← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

223 01

အခန်း ၂၂၃

ရွှီထင်းရှန်းက အဲဒီအချိန်မှာ ဟုန်ကျွန်းပေါ်မှာ ဖရိုဖရဲ ဖြစ်နေပြီ ဆိုတာကို လုံးဝ မသိခဲ့ဘူး။

လူချီက နည်းဟောင်းကိုပဲ ပြန်သုံးဖို့ ကြံစည်ခဲ့ပြီး စခန်းရဲ့မီးဖိုချောင်ထဲမှာ ဆေးခတ်ဖို့ ကြိုးစားခဲ့ပေမဲ့ တခြားသူတွေ ရိပ်မိသွားတာကြောင့် နောက်ဆုံးမှာတော့ အပြန်အလှန် သတ်ကြတဲ့ အဆင့်ကို ရောက်သွားတော့တယ်။

ပထမဆုံး တိအဖွဲ့က လူတွေနဲ့ ယွီအဖွဲ့က လူတွေ တိုက်ကြရာမှာ၊ လမ်းခုလတ်မှာ ရွှီကုရုံက သူ့ရဲ့ လက်အောက်ငယ်သားတွေကို ခေါ်ပြီး ဝင်နှောက်ခဲ့သလို ချွန်ဟဲတာ့ကျန်းကလည်း လူတွေကို ခေါ်ပြီး စစ်ပွဲထဲကို ဝင်လာခဲ့တယ်။

နောက်ဆုံး ရောက်တဲ့အခါမှာတော့ ဘယ်သူက ကိုယ့်ဘက်တော်သား၊ ဘယ်သူက ရန်သူ ဆိုတာတောင် ခွဲလို့ မရတော့ဘဲ၊ တွေ့သမျှလူကို သတ်ကြလို့ လူတိုင်းရဲ့ မျက်ဝန်းတွေက သွေးဆာပြီး နီနေကြတော့တယ်။

ရွှီကုရုံက ဓားကို ကိုင်ပြီး အပြေးအလွှား ရောက်လာကာ အသက်ရှူသံ ခပ်ပြင်းပြင်းနဲ့ ဆိုတယ်။ "လူခေါင်းဆောင် အခြေအနေက အတော်လေး မကောင်းဘူး၊ ငါ ခုနက ကြည့်လိုက်တာ ရွှမ်အဖွဲ့က လူတွေကို တစ်ယောက်မှ မတွေ့ရဘူး"

လူချီက မျက်နှာကို မှောင်ပြီး ပြန်ပြောလိုက်တယ်။ "မော့ဆိုတဲ့ လူကတော့ တခြားသူတွေ တိုက်တာကို ဘေးကနေ ထိုင်ကြည့်ရတာ ဝါသနာပါဆုံးပဲ၊ အခုတော့ ဒါတွေကို ဂရုစိုက်မနေနိုင်တော့ဘူး။ ဒီလူတွေကို အရင် သတ်ဖို့ပဲ လိုတယ်"

ပြောပြီးတာနဲ့ လူချီက ရှေ့ဆုံးကနေ သံကြိုးတပ် ဆူးလုံး တစ်စုံကို ကိုင်ပြီး လူအုပ်ထဲကို တိုးဝင် သတ်တော့တယ်။

အဲဒီ သံကြိုးတပ် ဆူးလုံး တစ်စုံက သူ့လက်ထဲမှာ အထက်အောက် ဝဲပျံနေပြီး၊ အံ့မခန်းတဲ့ သိုင်းကွက်တွေနဲ့ ရောက်တဲ့ နေရာတိုင်းမှာ ရန်သူတွေကို အပြတ်အသတ် ချေမှုန်းနေတော့တယ်။ အမှန်တော့ လူချီက တိအဖွဲ့ရဲ့ခေါင်းဆောင်ရာထူးကို မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်တာက၊ အလကားရခဲ့တာ မဟုတ်ဘဲ စစ်မှန်တဲ့ သိုင်းပညာ အစွမ်းကြောင့်ပါပဲ။

စခန်းရဲ့ အနောက်မြောက်ဘက် အနီးမှာ မြင့်တဲ့ ကုန်းမြင့်တစ်ခု ရှိပြီး၊ အဲဒီမှာ ရွှမ်အဖွဲ့က လူဦးရေ ထက်ဝက်လောက် ရှိနေကြတယ်။

ဟေးကျစ်က စစ်သည်တစ်သုတ်ကို ခေါ်ပြီးအမြန် ပြေးတက်လာခဲ့တယ်။

"ခေါင်းဆောင် လူချီ၊ ရွှီကုရုံ နဲ့ ချွန်ဟဲ တို့ ပူးပေါင်းပြီး ချန်ဟိုင်ကို သတ်လိုက်ပါပြီ၊ အခုတော့ လူချီ၊ ရွှီကုရုံတို့နဲ့ ချွန်ဟဲတို့ ပြန်တိုက်နေကြပါတယ်။ ကျွန်တော် ထွက်လာတုန်းကတော့ ချွန်ဟဲက ရှုံးတော့မယ့် အခြေအနေ ရှိနေပါပြီ၊ ကျွန်တော်တို့ရော"

အနက်ရောင် ဝတ်စုံ ဝတ်ထားတဲ့ မော့ကျားက ခေါင်းယမ်းလိုက်ပြီး ညင်သာစွာ ဆိုလိုက်တယ်။ "ခဏ ထပ်စောင့်ဦး"

ဟေးကျစ်က ခေါင်းညိတ်လိုက်ပြီး သတင်းတွေကို ဆက်စုံစမ်းဖို့ လူတွေကို ခေါ်ပြီး အဲဒီကုန်းမြင့်ပေါ်ကနေ ပြန်ဆင်းသွားတော့တယ်။

……

223 02

"လူချီ မင်းလို ကတိမတည်တဲ့ကောင်၊ အစက ချန်ဟိုင်ကို အတူတူ သတ်ပြီးရင် ငါတို့ နှစ်ယောက် ခေါင်းဆောင်နေရာကို အတူတူ ယူမယ်လို့ ပြောခဲ့တာလေ၊ အခုတော့ မင်းက ငါ့ကို ကျောပေးတုန်းမှာ တိုက်တယ်လို့"

ချွန်ဟဲတာ့ကျန်းရဲ့ မျက်နှာတစ်ခုလုံးမှာ သွေးတွေ ပေနေပြီး၊ လက်ထဲက ဓားရှည်ကို အသက်နဲ့လဲပြီး ဝှေ့ယမ်းနေတယ်။ သူ့ပုံစံက ပုံမှန် မြင်ရတဲ့ ဘုန်းတော်ကြီးပုံစံ မဟုတ်တော့ဘဲ၊ သတ်ဖြတ်မှုတွေနဲ့ ပြည့်နေတဲ့ စစ်နတ်ဘုရား တစ်ယောက်လို ဖြစ်နေတော့တယ်။

နှမြောစရာကောင်းတာက ဒီစစ်နတ်ဘုရားက အခုတော့ ရှုံးတော့မယ့် အရိပ်အယောင်တွေ ပေါ်နေပြီး၊ သူ့ရဲ့လက်အောက်ငယ်သားတွေလည်း အသတ်ခံလိုက်ရသလို၊ မသေဘဲ ကျန်တဲ့သူတွေကလည်း လက်နက်ချကုန်ကြပြီ ဖြစ်တယ်။ သူ့ဘေးမှာတော့ လူယုံ ဆယ်ယောက်ကျော်ပဲ ကျန်တော့ပြီး ရန်သူတွေကို အတူတူ ခုခံနေကြရတယ်။

သူတို့ဘက်က လူအင်အားက သိပ်နည်းသလို၊ ရန်သူ့ဘက်ကတော့ သိပ်များပါတယ်။ သူ့ဘေးက လူတွေ တစ်ယောက်ပြီးတစ်ယောက် လဲသွားတာနဲ့အမျှ ချွန်ဟဲတာ့ကျန်းကလည်း လုံးဝ စိတ်ဖောက်ပြန်တဲ့ အခြေအနေကို ရောက်သွားတော့တယ်။

လက်နှစ်ဖက်နဲ့ လက်လေးဖက်ကို မယှဉ်နိုင်တဲ့အတိုင်း နောက်ဆုံးမှာတော့ ကျောပြင်ကနေ ထိုးစိုက်လိုက်တဲ့ ဓားတစ်ချက်က သူ့အသက်ကို အဆုံးသတ်စေခဲ့တော့တယ်။

ချွန်ဟဲတာ့ကျန်းက မြေပြင်ပေါ်ကို လဲကျသွားခဲ့ပြီ၊ မျက်လုံးကိုတောင် မမှိတ်နိုင်ဘဲ သေသွားခဲ့သလို သူ့ဘေးမှာလည်း အလောင်းတွေအများကြီး လဲလျောင်းနေတယ်။

တိအဖွဲ့နဲ့ဟွမ်ဌာနက လူတွေက စိတ်လှုပ်ရှားစွာနဲ့ ဟိန်းဟောက် အော်လိုက်ကြပြီး အချို့သော မြှောက်ပင့်တတ်သူတွေက လူချီဆီကို ပြေးဝင်ကာ၊ ရန်သူတွေကို သုတ်သင်နိုင်ခဲ့လို့ ခေါင်းဆောင်နေရာကို တက်နိုင်တာကို ဝမ်းမြောက်စွာ ဂုဏ်ပြုကြတော့တယ်။

နောက်ဆုံးမှာတော့ ပြီးသွားခဲ့ပြီ ဖြစ်တယ်။ လူချီက မျက်နှာပေါ်က သွေးတွေကို သုတ်လိုက်ပြီး၊ ဟားတိုက် ရယ်ကာ ဆိုလိုက်တယ်။ "ကောင်းတယ်။ ကောင်းတယ်။ ငါ ခေါင်းဆောင်နေရာမှာ ထိုင်ပြီးတာနဲ့၊ အားလုံးကို ကောင်းကောင်း ဆုချီးမြှင့်မယ်"

သူက ကျူးယိအဖွဲ့ဆီကို ခြေလှမ်းကျဲကျဲနဲ့ လျှောက်သွားတယ်။ အဲဒီခေါင်းဆောင်နေရာကို သူ တောင့်တခဲ့တာ ကြာပြီမို့၊ အခု မျက်စိရှေ့ ရောက်နေပြီ ဖြစ်တာကြောင့်၊ သူ့စိတ်တွေကိုတောင် မထိန်းနိုင်တော့ဘဲ၊ ကိုယ်ကိုတောင် သန့်ရှင်းအောင် မလုပ်တော့ဘဲ အဲဒီမှာ ထိုင်ချင်နေတာ ဖြစ်တယ်။

"ခေါင်းဆောင်ကြီး ခင်ဗျားအနေနဲ့ အရင်ဆုံး ရေချိုးပြီး အဝတ်အစား လဲလိုက်ပါဦးမလား" ရွှီကုရုံက ဘေးကနေ ကပ်လိုက်ရင်း မေးလိုက်တယ်။

လူချီက သူ့ကို လုံးဝ အရေးမစိုက်ဘဲ၊ ကျားရေခင်းထားတဲ့ အဲဒီထိုင်ခုံကိုပဲ စိုက်ကြည့်နေမိတယ်။

နီးလာပြီ၊ ပိုပြီး နီးလာပြီ။

သူက အဲဒီထိုင်ခုံနဲ့ တစ်လှမ်းအကွာကို ရောက်တဲ့ အခါမှာတော့ ရုတ်တရက် ကျောပြင်မှာ အေးစိမ့်တဲ့ ခံစားချက်တစ်ခု ပေါ်လာတယ်။ သူက ခေါင်းငုံ့ကြည့်လိုက်တော့ မိမိရင်ဘတ်ကနေ ထိုးထွက်လာတဲ့ ဓားဦးကို မယုံနိုင်ဘဲ မြင်လိုက်ရပြီး၊ ကိုယ်ကို ခက်ခဲစွာ လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ ရွှီကုရုံ ရဲ့ ပြုံးနေတဲ့ မျက်နှာကို မြင်လိုက်ရတယ်။

"လူခေါင်းဆောင် ငါ့ကိုတော့ အပြစ်မတင်ပါနဲ့၊ ဒါတွေအကုန်လုံးက ခင်ဗျားဆီကနေ သင်ယူထားတာပါ"

လူချီ သေသွားခဲ့ပြီ ဖြစ်တယ်။ သူ နေ့တိုင်း တောင့်တခဲ့တဲ့ ခေါင်းဆောင် ထိုင်ခုံရဲ့ ရှေ့မှာတင် လဲကျ သေသွားခဲ့တယ်။

223 03

ရွှီကုရုံက သူ့ကို ခြေထောက်နဲ့ တစ်ချက် ကန်ထုတ်လိုက်ပြီးနောက် ရှေ့ကို တက်ပြီး ခေါင်းဆောင် ထိုင်ခုံထက်မှာ ထိုင်လိုက်တော့တယ်။

သူက ဘေးတစ်ဖက်တစ်ချက်က ခေါင်းဆောင်တံဆိပ် ထွင်းထားတဲ့ လက်တန်းတွေကို ပုတ်ရင်း၊ ရောင့်ရဲတင်းတိမ်စွာနဲ့ ရယ်လိုက်တော့တယ်။ တံခါးပြင်ပက လူအများကြီး ပြေးဝင်လာကြပေမဲ့ သူတို့က ရွှီကုရုံ ဒီမှာ ထိုင်နေတာကို အံ့အားသင့်တဲ့ပုံ မပြကြဘဲ၊ တစ်ယောက်ပြီးတစ်ယောက် ခေါင်းဆောင်ကြီးကို ဂါရဝပြုကြောင်း အော်ကြတော့တယ်။

ရွှီကုရုံရဲ့ရယ်သံက အဆောက်အအုံ တစ်ခုလုံးမှာ ဟိန်းထွက်သွားပြီး၊ ကျူးယိထဲမှာ အတန်ကြာအောင် ပဲ့တင်ထပ်နေတော့တယ်။

……

ဟေးကျစ်မှာတော့ အတော်လေး စိုးရိမ်နေခဲ့ပြီ ဖြစ်တယ်။

သူက ခဏခဏ မေးခဲ့ပေမဲ့ ခေါင်းဆောင်ကတော့ မလောဖို့ပဲ အမြဲ ပြောခဲ့တယ်။ အခုဆို အောက်ခြေက ပုန်ကန်မှုတွေက အဖြေပေါ်နေပြီ ဖြစ်တယ်။ အကယ်၍ ဖရိုဖရဲ ဖြစ်နေတုန်း အလစ်အငိုက် ဝင်တိုက်ခဲ့ရင် သူတို့က အပြတ်အသတ် နိုင်မယ့်အပြင် ထိခိုက်ဒဏ်ရာရတာလည်း နည်းမှာ ဖြစ်ပေမဲ့၊ အခွင့်အရေးက မျက်စိတစ်မှိတ်အတွင်း ပျောက်သွားနိုင်တယ်။ အခုမှ စပြီး လှုပ်ရှားမယ်ဆိုရင်လည်း နိုင်ဖို့ မခက်ပေမဲ့ ပေးဆပ်ရမယ့် တန်ဖိုးကတော့ နည်းမှာ မဟုတ်ဘူး။

"ခေါင်းဆောင် ကျွန်တော်တို့ တကယ်ပဲ လက်မလှုပ်သေးဘူးလား"

မော့ကျားက သူ့ကို တစ်ချက် ကြည့်ပြီး မေးလိုက်တယ်။ "မင်း ဘာလို့ ဒီလောက် လောနေရတာလဲ"

"ဒါပေမဲ့... ဒါပေမဲ့ အဲဒီ ရွှီကုရုံ က..."

"အသုံးမကျတဲ့ လူအုပ်စုပဲ၊ အလေးထားနေစရာ မလိုပါဘူး၊ မင်းရော ခေါင်းဆောင်ကြီး ဘယ်ရောက်သွားလဲဆိုတာကို မသိချင်ဘူးလား"

ဟေးကျစ်မှာ ကြောင်သွားပြီး မေးလိုက်တယ်။ "ခေါင်းဆောင်ကြီးက ပျောက်နေတာ မဟုတ်ဘူးလား"

မော့ကျားက အေးဆေးပဲ ပြုံးပြီး ဆိုတယ်။ "လူတစ်ယောက်က အကောင်းအတိုင်း ရှိနေရက်နဲ့၊ ပျောက်သွားမယ်ဆိုရင် ပျောက်သွားတာပဲလား၊ သူတစ်ယောက်တည်း ပျောက်တာ မဟုတ်ဘဲ၊ ထျန်းအဖွဲ့နဲ့ ပြစ်ဒဏ်ပေးရေးဌာနက လူတွေ၊ နောက်ပြီး အဲဒီ တင်းစစ် ပါ အကုန်လုံး အတူတူ ပျောက်သွားရတယ်လို့"

ဒီမေးခွန်းကို ဟေးကျစ် အသေးစိတ် မစဉ်းစားခဲ့ဖူးဘူး။ ကိစ္စက ရုတ်တရက် ဖြစ်ခဲ့တာမို့ ခေါင်းဆောင်ကြီး ပျောက်သွားတာက ထူးဆန်းကြောင်း အားလုံး သိကြပေမဲ့ အချိန်ပိုစဉ်းစားဖို့ အခွင့်အရေး မရဘဲ ကျွန်းပေါ်မှာ ပုန်ကန်မှုတွေ ဖြစ်ခဲ့တာပါပဲ။ အခုမှ ခေါင်းဆောင် စကားကို ကြားရမှ၊ အမှန်တကယ်ပဲ ထူးဆန်းကြောင်း သိလိုက်ရတယ်။

"သူတို့တွေက ခေါင်းဆောင်ကြီးကို သတ်ပြီး၊ ခေါင်းဆောင်နေရာကို ကိုယ်တိုင် ယူချင်နေကြတာ၊ ဒါဆို ခေါင်းဆောင်ကြီးကရော သူတို့ကို ပြန်မနှိမ်နင်းဘူးလို့ မင်း ထင်နေတာလား။ ခေါင်းဆောင်ကြီးက အမျိုးသမီးတစ်ယောက် ဖြစ်ပေမဲ့၊ သူ့ရဲ့နည်းလမ်းနဲ့ အမျှော်အမြင်က အမျိုးသားတွေထက် မညံ့ပါဘူး၊ နောက်ပြီး တင်းစစ်နဲ့ရိုကျောက် တို့ဆိုတာလည်း တစ်ယောက်ချင်းစီက တာဝန်ယူနိုင်စွမ်း ရှိသူတွေပါ၊ ဟို လူနည်းနည်းကတော့ သူတို့ရဲ့ အသေးအဖွဲ နည်းလမ်းလေးတွေနဲ့ ခေါင်းဆောင်ကြီးကို ဖြုတ်ချနိုင်မယ်လို့ ထင်နေကြတာပေါ့"

ဟေးကျစ်မှာ ကြောင်အအ ဖြစ်နေပြီး အကယ်၍ အဲဒါက အသေးအဖွဲ နည်းလမ်းလေးတွေ ဆိုရင်တောင်မှ ခေါင်းဆောင်ကိုယ်တိုင်လည်း ပါခဲ့တာ မဟုတ်ပါလားလို့ ပြောချင်နေတဲ့ပုံပဲ။

မော့ကျားက သူ့အတွေးကို ရိပ်မိတဲ့ပုံရှိပြီး အေးဆေးပဲ ပြုံးကာ ဆိုတယ်။ "ငါကတော့ အများနဲ့အညီ လိုက်လုပ်ပေးရုံသက်သက်ပါပဲ။ ကဲပါ၊ ဒါတွေ မပြောနဲ့တော့ ညီအစ်ကိုတွေကို အရင်ပြန်ခိုင်းလိုက်ပါ၊ အခြေအနေကို စောင့်ကြည့်ပြီးမှ ဆက်လုပ်ကြတာပေါ့။ အကယ်၍ ဒါက အစီအစဉ်တစ်ခု ဆိုရင်တော့ ငါတို့ ရှေ့ထွက်ဖို့ မလိုတော့ဘူး၊ အကယ်၍ မဟုတ်ဘူးဆိုရင်လည်း၊ ဒီခဏလေး စောင့်လိုက်ရတာက ဘာမှ မဖြစ်ပါဘူး"

223 04

ဒီလူစုက ထွက်ဖို့ ပြင်နေတုန်းမှာပဲ၊ ရုတ်တရက် ကျယ်လောင်လှတဲ့ အမြောက်သံတစ်ခုကို ကြားလိုက်ရတော့တယ်။

ဒါကြောင့်ပဲ 'ပြင်ပရန်သူကို ကာကွယ်ဖို့ လွယ်ပေမဲ့၊ အတွင်းရန်သူကို ကာကွယ်ဖို့ ခက်တယ်' ဆိုတဲ့ စကား ရှိနေတာပါပဲ။

ဟုန်ဘန်းရဲ့ စခန်းက တောင်ကို အမှီပြုပြီး ဆောက်ထားတာ ဖြစ်ပြီး၊ အဲဒီတောင်က သိပ်မြင့်တဲ့ တောင်ကြီး မဟုတ်ဘဲ ကုန်းမြင့်ငယ်လေး တစ်ခုပါပဲ။ ဒီလိုမျိုး နေရာက ကာကွယ်ဖို့ လွယ်ပေမဲ့၊ ကိုယ့်လူအချင်းချင်းကိုတော့ မကာကွယ်နိုင်ဘူး။

ကျောက်အာက အဲဒီနေ့က သတိလစ်နေတုန်း စခန်းအပြင်ကို ခေါ်ထုတ်တာ ခံခဲ့ရပြီး၊ ဟုန်ကျွန်းရဲ့ အနောက်မြောက်ဘက် စွန်းမှာ ရှိတဲ့ သင်္ဘောကျင်း တစ်ခုထဲမှာ အကျဉ်းချထားတာ ခံခဲ့ရတယ်။

ဒီသင်္ဘောကျင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆောက်ထားတာ ဖြစ်ပြီး၊ အတွင်းမှာ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေအများကြီး ရှိနေကြတယ်။ ဟုန်ဘန်းအဖွဲ့က လောကကြီးမှာ ရပ်တည်နိုင်ခဲ့သလို၊ တောင်ဘက်ပင်လယ်မှာ အကြီးဆုံး ပင်လယ်ဓားပြအဖွဲ့ ဖြစ်လာတာက ဒီသင်္ဘောကျင်းကြောင့်ပါပဲ။

တခြား ပင်လယ်ဓားပြတွေက သင်္ဘောတွေကို လုကြရပေမဲ ဟုန်ဘန်းကတော့ ကိုယ်တိုင် ဆောက်နိုင်တာကြောင့် ဘယ်လိုမှ နှိုင်းလို့ မရပါဘူး။

မော့ကျားက ကျောက်အာကို ဒီနေရာမှာ အကျဉ်းချထားတာကလည်း သူ့ရဲ့ကိုယ်ပိုင် တွက်ချက်မှုတွေ ရှိလို့ပါပဲ။

ပထမအချက်က ဒီနေရာက ကျွန်းရဲ့ အနောက်မြောက်ဘက်စွန်းမှာ ရှိလို့ စခန်းနဲ့ အလှမ်းဝေးသလို၊ လူသူအရောက်အပေါက် နည်းလို့ ဖြစ်တယ်။ ဒုတိယအချက်က သင်္ဘောကျင်းရဲ့ နောက်ကွယ်မှာ သဘာဝအတိုင်း ဖြစ်နေတဲ့ ပင်လယ်အော်တစ်ခု ရှိနေပြီး၊ စစ်သင်္ဘောကြီးတွေ သွားလို့ မရပေမဲ့ သင်္ဘောငယ်တွေကတော့ လွတ်လပ်စွာ သွားနိုင်လို့ပါပဲ။ တတိယအချက်က၊ သူက ဒီလက်မှုပညာရှင်တွေကို မစွန့်လွှတ်နိုင်လို့ ဖြစ်ပြီး၊ အကယ်၍ မမျှော်လင့်တဲ့ ကိစ္စတစ်ခုခု ပေါ်လာရင်၊ ဒီပညာရှင်တွေကိုပါ အတူတူ ခေါ်သွားဖို့ ရည်ရွယ်ထားလို့ ဖြစ်တယ်။

ကျောက်အာက ဒီနေရာမှာ အကျဉ်းကျနေတာ ဖြစ်ပြီး၊ သူမက သန်းခေါင်ယံအချိန်မှာ နိုးလာပေမဲ့ ဘယ်သူ့ကိုမှ အားကိုးလို့ မရတဲ့ အခြေအနေ ဖြစ်နေရတယ်။

တစ်ဖက်လူက သူမကို ကြိုးနဲ့ တုပ်မထားပေမဲ့၊ သူမမှာ ကြီးမားတဲ့ ကိုယ်ဝန် ရှိနေလို့၊ မတုပ်ထားရင်တောင် လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး။

လန်နူလည်း ရှိနေပါတယ်။ သူမရဲ့ ပါးစပ်ကနေတစ်ဆင့် ကျောက်အာက ဒီနေရာက ဘယ်လိုနေရာမျိုးလဲ ဆိုတာ သိခဲ့ရတယ်။

လွတ်အောင် ပြေးဖို့က မဖြစ်နိုင်ဘဲ၊ အပြင်မှာလည်း စောင့်နေတဲ့သူတွေ အမြဲ ရှိနေလို့၊ သူတို့နှစ်ယောက်က ဒီအိမ်ထဲမှာပဲ ငြိမ်ပြီး နေခဲ့ကြရတယ်။

"မဖြစ်ဘူး"

ကျောက်အာက အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်တော့ မိမိအနေနဲ့ ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

အကယ်၍ ခေါင်းဆောင်ကြီးသာ ဆိုရင် ထားပါဦး၊ ခေါင်းဆောင်ကြီးက မိမိအပေါ်မှာ မကောင်းတဲ့ စိတ် မရှိဘူးလို့ သူမ ခံစားရပေမဲ့၊ မော့ကျားကတော့ အမျိုးသားတစ်ယောက် ဖြစ်တဲ့အပြင်၊ အဲဒီလူက သူမကို အမြဲတမ်း သိပ် အန္တရာယ်ရှိတဲ့ ခံစားချက်မျိုးပဲ ပေးနေလို့ပါပဲ။

ဖော်ပြရခက်တဲ့ အန္တရာယ်ရှိတဲ့ ခံစားချက်မျိုးပါပဲ။

ကျောက်အာက လန်နူရဲ့နားနားကို တိုးပြီး ပြောလိုက်ရာ၊ လန်နူမှာ အံ့အားသင့်တဲ့ မျက်န်းတွေနဲ့ သူမကို ခဏခဏ ကြည့်ရင်း နားထောင်နေရှာတယ်။

223 05

"သခင်မကြီး အခု သခင်မကြီးရဲ့ဝမ်းဗိုက်က ဒီလောက်အထိ ကြီးနေပြီကို၊ ဘယ်လိုလုပ်ပြီး..."

"မင်းရော ဒီနေရာမှာပဲ စိတ်အေးလက်အေး နေနိုင်မှာမလို့လား"

လန်နူက ရိုးရိုးသားသားပဲ ခေါင်းယမ်းလိုက်တယ်။

"မနေနိုင်ရင်တော့ စမ်းကြည့်ရမှာပေါ့၊ အောင်မြင်ရင်လည်း အောင်မြင်မယ်၊ မအောင်မြင်ရင်လည်း ဘာမှ မထူးခြားပါဘူး"

လန်နူက ခဏ စဉ်းစားကြည့်ပြီးနောက်၊ သခင်မကြီး ပြောတာက သိပ်ကို အဓိပ္ပာယ် ရှိတယ်လို့ ယူဆပြီး ခေါင်းညိတ်လိုက်တယ်။

လန်နူက လူရိုးလေး ဖြစ်ပေမဲ့၊ အမှန်တော့ ကိစ္စအချို့ကို ရိပ်မိနေပါတယ်။ အဲဒီ မော့ခေါင်းဆောင်က သခင်မကြီးကို သေချာပေါက် ချစ်ခင်မြတ်နိုးနေတာ ဖြစ်ရမယ်။ မဟုတ်ရင် ဒီလောက်အထိ အပင်ပန်းခံပြီး သခင်မကြီးကို ခိုးလာပါ့မလား။ ဒါကြောင့်ပဲ၊ အကယ်၍ ထွက်ပြေးတာ မအောင်မြင်ရင်တောင်မှ၊ တစ်ဖက်လူက တစ်ခုခု လုပ်မှာ မဟုတ်ဘူးလို့ သူမ ယူဆထားတယ်။

သူတို့နှစ်ယောက် ခဏ စကားပြောပြီးနောက်၊ အသီးသီး ကိုယ့်အလုပ်ကိုယ် လုပ်ကြတော့တယ်။

ကျောက်အာက ခုတင်ပေါ်မှာ မှီပြီး ထိုင်နေပြီး၊ လန်နူကတော့ စိတ်မကောင်းတဲ့ မျက်နှာနဲ့ မျက်ရည်တွေကို သုတ်နေတယ်။

အဲဒီအချိန်မှာပဲ ကျောက်အာက ရုတ်တရက် နာကျင်တဲ့ပုံနဲ့ အော်တော့တယ်။ လန်နူက ချက်ချင်းပဲ ထိတ်လန့်သွားတဲ့ပုံ ပြပြီး၊ တံခါးကို ပုတ်ကာ လူတွေကို တံခါးဖွင့်ပေးဖို့ တောင်းဆိုပြီး သခင်မကြီးက ကလေးမွေးတော့မယ်လို့ ပြောတော့တယ်။

တံခါးအပြင်မှာ စောင့်နေသူ နှစ်ယောက် ရှိရာ၊ အဲဒီစကားကို ကြားတော့ အချိန်မဆွဲရဲဘဲ အမြန် တံခါးဖွင့်ပြီး ဝင်လာကြတယ်။

အစောကတည်းက ဟေးကျစ်က မှာထားတာက အကယ်၍ သခင်မကြီးမှာ တစ်ခုခု ပြဿနာ ဖြစ်ရင်၊ သူတို့ရဲ့ အသက်နဲ့တောင် လဲရင် လဲရမယ် ဆိုတာပါပဲ။ အဲဒီပင်လယ်ဓားပြ နှစ်ယောက် ဝင်လာပြီး ခုတင်နားကို သွားကြည့်လိုက်တော့ သခင်မလေးက အမှန်တကယ်ပဲ မျက်နှာ ဖြူလျော့နေပြီး၊ ချွေးတွေလည်း စိုနေကာ သိပ်ကို နာကျင်နေတဲ့ပုံ မြင်လိုက်ရတယ်။

အထူးသဖြင့် ဒီလောက်ကြီးတဲ့ ဝမ်းဗိုက်ကို မြင်ရတဲ့အခါ၊ ဘယ်သူမဆို ကလေးမွေးတော့မယ်လို့ပဲ ထင်ကြမှာပါပဲ။

ဒါပေမဲ့ လက်သည်ကို ဘယ်မှာ သွားရှာပါ့မလဲ။ အဲဒီပင်လယ်ဓားပြ နှစ်ယောက်ထဲက တစ်ယောက်က လူသွားရှာဖို့ အပြေးအလွှား ထွက်သွားခဲ့ပြီး၊ ကျန်တဲ့ တစ်ယောက်ကတော့ သူတို့နှစ်ယောက်ကို စောင့်ကြည့်ဖို့ နေရစ်ခဲ့တယ်။

"မင်းတို့တွေ ငြိမ်ငြိမ်နေကြစမ်း၊ ပြဿနာ မရှာနဲ့ဦး..."

သူ့စကားမဆုံးခင်မှာပဲ ရုတ်တရက် သူ့ရဲ့ နောက်စိမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားလိုက်ရတယ်။ လန်နူက နောက်ကနေ တံခါးမင်းတုတ်နဲ့ သူ့ကို ရိုက်ပြီး သတိလစ်အောင် လုပ်လိုက်တာပါပဲ။

"မြန်မြန် သွားကြစို့"

"သခင်မကြီး ဒီက လမ်းတွေကို ကျွန်မ သိပါတယ်။ ပြီးတော့ ဘယ်နေရာမှာ သင်္ဘော ရနိုင်မလဲ ဆိုတာလည်း သိပါတယ်" လန်နူက ဆိုတယ်။ သူမက အရင်က ဒီသင်္ဘောကျင်းကို ရောက်ဖူးလို့ ဖြစ်တယ်။

"ဒါဆိုရင် မင်း မြန်မြန် လမ်းပြပါ"

ကျောက်အာရဲ့ စိတ်ထဲမှာ သိပ်စိုးရိမ်နေပေမဲ့၊ ဝမ်းဗိုက်က ကြီးနေလို့ လှုပ်ရှားဖို့ သိပ်ခက်နေတာကြောင့်၊ လန်နူရဲ့နောက်ကနေ တဖြည်းဖြည်းချင်း လျှောက်ခဲ့ရတယ်။

223 06

သူတို့နှစ်ယောက် ရှေ့ကို လျှောက်လာကြရာ၊ ကံကောင်းလို့ပဲဖြစ်စေ၊ အခြေအနေကြောင့်ပဲဖြစ်စေ၊ သင်္ဘောကျင်းထဲမှာ လူတစ်ယောက်မှ မရှိတာကို တွေ့ရတယ်။ သူတို့ မသိတာက ဘေးကင်းဖို့အတွက် လက်မှုပညာရှင်တွေ အကုန်လုံးကို အကျဉ်းချထားသလို၊ ရွှမ်အဖွဲ့က လူတွေလည်း အပြင်ကို ထွက်သွားကြပြီ ဖြစ်တာကြောင့် သူတို့ကို စောင့်ကြည့်ဖို့ လူနည်းနည်းပဲ ချန်ထားခဲ့လို့ ဖြစ်တယ်။

လမ်းခရီးက သွားရတာ မလွယ်ဘဲ မြက်တွေ ရှုပ်နေတယ်။ သူတို့နှစ်ယောက် ခက်ခဲစွာ လျှောက်ရင်း သင်္ဘောကျင်းရဲ့ နောက်ကွယ်က ပင်လယ်အော်ကို ရောက်လာတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ အဲဒီမှာ သင်္ဘောတစ်စင်း ဆိုက်ထားတာကို တွေ့လိုက်ရတယ်။

သင်္ဘောပေါ်မှာ လူမရှိလို့၊ သူတို့နှစ်ယောက် အခက်အခဲတွေကြားက သင်္ဘောပေါ်ကို တက်နိုင်ခဲ့ပေမဲ့ နှစ်ယောက်လုံးက သင်္ဘောကို ဘယ်လို မောင်းရမလဲ မသိတာကြောင့် ဘယ်လို ထွက်မလဲ ဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်လိုက်ရပြန်တယ်။ သူတို့နှစ်ယောက် မျှော်လင့်ချက် ကင်းမဲ့နေတုန်းမှာပဲ၊ အမှောင်ရိပ်ထဲကနေ လူနည်းနည်း ထွက်လာကြတယ်။ သူတို့က ဒီသင်္ဘောက ပဲ့ထိန်းတွေ ဖြစ်နေတယ်။

သူတို့ရဲ့ အဝတ်အစားတွေ စုတ်ပြတ်နေပြီး၊ အမူအရာကလည်း ကြောက်နေတဲ့ပုံ မြင်တော့ ကျောက်အာက အခြေအနေကို အသေးစိတ် မစဉ်းစားတော့ဘဲ ဆိုလိုက်တယ်။ "မင်းတို့ ကျွန်မကို ဒီနေရာကနေ ခေါ်ထုတ်ပေးပါ၊ ကျွန်မရဲ့ ယောက်ျားက အဆင့်မြင့် အရာရှိကြီး တစ်ယောက်ပါ၊ အဲဒီကျရင် မင်းတို့ကို ကုန်းပေါ်မှာ အခြေချနိုင်အောင် ကူညီပေးပါ့မယ်၊ မင်းတို့ နောင်မှာ ဒီလိုနေရာမျိုးမှာ နေစရာ မလိုတော့ပါဘူး"

အဲဒီလူနည်းနည်းက အချင်းချင်း ကြည့်ပြီးနောက်၊ ခေါင်းညိတ် သဘောတူလိုက်ကြတော့တယ်။

သင်္ဘောက မကြာခင်မှာပဲ ပင်လယ်ဘက်ကို ထွက်သွားခဲ့တာကြောင့် ကမ်းခြေက ကျောက်ဆောင်တစ်ခုရဲ့ နောက်ကွယ်ကနေ လူနှစ်ယောက် ထွက်လာခဲ့တယ်။

"ခေါင်းဆောင်ကြီး သူ့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား"

"ဒီအမျိုးသမီးက ငါတို့ရဲ့ လက်ထဲမှာ ရှိနေဖို့ မသင့်တော်ပါဘူး"

တာ့ချန်းပြည်ရဲ့ ရေတပ်က ဒီလိုမျိုး အချိန်မှာ ဟုန်ကျွန်းကို လာတိုက်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး၊ ဒါ့အပြင် သူတို့ရဲ့တိုက်စစ်ကလည်း ဘယ်သူမှ တားလို့ မရနိုင်လောက်အောင် ပြင်းထန်လှပါတယ်။

သင်္ဘောတွေ ကမ်းကပ်တာနဲ့၊ ကျွန်းပေါ်ကို အမြောက်အချက်ပေါင်းများစွာနဲ့ ပစ်ခတ် တိုက်တော့တယ်။

အဲဒီနောက်မှာတော့ သင်္ဘောပေါ်ကနေ သံချပ်ကာ ဝတ်စုံတွေ ဝတ်ထားတဲ့ စစ်သည်အုပ်စုကြီး တစ်ခုက အပြေးအလွှား ဆင်းလာကြတယ်။

ဒီလူတွေက လူတစ်ရာကျော်လောက် ရှိပြီး၊ တစ်ကိုယ်လုံးမှာ လေတောင် မတိုးနိုင်တဲ့ သံချပ်ကာတွေကို ဝတ်ထားသလို၊ ဦးခေါင်းနဲ့ မျက်နှာကိုပါ ဖုံးထားတာကြောင့် မျက်လုံးတစ်စုံကိုပဲ မြင်ရတယ်။

သူတို့က သေနတ်ကိုင် စစ်သည်တွေ၊ လှံကိုင် စစ်သည်တွေ၊ ဓားကိုင် စစ်သည်တွေနဲ့ ဒိုင်းကိုင် စစ်သည်တွေနဲ့ ဖွဲ့စည်းထားပြီး၊ ဒီရေလို တိုးဝင်လာရာ၊ သူတို့ ဖြတ်တဲ့ နေရာတိုင်းမှာ လူရော နတ်ပါ ရှောင်ရတော့တယ်။ မဟုတ်ရင် အလောင်းတွေပဲ ကျန်ရစ်မှာပဲ။

ဟုန်ဘန်းအဖွဲ့က လူတွေလည်း ရှေ့ထွက်ပြီး ခုခံခဲ့ကြပေမဲ့၊ တစ်ဖက်လူရဲ့ တိုက်စစ်ကို လုံးဝ မတားနိုင်ခဲ့ကြဘူး။

"...နောက်တန်း၊ ပစ်"

223 07

ဒီအမိန့်ပေးသံနဲ့အတူ၊ အဲဒီစစ်သည်တွေရဲ့ လက်ထဲက သေနတ်တွေကနေ မီးပွင့်တွေ ထွက်လာပြီး၊ ရှေ့က ရန်သူတွေရဲ့ အသက်ကို ဝါးမြိုတော့တယ်။

ဟုန်ဘန်းမှာလည်း သေနတ်တွေ ရှိပါတယ်။ အမှန်တော့ ပင်လယ်ပြင်မှာ ကျင်လည်နေတဲ့ အဖွဲ့အစည်းတိုင်းမှာ သေနတ်တွေ ရှိကြမြဲပါပဲ။ ဒါပေမဲ့ ဒီသေနတ်တွေမှာ အားသာချက် ရှိသလို အားနည်းချက်လည်း ရှိနေတယ်။ အားသာချက်က တိုက်စစ် ပြင်းတာကြောင့် ဘယ်လောက်ပဲ သန်မာတဲ့ ခန္ဓာကိုယ် ရှိပါစေ တစ်ချက်တည်းနဲ့ လဲသွားနိုင်တာပါပဲ။ အားနည်းချက်ကတော့ ခဲယမ်း ဖြည့်တာ နှေးလွန်းတာကြောင့်၊ ခဲယမ်း ဖြည့်နေတုန်းမှာပဲ ရန်သူရဲ့ ဓားဦးက မိမိဆီ ရောက်လာနိုင်တာပါပဲ။

ဒါကြောင့် သေနတ်ကို များသောအားဖြင့် ခြိမ်းခြောက်ဖို့အတွက် ဖြစ်စေ၊ ဒါမှမဟုတ် တစ်ယောက်ချင်း တိုက်ရာမှာ အကူအညီအဖြစ် ဖြစ်စေပဲ သုံးကြတာပါ။

ဒါပေမဲ့ အခုတော့ မျက်စိရှေ့က ဒီစစ်သည်တွေက အဲဒီအယူအဆကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီ ဖြစ်တယ်။

သူတို့က အမိန့်ပေးသံတွေနဲ့အတူ၊ ရှေ့တန်းက လူတွေ ပစ်ပြီးတာနဲ့ အမြန်ပဲ နောက်တန်းကို သွားကြပြီး၊ ဒုတိယတန်းနဲ့ တတိယတန်းတို့က အစားထိုး တိုက်ကြတယ်။ ရှေ့ဆုံးက အတန်းနှစ်တန်း ပစ်ပြီးတဲ့ အခါမှာတော့ ပထမတန်းက လူတွေက ခဲယမ်း ဖြည့်ပြီး ဖြစ်တာကြောင့် ထပ်ပြီး တိုက်နိုင်ကြပြန်တယ်။

"ရှေ့တန်း၊ လှံ"

"သတ်"

သူတို့ရဲ့ခြေလှမ်းတွေက လုံးဝ ရပ်တာ မရှိဘဲ၊ ညီညာလှတဲ့ ခြေသံတွေကလည်း စည်းချက် တစ်ခုတည်းလို ရှိနေတယ်။ အဲဒီသေနတ်ကိုင် စစ်သည်တွေရဲ့ ပတ်ဝန်းကျင်မှာတော့ လှံကိုင်၊ ဓားကိုင်နဲ့ ဒိုင်းကိုင် စစ်သည်တွေက ဝိုင်းရံ ကာကွယ်ပေးထားတာကြောင့်၊ အကယ်၍ ရန်သူတွေထဲက လွတ်လာသူ ရှိရင်တောင် ဒီစစ်သည်တွေက ချက်ချင်းပဲ အဆုံးသတ်ပေးလိုက်ကြတယ်။

စစ်ကြောင်းက မကြာခင်မှာပဲ စခန်းရဲ့ တံခါးမကြီးရှေ့ကို ရောက်လာရာ၊ အခုတော့ ဟုန်ဘန်းအဖွဲ့သားတွေမှာ ခုခံချင်တဲ့ စိတ်လေးတောင် မရှိတော့ဘူး။

ခုနကတင် အချင်းချင်း တိုက်ထားကြလို့ လူတိုင်းက ပင်ပန်းနေကြပြီ ဖြစ်ရာ၊ အခုတော့ တာ့ချန်း ရေတပ်သားတွေရဲ့ နေရောင်အောက်မှာ တလက်လက် တောက်ပနေတဲ့ သံချပ်ကာ စစ်ကြောင်းနဲ့၊ သေနေတဲ့ အလောင်းတွေကို မြင်လိုက်ရတဲ့အခါ လူတိုင်းက ထိတ်လန့်တုန်လှုပ်နေကြတော့တယ်။

စခန်းရဲ့ တံခါးမကြီးကို တင်းတင်းကျပ်ကျပ် ပိတ်ထားပေမဲ့၊ မျှော်စင်ပေါ်က ပင်လယ်ဓားပြတွေကတော့ ကြောက်လန့်တကြားနဲ့ အောက်ကို လဲကုန်ကြပြီ ဖြစ်တယ်။

"လက်နက်ချတဲ့သူတွေကို အခွင့်အရေး ပေးမယ်၊ ခုခံတဲ့သူတွေကိုတော့ အသေသတ် ကွပ်မျက်မယ်"

တောင်ပြိုသလို ကျယ်လောင်တဲ့ ဟိန်းဟောက်သံနဲ့အတူ ရုတ်ရုတ်သဲသဲ ခြေသံတွေနဲ့ လှည်းဘီးသံတွေ ထွက်လာတယ်။ အဲဒါက လူအချို့က ဖော်လန့်ကျီအမြောက်တွေကို သယ်လာတာဖြစ်ပြီး၊ အမြောက်ပြောင်းဝတွေကိုလည်း တံခါးမကြီးဆီကို တည့်တည့် ဦးတည်ထားလိုက်တယ်။

ဒါကို မြင်တော့ မှန်ပြောင်းနဲ့ အဝေးက ကြည့်နေတဲ့ မော့ကျားက မျက်နှာ ပျက်သွားပြီး အမိန့်ပေးလိုက်တယ်။ "ဆုတ်ကြစို့"

သူတို့ လူတစ်စုက အမြန်ပဲ အဲဒီနေရာကနေ ထွက်ခဲ့ကြပြီး၊ ကျွန်းနောက်ဘက်က သင်္ဘောကျင်းဆီကို ဦးတည် ပြေးကြတယ်။

သင်္ဘောကျင်းကို ရောက်တဲ့အခါ၊ အတွင်းမှာ တိတ်ဆိတ်ငြိမ်သက်နေတယ်။

ဘယ်သူမှ ထွက်လာပြီး မကြိုတာ မြင်တော့ မော့ကျားရဲ့ စိတ်ထဲမှာ မကောင်းတဲ့ ခံစားချက်တစ်ခု ဖြတ်သွားတယ်။ သူက လက်မှုပညာရှင်တွေကို သွားမကြည့်တော့ဘဲ၊ ကျောက်အာကို အကျဉ်းချထားတဲ့ အခန်းဆီကို အရင် ပြေးဝင်သွားတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ တံခါးက ပွင့်နေပြီး အတွင်းမှာ လူတစ်ယောက် လဲနေတာ မြင်လိုက်ရတယ်။

223 08

"လူတွေ ဘယ်မှာလဲ" အဲဒီလူကို ရေအေးနဲ့ ပက်ပြီး နှိုးလိုက်တဲ့အခါ၊ သူ ရင်ဆိုင်လိုက်ရတာက မော့ကျားရဲ့အေးစက်ပေမဲ့ ဒေါသတွေ ပြည့်နေတဲ့ မျက်နှာပါပဲ။

"ခေါင်းဆောင် ကျွန်တော် အသုံးမကျလို့ပါ၊ သခင်မလေးက ဗိုက်နာတယ်။ ကလေးမွေးတော့မယ်လို့ အော်နေလို့၊ ကုန်းကျိုက လူသွားရှာတုန်းမှာ၊ ကျွန်တော် နောက်ကနေ အရိုက်ခံလိုက်ရတာပါ"

"အသုံးမကျတဲ့ကောင်"

ဟေးကျစ်က စစ်သည်တစ်သုတ်ကို ခေါ်ပြီး ပြေးဝင်လာကာ တင်ပြတယ်။ "ခေါင်းဆောင် လက်မှုပညာရှင်တွေလည်း မရှိတော့ပါဘူး၊ အခု သင်္ဘောကျင်း တစ်ခုလုံးမှာ လူတစ်ယောက်မှ မရှိတော့ပါဘူး"

"သင်္ဘောတွေကို သွားကြည့်စမ်း"

မော့ကျားရဲ့ ကြိမ်းမောင်းသံကြောင့် ဟေးကျစ်က အကယ်၍ သင်္ဘောကျင်းထဲကို လူတွေ ရောက်လာရင် သူတို့ အရန်သင့် ထားတဲ့ သင်္ဘောတွေ ရှိမရှိကို ရုတ်တရက် သတိရသွားတော့တယ်။

သူတို့ လူတစ်စုက ခြေလှမ်းမရပ်ဘဲ သင်္ဘောကျင်းနောက်ကွယ်က သင်္ဘောတွေ ဝှက်ထားတဲ့ နေရာကို ပြေးဝင်ခဲ့ကြတယ်။ ကျောက်ဆောင်တွေ ဝိုင်းထားလို့ ပင်လယ်လှိုင်းတွေ ငြိမ်နေတဲ့ ကျောက်ဆောင်ကြီး တစ်ခုရဲ့ နောက်ကွယ်မှာ သင်္ဘောတစ်စင်း ဆိုက်ထားတာ တွေ့လိုက်ရတယ်။

ဒီသင်္ဘောက အလတ်စား သင်္ဘောဖြစ်ပြီး၊ လူအများကြီး မဆံ့ပေမဲ့ လူတစ်ထောင်လောက်တော့ ရနိုင်ပါတယ်။ ဒီလူတစ်ထောင်က မော့ကျားရဲ့ အစစ်အမှန် လူယုံတွေ ဖြစ်ပြီး၊ အရေအတွက် မများပေမဲ့ သိပ် ကျွမ်းကျင်တဲ့ စစ်သည်တွေပါပဲ။

သင်္ဘောပေါ်မှာ စောင့်နေတဲ့သူတွေ ထွက်လာကြတာကြောင့် သူတို့က ဘာဖြစ်လဲဆိုတာ မသိကြသေးတဲ့ပုံ ရပါတယ်။

" ခေါင်းဆောင် "

"အားလုံး သင်္ဘောပေါ် တက်ကြ၊ ငါတို့ ဒီကနေ ထွက်ရမယ်"

စစ်သည်တွေက တစ်သုတ်ပြီးတစ်သုတ် သင်္ဘောပေါ် တက်နေတုန်း၊ မော့ကျားက ကမ်းခြေမှာ ရပ်ပြီး ပင်လယ်အော် တစ်ခုလုံးကို လိုက်ကြည့်နေမိတယ်။ ရုတ်တရက် သူ့အကြည့်က တစ်နေရာမှာ တောင့်သွားပြီး၊ ရေဝပ်နေတဲ့ နေရာတစ်ခုကို အပြေးအလွှား သွားကာ၊ ရေပေါ်မှာ လွင့်နေတဲ့ အနီရောင် ပိုးချည်နဲ့ လုပ်ထားတဲ့ ကြိုးထုံးလေး တစ်ခုကို ကောက်လိုက်တယ်။

ဒီကြိုးထုံးလေးက ကျောက်အာ အားလပ်ချိန်မှာ ကိုယ်တိုင် ကျစ်ထားတဲ့ အရာဖြစ်ပြီး၊ အရောင်က အနီရောင် ဖြစ်လို့ မင်္ဂလာရှိအောင် ကိုယ့်ခါးမှာ ချိတ်ထားခဲ့တာဖြစ်တယ်။ အခုတော့ ဒီမှာ ကျန်ခဲ့လိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး။

မော့ကျားက အဲဒီကြိုးထုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး၊ မျက်ဝန်းထဲမှာ အတွေးတွေအများကြီး ဝေ့နေတော့တယ်။ သူက အကြာကြီး မနေတော့ဘဲ မကြာမီမှာပဲ သင်္ဘောပေါ် တက်လိုက်ပြီး သင်္ဘောကလည်း အဲဒီပင်လယ်အော်ထဲကနေ တဖြည်းဖြည်းနဲ့ ထွက်သွားတော့တယ်။

တာ့ချန်း ရေတပ်ရဲ့ ဒီလောက်အရှိန်အဝါကြီးတဲ့ တိုက်စစ်ကို ရင်ဆိုင်လိုက်ရတဲ့အခါ၊ ဟုန်ဘန်းအဖွဲ့သားတွေက ထိတ်လန့်တုန်လှုပ်ကုန်ကြတော့တယ်။

ရွှီကုရုံက ဘယ်လောက်ပဲ အမိန့်ပေးပေး၊ အောက်ခြေမှာ ဘယ်သူမှ မလှုပ်ကြတော့သလို အချို့က အစောကတည်းက ပြေးသွားပြီး တံခါးမကြီးကို ဖွင့်ပေးလိုက်ကြကာ လက်နက်တွေကို စွန့်ပြီး လက်နက်ချတဲ့ပုံ ပြလိုက်ကြတော့တယ်။

အမှန်တော့ ဟုန်ဘန်းအဖွဲ့သားတွေက ဒီလောက်အထိ အသုံးမကျသူတွေ မဟုတ်ပေမဲ့၊ အဖွဲ့ရဲ့ အစစ်အမှန် အင်အားစုတွေက ခေါင်းဆောင်ကြီးနဲ့အတူ ပျောက်နေခဲ့ကြပြီ ဖြစ်သလို၊ ကျန်တဲ့ ဌာနတွေကလည်း အချင်းချင်း တိုက်ခဲ့ကြလို့ သေတဲ့သူတွေက အသက်ကို မငဲ့တဲ့ လူယုံတွေပဲ ဖြစ်တာကြောင့်၊ အခု အသက်ရှင် ကျန်တဲ့သူတွေကတော့ သရဲဘောကြောင်သူတွေနဲ့ အခွင့်အရေးသမားတွေပဲ ဖြစ်နေလို့ပါပဲ။

223 09

ရွှီကုရုံရဲ့ ခေါင်းဆောင်နေရာကတော့ အပူတောင် မရသေးခင်မှာပဲ၊ အစိုးရရဲ့ နှိမ်နင်းတာကို ရင်ဆိုင်လိုက်ရလို့ အဲဒါက အမှန်တကယ်ပဲ ပြောင်လှောင်စရာ ကောင်းတဲ့ ပြဇာတ်တစ်ခုလို ဖြစ်သွားတော့တယ်။

တခြားသူတွေ လက်နက်ချရင် အသက်ရှင်နိုင်ဦးမှာ ဖြစ်ပေမဲ့၊ သူက လက်ရှိ ဟုန်ဘန်းရဲ့အကြီးဆုံး ခေါင်းဆောင် ဖြစ်နေလို့၊ သေဘေးက လွတ်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။

တာ့ချန်း ရေတပ်သားတွေ ပြေးဝင်လာတဲ့ အခါမှာတော့ ရွှီကုရုံက မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ တွေဝေနေခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှ သူ့ကို ထပ်စဉ်းစားဖို့ အခွင့်အရေး မပေးတော့ဘဲ သေနေတဲ့ ပင်လယ်ဓားပြ ခေါင်းဆောင်ထက်စာရင် အရှင်ဖမ်းမိတဲ့ ခေါင်းဆောင်က ပိုအသုံးဝင်လို့ပါပဲ။

ရွှီကုရုံက ဖမ်းဆီး တုပ်နှောင်တာကို ခံလိုက်ရပြီး၊ ရေတပ်သားတွေက ကျန်တဲ့ ကိစ္စတွေကို ရှင်းနေတုန်း ရွှီထင်းရှန်းက လူတွေကို ခေါ်ပြီး ကျွန်းရဲ့ နောက်ဘက်ကို ဦးတည် ထွက်သွားတော့တယ်။

နေရာအနှံ့မှာ ရှာပေမဲ့၊ ကျောက်အာကိုတော့ ရှာမတွေ့ခဲ့ကြဘူး။

ရွှီထင်းရှန်းရဲ့မျက်နှာက သိပ်ကို ပျက်နေတုန်း ဟူစန်းက စာတစ်စောင်ကို ကိုင်ပြီး လျှောက်လာခဲ့တယ်။

အဲဒါက ခေါင်းဆောင်ကြီးက ရွှီထင်းရှန်း အတွက် ချန်ခဲ့တဲ့ စာပါပဲ။

အမှန်တော့ ရွှီထင်းရှန်းရဲ့ လူတွေက တာ့ဆန်းကို ဖမ်းမိကတည်းက၊ ခေါင်းဆောင်ကြီးရဲ့လူတွေက ရွှီထင်းရှန်းနဲ့ အဆက်အသွယ် ရခဲ့ကြပြီး ဖြစ်တယ်။

တာ့ဆန်းက အပြန်အလှန် အပေးအယူလုပ်ဖို့အတွက် သက်သေတစ်ခု ဖြစ်သလို ခေါင်းဆောင်ကြီးအနေနဲ့လည်း ရွှီထင်းရှန်းနဲ့ ထိပ်တိုက် မတွေ့ချင်ကြောင်း ပြတာလည်း ဖြစ်တယ်။

ဒါကြောင့်ပဲ ရွှီထင်းရှန်းက ဟုန်ချန်း ငွေလွှဲဌာနကို တိုက်ဖို့နဲ့ မှောင်ခိုကုန်သည်တွေကို ပိတ်ဖို့အတွက် စိတ်ချလက်ချ လုပ်နိုင်ခဲ့တာ ဖြစ်ပြီး၊ ဒီအရာတွေ အကုန်လုံးက သူ တျန့်ဟိုင်ကို ရောက်ကတည်းက စီစဉ်ခဲ့တဲ့ အစီအစဉ်တွေရဲ့ အဆုံးသတ်ပါပဲ။

ဟုန်ဘန်းအဖွဲ့ရဲ့ ကူညီမှုကြောင့်သာ၊ သူ့အစီအစဉ်တွေက ပိုပြီး လွယ်လွယ်နဲ့ အောင်မြင်ခဲ့တာ ဖြစ်တယ်။ ဒါကြောင့်ပဲ မှောင်ခိုကုန်သည်တွေက ကုန်စည်တွေ တင်လို့ မရခဲ့သလို၊ အတင်း တင်ရင်လည်း လုယက်ခံခဲ့ရတာပါ။ ရွှီထင်းရှန်းအနေနဲ့ တောင်ဘက်ပင်လယ် တစ်ခုလုံးကို ပိတ်ဖို့ မဖြစ်နိုင်ပေမဲ့၊ ဟုန်ဘန်းအဖွဲ့က ဘေးကနေ ကူညီပေးခဲ့လို့ ဖြစ်ပါတယ်။

အမည်မသိ ပင်လယ်ဓားပြဆိုတာက ရွှီထင်းရှန်းရဲ့လူတွေ ဖြစ်သလို၊ ဟုန်ဘန်းအဖွဲ့ရဲ့ လူတွေလည်း ဖြစ်နေတာပါပဲ။

သူက ဟုန်ချန်း ငွေလွှဲဌာနကို သုံးပြီး၊ အစိုးရဆီကနေ နေရာအနှံ့မှာ ကုန်သွယ်ရေးရုံးတွေ ဖွင့်ဖို့ အမိန့်တော်ကို ရပြီးနောက်၊ ပင်လယ်ဓားပြ နှိမ်နင်းရေးကိုတော့ အကြောင်းပြချက် တစ်ခုအနေနဲ့ပဲ သုံးခဲ့တာပါ။ အခုတော့ ရွှီထင်းရှန်းက သူ့ကတိကို တည်တဲ့အနေနဲ့ ခေါင်းဆောင်ကြီးအတွက် အဖွဲ့ထဲက မကောင်းဆိုးဝါးတွေကို ရှင်းပေးခဲ့တာပါပဲ။

ဒါကြောင့်ပဲ ကျဲ့ကျန်းရေတပ်က တောင်ဘက်ပင်လယ်ကို တိုက်ရိုက်ရောက်လာတာ ဖြစ်ပြီး ကွမ်တုန်းရေတပ်သားတွေကိုတောင် မသုံးခဲ့တာပါ။ ပထမဆုံးက ကိစ္စတွေ ထပ်ရှုပ်မှာ စိုးလို့ဖြစ်သလို၊ ဒုတိယအနေနဲ့ကတော့ ပြည်နယ်နှစ်ခုရဲ့ ရေတပ်တွေကို ပညာပေးချင်လို့ပါပဲ။

"သင်္ဘော နှစ်စင်း ပြင်လိုက်စမ်း၊ ငါနဲ့အတူ ပင်လယ်ထဲကို လိုက်ခဲ့ကြ"

……

ကျောက်အာကလည်း အဲဒီအမြောက်သံတွေကို ကြားခဲ့ရတယ်။ သူမက ရွှီထင်းရှန်း မိမိကို လာရှာတာ ဖြစ်နိုင်တယ်လို့ တွေးမိပေမဲ့ အဲဒီအတွေးကိုတော့ အလွယ်တကူ မယုံရဲဘဲ ဖြစ်နေတယ်။

223 10

အခု သူမက ကုန်းပေါ်ကို ဘယ်လို ပြန်မလဲဆိုတဲ့ ကိစ္စအတွက် အခက်တွေ့နေရတယ်။

သူမ စီးလာတဲ့ သင်္ဘောက ကုန်တင်သင်္ဘောငယ်လေး တစ်စင်းပဲ ဖြစ်ပြီး၊ ကမ်းနီးပင်လယ်မှာ သွားဖို့ ပြဿနာ မရှိပေမဲ့၊ ဟုန်ကျွန်းကတော့ ပင်လယ်နက်ပိုင်းမှာ ရှိနေတာပါ။ ပင်လယ်ထဲမှာ လှိုင်းတွေ ထူတာကြောင့်၊ ရာသီဥတု ဘယ်အချိန် ပြောင်းမလဲ မသိနိုင်ဘဲ၊ ဒီလိုမျိုး သင်္ဘောငယ်နဲ့ တာ့ချန်းကို ပြန်ဖို့ ကြိုးစားရင်၊ အကယ်၍ မုန်တိုင်းနဲ့ တွေ့ရင် သေဖို့ပဲ ရှိတော့တယ်။

ပဲ့ထိန်းတွေက ကျောက်အာ သင်္ဘောပေါ် တက်လာပြီးနောက်၊ ဒီကိစ္စကို သူမကို ပြောပြခဲ့ကြတယ်။ ကျောက်အာက စိတ်ထဲမှာ စိုးရိမ်ပေမဲ့၊ သင်္ဘောကိုတော့ ဆက်ထွက်ခိုင်းခဲ့တယ်။ ဒါပေမဲ့ အဝေးကို မသွားရဲဘဲ ဟုန်ကျွန်းရဲ့ ပတ်ဝန်းကျင်မှာပဲ ဝဲနေခဲ့ရတယ်။

ပြန်သွားမလား၊ ဒါမှမဟုတ် ဆက်သွားမလား

ကျောက်အာက အကြာကြီး တွေဝေမနေတော့ဘဲ၊ သင်္ဘောကို တာ့ချန်းဘက်ကို ဦးတည် မောင်းဖို့ အမိန့်ပေးလိုက်တယ်။

ဟုန်ကျွန်းကိုတော့ သူမ ပြန်မသွားတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ မိမိအနေနဲ့ ဒီလောက်အထိ ကံမကောင်းဘဲ ဒီလို ရာသီဥတုမှာ မုန်တိုင်းနဲ့ တွေ့ပါ့မလားလို့ သူမ တွေးမိတယ်။ အဆိုးဆုံး အခြေအနေဆိုရင်တောင် ဟိုင်နန်ကျွန်း ကို အရင်သွားမယ်၊ အဲဒီမှာ အစိုးရရဲ့စစ်စခန်းနဲ့ ရုံးဌာနတွေ ရှိနေလို့၊ မိမိရဲ့ အဆင့်အတန်းကို ပြောပြလိုက်ရင် သူတို့က ရွှီထင်းရှန်းနဲ့ ဆက်သွယ်နိုင်အောင် ကူညီပေးလိမ့်မယ်လို့ ယူဆတယ်။

ဒီလို တွေးလိုက်တဲ့ အခါမှပဲ၊ ကျောက်အာရဲ့ စိတ်က ပိုပြီး ပေါ့သွားရတယ်။ မိမိက ကိုယ်ဝန်ဆောင်ထားရလို့ ဦးနှောက်ကတောင် အသုံးမကျတော့သလို ဖြစ်နေရတယ်။ ဒီလောက် ရိုးရှင်းတဲ့ ကိစ္စကို ဘာကြောင့် ဒီလောက်အထိ အကြာကြီး စဉ်းစားနေခဲ့မိသလဲ။

ဒါကြောင့် အဲဒီသင်္ဘောငယ်လေးက တဖြည်းဖြည်းနဲ့ ဟိုင်နန်ကျွန်း ဘက်ကို ဦးတည် ခရီးနှင်ခဲ့တော့တယ်။

ဒါပေမဲ့ ကျောက်အာ မသိတာက လူတစ်ယောက်က သူမနဲ့အတူ ပင်လယ်အော် တစ်ခုတည်းကနေ ထွက်လာခဲ့သလို၊ သူမကို တမင်လိုက်ရှာနေခဲ့လို့၊ လမ်းခုလတ်မှာ ပိတ်ဆို့တာကို ခံလိုက်ရတာပါပဲ။

မော့ကျားရဲ့ သင်္ဘောက အဲဒီသင်္ဘောငယ်လေးကို မြင်တာနဲ့၊ တိုက်ရိုက် ဦးတည် မောင်းလာပြီး တစ်ဖက်လူရဲ့ လမ်းကြောင်းကို ပိတ်လိုက်တော့တယ်။

ကျောက်အာက အစပိုင်းမှာ ပင်လယ်ဓားပြတွေနဲ့ တွေ့တာလို့ ထင်ခဲ့ပေမဲ့၊ တွေ့လိုက်ရတာက အရိပ်အယောင် မပြတ်နိုင်တဲ့ မော့ကျား ဖြစ်နေတာမို့၊ အပြင်ထွက်ခါစမှာတင် ပြဿနာနဲ့ တည့်တည့် တိုးနေသလို ခံစားလိုက်ရတယ်။

"ရှင် အမှန်တကယ် ဘာလုပ်ချင်နေတာလဲ။ ကျွန်မကို သတ်ဖို့ ခိုင်းတုန်းကလည်း ရှင် မလုပ်ခဲ့ဘူး၊ ကျွန်မကို ယူပြီး ကျွန်မယောက်ျားဆီမှာ ရာထူးနဲ့ ငွေတွေနဲ့ လဲဖို့ ပြောတုန်းကလည်း ရှင် မသွားခဲ့ဘူး။ ရှင်က ဘာဖြစ်လို့ ကျွန်မလို ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အပေါ်မှာ ဒီလောက်အထိ တွက်ကပ်နေရတာလဲ" ကျောက်အာက သင်္ဘောဦးမှာ ရပ်ပြီး၊ ကြီးမားတဲ့ ဝမ်းဗိုက်ကို ကိုင်ကာ တစ်ဖက်သင်္ဘောပေါ်က မော့ကျားကို လှမ်းပြီး အော်ဆဲလိုက်တယ်။ သူမရဲ့ စိတ်ဓာတ်ကလည်း နည်းနည်း ပြိုလဲနေပြီ ဖြစ်တယ်။

တူလိုက်တာ၊ ပိုပြီးတော့တောင် တူလာပြီ။

"ရှင် သိတတ်ရင် ကျွန်မကို လွှတ်ပေးလိုက်ပါ၊ မဟုတ်ရင်တော့ ရှင်နဲ့ ကျွန်မ အတူတူ သေကြရုံပဲ ရှိမယ်" ကျောက်အာက ခြိမ်းခြောက်လိုက်တယ်။

"ငါ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး၊ ငါ ကိစ္စတစ်ခုကို အတည်ပြုချင်လို့ပါ" လို့ တစ်ဖက်သင်္ဘောဦးက မော့ကျားက ပြုံးပြီး ဆိုတယ်။ သူ့ရဲ့ စိတ်ကတော့ ထူးဆန်းစွာပဲ ပျော်နေပြီး၊ ကျွန်းကနေ အတင်း ထွက်ခဲ့ရတဲ့ စိတ်ညစ်မှုတွေ လုံးဝ မရှိတော့ဘူး။

223 11

ဘယ်သူမှ မသိတာက၊ မော့ကျားက ငယ်ငယ်ကတည်းက အိမ်မက်တစ်ခုကို အမြဲ မက်လေ့ ရှိတာပါပဲ။

အဲဒီအိမ်မက်က ဝေဝါးသလို၊ တစ်စွန်းတစ်စပဲ မြင်ရတာ ဖြစ်တယ်။ အိမ်မက်ထဲမှာ လူတစ်ယောက်ရဲ့ မျက်နှာကလည်း ဝေဝါးနေပေမဲ့၊ သူက အမျိုးသမီးတစ်ယောက်အပေါ် တစ်သက်လုံး တောင့်တခဲ့ပေမဲ့ မပိုင်ခဲ့ရတဲ့ အကြောင်းကို ပြောပြနေတာပါ။ သူက အဲဒီအမျိုးသမီးရဲ့ မျက်နှာကို မမြင်ရသလို၊ နာမည်ကိုလည်း မသိခဲ့ဘူး၊ ဒါပေမဲ့ ကျောက်အာကို ကယ်ခဲ့တဲ့ အချိန်ကစပြီး အဲဒီအမျိုးသမီးရဲ့မျက်နှာက တဖြည်းဖြည်းနဲ့ ထင်ရှားလာခဲ့တယ်။

အဲဒါ ဝမ်ကျောက်အာ ပါပဲ။

ဒါပေမဲ့ သူတို့နှစ်ယောက်က မျက်နှာချင်း တူပေမဲ့၊ စရိုက်နဲ့ အမူအရာတွေက ကွဲနေလို့၊ မော့ကျားက မိမိရဲ့အိမ်မက်က ပြင်ပအခြေအနေတွေကြောင့် လွဲနေတာလားလို့ တွေးမိလို့သူမက အမှန်တကယ်ပဲ သူမ ဟုတ်မဟုတ်ကို အမြဲ အတည်ပြုချင်နေတာ ဖြစ်တယ်။

"ရှင်ကတော့ တကယ့်ကို အဓိပ္ပာယ် မရှိတာပဲ ရှင် ဘာကို အတည်ပြုချင်တာလဲ ကျွန်မ သိရင် ရှင့်ကို ပြောပြမယ်လေ"

"ဒီကိစ္စကို မင်း ပြောပြလို့ မရပါဘူး၊ မင်း ငါနဲ့အတူ လိုက်ခဲ့တာက ပိုကောင်းပါလိမ့်မယ်"

မော့ကျားက တစ်ဖက်လူကို ဖျောင်းဖျဖို့ လက်လျှော့လိုက်ပြီး၊ သင်္ဘောပေါ်က လူတွေကို အနားကို ချဉ်းကပ်ဖို့ အချက်ပြလိုက်တယ်။

အဲဒီအချိန်မှာပဲ အမြောက်သံတစ်ခု ထွက်လာပြီး၊ အနက်ရောင် ဧရာမ အမြောက်ဆန်တစ်ခုက ပျံလာကာ၊ သူတို့နှစ်ယောက်ရဲ့ ကြားက ပင်လယ်ပေါ်ကို ကျသွားတာကြောင့် ရေလှိုင်းကြီး တစ်ခု ထွက်လာခဲ့တယ်။

မော့ကျားရဲ့ သင်္ဘောက သင်္ဘောကြီး ဖြစ်လို့ ကိစ္စမရှိပေမဲ့၊ ကျောက်အာရဲ့ သင်္ဘောငယ်ကတော့ ရေလှိုင်းဒဏ်ကြောင့် ပိုပြီးဝေးသွားခဲ့ရတယ်။ ကံကောင်းလို့ သူမက မျက်စိလျင်တာနဲ့ သင်္ဘောနံဘေးကို မြဲမြဲ ဆုပ်ကိုင်နိုင်ခဲ့လို့သာ သင်္ဘောပေါ်ကနေ လွင့်မကျခဲ့တာ ဖြစ်တယ်။

ဒါပေမဲ့ အခြေအနေက သိပ်ကို အန္တရာယ် များပါတယ်။ မော့ကျားက မိမိရဲ့ ခြေလှမ်းတွေကို တည်ငြိမ်အောင် ထိန်းရင်း၊ ကျောက်အာ ပင်လယ်ထဲ ကျသွားမှာ စိုးလို့ သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိတယ်။

အဲဒီအချိန်မှာပဲ ရွှီထင်းရှန်းက ငွေဆံထိုးနဲ့ နဂါးငွေ့တန်းကို ဖန်တီးပြီး နွားကျောင်းသားနဲ့ ရက်ကန်းမယ်ကို ခွဲခဲ့တဲ့ ဝမ်မူနျန်နျန်လိုပဲ၊ ကောင်းကင်က ကျလာသလို ရောက်လာခဲ့တယ်။

သူ့မျက်နှာက ဖြူလျော့နေပေမဲ့ ပြုံးရွှင်တဲ့ မျက်နှာနဲ့ သင်္ဘောလှေကားကတစ်ဆင့် ကျောက်အာရဲ့သင်္ဘောပေါ်ကို ရောက်လာခဲ့တယ်။ ရေတပ်စစ်သင်္ဘောရဲ့ နံဘေးမှာတော့ သေနတ်ကိုင် စစ်သည်တန်းကြီး တစ်ခု ပေါ်လာပြီး၊ သေနတ်ပြောင်းဝတွေက မော့ကျား ဆီကိုပဲ တည့်တည့် ဦးတည်ထားလိုက်တယ်။

မော့ကျားက အဲဒီအနီရောင်ရင့်ရင့် အရာရှိဝတ်ရုံကို ဝတ်ထားတဲ့ လူငယ်ကို၊ ကျောက်အာရဲ့ ဘေးမှာ ပေါ်လာတာကို မျက်နှာ မှောင်ပြီး ကြည့်နေမိတယ်။

ကျောက်အာက မျက်စိရှေ့က မြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး မိမိဆီ လျှောက်လာတဲ့ ရွှီထင်းရှန်းကို ကြောင်အအနဲ့ပဲ စိုက်ကြည့်နေမိတော့တယ်။

နေရောင်ခြည် နည်းနည်းက သူ့ရဲ့ဘေးပတ်လည်မှာ ရွှေရောင် အလင်းတန်းတစ်ခုလို ဝန်းရံပေးထားသလို ရှိပါတယ်။

သူ့ရဲ့ ကိုယ်ဟန်က ခန့်ညားသလို၊ ခြေလှမ်းတွေကလည်း သွက်လက်ပါတယ်။

သူက ပိန်သွားခဲ့ပြီ၊ အရင်လို ပြည့်ပြည့်ဖြိုးဖြိုး မဟုတ်တော့ဘဲ ပါးပြင်တွေတောင် ချိုင့်ဝင်နေခဲ့ပြီ ဖြစ်တယ်။

ကျောက်အာရဲ့ မျက်ဝန်းတွေက စိုလာခဲ့တယ်။ ဒီလောက်အထိ ခန့်ညားတဲ့ သူ့ကို ကြည့်ရင်း မိမိရဲ့ အခုလိုမျိုး ရုပ်ဆိုးတဲ့ ပုံစံကို ပြန်သတိရသွားတာနဲ့၊ မသိစိတ်နဲ့ ကိုယ့်မျက်နှာကို လက်နဲ့ အသာအယာ ထိလိုက်မိတယ်။

223 12

"ကျောက်အာ ငါ မင်းနဲ့ ကလေးကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီနော်"

အဲဒီတော့မှ တပ်မှူးငယ်ထန်က အရာအားလုံးကို နားလည်သွားတော့တယ်။ သခင်မ ပျောက်သွားလို့ အရာရှိမင်းကြီးက ဘာကြောင့် ဒီလောက်အထိ စိတ်ပူနေခဲ့လဲဆိုတာက သခင်မမှာ ကိုယ်ဝန် ရှိနေလို့ ဖြစ်ပါလိမ့်မယ်။ တခြားသူတွေ မသိပေမဲ့ ရေတပ်ထဲက လူတွေကတော့ ရွှီထင်းရှန်းက ကျောက်အာကို ရှာဖို့အတွက် ဘာတွေကို လုပ်ခဲ့လဲဆိုတာ ကောင်းကောင်း သိထားကြပါတယ်။

ဒီစကားကို မနီးမဝေးက မော့ကျားလည်း ကြားလိုက်ရလို့ သူ့မျက်နှာမှာ အနေခက်တဲ့ အရိပ်အယောင်တွေနဲ့အတူ ခံစားချက်မျိုးစုံ ဖြတ်သွားတော့တယ်။ သူက အဲဒီဘက်ကို မှောင်မိုက်တဲ့ အကြည့်နဲ့ ကြည့်နေမိရာ၊ အရာရှိဝတ်ရုံ ဝတ်ထားတဲ့ အဲဒီအမျိုးသားက ဘေးလူတွေကို ဂရုမစိုက်ဘဲ ဒူးတစ်ဖက် ထောက်လိုက်ကာ အမျိုးသမီးရဲ့ ကြီးမားတဲ့ ဝမ်းဗိုက်ကို ဖက်ပြီး မျက်နှာကို အဲဒီပေါ်မှာ အပ်ထားတာကို မြင်လိုက်ရတယ်။

အဲဒါ ဘာလဲဆိုတာ သူ သိပါတယ်။ အဲဒါက အမျိုးသားချင်းကြားက စစ်ကြေညာတာပါပဲ။

ဒါပေမဲ့ သူက တစ်ဖက်လူနဲ့ ဘယ်လိုလုပ် တိုက်နိုင်ပါ့မလဲ။

မော့ကျားက အဲဒီဘက်ကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်ပြီးနောက် လက်ကို အားပါပါ ဝှေ့ယမ်းလိုက်ပြီး သူ့သင်္ဘောက အမြန်ပဲ အဲဒီနေရာကနေ ထွက်ခဲ့ပြီး၊ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးထဲမှာ ပျောက်ကွယ်သွားတော့တယ်။

******

224 01

အခန်း ၂၂၄

ကျောက်အာက အစောပိုင်းက စိတ်လှုပ်ရှားတာတွေ လွန်သွားပြီးတဲ့နောက်မှ ကိစ္စတစ်ခုကို သတိထားမိသွားတယ်။ ရွှီထင်းရှန်းက သူမမှာ ကိုယ်ဝန်ရှိနေတာကို ဘယ်လိုသိသွားသလဲ ဆိုတဲ့ အချက်ပါပဲ၊ အမှန်တော့ သူမ ခွဲထွက်သွားတုန်းက မိမိကိုယ်ကိုယ်တောင် ကိုယ်ဝန်ရှိနေမှန်း မသိခဲ့ဘူး။

ဒါပေမဲ့လည်း သူမက အဲဒီအချက်ကို မေးဖို့ အချိန်မရခဲ့ဘူး၊ အကြောင်းက သင်္ဘောနှစ်စင်းလုံးမှာရှိတဲ့ လူတွေက သူတို့ကို စိုက်ကြည့်နေကြလို့၊ အရင်ဆုံး သင်္ဘောပေါ် တက်ဖို့ကပဲ အရေးကြီးနေလို့ ဖြစ်တယ်။

ဟုန်ကျွန်းကို ပြန်လာတဲ့ လမ်းမှာမှ ကျောက်အာက သူမရဲ့ စိတ်ထဲက သံသယကို မေးလိုက်တော့တယ်။

ရွှီထင်းရှန်းက သူမကို အထက်အောက် တစ်ချက် ကြည့်လိုက်ပြီးမှ ဆိုတယ်။ "မင်း ထွက်သွားတုန်းက ဘယ်သူမှ မင်းမှာ ကိုယ်ဝန်ရှိနေတာကို မသိကြဘူး၊ အခု ပြန်လာတဲ့အခါကျမှ ဝမ်းဗိုက်က ဒီလောက်ကြီးနေတာဆိုတော့ အကယ်၍ ကိုယ်ကသာ အစကတည်းက သိပါတယ်လို့ မပြောခဲ့ရင်၊ အပြင်မှာ လူတွေက ဘယ်လိုမျိုး အတင်းအဖျင်းတွေ ပြောကြမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ"

ကျောက်အာက ခဏလောက် ကြောင်သွားပြီးမှ သူ့စကားထဲက ဆိုလိုရင်းကို နားလည်သွားတော့တယ်။

သူမရဲ့ မျက်နှာမှာ ခံစားချက်တွေ ရှုပ်ထွေးသွားပြီး အတန်ကြာမှ ပြောလိုက်ပြီး စကားကို ရပ်လိုက်တယ်။ "ဒါဆိုရင် နင်ကရော..."

"ဘာဖြစ်လို့လဲ" ရွှီထင်းရှန်းက နားမလည်တဲ့ပုံနဲ့ သူမကို တစ်ချက် ကြည့်လိုက်တယ်။

"နင်က... နင်က ဒီကလေးရဲ့ အရင်းအမြစ်နဲ့ ပတ်သက်ပြီးတော့ လုံးဝ သံသယ မရှိဘူးလား"

ရွှီထင်းရှန်းက သူမရဲ့နောက်စိကို အသာအယာ တစ်ချက် ပုတ်လိုက်ပြီးတဲ့နောက် ပါးပြင်လေးကို တို့ကာ ဆိုလိုက်တယ်။ "မင်းက ဘာတွေ လျှောက်ပြောနေတာလဲ။ အကယ်၍ ငါကသာ မင်းအပေါ်မှာ သံသယ ရှိနေမယ်ဆိုရင် မင်းရဲ့ စိတ်ထဲမှာ နေလို့ကောင်းပါ့မလား"

ကျောက်အာကလည်း ဒီလို အခြေအနေမျိုးမှာ ဘယ်လို ရှင်းပြရမလဲ မသိတော့ဘဲ၊ အတန်ကြာမှ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး ဆိုတယ်။ "ငါ ကိုယ်ဝန်ရှိနေတာကို သုံးလကျော်မှ သိခဲ့တာပါ၊ အဲဒီမတိုင်ခင်အထိတော့ ငါကိုယ်တိုင်လည်း မသိခဲ့ပါဘူး"

ရွှီထင်းရှန်းက ခေါင်းညိတ်ပြလိုက်တယ်။

ကျောက်အာက သူ့ကို တိတ်တဆိတ် အကဲခတ်လိုက်တော့ သူ့ရဲ့ အမူအရာက ပုံမှန်အတိုင်း တည်ငြိမ်နေတာ မြင်ရမှပဲ စိတ်ထဲကနေ တိတ်တဆိတ် သက်သာရာ ရသွားတော့တယ်။ တစ်ချိန်တည်းမှာပဲ မိမိရဲ့ အတွေးတွေက သိပ်ကို ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။ သူမနဲ့ ထင်းရှန်းတို့က နှစ်ပေါင်းများစွာ ပေါင်းလာတဲ့ ဇနီးမောင်နှံတွေ ဖြစ်တာကြောင့်၊ သူက သူမအပေါ် ဘယ်လိုလုပ် သံသယ ရှိပါ့မလဲ။ မိမိကိုယ်ကိုယ် ဘာကိစ္စအတွက် တွေဝေနေမိလဲတောင် မသိတော့ဘူး၊ ထင်းရှန်းက သူမအပေါ် သံသယ ရှိနေမှပဲ သူမ စိတ်ချမ်းသာပါ့မလား။

ဒီလို တွေးလိုက်တဲ့ အခါမှပဲ သူမက စိတ်ထဲက အနှောင်အဖွဲ့တွေ ပြေလျော့သွားတော့တယ်။

ရွှီထင်းရှန်းကလည်း သူမရဲ့ တင်းမာနေတဲ့ ကိုယ်ဟန်က ပြေလျော့သွားတာ မြင်ရတဲ့အခါမှပဲ သူမကို ရင်ခွင်ထဲ ဆွဲပွေ့ပြီး ပုခုံးကို အသာအယာ ပုတ်ပေးလိုက်တော့တယ်။

224 02

သူက ကျောက်အာရဲ့ ကလေးက မိမိရဲ့ ကလေး မဟုတ်ဘူးလို့ လုံးဝ သံသယ မရှိဘူး။ ပထမအချက်က ဟုန်ဘန်းအဖွဲ့ရဲ့ ခေါင်းဆောင်ကြီး ရှိနေလို့၊ ကျောက်အာ တစ်ခုခု ဒုက္ခရောက်ဖို့ မဖြစ်နိုင်တာကြောင့် ဖြစ်တယ်။ ဒုတိယအချက်က ကျောက်အာရဲ့ စရိုက်အရဆိုရင်၊ အကယ်၍ သူမသာ တစ်ယောက်ယောက်ရဲ့ စော်ကားတာကို ခံခဲ့ရရင်၊ သူမက ဘာစကားမှ မပြောဘဲ သူနဲ့အတူ လိုက်လာမှာ မဟုတ်တာကြောင့် ဖြစ်တယ်။

ဒါပေမဲ့လည်း တစ်ချိန်တည်းမှာပဲ သူက ခုနက အနက်ရောင် ဝတ်စုံနဲ့ လူကို သတိရသွားတယ်။ အဝေးကနေ လှမ်းမြင်ရတာ ဖြစ်ပေမဲ့ ရွှီထင်းရှန်းက အဲဒီလူက ကျောက်အာကို ကြည့်နေတဲ့ အကြည့်ကို လွတ်မသွားခဲ့ဘူး။

အဲဒီအကြည့်မျိုးက အမျိုးသားတစ်ယောက်ဖြစ်ရင် သေချာပေါက် နားလည်နိုင်တဲ့ အကြည့်မျိုးပါပဲ။

ဒီအချက်ကို စဉ်းစားမိတဲ့အခါ သူ့ရဲ့မျက်ဝန်းတွေက နည်းနည်း မှေးစင်းသွားပြီး၊ ဘာမှမဖြစ်သလိုပဲ မေးလိုက်တယ်။ "ဒါနဲ့... ခုနက အဲဒီလူက ဘယ်သူလဲ"

"သူလား သူက ဟုန်ဘန်းအဖွဲ့က လူတစ်ယောက်ပါ၊ ဒါပေမဲ့..." ကျောက်အာက သူ့ရဲ့ ပုခုံးပေါ် မှီပြီး နည်းနည်း အနေခက်သလို လှုပ်ရှားလိုက်ကာ တိုးတိုးလေး ပြောတယ်။ "ဒါပေမဲ့ သူက လူဆိုးတော့ မဟုတ်ပါဘူး၊ အနည်းဆုံးတော့ ငါ့အပေါ်မှာ မကောင်းတာ ဘာမှ မလုပ်ခဲ့သလို၊ အရင်က ငါ့ကို ကယ်ခဲ့ဖူးပါတယ်"

ကျောက်အာက သူမ ကြုံခဲ့ရသမျှကို အကြမ်းဖျင်း ပြောပြပေမဲ့၊ အဲဒီညက သူမ လူသတ်ခဲ့တဲ့ ကိစ္စကိုတော့ ချန်ထားခဲ့တယ်။ သူမက ထင်းရှန်းကို စိုးရိမ်ပူပန်မှု မဖြစ်စေချင်သလို၊ ကိစ္စတွေက ကုန်လွန်သွားခဲ့ပြီ ဖြစ်လို့၊ ထပ်ပြောနေလို့လည်း စိတ်မကောင်းဖြစ်ရုံပဲ ရှိတော့မှာ မဟုတ်လား။

စကားပြောနေတုန်းမှာပဲ သင်္ဘောက ဟုန်ကျွန်းကို ရောက်လာခဲ့တယ်။

အခု ရေတပ်သားတွေက ကျန်တဲ့ အခြေအနေတွေကို ရှင်းနေကြပြီ ဖြစ်လို့၊ စခန်းထဲက ပင်လယ်ဓားပြ အားလုံးက ဖမ်းခံထားရတယ်။ အထူးသဖြင့် အဓိက ခေါင်းဆောင် ဖြစ်တဲ့ ရွှီကုရုံ ကိုတော့ တင်းတင်းကျပ်ကျပ် ချုပ်ထားတယ်။

ဟုန်ကျွန်းပေါ်မှာ မူလက လူပေါင်းသောင်းဂဏန်းအထိ ရှိခဲ့ပေမဲ့၊ ဆက်တိုက် ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် အခု လူ သုံးထောင်တောင် မပြည့်တော့ဘူး။ တစ်ယောက်ယောက်က သတင်းပေးလာတာက အမှောင်ခန်းတွေထဲမှာ လူတစ်သုတ်ကို ဖမ်းထားတယ်လို့ ဆိုပေမဲ့ ရေတပ်သားတွေ သွားရှာတဲ့ အခါမှာတော့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ကြဘူး။ ရေတပ်သားတွေက ဟွားကျန့်ကိုလည်း ရှာတွေ့ခဲ့တာကြောင့် အဲဒီက အမျိုးသမီးတွေက အစိုးရတပ်သားတွေကို မြင်လိုက်ရတဲ့အခါမှာတော့ မအောင့်နိုင်တော့ဘဲ အားလုံး ဝိုင်းပြီး ငိုကြတော့တယ်။

ကောင်းကင်က တဖြည်းဖြည်းနဲ့ မှောင်လာခဲ့ပြီ ဖြစ်လို့ ကြည့်ရတာ ဒီနေ့ညတော့ ထွက်နိုင်မှာ မဟုတ်တော့ဘူး။ ကံကောင်းလို့ ကျွန်းပေါ်မှာ လူနေနိုင်တဲ့ အိမ်အများကြီး ရှိနေသလို၊ စစ်သင်္ဘောတွေလည်း ရှိနေတာမို့၊ သင်္ဘောပေါ်မှာ ဖြစ်ဖြစ်၊ ကျွန်းပေါ်မှာ ဖြစ်ဖြစ် နားခိုလို့ ရတယ်။

ကျောက်အာက အစားအသောက် နည်းနည်း စားပြီးနောက်၊ အမြန်ပဲ အိပ်စက် အနားယူလိုက်တော့တယ်။

ဒီနေ့ တစ်ရက်အတွင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေက များလွန်းလို့၊ သူမက သိပ်ကို ပင်ပန်းနေခဲ့ပြီဖြစ်တာကြေင့် ရွှီထင်းရှန်းနဲ့ စကားပြောနေရင်းနဲ့တင် အိပ်မောကျသွားတော့တယ်။

ရွှီထင်းရှန်းက သူ့လက်မောင်းကို အသာအယာ ပြန်ဆွဲထုတ်လိုက်ပြီးတော့ ခုတင်ပေါ်မှာ အိပ်မောကျနေတဲ့ သူမရဲ့ မျက်နှာကို စိုက်ကြည့်နေမိတယ်။

သူက အရင်က သူမ လှုပ်ရှားသွားလာရာမှာ အဆင်မပြေတဲ့ ပုံစံကို သတိမပြုမိဘဲ မနေခဲ့ဘူး၊ သူမမှာ ကိုယ်ဝန် ရှိနေတုန်းမှာတင် ပထမဆုံး ပင်လယ်ထဲ ပြုတ်ကျခဲ့ရသလို၊ အဲဒီနောက်မှာတော့ ပင်လယ်ဓားပြတွေရဲ့ ဖမ်းတာကို ခံခဲ့ရကာ၊ ကိစ္စအများကြီးကို ကြုံခဲ့ရတယ်လို့ တွေးမိတဲ့အခါ၊ သူ့စိတ်ထဲမှာ ဝူမိသားစုအပေါ် ထားတဲ့ နာကျည်းမှုတွေက ပိုပြီး နက်ရှိုင်းလာခဲ့တော့တယ်။

သူက အခန်းထဲက ထွက်လာခဲ့တော့ ဟူစန်းက အပြင်မှာ စောင့်နေတယ်။

224 03

အခန်းထဲက လူတွေကို သေချာ စောင့်ဖို့ မှာပြီးတဲ့နောက် သူက ဟူစန်းကို ခေါ်ပြီး အမှောင်ထဲကို ဝင်သွားတော့တယ်။

သစ်ပင်ရိပ်တွေအောက်မှာ လရောင်က ရေလိုပဲ ကြည်လင်နေတယ်။

မနီးမဝေးမှာ ကမ်းခြေ ရှိနေပြီး လှိုင်းတံပိုးတွေက တစ်ခုပြီးတစ်ခု ကမ်းခြေကို ပုတ်နေတာကြောင့် ရေဖွေးသံတွေက အဆက်မပြတ် ထွက်နေတော့တယ်။

"ရွှီအရာရှိက ငါ့ကို ဘာဖြစ်လို့ တွေ့ချင်ရတာလဲ မသိဘူးနော်" သစ်ပင်ရိပ်တွေကြားက အမျိုးသမီးတစ်ယောက်ရဲ့ အသံ ထွက်လာခဲ့တယ်။

လူကို သေသေချာချာ မမြင်ရပေမဲ့ ဒီအမျိုးသမီးက အရပ်အမောင်း မနိမ့်ဘူးဆိုတာတော့ သိနိုင်သည်။

ရွှီထင်းရှန်းက ဒီခေါင်းဆောင်ကြီးက အမျိုးသမီးတစ်ယောက် ဖြစ်နေတာကို နည်းနည်း အံ့အားသင့်ပေမဲ့ လုံးဝ ထိတ်လန့်သွားတာ မရှိဘူး၊ အမှန်တော့ ကျောက်အာက ခေါင်းဆောင်ကြီးရဲ့အကြောင်းကို အမြဲ အကောင်းပြောနေလို့ သူ့စိတ်ထဲမှာ နည်းနည်း မကျေမနပ် ဖြစ်ခဲ့ဖူးပေမဲ့၊ အခုတော့ အရာအားလုံးကို နားလည်သွားတော့တယ်။

"သူမ အရင်က စော်ကားခံရလုနီးပါး ဖြစ်ခဲ့တဲ့ ကိစ္စကို၊ ခင်ဗျားရဲ့ လူတွေက ကျွန်တော့်ကို အစောကတည်းက မပြောခဲ့ကြဘူး"

ဒီကိစ္စကို ကျောက်အာက ပြောပြတာ မဟုတ်သလို၊ ခေါင်းဆောင်ကြီး ဒါမှမဟုတ် ဆန်းကျစ်တို့က ပြောပြတာလည်း မဟုတ်ဘူး။ အမှန်တော့ ပင်လယ်ဓားပြ တစ်ယောက်က သူ့ရဲ့ အသက်ကိုကယ်ဖို့အတွက် ရွှီထင်းရှန်းကို မျက်နှာသာပေးချင်လို့ တမင် ပြောပြခဲ့တာ ဖြစ်တယ်။

ဒါကြောင့်ပဲ သူက ကျောက်အာ ဟုန်ကျွန်းကို မရောက်ခင် ကြုံခဲ့ရတဲ့ အခြေအနေတွေကို သိသွားခဲ့တာ ဖြစ်တယ်။

အကယ်၍ ကျောက်အာသာ အဲဒီလို ကိစ္စတွေနဲ့ အမှန်တကယ် ကြုံခဲ့ရမယ်ဆိုရင် သူမ ဘယ်လို ဖြစ်သွားမလဲ။ မိမိကိုယ်တိုင်ရော ဘယ်လို နေပါ့မလဲလို့ တွေးမိတဲ့အခါ၊ သူက သိပ်ကို ထိတ်လန့်သွားပြီး ဒေါသတွေကလည်း တစ်ဖက်လူအပေါ်ကို ကျရောက်သွားတော့တယ်။

မူလက ရွှီထင်းရှန်းရဲ့ စီမံချက်အရ၊ သူက ဒီမှာ အကြာကြီး မနေဘဲ လူတွေကို ခေါ်ပြီး ချက်ချင်း ထွက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး၊ အဲဒီနောက်မှာတော့ ဟုန်ကျွန်းက ခေါင်းဆောင်ကြီးရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ဆက်ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ သူက သူ့ရဲ့ အတွေးအမြင်ကို ယာယီ ပြောင်းလိုက်ပြီး ဟုန်ကျွန်းပေါ်မှာ နားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။

သူ သိချင်တာက ဒီခေါင်းဆောင်ကြီးက စိုးရိမ်လာမလား ဆိုတဲ့ အချက်ပါပဲ။

ထင်ထားတဲ့အတိုင်းပဲ သူမက စိုးရိမ်လာတယ်။ အရင်က အမြဲ ပုန်းနေပြီး မျက်နှာမပြပေမဲ့ အခုတော့ ရှေ့ကို ထွက်လာခဲ့ပြီ ဖြစ်တယ်။

"ရွှီအရာရှိက ဒီလောက်အထိ တွက်ကပ်တဲ့သူ ဖြစ်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။ ရှင့်အနေနဲ့ ရှင့်ဇနီးသည် ဒုက္ခရောက်ခဲ့တာကို တွက်ကပ်နေတာလား၊ ဒါမှမဟုတ် တခြား တစ်စုံတစ်ခုကို စိုးရိမ်နေတာလား"

"ခင်ဗျားက ကျွန်တော် ဘာကို စိုးရိမ်နေတယ်လို့ ထင်လို့လဲ"

"ရွှီအရာရှိရဲ့ စိတ်ကူးကိုတော့ ငါ့လို သာမန် အမျိုးသမီးတစ်ယောက်က ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ"

"ဒါဆိုရင်လည်း ခင်ဗျားရဲ့ မလိုအပ်တဲ့ သံသယတွေကို သိမ်းထားလိုက်ပါ"

လေထုထဲမှာ နည်းနည်း အနေခက်တာတွေ ဖြစ်လာခဲ့တယ်။

ခေါင်းဆောင်ကြီးက ခဏခဏ သက်ပြင်းချလိုက်မိတယ်။ သူတစ်ပါး ဇနီးမောင်နှံကြားက ကိစ္စမှာ မိမိက ဘာဖြစ်လို့ ဝင်ပါနေမိလဲဆိုတာ သူမကိုယ်တိုင်လည်း မသိတော့ဘူး၊ ဒါ့အပြင် ဒီလူရဲ့ ဒေါသကိုတောင် ဆွပေးလိုက်သလို ဖြစ်သွားသေးတယ်။

224 04

သူမက စိတ်ကို ပြန်ထိန်းလိုက်ပြီးတော့ ရှင်းပြတယ်။ "မင်းရဲ့ ဇနီးသည်ကို ဖမ်းလာတာက တိအဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ မင်-ကျဲ့ ပြည်နယ်ဝန် ရှောက်ခိုင်တို့ ပူးပေါင်း ကြံစည်ခဲ့တာပါ၊ အဲဒီတုန်းက ငါလည်း မသိခဲ့သလို၊ ပုံမှန် မဟုတ်တဲ့ အခြေအနေတွေကိုပဲ သတိထားမိခဲ့တာပါ။ နောက်ပိုင်း သိသွားတဲ့ အခါမှာလည်း လူလွှတ်ပြီး ချက်ချင်း တားခိုင်းခဲ့ပါတယ်။ လောကမှာ အမြဲတမ်း မမျှော်လင့်တဲ့ ကိစ္စတွေ ရှိတတ်တာဆိုတော့ အရာရာကို ဘယ်လိုလုပ်ပြီး စုံလင်အောင် စီမံနိုင်ပါ့မလဲ"

"အဲဒီ အနက်ရောင် ဝတ်စုံနဲ့ အမျိုးသားကရော ဘယ်သူလဲ"

"သူ့ရဲ့ မျိုးရိုးက မော့ ပါ၊ နာမည်ကတော့ ကျား လို့ ခေါ်ပါတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်က ဟုန်ဘန်းအဖွဲ့ထဲကို ရောက်လာခဲ့တာပါ၊ သူ ဘယ်က လာလဲဆိုတာကိုတော့ မသိရပေမဲ့၊ တာ့ချန်းလူမျိုးတော့ မဟုတ်ပါဘူး"

ရွှီထင်းရှန်းက ဘာစကားမှ မပြောတာ မြင်တော့ ခေါင်းဆောင်ကြီးက မေးလိုက်တယ်။ "ဒီအဖြေကိုရော၊ ရွှီအရာရှိအနေနဲ့ စိတ်ကျေနပ်မှု ရှိရဲ့လား"

လရောင်က ရွှီထင်းရှန်းရဲ့ ကိုယ်ပေါ်ကို ကျနေပြီး၊ သူ့အရိပ်က မြေပြင်ပေါ်မှာ ရှည်လျားစွာ ထင်နေတယ်။ သူက ခြေလှမ်းနည်းနည်း လျှောက်လိုက်တော့ သူ့အရိပ်က သစ်ပင်ရိပ်တွေကြားက ခွဲထွက်လာပြီး လူတစ်ယောက်ရဲ့ ပုံသဏ္ဌာန်အဖြစ် ထင်ရှားလာခဲ့တယ်။

"သူမက ခင်ဗျားတို့ရဲ့ ဟုန်ဘန်းအဖွဲ့လက်ထဲမှာ ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါက အရင်က ခင်ဗျား ပြောခဲ့သမျှတွေ အကုန်လုံး အသုံးမဝင်တော့ဘူးလို့ ဆိုလိုတာပဲ၊ ဒါကြောင့် ကျွန်တော် ပြောခဲ့တာတွေကိုလည်း အသုံးမဝင်ဘူးလို့ မှတ်ယူနိုင်ပါတယ်။ ခင်ဗျားအတွက် လမ်းနှစ်သွယ် ရှိတယ်။ အစိုးရဆီမှာ လက်နက်ချမလား၊ ဒါမှမဟုတ် ကျွန်တော့်ဆီမှာ လက်နက်ချမလား"

ဒီလို ပြောပြီးနောက် ရွှီထင်းရှန်းက ရှေ့ကို ဆက်လျှောက်သွားပြီး သူ့ပုံရိပ်က အဝေးမှာ တဖြည်းဖြည်း ပျောက်သွားတော့တယ်။

တင်းစစ်က အမှောင်ရိပ်ထဲကနေ ထွက်လာပြီး ခေါင်းဆောင်ကြီးကို ကြည့်ကာ ဆိုတယ်။ "ခေါင်းဆောင်ကြီး၊ ဘာဖြစ်လို့ ကျွန်တော်မျိုးကို လက်မလှုပ်ခိုင်းရတာလဲ သူတို့ နှစ်ယောက်တည်း လာတာကို၊ ကျွန်တော်တို့ရဲ့ အင်အားနဲ့ဆိုရင်..."

"တော်တော့ ပြည်သူက အရာရှိနဲ့ မပြိုင်သင့်ဘူး"ခေါင်းဆောင်ကြီးက သူ့စကားကို ဖြတ်ပြောလိုက်တယ်။

တင်းစစ်က နည်းနည်း မကျေမနပ်နဲ့ မေးလိုက်တယ်။ "ကျွန်တော်တို့က ပင်လယ်ဓားပြတွေပဲလေ၊ ကောင်းကင်နဲ့ မြေကြီးကိုတောင် မကြောက်ဘဲ လူတွေကို ပြိုင်လာခဲ့တာ၊ အရာရှိကို ကြောက်နေရမှာလား"

"ဒီလူက သာမန်လူ မဟုတ်ဘူး၊ တိုတောင်းတဲ့ လေးနှစ်အတွင်းမှာ၊ မြို့တော်ကနေ နှင်ထုတ်ခံရတဲ့ မြို့ပိုင်အရာရှိလေး ဘဝကနေ၊ တျန့်ဟိုင် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး၊ ကျဲ့ကျန်းရေတပ် ကြီးကြပ်ရေးမှူး၊ နောက်ပြီး အခု အရှေ့တောင်ပင်လယ် ရေတပ်ကြီးကြပ်ရေးမှူးအထိ ဖြစ်လာခဲ့တာ။ လွန်ခဲ့တဲ့ လေးနှစ်အတွင်းမှာ ကမ်းရိုးတန်း တစ်လျှောက် ဘယ်လောက်အထိ ပြောင်းလဲသွားသလဲဆိုတာ မင်း ကြည့်လိုက်ဦး၊ ဒါဟာ မိုးနဲ့မြေလို ကွာခြားသွားတာပဲ၊ အဲဒီနောက်ကွယ်မှာ ပါဝင်ပတ်သက်နေတဲ့ အကျိုးစီးပွားတွေဆိုတာ၊ အစိုးရအဖွဲ့ တစ်ခုလုံးက အရာရှိတွေနဲ့ ထိပ်တိုက်တွေ့နေတာလို့တောင် ပြောလို့ ရတယ်။ ဒါပေမဲ့ သူက အကြိမ်ကြိမ် အနိုင်ရခဲ့တယ်။ ဒါဟာ ဘာကြောင့်လဲဆိုတာကို မင်း မစဉ်းစားမိဘူးလား"

"ခေါင်းဆောင်ကြီး..."

"ဒါ့အပြင် ဒီလူက အရာရှိကောင်း တစ်ယောက်ပဲ၊ တျန့်ဟိုင် ပြည်သူတွေက သူ့အပေါ်မှာ သိပ်ကြည်ညိုကြတယ်။ အကယ်၍ အသက်မွေးဖို့ လမ်းစသာ ရှိမယ်ဆိုရင်တော့ ဘယ်သူကမှ ပင်လယ်ဓားပြ မလုပ်ချင်ကြပါဘူး" ပြောပြီးနောက် ခေါင်းဆောင်ကြီးက ထွက်သွားတော့တာကြောင့် တင်စစ် တစ်ယောက်တည်း အဲဒီမှာ ကျန်ခဲ့ပြီး အတန်ကြာအောင် တွေးနေမိတော့တယ်။

……

224 05

နောက်တစ်နေ့ မနက်မှာ၊ ကျောက်အာနဲ့ ရွှီထင်းရှန်းတို့ နိုးလာတဲ့အခါ ဟူစန်းက ပစ္စည်းတစ်ခုကို ယူလာခဲ့တယ်။

အဲဒါက တံဆိပ်ပြား တစ်ခု ပါပဲ။

နက်မှောင်တဲ့ အရောင်ရှိပြီး၊ ဘယ်လို ကုန်ကြမ်းနဲ့ လုပ်ထားလဲ မသိရပေမဲ့၊ အဲဒီပေါ်မှာ 'ဟုန်' ဆိုတဲ့ စာလုံးကြီး တစ်လုံးကို ထွင်းထားတယ်။

"ဒါက ဘာလဲ" ရွှီထင်းရှန်း ပေးတဲ့ ပစ္စည်းကို ကျောက်အာက လှမ်းယူပြီး ဟိုလှည့်ဒီလှည့် ကြည့်ပေမဲ့ ဘာမှမသိဘဲ ဖြစ်နေတယ်။ ဒါပေမဲ့ အဲဒါက ဟုန်ဘန်းအဖွဲ့ရဲ့ ပစ္စည်းဆိုတာကိုတော့ သူမ ရိပ်မိတယ်။

"အဲဒီ အမျိုးသမီးက မင်းကို လက်ဆောင်ပေးလိုက်တာပါ"

"နင်ပြောတာ ဟုန်ကျဲလား" ကျောက်အာရဲ့မျက်နှာမှာ ဝမ်းမြောက်တဲ့ အရိပ်အယောင်တွေ ဖြတ်သွားပြီး မေးလိုက်တယ်။ "နင် ဟုန်ကျဲကို မဖမ်းတော့ဘူးလား"

"အဓိက တရားခံကို ဖမ်းမိပြီးပြီ ဖြစ်လို့၊ နောက်တစ်ယောက် ထပ်ဖမ်းတာက ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး"

ရွှီထင်းရှန်းက ကျောက်အာကို အရာအားလုံးကို ပြောပြမပြခဲ့ဘူး၊ ခေါင်းဆောင်ကြီးရဲ့ အခုအခြေအနေက သူမ ပြောသလို သနားစရာ မဟုတ်တာက သေချာတယ်။ အရင်လို စစ်အင်အား မကြီးတော့ပေမဲ့ သူမရဲ့လက်အောက်မှာ စစ်သည်ပေါင်း တစ်သောင်းနီးပါး ရှိနေသေးသလို၊ သင်္ဘောအရေအတွက်ကလည်း ဘယ်လောက် ရှိလဲ မသိရဘူး။ ဒီအမျိုးသမီးရဲ့ အမျှော်အမြင်က ထူးချွန်တာကြောင့် ရေတပ်သားတွေ ကျွန်းတစ်ခုလုံးကို ရှာရင်တောင် အဲဒီလူတွေကို ရှာမတွေ့နိုင်ခဲ့ဘူး။ ရေတပ်ရဲ့ အခုတစ်ခေါက် နှိမ်နင်းမှုက အမှန်စစ်စစ် ဟုန်ဘန်းအဖွဲ့အတွက် အင်အားသစ် လဲပေးလိုက်သလိုပါပဲ။

ဒီတံဆိပ်ပြားနဲ့ ပတ်သက်ပြီးတော့ အဲဒါက ခေါင်းဆောင်ကြီးက ဟုန်ဘန်းအဖွဲ့ကို ခေါ်ပြီး ရွှီထင်းရှန်းဆီမှာ သစ္စာခံတဲ့ သက်သေပါပဲ။

ဒါပေမဲ့ ရွှီထင်းရှန်းကတော့ ဒီအရာကို အလေးမထားဘူး၊ ပစ္စည်းဆိုတာ အသက်မဲ့ပေမဲ့ လူကတော့ အသက်ရှိတာ ဖြစ်လို့၊ အကယ်၍ တစ်နေ့မှာ မိမိသာ အာဏာလက်လွှတ် ဖြစ်သွားရင် ဟုန်ဘန်းအဖွဲ့က ဒီတံဆိပ်ပြားကို ဆက်ပြီး အသိအမှတ်ပြုပါ့မလား။

ဒီကိစ္စကို သူနဲ့ ခေါင်းဆောင်ကြီးတို့ နှစ်ယောက်လုံးက စိတ်ထဲက ကောင်းကောင်း သိထားကြတယ်။

မနက်စာ စားပြီးနောက်မှာတော့ ရွှီထင်းရှန်းက ပြန်ထွက်ဖို့ အမိန့်ပေးလိုက်တော့တယ်။

ဖမ်းမိတဲ့ ပင်လယ်ဓားပြ အုပ်စုကိုလည်း တစ်ပါးတည်း ခေါ်သွားခဲ့တယ်။ ဟုန်ကျွန်းနဲ့ ပတ်သက်ပြီးတော့ ကုန်းမြေနဲ့ အလှမ်းဝေးတာကြောင့် အစိုးရအနေနဲ့ စစ်တပ်တွေ လာအခြေစိုက်မှာ မဟုတ်ဘူး၊ အနည်းဆုံးတော့ အခုအချိန်မှာ မဖြစ်နိုင်သေးဘူး။

ကျဲ့ကျန်းရေတပ်သားတွေက ကွမ်တုန်းမှာ ခဏလေးတောင် နားတာ မရှိဘဲ၊ အရင်လိုပဲ ပင်လယ်လမ်းကြောင်းကနေ ကျဲ့ကျန်းကို တိုက်ရိုက် ပြန်လာခဲ့ကြတယ်။

ရွှီထင်းရှန်း တစ်ယောက်တည်း အိမ်ပြန်ချင်တဲ့ စိတ်စောနေတာ မဟုတ်ဘဲ၊ ကျောက်အာကလည်း အတူတူပါပဲ။

"နင့်လို မိန်းမဆိုးလေး၊ နောက်ဆုံးတော့ ပြန်လာပြီပေါ့..."

ကျောက်အာရဲ့ ကြီးမားလှတဲ့ ဝမ်းဗိုက်ကို မြင်လိုက်ရတဲ့ အခါမှာတော့ ကျောက်တိရဲ့ ငိုယိုဆဲဆိုသံက ခဏမျှ ရပ်သွားခဲ့တယ်။

မကြာခင်မှာပဲ သူမက သတိဝင်လာပြီး၊ ဆက်ငိုရင်း ဆိုတယ်။ "ပြန်လာတာ ကောင်းတယ်။ ပြန်လာတာ ကောင်းပါတယ်။ နင်နဲ့ ငါ့ရဲ့တူလေး ပျောက်သွားတာကို သိတုန်းက၊ အစ်မမှာတော့..."

"အစ်မ ကြည့်ပါဦး၊ ကျွန်မ ဘာမှမဖြစ်ပါဘူး"

224 06

သူတို့ လူတစ်စုက အိမ်ထဲကို ဝင်လာကြတော့ ဟုန်အာနဲ့ဝေကောတို့လည်း ရောက်လာကြတယ်။

အထူးသဖြင့် ဟုန်အာက ကျောက်အာကို မြင်လိုက်ရတဲ့အခါ ခဏကြောင်သွားပြီးမှ ရှေ့ကို တိုးလာခဲ့တယ်။

"အမေ"

ကျောက်အာက သားဖြစ်သူကို ပွေ့ဖက်လိုက်ပြီး မျက်ရည်တွေကလည်း မထိန်းနိုင်အောင် ကျလာတော့တယ်။

ငိုနေရင်းနဲ့ပဲ၊ သူမရဲ့ မျက်နှာက ရုတ်တရက် ပြောင်းသွားပြီး သိပ်ကို ထူးဆန်းတဲ့ အမူအရာ ဖြစ်လာတယ်။ ကျောက်တိက သတိမပြုမိသေးပေမဲ့၊ အစေခံငယ်လေး ရှောင်လျူက ပါးနပ်စွာနဲ့ မေးလိုက်တယ်။ "သခင်မ၊ ဘာဖြစ်လို့လဲ"

ကျောက်အာက အသက်ကို ခက်ခဲစွာ ရှူလိုက်ပြီး၊ စိတ်ကို တည်ငြိမ်အောင် ထိန်းကာ ဆိုလိုက်တော့တယ်။ "ငါ... ငါ ကလေးမွေးတော့မယ် ထင်တယ်"

"ကလေးမွေးမယ် ဟုတ်လား" ကျောက်တိက ချက်ချင်းပဲ ထရပ်လိုက်ပြီး၊ စိုးရိမ်တကြီးနဲ့ လူတွေကို သမားတော်သွားခေါ်ခိုင်းတော့တယ်။

ခဏရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက် ကျောက်အာကို ခုတင်ပေါ်မှာ လဲလျောင်းစေခဲ့တယ်။ လက်သည်လည်း ရောက်လာခဲ့ပေမဲ့၊ ရွှီထင်းရှန်းကတော့ အခန်းထဲက ထွက်ဖို့ စိတ်မရှိဘဲ ဇွတ်ပေကပ်ပြီး နေနေတယ်။

"နင် အပြင်ကို မြန်မြန် ထွက်သွားပါဦး" ကျောက်အာက သူ့ကို နှင်ထုတ်တယ်။

"ငါ မင်းကို စောင့်ကြည့်ပေးချင်လို့ပါ"

"ဘာကို ကြည့်မှာလဲ ကလေးလို မလုပ်ပါနဲ့တော့ ဟုန်အာကို ခေါ်ပြီး အပြင်ထွက်သွားပါ" ပြောရင်း ကျောက်အာက ဟုန်အာကို ပြုံးပြီး ပြောလိုက်တယ်။ "ဟုန်အာ မစိုးရိမ်နဲ့နော်၊ မေမေက သားအတွက် ညီမလေး မွေးပေးမလို့ပါ"

နောက်ဆုံးမှာတော့ ဟုန်အာက ဖခင်ဖြစ်သူကို အပြင်ကို အတင်း ဆွဲထုတ်သွားခဲ့ရတယ်။

ဒီကလေးက အမှန်တကယ်ပဲ အရွယ်ရောက်လာပြီဆိုတာ မြင်ရတဲ့အခါ၊ ကျောက်အာက စိတ်ထဲက ဝမ်းနည်းသလို၊ ဝမ်းသာသလို ခံစားလိုက်ရတော့တယ်။

ကျောက်အာ ကလေးမွေးတာက မချောမွေ့ပါဘူး၊ တခြား ပြဿနာတွေကြောင့် မဟုတ်ဘဲ၊ ယောက်ျားလေးတစ်ယောက်ကို မွေးပြီးနောက် အားလုံးက ဝမ်းမြောက်စကားပြောဖို့ ပြင်နေတုန်းမှာ၊ သားဖွားဆရာမက နောက်ထပ် ကလေးတစ်ယောက် ကျန်သေးတယ်လို့ ပြောလိုက်လို့ ဖြစ်တယ်။

နောက်ထပ်ကလေး တစ်ယောက်ကိုတော့ နာရီဝက်နီးပါးလောက် ခက်ခဲစွာ မွေးခဲ့ရတယ်။ ဒီအတောအတွင်း အားလုံးက စိုးရိမ်နေကြသလို၊ တည်ငြိမ်လှတဲ့ ရွှီထင်းရှန်းတောင် မျက်နှာက ဖြူလျော့နေခဲ့တယ်။

ကျောက်အာရဲ့ ကလေးမွေးတာက သိပ်ကို ရုတ်တရက် ဆန်လွန်းလို့၊ ဘယ်ပစ္စည်းမှ ကြိုမပြင်ရသေးဘဲ အဲဒီနို့စို့ကလေးငယ် နှစ်ယောက်ကို အစ်ကိုဖြစ်သူ ဟုန်အာ ငယ်ငယ်က အဝတ်တွေနဲ့ပဲ အရင်ဆုံး ပတ်ထားရပြီး၊ အတွင်းမှာတော့ လူကြီးတွေရဲ့ အတွင်းခံအင်္ကျီတွေကိုပဲ သုံးထားရတယ်။

နီမြန်းနေတဲ့ ကလေးငယ် နှစ်ယောက်က ခေါင်းအုံးဘေးမှာ ယှဉ်ပြီး လဲနေတာကို ကြည့်ရင်း ကျောက်အာက ပြုံးပြီး အိပ်မောကျသွားတော့တယ်။

ကျောက်အာ ပြန်နိုးလာတဲ့အခါမှာတော့ စကားပြောသံအချို့ကို ကြားလိုက်ရတယ်။

မျက်လုံးဖွင့်ကြည့်လိုက်တော့ ရွှီထင်းရှန်းက ဟုန်အာနဲ့ဝေကော တိုကို ခေါ်ပြီး ခုတင်ခြေရင်းမှာ ကလေးနှစ်ယောက်ကို ကြည့်နေတာ မြင်လိုက်ရတယ်။

224 07

"အဖေ ဒါက ညီလေးလား၊ ညီမလေးလား"

"မင်း မှားနေပြီ၊ ဒါက ညီလေး၊ ဟောဒါကမှ ညီမလေး" ရွှီထင်းရှန်းက ဆိုတယ်။

ဝေကောက တစ်ချက် ကြည့်လိုက်ပြီး မေးလိုက်တယ်။ "ဦးလေး၊ ညီလေးနဲ့ ညီမလေးက ရုပ်ချင်း အတူတူပဲကို၊ ကျွန်တော်နဲ့ ဟုန်အာတောင် မခွဲတတ်တာကို၊ ဦးလေးက ဘယ်လိုလုပ်ပြီး ခွဲတတ်တာလဲ"

အကြောင်းက ဦးလေးဖြစ်သူက မင်းတို့မရှိခင်မှာ အကြိမ်ကြိမ် ကြည့်ထားခဲ့လို့ ဖြစ်တယ်။ သေချာအောင် အနှီးကိုတောင် တိတ်တဆိတ် ဖွင့်ကြည့်ထားသေးတယ်။

ဒါပေမဲ့ ဒီစကားကိုတော့ ရွှီထင်းရှန်းက ပြောမှာ မဟုတ်ဘဲ၊ နက်နဲတဲ့ အမူအရာနဲ့ပဲ နေနေတယ်။

"ဦးလေးက ဟုတ်တယ်လို့ ပြောရင် ဟုတ်တာပဲပေါ့၊ မယုံရင် ညီလေးကို ကြည့်လိုက်ကြလေ" ပြောပြီးမှ ခဏရပ်ပြီး ထပ်ပြောလိုက်တယ်။ "ညီမလေးကိုတော့ ကြည့်မနေပါနဲ့တော့ ညီမလေးက ညီလေးထက် ပိုသေးတော့ ခန္ဓာကိုယ်က အားနည်းတယ်"

အကယ်၍သာ 'ညီလေး' က သူ့ဖခင်က သူ့ကို ဒီလောက်အထိ ဒုက္ခပေးပြီး၊ အစ်ကို နှစ်ယောက်ကို သူ့ရဲ့အမျိုးသား အင်္ဂါကို လာကြည့်ခိုင်းနေတာ သိရင်၊ ဒီလူက မိမိရဲ့ ဖခင် အစစ် မဟုတ်နိုင်ဘူးလို့ သေချာပေါက် ငိုပြီး ပြောမှာပဲ။

ဒါပေမဲ့ အခု 'ညီလေး' က နို့စို့ကလေးပဲ ရှိသေးလို့ ဘာမှ မပြောနိုင်ဘဲ၊ ရွှီထင်းရှန်းက သူ့အနှီးကို ဖွင့်ပြလိုက်တဲ့ အခါမှာတော့ ခြေလက်တွေကို ရုန်းပြီး တအိအိနဲ့ နှစ်ချက်လောက် ငိုရှာတယ်။

ဟုန်အာနဲ့ ဝေကော တို့ကလည်း စိတ်ကျေနပ်စွာ ကြည့်ပြီးနောက်၊ ဘေးနားက ကလေးက ညီမလေးဖြစ်ကြောင်း အတည်ပြုလိုက်ကြတယ်။ အဲဒီနောက်မှာတော့ ညီလေးကို ပစ်ထားခဲ့ကြပြီး၊ နှစ်ယောက်လုံးက ညီမလေးကိုပဲ ဝိုင်းကြည့်နေကြတော့တယ်။ သူတို့က ညီမလေးတစ်ယောက်ကို အမြဲ လိုချင်ခဲ့တာ၊ ယောက်ျားလေးဆိုတာ ဆိုးပေမဲ့၊ မိန်းကလေးကတော့ လိမ္မာပြီး ချစ်စရာ ကောင်းတယ် မဟုတ်လား။

မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့က ညီမလေးရဲ့ ပါးကို တို့လိုက်တဲ့ အခါမှာတော့ ညီမလေးက မငိုဘဲ ပါးစပ်လေးကိုပဲ လှုပ်နေတာက ဗိုက်ဆာနေတဲ့ပုံ ရတယ်။

"ညီမလေး ဗိုက်ဆာနေပြီ ထင်တယ်"

အမှန်တော့ ညီလေးကလည်း ဗိုက်ဆာနေတာ မဟုတ်လား။

ကျောက်အာက ဒီမြင်ကွင်းကို ကြည့်ပြီး ရယ်လိုက်မိကာ၊ အားပြုပြီး ထထိုင်ကာ ဆိုလိုက်တယ်။ "ကလေးတွေကို ငါ့ဆီ ပေးပါဦး"

"အမေ နိုးပြီလား"

"ဒေါ်ဒေါ်"

အဲဒီအချိန် ကျောက်တိကလည်း အခန်းထဲ ဝင်လာပြီး၊ ကလေးနှစ်ယောက်ကို ကျောက်အာကို အနှောင့်အယှက် မပေးဖို့ အရင်ဆုံး ပြုံးပြီး နှင်ထုတ်လိုက်ပြီးမှ၊ ခုတင်နား လျှောက်လာခဲ့တယ်။

"ဗိုက်ဆာနေပြီ မဟုတ်လား အစ်မက ရှောင်လန်တို့ကို ဆန်ပြုတ် ကျိုခိုင်းထားတယ်။ အခု တစ်ခွက် သောက်လိုက်ဦး၊ နောက်ပိုင်းကျမှ ခန္ဓာကိုယ် အားရှိအောင် ကောင်းကောင်း ပြန်ပြီး ပြုစုပေးမယ်" ကျောက်တိက လူခေါ်ရင်း ပြောလိုက်တယ်။ အဲဒီနောက် ကျောက်အာဘက် လှည့်ပြီး ဆိုတယ်။ "ဒါနဲ့... ဘယ်သူမှ မထင်ထားဘူးနော်။ နင်က တစ်ခါတည်းနဲ့ နှစ်ယောက်တောင် မွေးလိမ့်မယ်လို့၊ နင့်တစ်ယောက်တည်းနဲ့တော့ သူတို့ကို တိုက်ဖို့ မလောက်ဘူး၊ နို့ထိန်း ရှာရဦးမှာပဲ၊ ဒါပေမဲ့ အခုလောလောဆယ် နို့ထိန်း ရှာဖို့ကတော့ နည်းနည်း ခက်လိမ့်မယ်"

"အစ်မ ကျွန်တော် အခုပဲ လူလွှတ်ပြီး နို့ထိန်း သွားရှာခိုင်းလိုက်ပါ့မယ်" ပြောပြီးတာနဲ့ ရွှီထင်းရှန်းက အလျင်အမြန် ထွက်သွားတော့တယ်။

"ပြောရရင်တော့ ထင်းရှန်းက နင့်အပေါ် တကယ် ကောင်းတာပဲ။ အစ်မ အရင်က ပြောခဲ့တဲ့ စကားတွေကို ပြန်ရုပ်သိမ်းပါတယ်။ လူငယ်လေးတွေက လူကို မကြင်နာတတ်ဘူးလို့ ဘယ်သူပြောလဲ" ကျောက်တိက နည်းနည်း အားကျတဲ့ လေသံနဲ့ ဆိုတယ်။

224 08

ကျောက်အာက မျက်နှာလေး နီပြီး ပြန်ပြီး နောက်ပြောင်လိုက်တယ်။ "ရှန်အစ်ကိုကြီးကော အစ်မအပေါ် မကောင်းလို့လား"

အိမ်ပြန်လမ်းမှာ ရွှီထင်းရှန်းက ကျောက်တိနဲ့ ရှန်ဖျင်တို့ရဲ့ ကိစ္စကို ကျောက်အာကို ပြောပြခဲ့ပြီးသား ဖြစ်တယ်။ သူတို့နှစ်ယောက်က အခု အတူတူ ရှိနေကြပြီ ဖြစ်လို့၊ လက်ထပ်ပွဲ ကျင်းပဖို့ပဲ ကျန်တော့တာ ဖြစ်တယ်။

"အစ်မ ရှန်အစ်ကိုကြီးကို ဘယ်တော့ လက်ထပ်မှာလဲ"

"သူ့ရဲ့အပြုအမူကို ကြည့်ရဦးမှာပေါ့"

ကျောက်တိက စကားပြောရင် တင်းမာနေပေမဲ့ အမှန်စစ်စစ် သူမရဲ့ မျက်ဝန်းထဲမှာတော့ ချစ်စဖွယ် အမူအရာတွေ ပေါ်နေတာ ဖုံးလို့ မရပါဘူး။

ကျောက်အာက ကြည့်ရုံနဲ့တင် မင်္ဂလာသတင်းက နီးနေပြီဆိုတာ သိလိုက်တယ်။ အမှန်တော့ အစောကတည်းက ကျင်းပသင့်တာပါ၊ သူမရဲ့ကိစ္စ ပေါ်လာလို့သာ အစ်မဖြစ်သူနဲ့ ရှန်ဖျင် တို့က နှောင့်နှေးခဲ့ရတာ ဖြစ်တယ်။

"ဒါဆိုရင်လည်း အမြန်ဆုံး စီစဉ်လိုက်ကြပါတော့ မဟုတ်ရင် ကျွန်မကပဲ ရှန်အစ်ကိုကြီးအပေါ်မှာ အားနာစရာ ဖြစ်နေဦးမယ်"

"နင်က သူ့ကို ဘာအားနာစရာ ရှိလို့လဲ၊ ငါကိုယ်တိုင်က သူ့ကို မယူချင်သေးလို့ပါ၊ သူက စကားပြောလည်း မလိမ္မာဘူးလေ"

"တကယ်ပဲ အဲဒီလိုလား" ကျောက်အာက ရှောင်လျူ ကမ်းပေးတဲ့ ဆန်ပြုတ်ကို လှမ်းယူပြီး စားရင်း အစ်မဖြစ်သူကို နောက်ပြောင်လိုက်တော့တယ်။

"ဒါပေါ့"

တံခါးအပြင်မှာတော့ ရှန်ဖျင်က ကျောက်တိကို လာရှာတာ ဖြစ်ပေမဲ့၊ မမျှော်လင့်ဘဲ ဒီစကားဝိုင်းကို ကြားလိုက်ရတယ်။ သူက နည်းနည်း ပြုံးလိုက်မိပြီးနောက် အလျင်အမြန်ပဲ ပြန်ထွက်ပြီး စီစဉ်တာတွေ လုပ်တော့တယ်။ သူက မကြာခင် ရက်ပိုင်းအတွင်းမှာတင် လက်ထပ်ဖို့ ကိစ္စကို ထပ်ပြောဖို့ ဆုံးဖြတ်လိုက်တော့တယ်။

******

All Chapters