အခန်း (၂၂၇-၂၂၈)
Vol. 23 Ch. 227-228
227 01
အခန်း ၂၂၇
ကောင်းကင်ယံမှာ နေမင်း မရှိပေမဲ့ အလင်းရောင်ကတော့ ထူးဆန်းစွာ စူးရှနေတယ်လို့ ခံစားရလို့ ရွှီထင်းရှန်းက မျက်လုံးကို နည်းနည်း မှေးပြီး မြင့်မြင့်မားမား စိုက်ထားတဲ့ အဲဒီဂုဏ်ထူးဆောင် အလံတိုင်တွေကို လှမ်းကြည့်နေမိတယ်။
အဲဒီအချိန်မှာ အတိတ်က အမှတ်ရစရာတွေက စိတ်အာရုံထဲမှာ ရုတ်တရက် ပြန်ပြီး ထပ်တူကျလာတော့တယ်။
"ကျွန်တော်က အသက်ငယ်တယ်ဆိုပြီး ဘာမှမသိဘူးလို့ မထင်နဲ့နော်။ ကျွန်တော့်အဖေ ပြောတာတော့ ရွှီကျူးရန်က တကယ့်ကို တော်တာတဲ့ စာလည်း သိပ်တော်သလို နောက်ပိုင်းမှာ အရာရှိကြီး ဖြစ်လာမယ့်သူတဲ့"
……
"ကုန်းကျစ်ရော စာသင်ချင်သလား"
"ချင်တာပေါ့"
"ဘာဖြစ်လို့ သင်ချင်တာလဲ"
"ကျွန်တော် မျိုးနွယ်စုအတွက် ဂုဏ်ဆောင်ပေးချင်လို့ပါ။ ရွှီမိသားစုမှာ အတော်ဆုံးလူ ဖြစ်လာပြီးတော့ နောက်ပိုင်းမှာ အရာရှိကောင်း တစ်ယောက် ဖြစ်လာရင် ကျွန်တော်တို့ အိမ်က အခွန် ပေးစရာ မလိုတော့ဘူးလေ……"
……
"ဘာဖြစ်လို့လဲ" နောက်ဘက်က လိုက်လာတဲ့ ကျောက်အာက လှမ်းပြီး မေးလိုက်တယ်။
"ဘာမှ မဟုတ်ပါဘူး"
ရွှီထင်းရှန်းက ပြုံးပြီး မြင်းလှည်းပေါ်က ဆင်းလိုက်ပြီးမှ ကိုယ်ကိုလှည့်ပြီး ဇနီးနဲ့ သမီးဖြစ်သူတို့ကို အောက်ကို တွဲချပေးလိုက်တယ်။ နောက်ဘက် မြင်းလှည်းတွေထဲက ကလေးငယ်တွေနဲ့အတူ ကျောက်တိ၊ရှန်ဖျင် ဇနီးမောင်နှံတို့လည်း မြင်းလှည်းတွေပေါ်က ဆင်းလာကြတယ်။
ရွာတံခါးဝမှာ မျိုးနွယ်စုခေါင်းဆောင်ကြီးက သားဖြစ်သူ ရွှီကျိန်းချွမ်ရဲ့ တွဲထူမှုနဲ့ ရပ်နေပြီး သူ့ရဲ့ နောက်ကွယ်မှာတော့ မရေမတွက်နိုင်တဲ့ လူအုပ်ကြီး ရှိနေတာပဲ။
အဲဒီထဲမှာ လယ်သမားဝတ်စုံ ဝတ်ထားတဲ့ ရွာသူရွာသားတွေ ပညာတတ်ဝတ်စုံ ဝတ်ထားတဲ့ ကျောင်းသားတွေနဲ့အတူ လူပေါင်းများစွာ ရှိနေကြပြီး အားလုံးက ဒီနေရာကို စိုက်ကြည့်နေကြတယ်။
"အရာရှိမင်းထင်းရှန်း မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့" မျိုးနွယ်စုခေါင်းဆောင်ကြီးက တုန်တုန်ရင်ရင်နဲ့ လျှောက်လာရာ ရွှီထင်းရှန်းက အလျင်အမြန် ရှေ့ကို တိုးပြီး သူ့ကို ဖမ်းထိန်းပေးလိုက်တယ်။ ခေါင်းဆောင်ကြီးက သိပ်ကို အိုမင်းနေပါပြီ။ ဆယ်နှစ်တာ အချိန်ကာလက သူ့ရဲ့ မျက်စိတွေကို ဝေဝါးစေခဲ့သလို သွားတွေလည်း ကျိုးကုန်စေကာ ဆံပင်ဖြူဖြူဖွေးဖွေးတွေနဲ့ပဲ ကျန်ရစ်စေခဲ့တယ်။
"ဘိုးဘိုးကြီး"
ရွှီထင်းရှန်းက ခေါ်ရင်း ခေါင်းဆောင်ကြီးရဲ့နောက်ကွယ်က မိမိကို အရိုအသေပြုဖို့ ပြင်နေတဲ့ လူအုပ်ကြီးကို တားလိုက်တယ်။ "ဒီနေ့ ကျွန်တော်မျိုး နေရပ်ကို ပြန်လာတာက အရာရှိ တစ်ယောက်အနေနဲ့ မဟုတ်ပါဘူး။ ယွီချင်းရွာ ရွှီမိသားစုဝင် သာမန်လူတစ်ယောက်အနေနဲ့ပဲဖြစ်လို့ အရိုအသေ ပေးစရာ မလိုပါဘူး"
မျိုးနွယ်စုခေါင်းဆောင် ရွှီကျိန်းချွမ်ကလည်း အဲဒီတော့မှ အသံထွက်ပြီး အားလုံးကို အရိုအသေ ပြုစရာ မလိုကြောင်း ပြောလိုက်တော့တယ်။
227 02
ခေါင်းဆောင်ကြီးမှာ မျက်ရည်တွေ ကျလာပြီး မျက်ရည်တွေကို သုတ်ရင်း ပြောရှာတယ်။ "ဘိုးဘိုးကြီးကတော့ မင်းကို နောက်ထပ် ပြန်တွေ့နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်နေတာ။ ပြန်လာတာ ကောင်းတယ် ပြန်လာတာ တကယ့်ကို ကောင်းပါတယ်"
"ဘိုးဘိုးကြီး ထင်းရှန်းက အသိတရား ကင်းမဲ့ခဲ့ပါတယ်။ ဒီနှစ်တွေအတွင်း တစ်ခါမှ ပြန်မလာနိုင်ခဲ့မိဘူး"
"မင်းက အပြင်မှာ အလုပ်တွေ များနေတာပဲ။ တိုင်းပြည်ရဲ့ အရေးကြီးကိစ္စတွေကို တာဝန်ယူနေရတာဆိုတော့ နေရပ်ကို ပြန်လာဖို့ ဘယ်မှာ အချိန်ရှိပါ့မလဲ။ ဘိုးဘိုးကြီးက အပြစ်မတင်ပါဘူး လုံးဝ အပြစ်မတင်ပါဘူး……"
ရွှီထင်းရှန်းက မျိုးနွယ်စုခေါင်းဆောင်ကြီးကို တွဲပြီး ရွာထဲကို လျှောက်လာခဲ့ပြီး သူ့ရဲ့နောက်ကွယ်က ကျောက်အာတို့ အုပ်စု လိုက်ပါလာကာ ပတ်ဝန်းကျင်မှာတော့ မရေမတွက်နိုင်တဲ့ ဆွေမျိုးသားချင်းတွေနဲ့ ရွာသူရွာသားတွေ ဝန်းရံပါလာကြတယ်။
လူအုပ်ကြီးက သိပ်ကို ခမ်းနားကြီးကျယ်တာကြောင့် ဒီလိုမျိုး မြင်ကွင်းကို မြင်တွေ့ရခဲလှပါတယ်။
ဆိုးသွမ်းလှတဲ့ ရှင်းနင်ပင်လျှင် အခုအချိန်မှာတော့ မျက်နှာလေးကို တည်ပြီး ဘာစကားမှ မပြောရဲဘဲ ရှိနေတော့တယ်။
……
လွန်ခဲ့တဲ့ နှစ်တွေအတွင်း ယွီချင်းရွာ ရဲ့ ပြောင်းလဲမှုက သိပ်ကို ကြီးမားပါတယ်။ အဲဒါက ရွာငယ်လေး တစ်ရွာနဲ့ မတူတော့ဘဲ မြို့ငယ်လေး တစ်ခုနဲ့ ပိုပြီး တူလာခဲ့ပြီ ဖြစ်တယ်။
ကျယ်ဝန်းပြီး ဖြောင့်တန်းလှတဲ့ ကျောက်ပြားလမ်းက ရွာရဲ့ အဓိက လမ်းမကြီး ပါပဲ။ လမ်းဘေးတစ်ဖက်တစ်ချက်မှာ ကုန်စုံဆိုင်ငယ်လေးတွေနဲ့အတူ စာရေးကိရိယာ ရောင်းတဲ့ ဆိုင်တွေလည်း ရှိနေကြတယ်။ ပိုပြီး အတွင်းကျတဲ့ နေရာမှာတော့ ရွာသူရွာသားတွေရဲ့ အိမ်တွေ ရှိနေကြပြီး ရွှီမိသားစုရဲ့ ဘိုးဘေးခန်းမနဲ့ ယွီချင်းစာသင်ကျောင်းတို့က လမ်းမကြီးရဲ့ အဆုံးပိုင်းမှာ ရှိနေကြတယ်။
တည်ဆောက်ပုံက အရင်အတိုင်းပဲ ဖြစ်ပေမဲ့ အခုတော့ ယွီချင်းစာသင်ကျောင်းက အလယ်တည့်တည့်မှာ ရှိနေပြီး ဘိုးဘေးခန်းမကတော့ ဘေးဘက်ကို ရောက်သွားကာ အဲဒီထက် ပိုပြီး အတွင်းကျတဲ့ နေရာမှာ ရွှီမျိုးနွယ်စုခေါင်းဆောင်ရဲ့ အိမ်နဲ့အတူ တခြားတစ်ဖက်မှာတော့ ဧရာမ အိမ်တော်ကြီး တစ်ခုက နေရာယူထားပါတယ်။
အဲဒါက ရွှီအိမ်တော်ပါပဲ။ အကျယ်အဝန်းက သိပ်ကို ကြီးမားလှပြီး လွန်ခဲ့တဲ့ နှစ်နည်းနည်းကတည်းက တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်ပေမဲ့ ရွှီထင်းရှန်း တစ်နေ့နေ့မှာ နေရပ်ကို ပြန်လာရင် နားခိုနိုင်ဖို့အတွက် အမြဲတမ်း လစ်လပ်ထားခဲ့တာ ဖြစ်တယ်။
ရွှီထင်းရှန်းက အရင်ဆုံး ဘိုးဘေးခန်းမကို သွားပြီး အမွှေးတိုင် ထွန်းညှိ ပူဇော်ပြီးမှ မျိုးနွယ်စုခေါင်းဆောင်ကြီးရဲ့ အိမ်ကို ခဏ သွားပြီး နားခဲ့တယ်။
သူက ရွာရဲ့ လက်ရှိ အခြေအနေတွေ စာသင်ကျောင်း အကြောင်းနဲ့ မိမိရဲ့ လူကြီးမိဘတွေဖြစ်တဲ့ ရွာသူရွာသားတွေအကြောင်းကို မေးခဲ့တယ်။ အဲဒီလူတွေထဲက တချို့က အသက်ခင်ဗျား ကျန်နေကြဆဲမို့ တစ်ယောက်ယောက်က နာမည်ကို ပြောလိုက်တာနဲ့ လူတွေရဲ့ တွဲထူမှုနဲ့ ဝင်လာကြပြီး အတိတ်ကို ပြောရင်း မျက်ရည်တွေကို သုတ်နေကြရသလို တချို့ကတော့ ဒီဆယ်နှစ်တာ ကာလအတွင်းမှာတင် တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်သွားခဲ့ကြပါပြီ။
ရွှီထင်းရှန်းက အဲဒီသတင်းတွေကို ကြားရတဲ့အခါ စိတ်ထဲကနေ မအောင့်နိုင်ဘဲ သက်ပြင်းချလိုက်မိပြီး စိတ်ဓာတ်လည်း နည်းနည်း ကျသွားခဲ့ရတယ်။
ပြောပြဖို့ ထိုက်တန်တာက အခုအခါ ယွီချင်းစာသင်ကျောင်း ရဲ့ ကျောင်းအုပ်က ရွှီကျွင်းခိုင် ဖြစ်နေတာပါပဲ။
ရွှီကျွင်းခိုင်က မူလကတည်းက စာသင်တာမှာ မညံ့ပေမဲ့ အိမ်တွင်းရေး ပြဿနာတွေကြောင့် နှောင့်နှေးခဲ့ရတာ ဖြစ်တယ်။
227 03
နောက်ပိုင်းမှာတော့ သူက ရွှီထင်းရှန်းရဲ့စကားကို နားထောင်ပြီး ကျေးလက် စာသင်ကျောင်းမှာ စာပြခဲ့တယ်။ နှစ်နည်းနည်းကြာအောင် စိတ်ကို တည်ငြိမ်စေပြီးမှ စာမေးပွဲ ဝင်ဖြေခဲ့ရာ ရှို့ချိုင်ဘွဲ့ ရခဲ့ရုံတင်မကဘဲ ကျူးရန်ဘွဲ့ကိုပါ ရခဲ့ပေမဲ့ သူက ဆက်ဖြေတာမျိုး မလုပ်တော့ဘဲ စာသင်ကျောင်းထဲမှာပဲ အာရုံစိုက်ပြီး စာသင်ပေးနေခဲ့တာ ဖြစ်တယ်။
အခုဆို ယွီချင်းစာသင်ကျောင်းရဲ့ကိစ္စအဝဝက သူ့ရဲ့ စီမံခန့်ခွဲမှုအပေါ်မှာပဲ အပြည့်အဝ မူတည်နေတော့တယ်။
"အရာရှိမင်း"
ရွှီကျွင်းခိုင်က ဦးညွှတ်ပြီး အရိုအသေပြုဖို့ ပြင်ပေမဲ့ ရွှီထင်းရှန်းက ချက်ချင်းပဲ ဖမ်းထိန်းလိုက်တယ်။
"အစ်ကို ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး"
ရွှီကျွင်းခိုင်ကလည်း ဆက်ပြီး အတင်းအကျပ် မလုပ်တော့ဘဲ ကိုယ်ကို မတ်လိုက်တယ်။
အသက် ၃၀ ကျော် အရွယ် ရှိနေပြီဖြစ်တဲ့ သူက လွန်ခဲ့တဲ့ ဆယ်နှစ်ကနဲ့ ဘာမှ မထူးခြားသလို ရှိပေမဲ့ နားထင်က ဆံပင်တွေကတော့ ဖြူနေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ အမူအရာက တည်ငြိမ်ပြီး ရင့်ကျက်သလို အေးအေးဆေးဆေးရှိတဲ့ အရှိန်အဝါ တစ်ခုလည်း ကိန်းအောင်းနေပါတယ်။
အချိန်ကာလက လူပေါင်းများစွာကို ပြောင်းလဲစေနိုင်သလို ရွှီထင်းရှန်း တစ်ယောက်တည်းကိုပဲ ပြောင်းလဲစေခဲ့တာ မဟုတ်ဘဲ သူ့ကိုလည်း ပြောင်းလဲစေခဲ့တာပါ။
အခုတော့ ရွှီကျွင်းခိုင်က ရွှီထင်းရှန်းရဲ့ ရှေမှာ တင့်တယ်စွာ ရပ်တည်နိုင်ခဲ့ပါပြီ ဒီလူက လွန်ခဲ့တဲ့ နှစ်တွေအများကြီးတိုင်အောင် သူ့ရဲ့ ပြိုင်ဘက် ဖြစ်ခဲ့သလို သူ အမြဲ အားကျပြီး မော့ကြည့်ခဲ့ရတဲ့သူ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ညီအစ်ကိုလည်း ဖြစ်တယ်။
ယခုအခါမှာတော့ သူက တစ်ဖက်လူရဲ့ ရှေ့မှာ တင့်တယ်စွာ ရပ်တည်နိုင်ခဲ့ပြီမို့ ရာထူးအဆင့်အတန်းအရ အရိုအသေ ပေးရမှာ ဖြစ်ပေမဲ့ သူ့စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတယ်လို့ ခံစားရတာ။ ဒါမှမဟုတ် အရှက်ရတာမျိုး လုံးဝ မရှိတော့ပါဘူး။
"အဒေါ်ကြီးရော နေကောင်းရဲ့လား"
ရွှီကျွင်းခိုင်က ခေါင်းညိတ်ပြရင်း ပြုံးပြီး ပြောတယ်။ "ငါ့အမေ နေကောင်းကျန်းမာပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကတင် အရာရှိမင်းအကြောင်းကို ပြောနေသေးတာ။ အခုလို ချက်ချင်း ပြန်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"မူလကတော့ ဟုန်အာ တစ်ယောက်တည်းကိုပဲ ပြန်ခိုင်းဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ရုတ်တရက် မြို့တော်ကို ပြန်ခေါ်တဲ့ အမိန့်တော် ရောက်လာတာနဲ့ မြို့တော်ကို ပြန်ရောက်သွားရင်တော့ နောက်ထပ် အားလပ်ရက်ရဖို့ ခက်လိမ့်မယ်လို့ တွေးမိတာကြောင့် အားလုံး အတူတူ ပြန်လာကြည့်တာပါ"
"ပြန်လာတာ ကောင်းတာပေါ့။ ရွာမှာ အကြာကြီး နေသွားပါဦး။ အခု ရွာကလည်း အများကြီး ပြောင်းလဲသွားပြီ။ စာသင်ကျောင်းကလည်း အများကြီး ပြောင်းလဲသွားပြီလေ။ ဒီစာသင်ကျောင်းဆိုတာ အရာရှိမင်းကိုယ်တိုင် တည်ထောင်ခဲ့တာပဲ မဟုတ်လား"
ပြောရင်းနဲ့ ရွှီကျွင်းခိုင်က ဘေးနားက ကလေးနှစ်ယောက်ကို ခေါ်ပြီး ရွှီထင်းရှန်းကို မိတ်ဆက်ပေးတယ်။ "ဒါကတော့ ငါ့ရဲ့သားနဲ့ သမီးပါ။ သားအကြီးက ပန်းအာလို့ ခေါ်ပြီး သမီးအငယ်ကတော့ ကျွမ်းအာလို့ ခေါ်ပါတယ်။ ကဲ... ဦးဦးကို နှုတ်ဆက်ကြလေ။ ဒါက ဖေဖေ ခဏခဏ ပြောပြလေ့ရှိတဲ့ စာလည်း သိပ်တော်သလို အရာရှိလုပ်တာလည်း သိပ်တော်တဲ့ ဦးဦး ပေါ့"
"ဦးဦး မင်္ဂလာပါ"
227 04
ရွှီထင်းရှန်းက သူ့ရဲ့အင်္ကျီလက်ကို စမ်းကြည့်မိမှ မိမိမှာ ဘာလက်ဆောင်ပစ္စည်းမှ ပါမလာတာကို သိလိုက်ရလို့ အားနာနာနဲ့ ပြုံးပြီး နောက်ပိုင်းမှပဲ ပြန်ပေးမယ်လို့ ပြောကာ မိမိရဲ့သားသမီး သုံးယောက်ကိုလည်း ခေါ်ပြီး ရွှီကျွင်းခိုင်ကို အရိုအသေ ပေးခိုင်းလိုက်တယ်။
ရှင်းနင်၊ရွှီယောင်ထိုက်နဲ့ ပန်းကော၊ကျွမ်းအာတို့က အသက်အရွယ်ချင်း ဆင်တူတာကြောင့် ကလေးငယ် လေးယောက်က လက်ချင်းတွဲပြီး အပြင်ကို ထွက်ကာ ကစားကြတော့တယ်။ ရွှီယောင်ဟုန်ကတော့ ထွက်မသွားဘဲ သားကြီးပီသစွာနဲ့ ဖခင်ဖြစ်သူရဲ့ ဘေးနားမှာပဲ နေရစ်ခဲ့တယ်။
အတန်ကြာ ထိုင်ပြီးတဲ့နောက်မှာတော့ ရွှီကျိန်းချွမ်က ရွှီထင်းရှန်းရဲ့မျက်နှာမှာ ပင်ပန်းနေတဲ့ အရိပ်အယောင်တွေကို မြင်လိုက်ရတာကြောင့် ရွှီအရာရှိက လမ်းခရီး ဝေးတာဖြစ်လို့ အရင်ဆုံး အနားယူသင့်ကြောင်း လူအုပ်ကြီးကို ပြောပြီး လူစုခွဲပေးလိုက်တယ်။
ရွှီအိမ်တော်က သိပ်ကို ကျယ်ဝန်းလှပြီး ဝင်း သုံးထပ်ပါကာ အတွင်းက ပစ္စည်းတွေကလည်း အသစ်စက်စက်တွေချည်းပါပဲ။ ဖုန်တစ်စတောင် မရှိတာကို ကြည့်ရင် ပုံမှန်အားဖြင့် အတော်လေးကို သေသေချာချာ ဂရုစိုက် ထိန်းသိမ်းထားမှန်း သိနိုင်ပါတယ်။
အခြေချ နေထိုင်ပြီးတဲ့ အချိန်ကစပြီး ရှင်းနင်ကတော့ အိမ်မှာ ကပ်မနေတော့ဘဲ နေ့တိုင်း လူတွေကို ခေါ်ပြီး နေရာအနှံ့ လျှောက်လည် ကစားနေတော့တယ်။ ဒါပေမဲ့ ရွှီထင်းရှန်းနဲ့ကျောက်အာတို့အတွက်တော့ အဆုံးမရှိတဲ့ အလုပ်တွေကြားထဲမှာပဲ နစ်မျောနေခဲ့ရတယ်။
နေ့တိုင်း လူအများကြီးကို တွေ့နေရတယ်။ ရွှီထင်းရှန်းရော ကျောက်အာပါ အတူတူပါပဲ။
ရွှီထင်းရှန်း တွေ့ရတဲ့သူတွေက အများစုက မိမိ သိကျွမ်းတဲ့ ရွာသူရွာသားတွေ ဖြစ်ပေမဲ့ ပတ်ဝန်းကျင်က သူဌေးကြီးတွေ နောက်ဆုံးမှာ ရှားခရိုင်ရဲ့လက်ရှိ မြို့ပိုင် ဖျင်ယန်းစီရင်စုရဲ့စီရင်စုဝန်နဲ့ ဒေသခံ စစ်စခန်းက တပ်မှူးတွေပါ ဆက်တိုက် လာတွေ့ကြတယ်။
သူက နေရပ်ကို ခေတ္တ ပြန်လာတာပဲ ဖြစ်ပေမဲ့ လူတိုင်းက သိနေကြတဲ့ပုံပါပဲ။ တကယ့်ကို 'ဆင်းရဲရင် စျေးထဲမှာ နေပေမဲ့ ဘယ်သူမှ မမေးကြဘဲ ချမ်းသာရင် တောနက်ထဲမှာ ရှိပေမဲ့ ဝေးကွာတဲ့ ဆွေမျိုးတွေက လာကြတယ်' ဆိုတဲ့ စကားအတိုင်းပါပဲ။ သူက မလွဲမရှောင်သာဘဲ မိမိရဲ့ အိမ်တံခါးဝမှာ 'နေရပ်ကို ပြန်ပြီး ဘိုးဘွားတွေကို ကန်တော့ဖို့ ဖြစ်တာကြောင့် ပြင်ပလူတွေကို တွေ့မှာ မဟုတ်ပါဘူး' ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ထားမှပဲ လာတဲ့သူတွေက နည်းနည်း နည်းသွားတော့တယ်။
သေချာတာပေါ့ ဒီလိုမျိုး အလုပ်များနေတာကလည်း အကျိုးမရှိတာတော့ မဟုတ်ဘူး။
ဥပမာအနေနဲ့ ရှားခရိုင်ရဲ့မြို့ပိုင်က ရွှီယောင်ဟုန်နဲ့ဝမ်ဝ တို့အတွက် အထူးပဲ လမ်းစတွေ ဖွင့်ပေးခဲ့တယ်။ အခုနှစ်အတွက် ကျင်းပတဲ့ ခရိုင်အဆင့် စာမေးပွဲက ပြီးသွားခဲ့ပြီ ဖြစ်ပေမဲ့ သူက အဲဒီလူငယ် နှစ်ယောက်အတွက် သီးသန့် စာမေးပွဲတစ်ခုကို ထပ်ပြီး ကျင်းပပေးခဲ့တယ်။
စာမေးပွဲ မေးခွန်းတွေက အစစ်အမှန် စာမေးပွဲနဲ့ အတူတူပဲမို့ ရွှီယောင်ဟုန် နဲ့ ဝမ်ဝေ တို့ကလည်း မြို့ပိုင်ရုံးကို အထူး သွားပြီးဖြေခဲ့ကြရတယ်။
ဖြေပြီးနောက် အဖြေလွှာတွေကို ဖျင်ယန်းစီရင်စုဆီ တိုက်ရိုက်ပို့လိုက်ပြီး မြို့ပိုင်ရဲ့ ထောက်ခံချက်နဲ့ အခုတစ်ခေါက် ကျင်းပမယ့် စီရင်စုအဆင့် စာမေးပွဲဆီ တိုက်ရိုက် ဝင်ဖြေနိုင်အောင် စီစဉ်ပေးခဲ့တာ ဖြစ်တယ်။
အမှန်တော့ ဒီလိုအခြေအနေမျိုးက ရှားတာ မဟုတ်ပါဘူး။ အဆင့်မြင့် အရာရှိကြီးတွေရဲ့ သားသမီးတွေက အများစုက ရှို့ချိုင်ဘွဲ့တွေကို ရထားကြစမြဲဖြစ်ပြီး တချို့က မိမိရဲ့အရည်အချင်းကြောင့် ဖြစ်ပေမဲ့ တချို့ကတော့ အောက်ခြေလူတွေရဲ့ စီစဉ်ပေးမှုကြောင့်ပါပဲ။
အခုတစ်ခေါက်မှာတော့ အဲဒါက အောက်ခြေလူတွေက မိမိဘာသာ စီစဉ်ပေးလိုက်တာ ဖြစ်ပါတယ်။
ရွှီထင်းရှန်းကလည်း အားနာပေမဲ့ သူကလည်း အခြေအနေကို နားလည်တဲ့သူ ဖြစ်တဲ့အတိုင်း သူတစ်ပါးက နောက်ဖေးတံခါးက လမ်းစတွေ ရှာနိုင်ရင် မိမိဆီကို ရောက်လာတဲ့ ဒီအခွင့်အရေးကို ဘာလို့ မယူဘဲ နေရမလဲ။
227 05
သူငယ်ချင်း နှစ်ယောက်ရဲ့အဖြေလွှာတွေကိုလည်း သူ ကိုယ်တိုင် ကြည့်ခဲ့ပြီးပြီဖြစ်ရာ သူ့ရဲ့ကျွမ့်ယွမ် အဆင့်ရှိတဲ့ မျက်စိနဲ့ ကြည့်ရင်တောင် ရွှီထင်းရှန်းရဲ့ အရှိန်အဝါ မပါရင်တောင် အဲဒီလူငယ် နှစ်ယောက်က ဒီခရိုင်အဆင့် စာမေးပွဲကို သေချာပေါက် အောင်နိုင်စွမ်း ရှိကြပါတယ်။
အချိန်တွေက ဒီလိုမျိုး အသေးအဖွဲ ကိစ္စတွေကြားမှာ တဖြည်းဖြည်း ကုန်သွားရာ ယွီချင်းရွာက လူအားလုံးက ရွှီထင်းရှန်းက ဒီနေရာမှာ အကြာကြီးနေမှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြပေမဲ့ သူတို့ မိသားစု တစ်ခုလုံးက ရွာထဲမှာ အခြေချပြီး နေနေခဲ့ကြတယ်။
အခုနှစ်မှာ မြို့တော်မှာ ရာသီဥတုက စောစောစီးစီး ပူလာတာကြောင့် ငါးလပိုင်းကိုတောင် မရောက်သေးခင်မှာတင် လေထုက ပေါင်းအိုးထဲမှာ ရှိနေသလို ပူအိုက်လှတယ်။
အတွင်းဝန်ရုံးရဲ့ ခန်းမဆောင်ထဲမှာ အမတ်ချုပ်ကြီးတွေနဲ့ အရာရှိငယ်တွေက ချွေးတွေ ပြန်နေကြပြီး ဒီရာသီဥတုက ရူးနေတာလားလို့ ဆဲနေကြရတယ် အဲဒါက အခုမှ ဘယ်နှစ်လ ရှိသေးလို့လဲ ဒီလောက်အထိ ပူနေရတာလဲ။
ဒီအမတ်ချုပ်ကြီးတွေက လူအများရှေ့မှာ ခန့်ညားနေကြပေမဲ့ နန်းတော်ထဲမှာ အလုပ်လုပ်တဲ့အခါကျတော့ နန်းတွင်းရဲ့ စည်းကမ်းတွေကိုပဲ အတိအကျ လိုက်နာကြရတယ်။ အထက်က အမိန့်မရှိဘဲ အတွင်းဝန်ရုံးကို အပူသက်သာအောင် ရေခဲတွေ ပို့တာ မလုပ်သရွေ့ မိမိတို့ အိမ်တော်က ရေခဲတိုက်တွေထဲမှာ ရေခဲတွေ ဘယ်လောက်ပဲ ပြည့်နေပါစေ ဘယ်သူမှ နန်းတော်ထဲကို ယူလာဝံ့တာ မရှိကြဘူး။
ဒါကြောင့် အောင့်အည်း သည်းခံနေကြရုံပါပဲ။
ဝူအမတ်ချုပ်ကြီးက ချင်ချန်းနန်းဆောင်ကနေ ခုနတင်ပြန်ရောက်လာတာ ဖြစ်တယ်။ ချင်ချန်းနန်းဆောင်ထဲက အေးစိမ့်နေတဲ့ လေကြောင့် အရင်က အေးနေတဲ့ ခန္ဓာကိုယ်က လမ်းတစ်လျှောက်က ပြင်းထန်တဲ့ နေရောင်ကြောင့် အခုတော့ ပူလောင်နေပါပြီ။
ဒါပေမဲ့ သူ့မျက်နှာမှာတော့ အပြုံးတွေ ရှိနေပါတယ်။ သူက အတွင်းဝန်ရုံးရဲ့ တံခါးမကြီးကို ဝင်လာတာနဲ့ မိမိကို ကြိုနေတဲ့ အရာရှိငယ် တစ်ယောက်ကို ပြုံးပြီး ပြောလိုက်တယ်။ "ဧကရာဇ်က မိန့်လိုက်ပါတယ်။ မွန်းလွဲပိုင်းမှာ အတွင်းဝန်ရုံးအတွက် ရေခဲတွေ ပို့ပေးဖို့ နန်းတွင်းရေးရာဌာနကို မှာလိုက်ပြီတဲ့"
အချိန်ကာလက လူပေါင်းများစွာကို ပြောင်းလဲစေနိုင်သလို ငါးနှစ်တာ အချိန်ကလည်း ဝူအမတ်ချုပ်ကြီးကို ပြောင်းလဲစေဖို့ လုံလောက်ခဲ့ပါတယ်။
သူက ငယ်ငယ်ကတည်းက အောင်မြင်မှုတွေ ရခဲ့ပြီး လူလတ်ပိုင်း အရွယ်မှာတော့ အတွင်းဝန်ရုံးကို ဝင်ပြီး ဒု-ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့သူမို့ သူ့ရဲ့ ဘဝတစ်လျှောက်လုံး အဆင်ပြေခဲ့ပေမဲ့ အသက်ကြီးမှပဲ လူငယ်လေး တစ်ယောက်ရဲ့ ရှေ့မှာ ရှုံးခဲ့ရတာပါ။
ဧကရာဇ်ကျားချန်ရဲ့ ရွံရှာတာကို ခံခဲ့ရသလို ဖုန်းချန်ပေါင်ရဲ့ သီးခြား အင်အားစု တည်ထောင်တာနဲ့အတူ သူက ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံး တည်ထောင်တာကို သဘောတူခဲ့ရလို့ အောက်ခြေက လူအများကြီးရဲ့ စွန့်ပစ်တာကိုလည်း ခံခဲ့ရတယ်။
ဒီအချိန် ရောက်မှပဲ သူက မိမိရဲ့အခြေအနေက ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ သိလိုက်ရတော့တယ်။
ဒါပေမဲ့ သူက ဒီလိုမျိုး ရာထူးနေရာကို တစ်ဆင့်ချင်း တက်နိုင်ခဲ့တဲ့သူ ဖြစ်တဲ့အတိုင်း သာမန်လူတော့ မဟုတ်ပါဘူး။ သူက ဖေးချန့် ကို 'အခြေအနေကို လိုက်ပါ ဆောင်ရွက်တာကသာ အမှန်တရားဖြစ်တယ်' လို့ ပြောခဲ့တုန်းကတင် မိမိကိုယ်တိုင်လည်း ဒီလို အတွေးမျိုး ရှိနေခဲ့တာပါ။
အချိန်တွေ ကုန်လာတာနဲ့အမျှ ဧကရာဇ်ကျားချန်ကို ဆန့်ကျင်ရဲတဲ့ အမတ်တွေက ပိုပြီးနည်းလာကာ မြှောက်ပင့်တာနဲ့ နာခံတာတွေကပဲ ပိုများလာရာ အဲဒီထဲမှာ ဝူအမတ်ချုပ်ကြီးကတော့ အထင်ရှားဆုံး ပါပဲ။
ဝူအမတ်ချုပ်ကြီးက သိပ်ကို နာခံတတ်တဲ့သူ ဖြစ်လာပြီး ဧကရာဇ်ကျားချန် ပြောသမျှကို 'ဟုတ်ကဲ့ပါ' လို့ပဲ ပြန်ပြီး လျှောက်တင်တော့တယ်။
227 06
ဖြစ်နိုင်တာက တစ်နှစ် နှစ်နှစ်အတွင်း ဧကရာဇ်ကျားချန် အနေနဲ့ သူ့အပေါ် မြင်တာ ပြောင်းမှာ မဟုတ်ပေမဲ့ သုံးနှစ် လေးနှစ်တိုင်အောင် ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ဘယ်လို ရှိမလဲ။
ဧကရာဇ်တိုင်းက မိမိကိုယ်ကိုယ် အထင်ကြီးတတ်တဲ့ စရိုက်ကနေ ရှောင်လို့ မရပါဘူး။ အရင်က မိမိရဲ့ အကြီးဆုံး ပြိုင်ဘက်က မိမိရဲ့ ခြေရင်းမှာ ဝပ်စတွားပြီး မိမိရဲ့ကောင်းမှုတွေကို ချီးမွမ်းနေတာ မြင်ရတဲ့အခါ ဘယ်သူမဆို ဒီလိုမျိုး အောင်မြင်တဲ့ ခံစားချက်ထဲမှာ နစ်မျောသွားမှာပါပဲ။
ဝူအမတ်ချုပ်ကြီးကလည်း ဒီနည်းလမ်းကို သုံးပြီး အဆင့်ဆင့်နဲ့ ပြန်ပြီး ရပ်တည်နိုင်ခဲ့တာ ဖြစ်တယ်။ သန့်ရှင်းဖြောင့်မတ်တဲ့ အမတ်အများကြီးက သူ့ကို အရေးမစိုက်ဘဲ နေကြသလို သူ့ကို ဆဲနေကြပေမဲ့လည်း အဲဒါက သူက အာဏာရဲ့ဗဟိုချက်မှာ ဆက်ပြီး ရပ်တည်နေတာကိုတော့ မတားနိုင်ခဲ့ပါဘူး။
"အမတ်ချုပ်ကြီး ချွေးလေး သုတ်လိုက်ပါဦး။ အောက်က လူတွေအတွက် ဒီလောက်အထိ စဉ်းစားပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အရာရှိငယ်တွေ အားလုံးက အမတ်ချုပ်ကြီးရဲ့ ကျေးဇူးကို အမြဲ မှတ်ထားမှာပါ"။
ဝူအမတ်ချုပ်ကြီးက ပဝါကို လှမ်းယူပြီး ခပ်ပေါ့ပေါ့ သုတ်လိုက်ပြီးနောက် အဲဒီသူရဲ့လက်ထဲကို ပြန်ပေးရင်း ပြုံးရွှင်စွာနဲ့ ပြောတယ်။ "ဒါက ဘာကြီးကျယ်တဲ့ ကျေးဇူးမို့လဲ။ ကိုယ့်အတွက်ရော တခြားသူတွေအတွက်ပါ အဆင်ပြေတာပဲလေ။ ဧကရာဇ်က အတွင်းဝန်ရုံးကို သတိရနေတာပါ။ ဒါပေမဲ့ အလုပ်တွေ များနေတော့ ဒီလို အသေးအဖွဲ ကိစ္စတွေကို မေ့နေတတ်လို့ ငါက သတိပေးလိုက်ရုံတင်ပါ"
ပြောပြီးတာနဲ့ ဝူအမတ်ချုပ်ကြီးက မိမိရဲ့ အလုပ်ခန်းကို ပြန်သွားတော့တယ်။
ကျုံးချန်လို့ ခေါ်တဲ့ အဲဒီအရာရှိငယ်လည်း ပဝါကို ကိုင်ပြီး အလုပ်ခန်းကို ပြန်လာခဲ့တယ်။ အခန်းထဲက လူတွေက သူ့ကို မြင်တဲ့အခါ စကားတစ်ခွန်းမှ မပြောကြပေမဲ့ မျက်နှာတွေမှာတော့ လှောင်ပြုံးတွေ ရှိနေကြရာ သူကလည်း ဂရုမစိုက်ဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရုံပဲ လုပ်လိုက်တယ်။
အလုပ်ခန်းထဲမှာ ဝူအမတ်ချုပ်ကြီးက စားပွဲကြီးရဲ့ နောက်ကွယ်မှာ ထိုင်လိုက်ရာ ဖုန်းချင်းက လက်ဖက်ရည်တစ်ခွက် ယူလာခဲ့တယ်။
ဝူအမတ်ချုပ်ကြီးက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီးမှ မေးလိုက်တယ်။ "ဒီနေ့ ဧကရာဇ်က ရွှီထင်းရှန်း အကြောင်းကို မေးနေတယ်။ စစ်သေနာပတိဌာနဆီကနေ သူရဲ့အလုပ်ပြီးကြောင်း အစီရင်ခံစာ မရသေးဘူးလား"
ဖုန်းချင်းက ခေါင်းယမ်းပြလိုက်တယ်။
ဝူအမတ်ချုပ်ကြီးက အေးစက်စွာ တစ်ချက် ရယ်လိုက်ပြီး ဆိုလိုက်တော့တယ်။ "အစွမ်းရှိရင်တော့ တစ်သက်လုံး ပြန်မလာဘဲ နေလိုက်ပေါ့"
တစ်ချိန်တည်းမှာပဲ ချင်ချန်းနန်းဆောင် ထဲမှာ ဖြစ်ပါတယ်။
ဧကရာဇ်ကျားချန်က အစီရင်ခံစာကို ချလိုက်ပြီး ပင်ပန်းနေတဲ့ပုံနဲ့ သူ့ရဲ့ နှာတံကို ညှစ်လိုက်ရင်း ပြောလိုက်တယ်။ "ဒီရွှီထင်းရှန်းကတော့ ငါကိုယ်တော်ကို တကယ်ပဲ စိတ်ကောက်နေပြီ ထင်တယ်"
ဘယ်အရာရှိမဆို အမိန့်တော်ကို ရတာနဲ့ အထက်က သံသယကို မခံရအောင်လို့ နေ့မကူး ညမနား မြို့တော်ကို ပြန်လာကြမြဲပါ။ ဒါပေမဲ့ သူကတော့ ထူးထူးဆန်းဆန်းနဲ့ အရင်ဆုံး နေရပ်ကို ပြန်ပြီး ဘိုးဘွားတွေကို ကန်တော့ခဲ့သလို အခုလည်း နေရပ်မှာ အခြေချပြီး နေနေတာက ပြန်လာမယ့် အရိပ်အယောင် လုံးဝ မပြတော့ပါဘူး။
ဒါက ဘာဖြစ်နိုင်မလဲ။ သေချာပေါက် ဧကရာဇ်ကျားချန်အပေါ် စိတ်ကောက်နေတာပဲ ဖြစ်ပါလိမ့်မယ်။
ဘာကြောင့် စိတ်ကောက်ရလဲ ဆိုတာကိုတော့ မိုးမြေက သိသလို ရွှီထင်းရှန်းနဲ့ ဧကရာဇ်ကျားချန် လည်း သိနေပါတယ်။
အနှစ်ချုပ် ပြောရရင် မိမိကိုယ်တိုင်ကပဲ သူ့အပေါ်မှာ မတရား လုပ်ခဲ့မိလို့ပါပဲ။
227 07
ဧကရာဇ်ကျားချန်ကလည်း အသိတရား ကင်းမဲ့တဲ့သူ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ရွှီထင်းရှန်းက အစိုးရအတွက် ဘယ်လောက်အထိ ကြိုးစားခဲ့လဲဆိုတာ သူ သိပါတယ်။ အခုဆို ဘဏ္ဍာတိုက်မှာ ငွေတွေ ကြွယ်ဝနေလို့ သဘာဝဘေး ကယ်ဆယ်ရေးအတွက်ဖြစ်စေ စစ်ရေး အသုံးစရိတ်အတွက်ဖြစ်စေ ပူပန်စရာ မလိုတော့သလို အစိုးရအဖွဲ့ထဲမှာလည်း အေးချမ်းနေတာမို့ တာ့ချန်းပြည်တစ်ခုလုံး အေးချမ်းနေတာက ဒီလူရဲ့ကောင်းမှုတွေကြောင့်ပါပဲ။
ဒါပေမဲ့ မိမိကတော့ ဘာမှမပြောဘဲ သူ့ကို မြို့တော်ကို ပြန်ခေါ်ခဲ့သလို ပြန်ရောက်လာတဲ့အခါ ဘယ်လို စီစဉ်မလဲဆိုတာကိုလည်း မပြောခဲ့တာကြောင့် တစ်ဖက်လူအနေနဲ့ 'အလုပ်ပြီးသွားတဲ့အခါ အသုံးမလိုတော့လို့ ဖယ်ရှားခံရတယ်' ဆိုတဲ့ ခံစားချက်မျိုး ပေါ်လာတာကိုလည်း အပြစ်ပြောလို့ မရပါဘူး။
မိန်းမစိုး ကျိန်းအန်းချန်က ရှေ့ကို တိုးလာပြီး လက်ဖက်ရည်တစ်ခွက် ဆက်သလိုက်ပြီးမှ ညင်သာစွာ ပြောလိုက်တယ်။ "အမတ်တစ်ယောက်အနေနဲ့ ဧကရာဇ်အပေါ်မှာ စိတ်ကောက်နေတာကတော့ မဖြစ်သင့်ပါဘူး။ ရွှီအရာရှိ အခုလို လုပ်တာက တကယ့်ကို မသင့်တော်ပါဘူး"
ဧကရာဇ်ကျားချန်က လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ပြောတယ်။ "သူ့ကို အပြစ်မတင်ပါနဲ့ သူက ငယ်လည်းငယ်သလို စိတ်လည်း တက်ကြွတယ်။ အလုပ်လုပ်ရဲတယ်။ အစွမ်းအစလည်း ရှိသလို မာနလည်း ရှိတယ်။ အလုပ်လုပ်တာလည်း ကျွမ်းကျင်တယ်လေ။ ပြောရရင်တော့ ငါကိုယ်တော်ကသာ အဲဒီ ဝူအမတ်ချုပ်ရဲ့ စကားကို နားထောင်ပြီး သူ့အပေါ်မှာ သံသယတွေ ရှိခဲ့မိတာပါ။ အကယ်၍ သူသာ တကယ်ပဲ မရိုးသားတဲ့ စိတ်ရှိနေရင် အခုလို နေရပ်မှာတင် အေးအေးဆေးဆေး နေပါ့မလား ပြန်စဉ်းစားကြည့်ရင်တော့ သူက ငယ်ပါသေးတယ်"
ဧကရာဇ်ကျားချန်ရဲ့ မျက်နှာမှာတော့ အားကိုးရာမဲ့သလို ရှိပေမဲ့ နည်းနည်းတော့ ချစ်မြတ်နိုးတဲ့ အမူအရာနဲ့ ပြုံးနေပါတယ်။
ဆယ်နှစ်နီးပါး ကြာခဲ့တဲ့ မင်းနဲ့ကျွန်ဆက်ဆံရေးက အမြဲတမ်း စိတ်ချင်း ဆက်သွယ်နေခဲ့ကြလို့ အဓိပ္ပာယ်က တခြားသူတွေနဲ့ မတူဘူး။
ဝန်ကြီးချုပ်ရွှီနဲ့ ပတ်သက်ရင်တော့ ဧကရာဇ်ကျားချန် က ရိုသေမှုနဲ့ ယုံကြည်မှု ရှိတယ်။ လင်းမြောင်၊ ချန်ကျန်းတို့နဲ့ ပတ်သက်ရင်တော့ အဲဒါက သဘာဝအတိုင်း ရှိနေတာပါ။ ဝူအမတ်ချုပ်ကြီးတို့လို လူတွေနဲ့ ပတ်သက်ရင်တော့ ဧကရာဇ်ကျားချန်က အထက်စီးကနေ လှောင်တဲ့ အကြည့်နဲ့ပဲ ကြည့်လေ့ ရှိတယ်။
ဧကရာဇ်တစ်ယောက်ရဲ့ ဘဝတစ်လျှောက်လုံးမှာ သူ့ဘေးမှာ အမတ်အများကြီး ရှိနေမှာဖြစ်ပြီး အမတ်တိုင်းကလည်း မတူတဲ့ အခန်းကဏ္ဍတွေမှာ ရှိနေကြမှာပါ။ ဒါပေမဲ့ ဒီလောကကြီးမှာ ရွှီထင်းရှန်းလို ဧကရာဇ်ကျားချန် ကို ခံစားချက်မျိုးစုံ ပေးနိုင်တဲ့ အမတ်မျိုးတော့ ထပ်ပြီး ရှိလာနိုင်တော့မှာ မဟုတ်ပါဘူး။
အဲဒါက ယုံကြည်မှု၊ ချီးမွမ်းမှု၊ သံသယရှိမှုတို့ ရောယှက်နေပေမဲ့ တစ်ချိန်တည်းမှာပဲ သိပ်ရင်းနှီးတဲ့ ခံစားချက်မျိုးလည်း ရှိနေပါတယ်။ အတူတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေလိုပဲ အဲဒီသံယောဇဉ်က အစစ်အမှန် မဟုတ်ပေမဲ့ အစစ်အမှန်နဲ့ တူလွန်းလို့ တစ်သက်လုံး မေ့နိုင်မှာ မဟုတ်ပါဘူး။
"ငါကိုယ်တော်က တကယ့်ကို သူတစ်ပါးကို သည်းမခံနိုင်တဲ့သူမျိုးလား" ဧကရာဇ်ကျားချန်က တိုးတိုးလေး ရေရွတ်လိုက်တယ်။
နန်းဆောင်ထဲမှာ အလွန်ပဲ တိတ်ဆိတ်သွားတော့တယ်။
အခုတစ်ခေါက်မှာတော့ ကျိန်းအန်းချန်က စကားတစ်ခွန်းမှ ထပ်မပြောရဲတော့ပါဘူး။
အတန်ကြာမှ ဧကရာဇ်ကျားချန်က ခေါင်းမော့ပြီး သူ့ကို တစ်ချက် ကြည့်လိုက်ကာ မေးလိုက်တယ်။ "ဒီရက်ပိုင်းမှာ မင်းက ဝူအမတ်ချုပ်ကြီးနဲ့ အတော်လေး ရင်းနှီးနေတဲ့ပုံပဲနော်"
ကျိန်းအန်းချန်ရဲ့မျက်နှာက ချက်ချင်းပဲ တောင့်တင်းသွားပြီး ခေါင်းငုံ့ကာ အားနာနာနဲ့ လျှောက်တင်ရှာတယ်။ "ဝူအမတ်ချုပ်ကြီးက အမတ်ချုပ်တစ်ယောက် ဖြစ်သလို ကျွန်တော်မျိုးကလည်း နန်းတွင်းရေးရာ ကြီးကြပ်ရေးမှူးတစ်ယောက် ဖြစ်တာကြောင့် အလုပ်ကိစ္စတွေမှာ ဆုံတာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ ရင်းနှီးတယ်လို့တော့ ပြောလို့ မရပါဘူး"
227 08
ဧကရာဇ်ကျားချန်က ဘာသဘောထားမှ ထပ်မပြတော့ဘဲ အဲဒါက သာမန် စကားတစ်ခွန်း ပြောလိုက်တာဖြစ်ဟန် ရပေမဲ့ ကျိန်းအန်းချန်ရဲ့စိတ်ထဲမှာတော့ ကြီးမားတဲ့ လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားသလို ခံစားလိုက်ရတယ်။
သူက ဧကရာဇ်ကျားချန်ရဲ့အနားမှာ တစ်သက်လုံး ခစားလာတဲ့သူ ဖြစ်ပေမဲ့ ဒီနေ့အထိ ဧကရာဇ်ရဲ့ စိတ်နှလုံးကို အပြည့်အဝ နားမလည်နိုင်သေးပါဘူး။ သူက အာဏာကြီးတယ်လို့ ဆိုပေမဲ့ အမှန်တော့ အမြစ်မရှိတဲ့ ဗေဒါပင်လိုပဲ ဖြစ်ရာ အရာအားလုံးက ဧကရာဇ်ကျားချန် အပေါ်မှာပဲ လုံးဝ မှီခိုနေရတာပါ။
ဧကရာဇ်ကျားချန်ရဲ့အပြောအဆိုတိုင်း နောက်ဆုံးမှာ အကြည့်တစ်ချက်ကတောင် သူ့ကို အချိန်အတော်ကြာအောင် တွေးနေစေဖို့ လုံလောက်ခဲ့ပါတယ်။
ဧကရာဇ် ဘယ်လို တွေးနေလဲဆိုတာ သေချာ မသိရသေးခင်မှာတော့ သူက ဘယ်ကိစ္စထဲကိုမှ ဝင်မရောသင့်တော့ကြောင်း အခုတော့ ကျိန်းအန်းချန် က သိပ်ကို နောင်တရနေမိပါတော့တယ်။
"ထားလိုက်ပါတော့။ အစွမ်းရှိတဲ့သူတွေက မာနကြီးကြတာ ဓမ္မတာပါပဲ။ ငါကိုယ်တော်က လောကကြီးရဲ့ အရှင်သခင် ဖြစ်တာကြောင့် သူတစ်ပါးကို သည်းခံနိုင်တဲ့ စိတ်ထားရှိဖို့နဲ့ ပညာရှိတွေကို စုဆောင်းနိုင်တဲ့ စိတ်ရှိဖို့ လိုပါတယ်။ ငါကိုယ်တော် ပြောပြမယ်။ မင်းက လိုက်ပြီး ရေးမှတ်ထားလိုက် ပြီးရင် အတွင်းဝန်ရုံးကို ပို့ခိုင်းလိုက်ဦး။ နောက်ပြီး ရှန်းရှီကိုလည်း လူတစ်ယောက် လွှတ်လိုက်ဦး။ သူ့ကို ငါကိုယ်တော်ဆီ ပြန်လာဖို့ သွားခေါ်ခိုင်းလိုက်စမ်း" ဧကရာဇ်ကျားချန်က မိန့်လိုက်တော့တယ်။
******
228 01
အခန်း ၂၂၈
"ဝူအမတ်ချုပ်ကြီး ဝူအမတ်ချုပ်ကြီး"
မိန်းမစိုးရဲ့ ထူးခြားလှတဲ့ စူးရှရှအသံက ဝူအမတ်ချုပ်ကြီးရဲ့ နားအနားမှာ နှစ်ကြိမ်တိုင်တိုင် မြည်ဟီးသွားတော့မှ သူ သတိပြန်ဝင်လာတယ်။ လီဟွေးက ပြုံးရွှင်တဲ့ မျက်နှာထားနဲ့ ပြောတယ်။ "ဧကရာဇ်မင်းမြတ်က အတွင်းဝန်ရုံးကို အမိန့်တော်တစ်စောင် မူကြမ်းရေးဆွဲခိုင်းပြီး ရှန်းရှီကို သွားဖို့ လူတစ်ယောက် ရွေးခိုင်းလိုက်ပါတယ်" ဝူအမတ်ချုပ်ကြီးက အဲဒီရေးဆွဲထားတဲ့ နှုတ်မိန့်တော်မူကြမ်းကို မသိစိတ်နဲ့ ကြည့်လိုက်မိပြီး နည်းနည်း တွေဝေစွာနဲ့ မေးမြန်းလိုက်တယ်။ "ဒါပေမဲ့ အိမ်ရှေ့စံရဲ့ဆရာ ဆိုတဲ့ ရာထူးက အခုအချိန်မှာ အိမ်ရှေ့စံတောင် မသတ်မှတ်ရသေးတာ ဘယ်လိုလုပ်ပြီး ဒီဆရာရာထူးက ရှိလာနိုင်မှာလဲ"
လီဟွေးက ဘာစကားမှ ပြန်မပြောဘဲ ဝူအမတ်ချုပ်ကြီးကို ပြုံးပြီး စိုက်ကြည့်နေတာကြောင့် သူလည်း မိမိရဲ့မေးခွန်းက အတော်လေး တုံးအမှန်း ချက်ချင်း သိသွားတော့တယ်။ အိမ်ရှေ့စံ မရှိရင် အိမ်ရှေ့စံရဲ့ဆရာ မရှိနိုင်ဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ။ ဗဟိုအစိုးရအဖွဲ့မှာ စန်းကုန်း၊စန်းကူးဆိုတဲ့ ရာထူးတွေ ရှိပြီး အဲဒါတွေက ဧကရာဇ်ရဲ့ အနီးကပ် အကြံပေးတွေ ဖြစ်ကာ အဆင့်အတန်း သိပ်မြင့်ပါတယ်။ နောင်ပိုင်းမှာ စန်းကုန်း ရာထူးက ဂုဏ်ထူးဆောင်ဘွဲ့တွေအဖြစ် ပြောင်းသွားပြီး မင်းအသက်ရှိစဉ် ရရင် ရာထူးတိုးတာ ဖြစ်သလို ကွယ်လွန်မှ ရရင် ဂုဏ်ပြုချီးမြှင့်တာ ဖြစ်တယ်။ စန်းကူး မှာတော့ အိမ်ရှေ့စံရဲ့ လက်ရုံးအမတ်တွေ ဖြစ်လာပြီး ရှောက်ရှီး(အငယ်တန်းဆရာကြီး)၊ ရှောက်ဖု(အငယ်တန်းအထိန်းတော်ကြီး)နဲ့ ရှောက်ပေါင်(အငယ်တန်းအစောင့်အရှောက်ကြီး) ဆိုပြီး ကွဲပြားသွားတယ်။
အမှန်အတိုင်း ရှင်းရှင်းလင်းလင်း ပြောရရင် အဲဒါက အိမ်ရှေ့စံရဲ့ဆရာဖြစ်ပြီး အနာဂတ် ဧကရာဇ်လောင်းလျာကို ပညာသင်ပေးဖို့ တာဝန်ရှိသူ ဖြစ်တယ်။ အခု နန်းလျာ မသတ်မှတ်ရသေးပေမဲ့ အိမ်ရှေ့စံ ခန့်ဖို့ တောင်းဆိုသံတွေက အစိုးရအဖွဲ့ထဲမှာ အမြဲ ထွက်နေခဲ့တာပဲ။ အခုတစ်ခေါက် ကျားချန်ဧကရာဇ်က ရွှီထင်းရှန်းကို အိမ်ရှေ့စံရဲ့ဆရာအဖြစ် ခန့်လိုက်တာက အချက်ပြမှု တစ်ခုပါပဲ။ ပထမအချက်က ကျားချန်ဧကရာဇ်က အိမ်ရှေ့စံ ခန့်ဖို့ စိတ်ကူး ရှိနေပြီ ဆိုတာနဲ့ ဒုတိယအချက်က ရွှီထင်းရှန်းရဲ့ အနာဂတ်က အတိုင်းအဆမရှိ တောက်ပနေပြီ ဆိုတာပါပဲ။ ဒါက ဝူအမတ်ချုပ်ကြီးကို ထိတ်လန့်သွားစေတဲ့ အစစ်အမှန် အကြောင်းရင်းပါပဲ။ ကျားချန်ဧကရာဇ်က ရွှီထင်းရှန်းကို မြို့တော်ကို ပြန်ခေါ်တဲ့ အမိန့်တော် ထုတ်ပြီးတာနဲ့ တစ်ဖက်လူကို ဒီလို ရာထူးမျိုး ပေးလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ဘူး။
အိမ်ရှေ့စံရဲ့ဆရာ။ ဧကရာဇ်က တစ်နေ့မှာ ကွယ်လွန်မှာပဲဖြစ်ပြီး အိမ်ရှေ့စံကတော့ အနာဂတ် ဧကရာဇ် ဖြစ်လာမှာမို့ အိမ်ရှေ့စံရဲ့ ဆရာဆိုတဲ့ အဆင့်အတန်းက ဘယ်လောက် ကြီးမားတယ်ဆိုတာ ထင်ရှားပါတယ်။ တစ်နည်းပြောရရင် ဘယ်မင်းသားက ရွှီထင်းရှန်းရဲ့ တပည့် ဖြစ်လာမလဲ အဲဒီမင်းသားက အိမ်ရှေ့စံ ဖြစ်လာမှာ မဟုတ်လား။ "ကျွန်တော်မျိုး အခုပဲ သွားပြီး စီစဉ်လိုက်ပါ့မယ်" ဝူအမတ်ချုပ်ကြီးက အလွန်ပင် အနေခက်တဲ့ အပြုံးနဲ့ ပြောလိုက်တယ်။ လီဟွေးကလည်း အလျင်အမြန်ပဲ အတွင်းဝန်ရုံးက ထွက်ပြီး ဧကရာဇ်ဆီ ပြန်အစီရင်ခံဖို့ သွားတော့တယ်။
ယွီချင်းရွာမှာ နေနေတဲ့အချိန်မှာ တခြားသူတွေကို ထားလိုက်ပါဦး ရှင်းနင်ကတော့ သိပ်ကို ပျော်နေခဲ့တယ်။ သူမက ရွာထဲမှာ သူငယ်ချင်းအသစ်တွေအများကြီး ရထားပြီး နေ့တိုင်း ထမင်းစားပြီးတာနဲ့ အပြင်ထွက်ကာ စိတ်လွတ်ကိုယ်လွတ် ကစားနေတာကြောင့် ကျောက်အာမှာတော့ အိမ်မှာ မိန်းကလေးဆိုးလေး တစ်ယောက်ကို မွေးထားမိပြီလို့ ရွှီထင်းရှန်းကို သက်ပြင်းချပြီး ပြောနေရတယ်။ အမှန်တော့ ရှင်းနင်က ငယ်ငယ်ကတည်းက ကစားဖော် နည်းခဲ့တယ်။ အစ်ကိုကြီးနဲ့ ဝမ်းကွဲအစ်ကိုတို့က စာသင်နေရလို့ နေ့တိုင်း သူမကို အဖော်လုပ်ပေးနိုင်တဲ့ အချိန်က သိပ်နည်းတယ် ဒုတိယအစ်ကိုကလည်း ပျင်းတဲ့သူ ဖြစ်တဲ့အတိုင်း မိခင်ရဲ့ဘေးနားမှာ ပေသီးခေါက်နေတာကိုပဲ ပိုကြိုက်ပြီး သူမနဲ့ မကစားချင်ဘူး။ ဒါကြောင့် ယွီချင်းရွာကို ရောက်လာတဲ့အခါ ရွာထဲက ကောင်လေး ကောင်မလေးတွေကို မြင်ရတာ ရှင်းနင်အတွက်တော့ ကစားဖော်တွေကို နောက်ဆုံးမှာ ရှာတွေ့သွားတာပါပဲ ။
228 02
အစပိုင်းမှာတော့ ရွာသားတွေက သူမနဲ့ မကစားရဲကြဘူး။ ရွာထဲက လူတိုင်းက ရွှီမိသားစုမှာ အရာရှိကြီး တစ်ယောက် ရှိနေတာ သိကြပြီး အခု ထိုအရာရှိကြီးက နေရပ်ကို ဘိုးဘွားတွေကို ကန်တော့ဖို့ ပြန်လာတာမို့ ရှင်းနင်က အရာရှိမင်းရဲ့ သမီးတော် ဖြစ်နေတယ်။ သူတို့လို ကျေးလက်တောရွာက ဖုန်တလူးလူးနဲ့ ကလေးတွေက အရာရှိမင်းရဲ့ သမီးတော်နဲ့ ဘယ်လိုလုပ် ကစားရဲပါ့မလဲ။ အကယ်၍ တစ်ခုခု ထိခိုက်ဒဏ်ရာ ရသွားရင် သူတို့တစ်မိသားစုလုံး ရောင်းရင်တောင် လျော်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အစောပိုင်းမှာ ရှင်းနင်က ကစားချင်တယ်လို့ ပြောရင် အားလုံးက သူမကို ဝိုင်းပြီး ချော့ကာ သူမ ခိုင်းသမျှကိုပဲ လိုက်လုပ်ပေးခဲ့ကြရတယ် ။
ဒါပေမဲ့ အဲဒီအရွယ် ကလေးတွေက ဒီအချက်တွေကို အချိန်အကြာကြီး ဘယ်လိုလုပ် မှတ်မိနိုင်မှာလဲ။ ပျော်စရာ ကောင်းလာတဲ့ အခါမှာတော့ တစ်ဖက်လူက အရာရှိသမီး ဟုတ်မဟုတ်ကို လုံးဝ ဂရုမစိုက်ကြတော့ဘူး ဒါ့အပြင် ရွှီအရာရှိ မိသားစုဝင် အားလုံးကလည်း လူတိုင်းအပေါ် နွေးထွေးပျူငှာစွာ ဆက်ဆံတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ထိုကိစ္စတွေကို မေ့ပြီး ရင်းနှီးသွားကြတော့တယ်။ ဒီနေ့မှာ ရှင်းနင်က အာယ၊ တာ့ကျူး တို့နဲ့အတူ ရွာထဲမှာ ပုန်းတမ်းကစားနေကြတယ်။ အခုတစ်ခေါက်မှာ တာ့ကျူး က လိုက်ရှာရမယ့် တစ္ဆေအဖြစ် တာဝန်ကျတော့ ရှင်းနင်နဲ့ အာယ တို့က ပုန်းဖို့ နေရာရှာကြရတော့တယ်။
"ထားလိုက်ပါတော့ မင်းတို့ ငါတို့နဲ့အတူတူပဲ။ လာပုန်းကြ မင်းတို့ ဒီလိုပုံစံနဲ့ဆိုရင် နောက်တစ်ပွဲမှာလည်း တစ္ဆေပဲ လုပ်ရလိမ့်မယ်" နှပ်တန်းလန်းနဲ့ ကုန်းဆွမ်က ပြောတယ်။ ရှင်းနင်က အပြာရင့်ရင့် ပိုးထည် ဝတ်စုံကို ဝတ်ထားတာကြောင့် ကြည့်လိုက်ရင် ကျေးလက်တောရွာက ကလေးမလေးတစ်ယောက်နဲ့ တူပေမဲ့ ဖြူစင်လှပတဲ့ အသားအရေကတော့ တောသားတွေနဲ့ လုံးဝ မတူဘဲ ထင်ရှားနေတယ်။ သူမက ကုန်းဆွမ် ကို ရွံရှာတဲ့ အကြည့်နဲ့ တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်တယ်။ "ကုန်းဆွမ် နင့်ရဲ့ အဲဒီနှပ်တွေကို မြန်မြန် သုတ်လိုက်စမ်းပါ ညစ်ပတ်လိုက်တာ"
"မသုတ်နိုင်ပါဘူး" ကုန်းဆွမ်က ပြန်ပြောတယ်။ သူက မျက်နှာကို ပြောင်စပ်စပ် လုပ်ပြပြီးနောက် နှပ်တွေကို နှာခေါင်းထဲ အားပါပါ ပြန်စုပ်သွင်းလိုက်တယ်။ ပါးစပ်နားအထိ ရောက်နေတဲ့ အဲဒီနှပ်တန်းကြီးက သူ့ရဲ့လှုပ်ရှားမှုနဲ့အတူ နှာခေါင်းပေါက်ထဲ အလျင်အမြန် ပြန်ဝင်သွားတာကြောင့် ရှင်းနင်မှာတော့ သိပ်ရွံသွားပြီး အာယရဲ့လက်ကို ဆွဲကာ အမြန် ပြေးထွက်ခဲ့တော့တယ်။ "ငါတို့ သူတို့နဲ့ ဝေးဝေးမှာ သွားနေရအောင် ကုန်းဆွမ်က တကယ့်ကို ညစ်ပတ်တာပဲ"
အာယကလည်း ခဏခဏ ခေါင်းညိတ် ထောက်ခံတယ်။ သူမက ရှင်းနင်ထက် အသက် သိပ်မကြီးဘဲ မျက်ဝန်းကြီး တစ်စုံ ရှိကာ အသားညိုပေမဲ့ ပါးပြင်လေးက နီပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးမလေးပါ။ "ဒါဆိုရင် ငါတို့ ဒီတစ်ခါ ဘယ်မှာ သွားပုန်းကြမလဲ။ ရှင်းနင်ငါတော့ နောက်တစ်ပွဲမှာ တစ္ဆေ မလုပ်ချင်တော့ဘူး" "ဒါကို ငါက ဘယ်လို သိမှာလဲ။ ရွာထဲမှာ နင်က ပိုပြီး အကျွမ်းတဝင် ရှိတာလေ။ ငါ ဒီကို ရောက်တာ ဘယ်လောက်မှ မရှိသေးဘူး" ရှင်းနင်က ပြန်ပြောလိုက်တယ်။
ဒါကလည်း မှန်ပါတယ်။ အာယက ခဏလောက် သေသေချာချာ စဉ်းစားပြီးနောက် ပြောတယ်။ "ငါ နေရာတစ်ခု သိတယ် အဲဒီနေရာကို ဘယ်သူမှ မသွားကြဘူး"
"ကောင်းပြီ ဒါဆိုရင် ငါတို့ မြန်မြန် သွားကြစို့" ရှင်းနင်က ပြောကာ ကလေးမလေး နှစ်ယောက် အလျင်အမြန် ပြေးထွက်ခဲ့ကြတယ်။ အာယက ရှေ့က လမ်းပြပြီး ရှင်းနင်က နောက်က လိုက်လာခဲ့တယ်။
သူတို့ဟာ ဟောင်းနွမ်းပျက်စီးနေတဲ့ ဝင်းတစ်ခုရဲ့ ရှေ့ကို ရောက်လာခဲ့ကြရာ ဒီဝင်းက အပြင်ပန်း ကြည့်ရင် ဟောင်းနေပေမဲ့ သာမန်နေရာမျိုး မဟုတ်တာ အသိသာကြီးပါပဲ။ အာယရဲ့ရှင်းပြချက်အရ ဒီနေရာက အရင်က ရွှီမိသားစုရဲ့ ဘိုးဘေးခန်းမဟောင်း ဖြစ်ကြောင်း ရှင်းနင် သိလိုက်ရတယ်။ ဘိုးဘေးခန်းမအသစ်ကို ဆောက်ပြီးကတည်းက ဒီနေရာက လစ်လပ်ပြီး ပစ်ပယ်ခံထားရတာပါ။
"ဒီမှာ ရူးနေတဲ့ မိန်းမကြီး တစ်ယောက် နေတယ်လေ။ တာ့ကျူးတို့တောင် ဒီကို မလာရဲကြဘူး။ ငါက တစ်ခါက ငါတို့အိမ်က ကြက်မကြီး တာ့ပိုင်ကို လိုက်ရှာရင်းနဲ့မှ ဒီထဲကို ဝင်လို့ရတဲ့ နေရာတစ်ခု ရှိမှန်း သိခဲ့တာ" အာယက ပြောတယ်။
228 03
"ရူးနေတဲ့ မိန်းမကြီး ဟုတ်လား ဒါဆိုရင်တော့ ငါ မဝင်ရဲဘူး" ရှင်းနင်က ပြောတယ်။
"ကိစ္စမရှိပါဘူး အဲဒီမိန်းမကြီးက ညစ်ပတ်တာကလွဲရင် လူကိုတော့ မရိုက်ပါဘူး။ နောက်ပြီး သူ အိပ်နေတာလည်း ဖြစ်နိုင်တာပဲ။ တာ့ပိုင်က အဲဒီတစ်ခါ ဒီမှာ ဥ ဥဖူးကတည်းက အမြဲတမ်း ဒီထဲကို တိတ်တဆိတ် လာပြီး ဥ ဥနေတာလေ။ ငါ့အမေက ဥတွေ ရှာခိုင်းလို့ ငါ ဒီကို ခဏခဏ ရောက်ဖူးပါတယ်"
အာယက ဒီလို ပြောသလို အခုအချိန်မှာ တခြား ပုန်းဖို့ နေရာရှာဖို့လည်း အချိန်မရှိတော့တာနဲ့ ရှင်းနင်လည်း သဘောတူလိုက်ရတော့တယ်။ သူတို့နှစ်ယောက် အတွင်းထဲ ဝင်ဖို့ ပြင်တုန်း နောက်ကွယ်က အသံတစ်ခု ထွက်လာတယ် "မင်းတို့ ဘယ်မှာ ပုန်းမလို့လဲ"
ကြည့်လိုက်တော့ ကုန်းဆွမ်က ဘယ်အချိန်က သူတို့နောက် လိုက်လာလဲ မသိရဘူး။ "ကုန်းဆွမ် နင် ငါ့ကို လန့်အောင် လုပ်လိုက်တာပဲ" ရှင်းနင်က ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်တယ်။
"နင်တို့ တကယ်ပဲ ဘယ်မှာ ပုန်းမလို့လဲ မြန်မြန် ဝင်ကြတော့လေ တာ့ကျူး လာတော့မှာ အသေအချာပဲ" အဲဒီစကားကို ကြားတော့ ကလေးငယ် သုံးယောက်လုံး အချိန်မဆွဲရဲတော့ဘဲ အလျင်အမြန်ပဲ အတွင်းထဲကို ပြေးဝင်သွားကြတော့တယ်။
ဘိုးဘေးခန်းမဟောင်း ဆိုတာ သာမန်အိမ်တွေနဲ့ တည်ဆောက်ပုံ မတူဘဲ အိမ်က မြင့်မားလှသလို ပစ္စည်းတိုင်းကလည်း ကြီးမားလှတယ်။ ဒါပေမဲ့ ဒီနေရာက အချိန်အတော်ကြာ လူသူအရောက်အပေါက် မရှိလို့ အတွင်းမှာ မှောင်မိုက်ပြီး အေးစိမ့်နေကာ အလွန်ပဲ ပျက်စီးယိုယွင်းနေတယ်။ အပြင်ဘက်မှာ နေမင်းက သိပ်ပူနေပေမဲ့ ဒီအတွင်းထဲကိုတော့ အလင်းရောင်တွေ မဝင်နိုင်လို့ လူကို အေးစိမ့်တဲ့ ခံစားချက်မျိုး ပေးနေတော့တယ်။
"ဒီမှာပဲ ပုန်းကြစို့ ထပ်ပြီး အတွင်းထဲအထိ မသွားနဲ့တော့" ရှင်းနင်က ပြောတယ်။ အာယကလည်း ခေါင်းညိတ်ပြတာနဲ့ သူတို့ သုံးယောက် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ပြီးနောက် ရေအိုးကြီး တစ်လုံးရဲ့ နောက်ကွယ်မှာ ဝင်ပုန်းလိုက်ကြတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေလို့ ရှင်းနင်မှာတော့ နည်းနည်း ကြောက်လာပေမဲ့ ထုတ်မပြောရဲတာနဲ့ အာယ တိုနဲ့ စကားပြောဖို့ အကြောင်းပြချက် ရှာနေမိတယ်။
နှမြောစရာကောင်းတာက အာယ တို့နှစ်ယောက်က သိပ်ကို အာရုံစိုက်နေကြလို့ သူမကို အဖော်မလုပ်ပေးတဲ့အပြင် သူမကို အသံမထွက်ဖို့တောင် အချက်ပြနေကြတယ်။ ရှင်းနင်က အားကိုးရာမဲ့စွာနဲ့ ငြိမ်နေရုံပဲ ရှိတော့တယ်။ အဲဒီတုန်းက လေတိုက်သံနဲ့အတူ တစ်ယောက်ယောက် စကားပြောနေတဲ့ အသံကို ခပ်သဲ့သဲ့ ကြားလိုက်ရတယ်။ သူတို့ သုံးယောက်စလုံး ထိတ်လန့်သွားပြီး တာ့ကျူး ရောက်လာတာလားလို့ ထင်မိပေမဲ့ သေသေချာချာ နားထောင်ကြည့်တော့ အဲဒီအသံက ပုံမှန် မဟုတ်ဘဲ တစ်ယောက်ယောက်က ငိုလိုက်ရယ်လိုက်နဲ့ တစ်ကိုယ်တည်း ရေရွတ်နေသလို ဖြစ်နေတယ်။
"အို... အဲဒါ ဟို ရူးနေတဲ့ မိန်းမကြီးပဲ။ သူ ငိုတဲ့အသံက အတော်လေး ကြောက်ဖို့ ကောင်းတာ" အာယက ပြောလိုက်တော့တယ်။
ရှင်းနင်က အာယရဲ့စကားကို ကြားတော့ ကိုယ်ကို မသိစိတ်နဲ့ ကျုံ့လိုက်မိပြီး ရေအိုးကြီးရဲ့ နောက်ကွယ်ကို ပိုပြီး တိုးဝင်လိုက်တယ်။ အဲဒီရေရွတ်သံက ပိုပြီး နီးကပ်လာသလို ရှိနေပြီး ဟောင်းနွမ်းနေတဲ့ ဘိုးဘေးခန်းမထဲမှာ ပဲ့တင်ထပ်နေတာကြောင့် ကလေးတွေအတွက်တော့ သိပ်ကို ထိတ်လန့်စရာ ကောင်းနေတယ်။ အာယက ရှင်းနင်ရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူတို့ သုံးယောက်စလုံးက အသက်ရှူဖို့တောင် မဝံ့ဘဲ ငြိမ်နေကြရတယ်။
"သူ ဘာတွေ ပြောနေတာလဲ" ရှင်းနင်က သိပ်ကို တိုးညှပ်တဲ့ လေသံနဲ့ မေးမြန်းလိုက်တယ်။ "ငါလည်း မသိဘူး။ သူက အမြဲတမ်း တစ်ခုခုကို လိုက်ရှာနေသလိုမျိုး ပြောနေတတ်တာ။ တစ်ခါတလေကျရင်လည်း တစ်ယောက်ယောက်ကို ဆဲနေသလိုမျိုးပဲ" အာယက ပြန်ဖြေတယ်။ အဲဒီအချိန်မှာပဲ အပြင်ဘက်က "ငါ ရှာတွေ့ပြီဟေ့" ဆိုတဲ့ တာ့ကျူးရဲ့ အော်ဟစ်သံ ထွက်လာတာကြောင့် သူတို့ သုံးယောက်စလုံး တစ်ပြိုင်နက်တည်း တုန်သွားကြတော့တယ်။
ဒါပေမဲ့ အဲဒီအသံက ဘိုးဘေးခန်းမဟောင်းရဲ့တံခါးဝက ထွက်လာတာ မဟုတ်ဘဲ နည်းနည်း ဝေးတဲ့ နေရာက ထွက်လာတာ ဖြစ်တယ်။ တာ့ကျူး က တခြား သူငယ်ချင်းတွေကို ရှာတွေ့သွားတာ ဖြစ်ပုံရတယ်။ ဒါပေမဲ့လည်း အတွင်းဘက်က အဲဒီရူးနေတဲ့ အမျိုးသမီးရဲ့အသံကတော့ ရပ်မသွားဘဲ ရှိနေဆဲပဲ။ ရှင်းနင်က ဒီနေရာကနေ အမြန်ဆုံး ထွက်ချင်နေပြီ ဖြစ်ပေမဲ့ ကုန်းဆွမ်ကတော့ သူတို့ ရှုံးသွားမှာ စိုးလို့ ဆက်ပုန်းနေဖို့ပဲ အချက်ပြနေခဲ့တယ်။
လေထုထဲမှာ ဟောင်းနွမ်းနေတဲ့ ဖုန်နံ့တွေနဲ့ အေးစိမ့်တဲ့ အငွေ့အသက်တွေက ဖုံးလွှမ်းနေပြီး ကလေးတွေရဲ့ စိတ်ထဲမှာတော့ ဒီပုန်းတမ်းကစားပွဲက အစောပိုင်းကလို မပျော်ရတော့ဘဲ စိုးရိမ်ပူပန်မှုတွေနဲ့ပဲ ပြည့်နှက်နေတော့တယ်။
******