အခန်း (၂၂၉-၂၃၀)
Vol. 23 Ch. 229-230
229 01
အခန်း ၂၂၉
"ရူးနေတဲ့ မိန်းမကြီး ဖြစ်ဖြစ် မဖြစ်ဖြစ် ဘာအရေးလဲ နင်တို့ မိန်းကလေးတွေကတော့ တကယ့်ကို သရဲဘောကြောင်တာပဲ" ကုန်းဆွမ်က ပြောတယ်။
"မင်းကမှ သရဲဘောကြောင်တာပါ။ အကျင့်မကောင်းတဲ့ကုန်းဆွမ် အာခိုင် ခြောက်လို့ ဝူးဝူးဝါးဝါးနဲ့ ငိုခဲ့တာ ဘယ်သူလဲဆိုတာ မေ့သွားပြီလား" ရှင်းနင်က ပြန်ပြောလိုက်တယ်။ အာခိုင်ဆိုတာက ရွာထဲက လမ်းဘေးခွေးတစ်ကောင်ဖြစ်ပြီး ကုန်းဆွမ်တို့လိုအရွယ် ကောင်လေးတွေက ခွေးရော ကြောင်ပါ မုန်းတာ ခံရတဲ့သူတွေဖြစ်တဲ့အပြင် တစ်ခါက အာခိုင်ကို အတင်းသွားစတော့ အာခိုင်က သူ့ကို ရွာပတ်ပြီး လိုက်ဆွဲခဲ့ဖူးတယ်။
ဒီအရွယ် ကောင်လေးတွေက ကိုယ့်ကိုယ်ကိုယ် သရဲဘောကြောင်တယ်လို့ အပြောခံရတာကို သိပ်မုန်းကြတာမို့ ကုန်းဆွမ် က အဲဒီစကားကို ကြားတာနဲ့ ဝုန်းခနဲ ခုန်ထလိုက်ပြီး ကြုံးဝါးလိုက်တော့တယ်။ "ငါ တကယ် သတ္တိရှိ မရှိဆိုတာ အခု မင်းတို့ကို ပြမယ်"
ပြောပြောဆိုဆိုနဲ့ပဲ သူက အသံလာရာဘက်ကို လိုက်ရှာတော့တာပဲ အာယက လှမ်းတားပေမဲ့လည်း မရတော့ဘူး။
ရှင်းနင်က သူ့ကျောပြင်ကို ကြည့်ရင်း မေးတယ်။ "အာယ ငါတို့လည်း သွားကြည့်ရအောင်။ သူ တစ်ယောက်တည်း သွားတာ ဘာမှမဖြစ်ပါဘူးနော်"
"သူ့ရဲ့ သရဲဘောကြောင်တဲ့ ပုံစံနဲ့ဆိုရင်တော့ သေချာပေါက် ကြောက်ပြီး ပြန်ပြေးလာမှာပါ။ ထားလိုက်ပါတော့ ငါတို့လည်း သွားကြည့်ရအောင် အကယ်၍ သူ့ကို တစ်ခုခု ခြောက်မိရင် မကောင်းဘူးလေ ငါ ပြောသားပဲ အဲဒီ ရူးနေတဲ့ မိန်းမကြီးက တကယ့်ကို ကြောက်ဖို့ ကောင်းတာပါဆို" လို့ အာယ က လူကြီးတစ်ယောက်လို မျက်မှောင်ကြုတ်ပြီး ခေါင်းယမ်းကာ ပြောတယ်။
ရှင်းနင်မှာတော့ မသွားချင်ပေမဲ့ နောင်ကျရင် အာယ နဲ့ ကုန်းဆွမ် တို့က သူမကို သစ္စာမရှိဘူးလို့ ပြောမှာ စိုးတာနဲ့ အာယ နဲ့အတူ လိုက်သွားခဲ့ရတယ်။ ဒါပေမဲ့ ရောက်သွားတဲ့ အခါမှာတော့ ကုန်းဆွမ် က မုန့်တစ်ခုကို ကိုင်ပြီး စားနေတာကို မမျှော်လင့်ဘဲ မြင်လိုက်ရတော့တယ်။
ဒီဝင်းငယ်လေးက ရှေ့ဘက်နဲ့မတူဘဲ အရှေ့တောင်ဘက်ကို မျက်နှာမူထားလို့ နေရောင် အတော် ကောင်းတယ်။ အဘွားအို တစ်ယောက်က မှီထိုင်ကုလားထိုင်ပေါ်မှာ ထိုင်နေပြီး ကုန်းဆွမ် မုန့်စားနေတာကို ပြုံးပြီး ကြည့်ကာ "ကျွင်းခိုင် ဖြည်းဖြည်းစားပါ နင်မသွားအောင် သတိထားဦးနော်" လို့ ပြောနေတာပဲ။
အာယ မှာတော့ အံ့အားသင့်သွားပြီး "ဟယ်... ဒီနေ့တော့ သူ မရူးဘူးပဲ" လို့ ရေရွတ်လိုက်တယ်။
အာယ က ဒီနေရာကို ခဏခဏ ရောက်ဖူးတာကြောင့် ဒီအဘွားအိုနဲ့ ရံဖန်ရံခါ တွေ့တတ်တယ်။ တစ်ခါတလေကျရင် သူမရဲ့ အဝတ်အစားတွေက သန့်ရှင်းနေပြီး အမူအရာကလည်း ပုံမှန်အတိုင်း ရှိနေတတ်ပေမဲ့ တစ်ခါတလေကျရင်တော့ ညစ်ပတ်ပေကျံပြီး မြေပြင်ပေါ်မှာ ထိုင်ကာ ငိုနေတတ်တယ်။
ဒီနေရာက ကလေးတွေ လာဖို့ မသင့်တော်တဲ့ နေရာမို့ အိမ်ပြန်ရောက်လို့ လူကြီးတွေကို ပြောပြတဲ့ အခါမှာလည်း လူကြီးတွေက သိပ်ဖုံးကွယ်ချင်ကြပြီး သူမကို အဲဒီနေရာ မသွားဖို့နဲ့ ရူးနေတဲ့ မိန်းမကြီးက ရိုက်လိမ့်မယ်လို့ပဲ သတိပေးလေ့ ရှိတာကြောင့် အာယ အတွက်တော့ ဒီလူက 'ရူးနေတဲ့ မိန်းမကြီး' ဖြစ်နေတာပဲ။ ဒါပေမဲ့ သူမက အဲဒီမိန်းမကြီး ပုံမှန်ရှိနေချိန်မှာ မကြောက်ပေမဲ့ ငိုနေတဲ့ အခါမှာတော့ သိပ်ကို ကြောက်တာပဲ။
229 02
"ငါ ပြောသားပဲ နင်တို့ မိန်းကလေးတွေကတော့ တကယ့်ကို သရဲဘောကြောင်တာပဲ ဘယ်မှာ ရူးနေတဲ့ မိန်းမကြီး ရှိလို့လဲ" လို့ ကုန်းဆွမ် က မုန့်တွေကို မြိန်ရေယှက်ရေ စားရင်း ပြောလိုက်တယ်။
ကလေးမလေး နှစ်ယောက်ကတော့ အချင်းချင်း ကြည့်နေကြပြီး ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်နေကြတယ်။
ကုန်းဆွမ် က သူတို့ကို မုန့်လာစားဖို့ ခေါ်တော့ အာယ က မုန့်ကို မြင်တာနဲ့ သွားရည်ကျလာပြီး ကုန်းဆွမ် ရဲ့ လက်ထဲက မုန့်တစ်လုံးကို အရင် လှမ်းယူလိုက်တယ်။ အဲဒီအခါ ခုနတင် ပြုံးနေတဲ့ အဘွားအိုက ရုတ်တရက် မျက်နှာကြီး ကြောက်စရာကောင်းအောင် ပျက်သွားပြီး အာယ ကို ရိုက်ဖို့ ပြေးလာတော့တာပဲ။ ကံကောင်းလို့ အာယ က အသက်ငယ်တော့ အမြန် ရှောင်နိုင်ခဲ့ပေမဲ့ အဘွားအိုကတော့ မြေပြင်ပေါ် လဲကျသွားခဲ့တယ်။
"……နင်လို အသေခံထိုက်တဲ့ ကုန်းကျစ်…… ငါ့ရဲ့ ကျွင်းခိုင် ဆီက မုန့်တွေကို ဘယ်သူက လုခိုင်းလို့လဲ……"
ကလေးငယ် သုံးယောက်စလုံး ထိတ်လန့်တုန်လှုပ်ပြီး ငိုယိုကာ ထွက်ပြေးခဲ့ကြရတော့တယ်။ အဘွားအိုကတော့ ဆဲရင်း မုန့်ပန်းကန်ကို ရိုက်ခွဲပစ်လိုက်တယ်။ ရိုက်ခွဲပြီးတဲ့ အခါမှာလည်း မြေပြင်ပေါ်မှာ ဝပ်စတွားပြီး ကျန်တဲ့ မုန့်အပိုင်းအစတွေကို ကောက်ကာ ကျွင်းခိုင် အတွက် ချန်ထားရမယ်လို့ ပြောနေတာက ကြည့်ရတာ အမှန်တကယ်ပဲ ရူးသွားတဲ့ပုံပဲ။
ခဏနေတော့ တံခါးအပြင်ကနေ လူလတ်ပိုင်း အမျိုးသမီးတစ်ယောက် ဝင်လာပြီး ဒီမြင်ကွင်းကို မြင်တာနဲ့ အမြန်ပဲ အတွင်းထဲ ပြေးဝင်လာတယ်။
"နင်ကတော့ အေးအေးဆေးဆေး မနေနိုင်ဘူးလား ဘာလို့ ဒီလောက်အထိ ဆူနေရတာလဲ"။
ဒီအမျိုးသမီးက အပြင်ပန်း ကြည့်ရုံနဲ့ တောသူမှန်း သိနိုင်ပြီး အသားညိုကာ သန်မာတာကြောင့် အဘွားအိုကို အတင်းဆွဲထူပြီး ကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းလိုက်တယ်။
"နင် ဒီမှာ ငြိမ်ငြိမ်ထိုင်နေစမ်း ငါ အကုန် သိမ်းလိုက်မယ်။ အင်း... နင် အေးအေးဆေးဆေး နေရင် ဘာဖြစ်သွားမှာမလို့လဲ ဘယ်သူကများ နင့်နောက်ကို နေ့တိုင်း လိုက်သိမ်းပေးနေနိုင်မှာလဲ……"။
ဒီအမျိုးသမီးက စကား သိပ်များတဲ့သူမို့ အလုပ်လုပ်ရင်းနဲ့လည်း ဆက်တိုက် ရေရွတ်နေတော့တယ်။ အဘွားအိုကလည်း သူမဘာသာ ရေရွတ်နေပြန်တာမို့ သာမန်လူတစ်ယောက်သာ ဒီမြင်ကွင်းကို တွေ့ရင် အတော်လေး ထိတ်လန့်မိမှာပဲ။
ဒါပေမဲ့ သူတို့နှစ်ယောက်က အတူတူ နေလာတာ ကြာပြီမို့ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေနေတဲ့ပုံပါပဲ။
"……ရွှီကုန်းကျစ်…… ကုန်းကျစ် အရာအားလုံးက မင်းကြောင့်ပဲ…… မင်းကြောင့် ငါ အခုလို အကျဉ်းကျနေရတာ……"
အဲဒီအမျိုးသမီးက အဲဒီစကားကို ကြားတော့ ပြုံးစိစိနဲ့ ပြောလိုက်တယ်။ "ကဲပါ ဒီစကားတွေကို ထပ်မပြောနဲ့တော့ အဲဒီ နင့်ရဲ့မြေးအကြီးဆုံး သာ မရှိရင်တော့ ဘယ်သူကများ နင့်ကို ဂရုစိုက်မှာလဲ။ ဒါနဲ့... နင့်ရဲ့ မြေးအကြီးဆုံး ပြန်လာပြီနော် တစ်မိသားစုလုံး ပြန်လာတာ ဂုဏ်သရေရှိရှိနဲ့ နေရပ်ကို ပြန်လာတာ ဘယ်လောက်တောင် ခန့်ညားလိုက်သလဲ……"
"……အရာအားလုံးက…… အရာအားလုံးက နင့်လို ကျက်သရေမရှိတဲ့ကောင် ကြောင့်ပဲ…… အဘိုးကြီးကို ဒုက္ခပေးခဲ့တယ်…… နင့်ရဲ့ အဒေါ်ကို ဒုက္ခပေးခဲ့တယ်…… ငါ့ကိုလည်း ဒီမှာ အကျဉ်းကျအောင် လုပ်ခဲ့တယ်……"
ရှင်းနင်က ထိတ်လန့်တုန်လှုပ်ပြီး နောက်ဖေးတံခါးကနေ အိမ်ထဲကို ပြေးဝင်လာတော့ ကျောက်အာက အခန်းထဲမှာ ကွေ့ဟွားအဒေါ်နဲ့ စကားပြောနေတာကို မြင်လိုက်ရတယ်။
229 03
အခုတလော ရွာထဲက လူကြီးသူမတွေက သူမနဲ့ အတိတ်ဟောင်းတွေကို ပြောဖို့ လာတတ်ကြတာမို့ အားလုံးက လူကြီးမိဘတွေ ဖြစ်သလို ရင်းနှီးတဲ့သူတွေလည်း ဖြစ်လို့ ကျောက်အာကလည်း စိတ်ရှည်လက်ရှည် နားထောင်ပေးတယ်။
သမီးဖြစ်သူ ထိတ်လန့်နေတာကို မြင်တော့ သူမက ရှင်းနင်ကို ရင်ခွင်ထဲ ဆွဲပွေ့ပြီး မေးလိုက်တယ်။ "ဘာဖြစ်လို့လဲ သမီးရဲ့"
"မေမေ သမီး ရူးနေတဲ့ မိန်းမကြီး တစ်ယောက်ကို တွေ့ခဲ့တယ်"
ကျောက်အာက အသေးစိတ် မေးကြည့်တော့မှ သမီးဖြစ်သူရဲ့ ပါးစပ်ကနေ ဘာဖြစ်ခဲ့လဲဆိုတာ သိလိုက်ရတော့တယ်။
ကွေ့ဟွား အဒေါ်က စကားပြောဖို့ တွန့်ဆုတ်နေပေမဲ့ အမှန်တော့ သူမ မပြောရင်တောင် ကျောက်အာက ရိပ်မိနေပါတယ်။ အဲဒီနေရာမှာ အကျဉ်းကျနေတဲ့သူက အဘွားကျောက်ကလွဲလို့ တခြား ဘယ်သူ ရှိဦးမှာလဲ။ အဘွားကျောက် တစ်ယောက် ရူးသွားလိမ့်မယ်လို့ သူမ လုံးဝ မထင်ထားခဲ့ဘူး။
ဒီကိစ္စကို ကျောက်အာအစောကတည်းက မသိခဲ့တာပါ။
"ရူးသွားတာ နှစ်အတော်ကြာပါပြီ။ မျိုးနွယ်စုခေါင်းဆောင်ကြီးက ထင်းရှန်းက အပြင်မှာ အရာရှိ လုပ်နေတာဆိုတော့ သူ့ကို စိတ်မနှောင့်ယှက်စေချင်လို့ နင်တို့ဆီကို သတင်းမပို့ခဲ့တာပါ။ ပုံမှန်ဆိုရင်တော့ သေသေချာချာ ပြုစုထားပါတယ် မျိုးနွယ်စုထဲက အမျိုးသမီးတစ်ယောက်ကို အထူး ငှားပြီး စောင့်ရှောက်ခိုင်းထားတာလေ။ စိတ်ကျန်းမာနေချိန်မှာတော့ ကောင်းပါတယ်။ ဒါပေမဲ့ စိတ်မနှံ့တဲ့ အခါကျရင်တော့ အတော်လေး ဆူညံတတ်တယ်။ ဒါပေမဲ့ ငါတို့လည်း ကိုယ်တိုင်တော့ မမြင်ဖူးပါဘူး. သူတစ်ပါး ပြောတာကိုပဲ ကြားဖူးတာပါ" ကွေ့ဟွား အဒေါ်က ရှင်းပြတယ်။
ကျောက်အာရဲ့ မျက်နှာမှာ စိတ်မကောင်းတဲ့ အရိပ်အယောင်တွေ ပြည့်သွားပြီး ကွေ့ဟွားအဒေါ်ကို ပြန်ပို့ပြီးတဲ့ နောက်မှာလည်း အဲဒီရူးနေတဲ့ မိန်းမကြီးက အမှန်တော့ သူမရဲ့ဘွားလေး ဖြစ်ကြောင်းကို သမီးဖြစ်သူကို ဘယ်လို ရှင်းပြရမလဲ မသိဘဲ ဖြစ်နေရတယ်။
ရွှီထင်းရှန်း စာသင်ကျောင်းက ပြန်ရောက်လာတော့မှ သူမက ဒီကိစ္စကို သူ့ကို ပြောပြတယ်။
ရွှီထင်းရှန်းက ဒီရက်ပိုင်းမှာ အချိန်အများစုကို စာသင်ကျောင်းထဲမှာပဲ ကုန်လွန်စေခဲ့တယ်။ အဆင့်မြင့် အရာရှိကြီး တစ်ယောက် ဖြစ်သလို စာမေးပွဲမှာ ပထမ ကျွမ့်ယွမ်ရခဲ့တဲ့သူ တစ်ယောက် ဖြစ်တဲ့အတိုင်း ပညာတတ်တွေက သူ့အပေါ်မှာ သိပ်ကို ကြည်ညိုလေးစားကြတယ်။ ယွီချင်းစာသင်ကျောင်းက အခုလို ကြီးမားတဲ့ အရှိန်အဝါ ရှိနေတာကလည်း လူအများကြီးက ရွှီထင်းရှန်းရဲ့ ဂုဏ်သတင်းကြောင့် လာကြလို့ ဖြစ်တယ်။
ဒီလို အခြေအနေမျိုးမှာ သူကလည်း ရှေ့ထွက်ပြီး ကျမ်းစာတွေကို ပို့ချပေးရသလို ကျောင်းသားတွေရဲ့ စာပေတွေကိုလည်း လမ်းညွှန်ပေးရတတ်တယ်။
ရွှီထင်းရှန်းက စကားကို နားထောင်ပြီးတော့ မျက်မှောင်ကို မအောင့်နိုင်ဘဲ ကြုတ်လိုက်ပြီးမှ ပြောတယ်။ "ဒီနေ့ ကျွင်းခိုင်လည်း ငါ့ကို ပြောပြပါတယ်။ အဘွားက တကယ်ပဲ ရူးသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
အမှန်တော့ ဒါက ခန့်မှန်းလို့ရတဲ့ ကိစ္စပါပဲ။ အဘွားကျောက်က အမြဲတမ်း ဒုတိယအိမ်ထောင်စု အပေါ်မှာ မကောင်းခဲ့သလို ရူးသွားပြီးတဲ့နောက်မှာလည်း ရူးကြောင်ကြောင် စကားတွေကို ပြောတတ်လို့ သူမကို သနားပြီး ပြန်လွှတ်ပေးချင်သူ ရှိရင်တောင် ဘယ်သူမှ မလုပ်ရဲကြတာပါ။
ပထမဆုံးက မျိုးနွယ်စုခေါင်းဆောင်ကြီးဘက်က ခွင့်ပြုမှာ မဟုတ်သလို အကယ်၍ ရွှီထင်းရှန်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်ရင်လည်း ဘယ်သူမှ တာဝန်မယူနိုင်ဘူး။ ဒါကြောင့် မျိုးနွယ်စု တစ်ခုလုံးနဲ့ ရွာသားတွေအားလုံးရဲ့ တိတ်တဆိတ် သဘောတူညီမှုနဲ့ အဘွားကျောက်က ဆယ်နှစ်တိတိ အကျဉ်းကျနေခဲ့ရတာ ဖြစ်တယ်။
"ကျွင်းခိုင်က ဘာပြောသေးလဲ။ ဒါဆိုရင် ဒီကိစ္စကို ဘယ်လို စီစဉ်မှာလဲ"
"ကျွင်းခိုင်ကတော့ အဘွားကို အိမ်ပြန်ခေါ်သွားချင်တယ်လို့ ပြောတယ်။ ငါလည်း သဘောတူလိုက်ပါတယ်"
229 04
"ပြန်ခေါ်သွားမယ်ဆိုရင်လည်း ခေါ်သွားခိုင်းလိုက်ပါဦး။ သူမရဲ့အသက်ကလည်း မငယ်တော့သလို နေရမယ့် အချိန်လည်း အများကြီး မကျန်တော့ပါဘူး။ သူမရဲ့ နောက်ဆုံးအချိန်လေးကိုတော့ အေးအေးချမ်းချမ်းပဲ ကုန်လွန်သွားပါစေတော့" ကျောက်အာက သက်ပြင်းချပြီး ပြောလိုက်တယ်။
အဲဒီအချိန် တံခါးအပြင်ကနေ ရုတ်တရက် အလျင်စလို ခြေသံတစ်ခု ထွက်လာတယ်။ "သခင်မ သခင်မ ကိစ္စဖြစ်ပြီ"
အဲဒါက အစေခံမလေး ချွန်းရှန်း ပါပဲ။
ရှောင်ဟုန်းက ကျောက်ကျစ်နဲ့ လက်ထပ်သွားသလို ရှောင်လျူကလည်း လက်ထပ်ပြီး ထွက်သွားပြီမို့ အခု ကျောက်အာရဲ့ဘေးမှာ အစေခံမလေး အသစ်တွေနဲ့ လဲထားခဲ့ပြီးပြီ။ အားလုံးက ၁၄ နှစ် ၁၅ နှစ်အရွယ် ပန်းလေးတွေလို နုပျိုတဲ့သူတွေချည်းပါပဲ။
"ဘာဖြစ်လို့ ဒီလောက်အထိ ထိတ်လန့်နေရတာလဲ"
ချွန်းရှန်းကလည်း အသေးစိတ်ကို မပြောနိုင်ဘဲ ဖြစ်နေတုန်း တံခါးအပြင်ကနေ မရင်းနှီးတဲ့ အမျိုးသား အသံတစ်ခု ထွက်လာတယ်။
"ကျောက်အာအစ်မ ကျွန်တော် ရွှီထောင်း ပါ။ အဘွားလေး ဆုံးသွားပါပြီ"
ဒီ 'အဘွားလေး' ဆိုတဲ့ စကားကို ကြားလိုက်တော့ ဇနီးမောင်နှံ နှစ်ယောက်စလုံး ချက်ချင်း သတိမထားမိဘဲ ဖြစ်သွားကြတယ်။ ခဏလောက် စဉ်းစားကြည့်တော့မှ ရွှီထောင်းတို့ မိသားစုနဲ့ မိမိတို့ကြားက ဆွေမျိုးတော်စပ်ပုံကို နားလည်သွားတယ်။ အဆင့်အတန်းအရဆိုရင် ရွှီထောင်းက အဘွားကျောက်ကို အဘွားလေး လို့ ခေါ်ရမှာပါ။
အဘွားကျောက် ဆုံးသွားပြီ ဟုတ်လား။
နေမွန်းတည့်ချိန် ဖြစ်တာကြောင့် ယွီချင်းရွာက လူအများကြီးက နေ့လယ်စာတောင် မစားရသေးခင်မှာတင် အားလုံးက ဘိုးဘေးခန်းမဟောင်းရဲ့ ရှေ့ကို စုရုံးရောက်လာကြတယ်။
အဘွားကျောက် ဆုံးသွားပါပြီ။
ရွှီအရာရှိရဲ့ အဘွားအရင်း ဆုံးသွားတာပါ။
အကြောင်းမဲ့ ဆုံးသွားတာမို့ ရွှီကျိန်းချွမ်ရဲ့ဇနီးက မျက်ရည်တွေ နှပ်တွေနဲ့ ငိုနေပြီး အဘွားကျောက် ဘယ်လိုဆုံးသွားလဲဆိုတာကိုလည်း ရှင်းပြလို့ မရနိုင်ဘဲ ဖြစ်နေတယ်။
သူမ ပြောပြတာကတော့ သူမက ပုံမှန်အတိုင်းပဲ မနက်ပိုင်းမှာ တစ်ခေါက် လာပြီး အဘွားကျောက်ရဲ့နေရာတွေကို သန့်ရှင်းရေး လုပ်ပေးကာ အိမ်ပြန်ပြီး အလုပ်လုပ်ခဲ့တယ်။
အဲဒီအတောအတွင်း တစ်ခေါက် ထပ်လာတော့ အဘွားကျောက်က ထပ်ပြီး ရူးနေတာနဲ့ သူမက တစ်ခေါက် ထပ်သန့်ရှင်းပေးပြီး အိမ်ပြန်ကာ ထမင်းချက်ပြီးမှ နောက်ပိုင်း ထမင်းလာပို့ဖို့ ပြင်ခဲ့တယ်။ ဒါပေမဲ့ ထမင်းလာပို့တော့ အဘွားကျောက်က ထုပ်တန်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေနေတာကို မြင်လိုက်ရတာပဲ။
"သူမ ဘာဖြစ်သွားလဲဆိုတာ ကျွန်မလည်း မသိပါဘူး။ ပုံမှန်ဆိုရင်လည်း ဒီလိုပါပဲ။ ဒါပေမဲ့ ဒီနေ့ သူမ ရူးပြီး လျှောက်ပြောနေတာနဲ့ ကျွန်မကလည်း လွှတ်ခနဲနေပြီးတော့ ရွှီအရာရှိ... ရွှီအရာရှိ ပြန်လာပြီလို့ ပြောမိလိုက်တာပါ……" ရွှီကျိန်းချွမ်ရဲ့ဇနီးက ကြောက်လန့်တကြား ငိုပြီး ပြောတယ်။ အဘွားကျောက်ရဲ့သေဆုံးမှုက သူမရဲ့စကားနဲ့ ဆက်နွှယ်နေနိုင်တာကို သူမကိုယ်တိုင်လည်း သိနေတဲ့ပုံပါပဲ။
"ဒါပေမဲ့ သူမက အခုလိုမျိုး အရှုံးပေးလိမ့်မယ်လို့ ကျွန်မ ဘယ်လိုလုပ် သိမှာလဲ ကျွန်မက လွှတ်ခနဲ ပြောမိရုံလေးပါ. လွှတ်ခနဲ ပြောမိရုံပါ……"
ရွှီကျိန်းချွမ်က ပြေးဝင်လာပြီး သူ့ဇနီးကို ပါးတစ်ချက် ရိုက်လိုက်တယ်။ "မင်းလို မိန်းမယုတ် ထပ်ပြီး ပြောနေသေးတယ်နော်။ ပုံမှန်ဆိုရင် အပိုစကားတွေ မပြောဖို့ ငါ ပြောထားတာကို မင်းက နားမထောင်တဲ့အပြင် ငါ့ကိုတောင် ပြန်ပြီး ရန်လုပ်နေသေးတယ်။ အခုတော့ ဒီလောက်အထိ ကြီးမားတဲ့ ပြဿနာကို ရှာလိုက်ပြီ မင်း ထပ်ပြောဦးမလား ကြည့်သေးတာပေါ့"
229 05
ဒီဇနီးမောင်နှံက သိပ်ကို ရုပ်ဆိုးတဲ့ အခြေအနေကို ဖန်တီးနေကြတာမို့ ရွာသားတချို့က ရှေ့တိုးပြီး ဖျောင်းဖျကြရတယ်။ "ရွှီကျိန်းချွမ် မင်းဇနီးကို ဘာလို့ ရိုက်နေတာလဲ. ဒီလောက် နှစ်တွေအထိ သူမမှာ ကောင်းမှု မရှိရင်တောင် ကြိုးစားမှုတော့ ရှိခဲ့တာပဲလေ"
ဒါပေမဲ့လည်း ရွှီကျိန်းချွမ်ရဲ့ဇနီးကိုလည်း အပြစ်တင်လို့ မရသလို သေသွားတဲ့ အဘွားကျောက်ကိုလည်း အပြစ်တင်လို့ မရရင် ရွှီထင်းရှန်းကို အပြစ်တင်ရမှာလား။ သူ ပြန်လာလို့ သူရဲ့အဘွား ဆုံးသွားရတယ်ဆိုတာမျိုးလား။
အခြေအနေကို နားလည်တဲ့ လူတချို့ကတော့ အမြန်ရှေ့တိုးပြီး တားလိုက်ကြတယ်။
"အားလုံး တော်ကြစမ်း. ပြောချင်ရင် ကိုယ့်အိမ်ပြန်ပြီး ကိုယ့်မိန်းမနဲ့ပဲ သွားပြောကြ… ဒီမှာ လျှောက်ပြီး ဘာတွေ အဓိပ္ပာယ်မရှိတာတွေ ပြောနေကြတာလဲ"
လူအုပ်ကြီးထဲက တစ်ယောက်က အော်လိုက်တယ်။ "မျိုးနွယ်စုခေါင်းဆောင် လာပြီ"
နောက်တစ်ယောက်ကလည်း အော်လိုက်တယ်။ "ရွှီအရာရှိ လာပြီ ရွှီအရာရှိ လာပြီ"
"ရွှီကျောင်းအုပ်လည်း ပါလာတယ်" သူတို့ ထပ်အော်ကြတယ်။
လာသင့်တဲ့သူတွေ အကုန်ရောက်လာကြပြီမို့ မျိုးနွယ်စုခေါင်းဆောင်ကြီးတောင်မှ ရောက်လာခဲ့တယ်။
ခေါင်းဆောင်ကြီးက တုန်တုန်ရင်ရင်နဲ့ ရပ်လိုက်တာနဲ့ ဆဲရေးပြောဆိုတော့တယ်။ "ဒီအဘွားကျောက်ကတော့ ငါ့ညီအစ်ကိုကိုလည်း ဒုက္ခပေးခဲ့သလို တစ်မိသားစုလုံးကိုလည်း ဒုက္ခပေးခဲ့တာ. အခုလည်း ငါတို့ ရွှီမိသားစုရဲ့လက်ရုံးကို ထပ်ပြီး ဒုက္ခပေးပြန်ပြီ။ အစကတည်းက နင့်ကို ရေထဲနှစ်ပြီး သတ်လိုက်ရမှာ။ ဒါမှ နင် ငါ့ညီအစ်ကိုဆီကို အဖော်သွားလုပ်နိုင်မှာ"
မျိုးနွယ်စုခေါင်းဆောင်ကြီးက ဒီလောက် ပြင်းထန်တဲ့ စကားတွေကို ပြောလေ့မရှိတာမို့ အခုတော့ အတော်လေး ဒေါသထွက်နေတာ ထင်ရှားပါတယ်။
ရွှီကျိန်းချွမ်က မျက်ရိပ်ပြလိုက်တော့ ဘေးနားက ရွှီမိသားစုဝင်တွေက လူအုပ်ကြီးကို စပြီး လူစုခွဲပေးလိုက်ကြတယ်။ "အားလုံး ပြန်ကြပါတော့ ပြန်ကြပါတော့… ဒီမှာ ဘာလို့ ဝိုင်းအုံနေကြတာလဲ"
"သတင်း မထုတ်ပြန်သေးဘူး ။အိမ်ပြန်ပြီး အေးအေးဆေးဆေး စောင့်နေကြစမ်း။ အပျော်အပါးကိုတော့ မက်လိုက်ကြတာ"
"ထင်းရှန်း" မျိုးနွယ်စုခေါင်းဆောင်ကြီးက ရွှီထင်းရှန်းကို လှမ်းကြည့်လိုက်တော့ သူ့မျက်နှာမှာ ဖုံးလို့မရတဲ့ စိုးရိမ်မှုတွေနဲ့ ထိတ်လန့်မှုတွေ ပြည့်နေတာပဲ။
"ဘိုးဘိုးကြီး"
"ဘိုးဘိုးကြီးက မင်းကို အားနာလိုက်တာ……"
"ဘိုးဘိုးကြီး ဒါတွေက ဘာလို့ ပြောနေတာလဲ။ လူဆိုတာ မွေးတာ အိုတာ နာတာ နဲ့ သေတာ ဆိုတာ သဘာဝပဲလေ။ သူမက ကျွန်တော့်ရဲ့ အဘွားအရင်း ဖြစ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူမက ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား ဒါမှမဟုတ် တခြား အကြောင်းကြောင့်လား ဆိုတာကိုတော့ ကျွန်တော် အရင်ဆုံး ကြည့်ရပါဦးမယ်" ရွှီထင်းရှန်းက ပြောလိုက်တယ်။
"မင်းရဲ့ ဆိုလိုရင်းက ဘာလဲ"
"ကျွန်တော်က……"
အဲဒီအချိန်မှာတင် လူစုခွဲနေတဲ့ လူအုပ်ကြီးက ဒီဘက်ကို ပြန်လှည့်လာကြပြီး အစိုးရက လူတွေ ရောက်လာပြီလို့ အော်နေကြပြန်တယ်။
229 06
အမှန်တော့ အဲဒါက ဒေသခံ အစိုးရက လူတွေ မဟုတ်ဘဲ မြို့တော်က ဧကရာဇ်စေလွှတ်တဲ့ သံတမန် ရောက်လာတာမို့ ရှားခရိုင် မြို့ပိုင် ဝမ်မင်သဲ့ကလည်း သေချာပေါက် ကိုယ်တိုင် လိုက်ပြီး ကြိုလာရတာပါ။
အဲဒီလူတွေက သိပ်မြန်မြန် ရောက်လာကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှေ့ကို ရောက်လာခဲ့ကြတယ်။
ဝမ်မင်သဲ့က ပြုံးရွှင်နေသလို သံတမန်ကလည်း အဲဒီလိုပဲ ဖြစ်ပေမဲ့ လက်ရှိ အခြေအနေကို မြင်လိုက်ရတဲ့ အခါမှာတော့ အားလုံး တောင့်တင်းသွားကြရတယ်။
"ဒါက ဘာဖြစ်တာလဲ"
သံတမန်က စာပေအရာရှိ တစ်ယောက်ဖြစ်ပြီး အထူးသတ်မှတ်ထားတဲ့ သံတမန် ဝတ်စုံကို ဝတ်ထားတယ်။
အမိန့်တော် ဖတ်တဲ့ မိန်းမစိုးနဲ့ အရာရှိကြီးတို့က မတူကြပါဘူး။ မိန်းမစိုးက ဧကရာဇ်ကို ကိုယ်စားပြုပြီး အမိန့်တော်ရဲ့အစမှာ 'စစ်ယွဲ့' လို့ စလေ့ ရှိတာကြောင့် ဒီလို အမိန့်တော်မျိုးက အတွင်းဝန်ရုံးကို ဖြတ်စရာ မလိုဘဲ ဧကရာဇ်ရဲ့ ကိုယ်ပိုင်ဆန္ဒကိုပဲ ပြတာ ဖြစ်တယ်။ အရာရှိကြီးကတော့ အတွင်းဝန်ရုံးကနေတစ်ဆင့် ထုတ်တာဖြစ်ပြီး 'ချီယွဲ့' လို့ အစပြုကာ အစိုးရအဖွဲ့ထဲမှာ သတင်းစာတွေကနေတစ်ဆင့် အရာရှိအားလုံး သိအောင် ထုတ်တာမို့ အဲဒါက အစိုးရအဖွဲ့ တစ်ခုလုံးရဲ့ သဘောထားကို ကိုယ်စားပြုတာပါ။
နောက်တစ်မျိုးကတော့ 'ကျောက်ယွဲ့' ဖြစ်ပြီး အဲဒါက တစ်ပြည်လုံးကို ထုတ်ပြန် ကြေညာတာမို့ အရာရှိတွေတင်မက ပြည်သူတွေပါ သိအောင် လုပ်တာ ဖြစ်တယ်။
အခုတော့ အရာရှိကြီး တစ်ယောက် ကိုယ်တိုင် ရှေ့ထွက်လာတာက ရာထူးအဆင့်အတန်းနဲ့ ဆိုင်နေတာ ထင်ရှားပေမဲ့ အခုအချိန်မှာ ရွှီထင်းရှန်းက အဲဒီရာထူးကိစ္စတွေကို စိတ်မဝင်စားနိုင်တော့ဘူး။ ဖြစ်နိုင်တာက အရင်က သူက ဧကရာဇ်ကျားချန်နဲ့ အဝေးကနေ အခြေအနေကို စောင့်ကြည့်ပြီး ကိုယ့်သိက္ခာကို မြှင့်ဖို့နဲ့ ဧကရာဇ်ရဲ့စိတ်ကို စမ်းဖို့ ကြိုးစားခဲ့ပေမဲ့ အခုတော့ ဘာစကားမှ ပြောနေတာက အသုံးမဝင်တော့ပါဘူး။
အဘွား သေသွားပြီမို့ သူက မြေးဖြစ်သူ အနေနဲ့ 'ချီရွှေ' လို့ ခေါ်တဲ့ ဝတ်စုံကို ဝတ်ပြီး တစ်နှစ်တိတိ ဝမ်းနည်းခြင်း အထိမ်းအမှတ် လုပ်ရတော့မှာ ဖြစ်တယ်။
ဝမ်းနည်းခြင်း အထိမ်းအမှတ် ကာလမှာ လိုက်နာရမယ့် စည်းကမ်းတွေ အများကြီး ရှိပါတယ်။
သာမန် ပြည်သူတွေအတွက်တော့ ကြီးမားတဲ့ စည်းကမ်းတွေကို မဖောက်ဖျက်သရွေ့ ဘယ်သူမှ လာစစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရာရှိတွေအတွက်တော့ စည်းကမ်းက ပိုတင်းကျပ်ပါတယ်။ တခြား ကိစ္စတွေကို ထားပါဦး။ ဝမ်းနည်းခြင်း အထိမ်းအမှတ် လုပ်ရမယ့် အရာရှိက 'တင်ယိုး'လို့ ခေါ်တဲ့ စည်းကမ်းအရ မိမိရဲ့နေရပ်ကို ပြန်ပြီး ဝမ်းနည်းခြင်းကို ခံယူရမှာပါ။
အခုအချိန်က ရွှီထင်းရှန်း အတွက် သိပ်အရေးကြီးတဲ့ အချိန် ဖြစ်နေပါတယ်> သူက ရာထူးက နှုတ်ထွက်ပြီး မြို့တော်ကို ပြန်ဖို့ ပြင်နေချိန် အရေးကြီးတဲ့ ကိစ္စတွေ မပြီးသေးတဲ့ အခြေအနေမှာ တစ်နှစ်တိတိ အလုပ်တွေ နားနေရမယ်ဆိုရင် တစ်နှစ်ကြာပြီးနောက် ပြန်လာတဲ့အခါ နိုင်ငံရေး အခြေအနေက ဘယ်လို ရှိမလဲဆိုတာ ဘယ်သူ သိနိုင်ပါ့မလဲ။
ပိုပြီးရှင်းရှင်းပြောရရင် တစ်နှစ်တိတိ ဝမ်းနည်းခြင်း ခံယူပြီးနောက် ပြန်ပြီးအလုပ်ဝင်ဖို့အတွက်လည်း နောက်ထပ် နှစ်ဝက်လောက် အချိန်ထပ်လိုဦးမှာမို့ အဲဒီအချိန်မှာ ရွှီထင်းရှန်း ဆိုတာ ဘယ်သူလဲဆိုတာကို ဘယ်သူက မှတ်မိနေပါဦးမလဲ။ ရွှီထင်းရှန်းကိုယ်တိုင်အတွက်တော့ ကိစ္စမရှိပေမဲ့ ကမ်းရိုးတန်း ဒေသတစ်ခုလုံးက သူ မြို့တော်ပြန်လာပြီး အကာအကွယ် ပေးဖို့ လိုနေတာ> အကယ်၍ သူ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့တဲ့ ဒီအခြေအနေကြီးသာ ပျက်သွားမယ်ဆိုရင် အဲဒါက 'မိုင်ပေါင်း ထောင်ချီတဲ့ တာတမံကြီးက ပုရွက်ဆိတ်တွင်းလေး တစ်ခုကြောင့် ပြိုသွားရတာ' လိုမျိုး ဖြစ်သွားမှာ ဖြစ်ပြီး သူ့ရဲ့ဆယ်နှစ်တာ ကြိုးစားခဲ့တာတွေကလည်း အလဟဿ ဖြစ်သွားပါလိမ့်မယ်။
ဘေးဒုက္ခကြီးက ဒီလို အချိန်မျိုးမှာ ရောက်လာပါပြီ။ ဒီနည်းလမ်းနဲ့ ရောက်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။
******
230 01
အခန်း ၂၃၀
ဒီလို အခြေအနေမျိုးမှာ အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားတာက တကယ်တော့ မဖြစ်နိုင်တဲ့ အိမ်မက်တစ်ခုပဲ ဖြစ်မှာပါ။
ရွှီထင်းရှန်းကလည်း အမျှော်အမြင် ရှိတဲ့သူတစ်ယောက် ဖြစ်တဲ့အတိုင်း သူက တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ကို လှမ်းတက်လိုက်ပြီး မျက်နှာမှာ နည်းနည်း စိတ်မကောင်းတဲ့ အရိပ်အယောင်လေးတွေနဲ့ ပြောလိုက်တယ်။ "အတော်လေးကို တိုက်ဆိုင်သွားပါတယ်။ ကျွန်တော်မျိုးရဲ့ အဘွားက အခုတင်ပဲ ဆုံးသွားခဲ့ပါပြီ"
မြို့ပိုင်ဝမ်နဲ့ သံတမန်တို့ကတော့ အံ့အားသင့်သွားတဲ့ အမူအရာတွေ ပေါ်လာကြတယ်။
"တကယ့်ကို မတိုက်ဆိုင်လိုက်တာ" သံတမန်က သူ့မုတ်ဆိတ်ကို သပ်ရင်း နှမြောတသတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။ "ရွှီအရာရှိ မသိတာ ရှိနိုင်ပါတယ် နန်းတွင်းကနေ ခင်ဗျားအတွက် ခန့်အပ်လွှာ တစ်စောင် ခုတင်ပဲ ကျလာတာပါ။ ဧကရာဇ်မင်းမြတ်က ခင်ဗျားကို အိမ်ရှေ့စံရဲ့ဆရာ (ထိုက်ဇစ်ရှောက်ဖူ) အဖြစ် ခန့်လိုက်တာပါ။ သိထားရမှာက ဒီရာထူးက ကြီးမားတဲ့ ကောင်းမှုကုသိုလ် ရှိတဲ့သူ ဒါမှမဟုတ် ဧကရာဇ်ရဲ့ အထူး ချီးမွမ်းတာ ခံရတဲ့သူမှသာ ရနိုင်တာပါ။ နန်းတွင်းအဖွဲ့ထဲမှာ လူအများကြီး အားကျနေရတဲ့ အရာပါပဲ။ ဒါပေမဲ့ ဘယ်သူက ထင်ထားမှာလဲ အခုလို ကိစ္စမျိုး ပေါ်လာလိမ့်မယ်လို့"
ပတ်ဝန်းကျင်မှာ အံ့ဩသံတွေ အဆက်မပြတ် ထွက်ပေါ်လာတော့တယ်။
တခြားသူတွေကို ထားလိုက်ပါဦး။ လူအများကြီးက ဒီရာထူးက ဘယ်လောက်အထိ မြင့်လဲဆိုတာ နားမလည်ကြပေမဲ့ ရွှီကျွင်းခိုင်ကတော့ သိသလို မျိုးနွယ်စုခေါင်းဆောင်ကြီး သားအဖကလည်း ကောင်းကောင်း နားလည်ထားကြတယ်။
မျိုးနွယ်စုခေါင်းဆောင်ကြီးရဲ့ ကိုယ်ဟန်က တစ်ချက်တုန်သွားတာကြောင့် ရွှီကျိန်းချွမ်က ဖခင်ဖြစ်သူကို အမြန်ပဲ မြဲမြဲတွဲထိန်းလိုက်ရတယ်။
သူက ဖခင်ကို တိုးတိုးလေး ဖျောင်းဖျဖို့ ပြင်နေတုန်းမှာပဲ မျိုးနွယ်စုခေါင်းဆောင်ကြီးက သူ့ကို တွန်းဖယ်လိုက်ပြီး ရှေ့ကို တိုးကာ ပြောလိုက်တယ်။ "ထုံးစံအရဆိုရင်တော့ လူကြီးမင်းတို့ စကားပြောနေတာကို ကျွန်တော်မျိုးလို အဘိုးအိုက ကြားဖြတ် မပြောသင့်ပါဘူး။ ဒါပေမဲ့ ထင်းရှန်းဆိုတဲ့ ကလေးက အလွန် သစ္စာရှိပြီး မွန်မြတ်တဲ့သူ ဖြစ်နေတော့ သူရဲ့ ဘိုးဘိုးကြီး တစ်ယောက်အနေနဲ့ ကျွန်တော်မျိုး တစ်ခွန်းတော့ ပြောရပါလိမ့်မယ်။ အခု ဆုံးသွားတဲ့သူက ထင်းရှန်းရဲ့အဘွား မဟုတ်ပါဘူး"
မျိုးနွယ်စုခေါင်းဆောင်ကြီးက ဒီလို ပြောလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။ သွေးသား ဆက်နွှယ်မှု ဆိုတာက ဖျောက်ပစ်လို့ ရတဲ့ အရာမှ မဟုတ်တာ။ အဘွားကျောက်က ဘယ်လောက်ပဲ ဆိုးခဲ့ပါစေ အမှားတွေအများကြီး လုပ်ခဲ့ပါစေ. သေတဲ့သူကို အလေးထားရမှာ ဖြစ်လို့ အကြောင်းမဲ့ သက်သက်တော့ မပြောသင့်ဘူးလေ။
အထူးသဖြင့် ဒီကိစ္စက ဖုံးကွယ်လို့ရတဲ့ အရာမဟုတ်ဘဲ နည်းနည်း စုံစမ်းကြည့်ရုံနဲ့ အဟုတ် မဟုတ် သိနိုင်တာမို့ မျိုးနွယ်စုခေါင်းဆောင်ကြီးက အသက်ကြီးလို့ စိတ်ဖောက်ပြန်နေပြီလားလို့တောင် လူအချို့က တွေးမိကြတယ်။
ရွှီထင်းရှန်းကတော့ မျိုးနွယ်စုခေါင်းဆောင်ကြီးရဲ့ စေတနာကို နားလည်ပါတယ် သူ ပထမဆုံးအကြိမ် ထူးထူးချွန်ချွန် အောင်မြင်ကတည်းက ခေါင်းဆောင်ကြီးက သူ့အပေါ်မှာ အထူးပဲ ကြင်နာခဲ့တာပါ။ အဲဒီကြင်နာမှုတွေထဲမှာ အကျိုးစီးပွားတွေ ပါနေရင်တောင်မှ လွန်ခဲ့တဲ့ နှစ်တွေအတွင်း အဘက်ဘက်က ကြည့်ရင် ခေါင်းဆောင်ကြီးက လူဝတ်ကုန်တန်အောင် လုပ်ပေးခဲ့တာကို ရွှီထင်းရှန်း မြင်ထားပြီးသားပါ။
230 02
သူ့အမြင်အရတော့ အရာရှိ လုပ်ရသည်ဖြစ်စေ မလုပ်ရသည်ဖြစ်စေ ကိစ္စမရှိပါဘူး။ သူက အောက်ခြေကနေ တစ်ဆင့်ချင်း တက်လာနိုင်ခဲ့တဲ့သူမို့ တစ်နှစ်ကြာပြီးရင် ပြန်ရပ်တည်နိုင်မှာ သေချာပါတယ်။ သူက မျိုးနွယ်စုခေါင်းဆောင်ကြီးကို မိမိကို ကာကွယ်ပေးဖို့အတွက် အကြောင်းမဲ့ ဆိုးသွမ်းရက်စက်သူဆိုတဲ့ နာမည်ဆိုးကို မရစေချင်ဘူး။
တစ်သက်လုံး ခင်ဗျားသန်လာပြီး အိုလာတဲ့အချိန်မှာတော့ ဂုဏ်သိက္ခာက အရေးကြီးဆုံး မဟုတ်ပါလား။
ယခုတစ်ခေါက် နေရပ်ကို ပြန်ရောက်ကတည်းက သူက ဘဝရဲ့ မမြဲပုံကို အထူးပဲ ခံစားနေရတယ်။ ဘယ်သူက ဘယ်အချိန်မှာ သေမလဲဆိုတာ ဘယ်သူမှ မသိနိုင်တာကြောင့် ဖြူစင်မှုကိုပဲ ထိန်းထားချင်တာပါ။
သူက ရှေ့ကို ထွက်ပြီး ရှင်းပြဖို့ ပြင်နေတုန်းမှာပဲ မျိုးနွယ်စုခေါင်းဆောင်ကြီးက ဆက်ပြောလိုက်တယ်။ "ဒီအဘွားကျောက်ကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ကျွန်တော်မျိုးရဲ့ ညီအစ်ကို (ထင်းရှန်းရဲ့ အဘိုး) က ကွာရှင်းခဲ့ပြီးသားပါ အဲဒီအတွက် ကွာရှင်းစာလည်း အထောက်အထား ရှိပါတယ်"
"ဒီအဘွားကျောက်က အလုပ်အကျွေး ပျက်ကွက်သလို သားသမီး မြေးမြစ်တွေအပေါ်မှာလည်း သိပ်ကို ရက်စက်တတ်တာကို ရွာထဲက လူတိုင်း သိကြပါတယ်။ ဒီကိစ္စတွေကြောင့် ကျွန်တော်မျိုးရဲ့ ညီအစ်ကိုက သူမနဲ့ ခဏခဏ ရန်ဖြစ်ခဲ့ရဖူးပါတယ်။ ကျွန်တော်တို့ ရွှီမျိုးနွယ်စုက ဖြူစင်တဲ့ မျိုးနွယ် ဖြစ်လို့ ဒီလို ဆိုးတဲ့ အမျိုးသမီးမျိုးကို လက်မခံနိုင်ပါဘူး။ ကျွန်တော်မျိုးက အဲဒီတုန်းက မျိုးနွယ်စုခေါင်းဆောင်အနေနဲ့ သူမကို ခဏခဏ ကြိမ်းမောင်းခဲ့သလို ကျွန်တော်မျိုးရဲ့ညီအစ်ကိုကိုလည်း သူမကို ကွာရှင်းပစ်ဖို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ ညီအစ်ကိုက ဇနီးမောင်နှံ သံယောဇဉ်ကို ငဲ့ပြီးတော့ စိတ်မရက်နိုင်ခဲ့ပါဘူး……"
"အဲဒီတစ်ခါ အဘွားကျောက်က အလွန်အကျွံ ဆိုးနေတာနဲ့ ကျွန်တော်မျိုးက ညီအစ်ကိုဖြစ်သူကို အတင်းအကျပ် ကွာရှင်းခိုင်းခဲ့ပါတယ်။ သူက ကျွန်တော်မျိုးကို တောင်းပန်ခဲ့သလို အဘွားကျောက် ကိုယ်စား နောက်နောင် ဒီလို မလုပ်တော့ပါဘူးလို့ အာမခံခဲ့ပါတယ်။ အဲဒီအတွက် သူကိုယ်တိုင် လူငှားပြီး ကွာရှင်းစာကို ရေးခိုင်းကာ ကျွန်တော်မျိုးဆီမှာ အပ်ထားခဲ့တာပါ။ အကယ်၍ အဘွားကျောက်က နောက်တစ်ခါ ထပ်ပြီး ပြစ်မှုကျူးလွန်ရင်တော့ ဒီစာကို သုံးပြီး ကွာရှင်းပစ်ဖို့နဲ့ သူ့ကို ထပ်ပြောနေစရာ မလိုတော့ဘူးလို့ မှာထားခဲ့တာပါ……"
"ကျွန်တော်မျိုးရဲ့ ညီအစ်ကိုက အဘွားကျောက်ကြောင့်ပဲ စိတ်ဆင်းရဲပြီး ဆုံးသွားခဲ့ရတာပါ။ အဲဒီတုန်းက အသုဘ ကိစ္စတွေ ရှိနေသလို ဒါက အပြင်လူ မသိသင့်တဲ့ ရှက်စရာ ကိစ္စဖြစ်နေတာကြောင့် ရွှီမျိုးနွယ်စုအနေနဲ့ အပြင်ကို သတင်းမထုတ်ခဲ့ပါဘူး။ မျိုးနွယ်စုလူကြီးအချို့ရဲ့ ရှေ့မှောက်မှာပဲ သက်သေပြုပြီးတော့ အဘွားကျောက်ရဲ့အမည်ကို မျိုးရိုးစာရင်းထဲကနေ ပယ်ဖျက်လိုက်တာပါ။ သူမကို အိမ်ကနေ နှင်ထုတ်ဖို့ ကြံပေမဲ့လည်း သူမရဲ့ မိဘအိမ်ကလည်း သွားစရာ မရှိတော့တာနဲ့ ဘိုးဘေးခန်းမမှာပဲ အမြဲနေခိုင်းခဲ့တာပါ။ ဒါက ကွယ်လွန်သူ ခင်ပွန်းရဲ့ ဝိညာဉ်ရှေ့မှာ ပြုစုရင်း မိမိရဲ့ အပြစ်တွေကို ဆေးကြောဖို့အတွက်ပါ"
"အခု ထင်းရှန်း နေရပ်ကို ပြန်ပြီး ဘိုးဘွားတွေကို ကန်တော့တဲ့ အချိန်မှာ အမျိုးသမီးတွေရဲ့ အတင်းအဖျင်း စကားတွေကြောင့် ဒီအဘွားကျောက်က စိတ်မရှည်ဘဲ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေသွားခဲ့ပါတယ်။ သူမရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကိုတော့ လူတိုင်း သိကြမှာပါ။ အစိုးရက ဘယ်လိုပဲ ဆုံးဖြတ်ပါစေ။ ကျွန်တော်တို့ ရွှီမျိုးနွယ်စုဝင်တွေထဲမှာ ဒီလောက်အထိ ဆိုးပြီး အမှားကို မပြင်တဲ့ လူကြီးမိဘ မရှိတာကြောင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် လုပ်ရမယ်ဆိုတဲ့ အချက်ကတော့ လုံးဝမရှိပါဘူး"
နေရောင်အောက်မှာ အကြာကြီး ရပ်ပြီး စကားပြောဖို့ မဖြစ်နိုင်တာကြောင့် သူတို့ လူတစ်စုက မျိုးနွယ်စုခေါင်းဆောင်ရဲ့ အိမ်ကို ရွှေ့ခဲ့ကြတယ်။
မြို့ပိုင်ဝမ် နဲ့ သံတမန် ဒါ့အပြင် ရွှီထင်းရှန်း နဲ့ အရေးကြီးတဲ့ လူတွေ အားလုံး ခန်းမထဲမှာ ထိုင်နေကြပြီး ရွာသားတွေနဲ့ ရွှီမျိုးနွယ်စုဝင်အချို့ကတော့ တံခါးအပြင်မှာ ရပ်နေကြတယ်။
မျိုးနွယ်စုခေါင်းဆောင်ကြီးရဲ့ ပြောပြချက်တွေကို လူတိုင်းက နားထောင်နေကြပြီး ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေပါတယ်။
230 03
ခုနက မြင်ကွင်းကို ကြည့်တာနဲ့တင် ယွီချင်းရွာက ရွာသားတွေကလည်း အခြေအနေရဲ့ လေးနက်မှုကို သိသွားကြပါပြီ။
အဘွားကျောက် သေတာ မသေတာက အရေးမကြီးပေမဲ့ အရေးကြီးတာက ရွှီအရာရှိ အနေနဲ့ ဒီကိစ္စကြောင့် ရာထူးက နှုတ်ထွက်ရမလား ဆိုတဲ့ အချက်ပါပဲ။
ရွာထဲမှာ အဆင့်မြင့် အရာရှိကြီး တစ်ယောက် ပေါ်လာတာကြောင့် ယွီချင်းရွာက အခုဆို ပတ်ဝန်းကျင် မိုင်တစ်ရာအတွင်းမှာ အကြီးဆုံး ရွာကြီး ဖြစ်လာခဲ့တာမို့ အပြင်ထွက်ရင် ဘယ်သူမဆို အထင်ကြီးခံရသလို အဲဒါကြောင့် ရတဲ့အကျိုးကျေးဇူးတွေကလည်း များလှပါတယ်။
အရာရှိဆိုတာ အစိုးရအဖွဲ့ထဲမှာ ရှိနေမှသာ အရာရှိ ဖြစ်တာပါ. အကယ်၍ ရာထူးက နှုတ်ထွက်လိုက်ရင် အရာရှိ မဟုတ်တော့တာကြောင့် ရွာသားတွေ အားလုံးက ရွှီထင်းရှန်းကို နေရပ်ပြန်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် လုပ်နေရမှာကို လုံးဝ မလိုလားကြဘူး။
နှမြောစရာကောင်းတာက သူတို့မှာ စကားပြောခွင့် မရှိတာကြောင့် နားထောင်နေရုံပဲ ရှိတော့တယ်။
"အဘိုးအို ကျွန်တော်က လူကြီးတွေကို ရိုသေလေးစားတတ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက အဘိုးအိုရဲ့အထောက်အထား မရှိတဲ့ စကားတွေအပေါ်မှာပဲ မူတည်နေလို့ မရပါဘူး။ ကျွန်တော်လည်း ရွှီအရာရှိအတွက် နှမြောမိပေမဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆိုတာ တစ်နှစ်တည်းပါ။ ဒီလောက်အထိ လုပ်နေစရာ မလိုပါဘူး" သံတမန်က မျက်နှာမှာ အပြုံးရှိနေပေမဲ့ သူ့လေသံကတော့ မကျေနပ်တာတွေ သိသိသာသာ ပါနေပါတယ်။
"ကျွန်တော်မျိုးမှာ အထောက်အထား မရှိဘဲ ပြောနေတာ မဟုတ်ပါဘူး။ လူကြီးမင်း ခဏ စောင့်ပါဦး။ ကျွန်တော်မျိုး အဲဒီ ပစ္စည်းကို သွားယူပါ့မယ်" ပြောပြီးတာနဲ့ မျိုးနွယ်စုခေါင်းဆောင်ကြီးက တုန်တုန်ရင်ရင်နဲ့ အတွင်းခန်းထဲ ဝင်သွားတယ်။
မကြာခင်မှာပဲ သူ ပြန်ထွက်လာတော့ သူ့လက်ထဲမှာ ဝါကျင်နေတဲ့ စက္ကူတစ်ရွက် ပါလာပါတယ်။
အဲဒီစက္ကူက ကောင်းတဲ့ အမျိုးအစား မဟုတ်သလို နှစ်တွေအများကြီး ကြာနေပြီမို့ အတော်လေး တွန့်လိပ်ပြီး ကြွပ်ဆတ်နေပါပြီ။ လက်နဲ့ ကိုင်လိုက်တာနဲ့ အချိန်ကာလရဲ့ တိုက်စားမှုကို ခံစားလိုက်ရသလိုပါပဲ။
"ဒါက အဲဒီတုန်းက ရေးထားခဲ့တဲ့ ကွာရှင်းစာ ပါပဲ"။
ပြောပြီးတော့ မျိုးနွယ်စုခေါင်းဆောင်ကြီးက ရွှီကျိန်းချွမ်ရဲ့ဇနီးကို ခေါ်လာခိုင်းတယ်။ "ဒါက ပြဿနာရှာတဲ့ စကားတွေကို ပြောခဲ့တဲ့ အမျိုးသမီးပါပဲ။ မင်း ဖြစ်ခဲ့တဲ့ အကြောင်းတွေကို လူကြီးမင်းကို ပြောပြလိုက်စမ်း"
ရွှီကျိန်းချွမ်ရဲ့ဇနီးက တစ်ကိုယ်လုံး တုန်နေအောင် ထိတ်လန့်နေပေမဲ့ အဲဒီတုန်းက အခြေအနေတွေကို အသေးစိတ် ပြောပြခဲ့ရတယ်။ သူမရဲ့စကားတွေအရလည်း ရွှီမျိုးနွယ်စုက အဘွားကျောက်အပေါ်မှာ မတရား မလုပ်ခဲ့တာ သိနိုင်ပါတယ်။
ကျေးလက်က ဘယ်အဘွားအိုက အဘွားကျောက်လိုမျိုး အခွင့်အရေးတွေ ရပါ့မလဲ။ ပြုစုပေးမယ့်သူ ရှိသလို ဘာမှလုပ်စရာ မလိုဘဲ ထမင်းဟင်းတွေမှာလည်း အသားငါးတွေ ပြည့်စုံနေတာလေ။ သူမကို ပြုစုဖို့ လူငှားခနဲ့ အစားအသောက် စရိတ်တွေအတွက်တောင် လစဉ် ငွေအတော်အတန် အကုန်အကျ ခံခဲ့တာပါ။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်မျိုးလည်း တစ်ခွန်းလောက် ပြောချင်ပါတယ်။ အရင်က ကျွန်တော်မျိုး ရွှီအရာရှိကို ဒီကိစ္စ ပြောပြခဲ့ဖူးပါတယ်။ သူ သိသွားတဲ့ အခါမှာလည်း သိပ်ကို စိတ်မကောင်း ဖြစ်ခဲ့ရသလို မျိုးနွယ်စုကို ပြောပြီးတော့ အဘွားကျောက်ကို အိမ်ပြန်ခေါ်ပြီး သူမရဲ့နောက်ဆုံးအချိန်ကို အေးအေးချမ်းချမ်း ကုန်လွန်စေဖို့ စီစဉ်မယ်လို့တောင် ပြောခဲ့တာပါ" ပြောတဲ့သူက ရွှီကျွင်းခိုင်ပါ။ သူက ကျူးရန်ဘွဲ့ ရထားတဲ့သူမို့ အရာရှိတွေရှေ့မှာ စကားပြောခွင့် ရှိတယ်။
230 04
"ဒီ ယွီချင်းရွာမှာ ရွာသား ထောင်ပေါင်းများစွာ ရှိနေသလို အဲဒီတုန်းက ကိစ္စကို သိတဲ့လူတွေလည်း အများကြီး အသက်ရှိနေကြပါသေးတယ်။ အကယ်၍ လူကြီးမင်းအနေနဲ့ ဒါက အကြောင်းပြချက် တစ်ခုလို့ ထင်ရင်တော့ စိတ်ကြိုက် လိုက်မေးနိုင်ပါတယ်။ ကျွန်တော်တို့ဘက်က ဒါတွေကို သက်သေပြနေရတာက တခြားကြောင့် မဟုတ်ဘဲ ရွှီမျိုးနွယ်စုရဲ့ဖြူစင်မှုကို ပြဖို့အတွက်သာဖြစ်ပြီး လူကြီးမင်း ပြောသလိုမျိုး 'ဒီလောက်အထိ လုပ်နေစရာ မလိုပါဘူး' ဆိုတဲ့ စကားနဲ့တော့ မထိုက်တန်ပါဘူး"
ပြောရရင် မျိုးနွယ်စုခေါင်းဆောင်ကြီးက အသက်ကြီးပေမဲ့ သိပ်ကို ပါးနပ်ပါတယ်။ သူ့ရဲ့ အခုလို လုပ်ရပ်တွေက ဖြစ်စဉ်ကို ရှင်းပြတာ ဖြစ်သလို တစ်ဖက်ကလည်း တာဝန်ကို သံတမန်အပေါ်ကို ပစ်ချလိုက်တာပါ။
ဘယ်ကိစ္စမဆို တမင်တကာ လုပ်လွန်းရင် အစစ်မဟုတ်သလို ထင်ရပေမဲ့ အခုတော့ ဒီလို တမင်လုပ်နေရတာက သံတမန်ရဲ့ သံသယရှိတဲ့ စကားတစ်ခွန်းကြောင့်ပဲ ဖြစ်ပါတယ်။
အမှန်တကယ်ပဲ ဒီလောက်အထိ လုပ်စရာ မလိုပေမဲ့ မင်းက ငါတို့ကို သံသယ ရှိနေလို့ ငါတို့ရဲ့ ဖြူစင်မှုကို သက်သေပြဖို့ အရာအားလုံးကို လူအများရှေ့မှာ ထုတ်ပြရတာပါ။ အဲဒါက လုပ်သင့် မသင့်ကိုတော့ လောကသားတွေကပဲ ဆုံးဖြတ်ကြပါလိမ့်မယ်။
သံတမန်ကတော့ စကားပြန်မပြောနိုင်ဘဲ ရှိနေတော့တယ်။ ကျေးလက်က အဘိုးအို တစ်ယောက်ရှေ့မှာ မိမိရဲ့ သိက္ခာတွေ ကျသွားရတာပါပဲ။
ရွှီထင်းရှန်းက သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်တယ်။ "တော်ပါပြီ ကျွန်တော်မျိုး အခုပဲ နေရပ်ပြန်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် လုပ်ဖို့အတွက် အစီရင်ခံစာ တင်ပါ့မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သွေးသား ဆက်နွှယ်မှု ရှိနေတာပဲလေ"
ရွှီထင်းရှန်း ထွက်သွားပြီမို့ ဒီပြဇာတ်ကလည်း ဆက်ကဖို့ မဖြစ်နိုင်တော့ပါဘူး။
သံတမန်က နန်းတွင်းရဲ့ သတင်းကို စောင့်မယ်လို့ အကြောင်းပြပြီး အမြန်ပဲ ထွက်သွားတော့တယ်။
မြို့ပိုင်ဝမ်ကတော့ ချက်ချင်း မထွက်သေးပါဘူး။ သူက ဒီသံတမန်က ရွှီထင်းရှန်းကို တမင်အကျပ်ရိုက်အောင် လုပ်နေတာဖြစ်ကြောင်း ရိပ်မိသလို သူ့အဘွား သေတာကလည်း ထူးဆန်းနေတယ်လို့ ခံစားရတာကြောင့် ဒီခရီးမှာ လိုက်လာမိတာကို နောင်တရနေပါတယ်။
ဒါပေမဲ့ သံတမန်ကိုယ်တိုင်က လာခေါ်တာမို့ သူက မလိုက်ဘဲ နေနိုင်ပါ့မလား။ ကိုယ့်ဘာသာ ကံမကောင်းတာကိုပဲ အပြစ်တင်ရုံ ရှိတော့တာပေါ့။
……
ရွှီထင်းရှန်းက အစီရင်ခံစာကို ရေးပြီးတော့ လူလွှတ်ပြီး စာပို့စခန်း ကနေတစ်ဆင့် မြို့တော်ကို အမြန်ဆုံး အရှိန်နဲ့ ပို့ခိုင်းလိုက်တယ်။
အဲဒီနောက်မှာ သူက မျိုးနွယ်စုခေါင်းဆောင်ကြီးရဲ့အိမ်ကို ရောက်လာပေမဲ့ ဘာစကား ပြောရမလဲ မသိဘဲ ဖြစ်နေမိတယ်။
ခေါင်းဆောင်ကြီးက ခုတင်ပေါ်မှာ လဲနေပါတယ်။ ဒီတစ်ခေါက် ကိစ္စတွေကြောင့် သူ အင်အားတွေ အကုန်ကုန်သွားလို့ သိပ်ကို ပင်ပန်းနေရှာတယ်။ သူက အတိတ်ကို ပြန်အောက်မေ့ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။ "မင်းကလည်း ဘာမှပြောမပြချင်ဘူးနော်။ အမှန်တော့ မင်း ဒီတစ်ခေါက် နေရပ်ကို ပြန်လာပြီး အကြာကြီး နေကတည်းက ဘိုးဘိုးကြီးက ကိစ္စတစ်ခုခု ဖြစ်နေပြီဆိုတာ သိထားပြီးသားပါ။ ဒါပေမဲ့ မင်းရဲ့အရေးကြီးကိစ္စတွေကိုတော့ ဘိုးဘိုးကြီးလည်း မသိပါဘူး။ ဘိုးဘိုးကြီးအနေနဲ့တော့ ဒီလောက်အထိပဲ ကူညီနိုင်တာပါ။ ကျန်တာကိုတော့ မင်းဘာသာပဲ ဆက်စဉ်းစားပါတော့"
"ဘိုးဘိုးကြီး"
"မင်းက ငါတို့ ရွှီမျိုးနွယ်စုရဲ့ကျောရိုးပဲ။ မင်း ဘာပဲလုပ်လုပ် တစ်ခုတော့ မှတ်ထားပါ။ ငါတို့ ရွှီမျိုးနွယ်စုတစ်ခုလုံးက မင်းရဲ့ နောက်ကွယ်မှာ အမြဲ ရှိနေမယ်ဆိုတာ။ ဒီကိစ္စကိုတော့ သူတို့ စုံစမ်းမှာကို မကြောက်ပါနဲ့……"
"အဲဒီ ကွာရှင်းစာက အစစ်လား ဒါမှမဟုတ် အတုလား" အိမ်ပြန်ရောက်တဲ့အခါ ကျောက်အာက သိချင်စိတ်နဲ့ မေးလိုက်တယ်။
230 05
"အစစ် ဖြစ်ဖြစ် အတု ဖြစ်ဖြစ် အထောက်အထား ရှိနေပြီဆိုမှတော့ မင်းအနေနဲ့ အစစ်လို့ပဲ မှတ်ယူလိုက်ပါ"
ဒီစကားကို ကြားရတဲ့အခါမှပဲ ကျောက်အာက ကိစ္စက မရိုးရှင်းကြောင်း သိလိုက်ရတော့တယ်။
သူမ မသိတာက ကွာရှင်းစာက အမှန်တကယ်ပဲ အစစ်အမှန် ဖြစ်ပေမဲ့ အဲဒါက လွန်ခဲ့တဲ့ နှစ်တွေအများကြီးက မျိုးနွယ်စုခေါင်းဆောင်ကြီး ကိုယ်တိုင် ရေးထားခဲ့တာပါ။
မူလက အဘွားကျောက်ရဲ့ မိသားစုဝင်တွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တစ်ဖက်လူတွေက သိပ်ကို သရဲဘောကြောင်တာကြောင့် အသုံးမပြုခဲ့ရဘဲ ရှိနေခဲ့တာပါ။ ခေါင်းဆောင်ကြီးက အဘွားကျောက်က အမြဲတမ်း ဘေးဒုက္ခတစ်ခု ဖြစ်နေနိုင်တာ သိထားလို့ အရေးပေါ် အခြေအနေအတွက် ဒီစာကို အမြဲသိမ်းထားခဲ့ရာ မမျှော်လင့်ဘဲ အခုလို အချိန်မျိုးမှာ အသုံးတည့်သွားတာ ဖြစ်ပါတယ်။
ဇနီးမောင်နှံ နှစ်ယောက် အိမ်မှာ စကားပြောနေတုန်းမှာပဲ အပြင်ဘက်က လှုပ်ခတ်မှုတွေက ပြီးသွားတာ မဟုတ်သေးဘူး။
အဘွားကျောက် သေတာက သူမရဲ့စိတ်ထဲက မကျေနပ်လို့ ရွှီထင်းရှန်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဖို့ တမင်လုပ်တာလို့ အားလုံးက ယူဆထားကြတယ်။ ဒါပေမဲ့ ရွှီထင်းရှန်း ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် မျိုးနွယ်စုခေါင်းဆောင်ကြီးက စိတ်ထဲမှာ သတိထားမိသွားတာနဲ့ ရွှီကျိန်းချွမ်ကို အောက်ခြေမှာ လိုက်စုံစမ်းခိုင်းလိုက်တော့တယ်။
ဘိုးဘေးခန်းမဟောင်းရဲ့ ပတ်ဝန်းကျင်မှာနေတဲ့ အိမ်တွေကို လိုက်မေးခဲ့သလို ရှင်းနင်တို့ ကလေးတစ်စုကိုတောင် ထပ်ပြီးအသေးစိတ် မေးခဲ့ကြတယ်။
အဘွားကျောက် သေတာက အမှန်တကယ်ပဲ ထူးဆန်းပေမဲ့ တစ်ဖက်က ကြည့်ရင်လည်း ထူးဆန်းတာ မရှိဘဲ ဖြစ်နေပြန်တယ်။
ထူးဆန်းတာက သေတာက သိပ်ကို ရုတ်တရက်ဆန်သလို နှစ်တွေအများကြီး ရူးနေတဲ့ အဘွားအို တစ်ယောက်က စကားတစ်ခွန်း နှစ်ခွန်းကြောင့်နဲ့ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေမလား။ အဲဒါက တမင် ဒုက္ခပေးချင်တာလား ဆိုတဲ့အချက်ပါ။ ထူးဆန်းတာ မရှိတာကတော့ ရူးနေတဲ့သူတွေရဲ့ အတွေးက သာမန်လူတွေနဲ့ မတူနိုင်တာကြောင့် ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ရွှီကျွင်းခိုင်က ဆုံးဖြတ်လိုက်ပြီး မြို့ပိုင်ရုံးမှာ နှစ်တွေအများကြီး လုပ်ခဲ့ဖူးပြီး အခု အနားယူနေတဲ့ ဝါရင့် အလောင်းစစ်သမားတော် တစ်ယောက်ကို သွားခေါ်ခိုင်းလိုက်တယ်။
အခုခေတ် ရှားခရိုင်ထဲမှာ ရွှီမိသားစုရဲ့ နာမည်ကို မကြားဖူးသူ မရှိတာမို့ နည်းနည်း စီစဉ်ပေးလိုက်တာနဲ့ တစ်ဖက်လူအနေနဲ့လည်း အပြင်မှာ လျှောက်ပြောရဲမှာ မဟုတ်ပါဘူး။ ဝါရင့် အလောင်းစစ်သမားတော်ကြီးကို ညတွင်းချင်းပဲ ဖိတ်ခဲ့လို့ ရွှီထင်းရှန်း အနားယူခါစမှာပဲ အဲဒီနေရာကို သွားခဲ့ရတော့တယ်။
အဘွားကျောက် သေတာက သံသယရှိနေလို့ သူမရဲ့အလောင်းကို ဘယ်လိုမှ မရွှေ့ခဲ့သလို အသုဘ ဝတ်စုံတောင် လဲမပေးခဲ့ပါဘူး။
ဘိုးဘေးခန်းမဟောင်းထဲက အခြေအနေ အားလုံးကိုလည်း တစ်ခုခု ပျက်စီးမှာစိုးလို့ မူလအတိုင်းပဲ ထိန်းထားခဲ့ကြတယ်။
အခု အဘွားကျောက် နေတဲ့အခန်းထဲမှာ လူအများကြီး စုနေကြတယ်။
ရွှီကျိန်းချွမ်၊ ရွှီကျွင်းခိုင်နဲ့ရွှီမျိုးနွယ်စုဝင် အချို့ ရှိနေကြသလို ရွှီထင်းရှန်းလည်း ရောက်လာပြီး ကျောက်အာကိုပါ ခေါ်လာခဲ့တယ်။ ကျောက်အာက နည်းနည်း ကြောက်ပေမဲ့ အမှန်တကယ်ပဲ သိချင်စိတ် ပြင်းပြနေသလို ရွှီထင်းရှန်း တစ်ယောက်တည်း သွားမှာကိုလည်း စိတ်မချလို့ အတူတူ လိုက်လာခဲ့တယ်။
အခန်းအလယ်မှာ စားပွဲနှစ်လုံးပေါ်မှာ တံခါးချပ်တစ်ခု တင်ထားပြီး အဲဒီပေါ်မှာ အဘွားကျောက်ရဲ့ အလောင်းကို တင်ထားပါတယ်။
230 06
"အမှန်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား။ ဒါမှမဟုတ် သူတစ်ပါးက သတ်တာလားဆိုတာ ခွဲဖို့ သိပ်လွယ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာဆိုရင် ခန္ဓာကိုယ်ရဲ့အလေးချိန် အကုန်လုံးက လည်ပင်းပေါ်ကို ကျတာ ဖြစ်လို့ မေးစေ့အောက် နေရာကို အဓိက ထောက်တိုင်အဖြစ် သုံးရပါတယ်။ ဒါကြောင့် အမာရွတ်က ၈ အက္ခရာရဲ့ ဇောက်ထိုး ပုံစံ ရှိနေရမှာ ဖြစ်သလို လည်ပင်းရိုးကလည်း အများစု ကျိုးသွားတတ်တယ်။ ဒါပေမဲ့ သူတစ်ပါးက သတ်တာဆိုရင်တော့"
လူတိုင်း နားလည်အောင် အလောင်းစစ်သမားတော်ကြီးက သူ့သားကို ခေါ်ပြီး သရုပ်ပြခိုင်းတယ်။ သူ့သားကို တစ်ဝက်လောက် ထိုင်ခိုင်းလိုက်ပြီးနောက် သူက ကြိုးတစ်ချောင်းကို ယူကာ နောက်ကနေ လည်ပင်းကို ပတ်ပြီး အဲဒီကြိုးကို တဖြည်းဖြည်းချင်း ဆွဲတင်းလိုက်တယ်။
"သူတစ်ပါးက သတ်တာဆိုရင်တော့ အားစိုက်တဲ့ နေရာက ပတ်ပတ်လည် ဖြစ်တာကြောင့် အမာရွတ်က အဝိုင်းပုံစံ ဒါမှမဟုတ် အဝိုင်းတစ်ဝက် ပုံစံ ဖြစ်နေတတ်ပါတယ်။ ပြီးတော့ အဲဒီအမာရွတ်က လည်ပင်းရဲ့ အလယ်တည့်တည့်မှာ ရှိနေရမှာ ဖြစ်ပါတယ်"
အလောင်းစစ်သမားတော်ကြီးက လက်ထဲက ကြိုးကို ပစ်ချလိုက်ပြီးနောက် အဘွားကျောက်ရဲ့အလောင်းနား သွားပြီး လည်ပင်းက အမာရွတ်တွေကို ပြလိုက်တယ်။
"သေတဲ့သူရဲ့ လည်ပင်းကို ကြည့်လိုက်ကြပါ။ အနက်အနည်း မတူတဲ့ အမာရွတ် နှစ်မျိုး ရှိနေပါတယ်။ တစ်မျိုးကတော့ အဖြောင့်အတိုင်း ရှိနေပြီး နောက်တစ်မျိုးကတော့ 'ဇောက်ထိုး ရှစ်' ပုံစံ ဖြစ်နေပါတယ်။ ထပ်ပြီးတော့ သူမရဲ့ လက်ချောင်းတွေကို ကြည့်လိုက်ပါဦး။ သိမ်းငှက်လက်သည်းလိုမျိုး ကွေးနေသလို လက်သည်းတွေပေါ်မှာလည်း အစအနတွေ ရှိနေတာကို ကြည့်ရင် သူမက တစ်ယောက်ယောက်ကို ကုတ်ခြစ်ခဲ့တဲ့ပုံ ရပါတယ်။ ဒါကြောင့် ရလဒ်ကတော့ အထင်အရှားပါပဲ"
ကျောက်အာက မအောင့်နိုင်ဘဲ ကြားဖြတ် မေးလိုက်တယ်။ "ဆိုလိုတာက တစ်ယောက်ယောက်က သူမကို အရင်လည်ပင်းညှစ် သတ်လိုက်ပြီးတော့မှ ကိုယ့်ကိုယ်ကိုယ် သတ်သေသလို ဖြစ်အောင် ထုပ်တန်းပေါ်မှာ ပြန်ပြီး ဆွဲတင်ထားခဲ့တာပေါ့"
အလောင်းစစ်သမားတော်ကြီးက သူမရဲ့အပြင်အဆင်နဲ့ ရွှီထင်းရှန်းရဲ့ဘေးမှာ ရပ်နေတာကို ကြည့်ပြီး သူမရဲ့အဆင့်အတန်းကို ခန့်မှန်းမိတာကြောင့် ပြန်ဖြေလိုက်တယ်။ "သခင်မကြီး ပြောတာ မှန်ပါတယ်။ အဲဒီအတိုင်းပါပဲ"
ရွှီထင်းရှန်းရဲ့မျက်နှာမှာ စဉ်းစားဟန်တွေ ရှိနေပြီး ရွှီမိသားစုက လူငယ်တွေကတော့ ဒေါသတွေ ပြင်းလာခဲ့ကြတယ်။ ရွှီကျွင်းခိုင်ကတော့ အဘွားကျောက်ရဲ့အနားကို သွားပြီး တုန်နေတဲ့ လက်နှစ်ဖက်နဲ့ ဒူးထောက်လိုက်တော့တယ်။
ဖြစ်နိုင်တာက အစောပိုင်းက သူက ရွှီထင်းရှန်းအတွက် အကြောင်းပြချက်တွေ ရှာပေးခဲ့တာက ရွှီမျိုးနွယ်စုအတွက် ဖြစ်သလို ဒီကိစ္စအတွက် ရွှီထင်းရှန်းကို အပြစ်တင်လို့ မရတာလည်း သူ သိပါတယ်။ ဒါပေမဲ့ အခုလို ရလဒ်ကို သိလိုက်ရတဲ့ အခါမှာတော့ သူက စိတ်ထဲကနေ တိတ်တဆိတ် သက်သာရာ ရသွားတာပါ။
အဘွားကျောက်က သူတစ်ပါးရဲ့ လုပ်ကြံမှုကြောင့် သေရတာမို့ သူမ သေခါနီးအထိ သူတစ်ပါးကို ဒုက္ခပေးချင်တဲ့ ရက်စက်တဲ့စိတ် မရှိခဲ့ကြောင်း သက်သေပြလိုက်သလို ဖြစ်သွားရာ ဒီကိစ္စထဲမှာ ပါနေတဲ့ သူကိုယ်တိုင်နဲ့ ရွှီထင်းရှန်းတို့အတွက်လည်း အနေခက်စရာ မဖြစ်တော့ဘဲ ရှိသွားတော့တယ်။
"သွားစုံစမ်းကြစမ်း အိမ်တိုင်းကို လိုက်စုံစမ်းကြ အထူးသဖြင့် ကျိန်းမျိုးနွယ်စုတွေဘက်ကို အဓိကထားပြီး ရှာကြစမ်း" ရွှီကျိန်းချွမ်က အမိန့်ပေးလိုက်တယ်။
"မျိုးနွယ်စုခေါင်းဆောင် ကျွန်တော်တို့ အခုပဲ သွားပါ့မယ်"
……
230 07
အလောင်းစစ်သမားတော်ကြီး သားအဖကို ပြန်ပို့ပြီးနောက် ညဉ့်နက်သန်းခေါင် အချိန်မှာ ယွီချင်းရွာက ရုတ်တရက် နိုးထလာခဲ့တော့တယ်။
ခွေးဟောင်သံတွေ မီးတုတ်တွေရဲ့ အလင်းနဲ့အတူ ရုတ်ရုတ်သဲသဲ ခြေသံတွေက ဖရိုဖရဲဖြစ်မှုရဲ့ အစပျိုးချက်တွေ ဖြစ်လာခဲ့တယ်။
"ဘာဖြစ်တာလဲ" မှောင်နေတဲ့ အခန်းတစ်ခုထဲကနေ အဘွားအို တစ်ယောက်ရဲ့ အက်ရှရှအသံ ထွက်လာတယ်။
"ဘယ်သူ သိမှာလဲ။ ဘယ်အိမ်က ပစ္စည်းပျောက်လို့ ဖြစ်မှာပေါ့"
စကားအရသာ အဲဒီလို ပြောပေမဲ့ ကျိန်းရွာသူကြီး မဟုတ်ဘူး... အဘိုးအိုကျိန်းက အဝတ်အစားတွေ ဝတ်ပြီး ထလာခဲ့တယ်။ အခြေအနေကို ကြည့်ဖို့ ထလာတဲ့သူထဲမှာ သူ့သားကြီး ကျိန်းကောင်းဖုန်းလည်း ပါပါတယ်။
ကျိန်းမိသားစုက အစောကတည်းက အိမ်ခွဲနေခဲ့ကြတာက အဘိုးအိုကျိန်း ရွာသူကြီး ရာထူးက ဆင်းကတည်းက ခွဲလိုက်တာဖြစ်တယ်။ သူက တခြား သားမြေးတွေကို အမှုမပတ်စေချင်လို့ ကိုယ့်ဘာသာ အတင်းအကျပ် ခွဲခိုင်းခဲ့တာ ဖြစ်တယ်။
တံခါးဝမှာ အတန်ကြာအောင် ရပ်ကြည့်ပေမဲ့ ဘာမှမထူးခြားတာနဲ့ အဘိုးအိုကျိန်းက ကျိန်းကောင်းဖုန်းကို အခန်းထဲ ပြန်ဝင် အိပ်ခိုင်းလိုက်တယ်။
အခုခေတ်ရဲ့ ကျိန်းကောင်းဖုန်းက လွန်ခဲ့တဲ့ ဆယ်နှစ်ကလို မြင့်မြင့်ထွားထွား ပုံစံမျိုး လုံးဝမရှိတော့ဘဲ ကျောကုန်းကလည်း ကိုင်းနေသလို ဆံပင်တွေကလည်း ဖြူနေပါပြီ။
အဲဒါက ဘဝရဲ့ပင်ပန်းဆင်းရဲမှုတွေကြောင့် ဖြစ်သလို နေ့စဉ်ဘဝမှာလည်း စိတ်ချမ်းသာမှု မရှိတာကြောင့် ဖြစ်ပါလိမ့်မယ်။
"အဖေ ဒါဆိုရင်လည်း အဖေလည်း စောစော ပြန်အိပ်တော့နော်" ပြောပြီး ကျိန်းကောင်းဖုန်းက အနောက်ဘက် အဆောင်ကို ပြန်သွားတယ်။
အဘိုးအိုကျိန်းက ခန်းမဆောင်ထဲက ခုတင်ပေါ်မှာ တစ်ယောက်တည်း ထိုင်ရင်း သူ့ဆေးတံကို ထုတ်ယူကာ မီးညှိပြီးနောက် ဆေးလိပ်သောက်နေမိတယ်။
ဖြူလဲ့လဲ့ ဆေးလိပ်ငွေ့တွေက အမှောင်ထဲမှာ ပြန့်နေပြီး ဘာမှ မမြင်ရပေမဲ့ ဆေးတံက မီးစလေးကတော့ အမှောင်ထဲမှာ လင်းလိုက် မှိန်သွားလိုက် ဖြစ်နေတယ်။
အဲဒီအချိန်မှာ ခြေသံတွေ ထွက်လာပြီး လူအများကြီး ရောက်လာတဲ့ပုံ ရပါတယ်။
ခန်းမတံခါးက ဝုန်းခနဲ ပွင့်သွားပြီး မီးတုတ်တွေရဲ့အလင်းက မှောင်နေတဲ့ အခန်းကို လင်းထိန်သွားစေတော့တယ်။
"အဘိုးအိုကျိန်း မင်းရဲ့လက်နဲ့ လက်မောင်းတွေကို အပြင်ထုတ်ပြီး အားလုံးကို ပြလိုက်စမ်း"
ရုတ်တရက် ရောက်လာတဲ့ ရွှီမျိုးနွယ်စုဝင်တွေရဲ့အမိန့်ပေးသံကြောင့် အဘိုးအိုကျိန်းမှာ ကြောင်သွားရတယ်။ သူက လက်ထဲက ဆေးတံကို အသာအယာ ချလိုက်ပြီး မီးတုတ်ရောင်အောက်မှာ မိမိရဲ့တုန်နေတဲ့ လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်ပြလိုက်တယ်။
"ဘာဖြစ်လို့လဲ ငါလို အဘိုးကြီးက ဘာပြစ်မှု ကျူးလွန်မိလို့လဲ" သူက အက်ရှရှ အသံနဲ့ မေးလိုက်တယ်။
ရွှီကျိန်းချွမ်က လူအုပ်ကြီးထဲကနေ ရှေ့ကို ထွက်လာပြီး အဘိုးအိုကျိန်းရဲ့ လက်မောင်းတွေကို သေသေချာချာ စစ်ဆေးကြည့်လိုက်တယ်။ သူ့မျက်ဝန်းထဲမှာ သံသယတွေ ပြည့်နေပေမဲ့ အဘိုးအိုကျိန်းရဲ့ လက်မောင်းပေါ်မှာတော့ ဘာကုန်းခြစ်ရာမှ မရှိတာကို တွေ့လိုက်ရတယ်။
"အဘိုးအိုကျိန်း မှာ မရှိဘူးဆိုရင် မင်းရဲ့သားတွေကို ခေါ်ခဲ့စမ်း" ရွှီကျိန်းချွမ်က ဟိန်းဟောက်လိုက်တယ်။
မကြာခင်မှာပဲ ကျိန်းကောင်းဖုန်း နဲ့ တခြား သားတွေလည်း အခန်းထဲကို ခေါ်တာ ခံလိုက်ရတယ်။ သူတို့ အားလုံးက ထိတ်လန့်တုန်လှုပ်နေကြပြီး မိမိတို့ ဘာအမှား လုပ်မိလဲဆိုတာကို မသိဘဲ ဖြစ်နေကြတယ်။ ရွှီမျိုးနွယ်စုဝင်တွေက သူတို့ တစ်ယောက်ချင်းစီရဲ့ အဝတ်တွေကို ဆွဲလှန်ပြီး လက်မောင်းနဲ့ ကျောပြင်တွေမှာ ဒဏ်ရာ ရှိ မရှိကို အသေအချာ လိုက်စစ်ကြတော့တယ်။
230 08
ကျိန်းကောင်းဖုန်းရဲ့အလှည့်ကို ရောက်တဲ့အခါ သူက သိပ်ကို တုန်လှုပ်နေပြီး မျက်နှာကလည်း ပြာနေခဲ့တယ်။ ရွှီကျိန်းချွမ်က သူ့အင်္ကျီလက်ကို ဆွဲတင်လိုက်တဲ့ အခါမှာတော့ လူတိုင်း အံ့ဩသွားကြရတယ်။ ဘာလို့လဲဆိုတော့ သူ့လက်မောင်းပေါ်မှာ လတ်လတ်ဆတ်ဆတ် ကုန်းခြစ်ထားတဲ့ ဒဏ်ရာ အစင်းကြောင်းတွေအများကြီး ရှိနေလို့ပါပဲ။
"ဒါက ဘာလဲ" ရွှီကျိန်းချွမ်က ဒေါသတကြီး မေးလိုက်တယ်။
"ဒါ... ဒါက ကျွန်တော်... ကျွန်တော် ခြံထဲမှာ အလုပ်လုပ်ရင်းနဲ့ သစ်ကိုင်းတွေနဲ့ ရှမိတာပါ..." ကျိန်းကောင်းဖုန်းက တုန်တုန်ရင်ရင်နဲ့ ပြန်ဖြေပေမဲ့ သူ့ရဲ့ အမူအရာကတော့ လုံးဝထင်ရှားနေပါပြီ။
"သစ်ကိုင်းနဲ့ ရှတာ ဟုတ်လား။ သစ်ကိုင်းနဲ့ ရှတာက ဒီလောက်အထိ လက်သည်းရာတွေနဲ့ တူပါ့မလဲ" ရွှီကျိန်းချွမ် က ကြိမ်းမောင်းလိုက်ပြီးနောက် အမိန့်ပေးလိုက်တော့တယ်။ "ဒီလူကို ဖမ်းလိုက်ကြစမ်း ပြီးရင် အရာရှိမင်း ဆီကို ခေါ်သွားကြမယ်"
အဘိုးအိုကျိန်းမှာတော့ ဒီမြင်ကွင်းကို ကြည့်ရင်း အားကိုးရာမဲ့စွာနဲ့ မြေပြင်ပေါ်ကို ပြိုလဲကျသွားတော့တယ်။ သူ့မိသားစုကို ကာကွယ်ဖို့ သူ ဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ။ နောက်ဆုံးမှာတော့ သူ့သားက ကြီးမားတဲ့ ဘေးဒုက္ခကို ရှာခဲ့ပြီ ဖြစ်ကြောင်း သူ သိလိုက်ရပါပြီ။
ညဉ့်နက်သန်းခေါင်ရဲ့ တိတ်ဆိတ်မှုက ကျိန်းမိသားစုဝင်တွေရဲ့ ငိုယိုသံတွေနဲ့အတူ ပျောက်ကွယ် သွားခဲ့ရတော့တယ်။
******