အခန်း (၂၄၃-၂၄၄)
Vol. 25 Ch. 243-244
243 01
အခန်း (၂၄၃)
သန်းခေါင်ယံ အချိန်ကို ရောက်နေပြီ ဆိုပေမဲ့ မြို့တော်ရဲ့ လမ်းမတွေပေါ်မှာတော့ တိတ်ဆိတ်ငြိမ်သက်တာမျိုး မရှိပါဘူး။
ညကင်းလှည့်နေတဲ့ စစ်သည်တွေဟာ လူအုပ်စု နည်းနည်းကို ဆက်တိုက် တားဆီး စစ်ဆေးခဲ့ကြရတယ်။ အရင်ဆုံး ကျင်းယီဝေ့က အရာရှိကြီးတွေကို တားမိခဲ့သလို အဲဒီနောက်မှာတော့ ပြစ်မှုဆိုင်ရာ ဝန်ကြီးနဲ့ တရားစီရင်ရေးဌာန ဝန်ကြီးတို့ရဲ့ မြင်းရထားတွေကိုပါ တားမိတာကြောင့် ပြင်းပြင်းထန်ထန် ကြိမ်းမောင်းတာကို ခံခဲ့ရတယ်။ ဒါပေမဲ့လည်း ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနမှာ တစ်စုံတစ်ရာ ဖြစ်နေပြီ ဆိုတာကိုတော့ သူတို့ သိသွားကြပါတယ်။
ဘာလို့လဲဆိုတော့ အဲဒီလူတွေ ဦးတည်သွားတဲ့ လမ်းကြောင်းက ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနဆီ ဖြစ်နေလို့ပါပဲ။
ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနရဲ့ အကျဉ်းထောင်ထဲမှာတော့ အခုအခါ မီးခိုးရောင် မီးလင်းတိုင်တွေနဲ့ လင်းထိန်နေခဲ့ပါပြီ။
အရင်က ဆူပူသောင်းကျန်းခဲ့တဲ့ အကျဉ်းသားတွေ အားလုံးကို ဖမ်းဆီး ချည်နှောင်ပြီး ပါးစပ်တွေကို ပိတ်ထားကာ တခြား အကျဉ်းခန်းတွေကို ခွဲထုတ် ပို့ထားပြီး ဖြစ်ပါတယ်။ ပြဿနာ ဖြစ်ခဲ့တဲ့ အကျဉ်းခန်းတွေကတော့ ဟာလာဟင်းလင်း ဖြစ်နေတယ်။ ရွှီထင်းရှန်းနဲ့ တခြားလူတွေရဲ့ မျက်နှာက မှောင်မှိုင်းနေပြီး အခြေအနေကတော့ အတော်လေး တင်းမာနေပါတော့တယ်။
သမားတော်ကို ခေါ်ပြီး စစ်ဆေးပြီးပြီ ဖြစ်တာကြောင့် ရှန့်ရွှီနဲ့ တခြားလူတွေက ထူးထူးခြားခြား ထိခိုက်တာ မရှိပေမဲ့ သိပ်ကို ထိတ်လန့်သွားခဲ့ကြရတယ်။
ယင်နျန်ကတော့ ဒေါသတကြီး ဖြစ်နေပြီး အကျဉ်းထောင်ကို တာဝန်ယူရတဲ့ ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနက အရာရှိ အားလုံးကို ခေါ်ပြီး စစ်ဆေးနေခဲ့တယ်။
"စစ်ဆေးကြစမ်း သူတို့ကို သေသေချာချာ စစ်ဆေးခိုင်းလိုက် လူတွေကို အထဲသွင်းတာ မကြာခင်မှာပဲ ဒီလိုကိစ္စမျိုး ဖြစ်ရတယ်ဆိုတာ ငါ့အနေနဲ့ နောက်ကို လူတောထဲ ဘယ်လိုမျက်နှာနဲ့ တိုးရတော့မှာလဲ"
ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနက အရာရှိ အားလုံးကတော့ ကြောက်လွန်းလို့ နှုတ်ဆိတ်နေကြပြီး စကားတစ်ခွန်းမှ ပြန်မပြောဝံ့ကြပါဘူး။
တုကျိဖုန်းက ရှေ့ကို တစ်လှမ်းတက်ပြီး ပြောလိုက်တယ်။ "ဒီကိစ္စကိုတော့ အမတ်မင်းယင် အနေနဲ့ ပင်ပန်းခံနေဖို့ မလိုတော့ပါဘူး”
ယင်နျန်က လှည့်ကြည့်ပြီး "အမတ်မင်းတုက ဘာကို ဆိုလိုတာလဲ"
တုကျိဖုန်းက သူ့ကို တစ်စက်လေးမှ မျက်နှာသာ မပေးဘဲ ပြောလိုက်တယ်။ "ငါ ဘာကို ဆိုလိုသလဲဆိုတာ အမတ်မင်းယင် အနေနဲ့ နားလည်သင့်တာပေါ့။ မင်းရဲ့ ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာန အကျဉ်းထောင်ထဲမှာ ဒီလိုကိစ္စမျိုး ဖြစ်ရတာ ငါနဲ့ ဧကရာဇ်မင်းမြတ်က မင်းတို့ ဝန်ကြီးဌာနကို ဘယ်လိုလုပ်ပြီး ထပ်ပြီး ယုံနိုင်ပါဦးမလဲ"
ယင်နျန်က အတော်လေး အရှက်ရသွားတာကြောင့် မျက်နှာကို တင်းထားရင်း ဆိုတယ်။ "ဒါက မတော်တဆ ဖြစ်ရပ်တစ်ခုပါ။ နောက်နောင် ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး”
"အမတ်မင်းယင်က နောက်နောင်ကို ထပ်ပြီး မျှော်လင့်နေသေးတာလား။ မင်း စဉ်းစားကြည့်ဖူးလား အကယ်၍ အမတ်မင်းရွှီသာ စိတ်မချလို့ ကိုယ်တိုင်လာပြီး စောင့်မကြည့်ခဲ့ရင် ဒီတစ်ကြိမ်မှာ ရှန့်ရွှီတို့ တစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင် မင်း ငါ အမတ်မင်းရွှီနဲ့ အမတ်မင်းဝမ်တို့ အားလုံးဟာ ဒီကိစ္စကနေ လွတ်နိုင်မှာ မဟုတ်ဘူး”
"တော်ကြပါတော့ မင်းတို့ နှစ်ယောက်လည်း ငြင်းမနေကြပါနဲ့တော အားလုံးက စစ်ဆေးသူ အမတ်တွေပဲ ဖြစ်နေတာမို့ ဘယ်သူမှ ဒီလိုမျိုး ဖြစ်တာကို မလိုလားကြပါဘူး။ ဒီတစ်ကြိမ်မှာတော့ မတော်တဆ ဖြစ်တာလည်း ဖြစ်နိုင်တာပဲ ဒီကိစ္စပြီးရင် အမတ်မင်းယင်က သေသေချာချာ စစ်ဆေးပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါလိမ့်မယ်..."
"ဒါက မတော်တဆ မဟုတ်ဘူး" မလှမ်းမကမ်းက ရွှီထင်းရှန်းရဲ့ အသံ ရုတ်တရက် ထွက်လာခဲ့တယ်။
ပတ်ဝန်းကျင်က လမ်းကျဉ်းတွေက အကျဉ်းခန်း အားလုံးကို ဖယ်ခိုင်းထားတာက ရွှီထင်းရှန်းရဲ့ အမိန့်ပါပဲ။ အဲဒီနောက်မှာတော့ သူက နေရာအနှံ့ကို စစ်ဆေးနေခဲ့တယ်။ အစပိုင်းမှာ ဘာမှ ရှာမတွေ့ဘူးလို့ ထင်ရတာကြောင့် ဘယ်သူမှ ဂရုမစိုက်ခဲ့ကြပေမဲ့ သူက ရုတ်တရက် ဒီလို ပြောလာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။
"မင်းတို့ ဒီကို လာကြည့်ကြ။ ရှန့်ရွှီတို့ရဲ့ အကျဉ်းခန်းတွေက တစ်ခန်းချင်းစီ သီးခြားစီ ဖြစ်နေတယ်။ သူတို့ချင်း စကားတွေ ကြိုတင် ညှိလို့ မရအောင် သူတို့ ရှိနေတဲ့ အကျဉ်းခန်းတွေကိုလည်း ခွဲထားတာပါ။ ဒါပေမဲ့ မင်းတို့ ရှန့်ရွှီ ရှိတဲ့ ဒီအကျဉ်းခန်းကို ကြည့်ဦး ပြီးတော့ ဒီသော့ကိုလည်း ကြည့် သော့ပေါ်မှာ ထုရိုက်ထားတဲ့ အမှတ်အသား မရှိဘူး။ အကျဉ်းခန်းရဲ့ သံတိုင်တွေလည်း ပျက်စီးနေတာ မရှိဘူး အဲဒီလိုဆိုရင် ရူးနေတဲ့ အကျဉ်းသားတွေက ဒီအကျဉ်းခန်းတွေထဲကို ဘယ်လိုမျိုး ဝင်လာကြတာလဲ"
243 02
အဲဒီလို ပြောရင်း ရွှီထင်းရှန်းက နောက်ထပ် အကျဉ်းခန်း တံခါးဝတစ်ခုဆီ သွားပြန်တယ်။ "မင်းတို့ ဒီအကျဉ်းခန်းကို ထပ်ကြည့်ဦး။ ဒီအကျဉ်းခန်းရဲ့ သံသော့ပေါ်မှာလည်း ထုရိုက်ထားတဲ့ အမှတ်အသား မရှိဘူး။ တံခါးလည်း ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ ဒီအခန်းကို ကြည့်ဦး ဒီအခန်းရဲ့ သော့ပေါ်မှာတော့ ထုရိုက်ထားတဲ့ အမှတ်အသားတွေ ရှိတယ်။ တစ်စုံတစ်ယောက်က သော့ကို ရိုက်ခွဲပြီးမှ အထဲက လူတွေကို လွှတ်ပေးလိုက်တာကတော့ အလွန် ထင်ရှားလှတယ်"
ရွှီထင်းရှန်း နောက်ကို လိုက်ပြီး အကျဉ်းခန်း နည်းနည်းကို စစ်ပြီးတဲ့နောက်မှာတော့ တုကျိဖုန်းရဲ့ မျက်နှာက တည်ကြည်လေးနက် သွားပါတော့တယ်။ "အမတ်မင်းရွှီရဲ့ ဆိုလိုရင်းက တစ်စုံတစ်ယောက်က တမင်တကာ သော့ကို ရိုက်ခွဲပြီးမှ လူတွေကို လွှတ်ပေးလိုက်တာပေါ့”
ရွှီထင်းရှန်းက ခေါင်းခါပြလိုက်တယ်။
တုကျိဖုန်းက သူ့ရဲ့မျက်နှာအမူအရာကို အကဲခတ်ရင်း ရုတ်တရက် အသက်ရှူပင် ရပ်မတတ် ဖြစ်သွားကာ "အမတ်မင်းရွှီရဲ့ ဆိုလိုရင်းက တစ်စုံတစ်ယောက်က တမင်တကာ အကျဉ်းခန်း တံခါးတွေကို မခတ်ထားခဲ့တာပေါ့။ အဲဒါကြောင့် အထဲက အကျဉ်းသားတွေက ထွက်လာနိုင်ကြတာ။ ရှန့်ရွှီရဲ့ တံခါးကိုလည်း မခတ်ထားခဲ့ဘူး ဆိုလိုတာကတော့ တစ်စုံတစ်ယောက်က အကျဉ်းသားတွေရဲ့ လက်ကို သုံးပြီး သူ့ကို သတ်ချင်နေတာပဲ။ အဲဒါကြောင့် သူ့ရဲ့ အကျဉ်းခန်းသော့မှာ ထုရိုက်ထားတဲ့ အမှတ်အသား မရှိနေတာပေါ့"
ရွှီထင်းရှန်းက ခေါင်းညိတ်ပြတယ်။ "ဟုတ်လည်း ဟုတ်သလို မဟုတ်လည်း မဟုတ်နိုင်ပါဘူး။ ကျန်တဲ့ အပြစ်ရှိသူတွေရဲ့ အကျဉ်းခန်း တံခါးတွေကို ထပ်ပြီး စစ်ဆေးကြည့်ရင်တော့ အဖြေပေါ်လာမှာပါ”
တုကျိဖုန်းက လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်တာကြောင့် ကျင်းယီဝေ့တွေဟာ နေရာအနှံ့ကို သွားပြီး စစ်ဆေးကြတော့တယ်။ ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနက လူတွေကိုတော့ လုံးဝ အသုံးမပြုတော့ပါဘူး။
ခဏအကြာမှာ ကျင်းယီဝေ့တွေ ပြန်လာပြီး သတင်းပို့ကြတာက ဟဲနန်နယ်က ဖမ်းလာတဲ့ အပြစ်ရှိသူ အရာရှိ အားလုံးရဲ့ အကျဉ်းခန်း သော့တွေပေါ်မှာ ထုရိုက်ထားတဲ့ အမှတ်အသားတွေ လုံးဝ မရှိပါဘူးလို့ တင်ပြကြတယ်။
တခြား အကျဉ်းသားတွေရဲ့ တံခါးသော့တွေကတော့ တချို့က ရိုက်ခွဲခံထားရပြီး တချို့ကတော့ မပျက်ဘဲ ရှိနေပါတယ်။
"အမတ်မင်းရွှီ အမတ်မင်းတု မင်းတို့က ဘာကို ဆိုလိုတာလဲ ငါ့ရဲ့ ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနထဲမှာ တစ်စုံတစ်ယောက်က တခြားသူတွေနဲ့ ပူးပေါင်းပြီး သက်သေဖျောက်ဖို့ လူသတ်ဖို့ ကြံစည်နေတယ်လို့ ဆိုလိုတာလား"
"ဒါကတော့..." ရွှီထင်းရှန်းက ခေတ္တမျှ ရပ်လိုက်ပြီးမှ သိုသိုသိပ်သိပ်နဲ့ ဆိုတယ်။ "ကျွန်တော်မျိုးက အဲဒီလို မပြောပါဘူး”
"ဒါက အမတ်မင်းယင် ကိုယ်တိုင် ပြောလိုက်တာလေ” တုကျိဖုန်းက စကားထောက်လိုက်တယ်။
"မင်းတို့ကတော့"
"အမှန်တော့ အမှန်တရားကို စုံစမ်းဖို့ဆိုတာ အလွန်ပဲ လွယ်ကူပါတယ်။ လူတွေဟာ ကိစ္စတစ်ခုကို လုပ်တဲ့အခါမှာ မသိစိတ်အရ လုပ်တတ်တဲ့ အမူအရာတွေ ရှိတတ်ကြတယ်။ အမတ်မင်းတု အကယ်၍ ခင်ဗျားက အကျဉ်းသားတွေရဲ့ လက်ကို သုံးပြီး လူသတ်ချင်တယ်ဆိုရင် ခင်ဗျား ဘယ်လိုမျိုး လုပ်မလဲ" ရွှီထင်းရှန်းက မေးလိုက်ပါတယ်။
"ဒါကတော့" တုကျိဖုန်းက ခဏလောက် စဉ်းစားပြီးမှ "သဘာဝကျကျ ဆိုရင်တော့ အခုလိုမျိုးပဲ လုပ်မှာပေါ့။ တစ်စုံတစ်ယောက်က စစ်ဆေးလာရင်လည်း ဒါက မတော်တဆ ဖြစ်ရပ်ပါ။ အကျဉ်းသားတွေက ရူးသွပ်ပြီး ဆူပူသောင်းကျန်းတာပါလို့ အကြောင်းပြလို့ ရတာပေါ့ သူတို့ အလုပ်လုပ်ရ လွယ်စေဖို့အတွက်ဆိုရင်တော့ အကျဉ်းခန်း တံခါးတွေကို မခတ်ထားတာက အကောင်းဆုံးပဲပေါ့”
ရွှီထင်းရှန်းက ယင်နျန်ရဲ့ ပျက်ယွင်းနေတဲ့ မျက်နှာကို ဂရုမစိုက်ဘဲ ပြုံးပြီး ပြောလိုက်တယ်။ "ဒါတင်ပဲ ဆိုရင်တော့ မလုံလောက်သေးပါဘူး။ ဘယ်လိုမျိုး လုပ်ရင် အစအန မကျန်အောင် လုပ်နိုင်မလဲ အရာအားလုံးက သဘာဝအတိုင်း ဖြစ်နေတာလို့ ထင်ရအောင် လုပ်ရမှာပေါ့။ ဒါပေမဲ့ ဒီလူတွေဟာ လူတွေပဲ လူတွေကို ထိန်းချုပ်ဖို့ဆိုတာ မလွယ်ပါဘူး မင်းက သူတို့ကို လူသွားသတ်ခိုင်းရုံနဲ့ သူတို့က သတ်ကြပါ့မလား။ အဲဒီအချိန်မှာတော့ လှုံ့ဆော်မှု တစ်ခု လိုအပ်လာတာပေါ့”
"အကယ်၍ ငါသာ ဆိုရင်တော့ မင်းပြောတာတွေ အပြင် ငါက ဒေါသကြီးတဲ့သူ အရင်ကလည်း တခြားသူတွေကို တိုက်ခိုက်ဖူးတဲ့ သူတွေကို တမင်တကာ ရွေးထုတ်လိုက်မှာပေါ့ အဲဒီလိုလူတွေက စတင် လှုံ့ဆော်လိုက်တာနဲ့ ကျန်တဲ့ ကိစ္စတွေကတော့ အလိုအလျောက် ဖြစ်သွားမှာပဲ။ အဲဒီလို မဟုတ်ဘူးလား အမတ်မင်းယင်" အဆုံးသတ်မှာ သူက ယင်နျန်ကို ပြုံးပြီး စိုက်ကြည့်ကာ မေးလိုက်တယ်။
ယင်နျန်မှာ ခဏမျှ ဆွံ့အသွားပြီးမှ ဆဲဆိုကြိမ်းမောင်းလိုက်တယ်။ "အမတ်မင်းရွှီ မင်းက ငါ့ကို ဘာလာမေးနေတာလဲ။ တခြားသူတွေ ဘာတွေးနေလဲဆိုတာ ငါက ဘယ်လိုသိမှာလဲ ဒါမှမဟုတ် မင်းက ငါ့ကိုပဲ ဒီကိစ္စရဲ့ နောက်ကွယ်က လှုံ့ဆော်သူလို့ သံသယ ဖြစ်နေတာလား"
"ကျွန်တော်မျိုးက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး အမတ်မင်းယင်က ပြစ်မှုဆိုင်ရာ ဝန်ကြီးအဖြစ် နှစ်ပေါင်းများစွာ လုပ်လာတာဆိုတော့ ထူးဆန်းတဲ့ အမှုတွေကို အများကြီး မြင်ဖူးမှာပါ။ အမတ်မင်းယင် အနေနဲ့ အတွေ့အကြုံ အများကြီး ရှိလိမ့်မယ်လို့ ကျွန်တော်က ယူဆလို့ပါ”
243 03
ယင်နျန်က သူ့ရဲ့ အိုမင်းလှတဲ့ မျက်နှာကို တင်းထားရင်း ဆိုတယ်။ "ငါ မသိဘူး"
"ဟုတ်သလား မဟုတ်ဘူးလား ဆိုတာကိုတော့ ငါ လူလွှတ်ပြီး စာရင်းဇယားတွေကို စစ်ခိုင်းလိုက်ရင် သိရမှာပါ” လို့ တုကျိဖုန်းက ဆိုတယ်။
မကြာခင်မှာပဲ စစ်ဆေးတွေ့ရှိချက်တွေကို တင်ပြလာကြပါတယ်။
အရင်က ပြောခဲ့သလိုပဲ ဒီလမ်းကျဉ်းလေးထဲမှာ ချုပ်ထားတဲ့ သူတွေဟာ အလွန် အရေးကြီးတဲ့ အကျဉ်းသားတွေ ဖြစ်ကြတယ်။
ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနရဲ့ အကျဉ်းထောင်မှာ အကျဉ်းသား သုံးမျိုး ရှိတယ်။ ပထမတစ်မျိုးမှာ သာမန် အကျဉ်းသားတွေဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ဘွဲ့ထူးဂုဏ်ထူး ဒါမှမဟုတ် ရာထူးရှိတဲ့ အကျဉ်းသားတွေ ဖြစ်ကြတယ်။
သာမန် အကျဉ်းသားတွေ အကြောင်းကိုတော့ ပြောနေစရာ မလိုတော့ပါဘူး ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာန အကျဉ်းထောင်ထဲ ရောက်ပြီဆိုရင် ကောင်းမွန်တဲ့ ဘဝကို မျှော်လင့်နေတာက စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။ အပြစ်ရှိတဲ့ အရာရှိတွေ အတွက်တော့ သူတို့အပေါ် ဆက်ဆံပုံက ကွာခြားမှု ရှိတယ်။ အချို့မှာ ကောင်းကောင်းမွန်မွန် ကျွေးမွေးတာ ခံရပေမဲ့ အချို့မှာတော့ သာမန် အကျဉ်းသားတွေနဲ့ မထူးခြားဘဲ ရှိနေကြတယ်။
အထက်ပါ အကျဉ်းသား နှစ်မျိုးစလုံးကတော့ များသောအားဖြင့် ခေတ္တမျှသာ ဒီနေရာမှာ ရှိနေကြတာ ဖြစ်ပြီး အမိန့်ကျတာနဲ့ တစ်ပြိုင်နက် ခေါင်းဖြတ်ခံရတာ ဒါမှမဟုတ် ပြည်နှင်ဒဏ် ပေးခံရတာတွေ ဖြစ်လာကြစမြဲ ဖြစ်ပါတယ်။
တတိယ အမျိုးအစားကတော့ အမှုကြီး ကျူးလွန်ထားသူ ဒါမှမဟုတ် အရေးကြီးတဲ့ အကျဉ်းသားတွေ ဖြစ်ကြတယ်။
ဒီလို အကျဉ်းသားတွေဟာ တစ်စုံတစ်ယောက်ရဲ့ တမင် ဒုက္ခပေးတာကို ခံရလို့ အပြင်ကို ပြန်မထွက်နိုင်သူတွေ ဖြစ်ကြတယ်။ ဒါမှမဟုတ်ရင်လည်း အပြင်လူတွေ မသိသင့်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေလို့ အပြင်ကို ပြန်မလွှတ်နိုင်သူတွေ ဖြစ်ကြတယ်။ နောက်ထပ် တစ်မျိုးမှာတော့ ပြည်သူတွေရဲ့ အေးချမ်းမှုကို ထိခိုက်စေနိုင်သူတွေ ဖြစ်တယ်။ ဥပမာအားဖြင့် ကြမ်းတမ်းတဲ့ စရိုက်ရှိသူတွေ ဒါမှမဟုတ် အပြစ်ကြီးစွာ ကျူးလွန်ထားသူတွေ ဖြစ်ပါတယ်။
ဒီလူတွေ အားလုံးက မှတ်တမ်းတင်ပြီး ဖြစ်သလို အကျဉ်းခန်းတွေကလည်း အတည်တကျ ရှိနေကြတယ်။ ထောင်စောင့်အသစ်တွေ ရောက်တိုင်းမှာလည်း ထိုသူတွေရဲ့ အတိတ်ကြောင်းတွေကို ပြောပြထားလေ့ရှိတယ်။ ထိခိုက်တာတွေ မဖြစ်စေဖို့ အတွက်ပါပဲ။
ဒါကြောင့် ဒီကိစ္စကို စုံစမ်းဖို့က အလွန်ပဲ လွယ်ကူပြီး ရွှီထင်းရှန်း ခန့်မှန်းခဲ့သလိုပဲ ဖြစ်နေခဲ့ပါတယ်။
အခုအခါမှာတော့ ရလဒ်က အလွန်ပဲ ထင်ရှားလှတယ်။ ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာန အတွင်းမှာတင် လူယုတ်မာ ရှိနေခဲ့တာပါ။
အဲဒီလူယုတ်မာက ဒီနေ့ည တာဝန်ကျနေတဲ့ ထောင်စောင့်တွေထဲမှာ ရှိနေတယ်။ ယင်းရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်ရဲ့ လှုံ့ဆော်မှု ရှိမရှိ ဆိုတာကတော့ သံသယ ဖြစ်စရာ မလိုပါဘူး ထောင်စောင့်နဲ့ အကျဉ်းသားက ဘာဆက်ဆံရေးမှ မရှိတာကြောင့် အကြောင်းပြချက်မရှိဘဲ လူသတ်ဖို့ ကြံစည်လိမ့်မှာ မဟုတ်ပါဘူး။
ယင်နျန်က သူကိုယ်တိုင် စစ်ဆေးမယ်လို့ ဆိုပေမဲ့ တုကျိဖုန်းက တားလိုက်တယ်။ သူက သူ့ရဲ့ လက်အောက်ငယ်သားတွေကို အမိန့်ပေးပြီး ထောင်စောင့် အားလုံးနဲ့ ရှန့်ရွှီတို့ကို ကျင်းယီဝေ့ရုံးဆီ ဖမ်းဆီး ခေါ်ဆောင်သွားပါတော့တယ်။
အခြေအနေက အတော်လေး အနေခက်စရာ ဖြစ်သွားခဲ့ရတယ်။ ဘယ်လိုပဲဖြစ်စေ ယင်နျန်နဲ့ တုကျိဖုန်းတို့ကတော့ မျက်နှာပျက်ခဲ့ကြရပါပြီ။
ဝမ်ချုံယောင်က ဖျန်ဖြေပေးချင်ပေမဲ့ ဘာပြောရမှန်း မသိတာနဲ့ မနက်ဖြန် မိုးလင်းမှ ဧကရာဇ်မင်းမြတ်ကို လျှောက်ဖို့ပဲ ပြောနိုင်ပါတော့တယ်။
ရွှီထင်းရှန်းနဲ့ တုကျိဖုန်းတို့ကတော့ အတူတူ ထွက်လာခဲ့ကြတယ်။
လမ်းမှာ တုကျိဖုန်းက ရုတ်တရက် မေးလိုက်တယ်။ "ယင်နျန်နဲ့ ဝူအမတ်ချုပ်ကြီးတို့ဟာ သိုသိုသိပ်သိပ်နဲ့ အပေးအယူ ရှိနေကြတယ်ဆိုတာကို မင်း ဘယ်လိုသိတာလဲ"
ရွှီထင်းရှန်းက ပြုံးလိုက်ပြီး ဆိုတယ်။ "ကျွန်တော်မျိုး ခန့်မှန်းလိုက်တာပါ”
သူက တုကျိဖုန်းကို အဲဒီအိပ်မက်ကြောင့် လူအများ မသိတဲ့ ကိစ္စတွေအများကြီးကို သူ သိနေပါတယ်လို့ ပြောဖို့က မဖြစ်နိုင်ပါဘူး။
ယင်နျန်နဲ့ ဝူအမတ်ချုပ်ကြီးတို့ဟာ အပြင်ပန်းမှာ မီးနဲ့ရေလို ဆန့်ကျင်နေကြတာက ဟန်ဆောင်တာပါပဲ။ အမှန်တော့ အမြဲတမ်း တစ်ဦးနဲ့တစ်ဦး ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြသူ နှစ်ဦးဟာ တကယ်တမ်းမှာတော့ အတူတူ ပူးပေါင်းနေကြသူတွေ ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။
243 04
ဒါက သူတို့နှစ်ဦးကြားမှာ အချင်းချင်း ထားရှိတဲ့ နောက်ဆုံး ထွက်ပေါက်ပင် ဖြစ်ပါလိမ့်မယ်။
မိုးလင်းတဲ့အခါ ကိစ္စတွေကို လျှောက်လိုက်တော့ ဧကရာဇ်ကျားချန်က မျှော်လင့်ထားသလိုပဲ အလွန်အမင်း ဒေါသထွက်ခဲ့ပါတယ်။
ယခုတစ်ကြိမ်မှာ ဝူအမတ်ချုပ်ကြီး အပါအဝင် ပါဝင်ပတ်သက်သူ အားလုံးကို ကျင်းယီဝေ့ရဲ့ မြောက်ဘက်စုံစမ်းစစ်ဆေးရေးဌာနမှာ ချုပ်ဖို့ အမိန့်ချလိုက်ပြီး အမှုကိုလည်း ကျင်းယီဝေ့က ကိုယ်တိုင် စစ်ဖို့ အမိန့်ပေးလိုက်တယ်။ စစ်ဆေးသူ အမတ်ကြီး လေးဦးကိုတော့ ရာထူးက မဖယ်ပေမဲ့ အရာအားလုံးကို ကျင်းယီဝေ့က ကိုင်တွယ်မှာဖြစ်ပြီး ကျန်တဲ့ သုံးဦးကတော့ စောင့်ကြည့်သူတွေအနေနဲ့ပဲ ရှိနေစေပါတယ်။ ဘယ်သူမှ ဝင်စွက်တာ ဒါမှမဟုတ် တားတာ မလုပ်ရ မဟုတ်ရင် ပူးပေါင်း ကြံစည်သူအနေနဲ့ အရေးယူမှာပါ။
ဒီလို အမိန့်ချရတာကလည်း ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနမှာ ဖြစ်ခဲ့တဲ့ ကိစ္စက အလွန်ပဲ ထိတ်လန့်စရာ ကောင်းလို့ပါပဲ။ လူအများရဲ့ အာရုံစိုက်တာ ခံနေရတဲ့ ကြားကတောင် ဒီလို နည်းလမ်းနဲ့ သက်သေဖျောက်ဖို့ လူသတ်ဖို့ ကြံဝံ့ကြတယ်။
ကျင်းယီဝေ့တွေဟာ ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနက ထောင်စောင့်တွေကို ဖမ်းခေါ်သွားခဲ့ပေမဲ့ ဘာရလဒ်မှ ထွက်မလာပါဘူး။ ထောင်စောင့် နှစ်ဦးကတော့ ဝန်ခံခဲ့တာက သူတို့ဟာ ငွေနဲ့ အဝယ်ခံရတာ ဖြစ်ပြီး အဲဒီငွေပေးတဲ့ လူရဲ့ မျက်နှာအစစ်ကိုတော့ သူတို့တောင် သေသေချာချာ မမြင်ခဲ့ရပါဘူးလို့ တင်ပြကြတယ်။
အမှန်တော့ ဒီဖြစ်ရပ် ဖြစ်တာကလည်း အားသာချက် တစ်ခု ရှိနေပါတယ်။ အဲဒါက ကျင်းယီဝေ့ကို အမှုကို စစ်ဆေးပိုင်ခွင့် တိုက်ရိုက် ပေးလိုက်သလို ဖြစ်သွားတာပါပဲ။
သတင်းတွေ ပျံ့သွားတဲ့အခါ မြို့တော်ထဲမှာ စိုးရိမ်ထိတ်လန့်တာတွေ ပျံ့သွားခဲ့တယ်။
တုကျိဖုန်းကတော့ အစွမ်းပြဖို့ အသင့် စောင့်နေတဲ့သူမို့ အမိန့်ကျတဲ့နေ့မှာပဲ အဲဒီလူတွေကို နှိပ်စက် စစ်ဆေးပါတော့တယ်။
ပေကျန့်ဖူးစူးရဲ့ နှစ်ပေါင်းများစွာ စွန့်ပစ်ထားတဲ့ အကျဉ်းထောင်ထဲမှာတော့ အော်သံတွေက အဆက်မပြတ် ထွက်နေခဲ့တယ်။ အချို့မှာ နှိပ်စက်တာကို မခံနိုင်တော့တာနဲ့ ဝန်ခံလာကြပါပြီ။
အမျိုးမျိုးသော အနံ့ဆိုးတွေ ထွက်နေတဲ့ အကျဉ်းခန်းတစ်ခုထဲမှာ နံရံက သံတိုင်တွေမှာ လူနှစ်ဦးကို ချည်ထားတယ်။
အဲဒီလူနှစ်ယောက်ထဲက တစ်ဦးမှာ ဘာမှမဖြစ်သေးဘဲ ရှိနေပေမဲ့ ကျန်တဲ့ တစ်ဦးကတော့ အနှိပ်စက်ခံရလွန်းလို့ အသက်ပင် မထွက်ရုံတမယ် ဖြစ်နေပါပြီ။
"အမတ်မင်းရှန့် မင်းရဲ့ရာထူးက မတူတာမို့ ကျွန်တော်မျိုးတို့က မင်းကို နောက်ဆုံးမှ စစ်မှာပါ။ ဒါပေမဲ့ မင်းအနေနဲ့ အများကြီး မပင်ပန်းရအောင် ဗဟုသုတ ဖြစ်အောင် ခေါ်လာပြတာပါ။ လူတွေက ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနရဲ့ နှိပ်စက်နည်းတွေက အစုံလင်ဆုံးပဲလို့ ပြောကြတယ်။ လူတွေ မတွေးရဲတာတွေတောင် သူတို့ဆီမှာ ရှိတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးတို့ ကျင်းယီဝေ့ဟာ ဒီအလုပ်ကို လုပ်တဲ့ မျိုးရိုးစဉ်ဆက် သခင်တွေ ဆိုတာကိုတော့ သူတို့ မသိကြဘူး”
"ရှဲ" ဆိုတဲ့ အသံနဲ့အတူ အသားတွေ မီးလောင်တဲ့ အနံ့ဆိုးကြီး ထွက်လာခဲ့ပြီး အဲဒီနောက်မှာတော့ ဦးရေပြားကိုပင် ကျိန်းစပ်သွားစေတဲ့ နာကျင်စွာ အော်ဟစ်သံကြီး တစ်ခု ထွက်လာခဲ့တယ်။
ရှန့်ရွှီမှာ ကြောက်လွန်းလို့ တစ်ကိုယ်လုံး တုန်နေခဲ့ပြီး မျက်နှာကလည်း ဖြူဖျော့နေပါတော့တယ်။
ရွှီထင်းရှန်းက နှာခေါင်းနဲ့ ပါးစပ်ကို အုပ်လိုက်ပြီး တုကျိဖုန်းကို ကိစ္စရှိလို့ အရင်သွားမယ်လို့ ပြောကာ အဲဒီနေရာကနေ ထွက်ခဲ့ပါတော့တယ်။
ကျင်းယီဝေ့ ရုံးတံခါးက ထွက်လာတဲ့အခါ ရွှီထင်းရှန်းဟာ လမ်းဘေးမှာ ရပ်ထားတဲ့ မြင်းရထားပေါ်ကို တက်လိုက်တယ်။
မြင်းရထားက ဖြည်းဖြည်းချင်း ထွက်လာခဲ့တယ်။ သူက ရထားပြတင်းပေါက်ကို နည်းနည်း ဖွင့်လိုက်တော့ အေးစက်တဲ့ လေတွေ ဝင်လာမှပဲ ရင်ထဲက အော့အန်ချင်တဲ့ ခံစားချက်က နည်းနည်း ပြေသွားခဲ့ရတယ်။
သူက ဒီအမှု ပေါ်လာမှာကို မစိုးရိမ်ပါဘူး ကျင်းယီဝေ့တွေ ရှိနေတာကြောင့် အဖြေထွက်လာဖို့က အချိန်စောင့်ဖို့ပဲ လိုပါတယ်။ စောတာနဲ့ နောက်ကျတာပဲ ကွာပါလိမ့်မယ်။
ဒါပေမဲ့ ဝူအမတ်ချုပ်ကြီးရဲ့ စရိုက်အရ ဒီလို ကိစ္စတွေကို လုပ်တဲ့နေရာမှာ သူက အစအန ချန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရှန့်ရွှီကို စစ်လိုက်ပေမဲ့လည်း ခိုင်မာတဲ့ သက်သေအထောက်အထား ရဖို့ကတော့ မသေချာလှပါဘူး။
ရုတ်တရက် မြင်းရထားက ရပ်သွားခဲ့ပြီး အပြင်ဘက်က အော်သံတွေကို ကြားလိုက်ရတယ်။
"မင်းလို အဘိုးကြီးက ငါတို့ မြင်းရထားကို ဘာလို့ လာတားနေတာလဲ"
ရွှီထင်းရှန်းက ရထားလိုက်ကာကို မကြည့်လိုက်တဲ့အခါ ရထားရှေ့မှာ လူတစ်ယောက် ရပ်နေတာကို မြင်လိုက်ရတယ်။
အဲဒါက ရင်းနှီးနေတဲ့ သူတစ်ဦးပါပဲ။
"အမတ်မင်းရွှီ ခင်ဗျာ ကျွန်တော်မျိုးမှာ အမတ်မင်းနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ တစ်ခု ရှိလို့ပါ ခင်ဗျာ”
အဲဒါက အန်းပေါ်ပဲ ဖြစ်နေပါတော့တယ်။
******
244 01
အခန်း (၂၄၄)
ကျယ်ဝန်းလှတဲ့ မြင်းရထားထဲမှာ ရွှီထင်းရှန်းက ပုခုံးပေါ်မှာ အမည်းရောင် ကတ္တီပါ ဝတ်ရုံရှည်ကို ခြုံထားပြီး အပြာရောင် ကော်ဇောပေါ်မှာ တင်ပလ္လင်ခွေ ထိုင်နေခဲ့တယ်။
ရထားရဲ့ ထောင့်တစ်နေရာမှာ ရွှေချထားတဲ့ မီးဖိုငယ်တစ်ခု ထားပြီး အထဲမှာ အဆင့်မြင့် မီးသွေးတွေ ထည့်ပြီး ထွန်းထားတာကြောင့် မြင်းရထား တစ်ခုလုံးက နွေးထွေးနေခဲ့တယ်။
သူက လက်တစ်ဖက်နဲ့ ရထားလိုက်ကာကို ဆွဲကိုင်ထားတယ်။ အမည်းရောင် ဝတ်ရုံလက်စွပ်က လျောကျနေပြီး မျက်ဝန်းတွေက ပြုံးနေသလို ရှိပေမဲ့ သိချင်စိတ်တွေနဲ့ မေးလိုက်တယ်။ "မင်းက ဘယ်သူလဲ"
အန်းပေါ်က မျက်လွှာကို နည်းနည်း ချလိုက်ပြီး "အမတ်မင်း အနေနဲ့ ကျွန်တော်မျိုးကို မြင်ဖူးပါလိမ့်မယ်။ အဲဒီနှစ်တုန်းက တျန့်ဟိုင်မြို့မှာ..."
"တျန့်ဟိုင်မြို့ ဆိုရင်တော့ ငါ မြင်ဖူးတဲ့လူတွေက အများကြီးပဲ ငါ မင်းကို မမှတ်မိဘူး ကိစ္စမရှိရင် ဖယ်ပေးလိုက်ပါ ငါ့ရဲ့ လမ်းကို မပိတ်တားပါနဲ့” ရွှီထင်းရှန်းက စကားဖြတ်ပြောလိုက်တယ်။
"အမတ်မင်း ခင်ဗျာ..."
"မင်း မကြားဘူးလား မြန်မြန် ထွက်သွားစမ်း ငါတို့ အမတ်မင်းက အစိုးရ အရာရှိကြီး တစ်ဦး ဖြစ်တယ်။ မင်းက ဒီထက်ပိုပြီး ရိုင်းနေဦးမယ်ဆိုရင်တော့ မင်းကို စစ်ဘက်ဆိုင်ရာဌာနကို ပို့ပစ်ရလိမ့်မယ်”
"အမတ်မင်းရွှီ ခင်ဗျာ ကျွန်တော်မျိုးက ဝူမိသားစုရဲ့ အစေခံ တစ်ဦးပါ မိန်းကလေးနဲ့အတူ အမတ်မင်းကို တစ်ခါတွေ့ဖူးပါတယ်" အန်းပေါ်က မတတ်သာတဲ့ အဆုံး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခံရအောင် ဟန်ဆောင်မနေတော့ဘဲ မိမိရဲ့မည်သူမည်ဝါ ဖြစ်ကြောင်းကို အလျင်အမြန် ပြောပြလိုက်ရတော့တယ်။
"ဝူမိသားစု ဆိုတာ ဝူအမတ်ချုပ်ကြီးရဲ့ ဝူမိသားစုလား မင်းမှာ ဘာကိစ္စ ရှိလို့လဲ" ရွှီထင်းရှန်းရဲ့ အကြည့်က အဲဒီတော့မှ သူ့အပေါ်ကို ပြန်ကျလာခဲ့တယ်။
"ဒီနေရာမှာ စကားပြောရတာ မလုံခြုံလှပါဘူး၊ အမတ်မင်းအနေနဲ့ ကျွန်တော်မျိုးနဲ့ သီးသန့် နေရာတစ်ခုမှာ စကားပြောဖို့ ခွင့်ပြုနိုင်မလား" အန်းပေါ်က ဆိုတယ်။
သူက ရွှီထင်းရှန်းက လွယ်လွယ်နဲ့ သဘောတူမှာ မဟုတ်ဘူးလို့ ထင်ထားပေမဲ့ တစ်ဖက်လူကတော့ မလှမ်းမကမ်းက လက်ဖက်ရည်ကြမ်းဆိုင် တစ်ခုကို လက်ညှိုးညွှန်ပြပြီး ဆိုတယ်။ "ဒါဆိုရင် အဲဒီနေရာမှာပဲ သွားကြတာပေါ့”
သူတို့နှစ်ယောက်က လက်ဖက်ရည်ဆိုင်ထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်သွားခဲ့ကြပြီး သီးသန့် အခန်းတစ်ခုမှာ ထိုင်လိုက်ကြတယ်။
ရွှီထင်းရှန်းက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီးမှ ဆိုတယ်။ "မင်းမှာ ကိစ္စရှိရင် ပြောပါ။ ငါ့မှာ မင်းနဲ့ အချိန်ဖြုန်းနေဖို့ အချိန်အများကြီး မရှိဘူး”
"အမတ်မင်း ခင်ဗျာ ကျွန်တော်မျိုးတို့ သခင်ကြီးရဲ့ ကိစ္စကြောင့်ပါ"
"အကယ်၍ မင်းက ဝူအမတ်ချုပ်ကြီးအတွက် လာပြီး တောင်းပန်တာ ဆိုရင်တော့ ပါးစပ်ကို ပိတ်ထားတာ ပိုကောင်းပါလိမ့်မယ်။ ပထမအချက်က ငါတို့က အချင်းချင်း မသိကျွမ်းကြဘူး။ ဒုတိယအချက်က ဒီအမှုကို အခု ငါ မစစ်တော့ဘူး”
"ကျွန်တော်မျိုးက အမတ်မင်းကို အကူအညီတစ်ခု တောင်းချင်တာပါ ကျွန်တော်မျိုးတို့ မိန်းကလေးကို ကူညီပေးပါဦး"
ရွှီထင်းရှန်းက မျက်ခုံးကို ပင့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်တယ်။ အဲဒီရယ်သံက လှောင်ပြောင်တာနဲ့ ကဲ့ရဲ့တာတွေ ပြည့်နေတယ်။ "မင်းတို့ ဝူမိသားစုက လူတွေက တကယ်ကို ရယ်စရာ ကောင်းလှတယ်။ ပုံမှန်ဆိုရင် မင်းတို့က တခြားသူကို အကူအညီ တောင်းတာ ဒီလိုမျိုး တောင်းတာလား"
သူက အန်းပေါ်ရဲ့ ပျက်ယွင်းနေတဲ့ မျက်နှာကို ဂရုမစိုက်ဘဲ မျက်နှာကို တည်ကြည်စေလိုက်ပြီး "ငါ အစောကပဲ ရှင်းရှင်းလင်းလင်း ပြောပြီးပြီ ပထမအချက်က ငါတို့ မသိကျွမ်းကြဘူး။ ဒုတိယအချက်က ဒီအမှုကို အခု ငါ မစစ်ဘူး။ နောက်တစ်ခု ထပ်ပြောရရင် မင်းတို့ ဝူမိသားစုနဲ့ ငါဟာ ရန်ငြိုးတွေ ရှိခဲ့ကြတာပဲ။ ငါက ဘာဖြစ်လို့ မင်းတို့ ဝူမိသားစုက လူကို ကူညီပေးရမှာလဲ"
"အမတ်မင်းရွှီခင်ဗျာ..."
244 02
ရွှီထင်းရှန်းက နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်ပြီး "မင်းတို့ ဝူမိသားစုက လူတွေက ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတွေကို မေ့သွားကြပြီလား"
"အမတ်မင်းရွှီ ခင်ဗျာ..."
သူက ထရပ်လိုက်ပြီး ဦးထုပ်ကို ဆောင်းလိုက်တယ်။ "ငါလည်း လက်ဖက်ရည် သောက်ပြီးပြီ ပြောစရာ ရှိတာလည်း ပြောပြီးပြီ ဝူအစေခံ မင်းက ပါးနပ်တဲ့သူ တစ်ယောက်လို့ ငါ ယူဆပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်တော့ မလုပ်တာ အကောင်းဆုံးပဲ"
အရှက်ရနေတာ ကြာလှပြီ။
အကယ်၍ တခြားသော နည်းလမ်း ရှိနေမယ်ဆိုရင် အန်းပေါ်က ရွှီထင်းရှန်းကို လာရှာမှာ မဟုတ်ဘူး။ ဒါပေမဲ့ မတတ်သာတဲ့အဆုံး နည်းလမ်း မရှိတော့လို့ပါပဲ။
အဲဒီနေ့က အန်းပေါ် ထွက်သွားပြီးနောက် ဝူမိသားစုဆီကို သွားခဲ့တယ်။
ဒါပေမဲ့ အခုအခါ ဝူမိသားစုက ကျင်းယီဝေ့တွေရဲ့ တင်းကျပ်စွာ စောင့်ကြည့်တာကို ခံနေရပြီး အဝင်အထွက် လုံးဝ မလုပ်ရဘူး။ အန်းပေါ်က အဝေးကနေ အတန်ကြာ ကြည့်နေခဲ့ပြီးမှ နောက်ကို ပြန်လှည့် ထွက်ခဲ့ရတယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်း မြို့တော်နဲ့ ဝေးကွာနေခဲ့တဲ့ သူက အရင်ကနဲ့ မတူတော့ဘူး။ ဝူအမတ်ချုပ်ကြီးရဲ့တပည့်တွေဆီ သွားပြီး သတင်းစုံစမ်းဖို့ ကြိုးစားခဲ့ပေမဲ့ ဘယ်သူမှ သူ့ကို တွေ့ဖို့ မဝံ့ရဲကြပါဘူး။
အခုရက်ပိုင်းအတွင်း အမှုကို ကျင်းယီဝေ့ဆီ လွှဲလိုက်ပြီလို့ ကြားတဲ့အခါ ဝူမိသားစုက အခုတစ်ခေါက်မှာ မုချ ပျက်စီးတော့မှာ ဖြစ်ကြောင်း အန်းပေါ် သိလိုက်တယ်။
ဝူမိသားစု ပျက်စီးနိုင်ပေမဲ့ မိန်းကလေးကတော့ ပျက်စီးလို့ မဖြစ်ဘူး။ အထူးသဖြင့် ဒီနေ့ မနက်မှာ သူ ထောင်မိသားစုဆီ သွားခဲ့တုန်းက ထောင်မုဆိုးမက ထောင်ယိထုံကို ဝူဝမ့်ချုံးကို ကွာရှင်းဖို့ အတင်းအကျပ် ခိုင်းနေတာကို တွေ့ခဲ့ရတယ်။
သူက အလွန်ပဲ ဒေါသထွက်ခဲ့ရပြီး ထောင်မုဆိုးမနဲ့ နည်းနည်း ငြင်းခဲ့ပေမဲ့ အဲဒီရမ်းကားတဲ့ မိန်းမကို မယှဉ်နိုင်ခဲ့ပါဘူး။
အမျိုးမျိုးသော နည်းလမ်းတွေ မရှိတော့တဲ့အဆုံး သူက အရင်က စဉ်းစားထားတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
ကံဆိုးတာက သူက မူလက မိမိကိုယ်ကိုယ် နှိမ့်ချဖို့ ခက်နေခဲ့လို့ ရွှီထင်းရှန်းကို ဒေါသထွက်အောင် လုပ်မိခဲ့တာပါပဲ။
ရွှီထင်းရှန်း တံခါးဝကို ရောက်တဲ့အချိန်မှာ ဒေါက်ဆိုတဲ့ အသံတစ်ခု ထွက်လာတယ်။ လှည့်ကြည့်လိုက်တဲ့အခါ အန်းပေါ်က ဒူးထောက်နေတာကို တွေ့လိုက်ရတယ်။
"အကယ်၍ ကျွန်တော်မျိုးရဲ့ အမူအရာက အမတ်မင်းရွှီကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော်မျိုးလို လူကို ခွင့်လွှတ်ပေးပါဦး ခင်ဗျာ ကျွန်တော်မျိုးက အမတ်မင်းကို အစစ်အမှန် တောင်းပန်တာပါ။ အတိတ်က ကိစ္စတွေကို ပြန်မပြောချင်တော့ပေမဲ့ အမတ်မင်းရွှီအနေနဲ့ လူကြီးလူကောင်း ပီသစွာနဲ့ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါဦး"
ရွှီထင်းရှန်းက သူ့ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေတယ်။
တစ်ဖက်လူက စိတ်ပြောင်းသွားတဲ့ပုံ ရတာကို မြင်တော့ အန်းပေါ်က ဆက်ပြောလိုက်တယ်။ "ကျွန်တော်မျိုးတို့ သခင်ကြီးက အမြဲတမ်း သတိရှိရှိနဲ့ အလုပ်လုပ်တတ်သူပါ။ သူရဲ့တပည့်တွေနဲ့တောင်မှ စာအဆက်အသွယ် ထားလေ့မရှိပါဘူး။ တစ်ခါတလေ စာရေးစရာ ရှိရင်တောင် တခြားသူကိုပဲ ရေးခိုင်းတတ်တာပါ။ မင်းတို့ ရှန့်ရွှီကို ဘယ်လိုပဲ စစ်စစ် ဘာမှ ထွက်လာမှာ မဟုတ်ပါဘူး။ သူကိုယ်တိုင် ဝန်ခံခဲ့ရင်တောင်မှ ငါတို့ သခင်ကြီးက ခိုင်းတာပါဆိုတဲ့ ခိုင်မာတဲ့ သက်သေ မရှိပါဘူး။ ငါတို့ သခင်ကြီးက မင်းဆက်နှစ်ဆက်တိုင် အမှုထမ်းလာတဲ့ အမတ်ဟောင်းကြီး ဖြစ်သလို ထိုက်ကျူ ဧကရာဇ်ရဲ့ တန်ဖိုးထားတာကိုလည်း ခံခဲ့ရသူပါ။ ခိုင်မာတဲ့ သက်သေ မရှိဘဲနဲ့ လူနည်းနည်းရဲ့ ပြောစကားနဲ့တင် သူ့ကို ဘာမှ လုပ်လို့ မရပါဘူး။ အလွန်ဆုံး ရှိရင်တော့ ရာထူးကနေ အနားယူခိုင်းတာလောက်ပဲ ရှိမှာပါ”
ရွှီထင်းရှန်းရဲ့ မျက်လုံးတွေမှာ စိတ်ဝင်စားစရာ အမူအရာတွေ ပေါ်လာခဲ့တယ်။ သူက စားပွဲမှာ ပြန်ထိုင်လိုက်ပြီး အန်းပေါ်ကို ကြည့်ကာ မေးလိုက်တယ်။ "ငါ အမှားမရှိဘူးဆိုရင် မင်းက ဝူမိသားစုရဲ့ အစေခံ ခေါင်းဆောင် တစ်ဦးပဲ။ ဝူအမတ်ချုပ်ကြီးရဲ့ အလွန် ယုံကြည်တာကိုလည်း ခံခဲ့ရသူပေါ့ ဒါပေမဲ့ အရင်က ကိစ္စတစ်ခုကြောင့် မင်းက အပယ်ခံခဲ့ရတာလေ။ ဘာလဲ မင်းက အပယ်ခံရတာကို နာကျည်းနေပြီးတော့ မင်းရဲ့သခင်ကို ပြန်ပြီး လက်စားချေချင်နေတာလား"
အန်းပေါ်ရဲ့ မျက်နှာက နည်းနည်း ပျက်သွားပြီး "အမတ်မင်းရွှီ ဘယ်လိုပဲ ပြောပြောပါ ဒါပေမဲ့ ကျွန်တော်မျိုး ဒီနေ့ လာတာကတော့ အမတ်မင်းနဲ့ အပေးအယူ တစ်ခု လုပ်ချင်လို့ပါ။ အကယ်၍ အမတ်မင်းအနေနဲ့ ကျွန်တော်မျိုးတို့ မိန်းကလေးကို ဘေးကင်းအောင် ကာကွယ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်မျိုးမှာ ပစ္စည်းတစ်ခု ရှိပါတယ်။ အဲဒီပစ္စည်းက အမတ်မင်း လိုချင်တာတွေကို အောင်မြင်ဖို့အတွက် လုံလောက်လှပါတယ်"
ရွှီထင်းရှန်းက အဓိပ္ပာယ်ကို ဖော်ပြလို့ မရတဲ့ အသံနဲ့ ရယ်မောလိုက်တယ်။ မျက်ဝန်းတွေက အေးစက်နေပြီး "မင်းက ဝူဝမ့်ချုံးကို ကာကွယ်ချင်တာလား။ အဲဒီနေ့က ငါ့ဇနီးသည်ကို ပင်လယ်ဓားပြတွေ တိုက်ခိုက်ခဲ့တာဟာ မင်းနဲ့ ဝူဝမ့်ချုံးတို့ စီစဉ်ခဲ့တာ မဟုတ်ဘူးလား။ ငါက ဘာဖြစ်လို့ ရန်သူတစ်ယောက်ကို ကာကွယ်ပေးရမယ်လို့ မင်းက ထင်နေတာလဲ"
244 03
"အမတ်မင်းရွှီက ဝူအမတ်ချုပ်ကြီးကို သေစေချင်တာ မဟုတ်ဘူးလား" အန်းပေါ်က စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။
"ငါ သေစေချင်တာဖြစ်စေ မသေစေချင်တာဖြစ်စေ မင်းနဲ့ ဘာဆိုင်လို့လဲ" ရွှီထင်းရှန်းက ထရပ်လိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်ကာ "သစ်ပင်လဲရင် မျောက်တွေ ပြေးကြစမြဲပဲ အဆုံးသတ် မကောင်းတော့မယ့် လူတစ်ယောက်ကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ”
အန်းပေါ်က ခဏမျှ တိတ်ဆိတ်သွားပြီးမှ "မိန်းကလေးက အမျိုးသမီး တစ်ယောက်သာ ဖြစ်ပါတယ်။ အခုလည်း သူမရဲ့ ဘဝက မကောင်းလှပါဘူး။ အကယ်၍ အမတ်မင်းရွှီရဲ့ ရင်ထဲမှာ နာကျည်းမှုတွေ ရှိနေတယ်ဆိုရင် ကျွန်တော်မျိုးအပေါ်ကိုပဲ ပုံချလိုက်ပါ။ အဲဒီနေ့က ကိစ္စဟာ ကျွန်တော်မျိုးရဲ့ လက်ချက်ပါ မိန်းကလေးနဲ့ ဘာမှ သိပ်မဆိုင်ပါဘူး"
"ကျွန်တော်မျိုး တကယ်တော့ စဉ်းစားလို့ မရဘူး လူဆိုတာ ကိုယ့်အတွက် အကျိုးရှိတာကိုပဲ လုပ်တတ်ကြစမြဲပါ။ မင်းကတော့ အပြစ်ရှိသမျှကို ကိုယ့်ခေါင်းပေါ် ပုံတင်နေတယ်။ အစေခံ တစ်ယောက်အနေနဲ့ ဒီလောက်အထိ လုပ်ပေးတာဟာ တကယ်ကို ရှားပါးလှပါတယ်။ ဒါမှမဟုတ် ဝူဝမ့်ချုံးက မင်းရဲ့ သမီးအရင်း မို့လို့လား။ အဲဒါကြောင့် မင်းက ဒီလောက်အထိ အစွမ်းကုန် ကြိုးစားပေးနေတာလား"
အန်းပေါ်ရဲ့ မျက်နှာက တောင့်တင်းသွားခဲ့ရတယ်။ "အမတ်မင်းရွှီက ပညာတတ် တစ်ယောက်ပါ။ ယဉ်ကျေးသိမ်မွေ့တဲ့ သူတစ်ယောက်အနေနဲ့ ဒီလိုမျိုး မခိုင်လုံတဲ့ ခန့်မှန်းချက်တွေကို မပြောတာက ပိုကောင်းပါလိမ့်မယ်။ ဒါက အမတ်မင်းရဲ့ သိက္ခာကို ထိခိုက်စေနိုင်လို့ပါ"
"ငါကတော့ တောက လာတဲ့သူမို့ သိက္ခာဆိုတာတွေ သိပ်မသိပါဘူး။ ဒါပေမဲ့ ဒီကိစ္စကိုတော့ တကယ်ပဲ သိချင်မိတယ်” ရွှီထင်းရှန်းက ပြုံးပြီး သူ့ကို တစ်ချက်ကြည့်ကာ "မင်းကို အမှန်အတိုင်း ပြောရရင်တော့ ငါက စိတ်ပုတ်တတ်တဲ့သူ၊ ရန်ငြိုးကိုလည်း မှတ်ထားတတ်တဲ့သူပါ။ အမျိုးသမီးတစ်ယောက်မို့လို့ ခွင့်လွှတ်ပေးရမယ်ဆိုတဲ့ အကျင့်မျိုး ငါ့မှာ မရှိဘူး။ အကယ်၍ အစေခံ မင်းအနေနဲ့ ငါ့ကို စည်းရုံးနိုင်မယ့် အကြောင်းပြချက် မရှိဘူးဆိုရင်တော့ ငါလည်း မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး”
အသက်ရှူ ကျပ်စရာ ကောင်းလှတဲ့ တိတ်ဆိတ်မှုကြီး တစ်ခုအပြီးမှာ အန်းပေါ်က ပြောလိုက်တယ်။ "မိန်းကလေးက သခင်မကြီးနဲ့ ကျွန်တော်မျိုးတို့ရဲ့ သွေးသားပါ"
ရွှီထင်းရှန်းရဲ့ မျက်လုံးတွေက ချက်ချင်းပဲ လင်းလက်သွားခဲ့ရတယ်။ အဲဒါက တခြားကြောင့် မဟုတ်ဘဲ ဒီကိစ္စက သူ့ရဲ့ထင်မှတ်ထားချက်တွေကို ကျော်လွန်နေလို့ပါပဲ။
အမှန်တော့ သူက အဲဒီအိပ်မက်ထဲက မှတ်ဉာဏ်တွေနဲ့ ပေါင်းလိုက်တဲ့အခါ ဒီကိစ္စကို နည်းနည်း သံသယ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တကယ်တမ်း ဒီလောက်အထိ ထူးဆန်းတဲ့ ကိစ္စမျိုး ဖြစ်နေလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ပါဘူး။
"...သခင်မကြီးက ကျန်းမာရေး အားနည်းတာကြောင့် သခင်ကြီးရဲ့ ချစ်ခင်တာကို မရခဲ့ပါဘူး။ သခင်ကြီးရဲ့အတွင်းဆောင်ထဲမှာလည်း ကိုယ်လုပ်တော်တွေ အများကြီး ရှိနေတော့ သခင်မကြီးက အမြဲတမ်း စိတ်မချမ်းသာဘဲ ရှိနေခဲ့တာပါ... အဲဒီနောက်ပိုင်းမှာတော့..."
အမှန်တော့ ဘယ်လောက်ပဲ ဖုံးဖုံး အန်းပေါ်က ယုတ်ညံ့တဲ့ သူတစ်ယောက် ဖြစ်ကြောင်းကိုတော့ ဖုံးလို့ မရပါဘူး။
သူက ဝူအမတ်ချုပ်ကြီးကို နာကျည်းနေခဲ့တာမို့ ဝူသခင်မကြီးကို အမြဲ ဂရုစိုက်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကလည်း မတော်တဆ ဖြစ်ရပ်တွေလို ထင်ရပေမဲ့ အမှန်တော့ သူ တမင် စီစဉ်ခဲ့တာပါ။ အဲဒါက လူမသိနိုင်တဲ့ သူ့ရဲ့ယုတ်ညံ့တဲ့ စိတ်ဓာတ်ကြောင့်ပါပဲ။
အမျိုးသား တစ်ယောက်အတွက် ဘယ်လို အရှက်ခွဲမှုက အကြီးမားဆုံး ဖြစ်မလဲ မိမိရဲ့ ဇနီးသည်ကို တခြားသူက ဖောက်ပြန်တာပါပဲ။ သူက အဲဒီလို စိတ်နဲ့ ချဉ်းကပ်ခဲ့ပေမဲ့ မတော်တဆ သူကိုယ်တိုင်ပဲ ကျသွားခဲ့ရတယ်။ အထူးသဖြင့် ဝူသခင်မကြီးက အဲဒီညက လူဟာ ဝူအမတ်ချုပ်ကြီး မဟုတ်ဘဲ အန်းပေါ် ဖြစ်နေတာကို သိလိုက်ရတဲ့အခါ အလွန်အမင်း ဒေါသထွက်ခဲ့ရတာကြောင့် ကျန်းမာရေးက ပိုဆိုးလာပြီး နောက်ဆုံးမှာ ဆုံးသွားခဲ့ရတယ်။
ဒီအရာ အားလုံးက အန်းပေါ်ရဲ့ ရင်ထဲမှာ ကုလို့မရတဲ့ ရောဂါဆိုးကြီး တစ်ခု ဖြစ်လာခဲ့တယ်။
သူက အမှန်တော့ ဝူသခင်မကြီး ဆုံးသွားတဲ့ နေ့ကတည်းက သေခဲ့ပြီးသား ဖြစ်ပါတယ်။ သူ ဒီနေ့အထိ အသက်ဆက်နေရတာကလည်း ဝူဝမ့်ချုံးကြောင့်သာ ဖြစ်တော့တယ်။
"ဒါဆိုရင် ဝူအမတ်ချုပ်ကြီးမှာ နှစ်ပေါင်းများစွာ သားသမီး မရခဲ့တာဟာလည်း မင်းရဲ့လက်ချက်ပေါ့" ဒီကိစ္စကို ရွှီထင်းရှန်း အစောကတည်းက သံသယ ဖြစ်ခဲ့ဖူးတယ်။ အဲဒီအိပ်မက်ထဲမှာလည်း သံသယ ဖြစ်ခဲ့ဖူးပေမဲ့ အဲဒီတုန်းက သူက ဝူအမတ်ချုပ်ကြီးကို အလွန် မုန်းနေတာကြောင့် ဒီကိစ္စကို ဂရုမစိုက်ခဲ့တာပါ။
244 04
အန်းပေါ်က ခဏမျှ တောင့်တင်းသွားပြီးမှ ခေါင်းညိတ်ပြတယ်။ "ကျွန်တော်မျိုးက အစေခံ တစ်ယောက်ပါ။ သခင်မကြီးမှာ မိန်းကလေး တစ်ယောက်ပဲ ရှိတာပါ။ အမေမရှိတဲ့ ကလေးမှာ ကာကွယ်ပေးမယ့်သူ မရှိတော့ဘူး အကယ်၍ အဖေဖြစ်သူကလည်း ဂရုမစိုက်တော့ဘူးဆိုရင် ဘဝက အရမ်းကို ခက်ခဲသွားပါလိမ့်မယ်” ဒါကြောင့်ပဲ သူက ဝူအမတ်ချုပ်ကြီးရဲ့ ယုံကြည်တာကို အသုံးချပြီး သူ့ရဲ့လက်ဖက်ရည် ဒါမှမဟုတ် အစားအသောက်တွေထဲမှာ ဆေးခတ်ခဲ့တာကြောင့် ဝူအမတ်ချုပ်ကြီးမှာ နှစ်ပေါင်းများစွာ သားသမီး မရခဲ့တာ ဖြစ်ပါတယ်။
"မူလကတော့ ငါ မင်းကို ကူညီမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းပြောတဲ့ ဒီဇာတ်လမ်းက ငါ့ကို စိတ်ချမ်းသာစေတာမို့ မင်းပြောတဲ့ ဝူအမတ်ချုပ်ကြီးကို သေစေနိုင်မယ့် နည်းလမ်းကို ငါ နားထောင်ပေးပါ့မယ်”
…
ရှန့်ရွှီ ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။
တုကျိဖုန်းက ချက်ချင်းပဲ ရွှီထင်းရှန်းဆီကို လာခဲ့တယ်။
ရွှီထင်းရှန်း အရင်က တွေးထားသလိုပဲ ရှန့်ရွှီက ဝူအမတ်ချုပ်ကြီးကို ထောက်ပြနိုင်ပေမဲ့ ဝူအမတ်ချုပ်ကြီးက ခိုင်းတာပါ ဆိုတဲ့ တိုက်ရိုက် သက်သေ မရှိဘဲ ဖြစ်နေတယ်။
ရွှီထင်းရှန်းက တုကျိဖုန်းရဲ့ နားထဲမှာ စကားတစ်ခွန်း ပြောလိုက်တာကြောင့် တုကျိဖုန်းက ချက်ချင်းပဲ လူတွေကို ခေါ်ပြီး ဝူအိမ်တော်ဆီကို သွားပါတော့တယ်။
အမှန်တော့ ဝူအိမ်တော်က ဝူအမတ်ချုပ်ကြီး ဖမ်းခံရကတည်းက နေရာအနှံ့ကို အကြိမ်ကြိမ် ရှာတာ ခံခဲ့ရပြီး ဖြစ်ပါတယ်။ အခုအခါ အိမ်တော်ထဲမှာ အစေခံတွေနဲ့ အမျိုးသမီးတွေပဲ ကျန်တော့ပြီး အိမ်ကို အုပ်ချုပ်နိုင်သူ တစ်ယောက်မှ မရှိတော့ပါဘူး။
ကိုယ်လုပ်တော်ဖုန်းကလည်း အမျိုးသမီး တစ်ယောက်သာ ဖြစ်တာကြောင့် ကြောက်စရာကောင်းတဲ့ ကျင်းယီဝေ့တွေကို မြင်ရတဲ့အခါ ကြောက်လွန်းလို့ တုန်နေခဲ့ပြီ ဖြစ်ပါတယ်။ အိမ်တော်ထဲက လူတိုင်းလည်း စိုးရိမ်ထိတ်လန့်နေကြပြီး ဘယ်နေ့မှာ အမိန့်စာ ကျလာပြီး ကိုယ်တွေ ခေါင်းဖြတ်ခံရမလဲ ဒါမှမဟုတ် ရောင်းစားခံရမလဲဆိုတာကို မသိကြပါဘူး။
ကျင်းယီဝေ့တွေ နောက်တစ်ကြိမ် ရောက်လာတာကလည်း သူတို့ကို ထိတ်လန့်စေခဲ့ပေမဲ့ ကျင်းယီဝေ့တွေက အတန်ကြာ မနေဘဲ ပစ္စည်းတစ်ခုကို ယူပြီး ထွက်သွားခဲ့ကြတယ်။
အဲဒီပစ္စည်းက ဝူဝမ့်ချုံး နေထိုင်ခဲ့တဲ့ ဝင်းထဲက ကျောက်တုံးပုံလေးတစ်ခုထဲမှာ ဝှက်ထားတာဖြစ်ပြီး အဲဒါက အန်းပေါ်ဟာ ဝူအမတ်ချုပ်ကြီးရဲ့ ဘေးမှာ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တုန်းက သူ့ရဲ့ လက်ကတစ်ဆင့် လုပ်ခဲ့သမျှ ကိစ္စရပ်တွေအားလုံးကို မှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။
ဘယ်နေ့ ဘယ်လမှာ ဘယ်သူနဲ့ ဘယ်ကိစ္စကို လုပ်ခဲ့လဲဆိုတာကို အသေးစိတ် မှတ်တမ်းတင်ထားတယ်။ ဒါ့အပြင် ဖျက်ဆီးရမှာ ဖြစ်ပေမဲ့ အန်းပေါ် ဝှက်ထားခဲ့တဲ့ စာတချို့လည်း ပါနေခဲ့တယ်။
ဒီပစ္စည်းတွေ ရှိနေတာက ဝူအမတ်ချုပ်ကြီးကို အကြိမ်ပေါင်းများစွာ သေစေဖို့ လုံလောက်လှပါတယ်။
ပစ္စည်းတွေကို လျှောက်လိုက်တဲ့အခါ တစ်ပြည်လုံးမှာ တုန်လှုပ်သွားခဲ့ရတယ်။
ဒါပေမဲ့ ဒီပစ္စည်းတွေကိုတော့ ဧကရာဇ်ကျားချန်က လူသိရှင်ကြား ထုတ်ဖော်တာ မလုပ်ခဲ့ဘဲ ဝူအမတ်ချုပ်ကြီးက အဲဒီတုန်းက ရှန့်ရွှီကို ယွီချန်ခရိုင်က မြစ်တာဘောင်ကို ဘယ်လို ဖောက်ခိုင်းခဲ့လဲ အစိုးရအဖွဲ့ထဲ ပြန်ဝင်နိုင်ဖို့ ဘယ်လို ကြံခဲ့လဲနဲ့ ဝူမိသားစုက ကမ်းရိုးတန်းဒေသမှာ မှောင်ခိုလုပ်ငန်းတွေ လုပ်ခဲ့တဲ့ အချက်အလက် တချို့ကိုပဲ ထုတ်ပြန်ခဲ့ပါတယ်။
ဒီအချက်အလက်တွေတင်ပဲ လူတွေကို တုန်လှုပ်သွားစေဖို့ လုံလောက်လှပြီ ဖြစ်ပါတယ်။
ကျားချန် ၁၉ နှစ်ဟာ မုချပင် မုန်တိုင်းထန်တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ရပြီး ကျားချန် ၁၉ နှစ်ရဲ့ အဆုံးသတ်ကလည်း သွေးသံရဲရဲ သတ်ဖြတ်မှုတွေနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။
ဝူအမတ်ချုပ်ကြီးနဲ့ ရှန့်ရွှီ အပါအဝင် ပါဝင်ပတ်သက်သူ အရာရှိ အားလုံးကို မိသားစုတစ်ခုလုံး သတ်ဖြတ်တာနဲ့ ပစ္စည်းတွေ သိမ်းဆည်းတာတို့နဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ တခြားသော ပါဝင်ပတ်သက်မှု နည်းတဲ့ အရာရှိတွေကိုတော့ ရာထူးက ထုတ်ပယ်တာ ဒါမှမဟုတ် ပြည်နှင်ဒဏ် ပေးတာတို့နဲ့ အရေးယူခဲ့တယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဆိုင်းဝိုင်းလမ်းဆုံမှာ လူအများကြီးနဲ့ ပြည့်နေခဲ့တယ်။ အားလုံးက ခေါင်းဖြတ်တာကို လာကြည့်ကြတာပါ။
အမိန့်ကျလာတာနဲ့ တစ်ပြိုင်နက် ဓားတွေ ကျလာပြီး ခေါင်းတွေ ပြတ်ထွက်သွားပါတော့တယ်။ ဒါဟာ တာ့ချန်း မင်းဆက် တည်ထောင်ပြီးကတည်းက အဆင့်မြင့်အရာရှိ ဒါမှမဟုတ် စာပေပညာရှင် အရာရှိကြီးတွေကို သေဒဏ် မပေးရဘူးဆိုတဲ့ ထုံးတမ်းကို ဖောက်ဖျက်လိုက်တာပါပဲ။
244 05
မိသားစုတစ်ခုလုံး သတ်ဖြတ်တာ ဖြစ်တဲ့အတွက် လူကြီးလူငယ် မကျန် ဘယ်သူ့ကိုမှ ချန်ထားတာ မရှိပါဘူး။
ထောင်ယိထုံကတော့ ဧကရာဇ်ရဲ့အမိန့်စာ မကျလာခင်မှာပဲ ဝူဝမ့်ချုံးကို ကွာရှင်းပစ်ခဲ့တယ်။ ဒါ့အပြင် သူကိုယ်တိုင်ပဲ ကျင်းယီဝေ့ဆီ သွားပို့ခဲ့ပါသေးတယ်။ သူ့ရဲ့ ဒီလိုမျိုး အပြုအမူက လူအများရဲ့ လှောင်ပြောင်တာကို ဘယ်လောက်ပဲ ခံရပါစေ ဝူဝမ့်ချုံးကတော့ ကွာရှင်းတာ ခံလိုက်ရပြီ ဖြစ်တာကြောင့် ထောင်မိသားစုဝင် မဟုတ်တော့ဘဲ ဝူမိသားစုရဲ့ သမီးပဲ ဖြစ်ပေတော့တယ်။
သူမကလည်း သတ်ခံရမယ့် စာရင်းမှာ ပါနေပေမဲ့ လူကို အစောကတည်းက လဲထားခဲ့တာကိုတော့ ဘယ်သူမှ မသိကြပါဘူး။
ဆိုင်းဝိုင်းလမ်းဆုံမှာ လူတွေနဲ့ ပြည့်နေတုန်းမှာပဲ အပြာရောင် လိုက်ကာပါတဲ့ မြင်းရထားငယ် တစ်စီးက မြို့တော်ကနေ တိတ်တဆိတ် ထွက်သွားခဲ့တယ်။
သူတို့ ဦးတည်ရာက ကျန်းရှီးနယ် ဖြစ်နိုင်သလို ကျန်းနန်နယ်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ သိမှာမဟုတ်သလို ဘာဂယက်မှလည်း ထွက်လာမှာ မဟုတ်တော့ပါဘူး။
ကျားချန် ၁၉ နှစ်ဟာ မုချပင် သစ်လွင်တဲ့ အခြေအနေတွေနဲ့ ပြည့်နေတဲ့ နှစ်တစ်နှစ် ဖြစ်ပါလိမ့်မယ်။
ဟဲနန်နယ် အပါအဝင် အစိုးရအဖွဲ့ထဲက ဝူမိသားစုနဲ့ ပတ်သက်နေသူ အားလုံးက တစ်ယောက်ပြီးတစ်ယောက် ရာထူးက ပြုတ်သွားတာကြောင့် လစ်လပ်နေတဲ့ ရာထူးနေရာတွေ အများကြီး ရှိနေခဲ့တယ်။ ဧကရာဇ်ကျားချန်က အရာရှိအများကြီးကို ရာထူးတိုးပေးခဲ့တာကြောင့် အစိုးရအဖွဲ့ထဲမှာ သစ်လွင်တဲ့ အငွေ့အသက်တွေ ရှိနေခဲ့တယ်။
ဒါ့အပြင် ဧကရာဇ်ကျားချန်ရဲ့ လက်ထဲမှာ ဝူမိသားစုဆီက သိမ်းရထားတဲ့ မှတ်တမ်းစာအုပ် ရှိနေတာကြောင့် အထဲမှာ ဘာတွေ ရေးထားလဲ ဘယ်အကြောင်းအရာတွေ ပါလဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ ဒါကြောင့် ဝူမိသားစုနဲ့ အရင်က ပတ်သက်ခဲ့ဖူးတဲ့ အရာရှိ အားလုံးက ကိုယ့်ကိုယ်ကိုယ် ဘေးကင်းဖို့အတွက်ပဲ စိုးရိမ်နေကြရပါတော့တယ်။
အားလုံး ငြိမ်နေကြတဲ့ အခြေအနေမှာ ဧကရာဇ်ကျားချန်က အစိုးရ အာဏာအားလုံးကို မိမိရဲ့ လက်ထဲ ရလိုက်ပြီး အရာအားလုံးကို မိမိရဲ့ အလိုအတိုင်း စေခိုင်းနိုင်ခဲ့တာကြောင့် ပြောမပြနိုင်လောက်အောင် စိတ်ချမ်းသာနေခဲ့တယ်။
ဒီအခွင့်အရေးကို သုံးပြီး အတွင်းအမတ်ရုံးမှာလည်း အပြောင်းအလဲတွေ လုပ်ခဲ့တယ်။
ဝူအမတ်ချုပ်ကြီး မိသားစုတစ်ခုလုံး သတ်ခံရတာနဲ့အတူ အမတ်ချုပ်ကြီး ခေါင်းဆောင် ရာထူးမှာ ရှိနေတဲ့ စွီအမတ်ချုပ်ကြီးကလည်း နောက်ဆုံးမှာ ဂုဏ်သိက္ခာရှိရှိ အနားယူနိုင်ခဲ့ပါပြီ။
အမှန်တော့ သူ့ရဲ့ အသက်အရ သူက အစောကတည်းက အနားယူသင့်နေပါပြီ။ အထူးသဖြင့် မကြာသေးခင် နှစ်နှစ်အတွင်း သူက မေ့တတ်တဲ့ ဝေဒနာကို ခံစားနေရတာကြောင့် နန်းတွင်းနဲ့ အတွင်းအမတ်ရုံးကို လာတဲ့ အကြိမ်ရေက လက်ချိုးရေလို့တောင် ရနေပါပြီ။
ဧကရာဇ်ကျားချန်က သူ့ကို အနားယူဖို့ ခွင့်မပြုခဲ့တာက အမတ်ချုပ်ကြီး ခေါင်းဆောင် ရာထူးကို နေရာယူထားစေချင်လို့ပါပဲ။
အတွင်းအမတ်ရုံးမှာ အမတ်ချုပ်ကြီး ရှစ်ယောက် ရှိရာမှာ အခု နှစ်ယောက်က ရာထူးက ထွက်သွားခဲ့ပြီ ဖြစ်တယ်။ အဲဒါက အမတ်ချုပ်ကြီး ခေါင်းဆောင် နဲ့ ဒုတိယ အမတ်ချုပ်ကြီး ခေါင်းဆောင် ရာထူးနေရာတွေပါပဲ။ အပြင်ပန်းမှာတော့ အရာအားလုံးက ပုံမှန်အတိုင်း ထင်ရပေမဲ့ အမှန်တော့ လူတိုင်းက အဲဒီနေရာတွေကို ယူဖို့အတွက် အသင့် ပြင်နေကြပါပြီ။
ဧကရာဇ်ကျားချန်ရဲ့ စီစဉ်မှုက အဲဒီလို လှုပ်ရှားမှု အားလုံးကို ချက်ချင်းပဲ ရပ်သွားစေခဲ့တယ်။
သူက အရင် ကျဲ့ကျန်းနယ်က အန်းကျယ်ရှီ ယဲ့ကျွိနဲ့ စာပေဆိုင်ရာ ဝန်ကြီးဌာနက ဒုဝန်ကြီး လင်းမြောင်တို့ကို အတွင်းအမတ်ရုံးထဲ ဝင်စေခဲ့ပြီး ထန်လျှန့် အမတ်ကြီးကို အမတ်ချုပ် ခေါင်းဆောင် အဖြစ် ခန့်လိုက်တယ်။
အမိန့်စာ ကျလာတဲ့အခါ တစ်ပြည်လုံးမှာ ဆူညံသွားခဲ့ရပေမဲ့ ဧကရာဇ်ကျားချန် ဒီလို လုပ်တာကိုတော့ မအံ့ဩကြတော့ပါဘူး။
ဒီလောက်အထိ မိမိဘာသာ အမိန့်ချတတ်တဲ့ ဧကရာဇ်မျိုးက အမတ်ချုပ်ကြီး ခေါင်းဆောင် ရာထူးကို အရည်အချင်းရှိတဲ့ သူတစ်ယောက်ကို ဘယ်လို ပေးပါ့မလဲ။ ထန်လျှန့်က အရည်အချင်း မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပေမဲ့ ထန်လျှန့်ရဲ့ အသက်က စွီအမတ်ချုပ်ကြီးထက်တောင် နည်းနည်းပဲ ငယ်ပြီး အခု အသက် ၇၀ ကျော်နေပြီ ဖြစ်တာကြောင့် ဒီလောက် အသက်ကြီးတဲ့ သူတစ်ယောက်အနေနဲ့ ဘာလုပ်နိုင်ပါ့မလဲ နေရာယူထားပေးရုံ သက်သက်ပါပဲ။
အမှန်တော့ ဧကရာဇ်ကျားချန်ရဲ့ စီစဉ်မှုတွေက အစောကတည်းက အရိပ်အယောင်တွေ ရှိခဲ့ပြီးသားပါ။ ယဲ့ကျွိက ဧကရာဇ်ရဲ့လူယုံ ဖြစ်သလို အရည်အချင်းရှိတဲ့ အမတ်တစ်ယောက်လည်း ဖြစ်တယ်။ ဒါပေမဲ့ သူ့ရဲ့ ဝါရင့်မှု မလောက်သေးတာကြောင့် ဧကရာဇ်က သူ့ကို နယ်မြေအသီးသီးကို လွှတ်ပြီး စာမေးပွဲတွေကို ကြီးကြပ်ခိုင်းကာ အဆက်အသွယ်တွေ ရှာခိုင်းခဲ့တယ်။ အဲဒီနောက်မှ ကျဲ့ကျန်းနယ်လို အရေးကြီးတဲ့ နေရာကို ပို့ခဲ့တာပါ။
244 06
အခုတော့ သူက အတွေ့အကြုံတွေ ရပြီ ဖြစ်တာကြောင့် အတွင်းအမတ်ရုံးထဲ ဝင်ဖို့က သင့်တော်လှပါပြီ။
လင်းမြောင်ရဲ့ အတွင်းအမတ်ရုံးထဲ ဝင်တာကတော့ အစိုးရအဖွဲ့ထဲက လူအများကြီးအတွက် နားလည်ရ ခက်နေခဲ့တယ်။
ဘာလို့လဲဆိုတော့ ဒီလူက အမြဲတမ်း နာမည်မကြီးဘဲ ရှိနေခဲ့လို့ပါပဲ။ သူက ဟန်လင်းကျောင်းတော်ကို ဝင်ပြီးနောက်မှာ အတွင်းအမတ် စာရေးအဖြစ် ခန့်ခံရပြီး နောက်ပိုင်းမှာ စာပေပညာရှင် အရာရှိ အဲဒီနောက်မှ စာပေဆိုင်ရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဖြစ်လာခဲ့တယ်။
ဒါက အမှန်တော့ အမတ်ချုပ်ကြီး တစ်ယောက် ဖြစ်လာဖို့ သွားရမယ့် လမ်းကြောင်းပဲ ဆိုပေမဲ့ အစိုးရအဖွဲ့ထဲမှာ သူ့ထက် ပိုပြီး ထင်ရှားတဲ့ အမတ်တွေအများကြီး ရှိနေပါလျက်နဲ့ ဘာဖြစ်လို့ သူ့ကိုမှ ရွေးတာလဲပေါ့။
လူနည်းနည်းပဲ သိကြတာက ဒီလူက အတွင်းအမတ်ရုံးထဲ ဝင်နိုင်ခဲ့တာက သူ့ရဲ့ တပည့်ကောင်း နှစ်ယောက်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
တစ်ယောက်က ချန်ကျန်း ဖြစ်ပြီး သူက စွီအမတ်ချုပ်ကြီးရဲ့ ဆက်ခံသူ ဖြစ်လာမယ့်သူ ဖြစ်ကြောင်း ထင်ရှားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဝါရင့်မှုနဲ့ အသက်က မလောက်သေးတာကြောင့် လောလောဆယ်မှာ ဟန်လင်းကျောင်းတော်မှာ စာပေပညာရှင် အရာရှိအဖြစ် တာဝန်ထမ်းရင်း မင်းသားငယ်တွေကို စာပေ သင်ပေးနေခဲ့တယ်။
သူက ဂုဏ်သိက္ခာရှိတဲ့ အလုပ်ကို လုပ်နေတာ ဖြစ်ပြီး ဝါရင့်မှု လောက်သွားတဲ့ အခါမှာတော့ အတွင်းအမတ်ရုံးထဲ ရောက်လာမှာ မြင်ယောင်နေပါပြီ။
နောက်တစ်ယောက်ကတော့ ရွှီထင်းရှန်း ပါပဲ။ ဒီဆရာတပည့် နှစ်ယောက်က အစိုးရအဖွဲ့ထဲ ရောက်ကတည်းက အဆက်အသွယ် မရှိသလို နေခဲ့ကြပေမဲ့ ဒီလို နေတာက ဟန်ဆောင်တာပဲ ဖြစ်ကြောင်း ဘယ်သူ သိနိုင်ပါ့မလဲ။
နာမည်အားဖြင့် ပြောရရင် ဒီနှစ်ယောက်က ဆရာနဲ့ တပည့်တွေပါပဲ။
ဒီရွှီထင်းရှန်းကတော့ သာမန်မဟုတ်ခဲပါဘူး။ ကျဲ့ကျန်းနယ်ရဲ့ ဆူပူတာကို နှိမ်နင်းခဲ့သလို ဆယ်နှစ်တောင် မပြည့်သေးတဲ့ အချိန်မှာတင် အဆင့် (၂) အရာရှိကြီး ရာထူးကို ရောက်ခဲ့တယ်။ အခုတစ်ခေါက် မြို့တော်ကို အပြန်မှာလည်း အိမ်ရှေ့စံရဲ့ဆရာအဖြစ် ခန့်ခံရပြန်တယ်။ အဲဒီနောက် ဟဲနန်နယ်ကို ဘေးဒုက္ခ ကယ်ဆယ်ရေးအတွက် သွားခဲ့ရာမှာ ဝူမိသားစု တစ်ခုလုံးကို ရာထူးက ဖြုတ်နိုင်ခဲ့တယ်။ အစိုးရအဖွဲ့ထဲက အရာရှိ အားလုံးထဲမှာ သူ့ကို မယှဉ်နိုင်သူ မရှိသလောက် ဖြစ်နေပြီ ဖြစ်တာကြောင့် ဒီလိုမျိုး လက်ရုံးရည်မျိုး ဘယ်သူ့မှာမှ ရှိမှာ မဟုတ်ပါဘူး။
ဒီလိုမျိုး တိုင်းပြည်ရဲ့ မဏ္ဍိုင် ဒါ့အပြင် စာမေးပွဲ အဆင့်ဆင့်မှာ ပထမ ရထားသူ ဖြစ်တာကြောင့် နောင်တစ်ချိန်မှာ အတွင်းအမတ်ချုပ်ကြီး ဖြစ်လာမှာက မြေကြီးလက်ခတ် မလွဲပါပဲ သမိုင်းမှာလည်း နာမည်ကျန်မယ့်သူပါ။
ဒါကြောင့် လင်းမြောင် အတွင်းအမတ်ရုံးထဲ ဝင်တာကလည်း မစဉ်းစားနိုင်စရာ မရှိပါဘူး။
အောက်ခြေက လူတွေက ဘယ်လိုပဲ ခန့်မှန်းနေပါစေ အချုပ်ပြောရရင် အစိုးရအဖွဲ့ထဲမှာ အားပြိုင်မှု အသစ်တစ်ခု စတင်လိုက်ပါပြီ။ ဒီအခြေအနေသစ်ထဲမှာ အစိုးရအဖွဲ့က ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ လောလောဆယ်မှာ ဘယ်သူမှ မသိကြသေးပါဘူး။
တစ်ချိန်တည်းမှာပဲ ရွှီထင်းရှန်းကလည်း အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး အဖြစ် ခန့်ခံခဲ့ရပါတယ်။
သူ့ရဲ့ ဝါရင့်မှုနဲ့ သူ့ရဲ့ စွမ်းဆောင်ချက်တွေအရ ဒီရာထူးက သူနဲ့ ထိုက်တန်လှပါပြီ။
ဒါပေမဲ့ အသက် ၃၀ အရွယ်နဲ့ အခွန်ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဖြစ်လာတာလား ဒါကလည်း ထုံးတမ်းစဉ်လာသစ် တစ်ခုကို ဖန်တီးလိုက်တာပါပဲ။
ရွှီထင်းရှန်းက နောက်တစ်ကြိမ် နာမည်ကြီးသွားခဲ့ပြန်တယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ခဏ ထားလိုက်ပါဦးမယ်။
ကျောက်အာ အတွက်တော့ အမျိုးသားက ရာထူးတက်တာဖြစ်စေ မတက်တာဖြစ်စေ သူမအတွက် ထူးခြားမှု မရှိပါဘူး။
အခု သူမ ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုကတော့ အိမ်ပြောင်းဖို့ပါပဲ။
အိမ်ပြောင်းတဲ့ ကိစ္စက သေးတယ်လို့ ထင်ရပေမဲ့ အမှန်တော့ အထဲအပြင် စီမံစရာ ကိစ္စတွေက သိပ်ကို များပါတယ်။ ဒါ့အပြင် ကျောက်တိ မီးဖွားမယ့် အချိန်နဲ့လည်း နီးနေသလို ရွှီထင်းရှန်း ရာထူးတက်သွားလို့ ဂုဏ်ပြုပွဲလေး တစ်ခုလည်း လုပ်ရဦးမှာ မဟုတ်လား။
ဒီကိစ္စရပ် အားလုံးက သူမ တစ်ယောက်တည်းရဲ့ ခေါင်းပေါ်ကို ပုံကျနေခဲ့တာပါ။
လဝက်လောက် အလုပ်ရှုပ်ပြီးနောက်မှာတော့ ဒီကိစ္စတွေက ပြီးသွားခဲ့ပြီး တစ်မိသားစုလုံးက တုန်းဟွာတံခါး နားက ရွှီအိမ်တော်ကို ပြောင်းခဲ့ကြတယ်။
ဧကရာဇ်မင်းမြတ် ဆုလာဘ်အဖြစ် ပေးထားတဲ့ အိမ်ဖြစ်တာကြောင့် ဘယ်လိုလုပ် မကောင်းဘဲ ရှိပါ့မလဲ။
244 07
ကြည့်ရတာ အဝင်အထွက် သုံးဆင့်ပဲ ရှိပေမဲ့ ကြီးမားတဲ့ ဥယျာဉ်တစ်ခု ပါနေတာကြောင့် အဝင်အထွက် ငါးဆင့်ရှိတဲ့ အိမ်တွေထက်တောင် မငယ်ပါဘူး။ အိမ်ကို လွှဲမယူခင်မှာတင် အသစ် ပြန်ပြင်ထားတာကြောင့် အရာအားလုံးက သစ်လွင်တောက်ပနေပြီး ထွင်းထားတဲ့ ပန်းပုလက်ရာတွေကလည်း ကြည့်ရတဲ့သူကို စိတ်ချမ်းသာစေပါတယ်။
အရေးကြီးဆုံး အချက်က နေရာ ကောင်းတာပါပဲ။
အခု ရွှီထင်းရှန်းမှာ တာဝန်အစစ် ရှိနေပြီဖြစ်တာကြောင့် နေ့တိုင်း ညီလာခံ တက်ရမှာပါ။ အကယ်၍ အရင်က နေတဲ့ နေရာက ဆိုရင်တော့ မနက် သုံးချက်တီး အချိန်မှာ ထရမှာပါ အခုတော့ ငါးချက်တီး အချိန်မှာ ထပြီး မောက်အချိန် ညီလာခံ တက်မယ် ဆိုရင် နောက်ကျမှာကို စိုးရိမ်စရာ လုံးဝ မရှိတော့ပါဘူး။
အပြင်ဘက်မှာ မနက်ခင်း အလင်းတွေ ပေါ်နေပြီ ဖြစ်ပေမဲ့ ရွှီထင်းရှန်းကတော့ ခုတင်ပေါ်မှာ လဲနေတုန်းပါပဲ။
"နင် တကယ်ပဲ မထသေးဘူးလား။ ထပ်ပြီး မထဘူးဆိုရင် နောက်ကျသွားလိမ့်မယ်။ အဲဒီအချိန်ကျမှ ညီလာခံ စည်းကမ်း ကြီးကြပ်တဲ့ အရာရှိက မှတ်တမ်းတင်လိုက်ရင် ဘယ်လောက်တောင် အရှက်ရဖို့ ကောင်းမလဲ”
ကျောက်အာက အလွန်ပဲ စိတ်ပင်ပန်းနေရတယ်။
အမျိုးသား တစ်ယောက်ကို ပြုစုရတာက ကလေး တစ်ယောက်ကို ပြုစုရတာနဲ့ မခြားပါဘူး။ ပုံမှန်ဆို သူက သိပ်ကို တည်ကြည်ပေမဲ့ တစ်ခါတလေကျရင်တော့ ကလေးတွေထက်တောင် ပိုပြီး စိတ်ရှုပ်စရာ ကောင်းပါတယ်။
ညီလာခံ တက်ရမှာက သူမ မဟုတ်ပေမဲ့လည်း သူမက သူ့လိုပဲ ပင်ပန်းနေရတယ်။ နေ့တိုင်း အချိန်မှန် နိုးရသလို အဲဒီအရှင်သခင်ကြီးကို ညီလာခံ တက်ဖို့အတွက် နှိုးပေးနေရတာပါ။
အမှန်တော့ ဒီလောက် အချိန်အကြာကြီးအတွင်းမှာ ရွှီထင်းရှန်းက တစ်ကြိမ်မှ နောက်မကျဖူးသေးပါဘူး ဒါပေမဲ့ ကျောက်အာကတော့ ဒါဟာ သူမရဲ့ ကြိုးစားမှုကြောင့်လို့ ယူဆပြီး မိမိမှာ တာဝန်ကြီးတယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။
ရွှီထင်းရှန်းက သူမရဲ့ ရင်ခွင်ထဲမှာ မျက်နှာကို ဝှက်ထားရင်း မျက်လုံးတွေကို မှိတ်ထားတုန်းပဲ။ "ခဏလောက် ထပ်အိပ်ပါရစေဦး မနေ့ညက သန်းခေါင်ကျော်မှ အိပ်ရတာလေ"
"နင် သန်းခေါင်ကျော်မှ အိပ်ရတာကို နင်ကိုယ်တိုင်လည်း သိသားပဲ ဘယ်သူကများ မနေ့က အဲဒီလောက်အထိ နောက်ကျအောင် လုပ်ခိုင်းလို့လဲ" ဒီအကြောင်းကို ပြောတဲ့အခါ ကျောက်အာက ဒေါသလည်း ထွက်သလို နာလည်း နာကျင် ဖြစ်ရတယ်။ ခါးကို နှိပ်နယ်ရင်းနဲ့ သူ့ကို တစ်ဖက်ကို တွန်းထုတ်လိုက်ပါတော့တယ်။
သူကလည်း စောင်ပုံထဲမှာ လိမ့်နေခဲ့ပြီး ဆက်ပြီး အိပ်နေခဲ့တယ်။ အဖေတစ်ယောက် ခင်ပွန်းတစ်ယောက် ဒါမှမဟုတ် အမတ်တစ်ယောက်ရဲ့ တာဝန်သိစိတ်က တစ်စက်မှ မရှိသလိုပါပဲ။
ကျောက်အာက အဝတ်အစားတွေကို ဝတ်လိုက်ပြီးနောက် စောင်ပုံထဲက အမျိုးသားကို ကြည့်ပြီး စိတ်ပျက်စွာနဲ့ သက်ပြင်းချလိုက်မိတယ်။
သူမက အစေခံမလေးတွေကို ရေပြင်ခိုင်းလိုက်တယ်။ ရေနွေးအိုးနဲ့ ပုဝါတွေကို ယူလာတဲ့အခါမှာတော့ အဲဒီလူတွေကို ပြန်ထွက်ခိုင်းလိုက်ပြီး သူမကိုယ်တိုင်ပဲ ပုဝါကို ရေညှစ်လို့ ရွှီထင်းရှန်းရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို သုတ်ပေးနေခဲ့တယ်။
ဘာညည်းညူသံမှ မရှိဘဲ စိတ်ရှည်လက်ရှည်နဲ့ ပြုစုပေးနေတာ ဖြစ်ပါတယ်။
သုတ်ပေးပြီးတဲ့နောက်မှာတော့ အတွင်းခံအင်္ကျီကို ထုတ်ပြီး ဝတ်ပေးလိုက်တယ်။
ဒီလူကတော့ ဘာမှ အားနာတာ မရှိဘဲ မျက်လုံးကို မှိတ်ထားပေမဲ့ ခြေထောက် မရမယ့် အချိန်မှာ မပေးတာ လက်မရမယ့် အချိန်မှာ မပေးတာနဲ့ အလိုက်သင့် ရှိနေခဲ့တယ်။ အနိုင်နိုင် ဝတ်ပေးပြီးတဲ့ အခါမှာတော့ ကျောက်အာကလည်း သိပ်ကို မောသွားတာကြောင့် သူ့ရဲ့ ခါးနဲ့ တင်ပါးကို တစ်ချက် ပုတ်လိုက်တော့တယ်။
"မြန်မြန် ထတော့ မဟုတ်ရင် ခဏနေရင် နင်နင်ကို ခေါ်လာပြီးတော့ နင့်ကို အဖေတစ်ယောက်အနေနဲ့ မျက်နှာပျက်အောင် လုပ်ပစ်မယ်" အဲဒီလို ပြောပြီးနောက် ကျောက်အာက တစ်ဖက်ကို လှည့်ပြီး မျက်နှာသစ်လိုက်ပါတော့တယ်။
သူမ မျက်နှာသစ်ပြီးတဲ့ အခါမှာတော့ အမျိုးသားက ထလာပြီ ဖြစ်ပေမဲ့ သန်းဝေရင်း အိပ်ချင်မပြေသေးတဲ့ ပုံစံမျိုးနဲ့ ရှိနေခဲ့တယ်။
"နင် အခုတလော ဘာတွေ လုပ်နေတာလဲ။ နင့်ကို ကြည့်ရတာ အမြဲတမ်း ပင်ပန်းနေတဲ့ ပုံပဲ။ ဧကရာဇ်မင်းမြတ်က နင့်ကို အလုပ်ကြမ်းတွေ ခိုင်းနေလို့လား"
ကျောက်အာရဲ့ စကားက စနောက်တာပဲ ဆိုပေမဲ့ အမှန်တော့ သူမ ပြောလိုက်တာက မှန်နေခဲ့ပါတယ်။
ရွှီထင်းရှန်းက အမှန်တကယ်ပဲ အလုပ်ကြမ်းတွေ ခိုင်းခံနေရတာ ဖြစ်ပါတော့တယ်။
******