← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

241 01

အခန်း (၂၄၁)

ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပိုပြီးအေးစက်လာပြီး နှစ်သစ်ကူးဖို့ အချိန်ကလည်း နီးကပ်လာခဲ့ပါပြီ။

နှင်းတွေ အများကြီး ကျထားတာက မကြာသေးဘဲ အပြင်လောကတစ်ခုလုံးမှာ ဆီးနှင်းတွေနဲ့ ဖုံးလွှမ်းနေပေမဲ့ မြို့တော်ထဲမှာတော့ ဆူညံစည်ကားနေပြီး အေးစက်လှတဲ့ ရာသီဥတုကတောင် နှစ်သစ်ကူးရဲ့ ပျော်ရွှင်မှု အရိပ်အယောင်တွေကို မတားဆီးနိုင်ပါဘူး။

လမ်းမတွေပေါ်မှာ လမ်းသွားလမ်းလာတွေက ပျားပန်းခတ်အောင် ရှုပ်ယှက်ခတ်နေပြီး အားလုံးက နှစ်သစ်ကူးအတွက် ပြင်ဆင်စရာရှိတာတွေကို အလုပ်ရှုပ်နေကြတယ်။

နှစ်သစ်ကူးအတွက် ပြင်ဆင်တဲ့နေရာမှာ လိုက်နာရမယ့် အချက်တွေက များပြားလှပြီး ဧည့်သည်တွေကို ဖိတ်ကြားကျွေးမွေးတာကနေ အိမ်ထဲမှာ အသင့်ရှိနေရမယ့် နှစ်သစ်ကူး ရိက္ခာခြောက်တွေအထိ အသေးစိတ် ရှိလှပါတယ်။

ကံကောင်းတာက ကျောက်အာနဲ့ ရွှီထင်းရှန်းတို့ဟာ အခုတစ်ခေါက် ကွမ်ကျိုးကအပြန်မှာ အစေခံအမြောက်အမြားကို ခေါ်လာခဲ့တာမို့ အစေခံတွေက ဝိုင်းကူလုပ်ပေးကြလို့ ကိုယ်တိုင်တောင် မပင်ပန်းရတော့ပါဘူး။

ဒါပေမဲ့ နေထိုင်ရတဲ့ အိမ်ကတော့ နည်းနည်း ကျဉ်းမြောင်းနေခဲ့တယ်။

အခုဆိုရင် ရွှီမိသားစုဝင် အားလုံးက မြို့တော်ကို အရင်ဆုံးရောက်စကတည်းက ဝယ်ထားခဲ့တဲ့ ကျန်အာလမ်းကြားက အိမ်ငယ်လေးမှာပဲ နေနေကြတုန်းပါ။

အဲဒီတုန်းက မောက်မိသားစု ပြောင်းရွှေ့သွားပြီးနောက် ဘေးချင်းကပ်လျက် အိမ်ကိုပါ ကျောက်အာတို့က ရခဲ့ကြတယ်။ ကျောက်အာက အိမ်နှစ်လုံးရဲ့ အလယ်နံရံကို ဖြိုခိုင်းပြီး ဆက်လိုက်ပြီး ရှေ့ဘက်မှာ ကောင်းရှန်းတို့ နေဖို့ ဝယ်ထားတဲ့ အိမ်နဲ့ပါ ပေါင်းစပ်လိုက်တော့မှ သူတို့ နေဖို့အတွက် အနိုင်နိုင်လောက်သွားခဲ့တာပါ။

မြို့တော်ကို အရင်တစ်ခေါက် ပြန်လာကတည်းက သူမက မြို့တော်ထဲမှာ ဝင်ပေါက်သုံးခုရှိတဲ့ အိမ်ကြီးတစ်လုံးကို ဝယ်ဖို့ လူလွှတ်ပြီး စီစဉ်ခဲ့ဖူးတယ်။

ဒါပေမဲ့ အဲဒီအိမ်ရဲ့ တည်နေရာက မကောင်းဘဲ မြို့မြောက်ဘက်က စန်းရှန့်အန်း ဘုရားကျောင်း နားမှာ ရှိတယ်။

အဲဒီနေရာက နန်းတော်နဲ့ သိပ်ဝေးလွန်းလို့ ရွှီထင်းရှန်းအတွက် နန်းတော်ကို တစ်ခေါက်ဝင်ဖို့တောင် အဆင်မပြေတာနဲ့ အခု အိမ်ငယ်မှာပဲ အရင်နေနေကြရပြီး ပိုတဲ့ အစေခံတွေနဲ့ မြင်းရထားတွေကိုပဲ အဲဒီအိမ်ကြီးကို ပို့ထားခဲ့ရတယ်။

အခုရက်ပိုင်းအတွင်း ကျောက်အာက အိမ်အသစ်ဝယ်ဖို့ ကိစ္စကို အမြဲ စုံစမ်းခိုင်းနေပေမဲ့ နှမြောစရာ ကောင်းတာက နေရာကောင်းတဲ့ အိမ်တွေကို ဘယ်သူမှ မရောင်းကြဘဲ နေရာ မကောင်းတဲ့ အိမ်တွေကတော့ စန်းရှန့်အန်းက အိမ်လောက်တောင် မကောင်းကြပါဘူး။

ကျောက်အာရဲ့ စိတ်ကူးထဲမှာတော့ အိမ်ကို နန်းတော်တံခါး နားမှာပဲ ဝယ်ချင်ပြီး ဒါမှ ရွှီထင်းရှန်းက နန်းတော်ကို အဝင်အထွက် ပြုလုပ်တဲ့အခါ အဆင်ပြေပြီး သိပ်စောစောကြီး ထစရာ မလိုတော့မှာပါ။

ရွှီထင်းရှန်းကတော့ သူမကို ပြုံးပြီး ပြောပြခဲ့တယ်။ "ဒီလိုနေရာက အိမ်မျိုးတွေကို ပိုက်ဆံရှိရုံနဲ့ ဝယ်လို့မရဘူး၊ အားလုံးကို မင်းညီမင်းသားတွေနဲ့ အဆင့်မြင့်အရာရှိကြီးတွေကပဲ ပိုင်ထားကြတာ။ ဒီလိုနေရာမျိုးက အိမ်တွေကို ဘယ်သူမှလည်း မရောင်းရဲကြဘူး၊ အားလုံးက ဧကရာဇ်မင်းမြတ်က ဆုလာဘ်အဖြစ် ပေးထားတာတွေပဲ"

အဲဒီတော့မှ ကျောက်အာလည်း အဲဒီစိတ်ကူးကို လက်လျှော့လိုက်တော့တယ်။

ဒါပေမဲ့ အိမ်ငယ်လေးမှာ နေရတာကလည်း သူ့အားသာချက်နဲ့သူ ရှိပါတယ်။ အဲဒါကတော့ စည်ကားတာနဲ့ နွေးထွေးတာပါပဲ။

မိသားစုဝင်တွေ တွေ့ဖို့အတွက် လမ်းတွေကို အကွေ့အကောက်တွေအများကြီး လျှောက်စရာ မလိုဘဲ အခန်းတံခါးဝကနေ ဝင်းထဲမှာ လှမ်းခေါ်လိုက်ရုံနဲ့ ကြားနိုင်ကြတယ်။ ကံကောင်းတာက ကျောက်အာနဲ့ ရွှီထင်းရှန်းတို့ကလည်း သိပ်ပြီး ဇီဇာကြောင်တဲ့သူတွေ မဟုတ်ကြပါဘူး။

ဒီနေ့မှာတော့ ရွှီထင်းရှန်းက အပြင်ကနေ ပြန်ရောက်လာခဲ့တယ်။

သူက အပြာရင့်ရောင် ကတ္တီပါသားနဲ့ လုပ်ထားတဲ့ ဝတ်ရုံရှည်ကြီးကို ဝတ်ထားပြီး ခြေထောက်မှာတော့ အမည်းရောင် သားမွေးဖိနပ်ရှည်ကို ဝတ်ထားတယ်။ သူ အိမ်ထဲကို ဝင်လာတာနဲ့အတူ အေးစက်လှတဲ့ လေအေးတွေကလည်း ဝှေ့ဝင်လာခဲ့တယ်။

အခန်းထဲမှာတော့ ခန်နဲ့ မီးဖိုတွေက ပူနွေးနေလို့ သိပ်ကို နွေးထွေးပါတယ်။

ကျောက်အာက နှင်းဆီခရမ်းရောင်ပေါ်မှာ ကျက်သရေရှိတဲ့ ပုံရိပ်တွေ ထွင်းထားတဲ့ အင်္ကျီကို ဝတ်ထားပြီး အောက်မှာတော့ ငွေပြာရောင် သားမွေးစကတ်ကို ဝတ်ထားရင်း ခန်ပေါ်မှာ ထိုင်ပြီး ဗိုက်တကားကားနဲ့ ဖြစ်နေတဲ့ ကျောက်တိနဲ့ စကားပြောနေတယ်။

241 02

ကျောက်တိက ရှန်ဖျင်နဲ့ လက်ထပ်ပြီးကတည်းက ကိုယ်ဝန်မရခဲ့ပါဘူး။ သူမက ကိုယ့်ကိုယ်ကိုယ် အသက်ကြီးသွားလို့ ကိုယ်ဝန်ရဖို့ ခက်နေတာလားလို့ တွေးခဲ့ပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှန်ဖျင်ကတော့ ဘာမှ စိတ်မရှိဘဲ ဝေ့ကောကို သူ့ရဲ့ သားအရင်းလိုပဲ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။

ထင်မှတ်မထားဘဲ အခုနှစ် ရွှီထင်းရှန်းတို့ မြို့တော်က ထွက်သွားတဲ့အချိန်မှာမှ သူမမှာ ကိုယ်ဝန်ရခဲ့ပြီး နောက်နှစ် ၃လပိုင်း ဒါမှမဟုတ် ၄လပိုင်းမှာ မီးဖွားရမှာပါ။

ကျောက်အာက ကျောက်တိနဲ့ ကလေးအကြောင်း စကားပြောနေတုန်းမှာပဲ ရွှီထင်းရှန်း ပြန်ရောက်လာတာ ဖြ်စတယ်။

သူမက ဖိနပ်ကို အမြန် စီးပြီး အောက်ကို ဆင်းလာကာ ရွှီထင်းရှန်းရဲ့ ဝတ်ရုံကြီးကို ချွတ်ပေးဖို့ ပြုစုပေးတယ်။ ကျောက်တိကလည်း ခန်ပေါ်က ဆင်းလာပြီး ဆိုတယ်။ "ထင်းရှန်း ပြန်လာပြီပဲ ငါလည်း မင်းကို အနှောင့်အယှက် မပေးတော့ဘူး အခန်းပြန်ပြီး ခဏလောက် အိပ်လိုက်ဦးမယ်"

"အစ်မ လမ်းလျှောက်တာ သတိထားပါဦး"

"ခြေလှမ်းနှစ်လှမ်းစာလေးပါပဲ ညည်းကတော့ ငါ့ကို လဲကျမှာ ကြောက်နေတာလား" ကျောက်တိက ပြောရင်း ဝါဂွမ်းလိုက်ကာကြီးကို မပြီး အပြင်ကို ထွက်သွားတယ်။

ကျောက်အာက အဲဒီတော့မှ ရွှီထင်းရှန်းဘက်ကို လှည့်ကြည့်ကာ မေးလိုက်တယ်။ "ရှင်ကတော့ တစ်ကိုယ်လုံးကို အေးစက်နေတာပဲ နှင်းတွေထဲမှာ သွားပြီး လူးလာတာလား"

ရွှီထင်းရှန်းကတော့ နှင်းထဲမှာ သွားပြီး လူးခဲ့တာ မဟုတ်ပေမဲ့ ပြန်လာတဲ့ လမ်းမှာ တစ်ယောက်ယောက်ရဲ့ တားတာကို ခံခဲ့ရတာပါ။

အဲဒီလူနဲ့ ပတ်သက်ပြီး ပြောရရင် ကျောက်အာလည်း သိတဲ့သူဖြစ်ပေမဲ့ ရွှီထင်းရှန်းကတော့ ဒီအကြောင်းကို ကျောက်အာကို ပြောပြဖို့ စိတ်ကူးမရှိပါဘူး။

"လမ်းမှာ ခဏလောက် နှောင့်နှေးသွားလို့ပါ။ ဒါနဲ့ ဒီအရာကို မင်းကို ပေးမလို့"

"ဘာလဲ"

ကျောက်အာက လှမ်းယူကြည့်လိုက်တဲ့အခါ အဲဒါက မြေဂရန် တစ်ခုဖြစ်ပုံရတာကို တွေ့လိုက်ရတယ်။

အဲဒါက မြေဂရန် ဟုတ်မဟုတ် ဆိုတာကိုတော့ ကျောက်အာလည်း အသေအချာ မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူမ ပုံမှန် မြင်နေကျ အရာတွေနဲ့ မတူလို့ ဖြစ်တယ်။

"ဒါက ဧကရာဇ်မင်းမြတ်က ဆုလာဘ်အဖြစ် ပေးထားတဲ့ အိမ်ပဲ အရင်ကတည်းက ပြောထားတာ ကြာပါပြီ။ ဒါပေမဲ့ ငါက အခွန်ဝန်ကြီးဌာနကို သွားဖို့ အချိန်မရသေးလို့။ ဒီနေ့ အဲဒီကို သွားရင်းနဲ့ တစ်ခါတည်း ယူလာခဲ့တာ”

"ဆုလာဘ်အဖြစ် ရတဲ့ အိမ်လား"

"မင်းက နန်းတော်တံခါး နားမှာ အိမ်တစ်လုံးလောက် ရချင်တယ်လို့ ပြောဖူးတယ် မဟုတ်လား။ အခုတော့ ရှာနေစရာ မလိုတော့ဘူး။ အဲဒါက တုန်းဟွာတံခါး နားမှာပဲ ရှိတယ်။ ငါ ခုလေးတင် သွားကြည့်ခဲ့သေးတယ်။ နေရာကတော့ သိပ်မကြီးဘူး ဝင်ပေါက်သုံးခုပဲ ရှိတယ်။ ဒါပေမဲ့ ငါတို့ နေဖို့တော့ လုံလောက်ပါတယ်"

" ဝင်ပေါက်သုံးခုပဲ ရှိတာ ဟုတ်လား" ကျောက်အာရဲ့ မျက်လုံးတွေမှာ အပြုံးတွေ ပြည့်သွားပြီး ရွှီထင်းရှန်းကို စနောက်လိုက်တယ်။ "အခုတော့ ငါတို့ရဲ့ ရွှီအမတ်မင်းကြီးက စကားပြောတာ တော်တော်လေး အာဏာပါလာပြီပဲ ဘယ်သူကများ ဒီလိုနေရာမျိုးက အိမ်တွေကို ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး၊ အဆင့်မြင့်အရာရှိကြီးတွေပဲ ပိုင်ထားကြတာလို့ အရင်က ပြောခဲ့တာလဲ။ အခုတော့ ငါတို့ရဲ့ ရွှီအမတ်မင်းကြီးက အဆင့်မြင့်အရာရှိကြီး ဖြစ်လာပြီဆိုတော့ အိမ်သေးတယ်လို့တောင် ငြိုငြင်နေပြီပေါ့"

"ငါက အဲဒီလို လေသံမျိုးနဲ့ ပြောလို့လား မင်းက သတ္တိမနည်းဘူးပဲ။ မင်းရဲ့ ယောက်ျားကိုတောင် ပြောင်လှောင်ရဲတယ်ပေါ့"

ရွှီထင်းရှန်းက ကျောက်အာကို ယားအောင် စလိုက်တာကြောင့် ကျောက်အာက အယားသိပ်ကြောက်တဲ့သူမို့ ရယ်မောပြီး ရှောင်တိမ်းနေတော့တယ်။ နှစ်ယောက်သား ခန်ပေါ်မှာ စနောက်ရင်း အတန်ကြာ နီးနီးကပ်ကပ် ရှိနေကြပြီးနောက် ရွှီထင်းရှန်းက ကျောက်အာရဲ့ အပေါ်မှာ တစ်ဝက်လောက် မှီပြီး သူမရဲ့ နီမြန်းတဲ့ နှုတ်ခမ်းလေးကို တစ်ချက်ချင်း နမ်းနေခဲ့တယ်။

"ဒါပေမဲ့ ဒီအိမ်ကို အခုလောလောဆယ် မပြောင်းတာ အကောင်းဆုံးပဲ ကိစ္စတွေက ဆူညံနေတုန်းမို့ အခုဖြစ်နေတဲ့ ကိစ္စတွေ ပြီးမှပဲ ပြောင်းကြတာပေါ့"

ကျောက်အာမှာ အဖိခံထားရလို့ အသက်ရှူပင် ကျပ်နေပြီး သူ့ကို လက်နဲ့ တွန်းထုတ်လိုက်ရင်း မေးလိုက်တယ်။ "ဘာလဲ အပြင်မှာ နောက်ထပ် ဘာကောလာဟလတွေ ထွက်နေပြန်ပြီလဲ"

ခြုံပြောရရင် အခု မြို့တော်ထဲမှာ ကောလာဟလတွေက သိပ်ကိုထင်ရှားနေပါတယ်။ ဝူအမတ်ချုပ်ကြီးကို ဖမ်းချုပ်ပြီးနောက် ဧကရာဇ်ကျားချန်နဲ့ အမတ်တွေက နှစ်ပတ်လောက် ငြင်းကြပြီးမှ အမှုကို စစ်ခွင့်ကို ကျင်းယီဝေ့ကို ပေးခဲ့ပြီး ရွှီထင်းရှန်းနဲ့ တခြားဝန်ကြီးဌာနတွေကို ပါဝင်စစ်ဖို့ တာဝန်ပေးခဲ့တယ်။

241 03

ဝူအမတ်ချုပ်ကြီးက အဲဒီနေ့က ဒေါသကြောင့် သွေးအန်ခဲ့လို့ အမှုကို ခဏ မစစ်နိုင်သေးပေမဲ့ တစ်ချိန်တည်းမှာပဲ မြို့တော်ထဲမှာ သတင်းအမျိုးမျိုး ပျံ့နေခဲ့တယ်။

အဲဒီထဲမှာ အများဆုံး ပျံ့နေတာက ရွှီထင်းရှန်းနဲ့ ဝူအမတ်ချုပ်ကြီးတို့ရဲ့ ရန်ငြိုးရန်စတွေပါပဲ။

အကြောင်းအရာက အဆင့်မြင့်အရာရှိကြီး တစ်ယောက်က ငယ်ရွယ်ချောမောတဲ့ ကျွမ့်ယွမ်ကို သဘောကျလို့ သမက်တော်ချင်ခဲ့ပေမဲ့ အဲဒီကျွမ့်ယွမ်မှာ ဇနီးနဲ့ သားရှိနေပြီမို့ ပြတ်ပြတ်သားသား ငြင်းခဲ့တယ်။ အရာရှိကြီးက အဲဒီလို အငြင်းခံရလို့ သိက္ခာကျတယ်လို့ ယူဆပြီး ဒေါသထွက်ကာ ကျွမ့်ယွမ်ကို ဝေးလံခေါင်ဖျားတဲ့ နေရာကို ရာထူးချခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ အဲဒီကျွမ့်ယွမ်က ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ရောက်လာပြီး အရာရှိကြီးကတော့ အကျဉ်းသားဘဝ ရောက်သွားခဲ့တယ် ဆိုတာပါပဲ။

အမှန်တော့ ဒါက ကြိုးစားအားထုတ်မှုကို အားပေးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ကျွမ့်ယွမ်ကလည်း အကောင်းဘက်က ပါတဲ့သူပါ။

ဒါပေမဲ့ လက်ရှိ အခြေအနေနဲ့ ပေါင်းလိုက်တဲ့အခါ ဒါက တစ်စုံတစ်ခုကို သွယ်ဝိုက်ပြီး ရည်ညွှန်းနေတာဆိုတာ မြို့တော်ထဲက သတင်းနားစွင့်သူတိုင်း သိကြပါတယ်။

အစိုးရအဖွဲ့ထဲမှာတော့ ပြောနေစရာမလိုတော့ပေမဲ့ အရေးကြီးတာက သာမန်ပြည်သူတွေက ဒီလို ဇာတ်လမ်းတွေကို သိပ်ကို ကြိုက်ကြတာပါပဲ။

ဘယ်သူက စလုပ်တာလဲ မသိရပေမဲ့ ဒီအကြောင်းကို ပြဇာတ်ရုံတွေမှာ ကပြကြသလို ပုံပြောသူတွေကလည်း ဟိုတယ်နဲ့ စားသောက်ဆိုင် အသီးသီးမှာ ပြောပြကြလို့ မြို့တော်တစ်ခုလုံးမှာ နာမည်ကြီးသွားခဲ့တယ်။

အခုရက်ပိုင်းအတွင်း ဘယ်သူမဆို ဒီအကြောင်းကိုပဲ ဆွေးနွေးနေကြပြီး ဇာတ်လမ်းထဲက အဓိကဇာတ်ဆောင်တွေက အခု နာမည်ကြီးနေတဲ့ အိမ်ရှေ့စံရဲ့ ဆရာ ရွှီထင်းရှန်းနဲ့ မင်းဆက်နှစ်ဆက်တိုင် အမှုထမ်းခဲ့တဲ့ အမတ်ဟောင်းကြီး ဝူယုံတို့ ဖြစ်ကြောင်းကိုတောင် ဖော်ထုတ်နိုင်ခဲ့ကြတယ်။

အသစ်တက်လာတဲ့ အရာရှိနဲ့ အရာရှိဟောင်းကြီးတို့ရဲ့ အားပြိုင်မှုက ရှေးအရင်ကတည်းက လူအများ စိတ်ဝင်စားတဲ့ "ကျွမ့်ယွမ်ဖြစ်ရင် မင်းသမီးနဲ့ လက်ထပ်ရတယ်" ဆိုတဲ့ ဇာတ်လမ်းမျိုးနဲ့ သွားတူနေခဲ့တယ်။ အခု လမ်းတကာမှာ ဒီသတင်းတွေ ပျံ့နေလို့ ကျောက်အာတောင်မှ ကြားနေရပါပြီ။

အမှန်တော့ ဒီကိစ္စကို သူမက အစောကတည်းက သိနေခဲ့ပေမဲ့ ရွှီထင်းရှန်းက မပြောလို့ သူမကလည်း မမေးခဲ့တာပါ။

အခု ဇာတ်လမ်းထဲမှာ ကျွမ့်ယွမ်က စွန့်ပစ်ဖို့ ရက်စက်တာမျိုး မရှိတဲ့ မူလဇနီးသည်အဖြစ် သူမကလည်း နာမည်ကြီးနေခဲ့ပြီး လက်ရှိမှာ အမျိုးသမီးငယ်တွေ အားကျရဆုံးသူ ဖြစ်လာခဲ့တယ်။

"မိန်းကလေးဖြစ်ရင် ဝမ်မိသားစုလို ဖြစ်ရမယ်။ ခင်ပွန်းရှာရင် ရွှီကျွမ့်ယွမ်လို ရှာရမယ်"

ဒါက အခု မိဘတွေက သူတို့ရဲ့ သမီးပျိုတွေကို ဆုံးမတဲ့အခါ အသုံးအများဆုံး စကားတောင် ဖြစ်လာခဲ့ပါပြီ။

အပြင်လူတွေကတော့ ပျော်စရာအဖြစ် ကြည့်ကြပေမဲ့ အစိုးရအဖွဲ့ထဲမှာတော့ အဲဒီလို မဟုတ်ပါဘူး။

ဧကရာဇ်ကျားချန်က ပြတ်သားတဲ့ အခြေအနေကို ပြခဲ့ပြီး လူအများကြီးကို ဖမ်းခဲ့လို့ အရာရှိတွေ ငြိမ်နေကြရပေမဲ့ ဒီပြဇာတ် ပေါ်လာကတည်းက အချို့သူတွေက ရွှီထင်းရှန်းကို ဒီအမှုကနေ ရှောင်ပေးဖို့ အကြံပြုလာကြတော့တယ်။

ဒါပေမဲ့ ရွှီထင်းရှန်းက ဝူအမတ်ချုပ်ကြီးကို ပြောခဲ့တဲ့ စကားတွေကလည်း တစ်ပြည်လုံးမှာ ပျံ့နေခဲ့ပါတယ်။

အဲဒါက တုကျိဖုန်းကတစ်ဆင့် ပေါက်ကြားသွားတာ ဖြစ်သလို ဧကရာဇ်ကျားချန်ရဲ့ သဘောထားကိုလည်း ကိုယ်စားပြုနေပါတယ်။

ခြုံပြောရရင် မကြာသေးခင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး အတိအကျ ဆုံးဖြတ်ချက် မရှိသေးပေမဲ့ သိုသိုသိပ်သိပ်နဲ့ လှုပ်ရှားနေကြတဲ့သူတွေကတော့ မနည်းပါဘူး။

ရွှီထင်းရှန်းက တစ်ဖက်ကို လှည့်ထိုင်လိုက်ပြီး ဆိုတယ်။ "ဒီကိစ္စကို မင်း ဂရုမစိုက်ပါနဲ့ ရက်နည်းနည်းကြာရင် ငြိမ်သွားပါလိမ့်မယ်"

"ဘာလဲ ဝူအမတ်ချုပ်ကြီးရဲ့ ရောဂါက သက်သာသွားပြီလား"

သက်သာသွားတာ မရှိသေးပေမဲ့ ဟဲနန်နယ်က ဖမ်းလာတဲ့ အပြစ်ရှိတဲ့ အရာရှိတွေက မကြာခင် မြို့တော်ကို ရောက်လာတော့မှာပါ။

ရွှီထင်းရှန်းက ဒီသတင်းကို မနေ့ကမှ ရတာ ဖြစ်ပါတယ်။

မူလက အစောကြီး ရောက်ရမှာ ဖြစ်ပေမဲ့ ဆီးနှင်းတွေကြောင့် လမ်းတွေ ပိတ်နေလို့ ရက်နည်းနည်း နှောင့်နှေးသွားတာမို့ မနက်ဖြန် ဒါမှမဟုတ် သဘက်ခါမှာ ရောက်လာပါလိမ့်မယ်။

241 04

အဲဒီအချိန်ကျမှပဲ ပျော်စရာတွေက ပိုပြီး ကြီးလာပါလိမ့်မယ်။

တစ်ချိန်တည်းမှာပဲ မြို့အနောက်ဘက်က ချိုင်မူချန် အနီးက လမ်းကြားတစ်ခုထဲမှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ရှေ့ဆင့်နောက်ဆင့် လျှောက်လှမ်းနေကြတယ်။

ဒီဒေသက မြို့တော်ထဲက ဆင်းရဲသားရပ်ကွက်လို့ နာမည်ကျော်လှပါတယ်။ ဒီနေရာမှာ နေထိုင်သူတွေက အလွန်ပဲ ဆင်းရဲနွမ်းပါးလို့တော့ မဟုတ်ပါဘူး ဒါပေမဲ့ တခြားသော မြို့လေးရပ်နဲ့ နှိုင်းယှဉ်ရင် မြို့အနောက်ဘက်က အစွန်အဖျား အကျဆုံး ဖြစ်နေခဲ့တယ်။ ဒါ့အပြင် မြို့အရှေ့ဘက်လို ဘုရားကျောင်းတွေ ဒါမှမဟုတ် ပန်းဈေးတန်းတွေလည်း မရှိဘူး။ ဒီနေရာကနေ မြို့တွင်းကို သွားဖို့ကလည်း အလွန်ပဲ အဆင်မပြေတာကြောင့် အရာရှိကြီးတွေက ဒီနေရာမှာ နေလေ့မရှိကြဘဲ သာမန်ပြည်သူတွေပဲ အများဆုံး နေကြတယ်။

ဒါပေမဲ့ အရာရှိတွေ လုံးဝမနေကြတာတော့ မဟုတ်ပါဘူး ဒီနေရာမှာ နေထိုင်သူတွေက များသောအားဖြင့် ဆင်းရဲနွမ်းပါးလှတဲ့ အရာရှိငယ်လေးတွေ ဖြစ်ကြပြီး အရာရှိလောကမှာတောင် အောက်ခြေအကျဆုံးသော ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။

"မင်းက အမတ်ချုပ်ကြီးရဲ့ သမီးဖြစ်ပြီးတော့ ဘယ်လောက်တောင် မျက်နှာပွင့်သလဲလို့ ငါက ထင်နေတာ။ ကြည့်စမ်း ဟိုလူက မင်းကို လုံးဝကို အဖတ်မလုပ်တာ မင်းကို သိတောင် မသိသလို ဟန်ဆောင်သွားတာ ငါကြည့်ရသလောက်တော့ မင်းအဖေကတော့ ကယ်လို့ ရတော့မှာ မဟုတ်ဘူး ငါက သမက်ဖြစ်ပြီးတော့ ယောက္ခမကို ပစ်ထားတယ်လို့တော့ လာမပြောနဲ့တော့”

ရာသီဥတုက အေးသလို ဒီနေရာက လူသူဝေးတာကြောင့် လမ်းပေါ်က နှင်းတွေကို ဖယ်ဖို့က နေထိုင်သူတွေရဲ့ သဘောဆန္ဒအပေါ်မှာပဲ မူတည်တယ်။

ဘယ်သူမှ မသန့်ရှင်းချင်ကြတဲ့ ရလဒ်ကတော့ လမ်းပေါ်က နှင်းထုတွေက လူတွေရဲ့ နင်းဖြတ်မှုကြောင့် ညစ်ပတ်နေတဲ့ ရေအိုင်မည်းကြီးတွေအဖြစ် ပြောင်းနေခဲ့တာပါပဲ။ အဓိကက နှင်းတွေက အကုန်မပျော်သေးဘဲ ရှိနေတာဖြစ်လို့ အကယ်၍ သတိမထားဘဲ နှင်းကျင်းထဲကို နင်းမိရင် ခြေတစ်ဖက်လုံးက နှင်းရေတွေ စိုရွှဲသွားပြီး တစ်ကိုယ်လုံးကို အေးစက်သွားစေကာ အအေးဓာတ်က အရိုးထဲအထိ စိမ့်ဝင်သွားစေတော့တယ်။

အဲဒီအမျိုးသားက အမျိုးသမီးကို စကားပြောဖို့ပဲ အာရုံစိုက်နေတာကြောင့် သတိမထားဘဲ နှင်းကျင်းထဲကို နင်းမိသွားခဲ့ရာမှာ သူက ချက်ချင်းပဲ ခြေထောက်ကို မပြီး ကံဆိုးမကောင်လို့ ဆဲဆိုရင်း ခါထုတ်လိုက်ပေမဲ့ နှင်းရေတွေက ဝါဂွမ်းဖိနပ်ထဲကို စိမ့်ဝင်သွားတာကိုတော့ မတားနိုင်တော့ပါဘူး။

အေးလည်းအေး ညစ်ပတ်လည်း ညစ်ပတ်တာကြောင့် အဲဒီအမျိုးသားက ဒေါသထွက်ပြီး အမျိုးသမီးအပေါ် ပုံချလိုက်တော့တယ်။

"မင်းကို လက်ထပ်ထားလို့ ဘာအသုံးကျလဲဆိုတာ ကြည့်စမ်း တခြားအိမ်က မိန်းမတွေဆိုရင် အပ်ချုပ်အလုပ်ကို ကျွမ်းကျင်ကြတယ်။ မင်းကတော့ ထမင်းလည်း မချက်တတ် အဝတ်လည်း မလျှော်တတ် ဖိနပ်တစ်စုံ လုပ်တာတောင် ဒီလောက်အထိ ဖြစ်နေတာ ငါ့အမေက မင်းကို မျက်စိစပါးမွှေး စူးနေတာလည်း မဆန်းပါဘူး"

အဲဒီအပြစ်တင်ခံနေရတဲ့ အမျိုးသမီးရဲ့ကိုယ်ဟန်က ပိန်လှီနွမ်းနယ်နေပြီး အဝါရောင် ရင့်ရင့် ဝတ်ရုံရှည်ကြီး တစ်ထည်ကို ဝတ်ထားတယ်။

ဒီဝတ်ရုံက သူမနဲ့ မတော်လှဘဲ ကိုယ်ထည်က အလွန်ပဲ ကျယ်လွန်းနေသလို လက်စွပ်တွေကလည်း အနည်းငယ် တိုနေခဲ့တယ်။ ဘယ်လို အလှအပမှ မရှိတဲ့အပြင် အရောင်ကလည်း အိုမင်းလှတယ်။ သူမရဲ့ မျက်နှာက မူလကပင် လှပသူဖြစ်ပေမဲ့ အခုတော့ မျက်ခုံးကြားက နက်ရှိုင်းလှတဲ့ အတွန့်အခေါက်တွေနဲ့ မျက်ဝန်းထောင့်က အရေးအကြောင်းတွေကြောင့် နွမ်းလျနေပုံ ပေါက်နေတယ်။ ဒါ့အပြင် အိုမင်းလှတဲ့ ဝတ်စားဆင်ယင်မှုကြောင့် အသက် ၃၀ ကျော်ပဲ ရှိသေးပေမဲ့ ဆယ်နှစ်ကျော်လောက် ပိုပြီး အိုမင်းနေပုံ ပေါက်နေတော့တယ်။

အခု အမျိုးသားရဲ့ ဆဲဆိုကြိမ်းမောင်းမှုကို ရင်ဆိုင်နေရပေမဲ့လည်း သူမက စကားတစ်ခွန်းမှ ပြန်မပြောဘဲ ခေါင်းကိုပဲ ငုံ့ထားခဲ့တယ်။

အဲဒီအမျိုးသားက သူမရဲ့ ဒီလိုမျိုး ပုံစံကို မြင်တော့ ပိုပြီးတော့တောင် စိတ်ပျက်သွားခဲ့တယ်။ အိမ်ရှေ့ကို ရောက်တဲ့အခါ သူက တံခါးကို တွန်းဖွင့်ပြီး ဝင်သွားခဲ့ပြီး အဲဒီအမျိုးသမီးကို လုံးဝ ဂရုမစိုက်တော့ဘူး။

အမျိုးသမီးက ခဏမျှ ရပ်နေပြီးမှ လက်ကို ဆန့်ပြီး တံခါးကို တွန်းဖွင့်ကာ ဝင်သွားခဲ့တယ်။ ထင်ထားတဲ့အတိုင်းပဲ အမျိုးသားက အခန်းထဲမှာ သူ့ရဲ့ မိခင်ကို သွားပြီး ညည်းညူနေတာကို ကြားလိုက်ရတယ်။

"အရင်က ငါ မင်းကို ကွေဟွားနဲ့ လက်ထပ်ခိုင်းခဲ့တာကို မင်းကတော့ မင်းရဲ့ ဝမ်းကွဲညီမလေးရဲ့ မျိုးရိုးက မင်းနဲ့ မတန်ဘူးဆိုပြီး ငြင်းခဲ့တယ်လေ။ မင်း ကျင်းရှီ အောင်မြင်သွားရင် ငါတို့အိမ်က မျှော်လင့်ချက် ရှိပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခု ဘဝကို ကြည့်စမ်းဦး။ ဟန်လင်းကျောင်းတော်က အရာရှိမင်းဆိုတာ နာမည်ကတော့ ကြားလို့ကောင်းပါရဲ့ ဒါပေမဲ့ ငွေကတော့ ပြားပြားတောင် မရှိဘူး အခုလည်း ဒီလိုမိန်းမမျိုးကို အိမ်ထဲ ခေါ်လာပြန်ပြီ။ အို... ငါ့ဘုရား ငါပြောမယ် မင်း ဟန်လင်းကျောင်းတော်မှာ ဒီလောက်အထိ ကြာနေတာတောင် နယ်ကို ရာထူးမထွက်နိုင်တာဟာ ဒီမိန်းမရဲ့ နိမ့်ပါးမှုကြောင့်ပဲ ဖြစ်လိမ့်မယ်”

241 05

"အမေရယ် ဒီကိစ္စကို ထပ်ပြီး မပြောပါနဲ့တော့။ အခု ဘာလုပ်ရမလဲဆိုတာပဲ ပြောပါဦး”

"ငါပြောမယ်ဆိုရင်တော့ သူမကို ကွာရှင်းပစ်လိုက် ဘယ်အိမ်ကပဲ ချွေးမယူယူ ယောက္ခမဆိုတာ စည်းစိမ်ခံရတာပဲ မဟုတ်လား ငါကတော့ တစ်နေ့ကုန် သားကို ပြုစုရသလို ချွေးမကိုပါ ပြန်ပြီး ပြုစုနေရတယ်။ သူမကို ထမင်းတစ်နပ် ချက်ခိုင်းရင်လည်း ပန်းကန်တွေ ခွက်တွေကို ခွဲပစ်တာပဲ။ ငါတို့အိမ်က ချမ်းသာတဲ့ အိမ်မှ မဟုတ်တာ ဒီလောက်အထိ ခွဲနေတာကို ဘယ်လို ခံနိုင်ပါ့မလဲ။ မင်းရဲ့ လစာက ဘယ်လောက်ရှိလို့ သူမ ခွဲသမျှကို လိုက်လျောနိုင်မှာလဲ”

အမျိုးသားရဲ့ အသံက အနည်းငယ် တိုးသွားတာကြောင့် ပြတ်တောင်းပြတ်တောင်းပဲ ကြားရတော့တယ်။

"...သူမရဲ့ မိသားစုက သာမန်မှ မဟုတ်တာ ပြီးတော့... ပုံမှန်ဆိုရင် တစ်စုံတစ်ယောက်က ပစ္စည်းတွေ လာပို့ပေးတာပဲ။ အဲဒီပစ္စည်းတွေကို အမေပဲ ယူထားတာ မဟုတ်ဘူးလား..."

"ဘာက မသာမန်တာလဲ အမတ်ချုပ်ကြီးရဲ့ သမီးဆိုရင်ပဲ ထူးခြားနေလို့လား ငါကြည့်ရသလောက်တော့ မင်းက သမက်ဖြစ်ပြီးတော့ ယောက္ခမဆီက ဘာကျေးဇူးမှ မခံစားရတဲ့အပြင် အခုဆိုရင် သူမအဖေက ထောင်ထဲတောင် ရောက်နေပြီ ဘယ်အချိန်မှာ ခေါင်းဖြတ်ခံရမလဲ မသိဘူး။ ခေါင်းဖြတ်ခံရမယ့် ယောက္ခမ ရှိနေတာက မင်းအတွက် မျက်နှာပွင့်စရာလို့ ထင်နေတာလား"

ဒီသားအမိ နှစ်ယောက်က အခန်းထဲမှာ အသံအတိုးအကျယ်နဲ့ ပြောဆိုနေကြပေမဲ့ အမျိုးသမီးကတော့ ဝင်းထဲမှာ ရပ်ပြီး နားထောင်နေခဲ့တယ်။

သူမရဲ့ မျက်နှာက ခြောက်ကပ်နေပြီး အဲဒီပြောဆိုနေတဲ့ စကားတွေက သူမအကြောင်း မဟုတ်တဲ့အလား တည်ငြိမ်နေခဲ့တယ်။ ဒါပေမဲ့ အရင်က အခြေအနေတွေကို ပြန်စဉ်းစားမိတဲ့ အခါမှာတော့ သူမရဲ့ မျက်ဝန်းထဲမှာ လှုပ်ခတ်မှုတွေ ဖြစ်လာခဲ့ရတယ်။

ဝူဝမ့်ချုံးကိုယ်တိုင်လည်း သူမက ရွှီထင်းရှန်းနဲ့ ပြန်တွေ့ရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ပါဘူး။

...

အဲဒီတုန်းက ကိစ္စတွေ ဖြစ်ပြီးနောက် ဝူဝမ့်ချုံးက မိသားစုထဲမှာ လုံးဝ မျက်နှာပျက်ခဲ့ရတယ်။

ဝူအမတ်ချုပ်ကြီးက သူမကို လုံးဝ ဂရုမစိုက်တော့ဘဲ ပစ်ထားခဲ့သလို လက်အောက်က လူတွေကလည်း သူမအပေါ် ပေါ့ပေါ့တန်တန် ဆက်ဆံလာကြတယ်။ ကျဲ့ကျန်းနယ်က ကိစ္စတွေကြောင့် အန်းပေါ်လည်း အပြစ်ပေးခံရပြီး ကျန်းရှီးနယ်ကို စီးပွားရေး လုပ်ငန်းတွေ စီမံဖို့ ပို့ဆောင်ခံလိုက်ရတာကြောင့် ဝူဝမ့်ချုံးမှာ သူမကို စောင့်ရှောက်ပေးမယ့်သူ မရှိတော့ပါဘူး။

အတွင်းဆောင်တွေထဲမှာ ကိုယ်လုပ်တော်ဖုန်းက အိမ်ကို အုပ်ချုပ်နေခဲ့ရာ ကိုယ်လုပ်တော်ဖုန်းက ဒီမိန်းကလေးကို အစောကတည်းက မျက်စိစပါးမွှေး စူးနေသူ ဖြစ်တာကြောင့် သူမကို ဒုက္ခပေးဖို့ကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။

ဒီလိုနဲ့ တစ်နှစ်လောက် ကြာတဲ့အခါ ဝူဝမ့်ချုံးက ဘယ်နေရာမှာမှ သူဌေးသမီးတစ်ယောက်နဲ့ မတူတော့ဘဲ မျက်နှာပွင့်တဲ့ အစေခံမလေး တစ်ယောက်ရဲ့ ဘဝလောက်တောင် မသက်သာတော့ပါဘူး။

ကြာလာတဲ့အခါ ကိုယ်လုပ်တော်ဖုန်းက သူမကို မြင်ရတာကိုပဲ ငြီးငွေ့လာခဲ့တယ်။

ဒီလိုမျိုး အရာတစ်ခုကို အိမ်မှာ ထားခြင်းအားဖြင့် သူမက အပြင်ပန်းမှာ ဟန်ဆောင်နေရလို့ စိတ်ပင်ပန်းရသလို ဘယ်သူ့ဆီကမှလည်း ကျေးဇူးတင်စကား မရဘဲ စိတ်အနှောင့်အယှက်ပဲ ဖြစ်ရတယ်။ ဒါကြောင့် ဝူအမတ်ချုပ်ကြီးကို ဝူဝမ့်ချုံးကို လက်ထပ်ပေးဖို့ အကြံပြုလိုက်ရာ အဲဒီတော့မှ ဝူအမတ်ချုပ်ကြီးက ဒီသမီးဖြစ်သူကို သတိရလာခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သမီးအရင်းဖြစ်တာကြောင့် ဝူအမတ်ချုပ်ကြီးမှာ နာကျည်းမှု ရှိနေရင်တောင် အချိန်ကြာလာတာနဲ့အမျှ အဲဒီခံစားချက်တွေက လျော့သွားခဲ့ပြီ ဖြစ်တယ်။ ဒါ့အပြင် အဲဒီတုန်းက သူ့ရဲ့ အခြေအနေကလည်း မကောင်းတာကြောင့် အတွင်းဆောင် ကိစ္စတွေကို အာရုံစိုက်ဖို့ အချိန်မရှိရာ ဒီကိစ္စကို ကိုယ်လုပ်တော်ဖုန်းကို လွှဲပေးလိုက်တော့တယ်။

ကိုယ်လုပ်တော်ဖုန်းကလည်း အစွမ်းကုန် ကြိုးစားပေးခဲ့ပါတယ်။ သူမ ရွေးပေးလိုက်သူက အရင်က ဝူအမတ်ချုပ်ကြီးဆီက သမက်တော်ချင်ခဲ့ဖူးတဲ့ ထောင်ယိထုံပါပဲ။

ဒီထောင်ယိထုံက အဲဒီတုန်းက ကိစ္စတွေ ဖြစ်ပြီးနောက် ဟန်လင်းကျောင်းတော်မှာ ဘယ်သူမှ ဂရုမစိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သွားခဲ့ရတယ်။ ပုံမှန်အားဖြင့် တခြားသူတွေရဲ့ အနှိမ်ခံရတာကြောင့် သူ့ရဲ့ ဘဝကလည်း အဆင်မပြေလှပါဘူး။

ဒါ့အပြင် အရင်က အမတ်ချုပ်ကြီးရဲ့ သမီးကို လက်ထပ်လုနီးပါး ဖြစ်ခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ထောင်ယိထုံရဲ့ စိတ်ထဲမှာ အမြဲတမ်း မခံချင်စိတ် ရှိနေခဲ့ပြီး တစ်နေ့နေ့မှာ မြင့်မြတ်တဲ့ မျိုးရိုးရှိတဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်ပြီး ဂုဏ်သိက္ခာကို ပြန်မြှင့်ချင်ခဲ့တယ်။

241 06

ဒါပေမဲ့ အရင်က ကိစ္စတွေ ပေါ်ခဲ့ဖူးတာကြောင့် တစ်ယောက်ယောက်က သူ့ကို သဘောကျရင်တောင် ဝူမိသားစုက မလိုချင်တော့တဲ့ အရာကို ပြန်ယူဖို့က ဘယ်သူမှ မဝံ့ရဲကြသလို မလိုလားကြဘူး။ ဒါကြောင့်ပဲ သူက အချိန်အတော်ကြာတဲ့အထိ အိမ်ထောင်မပြုဘဲ ရှိနေခဲ့တာဖြစ်ပြီး အသက်ကြီးတဲ့အထိ လူပျိုကြီးဘဝနဲ့ပဲ ရှိနေခဲ့ရတယ်။

အခုတော့ လှည့်ပတ်ပြီးတဲ့နောက်မှာ အမျိုးသားကလည်း လူပျို အမျိုးသမီးကလည်း အပျိုဖြစ်နေကြတယ်။

နွားကျောင်းသားနဲ့ ရက်ကန်းမယ်လိုပဲ ဒါက ကောင်းကင်ဘုံက သတ်မှတ်ပေးလိုက်တဲ့ ဖူးစာပါပဲ။

ဝူအမတ်ချုပ်ကြီးကလည်း အဲဒီသတင်းကို ကြားတော့ ဘာမှမပြောတော့ဘူး သူကိုယ်တိုင် ရွေးခဲ့ဖူးသူ ဖြစ်တာကြောင့် အလွန်အမင်း မဆိုးနိုင်ဘူးလို့ ယူဆခဲ့တယ်။

သူ မသိတာက အပြင်ပန်းမှာ လှပေမဲ့ အတွင်းထဲမှာ ခါးသီးတဲ့ အိမ်ထောင်ရေးတွေက မနည်းပါဘူး။ ကိုယ်လုပ်တော်ဖုန်းက ဝူဝမ့်ချုံးအတွက် ထောင်ယိထုံကို ရွေးပေးခဲ့တာက သူမကို စည်းစိမ်ခံစားစေဖို့ မဟုတ်ပါဘူး။

အမှန်တော့ အကယ်၍ ဝူဝမ့်ချုံးရဲ့ ဝူမိသားစုထဲက ဂုဏ်သိက္ခာက မပြောင်းဘဲ ရှိနေမယ်ဆိုရင် ဒီအိမ်ထောင်ရေးက မဆိုးပါဘူး။

ထောင်မိသားစုရဲ့ အခြေအနေက နည်းနည်း နိမ့်ပေမဲ့ ဝူမိသားစုရဲ့ ကူညီမှု ရှိမယ်ဆိုရင်ဖြစ်စေ ဝူဝမ့်ချုံးက ဝူအမတ်ချုပ်ကြီးရဲ့ တစ်ဦးတည်းသော သမီးဖြစ်နေမယ်ဆိုရင်ဖြစ်စေ ထောင်မိသားစုက ဝူဝမ့်ချုံးကို လက်ထပ်ရတာနဲ့တင် ဂုဏ်သိက္ခာတွေ တစ်ရှိန်ထိုး တက်လာပါလိမ့်မယ်။

ဒါပေမဲ့ အခုတော့ ဝူဝမ့်ချုံးက အဖေလည်းမချစ် အမေလည်းမရှိ ဖြစ်နေသလို ဖခင်အရင်းကတောင် သူမကို ဘေးဆိုးယူလာသူလို့ သတ်မှတ်ထားတာပါ။ ဝူမိသားစုရဲ့ ကူညီမှု မရှိတဲ့အခါ သူမက ခါးသီးတဲ့ တွင်းဟောင်းထဲက ထွက်လာပြီး နောက်ထပ် ခါးသီးတဲ့ တွင်းသစ်ထဲကို ပြန်ကျသွားတာပဲ ဖြစ်တော့တယ်။

ထောင်ယိထုံမှာ အဖေမရှိဘဲ မုဆိုးမ မိခင်ပဲ ရှိတယ်။ ထောင်မုဆိုးမက မူလက ဆန်းတုန်းနယ်မှာ ရှိနေခဲ့ပေမဲ့ သားဖြစ်သူနဲ့ အမြဲတမ်း ခွဲမနေနိုင်တာကြောင့် မြို့တော်ကို ပြောင်းလာခဲ့တယ်။

ထောင်မိသားစုက မူလကတည်းက ဆင်းရဲတာကြောင့် မြို့တော်မှာ နေဖို့က မလွယ်လှပါဘူး။ အရင်က ထောင်ယိထုံက အိမ်ငှားပြီးပဲ နေခဲ့ပေမဲ့ အခု နေနေတဲ့ အိမ်ကတော့ ဝူဝမ့်ချုံးရဲ့ အိမ်ထောင်ဖက် လက်ဆောင်အဖြစ် ပါလာတဲ့ အိမ်ပါပဲ။

အဲဒီတုန်းက ကိုယ်လုပ်တော်ဖုန်းက ဝူဝမ့်ချုံးအတွက် အိမ်ထောင်ဖက် လက်ဆောင်တွေကို ပြင်ပေးခဲ့တုန်းက ဝူအမတ်ချုပ်ကြီးက လုံးဝ ဂရုမစိုက်ဘဲ ပစ်ထားခဲ့တယ်။ အမှန်တကယ် သွားကြည့်တာလည်း မရှိရာ အိမ်တစ်လုံးဆိုတာ အိမ်တစ်လုံးပဲ ဖြစ်ပေတော့တယ်။

အဲဒီအိမ်က ဟောင်းနေပြီး ဝေးလံလှသလို အလွန်လည်း ကျဉ်းမြောင်းပါတယ်။

ငွေကြေးကိုတော့ တစ်ပြားတစ်ချပ်မှ မပေးဘဲ စားသောက်လို့ မရတဲ့ ပရိဘောဂတွေနဲ့ အဝတ်အထည်တွေကိုပဲ ပေးခဲ့တယ်။ ကြည့်ရတာ လက်ဆောင်တွေက မနည်းဘူးဆိုပေမဲ့ တကယ်တမ်း ဘဝကို ဖြတ်သန်းကြတော့မှပဲ အဲဒီဒုက္ခကို သိကြရတော့တယ်။

ဒီအရာ အားလုံးကို ဝူဝမ့်ချုံးက သည်းခံခဲ့တယ်။ မူလကတည်းက အဲဒီကိစ္စ ဖြစ်ပြီးနောက်မှာ သူမရဲ့ စိတ်က သေလူလို အေးစက်သွားခဲ့ပြီ ဖြစ်တယ်။ လက်ထပ်ရတာဖြစ်စေ မထပ်ရတာဖြစ်စေ ဘယ်သူ့ကို လက်ထပ်ရတာဖြစ်စေ ဘယ်လို ရှင်သန်ရတာဖြစ်စေ သူမအတွက် အရေးမကြီးတော့ပါဘူး။

ဒါပေမဲ့ တကယ်တမ်း နေထိုင်ကြတော့မှပဲ ဒီဘဝက ဘယ်လောက်အထိ ခါးသီးလဲဆိုတာ သူမ သိလိုက်ရတယ်။

ထောင်မုဆိုးမက အလွန်ပဲ ရက်စက်တဲ့သူ ဖြစ်ပြီး သူမ ဒေါသထွက်လာရင် လူရောနတ်ပါ ရှောင်ကြရတယ်။

ဝူဝမ့်ချုံးက ပညာတတ် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး ဉာဏ်ရည်လည်း ရှိပေမဲ့ စာပေပညာရှင် တစ်ယောက်ရဲ့ ဆင်ခြင်တုံတရားနဲ့ ပြုမူတာက ရမ်းကားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါ အဲဒီအမျိုးသမီးက မိမိရဲ့ ယောက္ခမ ဖြစ်နေမယ်ဆိုရင် ရှုံးနိမ့်တာနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

ထောင်မုဆိုးမက ဝူဝမ့်ချုံးကို မုဆိုးမတစ်ယောက် ဖြစ်ခဲ့ဖူးလို့ အစောကတည်းက မလိုလားခဲ့ဘူး။ ဒါ့အပြင် သားဖြစ်သူက အမတ်ချုပ်ကြီးရဲ့ သမီးကို လက်ထပ်ခဲ့ပေမဲ့ အိမ်ရဲ့ အခြေအနေက တိုးတက်မလာတာကို မြင်တော့ သူမက ချွေးမအပေါ် ပိုပြီးတော့တောင် မလိုမုန်းတီး ဖြစ်လာခဲ့တယ်။

ထောင်ယိထုံက မူလက ဝူဝမ့်ချုံးကို ကာကွယ်ပေးခဲ့ဖူးပေမဲ့ နောက်ပိုင်းမှာ ဝူဝမ့်ချုံးက ဝူမိသားစုရဲ့ အပယ်ခံ ဖြစ်နေတာကို သိသွားတဲ့အခါ မိမိရဲ့ ဘဝက အဆင်မပြေမှု အားလုံးကို သူမအပေါ်ကိုပဲ လွှဲချပြီး အပြစ်တင်လာခဲ့တော့တယ်။

နှစ်နည်းနည်း ကြာလာတာနဲ့အမျှ အဲဒီထဲက ခါးသီးမှုတွေကို အသေးစိတ် ပြောဖို့ မလိုတော့ပါဘူး။ ဘယ်သူက ထင်မှာလဲ အခုတစ်ကြိမ်မှာတော့ ဝူအမတ်ချုပ်ကြီးက ကံဆိုးမှုနဲ့ ရင်ဆိုင်လိုက်ရပြန်တယ်။ ဝူမိသားစုက အခု ကျင်းယီဝေ့ရဲ့ စောင့်ကြည့်တာကို ခံနေရပြီး ဝူအမတ်ချုပ်ကြီးကတော့ ကျင်းယီဝေ့ရဲ့ မြောက်ဘက်စုံစမ်းစစ်ဆေးရေးဌာနမှာ ချုပ်ခံထားရတယ်။ ဝူဝမ့်ချုံးက သမီးဖြစ်ပေမဲ့ ပုံမှန်ဆို ဘယ်သူမှ ဂရုမစိုက်ကြပေမဲ့ အကယ်၍ မိသားစုတစ်ခုလုံး သတ်ခံရမယ့် အမှုကြီး ဖြစ်လာရင် သူမက အိမ်ထောင်ကျပြီးသား အမျိုးသမီး ဖြစ်နေရင်တောင် လွတ်မှာ မဟုတ်ပါဘူး။

241 07

အထူးသဖြင့် ထောင်ယိထုံက အရာရှိတစ်ယောက် ဖြစ်နေတာကြောင့် အရာရှိဖြစ်သူတိုင်းက ကိုယ့်ကို ထိခိုက်လာမှာကို စိုးရိမ်ကြစမြဲ ပါပဲ။

ဒါကြောင့်ပဲ သူ ဘယ်လို တွေးမိလဲမသိဘဲ ဝူဝမ့်ချုံးကို အတင်းခေါ်ပြီး ရွှီထင်းရှန်းရဲ့ မြင်းရထားကို သွားပိတ်တားခိုင်းတာ ဖြစ်တယ်။

ရွှီထင်းရှန်းက အဓိက စစ်ဆေးသူ ဖြစ်နေတာကြောင့် ရွှီထင်းရှန်းကို ရဟန်းမျက်နှာကို မကြည့်ရင်တောင် ဘုရားမျက်နှာကို ငဲ့တဲ့အနေနဲ့ ကူညီပေးဖို့ ပြောခိုင်းတာ ဖြစ်တယ်။

ဝူဝမ့်ချုံးက ဒီလိုမျိုး အခြေအနေမှာ ရွှီထင်းရှန်းနဲ့ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မသွားခင်က ထောင်ယိထုံက သူမကို အမှန်အတိုင်း မပြောဘဲ နှစ်သစ်ကူးအတွက် အဝတ်အစားသစ် ချုပ်ပေးဖို့ ပိတ်စသွားဝယ်မယ်လို့ ပြောပြီး လိမ်ခေါ်လာခဲ့တာဖြစ်လို့ ဘယ်သူက ထင်မှာလဲ။ ရွှီထင်းရှန်းရဲ့ မြင်းရထားကို ပိတ်တားခိုင်းလိမ့်မယ်လို့။

...

"ကျွန်တော်က ဒီ... မိန်းကလေးကို လုံးဝ မသိပါဘူး။ ကိစ္စမရှိဘူးဆိုရင်တော့ မင်းတို့ မြန်မြန် ဆုတ်ခွာသွားကြပါ။ ကျွန်တော့်ရဲ့ ခရီးကို မပိတ်တားပါနဲ့”

ရွှီထင်းရှန်းက လက်ကို နောက်ပစ်ပြီး မြင်းရထားဘေးမှာ ရပ်နေတယ်။ သူ ဝတ်ထားတဲ့ အပြာရင့်ရောင် ကတ္တီပါ ဝတ်ရုံရှည်ကြီးက သူ့ကို အလွန်ပဲ ခန့်ညားပြီး အရှိန်အဝါ ကြီးမားစေတယ်။

အပြာရောင် ဝတ်ရုံအောက်မှာ မတော်တဆ ပေါ်လာတဲ့ အနီရောင်ရင့်ရင့်နဲ့ ရွှေချည်ထိုး မြွေနဂါးပုံရိပ်တွေက သိပ်ကို တောက်ပလှပြီး သူ့ရဲ့ တည်ကြည်ချောမောတဲ့ မျက်နှာကို ပိုပြီး ခန့်ညားစေတယ်။

သူကလည်း အသက် ၃၀ အရွယ်ကို ရောက်နေပြီ ဖြစ်တာကြောင့် ဒီအသက်အရွယ်ရှိတဲ့ အမျိုးသားတစ်ယောက်က ဆွဲဆောင်မှု အရှိဆုံး အချိန်ပါပဲ။

ယဉ်ကျေးသိမ်မွေ့တာ ခန့်ညားထည်ဝါတာ ချောမောတာနဲ့ တည်ငြိမ်တာတွေ ပြည့်နေတဲ့ သူ့ရဲ့ မျက်ဝန်းတွေက အေးဆေးတည်ငြိမ်တဲ့ အမူအရာနဲ့အတူ ဩဇာအာဏာ အပြည့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ အရှိန်အဝါကို ပြနေတယ်။

ဝူဝမ့်ချုံးက သူမရဲ့ ငယ်ဘဝမှာ ဖခင်ဖြစ်သူဆီက အဲဒီလိုမျိုး အရှိန်အဝါကို မြင်ဖူးခဲ့တယ်။ တစ်ဖက်ကို လှည့်ပြီး မိမိဘေးက ဒေါသတကြီး ဖြစ်နေတဲ့ အမျိုးသားကို ကြည့်လိုက်ပြီး မိမိရဲ့ညစ်ပတ်လှတဲ့ အဝတ်အစားတွေနဲ့ နွမ်းလျလှတဲ့ ရုပ်ရည်ကို ပြန်မြင်မိတဲ့အခါ မိမိကိုယ်ကိုယ် ရှက်ရွံ့စိတ်တွေက သူမကို လွှမ်းမိုးသွားတော့တယ်။

ထောင်ယိထုံကတော့ ဆက်ပြောနေတုန်းပါပဲ။ "အဲဒီတုန်းက ကျွန်တော်မျိုးတို့ နှစ်ယောက်က ဟန်လင်းကျောင်းတော်မှာ အတူတူ အမှုထမ်းခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။ အခု အမတ်မင်းရွှီက ချမ်းသာကြွယ်ဝလာတော့ အတူတူ စာမေးပွဲ အောင်ခဲ့တဲ့ သူငယ်ချင်းတွေကိုတောင် အထင်သေးနေတာလား..."

အချို့သောသူတွေက ကောင်းကင်ယံက တိမ်တိုက်တွေပေါ်မှာ ရပ်တည်နိုင်ကြပေမဲ့ အချို့ကတော့ မော့ကြည့်ဖို့ပဲ တတ်နိုင်ကြတာက အမှန်ပဲ အကြောင်းပြချက် ရှိပါလိမ့်မယ်။

...

"မရီး မရီး ဘာမှမဖြစ်ဘူး မဟုတ်လား"

အမျိုးသမီး အသံတစ်ခု ဝူဝမ့်ချုံးရဲ့ နားထဲမှာ ထွက်လာတာကြောင့် သူမက အမှတ်မထင် တစ်ချက် တုန်လှုပ်သွားခဲ့ရတယ်။

သူမက နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ နည်းနည်း စိမ်းပေမဲ့ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရတယ်။ "မင်းက... ကွေဟွား လား"

ကွေဟွားက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းညိတ်ပြတယ်။ သူမရဲ့ မျက်နှာက သာမန်ရိုးရှင်းပြီး အသားညိုပေမဲ့ မလှတာလည်း မဟုတ်ပါဘူး။

"မင်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

"ကျွန်မ... ကျွန်မရဲ့ အမျိုးသားက ဆုံးသွားပါပြီ။ အဒေါ်က ကျွန်မမှာ သွားစရာမရှိမှာကို စိုးရိမ်လို့ မြို့တော်ကို ခေါ်ပြီး သူမကို ပြုစုဖို့ လူလွှတ်ခေါ်ခဲ့တာပါ။ မရီး မြန်မြန် အထဲဝင်ပါ အပြင်မှာ အေးတယ်လေ”

အဲဒီလို ပြောနေတုန်းမှာပဲ အခန်းထဲက စူးရှလှတဲ့ အမျိုးသမီး အသံတစ်ခု ထွက်လာတယ်။ "ဘာပဲဖြစ်ဖြစ် မင်း မလုပ်ချင်လည်း လုပ်ရမှာပဲ။ သူမက ကလေးတစ်ယောက်တောင် မမွေးနိုင်ဘူး။ မင်းက မျိုးဆက်ပြတ်သွားအောင် လုပ်မလို့လား။ ဘာပဲဖြစ်ဖြစ် ကွေဟွားကို ငါ ခေါ်လာပြီးပြီ နောက်နှစ်ကျရင် ငါ မြေးချီချင်တယ်"

******

242 01

အခန်း (၂၄၂)

ထောင်မုဆိုးမရဲ့ စကားတွေကြောင့် အပြင်ဘက်က အမျိုးသမီးနှစ်ယောက်လုံး အနေခက်သွားကြရတယ်။

ဝူဝမ့်ချုံးရဲ့ မျက်နှာက တောင့်တင်းသွားခဲ့ပြီး ကွေဟွားကတော့ မျက်နှာတစ်ခုလုံး ချက်ချင်းပဲ နီမြန်းသွားခဲ့ရကာ ဘာလုပ်ရမှန်းမသိဘဲ အလျင်အမြန်ပဲ ရှင်းပြရှာတယ်။

"မရီး... မရီး မတော်တာတွေ မတွေးပါနဲ့ဦး ကျွန်မ... ကျွန်မ..."

"ကျွန်မ" ဆိုတဲ့ စကားက အဆုံးသတ်မှာ ထွက်မလာခဲ့ဘဲ ကွေဟွားက မျက်နှာကို လက်နဲ့အုပ်ပြီး ပြေးထွက်သွားခဲ့တော့တယ်။

ဝူဝမ့်ချုံးက အခန်းဆောင်မကြီးဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြေးထွက်သွားတဲ့ ကွေဟွားကိုလည်း လှမ်းကြည့်ကာ မိမိရဲ့ အခန်းထဲကို ဖြည်းဖြည်းချင်း ပြန်ဝင်ခဲ့တယ်။

သူမက အခန်းထဲမှာ ခေတ္တမျှ ထိုင်နေခဲ့ပြီး ခြေလက်တွေ နွေးလာတဲ့အထိ စောင့်ပြီးမှ မီးဖိုချောင်ကို သွားခဲ့တယ်။

မီးဖိုချောင်ထဲမှာ ကွေဟွားက ထမင်းချက်နေခဲ့တယ်။

မီးဖိုထဲက မီးလျှံတွေက မှောင်မည်းနေတဲ့ မီးဖိုချောင်ထဲမှာ လိမ္မော်နီရောင် အလင်းတန်းကြီးတစ်ခုကို ထွန်းပေးနေခဲ့တယ်။ ကွေဟွားက ဦးခေါင်းမှာ ပုဝါကို စည်းထားပြီး နှာခေါင်းထိပ်မှာတော့ ချွေးစက်ကလေးတွေ မသိမသာ စိမ့်ထွက်နေခဲ့တယ်။

မီးဖိုချောင်ထဲမှာ အလွန်ပဲ နွေးထွေးနေပြီး ပူနွေးတဲ့ အငွေ့အသက်တွေက မျက်နှာဆီကို တိုးဝှေ့လာခဲ့တယ်။

ကွေဟွားက ဝူဝမ့်ချုံးကို မြင်လိုက်တဲ့အခါ ထိတ်လန့်သွားတာကြောင့် တစ်ကိုယ်လုံး တုန်ရီသွားခဲ့ရပြီး ပိန်လှီတဲ့ ပုခုံးလေးက အနည်းငယ် ကျုံ့ဝင်သွားကာ ခေါင်းကိုလည်း ငုံ့ထားလိုက်ရှာတယ်။

ဝူဝမ့်ချုံးကလည်း စကားတစ်ခွန်းမှ မပြောဘဲ မီးဖိုရှေ့ကို သွားပြီး မီးထိုးပေးနေခဲ့တယ်။

ကွေဟွားက သူမကို ခိုးကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ "မရီး ကျွန်မ တကယ်တော့ မရည်ရွယ်ပါဘူး... ကျွန်မရဲ့ အမျိုးသားကိုလည်း မရီး တွေ့ဖူးတာပဲ။ သူက မွေးကတည်းက ရောဂါပါလာတာမို့ နှစ်နှစ်တောင် မခံဘဲ ဆုံးသွားရှာတာပါ။ ကျွန်မရဲ့ အိမ်က မရီးကလည်း ကျွန်မကို မျက်စိစပါးမွှေး စူးနေတော့ အဒေါ်က ကျွန်မမှာ အားကိုးရာမရှိမှာကို သနားလို့ မြို့တော်ကို ခေါ်ပြီး ပြုစုခိုင်းတာပါ။ ကျွန်မ မရည်ရွယ်ပါဘူး... တကယ် မရည်ရွယ်ပါဘူး..."

ဝူဝမ့်ချုံးက အဓိပ္ပာယ်ကို ဖော်ပြလို့ မရတဲ့ အသံနဲ့ "အင်း" လို့ ခပ်တိုးတိုးပဲ ပြန်ဖြေလိုက်တယ်။

"မရီး စိတ်ချပါ နောက်နှစ်ရက်နေရင် ကျွန်မ ပြန်တော့မှာပါ ကျွန်မ..."

ကွေဟွားက ငိုနေခဲ့တယ်။ အဲဒါက အသံမထွက်ဘဲ ငိုနေတာဖြစ်ပြီး ပုခုံးလေးတွေက တုန်တုန်ရီရီ ဖြစ်နေခဲ့တယ်။

ဝူဝမ့်ချုံးကလည်း ဒီလိုမျိုး ငိုဖူးတာကြောင့် ဘယ်လို အခြေအနေမျိုးမှာမှ ဒီလို ငိုနိုင်တယ်ဆိုတာ သူမ သိနေခဲ့တယ်။ သူမရဲ့ ရင်ထဲမှာ အကြောင်းပြချက်မရှိဘဲ ခါးသီးတဲ့ ဝမ်းနည်းမှုတွေ ပေါ်လာခဲ့ရတယ်။

"တကယ်တော့ မင်း စိတ်ကူးရှိရင်တောင် ကိစ္စမရှိပါဘူး" သူမက တိုးတိုးလေး ပြောလိုက်တယ်။

ကွေဟွားက အံ့အားသင့်ပြီး ခေါင်းမော့ကြည့်လိုက်ရာ စင်ကြယ်တဲ့ မျက်နှာလေးပေါ်မှာ မျက်ရည်စကလေးတွေ ခိုတွဲနေတုန်းပဲ "မရီး... ရှင်က..."

"သူ့မှာ ကလေးတစ်ယောက်တော့ လိုတာပေါ့။ ငါကတော့ နှစ်ကြိမ်တိုင်တိုင် လက်ထပ်ခဲ့ပေမယ့် ကလေးတစ်ယောက်မှ မရခဲ့ဘူး”

ဒီအရာကို ပြောတဲ့အခါ ဝူဝမ့်ချုံးရဲ့ မှတ်ဉာဏ်ထဲမှာ နူးညံ့တဲ့ လက်ကလေးနဲ့ သူမကို ဆွဲကိုင်ပြီး "ဝမ်ဒေါ်လေး" လို့ ခေါ်ခဲ့တဲ့ ကလေးငယ်လေးကို မသိစိတ်က သတိရမိပြန်တယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အဲဒီကလေး အရွယ်ရောက်လာတဲ့ ပုံရိပ်ကိုလည်း သတိရမိတယ်။ သူက စူးရှနက်မှောင်တဲ့ မျက်ဝန်းတွေနဲ့ သူမကို စိုက်ကြည့်ပြီး အေးစက်စိမ်းကားတဲ့ အသံနဲ့ ပြောခဲ့တယ်။ "ကျွန်တော့် မှတ်ဉာဏ်ထဲက ဝမ်ဒေါ်လေးဟာ ဒီလိုလူမျိုး မဟုတ်ဘူး။ ခင်ဗျား နောက်ကို ဘယ်တော့မှ မလာပါနဲ့တော့ ကျွန်တော်လည်း ခင်ဗျားကို ဝမ်ဒေါ်လေးလို့ ခေါ်မှာ မဟုတ်ဘူး။ ခင်ဗျား ဘာလုပ်ချင်နေလဲဆိုတာ ကျွန်တော် သိတယ်။ ခင်ဗျားက ကျွန်တော့်ကို အော့နှလုံးနာစေတယ်"

ဝူဝမ့်ချုံးက မျက်လုံးတွေကို တင်းတင်းပိတ်လိုက်တဲ့အခါမှ မျက်ဝန်းထဲမှာ မျက်ရည်တွေ မရှိတော့တာကို သိလိုက်ရတယ်။

242 02

သူမက ထရပ်လိုက်ပြီး အဲဒီအခန်းငယ်လေးဆီ ပြန်သွားခဲ့တယ်။

သူမက အလွန်ပဲ မောပန်းနေတယ်လို့ ခံစားရတာကြောင့် အိပ်စက်လိုက်ရာ အိပ်မက်တစ်ခု မက်ခဲ့ပြန်တယ်။

အိပ်မက်ထဲမှာ သူမက ဒီလိုမျိုးပဲ တစ်ကိုယ်လုံး မောပန်းနွမ်းလျနေခဲ့ပြီး ခန္ဓာကိုယ်ပေါ်မှာ ကြီးမားတဲ့ တောင်ကြီးတစ်လုံး ဖိထားသလို ခံစားနေရတယ်။ သူမက နေ့တိုင်း အများဆုံး လုပ်လေ့ရှိတဲ့ အလုပ်က ပြတင်းပေါက်နားမှာ ထိုင်ပြီး ငှက်ပျောပင်ကြီးကို ကြည့်နေတာပဲ ဖြစ်တယ်။

အဲဒီအပင်ရဲ့ အရွက်တွေ ဝါသွားတာကို ကြည့်တယ်။ စိမ်းလာတာကို ကြည့်တယ်။ အပြင်ဘက်က နှင်းတွေကို ကြည့်တယ်။ အပြင်ဘက်က မိုးတွေကို ကြည့်တယ်။ အပြင်ဘက်က လေတွေကို ကြည့်နေခဲ့တယ်။

အမြဲတမ်း သူမ တစ်ယောက်တည်းပဲ ရှိနေသလို ဖြစ်နေပြီး တခြားသူရယ်လို့ မရှိခဲ့ဘူး။

"အကယ်၍ ဘဝနောက်တစ်ခု ရှိခဲ့မယ်ဆိုရင် ငါ့အနေနဲ့ မင်းနဲ့ ဘယ်တော့မှ မဆုံတွေ့ပါရစေနဲ့လို့ ဆုတောင်းပါတယ်”

...

သူမက တစ်ကိုယ်လုံး တုန်ရီပြီး လန့်နိုးလာခဲ့ကာ ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ မိုးချုပ်နေပြီဆိုတာ သိလိုက်ရတယ်။

သူမက ဗိုက်ဆာတယ်လို့ ခံစားရတာကြောင့် ထရပ်ပြီး အဝတ်အစားတွေကို ဝတ်ကာ အခန်းတံခါးဝကနေ ထွက်လာခဲ့တယ်။ သူမ အပြင်ကို ထွက်လာတာနဲ့ အခန်းဆောင်မကြီးထဲက လူတစ်ယောက် ရုတ်တရက် ပြေးထွက်လာပြီး သူမကို စိုက်ကြည့်ကာ မေးလိုက်တယ်။ "မင်း ဘာလုပ်နေတာလဲ"

"ကျွန်မ ဗိုက်ဆာလို့ စားစရာ တစ်ခုခု လာရှာတာပါ”

ထောင်မုဆိုးမက အတန်ကြာ အောင့်အည်းလိုက်ပြီးမှ သူမကို နှာခေါင်းရှုံ့ပြီး ကြည့်လိုက်တယ်။ "မီးဖိုထဲမှာ ထမင်းကျန်တွေ ရှိတယ်။ သွားစားလိုက်တော့။ ထုံအာကိုတော့ သွားပြီး မနှောင့်ယှက်နဲ့ဦး သူ စာဖတ်နေတယ်”

သူမရဲ့ လေသံက တစ်စုံတစ်ရာ ထူးခြားနေတာကြောင့် ဝူဝမ့်ချုံးက မသိစိတ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့ ဝေ့ဝဲနေတဲ့ အကြည့်တွေအတိုင်း အနောက်ဘက် အဆောင်ဆီကို လှမ်းကြည့်လိုက်တဲ့အခါ သူမရဲ့ စိတ်ထဲမှာ ရုတ်တရက် အသိဝင်လာခဲ့တယ်။

ညအချိန်မှာ ထောင်ယိထုံက အခန်းကို ပြန်မလာခဲ့ဘူး။ အမှန်တော့ ဝူဝမ့်ချုံးက ဒါကို ကျင့်သားရနေပြီ ဖြစ်တယ်။ ထောင်မုဆိုးမက သူမနဲ့ ထောင်ယိထုံတို့ အတူတူ အိပ်တာကို အမြဲတမ်း တားလေ့ရှိပြီး ကိလေသာ ကိစ္စတွေ လွန်တာက သားဖြစ်သူရဲ့ ခန္ဓာကိုယ်ကို အားနည်းစေလိမ့်မယ်လို့ ယူဆထားလို့ပါပဲ။

နောက်ထပ် မိုးသောက်ယံ အချိန်တစ်ခုကို ရောက်လာခဲ့ပြန်တယ်။ ဝူဝမ့်ချုံးက ဒီနေ့ဟာလည်း အရင်က ဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေလိုပဲ ထူးခြားမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တယ်။ ဒါပေမဲ့ အန်းပေါ် လာတွေ့တဲ့အခါမှာတော့ သူမရဲ့ နှလုံးသားက အကြိမ်နည်းနည်း ခုန်လှုပ်သွားခဲ့ရတယ်။

"အန်းပေါ် ကျွန်မ ဒီကနေ ထွက်သွားချင်တယ်”

အန်းပေါ်က သူတို့အိမ်က မိန်းကလေးကို အံ့အားသင့်ပြီး ကြည့်နေမိတယ်။

တစ်ချိန်တည်းမှာပဲ အခန်းဆောင်မကြီးရဲ့ ဝါဂွမ်းလိုက်ကာနောက်ကွယ်က ခေါင်းပြူကြည့်နေတဲ့ ထောင်မုဆိုးမကိုလည်း သူ မြင်လိုက်ရတယ်။ သူက အပြုံးတွေနဲ့ ပြောလိုက်တယ်။ "ထောင်အမျိုးသမီး ကျွန်တော်တို့ အိမ်ကနေ မိန်းကလေးအတွက် ပစ္စည်းတချို့ ပေးပို့လိုက်လို့ပါ”

ထောင်မုဆိုးမရဲ့ မျက်နှာက အဲဒီတော့မှ ပြုံးရွှင်သွားခဲ့ရပြီး အပြင်ကို ထွက်လာကာ အန်းပေါ်ရဲ့ နောက်ကွယ်က ရထားပေါ်က ပစ္စည်းတွေကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့တယ်။ သူမက အလွန်ပဲ ကြင်နာပြပြီး ဝူဝမ့်ချုံးကို အန်းပေါ်ကို အထဲဖိတ်လို့ လက်ဖက်ရည် တည်ခင်းခိုင်းတယ်။

အမှန်တော့ သူမရဲ့ ဆိုလိုရင်းက သိပ်ကို ရှင်းပါတယ်။ အဲဒါက ဒီနှစ်သစ်ကူး လက်ဆောင်တွေကို မိမိဘာသာ သိမ်းချင်တာပါပဲ။

အန်းပေါ်လည်း သိသလို ဝူဝမ့်ချုံးလည်း သိပါတယ်။ ဒါပေမဲ့ ဘယ်သူမှ သူမနဲ့ အငြင်းမပွားချင်ကြဘူး။

ဝူဝမ့်ချုံးက အန်းပေါ်ကို ခေါ်ပြီး အခန်းထဲ ဝင်လာတဲ့အခါမှ အန်းပေါ်က မေးလိုက်တယ်။ "မိန်းကလေး ဘာဖြစ်လို့ ထွက်သွားချင်ရတာလဲ။ တစ်စုံတစ်ရာ ဖြစ်ခဲ့လို့လား"

"ဘာမှမဖြစ်ပါဘူး ထွက်သွားချင်ရုံ သက်သက်ပါ”

အန်းပေါ်က တိတ်ဆိတ်သွားခဲ့ရတယ်။

အဲဒီတုန်းက ကိစ္စဖြစ်ပြီးနောက် အန်းပေါ်က လုံးဝ ပြည်နှင်ဒဏ် ခံခဲ့ရတယ်။ ကျန်းရှီးနယ်က စီးပွားရေး လုပ်ငန်းတွေကို စီမံဖို့လို့ ဆိုပေမယ့် အမှန်တော့ ဝူမိသားစုမှာ အဲဒီနေရာမှာ ကျောက်မိုင်းတစ်ခု ရှိနေတာကြောင့် အန်းပေါ်ကို သွားစောင့်ခိုင်းတာပါ။

242 03

သွားခဲ့တာ နှစ်နှစ်လောက် ရှိပြီဖြစ်ပြီး အန်းပေါ် အခွင့်အရေးရလို့ မြို့တော်ကို တစ်ခေါက် ပြန်လာတဲ့အခါမှသာ သူတို့အိမ်က မိန်းကလေး အိမ်ထောင်ကျသွားပြီဆိုတာ သိလိုက်ရတာ ဖြစ်တယ်။

နေရတာ မကောင်းတာကတော့ ပြောနေစရာ မလိုပါဘူး။ ဒါပေမဲ့ အခု သူက အာဏာမဲ့နေသလို သာမန်အစေခံ တစ်ယောက်လောက်တောင် အဆင့်မရှိတော့တာကြောင့် ဘာမှ မတတ်နိုင်ရှာဘူး။ သူ အများဆုံး လုပ်နိုင်တာက နှစ်တိုင်း မြို့တော်ကို ပြန်လာဖို့ အခွင့်အရေး ရှာပြီး ပစ္စည်းတချို့ ဝယ်လို့ ထောင်မိသားစုထံ ပို့ပေးတာနဲ့ ဝူမိသားစုက မိန်းကလေးကို သတိရနေတုန်းပဲဆိုတာ ထောင်မိသားစုကို သိအောင်လုပ်ဖို့ပဲ ရှိတာပါ။

"အန်းပေါ် ရှင်လည်း သိလောက်မှာ မဟုတ်ပါဘူး ကျွန်မအဖေဟာ ကျင်းယီဝေ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီ ဝူမိသားစုတော့ ပျက်စီးတော့မယ်။ ထောင်မုဆိုးမက ထောင်ယိထုံအတွက် အမျိုးသမီး တစ်ယောက်ကို ရှာပေးထားပြီး ထောင်ယိထုံအတွက် သားမွေးပေးဖို့ လုပ်နေကြတယ်။ အန်းပေါ် ကျွန်မ ပင်ပန်းလှပြီ ဒီနေရာဟာ ကျွန်မရဲ့ ကျန်တဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မယ့် နေရာလို့ ထင်ခဲ့ပေမယ့် တကယ်တော့ မဟုတ်ခဲ့ဘူး ကျွန်မ ထွက်သွားချင်တယ်” ဝူဝမ့်ချုံးက မအောင့်အည်းနိုင်တော့ဘဲ သူမရဲ့ စိတ်ကူးကို ထုတ်ပြောလိုက်တော့တယ်။

"မိန်းကလေး"

အန်းပေါ်က ကျန်းရှီးနယ်က မြို့တော်ကို ပြန်ရောက်ပြီးနောက် ပထမဆုံးအလုပ်အဖြစ် ထောင်မိသားစုဆီ လာခဲ့တာမို့ ဝူမိသားစုမှာ ဖြစ်နေတဲ့ ကိစ္စတွေကို မသိသေးပါဘူး။

မိမိတို့အိမ်က မိန်းကလေးရဲ့ နွမ်းလျတဲ့ ပုံကို ကြည့်ရင်း အန်းပေါ်က အလွန်ပဲ စိတ်မကောင်း ဖြစ်ရသလို ဒီအရာအားလုံးကို ဖြစ်စေခဲ့တဲ့ ကိုယ်လုပ်တော်ဖုန်းနဲ့ ထောင်မိသားစုဝင်တွေအပေါ် သိပ်ကို နာကျည်းမိတယ်။ ဒါပေမဲ့ အခုအချိန်မှာ အရေးကြီးဆုံးက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သူ သေသေချာချာ သိဖို့ပါပဲ။

"အန်းပေါ် ကျွန်မအဖေ ကျူးလွန်ခဲ့တာဟာ ကောင်းကင်အထိ ကြီးမားတဲ့ အပြစ်ကြီးပါ။ အဲဒီနှစ်တုန်းက သူဟာ ဝူဝမ်ရွှမ်းနဲ့ ဝူချန်းတို့ကို ကာကွယ်ဖို့အတွက် ယွီချန်ခရိုင်ရဲ့ မြစ်တာဘောင်ကို တမင် ဖေက်ခိုင်းခဲ့တယ်။ ပြီးတော့ ဝူမိသားစုရဲ့ နာမည်နဲ့ ငွေနှစ်သိန်းကို လှူပြီးမှ အစိုးရအဖွဲ့ထဲကို ပြန်ဝင်နိုင်ခဲ့တာ။ ဒါဟာ မိသားစုတစ်ခုလုံး သတ်ခံရမယ့် အပြစ်ကြီးပဲ။ ကျွန်မဟာ အိမ်ထောင်ကျပြီးသား အမျိုးသမီး ဖြစ်ပေမယ့် ကိစ္စတွေက အတည်ဖြစ်သွားပြီဆိုရင် ထောင်မိသားစုက သူတို့နဲ့ မပတ်သက်အောင် ကျွန်မကို မုချ ကွာရှင်းပြီး ပြန်ပို့ကြလိမ့်မယ်”

"မိန်းကလေး ခင်ဗျာ ကျွန်တော်မျိုး အခုမှ ကျန်းရှီးက ပြန်ရောက်တာမို့ ဘာတွေ ဖြစ်နေလဲ မသိသေးပါဘူး။ မိန်းကလေး စိတ်မလောပါနဲ့ဦး ကျွန်တော်မျိုး သတင်းသွားစုံစမ်းပါဦးမယ်”

ရှန့်ရွှီ အပါအဝင် အပြစ်ရှိတဲ့ အရာရှိတွေ မြို့တော်ကို ရောက်လာတာနဲ့အတူ ဒီအမှုကို စစ်ဖို့ကလည်း သိပ်ကို အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့တယ်။

အနည်းဆုံးတော့ နှစ်သစ်ကူး မတိုင်ခင်မှာ တစ်စုံတစ်ရာ အဖြေထွက်ဖို့ လိုတယ်။ မဟုတ်ရင် ဒီနှစ်သစ်ကူးကို ဘယ်သူမှ အေးအေးဆေးဆေး ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး။

စည်းမျဉ်းအရ အပြစ်ရှိတဲ့ အရာရှိတွေ မြို့တော်ကို ရောက်တဲ့အခါမှာ အရင်ဆုံး သူတို့ ဘယ်သူဘယ်ဝါလဲဆိုတာကို စစ်ရတယ်။

စစ်ဆေးတဲ့ အမတ်ကြီးတွေ အားလုံး ရောက်လာကြပြီး အားလုံး မှန်ကြောင်း အတည်ပြုပြီးနောက်မှာ အဲဒီလူတွေကို ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနရဲ့ အကျဉ်းထောင်မှာ ချုပ်ထားလိုက်တယ်။

"အခုက သိပ်ကို အရေးကြီးတဲ့ အချိန်ဖြစ်လို့ အမတ်မင်းယင် အနေနဲ့ အထူး ဂရုစိုက်ပေးစေချင်ပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်လာအောင်လို့ပါ” ရွှီထင်းရှန်းက မထွက်ခင် ယင်နျန်ကို လက်အုပ်ချီ နှုတ်ဆက်ပြီး ပြောခဲ့တယ်။

ယင်နျန်က ပြစ်မှုဆိုင်ရာ ဝန်ကြီးဖြစ်ပြီး သူ့ရဲ့ ဒေါသကြီးတဲ့ စရိုက်ကြောင့် ကျော်ကြားသူ ဖြစ်သလို ဧကရာဇ်အပေါ်မှာလည်း သိပ်ကိုသစ္စာရှိတဲ့ အမတ်တစ်ယောက်ပါ။ ဒါ့အပြင် သူက ဝူအမတ်ချုပ်ကြီးနဲ့ အမြဲတမ်း ဆန့်ကျင်ဘက် လုပ်ရတာကို သိပ်ကို ပျော်တဲ့သူလည်း ဖြစ်တယ်။

ဒါကြောင့်ပဲ အမျိုးမျိုးသော ညှိနှိုင်းမှုတွေအပြီးမှာ အပြစ်ရှိသူတွေကို ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနမှာ ချုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ယင်နျန်က ဝူအမတ်ချုပ်ကြီးကို ဖြုတ်ချနိုင်မယ့် အခွင့်အရေးကို သိပ်ကိုလိုလားနေတာမို့ ကိစ္စတွေမှာ အမှားမရှိအောင် သူ အစွမ်းကုန် ကြိုးစားမှာ မုချပါပဲ။ ရွှီထင်းရှန်းရဲ့ ဒီစကားကတော့ မလိုအပ်ဘဲ ထပ်ပြောနေသလိုပဲ ရှိပါတော့တယ်။

"လူငယ်လေးဆိုတော့လည်း ဒီလိုပါပဲ”

တရားစီရင်ရေးဌာန ဝန်ကြီး ဝမ်ချုံယောင်က စိတ်ထဲက ရေရွတ်လိုက်ပေမဲ့ အပြင်မှာတော့ ပြုံးနေပြီး ဘာမှ မပြောခဲ့ဘူး။

"အမတ်မင်းရွှီ စိတ်ချပါ ကျွန်တော် အခုလေးတင်ပဲ အောက်ကို အသေအချာ မှာထားပြီးပါပြီ ခြင်တစ်ကောင်တောင်မှ အထဲကို ပေးမဝင်စေရပါဘူး” ယင်နျန်က လက်ကို ဝှေ့ယမ်းပြီး ရယ်ကာ ပြောလိုက်တယ်။ သူ့မျက်နှာက ဝမ်းသာစရာ ကိစ္စတစ်ခုခုနဲ့ ကြုံနေရသလိုမျိုး နီမြန်းနေခဲ့တယ်။

242 04

အဲဒီနောက်မှာ အပြန်အလှန် နှုတ်ဆက်ပြီး လူအုပ်စုက လူစုခွဲခဲ့ကြတယ်။

ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနရဲ့ အကျဉ်းထောင်ထဲမှာတော့ တစ်နှစ်ပတ်လုံး နေရောင် မရတာကြောင့် ဖယောင်းတိုင်မီးကိုပဲ အားကိုးနေရတယ်။

လမ်းမကြီးရဲ့ အဆုံးမှာ လမ်းကျဉ်းလေးတွေ ရှိပြီး လမ်းကျဉ်း တစ်ခုချင်းစီမှာ သီးခြား အကျဉ်းခန်း ၂၀ ကျော် ရှိတယ်။ အဲဒီနေရာက အမှုကြီး ကျူးလွန်သူတွေကို ချုပ်ဖို့ သီးသန့် လုပ်ထားတာ ဖြစ်ပြီး ရှန့်ရွှီကို အဲဒီမှာ ချုပ်ထားတယ်။

ညအချိန်မှာ ပိုပြီး နက်နဲလာခဲ့တယ်။ ရှန့်ရွှီက ဆက်ပြီး သည်းမခံနိုင်တော့တာကြောင့် မိမိရဲ့ နောက်ကွယ်က ကောက်ရိုးပုံကြီးကို ကြည့်ပြီး နောက်ဆုံးမှာတော့ လှဲအိပ်လိုက်တော့တယ်။

အခုက အေးစက်တဲ့ ဆောင်းတွင်းကာလ ဖြစ်ပြီး တစ်နှစ်ပတ်လုံးမှာ အအေးဆုံးအချိန်လည်း ဖြစ်တယ်။ သူ ဝတ်ထားတဲ့ အဝတ်အစားတွေကတော့ အအေးဒဏ်ကို ကာကွယ်ဖို့ မလုံလောက်ပါဘူး။

သူက တစ်ဖက်ကို လှည့်လိုက်တယ်။ နောက်ထပ် တစ်ဖက်ကို ထပ်လှည့်ပြန်တယ်။ နောက်ဆုံးမှာတော့ တစ်ကိုယ်လုံးကို ကောက်ရိုးပုံထဲ ထည့်လိုက်တဲ့အခါမှပဲ နည်းနည်း နွေးသွားခဲ့ရတယ်။

တစ်ဝက်တစ်ပျက် အိပ်ပျော်နေတုန်းမှာပဲ သူက တံခါးသော့ ဖွင့်သံကို ကြားလိုက်ရတယ်။

...

နံရံက အကွက်လေးတွေထဲမှာ ထားတဲ့ ဆီမီးအိမ် နည်းနည်းက ဒီနေရာကို လင်းသွားအောင် လုပ်ဖို့ လုံလောက်ပါတယ်။

လေးထောင့်ပုံ သစ်သားစားပွဲပေါ်မှာ အရက်နဲ့ အသားတွေကို တင်ထားတယ်။ အခုအချိန်မှာ ထောင်စောင့် နည်းနည်းကတော့ အဲဒီအရာတွေကို စားချင်စိတ် လုံးဝ မရှိကြဘဲ စားပွဲရှေ့မှာ ထိုင်နေတဲ့ အဲဒီအမျိုးသားကို ဆူးပေါ်မှာ ထိုင်နေရသလိုမျိုး ကြည့်နေကြတယ်။

အဲဒါက အလွန်ပဲ ယဉ်ကျေးတဲ့ အမျိုးသားတစ်ယောက် ဖြစ်ပေမဲ့ အရပ်ရှည်ပြီး ခန့်ညားထည်ဝါလှသူ ဖြစ်ပါတယ်။

သူက အမည်းရောင် ဦးထုပ်ပါတဲ့ ကတ္တီပါ ဝတ်ရုံရှည်ကို ဝတ်ထားပြီး ဦးထုပ်ကိုတော့ အနောက်ကို ချထားတာကြောင့် ကျောက်စိမ်းလို ချောမောတဲ့ မျက်နှာကို မြင်နေရတယ်။

အရင်က ရွှီထင်းရှန်း ပေါ်လာတဲ့အခါ လူတိုင်း ထိတ်လန့်သွားခဲ့ရတယ်။ သူ ဘယ်လို ဝင်လာလဲဆိုတာ မသိကြသလို သူလို ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်ကြီးက ညအချိန်မှာ မအိပ်ဘဲ ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနရဲ့ အကျဉ်းထောင်ကို ဘာလာလုပ်လဲ ဆိုတာကိုလည်း မသိကြဘူး။

"ကျုပ်က အရက်နဲ့ အသားတချို့ ယူလာတာပါ မင်းတို့ အအေးဒဏ် ပြေသွားအောင်လို့ပါ" ရွှီထင်းရှန်းက အဲဒီသူတွေ မမေးရသေးခင်မှာပဲ ပြုံးပြီး သူ့ရဲ့ လာရင်းကိစ္စကို ပြောပြခဲ့တယ်။

ဘယ်သူမှ ဒီအရာတွေကို ငြင်းတာ မရှိကြပေမဲ့ ဒီလူကတော့ ထိုင်နေရာက မထဘဲ ရှိနေတဲ့အပြင် လူတိုင်းနဲ့အတူ အရက်တစ်ခွက် သောက်ချင်တယ်လို့တောင် ပြောနေပါသေးတယ်။

အမှန်တော့ အခုအချိန်မှာတော့ ဒီထောင်စောင့်တွေက အမတ်မင်းရွှီ ဘာလာလုပ်လဲဆိုတာ နည်းနည်း ရိပ်မိနေကြပြီ ဖြစ်တယ်။ အဲဒါက အပြစ်ရှိတဲ့ အရာရှိတွေကို စိတ်မချလို့ လာတာပဲ ဖြစ်ပါလိမ့်မယ်။ တချို့ကတော့ ကိစ္စမရှိဘူးလို့ ယူဆကြပေမဲ့ တချို့ကတော့ ဆူးပေါ်မှာ ထိုင်နေရသလို ခံစားနေရတယ်။

"ဘာလို့ အားလုံးက ငြိမ်နေကြတာလဲ။ ဒါမှမဟုတ် မင်းတို့က ငါ့ကို အားနာနေတာလား၊ ငါလာတာက နည်းနည်း ရုတ်တရက် ဆန်သွားတာလည်း ပါတာပေါ့ အိမ်မှာနေရင်း စိတ်မအေးနိုင်တာနဲ့ လာကြည့်လိုက်တာပါ။ မင်းတို့ သိကြတဲ့အတိုင်းပဲ ဒီအမှုကို ဧကရာဇ်မင်းမြတ်က သိပ်ပြီး ဂရုစိုက်နေတာမို့ ငါ့မှာဖိအားတွေ အများကြီး ရှိနေပါတယ်” ရွှီထင်းရှန်းက ခါးသီးတဲ့ အပြုံးနဲ့ ပြောခဲ့တယ်။

လူတစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာတာက များသောအားဖြင့် ညည်းတွားတာကနေ စတတ်ကြစမြဲ ဖြစ်ပါတယ်။ မင်းက ညည်းတာကို သူက နားထောင်ပေးတယ်။ ဒါမှမဟုတ် နားထောင်ရင်းနဲ့ပဲ စာနာစိတ်တွေ ပေါ်လာတတ်ကြတယ်။

ထောင်စောင့်တစ်ယောက်က ပြောလိုက်တယ်။ "ဒါပေါ့ ခင်ဗျာ အထက်က အမိန့်ကျလာတာကတော့ ကျွန်တော်မျိုးတို့ကို ဒီလူတွေကို အသေအချာ စောင့်ကြည့်ခိုင်းထားတာပါ။ အရင်ကတော့ ညအချိန်မှာ ထောင်တစ်ခုလုံးကို နှစ်ယောက်ပဲ စောင့်ရတာပါ။ အခုတော့ ညီအစ်ကိုတွေ အများကြီး ပို့ထားပေးတယ်။ တစ်နာရီကို တစ်ကြိမ် ကင်းလှည့်နေတာမို့ အမတ်မင်းရွှီ စိတ်ချပါ ဘာမှ အမှားအယွင်း မရှိစေရပါဘူး ခင်ဗျာ”

"အမှားအယွင်း မရှိတာကတော့ အကောင်းဆုံးပေါ့ ဒါပေမဲ့ ဒီအမှုက တစ်ရက်နှစ်ရက်နဲ့ ပြီးမှာ မဟုတ်သလို ဘယ်အချိန်အထိ စစ်ရမလဲဆိုတာ မသိသေးတာမို့ မင်းတို့လည်း အများကြီး ပင်ပန်းရပါဦးမယ်”

242 05

"အမတ်မင်း ခင်ဗျာ မပင်ပန်းပါဘူး ကျွန်တော်မျိုးတို့ မပင်ပန်းပါဘူး ခင်ဗျာ”

ဒီလိုနဲ့ အပြန်အလှန် စကားပြောရင်း ထောင်စောင့်တွေကလည်း ဒီအမတ်မင်းရွှီက သိပ်ကို ရင်းနှီးဖော်ရွေတဲ့သူ တစ်ယောက်ဖြစ်ကြောင်း ခံစားလိုက်ရတယ်။ ဒါ့အပြင် ရွှီထင်းရှန်းရဲ့ အကြိမ်ကြိမ် ဖိတ်ခေါ်မှုကြောင့် အားလုံးက ထိုင်လိုက်ကြပြီး သူနဲ့အတူ အရက်သောက်ကြတော့တယ်။

ထောင်စောင့်တွေက တစ်နှစ်ပတ်လုံး ဒီလိုနေရာမျိုးမှာ နေကြရတာမို့ မူလကတည်းက အရက်ကို မက်သူတွေ ဖြစ်ကြတယ်။ ဒါ့အပြင် ရွှီထင်းရှန်း ယူလာတဲ့ အရက်ကလည်း သိပ်ကောင်းတာကြောင့် အားလုံးရဲ့ အရက်ပိုးက ထလာခဲ့တော့တယ်။ ဒါပေမဲ့ ဒီလို အချိန်မျိုးမှာ မူးအောင် မသောက်ရမှန်း သိကြတာကြောင့် များသောအားဖြင့် အသားတွေကိုပဲ စားကြပြီး အရက်ကိုတော့ နည်းနည်းစီပဲ သောက်ကြတယ်။ ရွှီထင်းရှန်းကတော့ အရက်ကို အများကြီး သောက်နေခဲ့တယ်။

အဲဒီအချိန်မှာ ထောင်စောင့် နှစ်ယောက်က ထရပ်လိုက်ပြီး ဆိုကြတယ်။ "ခေါင်းဆောင် ခင်ဗျာ အချိန်လည်း ရောက်ပြီမို့ ကျွန်တော်တို့ ကင်းသွားလှည့်လိုက်ပါဦးမယ်”

ထောင်စောင့်ခေါင်းဆောင်က ရွှီထင်းရှန်းကို ဧည့်ခံနေတဲ့သူ ဖြစ်ပြီး အရက်အတော်များများ သောက်ထားလို့ မျက်လုံးတွေက ဝေဝေဝါးဝါး ဖြစ်နေပါပြီ။

အဲဒီစကားကို ကြားတော့ သူက ရယ်ပြီး ဆဲလိုက်တယ်။ "ဒီနေ့ကျမှ ဘာလို့ ဒီလောက်တောင် ကြိုးစားနေကြတာလဲ။ အရင်ကတော့ တိုက်တွန်းနေရင်တောင် မသွားကြဘူး” ဒါပေမဲ့ သူကလည်း မတားခဲ့ပါဘူး။

ထောင်စောင့် နှစ်ယောက်က ရွှီထင်းရှန်းကို ခိုးကြည့်လိုက်ကြပြီး ရယ်ပြရင်း နံရံက သော့ကို ယူပြီး ထွက်ဖို့ ပြင်လိုက်ချိန် ရုတ်တရက် အသံတစ်ခုက သူတို့ကို တားလိုက်တယ်။

"ခဏနေဦး အထဲမှာ တစ်စုံတစ်ရာ အသံကြားလိုက်ရသလိုပဲ” လို့ ရွှီထင်းရှန်းရဲ့ လက်ညှိုးညွှန်တဲ့ နေရာက အကျဉ်းခန်းတွေဆီ သွားတဲ့ လမ်းကျဉ်းလေးပါပဲ။

ဒီစကားကြောင့် လူတိုင်း ဆွံ့အသွားကြပြီး ခဏအကြာမှာ ထောင်စောင့်ခေါင်းဆောင်က ရယ်ရင်း "ဒီထဲမှာ တချို့လူတွေက နှစ်ပေါင်းများစွာ ချုပ်ခံထားရတာမို့ ဒီနေရာက နည်းနည်းတော့ မမှန်ချင်ဘူး ခင်ဗျာ” လို့ သူ့ရဲ့ ဦးခေါင်းကို ညွှန်ပြပြီး ပြောခဲ့တယ်။

"ဪ ဒါကြောင့်ကိုး” ရွှီထင်းရှန်းက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပဲ ထရပ်လိုက်တယ်။ "မဟုတ်သေးဘူး အထဲက အသံက တစ်ခုခု ထူးခြားနေသလိုပဲ”

သူက အဲဒီနေရာဆီကို အမြန် လျှောက်သွားခဲ့ရာ ထောင်စောင့်တွေကလည်း ရှုပ်ရှုပ်ယှက်ယှက်နဲ့ နောက်ကနေ လိုက်သွားကြတော့တယ်။

နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက ဒီထောင်စောင့်တွေရဲ့ ထင်မှတ်ထားတာကို လုံးဝ ကျော်လွန်သွားခဲ့တယ်။

သူတို့ အထဲကို ဝင်သွားတဲ့အခါမှ အကျဉ်းထောင်ထဲမှာ သိပ်ကို ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို တွေ့လိုက်ရတယ်။

တချို့သော အကျဉ်းခန်း တံခါးတွေက ပွင့်နေခဲ့ပြီး အထဲမှာ နတ်ဆိုးတွေ ကနေကြသလိုမျိုး ဖြစ်နေခဲ့တယ်။

အမှန်တော့ ဒီလူတွေက ရူးနေကြတာ ဖြစ်ပါလိမ့်မယ်။ သူတို့က တခြား အကျဉ်းခန်းတွေထဲ ပြေးဝင်ပြီး အကျဉ်းသားတွေကို တိုက်ခိုက်နေကြတာ ဖြစ်တယ်။ ဒါ့အပြင် သူတို့က မြင်သမျှလူကို ရိုက်နေကြပြီး အပြင်က ဝင်လာတဲ့သူတွေကို မြင်တဲ့အခါမှာလည်း ဝိုင်းအုံလာကြတော့တယ်။

ထောင်စောင့်တွေက အဲဒီတော့မှ သတိဝင်လာကြပေမဲ့ အလျင်စလို ဖြစ်နေတာကြောင့် ဓားတွေကို ယူလာဖို့ မေ့နေခဲ့ကြတယ်။ ကံကောင်းတာက ရွှီထင်းရှန်းရဲ့ လူယုံတချို့က အထဲကို လိုက်လာခဲ့ကြပြီး ကိုယ်ခံပညာလည်း အတော်အသင့် ရှိကြတာကြောင့် အပြင်ဘက်က စောင့်နေတဲ့ စစ်သည်တွေကိုပါ ခေါ်ပြီး ဒီဆူပူမှုကို နှိမ်နင်းလိုက်နိုင်တယ်။

သေကျေပျက်စီးတာက သိပ်ကို များပါတယ်။

သေတဲ့သူ အများစုက အကျဉ်းခန်းထဲက အကျဉ်းသားတွေ ဖြစ်ကြပြီး တစ်ခုတည်းသော ကံကောင်းတာက ရွှီထင်းရှန်းနဲ့ တခြားသူတွေ ဝင်လာတဲ့အခါ အမှုကြီး ကျူးလွန်သူတွေရဲ့ အကျဉ်းခန်းဆီ တိုက်ရိုက် သွားခဲ့တာပါပဲ။

ဒီလိုနဲ့ အမြဲတမ်း ဂုဏ်ရှိန်ကြီးမားတဲ့ အပြစ်ရှိတဲ့ အရာရှိကြီးတွေက သိပ်ကို သနားစရာ ကောင်းတဲ့ အခြေအနေကို ရောက်နေကြရတယ်။ တချို့က ကြောက်လွန်းလို့ ဆီးတောင် ထွက်ကျနေကြသလို တချို့ကတော့ အသက်ရှူကျပ်ပြီး သေလုနီးပါး ဖြစ်နေကြရတယ်။

ရှန့်ရွှီလည်း လည်ပင်းညှစ်တာ ခံခဲ့ရတာကြောင့် သေလုနီးပါး ဖြစ်ခဲ့ပြီး အနိုင်နိုင်ပဲ ကယ်လိုက်နိုင်တာ ဖြစ်ပါတော့တယ်။

******

All Chapters