အခန်း (၂၄၉-၂၅၀)
Vol. 25 Ch. 249-250
249 01
အခန်း (၂၄၉)
ရွှီထင်းရှန်းက အရင်ဆုံး အံ့အားသင့်သွားပြီးမှ ဒေါသထွက်လွန်းလို့ ရယ်မိတော့တယ်။
သူက ပြုံးပြီး ကျောက်အာကို ယားအောင် စနောက်လိုက်တော့ ကျောက်အာက ဒါကို အခံနိုင်ဆုံးမို့ ကိုယ်ကိုကျုံ့ပြီး ရှောင်နေရင်း နှစ်ယောက်သား ဆူညံအောင် စနောက်နေကြတာပေါ့။
"ဒါဆိုရင်တော့ ကျွန်တော်မျိုးက ရွှီသခင်မကြီးရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ရတော့မှာပေါ့၊ သခင်မကြီးက ကျွန်တော်မျိုးကို ဘယ်လို ပြန်ပေးဆပ်စေချင်ပါသလဲ။ ကိုယ်ကိုနှင်းပြီး ပြန်ပေးဆပ်ရရင်ရော ဘယ်လိုနေမလဲ"
ကျောက်အာက ရယ်လွန်းလို့ အသက်ရှူပင် ကျပ်နေပြီး သူ့ကို တွန်းထုတ်ကာ ပြောလိုက်တယ်။ "မြန်မြန် တော်ပါတော့ ခဏနေရင် နင်နင် ဝင်လာပြီး မြင်သွားရင် ဘယ်လိုပုံစံ ဖြစ်နေမလဲ"
"သူ့ကို ဂရုမစိုက်နဲ့..."
သူက စကားကို မပီမသ ပြောရင်း လက်ကလည်း ငြိမ်မနေတာကြောင့်၊ အသက်ရှူသံတွေက တဖြည်းဖြည်း ပြင်းလာခဲ့တယ်။
ကျောက်အာက အစပိုင်းမှာ တွန်းထုတ်နေပေမဲ့ ကြာလာတော့ မတွန်းတော့ဘဲ သူ့လည်ပင်းကို ပြန်ဖက်တွယ်လိုက်တော့တယ်။
အဲဒီအချိန်မှာ ခန်းမဆောင်ကနေ ဘေးခန်းကို သွားတဲ့ ပုတီးစေ့လိုက်ကာက တဂျိန်းဂျိန်း မြည်သွားပြီးနောက် အလျင်စလို ခြေသံတွေနဲ့အတူ လူတစ်ယောက် အပြင်ကို ထွက်သွားခဲ့တယ်။
ကျောက်အာက ရွှီထင်းရှန်းကို အလျင်အမြန် တွန်းထုတ်လိုက်ပြီး၊ ရွှီထင်းရှန်းကလည်း တိုးတိုးလေး ဆဲဆိုရင်း ကိုယ်ကို မတ်လိုက်တယ်။
"ဘယ်သူကများ ဒီလောက်တောင် မျက်စိမပါတာလဲ"
ကျောက်အာက သူ့ကို စိုက်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ "နင်ကိုယ်တိုင်က မတည်ငြိမ်လို့ ဖြစ်တာလေ"
အဲဒီလို ပြောနေရင်းနဲ့ပဲ သူမက အဝတ်အစားတွေကို သေသေချာချာ ပြန်ပြင်လိုက်ပြီး၊ ကိုယ်ကို မတ်မတ်ထိုင်ကာ အပြင်က လူကို လှမ်းခေါ်လိုက်တယ်။
ဝင်လာတဲ့သူက ချွင်းလန်ပါ။
သူ့မျက်နှာက နီမြန်းနေပြီး ခေါင်းငုံ့ကာ အနေခက်နေရှာတယ်။ ကိုယ် ပြဿနာရှာမိပြီ ဆိုတာကိုလည်း သူ သိနေတာပေါ့။ ဒါပေမဲ့ သခင်ကြီးနဲ့ သခင်မကြီးတို့က ဘာမှမဖြစ်သလို ဟန်ဆောင်နေကြတာ မြင်တော့ သူလည်း ဘာမှ မပြောဝံ့ဘဲ ဘာမှ မမြင်လိုက်သလိုပဲ ဟန်ဆောင်လိုက်ရတော့တယ်။
"သခင်မကြီး ရွှီကြီးကြပ်ရေးမှူး ရောက်နေပါတယ်။ ဆွေးနွေးစရာရှိလို့ တွေ့ခွင့်တောင်းနေပါတယ်"
ချွင်းလန် ပြောတဲ့ ရွှီကြီးကြပ်ရေးမှူးဆိုတာ ရွှီဟူ ပါပဲ။
အဲဒီတုန်းက ကျောက်အာနဲ့ ရွှီထင်းရှန်းတို့ တျန့်ဟိုင်ကို သွားခဲ့ကြတုန်း၊ တျန့်ဟိုင်မှာ ထိုက်လုံ ကုန်သွယ်ရေးကို ဖွဲ့စည်းခဲ့လို့ ရွှီချင်းဟွိုင်၊ ကောင်းရှန်းနဲ့ ကျန်းဝူ စတဲ့ လူအားလုံးကို ခေါ်ခဲ့ကြတာကြောင့် ရွှီဟူက မြို့တော်က အလုပ်အားလုံးကို တာဝန်ယူ ကျန်ခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ဝမ်မိသားစု ပန်းဆိုင်နဲ့ ဟင်းသီးဟင်းရွက်ဆိုင် စတာတွေကို သူကပဲ စီမံနေတုန်းပါပဲ။
"ငါ အခုပဲ သွားတွေ့မယ်၊ သူ့ကို ဧည့်ခန်းမှာ စောင့်ခိုင်းထားလိုက်"
ဆယ်နှစ်ကျော် အချိန်တွေ ကုန်လွန်သွားခဲ့ပြီမို့၊ အခုဆို ရွှီဟူက တည်ငြိမ်တဲ့ အမျိုးသားတစ်ဦး ဖြစ်လာခဲ့ပြီ။ နည်းနည်း ဝနေတုန်းဖြစ်တဲ့ သူက မုတ်ဆိတ်မွေး နည်းနည်း ထားထားတာကြောင့် အသက် ၂၇ နှစ်၊ ၂၈ နှစ်နဲ့ မတူဘဲ လူလတ်ပိုင်း တစ်ယောက်နဲ့ ပိုတူနေတယ်။
အသက်ငယ်လွန်းလို့ အပြင်မှာ စီးပွားရေးလုပ်တဲ့အခါ ဘယ်သူမှ မယုံကြတာကြောင့် တမင်တကာ ဒီလို ပြင်ထားတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ကျောက်အာကို မြင်တော့လည်း အရင်အတိုင်းပဲ ရိုသေလေးစားမှု ရှိနေတုန်းပါပဲ။
249 02
" အစ်မကျောက်အာ "
ဒီကောင်လေးက အခေါ်အဝေါ်ကို အခုထိ မပြောင်းသေးဘူး။ အမှန်တော့ အဒေါ်လို့ ခေါ်ရမှာ ဖြစ်ပေမဲ့ ဇွတ်ကို ကျောက်အာအစ်မလို့ပဲ ခေါ်နေတာပါ။ ဒါပေမဲ့ ရွှီထင်းရှန်းကို တွေ့ရင်တော့ ဦးလေးလို့ တစ်ခွန်းမကျန် ခေါ်တတ်ပြန်တယ်။
ရွှီထင်းရှန်းက မုတ်ဆိတ် မထားသေးဘူး။ ရိုးရိုးဝတ်စုံ ဝတ်ထားရင် အစိုးရ အရာရှိကြီးနဲ့ မတူဘဲ စာသင်သားတစ်ယောက်နဲ့ ပိုတူနေတယ်။ ရုပ်ရည်ရင့်ကျက်နေတဲ့ ရွှီဟူက ရွှီထင်းရှန်းကို ဦးလေးလို့ ခေါ်နေတဲ့ မြင်ကွင်းက တကယ်ပဲ ရယ်စရာ ကောင်းလှပါတယ်။
"ထိုင်ပါဦး၊ ဘာကိစ္စ ရှိလို့လဲ" ကျောက်အာက ဦးဆောင်တဲ့ နေရာမှာ ထိုင်ရင်း မေးလိုက်တယ်။
သူမက ဒီနေ့မှာ မက်မွန်နီရောင် နွေရာသီဝတ်စုံကို ဝတ်ထားပြီး၊ အောက်မှာတော့ ရေပြာရောင် ပိုးသားစကတ်ကို ဝတ်ထားတယ်။ အရောင်အသွေးက တောက်ပပြီး လှလွန်းတာကြောင့် မူလက နူးညံ့သိမ်မွေ့တဲ့ ပုံစံရှိရမှာ ဖြစ်ပေမဲ့ သူ့ရဲ့ ကိုယ်ဟန်ကြောင့် ပြတ်သားတဲ့ အရှိန်အဝါတွေ ပေါ်နေခဲ့တယ်။
အထူးသဖြင့် သူမက ခန့်ညားထည်ဝါစွာ ထိုင်နေပုံက တခြားသူတွေ အထင်မသေးဝံ့တဲ့ တည်ကြည်လေးနက်တဲ့ အရှိန်အဝါမျိုးကို ဖြစ်စေပါတယ်။
"ဟို ရှီကျစ်ယိုရဲ့ ကိစ္စကြောင့်ပါပဲ"
အဲဒီစကားကို ကြားတော့ ကျောက်အာက မျက်ခုံးကို နည်းနည်း တွန့်လိုက်ပြီး မေးလိုက်တယ်။ "နောက်ထပ် ဘာဖြစ်ပြန်ပြီလဲ"
ဒီ ရှီကျစ်ယို ဆိုတာက တခြားသူ မဟုတ်ဘဲ၊ ချန်ကျန်းရဲ့ ညီမဖြစ်တဲ့ ချန်ရှို့လန်ရဲ့ ခင်ပွန်းပါပဲ။
လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေက အများကြီးပါပဲ၊ ရွှီဟူတို့ လူအုပ်စုကလည်း တစ်ယောက်ပြီး တစ်ယောက် အိမ်ထောင်ကျခဲ့ကြသလို၊ ချန်ရှို့လန်လည်း လက်ထပ်ခဲ့ပြီး ဖြစ်ပါတယ်။
ချန်ရှို့လန်က စရိုက်က အေးဆေးပြီး ရှက်တတ်တဲ့သူ ဖြစ်တယ်။ ကျောက်အာတို့ မြို့တော်က ထွက်သွားပြီးနောက်မှာ သူက ဝမ်မိသားစု ပန်းဆိုင်မှာပဲ အလုပ်လုပ်နေခဲ့တယ်။ သူက လက်မှုပညာ ကျွမ်းကျင်သလို ဉာဏ်လည်း ထက်တာကြောင့် သူ လုပ်တဲ့ ပိုးထည်ပန်းတွေနဲ့ အတုလုပ်ထားတဲ့ အလှစိုက်ပင်တွေက မြို့တော်ထဲက လူအများကြီးရဲ့ အကြိုက်ကို ရခဲ့တယ်။
လူတွေက "လက်မှုပညာရှင် သခင်မ" လို့ ခေါ်ကြတာကလည်း သူ့ကို ရည်ညွှန်းတာ ဖြစ်တယ်။
ဒါပေမဲ့ စာပေပညာရှင် အများကြီးရဲ့ အကြိုက်ကို ရထားတဲ့ လက်မှုပညာရှင် သခင်မက အမှန်တော့ အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ပဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။ ချန်ရှို့လန်ကလည်း အပြင်ထွက်တာ အလွန်နည်းပြီး၊ ဒီဇိုင်းအသစ်တွေကို သုတေသန လုပ်တာနဲ့ပဲ အချိန်ကုန်နေခဲ့တယ်။
အဲဒီတုန်းက ဝမ်မိသားစု ပန်းဆိုင်ရဲ့ စီးပွားရေးက ပိုကြီးလာခဲ့ပြီး၊ သူက ပန်းဆိုင်ရဲ့ အဓိက လက်မှုပညာရှင် ဖြစ်နေလို့ ပုံမှန်အားဖြင့် ကုန်ကြမ်းတွေကြောင့် အောက်ခြေက အလုပ်သမား တချို့နဲ့ ဆက်ဆံမှု ရှိခဲ့ရတယ်။
ဒီရှီကျစ်ယို ဆိုတာကတော့ အဲဒီအလုပ်သမားတွေထဲက တစ်ယောက်ဖြစ်ပြီး၊ မူလက ကျောက်အာ ဝယ်ခဲ့တဲ့ ဒုက္ခသည်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။
ဘယ်အချိန်မှာ စခဲ့လဲ မသိရပေမဲ့ ဒီလူငယ် နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သဘောကျသွားခဲ့ကြတယ်။ ဒါပေမဲ့ ချန်ရှို့လန်က သတ္တိနည်းလို့ ချစ်သူ ရှိတာကို ချန်ကျန်းကို မပြောဝံ့ဘဲ နေတုန်း၊ ရွှီဟူက မတော်တဆ သိသွားလို့ ချန်ကျန်းကို ပြောပြခဲ့တာပါ။
ချန်ကျန်းကလည်း ညီမရဲ့ အိမ်ထောင်ရေးအတွက် စိုးရိမ်နေတာ ကြာပြီမို့၊ သူလည်း ညီမအတွက် အိမ်ထောင်ဖက် ရှာပေးဖို့ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ ချန်ရှို့လန်က အပြင်ထွက်တာ မဝါသနာပါသလို သတ္တိလည်း နည်းတယ်။ ဒါ့အပြင် ငယ်ငယ်က ဒုက္ခရောက်ခဲ့ဖူးလို့ အခု အရွယ်ရောက်လာတာတောင် ကိုယ်လုံးက ပိန်လှီနေတုန်းပဲ။ ရုပ်ရည်ကလည်း အလယ်အလတ်လို့တောင် ပြောဖို့ ခက်ပြီး၊ နှစ်လိုဖွယ် အဆင်းရှိရုံလောက်ပဲ ရှိတော့တယ်။
249 03
သူနဲ့ ဆက်ဆံနေတဲ့သူတွေက များသောအားဖြင့် အစိုးရ အရာရှိတွေ ဒါမှမဟုတ် နန်းတွင်း ပညာရှင်တွေပဲ ဖြစ်ပြီး၊ အနည်းဆုံး ရှိရင်တောင် ကျင်းရှီ ဘွဲ့ရတဲ့သူတွေပါ။ အဲဒီလိုလူတွေက ချန်ရှို့လန်ကို ဘယ်လိုလုပ် သဘောကျပါ့မလဲ။
ချန်ကျန်းက ညီမကို အကြိမ်ကြိမ် မေးခဲ့သလို ရှီကျစ်ယိုကိုလည်း တွေ့ပြီးမှပဲ၊ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို မတတ်သာတဲ့အဆုံး သဘောတူပေးခဲ့တာပါ။
ညီမရဲ့စိတ်ထဲမှာ ရှီကျစ်ယို တစ်ယောက်တည်းပဲ ရှိတာကို မြင်ရသလို၊ ရှီကျစ်ယိုကလည်း မျိုးရိုးနိမ့်ပေမဲ့ ရုပ်ရည်က တည်ကြည်ပြီး အလုပ်ကိုလည်း ကြိုးစားတာကြောင့် ထူးချွန်တဲ့ လူငယ်တစ်ယောက်လို့ ယူဆခဲ့တယ်။
ချန်ကျန်းက များများစားစား မစဉ်းစားခဲ့သလို ညီမကို သုံးပြီး တခြားသူတွေနဲ့ မဟာမိတ် ဖွဲ့ဖို့လည်း စိတ်ကူးမရှိဘဲ၊ ညီမအပေါ် ကောင်းကောင်းဆက်ဆံပြီး ပြုစုစောင့်ရှောက်နိုင်မယ့်သူ တစ်ယောက် ရှိရင်ပဲ လုံလောက်ပြီလို့ ယူဆခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ညီမဖြစ်သူမှာ လက်မှုပညာ ရှိသလို၊ ရှီကျစ်ယိုမှာလည်း ခြေလက်တွေ ရှိနေတာပဲ မဟုတ်လား။ ကျောက်အာက ချန်ရှို့လန်ကို သဘောကျလို့ အဲဒီတုန်းက ချန်ရှို့လန်ရဲ့လက်မှုပညာကို အစုရှယ်ယာအဖြစ် သတ်မှတ်ပေးခဲ့ပြီး သူမရဲ့ အစုရှယ်ယာ ၄၀ ရာခိုင်နှုန်းထဲက ၁၀ ရာခိုင်နှုန်းကို ချန်ရှို့လန်ကို ခွဲပေးခဲ့တယ်။ ဒီ ၁၀ ရာခိုင်နှုန်းသော အစုရှယ်ယာ ရှိနေတာက လင်မယား နှစ်ယောက်အတွက် ဘဝကို အေးအေးချမ်းချမ်း တည်ဆောက်ဖို့ လုံလောက်တာကြောင့် ချန်ကျန်းလည်း စိတ်အေးသွားခဲ့ရတယ်။
ဒီလိုနဲ့ ချန်ရှို့လန်က ရှီကျစ်ယိုနဲ့ လက်ထပ်ခဲ့ပြီး ရှီကျစ်ယိုလည်း အလုပ်သမားဘဝကနေ ပန်းဆိုင်ရဲ့ အစုရှယ်ယာရှင် တစ်ယောက်အဖြစ် ပြောင်းသွားခဲ့တော့တာပေါ့။
သူတို့နှစ်ယောက် လက်ထပ်ပြီးနောက်မှာ၊ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ထွန်းကားခဲ့ပြီး ဘဝက ပျော်စရာ ကောင်းနေတာကြောင့် ချန်ကျန်းလည်း မိမိရဲ့အဲဒီတုန်းက ဆုံးဖြတ်ချက်က မှန်ခဲ့တယ်လို့ ခံစားနေခဲ့ရတယ်။
ဒါပေမဲ့ လူ့စိတ်ဆိုတာ အမြဲတမ်း ပြောင်းလဲတတ်တာပဲ။ ချန်ရှို့လန်ကတော့ အိမ်ထောင်ကျပြီးနောက် မိသားစုကို ပြုစုရင်းနဲ့ပဲ မိမိရဲ့လက်မှုပညာကို စွန့်လွှတ်တာ မရှိပါဘူး။ ဒီနှစ်တွေအတွင်း သူမ သုတေသန လုပ်ခဲ့တဲ့ ဒီဇိုင်းသစ်တွေက ဝမ်မိသားစု ပန်းဆိုင်အတွက် ငွေအများကြီး ရှာပေးနိုင်ခဲ့သလို၊ ပင်လယ်ရပ်ခြားအထိ ရောင်းခဲ့ရတဲ့ ပန်းတွေမှာလည်း သူမရဲ့ ကြိုးစားမှုတွေ ပါနေခဲ့ပါတယ်။
ဒါပေမဲ့ ရှီကျစ်ယိုကတော့ ပြောင်းလဲသွားခဲ့ပြီ။
ဝမ်မိသားစု ပန်းဆိုင်က အခုလို ဂုဏ်ရှိန်ကြီးလာတာဟာ ချန်ရှို့လန်ကြောင့်ပဲလို့ သူ ထင်တာလည်း ဖြစ်နိုင်သလို၊ ပန်းဆိုင်က ရနေတဲ့ ငွေတွေကို မြင်ရလို့ ငြူစူတာလည်း ဖြစ်နိုင်ပါတယ်။ သူက အရင်ဆုံး ရွှီဟူရဲ့ရှေ့မှာ ချန်ရှို့လန်ရဲ့ စွမ်းဆောင်ချက်တွေကို အကြောင်းအမျိုးမျိုးပြပြီး ပြောခဲ့သလို၊ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းပဲ ရတာက ချန်ရှို့လန်အပေါ် မတရားသလို ဖြစ်နေကြောင်းကိုလည်း သွယ်ဝိုက်ပြီး ပြောခဲ့တယ်။
အဲဒီတုန်းက ကျောက်အာက တျန့်ဟိုင်မှာ ထိုက်လုံ ကုန်သွယ်ရေး ဖွဲ့တဲ့ ကိစ္စနဲ့ အလုပ်ရှုပ်နေလို့ ဒီကိစ္စကို အလေးမထားခဲ့ဘဲ ဝမ်မိသားစုပန်းဆိုင် ဒီနေ့လို ဖြစ်လာတာဟာ ချန်ရှို့လန်ရဲ့ ကျေးဇူး အမှန်တကယ် ပါတယ်လို့ ယူဆပြီး၊ မိမိရဲ့အစုရှယ်ယာထဲက နောက်ထပ် ၁၀ ရာခိုင်နှုန်းကို ချန်ရှို့လန်ကို ထပ်ခွဲပေးခဲ့ပြန်တယ်။
ဒါပေမဲ့ ကျောက်အာရဲ့လက်ထဲမှာ ကျန်တဲ့ အစုရှယ်ယာက ၂၀ ရာခိုင်နှုန်း မဟုတ်ဘဲ ၆၀ ရာခိုင်နှုန်း ဖြစ်နေခဲ့တယ်။
249 04
မူလက ဒီဝမ်မိသားစု ပန်းဆိုင်ကို မိသားစု သုံးစု ပူးပေါင်း ထောင်ခဲ့တာဖြစ်ပြီး၊ မောင်ပါ့သိုနဲ့လီတာ့ထျန် တို့ မိသားစုက ၃၀ ရာခိုင်နှုန်းစီ၊ ကျောက်အာက ၄၀ ရာခိုင်နှုန်း ပိုင်ခဲ့ကြတာပါ။
အရင်ကဆိုရင် အမြတ်ခွဲတာက မများလို့ ကိစ္စမရှိပေမဲ့ ဝမ်မိသားစု ပန်းဆိုင်ရဲ့ စီးပွားရေးက ပိုကြီးလာတဲ့အခါ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းဆိုရင် တစ်နှစ်ကို အနည်းဆုံး ငွေတစ်သောင်းလောက် အမြတ်ရလာခဲ့တယ်။ ဒီငွေတွေကို ယူဖို့က သိပ်ကိုလေးလံလှသလို အဲဒီတုန်းက မိသားစု နှစ်စုက ငွေ ၂၀ စီပဲ ထည့်ခဲ့ကြတာ ဖြစ်တယ်။ အကြံနဲ့ ဆိုင်နေရာကိုတော့ ကျောက်အာကပဲ စီစဉ်ခဲ့တာဖြစ်ပြီး၊ ဆိုင်ရဲ့ အလုပ်တွေကိုလည်း သူတို့က မစီမံခဲ့ကြလို့ ဒီလောက် များတဲ့ ငွေတွေကို ယူဖို့ သူတို့မှာ မျက်နှာမပြရဲ ဖြစ်လာကြတယ်။ ဒါကြောင့် အစုရှယ်ယာတွေကို ပြန်ပေးချင်ကြတော့တာပေါ့။
အပြန်အလှန် ငြင်းကြပြီးတဲ့နောက်မှာတော့ မိသားစု တစ်စုစီက ၂၀ ရာခိုင်နှုန်းစီ ပြန်ပေးခဲ့ကြပြီး ၁၀ ရာခိုင်နှုန်းစီပဲ ချန်ခဲ့ကြတယ်။
ဒါကလည်း ရွှီထင်းရှန်းက အဲဒီမိသားစု နှစ်စုကို စောင့်ရှောက်ချင်တဲ့ စိတ်ကြောင့် ဖြစ်တယ်။ နယ်ဘက်မှာ တာဝန်ကျတဲ့အခါ နေရတာ မလွယ်သလို အစိုးရရဲ့ လစာလေး တစ်ခုတည်းနဲ့ ဘဝကို ဖြတ်သန်းဖို့က မလွယ်လို့ပါပဲ။
ဒါကြောင့် ကျောက်အာလည်း ဒီအရာတွေကို ဂရုမစိုက်ဘဲ ပေးခဲ့တာ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဆက်ဆံရေးက သာမန် မဟုတ်လို့ပါပဲ။
နှမြောစရာ ကောင်းတာက လောဘဇော တိုက်လာတာ ဖြစ်တယ်။
ဒီ ၁၀ ရာခိုင်နှုန်းသော အစုရှယ်ယာကို ပေးခဲ့တာ သုံးနှစ်တောင် မပြည့်ခင်မှာပဲ၊ ချန်ရှို့လန် ဘက်က ပြဿနာတွေ ထပ်ပေါ်လာပြန်တယ်။ အမှန်တော့ ရှီကျစ်ယို ပါပဲ။
အခုဆို ကျောက်အာလည်း နည်းနည်း ငြီးငွေ့လာပြီ ဖြစ်ပေမဲ့ အချင်းချင်း မျက်နှာကို ထောက်ပြီး နောက်ထပ် ၁၀ ရာခိုင်နှုန်းကို ထပ်ပေးခဲ့ပြန်တယ်။ ဆိုလိုတာက အခုဆို ဝမ်မိသားစု ပန်းဆိုင်မှာ ကျောက်အာက ၅၀ ရာခိုင်နှုန်း၊ မောက်နဲ့လီ မိသားစုက ၁၀ ရာခိုင်နှုန်းစီ၊ ချန်ရှို့လန်က ၃၀ ရာခိုင်နှုန်း ပိုင်ကြပါတော့တယ်။
"ဒါက ရှီကျစ်ယိုရဲ့ လက်ချက်ပါပဲ၊ သူက အစုရှယ်ယာရှင် တစ်ယောက် ဖြစ်နေတာကို အသုံးချပြီးတော့ ဆိုင်ခွဲ နေရာအနှံ့မှာ ဝင်စွက်ဖက်နေတာပါ။ ပန်းဆိုင်တွေကို ထားလိုက်ပါဦး၊ အဲဒါတွေက အပြင်မှာ သီးသန့် ရှိနေတာပဲလေ၊ ဒါပေမဲ့ ကုန်သွယ်ရေး ဆိုင်တွေကိုပါ သူက အဲဒီလိုမျိုး လုပ်နေတာပါ။ သူ ကုန်သွယ်ရေးဆိုင်ကနေ ပစ္စည်းတွေ ယူတိုင်း ငွေမပေးခဲ့ပါဘူး၊ ကုန်သွယ်ရေးဆိုင်က စာရင်းတွေကို ပန်းဆိုင်မှာ လာရှင်းတဲ့အခါကျရင်၊ ကျွန်တော်မျိုးက လစဉ် အမြတ်ဝေစုထဲကနေ ပြန်နှိမ်လိုက်တော့ သူက ပါးစပ်ကနေ မကောင်းတဲ့ စကားတွေကို ဆဲဆို ကြိမ်းမောင်းတော့တာပါပဲ။ ဒီတစ်ခေါက်မှာတော့ သူ ဘယ်ကနေ အရက်တွေ သောက်လာလဲ မသိဘူး၊ အပျော်မယ် တစ်ယောက်ကိုပါ ခေါ်ပြီး ကုန်သွယ်ရေးဆိုင်မှာ ပစ္စည်းလာယူတာပါ။ အဲဒီပစ္စည်းက သိပ်ကို အဖိုးတန်လွန်းလို့ ကုန်သွယ်ရေးဆိုင်က အကြွေးမပေးတဲ့အခါကျတော့ သူက ဆိုင်ကိုပါ ဖျက်ဆီးပစ်ခဲ့တာပါ "
"ဘယ်သူက ဆိုင်ကို ဖျက်ဆီးပစ်တာလဲ” ပြောရင်းနဲ့ ရွှီထင်းရှန်း ရောက်လာခဲ့တယ်။
"ဦးလေးထင်းရှန်း" ရွှီဟူက ချက်ချင်းပဲ ထရပ်ပြီး ရိုသေစွာ ခေါ်လိုက်တယ်။
"ဘာတွေ ဖြစ်ကုန်တာလဲ" ရွှီထင်းရှန်းက ကျောက်အာရဲ့ ဘေးမှာ ထိုင်ရင်း မေးလိုက်တယ်။
ကျောက်အာက ဖြစ်ခဲ့သမျှ အကြောင်းစုံကို ပြောပြလိုက်တယ်။ ရှီကျစ်ယို လုပ်ခဲ့တဲ့ ကိစ္စတွေကို သူက ရွှီထင်းရှန်းကို တစ်ခါမှ မပြောခဲ့ဖူးဘူး။
ပထမအချက်က ရွှီထင်းရှန်း အလုပ်များနေလို့ ဖြစ်သလို ဒုတိယအချက်ကတော့ သူ သိသွားရင် မိမိလူကို ကာကွယ်တတ်တဲ့ စရိုက်ကြောင့်ပါ၊ ဒါ့အပြင် ချန်ကျန်းလည်း ကြားထဲမှာ ရှိနေတာမို့၊ အရေးယူသည် ဖြစ်စေ၊ မယူသည် ဖြစ်စေ ပြဿနာ ဖြစ်လာနိုင်လို့ပါပဲ။
"ဒီကိစ္စကို ချန်ကျန်း သိလား”
249 05
ကျောက်အာက ခေါင်းခါပြလိုက်တယ်။ သူက ရွှီဟူတို့ကို ဒီကိစ္စကို ချန်ကျန်းကို မသိစေဖို့ အထူး မှာထားခဲ့တာပါ။
"ထားလိုက်ပါတော့ ငွေနည်းနည်းလောက်ပဲ ကိစ္စမရှိပါဘူး" ပြောရင်းနဲ့ ကျောက်အာက ရွှီဟူကို မှာလိုက်တယ်။ "မင်း ကုန်သွယ်ရေးဆိုင်ဘက်ကို သွားပြောလိုက်ပါ၊ နောက်ပိုင်းကျရင် ရှီကျစ်ယိုက ပစ္စည်းလာယူရင်၊ အားလုံးကို ငွေသားနဲ့ပဲ ပေးခိုင်းပါ၊ အကြွေးပေးဖို့ လုံးဝ ခွင့်မပြုပါနဲ့"
"ဒါက ငွေနည်းနည်း ကိစ္စမှ မဟုတ်တာ။ ဒီလိုလူမျိုးကို အကြွေးပေးထားလို့ မရပါဘူး"
အတွင်းရေး စကားတချို့ကို ရွှီဟူရဲ့ရှေ့မှာ ပြောဖို့ မသင့်တာကြောင့် ကျောက်အာက သူ့ကို ထွက်ခိုင်းလိုက်တယ်။
လူ ထွက်သွားပြီးနောက်မှ ကျောက်အာက ရွှီထင်းရှန်းကို ကြည့်ပြီး နည်းနည်း စိတ်ပျက်တဲ့ပုံနဲ့ ပြောလိုက်တယ်။
"ငါလည်း သူ့ကို အကြွေးပေးချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ရှို့လန်က ကြားထဲမှာ ရှိနေသလို ချန်ကျန်းလည်း ရှိနေတာလေ။ ကိစ္စတွေ ကြီးသွားရင် အချင်းချင်း မျက်နှာပျက်ရလိမ့်မယ်။ နင်လည်း ဒေါသ မထွက်ပါနဲ့၊ ကံကောင်းတာက အဲဒီတုန်းက ငါက စာရင်းတွေကို ရှုပ်အောင် မလုပ်ဘဲ၊ ပန်းဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင်နဲ့ ထိုက်လုံ ကုန်သွယ်ရေးတို့ကို သီးသန့် ခွဲထားခဲ့လို့သာပေါ့၊ သူ ဆူပူချင်ရင်လည်း ဆူပါစေ၊ အရမ်းကြီး အလေးမထားပါနဲ့"
အမှန်တော့ ကျောက်အာရဲ့ စီးပွားရေးက သိပ်ကို များပါတယ်။ အဲဒီတုန်းက သူက ဟင်းသီးဟင်းရွက် ရောင်းတာနဲ့ စခဲ့တာဖြစ်ပြီး၊ ဝမ်မိသားစု ဟင်းသီးဟင်းရွက်ဆိုင်က ကျန်းဝူ၊ ရွှီချင်းဟွိုင်တို့နဲ့ ပူးပေါင်း ထောင်ခဲ့တာပါ။ မြို့တော်ကို ရောက်တဲ့အခါမှာတော့ မောက်၊ လီ မိသားစုတွေနဲ့အတူ ပန်းဆိုင်ကို လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ တျန့်ဟိုင်ကို သွားတဲ့အခါ အခြေအနေတွေက ရှုပ်တာကြောင့် စီးပွားရေးကို သူကိုယ်တိုင်ပဲ လုပ်ခဲ့တာဖြစ်ပြီး ကျန်းဝူတို့က ကူညီပေးသူတွေပါပဲ။
အဲဒီနောက်မှာ ငွေလွှဲဌာနနဲ့ ကုန်သွယ်ရေးကို ဖွဲ့ခဲ့ရာမှာ ကုန်သွယ်ရေးမှာ ကျန်းဝူတို့ရဲ့ အစုရှယ်ယာတွေ ပါပေမဲ့ ငွေလွှဲဌာနကတော့ ကျောက်အာ တစ်ယောက်တည်း ပိုင်တာ ဖြစ်တယ်။
ဒီထဲမှာ သိပ်ကို ရှုပ်ထွေးတာကြောင့် ကျောက်အာက စာရင်းတွေကို သီးခြားစီ ခွဲထားခဲ့တာမို့ တစ်ခုနဲ့တစ်ခု ရောတာ မရှိပါဘူး။
အခုဆို ကျောက်အာရဲ့ချမ်းသာမှုအရ၊ သူက ပန်းဆိုင်ကို တကယ်ပဲ အလေးမထားတော့ပါဘူး။
"မင်းက ငါ့ကို နှစ်သိမ့်နေတာလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်ပဲ နှစ်သိမ့်နေတာလား။ ကိုယ့်ယောက်ျားက ဒီလောက်အထိ ဆူနေတာကို၊ ချန်ရှို့လန် မသိဘူးလို့တော့ လာမပြောနဲ့" ရွှီထင်းရှန်းက အေးစက်စွာ ရယ်လိုက်တယ်။
ကျောက်အာက သက်ပြင်းချလိုက်ပြီး ဘာမှပြန်မပြောတော့ဘူး။
ဒါကလည်း ကျောက်အာအနေနဲ့ ဒီကိစ္စကို ကြီးကျယ်အောင် မလုပ်ချင်တဲ့ အကြောင်းရင်းပါပဲ။ အမြင်တွေ ပြောင်းသွားတာလည်း ဖြစ်နိုင်သလို၊ အခုဆို ငွေရှိလာပြီမို့ ငွေနဲ့ ဖြေရှင်းနိုင်တဲ့ ကိစ္စတွေကြောင့် အချင်းချင်း သံယောဇဉ်ကို မပျက်စေချင်တာပါ။
ရှီကျစ်ယိုက သေးတဲ့ ကိစ္စဖြစ်သလို၊ ချန်ရှို့လန်ကလည်း သေးတဲ့ ကိစ္စပါပဲ၊ ချန်ကျန်းကသာ အဓိက ဖြစ်ပါတယ်။
ချန်ကျန်းနဲ့ ရွှီထင်းရှန်းတို့က နှစ်ပေါင်းများစွာ သံယောဇဉ် ရှိခဲ့ကြတဲ့သူတွေဖြစ်တယ်။၊ အဲဒီတုန်းက ရွှီထင်းရှန်း ကမ်းရိုးတန်းဒေသမှာ ရှိနေတုန်း အစိုးရအဖွဲ့ထဲမှာ သူကပဲ အစွမ်းကုန် ကာကွယ်ပေးခဲ့တာပါ။ ချန်ရှို့လန်က ယောက်ျားတစ်ယောက်ကြောင့် စိတ်ကွယ်နေပေမဲ့ သူမက ချန်ကျန်းရဲ့ညီမအရင်း ဖြစ်နေတုန်းပါပဲ။
အကယ်လို့ ချန်ကျန်းသာ သိသွားရင် သူ ဘယ်လို ရပ်တည်နိုင်ပါ့မလဲ။
249 06
ရှီကျစ်ယိုကို အရေးယူလိုက်ရင်၊ မောင်ညီမ သံယောဇဉ်ကို ထိခိုက်စေလိမ့်မယ်၊ ချန်ကျန်းက အဲဒီတုန်းက ညီမကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့တဲ့အတွက် ချန်ရှို့လန်အပေါ် အမြဲတမ်း ရှက်ရွံ့နာကျည်းနေခဲ့တာကို ကျောက်အာလည်း သိနေခဲ့တယ်။
အရေးမယူဘူး ဆိုပြန်ရင်လည်း သူနဲ့ ရွှီထင်းရှန်းကြားက သံယောဇဉ်က ဘယ်လို ဖြစ်သွားပါ့မလဲ။
"မရဘူး။ ဒီကိစ္စကို ချန်ကျန်း သိမှ ဖြစ်မယ်၊ အပျော်မယ်နဲ့အထိ ပတ်သက်နေတာတောင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေကြတာက တကယ်ကို လွန်လွန်းလှပြီ” မိမိလူကို အမြဲ ကာကွယ်တတ်တဲ့ ရွှီထင်းရှန်းက အဲဒီလို ပြောရင်း ချက်ချင်းပဲ ထရပ်ပြီး တံခါးအပြင်ကို ထွက်သွားတော့တယ်။ ဒီကိစ္စကို လွယ်လွယ်နဲ့ လွှတ်ပေးဖို့ စိတ်ကူးမရှိတာကတော့ ထင်ရှားနေပါတော့တယ်။
******
250 01
အခန်း (၂၅၀)
ရှီအိမ်တော်ထဲမှာ ချန်ရှို့လန်က မျက်ရည်တွေ ဝေဝေတည်းနဲ့ ရှီကျစ်ယိုကို ကြည့်နေတယ်။
ငွေတွေအများကြီး ရှိနေတာကြောင့် ရှီကျစ်ယိုက ကိုယ့်ကိုယ်ကိုယ် ညှာတာနေမှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ရှီမိသားစုက အိမ်တွေကို ခဏခဏ ပြောင်းခဲ့ပြီး၊ အိမ်က ပိုပြီး ပိုပြီး ကြီးလာကာ သူဌေးကြီးတစ်ယောက်ရဲ့ ပုံစံကတော့ အထင်အရှားပဲ ဖြစ်နေတယ်။
"ရှင် ဘာဖြစ်လို့ ထိုက်လုံ ကုန်သွယ်ရေးကို နောက်တစ်ခါ ထပ်သွားရတာလဲ။ အဲဒီ ကုန်သွယ်ရေးက ကျွန်မတို့ အိမ်နဲ့ ဘာမှမဆိုင်ဘူးလေ။ ရှင် အခုလို လုပ်နေတော့ ကျွန်မ နောက်ဆိုရင် ကျောက်အာအစ်မကို ဘယ်လို မျက်နှာပြရတော့မလဲ။ အကယ်လို့ ကျွန်မ အစ်ကိုသာ သိသွားရင်..."
"ငါတို့အိမ်နဲ့ ဘာမှ မဆိုင်ဘူးလို့ ဘယ်သူပြောလဲ။ အဲဒီ ကုန်သွယ်ရေးထဲမှာ ငါတို့ရဲ့ပန်းတွေကို ရောင်းနေတာပဲ၊ အဲဒါကြောင့် ငါတို့နဲ့ ဆိုင်တာပေါ့။ နောက်ပြီးတော့ မင်းရဲ့လက်မှုပညာသာ မရှိရင် သူတို့ ဒီလောက်ကြီးတဲ့ ကုန်သွယ်ရေးကို ဖွင့်နိုင်ပါ့မလား။ အခုတော့ ကြည့်စမ်း၊ ဒီလောက်ကြီးတဲ့ ကုန်သွယ်ရေးကို ဖွင့်ထားပြီးတော့ နှစ်ဦးခွဲလိုက်တယ်။ ငါတို့ကိုတော့ ငွေတစ်ပြားတောင် ခွဲမပေးဘူး။ ပန်းဆိုင်ဘက်မှာလည်း တွန့်တိုလွန်းတယ်။ မင်းက လူအဖြစ်နေလို့သာ သူများတွေအတွက် အမြတ်ရှာပေးနေရတာပေါ့!" ရှီကျစ်ယိုက ခုတင်ပေါ်မှာ မှီနေပြီး၊ ချောပေမဲ့ အနည်းငယ် ဝနေတဲ့ သူ့မျက်နှာမှာ မကျေမနပ်ဖြစ်တာတွေ ပြည့်နှက်နေခဲ့တယ်။
ချန်ရှို့လန်က အပြာရင့်ရောင် ဝတ်စုံကို ဝတ်ထားပြီး၊ မူလကတည်းက ပိန်တဲ့ သူ့ခန္ဓာကိုယ်က ဒီလိုမျိုး နက်မှောင်တဲ့ အရောင်အောက်မှာ ပိုပြီးတော့တောင် ခြောက်ကပ်နေသလို ဖြစ်နေတယ်။
ဖြူစင်တဲ့ သူ့မျက်နှာက နှစ်လိုဖွယ် အဆင်းရှိရုံလောက်ပဲ ရှိပြီး၊ နေရောင်ခြည်နဲ့ ကင်းကွာနေတာ ကြာပြီဖြစ်တဲ့ ဖြူဖျော့မှုမျိုး ရှိနေခဲ့တယ်။
အိမ်ထောင်ရှင်မ ဆံပင်ထုံးကို ထုံးထားပေမဲ့ ဘယ်လို နံ့သာမှုန့်မှ လိမ်းထားတာ မရှိဘဲ၊ ဦးခေါင်းပေါ်မှာ ရိုးရိုးငွေဆံထိုး တစ်ချောင်းကိုပဲ ဆင်မြန်းထားတာကြောင့်၊ ဒီ ရှီအိမ်တော်ရဲ့ သခင်မတစ်ယောက်နဲ့ လုံးဝ မတူညီနေပါဘူး။
ဒီအိမ်တော်ထဲက အစေခံမလေးတွေတောင်မှ သူထက် ပိုပြီး တောက်ပတဲ့ အဝတ်အစားတွေကို ဝတ်ထားကြတယ်။
"ရှင် အပျော်မယ် တစ်ယောက်ကို ခေါ်သွားတယ်ဆိုတာကို ကျွန်မ မသိဘူးလို့ မထင်နဲ့နော်..." ချန်ရှို့လန်က တိုးတိုးလေး ပြောလိုက်တယ်။
ကုန်သွယ်ရေးဆိုင်ထဲက လူတွေက ရှီကျစ်ယိုအတွက် ဖုံးကွယ်ပေးမှာ မဟုတ်တာကြောင့် ချန်ရှို့လန်က သိနေတာပါ။
ရှီကျစ်ယိုက သူ့ဇနီးသည်ကို စိတ်ပျက်တဲ့ အကြည့်နဲ့ တစ်ချက်ကြည့်လိုက်ပြီး၊ ပြီးစလွယ် ပြန်ဖြေလိုက်တယ်။ "ငါ အပြင်မှာ စီးပွားရေး လုပ်နေတာဆိုတော့ ပျော်စရာလေးတွေ ရှာမိတာပေါ့၊ ငါက အဲဒီလူကို အိမ်အထိမှ ခေါ်မလာတာ၊ မင်းက ဘာလို့ သဝန်တိုနေရတာလဲ။ မင်း အပြင်ထွက်ပြီး ကြည့်လိုက်စမ်းပါဦး၊ ဘယ်အိမ်က အရှင်သခင်ကများ မယားငယ်တွေ၊ ကိုယ်လုပ်တော်တွေ အမြောက်အမြား မရှိလို့လဲ။ ငါက ဒီနှစ်တွေမှာ မင်းတစ်ယောက်တည်းကိုပဲ စောင့်ရှောက်လာတာကို မင်းက နစ်နာနေလို့လား”
ချန်ရှို့လန်က သူ့မျက်နှာကို လက်နဲ့ ပွတ်သပ်လိုက်ပြီး၊ တိုးတိုးလေး ဝမ်းနည်းစွာ ပြောလိုက်တယ်။ "ကျွန်မက သဝန်တိုနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ရှင်က အမြဲတမ်း ဒီလိုပဲ လုပ်နေရင် အစ်ကိုကြီးရဲ့နားထဲကို သတင်းရောက်သွားမှာ စိုးလို့ပါ..."
"ဒါဆိုရင် နောက်ဆိုရင် မသွားတော့ဘူးပေါ့၊ ရပြီလား။ မင်းက ငြီးငွေ့စရာ ကောင်းလိုက်တာ။ ငါ အခု စိတ်ညစ်နေတယ်။ ငါ့ကို တစ်ယောက်တည်း ထားခဲ့စမ်းပါဦး”
အဲဒီစကားကို ကြားတော့ ချန်ရှို့လန်မှာ ထရပ်လိုက်ပြီး ပြောလိုက်ရတော့တာက "ဒါဆိုရင် ကျွန်မ ပန်းသွားလုပ်လိုက်ဦးမယ်”
ပန်းအကြောင်း ပြောတဲ့အခါမှ ချန်ရှို့လန်က စိတ်ဓာတ် အနည်းငယ် ပြန်တက်လာပြီး အလျင်အမြန်ပဲ ထွက်သွားခဲ့တယ်။
သူ ထွက်သွားပြီးနောက် အပြင်ခန်းကနေ နုပျိုတဲ့ အစေခံမလေး တစ်ယောက် ဝင်လာတယ်။
250 02
အဲဒီအစေခံမလေးကို မြင်တော့ ရှီကျစ်ယိုရဲ့ မျက်လုံးတွေက ချက်ချင်းပဲ လင်းလက်သွားပြီး လက်ယပ်ခေါ်လိုက်တယ်။
အစေခံမလေး ရောက်လာတဲ့အခါ ရှီကျစ်ယိုက သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး နမ်းရှုပ်တော့တယ်။
မက်မွန်နီရောင် ဝတ်စုံဝတ်ထားတဲ့ အစေခံမလေးက ဟန်ဆောင်ပြီး တွန်းထုတ်ရင်း ပြောလိုက်တယ်။ "အရှင် ဒီလို မလုပ်ပါနဲ့ဦး၊ ကျွန်မလည်း နောက်ဆိုရင် တခြားသူနဲ့ အိမ်ထောင်ကျရဦးမှာလေ”
"မင်းလို မြေခွေးမလေးက ဘယ်သူနဲ့ လက်ထပ်ချင်သေးလို့လဲ။ အရှင်ဖြစ်တဲ့ ငါ့အတွက် ခြေထောက်ဆေးပေး၊ စောင်နွေးပေးပြီးတော့ သားလေးပဲ မွေးပေးရမှာပေါ့”
အစေခံမလေးက မျက်လုံးလေး ကစားပြီး စနောက်လိုက်တယ်။ "ဒါဆိုရင်လည်း အရှင်က ကျွန်မကို ရာထူးတစ်ခုခု ပေးမှပေါ့။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး သင့်တော်ပါ့မလဲ” အဲဒီလို ပြောရင်း သူက ဝမ်းနည်းသယောင် လုပ်ပြီး ရှီကျစ်ယိုကို တွန်းထုတ်လိုက်တယ်။ "အရှင်က ကျွန်မကို လိမ်တာလည်း ဝပါပြီ၊ နောက်ဆိုရင်တော့ ကျွန်မကို အခွင့်အရေး ယူဖို့ ခွင့်မပြုတော့ဘူး”
ရှီကျစ်ယိုက စိတ်ပျက်သွားပြီး စိတ်တိုတိုနဲ့ ပြောလိုက်တယ်။ "ရာထူး ကိစ္စကိုတော့ မပြောနဲ့ဦး၊ သူ့ရဲ့အစ်ကိုက အဲဒီမှာ ရှိနေသရွေ့တော့ ငါတို့ နှစ်ယောက်လုံး အနှင်ခံရလိမ့်မယ်။ ဒါပေမဲ့ မင်းကို အပြင်မှာ ထားပေးဖို့ ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ငါ့မှာ ငွေတွေ အများကြီး ရှိတယ်။ မင်း အပြင်မှာ သခင်မတစ်ယောက်အနေနဲ့ နေရတာက ဒီမှာ သူများရဲ့အနှိမ်ခံ ဖြစ်နေရတာထက် အများကြီး ပိုမကောင်းဘူးလား”
"ဒါဆိုရင် အရှင်က ကတိတည်ရမယ်နော်၊ ကျွန်မလည်း အိမ်ကြီး တစ်လုံး လိုချင်တယ်”
ရှီကျစ်ယိုက ထပ်ပြီးဖက်တွယ်လိုက်ပြန်တယ်။ "ရတာပေါ့၊ မင်း ဘယ်လောက်ကြီးတဲ့ အိမ်ပဲ လိုချင်လိုချင် ငါ ဝယ်ပေးမယ်”
ဒီနေ့က အားလပ်ရက် ဖြစ်တာကြောင့် ချန်ကျန်းက အိမ်မှာ ရှိနေခဲ့တယ်။
ရွှီထင်းရှန်းက အဲဒီကို သွားပြီး ဒီကိစ္စကို ပြောပြပြီးနောက်မှ မြင်းရထားနဲ့ ချန်အိမ်တော်ကနေ ထွက်လာခဲ့တယ်။
လျိုမိသားစု မုန့်ဆိုင်ရှေ့က ဖြတ်တဲ့အခါ၊ ကျောက်အာနဲ့ နင်နင်တို့ ဒီနေရာက မုန့်တွေကို ကြိုက်ကြတာ သတိရလို့ မြင်းရထားပေါ်က ဆင်းပြီး နှစ်ထုပ် ဝယ်လိုက်တယ်။
ဆိုင်ထဲက အလုပ်သမားက သူနဲ့ ရင်းနှီးတဲ့သူမို့၊ အထူးတလည်ပဲ အခုလေးတင် ဖိုက ထွက်ထားတဲ့ ပူပူနွေးနွေး မုန့်တွေကို ပေးခဲ့တယ်။
ပူနေတဲ့ မုန့်ထုပ်တွေကို ပိုက်ပြီး ရွှီထင်းရှန်းရဲ့ စိတ်က ချက်ချင်းပဲ ကြည်လင်သွားခဲ့ရတယ်။ သူက မြင်းရထားပေါ် တက်ဖို့ ပြင်လိုက်တုန်း၊ ဘေးနားက တစ်ယောက်ယောက်က သူ့ကို လှမ်းခေါ်လိုက်တယ်။
"ထင်းရှန်း ညီလေး”
ထင်မှတ်မထားဘဲ ယွဲ့ပုတန်း ဖြစ်နေခဲ့တယ်။
ထိုက်ယွမ်နယ်က ခရိုင်အဆင့် စာမေးပွဲအပြီး လမ်းခွဲခဲ့ကြပြီးနောက် ဒီနှစ်တွေအတွင်း ရွှီထင်းရှန်းနဲ့ ယွဲ့ပုတန်းတို့က ပြန်မဆုံဖြစ်ခဲ့ကြဘူး။
နောက်ပိုင်းမှာ သူ့သတင်းတချို့ ကြားရတာက သူက နောက်ထပ် သုံးကြိမ် စာမေးပွဲ ဖြေပြီးမှ ကျင်းရှီဘွဲ့ရပြီး ဟန်လင်းကျောင်းတော်ကို ဝင်ခဲ့တယ်လို့ သိရတယ်။ ရွှီထင်းရှန်းအနေနဲ့ ယွဲ့ပုတန်းအကြောင်း ကြားရတာက သူ့ရဲ့ အရာရှိ အဆင့်အတန်းကြောင့် မဟုတ်ဘဲ 'ပုတန်းကျွီရှီ' ရဲ့ ပန်းချီကားတွေကြောင့်ပါ။
ယွဲ့ပုတန်းက အဲဒီအိပ်မက်ထဲကအတိုင်းပဲ၊ သူ ဆွဲတဲ့ ပန်းချီကားတွေက တစ်ပြည်လုံးမှာ နာမည်ကြီးသွားခဲ့သလို၊ သူကိုယ်တိုင်လည်း နာမည်ကြီးလာခဲ့တယ်။ ဒါပေမဲ့ အိပ်မက်နဲ့ မတူတာက ယွဲ့ပုတန်းက အသက်မသေခဲ့တဲ့အပြင် အရာရှိတစ်ယောက်တောင် ဖြစ်လာတာပါ။
250 03
ဘာလို့လဲဆိုတော့ ထူးချွန်တဲ့ သူ့ရဲ့ပန်းချီလက်ရာတွေကြောင့် ယွဲ့ပုတန်းက ဧကရာဇ်ကျားချန်ရဲ့ တန်ဖိုးထားတာကို ခံခဲ့ရပြီး၊ အခုဆိုရင် ကျန်းရှစ်ဖူး ဝဲဘက်ချွင်းဖန့် ဝဲဘက်ရှုကျစ် ရာထူးကို ရောက်နေပါပြီ။ အဲဒါက အဆင့် (၅) အရာရှိ ရာထူးဖြစ်ပြီး၊ အခု ဒုတိယမင်းသားရဲ့ဆရာအဖြစ် ပန်းချီပညာကို သင်ပေးနေတာ ဖြစ်ပါတယ်။
ရွှီထင်းရှန်း မြို့တော်ကို ပြန်ရောက်လာတဲ့အခါမှပဲ ဒီအသေးစိတ်တွေကို သိရတာပါ။
ဒါပေမဲ့ သူ့အဆင့်အတန်းက ထူးခြားနေတာကြောင့် သူက အရင်က မိတ်ဆွေဟောင်းကို သွားမတွေ့ဖြစ်ခဲ့ဘူး။ ဘယ်သူက ထင်မှာလဲ။ ဒီနေ့မှာ ယွဲ့ပုတန်းက ကိုယ့်ဘာသာ လာရှာလိမ့်မယ်လို့။
"အစ်ကို ပုတန်း နှစ်ပေါင်းများစွာ မတွေ့ရဘဲနဲ့၊ အခု အဆင်ပြေရဲ့လား” ရွှီထင်းရှန်းက ပြုံးပြီး မေးလိုက်တယ်။
"ပြေပါတယ်။ ပြေပါတယ်။ ဒါပေမဲ့ မင်းလောက်တော့ မပြေဘူးပေါ့၊ အသက် ၃၀ နဲ့တင် အဆင့် (၂) အရာရှိကြီး ဖြစ်နေပြီပဲ” အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ထားတဲ့ ယွဲ့ပုတန်းက ပြောလိုက်တယ်။ သူ့မျက်ခုံးတွေက လင်းလက်နေပြီး သူ့ရဲ့ ရဲရင့်တဲ့ စရိုက်ကလည်း ပြောင်းလဲမသွားဘူး။
"အစ်ကိုကလည်း ချီးမွမ်းလွန်းနေပါပြီ၊ ကျွန်တော်မျိုးက ကံကောင်းလို့ပါ"
"ငါသာ မင်းလို ကံမျိုး ရှိမယ်ဆိုရင်တော့ အိပ်မက်ထဲမှာတောင် ရယ်မိမှာပဲ"
နှစ်ယောက်သား ခဏလောက် နှုတ်ဆက်ပြီးနောက် ယွဲ့ပုတန်းက ကောင်းကင်ကို ကြည့်ပြီး ပြောလိုက်တာက "မတွေ့ရတာ ကြာပြီဖြစ်သလို၊ ထမင်းစားချိန်လည်း ရောက်နေပြီဆိုတော့ ငါနဲ့အတူ အရက်သွားသောက်ကြမလား”
"ဒါကတော့..." ရွှီထင်းရှန်းက သူ့ရင်ခွင်ထဲက မုန့်ထုပ်တွေကို သတိရတာကြောင့် နည်းနည်း တွန့်ဆုတ်နေခဲ့တယ်။
"ဘာလဲ။ အဆင်မပြေလို့လား”
"ဒါတော့ မဟုတ်ပါဘူး” ရွှီထင်းရှန်းက မြင်းရထားဆီ ပြန်သွားပြီး၊ ရင်ခွင်ထဲက မုန့်ထုပ်တွေကို ထုတ်ယူကာ လက်အောက်ငယ်သားတွေကို အိမ်ပြန်ပို့ခိုင်းလိုက်တယ်။ ကျောက်အာကိုလည်း ဒီနေ့ည ထမင်းပြန်မစားတော့ကြောင်း အသိပေးခိုင်းပြီးမှ ယွဲ့ပုတန်းရှေ့ကို ပြန်လာခဲ့တယ်။
"ဒါဆိုရင် ပုတျန်း အစ်ကို၊ ကျွန်တော်တို့ သွားကြစို့လား”
ယွဲ့ပုတန်းက ပိုပြီးတောက်ပစွာ ပြုံးလိုက်ပြီး၊ ရှေ့ကို သွားဖို့ အချက်ပြလိုက်တယ်။
နှစ်ယောက်သားက မြင်းရထားနဲ့ စားသောက်ဆိုင် တစ်ခုကို သွားခဲ့ကြပြီး၊ တိတ်ဆိတ်တဲ့ သီးသန့် အခန်းတစ်ခုကို ယူလိုက်ကြတယ်။
အပြန်အလှန် အရက်သောက်ပြီးနောက် ကိုယ်စီ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြရင်း၊ အခု ယွဲ့ပုတန်းက ဒုတိယမင်းသားရဲ့ ဆရာဖြစ်နေလို့ ဒုက္ခမင်းသားအကြောင်းကိုလည်း မပြောဘဲ မနေနိုင်တော့ပါဘူး။
ဧကရာဇ်ကျားချန်မှာ သားတော် ကိုးပါး ရှိရာမှာ အိမ်ရှေ့စံက စောစောဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့်၊ ဒုတိယ၊ တတိယ၊ စတုတ္ထ နဲ့ ပဉ္စမ မင်းသားတွေက အခုအရွယ်ရောက်နေကြပါပြီ။ အိမ်ရှေ့စံ ရာထူးက လစ်လပ်နေလို့ အဲဒီမင်းသားတွေကလည်း နယ်စားမင်းတွေအဖြစ် ထွက်သွားတာ မရှိကြသေးဘူး။
ဒီဒုတိယမင်းသားက ကျုန်းကွေ့ဖေးရဲ့ သားတော်ပါ။ ကျုန်းကွေ့ဖေးက တိန့်ကော်အိမ်တော်ကဖြစ်ပြီး၊ ကျုန်းမိသားစုက မင်းဆက် တည်ထောင်စကတည်းက စစ်ပွဲတွေမှာ ပါဝင် ကူညီခဲ့လို့ မင်းကြီးဘွဲ့ကို ရခဲ့ကာ မျိုးရိုးစဉ်ဆက် ချမ်းသာခဲ့ကြတယ်။
250 04
ဒုတိယမင်းသားက အခု အသက် ၂၄ နှစ် ရှိပြီဖြစ်ပြီး၊ စရိုက်က ရဲရင့်ပြတ်သားကာ ဧကရာဇ်ကျားချန်ရဲ့ စရိုက်နဲ့ တူလှပါတယ်။ မိဖုရားခေါင်ကြီးမှာ သားတော် မရှိသေးတဲ့ အခြေအနေမှာ၊ သူ့ရဲ့ မြင့်မြတ်တဲ့ မျိုးရိုးအရ၊ ဒုတိယမင်းသားက လက်ရှိ အိမ်ရှေ့စံ ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်။
ယွဲ့ပုတန်းက ဒုတိယမင်းသားရဲ့ ဆရာ ဖြစ်နေပြီး၊ စောစောလည်း မလာ၊ နောက်ကျလည်း မလာဘဲ၊ အခုမှ ပေါ်လာကာ မင်းသားအကြောင်း ပြောနေတာက သူ့ရည်ရွယ်ချက်က ထင်ရှားနေတာပေါ့။
ဒါကလည်း ရွှီထင်းရှန်းအနေနဲ့ ကိုယ့်အဆင့်အတန်းက ထူးခြားနေတယ်လို့ ယူဆရတဲ့ အကြောင်းရင်းပါပဲ။ ဧကရာဇ်ကျားချန်က သူ့ကို ထိုက်ဇစ်ရှောက်ဖူ(အိမ်ရှေ့စံရဲ့ ဆရာ) ဘွဲ့ကို ပေးထားပေမဲ့ အခု အိမ်ရှေ့စံရယ်လို့ မရှိသေးဘူး။ ဒါကြောင့် သူ မြို့တော်ကို ပြန်ရောက်ကတည်းက မင်းသား အသီးသီးရဲ့ ဘက်တော်သားတွေက သူ့ကို ဆက်သွယ်လာကြပေမဲ့ ရွှီထင်းရှန်းကတော့ အမြဲတမ်း ရှောင်နေခဲ့တာ ဖြစ်တယ်။
"ကျွန်တော်လည်း ပရိယာယ်တွေ မသုံးတော့ပါဘူး။ အစ်ကိုပုတန်း အစ်ကို ဒီနေ့ လာတာက ကျွန်တော်တို့ နှစ်ယောက်ရဲ့ ခင်မင်မှုအတွက်လား၊ ဒါမှမဟုတ် ဟိုတစ်ယောက်အတွက်လား” ရွှီထင်းရှန်းက မေးလိုက်တယ်။
အရက်ခွက်ကို ကိုင်ပြီး တစ်စုံတစ်ရာကို စဉ်းစားနေတဲ့ပုံရတဲ့ ယွဲ့ပုတန်းက ခဏလောက် ဆွံ့အသွားပြီးမှ အရက်ခွက်ကို ချလိုက်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တယ်။ "ထားပါတော့ ငါလည်း လာရင်းကိစ္စကို မဖုံးကွယ်တော့ပါဘူး။ အမှန်တော့ မင်းဆီကို လာချင်တာ ကြာပါပြီ၊ ဒါပေမဲ့ ကိုယ့်ရဲ့အဆင့်အတန်းကြောင့်ပေါ့။ ငါ ဒီနေ့ လာတာကတော့ ခင်မင်မှုအတွက်လည်း ပါသလို၊ ဟိုတစ်ယောက်အတွက်လည်း ပါပါတယ်"
"ခင်မင်မှုအတွက်ဆိုရင်တော့ ကျွန်တော် ဝမ်းမြောက်လှပါတယ်။ ဟိုတစ်ယောက်အတွက်ဆိုရင်တော့" ရွှီထင်းရှန်းက ခါးသီးစွာ ပြုံးလိုက်ပြီး "အစ်ကိုလည်း ကျွန်တော့်ရဲ့ အဆင့်အတန်းကို သိမှာပါ။ ဧကရာဇ်မင်းမြတ်က အိမ်ရှေ့စံ မရှိဘဲနဲ့ အိမ်ရှေ့စံရဲ့ ဆရာဘွဲ့ကို ရုတ်တရက် ပေးလိုက်တာဟာ၊ ကျွန်တော့်ကို မီးပေါ်မှာ တင်ပြီး ကင်နေသလိုပါပဲ။ အကယ်လို့ ကျွန်တော်သာ မင်းသားတွေနဲ့ ဆက်ဆံမှု ရှိမယ်ဆိုရင်တော့ ကျွန်တော်တင်မကဘဲ မင်းသားတွေကိုပါ ဒုက္ခပေးရာ ရောက်ပါလိမ့်မယ်"
"ထင်းရှန်း ညီလေးက အမြင်တစ်ခုကို ပြောင်းပြီး မစဉ်းစားနိုင်ဘူးလား။ ဧကရာဇ်မင်းမြတ်ရဲ့ မူလ ရည်ရွယ်ချက်က မင်းကို မီးနဲ့ကင်ဖို့ မဟုတ်ဘဲ၊ မင်းကို တိုင်းပြည်ရဲ့မဏ္ဍိုင်၊ တိုင်းပြည်ကို အုပ်ချုပ်နိုင်မယ့် ပုဂ္ဂိုလ်ကြီး တစ်ယောက်အဖြစ် သတ်မှတ်ထားလို့လည်း ဖြစ်နိုင်တာပဲ။ အဲဒါကြောင့်လည်း မင်းကို ရှောက်ဖူအဖြစ် ခန့်လိုက်တာက အနာဂတ်ရဲ့ အိမ်ရှေ့စံနဲ့ မင်းကို ခင်မင်စေချင်လို့ ဒါမှ နောင်တစ်ချိန်မှာ မင်းနဲ့ မင်းကြီးကြားမှာ သံယောဇဉ်တွေ ရှိနေမှာ မဟုတ်လား"
အဲဒီစကားကို ကြားတော့ ရွှီထင်းရှန်းမှာ ချက်ချင်းပဲ ဆွံ့အသွားခဲ့ရတယ်။
အကယ်လို့ ယွဲ့ပုတန်း ပြောသလိုသာဆိုရင် ဧကရာဇ်ကျားချန်က ရွှီထင်းရှန်းအပေါ်မှာ သိပ်ကိုတန်ဖိုးထားနေတာ ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ယွဲ့ပုတန်းရဲ့ စကားက ဧကရာဇ်ကျားချန်က ရွှီထင်းရှန်းကို တန်ဖိုးထားလွန်းလို့ တာ့ချန်းရဲ့ အနာဂတ် ဧကရာဇ်ကို ရွေးခွင့် ပေးထားသလို ဖြစ်နေလို့ပါပဲ။ ဒါမှ နောင်တစ်ချိန်မှာ မင်းနဲ့ အမတ်ကြားမှာ သဘောထား ကွဲလွဲတာတွေ မရှိဘဲ၊ ရွှီထင်းရှန်းရဲ့ အရည်အချင်းတွေကို အစွမ်းကုန် ပြသနိုင်မှာ မဟုတ်လား။
ဒါပေမဲ့ ဒါက တကယ်ပဲ ယုံဖို့ ခက်သလို၊ အိပ်မက်ဆန်လွန်းလှပါတယ်။
ဧကရာဇ်ကျားချန်က ဘယ်လို ဧကရာဇ်မျိုးလဲ။
သူက အမှန်တကယ်ပဲ မင်းကောင်းမင်းမြတ် တစ်ယောက် ဖြစ်တယ်။ ပြည်သူကို ချစ်တဲ့စိတ် ရှိတယ်။ ဒါပေမဲ့ သူက မိမိဘာသာ အမိန့်ချတတ်သလို၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်ကာ သံယောဇဉ်စိတ်လည်း သိပ်များပါတယ်။ ဒါက ဧကရာဇ်တိုင်းမှာ ရှိတတ်တဲ့ စရိုက်တွေပါပဲ။
ဒီလို စရိုက်မျိုး ရှိသူက နောက်ဆုံးမှာ တစ်ကိုယ်တည်းပဲ ဖြစ်သွားတတ်သလို၊ ဧကရာဇ်ရဲ့ စိတ်ကို ခန့်မှန်းဖို့ကလည်း ခက်ပါတယ်။ မင်းနဲ့ အမတ်ကြားက သံယောဇဉ် ဆိုတာက နားထောင်လို့ ကောင်းရုံပဲ ရှိပြီး၊ တကယ်တမ်းမှာတော့ ယုံလို့ မရပါဘူး။
250 05
ဒါ့အပြင် ဧကရာဇ်ကျားချန်က ဘာဖြစ်လို့ ဒီလို လုပ်ရမှာလဲ။ သူက အခု အရွယ်ကောင်းတုန်း ရှိသေးတယ်။ ရွှီထင်းရှန်းက အရည်အချင်း ရှိသူမို့ မူဝါဒအသစ်တွေကို လုပ်ချင်ရင်တောင် သူ့သက်တမ်းအတွင်းမှာပဲ အပြီးလုပ်နိုင်ပါလျက်နဲ့ ဘာဖြစ်လို့ အနာဂတ် ဧကရာဇ်အပေါ်မှာ ပုံအပ်ထားရမှာလဲ။
ခြုံပြောရရင် အဓိပ္ပာယ် မရှိပါဘူး။
"အစ်ကိုပုတျန်း နောက်ပြောင်မနေပါနဲ့တော့” ခဏလောက် ဆွံ့အသွားပြီးနောက် ရွှီထင်းရှန်းက ခေါင်းခါရင်း ရယ်မောလိုက်တယ်။
"မင်းကတောင် ဒါကို နောက်ပြောင်တယ်လို့ ထင်နေတာလား။ ဒါဆိုရင် မေးပါရစေ၊ ဧကရာဇ်မင်းမြတ်က ဘာဖြစ်လို့ အိမ်ရှေ့စံ မရှိဘဲနဲ့ ရှောက်ဖူဘွဲ့ကို ပေးရတာလဲ”
"ဒါကတော့..." ဒီအချက်ကိုတော့ ရွှီထင်းရှန်းလည်း ဒီနေ့အထိ ခန့်မှန်းလို့ မရသေးပါဘူး။ သူက ရယ်မောရင်းနဲ့ပဲ ဆိုလိုက်တယ်။ "စိတ်ကူးပေါက်လို့ ဖြစ်မှာပေါ့"
အမှန်တော့ ယွဲ့ပုတန်းကိုယ်တိုင်လည်း မိမိရဲ့ ဒီအတွေးက အဓိပ္ပာယ် မရှိဘူးလို့ ထင်ပေမဲ့၊ သူက အပြင်ပန်းမှာ လွတ်လပ်ပေါ့ပါးပုံ ပေါက်နေပေမဲ့၊ တကယ်တမ်းမှာတော့ အမှန်တရားကိုပဲ လက်ကိုင်ထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားလှတဲ့ အတွေးအမြင်တွေကြောင့် လူအများရဲ့ လှောင်ပြောင်တာနဲ့ အံ့အားသင့်တာကို အမြဲတမ်း ခံခဲ့ရလို့ ကြာလာတော့ တခြားသူတွေ မယုံရင် သူလည်း မပြောတော့ဘဲ စိတ်ထဲမှာပဲ ဒီအတိုင်း ခိုင်မြဲစွာ ယူဆထားတာ ဖြစ်တယ်။
"ထားပါတော့ ဒါတွေကို မပြောကြရအောင်၊ အရက်ပဲ သောက်ကြတာပေါ့။ ဒါပေမဲ့ ထင်းရှန်း ညီလေးအနေနဲ့ ဒုက္ခမင်းသားကို ပိုပြီးတော့ ဂရုစိုက်ပေးစေချင်တယ်။ ငါ့စိတ်ထဲမှာတော့ မင်းသားတွေ အားလုံးထဲမှာ ဒုတိယမင်းသားကသာ ဧကရာဇ် ဖြစ်လာမယ့် အရှိန်အဝါ အရှိဆုံးပဲ"
ရွှီထင်းရှန်းရဲ့ မျက်နှာက တည်ကြည်သွားပြီး ပြောလိုက်တယ်။ "ပုတျန်း အစ်ကို၊ ဒီစကားကို ကျွန်တော့်ရှေ့မှာပဲ ပြောတာ ကိစ္စမရှိပေမဲ့ တခြားလူတွေ ရှေ့မှာတော့ လုံးဝ မပြောပါနဲ့။ ဧကရာဇ်မင်းမြတ်က အခု အရွယ်ကောင်းတုန်း၊ ကျန်းမာတုန်း ရှိပါသေးတယ်။ အမတ်တစ်ယောက်အနေနဲ့ ဒီလောက်အထိ အိမ်ရှေ့စံ ကိစ္စကို ထုတ်ပြောနေတာက အမှားအယွင်း တစ်ခု ရှိလိုက်တာနဲ့ အကြီးမားဆုံး အပြစ် ဖြစ်သွားနိုင်ပါတယ်"
"ဒီကိစ္စကို ငါ သိပါတယ်။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီလေး” ယွဲ့ပုတန်းက အဲဒီလို ပြောပေမဲ့ အသံကျယ်ကျယ်နဲ့ ရယ်နေတာကြောင့် ဒီကိစ္စကို အလေးထားတဲ့ပုံ မရဘူး။
ရွှီထင်းရှန်း မြင်တဲ့အခါ စိတ်ထဲကနေ ခေါင်းခါလိုက်မိတယ်။ ဒါပေမဲ့ ယွဲ့ပုတန်းရဲ့ ရာထူးက မမြင့်သလို လူသိလည်း မများပါဘူး၊ သူက ထူးချွန်တဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ပေမဲ့ အရာရှိလောကအတွက်တော့ ပါရမီရှင် မဟုတ်တာကြောင့်၊ဘယ်သူမှ သူ့အပေါ်မှာ အာရုံစိုက်နေမှာ မဟုတ်ပါဘူး။
အဲဒီနောက်မှာ နှစ်ယောက်သား လရောင်ပေါ်လာတဲ့အထိ အတူတူ သောက်ခဲ့ကြတာကိုတော့ အသေးစိတ် ပြောမနေတော့ပါဘူး။
******