အခန်း (၂၃၉-၂၄၀)
Vol. 24 Ch. 239-240
239 01
အခန်း (၂၃၉)
ဒါက ဝဋ်လည်တာလို့ပဲ ပြောရမှာပါပဲ။
မိုးခေါင်ရေရှားတာကို ထားလိုက်ပါဦး ရေကြီးရေလျှံတာ ဖြစ်ပြီးတဲ့နောက်မှာ အမြဲတမ်းလိုလို ကူးစက်ရောဂါတွေ ပေါ်လာတတ်တာက ထုံးစံပါပဲ။ အဲဒီရောဂါဘေးတွေက များသောအားဖြင့် သိပ်ကို ပြင်းထန်ပြီး မြန်မြန်ဆန်ဆန် ကူးစက်တတ်ကြတယ်။
ကျန်းမိသားစုထဲက လူတချို့လည်း အဲဒီကူးစက်ရောဂါ ကူးစက်ခံခဲ့ရပါတယ်။
နှမြောစရာ ကောင်းတာက အဲဒီတုန်းက ကျန်းရှစ်ဖုက ဘေးဒုက္ခကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အလုပ်ရှုပ်နေခဲ့သလို မိမိကိုယ်ကိုယ် ဘယ်လို အသက်ဘေးက လွတ်အောင် လုပ်မလဲဆိုတာကိုပဲ အာရုံစိုက်နေခဲ့လို့ ဒီအရေးကို အချိန်မီ မသိခဲ့တာပါပဲ။ သူ သိလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့မြေးငယ်လေးက ဆုံးသွားခဲ့ပြီ ဖြစ်သလို အဲဒီနောက်မှာတော့ သူ့ရဲ့တစ်ဦးတည်းသော သား၊ ဇနီးသည် စသဖြင့် တစ်ယောက်ပြီး တစ်ယောက် ဆုံးသွားခဲ့ကြတော့တယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျန်းရှစ်ဖုက အိမ်ထောင်အသစ် ထပ်ထူထောင်ခဲ့ပြီး သားသမီးတွေလည်း ရခဲ့ပေမဲ့ သမီးမိန်းကလေးတွေပဲ ဖြစ်ခဲ့ပြီး သားယောကျ်ား တစ်ယောက်မှ ထပ်မရတော့ပါဘူး။ ဒါဟာ ကောင်းကင်ဘုံက သူ့ကို မျိုးဆက်ပြတ်အောင် လုပ်တာဖြစ်ပြီး ဟူမိသားစု တစ်စုလုံးရဲ့ အသက်တွေအတွက် သူ့ကို အသက်နဲ့ ပြန်ပေးဆပ်ခိုင်းတာ ဖြစ်တယ်ဆိုတာ သူ သိနေခဲ့တယ်။
ကျန်းရှစ်ဖုက တဟွတ်ဟွတ် ချောင်းဆိုးရင်း တစ်ဖက်ကလည်း လွန်ခဲ့တဲ့ နှစ်တွေက ကိစ္စတွေကို စကားအစီအစဉ် မကျဘဲ ပြောနေရှာတယ်။ အဲဒီတုန်းက သူ ခံစားခဲ့ရတဲ့ ထိတ်လန့်တာတွေ နောင်တရတာတွေ စတဲ့ အကြောင်းအရာ အစုံအလင်ကို ပြောပြနေတာ ဖြစ်ပါတယ်။
ဟူစန်းက အဲဒီစကားတွေကို ငြိမ်ငြိမ်လေး နားထောင်နေခဲ့တယ်။ သူ့ရဲ့ စိတ်ခံစားချက်တွေကတော့ မုချပင် လှုပ်ခတ်တာတွေ ရှိနေမှာ ဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ သေလူလိုပဲ အေးစက်ငြိမ်သက် သွားခဲ့ရတယ်။
"ငါ အခုလိုတွေ ပြောနေတာက မင်းဆီက ခွင့်လွှတ်တာကို လိုချင်လို့ မဟုတ်ပါဘူး... ငါ အရမ်း ပင်ပန်းနေပြီ ဟွတ်... အရမ်း ပင်ပန်းလွန်းလို့ပါ... အရမ်းကို ပင်ပန်းလှပြီ... ဒီကိစ္စတွေက ငါ့ရင်ထဲမှာ ကိန်းအောင်းနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ ငါ နှစ်တိုင်း မင်းအဖေရဲ့ အုတ်ဂူဆီကို တစ်ခေါက်တော့ သွားဖြစ်ပါတယ်... သူ့ကို စကားတွေ သွားပြောဖြစ်တယ်... ဒါပေမဲ့ အဲဒါက အဝတ်အစားတွေပဲ မြှုပ်ထားတဲ့ အထိမ်းအမှတ် ဂူလေ... မင်းအဖေက အဲဒီစကားတွေကို ကြားနိုင်ပါ့မလား နားထောင်ချင်ပါ့မလား ဆိုတာကိုတော့ ငါ မသိဘူး..."
"ကျွန်တော့်အဖေက နားထောင်မှာ မဟုတ်သလို သူ ကြားလည်း မကြားနိုင်တော့ပါဘူး"
ကျန်းရှစ်ဖုရဲ့ မျက်နှာက အရင်ဆုံး နီသွားပြီးနောက် တစ်ဖန် ပြာနှမ်းခြောက်ကပ် သွားတော့တယ်။ အတန်ကြာမှ တိုးတိုးလေး ရေရွတ်လိုက်တယ်။ "မကြားနိုင်တာကလည်း မှန်ပါတယ် ဟွတ် ဟွတ် ငါလည်း အောက်ကို ဆင်းသွားမှပဲ... သူ့ကို ထပ်ပြီး ပြောပြရတော့မှာပေါ့..."
အဲဒီလို ပြောပြီးတဲ့နောက် သူက ခေါင်းမော့လိုက်ပြီး ဟူစန်းကို စိတ်သက်သာရာ ရသလိုမျိုး အကြည့်နဲ့ ကြည့်လိုက်တယ်။ "မောက်ရှန်း မင်း... မင်း အသက်ရှင်နေသေးတယ်ဆိုတာ သိရတာ... တကယ်ကို ကောင်းတာပဲ... ငါ တစ်ခါတလေလည်း တွေးမိသား ဒီလိုနေ့မျိုး ရောက်လာနိုင်မလားလို့... ဒါပေမဲ့... ဒါပေမဲ့ ငါ တွေးကြည့်တော့လည်း... တကယ်ကို... ဝမ်းသာမိပါတယ်..."
239 02
ဟူစန်းက သူ့ကို စူးစူးစိုက်စိုက် ကြည့်နေမိတယ် ဒီမျက်နှာပေါ်မှာ လွန်ခဲ့တဲ့ နှစ်တွေက အမှတ်အသားတွေကို သူ လုံးဝ ရှာမတွေ့တော့ပါဘူး။
သူ့နည်းတူပဲ ဆယ်နှစ် ဆိုတဲ့ အချိန်ကာလက လူတိုင်းရဲ့ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲစေဖို့ လုံလောက်လှပါတယ်။
"ခင်ဗျား မသိချင်ဘူးလား။ ငါ ဘာလို့ အခုမှ ပေါ်လာရတာလဲ။ ပေါ်လာနိုင်ပါလျက်နဲ့ ဘာလို့ စောစော မပေါ်လာခဲ့တာလဲ ဘာလို့လဲဆိုတော့..."
ဟူစန်းရဲ့ အကြည့်က ကျန်းရှစ်ဖုရဲ့ ရင်ဘတ်ပေါ် ရောက်သွားတယ်၊ အဲဒီနေရာမှာ ဒဏ်ရာတစ်ခု ရှိနေပြီး သွေးတွေက အဆက်မပြတ် စီးကျနေခဲ့တယ်။
မူလကတည်းက သူက ကျန်းရှစ်ဖုရဲ့ ဒဏ်ရာကို သေသေချာချာ စည်းပေးခဲ့တာ မဟုတ်ဘဲ အဝတ်စတစ်ခုနဲ့ပဲ အကြမ်းဖျင်း ပတ်ပေးထားခဲ့တာပါ။ တစ်ဖက်လူရဲ့ စိတ်ခံစားချက်က သိပ်ပြီး ပြင်းထန်နေလို့ ဒဏ်ရာက ထပ်ပြီး ပွင့်ထွက်သွားခဲ့ရတယ်။ အဲဒီအပြာရင့်ရောင် ဝတ်ရုံရှည်ကြီးရဲ့ ရင်ဘတ်နေရာမှာ အမည်းရောင် အကွက်ကြီးက တဖြည်းဖြည်း ကျယ်ပြန့်လာနေတော့တယ်။
ကျန်းရှစ်ဖုက ခက်ခက်ခဲခဲနဲ့ ထိုင်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူသွင်းလိုက်တယ်။ "ဒါက ငါ မင်းတို့ကို ကြွေးဆပ်တာပါ ဆပ်လိုက်ရတာကပဲ ကောင်းပါတယ်... ဒီကြွေးတွေ တင်နေတာ နှစ်တွေ အများကြီး ကြာပါပြီ ငါ ပင်ပန်းလှပြီ... ဆပ်လိုက်ရတာကပဲ ကောင်းပါတယ်... မင်း အသက်ရှင်နေသေးတယ်ဆိုတာ သိရတော့ ဟူမိသားစုရဲ့ မျိုးဆက် မပြတ်တော့ဘူးပေါ့... ငါ အောက်ကို ရောက်တဲ့အခါမှာလည်း... အောက်မှာ... မင်းအဖေကို မျက်နှာမပြရဲစရာ မရှိတော့ဘူးပေါ့..."
ဟူစန်းက ရုတ်တရက် ရယ်မောလိုက်တယ်။ အဲဒီရယ်သံက လှောင်ပြောင်တာနဲ့ ရှုပ်ထွေးတဲ့ ခံစားချက်တွေနဲ့ ပြည့်နေတယ်။ "ခင်ဗျား သေသွားရုံနဲ့ ကျွန်တော့်မိသားစုအပေါ် တင်ထားတဲ့ ကြွေးအားလုံးကို ဆပ်ပြီးပြီလို့ ထင်နေတာလား မဆပ်နိုင်ပါဘူး… ခင်ဗျား တစ်သက်လုံး ဆပ်လို့ ပြီးမှာ မဟုတ်ဘူး။ အဲဒီလို မမျှော်လင့်လိုက်နဲ့ ဟုတ်တယ် ကျွန်တော်က အဲဒီလူတွေ ခင်ဗျားကို လုပ်ကြံမှာကို တမင်စောင့်ကြည့်နေခဲ့တာ။ သူတို့ လက်စသတ်တော့မယ့် အချိန်ကျမှပဲ ကျွန်တော်က ရှေ့ထွက်ပြီး တားခဲ့တာ။ ခင်ဗျား အသက်ဘေးက လွတ်တော့မလို ဖြစ်နေချိန်မှာပဲ သေခြင်းတရားကို မလွှဲမရှောင်သာ ရင်ဆိုင်လိုက်ရတဲ့ အဖြစ်ကို ကျွန်တော်က မြင်ချင်ခဲ့တာ။ ခင်ဗျားရဲ့ မျက်နှာပေါ်က ထိတ်လန့်တာနဲ့ အမူအရာတွေ ဘယ်လောက်တောင် ကောင်းမလဲဆိုတာကို ကျွန်တော် မြင်ချင်ခဲ့တာ..."
နှမြောစရာ ကောင်းတာက ဟူစန်းကို စိတ်ပျက်စေခဲ့တာပါပဲ။ သူက မိမိရဲ့ ရန်ငြိုးကို လက်စားချေနိုင်မယ့် နေ့မှာ ဖြစ်လာမယ့် မြင်ကွင်းကို အကြိမ်ကြိမ် စိတ်ကူးခဲ့ဖူးပေမဲ့ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ပါဘူး။
နာကျည်းမှု အားလုံးက တစ်ကြိမ်တစ်ခါက မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုကနေ စခဲ့တာပါ။ ကျန်းရှစ်ဖုက အာဏာရှိသူကို ကပ်ပါးချင်တဲ့ စိတ် ရှိခဲ့တယ်။ သူလည်း မူလက ဒီလို ဖြစ်လာဖို့ မရည်ရွယ်ခဲ့ပေမဲ့ ကိစ္စတွေက ပြန်ပြင်လို့ မရနိုင်တဲ့ လမ်းဆုံးကို ရောက်သွားခဲ့ရတယ်။
ဟူမိသားစုဝင်တွေထဲက သူ တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်ခဲ့တယ်၊ ကျန်းမိသားစုရဲ့ အဆုံးသတ်ကလည်း ကောင်းတာ မဟုတ်ဘူး ဒါ့အပြင် အပြစ်မဲ့တဲ့ ပြည်သူတွေ အများကြီးလည်း...
ဒီအရာ အားလုံးက လူတစ်ယောက်ကြောင့်ပဲ ဖြစ်တယ်။
တန်ခိုးအာဏာ သိပ်ကြီးပြီး စကားတစ်ခွန်းကို ရိုးရိုးလေး ပြောလိုက်ရုံနဲ့ လူအများကြီးကို ပျက်စီးစေခဲ့တဲ့သူ ဖြစ်တယ်။
"ခင်ဗျားလက်ထဲမှာ ရှိတဲ့ အရာကို ကျွန်တော် လိုချင်တယ်"
ကျန်းရှစ်ဖုက သိစိတ်အရ သူ့ကို ကြည့်လိုက်ပြီး မျက်လုံးတွေက အံ့အားသင့်တာတွေနဲ့ ပြည့်သွားတယ်။
"ခင်ဗျားလက်ထဲမှာသာ တစ်ခုခု မရှိဘူးဆိုရင် သူတို့ရဲ့ စရိုက်နဲ့ဆိုရင် ခင်ဗျားကို အသက်ချန်ထားမှာ မဟုတ်ဘူး။ အဲဒီအရာကို ကျွန်တော့်ကို ပေးပါ"
ကျန်းရှစ်ဖုရဲ့ နှုတ်ခမ်းတွေက အကြိမ်အနည်းငယ် လှုပ်သွားပြီးမှ ပြောနိုင်တော့တယ်။ "...မောက်ရှန်း ငါ မင်း ဒီနှစ်တွေအတွင်း ဘာတွေ ကြုံခဲ့ရလဲဆိုတာ မသိပေမဲ့ မင်း သူတို့ကို မယှဉ်နိုင်ပါဘူး... ယှဉ်လို့ မရဘူး မင်း တစ်ယောက်တည်းပဲ ကျန်တော့တာလေ မိုက်မဲမနေနဲ့ဦး မိုက်မဲမနေပါနဲ့..."
239 03
"ယှဉ်နိုင် မယှဉ်နိုင် ဆိုတာက ကျွန်တော့်အလုပ်ပဲ" ဟူစန်းက တိုးတိုးလေး ဟစ်ပြောလိုက်တယ်။
သူက မိမိကိုယ်ကိုယ် စိတ်လွတ်သွားတာကို သတိထားမိပုံရပြီး မျက်နှာက တစ်ဖန် ပြန်ပြီး အေးစက်မာကြော သွားပေမဲ့ ကြောက်စရာကောင်းတဲ့ အရိပ်အယောင်တွေကတော့ သွယ်ဝိုက်ပြီး ရှိနေဆဲပါပဲ။
"ကျွန်တော် ရေထဲကို ကျသွားတဲ့ အချိန်တုန်းက ဟိုရှန့်လို့ ခေါ်တဲ့လူနဲ့ သူ့လက်အောက်ငယ်သားတွေ ပြောတဲ့ စကားတွေကို ကြားခဲ့ရတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ရန်သူက ဘယ်သူလဲဆိုတာ ကျွန်တော် သိနေတာ။ အခု မယှဉ်နိုင်ရင်လည်း နောက်မှပေါ့ နောက်မှလည်း မယှဉ်နိုင်သေးရင် ကျွန်တော့်ရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံး သူတို့ကို တိုက်ခိုက်သွားမယ်။ သူတို့ကို အမြဲတမ်း စောင့်ကြည့်နေမယ် တစ်နေ့နေ့မှာတော့ သူတို့ အားလုံးကို ကျွန်တော့် ဟူမိသားစုကို ကန်တော့ဖို့အတွက် အောက်ကို ပို့ပေးရမယ်"
"မောက်ရှန်း..." ကျန်းရှစ်ဖုရဲ့ နှုတ်ခမ်းတွေက တုန်ရီလာပြီး တစ်ကိုယ်လုံးလည်း တုန်တုန်ရီရီ ဖြစ်လာခဲ့တယ်။
ဟူစန်း ပေါ်လာတဲ့ အချိန်ကစပြီး သူက အမြဲတမ်း တည်ငြိမ်စွာ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ခဲ့တယ် ဒီစကားတွေကို ကြားရတဲ့ အချိန်မှသာ ကျန်းရှစ်ဖုက ဒီနာကျည်းမှုတွေက ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း မြုပ်နေလဲဆိုတာကို သိလိုက်ရတယ်။ အရာအားလုံးရဲ့ တရားခံကတော့ သူ ဖြစ်နေတော့တာပါပဲ။
တင်းထားခဲ့တဲ့ နောက်ဆုံး အသက်ရှူသံက ချက်ချင်းပဲ လျော့ရဲသွားခဲ့တယ်။ ကျန်းရှစ်ဖုက အင်အားမရှိတော့ဘဲ အဲဒီနေရာမှာတင် မှီပြီး လဲသွားတော့တယ်။ သူ့ရဲ့ အသက်ရှူသံကလည်း သိပ်ကို အားနည်းနေပါပြီ။
"အဲဒီအရာက... ရှိတာက..."
"ဘယ်မှာလဲ" ဟူစန်းက နားထောင်ဖို့အတွက် အနားကို တိုးသွားခဲ့တယ်။
ကျန်းရှစ်ဖုက သူ့ရဲ့ လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး မျက်လုံးတွေကို အပြူးသား ဖွင့်လိုက်တယ်။ "မင်းအဖေ... မင်းအဖေရဲ့ ဂူရှေ့မှာ... မြှုပ်ထားတယ်... သူက ငါ အဲဒီမှာ ဝှက်ထားလိမ့်မယ်လို့ မထင်ထားဘူး အဲဒါကြောင့် ရှာခဲ့တာ... အကြာကြီးပဲ... ငါ့စကားကို နားထောင်ပါ... ကိုယ့်ကိုယ်ကိုယ်... ကောင်းကောင်း စောင့်ရှောက်ပါ နာကျည်းမှုတွေကြားထဲမှာ... ကိုယ့်ကိုယ်ကိုယ်... ပျက်စီးမခံပါနဲ့..."
ဒါပေမဲ့ ဒီစကားကို အဆုံးသတ်အောင် ပြောဖို့ ကံမပါခဲ့ပါဘူး။ ဟူစန်းက အဲဒီလက်ကလေးမှာ ရုတ်တရက် အင်အားမရှိတော့ဘဲ လျောကျသွားတာကို ခံစားလိုက်ရတယ်။
ကျောက်အာတောင်မှ ဟူစန်းရဲ့ ထူးခြားတဲ့ အမူအရာကို သတိထားမိလို့ ရွှီထင်းရှန်းကို မမေးဘဲ မနေနိုင်တော့ဘူး။ "သူ ဒီရက်ပိုင်းမှာ ဘာဖြစ်နေတာလဲ ကျွန်မ ကြည့်ရတာ တစ်မျိုးပဲ"
ရွှီထင်းရှန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး။ "ဘာမှမဟုတ်ပါဘူး ပင်ပန်းနေလို့ ဖြစ်မှာပါ"
"ဒါဆိုရင်လည်း ဟူစန်းကို အနားယူခိုင်းလိုက်ဦးလေ။ ဒီနှစ်တွေအတွင်း နေရာတိုင်းမှာ ကိစ္စတွေ ရှိနေတော့ သူလည်း မနားတမ်း ပြေးလွှားနေရတာ။ လူဆိုတာ သံနဲ့ လုပ်ထားတာမှ မဟုတ်တာ အနားယူဖို့ လိုတာပေါ့"
"အင်း ငါ သိပါပြီ ခဏနေရင် သူ့ကို တွေ့တဲ့အခါ ငါ ပြောလိုက်ပါ့မယ်"
အခုအချိန်မှာတော့ အောက်ခြေက ကိစ္စအားလုံးက တဖြည်းဖြည်းနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဖြစ်ပြီး နယ်မြေအသီးသီးက ရုံးတော်တွေကလည်း ဘေးသင့်ပြည်သူတွေကို နေရာချပေးဖို့ ရှေ့ထွက် လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
ကိုယ့်ဇာတိနေရပ်ကို ပြန်ချင်တဲ့သူတွေကို နေရပ်ပြန်ပို့ပေးသလို နေရပ်မပြန်ချင်တဲ့သူတွေကိုလည်း အဲဒီဒေသမှာပဲ အခြေချ နေထိုင်ခွင့် ပေးကြတယ် ။ အစိုးရက ဘေးဒုက္ခကယ်ဆယ်ရေး ရိက္ခာတွေကို ထုတ်ပေးသလို ဆန်ပြုတ်ရုံတွေကိုလည်း ဖွင့်ပေးခဲ့တယ် အချုပ်ပြောရရင် အရာအားလုံးက ကောင်းတဲ့ ဘက်ကို ဦးတည်နေပါပြီ ။
239 04
ရွှီထင်းရှန်းက ယခုတစ်ကြိမ် ဘေးဒုက္ခက သိပ်ကို ပြင်းထန်တယ်လို့ ခံစားရလို့ နယ်မြေအသီးသီးက ရုံးတော်တွေကို ရှေ့ထွက်ခိုင်းပြီး ဘေးသင့်ပြည်သူတွေကို အလုပ်နဲ့ ရိက္ခာလဲတဲ့ စနစ်နဲ့ စုစည်းစေခဲ့တယ်။ အလုပ်လုပ်တဲ့ ပြည်သူတွေက ရိက္ခာကို ပိုရနိုင်သလို မျိုးစေ့တွေ ဘာတွေလည်း ရနိုင်တယ် နယ်မြေအသီးသီးမှာလည်း ရေသိုလှောင်ဖို့အတွက် ကန်တွေကို တူးစေခဲ့တယ်။
အထူးသဖြင့် မြစ်ဝါမြစ် တစ်လျှောက်က မြို့နယ်တွေမှာ မြစ်ရေ ခန်းနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး မြစ်အောက်ခြေက နုန်းတွေကိုလည်း ဆယ်ယူ ရှင်းလင်းစေခဲ့တယ် ဒီလို လုပ်တာကြောင့် နောက်နှစ် နွေရာသီ ရေကြီးချိန်မှာ နုန်းတွေ ပိတ်နေလို့ ရေလျှံပြီး ကမ်းပါးပြိုမယ့်အရေးကို မစိုးရိမ်ရတော့ပါဘူး။
ယခုရက်ပိုင်းအတွင်း ရွှီထင်းရှန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ရှိနေပြီး လက်အောက်က အရာရှိတွေကို ပြည်သူကို သားသမီးလို ချစ်တဲ့သူတွေ ဖြစ်ကြတယ်။ အစွမ်းကုန် ကြိုးစားကြတယ် ဆိုတဲ့ ချီးမွမ်း စကားတွေလည်း ခဏခဏ ပြောခဲ့တယ်။
ဒါပေမဲ့ အောက်ခြေက လူတွေ ဘယ်လို တွေးနေကြလဲ။ အဲဒီသူဌေးကြီးတွေ ဘယ်လို တွေးနေကြလဲ ဆိုတာကတော့ သူနဲ့ မဆိုင်သလိုပဲ ဘာမှ မသိဟန် ဆောင်နေခဲ့တယ်။
ဒါနဲ့ နှိုင်းယှဉ်ရင် ရှန့်ချုရဲ့ အခြေအနေကတော့ သိပ်ကို စိတ်ရှုပ်စရာ ကောင်းနေပါတော့တယ်။
ကျန်းကျစ်ယိကတော့ ရူးမတတ် ဖြစ်နေပြီး အကြိမ်ပေါင်းများစွာ အလုပ်က ထွက်ချင်တယ်လို့ ပြောခဲ့တယ်။ သူတို့ အားလုံးက ကြိုးတစ်ချောင်းတည်းမှာ ချည်ထားခံရတဲ့ နှံကောင်တွေလို ဖြစ်နေကြတာမို့ ကျန်းကျစ်ယိလည်း မလွတ်နိုင်သလို သူလည်း မပြေးနိုင်ပါဘူး ။ အခုလို အရေးကြီးတဲ့ အချိန်မှာတော့ အာဃာတအားလုံးကို ဘေးဖယ်ပြီး ဒီအခက်အခဲကို အတူတူ ကျော်လွှားဖို့ပဲ ရှိတော့တယ်။
ကံကောင်းတာက ရွှီထင်းရှန်း ပြနေတဲ့ အမူအရာက။ "ဒီထဲမှာ မရိုးသားတာတွေ အများကြီး ရှိနေတယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ ငါက မင်းတို့ကို မျက်နှာသာ ပေးထားတယ် မင်းတို့ဘာသာ ဖြေရှင်းကြ။ ကောင်းကောင်း ဖြေရှင်းနိုင်ရင်တော့ ဒီကိစ္စကို ဘာမှမဖြစ်ခဲ့သလို ငါ သဘောထားပေးမယ် ကောင်းကောင်း မဖြေရှင်းနိုင်ရင်တော့ မင်းတို့ဘာသာ ကြည့်စီစဉ်ကြတော့" ဆိုတာပါပဲ။
******
240 01
အခန်း (၂၄၀)
ဆယ်လပိုင်းရဲ့ ရာသီဥတုက စတင်အေးမြလာပြီဖြစ်ပြီး မြောက်ဘက်ကို ချဉ်းကပ်လေလေ ဆောင်းရာသီရဲ့ အငွေ့အသက်က ပိုပြီးထင်ရှားလာလေလေပါပဲ။
မြို့တော်မှာ ပထမဆုံးနှင်းတွေ မကျခင်အချိန်မှာပဲ ရွှီထင်းရှန်းနဲ့ လူအုပ်စုက မြို့တော်ကို နောက်ဆုံးမှာ ပြန်ရောက်လာခဲ့ကြတယ်။
ထုံးစံအတိုင်း မြို့တော်ကိုဝင်ပြီးတဲ့နောက်မှာ အရင်ဆုံးနန်းတော်ကိုဝင်လို့ ဧကရာဇ်မင်းမြတ်ကို ဖူးမြော်ရမှာ ဖြစ်တယ်။
ကျောက်အာက အထုပ်အပိုးတွေကို သိမ်းဖို့ အိမ်ကိုပြန်သွားပြီး ရွှီထင်းရှန်းကတော့ အရင်တစ်ခေါက်ကလိုပဲ နန်းတော်ကို ဝင်သွားခဲ့တယ်။ ဒါပေမဲ့ အခုတစ်ခေါက်မှာတော့ အရင်တစ်ခေါက်နဲ့ မတူတော့ဘဲ ကျောက်အာက မိုးချုပ်တဲ့အထိ စောင့်နေပေမဲ့ ရွှီထင်းရှန်း ပြန်လာတာကို မတွေ့ရဘူး။
အဲဒီနောက်မှာ လူလွှတ်ပြီး သတင်းစုံစမ်းခိုင်းလိုက်တဲ့အခါမှ တစ်စုံတစ်ရာ ပြဿနာပေါ်နေပြီဆိုတာ သိလိုက်ရတယ်။
တိတိကျကျ ဘယ်လိုပြဿနာ ဖြစ်နေလဲဆိုတာ မသိရပေမဲ့ အချုပ်ပြောရရင် ကိစ္စက မသေးပါဘူး။ အခု မြို့ထဲမှာ စိုးရိမ်ထိတ်လန့်မှုတွေ ပျံ့နေပြီး ဧကရာဇ်ကျားချန် ဒေါသထွက်နေတဲ့ပုံပဲလို့ ဆိုကြတယ်။
"မေမေ ဖေဖေက ဘာလို့ အခုထိ ပြန်မလာသေးတာလဲ”
ကျောက်အာ ခရီးထွက်နေတဲ့ လအနည်းငယ်အတွင်း ကလေးငယ်နှစ်ယောက်ကို ကျောက်တိတို့ ဇနီးမောင်နှံကပဲ ပြုစုစောင့်ရှောက်ပေးခဲ့တာ ဖြစ်တယ်။ ဟုန်အာကလည်း ပြန်မရောက်သေးပါဘူး။ သူက ရှစ်လပိုင်းမှာ ခရိုင်အဆင့်စာမေးပွဲ ဖြေခဲ့ရပြီး အခု ဆယ်လပိုင်းလဆန်းပိုင်း ဖြစ်တာကြောင့် နောက်ထပ် ရက်နည်းနည်းကြာရင် ပြန်ရောက်လာမှာ ဖြစ်တယ်။
"သမီးဖေဖေက နန်းတော်ထဲမှာ ရှိနေသေးတာပါ။ နင်နင် ဗိုက်ဆာနေပြီလား မေမေ ထမင်းချက်ခိုင်းလိုက်မယ်လေ”
နင်နင်က သူမရဲ့ ဝမ်းဗိုက်လေးကို ပွတ်ရင်း ခဏစဉ်းစားပြီး ပြောလိုက်တယ်။ "နင်နင် ဗိုက်မဆာသေးပါဘူး ဖေဖေ့ကိုပဲ စောင့်ကြရအောင်”
ဒါပေမဲ့ ရွှီထင်းရှန်းက သူ့ရဲ့သမီးငယ်ကို စိတ်ပျက်စေဖို့ ကံပါလာခဲ့တယ် မီးဖိုချောင်က ညစာပြင်ပြီးလို့ တစ်မိသားစုလုံး အတန်ကြာ စောင့်နေပေမဲ့ သူ ပြန်လာတာကို မတွေ့ရတာကြောင့် နောက်ဆုံးမှာ ကျောက်အာက သူ့ကိုမစောင့်ဘဲ အရင်စားကြဖို့ ပြောလိုက်တော့တယ်။
အခုအချိန်မှာ မြို့ထဲမှာ စိုးရိမ်ထိတ်လန့်မှုတွေ ပျံ့နေရုံတင်မကဘဲ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ဘေးကင်းဖို့အတွက်တောင် စိုးရိမ်နေကြရပြီ ဖြစ်တယ်။
ဘယ်လိုကိစ္စတွေ ဖြစ်နေလဲဆိုတာ မသိရပေမဲ့ ကျင်းယီဝေ့တွေကတော့ လှုပ်ရှားလာခဲ့ကြပြီ ဖြစ်တယ်။
အစိုးရအဖွဲ့က အဆင့်မြင့်အရာရှိကြီး နည်းနည်းက ဖမ်းခံလိုက်ရပြီဖြစ်ပြီး အချို့က ကိုယ့်ရုံးခန်းတွေမှာ ဖမ်းခံရသလို အချို့ကတော့ အိမ်တွေမှာ ဖမ်းခံခဲ့ရတယ်။ အဲဒီသူတွေထဲမှာ အာဏာအရှိဆုံးဖြစ်တဲ့ ဝူအမတ်ချုပ်ကြီးလည်း ပါနေခဲ့တယ်။
ဒီလိုနဲ့ ဝူအမတ်ချုပ်ကြီးက တစ်စုံတစ်ရာ အမှားကျူးလွန်ခဲ့ပြီဆိုတာကို လူတိုင်း သိသွားကြတော့တယ်။
ဒါပေမဲ့ ဘယ်လိုအပြစ်ကို ကျူးလွန်ခဲ့တာလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။
ဖမ်းခံရတဲ့ အရာရှိတွေကိုလည်း နန်းတော်ကိုဖြစ်စေ ဒါမှမဟုတ် ပြစ်မှုဆိုင်ရာဝန်ကြီးဌာနနဲ့ တရားစီရင်ရေးဌာန တို့ကိုဖြစ်စေ မပို့ဘဲ ချန်ထျန်းတံခါး အနီးမှာရှိတဲ့ ကျင်းယီဝေ့ရဲ့ မြောက်ဘက်စုံစမ်းစစ်ဆေးရေးဌာနကို တိုက်ရိုက် ပို့ပြီး ချုပ်ထားခဲ့တယ်။
နန်းတွင်းမိန်းမစိုးဌာနက အစိုးရအဖွဲ့ထဲမှာ တဖြည်းဖြည်း ဩဇာညောင်းလာတာနဲ့အမျှ ဧကရာဇ်ကျားချန်က ကျင်းယီဝေ့ကို လူအများရှေ့ကို တင်ပြဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ အရာရှိတွေရဲ့ ကန့်ကွက်မှုကိုပဲ ရခဲ့တယ်။
240 02
ဒီစာပေပညာရှင် အရာရှိကြီးတွေက 'ကျင်းယီဝေ့' ဆိုတဲ့ စကားလုံးအပေါ်မှာ သိပ်ကို စိုးရိမ်ကြတယ်။ သူတို့က မိန်းမစိုးဌာနကို သည်းခံနိုင်ပေမဲ့ ကျင်းယီဝေ့ကိုတော့ သည်းမခံနိုင်ကြဘူး။
ဘာလို့လဲဆိုတော့ သူတို့အမြင်မှာ မိန်းမစိုးတွေက ဘယ်လောက်ပဲ ဘေးဥပဒ်ပေးပါစေ နောက်ဆုံးမှာ ကျွန်တွေပဲမို့ စကားပြော ငြင်းရုံပဲ ရှိတယ်။ ဒါပေမဲ့ ကျင်းယီဝေ့ရဲ့ လက်ထဲမှာတော့ ဓားရှိနေပြီး အသက်ဘေးကိုပါ ခြိမ်းခြောက်နိုင်လို့ပါပဲ။
ဒါပေမဲ့ ဧကရာဇ်ကျားချန် လုပ်ချင်တဲ့ ကိစ္စက မအောင်မြင်ဘဲ မနေပါဘူး။
ဒါကြောင့် အခုအခါမှာ ကျင်းယီဝေ့က သိုသိုသိပ်သိပ် ရှိနေပေမဲ့ ကိုယ့်ဘာသာ သီးခြားရုံးတော် ရှိနေပြီဖြစ်ပြီး မြောက်ဘက်စုံစမ်းစစ်ဆေးရေးဌာနကတော့ သူ့လက်အောက်က ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းပါပဲ။
ဒီနေရာက လူအများရှေ့မှာ မပေါ်တာ ကြာပြီဖြစ်တာကြောင့် ဒီမြောက်ဘက်စုံစမ်းစစ်ဆေးရေးဌာနက ဧကရာဇ်ရဲ့အမိန့်အရ သီးသန့်ချုပ်နှောင်စစ်ဆေးတဲ့ နေရာဆိုတာကို လူတွေတောင် မေ့နေခဲ့ကြပြီ ဖြစ်တယ်။
ဒီကိစ္စကြောင့် ဆူညံမှုတွေ ပေါ်လာပြီး အချို့သော အမတ်တွေက ဟိုဟိုဒီဒီ သွားလာကာ နောက်ဆုံးမှာ စုပေါင်းပြီး နန်းတော်ကို ဝင်တွေ့ဖို့ ကြိုးစားခဲ့ကြတယ်။
ဧကရာဇ်ကျားချန်က သိပ်ကို ဒေါသထွက်နေတာကြောင့် သူတို့ကို မတွေ့တာက ပိုပြီးကြီးမားတဲ့ ထိတ်လန့်မှုကို ဖြစ်စေခဲ့တယ်။
ဒီလိုမျိုး စတင်လိုက်ပြီဆိုရင် နောက်နောင်မှာ ကိုယ့်အိမ်မှာ အေးဆေး ထိုင်နေရုံနဲ့ အကြောင်းပြချက်မရှိဘဲ ကျင်းယီဝေ့ရဲ့ ဖမ်းတာကို ခံရမလားဆိုပြီး စိုးရိမ်နေကြတယ်။ ဒါ့အပြင် ဝူအမတ်ချုပ်ကြီးရဲ့ အပေါင်းအပါတွေလည်း သိုသိုသိပ်သိပ်နဲ့ လှုပ်ရှားနေကြတာကတော့ ပြောနေစရာတောင် မလိုပါဘူး။
ရွှီထင်းရှန်းက သန်းခေါင်ကျော်မှပဲ အိမ်ကို ပြန်ရောက်လာပြီး အဲဒီအချိန်မှာ ကျောက်အာက အိပ်ပျော်နေပြီ ဖြစ်တယ်။
သူတို့နှစ်ယောက်က စကားများများစားစား မပြောဖြစ်ဘဲ အနားယူလိုက်ကြတယ်။
နောက်တစ်နေ့ မနက်စောစော မိုးမလင်းခင်မှာပဲ ရွှီထင်းရှန်းက အိမ်က ထွက်သွားခဲ့တယ်။
တစ်ချိန်တည်းမှာပဲ မနက်ခင်းညီလာခံမှာ ဝူအမတ်ချုပ်ကြီးနဲ့ တခြားသူတွေ ဘာလို့ ဖမ်းခံရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆူပူမှုတွေ ဖြစ်နေခဲ့တယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က ကိစ္စတစ်ခုကြောင့် ဝူအမတ်ချုပ်ကြီး ပါဝင်ပတ်သက်နေလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။ ကိစ္စက လောလောဆယ်မှာ ရှင်းလင်းမှု မရှိသေးပေမဲ့ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိဘဲ ဧကရာဇ်ကျားချန်ရဲ့ စရိုက်အရ ဒီလောက်အထိ ကြီးမားတဲ့ လှုပ်ရှားမှုကို လုပ်မှာ မဟုတ်ပါဘူး။
အချို့သော အမတ်တွေကတော့ ဝူအမတ်ချုပ်ကြီးက ကြီးမားတဲ့ အပြစ်ကို ကျူးလွန်ခဲ့တယ်ဆိုရင်တောင် ကျင်းယီဝေ့က ဖမ်းချုပ်ထားဖို့ မသင့်ဘဲ ပြစ်မှုဆိုင်ရာဝန်ကြီးဌာန ဒါမှမဟုတ် တရားစီရင်ရေးဌာနကို လွှဲပြီး စစ်ရမယ်လို့ တင်ပြကြတယ်။
ဧကရာဇ်ကျားချန်က စကားတစ်ခွန်းမှ မပြောဘဲ အဲဒီလိုပြောတဲ့ အမတ်ကို စိုက်ကြည့်ပြီး အေးစက်စွာ ရယ်လိုက်တာကြောင့် တစ်ဖက်လူလည်း ဆက်ပြောဝံ့တာ မရှိတော့ဘူး။
ဒီလောက်ကြီးမားတဲ့ အမှုကြီးမှာ ဩဇာအာဏာကြီးတဲ့ အမတ်ချုပ်ကြီး ပါဝင်ပတ်သက်နေလို့ ဘယ်သူကမှ ပြစ်မှုဆိုင်ရာဝန်ကြီးဌာနနဲ့ တရားစီရင်ရေးဌာနတို့က ဘက်လိုက်မှု ကင်းပါ့မယ်လို့ မပြောဝံ့ကြဘူး။ ဘာလို့လဲဆိုတော့ ဝူအမတ်ချုပ်ကြီးက တစ်ပြည်လုံးမှာ တပည့်တွေအများကြီး ရှိတယ်လို့ ကျော်ကြားတဲ့သူ မဟုတ်လား။
240 03
ညီလာခံအပြီးမှာ အမတ်တွေရဲ့ စိတ်က မတည်မငြိမ် ဖြစ်နေကြတယ်။
အကယ်၍ ဒီကိစ္စက အမှန်စင်စစ် ဖြစ်နေရင် ဒါဟာ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ့် အပြစ်ကြီးပါပဲ။
ဝူယုံ သူ တကယ်ပဲ ရဲတင်းလွန်းလှတယ်။
တစ်ချိန်တည်းမှာပဲ ရွှီထင်းရှန်းကလည်း အမတ်တွေရဲ့ အာရုံစိုက်မှုကို ရလာခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က အမှုဟောင်းကို သူ ဘယ်လို ရှာတွေ့ခဲ့တာလဲ။ ဧကရာဇ်မင်းမြတ်က သူ့ကို ယခုတစ်ကြိမ် ဘေးဒုက္ခကယ်ဆယ်ရေးအတွက် စေလွှတ်ခဲ့တာက ဒီကိစ္စအတွက်ပဲလား။
ဒီအရာအားလုံးက အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေပါတော့တယ်။
မြို့တော်ကို ပြန်ရောက်တာ ရက်နည်းနည်းပဲ ရှိသေးတဲ့ အရင် ကျဲ့ကျန်းနယ်ရဲ့ အန်းကျယ်ရှီဟောင်း ဖြစ်တဲ့ ယဲ့ကျွိအာကို ဟဲနန်ကို အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်ဖို့ အမိန့်တော်စာ ထွက်လာတယ်။ ဒါဟာ ကျားချန် ၁၉ နှစ်ရဲ့ ရှုပ်ထွေးလှတဲ့ ကိစ္စရပ်တွေအတွက် အစပျိုးလိုက်တာပါပဲ။
ဟဲနန်က အရာရှိတွေက တစ်ယောက်ပြီး တစ်ယောက် ရာထူးက ဖယ်ရှားခံခဲ့ရတယ်။ နယ်စားမင်းကြီးကနေစလို့ အောက်ခြေခရိုင်ဝန်တွေအထိ ပါဝင်ပတ်သက်သူ များလှတာကြောင့် ဧကရာဇ်ကျားချန်က ဒီဒေသကို အလုံးစုံ ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ထားတဲ့ပုံပါပဲ။
ရှန့်ချု၊ ကျန်းကျစ်ယိနဲ့ လုယန်ရှို့တို့ကို ဖမ်းပြီး မြို့တော်ကို ခေါ်လာတာနဲ့အတူ တစ်ပြည်လုံးက မတည်မငြိမ် ဖြစ်လာခဲ့တယ်။
ရက်နည်းနည်းကြာ ငြင်းခုံကြပြီးတဲ့နောက်မှာ ဧကရာဇ်ကျားချန်ကလည်း တစ်ဆင့် ဆုတ်ပေးခဲ့တယ်။ ပါဝင်ပတ်သက်နေတဲ့ အရာရှိတွေကို မြောက်ဘက်စုံစမ်းစစ်ဆေးရေးဌာနက ကိုယ်တိုင်စစ်မှာ ဖြစ်ပေမဲ့ တရားစီရင်ရေးဌာနနဲ့ ပြစ်မှုဆိုင်ရာဝန်ကြီးဌာနတို့က လူလွှတ်ပြီး ပါဝင်စစ်ဆေးခွင့် ပြုခဲ့တယ်။
ယခုတစ်ကြိမ် အမှုမှာ အဓိက စစ်ဆေးသူရယ်လို့ သီးသန့်မရှိဘဲ ပြစ်မှုဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး ယင်နျန်၊ တရားစီရင်ရေးဌာန ဝန်ကြီး ဝမ်ချုံယောင်တို့နဲ့အတူ ကျင်းယီဝေ့ တပ်မှူးချုပ် တုကျိဖုန်းနဲ့ အိမ်ရှေ့စံရဲ့ ဆရာ ရွှီထင်းရှန်းတို့က ပူးပေါင်း စစ်ဆေးကြမှာ ဖြစ်ပါတယ်။
ရွှီထင်းရှန်း မြို့တော်ကို ပြန်ရောက်တာ တစ်လနီးပါး ရှိခဲ့ပြီဖြစ်ပြီး အခုမှ သူ မြောက်ဘက်စုံစမ်းစစ်ဆေးရေးဌာနကို ပထမဆုံးအကြိမ် ခြေချတာ ဖြစ်သလို ဒီနေရာမှာ ချုပ်ခံထားရတာ ကြာပြီဖြစ်တဲ့ ဝူအမတ်ချုပ်ကြီးကို ပထမဆုံးအကြိမ် တွေ့တာလည်း ဖြစ်ပါတယ်။
မြောက်ဘက်စုံစမ်းစစ်ဆေးရေးဌာနရဲ့ ငရဲခန်းက မြေအောက်မှာ ရှိပြီး အရင်မင်းဆက်ရဲ့ အဆောက်အဦဟောင်း ဖြစ်ကာ နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့လို့ အလွန်ပဲ မှောင်မည်းပြီး ကြောက်စရာ ကောင်းလှတယ်။
မီတာတစ်ခုကျော်လောက်ပဲ ကျယ်တဲ့ လမ်းကျဉ်းလေးက လူနှစ်ယောက် ယှဉ်လျှောက်ဖို့ပဲ လုံလောက်တယ်။ ဘေးတစ်ဖက်တစ်ချက်က နံရံတွေက ထူးဆန်းတဲ့ အမည်းရောင် သန်းနေပြီး ပြုပြင်တာ မရှိသလိုမျိုး ရှိနေသလို သွေးတွေ စိမ့်ဝင်နေခဲ့သလားလို့တောင် ထင်ရတယ်။
ဒီလမ်းကျဉ်းက အလွန်ပဲ ရှည်လျားပြီး အချိန်အတော်ကြာ လျှောက်ပြီးမှပဲ အဆုံးကို ရောက်ခဲ့တယ်။
စစ်ဆေးတဲ့ ခန်းမတစ်ခုကို ရောက်တဲ့အခါ လူအနည်းငယ်က တစ်ယောက်ပြီး တစ်ယောက် ထိုင်လိုက်ကြပြီး ခဏအကြာမှာ လူတစ်ယောက်က ဝူအမတ်ချုပ်ကြီးကို ခေါ်လာခဲ့တယ်။
ဝူအမတ်ချုပ်ကြီးက အရောင်မှိန်နေပြီဖြစ်တဲ့ အပြာရောင် ချည်သားအပေါ်အင်္ကျီကို ဝတ်ထားပြီး ဖြူစပြုနေတဲ့ ဆံပင်တွေကို ထုံးထားတယ်။ တစ်ယောက်ယောက်က သူ့ကို သေချာ ပြင်ပေးထားခဲ့တဲ့ပုံပါပဲ။ အရင်က အဆင့်အမြင့်ဆုံး အရာရှိကြီး တစ်ယောက် ဖြစ်ခဲ့ပေမဲ့ ဒီနေ့မှာ အကျဉ်းသားဘဝ ရောက်နေတာက ကြည့်ရတဲ့သူတွေအဖို့ ရင်နင့်စရာ ပါပဲ။
240 04
"မတ်တပ်ရပ်ပြီး စကားပြောစမ်း” ထောင်စောင့်က အော်လိုက်ပြီး ဘေးနားမှာ သွားရပ်နေခဲ့တယ်။
အထက်မှာ ထိုင်နေတဲ့ သူတွေက အောက်မှာ ရှိနေတဲ့ သူကို ရှုပ်ထွေးတဲ့ စိတ်နဲ့ ကြည့်နေကြသလို အောက်က သူကလည်း အထက်က သူတွေကို အဲဒီလိုပဲ ကြည့်နေခဲ့တယ်။
"ဘာမေးချင်လဲ မေးစမ်းပါ ငါ နောက်တစ်ကြိမ် ထပ်ပြောမယ် ဒီကိစ္စက တစ်စုံတစ်ယောက်က ငါ့ကို တမင်တကာ မဟုတ်မတရား စွပ်စွဲတာပဲ။ ငါနဲ့ ဘာမှမဆိုင်ဘူး”
စွပ်စွဲတယ်လို့ ပြောတဲ့အခါ ဝူအမတ်ချုပ်ကြီးရဲ့ အိုမင်းတဲ့ မျက်လုံးတွေက အဆိပ်ခတ်ထားသလားလို့ ထင်ရအောင် ရွှီထင်းရှန်းကို စိုက်ကြည့်ပြီး ဆက်တိုက် အေးစက်စွာ ရယ်လိုက်တယ်။ "အမတ်မင်းရွှီ မင်း ငါ့အပေါ်မှာ ရန်ငြိုးထားနေတာ ကြာပြီဆိုတာ ငါသိပါတယ် မင်းက ဘာဖြစ်လို့ ငါ့ကို တမင် ဒုက္ခပေးချင်နေရတာလဲ”
ဝူအမတ်ချုပ်ကြီးက ဒီလို ပြောလာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင်လည်း အမှန်ပဲ ဖြစ်နိုင်တယ်။ ဟဲနန်နယ်ရဲ့ ကိစ္စကို ရွှီထင်းရှန်းက ယူလာတာ ဖြစ်ပြီး သူတို့နှစ်ယောက်ကြားမှာ ရန်ငြိုးဟောင်းတွေ ရှိနေတာက လက်ရှိ အခြေအနေကို သိတဲ့သူတိုင်း သိကြတာပဲ။
တခြားအရာတွေကို မပြောချင်သေးပေမဲ့ ပင်လယ်ကမ်းရိုးတန်းဒေသမှာ နစ်နာခဲ့ရတဲ့ အမတ်တွေက မနည်းပေမဲ့ ဘယ်သူမှ ဝူအမတ်ချုပ်ကြီးလောက် နစ်နာတာ မရှိခဲ့ဘူး။ ကျဲ့ကျန်းနယ် တစ်ခုတည်းမှာတင် သူ့ရဲ့ တပည့်အများကြီးက ရာထူးက ပြုတ်သွားခဲ့ရတယ်။ ဖူကျန်း နဲ့ ကွမ်တုန်း နယ်မြေနှစ်ခုကိုတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။
ဝူအမတ်ချုပ်ကြီးက ရွှီထင်းရှန်းကို တစ်စစီ ဆွဲဖြဲပစ်ချင်နေတာက မဆန်းပေမဲ့ ဘယ်သူမှ မထင်ထားဘဲ ရွှီထင်းရှန်းက ဝူအမတ်ချုပ်ကြီးကို အိုးထဲကို အရင်ဆုံး ထည့်လိုက်တာ ဖြစ်နေတယ်။
အရှေ့ဆုံးမှာ ကုလားထိုင်ကြီး လေးလုံး ချထားတယ် နှစ်လုံးက အလယ်မှာ ဖြစ်ပြီး ကျန်နှစ်လုံးက ဝဲယာတစ်ဖက်တစ်ချက်မှာပါ။
ယင်နျန်နဲ့ ဝမ်ချုံယောင်တို့က ဝါရင့်အရာရှိကြီးတွေမို့ အလယ်မှာ ထိုင်ကြပြီး တုကျိဖုန်း နဲ့ ရွှီထင်းရှန်း တို့က ဘေးတစ်ဖက်တစ်ချက်မှာ ထိုင်ကြတယ်။ ဒါပေမဲ့ ယခုတစ်ကြိမ် စစ်ဆေးမှုမှာ ဒီနှစ်ယောက်က အဓိက ဆိုတာကို လူတိုင်း သိကြပြီး ပြစ်မှုဆိုင်ရာဝန်ကြီးဌာနနဲ့ တရားစီရင်ရေးဌာနတို့က ဘေးက ကြည့်တဲ့သူတွေပါပဲ။
စစ်ဆေးခံရတဲ့သူက အဓိက စစ်ဆေးသူ တစ်ယောက်က ရန်ငြိုးနဲ့ လက်စားချေနေတာ ဖြစ်တယ်လို့ ပြောလာရင် ဒီအမှုကို ဆက်စစ်ဖို့ ခက်သွားပြီး ရွှီထင်းရှန်းက ရှောင်ပေးရမယ့် သဘော ရှိနေတယ်။
ဒါပေမဲ့ ရွှီထင်းရှန်းက အေးဆေးစွာ ပြုံးပြီး ပြောလိုက်တယ်။ "အမတ်မင်းဝူ ပြောတာ မှားနေပါပြီ။ ကျွန်တော်မျိုးနဲ့ အမတ်မင်းကြားမှာ ရန်ငြိုးရန်စ မရှိပါဘူး။ ကျွန်တော်မျိုးက ဘာလို့ တမင် ဒုက္ခပေးရမှာလဲ။ ကျွန်တော်မျိုးလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနှစ်က ကိစ္စကို သိခဲ့ရတာပါ။ ဟိုရှန့်ချုက အလုပ်လုပ်တာ မသေချာလို့သာ မြို့ဝန် တစ်ယောက်ကိုတောင် လုပ်ကြံဖို့ လူလွှတ်တာကို ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သားက မတော်တဆ တွေ့သွားခဲ့တာပါ”
ဒါက အပြင်ပန်း အကြောင်းပြချက်ဖြစ်ပြီး တစ်ပြည်လုံး သိကြပါတယ်။
"ဒါဆိုရင် အမတ်မင်းရွှီက ငါ့ကို ရန်ငြိုးမထားဘူးလို့ ပြောရဲသလား"
"ကျွန်တော်မျိုးက ဘာလို့ ရန်ငြိုးထားရမှာလဲ။ ကျွန်တော်တို့ကြားမှာ ရန်ငြိုးမရှိပါဘူး။ အမတ်မင်းဝူက မြို့တော်မှာ အမြဲရှိနေပြီး ကျွန်တော်ကတော့ အပြင်မှာပဲ တာဝန်ထမ်းဆောင်နေရတာပါ။ ဆက်ဆံမှုလည်း မရှိသလို ရန်ငြိုးလည်း မရှိပါဘူး။ အမတ်မင်းဝူအနေနဲ့ တခြားသူတွေကို ဆွဲမထည့်ပါနဲ့တော့ ဒါက အမှုစစ်ဆေးရာမှာ ဘာမှ အထောက်အကူ မဖြစ်ပါဘူး”
ဝူအမတ်ချုပ်ကြီးမှာ ဆွံ့အသွားခဲ့ရတယ်။
240 05
ဟုတ်ပါတယ် သူနဲ့ ရွှီထင်းရှန်းကြားမှာ ရန်ငြိုးရှိပေမဲ့ ဒီရန်ငြိုးကို လူအများရှေ့မှာ ပြောလို့ မရဘူး။ ရွှီထင်းရှန်းက သူ့ရဲ့ ကိစ္စကြီးတွေကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့တယ်။ သူ့ရဲ့တပည့်အများကြီးကို ရာထူးက ဖြုတ်ခဲ့တယ်။ ဝူမိသားစုမှာ ငွေတွေအများကြီး ဆုံးရှုံးခဲ့ရပြီး ကျန်းနန်က ဝူမိသားစုဝင်တွေက အလွန်ပဲ ဆင်းရဲဒုက္ခ ရောက်နေကြရတယ် လို့ သူ ပြောမှာလား။
အဲဒီလိုပြောတာက ကိုယ့်ကိုယ်ကိုယ် ကူညီရာမရောက်ဘဲ ကိုယ့်ကိုပဲ ပြန်ပြီး ဒုက္ခပေးရာ ရောက်ပါလိမ့်မယ်။
အထက်မှာ ပြုံးပြီး ကြည့်နေတဲ့ လူငယ်လေးကို ကြည့်ရင်း ဝူအမတ်ချုပ်ကြီးက အလွန်ပဲ နာကျည်းပြီး သူ့ရဲ့အသားကို စားလို့ သွေးကို သောက်ချင်နေမိတယ်။ ဒေါသတွေ ငယ်ထိပ်ကို ရောက်သွားတဲ့အခါ သူက ပြောလိုက်တယ်။ "အဲဒီနှစ်တုန်းက ငါက မင်းကို သမက်အဖြစ် တော်ချင်ခဲ့တာ။ ဒါပေမဲ့ မင်းက ငြင်းခဲ့တယ်။ အဲဒါကြောင့်လည်း မင်းက အတွင်းအမတ် ဘဝကနေ နယ်ဘက်ကို ရာထူးချခံခဲ့ရတာ။ မင်းရဲ့ စိတ်ထဲမှာ ငါ့ကို ရန်ငြိုးထားနေတာ ကြာလှပြီ”
ဒီစကား ထွက်လာတဲ့အခါ ယင်နျန်နဲ့ တခြားသူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဒီလိုမျိုး အမှုဟောင်း ရှိနေတာကို မထင်မှတ်ခဲ့ကြဘူး။
ပြန်စဉ်းစားကြည့်ရင်လည်း အဲဒီတုန်းက ရွှီထင်းရှန်းက စာမေးပွဲ အဆင့်ဆင့်မှာ ပထမ ရခဲ့လို့ အလွန်ပဲ ထင်ရှားခဲ့တယ်။ ဝူအမတ်ချုပ်ကြီးမှာလည်း အိမ်မှာ မုဆိုးမဖြစ်နေတဲ့ သမီးတစ်ယောက် ရှိတာကို လူတိုင်း သိကြတယ်။ အဲဒီလိုဆိုရင် ဒါဟာ ကောင်းတဲ့ ဖူးစာတစ်ခု ဖြစ်နိုင်တယ်။ အရည်အချင်းရှိတဲ့ လူငယ်လေးနဲ့ အဖေကောင်းရှိတဲ့ မိန်းကလေးတို့ လက်ထပ်ကြရင် ဝူအမတ်ချုပ်ကြီးလည်း သမက်ကောင်းတစ်ယောက် ရမှာပေါ့။
ဒါပေမဲ့ မမှားဘူးဆိုရင် ဒီရွှီထင်းရှန်းက အိမ်ထောင်ရှိပြီးသား ဖြစ်တယ်။ အဲဒီတုန်းက စာမေးပွဲ ပထမရတဲ့သူက သူ့ရဲ့ သားငယ်ကို ခေါ်ပြီး မြို့ထဲလှည့်လည်ခဲ့တဲ့ ကိစ္စက ဒီနေ့အထိ လူပြောများနေတုန်းပါပဲ။
ဒီဝူအမတ်ချုပ်ကြီးက တစ်ဖက်လူကို သဘောကျလို့ လင်မယားနှစ်ယောက်ကို ခွဲဖို့ ကြံစည်ခဲ့တယ်။ ငြင်းခံရတဲ့အခါမှာလည်း ဒေါသထွက်ပြီး လူငယ်လေးကို ဒုက္ခပေးခဲ့တာက တကယ်ကို လူယုတ်မာ တစ်ယောက်ပါပဲ။
အမှန်တော့ ဝူအမတ်ချုပ်ကြီးက လူယုတ်မာ ဟုတ်မဟုတ် ဆိုတာကိုတော့ တခြားသူတွေ မသိနိုင်ပေမဲ့ အတူတူ အမှုထမ်းလာတဲ့သူတွေကတော့ မသိဘဲ မနေနိုင်ကြဘူး။ ဒါပေမဲ့ ဒီလူက ဟန်ဆောင် ကောင်းလွန်းလို့ အခုမှ ကိုယ့်အပြစ်ကို ကိုယ် ပြန်ဖော်နေတာက အဆုံးစွန်ကို ရောက်နေပြီ ဆိုတာ ပြနေပါတော့တယ်။
ယင်နျန်နဲ့ဝမ်ချုံယောင်တို့ရဲ့ မျက်လုံးတွေမှာ သနားစရာ အကြည့်တွေ ရှိနေခဲ့တယ်။
ဒီအရာက ဝူအမတ်ချုပ်ကြီးကို ပိုပြီးဒေါသထွက်စေခဲ့ပြီး ရင်ထဲက သွေးတွေ ဆူပွက်လာခဲ့တယ်။ ဒါပေမဲ့ သူက ဒီအရာတွေကို ဂရုမစိုက်နိုင်တော့ဘူး သိက္ခာထက် အသက်ရှင်ဖို့က ပိုအရေးကြီးတယ်။ သူ သိလိုက်ပြီ အခုတစ်ခေါက်မှာ သူ သွားပြီ ဧကရာဇ်ကျားချန်က ဒီလောက်အထိ လုပ်လိုက်ပြီဆိုရင် သူ့ကို လွှတ်ပေးဖို့ စိတ်ကူးရှိမှာ မဟုတ်ဘူး။
ဒါပေမဲ့ ဘယ်လို စစ်မလဲ။ ဘယ်သူက စစ်မလဲ ဆိုတာကတော့ သူ့ရဲ့ အသက်ရှင်ဖို့အတွက် သိပ်ကို အရေးကြီးပါတယ်။
အခြေအနေ ကောင်းရင် ရာထူးက အနားယူပြီး နေရပ်ပြန်ခွင့် ရနိုင်ပေမဲ့ အခြေအနေ မကောင်းရင် မိသားစုတစ်ခုလုံး သတ်ခံရနိုင်တဲ့အထိ ဖြစ်နိုင်တယ်။ ဝူအမတ်ချုပ်ကြီးရဲ့ စရိုက်အရ ဘယ်လိုလုပ် အရှုံးပေးပါ့မလဲ။
"အမတ်မင်းဝူ ပြောတာ ထပ်ပြီး မှားနေပြန်ပါပြီ။ ကျွန်တော်မျိုးက ဘာလို့ အမတ်မင်းကို ရန်ငြိုးထားရမှာလဲ။ အမတ်မင်းရဲ့ ကျေးဇူးကြောင့်သာ မဟုတ်ရင် ကျွန်တော်မျိုးက အခုအချိန်မှာ ဟန်လင်းကျောင်းတော် ဒါမှမဟုတ် အတွင်းအမတ်ရုံးမှာပဲ လက်ဖက်ရည် တည်ခင်းပေးနေရတဲ့သူ ဖြစ်နေဦးမှာပါ။ ကျွန်တော်မျိုး ဘာလို့ ဒီနေရာမှာ ထိုင်နိုင်ပါ့မလဲ။ ဘာလို့ ဒီမြွေနဂါးဝတ်ရုံကို ဝတ်နိုင်ပါ့မလဲ။ ဘာလို့ အဆင့် (၂) အရာရှိကြီး ဖြစ်လာပါ့မလဲ။ ပြီးတော့... အမတ်မင်းက အောက်မှာ ကျွန်တော်မျိုးက အထက်မှာ ဘာလို့ ဖြစ်နေပါ့မလဲ။ သေချာစဉ်းစားကြည့်ရင်တော့ ကျွန်တော်မျိုးက အမတ်မင်းဝူရဲ့ ကျေးဇူးတွေကိုတောင် အများကြီး တုံ့ပြန်ရဦးမှာပါ”
240 06
ရွှီထင်းရှန်းက ပြုံးပြီး လက်အုပ်ယှက် နှုတ်ဆက်လိုက်တာကြောင့် ဝူအမတ်ချုပ်ကြီးက နောက်ဆုံးမှာ သွေးအန်ပြီး မြေပြင်ပေါ်မှာ လဲကျသွားပါတော့တယ်။
ဒီလိုမျိုး အခြေအနေမှာ ဆက်ပြီး စစ်ဖို့ မဖြစ်နိုင်တော့ဘူး။
တုကျိဖုန်းက လူလွှတ်ပြီး ဝူအမတ်ချုပ်ကြီးကို ဆေးကုပေးဖို့ သမားတော် ခေါ်ခိုင်းလိုက်ပြီး စစ်ဆေးတဲ့ အမတ်တွေလည်း ငရဲခန်းထဲက ထွက်လာခဲ့ကြတယ်။
ယင်နျန်နဲ့ဝမ်ချုံယောင်တို့က အလုပ်ကိစ္စတွေ ရှိနေလို့ နှုတ်ဆက်ပြီး အမြန် ထွက်သွားကြကာ ရွှီထင်းရှန်းနဲ့တုကျိဖုန်း တို့ကတော့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့ကြတယ်။
"အမတ်မင်းရွှီ သူ့ကို အဲဒီလောက်အထိ ဒေါသထွက်အောင် မလုပ်သင့်ဘူး။ သူက အသက်ကြီးနေပြီ အကယ်၍ တစ်ခုခု ဖြစ်သွားရင် ဒီအမှုကို ဆက်စစ်လို့ ရမှာ မဟုတ်တော့ဘူး”
အမှု ဆက်စစ်လို့ မရတာက ကိစ္စမရှိပေမဲ့ ဧကရာဇ်ကျားချန်ရဲ့မျက်နှာ ပျက်ရတာကတော့ အဓိက ပါပဲ။
ဧကရာဇ်ကျားချန်က ဒီလောက်အထိ လုပ်ခဲ့တာက ဧကရာဇ်ရဲ့အရှိန်အဝါကို ပြချင်တာ ဖြစ်သလို ကျင်းယီဝေ့ကို လူအများရှေ့မှာ တရားဝင် ပေါ်ထွက်လာစေဖို့ အကြောင်းပြချက် ပေးချင်တာလည်း ဖြစ်တယ်။ အကယ်၍ တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်သွားရင် ဧကရာဇ်ကတော့ မုချ ဒေါသထွက်ပါလိမ့်မယ်။
အဲဒီအချိန်မှာ တုကျိဖုန်းနဲ့ရွှီထင်းရှန်း တို့နှစ်ယောက်လုံးက ဧကရာဇ်ရဲ့ အမျက်တော်ကို ခံရပါလိမ့်မယ်။
တုကျိဖုန်းက ဧကရာဇ်ရဲ့လူယုံအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ နေလာခဲ့သူမို့ သခင်ရဲ့စရိုက်ကို ကောင်းကောင်း သိနေတာကြောင့် ဒီလို သတိပေးစကား ပြောလိုက်တာ ဖြစ်ပါတယ်။
ရွှီထင်းရှန်းကလည်း အဲဒီစကားရဲ့ အဓိပ္ပာယ်ကို နားလည်ပါတယ်။
သူက နည်းနည်း ပြုံးလိုက်ပြီး ပြောလိုက်တယ်။ "ဒီလူက အစိုးရအဖွဲ့ထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ နေလာခဲ့သူဖြစ်ပြီး အလွန်ပဲ ပါးနပ်ပြီး ရက်စက်တဲ့သူပါ။ အမတ်မင်းတုက သူ့ရဲ့ ဟန်ဆောင်မှုအောက်မှာ လှည့်စားခံလိုက်ရတာလား။ သူ ပြောသမျှ စကားတိုင်းမှာ ရည်ရွယ်ချက် တစ်ခုခု အမြဲရှိနေတတ်တယ်။ ကျွန်တော်တို့ထဲမှာ သူ့ဘက်တော်သား တစ်ယောက်ယောက် ရှိနေတယ်လို့ ယူဆနိုင်သလို သူက ဒီစကားတွေကတစ်ဆင့် အပြင်ကို သတင်းပေးနေတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကျွန်တော့်ကို စစ်ဆေးသူအဖြစ်ကနေ ဖယ်ရှားခိုင်းပြီး သူ့အတွက် အကျိုးရှိမယ့်သူကို အစားထိုးခိုင်းဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်။ သူဟာ လမ်းဆုံးသွားလို့ စကားအမှား ပြောနေတာလို့တော့ လုံးဝ မထင်လိုက်ပါနဲ့”
"အမတ်မင်းရွှီရဲ့ ဆိုလိုရင်းက"
ရွှီထင်းရှန်းက ခြေလှမ်းကို ရပ်လိုက်ပြီး တုကျိဖုန်းကို ပြုံးပြီး ကြည့်လိုက်တယ်။ "ဒီလူရဲ့ စိတ်ဓာတ်က သာမန်မဟုတ်ဘူး။ သူ့ကို ဒေါသထွက်အောင် လုပ်ပြီး လှုံ့ဆော်မှသာ သူရဲ့အမှားတွေကို ရှာတွေ့နိုင်မှာ ဖြစ်တယ်။ ပြီးတော့ ဒီလိုလူမျိုးက ဒီလောက်နဲ့ သေမှာ မဟုတ်ပါဘူး။ အမတ်မင်းတု စိတ်ချပါ။ သူက သေဖို့ ဝန်လေးနေမှာပါ”
အဲဒီလို ပြောပြီးနောက် ရွှီထင်းရှန်းက မျက်နှာကို ပြန်ပြီး တည်ငြိမ်စေလိုက်ပေမဲ့ မျက်လုံးထဲမှာတော့ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ရှိနေခဲ့တယ်။
လူတစ်ယောက်ရဲ့ အသက်ရှင်ချင်စိတ်က စိတ်ကူးထားတာထက် ပိုပြီး ကြီးမားလှပါတယ်။ အမှန်တော့ သူ့ရဲ့ အိပ်မက်ထဲမှာတော့ ဝူအမတ်ချုပ်ကြီးကို ဖြုတ်ချနိုင်ခဲ့ပေမဲ့ ဖြောင့်မတ်တဲ့ နည်းလမ်းကို မသုံးခဲ့ဘူး။ အဲဒီတုန်းက သူက ဝူအမတ်ချုပ်ကြီးကို အလွန်ပဲ မုန်းနေပေမဲ့ ဝူမိသားစုရဲ့ အင်အားကို မစွန့်လွှတ်နိုင်တာကြောင့် သူ့ရဲ့လက်ဖက်ရည်ထဲမှာ ဆေးခတ်ခဲ့တာကြောင့် နောက်ဆုံးမှာ ဝူအမတ်ချုပ်ကြီးက အိပ်ရာထဲမှာ လဲနေခဲ့ရတယ်။
240 07
ခန္ဓာကိုယ်လည်း မလှုပ်နိုင် စကားလည်း မပြောနိုင်တာတောင်မှ သူက ဆယ်နှစ်နီးပါးအထိ အသက်ဆက်ခဲ့ပါသေးတယ်။
"တကယ်တော့ သူ အခုလို ဆူပူလိုက်တာကလည်း ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ အပြင်မှာ ဘယ်သူတွေ ပါဝင်ပတ်သက်နေသေးလဲဆိုတာကို သိခွင့်ရသွားတာပေါ့။ ဒါပေမဲ့ အမတ်မင်းတု အနေနဲ့ ဒီလောက်နဲ့ပဲ စိတ်အေးမနေပါနဲ့ဦး ဒီနေရာမှာ ရပ်တန့်လို့ ရပေမယ့် တခြားနေရာတွေမှာတော့ ရပ်လို့ မရပါဘူး”
တုကျိဖုန်းက ရွှီထင်းရှန်းကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်တယ်။ "အမတ်မင်းရွှီရဲ့ ဆိုလိုရင်းက"
"အခု တစ်ပြည်လုံးက မျက်လုံးတွေက ဒီငါးကြီးတွေကိုပဲ စိုက်ကြည့်နေကြတာ။ ဒါပေမဲ့ အောက်ခြေက ငါးကလေးတွေ ပုစွန်ကလေးတွေကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ကျွန်တော်တို့က ဒီအခွင့်အရေးကို အသုံးချနိုင်ပါတယ်၊ ခြပုရွက်တွေ များလာရင် ဆင်ကိုတောင် ကိုက်သတ်နိုင်တယ်ဆိုတာကို သိထားရမယ်”
"အမတ်မင်းရွှီရဲ့ အကြံက တကယ်ကို ကောင်းလှပါတယ်၊ ကျွန်တော် အခုပဲ အောက်ကို ဆင်းပြီး စီစဉ်လိုက်ပါ့မယ်”
******