အခန်း (၂၃၁-၂၃၂)
Vol. 24 Ch. 231-232
231 01
အခန်း ၂၃၁
အဘွားကျောက်ကို သတ်ခဲ့တဲ့သူက အဘိုးအိုကျိန်း ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူး။
အဘိုးအိုကျိန်းက လွန်ခဲ့တဲ့ နှစ်နည်းနည်းကတည်းက နာတာရှည် ရောဂါဝေဒနာ ခံစားနေရတဲ့သူမို့ လူတိုင်းက သူ မကြာခင် သေတော့မယ်လို့ပဲ ပြောနေကြပေမဲ့ ဘာသတင်းမှ ထွက်မလာဘဲ ရှိနေခဲ့တယ်။ ဒီလိုမျိုး အိုမင်းမစွမ်းတဲ့ အဘိုးကြီးတစ်ယောက်က အခုလို ယုတ်မာတဲ့ ပြစ်မှုမျိုးကို ကျူးလွန်နိုင်တာက လူတွေကို အမှန်တကယ်ပဲ အံ့အားသင့်သွားစေခဲ့တယ်။
ဒါပေမဲ့လည်း အထောက်အထားတွေကတော့ ခိုင်လုံပါတယ်။ ဝါရင့်အလောင်းစစ်သမားတော်ရဲ့ သုံးသပ်ချက်တွေက သူ့ကိုယ်ပေါ်မှာ အတိအကျ သက်ရောက်နေလို့ပဲ။ သူက အိုနေပြီး အားမရှိတာကြောင့် အဘွားကျောက်ကို လည်ပင်းညစ်သတ်တဲ့အချိန်မှာ အဘွားကျောက်က အသည်းအသန် ရုန်းကန်ခဲ့လို့ သူ့ရဲ့လက်မောင်းနဲ့ လက်ဖဝါးတွေမှာ ဖုံးလို့မရအောင် ကုတ်ခြစ်ခံထားရတာပါပဲ။
ဒါ့အပြင် အဘိုးအိုကျိန်းကိုယ်တိုင်ကလည်း သူလုပ်ခဲ့တာလို့ ဝန်ခံခဲ့တယ်။ သူက ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတဲ့ အကြောင်းရင်းကိုတော့ လုံးဝထုတ်ပြောတာ မရှိဘူး။
ဒါပေမဲ့လည်း ဒီကိစ္စ ပေါ်လာပြီးနောက်မှာ ဆယ်နှစ်တိတိ ဖုံးကွယ်ထားခဲ့တဲ့ ရန်ငြိုးရန်စတွေက လူအများရှေ့ကို တစ်ဖန်ပြန်ရောက်လာခဲ့တယ်။ ယွီချင်းရွာမှာ ဆယ်နှစ်တိတိ ဦးဆောင်လာခဲ့တဲ့ ရွှီမိသားစုဝင်တွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရွာထဲမှာ ရွှီမိသားစုက ဩဇာမညောင်းခဲ့ဘဲ ကျိန်းမိသားစုကပဲ ကြီးစိုးခဲ့တာကို ပြန်သတိရသွားကြတော့တယ်။
ရွှီမိသားစုမှာ ရွှီထင်းရှန်းလိုမျိုး ပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွက်လာခဲ့လို့သာ ကျိန်းမိသားစုက မှေးမှိန်သွားခဲ့ရတာ ဖြစ်တယ်။ အဘိုးအိုကျိန်းရဲ့ ရည်ရွယ်ချက်က ထင်ရှားပါတယ်။ သူက ဆယ်နှစ်တိတိ အံကြိတ်သည်းခံနေခဲ့တာက လက်စားချေဖို့အတွက်ပဲ။ ရွှီထင်းရှန်းကို လက်စားချေနိုင်တာက ရွှီမိသားစုရဲ့ ကျောရိုးကို ရိုက်ချိုးလိုက်တာနဲ့ အတူတူပဲမို့ သူ့ရဲ့ရက်စက်မှုက အတိုင်းအဆမရှိပါဘူး။
အမှန်တရားက ပေါ်သွားပြီလို့ ယူဆနိုင်ပေမဲ့ ရွှီထင်းရှန်းကတော့ သံသယဖြစ်ခဲ့ပြီး ကျိန်းကောင်းဖုန်းရဲ့ လက်တွေကို သွားစစ်ဆေးဖို့ လူလွှတ်ခဲ့တယ်။ ရွှီမိသားစုဝင်တွေက ကျိန်းကောင်းဖုန်းကို သွားဖမ်းတဲ့အခါ သူက သိပ်ကို အံ့အားသင့်သွားတဲ့ပုံ ရှိပေမဲ့ ဘယ်လောက်ပဲ အံ့အားသင့်ပါစေ သူ့လက်ပေါ်က ကုတ်ခြစ်ရာတွေကိုတော့ ဖုံးကွယ်ထားနိုင်တာ မရှိခဲ့ဘူး။
ဒါပေမဲ့လည်း ဒီကုတ်ခြစ်ရာတွေက အဘိုးအိုကျိန်းရဲ့လက်ပေါ်က ဒဏ်ရာတွေလောက် မပြင်းဘဲ အစင်းကြောင်း ခပ်ပါးပါးလေးပဲ ရှိနေပြီး အချိန်နည်းနည်း ထပ်ကြာသွားရင် အစအနတောင် ကျန်တော့မှာ မဟုတ်ဘူး။ ရွှီမိသားစုဝင်တွေက အဲဒီဒဏ်ရာတွေ ဘယ်လိုရခဲ့လဲလို့ အတင်းအကျပ် မေးတဲ့အခါ သူက မိမိရဲ့ဇနီးနဲ့ ရန်ဖြစ်ရာက ရတာလို့ လိမ်ပြောခဲ့တယ်။
ရွှီထင်းရှန်းက ဒီသတင်းကို ရတာနဲ့ ကျိန်းကောင်းဖုန်းကို အဘွားကျောက်ရဲ့ လက်သည်းတွေကို သွားကြည့်ခိုင်းဖို့ အမိန့်ပေးလိုက်တော့တယ်။ အတင်းအကျပ် ခေါ်သွားခံရပြီးနောက် အဘွားကျောက်ရဲ့ လက်တွေကို မြင်လိုက်ရတဲ့အခါမှာတော့ ကျိန်းကောင်းဖုန်းရဲ့ မျက်နှာက သေလူလို ပြာနှံသွားပြီး ဘာဆင်ခြေမှ ထပ်မပေးနိုင်တော့ဘူး။
အမှန်တော့ ရွှီထင်းရှန်းကလည်း အစပိုင်းမှာ အဘိုးအိုကျိန်းက တမင်လက်စားချေတာလို့ ထင်ခဲ့ပေမဲ့ ပထမအချက်က အဘိုးအိုက သိပ်အိုနေပြီဖြစ်သလို အဘွားကျောက်က အမျိုးသမီးဖြစ်ပေမဲ့ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကောင်းကောင်း ပြုစုခံထားရလို့ အရင်ကထက် ပိုပြီးဝဖြိုးလာတာကြောင့် အဘိုးအိုရဲ့အင်အားနဲ့ သူမကို ကြိုးဆွဲချသတ်ဖို့က လုံးဝမဖြစ်နိုင်လို့ပဲ။
ဒုတိယအချက်က အဘိုးအိုကျိန်းက သားဖြစ်သူရဲ့အပြစ်ကို ဖုံးပေးဖို့အတွက် မိမိရဲ့လက်ကို မိမိကိုယ်တိုင် ပြင်းပြင်းထန်ထန် ကုတ်ခြစ်ထားတာ ဖြစ်လို့ပါပဲ။
အကယ်၍ အဘွားကျောက်က ကုတ်ခဲ့တာမှန်ရင် သူမရဲ့လက်သည်းကြားမှာ အသားစတွေ ရှိနေရမှာ ဖြစ်ပေမဲ့ အဘွားကျောက်ရဲ့ လက်သည်းကြားမှာတော့ ကျန်နေတဲ့ အသားစက သိပ်ကို နည်းနေတာကြောင့် ရလဒ်က ထင်ရှားသွားခဲ့တာပါ။ ဒါပေမဲ့ ကျိန်းကောင်းဖုန်းက လွန်ခဲ့တဲ့ ဆယ်နှစ်က ရန်ငြိုးကြောင့်ပဲ အမှန်တကယ် လက်စားချေခဲ့တာလား ဆိုတဲ့ မေးခွန်းကိုတော့ ဘယ်သူမှ မဖြေနိုင်ကြဘူး။
231 02
ကျိန်းကောင်းဖုန်းက သူ့အဖေထက်တောင် နှုတ်လုံပြီး ဘာစကားမှ မပြောဘဲ ဒီနေ့ကို စောင့်နေခဲ့တာ ကြာပြီလို့ပဲ လှောင်ပြုံးနဲ့ ပြောခဲ့တယ်။ ကျိန်းကောင်းဖုန်းကို လူအများရှေ့မှာ အရှက်ခွဲဖို့ ခေါ်ထုတ်လာတော့ ရွာသူရွာသားတွေက ဟင်းသီးဟင်းရွက်ပုပ်တွေနဲ့ ဝက်စာတွေနဲ့ သူ့ကို ပစ်ပေါက်ကြတော့တယ်။
ကျိန်းမျိုးနွယ်စုဝင် တစ်ယောက်မှ ရှေ့ကို ထွက်မလာရဲကြတာက ကြောက်လို့ရော မဖြစ်သင့်လို့ပါ ပါဝင်ပါတယ်။ အမှန်တော့ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျိန်းမျိုးနွယ်စုဝင်တွေက ရွာထဲမှာ စကားပြောခွင့် မရှိတာကလွဲရင် ဘဝကို အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့ကြပေမဲ့ အခုတော့ သူတို့ရဲ့ အခြေအနေက ပိုပြီးခက်ခဲသွားတော့မှာဖြစ်တယ်။ နောက်ဆုံးမှာ ရွှီထင်းရှန်းကပဲ အရာရာမှာ ဥပဒေ ရှိတယ်လို့ ပြောပြီး ရွာထဲမှာ ကိုယ်ပိုင်စီရင်တာမျိုး မလုပ်ဖို့ တားဆီးကာ အစိုးရလက်ထဲ အပ်ခိုင်းခဲ့တယ်။
ကျိန်းကောင်းဖုန်းကို ဖမ်းခေါ်သွားတဲ့နေ့မှာ ရွာသားတွေက ဗြောက်အိုးတွေ ဖောက်ကြသလို ဆားတွေနဲ့လည်း ပက်ကြပြီး ပွဲလမ်းသဘင်တစ်ခုလို ဆင်နွှဲနေကြတယ်။ လူအုပ်ကြီးရဲ့ နောက်ကွယ်က လမ်းဘေးမှာတော့ ရွှီကျွင်းခိုင်နဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် ရပ်နေတယ်။
"အစ်ကိုကြီး" အဲဒီမိန်းကလေးက ခေါ်လိုက်တယ်။
"သွားကြစို့ နျိုးနျိုး" ရွှီကျွင်းခိုင်က သက်ပြင်းချရင်း သူမရဲ့ပခုံးကို ပုတ်ကာ ပြောလိုက်တယ်။
"အင်း" သူမက ပြန်ထူးလိုက်တယ်။
ကိစ္စက ဒီလောက်နဲ့ ပြီးမသွားဘဲ အဲဒီနေ့ မွန်းလွဲပိုင်းမှာ မြို့ပိုင်ရုံးက လူတွေ ရောက်လာပြီး သတင်းပေးတာက ကျိန်းကောင်းဖုန်းဟာ လမ်းခုလတ်မှာ ထွက်ပြေးဖို့ ကြိုးစားရင်း ချောက်ထဲ ပြုတ်ကျပြီး သေသွားပြီလို့ ဖြစ်တယ်။
ဒီသတင်းကို ကြားတဲ့အခါ ယွီချင်းရွာသား အားလုံးက အံ့အားသင့်သွားကြပေမဲ့ ကျိန်းကောင်းဖုန်းက သေထိုက်တဲ့သူမို့ ကောင်းကင်ဘုံက စီရင်လိုက်တာပဲလို့ ဆဲဆိုကြတော့တယ်။ ကျိန်းမိသားစုဝင်တွေထဲက ဘယ်သူမှ ကျိန်းကောင်းဖုန်းရဲ့ အလောင်းကို သွားကောက်ချင်သူ မရှိကြဘူး။
အမှန်တော့ ကျိန်းကောင်းဖုန်းနဲ့ သူ့ဇနီးက လွန်ခဲ့တဲ့ နှစ်တွေအတွင်း စိတ်မချမ်းသာဘဲ နေခဲ့ရသလို သူတို့ရဲ့ သားသမီးတွေကလည်း အဖေဖြစ်သူကို အရေးမစိုက်ကြဘူး။ အဲဒီကလေးတွေက သူတို့မိသားစု ဒီလိုမျိုး ပျက်စီးသွားတာက အဖေဖြစ်သူက မုဆိုးမနဲ့ လျှို့ဝှက်ဆက်သွယ်ခဲ့လို့ဆိုတာကို သတိရနေကြတုန်းပဲ။
ဖခင်ဖြစ်သူက မုဆိုးမနဲ့ ပတ်သက်ရုံတင်မကဘဲ သတ်ခဲ့တာကြောင့် အဘိုးဖြစ်သူက ရွာသူကြီးရာထူး ပြုတ်ခဲ့ရသလို သူတို့ကိုယ်တိုင်လည်း လူသတ်သမားရဲ့သားသမီးတွေဆိုတဲ့ နာမည်ဆိုးနဲ့ ရှင်သန်ခဲ့ကြရတယ်။ ထျန်ရှီက အစောကတည်းက လဲသွားခဲ့ပြီမို့ နောက်ဆုံးမှာ အဘိုးအိုကျိန်း တစ်ယောက်တည်းပဲ သားဖြစ်သူရဲ့အလောင်းကို သွားကောက်ခဲ့ရရှာတယ်။
ကျိန်းကောင်းဖုန်းရဲ့ရုပ်အလောင်းက အရင်က ရွှီမုဆိုးမရဲ့ အလောင်းကို တွေ့ခဲ့တုန်းကလိုပဲ တစ်ယောက်တည်း အထီးကျန်စွာ လဲနေပြီး တစ်ကိုယ်လုံးလည်း စုတ်ပြတ်နေခဲ့တယ်။ မြို့ပိုင်ရုံးက လူတွေက အဘိုးအိုကျိန်းကို အဲဒီနေရာ ပို့ပေးပြီးတာနဲ့ စိတ်မရှည်တဲ့ပုံနဲ့ ပြန်သွားကြပြီး ဘယ်လိုမှ ကူညီဖို့ စိတ်ကူးမရှိကြဘူး။
အဘိုးအိုကျိန်းက မြေပြင်ပေါ်မှာ ဒူးထောက်ပြီး သေနေတဲ့ သားဖြစ်သူကို ကြည့်ကာ ယူကျုံးမရ ဖြစ်နေရပြီး မျက်ရည်တောင် မထွက်နိုင်တော့လောက်အောင် ပင်ပန်းနေခဲ့တယ်။
"မင်း ဘာလို့ ဒီလိုတွေ လုပ်ရတာလဲ။ ဘာလို့ အဲဒီလူတွေရဲ့ခိုင်းတာကို ခံရတာလဲ။ ဒါက မင်း ဝင်ပါရမယ့် ကိစ္စမဟုတ်ဘူးလေ။ သူတို့က မင်းကို အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး..." သူက ရေရွတ်နေမိတယ်။ အဘိုးအိုကျိန်းက ကျိန်းကောင်းဖုန်းကို ဘယ်သူက ခိုင်းလဲဆိုတာ မသိပေမဲ့ တစ်နေ့မှာ ကျိန်းကောင်းဖုန်းက မိမိတို့ ကျိန်းမိသားစုဟာ ဒီအတိုင်း ပျက်စီးသွားမှာ မဟုတ်ဘူးလို့ လာပြောခဲ့တာကိုတော့ သတိရနေတယ်။ အဲဒီနေ့က ကျိန်းကောင်းဖုန်း အပြင်က ပြန်လာတော့ လက်မှာ ဒဏ်ရာတွေ ပါလာခဲ့တာပါ။ သူက မိမိရဲ့အသက်အိုကြီးနဲ့ သားရဲ့အသက်ကို လဲဖို့ ကြိုးစားခဲ့ပေမဲ့ အမှန်တရားက ပေါ်သွားခဲ့ရပြီ။
231 03
"သေသွားတာလည်း ကောင်းပါတယ်။ သေသွားမှပဲ ရန်ငြိုးတွေ ပြေပျောက်တော့မယ်။ အဖေလည်း မင်းနောက်ကို လိုက်ခဲ့ပါ့မယ်..." အဘိုးအိုက ပြောပြီး ခက်ခက်ခဲခဲ ထရပ်ကာ သားဖြစ်သူရဲ့ အလောင်းကို ဆွဲပြီး ချောက်ကမ်းပါးဘက်ကို လျှောက်သွားတော့တယ်။ သူက တည်ငြိမ်တဲ့ အမူအရာနဲ့ ခြေလှမ်းတွေကို ခက်ခဲစွာ လှမ်းသွားပြီးနောက် နောက်ဆုံးမှာ သားအဖ နှစ်ယောက်စလုံး ချောက်ကမ်းပါးထဲ ပြုတ်ကျသွားခဲ့ကြတယ်။
အဘိုးအိုကျိန်းနဲ့ ကျိန်းကောင်းဖုန်းတို့ သေတဲ့ သတင်းက ရက်နည်းနည်း ကြာမှပဲ ရွာကို ပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ရွှီမိသားစုက အဘွားကျောက်ရဲ့ အသုဘကိစ္စတွေနဲ့ အလုပ်ရှုပ်နေတုန်း မြို့တော်က အမိန့်တော် တစ်စောင် ထပ်ရောက်လာခဲ့တယ်။ အမိန့်တော်ထဲမှာ ကျားချန်ဧကရာဇ်က ရွှီထင်းရှန်းကို ကိုယ်ချင်းစာကြောင်းနဲ့ မိသားစုထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း ရှည်ရှည်ဝေးဝေး ရေးထားတယ်။
အဲဒါက ဧကရာဇ်ရဲ့ ဆိုလိုရင်းက အမတ်မင်းရဲ့ မိသားစုထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ငါကိုယ်တော် သိပြီးသား ဖြစ်သလို အမတ်မင်းအတွက်လည်း သိပ်ကိုစိတ်မကောင်း ဖြစ်ရပါတယ် တဲ့။ ဒါပေမဲ့လည်း တိုင်းပြည်မှာ ဥပဒေရှိသလို အိမ်မှာလည်း စည်းကမ်းရှိတာမို့ အရာရာက စည်းကမ်းကို ကျော်လို့ မရကြောင်း ဆိုထားတယ်။
ဒါပေမဲ့လည်း ဝမ်းနည်းခြင်း အထိမ်းအမှတ် လုပ်ရမယ့် ကိစ္စက အရေးကြီးတာကြောင့် အမတ်မင်းရဲ့ သိက္ခာကို ငဲ့တဲ့အနေနဲ့ ငါကိုယ်တော်က အသုဘ ခုနစ်ရက်ပြည့်တဲ့အထိ နေခွင့်ပေးလိုက်ပြီး ခုနစ်ရက်ပြည့်တာနဲ့ မြို့တော်ကို အမြန်ဆုံး ပြန်လာဖို့ အမိန့်ပေးလိုက်တာ ဖြစ်တယ်။
ဒါကြောင့် ရွှီထင်းရှန်းက အဘွားရဲ့ အသုဘကိစ္စတွေကို စီစဉ်ရင်း တစ်ဖက်ကလည်း မြို့တော်ကို ပြန်ဖို့ အမြန်ပြင်ရတော့တယ်။ သူက ကျိန်းမိသားစုရဲ့ အရေးကိစ္စတွေကို အလေးမထားတော့ဘဲ အဲဒါက အစောကတည်းက သိထားတဲ့ နိဂုံးတစ်ခုလို့ပဲ မှတ်ယူထားတယ်။
အခုတစ်ခေါက်မှာတော့ ရွှီယောင်ဟုန်က မိဘတွေ မောင်နှမတွေနဲ့အတူ မြို့တော်ကို မလိုက်နိုင်တော့ဘဲ ရှစ်လပိုင်းမှာ ကျင်းပမယ့် စာမေးပွဲအတွက် နေခဲ့ရတယ်။ သူက အဆင့်ဆင့်သော စာမေးပွဲတွေကို အောင်ပြီးမှပဲ ပညာသင်ဆုကို ရမှာ ဖြစ်လို့ပါပဲ။ ထွက်ရမယ့်နေ့မှာ ရှင်းနင်က သိပ်ကို ဝမ်းနည်းနေပြီး မသွားချင်သေးလို့ ဆူညံနေခဲ့တယ်။
ဒါပေမဲ့ အခုတစ်ခေါက်မှာ ကျောက်အာက စိတ်တိုနေတာကြောင့် ရွှီထင်းရှန်းတောင်မှ သူမဘက်က မကူညီရဲတော့ဘူး။ ကလေးမလေးက မျက်ရည်တွေနဲ့ သူမရဲ့သူငယ်ချင်းတွေကို နှုတ်ဆက်ခဲ့ရသလို အစ်ကိုကြီးနဲ့ဝမ်းကွဲအစ်ကိုတို့ကိုလည်း ခွဲခွာပြီး မိဘတွေနဲ့အတူ မြို့တော်ဘက်ကို ခရီးစခဲ့ရတော့တယ်။
ဒီနွေရာသီအတွင်းမှာ မြို့တော်မှာ မိုးတစ်ခါပဲ ရွာခဲ့တယ်။ ရာသီဥတုက စောစောစီးစီး ပူလာပြီး ခုနစ်လပိုင်း တစ်ဝက်ကျော်ပြီ ဖြစ်ပေမဲ့ အပူရှိန်က ခြောက်လပိုင်းလိုပဲ ပြင်းနေတုန်းပဲ။
ဟဲနန်၊ ဟူကွမ်နဲ့ ကျန်းနန် ဒေသတစ်ဝိုက်မှာ အနည်းနဲ့အများဆိုသလို မိုးခေါင်တဲ့ ဘေးဒုက္ခနဲ့ ကြုံနေကြရတယ်။ တာ့ချန်းပြည်က ကျယ်လွန်းတာကြောင့် နှစ်တိုင်း နေရာတချို့မှာ သဘာဝဘေးတွေ ရှိနေတတ်ပေမဲ့ အခုနှစ်မှာတော့ အခြေအနေက ပိုပြီး ဆိုးနေပုံပဲ။
ဟဲနန်ဒေသက စခဲ့တဲ့ ဘေးဒုက္ခကြောင့် အစိုးရက ကယ်ဆယ်ရေး အမိန့်တွေ ထုတ်ခဲ့ပေမဲ့ တစ်လကျော်တဲ့အထိ အခြေအနေ မသက်သာတဲ့အပြင် ဒုက္ခသည်တွေက မြို့တော်ရဲ့ တံခါးဝဖြစ်တဲ့ ထုန်းကျိုးအထိ စုပြုံရောက်လာကြတော့တယ်။ ထုန်းကျိုးက မြို့တော်ရဲ့ အရေးပါတဲ့ တံခါးဝ ဖြစ်တာကြောင့် အဲဒီနေရာကို ဒုက္ခသည်တွေ ရောက်လာတာက အခြေအနေ သိပ်ဆိုးနေပြီဆိုတာကို ပြနေတာပဲ။ မြောက်ပိုင်းဒေသတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေပြီး ဒုက္ခသည်တွေ ကူးစက်ရောဂါတွေနဲ့အတူ လူတိုင်း စိုးရိမ်ထိတ်လန့်နေကြရတယ်။
231 04
ကျားချန်ဧကရာဇ်က ခဏခဏ ဒေါသထွက်နေပေမဲ့ နေရာတိုင်းမှာ ရိက္ခာတွေ ပြတ်နေလို့ လွှဲပေးဖို့ ခက်နေခဲ့တယ်။ ဘဏ္ဍာတိုက်မှာ ငွေတွေ ရှိနေပေမဲ့ အရေးကြီးတာက ရိက္ခာဝယ်နိုင်ဖို့ပါပဲ။ မိုးခေါင်တာ စကတည်းက သူဌေးကြီးတွေနဲ့ ဆန်ကုန်သည်တွေက ရိက္ခာတွေကို သိုလှောင်ထားကြပြီး ဈေးကောင်းရမှ ရောင်းဖို့ စောင့်နေကြတယ်။ အစိုးရက ဆန်ဈေးကို ထိန်းဖို့ အမိန့်တွေ ထုတ်ပေမဲ့ အသုံးမဝင်ဘဲ ဆန်ဈေးက တစ်ဆယ်ဆလောက်အထိ ခုန်တက်သွားခဲ့တယ်။
အဲဒီလို ဈေးတက်နေရင်တောင် စျေးကွက်ထဲမှာ ဆန်ဝယ်ဖို့ မရှိသလောက် ဖြစ်နေတာကြောင့် ငတ်နေတဲ့ ပြည်သူတွေက အစိုးရ ရိက္ခာဂိုဒေါင်တွေကို တိုက်ခဲ့ကြပေမဲ့ ဂိုဒေါင်ထဲမှာ ရိက္ခာတစ်စေ့မှ မရှိတာကိုပဲ တွေ့ခဲ့ကြရတယ်။ ရွှီထင်းရှန်းက ဒီလိုမျိုး အချိန်မှာ မြို့တော်ကို ရောက်လာတာ ဖြစ်တယ်။ သူက အနောက်မြောက်ဘက်ကနေ မြို့တော်ကို လာတော့ လမ်းတစ်လျှောက် ဘေးဒုက္ခတွေကို မတွေ့ခဲ့ရပေမဲ့ မြောက်ပိုင်းဒေသ ရောက်မှပဲ အခြေအနေရဲ့ ဆိုးရွားမှုကို သိလိုက်ရတယ်။
လမ်းတစ်လျှောက်မှာ အုပ်စုဖွဲ့ လှည့်နေတဲ့ ဒုက္ခသည်တွေကို မြင်နေရပြီး မြင်းလှည်းတွေကို မြင်တာနဲ့ ရိက္ခာတောင်းဖို့ ဝိုင်းလာကြကာ ရိက္ခာမပေးရင် လမ်းဖယ်မပေးဘဲ နေကြတော့တယ်။ ရွှီထင်းရှန်းတို့အဖွဲ့မှာ အစောင့်အရှောက် ရာကျော်နဲ့ ကုန်တင်လှည်း ဆယ်ကျော်ပါပေမဲ့ အဲဒီဒုက္ခသည်တွေက မကြောက်မရွံ့ တားရဲကြတယ်။ ရွှီထင်းရှန်းက တတ်နိုင်သမျှ ရိက္ခာတွေ ဝေပေးခဲ့ပေမဲ့ အဲဒါက လိုအပ်တာနဲ့စာရင် သိပ်နည်းတာကြောင့် ပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် ဒုက္ခသည်တွေကို ပိုဆွဲသလို ဖြစ်နေခဲ့တယ်။
နောက်ဆုံးမှာတော့ သူက အတင်းအကျပ် အင်အားသုံးပြီးတော့မှပဲ အဲဒီကျိုင်းကောင်အုပ်လို ဒုက္ခသည်တွေကြားက လွတ်အောင် ထွက်ခဲ့ရတော့တယ်။ လောကကြီးရဲ့ ကြေကွဲစရာ မြင်ကွင်းတွေကို မြင်ရတဲ့အခါ ကျောက်အာက နှုတ်ခမ်းကို တင်းတင်းစေ့ထားမိပြီး ကလေးနှစ်ယောက်လည်း စိတ်မကောင်း ဖြစ်နေကြရှာတယ်။ ဒီခရီးစဉ်အတွင်း သူတို့ မြင်ခဲ့ရတာက အရင် သိထားတာတွေထက် သာလွန်လွန်းတာကြောင့် ရှင်းနင်ပင်လျှင် အတော်လေး လိမ္မာသွားရှာတယ်။ ထုန်းကျိုး ရောက်မှပဲ အားလုံး စိတ်အေးသွားကြတော့တယ်။
ရွှီထင်းရှန်းက မြို့တော်ရောက်တာနဲ့ အနားမယူဘဲ နန်းတော်ထဲ ဝင်ပြီး ဧကရာဇ်ကို ဖူးမျှော်ဖို့ သွားခဲ့တယ်။ အမိန့်တော် ရှိတာကြောင့် သူက နန်းတော်ထဲကို လွယ်လွယ် ဝင်နိုင်ခဲ့တယ်။ လမ်းတစ်လျှောက် လျှောက်လာတော့ နန်းတော်ထဲက လေထုက သိပ်ကို တင်းမာနေတာ မြင်ရတယ်။
ချန်ချင်းနန်းဆောင် ရောက်တော့ ဧကရာဇ်ကျားချန်က အတွင်းမှာ အမတ်တွေနဲ့ အလုပ်ကိစ္စတွေ ဆွေးနွေးနေပါတယ်။ နယ်ခြားအရာရှိကြီး ဖြစ်သလို အိမ်ရှေ့စံရဲ့ဆရာလည်း ဖြစ်တာမို့ ရွှီထင်းရှန်းကို စောင့်နေတုန်းမှာ သိပ်ကောင်းတဲ့ ဆက်ဆံမှုကို ပေးခဲ့ပြီး နေပူထဲမှာ စောင့်မနေရဘဲ လက်ဖက်ရည်ခန်းထဲ ခေါ်သွားခဲ့တယ်။ လက်ဖက်ရည်ခန်းထဲမှာ နံရံထောင့်မှာ ကြီးမားတဲ့ ရေခဲအိုးကြီး တစ်လုံး ရှိနေပြီး အဲဒီထဲက ရေခဲဖြူကြီးတွေက အေးမြတဲ့ အခိုးအငွေ့တွေကို ထုတ်ပေးနေလို့ အခန်းထဲမှာ သိပ်အေးနေတယ်။
မိန်းမစိုးငယ်လေးတစ်ယောက်က လက်ဖက်ရည်ကြမ်း ဆက်သလာတော့ ရွှီထင်းရှန်းလည်း အားနာမနေဘဲ အင်္ကျီအောက်နားကို မပြီး ထိုင်ခုံပေါ်မှာ ထိုင်ကာ လက်ဖက်ရည်ကြမ်း သောက်နေမိတယ်။ ဒီနေရာက ခန်းမမကြီးနဲ့ မဝေးတာကြောင့် ဧကရာဇ်ကျားချန်ရဲ့ဒေါသတကြီး ကြိမ်းမောင်းသံတွေကို ခပ်သဲ့သဲ့ ကြားနေရတယ်။
လက်ဖက်ရည်ခန်းထဲမှာ ခစားနေတဲ့ မိန်းမစိုးတွေကတော့ ခါးကို အတတ်နိုင်ဆုံး ကိုင်းထားကြပြီး ကိုယ့်ဘာသာ ဆဲခံနေရသလို စိတ်မကောင်း ဖြစ်နေကြရှာတယ်။ နန်းတော်ထဲမှာ စားဝတ်နေရေး မပူရဘဲ အပြင်က ဖရိုဖရဲ ဖြစ်တာတွေနဲ့ မဆိုင်သလို ရှိပေမဲ့ ဧကရာဇ်ကျားချန်က ပြည်သူကို ချစ်တဲ့ ဧကရာဇ်ကောင်း တစ်ယောက် ဖြစ်တာကြောင့် ပြည်သူတွေ ဒုက္ခရောက်တာကို စိုးရိမ်လို့ ဒေါသတွေ ထွက်လာတာဖြစ်ပြီး အဲဒီဒေါသတွေက သူတို့အပေါ် ကျလာမှာကို ကြောက်နေကြတာပါ။
ဒီလိုနဲ့ ရွှီထင်းရှန်းက လက်ဖက်ရည် သောက်ရင်း မိန်းမစိုးငယ်တွေနဲ့ စကားပြောနေမိတယ်။ အားလုံးက သက်ပြင်းချနေကြတာမို့ မသိတဲ့သူတွေဆိုရင် အဲဒီမိန်းမစိုးတွေကပဲ တိုင်းပြည်နဲ့ ပြည်သူအတွက် စိုးရိမ်နေပြီး ခန်းမထဲမှာ ဧကရာဇ်ရဲ့ဒေါသကို ခံနေတဲ့ အမတ်တွေကတော့ အသုံးမကျတဲ့သူတွေလို့ ထင်မိမှာပဲ။ နာရီဝက်လောက် ကြာတော့ ရွှီထင်းရှန်းက အဲဒီမိန်းမစိုးတွေနဲ့ အတော်လေး ရင်းနှီးသွားခဲ့ပြီ။ သူက စကားပြောရင် ပါးနပ်သလို လူငယ်လည်း ဖြစ်ကာ မာနလည်း မရှိတာကြောင့် တစ်ဖက်လူကို ကိုယ်ချင်းစာတဲ့ ခံစားချက်မျိုး ပေးနိုင်တဲ့သူ ဖြစ်တာကြောင့် ဖြစ်တယ်။ ခန်းမထဲက အမတ်တွေ လူစုခွဲသွားပြီးနောက် ဧကရာဇ်ကျားချန်က သူ့ကို ဝင်ဖို့ ခေါ်တဲ့အခါ အဲဒီမိန်းမစိုးငယ်လေးတွေက သူ့ကို စကားများများ မပြောဖို့နဲ့ ဧကရာဇ် ဒေါသထွက်နေရင် ငြိမ်ခံနေဖို့တောင် မှာလိုက်ကြသေးတယ်။
231 05
ရွှီထင်းရှန်းက လောကအတွေ့အကြုံ မရှိသေးတဲ့ လူငယ်လေး တစ်ယောက်လိုပဲ သူတို့ မျက်စိထဲမှာ မြင်နေရတဲ့ပုံရတယ်။ ထွက်ခါနီးမှာ ရွှီထင်းရှန်းက မိန်းမစိုးငယ်လေးတွေကို ပုလဲအိတ်လေးတစ်အိတ် ပေးခဲ့တယ်။ ဒီအရာက ကမ်းရိုးတန်းဒေသမှာ သိပ်မထူးဆန်းပေမဲ့ မြို့တော်မှာတော့ သိပ်ရှားတာကြောင့် အဲဒီလူငယ်တွေက သိပ်ဝမ်းသာသွားပြီး ရွှီအရာရှိက တကယ့်ကို လူကောင်းပဲလို့ ချီးမွမ်းနေကြတော့တယ်။
အတွင်းကို ဝင်သွားတော့ ဧကရာဇ်ကျားချန်ရဲ့ မျက်နှာမှာ ဒေါသတွေ မပြေသေးတာကို မြင်ရတယ်။ ရွှီထင်းရှန်းက စည်းကမ်းအတိုင်း အရိုအသေပြုတော့ ဧကရာဇ်က မတ်တတ်ရပ်ခိုင်းမှပဲ သူက ကိုယ်ကို မတ်လိုက်တယ်။ ဧကရာဇ်ကျားချန်က ဒေါသတွေ ပြင်းနေတာမို့ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရှေ့မှာ အပြန်ပြန်အလှန်လှန် လျှောက်နေကာ ရွှီထင်းရှန်းကတော့ ခေါင်းငုံ့ပြီးပဲ အဲဒီမှာ ရပ်နေရတယ်။ သူနဲ့အတူ ခန်းမထဲမှာ ရှိတဲ့ မိန်းမစိုးတွေလည်း ဧကရာဇ်ရဲ့ ဒေါသက မိမိတို့အပေါ် ကျလာမှာ စိုးပြီး ထိတ်လန့်နေကြရတယ်။
"ဒီအဂတိလိုက်စားတဲ့ အရာရှိတွေ ငါကိုယ်တော်က သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ကွပ်မျက်ပစ်မှပဲ ငါ့စိတ်ထဲက နာကျင်မှုတွေ ပြေပျောက်တော့မယ်။ အားလုံးက အသုံးမကျတဲ့သူတွေချည်းပဲ ရိက္ခာတွေကိုတောင် မထုတ်နိုင်ကြဘူး။ မင်းတို့ကို သုံးနေရတာ ဘာအကျိုးရှိမှာလဲ"
ဝုန်းခနဲ အသံတွေနဲ့အတူ မိန်းမစိုးအချို့က မြေပြင်မှာ ဒူးထောက်လိုက်ကြပြီး ရွှီထင်းရှန်းတစ်ယောက်တည်းပဲ အဲဒီမှာ ရပ်နေတာမို့ သိပ်ကိုထင်ရှားနေတယ်။ ဧကရာဇ်ကျားချန်က သူ့ကို စိုက်ကြည့်လိုက်တော့ အဲဒီဒေါသထွက်နေတဲ့အရာက သူ မဟုတ်ပေမဲ့လည်း လူကို စူးရှတဲ့ အကြည့်နဲ့ ကြည့်ခံလိုက်ရသလို ခံစားလိုက်ရစေတယ်။
ရွှီထင်းရှန်းက သူ့ရဲ့ခြောက်ကပ်နေတဲ့ နှုတ်ခမ်းတွေကို လျှာနဲ့ သပ်လိုက်ပြီးမှ လျှောက်တင်လိုက်တယ်။ "အမှန်တော့ ဒီကိစ္စကို ဖြေရှင်းဖို့ မခက်ပါဘူး"
"မင်းမှာ ဘာအကြံရှိလို့လဲ"
"အခုအချိန်မှာ ဧကရာဇ် အလေးထားရမှာက အဂတိလိုက်စားတဲ့ အရာရှိတွေ ဘယ်လောက်ရှိလဲဆိုတာ မဟုတ်ဘဲ ဘေးဒုက္ခအတွက် ရိက္ခာတွေ ဘယ်ကနေ ရအောင်လုပ်မလဲဆိုတာပါပဲ။ မဟုတ်ရင်တော့ ဘေးဒုက္ခက ပိုကြီးလာပြီး ဒုက္ခသည်တွေက စုပေါင်းကာ ပုန်ကန်ကြပါလိမ့်မယ်"
"မင်းက တကယ့်ကို ရဲတင်းလှပေတယ်" ဆိုတဲ့ ဟိန်းဟောက်သံကြီးက ရုတ်တရက် ထွက်လာပြီး ပြင်းထန်တဲ့ အရှိန်အဝါကြီး တစ်ခုကလည်း ရှေ့ကို တိုးလာခဲ့တယ်။ ဧကရာဇ်ကျားချန်က ဟိန်းဟောက်လိုက်တယ်။ "ငါတို့ရဲ့ တာ့ချန်းပြည်က အခု သိပ်အေးချမ်းနေတဲ့ အချိန်ဖြစ်သလို ငါကိုယ်တော်ကလည်း အသုံးမကျတဲ့ ဧကရာဇ် မဟုတ်ပါဘူး။ ဘယ်ကနေ ပုန်ကန်မှုဆိုတာ ရှိလာနိုင်မှာလဲ"
လေထုက တိတ်ဆိတ်သွားခဲ့ပြီး လူကို အသက်ရှူရ ခက်စေလောက်အောင် ဖိအားတွေ ရှိနေတယ်။ တစ်ယောက်ယောက်ရဲ့ အသက်ရှူသံ ခပ်ပြင်းပြင်းနဲ့အတူ ကြောက်လို့ လည်ချောင်းထဲက ထွက်လာတဲ့ အသံတွေကိုလည်း ကြားနေရတယ်။ ရွှီထင်းရှန်းကတော့ သူ့ရဲ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ပြီး အလျှော့မပေးဘဲ ရှိနေတယ်။ "ကျွန်တော်မျိုးက ဆင်းရဲသားဘဝက လာတဲ့သူမို့ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ကောင်းကောင်း နားလည်ပါတယ်။ သူတို့က ကြီးမားတဲ့ အမှန်တရားတွေကို နားမလည်ကြပါဘူး။ ဘယ်သူက သူတို့ကို ထမင်းကျွေးလဲ။ အဲဒီလူကိုပဲ ကောင်းတယ်လို့ သတ်မှတ်ကြတာပါ။ ဒါပေမဲ့ ထမင်းစားစရာ မရှိတော့ဘူးဆိုရင်တော့ သူတို့က ဘယ်လို ကိစ္စမျိုးကိုမဆို လုပ်ရဲကြပါတယ်။ သူတို့က အသိတရား မရှိတာကြောင့် တစ်ယောက်ယောက်ကသာ အော်လိုက်မယ်ဆိုရင် အားလုံးက လိုက်ပါကြမှာပါ။ နာမည်ဆိုး ကျန်မှာတွေ မိသားစုအလိုက် ကွပ်မျက်ခံရမှာတွေကို လူက သေတော့မယ့် အခြေအနေမှာ ဘယ်သူက ဂရုစိုက်နေပါ့မလဲ"
231 06
လေထုက ထပ်ပြီး တိတ်သွားပြန်တယ်။ အခန်းထဲမှာ ရေခဲတွေ ရှိပေမဲ့ ပူအိုက်တဲ့ အပူရှိန်ကိုတော့ လျှော့နိုင်ပုံ မရဘူး။ စူးရှတဲ့ အကြည့်တစ်ခုက ရွှီထင်းရှန်းရဲ့ ဦးခေါင်းပေါ်ကို လေးလေးလံလံ ကျနေပြီး လူကို ဝါးမြိုပစ်တော့မယ့်ပုံ ရှိနေတယ်။ ဧကရာဇ်ကျားချန်က အရင်ဧကရာဇ်နဲ့ သိပ်တူပါတယ်။ ကိုယ်လုံးကိုယ်ဖန် ကြီးသလို ဒေါသလည်း ပြင်းတယ်။ ဒါပေမဲ့ အဲဒီပြင်းတဲ့ ဒေါသရဲ့နောက်ကွယ်မှာတော့ သိပ်ကို နက်ရှိုင်းတဲ့ ဧကရာဇ်ရဲ့ စိတ်နှလုံး ရှိနေပါတယ်။ ဒီအရာတွေက တစ်ခုနဲ့တစ်ခု ဆက်နေတာမို့ လူတိုင်းက သူ့ကို ရိုးတဲ့သူလို့ အမြဲထင်မှားစေတယ်။ အမှန်တော့ သူက အဲဒီလို မဟုတ်တာက အရင်ဧကရာဇ် မလုပ်နိုင်တဲ့ ကိစ္စတွေကို သူ လုပ်နိုင်ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။
ဒီလိုမျိုး ဧကရာဇ်က တခြား အချိန်မှာဆိုရင် သူ့ရဲ့အောင်မြင်မှုက အခုထက် အများကြီး သာပါလိမ့်မယ်။ သူက နယ်မြေတွေကို တိုးချဲ့နိုင်တဲ့ ဧကရာဇ်ကောင်း တစ်ယောက် ဖြစ်လာမှာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ အပေါ်ယံကြည့်ရင် မင်းဆက်သစ်တစ်ခုလို ရှိပေမဲ့ အမှန်တော့ ပြဿနာတွေအများကြီးနဲ့ အက်ကြောင်းတွေအများကြီး ရှိနေတဲ့ တိုင်းပြည်ကြီးကို အုပ်ချုပ်နေရတာ ဖြစ်ပါတယ်။ ကမ်းရိုးတန်း ဒေသကို ဖွင့်လိုက်တာက တာ့ချန်းပြည်ရဲ့ ပင်လယ်ကုန်သွယ်မှုကို မြန်မြန်တိုးတက်စေခဲ့ပေမဲ့ အမှန်တော့ ဒီတိုင်းပြည်ကြီးရဲ့ အခြေခံပြဿနာတွေကို မဖြေရှင်းနိုင်ဘဲ ဖုံးထားတဲ့ ရောဂါဆိုးကြီးတွေကိုပဲ အစောတည်းက ဖော်လိုက်သလို ဖြစ်သွားခဲ့တာပါ။
ဒီအချက်ကို စဉ်းစားမိတော့ ရွှီထင်းရှန်းက သက်ပြင်းကို လေးလေးလံလံ ချပြီးနောက် ခေါင်းမော့ပြီး ဧကရာဇ်ကျားချန်ကို ကြည့်ပြီး ဆိုလိုက်တော့တယ်။ "အဲဒီ သူဌေးကြီးတွေ ဆန်ကုန်သည်တွေနဲ့ မြေပိုင်ရှင်တွေဆီမှာ ရိက္ခာတွေ သေချာပေါက် ရှိနေမှာပါ။ တစ်ယောက်တည်းက ပုန်ကန်တာလား။ ဒါမှမဟုတ် လူအုပ်ကြီးက ပုန်ကန်တာလား ဆိုတာကိုတော့ ဧကရာဇ်မင်းမြတ် အစောကတည်းက ဆုံးဖြတ်ထားပြီးသား ဖြစ်မှာပါ"
အမှန်တော့ ဧကရာဇ်အတွက် 'ဓား' တစ်လက်ပဲ လိုနေတာ ဖြစ်တယ်။ ဒါကြောင့်ပဲ ရွှီထင်းရှန်းကို ဝမ်းနည်းခြင်း အထိမ်းအမှတ် ကာလမှာတင် မြို့တော်ကို အမြန် ပြန်ခေါ်ခဲ့တာပါပဲ။
******
232 01
အခန်း ၂၃၂
ကျောက်အာက အိမ်မှာ အသုံးအဆောင်တွေကို သိမ်းနေတုန်းမှာပဲ ရွှီထင်းရှန်းက ဧကရာဇ်ရဲ့အမိန့်တော်အရ ဘေးဒုက္ခကယ်ဆယ်ရေးအတွက် မြို့တော်ကနေ ထွက်ရတော့မယ်ဆိုတဲ့ သတင်းကို ရလိုက်တယ်။
သူမအနေနဲ့ တစ်စုံတစ်ရာ ပြောဖို့တောင် အချိန်မရဘဲ သူ့ရဲ့ခရီးဆောင်အိတ်ကို အလျင်အမြန် ပြင်ပေးခဲ့ရတယ်။ အဝတ်အစားတွေကနေ ဆေးဝါးတွေအထိ လိုလေသေးမရှိအောင် ထည့်ပေးခဲ့တာပါ။
အမှန်တော့ လမ်းခရီးမှာ ရှိနေကတည်းက ရွှီထင်းရှန်းက ငြိမ်နေမှာမဟုတ်ဘူးဆိုတာ ကျောက်အာ သိထားခဲ့တာမို့ သူမ ထင်တဲ့အတိုင်းပဲ သူက သည်းမခံနိုင်ဘဲ ရှေ့ကို ထွက်ခဲ့ပြီ ဖြစ်တယ်။ နှမြောစရာကောင်းတာက သူမအနေနဲ့ ဘာမှမတတ်နိုင်ဘဲ ကလေးတွေကို ခေါ်ပြီး အိမ်မှာပဲ သူ့ကို စောင့်နေရုံပဲ ရှိတော့တယ်။
ရွှီထင်းရှန်းရဲ့ မြို့တော်ကို ဝင်ပြီးနောက် ချက်ချင်းဆိုသလို ပြန်လည် ထွက်ခွာသွားတဲ့ လုပ်ဆောင်ချက်က မြို့တော်ထဲမှာ သူ့ကို စောင့်ကြည့်နေကြတဲ့ လူအများကြီးကို အလွန်ပဲ အံ့အားသင့်သွားစေခဲ့တယ်။
အဲဒီနောက်မှာတော့ အထက်က အမိန့်တော် ကျလာတာကြောင့် ရွှီထင်းရှန်းကို ဘေးဒုက္ခကယ်ဆယ်ရေးဆိုင်ရာ သံတမန်အဖြစ် ခန့်လိုက်ပြီး ဟဲနန်အပါအဝင် ဒေသအသီးသီးရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စီမံခန့်ခွဲဖို့ တာဝန်ပေးလိုက်တာပါ။ သူက အရေးပေါ် အခြေအနေတွေမှာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အစိုးရဆီကို အစီရင်ခံစာ တင်ပြနေဖို့ မလိုဘဲ လုပ်နိုင်တဲ့ အာဏာကိုလည်း ရခဲ့တယ်။
သူနဲ့အတူ ကျင်းယီဝေ့အင်အား ငါးရာနဲ့ မြို့တော်စောင့်တပ်က စစ်သည် သုံးထောင်လောက် လိုက်ပါခဲ့ကြတယ်။
ဒီလောက်အထိ ကြီးမားတဲ့ အရှိန်အဝါက ဧကရာဇ်အနေနဲ့ ပြင်းပြင်းထန်ထန် လုပ်တော့မှာဖြစ်ကြောင်း ထင်ရှားတာကြောင့် တစ်ခဏအတွင်းမှာပဲ အစိုးရအဖွဲ့တစ်ခုလုံး လှုပ်ခတ်သွားခဲ့ပြီး မရေမတွက်နိုင်တဲ့ သတင်းစာစောင်တွေ နေရာအနှံ့အပြားကို ပျံ့သွားခဲ့တယ်။ အမှန်တော့ ရွှီထင်းရှန်းက တကယ့်ကို ပြင်းပြင်းထန်ထန် လုပ်နေတာ။ သူက မြို့တော်ကနေ ထွက်ပြီး လူသူလက်နက်တွေ ထုန်းကျိုးကို မရောက်ခင်မှာပဲ ထိုက်ချန်းရိက္ခာဂိုဒေါင်ကနေ ဆန်တစ်သောင်းဒန်ကို ပြင်ထားဖို့ အမိန့်ပေးလိုက်တော့တယ်။
တာ့ချန်းမင်းဆက်ရဲ့ တစ်ပြည်လုံး အနှံ့အပြားမှာ ရိက္ခာဂိုဒေါင်ပေါင်း ရှစ်ရာကျော် ရှိပြီး အဲဒါတွေကို မြို့တော်ဂိုဒေါင် သယ်ယူပို့ဆောင်ရေးဂိုဒေါင်နဲ့ ဒေသခံဂိုဒေါင်ဆိုပြီး ခွဲထားပါတယ်။ ထုန်းကျိုးက ကျင်းမင်းဆက်ကတည်းက ရေကြောင်းရိက္ခာတွေ စုဝေးတဲ့ နေရာဖြစ်ပြီး တူးမြောင်းကြီးရဲ့ မြောက်ဘက် အဆုံးသတ်နေရာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မင်မင်းဆက် မြို့တော်ရွှေ့ကတည်းက ရေကြောင်းရိက္ခာတွေကို သိုလှောင်ဖို့အတွက် မြို့တော်နဲ့ ထုန်းကျိုးတို့မှာ ဂိုဒေါင်အများကြီးကို ဆက်တိုက် တည်ဆောက်ခဲ့ကြတာကြောင့် အဲဒါတွေကို မြို့တော်နဲ့ ထုန်းကျိုး ဂိုဒေါင်နှစ်ခု သို့မဟုတ် ထိုက်ချန်းလို့ ခေါ်ကြပါတယ်။
အကယ်၍ လောကကြီးမှာ ရိက္ခာမရှိတဲ့ နေရာ ရှိနိုင်ပေမဲ့ ထိုက်ချန်းမှာတော့ ရိက္ခာမရှိတာက မဖြစ်နိုင်ပါဘူး။
အဲဒါက အပြင်ဘက်မှာ ရိက္ခာဈေးနှုန်းတွေ အဆက်မပြတ် မြင့်တက်နေပေမဲ့ မြို့တော်မှာ ထိခိုက်မှု နည်းနေရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ အကြောင်းက ထိုက်ချန်းက ထောက်ပံ့ထားလို့ပါပဲ။
ထိုက်ချန်းမှာရှိတဲ့ ရိက္ခာအရာရှိက သတင်းကို ရတဲ့အခါ သူရဲ့မျက်စိကိုတောင် မယုံနိုင်ဘဲ ဖြစ်ခဲ့ရတယ်။
အကယ်၍ ထိုက်ချန်းက ရိက္ခာကို သုံးမယ်ဆိုရင် အစိုးရက အစောကတည်းက အမိန့် ထုတ်ထားသင့်တယ် မဟုတ်လား။
ဒါပေမဲ့လည်း စာရွက်ပေါ်မှာ ကယ်ဆယ်ရေး သံတမန်ရဲ့ တံဆိပ်တုံး ပါနေတာကြောင့် သူ မယုံကြည်ဘဲ မနေနိုင်သလို အမိန့်စာနဲ့အတူ ကျင်းယီဝေ့တွေကလည်း ပါလာခဲ့ကြတယ်။ သူက အောက်ခြေလူတွေကို ရိက္ခာတွေ ပြင်ခိုင်းလိုက်သလို တစ်ဖက်ကလည်း မြို့တော်ကို အမြန်ဆုံး အစီရင်ခံစာ ပေးပို့ခဲ့တယ်။
နှမြောစရာကောင်းတာက အချိန်က တိုက်ဆိုင်မှု မရှိခဲ့ပါဘူး။ မြို့တော်ကို ရောက်တဲ့အချိန်မှာ မြို့တံခါးတွေ ပိတ်သွားခဲ့ပြီဖြစ်လို့ ပြင်ပမှာပဲ တစ်ညလုံး ခက်ခဲစွာ စောင့်ခဲ့ရတယ်။
တခြားတစ်ဖက်မှာတော့ ရိက္ခာအရာရှိက အတင်းအကျပ် ဖိအားပေးခံရလို့ ညတွင်းချင်းပဲ ရိက္ခာတွေကို လှည်းပေါ်ကို တင်ခဲ့ရပြီး နောက်တစ်နေ့ နံနက်မှာ ရွှီထင်းရှန်းတို့အုပ်စုက ရိက္ခာလှည်းတွေနဲ့အတူ ထွက်သွားခဲ့ကြတယ်။ မြို့တော်က အမိန့်က ရောက်မလာသေးတာကြောင့် ရိက္ခာအရာရှိက ရိက္ခာအမြောက်အမြားကို တစ်ဖက်လူက ယူသွားတာကို ငေးကြည့်နေရုံပဲ ရှိတော့တယ်။
232 02
သတင်းက နံနက်ခင်း ညီလာခံမှာ ပေါက်ကြားသွားခဲ့တာကြောင့် အမတ်အားလုံးက ဆူညံသွားကြတော့တယ်။
ထိုက်ချန်းရဲ့အရေးပါမှုကိုတော့ ဘယ်သူမှ သံသယ မရှိကြပါဘူး။
မြို့တော်က သန်းပေါင်းများစွာသော ပြည်သူတွေ အရာရှိတွေနဲ့ မင်းစိုးရာဇာတွေ နေ့တိုင်း စားနေတဲ့ ရိက္ခာပမာဏက အလွန်ပဲ ကြီးမားလှတယ်။
ဟူကွမ်နဲ့ကျန်းနန် ဒေသတွေမှာလည်း ရိက္ခာတွေ ပြတ်နေလို့ ကိုယ်ကိုတောင် မနည်း ရုန်းကန်နေရချိန်မှာ မြို့တော်ကို ရိက္ခာတွေ ပို့ဖို့ဆိုတာ မဖြစ်နိုင်သလို ပတ်ဝန်းကျင်က ဒေသတွေကိုလည်း ကယ်ဆယ်နေရပါသေးတယ်။ အကယ်၍ ဒီထောက်ပံ့မှုတွေ မရှိရင် မြို့တော်ကလည်း မကြာမီမှာပဲ ရိက္ခာ ပြတ်သွားပါလိမ့်မယ်။
ရွှီထင်းရှန်းက တကယ့်ကို ရဲတင်းလှတယ်။ ထိုက်ချန်းက ရိက္ခာကို ခွင့်ပြုချက်မပါဘဲ သုံးဝံ့တယ်လား။
တစ်ခဏအတွင်းမှာပဲ သူ့ကို အပြစ်တင်တဲ့ အစီရင်ခံစာတွေက ဒီရေလို စုပြုံရောက်လာခဲ့တယ်။
အမတ်တွေက အလွန်ပဲ ဒေါသထွက်နေကြပြီး သူ့ကို ချက်ချင်း ပြန်ခေါ်ဖို့တောင် တောင်းဆိုကြတော့တယ်။
အောက်ခြေက လူတွေ ပြောပြီးတဲ့အခါမှပဲ နဂါးပလ္လင်ပေါ်က ဧကရာဇ်ကျားချန်က အေးစက်စွာ ရယ်မောပြီး ဆိုလိုက်တယ်။ "သူ ဆန်တစ်သောင်းကျင်း ယူသွားခဲ့ရင်တောင်မှ ထိုက်ချန်းထဲမှာ သန်းပေါင်းများစွာ ကျန်နေပါသေးတယ်။ အမတ်မင်းတို့က မြို့တော်မှာ ရိက္ခာမရှိမှာကို ကြောက်နေကြတာလား။ ဒါမှမဟုတ် ဟိုဒုက္ခသည်တွေလို ငတ်မှာကို ကြောက်နေကြတာလား။ သိထားရမှာက ကျန်းကျန်းမာမာ ရှိချင်ရင်တော့ အစားကို လျှော့စားရမယ်လေ။ အနည်းငယ် ငတ်တာကလည်း ကောင်းပါတယ်။ ဒါမှ မင်းတို့လည်း ပိုက်ဆံအကုန်ခံပြီး အားဆေးတွေ ဝယ်စားနေစရာ မလိုတော့မှာပေါ့"
အဲဒီနောက် ဧကရာဇ်ကျားချန်က အင်္ကျီလက်ကို ခါယမ်းပြီး ထွက်သွားတော့တာကြောင့် အခမ်းအနားကြီးကြပ်ရေးမှူးက ညီလာခံ ရုပ်သိမ်းကြောင်း အော်ဟစ်လိုက်တယ်။
အောက်ခြေက လူတွေက တိတ်ဆိတ်သွားကြပေမဲ့လည်း လူစုခွဲပြီးနောက်မှာတော့ ငြိမ်မနေကြဘဲ အစီရင်ခံစာတွေ ထပ်တင်ကြပြန်တယ်။ အခုတစ်ခေါက်မှာတော့ လေသံတွေ ပြောင်းသွားခဲ့ပြီး မြို့တော်မှာ ရိက္ခာမရှိမှာကို စိုးရိမ်တာထက် နောင်မှာ တခြားသူတွေကလည်း ဒီအတိုင်း လိုက်လုပ်မှာကို စိုးရိမ်ကြောင်း ပြောလာကြတယ်။
အဲဒီအစီရင်ခံစာတွေ အားလုံးကို ဧကရာဇ်ကျားချန်က အရေးမစိုက်ဘဲ ထားခဲ့တယ်။
တခြားတစ်ဖက်မှာတော့ ရွှီထင်းရှန်းရဲ့ ခက်ခဲလှတဲ့ခရီးစဉ်က စတင်နေပြီ ဖြစ်ပါတယ်။
ဒုက္ခသည်တွေကလည်း တစ်ဦးနဲ့တစ်ဦး သတင်းတွေ ပေးနေကြတာကြောင့် ဒီမြင်းလှည်းတန်းကြီးကို မြင်တာနဲ့ အစိုးရက ကယ်ဆယ်ရေး လာတာဖြစ်ကြောင်း သိလိုက်ကြတယ်။ အဲဒီရိက္ခာလှည်းတွေကို မြင်ရတဲ့အခါ ဒုက္ခသည်တွေရဲ့ မျက်လုံးတွေက ရွှေတောင်ကြီးကို မြင်ရသလို တောက်ပလာပြီး အားလုံးက စုပြုံတိုးဝှေ့ လာကြတော့တယ်။
အခုတစ်ခေါက် ရွှီထင်းရှန်းနဲ့အတူ လိုက်ပါလာသူတွေကတော့ ကျင်းယီဝေ့က အရာရှိ ကျိချွန်းတယ်နဲ့ မြို့တော်စောင့်တပ်က ဒု-တပ်မှူး ဝမ်လျန်ဟွာတို့ ဖြစ်ကြပါတယ်။
ဝမ်လျန်ဟွာက အခြေအနေကို မြင်တဲ့အခါ စစ်သည်တွေကို အင်အားသုံးပြီး ဒုက္ခသည်တွေကို မောင်းထုတ်ခိုင်းလိုက်တယ်။ အဲဒီလို မလုပ်ရင် အခြေအနေက ထိန်းမနိုင် သိမ်းမရ ဖြစ်သွားမှာကို စိုးရိမ်လို့ပါပဲ။
232 03
ဒါပေမဲ့ ရွှီထင်းရှန်းကတော့ သူ့ကို တားလိုက်တယ်။ "ဒီတစ်ခေါက် ကယ်ဆယ်ရေးမှာ ပြည်သူတွေကို နှစ်သိမ့်ဖို့က အဓိကပဲ ရိက္ခာတွေကို ဝေငှပေးလိုက်ပါ"
"အရာရှိမင်း"
"ဒီနေရာမှာတင် ဆန်ပြုတ် ကျိုခိုင်းလိုက်ပါ။ ပြီးရင် သူတို့ကို ပြောလိုက် ငါတို့က ဘေးဒုက္ခ ကယ်ဆယ်ဖို့ လာတာဖြစ်လို့ စည်းကမ်းကို လိုက်နာပြီး ပြဿနာ မရှာဘူးဆိုရင် ငါတို့နောက်ကို လိုက်ခဲ့ပါ ဘယ်သူမှ ငတ်ပြီး မသေစေရဘူးလို့"
ဘယ်သူမှ ရွှီထင်းရှန်းရဲ့ ရည်ရွယ်ချက်ကို နားမလည်ကြပေမဲ့ အရာရာကို ရွှီအရာရှိရဲ့သဘောအတိုင်းပဲ လုပ်ဖို့ အထက်က မှာထားတာကြောင့် ဝမ်လျန်ဟွာမှာလည်း လိုက်နာခဲ့ရတယ်။
သူတို့က စခန်းမချဘဲ ထိုနေရာမှာတင် မီးဖိုတွေ တည်ဆောက်ပြီး ထမင်းချက်ကြတယ်။ အချိန်ကလည်း မွန်းတည့်ချိန်ဖြစ်လို့ စစ်သည်တွေနဲ့ ဒုက္ခသည်တွေ အတူတူ စားကြရတယ်။
အစားအသောက်က အလွန်ပဲ ရိုးရှင်းလှပြီး ဆန်ပြုတ်ပဲ ဖြစ်ပါတယ်။ အောက်ခြေက စစ်သည်တွေက ကန့်ကွက်ကြပေမဲ့ ဝမ်လျန်ဟွာက လူတိုင်း အတူတူပဲ စားရမယ်လို့ အမိန့်ပေးလိုက်တယ်။
မင်းတို့က ဆန်ပြုတ်သောက်နေရသလို အထက်က အရာရှိကြီးတွေလည်း ဆန်ပြုတ်ပဲ သောက်နေရတာ ဒုက္ခသည်တွေလည်း အတူတူပဲလေ။
မင်းတို့ သာမန်စစ်သည်တစ်ယောက်က အထက်က အရာရှိကြီးတွေထက် ပိုပြီး အခွင့်အရေးရှိရမှာလား။
အားလုံးက ဆန်စေ့တွေကို ရေတွက်လို့ ရနိုင်လောက်အောင် ကျဲလှတဲ့ ဆန်ပြုတ်ကိုပဲ သောက်ခဲ့ကြရတယ်။
စားပြီးတဲ့အခါ ဗိုက်ထဲက ရေသံတွေကိုပဲ ကြားနေရပြီး ဗိုက်ဆာတာကိုတော့ မပြေပျောက်စေခဲ့ပါဘူး။
ဒါပေမဲ့ ဒုက္ခသည်တွေကို ကြည့်လိုက်တဲ့အခါ သူတို့က အဲဒီဆန်ပြုတ်ကိုပဲ အလွန်ကောင်းမွန်တဲ့ ရတနာ တစ်ခုလို မြိန်ရေယှက်ရေ စားနေကြတာကို မြင်ရတယ်။
လူအများကြီးက မိမိကိုယ်တိုင် မစားဘဲ လူကြီးတွေနဲ့ ကလေးတွေကို အရင် ကျွေးကြသလို အချို့ကတော့ နောက်တစ်နပ် ရှိတော့မှာ မဟုတ်သလိုမျိုး တစ်ငုံချင်းစီကို တန်ဖိုးထားပြီး သောက်နေကြတယ်။
တစ်ခဏအတွင်းမှာပဲ တစ်စုံတစ်တစ်ခုကို လူတိုင်း နားလည်သွားကြတဲ့ပုံ ရှိပါတယ်။
စားပြီးနောက် နာရီဝက်လောက် နားပြီး ခရီးဆက်ခဲ့ကြတယ်။
လမ်းတစ်လျှောက်မှာ ဒုက္ခသည်တွေက အဆက်မပြတ် ရောက်လာကြတာကြောင့် လူအုပ်ကြီးက ပိုပြီးကြီးလာခဲ့တယ်။ ဒီနေရာမှာ အစိုးရအရာရှိက တစ်နေ့ သုံးနပ် ဆန်ပြုတ် ဝေနေကြောင်း တစ်နပ်တည်း မဟုတ်ဘဲ တစ်နေ့ သုံးနပ် ဖြစ်ကြောင်း လူတိုင်း သိသွားကြတယ်။
ဒီလိုနဲ့ ဒုက္ခသည် အမြောက်အမြားက မြို့တော်နဲ့ တဖြည်းဖြည်း ဝေးသွားခဲ့ပြီး ရွှီထင်းရှန်းတို့နဲ့အတူ တောင်ဘက်ကို လိုက်လာခဲ့ကြတယ်။
လမ်းတစ်လျှောက်က စီရင်စုနဲ့ ခရိုင်အရာရှိတွေကလည်း ဒီမြင်ကွင်းကို စောင့်ကြည့်နေကြတာမို့ လူအုပ်ကြီး ထွက်သွားတာကို မြင်ရတဲ့အခါမှပဲ စိတ်အေးသွားကြတော့တယ်။
သတင်းက မြို့တော်ကို ပြန်ရောက်သွားတဲ့အခါ ဧကရာဇ်ကျားချန်က ထပ်ပြီးတော့ အေးစက်စွာ ရယ်မောပြီး ကြိမ်းမောင်းလိုက်တယ်။ "တစ်ခုချင်းစီက အသုံးမကျတဲ့သူတွေပဲ။ ဒုက္ခသည်တွေကို ခွဲထုတ်ဖို့ဆိုရင် နည်းလမ်း မရှိဘူးလို့ ပြောကြတယ်။ ရိက္ခာထုတ်ပေးဖို့ဆိုရင်လည်း အကြောင်းပြချက်တွေ ပေးကြတယ်။ တိုင်းပြည်ရဲ့ လစာကို ယူနေပြီးတော့ ဘာအလုပ်မှ မလုပ်ကြဘူး။ မင်းတို့ကို ဘာအတွက် အသုံးချနေရတာလဲ"
232 04
အခုတစ်ခေါက်မှာတော့ ရွှီထင်းရှန်းကို အပြစ်တင်ဝံ့သူ မရှိတော့ပါဘူး။ သူက ရိက္ခာတွေကို ယူသွားခဲ့ပေမဲ့ အဓိကအချက်က သူက အလုပ်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့လို့ပါပဲ။
ဒုက္ခသည်တွေကို စီမံတဲ့နေရာမှာ ဗိုက်ဝအောင် ကျွေးရုံနဲ့ မလုံလောက်ဘဲ ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ရပါတယ်။ ကံကောင်းလို့ အစိုးရမှာ ကူးစက်ရောဂါ ကာကွယ်ရေး နည်းလမ်းအချို့ ရှိနေခဲ့တယ်။
ရိက္ခာ မရှိပေမဲ့ ဆေးဝါးတွေ ရှိနေတာကြောင့် ရွှီထင်းရှန်းက ထွက်ခါနီးမှာ အခွန်ဝန်ကြီးဌာနဆီကနေ ဆေးဝါးလှည်း ဆယ်ကျော်ကို တောင်းယူခဲ့တယ်။
သူက စစ်သည်တွေကို ကူးစက်ရောဂါ ကာကွယ်ရေးကို အထူး ဂရုစိုက်ခိုင်းပြီး လူတိုင်း သောက်ရေကို ကြိုချက်ပြီး သောက်ဖို့ စည်းကမ်းမဲ့ အညစ်အကြေး မစွန့်ဖို့ မှာခဲ့တယ်။ အရာအားလုံးကို အလျင်အမြန် ရှင်းပြီး မြေမြှုပ်ရမှာဖြစ်သလို မြစ်ရေတွေကို ညစ်ညမ်းအောင် မလုပ်ရဘူး။ စည်းကမ်းဖောက်တဲ့သူကို ချက်ချင်း နှင်ထုတ်မယ်လို့ ဆိုတာကြောင့် ဘယ်ဒုက္ခသည်မှ မဖောက်ဝံ့ကြဘူး။
ဒါ့အပြင် သူက နေ့တိုင်း ဆေးရည်တွေကို ကျိုပြီး လူတိုင်းကို တစ်ခွက်စီ တိုက်ကျွေးခဲ့တယ်။ လူအုပ်ကြီးထဲမှာ ကူးစက်ရောဂါ မဖြစ်ခဲ့တာက အလွန်ပဲ ကံကောင်းလှပါတယ်။
ဒါပေမဲ့လည်း ရိက္ခာ နည်းလာတဲ့ ပြဿနာက ပေါ်လာခဲ့တယ်။ ဆန်တစ်သောင်းဒန်က များတယ်လို့ ထင်ရပေမဲ့ စစ်သည် သုံးထောင်ကျော်နဲ့ ဒုက္ခသည် တစ်သောင်းနီးပါးအတွက်တော့ မလုံလောက်ခဲ့ပါဘူး။
နေ့တိုင်း ဆန်ပြုတ် နှစ်နပ်နဲ့ ထမင်း တစ်နပ်ပဲ စားပေမဲ့ လူတိုင်းက စတင်ပြီး ပိန်ချုံးလာခဲ့ကြတယ်။ ရွှီထင်းရှန်းကိုယ်တိုင်တောင် ခန္ဓာကိုယ်က အသားတွေက သိသိသာသာ လျော့သွားခဲ့ရတယ်။
တစ်နေ့ ညနေပိုင်းမှာ စခန်းချနေတုန်း အဝေးက မြင်းလှည်းတစ်စီး ရောက်လာခဲ့တယ်။
မြင်းလှည်းက အပြင်ဘက်မှာ တားဆီးခံခဲ့ရပေမဲ့ ရွှီအရာရှိ အိမ်တော်က စေလွှတ်လိုက်တဲ့သူဖြစ်ကြောင်း သိရတဲ့အခါမှပဲ စစ်သည်တွေက လွှတ်ပေးခဲ့တာပါ။
အဲဒါ ကျောက်ကျစ် ပါပဲ။
သူက တစ်ယောက်တည်း လာတာဖြစ်ပြီး အဝတ်အစားအချို့နဲ့ ထမင်းချိုင့်တစ်ခု ယူလာခဲ့တယ်။
ဒါ့အပြင် သူက ရွှီထင်းရှန်းကို သတင်းပေးတာက သခင်မကြီးကလည်း နောက်ကွယ်က အစောင့်အရှောက်တွေနဲ့အတူ လိုက်လာကြောင်း ပါပဲ။
ရွှီထင်းရှန်းက အလွန်ပဲ စိုးရိမ်သွားတာကြောင့် ကျောက်ကျစ်ကို ကျောက်အာဆီ ချက်ချင်း ပြန်ခိုင်းလိုက်တယ်။
ဒါပေမဲ့ နောက်တစ်နေ့မှာ ကျောက်ကျစ် ထပ်ရောက်လာခဲ့ပြီး ထမင်းဟင်းတွေ ယူလာခဲ့ပြန်တယ်။ အစားအသောက်က ရိုးရှင်းပေမဲ့ ကျဲလှတဲ့ ဆန်ပြုတ်နဲ့ စာရင်တော့ အများကြီး သာပါတယ်။ တစ်ပါးတည်း ကျောက်အာရဲ့ စကားကိုလည်း ပါးလိုက်တာက သူမက မြောက်ပိုင်းဒေသက စီးပွားရေးလုပ်ငန်းတွေကို လိုက်စစ်နေတာပဲဖြစ်ပြီး တမင်တကာ နောက်က လိုက်လာတာ မဟုတ်ကြောင်း ပါပဲ။
ရွှီထင်းရှန်းက သူမကို ပြန်လွှတ်ချင်ပေမဲ့ ကျောက်အာရဲ့ဇွဲကို သူ သိထားတာကြောင့် ခွင့်ပြုလိုက်ရုံပဲ ရှိတော့တယ်။
ဒါပေမဲ့ မကြာခင်မှာပဲ သူက အဲဒီကိစ္စတွေကို ဂရုမစိုက်နိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ပေါင်တင့်စီရင်စု ကို ရောက်လာခဲ့လို့ပါပဲ။
ပေါင်တင့်စီရင်စုက ကြီးမားတဲ့ မြို့တစ်မြို့ ဖြစ်သလို မြို့တော်ကို အကာအကွယ်ပေးထားတဲ့ အရေးပါတဲ့ မြို့လည်း ဖြစ်ပါတယ်။ ပေါင်တင့်က ထွက်ရင် မြောက်ပိုင်းဒေသကနေ တရားဝင် ထွက်သွားပြီ ဖြစ်တယ်။
ပေါင်တင့်မှာ သူဌေးကြီးတွေနဲ့ ကုန်သည်ကြီးတွေအများကြီး ရှိနေပေမဲ့ ရွှီထင်းရှန်းက မြို့ထဲကို မဝင်ဘဲ ဘေးကနေပဲ ပတ်သွားခဲ့တယ်။ ဒါပေမဲ့ အခုတစ်ခေါက်မှာတော့ သူက အစီအစဉ်ကို ပြောင်းလိုက်ပြီး လူအုပ်ကြီးကို မြို့ပြင်မှာ စခန်းချခိုင်းကာ ကျင်းယီဝေ့တွေနဲ့အတူ မြို့ထဲကို ဝင်သွားခဲ့တော့တယ်။
232 05
ဒီလူတွေ ပေါင်တင့်နယ်မြေထဲကို ဝင်ကတည်းက စောင့်ကြည့်ခံနေရတာကြောင့် ပေါင်တင့်ဘက်ကလည်း ကြိုတင်ပြင်ဆင်ထားခဲ့ကြတယ်။
ဒါပေမဲ့ ရွှီထင်းရှန်းက ကျင်းယီဝေ့တွေကိုပဲ ခေါ်သွားပြီး စစ်သည်တွေနဲ့ ဒုက္ခသည်တွေကို မခေါ်သွားတာကြောင့် ဘယ်သူမှ မတားရဲကြပါဘူး။
ဒါပေမဲ့ လူတိုင်းရဲ့ စိတ်ထဲမှာတော့ ဒီလူ ဘာလုပ်ချင်နေတာလဲဆိုတာ သံသယ ဖြစ်နေကြတယ်။ ရိက္ခာလိုချင်နေတာလား။ သူတို့ဆီမှာလည်း ရိက္ခာမရှိတာတော့ အမှန်ပဲ။
ရွှီထင်းရှန်း ဘာလုပ်ချင်နေလဲဆိုတာကိုတော့ သူတို့ မကြာခင် သိသွားကြတော့မှာပါ။
ရွှီထင်းရှန်းက ပေါင်တင့်စီရင်စုရုံးကို ရောက်သွားပြီး စီရင်စုမင်း ချန်မောက်လုံကို တွေ့ကာ ဒီနေရာက အကြီးဆုံး ရိက္ခာကုန်သည်နဲ့ သူဌေးကြီးက ဘယ်သူလဲလို့ မေးလိုက်တော့တယ်။
ချန်မောက်လုံက တွေဝေနေပြီး သံတမန် ဘာလုပ်ချင်နေမှန်းကိုလည်း နားမလည်ဘဲ ရှိနေတယ်။
ရွှီထင်းရှန်းက အေးစက်စွာ ရယ်မောလိုက်ပြီး အကယ်၍ ဘေးဒုက္ခကယ်ဆယ်ရေးကို နှောင့်နှေးအောင် လုပ်ရင် အစိုးရက သူ့ကို အရင်ဆုံး ခွင့်လွှတ်မှာ မဟုတ်ကြောင်း နောက်ကွယ်မှာလည်း 'အရေးပေါ် ဆုံးဖြတ်ခွင့်ရှိတယ်' ဆိုတဲ့ အမိန့်တော်ကို ကိုင်ထားတဲ့သူ ရှိနေသလို ကျင်းယီဝေ့တွေကလည်း စိုက်ကြည့်နေတာကြောင့် ချန်မောက်လုံမှာ မလွှဲမရှောင်သာဘဲ အမည်နှစ်ခုကို ပြောပြလိုက်ရတော့တယ်။ ရွှီထင်းရှန်းကလည်း ချက်ချင်းပဲ စီရင်စုမင်းကို အဲဒီလူနှစ်ယောက်ကို ခေါ်ခိုင်းလိုက်တော့တယ်။
မကြာမီမှာပဲ အဲဒီသူဌေးကြီး နှစ်ယောက် ရောက်လာခဲ့တယ်။
ကျင်းယီဝေ့တွေက ငွေသေတ္တာ နှစ်လုံးကို ယူလာပြီး သူတို့ရဲ့ ရှေ့မှာ ချထားလိုက်တယ်။
"ငါကိုယ်တော်က အစိုးရအတွက် အလုပ်လုပ်နေတာဖြစ်ပြီး ဧကရာဇ်ရဲ့ အမိန့်အရ ဘေးဒုက္ခ ကယ်ဆယ်ရေးအတွက် ထွက်လာတာ ဖြစ်တယ်။ အစိုးရက ပြည်သူကို နှိပ်စက်တယ်လို့ အပြောမခံချင်တာကြောင့် မင်းတို့ဆီက ရိက္ခာတွေကို အလကား မယူပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်က ပေါက်ဈေးအတိုင်းပဲ ဒီငွေတွေနဲ့ ရိက္ခာ ဘယ်လောက် လဲနိုင်မလဲဆိုတာ မင်းတို့ဘာသာပဲ စဉ်းစားကြပါတော့"
"သံတမန်မင်း"
အဲဒီလူနှစ်ယောက်က အလွန်ပဲ ထိတ်လန့်သွားကြပေမဲ့ ဘာမှ မပြောဝံ့ဘဲ စီရင်စုမင်း ချန်မောက်လုံကိုပဲ အားကိုးတကြီး ကြည့်နေကြတော့တယ်။
ချန်မောက်လုံက ဒီဒေသရဲ့ အရာရှိ ဖြစ်တဲ့အတိုင်း အဲဒီသူဌေးကြီးတွေနဲ့ ရင်းနှီးသလို အကျိုးကျေးဇူးတွေလည်း ရထားတာကြောင့် အခုတော့ ကူညီပြီး စကားပြောပေးရတော့တယ်။
"သံတမန်မင်း အခု နေရာတိုင်းမှာ ရိက္ခာ ပြတ်လပ်နေတာပါ။ ပေါင်တင့်မှာလည်း ရိက္ခာ နည်းပါးလှပါတယ်။ သူတို့ နှစ်ယောက်က နာမည်ကြီး သူဌေးတွေ ဖြစ်ပေမဲ့ သူတို့ကိုယ်တိုင် စိုက်တာ မဟုတ်တော့ ရိက္ခာ အမြောက်အမြားကို ဘယ်ကနေ ယူလာနိုင်မှာလဲ"
ရွှီထင်းရှန်းက အေးစက်စွာ ရယ်မောပြီး စူးရှတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ "ချန်အရာရှိက ဘယ်လို အဆင့်အတန်းနဲ့ သူတို့အတွက် ရှေ့နေ လိုက်ပေးနေတာလဲ"
"ဒါက..." ချန်မောက်လုံက ရွှီထင်းရှန်း ဒီလို မေးလိမ့်မယ်လို့ မထင်ထားတာကြောင့် ကြောင်သွားရတယ်။
232 06
"အကယ်၍ အရာရှိတစ်ယောက်အနေနဲ့ ပြောနေတာဆိုရင်တော့ ပါးစပ်ပိတ်ထားလိုက်ပါ။ အကယ်၍ သူတို့ရဲ့ဆွေမျိုးသားချင်း တစ်ယောက်အနေနဲ့ ပြောနေတာဆိုရင်တော့ အဲဒါကို သီးခြား တွက်ချက်ရပါလိမ့်မယ်" ရွှီထင်းရှန်းက ပြုံးပြီး ပြောပေမဲ့ ဘယ်သူမှ သူ့ကို ရယ်နေတယ်လို့ မထင်ကြပါဘူး။
လူမိုက်ပဲ မိမိက သူဌေးကြီးတွေဆီက အကျိုးအမြတ် ယူထားကြောင်းကို ထုတ်ပြောပါလိမ့်မယ်။ ချန်မောက်လုံကလည်း အလျင်အမြန်ပဲ အဲဒါက နားလည်မှု လွဲတာဖြစ်ကြောင်း ပြောလိုက်ရတော့တယ်။
"နားလည်မှု လွဲတာဆိုရင်တော့ ပိုကောင်းတာပေါ့။ ချန်အရာရှိ အမှန်အတိုင်း ပြောရရင်တော့ ထိုက်ချန်းက ရိက္ခာတွေကို ငါ့ရဲ့ ရာထူးကို စတေးပြီးတော့မှ ဆန်တစ်သောင်းဒန်ကို ရအောင် ယူလာခဲ့ရတာပါ။ အခု ဒုက္ခသည်တွေကို ခွဲထုတ်ဖို့နဲ့ ကယ်ဆယ်ဖို့ တတာဝန်တွေ အားလုံးက ကျုပ်တစ်ယောက်တည်းပေါ်မှာပဲ ရှိနေတာ။ ကျုပ်အနေနဲ့ ဒီတာဝန်ကို မထမ်းဆောင်နိုင်တော့ဘဲ ကိစ္စတွေ ပျက်စီးသွားမယ်ဆိုရင်တော့ ဧကရာဇ်က ငါ့ရဲ့ခေါင်းကို ဖြတ်ပါလိမ့်မယ်။ မင်း စဉ်းစားကြည့်ပါ ငါ့ရဲ့ခေါင်း မပြတ်ခင်မှာ ငါက တခြားလူတွေရဲ့ခေါင်းကို အရင် ဖြတ်လိုက်မယ်ဆိုရင် ငါ့မှာ ခေါင်းတွေ အများကြီး ထပ်ထွက်လာပြီးတော့ အကြိမ်ကြိမ် အဖြတ်ခံနိုင်မယ်လို့ မင်း ထင်သလား"
ဒီစကားက အလွန်ပဲ ဝေ့ဝိုက်တာကြောင့် အစပိုင်းမှာ ဆိုလိုရင်းကို နားမလည်ကြပေမဲ့ သေသေချာချာ စဉ်းစားကြည့်တဲ့အခါမှာတော့ အတွင်းမှာ ပါနေတဲ့ ခြိမ်းခြောက်မှုကို သိလိုက်ကြတော့တယ်။
ရွှီထင်းရှန်းက အကျပ်အတည်းကြားမှာ တာဝန်ပေးခံရပေမဲ့ ရိက္ခာမရှိတာကြောင့် ဒီအလုပ်က မအောင်မြင်နိုင်တာ ထင်ရှားပါတယ်။ ဒါကြောင့် သူက အရာရာကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ထားတာလား။
ဘယ်လိုပဲ ဖြစ်ဖြစ် မင်းတို့က ငါ့ကို စိတ်မချမ်းသာအောင် လုပ်ရင် ငါကလည်း မင်းတို့ကို စိတ်မချမ်းသာအောင် ပြန်လုပ်မယ်။ မင်းတို့ အရင် ဒုက္ခရောက်မလား။ ဒါမှမဟုတ် ငါ အရင် ခေါင်းပြတ်မလား ဆိုတာကို ကြည့်ကြတာပေါ့။ နောက်ပြီး ငါ့မှာ ဖြတ်စရာ ခေါင်း ဘယ်နှစ်လုံး ရှိသလဲဆိုတာကိုလည်း ကြည့်ရသေးတာပေါ့။
အမိန့်တော်ကို ကိုင်ထားတဲ့ ဟူဆန်းက ရှေ့ကို တစ်လှမ်း တိုးလိုက်တယ်။ ရွှီထင်းရှန်းက အေးဆေးစွာနဲ့ အဲဒီနေရာကို တစ်ချက် ကြည့်ပြီးမှ ချန်မောက်လုံကို ပြုံးပြီး ကြည့်ကာ ဆက်ပြောလိုက်တယ်။ "အခု အပြင်မှာ ဒုက္ခသည် သောင်းဂဏန်း ရှိနေတယ်။ ငါရဲ့ မူလ ရည်ရွယ်ချက်ကတော့ သူတို့ကို မြို့တော်ကနေ ဝေးရာကို ခေါ်သွားဖို့ပါပဲ။ ဒါပေမဲ့ ချက်စရာ ဆန်မရှိရင်တော့ သူတို့က ငါ့နောက်ကို လိုက်မလား။ မလိုက်ဘူးလား ဆိုတာကိုတော့ ငါလည်း မသိနိုင်ဘူး"
အဲဒါက ထပ်ပြီး ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်။
အမှန်တော့ ဒီဒုက္ခသည်တွေ မြို့တော်နားကို ရောက်လာတာက လမ်းတစ်လျှောက်က စီရင်စုနဲ့ခရိုင်အရာရှိတွေက တမင် လုပ်ခဲ့တာကြောင့် ဖြစ်တယ်။
ဒေသခံ ပြည်သူတွေ အေးချမ်းမှု ရှိ မရှိ ဆိုတာက အရာရှိတွေရဲ့ အလုပ်စစ်ဆေးမှုနဲ့ ဆိုင်နေပြီး အဲဒါက ရာထူးတိုးဖို့နဲ့ ဆိုင်နေပါတယ်။ ဒီဒုက္ခသည်တွေက မီးခဲတွေလိုပဲ ဖြစ်တာကြောင့် တို့လို့ မရသလို ကိုင်လို့လည်း မရပါဘူး အကယ်၍ မိမိတို့ ဒေသမှာ အခြေချရင် မကြာခင်မှာပဲ ဆူပူတာတွေ ဖြစ်လာပါလိမ့်မယ်။
အစိုးရက အဲဒီလူတွေက ဒေသခံ ဟုတ် မဟုတ်ကို ဂရုမစိုက်ဘဲ မင်းရဲ့ အုပ်ချုပ်မှုအောက်မှာ ဆူပူရင် မင်းရဲ့တာဝန်ပဲ။ ဒါကြောင့် ဒုက္ခသည်တွေ လာနေတယ်လို့ ကြားတာနဲ့ ဒေသခံ အရာရှိတွေက အဝေးကနေပဲ စောင့်ကြည့်ခိုင်းပြီး မြို့တံခါးတွေကို တင်းတင်းပိတ်ကာ ဒုက္ခသည်တွေ ဘယ်လောက်ပဲ ငိုပြီး တောင်းပန်ပါစေ ဖွင့်မပေးကြပါဘူး။
တံခါးတွေ ပိတ်ထားတာကြောင့် ဒုက္ခသည်တွေက ရှေ့ကိုပဲ ဆက်တိုးသွားရာက မြို့တော်ကို ရောက်သွားကြတာပါ။
232 07
ဒီအချက်တွေကို အောက်ခြေက အရာရှိတွေ အားလုံး သိထားကြပေမဲ့ ဘယ်သူမှ ထုတ်မပြောခဲ့ကြဘူး။ အခုတော့ ရွှီထင်းရှန်းက ဒီအချက်ကို သုံးပြီး ခြိမ်းခြောက်နေတာ ဖြစ်တယ်။
မင်းတို့ ရိက္ခာမပေးရင် ကိစ္စမရှိဘူး။ ဒါဆိုရင် ဒုက္ခသည်တွေကို ငါ မထိန်းတော့ဘူး။ အဲဒီအခါ ဒုက္ခရောက်ရင်တော့ မင်းတို့ ပေါင်တင့်စီရင်စုရဲ့ တာဝန်ပဲ။
ချန်မောက်လုံရဲ့ နဖူးက ချွေးစိမ်းတွေက အဆက်မပြတ် ကျလာပြီး ဒီသံတမန်ကို မြို့ပြင်ကို ဆွဲထုတ် ပစ်လိုက်ချင်စိတ်တောင် ပေါက်နေတော့တယ်။
ဒါပေမဲ့ သူက စိတ်ထဲကပဲ တွေးဝံ့ပြီး သူ့မျက်လုံးတွေက အောက်ခြေက သူဌေးကြီးတွေဆီကို ရောက်သွားတော့တယ်။
အဲဒီသူဌေးကြီး နှစ်ယောက်က ပေါင်တင့်မှာ သိပ်ထင်ရှားတဲ့သူတွေ ဖြစ်ပေမဲ့ အခုတော့ ဒူးထောက်နေရပြီး ဘယ်သူမှ မတ်တတ်ရပ်ခိုင်းတာ မရှိတာကြောင့် အရာရှိ နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုကြားမှာ သူတို့က ကြားညှပ်ပြီး ဒုက္ခရောက်နေကြရတယ်။
ဒါပေမဲ့ သူတို့ကို သတ်ရင်တောင် သံတမန်မင်းက နေ့ခင်းကြောင်တောင် ခြိမ်းခြောက်နေပါတယ်လို့ ဘယ်သူမှ မပြောဝံ့ကြပါဘူး။
အဲဒီငွေသေတ္တာ နှစ်လုံးကို ကြည့်လိုက်တော့ အကယ်၍ မမှားရင် ငွေစင် နှစ်သောင်းလောက် ရှိပါလိမ့်မယ်။ ဒီငွေတွေနဲ့ ရိက္ခာ အများကြီး ဝယ်လို့ မရနိုင်ပေမဲ့ သူတို့ တစ်ယောက်ချင်းစီရဲ့ လက်ထဲမှာတော့ ရိက္ခာဂိုဒေါင် အများကြီး ရှိနေကြတာ မဟုတ်လား။
ချန်မောက်လုံက ဆုံးဖြတ်ချက် ချလိုက်တဲ့ပုံပဲ။ သူ့မျက်ဝန်းထဲမှာ ခြိမ်းခြောက်တဲ့ အရိပ်အယောင်တွေ ပါလာသလို စကားတစ်ခွန်းလည်း ပါးလိုက်တာက ဒီအကုသိုလ်ကောင်ကို အမြန်ဆုံး နှင်ထုတ်လိုက်ရုံပဲ ရှိတော့တယ် တဲ့။
သူဌေးကြီး နှစ်ယောက်လည်း အချင်းချင်း ကြည့်ပြီးနောက် ဒီအကုသိုလ်ကောင်ကို နှင်ထုတ်ဖို့အတွက်ပဲ သဘောတူလိုက်ရတော့တယ်။
******