အခန်း (၂၃၃-၂၃၄)
Vol. 24 Ch. 233-234
233 01
အခန်း ၂၃၃
သူဌေးကြီးနှစ်ယောက်ကတော့ မိဘနှစ်ပါးစလုံး ဆုံးသွားသလိုမျိုး ပူဆွေးတဲ့မျက်နှာနဲ့ အောက်ခြေကိုဆင်းပြီး အစီအစဉ်တွေ လုပ်ကြရတော့တယ်။ သူတို့က မိမိတို့ရဲ့ ရိက္ခာဂိုဒေါင်ကြမ်းပြင်ကိုတောင် ကုတ်ခြစ်ပြီး ရှာရသလိုမျိုး အလွန်ပဲ ခက်ခဲပါတယ်လို့ တမင်သက်သက် ဟန်ဆောင်ပြပြီး ဆန်နှစ်သောင်းဒန်ကို ရှာပေးခဲ့ကြတယ်။
အပြင်ဘက်မှာ ရိက္ခာတွေကို လှည်းပေါ်ကို တင်နေကြပြီ ဖြစ်တာကြောင့် ရွှီထင်းရှန်းက စက္ကူနဲ့ စုတ်တံကို ယူလာခိုင်းပြီးနောက် လက်ရဲဇက်ရဲနဲ့ စာတစ်စောင်ကို ရေးလိုက်တယ်။
ငါက မင်းတို့အပေါ်မှာ အမြတ်ထုတ်နေတာမှန်း သိပေမဲ့လည်း အခြေအနေက သိပ်ကို အရေးကြီးနေလို့ မလွဲမရှောင်သာဘဲ လုပ်ရတာ ဖြစ်ပါတယ်။ အကယ်၍ မင်းတို့အနေနဲ့ ဒီငွေစင်တွေကို မယူချင်ရင် ပေါင်တင့်စီရင်စုမှာ အခွန်ရိက္ခာတွေ ကောက်ပြီးတဲ့အခါ ဒီစာကို သုံးပြီး ချန်အရာရှိဆီကနေ တူညီတဲ့ ရိက္ခာပမာဏနဲ့ လဲနိုင်ပါတယ်။ ငွေစင်တွေကိုတော့ မြို့တော်ကို ပြန်ပို့ရမှာ ဖြစ်ပြီး ဧကရာဇ်မင်းမြတ်ဆီကို ငါကိုယ်တိုင် ရှင်းပြပေးပါ့မယ် လို့ သူက ဆိုလိုက်တယ်။
ဒါက ဘာလုပ်နေတာလဲ တကယ်ပဲ ဘာလုပ်နေတာလဲ။ မင်း သံတမန်မင်းအနေနဲ့ အတင်းအကျပ် ရောင်းဝယ်တာ မဟုတ်ပါဘူးဆိုတာကို သက်သေပြချင်နေတာလား။
ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ရွှီထင်းရှန်းက စိတ်ကျေနပ်စွာနဲ့ ရိက္ခာတွေကို ရသွားခဲ့သလို အဲဒီသူဌေးကြီး နှစ်ယောက်ကလည်း ငွေစင်တွေကို ရရုံတင်မကဘဲ သံတမန်မင်းရဲ့ လက်ရေးမူ တစ်စောင်ကိုပါ ရသွားခဲ့ကြရတယ်။
ရွှီထင်းရှန်းက ရိက္ခာတွေကို ယူပြီး ဝမ်းသာအားရ အော်ဟစ်နေကြတဲ့ ဒုက္ခသည်တွေနဲ့အတူ ရှေ့ကို ဆက်ပြီး ခရီးဆက်ခဲ့တော့တယ်။
ဒီလိုမျိုးပဲ လမ်းတစ်လျှောက်လုံးမှာ အတင်းအကျပ် ဝယ်ယူတာတွေကို လုပ်ရင်း ရွှီထင်းရှန်းတို့ လူစုက နောက်ဆုံးမှာ ဟဲနန် နယ်မြေထဲကို ဝင်နိုင်ခဲ့ကြတယ်။
သူတို့ရဲ့လမ်းခရီးက ကျိုင်းကောင်အုပ်ကြီး ဖြတ်သွားသလိုမျိုးပဲ ရှိနေပြီး စီရင်စုနဲ့ ခရိုင် တစ်ခုကိုမှ ချန်လှပ်ထားတာ မရှိလို့ ဒေသခံ သူဌေးကြီးတွေကတော့ သိပ်ကို ညည်းတွားနေကြရတယ်။ အကယ်၍ စီရင်စုမြို့ကြီးကိုသာ ရွှေ့လို့ ရမယ်ဆိုရင် အဲဒီလူအုပ်ကြီးရဲ့လမ်းကြောင်းနဲ့ ဝေးရာကို အမြန်ဆုံး ပြောင်းပစ်ချင်နေကြပြီ ဖြစ်တယ်။
သေချာတာပေါ့.. အဲဒါက အကောင်အထည် မဖော်နိုင်တဲ့ မျှော်လင့်ချက်တစ်ခုပါပဲ။
ရွှီထင်းရှန်း တောင်းဆိုတဲ့ ရိက္ခာပမာဏက အလွန်မများလှသလို သူကလည်း အသက်နဲ့ရင်းပြီး ခြိမ်းခြောက်နေတာမို့ ဒေသခံ သူဌေးကြီးတွေနဲ့ အရာရှိတွေက ဒီအကုသိုလ်ကောင်ကို နှင်ထုတ်ချင်တဲ့ စိတ်နဲ့ပဲ ရိက္ခာတွေကို ထုတ်ပေးပြီး ပို့ဆောင်လိုက်ကြတာ ဖြစ်တယ်။
ကံကောင်းလို့ ရွှီထင်းရှန်းကလည်း ကတိတည်တဲ့သူ ဖြစ်တဲ့အတိုင်း ရိက္ခာရပြီးတဲ့အခါ အဲဒီနေရာမှာ ပေကပ်ပြီး နေတာမျိုး လုံးဝမလုပ်ခဲ့ပါဘူး။
အမှန်တော့ လူတိုင်းမှာ သည်းခံနိုင်တဲ့ အတိုင်းအတာ တစ်ခုစီ ရှိကြတာမို့ ရွှီထင်းရှန်းက အလွန်ပါးနပ်လှလို့ အဲဒီအတိုင်းအတာကို ကျော်အောင် မလုပ်ခဲ့ဘူး။ သူ တောင်းဆိုတဲ့ ပမာဏက လူကို စိတ်နာစေပေမဲ့ အသက်ကိုတောင် စတေးပြီး မပေးဘဲ နေလောက်တဲ့အထိ ပြင်းထန်တာမျိုး မရှိခဲ့ပါဘူး။
ဒီလမ်းခရီးမှာ အမှန်တော့ ရိက္ခာတွေ လုံလောက်နေခဲ့ပြီ ဖြစ်ပေမဲ့ ဒီအချက်ကို ပြင်ပလူတွေက မသိကြဘူး။ ရိက္ခာတွေ ရတိုင်း ရွှီထင်းရှန်းက ထက်ဝက်ကိုပဲ ချန်ထားပြီး ကျန်တဲ့ ထက်ဝက်ကိုတော့ လူလွှတ်ပြီး ရှေ့ဘက်ကို တိတ်တဆိတ် ကြိုပို့ထားလေ့ ရှိတယ်။ မိမိမှာ ရိက္ခာမရှိတော့သလိုမျိုး ဟန်ဆောင်ပြီး ဒုက္ခသည်တွေကို ခေါ်ကာ နောက်ထပ် သူဌေးကြီးတွေဆီ သွားပြီး တောင်းတာ ဖြစ်တယ်။
လူအုပ်ကြီးက အလွန်ပဲ ကြီးမားတာကြောင့် လူအများရဲ့မျက်စိကို ဖုံးဖို့ လုံလောက်နေခဲ့တာကြောင့် ဘယ်သူမှ ဒီလှည့်ကွက်ကို သတိမပြုမိဘဲ ရှိနေခဲ့ကြတယ်။
မြို့တော်ဘက်မှာတော့ ရွှီထင်းရှန်းရဲ့ အတင်းအကျပ် ဝယ်ယူနေတဲ့ သတင်းတွေကို အစောကတည်းက ရထားကြပေမဲ့ ဘယ်သူမှ ထုတ်မပြောဝံ့ကြဘဲ မသိချင်ယောင် ဆောင်နေခဲ့ကြတယ်။
ဘာကို ပြောရပါ့မလဲ။ ဘာအတွက် အပြစ်တင်ရပါ့မလဲ။
233 02
ဘေးဒုက္ခကယ်ဆယ်ရေးက အရေးကြီးဆုံး ဖြစ်နေချိန်မှာ အတင်းအကျပ် ဝယ်တယ်ဆိုဦးတော့ သူက မင်းကို ငွေပေးခဲ့တယ် မဟုတ်လား။ အကယ်၍သာ အတင်းအကျပ် ပြောမယ်ဆိုရင် နှုတ်သီးကောင်းလှတဲ့ ဧကရာဇ်ကျားချန်က မင်းက အစွမ်းရှိရင် မင်းပဲ သွားလုပ်ပါလား လို့ ဆိုပြီး ပါးစပ်ပိတ်အောင် လုပ်ပါလိမ့်မယ်။(စာစစ်- ဟယ် ဘုရင်ကိုနော် ငါသွားတိုင်မှာ နင်တို့ အဲ့လိုပြောပါတယ်ဆိုပြီး)
ဒီအလုပ်က သူတစ်ပါးရဲ့အငြိုးအတေးကို ခံရမယ့် အလုပ်ဖြစ်မှန်း လူတိုင်း သိထားကြတာကြောင့် ဘယ်ရူးနှမ်းတဲ့သူကမှ မိမိကိုယ်ကို ပြဿနာရှာမှာ မဟုတ်ပါဘူး။ အဲဒီလိုသာ မဟုတ်ရင် ပုံမှန်အချိန်မှာ ဘေးဒုက္ခကယ်ဆယ်ရေး သံတမန် ရာထူးကို လူတိုင်းက လုနေကြမှာ သေချာပါတယ်။
ဟဲနန် နယ်မြေထဲကို ဝင်ပြီးတဲ့နောက်မှာတော့ ရွှီထင်းရှန်းက လူအုပ်ကြီးကို အဖွဲ့တွေ ခွဲလိုက်ပြီး ဝမ်လျန်ဟွာနဲ့ ကျိချွန်းတယ်တို့ကို သီးခြားစီ လွှတ်လိုက်တော့တယ်။
စစ်သည်တွေနဲ့ ရိက္ခာတွေတင်မကဘဲ ဒုက္ခသည် အမြောက်အမြားကိုလည်း သူတို့နဲ့အတူ ထည့်ပေးလိုက်တယ်။
အခုဆို အဲဒီဒုက္ခသည်တွေရဲ့ ဘဝက မဆိုးလှတော့ဘူး ဗိုက်ကို အပြည့်အဝ မစားရသေးပေမဲ့ အနည်းဆုံးတော့ ငတ်ပြတ်ပြီး သေမှာ ဒါမှမဟုတ် ရောဂါကြောင့် သေမှာကို စိုးရိမ်စရာ မလိုတော့ဘူး။ သူတို့ နေ့တိုင်း လုပ်ရမယ့် အလုပ်က လူအုပ်ကြီးနောက်ကို လိုက်သွားဖို့ပဲ ဖြစ်ပြီး ရိက္ခာမရှိတော့တဲ့အခါ မြို့တံခါးဝမှာ ထိုင်နေရုံနဲ့ ရိက္ခာတွေက ကောင်းကင်က ကျလာသလို ရနေတော့တာပဲ။
အဲဒါက အလွန်ပဲ ကောင်းမွန်တဲ့ ဘဝတစ်ခု ဖြစ်နေပါတယ်။
အမှန်တော့ အခုအချိန်မှာတော့ သံတမန်မင်း ဘာလုပ်နေလဲဆိုတာကို လူတိုင်းလိုလို သိနေကြပြီ ဖြစ်တယ်။
တူညီတဲ့ ဒုက္ခကို ခံစားနေရတယ်ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကြောင့်လည်းကောင်း၊ မိမိကိုယ်ကိုယ်နဲ့ သူတစ်ပါးကို ကယ်ချင်လို့လည်းကောင်း၊ ဒါ့အပြင် အဲဒီသူဌေးကြီးတွေနဲ့ အဂတိလိုက်စားတဲ့ အရာရှိတွေ အရှက်ရနေတာကို ကြည့်ပြီး ဝမ်းမြောက်လို့လည်းကောင်း ဒီဒုက္ခသည်တွေက နေရပ်ကို ပြန်တဲ့လမ်း မဟုတ်ပေမဲ့လည်း ဒီအလုပ်ကို လုပ်ဖို့ ဝန်မလေးကြတော့ပါဘူး။
သူတို့က အရာရှိမင်းနဲ့အတူ လိုက်ပြီး အဂတိလိုက်စားသူတွေကို နှိမ်နင်းကာ သူဌေးကြီးတွေဆီက ရိက္ခာတွေ ယူချင်ကြတယ်။ အမှန်တရားက အဲဒါက လုယက်တာ မဟုတ်ဘဲ သူတို့က ငွေပေးပြီး ဝယ်နေတာ ဖြစ်သလို သူတို့က ဧကရာဇ်ရဲ့ အမိန့်အရ ဘေးဒုက္ခကို ကယ်ဆယ်နေတာပဲ ဖြစ်ပါတယ်။
ဒုက္ခသည်တွေက သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာမှ အဲဒီအဂတိလိုက်စားတဲ့ အရာရှိတွေနဲ့ သူဌေးကြီးတွေကို ဒီလိုမျိုး နည်းလမ်းနဲ့ ကိုင်တွယ်နိုင်တာကို ပထမဦးဆုံးအကြိမ် သိလိုက်ရလို့ သံတမန်မင်းအပေါ်မှာ အလွန်ပဲ ကြည်ညိုလေးစားမိကြတော့တယ်။
အထူးသဖြင့် သံတမန်မင်းက ပြည်သူကို ချစ်မြတ်နိုးသလို မာနမရှိဘဲ ဒုက္ခသည်တွေနဲ့အတူ အတူတူစား အတူတူ နေတာကြောင့် သူ့ရဲ့ဂုဏ်သတင်းက ဒုက္ခသည်တွေကြားမှာ ပျံ့နေခဲ့ပြီး တစ်ဆင့်စကားနဲ့ လူအများကြီး သိသွားကြရတယ်။
သံတမန်မင်းရဲ့ မျိုးရိုးအမည်က ရွှီဖြစ်ပြီး အရင်က တစ်ပြည်လုံးကို တုန်လှုပ်စေခဲ့တဲ့ ပထမ ကျွမ့်ယွမ်ဘွဲ့ ရထားတဲ့သူဖြစ်ကြောင်း လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကမ်းရိုးတန်းဒေသမှာ ပြည်သူတွေအတွက် ကောင်းကျိုးတွေအများကြီး လုပ်ခဲ့လို့ အဲဒီဒေသက ပြည်သူတွေက ဘဝကို အဆင်ပြေပြေ ဖြတ်သန်းနေကြရကြောင်း အခုတော့ သူတို့ကို ဘေးဒုက္ခကနေ ကယ်ဖို့ ပြန်ရောက်လာတာ ဖြစ်ကြောင်း သတင်းတွေ ထွက်နေခဲ့တယ်။
ဒီစကားတွေကို ဒုက္ခသည်တွေက မပြောတတ်ကြဘူး။ သူတို့က စာမတတ်တာကြောင့် ဒီလိုမျိုး လေးနက်တဲ့ စကားတွေကို ဘယ်လို ပြောနိုင်ပါ့မလဲ။
သူတို့က လူတွေ့တိုင်း ရွှီအရာရှိက လူကောင်းတစ်ယောက် ဖြစ်တယ်။ တကယ့်ကို လူကောင်းကြီး ဖြစ်တယ် လို့ပဲ ပြောနိုင်ကြတာပါ။
233 03
သူတို့က အဲဒီလူကို အစွမ်းကုန် ထောက်ခံကြမှာဖြစ်ပြီး သူ ခိုင်းသမျှကို လုံးဝ ငြင်းတာမရှိဘဲ လုပ်ကြပါလိမ့်မယ်။
ရွှီထင်းရှန်း ပြောခဲ့သလိုပဲ အောက်ခြေ ပြည်သူတွေဆိုတာ အထက်လူကြီးတွေအတွက် အချစ်ရဆုံး ပြည်သူတွေ ဖြစ်တယ်။ သူတို့ရဲ့ လိုလားချက်က မမြင့်လှဘဲ ဗိုက်ဝအောင် စားရရုံမျှသာ ဖြစ်ပါတယ်။
ဒီလိုမျိုး လူအုပ်ကြီးကို လက်ထဲ ရထားတာကြောင့် ရွှီထင်းရှန်းက အခုတစ်ခေါက် ကယ်ဆယ်ရေးလုပ်ငန်း မအောင်မြင်မှာကို စိုးရိမ်စရာ မရှိတော့ပါဘူး။
ကိစ္စကြီးကြီးမားမား ဖြစ်လာရင်လည်း ဖြစ်ပါစေတော့… အနှေးနဲ့အမြန် ဒီပြဿနာတွေက ပေါ်လာရမှာပဲ ဖြစ်တယ်။
လူတစ်ယောက်ရဲ့ ဆွဲဆောင်မှု အရှိန်အဝါကို ဒီနေရာမှာ အထင်အရှား မြင်နိုင်ပါတယ်။ ဝမ်လျန်ဟွာနဲ့ ကျိချွန်းတယ် တို့ကတော့ စိတ်ထဲက မပါပေမဲ့ ဘာစကားမှ မပြောဝံ့ကြဘူး။
အကြောင်းက သူတို့က အခြေအနေအရ အတင်းအကျပ် အတင်ခံထားရသလို ဒီဒုက္ခသည်တွေတင်မက သူတို့ရဲ့ လက်အောက်က စစ်သည်တွေတောင်မှ ရွှီထင်းရှန်းအပေါ်မှာ အကြွင်းမဲ့ သစ္စာရှိနေကြလို့ ဖြစ်တယ်။
ဒီလိုနဲ့ စစ်သည်တွေကို သုံးဖွဲ့ခွဲပြီး နေရာအသီးသီးကို ပျံ့သွားခဲ့ကြတဲ့ အသေးစိတ်ကိုတော့ ခဏ ချန်ထားပါအုံးမယ်။
ဟဲနန် နယ်မြေထဲကို အမှန်တကယ် ရောက်သွားတဲ့ အခါမှာတော့ တကယ့် ငရဲခန်းကို မြင်လိုက်ရတော့တာပဲ။
အိမ်တိုင်းစေ့လိုလို လူသူကင်းမဲ့နေပြီး လူတွေက သေကုန်ကြတယ်။ ဒါမှမဟုတ် ထွက်ပြေးကုန်ကြတယ်။ စီရင်စုနဲ့ ခရိုင်တိုင်းရဲ့ အပြင်ဘက်မှာ ဒုက္ခသည် အမြောက်အမြား စုဝေးနေကြပေမဲ့ အစိုးရရုံးတွေမှာတော့ ဝေပေးစရာ ရိက္ခာတစ်စေ့မှ မရှိဘူး။
တချို့က မြို့တံခါးတွေကို ပိတ်ပြီး ခုခံနေကြပြီး ဒုက္ခသည်တွေကို မြို့ထဲကို လုံးဝ ပေးမဝင်ကြဘူး။ တချို့သော စိတ်နှလုံး နုနယ်တဲ့ အရာရှိတွေကတော့ ဒုက္ခသည်တွေကို မြို့ထဲ ပေးဝင်ပေမဲ့ ဒုက္ခသည်တွေနဲ့ ဒေသခံ ပြည်သူတွေကြားက ပဋိပက္ခတွေကို မဖြေရှင်းနိုင်လို့ မြို့တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်။
ဒါပေမဲ့ အဲဒီလို အရာရှိမျိုးက သိပ်ကို နည်းပါတယ်။ ဘာလို့လဲဆိုတော့ မြို့ထဲမှာ ဆူပူမှု ဖြစ်ရင် အဲဒါက ဒေသခံအရာရှိရဲ့ တာဝန်ပဲ ဖြစ်လို့ပါပဲ။
ပြင်းထန်ရင် ခေါင်းဖြတ်ခံရမှာဖြစ်ပြီး ပေါ့ရင် ရာထူးက ထုတ်ပယ်တာ ခံရမှာ ဖြစ်တယ်။
အဲဒါက ဒေသခံအရာရှိတွေက ဒုက္ခသည်တွေကို မြို့ထဲ ပေးမဝင်ဝံ့ရတဲ့ အစစ်အမှန် အကြောင်းရင်းပါပဲ။
ရွှီထင်းရှန်းတို့ လူစု ဖြတ်သွားတဲ့ စီရင်စုနယ်မြေ တစ်ခုဖြစ်တဲ့ ချီခရိုင်ကလည်း အဲဒီအတိုင်းပါပဲ။
ခရိုင်မြို့လေးက ပျက်စီးနေပြီး ရိက္ခာဂိုဒေါင်တွေ တိုက်ခိုက်ခံရရုံတင်မကဘဲ ခရိုင်ရုံးတော်တောင်မှ ဒေါသထွက်နေတဲ့ ပြည်သူတွေရဲ့ တိုက်ခိုက်တာကို ခံထားရတယ်။ ဒေသခံ ခရိုင်ဝန်က ကြောက်လန့်တကြားနဲ့ သာမန် ပြည်သူတစ်ယောက်ရဲ့ အိမ်မှာ ပုန်းနေပြီး လူအများရှေ့ကို မထွက်ဝံ့ဘဲ ရှိနေခဲ့ရာ သံတမန်မင်းရဲ့ အလံကြီးကို မြင်ရတဲ့ အခါမှပဲ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်လာခဲ့တာ ဖြစ်တယ်။
အသက်အရွယ် အတော်အတန် ရှိနေပြီဖြစ်တဲ့ အဲဒီအရာရှိက ယူကျုံးမရစွာနဲ့ ငိုနေရှာပြီး သူ့ရဲ့စိတ်ထဲက မတရားမှုတွေကို ပြောလို့တောင် မကုန်နိုင်တော့ဘူး။
သူက စေတနာ ကောင်းခဲ့ပါတယ်။ သူတစ်ပါးကို မရက်စက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဘာလို့ မိမိရဲ့စေတနာက ဒီလိုမျိုး ရလဒ်နဲ့ တုံ့ပြန်ခံရတာလဲ။
ဒါပေမဲ့ ဘယ်သူ့ကို အပြစ်တင်ရပါ့မလဲ။
233 04
ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။ ဒုက္ခသည်တွေက အသက်ရှင်ချင်ကြသလို ပြည်သူတွေကလည်း အသက်ရှင်ချင်ကြတာ မဟုတ်လား။
ဒီလိုမျိုး အရာရှိက နည်းနည်း တုံးပေမဲ့ အနည်းဆုံးတော့ စိတ်နှလုံး ကောင်းတဲ့သူ ဖြစ်တယ်။ နှမြောစရာကောင်းတာက သူက ကိစ္စရပ်တွေကို မှားယွင်းစွာ လုပ်ခဲ့သလို နည်းလမ်းလည်း မမှန်ခဲ့တာပါပဲ။
ရွှီထင်းရှန်းက ရှေ့ထွက်ပြီး ခရိုင်ရုံးတော်ကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး ဘေးဒုက္ခ ကယ်ဆယ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အတူ ရိက္ခာအချို့ကို ချန်ပေးခဲ့တယ်။ ဒါ့အပြင် ဒီဒုက္ခသည်တွေထဲက လူပေါင်း ရာဂဏန်းကိုလည်း အဲဒီမှာ ချန်ထားခဲ့ပြီးမှ လူအုပ်ကြီးကို ခေါ်ပြီး ထွက်ခဲ့တယ်။
ဒီဒုက္ခသည်တွေရဲ့ ကူညီဖျောင်းဖျမှု ရှိနေတာကြောင့် အနည်းဆုံးတော့ အောက်ခြေမှာ ဆူပူတာတွေ အလွန်အကျွံ မဖြစ်တော့ဘဲ သူ့ရဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ရင် ဒီရိက္ခာတွေနဲ့ အဲဒီခရိုင်ကို ယာယီ အေးချမ်းစေဖို့ လုံလောက်ပါတယ်။
သေချာတာပေါ့ အစစ်အမှန် အေးချမ်းမှု ရဖို့အတွက်တော့ ဒီဒုက္ခသည်တွေ ဆောင်းဦး ရိတ်သိမ်းချိန်အထိ စားနိုင်မယ့် ရိက္ခာတွေ လုံလောက်စွာ ရှိဖို့ လိုတယ်။ အဲဒီအချိန်ရောက်မှပဲ ဘေးဒုက္ခ မကျတဲ့ နေရာတွေက ရိက္ခာတွေကို စုစည်းပြီး နေရာအနှံ့ မျှဝေပေးတာနဲ့ ဒီအခက်အခဲကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
ဟဲနန်မှာ စုစုပေါင်း စီရင်စု ကိုးခု ရှိပေမဲ့ ရွှီထင်းရှန်းအနေနဲ့ စီရင်စုတိုင်းကို သွားဖို့ မဖြစ်နိုင်တာကြောင့် အရင်ဆုံး ခိုင်ဖုန်းကို သွားပြီး အဲဒီက အခြေအနေတွေကို လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။
ခိုင်ဖုန်းက ယာယီအားဖြင့် အေးချမ်းနေဆဲမို့ ဒေသခံအရာရှိတွေက အတိုင်းအတာတစ်ခုအထိ စီမံနိုင်စွမ်း ရှိတာ ထင်ရှားပါတယ်။
အခြေအနေက ကောင်းတာ မဟုတ်ပေမဲ့လည်း လမ်းဘေးမှာ အလောင်းတွေ ပြည့်နေတဲ့အထိတော့ ဆိုးတာမျိုး မရှိသေးဘူး။ ရွှီထင်းရှန်းက စီရင်စုမြို့ထဲကို မဝင်ဘဲ ခိုင်ဖုန်းက ကွမ်ကျိ ရိက္ခာဂိုဒေါင်ဆီ ဦးတည် သွားခဲ့တယ်။
ဒီကွမ်ကျိဂိုဒေါင်က မြစ်ဝါမြစ်နဲ့ နီးနီးနားနား ရှိပြီး မြေပြင် မြင့်တာကြောင့် သယ်ယူပို့ဆောင်ရေး သိပ်လွယ်လို့ ဟဲနန်ဒေသရဲ့ အကြီးဆုံး ရိက္ခာဂိုဒေါင်တွေထဲက တစ်ခု ဖြစ်ပါတယ်။
အဲဒါက ခိုင်ဖုန်းစီရင်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်။
ရွှီထင်းရှန်းက လူတွေကို ခေါ်ပြီး ကြိုရောက်လာတာကြောင့် ကြိုပြင်မထားတဲ့ ရိက္ခာအရာရှိက အလွန်ပဲ ထိတ်လန့်သွားခဲ့ရတယ်။
အဲဒီနောက်မှာတော့ တည်ငြိမ်ဟန် ဆောင်ပြီး ရွှီထင်းရှန်းတို့ လူစုကို အတွင်းထဲ ဖိတ်ခဲ့ပေမဲ့ သူ့မျက်နှာမှာ ပေါ်နေတဲ့ အံ့အားသင့်မှုတွေကတော့ သူ့စိတ်ထဲက လျှို့ဝှက်ချက်တွေကို ဖော်ပြနေသလို ဖြစ်နေခဲ့တယ်။
ရွှီထင်းရှန်းက အတွင်းထဲ ဝင်ပြီး လက်ဖက်ရည်ကြမ်း သောက်ရင်း ထိုင်နေခဲ့တယ်။
ဒီရိက္ခာအရာရှိက ရှစ်ဆင့်ရှိတဲ့ အရာရှိငယ်လေးမျှသာမို့ သေချာပေါက် ဘေးမှာ မတ်တတ်ရပ်ပြီးပဲ နေရရှာတယ်။
သူတို့ နှစ်ယောက်က စကားအများကြီး ပြောခဲ့ကြပေမဲ့ အများစုက ရွှီထင်းရှန်းက မေးတာ ဖြစ်ပြီး ရိက္ခာအရာရှိက ပြန်ဖြေတာ ဖြစ်တယ်။
ပြောရင်းဆိုရင်းနဲ့ပဲ ဝေတာ့ယုံလို့ ခေါ်တဲ့ အဲဒီရိက္ခာအရာရှိက သက်ပြင်းတွေ ချပြီး ညည်းတွားတော့တာပဲ။
သူက ဟဲနန်ဒေသက ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပြောပြနေတာက မိုးခေါင်ရင်လည်း ဒုက္ခ ရေကြီးရင်လည်း ဒုက္ခ ဖြစ်ရကြောင်း လွန်ခဲ့တဲ့ နှစ်တွေအတွင်း အစိုးရက တာတမံတွေကို အကြီးအကျယ် ပြုပြင်ခဲ့လို့ ရေဘေးက လွတ်ခဲ့ပေမဲ့ အခုတော့ မိုးခေါင်တာနဲ့ ထပ်ကြုံရပြန်ပြီ ဖြစ်ကြောင်း ဆိုတယ်။
ရွှီထင်းရှန်းကလည်း သူနဲ့အတူ စကားအနည်းငယ် မျှဝေ ပြောဆိုခဲ့ပါတယ်။
233 05
ပြောပြီးတဲ့နောက်မှာတော့ ရွှီထင်းရှန်းက အချိန်ဆွဲမနေဘဲ အဓိက အကြောင်းအရာကို ဝင်လိုက်တယ်။ လက်ရှိ ဂိုဒေါင်ထဲမှာ ရိက္ခာ ဘယ်လောက် ကျန်သေးလဲ။ ရိက္ခာ ဘယ်လောက်အထိ ထုတ်ပေးနိုင်လဲလို့ မေးလိုက်တော့တယ်။
ဝေတာ့ယုံကတော့ ဝေပေးစရာ ရိက္ခာ မရှိတော့ပါကြောင်း ထုတ်ပေးနိုင်သမျှ ရိက္ခာတွေကို စီရင်စုနဲ့ ခရိုင်အသီးသီးကို ပို့ပေးခဲ့ပြီး ဖြစ်ကြောင်း အဲဒီလိုသာ မဟုတ်ရင် အခုလို ဆူပူတာတွေ ဖြစ်လာမှာ မဟုတ်ကြောင်း ပြန်ဖြေခဲ့တယ်။
ရွှီထင်းရှန်းက ခေါင်းကို အသာအယာ ညိတ်လိုက်ပြီးနောက် ဆိုလိုက်တယ်။ "ဒါဆိုရင်လည်း သက်ဆိုင်ရာ ရိက္ခာ လွှဲပြောင်းမှု စာရင်းဇယားတွေကို ငါ့ကို ပြပါ။ ငါက ဘေးဒုက္ခကယ်ဆယ်ရေးအတွက် တာဝန်ပေးခံရသူဖြစ်ပေမဲ့ တစ်ဦးတည်းသော အင်အားနဲ့ ပြည်နယ်တစ်ခုလုံးကို ဘယ်လိုလုပ်ပြီး စုံလင်အောင် ကြည့်နိုင်ပါ့မလဲ။ ဒါကြောင့် နေရာအနှံ့ကို ဝေပေးထားတဲ့ ရိက္ခာစာရင်းကို ကြည့်ပြီးတော့မှ လိုအပ်တဲ့ နေရာတွေကို ဖြည့်ပေးရမှာ ဖြစ်တယ်"
"ဒါက"
"ဘာဖြစ်လို့လဲ တစ်စုံတစ်ရာ အခက်အခဲ ရှိလို့လား" ရွှီထင်းရှန်းက သိချင်စိတ်နဲ့ မေးလိုက်တယ်။
ဝေတာ့ယုံက နဖူးက ချွေးတွေကို သုတ်ပြီးနောက် အကြိမ်ကြိမ် ခေါင်းယမ်းကာ "အခက်အခဲ မရှိပါဘူး။ ကျွန်တော်မျိုး အခုပဲ သွားပြီး ပြင်ခိုင်းလိုက်ပါ့မယ်. အရာရှိမင်း ခဏ စောင့်ပေးပါဦး။ ကျွန်တော်မျိုး အစားအသောက်အချို့ ပြင်ခိုင်းလိုက်ပါ့မယ်။ အရာရှိမင်း လမ်းခရီးမှာ ပင်ပန်းလာတာဆိုတော့ အေးအေးဆေးဆေး အနားယူသင့်ပါတယ်"
ရွှီထင်းရှန်းကလည်း ဒီတစ်ခေါက်မှာ ငြင်းတာမလုပ်ခဲ့တာကြောင့် ဝေတာ့ယုံက အပြင်ကို ထွက်သွားတော့တယ်။
မကြာခင်မှာပဲ တစ်ယောက်ယောက်က အရက်နဲ့ ဟင်းလျာတွေကို ယူလာခဲ့တယ်။
အဲဒါက ကြက်သား ဘဲသား ငါးနဲ့ အသားဟင်းမျိုးစုံ ပါတာမို့ သိပ်ကို ခမ်းနားတဲ့ စားပွဲတစ်ခု ဖြစ်ပါတယ်။
ရွှီထင်းရှန်းရဲ့ ဘေးမှာ တပ်မှူးငယ် နှစ်ယောက် ရှိနေပါတယ်။
တစ်ယောက်က ကျင်းယီဝေ့က ဖြစ်ပြီး ဝေယွင်ကျယ် လို့ ခေါ်တယ်။ အသက် ၄၀ ကျော် အရွယ် ရှိပြီဖြစ်ကာ နှုတ်ခမ်းမွှေး အနည်းငယ် ရှိပြီး ကြည့်ရတာ သာမန်လူတစ်ယောက်လိုပဲ ဖြစ်ပေမဲ့ သူ့မျက်ဝန်းထဲက ထွက်နေတဲ့ အေးစက်တဲ့ အလင်းရောင်တွေကတော့ သူက သာမန်လူ မဟုတ်ကြောင်း ပြနေပါတယ်။
တခြားတစ်ယောက်ကတော့ မြို့တော်စောင့်တပ်ကဖြစ်ပြီး ထောင်ကျန့်ရှင်း လို့ ခေါ်ကာ လူတိုင်းက သူ့ကို 'ထောင်နွားနက်' လို့ ခေါ်ကြတယ်။ သူ့နာမည်အတိုင်းပဲ ရေနွားကြီး တစ်ကောင်လို သန်မာထွားကြိုင်းတဲ့သူ ဖြစ်တယ်။
ဟင်းလျာတွေ ပြင်ပြီးတဲ့အခါ လူတစ်ယောက်က သူတို့ သုံးယောက်ကို အစားအသောက်တွေ စားဖို့ ဖိတ်ခဲ့တယ်။
အပြင်ဘက်က အစောင့်တွေနဲ့ အဖော်တွေအတွက်လည်း သီးခြားစီ အစားအသောက်တွေ ပြင်ပေးထားခဲ့တယ်။
အစေခံတွေ အကုန် အပြင်ထွက်သွားတာ မြင်တော့မှ ထောင်နွားနက်က ဆဲလိုက်တော့တယ်။ "သူ့အမေကိုပဲ... ရိက္ခာမရှိဘူးလို့ ပြောနေပြီးတော့ ငါတို့တွေ စားတာထက်တောင် ပိုပြီး ကောင်းနေသေးတယ်"
ရွှီထင်းရှန်းက ပြုံးပြီး အရက်ခွက်ကို ကိုင်ကာ ဆိုလိုက်တယ်။ "အခြေအနေတွေက ပုံမှန်မဟုတ်ဘူးဆိုရင်တော့ အဲဒီနောက်ကွယ်မှာ တစ်စုံတစ်ခု ရှိနေမှာ အသေအချာပါပဲ"
ဝေယွင်ကျယ်က အရက်အိုးကို ယူပြီး နှာခေါင်းနဲ့ အနံ့ခံကြည့်လိုက်တော့ သူ့မျက်နှာက ချက်ချင်းပဲ တင်းမာသွားပြီး တိုးတိုးလေး ပြောလိုက်တယ်။ "အရာရှိမင်း ဒီအရက်ထဲမှာ အိပ်ဆေးတွေ ထည့်ထားပါတယ်"
233 06
ထောင်နွားနက်က သိပ်ကို အံ့အားသင့်သွားပြီး ဒေါသတကြီးနဲ့ စားပွဲကို ရိုက်ဖို့ ပြင်ပေမဲ့ ဝေယွင်ကျယ်က သူ့လက်ကို ဖမ်းထိန်းလိုက်တယ်။
သူက အင်အား ကြီးမားတဲ့သူ ဖြစ်ပေမဲ့လည်း စာပေသမားတစ်ယောက်လို ထင်ရတဲ့ ဝေယွင်ကျယ်ရဲ့ဖမ်းတာကို ခံလိုက်ရတဲ့အခါ ဘယ်လိုမှ လှုပ်လို့ မရတော့ဘူး။ သူ စိတ်အေးသွားမှပဲ ဝေယွင်ကျယ်က လက်ကို လွှတ်ပေးခဲ့တယ်။
"သူတို့က တကယ့်ကို ရဲတင်းလှပေတယ်"
ရွှီထင်းရှန်းက အရက်ခွက်ကို ချလိုက်ပြီး ပဝါတစ်ထည်ကို ထုတ်ကာ လက်ကို သုတ်ရင်း ဆိုလိုက်တယ်။ "ဘာဖြစ်လို့ မရဲရမှာလဲ။ ကိုယ်သေတာထက် သူတစ်ပါး သေတာက ပိုကောင်းတာပဲလေ။ အခွင့်အရေး တစ်ခု ရှိနေရင်တော့ ဘယ်သူမဆို လောင်းကြေးထပ်ကြမှာပဲ"
"ဒါဆိုရင် သူတို့ ဘာလုပ်ချင်နေတာလဲ"
"ဒါတွေကို အရင် မပြောပါနဲ့ဦး။ အပြင်က လူတွေကို သတိပေးလိုက်ပါ။ သူတို့ရဲ့ အကွက်ထဲ မဝင်စေနဲ့"။
ရွှီထင်းရှန်း ပြောနေစရာ မလိုဘဲ ဝေယွင်ကျယ်က အစောကတည်းက စီစဉ်ပြီး ဖြစ်ပါတယ်။
ကျင်းယီဝေ့တွေမှာ အထူးဆက်သွယ်ရေး နည်းလမ်းတွေ ရှိပုံရပါတယ်။ သူက ထူးထူးခြားခြား ဘာမှ မလုပ်ဘဲ ပြတင်းပေါက် အနားကို သွားပြီး တစ်ချက် နှစ်ချက် ခေါက်လိုက်ရုံနဲ့ စားပွဲကို ပြန်ရောက်လာခဲ့တယ်။
အရက်ကလွဲရင် ဟင်းလျာတွေထဲမှာတော့ ဆေးဝါးတွေ ထည့်ထားတာ မရှိလို့ သူတို့ သုံးယောက်စလုံးက အားရပါးရ စားသောက်ခဲ့ကြတယ်။
တခြားသော ဝင်းတစ်ခုထဲမှာတော့ ဝေတာ့ယုံက အတော်လေးကို စိုးရိမ်ပူပန်ပြီး အပြန်ပြန်အလှန်လှန် လျှောက်လှမ်းနေပါတယ်။
အပြင်ကနေ အစေခံတစ်ယောက် ဝင်လာတာနဲ့ ဝေတာ့ယုံက အနားကို အမြန် ပြေးသွားပြီး မေးလိုက်တယ်။ "အရက်နဲ့ ဟင်းလျာတွေ ပို့ပေးပြီးပြီလား သူတို့ရော စားကြရဲ့လား"
ဒီအစေခံက မျက်နှာသွယ်လျလျနဲ့ မျက်လုံးမှေးမှေး ရှိတာကြောင့် ကြည့်ရုံနဲ့တင် ယုတ်မာတဲ့သူ ဖြစ်ကြောင်း သိနိုင်ပါတယ်။
သူက အကြိမ်ကြိမ် ခေါင်းညိတ်ပြရင်း ပြုံးပြီး ပြောတယ်။ "အရာရှိမင်း ကျွန်တော့်ရဲ့အလုပ်ကိုတော့ စိတ်ချလိုက်ပါ။ အခု သူတို့အားလုံး အိပ်ပျော်သွားမှာကိုပဲ စောင့်နေရုံပါပဲ"
ဝေတာ့ယုံက သက်ပြင်းတစ်ချက်ကို သက်သာရာရစွာ ချလိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ဆိုလိုက်တယ်။ "အခုတော့ စောင့်နေရုံပဲ ရှိတော့တာပေါ့။ ဝူအရာရှိဆီက စာ မြန်မြန် ရောက်လာပါစေလို့ပဲ ဆုတောင်းရမယ်. ဒါမှ ငါတို့လည်း ရှေ့ဆက်ရမယ့် လမ်းစကို သိမှာ မဟုတ်ရင်တော့……"
အဲဒီအချိန်မှာ အလျင်စလို ခြေသံတွေ ထပ်ထွက်လာပြီး လူတစ်ယောက်က အပြေးအလွှား ဝင်လာခဲ့တယ်။
ဝေတာ့ယုံက ရှေ့ကို တိုးပြီး အဲဒီသူရဲ့ လက်ထဲက စာကို လှမ်းယူပြီး ဖတ်လိုက်တော့တယ်။
စာကို ဖတ်ပြီးတဲ့အခါ သူ့မျက်နှာက ကြောက်စရာ ကောင်းအောင် ပျက်သွားပြီး အတန်ကြာမှ လက်ကို တင်းတင်းဆုပ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တဲ့ပုံ ရပါတယ်။
******
234 01
အခန်း ၂၃၄
လရောင်ကွယ်ပျောက်ပြီး လေပြင်းထန်တဲ့ညဟာ လူသတ်ဖို့နဲ့ မီးရှို့ဖို့အတွက် အကောင်းဆုံးအချိန်ပါပဲ။ အမှန်တော့ ဒီစကားက အကြောင်းမဲ့မဟုတ်ပါဘူး. လူသတ်တာက အစအန ကျန်တတ်ပေမဲ့ မီးရှို့တာကတော့ အဲဒါထက် အများကြီး ပိုလွယ်တာကိုး။ ကိစ္စပြီးသွားရင် မတော်တဆ မီးလောင်တာပါလို့ လွယ်လွယ်ကူကူ အကြောင်းပြလို့ရပြီး ဘယ်သူ့မှာမှလည်း သက်သေအထောက်အထား ရှိမှာမဟုတ်ဘူးလေ။
အချိန်က ညဉ့်နက်သန်းခေါင် ဖြစ်နေပြီဆိုပေမဲ့ ဝင်းအပြင်ဘက်မှာတော့ အလျင်အလို ခြေသံတွေက အဆက်မပြတ် ထွက်ပေါ်နေခဲ့တယ်။ ဝင်းထဲမှာ မီးတွေ လင်းထိန်နေပေမဲ့ ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်ငြိမ်သက်နေပြီး အဲဒီခြေသံတွေကတောင် အထဲကလူတွေကို နိုးလာအောင် မလုပ်နိုင်ခဲ့ပါဘူး။
ဝေတာ့ယုံ ကိုယ်တိုင် လူတွေကို ခေါ်ပြီး ဝင်းထဲကို ဝင်လာခဲ့တယ်။
"ရွှီအရာရှိမင်း"
သူက အပြင်ဘက်ကနေ အခြေအနေကို စမ်းကြည့်တဲ့အနေနဲ့ နှစ်ခါလောက် ခေါ်ကြည့်လိုက်ရာမှာ အထဲက ဘာတုံ့ပြန်မှုမှ မရှိတာကို မြင်တော့မှပဲ လက်ဟန်ခြေဟန်နဲ့ အချက်ပြလိုက်တော့တယ်။
သစ်သားပုံကြီးတွေကို နံရံထောင့်တွေမှာ တစ်ပုံပြီးတစ်ပုံ စုပုံလိုက်ကြသလို လူတချို့ကလည်း သစ်သားတွေကို အဆက်မပြတ် သယ်လာကြတယ်။ တစ်ချိန်တည်းမှာပဲ ဆီပုံးတွေကို သယ်လာတဲ့သူတွေက သစ်ပုံတွေပေါ်မှာတင်မက တံခါးနဲ့ ပြတင်းပေါက်တွေပေါ်မှာပါ လောင်းချလိုက်ကြတာကြောင့် အဲဒါက တစ်ဖက်လူအတွက် လွတ်လမ်း လုံးဝမချန်တော့တဲ့ အခြေအနေပါပဲ။
"နောင်ဘဝမှာ မတရားသေရတဲ့ ဝိညာဉ် ဖြစ်သွားရင်လည်း ငါ့ကိုတော့ အပြစ်မတင်ပါနဲ့။ ငါလည်း မလွဲမရှောင်သာလို့ လုပ်ရတာပါ။ မင်းက ဘာဖြစ်လို့ အဲဒီ စာရင်းဇယားတွေကို မေးရတာလဲ။ မင်း စီရင်စုမြို့ကို တိုက်ရိုက်မသွားဘဲ ကွမ်ကျိဂိုဒေါင်ကို ရောက်လာတာကိုက မင်းအမှားပဲ။ ဉာဏ်များသူ ဘေးသင့်တယ်ဆိုတာ မင်းလိုလူကို ပြောတာဖြစ်လိမ့်မယ်။ ဆယ်နှစ်အတွင်းမှာ ပထမခြောက်ခါ ရခဲ့တဲ့ ကျွမ့်ယွမ်မင်းကြီး တကယ်ကို နှမြောစရာ ကောင်းလိုက်တာ"
တစ်ယောက်ယောက်က မီးတုတ်ကို ကမ်းပေးလာတော့ ဝေတာ့ယုံက လှမ်းယူပြီး အဲဒီသစ်ပုံတွေပေါ်ကို ပစ်တင်လိုက်တယ်။
မီးလျှံတွေက လူတစ်ရပ်ထက်တောင် ကျော်ပြီး ရုတ်တရက် မြင့်တက်လာပြီးတဲ့နောက် ပြင်းထန်တဲ့ မီးတောက်ကြီး ဖြစ်သွားတော့တယ်။ ဝေတာ့ယုံက ခဏလောက် ရပ်ကြည့်နေပြီး မီးခိုးတွေ ဖုံးလာမှပဲ လူတွေကို ခေါ်ပြီး အမြန် ထွက်သွားတော့တယ်။ မှောင်နေတဲ့ ညဉ့်ဦးယံမှာ ကောင်းကင်ကို ထိုးတက်နေတဲ့ လိမ္မော်ရောင် မီးလျှံတွေက သိပ်ကို ထင်ရှားနေပါတယ်။ အတန်ကြာမှ တစ်ယောက်ယောက်က သတိထားမိသွားပြီး "မီးလောင်နေပြီဟေ့" လို့ အော်ရင်း လူတွေကို မီးသတ်ဖို့ ခေါ်တော့တယ်။
လူတိုင်းက ရေပုံးတွေ ကိုင်ပြီး မီးသတ်ဖို့ ရောက်လာကြပေမဲ့ နှမြောစရာကောင်းတာက မီးအရှိန်ကိုပဲ ထိန်းနိုင်ပြီး အထဲကိုတော့ ဘယ်သူမှ မဝင်နိုင်တာကြောင့် မီးလောင်နေတာကိုပဲ ကြည့်နေကြရတော့တယ်။
"သံတမန်မင်း" ဝေတာ့ယုံက သတင်းကြားတာနဲ့ အမြန်ပြေးလာပြီး အော်ကာ အထဲကို ဇွတ်ဝင်ဖို့ ကြိုးစားတော့တယ်။ ဘေးက အစေခံတွေက သူ့ကို အတင်းဆွဲထားလို့သာ အထဲကို မဝင်နိုင်ခဲ့တာ ဖြစ်တယ်။
"ငါ့ကို လွှတ်စမ်း သံတမန်မင်းက အထဲမှာ ရှိနေသေးတာ။ ဒီလိုကိစ္စမျိုး ဖြစ်သွားရင်တော့ ဧကရာဇ်မင်းမြတ်က ငါ့ခေါင်းကို သေချာပေါက် ဖြတ်လိမ့်မယ်……"
"မင်းခေါင်းကို မထိန်းနိုင်တော့ဘူးဆိုတာ မင်းကိုယ်တိုင်လည်း သိနေတာပဲလား"
မှောင်နေတဲ့ နေရာတစ်ခုကနေ တစ်ယောက်ယောက်ရဲ့ စကားသံ ထွက်လာတယ်။ အဲဒီအသံက မကျယ်ပေမဲ့ ထူးဆန်းစွာနဲ့ လူတိုင်းရဲ့ နားထဲကို တိုးဝင်သွားခဲ့တယ်။ လေပြေတစ်ခု တိုက်သွားပြီး လမင်းကို ဖုံးထားတဲ့ တိမ်တွေကို ဖယ်ပေးလိုက်တဲ့အခါမှပဲ အမှောင်ရိပ်ထဲမှာ လူနည်းနည်း ရပ်နေတာကို မြင်လိုက်ကြရတယ်။
234 02
"မင်း……" ဝေတာ့ယုံရဲ့ နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်နေပြီး သိပ်ကို အံ့အားသင့်သွားလို့ မျက်လုံးကြီးတွေတောင် ပြူးထွက်လာခဲ့တယ်။
"ဘာဖြစ်လို့လဲ။ ငါ အထဲမှာ မရှိနေတာကို မင်းက အတော်လေး အံ့အားသင့်သွားတာလား" ရွှီထင်းရှန်းက ညင်ညင်သာသာ ပြုံးပြီး ရှေ့ကို ခြေလှမ်းနည်းနည်း လျှောက်လိုက်ရာမှာ သူ့ပုံရိပ်က လူအများရှေ့မှာ ထင်ရှားလာတယ်။
သူက ရွှေရောင်နဂါးတွေ ထွင်းထားတဲ့ အနီရင့်ရောင် ဝတ်ရုံကြီးကို ဝတ်ထားတာမို့ အဲဒါက အဆင့်မြင့် အရာရှိကြီး တစ်ယောက်ဆိုတာ သက်သေပါပဲ။
"အမှန်တော့ ငါက မင်းအတွက် စဉ်းစားပေးတာပါ။ မင်းကတော့ အေးအေးဆေးဆေး နေရမယ့်လမ်းကို မရွေးဘဲ ငရဲခန်းထဲကိုမှ ဇွတ်တိုးဝင်လာတာကိုး။ ဟင်း... လူတွေကတော့ တကယ့်ကို စဉ်းစားဉာဏ် နည်းကြတာပဲ။ မင်းက ဘာမှကောင်းတာ မလုပ်ဘဲနဲ့ ဘာဖြစ်လို့ ဒီလိုမျိုး ရှက်စရာကောင်းတဲ့ ကိစ္စတွေကို လုပ်ရတာလဲ"
"သူ့ကို ဖမ်းလိုက်ကြစမ်း" နောက်ထပ် အမျိုးသား အသံတစ်ခု ထွက်လာတာနဲ့အတူ အမှောင်ထဲကနေ အနက်ရောင် ဝတ်စုံဝတ် လူပေါင်း ဆယ်ယောက်ကျော် ခုန်ထွက်လာတယ်။
သူတို့က ကျင်းယီဝေ့က လူတွေပါပဲ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဝေတာ့ယုံနဲ့ သူ့ဘေးက လူတွေအားလုံး ဖမ်းခံလိုက်ရတယ်။ လက်ထဲမှာ ရေပုံးတွေ ကိုင်ထားတဲ့ အစေခံတွေကတော့ ရုတ်တရက် ဖြစ်သွားတဲ့ မြင်ကွင်းကြောင့် ကြောင်ပြီး ကြည့်နေကြရုံပဲ ရှိတော့တယ်။
"ဝေတာ့ယုံဟာ သံတမန်မင်းကို လုပ်ကြံဖို့ ကြံစည်ခဲ့တယ်။ အခု သူ့ကို ဖမ်းလိုက်ပြီ။ ပါဝင်ပတ်သက်သူတွေရှိရင် အမြန်ဆုံး ဝန်ခံကြ မသိတဲ့သူတွေကတော့ နံရံဘေးမှာ သွားပြီး ငြိမ်ငြိမ်ရပ်နေကြ"
ဝုန်းခနဲ အသံတွေနဲ့အတူ အဲဒီအစေခံတွေ အားလုံး မြေပြင်ပေါ်မှာ ဒူးထောက်လိုက်ကြပြီး သူတို့က ဘာမှမသိပါဘူးလို့ အော်ပြောကြတော့တယ်။
ထောင်နွားနက်က ရှေ့တိုးပြီး ဝေတာ့ယုံရဲ့ ခေါင်းကို တစ်ချက် ပုတ်လိုက်ကာ ဟိန်းဟောက်လိုက်တယ်။ "ဟေ့... ဝေမျိုးနွယ် မင်းကတော့ သတ္တိ မနည်းလှဘူးပဲ။ အစိုးရ အရာရှိကိုတောင် လုပ်ကြံရဲတယ်ပေါ့။ ငါက ဘယ်သူလဲဆိုတာ မင်းသိလား ဟောဒီမှာ ကြည့်စမ်း ဒါက ဧကရာဇ်မင်းမြတ် ကိုယ်တိုင် စေလွှတ်လိုက်တဲ့ ဘေးဒုက္ခကယ်ဆယ်ရေး သံတမန်မင်းပဲ။ ဟိုကတော့ ကျင်းယီဝေ့ တပ်မှူးပဲ။ ငါကတော့ မြို့တော်စောင့်တပ်ကပဲ မင်းကတော့ တကယ့်ကို နွားသတ္တိ ရှိတာပဲ။ ငါတို့အပေါ်မှာတောင် ဒီလိုမျိုး အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးရဲတယ်ပေါ့"
ဝေတာ့ယုံရဲ့ မျက်နှာက ဖြူလျော့နေပြီး နှုတ်ခမ်းတွေ တုန်နေပေမဲ့ ဘာစကားမှ မပြောဘဲ သေလူလို ငြိမ်နေတော့တယ်။
ရွှီထင်းရှန်းက ကွမ်ကျိဂိုဒေါင်ကို ကြိုရောက်တုန်းက လူပေါင်း နှစ်ဆယ်ကျော်ပဲ ခေါ်လာတာပါ။ ဒါပေမဲ့ ဝေတာ့ယုံ အပါအဝင် အဓိက လူတွေကို ဖမ်းနိုင်ခဲ့လို့ ကျန်တဲ့ မသိနားမလည်တဲ့ အစေခံတွေက ဘာမှ မလုပ်နိုင်ကြတော့ပါဘူး။ မကြာခင်မှာပဲ သူတို့က ကွမ်ကျိဂိုဒေါင် တစ်ခုလုံးကို ထိန်းချုပ်လိုက်နိုင်တော့တယ်။
ခန်းမထဲမှာ မီးတွေ လင်းနေပြီး ရွှီထင်းရှန်းက ဝေတာ့ယုံကို စတင် စစ်ဆေးမေးမြန်းတော့တယ်။ ဒီဝေတာ့ယုံက ရုပ်ရည်မထင်ရှားပေမဲ့ စိတ်ဓာတ်ကတော့ ပြင်းတဲ့ပုံပဲ။ သူက ပါးစပ်ကို တင်းတင်းပိတ်ထားပြီး ဘာမှ ထုတ်မပြောပါဘူး။
ဒါပေမဲ့ သူ့ရဲ့ ဒီလိုလုပ်ရပ်က ကျင်းယီဝေ့တွေရှေ့မှာတော့ အသုံးဝင်ပါလိမ့်မယ်။ ဝေယွင်ကျယ်က မျက်ရိပ်ပြလိုက်တာနဲ့ ကျင်းယီဝေ့ တစ်ယောက်က ရှေ့တိုးပြီး ဝေတာ့ယုံကို အပြင်ကို ဆွဲထုတ်သွားတော့တယ် မကြာမီမှာပဲ အပြင်ကနေ သည်းထိတ်ရင်ဖိုစရာ အော်သံတွေ ထွက်လာတယ်။ အဲဒါက သိပ်နာလို့ ထွက်လာတဲ့ အသံမို့ နားထောင်ရသူတိုင်း ကြက်သီးထလောက်အောင်ပါပဲ။
အတန်ကြာမှ အဲဒီလူက ဝေတာ့ယုံကို အထဲ ပြန်ဆွဲသွင်းလာတယ်။ အရင်က ကောင်းနေတဲ့လူက အခုတော့ တစ်ကိုယ်လုံး အရိုးမရှိသလို ပျော့ခွေနေပြီး တစ်ကိုယ်လုံးလည်း ချွေးစေးတွေနဲ့ စိုရွှဲနေပါပြီ။
234 03
"ပြောစမ်း"
အဲဒီတော့မှ ဝေတာ့ယုံက အရာအားလုံးကို ထုတ်ပြောလိုက်တော့တယ်။
……
ဒီကိစ္စကို ပြောရင် ရိက္ခာဂိုဒေါင်တွေအကြောင်း အရင် ရှင်းပြဖို့ လိုပါလိမ့်မယ်။ တာ့ချန်းပြည်ရဲ့ မြို့တော်နှစ်ခုနဲ့ ပြည်နယ် တစ်ဆယ့်သုံးခုထဲမှာ စုစုပေါင်း ရိက္ခာဂိုဒေါင် ရှစ်ရာကျော် ရှိပြီး အဲဒါတွေကို မြို့တော်ဂိုဒေါင် သယ်ယူပို့ဆောင်ရေးဂိုဒေါင်နဲ့ ဒေသခံဂိုဒေါင်ဆိုပြီး ခွဲထားတယ်။
မြို့တော်ဂိုဒေါင်က စစ်တပ်ရိက္ခာ အရာရှိလစာ နန်းတွင်း အသုံးအဆောင်နဲ့ မြို့တော်ရိက္ခာဈေးနှုန်း ထိန်းဖို့အတွက် အဓိက တာဝန်ယူရတယ်။ သယ်ယူပို့ဆောင်ရေးဂိုဒေါင်ကတော့ နေရာအနှံ့က မြို့တော်ကို ပို့မယ့် ရိက္ခာတွေကို ခဏ သိုလှောင်တဲ့ နေရာပါ။ ဒေသခံဂိုဒေါင်ကတော့ ပုံမှန်ဆို အခွန်ရိက္ခာတွေကို သိုလှောင်ဖို့ဖြစ်သလို မမျှော်လင့်တဲ့ ကိစ္စတွေကို ရင်ဆိုင်ဖို့လည်း နှစ်တိုင်း ရိက္ခာပမာဏ တစ်ခုကို မဖြစ်မနေ သိုလှောင်ထားရတယ်။
ဥပမာအားဖြင့် ဘေးဒုက္ခကယ်ဆယ်တာ ဒါမှမဟုတ် ဈေးနှုန်း ထိန်းညှိတာတို့ပေါ့။ ဈေးနှုန်း ထိန်းညှိတာ ဆိုတာက စျေးကွက်ထဲမှာ ရိက္ခာ ပြတ်ပြီး ဈေးတက်လာရင် အစိုးရက သိုလှောင်ထားတဲ့ ရိက္ခာတွေကို သင့်တင့်တဲ့ ဈေးနဲ့ စျေးကွက်ထဲ ထုတ်ရောင်းတာပါ။ ဒါမှ ရိက္ခာဈေး ပြန်ကျသွားပြီး လယ်သမားတွေနဲ့ ပြည်သူတွေ ဒုက္ခမရောက်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်။
စီရင်စု နယ်မြေနဲ့ ခရိုင် အသီးသီးမှာ သိုလှောင်ရမည့် ရိက္ခာပမာဏက မတူကြဘူး။ ဒါ့အပြင် ပြည်နယ်တိုင်းမှာလည်း ရိက္ခာကြီးကြပ်ရေး အရာရှိတွေ ရှိကြတယ်။ ဒီရိက္ခာကြီးကြပ်ရေး အရာရှိ ဆိုတာက ပြည်နယ်တိုင်းမှာ ရှိရမယ်လို့ ပုံသေ မရှိပါဘူး။ တချို့ပြည်နယ်မှာ ရှိသလို တချို့မှာ မရှိဘူး။ ဥပမာအားဖြင့် ကျန်းနန်နဲ့ ဟူကွမ်တို့မှာ ရှိကြတာက အဲဒါတွေက တာ့ချန်းပြည်ရဲ့ အဓိက ရိက္ခာထွက်တဲ့ နေရာတွေ မို့လို့ပါ။ ဟဲနန်လို မြစ်ဝါမြစ်နဲ့ နီးပြီး ခဏခဏ ရေကြီးတတ်တဲ့ နေရာမှာလည်း ရိက္ခာကြီးကြပ်ရေး အရာရှိ ထားလေ့ရှိတယ်. အဓိကကတော့ တစ်ပြည်နယ်လုံးက ရိက္ခာတွေကို စုပြီး အရေးပေါ်အတွက် ပြင်ထားဖို့ပါ။
ကွမ်ကျိဂိုဒေါင်ကလည်း ဒီလို အခန်းကဏ္ဍက ပါဝင်နေတာဖြစ်တယ်။ နှစ်တိုင်း ရိတ်သိမ်းချိန်မှာ ဒေသခံ အစိုးရရုံးတွေက သူတို့ဂိုဒေါင်တွေ ဖြည့်ဖို့ ရိက္ခာတချို့ကို ချန်ထားသလို ကွမ်ကျိဂိုဒေါင်ကလည်း အချို့ကို ချန်ထားပြီးမှ ကျန်တဲ့ ရိက္ခာတွေကို မြို့တော်ကို ပို့ရတာပါ။ ဂိုဒေါင်ထဲက ရိက္ခာတွေက ပုံမှန်ဆို လှုပ်ရှားတာ မရှိဘဲ နှစ်တိုင်း အသစ်ဝင်တာနဲ့ ဟောင်းတာကို လဲကြတယ်။
ရိက္ခာဆိုတာ အချိန်အကြာကြီး သိုလှောင်လို့ မရတာကြောင့် နေရာတိုင်းမှာ စည်းကမ်း တစ်ခု ရှိတယ်။ အဲဒါက ရိက္ခာဈေး သင့်တင့်ချိန်မှာ နှစ်နှစ်ထက် ပိုကြာတဲ့ ရိက္ခာဟောင်းတွေကို ထုတ်ရောင်းပြီး တူညီတဲ့ ပမာဏရှိတဲ့ ရိက္ခာအသစ်တွေကို ပြန်ဝယ်ဖြည့်တာပါ။ လောကသားတိုင်းက ငွေကို မက်ကြတာ ဓမ္မတာမို့ ဖြူဖွေးနေတဲ့ ရိက္ခာတွေကို အဲဒီမှာ အလကား ထားပြီး ရိက္ခာဟောင်း ဖြစ်သွားချိန်မှာ တန်ဖိုး ထက်ဝက်ကျော် ကျသွားတာကို ကြည့်ရင်း လူတချို့မှာတော့ စိတ်ကူးတွေ ပေါ်လာကြတော့တယ်။
အဲဒီနှစ်ရဲ့ ရိက္ခာအသစ်တွေကို ဈေးကောင်းကောင်းနဲ့ ရောင်းနိုင်ပါလျက်နဲ့ ဘာဖြစ်လို့ ရိက္ခာဟောင်း ဖြစ်မှ တန်ဖိုးလျှော့ရောင်းရမှာလဲ။
ဒါကြောင့်ပဲ ရိက္ခာဂိုဒေါင်ထဲက ရိက္ခာတွေကို လူတချို့က စပြီး လှုပ်ရှားလိုက်ကြတယ်။ အစပိုင်းမှာတော့ ဈေးနှုန်း ကွာခြားချက်ကနေ အမြတ်ထုတ်ရုံပဲ ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အမြတ်ထုတ်ရင်းနဲ့ပဲ အသိတရား ကင်းမဲ့လာကြကာ ဂိုဒေါင်ထဲက ရိက္ခာတွေက တစ်နေ့ထက်တစ်နေ့ နည်းလာလို့ နေရာတစ်ခုက ရိက္ခာကို ယူပြီး တခြားနေရာမှာ အစားထိုးတဲ့ နည်းနဲ့ပဲ ဖုံးကွယ်ထားကြရတော့တယ်။ ပုံမှန်ဆို ပြဿနာ မရှိနိုင်ဘူး အကယ်၍ အထက်က လာစစ်မယ်ဆိုရင်လည်း သူတို့က ကြိုသိထားလို့ ရိက္ခာတွေကို ပြန်ဖြည့်ထားပြီး ဖုံးနိုင်ကြပေမဲ့ ဘယ်သူက ထင်မှာလဲ အခုနှစ်မှာ မိုးခေါင်ရေရှား ဘေးဒုက္ခနဲ့ ကြုံရလိမ့်မယ်လို့။
234 04
အမှန်တော့ မနှစ်ကလည်း ဟဲနန်မှာ မိုးခေါင်ဖူးပေမဲ့ အခြေအနေက မပြင်းလို့ အစိုးရက လူလွှတ်ပြီး ကယ်စရာအထိ မလိုခဲ့ပါဘူး။ အခုနှစ်မှာတော့ ရာသီဥတု ကောင်းမယ် ထင်ထားပေမဲ့ ထပ်ပြီး မိုးခေါင်သွားတာပါပဲ။
ဘေးဒုက္ခ ပြင်းလာတဲ့အခါ အစိုးရက ရိက္ခာထုတ်ပေးဖို့ အမိန့် ထုတ်ပေမဲ့ ဒေသခံ အရာရှိတွေကတော့ ရိက္ခာ ထုတ်မပေးနိုင်တော့ပါဘူး။ အစိုးရဆီကိုတော့ ရိက္ခာတွေ ထုတ်ပေးပါတယ်လို့ တင်ပြပေမဲ့ အမှန်တော့ ရိက္ခာ မလုံလောက်လို့ ကွယ်ရာမှာ လုံးဝမထုတ်ပေးခဲ့ကြတာပါ။ တချို့နေရာမှာ ထုတ်ပေးရင်တောင် ပမာဏက သိပ်နည်းတာကြောင့် အဲဒါက အခုတစ်ခေါက် ဒုက္ခသည်တွေ ဒီလောက်များလာရုံတင်မက မြို့တော်အနားအထိ ရောက်သွားရတဲ့ အဓိက အကြောင်းရင်းပါပဲ။
ဒေသခံဂိုဒေါင်တွေကို ထားဦး။ ကွမ်ကျိဂိုဒေါင်ကလည်း ဒီပြဿနာကနေ မလွတ်ပါဘူး။ ဒါပေမဲ့ ဘေးဒုက္ခ ပြင်းတာကလည်း အကျိုးရှိတာက ဒီလိုမျိုး ဖရိုဖရဲ အခြေအနေမှာ ရိက္ခာ ဘယ်လောက် ထုတ်ပေးခဲ့လဲ ဆိုတာက အောက်ခြေ အရာရှိတွေရဲ့ စကားပေါ်မှာပဲ မူတည်နေလို့ပါပဲ။ ဒါပေမဲ့ ဒီလူတွေ လုံးဝမထင်ထားတာက သံတမန်မင်းက ဘာလို့ ရုတ်တရက်ကြီး ကွမ်ကျိဂိုဒေါင်ကို ရောက်လာတာလဲ ဆိုတဲ့ အချက်ပါပဲ။ သူတို့ ရထားတဲ့ သတင်းအရ ဒီလူအုပ်ကြီးက တခြား စီရင်စုထဲမှာပဲ ရှိနေသေးတာ မဟုတ်လား။
မြောက်ပိုင်းဒေသက အရာရှိတွေက သံတမန်မင်းကို အကုသိုလ်ကောင် လို မြင်ကြပေမဲ့ ဟဲနန်က အရာရှိတွေအတွက်တော့ ရွှီထင်းရှန်းက 'လာဘ်နတ်မင်းကြီး' နဲ့ အတူတူပါပဲ။ သူဌေးကြီးတွေကို လုတာက ကောင်းတယ် သူဌေးကြီးတွေကို လုပြီးတဲ့အခါ ဘေးဒုက္ခ ကယ်ဆယ်ရေး ကိစ္စပြီးရင် သူတို့လည်း ရောထွေးနေတဲ့ စာရင်းတွေကို လုပ်ပြီး အဂတိလိုက်စားတာတွေကို ဖုံးနိုင်မှာလေ။ နှမြောစရာကောင်းတာက တစ်ဖက်လူက ရှေ့မျက်နှာစာမှာ အာရုံလွှဲပြီး ကွယ်ရာကနေ အဓိက ဗဟိုချက်ဆီကို ဇွတ်တိုးဝင်လာတာပါပဲ။ ဒါကြောင့်ပဲ ဝေတာ့ယုံက အရေးပေါ် တာဝန်ကို ယူပြီး ညဉ့်နက်သန်းခေါင်မှာ လူသတ်ဖို့ ကြိုးစားခဲ့တာပေါ့။
ဝေတာ့ယုံက ကျင်းယီဝေ့တွေရဲ့ နည်းလမ်းတွေအောက်မှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ထုတ်ပြောလိုက်တယ်။
ထောင်နွားနက်က ဒေါသထွက်လွန်းလို့ အံကြိတ်နေသလို အမြဲတမ်း တည်ငြိမ်လှတဲ့ ဝေယွင်ကျယ်တောင်မှ သူ့မျက်ဝန်းထဲမှာ အေးစက်တဲ့ အလင်းရောင်တွေ လင်းနေခဲ့တယ် ရွှီထင်းရှန်း တစ်ယောက်တည်းသာ ဘာအံ့ဩမှုမှ မရှိဘဲ တည်ငြိမ်နေခဲ့ပါတယ်။ သူ့ရဲ့အဲဒီအိမ်မက်ထဲမှာ အဂတိလိုက်စားတဲ့ အရာရှိကြီးတွေရဲ့ အထက်ဆုံး နေရာမှာ ရှိခဲ့ဖူးတဲ့ ရွှီထင်းရှန်းဟာ မိမိကိုယ်တိုင် အဂတိ မလိုက်စားပေမဲ့ အောက်ခြေလူတွေ ဘယ်လို အမြတ်ထုတ်နေကြလဲဆိုတာ ကောင်းကောင်း သိထားတဲ့သူ ဖြစ်လို့ပါ။
သူတို့တွေ ဘယ်လို အဂတိ လိုက်စားကြသလဲ ဘယ်လို နည်းလမ်းတွေကို သုံးကြသလဲ ဆိုတာကို သူ ကောင်းကောင်း သိထားပေမဲ့ မသိချင်ယောင်ဆောင်ပြီး လွှတ်ထားခဲ့တာပါပဲ။ နားမကြား မျက်စိမမြင်ဟန် မဆောင်နိုင်ရင် အိမ်ထောင်ဦးစီး မလုပ်နိုင်ဘူးဆိုတဲ့ စကားအတိုင်းပါပဲ။ လူအများရဲ့ အထက်ကို တက်ချင်ရင် ကိုယ့်အောက်မှာလည်း အမျိုးမျိုးသော လူတွေကို ထားရမှာပါ။ အဲဒီလူတွေထဲမှာ လူကောင်းရော လူဆိုးပါ ပါမှာဖြစ်ပေမဲ့ အထက်လူကြီးအတွက်တော့ ထူးခြားတဲ့ ခြားနားမှု မရှိဘူး။ 'ရေကြည်လွန်းရင် ငါးမရှင်နိုင်' ဆိုတဲ့ စကား ရှိတယ် မဟုတ်လား။ ဒါ့အပြင် အခုခေတ်မှာ အဂတိ မလိုက်စားတဲ့ အရာရှိဆိုတာ မရှိသလောက်မို့ အနည်းနဲ့အများ ဆိုတဲ့ အချက်ပဲ ကွာပါလိမ့်မယ်။
ဝေတာ့ယုံရဲ့ အထက်မှာ ရှိနေတဲ့သူကတော့ ဘဏ္ဍာရေး အုပ်ချုပ်ရေးဌာနက အရာရှိ ဝူရွှီ ဖြစ်ပြီး သူက ဟဲနန်ပြည်နယ်ရဲ့ ရိက္ခာကြီးကြပ်ရေး အရာရှိချုပ်လည်း ဖြစ်ပါတယ်။ အဲဒီလူရဲ့အထက်မှာ ပူးပေါင်း ကြံစည်သူတွေ ထပ်ရှိသေးလား ဆိုတာကိုတော့ ဝေတာ့ယုံကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း မသိတော့ပါဘူး။ သူ့ရဲ့ ရာထူးအဆင့်က နိမ့်လွန်းတာကြောင့် အထက်ပိုင်းက လျှို့ဝှက်ချက်တွေကို သိဖို့ မဖြစ်နိုင်လို့ပါပဲ။
အရှေ့ဘက် ကောင်းကင်မှာ အလင်းရောင်တွေ သန်းလာပြီမို့ မကြာခင် မိုးလင်းတော့မှာ ဖြစ်ပေမဲ့ ကိစ္စတွေကတော့ ပြီးသွားတာ မရှိသေးပါဘူး။ တစ်ညလုံး မအိပ်ဘဲ ရှိနေတဲ့သူက ရွှီထင်းရှန်းတို့ တစ်စုတည်း မဟုတ်ဘဲ အရာရှိဝူရွှီလည်း ပါဝင်ပါတယ်။
ဝေတာ့ယုံ လုပ်နေတဲ့အချိန်မှာ သူ့အိမ်တော်ထဲမှာ လူအများကြီး စုနေခဲ့ကြတယ်။ အားလုံးက စိုးရိမ်တာတွေကို ဖုံးပြီး ဟန်ဆောင် ပြုံးနေကြရကာ ညဉ့်နက်တဲ့အထိ အောင့်ပြီး စောင့်နေခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ သည်းမခံနိုင်ကြတော့ဘဲ အသီးသီး အိမ်ပြန်သွားခဲ့ကြလို့ ဝူရွှီတစ်ယောက်တည်းပဲ ဆက်ပြီး စောင့်နေခဲ့တာပါ။
234 05
ကောင်းကင်မှာ အလင်းရောင် နည်းနည်း ပေါ်တာနဲ့ ဝူရွှီက သည်းမခံနိုင်တော့ဘဲ သူ့ရဲ့လူယုံကို ကွမ်ကျိဂိုဒေါင်ဆီ သွားစုံစမ်းခိုင်းလိုက်တော့တယ်။ တစ်ချိန်တည်းမှာပဲ ဒုက္ခသည် အမြောက်အမြားကလည်း ခိုင်ဖုန်းစီရင်စု မြို့ထဲကို တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ကြပါတယ်။
"အားလုံးပဲ စိတ်တင်းထားကြပါ။ သံတမန်မင်းက ကျွန်တော်တို့အတွက် ရိက္ခာတွေ သွားရှာနေပါပြီ။ မကြာခင်မှာ ကျွန်တော်တို့ အားလုံး ထမင်းစားရတော့မှာပါ။ ခိုင်ဖုန်းကို ရောက်တော့မယ်။ သံတမန်မင်းက ခိုင်ဖုန်း ထဲမှာ ရှိနေတာပါ။"
ခိုင်ဖုန်း မြို့စွန်မှာ ဒုက္ခသည်တွေက ဒီရေလို တဖြည်းဖြည်းနဲ့ ရှေ့ကို တိုးလာနေကြတယ်။ အုပ်ချုပ်ရေးဌာန တရားစီရင်ရေးဌာန နယ်စားမင်းကြီးရုံး နဲ့ စစ်ဌာနချုပ် အားလုံးက ခိုင်ဖုန်း စီရင်စုထဲမှာ ရှိနေကြတာမို့ ဒီဒုက္ခသည်တွေ ချဉ်းကပ်လာတာကို အရာရှိတွေ အားလုံး သိသွားကြပြီး သိပ်ကို လှုပ်ခတ်သွားခဲ့ကြရတယ်။
"သွားစမ်း လူလွှတ်ပြီး အဲဒီလူတွေကို တားခိုင်းလိုက်စမ်း" နယ်စားမင်းကြီးရုံးထဲမှာ လူအများကြီး စုနေတုန်း အရာရှိ ဝူရွှီက ဒေါသတကြီးနဲ့ အော်လိုက်တယ်။
"အရာရှိမင်း ဒီလောက်များတဲ့ လူတွေကို ဘယ်သူက သွားတားနိုင်မှာလဲ"
ဝူရွှီက စစ်ဌာနချုပ်က တပ်မှူး ဝေယီထောင်းကို လှမ်းကြည့်လိုက်ပေမဲ့ ဝေယီထောင်းက မကြားချင်ယောင် ဆောင်နေခဲ့တယ်။
"ဝေတပ်မှူး"
ဝေယီထောင်းက မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်တယ်။ "ခင်ဗျားတို့ ဆက်ပြီး ဆွေးနွေးကြပါဦး။ ကျွန်တော့်စခန်းမှာ အလုပ်တွေ ရှိသေးလို့ အကြာကြီး မနေနိုင်တော့ပါဘူး"
"ဝေတပ်မှူး"
"တော်ပါတော့ သူက ဒီကိစ္စထဲမှာ ပါဝင်ပတ်သက်ဖို့ မလိုလားဘူးဆိုမှတော့ ဘာဖြစ်လို့ အတင်းအကျပ် လုပ်နေမှာလဲ" အရာရှိလုယန်ရှို့က ကြားဖြတ် ပြောလိုက်တယ်။
"ဒါဟာ ဒုက္ခသည် အုပ်စုတစ်စုပဲဟာကို အောက်ခြေက အစေခံတွေကိုပဲ လွှတ်ပြီး တားခိုင်းလိုက်ပါ စစ်တပ်ကို သုံးဖို့ မလိုပါဘူး။ အခု အရေးကြီးဆုံးက ကွမ်ကျိဂိုဒေါင်ရဲ့အခြေအနေက ဘယ်လို ရှိနေလဲ ဆိုတာပါပဲ" အုပ်ချုပ်ရေး အရာရှိချုပ်ကျန်းကျစ်ယိက ဆိုတယ်။
"ကျွန်တော်မျိုး အခုပဲ လူလွှတ်ပြီး ထပ်စုံစမ်းခိုင်းလိုက်ပါ့မယ်"
ကွမ်ကျိဂိုဒေါင်ထဲမှာတော့ ကျောက်အာက ညတွင်းချင်းပဲ ရောက်လာခဲ့ပြီး အမောတောင် မဖြေနိုင်သေးခင်မှာပဲ သူမဘေးက အစေခံမလေး နှစ်ယောက်နဲ့အတူ အလုပ်တွေကို စတင်တော့တယ်။ အခု သူမဘေးက အစေခံမလေးတွေက စာရင်းဇယား စစ်ဆေးတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူတွေမို့ အဲဒါက အခြေခံအကျဆုံးသော အရည်အချင်းပါပဲ။
သူမနဲ့ အစေခံမလေး နှစ်ယောက်တင်မကဘဲ ရွှီထင်းရှန်းကလည်း ပါဝင်ကူညီခဲ့ပါတယ်။ သူတို့ လေးယောက် ပူးပေါင်းပြီး ကွမ်ကျိဂိုဒေါင်ရဲ့ လွန်ခဲ့တဲ့ နှစ်တွေအတွင်းက စာရင်းဇယားတွေကို စပြီး စစ်ခဲ့ကြတယ်။
ပြောရရင် ဒီအရာရှိတွေက အဂတိ လိုက်စားတဲ့နေရာမှာတော့ သိပ်ကျွမ်းကျင်ကြပေမဲ့ စာရင်းဇယား လုပ်တဲ့နေရာမှာတော့ သိပ်ကို ညံ့ပါတယ် စာရင်းတွေက အမှားအယွင်းတွေနဲ့ ပြည့်နေခဲ့တာပါ။ ဖြစ်နိုင်တာက ဘယ်သူမှ လာစစ်မှာ မဟုတ်ဘူးလို့ ထင်ထားတာ ဒါမှမဟုတ် အလုပ်ရှုပ်မှာ စိုးတာကြောင့် ဖြစ်နိုင်တာမို့ စာရင်းတွေက ရှင်းလင်းမှု လုံးဝ မရှိဘဲ ဖြစ်နေတာ။ ဒါကြောင့် သူတို့ လေးယောက်က အတိတ်ကို ပြန်တူးဆွပြီး ကွမ်ကျိဂိုဒေါင်ရဲ့ တစ်နှစ်တာ ရိက္ခာ အဝင်အထွက် ပမာဏနဲ့ အခုတစ်ခေါက် ကယ်ဆယ်ရေးအတွက် ဘယ်လောက်အထိ သုံးခဲ့လဲ ဆိုတာကို ခန့်မှန်း တွက်ချက်ခဲ့ကြရတယ်။
234 06
တခြားတစ်ဖက်မှာတော့ ခိုင်ဖုန်းစီရင်စုက စစ်သည်တွေက အဲဒီဒုက္ခသည်တွေကို တားထားကြပေမဲ့ အခြေအနေက သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကနေ လုံးဝလွတ်ထွက်သွားပါပြီ။
"ဘာဖြစ်လို့ ငါတို့ကို ပေးမသွားတာလဲ သံတမန်မင်း က ရှေ့မှာ ရှိနေတာကို" သန်မာတဲ့ လယ်သမားတစ်ယောက်က လည်ပင်းကြောတွေ ထောင်တဲ့အထိ အော်လိုက်တယ်။
"ဒါပေါ့ သံတမန်မင်း ပြောသွားတာက သူက ရိက္ခာတွေ အရင် သွားရှာမယ်။ ပြီးရင် ငါတို့ကို လာခေါ်မယ်လို့ ပြောတာလေ။ မင်းတို့က သံတမန်မင်းက ဘယ်သူလဲဆိုတာ သိရဲ့လား။ သံတမန်မင်း ဆိုတာ ဧကရာဇ်မင်းမြတ်က ငါတို့ ပြည်သူတွေကို ကယ်တင်ဖို့အတွက် အထူး စေလွှတ်လိုက်တာလေ။ ငါတို့က သံတမန်မင်းနဲ့အတူ မြို့တော်ကနေ ဒီအထိ လိုက်လာခဲ့တာ။ သံတမန်မင်း ပြောပြတာကတော့ အစိုးရက ရိက္ခာတွေ ဝေပေးလိမ့်မယ်။ ငါတို့အားလုံး ဒီ ဘေးဒုက္ခကနေ လွတ်မြောက်နိုင်မှာဖြစ်သလို တစ်ယောက်မှ ငတ်ပြီး မသေစေရဘူးလို့ ပြောတာလေ။ မင်းတို့က ဘယ်လို အခွင့်အရေးနဲ့ ငါတို့ကို တားနေတာလဲ"
"သူတို့က သံတမန်မင်းကို လုပ်ကြံလိုက်တာ မဟုတ်လား။ ဒီ အဂတိလိုက်စားတဲ့ အရာရှိတွေက ရွှီအရာရှိကို သိပ်မုန်းကြတာလေ။ သူတို့က မြို့တံခါးကို ပိတ်ပြီး ငါတို့ကို ပေးမဝင်ဘူး။ အစိုးရက ဝေပေးတဲ့ ရိက္ခာတွေကိုလည်း သူတို့ကပဲ ခိုးနေကြတာ။ သံတမန်မင်းက ရိက္ခာသွားတောင်းတာကို သူတို့က မပေးချင်ကြဘူး။ ဒါကြောင့် သူတို့က သံတမန်မင်းကို တစ်ခုခု လုပ်လိုက်ပြီ ထင်တယ်။ ဒါကြောင့် ငါတို့ကို ပေးမသွားတာပဲ ဖြစ်ရမယ်"
ဒုက္ခသည်တွေက သိပ်ကို ဒေါသတွေ ပြင်းလာခဲ့ကြတယ်။ ဒီလောက်အထိ များပြားတဲ့ လူအုပ်ကြီးက ဒေါသထွက်လာတဲ့ အခါမှာတော့ အစေခံ ရာဂဏန်းလောက်နဲ့ ဘယ်လိုမှ တားနိုင်မှာ မဟုတ်ဘဲ သူတို့က တဖြည်းဖြည်းနဲ့ နောက်ကို ဆုတ်ပေးခဲ့ကြရတယ်။
"မင်းတို့ ဘာလုပ်ချင်နေတာလဲ မင်းတို့တွေက ပုန်ကန်ချင်နေတာလား" ခေါင်းဆောင် ဖြစ်တဲ့သူက ခါးက ဓားကို ဆွဲထုတ်ပြီး ခြိမ်းခြောက်လိုက်တယ်။
"မင်းက ငါတို့လို သာမန် ပြည်သူတွေကို 'ပုန်ကန်မှု' ဆိုတဲ့ စကားနဲ့ လာပြီး မဖိနှိပ်ပါနဲ့။ သံတမန်မင်း ပြောပြတာကတော့ ငါတို့ရဲ့ ဧကရာဇ်မင်းမြတ်ဟာ နန်းတော်ထဲမှာ ရှိနေပေမဲ့ ပြည်သူတွေကို အမြဲ သတိရနေတာပါတဲ့ ဒါကြောင့်လည်း ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့နဲ့ ဒုက္ခတွေကို ဖြေရှင်းပေးဖို့ သံတမန်မင်းကို လွှတ်လိုက်တာလေ။ မင်းက ဘာမလို့လဲ ငါတို့ကို လာပြီး ပုန်ကန်တယ်လို့ ပြောရအောင် မင်းက သံတမန်မင်းကို ကိုယ်စားပြုနိုင်လား။ အစိုးရကို ကိုယ်စားပြုနိုင်လား။ ဒါမှမဟုတ် ဧကရာဇ်မင်းမြတ်ကို ကိုယ်စားပြုနိုင်လို့လား"
ခေါင်းဆောင်ဖြစ်သူက စကားပြန်မရလောက်အောင် အရှက်ရသွားပြီး နောက်ကို တစ်လှမ်း ဆုတ်ကာ ကြိမ်းပဲကြိမ်းမောင်းနိုင်တော့တယ်။ "မင်း... မင်းတို့လို လူရမ်းကားတွေ"
"ငါတို့ သူတို့နဲ့ စကားအရှည်ကြီး ပြောမနေနဲ့တော့။ ဒီအဂတိလိုက်စားတဲ့ အရာရှိတွေက ရွှီအရာရှိကို အကျပ်ကိုင်ထားတာ သေချာတယ်။ ဧကရာဇ်မင်းမြတ်က ခက်ခက်ခဲခဲနဲ့ အရာရှိကောင်း တစ်ယောက်ကို လွှတ်ပေးထားတာကို သူတို့လက်ထဲမှာ အသေမခံနိုင်ဘူး။ ငါတို့ သွားပြီး လူတောင်းကြမယ်"
"ဟုတ်တယ် လူသွားတောင်းကြမယ်"
******