အခန်း (၂၁၇-၂၁၈)
Vol. 22 Ch. 217-218
217 01
အခန်း ၂၁၇
အဲဒီသူရဲ့ စကားနဲ့အတူ သင်္ဘောနံဘေးမှာ သေနတ်တွေ ကိုင်ထားတဲ့ ရေတပ်စစ်သည် ဆယ်ယောက်ကျော် ပေါ်လာခဲ့တယ်။ အမည်းရောင် သေနတ်ပြောင်းဝတွေက ရှန့်ချင်းရှန်းနဲ့ ရောဘတ်တို့ဆီကို တည့်တည့် ဦးတည်ထားလျက် ရှိနေတယ်။
တစ်ချိန်တည်းမှာပဲ ရေတပ်ရဲ့ တခြား စစ်သင်္ဘောတွေကလည်း အဲဒီကုန်တင်သင်္ဘော ဆယ်စင်းကျော်အနားကို ချဉ်းကပ်လာခဲ့ကြပြီ ဖြစ်တယ်။
ရောဘတ်ရဲ့ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်နေသံတွေကို ရှန့်ချင်းရှန်းကတော့ မကြားနိုင်တော့ဘူး။ သူ့ရဲ့ ဦးနှောက်ထဲမှာ အရာအားလုံး ပြီးသွားပြီဆိုတဲ့ အတွေးတွေပဲ ပြည့်နေတော့တယ်။
သူ့ရဲ့မျက်ဝန်းတွေက ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်နေမိတယ်။ မျှော်လင့်ချက် ကင်းမဲ့တာကလွဲလို့ တခြား ဘာမှမရှိတော့ဘူး။ နောက်ဆုံးမှာ သူ့ရဲ့ အကြည့်က အဲဒီအညိုရောင် သားရေသေတ္တာပေါ်ကို ကျသွားတော့တယ်။
ဒီအရာတွေက ပြောရရင် နှေးပေမဲ့လည်း လက်တွေ့မှာတော့ ခဏလေးအတွင်း ဖြစ်သွားတာပါပဲ။ ရှန့်ချင်းရှန်းက သူ့ရဲ့ တစ်သက်လုံးမှာ အမြန်ဆုံး အရှိန်နဲ့ ပြေးဝင်ပြီး အဲဒီသားရေသေတ္တာကို ပွေ့ချီလိုက်ပြီးနောက် သင်္ဘောနံဘေးကို ကျော်ပြီး ပင်လယ်ထဲကို ခုန်ချလိုက်တော့တယ်။
ရေထဲကို ကျသွားတဲ့ ဗြုန်းခနဲ အသံနဲ့အတူ၊ အံ့အားသင့်သံတွေ အသီးသီး ထွက်လာခဲ့ပြီး အဲဒီနောက်မှာတော့ သင်္ဘောပေါ်က လူတွေက သူ့ကို ဖမ်းကြဖို့ ဒေါသတကြီး အော်ဟစ်သံတွေ ထွက်လာတော့တယ်။
ရေလုပ်သားမျိုးရိုးကနေ ကြီးလာသူ ဖြစ်တဲ့အတိုင်း ရေမကူးတတ်သူကတော့ အတော်ရှားပါတယ်။ ရှန့်ချင်းရှန်းက သတိကြီးတဲ့ စရိုက်ရှိသူဖြစ်လို့ ဒီဒေသရဲ့ မြေမျက်နှာသွင်ပြင်ကိုလည်း သူ အတော်လေး အကျွမ်းတဝင် ရှိနေတယ်။
သူက လက်တစ်ဖက်နဲ့ သားရေသေတ္တာကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး၊ ကျန်တဲ့လက်တစ်ဖက်နဲ့ ရေကို အားပါပါ ခပ်ယက်နေတာမို့၊ သင်္ဘောပေါ်က ဆူညံသံတွေကို သူ့ရဲ့ နောက်မှာ ထားခဲ့ပြီး ပိုပြီး ဝေးသွားတော့တယ်။
သူ့မှာ ဒီငွေလွှဲလက်မှတ်တွေ ပါတဲ့ သေတ္တာ ရှိနေသရွေ့ သူ့ရဲ့ဘဝက လုံးဝ ပျက်သွားမှာ မဟုတ်ဘူး။ အကယ်၍ ဒီနေရာကနေ လွတ်အောင် ပြေးနိုင်ရင်၊ သူ့ရဲ့ မျက်နှာကို တစ်ယောက်ယောက်က မြင်သွားရင်တောင်မှ သူ့ရဲ့နောက်မှာ ဝူမိသားစု ရှိနေလို့ ဘယ်သူမှ သူ့ကို တစ်ခုခု မလုပ်နိုင်ဘူး။ သူ လုပ်ဖို့ လိုတာက ဒီငွေလွှဲလက်မှတ်တွေကို ကာကွယ်ဖို့ပဲ ဖြစ်တယ်။
အရင်က ရှန့်ချင်းရှန်းက ငွေလွှဲလက်မှတ်တွေကို စစ်တုန်းက ဒီသေတ္တာကို သတိထားကြည့်ခဲ့ဖူးတယ်။ သေတ္တာရဲ့ လုံခြုံမှုက ကောင်းလို့ ခဏလေးအတွင်းမှာတော့ ရေဝင်နိုင်မှာ မဟုတ်ဘူး။
ရှန့်ချင်းရှန်းက ဒီယုံကြည်ချက်နဲ့ပဲ ရှေ့ကို အဆက်မပြတ် ရေကူးနေခဲ့တယ်။ သူက တိုက်ရိုက်ပြန်မသွားဘဲ ကမ်းရိုးတန်းကို အဝေးကနေ ပတ်ပြီး ကူးခဲ့တာမို့၊ နောက်ဆုံးမှာ ကျောက်ဆောင်တွေ ရှိတဲ့ ကမ်းခြေတစ်ခုကို ရောက်လာခဲ့တယ်။
သူက သိပ်ကို ပင်ပန်းနေပြီ ဖြစ်လို့ အဲဒီနေရာမှာပဲ လဲနေမိပြီး ရေလှိုင်းတွေက သူ့ရဲ့ ခန္ဓာကိုယ်ကို ခဏခဏ လာပုတ်နေတာကိုပဲ လွှတ်ထားတော့တယ်။ ဒါပေမဲ့ သူ့ရဲ့ လက်ထဲမှာတော့ အဲဒီသေတ္တာကို မြဲမြဲ ဆုပ်ကိုင်ထားတုန်းပဲ။
ရှန့်ချင်းရှန်း မသိတာကတော့ သူ ရေကူးပြီး ထွက်သွားပြီးနောက် သူ့ကို ဖမ်းဖို့ အော်နေတဲ့ အသံတွေက ပျောက်သွားသလို၊ ရောဘတ်ကလည်း စိတ်လွတ်ကိုယ်လွတ် အော်တာမျိုး မလုပ်တော့တာပါပဲ။
ရောဘတ်က ရေတပ်ရဲ့စစ်သင်္ဘောပေါ်ကို တက်လိုက်ပြီး သင်္ဘောဦးက တပ်မှူးကို ပြုံးပြီး မေးလိုက်တယ်။ "သူ အသက်နဲ့လဲပြီး ယူသွားတာက စက္ကူစုတ်တွေပဲဆိုတာ သိသွားရင် သူ ဘယ်လို တုံ့ပြန်မလဲ"
ဒီတပ်မှူးကလည်း ရယ်စရာ စကား ပြောတတ်သူဖြစ်လို့ ရယ်မောပြီး ပြန်ပြောလိုက်တယ်။ "ငါ ခန့်မှန်းတာတော့၊ သူ သေချာပေါက် ရူးသွားလိမ့်မယ်"
……
အချိန်ဘယ်လောက် ကုန်သွားလဲ မသိရဘဲ ကျောက်ဆောင်တွေပေါ်မှာ မေ့နေတဲ့ ရှန့်ချင်းရှန်းက နောက်ဆုံးမှာ လှုပ်ရှားလာခဲ့တယ်။
သူက တဖြည်းဖြည်းချင်း ထလာပြီး အမြန်ပဲ အဲဒီနေရာကနေ ထွက်ခဲ့တော့တယ်။
လမ်းတစ်လျှောက်မှာ လူတွေကို ရှောင်ပြီး သွားခဲ့တယ်။ ကံကောင်းတာက အခုက နွေရာသီဖြစ်လို့ သူ့ကိုယ်ပေါ်က စိုနေတဲ့ အဝတ်အစားတွေက မကြာခင်မှာပဲ ခြောက်သွားခဲ့တယ်။ သူက အချိန်ဘယ်လောက် လမ်းလျှောက်ခဲ့လဲ မသိရဘဲ၊ မိုးချုပ်မှပဲ မြို့ထဲကို ဝင်နိုင်ခဲ့တယ်။ သူက တည်းခိုခန်းတစ်ခုကို ရှာပြီး နားလိုက်ပြီး၊ အခန်းထဲ ရောက်မှပဲ စိတ်အေးသွားတော့တယ်။
တစ်ယောက်ယောက်က သူ့အတွက် အစားအသောက်တွေ လာပို့ပေးလို့၊ သူက ငွေပေးပြီးနောက် အငန်းမရ စားတော့တယ်။ ပုံမှန်ဆိုရင် ကောင်းမွန်တဲ့ အစားအသောက်တွေကိုတောင် သူ စိတ်မဝင်စားပေမဲ့၊ အခုတော့ ရိုးရှင်းတဲ့ ခေါက်ဆွဲတစ်ပန်းကန်ကိုတောင် နတ်သုဒ္ဓါလို ခံစားနေရတယ်။
ခေါက်ဆွဲတစ်ပန်းကန် ကုန်သွားတဲ့အခါ၊ ရှန့်ချင်းရှန်းက ပါးစပ်ကို အသာအယာ သုတ်လိုက်ပြီးမှ၊ အညိုရောင် သားရေသေတ္တာကို ပွေ့ယူပြီး ဖွင့်လိုက်တော့တယ်။
217 02
သူ့စိတ်ထဲမှာ အတော်လေး စိတ်လှုပ်ရှားနေပေမဲ့ သေတ္တာထဲကို ရေတွေ ဝင်သွားလို့ ငွေလွှဲလက်မှတ်တွေ အကုန် တစ်ခုနဲ့တစ်ခု ကပ်နေတာကို မြင်လိုက်ရတဲ့အခါ၊ သူ့ရဲ့ မျက်ဝန်းတွေက ချက်ချင်းပဲ တောင့်တင်းသွားတော့တယ်။
ဘာဖြစ်လို့ ဒီလို ဖြစ်ရတာလဲ။ ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်နိုင်မှာလဲ။
ရှန့်ချင်းရှန်းက လူနဲ့ မတူတဲ့ အော်ဟစ်သံတစ်ခုကို ထုတ်လိုက်ပြီး၊ တုန်တုန်ရင်ရင်နဲ့ သေတ္တာကို ပြန်စစ်ကြည့်တော့ သားရေသေတ္တာရဲ့ ထောင့်လေးခုမှာ မသိသာတဲ့ အက်ကြောင်းတစ်ခု ရှိနေတာကို တွေ့လိုက်ရတယ်။ အဲဒီအက်ကြောင်းလေးက အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်ခဲ့တယ်။
ရှန့်ချင်းရှန်းက နောက်ဆုံးမှာ စူးကျိုးကို ပြန်ရောက်လာခဲ့တယ်။
သူ ပျောက်သွားတဲ့ ဒီနှစ်ရက်နဲ့ တစ်ညအတွင်းမှာတင် ရှန့်မိသားစုဝင်တွေကတော့ ရူးမတတ် စိတ်ပူနေခဲ့ကြရတယ်။ အကြောင်းက ရှန့်ချင်းရှန်း တစ်ယောက်တည်း မဟုတ်ဘဲ သူနဲ့အတူ လိုက်သွားတဲ့ အလုပ်သမားတွေနဲ့ အခြွေအရံတွေပါ ပြန်မလာခဲ့ကြလို့ ဖြစ်တယ်။
ရှန့်မိသားစုဝင်တွေက အမျိုးမျိုး ခန့်မှန်းခဲ့ကြပြီး နောက်ဆုံးမှာ အဆိုးဆုံး အခြေအနေဖြစ်တဲ့ ပင်လယ်ဓားပြတွေနဲ့ တွေ့ခဲ့တယ်လို့တောင် တွေးမိခဲ့ကြတယ်။
အခု လူပြန်ရောက်လာတာ မြင်တော့၊အားလုံးက ဝမ်းသာအားရ ဖြစ်ခဲ့ကြရတယ်။
ဒါပေမဲ့ ရင်ဆိုင်လိုက်ရတဲ့ ရလဒ်ကတော့ အဲဒီလောက် များပြားတဲ့ ကုန်စည်တွေ အသိမ်းခံရပြီး၊ ငွေတွေလည်း ဆုံးရှုံးသွားရတာပါပဲ။ တိုတောင်းလှတဲ့ ဒီရက်ပိုင်းအတွင်းမှာတင် ရှန့်မိသားစုက ဝမ်းသာစရာနဲ့ ထိတ်လန့်စရာ အတွေ့အကြုံတွေ အများကြီးကို ရင်ဆိုင်ခဲ့ရတယ်။
ရှန့်အဘွားအိုက ဒီလောက် ကြီးမားတဲ့ ထိုးနှက်ချက်ကို မခံနိုင်ဘဲ ဖျားပြီး အိပ်ရာထဲ လဲသွားတာမို့ ရှန့်မိသားစု တစ်ခုလုံးလည်း ဖရိုဖရဲ ဖြစ်ကုန်တော့တယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လူမသေရင်တော့ ဘဝကို ဆက်ပြီး ရုန်းကန်ရမှာပါပဲ။
ရှန့်ချင်းရှန်းကလည်း ရှန့်ချင်းရှန်းပါပဲ၊ ဒီလို အခြေအနေမျိုး ရောက်နေရင်တောင် တည်ငြိမ်မှုကို ထိန်းထားနိုင်သေးတယ်။
သူက တစ်ဖက်က လူလွှတ်ပြီး ဝူမိသားစုဆီကို သတင်းပို့ခိုင်းလိုက်သလို၊ တခြားတစ်ဖက်မှာလည်း စန်းရှီး အပါအဝင် နေရာအနှံ့က သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ရောင်းဖို့ စီစဉ်လိုက်တယ်။ ဒီကိစ္စက ဒီလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူးလို့ သူ့စိတ်ထဲမှာ ခံစားချက် မကောင်းလို့ ဖြစ်တယ်။
တခြားတစ်ဖက်မှာတော့ ဝူမိသားစုက ဒီသတင်းကို ရတဲ့အခါ ဝူဝမ့်ချုံးကတော့ အခြေအနေ မကောင်းတော့ဘဲ အချိန်အတော်ကြာအောင် ကြောင်အအ ဖြစ်နေခဲ့တယ်။
"ဒီထဲမှာ တစ်ခုခုတော့ မှားနေပြီ။ အဲဒီ ရောဘတ်က ကျွန်မကို လိမ်တာလား မဖြစ်ဘူး၊ ကျွန်မ တျန့်ဟိုင်ကို တစ်ခေါက် သွားရမယ်" သတိဝင်လာတဲ့ ဝူဝမ့်ချုံးက မတ်တတ်ရပ်ပြီး အပြင်ကို ထွက်ဖို့ ပြင်လိုက်တယ်။
အန်းပေါ်က သူမကို တားလိုက်တယ်။ "တော်ပါတော့ သခင်မလေး၊ ဒီလို အချိန်မှာ ထပ်ပြီး ရှုပ်ထွေးအောင် မလုပ်ပါနဲ့တော့ အခု အချိန်မှာ သခင်မလေး အပြင်ထွက်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး"
"ဘာဖြစ်လို့ မရတာလဲ။ ဒါဆိုရင် အဲဒီရောဘတ်ရဲ့ အလိမ်အညာကို ဒီအတိုင်းပဲ ခံနေရမှာလား"
"သခင်မလေး ကျွန်တော့်စကားကို နားထောင်ပါ၊ ကိစ္စက ဒီလောက် မရိုးရှင်းပါဘူး၊ ဒါက သေချာပေါက် ကျဲ့ကျန်းရေတပ်နဲ့ ပတ်သက်နေပါလိမ့်မယ်။ ဘာဖြစ်တာလဲဆိုတာ သေချာ မသိရသေးခင်မှာ သခင်မလေး အပြင်မထွက်ပါနဲ့၊ ဒါပေမဲ့ စိတ်လည်း မပူပါနဲ့၊ ကျွန်တော် အခုပဲ သွားပြီး စီစဉ်လိုက်ပါ့မယ်" အန်းပေါ်က ပြောတယ်။
အန်းပေါ်က အမတ်ချုပ်ကြီးရဲ့ဘေးက အိမ်ထိန်းတစ်ယောက် ဖြစ်တဲ့အတိုင်း၊ အလုပ်လုပ်ရာမှာ သိပ်ကို စနစ်ကျလှတယ်။ သူ ပထမဆုံးလုပ်တဲ့ကိစ္စက ဘာပဲဖြစ်ပျက်ပါစေ ရှန့်ချင်းရှန်းအနေနဲ့ ဝူအမတ်ချုပ်ကြီးကို လုံးဝထည့်မပြောဖို့ သတိပေးတာပဲ ဖြစ်တယ်။ မဟုတ်ရင် ဘယ်သူမှ သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး။
အဲဒီနောက်မှာတော့၊ သူက အမြန်ပဲ လူလွှတ်ပြီး မြို့တော်ကို သတင်းပို့ခိုင်းလိုက်တော့တယ်။
ကိစ္စက တကယ်ပဲ ပြီးသွားတာ မဟုတ်ဘူး။ အကြောင်းက မကြာခင်မှာတင် ကုန်သည်တွေ အများကြီးက ငွေလွှဲလက်မှတ်တွေကို ကိုင်ပြီး ဟုန်ချန်း ငွေလွှဲဌာနကို ငွေလာလဲကြလို့ ဖြစ်တယ်။
ဟုန်ချန်း ငွေလွှဲဌာနရဲ့စာရင်းထဲမှာ ငွေနည်းနည်း ကျန်နေသေးလို့၊ ရက်နည်းနည်းလောက်တော့ ဆက်ပြီး တောင့်ခံနိုင်သေးတယ်။
အခုတော့ ရှန့်ချင်းရှန်းက တစ်ယောက်ယောက်က သူ့ကို ပစ်မှတ်ထား တိုက်နေတာ ဖြစ်ကြောင်း အတည်ပြုလိုက်ပြီမို့၊ အဲဒီလူက တခြားသူ မဟုတ်ဘဲ ထိုက်လုံ ငွေလွှဲဌာနပဲ ဖြစ်နိုင်တယ်။
သူက အရင်က မြင်ခဲ့ဖူးတဲ့ အမျိုးသားဝတ်စုံ ဝတ်ထားတဲ့ အဲဒီအမျိုးသမီးကို ရုတ်တရက် သတိရသွားတယ်။ အဲဒီလူက မသေဘဲ ရှိနေသေးတာလား။ ဒါကြောင့် လက်စားချေတာ ရောက်လာတာလား။ ဒါပေမဲ့ ဒီကိစ္စမှာ သူကိုယ်တိုင် ရှေ့ထွက် လုပ်ခဲ့တာ မဟုတ်ဘူး။ တကယ်တော့ ရှန့်ချင်းရှန်းက ကျောက်အာ သေသွားပြီလို့ သိထားတာကလွဲလို့ ဝူမိသားစုက ဘယ်လို လုပ်ခဲ့လဲဆိုတာ မသိဘူး။
217 03
အနှစ်ချုပ် ပြောရရင် ဒီကိစ္စက ဝူမိသားစုကြောင့် သူပါ ရောပါသွားရတာပါပဲ။
ဝူမိသားစုဘက်ကလည်း ဘာတုံ့ပြန်မှုမှ မရှိသေးလို့ သူက လူလွှတ်ပြီး နေ့တိုင်း သွားတောင်းခိုင်းနေတယ်။ ဝူမိသားစုက အဲဒီကုန်စည်တွေကို ပြန်ထုတ်ပေးဖို့တင် မကဘဲ အရေးပေါ် အခြေအနေအတွက် ငွေတွေကိုပါ ထုတ်ပေးဖို့ သူ တောင်းနေတာ ဖြစ်တယ်။ အကယ်၍ ဝူမိသားစုကသာ ပစ်ထားမယ်ဆိုရင် သူလည်း အတူတူ ပျက်စီးသွားဖို့ ဆုံးဖြတ်ထားတယ်။
ဟုန်ချန်း ငွေလွှဲဌာနရဲ့ အနုငွေတွေက မကြာခင်မှာပဲ ကုန်သွားခဲ့တယ်။ အနည်းဆုံးတော့ ရုံးချုပ်မှာ ငွေမရှိတော့ဘူး။ ရုံးချုပ်မှာ မရှိရင် ခွဲတမ်းတွေမှာလည်း သေချာပေါက် ရှိတော့မှာ မဟုတ်ဘူး။ မမြင်ရသေးသလို သတင်းတွေလည်း မြန်မြန် မရောက်သေးလို့ ခဏလောက် မသိရသေးတာပဲ ဖြစ်တယ်။
အခုတော့ ရှန့်ချင်းရှန်းက တခြား ခွဲတမ်းတွေကိုတောင် ဂရုမစိုက်နိုင်တော့ဘူး။
ငွေလာလဲသူတွေကို ဟုန်ချန်း ငွေလွှဲဌာနက အကြောင်းပြချက် အမျိုးမျိုးနဲ့ အချိန်ဆွဲခဲ့တယ်။ တစ်ယောက်၊ နှစ်ယောက်ကနေ တဖြည်းဖြည်းနဲ့ စူးကျိုးမြို့ထဲမှာ သတင်းတွေ ပြန့်လာတော့ ဟုန်ချန်း ငွေလွှဲဌာနမှာ ငွေမရှိတော့ကြောင်း၊ ငွေလွှဲဌာနတစ်ခုလုံးကို မှောက်လှန်ကြည့်ရင်တောင် ငွေရမှာ မဟုတ်ကြောင်းတွေ ပြောလာကြတယ်။
ဟုန်ချန်း ငွေလွှဲဌာနကို လာတဲ့သူတွေ ပိုများလာခဲ့ပြီး အဲဒီထဲမှာ ကုန်သည်တွေတင် မကဘဲ သာမန် ပြည်သူတွေလည်း ပါဝင်တယ်။ ဟုန်ချန်း ငွေလွှဲဌာနက ကျန်းနန်ဒေသမှာ အကြီးဆုံးဖြစ်လို့ ပြည်သူတွေက ငွေအပ်တဲ့အခါ အကြီးဆုံးနဲ့ ယုံကြည်ရဆုံး ငွေလွှဲဌာနကိုပဲ ရွေးခဲ့ကြလို့ ဖြစ်တယ်။
စူးကျိုးဒေသမှာဆိုရင် ဘယ်အိမ်မှာမဆို ဟုန်ချန်း ငွေလွှဲဌာနရဲ့ ငွေလွှဲလက်မှတ်တွေ ရှိနေကြပြီး ငွေ ဆယ်သားတန်ကနေ ရာသားတန်အထိ အမျိုးမျိုး ရှိနေကြတယ်။
ဟုန်ချန်း ငွေလွှဲဌာနကို လူတွေက ဝိုင်းထားကြပြီး ငွေတွေ လဲပေးဖို့ ဒေါသတကြီး တောင်းနေကြတယ်။ ငွေလွှဲဌာနက အလုပ်သမားတွေ၊ စီမံခန့်ခွဲသူတွေ၊ နောက်ဆုံးမှာ ရှန့်ချင်းရှန်း ကိုယ်တိုင် ထွက်ပြီး ရှင်းပြပေမဲ့ သူတို့ကတော့ ငွေကိုပဲ လိုချင်ကြတယ်။
"စူးကျိုး ငွေလွှဲဌာနမှာ အနုငွေပိုင်းဆိုင်ရာ ပြဿနာလေး နည်းနည်း ရှိနေတာ မှန်ပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့ကို လဲပေးဖို့ ငွေမရှိတာ မဟုတ်ပါဘူး။ အားလုံး ခဏလောက် ထပ်စောင့်ပေးကြပါ၊ ကျွန်တော့်ကို နောက်ထပ် ဆယ်ရက်၊ မဟုတ်ဘူး တစ်လလောက် အချိန်ပေးပါ၊ တခြားခွဲတမ်းတွေကနေ ငွေတွေ ချက်ချင်း ရောက်လာတော့မှာပါ၊ အဲဒီကျရင် အားလုံးကို လဲပေးပါ့မယ်။ ကျွန်တော်က ဒီဒေသမှာပဲ ကြီးလာတဲ့ ဒေသခံ တစ်ယောက်ပါ၊ ရပ်ဆွေရပ်မျိုးတွေကို လိမ်မှာ မဟုတ်ပါဘူး..."
လူအုပ်ထဲက တစ်ယောက်က အော်လိုက်တယ်။ "သူ့စကားကို မယုံကြနဲ့၊ ကျွန်တော့်ရဲ့ ဆွေမျိုးတစ်ယောက် အပြင်ကနေ အခုပဲ ပြန်လာတာ၊ တခြားနေရာက ဟုန်ချန်း ငွေလွှဲဌာနတွေလည်း အကုန် ဖရိုဖရဲ ဖြစ်နေပြီ၊ သူတို့ဆီမှာလည်း ငွေမရှိတော့ဘူး"
"သူ့ကို မယုံကြနဲ့၊ ဒီကုန်သည်ယုတ်တွေက ငါတို့ရဲ့ ငွေတွေကို ဝါးစားပစ်ကြတာ။ ငါ့ငွေတွေကို ပြန်ပေး..."
"ငါတို့ ငွေပဲ လိုချင်တယ်..."
လူအုပ်ကြီးက စပြီး လှုပ်ရှားလာပြီး တချို့က ရှန့်ချင်းရှန်းကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ကြတော့ ဟင်းသီးဟင်းရွက် အပုပ်တွေက မိုးရွာသလို ရှန့်ချင်းရှန်းဆီကို ကျလာတော့တယ်။
ရှန့်ချင်းရှန်းက ရှောင်ရင်းနဲ့ အလုပ်သမားတွေရဲ့ အကာအကွယ်နဲ့ ငွေလွှဲဌာနထဲကို ဝင်သွားခဲ့ပြီး တံခါးကြီးကို အတွင်းကနေ တင်းတင်းကျပ်ကျပ် ပိတ်လိုက်ပေမဲ့ အပြင်ဘက်က ဆဲဆိုသံတွေကိုတော့ မတားနိုင်ခဲ့ဘူး။
ဒီကိစ္စကို ကြားရသူ ပိုများလာတာမို့ လမ်းမပေါ်ကို ထွက်လာပြီး ဟုန်ချန်း ငွေလွှဲဌာနရဲ့ တံခါးဝကို ရောက်လာသူတွေလည်း တိုးလာခဲ့တယ်။
ဟုန်ချန်း ငွေလွှဲဌာန တစ်ခုတည်း မဟုတ်ဘဲ၊ ရှန့်မိသားစု အိမ်တော်ကိုလည်း လူတွေက ဝိုင်းထားကြပြီး နေ့တိုင်း အိမ်ရှေ့မှာ ဆဲနေကြလို့ ရှန့်မိသားစုဝင်တွေလည်း ထိတ်လန့်တုန်လှုပ်နေကြရတယ်။
ဒီကိစ္စက ထင်ထားတာထက် ပိုပြီးလေးနက်တယ်။ ဟုန်ချန်း ငွေလွှဲဌာနက လူဘယ်လောက်ရဲ့ ငွေ၊ ပမာဏ ဘယ်လောက်အထိ ကြွေးတင်နေလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ စူးကျိုးလမ်းမတွေပေါ်မှာ လမ်းသွားလမ်းလာ ကျဲနေပေမဲ့၊ အဲဒီလူအများစုက ဟုန်ချန်း ငွေလွှဲဌာနရဲ့ တံခါးဝမှာပဲ စုနေကြတာ ဖြစ်တယ်။
အဲဒီတော့မှ စူးကျိုး မြို့ဝန်လင်းရိရုံက ထိတ်လန့်တုန်လှုပ်လာတော့တယ်။
စူးကျိုးက ကျန်းနန်ဒေသရဲ့ ဗဟိုချက်မမှာ ရှိနေလို့ အကယ်၍ စူးကျိုးမြို့သာ ဖရိုဖရဲ ဖြစ်သွားရင် အထက်က လူကြီးတွေက သူ့ကို ဆယ်ကြိုင်တိုင်တိုင် ကွပ်မျက်ရင်တောင် အမျက်တော် ပြေပျောက်မှာ မဟုတ်ဘူး။
တကယ်တော့ လင်းရိရု ကလည်း နည်းနည်း မတရား ခံစားနေရတယ်။ သူ စူးကျိုးမြို့ဝန်အဖြစ် တာဝန်ယူခဲ့တာ တစ်နှစ်ကျော်ပဲ ရှိသေးလို့ ဖြစ်တယ်။
အရင် စူးကျိုးမြို့ဝန်ကျန်းဝမ့်က ပြည်သူတွေရဲ့ လယ်ယာမြေတွေကို သိမ်းတာ အပါအဝင် ပြစ်မှုတွေ အများကြီးနဲ့ အစိုးရရဲ့ အမှုကြီးမှာ ပါခဲ့တာမို့ အဲဒီတုန်းက သွေးချောင်းစီးတဲ့ အခြေအနေတွေ ဖြစ်ခဲ့တာကြောင့် စူးကျိုးမြို့ဝန် ရာထူးက လစ်လပ်နေခဲ့ပြီး မြို့ဝန်လက်ထောက်ကပဲ ခဏ တာဝန်ယူခဲ့ရတယ်။ အရာအားလုံး တည်ငြိမ်သွားတဲ့ အခါမှာတော့ ဒီရာထူးက သိပ်ကို မက်မောစရာ ကောင်းတာမလို့ ပြိုင်ဆိုင်မှုတွေ အများကြီး ဖြစ်ခဲ့ပြန်တယ်။
217 04
လင်းရိရုံက ဒီရာထူးကို ဘယ်လို ရခဲ့လဲဆိုတာ သူကိုယ်တိုင်တောင် မသိဘူး။ သူက ဘယ်အဖွဲ့အစည်းကမှ မဟုတ်သလို နောက်ခံလည်း မရှိဘဲ၊ နှစ်ပေါင်းများစွာတိုင်အောင် တိတ်တဆိတ် နေလာခဲ့သူ ဖြစ်လို့၊ ကောင်းကင်က ရွှေတုံး ပြုတ်ကျလာသလို ဒီရာထူးကို ရခဲ့တာပါပဲ။
တကယ်တော့ အဲဒါက ရွှေတုံး ဟုတ်မဟုတ်ကိုတော့ လင်းရိရုံကိုယ်တိုင်ပဲ သိတယ်။ ကျန်းနန်ဒေသက အရာရှိတွေက အုပ်စုဖွဲ့ပြီး အချင်းချင်း ချိတ်နေကြတာကြောင့် သူ့လို နောက်ခံမရှိတဲ့သူ ဒီနေရာကို ရောက်လာတာက အထက်နဲ့ အောက်ကြားမှာ ညှပ်နေတဲ့ အခြေအနေမျိုးပဲ။ သူ့လက်အောက်က မြို့ဝန်လက်ထောက်တောင်မှ သူ့ထက် ပိုပြီးမျက်နှာပွင့်ကာ ဩဇာရှိလှတယ်။
လင်းရိရုံက အစစ်အမှန် အလုပ်အကျွေး ပြုချင်ပေမဲ့၊ ဒီတစ်နှစ်ကျော်အတွင်း ကြုံခဲ့ရတဲ့ အခြေအနေတွေက သူ့ရဲ့စိတ်ဓာတ်ကို အကုန်ဖျက်ဆီးပစ်ခဲ့ပြီမို့၊ သူက ရာထူးသက်တမ်း ပြည့်ပြီး တခြားနေရာကို ပြောင်းပြီး လွတ်ဖို့ပဲ မျှော်လင့်နေခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ အခုလို ကြီးမားတဲ့ ကိစ္စ ပေါ်လာတာက သူ့အသက်ကို တောင်းနေသလိုပဲ ရှိတယ်။
သူက သိပ်ကို ဝေခွဲမရတတ်တဲ့ စရိုက်ရှိသူဖြစ်လို့၊ မြို့ဝန်တစ်ယောက် ဖြစ်ပါလျက်နဲ့ ဒီလို အခြေအနေမျိုး ရောက်နေတာ ဖြစ်တယ်။ သူက အခြေအနေရဲ့ လေးနက်မှုကို သိပေမဲ့ နန်းတော်ကို အစီရင်ခံစာ တင်သင့်၊ မတင်သင့်ကိုတော့ တွေဝေနေခဲ့တယ်။
ထုံးစံအတိုင်းဆိုရင် စူးကျိုးမှာ ဒီလောက်အထိ ဆူနေရင် စူး-စုန်းပြည်နယ်ဝန် ကျောက်ကွမ်ကျစ်က တစ်ခုခု လုပ်သင့်ပေမဲ့ ထူးခြားတာ မရှိဘဲ ဖြစ်နေတယ်။ အခုတော့ လင်းရိရုံက မီးပုံပေါ်မှာ တင်ထားခံရသလို ခံစားနေရပြီး၊ အိပ်မပျော် စားမဝင် ဖြစ်ရကာ ဒီအလုပ်တွေ အကုန်လုံး ပစ်ချပြီး ဘာကိုမှ ဂရုမစိုက်ဘဲ နေချင်တော့တယ်။
အဲဒီအချိန်မှာတင် စူးကျိုးမြို့ဝန်ရုံးကို လူတစ်ယောက် ရောက်လာခဲ့တယ်။
အဲဒီလူက လင်းရိရုံ မထင်ထားတဲ့ လူတစ်ယောက် ဖြစ်တယ်။
"လင်းအရာရှိ"
"ရွှီအရာရှိ"
လင်းရိရုံက ရွှီထင်းရှန်းကို တစ်ခါပဲ မြင်ဖူးတယ်။ အဲဒါက လွန်ခဲ့တဲ့ နှစ်တွေအကြာက နန်းတွင်းမှာ ရွေးခံရတုန်းက ဖြစ်တယ်။ ဒါပေမဲ့ နှစ်တွေ အများကြီး ကြာသွားတဲ့အခါ တစ်ဖက်လူရဲ့ ရုပ်ရည်ကလည်း အတော် ပြောင်းသွားခဲ့လို့ ချက်ချင်း မမှတ်မိနိုင်ဘဲ၊ ရွှီထင်းရှန်းက သူ့နာမည်ကို ပြောပြမှပဲ သတိဝင်လာခဲ့တယ်။
"ရွှီအရာရှိ ညဉ့်နက်သန်းခေါင်မှာ လာရတာ၊ ဘယ်လို ကိစ္စမျိုး ရှိလို့လဲ"
"သေချာတာပေါ့၊ လင်းအရာရှိကို ကယ်ဖို့အတွက် လာခဲ့တာပါ" ရွှီထင်းရှန်းက ပြုံးပြီး ပြောတယ်။
"ကျွန်တော့်ကို ကယ်ဖို့ ဟုတ်လား" လင်းရိရုံရဲ့မျက်ဝန်းတွေက လက်ခနဲ ဖြစ်သွားတယ်။
ရွှီထင်းရှန်းက စူးကျိုးမြို့ထဲက ဆူညံမှုတွေကို သိနေတာလား။
ဟုတ်တာပေါ့၊ ဒီကိစ္စက လူတွေရဲ့ မျက်စိကို ဖုံးလို့ မရဘူး။ လမ်းမတွေပေါ်မှာ ဒီလို ဖြစ်နေတာကို နည်းနည်းလေး သတိထားကြည့်သူတိုင်း သိနိုင်ကြတယ်။ အခုအထိ ဘယ်သူမှ လာမမေးသေးတာက သတင်းတွေ ပြန့်တာ မမြန်သေးလို့ပဲ ဖြစ်ပါလိမ့်မယ်။
ဖြစ်နိုင်တာက တစ်ရက်၊ ဒါမှမဟုတ် နှစ်ရက်အတွင်း သူ့ကို ဖမ်းပြီး မြို့တော်ကို ပို့မယ့်သူတွေ ရောက်လာတော့မှာ ဖြစ်တယ်။
လင်းရိရုံက ထိတ်လန့်တုန်လှုပ်နေပြီး အန္တရာယ်ကို စိုးရိမ်နေတဲ့ ငှက်ငယ်တစ်ကောင်လိုပဲ ရှိနေတယ်။
အဲဒါနဲ့ နှိုင်းယှဉ်ရင် ရွှီထင်းရှန်းကတော့ အေးဆေးတည်ငြိမ်နေပြီး လင်းရိရုံကို ပြုံးရွှင်တဲ့ မျက်နှာနဲ့ ကြည့်နေတယ်။
လင်းရိရုံရဲ့ စိတ်ထဲမှာ မျှော်လင့်ချက် နည်းနည်း တဖြည်းဖြည်း ပေါ်လာခဲ့တယ်။
ရွှီထင်းရှန်းက ဧကရာဇ်မင်းမြတ်ရဲ့ ယုံကြည်ရသူ ဖြစ်တယ်။ သူက ကျဲ့ကျန်းကနေ စူးကျိုးကို လာတာက အကြောင်းမဲ့ မဟုတ်ဘဲ သူ့ကို ကယ်ဖို့ အမှန်တကယ် လာတာ ဖြစ်နိုင်တယ်။
ဒါပေမဲ့ ဘယ်လို ကယ်မလဲ၊ ဘယ်နည်းနဲ့ ကယ်မလဲ။
ဒါပေမဲ့ လင်းရိရုံက အခုတော့ အဲဒါတွေကို မစဉ်းစားနိုင်တော့ဘဲ မြေပြင်ပေါ်ကို ဝုန်းခနဲ ဒူးထောက်လိုက်ပြီး မြို့ဝန်တစ်ယောက်ရဲ့ သိက္ခာကိုတောင် မငဲ့တော့ဘဲ ရွှီထင်းရှန်းကို ငိုယိုပြီး တောင်းပန်တော့တယ်။ "ရွှီအရာရှိ ကျွန်တော့်ကို ကယ်ပါဦး"
ရွှီထင်းရှန်းက စိတ်ထဲက သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် ချလိုက်မိတယ်။
စူးကျိုးမြို့ဝန် ရာထူးက သိပ်အရေးပါလို့ အုပ်စုအသီးသီးက မလျှော့ပေးဘဲ ဖြစ်နေကြရာက နောက်ဆုံး ရလဒ်က သူတို့ အမြဲ လုပ်နေကျအတိုင်း မင်းရဲ့လူလည်း မဟုတ်၊ ငါ့ရဲ့လူလည်း မဟုတ်တဲ့ ကြားနေသူတစ်ယောက်ကိုပဲ ရွေးခဲ့ကြတာ ဖြစ်တယ်။
217 05
ဒီလိုလူမျိုးကို ရွေးမိလိမ့်မယ်လို့ မထင်ထားပေမဲ့ ရွှီထင်းရှန်း ပြန်စဉ်းစားကြည့်တော့၊ ဒီလိုကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိဘဲ ဝေခွဲမရတတ်တဲ့ လူမျိုးကမှ ချုပ်ကိုင်ဖို့ ပိုလွယ်လိမ့်မယ်။ ဒီလိုလူမျိုး ဖြစ်နေတာကလည်း သူ့ရဲ့နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေအတွက် ကံကောင်းတာတစ်ခုပါပဲ။
သူက လင်းရိရုံကို ကူညီထူလိုက်ပြီး ညင်ညင်သာသာ ပြောတယ်။ "လင်းအရာရှိ၊ ကိစ္စရှိရင် မတ်တတ်ရပ်ပြီး ပြောပါ"
အဲဒီနောက်မှာတော့ လင်းရိရုံက စူးကျိုးမှာ အခု ဖြစ်နေတဲ့ ကိစ္စတွေကို ပြောပြပေမဲ့၊ တခြား အသေးစိတ်တွေကိုတော့ မသိဘူး။
ရွှီထင်းရှန်းက ခဏလောက် ထပ်ပြီးသက်ပြင်းချလိုက်ပြီးမှ လာတဲ့ကိစ္စကို ပြောပြလိုက်တယ်။ "အမှန်တော့ ကျွန်တော် လာရတာကလည်း ဒီ ဟုန်ချန်း ငွေလွှဲဌာနရဲ့ကိစ္စကြောင့်ပါပဲ၊ ဒါပေမဲ့ ဒီလောက် သေးငယ်တဲ့ ဟုန်ချန်း ငွေလွှဲဌာနလေး တစ်ခုက ဒီလောက်အထိ ကြီးမားတဲ့ ဆူညံမှုတွေ ဖြစ်စေလိမ့်မယ်လို့တော့ မထင်ထားခဲ့မိပါဘူး"
"ဟုတ်ပါပေ့ ရွှီအရာရှိ၊ ကျန်းနန်ဒေသမှာ စီးပွားရေး သိပ်ထွန်းကားလို့၊ နန်းတွင်းကို နှစ်တိုင်း ပေးနေတဲ့ အခွန်ငွေက တာ့ချန်းပြည် တစ်ခုလုံးမှာ အများဆုံးပါပဲ။ တာ့ချန်းရဲ့ ဘဏ္ဍာငွေ တစ်ဝက်လောက်ကို ရှာပေးနေတာလို့တောင် ပြောလို့ ရပါတယ်။ ဒီဒေသက လူတွေက ချမ်းသာကြသလို၊ ဦးနှောက်လည်း သိပ်ပါးနပ်ကြပါတယ်။ စီးပွားရေးလုပ်ရင် ငွေကြေး အဝင်အထွက် ရှိနေရမှာဆိုတော့ ဒီနေရာမှာ ငွေလွှဲဌာနတွေကလည်း အများဆုံး ရှိနေကြတာပါ၊ အဲဒီထဲမှာ ဟုန်ချန်း ငွေလွှဲဌာနက အင်အား အကြီးဆုံး ဖြစ်ပါတယ်"
"လင်းအရာရှိ သိလား။ ဟုန်ချန်း ငွေလွှဲဌာနမှာ ဘာဖြစ်လို့ ရုတ်တရက် ငွေလဲပေးစရာ မရှိတော့တာလဲဆိုတာ"
"ဘာဖြစ်လို့လဲ"
ရွှီထင်းရှန်းက နောက်ဆုံးမှာ နားလည်သွားတော့တယ်။ တချို့လူတွေက အဲဒီရာထူးမှာ ရှိနေပေမဲ့ တာဝန်ကို မကျေပွန်ကြတာက လာဘ်စားတဲ့ အရာရှိတွေထက်တောင် ပိုပြီး အန္တရာယ် များလှတယ်။
ဒီလောက် အရေးကြီးတဲ့ ကိစ္စကိုတောင် သူ ဘာမှမသိဘဲ ဖြစ်နေတာက ဒီစူးကျိုးမြို့ဝန် ရာထူးကို ဘယ်လို တာဝန်ယူနေလဲ မသိရတော့ချေ။
သူက စိတ်မပျက်ဘဲ လာတဲ့ကိစ္စကို အတိအကျ ပြောပြလိုက်တယ်။ "ဒီကိစ္စကို ကျွန်တော် သိထားပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကတင် ကျဲ့ကျန်းရေတပ်က ဟုန်ချန်းငွေလွှဲဌာနရဲ့ ပင်လယ်ကုန်စည် တစ်သုတ်ကို ဖမ်းလိုက်ပါတယ်။ အဲဒီ ကုန်စည်တွေရဲ့ တန်ဖိုးက ငွေ သန်းပေါင်းများစွာအထိ ရှိနေပါတယ်"
******
218 01
အခန်း ၂၁၈
လင်းရိရုံက အံ့အားသင့်လွန်းလို့ ကုလားထိုင်ပေါ်က လဲကျလုနီးပါး ဖြစ်သွားတယ်။
ရွှီထင်းရှန်းက သူ့ဆီကို လက်ကမ်းပေးလိုက်မှပဲ သူက အားပြုပြီး ပြန်ထိုင်နိုင်တော့တယ်။ အဲဒီလို ဖြစ်နေပေမဲ့ မျက်နှာက ဖြူလျော့နေပြီး၊ ထိတ်လန့်တုန်လှုပ်ကာ မယုံနိုင်ဘဲ ဖြစ်နေတယ်။
"ပင်လယ်ကုန်စည် ငွေ သန်းပေါင်းများစွာ ဟုတ်လား"
စူးကျိုးတစ်ဝိုက်က လူတွေထဲမှာ ပင်လယ်ကုန်စည်ဆိုတာ ဘာလဲဆိုတာကို မသိတဲ့သူ ရှိမှာမဟုတ်ဘူး။ ပင်လယ်ကုန်စည်ဆိုတာ တာ့ချန်းပြည်ကနေ ပြည်ပကို တင်ပို့တဲ့ ကုန်စည်တွေကို ဆိုလိုသလို ပြည်ပကနေ တာ့ချန်းပြည်ထဲ ဝင်လာတဲ့ သွင်းကုန်တွေကိုလည်း ဆိုလိုတယ်။ ဘယ်ကုန်စည်ပဲ ဖြစ်ဖြစ်၊ ငွေ သန်းပေါင်းများစွာ တန်ဖိုးရှိနေတာက ဟုန်ချန်း ငွေလွှဲဌာနဟာ နိုင်ငံခြားသားတွေနဲ့ လျှို့ဝှက်ဆက်သွယ်မှု ရှိနေကြောင်းနဲ့ မှောင်ခိုကုန်သွယ်မှုနဲ့ ပတ်သက်နေတာကို သက်သေပြနေတာပဲ။
အကယ်၍ အာဏာပိုင်တွေက ဖမ်းမိရင် အဲဒါက အိမ်တော်အသိမ်းခံရရုံတင်မက ခေါင်းဖြတ်ခံရမယ့် ပြစ်မှုကြီး ဖြစ်တယ်။
"ဒီလူကလည်း သတ္တိရှိပြီး စိတ်ဓာတ်ကောက်ကျစ်သူ ဖြစ်တဲ့အတွက်၊ သူက ပင်လယ်ထဲ ခုန်ချပြီး ထွက်ပြေးသွားခဲ့တယ်။ ဒါပေမဲ့ ကုန်စည်တွေကိုတော့ ရေတပ်က သိမ်းထားလိုက်ပြီ။ သူက ဟုန်ချန်း ငွေလွှဲဌာနရဲ့ စာရင်းထဲမှာရှိတဲ့ ငွေတွေ အကုန်လုံးကို သုံးပြီး တစ်ခါတည်းနဲ့ အကြီးကြီး လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ ကြက်ခိုးဖို့ ကြံရင်း ဆန်ပါ ဆုံးသွားရသလို၊ ညလမ်းလျှောက်တာများတော့ နောက်ဆုံးမှာ သင်္ဘောမှောက်သွားရတာပေါ့"
"ဒါဆို... ဒါဆို ရွှီအရာရှိက ကျွန်တော့်ဆီ လာပြီး ဒါတွေကို ပြောတာ၊ ဒီကိစ္စမှာ ကျွန်တော်က ဘာမှကူညီနိုင်မှာ မဟုတ်ပါဘူး" လင်းရိရုံက နှုတ်ခမ်းတွေ တုန်ရင်လျက် အတော်ကြာမှ ခက်ခဲစွာ ပြောလိုက်တယ်။
ရွှီထင်းရှန်းက သူ့အပေါ် အရမ်းသည်းခံနေရပြီ ဖြစ်တယ်။ ဒီလို အရာရှိမျိုးက ဘယ်လိုလုပ် ဒီရာထူးကို ရခဲ့တာလဲ။
သူ့မျက်နှာက အေးစက်သွားပြီး လှောင်ပြောင်တဲ့ လေသံနဲ့ ဆိုတယ်။ "ကိစ္စက စူးကျိုးနယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ။ ဒီ ဟုန်ချန်း ငွေလွှဲဌာနရဲ့ စူးကျိုးမြို့မှာ ရှိနေတာ။ လင်းအရာရှိက ဒီဒေသကို အုပ်ချုပ်နေတဲ့ မိဘသဖွယ် အရာရှိတစ်ယောက် ဖြစ်ပါလျက်နဲ့ အောက်ခြေမှာ ဒီလောက်အထိ ကြီးမားတဲ့ ဆူညံမှုတွေ ဖြစ်နေတာကို ရှေ့ထွက်ပြီး မစီမံချင်ဘူးလား။ စူးကျိုးမြို့ ဖရိုဖရဲ ဖြစ်သွားတာက မင်းအတွက် ဘာအကျိုးရှိမှာမလို့လဲ။ ကိစ္စက ကြီးသွားရင် အစိုးရက ပထမဆုံး အရေးယူမှာက မင်းလို ဒေသခံ အရာရှိကိုပဲ။ ကြည့်ရတာ ကျွန်တော် ဒီတစ်ခေါက် လာတာ မှားသွားပြီ ထင်တယ်။ ကျွန်တော် လာတာက တိုင်းပြည်ရဲ့အကျိုးအတွက် ဖြစ်သလို ခင်ဗျား အရာရှိလုပ်ရတာ ခက်ခဲတာကို ငဲ့ညှာလို့ပါ၊ လင်းအရာရှိက ဒီလောက်အထိ သရဲဘောကြောင်ပြီး အမှုပတ်မှာ ကြောက်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒါဆိုရင်လည်း ကျွန်တော် လာတာ မှားသွားတယ်လို့ပဲ မှတ်ယူလိုက်ပါတော့"
ပြောပြီးတာနဲ့ သူက အင်္ကျီလက်ကို ခါပြီး တံခါးဝကို ထွက်ဖို့ ပြင်လိုက်တာကြောင့် ခြေလှမ်းနည်းနည်းလောက်ပဲ လျှောက်ရသေးခင်မှာပဲ လင်းရိရုံက နောက်ကနေ သူ့လက်မောင်းကို ဖက်ထားလိုက်တော့တယ်။
"ရွှီအရာရှိ၊ ကျွန်တော် သူရဲဘောကြောင်တာကို သိပါတယ်။ ဒါပေမဲ့ ကျွန်တော် အရင်က ဒီလို မဟုတ်ပါဘူး။ ခင်ဗျား မသိလို့ပါ၊ ကျွန်တော် ရာထူးစလက်ခံကတည်းက၊ ကွယ်ရာမှာရော သိသိသာသာရော သူတို့ရဲ့ အနိုင်ကျင့်တာကို ဘယ်လောက်အထိ ခံခဲ့ရလဲဆိုတာ၊ အထက်နဲ့အောက်ကြားမှာ ကျွန်တော် ညပ်နေခဲ့တာပါ။ အောက်ခြေကလူတွေက ကျွန်တော့်စကားကို မနားထောင်ကြဘူး၊ ပြဿနာ ဖြစ်လာရင်တော့ ကျွန်တော့်ကိုပဲ တာဝန်ယူခိုင်းကြတယ်။ ကျွန်တော်က... ရွှီအရာရှိ ကျွန်တော့်ကို ကယ်ပါဦး၊ ကျွန်တော့်မှာ အသက် ၈၀ အရွယ် မိခင်ကြီး ရှိသေးသလို၊ နို့စို့အရွယ် ကလေးငယ်လည်း ရှိပါသေးတယ်။ ကျွန်တော် အခု မသေနိုင်သေးပါဘူး..."
လင်းရိရုံက ရှိုက်ကြီးတငင် ငိုနေရှာတယ်။ အရမ်းသနားစရာ ကောင်းလို့ ကြည့်ရသူအတွက် အနေခက်လှတယ်။ ဒါ့အပြင် သူ ငိုတာက ထားပါဦး၊ ရွှီထင်းရှန်းရဲ့ တံတောင်ဆစ်ကို မြဲမြဲဆုပ်ကိုင်ထားလို့၊ ဒီအခြေအနေမှာ ရွှီထင်းရှန်းအနေနဲ့ ထွက်သွားဖို့ ခက်သွားတော့တယ်။
သူတို့နှစ်ယောက် ကုလားထိုင်ပေါ်ကို ပြန်ထိုင်လိုက်ကြတယ်။
ရွှီထင်းရှန်းက သူ ငိုနေတာက အရမ်း ရုပ်ဆိုးလို့ ရင်ဘတ်ထဲက ပဝါတစ်ထည်ကို ထုတ်ပေးလိုက်ပြီးမှ မေးလိုက်တယ်။ "လင်းအရာရှိ သိလား၊ ဒီလိုကိစ္စမျိုး ဖြစ်နေတာကို အဲဒီ ကျောက်ကွမ်ကျစ်က ဘာဖြစ်လို့ ဘာသံမှ မထွက်ဘဲ ငြိမ်နေရတာလဲဆိုတာ"
"ဘာဖြစ်လို့လဲ" လင်းရိရုံရဲ့ မျက်နှာက ချက်ချင်းပဲ တည်ငြိမ်သွားပြီး မျက်နှာကို သုတ်ဖို့တောင် မေ့နေတော့တယ်။
ရွှီထင်းရှန်းက တစ်ဖက်လူရဲ့ မျက်နှာထား ပြောင်းလဲမှု အရှိန်ကြောင့် ရယ်ချင်စိတ်ကို အတင်းအကျပ် ထိန်းလိုက်ရပြီး ဒီလင်းရိရုံကလည်း အတော်လေး ထူးဆန်းတဲ့ လူတစ်ယောက် ဖြစ်ကြောင်း သတိပြုမိသွားတယ်။
"အကယ်၍ ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင်တော့ အဲဒီရှန့်ချင်းရှန်းကတော့ ဘေးဒုက္ခကြီးနဲ့ တွေ့တော့မှာပါ" သူက မေးစေ့ကို ပွတ်ရင်း အဓိပ္ပာယ်ပါပါ ဆိုလိုက်တယ်။
ရှန့်ချင်းရှန်းက ဟုန်ချန်း ငွေလွှဲဌာနအတွင်းက မထွက်တာ ရက်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး၊ စားသောက်နေထိုင်တာ အကုန်လုံး ဒီမှာပဲ ရှိနေတယ်။
218 02
ငွေလွှဲဌာနထဲမှာ သူ့ကို အဖော်လုပ်ပေးနေတဲ့ အလုပ်သမား ဆယ်ယောက်ကျော် ရှိနေတယ်။ မထွက်ချင်လို့ မဟုတ်ဘဲ ထွက်လို့ မရလို့ ဖြစ်တယ်။ အပြင်ဘက်မှာ နေ့ရောညပါ စောင့်ကြည့်နေသူတွေ ရှိနေပြီး၊ သူ ထွက်ပြေးမှာကို စိုးရိမ်နေကြတာကြောင့် အတွင်းက လူတွေ စားဖို့အတွက်တော့ အလုပ်သမားတွေက ဆဲဆိုရိုက်နှက်တာတွေကို သည်းခံပြီး တိတ်တဆိတ် ထွက်ဝယ်ကြရတယ်။
အဲဒီအတောအတွင်း အစားအသောက် ထွက်ဝယ်ဖို့ အကြောင်းပြပြီး ထွက်သွားတဲ့ အလုပ်သမား နှစ်ယောက်က ပြန်မလာတော့ဘဲ ထွက်ပြေးသွားကြတာကြောင့် အခုအခါ ငွေလွှဲဌာနထဲက လူတွေ အကုန်လုံးက ပြီးခဲ့တဲ့ အခေါက်က ဝယ်ထားတဲ့ ဘန်းမုန့် တွေနဲ့ပဲ ဗိုက်ဖြည့်နေကြရတယ်။
ရှန့်ချင်းရှန်းကလည်း ရက်ပေါင်းများစွာ အစားမစားရသေးဘူး။ စားလို့ မဝင်တာလည်း ဖြစ်သလို စားချင်စိတ်လည်း မရှိတော့တာပဲ။
သူက ဘာကြောင့် ဒီလိုမျိုး အခြေအနေကို ရောက်သွားရတာလဲ။
ပြောရရင် 'ရှောင်ဟယ် ကြောင့် အောင်မြင်ခဲ့သလို၊ ရှောင်ဟယ် ကြောင့်ပဲ ပျက်စီးခဲ့ရတယ်' ဆိုတဲ့ စကားလိုပဲ၊ သူက အဲဒီတုန်းက ဝူမိသားစုရဲ့ စကားကို နားထောင်ပြီး ကျဲ့ကျန်းရေတပ်ကြီးကြပ်ရေးမှူးရဲ့ဇနီးကို ဖမ်းဖို့ ကြံစည်ခဲ့မိတာကို နောင်တရနေမိတယ်။ အခု ဝဋ်လည်လာတဲ့အခါမှာတော့ အရာအားလုံးက သူ့အပေါ်ကိုပဲ ကျရောက်လာခဲ့ပြီ ဖြစ်တယ်။
ဝူမိသားစုက လူတွေရော ဘယ်မှာလဲ။
အစပိုင်းမှာ အကြောင်းပြချက် အမျိုးမျိုးနဲ့ ရှောင်လွှဲခဲ့ကြပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ လူတွေကို အိမ်ထဲကိုတောင် ဝင်ခွင့် မပေးတော့ဘူး။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း သူက ငွေဘယ်လောက်အထိ ဆက်သခဲ့လဲ။ အဲဒီငွေတွေ အကုန်လုံးက ခွေးကျွေးလိုက်သလိုပဲ ဖြစ်သွားတော့တယ်။
ညဉ့်နက်သန်းခေါင် အချိန်မှာ ရှန့်ချင်းရှန်းက စားပွဲရှေ့မှာ တစ်ယောက်တည်း ထိုင်ရင်း၊ စားပွဲပေါ်က ဖယောင်းတိုင်ကို ကြည့်ပြီး မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ ငေးနေမိတယ်။
ရုတ်တရက် တံခါးသံ ထွက်လာတယ်။
ရှန့်ချင်းရှန်းက လှည့်မကြည့်ခဲ့ဘူး၊ ဘယ်သူလာလာ၊ ဘယ်သူမလာလာ သူ ဂရုမစိုက်တော့ဘူး။ သူက မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ စဉ်းစားခဲ့တာ ကြာပြီ ဖြစ်ပေမဲ့၊ မလုပ်နိုင်ဘဲ ရှိနေတယ်။ သူက ဆက်ပြီး တောင့်ခံနေရဦးမှာ ဖြစ်ပြီး၊ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲလို့ပဲ စဉ်းစားနေရတယ်။
"သခင်ကြီး..."
"သူတို့ကို ခေါ်ပြီး ထွက်သွားလိုက်ပါ၊ တိတ်တဆိတ် သွားကြ၊ တစ်ယောက်ချင်းစီ သွားကြပါ၊ ဒီနေရာကနေ ဝေးနိုင်သမျှ ဝေးတဲ့နေရာကို သွားကြ၊ တစ်နေရာရာမှာ နာမည်ပြောင်းပြီး အခြေချနေထိုင်ကြ..."
ရှန့်ချင်းရှန်းက လူဝင်လာသံကို ကြားပေမဲ့ ဘယ်သူမှ စကားပြန်မပြောတာကြောင့် သူက ခဏမျှ ကြောင်သွားပြီးမှ ခေါင်းမော့ကြည့်လိုက်တော့ ရုတ်တရက် မျက်နှာ ပျက်သွားတော့တယ်။
"မင်းက ဘယ်သူလဲ"
"ကျွန်တော်က ခင်ဗျားရဲ့ အသက်ကို ကယ်မယ့်သူပါ"
……
လင်းရိရုံက ကိုယ်ကို တစ်ချက် တုန်သွားပြီး စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။ "ဒါဆို ရွှီအရာရှိရဲ့ ဆိုလိုရင်းက၊ သူတို့က ရှန့်ချင်းရှန်း ကို လုပ်ကြံတော့မယ် ဆိုတာလား"
ရွှီထင်းရှန်းက သူ့ကို တစ်ချက် ကြည့်ပြီး မေးလိုက်တယ်။ "အကယ်၍ခင်ဗျားသာ ဆိုရင်၊ ရှန့်ချင်းရှန်းကို လုပ်ကြံမှာလား"
သေချာပေါက် လုပ်မှာပေါ့။
ကိစ္စက ဒီလောက်အထိ ကြီးနေပြီ ဖြစ်ရာ၊ တခြား ကိစ္စတွေ မပါရင် ထားပါဦး၊ ဒါပေမဲ့ ကံဆိုးစွာနဲ့ ကျဲ့ကျန်းရေတပ်မှာ ဖမ်းထားတဲ့ ကုန်စည်တွေ ရှိနေသလို၊ အဲဒီဖမ်းခံထားရတဲ့ အလုပ်သမားတွေကလည်း လူအစစ်တွေ ဖြစ်တယ်။ လူမှာ ပါးစပ်ပါတာကြောင့် ဘယ်အရာကိုမှ ပိတ်ထားလို့ မရဘူး။
သူတို့က အသေးစိတ်ကို မသိရင်တောင်မှ ဟုန်ချန်းငွေလွှဲဌာနလို ကြီးမားတဲ့ ငွေလွှဲဌာနကြီးတစ်ခု ရုတ်တရက် ပြိုလဲသွားတာ။ ကျန်းနန်ဒေသတစ်ခုလုံး တုန်လှုပ်သွားတာနဲ့ စူးကျိုးမြို့ ဖရိုဖရဲ ဖြစ်သွားတာတွေအပေါ် အစိုးရက သေချာပေါက် အရေးယူ စုံစမ်းပါလိမ့်မယ်။
218 03
ပြဿနာအများကြီးက တစ်ခုပြီးတစ်ခု ပေါ်နေတာကြောင့် နေရာတိုင်းကို လိုက်ဖြေရှင်းနေမယ့်အစား အခြေခံအချက်ကိုပဲ ဖြတ်တောက်လိုက်တာက ပိုပြီးထိရောက်ပါလိမ့်မယ်။ ရှန့်ချင်းရှန်း သေသွားပြီး ဟုန်ချန်း ငွေလွှဲဌာန မရှိတော့ရင် အမှန်တရားကလည်း ပျောက်ကွယ်သွားမှာပဲ။
ဟုန်ချန်း ငွေလွှဲဌာနက ယူသွားတဲ့ ပြည်သူတွေရဲ့ ငွေတွေလား။
ဘယ်သူကများ အဲဒီကိစ္စတွေကို ဆက်ပြီး ဂရုစိုက်ပါ့မလဲ၊ ပြည်သူတွေ သိမှာက အဓိက တရားခံက မရှိတော့ကြောင်းပဲဖြစ်ပြီး၊ ဒီကိစ္စနောက်ကွယ်မှာ ကြီးမားတဲ့ ဆက်နွှယ်မှုတွေ ရှိနေတာကို ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။
အဲဒီအချိန် ရောက်ရင် ပြည်သူတွေက ခဏတော့ ဆဲကြမှာ ဖြစ်ပေမဲ့၊ အချိန်ကြာလာတာနဲ့အမျှ ကိစ္စက မှေးမှိန်သွားပါလိမ့်မယ်။ အဲဒီအခါ သူ၊ ဒီစူးကျိုးမြို့ဝန်ကပဲ ပထမဆုံး ဓားစာခံ ဖြစ်လာမှာ ဖြစ်ပြီး တခြားသူတွေကတော့ နည်းနည်းလေးတောင် ထိခိုက်မှု ရှိကြမှာ မဟုတ်ဘူး။
"တကယ့်ကို ရက်စက်လွန်းတယ်။ တကယ့်ကို ကောက်ကျစ်လွန်းတယ်။ မဖြစ်ဘူး၊ ကျွန်တော် အခုပဲ ဟုန်ချန်း ငွေလွှဲဌာနကို လူလွှတ်လိုက်မယ်" လင်းရိရုံက မတ်တတ်ရပ်လိုက်တယ်။ အသက်ဘေးနဲ့ ကြုံနေရချိန် ဖြစ်တာကြောင့် သူက ဆက်ပြီး ပုန်းမနေနိုင်တော့ဘူး။
"လင်းအရာရှိက အစောကတည်းက ဘာလို့မလုပ်ခဲ့တာလဲ" ရွှီထင်းရှန်းက အေးစက်စွာ ပြောလိုက်တယ်။
"ဒါကတော့" လင်းရိရုံရဲ့ စိတ်အားထက်သန်မှုက ဖြတ်တောက်ခံလိုက်ရတာကြောင့် အနေခက်သွားရတယ်။
"အခုအချိန်မှာ သွားရင်တော့ အတော်လေး နောက်ကျသွားပြီ ထင်တယ်။ ပြီးတော့ လင်းအရာရှိက ဘယ်သူ့ကို ခိုင်းနိုင်မှာမလို့လဲ။ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေထဲမှာတောင် ဒီကိစ္စမှာ ပါဝင်ပတ်သက်နေသူ ရှိနိုင်တယ်ဆိုတာ ခင်ဗျား ယုံလား"
ပြောရရင် ရွှီထင်းရှန်းက တစ်ပါးသူရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ရာမှာ အလွန် ကျွမ်းကျင်သူ ဖြစ်တယ်။ လင်းရိရုံမှာ ဖောက်လိုက်တဲ့ လေပူဖောင်းလို ချက်ချင်းပဲ လေတွေ ထွက်သွားတော့တယ်။
"ဒါဆိုရင် အခု ဘာလုပ်ရပါ့မလဲ ရွှီအရာရှိက အရာအားလုံးကို သိရှိထားသလို၊ ကျွန်တော့်ဆီကိုလည်း အထူး လာတာဆိုတော့၊ သေချာပေါက် အစီအစဉ် ရှိမှာပါ"
ရွှီထင်းရှန်းကလည်း အချိန်ဆွဲမနေတော့ဘဲ ဆိုလိုက်တော့တယ်။ "စောင့်ကြည့်နေပါ"
ဒီလိုမျိုး စကားဝိုင်းက ဟုန်ချန်း ငွေလွှဲဌာနအတွင်းမှာလည်း ဖြစ်နေတယ်။ ဒါပေမဲ့ အဲဒါက စူးကျိုးမြို့ဝန်ရုံးထက် နည်းနည်း စောပြီး ဖြစ်တာပါ။
တစ်ဖက်လူရဲ့ စကားတွေကို နားထောင်ပြီးနောက် ရှန့်ချင်းရှန်းရဲ့ မျက်နှာက အရောင်အမျိုးမျိုး ပြောင်းသွားပြီး၊ နောက်ဆုံးမှာ သေလူလို ပြာနှမ်းသွားတော့တယ်။
"ကိစ္စမရှိပါဘူး၊ ငါကတော့ မူလကတည်းက အသက်ရှင်ဖို့ မျှော်လင့်မထားပါဘူး" သူက အားကိုးရာမဲ့တဲ့ အမူအရာနဲ့ လက်ကို ဝှေ့ယမ်းပြပြီး၊ စားပွဲရှေ့မှာ ပြန်ထိုင်လိုက်တယ်။
တစ်ဖက်လူက ရယ်ပြီး မေးလိုက်တယ်။ "ရှန့်သခင်ကြီးက ဒီလောက်အထိ တည်ငြိမ်နေတာဟာ မိသားစုဝင်တွေ စူးကျိုးမြို့ကနေ လွတ်အောင် ထွက်နိုင်လိမ့်မယ်။ ကိုယ်တစ်ယောက် သေရုံနဲ့ အားလုံးကို ကာကွယ်နိုင်လိမ့်မယ်လို့ ယူဆနေလို့ ဖြစ်ရမယ်။ ဒါဆိုရင် ကျွန်တော်တောင် တွေးမိတဲ့ ကိစ္စကို တစ်ဖက်လူက ဘာဖြစ်လို့ မတွေးမိဘဲ နေပါ့မလဲဆိုတာကော စဉ်းစားဖူးသလား"
"ခင်ဗျား ပြောချင်တာက"
"ဒီလောက်အထိ ကြီးမားလှတဲ့ လျှို့ဝှက်ချက်ကို ခင်ဗျား တစ်ယောက်တည်း သေရုံနဲ့ ပြေလည်သွားနိုင်မှာမလို့လား။ လူတွေရဲ့သဘာဝအရဆိုရင် ခင်ဗျားရဲ့မိသားစုဝင်တွေလည်း သေချာပေါက် သိထားလိမ့်မယ်လို့ ယူဆကြမှာပဲ၊ ရှန့်မိသားစုဝင်တွေထဲမှာလည်း ဝူမိသားစုရဲ့ကိစ္စကို သိတဲ့သူတွေ မနည်းလှဘူး မဟုတ်လား"
သေချာပေါက် သိသူတွေ ရှိနေတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေကို ထားပါဦး၊ ရှန့်ချင်းရှန်းမှာ သားနှစ်ယောက် ရှိနေတာ မဟုတ်လား။
ရှန့်ချင်းရှန်းရဲ့ နှုတ်ခမ်းတွေက တုန်လာသလို လက်တွေလည်း တုန်ယင်လာတော့တယ်။
ကျန်းနန်ဒေသရဲ့ စီးပွားရေးလောကမှာ နှစ်ပေါင်းများစွာ ကြီးစိုးလာတဲ့ သူဌေးကြီးတစ်ယောက်က အခုလို အခြေအနေကို ရောက်သွားတာက ကြည့်ရသူအတွက် အရမ်းပဲ နှမြောစရာ ကောင်းလှတယ်။
အဲဒီလူက ဆက်ပြောတာက ဆိုတယ်။ "ကဲပါ၊ အပိုစကားတွေ ပြောမနေကြရအောင်၊ အချိန်က မစောင့်ဘူးဆိုတော့ ခင်ဗျား ငါ့နောက်ကို လိုက်ပြီး ပုန်းနေတာက ပိုကောင်းပါလိမ့်မယ်"
218 04
"ပုန်းမယ် ဘယ်မှာ သွားပုန်းမှာလဲ" ရှန့်ချင်းရှန်းက ကြောင်အအနဲ့ မေးတယ်။
ကြည့်ရတာ ဒီလူကလည်း စိတ်ရှည်သူ မဟုတ်ဘူး။ အမှန်တကယ်ပဲ အချိန်က သိပ်တိုတာကြောင့် သူက ရှန့်ချင်းရှန်းကို ဆွဲထုတ်ရင်း ဆိုလိုက်တော့တယ်။ "သတိဝင်စမ်းပါ၊ ခင်ဗျား အသက်ရှင်နေမှသာ၊ ခင်ဗျားရဲ့မိသားစုဝင်တွေကို ကာကွယ်နိုင်မှာ"
ရှန့်ချင်းရှန်းက မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားပြီး၊ မထိန်းနိုင်အောင် တုန်ယင်လာတော့တယ်။
မှန်တယ်။ သူ အသက်ရှင်နေမှသာ၊ သူ အသက်ရှင်နေမှ တစ်ဖက်လူက တွန့်ဆုတ်နေမှာဖြစ်ပြီး သူ့ရဲ့မိသားစုဝင်တွေကို ရန်ပြုဝံ့မှာ မဟုတ်ဘူး။
သူတို့နှစ်ယောက် အတူတူ အပြင်ကို ထွက်လာကြတော့ အပြင်ဘက်မှာ အမှောင်ထုက ဖုံးလွှမ်းနေပြီး၊ ခပ်သဲ့သဲ့ လရောင်လေးပဲ ဒီဥယျာဉ်ပေါ်ကို ကျနေတယ်။
ဒီနေရာက စူးကျိုးမြို့ရဲ့ အစည်ကားဆုံး လမ်းမကြီးပေါ်မှာ ရှိပြီး ဟုန်ချန်း ငွေလွှဲဌာနက ဒီနေရာမှာ ဆိုင်ခန်းတွေ ရှိရုံတင်မက ဒီလိုမျိုး ဥယျာဉ်ကြီးတစ်ခုကိုပါ ပိုင်ထားတာက သူတို့ ဘယ်လောက်အထိ ကြွယ်ဝတယ်ဆိုတာကို ပြနေတာပဲ။
အဲဒီလူက ရှန့်ချင်းရှန်းကို ဆွဲပြီး သစ်ပင်ရိပ်တွေအောက်က သွားလာခဲ့တယ်။ ခဏမျှ လမ်းလျှောက်ပြီးနောက် ရှန့်ချင်းရှန်းက ရုတ်တရက် ဆိုတယ်။ "မဖြစ်ဘူး၊ ငါ စာရင်းကိုင်ခန်းကို တစ်ခေါက် သွားရမယ်"
"တစ်ဖက်လူက ဘယ်အချိန်မဆို ရောက်လာနိုင်ပါတယ်။ ခင်ဗျား အချိန်မဖြုန်းတာ ပိုကောင်းပါလိမ့်မယ်"
"ငါ စာရင်းတွေကို သွားယူရမယ်..."
အဲဒီအချိန်မှာပဲ မနီးမဝေးက ရုတ်ရုတ်သဲသဲ ခြေသံတွေ ထွက်လာတယ်။ ဒီဥယျာဉ်ထဲကို လူအများကြီး ဝင်လာပုံရပြီး မီးတုတ်တွေရဲ့ အလင်းကိုလည်း ခပ်သဲ့သဲ့ မြင်ရတယ်။
"ဒါက ဘာလဲ"
"ပြဿနာပဲ၊ လာပြီ၊ ပြောရင်းဆိုရင်းနဲ့ကို ရောက်လာပြီ"
အဲဒီလူရဲ့မျက်နှာက ပျက်သွားပြီး ရှန့်ချင်းရှန်းကို ဆွဲပြီး ထွက်ဖို့ ပြင်ပေမဲ့ ရှန့်ချင်းရှန်းကတော့ ရုန်းကန်ရင်း ဆိုတယ်။ "စာရင်းကိုင်ခန်းကို သွားကြစို့၊ စာရင်းကိုင်ခန်းကို သွားကြစို့၊ အဲဒီမှာဆိုရင် ပုန်းလို့ ရတယ်"
အဲဒီလူက ရှန့်ချင်းရှန်းရဲ့ စကားကို နားမထောင်ချင်ပေမဲ့၊ ညာဘက်ကနေလည်း ခြေသံတွေ ထွက်လာပြန်တာကြောင့်၊ မလွှဲမရှောင်သာဘဲ ရှန့်ချင်းရှန်းရဲ့ နောက်က လိုက်သွားခဲ့ရတယ်။ ဟိုလှည့်ဒီလှည့် လမ်းလျှောက်ပြီးနောက်၊ လူကို ခေါင်းမူးသွားစေတဲ့ လမ်းတွေကတစ်ဆင့်၊ အပြင်ပန်းကြည့်ရင် သိပ်မထင်ရှားတဲ့ အိမ်လေးတစ်လုံးရဲ့ ရှေ့ကို ရောက်လာကြတယ်။
ဒီနေရာက ဟုန်ချန်း ငွေလွှဲဌာနရဲ့ စာရင်းကိုင်ခန်းပဲ ဖြစ်တယ်။
အတွင်းကို ရောက်တဲ့အခါ၊ ရှန့်ချင်းရှန်းက မီးတောင် မထွန်းရဲဘဲ အခန်းတစ်ခုထဲကို တိုက်ရိုက် ဝင်သွားခဲ့တယ်။
သူ့နောက်က လိုက်လာသူက ဆီမီးအိမ်ကို ထွန်းညှိလိုက်ခိုက် ရှန့်ချင်းရှန်းက စင်တစ်ခုပေါ်မှာ တစ်စုံတစ်ခုကို စမ်းနေတာ မြင်ရတယ်။ အသံနည်းနည်းနဲ့အတူ နံရံမှာ ကပ်ထားတဲ့ အဲဒီစင်ကြီးက နှစ်ခြမ်းကွဲသွားပြီး ဘေးတစ်ဖက်တစ်ချက်ကို လျှောကျသွားရာ၊ အဲဒီနောက်ကွယ်က တံခါးတစ်ခု ပေါ်လာခဲ့တယ်။
"ဒါက ဘာလဲ"
ရှန့်ချင်းရှန်းက ဘာစကားမှ မပြောဘဲ သူ့လက်ထဲက မီးအိမ်ကို လှမ်းယူပြီး အတွင်းကို ဝင်သွားတော့တယ်။
အဲဒီအလင်းနဲ့ပဲ ရှန့်ချင်းရှန်းက မြေပြင်ပေါ်မှာ စမ်းရှာနေပြီး၊ ရုတ်တရက် တစ်ခုခုကို ဆွဲကိုင်ပြီး အပေါ်ကို မလိုက်တော့ မြေပြင်ပေါ်မှာ မြေအောက်ခန်း တံခါးတစ်ခု ပေါ်လာခဲ့တယ်။
အဲဒီလူက အံ့အားသင့်သွားတယ်။ တကယ့်ကို ယုန်မှာ အပေါက်သုံးပေါက် ရှိတယ် ဆိုတဲ့ စကားလိုပဲ၊ ဒီလိုမျိုး နည်းလမ်းရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
"ငါ့ကို ကူပြီး စာရင်းစာအုပ်တွေ သယ်ပေးပါ၊ သယ်နိုင်သလောက် သယ်ကြရအောင်"
ပြောရင်း ရှန့်ချင်းရှန်းက သစ်သားစင်တစ်ခုဆီကို အပြေးအလွှား သွားတော့တယ်။ ဒီအခန်းထဲက စင်တွေ အကုန်လုံးပေါ်မှာ ဟုန်ချန်း ငွေလွှဲဌာနရဲ့ နှစ်ရှည်လများ စာရင်းစာအုပ်တွေ အကုန်လုံးကို ထားထားတာ ဖြစ်တယ်။
သူတို့နှစ်ယောက် တတ်နိုင်သမျှ အမြန်ဆုံး အရှိန်နဲ့၊ အဲဒီစာရင်းစာအုပ်တွေကို မြေအောက်ခန်းထဲကို သယ်ခဲ့ကြတယ်။
လေထဲမှာ တစ်ခုခု လောင်နေတဲ့ အနံ့ကို ခပ်သဲ့သဲ့ ရလိုက်တာကြောင့်၊ ရှန့်ချင်းရှန်းက ပိုပြီး စိုးရိမ်လာတော့တယ်။
ခြေသံတွေ နီးလာတဲ့ အခါမှသာ၊ သူက အဲဒီလူကို ဆွဲပြီး သစ်သားစင်နောက်ကွယ်မှာ ပုန်းလိုက်ပြီး၊ အဲဒီနောက်မှာတော့ မြေအောက်ခန်းထဲကို ဝင်သွားကြတော့တယ်။
ဒီမြေအောက်ခန်းက မကြီးဘဲ သုံးမီတာပတ်လည်လောက်ပဲ ရှိတယ်။ သူတို့နှစ်ယောက် စာရင်းစာအုပ်ပုံကြီးပေါ်မှာ ထိုင်ရင်း အချင်းချင်း ကြည့်ပြီးနောက်၊ ရှန့်ချင်းရှန်းက မေးလိုက်တယ်။ "မင်းက ဘယ်သူလဲ"
218 05
ဟူစန်းက ပါးစပ်ကို ဖြဲပြီး ရယ်လိုက်တာကြောင့် သူ့မျက်နှာပေါ်က အမာရွတ်က ပိုပြီး ကြောက်စရာ ကောင်းသွားတော့တယ်။ "ကျွန်တော်က ထိုက်လုံ ငွေလွှဲဌာနက လူပါ"
မီးရောင်က မှိန်ဖျော့နေပြီး၊ ဘယ်အချိန်က ဖယောင်းတိုင်တချို့ ငြိမ်းသွားလဲ မသိရဘူး။
တံခါးအပြင်က ခြေသံတစ်ခု ထွက်လာပြီး တိုးတိုးလေး ပြောလာတယ်။ "အရှင်၊ ကြီးကြပ်ရေးမှူး ရှေ့ဘက် မြို့ဝန်ရုံးက သတင်းပေးလာပါတယ်။ တစ်နေရာရာမှာ မီးလောင်နေတယ်လို့ ဆိုပါတယ်။ မီးက အတော်လေး ပြင်းနေတာကြောင့် ကြီးကြပ်ရေးမှူးအနေနဲ့ အပြင်ကို မထွက်တာ ပိုကောင်းပါလိမ့်မယ်။ မဟုတ်ရင် လူတွေနဲ့ တိုးမိတိုက်မိ ဖြစ်နိုင်လို့ပါ"
ဒီအချိန် ရောက်တဲ့အခါ၊ လင်းရိရုံက ဘယ်အရာကမှ သူ့ကို တုန်လှုပ်စေနိုင်တာ မရှိတော့ဘူးလို့ ခံစားနေရပေမဲ့၊ သူ့ရဲ့မျက်မှောင်တွေကတော့ နည်းနည်း တွန့်သွားတယ်။
"သိပါပြီ" သူက ဆိုပေမဲ့ သူ့မျက်လုံးတွေကတော့ ရွှီထင်းရှန်းကို စိုက်ကြည့်နေမိတယ်။
သတင်းပို့တဲ့ အစေခံ ထွက်သွားပြီးနောက် ရွှီထင်းရှန်းက ဆိုတယ်။ "အခုအချိန်မှာတော့ခင်ဗျား ရှေ့ထွက်ရမယ့် အချိန်ရောက်ပြီ။ ဟုန်ချန်း ငွေလွှဲဌာနရဲ့ တံခါးဝမှာ ပြည်သူတွေ စောင့်ကြည့်နေကြတာဆိုတော့ ခင်ဗျားသာ ရှေ့ထွက်မလာရင်တော့..."
နောက်ဆက်တွဲ စကားတွေကိုတော့ ရွှီထင်းရှန်းက ဆက်မပြောတော့ဘူး။
လင်းရိရုံက အလျင်အမြန်ပဲ အရာရှိဝတ်စုံကို လဲဝတ်ပြီး အပြင်ကို ထွက်ခဲ့တယ်။
ရွှီထင်းရှန်းကလည်း သူနဲ့အတူ လိုက်ပါသွားခဲ့တယ်။ သူက ရုပ်ဖျက်ထားတာဖြစ်လို့ အရာရှိဝတ်စုံကို ဝတ်မထားဘူး။
လင်းရိရုံရဲ့ ဝေါယာဉ် ရောက်သွားတဲ့ အခါမှာတော့၊ မီးက ထိန်းလို့ရတဲ့ အခြေအနေကို ရောက်နေပြီ ဖြစ်ရာ၊ ဟုန်ချန်း ငွေလွှဲဌာနရဲ့ ပတ်ဝန်းကျင်မှာ မီးတားလမ်းတစ်ခုကို တူးထားတာ မြင်ရတယ်။ ကံကောင်းလို့ ဟုန်ချန်း ငွေလွှဲဌာနမှာ ငွေများတာကြောင့် ဘေးတစ်ဖက်တစ်ချက်မှာ တခြား ဆိုင်ခန်းတွေ မရှိဘဲ ရှိနေလို့သာ ဖြစ်တယ်။ မဟုတ်ရင် သေချာပေါက် မီးကူးသွားပါလိမ့်မယ်။
ဒါ့အပြင် စူးကျိုးမြို့ထဲမှာ ရေလမ်းကြောင်းတွေ များတာကြောင့်၊ ဒီနေရာနဲ့ မဝေးတဲ့ နေရာမှာ မြစ်ရှိနေလို့၊ အပြင်ဘက်က မီးတွေကို ငြှိမ်းနိုင်ခဲ့ပေမဲ့၊ အတွင်းဘက်မှာတော့ အပြင်းအထန် လောင်နေဆဲပဲ။
မီးတောက်တွေက သိပ်မြင့်တာကြောင့်၊ ဒီလောက် မီးတောက်တွေထဲကို ဘယ်သူမှ မဝင်ရဲကြဘဲ အဝေးကနေပဲ ကြည့်နေကြရတော့တယ်။
ပတ်ဝန်းကျင်မှာ ရဲမက်တွေနဲ့ ပြည်သူအများကြီး ဝိုင်းနေကြတယ်။ အချို့က ရှန့်ချင်းရှန်း ထွက်ပြေးမှာကို စိုးရိမ်လို့ စောင့်ကြည့်နေသူတွေ ဖြစ်သလို၊ အချို့ကတော့ သတင်းကြားလို့ ရောက်လာကြသူတွေ ဖြစ်တယ်။
မီးတောက်တွေရဲ့ အလင်းက လူတိုင်းရဲ့ မျက်နှာပေါ်ကို ကျနေပြီး၊ ဆဲဆိုသံတွေနဲ့ စိတ်ပျက်သံတွေက အဆက်မပြတ် ထွက်နေတော့တယ်။
"ဒီအသေခံထိုက်တဲ့ ဟုန်ချန်း ငွေလွှဲဌာန၊ မီးတစ်ချက် ရှို့လိုက်ရုံနဲ့ လူတိုင်းရဲ့ ငွေတွေကို လိမ်လို့ ရမယ် ထင်နေတာလား။ ငါတို့ ရှန့်မိသားစု အိမ်တော်ကို သွားကြစို့၊ ဒီတစ်ခါတော့ ငါတို့ရဲ့ ငွေတွေကို သေချာပေါက် ပြန်ထုတ်ခိုင်းရမယ်..."
"သွားကြစို့၊ အားလုံး သွားကြစို့"
စစ်သည်တွေကလည်း မတားရဲတာကြောင့်၊ အဲဒီလူအုပ်ကြီးက ဒီရေလိုပဲ မြို့တောင်ဘက်က ရှန့်မိသားစု အိမ်တော်ဆီကို စုပြုံတိုးဝင်သွားကြတာကို ကြည့်နေရုံပဲ ရှိတော့တယ်။
"မြန်မြန် တားကြစမ်း၊ မင်းတို့တွေ သွားပြီး တားကြလေ"
လင်းရိရုံက ဝေါယာဉ်ထဲက ထွက်လာပြီး၊ အဲဒီရဲမက်တွေကို အော်ခိုင်းပေမဲ့၊ ဘယ်သူမှ သူ့ကို ဂရုမစိုက်ဘဲ ငြိမ်ပြီး ရပ်နေကြတယ်။
ရဲမက်ခေါင်းဆောင်လို့ ထင်ရတဲ့ လူတစ်ယောက်က ရှေ့ကို တိုးလာပြီး၊ အားနာနာနဲ့ ဆိုတယ်။ "လူတွေ ဒီလောက် များတာကို ကျွန်တော်တို့ လူနည်းနည်းနဲ့ ဘယ်လို သွားတားနိုင်မှာလဲ။ နောက်ပြီးတော့၊ ကြွေးရှိရင် ဆပ်ရမယ်ဆိုတာ လောကရဲ့ အမှန်တရားပဲလေ၊ ကျွန်တော်တို့ ဘယ်လို သွားတားရမှာလဲ"
"ဟုတ်ပါတယ်။ ကျွန်တော်မျိုးလည်း တာဝန်ထမ်းဆောင်နေရလို့သာ မသွားတာ၊ မဟုတ်ရင် ကျွန်တော်လည်း သွားမှာပဲ၊ ကျွန်တော့်အိမ်မှာလည်း လဲလို့မရသေးတဲ့ လက်မှတ်တွေ ရှိသေးတယ်" လို့ ရဲမက်တစ်ယောက်က တိုးတိုးလေး ဆဲလိုက်တယ်။
ဒီလို ဆဲနေသူတွေက တစ်ယောက်နှစ်ယောက်တည်း မဟုတ်ဘူး။
လင်းရိရုံက မျက်စိရှေ့က မြင်ကွင်းကို မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ ကြည့်ရင်း၊ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ရွှီထင်းရှန်းဘက်ကို လှည့်ကြည့်လိုက်တယ်။
ရွှီထင်းရှန်းက ဝေါယာဉ်ဘေးမှာ ရပ်ပြီး အဲဒီမီးလောင်တာကို တည်ငြိမ်စွာ ကြည့်နေတယ်။ မီးတောက်တွေရဲ့ အလင်းက သူ့မျက်နှာပေါ်ကို ဟပ်နေပြီး၊ တစ်ခုခုကို စဉ်းစားနေတဲ့ပုံ ရှိပေမဲ့၊ အမူအရာကတော့ အေးဆေးတည်ငြိမ်နေပါတယ်။
218 06
မီးလောင်မှုကြီးကြောင့် စူးကျိုးမြို့ တစ်ခုလုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့တယ်။
ခုနက လူအုပ်ကြီး ရှန့်မိသားစု အိမ်တော်ကို ရောက်တဲ့ အခါမှာတော့၊ ရှန့်မိသားစုဝင်တွေက အစောကတည်းက ထွက်ပြေးသွားကြပြီ ဖြစ်တာကို မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ တွေ့လိုက်ကြရတယ်။ ရှန့်အိမ်တော်ထဲမှာ ဘယ်သူမှ မရှိတော့ဘဲ ဖရိုဖရဲ ဖြစ်နေပြီး၊ သခင်တွေ ထွက်ပြေးသွားတာကြောင့် အစေခံတွေကလည်း ကျန်တဲ့ ပစ္စည်းတွေကို ယူပြီး ထွက်ပြေးသွားကြပုံ ရတယ်။
ဒါကို မြင်တဲ့အခါ၊ အချို့က ဆဲကြပြီး၊ အချို့ကတော့ ရှန့်အိမ်တော်ထဲမှာ ရှာပြီး မြင်သမျှ ပစ္စည်းတွေကို ယူကြတော့တယ်။ မြေလှန်ပြီး ရှာကြတဲ့အတိုင်း၊ ရှေ့ကလူက တစ်လွှာ ယူသွားရင် နောက်ကလူက ထပ်ယူကြတာမို့၊ ရှန့်အိမ်တော်က မကြာခင်မှာပဲ အခွံသက်သက်ပဲ ကျန်တော့တယ်။ အဲဒီလို ဖြစ်နေပေမဲ့ အဲဒီနေရာကို လာတဲ့သူတွေကတော့ မပြတ်တမ်း ရှိနေတုန်းပဲ။
ကိစ္စက ဒီလောက်နဲ့ မပြီးသေးဘဲ နေရာတိုင်းမှာ ဆဲဆိုသံတွေ ပြည့်နေကာ၊ လူတွေက အုပ်စုဖွဲ့ပြီး စူးကျိုး လမ်းမတွေပေါ်မှာ ရှန့်မိသားစုဝင်တွေရဲ့ အရိပ်အယောင်ကို လိုက်ရှာနေကြတော့တယ်။
တစ်ချိန်တည်းမှာပဲ၊ တည်းခိုခန်းတစ်ခုထဲမှာ ဆံပင်တွေ ဖရိုဖရဲ ဖြစ်နေပြီး တစ်ကိုယ်လုံး စုတ်ပြတ်နေတဲ့ ရှန့်ချင်းရှန်းက ရွှီထင်းရှန်းရဲ့ ခြေရင်းမှာ ဝပ်စတွားနေတယ်။
"ကျွန်တော်မျိုးရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ရွှီအရာရှိကို ကျေးဇူးတင်ပါတယ်"
"ငါ့ကို ကျေးဇူးတင်မနေပါနဲ့။ ခင်ဗျားကို ကယ်တင်နိုင်မှာက ခင်ဗျားကိုယ်တိုင်ပဲ ရှိပါတယ်"
"ကျွန်တော်မျိုး ဘာလုပ်ရမလဲဆိုတာ သိပါပြီ၊ အရာရှိမင်းကြီးရဲ့ ကျေးဇူးကိုတော့၊ ကျွန်တော်မျိုး ဒီအလုပ်တွေ ပြီးသွားမှပဲ ပြန်ဆပ်ပါ့မယ်"
ထွက်သွားတဲ့ ရှန့်ချင်းရှန်းရဲ့ ကျောပြင်ကို ကြည့်ရင်း၊ ရွှီထင်းရှန်းက နည်းနည်း ပြုံးလိုက်မိတယ်။ ရှန့်ချင်းရှန်းက သိပ်ပါးနပ်တဲ့ လူတစ်ယောက် ဖြစ်တဲ့အတိုင်း၊ ကျန်တဲ့ ကိစ္စတွေက သူ့ရဲ့ လုပ်ဆောင်မှုအပေါ်မှာပဲ မူတည်တော့တယ်။
သေချာပေါက်ပဲ သူတစ်ယောက်တည်း မဟုတ်ဘဲ၊ လင်းရိရုံ လည်း ပါပါတယ်။
မကြာခင် အချိန်အတွင်းမှာပဲ၊ စူးကျိုးမြို့ထဲက လူအားလုံးက ဟုန်ချန်း ငွေလွှဲဌာန မီးလောင်သွားတဲ့ သတင်းကို ကြားလိုက်ကြရတယ်။
ဒါပေမဲ့ တချို့လူတွေကတော့ မယုံနိုင်ဘဲ၊ အခြေအနေကို ကိုယ်တိုင် မြင်ရအောင်လို့ အဲဒီနေရာကို အပြေးအလွှား ရောက်လာကြတယ်။
ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံ အကြွင်းအကျန်တွေကို ကြည့်ရင်း၊ လူတိုင်းက မျှော်လင့်ချက် ကင်းမဲ့သွားကြရတယ်။
ဒါပေမဲ့ ဘယ်အချိန်ကမှန်းမသိဘဲ၊ အဲဒီပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေကြားမှာ လူတစ်ယောက် ထိုင်နေတာကို တစ်ယောက်ယောက်က တွေ့လိုက်ရတယ်။ အဲဒီလူက ဆံပင်တွေက မျက်နှာကို ဖုံးထားပြီး တစ်ကိုယ်လုံးမှာ ပြာတွေ ပေနေတာက၊ မီးလောင်တာထဲက လွတ်လာသူနဲ့ တူလှတယ်။
သေသေချာချာ ကြည့်လိုက်တဲ့ အခါမှာတော့ အမှန်တကယ်ပဲ လူတစ်ယောက် ထိုင်နေတာ ဖြစ်တယ်။
ဒါပေမဲ့ အဲဒီလူရဲ့ လုပ်ရပ်က ထူးဆန်းတယ်။ ဘယ်သူကမှ အကြောင်းမဲ့ ဒီလိုမျိုး နေရာမှာ ဒီလောက် ကြောက်စရာ ကောင်းတဲ့ ပုံစံနဲ့ ထိုင်နေမှာ မဟုတ်ဘူး။
တစ်ယောက်ယောက်က အဲဒီလူရဲ့ခါးမှာ ချိတ်ထားတဲ့ ကျောက်စိမ်းပြားကို မှတ်မိသွားတယ်။ အဲဒါက ရှန့်ချင်းရှန်း ပုံမှန် ဝတ်လေ့ရှိတဲ့ ပစ္စည်းပဲ။ ဒါကြောင့် ရှန့်ချင်းရှန်းက မီးလောင်တာထဲမှာ သေသွားပြီး အခု ဝိညာဉ်အနေနဲ့ ပြန်ရောက်လာတာ ဖြစ်တယ်ဆိုတဲ့ သတင်းတွေက ချက်ချင်း ပြန့်သွားတော့တယ်။
သတင်းကြားသူတွေရဲ့ စိတ်ခံစားချက်ကို ထားပါဦး၊ အကယ်၍ သူက တကယ့် တစ္ဆေတစ်ကောင် ဖြစ်နေရင်တောင် ကြွေးတင်နေတဲ့ တစ္ဆေပဲ ဖြစ်တယ်။ ဒီလောက် များလှတဲ့ လူတွေက သူ့ကို ကြောက်နေစရာ လိုပါဦးမလား။ ဒါကြောင့် လူတွေက အုပ်စုဖွဲ့ပြီး အဲဒီနေရာကို ရောက်လာကြတယ်။
သတင်းကြားပြီး ရောက်လာသူ ပိုများလာတာကြောင့် ဟုန်ချန်း ငွေလွှဲဌာနရဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ ပြည့်သွားတော့တယ်။ မြို့ဝန်ရုံးကိုလည်း သတင်းရောက်သွားတာကြောင့် မြို့ဝန် လင်းရိရုံကလည်း လူတွေကို ခေါ်ပြီး အပြေးအလွှား ရောက်လာခဲ့တယ်။
အနီရောင် အရာရှိဝတ်စုံနဲ့ သူ့နောက်က လိုက်လာတဲ့ ရဲမက်တွေကို မြင်ရတဲ့အခါမှပဲ၊ ပြည်သူတွေက အားကိုးရာ ရသွားကြပြီး အစိုးရအနေနဲ့ ဒီကိစ္စကို ဘယ်လို စီမံမလဲဆိုတာကို စောင့်ကြည့်နေကြတော့တယ်။
"မင်းတို့ ရှေ့ကို သွားပြီး ကြည့်ကြစမ်း" လင်းရိရုံက အမိန့်ပေးလိုက်တယ်။
သူ ကြည့်လိုက်တဲ့ နေရာတိုင်းက ရဲမက်တွေက ခေါင်းယမ်း ငြင်းဆန်နေကြတာကြောင့် လင်းရိရုံက သိပ်ကို ဒေါသထွက်သွားရတယ်။
"ငါ မယုံဘူး၊ နေ့ခင်းကြောင်တောင်မှာ တကယ်ပဲ တစ္ဆေ ခြောက်ရဲပါ့မလား" သူက ခြေလှမ်းကျဲကျဲနဲ့ ရှေ့ကို တိုးသွားပြီး၊ စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းကာ မေးလိုက်တယ်။ "မင်းက လူလား တစ္ဆေလား၊ ဘာဖြစ်လို့ ဒီမှာ ထိုင်ပြီး လူတွေကို ခြောက်လှန့်နေရတာလဲ"
အဲဒီတစ္ဆေက စကားမပြောဘဲ ကြောက်ရွံ့ထိတ်လန့်နေတဲ့ အကြည့်တွေကြားမှာ နောက်ဆုံးတော့ လှုပ်ရှားလာခဲ့တယ်။
"အား... သူ လှုပ်နေပြီ..."
"တစ္ဆေကြီးပဲ ရှန့်ချင်းရှန်း ပါလား..."
ဒီရုတ်ရုတ်သဲသဲ ဖြစ်နေတာတွေကြားမှာ၊ အဲဒီတစ္ဆေက ဝုန်းခနဲ ဒူးထောက်လိုက်ပြီး သွေးမျက်ရည်ကျလျက် အော်တော့တယ်။ " ကျွန်တော်မျိုးအတွက် တရားမျှတမှု ရှာပေးတော်မူပါ..."
******