အခန်း (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
215 01
အခန်း ၂၁၅
"အို... ငါရဲ့ လှပလှတဲ့ ဝမ့်ချုံးသခင်မလေး မင်းဟာ တကယ့်ကို သူတစ်ပါးရဲ့ စိတ်ကို နားလည်ပေးနိုင်တဲ့ အဖော်မွန်လေးပါပဲ။ အမှန်အတိုင်း ပြောရရင်တော့ ငါက ဒီတစ်ခေါက် အလုပ်ကိစ္စ ပြီးတာနဲ့ ငါရဲ့ နေရပ်ဖြစ်တဲ့ ဟိုးအဝေးက လှပတဲ့ တလွီစန့်(စပိန်နိုင်ငံ)ကို ပြန်တော့မှာပါ။ ဒီတစ်ခါ သွားပြီးရင်တော့ တောင်တွေ မြစ်တွေ ခြားသွားပြီဖြစ်လို့ နောက်ထပ် ဘယ်တော့မှ ပြန်ဆုံနိုင်မလဲဆိုတာ မသိနိုင်တော့ပါဘူး။ ငါ ချစ်မြတ်နိုးရတဲ့ ဝမ့်ချုံးသခင်မလေး ဒီည ငါနဲ့အတူ ညစာ အတူတူ သုံးဆောင်နိုင်မလဲ" ရောဘတ်က ဝူဝမ့်ချုံးကို ချစ်ခင်မြတ်နိုးတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပြီး ပြောတယ်။
အဲဒီတစ်ခေါက် ဖြစ်ပျက်ခဲ့ပြီးနောက် ဝူဝမ့်ချုံးက တျန့်ဟိုင်ကနေ ထွက်မသွားဘဲ ဒီမှာပဲ အခြေချ နေထိုင်ခဲ့တယ်။
အားလပ်ချိန်တွေမှာ ဟိုဒီ လျှောက်ကြည့်ရင်း တျန့်ဟိုင်မြို့ထဲကို သွားပြီး မျက်စိဖွင့်ဖို့လည်း မမေ့ခဲ့ဘူး။ သူမက တျန့်ဟိုင်မြို့ကို အတော်လေး စိတ်ဝင်စားနေပြီး ဒီမှာပဲ ဝဲလည်နေခဲ့ရာ တခြားသူတွေက စီးပွားရေးလုပ်ဖို့ လာကြတာ ဖြစ်ပေမဲ့ သူမ တစ်ယောက်တည်းသာလျှင် အပျော်လာကြည့်သူလို ဖြစ်နေတယ်။
ဒါပေမဲ့ နေ့ရက်တွေ ကြာလာတဲ့အခါမှာတော့ ဒီအမျိုးသမီးရဲ့ စိတ်ဆန္ဒကို မြင်တွေ့လာရတယ်။ သူမက စီးပွားရေး လုပ်ငန်းအပေါ် အမှန်တကယ်ပဲ အလွန် စိတ်ဝင်စားပုံရပြီး နေ့တိုင်း ဒီကိစ္စတွေကို အလေးထား စောင့်ကြည့်နေခဲ့တာ ဖြစ်တယ်။
သူမအနေနဲ့ ရောဘတ်နဲ့ ဘယ်လို သိခဲ့သလဲဆိုရင် ရောဘတ်က လှပတဲ့ မိန်းကလေးတွေအပေါ် မွေးရာပါ ထက်မြက်တဲ့ အာရုံခံစားမှု ရှိနေတာကြောင့်ပဲ ဖြစ်ရမယ် သူက တျန့်ဟိုင်မြို့ထဲက လှပတဲ့ မိန်းကလေးတွေကို အမြဲပဲ အလွယ်တကူ ရှာတွေ့တတ်တယ်။ အရင်က ကျောက်တိ နောက်ကို လပေါင်းများစွာ လိုက်ခဲ့ပေမဲ့ နှမြောစရာကောင်းတာက ကျောက်တိက သူ့ကို လုံးဝအရေးမစိုက်ခဲ့လို့ အခုအခါ ဝူဝမ့်ချုံးဆီကို လာပြီး မြှောက်ပင့်နေတာပဲ ဖြစ်တယ်။
"မဖြစ်ပါဘူး ဆာရောဘတ် ကျွန်မ ရှင့်ကို သဘောမတူနိုင်ပါဘူး။ ရှင့်အနေနဲ့ ကျွန်မတို့ တာ့ချန်းပြည်ရဲ့ ထုံးတမ်းစဉ်လာကို သိထားသင့်ပါတယ်။ အိမ်ကောင်းရာကောင်းက မိန်းကလေးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်နဲ့ သီးသန့် ညစာ အတူတူ မစားသင့်ပါဘူး" ဝူဝမ့်ချုံးက ပြန်တုံ့ပြန်တယ်။
"ဒီလိုလား ဒါဆိုရင်တော့ တကယ့်ကို နှမြောစရာကောင်းတာပဲ။ ငါက မူလက မင်းနဲ့ စီးပွားရေး အသေးစိတ်တွေကို ဆွေးနွေးမလို့ပါ။ အခုတော့ နောင်တရရုံပဲ ရှိတော့တာပေါ့"
"ဆာရောဘတ် ရှင့်အနေနဲ့ အမျိုးသမီးတစ်ယောက်နဲ့ သီးသန့် နေတာကို ရှင့်ရဲ့ ကျောက်တိက သိသွားရင် မနာလို ဖြစ်မှာကို မကြောက်ဘူးလား" တျန့်ဟိုင်မြို့ကို ရောက်နေတဲ့အချိန်အတွင်း ဝူဝမ့်ချုံးက ရောဘတ်ဟာ ဝမ်ကျောက်တိရဲ့ သစ္စာရှိလှတဲ့ ချစ်ရေးဆိုသူ ဖြစ်ကြောင်းနဲ့ သူတို့နှစ်ယောက်ကြားမှာ အဆက်အသွယ် များလှကြောင်း သိထားလို့ ဒီလို ပြောလိုက်တာ ဖြစ်တယ်။
"အို... မဟုတ်ပါဘူး ဝမ့်ချုံးသခင်မလေး မင်းအနေနဲ့ သိထားရမှာက ငါတို့ အနောက်တိုင်းသားတွေနဲ့ မင်းတို့ တာ့ချန်းလူမျိုးတွေက မတူကြပါဘူး။ ငါတို့ဆီမှာတော့ အိမ်ထောင်မကျသေးတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေက သီးသန့် နေလို့ရသလို အိမ်ထောင်ကျပြီးသူတွေတောင်မှ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ကျောက်တိမှာ ရှန်ဖျင်ရှိနေပြီဆိုတော့ ငါလည်း တခြား မိန်းကလေးတွေကို ရှာနိုင်တာပေါ့။ ဒါတွေက ဘာမှ မဖြစ်ပါဘူး"
ယောက်ျားပျက်။
ဝူဝမ့်ချုံးက စိတ်ထဲကနေ ဆဲလိုက်ပေမဲ့ မျက်နှာမှာတော့ ဣန္ဒြေရှိတဲ့ အပြုံးကို ဆောင်ပြီး ဆိုတယ်။ "ဆာရောဘတ်က ဒီလိုပြောပေမဲ့လည်း ကျွန်မကတော့ ရှင့်နဲ့အတူ ညစာ မစားနိုင်ပါဘူး။ ကျွန်မက စည်းကမ်းတွေကို လိုက်နာတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် တခြားအဆင့်နိမ့်တဲ့... လူတွေနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ ကျွန်မဦးလေးဆီက စာရောက်လာပါတယ်။ ရှင်ပြောတဲ့ ဒီစီးပွားရေးကို သူ အတော် စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ ဆာရောဘတ် ဘယ်တော့ စူးကျိုး ကို သွားမလဲဆိုတာ သိချင်ပါတယ်။ ဒါမှ ကျွန်မဦးလေးနဲ့ လူကိုယ်တိုင် ဆွေးနွေးနိုင်မှာပါ"
"ငါ ထင်တာတော့ ဒီကိစ္စက မလောပါဘူး။ အခု ပိုပြီး အရေးကြီးတာက ညစာ ကိစ္စပါ" ရောဘတ်က လက်မလျှော့ချင်တဲ့ အမူအရာနဲ့ ပြောတယ်။
"ဘယ်လိုလုပ် မလောဘဲ နေပါ့မလဲ။ ဆာရောဘတ်က ချက်ချင်းပဲ နေရပ်ပြန်တော့မယ်လို့ ပြောခဲ့တယ်မဟုတ်လား။ စူးကျိုးနဲ့ တျန့်ဟိုင်က အတော်လေး ဝေးပါတယ်။ အရင်က ကျွန်မ ဒီကိုလာတုန်းက လမ်းမှာ ဆယ်ရက်လောက် ကြာခဲ့တာပါ။ ရှင့်အနေနဲ့ အသွားအပြန်ဆိုရင် တစ်လခွဲလောက် ကြာနိုင်တဲ့အပြင် အကယ်၍ စီးပွားရေး ညှိနှိုင်းမှုတွေ လုပ်ရမယ်ဆိုရင် ပိုပြီးတော့တောင် နှောင့်နှေးနိုင်ပါသေးတယ်"
"အို... မဟုတ်ပါဘူး ဝမ့်ချုံးသခင်မလေး ငါ သွားမယ်ဆိုရင် တစ်လခွဲ မကြာပါဘူး ရက်အနည်းငယ်အတွင်းမှာတင် အသွားအပြန် လုပ်နိုင်ပါတယ်" ဝူဝမ့်ချုံးက မယုံတဲ့ အမူအရာ ပြနေတာကို မြင်တော့ ရောဘတ်က လက်ကို ဝှေ့ယမ်းပြီး ဆိုတယ်။ "ငါ ပင်လယ်လမ်းကြောင်းကနေ သွားလို့ ရတာပေါ့ ဝမ့်ချုံးသခင်မလေး"
"ပင်လယ်လမ်းကြောင်း ဟုတ်လား"
"ကျောက်တိက ငါကို ဒီလိုပဲ ပြောပြထားတာပါ။ သူက ငါအတွက် စီစဉ်ပေးနိုင်တယ်။ ပင်လယ်လမ်းကြောင်းကနေ တိုက်ရိုက် သွားလို့ရပါတယ်တဲ့"
215 02
အဲဒီတော့မှ ဝူဝမ့်ချုံးက ရောဘတ်ရဲ့ ဆိုလိုရင်းကို နားလည်သွားတော့တယ်။ အကယ်၍ တခြားသူသာ ဆိုရင် သေချာပေါက် မဖြစ်နိုင်ပေမဲ့ ရောဘတ်က ဝမ်ကျောက်တိရဲ့ လင်ငယ် ဖြစ်နေလို့ ကျဲ့ကျန်းရေတပ်ရဲ့ အရှိန်အဝါကို သုံးပြီး ပင်လယ်လမ်းကြောင်းကနေတစ်ဆင့် စူးကျိုးကို သွားနိုင်တာ ဖြစ်တယ်။ ဒါကြောင့်ပင် ရက်အနည်းငယ်အတွင်း အသွားအပြန် လုပ်နိုင်တယ်လို့ ပြောတာပါပဲ။
သူမရဲ့စိတ်ထဲမှာ နာကျည်းမှုတွေ ပိုပြီး ပြင်းထန်လာပေမဲ့ မျက်နှာမှာတော့ ပြုံးပြီး ဒီလိုဆိုရင် ပိုပြီးကောင်းတာပေါ့လို့ ချီးမွမ်းလိုက်တယ်။
အဲဒီနောက်မှာတော့ သူတို့နှစ်ယောက် ညစာ အတူတူ မစားဖြစ်ခဲ့ကြဘူး ဝူဝမ့်ချုံးက သဘောမတူလို့တင်မကဘဲ အန်းပေါ် ရောက်လာတာကြောင့်လည်း ဖြစ်တယ်။
အန်းပေါ်က ရောဘတ်အပေါ်မှာ အမြဲတမ်းပဲ မျက်နှာထား မကောင်းတာကြောင့် ရောဘတ်က အနောက်တိုင်းသား ဖြစ်ပေမဲ့ အခြေအနေကို ရိပ်မိပြီး အားနာနာနဲ့ပဲ နှုတ်ဆက်ပြီး ထွက်သွားတော့တယ်။
"သခင်မလေး ဘာဖြစ်လို့ ဒီလိုလူမျိုးတွေနဲ့ ဆက်ဆံနေရတာလဲ။ ကိစ္စရှိရင် ကျွန်တော် ရှေ့ထွက်ပြီး လုပ်ပေးပါ့မယ်" အန်းပေါ်က မကျေနပ်တဲ့ အမူအရာနဲ့ ပြောတယ်။
ဝူဝမ့်ချုံးက ဂရုမစိုက်ဘဲ ဆိုတယ်။ "အန်းပေါ် အခု ကျွန်မက အရင်က ကျွန်မ မဟုတ်တော့ပါဘူး။ အမှန်တော့ မြို့တော်ကနေ ထွက်လာခဲ့မှပဲ ကမ္ဘာကြီးက ဒီလောက်အထိ ကျယ်ပြောမှန်း ကျွန်မ သိခဲ့ရတာပါ။ အမျိုးသမီးတစ်ယောက်ဟာ အိမ်မှာပဲ နေပြီး လက်ထပ်ဖို့ စောင့်နေစရာ မလိုသလို လင်ကို ပြုစု သားသမီးကို ဆုံးမရမယ်လို့လည်း အတင်းအကျပ် သတ်မှတ်ထားတာ မရှိပါဘူး။ ဟို ဝမ်ကျောက်အာကို ကြည့်ပါဦး။ နောက်ပြီး ဝမ်ကျောက်တိကိုလည်း ကြည့်ပါဦး။ ဘယ်သူကများ ကျွန်မထက် ပိုပြီး လွတ်လွတ်လပ်လပ် မနေရဘူးလဲ။ ဒီမှာတော့ သူတို့ကို ဘယ်သူကမှ ကဲ့ရဲ့တာ မရှိဘူး လုံးဝ မရှိဘူး"
ဝူဝမ့်ချုံးက ကျောက်အာ ညီအစ်မတို့အပေါ် စိတ်ထဲက အထင်သေးသလို နာကျည်းမှုတွေ ရှိနေပေမဲ့ သူတို့အပေါ်မှာ အားကျစိတ်တွေလည်း ရှိနေတာက အမှန်ပဲ ဖြစ်တယ်။
သူမက အန်းပေါ်ကို ကြည့်ပြီး ဖျောင်းဖျတာက ပြောတယ်။ "အန်းပေါ် စိတ်အေးအေးထားပါ။ ဒီမှာ ကျွန်မရဲ့ အဆင့်အတန်းကို ဘယ်သူမှ မသိနိုင်သလို အိမ်တော်ရဲ့ သိက္ခာကိုလည်း ညှိုးနွမ်းအောင် လုပ်မှာ မဟုတ်ပါဘူး"
အမှန်တော့ အန်းပေါ်ကလည်း သခင်မလေးက မကြာသေးခင်က ပိုပြီးပျော်လာပြီး အနည်းဆုံးတော့ အသက်ဝင်လှုပ်ရှားလာတာကို မြင်နေရတယ်။ သူက မျက်နှာဖြူလျော့နေတဲ့ သခင်မလေးအပေါ်မှာ ငြင်းနိုင်စွမ်း မရှိဘူး။ အကြောင်းက သူမကို ကြည့်လိုက်တိုင်း အိမ်တော်ရဲ့ နောက်ဖေးဆောင်မှာ ဘဝတစ်ဝက်ကျော် ညှိုးနွမ်းခဲ့ရပြီး နောက်ဆုံးမှာ စိတ်ဆင်းရဲမှုနဲ့ ကွယ်လွန်သွားခဲ့တဲ့ အဲဒီအမျိုးသမီးကို အမြဲသတိရစေလို့ ဖြစ်တယ်။
အန်းပေါ်က သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်ပြီးမှ မေးတယ်။ "သခင်မလေး ဒါဆိုရင် တကယ်ပဲ ရောဘတ်နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီလား"
ဒီစကားကို ကြားတဲ့အခါ ဝူဝမ့်ချုံးက အန်းပေါ်က သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိလိုက်လို့ ပြုံးပြီး ယုံကြည်ချက်ရှိရှိနဲ့ ဆိုတယ်။ "အန်းပေါ် ဒီလို လုပ်တာက တကယ်ပဲ ကောင်းတယ်လို့ မထင်ဘူးလား။ ကျဲ့ကျန်းရေတပ်က အလွန်ပဲ ရဲတင်းလွန်းပြီး ကျဲ့ကျန်းနဲ့ စူးကျိုးရဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ထားတယ်။ ဖူကျန်းနဲ့ ကွမ်တုန်း တစ်ဝိုက်မှာလည်း အဲဒီ အမည်မသိ ပင်လယ်ဓားပြတွေရဲ့ တိုက်ခိုက်တာကို ခံနေရတယ်။ ဝူမိသားစုရဲ့ စီးပွားရေးက အခု ပင်လယ်ပေါ်မှာပဲ အားကိုးနေရတာပါ။ ဟုန်ချန်း ငွေလွှဲဌာနက ရပ်တန့်လို့ ရပေမဲ့ ကျွန်မတို့ကတော့ ရပ်တန့်လို့ မရဘူး"
သူမက ထရပ်လိုက်ပြီး ပြတင်းပေါက်နားကို သွားကာ အဝေးက ပြာလဲ့လဲ့ ပင်လယ်ပြင်ကြီးကို ကြည့်ရင်း ဆက်ပြောလိုက်သည်။ "ရှန့်ချင်းရှန်း ဆိုတဲ့ မြေခွေးအိုကြီးက စီးပွားရေး ရပ်ဆိုင်းလိုက်တာကို အသုံးချပြီး ဝူမိသားစုက ရှေ့ထွက်ပြီး ကျဲ့ကျန်းရေတပ် ပြဿနာကို ဖြေရှင်းပေးဖို့ ခြိမ်းခြောက်ချင်နေတာ။ ဒါပေမဲ့ သူ မသိတာက မြို့တော်မှာ ဒီကိစ္စကြောင့် အတော်လေး ရှုပ်ထွေးနေပြီဆိုတာပဲ။ အဖေ့ဆီမှာလည်း ဖိအားတွေ အများကြီး ရှိနေတာဆိုတော့ ကျွန်မတို့ကတော့ ဒီအတိုင်း ထိုင်ကြည့်နေလို့ မရဘူး။ ရောဘတ်နဲ့ ဝမ်ကျောက်တိတို့က လင်ငယ် မယားငယ်တွေပဲ။ ဝမ်ကျောက်အာ သေသွားကတည်းက ထိုက်လုံ ငွေလွှဲဌာနရဲ့ စီးပွားရေးက ဝမ်ကျောက်တိ တစ်ယောက်တည်းအပေါ်မှာပဲ အားကိုးနေရတာ သူက ရွှီထင်းရှန်းရဲ့ မရီးလည်း ဖြစ်နေပြန်ရော။
ဘယ်သူမှ မသိတာ မဟုတ်ဘူး။ ရွှီအရာရှိက တခြားသူတွေအပေါ်မှာတော့ မျက်နှာမလိုက်ဘဲ တင်းကျပ်ပေမဲ့ သူ့ရဲ့ဇနီးနဲ့မရီးအပေါ်မှာတော့ အလွန်ပဲ မျက်နှာသာပေးပါတယ်။ ထိုက်လုံ ငွေလွှဲဌာနဆိုတာကလည်း သူကိုယ်တိုင်ရဲ့ စီးပွားရေးပဲလေ။ ဒါကြောင့် နောက်ဖေးတံခါးကနေ လမ်းကြောင်းတွေ အကျယ်ကြီး ဖွင့်ပေးထားတာပေါ့။ အခု ရောဘတ်က ဝမ်ကျောက်တိကို အသုံးချပြီး ဈေးနှုန်းချိုတဲ့ လမ်းကြောင်းတွေကို ရှာပြီး ကိုယ်ကျိုးရှာနေတာဆိုတော့ ကျွန်မတို့ကလည်း သူ့ကို ဈေးနှုန်းလျှော့ပေးလိုက်မှာပေါ့။ အမြတ်နည်းနည်းရတာက ဘာမှ မရတာထက်စာရင် ပိုကောင်းပါတယ်။ ပြီးတော့ ဒီလမ်းကြောင်းကနေတစ်ဆင့် အကျပ်အတည်းတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပေါ့"
215 03
အန်းပေါ်က အမြဲ စဉ်းစားနေခဲ့ပြီး ဒီစကားကို ကြားတဲ့အခါ လေးလေးလံလံ သက်ပြင်းချပြီး ဆိုတယ်။ "သခင်မလေး ပြောတာ အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမဲ့ သခင်မလေးအနေနဲ့ သခင်ကြီးနဲ့ အပြိုင်အဆိုင် လုပ်နေစရာ မလိုပါဘူး"
ဒီစကားက ဝူဝမ့်ချုံးရဲ့ စိတ်ကို ထိခိုက်သွားတဲ့ပုံ ရှိပြီး သူမက လှောင်ပြုံးနဲ့ ဆိုတယ်။ "ကျွန်မက သူ့နဲ့ အပြိုင်အဆိုင် လုပ်နေတာ ဟုတ်လား။ ကျွန်မက ဘာဖြစ်လို့ ကျွန်မရဲ့ အဖေနဲ့ အပြိုင်အဆိုင် လုပ်ရမှာလဲ"
ဒါပေမဲ့ အမှန်တကယ် ရှိတယ်။ မရှိဘူးကို သူမကိုယ်တိုင်ပဲ သိပြီး အန်းပေါ်က သူမကို ငယ်ငယ်ကတည်းက ကြည့်လာသူဖြစ်လို့ စိတ်ထဲက ကောင်းကောင်း သိထားတယ်။
ဝူဝမ့်ချုံးက ခေါင်းကို နည်းနည်း ငုံ့လိုက်ပြီးမှ ပြန်မော့ကာ ဆိုလိုက်တော့တယ်။ "ကျွန်မ တကယ်ပဲ သူ့နဲ့ အပြိုင်အဆိုင် လုပ်နေတာပါ။ ကျွန်မက သူ့ကို ပြောပြချင်တာက ကျွန်မဆိုတဲ့ သမီးဟာ သူ့ရဲ့ အစစ်အမှန် မဟုတ်တဲ့ သားထက် မညံ့ဘူးဆိုတာပဲ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ညံ့တယ်လို့ ဘယ်သူက ပြောလဲ"
ဝူဝမ့်ချုံး မြို့တော်ကနေ ထွက်လာကတည်းက ဝူအမတ်ချုပ်ကြီးက သားတစ်ယောက် ရဖို့အတွက် အလုပ်များနေခဲ့တယ်။
အခုအခါ သူ့ရဲ့ ဘေးနားက မယားငယ် တစ်ယောက်မှာ ကိုယ်ဝန် ရှိနေပြီ ဖြစ်လို့ အဲဒါက ဝူဝမ့်ချုံးဟာ ကံမကောင်းတဲ့သူ ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပိုပြီးခိုင်မာစေခဲ့တယ်။ အခု ဝူအမတ်ချုပ်ကြီးက သူ့ရဲ့ စိတ်အားလုံးကို သားဖြစ်သူအပေါ်မှာပဲ ထားတော့တာကြောင့် သမီးဖြစ်သူကိုတော့ မိုးကုတ်စက်ဝိုင်း အပြင်ဘက်ကို မေ့ထားတာ ကြာပြီ ဖြစ်တယ်။ အရင်ကဆိုရင် နှစ်ကုန်ခါနီးတိုင်း မြို့တော်ကနေ တစ်စုံတစ်ရာ စုံစမ်းတဲ့ စာတွေ ရောက်လာတတ်ပေမဲ့ မနှစ်ကတော့ စာတစ်စောင်တောင် ရောက်မလာခဲ့ဘူး။
ဝူမိသားစုဝင်တွေက အားလုံးက ပါးနပ်သူတွေ ဖြစ်ကြတာကြောင့် ဝူဝမ့်ချုံးကို အလေးထားသူ အလွန်နည်းပါတယ်။ အထူးသဖြင့် သူမ ရောက်လာပြီးနောက် ဝူမိသားစုရဲ့ စီးပွားရေးတွေကို စီမံလာခဲ့ရာ လူအများကြီးရဲ့ အခွင့်အရေးတွေကို လုလိုက်သလို ဖြစ်နေလို့ ကွယ်ရာမှာ သူမကို နာကျည်းနေသူတွေက မနည်းပါဘူး။
ဒါဟာလည်း ဝူဝမ့်ချုံးက တျန့်ဟိုင်ကို သွားကြည့်ချင်တယ်လို့ ပြောတုန်းက အန်းပေါ်က သဘောတူခဲ့တဲ့ အဓိက အကြောင်းရင်းပါပဲ။ ဝူမိသားစုဝင်တွေက ဆွေမျိုးတွေ ဖြစ်လို့ ပြင်းပြင်းထန်ထန် လုပ်လို့ မရသလို ပေါ့ပေါ့တန်တန်လည်း ထားလို့ မရဘူး။ သခင်မလေး အိမ်မှာ မပျော်နေတာထက်စာရင် အပြင်ထွက်ပြီး စိတ်ပြေလက်ပျောက် နေတာက ပိုပြီး ကောင်းပါတယ်။
"ဒီတစ်ခေါက်တော့ သခင်မလေးက ဝူမိသားစုရဲ့ အကျပ်အတည်းကို သေချာပေါက် ဖြေရှင်းပေးနိုင်မှာပါ။ အဲဒီအခါကျရင် သခင်ကြီးက သခင်မလေးကို အထင်ကြီးလာမှာ သေချာပါတယ်" အန်းပေါ်က သက်ပြင်းချပြီး သူမကို အားပေးလိုက်တယ်။
နှစ်ဖက်စလုံး ခရီးထွက်မယ့် ရက်ကို ညှိနှိုင်းပြီးနောက် အသီးသီး ပြင်ဆင်မှုတွေ လုပ်ကြတော့တယ်။
မထွက်ခင် ထိုက်လုံ စီးပွားရေး လုပ်ငန်းစုရဲ့ အတွင်းခန်းဆောင်မှာ ရောဘတ်က ဝမ်ကျောက်တိနဲ့ စကားပြောနေတယ်။
"ငါ ချစ်မြတ်နိုးရတဲ့ ကျောက်တိ အမှန်အတိုင်း ပြောရရင်တော့ ငါ အဲဒီ ဝမ့်ချုံး ဆိုတဲ့ မိန်းကလေးကို တကယ်ပဲ မကြိုက်ဘူး။ သူနဲ့အတူ ခရီးသွားရမှာကို ငါ တကယ်ပဲ မလိုလားပါဘူး" ဒီလို စကားမျိုးက အမျိုးသမီးတိုင်းကို ချစ်တတ်တဲ့ ရောဘတ်ရဲ့ပါးစပ်က ထွက်လာဖို့ ခဲယဉ်းလှတာကြောင့် ဝူဝမ့်ချုံးက သူ့ကို ဘယ်လို စိတ်ပျက်အောင် လုပ်ခဲ့သလဲဆိုတာ မသိနိုင်တော့ဘူး။
"ရောဘတ် ရှင့်အနေနဲ့ သူရဲ့လှပတဲ့ မျက်နှာကိုပဲ အာရုံစိုက်လိုက်ပါ။ ဒါဆိုရင်တော့ စိတ်ထဲမှာ နည်းနည်း သက်သာသွားလိမ့်မယ် မဟုတ်လား" ကျောက်တိက ဆိုတယ်။
ရောဘတ်က စိတ်ပျက်လက်ပျက် အမူအရာနဲ့ အမူအရာ လွန်ကဲစွာ ပြပြီး "အို... မဟုတ်ပါဘူး။ ကျောက်တိ ဒါက မျက်နှာနဲ့ ဖြေရှင်းလို့ ရတဲ့ ပြဿနာ မဟုတ်ပါဘူး။ သူက ငါကို ပေးတဲ့ ခံစားချက်ကတော့..." သူက အတော်ကြာအောင် စဉ်းစားပေမဲ့ တာ့ချန်း စကားလုံးတွေထဲက သင့်တော်တဲ့ စကားလုံးကို ရှာမတွေ့ဘဲ ဆိုလာတယ်။ "မင်းအနေနဲ့ သိမှာပါ။ လူကို တကယ်ပဲ စိတ်မသက်မသာ ဖြစ်စေတဲ့ ခံစားချက်မျိုးပါ။ သူက မင်းလို မဟုတ်ဘူး ကျောက်တိ မင်းကတော့ ချစ်ရင် ချစ်တယ်။ မုန်းရင် မုန်းတယ်။ အပြောနဲ့ အလုပ် ညီညွတ်သလို ဘာမှလည်း ဖုံးကွယ်ထားတာ မရှိဘူး။ ဒါပေမဲ့ သူကတော့"
သူက အတော်ကြာအောင် စကားလုံး ရှာမရလို့ ရောဘတ်က နောက်ဆုံးမှာ အားကိုးရာမဲ့တဲ့ အမူအရာနဲ့ "မင်းအနေနဲ့ နားလည်မှာပါ" လို့ပဲ ပြောလိုက်ရာ ကျောက်တိမှာ မအောင့်နိုင်ဘဲ ရယ်လိုက်တော့တယ်။
သူမက အတည်အပေါက် ခေါင်းညိတ်ပြပြီး မေးလိုက်တယ်။ "ဆာရောဘတ် ရှင်ပြောတဲ့ အဓိပ္ပာယ်ကို ကျွန်မ အတော်လေး နားလည်သွားပါပြီ။ ရှင့်အနေနဲ့ ပြောချင်တာက သူဟာ မိန်းမပျက်လည်း လုပ်ချင်သေးတယ်။ ဂုဏ်ပြုကျောက်တိုင်လည်း စိုက်ချင်သေးတယ်။ ဆိုတာမျိုး မဟုတ်လား"
ဒီစကားကို ပြောနေတုန်းမှာပဲ ကျောက်တိရဲ့ ပြုံးနေတဲ့ မျက်ဝန်းထဲမှာ နာကျည်းမှုတစ်ခု ဖြတ်သွားတယ်။
ရောဘတ်က ခက်ခဲစွာ စဉ်းစားကြည့်ရာ ဒီစကားလုံးက သူ့အတွက် နားလည်ဖို့ နည်းနည်း ခက်ပေမဲ့ ဆိုလိုရင်းကိုတော့ နည်းနည်း ရိပ်မိသွားတယ်။
215 04
"ခန့်မှန်းခြေတော့ အဲဒီလို အဓိပ္ပာယ်ပါပဲ။ ကျောက်တိ မင်းတို့ရဲ့ တာ့ချန်းစကားက တကယ့်ကို နက်နဲပါတယ်။ ငါ အတော်ကြာအောင် ရှာခဲ့ပေမဲ့ ငါတို့စကားနဲ့တောင်မှ သင့်တော်တဲ့ အခေါ်အဝေါ်ကို ရှာမတွေ့နိုင်ပါဘူး"
"ဒါပေမဲ့ ရှင့်အနေနဲ့ သွားရမှာပဲ မဟုတ်လား" ကျောက်တိက ပြုံးပြီး သူ့ကို ကြည့်ကာ မေးတယ်။
ရောဘတ်က ခေါင်းညိတ်ပြပြီး သူမကို ပြန်ပြုံးပြတယ်။ "သေချာပေါက်ပေါ့ ငါက စီးပွားရေးသမား တစ်ယောက်ပဲလေ"
စီးပွားရေးသမားတွေက အမြဲတမ်းပဲ သတ္တိအရှိဆုံးနဲ့ စွန့်စားချင်စိတ် အရှိဆုံးသူတွေ ဖြစ်ကြတယ်။ အထူးသဖြင့် ရောဘတ်လို ပင်လယ်ကုန်သည်တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းနိုင်ငံကြီး တစ်ခု ရှိပြီး အဲဒီမှာ အနောက်တိုင်းသားတွေကို ရူးသွပ်စေနိုင်တဲ့ ပစ္စည်းအများကြီး ရှိနေတာကို သိထားကြရာ အဲဒီပစ္စည်းအချို့ကို ယူသွားနိုင်ရုံနဲ့ လူတစ်ယောက်ကို ဆင်းရဲသားဘဝကနေ သူဌေးကြီးဘဝကို ရောက်စေနိုင်လို့ ကုန်သည်အများကြီး ရောက်လာကြတာ ဖြစ်တယ်။
ဒါပေမဲ့ ဒီလမ်းခရီးက လွယ်တာ မဟုတ်ဘူး။ သူတို့က ပင်လယ်ပြင်ကြီးထဲမှာ တစ်နှစ်ခွဲနီးပါး ခရီးနှင်ရသလို 'မုန်တိုင်းအငူ' လို့ ခေါ်တဲ့ ပင်လယ်ကွေ့ကိုလည်း ဖြတ်ကြရတယ်။ အဲဒီမှာ တိမ်တိုက်တွေ ထူပြီး မုန်တိုင်းတွေ အမြဲ တိုက်နေလို့ သင်္ဘောအများကြီး နစ်ခဲ့ရပေမဲ့ အဲဒါက စွန့်စားချင်တဲ့ ကုန်သည်အများကြီး ရောက်လာတာကိုတော့ မတားနိုင်ခဲ့ဘူး။ ရောဘတ်ကလည်း အဲဒီထဲက တစ်ယောက် ဖြစ်တယ်။ သူက ဆင်းရဲသား မိသားစုက ဆင်းသက်လာသူဖြစ်ပြီး အလွန်ပဲ ဆင်းရဲခဲ့တာကြောင့် တစ်ခါက ငတ်သေတော့မယ့် အခြေအနေကနေ မသေဘဲ ကျန်ခဲ့မှ စွန့်စားပြီး လူတွေနဲ့အတူ မုန်တိုင်းအငူကို ဖြတ်ခဲ့တာ ဖြစ်တယ်။ သူ့ရဲ့ကံက အရမ်းကောင်းပါတယ်။ ပထမတစ်ခေါက် ခရီးစဉ်မှာတင် ကုန်စည်အများကြီး ရခဲ့ပေမဲ့ အပြန်လမ်းမှာ ရှားလှတဲ့ မုန်တိုင်းနဲ့ တွေ့ပြီး သင်္ဘောအချို့ နစ်ခဲ့ရကာ သူ့ရဲ့ ကုန်စည်တွေ တင်ထားတဲ့ သင်္ဘောလည်း နစ်သွားခဲ့တယ်။
နောက်ဆုံးမှာ သူက မိမိနဲ့အတူ အမြဲ သယ်လာတဲ့ ရုယောင် လက်ဖက်ရည်အိုး တစ်လုံးကြောင့်ပဲ သေဘေးက လွတ်ခဲ့ရတာ ဖြစ်တယ်။
အဲဒီပစ္စည်းကို သူက မမျှော်လင့်ဘဲ ရခဲ့တာ ဖြစ်ပြီး အတော် သဘောကျလို့ သူ့ဘာသာ သိမ်းထားချင်ခဲ့တာပါပဲ။ ဒါပေမဲ့ ကုန်စည်အားလုံး ပင်လယ်ထဲ နစ်သွားပြီးနောက် မိမိကိုယ်တိုင်နဲ့ ဒီကြွေထည်ပစ္စည်းပဲ ကျန်ခဲ့တာကြောင့် သူက အဲဒီကြွေထည်ကို မြင့်တဲ့ ဈေးနဲ့ ရောင်းနိုင်ခဲ့လို့ ဒုတိယအကြိမ် ခရီးထွက်ဖို့အတွက် အရင်းအနှီး ရခဲ့တာ ဖြစ်တယ်။
အဲဒီအချိန်ကစပြီး သူ့ရဲ့ စီးပွားရေးက မရပ်မနား တိုးတက်လာခဲ့ရာ ရောဘတ်က သူတို့နိုင်ငံမှာ နာမည်ကျော်တဲ့ သူဌေးကြီး တစ်ယောက် ဖြစ်လာခဲ့တယ်။ အစပိုင်းမှာ ကုန်စည် နည်းနည်းပဲရှိလို့ သူတစ်ပါး သင်္ဘောမှာ ကပ်လိုက်ခဲ့ရပေမဲ့ အခုအခါမှာတော့ သူကိုယ်တိုင်က သင်္ဘောအုပ်စုကို ပိုင်နေပြီ ဖြစ်တာကြောင့် ရောဘတ်က အခွင့်အရေးနဲ့ အန္တရာယ်ကို မျှတစွာ သုံးတတ်တဲ့ ကုန်သည်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။
အခုတစ်ခေါက်လိုပဲ အကယ်၍ အောင်မြင်ရင် သူက သူငယ်ချင်းကောင်း တစ်ယောက်ကို ရမှာဖြစ်ပြီး နောင်တစ်ချိန်မှာ တာ့ချန်းပြည်ရဲ့ ကုန်စည်အများစုကို လက်ဝါးကြီးအုပ်နိုင်လိမ့်မယ်။ အကယ်၍ မအောင်မြင်ခဲ့ရင်လည်း သူ့အပေါ်မှာ ဘာထိခိုက်မှုမှ ရှိလာမှာ မဟုတ်ဘူး။
ဘယ်လိုပဲ ကြည့်ကြည့် အဲဒါက အမြဲတမ်း အကျိုးအမြတ် ရမယ့် လုပ်ငန်းတစ်ခု ဖြစ်နေလို့ သူ ဘယ်လိုလုပ် မလုပ်ဘဲ နေပါ့မလဲ။
"ကဲပါ မင်းရဲ့ရှန်ဖျင်က ငါကို ခဏခဏ စိုက်ကြည့်နေတာဆိုတော့ ငါသာ ထပ်ပြီး မသွားရင် သူက ငါကို မောင်းထုတ်တော့မှာ အသေအချာပဲ။ ငါ ချစ်မြတ်နိုးရတဲ့ ကျောက်တိ ဒီတစ်ခေါက် ခရီးစဉ် အောင်မြင်စွာ ပြန်လာနိုင်ဖို့ ဆုတောင်းပေးပါဦး" ပြောရင်းနဲ့ ရောဘတ်က ထရပ်လိုက်ပြီး ဘေးနားမှာ ရပ်နေတဲ့ ရှန်ဖျင်ကို နောက်ပြောင်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
ကျောက်တိကလည်း ရှန်ဖျင်ကို တစ်ချက် ကြည့်လိုက်ပြီးမှ ပြုံးပြီး ထရပ်ကာ ရောဘတ်ကို လက်ထဲက လက်ဖက်ရည်ခွက်ကို မြှောက်ပြီး ဆိုလိုက်တယ်။ "ဆုတောင်းပေးပါတယ်"
"ငါတို့နိုင်ငံရဲ့ ထုံးတမ်းအရဆိုရင်တော့ မင်းအနေနဲ့ ငါကို နှုတ်ဆက်နမ်း တစ်ခု ပေးသင့်ပါတယ်။ ဒါပေမဲ့ ဒါကိုတော့ ထားလိုက်ပါတော့ မင်းရဲ့ရှန်ဖျင်က ငါကို ဝါးစားပစ်မှာ ကြောက်လို့ပါ" ပြောပြီးမှ ရောဘတ်က တံခါးဝကို လျှောက်သွားပြီး လမ်းလျှောက်ရင်း ခေါင်းက ဦးထုပ်ကို ချွတ်လို့ ကျောက်တိကို ဝှေ့ယမ်း နှုတ်ဆက်လိုက်တော့တယ်။
ရောဘတ် ထွက်သွားတဲ့အထိ လိုက်ကြည့်ပြီးမှ ကျောက်တိက ရှန်ဖျင်ဘက်ကို လှည့်ကြည့်ပြီး ပြောတယ်။ "သူက တကယ့်ကို ရယ်စရာကောင်းပြီး သဘောထား ပြည့်ဝတဲ့သူပါ"
ရှန်ဖျင်က ရှေ့ကို တိုးလာပြီး သူမရဲ့ ခါးကို ဖက်ကာ ဆိုလိုက်တော့တယ်။ "သူ့ကို မင်းပြုံးပြနေတာကို ငါ မကြိုက်ဘူး"
ရောဘတ်က မကြာခင်မှာပဲ ခရီးစခဲ့သလို သူနဲ့အတူ ဝူဝမ့်ချုံးတို့ အုပ်စုလည်း လိုက်ခဲ့ကြတယ်။
215 05
သင်္ဘောပေါ် ရောက်တဲ့အခါမှပဲ ဝူဝမ့်ချုံးက ရောဘတ်ရဲ့ အစစ်အမှန် အင်အားကို သိလိုက်ရတယ်။ သူ့ရဲ့သင်္ဘောက ဘယ်သူမှ သွားလို့ မရတဲ့ အရှေ့ဘက် ပင်လယ်ပြင်ကို ဖြတ်နိုင်တာကို မပြောနဲ့ဦး။ လမ်းတစ်လျှောက်မှာ ထူးခြားတဲ့ အလံတစ်ခုကို ချိတ်ထားလို့ အဝေးက ကျဲ့ကျန်းရေတပ် သင်္ဘောတွေနဲ့ တွေ့ရင်တောင် ဘယ်သူမှ ရပ်တန့် စစ်ဆေးတာ မလုပ်ကြဘူး။
ဒီအလံက ကျဲ့ကျန်းရေတပ်က ထုတ်ပေးထားတာ ဖြစ်ပြီး ရွှီထင်းရှန်းကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပေးထားတာဖြစ်ကာ အလွန်ပဲ ရိုးရှင်းတဲ့ အလံတစ်ခု ဖြစ်ပေမဲ့ အဲဒီပေါ်မှာ 'ထိုက်' ဆိုတဲ့ စာလုံးကြီး တစ်လုံးကို ရေးထားတယ်။
သင်္ဘောရဲ့ပုံစံကလည်း ထူးခြားပြီး သင်္ဘောပေါ်မှာ အနောက်တိုင်းသား ပဲ့ထိန်းခေါင်းဆောင်အများကြီး ရှိနေတယ်။ အဲဒီလူတွေက တစ်ကိုယ်လုံး အမွေးအမျှင်တွေနဲ့ ဖုံးနေလို့ ကြည့်ရတာ အလွန်ပဲ ရွံစရာ ကောင်းပေမဲ့ အဲဒါကလည်း ရောဘတ်ရဲ့ စကားတွေက လိမ်တာ မဟုတ်ကြောင်း သက်သေပြနေပါတယ်။
ဒါဟာ လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားတဲ့ ကုန်တင်သင်္ဘောကြီး တစ်စင်းဖြစ်ပြီး အဲဒီပေါ်မှာ ဖော်လန့်ကျီအမြောက် ဆယ်စင်းကျော်နဲ့ ဟုန်ယီအမြောက်ကြီး နှစ်စင်းတပ်ထားတယ်။ သိထားရမှာက ဖော်လန့်ကျီအမြောက်ကို မှောင်ခိုစျေးကွက်က ရနိုင်ပေမဲ့ ဟုန်ယီအမြောက်ကိုတော့ ရဖို့ အလွန်ပဲ ခက်တာဖြစ်လို့ ရောဘတ်ရဲ့အင်အားက သံသယဖြစ်စရာ မရှိပါဘူး။
ဝူဝမ့်ချုံးက ရောဘတ်က သူမရဲ့အဆင့်အတန်းအပေါ် ဘာဖြစ်လို့ စိတ်မဝင်စားတာလဲဆိုတာကို နောက်ဆုံးမှာ နားလည်သွားတော့တယ်။ သူက တာ့ချန်းကုန်သည်တွေနဲ့ မတူဘဲ စီးပွားရေးကြီးကြီး လုပ်ရင် တစ်ဖက်လူရဲ့ မျိုးရိုးကို စုံစမ်းချင်ကြပေမဲ့ သူကတော့ ဒီသင်္ဘော တစ်စင်းတည်းနဲ့တင် တစ်ယောက်ယောက်က သူ့အပေါ် မကောင်းကြံချင်ရင်တောင် အလွယ်တကူ လုပ်လို့ မရတာကို သိထားလို့ ဖြစ်ရမယ်။
သင်္ဘောက ယန်ဇီမြစ်ဝကို ရောက်လာခဲ့ပြီး ချုန်းမင်ကျွန်းမှာ ရပ်ကာ နှစ်ဦးနှစ်ဖက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးတာကို လုပ်ခဲ့ကြတယ်။
"ဆာရောဘတ် ခင်ဗျားအနေနဲ့ ဒီလောက်များတဲ့ ကုန်စည်တွေကို တကယ်ပဲ လိုချင်တာလား" ရှန့်ချင်းရှန်းက သူ့ရဲ့ မုတ်ဆိတ်ကို သပ်ရင်း အံ့အားသင့်တဲ့ အမူအရာကို မဖုံးနိုင်ဘဲ မေးလိုက်တယ်။ အကြောင်းက ရောဘတ် ပြောတဲ့ အရေအတွက်က ငွေ သန်းဂဏန်းကျော် သုံးမှပဲ ရမယ့် ပမာဏ ဖြစ်လို့ပါပဲ။
"သေချာပေါက်ပေါ့" ရောဘတ်က ပြုံးပြီး ရဲတင်းတဲ့ လေသံနဲ့ ဆိုတယ်။ "ရှန့်လူကြီးမင်း ခင်ဗျားအနေနဲ့ မသိတာ ရှိနိုင်ပါတယ်။ ငါက ငါတို့ဘုရင်မင်းမြတ်က အထူးထုတ်ပေးထားတဲ့ ကုန်သွယ်ခွင့် လက်မှတ်ကို ရထားတဲ့ ကုန်သည်တစ်ယောက်ပါ"
ဒီစကားက တာ့ချန်းလူမျိုးတွေအတွက် နားလည်ဖို့ နည်းနည်း ခက်ပေမဲ့ ဆိုလိုရင်းကိုတော့ သိနိုင်ကြတယ်။ ဘုရင်မင်းမြတ် ဆိုတာ ဧကရာဇ်နဲ့ အတူတူပဲ ဖြစ်တာကြောင့် ဆိုလိုတာက ဒီရောဘတ်က တော်ဝင်ကုန်သည် တစ်ယောက် ဖြစ်နေတာလား။
တာ့ချန်းပြည်ရဲ့ တော်ဝင်ကုန်သည်တွေရဲ့ ကြွယ်ဝမှုနဲ့ အရှိန်အဝါကို ထောက်ပြီး ရှန့်ချင်းရှန်းက ရောဘတ် ဘာဖြစ်လို့ ဒီလောက်များတဲ့ ကုန်စည်တွေကို အလိုရှိတာလဲဆိုတာကို နားလည်သွားတော့တယ်။
"ဒါဟာ ငါတို့ရဲ့ပထမဆုံးအကြိမ် အရောင်းအဝယ် ဖြစ်တာကြောင့် ရှန့်လူကြီးမင်းအနေနဲ့ စိတ်မချတာကလည်း ဓမ္မတာပါပဲ။ ဝေးချီးစီ ပစ္စည်းတွေကို သယ်လာခဲ့စမ်း" ရောဘတ်က အမိန့်ပေးလိုက်တယ်။
မကြာခင်မှာပဲ သန်မာထွားကြိုင်းတဲ့ ပဲ့ထိန်းခေါင်းဆောင်တချို့က သေတ္တာကြီး နှစ်လုံးကို မပြီး ရောက်လာကြတယ်။
ရောဘတ်က ကိုယ်တိုင် သေတ္တာအဖုံးကို ဖွင့်လိုက်ရာ အဲဒီအောက်က ပစ္စည်းတွေ ပေါ်ထွက်လာတယ်။
အဲဒီသေတ္တာ နှစ်လုံးထဲမှာတော့ ရွှေတုံးတွေနဲ့ ပြည့်နေပြီး ဝါဝါဝင်းဝင်းနဲ့ တလက်လက် တောက်ပနေလို့ မြင်ရသူတိုင်းက မျက်စိတွေ ဝေဝါးသွားရရုံတင်မက လောဘစိတ်တွေလည်း မထိန်းနိုင်အောင် ဖြစ်လာတော့တယ်။
"သေချာပေါက်ပေါ့ ဒါတွေကိုတော့ အခုချက်ချင်း ခင်ဗျားကို ပေးမှာ မဟုတ်ပါဘူး။ ငါတို့ အရောင်းအဝယ် လုပ်တဲ့ အချိန်ကျမှ ပေးမှာပါ" ရောဘတ်က သေတ္တာကို ပြန်ပိတ်လိုက်ပြီး ရင်ဘတ်ထဲက ငွေလွှဲလက်မှတ် တစ်စောင်ကို ထုတ်လိုက်ပြီး ဆိုလိုက်တော့တယ်။ "ဒါကတော့ ထိုက်လုံ ငွေလွှဲဌာနရဲ့ အနုငွေ တစ်သိန်းသားတန် ငွေလွှဲလက်မှတ် တစ်စောင်ပါ။ ငါ မှတ်မိတာကတော့ ခင်ဗျားတို့ တာ့ချန်းကုန်သည်တွေက ဒါကို သုံးရတာ သဘောကျကြတယ်လေ။ ဒါကို စရန်ငွေအဖြစ် မှတ်ယူထားလိုက်ပါ"
******
216 01
အခန်း ၂၁၆
ရှန့်ချင်းရှန်းက ငွေလွှဲလက်မှတ်ကို လှမ်းယူလိုက်တယ်။ ဟုန်ချန်း ငွေလွှဲဌာနနဲ့ ထိုက်လုံ ငွေလွှဲဌာနတို့က ပူးပေါင်းဆောင်ရွက်ထားကြပြီး သူကလည်း ဟုန်ချန်း ငွေလွှဲဌာနရဲ့ အရှင်သခင်ကြီး ဖြစ်တယ်။ ဒါကြောင့် အသေးစိတ် ကြည့်ရှုစစ်ဆေးဖို့တောင် မလိုဘဲ လက်နဲ့ ထိတွေ့ခံစားကြည့်ရုံလောက်နဲ့ ဒီငွေလွှဲလက်မှတ်က အစစ်အမှန်ဖြစ်ကြောင်း သူ သိလိုက်တယ်။
ဒီအချိန်ကစပြီး သူ့ရဲ့သံသယတွေက နောက်ဆုံးမှာ ပြေပျောက်သွားရပြီး၊ တစ်ချိန်တည်းမှာပဲ ရောဘတ်နဲ့ ဒီအရောင်းအဝယ်ကို အောင်မြင်အောင် လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း ပိုပြီး ခိုင်မာလာခဲ့တယ်။
သူ အလေးထားတာက ဒီတစ်ကြိမ် အရောင်းအဝယ်ကနေ ရမယ့် အကျိုးအမြတ်တင်မကဘဲ ရောဘတ်ရဲ့ 'တော်ဝင်ကုန်သည်' ဆိုတဲ့ အဆင့်အတန်းနဲ့ နောင်မှာ ဆက်လုပ်မယ့် ပူးပေါင်းဆောင်ရွက်မှုတွေပဲ ဖြစ်တယ်။
"ဒါဆိုရင်တော့ ဒီအတိုင်းပဲ သဘောတူလိုက်ကြတာပေါ့။ ဆာရောဘတ်အနေနဲ့ စိတ်အေးအေးထားပါ။ နောက်တစ်လကြာရင် ကုန်စည်တွေကို လာယူဖို့ သင်္ဘောတွေနဲ့ ကြွခဲ့ပါ။ သင်္ဘောတစ်စင်းတည်းနဲ့တော့ မရပါဘူး။ အနည်းဆုံးတော့ ဆယ်စင်း၊ အစင်းနှစ်ဆယ်လောက် ရှိရပါမယ်" ဆုံးဖြတ်ချက် ချပြီးနောက် စိတ်ပေါ့ပါးသွားလို့ ဖြစ်နိုင်တယ်။ ရှန့်ချင်းရှန်းက ရောဘတ်ကို နောက်ပြောင်ဖို့တောင် စိတ်ကူးရှိနေခဲ့တယ်။
ရောဘတ်က ပြုံးရွှင်စွာနဲ့ ပြန်ပြောတယ်။ "ရှန့်လူကြီးမင်းအနေနဲ့ စိတ်ပူစရာ မလိုပါဘူး။ အဲဒီအချိန်ကျရင် ငါ သေချာပေါက် အချိန်မှန် ရောက်လာပါ့မယ်"
ရောဘတ်က မကြာခင်မှာပဲ ပြန်ထွက်သွားပြီး ရှန့်ချင်းရှန်းတို့ အုပ်စုကလည်း မိမိတို့ရဲ့ သင်္ဘောပေါ်ကို တက်ခဲ့ကြတယ်။ ဝူဝမ့်ချုံးက ရောဘတ်နဲ့အတူ လိုက်သွားတာ မရှိဘဲ နေရစ်ခဲ့တယ်။ သူမမှာ ရှန့်ချင်းရှန်းနဲ့ ဆွေးနွေးစရာ ကိစ္စတွေ ရှိနေလို့ ဖြစ်တယ်။
"ရှန့်သခင်ကြီးအနေနဲ့ ဒီတစ်ခေါက် အရောင်းအဝယ်ကို စိတ်ကျေနပ်မှု ရှိရဲ့လား"
ရှန့်ချင်းရှန်းက သူ့ရဲ့မုတ်ဆိတ်ကို သပ်ရင်း ပြုံးပြီး ချီးမွမ်းစကား ဆိုတယ်။ "သခင်မလေးရဲ့ နည်းလမ်းတွေက တကယ့်ကို တော်ပါပေတယ်။ အမျှော်အမြင် ရှိပုံက အမျိုးသားတွေထက်တောင် မညံ့ပါဘူး"
"ဒါကတော့ ပြောစရာ မလိုပါဘူး။ တိုက်ဆိုင်မှုလေးတွေ ရှိသွားလို့ပါ။ ဒါပေမဲ့ ဒီအရောင်းအဝယ်ကတော့ သဘောတူညီမှု ရသွားပြီဆိုတော့ ကျွန်မတို့ ဝူမိသားစုနဲ့ ဟုန်ချန်း ငွေလွှဲဌာနကြားက ကိစ္စကိုလည်း ဆွေးနွေးသင့်ပြီ မဟုတ်လား"
"သခင်မလေးရဲ့ ဆိုလိုရင်းက" ရှန့်ချင်းရှန်းရဲ့ မျက်ဝန်းအတွင်းမှာ ဒေါသအရိပ်အယောင်တစ်ခု ဖြတ်သွားပေမဲ့ အလျင်အမြန်ပဲ ပြန်ဖုံးကွယ်ထားလိုက်တယ်။
အမှန်တော့ ဝူဝမ့်ချုံးက အသေးစိတ် ပြောပြနေစရာ မလိုဘဲ ရှန့်ချင်းရှန်းက သူမရဲ့ ဆိုလိုရင်းကို နားလည်ပြီး ဖြစ်တယ်။ ဝူမိသားစုက နောက်တစ်ကြိမ် အကျိုးအမြတ် အမြောက်အမြားကို တောင်းဖို့ ကြံစည်နေတာပဲ။ တခြားနေရာတွေကို ရှန့်ချင်းရှန်း မသိပေမဲ့ စူး-ဟန် တစ်ဝိုက်က မှောင်ခိုကုန်သွယ်မှုတွေမှာ ဝူမိသားစုက ဟုန်ချန်း ငွေလွှဲဌာနရဲ့ အမည်ကို သုံးပြီး အမြဲတမ်း ရှေ့ထွက် လုပ်နေတာ ဖြစ်တယ်။
အမည်နာမ တစ်ခုတည်းကိုပဲ သုံးရုံနဲ့ ဝူမိသားစုက ဟုန်ချန်း ငွေလွှဲဌာနရဲ့ အမြတ်ဝေစု သုံးပုံတစ်ပုံကို အလကား ရယူထားတာပဲ ဖြစ်တယ်။
အမှန်တော့ ဟုန်ချန်း ငွေလွှဲဌာနက ဝူမိသားစုကို အမြတ်ဝေစု သုံးပုံတစ်ပုံ ပေးထားရတာကလည်း မလွှဲမရှောင်သာတဲ့ အခြေအနေကြောင့်ပဲ ဖြစ်တယ်။
အကယ်၍ စီးပွားရေး အသေးအဖွဲပဲ လုပ်နေရင် ဘယ်သူမှ စောင့်ကြည့်မှာ မဟုတ်ပေမဲ့ စီးပွားရေး ကြီးလာတာနဲ့အမျှ နောက်ကွယ်မှာ အားကိုးရမယ့်သူ ရှိဖို့ လိုအပ်တယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က မိမိကို ကာကွယ်ပေးဖို့နဲ့ အနှောင့်အယှက်တွေ မကြုံစေဖို့အတွက် အပေါ်ယံ အခကြေးငွေတွေ ပေးဆောင်ရမြဲ ဖြစ်တယ်။
ဘယ်လို ပေးဆောင်ရသလဲ။
အကောင်းဆုံး နည်းလမ်းက အမြတ်ဝေစု ခွဲပေးတာပဲ ဖြစ်တယ်။
ဆိုလိုတာက ဘယ်လို ရင်းနှီးမြှုပ်နှံမှုမှ လုပ်ဖို့ မလိုဘဲ၊ အမြတ်ငွေ ခွဲမယ့် အချိန်ကိုပဲ စောင့်နေရုံ ဖြစ်တယ်။ ဒီသုံးပုံတစ်ပုံသော အမြတ်ဝေစုက အခုနှစ်မှာ အမြတ်မရရင်တောင် ကိုယ့်ရဲ့အိတ်ကပ်ထဲက ငွေထုတ်ပြီး ပေးဆောင်ရမှာ ဖြစ်လို့၊ ရှန့်ချင်းရှန်းက ဝူမိသားစုအပေါ် ရိုသေသေနဲ့ ဆက်ဆံနေပေမဲ့၊ စိတ်ထဲက မကျေမနပ် ဖြစ်နေတာက အမှန်ပဲ ဖြစ်တယ်။
ရှန့်ချင်းရှန်းနဲ့ ဝူမိသားစုရဲ့ ဆက်ဆံရေးကတော့ ပင်လယ်ကုန်သွယ်မှုကိစ္စတွေကြောင့် ပိုပြီးရှုပ်ထွေးလှတယ်။ တခြားဟာတွေကို ထားလိုက်ပါဦး၊ အမှန်တော့ နှစ်စဉ် ဟုန်ချန်း ငွေလွှဲဌာနက ပင်လယ်ပြင်က ရတဲ့ အမြတ်ငွေရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်း လောက်က ဝူမိသားစုရဲ့ ဝမ်းဗိုက်ထဲကို ရောက်သွားတာပဲ။
မူလက နှစ်ဖက်စလုံး တစ်ဝက်စီခွဲဖို့ သတ်မှတ်ထားပေမဲ့ အဲဒီငါးပုံက ဝူမိသားစုအတွက် အသားတင် အမြတ်ဖြစ်ပြီး၊ ကျန်တဲ့ ငါးပုံထဲကလည်း ဟုန်ချန်း ငွေလွှဲဌာနရဲ့ စာရင်းအရ ဝူမိသားစုက သုံးပုံတစ်ပုံ ထပ်ပြီး ရယူထားသလို၊ ရှန့်ချင်းရှန်းက အောက်ခြေ အရာရှိငယ်တွေကိုလည်း လာဘ်ထိုးနေရသေးတယ်။
216 02
ဆိုလိုတာက ဟုန်ချန်း ငွေလွှဲဌာနရဲ့ အစစ်အမှန် အမြတ်ငွေက သုံးပုံတစ်ပုံ (၃၀ ရာခိုင်နှုန်း)တောင် မပြည့်ဘူး။ အဲဒီ ၃၀ ရာခိုင်နှုန်း မပြည့်တဲ့ အမြတ်အတွက်တောင် ဟုန်ချန်း ငွေလွှဲဌာနက သူ့ရဲ့ငွေလွှဲဌာနထဲက လည်ပတ်ငွေတွေကို သုံးပြီး ကုန်စည်တွေ အဝင်အထွက် လုပ်ရသလို အန္တရာယ်အားလုံးကိုလည်း ကိုယ့်ဘာသာ တာဝန်ယူနေရတာ ဖြစ်တယ်။
အခုတစ်လောမှာတော့ ကုန်စည်တွေ အကြိမ်ကြိမ် ဖမ်းခံရလို့ ဝူမိသားစုက ရှေ့ထွက် ကူညီတာ မရှိတဲ့အပြင်၊ လူလွှတ်ပြီး အမြတ်ဝေစုတွေကိုပဲ တောင်းနေလို့ ရှန့်ချင်းရှန်းရဲ့ စိတ်ထဲမှာ မကျေနပ်မှုတွေ စုပုံနေခဲ့တယ်။
အခု ဝူဝမ့်ချုံးက ဒီကိစ္စကို ထပ်ပြောလာတော့ သူ ဘယ်လိုလုပ် ဒေါသ မထွက်ဘဲ နေပါ့မလဲ။
ဒါပေမဲ့ သူက ဝူမိသားစုနဲ့ အပြတ်အသတ် ရန်ဖြစ်မှာ မဟုတ်တာက သေချာတယ်။ အမှန်တော့ ဒီ ၃၀ ရာခိုင်နှုန်းက မများဘူးလို့ ဆိုနိုင်ပေမဲ့ အဲဒါနဲ့အတူ ဝူမိသားစုရဲ့ ကျန်းနန်ဒေသက အရှိန်အဝါကြောင့် ဟုန်ချန်း ငွေလွှဲဌာနကလည်း အကျိုးကျေးဇူးတွေ ရခဲ့တာက အမှန်ပဲ ဖြစ်တယ်။ အရင်က ကျန်းနန်ဒေသက ငွေလွှဲဌာန အများကြီးထဲက တစ်ခုပဲ ဖြစ်ခဲ့ရာကနေ တခြားသူတွေကို ဖယ်ပြီး အကြီးဆုံး ငွေလွှဲဌာနအဖြစ် တက်နိုင်ခဲ့တာက သက်သေပါပဲ။
ရှန့်ချင်းရှန်းက မကြာသေးမီက ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ဝူမိသားစုက လူလွှတ်ပြီး အမြတ်ဝေစု တောင်းခဲ့တဲ့ အကြောင်းတွေကို ပြောပြပြီးနောက် ဆိုတယ်။ "ငါက နှမြောတွန့်တိုနေတာ မဟုတ်ပါဘူး။ အမှန်တကယ်ပဲ စာရင်းထဲမှာ ငွေမရှိတော့လို့ပါ၊ ပြီးတော့ ဒီတစ်ခေါက် ရောဘတ်ရဲ့ အရောင်းအဝယ်ကို အောင်မြင်အောင် လုပ်ဖို့ဆိုရင်၊ ငါက အိမ်ပြန်ရောက်မှ ငွေတွေ ရှာဖို့ နည်းလမ်းစဉ်းစားရဦးမှာပါ။ အကယ်၍ ငွေမရဘူးဆိုရင်တော့ ဒီစီးပွားရေးက သေချာပေါက် လုပ်လို့ မရတော့ပါဘူး"
ဝူဝမ့်ချုံးက မယုံဘဲ သူ့ရဲ့ စကားကို ဖြတ်ပြောလိုက်တယ်။ "သခင်ကြီး ဒီလိုပြောတာကတော့ လူကို လိမ်ရာ ကျနေပြီနော်၊ ဘယ်သူကများ ငွေလွှဲဌာနရဲ့ လုပ်ငန်းဟာ အရင်းအနှီး မလိုတဲ့ လုပ်ငန်းမှန်း မသိဘဲ နေပါ့မလဲ။ ခဏတဖြုတ် အသုံးပြုတာပဲလေ၊ ရှင့်ရဲ့ ဟုန်ချန်း ငွေလွှဲဌာနက ငွေလွှဲလက်မှတ် အချို့ကို ထပ်ပြီး ထုတ်လိုက်ရင် ပြီးတာပဲ မဟုတ်လား"
ရှန့်ချင်းရှန်းမှာ စိတ်ထဲက သွေးအန်မတတ် ခံစားလိုက်ရပြီး မျက်နှာမှာ မဲ့ပြုံး ပြုံးပြီး ရှင်းပြတယ်။ "သခင်မလေး ပြောသလို လွယ်ရင် ကောင်းမှာပေါ့၊ ငွေလွှဲလက်မှတ် ထုတ်တယ်ဆိုတာ ဒီလောက် မရိုးရှင်းပါဘူး၊ ဒါဟာ လက်ဝယ်ရှိတဲ့ အနုငွေ ပမာဏအပေါ် အခြေခံပြီး သေချာ တွက်ရတာပါ၊ အဲဒီနောက်မှပဲ အနည်းငယ် ထုတ်သုံးလို့ ရတာမျိုးပါ။ အရင်က ဖမ်းခံရတဲ့ ကုန်စည် သုံးသုတ်ကြောင့်ပဲ စာရင်းထဲက ငွေ နှစ်သန်းလောက် ကုန်သွားခဲ့ပြီ၊ နောက်ထပ် တစ်သန်းကိုလည်း ငါ့ရဲ့ ကိုယ်ပိုင် အိုစာမင်းစာ ငွေတွေကို ထည့်ထားမှသာ အခြေခံ လည်ပတ်မှုကို ထိန်းထားနိုင်တာပါ"
"ငွေလွှဲဌာနရဲ့လုပ်ငန်းဆိုတာ အပ်နှံသူတွေနဲ့ လဲလှယ်သူတွေအပေါ်မှာ အခြေခံထားတာပါ၊ ဧည့်သည်တချို့က အဲဒီငွေတွေကို ခဏအသုံးမလိုသေးလို့သာ ငွေလွှဲဌာနက အနည်းငယ် ယူသုံးရဲတာပါ။ ဒါဟာ ယုံကြည်မှုအပေါ်မှာ တည်ဆောက်ထားတာ ဖြစ်လို့၊ တစ်စုံတစ်ယောက်က ငွေလာလဲရင် ကျွန်ုပ်တို့မှာ ပေးစရာငွေ သေချာပေါက် ရှိနေရပါမယ်။ အကယ်၍ လည်ပတ်နေတဲ့ ငွေတွေကို အကုန်ထုတ်သုံးလိုက်လို့၊ ငွေလာလဲတဲ့သူကို ပေးစရာ မရှိတော့ရင်၊ ယုံကြည်မှု ပျက်ပြားသွားတာနဲ့ ငွေလွှဲဌာနက ချက်ချင်း ပြိုလဲသွားမှာပါ"
ဒီအမှန်တရားတွေကို ဝူဝမ့်ချုံးက နားမလည်ဘူး။ သူမက ရှန့်ချင်းရှန်း ဆိုတဲ့ မြေခွေးအိုကြီးက အကြောင်းမဲ့ ပြဿနာရှာနေတယ်လို့ပဲ ယူဆထားတာကြောင့် သူမရဲ့မျက်နှာကလည်း အေးစက်သွားတော့တယ်။
"သခင်ကြီးက ကျွန်မကို အရူးများ မှတ်နေသလား ကျွန်မ မှတ်မိသလောက်ဆိုရင်၊ ရှင့်ရဲ့ ဟုန်ချန်း ငွေလွှဲဌာနမှာ ပင်လယ်ကုန်သွယ်မှု တစ်ခုတည်း ရှိတာ မဟုတ်ပါဘူး၊ တခြားနေရာကနေ ငွေအချို့ကို လွှဲလို့ မရဘူးလား"
သေချာပေါက် ရနိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်ချက်နဲ့စာရင် အရမ်းနည်းလှပါတယ်။ ဥပမာအနေနဲ့ ဟုန်ချန်း ငွေလွှဲဌာနက စန်းရှီး၊ ကျန်းရှီး နဲ့ စီချွမ်းတို့မှာ သတ္တုတွင်းနဲ့ ဆားတွင်း လုပ်ငန်းတွေ ရှိနေပေမဲ့ ပြဿနာက အဲဒီပစ္စည်းတွေကို ချက်ချင်း အနုငွေအဖြစ် ပြောင်းလို့ မရနိုင်တာနဲ့ ငွေလွှဲဖို့ အချိန်လိုအပ်တာတွေပဲ ဖြစ်တယ်။ ဒါပေမဲ့ ရောဘတ်ကို ကုန်စည် အပ်ဖို့ကတော့ တစ်လပဲ အချိန်ရတော့တယ်။
ရောဘတ် တောင်းတဲ့ ကုန်စည် ပမာဏအရဆိုရင် တာ့ချန်းပြည် တစ်ခုလုံးမှာ ဟုန်ချန်း ငွေလွှဲဌာန တစ်ခုတည်းပဲ လက်ခံနိုင်စွမ်း ရှိပါတယ်။ တခြားဘယ်လုပ်ငန်းမှ တစ်လအတွင်း ဒီလောက်များတဲ့ ကုန်စည်တွေကို စုပေးနိုင်မှာ မဟုတ်ဘူး။
အမှန်တော့ ရှန့်ချင်းရှန်းက သဘောတူလိုက်ကတည်းက နည်းလမ်း ရှိပြီးသား ဖြစ်ပေမဲ့၊ ဝူမိသားစုရဲ့ သွေးစုပ်ဖားလို လုပ်ရပ်တွေအပေါ် မကျေနပ်လို့ တမင်တကာ ဒီလို ပြောနေတာပဲ ဖြစ်တယ်။
ဝူဝမ့်ချုံးက ဒါတွေကို နားမလည်ပေမဲ့ အန်းပေါ်က အခြေအနေရဲ့ လေးနက်မှုကို သိထားပါတယ်။
သူက ဝူဝမ့်ချုံးရဲ့ ပြစ်တင်ဝေဖန်မှုတွေကို တားလိုက်ပြီး မေးလိုက်တယ်။ "ဝူမိသားစုက ဘယ်သူက လာပြီး အမြတ်ဝေစု ယူသွားတာလဲ။ ဒီကိစ္စကို ကျွန်တော်မျိုးနဲ့ သခင်မလေး ဘာလို့ မသိရတာလဲ"
"ဝူဟန် ပါ"
216 03
ဝူဟန်က အန်းပေါ်လိုပဲ ဝူမိသားစုရဲ့ အစေခံဟောင်း တစ်ယောက် ဖြစ်တာကြောင့်၊ ဝူဟန်ရှေ့ထွက်လာတယ်ဆိုရင် ဒီငွေတွေကို ဝူအမတ်ချုပ်ကြီးက ယူခိုင်းတာ ဖြစ်ကြောင်း ထင်ရှားလှတယ်။
ဒီအချက်ကို သိသွားတဲ့အခါ ဝူဝမ့်ချုံးကလည်း အခြေအနေရဲ့လေးနက်မှုကို ရိပ်မိသွားတော့တယ်။ "ဒါဆို ရှင့်ရဲ့စကားအရဆိုရင်၊ ဒီတစ်ခေါက် အရောင်းအဝယ်ကို လုပ်လို့ မရတော့ဘူးလား"
သူမရဲ့စိတ်တွေက တည်ငြိမ်မှု မရှိတော့ဘဲ ထပ်ပြောတယ်။ "ဘာလို့ မလုပ်ရမှာလဲ၊ ကျွန်မ ခက်ခက်ခဲခဲနဲ့ သဘောတူညီမှု ရထားတာလေ၊ အကယ်၍ အောင်မြင်သွားရင် ဒါတွေအားလုံးက ဝင်ငွေတွေပဲ မဟုတ်လား"
ဝူဝမ့်ချုံးက ငွေကြေးကြောင့် ဒီလောက်အထိ စိတ်လှုပ်ရှားနေတာ မဟုတ်ဘဲ၊ ဒါက သူမရဲ့ဘဝမှာ ပထမဆုံး အကြီးဆုံး အရောင်းအဝယ် ဖြစ်နေလို့ပဲ။ သူမက ကျောက်အာနဲ့ အမြဲ အပြိုင်အဆိုင် လုပ်ချင်ခဲ့ပြီး တစ်ဖက်လူ လုပ်နိုင်တာကို သူမလည်း လုပ်နိုင်ကြောင်း သက်သေပြချင်နေချိန်မှာ အခုမှ လုပ်လို့ မရတော့ဘူးလို့ ပြောလာတာကြောင့် ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ။
"လုပ်လို့ မရတာ မဟုတ်ပါဘူး သခင်မလေး" အန်းပေါ်က ဖျောင်းဖျလိုက်တယ်။ အဲဒီနောက် သူမကို ဘေးကို ခေါ်သွားပြီး အဓိက အချက်တွေကို ရှင်းပြတယ်။
"ဆိုလိုတာက အခု ကုန်စည်တွေ ဝယ်ဖို့အတွက် အနုငွေ လိုနေတာပေါ့"
ဒီလိုလည်း ဆိုနိုင်တာမို့ အန်းပေါ်က ခေါင်းညိတ်ပြလိုက်တယ်။
"အခု စာရင်းထဲမှာ ငွေ ဘယ်လောက် ထုတ်သုံးလို့ ရသေးလဲ" ဒီစာရင်းက ဝူမိသားစုရဲ့ စာရင်းဖြစ်သလို အန်းပေါ် စီမံနေတဲ့ ကျန်းနန်ဒေသ စီးပွားရေး လုပ်ငန်းတွေရဲ့ စာရင်းလည်း ဖြစ်တယ်။
အန်းပေါ်က စိတ်ထဲက တွက်ကြည့်ပြီးနောက် ပြောလိုက်တယ်။ "ငွေ ခြောက်သိန်း၊ ခုနစ်သိန်းလောက်ပဲ ရှိပါတယ်"
ဝူဝမ့်ချုံးက ချက်ချင်းပဲ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီး ရှန့်ချင်းရှန်းရဲ့ရှေ့ကို သွားကာ ဆိုတယ်။ "ကျွန်မဘက်က ငွေ ခုနစ်သိန်း ထုတ်ပေးမယ်၊ ကျန်တာကိုတော့ ရှင့်ဘာသာ နည်းလမ်းရှာပါ၊ အနှစ်ချုပ် ပြောရရင်တော့ ဒီအရောင်းအဝယ်ကို သေချာပေါက် လုပ်ရမယ်"
ဒီစကားကို ပြောပြီးတာနဲ့ သူမက အဲဒီအခန်းထဲက ထွက်သွားတော့ရာ၊ အန်းပေါ်ကလည်း နောက်က အလျင်အမြန် လိုက်သွားခဲ့တယ်။
ရှန့်ချင်းရှန်း တစ်ယောက်တည်း ကျန်ခဲ့သလို ဝူဝမ့်ချုံးရဲ့ အမူအရာအပေါ် ဒေါသထွက်နေပေမဲ့ ဝူမိသားစုဆီက ငွေတွေ ပြန်ထုတ်နိုင်တာကလည်း ရခဲတဲ့ ကိစ္စတစ်ခုလို့ တွေးမိတယ်။
ဒါပေမဲ့ လိုအပ်ချက်က များလှသေးတာကြောင့် ငွေလွှဲဌာနထဲက လည်ပတ်ငွေတွေကိုပဲ ဆက်သုံးဖို့ ဆုံးဖြတ်လိုက်တယ်။ ရှန့်ချင်းရှန်းမှာလည်း ယုံကြည်ချက် ရှိနေပါတယ်။ သူက ကုန်စည် အပ်မယ့် ရက်ကို တစ်လပဲ သတ်မှတ်ခဲ့တာက ရောဘတ်က လောနေလို့တင်မကဘဲ သူကိုယ်တိုင်ကလည်း ငွေတွေကို အချိန်အကြာကြီး အလွဲသုံးမထားချင်လို့ ဖြစ်တယ်။
တစ်လဆိုတဲ့ အချိန်က မကြာတာကြောင့် ရောဘတ်ဆီက ငွေတွေ ရတာနဲ့ ဒီဘက်က ဟာကွက်တွေကို ပြန်ဖြည့်နိုင်မှာ ဖြစ်တယ်။
စွန့်စားရာ ရောက်ပေမဲ့ ပြဿနာ ရှိလာမှာ မဟုတ်ဘူးလို့ သူ ယူဆထားတယ်။
ဒီလို ယူဆထားပေမဲ့လည်း ရှန့်ချင်းရှန်းက ပြန်ရောက်တာနဲ့ သူ့ရဲ့လက်အောက်က စာရင်းကိုင်တွေ အားလုံးကို ခေါ်လိုက်တယ်။
သူက စာရင်းကိုင်တွေရဲ့တွက်ချက်မှုအပေါ် အခြေခံပြီး၊ ဒီတစ်ကြိမ်မှာ အများဆုံး ငွေဘယ်လောက် ထုတ်သုံးနိုင်လဲဆိုတာ ချက်ချင်း သိလိုက်တာကြောင့် သူ ထင်ထားတာနဲ့ မကွာလှဘူး။
အဲဒီအချိန်ကစပြီး သူက တွေဝေတာ မရှိတော့ဘဲ လက်အောက်ငယ်သားတွေကို အမိန့်တွေ တစ်ခုပြီးတစ်ခု ထုတ်ပြီး စတင်ဆောင်ရွက်ခိုင်းလိုက်တော့တယ်။
အချိန်တွေ တစ်နေ့ပြီးတစ်နေ့ ကုန်သွားခဲ့သလို နေ့တိုင်း ကုန်တင်လှည်းတန်းတွေက စူးကျိုးကို ရောက်လာကြပြီး စူးကျိုးကတစ်ဆင့် ချုန်းမင်ကျွန်းကို ဦးတည်သွားကြကာ ပုရွက်ဆိတ်တွေလိုပဲ ဟုန်ချန်းငွေလွှဲဌာနရဲ့ဂိုဒေါင်တွေကို တဖြည်းဖြည်း ဖြည့်နေကြတော့တယ်။
အရာအားလုံးက စနစ်တကျ ရှိနေပြီး၊ အရင်ကနဲ့ ဘယ်လိုမှ မခြားသလိုမျိုးပဲ ရှိပါတယ်။
တျန့်ဟိုင်မြို့က သင်တန်းကျောင်း ထဲမှာတော့၊ ဒီနေ့မှာ ထူးထူးဆန်းဆန်းနဲ့ တစ်ညလုံး မီးတွေ လင်းနေခဲ့တယ်။
ကြီးမားတဲ့ ငွေလွှဲဌာနတိုင်းမှာ တွက်ချက်မှု ကျွမ်းကျင်တဲ့ လူတစ်စု ရှိကြမြဲ ဖြစ်တယ်။ သူတို့က ခွဲတမ်းတစ်ခုချင်းစီရဲ့ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း စာရင်းတွေကို ကြည့်ပြီး၊ တိုတောင်းတဲ့ အချိန်အတွင်း အနုငွေ ဘယ်လောက် လိုမလဲဆိုတာ တွက်နိုင်ကြတယ်။ ဒီနည်းနဲ့ ငွေလွှဲဌာနရဲ့ လည်ပတ်မှုကို မထိခိုက်စေဘဲ၊လက်ဝယ်ရှိ လည်ပတ်ငွေတွေကို အများဆုံး သုံးနိုင်အောင် စီမံကြတာ ဖြစ်တယ်။
ဟုန်ချန်း ငွေလွှဲဌာနမှာ ရှိသလို၊ ထိုက်လုံ ငွေလွှဲဌာနမှာလည်း ရှိပါတယ်။
ဒါပေမဲ့ ထိုက်လုံ ငွေလွှဲဌာနရဲ့ အခြေခံအင်အားက ဟုန်ချန်းလောက် မခိုင်မာသေးဘူး။ အပြင်က ငှားထားတဲ့ ဝါရင့်စာရင်းကိုင် နည်းနည်းကလွဲရင် ကျန်တဲ့သူတွေက သင်တန်းကျောင်းက ဆင်းလာတဲ့ ကျောင်းသားတွေပါပဲ။
ကျယ်ဝန်းလှတဲ့ ခန်းမဆောင်ထဲမှာ စားပွဲရှည်ကြီးတွေက စီတန်းနေပြီး စားပွဲတိုင်းမှာ လူတစ်ယောက်စီက အာရုံစိုက်ပြီး လုပ်နေကြတယ်။
216 04
စားပွဲတွေပေါ်မှာ စာရင်းစာအုပ်တွေအများကြီး ရှိနေပြီး ဘေးနားမှာတော့ စစ်တုရင်သီးတွေလို ပေသီးခုံတွေ ရှိကာ၊ တဖျတ်ဖျတ် ထွက်နေတဲ့ တွက်ချက်သံတွေနဲ့အတူ ညက တဖြည်းဖြည်း နက်လာခဲ့တယ်။
ခန်းမထဲမှာ မီးတွေက ထိန်ထိန်ညီးနေပြီး မီးစာတွေကို ခဏခဏ ညှိခဲ့ရတယ်။ အဲဒီတွက်ချက်သံတွေကို အချိန်အကြာကြီး နားထောင်ရတာက လူကို အကြောင်းမဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေတယ်။
"သခင်ကြီး တွက်ချက်လို့ ပြီးပါပြီ"
လူတွေက အဆက်မပြတ် ပြောရင်း စာရင်းစာအုပ်တွေကို ရွှီထင်းရှန်းဆီကို လာပေးကြတယ်။
မီးရောင်အောက်မှာ ရွှီထင်းရှန်းရဲ့မျက်ဝန်းတွေက စိတ်ပင်ပန်းလို့ ညိုမည်းနေခဲ့ပြီ ဖြစ်သလို အချိန်အတော်ကြာအောင်လည်း ကောင်းကောင်း အိပ်ခဲ့ရတာ မရှိဘူး။ ကောင်းရှန်း၊ ရွှီချင်းဟွိုင်တို့ကလည်း ဘေးနားမှာ စောင့်နေကြပေမဲ့ သူတို့က ဒါတွေကို နားမလည်ကြလို့ ဘယ်လိုမှ ကူညီနိုင်တာ မရှိကြဘူး။
ရွှီထင်းရှန်းက စာရင်းတွေကို ကြည့်ရင်း လက်ထဲက စုတ်တံနဲ့ ဗလာစာရွက်တစ်ရွက်ပေါ်မှာ တစ်ခုခုကို ရေးနေတယ်။
ထိုက်လုံငွေလွှဲဌာနအနေနဲ့ ဟုန်ချန်းငွေလွှဲဌာနရဲ့စာရင်းတွေကို မြင်နိုင်ဖို့ မဖြစ်နိုင်ပေမဲ့ ရွှီထင်းရှန်းက အစောကတည်းက လူတွေကို လွှတ်ပြီး ဟုန်ချန်းရဲ့ အရပ်ရပ်က ခွဲတမ်းတွေမှာ စောင့်ကြည့်ခိုင်းထားခဲ့တယ်။ အထူးသဖြင့် ကျန်းနန်ဒေသကို အဓိကထားပြီး နေ့တိုင်း ဟုန်ချန်း ငွေလွှဲဌာနကို ဝင်ထွက်နေတဲ့ လူဦးရေကို စောင့်ကြည့်ခိုင်းတာ ဖြစ်တယ်။
ငွေထုတ်တဲ့ ပမာဏ ဘယ်လောက်ပဲ ဖြစ်ဖြစ်၊ နည်းနည်းဆိုရင် ထားဦး၊ များလှတဲ့ ငွေပမာဏကိုတော့ ကိုယ်ပေါ်မှာ သယ်ဖို့ မဖြစ်နိုင်တာမို့ သေချာပေါက် အထောက်အထား ရှိနေမှာပါပဲ။ ငွေဘယ်လောက် ဝင်တယ်။ ဘယ်လောက် ထွက်တယ်ဆိုတာ စောင့်ကြည့်တာနဲ့ ခွဲတမ်းတစ်ခုချင်းစီမှာ အခုသုံးလို့ ရတဲ့ လည်ပတ်ငွေ ဘယ်လောက် ရှိလဲဆိုတာ ခန့်မှန်းတွက်ချက်နိုင်တယ်။
အထူးသဖြင့် မကြာသေးခင်က ဟုန်ချန်း ရုံးချုပ်က အရပ်ရပ်က ငွေတွေကို ပြန်သိမ်းနေတာက အကဲခတ်သူတွေအတွက် ထင်ရှားလို့ အဲဒီသတင်းတွေ အားအားလုံး တျန့်ဟိုင်ကို ရောက်လာခဲ့တာ ဖြစ်တယ်။
"ထိုက်လုံ ငွေလွှဲဌာနက အခု ဟုန်ချန်းက ထုတ်ထားတဲ့ ငွေလွှဲလက်မှတ် ဘယ်လောက်အထိ သိမ်းမိထားပြီလဲ" တိတ်ဆိတ်နေတဲ့ အခြေအနေကြားမှာ ရွှီထင်းရှန်းက ခေါင်းမဖော်ဘဲ မေးလိုက်တယ်။
ကောင်းရှန်းက ပမာဏတစ်ခုကို ချက်ချင်း တင်ပြတယ်။
"မလုံလောက်သေးဘူး။ ဆက်ပြီး သိမ်းခိုင်းလိုက်ဦး၊ ပမာဏ များတာတွေကိုပဲ ရွေးပြီး သိမ်းခိုင်းလိုက်"
"သခင်ကြီး ကျွန်တော်တို့ စာရင်းထဲမှာ အခု သုံးလို့ ရတဲ့ အနုငွေ မရှိတော့ပါဘူး" ကောင်းရှန်းက ခက်ခဲနေဟန်နဲ့ တင်ပြတယ်။
ရွှီထင်းရှန်းက သူ့ကို မော့ကြည့်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်တာကြောင့် လူတစ်ယောက်က ရှေ့ကို တိုးလာပြီး အောက်က စာရင်းကိုင်တွေနဲ့ ကျောင်းသားတွေကို ခေါ်ထုတ်သွားတယ်။ ခန်းမထဲမှာ သူတို့ လူယုံနည်းနည်းပဲ ကျန်တော့တယ်။
"ဒီလိုလုပ်ပါ ငါ ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးရဲ့ ဘဏ္ဍာတိုက်ထဲကနေ အနုငွေ တစ်သုတ်ကို မင်းတို့ဆီ အရင် လွှဲပေးလိုက်မယ်။ ဒီပမာဏ ပြည့်အောင် သိမ်းလိုက်..." ရွှီထင်းရှန်းက ခဏလောက် ရပ်ပြီး စာရွက်ပေါ်က ကိန်းဂဏန်းကို ဖျက်ပြီး နောက်ထပ် တစ်ခုကို ပြန်ရေးလိုက်တယ်။ "ဒီပမာဏကို စံထားပါ၊ ပြည့်သွားပြီဆိုရင်တော့ ရပ်လိုက်လို့ ရပါပြီ"
ကောင်းရှန်းက အဲဒီကိန်းဂဏန်းကို ကြည့်ပြီး နှုတ်ခမ်းကို လျှာနဲ့ အသာအယာ သပ်လိုက်မိတယ်။
သူက စီးပွားရေးလောကမှာ အတွေ့အကြုံ မရှိသူ မဟုတ်ပါဘူး။ ဒီကိန်းဂဏန်းက ဘယ်လောက်အထိ ထိတ်လန့်စရာ ကောင်းလဲဆိုတာ သူ ကောင်းကောင်း သိပါတယ်။ အမှန်တော့ ထိုက်လုံလုပ်ငန်းစုအောက်က လုပ်ငန်းအားလုံးကို ရောင်းရင်တောင် ဒီလောက်များတဲ့ ငွေကို ရဖို့ မဖြစ်နိုင်ဘူး။ လောကမှာ ကြွယ်ဝလှတဲ့ တျန့်ဟိုင် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံး တစ်ခုတည်းသာလျှင် ဒီလောက် များတဲ့ အနုငွေကို လက်ဝယ် ထားနိုင်ပါတယ်။ ဒါပေမဲ့ ဒီငွေတွေက ကုန်သွယ်ရေးရုံးရဲ့ ငွေတွေ မဟုတ်ဘဲ အစိုးရရဲ့ ငွေတွေ ဖြစ်တယ်။ ကုန်သွယ်ရေးရုံးမှာ ခဏအပ်ထားတာပဲဖြစ်ပြီး၊ ဘဏ္ဍာရေးဌာနက လနည်းနည်း ကြာတိုင်း လာယူလေ့ ရှိတယ်။
သူ စိုးရိမ်တာက ထိုက်လုံ ငွေလွှဲဌာနမှာ လည်ပတ်ငွေ မရှိတော့မှာကို မဟုတ်ဘဲ၊ ရွှီထင်းရှန်း တစ်ယောက် ဘာလုပ်ချင်နေတာလဲ ဆိုတဲ့ အချက်ကိုပါပဲ။
လွန်ခဲ့တဲ့ ရက်တွေအတွင်း ရွှီထင်းရှန်းရဲ့ လုပ်ရပ်တိုင်းက လူကို အဓိပ္ပာယ် ဖွင့်ရခက်လွန်းလှတယ်။ ရွှီထင်းရှန်းက ဟုန်ချန်း ငွေလွှဲဌာနကို တိုက်ချင်တာကို ကောင်းရှန်း သိပေမဲ့ ဒီလောက် ကြီးမားတဲ့ ငွေလွှဲဌာနကြီးကို ဘယ်လိုမျိုး လွယ်လွယ်နဲ့ တိုက်နိုင်ပါ့မလဲ။
"ထင်းရှန်း မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ" ရွှီချင်းဟွိုင်က မအောင့်နိုင်ဘဲ မေးလိုက်တယ်။
216 05
ရွှီထင်းရှန်းက ပြုံးပြီး ဆိုတယ်။ "ဦးလေး၊ တစ်ယောက်ယောက်က ကျွန်တော့်ကို ပါးရိုက်သွားတယ်လေ။ အဲတော့ နားပြန်ကိုက်ရမှာပေါ့"
ဒီလို ကျေးလက်စကားပုံမျိုးကို ရွှီထင်းရှန်း မပြောဖြစ်တာ ကြာပါပြီ။
ရွှီချင်းဟွိုင်က အဲဒီစကားကို ကြားတဲ့အခါ မရယ်ဘဲ မနေနိုင်တော့ဘူး။ "ဘယ်ခွေးကများ ဒီလောက် သတ္တိရှိနေတာလဲ၊ ပါးရိုက်မှတော့ နားပြန်ကိုက်မှ တော်ကာကျမှာပေါ့။ ဒါပေမဲ့ မင်းက နန်းတွင်းအရာရှိတစ်ယောက် ဖြစ်နေတာဆိုတော့၊ အစစအရာရာ သတိထားပါ၊ တစ်ခုခုအတွက်နဲ့..." သူက ခဏလောက် ရပ်ပြီး လေသံနှိမ့်ကာ "အနှစ်ချုပ် ပြောရရင်တော့ မင်း စိတ်ထဲမှာ အစီအစဉ် ရှိဖို့ လိုပါတယ်။ ဒီကိစ္စတွေကို ဦးလေးလည်း နားမလည်ပါဘူး။ မင်း ဘယ်လိုပဲ ခိုင်းခိုင်း၊ ဦးလေးတို့ကတော့ ခိုင်းတဲ့အတိုင်း လုပ်မှာပါ"
"ဦးလေး စိတ်အေးအေးထားပါ၊ ကျွန်တော့် စိတ်ထဲမှာ အစီအစဉ် ရှိပါတယ်"
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လဆိုတဲ့ အချိန်က ရောက်လာခဲ့ပြီ ဖြစ်တယ်။
အခု အရာအားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်ရာ၊ နက်ဖြန် ကုန်စည် အပ်မယ့် အချိန်ကိုပဲ စောင့်နေရုံ ဖြစ်တယ်။ ရှန့်ချင်းရှန်းလို အတွေ့အကြုံရင့်သူတောင်မှ နည်းနည်း စိုးရိမ်တာကို မထိန်းနိုင်အောင် ဖြစ်နေရတယ်။ နက်ဖြန် သူနဲ့အတူ လိုက်မယ့် လူတွေကိုလည်း စိတ်ဓာတ် တက်ကြွနေအောင်လို့ နှစ်ရက်လောက်ကြိုပြီး အနားပေးထားခဲ့တယ်။
နောက်တစ်နေ့ ရောက်တဲ့အခါ ရှန့်ချင်းရှန်းက လူတွေကို ခေါ်ပြီး ချုန်းမင်ကျွန်းကို ကြိုရောက်နေခဲ့တယ်။ တစ်မနက်လုံး စောင့်ပြီးနောက်မှ ရောဘတ်ရဲ့ သင်္ဘောတွေက တဖြည်းဖြည်းနဲ့ ရောက်လာခဲ့တယ်။
ကုန်တင်သင်္ဘော ဆယ်စင်းကျော်ပါတဲ့ အုပ်စုက သိပ်ကို ကြီးမားပေမဲ့၊ သင်္ဘောတစ်စင်းချင်းစီရဲ့ အရွယ်ကတော့ မကြီးဘဲ အလတ်စား သင်္ဘောတွေပါပဲ။ အမှန်တော့ ဧရာမ သင်္ဘောကြီးတွေက ဒီနေရာကို ဝင်လို့ မရဘဲ ပင်လယ်နက်ပိုင်းမှာပဲ နေနိုင်တယ်။ ဒီလို ရေတိမ်ပိုင်းမှာတော့ ဒီလောက် အတိမ်အနက်ရှိတဲ့ သင်္ဘောတွေပဲ သွားနိုင်တာ ဖြစ်တယ်။
သင်္ဘောဦးမှာ ရပ်ပြီး မိမိကို ပြုံးပြနေတဲ့ ရောဘတ်ကို မြင်ရတဲ့အခါမှပဲ ရှန့်ချင်းရှန်းရဲ့ စိတ်က နည်းနည်း ပိုပြီး တည်ငြိမ်သွားတော့တယ်။
"ဆာရောဘတ်"
"ခင်မင်ရတဲ့ ရှန့်လူကြီးမင်း မင်္ဂလာပါ၊ ငါတို့ နောက်တစ်ခါ ပြန်ဆုံကြပြန်ပြီနော်"
သူတို့နှစ်ယောက်က အသီးသီး မိမိတို့ရဲ့ သင်္ဘောပေါ်မှာ ရပ်နေကြတယ်။ ရောဘတ်ရဲ့ သင်္ဘောက ထပ်ပြီး ရှေ့တိုးလို့ မရတော့တာမို့ အဲဒီနေရာမှာပဲ ရပ်ထားရပြီး၊ ရှန့်ချင်းရှန်းကတော့ သဲတင်သင်္ဘောငယ်လေး တစ်စင်းပေါ်မှာ ရပ်ပြီး သူ့ကို မော့ကြည့်ကာ နှုတ်ဆက်နေတာ ဖြစ်တယ်။
"ရှန့်လူကြီးမင်း ခင်ဗျားအနေနဲ့ ငါဆီကို လာခဲ့ပါလား" ရောဘတ်က ဖိတ်ခေါ်တယ်။
ဒါပေမဲ့ ရှန့်ချင်းရှန်းက ခေါင်းယမ်း ငြင်းလိုက်ပြီး အောက်ခြေလူတွေ သင်္ဘောပေါ်ကို ကုန်စည်တွေ တင်တာကို စောင့်ကြည့်ဖို့ လိုတယ်လို့ အကြောင်းပြခဲ့တယ်။
ရောဘတ်က ခေါင်းကို ပြန်ရုတ်လိုက်ပြီး မကြာခင်မှာပဲ သင်္ဘောနံဘေးက ကြိုးလှေကားကို ချပေးလိုက်ကာ သူကိုယ်တိုင်က အဲဒီလှေကားအတိုင်း ဆင်းလာပြီး ရှန့်ချင်းရှန်းရဲ့သင်္ဘောပေါ်ကို ရောက်လာခဲ့တယ်။
"ရှန့်လူကြီးမင်းက မလာချင်ဘူးဆိုတော့လည်း ငါကပဲ လာရတာပေါ့၊ ရှန့်လူကြီးမင်းက တကယ့်ကို သတိကြီးလွန်းလှပါတယ်"
ဒီစကားရဲ့ အဓိပ္ပာယ်ကို နှစ်ဖက်စလုံး စိတ်ထဲက သိကြပါတယ်။ အရင်က ဘယ်လောက်ပဲ ရင်းနှီးသကဲ့သို့ ရှိနေပါစေ၊ ကုန်စည်နဲ့ ငွေကြေး ကိစ္စတွေမှာတော့ သိပ်ကို သတိထားကြရတာ မဟုတ်လား။
သူတို့နှစ်ယောက် အချင်းချင်း ကြည့်ပြီး ရယ်လိုက်ကြပြီးနောက် ဒီကိစ္စက ပြီးသွားခဲ့တယ်။
"ရှန့်လူကြီးမင်း စိတ်အေးအေးထားပါ၊ ငွေတွေကို ငါ ယူလာခဲ့ပါပြီ" ရောဘတ်က လက်ထဲက သားရေသေတ္တာကို ပုတ်ပြီး ဆိုကာ သေတ္တာကို ဖွင့်ပြလိုက်တာကြောင့် အတွင်းမှာ အထပ်လိုက် စီထားတဲ့ ငွေလွှဲလက်မှတ်တွေကို မြင်ရတယ်။
ရှန့်ချင်းရှန်းရဲ့ မျက်ဝန်းတွေမှာ အံ့အားသင့်တဲ့ အရိပ်အယောင်တစ်ခု ပေါ်လာခဲ့တယ်။
"ကျောက်တိ ပြောတာတော့ ခင်ဗျားတို့ရဲ့ ဟုန်ချန်းနဲ့ ထိုက်လုံတို့က ပူးပေါင်းဆောင်ရွက်ထားကြတယ်ဆိုလို့ ငါက ငွေတွေ အားလုံးကို ထိုက်လုံ ငွေလွှဲဌာနမှာ အပ်ထားခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ ဒီလက်မှတ်တွေနဲ့ အချိန်မရွေး ငွေလဲနိုင်ပါတယ်။ တစ်ခုရှိတာက ခင်ဗျားတို့ဆီက လက်မှတ်တွေရဲ့ ပမာဏက သိပ် သေးလွန်းတယ်။ အကြီးဆုံးမှ တစ်သောင်းသားတန်ပဲ ရှိတော့၊ ခင်ဗျားအနေနဲ့ ခဏလောက်တော့ ရေတွက်ရပါလိမ့်မယ်"
ရောဘတ်က ပြောရင်း ရှန့်ချင်းရှန်းကို နောက်ပြောင်တဲ့ အကြည့်နဲ့ မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။ ရှန့်ချင်းရှန်းကလည်း ပြန်ပြုံးနေပေမဲ့ စိတ်ထဲမှာတော့ ဝေခွဲမရ ဖြစ်နေခဲ့တယ်။
ပုံမှန်အားဖြင့် ပင်လယ်ကုန်သွယ်မှုတွေမှာ ငွေလွှဲလက်မှတ်ကို တစ်ခါမှ မသုံးခဲ့ဖူးဘဲ၊ အနုငွေနဲ့ ကုန်စည် တိုက်ရိုက်ပဲ လဲလေ့ ရှိကြတယ်။ ဒါပေမဲ့ ထိုက်လုံနဲ့ ဟုန်ချန်းတို့က ပူးပေါင်းဆောင်ရွက်ထားကြသလို ကုန်သွယ်ရေးရုံးကလည်း နောက်ကွယ်မှာ ရှိနေတာမို့ ရှန့်ချင်းရှန်းက တစ်ဖက်လူက ငွေမပေးဘဲ ထွက်ပြေးမှာကို မစိုးရိမ်ဘူး။ သူ တစ်ခုပဲ လုပ်ဖို့ လိုတာက ဒီငွေလွှဲလက်မှတ်တွေက ထိုက်လုံ ငွေလွှဲဌာနက အမှန်တကယ် ထုတ်တာ ဟုတ်မဟုတ်နဲ့ အတုအပ ပါမပါကို စစ်ဖို့ပါပဲ။
216 06
တရားမျှတမှု ရှိအောင် ရှန့်ချင်းရှန်းက ငွေလွှဲလက်မှတ်တွေကို စစ်ဆေးရေတွက်နေတုန်းမှာပဲ ဟုန်ချန်း ငွေလွှဲဌာနက လူတွေက သင်္ဘောငယ်တွေနဲ့ ရောဘတ်ရဲ့ သင်္ဘောပေါ်ကို ကုန်စည်တွေကို စတင် တင်နေကြပြီ ဖြစ်တယ်။
အဲဒီနောက်မှာ ရှန့်ချင်းရှန်းက ရေတွက်တာ ပြီးသွားပေမဲ့ သူတို့နှစ်ယောက်စလုံးက ထွက်မယ့် အရိပ်အယောင် မရှိကြသေးဘူး။ ကုန်စည်တွေ အားလုံး တင်လို့ မပြီးသေးတာကြောင့်၊ နှစ်ဖက်စလုံးက တစ်ယောက်ကိုတစ်ယောက် ဓားစာခံလို သတ်မှတ်ထားတာပါပဲ။
သူတို့နှစ်ယောက်က ကောင်းကင်အကြောင်း၊ မြေကြီးအကြောင်း အမျိုးမျိုး ပြောပြီး ရယ်နေကြပြီး အဲဒီသားရေသေတ္တာကလည်း သူတို့နှစ်ယောက်ရဲ့ ကြားမှာပဲ ရှိနေကာ မျက်စိအောက်က လုံးဝအပျောက်မခံဘဲ ထားထားတယ်။
နောက်ဆုံး သင်္ဘောက ကုန်စည်တွေ တစ်ဝက်လောက်ပဲ ကျန်တော့ချိန်မှာ၊ စကားပြောနေတဲ့ လူနှစ်ယောက်ကလည်း ပင်ပန်းလာခဲ့ပြီ ဖြစ်တာကြောင့်၊ ရောဘတ်က ထရပ်ပြီး ရှန့်ချင်းရှန်းကို နှုတ်ဆက်ဖို့ ပြင်တုန်း ရုတ်တရက် ကျယ်လောင်လှတဲ့ ခရုသင်းမှုတ်သံတစ်ခု ပေါ်လာခဲ့တယ်။
သူတို့က ဘယ်အချိန်က စစ်သင်္ဘောတွေရဲ့ဝိုင်းတာကို ခံလိုက်ရလဲဆိုတာ မသိလိုက်ကြဘူး။ ရောဘတ်ရဲ့ သင်္ဘောကြီးက သိပ်ကြီးတာမို့ ရှုခင်းတွေကို ကွယ်ထားလို့ ရှန့်ချင်းရှန်းက စစ်သင်္ဘောတွေ ဘယ်လို ရောက်လာလဲဆိုတာ လုံးဝ မမြင်ခဲ့တာ ဖြစ်တယ်။
အဲဒီစစ်သင်္ဘောတွေရဲ့ရွက်တိုင်ထက်မှာတော့ ကျဲ့ကျန်းရေတပ်ရဲ့အလံကို ချိတ်ထားတာကို မြင်လိုက်ရတယ်။
"ငါတို့က ကျဲ့ကျန်းရေတပ်က ဖြစ်ပါတယ်။ လူအားလုံး နေရာမှာပဲ နေကြပါ၊ စစ်ဆေးတာကို ခံယူကြပါ"
စစ်ဆေးနေစရာ လိုပါဦးမလား ဒါက လက်ပူးလက်ကြပ် မိတာပဲ။
ရှန့်ချင်းရှန်းရဲ့မျက်နှာက ပျက်ယွင်းသွားပြီး ရောဘတ်ကို ဒေါသတကြီး စိုက်ကြည့်ကာ အော်တော့တယ်။ "ဆာရောဘတ်၊ ဒါက ဘာဖြစ်တာလဲ"
"ငါက ဘာဖြစ်မှန်း ဘယ်လိုသိမှာလဲ" ရောဘတ်၏တုံ့ပြန်မှုက ရှန့်ချင်းရှန်းထက်ပင် ပိုပြင်းထန်နေပြီး သူက ခေါင်းကို ကိုင်ကာ စိုးရိမ်တကြီးနဲ့ ကုန်းပတ်ပေါ်မှာ ဟိုဒီ ပြေးလွှားနေရင်း မျက်လုံးတွေကလည်း စစ်သင်္ဘောပေါ်က လူတွေကို ကြည့်နေတယ်။
"ခင်ဗျားတို့က ရေတပ်က ဘယ်သူတွေလဲ ငါ့မှာ ထိုက်လုံရဲ့အလံ ရှိတယ်လေ" သူက အော်တယ်။
စစ်သင်္ဘော တစ်စင်းက တဖြည်းဖြည်း နီးလာခဲ့ပြီး အထက်စီးကနေ သင်္ဘောပေါ်က လူတစ်ယောက်က မေးခွန်းထုတ်လိုက်တယ်။ "စုံစမ်းစစ်ဆေးချက်တွေအရ ထိုက်လုံ လုပ်ငန်းစုထဲက စီမံခန့်ခွဲသူတစ်ယောက်က နိုင်ငံခြားကုန်သည်နဲ့ လျှို့ဝှက်ဆက်သွယ်ခဲ့ကြောင်း တွေ့ရတယ်။ လုပ်ငန်းစုပိုင်ရှင်က အာဏာပိုင်တွေဆီ တိုင်ထားပြီး ဖြစ်တယ်။ ကြည့်ရတာ အဲဒီနိုင်ငံခြားကုန်သည်က မင်းပဲ ဖြစ်ရမယ် မဟုတ်လား"
ရှန့်ချင်းရှန်းရဲ့မျက်နှာက ချက်ချင်းပဲ အိုးမည်းသုတ်ထားသလို မည်းမှောင်သွားတော့တယ်။
******