← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

235 01

အခန်း ၂၃၅

ဘေးဒုက္ခသည်တွေက ဟုန်ရေလိုပဲ ရှေ့ကို စုပြုံတိုးဝှေ့လာကြတာမို့ ကြည့်လိုက်ရင် သိပ်သည်းလွန်းတဲ့ လူအုပ်ကြီးက အလွန်ပဲ ထိတ်လန့်ဖို့ ကောင်းနေပါတယ်။

ဒီ အစေခံ နှစ်ဆယ်ကျော်ကတော့ ဒီလိုမျိုး အရှိန်အဝါကြီးလှတဲ့ လူအုပ်ကြီးရဲ့ ရှေ့မှာ ပုစဉ်းရင်ကွဲက ရထားဘီးကို တားသလိုမျိုး အချည်းနှီးပဲ ဖြစ်နေတော့တယ်။

သူတို့က တခြားတစ်ဖက်ကို အရှက်တကွဲ ဆုတ်ပေးလိုက်ရရုံပဲ ရှိတော့တယ်။ အဲဒီအချိန် လူအုပ်ကြီးရဲ့ နောက်ကွယ်က တပ်ဖွဲ့ထဲမှာ စစ်သည်ဝတ်စုံ ဝတ်ထားတဲ့သူတွေကို မြင်ရတာနဲ့ အလျင်အမြန် ပြေးသွားပြီး အော်ဟစ်လိုက်ကြတယ်။ "ခင်ဗျားတို့က ဒါကို မထိန်းချုပ်တော့ဘူးလား အကယ်၍ စီရင်စုမြို့ကိုသာ စုပြုံတိုးဝင်သွားမယ်ဆိုရင် ဘယ်သူမှ တာဝန်ကနေ လွတ်မှာ မဟုတ်ဘူးနော်"

အဲဒီစစ်သည်တွေကတော့ သူတို့တွေကို အရေးမစိုက်ကြပါဘူး။ အဲဒီအချိန် နောက်ဘက်ကနေ မြင်းစီးသမား နည်းနည်း ပြေးဝင်လာခဲ့ရာမှာ ရှေ့ဆုံးက လာတဲ့သူက ဝတ်ရုံချပ်ဝတ်ကို ဆင်မြန်းထားတဲ့ ကျင်းယီဝေ့ တစ်ယောက် ဖြစ်ပါတယ်။

"မင်းတို့က ဘာဖြစ်လို့ ငါတို့ရဲ့ လမ်းကို ပိတ်ထားရတာလဲ"

ဒီစကားက အဓိပ္ပာယ် အများကြီး ပါဝင်နေပါတယ်။ ဒီအစေခံတွေက သာမန် စစ်သည်တွေကို အော်ဟစ်ရဲပေမဲ့ ကျင်းယီဝေ့တွေကိုတော့ ဘယ်လိုမှ အသံမထွက်ရဲကြပါဘူး။ ကျင်းယီဝေ့ဆိုတာ ဧကရာဇ်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဖြစ်ကြောင်း ဘယ်သူက မသိဘဲ နေပါ့မလဲ။ အသက်ကို မငဲ့တဲ့သူတွေကလွဲလို့ ဘယ်သူမှ ရန်မစရဲကြပါဘူး။

ဒါကြောင့် အစေခံခေါင်းဆောင်က မျက်နှာပျက်ပျက်နဲ့ပဲ ဖြစ်ပျက်သမျှ အကြောင်းစုံကို ရှင်းပြရတော့တယ်။

"သံတမန်မင်းက အရေးကြီးကိစ္စ ရှိတာကြောင့် ရှေ့ကနေ ကြိုပြီး ထွက်သွားခဲ့ပြီ။ ငါတို့ကတော့ အမိန့်အရ လမ်းတစ်လျှောက် ဒီ ဒုက္ခသည်တွေကို အကာအကွယ် ပေးဖို့ပဲ တာဝန်ရှိတာ ကျန်တာတွေက ငါတို့နဲ့ မဆိုင်ဘူး။ ငါတို့ကို ဒါတွေ လာပြောနေလည်း အပိုပဲ။ ဒါ့အပြင် ဒီဒုက္ခသည်တွေက သံတမန်မင်းကို ရှာနေကြတာလေ။ လူကို ရှာတွေ့သွားရင်တော့ ဒုက္ခသည်တွေက စီရင်စုမြို့ကို ဘာဖြစ်လို့ တိုက်ခိုက်တော့မှာလဲ။ အခြေအနေကို ပိုပြီးဆိုးသွားအောင် လျှောက်မပြောတာက ပိုကောင်းပါလိမ့်မယ်"

"ဒါက..."

"အခုချက်ချင်း လမ်းဖယ်ပေးစမ်း။ ငါတို့သွားမယ့်လမ်းကို မပိတ်နဲ့" တစ်ယောက်ယောက်က ကြိမ်းမောင်းလိုက်တာကြောင့် အဲဒီအစေခံတွေက ဆက်ပြီး မတားရဲကြတော့ဘဲ အဲဒီလူအုပ်ကြီး ဖုန်တသောသောနဲ့ ထွက်သွားတာကို ငေးကြည့်နေရုံပဲ ရှိတော့တယ်။

ဒုက္ခသည်တွေက မကြာခင်မှာပဲ ခိုင်ဖုန်းစီရင်စုမြို့ရဲ့ တစ်မိုင်ပတ်ဝန်းကျင်ထဲကို ရောက်လာကြတာမို့ စီရင်စုမြို့ဘက်ကလည်း သတင်းကို ကြိုရထားလို့ မြို့တံခါးတွေကို တင်းတင်းပိတ်ထားခဲ့ပြီ ဖြစ်ပါတယ်။

နယ်စားမင်းကြီးရုံး ထဲမှာတော့ အုပ်ချုပ်ရေး အရာရှိချုပ် ကျန်းကျစ်ယိက ဒေါသတွေ ပြင်းထန်နေခဲ့ပြီး ဝူရွှီကို ကွမ်ကျိဂိုဒေါင်က သတင်းတွေ ရောက်လာပြီလားလို့ အဆက်မပြတ် မေးနေတော့တယ်။

235 02

ဝူရွှီမှာလည်း စိုးရိမ်တကြီးနဲ့ အခန်းထဲမှာ အပြန်ပြန်အလှန်လှန် လှောက်လှမ်းရင်း ပြန်ပြီး လျှောက်တင်ရှာတယ်။ "ကျွန်တော်မျိုး လူလွှတ်ပြီး စုံစမ်းခိုင်းထားပါတယ်။ ဒါပေမဲ့ အခု မြို့တံခါးတွေ ပိတ်ထားတာဆိုတော့ သူတို့ ပြန်ဝင်လာနိုင်မလား မသိသေးပါဘူး"

"ဒါဆိုရင်လည်း မြို့တံခါးဝမှာ လူအချို့ကို သွားပြီး စောင့်ခိုင်းထားဖို့ မသိဘူးလား"

"ကျွန်တော်မျိုး အခုပဲ သွားပြီး စီစဉ်လိုက်ပါ့မယ်"

ဝူရွှီ ထွက်သွားပြီးနောက် ကျန်းကျစ်ယိက စိုးရိမ်ပူပန်ပြီး အခန်းထဲမှာ ဆက်ပြီး လှောက်လှမ်းနေခဲ့တယ်။

အဓိက ထိုင်ခုံပေါ်မှာ ထိုင်ပြီး ဘာမှ စကားမပြောဘဲ ရှိနေတဲ့ နယ်စားမင်းကြီး ရှန့်ချုကတော့ မေးလိုက်ပါတယ်။ "အခုလို ဖြစ်လာမယ်ဆိုတာ သိရင် အစကတည်းက ဘာလို့ အဲဒီလို လုပ်ခဲ့ကြသလဲ။ မင်းတို့ လက်လှုပ်တဲ့ အခါမှာ ဦးနှောက်မပါခဲ့ကြဘူးလား"

ကျန်းကျစ်ယိကလည်း မျက်နှာမှာ မကျေမနပ်မှုတွေနဲ့ ဆိုလိုက်တယ်။ "ဒီ ဒုက္ခသည်တွေက အခုလိုမျိုး ပြဿနာရှာလိမ့်မယ်လို့ ကျွန်တော်မျိုး ဘယ်လိုလုပ် သိမှာလဲ"

"ငါ ခန့်မှန်းတာ မမှားဘူးဆိုရင်တော့ အဲဒီ ဒုက္ခသည်တွေ ကြားထဲမှာ သေချာပေါက် တစ်စုံတစ်ယောက်က သွေးထိုးပေးနေတာပဲ ဖြစ်ရမယ်" ရှန့်ချုက အေးဆေးစွာ ပြောပါတယ်။

ဒီစကားကို ကြားတဲ့အခါ ကျန်းကျစ်ယိက ချက်ချင်းပဲ လှည့်ကြည့်လိုက်ပြီး ရှန့်ချုကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိတယ်။

"နယ်စားမင်းကြီးရဲ့ ဆိုလိုရင်းက..."

"ဒါကို ပြောနေဖို့ လိုသေးလို့လား။ ဒီ ဒုက္ခသည်တွေက တစ်ဦးနဲ့တစ်ဦး သိကျွမ်းကြတာ မဟုတ်ဘူး။ အမြဲတမ်း သဲတစ်ပွင့်လိုပဲ ကွဲပြားနေကြတာလေ။ အကယ်၍ အုပ်စုဖွဲ့ကြမယ်ဆိုရင်တောင်မှ လူနည်းစုပဲ ဖြစ်ရမှာ အခုလို လူပေါင်း ရာဂဏန်းဆိုတာကတော့ အရမ်းထူးခြားနေပြီ။ ဒါပေမဲ့ အခု အပြင်မှာ လူဘယ်လောက် ဝိုင်းနေသလဲဆိုတာ မင်း ကြည့်လိုက်ဦး။ ဒီလောက်များတဲ့ လူအုပ်ကြီးရဲ့ နောက်ကွယ်မှာ ခိုင်းစေတဲ့သူ မရှိဘူးဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ မင်း စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်" အနားမှာ လက်ဖက်ရည် သောက်နေတဲ့ တရားစီရင်ရေး အရာရှိချုပ် လုယန်ရှို့ က ဝင်ပြောလိုက်တယ်။

"ဒါဆိုရင် ခင်ဗျားတို့ ပြောချင်တဲ့ အဓိပ္ပာယ်က" ကျန်းကျစ်ယိက ခေတ္တမျှ ရပ်သွားပြီးမှ အသက်ကို ပြင်းပြင်းရှူရင်း မေးလိုက်တယ်။ "သံတမန်မင်း မသေသေးဘူးပေါ့"

လုယန်ရှို့က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အေးဆေးစွာနဲ့ ဆိုလိုက်တယ်။ "သေလား မသေလား ဆိုတာကိုတော့ မသိရသေးဘူးလေ။ ဖြစ်နိုင်တာကတော့ မင်းရဲ့ အောက်ခြေလူတွေက အလုပ်လုပ်တာ ပါးနပ်ခဲ့လို့ ဟို ရွှီထင်းရှန်း ဆိုတဲ့လူက တစ်သက်လုံး ပါးနပ်ခဲ့ပေမဲ့ တစ်ခဏလေးအတွင်းမှာပဲ အမှားကျူးလွန်မိပြီးတော့ ရိက္ခာအရာရှိရဲ့ လက်ထဲမှာတင် သေသွားတာလည်း ဖြစ်နိုင်တာပဲ"

တစ်ဖက်လူရဲ့လေသံက အလွန်ပဲ နားဝင်မချိုတာကြောင့် ကျန်းကျစ်ယိကလည်း လူမိုက် မဟုတ်တဲ့အတိုင်း အရင်က စိုးရိမ်စိတ်တွေကြောင့် ဂရုမစိုက်မိပေမဲ့ အခုတော့ ဒေါသတွေက အပြင်းအထန် ထွက်ပေါ်လာခဲ့ပြီ ဖြစ်တယ်။

"လုအရာရှိ ခင်ဗျားရဲ့စကားက ဘာကိုဆိုလိုတာလဲ။ အကယ်၍ အဲဒီ သံတမန်သာ မသေဘူးဆိုရင်တော့ ကျွန်တော် တစ်ယောက်တည်း လွတ်မှာ မဟုတ်သလို ခင်ဗျားလည်း လွတ်မှာ မဟုတ်ဘူးနော်။ ဝူရွှီဆီကနေ အကျိုးအမြတ်တွေကို ခင်ဗျားလည်း မနည်း ရယူထားတာပဲ မဟုတ်လား။ အခုမှ ဘာဖြစ်လို့ ဘာမှမဆိုင်သလိုမျိုး ဟန်ဆောင်နေရတာလဲ"

"ငါ ဘယ်တုန်းက ဘာမှမဆိုင်သလို ဟန်ဆောင်နေလို့လဲ။ မင်းက အဲဒီ ဝူမျိုးနွယ်ကို ဦးနှောက်မပါဘဲ လုပ်ခိုင်းတုန်းက အကျိုးဆက်တွေကို ဘာလို့ မစဉ်းစားခဲ့တာလဲ……"

235 02

"တော်ကြစမ်း… ဘာလို့ ရန်ဖြစ်နေကြတာလဲ"

အေးစက်တဲ့ ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ထွက်လာတာကြောင့် ကျန်းကျစ်ယိနဲ့လုယန်ရှို့တို့က ငြင်းတာကို ရပ်လိုက်ကြရပေမဲ့ မျက်နှာတွေမှာတော့ ဒေါသတွေ မပြေသေးဘဲ ရှိနေကြတယ်။

"ရန်သူက တံခါးဝကိုတောင် မရောက်သေးဘူး။ မင်းတို့က အရင်ဆုံး ဖရိုဖရဲ ဖြစ်နေကြပြီပေါ့။ ငါ့ အမြင်အရဆိုရင်တော့ မင်းတို့ဘာသာပဲ အပြစ်ဝန်ခံပြီး အသေခံလိုက်ကြတာက ပိုပြီးကောင်းပါလိမ့်မယ်။ အပိုစကားတွေ ပြောမနေနဲ့တော့" ရှန့်ချုက သူတို့နှစ်ယောက်ကို အေးစက်တဲ့ အကြည့်နဲ့ ကြည့်ပြီး ဆိုလိုက်တယ်။

"နယ်စားမင်းကြီး ကျွန်တော်မျိုးလည်း သူနဲ့ရန်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ သူပြောတဲ့ စကားတွေကို ကြည့်ပါဦး" ကျန်းကျစ်ယိက အားကိုးတကြီးနဲ့ ပြောရှာတယ်။

"အခု ဒါတွေကို ပြောနေရမယ့်အချိန် မဟုတ်ဘူး။ အခု အရေးကြီးဆုံးက ကွမ်ကျိဂိုဒေါင်ရဲ့အခြေအနေက ဘယ်လို ရှိနေသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့ပဲ။ မင်းရဲ့အောက်ခြေလူတွေကို သွားပြီး စောင့်ကြည့်ခိုင်းထား သတင်းရတာနဲ့ ချက်ချင်း အစီရင်ခံခိုင်း အကယ်၍ သူတို့ ပြန်မလာဘူးဆိုရင်တော့ ထပ်ပြီး လူလွှတ်ဦး"

"ဒါပေမဲ့……" ကျန်းကျစ်ယိက ထပ်ပြောဖို့ ပြင်ပေမဲ့လည်း ရှန့်ချုရဲ့ စိုက်ကြည့်တာကို ခံလိုက်ရတာကြောင့် စကားစကို ဖြတ်လိုက်ရတော့တယ်။

ကျန်းကျစ်ယိက အလျင်အမြန်ပဲ အပြင်ကို ထွက်သွားခဲ့ရာမှာ လုယန်ရှို့ က ရှန့်ချုဘက်ကို လှည့်ပြီး မေးလိုက်တယ်။ "အရာရှိမင်း အခု ဘယ်လို ဆက်လုပ်ကြရင် ကောင်းမလဲ"

ရှန့်ချုက သူ့ရဲ့ မုတ်ဆိတ်ကို သပ်ရင်း မျက်ဝန်းထဲမှာ အေးစက်တဲ့ အလင်းရောင် တစ်ချက် ဖြတ်သန်းသွားပြီး ဆိုလိုက်တယ်။ "နည်းလမ်း နှစ်သွယ်နဲ့ ပြင်ဆင်ထားရလိမ့်မယ်"

လုယန်ရှို့က ခေတ္တမျှ ကြောင်သွားပြီးမှ ချက်ချင်းပဲ နားလည်သွားကာ ခေါင်းညိတ်ပြလိုက်ပါတယ်။

အခြေအနေတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆိုးလာခဲ့တယ်။

အဲဒီ ဒုက္ခသည်တွေက မြို့တံခါးကို ပိတ်ဆို့ထားတာကြောင့် အပြင်ကလူတွေ ဝင်မရသလို အတွင်းကလူတွေလည်း ထွက်မရဘဲ ဖြစ်နေတယ်။

ကျန်းကျစ်ယိက အလွန်ပဲ စိုးရိမ်ပူပန်နေရပေမဲ့ ကွမ်ကျိဂိုဒေါင်ဆီကို လွှတ်လိုက်တဲ့ လူနှစ်သုတ်စလုံးက ပြန်ရောက်မလာခဲ့ကြပါဘူး။

နေဝင်ပြီး လမင်း ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် ညအမှောင်ထုကလည်း ဖုံးလွှမ်းလာခဲ့တယ်။

သူက တတိယအသုတ်ကိုလည်း ထပ်လွှတ်ဖို့ ကြိုးစားခဲ့ပေမဲ့ လုံးဝထွက်လို့ မရနိုင်တော့ပါဘူး အဲဒီ ဒုက္ခသည်တွေက မြို့တံခါး ဖွင့်ပေးဖို့ အဆက်မပြတ် အော်ဟစ်တောင်းဆိုနေကြပြီး အတွင်းက ဖွင့်မပေးတာကို မြင်တော့ ညဉ့်နက်တဲ့အချိန်မှာ မြို့တံခါးအပြင်မှာပဲ အိပ်စက် နားခိုလိုက်ကြတော့တယ်။

နောက်တစ်နေ့ နေ ပေါ်လာတဲ့ အခါမှာတော့ မြို့ထဲက လူတွေက ပိုပြီးတော့ စိတ်မသက်မသာ ဖြစ်လာကြရတယ်။

တံခါးထုသံတွေက အဆက်မပြတ် ထွက်နေသလို သံတမန်မင်းကို ရှာပေးဖို့ အော်ဟစ်သံတွေလည်း ပါနေပါတယ်။

အပြင်ဘက်မှာ စုဝေးနေတဲ့ ဒုက္ခသည် အရေအတွက်က ပိုပိုများလာခဲ့ပြီး တခြား နေရာတွေက ဒုက္ခသည်တွေပါ တစ်ဦးပြီးတစ်ဦး ရောက်လာခဲ့ကြတယ်။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ သတင်းတွေ ပျံ့လာရာ မြို့တော်က စေလွှတ်လိုက်တဲ့ သံတမန်မင်းကို မြို့ထဲက အရာရှိတွေက လုပ်ကြံလိုက်ပြီဆိုတဲ့ ကောလာဟလတွေက အရှိန်အဟုန်နဲ့ ပျံ့သွားတော့တယ်။

235 03

သိထားရမှာက မြို့ထဲမှာ အရာရှိ အနည်းငယ်ပဲ ရှိနေတာ မဟုတ်ဘဲ သာမန် ပြည်သူလူထုလည်း အများကြီးပါပဲ။ သူတို့ကလည်း ဒုက္ခသည်တွေနဲ့ အတူတူပင် ဖြစ်သော်လည်း ဒေသခံ မြို့ပိုင်အရာရှိရဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုကြောင့် မြို့တံခါးကို အချိန်မီ ပိတ်နိုင်ခဲ့သလို ရိက္ခာတွေကိုလည်း ဝေပေးထားတာကြောင့် မြို့ထဲမှာ ယာယီ အေးချမ်းနေတာ ဖြစ်တယ်။

အခု မြို့တံခါးက ပိတ်ဆို့ခံထားရသလို သံတမန်မင်း လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ထဲက လူတိုင်းကလည်း ထိတ်လန့်တုန်လှုပ်နေကြရတယ်။

ကျန်းကျစ်ယိက စစ်တပ်ကို သုံးပြီး ဒုက္ခသည်တွေကို နှိမ်နင်းဖို့ စိတ်ကူးရှိပေမဲ့ ဝေယီထောင်းက တံခါးပိတ်ပြီး တွေ့ဆုံတာ မလုပ်ဘဲ ရှိနေတာကြောင့် အဲဒါက ပြဿနာထဲကို ဝင်မပါချင်ကြောင်း ထင်ရှားနေပါတယ် သာမန် အစေခံ ရာဂဏန်းလောက်နဲ့ အပြင်ကို ထွက်ရင် ဒုက္ခသည်တွေရဲ့ ဝါးမြိုတာကိုပဲ ခံရပါလိမ့်မယ်။

"ကျန်းအရာရှိ ဒီကိစ္စကို ခင်ဗျား တကယ်ပဲ စီမံမှာလား မစီမံဘူးလား ခင်ဗျားက ဒီခိုင်ဖုန်းစီရင်စုရဲ့ မြို့ပိုင်အရာရှိပဲဟာကို အခု မြို့တံခါးတွေ ပိတ်ဆို့ခံထားရတာကို ခင်ဗျားက ဒီအတိုင်း ငေးကြည့်နေတော့မှာလား" ဝူရွှီက ဒေါသတကြီးနဲ့ မေးလိုက်တယ်။

ကျန်းရှန်းက ယာယီ တဲဆောင်တွေထဲမှာ ဒုက္ခသည်တွေရဲ့ အခြေအနေကို လိုက်ကြည့်နေတာ ဖြစ်ပါတယ်။

ခိုင်ဖုန်းစီရင်စုထဲမှာလည်း ကူးစက်ရောဂါ အနည်းငယ် ဖြစ်ခဲ့ပေမဲ့ သူက အချိန်မီ သီးခြားခွဲထုတ်ခဲ့လို့ ထိခိုက်မှု မပြင်းခဲ့ပါဘူး။ အခုဆို ဖျားနေတဲ့ ဒုက္ခသည်တွေက ပြန်သက်သာလာကြပြီ ဖြစ်တာကြောင့် ကျန်းရှန်းက အောက်ခြေလူတွေက အခွင့်အရေးယူပြီး ဒုက္ခသည်တွေရဲ့ ဆေးဝါးတွေကို လျှော့မှာ စိုးလို့ နေ့တိုင်း လာစစ်နေတာ ဖြစ်တယ်။

"ဝူအရာရှိ ကျွန်တော်မျိုးကို အခုလိုမျိုး လာမပြောပါနဲ့ ကျန်းမျိုးနွယ်ဆိုတာ မြို့ပိုင်အရာရှိလေး တစ်ယောက်မျှသာ ဖြစ်ပါတယ်။ အခု ခိုင်ဖုန်းမြို့ထဲမှာ နယ်စားမင်းကြီး အုပ်ချုပ်ရေး အရာရှိချုပ် တရားစီရင်ရေး အရာရှိချုပ် စတဲ့ လူကြီးမင်းတွေ အားလုံး ရှိနေကြတာပဲ။ ကျွန်တော်မျိုးလို လူကတော့ ရှေ့ကို ထွက်လာဖို့ မထိုက်တန်ပါဘူး"

ဝူရွှီရဲ့ မျက်နှာက အလွန်ပဲ ပျက်သွားပြီး ဆိုလိုက်တယ်။ "ဒါပေမဲ့ ဒီ ခိုင်ဖုန်းစီရင်စုက မင်းရဲ့အုပ်ချုပ်မှုအောက်မှာ ရှိတာလေ။ အကယ်၍ ဒုက္ခသည်တွေ မြို့ထဲကို ဇွတ်တိုးဝင်လာရင်တော့ မင်းလည်း တာဝန်ကနေ လွတ်မှာ မဟုတ်ဘူးနော်"

"တာဝန်ကနေ မလွတ်ဘူးဆိုရင်လည်း မလွတ်ပါစေနဲ့တော့ အခု အပြင်မှာ ဒီလောက်အထိ ဖရိုဖရဲ ဖြစ်နေတာကို ကျွန်တော်မျိုးလို ဒေသခံအရာရှိက ဘာမှ မတတ်နိုင်ဘဲ ပြည်သူတွေ ဒုက္ခရောက်နေတာကို ဒီအတိုင်း ကြည့်နေရရုံပဲ ရှိတာလေ။ ဘယ်လိုပဲ ဖြစ်ဖြစ် အစိုးရရဲ့ အပြစ်ပေးတာကိုတော့ ခံရမှာပဲဆိုတော့ ကျွန်တော်မျိုးအနေနဲ့ကတော့ ဝူအရာရှိလိုမျိုး အဝေးကြီးအထိ မစဉ်းစားနိုင်တော့ပါဘူး။ အခု လက်ရှိ အခြေအနေကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပဲ စိတ်ကူးထားပါတယ်။ ဒီကိစ္စ ပြီးသွားတဲ့ အခါမှာတော့ ရာထူးကနေ နှုတ်ထွက်ပြီး သာမန် ပြည်သူတစ်ယောက် အဖြစ်ပဲ နေပါတော့မယ်။ ကျွန်တော်မျိုး စိတ်ပိုင်းဖြတ်ပြီးသားပါ"

"မင်း" ဝူရွှီက အလွန်ပဲ ဒေါသထွက်သွားပြီး မျက်နှာကြီး မှောင်မိုက်လျက် ဆိုလိုက်တယ်။ "ဒါဆိုရင် ကျန်းအရာရှိအနေနဲ့ အရင်တုန်းက ကျွန်တော်က ရိက္ခာထုတ်ပေးဖို့ တားခဲ့တာနဲ့ ဒုက္ခသည်တွေကို လက်မခံခိုင်းခဲ့တာကို အငြိုးထားနေတာလား။ ဒါက ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူးနော် သိထားရမှာက ဒုက္ခသည်ဆိုတာ အသေးအဖွဲပဲ ခိုင်ဖုန်းမှာ ရှိတဲ့ သောင်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ အေးချမ်းမှုကသာ အဓိကပဲ အကယ်၍ ခိုင်ဖုန်းပါ ပျက်စီးသွားမယ်ဆိုရင်တော့ မင်းရော ငါရော တခြားသော လူကြီးမင်းတွေပါ အားလုံး ရာထူးပြုတ်မှာ အသေအချာပဲ"

ကျန်းရှန်းက အေးစက်စွာ တစ်ချက် ရယ်လိုက်ပြီး သူ့ရဲ့ ပိန်ချုံးနေတဲ့ မျက်နှာမှာ အရာအားလုံးကို သိထားတဲ့ပုံစံနဲ့ ပြန်ပြောလိုက်ပါတယ်။ "မဝံ့ရဲပါဘူး ကျွန်တော်မျိုးက မြို့ပိုင်အရာရှိလေး တစ်ယောက်မျှသာ ဖြစ်တာကြောင့် အငြိုးမထားနိုင်သလို အငြိုးထားဖို့လည်း မဝံ့ရဲပါဘူး"

235 04

"ဒါဆိုရင် မင်းအနေနဲ့ ဒီကိစ္စကို ထွက်ပြီး မဖြေရှင်းပေးနိုင်ဘူးပေါ့"

"ဝူအရာရှိအနေနဲ့ ကျွန်တော်မျိုးကို အတင်းအကျပ် မလုပ်ပါနဲ့တော့။ ကျွန်တော်မျိုးရဲ့အထက်မှာ အသက် ၈၀ ရှိပြီဖြစ်တဲ့ အမေအိုကြီး ရှိသလို အောက်မှာလည်း ဇနီးနဲ့ သားသမီးတွေ အများကြီး ရှိပါသေးတယ်။ လူကြီးမင်းတို့ အားလုံး မဖြေရှင်းနိုင်တဲ့ ကိစ္စကို ကျွန်တော်မျိုးက ဘယ်လိုလုပ်ပြီး ဖြေရှင်းနိုင်မှာလဲ။ အပြင်ကို ထွက်သွားရင်တော့ ဒုက္ခသည်တွေရဲ့ ဝါးမြိုတာကိုပဲ ခံရမှာပေါ့"

"ကောင်းပြီ မင်းကတော့ တကယ့်ကို ကောင်းတယ်" ဝူရွှီက အင်္ကျီလက်ကို ခါယမ်းပြီး ဒေါသတကြီး ထွက်သွားတော့တယ်။

သူ ထွက်သွားပြီးနောက် အစေခံ တစ်ယောက်က အနားကို တိုးလာပြီး တိုးတိုးလေး မေးလိုက်တယ်။ "အရာရှိမင်း ဝူအရာရှိကို အခုလိုမျိုး ရန်စလိုက်တာကတော့"

"အစောကတည်းက ရန်စခဲ့ပြီးသားပဲ။ ဒီတစ်ကြိမ်လည်း မထူးတော့ပါဘူး"

ဝူရွှီက အဲဒီနေရာက ထွက်လာပြီးနောက် အုပ်ချုပ်ရေးဌာနဆီကို အလျင်အမြန် သွားခဲ့တယ်။

ကျန်းကျစ်ယိကို မြင်တော့ သူက အစီရင်ခံလိုက်တယ်။ "အရာရှိမင်း ဟိုကျန်းရှန်းကတော့ ထွက်ပြီး ဖြေရှင်းပေးဖို့ ငြင်းနေပါတယ်"

ကျန်းရှန်း က မြို့ပိုင်အရာရှိလေး တစ်ယောက်ပဲ ဖြစ်ပေမဲ့ ပြည်သူတွေကြားမှာ ဂုဏ်သတင်း ကောင်းတဲ့သူမို့ အခုတစ်ခေါက် ဘေးဒုက္ခထဲမှာ သူက ခိုင်ဖုန်းစီရင်စုရဲ့ ကိစ္စအဝဝကို စနစ်တကျ စီမံနိုင်ခဲ့လို့ တကယ့်ကို စွမ်းဆောင်ရည်ရှိတဲ့ အမတ်တစ်ယောက် ဖြစ်ပါတယ်။

အထူးသဖြင့် သူက အထက်က အမိန့်တွေကို ဆန့်ကျင်ပြီး ဒုက္ခသည် အများကြီးကို မြို့ထဲကို လက်ခံခဲ့သလို ခရိုင်ရုံးမှာ ရှိတဲ့ ရိက္ခာဂိုဒေါင်က ရိက္ခာ ထက်ဝက်ကျော်ကိုလည်း ဒုက္ခသည်တွေအတွက် ထုတ်ပေးခဲ့တာကြောင့် ဒုက္ခသည်တွေရဲ့ ချစ်ခင်လေးစားမှုကို အထူး ရထားတဲ့သူပါ။

အကယ်၍ ဒီကိစ္စကို သူကသာ ရှေ့ထွက်ပြီး ဖြေရှင်းပေးမယ်ဆိုရင် အနည်းဆုံးတော့ မြို့ထဲက ပြည်သူတွေက ကောလာဟလတွေကို ယုံကြမှာ မဟုတ်ပါဘူး။

မြို့ထဲမှာ ဆူပူမှု မဖြစ်ရင် အပြင်ဘက်က ဖရိုဖရဲ ဖြစ်တာတွေကို ခေတ္တမျှ မကြောက်ရတော့ပါဘူး။ အကယ်၍ ကျန်းရှန်းကသာ အပြင်က ဒုက္ခသည်တွေကို ဖျောင်းဖျပေးနိုင်မယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက တစ်ဖက်လူက သဘောမတူခဲ့တာပါပဲ။

ဝူရွှီက ကျန်းရှန်းကို ချက်ချင်းပဲ ကွပ်မျက်ပစ်ချင်တဲ့ စိတ်တွေ ဖြစ်နေတော့တယ်။

"ဒီလိုဆိုရင်တော့ တခြား နည်းလမ်းတစ်ခုကိုပဲ ရှာရတော့မှာပေါ့" ကျန်းကျစ်ယိက သက်ပြင်းချပြီး ဆိုလိုက်တယ်။

တိုတောင်းလှတဲ့ ရက်ပိုင်းအတွင်းမှာပဲ သူက အလွန်ပဲ ပိန်ချုံးသွားခဲ့ရပြီး မျက်တွင်းတွေတောင် ဟောက်ပက် ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။

"ဒါဆိုရင် အရာရှိမင်း ကျွန်တော်မျိုးက အခု ဘာဆက်လုပ်ရမလဲ"

"မင်း အရင်ဆုံး ပြန်ပြီး အနားယူလိုက်ပါဦး ရက်ဆက်တိုင်အောင် အလုပ်များနေတာဆိုတော့ မင်းလည်း ပင်ပန်းနေမှာပဲ"

"ကျွန်တော်မျိုး မပင်ပန်းပါဘူး"

ဝူရွှီ ထွက်သွားပြီးနောက် ကျန်းကျစ်ယိရဲ့မျက်ဝန်းထဲမှာ အေးစက်တဲ့ အလင်းရောင် တစ်ချက် ဖြတ်သန်းသွားတော့တာပါပဲ။

******

236 01

အခန်း (၂၃၆)

နောက်တစ်နေ့ မနက်စောစောမှာ အုပ်ချုပ်ရေး အရာရှိချုပ် ကျန်းကျစ်ယိက မြို့တံတိုင်းပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ ပေါ်လာခဲ့တယ်။

အောက်ဘက်မှာတော့ ဒုက္ခသည်တွေက စုဝေးပြီး မြေပြင်ပေါ်မှာ မီးဖိုတွေ ဆောက်ကာ ဆန်ပြုတ် ပြုတ်နေကြတယ်။

ဒီအလုပ်တွေက နေ့တိုင်း လုပ်နေကျ အလုပ်တွေ ဖြစ်တာကြောင့် သူတို့ရဲ့လှုပ်ရှားမှုတွေက စနစ်တကျ ရှိလှတယ်။ အချို့က ထင်းကောက်ကြတယ်။ အချို့က အိုးဆေးကြတယ်။ အချို့ကတော့ မီးဖိုရှေ့မှာ ဆောင့်ကြောင့်ထိုင်ကာ ထင်းထိုးရင်း မီးကြည့်နေကြတယ်။

ဒီလိုမျိုး မြေမီးဖိုတွေ အများကြီး ရှိနေပြီး သူတို့က လူနည်းနည်းစီ အုပ်စုဖွဲ့ကာ တိတ်တိတ်ဆိတ်ဆိတ် ရှိနေကြတယ်။

ဒီလိုမျိုး တိတ်ဆိတ်မှုက ကျန်းကျစ်ယိကို အနည်းငယ် နေရခက်စေတဲ့အထိဖြစ်စေပြီး ဒီလူတွေက မနေ့က မြို့ရိုးအောက်မှာ အော်ဟစ်ဆူပူနေတဲ့ ဒုက္ခသည်တွေ ဖြစ်တယ်ဆိုတာကိုတောင် မယုံနိုင်အောင် ဖြစ်နေရတယ်။

"ဟန်ဆောင်ကောင်းတဲ့ ဒီလူယုတ်မာတွေပဲ"

ဆိုရိုးစကား ရှိတာကတော့ လူကောင်းက အရာရာကို ကောင်းတဲ့ဘက်က မြင်တတ်ပြီး ပညာရှိက အရာရာကို ပညာရှိတဲ့ဘက်က မြင်တတ်တယ်ဆိုတာပါပဲ။ မျက်လုံး ညစ်ပတ်တဲ့သူက မစင်ကိုပဲ မြင်ရမှာ ဖြစ်ပေမဲ့ ကျန်းရှန်းရဲ့အတွေးကတော့ ကျန်းကျစ်ယိနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတယ်။

သူ မြင်တာကတော့ ဆင်းရဲသားပြည်သူတွေရဲ့ ဘေးဒုက္ခကြားက ကံကောင်းမှုကို တန်ဖိုးထားပုံဖြစ်ပြီး တစ်စုံတစ်ယောက်က ဒုက္ခသည်တွေကို စီမံခန့်ခွဲတဲ့နေရာမှာ အလွန်ပဲ ကျွမ်းကျင်လှတာကိုလည်း မြင်တွေ့နေရတယ်။ အကယ်၍ တာ့ချန်းတစ်ခုလုံးမှာ ဒီလိုမျိုး အရာရှိတွေပဲ ရှိမယ်ဆိုရင် ပြည်သူတွေ ဒုက္ခရောက်မှာကို စိုးရိမ်စရာ လိုတော့မှာ မဟုတ်ဘူး။

ကျန်းရှန်းက အမှန်တော့ မလာချင်ပေမဲ့ မနေ့က ကျန်းကျစ်ယိကိုယ်တိုင် လာရှာတာကြောင့် သူ့ရဲ့စိတ်က အနည်းငယ် တုန်လှုပ်သွားခဲ့တယ်။

ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခအတွက်ဆိုရင်တော့ သူက ဒီမာနကို မကိုင်စွဲထားသင့်ဘူး။ အကယ်၍ ဒီဒုက္ခသည်တွေသာ မြို့ထဲကို အတင်းတိုးဝင်လာမယ်ဆိုရင် မြို့ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒုက္ခရောက်မယ့်သူက ပြည်သူတွေပဲ ဖြစ်လိမ့်မယ်။

"ငါကိုယ်တိုင်ကတော့ စီရင်စုအုပ်ချုပ်ရေးမှူးရုံးရဲ့ အုပ်ချုပ်ရေး အရာရှိချုပ်ပဲ ဖြစ်တယ်။ ငါ့ရဲ့ရာထူးဂုဏ်ထူးနဲ့ မင်းတို့ကို အာမခံရဲတာကတော့ အရှင်မင်းကြီးဆီက စေလွှတ်လိုက်တဲ့ အထူးကိုယ်စားလှယ် အမတ်မင်းက ခိုင်ဖုန်းမြို့ထဲမှာ မရှိပါဘူး။ ငါ အမှားမရှိဘူးဆိုရင်တော့ အမတ်မင်းက ကွမ်ကျိသိုလှောင်ရုံကို ရောက်နေပါပြီ။ အဲဒါကလည်း ဘေးသင့်ပြည်သူတွေအတွက် ရိက္ခာကိစ္စအတွက်ပါပဲ"

မြို့တံတိုင်းပေါ်က စကားပြောသံကို ကြားရတဲ့အခါ ဒုက္ခသည်တွေက လက်ရှိ လုပ်ဆောင်ချက်တွေကို ရပ်တန့်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်ကြတယ်။ ကျန်းကျစ်ယိက မြို့ပြအိုးပေါ်ကနေ နောက်တစ်ကြိမ် ထပ်ပြောလိုက်တဲ့တိုင်အောင် ဒီဒုက္ခသည်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြဆဲ ဖြစ်တယ်။

ဒုက္ခသည်တွေထဲက အရပ်ရှည်ရှည်နဲ့ သန်မာတဲ့ လူတစ်ယောက်က ထရပ်လိုက်ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။

"ခင်ဗျားတို့ ပြောတာ အမှန်လား အမှားလားဆိုတာ ဘယ်သူသိမှာလဲ။ ကျွန်တော်တို့ကို လိမ်နေတာလည်း ဖြစ်နိုင်တာပဲ။ ခင်ဗျားတို့လို အရာရှိတွေက တစ်ယောက်မှ အမှန်အတိုင်း မပြောကြဘူး။ အရာရှိစတိုင်တွေပဲ ထုတ်နေကြတာ။ ဆန်တစ်စေ့တောင် မပေးဘဲ ဆန်မရှိဘူးလို့ပဲ အတင်း ငြင်းနေကြတာ။ ဒါပေမဲ့ ခင်ဗျားတို့ တစ်ယောက်ချင်းစီကို ကြည့်ရတာတော့ ဗိုက်ရွှဲပြီး မေးနှစ်ထပ်နဲ့ ငတ်မွတ်ဖူးတဲ့ ပုံစံမျိုး လုံးဝ မပေါက်ဘူး"

236 02

ဒီစကားကြောင့် ဒုက္ခသည်တွေ အားလုံး ဝိုင်းရယ်ကြတာကြောင့် ကျန်းကျစ်ယိမှာ မျက်နှာတစ်ခုလုံး ခရမ်းရောင်သန်းသွားပြီး ဒေါသကြောင့် သွေးတက် သေလုနီးပါး ဖြစ်သွားရတယ်။

ဒါပေမဲ့ ဒီအရာကို အောင့်အည်း သည်းခံရမှာကို သူ ကောင်းကောင်း သိတယ်။ ဒုက္ခသည်တွေက ဒီလိုမျိုး ဆက်ပြီး ပိတ်ဆို့ထားမယ်ဆိုရင် နန်းတော်အထိ သတင်းရောက်သွားပြီး အခြေအနေတွေကို ဖုံးဖိထားလို့ ရတော့မှာ မဟုတ်ဘူး။

သူက ဒေါသကို အောင့်အည်းပြီး ပြောလိုက်တယ်။

"ဒီသတင်းက ငါ ခုလေးတင် ရတာပါ။ ငါနဲ့ တခြားအမတ်မင်းတွေလည်း အဲဒီနေရာကို သွားပြီး အထူးကိုယ်စားလှယ် အမတ်မင်းကို သွားကြိုဖို့ ပြင်နေကြတာ။ မင်းတို့ မယုံဘူးဆိုရင် ငါတို့နဲ့အတူ လိုက်ခဲ့နိုင်တယ်"

"တကယ်လား"

"ငါက မင်းတို့လို သာမန်ပြည်သူတွေကို လိမ်စရာလား" ကျန်းကျစ်ယိမှာ ဒေါသထွက်လွန်းလို့ သူ့ရဲ့ မုတ်ဆိတ်မွေးတွေတောင် တုန်ရီနေတော့တယ်။

"ခင်ဗျား ဒီလိုပြောမှတော့ ကျွန်တော်တို့လည်း တစ်ခါလောက် ယုံကြည့်ရတာပေါ့။ အားလုံးရဲ့ သဘောထားက ဘယ်လိုလဲ တစ်ချက်လောက် ပြောကြဦး"

"ဒါဆိုရင်လည်း သွားကြတာပေါ့ အဆင်မပြေမှ ပြန်လာကြတာပေါ့" လူအုပ်ထဲက တစ်ယောက်က ပြန်ဖြေတယ်။

နောက်တစ်ယောက်ကလည်း ဆိုတယ်။ "ခင်ဗျားတို့နောက် လိုက်သွားရင် ထမင်းကျွေးမှာလား။ ကျွန်တော်တို့မှာ နေ့တိုင်း ငတ်နေရတာ ထမင်းမကျွေးရင်တော့ လမ်းလျှောက်ဖို့ အားမရှိဘူး"

"ဟုတ်တယ် ဟုတ်တယ်"

"လူတွေ ငတ်လို့ သေတော့မယ်"

အောက်ဘက်က ဒီလိုမျိုး စကားမရှိတဲ့ စကားတွေကို ကြားရတဲ့အခါ ကျန်းကျစ်ယိမှာ ဒေါသကြောင့် မျက်နှာက နီမြန်းလိုက် ပြာနှမ်းလိုက် ဖြစ်နေပြီး အတန်ကြာမှ ခြေဆောင့်ကာ ပြောလိုက်တယ်။

"ငါ အခုပဲ မင်းတို့အတွက် ရိက္ခာ သွားရှာပေးမယ်"

နာရီဝက်လောက် ကြာပြီးနောက် မြို့တံတိုင်းပေါ်ကနေ ကြိုးတွေ တစ်ချောင်းပြီးတစ်ချောင်း ကျလာပြီး ကြိုးထိပ်တွေမှာ ဆန်အိတ်တွေကို ချည်နှောင်ထားတယ်။

မြို့ထဲကို ဒုက္ခသည်တွေကို ပေးမဝင်ဖို့ ဆုံးဖြတ်ထားဆဲပဲ ဖြစ်တယ်။

ဒုက္ခသည်တွေက ဝိုင်းအုံလာကြပြီး ဆန်အိတ်တွေကို ဖြုတ်ယူကာ ထမင်းချက်ဖို့ ပြန်လှည့်သွားကြတယ်။

ထမင်းဆိုတာက အမှန်တော့ အရင်က ကျိုထားတဲ့ ဆန်ပြုတ်ပဲ ဖြစ်ပေမဲ့ အိုးတိုင်းမှာ ဆန်ကို ထပ်ဖြည့်လိုက်တာကြောင့် နောက်ဆုံးမှာတော့ ကြည်လင်နေတဲ့ ဆန်ပြုတ်ရည်ကြည်တွေကို သောက်နေရတဲ့ ဘဝကနေ လွတ်ကင်းသွားခဲ့တယ်။

ဒီဒုက္ခသည်တွေ ဗိုက်ဝအောင် စားသောက်ပြီးမှပဲ လမ်းမကြီးတစ်ခုကို ဖယ်ပေးလိုက်ကြတယ်။

မြို့တံခါးကြီးက ဖြည်းညင်းစွာ ပွင့်လာပြီး ဦးစွာပထမ ဓားရှည်တွေကို ကိုင်ထားတဲ့ ရုံးစေအများကြီး ပြေးထွက်လာကာ ဒုက္ခသည်တွေကို တားဖို့ တန်းစီလိုက်ကြတယ်။ အဲဒီနောက်မှ မြို့ထဲကနေ မြင်းရထားနှစ်စီး ထွက်လာခဲ့တယ်။

ကြီးမားတဲ့ စစ်ကြောင်းကြီးက ကွမ်ကျိသိုလှောင်ရုံဆီကို ဦးတည်သွားပါတော့တယ်။

236 03

ဒီကွမ်ကျိသိုလှောင်ရုံဆိုတာ ရိက္ခာသိုလှောင်ရုံ အမည်ဖြစ်ပေမဲ့ အမှန်တော့ မြို့နယ်လေးတစ်ခုလိုမျိုး ရှိတယ်။

ဒါပေမဲ့ အဲဒီနေရာမှာ သာမန်အရပ်သားတွေ မရှိဘူး။ ရိက္ခာသိုလှောင်ရုံတွေအပြင် ရိက္ခာထိန်းအရာရှိတွေ ရုံးစေတွေနဲ့ အလုပ်သမားတွေပဲ ရှိတယ်။

ဒီခရီးမှာ ကျန်းကျစ်ယိအပြင် တရားစီရင်ရေး အရာရှိချုပ် လုယန်ရှို့လည်း လိုက်ပါလာခဲ့တယ်။

လူအုပ်စုက ကွမ်ကျိသိုလှောင်ရုံကို ရောက်တဲ့အခါ တံခါးကြီးက အတွင်းကနေ ချက်ချင်းပွင့်လာပြီး သူတို့ကို အတွင်းထဲ ပေးဝင်လိုက်ပေမဲ့ ဒုက္ခသည်တွေကိုတော့ အပြင်ဘက်မှာ တားထားတယ်။ ဒါပေမဲ့ ရွှီထင်းရှန်းကလည်း လူလွှတ်ပြီး သူတို့ကို နှစ်သိမ့်စကား ပြောကြားစေခဲ့တယ်။

"အထူးကိုယ်စားလှယ် အမတ်မင်း"

"အမတ်မင်းက ခိုင်ဖုန်းကို ရောက်နေတာကို ဘာလို့ ခိုင်ဖုန်းမြို့ရုံးကို လူလွှတ်ပြီး သတင်းမပို့ခဲ့တာလဲခင်ဗျာ ဒါမှ ကျွန်တော်တို့လည်း လာကြိုနိုင်မှာပေါ့"

ရွှီထင်းရှန်းက ပြုံးလျက် ဆိုတယ်။ "ကိစ္စတွေက အရေးကြီးနေတာမို့ ဒီလို ဟန်ဆောင်ပန်ဆောင် ကိစ္စတွေကို လုပ်နေဖို့ မလိုပါဘူး"

ကျန်းကျစ်ယိနဲ့ လုယန်ရှို့တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လက်အုပ်ချီ ဦးညွှတ်နှုတ်ဆက်လိုက်ကြတယ်။ "ကျွန်တော်မျိုး ကျန်းကျစ်ယိပါ ကျွန်တော်မျိုး လုယန်ရှို့ပါ။ အထူးကိုယ်စားလှယ် အမတ်မင်းကို ဂါရဝပြုပါတယ်"

"အားနာစရာ မလိုပါဘူး လူကြီးမင်းတို့ ထိုင်ကြပါ။ လက်ဖက်ရည် တည်ခင်းလိုက်စမ်း"

ထိုသို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် လူတစ်ယောက်က လက်ဖက်ရည် ယူဆောင်လာခဲ့ပြီး ကျန်းကျစ်ယိတို့ နှစ်ယောက်လည်း အောက်ဘက်မှာ ထိုင်လိုက်ကြတယ်။

သူတို့နှစ်ယောက်က ထိုင်နေတဲ့အချိန်အတွင်း ခန်းမထဲကို အကဲခတ်ကြည့်လိုက်ကြတယ်။

ရွှီထင်းရှန်းက အလွန်ပဲ သက်သောင့်သက်သာ ရှိနေပြီး စကားပြောဆိုရာမှာလည်း လွတ်လပ်ပေါ့ပါးနေတာကို တွေ့ရတာကြောင့် မသိတဲ့သူဆိုရင် သူကပဲ ဒီနေရာရဲ့သခင်ဖြစ်တယ်လို့ ထင်မှတ်ရပါလိမ့်မယ်။ ရိက္ခာထိန်းအရာရှိ ဝေတာ့ယုံကိုတော့ မတွေ့ရဘဲ ပတ်ဝန်းကျင်မှာ ရပ်နေတဲ့သူတွေက အထူးကိုယ်စားလှယ် အမတ်မင်းရဲ့ လူတွေပဲ ဖြစ်တယ်။

အခြေအနေက အနေခက်စရာ ဖြစ်လာခဲ့တယ်။ ရွှီထင်းရှန်းက စကားမပြောတာကြောင့် ဒီလူနှစ်ယောက်မှာလည်း ဘာပြောရမှန်း မသိဖြစ်နေတယ်။ အမှန်က အခြေအနေကို စမ်းဖို့ လာခဲ့တာ ဖြစ်ပေမဲ့ စကားမပြောဘဲ ဘယ်လို စမ်းနိုင်မလဲ။ "ဘာလို့ ကောင်းကောင်းမွန်မွန် အသက်ရှင်နေရတာလဲ" လို့ မေးရမှာလား။

အဲဒီတုန်းမှာ ဝတ်စုံပြည့် ဝတ်ထားတဲ့ ဝေယွင်ကျယ်က ရှေ့ကို တက်လာခဲ့တယ်။ ရွှီထင်းရှန်းက သူ့ကို တစ်ချက် ကြည့်လိုက်တဲ့အခါ သူက ခန်းမအလယ်မှာ ရပ်လိုက်ပြီး လည်ချောင်းတစ်ချက် ရှင်းကာ ပြောလိုက်တယ်။

"ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကို နာယူကြ"

ကျန်းကျစ်ယိနဲ့ လုယန်ရှို့တို့က ဒီလိုမျိုး ဖြစ်လာမယ်လို့ မထင်ထားတာကြောင့် အလျင်အမြန် ထရပ်ကာ ဒူးထောက်ပြီး အမိန့်တော်ကို နာယူဖို့ ပြင်လိုက်ကြတယ်။

ဒါပေမဲ့ ဝေယွင်ကျယ်က ရွှီထင်းရှန်းရဲ့ဘေးမှာ ရပ်နေတာဖြစ်ပြီး ဒီလူကတော့ ရှောင်ပေးတာ မရှိဘူး။ ဝေယွင်ကျယ်မှာ ကိစ္စမရှိပေမဲ့ အမိန့်တော်ကို ကြေညာတာက ဧကရာဇ်ကို ကိုယ်စားပြုတာ ဖြစ်တယ်။ သူတို့က အထူးကိုယ်စားလှယ် အမတ်မင်းကိုပါ ဒူးထောက်ရမှာလား။

236 04

အတွေးပေါင်းများစွာက ခဏချင်းအတွင်း ဖြတ်ပြေးသွားပြီးနောက် ကျန်းကျစ်ယိက သွားကို တင်းတင်းစေ့ကာ ဒူးထောက်လိုက်တော့တယ်။ လုယန်ရှို့ရဲ့မျက်လုံးထဲမှာ ဒေါသအရိပ်အယောင်တွေ ဖြတ်ပြေးသွားပြီး စိတ်ထဲကနေ ကျန်းကျစ်ယိကိုတောင် နာကျည်းမိပေမဲ့ ဒီအခြေအနေမှာ သူလည်း လိုက်ပြီး ဒူးထောက်ရုံပဲ ရှိတော့တယ်။

ဝေယွင်ကျယ်က တည်ကြည်စွာ ပြောလိုက်တယ်။ "ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရ ဟဲနန်နယ်က ဒေသခံအရာရှိတွေက ဘေးဒုက္ခ ကယ်ဆယ်ရေးလုပ်ငန်းကို အောင်မြင်အောင် အထူးကိုယ်စားလှယ်ကို ကူညီဆောင်ရွက်ရမယ်။ ပြည်သူတွေ အေးချမ်းမှ သင်တို့ အေးချမ်းမယ်။ ပြည်သူတွေ မအေးချမ်းရင် သင်တို့က လူသားထုအပေါ်မှာလည်းကောင်း အစိုးရအပေါ်မှာလည်းကောင်း ငါကိုယ်တော်အပေါ်မှာလည်းကောင်း အပြစ်မကင်း ဖြစ်ကြလိမ့်မယ်"

"ကျွန်တော်မျိုးတို့ ရှက်ရွံ့မိပါတယ်။ ကျွန်တော်မျိုးတို့က အထူးကိုယ်စားလှယ်ကို ကူညီပြီး ကယ်ဆယ်ရေးလုပ်ငန်းကို အကောင်းဆုံး ဆောင်ရွက်သွားပါ့မယ်။ ဧကရာဇ်မင်းမြတ်ရဲ့မျှော်လင့်ချက်ကို မပျက်ကွက်စေရပါဘူး"

ရွှီထင်းရှန်းရဲ့စိတ်ထဲက အောင့်အည်းနေမှုက နောက်ဆုံးမှာ အနည်းငယ် ပြေလျော့သွားခဲ့တယ်။ အဲဒီတော့မှ သူက အိပ်မက်ကနေ လန့်နိုးလာတဲ့အတိုင်း ဟန်ဆောင်ပြီး အလျင်အမြန် ထရပ်ကာ တွဲထူပေးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။

"အမတ်မင်းနှစ်ယောက် အမြန်ထကြပါ။ ဧကရာဇ်မင်းမြတ်က မင်းတို့ကို အားပေးစကား ပြောတာပါ။ အပြစ်တင်ချင်တဲ့ စိတ်မရှိပါဘူး။ ငါ မြို့တော်က မထွက်ခင်မှာ မင်းမြတ်က ငါ့ကို သီးသန့်ခေါ်ပြီး စကားပြောခဲ့ပါတယ်။ မင်းမြတ်က ပြောတာကတော့ အဲဒီကျန်းကျစ်ယိနဲ့ လုယန်ရှို့တို့က အစိုးရရဲ့ မဏ္ဍိုင်တွေပဲ။ ငါကိုယ်တော်က သူတို့ကို တန်ဖိုးထားတယ်။ သူတို့က ကြိုးစားအားထုတ်မှု ရှိတယ်။ တာဝန်ကျေပွန်တယ်။ ဖြောင့်မတ်မှန်ကန်တယ်။ ရှားပါးတဲ့ အရာရှိကောင်းတွေပါပဲတဲ့..."

ရွှီထင်းရှန်းရဲ့ ဒီ "ဧကရာဇ်မင်းမြတ်က ပြောတယ်" ဆိုတဲ့ စကားကြောင့် သူတို့နှစ်ယောက်မှာ နောက်ထပ် ခဏလောက် ဒူးထောက်နေရပြီးမှ ပြန်ထခွင့် ရခဲ့တယ်။

အဲဒီအချိန်အတွင်း သူတို့ရဲ့ စိတ်ကူးတွေကိုတော့ ဖော်ပြနေတော့မှာ မဟုတ်ဘူး။

သူတို့နှစ်ယောက် ပြန်ထိုင်ပြီးနောက်မှာ ရွှီထင်းရှန်းက ရုတ်တရက် သတိရသွားသလိုမျိုး မေးလိုက်တယ်။

"ဟဲနန်နယ်စားမင်း ရှန့်အမတ်မင်းက ဘယ်လိုနေသေးလဲ မသိဘူး။ ဘာလို့ လာမတွေ့တာလဲ"

ဒီလို အခြေအနေမျိုးမှာ ရှန့်ချုမှာ လာနိုင်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ ဒီစကားကို အမှန်အတိုင်း ပြောလို့ မရတာကြောင့် ရှန့်အမတ်မင်းက မကြာသေးခင်က သိပ်ကို ပင်ပန်းခဲ့တာကြောင့် အခုတော့ နေမကောင်းဖြစ်နေပါတယ်။ ဒါကြောင့် လာမတွေ့နိုင်တာပါလို့ပဲ ဖြေလိုက်ရတယ်။

ဒီလို အခြေခံတွေ ခင်းပြီးနောက် ကျန်းကျစ်ယိကလည်း သိချင်တာကို မေးလိုက်တယ်။

"အမတ်မင်း ဒီနေရာက ရိက္ခာထိန်းအရာရှိက ဘယ်မှာလဲဆိုတာ သိပါရစေ။ ကျွန်တော်တို့ ရောက်လာကတည်းက သူ့ကို လုံးဝ မတွေ့ရသေးလို့ပါ"

"သူလား" ရွှီထင်းရှန်းက ကျန်းကျစ်ယိကို ပြုံးပြီး ကြည့်လိုက်တယ်။ "သူလည်း နေထိုင်မကောင်းလို့ ဖျားနေတယ်လေ"

ကောင်းပြီ…. ဒီစကားကို ဆက်ပြောလို့ မရတော့ဘူး။

မူလက အခြေအနေကို စမ်းဖို့လာခဲ့တာ ဖြစ်ပေမဲ့ အခုတော့ ဘာမှ မသိရတဲ့အပြင် အချိန်အတော်ကြာအောင် နှိပ်စက်ခံလိုက်ရသလို ဖြစ်သွားတယ်။ ဒူးလည်း ထောက်ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း နှိမ့်ချခဲ့ရတယ်။

တကယ်တော့ ကျန်းကျစ်ယိက ဝူရွှီလွှတ်လိုက်တဲ့ လူတွေ ဘယ်လို ဖြစ်သွားလဲဆိုတာကို မေးချင်ပေမဲ့ အထူးကိုယ်စားလှယ်က သူ့ကို ပြောပြမှာ မဟုတ်တာကို မြင်နေရတယ်။

236 05

လုယန်ရှို့က ကျန်းကျစ်ယိကို တစ်ချက် ကြည့်လိုက်တယ်။

ကျန်းကျစ်ယိက သွားကို ကြိတ်ပြီး "ဒုတ်" ဆိုတဲ့ အသံနဲ့အတူ ထပ်ပြီး ဒူးထောက်လိုက်ကာ မြေပြင်ပေါ်မှာ ဝပ်တွားရင်း အော်ဟစ်ငိုကြွေးတော့တယ်။

"ကျွန်တော်မျိုးမှာ လျှောက်ထားစရာ တစ်ခု ရှိပါသေးတယ်။ ကျွန်တော်မျိုးရဲ့ ပေါ့ဆမှုကြောင့် အစိုးရအပေါ်မှာ အပြစ်မကင်း ဖြစ်ရပါတယ်..."

ဒီလိုမျိုး နယ်စားအဆင့် ရာထူးနေရာတွေကို ယူထားနိုင်တဲ့သူတွေထဲမှာ ဘယ်သူမှ ရိုးရိုးရှင်းရှင်းတွေ မဟုတ်ကြဘူး။

အနည်းဆုံးတော့ ဒီကျန်းကျစ်ယိရဲ့သရုပ်ဆောင်ချက်က မဆိုးပါဘူး။

ဒီငိုသံတွေက ရင်နင့်စရာ ကောင်းလှပြီး သူ့ရဲ့ပေါ့ဆမှုကြောင့် လက်အောက်ငယ်သားတွေ မကောင်းတာ လုပ်ခဲ့ရတဲ့အတွက် ဝမ်းနည်းနေတဲ့ အရာရှိကြီး တစ်ယောက်ရဲ့ ပုံစံကို အကောင်းဆုံး ပြနေတယ်။

"ကျွန်တော်မျိုး ကိုယ့်ကိုယ်ကိုယ်အတွက် မဆင်ခြေပေးပါဘူး။ ဒါပေမဲ့ ဒီ ရိက္ခာလမ်းကြောင်း အရာရှိ ဆိုတာက မူလကတည်းက အစိုးရက သီးသန့် ခန့်ထားတာ ဖြစ်ပါတယ်။ သူက ကျွန်တော်မျိုးရဲ့လက်အောက်ငယ်သား ဖြစ်ပေမဲ့ ကျွန်တော်မျိုးမှာ သူ့ကို ထိန်းချုပ်ပိုင်ခွင့် မရှိပါဘူး။ အခုလို ကိစ္စကြီး ပေါ်လာပြီး ဝူရွှီက အမှားတွေ ပေါ်လာမှသာ ကျွန်တော်မျိုးနဲ့ လွီအမတ်မင်း နယ်စားမင်းကြီးတို့ သိခဲ့ရတာပါ။ ဒီလူကို အမတ်မင်းဆီကို ဖမ်းခေါ်လာဖို့ ကြံရွယ်ထားပေမဲ့ ဘယ်သူက ထင်မှာလဲ။ ဒီလူက စိတ်ထဲမှာ ကြောက်ပြီး သူ့အပြစ်အတွက် သူကိုယ်တိုင် အဆုံးစီရင်သွားခဲ့ပါတယ်"

"စိတ်ထဲမှာ ကြောက်လို့ သူ့အပြစ်အတွက် သူကိုယ်တိုင် အဆုံးစီရင်သွားတယ် ဟုတ်လား" ရွှီထင်းရှန်းက မေးစေ့ကို ပွတ်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်။

ကျန်းကျစ်ယိက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။ "အခု သူ့အလောင်းကို သူ့အိမ်မှာပဲ ထားရှိပါသေးတယ်။ ဒီဝူရွှီက အဆင့် (၃) ရှိတဲ့ အရာရှိတစ်ဦး ဖြစ်နေတာကြောင့် အပြစ်က တိတိကျကျ မရှိသေးတဲ့အတွက် တခြား အရေးယူတာမျိုးတော့ မလုပ်ရသေးပါဘူး"

"စိတ်ထဲမှာ ကြောက်လို့ အဆုံးစီရင်သွားတယ် ဟုတ်လား" ရွှီထင်းရှန်းက နောက်တစ်ကြိမ် ထပ်ပြောလိုက်ပြီး အေးစက်စွာ ရယ်မောလိုက်တယ်။ "ဒီလူက ငါ့ကို လုပ်ကြံဖို့ လူလွှတ်တုန်းကတော့ ဘာလို့ စိတ်ထဲမှာ မကြောက်ခဲ့တာလဲ။ အောင်မြင်ရင်တော့ အေးအေးဆေးဆေး နေမယ် ရှုံးသွားတော့မှ ကြောက်တတ်သွားတာလား။ ကျန်းအမတ်မင်း မသိတာကတော့ ဒီလူက ငါ့ကို အမြန်ဆုံး သေစေချင်လွန်းလို့ လူတွေကို နှစ်သုတ်တောင် ခွဲလွှတ်ပြီး အလျင်စလို လုပ်ခဲ့တာပဲ"

"ဒါ... ဒါကတော့" ကျန်းကျစ်ယိက ဆဲဆိုလိုက်တယ်။ "ဒီဝူရွှီက တကယ်ကို အပြစ်ကြီးမားလှပါတယ်။ သူ့အိမ်ကို သိမ်းပြီး မျိုးဆက် ခုနစ်ဆက်လုံး သတ်ပစ်ရင်တောင် သူ့အပြစ်တွေကို ဆေးကြောလို့ ရမှာ မဟုတ်ပါဘူး"

"ဒီနှစ်ရက်အတွင်း ကျွန်တော် လူတွေကို ဒီကွမ်ကျိသိုလှောင်ရုံရဲ့ နှစ်ပေါင်းများစွာက စာရင်းတွေကို စစ်ခိုင်းထားတယ်။ ကြွက်ကြီးတွေက အများကြီးပဲ။ အကျင့်ပျက် ခြစားတဲ့ အရာရှိတွေက တိုင်းပြည်ကို ခိုးနေကြတာ အပြစ်က အရမ်းကြီးတယ်" ရွှီထင်းရှန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်လှုပ်ရှားနေတာတွေကို ထိန်းချုပ်လိုက်ကာ ပြောလိုက်တယ်။ "တော်ပြီ ငါ့ရဲ့ပုဂ္ဂိုလ်ရေး လုံခြုံမှုက အရေးမကြီးပါဘူး ဒုက္ခရောက်နေတဲ့ ပြည်သူတွေကသာ အဓိကပါ။ ဒီကိစ္စကို နောက်မှပဲ ဆက်ပြောကြတာပေါ့။ ငါ အရင်ဆုံး လူကြီးမင်းတို့နဲ့အတူ ခိုင်ဖုန်းကို ပြန်လိုက်ခဲ့ပါ့မယ် ဘေးဒုက္ခ ကယ်ဆယ်ရေးက ပိုအရေးကြီးတယ်"

အချိန်မဆိုင်းတော့ဘဲ ရွှီထင်းရှန်းက လက်အောက်ငယ်သားတွေကို ခရီးစဖို့ ပြင်ခိုင်းလိုက်ပြီး ၁၅ မိနစ်လောက်တောင် မကြာလိုက်ဘဲ လူအုပ်စုက ကွမ်ကျိသိုလှောင်ရုံကနေ ထွက်ခဲ့ကြတယ်။

အပြင်ဘက် ရောက်တဲ့အခါ ဒုက္ခသည်တွေက လမ်းဘေးမှာ ရပ်ကြည့်နေကြပြီး မြင်းရထားပေါ်ကနေ ထွက်လာတဲ့ ရွှီထင်းရှန်းကို မြင်ရမှပဲ စိတ်အေးသွားကြတော့တယ်။

236 06

"မင်းတို့က တစ်နေကုန် အပြင်မှာ နေနေရတာက ကျန်းမာရေးအတွက် မကောင်းဘူး ငါ စီစဉ်ပေးထားပြီးပြီ။ မင်းတို့က ကွမ်ကျိသိုလှောင်ရုံမှာ ခဏ နေနိုင်ပါတယ် နောက်မှ အစိုးရက လူလွှတ်ပြီး နေရာချပေးလိမ့်မယ်"

"ကျွန်တော်တို့ ရွှီအမတ်မင်းကို ယုံပါတယ် အမတ်မင်း ပြောတဲ့အတိုင်း ကျွန်တော်တို့ လုပ်ပါ့မယ်"

"ရွှီအမတ်မင်းက အရာရှိကောင်းတစ်ယောက်ပါ။ အမတ်မင်း ဘေးကင်းနေရင် ကျွန်တော်တို့ စိတ်အေးရပါပြီ"

"အကျင့်ပျက် အရာရှိတွေက အမတ်မင်းကို လုပ်ကြံမှာကို ကျွန်တော်တို့ တကယ် ကြောက်နေခဲ့တာ..."

ဒီစကားသံ တစ်ခွန်းချင်းစီက ကျန်းကျစ်ယိတို့ နှစ်ယောက်ရဲ့ မျက်နှာကို ပါးရိုက်လိုက်သလို ဖြစ်နေတယ်။ သူတို့က မြင်းရထားထဲမှာ ရှိနေပေမဲ့ မြင်းရထား လိုက်ကာကို တင်းတင်းစေ့ထားပြီး ပြတင်းပေါက်တွေကို ပိတ်ကာ ဘာမှ မကြားသလိုမျိုး ဟန်ဆောင်နေကြရတယ်။

လူအုပ်စုက မကြာခင်မှာ ခိုင်ဖုန်းမြို့ကို ရောက်သွားခဲ့တယ်။

မူလက နယ်စားမင်းရုံးကို သွားရမှာ ဖြစ်ပေမဲ့ ရှန့်ချုက နေမကောင်း ဖြစ်နေတာကြောင့် ရွှီထင်းရှန်းက အနှောင့်အယှက် မပေးချင်တော့ဘူးလို့ အကြောင်းပြပြီး စီရင်စုအုပ်ချုပ်ရေးမှူးရုံးကိုပဲ သွားခဲ့တယ်။

ခိုင်ဖုန်းမှာရှိတဲ့ ဒေသခံအရာရှိတွေ အားလုံး လာရောက် ဂါရဝပြုကြပေမဲ့ ရွှီထင်းရှန်းက အားလုံးကို ရိုးရိုးရှင်းရှင်းပဲ လုပ်ဖို့နဲ့ အားနာစရာ မလိုကြောင်း အမိန့်ပေးလိုက်တယ်။

လုယန်ရှို့က နယ်စားမင်းကြီးကိုလည်း ဖိတ်သင့်သလားလို့ အကြံပြုပေမဲ့ ရွှီထင်းရှန်းက ရှန့်အမတ်မင်းက အချိန်အတော်ကြာအောင် ပင်ပန်းနေခဲ့ပြီ အိပ်ရာထဲမှာ လဲနေတာတောင် အေးအေးဆေးဆေး မနေရဘူးလားလို့ ဆိုပြီး ငြင်းလိုက်တယ်။

ရှန့်ချု မရှိတာကြောင့် ရွှီထင်းရှန်းက အကြီးဆုံး ဖြစ်နေတယ်။

ဒီလူတွေလည်း ကိုယ့်ခြေထောက်ကိုယ် ပြန်လှီးလိုက်သလို ဖြစ်သွားကြပါတော့တယ်။

စကားများများ မပြောတော့ဘဲ ရွှီထင်းရှန်းက စာရင်းစာအုပ် တစ်အုပ်ကို ထုတ်လိုက်ပြီး ဘေးဒုက္ခ စတင်ကတည်းက ကွမ်ကျိသိုလှောင်ရုံကနေ ရိက္ခာဘယ်လောက် ထုတ်ပေးခဲ့လဲဆိုတာကို ရေတွက်ပြလိုက်တယ်။ အဲဒီနောက် မြို့နယ်တစ်ခုချင်းစီမှာ ပြည်သူ ဘယ်လောက်ရှိပြီး ပြည်သူတစ်ယောက်ကို တစ်နေ့ကို အသက်ဆက်နိုင်ဖို့ ရိက္ခာဘယ်လောက် လိုလဲဆိုတာကို တွက်ခိုင်းလိုက်တယ်။

မြို့နယ်တစ်ခုချင်းစီမှာ လူဦးရေ ဘယ်လောက်ရှိလဲဆိုတာ ဟွမ်ချဲ့မှာ စစ်နိုင်ပေမဲ့ ရွှီထင်းရှန်းက ဒီလောက်အထိ အသေးစိတ် သိနေလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။ သူက ဟွမ်ချဲ့ကို ကြည့်စရာ မလိုဘဲ မှတ်ဉာဏ်နဲ့တင် အလွတ် ပြောသွားခဲ့တာပါ။

"ငါ မြို့တော်က မထွက်ခင်မှာ ဟဲနန်ဒေသရဲ့ ဟွမ်ချဲ့တွေကို အထူးတလည် တောင်းယူခဲ့ပါတယ်။ အစိုးရရဲ့ မှတ်တမ်းတွေ ဖြစ်တာကြောင့် မှားစရာ မရှိပါဘူး။ အကယ်လို့ မှားနေမယ်ဆိုရင်တော့ ဒေသခံအရာရှိတွေက တာဝန်ကျေပွန်မှု ရှိရဲ့လားဆိုတာကို မေးရမှာပဲ" ရွှီထင်းရှန်းက ပြုံးစိစိနဲ့ စားပွဲကို ခေါက်ရင်း ပြောလိုက်တယ်။ "ဒါပေမဲ့ ဒါတွေကို အရင် မပြောကြသေးဘူး။ ဒေသခံတွေ တင်ပြထားတာက ဒီလောက်ရှိတယ်ဆိုရင် ငါတို့က ဒီအတိုင်းပဲ တွက်မယ်။ အခု ဟဲနန်နယ်အတွင်းက ဘေးဒုက္ခကို ငြိမ်သွားအောင် ဒီလောက် ပမာဏရှိတဲ့ ရိက္ခာတွေလိုနေပြီ လူကြီးမင်းတို့ ဘယ်လောက်အထိ အင်အားစိုက်ထုတ်နိုင်မလဲဆိုတာ သိပါရစေ"

"ဒါက..." အောက်ဘက်က လူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတယ်။

ရွှီထင်းရှန်းက ဆက်ပြောလိုက်တယ်။ "ဒါနဲ့ စကားမစပ် မင်းတို့က ဒေသခံ ပြည်သူတွေရဲ့ အရှင်သခင်တွေ ဖြစ်နေပြီးတော့ မင်းတို့ရဲ့ နယ်မြေမှာ မနေကြဘဲ ဘာလို့ ခိုင်ဖုန်းကို ပြေးလာကြတာလဲ"

236 07

သူပြောလိုက်တဲ့ စကားက အဆုံးသတ်မှာ ထိုင်ခုံတောင် မရှိတာကြောင့် မတ်တပ်ရပ်နေရတဲ့ ဝတ်စုံအပြာရောင်နဲ့ အရာရှိငယ်လေးတွေကို ရည်ညွှန်းတာပါ။

ဒီလူတွေက အောက်ခြေ မြို့နယ်အရာရှိတွေ ဖြစ်ကြပြီး ကိုယ့်မြို့နယ်တွေမှာ ရုန်းရင်းဆန်ခတ် ဖြစ်လာတာကြောင့် သေမှာကြောက်လို့ ခိုင်ဖုန်းကို ထွက်ပြေးလာကြသူတွေပါ။ ပြည်နယ်အဆင့် အရာရှိကြီးတွေ အားလုံး ဒီနေရာမှာ ရှိနေတာကြောင့် သူတို့ကို ပစ်မထားနိုင်ဘူးလို့လည်း သိနေကြတယ်။ အရာရှိကြီးတွေ မငတ်ရင် သူတို့လည်း မငတ်နိုင်ဘူးလို့ တွေးကာ ဉာဏ်နီဉာဏ်စလွှတ်ခဲ့ကြတာပါ။

ကံဆိုးစွာနဲ့ အထူးကိုယ်စားလှယ်အမတ်မင်းရဲ့ လက်ထဲကို ကျသွားခဲ့တယ်။

အမှန်တော့ သူတို့က ယခုတစ်ကြိမ် မလာရဲကြပေမဲ့ အထူးကိုယ်စားလှယ် ရောက်နေပြီဖြစ်တာကြောင့် သူတို့သာ ပုန်းနေရင် တာဝန်ကို စစ်ခံရတဲ့အခါ အပြစ်ပိုကြီးသွားမှာကို စိုးရိမ်လို့ ကြောက်ကြောက်လန့်လန့်နဲ့ ရောက်လာကြတာပါ။

ရောက်လာပြီးနောက် အထူးကိုယ်စားလှယ်အမတ်မင်းက ဒီကိစ္စကို မပြောတာကြောင့် ရေနောက်မှာ ငါးရှာသလို လွတ်သွားပြီလို့ ထင်နေကြပေမဲ့ အခုမှပဲ အလှည့်ရောက်လာတော့တယ်။

သူတို့က ဒူးထောက်လိုက်ကြပြီး အချို့က ခေါင်းနဲ့ ကြမ်းပြင်ရိုက်ကာ တောင်းပန်ကြတယ်။ အချို့ကတော့ မိမိတို့ နယ်မြေမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေပုံတွေ မိမိတို့ အသက်တောင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရပုံတွေကို ငိုယိုပြီး လျှောက်တင်ကြတယ်။

"မင်းတို့ ရနေတဲ့ လစာတွေက ပြည်သူတွေရဲ့ သွေးချွေးတွေပဲ သာမန်ပြည်သူတွေကို နှိပ်စက်ဖို့ လွယ်ပေမဲ့ ကောင်းကင်ဘုံကိုတော့ လိမ်လို့ မရဘူး။ ငါ အခု မင်းတို့ကို ဒီနေရာတင် သတ်ပစ်လိုက်ရင်တောင် မင်းတို့က သေထိုက်တဲ့သူတွေပဲ"

ဒီစကားတွေက မြို့နယ်ရုံးတိုင်းရှိ ကျောက်စာတိုင်တွေမှာ ထွင်းထားတဲ့ ဒေသခံအရာရှိတွေကို သတိပေးတဲ့ စကားတွေပါ။ ကံဆိုးတာက ဒီအရာရှိငယ်တွေက နေ့တိုင်း ရုံးခန်းထဲမှာ ထိုင်နေကြပေမဲ့ ဒီစကားတွေကိုတော့ စိတ်ထဲမှာ စွဲမြဲစွာ မှတ်ထားတာ မရှိကြဘူး။

"အထူးကိုယ်စားလှယ် အမတ်မင်း ကျွန်တော်မျိုး မှားပါပြီ။ ကျွန်တော်မျိုး အသေအချာ ပြင်ပါ့မယ်..."

မြို့နယ်အရာရှိ အချို့က တစ်ယောက်ပြီးတစ်ယောက် တောင်းပန်နေကြပြီး ရွှီထင်းရှန်းရဲ့ မျက်လုံးထဲမှာ ဒေါသအရိပ်အယောင်တွေ ပေါ်လာကာ အလွန်ပဲ ဒေါသထွက်နေတဲ့ပုံ ရတယ်။ ကျင်းယီဝေ့ တွေလည်း လှုပ်ရှားလာပြီး ခါးကြားက ဓားတွေကို ဆွဲထုတ်ကာ အဲဒီလူတွေရဲ့ နောက်မှာ ရပ်လိုက်ကြတယ်။ အရာအားလုံးက အသက်ဆုံးလုနီးပါး ဖြစ်နေတယ်။

အချို့ဆိုရင် ကြောက်လွန်းလို့ ဘောင်းဘီထဲမှာ ဆီးတောင် ထွက်ကျသွားတယ်။ အထူးကိုယ်စားလှယ်က တကယ် သတ်တော့မယ်လို့ ထင်နေကြတာ ဖြစ်တယ်။ ရွှီထင်းရှန်းရဲ့ အရှိန်အဝါက အလွန်ပဲ ကြီးနေသလို ကျင်းယီဝေ့တွေကလည်း ကြောက်စရာ ကောင်းလှပါတယ်။

အထက်ပိုင်း ဝဲယာမှာ ထိုင်နေကြတဲ့ အရာရှိကြီးတွေလည်း ဆူးပေါ်မှာ ထိုင်နေရသလို ဖြစ်နေကြပြီး တခြားနယ်က နယ်စားမင်းနှစ်ယောက်ဆိုရင် ပိုပြီးတော့တောင် ဆိုစရာ မရှိတော့ပါဘူး။

သေချာတွက်ကြည့်မယ်ဆိုရင် သူတို့လည်း ဥပဒေကို ဖောက်ဖျက်ထားတဲ့သူတွေဖြစ်တယ်။ ဒေသခံအရာရှိတွေက မိမိတို့ နယ်မြေကနေ လွယ်လွယ်နဲ့ ထွက်ခွင့် မရှိပေမဲ့ သူတို့ကတော့ ပြည်သူတွေကို ပစ်ထားခဲ့ပြီး ထွက်ပြေးလာကြတဲ့သူတွေပါ။

အရင်ကဆိုရင် တစ်ယောက်ယောက်က ထွက်ပြီး တားပေးမှာ ဖြစ်ပေမဲ့ အခုတစ်ကြိမ်မှာတော့ အထူးကိုယ်စားလှယ် လုပ်ကြံခံရလုနီးပါး ဖြစ်ခဲ့တဲ့ ကိစ္စက အရင်ဖြစ်ထားတာကြောင့် မိမိတို့ ကိုယ်တိုင်တောင် မရေမရာ ဖြစ်နေရရာ ဘယ်သူက ဘယ်သူ့အတွက် စကားပြောပေးရဲပါ့မလဲ။

236 08

"တော်ပြီ ငါ အခုမှ ရောက်လာတာမို့ ဘေးဒုက္ခ ကယ်ဆယ်ရေးကိုပဲ အဓိကထားမယ် သွေးစွန်းတာမျိုး မဖြစ်ချင်ဘူး။ မင်းတို့ကို အပြစ်ပေးမယ့်အစား ရိက္ခာရှာပြီး ပြည်သူတွေကို စောင့်ရှောက်ဖို့ ခိုင်းမယ်။ မင်းတို့ရဲ့ အပြစ်တွေကိုတော့ နောက်မှပဲ ဆက်ပြောကြတာပေါ့။ မင်းတို့ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်။ ဒီတစ်ကြိမ် ကယ်ဆယ်ရေးက သိပ်အရေးကြီးတယ်။ ဧကရာဇ်မင်းမြတ်က အထူးအမိန့် ထုတ်ပေးထားပြီးပြီ ငါ့ကို အရင်သတ်ပြီးမှ တင်ပြပိုင်ခွင့် ပေးထားတယ်။ အကယ်လို့ မင်းတို့က ပေါ့ပေါ့တန်တန်ပဲ လုပ်နေဦးမယ်ဆိုရင်တော့ ငါ့ကို ရက်စက်လှချေလားလို့ မပြောကြနဲ့တော့ ငါလည်း အတူတူ အမှုထမ်းခဲ့တဲ့ သံယောဇဉ်ကို ငဲ့နေမှာ မဟုတ်ဘူး"

ဒီစကားတွေက အရာရှိငယ်တွေကို ပြောနေတာ ဖြစ်ပေမဲ့ အမှန်တော့ ဆူးပေါ်မှာ ထိုင်နေရတဲ့ အရာရှိကြီးတွေကို သတိပေးလိုက်တာပါ။

အရာရှိငယ်တွေကတော့ ခေါင်းနဲ့ ကြမ်းပြင် တိုက်ကာ ဆက်တိုက် ဦးညွှတ်နေကြပါတော့တယ်။ အရာရှိကြီးတွေရဲ စိတ်ထဲမှာ ဘယ်လိုတွေ တွေးနေကြလဲဆိုတာကိုတော့ ခဏ ထားလိုက်ပါဦးမယ်။

******

All Chapters