အခန်း (၁၈၂၃-၁၈၂၄)
Vol. 183 Ch. 1823-1824
အခန်း (၁၈၂၃) - အတွင်းအာရုံနယ်မြေ
နေရာကတော့ ချောင်ရှန်းမျှော်စင်မှာပဲ ဖြစ်သည်။
ဖန့်ချန် ပြန်လည်ပေါ်ပေါက်လာချိန်တွင် ချန်ဖေးဖေ (ဝတုတ်) သည်လည်း အချိန်ကိုက်ပင် သူ၏မျက်နှာချင်းဆိုင်တွင် ပေါ်လာသည်။ ဝတုတ်သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီးနောက် အသံကိုနှိမ့်ကာ မေးလိုက်၏။
"ဘယ်လိုလဲ ဟိုဘက်နဲ့ အဆက်အသွယ် ရခဲ့လား"
"ရခဲ့တယ်"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြသည်
"ဝတုတ်ကြီး... ဝမ်သခင်လေးကော ဘယ်မှာလဲ"
"ဝမ်သခင်လေး သူက ဒီမှာ ဘာလာလုပ်မှာလဲ"
ချန်ဖေးဖေက မချိပြုံး ပြုံးလိုက်သည်။
"ငါက ဘာလို့ ဒီမှာ ရှိမနေနိုင်ရမှာလဲ"
ဝမ်ချုံစန်း၏ အသံသည် ချန်ဖေးဖေ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။
ချန်ဖေးဖေမှာ အနည်းငယ် လန့်သွားပြီး အမြန်ထရပ်ကာ ဂါရဝပြုလိုက်ရသည်။ သို့သော်လည်း သူ၏မျက်ဝန်းထဲတွင် ဝေခွဲမရသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ဝမ်ချုံစန်းက ဘာကြောင့် လူကိုယ်တိုင် ပေါ်ထွက်လာရသနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ။
ဝမ်ချုံစန်းက ချန်ဖေးဖေ၏ ပုခုံးကို ပုတ်ကာ ဆိုသည်။
"ထိုင်ပါ... ငါ ဒီမှာ ရှိနေတယ်ဆိုတဲ့ သတင်းကို ဘယ်သူ့မျက်စိကို ဖုံးထားနိုင်မှာမို့လို့လဲ ပြီးတော့ ဒီစန့်လုံမြို့ဆိုတာ မူလကတည်းက ဖန့်မျိုးနွယ်စု တပ်စွဲထားတဲ့နေရာလေ။ ငါတို့ သုံးယောက် ပေါ်လာကတည်းက ဖန့်မျိုးနွယ်စုက ကြိုသိနေပြီးသား ဖြစ်လိမ့်မယ်"
"စန့်လုံမြို့ကို ဖန့်မျိုးနွယ်စုက တပ်စွဲထားတာလား"
ချန်ဖေးဖေမှာ ဤသတင်းကြောင့် အံ့သြသွားရသည်။
ထို့နောက်မှ သူ နားလည်သွားတော့သည်။ စန့်လုံမြို့သည် မင်ရွှီနယ်မြေထဲတွင် ဘာကြောင့် ဤမျှ ထူးခြားနေရသနည်း၊ သူတော်စင် ကိုးပါးစလုံးက ဘာကြောင့် ဤနေရာ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုကြသနည်းဆိုသည်မှာ ယခုတော့ ရှင်းသွားချေပြီ။
"မင်းကို ကျိုးချန် လို့ ခေါ်ရမလား၊ ဒါမှမဟုတ် ဖန့်ချန် လို့ ခေါ်ရမလား "
ဝမ်ချုံစန်းက ထိုင်ချလိုက်ပြီး ဖန့်ချန်ကို ခပ်ပြုံးပြုံးဖြင့် စိုက်ကြည့်လိုက်သည်။
"ကြိုက်သလိုခေါ်"
ဖန့်ချန်က ရယ်မောလိုက်ပြီး
"ငါ စကားကို အတိုချုံ့ပြောမယ်။ အရင်က ဖေပုလျောင် ဆီက သိခဲ့ရတဲ့ သတင်းက အမှန်ပဲ။ ဖန့်သူတော်စင်တစ်ပိုင်းဟာ သူတော်စင်ကျမ်းစာ မွေးနေ့ပွဲ ကျရင် ဒီနေရာမှာပဲ သူတော်စင်အဆင့်ကို တက်လှမ်းလိမ့်မယ်။ ဒီသတင်းက နောက် တစ်လ၊ နှစ်လလောက်နေရင် လူသိရှင်ကြား ကြေညာတော့မှာ။ အဲဒီအချိန်ကျရင် မင်ရွှီက လူသားမျိုးနွယ်အားလုံး သိသွားကြလိမ့်မယ်"
ချန်ဖေးဖေမှာ အလွန်ပင် တုန်လှုပ်သွားရသည်။ ဝမ်ချုံစန်း၏ မျက်ဝန်းထဲတွင်မူ အတွေးများ မြင်ယောင်လာကာ
"တစ်ခုတော့ ငါ နားမလည်ဘူး။ သူတော်စင်တစ်ပိုင်းကနေ သူတော်စင်အဆင့်ကို တက်လှမ်းဖို့ဆိုတာ မလွယ်ဘူး။ အထူးသဖြင့် ဖန့်သူတော်စင်တစ်ပိုင်းရဲ့ အခုလက်ရှိ အခြေအနေနဲ့ဆိုရင် ပိုတောင် ခက်ခဲဦးမယ်။
တကယ်လို့ သူက တိတ်တဆိတ် လုပ်ဆောင်မယ်ဆိုရင်တော့ အခွင့်အရေး အနည်းငယ် ရှိနိုင်သေးတယ်။ ဒါပေမဲ့ ဒီသတင်းကို ပြင်ပက သိသွားရင်တော့ တစ်စုံတစ်ယောက်က နှောင့်ယှက်တားဆီးဖို့ ထွက်လာကြလိမ့်မယ်"
"လူသားမျိုးနွယ်ရဲ့ သူတော်စင် ကိုးပါးက နှောင့်ယှက်ကြမှာလား လူသားမျိုးနွယ်မှာ သူတော်စင် တစ်ပါး ပိုတိုးလာတာက မီးနတ်ဘုရားမျိုးနွယ်နဲ့ တိုက်ခိုက်တဲ့နေရာမှာ အသာစီးရဖို့ အခွင့်အရေး ပိုများတာပဲလေ။ ဒီအချက်ကို သူတော်စင် ကိုးပါးစလုံး ရှင်းရှင်းလင်းလင်း မြင်ကြမှာပါ မဟုတ်လား "
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
"စကားကတော့ အဲဒီအတိုင်းပဲ။ ဒါပေမဲ့ အတွင်းပဋိပက္ခဆိုတာ ပြင်ပဖိအားလေး နည်းနည်းပါးပါးနဲ့ ရပ်တန့်သွားမှာလား တကယ်လို့ မီးနတ်ဘုရားမျိုးနွယ်ရဲ့ လက်ချက်က မင်ရွှီကို အန္တရာယ်ဖြစ်စေလောက်အောင် ပြင်းထန်လာမယ်ဆိုရင်တော့ ဖန့်သူတော်စင်တစ်ပိုင်း သူတော်စင်အဆင့် တက်လှမ်းတာက ပိုပြီး လွယ်ကူသွားနိုင်တာပေါ့"
ဝမ်ချုံစန်းက ပြုံးလျက် ဆိုသော်လည်း သူ၏မျက်ဝန်းထဲတွင် ခပ်ပါးပါး လှောင်ပြောင်ရိပ်တစ်ခု ရှိနေသည်။
ထိုလှောင်ပြောင်ရိပ်မှာ လက်ရှိ မင်ရွှီလူသားမျိုးနွယ်၏ အခြေအနေကို လှောင်ပြောင်ခြင်းလား၊ သို့မဟုတ် ဖန့်သူတော်စင်တစ်ပိုင်း၏ ကံကြမ္မာကို လှောင်ပြောင်ခြင်းလား ဆိုသည်ကိုမူ မသိနိုင်ပေ။
'ကြည့်ရတာ ပြင်ပဖိအားက မလုံလောက်သေးတဲ့ ပုံပဲ။ ဒါကြောင့်လည်း ဝမ်အိုကြီး က ဖန့်သူတော်စင်တစ်ပိုင်း သူတော်စင်အဆင့် တက်လှမ်းတဲ့အခါ လူသားသူတော်စင်တွေက နှောင့်ယှက်လိမ့်မယ်လို့ အသေအချာ ယူဆနေတာကိုး။
တကယ့် သမိုင်းကြောင်းထဲမှာကော ဒီကာလက ဖန့်သူတော်စင်တစ်ပိုင်းဟာ အောင်အောင်မြင်မြင်နဲ့ သူတော်စင် ဖြစ်ခဲ့ရဲ့လား'
ဖန့်ချန် စဉ်းစားနေမိသည်။ ဝမ်ချုံစန်း၏ စကားများအရ ယခုအချိန်တွင် လူသားမျိုးနွယ်သည် မီးနတ်ဘုရားမျိုးနွယ်နှင့် ရင်ဆိုင်ရာ၌ သိပ်ပြီး အထိနာနေခြင်း မရှိဘဲ အေးအေးဆေးဆေးပင် ရှိနေသေးကြောင်း ခန့်မှန်းနိုင်သည်။
နောင်တစ်ချိန်တွင် လူသားမျိုးနွယ်သည် နယ်မြေကိုးခုသို့ ပြောင်းရွှေ့ခဲ့ရခြင်းမှာ မီးနတ်ဘုရားမျိုးနွယ်နှင့် အလွန်အမင်း ပတ်သက်နေလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း ယခုတော့ ထိုဖြစ်နိုင်ချေမှာ အနည်းငယ် လျော့နည်းသွားသည်။ အဘယ်ကြောင့်ဆိုသော် နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် လူသားမျိုးနွယ်သည် ယခုကဲ့သို့ပင် တောင့်တင်းခိုင်မာနေဦးမည်လား ဆိုသည်ကို မသေချာသောကြောင့် ဖြစ်သည်။
"ဒါနဲ့... ဖန့်သူတော်စင်တစ်ပိုင်းက ဘာလို့ ဒီလိုမျိုး လုပ်ဆောင်ရတာလဲ "
ဝမ်ချုံစန်းက ဖန့်ချန်ကို ပြုံးပြုံးလေး ကြည့်ကာ မေးလိုက်သည်။
ဖန့်ချန်က ပြန်လည်ပြုံးပြရင်း
"ဝမ်အိုကြီးရာ... ဒီလိုကိစ္စမျိုးကို ငါ့ကိုမေးတော့ ငါက ဘယ်လိုသိမလဲ ငါက သတင်းပါးတဲ့သူ သက်သက်ပဲ။ မင်းက ဦးနှောက်ကောင်းတာပဲ၊ မင်းဘာသာမင်း စဉ်းစားပေါ့။
ငါ ပြောချင်တာကတော့ ဒါပါပဲ။ မင်းတို့ ဝမ်မျိုးနွယ်စုဘက်က ထိုင်ပြီး ဆွေးနွေးဖို့ အစီအစဉ်ရှိရင် ဆုံးဖြတ်ချက်ချနိုင်တဲ့ လူကြီးအချို့ကို စန့်လုံမြို့ကို လွှတ်လိုက်ပါ။
ဖန့်သူတော်စင်တစ်ပိုင်း သူတော်စင်အဆင့် တက်လှမ်းပြီးတဲ့နောက် ဝမ်မျိုးနွယ်စုအပေါ် ထားရှိမယ့် သဘောထားဟာ အခုဆွေးနွေးမှုအပေါ်မှာပဲ မူတည်လိမ့်မယ်။ မင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
စကားဆုံးသည်နှင့် ဖန့်ချန်သည် ထရပ်ကာ ထွက်ခွာသွားတော့သည်။ ချန်ဖေးဖေသည် မသိစိတ်ဖြင့် သူ့ကို ထိန်းထားရန် ထလိုက်သော်လည်း ဖန့်ချန်၏ နောက်ကျောတွင် ပေါ်လာသော အရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် ရပ်တန့်သွားသည်။
ဖန့်တိန်သည် ချန်ဖေးဖေနှင့် ဝမ်ချုံစန်းကို တစ်ချက် လှည့်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ပြုံးပြကာ ဖန့်ချန်၏နောက်သို့ လိုက်၍ လှေကားအောက်သို့ ဆင်းသွားတော့သည်။
"ဖန့်တိန်"
ချန်ဖေးဖေ၏ ရင်ထဲ၌ ထိတ်လန့်သွားရသည်။ ထိုသူ ဤနေရာတွင် ရှိနေခြင်းမှာ မဆန်းသော်လည်း ဆန်းသည်မှာ ထိုသူ လမ်းလျှောက်သည့်အခါ ဖန့်ချန်၏ နောက်ကျောဘက်ကနေ လိုက်သွားခြင်းပင် ဖြစ်သည်။
ဝမ်ချုံစန်းသည်လည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် သူ၏မျက်နှာထားမှာ ပို၍ တည်ကြည်လေးနက်သွားတော့သည်။
"သခင်လေး... ဒီကိစ္စက..."
"ငါ သတင်းပြန်ပို့လိုက်မယ်။ အမြန်ဆုံး ဆွေးနွေးပွဲတစ်ခု ဖြစ်လာအောင် စီစဉ်ရမယ်။ အဲဒီ ဖန့်ချန် ဆိုတဲ့လူကတော့... သူ့ရဲ့ အဆင့်အတန်းက မင်းနဲ့ငါ ထင်ထားတာထက် ပိုပြီး အရှိန်အဝါ ကြီးနိုင်တယ်။ ဝမ်အိုကြီး စိတ်ဝင်စားစရာပဲ... အရင်က ဘယ်သူမှ ငါ့ကို အဲဒီလို မခေါ်ဖူးဘူး"
ဝမ်ချုံစန်းက ရုတ်တရက် ခပ်ဖွဖွ ရယ်မောလိုက်သည်။
သူသည် ငယ်ရွယ်သူဖြစ်ပြီး ဝမ်မျိုးနွယ်စုထဲ၌ မျိုးဆက်သစ်သာ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ရာကျော်အတွင်း သူ နာမည်ကြီးလာခဲ့သော်လည်း လူကြီးသူမများ၏ မျက်စိထဲတွင်မူ သူသည် ဝမ်မျိုးနွယ်စုအတွက် ရှေ့ထွက် အလုပ်အကျွေးပြုပေးရသည့် လူငယ်လေးတစ်ဦးသာ ဖြစ်သည်။ ယခုအခါ ဝမ်အိုကြီး ဟု အခေါ်ခံလိုက်ရခြင်းကို မသိစိတ်ဖြင့် သူ သဘောကျနေမိသည်။
'ဖန့်တိန်လိုမျိုး အဆင့် ၉ မသေမျိုးကတောင် မင်းနောက်ကနေ လိုက်နေရတယ်ဆိုတော့... မင်းက တကယ်တော့ ဘယ်သူလဲ မင်းနဲ့ ထပ်တွေ့ဖို့ ငါ တကယ် မျှော်လင့်နေမိပြီ'
ဝမ်ချုံစန်း၏ မျက်ဝန်းထဲတွင် အပြုံးတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူသည်လည်း ထရပ်ကာ ထွက်ခွာသွားတော့သည်။ ချန်ဖေးဖေသည်လည်း သူ့နောက်မှ အပြေးအလွှား လိုက်သွားရလေသည်။
...
ရှဲ့ကျစ်ဌာန။
"ဖန့်တိန်... ဒီနေရာက ဘာထူးခြားချက် ရှိလို့လဲ လော့ရွှယ်သူတော်စင်တို့ တိုက်ခိုက်လို့ မရတာလား"
ဖန့်ချန်သည် ရှဲ့ကျစ်ဌာန၏ လမ်းမကြီးပေါ်တွင် လမ်းလျှောက်နေရင်း ရုတ်တရက် မေးလိုက်သည်။
ထိုစဉ်က နယ်မြေကိုးခုတွင် ရှိစဉ်ကပင် ရှဲ့ကျစ်ဌာန၏ တည်ရှိမှုအပေါ် သူ စပ်စုချင်ခဲ့သော်လည်း ထိုအချိန်က သူ့တွင် မိမိနှင့် မသက်ဆိုင်သည့် ကိစ္စများကို စုံစမ်းရန် စိတ်မအားခဲ့ပေ။ ယခုအခါ 'ရှဲ့ကျစ်ဌာန' သည် ဖန့်မျိုးနွယ်စု၏ လက်ရာဖြစ်ကြောင်း သိလိုက်ရသောအခါ ခံစားချက်မှာ ပြောင်းလဲသွားခဲ့ပြီ။
ဖန့်တိန်မှာ အနည်းငယ် ကြောင်အသွားပြီးနောက် တိုးတိုးလေး ရယ်လျက် ဆိုသည်။
"ဘိုးဘေးကြီး... ရှဲ့ကျစ်ဌာနဆိုတာ လဲ့ဘိုးဘေးကြီးရဲ့ အတွင်းအာရုံနယ်မြေ ပဲလေ"
"အတွင်းအာရုံနယ်မြေ"
ဖန့်ချန်၏ စိတ်ထဲ၌ လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။ သူ ဖတ်ဖူးခဲ့သော ကျင့်စဉ်ကျမ်းစာများထဲမှ 'အတွင်းအာရုံ' ဟူသော စကားလုံး ပါဝင်သည့် အခန်းများကို ခေါင်းထဲ၌ ပြန်လည် ရှာဖွေကြည့်မိသည်။ တစ်နေရာတွင် ထိုစကားလုံးကို တွေ့ခဲ့သော်လည်း အနည်းငယ်မျှသာ ဖော်ပြထားခြင်း ဖြစ်သည်။
"ဖန့်တိန်... ဒီအတွင်းအာရုံနယ်မြေအကြောင်း ငါ့ကို သေသေချာချာ ရှင်းပြပါဦး။ အဲဒီဘက်က မှတ်ဉာဏ်တွေ ငါ မေ့နေလို့"
ဖန့်ချန်က လေးနက်စွာ ဆိုသည်။
"အတွင်းအာရုံနယ်မြေ ဆိုတာကတော့..."
ဖန့်တိန်က ရှက်ကိုးရှက်ကန်းဖြင့် ဆိုသည်
"ကျွန်တော်လည်း အများကြီးတော့ မသိဘူးဗျ။ သိသလောက်ကတော့ ကန့်သတ်ချက်ကျော်လွန်ခြင်း သုံးဆင့် ပြီးသွားရင် အတွင်းအာရုံနယ်မြေ ကို ဖန်တီးတည်ဆောက်နိုင်မှသာ သူတော်စင်တစ်ပိုင်းလို့ အခေါ်ခံရတာပါ။ သူတော်စင်အဆင့်ကို ရောက်သွားတဲ့အခါမှာတော့ ဒီအတွင်းအာရုံနယ်မြေဟာ ပိုပြီးတော့ ဆန်းကြယ် ထူးခြားလာပါလိမ့်မယ်"
သူက ခဏရပ်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး
"နှမျောစရာ ကောင်းတာက လဲ့ဘိုးဘေးကြီးဟာ ငယ်စဉ်ကတည်းက လူအများရဲ့ ငြူစူခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ဖန့်မျိုးနွယ်စုရဲ့ ကျင့်ကြံသူတွေဟာ တခြား သူတော်စင် ကိုးပါးရဲ့ အတွင်းအာရုံနယ်မြေတွေထဲကို ဝင်ရောက် လေ့လာကြည့်ခွင့် မရခဲ့ကြဘူး။ မဟုတ်ရင် အဲဒီထဲက လျှို့ဝှက်ချက်တွေကို နားလည်နိုင်ကောင်းရဲ့"
"မင်းပြောချင်တာက... အတွင်းအာရုံနယ်မြေတွေက တစ်ခုနဲ့တစ်ခု မတူကြဘူးပေါ့ ဟုတ်လား"
ဖန့်ချန်က စပ်စုလိုက်သည်။
"သတင်းတွေအရတော့ အဲဒီအတိုင်းပါပဲ။ အတွင်းအာရုံနယ်မြေတိုင်းမှာ မတူညီတဲ့ အစွမ်းထူးတွေ ရှိကြတယ်။ ဥပမာ - ဒီနေရာမှာရှိတဲ့ ရှဲ့ကျစ်တံခါး လိုမျိုးပေါ့။ အဲဒီတံခါးကို ဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ သွားချင်တဲ့နေရာကို ချက်ချင်း ရောက်သွားနိုင်တယ်၊ အရမ်း အဆင်ပြေတယ်"
ဖန့်တိန်က ပြုံးလျက် ရှင်းပြသည်။
ဖန့်ချန် စိတ်ထဲ၌ သဘောပေါက်သွားသည်။ ဒါကြောင့် ရှဲ့ကျစ်ဌာနက တံခါးတွေဟာ အတွင်းအာရုံနယ်မြေရဲ့ ကိုယ်ပိုင်အစွမ်းတွေ ဖြစ်နေတာကိုး။
"မင်း တံခါးတစ်ခုလောက် ဖွင့်ပြလို့ ရမလား"
ဖန့်ချန်က စိတ်ဝင်တစား မေးလိုက်သည်။
"ဘိုးဘေးကြီး... ကျွန်တော့်မှာ အဲဒီလောက်အထိ လုပ်ပိုင်ခွင့် မရှိသေးဘူးဗျ။ ခွင့်ပြုချက် အရင်တောင်းရမှာ..."
ဖန့်တိန်က မချိပြုံး ပြုံးလျက်
"ရှဲ့ကျစ်တံခါးကို စည်းကမ်းမရှိ ဖွင့်လို့ မရဘူး။ အတွင်းအာရုံနယ်မြေကို အသုံးပြုတိုင်း လဲ့ဘိုးဘေးကြီးရဲ့ စွမ်းအားတွေကို ကုန်ဆုံးစေသလို အရှိန်အဝါ လှုပ်ခတ်မှုကလည်း ကြီးမားတာကြောင့် ပြင်ပက သူတော်စင်တွေ သတိထားမိသွားနိုင်တယ်"
"ဆိုလိုတာက... အတွင်းအာရုံနယ်မြေဟာ လဲ့ဘိုးဘေးကြီးနဲ့ တိုက်ရိုက် ဆက်နွှယ်နေတာပေါ့။ တကယ်လို့ သူတော်စင်တစ်ယောက်ယောက် သေဆုံးသွားရင် သူတို့ တည်ဆောက်ထားတဲ့ အတွင်းအာရုံနယ်မြေကော ပျောက်ကွယ်သွားမှာလား"
ဖန့်ချန်က အဓိပ္ပာယ်ပါပါ မေးလိုက်သည်။
"မပျောက်ကွယ်ပါဘူး။ မင်ရွှီရဲ့ ပြင်ပမှာ သူတော်စင်တွေ သေဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့၊ သူတော်စင်တွေရဲ့ ထိန်းချုပ်မှု မရှိတော့တဲ့ အတွင်းအာရုံနယ်မြေတွေ အများကြီး ရှိပါတယ်"
ထိုအချက်ကိုမူ ဖန့်တိန်က အသေအချာပင် အတည်ပြုပေးလိုက်လေသည်။
အခန်း (၁၈၂၄) - သူတော်စင်ကျမ်းစာ မှ ပညာပေးခြင်း
ဖန့်ချန်သည် ခြံဝင်းငယ်လေးအတွင်းသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ ခုနက ဖန့်တိန်နှင့် ခဏတာ စကားပြောဆိုခဲ့စဉ်အတွင်း သူသည် အတွင်းအာရုံနယ်မြေ နှင့် ပတ်သက်၍ အခြေခံကျသော နားလည်မှုအချို့ ရရှိခဲ့ပြီ ဖြစ်သည်။
စိတ်ထဲ၌ ရှိနေသော သံသယများစွာသည်လည်း တဖြည်းဖြည်းနှင့် အဖြေရလာခဲ့သည်။ ထိုအဖြေများမှာ မှန်ကန်ချင်မှ မှန်ကန်လိမ့်မည် ဖြစ်သော်လည်း အနည်းဆုံးတော့ စဉ်းစားစရာ လမ်းစတစ်ခုကို ပေးစွမ်းနိုင်ခဲ့ပေသည်။
'ရှဲ့ကျစ်ဌာနက အတွင်းအာရုံနယ်မြေ ဖြစ်တယ်ဆိုရင်... မသေမျိုးလောကငယ် ကကော အတွင်းအာရုံနယ်မြေ တစ်ခုလို့ သတ်မှတ်လို့ ရမလား။
တာအိုသုံးထောင်ကျင့်စဉ်နယ်မြေ ကကော... အတွင်းအာရုံနယ်မြေ တစ်ခုလို့ ဆိုနိုင်မလား'
ဤအတွေး ပေါ်လာသည်နှင့် ဖန့်ချန်၏ စိတ်ထဲမှ ဖျောက်ဖျက်ပစ်၍ မရတော့ပေ။
ရှဲ့ကျစ်ဌာန၏ ထူးခြားဆန်းကြယ်မှုကို သူ နယ်မြေကိုးခုတွင် ရှိစဉ်ကပင် မြင်တွေ့ခဲ့ဖူးသည်။ အဓိက အစွမ်းမှာ ရှဲ့ကျစ်တံခါး ထံမှ လာခြင်းဖြစ်သည်။
တာအိုသုံးထောင်ကျင့်စဉ်နယ်မြေ၏ ဆန်းကြယ်မှုကိုလည်း သူ မြင်တွေ့ခဲ့ဖူးသည်။ အတွင်းနှင့် အပြင် အချိန်စီးဆင်းမှုနှုန်း မတူညီခြင်းမှာလည်း အတွင်းအာရုံနယ်မြေ၏ တစ်မျိုးသော တန်ခိုးစွမ်းအား ဖြစ်နိုင်ချေ အလွန်ရှိနေသည်။
သို့သော် ရှဲ့ကျစ်ဌာနနှင့် နှိုင်းယှဉ်လျှင် တာအိုသုံးထောင်ကျင့်စဉ်နယ်မြေမှာ အလွန်သေးငယ်လွန်းနေပုံရသည်။
'ဒါက ပြည့်စုံမှု မရှိသေးလို့လား ဒါပေမဲ့ တာအိုသုံးထောင်ကျင့်စဉ်နယ်မြေနဲ့ ရှဲ့ကျစ်ဌာန နှစ်ခုလုံး ပေါင်းလိုက်ရင်တောင် နတ်ဘုရားလောကရဲ့ ကြီးမားမှုနဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူး။ တကယ်လို့ နတ်ဘုရားလောကသာ အတွင်းအာရုံနယ်မြေ ဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ တန်ခိုးစွမ်းအားက အဆမတန် ကြီးမားခြင်း ဖြစ်နေမှာလား'
'အတွင်းအာရုံနယ်မြေတွေရဲ့ တန်ခိုးစွမ်းအားက တစ်ခုနဲ့တစ်ခု မတူကြဘူးလို့ ဖန့်တိန် ပြောခဲ့တယ်။ အချို့က ဆင်တူနေရင်တောင် လုံးဝ တစ်ထပ်တည်းကျတာမျိုး မရှိဘူး'
'ဒါက နဂါးတစ်ကောင်ကနေ မွေးဖွားလာတဲ့ သားကိုးကောင် စိတ်နေစိတ်ထား မတူကြသလိုပဲ၊ ဒီလောကမှာ လုံးဝ တစ်ထပ်တည်းကျတဲ့လူ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်နေတာပေါ့။ ငါသာ တစ်နေ့နေ့မှာ ကန့်သတ်ချက်ကျော်လွန်ခြင်း သုံးဆင့် ကို ရောက်ခဲ့ရင်... ဘယ်လိုမျိုး အတွင်းအာရုံနယ်မြေကို ဖန်တီးနိုင်မလဲ '
ဤသို့ တွေးမိသောအခါ ဖန့်ချန်၏ ရင်ထဲ၌ မျှော်လင့်ချက်အချို့ ပေါ်ပေါက်လာသည်။ သို့သော် သူသည် ကန့်သတ်ချက်ကျော်လွန်ခြင်းသုံးဆင့်သို့ ရောက်ရန် အလွန်ပင် လိုအပ်နေသေးကြောင်းကိုလည်း သူ ကောင်းကောင်းသိသည်။
သူ့တွင် ဖဲချပ်များစွာ ရှိနေပြီး အခြားသူများထက် ရှေ့တန်းကနေ စတင်နေရသည် ဆိုသော်ငြားလည်း သူ လုပ်နိုင်သည်မှာ လမ်းမှားမရောက်အောင် ရှောင်ရှားနိုင်ခြင်းသာ ဖြစ်သည်။ လျှောက်လှမ်းရမည့် လမ်းကိုမူ ခြေလှမ်းမှန်မှန်ဖြင့်သာ တစ်လှမ်းချင်း လျှောက်လှမ်းရပေလိမ့်မည်။
အနည်းငယ် ပိုပြီး သက်သာကောင်း သက်သာနိုင်သော်လည်း ကောင်းကင်ပေါ်သို့ ခြေလှမ်းတစ်လှမ်းတည်းဖြင့် ရောက်သွားရန်မှာ မဖြစ်နိုင်ပေ။
"ဟုတ်သားပဲ... သူတော်စင်ကျမ်းစာ"
ဖန့်ချန်၏ စိတ်ထဲ၌ လှုပ်ရှားသွားပြီး ချက်ချင်းပင် ထရပ်ကာ ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ သူ ထွက်လာသည်နှင့် ဖန့်တိန်သည်လည်း ပြန်လည် ပေါ်ပေါက်လာတော့သည်။
"ငါ သူတော်စင်ကျမ်းစာကို ကြည့်ချင်တယ်၊ ငါ့ကို တစ်ခေါက်လောက် ခေါ်သွားပေးပါ"
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
ဖန့်တိန်မှာ အနည်းငယ် ကြောင်အသွားပြီးနောက် ခေါင်းညိတ်ပြသည်။
"ကောင်းပါပြီ"
ရှဲ့ကျစ်ဌာနအတွင်း၌ သူတော်စင်ကျမ်းစာ ဟု ခေါ်သော ကျောင်းတော်တစ်ခု ရှိပြီး ၎င်းထဲတွင် ဟင်းလင်ပြင် အမြင့်ဆုံးမဟာမိတ်အဖွဲ့ မှ ဆင်းသက်လာသော သူတော်စင်ကျမ်းစာများကို အထူး သိမ်းဆည်းထားသည်။
ကျောင်းတော်သို့ သွားရာလမ်းတွင် ဖန့်ချန်သည် ဖန့်တိန်၏ ပြောစကားများအရ သာမန်ကျင့်ကြံသူများသည် အဆင့် ၈ သို့ ရောက်ရှိပြီးနောက် ဟင်းလင်ပြင်အမြင့်ဆုံးမဟာမိတ်အဖွဲ့၏ တိုက်ရိုက်စီမံခန့်ခွဲမှုအောက်တွင် ရှိသော ကျောင်းတော်များသို့ သွားရောက်ကာ သူတော်စင်ကျမ်းစာကို လေ့လာဆည်းပူးနိုင်ကြောင်း သိလိုက်ရသည်။
သို့သော် ထိုလမ်းမှာ အလွန်ဝေးကွာပြီး ခက်ခဲလှသည်။ သာမန်အဆင့် ၈ ကျင့်ကြံသူများသည် ထိုနေရာသို့ ရောက်ချင်မှ ရောက်နိုင်သလို၊ မည်သို့သွားရမည်ကိုလည်း သိချင်မှ သိပေလိမ့်မည်။
သို့သော် သူတော်စင်များနှင့် သူတော်စင်တစ်ပိုင်းတိုင်းမှာမူ သူတော်စင်ကျမ်းစာ၏ မိတ္တူတစ်ခုကို ကူးယူခွင့် ရှိကြသည်။
ထို့ကြောင့် သူတို့၏ လက်အောက်မှ ကျင့်ကြံသူများသည် မလိုအပ်သော အချိန်များကို ချွေတာနိုင်ပြီး သူတော်စင်ကျမ်းစာ ကို တိုက်ရိုက် လေ့လာကာ ၎င်းထဲမှ ဆန်းကြယ်မှုများကို သိရှိနိုင်ကြသည်။
အဆင့် ၈ မသေမျိုးကျင့်ကြံသူများမှသာ ကြည့်ရှုနိုင်သည်ဟူသော ကန့်သတ်ချက်မျိုး မရှိသော်လည်း များသောအားဖြင့် အဆင့် ၈ ကျင့်ကြံသူများကိုသာ ကြည့်ရှုခွင့် ပေးလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် အဆင့် ၈ သို့ ရောက်မှသာ သူတော်စင်ကျမ်းစာ ၏ ကျင့်စဉ်များကို တကယ်တမ်း ကျင့်ကြံနိုင်သောကြောင့် ဖြစ်သည်။
မကြာမီမှာပင် သူတို့နှစ်ဦးသည် ကျောင်းတော်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် တံခါးစောင့်နေသော ကျင့်ကြံသူ နှစ်ဦး ရှိပြီး သူတို့၏ ကျင့်စဉ်အဆင့်မှာ သိပ်မမြင့်လှဘဲ အခြေခံအဆင့် ၃မျှသာ ရှိသည်။
"ဖန့်တိန် ဘိုးဘေးကြီး"
ထိုသူနှစ်ဦးသည် လာသူကို မြင်သောအခါ အမြန်ပင် ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။ တစ်ဖက်ကလည်း ဖန့်ချန်ကို မျက်လုံးထောင့်ကနေ တိတ်တဆိတ် အကဲခတ်နေကြသည်။
"သွေးသားအရှိန်အဝါက သက်တန့်လိုပဲ" ဖြစ်သွားသည့်နေ့က သူတို့လည်း သွားရောက် ကြည့်ရှုခဲ့ကြသဖြင့် ရှေ့မှလူ၏ အဆင့်အတန်းမှာ အလွန်ပင် ထူးခြားကြောင်း သိနေကြသည်။
"အင်း"
ဖန့်တိန်က ခေါင်းညိတ်ပြလိုက်ပြီး ဖန့်ချန်ကို ကြည့်ကာ တိုးတိုးလေး ပြုံး၍ ဆိုသည်။
"ဘိုးဘေးကြီး... ကိုယ်တိုင်ပဲ အထဲကို ဝင်သွားလိုက်ပါတော့မလား"
"မင်း မဝင်ဘူးလား"
"ကျွန်တော်က သူတော်စင်ကျမ်းစာကို ကြည့်ဖူးပြီးသားပါ။ ပြီးတော့ ကျင့်စဉ်လည်း အောင်မြင်နေပြီ ဖြစ်တဲ့အတွက် ထပ်ကြည့်မယ်ဆိုရင် အကျိုးမရှိတဲ့အပြင် အန္တရာယ်တောင် ရှိနိုင်ပါတယ်"
ဖန့်တိန်က ဆိုသည်။
ဖန့်ချန် စိတ်ထဲ၌ အနည်းငယ် အံ့သြသွားသည်။ ဖန့်တိန်၏ စကားထဲတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို စဉ်းစားရင်း ကျောင်းတော်ထဲသို့ လျှောက်လှမ်းဝင်ခဲ့သည်။
ကျောင်းတော်အတွင်းပိုင်းမှာ ဖန့်ချန် ထင်ထားသလို ခမ်းနားထည်ဝါခြင်း မရှိဘဲ အလွန်ပင် ရိုးရှင်းလှသည်။ သို့သော် အလွန်ကျယ်ဝန်းလှပြီး ရင်ပြင်ငယ်တစ်ခုသဖွယ် ရှိနေသည်။
ကျောင်းတော်၏ အလယ်ဗဟိုတွင် မြူခိုးများသဖွယ် ရှိနေသော ရွှေရောင်အရှိန်အဝါများ လွင့်ပျံ့နေသည်။ ထိုအရှိန်အဝါများမှာ အပျော့အပျောင်း၊ အတောက်အမှိန် အမျိုးမျိုး ရှိပြီး အလွန်ပင် နှေးကွေးသော အရှိန်ဖြင့် စီးဆင်းနေကြသည်။
ရွှေနီရောင်ရှိသော ကျမ်းစာတစ်စောင်မှာ ထိုရွှေရောင်အရှိန်အဝါများ၏ ပင့်တင်မှုဖြင့် ဟင်းလင်ပြင်ထဲတွင် ပျံလွင့်နေလေသည်။
'ဒါက သူတော်စင်ကျမ်းစာ ပေါ့'
ဖန့်ချန်၏ ရင်ထဲ၌ စပ်စုလိုစိတ်များ ပေါ်လာပြီး ၎င်းထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားခဲ့သည်။
သူသည် သူတော်စင်ကျမ်းစာ နှင့် နီးကပ်လာသည်နှင့်အမျှ ရွှေရောင်အရှိန်အဝါများမှာ သက်ဝင်လှုပ်ရှားလာပုံရပြီး စီးဆင်းမှုနှုန်းမှာ ပိုမိုမြန်ဆန်လာကာ သူတော်စင်ကျမ်းစာ ကို ဟင်းလင်ပြင်ထဲတွင် တရစပ် လည်ပတ်စေတော့သည်။
ရွှေရောင်အရှိန်အဝါများရှိရာသို့ ရောက်သောအခါ ဖန့်ချန်သည် လက်ထိပ်ဖြင့် အရင်ဆုံး စမ်းသပ်ကြည့်လိုက်သည်။ အေးမြသော ခံစားချက်တစ်ခု ရင်ထဲသို့ တိုးဝင်လာသည်။ ၎င်းသည် ရေနှင့်တူသော်လည်း ရေကဲ့သို့ သိပ်သည်းမှုမျိုး မရှိပေ။
အန္တရာယ် မရှိကြောင်း သေချာမှသာ ဖန့်ချန်သည် ၎င်းတို့ကြားထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားခဲ့ပြီး နောက်ဆုံးတွင် သူတော်စင်ကျမ်းစာ၏ ရှေ့မှောက်သို့ ရောက်လာခဲ့သည်။
သူသည် သူတော်စင်ကျမ်းစာကို ယူဆောင်ရန် ကြိုးစားလိုက်သောအခါ ပတ်ဝန်းကျင်မှ ရွှေရောင်အရှိန်အဝါများမှာ ရုတ်တရက် အလွန်ပင် ခိုင်မာသွားပြီး သူတော်စင်ကျမ်းစာကို မြဲမြံစွာ ချုပ်ကိုင်ထားသဖြင့် လုံးဝ ရွှေ့၍ မရတော့ပေ။
'ယူသွားလို့ မရဘူးလား'
ဖန့်ချန်က သူတော်စင်ကျမ်းစာကို ယူရန် စိတ်ကူးကို လက်လွှတ်လိုက်ပြီး တိုက်ရိုက်ပင် လှန်ကြည့်လိုက်သည်။
သူ လှန်လိုက်သည့် ခဏမှာပင် ၎င်းအတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ဖန့်ချန်၏ မျက်ခုံးအလယ် ထဲသို့ တန်းတန်းမတ်မတ် တိုးဝင်သွားတော့သည်။
ခဏချင်းမှာပင် ဖန့်ချန်သည် ထူးခြားသော ကမ္ဘာတစ်ခုကို မြင်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။ ထိုကမ္ဘာကြီးသည် သူ၏ 'ခန္ဓာကိုယ်' ပင် ဖြစ်သည်။
သို့သော် ပြသနေသော အခြေအနေမှာမူ အာကာသဟင်းလင်ပြင် ကဲ့သို့ ရှိနေသည်။
မသေမျိုးစွမ်းအား များမှာ ငွေရောင်မြစ်ကဲ့သို့ ရှိနေပြီး အဆုံးအစမရှိသော အကွာအဝေးကို ဖြတ်သန်းစီးဆင်းနေကြသည်။
ရွှေရောင်အရှိန်အဝါ တစ်ခုသည် ဤနေရာ၌ ပေါ်ပေါက်လာပြီး ထူးခြားသော လမ်းကြောင်းများအတိုင်း စီးဆင်းနေသည်။
ဖန့်ချန်၏ အာရုံစိုက်မှုမှာ ထိုအရာ၌သာ နစ်မြုပ်သွားတော့သည်။
အချိန်များမှာလည်း အလျင်အမြန်ပင် ကုန်ဆုံးသွားခဲ့သည်။
မသိလိုက်မသိဘာသာဖြင့် ဖန့်ချန်သည် ဤနေရာတွင် နှစ်ပေါင်းထောင်ချီ နေခဲ့ရသလိုမျိုး ဝေဝေဝါးဝါး ခံစားလိုက်ရသည်။ ရွှေရောင်အရှိန်အဝါ စီးဆင်းခဲ့သော လမ်းကြောင်းများမှာလည်း သူ၏ဦးနှောက်ထဲတွင် ထူးခြားသော ကျင့်စဉ်တစ်ခုသဖွယ် စွဲထင်ကျန်ရစ်ခဲ့ပြီ နောက်တစ်ခဏတွင် ဖန့်ချန်သည် ထိုထူးခြားသော အခြေအနေထဲမှ ရုန်းထွက်လာခဲ့သည်။
မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူသည် ရွှေရောင်အရှိန်အဝါများ၏ အဝိုင်းအဝန်းထဲတွင် မရှိတော့ဘဲ သူတော်စင်ကျမ်းစာ နှင့် ခြေလှမ်းတစ်ရာခန့် ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူသည် ရွှေရောင်အရှိန်အဝါ စီးဆင်းခဲ့သော လမ်းကြောင်းများကို ပြန်လည် စဉ်းစားကြည့်လိုက်ရာ သူ၏မျက်ဝန်းထဲတွင် အံ့သြမှုများ တဖြည်းဖြည်း ပေါ်လာသည်။
'ဒါက သူတော်စင်ကျမ်းစာကနေ ငါ့ကို သင်ကြားပေးလိုက်တဲ့ ကျင့်စဉ်လမ်းစဉ်လား '
ဖန့်ချန်သည် မသိစိတ်ဖြင့် စမ်းသပ်ကြည့်ရန် ကြိုးစားလိုက်သော်လည်း အတွေးပေါ်လာသည်နှင့် ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးစွမ်းအားများမှာ ရုတ်တရက် ရူးသွပ်ကြမ်းတမ်းလာသဖြင့် သူ၏လုပ်ရပ်ကို ချက်ချင်း ရပ်တန့်လိုက်ရသည်။
'ကြည့်ရတာ အဆင့် ၈ မရောက်ခင်မှာ ဒီကျင့်စဉ်ကို အလွယ်တကူ စမ်းသပ်လို့ မရဘူးပဲ။ ဒီကျင့်စဉ်က အဆင့် ၈ ပြီးနောက်ပိုင်းအတွက် သီးသန့် ထုတ်လုပ်ထားသလိုမျိုးပဲ'
"ဒါပေမဲ့..."
ဖန့်ချန်သည် ရုတ်တရက် သက်ပြင်းချလိုက်မိသည်။
ခုနက သူမြင်ခဲ့ရသော အာကာသ ထဲတွင် နေရာ ၉ နေရာ ပိုတိုးလာသည်။ ၎င်းသည် အရိုး ၉ ခု ကို ရည်ညွှန်းနေခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် လက်တွေ့တွင်မူ သူ့ခန္ဓာကိုယ်၌ ထိုအရိုး ၉ ခု လုံးဝ မရှိပေ။ ဆိုလိုသည်မှာ...
သူတော်စင်ကျမ်းစာ ရှိနေသည့်တိုင်အောင် သူသည် အဆင့် ၈ သို့ ရောက်ရှိချိန်တွင် ကျင့်ကြံနိုင်မည် မဟုတ်ပေ။
'အဓိကအချက်က သူတော်စင်ကျမ်းစာမှာ မဟုတ်ဘူး။ အကယ်၍ ဝမ်အိုကြီးသာ မင်ရွှီခေတ်က မှတ်ဉာဏ်တွေကို မမေ့ခဲ့ဘူးဆိုရင် သူက သူတော်စင်ကျမ်းစာ ရဲ့ ကျင့်စဉ်တွေကို သေချာပေါက် တတ်မြောက်ထားမှာပဲ။ ဒါပေမဲ့ သူက မသေမျိုးလမ်းစဉ် ကိုပဲ ဆက်ပြီး ရွေးချယ်ခဲ့တယ်ဆိုတာက... သူကိုယ်တိုင်လည်း သူတော်စင်ကျမ်းလမ်းစဉ်ကို ပြန်ပြီး ကျင့်ကြံလို့ မရဘူးဆိုတာကို သက်သေပြနေတာပဲ...'
ဖန့်ချန်၏ စိတ်အစဉ်မှာ လေးလံသွားခဲ့သည်။
ယခုအခါ သူ အသေအချာ ပြောနိုင်သည်မှာ နယ်မြေကိုးခုမှ လူသားမျိုးနွယ်များသည် သူတော်စင်ကျမ်းစာကို ရရှိခဲ့သည့်တိုင်အောင် အသုံးမဝင်ပေ၊ လုံးဝ ကျင့်ကြံ၍ မရနိုင်ပါ။
ကန့်သတ်ချက်ကို ချိုးဖျက်ချင်လျှင် မဟာကောင်းကင်ဘုရင် ဆေးလုံးလမ်းစဉ် ကိုသာ စမ်းသပ်ကြည့်ရမည် ဖြစ်ပေလိမ့်မည်။
သို့မဟုတ်ပါက ပျောက်ဆုံးသွားသော အရိုး ၉ ခု၏ အကြောင်းရင်းမှန်ကို ရှာဖွေပြီး ၎င်းတို့ကို ပြန်လည် ရရှိအောင် လုပ်ဆောင်ရပေလိမ့်မည်။
လေးလံသော စိတ်အခြေအနေဖြင့် ဖန့်ချန်သည် ကျောင်းတော်အတွင်းမှ ထွက်လာခဲ့သည်။ တံခါးဝတွင် စောင့်နေသော ဖန့်တိန်က ထိုသည်ကို မြင်သောအခါ ပြုံး၍ မေးလိုက်သည်။
"ဘိုးဘေးကြီး... ဒီတစ်ခေါက် သူတော်စင်ကျမ်းစာကနေ ပညာပေးလိုက်တဲ့ ကျင့်စဉ်က အရင်တစ်ခေါက်နဲ့ တူရဲ့လား "
"ဘာကို ဆိုလိုတာလဲ"
ဖန့်ချန်က ပြန်မေးလိုက်သည်။
ဖန့်တိန်မှာ အနည်းငယ် ကြောင်အသွားပြီး
"ဘိုးဘေးကြီးက သူတော်စင်ကျမ်းစာကို ဒါ ပထမဆုံးအကြိမ် ကြည့်တာ မဟုတ်ပါဘူးနော်... ဒါမှမဟုတ် အရင်က ကြည့်ခဲ့တဲ့ မှတ်ဉာဏ်တွေပါ ပျောက်ဆုံးနေတာလား "
"နှစ်ခါကြည့်ရင် မတူညီတဲ့ ကျင့်စဉ်တွေကို ပညာပေးတာလား"
ဖန့်ချန်၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။
"ဒါပေါ့ဗျာ... သူတော်စင်ကျမ်းစာရဲ့ ကျင့်စဉ်ဆိုတာ လူတစ်ထောင်ဆိုရင် ပုံစံတစ်ထောင် ရှိတာပါ။ ဒီလောကမှာ လုံးဝ တစ်ထပ်တည်းကျတဲ့ ကျင့်စဉ်ဆိုတာ မရှိပါဘူး။ ကျွန်တော်လည်း ကိုယ့်ရဲ့ ကျင့်စဉ်က မမြင့်မားသေးဘူး၊ အခြေခံကလည်း မခိုင်မာသေးဘူးလို့ ယူဆလို့ပါ။ တကယ်လို့ ဒုတိယအကြိမ် ကြည့်လို့ ကျင့်စဉ်က ကွဲပြားသွားပြီး ကိုယ့်ရဲ့ ကျင့်ကြံမှုမှာ အမှားအယွင်း ဖြစ်သွားမှာ ကြောက်လို့ အထဲကို မဝင်ရဲတာပါ"
ဖန့်တိန်က သက်ပြင်းချရင်း ဆိုလေသည်။