြန်လာကာစဖြစ်လို့ ဖုန်မှုန့်တွေ ပေနေပြီး ပါးပြင်ကလည်း ပိန်ချိုင့်နေတယ်။ မျက်မှောင်တွေကလည်း စိတ်ညစ်တာတွေ ရှိနေတဲ့ပုံ ရပေမဲ့ ဟုန်အာနဲ့ စကားပြောတဲ့ အခါမှာတော့ ပြုံးနေပါတယ်။

ဒီမြင်ကွင်းကို မြင်တော့ ကျောက်တိက မအောင့်နိုင်တော့ဘဲ ရှန်ဖျင်ရဲ့ ပုခုံးပေါ် မှီပြီး မျက်နှာကို အုပ်ကာ ရှိုက်ကြီးတငင် ငိုတော့တယ်။

"ကောင်းကင်ဘုံကြီးရယ် ရှင် မျက်စိမပါဘူးလား"

ရှန်ဖျင်က သူမရဲ့ ပုခုံးကို ပုတ်ပြီး ဘာမှမပြောဘဲ သက်ပြင်းတစ်ချက်ပဲ ချလိုက်မိတယ်။

……

ရင်ပြင်ထဲမှာ ရုတ်တရက်ပဲ စည်ကားသွားတော့တယ်။

အစေခံတချို့က ဗျောက်အိုးတွေကို လိုက်ဖောက်ကြပြီး ကလေးနှစ်ယောက်ကိုလည်း ဟားတိုက် ရယ်အောင် စနောက်နေကြတယ်။

ဗျောက်အိုးသံတွေကြားမှာ ကျောက်တိက စိုးရိမ်တကြီးနဲ့ ရွှီထင်းရှန်းကို မေးလိုက်တယ်။ "သတင်း ရပြီလား"

ရွှီထင်းရှန်းက ဘာစကားမှ မပြောဘူး။

သူမရဲ့ မျက်ဝန်းတွေက ညိုးငယ်သွားပြီး ခဏလောက် ရပ်ကာ ထပ်မေးတယ်။ "ဒါဆိုရင် နှစ်သစ်ကူးပြီးရင် ခရီး ပြန်ထွက်ဦးမှာလား"

ရွှီထင်းရှန်းက ခေါင်းယမ်းလိုက်ပြီး ဆိုတယ်။ "စီစဉ်သင့်တာတွေကို စီစဉ်ပြီးပါပြီ။ အခုတော့ စောင့်ရုံပဲ ရှိတော့တယ်။ ကျွန်တော့်မှာ တခြား လုပ်စရာတွေလည်း ရှိသေးတာမို့လို့ ခရီး ထပ်မထွက်တော့ပါဘူး"

ကျောက်တိက ခေါင်းညိတ်လိုက်ပြီး မသိသာအောင် ဟန်ဆောင်ကာ "မင်းလည်း အလွန်အမင်း စိတ်မပူပါနဲ့။ ငါ့ညီမလေးက ကံကောင်းတဲ့သူပါ။ ငယ်ငယ်က တစ်ယောက်က သူ့ကို ဟောဖူးတယ်။ တစ်သက်လုံး စည်းစိမ်ချမ်းသာနဲ့ နေရမှာတဲ့။ သူ သေချာပေါက် ဘာမှမဖြစ်ပါဘူး။ တစ်နေရာရာမှာ ငါတို့ကို စောင့်နေမှာပါ။ ဒါမှမဟုတ်ရင်လည်း ရက်နည်းနည်း ကြာရင် သူကိုယ်တိုင် ပြန်လာမှာပါ။ သူက ပါးနပ်တဲ့သူပဲ သတ္တိလည်း ရှိတယ်။ ငယ်ငယ်က အိမ်မှာ အားလုံး အရိုက်ခံရရင်တောင် သူကတော့ အမြဲ ပါးနပ်လို့ လွတ်ခဲ့တာ။ အဲဒီတုန်းက ငါ ရောင်းစားခံရတော့ သူက ဘယ်လောက်အထိ ရှိသေးလို့လဲ။ တစ်ယောက်တည်း လိုက်ရှာလာခဲ့တာလေ..."

နောက်ဆုံး ရောက်တဲ့အခါမှာတော့ ကျောက်တိကိုယ်တိုင်တောင် ဘယ်စကားတွေ ပြောနေမိလဲဆိုတာ မသိတော့ဘူး။

"အစ်မကြီး ကျွန်တော် သိပါတယ်။ ကျောက်အာ ဘာမှမဖြစ်မှာ သေချာပါတယ်"

211 04

"မင်း သိရင် ပြီးတာပါပဲ" ကျောက်တိက ခဏလောက် ရပ်ကာ အဲဒီဘက်မှာ ပျော်နေတဲ့ ဟုန်အာကို ကြည့်ပြီး ဆိုတယ်။ "ဟုန်အာက သိတတ်တဲ့ ကလေးပါ ကျောက်အာ မရှိတဲ့အချိန်မှာ မင်း လုံးဝ လဲကျသွားလို့ မဖြစ်ဘူးနော်"

"သိပါပြီ အစ်မကြီး"

ထိုနည်းတူပဲ နှစ်ကုန်ရက် ဖြစ်ပေမဲ့ ဟုန်ကျွန်း ပေါ်မှာတော့ နှစ်သစ်ကူး အငွေ့အသက်တွေ သိပ်မရှိဘူး။

ကျောက်အာက လန်နူ ဆီကနေ ကြားရတာက ခေါင်းဆောင်ကြီးက အထူးပဲ နှစ်သစ်ကူးညစာတွေကို စီစဉ်ခိုင်းထားလို့ တစ်ကျွန်းလုံး စားကြရတယ်လို့ သိရတယ်။ အကျဉ်းသား ဖြစ်နေတဲ့ ကျောက်အာအတွက်တောင်မှ ဟင်းငါးမျိုးနဲ့ စွပ်ပြုတ်တစ်မျိုး ပါတဲ့ သိပ်ကို ခမ်းနားတဲ့ ထမင်းဝိုင်းကို ပြင်ပေးခဲ့တယ်။ ဒါပေမဲ့ လေထဲမှာ အဲဒီယမ်းနံ့သင်းသင်းနဲ့ နားကွဲမတတ် ဆူညံတဲ့ ဗျောက်အိုးသံတွေ မရှိလို့ တစ်ခုခု လိုနေသလို ခံစားရတယ်။

သိပ်ကို တိတ်ဆိတ်လွန်းလှတယ်။ သင်္ချိုင်းဂူတစ်ခုလိုပဲ ငြိမ်သက်နေတော့တယ်။

"သခင်မကြီး အချိန်လည်း မစောတော့ဘူး။ အမြန် အနားယူပါတော့"

ဒီလို အချိန်မှာ ကျောက်အာကလည်း နှစ်သစ်ကူးကို စောင့်ချင်တဲ့ စိတ်မရှိတာကြောင့် ခေါင်းညိတ်လိုက်ပြီး ခုတင်ပေါ် တက်လိုက်တယ်။

ခုတင်ပေါ်မှာ လဲလျောင်းရင်း ခဏလောက် တွေးပြီးနောက် အိပ်ပျော်သွားခဲ့တယ်။

သူမက အိမ်မက်တစ်ခု မက်ခဲ့တယ်။ အိမ်မက်ထဲမှာ ရှုပ်ထွေးလှတဲ့ မြင်ကွင်းအများကြီး ရှိနေတယ်။ တစ်ဝက်တစ်ပျက် အိပ်မောကျနေတုန်း တစ်ယောက်ယောက် ငိုနေတဲ့ အသံကို ကြားလိုက်ရလို့ ရုတ်တရက် နိုးလာခဲ့တယ်။

အဲဒါ လန်နူ ငိုနေတာ ဖြစ်တယ်။

လန်နူက ပုံမှန်အားဖြင့် အပြင်ဘက်က ခုတင်ငယ်လေးပေါ်မှာ အိပ်လေ့ရှိရာ ကျောက်အာကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်က ခိုင်းထားတာဖြစ်ကြောင်း ကျောက်အာ သိထားတယ်။ လန်နူက ရုပ်ရည် မလှဘဲ အသားမည်းကာ ထွားကြိုင်းပေမဲ့ သိပ်ကို စိတ်သဘောထား ကောင်းတဲ့ မိန်းကလေး ဖြစ်ပြီး ကျောက်အာအပေါ်မှာလည်း အမြဲတမ်း အစွမ်းကုန် ပြုစုစောင့်ရှောက်ပေးသူ ဖြစ်တယ်။

ဒီသန်းခေါင်ယံအချိန်မှာ တိတ်တဆိတ် ငိုနေတာဟာ နှစ်ကုန်ရက်လည်း ဖြစ်လို့ အိမ်ကို လွမ်းနေတာလားလို့ ကျောက်အာ တွေးမိတယ်။ လန်နူဟာ ပင်လယ်ဓားပြတွေရဲ့ ဖမ်းတာကို ခံရပြီး ကျွန်းပေါ် ရောက်လာတာ ဖြစ်ကြောင်းပဲ ကျောက်အာ သိထားတယ်။

အမှန်တော့ သူမကိုယ်တိုင်လည်း အိမ်ကို လွမ်းနေမိတယ်။ သူမရဲ့ ယောက်ျား သားဖြစ်သူ အစ်မကြီးနဲ့ ဝေကော တို့ကို သူမ လွမ်းနေမိပါတယ်။

ကျောက်အာက လန်နူ ခဏကြာရင် ငိုတာ ရပ်သွားလိမ့်မယ်လို့ ထင်ထားပေမဲ့ အတန်ကြာတဲ့အထိ မရပ်ဘဲ ရှိနေတယ်။ အဲဒီငိုသံကြောင့် သူမရဲ့ စိတ်တွေ လှုပ်ရှားလာလို့ ဝတ်ရုံကို ခြုံပြီး ထလာခဲ့တယ်။

"ဘာဖြစ်လို့လဲ"

"သခင်မကြီး ကျွန်မ ဘာမှမဖြစ်ပါဘူး။ ကျွန်မက..."

အတူတူ နေလာခဲ့တာ ကြာပြီ ဖြစ်လို့ ကျောက်အာက လန်နူအကြောင်းကို အကုန်လုံး မသိပေမဲ့ သူမရဲ့ စိတ်နေစိတ်ထားကိုတော့ သိထားတယ်။ လန်နူက ပြောရခက်တဲ့ ကိစ္စရှိရင် အင်္ကျီစကို လိမ်နေတတ်တယ်။

ကျောက်အာက ခုတင်ငယ်လေးပေါ်မှာ ထိုင်လိုက်ပြီး ခဲခဲခဲခဲပဲ စိတ်ရှည်လက်ရှည်နဲ့ ဆိုတယ်။ "မင်းက ပင်လယ်ဓားပြတွေ ဖမ်းလာတာ ငါလည်း အတူတူပဲ မင်းက မိန်းကလေး ငါလည်း မိန်းကလေးပဲ။ ဒီနေ့က နှစ်ကုန်ရက် ဖြစ်လို့ အိမ်မှာဆိုရင်တော့ မိသားစုတွေ အတူတူ ပျော်နေကြမှာပေါ့ အိမ်မှာရှိတဲ့ မင်းရဲ့ မိဘတွေကို စဉ်းစားပြီးတော့ မင်း မငိုသင့်ဘူး"

အဲဒီစကားကို ကြားတော့ လန်နူက ဝါးခနဲ ပိုပြီး ကျယ်လောင်စွာ ငိုတော့တယ်။

"သခင်မကြီး ကျွန်မက အိမ်ကို လွမ်းလို့ မဟုတ်ပါဘူး။ ကျွန်မရဲ့ အစ်မကြောင့်ပါ..."

အဲဒီနောက်မှာတော့ ကျောက်အာက လန်နူရဲ့ ပါးစပ်ကနေ လူကို ကြက်သီးထလာစေလောက်အောင် ထိတ်လန့်စရာ ကောင်းတဲ့ ပုံပြင်တစ်ပုဒ်ကို ကြားလိုက်ရတော့တယ်။

လန်နူနဲ့ သူမရဲ့အစ်မဖြစ်သူ ဟွားနူတို့က တာ့ချန်းပြည် ကမ်းရိုးတန်းက ငါးဖမ်းရွာလေးတစ်ရွာက မိန်းကလေးတွေ ဖြစ်ကြတယ်။ ဒီလို နေရာလေးမှာ မြေပေါ်မှာ စိုက်ပျိုးစားတာနဲ့ ပင်လယ်ထဲမှာ ငါးဖမ်းတာနဲ့ပဲ ဘဝကို ဖြတ်သန်းနေကြရတာ ဖြစ်တယ်။

တျန့်ဟိုင်မြို့လိုပဲ ပင်လယ်ပိတ်ထားလို့ လန်နူတို့ မိသားစုက သိပ်ကို ဆင်းရဲပေမဲ့ အနည်းဆုံးတော့ မိသားစုဝင်တွေ အတူတူ ပျော်ရွှင်စွာ နေခဲ့ကြတယ်။

211 05

ဒါပေမဲ့ တစ်နေ့မှာတော့ ကံဆိုးတာတွေ ရောက်လာခဲ့တယ်။ ရွာထဲကို ဂျပန်ပင်လယ်ဓားပြတွေ ဝင်လာပြီး မီးရှို့တာ သတ်ဖြတ်တာနဲ့ လုယက်တာတွေကို လုပ်ခဲ့ကြတယ်။

ရွာထဲက အမျိုးသမီးအားလုံး ဖမ်းခေါ်တာ ခံခဲ့ရပြီး လန်နူတို့ ညီအစ်မနှစ်ယောက်လည်း ပါခဲ့တယ်။

သူတို့ကို ပင်လယ်ဓားပြတစ်စုက ဖမ်းသွားတာ ဖြစ်တယ်။

သူတို့က ပင်လယ်ပြင်မှာ နှစ်ရှည်လများ လှည့်လည်နေကြသူတွေဖြစ်တာကြောင့် အလိုချင်ဆုံးက အမျိုးသမီးတွေပါပဲ။ ဒါပေမဲ့ အစိုးရရဲ့ ဖမ်းမှာကို ကြောက်လို့ ကုန်းပေါ် မတက်ရဲကြဘဲ အောင့်အည်းနေခဲ့ကြရတယ်။ ဒါပေမဲ့ ခဏပဲ အောင့်အည်းနိုင်ပေမဲ့ တစ်သက်လုံး မလုပ်နိုင်တာကြောင့် အဲဒီပင်လယ်ဓားပြတွေက ရံဖန်ရံခါ ကုန်းပေါ်တက်ပြီး အမျိုးသမီးတွေကို လုယက်ကြတာပဲ။

ပင်လယ်ပြင်မှာ ပင်လယ်စာကလွဲရင် အဖိုးတန်ဆုံးက အမျိုးသမီးတွေ ဖြစ်တယ်။

အသက် ၁၇ ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ကုန်းပေါ်မှာ ရောင်းရင် ငွေ ၁၀ သား ၂၀ သားပဲ ရပေမဲ့ ပင်လယ်ပြင်မှာတော့ ငွေ တစ်ထောင်သားအထိ ရောင်းရတတ်တယ်။

မိမိဘာသာ အလိုဆန္ဒအတွက် သုံးတာဖြစ်စေ ပြန်ရောင်းတာဖြစ်စေ အမြဲတမ်း အကျိုးအမြတ် ရတဲ့ လုပ်ငန်းပါပဲ။

အဲဒီတုန်းက လန်နူက အသက်ငယ်သေးသလို ကိုယ်လုံးကိုယ်ပေါက် ထွားကြိုင်းကာ အသားမည်းလို့ ဘယ်သူမှ စိတ်မဝင်စားခဲ့ကြဘူး။ ဒါပေမဲ့ ဟွားနူကတော့ မတူဘဲ ဖျက်ဆီးတာ ခံလိုက်ရရှာတယ်။

အချို့က အရှက်ရလို့ သေသွားကြပေမဲ့ အချို့ကတော့ မသေဘဲ ရှိနေကြရာ ဟွားနူက မသေဘဲ ကျန်ရစ်သူ ဖြစ်တယ်။

ဒီလိုနဲ့ ဘဝတစ်ဝက်လောက် ကုန်သွားပြီးနောက် အဲဒီပင်လယ်ဓားပြအဖွဲ့က ဟုန်ဘန်းရဲ့အချေမှုန်းခံလိုက်ရတာကြောင့် လန်နူတို့ ညီအစ်မနှစ်ယောက်က ဟုန်ကျွန်းပေါ် ရောက်လာခဲ့ကြတယ်။ ဒါပေမဲ့ လောကကြီးမှာ ကျီးကန်းတိုင်း မည်းကြတာ အမှန်ပဲ။ ခေါင်းဆောင်ကြီးက အမျိုးသမီးတွေကို ဖျက်ဆီးတာ မလုပ်ဖို့ အမိန့်ထုတ်ထားပေမဲ့ ဒီဟုန်ဘန်း တစ်ခုလုံးရှိ လူသောင်းဂဏန်းကြားမှာ အိမ်ထောင်ကျသူက သိပ်ကို နည်းပါတယ်။

ဒီပင်လယ်ဓားပြတွေက အမျိုးသမီးတွေကို အလွန်အမင်း လိုအပ်နေကြတာကြောင့် အဲဒီလိုအပ်ချက်ကို ခေါင်းဆောင်ကြီးတောင်မှ လုံးဝတားလို့ မရနိုင်ဘူး။ ဒါကြောင့် ခေါင်းဆောင်ကြီးက ကြားနေနည်းလမ်းတစ်ခုကို ပြောင်းသုံးခဲ့ရာ ဖမ်းလာတဲ့ အမျိုးသမီးတွေက မိမိဘာသာ ရွေးပြီး 'ဟွားကျန့်' ထဲကို ဝင်နိုင်တယ်။

ဟွားကျန့် ဆိုတာ တရားမဝင် ပြည့်တန်ဆာရုံလိုပဲ။ ခန္ဓာကိုယ်ကို အရင်းပြုပြီး အလုပ်လုပ်ရတဲ့ နေရာ ဖြစ်တယ်။ ဟွားကျန့်ထဲ ဝင်တာနဲ့ မိမိကိုယ်ကိုယ် ကျွေးနိုင်ပြီး အသုံးမဝင်တဲ့သူအဖြစ် စွန့်ပစ်ခံရတာကနေ ကင်းဝေးနိုင်တယ်။ ဟွားကျန့်ထဲမှာ မိမိဘာသာ ဧည့်သည်ကို ရွေးနိုင်ပြီး တစ်ပါးသူရဲ့ အဓမ္မပြုကျင့်တာကို မခံရတော့ဘူး။

ပင်လယ်ပြင်က အမျိုးသမီးတွေထဲမှာ ဘယ်သူက စင်ကြယ်ပါ့မလဲ။ အားလုံးက တစ်ယောက်လက်က တစ်ယောက်ဆီ လုယက်ခံရသူ ရောင်းစားခံရသူတွေပဲ ဖြစ်လို့ အများစုက တွေဝေတာ မရှိဘဲ သဘောတူခဲ့ကြတယ်။ ဟွားနူလည်း သဘောတူခဲ့ပေမဲ့ သူမက တောင်းဆိုချက်တစ်ခု တင်ပြခဲ့တာက လန်နူကို ခေါင်းဆောင်ကြီးရဲ့ အနားမှာ အစေခံအဖြစ် ထားပေးဖို့ ဖြစ်တယ်။

ဒီနည်းနဲ့ ညီမဖြစ်သူရဲ့ စင်ကြယ်မှုကို ကာကွယ်ပေးခဲ့တာပဲ။

ဟွားကျန့်ထဲက အမျိုးသမီးတွေအတွက် ပြန်ထွက်နိုင်မယ့် နည်းလမ်းတစ်ခုပဲ ရှိတယ်။ အဲဒါက တစ်ယောက်ယောက်က သူမကို လက်ထပ်ဖို့ သဘောတူတာပါပဲ။

လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဟွားနူကို လက်ထပ်ချင်သူ မနည်းပေမဲ့ သူမက စိတ်ပျက်နေတာကြောင့်ဖြစ်စေ ဂရုမစိုက်တာကြောင့်ဖြစ်စေ သဘောမတူခဲ့ဘူး။

ဒါပေမဲ့ မနှစ်က သူမက လူတစ်ယောက်ကို သဘောကျခဲ့ပေမဲ့ အဲဒီလူမှာ ငွေမလုံလောက်ဘဲ ရှိနေတယ်။

ဟွားကျန့်က အမျိုးသမီးကို လက်ထပ်ဖို့က လွယ်သလို နည်းလမ်း နှစ်မျိုး ရှိတယ်။ တစ်ခုက တခြား အမျိုးသမီးတစ်ယောက်နဲ့ အစားထိုးပေးဖို့နဲ့ နောက်တစ်ခုက ငွေနဲ့ ရွေးယူဖို့ ဖြစ်တယ်။

အစားထိုးဖို့က မဖြစ်နိုင်ဘူး။ ပင်လယ်ပြင်မှာ အမျိုးသမီး ရှားလှတာကြောင့် အောက်ခြေ ပင်လယ်ဓားပြတစ်ယောက်ရဲ့ လက်ထဲကို အမျိုးသမီးတစ်ယောက် ရောက်ဖို့က မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ငွေနဲ့ ရွေးယူဖို့ကတော့ ဈေးနှုန်းက သိပ်ကို မြင့်မားလှတယ်။ ပင်လယ်ဓားပြတွေက အရင်းအနှီးမရှိတဲ့ လုပ်ငန်းနဲ့ ငွေအများကြီး ရကြတယ်။ ဆိုပေမဲ့ အဲဒီလောက်များတဲ့ ငွေကို စုဖို့က သိပ်ကို ခက်ခဲလှတယ်။ အဲဒီလူငယ်က ဒီနေ့အထိ ငွေမစုနိုင်သေးဘူး။ ဒီနေ့ နှစ်ကုန်ရက်မှာ ကျောက်အာ အိပ်ပျော်နေတုန်း လန်နူက အစ်မဖြစ်သူဆီ တိတ်တဆိတ် သွားတွေ့ရာ အစ်မဖြစ်သူ ငိုနေတာ မြင်ခဲ့ရလို့ ပြန်ရောက်လာတဲ့အခါ ဒီလောက်အထိ ငိုနေတာ ဖြစ်တယ်။

လန်နူက အစ်မဖြစ်သူ ဒီလောက်အထိ ဒုက္ခရောက်နေရတာက မိမိကြောင့်လို့ အမြဲထင်နေခဲ့တယ်။ အကယ်၍ မိမိသာ မရှိခဲ့ရင် အစ်မဖြစ်သူမှာ လွတ်မြောက်နေတာ ကြာပြီလို့ ယူဆနေရှာတယ်။

211 06

ကျောက်အာက နားထောင်ပြီးနောက် စိတ်ထဲမှာ ဘယ်လို ခံစားရလဲဆိုတာ ဖော်ပြဖို့ ခက်လှတယ်။

အံ့ဩတာ စိတ်မကောင်းဖြစ်တာ သနားစရာ ကောင်းတာ စတဲ့ ခံစားချက်အများကြီးက ရောယှက်နေတော့တယ်။

သူမရဲ့ မျက်ဝန်းတွေက လက်ခနဲ ဖြစ်သွားပြီး တိုးတိုးလေး မေးလိုက်တယ်။ "လန်နူ မင်း မင်းရဲ့ အစ်မကို ကယ်ချင်လား"

"သခင်မကြီး"

"ငါ့မှာ မင်းရဲ့ အစ်မကို ကယ်နိုင်တဲ့ ငွေတွေ ရှိတယ်" လို့ ဆိုကာ ကျောက်အာက အိပ်ခန်းထဲ ဝင်ပြီး အဝတ်ဗီရိုထဲက စုတ်ပြတ်နေတဲ့ အဝတ်တစ်ထည်ကို ထုတ်ယူလိုက်တယ်။

အဲဒါ ကျောက်အာ ရေထဲ ကျတုန်းက ဝတ်ထားတဲ့ အဝတ်ပဲ ဖြစ်ပြီး နောက်ပိုင်းမှာ လဲလိုက်ပေမဲ့ သူမက မစွန့်ပစ်ဘဲ သိမ်းထားတာ ဖြစ်တယ်။ တစ်ယောက်ယောက်က သူမရဲ့ အဝတ်ကို စစ်ခဲ့ဖူးပေမဲ့ ဘာမှမရှိလို့ သူမကို သိမ်းထားခွင့် ပြုခဲ့တာပဲ။

ကျောက်အာက လန်နူကို ကပ်ကြေးတစ်စုံ ရှာခိုင်းလိုက်ပြီး သူမက အဲဒီကပ်ကြေးနဲ့ အင်္ကျီလက်ကို ဖောက်လိုက်တယ်။ အဲဒါက အထပ်လိုက် လုပ်ထားတာ ဖြစ်ပြီး အလယ်မှာ အထပ်တစ်ခု ထပ်ရှိနေကာ နောက်ဆုံးမှာ ဆီစက္ကူနဲ့ ပတ်ထားတဲ့ အလိပ်လေးတစ်ခု ထွက်လာတယ်။

ဒီနည်းလမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရွှီထင်းရှန်း စာမေးပွဲသွားဖြေတိုင်း ကျောက်အာ စဉ်းစားခဲ့တဲ့ နည်းလမ်းပါပဲ။ အပြင်သွားတဲ့အခါ မတော်တဆမှုတွေ ကြုံနိုင်လို့ ငွေရှိနေရင် ကိစ္စအများကြီးကို ဖြေရှင်းနိုင်ပါတယ်။ ဒါကြောင့် ရွှီထင်းရှန်း အပြင်ထွက်တိုင်း ကျောက်အာက သူ့ရဲ့အဝတ်ထဲမှာ အထပ်တစ်ခု လုပ်ပြီး ငွေလွှဲလက်မှတ်တစ်စောင်ကို ဆီစက္ကူနဲ့ ပတ်ပြီး ထည့်ပေးလေ့ ရှိတယ်။ အဲဒီအခါ ရေစိုတာ မီးလောင်တာကို မကြောက်ရတော့ဘဲ အဝတ်မပျောက်သရွေ့ ငွေရှိနေမှာ ဖြစ်တယ်။

ဒီအလေ့အကျင့်ကို သူမက အမြဲ ထားခဲ့ပြီး မိမိကိုယ်တိုင် ခရီးထွက်တဲ့ အခါမှာလည်း ဒီလိုပဲ ပြင်လေ့ရှိတယ်။ ပုံမှန်အားဖြင့် မသုံးရပေမဲ့ အခုတစ်ခေါက်မှာတော့ သုံးဖို့ ဖြစ်လာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။

"နှမြောစရာကောင်းတာက ဒါက ငွေအစစ် မဟုတ်ဘူး။ ဒါပေမဲ့ ဒီလက်မှတ်နဲ့ဆိုရင် ငွေလွှဲဌာနမှာ ငွေ တစ်သောင်းသားနဲ့ လဲလို့ ရတယ်"

"ငွေ တစ်သောင်းသား" လန်နူမှာ ထိတ်လန့်တုန်လှုပ်သွားတော့တယ်။

ကျောက်အာက သူမကို ကမ်းပေးလိုက်ပြီး ဆိုတယ်။ "ဘာပဲဖြစ်ဖြစ် ငါ့အတွက်တော့ အသုံးမဝင်ပါဘူး။ မင်းကိုပဲ ပေးလိုက်ပါ့မယ်"

"သခင်မကြီး တကယ်ပဲ ဒီငွေတွေကို ကျွန်မကို ပေးမှာလား" လန်နူမှာ တုံ့ဆိုင်းစွာနဲ့ မေးတယ်။ သူမက သိပ်ကို ရိုးသားတဲ့ မိန်းကလေး ဖြစ်ကြောင်း ထင်ရှားလှတယ်။

ကျောက်အာ စိတ်ထဲမှာ နည်းနည်း အားနာမိပေမဲ့ ပြောလိုက်တယ်။ "ဒါက ငွေနဲ့ တန်းလဲလို့ မရဘူး စက္ကူတစ်ရွက်ပဲ။ မင်း ပြောသလိုပဲ ဒါက ပင်လယ်ပြင်ကြီးလေ။ ပင်လယ်ပြင်က ကျယ်ပြောတာဆိုတော့ ကုန်းပေါ်ရောက်မှပဲ လဲလို့ ရမှာ။ မင်း ယူထားလိုက် ဘယ်သူ့ကိုမှ အသိမပေးနဲ့။ မင်း ငါ့အပေါ်မှာ အစွမ်းကုန် ပြုစုခဲ့တာဆိုတော့ ဒါကို အမှတ်တရအနေနဲ့ ထားလိုက်ပါ။ အကယ်၍ တစ်နေ့မှာ မင်း ကုန်းပေါ်ကို ပြန်ရောက်ခဲ့ရင် မင်းရဲ့ ဘဝအတွက် အသုံးဝင်လိမ့်မယ်"

လန်နူက အဲဒီလက်မှတ်ကို ကိုင်ပြီး ကြောင်အအ ဖြစ်နေရှာတယ်။

"ကဲပါ မငိုနဲ့တော့ အမြန် အနားယူပါတော့ လောကမှာ ကျော်လွှားလို့ မရတဲ့ အခက်အခဲဆိုတာ မရှိပါဘူး။ ငိုနေတာက ပြဿနာကို မဖြေရှင်းနိုင်ဘူးလေ"

ကျောက်အာက ခုတင်ပေါ် တက်ပြီး လဲလျောင်းလိုက်ပေမဲ့ လန်နူကတော့ အဲဒီလက်မှတ်ကို ကိုင်ပြီး တစ်ညလုံး စဉ်းစားနေမိတော့တယ်။

နောက်တစ်နေ့မှာတော့ သူမက ပစ္စည်းတွေကို ကိုင်ပြီး အပြင်ကို ထွက်သွားခဲ့ရာ ကျောက်အာက အရာအားလုံးကို သိထားပေမဲ့ ဘာမှမသိသလိုပဲ ဟန်ဆောင်နေလိုက်တော့တယ်။

******

အခန်း ၂၁၂

နှစ်ဆန်း ၅ ရက်နေ့ ကျော်တာနဲ့ ဟုန်ဘန်းအဖွဲ့က လူအင်အား အပြည့်အစုံနဲ့ သင်္ဘော ဆယ်စင်းကျော် စီတန်းပြီး ခန့်ခန့်ထည်ထည် ထွက်လာခဲ့ကြတယ်။

ဒီတစ်ခေါက်မှာ သူတို့ သွားရတာက ဟေးချီပန်းရဲ့ အခြေစိုက်စခန်းကို အပြတ်အသတ် ချေမှုန်းဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်။

နှစ်ကုန်ခါနီးအချိန်မှာ ဟုန်ဘန်းရဲ့ဌာနခွဲအများကြီး တိုက်ခိုက်ခံခဲ့ရလို့ လူအများက ထိတ်လန့်တုန်လှုပ်နေခဲ့ကြတယ်။ အဲဒါက ဟေးချီပန်းရဲ့ လက်ချက်ဖြစ်တယ်လို့ အားလုံးက ယူဆနေကြတာကြောင့် ဟုန်ဘန်းတစ်ဖွဲ့လုံးက ဒေါသတကြီးနဲ့ လက်စားချေဖို့ သိပ်ကိုစိတ်အားထက်သန်နေကြပြီ ဖြစ်တယ်။

နှမြောစရာကောင်းတာက ခေါင်းဆောင်ကြီးက အပြင်ကို ထွက်သွားတာ တစ်လကျော် ကြာခဲ့ပြီး နှစ်မကူးခင်လေးတင်မှ ပြန်ရောက်လာခဲ့လို့ ဒီကိစ္စတွေကို နှစ်သစ်ကူးပြီးတဲ့အထိ ရွှေ့ဆိုင်းခဲ့ရတာပါပဲ။

ခရီးထွက်သွားတာ ဆယ်ရက်ကျော် ကြာခဲ့ပြီး နောက်တစ်ခါ ပြန်ရောက်လာတဲ့ အခါမှာတော့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ရောက်လာခဲ့ကြတယ်။ ဒီတစ်ခေါက် တိုက်ပွဲအပြီးမှာ ဟေးချီပန်းက လုံးဝပျက်သုဉ်းသွားခဲ့ပြီ ဖြစ်ပေမဲ့ စိတ်ပျက်စရာ ကောင်းတာက ဟေးချီပန်း အဖွဲ့ခေါင်းဆောင် ထောင်ရှီဆန်းလန်က လူတစ်စုကို ခေါ်ပြီး လွတ်သွားတာပဲ ဖြစ်တယ်။

ဒါပေမဲ့လည်း ဟုန်ဘန်းအတွက်တော့ အကျိုးအမြတ် သိပ်များပါတယ်။ ဟေးချီပန်းရဲ့ ဌာနခွဲအများကြီးကို သိမ်းနိုင်ခဲ့ရုံတင်မက သူတို့ရဲ့ ဘဏ္ဍာတိုက်ကိုလည်း လုနိုင်ခဲ့တယ်။ အဲဒီထဲမှာ ရွှေငွေ မရေမတွက်နိုင်အောင် ပါသလို ဟေးချီပန်းတို့ဘက်က မစီမံရသေးတဲ့ ကုန်စည်အများကြီးလည်း ပါတယ်။ အရေးကြီးဆုံးက အမျိုးသမီးအများကြီးကိုလည်း သိမ်းနိုင်ခဲ့တာပဲ ဖြစ်တယ်။

ဒါကြောင့် ဟုန်ဘန်းဘက်က ထိခိုက်ဒဏ်ရာရတာကလည်း မနည်းပေမဲ့ တစ်ဖွဲ့လုံးက သိပ်ကို ဝမ်းသာပျော်ရွှင်နေကြတယ်။

အဲဒီအချိန်မှာပဲ ကျောက်အာမှာ ကိုယ်ဝန် သုံးလ ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရတော့တယ်။

ဟုန်ချန်ရင်းက ဟွားကျန့် (ပန်းတဲ) ထဲက ထွက်လာတဲ့အခါ မျက်နှာမှာ မကျေမနပ်ဖြစ်တာတွေ ပြည့်နေတယ်။

ငွေအများကြီး သုံးခဲ့ပေမဲ့ တွေ့ရသမျှက တစ်ပတ်ရမ်း အမျိုးသမီးတွေချည်းပဲ ဖြစ်တာကြောင့် ဘယ်လောက်ပဲ လှတဲ့ အမျိုးသမီး ဖြစ်ပါစေ။ ခဏခဏ ပေါင်းသင်းရရင် ငြီးငွေ့လာတတ်တာက ဓမ္မတာပဲ။ သူတို့လို အမျိုးသမီးမျိုးဆိုရင်တော့ ပြောစရာ မလိုတော့ဘူး။

ဟုန်ချန်ရင်းက ဒီကိစ္စကို စဉ်းစားမိတိုင်း တစ်ယောက်ယောက်အပေါ် သိပ်ကို နာကျည်းမိတယ်။

အကယ်၍ သူမသာ မရှိခဲ့ရင် သူ့ဖခင်က အမျိုးသမီးအပေါ် စိတ်မခိုင်ဘဲ မရှိခဲ့ရင် အခုအချိန်မှာ သူကပဲ ခေါင်းဆောင်ကြီး ဖြစ်နေရမှာဖြစ်ပြီး အခုလို အမျိုးသမီးတစ်ယောက်ရဲ့ အုပ်ချုပ်မှုအောက်မှာ အနှိမ်ခံနေရမှာ မဟုတ်ဘူး။

အရင်က ဟုန်ချန်ရင်းက ခေါင်းဆောင်ကြီးရဲ့ တစ်ဦးတည်းသော သားဖြစ်လို့ အမျိုးသမီးအများကြီးကို မယားငယ်အဖြစ် ထားနိုင်ခဲ့တယ်။ တခြားသူတွေက တစ်ယောက်မှ မရနိုင်ချိန်မှာ သူက တစ်ယောက်တည်းနဲ့ အမျိုးသမီးအများကြီးကို ပိုင်ခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ဟုန်ကူး ရာထူးရကတည်းက သူ့ရဲ့ကောင်းစားတဲ့ နေ့ရက်တွေက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တယ်။

အခု ဟုန်ဘန်းရဲ့သခင်လေးဖြစ်တဲ့ သူက အမျိုးသမီးတစ်ယောက်နဲ့ ပေါင်းဖို့အတွက်တောင် ငွေပေးနေရတာ မဟုတ်လား။

မဟုတ်ဘူး သူက အခု ဟုန်ဘန်းရဲ့ သခင်လေး မဟုတ်တော့ဘဲ စွန့်ပစ်ခံထားရသူ တစ်ယောက်ပဲ ဖြစ်နေတော့တယ်။

အရာအားလုံးက အဲဒီအမျိုးသမီးကြောင့်ပဲ ဖြစ်တယ်။

212 02

"သခင်လေး စိတ်မဆိုးပါနဲ့တော့။ လုခေါင်းဆောင်ဆီကို ကျွန်တော်တို့ စကားတစ်ခွန်းလောက် ပါးလိုက်မယ်လေ။ တိအဖွဲ့ကနေ အသစ်အဆန်း အမျိုးသမီးတချို့ကို ရှာခိုင်းလိုက်ရင် သခင်လေးလည်း အာသာပြေနိုင်သလို အောက်က ညီအစ်ကိုတွေလည်း အကျိုးရှိတာပေါ့" အစေခံက ဆိုတယ်။

ဒီစကားကို ကြားတဲ့အခါ ဟုန်ချန်ရင်းက ဒေါသတွေ ပြေလျော့မသွားတဲ့အပြင် ပိုလို့တောင် ဒေါသထွက်လာခဲ့တယ်။ သူက ဘေးနားက အစေခံကို ခြေထောက်နဲ့ တစ်ချက် ကန်လိုက်ပြီး ကြိမ်းမောင်းလိုက်တယ်။ "မင်းက စကားကို ကောင်းကောင်းပြောတတ်ရဲ့လား"

အဲဒီမျက်နှာထား မကောင်းတဲ့ ပင်လယ်ဓားပြက အဲဒီတော့မှ သတိဝင်လာပြီး ဒီသခင်က စိတ်ကြီးပေမဲ့ လက်တွေ့မှာတော့ အားကိုးရာမရှိသူ ဖြစ်လို့ မိမိရဲ့စကားကို ဘယ်လိုလုပ် သဘောကျပါ့မလဲ။ သူက ချက်ချင်းပဲ ငြိမ်ကျသွားပြီး ဘာစကားမှ မပြောရဲတော့ဘူး။

ဟုန်ချန်ရင်းက မေးစေ့ကို ပွတ်ရင်း မျက်လုံးကို တစ်ချက် ဝေ့လိုက်ပြီး ဆိုတယ်။ "ကြားတာတော့ အဲဒီမိန်းမယုတ်က မကြာခင်က အမျိုးသမီးတစ်ယောက်ကို ခေါ်လာတယ်ဆို ထျန်းဌာန မှာ အမြဲ ထားတယ်တဲ့။ ငါတို့ သွားကြည့်ကြရအောင် အဲဒါ ဘယ်လို အမျိုးသမီးမျိုးလဲဆိုတာ"

"ဒီကိစ္စကို ကျွန်တော် သိပါတယ်။ ကြားတာတော့ တိအဖွဲ့ကနေ အရာရှိကတော် တစ်ယောက်ကို ဖမ်းလာတာတဲ့ ခေါင်းဆောင်ကြီး ကိုယ်တိုင် အဲဒီအမျိုးသမီးကို တောင်းထားတာဆိုတော့ ဘယ်သူမှ မထိရဲကြဘူးခင်ဗျာ"

မထိရဲဘူး ဟုတ်လား…. ဟေ့ ဒါဆိုရင်လည်း သူက တမင်တကာ သွားပြီး ထိကြည့်ရသေးတာပေါ့။

စိတ်တိုစရာကောင်းတဲ့ ဒီသခင်ကြီးနှစ်ယောက် ထွက်သွားတာကို မြင်တဲ့အခါ ဟွားကျန့်ထဲက တိတ်တဆိတ် စောင့်ကြည့်နေသူက အခန်းထဲကို ပြန်ပြေးဝင်သွားတော့တယ်။

ဟွားကျန့် ဆိုတာ တဲတွေကို ပြောတာ မဟုတ်ဘဲ ကျယ်ဝန်းလှတဲ့ ဝင်းကြီးတစ်ခုဖြစ်ပြီး ဝင်းထဲမှာ အခန်းအများကြီးရှိကာ အခန်းတိုင်းမှာ မိန်းကလေး တစ်ယောက်စီ နေကြတယ်။

မိန်းကလေးတွေက ဧည့်သည်လက်ခံဖို့ မိမိဘာသာ ရွေးနိုင်သလို လက်မခံဘဲလည်း နေနိုင်တယ်။ ဟွားကျန့်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ကလည်း အတင်းအကျပ် မလုပ်နိုင်ဘူး။

ဟွားနီက ဧည့်သည်လက်မခံတာ ကြာပြီ ဖြစ်တယ်။ အကြောင်းက သူမအတွက် စားဝတ်နေရေးကို တာဝန်ယူပေးမယ့်သူ ရှိနေပြီး အဲဒီလူက သူမကို ရွေးဖို့အတွက် ငွေစုနေတာကို အားလုံးက သိထားကြလို့ ဖြစ်တယ်။ အားလုံးက သနားစရာ ဘဝတူတွေ ဖြစ်ကြတာမို့ ဘယ်သူမှ သူမကို အခက်မတွေ့စေကြဘူး။

ဒါပေမဲ့ ဒီနေ့မှာ ဟုန်ချန်ရင်း ရောက်လာပြီး ဟွားကျန့်ရှိ အမျိုးသမီးတွေက အမြဲတမ်း ဒီလူတွေချည်းပဲ ဖြစ်နေတယ်လို့ဆိုကာ ဘယ်သူ့ကိုမှ သဘောမကျဘဲ ရှိနေတယ်။ ဟွားနီကလည်း ကံမကောင်းလှဘဲ ဒီသေမင်း ရောက်နေတာကို မသိလို့ အပြင်ကို ထွက်လာချိန်မှာ ဟုန်ချန်ရင်းနဲ့ တည့်တည့် တိုးတော့တယ်။

ဟုန်ချန်ရင်းက သူမကို ချက်ချင်းပဲ ရွေးလိုက်တော့တယ်။

ဒါပေမဲ့ ဟွားနီက ဘယ်လိုလုပ် သဘောတူပါ့မလဲ။ သူမက အဲဒီလူကို စောင့်မယ်လို့ ကတိပေးထားခဲ့လို့ သတ္တိမွေးပြီး ငြင်းလိုက်တယ်။ ဟုန်ချန်ရင်းက သိပ်ကို ဒေါသထွက်သွားပြီး သူမရဲ့ ၏ပါးကို နှစ်ချက် ရိုက်လိုက်ရာ တခြား အမျိုးသမီးတွေက ဝင်တားပေးမှပဲ ဒီပြဿနာက ပြီးသွားခဲ့ရတယ်။ ဒါပေမဲ့ ဟုန်ချန်ရင်းကလည်း ဒေါသတကြီးနဲ့ ထွက်သွားခဲ့တယ်။

"ကဲပါ သွားပါပြီ။ သွားပါပြီ မကြောက်နဲ့တော့နော်" မျက်နှာသွယ်သွယ်နဲ့ အမျိုးသမီးတစ်ယောက်က အခန်းထဲကို အပြေးအလွှား ဝင်လာရင်း ဆိုတယ်။

အခန်းထဲမှာ ဟွားနီရဲ့ ပါးက သိပ်ကို ရောင်နေပြီး ပိန်လှီတဲ့ အမျိုးသမီးအချို့က သူမကို ဝိုင်းပြီး ဖျောင်းဖျနေကြတယ်။

အားလုံးက ဆင်းရဲဒုက္ခကြားက လူတွေ ဖြစ်ကြတာကြောင့် ဖျောင်းဖျစကား ပြောရာမှာတောင် စကားလုံးတွေက ရှားလှတယ်။ အဲဒီလူက ဘာဖြစ်လို့ ဒီနေ့အထိ ငွေမစုနိုင်သေးတာလဲ။ ဒီလို အချိန်ဆွဲနေတာကလည်း မကောင်းကြောင်းပဲ ပြောနေမိကြတယ်။

ဒီအကြောင်းကို ပြောလိုက်တဲ့ အခါမှာတော့ ဟွားနီက ပိုလို့တောင် စိတ်မကောင်း ဖြစ်ရပြန်တယ်။

တာ့ဆန်းက စကားပြော မလိမ္မာသလို မြှောက်ပင့်တာကိုလည်း မတတ်ဘူး။ ဒါကြောင့် ခေါင်းဆောင်အောက်မှာ သာမန် ပင်လယ်ဓားပြငယ်တစ်ယောက်အဖြစ်ပဲ ရှိနေရတယ်။ ပုံမှန်အားဖြင့် သူမက သူ ဒုက္ခရောက်မှာကို စိုးလို့ အရာရာမှာ ရှောင်ခိုင်းလေ့ ရှိပေမဲ့ အသက်စွန့်ပြီး မလုပ်ရင် ငွေရဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့် ငွေတစ်သောင်းသားကို တာ့ဆန်းက ဒီနေ့အထိ မစုနိုင်သေးတာပါပဲ။

ဒါပေမဲ့ ဒီလိုစကားတွေကို တခြားသူကို ဘယ်လိုပြောနိုင်ပါ့မလဲ။ သူမက ပြုံးပြီးပဲ နောက်ထပ် ရက်နည်းနည်းကြာရင် ရတော့မှာ ဖြစ်ကြောင်းပဲ ပြောလိုက်တာကြောင့် တခြားသူတွေကလည်း ဘာမှမပြောနိုင်ဘဲ ခဏမျှ ဖျောင်းဖျပြီး အသီးသီး လူစုခွဲသွားကြတော့တယ်။

212 03

တာ့ဆန်းက ဟွားနီ အရိုက်ခံရတဲ့ သတင်းကို ချက်ချင်းကြားရလို့ အပြေးအလွှား ရောက်လာခဲ့တယ်။

ဟွားနီရဲ့ ရောင်နေတဲ့ ပါးပြင်ကို မြင်တဲ့အခါ တာ့ဆန်းက ဒေါသတကြီးနဲ့ သူ့ရဲ့ လက်သီးကို တင်းတင်းဆုပ်လိုက်ရာ အရိုးသံတွေတောင် ထွက်လာတော့တယ်။

"ဒီဟုန်ဆိုတဲ့ လူက တကယ့်ကို လူမဆန်တဲ့ကောင်ပဲ"

အခု ဟွားနီရဲ့ စိတ်က အတော်လေး တည်ငြိမ်သွားပြီ ဖြစ်လို့ သူမကပဲ ပြန်ပြီး ဖျောင်းဖျပေးရတယ်။ "ဒီလိုစကားတွေကို လျှော့ပြောပါ။ သူက အရှိန်အဝါ ကျသွားပြီ ဆိုပေမဲ့လည်း သာမန်လူထက်တော့ သာပါသေးတယ်။ ငါတို့လိုလူတွေကို ဒုက္ခပေးဖို့ဆိုတာကတော့ လွယ်လွယ်လေးပဲလေ။ သူက တိအဖွဲ့က လူတွေနဲ့လည်း ရင်းနှီးတယ်။ ရှင်ကလည်း တိအဖွဲ့ အောက်က လူဆိုတော့ တစ်ယောက်ယောက်က ရှင့်ကို ဒုက္ခပေးမှာ စိုးရတယ်"

"သူက ငါ့ကို သတ်ရဲလို့လား"

တာ့ဆန်းက ခေါင်းမာစွာ ဆိုတယ်။

"ရှင်ကလည်း ဒီလို ဒေါသစကားတွေ မပြောပါနဲ့ဦး"

တာ့ဆန်းက ရုတ်တရက် စိတ်ဓာတ်ကျသွားတဲ့ပုံနဲ့ ခဏမျှ ကြောင်ပြီး ရပ်နေပြီးမှ ဆိုလိုက်တယ်။ "ငါ အဲဒီငွေလွှဲလက်မှတ်ကို သွားပြီး လဲတော့မယ်"

ဟွားနီက ထိတ်လန့်သွားပြီး နှုတ်ခမ်းတွေ တုန်ရင်လျက် ဆိုတယ်။ "ရှင် မသွားဘူးလို့ ပြောထားတယ်မဟုတ်လား"

တာ့ဆန်းက ခေါင်းကို အားပါပါနဲ့ တစ်ချက် ခါလိုက်ပြီး ပြောလိုက်တယ်။ "ဘာပဲဖြစ်ဖြစ် ငါသတိထားပြီး သွားရင် ဘာမှမဖြစ်ပါဘူး။ အခု ငါတို့ ဖူကျိုးဘက်ကို ရိက္ခာသွားယူရမှာဆိုတော့ အဲဒီကျရင် သွားကြည့်လိုက်မယ်။ ငါတို့က ဒါကို စိုးရိမ် ဟိုဟာကို စိုးရိမ်နဲ့ဆိုရင် ဘယ်တော့မှ ပြီးမှာ မဟုတ်တော့ဘူး။ ဒီလောကမှာ သတ္တိရှိတဲ့သူပဲ အောင်မြင်တာပါ။ ငါ မင်းကို ဒီနေရာကနေ သေချာပေါက် ကယ်ထုတ်ရမယ်"

ဟွားနီက နှုတ်ခမ်းကို နည်းနည်း လှုပ်ရှားလိုက်ပေမဲ့ နောက်ဆုံးမှာတော့ တားတဲ့ စကားကို မပြောတော့ဘူး။ သူမကလည်း ဒီနေရာမှာ နေရတာ ငြီးငွေ့လှပြီ ဖြစ်တာကြောင့် စိတ်ထဲက အမြဲတမ်း ထွက်ချင်နေတာပါပဲ။

တစ်ချိန်တည်းမှာပဲ ဟုန်ချန်ရင်းကလည်း ထျန်းအဖွဲ့ကို ရောက်နေပြီ ဖြစ်တယ်။

သူက ခေါင်းဆောင်ဟောင်းရဲ့ တစ်ဦးတည်းသော သားဖြစ်လို့ အခု အဖွဲ့ထဲမှာ အာဏာမရှိတော့ပေမဲ့ တခြားသူတွေထက် သာလွန်တဲ့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ ဥပမာအနေနဲ့ သာမန်လူ သွားလို့ မရတဲ့ နေရာတွေကို သူ သွားနိုင်တယ်။ အကယ်၍ သွားခွင့်မရှိရင်တောင် သူက အတင်း ဝင်ရင် ဘယ်သူမှ မတားရဲကြဘူး။

ဒီနေ့ ဟုန်ချန်ရင်းရဲ့ ကံက ကောင်းလှတယ်။ လမ်းမှာ လူနည်းနည်းနဲ့ပဲ တွေ့လို့ သူက ကျောက်အာ နေတဲ့ ဝင်းထဲကို တိုက်ရိုက် ရောက်လာခဲ့တယ်။

ကျောက်အာက နုနယ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တာကို သိထားသလို ဒီဟုန်ကျွန်းကလည်း ပင်လယ်ပြင်အလယ်မှာ ရှိနေလို့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုမှ လွတ်အောင် မပြေးနိုင်တာက ထင်ရှားလှတာကြောင့် ဟုန်ဘန်းအဖွဲ့ကလည်း သူမအပေါ် စောင့်ကြည့်တာကို အရင်ကထက် လျှော့ထားတာ ဖြစ်တယ်။

ဟုန်ချန်ရင်း ရောက်လာတဲ့ အချိန်မှာ ကျောက်အာက လန်နူနဲ့အတူ ဝင်းထဲမှာ အိပ်ရာခင်းတွေကို လျှော်နေတယ်။

ဒီအိပ်ရာခင်းတွေက သိပ်ကို ထူပြီး ကြီးတာကြောင့် လန်နူတစ်ယောက်တည်း လျှော်ဖို့က ခက်ပါတယ်။ အဲဒီမျက်စိမမြင်တဲ့ အဘွားအိုကိုလည်း ကျောက်အာက ခိုင်းဖို့ စိတ်မရှိဘူး။ ဒီနေ့ ရာသီဥတု ကောင်းတာ မြင်တော့ ကျောက်အာက အိပ်ရာခင်းတွေကို လဲဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး လဲပြီးရင် သေချာပေါက် လျှော်ရမှာ ဖြစ်လို့ သူတို့နှစ်ယောက်က သစ်သားဇလုံကြီးတစ်ခုနဲ့ ဝင်းထဲမှာ လျှော်နေကြတာ ဖြစ်တယ်။

လန်နူက ရေသွားခပ်နေလို့ ကျောက်အာ တစ်ယောက်တည်းပဲ အလုပ်များနေတာ ဖြစ်တယ်။

ဒီနေရာကို ပုံမှန်အားဖြင့် လူလာခဲပါတယ်။ ဖိနပ်တွေ ရေစိုမှာ စိုးလို့ ကျောက်အာက ဘောင်းဘီနားကို လိပ်တင်ထားပြီး ခြေဗလာနဲ့ ကျောက်ပြားပေါ်မှာ နင်းနေတယ်။

ဟုန်ကျွန်းပေါ်မှာ ရာသီဥတုက သိပ်ကို ပူတာကြောင့် ကျောက်အာက လန်နူတို့ ပုံမှန် လုပ်လေ့ရှိတဲ့အတိုင်း လိုက်လုပ်နေတာ ဖြစ်တယ်။

ဟုန်ချန်ရင်း ဝင်လာတဲ့အခါ အရပ်မြင့်တဲ့ အမျိုးသမီးတစ်ယောက်က ခြေသလုံးကို ဖော်ပြီး အဝတ်လျှော်နေတာကို မြင်လိုက်ရတယ်။

သူမရဲ့အသားအရည်က သိပ်ပြီး ဖြူစင်တာ မရှိပေမဲ့ ဆွဲဆောင်မှုရှိတဲ့ ပျားရည်ရောင် သန်းနေပြီး မျက်ဝန်းတွေကလည်း တောက်ပကာ နှုတ်ခမ်းနီမြန်းပြီး ရုပ်ရည်က သိပ်ကို လှပကျော့ရှင်းလှတယ်။ အရေးကြီးဆုံးက သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်ပါပဲ ဟုန်ချန်ရင်းက ဘေးက ကြည့်လိုက်တဲ့ အခါမှာတော့ ဆွဲဆောင်မှုရှိတဲ့ ကိုယ်ဟန်ကို မြင်လိုက်ရလို့ ချက်ချင်းပဲ စိတ်ရိုင်းတွေ ဝင်လာတော့တယ်။

212 04

သူက မဆိုင်းမတွပဲ ရှေ့ကို ပြေးဝင်သွားတော့တယ်။ ဘယ်အရာရှိကတော်ကိုမှ မစဉ်းစားတော့ဘဲ ဒီလူက အဲဒီအရာရှိကတော်ရဲ့အစေခံပဲ ဖြစ်လိမ့်မယ်လို့ ယူဆပြီး အစေခံကို အရင် သိမ်းပြီးမှ သခင်မကို သိမ်းရင်လည်း မနှောင်းသေးဘူးလို့ တွေးလိုက်တယ်။

ကျောက်အာက တစ်ခုခု လှုပ်ရှားတာကို ကြားလိုက်ရလို့ မော့ကြည့်လိုက်ရာ သိပ်ကို ရွံစရာ ကောင်းတဲ့ လူတစ်ယောက် မိမိဆီ ပြေးဝင်လာတာကို မြင်လိုက်ရတယ်။

ဒီရွံစရာ ကောင်းတာက ရုပ်ရည်ကို ပြောတာ မဟုတ်ဘဲ သူမကို ပေးတဲ့ ခံစားချက်ကို ပြောတာ ဖြစ်တယ်။

သူမက မသိစိတ်နဲ့ ဘေးကို ရှောင်လိုက်ရာ အဲဒီလူက အဟုန်နဲ့ ပြေးလာလို့ မထိဘဲ ကျော်သွားတဲ့အပြင် မြေပြင်မှာ ရေတွေ ရှိနေလို့ ဗြုန်းခနဲ လဲသွားတော့တယ်။

"မင်းလို မိန်းမယုတ် မင်းက သေချင်နေတာလား ဘာလို့ လာမကူတာလဲ"

နောက်ဆုံး စကားကတော့ သူနဲ့အတူ လာပေမဲ့ တံခါးဝမှာ မဝင်ရဲဘဲ ပုန်းနေတဲ့ အစေခံကို ကြိမ်းမောင်းလိုက်တာ ဖြစ်တယ်။

"လာပါပြီ လာပါပြီ" ဆိုပြီး အဲဒီပင်လယ်ဓားပြက အပြေးအလွှား ဝင်လာတော့တယ်။

ကျောက်အာက လူနှစ်ယောက်ရဲ့ ကြားမှာ ပိတ်မိနေလို့ အခြေအနေ မကောင်းမှန်း သိလိုက်တယ်။ မြေပြင်က သစ်သားဇလုံကြီးကို မြင်တော့ သူမရဲ့ မျက်ဝန်းတွေ လက်ခနဲ ဖြစ်သွားပြီး အဲဒီဇလုံကြီးကို မပြီး နောက်က ပြေးဝင်လာသူကို ပစ်ပေါက်လိုက်ရာ အဲဒီအချိန်မှာပဲ ဟုန်ချန်ရင်းကလည်း ပြန်ထလာခဲ့ပြီ ဖြစ်တယ်။

သူမက တစ်ဖက်လူရဲ့ ကမ်းလာတဲ့ လက်ကို ဆွဲကိုင်လိုက်ပြီး ခြေထောက်နဲ့ တစ်ဖက်လူရဲ့ ဝမ်းဗိုက်ကို အားပါပါ ကန်လိုက်ကာ ကိုယ်ကို လှည့်ပြီး အဲဒီသူကို မြေပြင်ပေါ် ဖိနှိပ်လိုက်တော့တယ်။

ဒီ ဖမ်းချုပ်နည်းကို သူမက ဟူစန်း ဆီကနေ သင်ယူထားတာ ဖြစ်တယ်။

ဟူစန်းက အရင်က အခြွေအရံတွေကို လေ့ကျင့်ပေးစဉ် သူမက ဘေးကနေ နည်းနည်း သင်ထားခဲ့တာပါပဲ။ နောက်ပိုင်းမှာ သူမ ထပ်သင်ချင်ပေမဲ့ ရွှီထင်းရှန်းက သဝန်တိုလို့ မသင်ဖြစ်ခဲ့ဘူး။ အရင်တစ်ခေါက်က အဲဒီလူနှစ်ယောက်ကို သတ်နိုင်ခဲ့တာကလည်း ဒီနည်းလမ်းတချို့ကို သင်ထားခဲ့လို့ ဖြစ်တာကြောင့် မဟုတ်ရင် သူမမှာ အားရှိပေမဲ့ ဘယ်လိုမှ အသုံးချနိုင်မှာ မဟုတ်ဘူး။

ဒီအချက်ကို စဉ်းစားမိတဲ့အခါ ကျောက်အာမှာ စိတ်ထဲက ပိုပြီး နာကျည်းမိတာကြောင့် မြေပြင်ပေါ်မှာ ဝပ်နေတဲ့ ဟုန်ချန်ရင်းကို ခြေထောက်နဲ့ အားပါပါ နင်းလိုက်တော့တယ်။

အဲဒီအချိန် ရေသွားခပ်တဲ့ လန်နူ ပြန်ရောက်လာပြီး အလျင်အမြန်ပဲ အနားကို ပြေးလာခဲ့တယ်။

"ငါ့ကို မြန်မြန်လွှတ်စမ်း ငါက ဟုန်ချန်ရင်း ကွ" ဟုန်ချန်ရင်းက ခြိမ်းခြောက်ရင်း နာကျင်စွာ အော်ဟစ်နေတယ်။

ဟုန်ချန်ရင်း ဆိုတာ ဘယ်သူလဲ မသိဘူး။

ကျောက်အာက ခြေထောက်ကို ပိုပြီး အားထည့်လိုက်ပေမဲ့ ကျောက်အာက မသိပေမဲ့ လန်နူကတော့ မသိဘဲ မနေပါဘူး။ ဒါ့အပြင် ဘေးနားက ပင်လယ်ဓားပြကလည်း ခါးကို ကိုင်ရင်း ဟုန်ချန်ရင်းရဲ့ အဆင့်အတန်းကို ပြောပြီး ကျောက်အာတို့ကို စောင့်ကြည့်နေဖို့ ခြိမ်းခြောက်နေပြန်တယ်။

"သခင်မကြီး သူ့ကို မြန်မြန် လွှတ်ပေးလိုက်ပါတော့။ သူက ဟုန်ဘန်းရဲ့ သခင်လေး ခေါင်းဆောင်ကြီးရဲ့သားပါ" လန်နူက မျက်နှာဖြူလျော့လျက် ကျောက်အာရဲ့ အင်္ကျီစကို ဆွဲပြီး တောင်းပန်တယ်။

"သား ဟုတ်လား" သူမက မထိသင့်တဲ့သူကို ထိလိုက်မိပြီလား ဒါပေမဲ့လည်း ကျောက်အာကတော့ အရေးမစိုက်ဘဲ အဲဒီလူကို နောက်ထပ် နှစ်ချက်လောက် ကန်ပြီးမှ လက်ကို လွှတ်ပေးလိုက်တယ်။

သူမက ကိုယ်ကို မတ်လိုက်တဲ့ အခါမှာတော့ ရုတ်တရက် ခေါင်းမူးသွားတာကို ခံစားလိုက်ရလို့ မိမိကိုယ်ကိုယ် အကြာကြီး ငုံ့နေလို့ပဲလို့ ယူဆလိုက်တယ်။ ဒါပေမဲ့ ရုတ်တရက် မျက်စိရှေ့မှာ မှောင်သွားပြီး သတိလစ်သွားတော့ရာ သတိမလစ်ခင်မှာပဲ လန်နူက ငိုပြီး သူမကို ခေါ်နေတာကို ကြားလိုက်ရတယ်။

ဒီနေရာမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို အထက်ကို အလျင်အမြန် တင်ပြလိုက်ကြတယ်။

ဒါကြောင့် သမားတော်လည်း ရောက်လာသလို ခေါင်းဆောင်ကြီးလည်း ရောက်လာခဲ့တယ်။

သမားတော်က စစ်ဆေးလိုက်တဲ့ အခါမှာတော့ ကျောက်အာမှာ ကိုယ်ဝန် သုံးလကျော် ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရတော့တယ်။

212 05

ကျောက်အာက အဲဒီတော့မှ သူမရဲ့ ဓမ္မတာ မလာတာ ကြာပြီ ဖြစ်ကြောင်း သတိရသွားတယ်။ ဒါပေမဲ့ ဒီနေရာကို ရောက်ကတည်းက စိတ်တွေ ရှုပ်နေခဲ့လို့ ဒီကိစ္စကို သတိမထားမိခဲ့တာပါပဲ။

ကျောက်အာရဲ့ စိတ်ထဲမှာ ဘယ်လောက်အထိ စိတ်လှုပ်ရှား ခံစားနေရတာကို ထားလိုက်ပါဦး။ တခြားတစ်ဖက်မှာတော့ ဟုန်ချန်ရင်းက မတော်တဲ့ လုပ်ရပ်ကို ကျူးလွန်ဖို့ ကြိုးစားခဲ့လို့ အပြစ်ပေးတာကို ရင်ဆိုင်ရတော့မှာ ဖြစ်တယ်။

နှမြောစရာကောင်းတာက ဒီလူက အခြေအနေကို မသိဘဲ မိမိဖခင်က အကြီးဆုံး မိမိက ဒုတိယ အကြီးဆုံးလို့ပဲ ထင်နေတုန်းပဲ ခေါင်းဆောင်ကြီးက လွယ်လွယ်နဲ့ ရှေ့ထွက်လာသူ မဟုတ်သလို ရှေ့ထွက်လာပြီးရင်လည်း ဒီကိစ္စကို လွယ်လွယ်နဲ့ လက်လွှတ်မှာ မဟုတ်တာကို သူ မသိဘူး။

ဟုန်ဘန်းရဲ့ ၏စည်းကမ်းအရ အမျိုးသမီးကို စော်ကားသူကို သေဒဏ်ပေးရမှာ ၏ဖြစ်ပြီး မအောင်မြင်သူကို ကြိမ်ဒဏ် အချက်လေးဆယ် ပေးရမှာ ဖြစ်တာကြောင့် ခေါင်းဆောင်ကြီးက မိမိရဲ့ဆုံးမမှု အားနည်းတာကို ထောက်ပြီး အချက်နှစ်ဆယ်ကို လျှော့ပေးခဲ့တယ်။

အမှန်တော့ သူမက ဟုန်ချန်ရင်းကို သင်ခန်းစာ ပေးချင်တာပဲ ဖြစ်ပေမဲ့ တစ်ဖက်လူကတော့ ကျေးဇူးတင်တာ လုံးဝ မရှိဘူး။

"မင်းလို မိန်းမယုတ် မင်းက ဒီအတတ်တွေ ကောင်းလို့ ငါ့အဖေကို လှည့်စားထားတာ သားကိုတောင် အသိအမှတ် မပြုတော့ဘဲ ခေါင်းဆောင်နေရာကို မင်းကို ပေးခဲ့တယ်... မင်းနဲ့ မင်းရဲ့ လင်ငယ်နဲ့ ပေါင်းပြီး ငါ့ရဲ့ နေရာကို လုယူခဲ့ကြတာ အခုတော့ အဖွဲ့ထဲက လူတွေရဲ့ ပါးစပ်ကို ပိတ်ချင်နေတာလား... ဟက် ငါကတော့ လူတိုင်းသိအောင် လျှောက်ပြောဦးမှာ... တကယ်တော့ မင်းက လူပျိုသန်သန်တွေကို လိုချင်ရင် ငါ့ဆီ လာခဲ့လည်း ရတာပဲ။ ဘာပဲဖြစ်ဖြစ် သားအရွယ်ပဲလေ မင်းက ဒီလိုပဲ ကြိုက်တာ မဟုတ်လား..."

ဟုန်ချန်ရင်းက နာကျင်လို့ဖြစ်စေ စိတ်လွတ်ကိုယ်လွတ် ဖြစ်စေ စကားကို ရမ်းရမ်းကားကား ပြောနေပြီး ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ဆဲနေတော့တယ်။

ခေါင်းဆောင်ကြီးမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားပြီး တင်းစစ်ရဲ့ မျက်နှာကလည်း အိုးမည်း သုတ်ထားသလို မည်းမှောင်သွားတော့တယ်။ ကံကောင်းလို့ အပြစ်ပေးနေသူတွေက ခေါင်းဆောင်ကြီးရဲ့ လူယုံတွေ ဖြစ်ကြတယ်။ ဒါပေမဲ့လည်း စကားလုံးတွေက သိပ်ကို ရိုင်းတာကြောင့် နားထောင်ဖို့တောင် ခက်ပါတယ်။

"သူ့ပါးစပ်ကို ပိတ်လိုက်စမ်း"

ကမ္ဘာကြီးက နောက်ဆုံးမှာ တိတ်ဆိတ်သွားတော့တယ်။

ကြိမ်ဒဏ် အချက်နှစ်ဆယ် ပြီးတဲ့ အခါမှာတော့ ဟုန်ချန်ရင်းကလည်း အသက်ငင်နေပြီဖြစ်လို့ လူတွေက မပြီး ခေါ်သွားကြရတယ်။

ခေါင်းဆောင်ကြီးက ခဏမျှ တွေးပြီးနောက် သမားတော်ကို သူ့ရဲ့ဒဏ်ရာကို ကုပေးဖို့ ခိုင်းလိုက်တယ်။

သူမရဲ့ခန္ဓာကိုယ်က လွန်ခဲ့တဲ့ နှစ်တွေကတည်းက ထိခိုက်ပျက်စီးခဲ့ပြီ ဖြစ်တာကြောင့် ကွယ်လွန်သူ ခင်ပွန်းရဲ့ တစ်ဦးတည်းသော သားကို မျိုးဆက်ပြတ်သွားအောင် သူမ မလုပ်နိုင်ဘူး။ ဟုန်ချန်ရင်း သေလို့ မဖြစ်ဘူး။ ဟုန်ချန်ရင်းကလည်း ဒီအချက်ကို ကောင်းကောင်း သိထားလို့ ခေါင်းဆောင်ကြီးရဲ့ ရှေ့မှာ ရဲတင်းနေတာပါပဲ။

"ခေါင်းဆောင်ကြီး..."

"ငါ ဘာမှမဖြစ်ပါဘူး။ ငါ အဲဒီအမျိုးသမီးကို သွားတွေ့လိုက်ဦးမယ်"

ကျောက်အာက ဝမ်းသာတာနဲ့ ဝမ်းနည်းတာတွေ ရောယှက်နေတယ်။

ဝမ်းသာတာက သူက သမီးလေးတစ်ယောက်ကို အမြဲလိုချင်ခဲ့ဖူးရာ အခုအခါမှာတော့ ကိုယ်ဝန် ရှိလာခဲ့ပြီ ဖြစ်တယ်။ ဝမ်းနည်းတာကတော့ သူမရဲ့လက်ရှိ အခြေအနေမှာ ကိုယ်ဝန် ရှိလာတာဟာ ဒုက္ခအများကြီးကိုပဲ ပိုပြီး တိုးစေမှာ ဖြစ်လို့ပါပဲ။

အဲဒီအချိန်မှာ ခေါင်းဆောင်ကြီး ရောက်လာတယ်။

ဒါက ကျောက်အာနဲ့ ခေါင်းဆောင်ကြီးတို့ ပထမဆုံးအကြိမ် တွေ့တာ ဖြစ်ပေမဲ့ ခေါင်းဆောင်ကြီးရဲ့ အကြောင်းကိုတော့ သူမ သိထားတာ မနည်းပါဘူး။

သူမက ပြတ်သားတဲ့ နည်းလမ်းတွေ ရှိသူဖြစ်ပြီး ဟုန်ဘန်း တစ်ခုလုံးကို တစ်ယောက်တည်း အုပ်ချုပ်နေသူ ဖြစ်ကြောင်း လန်နူက သူမကို ပြောပြခဲ့ဖူးတယ်။ ဒါ့အပြင် လန်နူရဲ့ စကားအရ ကျောက်အာက ခေါင်းဆောင်ကြီးဟာ အားနည်းသူတွေအပေါ် သနားတတ်သူ ဖြစ်ကြောင်းကိုလည်း ရိပ်မိထားတယ်။

ဥပမာအနေနဲ့ ဟွားကျန့် တည်ထောင်တာဟာ ရက်စက်တယ်လို့ ထင်ရပေမဲ့ အမှန်တော့ မလွှဲမရှောင်သာလို့ လုပ်ခဲ့တာပါပဲ။

ကျောက်အာက တစ်ဖက်လူရဲ့ရည်ရွယ်ချက်ကို မသိဘူး။ အရင်က သူမကို ဖမ်းလာတဲ့ ရည်ရွယ်ချက်ကို မကြာခင် သိရလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ ဒီနေ့အထိ ဘယ်သူမှ သူမကို အသိမပေးခဲ့ကြဘူး။ ခေါင်းဆောင်ကြီးက နှစ်မကူးခင်ကတည်းက ပြန်ရောက်နေပေမဲ့ သူမကို တစ်ခါမှ လာမတွေ့ခဲ့ဖူးဘူး။

212 06

မော့ကျားလို့ ခေါ်တဲ့ ထူးဆန်းတဲ့ အမျိုးသားပဲ ရောက်လာခဲ့ဖူးပေမဲ့ ကျောက်အာကတော့ သူ့ကို လုံးဝအရေးမစိုက်ခဲ့ဘူး။

တစ်ဖက်လူရဲ့ရည်ရွယ်ချက်ကို မသိခင်မှာတော့ သူမက ငြိမ်ငြိမ်ပဲ နေဖို့ ဆုံးဖြတ်ထားတာ ဖြစ်တယ်။

"မင်းကို ဖမ်းလာတာက ငါ့ရဲ့ဆန္ဒ မဟုတ်ပါဘူး။ အောက်က လူတွေက ကိုယ့်သဘောနဲ့ကိုယ် လုပ်ခဲ့ကြတာပါ။ ငါတို့ ဟုန်ဘန်းက အစိုးရနဲ့ ထိပ်တိုက်မတွေ့ချင်သလို အရာရှိတွေနဲ့လည်း ပြဿနာ မဖြစ်ချင်ပါဘူး"

ကျောက်အာက တစ်ဖက်လူက စကားစလိုက်တာဟာ ဒီလို ဖြစ်လိမ့်မယ်လို့ မထင်ထားလို့ ခဏမျှ ကြောင်သွားတယ်။ ဒါပေမဲ့ ဒါက သူမအတွက် အခွင့်အရေး ဖြစ်ကြောင်း ရိပ်မိလို့ နှုတ်ခမ်းကို ဖိထားပြီး မေးလိုက်တယ်။ "ဒါဆိုရင် ရှင့်အနေနဲ့ ကျွန်မကို လွှတ်ပေးနိုင်မလား"

ခေါင်းဆောင်ကြီးက ကုလားထိုင်ပေါ်မှာ ထိုင်လိုက်ရာ ခြေထောက်တစ်ဖက်က ဆန့်ထားပြီး ကျန်တစ်ဖက်က နည်းနည်း ကွေးထားတယ်။

ဒီထိုင်ဟန်က အမျိုးသမီးတစ်ယောက်ရဲ့ ထိုင်ဟန်မျိုး မဟုတ်ဘဲ အမျိုးသားတစ်ယောက်နဲ့ ပိုတူတယ်။ ဒါပေမဲ့ သူမကတော့ အရေးမစိုက်ဘဲ ကျောက်အာကို မကြည့်ဘဲ ခုတင်တိုင်မှာ ချိတ်ထားတဲ့ ခြင်ထောင်ကိုပဲ ကြည့်နေတယ်။ သူမရဲ့ စိတ်တွေက တစ်နေရာ ရောက်နေတဲ့ပုံ ရပြီး တစ်ခုခုကို စဉ်းစားနေတဲ့ပုံပဲ။

"မင်းရဲ့ယောက်ျားက မင်းကို လိုက်ရှာနေပုံ ရတယ်။ အခုတလော ဖူကျန်းနဲ့ ကွမ်တုန်း ကမ်းရိုးတန်းမှာ အမည်မသိတဲ့ တပ်ဖွဲ့တစ်ခုက ပင်လယ်ဓားပြတွေကို လိုက်နှိမ်နင်းနေတာ အတော်လေး ဆူညံနေတယ်။ ငါက ဟေးချီပန်းရဲ့ လက်ချက်လို့ ထင်ထားတာ၊ ဒါပေမဲ့ အခုကြည့်ရတာတော့ မင်းယောက်ျားရဲ့ လက်ချက်နဲ့ ပိုတူနေတယ်"

ကျောက်အာမှာ နောက်တစ်ကြိမ် ကြောင်သွားပြန်တယ်။ တစ်ဖက်လူက သူမကို ဒီအကြောင်းတွေကို ဘာဖြစ်လို့ ပြောပြနေတာလဲဆိုတာ သူမ နားမလည်ဘူး။

"ဒါဆိုရင်လည်း ကျွန်မကို လွှတ်ပေးလိုက်ပါတော့ ရှင်တို့ကလည်း အေးအေးဆေးဆေး နေချင်တာပဲ၊ ကျွန်မယောက်ျားကလည်း ပြဿနာ မရှာချင်ပါဘူး နှစ်ဖက်လုံး အဆင်ပြေတာ ပိုမကောင်းဘူးလား"

ခေါင်းဆောင်ကြီးက ရယ်လိုက်ပြီးမှ ကျောက်အာကို ကြည့်လိုက်တယ်။

သူမ ပြုံးလိုက်တဲ့ အခါမှာတော့ သိပ်ကို လှပကျော့ရှင်းလှတယ်။ သူမက ခေါင်းကို ခါယမ်းလိုက်ပြီး နှမြောတသတဲ့ အမူအရာနဲ့ ဆိုတယ်။ "ငါ နင့်ကို မလွှတ်နိုင်ဘူး"

ဒီလို ပြောပြီးနောက် သူမက ထရပ်လိုက်ပြီး ဆိုတယ်။ "နင့်မှာ ကိုယ်ဝန် ရှိနေပြီဆိုတော့ ကိုယ်ဝန်ကို သေချာ ဂရုစိုက်ပါ။ နောင်မှာ ဒီနေ့လို ကိစ္စမျိုး ထပ်မဖြစ်စေရပါဘူး"

ခေါင်းဆောင်ကြီး ထွက်သွားပေမဲ့ ကျောက်အာမှာတော့ ကြောင်အအနဲ့ ကျန်ခဲ့တယ်။ တစ်ဖက်လူ ဒီနေရာကို လာရတဲ့ အဓိပ္ပာယ်ကို သူမ လုံးဝ နားမလည်ဘဲ ရှိနေတော့တယ်။

အဲဒီဝင်းငယ်လေးက ထွက်လာတဲ့အခါ အနက်ရောင် ဝတ်စုံဝတ်ထားတဲ့ သန်မာထွားကြိုင်းတဲ့ အမျိုးသားတစ်ယောက် လျှောက်လာခဲ့တယ်။

"ခေါင်းဆောင်ကြီး"

ခေါင်းဆောင်ကြီးက ခြေလှမ်းရပ်ပြီး သူ့ကို ကြည့်လိုက်တယ်။

"လူချီက ဟုန်ချန်ရင်းကို သွားကြည့်ပါတယ်။ နောက်ပြီး တာ့ဆန်း ဆိုတဲ့ လူကတော့..."

"သူ့ကို ဂရုစိုက်နေစရာ မလိုပါဘူး"

******

All Chapters