အခန်း (၁၈၂၁-၁၈၂၂)
Vol. 183 Ch. 1821-1822
အခန်း (၁၈၂၁) - ရှဲ့ကျစ်ဌာနသို့ တစ်ကျော့ပြန်
"ဪ... ဒါဆို မင်းက ဝမ်ချုံစန်းရဲ့ လက်ပါးစေရဲ့ လက်ပါးစေ ပေါ့လေ"
ဖန့်တိန်၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး ခပ်ပြုံးပြုံးဖြင့် ဆိုသည်။
"ဝမ်ချုံစန်းက ဒီနှစ်တွေအတွင်း အေးအေးဆေးဆေး နေနေတာ မဟုတ်ဘူးပဲ။ ဝမ်မျိုးနွယ်စုထဲမှာ ထူးခြားတဲ့ နောက်ခံရှိပေမဲ့ အရေးပေးမခံရတဲ့အပြင် လူအများစုရဲ့ မျက်စိစပါးစပ်စူး ဖြစ်နေတဲ့ကောင်က... နှစ်ပေါင်း ၂၀၀ ကျော်အတွင်းမှာတင် ဝမ်မျိုးနွယ်စုဝင် တစ်ရာကျော်ကို သတ်ပစ်ခဲ့ပြီးပြီ။
မီးနတ်ဘုရားမျိုးနွယ် နဲ့ ပတ်သက်နေတဲ့ သစ္စာဖောက်တွေကို အတင်းအကျပ် ရှင်းထုတ်ပစ်လိုက်တာကြောင့် အခုဆိုရင် အဘက်ဘက်က သူ့ကို အထင်ကြီးနေကြတာ။ ဖန့်သူတော်စင်တစ်ပိုင်းနဲ့ လော့ရွှယ်သူတော်စင်တို့ကတောင် သူ့ကို အားကိုးကြလို့ ကင်းလှည့်စစ်ဆေးရေးဌာနကိုတောင် သူ့လက်ထဲ ထည့်ပေးထားတာလေ"
ဖန့်ချန် စိတ်ထဲ၌ လှုပ်ရှားသွားသည်။ ကြည့်ရတာ ဤကာလတွင် ဝမ်ချုံစန်းသည် ဝမ်မျိုးနွယ်စုထဲ၌ စတင် ခြေကုပ်ရနေပြီ ဖြစ်သည်။ ထိုစဉ်က ပေဖုန်းတောင်ကုန်းတွင် သူ စတင် နာမည်ကြီးလာခဲ့ခြင်း ဖြစ်နိုင်ပေသည်။
"မင်းက ဝမ်ချုံစန်းရဲ့လူ ဖြစ်နေပြီး ဒီလိုအချိန်မှာမှ ချောင်ရှန်းမျှော်စင်ကို ရောက်လာတယ်ဆိုတော့... ငါတို့ ဖန့်မျိုးနွယ်စုရဲ့ ရှဲ့ကျစ်ကျင့်ကြံသူ တစ်ယောက်ယောက် သူ့လက်ထဲ ကျရောက်သွားလို့လား သူ မင်းကို လွှတ်လိုက်တာက သတင်းစုံစမ်းခိုင်းတာလား၊ ဒါမှမဟုတ် သာမန် ငါးစာအဖြစ်ပဲ သုံးလိုက်တာလား "
ဖန့်တိန်က အေးဆေးစွာ မေးလိုက်သည်။
ဖန့်ချန် ခဏမျှ စဉ်းစားပြီး ရိုးရိုးသားသားပင် ဖြေလိုက်သည်။
"ကျွန်တော်လည်း မသိပါဘူးဗျာ၊ ဒါပေမဲ့ နှစ်မျိုးလုံး ဖြစ်နိုင်မယ် ထင်ပါတယ်"
"အလကား စကားတွေ ငါက သူ့ကို သတင်းစုံစမ်းခိုင်းတာပဲ၊ ဒီကောင်လေးရဲ့ ဦးနှောက်ကလည်း မင်းလိုပဲ မစိုမပြေနဲ့"
ဝေးရာတွင် ရှိနေသော ဝမ်ချုံစန်းသည် ဤမြင်ကွင်းကို မြင်သောအခါ မနေနိုင်ဘဲ ချန်ဖေးဖေ (ဝတုတ်) ကို စိုက်ကြည့်လိုက်သည်။ ချန်ဖေးဖေမှာမူ ချက်ချင်းပင် အပြစ်ကင်းစင်သည့် မျက်နှာပေးလေး လုပ်ပြနေတော့သည်။
...
"မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ငါးစာလုပ်ဖို့ပဲဖြစ်ဖြစ်၊ သတင်းစုံစမ်းဖို့ပဲဖြစ်ဖြစ် နိမ့်လွန်းနေသေးတယ်။ ပုံမှန်ဆိုရင် ဝမ်ချုံစန်းက မင်းကို လွှတ်မှာ မဟုတ်ဘူး။ မင်းမှာ တခြား ထူးခြားတဲ့ အခြေအနေတစ်ခုခု ရှိနေရမယ်"
ဖန့်တိန်က ဖန့်ချန်ကို အထက်အောက် အကဲခတ်လိုက်သည်။
"ကျွန်တော်ကလည်း ဖန့်မျိုးနွယ်စုက ဖြစ်နေလို့ ဖြစ်ပါလိမ့်မယ်"
ဖန့်ချန်က ဆိုသည်။
"ဖန့်မျိုးနွယ်စု ဟုတ်လား"
ဖန့်တိန်၏ မျက်နှာ တည်သွားပြီး ဖန့်ချန်၏ လက်မောင်းကို ချက်ချင်း ဖမ်းဆွဲလိုက်ကာ သူ၏ လက်ဝါးမှတစ်ဆင့် သွေးနီရောင် အလင်းတန်းတစ်ခုကို ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။
နောက်တစ်ခဏတွင် ဖန့်ချန်၏ လက်ကောက်ဝတ်ပေါ်၌ တိုတမ် ပုံသဏ္ဌာန်ရှိသော အနီရောင် လိုင်းများ ပေါ်ထွက်လာသည်။
ဝမ်ချုံစန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်ဝန်းထဲတွင် ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာသည်။ အရာအားလုံးမှာ သူ တွက်ချက်ထားသည့်အတိုင်းပင်။
ချန်ဖေးဖေမှာမူ အနည်းငယ် အံ့သြသွားသော်လည်း ဝမ်ချုံစန်းက ဖန့်ချန်၏ နောက်ကြောင်းကို ကြိုတင် ပြောပြထားသဖြင့် သိပ်တော့ ထိတ်လန့်မသွားပေ။
"တကယ်ပဲ ငါတို့ ဖန့်မျိုးနွယ် သွေးပါနေတာပဲ"
ဖန့်တိန်က ဖန့်ချန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ
"ဘာတွေ ဖြစ်ခဲ့တာလဲ မင်းက ရှဲ့ကျစ်ကျင့်ကြံသူလား၊ ဒါမှမဟုတ် တခြားလား"
"စီနီယာ... ဒီနေရာက စကားပြောဖို့ မကောင်းဘူးဗျ"
ဖန့်ချန်က ဆိုသည်။
"အင်း... ငါနဲ့ လိုက်ခဲ့"
ဖန့်တိန်က ခေါင်းညိတ်လိုက်ပြီး ဖန့်ချန်ကို မျှော်စင်အောက်သို့ ခေါ်ဆောင်သွားတော့သည်။
ဝမ်ချုံစန်းသည် ထိုသူနှစ်ဦးကို စိုက်ကြည့်နေသော်လည်း လှေကားအောက်သို့ ရောက်သွားပြီးနောက် သူတို့နှစ်ဦးမှာ လုံးဝ ခြေရာဖျောက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ချန်ဖေးဖေမှာ ထိုအခြေအနေကို မြင်သောအခါ ပျာယာခတ်သွားပြီး
"သခင်လေး... သူတို့..."
"ဘာမှမဖြစ်ဘူး၊ သူ ပြန်လာတာကို စောင့်နေရုံပဲ"
ဝမ်ချုံစန်းက အထာကျကျ ပြုံးလိုက်သည်။
...
ဖန့်ချန်သည် မြူထူထုတစ်ခုထဲသို့ လျှောက်ဝင်သွားသလို ခံစားလိုက်ရပြီး သူ၏ မျက်စိရှေ့တွင် မြင်ကွင်းများ ပြန်လည် ရှင်းလင်းသွားသောအခါ ရှဲ့ကျစ်ဌာန သို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
သူ့ရှေ့က မြင်ကွင်းမှာ နယ်မြေကိုးခု ရှိ ရှဲ့ကျစ်ဌာနနှင့် တစ်ထပ်တည်း တူညီလှသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ဤနေရာတွင် သွားလာနေသူများမှာ ကြေးညိုရောင် တစ္ဆေမျက်နှာဖုံးများကို စွပ်ထားခြင်း မရှိကြပေ။
"ဖန့်တိန်ဦးလေး... ဒါ ဘယ်သူလဲ လူသားနယ်မြေဘက်က ဖန့်မျိုးနွယ်ဝင် တစ်ယောက်ယောက် ထပ်ပြီး ထူးခြားတဲ့ အစွမ်းတွေ ရလာလို့လား"
လူငယ်အုပ်စုတစ်စုက ပြုံးရွှင်စွာ လျှောက်လာပြီး ဖန့်ချန်ကို စပ်စုသည့် အကြည့်များဖြင့် ကြည့်ကြသည်။
ဖန့်ချန် သတိထားမိသည်မှာ ထိုလူငယ်များ၏ ကျင့်စဉ်အဆင့်မှာ မနိမ့်လှပေ။ အနိမ့်ဆုံးမှာ သူနှင့်တူညီသော အဆင့် ၅ ဖြစ်ပြီး အမြင့်ဆုံးမှာ အဆင့် ၇ အထိ ရှိကာ နယ်မြေကိုးခု ခေတ်က ရှေးဟောင်းမသေမျိုး အဆင့်နှင့် ညီမျှသည်။
"ဘာတွေ ဒီလောက် စပ်စုနေကြတာလဲ၊ သွားကြ... သွားကြ"
ဖန့်တိန်က လက်ကာပြလိုက်ပြီး ဖန့်ချန်ကို ဧည့်ခန်းဆောင်တစ်ခုသို့ ခေါ်ဆောင်သွားသည်။
"ဒီနေရာက စိတ်ချရပါတယ်။ ကင်းလှည့်စစ်ဆေးရေးဌာနကလူတွေ မင်းနောက်ကနေ စောင့်ကြည့်နေရင်တောင် မင်းနဲ့ ငါနဲ့ စကားပြောတာကို သူတို့ ကြားမှာ မဟုတ်ဘူး"
ဖန့်တိန်က ခပ်ပြုံးပြုံးဖြင့် ဆိုသည်
"ဝမ်ချုံစန်းက မင်းရဲ့ ဇာစ်မြစ်ကို သိနေပြီး မင်းကို စန့်လုံမြို့အထိ ခေါ်လာတယ်ဆိုတာက ငါတို့ ရှဲ့ကျစ်အဖွဲ့နဲ့ သေချာ စကားပြောချင်လို့ပဲ။ ဒါပေမဲ့ အဲဒါထက် အရင်ဆုံး မင်းရဲ့ နောက်ကြောင်းကို ငါ သိဖို့ လိုတယ်"
"ကျွန်တော့်ရဲ့ မှတ်ဉာဏ်အချို့ ပျောက်ဆုံးနေပါတယ်။ မှတ်မှတ်ရရ ရှိခဲ့တဲ့ အချိန်ကစပြီး တာကျိုးနိုင်ငံ၊ မြစ်ကမ်းပါးက ဖန့်မျိုးနွယ်စုမှာ ရှိနေတာပါ"
ဖန့်ချန်သည် သူ၏ အတွေ့အကြုံများကို အကျဉ်းချုပ် ပြောပြလိုက်သည်။
"တာကျိုးနိုင်ငံ မြစ်ကမ်းပါး ဖန့်မျိုးနွယ်စု... တကယ်ပဲ ငါတို့ ဖန့်မျိုးနွယ် သွေးခွဲတွေထဲက တစ်ခုပဲ"
ဖန့်တိန်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်သည်
"အခုလောလောဆယ် သေချာတာကတော့ မင်းရဲ့ သွေးသားက ဘာမှ ပြဿနာမရှိဘူး။ ဒါပေမဲ့ မင်းရဲ့ နောက်ကြောင်းကတော့ မင်းပြောသလိုပဲ ငါတို့ဘက်က အတည်ပြုဖို့ နည်းလမ်းမရှိသေးဘူး"
ခဏအကြာတွင် သူက ဖန့်ချန်ကို အကဲခတ်ပြီး
"မင်း လော့ရွှယ်မဟာမိတ်အဖွဲ့မှာ တာဝန်ထမ်းဆောင်နေတာက ငါတို့နဲ့ ပြန်ဆုံဖို့ အခွင့်အရေးကို စောင့်နေတာလား "
"ဟုတ်ပါတယ်" ဖန့်ချန်က ခေါင်းညိတ်ပြသည်။
"ဒါဆိုရင် ဝမ်မျိုးနွယ်စုဘက်ကို ခဏ လွှတ်ထားလိုက်ဦး။ ဖန့်သူတော်စင်တစ်ပိုင်းရဲ့ သတင်း မင်ရွှီတစ်ခွင် ပျံ့နှံ့သွားတဲ့အခါ သူတို့ဘက်က ပိုပြီး အဆင့်မြင့်တဲ့လူတွေကို လွှတ်ပြီး ငါတို့နဲ့ လာဆွေးနွေးလိမ့်မယ်။ ဝမ်ချုံစန်း တစ်ယောက်တည်းနဲ့တော့ မလုံလောက်သေးဘူး၊ သူက မျိုးဆက်သစ် လူငယ်တစ်ယောက်ပဲ ရှိသေးတာ"
ဖန့်တိန်က ဆိုသည်
"ကဲ... ငါ့နောက်ကို လိုက်ခဲ့ဦး"
ဖန့်ချန်သည် ထပ်မံ ထိုင်ရာမှထကာ ဖန့်တိန်၏နောက်သို့ လိုက်၍ စင်္ကြံလမ်းများ၊ ခြံဝင်းများစွာကို ဖြတ်ကျော်ပြီးနောက် ခန့်ညားထည်ဝါသော ခန်းမဆောင်ကြီးတစ်ခုသို့ ရောက်ရှိလာသည်။
ခန်းမဆောင်ကြီး၏ ရှေ့တွင် မင်ရောင်ကျောက်စာတိုင်ကြီး တစ်ခု ရှိနေပြီး ၎င်းပေါ်၌ မည်သည့် စာသားမျှ ရေးထိုးထားခြင်း မရှိပေ။
ထိုအချိန်၌ပင် လူရိပ်အချို့ လေပေါ်မှ ဆင်းသက်လာပြီး ဖန့်ချန်တို့ နှစ်ဦးရှေ့တွင် ပေါ်လာကြသည်။ သူတို့က ဖန့်ချန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် တစ်ဦးက ဖန့်တိန်ကို မေးလိုက်သည်။
"ဖန့်တိန်... ဝမ်မျိုးနွယ်ဘက်က လွှတ်လိုက်တဲ့ ကင်းလှည့်အရာရှိကို မင်း ဒီကို ခေါ်လာတယ်လို့ ကြားတယ်။ ဘာဖြစ်လို့လဲ "
ဖန့်ချန် ထိုသူများကို ခပ်မြန်မြန်ပင် အကဲခတ်လိုက်ရာ သူတို့အားလုံး၏ အရှိန်အဝါမှာ အဆင့် ၉ သို့ ရောက်ရှိနေကြသည်။ အကယ်၍ ဤသူများသာ နယ်မြေကိုးခုဘက်သို့ သွားနိုင်ပါက ယခုလက်ရှိ လူသားမျိုးနွယ်တို့၏ အခြေအနေကို အလွယ်တကူပင် ပြောင်းလဲပစ်နိုင်ပေလိမ့်မည်။
"ခင်ဗျားတို့ လာတာ အတော်ပဲ။ ဒီကောင်လေးကလည်း ငါတို့ ဖန့်မျိုးနွယ်စုဝင်ပဲ။ ဦးနှောက်ထဲက မှတ်ဉာဏ်အချို့က သိပ်မရှင်းလင်းလို့... သူ့ရဲ့ သွေးသား သန့်စင်မှုက ဘယ်လောက်အထိ ရှိသလဲဆိုတာ ငါ စစ်ဆေးကြည့်မလို့။ တကယ်လို့ မနိမ့်ဘူးဆိုရင်တော့ ရှဲ့ကျစ်ဌာနမှာပဲ ထားလိုက်မယ်"
ဖန့်တိန်က ရယ်မောလျက် ဆိုသည်။
"ဖန့်မျိုးနွယ်စုဝင် ဟုတ်လား"
ထိုလူတစ်စုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ထူးဆန်းသော အမူအရာဖြင့် ဖန့်ချန်ကို အတန်ကြာအောင် အကဲခတ်ကြသည်။ ထို့နောက် ဖန့်တိန်ကို ဘေးသို့ ခေါ်သွားကာ တိုးတိုးတိတ်တိတ် ဆွေးနွေးကြတော့သည်။ ဆွေးနွေးသည့် အကြောင်းအရာများကိုလည်း ဖန့်ချန် မကြားနိုင်အောင် တမင် ကန့်သတ်ထားကြသည်။
ဆွေးနွေးမှုအပြီးတွင် ဖန့်တိန်သည် ဖန့်ချန်ရှေ့သို့ လျှောက်လာပြီး ခပ်ပြုံးပြုံးဖြင့် ဆိုသည်။
"အခုနက ငါတို့ တိုင်ပင်လိုက်ကြပြီ။ အခုအချိန်မှာ လူတော်တော်များများက ငါတို့ ဖန့်မျိုးနွယ်စုကို စောင့်ကြည့်နေကြတာဆိုတော့ မင်းရဲ့ ဇာစ်မြစ်ကို အချိန်တိုအတွင်းမှာ အတိအကျ စုံစမ်းဖို့ မလွယ်ဘူး။ ဒါကြောင့် နောက်မှ စစ်ဆေးလိုက်လို့ မင်းရဲ့ သွေးသားက အဆင့်မီရင်တောင် မင်းကို ရှဲ့ကျစ်ဌာနမှာ ထားလို့ မရသေးဘူး။ မင်းမှာ ဘာသဘောထား ရှိသေးလဲ"
"ဒါဆိုရင် ကျွန်တော် ဒီနေရာက သူတော်စင်ကျမ်းစာ ကို လေ့လာကြည့်ခွင့် ရမလားဗျ"
ဖန့်ချန်၏ မျက်နှာပေါ်တွင် အမူအရာတစ်ခု ပေါ်လာသည်။
ရှဲ့ကျစ်ဌာနမှာ နေခွင့်မရတာက နှမျောစရာ ကောင်းသော်လည်း ၎င်းမှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စပင်။ သူ၏ ဇာစ်မြစ်မှာ စုံစမ်း၍ ရနိုင်သော အရာမဟုတ်ပေ။ ဖန့်မျိုးနွယ်စုကသာ သူ့ကို တကယ် နေခွင့်ပေးလျှင်တောင် တစ်စုံတစ်ဦးကို စောင့်ကြည့်ခိုင်းထားမည်သာ ဖြစ်သည်။
"သူတော်စင်ကျမ်းစာ လား ဒါက အောက်ခြေ ကျင့်ကြံသူတွေအတွက်တော့ အလွန် တန်ဖိုးရှိပေမဲ့ ငါတို့အတွက်တော့ သိပ်ပြီး တန်ဖိုးမရှိလှပါဘူး။ မင်းရဲ့ စစ်ဆေးမှုသာ အောင်မြင်မယ်ဆိုရင် ငါ မင်းကို သူတော်စင်ကျမ်းစာ တစ်ခေါက် သွားကြည့်ဖို့ ခေါ်သွားပေးမယ်"
ဖန့်တိန်က ပြတ်ပြတ်သားသားပင် ခေါင်းညိတ်လိုက်ပြီး ဖန့်ချန်ကို မင်ရောင် ကျောက်စာတိုင်ကြီးရှေ့တွင် ရပ်ရန် အချက်ပြလိုက်သည်။
"မင်းရဲ့ အနှစ်သာရ သွေးတစ်စက်ကို ဒီပေါ် ချလိုက်"
ဖန့်ချန်သည် သူ၏ မသေမျိုးစွမ်းအား ဖြင့် လက်ထိပ်ကို အပ်ဖြင့် ထိုးလိုက်ရာ ဝိုင်းစက်သော သွေးတစ်စက် ချက်ချင်း ထွက်ပေါ်လာပြီး ကျောက်စာတိုင်ပေါ်သို့ ကျရောက်သွားသည်။
ချက်ချင်းဆိုသလိုပင် သွေးနီရောင် အလင်းတန်းကြီးတစ်ခုသည် ကျောက်စာတိုင်ပေါ်မှ ဝုန်းခနဲ ပေါ်ထွက်လာပြီး ကောင်းကင်ယံအထိ ထိုးတက်သွားတော့သည်။
နဂိုက ပုံမှန်အတိုင်း ရှိနေသော ဖန့်တိန်နှင့် ကျန်ရှိသူများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆွံ့အသွားကြတော့သည်။
တစ်ချိန်တည်းမှာပင် ရှဲ့ကျစ်ဌာနအတွင်းရှိ ဖန့်မျိုးနွယ်စုဝင် အားလုံးနီးပါးမှာ ထိုအလင်းတန်းကြီးကို မြင်လိုက်ကြရပြီး ခေတ္တမျှ ကြောင်အသွားကြပြီးနောက် ချက်ချင်းပင် ဤနေရာသို့ အပြေးအလွှား လာရောက်ကြတော့သည်။
အခန်း (၁၈၂၂) - မင်း ဘယ်က ဘိုးဘေးတစ်ယောက်ကို ရှာခေါ်လာတာလဲ
ခဏအကြာတွင် ပတ်ဝန်းကျင်၌ ဖန့်မျိုးနွယ်ဝင်များဖြင့် ပြည့်နှက်သွားတော့သည်။ အခြေခံအဆင့် ၃ မှသည် အဆင့် ၉ အထိ ပါဝင်ပြီး လူတိုင်းမှာ မျက်လုံးအပြူးသားဖြင့် ဖန့်ချန်ကို စိုက်ကြည့်နေကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် ဝေခွဲမရမှုနှင့် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။
"သွေးသားအရှိန်အဝါက သက်တန့်လိုပဲ... ဖန့်တိန်၊ မင်း ဘယ်က ဘိုးဘေးတစ်ယောက်ကို ရှာခေါ်လာတာလဲ "
အဆင့် ၉ ကျင့်ကြံသူတစ်ဦးက တောင့်တင်းနေသော လည်ပင်းကို အတင်းလှည့်ကာ ဖန့်တိန်ကို လှမ်းမေးလိုက်သည်။
"ကျွန်တော်... ကျွန်တော်လည်း မသိဘူးဗျ..."
ဖန့်တိန်မှာ စကားပင် ကောင်းကောင်းမပြောနိုင်တော့ဘဲ အတွေးများ ရှုပ်ထွေးနေတော့သည်။
ဖန့်ချန်ကိုယ်တိုင်လည်း ဤကိစ္စမှာ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ သူ၏ သွေးသားမှာ သူ ထင်ထားသည်ထက် ပိုမို သန့်စင်နေပုံရသည်။
'ငါ့ရဲ့ သွေးသားက အဘိုး ဆီက ဆင်းသက်လာတာ။ ငါ့သွေးသားက ဒီလောက်တောင် သန့်စင်နေတယ်ဆိုရင်... အဘိုးက တကယ်ပဲ ဝမ်ချုံစန်းလို မင်ရွှီခေတ်ကလူ ဖြစ်နေတာလား ပြီးတော့ သူက ဝမ်ချုံစန်းထက်တောင် ဝါရင့်တဲ့ ဘိုးဘေးတစ်ယောက် ဖြစ်နေမလား'
ဤသို့ တွေးမိသော်လည်း ဖန့်ချန်က အမူအရာကို တည်ငြိမ်စွာပင် ထိန်းထားလိုက်သည်။
မျိုးနွယ်ဝင်များ ပိုမို ရောက်ရှိလာသည်ကို မြင်သောအခါ ဖန့်တိန်သည် သတိပြန်ဝင်လာပြီး ကျန်ရှိသော အဆင့် ၉ ကျင့်ကြံသူများနှင့်အတူ ထိုသူများကို တစ်ယောက်မကျန် မောင်းထုတ်လိုက်ကြသည်။
ပတ်ဝန်းကျင်မှာ ပြန်လည် တိတ်ဆိတ်သွားခဲ့ပြီ။
သို့သော်လည်း ဖန့်တိန်နှင့် အခြားသူများမှာ ဖန့်ချန်ကို ရင်ဆိုင်ရာတွင် ယခင်ကလို ခပ်အေးအေး၊ ခပ်တည်တည် မနေနိုင်တော့ဘဲ သူတို့၏ မျက်နှာပေါ်တွင် ဝေခွဲမရသည့် အမူအရာများ ဖုံးလွှမ်းနေတော့သည်။
"စီနီယာ... ကျွန်တော့်ရဲ့ သွေးသားမှာ တစ်ခုခု မှားနေလို့လား"
ဖန့်ချန်က ဖန့်တိန်ကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
"စီနီယာလို့ မခေါ်ပါနဲ့ဗျာ... လောလောဆယ် ကျွန်တော့်နာမည် ဖန့်တိန် လို့ပဲ ခေါ်ပါ"
ဖန့်တိန်က ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး သွေးကဲ့သို့ နီရဲနေဆဲ ဖြစ်သော အလင်းတန်းကြီးကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"သွေးသားမှာ ပြဿနာရှိနေတာကတော့ သေချာတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ဆိုရင်တော့ ဟိုးအထက်က ဘိုးဘေးကြီးတွေကို ပင့်ဖိတ်မှ ဖြစ်မယ် ထင်တယ်"
နောက်တစ်ခဏတွင် သူနှင့် ကျန်ရှိသော အဆင့် ၉ ကျင့်ကြံသူများ၏ မျက်နှာမှာ ပျက်သွားတော့သည်။ ဟင်းလင်ပြင်ထဲ၌ တံခါးဝများ တစ်ခုပြီးတစ်ခု ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ထိုတံခါးဝများမှာ ဖြည်းညှင်းစွာ ပွင့်လာပြီး လူငယ်အမျိုးသား၊ အမျိုးသမီး အများအပြား ထွက်ပေါ်လာကြသည်။
ဖန့်တိန်နှင့် အခြားသူများမှာ ချက်ချင်းပင် ဦးညွှတ်လိုက်ကြပြီး
"ကျွန်တော်မျိုးတို့ ဘိုးဘေးကြီးများကို ဂါရဝပြုပါတယ်"
"ဒါတွေက..."
ဖန့်ချန်၏ မျက်ဝန်းထဲတွင် အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ ဤလူများ၏ ရုပ်သွင်မှာ ဝရမ်းပြေးစာရင်းတွင် ဖန့်လိ ၏ အောက်တွင်ရှိသော ကျင့်ကြံသူများနှင့် တစ်ထပ်တည်း တူညီနေသည်။
ဆိုလိုသည်မှာ ဤသူများမှာ အဆင့် ၉ မသေမျိုးထက် ကျော်လွန်သွားပြီဖြစ်သော ကန့်သက်ချက် သုံးဆင့် အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
စုစုပေါင်း ၁၃ ဦး ရှိပြီး ယနေ့ အားလုံး ရောက်ရှိလာကြခြင်း ဖြစ်သည်။
ထို ၁၃ ဦးမှာ ဖန့်တိန်တို့ကို ဂရုမစိုက်ဘဲ သွေးနီရောင် အလင်းတန်းကြီးနှင့် ဖန့်ချန်ကိုသာ စိုက်ကြည့်နေကြပြီး သူတို့၏ မျက်နှာပေါ်တွင်လည်း နားမလည်နိုင်သည့် အမူအရာများ ပေါ်နေသည်။ သူတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်ချင်းဆက်သွယ်ကာ ဆွေးနွေးနေကြပုံရသည်။
အတော်ကြာမှ ၁၃ ဦးထဲတွင် အရှိန်အဝါ အနက်ရှိုင်းဆုံး ဖြစ်သော မိန်းကလေးငယ်တစ်ဦးက လက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်ရာ သွေးနီရောင် အလင်းတန်းကြီးမှာ တဖြည်းဖြည်း မှိန်သွားတော့သည်။
"မင်းက... ဘယ်သူလဲ"
ထိုမိန်းကလေးငယ်က ဖန့်ချန်ကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် ဝေခွဲမရမှုများကို အထင်းသား မြင်နေရသည်။
"ကျွန်တော်လည်း မသိပါဘူး၊ မှတ်ဉာဏ်အချို့ ပျောက်ဆုံးနေလို့ပါ"
ဖန့်ချန်က ခဏစဉ်းစားပြီး ဖြေလိုက်သည်။
"မင်းရဲ့ သွေးသား သန့်စင်မှုက ငါတို့နဲ့တောင် မခြားမနားပဲ။ ဒါပေမဲ့ မင်းရဲ့ ကျင့်စဉ်က သိပ်မမြင့်လှဘူး... မှတ်ဉာဏ်လည်း ပျောက်ဆုံးနေတယ်ဆိုတော့... ဟိုးအရင်က အပြင်မှာ ကျန်ရစ်ခဲ့တဲ့ မျိုးနွယ်စုဝင် တစ်ယောက်များလား "
မိန်းကလေးငယ်က မျက်မှောင်ကြုတ်လိုက်သည်။
ဖန့်တိန်နှင့် အခြားသူများမှာမူ ဤအချိန်၌ စကားတစ်လုံးပင် မဟဝံ့ကြပေ။ ဤဘိုးဘေးကြီးများသည် ဖန့်မျိုးနွယ်စုထဲ၌ ဝါရင့်သူများ ဖြစ်သလို ကန့်သက်ချက်ကျော်လွန်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းထားသူများလည်း ဖြစ်သည်။ ယနေ့ကဲ့သို့ အရေးကြီးသော ကိစ္စရပ်တွင် သူတို့သာလျှင် ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိသည်။
ကျန်ရှိသော ကန့်သက်ချက်ကျော်လွန်ခြင်း ၁၂ ဦးမှာလည်း တိတ်တဆိတ် ဆွေးနွေးနေကြသည်။
'အကယ်၍ ဒီလူက ကန့်သက်ချက်ကျော်လွန်ခြင်း အဆင့်ကို ရောက်နေရင်တော့ ဒါက ပုံမှန်ပဲ။ ဒါပေမဲ့ သူ့ရဲ့ သွေးသားသန့်စင်မှုအရ သူက ဘိုးဘေးအဆင့် ဖြစ်နေပြီး ကျင့်စဉ်ကတော့ အလွန်နိမ့်နေတယ်။ ဒီလို ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အခြေအနေက သူ့ရဲ့ ဇာစ်မြစ်ကို ငါတို့လည်း အတည်မပြုနိုင်အောင် ဖြစ်စေတယ်'
"ဒါမှမဟုတ်... ဝမ်းကွဲအစ်ကို ကို ထွက်လာခိုင်းပြီး ကြည့်ခိုင်းရမလား ဝမ်းကွဲအစ်ကိုက ငါတို့ထက် အသက်ကြီးတယ်၊ ဖြစ်နိုင်ရင် သူ သိလိမ့်မယ်"
တစ်ဦးက အကြံပြုသည်။
ဖန့်တိန်တို့မှာ ဤစကားကို ကြားသောအခါ ရင်ထဲ၌ ထိတ်ခန့်သွားသည်။ ထိုဘိုးဘေးကြီး ပြောလိုက်သည့် 'ဝမ်းကွဲအစ်ကို' ဆိုသည်မှာ ဘယ်သူလဲဆိုသည်ကို သူတို့ ရိပ်မိလိုက်ကြသည်။
"ဝမ်းကွဲအစ်ကိုနဲ့ ဝမ်းကွဲမရီးတို့က ကျင့်စဉ်ကျင့်ကြံ နေကြတာ။ အခုက အရေးကြီးတဲ့ အချိန်ကို ရောက်နေလောက်ပြီဆိုတော့ သူတို့ကို အလွယ်တကူ သွားမနှောင့်ယှက်သင့်ဘူး"
မိန်းကလေးငယ်က ချက်ချင်းပင် ခေါင်းခါ၍ ငြင်းဆန်လိုက်သည်။
"ဒါဆိုရင်... လဲ့ ဘိုးဘေးကြီးကို ထွက်လာခိုင်းပြီး ကြည့်ခိုင်းရမလား"
တစ်ဦးက မေးလိုက်သည်။
လဲ့ ဘိုးဘေးကြီး
ဖန့်သူတော်စင်တစ်ပိုင်း
ဖန့်ချန်၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။ အကယ်၍ ယနေ့ ထိုဖန့်သူတော်စင်တစ်ပိုင်းနှင့် တွေ့ခွင့်ရလျှင် သူ့အတွက် အကျိုးရှိနိုင်ပေသည်။
ဖန့်တိန်မှာမူ ဤသည်ကို ကြားသောအခါ စိတ်ထဲ၌ ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ မရည်ရွယ်ဘဲ ခေါ်လာခဲ့သော ဖန့်မျိုးနွယ်ဝင် တစ်ဦးမှာ ဤဘိုးဘေးကြီးများကိုပင် လက်မှိုင်ချသွားစေပြီး ဖန့်သူတော်စင်တစ်ပိုင်းကိုပင် ပင့်ဖိတ်ရန် စဉ်းစားစေခဲ့သည်။ တစ်နည်းအားဖြင့် ထိုသွေးနီရောင် အလင်းတန်းမှာ အတုမဟုတ်ဘဲ ဖန့်ချန်၏ သွေးသားသန့်စင်မှုမှာ ဤဘိုးဘေးကြီးများ၏ အသိအမှတ်ပြုမှုကို ရရှိသွားပြီ ဖြစ်ကြောင်း သက်သေပြနေသည်။
"မဖြစ်ဘူး... အနည်းဆုံးတော့ သူတော်စင်ကျမ်းစာ မွေးနေ့ပွဲ မတိုင်ခင်အထိ လဲ့ဘိုးဘေးကြီးကို သွားမနှောင့်ယှက်သင့်ဘူး"
မိန်းကလေးငယ်က ထိုအကြံကို ထပ်မံ ငြင်းဆိုလိုက်သည်။
"ဒါဆို ဒီတစ်ယောက်ကို..."
"လောလောဆယ် ရှဲ့ကျစ်ဌာနမှာပဲ နေခိုင်းထားလိုက်။ ငါတို့ ပြန်ပြီး တိုင်ပင်ကြတာပေါ့"
"ဒီလိုပဲ လုပ်ရတော့မှာပေါ့"
"ဖန့်တိန်... မင်း ဒီကာလအတွင်းမှာ ဒီလူကြီးမင်းရဲ့ အနားမှာနေပြီး ဝေယျာဝစ္စတွေကို တာဝန်ယူလိုက်"
မိန်းကလေးငယ်က ဖန့်တိန်ကို ကြည့်ကာ အေးဆေးစွာ အမိန့်ပေးလိုက်သည်။
"ကျွန်တော်မျိုး နားလည်ပါပြီ"
ဖန့်တိန်က ချက်ချင်း ပြန်ထူးလိုက်သည်။
မိန်းကလေးငယ်က ခေါင်းညိတ်လိုက်ပြီး ဖန့်ချန်ကို တစ်ချက် ကြည့်ကာ ဟင်းလင်ပြင်တံခါးကို ပြန်ဖွင့်၍ ပျောက်ကွယ်သွားတော့သည်။ ကျန်ရှိသော ၁၂ ဦးမှာလည်း တံခါးများဖွင့်ကာ အသီးသီး ထွက်ခွာသွားကြသည်။
ဟင်းလင်ပြင်ထဲ၌ မည်သည့် အရှိန်အဝါမျှ ကျန်ရစ်မနေခဲ့ဘဲ အခုနက ကန့်သက်ချက်ကျော်လွန်ခြင်း ၁၃ ဦးမှာ လုံးဝ မရောက်လာခဲ့သလိုပင်။
ဖန့်တိန်နှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ထိတ်လန့်တကြား ကြည့်လိုက်ကြပြီးနောက် ဖန့်ချန်၏ ရှေ့သို့ အလွန်ပင် ရိုသေကိုင်းညွတ်စွာ ရောက်လာကြသည်။
"ဘိုးဘေးကြီး... ကျွန်တော်မျိုး ဘိုးဘေးကြီးကို အနားယူဖို့ အရင် စီစဉ်ပေးပါရစေ"
ဖန့်တိန်က ရိုသေစွာ ဆိုသည်။
ဖန့်ချန် ခဏမျှ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ"
ကျန်ရှိသော အဆင့် ၉ ကျင့်ကြံသူများမှာ ဖန့်ချန်၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ ဤသူမှာ ဖန့်မျိုးနွယ်စုထဲ၌ ဝါအရင့်ဆုံး ဘိုးဘေးတစ်ဦး ဖြစ်သည်မှာ ဧကန်မလွဲဟု ပိုမို ယုံကြည်သွားကြသည်။ မဟုတ်လျှင် သာမန်လူတစ်ဦးက သူတို့ကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် ဤမျှ တည်ငြိမ်နေပါ့မလား ခုနက ကိစ္စကြီးကို မြင်တွေ့ရတာတောင် ဘာကြောင့် ဒီလောက်အထိ အေးဆေးနေရတာလဲ။
မကြာမီမှာပင် ဖန့်တိန်သည် ဖန့်ချန်အတွက် ရှဲ့ကျစ်ဌာနအတွင်း၌ သီးသန့်ခြံဝင်းတစ်ခု စီစဉ်ပေးလိုက်သည်။ ကျန်ရှိသူများမှာ အရင် ထွက်ပြေးသွားကြပြီး ဖန့်တိန်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ ဖန့်တိန်ကိုယ်တိုင်လည်း တစ်နေရာရာမှာ သွားပြီး အတွေးနယ်ချဲ့ချင်သော်လည်း ဖန့်ချန်က သူ့ကို တားထားလိုက်သည်။
"ခုနက အခြေအနေအရဆိုရင်... ငါက မင်းရဲ့ ဘိုးဘေးကြီး ဖြစ်ဖို့ အလားအလာ များနေတယ် မဟုတ်လား "
ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။
ဖန့်တိန်က ရှက်ကိုးရှက်ကန်းဖြင့်
"ဟုတ်ကဲ့ပါ"
"ဒါဆိုရင် ဖန့်မျိုးနွယ်စုဘက်က ဘယ်လို အစီအစဉ်တွေ ရှိသလဲဆိုတာ ငါ မေးလို့ရမလား ဒါမှလည်း ငါ ကင်းလှည့်စစ်ဆေးရေးဌာနဘက်ကို ပြန်ပြီး အစီရင်ခံလို့ ရမှာ"
ဖန့်ချန်က ဆိုသည်။
"ဘိုးဘေးကြီးက ဟိုဘက်နဲ့ ဆက်ဆံရေး တော်တော်ကောင်းတာပဲလား"
ဖန့်တိန် အနည်းငယ် အံ့သြသွားသည်။
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သောအခါ ဖန့်တိန်က ခဏစဉ်းစားပြီးနောက်
"ဘိုးဘေးကြီး... တကယ်တော့ ဒီကိစ္စကို ဝမ်မျိုးနွယ်စုကို ကြိုတင် အသိပေးလိုက်တာလည်း ဘာမှမဖြစ်ပါဘူး။ နောက်နှစ်လကြာရင် ကျွန်တော်တို့ ရှဲ့ကျစ်အဖွဲ့ကလည်း တစ်လောကလုံးကို ကြေညာမှာပါ။ သူတော်စင်ကျမ်းစာ မွေးနေ့ပွဲကျရင် ကျွန်တော်တို့မျိုးနွယ်ရဲ့ ဖန့်သူတော်စင်တစ်ပိုင်းက စန့်လုံမြို့၊ ချောင်ရှန်းမျှော်စင်မှာ သူတော်စင်အဆင့်ကို တက်လှမ်းပါလိမ့်မယ်"
"ဒါက တခြားလူတွေကို မျှားခေါ်ဖို့ လုပ်တဲ့ အကွက်မဟုတ်ဘူးလား"
ဖန့်ချန်က ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။
ဝမ်ချုံစန်းက ချန်ဖေးဖေ (ဝတုတ်) ဆီကနေ ဒီသတင်းကို ကြားတုန်းက အစိုးရိမ်ဆုံးဖြစ်ခဲ့တာကလည်း ဒီအချက်ပင်။
"မဟုတ်ပါဘူး"
ဖန့်တိန်၏ မျက်ဝန်းထဲတွင် ကြည်ညိုလေးစားမှုများ ပေါ်လာကာ
"ဒီကိစ္စကို လဲ့ဘိုးဘေးကြီးက တစ်မျိုးနွယ်လုံးကို အသိပေးပြီးသားပါ။ အဲဒီနေ့ကျရင် ကျွန်တော်တို့ ဖန့်မျိုးနွယ်စုဝင် အားလုံး စန့်လုံမြို့မှာ လာရောက်ပြီး ဂုဏ်ပြုကြရမှာပါ"
"ဒါပေမဲ့ ဘာဖြစ်လို့လဲ တကယ်လို့ လော့ရွှယ်သူတော်စင်တို့လို လူတွေက လာနှောင့်ယှက်ရင်ကော..."
ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါကိုတော့ ကျွန်တော်မျိုးလည်း မသိပါဘူး"
ဖန့်တိန်က ခါးသီးစွာ ပြုံးလျက် ခေါင်းခါလိုက်သည်
"ဖြစ်နိုင်တာကတော့ လဲ့ဘိုးဘေးကြီးက အရာအားလုံးကို တွက်ချက်ပြီးသားမို့ တခြားသူတော်စင်တွေ လာနှောင့်ယှက်မှာကို မကြောက်တာလည်း ဖြစ်နိုင်ပါတယ်"
'၁၈ ထပ် ငရဲမျှော်စင် ကြောင့်လား'
ဖန့်ချန် စိတ်ထဲ၌ လှုပ်ရှားသွားသည်။
သူတော်စင်တစ်ပိုင်းမှ သူတော်စင်အဆင့်သို့ တက်လှမ်းခြင်းကို လျှို့ဝှက်မလုပ်ဘဲ ပေါ်တင် ကြေညာလိုက်ခြင်းမှာ ထိုအရာကို ပိုင်ဆိုင်ထားသောကြောင့်လား။
"ဘိုးဘေးကြီး... တကယ်လို့ ဘိုးဘေးကြီးက ဝမ်မျိုးနွယ်စုက လူနဲ့ ဆက်ဆံရေး ကောင်းတယ်ဆိုရင် သူတို့ကို ကြိုတင် ပြောပြထားလို့ ရပါတယ်။ လဲ့ဘိုးဘေးကြီး သူတော်စင်အဆင့် တက်လှမ်းပြီးရင် ကျွန်တော်တို့ ဖန့်မျိုးနွယ်စုနဲ့ ငြိမ်းချမ်းရေး ယူမလား၊ စစ်တိုက်မလား ဆိုတာကို ဆွေးနွေးဖို့ လူလွှတ်ခိုင်းလိုက်ပါ။ စိတ်ချပါ... ကျွန်တော်တို့ဘက်က ဘာထောင်ချောက်မှ မဆင်ထားပါဘူး"
ဖန့်တိန်က ပြုံးလျက် ဆိုလိုက်သည်။