← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

237 01

အခန်း (၂၃၇)

အဲဒီနောက်မှာတော့ ရွှီထင်းရှန်းက ရိက္ခာစုဆောင်းတဲ့ ကိစ္စရပ်တွေကို တာဝန်ခွဲပေးလိုက်တယ်။

သူ့ရဲ့ဆိုလိုရင်းကတော့ အစိုးရက ကိုယ်တိုင်ကိုယ်ကျ ရှေ့ထွက်ပြီး အဲဒီသူဌေးကြီးတွေရဲ့ လက်ဝယ်မှာရှိတဲ့ သိုလှောင်ရိက္ခာတွေကို ဝယ်ဖို့ဖြစ်ပြီး ယခင် ပေါက်ဈေးအတိုင်း တွက်ပေးဖို့ ဖြစ်တယ်။

အကယ်၍ သူဌေးကြီးတွေက ငွေသားကို မလိုချင်ရင်တော့ ဘေးဒုက္ခ ပြီးဆုံးတဲ့အချိန်မှာ ရိက္ခာနဲ့ ပြန်ပြီး အစားထိုးပေးမှာ ဖြစ်တယ်။

ခြုံပြောရရင်တော့ ရိက္ခာတွေကို မဖြစ်မနေ ထုတ်ပေးရမှာပဲ ဖြစ်တယ်။

ရိက္ခာရှိရင်တော့ ကောင်းကောင်းမွန်မွန် စကားပြောလို့ ရမယ်ဆိုပေမဲ့ ရိက္ခာမရှိရင်တော့ မိမိတို့ဘာသာ ဘာဖြစ်လာမလဲဆိုတာကို တွက်ထားကြဖို့ပဲ ဖြစ်တယ်။

ဒါက ရွှီထင်းရှန်းရဲ့ အမြဲတမ်း သုံးနေကျ နည်းလမ်းဖြစ်တဲ့ အတင်းအကျပ် ဝယ်တာနဲ့ ရောင်းတာပါပဲ။

အခုတစ်ခေါက်မှာတော့ သူကိုယ်တိုင် ရှေ့ထွက်နေဖို့ မလိုတော့ပါဘူး။

အရာအားလုံးကို စီစဉ်ပြီးတဲ့အခါမှာတော့ ရက်ချီ အိပ်ရေးပျက်ခဲ့ရတဲ့ ရွှီထင်းရှန်းက စီစဉ်ပေးထားတဲ့ အိမ်ကို ပြန်လာခဲ့တယ်။

ကျောက်အာက အခန်းထဲမှာ ရှိနေပြီး သူမကတော့ အရင်အတိုင်းပဲ အမျိုးသား ဝတ်စုံကို ဝတ်ထားတုန်းပါပဲ။

ဖယောင်းတိုင်မီးအောက်မှာ အမျိုးသား ဝတ်စုံနဲ့ အမျိုးသမီး အလှတရားက ထူးခြားတဲ့ ဆွဲဆောင်မှုတစ်မျိုး ဖြစ်နေတယ်။

အထူးသဖြင့် ကျောက်အာက သိပ်ကို ကြင်နာတတ်တဲ့သူမို့ သူပြန်လာတာကို မြင်တာနဲ့ ရှေ့ကို တက်လာပြီး သူ့ရဲ့အရာရှိဦးထုပ်ကို ချွတ်ပေးကာ အဝတ်အစားတွေကို လဲပေးရှာတယ်။

ယခင်ကဆိုရင်တော့ ရွှီထင်းရှန်းက ဒီလို အခြေအနေမျိုးကို သည်းမခံနိုင်ဘဲ ရှိပါလိမ့်မယ်။

ဒီလူက အပြင်မှာတော့ တည်ကြည်ပေမဲ့ သီးသန့်နေရာမျိုးမှာတော့ လွတ်လပ်ပေါ့ပါးတတ်တဲ့သူမို့ အိမ်ထဲမှာ ကျောက်အာကို အမျိုးသားဝတ်စုံ ဝတ်ခိုင်းတာက တစ်ကြိမ်ထက်မကတော့ပါဘူး။

ဒါပေမဲ့ ငါးကြိမ်မှာ တစ်ကြိမ်လောက်ပဲ ကျောက်အာက သဘောတူတတ်တာကလည်း ကံကောင်းလှပြီလို့ ဆိုရပါမယ်။

ဒီနေ့မှာတော့ သူက ဘာစိတ်ဝင်စားမှုမှ မရှိဘဲ သိပ်ကို မောပန်းနေခဲ့တယ်။

အမှန်တော့ ကျောက်အာလည်း သိပ်ကို မောပန်းနေပေမဲ့ စီစဉ်စရာ အထွေထွေ ကိစ္စတွေအများကြီး ရှိနေသေးတာကြောင့် သူမ အလုပ်ပြီးတဲ့အချိန်မှပဲ ရွှီထင်းရှန်း ပြန်ရောက်လာတာ ဖြစ်တယ်။

"သူတို့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား" ကျောက်အာက မကျေမနပ်ဖြစ်တဲ့ မျက်နှာနဲ့ မေးလိုက်တယ်။

ရွှီထင်းရှန်းက မျက်ခုံးကြားကို နှိပ်နယ်ရင်း သက်ပြင်းတစ်ချက် ချပြီး ပြောလိုက်တယ်။

"လောလောဆယ်တော့ ဒီလိုပဲ လုပ်လို့ရဦးမယ်"

"ဒီလူတွေထဲမှာ တိုင်းပြည်ရဲ့ သယံဇာတတွေကို ခိုးယူနေတဲ့ ကြွက်ကြီးတွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာ ငါတို့ မသိသေးဘူး။ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိဘဲ ငါတို့ရဲ့ ခန့်မှန်းချက်တစ်ခုတည်းနဲ့တော့ သူတို့ကို အပြစ်တင် အရေးယူလို့ မရဘူး”

"ဒါ့အပြင် ဘေးဒုက္ခကယ်ဆယ်ရေးမှာ လူအင်အား လိုအပ်သေးတယ်။ ဒီလူတွေကို အရေးယူလိုက်ရင် လူအင်အားက ဘယ်က ရမှာလဲ။ အဲဒီအချိန်ကျရင် အောက်ခြေမှာ ပိုပြီးတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားလိမ့်မယ်။ ပြီးတော့ ငါ့မှာ သူတို့ကို အသုံးချရမယ့် နေရာတွေလည်း ရှိသေးတယ်”

237 02

ကျောက်အာက သူ့ကို စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

ရွှီထင်းရှန်းက ဆက်ပြောလိုက်တယ်။ "နယ်မြေခံ လူရမ်းကားတွေကို တန်ခိုးကြီးတဲ့ နဂါးက မနိုင်နိုင်ဘူးဆိုတဲ့ စကားက လက်နက်အင်အားကို ဆိုလိုတာ မဟုတ်ဘူး”

"နဂါးက အခုမှ ရောက်လာတာ ဖြစ်ပေမယ့် နယ်မြေခံတွေကတော့ ဒီနေရာမှာ အမြစ်တွယ်နေတာ ကြာပြီ။ သူတို့က တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက် ကူညီနေကြပြီး ဘက်ပေါင်းစုံမှာလည်း ဆက်သွယ်မှုတွေ ရှိနေကြတယ်”

"ဘာကိစ္စမှ မရှိဘူးဆိုရင်တော့ ငါ သူတို့နဲ့ ကစားပေးဖို့ ဝန်မလေးပါဘူး။ ဒါပေမဲ့ အခုက ဘေးဒုက္ခကယ်ဆယ်ရေးကို အချိန်ဆွဲလို့ မရဘူး။ သူတို့ကို အရေးယူနေမယ့်အစား သူတို့ကို အရင်ဆုံး အောက်ခြေကို ဆင်းပြီး အလုပ်လုပ်ခိုင်းလိုက်တာက ပိုကောင်းလိမ့်မယ်”

"နင့်ရဲ့ ဆိုလိုရင်းက... တစ်ဖက်လူရဲ့ အင်အားကို ပြန်ပြီး အသုံးချတာလား"

ရွှီထင်းရှန်းက ပြုံးလျက် ခေါင်းညိတ်လိုက်တယ်။ "သူတို့အချင်းချင်း ပြန်ပြီး ကိုက်ခိုင်းထားလိုက်မယ်။ ငါကတော့ အရင်ဆုံး အနားယူဦးမယ်”

"နားတာလည်း ကောင်းပါတယ်။ နင်လည်း အခုတလော တော်တော်လေး မောပန်းနေပြီ”ကျောက်အာက စိုးရိမ်တကြီး ပြောလိုက်တယ်။

"မင်းလည်း အခုတလော ပင်ပန်းနေပါပြီ” ရွှီထင်းရှန်းက သူမရဲ့ ပုခုံးကို ဖက်ပြီး နှစ်ယောက်သား အနားယူဖို့ ခုတင်ဆီကို လျှောက်လှမ်းခဲ့ကြတယ်။

ရွှီထင်းရှန်းရဲ့ တောင်ကို လှမ်းပြီး ကျားကို ရိုက်နှက်လိုက်တဲ့ နည်းပရိယာယ်ကြောင့် လူတစ်ဦးနှစ်ဦးရဲ့ စိတ်ကိုတင်မကဘဲ လူအများကြီးရဲ့ စိတ်ကိုပါ တုန်လှုပ်စေခဲ့တယ်။

စီရင်စုအုပ်ချုပ်ရေးမှူးရုံးက ထွက်လာတဲ့အခါ ကျောထောက်နောက်ခံ ရှိတဲ့သူတွေက ကျောထောက်နောက်ခံတွေကို သွားပြီး ရှာကြသလို ကျောထောက်နောက်ခံ မရှိတဲ့သူတွေကတော့ နှစ်ဦးသုံးဦး စုပေါင်းပြီး စိတ်ညစ်ညူးစွာနဲ့ ဆွေးနွေးနေကြတယ်။

အမှန်တော့ အထူးကိုယ်စားလှယ်အမတ်မင်းရဲ့ဆိုလိုရင်းက သိပ်ကို ရှင်းလင်းပါတယ်။ အဲဒါက ဧကရာဇ်ရဲ့အမိန့်တော်ကို သုံးပြီး သူတို့ကို ဖိအားပေးကာ နယ်မြေခံ သူဌေးကြီးတွေကို ရင်ဆိုင်ခိုင်းတာပါပဲ။

သူတို့ ရွေးစရာ လမ်းနှစ်သွယ်ပဲ ရှိတယ်။ ရိက္ခာကို 'ချေးငှား' လာဖို့ ဒါမှမဟုတ် မိမိတို့ဘာသာ ဘာဖြစ်လာမလဲဆိုတာကို တွက်ထားကြဖို့ပဲ ဖြစ်တယ်။ အပြစ်အနာအဆာတွေ ရှိနေတဲ့သူတွေအဖို့တော့ ဘယ်လို တွက်နိုင်ပါဦးမလဲ အသက်ရှင်သန်ရေးကိုပဲ အရင်ဆုံး စဉ်းစားကြရတော့တယ်။

နယ်စားမင်းရုံးမှာ ကျန်းကျစ်ယိနဲ့ လုယန်ရှို့တို့က ရှန့်ချုကို လာရှာကြတယ်။

ဒီလို အချိန်မျိုးမှာ အရှေ့ဘက် တံခါးမကြီးကနေ လာလို့ မရတာကြောင့် နောက်ဖေးတံခါးကနေပဲ လာခဲ့ကြရတယ်။

ရှန့်ချုကလည်း သူတို့ကို ရုံးခန်းဆောင်မှာ မတွေ့ဘဲ နောက်ဘက်က စာကြည့်ခန်းမှာပဲ တွေ့ခဲ့တယ်။

"လှည့်ပတ်ပြီး ဘာတွေ ဆူပူနေတာလဲလို့ တွေးနေတာ နောက်ဆုံးတော့ ဒီကို ရောက်လာတာကိုး" လုယန်ရှို့က အေးစက်စွာ ရယ်မောလိုက်တယ်။

ဒါပေမဲ့ ပြဿနာက ဒီနည်းလမ်းက သူတို့ကို စကားမပြောနိုင်အောင် ပိတ်ဆို့ထားတာပဲ ဖြစ်တယ်။ ဝူရွှီရဲ့ ကိစ္စကို မပြောချင်တော့ပါဘူး။ ရှင်းလင်းစရာ ရှိတာတွေကို ရှင်းပြီး ဖြစ်ပေမဲ့ ပြဿနာက အဲဒီရိက္ခာထိန်းအရာရှိက အထူးကိုယ်စားလှယ်ရဲ့ လက်ထဲမှာ ရှိနေတုန်းပါပဲ။

အဲဒီရိက္ခာထိန်းအရာရှိက ဝူရွှီရဲ့လူဖြစ်တာကြောင့် ဝူရွှီက သူ့ကို ဘာတွေ ပြောခဲ့လဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါ့အပြင် အထူးကိုယ်စားလှယ်က ကွမ်ကျိသိုလှောင်ရုံရဲ့ နှစ်ပေါင်းများစွာက စာရင်းတွေကို စစ်ခဲ့တယ်လို့ ပြောတာကြောင့် အဲဒီစာရင်းတွေကို သူတို့က ပုံမှန်အားဖြင့် ဂရုမစိုက်ခဲ့တာမို့ စာရင်းတွေမှာ ဘာတွေ ပေါ်လာမလဲ သူတို့နဲ့ ပတ်သက်မှု ရှိလာမလား ဆိုတာက မရေရာတဲ့ အချက်တွေ ဖြစ်နေတယ်။

237 03

ကိစ္စတွေ ကြုံလာတဲ့အခါမှပဲ သူတို့က ဘယ်လောက်ပဲ သေချာ စီစဉ်ထားပါစေ လိုအပ်ချက်တစ်ခု အမြဲရှိနေတတ်တာကို သိလိုက်ရတယ်။ အဲဒီလိုအပ်ချက်က သူတို့ရဲ့ ခေါင်းပေါ်မှာ ချိတ်ထားတဲ့ ဓားကြီးတစ်စင်းလို ဖြစ်နေပြီး ဘယ်အချိန်မှာ ကျလာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

ကျန်းကျစ်ယိရဲ့ စိတ်အခြေအနေက မကောင်းသလို ရှန့်ချုရဲ့စိတ်ကလည်း ဘယ်လို ကောင်းနိုင်ပါဦးမလဲ။

သံသယတွေ ကင်းအောင် သူက တမင်တကာပဲ ရှေ့ထွက်မလာဘဲ နေခဲ့တာ ဖြစ်တယ်။ အဲဒါက အထူးကိုယ်စားလှယ်ကို သွယ်ဝိုက်တဲ့ နည်းနဲ့ အရှိန်အဝါ ပြချင်တာ ဖြစ်သလို လက်အောက်ငယ်သားတွေရဲ့ စိတ်ကို နှစ်သိမ့်ပေးချင်တာလည်း ဖြစ်တယ်။

"မစိုးရိမ်ကြပါနဲ့ အထူးကိုယ်စားလှယ် ရောက်လာရင်တောင် သူက ငါ့ကို လာတွေ့ရမှာပဲ ငါက သူ့ကို သွားတွေ့ရမှာ မဟုတ်ဘူး။ အထူးကိုယ်စားလှယ်က ဘေးဒုက္ခကယ်ဆယ်ရေး ကိစ္စကို အောင်မြင်အောင် လုပ်ချင်ရင် ငါ့ကို မဖြစ်မနေ အကူအညီ တောင်းရလိမ့်မယ်”

"သူ ငါ့ကို အကူအညီ တောင်းရပြီဆိုရင်တော့ တစ်ဖက်လူက ကိစ္စတွေကို အကြီးအကျယ် မလုပ်ချင်ဘူးဆိုတာကို ပြနေတာပဲ။ လက်အောက်က လူတွေကိုလည်း ဆက်ပြီး အသုံးချဦးမှာ ဖြစ်တဲ့အတွက် အောက်ခြေက လူတွေလည်း အေးအေးဆေးဆေး အိပ်နိုင်ကြလိမ့်မယ်”

ဒါပေမဲ့ အခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့တယ်။ အထူးကိုယ်စားလှယ်က သူ နေမကောင်းဖြစ်နေတာကို ကြားတဲ့အခါ ရောဂါသည်ကို ရှောင်သလိုမျိုး စီရင်စုအုပ်ချုပ်ရေးမှူးရုံးကိုပဲ သွားခဲ့ပြီး နယ်စားမင်းရုံးကို ခြေတစ်လှမ်းတောင် မချခဲ့ဘူး။ လုယန်ရှို့က နယ်စားမင်းကြီးကို သွားဖိတ်ဖို့ အကြံပြုတုန်းကလည်း အထူးကိုယ်စားလှယ်က ရှန့်အမတ်မင်း နေမကောင်းဖြစ်နေရင် ကောင်းကောင်းမွန်မွန်ပဲ အနားယူပါစေလို့ ပြောခဲ့တယ်။

ဒီစကားထဲမှာ အဓိပ္ပာယ်တွေအများကြီး ပါနေတယ်။ သူ့ကို အနားယူခိုင်းတာက သူ့ကို အာဏာမဲ့အောင် လုပ်ချင်တာလား။

အခုတော့ အဲဒီလို အလားအလာတွေ ရှိနေပါပြီ။

ရှန့်ချုက ထွက်လာပြီး "ငါက အသက်ကြီးပေမယ့် အသုံးဝင်သေးတယ်" လို့ ပြောချင်ပေမဲ့ ပြဿနာက အထူးကိုယ်စားလှယ်က ဒီလို တာဝန်တွေကို ပေးထားတာ ဖြစ်တယ်။ အကယ်၍ သူ ကျန်းမာသွားရင် တစ်ဖက်လူက သူ့ကို အဲဒီလို လွန်ကဲတဲ့ တောင်းဆိုမှုမျိုး လုပ်လာရင် သူက သဘောတူရမလား ဒါမှမဟုတ် ငြင်းရမလား။

မလိုက်နာရင် အမိန့်တော်ကို ဖီဆန်ရာ ရောက်မှာဖြစ်ပြီး လိုက်နာရင်လည်း လူအများရဲ့ စိတ်က မတည်မငြိမ် ဖြစ်သွားလိမ့်မယ်။

ဒါ့အပြင် ရှန့်ချုမှာ နောက်ထပ် ထည့်စဉ်းစားစရာ တစ်ခု ရှိနေပါသေးတယ်။ အဲဒါက အောက်ခြေက ဆက်ဆံရေးတွေက သိပ်ကိုရှုပ်ထွေးတာကြောင့် ဒီကိစ္စကြောင့် ပဋိပက္ခတွေ မုချပေါ်လာပါလိမ့်မယ်။ သူ့ရဲ့လက်အောက်မှာ ဆက်သွယ်မှုတွေက မနည်းတာမို့ အဲဒီအချိန်မှာ လူတွေက သူ့ဆီ လာပြီး အကူအညီ တောင်းလာရင် သူက ဘယ်လို ငြင်းနိုင်ပါ့မလဲ။

အဲဒီသူဌေးကြီးတွေက ကြည့်ရတာ သာမန်လို့ ထင်ရပေမယ့် အမှန်တော့ တစ်ယောက်ချင်းစီက သိပ်ကို ဩဇာအာဏာ ကြီးကြတဲ့သူတွေ ဖြစ်တာကြောင့် သူက ဆက်ပြီး နေမကောင်းဖြစ်ဟန်ဆောင်နေတာကပဲ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ဒီလို နေမကောင်းဖြစ်ဟန်ဆောင်ရတာက နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပေမယ့်လည်းပေါ့။

ဒီမှာ လူနှစ်ယောက်က ကိုယ့်အခက်အခဲနဲ့ကိုယ် စဉ်းစားနေကြတုန်း လုယန်ရှို့က ပြောလိုက်တယ်။ "အောက်ခြေကို ဆင်းပြီး ရိက္ခာချေးတာကတော့ မဖြစ်မနေ လုပ်ရမှာပဲ။ ဒီကိစ္စကို လောလောဆယ် ငါတို့ ဆင်းလုပ်ဖို့ မလိုသေးဘူး။ ဒါပေမဲ့ ကိစ္စတစ်ခု ရှိသေးတယ်"

237 04

"ဘာကိစ္စလဲ"

လုယန်ရှို့က ကျန်းကျစ်ယိလို လူမျိုးနဲ့ အတူ အလုပ်လုပ်နေရတာကို သိပ်ကို စိတ်ပျက်နေတဲ့ပုံ ရတယ်။

"မင်း မမေ့နဲ့ဦး။ အစိုးရက ဘေးဒုက္ခကယ်ဆယ်ရေးအတွက် အမိန့်ချတုန်းက ငါတို့က အထက်ကို တင်ပြခဲ့တာက ကယ်ဆယ်ရေး လုပ်ပြီးပြီ။ ဒါပေမဲ့ ရိက္ခာမလောက်ဘူးလို့ ပြောခဲ့တာ။ ကွမ်ကျိသိုလှောင်ရုံဘက်မှာက စာရင်းအလွတ်တွေပဲ ရှိတာ။ ငါတို့ အောက်ခြေကို ထုတ်ပေးခဲ့တာလည်း ရိက္ခာအတုတွေပဲ။ တကယ် ထုတ်ပေးရမယ့် ရိက္ခာတွေကိုတော့ မင်းက ခိုင်ဖုန်းမြို့ထဲမှာပဲ ဖြတ်တောက် သိမ်းထားခဲ့တာလေ”

"အခု ဟိုရွှီလို့ခေါ်တဲ့သူက ဟွမ်ချဲ့ပါ လူဦးရေနဲ့ ကွမ်ကျိသိုလှောင်ရုံက စာရင်းတွေကို တွက်လိုက်တဲ့အခါ မူလက ရိက္ခာ တစ်သန်းလောက် ချေးရင် ဘေးဒုက္ခကယ်ဆယ်ရေးအတွက် လုံလောက်နေပြီ။ ဒါပေမဲ့ အခုတော့ ကွာဟနေတဲ့ ပမာဏတွေကိုပါ ပြန်ဖြည့်ရတော့မယ်ဆိုတော့ အဲဒီ စာရင်းသေတွေကို ငါတို့ကပဲ တာဝန်ယူရတော့မယ့် သဘော ဖြစ်နေပြီ”

ကျန်းကျစ်ယိက အံ့အားသင့်သွားပြီး "ဒါပေမဲ့ ဒီရိက္ခာတွေကို ငါတို့ သုံးယောက်တည်း စားခဲ့တာမှ မဟုတ်တာ။ ခိုင်ဖုန်းမြို့မှာ ရှိတဲ့သူတွေ အားလုံး စားခဲ့ကြတာပဲလေ”

လုယန်ရှို့က ဒေါသတကြီး ရယ်မောလိုက်တယ်။ "ဒါဆိုရင်လည်း မင်း အထူးကိုယ်စားလှယ်ဆီ သွားပြီးတော့ အဲဒီ စာရင်းအလွတ်တွေက ရိက္ခာတွေကို မင်းပဲ စားခဲ့တာပါ။ ဘေးဒုက္ခကယ်ဆယ်ရေး ရိက္ခာတွေကို ခိုင်ဖုန်းမှာ ဖြတ်ထားခဲ့တာလည်း မင်းပဲမို့လို့ ကွမ်ကျိသိုလှောင်ရုံက စာရင်းတွေက မမှန်ဘူးလို့ သွားပြောလိုက်လေ”

အဲဒီလို သွားပြောတာက မိမိကိုယ်ကိုယ် သတ်သေတာပဲဖြစ်ပြီး သက်သေအထောက်အထားကို တစ်ဖက်လူရဲ့ လက်ထဲကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး အပ်တာပါပဲ။

အထူးကိုယ်စားလှယ်က ဒီအရာတွေကို သိနေတာကြောင့် သူတို့ကို ဒီနည်းလမ်းနဲ့ တုံ့ပြန်နေတာ ဖြစ်နိုင်ပါတယ်။

"ဒါက တရားမျှတမှု ရှိရဲ့လား ဒီရိက္ခာတွေကို ငါတစ်ယောက်တည်း စားခဲ့တာ မဟုတ်ပါဘူး" အခုတလော ကြုံနေရတဲ့ ထိုးနှက်ချက်တွေက သိပ်ကို ပြင်းထန်တာကြောင့် ကျန်းကျစ်ယိက မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး မျက်နှာကို လက်နဲ့ အုပ်ကာ အော်ဟစ်ငိုကြွေးတော့တယ်။

ရှန့်ချုက မျက်မှောင်ကြုတ်လိုက်တယ်။ အကယ်၍ ကျန်းကျစ်ယိကို အလုပ်ခိုင်းဖို့ မလိုရင်ဖြစ်စေ သူက အဆင့်မြင့်အရာရှိကြီး တစ်ယောက် မဟုတ်ရင်ဖြစ်စေ သူ့ကို သေအောင် အပြစ်ပေးလိုက်ချင်မိတယ်။

"မြန်မြန် ထစမ်းပါ မင်း အခု စိတ်ပူရမှာက အောက်ခြေက အရာရှိတွေ လာရှာကြရင် မင်း ဘယ်လိုလုပ်မလဲဆိုတာပဲ”

"ဘာ"

"အဲဒီ ရိက္ခာအလွတ်တွေကို သူတို့ဘာသာ တာဝန်ယူလိမ့်မယ်လို့ မင်း ထင်နေတာလား" လုယန်ရှို့က စိတ်တိုတကြီး ပြောလိုက်တယ်။

အဲဒီအချိန်မှာ တံခါးခေါက်သံ ပေါ်လာတယ်။ အရင်ဆုံး ရှန့်ချုရဲ့ လူက စကားပြောပြီးနောက် ကျန်းကျစ်ယိရဲ့ လူယုံက ဝင်လာခဲ့တယ်။

"အမတ်မင်း အမြန် ပြန်မှ ဖြစ်ပါလိမ့်မယ်။ ရုနင်းဖူနဲ့နန်ယန်ဖူက မြို့ဝန် နှစ်ယောက်က အမတ်မင်းကို လာရှာနေကြပါတယ်။ အရေးကြီးကိစ္စ ဆွေးနွေးချင်လို့ပါတဲ့”

ရောက်လာကြပါပြီ။

အထူးကိုယ်စားလှယ် ခိုင်ဖုန်းကို ရောက်လာတဲ့အခါ စည်းမျဉ်းအရ နယ်မြေအသီးသီးက မြို့ဝန်တွေက ဒီနေရာကို လာပြီး အစီရင်ခံကြရတယ်။

237 05

ပထမအချက်က အထူးကိုယ်စားလှယ်ကို နယ်မြေအခြေအနေတွေ သိအောင်လုပ်ဖို့ဖြစ်ပြီး ဒုတိယအချက်က ရိက္ခာတောင်းဖို့ ဖြစ်တယ်။

ဟဲနန်မှာ စုစုပေါင်း မြို့ကြီး ကိုးခု ရှိရာမှာ မြို့ဝန် နှစ်ယောက်က ခိုင်ဖုန်းမှာ ရှိနေပြီးသားဖြစ်ပြီး ကျန်တဲ့ မြို့ဝန် ခုနစ်ယောက်ကလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတယ်။

သူတို့က ကိုယ့်နယ်မြေကို မြဲမြဲစောင့်နေကြတာက အစိုးရက ပစ်ထားမှာမဟုတ်ဘူးလို့ ယုံနေကြလို့ပါ။ အခု အထူးကိုယ်စားလှယ် ရောက်လာပြီမို့ သူတို့လည်း အလျင်အမြန်ပဲ ရောက်လာကြတာပါပဲ။

ဒါပေမဲ့ ရောက်လာတဲ့အခါ ရိက္ခာမရတဲ့အပြင် မိမိတို့ဘာသာ ရိက္ခာချေးရမယ့် တာဝန်ကိုပဲ လက်ခံလိုက်ရတယ်။

အထူးကိုယ်စားလှယ်က ဘယ်လောက်ပဲ အကျိုးအကြောင်းပြပြီး ပြောပြော အဲဒီအပြုံးတွေနောက်ကွယ်က ခြိမ်းခြောက်မှုကတော့ သိပ်ကို ထင်ရှားပါတယ်။

အထူးကိုယ်စားလှယ်က မြို့ကြီး တစ်ခုချင်းစီရဲ့ ဟွမ်ချဲ့တွေနဲ့ ဒေသဆိုင်ရာ ရိက္ခာသိုလှောင်ရုံ စာရင်းတွေကို တမင်တကာ ထုတ်ပြခဲ့တယ်။ အကယ်၍ အဲဒီသိုလှောင်ရုံတွေမှာ ရိက္ခာရှိနေရင် ဒုက္ခသည်တွေက မြောက်ဘက်ကို ဘာလို့ သွားကြမလဲ။ သူက အဲဒီစာရင်းအရှုပ်အထွေးတွေကို သူတို့ရဲ့ ခေါင်းပေါ်ကိုပဲ ပုံချလိုက်ဖို့ ဆုံးဖြတ်ထားတဲ့ပုံ ရတယ်။

"ကွေ့တယ်ဖူမှာ မှတ်တမ်းတင်ထားတဲ့ လူဦးရေ တစ်သိန်းကျော် ရှိတယ်။ သိုလှောင်ရုံမှာ ပုံမှန်ရှိရမယ့် ရိက္ခာက ရှစ်သောင်းကျော် ရှိတယ်။ ဒီရက်ပိုင်း ထုတ်ပေးခဲ့တဲ့ ရိက္ခာတွေကို ဖယ်လိုက်ရင် မင်းက ရိက္ခာ သုံးသိန်းလောက် ထပ်ပြီး ချေးလာဖို့ လိုမယ် ဒါဆိုရင်တော့ မင်းရဲ့နယ်မြေက ဒုက္ခသည်တွေ ဆောင်းဦး ရိတ်သိမ်းချိန်အထိ နေဖို့ လုံလောက်လိမ့်မယ်။ ဒီပမာဏက မခက်ခဲဘူးလို့ ထင်ပါတယ်။ ဒေသခံ သူဌေးကြီးတွေက ငွေသား မလိုချင်ဘူးဆိုရင်လည်း နောက်နှစ် ရိက္ခာအခွန်တွေနဲ့ ခုနှိမ်ပေးလို့ ရတယ်။ မင်းက သူတို့ကို သေချာ နားချရမယ်။ အခုလို ဘေးဒုက္ခကျရောက်နေတဲ့ အချိန်မှာ အစိုးရနဲ့ ပြည်သူ လက်တွဲဆောင်ရွက်မှသာ ဒီအခက်အခဲကို ကျော်လွှားနိုင်မှာ ဖြစ်တယ်”

"ဒါပေမဲ့ အမတ်မင်း"

"ဒါဆိုရင် အမတ်မင်းကျန်းမှာ တစ်စုံတစ်ရာ အခက်အခဲ ရှိနေလို့လား။ အခက်အခဲ ရှိရင်လည်း အမှန်အတိုင်း ပြောနိုင်ပါတယ်။ ငါက တခြားလူတစ်ယောက်ကို စေလွှတ်ပြီး မင်းကိုယ်စား ရိက္ခာသွားပြီး ချေးခိုင်းလိုက်မယ်”

ကိုယ်စားလွှတ်မယ်ဆိုတာက ရာထူးက ထုတ်ပယ်မယ့် သဘောပါပဲ။

အဲဒီကျန်းအမတ်မင်းက အလျင်အမြန် ခေါင်းခါပြပြီး အခက်အခဲ မရှိပါကြောင်း ပြောလိုက်ရတယ်။

အောက်ကို ဆင်းလာတဲ့အခါမှာတော့ သူ့မျက်နှာမှာ ခါးသီးတဲ့ အရိပ်အယောင်တွေ ပေါ်နေတယ်။

စီရင်စုအုပ်ချုပ်ရေးမှူးရုံးက ထွက်လာတဲ့အခါ တံခါးဝမှာ မျက်နှာမှာ အမာရွတ်ရှိတဲ့ လူတစ်ယောက်နဲ့ ထိပ်တိုက် တွေ့ခဲ့တယ်။

ကျန်းအမတ်မင်းက ဒီလိုမျိုး ခြေမသန် မျက်စိမမြင်တဲ့သူ တစ်ယောက်က စီရင်စုအုပ်ချုပ်ရေးမှူးရုံးကို ဘယ်လို ရောက်လာလဲလို့ တွေးမိတယ်။

ဒါပေမဲ့ သူ့စိတ်ထဲမှာ အတွေးတွေ ရှုပ်နေတာကြောင့် များများစားစား မတွေးမိပေမဲ့ တစ်ဖက်လူကတော့ သူ့မျက်စိသူငယ်အိမ် ကျဉ်းသွားပြီး ကျန်းအမတ်မင်းရဲ့ ကျောပြင်ကို အကြိမ်အနည်းငယ်လောက် စိုက်ကြည့်နေခဲ့တယ်။

"ဟူအစ်ကို ဘာကို ကြည့်နေတာလဲ" ဟူစန်းရဲ့ လက်အောက်ငယ်သား တစ်ယောက်က ပြေးလာပြီး မေးလိုက်တယ်။

ဟူစန်းက ခေါင်းခါပြပြီး အဲဒီနေရာကို နောက်တစ်ကြိမ် ကြည့်လိုက်တယ်။ "ဘာမှမဟုတ်ပါဘူး အထဲဝင်ပြီး အမတ်မင်းကို သတင်းသွားပို့ရအောင်”

237 06

အခုဆို ဟဲနန်နယ် တစ်ခုလုံးမှာ ခိုင်ဖုန်းမြို့ကသာ အေးချမ်းဆုံး ဖြစ်နေပြီး လမ်းမပေါ်က ဆိုင်အများစုက ဖွင့်ထားကြပေမဲ့ လမ်းသွားလမ်းလာ အလွန်နည်းကာ အရောင်းအဝယ်လည်း မရှိသလောက်ပါပဲ။

ကျန်းအမတ်မင်းက စီရင်စုအုပ်ချုပ်ရေးမှူးရုံးက ထွက်လာပြီးနောက် စိတ်ညစ်ညူးစွာနဲ့ လမ်းပေါ်မှာ အချိန်အတော်ကြာ လမ်းလျှောက်နေခဲ့တယ်။

ဒီလို လျှောက်နေရုံနဲ့ ဘာမှ ထူးမလာတာကို သိတာကြောင့် သူက တည်းခိုရာကို ပြန်လာပြီး သူ့လူယုံကို အပြင်ကို လွှတ်ကာ သတင်းစုံစမ်းခိုင်းလိုက်တယ်။

စုံစမ်းပြီးတဲ့အခါမှ အထူးကိုယ်စားလှယ်က သူ့တစ်ယောက်တည်းကိုပဲ ရည်ရွယ်တာ မဟုတ်ဘဲ နယ်မြေအသီးသီးက အရာရှိအားလုံးကို ဒီလိုပဲ လုပ်ထားကြောင်း သိလိုက်ရတယ်။ အရင်ဆုံး မြို့ဝန်တွေကို တာဝန်ပေးပြီး အဲဒီနောက်မှ အောက်ခြေ အရာရှိငယ်တွေကို တာဝန်ပေးတာကြောင့် ဘယ်သူမှ လွတ်ထွက်သွားတာ မရှိပါဘူး။

အခုဆို အရင်ရောက်နှင့်နေတဲ့ မြို့ဝန် တချို့က ရူးမတတ် ဖြစ်နေကြပါပြီ။

တခြားလူတွေကို ထားလိုက်ပါဦး။ အခုတစ်ကြိမ် မိုးခေါင်ရေရှားမှုမှာ ရိက္ခာစုဖို့အတွက် ကျန်းအမတ်မင်းက အပြင်ကို ခဏခဏ ထွက်ပြီး ရိက္ခာချေးခဲ့ဖူးတယ်။

သူက ဒုက္ခသည်တွေ ငတ်သေမှာကို ကြောက်တာ မဟုတ်ဘဲ အထူးကိုယ်စားလှယ် ရောက်လာတဲ့အခါ သိုလှောင်ရုံမှာ ရိက္ခာမရှိတာကို သိသွားမှာကို ကြောက်တာပါ။

အမှန်တော့ အရင်က ကျန်းအမတ်မင်းက ဒီလောက်အထိ သတ္တိမနည်းခဲ့ပါဘူး။ သူကလည်း အောက်ခြေ အရာရှိငယ်ဘဝကနေ မြို့ဝန် ရာထူးအထိ တက်လာခဲ့တဲ့သူ ဖြစ်ပေမယ့် ကျားချန် ၉ နှစ် နွေရာသီမှာ ဖြစ်ခဲ့တဲ့ ကိစ္စပြီးတဲ့နောက်မှာ သူ့သတ္တိက နည်းသွားခဲ့တာပါ။

ဒီရိက္ခာတွေကို ကျန်းအမတ်မင်း တစ်ယောက်တည်းကပဲ အလွဲသုံးစားလုပ်ခဲ့တာ မဟုတ်ဘဲ အရာရှိဟောင်းက အရာရှိသစ်ဆီ လွှဲပေးခဲ့ကြတာပါပဲ။

ကျန်းအမတ်မင်း မြို့ဝန် ရာထူးကို ရတဲ့အချိန်မှာ အဲဒီသိုလှောင်ရုံက ရှင်းမရတဲ့ စာရင်းအရှုပ်အထွေးကြီး တစ်ခု ဖြစ်နေတာ ကြာပါပြီ။ ပုံမှန်ဆို အထက်က လာစစ်တဲ့အခါ နည်းနည်း ပြန်ဖြည့်ထားပြီး စစ်တဲ့သူ ပြန်သွားတဲ့အခါမှာတော့ ပြန်ရုပ်သိမ်းလိုက်ကြတယ်။ ကြာလာတော့ လူတိုင်းက ထုံသွားကြပြီး ဒါက သာမန်ကိစ္စတစ်ခုလို ဖြစ်လာခဲ့တယ်။

တစ်ခုခု ဖြစ်လာရင် ဒီကိစ္စက ပေါက်ကြားသွားမှာကို သိကြပေမဲ့လည်း ကိစ္စက ကိုယ့်ရှေ့ကို ရောက်မလာသေးသရွေ့ ဘယ်သူမှ တခြားလူအတွက် တာဝန်ယူချင်စိတ် မရှိကြပါဘူး။

မင်းလည်း ခိုးတယ်။ ငါလည်း ခိုးတယ်။ အားလုံး ခိုးကြတာပဲ။ မင်းလည်း ကောင်းတယ်။ ငါလည်း ကောင်းတယ်။ အားလုံး အဆင်ပြေကြတာပဲ။

ဘာပဲဖြစ်ဖြစ် ရာထူးသက်တမ်းက နှစ်နည်းနည်းပဲမို့ အဲဒီလို စိတ်ဓာတ်တွေကြောင့် သိုလှောင်ရုံက ကုမရတဲ့ ရောဂါဆိုးကြီးလို ဖြစ်နေခဲ့တယ်။

အခုတော့ အထူးကိုယ်စားလှယ်က အမိန့်ချလိုက်ပြီမို့ ဒီပြဿနာကြီးက ကိုယ့်ခေါင်းပေါ်ကိုပဲ ပုံကျလာခဲ့ပါပြီ။

တံခါးအပြင်က အစေခံရဲ့ သတင်းပို့သံ ပေါ်လာတယ်။ "အမတ်မင်း ဟဲနန်ဖူက အမတ်မင်းချန်က အမတ်မင်းနဲ့အတူ အုပ်ချုပ်ရေး အရာရှိချုပ်ကျန်းဆီ သွားဖို့ လာခေါ်နေပါတယ်ခင်ဗျာ”

သွားပြီး ဘာလုပ်ကြမလဲ အမှန်တော့ ရိက္ခာအလွတ်တွေကို သွားတောင်းဖို့ပါပဲ။ ဒီရိက္ခာတွေအတွက် သူတို့ တာဝန်မခံချင်ကြတော့ပါဘူး။ အခုတော့ ကိုယ့်ကိုယ်ကိုယ်တောင် မနည်းကာကွယ်နေရတာမို့ အထက်အရာရှိကို အားနာနေဖို့ မလိုတော့ဘူးလေ။

ဒါပေမဲ့ ကျန်းအမတ်မင်းရဲ့ ကွေ့တယ်ဖူမှာတော့ ရိက္ခာအလွတ်တွေ မရှိဘဲ အထက်က ရိက္ခာအစစ်အမှန်တွေ ပေးခဲ့ဖူးတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့်လည်း ကွေ့တယ်ဖူက ခိုင်ဖုန်းမြို့ကလွဲရင် အခြေအနေ အကောင်းဆုံး ဖြစ်နေတာပါ။

237 074

ဘာဖြစ်လို့ တခြားနယ်မြေတွေမှာ မရှိဘဲ ကွေ့တယ်ဖူမှာပဲ ရှိနေရသလဲဆိုတာကိုတော့ ကောင်းကင်ဘုံ၊မြေကြီး၊ကျန်းအမတ်မင်းနဲ့ အဲဒီလူသားတွေပဲ သိကြပါလိမ့်မယ်။

အဲဒီလူသားကို တွေးမိတဲ့အခါ ကျန်းအမတ်မင်းရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက်တွေ ပေါ်လာတယ်။ အဲဒီသူ့ဆီက အကူအညီ တောင်းနိုင်ကောင်း တောင်းနိုင်လိမ့်မယ်။

မဟုတ်သေးဘူး။ ခဏ စောင့်ဦးမှ ဖြစ်မယ်။ အဲဒီနေရာကို မသွားဘဲ နေနိုင်သရွေ့ မသွားသေးဘဲ နေတာကပဲ အကောင်းဆုံးဖြစ်ပြီး နောက်ဆုံး လက်ကျန် သံယောဇဉ်လေးကိုတောင် ဖျက်ဆီးလိုက်သလိုမျိုး မဖြစ်ချင်တော့ပါဘူး။

"အမတ်မင်းချန်ရဲ့ အစေခံကို သွားပြောလိုက်ပါ။ ငါ လမ်းခရီးက အခုမှ ရောက်တာမို့ အနားယူဖို့ လိုသေးတယ်။ မနက်ဖြန်မှ သူ့ကို သွားရှာမယ်လို့ ပြောလိုက်”

နောက်ထပ် နှစ်ရက်အတွင်း ကျန်းအမတ်မင်းနဲ့ တခြားမြို့ဝန်တချို့က ကျန်းကျစ်ယိကို သွားရှာခဲ့ကြတယ်။

ကျန်းကျစ်ယိကလည်း နည်းလမ်းရှာပေးမယ်လို့ ပြောပေမဲ့ ဘာနည်းလမ်းလဲဆိုတာကိုတော့ ထုတ်မပြောပါဘူး။ တစ်ဖက်မှာတော့ အထူးကိုယ်စားလှယ်က သူတို့ကို နယ်မြေအသီးသီးကို ပြန်ဖို့ တိုက်တွန်းနေပါပြီ။

ကျန်းအမတ်မင်းက တစ်ညလုံး စဉ်းစားပြီးနောက် နောက်တစ်နေ့မှာ နယ်စားမင်းရုံးကို သွားခဲ့တယ်။

အခုရက်ပိုင်းအတွင်း အပြင်မှာ ဘယ်လောက်ပဲ ဆူနေပါစေ။ ရှန့်ချုက တံခါးပိတ်ပြီး ဘယ်သူ့ကိုမှ မတွေ့ပေမဲ့ ကျန်းအမတ်မင်း လာတွေ့တဲ့အခါမှာတော့ တစ်ယောက်ယောက်က သူ့ကို အတွင်းထဲ ဖိတ်ခဲ့ပါတယ်။

"မင်း ငါ့ကို လာရှာတာ ဘာအရေးကြီးကိစ္စ ရှိလို့လဲ" မိမိမှာ ရောဂါရှိတာကို သက်သေပြဖို့အတွက် ရှန့်ချုက အိပ်ရာထဲမှာ လဲနေဟန် ဆောင်နေခဲ့တယ်။

ကျန်းအမတ်မင်းက ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်တယ်။ "ကျွန်တော်မျိုး လာတွေ့တာကတော့ နယ်စားမင်းကြီးရဲ့ ကျန်းမာရေးကို လာကြည့်တာပါခင်ဗျာ”

ရှန့်ချုကလည်း မျက်နှာပျက်မခံချင်တာနဲ့။ "ငါ ဘာမှ မဖြစ်ပါဘူး ကိစ္စမရှိရင်လည်း ပြန်တော့ အခု အခြေအနေက အရင်လို မဟုတ်တော့တာကြောင့် သံသယဖြစ်စရာတွေ မလုပ်တာ ပိုကောင်းလိမ့်မယ်”

သူ့စကားက ကျန်းအမတ်မင်းအတွက် စဉ်းစားပေးနေသလို ရှိပေမယ့် အမှန်တော့ ကိုယ့်ကိုယ်ကိုယ် သံသယကင်းအောင် လုပ်နေတာပါ။

ဒီအကြောင်းကို ပြောတော့ ကျန်းအမတ်မင်းက အခုရက်ပိုင်းအတွင်း သိုသိုသိပ်သိပ်နဲ့ ပျံ့နေတဲ့ ကောလာဟလ တချို့ကို သတိရမိတယ်။ ဒီတစ်ကြိမ် ကိစ္စက သိပ်ကြီးတာကြောင့် နယ်စားမင်းကြီးတောင် တာဝန်ကနေ ကင်းလွတ်ဖို့ ခက်လိမ့်မယ်။ ဒါကြောင့်လည်း အထူးကိုယ်စားလှယ် ရောက်လာချိန်မှာ ဆုတ်ပေးနေတာ ဖြစ်တယ်လို့ ဆိုကြတယ်။ နယ်စားမင်းကြီး ကိုယ်တိုင်တောင် မရေမရာ ဖြစ်နေရတာမို့ လက်အောက်က လူတွေကို ဘယ်လို ကာကွယ်ပေးနိုင်ပါ့မလဲ။ ကျန်းအမတ်မင်းမှာတင် သိပ်ကို စိတ်ပူနေရတယ် မဟုတ်လား။

အဲဒီလို တွေးမိတော့ ကျန်းအမတ်မင်းက ဒူးထောက်လိုက်ပြီး မြေပြင်ပေါ်မှာ ဝပ်တွားရင်း ဆိုတော့တယ်။ "နယ်စားမင်းကြီး ကျွန်တော်မျိုးကို ကယ်ပေးပါဦး ခင်ဗျာ"

ဘာကို ကယ်ရမလဲ နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာ သိနေကြပေမဲ့ ရှန့်ချုကတော့ ဒီလူက သိပ်ကို သတ္တိနည်းတယ်လို့ စိတ်ထဲကနေ မကျေမနပ် ဖြစ်နေမိတယ်။ ရိက္ခာနည်းနည်း ကိစ္စနဲ့ပဲ သူ့ကို လာပြီး အကူအညီ တောင်းနေရသလားပေါ့။

237 08

"ဒီကိစ္စ ပေါ်လာပြီဆိုရင် ရိက္ခာချေးလို့ ရရင်တောင် ကျွန်တော်မျိုး ချေးနိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးက မြို့ဝန် သေးသေးလေး တစ်ယောက်ပါ။ အထူးကိုယ်စားလှယ်က တမင်တကာ ခက်ခဲအောင် လုပ်နေတာပါ။ သိုလှောင်ရုံက ကွာဟချက်တွေကိုပါ ထည့်လိုက်ရင် ကျွန်တော်မျိုးကို သတ်ပစ်ရင်တောင် အဲဒါတွေကို ပြန်မဖြည့်နိုင်ပါဘူး"

"မင်း မဖြည့်နိုင်ရင် ငါကရော ဖြည့်နိုင်မယ်လို့ မင်း ထင်နေတာလား"

"နယ်စားမင်းကြီးက မတူပါဘူး နယ်စားမင်းကြီးက တန်ခိုးအာဏာ ကြီးတဲ့သူပါ ကျွန်တော်မျိုးရဲ့ အသက်ကို သေချာပေါက် ကယ်နိုင်မှာပါ” ကျန်းအမတ်မင်းက ရှန့်ချုရဲ့ မျက်နှာက အေးစက်နေတာ မြင်တော့ စိတ်လှုပ်ရှားစွာနဲ့ နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ "နယ်စားမင်းကြီး... ကျားချန် ၉ နှစ်က ကိစ္စကိုတော့ မေ့မပစ်လိုက်ပါနဲ့ဦး"

******

238 01

အခန်း (၂၃၈)

ကျားချန် ၉ နှစ်လား။ အဲဒီနှစ်က မိုးဖွဲလေးတွေ အဆက်မပြတ် ရွာနေပြီး နေရာတိုင်းမှာ ရေတွေနဲ့ စိုစွတ်ထိုင်းမှိုင်းနေခဲ့တာ။ အဲဒီနှစ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုက ရှန့်ချုနဲ့ ကျန်းရှစ်ဖုတို့ရဲ့ ဘဝလမ်းကြောင်းတွေကို ပြောင်းလဲပစ်ခဲ့တယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်က ခရိုင်ဝန်ဘဝကနေအဖြစ် ရာထူးတိုးသွားခဲ့ပြီး နောက်တစ်ယောက်ကတော့ မြို့ဝန်ဘဝကနေ တစ်နယ်လုံးကို အုပ်ချုပ်ရတဲ့ နယ်စားမင်းအထိ တရိပ်ရိပ် တက်သွားခဲ့တာ။ အဲဒီကိစ္စတစ်ခုတည်းကတင် တခြားလူတွေ တစ်သက်လုံး ကြိုးစားရတဲ့ ရလဒ်ထက်တောင် သာနေခဲ့တာ။

အဲဒီနှစ်က သူတို့နှစ်ယောက်လုံးအတွက် နောက်ပြန်လှည့်ပြီး မစဉ်းစားချင်ဆုံးနှစ်လည်း ဖြစ်တယ်။ ဘယ်အချိန် ပြန်တွေးတွေး ထိတ်လန့်တုန်လှုပ်နေရတုန်းပဲ။ ကိုယ့်အသားကို ကိုယ်ပြန်လှီးထုတ်ပစ်လိုက်သလိုမျိုး အဲဒီမှတ်ဉာဏ်တွေကို ဖြတ်ထုတ်ပစ်လိုက်ချင်ကြတယ်။ ဒါမှလည်း အိပ်မက်ဆိုးတွေကနေ ခဏခဏ လန့်နိုးမနေမှာ မဟုတ်လား။ တောင်တစ်တောင်လောက် မြင့်တဲ့ နောက်ကျိနေတဲ့ ရေလွှမ်းမိုးမှုကြီးက အရှိန်အဟုန်နဲ့ စီးလာခဲ့တယ် သစ်ကိုင်းတွေနဲ့ ကျောက်ခဲတွေ ရောပြီးတော့ အရာရာကို ဖျက်ဆီးသွားခဲ့တာ။ သူတို့နှစ်ယောက်ကတော့ အဲဒီရေကြီးမှုနဲ့ မလှမ်းမကမ်းမှာရှိတဲ့ တောင်ကုန်းတစ်ခုပေါ်မှာ ရပ်နေခဲ့ကြတာ။

နေရာတိုင်းမှာ ငိုသံတွေ ညံနေပြီး ရေစိမ်ထားလို့ ဖောင်းပွနေတဲ့ အလောင်းတွေက ဟိုတစ်စ ဒီတစ်စနဲ့ပဲ။ ငိုသံတွေ အော်ဟစ်သံတွေနဲ့အတူ ဟုန်းဟုန်းမြည်နေတဲ့ ရေစီးသံတွေကလည်း ပဲ့တင်ထပ်နေခဲ့တယ်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်တဲ့ မျက်ဝန်းတွေထဲမှာ အရိပ်မည်းကြီးတစ်ခု ဖြတ်သွားခဲ့ပြီး တစ်ယောက်က လန့်နိုးလာတာနဲ့အတူ ကျန်တဲ့တစ်ယောက်လည်း သတိပြန်ဝင်လာခဲ့တယ်။ "အမတ်မင်း" ကျန်းရှစ်ဖုက ရေငတ်သလို ခံစားရတာကြောင့် နှုတ်ခမ်းကို မသိမသာ ထပ်ပြီး လျှာနဲ့သပ်လိုက်တယ်။ သူ့ရဲ့မျက်နှာကတော့ တောင်းပန်တိုးလျှိုးနေတဲ့ ပုံစံပါပဲ။ "ဒီတစ်ကြိမ်ပဲ ဒါ နောက်ဆုံးအကြိမ်ပါပဲ”

ရှန့်ချုက သူ့ကို စိုက်ကြည့်နေမိတယ် အပြင်ပန်းမှာ နှိမ့်ချနေသလို ထင်ရပေမယ့် တကယ်တမ်းကျတော့ လောဘဇော တိုက်နေတဲ့ ဒီလူကို ကြည့်နေမိတာ။ အကယ်၍ အကြည့်တွေကို လက်နက်အဖြစ် ပြောင်းလို့ရမယ်ဆိုရင် ကျန်းရှစ်ဖုက မျက်စိနဲ့တင် ထိုးသတ်ခံရပြီး သေလောက်ပြီ။ ရှန့်ချုက အေးစက်စွာ ရယ်လိုက်ပြီး။ "ငါက မင်းကို ဘယ်လိုယုံရမှာလဲ ပြီးခဲ့တဲ့ အခေါက်ကလည်း ဒါနောက်ဆုံးပဲလို့ မင်းပြောခဲ့တာပဲ အခု ဘယ်လောက်တောင် ကြာသေးလို့လဲ မင်းက စကားဖောက်ပြန်နေပြီ” ကျန်းရှစ်ဖုက သူ့ကို မော့မကြည့်ရဲဘဲ ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောတယ်။ "ကျွန်တော်မျိုး တကယ်ပဲ နည်းလမ်းမရှိတော့လို့ပါ။ မဟုတ်ရင် အမတ်မင်းကို လာပြီး အနှောင့်အယှက် ပေးမှာ မဟုတ်ပါဘူး”

"အမတ်မင်း ကျွန်တော်မျိုးကို ယုံပါ။ တကယ်ပဲ ဒါနောက်ဆုံးအကြိမ်ပါ။ ကျွန်တော်မျိုး အမတ်မင်းရဲ့ သည်းခံနိုင်စွမ်းကို စမ်းဖို့ မဝံ့ရဲပါဘူး။ တကယ်ကို နောက်ဆုံးအကြိမ်ပါ”

"မင်းပြောတဲ့ စကားတွေကို မင်းမှတ်ထားတာ အကောင်းဆုံးပဲ ပြန်တော့ နောက်နှစ်ရက်နေရင် မင်းကို လာရှာတဲ့သူ ရှိလိမ့်မယ်” ဒီစကားကို ပြောပြီးနောက် ရှန့်ချုက အကြည့်ကို လွှဲလိုက်ပြီး အဲဒီနေရာမှာပဲ ငြိမ်ငြိမ်လေး လှဲနေလိုက်တယ်။ ကျန်းရှစ်ဖုရဲ့ စိတ်ထဲမှာ အရင် ဝမ်းသာသွားပေမယ့် ဒီလိုမျိုး ထူးထူးခြားခြား တိတ်ဆိတ်နေတာက သူ့ကို တစ်မျိုးကြီး စိတ်မလုံမလဲ ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ သူ ထပ်ခါထပ်ခါ စဉ်းစားကြည့်တော့လည်း ရှန့်ချုက သူ့ကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူးလို့ပဲ ထင်နေမိတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ် ရှိနေလို့ပဲ။ အဲဒီအစီအစဉ်ကြောင့်ပဲ ရှန့်ချုက သူ့ကို အခုထိ မထိရဲဘဲ ဖြစ်နေတာ မဟုတ်ရင်တော့ ဟိုလူလိုမျိုး... ကျန်းရှစ်ဖုက တစ်ချက် တုန်လှုပ်သွားပြီး ရှန့်ချုရဲ့ ရက်စက်ကြမ်းကြုတ်မှုကိုလည်း သိနေတာကြောင့် ဒါနောက်ဆုံးအကြိမ်ပါလို့ ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး ပြောနေမိတယ်။

ကျန်းရှစ်ဖုကို အပြင်ကို ခေါ်ထုတ်သွားပြီးနောက်မှာတော့ ရှန့်ချုက လူတစ်ယောက်ကို ခေါ်လိုက်တယ်။ "...ဒုက္ခသည်တချို့ကို ရှာထားလိုက် သူ ခိုင်ဖုန်းကနေ ထွက်သွားမယ့်အချိန်ကျရင်..."

ရွှီထင်းရှန်းကတော့ စီစဉ်စရာရှိတာတွေကို အကုန်စီစဉ်ပြီးသွားပြီဖြစ်လို့ ထိုင်ပြီး ပွဲကြည့်ဖို့ပဲ ကျန်တော့တယ်။ ဒါကြောင့် ဒီနှစ်ရက်မှာ သူ တော်တော်လေး အေးအေးဆေးဆေး ရှိနေခဲ့တာ။ ဟူစန်း အပြင်ကနေ ဝင်လာတာကို မြင်တော့ သူက သိချင်စိတ်နဲ့ မေးတယ်။ "မင်း ဒီနှစ်ရက်မှာ ဘာတွေလုပ်နေတာလဲ ဘာလို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ" ဟူစန်းရဲ့ မျက်လုံးတွေက တစ်ချက် ဝေ့သွားပြီး ပြန်ဖြေတယ်။

238 02

"အမတ်မင်း ကျွန်တော်မျိုး ဘာမှ အလုပ်မရှုပ်ပါဘူး”

ကျောက်အာကလွဲရင် ဟူစန်းဟာ ရွှီထင်းရှန်း အသိဆုံးလူတစ်ယောက် ဖြစ်နေတာ။ သူ့ရဲ့ ပုံစံကို ကြည့်လိုက်တာနဲ့တင် ဟူစန်း လိမ်နေတယ်ဆိုတာ သူသိလိုက်ပြီ။ ဟူစန်းက တစ်ခုခု အမှားအယွင်း ပြလို့မဟုတ်ဘဲ ရွှီထင်းရှန်းက ဟူစန်းအကြောင်းကို အရမ်းနှံ့စပ်နေလို့ပဲ။ "တကယ်ပဲ ဘာမှမဟုတ်တာလား"

"တကယ်ပါ အမတ်မင်း..."

ရွှီထင်းရှန်းက ဟူစန်းကို သိသလိုပဲ ဟူစန်းကလည်း သူ့သခင်အကြောင်းကို သိတာပေါ့။ အမတ်မင်းရဲ့ အကြည့်ကို မြင်လိုက်တာနဲ့တင် သူ ဖုံးကွယ်ထားလို့ မရတော့ဘူးဆိုတာ ဟူစန်း သိလိုက်တယ်။

သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်မကောင်းစွာနဲ့ ပြောတယ်။ "တကယ်တော့ ကိစ္စတစ်ခု ရှိလို့ပါ..." သူက ခဏရပ်လိုက်ပြီး ရှုပ်ထွေးနေတဲ့ ခံစားချက်နဲ့ ဆက်ပြောတယ်။ "ကျွန်တော် ခိုင်ဖုန်းမှာ လူဟောင်းတစ်ယောက်နဲ့ တွေ့ခဲ့တယ်”

ရွှီထင်းရှန်းက တစ်ချက် တုန်လှုပ်သွားပြီး မေးတယ်။ "ရန်သူလား" ဟူစန်းက ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးထဲမှာ နာကျည်းမှုတွေ ပေါ်လာတယ်။ "အမတ်မင်း မှတ်မိဦးမလား ကျွန်တော်မျိုး အရင်က ပြောပြဖူးတဲ့ ကျွန်တော့်အဖေနဲ့ ရင်းနှီးတဲ့ ယွီချန်ခရိုင်ဝန်အကြောင်း ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ..." အကြောင်းစုံကို နားထောင်ပြီးနောက် ရွှီထင်းရှန်းက မေးစေ့ကို ပွတ်ရင်း ပြောလိုက်တယ်။ "ဒါက တကယ်ကို တိုက်ဆိုင်တာပဲ။ ရန်သူတွေဟာ မတွေ့ချင်မှတွေ့ဆိုသလိုပဲ။ ဒါဆို မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ" ဟူစန်းကလည်း မဖုံးတော့ဘဲ လက်သီးကို တင်းတင်းဆုပ်လိုက်တယ်။ "သူ မကြာခင်မှာ ခိုင်ဖုန်းကနေ ထွက်သွားတော့မယ်။ ကျွန်တော် လမ်းခုလတ်မှာ..."

"မင်းက လမ်းခုလတ်မှာ သူ့ကို သတ်မလို့လား။ သူက မြို့ဝန်တစ်ယောက်အနေနဲ့ ခရီးသွားမှာ အခုလို အပြင်မှာ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အချိန်မှာ သူ့နောက်မှာ အနည်းဆုံး ခြံရံထားတဲ့သူ အယောက် ၂၀ ၃၀ လောက် ရှိလိမ့်မယ်။ မင်းတစ်ယောက်တည်းနဲ့ အဲဒီလူအယောက် ၃၀ ကို နိုင်ပါ့မလား" ရွှီထင်းရှန်းက စကားဖြတ်ပြောတယ်။ ဟူစန်းက ဆွံ့အသွားပြီး။ "ကျွန်တော်မျိုး... ကျွန်တော်မျိုး နည်းလမ်းရှာပါ့မယ် အမတ်မင်း စိတ်ချပါ ကျွန်တော်မျိုး အမတ်မင်းကိုတော့ အထိခိုက်မခံပါဘူး..."

"တော်စမ်းပါ အထိခိုက်ခံတယ် မခံတယ်ဆိုတာတွေ ပြောမနေနဲ့တော့ ဒီနှစ်တွေမှာ မင်း ငါ့ကို ကူညီခဲ့တာတွေ မနည်းပါဘူး”

"အရင်ကတည်းက မင်းရဲ့ ရန်ငြိုးကို ငါကူညီပြီး လက်စားချေပေးမယ်လို့ ငါကတိပေးထားတာပဲ။ အခုတော့ ပစ်မှတ်က ပြောင်းသွားပြီ ဆိုပေမယ့်လည်း အခြေအနေကို ကောင်းကောင်း အသုံးချတတ်မယ်ဆိုရင်တော့ မဖြစ်နိုင်တာ မရှိပါဘူး..."

မိုးသောက်ယံ အချိန် အရှေ့ဘက် ကောင်းကင်ယံမှာ ရောင်နီ သန်းစပြုလာတဲ့ အချိန်မှာပဲ မြင်းရထား အုပ်စုတစ်စုဟာ ခိုင်ဖုန်းမြို့ကနေ တိတ်ဆိတ်ထွက်ခွာသွားခဲ့တယ်။ ကျန်းရှစ်ဖုက ခိုင်ဖုန်းမှာ နောက်ထပ် နှစ်ရက်လောက် စောင့်ပြီးမှ သူလိုချင်တဲ့ အရာကို ရခဲ့တာ။ ဒီတစ်ခေါက်မှာ သူက အရေးပေါ်သုံးဖို့အတွက် ရိက္ခာ ၅၀၀၀ ကို အရင်ယူသွားပြီး ကျန်တဲ့ ရိက္ခာတွေကိုတော့ နောက်မှ လူလွှတ်ပြီး ကွေ့တယ်ဖူကို ပို့ပေးလိမ့်မယ် အဲဒီတော့မှ သူလည်း စိတ်အေးသွားရတာ။ ရိက္ခာတွေကို စောင့်ရှောက်လာတဲ့သူတွေကတော့ သူနဲ့အတူ ပါလာတဲ့ ရုံးစေ အယောက် ၂၀ ကျော်နဲ့ သူ့ရဲ့ လူယုံ အယောက် ၁၀ ကျော်ပဲ ဖြစ်တယ်။ အခု အပြင်မှာ ရုန်းရင်းဆန်ခတ် ဖြစ်နေတာကြောင့် အစောင့်အရှောက် မပါဘဲနဲ့ သူလည်း အပြင်မှာ သွားလာဖို့ မရဲဘူး။

ခိုင်ဖုန်းမြို့ကနေ ကွေ့တယ်ဖူကို သွားတဲ့လမ်းက သိပ်မဝေးလှဘူး နယ်မြေနှစ်ခုက တစ်ခုနဲ့တစ်ခု ကပ်နေတာ။ အကယ်၍ ရိက္ခာတွေသာ ပါမလာဘူးဆိုရင် နှစ်ရက်လောက်နဲ့ ရောက်နိုင်ပေမယ့် အခုတော့ အနည်းဆုံး ၅ ရက် ၆ ရက်လောက် သွားရလိမ့်မယ်။ ဒီနေ့ နေလယ်နီးပါးလောက် ရောက်လာတဲ့ အချိန်အထိ သူတို့ ဇရပ် ရိပ်ကိုတောင် မမြင်ရသေးဘူး။ အခု အပြင်မှာ အခြေအနေက မကောင်းတာကြောင့် လမ်းတစ်လျှောက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေက အစောကြီးကတည်းက ပိတ်ထားကြပြီ ဇရပ်တွေမှာပဲ နားနားနေနေ စားသောက်ဖို့ ရနိုင်တော့တာ။ ဒါပေမဲ့ သူတို့က ဒီလမ်းကို လာတုန်းကလည်း ဖြတ်ခဲ့ဖူးတာကြောင့် လမ်းကြောင်းကိုတော့ ကျွမ်းကျွမ်းကျင်ကျင် ရှိနေကြတယ်။ မွန်းတည့်ချိန်ကို ရောက်လာတော့ စစ်ကြောင်းက ရပ်လိုက်ပြီး ခဏနားပြီး ရိက္ခာခြောက်လေးတွေ စားပြီးမှ ဆက်သွားဖို့ ပြင်ကြတယ်။

238 03

ရုံးစေတွေကတော့ မြင်းရထားတွေဘေးမှာ ဟိုတစ်စု ဒီတစ်စုနဲ့ မှီရပ်နေကြပြီး ရထားရဲ့ အရိပ်ကို ခိုကာ နေပူဒဏ်ကို ရှောင်နေကြတယ်။ ကျန်းရှစ်ဖုကတော့ မြင်းရထားပေါ်မှာ ထိုင်နေပြီး သူ့ရဲ့ လူယုံ ၁၀ ယောက်ကျော်ကတော့ ရထားရဲ့ ပတ်ပတ်လည်မှာ ဝန်းရံထားကြတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး နေပူရှိန်က လူကို မူးဝေစေတာကြောင့် ရေဘူးထဲက ရေတွေကို မောမောနဲ့ သောက်နေကြရတယ် ရေကလည်း သိပ်အများကြီး မကျန်တော့ဘူး။ ဒီလို ရာသီဥတုမျိုးမှာ လူတွေတင်မကဘူး မြင်းတွေတောင်မှ စိတ်မရှည် ဖြစ်နေကြတာ။ ခဏလောက် နားပြီးတော့ လူအုပ်စုက ခရီးဆက်ဖို့ ပြင်ကြပေမယ့် အဲဒီအချိန်မှာပဲ ကံဆိုးစွာနဲ့ ပြဿနာက စပေါ်လာတော့တယ်။

ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ ဒုက္ခသည် အနည်းငယ်က ပေါ်လာခဲ့တယ်။ သူတို့က အစိမ်းရောင် သန်းနေတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်နေကြပြီး ခဏအကြာမှာတော့ နှစ်ယောက်က ပြေးထွက်သွားပြီး ကျန်တဲ့ နှစ်ယောက်ကတော့ ရထားကို ပိုက်တားကာ အစာတောင်းကြတော့တယ်။ "အရာရှိမင်းတို့ရယ် ကျေးဇူးပြုပြီး သနားကြပါဦး ကျွန်တော်တို့ အစာမစားရတာ ရက်ပေါင်းများစွာ ကြာပါပြီ..." ဒီဒုက္ခသည်က အရိုးပေါ် အရေတင် ဖြစ်နေပြီး ရထားကို ပိတ်တားထားသလို သူ့မျက်လုံးတွေကလည်း ရထားပေါ်ကို ဟိုဟိုဒီဒီ ကြည့်နေခဲ့တာ။ ရထားပေါ်မှာ ကောက်ရိုးဖျာတွေနဲ့ ဖုံးအုပ်ထားပေမယ့်လည်း လူမြင်လိုက်တာနဲ့တင် ရိက္ခာတွေဆိုတာ သိသာနေတာပဲ။ "အဝေးကို သွားစမ်း ငါတို့က အမိန့်အရ ဘေးဒုက္ခကယ်ဆယ်ရေး ရိက္ခာတွေကို ကွေ့တယ်ဖူကို သယ်ယူလာတဲ့ အစိုးရစစ်သည်တွေပဲ”

"မင်းရဲ့မျက်လုံးတွေ ကန်းနေလို့လား။ ငါတို့ ရထားကို လာတားရဲရအောင်။ မသွားဘူးဆိုရင်တော့ ဘေးဒုက္ခကယ်ဆယ်ရေး ရိက္ခာတွေကို လုယက်တဲ့ အပြစ်နဲ့ မင်းတို့ တစ်မိသားစုလုံးကို အကျဉ်းချပြီး ခေါင်းဖြတ်သတ်ပစ်မယ်”

ပြောရမယ်ဆိုရင် ဒီရုံးစေက အနည်းငယ်တော့ တုံးအလှတယ် ကွေ့တယ်ဖူမှာ အေးအေးဆေးဆေး နေလာတာ ကြာပြီဖြစ်လို့ အပြင်လောကကြီးက ဘယ်လိုဖြစ်နေပြီလဲဆိုတာ သူ မသိရှာဘူး။ ဒီတစ်ခါ မိုးခေါင်ရေရှားမှုက ဧရိယာ အရမ်းကျယ်ပြန့်လွန်းလို့ လူတွေ ရေငတ်လို့ သေတဲ့အထိတော့ မဟုတ်ပေမယ့် လူက ရေရှာသောက်လို့ ရပေမယ့် သီးနှံတွေကတော့ ရေမရှိရင် သေဖို့ပဲ ရှိတော့တာ။ လယ်ကွင်းထဲက ရေတွေကလည်း ခန်းခြောက်နေပြီ မြစ်ထဲမှာလည်း ရေတိမ်တိမ်လေးပဲ ကျန်တော့တာ အဲဒီရေက စိုက်ခင်းတွေကို လောင်းဖို့ ဘယ်လုံလောက်ပါ့မလဲ။ သီးနှံတွေ ရင့်မှည့်လာမယ့် အချိန်မှာ ရေမလောင်းနိုင်တော့တဲ့အတွက် အနှံတွေက သေးသေးလေးတွေပဲ ဖြစ်နေပြီး ဘာမှ ရိတ်သိမ်းလို့ မရတော့ဘူး။ မိုးခေါင်တဲ့အချိန်တိုင်းမှာ ကျိုင်းကောင်ဘေးကလည်း မုချ ပါလာစမြဲပဲ ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ ကျိုင်းကောင်တွေ ရောက်လာတဲ့အခါမှာတော့ စိမ်းလန်းနေတဲ့ နေရာတိုင်းက ခဏချင်းမှာပဲ မြေဝါရောင် ဖြစ်သွားတော့တာ။

စားလို့ရတာ မှန်သမျှကို သူတို့က အကုန်စားပစ်ကြတယ်။ အရင်ကတော့ စားစရာ မရှိရင် မြက်ပင်တွေ စားလို့ရသေးပေမယ့် အခုတော့ သစ်ခေါက်တွေပဲ စားနေရတော့တာ ငတ်သေတဲ့သူတွေလည်း မနည်းဘူး။ အိမ်သိမ်းတာတွေ ခေါင်းဖြတ်တာတွေကို မပြောနဲ့ဦး ငတ်ပြီး သေလုနီးပါး ဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ ရှေ့မှာတော့ သူ့အသက်ကို ချက်ချင်း ယူသွားရင်တောင်မှ သူကတော့ ဗိုက်ဝဝနဲ့ သေရမယ့်သူပဲ ဖြစ်ချင်တော့တာ။ ဒါကြောင့် ဒီဒုက္ခသည်ဟာ ရုံးစေရဲ့ ခြိမ်းခြောက်မှုကို မကြောက်တဲ့အပြင် အားသစ်လောင်းလိုက်သလိုမျိုး အသံကျယ်ကျယ်နဲ့ အော်ဟစ်တော့တယ်။ "ရိက္ခာတွေရှိတယ် ဒီမှာ ရိက္ခာတွေ ရှိနေတယ်"

ဒုက္ခသည်ရဲ့ အော်ဟစ်သံနဲ့အတူ ခဏချင်းအတွင်းမှာပဲ ပတ်ဝန်းကျင်က မြေကမူတွေနောက်ကနေ လူပေါင်း ရာနဲ့ချီ ရှိနေပုံရတဲ့ ဒုက္ခသည်တွေ အများကြီးက ဟိုတစ်စ ဒီတစ်စနဲ့ ပြေးထွက်လာကြတယ်။

"မင်းတို့... မင်းတို့ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ" ရုံးစေတွေက ထိတ်လန့်တကြား မေးလိုက်ကြတယ်။

"လုကြစမ်း ဒီရိက္ခာတွေရှိရင် ငါတို့အားလုံး သေစရာမလိုတော့ဘူး" လူအုပ်ထဲကနေ အော်ဟစ်လိုက်ကြတယ်။

ရုံးစေဆိုတာ အမှန်တော့ စစ်သည်တော်တွေ မဟုတ်ကြပါဘူး။ ပုံမှန်အားဖြင့် သွေးထွက်သံယို ဖြစ်ရပ်တွေကို မြင်တွေ့ရခဲပြီး ခါးကြားက ဓားတွေကလည်း အလှပြရုံ သက်သက်ပါပဲ။

238 04

သူတို့က များသောအားဖြင့် လူတွေကို ခြိမ်းခြောက်ဖို့ပဲ ဖြစ်ပြီး တကယ်တမ်း တိုက်ခိုက်တတ်တဲ့လူက အလွန်ပဲ နည်းပါတယ်။

သာမန်ပြည်သူတွေက 'အစိုးရ' ဆိုတဲ့ စကားလုံးကို ကြားရုံနဲ့တင် ထိတ်လန့်တုန်လှုပ်တတ်ကြတာကြောင့် သူတို့ကိုယ်တိုင် လက်ပါဖို့ မလိုခဲ့တာ ဖြစ်တယ်။

ဒါပေမဲ့ ဒီလိုမျိုး တုံ့ဆိုင်းနေတဲ့ ခဏအတွင်းမှာပဲ လူအားလုံးက တွန်းလှဲတာကို ခံလိုက်ရပြီး အဲဒီနောက်မှာတော့ ရှုပ်ထွေးလှတဲ့ ခြေသံတွေက နင်းဖြတ်သွားကြတော့တယ်။

ခဏချင်းအတွင်းမှာပဲ ထိတ်လန့်သံတွေ နာကျင်စွာ အော်ဟစ်သံတွေ မြင်းဟီသံတွေက ရောထွေးသွားပြီး ရုန်းရင်းဆန်ခတ် ဖြစ်ရပ်ကြီး စတင်ပါတော့တယ်။

"မင်းတို့က ရိက္ခာတွေကို ဘာလို့ ကာကွယ်နေတာလဲ။ အမတ်မင်းကို မြန်မြန် ကာကွယ်ကြစမ်း" ကျန်းရှစ်ဖုက မြင်းရထားထဲကနေ အော်ဟစ်နေတယ်။

သူ့ရဲ့ လူယုံတွေက မြင်းရထားကို မောင်းထွက်ဖို့ ကြံစည်ကြပေမဲ့ ကံဆိုးစွာနဲ့ မြင်းက လန့်သွားတာကြောင့် အမိန့်ကို မနာခံတော့ပါဘူး။ ခဏချင်းအတွင်းမှာပဲ ဒုက္ခသည်တွေက မြင်းရထားပေါ်ကို တွားတက်လာကြပြီး ရထားထဲမှာ အဖိုးတန်အရာတွေ ရှိလိမ့်မယ်လို့ ထင်မှတ်နေကြတယ်။

"သူတို့ကို သတ်ကြစမ်း သတ်ပစ်ကြ"

အဲဒီတော့မှ အချို့သောသူတွေက သတိဝင်လာပြီး လက်ပါကြတော့တယ် ဒါပေမဲ့ ဒုက္ခသည်တွေကလည်း အလျှော့ပေးမယ့်သူတွေ မဟုတ်ကြဘဲ အလွန်ပဲ ရက်စက်ကြမ်းကြုတ်စွာ ပြန်လည်တိုက်ခိုက်ကြတယ်။ မင်းက ငါ့ကို ဓားနဲ့ခုတ်ရင် ငါ့မှာ ဓားမရှိရင် မင်းကို သေအောင် ကိုက်မယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။ အဲဒီသူတွေထဲက လူယုံတစ်ယောက်ကတော့ လည်ချောင်းကို အစိမ်းလိုက် အကိုက်ခံရပြီး အသက်ဆုံးရှုံးသွားခဲ့ရတယ်။

သွေးတွေကို မြင်လိုက်ရတဲ့ ဒုက္ခသည်တွေက ပိုပြီး စိတ်ကြွလာကြပြီး မြေပြင်က နတ်ဆိုးတွေလို ဖြစ်နေကြတယ်။

သွေးသံရဲရဲ ဖြစ်နေတဲ့ ဒုက္ခသည်တွေက ပိုလို့တောင် စိတ်လှုပ်ရှားလာကြပြီး "သူတို့ကို သတ်ကြ" လို့ အော်ဟစ်ရင်း ရုံးစေတွေဆီကနေ ဓားကို လုယူကြတော့တယ်။ အဲဒီအချိန်မှာ မြင်းကလည်း လန့်သွားပြီး ခွာတွေကို ရမ်းခါရင်း ထွက်ပြေးဖို့ ကြိုးစားတော့တယ်။

ကျန်းရှစ်ဖုက မြင်းရထားပေါ်ကနေ လွင့်စဉ်ကျလာပြီး မြေပြင်ပေါ်မှာ အကြိမ်အနည်းငယ်လောက် လိမ့်သွားခဲ့တယ်။

သူက အသက်ရှူပင် မဝတော့ဘဲ သေလုနီးပါး ဖြစ်သွားရတယ်။

အဲဒီအချိန်မှာ အခြေအနေက ပြောင်းလဲသွားခဲ့ပြီး အချို့သောသူတွေက ဒုက္ခသည်တွေရဲ့ ရက်စက်မှုကို ကြောက်တာကြောင့် ထွက်ပြေးသွားကြတော့တယ်။

တစ်ယောက်က ထွက်ပြေးတဲ့အခါ ကျန်တဲ့သူတွေလည်း လိုက်ပြီး ထွက်ပြေးကြတော့တယ်။ ကျန်းရှစ်ဖုကိုတော့ မြေပြင်ပေါ်မှာ ပစ်ထားတာ ခံလိုက်ရပြီး ဘယ်သူမှ ဂရုမစိုက်ကြတော့ပါဘူး။

ဒုက္ခသည်တွေက အဲဒီလူတွေ ထွက်ပြေးသွားတာကို မြင်တဲ့အခါ ရထားပေါ်က ရိက္ခာတွေကို ရူးမတတ် လုယူကြတော့တယ်။

ဒါပေမဲ့ လူနှစ်ယောက်ကတော့ ရိက္ခာလုရာကို မသွားဘဲ ဓားတွေကို ကိုင်ဆောင်ပြီး တစ်ကိုယ်လုံး နာကျင်နေကာ ခြေထောက်လည်း ကျိုးနေပုံရတဲ့ ကျန်းရှစ်ဖုဆီကို လျှောက်လှမ်းလာကြတယ်။

"မင်းတို့... မင်းတို့ ဘာလုပ်ချင်တာလဲ"

"မင်းကို အသေခံခိုင်းမလို့ပေါ့"

အဲဒီလူနှစ်ယောက်က ထူးဆန်းတဲ့ အပြုံးတစ်ခုကို ပြရင်း ဓားတွေကို ဝှေ့ယမ်းပြီး ခုတ်ချလိုက်ကြတယ်။

238 05

ကျန်းရှစ်ဖုရဲ့ စိတ်ထဲမှာ ရုတ်တရက် အသိဝင်လာခဲ့တယ်။ ဒီသူတွေက ဒုက္ခသည်တွေ မဟုတ်ကြဘဲ တစ်စုံတစ်ယောက်က သူ့ကို လုပ်ကြံခိုင်းတာ ဖြစ်တယ်ဆိုတာကို သိလိုက်ရပေမဲ့ အချိန်နှောင်းသွားခဲ့ပါပြီ။

သူက ရင်ဘတ်မှာ နာကျင်မှုကို ခံစားလိုက်ရပြီး မျက်စိရှေ့မှာ မှောင်မည်းသွားတော့တယ်။

ကျန်းရှစ်ဖု နောက်တစ်ခေါက် နိုးလာတဲ့အခါမှာတော့ နာကျင်မှုကြောင့် နိုးလာတာ ဖြစ်တယ်။

သူက အတန်ကြာအောင် ဝေဝေဝါးဝါး ဖြစ်နေပြီးမှ မိမိကိုယ်ကိုယ် ဘုရားရှိခိုးကျောင်း ပျက်တစ်ခုထဲမှာ ရောက်နေတာကို သိလိုက်ရတယ်။

ဘေးနားမှာ လူတစ်ယောက် ထိုင်နေပြီး မီးမွှေးနေတယ် သူ ထိုင်ဖို့ ကြိုးစားပေမဲ့ မထနိုင်ဘဲ နာကျင်စွာ အော်ဟစ်ပြီး နောက်ကို ပြန်လဲကျသွားခဲ့တယ်။

"နိုးလာပြီလား"

အဲဒီလူက လျှောက်လှမ်းလာခဲ့တယ်။ ကျန်းရှစ်ဖုက ဒီလူကို တစ်နေရာရာမှာ တွေ့ဖူးတယ်လို့ ထင်နေမိပြီးမှ လွန်ခဲ့တဲ့ နှစ်ရက်က စီရင်စုအုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ခဲ့တဲ့ လူမှန်း သိလိုက်ရတယ်။

အဲဒါက ခြေမသန် မျက်စိတစ်ဖက်လည်း မမြင်ရတဲ့ အမာရွတ်နဲ့ အမျိုးသားပါပဲ။

"မင်းက ငါ့ကို ကယ်လိုက်တာလား" သူက အံ့အားသင့်စွာ မေးလိုက်တယ်။

"တကယ်တော့ ငါက ခင်ဗျားကို မကယ်ချင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားကို မေးစရာ ကိစ္စတစ်ခု ရှိနေလို့ ခင်ဗျားက လောလောဆယ် အသက်ရှင်နေဖို့ လိုနေတာ”

"မင်းက"

"ဘာလဲ ကျန်းဦးလေးက ငါ့ကို မမှတ်မိတော့ဘူးလား။ ငါ မောက်ရှန်း လေ”

ကျန်းရှစ်ဖုရဲ့ ဦးနှောက်ထဲမှာ ဗုံးတစ်လုံး ပေါက်ကွဲသွားသလို ခံစားလိုက်ရတယ်။

...

"ကျန်းဦးလေး ကျွန်တော်က ဘာလို့ စာဖတ်တာ အစ်ကိုကြီးတို့လောက် မတော်တာလဲ။ အဖေက ကျွန်တော့်ကို မချစ်တော့ဘူး"

"လူတိုင်းမှာ ကိုယ်စီ အရည်အချင်းရှိကြတာပဲ။ မောက်ရှန်းက စာမဖတ်ချင်ရင်လည်း မဖတ်နဲ့တော့ ကိုယ်ဝါသနာပါတာကိုပဲ လုပ်ပေါ့”

"ဒါပေမဲ့ အဖေက ပြောတယ်၊ အရာရာမှာ ပညာတတ်တာကမှ အမြတ်ဆုံးတဲ့”

"ဒါကတော့..."

"အဖေက ပြောသေးတယ်။ အကယ်၍ သူနဲ့ ဦးလေးသာ စာကို သေသေချာချာ ဖတ်ခဲ့မယ်ဆိုရင် အခုအချိန်မှာ သူက မြစ်ကြောင်းထိန်း အရာရှိလေးပဲ ဖြစ်နေမှာ မဟုတ်သလို ဦးလေးလည်း စာရေးအရာရှိလေးပဲ ဖြစ်နေမှာ မဟုတ်ဘူး အရာရှိကြီးတွေ ဖြစ်နေကြမှာတဲ့”

အဲဒီတုန်းက သူက ခရိုင်တစ်ခုလုံးကို အုပ်ချုပ်ရတဲ့ အရာရှိ မဟုတ်သေးဘဲ အရာရှိကြီးတွေရဲ့ လက်အောက်မှာ အလုပ်လုပ်ရတဲ့ စာရေးအရာရှိ မျှသာ ဖြစ်တယ်။

ဒီရာထူးကို ရခဲ့တာကလည်း သူ့မှာ ရှို့ချိုင်ဘွဲ့ ရှိတာကြောင့်ဖြစ်ပြီး ကျန်းမိသားစုက အဲဒီဒေသမှာ အဆက်အသွယ် အနည်းငယ် ရှိတာကြောင့် အိမ်က ငွေကုန်ကြေးကျခံပြီး သူ့ကို ရာထူးတစ်ခု ဝယ်ပေးထားတာ ဖြစ်တယ်။

ဟူကျိန်းယန်က စာမဖတ်နိုင်တာကြောင့် ဟူမိသားစုက အဆက်အသွယ် ရှာပေးပြီး သူ့ကို မြစ်ကြောင်းထိန်း အရာရှိ ရာထူးကို ရအောင် လုပ်ပေးခဲ့တယ်။

မိသားစု နှစ်စုက မျိုးရိုးစဉ်ဆက် ခင်မင်လာခဲ့ကြသူတွေ ဖြစ်သလို ခရိုင်တစ်ခုတည်းမှာလည်း ရှိနေကြတာကြောင့် ဒီရာထူးအနိမ့်လေးတွေနဲ့ နှစ်ပေါင်းများစွာ အတူတူ အမှုထမ်းခဲ့ကြတယ်။

238 06

အဲဒီအချိန်အတွင်း သူတို့နှစ်ယောက်က တစ်ဦးကိုတစ်ဦး ကူညီဖေးမခဲ့ကြတယ်။ ဟူကျိန်းယန်က မြစ်ကြောင်းထိန်း အရာရှိ ရာထူးနဲ့ပဲ အဆုံးသတ်ခဲ့ပေမဲ့ သူကတော့ စာရေးအရာရှိဘဝကနေ တဖြည်းဖြည်းနဲ့ ခရိုင်ဝန် ရာထူးအထိ တက်လှမ်းနိုင်ခဲ့တယ်။

ဟူမိသားစုမှာ ကလေး သုံးယောက် ရှိရာမှာ အကြီးဆုံးနဲ့ အလတ်က စာဖတ်တာ တော်ကြပေမဲ့ ကျန်းရှစ်ဖုကတော့ အငယ်ဆုံးဖြစ်တဲ့ ဟူမောက်ရှန်းကိုပဲ အထူးတလည် ချစ်ခင်ခဲ့တယ်။

ဒါကြောင့်ပဲ ဟူကျိန်းယန်ကို စာမဖတ်ချင်တဲ့ ဟူမောက်ရှန်းကို အတင်းအကျပ် မတိုက်တွန်းဖို့ ဖျောင်းဖျခဲ့ဖူးတယ်။ သူက ဓားရေးလှံရေး ဝါသနာပါတာ သိလို့ အထူးတလည်ပဲ ကိုယ်ခံပညာ ဆရာကိုတောင် ရှာဖွေပေးခဲ့ဖူးတယ်။

မူလကတော့ အမြဲတမ်း ခင်မင်သွားကြမယ်လို့ ထင်ခဲ့ပေမဲ့ ဘယ်လို အမှားတွေကြောင့်မှန်းမသိဘဲ အဲဒီရှန့်လို့ခေါ်တဲ့လူရဲ့စကားကို သူ နားယောင်မိခဲ့တယ်။

သူက မူလက လိမ်လည်ဖို့ပဲ ကြံစည်ခဲ့ပေမဲ့ ဟူကျိန်းယန်က အလွန်ပဲ ပါးနပ်သူဖြစ်တာကြောင့် ကိစ္စတွေက တစ်ဝက်လောက် ရောက်ချိန်မှာ သူ ရိပ်မိသွားခဲ့တယ်။ သူက သူ့ကို မေးခွန်းထုတ်တဲ့အခါ သူ ဘာပြန်ပြောရမှန်း မသိဖြစ်နေတုန်း အဲဒီရှန့်လို့ခေါ်တဲ့ လူက ဟူမိသားစုဝင်တွေကို သုံးပြီး ခြိမ်းခြောက်ကာ ဟူကျိန်းယန်ကို ယွီချန်ခရိုင်က မြစ်တာတမံကို ဖောက်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့တယ်။

အဲဒီညက မိုးသည်းထန်စွာ ရွာနေခဲ့တယ်။ ဟူကျိန်းယန်က အသေခံတဲ့အထိ မလိုက်နာတာကြောင့် အဲဒီရှန့်လို့ခေါ်တဲ့ လူက ဒေါသထွက်ပြီး ဟူကျိန်းယန်ကို သတ်ခိုင်းလိုက်ပြီး ကျန်နေတဲ့ မြစ်ကြောင်း အလုပ်သမားတွေကို ခြိမ်းခြောက်ပြီး တာတမံကို ဖောက်ခိုင်းလိုက်တော့တယ်။

သူက အဲဒီတုန်းက ဆွံ့အသွားခဲ့ရတယ်။ သတိပြန်ဝင်လာတဲ့ အခါမှာတော့ မြစ်တာတမံ ပွင့်သွားတာကြောင့် ရေလွှမ်းမိုးမှုတွေ ရောက်လာခဲ့ပါပြီ သူက ရှန့်ချုတို့ လူအုပ်စုနောက်ကို အမှီလိုက်ပြီး ထွက်ပြေးခဲ့ရလို့သာ အသက်ရှင် ကျန်ရစ်ခဲ့တာ ဖြစ်တယ်။

သတ်ဖြတ်မှု စတင်လိုက်ပြီ ဖြစ်တာကြောင့် လူတစ်ယောက်တည်းနဲ့ အဆုံးသတ်မှာ မဟုတ်ပါဘူး။ ဟူကျိန်းယန်နဲ့ အပြစ်မဲ့တဲ့ မြစ်ကြောင်း အလုပ်သမား ၁၀ ယောက်ကျော်အပြင် ဟူမိသားစုဝင်တွေလည်း သတ်ဖြတ်တာ ခံလိုက်ရတယ်။

ဟူမောက်ရှန်း တစ်ယောက်တည်းပဲ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက သူက ဒဏ်ရာ အလွန်ပြင်းထန်သလို ရေထဲကိုလည်း ကျသွားခဲ့တာကြောင့် သေသွားပြီလို့ပဲ သူ ထင်မှတ်ခဲ့တာ ဖြစ်တယ်။

...

လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျန်းရှစ်ဖုက ဒီကိစ္စကို မေ့ပျောက်ဖို့ ကြိုးစားခဲ့တယ်။ သူ ပြုလုပ်ခဲ့တဲ့ အမှားတွေကိုရော သူ အချစ်ဆုံးဖြစ်တဲ့ ကလေးငယ်ကိုပါ မေ့ပျောက်ဖို့ ကြိုးစားခဲ့တယ်။

ဒါပေမဲ့ "ကျွန်တော် မောက်ရှန်း လေ" ဆိုတဲ့ စကားတစ်ခွန်းက သူ့ကို အဲဒီနှစ်တွေဆီကို နောက်တစ်ခါ ပြန်ခေါ်သွားခဲ့တယ်။

သူ့ရဲ့ရင်ထဲမှာ ဓားနဲ့ အမွှန်းခံရသလို နာကျင်နေပြီး အသက်တောင် မရှူနိုင်တော့ပါဘူး။

ဒီနာကျင်မှုက သူ့အတွက် သိပ်ကို စိမ်းသက်လှတယ်။ အဲဒီတုန်းက ကိစ္စတွေ ဖြစ်ခဲ့စဉ်ကတည်းက သူ ဒီလောက်အထိ မနာကျင်ခဲ့ဖူးပါဘူး။

ဟုတ်ပါတယ် အဲဒီတုန်းက သူ ဘာလုပ်နေခဲ့တာလဲ။

အဲဒီရှန့်လို့ခေါ်တဲ့ လူက ကတိမတည်တဲ့အပြင် လူတွေကိုလည်း သတ်ခဲ့တာကြောင့် သူလည်း အသတ်ခံရမှာကို စိုးရိမ်နေခဲ့တယ်။ သူက နေ့တိုင်း မိမိရဲ့အသက်ရှင်ဖို့အတွက်ပဲ စိုးရိမ်နေခဲ့ရပြီး အဲဒီလူနဲ့ အဆင်ပြေအောင် ဆက်ဆံခဲ့ရသလို လူကောင်းဟန်ဆောင်ပြီး ဟူမိသားစုအတွက် အထိမ်းအမှတ်ဂူလေး တစ်ခုကိုလည်း တည်ဆောက်ပေးခဲ့တယ်။ အဲဒီနောက်မှာတော့ တခြားသော ကိစ္စတွေအများကြီး ဖြစ်လာတာကြောင့် ဟူမိသားစုအကြောင်းကို လုံးဝ မစဉ်းစားမိတော့ဘူး၊ အိပ်မက်ဆိုးတွေ မက်တဲ့ အချိန်မှသာ မိမိ ဘာတွေ လုပ်ခဲ့လဲ ဆိုတာကို ပြန်သတိရတတ်တော့တယ်။

238 07

ကျန်းရှစ်ဖုက ပြင်းပြင်းထန်ထန် ချောင်းဆိုးနေပြီး ချောင်းဆိုးတဲ့ တစ်ပြိုင်နက်မှာပဲ သူ့ရဲ့ ပါးစပ်ထဲကနေ သွေးတွေအများကြီး ထွက်လာခဲ့တယ်။

"...အဲဒီလူတွေက လူမဟုတ်ကြဘူး။ သက်သေဖျောက်ဖို့အတွက် လူတွေကို သတ်ပြီး ရေထဲကို ပစ်ချခဲ့ကြတာ... ငါလည်း မင်းနဲ့ မင်းအဖေကို လိုက်ရှာဖို့ ကြံရွယ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘယ်လိုမှ ရှာလို့မတွေ့ခဲ့ဘူး..."

ဟူစန်းက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မျက်နှာက တင်းမာနေပေမဲ့ တဆတ်ဆတ်တုန်နေတဲ့ လက်တွေကိုတော့ မထိန်းနိုင်တော့ပါဘူး။ "တော်စမ်းပါ ခင်ဗျား လူကောင်းဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် မကာကွယ်ပါနဲ့တော့ ကျွန်တော့် ဟူမိသားစု တစ်စုလုံး အယောက် ၂၀ ၃၀ လောက် ကျွန်တော့် မရီးက အခုလေးတင် သားလေး မွေးထားတာ ကျွန်တော့် အစ်ကိုအလတ်က အခုမှ ရှို့ချိုင်ဘွဲ့ ရထားတာ အားလုံးကို ခင်ဗျား ဖျက်ဆီးပစ်ခဲ့တာ... ဖျက်ဆီးပစ်ခဲ့တာ..."

ကျန်းရှစ်ဖုက ရုတ်တရက် ရယ်မောလိုက်တယ်။ အဲဒီရယ်သံက ရယ်နေတာနဲ့လည်း တူသလို ငိုနေတာနဲ့လည်း တူလှပါတယ်။ "...ငါ ကိုယ့်ကိုယ်ကိုယ်အတွက် မကာကွယ်ပါဘူး။ မောက်ရှန်း မင်းရဲ့ ဦးလေးကတော်နဲ့ မင်းရဲ့ညီဖုရုံလည်း ဆုံးသွားကြပြီ။ ပြီးတော့ မင်းရဲ့ အခုမှ မွေးထားတဲ့ တူလေးလည်း ပါတာပေါ့..."

******

All Chapters