အခန်း (၂၂၅-၂၂၆)
Vol. 23 Ch. 225-226
225 01
အခန်း ၂၂၅
ကျောက်အာက နောက်ဆုံးတော့ ကိုယ်ခံအား အတော်လေး ကျဆင်းသွားခဲ့ရရှာတယ်။
ဒီတစ်ခေါက်မှာ ကလေးနှစ်ယောက် တစ်ပြိုင်နက် မွေးခဲ့ရရုံတင်မကဘဲ၊ ကိုယ်ဝန်ဆောင်တုန်းကလည်း စိတ်သောကတွေအများကြီးနဲ့ လောကဓံကို ကြံ့ကြံ့ခံခဲ့ရလို့ပါပဲ။ ကျောက်တိက နည်းမျိုးစုံနဲ့ အားရှိအောင် ပြုစုပေးပေမဲ့ သူမရဲ့မျက်နှာက သွေးရောင်မတက်ဘဲ ရှိနေတာကြောင့် နောက်ဆုံးမှာ သမားတော်တစ်ယောက်ကို ခေါ်ပြီး စမ်းသပ်ခိုင်းခဲ့ရတယ်။
ကြီးမားတဲ့ ဘေးဥပါဒ် မရှိပေမဲ့၊ အချိန်အတန်ကြာ သေချာ ပြုစုပျိုးထောင်ဖို့ လိုကြောင်း၊ တစ်နှစ် ဒါမှမဟုတ် နှစ်ဝက်လောက် ဂရုစိုက်ရင် ကိုယ်ခံအား ပြန်ပြည့်လာလိမ့်မယ်လို့ သမားတော်က မှတ်ချက်ပေးတယ်။
အဲဒီအချိန်ကစပြီး ကျောက်အာက တကယ့်ကို အေးအေးဆေးဆေး နားနားနေနေ နေခဲ့ရတော့တယ်။
နေ့တိုင်း စားလိုက် အိပ်လိုက်နဲ့ပဲ အချိန်ကုန်သွားပြီး၊ ကလေးနှစ်ယောက်အတွက်တော့ သူမအနေနဲ့ နည်းနည်းလေးတောင် ပင်ပန်းစရာ မလိုခဲ့ဘူး၊ ရှောင်လျူတို့ အစေခံအုပ်စုနဲ့ နို့ထိန်းနှစ်ယောက်ကပဲ အနီးကပ် ကြည့်ရှုစောင့်ရှောက်ပေးခဲ့ကြတယ်။
သေချာပေါက်ပဲ ကလေးတို့ရဲ့အဖေနဲ့ အစ်ကိုကြီး ဖြစ်တဲ့သူတို့ကလည်း ချန်ထားလို့ မရပါဘူး။
အခုအခါမှာတော့ ထင်ရှားလာတာက ရွှီမိသားစုက အမျိုးသားတွေက သမီးမိန်းကလေးကို အထူးပဲ တန်ဖိုးထား မြတ်နိုးကြတာပါပဲ၊ လူကြီးရော လူငယ်ပါ အဲဒီအတိုင်းပါပဲ။ အရင်က ဟုန်အာက လိမ္မာသိတတ်သူ ဖြစ်ပေမဲ့၊ အဲဒီအရွယ် ယောက်ျားလေးတွေရဲ့ သဘာဝအတိုင်း ကစားတာကို ဝါသနာပါလို့ နေ့တိုင်း စာသင်ခန်းက ပြန်လာရင် ဝေကောနဲ့အတူ ပျောက်ချင်းမလှ ပျောက်နေတတ်တယ်။ အခုတော့ ကျောင်းဆင်းတာနဲ့ သူ ပထမဆုံး လုပ်တဲ့ အလုပ်က ညီမလေးဆီ သွားကြည့်တာပါပဲ။
ဟုန်အာက ညီမလေးအတွက် နာမည်တစ်ခုကိုတောင် ကိုယ်တိုင် မှည့်ခဲ့ပြီး၊ စာရွက်ပေါ်မှာ ရေးကာ ကျောက်အာဆီ လာပြခဲ့တယ်။
ဒီနာမည်ကို သူက ညီမလေးအတွက်ပဲ မှည့်တာ ဖြစ်ပြီး၊ ညီလေးအတွက်တော့ မမှည့်ပါဘူး။ သူ့ရဲ့ ကိုယ်ပိုင် အယူအဆအရ၊ ညီလေးက အမျိုးသားတစ်ယောက်ဖြစ်လို့ နာမည်ကို အဖေကပဲ မှည့်သင့်ကြောင်း၊ မိန်းကလေးကတော့ အဲဒီလောက်အထိ အရေးမကြီးလို့ အမေဖြစ်ဖြစ်၊ အစ်ကိုကြီးဖြစ်ဖြစ် မှည့်နိုင်တယ်လို့ ဆိုတယ်။
'ရှင်းနင်'
ဒါကို 'ရှီးကျင်း' ထဲက 'ကျိုးဆုန့်' ကဗျာကနေ ထုတ်ထားတာ ဖြစ်ပြီး၊ မွှေးပျံ့တဲ့ ရနံ့နဲ့ အေးချမ်းသာယာမှုလို့ အဓိပ္ပာယ် ရပါတယ်။
ရှင်းက မွှေးပျံ့တာနဲ့ ကောင်းမွန်တာကို ဆိုလိုပြီး၊ နင်က အေးချမ်းတည်ငြိမ်တာကို ဆိုလိုတာ ဖြစ်တယ်။
ဟုန်အာက နာမည် ရေးထားတဲ့ စာရွက်ကို ကိုင်ပြီး ကျောက်အာကို အတည်အပေါက် လာပြတာကြောင့် ကျောက်အာက စိတ်ထဲကနေ ခဏခဏ ရွတ်ဆိုကြည့်ပြီးနောက် ဟုန်အာနဲ့ ဝေကောတို့ နှစ်ယောက် တိုင်ပင်ပြီး မှည့်ထားတာ သိရတဲ့အခါမှာတော့ သူမကလည်း သဘောတူပြီး ခေါင်းညိတ်လိုက်တော့တယ်။
ဒီလိုနဲ့ ညီမငယ်လေးရဲ့ နာမည်က 'ရှင်းနင်' ဖြစ်သွားခဲ့ရတော့တယ်။
နှမြောစရာကောင်းတာက သူမက ကိစ္စတစ်ခုကို မေ့နေခဲ့တာပဲ။ သူမ သဘောတူရုံနဲ့ မလုံလောက်ဘဲ အဖေဖြစ်တဲ့သူလည်း ရှိနေသေးတယ် မဟုတ်လား။
ညနေပိုင်းမှာ ရွှီထင်းရှန်း ပြန်ရောက်လာတဲ့အခါ၊ ကျောက်အာက အခြေအနေကို မရိပ်မိဘဲ ဒီကိစ္စကို ပြောပြမိရုံတင်မက ဟုန်အာက အစ်ကိုကြီးပီသစွာ အရွယ်ရောက်လာပြီဖြစ်ကြောင်းကိုပါ ချီးမွမ်းခန်း ဖွင့်မိလိုက်တော့ ရွှီထင်းရှန်းရဲ့ မျက်နှာက ချက်ချင်းပဲ မှောင်သွားတော့တယ်။
225 02
သူက အမှန်တကယ်ပဲ အလွန်အမင်း ဒေါသထွက်သွားတာပါ။
သူက ရက်ပေါင်းများစွာ စာကြည့်ဆောင်ထဲမှာ ညဉ့်နက်တဲ့အထိ သမီးလေးအတွက် နာမည်အများကြီးကို စဉ်းစားရွေးနေခဲ့တာ ဖြစ်တယ်။ သားလေးအတွက်တော့ ထားလိုက်ပါတော့ အစ်ကိုကြီးရဲ့ နာမည်နောက်မှာ အလိုက်သင့်တစ်လုံး တိုးလိုက်ရုံနဲ့ လုံလောက်ပေမဲ့ သမီးလေးရဲ့ နာမည်ကိုတော့ သူ သိပ်အလေးထားခဲ့တယ်။ နာမည်ပေါင်း ဆယ်ဂဏန်းကျော်ကို စဉ်းစားခဲ့သလို၊ ဟောင်းနေတဲ့ စာအုပ်တွေကိုတောင် ခဏခဏ ပြန်လှန် ရှာခဲ့ရတယ်။ နောက်ဆုံးမှ စိတ်တိုင်းကျတဲ့ နာမည်တစ်ခု ရဖို့ ပြင်နေချိန်မှာ၊ အဲဒီကလေးစုတ်က မိမိထက် လက်ဦးမှု ယူသွားတာပါပဲ။
ကျောက်အာက အမျိုးသားဖြစ်သူရဲ့ မျက်နှာထားကို ကြည့်ရုံနဲ့ သူက စိတ်ကောက်နေတာကို သိလိုက်လို့ ပြုံးပြီး ဖျောင်းဖျလိုက်တယ်။ "ဟုန်အာ ပြောတာလည်း မှန်တာပဲလေ၊ သားလေးရဲ့ နာမည်ကို နင် မှည့်ပေါ့၊ သမီးလေးရဲ့ နာမည်ကိုတော့ ငါ မှည့်ရမှာပဲဟာကို၊ အခုတော့ ဟုန်အာက မှည့်ပေးလိုက်ပြီ ဆိုတော့လည်း ဒီအတိုင်းပဲ ထားလိုက်ကြရအောင်နော်"
ကောင်းပါပြီ၊ ဒါကတော့ အမေဖြစ်သူက သားဖြစ်သူဘက်ကနေ မသိမသာ ကာကွယ်ပေးလိုက်တာပါပဲ။
ရွှီထင်းရှန်းက ရုတ်တရက်ဆိုသလို မိမိရဲ့အိမ်ထောင်ဦးစီး ဂုဏ်သိက္ခာက မှေးမှိန်သွားသလို ခံစားလိုက်ရတယ်။
သူက အမျိုးသားကြီး တစ်ယောက် ဖြစ်တဲ့အတိုင်း သားဖြစ်သူအပေါ်မှာတော့ ရန်မရှာတော့ဘဲ၊ ကျောက်အာအပေါ်မှာပဲ အစားစားရင်း လက်စားချေဖို့ ကြံလိုက်တော့တယ်။
……
ကျောက်အာက မီးနေချိန် ပြီးတာ မကြာသေးပါဘူး။
ကျောက်တိက သူမရဲ့ ကိုယ်ခံအား အားနည်းနေတယ်လို့ ဆိုပြီး၊ အထူးပဲ ၄၂ ရက်အထိ မီးတွင်းကို ဆွဲဆန့်ခဲ့တာ ဖြစ်တယ်။ ကလေး လပြည့်ပွဲကိုတော့ ရွှီထင်းရှန်း ကိုယ်တိုင် စီစဉ်ကျင်းပခဲ့ရာ အလွန်ပဲ ခမ်းနားပါတယ်။
အခုအခါ အရှေ့တောင်ပင်လယ် ရေတပ်ကြီးကြပ်ရေးမှူးရဲ့ ဂုဏ်သတင်းကို မကြားဖူးသူ မရှိသလောက်ပါပဲ။ အထူးသဖြင့် နေရာအသီးသီးမှာ ကုန်သွယ်ရေးရုံးတွေ ဖွင့်ဖို့ ပြင်နေချိန်မှာ၊ တျန့်ဟိုင်က ရှေ့ပြေးဖြစ်လို့ မမျှော်လင့်တဲ့ ကိစ္စတွေ မရှိရင် ရွှီထင်းရှန်းပဲ ဆက်ပြီး စီမံရမှာ သေချာတာကြောင့်၊ မြှောက်ပင့်ချင်သူတွေက ဒီရေလို စုပြုံရောက်လာကြတာပါ။
အဲဒီနေ့ လပြည့်ပွဲမှာ ကျောက်အာက မျက်နှာတစ်ချက် ပြပြီးနောက် အခန်းထဲ ပြန်နားခဲ့ကာ၊ နောက်ထပ် နှစ်ပတ်လောက် ကြာမှပဲ အပြင်ကို လွတ်လွတ်လပ်လပ် ထွက်နိုင်ခဲ့တယ်။ လပေါင်းများစွာ ပြုစုပေးခဲ့လို့၊ အခုဆို သူမရဲ့ မျက်နှာက သွေးရောင်လွှမ်းပြီး ဝင်းပနေကာ၊ အရင်ကထက် နည်းနည်း ပြည့်လာပေမဲ့ ကိုယ်ဟန်က သွယ်လျဆဲဖြစ်လို့ ကြည့်ရတာ အလွန်ပဲ တင့်တယ်လှပါတယ်။
ဘာပဲဖြစ်ဖြစ် ရွှီထင်းရှန်းရဲ့ မျက်စိထဲမှာတော့ သူမက ဘယ်နေရာကြည့်ကြည့် အကုန် လှနေတော့တာပါပဲ။
သူက သူမရဲ့ခါးကို ဖက်ပြီး အတင်း နမ်းရှုပ်နေကာ၊ ကျောက်အာရဲ့ ကိုယ်ပေါ်ကိုလည်း မှီတွယ်နေခဲ့လို့ ကျောက်အာက မကြာခင်မှာပဲ သူ့ရဲ့ထူးခြားတဲ့ လှုပ်ရှားမှုတွေကို ခံစားလိုက်ရတယ်။
"ရေ အရင် သွားချိုးပါဦး"
"မချိုးဘူး"
"ဒီ အရာရှိဝတ်ရုံက တစ်စုံတည်း ရှိတာနော်၊ နင်သာ တွန့်သွားအောင် လုပ်လိုက်ရင် နက်ဖြန် ဝတ်စရာ မရှိဘဲ နေဦးမယ်" သူမက သူ့ကို အသာအယာ တွန်းဖယ်လိုက်ပေမဲ့၊ အားမပါလှပါဘူး။
"ဒါဆိုရင်လည်း မင်းပဲ ချွတ်ပေးတော့"
225 03
အမျိုးသားဖြစ်သူက ဒီလောက်အထိ ကလေးလို ဇွတ်ပေကပ်နေတော့ ဇနီးသည်မှာလည်း မလွှဲမရှောင်သာဘဲ သူ့ရဲ့ခါးပတ်ကို ဖြုတ်ပေးလိုက်ရပြီးနောက်၊ အင်္ကျီပေါ်က ကြယ်သီးတွေကိုလည်း တစ်ခုချင်း ဖြုတ်ပေးခဲ့ရတယ်။ ရွှီထင်းရှန်းက အဝတ်တွေကို ခဏလေးနဲ့ ချွတ်ပစ်လိုက်ပြီးနောက်၊ ရှေ့ကို တိုးဝင်ပြီး ကျောက်အာကို ခုတင်ပေါ် ဖိနှိပ်လိုက်တော့တယ်။
"အတွင်းခံတွေလည်း ကျန်သေးတယ်လေ" သူက သခင်ကြီးတစ်ယောက်လို အမိန့်ပေးပြန်တယ်။
ကျောက်အာက သူ့ကို ရွံသလိုနဲ့ "နင် အရင် သန့်ရှင်းရေး လုပ်ပြီးမှ လာပါဆိုတာကို။"
ရွှီထင်းရှန်းက ဒီနေ့ တစ်နေကုန် အလုပ်များနေလို့ တစ်ကိုယ်လုံးမှာ ချွေးနံ့တွေ ပြည့်နေပါတယ်။ ကျောက်အာကတော့ အိမ်မှာပဲ အမြဲ ရှိနေလို့၊ တစ်ကိုယ်လုံး မွှေးပျံ့ပြီး သန့်ရှင်းစင်ကြယ်နေတာပါ။
"မလုပ်နိုင်ပါဘူး။" ပြောရုံတင်မကဘဲ၊ သူက တမင်တကာပဲ သူ့ရင်ဘတ်ကို ကျောက်အာရဲ့ ကိုယ်ပေါ်ကို ပွတ်တိုက်လိုက်ပြီး၊ မိမိရဲ့ ချွေးနံ့တွေကိုပါ သူမဆီ ကူးစက်စေတော့တယ်။
"နင် ဒီနေ့ ဘာတွေ သွားလုပ်နေတာလဲ ညစာရော စားပြီးပြီလား" ကျောက်အာက စကားလမ်းကြောင်း လွှဲပြီး မေးလိုက်တယ်။
"ငါ ပါ့သို ဆီကို သွားခဲ့တာ။"
ကျောက်အာက အံ့အားသင့်သွားရတယ်။ အဲဒီတိုတောင်းတဲ့ အချိန်အတွင်းမှာတင် ရွှီထင်းရှန်းက သူမရဲ့အဝတ်တွေကို အမြန် ဖယ်ရှားပစ်လိုက်ပြီ ဖြစ်တယ်။
"နင် ပါ့သို ဆီကို ဘာကိစ္စ သွားတာလဲ ဒါဆိုရင် နင်"
မကြာသေးမီက ရွှီထင်းရှန်းက ကုန်သွယ်ရေးရုံးတွေ ဖွင့်ဖို့ ကိစ္စအတွက် အလုပ်များနေခဲ့တယ်။ အစိုးရရဲ့ အစီအစဉ်က စူးကျိုး၊ ဖူကျန်း နဲ့ ကွမ်တုန်း တို့မှာ ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံး တစ်ခုစီ တည်ထောင်ဖို့ပါပဲ။ လောလောဆယ်မှာ အသေးစိတ် အစီအစဉ်တွေ မရှိသေးပေမဲ့၊ တျန့်ဟိုင်မြို့ကို ရွှီထင်းရှန်းကိုယ်တိုင် တည်ထောင်ခဲ့တာ ဖြစ်လို့၊ အထက်က အမိန့်က အဲဒီရုံးတွေ ဆောက်မယ့် နေရာကို ရွှီထင်းရှန်း ကိုယ်တိုင် ရွေးဖို့ပါပဲ။
အမှန်တော့ ရွှီထင်းရှန်းက အဲဒီလူကြီးတွေ ဘယ်လို တွေးနေလဲဆိုတာ ကောင်းကောင်း သိတယ်။ သူတို့က ဘယ်နေရာမှာ ကုန်သွယ်ရေးရုံး ဖွင့်လဲဆိုတာ ဂရုမစိုက်ကြဘဲ၊ နေရာ သတ်မှတ်ပြီးတဲ့အခါ ကိုယ့်လူတွေကို ဘယ်လို ထည့်မလဲ ဆိုတာကိုပဲ စောင့်ကြည့်နေကြတာပါ။
ကုန်သွယ်ရေးရုံး သုံးခုဆိုတာ ရတနာတွင်း သုံးခုနဲ့ အတူတူပဲမို့၊ အကယ်၍ အဲဒီနေရာမှာ မိမိတို့ရဲ့ အရာရှိ တစ်ယောက်နှစ်ယောက်ကို ခန့်ထားနိုင်ရင်၊ နောက်ကွယ်ကနေ ကိစ္စတွေအများကြီးကို လုပ်နိုင်မှာ ဖြစ်တယ်။
သေချာပေါက်ပဲ ရွှီထင်းရှန်းကလည်း အရှုံးပေးမယ့်သူ မဟုတ်ပါဘူး၊ မောက်ပါ့သိုက စုန်းကျန်းနယ်မြေထဲက ရှန်ဟိုင်းမြို့ငယ်လေးမှာ မြို့ပိုင်အဖြစ် တာဝန်ယူနေတယ်။ အဲဒီနေရာမှာ ဝူစုန်းမြစ်တင်မက ဟွမ်ဖူမြစ်လည်း ရှိနေသလို၊ ယန်ဇီမြစ်ရဲ့ ပင်လယ်ထွက်ပေါက်လည်း ဖြစ်နေတယ်။ အကယ်၍ အဲဒီနေရာမှာ ကုန်သွယ်ရေးရုံး တည်ထောင်နိုင်ရင်၊ ကုန်စည်တွေ အဝင်အထွက် လုပ်ဖို့ သိပ်ကို အဆင်ပြေမှာပါ။
သူက အဲဒီနေရာကို အစောကတည်းက သဘောကျခဲ့လို့၊ မောက်ပါ့သိုကို အဲဒီနေရာကို သွားဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီနေရာက ပင်လယ်ပိတ်ထားလို့ ဆိတ်ငြိမ်နေတဲ့ ငါးဖမ်းရွာလေး တစ်ရွာပဲ ရှိပါသေးတယ်။
လီတာ့ထျန် တာဝန်ယူနေတဲ့ ဖူကျန်းပြည်နယ် ချန်လော့ မြို့ကလည်း အတူတူပါပဲ။
သူတို့ကလည်း ဆင်းရဲလွန်းလို့ ဘယ်သူမှ အလေးမထားတဲ့ နေရာတွေ ဖြစ်ကြတယ်။ အကျိုးအမြတ် မရှိလို့ သူတို့နှစ်ယောက်ကလည်း ရာထူးသက်တမ်း နှစ်ကြိမ်ဆက်အထိ တာဝန်ယူခဲ့ရပြီး၊ မမျှော်လင့်တဲ့ ကိစ္စတွေ မရှိရင် နောက်ထပ် ဆယ်နှစ်လောက် အဲဒီနေရာမှာပဲ ရှိနေနိုင်ပါတယ်။
225 04
ရွှီထင်းရှန်းက အင်အား မရှိသေးလို့ မြို့တော်က အရာရှိကြီးတွေနဲ့ တိုက်ရိုက် မယှဉ်နိုင်ဘဲ၊ သေးတဲ့ နေရာတွေကနေပဲ စတင်အခြေချခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း သူက အဲဒီသူနှစ်ယောက်နဲ့ စာတွေ အမြဲ ပို့ ဆက်သွယ်ခဲ့လို့၊ အဲဒီနေရာနှစ်ခုက တျန့်ဟိုင်လောက် မစည်ကားသေးပေမဲ့၊ သူတို့နှစ်ယောက်ရဲ့ စီမံမှုအောက်မှာတော့ အလွန်ပဲ ခိုင်မာတဲ့ အခြေအနေကို ရောက်နေပြီ ဖြစ်တယ်။ ဒေသခံ အင်အားစုတွေကို ကျော်ဖို့ မလွယ်သလို၊ နည်းမျိုးစုံနဲ့ ကစားတတ်တဲ့သူတွေက အဲဒီအရာရှိကြီးတွေ တစ်ယောက်တည်း မဟုတ်တာကို သူ သက်သေပြချင်နေတာပါ။
ဒီအတွေးတွေက ရွှီထင်းရှန်းရဲ့လုပ်ဆောင်မှုတွေကို မဟန့်တားနိုင်ခဲ့ဘဲ၊ သူက ကျောက်အာနဲ့ ဆက်တိုက်စကားပြောရင်း အစွမ်းကုန် ကြိုးစားအားထုတ်နေတော့တာပါပဲ။
"ငါတို့ နောက်ထပ် သမီးလေး တစ်ယောက် ထပ်မွေးကြရအောင်၊ အဲဒီကလေးစုတ်ကို ငါ မယှဉ်နိုင်တော့ဘူးလို့ ခံစားနေရလို့"
……
တစ်ချိန်တည်းမှာပဲ၊ အနောက်ဘက် အဆောင်ထဲမှာ ဟုန်အာနဲ့ ဝေကောတို့က ညီမလေးဆီ ထပ်လာကြည့်နေကြပြန်တယ်။
တစ်ပါးတည်း ညီလေးကိုလည်း တစ်ချက် ကြည့်လိုက်ကြတယ်။
"နင်နင်က ဒီနေ့ နည်းနည်း ထပ်ပြီး ဝလာသလိုပဲနော်" ဟုန်အာက ညီမလေးကို လက်ညှိုးထိုးပြပြီး ဝေကောကို ပြောလိုက်တယ်။
"ငါတော့ မသိပါဘူး"
"ဒီမှာကြည့်လေ၊ နည်းနည်း ပြည့်လာတာ" ပြောရင်း ဟုန်အာက သူ့လက်ချောင်းနဲ့ ညီမလေးရဲ့ ပါးပြင်ကို အသာအယာ တို့လိုက်တယ်။
အခုဆို နှစ်လသားအရွယ် ရှိနေပြီဖြစ်တဲ့ နင်နင်က မွေးစကလို မဟုတ်တော့ဘဲ ဖြူဖြူဖွေးဖွေးနဲ့ သိပ်ကို ချစ်စရာကောင်းတဲ့ နို့စို့ကလေးငယ်လေး ဖြစ်လာခဲ့ပြီမို့၊ လူတိုင်းရဲ့ အချစ်တော်လေး ဖြစ်နေတော့တယ်။
အခုအချိန်မှာ သူမက အိပ်မောကျနေပေမဲ့ အစ်ကိုကြီးရဲ့တို့ထိမှုကြောင့် စိတ်မရှည်သလိုနဲ့ မျက်မှောင်လေးတွေက လှုပ်ရှားနေပါတယ်။
"သူ့ကို နှိုးမိတော့မယ်နော်၊ သတိထားဦး"
နှိုးသွားခဲ့ပြီ ဖြစ်တယ်။
နာမည်တောင် မရသေးတဲ့ ညီလေးက အရင်ဆုံး နိုးလာပြီး အော်ဟစ်ငိုတော့ရာ၊ နင်နင်ကလည်း လိုက်ပြီး ငိုတော့တယ်။
ကလေးငယ်နှစ်ယောက်က သိပ်စိုးရိမ်သွားကြပြီး၊ တစ်ယောက်ကို တစ်ယောက်စီ ပွေ့ချီလိုက်ကြတယ်။ ပွေ့ချီလိုက်တာနဲ့ နို့ထိန်းလည်း ရောက်လာတာကြောင့် "အို... သခင်လေးတို့ရယ်" လို့ ပြောရင်း ကလေးငယ် နှစ်ယောက်ကို အမြန် လှမ်းယူလိုက်တော့တယ်။
အဓိက အဆောင်ထဲမှာတော့ ကျောက်အာက ရွှီထင်းရှန်းကို ခက်ခဲစွာ တွန်းဖယ်လိုက်ရင်း ဆိုတယ်။ "ကလေးတွေ ငိုနေတာ ကျွန်မ ကြားလိုက်ရတယ်"
"ကလေးတွေကို ခဏထားလိုက်ပါဦး၊ အရင်ဆုံး အဖေဖြစ်တဲ့သူကိုပဲ ဂရုစိုက်ပေးပါ" ပြောရင်း ရွှီထင်းရှန်းက သူမရဲ့နှုတ်ခမ်းတွေကို ပိတ်ဆို့လိုက်တော့တယ်။
ငါးနှစ် ကြာပြီးနောက်….
ကလေးမလေးက ဖြူစင်လို့ ချစ်စဖွယ် ကောင်းလှတယ်။ ပန်းရောင် ဝတ်စုံလေးကို ဝတ်ထားပြီး ဆံပင်ကိုလည်း အထုံးလေး နှစ်ခု ထုံးထားတယ်။ အသက်အရွယ် ငယ်သေးလို့ အလှဆင် ပစ္စည်းအများကြီး မရှိပေမဲ့၊ ပန်းလေး နှစ်ပွင့်ကိုတော့ ခေါင်းမှာ ပန်ထားတယ်။
225 05
သူမရဲ့ လည်ပင်းမှာ အသက်ရှည် ဆုတောင်း လက်ဖွဲ့ တစ်ခု ဆွဲထားပြီး၊ နီနေတဲ့ ပါးပြင်လေးက သနားစရာ ဖြစ်နေကာ၊ မျက်ဝန်းကြီး တစ်စုံကလည်း မျက်ရည်တွေနဲ့ ပြည့်ပြီး ငိုလုနီးပါး ဖြစ်နေတာကြောင့် ကြည့်ရသူတိုင်း စာနာမိစေတော့တယ်။
"အစ်ကိုကြီး အစ်ကိုကြီး တကယ်ပဲ နေရပ်ကို ပြန်တော့မှာလား"
သူမက လူငယ်လေး တစ်ယောက်ရဲ့ အင်္ကျီလက်ကို ဆွဲထားပါတယ်။ အဲဒီလူငယ်က တခြားသူ မဟုတ်ဘဲ ရွှီယောင်ဟုန်ပါပဲ။
ဟုန်အာက အခုဆို အသက် ၁၃ နှစ် (အသက်အမှန်က ၁၂ နှစ်လောက်) ရှိနေပြီ ဖြစ်လို့၊ သူက ငယ်စဉ်ကတည်းက ပါးနပ်ပြီး ဖေဖေဖြစ်သူရဲ့ စာပေလေ့လာမှု ပါရမီကို အမွေရထားရုံတင်မက၊ ဖေဖေထက်တောင် သာလွန်နေခဲ့ပြီ ဖြစ်တယ်။
သူက ကျမ်းစာမျိုးစုံကို လေ့လာပြီး ဖြစ်သလို၊ စာစီစာကုံး ရေးရာမှာလည်း မညံ့ပါဘူး။
ဒါပေမဲ့ ဒီ 'မညံ့လှ' ဆိုတာက ဆရာနဲ့ အဖေတို့ရဲ့ မှတ်ချက်ပဲ ဖြစ်လို့၊ သူ့စိတ်ထဲမှာတော့ မိမိကိုယ်ကိုယ် ဘယ်လောက်အထိ အစွမ်းရှိလဲဆိုတာ သေချာ မသိဘဲ ဖြစ်နေတယ်။ ဒါကြောင့်ပဲ သူနဲ့ဝမ်ဝေတို့ တိုင်ပင်ပြီးနောက်၊ နှစ်ယောက်သား ရှန်းရှီဒေသက သူတို့ရဲ့နေရပ်ကို ပြန်သွားပြီး စာမေးပွဲ ဝင်ဖြေကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ အဲဒီတော့မှ ကိုယ့်အရည်အချင်းကို စမ်းသပ်နိုင်မှာ မဟုတ်လား။
အဲဒီခေတ်ရဲ့ စာမေးပွဲ စည်းကမ်းအရ၊ ဝင်ဖြေတဲ့သူတွေက မိမိတို့ရဲ့ မူလ နေရပ်ဒေသမှာပဲ ဖြေရမှာ ဖြစ်ပြီး၊ အထူးသဖြင့် အခြေခံ အဆင့် စာမေးပွဲတွေကို ပြည်နယ်ကျော်ပြီး ဖြေခွင့် မရှိပါဘူး။ ဒါကြောင့် သူက အရှေ့တောင်ပင်လယ် ရေတပ်ကြီးကြပ်ရေးမှူးနဲ့ကွမ်တုန်းမြို့ဝန်နယ်စားမင်းရဲ့ သားဖြစ်ပေမဲ့၊ စာမေးပွဲ ဖြေဖို့အတွက်တော့ ဝေးကွာလှတဲ့ နေရပ်ကို ပြန်သွားရမှာ ဖြစ်တယ်။
ဟုတ်ပါတယ်။ ရွှီထင်းရှန်းက ရာထူး ထပ်ပြီး တိုးမြှင့်ခံခဲ့ရပြန်ပါတယ်။
ယခုတစ်ခေါက်ကတော့ ယာယီ မဟုတ်တော့ဘဲ အမြဲတမ်း ရာထူး ဖြစ်တယ်။ ရေတပ်ကြီးကြပ်ရေးမှူးရာထူးကို အတည်ပြုတာ ခံရရုံတင်မက၊ မနှစ်ကတော့ ကွမ်တုန်းနယ်စားမင်း ရာထူးကိုပါ ပူးတွဲ တာဝန်ယူခဲ့ရတယ်။
သူက ဘာကြောင့် နယ်စားမင်းရာထူးကိုပါ ရခဲ့သလဲ ဆိုတဲ့ အကြောင်းကတော့ ပြောရရင် ရှည်လျားပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်း တာ့ချန်းပြည်ရဲ့ ကမ်းရိုးတန်း ဒေသတွေက တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့တယ်။ တျန့်ဟိုင်မြို့ ဖွင့်ပြီးနောက်၊ စုန်းကျန်း၊ ဖူကျိုး နဲ့ ကွမ်ကျိုး တို့မှာလည်း ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံး တစ်ခုစီကို ထပ်ပြီး တည်ထောင်ခဲ့တယ်။
ဒီကုန်သွယ်ရေးရုံး လေးခုက တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားကြပြီး၊ အရှေ့တောင်ပင်လယ် ရေတပ်ရဲ့ အကာအကွယ်နဲ့ရော၊ အစိုးရရဲ့ အစွမ်းကုန် ထောက်ပံ့မှုနဲ့ပါ၊ အစိုးရအတွက် အခွန်ငွေ အမြောက်အမြားကို ရှာပေးနိုင်ခဲ့လို့၊ တာ့ချန်းပြည်က နိုင်ငံပေါင်းစုံက လာရောက် ကုန်သွယ်ကြတဲ့ မကြုံစဖူး ခမ်းနားတဲ့ အခြေအနေကို ရောက်လာခဲ့တယ်။
အစိုးရမှာ ငွေကြေး ကြွယ်ဝလာသလို၊ အောက်ခြေ ပြည်သူတွေကလည်း ချမ်းသာလာကြတယ်။
တာ့ချန်းပြည်ရဲ့ လက်မှုလုပ်ငန်းနဲ့ ရက်ကန်းလုပ်ငန်းတွေက အရှိန်အဟုန်နဲ့ တိုးတက်လာတာကြောင့်၊ ပြည်သူတွေကလည်း အရင်လို လယ်ယာမြေ တစ်ခုတည်းအပေါ်မှာပဲ အားကိုးနေစရာ မလိုတော့ပါဘူး။
သေချာပေါက်ပဲ ဒီအရာတွေက အပေါ်ယံ မြင်ကွင်းတွေသာ ဖြစ်ပြီး၊ ကွယ်ရာမှာတော့ ပြိုင်ဆိုင်မှုတွေအများကြီး ရှိနေဆဲပါပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ရွှီထင်းရှန်းရဲ့ လုပ်ဆောင်မှုတွေက ပိုပြီး ရင့်ကျက်လာခဲ့ပြီ ဖြစ်လို့၊ ကမ်းရိုးတန်း ဒေသတစ်ခုလုံးက သူ့နယ်မြေ ဖြစ်နေတာကြောင့်၊ ဘယ်သူမှ သူ့ကို လွယ်လွယ်နဲ့ မကျော်နိုင်တော့ပါဘူး။
မြို့တော်မှာ ကျားချန်ဧကရာဇ်ရဲ့ ယုံကြည်မှုကို အပြည့်အဝ ရထားသလို၊ ကမ်းရိုးတန်း ဒေသမှာလည်း သူ့ရဲ့အခြေခံက ခိုင်မာတာကြောင့်၊ အခုဆို ပြည်သူတွေကြားမှာ သူ့ကို 'ပင်လယ်နဂါးမင်းကြီး' လို့တောင် တိတ်တဆိတ် ခေါ်နေကြပြီ ဖြစ်တယ်။
225 06
ဆိုရိုးစကား တစ်ခုတောင် ရှိနေတာက "ပင်လယ်နဂါးမင်းကြီးကို ဂါရဝပြုမှသာ၊ ပင်လယ်ထွက်ရင် အရာရာ အဆင်ပြေမယ်" တဲ့။
ဆိုလိုတာက ဒီအရှေ့တောင်ပင်လယ် နယ်မြေထဲမှာ ဘယ်ကိစ္စကိုပဲ လုပ်လုပ်၊ ပင်လယ်နဂါးမင်းကြီး ရွှီထင်းရှန်းကို အသိမပေးရင် ဘာမှအဆင်ပြေမှာ မဟုတ်ပါဘူး။
ဒါက သေချာပေါက် ကောလာဟလတွေပါပဲ။ ရွှီထင်းရှန်းက မောက်မာရိုင်းစိုင်းတဲ့ လူတစ်ယောက် မဟုတ်သလို၊ ပုံမှန်လည်း အေးအေးဆေးဆေး နေတတ်သူ ဖြစ်တယ်။ ဒါပေမဲ့ ကုန်သွယ်ရေးရုံး သုံးခုကို တည်ထောင်နိုင်ဖို့အတွက် သူက နေရာအနှံ့မှာ အစီအစဉ်တွေ ချပြီး သူ့ရဲ့ အစွမ်းအစတွေကို ပြခဲ့ရတယ် မဟုတ်လား။
အဲဒါက ဖြေရှင်းရ ခက်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
ကိုယ့်နယ်မြေကို ပြင်ပလူတွေရဲ့ အနှောင့်အယှက်ကနေ ကာကွယ်ချင်ရင်၊ တခြားအင်အားစုတွေနဲ့ ထိပ်တိုက်တွေ့ဖို့က မလွဲမရှောင်သာ ဖြစ်နေတာပါ။ တစ်ကြိမ် နိုင်ခဲ့သလို၊ အကြိမ်တိုင်းမှာလည်း နိုင်ခဲ့လို့ သူ့ရဲ့အရှိန်အဝါကလည်း ထင်ရှားလာတာ ဖြစ်ပါတယ်။
အရာရှိတစ်ယောက်အနေနဲ့ အကြီးဆုံး စိုးရိမ်စရာက 'ကိုယ့်ရဲ့ ကောင်းမှုကုသိုလ်က ဧကရာဇ်ထက် သာသွားတာ' ပါပဲ။
ဒါကြောင့်ပဲ ရွှီထင်းရှန်းက ရေတပ်အာဏာကို လက်ဝယ် ရထားစဉ်မှာပဲ၊ မနှစ်က ကျားချန်ဧကရာဇ်က ကုန်သွယ်ရေးရုံးတွေရဲ့ စာရင်းတွေကို ရပြီးနောက် သိပ် ဝမ်းမြောက်သွားကာ သူ့ကို နယ်စားမင်းရာထူးကိုပါ ထပ်ပြီး ပူးတွဲ ပေးခဲ့တာ ဖြစ်တယ်။
စစ်ဘက်နဲ့အုပ်ချုပ်ရေး အာဏာကို တစ်ယောက်တည်း လက်ဝယ် ရထားတာကြောင့် သူက အမှန်တကယ်ပဲ နယ်ခြားကို အုပ်ချုပ်နေတဲ့ အာဏာရှိ အရာရှိကြီး တစ်ယောက် ဖြစ်လာခဲ့ရုံတင်မက၊ တာ့ချန်းပြည်ရဲ့ အကျိုးအမြတ် အရှိဆုံး နေရာတွေကိုပါ စီမံနေတာ ဖြစ်တယ်။
အခုဆို ရွှီထင်းရှန်းက တာ့ချန်းပြည်ရဲ့ အသက်အငယ်ဆုံး အဆင့်မြင့် အရာရှိကြီး ဖြစ်တယ်လို့ အားလုံးက ပြောနေကြသလို၊ နောင်တစ်ချိန်မှာ အသက်အငယ်ဆုံး အမတ်ချုပ်ကြီး ဖြစ်လာလိမ့်မယ်ဆိုတာလည်း သေချာလှပါတယ်။
စည်ပင်ဝပြောတဲ့ ဒီမြင်ကွင်းတွေရဲ့ နောက်ကွယ်မှာတော့ သိပ်ကို ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေပါတယ်။
မနှစ်က နယ်စားမင်း ရာထူးကို ရပြီးနောက်မှာတော့ ရွှီထင်းရှန်းက သူ့ရဲ့ ခြေလှမ်းတွေကို ပိုပြီး အရှိန်မြှင့်လိုက်ကာ နေရာအနှံ့မှာ အစီအစဉ်တွေ ချခဲ့တယ်။ နှစ်မကူးခင်ကတည်းက သူက ဟုန်အာနဲ့ တိုင်ပင်ခဲ့ပြီး၊ နှစ်သစ်ကူးပြီးရင် ရှန်းရှီကို တစ်ခေါက် ပြန်သွားဖို့ မှာခဲ့တယ်။ အဲဒီလို သွားတာနဲ့ နှစ်လပိုင်းမှာ ကျင်းပမယ့် စာမေးပွဲကိုလည်း မှီနိုင်သလို၊ အကယ်၍ မြို့တော်ကို ပြန်ရမယ်ဆိုရင် နောက်ပိုင်းမှာ အပြင်ထွက်ဖို့ ခက်သွားမှာကိုလည်း ကြိုတင် ကာကွယ်နိုင်မှာ ဖြစ်တယ်။
ဒီစကားတွေရဲ့ ဆိုလိုရင်းက များပြားလွန်းလို့ ကျောက်အာက စိုးရိမ်နေရပေမဲ့၊ ဟုန်အာရဲ့ ရှန်းရှီခရီးစဉ်ကိုတော့ လုပ်ဆောင်စေခဲ့ပါတယ်။
ပစ္စည်းတွေ အကုန်ပြင်ပြီးပြီမို့ နက်ဖြန်မှာ ထွက်နိုင်ပြီ ဖြစ်ပေမဲ့၊ နှမြောစရာကောင်းတာက နင်နင်က အစ်ကိုကြီးနဲ့ မခွဲနိုင်ဘဲ ဖြစ်နေတာပါပဲ။
"သမီးက အစ်ကိုကြီးနဲ့ မခွဲနိုင်ပါဘူး၊ သမီးလည်း အစ်ကိုကြီး စာမေးပွဲဖြေတာကို လိုက်ကြည့်ပေးမယ်လေ"
ရွှီယောင်ဟုန်က အစိမ်းရောင် ပညာတတ်ဝတ်စုံကို ဝတ်ထားရာ သူက ငယ်ငယ်က ရွှီထင်းရှန်းနဲ့ သိပ်ကို တူပါတယ်။ သွယ်လျတဲ့ ကိုယ်ဟန်၊ ယဉ်ကျေးသိမ်မွေ့တဲ့ ပုံစံရှိသလို၊ အရာရာမှာ စနစ်ကျပြီး တခြားသူတွေနဲ့ မတူတဲ့ တည်ငြိမ်လှတဲ့ အရှိန်အဝါလည်း ရှိပါတယ်။
သူက ညီမငယ်လေးရဲ့ ရှေ့မှာ တစ်ဝက်လောက် ထိုင်ချလိုက်ပြီး၊ သူမရဲ့ ဦးခေါင်းလေးကို အသာအယာ ပွတ်ရင်း ပြုံးကာ ဆိုတယ်။ "အစ်ကိုကြီးက နေရပ်ကို ပြန်ပြီး စာမေးပွဲဖြေရုံတင် မဟုတ်ဘူး၊ ဘိုးဘိုးကြီးတွေနဲ့ ဘိုးဘိုးတွေကိုပါ ကန်တော့ရဦးမှာ၊ ညီမလေးက လိုက်ပြီး ဘာလုပ်မှာလဲ"
225 07
"သမီးကတော့ ဒါတွေကို မသိဘူး၊ ဘာပဲဖြစ်ဖြစ် သမီး လိုက်ချင်တယ်"
အစ်ကိုဖြစ်သူကို ဖျောင်းဖျလို့ မရမှန်း သိတဲ့အခါ၊ နင်နင်က ငယ်ငယ်ကတည်းက လုပ်နေကျ ဇွတ်ပေကပ်တဲ့ နည်းလမ်းကို သုံးတော့တာပါပဲ။
အဓိက အချက်က ဒီကလေးမလေးက အကြောင်းမဲ့ ပြဿနာရှာတဲ့သူ မဟုတ်ဘဲ ဆူနေရင်းနဲ့တောင် မျက်လုံးကြီးတွေနဲ့ အစ်ကိုကြီးကို တိတ်တဆိတ် အကဲခတ်နေတာကြောင့် ဟုန်အာမှာ မအောင့်နိုင်ဘဲ ရယ်လိုက်ရတော့တယ်။
"နင်နင်က တကယ်ပဲ လိုက်ချင်တယ်ဆိုရင်လည်း၊ လိုက်ခိုင်းလိုက်ပါဦး။ ဦးလေးကို ပြောပြီး အစောင့်အရှောက်တွေ ပိုထည့်ခိုင်းလိုက်မယ်လေ၊ လမ်းမှာ ငါတို့ သေသေချာချာ ကြည့်ပေးလို့ ရတာပဲ။"
စကားပြောသံနဲ့အတူ ဝမ်ဝေ ဝင်လာခဲ့တယ်။
ရွှီယောင်ဟုန်နဲ့ မတူဘဲ၊ ဝမ်ဝေးက ပိုပြီးတော့ ချောမောလှတယ်။ ချောမောရုံတင်မကဘဲ လှတယ်လို့တောင် ဆိုနိုင်ပါတယ်။
မိန်းကလေးတစ်ယောက်လို လှလွန်းလို့ အကယ်၍ အမျိုးသား ဝတ်စုံကို ဝတ်မထားရင် ဘယ်သူမဆို မိန်းကလေးလို့ပဲ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ သူက မိန်းကလေးနဲ့ တူပေမဲ့ မိန်းကလေး မဟုတ်တာကိုတော့ သတိပြုရပါမယ်၊ ရွှီထင်းရှန်းက မိမိကိုယ်တိုင် စာပေပဲ တတ်ပြီး သိုင်းပညာ မရှိတာကို သိထားလို့၊ လွန်ခဲ့တဲ့ နှစ်တွေကတည်းက သူတို့နှစ်ယောက်အတွက် သိုင်းဆရာတွေကို ငှားပေးခဲ့တယ်။
သိုင်းပညာ အတော် ထူးချွန်တယ်လို့ မဆိုနိုင်ပေမဲ့ သာမန် လူသန်ကြီး တစ်ယောက်နှစ်ယောက်လောက်ကိုတော့ သူတို့နှစ်ယောက် သေချာပေါက် ယှဉ်နိုင်ပါတယ်။
သိုင်းပညာ ရှိနေလို့ သတ္တိကလည်း ပိုကြီးတာကြောင့် ဝမ်ဝေက ဒီလိုမျိုး ပြောလိုက်တာပါပဲ။
"ဒါဆိုရင်လည်း... အမေ့ကို သွားပြီး ပြောကြည့်ကြမလား" သူ့ကို တိတ်တဆိတ် ခိုးကြည့်နေတဲ့ ညီမငယ်လေးကို ကြည့်ရင်း ဟုန်အာက ဆိုလိုက်တယ်။
နောက်ဆုံးတော့ သူလည်း စိတ်မမာနိုင်တော့ပါဘူး၊ ငယ်ငယ်ကတည်းက ချစ်လာရတဲ့ ညီမလေး မဟုတ်လား။
"ဒါဆိုရင် အစ်ကိုကြီး မြန်မြန်သွား၊ မြန်မြန်သွား" ကလေးမလေးက ချက်ချင်းပဲ မတ်တတ်ရပ်လိုက်ပြီး အစ်ကိုကြီးရဲ့ အင်္ကျီလက်ကိုလည်း မဆွဲတော့ဘဲ တွန်းထုတ်တော့တာပါပဲ။
ရွှီယောင်ဟုန်နဲ့ဝမ်ဝေတို့ကတော့ အချင်းချင်း ကြည့်ပြီးနောက်၊ အားကိုးရာမဲ့စွာနဲ့ပဲ ခေါင်းယမ်းလိုက်ကြပါတော့တယ်။
******
226 01
အခန်း ၂၂၆
ရှင်းနင်ရဲ့ အတင်းအကျပ် တိုက်တွန်းမှုကြောင့် လူသုံးယောက်စလုံးက အဓိက အဆောင်မကြီးဆီကို အတူတူ သွားခဲ့ကြရာမှာ ကျောက်အာက အပူပေးခုတင် ပေါ်မှာ တင်ပလ္လင်ခွေ ထိုင်ပြီး စာရင်းတွေကို ကြည့်နေတာကို မြင်လိုက်ရတယ်။
ဒီလို အပူပေးခုတင်ကို သုံးတဲ့ အလေ့အထက ရွှီထင်းရှန်း ယူလာခဲ့တာ ဖြစ်ပြီး တျန့်ဟိုင်ကနေ ကွမ်ကျိုးဆီကို ပြောင်းလာခဲ့ပေမဲ့ ဒီကွမ်ကျိုးဒေသမှာ ဆောင်းရာသီ မရှိပေမဲ့လည်း အဲဒီအလေ့အထက ဒီနေ့အထိ ကျန်နေသေးတယ်။ ဒါပေမဲ့ အခုတော့ ဒီခုတင်ကြီးကို အိပ်ဖို့ထက် မိသားစုဝင်တွေ အနားယူ အပန်းဖြေတဲ့ နေရာတစ်ခုအနေနဲ့ပဲ အဓိက သုံးတော့တယ်။
ခုတင်ပေါ်မှာ ကျောက်အာတစ်ယောက်တည်း ရှိနေတာ မဟုတ်ဘဲ သူမနဲ့ ရွှီထင်းရှန်းတို့ရဲ့ ဒုတိယသားဖြစ်တဲ့ ရွှီယောင်ထိုက်လည်း ရှိနေပါတယ်။
ညီမငယ်လေး ရှင်းနင်နဲ့ နှိုင်းယှဉ်ရင် ထိုက်ကော လို့ ခေါ်တဲ့ ရွှီယောင်ထိုက် က အထက်မှာ အစ်ကိုကြီး ရှိသလို အောက်မှာလည်း ညီမငယ် ရှိနေလို့ ဖခင်ရဲ့ အရေးပေးတာကို မခံရသလို မိခင်ရဲ့ အချစ်ကိုလည်း အပြည့်အဝ မရတဲ့ ကြားညှပ်ကလေး ဖြစ်နေရှာတယ်။ ဒါပေမဲ့ ဒီကလေးက သိပ်ကို ပါးနပ်ပါတယ်။ သူ့ရဲ့ဖခင်နဲ့အစ်ကိုကြီးတို့က ညီမငယ်ကိုပဲ အထူးတန်ဖိုးထားတာကို သိလို့ သူက နေ့တိုင်း ကျောက်အာနားမှာပဲ ကပ်နေတတ်တယ်။ ကျောက်အာကလည်း တစ်ပြိုင်နက်တည်း မွေးခဲ့တဲ့ အမြွှာမောင်နှမနှစ်ယောက်ကြားမှာ အခြေအနေအရ ခွဲခြားခံနေရတဲ့ သားဖြစ်သူကို ငဲ့ပြီး သူ့ကို ပိုပြီးတော့ ကြင်နာယုယမိရတယ်။
ဒါကြောင့်ပဲ ရှင်းနင်က အစ်ကိုကြီးနဲ့ ဝမ်းကွဲအစ်ကိုဝမ်ဝေ တို့နောက်ကိုပဲ တကောက်ကောက် လိုက်နေချိန်မှာ သူကတော့ ကျောက်အာရဲ့ ဘေးနားမှာပဲ အမြဲ ရှိနေတာ ဖြစ်တယ်။
ကျောက်အာက အခုဆို အပြင်ထွက်တာ သိပ်ရှားပါတယ်။ အကယ်၍ အောက်ခြေလူတွေ မဖြေရှင်းနိုင်တဲ့ သိပ်အရေးကြီးတဲ့ ကိစ္စတွေ ပေါ်လာမှပဲ သူမ ရှေ့ထွက်လေ့ရှိတယ်။ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးက သိပ်နည်းတာကြောင့် သူမက သူမရဲ့အချိန်အများစုကို သားသမီးတွေနဲ့ ခင်ပွန်းဖြစ်သူအတွက်ပဲ သုံးပြီး တစ်ဖက်ကလည်း ရွှီအိမ်တော်ရဲ့ အတွင်းရေး ကိစ္စအဝဝကို စီမံနေတယ်။
အားလပ်ချိန်တွေမှာတော့ အရပ်ရပ်က ပို့လာတဲ့ စာရင်းတွေကို စစ်ရင်းနဲ့ပဲ အချိန်ကုန်လေ့ ရှိတယ်။
ရွှီယောင်ထိုက်က စာသင်တာမှာ အာရုံမရှိပေမဲ့ စာရင်းတွက်တာကိုတော့ သိပ်ကို စိတ်ဝင်စားတယ်။ အခုဆို သူက ပေသီးကို ကျွမ်းကျင်စွာ သုံးနိုင်ရုံတင်မကဘဲ ကျောက်အာဆီက သင်္ချာအတတ်ကိုလည်း ရှစ်ပုံလောက်အထိ တတ်နေပြီ ဖြစ်တယ်။
အခုအချိန်မှာ ကျောက်အာက ခေါင်းငုံ့ပြီး စာရင်းတွေကို ကြည့်ရင်း ရံဖန်ရံခါ ပေသီးကို လှုပ်ရှားနေပြီး သူကလည်း ဟောင်းနေတဲ့ စာရင်းစာအုပ်တစ်အုပ်ကို ကိုင်ကာ ဘေးနားမှာ ပေသီးငယ်လေးတစ်ခုကို ချထားတယ်။
အဲဒါက ကျောက်အာက သူ့ကို ကစားဖို့အတွက် ပေးထားတာပါ။
အရင်က ကျောက်အာက သူမရဲ့ သားနှစ်ယောက်လုံးကို စာပေမှာပဲ ထူးချွန်စေချင်ခဲ့တယ်။ 'ပညာတတ်မှသာ အဆင့်အတန်း မြင့်မယ်' ဆိုတဲ့ အယူအဆ ရှိခဲ့လို့ပါ။ ဒါပေမဲ့ ရွှီယောင်ထိုက်က ဒီအလုပ်ကိုပဲ စိတ်ဝင်စားနေလို့ သားဖြစ်သူ သင်ချင်တာကို သူမကလည်း စိတ်ရှည်လက်ရှည် သင်ပေးခဲ့တာ ဖြစ်တယ်။
ရှင်းနင်က အလိုလိုက်ခံရတာကို ကြိုက်တဲ့ ကလေးမလေး ဖြစ်တဲ့အတိုင်း အခန်းထဲကို မဝင်ရသေးခင်မှာတင် အော်ဟစ်ပြီး ချွဲနေတော့တာပါပဲ။
"အမေ..."
"ဘာဖြစ်လို့ လာတာလဲ" ကျောက်အာက ခေါင်းမော့ပြီး သမီးဖြစ်သူကို တစ်ချက် ကြည့်လိုက်ပြီးနောက် သားဖြစ်သူနဲ့ တူဖြစ်သူဝမ်ဝေတို့ကို ကြည့်လိုက်ရာမှာ လူငယ်နှစ်ယောက်က သူမကို အားနာသလိုနဲ့ ပြုံးပြနေတာကို မြင်လိုက်ရတယ်။
226 02
"ဘာဖြစ်ကြတာလဲ။ အစ်ကိုနှစ်ယောက်ကို ထပ်ပြီး အနိုင်ကျင့်ပြန်ပြီလား"
ရှင်းနင်က နှာခေါင်းလေးကို ရှုံ့လိုက်ပြီး ဆိုတယ်။ "သမီး မလုပ်ပါဘူး သမီးက အစ်ကိုကြီးနဲ့အတူ နေရပ်ကို လိုက်ချင်လို့ပါ"
"ဘာဖြစ်လို့ ရုတ်တရက်ကြီး အစ်ကိုကြီးနဲ့အတူ လိုက်ချင်ရတာလဲ"
မိခင်ဖြစ်သူက ဖခင်လောက် ကိုင်တွယ်ရ မလွယ်တာကို သိလို့ ရှင်းနင်က မျက်လုံးလေးကို ဝေ့ပြီး စဉ်းစားပြီးမှ ပြောလိုက်တယ်။ "သမီးက ရှန်းရှီက နေရပ်ကို တစ်ခါမှ မရောက်ဖူးဘူးလေ။ အဖေ ပြောတာတော့ အဲဒီမှာ သိပ် ပျော်ဖို့ ကောင်းတယ်ဆိုလို့ သမီး သွားကြည့်ချင်တာပါ"
"မင်းရဲ့အဖေက ဘယ်တုန်းက ရှန်းရှီမှာ ပျော်ဖို့ ကောင်းတယ်လို့ ပြောလို့လဲ" ကျောက်အာက အဲဒီကလေးမလေးရဲ့ လှည့်စားတာကို အလွယ်တကူ မခံပါဘူး။
ရှင်းနင်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး အင်္ကျီလက်ကို အသာအယာ ဆွဲနေမိတယ်။ သူမကတော့ တိတ်တဆိတ် လုပ်နေတယ်လို့ ထင်ပေမဲ့ နောက်ကွယ်က အစ်ကိုနှစ်ယောက်ရဲ့ မျက်စိအောက်ကတော့ မလွတ်ပါဘူး။
"အဖေ တကယ် ပြောခဲ့တာပါ။ အမေ မယုံရင် ဖေအဖေ့ကို မေးကြည့်လေ"
"မင်းက မင်းရဲ့အဖေက မင်းဘက်ကနေ ကူပြောပေးမယ်ဆိုတာကို သိနေလို့ မဟုတ်လား အခုတော့ အမေ့ကိုတောင် လိမ်ရဲနေပြီပေါ့" ကျောက်အာက တမင်တကာ မျက်နှာကို တည်လိုက်တယ်။
ရှင်းနင်က ချက်ချင်းပဲ ပြေးဝင်လာပြီး မိခင်ဖြစ်သူရဲ့ အင်္ကျီလက်ကို လှုပ်ယမ်းကာ ဆိုတယ်။ "သမီး မလိမ်ပါဘူး မေမေ ဖေဖေ တကယ် ပြောခဲ့တာပါ။ သမီး ငယ်ငယ်တုန်းက ဖေဖေ ပြောတာက... နေရပ်က အိမ်နောက်မှာ တောင်ကုန်းတစ်ခု ရှိတယ်။ မေမေ အဲဒီပေါ်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်ခဲ့ဖူးတယ်တဲ့။ အဲဒီတုန်းက ဖေဖေ စာသင်နေချိန်မှာ အိမ်က ဆင်းရဲလို့ မေမေက ဟင်းသီးဟင်းရွက်တွေ စိုက်ပြီး ဖေဖေ စာသင်နိုင်အောင် ထောက်ပံ့ပေးခဲ့တာလို့ ပြောပြဖူးတယ်လေ"
ဒီစကားကို ကြားတော့ ကျောက်အာရဲ့မျက်ဝန်းထဲမှာ အတိတ်ကို ပြန်အောက်မေ့တဲ့ အရိပ်အယောင်တစ်ခု ဖြတ်သွားတယ်။ သူမက ရှင်းနင်ရဲ့ ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးရင်း ပြုံးပြီး ပြောလိုက်တယ်။ "ဒါဆိုရင်လည်း လိုက်ခွင့် မပြုနိုင်ဘူး။ မင်းရဲ့ အစ်ကိုကြီးက ဒီတစ်ခေါက် နေရပ်ပြန်တာက စာမေးပွဲ ဖြေဖို့ သွားတာ မင်းလို အငြိမ်မနေတဲ့ ကလေးမလေး ဘေးမှာ ဆူညံနေရင်တော့ မင်းရဲ့အစ်ကိုကြီး စာမေးပွဲဖြေဖို့ အာရုံရမှာ မဟုတ်တော့ဘူး"
"သမီး လိုက်ချင်လို့ပါ..."
အဲဒီစကားတောင် မဆုံးသေးခင်မှာပဲ ကျောက်အာရဲ့ ငြင်းတာကို ခံလိုက်ရတယ်။ "မရဘူးဆိုတာ မရဘူးပဲ"
အခု ရွှီမိသားစုထဲမှာ သားတွေအပေါ်မှာတော့ ဖေဖေက တင်းကျပ်ပြီး မေမေက ကြင်နာပေမဲ့ သမီးဖြစ်သူအပေါ်မှာတော့ လုံးဝပြောင်းပြန်ဖြစ်နေတယ်။ မေမေက တင်းကျပ်သူ ဖြစ်နေပြီး ဖေဖေကတော့ အလိုလိုက်သူ ဖြစ်နေတော့တယ်။
ကျောက်အာက အမြဲတမ်း တင်းကျပ်တဲ့ နေရာက ပါလေ့ရှိလို့ ရှင်းနင်က ဘယ်သူ့ကိုမှ မကြောက်ပေမဲ့ မေမေ စိတ်ဆိုးမှာကိုတော့ သိပ်ကြောက်ရရှာတယ်။
"ဝူးးးးး... သမီး တကယ် လိုက်ချင်တာကို..."
ဒီစကားကို ကျောက်အာရဲ့ ရှေ့မှာ မပြောရဲတာနဲ့ သူမက မျက်နှာကို အုပ်ပြီး အစ်ကိုကြီးရဲ့ ဘေးနားကို သွားကာ တအိအိနဲ့ ငိုပြနေတော့တယ်။ အဲဒီငိုသံက အတုမှန်း နားထောင်ရုံနဲ့ သိနိုင်ပါတယ်။ ရွှီယောင်ထိုက်က ခုတင်ပေါ်မှာ ထိုင်ပြီး ညီမငယ်လေးက မေမေ့ကို ဘယ်လို ဂျီကျနေလဲဆိုတာ ထိုင်ကြည့်နေတော့တယ်။
ဒါပေမဲ့ ပုံမှန်အားဖြင့် 'နတ်ဘုရားက တစ်တောင်မြင့်ရင် မကောင်းဆိုးဝါးက တစ်လံမြင့်တယ်' ဆိုတဲ့ စကားလိုပဲ ကျောက်အာရဲ့ ရှေ့မှာတော့ ဘယ်လောက်ပဲ ငိုပြပါစေ အပိုပါပဲ။
226 03
မျှော်လင့်ထားတဲ့အတိုင်းပဲ ကလေးမလေးက ခဏလောက် ငိုပြပြီးနောက် မိမိကို ဘယ်သူမှ လာမချော့တာကို မြင်တဲ့အခါမှာတော့ အမှန်တကယ်ပဲ ဝမ်းနည်းသွားတော့တယ်။ သူမက ငိုယိုပြီး အခန်းထဲက ပြေးထွက်သွားခဲ့ရာ စဉ်းစားနေစရာ မလိုဘဲ သူမက ဖေဖေ့ဆီကို သွားပြီး အားကိုးရှာမှာ သေချာပါတယ်။
ရှင်းနင်က ဖေဖေ့ကို ရှာနိုင်မယ့် နည်းလမ်း အမြဲ ရှိတတ်တယ်။
အဲဒါက ရွှီအိမ်တော် တစ်ခုလုံးက သူမကို အလိုလိုက်ထားကြလို့ ဖြစ်သလို ရွှီထင်းရှန်းရဲ့ယုံကြည်ရသူနဲ့ အစောင့်အရှောက်ခေါင်းဆောင်ဖြစ်တဲ့ ဟူစန်းတောင် သူမကို သိပ် ချစ်ကြလို့ပါပဲ။
ပြောရရင် ကျောက်အာပင်လျှင် ရွှီထင်းရှန်း ဘယ်မှာ ရှိလဲဆိုတာ မသိနိုင်ပေမဲ့ ဟူစန်းကတော့ သေချာပေါက် သိပါတယ်။ ဒါကြောင့် ဟူစန်းကိုသာ ချော့နိုင်ရင် ဖေဖေ့ကို ရှာတွေ့မှာပါပဲ။
အခုအချိန်မှာ ရွှီထင်းရှန်းက ရှေ့ဘက်က နယ်စားမင်းကြီးရုံးထဲမှာ အလုပ်ကိစ္စတွေ လုပ်နေတယ်။ ဒီရုံးတော်က ခရိုင်ရုံးတော်နဲ့ ပုံစံတူပြီး ရှေ့ဘက်က ရုံးခန်း ဖြစ်ကာ နောက်ဘက်ကတော့ မိသားစုဝင်တွေ နေတဲ့ အဆောင် ဖြစ်တယ်။
ရှင်းနင်က အရင်ဆုံး ဟူစန်းကို သွားရှာတော့ ဟူစန်းက စာကြည့်ဆောင် အပြင်ဘက်မှာ စောင့်နေတာကို မြင်လိုက်ရတယ်။ သူမကို မြင်တာနဲ့ အနားကို ပြေးလာပြီး ဘာလို့ လာတာလဲလို့ မေးတယ်။
"ဦးဦးဟူ သမီး ဖေဖေ့ကို ရှာချင်လို့ပါ"
"အရာရှိမင်းက အခု အလုပ်ကိစ္စတွေ ဆွေးနွေးနေတာ။ ဒါဆိုရင် ဦးဦးဟူနဲ့အတူ သွားကစားမလား"
ရှင်းနင်က ခေါင်းညိတ်ပြတာနဲ့ ဟူစန်းက တံခါးဝက အစောင့်တွေကို အချက်ပြလိုက်ပြီးနောက် သူမကို သူ့ရဲ့ပုခုံးပေါ်တင်ပြီး အပြင်ကို ခေါ်သွားတော့တယ်။
စာကြည့်ဆောင်ထဲမှာတော့ ရွှီထင်းရှန်း က စာပွဲရှေ့မှာ ထိုင်နေပြီး သူ့ရဲ့ အောက် ဘေးတစ်ဖက်တစ်ချက်က ထိုင်ခုံတွေပေါ်မှာ လူနည်းနည်း ထိုင်နေကြတယ်။
ဒီလိုအချိန်မှာ ဒီနေရာမှာ ထိုင်နေနိုင်တဲ့သူတွေက ရွှီထင်းရှန်းရဲ့အစစ်အမှန် လူယုံတွေပါပဲ။
"ဒီနေ့ မနက်မှာ မြို့တော်ကနေ စာရောက်လာတယ်။ ငါ့ကို မြို့တော်ကို ပြန်ခေါ်မယ့် အမိန့်တော် မကြာခင်မှာ ရောက်လာတော့မယ်လို့ ဆိုပါတယ်" ရွှီထင်းရှန်းက စတင် ပြောလိုက်တယ်။
ဒီစကားကို ကြားတော့ အောက်မှာ ထိုင်နေတဲ့ လူတွေက အံ့ဩတာ မရှိကြဘူး။ အကြောင်းက မနှစ်က ရွှီထင်းရှန်း နယ်စားမင်း ရာထူးကို စတင် လက်ခံကတည်းက အနှေးနဲ့အမြန် ဒီနေ့က ရောက်လာမှာပဲလို့ အကြာဆုံး သုံးနှစ် ဒါမှမဟုတ် အတိုဆုံး တစ်နှစ်အတွင်း ဖြစ်နိုင်တယ်လို့ သူ ပြောခဲ့ဖူးလို့ပါ။
မမျှော်လင့်ဘဲ တစ်နှစ်သက်တမ်း ပြည့်ရုံနဲ့ မြို့တော်က အဲဒီပုဂ္ဂိုလ်က စိတ်မရှည်တော့ဘဲ ဖြစ်နေပါပြီ။
သူတို့က ကမ်းရိုးတန်းဒေသမှာ အချိန်အတော်ကြာ နေလာတဲ့သူတွေ ဖြစ်တဲ့အတိုင်း သူတို့ရဲ့ စိတ်ထဲမှာ 'မင်းနဲ့ကျွန်' ဆိုတဲ့ အတွေးတွေက အတော်လေး ပါးလျနေပါပြီ။ သူတို့က ရွှီထင်းရှန်း နဲ့အတူ လက်ဗလာနဲ့ စတင် ရုန်းကန်လာခဲ့သူတွေမို့ အစိုးရအတွက်ရော အဲဒီပုဂ္ဂိုလ်အတွက်ပါ ရွှီအရာရှိက ဘယ်လောက်အထိ မတရားတာတွေကို သည်းခံခဲ့ရသလို အခက်အခဲတွေအများကြီးကိုလည်း ရင်ဆိုင်ခဲ့ရလဲဆိုတာ သူတို့ သိကြတယ်။
ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးက ငွေအများကြီး ရှာပေးနိုင်တုန်းကတော့ သစ္စာရှိတဲ့အမတ် တိုင်းပြည်ရဲ့လက်ရုံးလို့ သတ်မှတ်ခဲ့ကြတယ်။ ဒါပေမဲ့ အစိုးရမှာ ငွေတွေ ကြွယ်ဝလာတဲ့ အခါမှာတော့ 'သူ့ရဲ့ ကောင်းမှုကုသိုလ်က ဧကရာဇ်ထက် သာသွားမှာ' ကို စတင် စိုးရိမ်လာကြတော့တယ်။
226 04
ရွှီထင်းရှန်းရဲ့အသက်အရွယ်နဲ့ ဒီရာထူးကို ရတာက အဲဒီပုဂ္ဂိုလ်ရဲ့ မြှောက်စားမှုကြောင့် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ရွှီအရာရှိက အခက်အခဲတွေနဲ့ ကြုံတိုင်း အဲဒီပုဂ္ဂိုလ်က မိမိဘက်ကနေ သိသိသာသာ ကာကွယ်ပေးခဲ့တာ လုံးဝမရှိဘဲ အခြေအနေကို ကြည့်ပြီးတော့ပဲ လုပ်ခဲ့တာပါ။
အထူးသဖြင့် မကြာသေးခင်က မြှောက်ပင့်တဲ့သူတွေရဲ့ စကားကြောင့် အဲဒီပုဂ္ဂိုလ်က တစ်ဖက်က ဆုတွေ ပေးသလို တခြားတစ်ဖက်ကလည်း သွယ်ဝိုက်ပြီး သတိပေးတာတွေ လုပ်နေခဲ့တယ်။
သေချာတာပေါ့။ တစ်ဖက်လူက ဧကရာဇ် ဖြစ်သလို လောကကြီး တစ်ခုလုံးက သူ့ပိုင်ဆိုင်မှုမို့ ဘယ်လိုပဲလုပ်လုပ် အောက်ခြေက အမတ်တွေအနေနဲ့ မကျေနပ်စရာ မရှိသင့်ပါဘူး။
ဒါပေမဲ့လည်း စိတ်ထဲကနေ နည်းနည်းတော့ ခံစားရတာ အမှန်ပါပဲ။
"အရာရှိမင်း အကယ်၍ မြို့တော်ကို မပြန်ဘဲ နေနိုင်မယ့် နည်းလမ်းများ ရှိမလား"
ပြောတဲ့သူက အရင် တုန်းက တျန့်ဟိုင်တပ်ဖွဲ့က စစ်ကဲ ကန်းရုံဟိုင် ဖြစ်ပြီး အခုဆို အရှေ့တောင်ပင်လယ်ရေတပ်ရဲ့ ဒု-စစ်ကဲပါပဲ။ အခုလက်ရှိ အရှေ့တောင်ပင်လယ် ရေတပ် စစ်ကဲကတော့ အရင် ကျဲ့ကျန်းရေတပ် စစ်ကဲ ကုန်းတာထုံဖြစ်ပြီး သူလည်း အဲဒီမှာ ထိုင်နေပါတယ်။ သူတို့အားလုံးက ရွှီထင်းရှန်း ကိုယ်တိုင် မြှောက်စားခဲ့တဲ့ လူတွေပါပဲ။
"အမှန်တော့ ငါ မြို့တော်ကို ပြန်တာကလည်း ကောင်းပါတယ်။ မြို့တော်မှာ လူအင်အား နည်းနေသလို အပြင်မှာ ဘယ်လောက်ပဲ ကောင်းမှုကုသိုလ်တွေ ရှိပါစေ။ တစ်ယောက်ယောက်က ဧကရာဇ်ရဲ့ နားနားမှာ စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ အရာအားလုံး ပျက်စီးသွားနိုင်လို့ပါ။ ဧကရာဇ်ရဲ့ စရိုက်အရဆိုရင်တော့ ငါ ပြန်ရောက်သွားရင် ငါ့အပေါ် မကောင်းတာမျိုးတော့ လုပ်မှာ မဟုတ်ပါဘူး။ ငါ မြို့တော်မှာ ရှိနေမှသာ ခင်ဗျားတို့လည်း အောက်ခြေမှာ အလုပ်လုပ်ရတာ ပိုပြီး လွယ်မှာပါ" ရွှီထင်းရှန်းက ဆိုတယ်။
စကားအရသာ အဲဒီလို ပြောပေမဲ့ ဘယ်သူကများ ကောင်းကင်ဘုံနဲ့ ဝေးရာမှာ အေးဆေး မနေချင်ဘဲ မြို့တော်ကို ပြန်ပြီး ခေါင်းငုံ့ နေချင်ပါ့မလဲ။ ဒါပေမဲ့ အဲဒါက အခြေအနေအရ မလွဲမရှောင်သာတဲ့ ကိစ္စတစ်ခုပါပဲ။
"ရေတပ်ဘက်ကိုတော့ ခင်ဗျားနဲ့ ကုန်းစစ်ကဲတို့ တာဝန်ယူပေးမယ်ဆိုရင် ငါ စိတ်အေးရမှာပါ။ တျန့်ဟိုင်မှာတော့ ရှဲ့စန်း ရှိတယ်။ ကွမ်ကျိုးမှာတော့ မောက်ပါ့သို ရှိတယ်။ ချန်လော့မှာတော့ လီတာ့ထျန်း ရှိတယ်။ တစ်ခုပဲ ရှိတာက ရှန်ဟိုင်းမှာ ရှိနေတဲ့ လူကိုတော့ ခင်ဗျားတို့ သတိထားပြီး ဆက်ဆံကြပါ။ ငါနဲ့ ရင်းနှီးနေလို့ဆိုပြီးတော့ အလျှော့ပေးတာမျိုး မလုပ်ကြပါနဲ့"
ရှန်ဟိုင်းမှာ ရှိနေတဲ့ အဲဒီလူဆိုတာ အရင် တျန့်ဟိုင်ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဖြစ်ခဲ့ဖူးတဲ့ မိန်းမစိုး ရွှန်ရှီးပါပဲ။
အခု ကျားချန်ဧကရာဇ်က အာဏာကို မြဲမြဲ ဆုပ်ကိုင်နိုင်ပြီး အင်အား တောင့်လာတာနဲ့အမျှ အစောပိုင်းက ဧကရာဇ်ကို ဆန့်ကျင်ရဲတဲ့ အမတ်တွေက အခုတော့ ငြိမ်သွားကြပါပြီ။ သူတို့က အတော်လေး အထိနာခဲ့ကြတယ်။ အကြောင်းက ကမ်းရိုးတန်း ဒေသက ကိစ္စတွေက ဆက်နွှယ်မှု များတာကြောင့် လူအများကြီး ပါဝင်မိပြီး ကိုယ့်အရှိန်အဝါတွေ ဆုံးရှုံးခဲ့ကြလို့ပါပဲ။
ဒီလိုနဲ့ ဧကရာဇ်ရဲ့ အရှိန်အဝါက တစ်နေ့ထက်တစ်နေ့ ပိုပြီး ကြီးလာခဲ့တယ်။
လူတွေရဲ့ သဘောထားက အချိန်နဲ့အမျှ အမြဲတမ်း ပြောင်းလဲနေတတ်တာပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျားချန်ဧကရာဇ်က အာဏာကို ခွဲပေးထားခဲ့ရသလို အမတ်ချုပ်ကြီးတွေက စုပေါင်းပြီး အာဏာကို ဖုံးထားတာကြောင့် တစ်ခုခု လုပ်ချင်ရင် အစီအစဉ်တွေအများကြီး ချခဲ့ရတယ်။ အခုတော့ တိုင်းပြည်က အေးချမ်းနေသလို ဘဏ္ဍာငွေတွေလည်း ပြည့်နေတာကြောင့် ဘယ်သူမှ သူ့ကို မတားနိုင်တော့လို့ ဧကရာဇ်က ပိုပြီးတော့တောင် ရောင့်ရဲတင်းတိမ်နေတော့တယ်။
တစ်ချိန်တည်းမှာပဲ မိန်းမစိုးတွေ စုတဲ့ ရှီးလီကျန်းရဲ့ အရှိန်အဝါကလည်း ပိုပြီး မြင့်လာခဲ့တယ်။
226 05
အခု ကျားချန်ဧကရာဇ်က အဲဒီမိန်းမစိုးတွေကို သုံးတဲ့နေရာမှာ ပိုပြီးကျွမ်းကျင်လာတယ်။ ဥပမာအနေနဲ့ ရွှန်ရှီးကို ရှန်ဟိုင်း ကုန်သွယ်ရေးရုံးဆီ လွှတ်လိုက်တာက အပေါ်ယံကြည့်ရင် ရှီးလီကျန်းရဲ့ လုပ်ဆောင်မှုလို့ ထင်ရပေမဲ့ ဧကရာဇ်ရဲ့ အမိန့်မပါဘဲ ဖြစ်နိုင်မယ်လို့ ဘယ်သူမှ မယုံကြဘူး။
အနှစ်ချုပ် ပြောရရင် ရှန်ဟိုင်းမြို့ရဲ့ ကုန်သွယ်ရေးရုံးက တည်နေရာ ကောင်းလို့ အခုဆို တျန့်ဟိုင်ကို ကျော်ပြီး အရှေ့ဘက် ပင်လယ်ရဲ့အကြီးဆုံး ကုန်သွယ်ရေးဆိပ်ကမ်း ဖြစ်လာပါပြီ။
ဒီလိုနေရာမျိုးကို မိမိရဲ့ယုံကြည်ရသူတွေ လက်ထဲမှာပဲ ထားတာက ပိုကောင်းတာပေါ့။
စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဒီအချက်ကလည်း တစ်ခုပါပဲ။
"အရာရှိမင်း အကယ်၍ ဧကရာဇ်က အရာရှိမင်းကို မြို့တော်ကို တကယ် ပြန်ခေါ်မယ်ဆိုရင် ကျွန်တော်မျိုးတို့လည်း ဒီနေရာမှာ ကြာကြာ ရှိနေနိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်" အသက် ၃၀ ကျော်အရွယ် ရှိနေပြီဖြစ်တဲ့ ရှဲ့စန်းက သူ့လက်စွပ်ကို ပွတ်ရင်း ပြောလိုက်တယ်။
အခန်းထဲမှာ လေထုက ငြိမ်သွားတော့တယ်။
အကယ်၍ ဒီစကားသာ အမှန်တကယ် ဖြစ်လာရင် အဲဒါက အဆိုးဆုံး အခြေအနေပါပဲ။
နှုတ်ခမ်းမွှေး နည်းနည်း ထားပြီး အရင်ကထက် ပိုပြီး ဝလာတဲ့ မောက်ပါ့သို က အော်ဟစ်လိုက်တော့တယ်။ "မရှိနိုင်ရင်လည်း မရှိနိုင်တော့ဘူးပေါ့။ ဒီလို အသုံးမကျတဲ့ နေရာမျိုးမှာ ဘယ်သူကများ နေချင်မှာမလို့လဲ။ ဘယ်လောက်ပဲ ငွေတွေ ရှာပေးရှာပေး နောက်ဆုံးတော့ ကျွန်တော်တို့ ငွေတွေမှ မဟုတ်တာ သူတို့ ဘယ်လိုပဲ ကစားကစား ဂရုစိုက်မနေတော့ဘူး"
စကားကသာ အဲဒီလို ပြောပေမဲ့ ဘယ်သူကများ စိတ်ကျေနပ်ပါ့မလဲ။
လောကမှာ အကြီးဆုံး စိတ်ဓာတ်ကျစရာက မိမိက အပင်ပန်းခံ စိုက်ခဲ့တဲ့ သစ်ပင်က အသီးတွေကို သူတစ်ပါးက လာဆွတ်သွားတာပါပဲ။
"ထင်းရှန်းတောင်မှ ဒီလို မပြောတာကို မင်းက ဘာလို့ ဒီလောက်အထိ ဆူနေရတာလဲ" လီတာ့ထျန်းက ဆိုတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း အတွေ့အကြုံတွေကြောင့် သူက ပိုပြီး တည်ငြိမ်လာသလို အရင်ကထက်လည်း ပိုပြီးပြည့်ဖြိုးလာတယ်။ အသက် ၃၀ ကျော်ပြီမို့ နှုတ်ခမ်းမွှေးတွေ ထားတာကြောင့် ပိုပြီးတော့တောင် ခန့်ညားတဲ့ အရှိန်အဝါ ရှိနေပါတယ်။
"ငါက သူ့ကိုယ်စား မကျေနပ်လို့ ပြောတာလေ မရဘူးလား"
သူတို့နှစ်ယောက်က အတူတူ ရှိရင်တောင် အမြဲတမ်း စကားများနေကြသူတွေပါ။
"ကဲပါ အရာရာကို အဆိုးဘက်ကနေ မတွေးကြပါနဲ့ အခြေအနေကို ကြည့်ပြီးမှ ဆက်လုပ်ကြတာပေါ့" ရွှီထင်းရှန်း က သက်ပြင်းတစ်ချက် ချလိုက်တယ်။
အခုတော့ ဒီလိုပဲ လုပ်နိုင်တော့မယ် မဟုတ်လား။
"ဒါနဲ့... ငါ အရင်က မှာထားတဲ့ နယ်မြေသစ်ရဲ့ ကိစ္စကိုတော့ ဆက်ပြီး စောင့်ကြည့်ပေးကြပါဦး၊ အခု တာ့ချန်းရဲ့ အခြေအနေအရဆိုရင် ရိက္ခာ ထွက်နှုန်းက တစ်နှစ်ထက်တစ်နှစ် နည်းလာနေတာဆိုတော့ အပြင်ဘက်ကနေ ရိက္ခာ လမ်းကြောင်းသစ်တွေကို ရှာဖို့ လိုအပ်ပါတယ်" သူက မှာလိုက်တယ်။
"ငါ ပြောသားပဲ ဒါတွေကို ဂရုစိုက်မနေပါနဲ့တော့လို့ အခု အဲဒီရာထူးမှာ မရှိတော့တာပဲဟာကို နေရပ်ပြန်ရောက်ရင် မင်းကတော့ တစ်နေရာရာမှာ အေးအေးဆေးဆေး နားနေရမှာပါ" လူကို စိတ်ဓာတ်ကျစေတဲ့ စကားတွေကို ပြောရတာ ဝါသနာပါတဲ့ မောက်ပါ့သို က ထပ်ပြောလိုက်ပြန်တယ်။
ရွှီထင်းရှန်းက သူ့ကို အားကိုးရာမဲ့သလို ကြည့်ပြီး ခေါင်းကိုပဲ ခါလိုက်တော့တယ်။
အဲဒီနောက်မှာတော့ သူတို့ လူတစ်စုက တခြား ကိစ္စတွေကို ဆွေးနွေးပြီးနောက် အသီးသီး လူစုခွဲသွားကြတယ်။
226 06
ရွှီထင်းရှန်း တစ်ယောက်တည်းပဲ စာကြည့်ဆောင်ထဲမှာ ကျန်ခဲ့ပြီး အတန်ကြာအောင် တွေးနေမိကာမှ သက်ပြင်းတစ်ချက်ကို လေးလေးလံလံ မှုတ်ထုတ်လိုက်တယ်။
သူက ပြတင်းပေါက်နား သွားပြီး အပြင်က မှောင်နေတဲ့ ကောင်းကင်ကြီးကို ကြည့်နေမိတယ် မုန်တိုင်းတစ်ခု ရောက်လာတော့မယ့် အခြေအနေမျိုးပါပဲ။
ရွှီထင်းရှန်း ရထားတဲ့ သတင်းက မှားမနေပါဘူး။ နှစ်ရက်လောက် ကြာတဲ့အခါမှာတော့ အမိန့်တော်က ကွမ်ကျိုးကို ရောက်လာခဲ့တယ်။
အမိန့်တော်ကို လာဖတ်တဲ့သူက လူဟောင်းဖြစ်တဲ့ ကျိန်းအန်းချန်ပါပဲ။
"ရွှီအရာရှိ မသိတာ ရှိနိုင်ပါတယ်။ ဧကရာဇ်မင်းမြတ်က ခင်ဗျားကို အမြဲတမ်း သတိရနေတာပါ။ ရွှီအရာရှိက တိုင်းပြည်ရဲ့ လက်ရုံးဖြစ်သလို အားကိုးရတဲ့ အမတ်တစ်ယောက် ဖြစ်ပါလျက်နဲ့ အစိုးရရဲ့ကိစ္စတွေအတွက် ကမ်းရိုးတန်း ဒေသမှာ နေခဲ့ရတာ ဆယ်နှစ်နီးပါး ရှိသွားပြီလေ။ ဧကရာဇ်ကလည်း အားနာနေတာပါ။ ခင်ဗျားအကြောင်း ပြောတိုင်း ခင်ဗျားအပေါ်မှာ မတရား လုပ်ခဲ့မိတယ်လို့ အမြဲ ဆိုပါတယ်။ ဒါကြောင့်လည်း ဧကရာဇ်က အကြိမ်ကြိမ် စဉ်းစားပြီးတော့ ခင်ဗျားကို မြို့တော်ကို ပြန်ခေါ်ပြီး အေးအေးဆေးဆေး နားနားနေနေ နေခိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ"
"ကျွန်တော်မျိုး အလွန်ပဲ ထိတ်လန့်မိပါတယ်။ ဧကရာဇ်ရဲ့ ဒီလောက်အထိ ဂရုစိုက်တာကို ခံရတာက ကျွန်တော်မျိုးနဲ့ မထိုက်တန်သလိုပါပဲ"
ကျိန်းအန်းချန်က ပြုံးပြီး လက်ကို ဝှေ့ယမ်းပြတယ်။ "မထိုက်တန်တာ မဟုတ်ပါဘူး မထိုက်တန်တာ မဟုတ်ပါဘူး။ ရွှီအရာရှိက အစိုးရအတွက် အစွမ်းကုန် ကြိုးစားခဲ့သလို သစ္စာရှိတဲ့ အမတ်တစ်ယောက် ဖြစ်တာကို ဘယ်သူက မသိဘဲ နေပါ့မလဲ။ ဧကရာဇ်ကလည်း ညီလာခံမှာ သစ္စာရှိတဲ့ အမတ်တွေအကြောင်း ပြောတိုင်း ခင်ဗျားကိုပဲ သာဓက အဖြစ် ပြောပြလေ့ ရှိပါတယ်။ ကျွန်တော်မျိုးကတော့ အစောကတည်းက ကြိုပြီး ဂုဏ်ပြုလိုက်ပါတယ်။ ဒီတစ်ခေါက် မြို့တော်ကို ပြန်ရင်တော့ ရွှီအရာရှိက ရာထူးတွေ အများကြီး တိုးတော့မှာ အသေအချာပါပဲ"
"အန်းအရာရှိရဲ့ ဆုတောင်းစကားအတွက် ကျေးဇူးတင်ပါတယ်"
……
ကျိန်းအန်းချန်က ကွမ်ကျိုးမှာ နှစ်ရက်လောက် နားပြီးနောက် မြို့တော်ကို အမိန့်တော် ပြန်တင်ဖို့အတွက် အမြန် ထွက်သွားခဲ့တယ်။
ရွှီထင်းရှန်းနဲ့ပတ်သက်လို့တော့ အခုတစ်ခေါက် အမိန့်တော်ထဲမှာ သူ့ရဲ့ ရာထူးအသစ်ကို ပြောထားတာ မရှိလို့ မြို့တော်ရောက်မှပဲ သိရမှာပါ။ ကျိန်းအန်းချန်ရဲ့ စကားတွေကို အခြေခံပြီး ရွှီထင်းရှန်းက နေရပ်ကို ပြန်ပြီး ဘိုးဘွားတွေကို ကန်တော့ချင်ကြောင်း တင်ပြခဲ့တယ်။
ကျိန်းအန်းချန်ကလည်း သဘောတူပြီး ကတိပေးခဲ့တာက မြို့တော်ပြန်ရောက်ရင် ကျားချန်ဧကရာဇ်ဆီကို သေချာပေါက် တင်ပြပေးမယ်လို့ ဆိုတာပါပဲ။ ကျားချန်ဧကရာဇ် ရဲ့ မူလ ရည်ရွယ်ချက်ကလည်း ရွှီထင်းရှန်း နှစ်ရှည်လများ ပင်ပန်းခဲ့တာကို စာနာလို့မို့ နေရပ်ပြန်ပြီး ဘိုးဘွားတွေကို ကန်တော့တာက ထူးခြားတဲ့ ကိစ္စ မဟုတ်ပါဘူး။
ဒီလိုနဲ့ မူလက ကလေးနှစ်ယောက်ပဲ နေရပ်ပြန်ဖို့ စီစဉ်ထားရာကနေ အခုတော့ မိသားစု တစ်ခုလုံး နေရပ်ကို ပြန်ဖို့ ဖြစ်လာခဲ့တော့တယ်။
ရွှီထင်းရှန်း ကလည်း ပြတ်သားတဲ့ လူတစ်ယောက် ဖြစ်တဲ့အတိုင်း အမိန့်တော် ရတာနဲ့ အရာရာကို ပြင်ခိုင်းလိုက်ရာ ကျိန်းအန်းချန် ကွမ်ကျိုးက ထွက်သွားတာနဲ့ သူကလည်း မိသားစုကို ခေါ်ပြီး ရှန်းရှီကို ဦးတည်တဲ့ ခရီးကို စတင်ခဲ့တော့တယ်။
ဒီလမ်းက အလွန်ပဲ ဝေးပေမဲ့ ကံကောင်းလို့ အခုဆို ပင်လယ်ကုန်သွယ်မှု လမ်းကြောင်းတွေ ပွင့်နေပြီမို့ ပထမဆုံး ကွမ်ကျိုးကနေ သင်္ဘောစီးပြီး ပင်လယ်လမ်းကနေတစ်ဆင့် စူးကျိုး ကို သွားခဲ့ကြတယ်။ အဲဒီနောက် စူးကျိုး ကနေတစ်ဆင့် သင်္ဘောလဲပြီး တူးမြောင်း အတိုင်း မြောက်ဘက်ကို ဆက်ပြီး ဆန်တက်ခဲ့ကြပြီး နောက်ဆုံးမှာ သင်္ဘောပေါ်က ဆင်းကာ မြင်းလှည်းတွေနဲ့ ခရီးဆက်ခဲ့တော့ ရှန်းရှီနယ်ထဲကို ဝင်နိုင်တဲ့အချိန်မှာ နှစ်လကျော်လောက် ကြာသွားခဲ့ပါပြီ။
226 07
ဒီလို အချိန်ကြာသွားတာကြောင့် အခုနှစ်မှာ ကျင်းပမယ့် ခရိုင်အဆင့် စာမေးပွဲ ကိုတော့ မမှီတော့ဘူး။ ဒါကြောင့် ရွှီထင်းရှန်းက သားဖြစ်သူကို နောင်နှစ်မှပဲ ဖြေဖို့ စိတ်မကောင်းစွာနဲ့ ပြောခဲ့ရတယ်။
အမှန်တော့ ရွှီယောင်ဟုန် က အခုတစ်ခေါက်မှာ ကိုယ့်အရည်အချင်းကို စမ်းဖို့ပဲ ရည်ရွယ်ထားတာ ဖြစ်ပြီး ဘွဲ့ထူး ဂုဏ်ထူးတွေကို အပူတပြင်း လိုချင်နေတာ မဟုတ်လို့ အခုနှစ်မှာ ဖြေဖြေ နောင်နှစ်မှာ ဖြေဖြေ ထူးခြားတဲ့ အနှောင့်အယှက် မရှိပါဘူး။
……
နွေဦးရာသီ သုံးလပိုင်းကို ရောက်လာတဲ့အခါ ရှားခရိုင် ဒေသမှာတော့ နွေဦးရဲ့ အအေးဓာတ်က ကျန်နေသေးပြီး အေးစိမ့်တဲ့ ရာသီဥတုမျိုး ပါပဲ။
ဒါပေမဲ့လည်း လယ်သမားတွေကတော့ စပြီး အလုပ်များနေကြပြီမို့ ကျေးလက် လမ်းငယ်တွေပေါ်မှာ လယ်ထွန်တုံးတွေကို ထမ်းပြီး လယ်ထွန်နွားတွေကို ဆွဲကာ လယ်ကွင်းတွေထဲကို နွေဦး စိုက်ပျိုးရေးအတွက် သွားနေကြတာကို ရံဖန်ရံခါ မြင်နိုင်ပါတယ်။
ဒီမြင်းလှည်းတန်းကြီးက မီတာ ရာဂဏန်းအထိ ရှည်တာကြောင့် ရှားခရိုင် လို ကျေးလက်မှာ ဒီလိုမျိုး ခမ်းနားတဲ့ မြင်ကွင်းကို တစ်ခါမှ မမြင်ဖူးကြလို့ လမ်းသွားလမ်းလာတွေက ခြေလှမ်းတွေကို ရပ်ပြီး ဒါက ဘယ်အိမ်တော်က ဖြစ်မလဲလို့ စိတ်ဝင်တစား ခန့်မှန်းနေကြတော့တယ်။
ဒီရှားခရိုင် ဒေသမှာ ဒီလောက်အထိ ကြီးမားတဲ့ အရှိန်အဝါ ရှိနေနိုင်သူက ဘယ်သူ ရှိပါဦးမလဲ။ ဒါကြောင့် လူအချို့က အမြန်ပဲ ယွီချင်းရွာ ကို သတင်းသွားပို့ကြတော့တယ်။
မကြာခင်မှာ ယွီချင်းရွာက လူတွေ ရောက်လာပြီး မြင်းလှည်းတန်းရဲ့ ရှေ့ဆုံးက အစောင့်တွေကို ရွှီအရာရှိ ပြန်လာတာ ဟုတ်မဟုတ် မေးပြီး အတည်ပြုပြီးနောက် အမြန်ဆုံး အရှိန်နဲ့ ရွာထဲကို ပြန်ပြေးဝင်သွားကြတယ်။
ရွှီအရာရှိ ပြန်လာပြီ ရွှီအရာရှိက မိသားစုဝင် အားလုံးကို ခေါ်ပြီး နေရပ်ကို ပြန်လာပြီ
ဒီသတင်းက မျက်စိတစ်မှိတ်အတွင်းမှာတင် ယွီချင်းရွာ တစ်ခုလုံးကို ပျံ့သွားတော့တယ်။
အခုခေတ်ရဲ့ ယွီချင်းရွာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကလို မဟုတ်တော့ဘူး။ ရွာက သိပ်ကို ကျယ်လာပြီမို့ မြို့ငယ်လေးတစ်ခုနဲ့တောင် တူနေပါပြီ။
ဒီတိုးတက်မှုတွေ အားလုံးက ရွှီမိသားစုရဲ့ မျိုးနွယ်စုစာသင်ကျောင်းကြောင့် ဖြစ်သလို လွန်ခဲ့တဲ့ နှစ်တွေအတွင်း ရွှီထင်းရှန်းနဲ့ကျောက်အာတို့ အပြင်မှာ ရှိနေပေမဲ့ နေရပ်ကို စာအုပ်စာပေ အမျိုးမျိုးကို အဆက်မပြတ် ပို့ပေးခဲ့တဲ့ ကျေးဇူးကြောင့်လည်း ဖြစ်ပါတယ်။
သူတို့က နှစ်တိုင်း စာအုပ် နှစ်သုတ်လောက်ကို အမြဲ ပို့လေ့ ရှိကြတယ်။
စာအုပ်တွေ ပို့ရုံတင်မကဘဲ ငွေအားဖြင့်ရော လူအင်အားနဲ့ပါ တတ်နိုင်သမျှ ကူညီခဲ့ကြတယ်။
အခုဆို ယွီချင်းရွာမှာ ရှားခရိုင် တစ်ခုလုံးတင်မကဘဲ ဖျင်ယန်းပြည်နယ် တစ်ခုလုံးမှာ အကြီးဆုံးဖြစ်တဲ့ စာကြည့်တိုက်ကြီး တစ်ခု ရှိနေသလို စီရင်စုထဲမှာ အကြီးဆုံး စာသင်ကျောင်း ဖြစ်တဲ့ 'ယွီချင်းစာသင်ကျောင်း' လည်း ရှိနေပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ယွီချင်းရွာ ရဲ့ ပြောင်းလဲမှုတွေက ပြောပြလို့ ကုန်မှာ မဟုတ်ပါဘူး။
အခု ရွှီမိသားစုရဲ့ အကြီးဆုံး ဂုဏ်သိက္ခာ ဖြစ်တဲ့ ရွှီအရာရှိ ရွှီရေတပ်ကြီးကြပ်ရေးမှူး၊ ရွှီနယ်စားမင်း ရွှီထင်းရှန်းက မိသားစုနဲ့အတူ နေရပ်ကို ပြန်လာပြီဖြစ်ကြောင်း ကြားရတဲ့အခါ ယွီချင်းရွာ တစ်ခုလုံးက လူတွေက အကုန်လုံး ထွက်ပြီး ကြိုကြတော့တယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်း လူအများရှေ့ကို ထွက်တာ မရှိတော့တဲ့ မျိုးနွယ်စုခေါင်းဆောင်ကြီ တောင်မှ လူတွေရဲ့ တွဲထူမှုနဲ့ ရွာတံခါးဝကို ထွက်ပြီး ကြိုခဲ့ပါတယ်။
……
226 08
နီးလာပြီ ဖြစ်တာကြောင့် အဝေးကနေတင် ရွာတံခါးဝမှာ စိုက်ထားတဲ့ ဂုဏ်ပြုကျောက်တိုင် တွေကို မြင်နိုင်ပါတယ်။
စုစုပေါင်း သုံးတိုင် ရှိပါတယ်။
ပထမတစ်တိုင်က ရွှီထင်းရှန်းက ကျားချန် ၆ ခုနှစ် ပြည်နယ်အဆင့် စာမေးပွဲမှာ ပထမ ကျဲယွမ် ဘွဲ့ကို ရတုန်းက ကိုယ်တိုင် စိုက်ခဲ့တာပါ။ ဒုတိယတစ်တိုင်ကတော့ ရွှီထင်းရှန်းက နန်းတွင်းအဆင့် စာမေးပွဲမှာ ပထမ ကျွမ့်ယွမ်ဘွဲ့ကို ရတုန်းက မျိုးနွယ်စုခေါင်းဆောင်ကြီး ကိုယ်တိုင် စိုက်ပေးခဲ့တာပါ။ နောက်ဆုံးတစ်တိုင်ကိုတော့ ရွှီထင်းရှန်းက ရေတပ်ကြီးကြပ်ရေးမှူးနဲ့ နယ်စားမင်းကြီး ရာထူးတွေကို ရတဲ့အခါ အခုလက်ရှိ မျိုးနွယ်စုခေါင်းဆောင်က စိုက်ပေးခဲ့တာ ဖြစ်တယ်။
မီတာ ၁၅ လောက် မြင့်တဲ့ အဲဒီအလံတိုင် သုံးတိုင်ရဲ့ ထိပ်မှာတော့ အနီရောင် အနားသတ်ထားတဲ့ ဝါဝါဝင်းဝင်း အလံကြီးတွေက လေထဲမှာ တဖျတ်ဖျတ် လွင့်နေတော့တယ်။
အရာရှိတစ်ယောက်အတွက် သူ့ဘဝမှာ အမြင့်မြတ်ဆုံး ဂုဏ်သိက္ခာက ဒီထက် မပိုနိုင်တော့ပါဘူး။
ရွှီထင်းရှန်း က ဒီဂုဏ်သိက္ခာတွေကို ရဖို့အတွက် ဆယ်နှစ်တာ အချိန်ကို သုံးခဲ့ရတာပါ။
……
"ဖေဖေ ရောက်တော့မှာလား ဟိုဟာက ဘာလဲဟင်" မြင်းလှည်းတစ်စီးထဲကနေ ကလေးမလေးရဲ့ နုနယ်တဲ့ မေးခွန်းသံ ထွက်လာခဲ့တယ်။
ညင်သာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အသံက သူမကို ပြန်ဖြေလိုက်တယ်။ "အဲဒါက သမီးဖေဖေရဲ့ ဂုဏ်ထူးဆောင် အလံတိုင်တွေပေါ့"
"အမြင့်ကြီးပဲ အကြီးကြီးပဲ တကယ့်ကို ခန့်ညားလိုက်တာ" ကလေးမလေးက ချီးမွမ်းစကား သုံးခွန်းနဲ့ သူမရဲ့ အံ့ဩမှုကို ပြောလိုက်တယ်။
ကျောက်အာက အမျိုးသားဖြစ်သူရဲ့ မျက်နှာကို ဘေးတိုက် ကြည့်လိုက်တော့ သူ့မျက်နှာက အတော်လေး တည်တင်းနေတာကို မြင်လိုက်ရတယ်။
သူမက စိတ်ထဲကနေ သက်ပြင်းတစ်ချက်ကို ညင်ညင်သာသာ ချလိုက်ပြီးနောက် သူ့လက်ကို လှမ်းပြီး ဆုပ်ကိုင်လိုက်တော့တယ်။
******