အခန်း (၂၅၁-၂၅၂)
Vol. 26 Ch. 251-252
251 01
အခန်း (၂၅၁)
ရွှီထင်းရှန်းက အလာနဲ့အပြန် တော်တော်လေး ကမောက်ကမ နိုင်လှပါတယ်။ စကားနည်းနည်းပဲ ထားခဲ့ပြီး ချန်ကျန်းက ဘယ်လိုစီစဉ်မလဲဆိုတာတောင် မမေးတော့ဘဲ ထွက်သွားခဲ့တယ်။
ချန်ကျန်းကတော့ အဲဒီနေရာမှာတင် ဆွံ့အပြီး ကျန်ခဲ့ရကာ အချိန်အတော်ကြာတဲ့အထိ သတိပြန်မဝင်နိုင်ဘဲ ရှိနေခဲ့ရတယ်။
"...ချန်ကျန်း ငါတို့ ခင်မင်လာတာ တစ်နှစ်နှစ်နှစ်တည်း မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကြားက သံယောဇဉ်ကိုတော့ အထိခိုက်မခံချင်ဘူး။ ဒါပေမဲ့ ကျောက်အာရဲ့ စရိုက်ကိုတော့ မင်းသိပါတယ်၊ သူက သာမန်အမျိုးသမီးမျိုး မဟုတ်ဘူး၊ စိတ်နှလုံး ကျယ်ပြန့်တယ်၊ ဘယ်သူနဲ့မှလည်း အသေးအဖွဲကိစ္စတွေကို တွက်ကပ်နေတတ်တဲ့သူ မဟုတ်ဘူး၊ အထူးသဖြင့် ကိုယ့်လူအချင်းချင်းပေါ့”
"ကိုယ့်လူတွေအပေါ်မှာဆိုရင် သူက အမြဲတမ်း အသေးစိတ်ကအစ တခြားသူအတွက် စဉ်းစားပေးတတ်တယ်၊ အချင်းချင်း မျက်နှာပျက်မှာ စိုးရိမ်တယ်၊ သံယောဇဉ်ကို ငဲ့ညှာတယ်... ဒါပေမဲ့ မင်းတို့အိမ်က ဟိုအရာကတော့ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလွန်းတယ်... ခွေးသားလေးက သူက ကျောက်အာအပေါ် မကောင်းတာက ငါ့အပေါ် မကောင်းတာနဲ့ အတူတူပဲ။ မင်းမျက်နှာကို ထောက်လို့ ဒီတစ်ကြိမ်တော့ ငါ သူ့ကို ဘာမှမလုပ်ဘူး၊ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ ငါ သူ့ကို အသေသတ်ပစ်မယ်။ အဲဒီအချိန်ကျမှ ငါ့ကို ညီမလင် မရှိတော့ဘူးဆိုပြီး လာပြီး မငိုပြနဲ့..."
ဒီစကားတွေက တော်တော်လေး ပြင်းထန်ပေမဲ့လည်း သူ့ရဲ့အလျင်စလို ထွက်သွားတာနဲ့ ပေါင်းလိုက်တဲ့အခါ အရှိန်အဝါ နည်းနည်း လျော့သွားသလို ဖြစ်နေတယ်။
ဒါပေမဲ့ ရွှီထင်းရှန်း ဘာလို့ ဒီလိုလုပ်ရလဲဆိုတာ ချန်ကျန်း မသိဘဲ မနေနိုင်ပါဘူး၊ အဲဒါက အချင်းချင်းရဲ့ အားနည်းချက်နဲ့ ပတ်သက်နေတာမို့၊ အလိုလိုက်လို့လည်း မရသလို အချင်းချင်း မျက်နှာပျက်မှာကိုလည်း စိုးရိမ်နေတာကြောင့်ပါ၊ ဒါကြောင့်ပဲ သူ့ကို အခြေအနေကနေ လွတ်အောင် အခွင့်အရေး ပေးခဲ့တာ ဖြစ်တယ်။
ဒါပေမဲ့ သူက ဘယ်လိုနည်းလမ်းနဲ့ အခြေအနေကို ပြန်ထိန်းရမလဲ။
"သခင်မကို သွားခေါ်လိုက်စမ်း"
စွီရှီက မကြာခင်မှာပဲ ရောက်လာခဲ့တယ်။ သူမက အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကို မသိတာကြောင့် နည်းနည်း ဇဝေဇဝါ ဖြစ်နေရှာတယ်။
"သခင်ကြီး တစ်ခုခု ကိစ္စရှိလို့လား"
"ရှို့လန် အခုတလော ဘယ်လိုနေလဲ”
ဒီအကြောင်းကို မေးတဲ့အခါမှ။ ချန်ကျန်းက သူ့ညီမအပေါ် အချိန်အတော်ကြာ ဂရုမစိုက်မိတာကို သိသွားခဲ့တယ်။ အစိုးရအဖွဲ့ထဲက ကိစ္စတွေက သိပ်များတာကြောင့် သူက အစွမ်းကုန် ကြိုးစားနေခဲ့ရတယ်။ ရွှီထင်းရှန်း အပြင်က ပြန်ရောက်လာတဲ့အခါမှသာ သူက အသက်ရှူ နည်းနည်း ချောင်ရုံရှိသေးပေမဲ့၊ ကိစ္စတွေက တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်လာပြန်တယ်။ ဝူအမတ်ချုပ်ကြီးအုပ်စု ကျဆုံးတာ၊ ယောက္ခမဖြစ်သူ အငြိမ်းစားယူတာနဲ့ အစိုးရအဖွဲ့ထဲက အင်အားစုတွေ အပြောင်းအလဲ ဖြစ်တာတွေကို ရင်ဆိုင်နေခဲ့ရတယ်။
ဒီအရာတွေကို ပြောဖို့က လွယ်ပေမဲ့၊ လက်တွေ့မှာတော့ ဝူအမတ်ချုပ်ကြီး ဒီလောက် မြန်မြန် ကျဆုံးသွားတာက အပြင်က အင်အားစုတွေကြောင့်လည်း ပါပါတယ်။
အဲဒီအင်အားစုတွေထဲမှာ စွီမိသားစုအုပ်စုနဲ့ ရွှီထင်းရှန်းတို့က မုချ ပါနေပေမဲ့၊ ရွှီထင်းရှန်းနဲ့ စွီအမတ်ချုပ်ကြီးတို့က ရှေ့ထွက်လို့ မရတာကြောင့်၊ ကြည့်ရတာ အလုပ်မရှိသလို ဖြစ်နေတဲ့ ချန်ကျန်းကပဲ အဲဒီကိစ္စတွေကို လုပ်ပေးခဲ့တာ ဖြစ်တယ်။
251 02
ချန်ကျန်းက သူ့ဇနီးနဲ့ သေသေချာချာ စကားပြောဖြစ်ခဲ့တာက လွန်ခဲ့တဲ့ လကတည်းကမို့ ညီမဖြစ်သူ ချန်ရှို့လန်ရဲ့ အခြေအနေကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။ ကိုယ်အလုပ်များနေတာ သိတာကြောင့် ချန်ကျန်းက ညီမကို ပြုစုစောင့်ရှောက်ဖို့ ကိစ္စကို စွီရှီဆီ အပ်ထားခဲ့ပြီး၊ ပုံမှန်ဆိုရင် အဲဒီဘက်ကို ပိုဂရုစိုက်ပေးဖို့ မှာထားခဲ့တယ်။
ဒါကြောင့်ပဲ အခုလို မေးလိုက်တာ ဖြစ်ပါတယ်။
စွီရှီက ခဏလောက် ကြောင်သွားပြီးမှ ဆိုတယ်။ - "ရှို့လန်ကတော့ အဆင်ပြေပါတယ်၊ ညီမ မကြာခင်ကမှ အားဆေးတချို့ ပို့ပေးလိုက်ပါသေးတယ်"
"တကယ်လား။ ဒါဆိုရင် ရှို့လန်နဲ့ ဝမ်မိသားစု ပန်းဆိုင်တို့ရဲ့ ကိစ္စကို မင်း သိလား။ ရှီကျစ်ယို တစ်ယောက် အပြင်မှာ အပျော်အပါးတွေနဲ့ အချိန်ကုန်နေတာကိုရော မင်း သိရဲ့လား”
"ညီမ..."
စွီရှီရဲ့ မျက်နှာအမူအရာကို မြင်လိုက်ရတဲ့အခါ၊ ချန်ကျန်းက အေးစက်စက်နဲ့ ရယ်လိုက်ပြီး "မင်း အားလုံးကို သိနေပါလျက်နဲ့၊ ရှို့လန် ကောင်းပါတယ်လို့ ပြောနေသေးတယ်၊ မင်းက မရီးတစ်ယောက်အနေနဲ့ တကယ်ကို တာဝန်ကျေလှချေလား"
အဲဒီလို ပြောရင်းနဲ့ ချန်ကျန်းက တံခါးအပြင်ကို အမြန်ထွက်သွားခဲ့တယ်။ "သခင်ကြီး..."
စွီရှီက သူ့ကို သွားတားပေမဲ့ လုံးဝ တားလို့မရဘဲ၊ သူက ချန်ကျန်းရဲ့ ကျောပြင် ပျောက်ကွယ်သွားတာကိုပဲ ငေးကြည့်နေခဲ့ရတယ်။
စွီရှီက ခြေလက်တွေ ပျော့ခွေသွားပြီး မြေပြင်ပေါ် လဲကျသွားကာ ငိုကျွေးတော့တယ်။
ချန်ရှို့လန်က လက်မှုအလုပ်ရုံထဲမှာ ပန်းတွေ လုပ်နေတုန်း အစေခံတစ်ယောက် ရောက်လာပြီး အစ်ကိုကြီး ရောက်နေတဲ့အကြောင်း သတင်းပို့ခဲ့တယ်။
ဒီအလုပ်ရုံက သီးခြားဝင်းငယ်လေး တစ်ခုဖြစ်ပြီး၊ အဆောင်မကြီးရဲ့ အခန်း သုံးခန်းထဲမှာ ချန်ရှို့လန် ပုံမှန်သုံးတဲ့ ပိတ်စတွေနဲ့ ကိရိယာတွေ ပြည့်နေခဲ့တယ်။ အထဲမှာ ရှုပ်ယှက်ခတ်နေပေမဲ့ သူတစ်ယောက်တည်းပဲ ကိုယ်လိုချင်တဲ့အရာကို တိတိကျကျ ရှာနိုင်တယ်။ ဒါကြောင့်လည်း ပုံမှန်ဆို ဘယ်သူ့ကိုမှ အထဲပေးမဝင်ဘူး။
အစ်ကိုကြီး ရောက်လာတယ်လို့ ကြားတော့ သူက ဝမ်းသာအားရ ဖြစ်သွားပြီး အပြင်ထွက်ဖို့ ပြင်လိုက်တုန်းမှ ကိုယ်ဝတ်ထားတဲ့ အဝတ်က အလုပ်လုပ်တုန်း ဝတ်တဲ့ အဝတ်ဟောင်း ဖြစ်နေတာ သတိရသွားတယ်။
ဒါကြောင့် အခန်းပြန်ပြီး အဝတ်အစားတွေ အမြန်လဲလိုက်ရတာကြောင့်၊ ချန်ကျန်းနဲ့ တွေ့ဖို့က အချိန်နည်းနည်း ကြန့်ကြာသွားခဲ့ရတယ်။
ချန်ရှို့လန် ရောက်တဲ့အချိန်မှာ ချန်ကျန်းက တူနဲ့ တူမတွေကို စကားပြောနေခဲ့တယ်။
ကလေး နှစ်ယောက်ထဲမှာ အကြီးက ခြောက်နှစ်ရှိပြီဖြစ်ပြီး၊ အငယ်က လေးနှစ်ပဲ ရှိပါသေးတယ်။ သူတို့က ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းသလို တက်ကြွပေမဲ့၊ သူတို့အမေနဲ့တော့ သိပ်ရင်းနှီးပုံမရဘူး။ ချန်ရှို့လန် ရောက်လာတာ မြင်ပေမဲ့ နှုတ်မဆက်ကြဘဲ နို့ထိန်းက တိုးတိုးလေး ပြောမှပဲ အမေဖြစ်သူကို "မေမေ" လို့ ခေါ်ကြတယ်။
ချန်ကျန်းက ရင်ထဲမှာ သိပ်ကို စိတ်မကောင်း ဖြစ်ရတာကြောင့် မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး လူလွှတ်ပြီး အဲဒီကလေး နှစ်ယောက်ကို အပြင်ကို ခေါ်ထုတ်သွားခိုင်းလိုက်တယ်။
"ဘာဖြစ်လို့လဲ အစ်ကိုကြီး” ချန်ရှို့လန်လိုမျိုး အရာရာမှာ တုံ့ပြန်မှု နှေးတဲ့သူတောင်မှ ထူးခြားတာကို သတိပြုမိသွားတယ်။
ချန်ကျန်းက သူ့ညီမကို စူးစူးစိုက်စိုက် ကြည့်နေမိတယ်။ အဲဒီတုန်းက ပိန်လှီလှတဲ့ မိန်းကလေးငယ်က အခုဆိုရင် ဇနီးသည်တစ်ဦး၊ မိခင်တစ်ဦး ဖြစ်နေပြီဆိုတာကိုတောင် သူ စိတ်ကူးလို့ မရနိုင်တော့ပါဘူး။ နှမြောစရာကောင်းတာက သူက အရွယ်မရောက်သေးသလိုမျိုး ဖြစ်နေတာပဲ၊ ဒါမှမဟုတ်ရင်လည်း အရွယ်ရောက်လာပေမဲ့ တစ်ယောက်ယောက်က လမ်းမှားကို ပို့လိုက်တာပေါ့။
251 03
"ရှီကျစ်ယိုက ဝမ်မိသားစု ပန်းဆိုင်မှာ လုပ်ခဲ့တဲ့ ကိစ္စတွေကို မင်း သိလား”
ချန်ရှို့လန်ရဲ့ မျက်နှာက ချက်ချင်းပဲ ဖြူဖျော့သွားခဲ့တယ်၊ ဒီအမူအရာကို မြင်ရရုံနဲ့တင် ချန်ကျန်းအတွက် အဖြေက ရှင်းသွားခဲ့ပါပြီ။
"ရှို့လန်၊ မှတ်မိသေးလား၊ အဲဒီနှစ်တုန်းက အစ်ကိုကြီး ကျောင်းမှာ စာသင်နေတုန်း ငွေတွေ ရုတ်တရက် ရလာလို့၊ ငါတို့ မောင်ညီမ နှစ်ယောက် နောက်ဆုံးတော့ ထမင်းဝဝ စားနိုင်ခဲ့ကြတယ်၊ အစ်ကိုကြီးလည်း ကျောင်းလစာအတွက် စိုးရိမ်စရာ မလိုတော့ဘူးလေ။ မှတ်မိသေးလား၊ အဲဒီနှစ် ဆောင်းတွင်းမှာ အစ်ကိုကြီးက မင်းအတွက် ပထမဆုံး အဝတ်အစားသစ် တစ်ထည် ဝယ်ပေးခဲ့တယ်၊ အနီရောင်ပေါ်မှာ အပြာရောင် ပန်းလေးတွေ ပါတဲ့ ဝါဂွမ်းအင်္ကျီလေးလေ၊ အဲဒီတုန်းက မင်း ဘယ်လောက်တောင် ဝမ်းသာခဲ့လဲ။ မှတ်မိသေးလား၊ အဲဒီနှစ် နှစ်သစ်ကူးတုန်းက ငါတို့အိမ်မှာ အသားတွေ စားခဲ့ရတယ်၊ မင်းက အသားငတ်နေတာနဲ့ တစ်ပန်းကန်လုံး အကုန်စားလို့ ဗိုက်နာတော့ အစ်ကိုကြီးက သန်းခေါင်ယံမှာ မင်းကို ဆေးခန်းအထိ ပို့ပေးခဲ့ရတာလေ။ မှတ်မိသေးလား၊ အစ်ကိုကြီး ရှို့ချိုင်ဘွဲ့ ရပြီးတော့ မင်းကို ရွှီမိသားစုဆီ ခေါ်သွားတုန်းက မင်းကို ပြောခဲ့တဲ့ စကားတွေကိုရော”
ချန်ကျန်းရဲ့ အသံက အစပိုင်းမှာ သိပ်ကို ညင်သာပေမဲ့၊ တဖြည်းဖြည်းနဲ့ အသံက ပြင်းလာခဲ့တယ်။ အဲဒီအသံထဲမှာ မှတ်ဉာဏ်တွေ၊ နောင်တရတာတွေနဲ့ ပင်ပန်းနွမ်းလျတာတွေ ပြည့်နေခဲ့တယ်။
"မင်း မှတ်မိသေးရင်၊ အစ်ကိုကြီးကို ပြန်ဖြေစမ်း"
"အစ်ကိုကြီး..."
"မြို့တော်ကို စရောက်တုန်းက တခြားသူတွေရဲ့ အိမ်မှာ ကပ်နေခဲ့ရတာကို မင်း မှတ်မိသေးလား၊ အပြင်တံခါးတောင် မထွက်ရဲခဲ့တာကိုရော မှတ်မိသေးလား၊ အစ်ကိုကြီးက ဟန်လင်းကျောင်းတော်ရဲ့ အလုပ်တွေနဲ့ အလုပ်ရှုပ်နေချိန်မှာ၊ ဘယ်သူတွေက မင်းဆီကို နေ့တိုင်း လာပြီး စကားပြောပေးခဲ့လဲ၊ မင်းကို အပြင်ခေါ်သွားပြီး ဗဟုသုတတွေ ရအောင် လုပ်ပေးခဲ့လဲ၊ ဘယ်သူက မင်းကို ဒီလက်မှုပညာကို သင်ပေးခဲ့လို့ မင်းမှာ နောက်ဆုံးတော့ အားကိုးရာ ရခဲ့တာလဲ၊ ပြီးတော့ ဘယ်သူက မင်းကို ဒီနေ့လိုမျိုး ဘဝမျိုး ရအောင် လုပ်ပေးခဲ့တာလဲ"
ချန်ရှို့လန်ရဲ့ မျက်နှာက တစ်စတစ်စ ဖြူဖျော့လာပြီး နောက်ဆုံးမှာတော့ သေလူလိုပဲ ဖြူဆုတ်သွားတော့တယ်။
"လူဆိုတာ ကျေးဇူးတရားကို မမေ့သင့်ဘူး၊ ငါ ချန်ဟွမ်းကျစ်ရဲ့ ညီမအရင်းက ဒီလောက်အထိ ကျေးဇူးကန်းပြီး အခွင့်အရေးသမား တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းကတော့ ငါ့ကို တကယ်ပဲ စိတ်ပျက်အောင် လုပ်လိုက်တာပဲ"
အဲဒီလို ပြောရင်းနဲ့ ချန်ကျန်းက ထရပ်ပြီး အပြင်ထွက်ဖို့ ပြင်လိုက်တယ်။
ချန်ရှို့လန်က ငေးကြောင်သွားပြီးမှ၊ ရုတ်တရက် ရှေ့တိုးလာပြီး အစ်ကိုဖြစ်သူကို ဆွဲထားလိုက်တယ်။ သူ့မျက်နှာမှာ မျက်ရည်တွေနဲ့ ခေါင်းကို ခါရင်း "အစ်ကိုကြီး၊ ညီမ မလုပ်ပါဘူး၊ အားလုံးကို မှတ်မိပါတယ်၊ ညီမ..."
"မင်း အားလုံးကို မှတ်မိနေပါလျက်နဲ့၊ ရှီကျစ်ယိုက ဝမ်မိသားစု ပန်းဆိုင်ကို သွားပြီး ငွေတွေ တောင်းနေတာကို မင်းက အလိုလိုက်နေတာလား။ အမြတ်ဝေစု ၁၀ ရာခိုင်နှုန်းကို အားမရလို့၊ ၂၀ ရာခိုင်နှုန်း လိုချင်တယ်၊ ၂၀ ရာခိုင်နှုန်း ရပြန်တော့လည်း မင်းတို့ရဲ့ လောဘဇောကို မသတ်နိုင်လို့ ၃၀ ရာခိုင်နှုန်း ထပ်လိုချင်ပြန်တယ်ပေါ့။ တစ်နေ့ကျရင် ကျောက်အာက ပန်းဆိုင်ကို မင်းတို့ လက်ထဲ အပ်လိုက်မှပဲ မင်းတို့က ငြိမ်ကြတော့မှာလား"
"အစ်ကိုကြီး အဲလို မဟုတ်ပါဘူး၊ သူက ကျောက်အာအစ်မဆီမှာ အမြတ်ဝေစု သွားတောင်းတာကို ညီမ မသိပါဘူး။ အစပိုင်းမှာ ညီမ တကယ် မသိခဲ့တာပါ၊ နောက်ပိုင်းမှ ညီမ သိရတဲ့ အချိန်မှာတော့ သူက ငွေတွေကို ရထားတာ ကြာလှပြီ။ သူက ပြောတယ်၊ ညီမက ဒီလောက်အထိ ပင်ပန်းခံနေတာမို့ ဒါက ညီမ ရသင့်ရထိုက်တာပါတဲ့၊ ကျောက်အာအစ်မကလည်း ဘာမှ မပြောဘူးဆိုတော့ ညီမလည်း ကျောက်အာအစ်မက ဒါကို ညီမ ရသင့်တယ်လို့ ယူဆတယ် ထင်မိလို့ပါ"
251 04
"ဒါဆိုရင် ဒုတိယ အကြိမ်တုန်းကရော မင်း မသိဘူးလား”
ဒုတိယအကြိမ်မှာတော့ ချန်ရှို့လန် အမှန်တကယ်ပဲ သိခဲ့ပါတယ်၊ ရှီကျစ်ယိုက မည်မျှပင် ဆိုးပါစေ၊ ချန်ရှို့လန်ရဲ့နောက်ကွယ်မှာ ဒီလိုကိစ္စတွေကို အကြိမ်ကြိမ် လုပ်ဖို့ မဝံ့ရဲပါဘူး။ ဒါ့အပြင် ကျောက်အာက မျက်နှာကို ထောက်ပေမဲ့၊ ရွှီဟူကတော့ မထောက်ဘဲ ချန်ရှို့လန်ရဲ့ ရှေ့အထိ လာပြောခဲ့ဖူးတယ်။
အဲဒီတုန်းက ရှီကျစ်ယိုက ချန်ရှို့လန်ကို ဘယ်လို ပြောခဲ့လဲ။
သူက ပြောတာက သူတို့မှာ သားရှိတယ်၊ နောက်ပိုင်းကျရင် ဦးလေးဖြစ်သူလိုပဲ အရာရှိကြီး တစ်ယောက် ဖြစ်လာရမယ်တဲ့။ ဒါပေမဲ့ အရာရှိ ဖြစ်ဖို့ဆို စာသင်ရမယ်၊ စာသင်ဖို့ဆို ငွေလိုတယ်၊ နောက်ပြီး ရှို့လန်ကလည်း နေ့တိုင်း ဒီလောက်အထိ ပင်ပန်းခံနေရတာ၊ အားလပ်ချိန်တိုင်းမှာလည်း ဒီဇိုင်းသစ်တွေကို စမ်းသပ် လုပ်နေရတာမို့၊ ကလေး နှစ်ယောက်ကိုတောင် ပြုစုဖို့ အချိန်မရှိဘူး၊ နို့ထိန်းတွေ ငှားဖို့၊ အစေခံတွေ ဝယ်ဖို့ဆိုတာ ငွေတွေ အများကြီး လိုတယ်တဲ့။
ဒါ့အပြင် မောက်နဲ့လီ မိသားစု နှစ်စုကတော့ ဘာမှ မလုပ်ဘဲနဲ့တောင် နှစ်စဉ် အမြတ်ဝေစု ၃၀ ရာခိုင်နှုန်းကို ရနေကြတယ်။ ဘာလို့ ရှို့လန်ကမှ ၂၀ ရာခိုင်နှုန်းပဲ ရရမှာလဲ လို့လည်း ပြောခဲ့သေးတယ်။
သူ့ရဲ့အကြိမ်ကြိမ် ပြောတာတွေကြောင့်၊ ချန်ရှို့လန်ကလည်း သဘောတူခဲ့တာပါ။ ဒါပေမဲ့ သူကိုယ်တိုင် သွားပြောဖို့က မျက်နှာ မရှိတာကြောင့်၊ ရှီကျစ်ယိုကပဲ ရှေ့ထွက်ခဲ့တာ ဖြစ်ပါတယ်။
အမှန်တော့ ချန်ရှို့လန်အနေနဲ့ ဒါက နည်းနည်း လွန်နေတာကို မသိတာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ကျောက်အာတို့ တစ်မိသားစုလုံး မြို့တော်ကို ပြန်ရောက်ကတည်းက သူမက တစ်ကြိမ်မှ သွားမတွေ့ခဲ့တာပါ။ အစ်ကိုကြီး သိသွားမှာကိုလည်း ကြောက်သလို၊ ကျောက်အာအစ်မက မိမိကို အထင်သေးသွားမှာကိုလည်း စိုးရိမ်နေခဲ့တယ်။ ဒါပေမဲ့ သူမက ရှီကျစ်ယိုကိုလည်း မဖျောင်းဖျနိုင်ခဲ့ဘူး၊ သူက တစ်ခုခု အလိုမကျရင်တောင် သူမကို ဆူနေတတ်တာမို့ သူမ ဘယ်လို လုပ်နိုင်ပါ့မလဲ။
အမှန်တော့ အခုလည်း ချန်ရှို့လန်က ဘာလုပ်ရမလဲ မသိတော့ဘဲ၊ သူ့ဦးနှောက်ထဲမှာ အရာရာက ရှုပ်ထွေးနေခဲ့ပါပြီ။
"ဒါဆိုရင် ရှီကျစ်ယိုက အပြင်မှာ အပျော်အပါးတွေနဲ့ အချိန်ကုန်နေတာကိုရော မင်း သိရဲ့လား”
"သူက ပြောတယ်၊ သူက အပြင်မှာ စီးပွားရေး လုပ်နေတာမို့ လူမှုရေးကိစ္စတွေ ရှိတတ်ပါတယ်တဲ့။ ဒါပေမဲ့ အစ်ကိုကြီး စိတ်ချပါ၊ သူက အဲဒီလိုလူမျိုးတွေကို အိမ်အထိတော့ တစ်ခါမှ ခေါ်မလာပါဘူး၊ သူကလည်း ပြောထားပါတယ်၊ တစ်သက်လုံး ညီမ တစ်ယောက်တည်းကိုပဲ စောင့်ရှောက်သွားမှာပါတဲ့" ချန်ရှို့လန်က ကြောက်ကြောက်လန့်လန့်နဲ့ ဖြေလိုက်တယ်။
"သူက မင်းရှာတဲ့ ပိုက်ဆံတွေကို စားတယ်၊ မင်းရှာတဲ့ ပိုက်ဆံတွေကို သောက်တယ်၊ မင်းရှာတဲ့ ပိုက်ဆံတွေကို သုံးဖြုန်းပြီးတော့ မင်းရဲ့ ပိုက်ဆံတွေနဲ့ပဲ အပြင်မှာ အပျော်မယ်တွေနဲ့ ပျော်ပါးနေတာကို မင်းက ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိနေတယ်လို့ ထင်နေသေးတာလား”
ချန်ရှို့လန်ရဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့ ပြည့်နေတယ်။ သူက စကားတစ်ခွန်းမှ ပြန်မပြောပေမဲ့ သူ့အမူအရာက အဲဒီစကားတွေကို လက်ခံနေသလို ဖြစ်နေခဲ့တယ်။
အိမ်ထောင်ကျပြီးနောက်မှ ချန်ရှို့လန်က မိမိကိုယ်ကိုယ် တခြားသူတွေနဲ့ ဆက်ဆံရတာကို ကြောက်နေတုန်းပဲဆိုတာ သိလိုက်ရတယ်။ အထူးသဖြင့် လင်မယားကြားက နီးကပ်တဲ့ ဆက်ဆံရေးက သူ့ကို အမြဲ နေရခက်စေတာကြောင့် သူနဲ့ ရှီကျစ်ယို အတူတူ အိပ်တဲ့ အကြိမ်ရေက သိပ်ကို နည်းပါတယ်။
သူမက သူမရဲ့ ကလေးတွေနဲ့တောင် ဘယ်လိုဆက်ဆံရမလဲ မသိဘူး။ သူမက အဲဒီနူးညံ့တဲ့ ကလေးတွေကို ချစ်ပေမဲ့၊ သူတို့ကို ထိတွေ့ဖို့ ကြောက်နေသလို၊ သူတို့ ငိုမှာကိုလည်း စိုးရိမ်နေတတ်တယ်။
251 05
ဒါကြောင့် သူမ စိတ်ဓာတ်ကျလာတိုင်း၊ အလုပ်ရုံထဲကိုပဲ ဝင်ပုန်းနေတတ်ပြီး၊ ပန်းတွေ လုပ်နေမှပဲ သူမစိတ်က အေးချမ်းမှုကို ရစေပါတယ်။
ဇနီးသည် တစ်ဦးရဲ့ တာဝန်၊ မိခင် တစ်ဦးရဲ့ တာဝန်တွေကို သူမက မကျေပွန်ခဲ့ဘူး။ ဒီအချက်တွေကိုပဲ ရှီကျစ်ယိုက အခွင့်ကောင်းယူပြီး အသုံးချခဲ့လို့ အခုလို အခြေအနေ ဖြစ်လာတာပါ။
ချန်ကျန်းက နာကျင်စွာနဲ့ မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး၊ ကိုယ်ဟန်ကလည်း နည်းနည်း တုန်လှုပ်သွားခဲ့ရတယ်။
သူ့ရင်ထဲမှာ ဓားနဲ့ အမွှန်းခံရသလို နာကျင်နေပြီးမှ၊ ကျောက်အာက ဘာလို့ ဒီကိစ္စကို ထုတ်မပြောခဲ့လဲ၊ ရွှီထင်းရှန်းကို ဘာလို့ အသိမပေးခဲ့လဲ ဆိုတာကို နောက်ဆုံးတော့ သူ နားလည်လိုက်ပါတော့တယ်။ အမြဲတမ်း ပြတ်သားတဲ့ ရွှီထင်းရှန်းတောင်မှ ဒီနေ့ ဘာလို့ အမျိုးသမီးတွေလို တွန့်ဆုတ်နေခဲ့လဲ ဆိုတာကိုလည်း သူ သိသွားခဲ့တယ်။
ဒါက ကိုယ့်ကြောင့်ပါပဲ၊ ကိုယ့်ကြောင့်ပေါ့။
ရှို့လန်မှာ စိတ်ဓာတ်ပိုင်းနဲ့ စရိုက်ပိုင်း အားနည်းချက်တွေ ရှိနေတာကို၊ အစ်ကိုအရင်းဖြစ်တဲ့ ချန်ကျန်းက ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။ ချန်ရှို့လန်ကို သူကိုယ်တိုင်ပဲ လက်ဆွဲပြီး ကျွေးမွေး စောင့်ရှောက်လာခဲ့တာ ဖြစ်ပေမဲ့၊ သူက အမျိုးသား တစ်ယောက် ဖြစ်တာကြောင့် သူ့ကို ထမင်းဝအောင် ကျွေးတာ၊ အဝတ်အစား နွေးအောင် ဝတ်ပေးတာကလွဲလို့ ကျန်တဲ့ကိစ္စတွေကို သူ့ကို ဘယ်လိုသင်ပေးရမလဲ သူလည်း မသိခဲ့ဘူး။
ဒါကလည်း သူက ညီမကို ရှီကျစ်ယိုနဲ့ လက်ထပ်ပေးဖို့ သဘောတူခဲ့တဲ့ အကြောင်းရင်းပါပဲ၊ သူက ဘာကိုမှ မမျှော်လင့်ဘဲ ဒီအမျိုးသားက မိမိရဲ့ညီမအပေါ် ကောင်းကောင်း ဆက်ဆံပေးဖို့ပဲ သူ ဆုတောင်းခဲ့တာပါ။
အခုတော့ သူ မှားခဲ့ပြီဆိုတာ သိလိုက်ရပြီ။
"မင်း အခု ငါနဲ့ လိုက်ခဲ့" ချန်ကျန်းက ညီမရဲ့ လက်ကို ဆွဲပြီး အပြင်ထွက်ဖို့ ပြင်လိုက်တယ်။
ချန်ရှို့လန်က ရုန်းရင်းနဲ့ မေးလိုက်တယ်။ "အစ်ကိုကြီး၊ ညီမကို ဘယ်ခေါ်သွားမလို့လဲ"
"ချန်အိမ်တော်ကို ပြန်မယ်"
"ညီမ မသွားဘူး အစ်ကိုကြီး..."
"ဒါက ဘာတွေ ဖြစ်နေကြတာလဲ။ ဘာတွေ ဖြစ်နေကြတာလဲ”
သတင်းရတဲ့ ရှီကျစ်ယိုက အမြန်ပဲ ပြေးဝင်လာပြီး၊ ဝင်းထဲရောက်တဲ့အခါ ဒီလို အခြေအနေကို မြင်လိုက်ရတာပါ။
ချန်ရှို့လန်က ရုန်းရင်း "အစ်ကိုကြီး မြန်မြန် လွှတ်ပါဦး ညီမ လက်နာနေပြီ၊ ညီမ ပန်းတွေ လုပ်ရဦးမယ်၊ တခြားသူတွေက မှာထားတာ ကြာလှပြီ၊ ညီမ မဖြစ်မနေ..."
"အစ်ကိုကြီး၊ ရှို့လန်က မလိုက်ချင်ဘူးလို့ ပြောနေတာကို၊ အစ်ကိုကြီးကလည်း မဆွဲပါနဲ့တော့။ ကျွန်တော့် ရှို့လန်က လက်မှုပညာနဲ့ပဲ ထမင်းစားနေရတာပါ၊ လက်နာသွားရင် ဘယ်လိုလုပ်မလဲ” ရှီကျစ်ယိုက အော်ဟစ်ပြောဆိုရင်း ရှေ့တိုးလာပြီး ချန်ရှို့လန်ရဲ့ လက်ကို ချန်ကျန်းဆီက အရင်ဆွဲထုတ်လိုက်မှ၊ ဇနီးသည်ကို မိမိနောက်ကွယ်မှာ ကာကွယ်ရင်း ပြောလိုက်တယ်။
"ရှို့လန် မင်း တကယ်ပဲ အစ်ကိုကြီးနဲ့ မလိုက်ဘူးလား” ချန်ကျန်းက သူ့ကို ဂရုမစိုက်ဘဲ၊ နှုတ်ခမ်းကို တင်းတင်းစေ့လို့ ညီမကို စိုက်ကြည့်ပြီး မေးလိုက်တယ်။
ချန်ရှို့လန်က အစ်ကိုဖြစ်သူရဲ့ မျက်လုံးတွေကို မကြည့်ရဲဘဲ၊ မျက်လွှာချပြီး တိုးတိုးလေး ပြောလိုက်တယ်။ "အစ်ကိုကြီး၊ ညီမ ပန်းတွေ လုပ်ရဦးမယ်၊ ညီမ..."
ရှီကျစ်ယိုက ဟန်ဆောင်ပြုံးပြီး "အစ်ကိုကြီး၊ ရှို့လန်က အစ်ကိုကြီးကို ဒေါသထွက်အောင် လုပ်မိတယ် ဆိုရင်လည်း သူ့ကို အပြစ်မတင်ပါနဲ့ဦး၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်လူအချင်းချင်း စကားတွေ အများကြီး ပြောနေစရာ မလိုပါဘူး..."
251 06
"မင်း တကယ်ပဲ ငါနဲ့ လိုက်မှာလား၊ မလိုက်ဘူးလား”
"အစ်ကိုကြီး..."
ချန်ကျန်းက ဘာမှထပ်မပြောတော့ဘဲ ဝတ်ရုံစကို ခါပြီး ထွက်သွားပါတော့တယ်။
"အစ်ကိုကြီး..."
"မင်းတို့ အားလုံး မျက်စိကန်းနေကြလို့လား၊ အစ်ကိုကြီးကို သွားမပို့ကြဘူးလား" ရှီကျစ်ယိုက အော်လိုက်ပြီး၊ တစ်ဖက်လှည့်ကာ ငိုနေတဲ့ ချန်ရှို့လန်ကို ဖက်ပြီး အထဲခေါ်သွားတယ် - "မောင်ညီမချင်းပဲ၊ အစ်ကိုကြီးက မင်းကို တကယ်ကြီး ဒေါသထွက်နေမှာ မဟုတ်ပါဘူး၊ နောက်နှစ်ရက်နေရင် ငါ မင်းကို အစ်ကိုကြီးဆီ ခေါ်သွားပြီး တောင်းပန်ခိုင်းမယ်၊ အဲဒီအချိန်ကျရင် အစ်ကိုကြီးက မင်းကို သေချာပေါက် ခွင့်လွှတ်မှာပါ”
"ဒါပေမဲ့ ကျွန်မ..."
"ဒါနဲ့ မင်း ပန်းတွေ ပို့ဖို့ ရှိတယ်ဆို၊ ဘာလို့ မလုပ်သေးတာလဲ”
"ဪ၊ ဟုတ်သားပဲ၊ ကျွန်မ ပန်းတွေ လုပ်ရဦးမယ်၊ ကျွန်မ ပန်းသွားလုပ်လိုက်ဦးမယ်..."
ချန်ရှို့လန်က မျက်ရည်တွေကို သုတ်ပြီး အမြန်ပဲ ထွက်သွားပါတော့တယ်။
သူ ထွက်သွားပြီးမှ၊ ရှီကျစ်ယိုက ကျေနပ်အားရစွာနဲ့ တစ်ချက် ထွေးထုတ်လိုက်ပြီး အခန်းထဲ ဝင်သွားတယ်။
တစ်ယောက်ယောက်က စောင့်နေမယ်ဆိုတာ သိတာကြောင့် ယွဲ့ပုတန်းက စားသောက်ဆိုင်က ထွက်ပြီးနောက် ဒုတိယမင်းသားရဲ့ အိမ်တော်ကို သွားခဲ့တယ်။
ဒုတိယမင်းသား ချီပိန်က မျှော်လင့်ထားတဲ့အတိုင်းပဲ သူ့ကို စောင့်နေခဲ့ပါတယ်။
ချီပိန်က ငယ်ရွယ်ချောမောတဲ့ အမျိုးသားတစ်ဦး ဖြစ်ပြီး၊ ရုပ်ရည်က ဧကရာဇ်ကျားချန်နဲ့ သိပ်ဆင်ပါတယ်၊ မျက်ခုံးထူထူနဲ့ မျက်ဝန်းတွေက စူးရှပြီး၊ မျက်နှာကျက တည်ကြည်ပြတ်သားတယ်။ သူက အပြာရင့်ရောင် ကတ္တီပါ ဝတ်ရုံရှည်ကို ဝတ်ထားပြီး ဦးခေါင်းမှာ ရွှေရောင်ဦးထုပ်ကို ဆင်ထားတာကြောင့်၊ တစ်ကိုယ်လုံးမှာ အရှိန်အဝါတွေ ပြည့်နေခဲ့တယ်။
ယွဲ့ပုတန်းရဲ့ ပြောတာတွေကို နားထောင်ပြီးနောက် သူ့မျက်နှာမှာ စိတ်ပျက်တဲ့ အရိပ်အယောင်တွေ ပေါ်လာပေမဲ့ ဘာမှထပ်မပြောဘဲ ယွဲ့ပုတန်းကို ပြန်ခိုင်းလိုက်တယ်။
ယွဲ့ပုတန်း ထွက်သွားပြီးနောက်မှာ အသက် ၄၀ ကျော်လောက်ရှိတဲ့ ခန့်ညားထည်ဝါတဲ့ အမျိုးသားတစ်ယောက်က ပိတ်ကားနောက်ကနေ ထွက်လာတယ်။ အဲဒါက ဒုတိယမင်းသားရဲ့ ဦးလေးဖြစ်တဲ့ တိန့်ကော်ကုန်းရဲ့ သားတော် ကျုန်းချင်းရန် ပါပဲ။
"ဦးလေး ယွဲ့ပုတန်း ပြောတာတွေက အမှန်ပဲလို့ ဦးလေး ထင်လား"
"အမှန်ပဲဖြစ်စေ၊ အမှားပဲဖြစ်စေ၊ ရွှီထင်းရှန်းကို ဆွဲဆောင်ဖို့ ကြိုးစားတာကတော့ မှားစရာ မရှိပါဘူး။ ဒီလူက ငယ်ငယ်ကတည်းက နာမည်ကြီးတဲ့ ပါရမီရှင် တစ်ယောက်ဖြစ်သလို ဧကရာဇ်မင်းမြတ်ရဲ့ တန်ဖိုးထားတာကိုလည်း သိပ်ခံထားရသူပါ။ ဝူအမတ်ချုပ်ကြီးရဲ့ အင်အားစုတွေက အစိုးရအဖွဲ့ထဲမှာ အမြစ်တွယ်နေတာ ကြာလှပြီ၊ အမတ်အများကြီးက သူတို့ကို ရှောင်ခဲ့ပေမဲ့၊ ဒီရွှီထင်းရှန်း တစ်ယောက်တည်းသာ အစိုးရအဖွဲ့ထဲ မဝင်ခင်ကတည်းက သူတို့နဲ့ ရင်ဆိုင်ခဲ့တာပါ။ ဒီလူက ဝူအမတ်ချုပ်ကြီးအတွက်တော့ ဘဝဟောင်းက ရန်သူပါပဲ၊ နောက်ဆုံးမှာတော့ သူတို့ကို အမြစ်ကပါ ဆွဲနှုတ်ပစ်နိုင်ခဲ့တာ မဟုတ်လား"
"ဒါပေမဲ့ ခမည်းတော်က ဒီလူကို သုံးပြီး အိမ်ရှေ့စံကို ရွေးခိုင်းမယ်ဆိုတာကတော့ နည်းနည်း အဓိပ္ပာယ် မရှိဘူးလို့ ထင်မိတယ်"
251 07
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒုတိယမင်းသားက အမြဲတမ်း အလေးမထားဘဲ ရှိနေခဲ့တယ်။ သူက ယွဲ့ပုတန်းကို သိပ်တန်ဖိုးထားသလို ရွှီထင်းရှန်းကိုလည်း မိမိဘက်ကို ဆွဲချင်တဲ့ စိတ် ရှိနေတာကြောင့်၊ ဘယ်လိုပဲဖြစ်ဖြစ် လူကို ရရင်ပဲ လုံလောက်ပြီလို့ ယူဆထားတာဖြစ်ပြီး စိတ်ထဲမှာတော့ အဲဒီစကားတွေကို အမှန်လို့ မယူဆခဲ့ပါဘူး။
ကျုန်းချင်းရန်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး "ဒီ ယွဲ့ပုတန်း ဆိုတာကတော့ အမြဲတမ်း ထူးခြားတဲ့ အတွေးအခေါ်တွေ ရှိတတ်သလို၊ စရိုက်ကလည်း လွတ်လပ်ပေါ့ပါးလှသူပါ။ အကယ်လို့ သူသာ နာမည်မကြီးဘူးဆိုရင်၊ ပြီးတော့ သူ လုပ်နေတာကလည်း အရေးမပါတဲ့ အလုပ်မျိုးသာ မဟုတ်ဘူး ဆိုရင်တော့ သူ အကြိမ်ပေါင်းများစွာ သေပြီးလောက်ပါပြီ။ သူပြောတာကို မင်း နားထောင်ပေးရုံပဲလေ၊ ဘာဖြစ်လို့ အဲဒီလောက်အထိ အလေးထားနေမှာလဲ၊ မင်းရဲ့အာရုံကို အခု တခြားနေရာမှာပဲ ထားသင့်တယ်"
"ဦးလေး ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ခမည်းတော်ရဲ့ သဘောထားက အခုထိ မရှင်းသေးဘူး၊ ဟိုမာဖေးကလည်း မိဖုရားခေါင်ကြီးရဲ့ရှေ့မှာ အမြဲတမ်း မျက်နှာချို သွေးနေတာ။ မိဖုရားခေါင်ကြီးကလည်း နေမကောင်းဖြစ်နေတာ ကြာပြီဆိုတော့ ကျွန်တော်နဲ့ မယ်တော်ကတော့ မိဖုရားခေါင်ကြီးက ဟိုတတိယကောင်ကို သူ့ရဲ့သားအဖြစ် အသိအမှတ်ပြုလိုက်မှာကိုပဲ စိုးရိမ်နေရတာပါ"
ဒါက ဒုတိယမင်းသား အုပ်စုအတွက် အကြီးဆုံး အတားအဆီးပါပဲ၊ ရှေးအရင်ကတည်းက အိမ်ရှေ့စံ ဆိုတာ အကြီးဆုံးသား ဒါမှမဟုတ် မူလဇနီးက မွေးသူကိုပဲ တင်မြှောက်ကြတာ ထုံးစံပါ။ အိမ်ရှေ့စံ ဆုံးသွားပြီးနောက်မှာ မိဖုရားခေါင်ကြီးရဲ့ကျန်းမာရေးက အားနည်းလာပြီး နောက်ထပ် သားသမီးလည်း မရတော့ပါဘူး။
မကြာသေးခင် နှစ်တွေအတွင်း သူ့ရောဂါက ပိုပြင်းလာတာကြောင့် အခုဆို မိဖုရားခေါင်ကြီးက အလုပ်ကိစ္စတွေကို မစီမံနိုင်တော့ဘဲ၊ နောက်ကွယ်က ကိစ္စတွေကို ကျုန်းကွေ့ဖေး၊ စွီဖေးနဲ့ မာဖေးတို့ကို ခေတ္တ တာဝန်ပေးထားရပါတယ်။ မိဖုရားခေါင်ကြီးမှာ အသက်ရှင်ဖို့ ရက်နည်းနည်းပဲ ကျန်တော့တာ ထင်ရှားပေမဲ့ သူမ အသက်ရှင်နေသရွေ့တော့ သူမကပဲ မိဖုရားခေါင်ကြီး ဖြစ်နေဦးမှာပါ။ ကျုန်းကွေ့ဖေး ဘယ်လောက်ပဲ အင်အား ကြီးပါစေ၊ သူမရှေ့မှာတော့ ဦးညွှတ် ဂါရဝပြုနေရဦးမှာပါပဲ။
"အကယ်လို့ မိဖုရားခေါင်ကြီးကသာ မင်းသားသုံးကို သူ့ရဲ့သားအဖြစ် အသိအမှတ် မပြုဘူးဆိုရင်တော့ ကျွန်တော်နဲ့ သူနဲ့ ကြားမှာ ယှဉ်စရာ ရှိသေးတာပေါ့။ မဟုတ်ရင်တော့ ကျွန်တော်လည်း မြို့တော်က ထွက်ပြီး နယ်ကိုပဲ သွားရတော့မယ်" ဒုတိယမင်းသားက မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
"ဒီကိစ္စက အလျင်စလို လုပ်လို့ မရပါဘူး၊ နောက်ပြီး မိဖုရားခေါင်ကြီးက အလိုရှိရင်တောင်မှ ဧကရာဇ်မင်းမြတ်က သဘောတူချင်မှ တူမှာပါ။ ဒါကြောင့် အဓိက အကျဆုံးကတော့ ဧကရာဇ်မင်းမြတ်ရဲ့ သဘောထားပါပဲ။ မင်းလည်း အရမ်းကြီး မတွေးပါနဲ့ဦး၊ ပုံမှန်အတိုင်းပဲ နေထိုင်ပါ၊ ကိုယ့်ရဲ့ အခြေအနေကိုတော့ မပျက်စီးစေနဲ့ဦး"
အခြေအနေတွေအရတော့ ဒီအတိုင်းပဲ ဆက်လုပ်ဖို့ ရှိပါတော့တယ်။
******
252 01
အခန်း (၂၅၂)
ကျောက်အာက အိမ်မှာ စာရင်းတွေကို ကြည့်ရှုစစ်ဆေးနေတုန်း၊ စွီရှီက ရုတ်တရက် အိမ်ကို ရောက်လာတယ်။
စွီရှီက အဲဒီနေ့က ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို အစအဆုံး ပြောပြပြီးတော့မှ ငိုယိုပြီး ပြောလိုက်တယ်။ "မနေ့က သူ ရှီအိမ်တော်ကနေ ပြန်လာကတည်းက ဘာတွေ ဖြစ်ခဲ့လဲ မသိပါဘူး၊ ဟန်လင်းကျောင်းတော်ကို သွားတာကလွဲရင် ကျန်တဲ့အချိန်ဆိုရင် ကိုယ့်ကိုယ်ကိုယ် စာကြည့်ခန်းထဲမှာပဲ ပိတ်ထားတာ၊ ကျွန်မ သွားတွေ့တော့လည်း သူက အတွေ့မခံဘူး..."
ကျောက်အာက စိတ်ထဲကနေ သက်ပြင်းတစ်ချက် ခိုးချလိုက်မိတယ်။
အရင်ကတည်းက သူမက တစ်စုံတစ်ရာ ထူးခြားနေတယ်လို့ ခံစားမိခဲ့တယ်။ ချန်ကျန်းအနေနဲ့ ချန်ရှို့လန်ကို ပစ်ထားမှာ မဟုတ်ပါဘူး၊ မောင်နှမ အရင်းအချာတွေ ဘေးနားမှာ ရှိနေပါလျက်နဲ့ ဒီလောက်အထိ ကိစ္စတွေ ဖြစ်ခဲ့တာကိုး။ အကယ်လို့ သူမက ချန်ကျန်းရဲ့စရိုက်ကို မသိရင် တစ်မျိုး တွေးမိကောင်း တွေးမိပါလိမ့်မယ်။
ချန်ကျန်းမှာ ပြဿနာ မရှိရင်၊ ပြဿနာက စွီရှီ အပေါ်မှာပဲ ရှိပါလိမ့်မယ်။ ဒါပေမဲ့ သူမက စွီရှီနဲ့ အကြိမ်နည်းနည်း တွေ့ဖူးတာကြောင့် အဲဒီလိုမျိုး လူစားမျိုး မဟုတ်တာကိုလည်း သိနေတယ်။
အဲဒီလိုဆိုရင် အကြောင်းရင်းက တစ်ခုတည်းပဲ ရှိတော့တယ်၊ အဲဒါက ဒီလင်မယား နှစ်ယောက်ကြားက ဆက်ဆံရေးမှာ တစ်စုံတစ်ရာ အားနည်းချက် ရှိနေတာပဲ ဖြစ်ပါလိမ့်မယ်။
အခြေအနေကို တိတိကျကျ မသိတာကြောင့် သူမလည်း ကြားဝင် စွက်ဖက်ဖို့ မဝံ့ရဲခဲ့ဘူး။ ဒါကြောင့်လည်း ချန်ရှို့လန်ဘက်က ဖြစ်နေတဲ့ ပြဿနာတွေကို သူမ သည်းခံပေးခဲ့တာပါ၊ ဒါပေမဲ့ ပေါက်ကွဲထွက်လာမယ့် ကိစ္စကတော့ နောက်ဆုံးမှာ ပေါက်ကွဲထွက်လာခဲ့ပါပြီ။
စွီရှီ ငိုယိုတိုင်တန်းနေတုန်းမှာ ကျောက်အာက တစ်ဖက်လူကို သေသေချာချာ အကဲခတ်နေခဲ့တယ်။
စွီရှီရဲ့ မျက်ဝန်း နှစ်ဖက်စလုံးက နီမြန်းပြီး ဖောင်းပွနေသလို၊ မျက်နှာကလည်း နွမ်းလျနေရှာတယ်။ ကျောက်အာက စွီရှီအပေါ် နက်နက်ရှိုင်းရှိုင်း မသိပေမဲ့၊ သူမက သိက္ခာကို အလေးထားတဲ့ မြင့်မြတ်တဲ့ မိသားစုက သမီးပျို တစ်ယောက်ဖြစ်တာကို သိနေတယ်။ ဒီလောက်အထိ နွမ်းလျနေတာကို ကြည့်ရင် သူ့စိတ်ထဲမှာ ချန်ကျန်းအပေါ် သိပ်ကိုတန်ဖိုးထားနေတာ ထင်ရှားနေတာပေါ့။
သူက သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ပြောလိုက်တယ်။ "ချန်ကျန်းက စိတ်ခံစားချက်ကို မြိုသိပ်တတ်တဲ့သူ တစ်ယောက်ပါ၊ ကျွန်မ သူ့ကို သိကျွမ်းလာကတည်းက သူက အမြဲတမ်း တိတ်ဆိတ်စွာပဲ နေတတ်ပေမဲ့၊ ညည်း အကူအညီ လိုတဲ့ အချိန်မှာတော့ သူက ညည်းရဲ့ ဘေးနားမှာ မုချ ရှိနေမယ့်သူမျိုးပါ၊ အခက်အခဲတွေ ပင်ပန်းတာတွေကို သူ ဘယ်တော့မှ ထုတ်မပြောတတ်ဘူး၊ သွားကျိုးရင်တောင် သွေးနဲ့အတူ မျိုချတတ်တဲ့သူမျိုးပေါ့"
စွီရှီက ကျောက်အာက ဒီလိုမျိုး နည်းလမ်းနဲ့ ပြောလာလိမ့်မယ်လို့ မထင်ထားတာကြောင့် ငိုနေတာကို ခဏရပ်ပြီး ကျောက်အာကို ကြည့်နေမိတယ်။
"နင် ချန်ကျန်းရဲ့ အတိတ်က အကြောင်းတွေကို သိချင်လား"
စွီရှီက ခဏလောက် ကြောင်သွားပြီးမှ ခေါင်းကို ငုံ့လိုက်ကာ စကားမပြောဘဲ နေခဲ့တယ်။ အတန်ကြာမှ ခေါင်းကို ညိတ်ပြလိုက်တယ်။
"ချန်ကျန်းနဲ့ ထင်းရှန်းတို့က ချင်းယွမ်စာသင်ကျောင်းဆိုတဲ့ နေရာမှာ စတင်သိကျွမ်းခဲ့ကြတာ၊ သူတို့ နှစ်ယောက်တည်းတင် မဟုတ်ဘူး၊ ပါ့သိုနဲ့ တာ့ထျန်တို့လည်း ပါတာပေါ့။ အဲဒါက သိပ်ကို သေးငယ်တဲ့ စာသင်ကျောင်းလေး တစ်ခုပါ၊ အဲဒီတုန်းက သူတို့ လေးယောက်လုံးက လယ်သမား မိသားစုကနေ လာကြသူတွေ ဖြစ်တယ်..."
ကျောက်အာက အကြောင်းအရာတွေအများကြီး ပြောပြခဲ့တယ်၊ တချို့က ရွှီထင်းရှန်းက သူမကို ပြောပြခဲ့တာ ဖြစ်ပြီး၊ တချို့ကတော့ သူမကိုယ်တိုင် သူတို့ လေးယောက် ဆက်ဆံပုံကို ကြည့်ပြီး သိခဲ့တာပါ၊ သူမက အချိန်အတော်ကြာတဲ့အထိ ပြောပြနေခဲ့တယ်။
"ချန်ကျန်းရဲ့ ငယ်ဘဝက တကယ်တော့ အရမ်းကို ခါးသီးလှပါတယ်။ ရွှီထင်းရှန်းတို့နဲ့ မတွေ့ခင် အချိန်မှာ ရှို့လန်က သူ့ဘဝရဲ့ အရေးကြီးဆုံး လူသား ဖြစ်ခဲ့တယ်။ နင့်အမြင်မှာတော့ မောင်နှမချင်း အိမ်ထောင်ကိုယ်စီ ကျသွားရင် အချင်းချင်း ကိစ္စတွေကို အရမ်း စွက်ဖက်ဖို့ မသင့်ဘူးလို့ ယူဆကောင်း ယူဆနိုင်ပေမဲ့ ချန်ကျန်းအတွက်တော့ အဲဒီလို မဟုတ်ဘူး၊ သူက ရှို့လန်ကို သူ့ရဲ့ တာဝန် တစ်ခုအဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့တာ"
252 02
"သူက ကျွန်မကို အပြစ်တင်နေတာပါ၊ ညီမလေးရဲ့အိမ်က ကိစ္စတွေကို သိနေပါလျက်နဲ့ သူ့ကို မပြောပြခဲ့ဘူး ဆိုပြီးတော့လေ။ တကယ်တော့ ကျွန်မလည်း တစ်စုံတစ်ရာကို မရေမရာ ခံစားမိရုံပဲ ရှိတာပါ၊ ရှီကျစ်ယို အပြင်မှာ အပျော်မယ်တွေနဲ့ ပျော်ပါးနေတဲ့ ကိစ္စကိုတော့ ကျွန်မ တကယ် မသိခဲ့ပါဘူး၊ ဒါပေမဲ့ ဒီလူက လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာကိုတော့ ကျွန်မ သိနေခဲ့တယ်..."
ဒါက စွီရှီအနေနဲ့ တခြားသူတစ်ယောက်ကို ပထမဆုံးအကြိမ် ရင်ဖွင့်တာ ဖြစ်ပါလိမ့်မယ်။ သူက ငယ်ငယ်ကတည်းက အမျိုးသမီး တစ်ယောက်အနေနဲ့ စိတ်ခံစားချက်တွေကို ထုတ်မပြရဘူးဆိုတဲ့ သွန်သင်မှုအောက်မှာ ကြီးပြင်းလာခဲ့ရသလို၊ မြင့်မြတ်တဲ့ မိသားစုက သမီးပျို တစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာကို ထိန်းရှိမ်းရမယ်ဆိုတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာခဲ့ရတယ်။ ဒါကြောင့် သူက အသိဝင်လာကတည်းက ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း၊ စိတ်ထဲမှာ မရယ်ချင်ရင်တောင် နှုတ်ခမ်းဖျားမှာ သင့်တင့်တဲ့ အပြုံးတစ်ခုကို ထားဖို့ သင်ယူခဲ့ရတာပါ။
အထူးသဖြင့် အမျိုးသမီး တစ်ယောက်အနေနဲ့၊ စက်ဆုပ်စရာ ကောင်းတဲ့ အမျိုးသားတစ်ယောက်ရဲ့ ယုတ်ညံ့တဲ့ အကြည့်နဲ့ ကြည့်တာကို ခံရတာက သိပ်ကို အရှက်ရစရာ ကောင်းသလို၊ ထုတ်ပြောဖို့လည်း ခက်လှပါတယ်။
ဒီလိုမျိုး စိတ်ခံစားချက်တွေကြောင့်ပဲ စွီရှီက ရှီအိမ်တော်ကို သွားဖို့ ဝါသနာမပါခဲ့တာ ဖြစ်ပြီး၊ အခြေအနေ မေးဖို့ ဆိုရင်လည်း များသောအားဖြင့် အစေခံတွေကိုပဲ လွှတ်လေ့ရှိတာကြောင့် အစေခံတွေကတော့ ဘာကိုမှ ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ပါဘူး။
ကျောက်အာက မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်တယ်။ "နင် ဒီကိစ္စကို ချန်ကျန်းကို မပြောပြခဲ့ဘူးလား"
စွီရှီက ခေါင်းကို ခါယမ်းပြပြီး ပြောတယ်။ "ဒီလိုမျိုး အထောက်အထား မခိုင်လုံတဲ့ ကိစ္စတွေကို ဘယ်လိုများ ထုတ်ပြောလို့ ရပါ့မလဲ။ အကယ်လို့ ကျွန်မက သခင်ကြီးကို ပြောပြလိုက်လို့၊ သခင်ကြီးက သွားမေးတဲ့အခါမှာ သူက ဝန်ခံမှာ မဟုတ်တဲ့အပြင် ကျွန်မကိုပဲ ပြန်ပြီး အပြစ်ဖို့နေပါဦးမယ်၊ အဲဒီအချိန်ကျရင် ကျွန်မရဲ့အခြေအနေက နေရခက်သွားရုံတင်မကဘဲ သခင်ကြီးရဲ့ အမုန်းကိုတောင် ရသွားနိုင်ပါတယ်"
ကျောက်အာက သက်ပြင်းတစ်ချက် ချလိုက်တယ်။ "အမှန်တော့ နင် ဒီကိစ္စကို ချန်ကျန်းကို ပြောပြသင့်ပါတယ်။ ချန်ကျန်းက အကျိုးအကြောင်း မသိတဲ့သူ တစ်ယောက် မဟုတ်ပါဘူး။ သေသေချာချာ ရှင်းပြလိုက်ရင်တော့ အထင်လွဲစရာတွေ ရှိလာမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်ခေါက်က ငါ နင်တို့ အိမ်ကို သွားတုန်းကလည်း၊ ဒီကိစ္စကို ချန်ကျန်းကို ပြောပြီးပြီလားလို့ ငါမေးခဲ့တာကို နင်က မပြောရသေးဘူးလို့ ဆိုတော့ ငါလည်း ကြားဝင်ပြီး ပြောဖို့ မသင့်တော့တာနဲ့ နေလိုက်ရတာ။ လင်မယား ဆိုတာ အတူတူ အိပ်နေကြတာပဲ၊ ဘာကိစ္စကိုမဆို ဖုံးကွယ်မထားသင့်ဘူးလေ"
"ကျွန်မ..."
အမှန်တော့ ပြောရရင် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက မောက်ပါ့သိုနဲ့ လီတာ့ထျန်တို့လို တစ်ဦးကိုတစ်ဦး သဘောကျပြီး လက်ထပ်ခဲ့ကြတာ မဟုတ်ပါဘူး။ မူလက စိမ်းသက်တဲ့ လူနှစ်ယောက်က ရုတ်တရက် အတူတူ ပေါင်းစည်းပေးတာ ခံလိုက်ရတာကြောင့် လင်မယား သံယောဇဉ် ဆိုတာကလည်း တစ်ဦးကိုတစ်ဦး ရိုသေလေးစားရုံလောက်ပဲ ရှိတော့တယ်။
ကိုယ်စီ စိတ်အစွဲအလမ်းတွေ၊ ကိုယ်စီ စိုးရိမ်ပူပန်မှုတွေ ရှိနေကြတာမို့၊ အပြင်ပန်းမှာပဲ အဆင်ပြေနေပြီး အတွင်းထဲမှာတော့ စိတ်ချင်း မတူဘဲ ရှိနေကြတာ။ ဘာမှမဖြစ်ရင် ကိစ္စမရှိပေမဲ့၊ တစ်စုံတစ်ရာ ပြဿနာ ပေါ်လာတာနဲ့တင် အထင်လွဲတာတွေက အလွယ်တကူ ဖြစ်လာနိုင်တာပေါ့။
ဒါကြောင့်ပဲ ကျောက်အာက သူမနဲ့ ရွှီထင်းရှန်းတို့ရဲ့ ပေါင်းစည်းမှုကိုလည်း ရုတ်တရက် သတိရသွားခဲ့တယ်။
အကယ်လို့ မောက်ပါ့သိုနဲ့ လီတာ့ထျန်တို့က တစ်ဦးကိုတစ်ဦး ချစ်ခင်စုံမက်လို့ လက်ထပ်ခဲ့ကြတယ်ဆိုရင် သူမနဲ့ ထင်းရှန်းကော.. ကျောက်အာက ဒီကိစ္စကို တစ်ခါမှ သေသေချာချာ မစဉ်းစားခဲ့ဖူးတာကို ရုတ်တရက် သိလိုက်ရတယ်။
စွီရှီက မကြာခင်မှာပဲ ပြန်သွားခဲ့တယ်။
ကျောက်အာက သူမကို ပြောပြလိုက်တဲ့ စကားတွေက အသုံးဝင်ပါ့မလား မသိပေမဲ့၊ အသုံးဝင်ဖို့ပဲ မျှော်လင့်နေမိတယ်။ သူမကလည်း ဒီရုတ်တရက် ပေါ်လာတဲ့ အတွေးကြောင့် တစ်နေ့လုံး စိတ်ရှုပ်နေခဲ့ရတယ်။
252 03
တစ်နေ့လုံး ပြန်စဉ်းစားကြည့်ပြီးနောက်မှာတော့ သူမက ထင်းရှန်းကို အမှန်တကယ် ချစ်မြတ်နိုးကြောင်း သိလိုက်ရတယ်။ ဒါပေမဲ့ ထင်းရှန်းက သူမအပေါ်မှာကော ဘယ်လို ရှိပါ့မလဲ။ အဲဒါက မိဘတွေရဲ့ သတ်မှတ်ချက်ကြောင့်လား၊ ဒါမှမဟုတ် အကျင့်တစ်ခု ဖြစ်သွားလို့လား၊ ဒါမှမဟုတ်ရင်လည်း တခြား အကြောင်းပြချက် တစ်ခုခု ရှိနေလို့လား။
မိုးချုပ်တော့မှ ရွှီထင်းရှန်းက အပြင်ကနေ ပြန်ရောက်လာတယ်။
ညစာ စားနေတုန်း ကျောက်အာက တစ်စုံတစ်ရာကို စဉ်းစားနေပုံရတယ်။
ရွှီထင်းရှန်းက မြင်နေပေမဲ့ အသေးစိတ် မမေးသေးဘဲ ညစာ စားပြီးလို့ ကလေးတွေကို ပို့ပြီးနောက် နှစ်ယောက်သား အနားယူဖို့ ပြင်နေချိန်မှသာ ဒီနေ့ တစ်စုံတစ်ရာ ဖြစ်ခဲ့သလားလို့ မသိမသာ မေးလိုက်တယ်။
ကျောက်အာကလည်း မဖုံးကွယ်တော့ဘဲ စွီရှီ ဒီနေ့ လာပြောသွားတဲ့ အကြောင်းအရာတွေကို အစအဆုံး ပြောပြလိုက်တယ်။
"ငါ စဉ်းစားနေမိတာက ငါ စွီရှီ အပေါ်မှာ အရမ်းများ လွန်သွားသလားလို့ပါ။ အမှန်တော့ ဒီကိစ္စမှာ သူမက ဘာမှ မမှားပါဘူး၊ ဒါပေမဲ့ ငါကပဲ သူ့ကို ချန်ကျန်းကို နားလည်ပေးဖို့နဲ့၊ ကိုယ်တိုင် ရှေ့ထွက်ပြီးတော့ အထင်လွဲတာတွေကို ရှင်းပြခိုင်းမိသလို ဖြစ်နေလို့ပါ"
သူမ စိတ်ပူနေတာကို မြင်တော့ ရွှီထင်းရှန်းက ရယ်လိုက်တယ်။ ရယ်လေလေ ပျော်လေလေ ဖြစ်နေပုံရတယ်။
"နင်က ဘာကို ရယ်နေတာလဲ" ကျောက်အာက နည်းနည်း စိတ်တိုပြီး မေးလိုက်တယ်။
ရွှီထင်းရှန်းက အဲဒီတော့မှ ပြောလိုက်တယ်”ဒါက အမှန်အမှားနဲ့ မဆိုင်ပါဘူး၊ စဉ်းစားတဲ့ ဘက်ချင်း မတူလို့ပါ။ မင်းကို ငါ ရိုးရိုးလေး ဥပမာတစ်ခု ပေးမယ်၊ အကယ်လို့ ပါ့သိုနဲ့ တာ့ထျန်တို့က သူတို့ မိန်းမတွေနဲ့ စကားများကြမယ်ဆိုရင်၊ ငါကတော့ သူတို့နှစ်ယောက်ဘက်ကပဲ ရပ်တည်မှာပဲ။ မင်းကော ဘယ်သူ့ဘက်ကနေ မလဲ”
ကျောက်အာက မသိစိတ်ကနေ ဖြေလိုက်တယ်။ "ငါကတော့ ထောက်အာနဲ့ ယန့်ရန်တို့ဘက်ကပေါ့"
"အဲဒါဆိုရင် ရပြီပေါ့၊ လူဆိုတာ ရင်းနှီးမှု အနိမ့်အမြင့် ရှိကြတာပဲ။ အကယ်လို့ ဒီနေ့ ထောက်အာသာ မင်းဆီလာပြီး တိုင်မယ်ဆိုရင်တော့ မင်းက အခုလိုမျိုး ပြောမှာ မဟုတ်ဘဲ တာ့ထျန်ဆီ ချက်ချင်း သွားပြီးတော့ အပြစ်ရှာနေမှာပေါ့"
ကျောက်အာက သက်ပြင်းတစ်ချက် ချလိုက်တယ်။ "ဒါလည်း ဟုတ်တာပဲ။ ချန်ကျန်းနဲ့ စွီရှီတို့ အဆင်ပြေသွားဖို့ပဲ မျှော်လင့်ရတာပေါ့၊ မဟုတ်ရင်တော့..."
ဒီ 'မဟုတ်ရင်တော့' ဆိုတဲ့ နောက်ပိုင်းကို ကျောက်အာ မပြောခဲ့ပေမယ့်၊ ရွှီထင်းရှန်းကတော့ ဘာကိုဆိုလိုသလဲဆိုတာ သိနေပါတယ်။
အဲဒီတုန်းက ဒမ်ဝမ်ဗုံကိစ္စ ဖြစ်ပြီးနောက်မှာ ချန်ကျန်းက စွီအမတ်ချုပ်ကြီးနဲ့ ဘယ်လို ရင်းနှီးသွားလဲ မသိဘဲ ရွှီထင်းရှန်း မြို့တော်က ထွက်သွားပြီး မကြာခင်မှာပဲ ချန်ကျန်းက စွီရှီနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။
အမှန်တော့ တခြားသူတွေ မသိနိုင်ပေမဲ့ ရွှီထင်းရှန်းကတော့ ချန်ကျန်း ဘာလို့ စွီရှီကို လက်ထပ်ခဲ့လဲဆိုတာ သိပါတယ်။ အဲဒါက သူနဲ့လည်း တစ်စုံတစ်ရာ ပတ်သက်နေခဲ့တယ်။
အမျိုးသားတိုင်းမှာ ရည်မှန်းချက် ရှိကြတာကို ရွှီထင်းရှန်း အစောကတည်းက သိထားတဲ့ အချက်ဖြစ်တယ်။ ဒါပေမဲ့ အိပ်မက်ထဲက ဘဝတစ်ခုနဲ့ လက်ရှိ ဘဝတစ်ခုကို ဖြတ်သန်းပြီးနောက်မှာတော့ ရွှီထင်းရှန်း ခံစားလိုက်ရတာက ကျောက်အာ မိမိဘေးနားမှာ ရှိနေတာကပဲ အရေးကြီးဆုံး အချက်ဖြစ်တယ် ဆိုတာပါပဲ။
"အရင်ကတော့ နားမလည်ခဲ့ဘူး၊ အခု ပြန်ကြည့်တော့ ပါ့သိုနဲ့ ယန့်ရန်၊ ပြီးတော့ တာ့ထျန်နဲ့ ထောက်အာတို့က တကယ်ကို ကံကောင်းကြတာပဲ။ ချစ်သူချင်း ပေါင်းဖက်ရတယ်ဆိုတာ၊ ဒီလောကမှာ အပျော်ဆုံး ကိစ္စပဲ ဖြစ်မှာပါ"
252 04
အဲဒီစကားကို ကြားတော့ ရွှီထင်းရှန်းက ခဏလောက် ကြောင်သွားပြီး၊ ခုတင်ပေါ်မှာ လဲလျောင်းရင်း တစ်စုံတစ်ရာကို စဉ်းစားကာ သက်ပြင်းချနေတဲ့ ကျောက်အာကို စိုက်ကြည့်လိုက်တယ်။
"မင်းက အရမ်းကို အားကျနေတာလား"
ကျောက်အာက ရိုးရိုးသားသားပဲ ခေါင်းညိတ်ပြတယ်။ "ဒါပေါ့၊ နင် ပါ့သိုတို့ကို ကြည့်ဦး၊ ပြီးတော့ ချန်ကျန်းတို့ကိုလည်း ကြည့်ဦး"
"ဒီလို ပြောတော့ မင်းက မပျော်ဘူးလို့ ဆိုလိုတာလား”
မျက်စိရှေ့ကို ရုတ်တရက် ရောက်လာတဲ့ မျက်နှာကို မြင်တော့ ကျောက်အာက မျက်တောင်ခတ်ရင်း ပြောလိုက်တယ်။ "အဲဒီလိုလည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ နင် ကြည့်ဦးလေ၊ ပါ့သိုက ယန့်ရန်ကို လက်ထပ်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ရတာ၊ အခုလည်း သူတို့ နှစ်ယောက် ဘယ်လောက်တောင် ချစ်ကြသလဲ၊ ငါတို့ လက်ထပ်တုန်းကတော့ မိဘတွေရဲ့ စကားကြောင့်ပဲ မဟုတ်လား”
ရွှီထင်းရှန်းရဲ့ မျက်လုံးတွေက ကျုံ့ဝင်သွားခဲ့တယ်။
ကျောက်အာက အကြောင်းပြချက်မရှိဘဲ စိတ်ထဲမှာ လုံခြုံမှု မရှိသလို ခံစားရတာကြောင့် ပြောလိုက်တယ်။ "မဟုတ်လို့လား၊ နင် အဘိုးကို ငါတို့ အိမ်ထောင်ရေးအကြောင်း ပြောတုန်းကလည်း မိဘတွေရဲ့ စကားကြောင့်လို့ပဲ ပြောခဲ့တာပဲ။ ပြီးတော့ နင်က ငါ့ကို ချစ်တယ်လို့လည်း တစ်ခါမှ မပြောခဲ့ဖူးဘူးလေ"
"ဝမ်ကျောက်အာ"
"ဘာလဲ။ နင်က ဘာလို့ အော်နေတာလဲ၊ မျက်လုံးပြူးပြရုံနဲ့ နင့်မှာ အမှန်တရား ရှိသွားတာ မဟုတ်ဘူး၊ နင် တကယ် မပြောခဲ့ဖူးတာပဲကို" ပြောရင်း အဆုံးသတ်မှာတော့ သူမရဲ့အသံက တဖြည်းဖြည်း တိုးဝင်သွားတော့တယ်။
"ငါ မင်းကို အရင်က ပေးခဲ့တဲ့ အဲဒီ ရေဘဲဆံထိုးရော၊ ပြီးတော့..."
"ပြီးတော့ ဘာရှိသေးလို့လဲ”
ရွှီထင်းရှန်းက နည်းနည်း စိတ်ပျက်သွားသလို၊ ဒေါသလည်း ထွက်လာခဲ့တယ်။ "ငါ မင်းအတွက် ဒီလောက်အထိ လုပ်ပေးခဲ့တာတွေကို..."
"နင် ဘာတွေ လုပ်ပေးခဲ့လို့လဲ၊ ငါ ဘာလို့ မသိရတာလဲ"
ရွှီထင်းရှန်းက ကျောက်အာရဲ့ ရှေ့မှာ လုံးဝ ရှုံးနိမ့်သွားခဲ့ရပြီး ဒေါသတကြီးနဲ့ ပြောလိုက်တယ်။ "မင်းက မျက်စိကန်းရုံတင် မကဘူး။ နှလုံးသားပါ ကန်းနေတာပဲ"
သူက ဆက်ပြီး ဆဲချင်ပေမဲ့ ဒီမျက်နှာလေးကို ကြည့်ရင်း မရက်စက်နိုင်တာကြောင့် သက်ပြင်းတစ်ချက် ချလိုက်ရတယ်။ "အရင်က ကိစ္စတွေကို ထားလိုက်တော့ ငါ အခု မင်းကို ပြောပြမယ်၊ ဝမ်ကျောက်အာ၊ ငါ ရွှီထင်းရှန်းက မင်းကို တကယ်ပဲ ချစ်မြတ်နိုးတာပါ၊ ဒီဘဝမှာ မင်းကလွဲရင် တခြားသူကို လက်ထပ်မှာ မဟုတ်ဘူး၊ ဘယ်လိုမျိုး သူဌေးသမီးမျိုးပဲ လာလာ ငါ မလိုချင်ဘူး။ မင်းကိုပဲ လိုချင်တာ။ ငါ့နှလုံးသားထဲမှာ မင်းတစ်ယောက်တည်းနဲ့ပဲ ပြည့်နေတာ၊ မင်းကလွဲရင် တခြားဘယ်သူ့ကိုမှ ထည့်လို့ မရတော့ဘူး... မင်းလို လူကဲခတ်ညံ့တဲ့သူ၊ အခုတော့ ကျေနပ်ပြီလား"
ကျောက်အာက သူ့ရဲ့စိတ်ပျက်နေတဲ့ ပုံစံကို မြင်တော့ ရယ်လိုက်တယ်။ သူမ စိတ်လက်ပေါ့ပါးစွာနဲ့ ရယ်နေတာ ဖြစ်တယ်။
"မရဘူး၊ မရဘူး၊ နင်က စာတတ်ပေတတ် တစ်ယောက်ပဲကို၊ ပြောတာက တစ်စက်မှ မလှပဘူး။ ငါ မှတ်မိသေးတယ်၊ ပါ့သိုက ယန့်ရန်ကို ချော့တုန်းက အချစ်ကဗျာတွေ အများကြီး ရေးပေးခဲ့တာ၊ နင်ကျတော့ ငါ့ကို တစ်ပုဒ်တောင် မရေးပေးဘူး"
ရွှီထင်းရှန်းက ခုတင်ပေါ် လဲချလိုက်ပြီး စိတ်မပါတဲ့ ပုံစံနဲ့ ဆိုတယ်။ "ငါက စာပဲ ဖတ်တတ်တာ၊ ကဗျာ မရေးတတ်ဘူး"
"ဒါဆိုရင်လည်း တခြား စကားလုံး ပြောင်းပြောလေ"
252 05
"မပြောင်းဘူး"
ဒါက စိတ်ကောက်သွားတာပါပဲ။ သူက တစ်ဖက်ကို လှည့်သွားပြီး ကျောက်အာကို ကျောခိုင်းထားလိုက်တယ်။
"နင် တကယ်ပဲ မပြောင်းဘူးလား”
ကျောက်အာက သူ့ရဲ့နောက်ကျောကို လှမ်းတို့လိုက်တယ်။ သူ့ခါးကို ယားအောင် စလိုက်တော့၏ သူက တွန့်လိမ်နေပေမဲ့ လှည့်မကြည့်ဘဲ နေခဲ့တယ်။
"မပြောင်းဘူး!"
ကျောက်အာက သူ့နားနားကို တိုးကပ်သွားပြီး လေနဲ့ မှုတ်လိုက်တော့ သူ့နားရွက်က လှုပ်သွားပေမဲ့ သူ့ကို ဂရုမစိုက်ဘဲ နေမြဲပါပဲ။
"နင် မပြောင်းရင်၊ ငါ ပြောင်းပြောမယ်"
သူမကို ဂရုမစိုက်သေးဘူး။
"သေအတူ ရှင်မတူ၊ နင်နဲ့ ငါနဲ့ ကတိပြုတယ်၊ နင့်ရဲ့ လက်ကို ငါဆွဲမယ်၊ နင်နဲ့အတူ အိုမင်းသွားမယ်"
ဒီစကားကို ကြားလိုက်ရတဲ့အခါ ရွှီထင်းရှန်းရဲ့ နားရွက်တွေက ချက်ချင်းပဲ နီသွားတာကို ကျောက်အာ မြင်လိုက်ရတယ်။
ရွှီထင်းရှန်းက ဆယ်ရက်မှာ တစ်ရက် အနားယူခွင့် ရလေ့ရှိတယ်။ အနားယူရက် ရောက်တိုင်း တစ်မိသားစုလုံး အတူတူ နံနက်စာ စားကြတယ်။
စားနေတုန်းမှာ နင်နင်က အဖေနဲ့ အမေကို အမြဲ စောင့်ကြည့်နေခဲ့တယ်။
ဒါပေမဲ့ သူမ ဘယ်လိုပဲ ကြည့်ကြည့် ဘာမှ ရှာမတွေ့ခဲ့ပါဘူး။
အိမ်ရှေ့ဝင်းထဲက ထွက်လာတဲ့အခါ နင်နင်က အစ်ကိုကြီးရဲ့ လက်ကို ဆွဲပြီး အတင်းအကျပ် မေးနေတော့တယ်။
ဒီမေးခွန်းကို ရွှီယောင်ဟုန်က ဘယ်လို ဖြေရမလဲ။ အမေ ဒီနေ့ ဘာလို့ တစ်မျိုးကြီး ဖြစ်နေလဲ၊ အဖေကော ဘာလို့ တစ်မျိုး ဖြစ်နေလဲ ဆိုတာကို သူလည်း မသိနိုင်ပါဘူး။
အမှန်တော့ ရွှီယောင်ဟုန်အမြင်မှာ ဒါက ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။
သူက ငယ်ငယ်ကတည်းက မြင်လာရတာဖြစ်လို့၊ ငယ်စဉ်က နားမလည်ခဲ့ပေမဲ့ ကြီးလာတဲ့အခါမှာတော့ ဒါက ဖေဖေနဲ့ မေမေတို့ အချင်းချင်း ချစ်နေကြတာဖြစ်ကြောင်း သူ သိလိုက်ရတယ်။
အခု ရွှီယောင်ဟုန်က နန်းတွင်းစာသင်ကျောင်းမှာ ပညာသင်နေပြီး၊ အရာရှိကြီးတွေရဲ့သားသမီးတွေနဲ့လည်း သိနေပြီမို့၊ ဘယ်အိမ်မှာမှ မယားငယ်တွေ၊ သားသမီးတွေ အများကြီး မရှိဘဲ နေမလဲ။ သူတို့အိမ်နဲ့ အဒေါ်တို့ အိမ်ပဲ အေးချမ်းနေတာပါ။
ဒါပေမဲ့ ဒီစကားကို ညီမလေးကို ပြောပြဖို့ မဖြစ်နိုင်တာကြောင့် သူက ညီမလေးကို ပြောလိုက်တော့တယ်။ "နင်နင် မျက်စိမှားတာ ဖြစ်မှာပါ၊ အစ်ကိုကြီးကတော့ အဖေနဲ့ အမေ ဘာမှ ထူးခြားတာ မတွေ့ပါဘူး"
ဒီလိုနဲ့ နင်နင်က အစ်ကိုကြီးဆီက အဖြေမရတာနဲ့ ရွှီယောင်ထိုက်ဆီ အကူအညီ သွားတောင်းပြန်တယ်။
ပုံမှန်ဆို သူမက သူမကိုယ်သူမ ဒုက္ခအစ်ကိုထက် ငယ်တယ်လို့ လုံးဝ မယူဆဘဲ၊ ဒုတိယအစ်ကိုကို သူမမောင်လေးအဖြစ် နေဖို့တောင် အကြံပေးခဲ့ဖူးတယ်။ အကြောင်းပြချက်က တခြားအိမ်တွေမှာ မောင်လေးတွေ ရှိပေမယ့် သူမမှာ မရှိလို့တဲ့။ ဒါပေမဲ့ ယောင်ထိုက်က သူမကို ဂရုမစိုက်တာကြောင့် သူမအကြံက မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ သူမက ပုံမှန်ဆို ယောင်ထိုက်ကို "အစ်ကို" လို့ ခေါ်တာ ရှားပြီး၊ တစ်ခုခု အရေးကြုံမှပဲ ခေါ်လေ့ရှိတယ်။
252 06
ဥပမာ အခုလို အချိန်မျိုးပေါ့။
"အစ်ကိုလတ်၊ အစ်ကိုလတ်ကော အစ်ကိုကြီး ပြောသလိုပဲ ညီမ မျက်စိမှားတယ်လို့ ထင်နေတာလား။ ဖေဖေနဲ့ မေမေတို့ တစ်မျိုးကြီး ဖြစ်နေတာကို အစ်ကိုလတ် တကယ်ပဲ မခံစားမိဘူးလား"
ဒီလိုမျိုး အရေးကြုံမှ လာချော့နေတဲ့ အပြုအမူကိုတော့ ယောင်ထိုက်က အမြဲတမ်း တည်ငြိမ်စွာနဲ့ပဲ မိမိ အရာရာကို သိနေပါတယ်ဆိုတဲ့ အမူအရာနဲ့ပဲ တုံ့ပြန်လေ့ရှိတယ်။
ဒီအမူအရာကြောင့် နင်နင်က ဒေါသထွက်သွားပြီး၊ အစ်ကိုနှစ်ယောက်လုံးကို စွန့်လွှတ်ကာ ဝမ်းကွဲအစ်ကိုဆီ အကူအညီ သွားတောင်းဖို့ ဆုံးဖြတ်လိုက်တော့တယ်။
နင်နင်က ဒေါသတကြီးနဲ့ ပြေးထွက်သွားတော့မှ ရွှီယောင်ဟုန်က အရွယ်ငယ်ပေမဲ့ တည်ငြိမ်လှတဲ့ညီကို ကြည့်ပြီး ဆိုလိုက်တယ်။ "အစ်ကိုကြီး သိပါတယ်၊ မင်းလည်း သူ့ကို ချစ်တာပဲကို၊ ဘာဖြစ်လို့ အမြဲတမ်း တမင်တကာ ဒေါသထွက်အောင် လုပ်နေရတာလဲ"
"အစ်ကိုကြီး၊ ကျွန်တော်က သူ့ကို ချစ်နေတယ်လို့ ဘယ်နေရာမှာ မြင်လို့လဲ" ယောင်ထိုက်က အစ်ကိုကြီးကို တစ်ချက် ကြည့်လိုက်ပြီး ပြောကာ အေးဆေးပဲ ထွက်သွားပါတော့တယ်။
ရွှီယောင်ဟုန်က သူ့နှာခေါင်းကို ပွတ်ရင်း ကျန်ခဲ့ပြီး၊ ဒီကိစ္စကို ဆက်စဉ်းစားမနေတော့ဖို့ ဆုံးဖြတ်လိုက်တယ်။
အဆောင်မကြီးထဲမှာတော့ ရွှီထင်းရှန်းက မကျေမနပ်ဖြစ်နေတဲ့ မျက်နှာနဲ့ ပြောနေတယ်။ "မင်း ငါ့ကို ရှင်းပြဖို့ ကြွေးတင်နေတယ်"
မှန်တင်ခုံရှေ့မှာတော့ ကျောက်အာက ချွင်းလန်တို့ကို လွှတ်လိုက်ပြီး၊ သူမဘာသာ ဆံပင်တွေကို ပြင်ရင်း အလုပ်ရှုပ်နေခဲ့တယ်။
"ငါက နင့်ကို ဘာရှင်းပြရမှာလဲ" သူမက ပြန်မေးလိုက်တယ်။
ဆံပင်ပြင်ပြီးတော့ သူမက အဝတ်အစား လဲဖို့ သွားခဲ့ပြီး မကြာခင်မှာပဲ ပန်းထိုးထားတဲ့ ဝတ်စုံသစ်နဲ့ ပြန်ထွက်လာကာ မှန်တင်ခုံရှေ့မှာ ပြန်ထိုင်ပြီး မျက်ခုံးဆွဲနေတော့တယ်။
"ဟို မနေ့ညက ကိစ္စလေ..."
"မနေ့ညက ဘာဖြစ်ခဲ့လို့လဲ၊ ငါ အကုန် မေ့သွားပြီ။ ဒါမှမဟုတ် နင်ကပဲ ငါ့ကို သတိရအောင် လုပ်ပေးမလား”
"မင်းးး" ရွှီထင်းရှန်းက ဒေါသထွက်ပြီး "ဝမ်ကျောက်အာ မင်း ဒီလောက်အထိ လူလည်ကျနေတာကို၊ မင်းရဲ့ သမီး သိလား။၏"
"နင်နင် မသိပါဘူး" ကျောက်အာက ပြန်ဖြေလိုက်တယ်။ သူက တစ်ဖက်ကို လှည့်ပြီး လက်ထဲက ဆံထိုးတစ်ချောင်းကို ကိုင်ရင်း မေးလိုက်တယ်။ "ကြည့်စမ်း၊ ဒီဆံထိုးလေးက လိုက်ဖက်ရဲ့လား"
"မဆိုးပါဘူး" ရွှီထင်းရှန်းက တစ်ချက်ကြည့်လိုက်ပြီး ဆိုကာ ဆက်ပြီး ပြောလိုက်တယ်။ "ဒါဆိုရင် မနေ့ညက ပြောတဲ့ စကားကို နောက်တစ်ခါ ထပ်ပြောပြ၊ အဲဒါဆိုရင် ငါ မင်းကို ခွင့်လွှတ်ပေးမယ်"
ကျောက်အာက ထရပ်ပြီး မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကာ ကျေနပ်နေပြီးမှ သူ့ရှေ့ကို လျှောက်လာပြီး ဆိုလိုက်တယ်။ "နင်က ငါ့ကို ဘာခွင့်လွှတ်ပေးမှာလဲ။ ငါ ဘာမှ မမှားဘဲနဲ့… နောက်ပြီး မနေ့ညက စကားဆိုတာကလည်း ငါ စကားတွေ အများကြီး ပြောခဲ့တာပဲ၊ ဘယ်စကားကို ပြောတာလဲဆိုတာ ငါ ဘယ်လို မှတ်မိပါ့မလဲ။ ဒါနဲ့ နင် ဒီနေ့ ချန်ကျန်းဆီ သွားမယ်ဆို နင် ပြင်ဆင်ပြီးပြီ၊ သွားကြစို့" လို့
ရွှီထင်းရှန်းက ဒေါသထွက်လွန်းလို့ နှာခေါင်းတောင် တွန့်သွားခဲ့ရတယ်။ သူက ကျောက်အာကို ဆွဲကိုင်ပြီး သူမစကတ်ပေါ်မှာ အတင်းအကျပ် ဆုတ်ချေပစ်လိုက်တော့ ကျောက်အာက အဝတ်အစားတွေ ကြေကုန်ပါပြီလို့ ဆူမှပဲ သူက လွှတ်ပေးလိုက်ပြီး "သွားကြစို့" လို့ ဆိုကာ ထွက်ခဲ့ကြတယ်။
252 07
နှစ်ယောက်သားက မြင်းရထားနဲ့ ချန်အိမ်တော်ကို သွားခဲ့ကြတယ်။ အတန်ကြာ စောင့်ပြီးမှ ချန်ကျန်းက စွီရှီကို ခေါ်ပြီး ထွက်လာခဲ့တယ်။
ကျောက်အာက အဝေးကနေ လှမ်းကြည့်လိုက်တော့ စွီရှီရဲ့ မျက်နှာမှာ ရှက်သွေးဖြာနေတာ မြင်ရတာကြောင့် လင်မယား နှစ်ယောက်ကြားက ဆက်ဆံရေးက ကောင်းတဲ့ ဘက်ကို ဦးတည်သွားပြီလို့ ခန့်မှန်းလိုက်မိတယ်။ ရင်ထဲမှာ ဝမ်းသာသလို၊ စိတ်လည်း အေးသွားခဲ့ရတယ်။
ကြည့်ရတာ ဒီစွီရှီကလည်း မိုက်မဲသူ မဟုတ်ဘဲ၊ အစောပိုင်းမှာ အနေအေးလွန်းလို့ လင်မယားကြား ဆက်ဆံရေးကို နားမလည်ခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။ အခုတော့ သူမ အသိဝင်လာပြီမို့၊ နည်းနည်း ကြိုးစားလိုက်တာနဲ့ နှစ်ယောက်သား ချစ်သွားဖို့က မခက်ပါဘူး။
တစ်ဖက်မှာတော့ ရွှီထင်းရှန်းက ချန်ကျန်းကို စူးစိုက်ကြည့်နေတာကြောင့် ချန်ကျန်းရဲ့မျက်ခုံးတန်းကြားမှာ နေရခက်တဲ့ အရိပ်အယောင်တွေ ပေါ်နေခဲ့တယ်။
ဒီလို နေရခက်နေတဲ့ အမူအရာက ရွှီထင်းရှန်းရဲ့မျက်လုံးထဲမှာ အလွန်ပဲ စူးရှနေခဲ့တယ်။ သူက ဓားလို စူးရှတဲ့ အကြည့်တွေနဲ့ ချန်ကျန်းရဲ့ ကိုယ်ပေါ်ကို ဆက်တိုက် ထိုးစိုက်နေမိတော့တယ်။
ချန်ကျန်းက လည်ချောင်းကို တစ်ချက် ရှင်းပြီး နေရခက်စွာနဲ့ မေးလိုက်တယ်။ "ထင်းရှန်း မင်းက ဘာဖြစ်လို့ အဲဒီလို ကြည့်နေတာလဲ"
ဒီအသံကြောင့် အမျိုးသမီး နှစ်ယောက်လုံးလည်း လှမ်းကြည့်လာတာကြောင့်၊ ရွှီထင်းရှန်းက နည်းနည်း ရှက်ဒေါသထွက်သွားပြီး အော်လိုက်တယ်။ "ရှို့လန်ရဲ့ ကိစ္စကို မင်း တကယ်ပဲ ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ။ ဒီအတိုင်းပဲ လွှတ်ထားပြီးတော့ ဟိုခွေးကောင်ရဲ့ နှိပ်စက်တာကို ခံခိုင်းထားတော့မှာလား"
ချန်ကျန်းရဲ့ မျက်နှာက တောင့်တင်းသွားပြီး နာကျင်စွာနဲ့ ပြောလိုက်တယ်။ "ငါက သူ့ကို ခေါ်ထုတ်ချင်တာပေါ့၊ ဒါပေမဲ့ သူကမှ မလိုက်ချင်တာ"
"သူမက မလိုက်ချင်ဘူးဆိုတာနဲ့ပဲ မင်းက ပစ်ထားတော့မှာလား။ မင်းက အစ်ကိုတစ်ယောက်အနေနဲ့ တကယ်ကို..."
"ထင်းရှန်း" ချန်ကျန်းက နာကျင်စွာနဲ့ အော်လိုက်တော့တယ်။
ကျောက်အာက ချက်ချင်း ကြားဖြတ်ပြောလိုက်တယ်။ "နင်က ဒီနေ့ ဘာဖြစ်လို့ ဒီလောက်တောင် ဒေါသကြီးနေရတာလဲ။ ဒီကိစ္စကိုတော့ မဖြစ်မနေ ဖြေရှင်းရမှာပါ၊ ဟိုရှီကျစ်ယိုကို ကိုင်တွယ်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်၊ ချန်ကျန်း ဘယ်လို ရလဒ်မျိုး လိုချင်သလဲ ဆိုတာအပေါ်မှာပဲ မူတည်တာပါ။ အစုရှယ်ယာတွေကို ငါ ပေးခဲ့တာမို့၊ ငါ ပြန်သိမ်းချင်တဲ့ အချိန်မှာ အချိန်မရွေး ပြန်သိမ်းလို့ ရပါတယ်။ ပန်းဆိုင်ဘက်မှာလည်း ရှို့လန်က အခုနောက်ပိုင်း အလှစိုက်ပင်တွေပဲ လုပ်နေတာဆိုတော့ လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ စီးပွားရေးအပေါ်မှာ ထူးခြားမှု မရှိပါဘူး။ ရှီကျစ်ယိုနဲ့ ပတ်သက်ရင်တော့ ငါ နင်တို့ကို ပြောဖို့ မေ့နေတဲ့ ကိစ္စတစ်ခု ရှိတယ်။ သူ့ရဲ့ အစေခံစာချုပ်က အခုထိ ငါ့ရဲ့ လက်ထဲမှာပဲ ရှိနေသေးတယ်"
ဒီစကားကို ကြားတဲ့အခါ အားလုံးက အံ့အားသင့်ပြီး လှမ်းကြည့်လာကြတယ်။
ကျောက်အာက နည်းနည်း ရှက်ကိုးရှက်ကန်းနဲ့ ရှင်းပြလိုက်တယ်။ "အဲဒီတုန်းက ငါနဲ့ ထင်းရှန်း တျန့်ဟိုင်မှာ ရှိနေတုန်း ရှီကျစ်ယိုက ရှို့လန်နဲ့ လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းကို ရလိုက်တာပါ။ ငါလည်း အဲဒီစာချုပ်ကို ဖျက်ဆီးပစ်ဖို့ စိတ်ကူးထားပေမယ့်၊ အဲဒီတုန်းက အလုပ်သမားတွေရဲ့ စာချုပ်အားလုံးက စာရွက်တစ်ရွက်တည်းပေါ်မှာ ရှိနေသလို စွန့်ထျန်းဖူးမှာလည်း နာမည်သွားဖြုတ်ရဦးမှာလေ။ ကြားထဲမှာ ငါတို့က မြို့တော်ကို ပြန်မလာဖြစ်ခဲ့တာကြောင့် ဒီကိစ္စက အခုထိ ကြန့်ကြာနေခဲ့တာပါ"
******