အခန်း (၂၂၁-၂၂၂)
Vol. 23 Ch. 221-222
221 01
အခန်း ၂၂၁
ဝူဝမ့်ချုံးက သူမရဲ့ဝမ်းဗိုက်ကို ဖက်ပြီး အပြင်းအထန် ချောင်းဆိုးနေကာ နှုတ်ခမ်းထောင့်က သွေးစလေး တစ်မျှင် စီးကျလာတယ်။
ဝူအမတ်ချုပ်ကြီးက သတိပြန်ဝင်လာမှ မိမိ ဘာလုပ်လိုက်လဲဆိုတာကို သိသွားတော့တယ်။ ဒါပေမဲ့ အဲဒီလို ကြောင်သွားတာက ခဏလေးပဲ ဖြစ်ပြီး၊ မကြာခင်မှာပဲ သူက တစ်ဖက်လူကို ရွံရှာစွာ တစ်ချက် ကြည့်လိုက်ပြီးနောက်၊ အင်္ကျီလက်ကို ခါယမ်းပြီး ထွက်သွားတော့တယ်။
ယင်းကော်က ငိုယိုရင်း ပြေးဝင်လာပြီး၊ မိမိရဲ့ သခင်မလေးကို တွဲထူလိုက်တယ်။
အခုဆို ဝူဝမ့်ချုံးက သိပ်ကို သနားစရာ ဖြစ်နေရတယ်။ မျက်နှာတစ်ခုလုံး နီမြန်းရောင်ကိုင်းနေပြီး၊ ဆံပင်တွေ ဖရိုဖရဲဖြစ်ကာ အဝတ်အစားတွေလည်း ပေကျံနေပြီ ဖြစ်လို့၊ တစ်ကိုယ်လုံးက သစ်သားခြောက်တစ်ခုလို သက်မဲ့နေပြီး သေလူလို ငြိမ်သက်နေတော့တယ်။
"သခင်မလေး၊ သခင်မလေး နင်တို့တွေ အကုန် သေကုန်ကြပြီလား၊ လာပြီး မကူညီကြဘူးလား" ယင်းကော်က အပြင်ဘက်ကို လှမ်းပြီး အော်ဟစ်ဆဲဆိုလိုက်တယ်။
အဲဒီတော့မှ တံခါးအပြင်က အစေခံမိန်းကလေး နည်းနည်း ပြေးဝင်လာကြပြီး၊ သူမနဲ့အတူ ဝူဝမ့်ချုံးကို တွဲထူပေးကြတယ်။ ဒီအစေခံငယ်လေးတွေက ဝူဝမ့်ချုံး အခုတစ်ခေါက် ပြန်ရောက်မှ အိမ်တော်က အသစ် ပို့ပေးလိုက်တဲ့သူတွေ ဖြစ်ကြပြီး၊ အရင်က ဝူဝမ့်ချုံးရဲ့ အနားမှာ ခစားခဲ့တဲ့ အစေခံတွေကတော့ အိမ်တော်ရဲ့ နေရာအနှံ့ကို ကွဲလွင့်သွားကြတာ ကြာပြီ ဖြစ်တယ်။
သူမ ပြန်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြသလို၊ သူမကလည်း မပြန်လာသင့်ဘူး၊ ဒီနေရာက သူမရဲ့ အိမ် မဟုတ်တော့တာ ကြာပြီ ဖြစ်တယ်။
ဝူဝမ့်ချုံးရဲ့ မျက်ဝန်းတွေက ခြောက်ကပ်နေပြီး ငိုဖို့မျက်ရည်တောင် မထွက်နိုင်တော့ဘူး။
……
ယင်းကော်က ဝူဝမ့်ချုံးကို ခုတင်ပေါ်ကို တွဲတင်ပေးပြီးနောက် သမားတော်သွားရှာဖို့ အပြေးအလွှား ထွက်သွားတော့တယ်။
အဲဒီအစေခံငယ်လေးတွေထဲမှာ တစ်ယောက်မှ အသုံးမကျတာကို လွန်ခဲ့တဲ့ ရက်ပိုင်းကတင် သူမ သိထားပြီး ဖြစ်တယ်။ အခုဆို ဝူအိမ်တော်ရဲ့ နောက်ဖေးဆောင်ကို ကိုယ်လုပ်တော်ဖုန်းက အုပ်ချုပ်နေလို့၊ ယင်းကော်က ဘယ်လောက်ပဲ မာနကြီးပါစေ၊ အခုအချိန်မှာတော့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။
ကိုယ်လုပ်တော်ဖုန်း နေတဲ့ ဝင်းထဲကို ရောက်သွားတဲ့အခါ၊ နေရာတိုင်းမှာ ပန်းတွေ ဝေဆာနေပြီး၊ အစေခံတွေနဲ့ အဘွားအိုတွေကလည်း တောက်ပြောင်တဲ့ အဝတ်အစားတွေကို ဝတ်ထားကြတယ်။ သူမက ကိုယ်လုပ်တော် တစ်ယောက်ပဲ ဖြစ်ပေမဲ့၊ တံခါးဝမှာ လိုက်ကာ မပေးဖို့ အစေခံ လေးယောက်တောင် ရပ်နေကြတာပဲ။
ယင်းကော်က ဒေါသကို မြိုသိပ်ပြီး အတင်းအကျပ် ပြုံးကာ လာရင်းကိစ္စကို ပြောပြတော့ အစေခံတစ်ယောက်က သူမကို အတွင်းထဲကို ဖိတ်လိုက်တယ်။
အတွင်းကို ရောက်တဲ့အခါ ကိုယ်လုပ်တော်ဖုန်းက သခင်လေးကို ပွေ့ချီပြီး ချော့မြှူနေတာကို မြင်ရတယ်။
ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းတဲ့ နို့စို့ကလေးငယ်က ကြည့်ရုံနဲ့တင် ချစ်စရာ ကောင်းလှပေမဲ့၊ ယင်းကော်ရဲ့မျက်ဝန်းထဲမှာတော့ နာကျည်းမှုတွေ ပြည့်နေတယ်။ အကယ်၍ ဒီလူနှစ်ယောက်သာ မရှိခဲ့ရင် သူမနဲ့သူမရဲ့ သခင်မလေးက ဒီလိုမျိုး အခြေအနေကို ရောက်ပါ့မလား။
"မင်း ပြန်သွားရင် သခင်မလေးကို ဖျောင်းဖျပေးပါဦး၊ သခင်ကြီးကို စိတ်မဆိုးပါနဲ့လို့၊ သခင်ကြီးကလည်း ဒေါသထွက်နေလို့ပါ၊ ခဏကြာရင် စိတ်ပြေသွားမှာပါ၊ ငါ အခုပဲ သမားတော်ခေါ်ဖို့ လူလွှတ်လိုက်မယ်၊ တကယ်တော့ ငါကိုယ်တိုင် သွားကြည့်သင့်တာပါ၊ ဒါပေမဲ့ ဒီနှစ်ရက်မှာ သခင်လေးက နေမကောင်းဖြစ်နေသလို၊ ငါ့ကိုပဲ ကပ်နေပြီး နို့ထိန်းကိုတောင် မကပ်ဘူး ဖြစ်နေလို့ပါ၊ ငါ့ရဲ့ယဉ်ကျေးမှု မရှိတာကိုတော့ သခင်မလေး စိတ်မရှိပါစေနဲ့လို့ ပြောပေးပါဦး"
221 02
ကိုယ်လုပ်တော်ဖုန်းက ပြုံးရွှင်နေပြီး ငယ်ရွယ်တဲ့ မျက်နှာက ဝင်းပလို့ လှပတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ်။
ဒါပေမဲ့ ယင်းကော်ရဲ့မျက်စိထဲမှာတော့ အဲဒီအပြုံးတွေက ဟန်ဆောင်မှုသက်သက်ပဲ ဖြစ်နေတော့တယ်။
"ကျွန်မမျိုးမက သခင်မလေးရဲ့ကိုယ်စား ကိုယ်လုပ်တော်ကို ကျေးဇူးတင်ပါတယ်"
ယင်းကော် ထွက်သွားပြီးနောက် ကိုယ်လုပ်တော်ဖုန်းရဲ့ အနားက အစေခံက သူမရဲ့ သခင်မအတွက် မကျေမနပ် ပြောတယ်။ "သူက အစေခံ တစ်ယောက်ပဲ ရှိသေးတာကို၊ မသိရင် ဘယ်အိမ်က သခင်မလေးများလဲလို့ အောက်မေ့ရတယ်။ တကယ့်ကို သခင်က ဘယ်လို အစေခံက အဲဒီလိုပါပဲ၊ မျက်လုံးတွေက ခေါင်းပေါ် ရောက်နေကြတာ။ အရင်ကဆိုရင် ထားပါဦး၊ အခုတော့ ကိုယ်လုပ်တော်က အိမ်ကို အုပ်ချုပ်နေတာတင်မကဘူး၊ သခင်လေးကိုပါ မွေးထားတာပဲလေ"
"တိတ်စမ်း" ကိုယ်လုပ်တော်ဖုန်းက ကြိမ်းမောင်းလိုက်ပေမဲ့ သူမရဲ့ မျက်ဝန်းတွေ ဝေ့ဝဲလှုပ်ရှားနေတုန်းမှာတင် မှည့်လေးရှိတဲ့ နှုတ်ခမ်းထောင့်က နည်းနည်း ကွေးညွတ်သွားတယ်။ "ဒီလိုလူမျိုးတွေနဲ့ ဘာလို့ အားစိုက်ပြီး ငြင်းခုံနေမှာလဲ၊ အိမ်ခြေရာမဲ့ ဖြစ်နေတဲ့ ခွေးအိုတွေပဲဟာကို"
ရက်ပေါင်းများစွာ ဆက်တိုက်လိုပဲ၊ အစိုးရအဖွဲ့အတွင်းမှာ ပင်လယ်ပိတ်ဆို့မှု ဖျက်သိမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားတာတွေက သိပ်ကို ပြင်းထန်နေခဲ့တယ်။
ဘယ်လိုမှ အဖြေတစ်ခု မထွက်နိုင်တာကို မြင်တော့ ကျားချန်ဧကရာဇ်က နန်းတွင်း တိုင်ပင်ဆွေးနွေးပွဲကို ကျင်းပဖို့ ဆုံးဖြတ်လိုက်တော့တယ်။
ဌာန ခြောက်ခုက အဆင့်မြင့် အရာရှိကြီးတွေ အားလုံး ရောက်လာကြတယ်။ အရင်ကလိုပဲ၊ အစိုးရရဲ့ အရေးကြီးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ဖို့ ခက်နေရင်၊ မဲပေးတဲ့ စနစ်ကို သုံးကြတာ ဖြစ်တယ်။
အရာရှိ တစ်ယောက်ကို မဲတစ်မဲ ရပြီး၊ ဧကရာဇ်မှာတော့ မဲနှစ်မဲ ရှိပါတယ်။
မဲရလဒ် ထွက်လာတာနဲ့၊ ဘယ်သူမှ ထပ်ပြီး ကန့်ကွက်ခွင့် မရှိတော့ဘူး။ ဒီနည်းလမ်းက နိုင်ငံတော် တည်ထောင်စ ကတည်းက ရှိခဲ့တာ ဖြစ်ပြီး၊ အမှန်တော့ ဒီစာပေအရာရှိကြီးတွေနဲ့ ဧကရာဇ်ကြားက အပေးအယူလုပ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်တယ်။
အရင်က နေရာအသီးသီးမှာ ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးတွေ တည်ထောင်ဖို့ ကြိုးစားတုန်းကလည်း ဒီနည်းလမ်းကြောင့်ပဲ နှောင့်နှေးခဲ့ရလို့၊ အခုအခါမှာလည်း အဲဒီနည်းဟောင်းကိုပဲ ပြန်သုံးတာ ဖြစ်တယ်။
ဒါကို မြင်တော့ ပင်လယ်ပိတ်ဆို့မှုကို ထောက်ခံသူတွေက စိတ်အေးသွားကြတယ်။
အားလုံးက တစ်ယောက်နဲ့တစ်ယောက် ကာလရှည်ကြာ အတူတူ အလုပ်လုပ်လာသူတွေ ဖြစ်တာကြောင့်၊ ဘယ်သူက ပိတ်ဆို့မှုကို ထောက်ခံတယ်။ ဘယ်သူက လမ်းကြောင်းဖွင့်ပေးတာကို ထောက်ခံတယ်ဆိုတာ အားလုံး သိထားကြတယ်။ အကယ်၍ မမျှော်လင့်တဲ့ ကိစ္စတွေ ပေါ်မလာရင်၊ အခုတစ်ခေါက်မှာလည်း ပိတ်ဆို့မှုကို ထောက်ခံသူတွေပဲ သေချာပေါက် အောင်နိုင်လိမ့်မယ်လို့ ယူဆထားကြတယ်။
ရာထူးအဆင့်အတန်း အမြင့်ဆုံးကနေ အနိမ့်ဆုံးကို အစဉ်လိုက် မဲပေးကြရာ၊ ပထမဆုံးက ဝန်ကြီးချုပ်စွီ ဖြစ်တယ်။
ဝန်ကြီးချုပ်ရွှီရဲ့ သဘောထားက သံသယရှိစရာ မလိုဘဲ၊ သူက ကျားချန်ဧကရာဇ်နဲ့ တစ်သားတည်း ရှိနေပြီး လမ်းကြောင်းဖွင့်ပေးတာကို ထောက်ခံသူ ဖြစ်တယ်။
အတိုနဲ့အရှည် သစ်သားချောင်း နှစ်ချောင်း ရှိရာ၊ သူက အရှည်ကို ရွေးပြီး မဲပေးလိုက်တယ်။
221 03
ဝူအမတ်ချုပ်ကြီးရဲ့ အလှည့်ကို ရောက်လာတဲ့အခါ၊ သူက နည်းနည်း တွေဝေသွားတာ ထင်ရှားပေမဲ့၊ သူကလည်း အရှည်ကို ရွေးပြီး မဲသိမ်းတဲ့ မိန်းမစိုးဆီကို ပေးလိုက်တော့တယ်။
"ဝူအမတ်ချုပ်ကြီး၊ အရှည်"
မိန်းမစိုးရဲ့ အက်ရှရှရှိတဲ့ အသံက ခန်းမဆောင်ထဲမှာ ပဲ့တင်ထပ်သွားတာကြောင့်၊ အားလုံးရဲ့ အကြည့်က အဲဒီမိန်းမစိုးရဲ့ လက်ထဲက အရှည်ချောင်းဆီကို ရောက်သွားတော့တယ်။
မဲပေးတာက ဆက်ရှိနေဆဲ ဖြစ်ပြီး၊ ဖုန်းချန်ပေါင်က ဝူအမတ်ချုပ်ကြီးကို ခဏခဏ မျက်ရိပ်ပြနေသလို၊ ဖေးချန့်ကလည်း မျက်ဝန်းတွေ ဝေဝါးနေတယ်။
ဖုန်းချန်ပေါင်ရဲ့ အလှည့်ကို ရောက်တဲ့အခါ၊ သူက အံကို ကြိတ်ပြီး အတိုကို ရွေးလိုက်တယ်။
ဖေးချန့်ရဲ့အလှည့်ကို ရောက်တဲ့အခါမှာတော့ သူက အရှည်ကိုပဲ ပေးလိုက်တော့တယ်။
ဌာန ခြောက်ခုက ဝန်ကြီးတွေ၊ အမတ်ချုပ်ကြီး ရှစ်ယောက်၊ ဒါ့အပြင် ဆက်သွယ်ရေးဌာန ခေါင်းဆောင်၊ တရားရုံးချုပ် အကြီးအကဲနဲ့ စောင့်ကြည့်စစ်ဆေးရေးဌာနက အရာရှိကြီးတွေ ပါဝင်ကြတယ်။ အချို့က ရာထူး နှစ်ခုကို ပူးတွဲ တာဝန်ယူထားလို့၊ စုစုပေါင်း အဆင့်မြင့် အရာရှိကြီး ၁၃ ယောက် ရှိရာ၊ အဲဒီထဲက ၁၀ ယောက်က အရှည်ကို ရွေးခဲ့ကြတယ်။ ဒီလိုမျိုး တစ်ဖက်သတ် ဖြစ်သွားတဲ့ အခြေအနေက အမှန်တကယ်ပဲ အံ့အားသင့်စရာ ကောင်းလှတယ်။
ဒီလို တစ်ဖက်သတ် ဖြစ်သွားတာက အတိုဘက်မှာပဲ ဖြစ်သင့်တယ်။ အကြောင်းက အရင်က အဲဒီအတိုင်းပဲ ဖြစ်ခဲ့လို့ပါ၊ အရှည်ဆိုတာ ကုန်သွယ်ရေးရုံးတွေကို နေရာအနှံ့ တည်ထောင်ဖို့ သဘောတူတာ ဖြစ်တယ်။
ဝူအမတ်ချုပ်ကြီး တစ်ယောက် ရူးသွားပြီလား။
ဝူအမတ်ချုပ်ကြီးရဲ့ ရုတ်တရက် သဘောထား ပြောင်းလဲမှုကို ဘယ်သူမှ သတိမပြုမိဘဲ မနေပါဘူး။
သူ့ရဲ့ သဘောထား ပြောင်းလဲမှုကြောင့်ပဲ ဝူအုပ်စုက လူအချို့ကလည်း လိုက်ပြီး သဘောထား ပြောင်းလဲခဲ့ကြတာ ဖြစ်တယ်။
ခန်းမဆောင်ထဲမှာ သိပ်ကို တိတ်ဆိတ်နေပေမဲ့၊ အမှန်တော့ လူတိုင်းရဲ့ စိတ်ထဲမှာတော့ လှုပ်ရှားမှုတွေ ပြင်းထန်နေတော့တယ်။ ဝူအမတ်ချုပ်ကြီး ဘာကြောင့် ဒီလို လုပ်ရလဲဆိုတာကို လူနည်းနည်းပဲ နားလည်ကြတယ်။
၁၀ မဲ နဲ့ ၃ မဲ ဖြစ်လို့၊ ကျားချန်ဧကရာဇ်ရဲ့ မဲနှစ်မဲကိုတောင် မသုံးရဘဲ လမ်းကြောင်းဖွင့်ပေးချင်သူတွေဘက်က အနိုင်ရသွားခဲ့တယ်။
ကျားချန်ဧကရာဇ်က သိပ်ကို ဝမ်းမြောက်သွားပြီး၊ ခန်းမဆောင်ထဲမှာတင် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးတွေ တည်ထောင်ရေး ကိစ္စတွေကို စတင် ဆွေးနွေးတော့တယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဆွေးနွေးဆွေးနွေး၊ ပထမဆုံး လုပ်ရမယ့် ကိစ္စတစ်ခု ရှိတယ်။ အဲဒါက ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့ပဲ။
အကယ်၍ ဖူကျန်းနဲ့ ကွမ်တုန်း တို့မှာလည်း ကုန်သွယ်ရေးရုံးတွေ တည်ထောင်မယ်ဆိုရင်၊ အဲဒီအချိန်မှာ နိုင်ငံပေါင်းစုံက ကုန်သည်တွေ ရောက်လာကြတော့မှာ ဖြစ်တာကြောင့်၊ ကမ်းရိုးတန်း တစ်လျှောက်မှာ ပင်လယ်ဓားပြတွေ ရှိနေတာက တာ့ချန်းပြည်ရဲ့ သိက္ခာကို ညှိုးနွမ်းစေရာ ကျလိမ့်မယ်။
ကျားချန်ဧကရာဇ်က အမိန့်တော် ထုတ်လိုက်တာက ကျဲ့ကျန်းရေတပ်က စစ်သည်အချို့ကို ထုတ်ပြီး ဖူကျန်းနဲ့ ကွမ်တုန်း ရေတပ်တွေကို ကူညီကာ ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့ပါပဲ။ လုပ်ငန်းတွေ အဆင်ပြေစေဖို့အတွက် 'အရှေ့တောင်ပင်လယ်(တုန်းဟိုင်) ရေတပ်စစ်ကဲ' ရာထူးကို အသစ် တိုးလိုက်ပြီး၊ တျန့်ဟိုင် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ရွှီထင်းရှန်းကို ပူးတွဲ တာဝန် ပေးလိုက်တော့တယ်။
ဆွေးနွေးပွဲ ပြီးတဲ့အခါ၊ ဖုန်းချန်ပေါင်က လမ်းခုလတ်မှာပဲ ဝူအမတ်ချုပ်ကြီးကို တားလိုက်တယ်။
221 04
"ကျွန်တော့်ကို ပြောပြစမ်းပါဦး၊ ဒါတွေက ဘာဖြစ်တာလဲ"
ဝူအမတ်ချုပ်ကြီးက မျက်နှာကို မှောင်ပြီး သူ့ကို တစ်ချက် ကြည့်လိုက်တယ်။ ဖုန်းချန်ပေါင်က ဝူအမတ်ချုပ်ကြီးရဲ့ အကြည့်အတိုင်း လှည့်ကြည့်လိုက်တော့ သူတို့ရဲ့ နောက်က လျှောက်လာတဲ့ ဝန်ကြီးချုပ်စွီနဲ့ ထန်လျှန့် တို့ကို မြင်လိုက်ရတယ်။ သူက ချက်ချင်းပဲ စကားကို ရပ်လိုက်ပြီး ခြေလှမ်းကျဲကျဲနဲ့ ရှေ့ကို လျှောက်သွားရာ၊ ဝူအမတ်ချုပ်ကြီးကလည်း သူနဲ့အတူ လိုက်သွားခဲ့ပြီး၊ ဖေးချန့်ကတော့ သူတို့ရဲ့ နောက်က ကပ်လိုက်လာတယ်။
အတွင်းဝန်ရုံးက အလုပ်ခန်းကို ရောက်တဲ့အခါ တခြားသူ နားမထောင်နိုင်အောင် အပြင်ဘက်မှာ လူတွေကို စောင့်ကြည့်ခိုင်းပြီးမှ ဖုန်းချန်ပေါင်က ခုနက မေးခွန်းကိုပဲ ထပ်မေးလိုက်ပြန်တယ်။
"ဘာဖြစ်တာလဲ ဆိုတာကတော့ ဒီအတိုင်းပါပဲ၊ ငါ သဘောထား ပြောင်းလဲလိုက်တာ"
ဝူအမတ်ချုပ်ကြီးက စားပွဲရှေ့မှာ ထိုင်လိုက်ပြီး၊ လက်ဖက်ရည်အိုးထဲက လက်ဖက်ရည်ကို ငှဲ့ပြီး သောက်လိုက်ပြီး ပါးစပ်ထဲ ရောက်မှပဲ အဲဒါက အေးစက်နေတဲ့ လက်ဖက်ရည်ကြမ်း ဖြစ်နေတာကို သိလိုက်တယ်။
သူ့ရဲ့ ပုံမှန် စရိုက်အရဆိုရင် အစောကတည်းက လက်ဖက်ရည် လဲခိုင်းရမှာ ဖြစ်ပေမဲ့၊ အခုတစ်ခေါက်မှာတော့ သူက ဘာမှမဖြစ်သလို ဆက်သောက်နေပြီး၊ အရင်အတိုင်းပဲ တည်ငြိမ်နေတယ်။
"သဘောထား ပြောင်းလဲလိုက်တာ ဟုတ်လား မင်းက သဘောထား ပြောင်းလိုက်တော့ ငါတို့မှာ မင်းနောက်က လိုက်ရမလို၊ မလိုက်ရမလိုနဲ့ အနေခက်ကုန်ပြီ မဟုတ်လား"
အမှန်တော့ ဝူအမတ်ချုပ်ကြီးက ဖုန်းချန်ပေါင် ဘာကြောင့် ဒီမေးခွန်းကိုပဲ ဆက်တိုက် မေးနေရလဲဆိုတာကို နားလည်ပါတယ်။ တစ်ခုက မိမိရဲ့ ဒေါသကို ပြတာ ဖြစ်သလို၊ နောက်တစ်ခုကတော့ ခုနက သူ အတိုချောင်းကို မဲပေးခဲ့တဲ့ ကိစ္စကို ဖုံးကွယ်ဖို့ ကြိုးစားတာပါပဲ။
ဖုန်းချန်ပေါင်က အမြဲတမ်း ဝူအမတ်ချုပ်ကြီးရဲ့ စကားကိုပဲ နားထောင်ခဲ့သူ ဖြစ်တာကြောင့် ဖေးချန့်တောင်မှ အရှည်ချောင်းကို မဲပေးခဲ့ချိန်မှာ ကန့်ကွက်မဲ သုံးမဲထဲမှာ ဖုန်းချန်ပေါင်ရဲ့ မဲတစ်မဲ ပါနေခဲ့တယ်။
မဲပေးပွဲ တစ်ခုကပဲ လူပေါင်းများစွာရဲ့ သဘောထားကို ဖော်ပြနေတာမို့၊ အခုတစ်လော ဖုန်းချန်ပေါင်က နည်းနည်း မရိုးသားသလို ဖြစ်နေတယ် မဟုတ်လား။
ဝူအမတ်ချုပ်ကြီးက ဖုန်းချန်ပေါင်ကို တစ်ချက် ကြည့်ပြီး အမူအရာ မရှိဘဲ ဆိုလိုက်တယ်။ "မင်းမှာ တစ်စုံတစ်ရာအတွက် သဘောထား ပြောင်းလဲတတ်သလိုမျိုး၊ ငါလည်း အတူတူပါပဲ"
"ငါက ဘယ်တုန်းက သဘောထား ပြောင်းလို့လဲ။ ဝူအမတ်ချုပ်ကြီးက ငါ့ကို မင်းနောက်က မလိုက်လို့ ကြိမ်းမောင်းနေတာလား" ဖုန်းချန်ပေါင်က အစပိုင်းမှာ မဲ့ပြုံး ပြုံးလိုက်ပေမဲ့ မကြာမီမှာပဲ စိတ်မကောင်းတဲ့ မျက်နှာနဲ့ ဆိုတယ်။ "မင်းက ကြိုပြီး စကားတစ်ခွန်းမှ မပြောခဲ့ဘူးလေ၊ မင်းရဲ့ဆိုလိုရင်းကို ငါ ဘယ်လို သိမှာလဲ၊ အမြဲတမ်းလည်း ဒီလိုပဲ ဖြစ်နေတာဆိုတော့ ငါလည်း အစစအရာရာ သတိထားရမှာပေါ့..."
"တော်ပါပြီ" ဝူအမတ်ချုပ်ကြီးက သူ့စကားကို ဖြတ်ပြောလိုက်တယ်။ "ဒီကိစ္စကို ငါ မင်းကို ကြိုမပြောခဲ့မိတာ ငါ့အမှားပါ၊ ဒါပေမဲ့ အခုတလော ဧကရာဇ်မင်းမြတ်ရဲ့ အရှိန်အဝါက ဘယ်သူမှ တားလို့ မရနိုင်တဲ့ အနေအထား ဖြစ်နေသလို၊ ငါလည်း ထပ်ပြီး ပြဿနာ မရှာချင်တော့လို့ပါ။ ဒီကိစ္စကို ငါတို့တွေက အကြိမ်ကြိမ် တားခဲ့ကြပေမဲ့၊ တျန့်ဟိုင် ကုန်သွယ်ရေးရုံးရဲ့ သာဓက ရှိနေသလို၊ ဆက်ပြီး တားနေရင်လည်း ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲရုံပဲ ရှိလိမ့်မယ်။ ဧကရာဇ်နဲ့ ထိပ်တိုက်တွေ့ပြီး သူ့ကို ဒေါသထွက်အောင် လုပ်မယ့်အစား၊ အခြေအနေနဲ့အညီ လိုက်ပါဆောင်ရွက်တာက ပိုကောင်းပါတယ်။ တကယ်တော့ ပြန်စဉ်းစားကြည့်ရင်၊ ကုန်သွယ်ရေးရုံးတွေ တည်ထောင်တာကလည်း အကျိုးမရှိတာ မဟုတ်ပါဘူး၊ ငါတို့ရဲ့ အတွေးတွေကို အရင်က နေရာမှာပဲ ရပ်တန့်မထားသင့်တော့ဘူး"
221 05
"အမတ်ချုပ်ကြီးရဲ့ ဆိုလိုရင်းက"
"အမှန်တော့ ငါတို့တွေ တွေဝေနေခဲ့ကြတာပါ၊ အခြေအနေကို လိုက်ပါ ဆောင်ရွက်တာကသာ အမှန်တရားပါပဲ၊ နေရာအနှံ့မှာ ကုန်သွယ်ရေးရုံးတွေ ဖွင့်လိုက်ရင်၊ ငါတို့ လုပ်ဆောင်နိုင်မယ့် အခွင့်အရေးတွေ အများကြီး ပေါ်လာလိမ့်မယ်။ အကယ်၍ စနစ်တကျ စီစဉ်နိုင်ရင်တော့ အရင်ကနဲ့ ဘာမှ ခြားနားမှာ မဟုတ်ပါဘူး၊ ဘယ်လောက်ပဲ ဆိုးဆိုး အခု အခြေအနေထက်တော့ ပိုပြီး မဆိုးနိုင်ပါဘူး"
ဒီနေရာမှာ ဆိုးရွားတယ်လို့ ဆိုတာက အခုအခါ ကမ်းရိုးတန်း တစ်လျှောက်မှာ ပြည်တွင်းပြည်ပ အကျပ်အတည်းတွေနဲ့ ကြုံနေရတဲ့ အခြေအနေကို ပြောတာ ဖြစ်တယ်။ အရှေ့ဘက် ပင်လယ်မှာ ကျဲ့ကျန်းရေတပ်က ပိတ်ဆို့ထားသလို၊ တောင်ဘက် ပင်လယ်မှာလည်း အဲဒီပင်လယ်ဓားပြတွေက ပြဿနာ ရှာနေကြတာကြောင့်၊ နှစ်ဆန်းပိုင်းကစပြီး အောက်ခြေမှာ ဘယ်သူကများ စီးပွားရေး အဆင်ပြေခဲ့ပါသလဲ၊ မြို့တော်ကို စာတွေ အဆက်မပြတ် ပို့နေကြပေမဲ့ ဘယ်သူမှ မဖြေရှင်းနိုင်ခဲ့ကြဘူး။
"ဒါပေမဲ့ အဲဒီ ရွှီထင်းရှန်း ကိုတော့ မမေ့နဲ့ဦး"
သေချာပေါက် မမေ့နိုင်ပါဘူး၊ ဧကရာဇ်မင်းမြတ်က ရုတ်တရက်ကြီး 'အရှေ့တောင်ပင်လယ် ရေတပ်ကြီးကြပ်ရေးမှူး' ဆိုတဲ့ ရာထူးကို တိုးပေးလိုက်တယ်။ သူက ယာယီ တာဝန်ယူရမှာ ဖြစ်ပေမဲ့၊ အရင်က ကျဲ့ကျန်းရေတပ် ကြီးကြပ်ရေးမှူး တာဝန်ကို ယာယီ ယူတုန်းကတင် လူအများကြီးကို ဒုက္ခပေးခဲ့တယ် မဟုတ်လား။ ဒီနေ့အထိ သူက ယာယီပဲ ဖြစ်နေပေမဲ့ အာဏာကတော့ အရင်ကထက် ပိုပြီး ကြီးမားလာခဲ့ပြီ ဖြစ်တယ်။
"သူက စာပေအရာရှိ တစ်ယောက်ပဲ ရှိပါသေးတယ်။ ရှောက်ခိုင် နဲ့ ကျိုးပိုင်ခွေ တို့ ရှိနေသေးတာကို မင်း မမေ့ပါနဲ့"
ရှောက်ခိုင်က မင်-ကျဲ့ နယ်စားမင်း ဖြစ်သလို၊ ကျိုးပိုင်ခွေကတော့ ကွမ်တုန်းရေတပ်ရဲ့ တပ်မှူးချုပ် ဖြစ်တယ်။
"ဘာပဲဖြစ်ဖြစ်၊ အခုတော့ ဒီအတိုင်းပဲ လုပ်ရတော့မှာပေါ့။ ကဲပါ၊ ငါ မင်းနဲ့ ထပ်မပြောတော့ဘူး၊ ငါ အောက်က လူတွေကို သွားပြီး ဖျောင်းဖျရဦးမယ်" ပြောရင်း ဖုန်းချန်ပေါင်က အလျင်အမြန်ပဲ ထွက်သွားတော့တယ်။
သူ ထွက်သွားပြီးနောက်မှ ဝူအမတ်ချုပ်ကြီးရဲ့ မျက်နှာက မှောင်မိုက်သွားတော့တယ်။ "အခုတစ်လော သူက ရန်ချောင်ဝါနဲ့ အမြဲတမ်း မျက်စိချင်း အချက်ပြနေတာ မဟုတ်လား"
ပြောရင်း သူက အေးစက်စွာ တစ်ချက် ရယ်လိုက်ပြီ မျက်ဝန်းထဲမှာ အတွေးအများကြီး ဝေ့ဝဲနေတော့တယ်။
ဖေးချန့်က စကားမပြောဘဲ၊ သူကလည်း လက်ဖက်ရည် တစ်ခွက်ကို ငှဲ့ပြီး သောက်လိုက်ပြီးနောက် ဝူအမတ်ချုပ်ကြီးကို တစ်ချက် ကြည့်လိုက်တော့တယ်။
မြို့တော်ထဲမှာ ဘယ်လောက်ပဲ ဆူညံနေပါစေ၊ တျန့်ဟိုင်မြို့နဲ့တော့ ဘာမှသက်ဆိုင်မှု မရှိသလိုပဲ ဖြစ်နေတယ်။
ရွှီထင်းရှန်းကို အရှေ့တောင်ပင်လယ် ရေတပ်ကြီးကြပ်ရေးမှူးအဖြစ် ယာယီ ခန့်တဲ့ အမိန့်တော်က ရောက်လာခဲ့ပြီ ဖြစ်တာကြောင့် သူက ယာယီပဲ တာဝန်ယူရဦးမှာ ဖြစ်ပေမဲ့၊ အရာရှိဝတ်ရုံနဲ့ ကျောက်စိမ်းခါးပတ် တို့ကိုတော့ ဆုတော် ချီးမြှင့်တာ ခံခဲ့ရတယ်။
သိထားရမှာက ဧကရာဇ်မင်းမြတ် ချီးမြှင့်တဲ့ အရာရှိဝတ်ရုံဆိုတာ မရိုးရှင်းပါဘူး၊ အဲဒါက အစိုးရ အရာရှိတွေရဲ့ ပုံမှန် ဝတ်စုံစနစ်ထဲမှာ မပါဘဲ၊ ဧကရာဇ်က အထူး ဆုချီးမြှင့်တဲ့ ဝတ်စုံပဲ ဖြစ်ပြီး၊ ကြီးမားတဲ့ ကောင်းမှုကုသိုလ် လုပ်နိုင်သူတွေပဲ ရကြတာပါ။ ရနိုင်သူတွေက ဝန်ကြီးချုပ်တွေလို အဆင့်မြင့် အရာရှိကြီးတွေပဲ ဖြစ်တာကြောင့် အဲဒါက အမြင့်မြတ်ဆုံး ဂုဏ်သိက္ခာ ဖြစ်လို့၊ အရာရှိတိုင်းက အရာရှိဝတ်ရုံကို လိုချင်ကြတာပါပဲ။
ဒီအရာရှိဝတ်ရုံမှာ တခြား ဆိုလိုရင်း တစ်ခုလည်း ရှိနေပါသေးတယ်။ ကျားချန်ဧကရာဇ်က ရွှီထင်းရှန်းကို "မင်းကို ရာထူးတိုးမပေးသေးပေမဲ့၊ မင်းရဲ့ ကောင်းမှုတွေကိုတော့ ငါကိုယ်တော်က အမြဲ မှတ်ထားပါတယ်" လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာပါပဲ။
221 06
ကျားချန်ဧကရာဇ်ရဲ့ ဆိုလိုရင်းကို ထားလိုက်ပါဦး၊ အနည်းဆုံးတော့ ဒီအရာရှိဝတ်ရုံက ရွှီထင်းရှန်းရဲ့ အရာရှိဝတ်စုံ အနေခက်နေတဲ့ အခြေအနေကို ယာယီ ဖြေရှင်းပေးနိုင်ခဲ့တယ်။
ပြောရရင် သူက ကြီးကြပ်ရေးမှူး တစ်ယောက် ဖြစ်ပါလျက်နဲ့ အဆင့်ငါးရှိတဲ့ အရာရှိဝတ်စုံကိုပဲ ဝတ်နေရလို့၊ အပြင်ထွက်တဲ့အခါ တခြားသူတွေထက် နိမ့်ကျနေသလို ခံစားရစေတယ်။ အခုတော့ ဒီအရာရှိဝတ်ရုံ ရှိနေပြီ ဖြစ်တာကြောင့်၊ အဆင့်တစ် အရာရှိကြီးတွေနဲ့ တွေ့ရင်တောင် အရိုအသေ ပေးဖို့ မလိုတော့ဘူး။
အချိန်က မစောင့်တော့တာကြောင့် ရွှီထင်းရှန်းက ကျောက်အာကို ကယ်ချင်တဲ့ စိတ်စောနေလို့ အရာရာကို ကြိုစီစဉ်ထားခဲ့ပြီး ဖြစ်တယ်။ အမိန့်တော် ရတဲ့နေ့မှာတင် သူက ကျဲ့ကျန်းရေတပ်ရဲ့ စစ်သင်္ဘော ထက်ဝက်လောက်ကို ခေါ်ပြီး ခန့်ခန့်ထည်ထည်နဲ့ တောင်ဘက်ပင်လယ်ကို ဦးတည် ထွက်လာခဲ့တော့တယ်။
အခုဆို ကျဲ့ကျန်းရေတပ်က အရင်ကနဲ့ မတူတော့ဘူး၊ အစိုးရရဲ့ အစွမ်းကုန် ထောက်ပံ့မှုနဲ့ ရွှီထင်းရှန်းရဲ့ အလေးထားမှုကြောင့်၊ စစ်သင်္ဘောကြီးတွေက အစင်း ၆၀ ကျော်အထိ တိုးလာခဲ့ပြီ ဖြစ်တယ်။ တခြား သင်္ဘောငယ်တွေကိုတော့ ထည့်မပြောတော့ပါဘူး။
ကုန်တာ့ထုံကလည်း လွန်ခဲ့တဲ့ တစ်နှစ်အတွင်း စစ်သည်တွေကို အဆက်မပြတ် လေ့ကျင့်ပေးခဲ့တယ်။ ရေတပ်သားတွေကိုတင် မကဘဲ တျန့်ဟိုင်တပ်ဖွဲ့နဲ့ ကော်ကျွီတပ်ဖွဲ့တွေက စစ်သည်တွေကိုလည်း လေ့ကျင့်ပေးခဲ့တယ်။ ဒါကြောင့် ကျဲ့ကျန်းရေတပ်က စာရင်းအရ စစ်သည် ငါးထောင်ပဲ ရှိပေမဲ့၊ အမှန်တကယ် သုံးနိုင်တဲ့ စစ်အင်အားက တစ်သောင်းနီးပါး ရှိနေတယ်။
သေချာပေါက်ပဲ ဒီအထဲမှာ ရွှီထင်းရှန်းရဲ့ ကောင်းမှုလည်း ပါတာပေါ့၊ တခြားသူတွေက ရာထူးအမည်ကို သုံးပြီး ငွေတွေကို ကိုယ်ကျိုးရှာပေမဲ့၊ သူကတော့ စစ်အင်အားကိုပဲ တိုးခဲ့တာပါ။ အစိုးရက ပေးတဲ့ လူအင်အား မလုံလောက်လို့ သူက မိမိဘာသာ စစ်သားတွေ စုဆောင်းခဲ့တာကြောင့် နောက်ထပ် စစ်သည် နှစ်ထောင်လောက်က ရေတပ်ထဲမှာ ရှိနေသလို ထင်ရပေမဲ့ အမှန်တော့ အဲဒါတွေက သူ့ရဲ့ ကိုယ်ပိုင်တပ်ဖွဲ့တွေပါပဲ။
အရာအားလုံး အဆင်သင့် ဖြစ်နေပြီမို့၊ အခု စတင် လှုပ်ရှားဖို့ပဲ ကျန်တော့တယ်။
ရွှီထင်းရှန်းက ဒီတစ်ခေါက်မှာ ရေတပ်သင်္ဘော ထက်ဝက်လောက်ကို ခေါ်လာခဲ့တာကြောင့် လမ်းမှာ သင်္ဘောတွေက ကောင်းကင်ကို ဖုံးလွှမ်းနေပြီး သိပ်ကို ခန့်ညားလှတယ်။
လမ်းမှာ ဘယ်ပင်လယ်ဓားပြနဲ့မှ မတွေ့ခဲ့ရဘူး။ ဘယ်လောက်ပဲ သတ္တိရှိရှိ ဒီလိုမျိုး အရှိန်အဝါကို မြင်ရင် အစောကတည်းက ထွက်ပြေးသွားကြမှာ အသေအချာပါပဲ။ လမ်းခုလတ်မှာ စစ်သင်္ဘောတစ်စုက ဒီစစ်ကြောင်းကြီးထဲကို တိတ်တဆိတ် ပူးပေါင်းဝင်လာခဲ့တဲ့အပြင် လူနည်းနည်းပဲ သိတာကြောင့် ဘာဆူညံမှုမှ မဖြစ်ခဲ့ဘူး။
စစ်သင်္ဘောအုပ်စုကြီးက ကျူးကျန်းမြစ်ဝမှာရှိတဲ့ လင်းတင်းယန်(ပင်လယ်အော်) ပြင်ပကို ရောက်ပြီး ရပ်လိုက်တော့ ရေတပ်စခန်းမှာ ကြိုစောင့်နေပြီး တစ်ဖက်လူကို ပညာပေးဖို့ ကြံနေတဲ့ ကျိုးပိုင်ခွေကို သိပ်ကို အံ့အားသင့်သွားစေတော့တယ်။
ရွှီထင်းရှန်းက အရှေ့တောင်ပင်လယ် ရေတပ်ကြီးကြပ်ရေးမှူး ဖြစ်လို့၊ ကွမ်တုန်းရေတပ်ကလည်း သူ့လက်အောက်မှာ ရှိနေတာမို့၊ ထုံးစံအရ ကျိုးပိုင်ခွေက ရွှီထင်းရှန်းကို လာတွေ့ရမှာ ဖြစ်တယ်။ ဒါပေမဲ့ ပုံမှန်ဆိုရင် ကြီးကြပ်ရေးမှူး ရာထူးစလက်ခံရင် စခန်းကို အရင် သွားရမြဲ ဖြစ်ပေမဲ့၊ အခုလို စကားတစ်ခွန်းမှ မပြောဘဲ စစ်သင်္ဘောအုပ်စုကြီးကို တိုက်ရိုက် ခေါ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။
သတင်းရပြီးနောက် ကျိုးပိုင်ခွေရဲ့ မျက်နှာက မကောင်းပေမဲ့၊ သူက အမြန်ပဲ လူတွေကို ခေါ်ပြီး ရွှီထင်းရှန်းကို လာတွေ့ခဲ့ရတော့တယ်။
သင်္ဘောက သတ်မှတ်ထားတဲ့ နေရာကို ရောက်တဲ့အခါ၊ အဝေးကနေတင် ကောင်းကင်ကို ဖုံးထားတဲ့ ရွက်တိုင်တွေကို မြင်လိုက်ရတယ်။
ကျိုးပိုင်ခွေတို့ အုပ်စုကလည်း လောကကြီးမှာ အတွေ့အကြုံ များသူတွေ ဖြစ်ပေမဲ့၊ ဒီလိုမျိုး မြင်ကွင်းကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ကြဘူး။ လူကို မမြင်ရသေးခင်မှာတင် စိတ်ဓာတ်က သုံးပုံတစ်ပုံလောက် ကျသွားခဲ့ရတာ၊ ဒါဟာ အမှန်တကယ်ပဲ ပထမဆုံး အတွေ့အကြုံပါပဲ။
221 07
သင်္ဘောတွေ ပိုနီးလာတဲ့ အခါမှာတော့ အဲဒီလူတွေက ပိုပြီးတော့ မျက်စိလည်သွားကြရတယ်။
တွေ့ရသမျှ စစ်သင်္ဘောတိုင်းက၊ ဘယ်အစင်းကိုမဆို ထုတ်ကြည့်လိုက်ရင် ကွမ်တုန်းရေတပ်ရဲ့ သင်္ဘောတွေထက် ပိုပြီးမြင့်မားခန့်ညားလှတယ်။ တျန့်ဟိုင်က ကြွယ်ဝပြီး ကျဲ့ကျန်းရေတပ်မှာလည်း လက်နက်ကိရိယာ အပြည့်ရှိတယ်လို့ ပြောနေကြတာကို၊ အခု ကိုယ်တိုင် မြင်လိုက်ရပြီ ဖြစ်တယ်။
သင်္ဘောနဲ့အတူ ပါလာတဲ့ ကွမ်တုန်းရေတပ် တပ်မှူးတွေကလည်း အားကျစိတ်တွေကို မထိန်းနိုင်အောင် ဖြစ်နေကြရတယ်။
အရင်က အစိုးရက ကုန်သွယ်ရေးရုံးတွေ ဖွင့်တော့မယ်လို့ ပြောတုန်းက၊ အောက်ခြေလူအများကြီးက မလိုလားဘဲ ရှိနေခဲ့ကြတယ်။ အခု ဒီအခြေအနေကို မြင်လိုက်ရမှပဲ၊ ကုန်သွယ်ရေးရုံး ဖွင့်တာကလည်း အကျိုးမရှိတာ မဟုတ်ကြောင်း၊ ဟို ကျဲ့ကျန်းရေတပ်ကို ကြည့်ပါဦး၊ ဘယ်လောက်တောင် ခန့်ညားလိုက်သလဲလို့ တွေးမိကြတော့တယ်။
သေချာတာပေါ့ ခန့်ညားတာပေါ့။
အကယ်၍ ကွမ်တုန်းရေတပ်သာ အသုံးကျခဲ့ရင် ကျဲ့ကျန်းရေတပ်က လူတွေ ဒီနေရာကို လာစရာ လိုပါ့မလား။
ဒါကြောင့်ပဲ စိတ်ဓာတ်က နောက်ထပ် နှစ်ပုံလောက် ထပ်ကျသွားခဲ့ရပြန်တယ်။
ဒီဘက်က သင်္ဘော ချဉ်းကပ်လာတာ မြင်တော့ စစ်သင်္ဘောအုပ်စုကြီးထဲက သင်္ဘောတစ်စင်း ခွဲထွက်လာပြီး အနားကို လာခဲ့တယ်။ ညှိနှိုင်းတာတွေ လုပ်ပြီးနောက်မှာတော့ ကျဲ့ကျန်းရေတပ် သင်္ဘောက ရှေ့က လမ်းပြပေးပြီး ကွမ်တုန်းရေတပ် သင်္ဘောက နောက်က လိုက်ပါကာ၊ ရွှီထင်းရှန်း ရှိရာကို ဦးတည် ထွက်ခဲ့ကြတယ်။
စစ်သင်္ဘောအုပ်စုကြီးက အလယ်ကနေ တဖြည်းဖြည်း လမ်းဖယ်ပေးလိုက်ကြတာကြောင့် သူတို့ သွားလာဖို့ ရေလမ်းကြောင်းတစ်ခု ပေါ်လာခဲ့တယ်။
လမ်းဘေးတစ်ဖက်တစ်ချက်က စစ်သင်္ဘောကြီးတွေက သိပ်မြင့်တာကြောင့်၊ မိမိတို့ရဲ့သင်္ဘောက မြို့ထဲကို စရောက်လာတဲ့ တောသားတစ်ယောက်လို ဖြစ်နေတော့တယ်။ အဲဒီအမည်းရောင် အမြောက်ပေါက်တွေက စီတန်းနေပြီး ကြည့်ရုံနဲ့တင် လူကို ကြောက်စိတ်ဝင်စေတော့တယ်။
အဲဒီအချိန်မှာပဲ ခရုသင်းမှုတ်သံတစ်ခု ထွက်လာခဲ့တယ်။
အဲဒါက တစ်ခုတည်း မဟုတ်ဘဲ၊ အသံအများကြီးက စုပေါင်းပြီး ကောင်းကင်ကို ထိုးတက်သွားသလို ရှိနေပြီး၊ ဒီပင်လယ်ပြင် တစ်ခုလုံးကို ဟိန်းထွက်သွားစေတော့တယ်။
"ဝူး... ဝူး..."
အသံတွေက တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်နေပြီး၊ သိပ်ကို ကျယ်လောင်လှတယ်။
ကွမ်တုန်းရေတပ် သင်္ဘောပေါ်မှာ၊ ကျိုးပိုင်ခွေက ဒီလို ရုတ်တရက် ထွက်လာတဲ့ ကျယ်လောင်လှတဲ့ အသံကြောင့် ထိတ်လန့်သွားပြီး လဲကျလုနီးပါး ဖြစ်သွားတာကြောင့် ဘေးနားက ကျဲ့ကျန်းရေတပ်က တပ်မှူးငယ်ထန်က သူ့ကို ဖမ်းထိန်းပေးလိုက်ပြီး ရယ်မောပြီး ဆိုလိုက်တယ်။ "ဒီကောင်တွေကတော့ တကယ်ကို စည်းကမ်းမရှိဘူး။ ကျဲ့ကျန်းရေတပ်နဲ့ ကွမ်တုန်းရေတပ်ဆိုတာ မိသားစုတွေပဲ၊ ပထမဆုံးအကြိမ် တွေ့တာဆိုတော့ မင်းတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ ပြောထားတာကို အခုလိုတွေ လုပ်နေကြတယ်"
ဒါက ကြိုဆိုတာလား။
ဒါက သတိပေးတာကြီး မဟုတ်ဘူးလား။
အဲဒီအချိန် ရောက်တဲ့အခါ ကွမ်တုန်းရေတပ်ရဲ့ စိတ်ဓာတ်က အောက်ဆုံးအဆင့်ကို ရောက်သွားခဲ့ပြီဖြစ်လို့ ပြန်နိုးထဖို့တောင် မဖြစ်နိုင်တော့ဘူး။
221 08
အဓိက သင်္ဘောကြီးရဲ့ အနားကို ရောက်တဲ့အခါ၊ အဝေးကနေတင် အရာရှိဝတ်ရုံကို ဝတ်ထားတဲ့ အဲဒီလူငယ်ကို မြင်လိုက်ရတယ်။ သူက သင်္ဘောဦးမှာ ရပ်ပြီး ပြုံးရွှင်တဲ့ မျက်နှာနဲ့ သူတို့ကို ကြည့်နေတာကြောင့် အဲဒီအခါ သူတို့ စိတ်ထဲမှာတော့ တစ်ဖက်လူကို အထင်သေးချင်တဲ့ စိတ်ကလေးတောင် မရှိတော့ဘဲ ဦးညွှတ်ပြီး အရိုအသေ ပေးချင်တဲ့ စိတ်တွေပဲ ပြည့်နေတော့တယ်။
******
222 01
အခန်း ၂၂၂
ဝူး...
ကျောက်အာက ခပ်သဲ့သဲ့ ခရုသင်းမှုတ်သံကို ကြားလိုက်ရသလို ခံစားရလို့ ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်ရာမှာ မိမိက ဟုန်ကျွန်းပေါ်မှာ ရှိနေဆဲဖြစ်ကြောင်း သိသွားတော့တယ်။
တျန့်ဟိုင်မှာ ရှိတုန်းက ဒီလိုမျိုး ခရုသင်းမှုတ်သံတွေက ရံဖန်ရံခါ ထွက်ပေါ်လေ့ရှိတာကြောင့် အခုရက်ပိုင်းအတွင်း သူမက အိမ်မက်မက်တဲ့အခါတိုင်း အဲဒီအသံကို အမြဲကြားမက်လေ့ရှိပြီး၊ နိုးလာတဲ့အခါမှသာ အိမ်မက်ဖြစ်မှန်း သိရတာ ဖြစ်တယ်။
"သခင်မကြီး၊ နိုးပြီလား"
လန်နူက အပြင်ဘက်ကနေ အပြေးအလွှား ဝင်လာပြီး ကျောက်အာကို ခုတင်ပေါ်ကနေ တွဲထူပေးလိုက်တယ်။
ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ကျောက်အာရဲ့ ခန္ဓာကိုယ်က အတော်လေးကို လေးလံနေခဲ့ပြီ ဖြစ်တာကြောင့် တစ်ကြိမ် အိပ်စက်ပြီးနောက် ပြန်ထဖို့ဆိုတာ အလွန်ပဲ ခက်ခဲလှတယ်။
ခြောက်လပိုင်းရဲ့ ရာသီဥတုက အတော်လေး ပူအိုက်သလို၊ ဟုန်ကျွန်းပေါ်မှာတော့ လူကို စိတ်မသက်မသာ ဖြစ်စေလောက်အောင် ပိုပြီး ပူပြင်းလှတယ်။ ကျောက်အာက အခုတစ်ခေါက် ကိုယ်ဝန်ဆောင်ရတာ အတော်လေး ခက်ခဲလှပြီး၊ အရင် ဟုန်အာကို ကိုယ်ဝန်ဆောင်တုန်းကလို ပေါ့ပါးမှု မရှိဘူး။
အထူးသဖြင့် ငါးလကျော်သွားတဲ့ အချိန်ကစပြီး ခြေထောက်တွေက ဖောရောင်လာတာကြောင့်၊ ဖိနပ်တွေတောင် စီးလို့ မရတော့ပါဘူး။
ကျောက်အာရဲ့နဖူးနဲ့လည်ပင်းတို့မှာ ချွေးတွေ စိုရွှဲနေတာကို မြင်တော့ လန်နူက အပြင်ကို သွားပြီး ရေနွေးခပ်လာကာ သူမကို သေချာ သုတ်ပေးလိုက်တယ်။ ရေပတ်တိုက်လိုက်တဲ့အခါမှသာ စိတ်ထဲမှာ နည်းနည်း သက်သာသွားပေမဲ့ ဒီနေ့မှာ လေမတိုက်လို့ အတော်လေးကို အိုက်စပ်လှပါတယ်။
"လက်သည်ကို ရှာထားပြီးပြီ ဖြစ်လို့ နင့်အနေနဲ့ ကလေးမွေးမယ့်ကိစ္စအတွက် စိတ်ပူစရာ မလိုပါဘူး" ခေါင်းဆောင်ကြီးက လက်ကို နောက်ပစ်ပြီး အပြင်ဘက်ကနေ လျှောက်ဝင်လာရင်း ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ် ဟုန်ကျဲ"
အဲဒီတစ်ခေါက် ခေါင်းဆောင်ကြီးက ကျောက်အာကို လာတွေ့ပြီးနောက်မှာတော့ ရက်နည်းနည်းခြားတိုင်း သူမကို အမြဲ လာကြည့်လေ့ ရှိတယ်။ သူတို့နှစ်ယောက် ဆွေးနွေးတဲ့ အကြောင်းအရာတွေက အရပ်ရပ်ကို ရောက်သွားပေမဲ့၊ တဖြည်းဖြည်းနဲ့တော့ ရင်းနှီးလာခဲ့ကြတယ်။
ခေါင်းဆောင်ကြီးက ကျောက်အာအပေါ်မှာ အတော်လေးကို ကောင်းမွန်လှတယ်။ အစပိုင်းမှာ ကျောက်အာက ရွှီထင်းရှန်းကြောင့် ခေါင်းဆောင်ကြီးအနေနဲ့ နန်းတော်နဲ့ ပြဿနာ မဖြစ်ချင်လို့လို့ ထင်ခဲ့ပေမဲ့၊ နောက်ပိုင်းမှာတော့ ဒီကောင်းမွန်မှုက သူမရဲ့ဝမ်းဗိုက်ကြောင့် ဖြစ်ကြောင်း သိလိုက်ရတယ်။
ဥယျာဉ်မှူးဖြစ်တဲ့ ခေါင်းဆောင်ကြီးက ကျောက်အာအတွက် အဝတ်အထည်တွေ ယူလာပေးကာ ကလေးအတွက် အဝတ်အစားတွေ ချုပ်ခိုင်းခဲ့သလို၊ လူလွှတ်ပြီး ကလေးပုခက်တွေကိုပါ လုပ်ခိုင်းခဲ့တယ်။ ဒီအရာတွေက အပိုဆောင်း လုပ်ဆောင်ချက်တွေသာ ဖြစ်ပေမဲ့၊ ခေါင်းဆောင်ကြီးကတော့ ဒီကိစ္စတွေအပေါ်မှာ အတော်လေး စိတ်အားထက်သန်နေခဲ့ပါတယ်။
နောင်မှာ ကျောက်အာ သိလိုက်ရတာက ခေါင်းဆောင်ကြီးနဲ့ ခေါင်းဆောင်ဟောင်းတို့က လက်ထပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမဲ့ ဒီနေ့အထိ သားသမီး မရှိခဲ့ကြတာပါပဲ။
ခေါင်းဆောင်ကြီးက ဒီနေရာမှာ ခဏထိုင်ပြီးနောက် ထွက်သွားတော့တယ်။
ထျန်းအဖွဲ့ကို ပြန်ရောက်တဲ့အခါ တင်းစစ်နဲ့ရိုကျောက်တို့က သူမကို စောင့်နေကြတယ်။
"အောက်ခြေလူတွေ သတင်းပို့တာကတော့ ကျဲ့ကျန်းရေတပ်ရဲ့ စစ်သင်္ဘောအုပ်စုက လင်းတင်းယန်ကို တိုက်ရိုက်ရောက်လာတယ်လို့ ဆိုပါတယ်။ ကျူးကျန်းမြစ်ဝထဲကိုတောင် မဝင်သေးဘဲ ရောက်လာတာဆိုတော့ ကျွန်တော် ခန့်မှန်းတာကတော့ သူတို့က ကျွန်တော်တို့ကို အလစ်အငိုက် ဖမ်းပြီး တိုက်တော့မှာပါ"
222 02
"ဘယ်လောက်ကြာရင် ဒီကို ရောက်နိုင်သလဲ"
"နောက်ထပ် ရက်နည်းနည်းအတွင်းမှာပဲ ရောက်လာနိုင်ပါတယ်"
ခေါင်းဆောင်ကြီးက မျက်မှောင်ကြုတ်ပြီး ခဏ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်တယ်။ "နက်ဖြန်ညမှာ ငါ့ရဲ့မွေးနေ့အကြောင်းပြချက်နဲ့ အရက်ပွဲ ပြင်လိုက်၊ အဖွဲ့ထဲက ညီအစ်ကိုတွေ အားလုံးကို လာပြီး အရက်သောက်ခိုင်းလိုက်"
ရိုကျောက်က မျက်နှာ ပျက်သွားပြီး "ဒီလောက်အထိ အလျင်စလို လုပ်တာက..."
"သူတို့တွေ အောက်ခြေမှာ ဆူညံနေတာ ကြာလှပြီ၊ အခု ငါ သူတို့ကို အခွင့်အရေး ပေးလိုက်မယ်။ သူတို့ ငါ့ကို ဝါးမြိုနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့"
တင်းစစ်က ဘာစကားမှ မပြောပေမဲ့၊ စိုးရိမ်ပူပန်တဲ့ မျက်ဝန်းတွေနဲ့ ခေါင်းဆောင်ကြီးကို တစ်ချက် ကြည့်လိုက်တော့တယ်။
အထက်က ခေါင်းဆောင်ကြီးရဲ့ မွေးနေ့ပွဲကို နက်ဖြန်ည ကျင်းပမယ်ဆိုတဲ့ သတင်းထွက်လာတဲ့အခါ ဟုန်ဘန်းအဖွဲ့သား အားလုံးက အံ့အားသင့်သွားကြတယ်။
နောက်ဆုံးအကြိမ် ခေါင်းဆောင်ကြီးရဲ့မွေးနေ့ပွဲ ကျင်းပခဲ့တာက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဖြစ်ပြီး အဲဒီတုန်းက ခေါင်းဆောင်ဟောင်း ကိုယ်တိုင် စီစဉ်ပေးခဲ့တာပါ။ ပြန်စဉ်းစားကြည့်တဲ့အခါ၊ ခေါင်းဆောင်ကြီးက အခုဆို အသက် ၃၀ ကျော်နေပြီဖြစ်လို့၊ အမျိုးသမီးတစ်ယောက်အတွက် တစ်နှစ်ကြီးလာရင် တစ်နှစ် အိုမင်းလာတာ ဖြစ်တာကြောင့်၊ ဒီလိုမျိုး လုပ်ချင်တာကလည်း နားလည်နိုင်တဲ့ ကိစ္စလို့ ယူဆကြတယ်။
ဘေးနားက ဒု-ခေါင်းဆောင်ကတော့ ဟိုဒီ အလုပ်များနေပေမဲ့၊ စိတ်ထဲမှာ တစ်စုံတစ်ခုကို ဖုံးကွယ်ထားတဲ့ပုံ ရှိပေမဲ့လည်း ထုတ်ဖော်ပြောတာမျိုး မရှိပါဘူး။
ပင်လယ်ဓားပြတွေရဲ့ အရက်ပွဲက သူဌေးကြီးတွေရဲ့ပွဲနဲ့ နှိုင်းလို့ မရပါဘူး၊ အသားနဲ့ အရက် ရှိနေရင်တင် ကောင်းတဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အရက်ကို အလုံအလောက် ပြင်ထားရင်တင် လုံလောက်လှပါပြီ။
မွန်းလွဲပိုင်း အချိန်မှာ၊ စခန်းထဲမှာ နေရာအနှံ့ အနီရောင် အလှဆင်ပစ္စည်းတွေကို ချိတ်ထားသလို၊ အနီရောင်ရင့်ရင့် မီးအိမ်တွေကိုလည်း အများကြီး ချိတ်ထားတာကြောင့် ပွဲလမ်းသဘင် ပုံစံ ပေါ်လာခဲ့တယ်။
နေရာတိုင်းမှာ လူသံတွေနဲ့ ဆူညံနေပြီး၊ ကျောက်အာဆီကိုလည်း ခေါင်းဆောင်ကြီးရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ကောင်းတဲ့ ဟင်းလျာအချို့ကို လာပို့ပေးခဲ့တယ်။ ကျောက်အာက ခေါင်းဆောင်ကြီးနဲ့ ရင်းနှီးလာခဲ့သူ ဖြစ်တဲ့အတိုင်း၊ လက်ဆောင်ပေးစရာ အထူးတလည် မရှိတာနဲ့၊ လန်နူနဲ့အတူ အသက်ရှည် ခေါက်ဆွဲတစ်ပန်းကန်ကို ကျိုချက်ပြီး ပေးပို့ခဲ့တယ်။
အဲဒီနောက် ညစာ စားပြီးတဲ့အခါ၊ သူမက အနားယူဖို့ ပြင်လိုက်တော့တယ်။
ဒီနေရာမှာ ညဘက်ရောက်ရင် မှောင်မည်းနေပြီး၊ ဖျော်ဖြေစရာလည်း မရှိတာကြောင့်၊ စောစောအိပ် စောစောထတာက ခန္ဓာကိုယ်အတွက် ပိုပြီး ကောင်းမွန်ပါတယ်။
လန်နူက ရေခပ်လာပြီး ကျောက်အာကို မျက်နှာသစ်ပေးကာ၊ ပါးလွှာတဲ့ အဝတ်အစားတွေကို လဲပေးပြီးနောက်၊ ကျောက်အာက ခုတင်ပေါ် တက်ပြီး လဲလျောင်းလိုက်တယ်။
ပြတင်းပေါက်ကို ဖွင့်ထားဆဲပါပဲ၊ ဒီလိုမျိုး ရာသီဥတုမှာ အကယ်၍ တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားပြီး အပူဒဏ်ကို ကာကွယ်မယ့် ရေခဲလည်း မရှိရင်၊ လူက အပူဒဏ်ကြောင့် သေသွားနိုင်ပါတယ်။ ပင်လယ်လေ ပြတင်းပေါက်ကနေ တိုက်လာမှသာ အနည်းငယ် အေးမြမှုကို ရစေတယ်။
တခြားတစ်ဖက်မှာတော့ ထျန်းအဖွဲ့ထဲမှာ အရက်ပွဲကြီးကို ခမ်းနားစွာ ကျင်းပနေတယ်။ ခန်းမဆောင်ထဲမှာတင်မကဘဲ အပြင်ဘက်က မြေကွက်လပ်မှာပါ စားပွဲတွေ ပြည့်နေတော့တယ်။
222 03
ခေါင်းဆောင်ကြီးက ခန်းမအလယ်က ဦးစီးစားပွဲမှာ ထိုင်နေပြီး ရံဖန်ရံခါ လူတွေက လာပြီး အရက်တိုက်ကြတာကြောင့် သူမကလည်း လုံးဝငြင်းတာမလုပ်ဘဲ တစ်ခွက်ပြီးတစ်ခု သောက်တယ်။ အဲဒီအတောအတွင်း တင်းစစ်က သူမရဲ့ကိုယ်စား အရက်တွေကို ဝင်ကူသောက်ပေးပေမဲ့ လူအချို့ရဲ့ နောက်ပြောင်တာကို ခံခဲ့ရတယ်။
အရက်သောက်ပြီးနောက် စကားမှားတာက ဓမ္မတာပဲ ဖြစ်လို့၊ ဒီလိုမျိုး အခြေအနေမှာ ဒေါသထွက်နေရင် သဘောထား သေးသိမ်ရာ ကျပါလိမ့်မယ်။
အောက်ခြေလူတွေက အထက်လူကြီးတွေကို အရက်တိုက်ကြရုံတင်မကဘဲ၊ အထက်က အဖွဲ့ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်တွေကလည်း အောက်ခြေလူတွေကို ပြန်ပြီး အရက်တိုက်ကြရတယ်။ ခေါင်းဆောင်ဖြစ်သူက လူထုရဲ့ယုံကြည်မှုကို မရရင် ဘယ်သူကများ အသက်နဲ့လဲပြီး အလုပ်အကျွေး ပြုပါ့မလဲ။
အဖွဲ့ခေါင်းဆောင်အနည်းငယ်ရဲ့ နေရာတွေကတော့ လစ်လပ်နေပေမဲ့၊ အပြင်ဘက်မှာတော့ ရယ်မောသံတွေနဲ့ အတော်လေး စည်ကားနေခဲ့ပါတယ်။
……
ကျောက်အာက အေးအေးဆေးဆေး အိပ်ပျော်တာ မရှိပါဘူး၊ သူမက ရွှီထင်းရှန်း မိမိကို လာရှာတယ်လို့ အိမ်မက်မက်နေမိတယ်။
ခွဲခွာခဲ့ရမှသာ မိမိက လူတစ်ယောက်ကို ဒီလောက်အထိ လွမ်းတတ်ကြောင်း သိလိုက်ရတယ်။ အရင်က အမြဲတမ်း ခွဲမရအောင် တွဲနေခဲ့ကြပြီး ခဏ ခွဲခွာရရင်တောင် အဲဒီလူက မိမိကို တစ်နေရာရာမှာ စောင့်နေမယ်ဆိုတာ သိထားတာကြောင့် စိတ်က အမြဲ အေးချမ်းခဲ့ရတယ်။
ဒါပေမဲ့ အခုတစ်ခေါက်မှာတော့ သူမရဲ့ စိတ်က ထိတ်လန့်နေရတယ်။ သူတို့နှစ်ယောက် နောက်ထပ် ပြန်ဆုံနိုင်ပါဦးမလား။ သူ သူမကို ရှာတွေ့နိုင်ပါ့မလား။ သူ့မှာ အန္တရာယ် တစ်စုံတစ်ရာ ရှိလာမလား စတာတွေနဲ့ အမြဲ တွေးနေမိတယ်။
သူမက အကယ်၍ အခုတစ်ခေါက် ပြန်သွားနိုင်မယ်ဆိုရင် နောင်မှာ နေရာအနှံ့ကို ဘယ်တော့မှ ထပ်မသွားတော့ဘူးလို့တောင် ဆုံးဖြတ်ထားမိတယ်။ ငွေအများကြီး ရှာနိုင်ရင်တောင် ဘာအကျိုးရှိပါ့မလဲ။ သူမရှိဘဲ ဟုန်အာ မရှိဘဲနဲ့တော့ သူမရဲ့ စိတ်ဝိညာဉ်က ဟာလာဟင်းလင်း ဖြစ်နေရတော့တယ်။
ဒီလိုနဲ့ တွေးနေရင်းနဲ့ပဲ သူမက မိမိဘာသာ ငိုပြီး နိုးလာခဲ့တယ်။
လန်နူက သူမကို အမြဲတမ်း သတ္တိရှိသူလို့ ပြောပေမဲ့ အမှန်တော့ သူမက အဲဒီလောက်အထိ သတ္တိမရှိပါဘူး။ သူမရဲ့ သတ္တိက သူ အမြဲတမ်း ရှိနေမယ်ဆိုတဲ့ ယုံကြည်ချက်အပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး သူမကို သူ ကောက်ယူ မွေးမြူခဲ့တဲ့ အချိန်ကစပြီး အဲဒီအချက်က မပြောင်းလဲခဲ့ပါဘူး။ အမှန်တော့ သူမကလည်း အလွန်ပဲ နုနယ်သူဖြစ်လို့၊ အိပ်ရာထဲမှာ တိတ်တဆိတ် ငိုတတ်ပေမဲ့ ဘယ်သူမှ မသိခဲ့ကြတာ ဖြစ်တယ်။
ကျောက်အာက မျက်နှာကို သုတ်လိုက်ပြီး ထပြီး ရေသောက်ဖို့ ပြင်လိုက်တယ်။
သူမက လန်နူကို မခေါ်ခဲ့ပါဘူး၊ လန်နူက အပြင်ဘက်က ခုတင်ငယ်လေးပေါ်မှာ အိပ်နေတာ ဖြစ်လို့၊ မိမိဘာသာ လုပ်နိုင်တဲ့ ကိစ္စတွေကို တခြားသူကို ဒုက္ခမပေးချင်တာကြောင့် ဖြစ်သလို အထူးသဖြင့် လန်နူတစ်ယောက်တည်းက သူမကို ပြုစုနေရတာမို့ နေ့တိုင်း အတော်လေး ပင်ပန်းနေမှာကို စာနာလို့ပါပဲ။
သူမက အားပြုပြီး ထလိုက်စဉ်မှာပဲ၊ ပြတင်းပေါက်ဘက်က အသံတစ်ခု ကြားလိုက်ရလို့ လှည့်ကြည့်လိုက်ရာ၊ အနက်ရောင် အရိပ်တစ်ခု ဝင်းထဲကို ခုန်ဝင်လာတာ မြင်လိုက်ရတယ်။
ကျောက်အာက မသိစိတ်နဲ့ ခေါင်းအုံးအောက်က သစ်သားစူးကို လှမ်းယူလိုက်တယ်။ အဲဒါက သူမက ထမင်းစားတူကို သုံးပြီး သေသေချာချာ သွေးထားတဲ့ အရာ ဖြစ်ပါတယ်။ ဒီလိုမျိုး နေရာမှာ မိမိကိုယ်ကိုယ် ကာကွယ်မယ့် အရာမရှိရင် စိတ်က အမြဲ ထိတ်လန့်နေရတာကြောင့် ဖြစ်တယ်။
သူမက လန်နူကို ခေါ်သင့်၊ မခေါ်သင့် စဉ်းစားနေတုန်းမှာပဲ၊ တစ်ဖက်လူရဲ့ အရှိန်က သိပ်ကို လျင်မြန်တာကြောင့် မျက်စိတစ်မှိတ်အတွင်းမှာတင် ခုတင်အနားကို ရောက်လာခဲ့တယ်။
222 04
ကျောက်အာက လက်ကို မြှောက်ပြီး ထိုးစိုက်လိုက်ပေမဲ့၊ တစ်ဖက်လူက အေးစက်စွာ ရယ်ပြီး သူမရဲ့လက်ကောက်ဝတ်ကို ဖမ်းချုပ်လိုက်တယ်။
"မင်းကတော့ တကယ့်ကို အမျိုးသမီးတစ်ယောက်နဲ့တောင် မတူဘူးနော်"
အဲဒါ မော့ကျား ပါပဲ။
ကျောက်အာက ဟုန်ကျွန်းပေါ်ကို ရောက်နေတဲ့ ဘဝတစ်ဝက်ကျော်အတွင်း၊ မော့ကျားက စုစုပေါင်း ခြောက်ကြိမ်လောက် ရောက်လာခဲ့ဖူးတယ်။
ရောက်လာတဲ့ အကြိမ်တိုင်းမှာလည်း အကြောင်းမဲ့ ဖြစ်နေတတ်သလို၊ ထူးဆန်းတဲ့ စကားတွေကိုလည်း ပြောတတ်တယ်။ ဒါပေမဲ့ ကျောက်အာက သူ့အပေါ်မှာ သိပ်ကို သတိထားခဲ့တယ်။ အဓိက အကြောင်းရင်းက နောက်ဆုံး နှစ်ကြိမ် မော့ကျား ရောက်လာတဲ့ အခါမှာ သူမရဲ့ဝမ်းဗိုက်ကို အလွန် ထူးဆန်းတဲ့ အကြည့်မျိုးနဲ့ အမြဲ ကြည့်နေတာကြောင့် ဖြစ်တယ်။
မိခင်တစ်ယောက်ရဲ့ထက်မြက်တဲ့ အာရုံခံစားမှုအရ၊ ကျောက်အာက သူ့ရဲ့ အကြည့်တွေက မရိုးသားဘူးလို့ ခံစားရတာကြောင့်၊ မော့ကျား ထွက်သွားပြီးနောက် ဒီကိစ္စကို ခေါင်းဆောင်ကြီးကို ပြောပြခဲ့တယ်။
အမှန်တော့ ကျောက်အာက အပြင်ဘက်က အခြေအနေတွေကို သိနိုင်ဖို့အတွက် ပြင်ပလူတွေနဲ့ ပိုပြီးထိတွေ့ချင်ခဲ့တာပါ၊ ဒါမှ သတင်းအချို့ကို စုံစမ်းနိုင်မှာ မဟုတ်လား။
နှမြောစရာကောင်းတာက၊ ဒီမော့ကျား ဆိုတဲ့သူကတော့ သတင်းစုံစမ်းဖို့အတွက် လွယ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။
အဲဒီအချိန်ကစပြီး မော့ကျားက ထပ်ပြီးရောက်မလာတော့ဘူး၊ အဲဒီတုန်းက ကျောက်အာမှာ ကိုယ်ဝန် ခြောက်လလောက် ရှိနေပြီ ဖြစ်တယ်။
"ရှင် ဘာလုပ်ချင်တာလဲ ညဉ့်နက်သန်းခေါင်မှာ အမျိုးသမီးတစ်ယောက်ရဲ့ အခန်းထဲကို ပြတင်းပေါက်ကနေ ခုန်ဝင်လာရတယ်လို့ ဒါဆိုရင် ရှင့်လို ခေါင်းဆောင်ကြီးမှာ သူတစ်ပါး မသိတဲ့ ထူးဆန်းတဲ့ ဝါသနာတွေ ရှိနေတာလား"
ဒီလိုမျိုး ပြောတာကလည်း မော့ကျားက အရင် ရောက်လာတဲ့ အကြိမ်တွေမှာ ကျောက်အာရဲ ဝမ်းဗိုက် ကြီးလာတာကို မြင်တိုင်း၊ သူမက ပိုပြီး ပိုပြီး ရုပ်ဆိုးလာတယ်လို့ အမြဲလှောင်လေ့ရှိတာကြောင့် ဖြစ်တယ်။ ကျောက်အာမှာ ဒေါသထွက်ရပေမဲ့ နောက်ပိုင်းမှာ လန်နူရဲ့ ပြောပြချက်အရ၊ ဒီမော့ကျားက ဟုန်ဘန်းအဖွဲ့ထဲမှာ နာမည်ကြီးတဲ့ မိန်းမရှုပ်တစ်ယောက် ဖြစ်ကြောင်း၊ သူကိုယ်တိုင်မှာ ကိုယ်လုပ်တော် အများကြီး ရှိသလို၊ ဟွားကျန့်ထဲမှာလည်း ချစ်သူတွေ ရှိနေကြောင်း သိလိုက်ရတယ်။
ဟုန်ဘန်းအဖွဲ့က အင်အားကိုပဲ အလေးထားတာ ဖြစ်တာကြောင့်၊ မော့ကျားက ရွှမ်အဖွဲ့ရဲ့ခေါင်းဆောင် ဖြစ်တဲ့အတိုင်း၊ အမျိုးသမီးတွေကို သိမ်းပိုက်ဖို့ အင်အား ရှိပါတယ်။ ဟုန်ချန်ရင်းကတော့ ဖခင်ရဲ့အရှိန်အဝါကို သုံးပြီး အလကားစားနေသူ ဖြစ်တာကြောင့် မော့ကျားနဲ့ ဘယ်လိုမှ နှိုင်းလို့ မရပါဘူး။
အဲဒီနောက်မှာတော့ မော့ကျား ထပ်ရောက်လာတဲ့အခါ၊ သူက ကောင်းကောင်း ပြောရင် ထားပါဦး၊ အကယ်၍ မကောင်းတဲ့ စကားတွေ ပြောလာရင်၊ ကျောက်အာက ဒီစကားတွေနဲ့ သူ့ကို ပြန်ပြီး လှောင်လေ့ရှိတယ်။
"မင်းလို တစ်ကိုယ်လုံး ဖောရောင်နေပြီး ဝက်တစ်ကောင်လို ဖြစ်နေတဲ့သူကို၊ ငါ့မှာ ဘယ်လို ဝါသနာပဲ ရှိရှိ၊ မင်းအပေါ်မှာတော့ စိတ်မရှိပါဘူး။ ငါ့နောက်ကို လိုက်ခဲ့၊ ငါ မင်းကို ဒီနေရာကနေ ခေါ်ထုတ်သွားမယ်"
ဝက်တစ်ကောင်လို ဝတယ်လို့ အပြောခံရလို့ ဒေါသထွက်ခဲ့သမျှက၊ နောက်ဆုံး စကားတစ်ခွန်းကြောင့် ပြေပျောက်သွားခဲ့ရပြီး၊ ကျောက်အာက သူ့ကို သံသယတွေနဲ့ စိုက်ကြည့်ကာ မေးလိုက်တယ်။ "ရှင် အမှန်တကယ် ဘာလုပ်ချင်တာလဲ"
"ငါ ဘာလုပ်နိုင်မှာလဲ၊ ငါက မင်းရဲ့ အသက်ကို ကယ်နေတာလေ"
ကျောက်အာက သူ့လက်ကို ခါထုတ်လိုက်ပြီး ဆိုတယ်။ "ကျွန်မရဲ့ အသက်ကို ရှင် ကယ်စရာ မလိုပါဘူး၊ ကျွန်မ ဒီမှာ အဆင်ပြေပါတယ်"
222 05
မော့ကျားက မတ်တတ်ရပ်လိုက်တာကြောင့် မှောင်နေတဲ့ အခြေအနေကြားမှာ သူ့ရဲ့အပြာရင့်ရင့် မျက်ဝန်းတွေက လက်ခနဲ ဖြစ်သွားပြီး ပြုံးကာ ဆိုတယ်။ "ဘာလဲ မင်းက ခေါင်းဆောင်ကြီးက မင်းကို ဆက်ပြီး ကာကွယ်ပေးနိုင်မယ် ထင်နေတာလား သူကိုယ်တိုင်တောင် အခု အသက်ရှင်ဖို့ ခက်နေပြီလေ"
"ရှင့်ရဲ့ ဆိုလိုရင်းက"
သူက ခပ်ဖွဖွ ရယ်လိုက်ပြီးနောက်၊ သူမကို ဖုံးကွယ်တာမလုပ်ဘဲ ရှင်းပြတယ်။ "အောက်ကလူတွေက သူ့အပေါ်မှာ မကျေနပ်ကြတာ ကြာပြီ၊ အားလုံးက သူ့ကို ကျော်ပြီး ခေါင်းဆောင်နေရာကို ယူချင်နေကြတာ။ ပင်လယ်ဓားပြဆိုတာ ပင်လယ်ဓားပြပုံစံ ရှိရမယ်၊ စည်းကမ်းတွေ အများကြီးနဲ့ လူတိုင်းကို ပိတ်လှောင်ထားတာကို ဘယ်သူကများ လိုလားမှာလဲ"
"ခေါင်းဆောင်ကြီးက လူကောင်းတစ်ယောက်ပါ"
"ပင်လယ်ဓားပြ လုပ်နေပြီဆိုမှတော့ လူကောင်း လူဆိုး ခွဲခြားနေစရာ မလိုပါဘူး။ အားလုံးက လူဆိုးတွေချည်းပါပဲ"
"ဒါဆို ရှင့်ရဲ့ ဆိုလိုရင်းက ဒီနေ့ ကျင်းပတဲ့ မွေးနေ့ပွဲမှာ အစီအစဉ်တစ်ခု ရှိနေတယ်ပေါ့. တစ်စုံတစ်ယောက်က ခေါင်းဆောင်ကြီးကို ပုန်ကန်တော့မှာလား"
မော့ကျားက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဆိုတယ်။ "မင်းက တုံးမနေတာပဲ တော်သေးတာပေါ့။ ကဲပါ၊ အခုတော့ ငါ့နောက်ကို လိုက်ခဲ့သင့်ပြီ မဟုတ်လား"
"ကျွန်မ ရှင့်နောက်ကို မလိုက်ပါဘူး"
မော့ကျားက ဒေါသကြောင့် ရယ်လိုက်ပြီး မိမိက အချိန်အတော်ကြာအောင် စကားပြောခဲ့သမျှက အလဟဿ ဖြစ်သွားရလေခြင်းလို့ တွေးလိုက်တယ်။
"မင်း အခု ငါ့နောက်ကို မလိုက်ရင်၊ ခေါင်းဆောင်ကြီး အသတ်ခံရပြီးတာနဲ့ သူတို့တွေက မင်းကိုပါ သတ်ကြလိမ့်မယ်။ အဲဒီတုန်းက မင်း ဖမ်းလာခံရကတည်းက သေသင့်တာပါ၊ ငါသာ ကြားကနေ ဝင်မပါခဲ့ရင်..."
ကျောက်အာရဲ့ မျက်ဝန်းတွေက ဝေဝါးသွားခဲ့တယ်။ သူမ ဒီနေရာကို ရောက်နေတာ ကြာပြီဖြစ်လို့ အစောကတည်းက သူမရဲ့အသက်ကို ချန်ပေးခဲ့တာက ခေါင်းဆောင်ကြီးအပြင် မော့ကျားကြောင့်လည်း ပါတာကို သူမ သိထားတယ်။
"ဘာပဲဖြစ်ဖြစ်၊ ကျွန်မ ရှင့်နောက်ကို မလိုက်ပါဘူး၊ ရှင် အမြန် သွားပါတော့ ကျွန်မကြောင့် ဒုက္ခ မရောက်ပါစေနဲ့"
သူမရဲ့စကားမဆုံးခင်မှာပဲ ကျောက်အာက လည်ပင်းမှာ နာကျင်မှုကို ခံစားလိုက်ရပြီး သတိလစ်သွားတော့တယ်။
မော့ကျားက သူမကို အလိုက်သင့် ပွေ့ချီလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်။ "မင်းနဲ့ စကားပြောနေမိတာကိုက မှားတာပဲ"
အပြင်ဘက်ခန်းမှာတော့ လန်နူက ပါးစပ်ကို အုပ်ပြီး ငိုနေပြီး သူမရဲ့ ဘေးနားမှာ ဓားကြီးတစ်လက်ကို ကိုင်ထားတဲ့ လူတစ်ယောက် ရပ်နေတယ်။
မော့ကျားက လူတစ်ယောက်ကို ပွေ့ပြီး ထွက်လာတာ မြင်တော့ ဟေးကျစ်(လူနာမည်)က တိုးတိုးလေး ခေါ်လိုက်တယ်။ "ခေါင်းဆောင်"
"သွားကြစို့"
မော့ကျားက ကျောက်အာကို သူ့ရဲ့လက်အောက်ငယ်သားတွေဆီ လွှဲပေးလိုက်ပြီးနောက် ရှေ့ဘက်က အရက်ပွဲကို ပြန်ရောက်လာခဲ့တယ်။
သူက လက်ထဲက အရက်ခွက်ကိုကိုင်ပြီး မိမိရဲ့နေရာမှာ ပြန်ထိုင်လိုက်ခိုက် ခေါင်းဆောင်ကြီးက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။
ဘေးနားက ရိုကျောက်က မေးလိုက်တယ်။ "မော့ခေါင်းဆောင် ဘယ်ကို သွားနေတာလဲ။ ကြည့်ရတာ အရက်မူးနေပုံလည်း မရဘူး"
222 06
လူချီက အရက်မူးနေတဲ့ပုံနဲ့ ဟားတိုက် ရယ်လိုက်ပြီး ရိုကျောက်ကို နောက်ပြောင်လိုက်တယ်။ "သေချာတာပေါ့၊ သူက အပေါ့အပါး သွားတာ ဖြစ်မှာပေါ့၊ ငါတို့ မော့ခေါင်းဆောင်က အရက် ဘယ်လောက်သောက်သောက် မမူးတတ်တာကို ဘယ်သူက မသိဘဲ နေပါ့မလဲ"
မော့ကျားက ပြုံးလိုက်ပေမဲ့ ဘာစကားမှ ပြန်မပြောပါဘူး။
အရက်ပွဲက တစ်ဝက်လောက် ကျော်သွားတဲ့အခါ၊ လူအများကြီးက မူးနေကြပြီ ဖြစ်တာကြောင့်၊ အချို့က အုပ်စုဖွဲ့ပြီး လောင်းကစားဖို့ ထွက်သွားကြသလို၊ အချို့ကတော့ ဟွားကျန့်ဆီကို အတူတူ သွားကြတော့တယ်။
အပြင်ဘက် စားပွဲတွေက လူတွေက တဖြည်းဖြည်း နည်းလာတာကြောင့် ဒါကို မြင်တော့ ခေါင်းဆောင်ကြီးက ထရပ်လိုက်ပြီး ဆိုလိုက်တယ်။ "မင်းတို့ ဆက်သောက်ကြဦး"
ဒါက သူမအနေနဲ့ ပွဲက ထွက်တော့မယ်လို့ ဆိုလိုတာ ဖြစ်တယ်။
တင်းစစ်က သူမရဲ့ ဘေးနားကို လိုက်သွားခဲ့တယ်။
အောက်က လူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မညီမညာနဲ့ ခေါင်းဆောင်ကြီးကို ပြန်ပို့ပေးလိုက်ကြတယ်။ ခေါင်းဆောင်ကြီးတို့ ထွက်သွားတာနဲ့၊ လူချီတို့အုပ်စုက အချင်းချင်း မျက်ရိပ်ပြလိုက်ကြတော့တယ်။
……
ညက တဖြည်းဖြည်း နက်လာခဲ့တယ်။ ပင်လယ်လေနဲ့ လရောင်တို့က အဖော်ပြုနေပြီး အလွန်ပဲ တိတ်ဆိတ်ငြိမ်သက်လှပါတယ်။
အဲဒီအချိန်မှာပဲ သတ်ဖြတ်မှုတွေ စတော့တယ်။
ဘယ်သူမှ သတိမထားမိလိုက်ကြဘဲ လူအများကြီးက ဆေးခတ်ထားတဲ့ အရက်တွေကြောင့် မေ့သွားကြသလို၊ မမေ့သူ အချို့ကလည်း ဓားစာခံ ဖြစ်သွားကြရတယ်။ အချို့ကတော့ အခြေအနေကို မယှဉ်နိုင်မှန်း သိတာနဲ့၊ မိမိတို့ရဲ့လက်နက်တွေကို စွန့်ပြီး မြေပြင်ပေါ်မှာ ဒူးထောက်ကာ အသက်ချမ်းသာခွင့် တောင်းကြတော့တယ်။
စခန်းထဲက အမှောင်ခန်းဆောင်တွေမှာ လူတွေနဲ့ပြည့်နေပေမဲ့၊ ခေါင်းဆောင်ကြီးကတော့ ဘယ်နေရာကို ရောက်သွားလဲဆိုတာ မသိရပါဘူး။
တစ်ချိန်တည်းမှာပဲ ပျောက်နေသူထဲမှာ ကျောက်အာလည်း ပါပါတယ်။
"အဲဒီ မိန်းမယုတ်ကို လွတ်အောင် ပြေးခိုင်းလိုက်ရတယ်လား ပြောကြစမ်း၊ ဘယ်သူက သူ့ကို သတင်းပေးလိုက်တာလဲ"
ကျူးယိအဖွဲ့ထဲမှာ လူချီက ခန်းမအလယ်မှာ ရပ်ပြီး ဒေါသတကြီး ဆဲနေပြီး၊ ပတ်ဝန်းကျင်မှာ လူအများကြီး ရပ်နေကြတယ်။
သူ့ရဲ့အကြည့်က အဓိကအနေနဲ့ မော့ကျား၊ချန်ဟိုင်နဲ့ချွန်ဟဲတာ့ကျန်း တို့အပေါ်မှာပဲ ရှိနေတယ်။ ဒီလူတွေက သူနဲ့ပူးပေါင်းသူတွေသာ ဖြစ်လို့ အစစ်အမှန် ယုံကြည်ရသူတွေ မဟုတ်ကြပါဘူး။
"လူခေါင်းဆောင်ရဲ့ စကားအရဆိုရင်၊ ကျွန်တော်တို့ကို သံသယရှိနေတာလား" ယွီခေါင်းဆောင် ချန်ဟိုင်က လှောင်ပြုံးနဲ့ မေးလိုက်တယ်။
သူကလည်း ဟုန်ဘန်းအဖွဲ့ရဲ့ လူဟောင်းတစ်ယောက်ဖြစ်ပြီး အရင် ခေါင်းဆောင်ကြီးနဲ့အတူ အရပ်ရပ်မှာ တိုက်ပွဲဝင်ခဲ့လို့ ဟုန်ဘန်းရဲ့ အရှိန်အဝါကို တည်ဆောက်နိုင်ခဲ့သူ ဖြစ်တာကြောင့် အဖွဲ့ထဲမှာ ဩဇာကြီးသူ ဖြစ်တယ်။ သူက ခေါင်းဆောင်ကြီးကို ပုန်ကန်လိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြပါဘူး။
သိထားရမှာက အစောပိုင်းက ခေါင်းဆောင်ကြီး ရာထူးရတုန်းက၊ သူရဲ့ကူညီမှုတွေ အများကြီး ပါခဲ့တာပါ။ ဒါပေမဲ့ စကားပုံတစ်ခု ရှိသလိုပဲ၊ အချိန်ကြာလာတာနဲ့အမျှ လူတွေရဲ့ စိတ်နှလုံးက ပြောင်းလဲသွားတတ်ပါတယ်။
ချွန်ဟဲတာ့ကျန်း ကတော့ အေးစက်စွာ ရယ်ပြီး မေးလိုက်တယ်။ "ငါတို့ကိုလည်း စုန့်ချီးနဲ့ ကျန်းဟဲမင်တို့လိုပဲ ဖမ်းထားချင်လို့လား"
222 07
စုန့်ချီးနဲ့ကျန်းဟဲမင်တို့က ဟွမ်အဖွဲ့နဲ့ ကျိုးအဖွဲ့တို့ရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြပြီး သူတို့နှစ်ယောက်လုံးက လျှို့ဝှက်တိုက်ခိုက်တာကို ခံလိုက်ရလို့၊ သိုင်းပညာ ကောင်းပေမဲ့ အသုံးမချနိုင်ဘဲ ဖြစ်နေကြတယ်။ အခု သူတို့က အမှောင်ခန်းထဲမှာ အကျဉ်းကျနေကြရပြီး၊ သူတို့ရဲ့လက်အောက်ငယ်သား အချို့ကလည်း အတူတူ အကျဉ်းကျနေသလို၊ အချို့ကတော့ ပုန်ကန်သူတွေဘက်ကို ဝင်သွားကြပြီ ဖြစ်တယ်။
မော့ကျားက ဘာစကားမှ မပြောပေမဲ့ သူ့ရဲ့အကြည့်ကလည်း အဲဒီအဓိပ္ပာယ်ပါပဲ။
"လူချီ မင်းကို ငါ ပြောလိုက်မယ်။ ငါတို့ ခေါင်းဆောင်ကြီးကို ပုန်ကန်တာက သူက အမျိုးသမီးတစ်ယောက် ဖြစ်နေလို့ပဲ၊ ဒါပေမဲ့ မင်းကိုတော့ ခေါင်းဆောင်ကြီးအဖြစ် ငါတို့ အသိအမှတ် မပြုသေးဘူး။ ဒီခေါင်းဆောင်နေရာမှာ ဘယ်သူ ထိုင်မလဲဆိုတာကတော့ အောက်က ညီအစ်ကိုတွေရဲ့ သဘောထားပေါ်မှာပဲ မူတည်တယ်"
ချန်ဟိုင်က ဒီစကားကို ပြောပြီးတာနဲ့ လူတွေကို ခေါ်ပြီး ထွက်သွားတော့တယ်။ သူ ထွက်သွားတာနဲ့ မော့ကျားတို့ အုပ်စုကလည်း အသီးသီး ထွက်သွားကြတာကြောင့် လူချီနဲ့ ရွှီကုရုံ၊ ဒါ့အပြင် တိအဖွဲ့နဲ့ ဟုန်အဖွဲ့က လူတွေပဲ ကျန်တော့တယ်။
ခေါင်းဆောင်ကြီးကို ပုန်ကန်ပြီးတာနဲ့ ဒီလူတွေကလည်း အချင်းချင်း ပြန်တိုက်နေကြတော့တယ်။
အမှန်တော့ ပြန်စဉ်းစားကြည့်ရင် ဒီလူတွေ ပူးပေါင်းခဲ့ကြတာက ခေါင်းဆောင်နေရာအတွက်ပါပဲ။ ဒါပေမဲ့ ခေါင်းဆောင်နေရာက တစ်ခုတည်းသာ ရှိတာကြောင့် ဘယ်သူ ထိုင်ရမလဲဆိုတာက အကြီးဆုံး ပြဿနာ ဖြစ်လာတာပါပဲ။
"သူတို့တွေက ခင်ဗျားကို အသိအမှတ် မပြုကြဘူးပေါ့" ရွှီကုရုံက ဘေးနားက ဆိုတယ်။
လူချီက တံတွေးတစ်ချက် ထွေးလိုက်ပြီး ကြိမ်းမောင်းလိုက်တော့တယ်။ "အသိအမှတ် ပြုတာ၊ မပြုတာက သူတို့ ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး၊ ဘယ်သူ့ဓားက ပိုထက်သလဲ၊ အဲဒီလူပဲ ဆုံးဖြတ်ရမှာ"
"သခင်ကြီး ရှေ့တည့်တည့်မှာ မြင်နေရတာ ဟုန်ကျွန်းပါပဲ။"
ရွှီထင်းရှန်းက ကုန်တာ့ထုံရဲ့ လက်ထဲက မှန်ပြောင်းကို လှမ်းယူလိုက်ပြီး၊ ရှေ့ကို လှမ်းကြည့်လိုက်တယ်။
"ဒီနေရာက တိုက်ဖို့ အလွန်ခက်တဲ့ နေရာပါ၊ သုံးဖက်စလုံးမှာ ကျောက်ဆောင်တွေ ဝိုင်းနေပြီး၊ ဆိပ်ကမ်း တစ်ခုတည်းသာ ရှိပါတယ်။ အဲဒါကလည်း ရှားလှတဲ့ ရေနက်ဆိပ်ကမ်း တစ်ခုပါပဲ။ ဒီ ဟုန်ဘန်းအဖွဲ့က ပင်လယ်ဓားပြတွေလို့ ထင်ရပေမဲ့၊ တကယ်တမ်းမှာတော့ စည်းကမ်း အလွန်တင်းကျပ်သလို၊ ကျွန်းပေါ်မှာလည်း ကိုယ်ပိုင် သင်္ဘောကျင်း ရှိနေကြပါတယ်။ ကျွန်တော်တို့ ဟိုင်နန်တပ်ဖွဲ့က ဒီနေရာကို အကြိမ်ကြိမ် တိုက်ဖို့ကြိုးစားခဲ့ဖူးပေမဲ့ စစ်အင်အား မလုံလောက်လို့သာ ဒီအတိုင်း ကြည့်နေခဲ့ရတာပါ"
ရှင်းပြနေတဲ့သူက ဟိုင်နန်တပ်ဖွဲ့က တပ်မှူးငယ်တစ်ယောက် ဖြစ်ပြီး၊ နာမည်က ဝမ်တာ့ဟုန် လို့ ခေါ်ပါတယ်။
"ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သခင်ကြီးက စစ်သင်္ဘောအုပ်စုကြီးကို ခေါ်လာတာဆိုတော့ တစ်ဖက်လူက သေချာပေါက် ရုန်းကန်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးကတော့ အရာရှိမင်းကြီးအတွက် အောင်ပွဲရဖို့နဲ့၊ ကျွန်တော်တို့ တာ့ချန်းပြည်ရဲ့သိက္ခာကို မြှင့်တင်နိုင်ဖို့အတွက် ကြိုတင် ဆုတောင်းပေးပါတယ်"
ဒီဝမ်တာ့ဟုန်ကလည်း မြှောက်ပင့်ရာမှာ အတော်ကျွမ်းကျင်တာကြောင့် သူ့ရဲ့စကားတွေက နားထောင်ရတာ သာယာပေမဲ့ စကားများလွန်းလှပါတယ်။ ရွှီထင်းရှန်းရဲ့ မျက်နှာမှာ မကျေနပ်တဲ့ အရိပ်အယောင် ပေါ်လာတာ မြင်တော့ တပ်မှူးငယ်ထန်က လက်ရိပ်ပြပြီး ဝမ်တာ့ဟုန်ကို ခေါ်ထုတ်သွားလိုက်တယ်။
"ရောက်ဖို့အတွက် အချိန် ဘယ်လောက် လိုသေးလဲ"
"ပင်လယ်မိုင် ၅၀ ပင် မပြည့်တော့ပါဘူး"
222 08
ပင်လယ်မိုင် ၅၀ ဆိုတာက နာရီဝက်လောက် ခရီးနှင်ရုံနဲ့ ရောက်နိုင်တာမို့၊ ဆိုလိုတာက နောက်ထပ် နာရီဝက်ကြာရင် သူက ကျောက်အာနဲ့ ပြန်ဆုံနိုင်တော့မှာ ဖြစ်တယ်။
ရွှီထင်းရှန်းရဲ့စိတ်ထဲမှာတော့ စိတ်လှုပ်ရှားတာတွေက မထိန်းနိုင်လောက်အောင် ပြင်းထန်နေတော့တယ်။
******