← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

253 01

အခန်း (၂၅၃)

ဒါဆိုရင် ရှီကျစ်ယိုက ကျွန်အဆင့်အတန်းမှာ ရှိနေတုန်းပဲပေါ့။

လူနည်းနည်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးမှာတော့ အားလုံးရဲ့ အကြည့်က ကျောက်အာရဲ့ မျက်နှာပေါ် ရောက်သွားကြတယ်။

"အမှန်တော့ ရှို့လန်က စိတ်မပြတ်နိုင်မှာကို မစိုးရိမ်ပါဘူး၊ ချန်ကျန်းကပဲ မပြတ်သားနိုင်မှာကို စိုးရိမ်တာပါ။ ပြင်းထန်တဲ့ ရောဂါကိုတော့ ပြင်းထန်တဲ့ ဆေးနဲ့ပဲ ကုရပါလိမ့်မယ်၊ ငါ့အမြင်မှာတော့ ရှို့လန်ရဲ့ တခြား ပြဿနာတွေက ပြဿနာ မဟုတ်ပါဘူး၊ သူမရဲ့ပြဿနာ အစစ်အမှန်က ဒီမှာ ရှိနေတာပါ"

အဲဒီလို ပြောရင်း ကျောက်အာက သူမရဲ့ရင်ဘတ်ကို လက်ညှိုးနဲ့ ထိုးပြလိုက်ပေမဲ့ အဲဒီလို လုပ်တာက မသင့်တော်ဘူးလို့ ထင်တာနဲ့၊ ရွှီထင်းရှန်းရဲ့ ရင်ဘတ်ဆီ ပြောင်းပြီး ညွှန်ပြလိုက်တယ်။

ဒီလုပ်ရပ်ကြောင့် စွီရှီက အံ့အားသင့်ပြီး ငေးကြည့်နေမိတော့တယ်။

ရွှီထင်းရှန်းရဲ့ မျက်နှာမှာ အားမလိုအားမရ ဖြစ်နေပေမဲ့ မျက်ဝန်းထဲမှာတော့ ချစ်မြတ်နိုးတဲ့ အရိပ်အယောင်တွေ ကိန်းအောင်းနေတာကို မြင်လိုက်ရတဲ့အခါ သူက တစ်စုံတစ်ရာကို သိသွားသလိုမျိုး ချန်ကျန်းကို ခိုးကြည့်လိုက်တယ်။

အဲဒီအချိန်မှာ ချန်ကျန်းကလည်း လှမ်းကြည့်လိုက်တာကြောင့် နှစ်ယောက်သား အကြည့်ချင်း ဆုံသွားပြီးမှ ချက်ချင်းပဲ ပြန်လွှဲဖယ်လိုက်ကြတယ်။

"သူက အပြင်လောကကြီးကို ကြည့်ဖို့အတွက် ရှေ့ကို လှမ်းထွက်ရဲတဲ့သတ္တိ မရှိဘူးဆိုရင်တော့ ဘယ်သူ ဘာပြောပြော အသုံးဝင်မှာ မဟုတ်ဘူး" ကျောက်အာက အဆုံးသတ် နိဂုံးချုပ်လိုက်တယ်။

အခုတော့ ချန်ကျန်း ဘယ်လို စဉ်းစားမလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မယ်။

ချန်ကျန်းက နောက်ဆုံးမှာ ဆုံးဖြတ်ချက် ချလိုက်ပုံရပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ မေးလိုက်တယ်။ "ဘယ်လို လုပ်ရမလဲ"

"ကျွန်မ အရင်ပြောပြမယ်။ ရှင်တို့ အရင် နားထောင်ကြည့်ကြဦး၊ အားလုံးလည်း ကိုယ်စီ အကြံဉာဏ် ပေးလို့ ရပါတယ်"

အရက်နဲ့ မိန်းမဆိုတာ ဘယ်တော့မှ ခွဲလို့ မရပါဘူး၊ အဲဒီထဲမှာ လောင်းကစားကိုလည်း ထည့်ရမှာပေါ့။

အထူးသဖြင့် ရှီကျစ်ယိုလိုမျိုး ရုတ်တရက် ချမ်းသာလာတဲ့သူမျိုး အတွက်ပေါ့။ အရင်ကလည်း ရှီကျစ်ယိုက နည်းနည်းပါးပါး လောင်းကစား တတ်ပေမဲ့ နိုင်ရှုံးဆိုတာ ငွေနည်းနည်းလောက်ပါပဲ။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ သူက လောင်းကစားဝိုင်းကို သွားတဲ့အခါ လူဟောင်းတစ်ယောက်ရဲ့ လမ်းပြမှုကြောင့် ဗဟုသုတတွေအများကြီး ရခဲ့တယ်။

အဲဒီနေရာက ရှီကျစ်ယိုရဲ့ အဆင့်အတန်းနဲ့ဆိုရင် ပုံမှန်သွားနိုင်တဲ့ နေရာမျိုး မဟုတ်ပါဘူး။

အဲဒီမှာ ရှီကျစ်ယိုက ငွေကို ရေလိုသုံးတာဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သိသွားသလို တစ်ညတည်းနဲ့ သူဌေးဖြစ်သွားတာဆိုတာ ဘယ်လိုလဲဆိုတာကိုလည်း မြင်ခဲ့ရတယ်။

လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရုံနဲ့ ငွေတွေက သိပ်ကို လွယ်လွယ်ကူကူ ရောက်လာသလိုမျိုး ရှိနေခဲ့တယ်။

သူလည်း မလွှဲသာဘဲ လောင်းကစားဝိုင်းထဲ ဝင်သွားခဲ့တယ်။ အဓိကက သူ့ရဲ့ ကံကလည်း မဆိုးတာကြောင့် ကစားသမျှ နိုင်နေခဲ့ရာကနေ နောက်ဆုံးမှာ ငွေဆိုတာ သူ့အတွက် ဂဏန်းတစ်ခုလောက်ပဲ ဖြစ်သွားတော့တယ်။

အကျိုးအကြောင်းအရ ဆိုရင်တော့ အဲဒီအချိန်မှာ လက်လျှော့လိုက်မယ်ဆိုရင် သူက သူ့ဘဝမှာ တစ်ခါမှ မမြင်ဖူးတဲ့ ငွေအမြောက်အမြားကို ရသွားမှာ၊ ဒါပေမဲ့ နှမြောစရာ ကောင်းတာက သူက မျက်စိမှောင်သွားပြီး လောဘဇောတွေ တိုက်လာတာကြောင့် နောက်ပိုင်းမှာတော့ အရာရာက တစ်ဟုန်ထိုး ပျက်စီးသွားခဲ့ရတော့တယ်။

နိုင်ထားတဲ့ ငွေတွေတင် ကုန်သွားတာ မဟုတ်ဘဲ ကိုယ်တိုင် ပါလာတဲ့ ငွေတွေလည်း ကုန်သွားခဲ့သလို၊ လောင်းကစားဝိုင်းက လူတွေဆီကနေလည်း ငွေတွေအများကြီး ချေးလိုက်မိပြန်တယ်။

253 02

လောင်းကစားဝိုင်းက လူတွေက သူ့ကို ထပ်ပြီး ငွေမချေးချင်တော့တဲ့ အချိန်ရောက်မှပဲ ရှီကျစ်ယိုက သူ့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ဆုံးရှုံးလိုက်ရပြီဆိုတာ သိလိုက်ရတယ်။

သူက ဘာပုဂ္ဂိုလ်ကြီးမှ မဟုတ်တာကြောင့် လောင်းကစားဝိုင်းက လူတွေက သူ့ကို တစ်ယောက်တည်း အိမ်ပြန်ပြီး ငွေယူခိုင်းဖို့ မဖြစ်နိုင်တာနဲ့၊ သူ့ကို အတင်းအကျပ် ဖမ်းပြီး အိမ်ကို ပြန်ခေါ်လာကြတော့တယ်။

ရှီအိမ်တော်က အစေခံတွေကတော့ သူတို့ရဲ့ အရှင်သခင် ဖမ်းခေါ်လာတာကို ငေးကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ကြဘူး။ ငွေတွေ အားလုံး ကုန်သွားတာတင်မကဘဲ အိမ်ထဲက ပစ္စည်းတွေကိုလည်း တစ်ခုပြီးတစ်ခု တန်ဖိုးဖြတ်ပြီး သယ်သွားကြပါတော့တယ်။

ဒီလောက်နဲ့တင် မလုံလောက်သေးပါဘူး။

"မင်းတို့ ဘာလုပ်နေကြတာလဲ။ ငါ ငွေပြန်ဆပ်မယ်လို့ ပြောပြီးပြီပဲ၊ ငါ့ယောက်ဖက ဟန်လင်းကျောင်းတော်က အမတ်မင်း ချန်ကျန်းကွ။ မင်းတို့က အသက်ကို မနှမြောကြဘူးလား”

လောင်းကစားဝိုင်းက လူမိုက်တွေက လှောင်ပြီး ပြောလိုက်ကြတယ်။ "ဟန်လင်းကျောင်းတော်ကို ထားလိုက်ပါဦး၊ ဝန်ကြီးဌာန ခြောက်ခုက လူတွေကိုတောင် ငါတို့က မျက်စိထဲ မထည့်ဘူး၊ ကြွေးရှိရင် ဆပ်ရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲတဲ့ အမှန်တရားပဲ၊ နောက်ခံ အင်အားသာ မရှိရင် ငါတို့က ဒီနန်းတော်ခြေရင်းမှာ လောင်းကစားဝိုင်း ဖွင့်နိုင်ပါ့မလား"

"မင်းတို့ မြန်မြန်သွားပြီး အမတ်မင်းချန်ကို သွားခေါ်ကြစမ်း" ရှီကျစ်ယိုက ဒေါသတကြီး အော်နေခဲ့တယ်။

ရှီအိမ်တော်ထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း ချန်ရှို့လန်ကိုလည်း ခေါ်လာကြတယ်။ သူမက ဒီမြင်ကွင်းကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိဘဲ မှင်တက်နေခဲ့ရတယ်။

"ငါ့မှာ ဝမ်မိသားစု ပန်းဆိုင်ရဲ့ အစုရှယ်ယာတွေ ရှိသေးတယ်။ ရှို့လန်၊ မင်း မြန်မြန် အဲဒီ စာချုပ်ကို ထုတ်ပေးစမ်း" အရိုက်ခံထားရလို့ နာကျင်နေတဲ့ ရှီကျစ်ယိုက အော်လိုက်တယ်။

"စာချုပ်.. ဘာစာချုပ်လဲ"

"ပန်းဆိုင်ရဲ့ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း စာချုပ်လေ"

ချန်ရှို့လန်က ထိတ်လန့်တကြား ငိုရင်းနဲ့ ပြောလိုက်တယ်။ "ကျစ်ယို ရှင် ရူးသွားပြီလား၊ ကျွန်မတို့မှာ ဘယ်လို စာချုပ်မျိုး ရှိလို့လဲ။ အားလုံးက ပါးစပ်နဲ့ပဲ ကတိပေးထားကြတာလေ၊ ကျွန်မမှာ စာချုပ် မရှိပါဘူး"

ရှီကျစ်ယိုရဲ့မျက်နှာက သေလူလို ပြာနှမ်းသွားခဲ့တယ်၊ အဲဒီတော့မှ သူတို့မှာ စာချုပ် လုံးဝ မရှိခဲ့တာကို သူ သတိရလိုက်တော့တယ်။

အစကတည်းက စာချုပ် မရှိခဲ့ပါဘူး၊ နောက်ပိုင်းမှာ သူက နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပေမဲ့ ဝမ်မိသားစု ဘက်က လွယ်လွယ်ကူကူပဲ သဘောတူပေးခဲ့သလို၊ လစဉ် အမြတ်ဝေစုတွေကိုလည်း အချိန်မှန် ပေးခဲ့ပြီး တစ်ခါမှ မကြန့်ကြာခဲ့တာကြောင့် သူက ဒီကိစ္စကို လုံးဝ မစဉ်းစားမိခဲ့တာ ဖြစ်တယ်။

အဲဒီလူမိုက်တွေက သူ့ကို ထပ်ပြီး ဝိုင်းလာတာ မြင်တော့ မျက်နှာပေါ်က ဒဏ်ရာတွေကလည်း နာနေတာကြောင့် ရှီကျစ်ယိုက အားတင်းပြီး ပြုံးပြကာ ပြောလိုက်တယ်။ "ငါ မင်းတို့ကို မလိမ်ပါဘူး၊ ငါ့အိမ်က တကယ်ပဲ ဝမ်မိသားစု ပန်းဆိုင်မှာ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ရှိတာပါ၊ မယုံရင် ငါ လူလွှတ်ပြီး ဝမ်မိသားစုက လူတွေကို သွားခေါ်ခိုင်းလိုက်မယ်"

"ဘာလဲ၊ အခွင့်အရေးရှာပြီး အာဏာပိုင်တွေကို သွားတိုင်ချင်တာလား”

"ငါ တကယ် မလိမ်ပါဘူး"

လူမိုက်ခေါင်းဆောင်က မျက်လုံးတစ်ချက် ဝေ့လိုက်ပြီး မေးစေ့ကို ပွတ်ကာ ဆိုတယ်။

253 03

"မင်း တကယ် တိုင်ချင်တယ် ဆိုရင်လည်း ငါတို့က မကြောက်ပါဘူး၊ ဘယ်သူက ဘယ်သူ့ကို အရင် သတ်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့။ ကောင်းပြီ၊ ငါ လူလွှတ်ပြီး မင်းနဲ့အတူ လိုက်ပို့ခိုင်းလိုက်မယ်"

အိမ်က အစေခံငယ် တစ်ယောက်ကို အရေးကြီးတဲ့ တာဝန် ပေးလိုက်ပြီး၊ သူ့နောက်မှာ ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်းတဲ့ လူနှစ်ယောက် လိုက်သွားကြတယ်။

သူတို့က မကြာခင်မှာပဲ ပြန်ရောက်လာကြတယ်။ အစေခံငယ်က ငိုမဲ့မဲ့ မျက်နှာနဲ့ တင်ပြလိုက်တယ်။ "အရှင် ပန်းဆိုင်ဘက်က ပြောတာကတော့ အဲဒီ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ဆိုတာက ချီးမြှင့်တဲ့ သဘောပဲ ရှိတာမို့ ခွဲဝေယူလို့ မရပါဘူးတဲ့၊ ပြီးတော့ တစ်ခါမှလည်း ခွဲဝေပေးဖို့ မပြောခဲ့ဘူးလို့ ဆိုပါတယ်။ သူတို့က ထပ်ပြောတာကတော့ ပန်းဆိုင်အနေနဲ့ သခင်မကြီးကို ဆက်မသုံးတော့တာမို့ နောက်ဆိုရင် ပန်းဆိုင်ရဲ့နာမည်ကို သုံးပြီး အပြင်မှာ လျှောက်မပြောပါနဲ့တော့တဲ့ ခင်ဗျာ"

ဒီစကားကို ကြားလိုက်ရတဲ့အခါ ရှီကျစ်ယိုတင်မကဘဲ ချန်ရှို့လန်ပါ မှင်တက်သွားခဲ့ရတယ်။

"သူတို့က ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရဲတာလဲ။ ဘယ်လို လုပ်ရဲရတာလဲ။ မင်းရဲ့ အစ်ကိုကြီးကော၊ မြန်မြန် လူလွှတ်ပြီး အစ်ကိုကြီးကို သွားရှာခိုင်းစမ်း"

ချန်ရှို့လန်က ရှိုက်ကြီးတငင် ငိုရင်း ဆိုတယ်။ "အဲဒီနေ့က အစ်ကိုကြီးက အဲဒီလောက်အထိ ဒေါသထွက်သွားတာ။ ကျွန်မ အခုဘယ်မျက်နှာနဲ့ သွားတွေ့ရတော့မှာလဲ"

"မျက်နှာ ရှိတာ မရှိတာတွေ ပြောမနေနဲ့တော့ မင်းလို အသုံးမကျတဲ့ မိန်းမ၊ သွားဆိုရင် သွားစမ်း" ရှီကျစ်ယိုက ရှေ့တိုးလာပြီး ချန်ရှို့လန်ရဲ့ပါးကို ရိုက်ချလိုက်တယ်။ ဒါ့အပြင် လက်သီးနဲ့ ထိုးတာ၊ ခြေထောက်နဲ့ ကန်တာတွေကိုလည်း ရူးသွပ်နေတဲ့သူလိုမျိုး လုပ်တော့တယ်။

ချန်ရှို့လန်က မြေပြင်ပေါ် လဲကျသွားပြီး ငိုရုံကလွဲလို့ ဘာမှ မတတ်နိုင်ရှာပါဘူး။

"တော်စမ်းပါ၊ မင်းတို့က ဒီမှာ ပြဇာတ် ကပြမနေကြနဲ့တော့။ ငွေမရှိရင်တော့ လူနဲ့ အိမ်ကိုပဲ အပေါင်ပေးရလိမ့်မယ်" လူမိုက်က ဆိုတယ်။

နောက်ဆုံးမှာတော့ ရှီအိမ်တော်ရဲ့ အဆောက်အဦးတွေကိုပါ သိမ်းလိုက်သလို၊ အိမ်က အစေခံ အားလုံးကိုပါ ငွေသားအဖြစ် တွက်ချက်လိုက်မှပဲ ရှီကျစ်ယို တင်နေတဲ့ ကြွေးမြီတွေကို အနိုင်နိုင် ဆပ်နိုင်သွားခဲ့တယ်။

သူနဲ့ချန်ရှို့လန် နှစ်ယောက်လုံး အိမ်တော် တံခါးအပြင်ကို ပစ်ထုတ်တာ ခံလိုက်ရတယ်။ တစ်ကိုယ်လုံးမှာ ဝတ်ထားတဲ့ အဝတ်အစားကလွဲလို့ ဘာမှ ကျန်မနေတော့ဘူး။

ရှီကျစ်ယိုက ချန်ရှို့လန်နဲ့ ကလေး နှစ်ယောက်ကို ခေါ်ပြီး ချန်အိမ်တော်ကို သွားခဲ့ပေမဲ့ နှမြောစရာ ကောင်းတာက အိမ်တံခါးတောင် ဝင်ခွင့် မရခဲ့ပါဘူး၊ တံခါးစောင့်က ပြောတာက အမတ်မင်းက နောင်တစ်ချိန်မှာ ချန်ရှို့လန်ဆိုတဲ့ ညီမမျိုး မရှိတော့ဘူးလို့ သဘောထားလိုက်ပြီလို့ ပြောလိုက်တာပါပဲ။

အဲဒီအချိန်ကစပြီး သူတို့အတွက် ကောင်းကင်ကြီး ပြိုကျသွားခဲ့ရပါတော့တယ်။

ကွန်းနင်နန်းဆောင်ထဲမှာတော့ အဝါရောင် လိုက်ကာကြီးတွေ ကျနေပြီး၊ လေထုထဲမှာ ပြင်းထန်တဲ့ ဆေးနံ့တွေ ပျံ့နေခဲ့တယ်။

အဝင်အထွက် လုပ်နေကြတဲ့ နန်းတွင်းသူတွေနဲ့ မိန်းမစိုးတွေက တစ်စုံတစ်ရာ အသံထွက်လာမှာ စိုးလို့ ခြေသံတွေကို အသာအယာပဲ နင်းနေကြရတယ်။

"ခွမ်း" ဆိုတဲ့ စူးရှတဲ့ အသံတစ်ခုနဲ့အတူ ဆေးပန်းကန်လုံး မြေပြင်ပေါ် ကျကွဲသွားတဲ့ အသံ ထွက်လာခဲ့တယ်။

ရွှေနီရောင် ကော်ဇောပေါ်မှာ နန်းတွင်းသူ တစ်ယောက်က မြေပြင်ပေါ်မှာ ဒူးထောက်ရင်း တုန်ရီနေခဲ့တယ်။ သူမရှေ့ မလှမ်းမကမ်းမှာတော့ ဆေးပန်းကန်လုံးက တစ်စစီ ပျက်စီးနေပြီး၊ ညိုမည်းတဲ့ ဆေးရည်တွေက မြေပြင်ပေါ် ဖိတ်စင်နေတာကြောင့်၊ လှပတဲ့ ကော်ဇောပေါ်မှာ အမည်းစက်ကြီး တစ်ခု ဖြစ်နေသလိုပါပဲ။

253 04

"နင်က တကယ်ကို ရဲတင်းလွန်းတယ်" မင်းသမီး ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက်က အော်လိုက်တယ်။

သူမက လူမြင်လိုက်တာနဲ့ သနားစရာ ကောင်းတဲ့ အသွင်ရှိပေမဲ့၊ အခုတော့ မျက်နှာမှာ ထိတ်လန့်တာနဲ့ ဒေါသတွေ ရောထွေးနေခဲ့တယ်။ ဒါပေမဲ့ သူ့မှာ ပြတ်သားတဲ့ အရှိန်အဝါမျိုး မရှိတာကြောင့် ဒီလူက သတ္တိရှိတဲ့သူ မဟုတ်တာ ထင်ရှားနေတယ်။

"တော်ပါတော့ မာဖေး၊ နင်လည်း အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့ဦး"

နဂါးကုတင် ပေါ်က၊ မွှေးပျံ့နူးညံ့တဲ့ စောင်ပုံကြားမှာ၊ မျက်နှာက ဖြူဖျော့ပြီး အရိုးပေါ် အရေတင် ဖြစ်နေတဲ့ အမျိုးသမီး တစ်ယောက် လဲနေခဲ့တယ်။ သူက မျက်လုံးတွေကို တစ်ဝက်လောက်ပဲ မှိတ်ပြီး စကားတစ်ခွန်းပဲ ပြောလိုက်ပေမဲ့၊ လေထုထဲမှာတော့ ဖော်ပြလို့ မရတဲ့ အရှိန်အဝါတွေ ပျံ့သွားခဲ့ရတယ်။

"မိဖုရားခေါင်ကြီး၊ ကျွန်တော်မျိုးမက စိတ်လှုပ်ရှားလွန်းလို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက... ဒါက..."

"သူမကို အပြင်ကို ခေါ်ထုတ်သွားလိုက်၊ ဘယ်သူကများ သူမကို အခုလိုမျိုး ခိုင်းစေခဲ့တာလဲ ဆိုတာကို မေးမြန်းလိုက်ကြစမ်း"

အမိန့်ပေးလိုက်တာနဲ့ နန်းတွင်းသူ အနည်းငယ် တက်လာပြီး ဒူးထောက်နေတဲ့သူကို အပြင်ကို ဆွဲထုတ်သွားကြတော့တယ်။ အဲဒီနန်းတွင်းသူက ထိတ်လန့်လွန်းလို့ အစွမ်းကုန် ရုန်းပေမဲ့၊ သူ့အသံက လည်ချောင်းက ထွက်မလာခင်မှာပဲ တစ်ယောက်ယောက်ရဲ့ ပိတ်ဆို့တာကို ခံလိုက်ရတယ်။

ရှုပ်ယှက်ခတ်နေတဲ့ ကော်ဇောလေးကပဲ ဒီနေရာမှာ တစ်ခုခု ဖြစ်ခဲ့တယ်ဆိုတာကို သက်သေပြနေခဲ့တယ်။

အဲဒီတော့မှ မာဖေးရဲ့လည်ချောင်းထဲ တစ်နေတဲ့ စကားတွေက အပြင်ကို ထွက်လာတော့တယ်။ "မိဖုရားခေါင်ကြီး ဒီကျုန်းကွေ့ဖေးကတော့ လူကို တကယ်ပဲ နှိပ်စက်လွန်းလှပါတယ်!"

"နင်က ဒါဟာ ကျုန်းကွေ့ဖေးရဲ့ လက်ချက်လို့ ဘယ်လိုများ အတည်ပြုနိုင်တာလဲ။ ငါက ရောဂါသည် ဖြစ်နေတာမို့ ဟို နတ်ဆိုး နတ်စိမ်းတွေကတော့ စတင်ပြီး သောင်းကျန်းနေကြပြီပေါ့" မိဖုရားခေါင်ကြီးက မျက်လုံးတွေကို မှိတ်ပြီး ပြောလိုက်တယ်။ သူ့မျက်နှာမှာ ပုံမှန်မဟုတ်တဲ့ ဝါကျင်ကျင် အရောင်တွေ ရှိနေတာကြောင့် အဲဒီတုန်းက တစ်လောကလုံးမှာ အလှဆုံး ဖြစ်ခဲ့တဲ့ အသွင်အပြင်ကို ရှာဖို့တောင် ခက်လှပါတယ်။

အလှမယ်တို့ အိုမင်းခြင်း၊ အမှန်တော့ အကြောက်ဆုံး အရာက အိုမင်းခြင်း မဟုတ်ဘဲ အရွယ်ကောင်းတုန်း ရှိပါလျက်နဲ့ ရောဂါတွေကြောင့် တစ်နေ့ထက်တစ်နေ့ အားနည်းလာပြီး ရောဂါဆိုးတွေရဲ့ ဝါးမြိုတာကို ခံနေရခြင်းပါပဲ။

စကားတစ်ခွန်း ပိုပြောဖို့တောင် သိပ်ကို ခက်ခဲနေပါတော့တယ်။

"ဒါပေမဲ့ ကျုန်းကွေ့ဖေးကလွဲရင်၊ နောက်ထပ် ဘယ်သူ ရှိဦးမှာလဲ"

ဘယ်သူလဲ။

လူတွေကတော့ အများကြီးပါပဲ။

"တော်ပါပြီ မာဖေး။ နင်လည်း ရက်ပေါင်းများစွာ ပင်ပန်းနေပြီပဲ၊ ပြန်ပြီးတော့ ခဏ အနားယူလိုက်ပါဦး"

"မိဖုရားခေါင်ကြီး ကျွန်တော်မျိုးမ မပင်ပန်းပါဘူး"

မပင်ပန်းဘူးလား။ မပင်ပန်းဘဲ ဘယ်ရှိပါ့မလဲ၊ တစ်စုံတစ်ရာက ထောက်ကန်ပေးထားလို့သာ ဖြစ်ပါလိမ့်မယ်။

မိဖုရားခေါင်ကြီးရဲ့ဘေးက အစေခံမကြီးက ရှေ့တိုးလာပြီး မာဖေးကို ဖိတ်ခေါ်လိုက်တာကြောင့် သူမလည်း မတတ်သာဘဲ ပြန်ထွက်ခဲ့ရတော့တယ်။

အမှန်တော့ မိဖုရားခေါင်ကြီးက မာဖေး ဘာကို တောင်းဆိုချင်တာလဲဆိုတာ သိပါတယ်။ သူမကလည်း သနားစရာ ကောင်းတဲ့သူ တစ်ယောက်ပါပဲ၊ မျိုးရိုးနိမ့်လွန်းလို့ အရာရာကို သတိရှိရှိနဲ့ အလိုလိုက် နေထိုင်နေရရှာတယ်။

253 05

အကယ်လို့ မိမိသာ သူမနေရာမှာ ဆိုရင် ဒီလိုမျိုးပဲ လုပ်မိကောင်း လုပ်မိပါလိမ့်မယ်။ ဒါပေမဲ့ သူမကတော့...

"မိဖုရားခေါင်ကြီး ခဏလောက် ထပ်ပြီး အိပ်လိုက်ပါဦးမလား”

အိပ်မယ်.. နေ့တိုင်း အိပ်နေခဲ့တာပဲ၊ အမှန်တော့ မိဖုရားခေါင်ကြီးက အိပ်ချင်နေတာ မဟုတ်ဘဲ၊ ခန္ဓာကိုယ်ကပဲ ကြာရှည် သတိရှိနေတာကို မခံနိုင်တော့တာ ဖြစ်တယ်။ တစ်နေ့နေ့မှာ သူ အိပ်ပျော်သွားပြီးနောက်၊ မိုးလင်းချိန်ကို ထပ်မြင်ရတော့မှာ မဟုတ်တာလည်း ဖြစ်နိုင်တာပဲ။

အိပ်မယ်...

"ဧကရာဇ်မင်းမြတ်ကို သွားပင့်လိုက်စမ်း၊ ငါ့မှာ ဆွေးနွေးစရာ ကိစ္စရှိတယ်လို့ လျှောက်တင်လိုက်ပါ"

ဧကရာဇ်ကျားချန်က ကုတင်ပေါ်က မိဖုရားခေါင်ကြီးကို ကြည့်ရင်း သူတို့နှစ်ယောက် လက်ထပ်တုန်းက ပုံစံကို ပြန်မြင်ယောင်နေမိတယ်။

အခုအချိန်မှာ သူမက လက်ထပ်တုန်းကနဲ့ လုံးဝကွဲပြားတဲ့ လူတစ်ယောက် ဖြစ်နေပြီ။ ဒါကလည်း ဧကရာဇ်ကျားချန်အနေနဲ့ မိဖုရားခေါင်ကြီးကို သွားတွေ့ဖို့ ဝန်လေးနေခဲ့တဲ့ အကြောင်းရင်းပါပဲ။

မချစ်လို့ မဟုတ်ဘဲ၊ သူမကို မြင်လိုက်တိုင်း ဒီနှစ်တွေအတွင်း ဘာတွေကို ဖြတ်သန်းခဲ့ရလဲ၊ ဘာတွေ ဖြစ်ခဲ့လဲ၊ ဘာတွေက တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့လဲ ဆိုတာကို သတိပေးနေသလို ဖြစ်နေလို့ ဖြစ်တယ်။

အဲဒီနောက်မှာတော့ မသိစိတ်ကနေ ထိတ်လန့်တာတွေ ဖြစ်လာတယ်။

"ငါကိုယ်တော်ကို ခေါ်တာ ကိစ္စရှိလို့လား"

"ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုးမအနေနဲ့ မင်းသားသုံးဟွေ့ကို ကျွန်တော်မျိုးမရဲ့ သားအဖြစ် အသိအမှတ်ပြု လိုပါတယ်။ ကျွန်တော်မျိုးမမှာ အချိန်အများကြီး မကျန်တော့ပါဘူး၊ သေသွားတဲ့ အခါမှာတောင်မှ ကျွန်တော်မျိုးမအတွက် ကန်တော့မယ့်သူ တစ်ယောက်မှ မရှိမှာကို မလိုလားလို့ပါ"

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ"

အမှန်တော့ ဧကရာဇ်ကျားချန်က မိဖုရားခေါင်ကြီးက ဒီလို တောင်းဆိုလာမှာကို မအံ့ဩပေမဲ့၊ တကယ်တမ်း ကြုံရတဲ့အခါ နည်းနည်း အံ့အားသင့်သွားခဲ့ရတယ်။

"မင်းက ငါကိုယ်တော်ရဲ့မိဖုရားခေါင်ကြီး၊ တိုင်းပြည်ရဲ့မိခင် တစ်ယောက်ပဲ၊ အကယ်လို့ တစ်နေ့နေ့မှာ အဲဒီလို ဖြစ်လာခဲ့မယ် ဆိုရင်တောင်မှ၊ ဘိုးဘွားစင်္ကြံထဲမှာ စံမြန်းပြီးတော့ တာ့ချန်း မျိုးနွယ်စုတွေရဲ့ မျိုးရိုးစဉ်ဆက် ကန်တော့တာကို ခံရမှာပဲ၊ ဘယ်လိုလုပ်ပြီး ကန်တော့မယ့်သူ မရှိဘဲ နေပါ့မလဲ"

"ဒါပေမဲ့ ကျွန်တော်မျိုးမမှာ သားသမီး တစ်ယောက်မှ မရှိပါဘူး၊ အကယ်လို့ တစ်နေ့နေ့မှာ အဲဒီလို ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဘယ်သူကမှ ကျွန်တော်မျိုးမကို သတိရတော့မှာ မဟုတ်ပါဘူး၊ ဧကရာဇ်မင်းမြတ်..."

"မိဖုရားခေါင်ကြီးအနေနဲ့ အရမ်းကြီး မစဉ်းစားပါနဲ့ဦး။ ရောဂါ ပျောက်အောင်ပဲ အာရုံစိုက်ပါ"

အသက်ရှူကျပ်စရာကောင်းတဲ့ တိတ်ဆိတ်မှုကြီး တစ်ခုအပြီးမှာ ဧကရာဇ်ကျားချန်က ထရပ်လိုက်တယ်။

"ဧကရာဇ်မင်းမြတ် တကယ်ပဲ မဖြစ်နိုင်ဘူးလား”

"တိုင်းပြည်နဲ့လူမျိုးအတွက်၊ မင်း နားလည်လိမ့်မယ်လို့ ငါကိုယ်တော် ထင်ခဲ့တာ၊ ဒါပေမဲ့ မင်းကတော့ ငါကိုယ်တော်ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ"

"တိုင်းပြည်နဲ့ လူမျိုး၊ တိုင်းပြည်နဲ့ လူမျိုးလား"

253 06

အဲဒီ အဝါရောင်ကျောပြင်ကြီးကို ကြည့်ရင်း၊ မိဖုရားခေါင်ကြီးက ရုတ်တရက် အဆက်မပြတ် ရယ်တော့တာပါပဲ။

"တိုင်းပြည်နဲ့လူမျိုးက ကျွန်တော်မျိုးမရဲ့သားတော်ကို ပြန်ပေးနိုင်လို့လား။ ဧကရာဇ်မင်းမြတ်အနေနဲ့ အိမ်ရှေ့စံကို နှစ်ပေါင်းများစွာ သွန်သင်လာတာမို့၊ ကိုယ့်သားအကြောင်းကို သိသင့်တာပေါ့၊ အိမ်ရှေ့စံက အဲဒီလို ညစ်ပတ်တဲ့ နေရာမျိုးတွေကို သွားမယ့်သူ မဟုတ်ပါဘူး။ ကျွန်တော်မျိုးမရဲ့ သားတော်က အဲဒီလို ညစ်ပတ်တဲ့ ရောဂါနဲ့ဆုံးပါးသွားခဲ့ရတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သေခါနီးမှာတောင် နာကျင်စွာ အော်ဟစ်နေခဲ့ရတာပါ။ ဒါဟာ ဘယ်သူ့လက်ချက်လဲ။ ဘယ်သူကများ ကျွန်တော်မျိုးမရဲ့ သားတော်ကို ဒုက္ခပေးခဲ့တာလဲ။ ဧကရာဇ်မင်းမြတ် သိနေပါလျက်နဲ့ သားတော်အတွက် သေချာပေါက် လက်စားချေပေးလိမ့်မယ်လို့ ကျွန်တော်မျိုးမ ထင်ခဲ့တာ။ ဧကရာဇ်မင်းမြတ်ကသာ ကျွန်တော်မျိုးမကို စိတ်ပျက်စေခဲ့တာပါ၊ လုံးဝကို စိတ်ပျက်စေခဲ့တာ"

ဧကရာဇ်ကျားချန်က ရုတ်တရက် နောက်ကို လှည့်ကြည့်လိုက်ပြီး၊ နောက်ကျောမှာ ထားတဲ့လက်ကို တင်းတင်းဆုပ်လို့၊ ကုတင်ပေါ်က ရူးသွပ်နေတဲ့သူလိုမျိုး ဖြစ်နေတဲ့ အမျိုးသားကို စိုက်ကြည့်ကာ ဆိုလိုက်တယ်။ "မိဖုရားခေါင်ကြီး မင်း သိက္ခာမဲ့ နေပြီ"

"သိက္ခာမဲ့တယ်။ သေခါနီး ၏လူတစ်ယောက်အတွက်တော့ သိက္ခာရှိတာ မရှိတာတွေ ပြောနေလို့ ဘာထူးမှာလဲ"

253 07

"မင်းက ငါကိုယ်တော်ကို အပြစ်တင်နေတာလား။ အထောက်အထား မခိုင်လုံတဲ့ ကိစ္စတွေအတွက် ငါကိုယ်တော်က ဘယ်လိုမျိုး လုပ်ပေးမှ မင်းရဲ့စိတ်ထဲက နာကျည်းမှုတွေ ပြေပျောက်မှာလဲ။ ဒီတော်ဝင်မိသားစုမှာ မွေးလာခဲ့ရင်၊ ခြေလှမ်းတိုင်းကို ကိုယ့်ဘာသာ လှမ်းရတာပဲ၊ အားရှိသူသာ ရှင်သန်နိုင်တာ၊ အကယ်လို့ တစ်စုံတစ်ယောက်က သူ့ကို တမင်ဖျားယောင်းခဲ့တယ်ဆိုရင်တောင်မှ သူ့ရဲ့စိတ်ဓာတ် မခိုင်မာတာကိုပဲ အပြစ်တင်ရလိမ့်မယ်"

"ရှင်ဟာ တကယ်ကို ရက်စက်တဲ့သူပဲ"

"ငါကိုယ်တော်ကို ယုံကြည်စမ်းပါ၊ ဒီလောကမှာ ငါကိုယ်တော်ထက် အဲဒီကိစ္စမျိုး မဖြစ်စေချင်တဲ့သူ မရှိပါဘူး။ ဒါပေမဲ့ ဖြစ်သွားခဲ့ပြီ ဆိုရင်တော့ ရင်ဆိုင်ရမှာပဲ" ဧကရာဇ်ကျားချန်က တစ်ဖက်ကို လှည့်ပြီး ထွက်သွားခဲ့ပြီးနောက် အသံတစ်ခုပဲ ကျန်ခဲ့တယ်။ "မင်းအနေနဲ့ မင်းသားတစ်ပါးကို မင်းရဲ့သားအဖြစ် အသိအမှတ်ပြုချင်တယ် ဆိုရင်တော့ ငါကိုယ်တော် သဘောတူပေးနိုင်ပါတယ်၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး"

"ဒါပေမဲ့ ကျွန်တော်မျိုးမ အနေနဲ့ ဆက်ပြီး တောင့်ခံနိုင်တော့မယ် မထင်ပါဘူး"

ဧကရာဇ်ကျားချန်ရဲ့ ခြေလှမ်းက ခဏမျှရပ်သွားပြီးမှ အတန်ကြာမှ ရှေ့ကို ဆက်လှမ်းသွားခဲ့တယ်။

သူက စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ကွန်းနင်နန်းဆောင်ကနေ ထွက်သွားပါတော့တယ်။

ကွန်းနင်နန်းဆောင်က ထွက်လာတဲ့အခါ လမင်းက သစ်ကိုင်းဖျား ရောက်နေပြီဖြစ်တယ်။ အေးစက်တဲ့ လခြမ်းလေးက မှောင်ပြာရောင် ကောင်းကင်မှာ ချိတ်ဆွဲထားပြီး၊ အေးစက်ပြီး ရက်စက်သလိုမျိုး ရှိနေခဲ့တယ်။

လေပြည်ညင်းတစ်ချက် ဝှေ့သွားတာကြောင့် အအေးဓာတ်က ပိုပြီးပြင်းလာခဲ့တယ်။

လူတစ်ယောက်က အနားတိုးလာပြီး ခြုံထည်ကို ဧကရာဇ်ကျားချန်ရဲ့ပုခုံးပေါ် ခြုံပေးလိုက်တယ်။

"ဧကရာဇ်မင်းမြတ်၊ အချိန်လည်း မစောတော့ပါဘူး၊ ချန်ချင်းနန်းဆောင်ကို ပြန်မလို့လား"

ဧကရာဇ်ကျားချန်က အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး မိန့်ကြားလိုက်တယ်။ "လူလွှတ်ပြီး လျိုနန်းတွင်းသမားတော်ကို သွားပင့်လိုက်စမ်း"

ကျားချန် ၂၀ နှစ်ရဲ့ ဆောင်းဦး အစောပိုင်းမှာ မိဖုရားခေါင်ကြီး ချောင်မိသားစုဝင် နတ်ရွာစံတော်မူတာကြောင့် တစ်ပြည်လုံးမှာ ဝမ်းနည်းခြင်း အခမ်းအနားတွေ ကျင်းပခဲ့ကြတယ်။

ဧကရာဇ်မင်းမြတ်က အလွန်အမင်း ဝမ်းနည်းပူဆွေးတာကြောင့် ညီလာခံကို ငါးရက်တိုင်တိုင် ရပ်နားခဲ့သလို မြို့တော်ထဲမှာလည်း တူရိယာတွေ တီးတာ၊ လက်ထပ်တာတွေ လုပ်တာကို တားမြစ်ခဲ့ပြီး၊ သတ်ဖြတ်တာတွေကိုလည်း ပိတ်ပင်ကာ ၂၇ ရက်တိုင်တိုင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်အစားတွေ ဝတ်စေခဲ့တယ်။ မင်းညီမင်းသားတွေ၊ အရာရှိကြီးတွေနဲ့ အမျိုးသမီးကြီးတွေ အားလုံးက ဝမ်းနည်းခြင်း အခမ်းအနားမှာ ပါဝင်ခဲ့ကြရတယ်။

ကျောက်အာကိုယ်တိုင်တောင် သူ ပထမဆုံးအကြိမ် နန်းတော်ကို ဝင်တာက ဝမ်းနည်းခြင်း အခမ်းအနားမှာ ငိုဖို့အတွက် ဖြစ်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ပါဘူး။

အကျိုးအကြောင်းအရဆိုရင်၊ သူက အဆင့် (၂) အရာရှိကတော် ဖြစ်တာကြောင့်၊ ရာထူးရပြီးနောက်မှာ နန်းတော်ကို ဝင်ပြီး မိဖုရားခေါင်ကြီးကို ဖူးမြော်ရမှာပါ။ ဒါပေမဲ့ မိဖုရားခေါင်ကြီးက ရောဂါသည် ဖြစ်နေတာ ကြာပြီမို့၊ ဒီကိစ္စကို ကင်းလွတ်ခွင့် ပေးထားခဲ့တာ ဖြစ်တယ်။

အခုတစ်ကြိမ် နန်းတော်ကို ဝင်ပြီး ငိုကြွေးတဲ့ အခမ်းအနားမှာ သူမက သိတဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။ စွီရှီ ရှိပေမဲ့၊ သူမရာထူးက မလောက်တာကြောင့် ကျောက်အာနဲ့တစ်နေရာတည်းမှာ မရှိခဲ့ဘူး။ မျက်စိရှေ့မှာ မြင်ရသမျှက ဖြူဆွတ်နေတဲ့ ဝမ်းနည်းခြင်း အဝတ်အစားတွေပဲမို့၊ ဘယ်သူက စွီရှီလဲဆိုတာကိုလည်း သူမ ခွဲလို့ မရပါဘူး။ နန်းတွင်း အမျိုးသမီး အရာရှိက ခိုင်းတာတွေကိုပဲ လိုက်နာရပြီး၊ ရှေ့က လူတွေအတိုင်း ထရပ်လိုက်၊ ဒူးထောက်လိုက်၊ ငိုလိုက်နဲ့ပဲ အချိန်ကုန်နေခဲ့ရတယ်။

253 08

သုံးရက် ဆက်တိုက်လုပ်ပြီးနောက်မှာတော့ ခန္ဓာကိုယ် သန်စွမ်းတဲ့ ကျောက်အာတောင်မှ မခံနိုင်တော့ဘဲ ဖြစ်သွားခဲ့ရတယ်။ အဲဒီအချိန်အတွင်း၊ အိုမင်းပြီး အားနည်းတဲ့ အမျိုးသမီးကြီးအချို့ မူးလဲသွားကြတာလည်း နည်းနည်းပါးပါး မဟုတ်ပါဘူး။

ဒီအခမ်းအနားတွေ ပြီးသွားမှပဲ ကျောက်အာက အိမ်မှာ ရက်ပေါင်းများစွာ အနားယူပြီးနောက်မှ ပြန်လည်လန်းဆန်းလာခဲ့တော့တယ်။

ရှစ်လပိုင်း တစ်လလုံးမှာ မြို့တော်ထဲမှာ ပုံမှန်ထက် ပိုပြီးတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။

မိဖုရားခေါင်ကြီး နတ်ရွာစံတာက တိုင်းပြည်ရဲ့ အကြီးဆုံး ဝမ်းနည်းမှုမို့၊ လမ်းပေါ်မှာ လမ်းလျှောက်ရင်း စကားပြောတာတောင် သတိထားနေကြရတယ်။ ရယ်တာမျိုး မလုပ်ရဲကြသလို၊ တစ်ယောက်ယောက်ရဲ့ အမြင်စောင်းတာ ခံရရင် 'မလေးစားမှု အပြစ်' နဲ့ အရေးယူခံရနိုင်လို့ပါပဲ။

လက်ထပ်တာ၊ ဂုဏ်ပြုပွဲတွေ လုပ်တာတွေကိုလည်း ကြိုပြီး ရပ်နားထားခဲ့ရပြီး၊ ၂၇ ရက် ကျော်မှပဲ ပြန်လုပ်နိုင်ကြပါမယ်။

ကိုးလပိုင်း ရောက်လာမှပဲ မြို့တော်ထဲမှာ သစ်လွင်တဲ့ အငွေ့အသက်တွေ ပြန်ထွက်လာပြီး၊ အရင်လို စည်ကား ဆူညံတာမျိုး ရှိလာခဲ့တော့တယ်။

တစ်ချိန်တည်းမှာပဲ အစိုးရအဖွဲ့ထဲမှာလည်း စည်ကားလာပြန်တယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ရွှီဒုဝန်ကြီး၊ အိမ်ရှေ့စံရဲ့ဆရာ ဖြစ်တဲ့ ရွှီထင်းရှန်းက နောက်ထပ် ထူးခြားတဲ့ ပြဿနာသစ် တစ်ခုကို ထပ်ပြီး ဖန်တီးလိုက်တာကြောင့်ပဲ ဖြစ်ပါတော့တယ်။

******

254 01

အခန်း (၂၅၄)

ရွှီထင်းရှန်းက ညီလာခံမှာ ကုန်သွယ်ခွန် တိုးကောက်မယ့် ကိစ္စကို တင်ပြခဲ့ပြီး၊ သမိုင်းမှတ်တမ်းတွေကို ကိုးကားလို့ ဘက်ပေါင်းစုံက အကျိုးအကြောင်းတွေကို အသေးစိတ် ရှင်းပြခဲ့တယ်။

ရှေးအရင် မင်းဆက်တွေကနေစပြီး အခုမင်းဆက်အထိ အကျိုးသက်ရောက်မှုတွေကို ချိတ်ဆက်ပြောနေခဲ့တယ်။

လယ်ယာခွန်နဲ့ ပတ်သက်တဲ့ အမျိုးမျိုးသော အချက်အလက်တွေကိုတင်မကဘဲ၊ အစိုးရအနေနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ဆိပ်ကမ်းတွေ ဖွင့်ခဲ့တဲ့ အချိန်ကစပြီး တိုင်းပြည်ရဲ့ ဘဏ္ဍာရေးနဲ့ ပြည်သူတွေရဲ့လူမှုစီးပွားဘဝအပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိခဲ့လဲဆိုတာကိုပါ ထုတ်ပြခဲ့တယ်။ အထက်မှာ ဧကရာဇ်မင်းမြတ်ကနေစလို့ အလယ်မှာ အရာရှိတွေ၊ အောက်ခြေမှာ သာမန်ပြည်သူတွေအထိ ဘယ်သူမှ မချီးမွမ်းဘဲ မနေနိုင်ကြဘဲ၊ ဒါဟာ တိုင်းပြည်နဲ့ ပြည်သူအတွက် အမှန်တကယ် ကောင်းတဲ့ကိစ္စဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ကုန်သွယ်ခွန် တိုးဖို့က သိပ်ကို အရေးကြီးနေပြီဖြစ်ပြီး၊ တာ့ချန်းမင်းဆက်ရဲ့ အေးချမ်းသာယာတဲ့ ခေတ်ကြီးကို ရဖို့က ဒီကိစ္စအပေါ်မှာပဲ မူတည်နေပါတော့တယ်။

ရွှီထင်းရှန်းရဲ့ ပြောဆိုချက်တွေက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ဒီစကားတွေကြောင့် အမတ်ကြီးတွေရဲ့ကန့်ကွက်တာကို ခံခဲ့ရတယ်။ သူတို့က ဝိုင်းတိုက်ခိုက်ကြပြီး ညီလာခံမှာတင် ရွှီထင်းရှန်းနဲ့ အခြေအတင် ငြင်းကြတော့တယ်။

မူလက နာရီဝက်လောက်နဲ့ ပြီးရမယ့် မနက်ခင်းညီလာခံက ဒီကိစ္စကြောင့်ပဲ မွန်းတည့်အချိန်အထိ ကြန့်ကြာသွားခဲ့ရတယ်။

ဧကရာဇ်ကျားချန်က ဒီကိစ္စကို သိပ်ကိုစိတ်ဝင်စားပုံရပြီး၊ အရာရှိတွေကို နန်းတွင်းမှာ ထမင်းပွဲ ပြင်ပေးခဲ့တယ်။

ဒီလို အရာရှိတွေကို ထမင်းပွဲ ပြင်ပေးတာက အရင်မင်းဆက်တွေကတည်းက ထုံးတမ်း ရှိခဲ့ပေမဲ့၊ "အလုပ်ကိစ္စ များပြီး ထောက်ပံ့ဖို့ ခက်တာ" ကြောင့် ရပ်ထားခဲ့တာပါ။ ပုံမှန်လုပ်တာကနေ တစ်ခါတရံ လုပ်တာကို ပြောင်းသွားတာက ဧကရာဇ်ကျားချန်ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြနေတာပါပဲ "အမတ်မင်းတို့ ခဏနားကြဦး၊ ထမင်းစားပြီးမှ ငါတို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့" ဆိုတာပါပဲ။

ထိုက်ဟော်နန်းဆောင် အပြင်ဘက်က ဝရန်တာနဲ့ အုတ်ခုံပေါ်မှာ စားပွဲငယ်လေးတွေ အစီအရီ ချထားပြီး၊ အရာရှိတွေက ကော်ဇောငယ်လေးတွေပေါ်မှာ ဒူးထောက်ထိုင်နေကြတယ်။ ညီလာခံ စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံက ဟိုဟိုဒီဒီ လျှောက်ကြည့်နေပေမဲ့၊ အောက်ခြေက တိုးတိုးတိုးတိုး ပြောသံတွေကိုတော့ တားလို့မရပါဘူး။

ဧကရာဇ်ကျားချန်ကတော့ ချန်ချင်းနန်းဆောင်ကို အစောကြီးကတည်းက ပြန်ကြွသွားခဲ့ပြီမို့ ဒီနေရာမှာ အတူတူ ရှိမနေဘူး။

အမှန်တော့ ဒီလူတွေ ပြောနေကြတာက ကုန်သွယ်ခွန် တိုးမယ့် ကိစ္စကိုပါပဲ။

မျက်နှာတွေ နီပြီး လည်ပင်းကြောတွေ ထောင်တဲ့အထိ ငြင်းနေကြတုန်းမှာပဲ၊ ရုတ်တရက် ရပ်ခိုင်းလိုက်တာကြောင့် အောင့်အည်း သည်းခံနိုင်တဲ့သူက နည်းနည်းပဲ ရှိတယ်။ ဒါပေမဲ့ အများစုက အဆင့်နိမ့် အရာရှိတွေပဲဖြစ်ပြီး၊ အဆင့်မြင့် အရာရှိကြီးတွေကတော့ ညီလာခံ စည်းကမ်းကို ထိခိုက်မယ့် အပြုအမူမျိုး လုပ်လေ့မရှိပါဘူး။

254 02

ပြောဆိုဆွေးနွေးကြရင်တောင် တိုးတိုးတိတ်တိတ် စကားနည်းနည်းပဲ ပြောနေကြတယ်။

ရွှီထင်းရှန်းရဲ့ ထိုင်ခုံနေရာက အရှေ့လည်းမကျ၊ အနောက်လည်းမကျဘဲ၊ ရာထူးအဆင့်အတန်းအလိုက် စီထားတာ ဖြစ်တယ်။ စားပွဲပေါ်က ဟင်းတွေက အလွန်အမင်း ခမ်းနားတာမျိုး မဟုတ်ပေမဲ့ မဆိုးပါဘူး၊ အသားဟင်းတစ်ခွက်၊ အသီးအရွက်ဟင်းတစ်ခွက်နဲ့ စွပ်ပြုတ်တစ်ခွက် ပါတယ်။

ဘေးနားမှာ လက်ဖက်ရည်ကြမ်းအိုး ကိုင်ထားတဲ့ မိန်းမစိုးတွေက စောင့်နေကြပြီး၊ အရာရှိတွေကို ဗိုက်ဝအောင် စားစေဖို့ ရည်ရွယ်ထားပေမဲ့၊ ထမင်းဝင်နိုင်တဲ့ အရာရှိကတော့ နည်းနည်းပဲ ရှိတော့တယ်။

ရွှီထင်းရှန်း တစ်ယောက်တည်းပဲ ထူးခြားနေခဲ့တယ်။

သူက အသားဟင်းနဲ့ အသီးအရွက်ဟင်း နှစ်မျိုးလုံးကို ကုန်အောင် စားလိုက်ရုံတင်မကဘဲ၊ ဆန်ကြမ်းထမင်း နှစ်ပန်းကန်ကိုပါ အကုန်စားပြီး၊ အခုဆို ပန်းကန်ကို မလို့ စွပ်ပြုတ်သောက်နေပြန်တယ်။ ဒါက အရာရှိအများကြီးရဲ့ စောင်းကြည့်တာကို ခံလိုက်ရပြီး သူ့ရဲ့အစားကြီးပုံနဲ့ ပြဿနာရှာတတ်ပုံကို ကြည့်ကာ စိတ်ထဲကနေ နှာခေါင်းရှုံ့နေတဲ့သူတွေလည်း မနည်းပါဘူး။

"အမတ်မင်းရွှီကတော့ တကယ်ပဲ အစားကောင်းတာပဲ၊ စားနိုင်သောက်နိုင်တာက ကံကောင်းခြင်း တစ်မျိုးပဲလေ" ရွှီထင်းရှန်းရဲ့ မျက်စောင်းထိုးမှာ ထိုင်နေတဲ့ ထုန်းကျန့်စူး ညာဘက် ဒုအရာရှိ လုပင်းဖူက ပြောလိုက်တယ်။ သူက အဆင့် (၄) အရာရှိပါ။

အဲဒီအချိန်မှာ ရွှီထင်းရှန်းက စွပ်ပြုတ်ကို သောက်ပြီးသွားတာကြောင့် ပန်းကန်နဲ့တူကို ချလိုက်ကာ ရင်ခွင်ထဲက ပုဝါကို ထုတ်ပြီး လက်နဲ့ ပါးစပ်ကို သုတ်နေခဲ့တယ်။

သူက သေသေချာချာ သုတ်ပြီးတော့မှ ပုဝါကို ဝတ်ရုံလက်စွပ်ထဲ ပြန်ထည့်ပြီး ဆိုလိုက်တယ်။ "အမတ်မင်းလုကလည်း ချီးမွမ်းလွန်းနေပါပြီ၊ ကျွန်တော်မျိုးက နံနက်ခင်း ညီလာခံကို အမှီလာရလို့ မနက်စာ မစားခဲ့ရလို့ပါ"

အဲဒီလို ပြောရင်း သူက သူ့ရှေ့ကို ကြည့်လိုက်ပြီးနောက် လုပင်းဖူရဲ့ရှေ့က တစ်စက်မှ မထိရသေးတဲ့ ဟင်းတွေကို လှမ်းကြည့်ကာ ဘာမှရှက်တာမရှိဘဲ ဆိုလိုက်တယ်။ "ဧကရာဇ်မင်းမြတ်ပေးတဲ့ နန်းတွင်းထမင်းက အမတ်မင်းလုအတွက် မနှစ်သက်စရာ ဖြစ်နေလို့လား၊ ဒါကြောင့်ပဲ တစ်လုတ်မှ မစားတာလား။ ဒါပေမဲ့လည်း ဟုတ်တာပေါ့၊ ကျွန်တော်မျိုးက ငယ်ရွယ်သန်စွမ်းတုန်းမို့ အစားကြီးတဲ့ အချိန်ပဲလေ၊ အမတ်မင်းလုနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ"

ဒီစကားက အေးအေးဆေးဆေး ပြောလိုက်တာ ဖြစ်ပေမဲ့ လုပင်းဖူကို ဒေါသထွက်လွန်းလို့ နောက်ကိုပင် လန်ကျမတတ် ဖြစ်သွားစေခဲ့တယ်။

သူ့စကားက ထင်ရှားတဲ့ လှောင်ပြောင်မှု ဖြစ်ပေမဲ့ တစ်ဖက်လူကတော့ မိမိကို ချီးမွမ်းတယ်လို့ ပြန်ပြောရုံတင်မကဘဲ မိမိကို အိုမင်းမစွမ်း ဖြစ်နေတယ်လို့ ပြန်လှောင်ကာ ဧကရာဇ် ပေးတဲ့အစာကို မကြိုက်ဘူးဆိုတဲ့ အပြစ်ကြီးကိုပါ ပုံချလိုက်တာ ဖြစ်တယ်။

ဒီစကားကို အသာအယာ ပြောရင် အသက်ကြီးလို့ အစားနည်းတာလို့ ဆိုနိုင်ပေမဲ့ အလေးအနက် ထားပြောရင်တော့ ဧကရာဇ်ရဲ့ကျေးဇူးတော်ကို မထီမဲ့မြင် လုပ်တာပါပဲ။

လုပင်းဖူရဲ့ မျက်နှာက ချက်ချင်းပဲ ပြောင်းသွားပြီး၊ အလျင်အမြန် တူကို ကောက်ကိုင်ရင်း ဆိုလိုက်ရတော့တယ်။ "ကျွန်တော်က မကြိုက်တာ မဟုတ်ပါဘူး၊ မနက်စာ စားတာ နည်းနည်း များသွားလို့ပါ"

ရွှီထင်းရှန်းက နားလည်သလို ခေါင်းညိတ်ပြပြီး ဆိုလိုက်တယ်။ "အမတ်မင်းလုကတော့ တကယ်ပဲ အစားကောင်းတာပဲ၊ စားနိုင်သောက်နိုင်တာက ကံကောင်းခြင်း တစ်မျိုးပါပဲ။ ဒါပေမဲ့ ကျန်းမာရေး ရှုထောင့်က ကြည့်ရင်တော့ ထမင်းကို ခုနစ်ပုံလောက်ပဲ စားသင့်တာမို့၊ အမတ်မင်းလုအနေနဲ့ သတိထားသင့်တယ်နော်"

254 03

လုပင်းဖူမှာ ပါးစပ်ထဲ ရောက်ခါစ ဟင်းဖတ်တွေက ချက်ချင်းပဲ ပြန်ပန်းထွက်သွားခဲ့ရပြီး ဆက်တိုက် ချောင်းဆိုးနေတော့တယ်။ အိုမင်းတဲ့ မျက်နှာကလည်း နီမြန်းနေခဲ့တယ်။

ရွှီထင်းရှန်းက အလျင်အမြန် လက်ယပ်ခေါ်ပြီး လူခေါ်ပေးလိုက်ကာ စိုးရိမ်သယောင်နဲ့ ပြောလိုက်တယ်။ "အမတ်မင်းလုအနေနဲ့ ဧကရာဇ်ရဲ့ ကျေးဇူးတော်ကို သိတာကို ကျွန်တော် သိပါတယ်၊ ဒါပေမဲ့လည်း အခုလိုမျိုး အလျင်စလို လုပ်စရာ မလိုပါဘူး။ ဆိုရိုးစကား ရှိတယ် မဟုတ်လား၊ အလုပ်ကိုသာ အတင်းခိုင်းပေမဲ့ ထမင်းကိုတော့ အတင်းမကျွေးရဘူးတဲ့၊ အမတ်မင်းလုအနေနဲ့ ဗိုက်ဆာနေရင်တောင်မှ ဒီလောက်အထိ အလျင်စလို မလုပ်သင့်ပါဘူး"

ညီလာခံ စည်းကမ်းထိန်းသိမ်းရေး အရာရှိ ရောက်လာတဲ့အခါမှာလည်း သူက လုပင်းဖူအတွက် စကားကောင်း ပြောပေးခဲ့ပြီး အရာရှိကို မှတ်တမ်းမတင်ဖို့ တောင်းဆိုပေးခဲ့တယ်။ ဒါ့အပြင် မိန်းမစိုးငယ် တစ်ယောက်ကို လုပင်းဖူအတွက် လက်ဖက်ရည် သွားယူခိုင်းလိုက်သေးတာမို့၊ တကယ်ကို အလေးထား ဂရုစိုက်ပေးနေတဲ့ပုံပါပဲ။

ဒီလိုမျိုး ကိစ္စကို ကြုံပြီးနောက်မှာတော့ ရင်ထဲမှာ ဘယ်လောက်ပဲ နာကျည်းတာတွေ ရှိနေပါစေ၊ ဘယ်သူမှ ရွှီထင်းရှန်းကို စကားနာထိုးဖို့ မဝံ့ရဲကြတော့ပါဘူး၊ ဒီလူက နှုတ်ခမ်းထက်တဲ့သူ ဖြစ်ကြောင်း သိသွားကြလို့ပါပဲ။

နှုတ်ခမ်းမထက်ဘဲ နေပါ့မလား၊ ခုနလေးတင် ညီလာခံမှာ လူအများကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တုန်းကတောင် ရှုံးတာ မရှိခဲ့တာ မဟုတ်လား။

အားလုံးက အရာရှိလောကမှာ ကျင်လည်လာတဲ့ ဝါရင့် မြေခွေးအိုကြီးတွေမို့၊ ဒီအမှန်တရားကို မသိတဲ့သူ မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားနဲ့ ပတ်သက်လာတဲ့အခါ၊ ဒါ့အပြင် ရွှီထင်းရှန်းက ဧကရာဇ်ရဲ့ ယုံကြည်မှုကို ရထားတဲ့သူ ဖြစ်တာ သိကြလို့၊ အကယ်လို့ ဒီကိစ္စကို ဧကရာဇ်ကျားချန်ကသာ အမှန်တကယ် အတည်ပြုလိုက်မယ်ဆိုရင် လူတိုင်း နစ်နာမှာမို့ အားလုံးက စိတ်လှုပ်ရှားနေကြတာပါ။

ဒီအကြောင်းကို ပြောရင် ကုန်သွယ်ခွန် အကြောင်းကို ပြောရပါလိမ့်မယ်။

တာ့ချန်းမင်းဆက်က အမြဲတမ်းပဲ လယ်ယာလုပ်ငန်းကို အလေးထားပြီး ကုန်သွယ်မှုကို နှိမ်ထားတဲ့ နိုင်ငံဖြစ်တယ်။ အရင်မင်းဆက်တွေ ကတည်းက အဲဒီလိုပါပဲ။ အစိုးရက လယ်ယာခွန်ကို အလေးထားပြီး ကုန်သွယ်ခွန်ကိုတော့ လျစ်လျူရှုထားခဲ့တယ်။ ကုန်သည်တွေရဲ့ အဆင့်အတန်းကလည်း နိမ့်တယ်ဆိုတာကို "ပညာရှင်၊ လယ်သမား၊ အလုပ်သမား၊ ကုန်သည်" ဆိုတဲ့ လူမှုအဆင့်အတန်း ခွဲခြားမှုအရ သိနိုင်ပါတယ်။

အချိန်တွေ ကြာလာတာနဲ့အမျှ၊ နေရာဒေသအသီးသီးမှာ ကုန်သွယ်မှုတွေက ပိုပြီးတိုးတက် စည်ကားလာခဲ့ပြီး၊ ကုန်သည်တွေရဲ့ အဆင့်အတန်းကလည်း တစ်နေ့ထက်တစ်နေ့ မြင့်လာခဲ့ပေမဲ့၊ ကုန်သွယ်ခွန်ကတော့ အစိုးရရဲ့ အခွန်အတုတ် သိမ်းတဲ့ စနစ်ထဲကို တရားဝင် မဝင်သေးပါဘူး။

ဒီထဲမှာ အကြောင်းရင်းတွေအများကြီး ရှိနေပြီး၊ အကြီးဆုံး အကြောင်းရင်းကတော့ အရာရှိနဲ့ ကုန်သည် ပူးပေါင်းနေကြတာပါပဲ။

ညီလာခံထဲမှာ ရှေးအရင်ကတည်းက တောင်ပိုင်းသား အရာရှိတွေ များပြီး၊ မြောက်ပိုင်းသား အရာရှိတွေကတော့ နည်းပါတယ်။ ဒီလို ဖြစ်လာရတာက အကြောင်းပြချက် တစ်ခုတည်းပဲ ရှိတယ်၊ အဲဒါက "ကောင်းမွန်တဲ့ သံသရာ" ပါပဲ။

တောင်ပိုင်းဒေသက ရှေးအရင်ကတည်းက မြောက်ပိုင်းထက် ပိုပြီးစည်ကားသာယာခဲ့တယ်။ ရာသီဥတု၊ စီးပွားရေး စတာတွေက အကြောင်းရင်းတွေ ဖြစ်ကြပြီး လူတွေ ချမ်းသာလာတဲ့အခါမှာတော့ အထင်ရှားဆုံး အချက်က စာသင်သားတွေ များလာတာပါပဲ။

စာသင်သား များလာတဲ့အခါ အစိုးရ အရာရှိတွေလည်း များလာပြီး ကိုယ့်ဇာတိက ထွက်လာတဲ့ အရာရှိတွေက ကိုယ့်နေရပ်ကို ပြန်ပြီး ကူညီကြစမြဲပါ။ စာပေပညာ ထွန်းကားလာတဲ့ အခြေအနေမှာ စာသင်သားတွေကလည်း ပိုပြီး များလာခဲ့တယ်။

254 04

တောင်ပိုင်းဒေသက သာမန်ပြည်သူတွေထဲမှာ စာတတ်တဲ့သူတွေ မနည်းပေမဲ့၊ မြောက်ပိုင်းဒေသမှာတော့ စာသင်သား တစ်ယောက် ပေါ်လာဖို့က မိသားစု တစ်စုလုံးရဲ့ အင်အားကို သုံးရတယ် ဆိုတဲ့ အချက်ကပဲ သက်သေပြနေခဲ့ပြီ ဖြစ်တယ်။

အဲဒီလိုပါပဲ၊ တောင်ပိုင်းဒေသက ရှေးအရင်ကတည်းက ကုန်သွယ်မှု စည်ကားတဲ့ နေရာဖြစ်တယ်။ ကျန်းနန်ဒေသက သူဌေးကြီးတွေနဲ့ ကုန်သည်ကြီးတွေရဲ့ ဘဝက ဘယ်လောက်အထိ ခမ်းနားသလဲဆိုရင် ဧကရာဇ်ကျားချန်တောင်မှ နည်းနည်း နောက်ဆုတ်ပေးရမလားလို့တောင် ထင်ရပါတယ်။

ဘာလို့ ကုန်သွယ်ခွန်ကို မသိမ်းနိုင်တာလဲဆိုတော့ တောင်ပိုင်းသား အရာရှိတွေက အစိုးရအဖွဲ့ရဲ့ နေရာတော်တော်များများကို ယူထားလို့ပါပဲ။ ကုန်သွယ်ခွန်ကို တိုးတာက သူတို့ရဲ့ထမင်းအိုးကို ရိုက်ခွဲလိုက်တာနဲ့ တူနေတယ်။ ဒါကြောင့်လည်း ကမ်းရိုးတန်းဒေသမှာ ဆိပ်ကမ်းဖွင့်ဖို့ ခက်ခဲ့သလို၊ ကုန်သွယ်ခွန် တိုးဖို့ကတော့ ပိုပြီး ခက်နေတာပါ။

အရင်မင်းဆက်တွေကလည်း ကုန်သွယ်ခွန် တိုးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပေမဲ့၊ အစိုးရအဖွဲ့ထဲက ကန့်ကွက်တာတွေက ပြင်းလွန်းတာကြောင့် အောင်မြင်မှု မရခဲ့ဘူး။

ဒီအရာရှိတွေက တစ်ဖက်က အဲဒီသူဌေးကြီးတွေဆီက အကျိုးအမြတ်တွေကို ယူထားကြသလို တစ်ဖက်ကလည်း အစိုးရက ကုန်သွယ်ခွန် တိုးတာကို တားနေကြတာက ပြည်သူတွေရဲ့ သွေးကို စုပ်ပြီး ကိုယ့်အိတ်ကပ်ကို ဖြည့်နေတာနဲ့ တူနေတယ်။

ဒီအမှန်တရားကို သိတဲ့ အရာရှိတွေ မနည်းပေမဲ့၊ အများစုက ရေစုန်အတိုင်း လိုက်ကြတယ် ဒါမှမဟုတ်ရင်လည်း လူအုပ်ကြားမှာ ပျောက်နေကြတယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စကို ထုတ်ပြောရဲတဲ့သူတိုင်းက ကောင်းတဲ့ အဆုံးသတ် မရှိခဲ့ကြလို့ပါပဲ။

ဒါကြောင့် ရွှီထင်းရှန်းရဲ့ ဒီလုပ်ရပ်က အမှန်တကယ်ပဲ နဂျီအိမ်ကို သွားပြီး ထိုးဆွလိုက်တာနဲ့ မခြားပါဘူး။

ရွှီထင်းရှန်းက ဗိုက်ဝအောင် စားပြီးနောက် လူကိုလည်း ပြန်တုံ့ပြန်လိုက်ရတာမို့၊ လူက အတော်လေး လန်းဆန်းနေခဲ့တယ်။ ခဏနေရင် နောက်ထပ် ရေရှည်တိုက်ပွဲ တစ်ခုကို ဆင်နွှဲရဦးမယ်ဆိုတာသိလို့ သူက အပေါ့အပါး သွားချင်လာတယ်။

သူက သိက္ခာမဲ့တာ ရှိ၊ မရှိ ဆိုတာကို ဂရုမစိုက်ပါဘူး။ အခုအချိန်မှာ သိက္ခာမဲ့တာက ခဏနေ ငြင်းနေတုန်း အပေါ့အပါး သွားချင်လာတာထက်စာရင် ပိုကောင်းတယ်လို့ ယူဆပြီး စည်းကမ်းထိန်းသိမ်းရေး အရာရှိကို ခေါ်လို့ ကိုယ့်လိုအပ်ချက်ကို တိုးတိုးလေး ပြောလိုက်တယ်။

အရာရှိကလည်း မတားတာနဲ့ ရွှီထင်းရှန်းက လူတိုင်းရဲ့ စူးစိုက်ကြည့်နေတဲ့ အကြည့်တွေကြားကနေ ထွက်သွားခဲ့တော့တယ်။

သူ ထွက်သွားပြီးနောက်မှာတော့ နောက်ထပ် ပြောဆိုသံတွေ ထွက်လာပြန်တယ်။ စည်းကမ်းထိန်းသိမ်းရေး အရာရှိကတော့ ဘာမှမသိသလိုပဲ နေနေခဲ့တယ်။ အဲဒီအချိန်မှာ နောက်ထပ် လူတစ်ယောက် ထလာပြန်တယ်၊ အဲဒါက ချန်ကျန်း ပါပဲ။

သူလည်း အပေါ့အပါး သွားချင်တာပါ။

အပေါ့အပါး သွားတာက သေးတဲ့ ကိစ္စလို့ ထင်ရပေမဲ့၊ အမှန်တော့ နန်းတော်နဲ့ ပတ်သက်လာရင် ဘယ်အရာမှ မရိုးရှင်းပါဘူး။

နန်းတော်နဲ့ ဧကရာဇ်မင်းမြတ် စံတဲ့နေရာက အရာရှိတွေ အပေါ့အပါး သွားဖို့ ရည်ရွယ်ထားတာ မဟုတ်လို့ အစပိုင်းမှာ အရှေ့ဘက် နန်းဆောင်တွေမှာ အိမ်သာတွေ ထားတာ မရှိဘူး။

ဒီလိုမျိုး မစာနာတဲ့ အပြုအမူကြောင့် အရာရှိအများကြီးက ညကတည်းက ညီလာခံ တက်ဖို့ ပြင်လာကြပေမဲ့ ရေနဲ့ထမင်းကိုတောင် မစားရဲကြဘူး။ အကယ်လို့ ညီလာခံ စောစော ပြီးရင် ကိစ္စမရှိပေမဲ့၊ ကြန့်ကြာသွားတဲ့ အခါမှာတော့ ဗိုက်ဆာလို့ မူးလဲသွားတဲ့သူတွေ မနည်းပါဘူး။

254 05

ညီလာခံမှာတင် မထိန်းနိုင်ဘဲ အရှက်ရတဲ့သူတွေလည်း မုချ ရှိခဲ့ဖူးမှာပါ။

အဲဒီလို ကိစ္စတွေက မနည်းတာကြောင့် အဲဒီတုန်းက ဧကရာဇ်မင်းမြတ်က အရှေ့ဘက် နန်းဆောင်မှာ အိမ်သာတစ်ခုကို အထူးတည်ဆောက်ပေးခဲ့ပြီး အရာရှိတွေ သုံးနိုင်ဖို့ စီစဉ်ပေးခဲ့တယ်။ အိမ်သာကို တောင်ဘက် နံရံခြေရင်းမှာ ထားပြီး အတွင်းအမတ်ရုံး ခန်းမနဲ့ မဝေးတာကြောင့် အမတ်ကြီးတွေ သုံးဖို့အတွက်လည်း အဆင်ပြေပါတယ်။

ရွှီထင်းရှန်းက ထိုက်ဟော်နန်းဆောင်ကနေ တောင်ဘက် နံရံခြေရင်းအထိ လမ်းတစ်လျှောက်မှာ စိတ်ထဲကနေ ကဲ့ရဲ့လာခဲ့ပြီး အဲဒီနေရာ ရောက်မှပဲ လွတ်လပ်မှုကို ရတော့တယ်။

ဒီအိမ်သာက တော်တော်လေး သန့်ပါတယ်။ အပေါ့သွားအိုး အချို့ကို ထားရုံတင်မကဘဲ၊ အခန်းတွေနဲ့လည်း ခွဲထားကာ၊ အမွှေးနံ့သာတွေ ထွန်းထားတာကြောင့် ညစ်ပတ်တဲ့ အနံ့ဆိုးတွေ လုံးဝမရှိဘူး။

ရွှီထင်းရှန်းက လက်ကို ဆေးပြီးနောက် အပြင်ထွက်ဖို့ ပြင်တုန်း ချန်ကျန်းက အပြင်ကနေ ဝင်လာတယ်။

အဲဒီတော့ သူက အလျင်အမြန်ပဲ ဗိုက်နာသယောင် လုပ်ပြီး အခန်းထဲ ပြန်ဝင်သွားခဲ့တယ်။

လမ်းပြ မိန်းမစိုးကတော့ အပြင်မှာ စောင့်နေတာမို့ အကယ်လို့ အသံကို နှိမ့်ပြောရင် အပြင်က ကြားနိုင်မှာ မဟုတ်ပါဘူး။

ချန်ကျန်းက ထိုင်လိုက်ပြီးနောက် မေးလိုက်တယ်။ "မင်းကတော့ နဂျီအိမ်ကို သွားပြီး ထိုးဆွလိုက်တာပဲ။ အရင်က ပြောခဲ့တာက အဲဒီကိစ္စ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ အခု ဒီလိုမျိုး ဖြစ်သွားရတာလဲ"

တစ်ဖက်လူရဲ့ တိုးတိုးလေး ပြောတဲ့အသံနဲ့ ဒီလိုမျိုး ပတ်ဝန်းကျင် အခြေအနေက ရွှီထင်းရှန်း တစ်ခါမှ မကြုံဖူးလို့ စိတ်ထဲမှာ သိပ်ကို အနေခက်နေခဲ့တယ်။

"ဒါကတော့... ပြောရတာ နည်းနည်း ခက်တယ်"

အမှန်တော့ ပြောရခက်တာ မဟုတ်ဘဲ၊ ရွှီထင်းရှန်းအနေနဲ့ ဘယ်လို ပြောရမှန်း မသိတာ ဖြစ်တယ်။

ကိစ္စရပ်တွေက အရင်ကတည်းက စခဲ့တာပါ၊ ရှောက်အန်းဟွေ့ မိဖုရားခေါင်ကြီးရဲ့ ရုပ်ကလာပ်ကို ဂူသွင်းပြီးနောက်မှာ၊ ဧကရာဇ်ကျားချန်က ရွှီထင်းရှန်းကို ရုတ်တရက် ခေါ်တွေ့ခဲ့တယ်။

ထူးထူးခြားခြား ဘာမှမပြောပေမဲ့၊ စကားလုံးတွေထဲမှာ အရိပ်အမြွက်တွေ ပါနေခဲ့တယ်။

ဧကရာဇ်ကျားချန်က မြေယာတွေကို လက်ဝါးကြီး အုပ်ထားတဲ့ကိစ္စကို ကိုင်တွယ်ချင်နေတာ ကြာပြီဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ရွှီထင်းရှန်းက အတွင်းအမတ် စာရေးမျှသာ ရှိသေးတဲ့ အချိန်မှာတောင် ညီလာခံ ဆွေးနွေးပွဲတွေမှာ ဒီကိစ္စကို တင်ပြခဲ့ဖူးပေမဲ့ အဲဒီတုန်းက အောင်မြင်မှု မရဘဲ ပြီးသွားခဲ့ရတယ်။

ဒါပေမဲ့ ဒီလို ဧကရာဇ်မျိုးက သူ့ရည်မှန်းချက်ကို ဘယ်လိုလုပ် လက်လျှော့ပါ့မလဲ။

ရွှီထင်းရှန်းက ဧကရာဇ်ကျားချန်အနေနဲ့ ဒီလို ကိစ္စတွေကို အလျင်စလို လုပ်လို့ မရတာကို နားလည်လိမ့်မယ်လို့ ထင်ထားခဲ့တယ်။ သူလည်း တာ့ချန်းနဲ့ ပြည်သူတွေအတွက် ဧကရာဇ်ရဲ့ အလိုကို လိုက်ချင်တဲ့ စိတ် ရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စက အရာရှိတစ်ယောက်အနေနဲ့ ကြည့်ရင်၊ မီးဖိုကြီးထဲ ဝင်လိုက်တာနဲ့ တူနေပြီး တစ်ချက်ကလေး မှားလိုက်တာနဲ့ အရာရာ ပျက်သွားနိုင်တာမို့ သူလည်း ဝေခွဲမရ ဖြစ်နေခဲ့တာပါ။

နှမြောစရာ ကောင်းတာက...

နှမြောစရာ ကောင်းတာက ဧကရာဇ်ကျားချန်က ဆက်ပြီး မစောင့်နိုင်တော့တာပါပဲ။

ရွှီထင်းရှန်းက ဧကရာဇ်ကျားချန် ဘာလို့ ဒီလောက်အထိ လောနေတာလဲ ဆိုတာကို မသိပေမဲ့၊ အကယ်လို့ ဒီလိုအခြေအနေသာ မဟုတ်ရင် သူက အချိန်ဆွဲပြီး အခြေအနေကို စောင့်ကြည့်နိုင်သေးတာ ထင်ရှားပါတယ်။

254 06

အခုတော့ သူက မတတ်သာဘဲ ရှေ့တန်းကို တက်လာခဲ့ရတာဖြစ်ပြီး၊ ဒါကြောင့်ပဲ ဒီနေ့ ဒီလိုမျိုး အခြေအနေ ဖြစ်လာရတာ ဖြစ်တယ်။

"ထားလိုက်ပါတော့ မင်း ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ခဏနေရင် ငါ မင်းကို ကူညီပြီး စကားပြောပေးပါ့မယ်။ ငါ စွီမိသားစု အုပ်စုက လူတွေကိုလည်း ခေါ်ဖို့ ကြိုးစားပါ့မယ်၊ ဒါပေမဲ့ မင်း သိတဲ့အတိုင်းပဲ၊ စွီမိသားစု အုပ်စုက လူတွေလည်း အစိုးရက ကုန်သွယ်ခွန် တိုးတာကို မြင်ချင်မှာ မဟုတ်ဘူး"

ဒီရှုပ်ထွေးတဲ့ ရေကန်ထဲမှာ၊ ဘယ်သူကများ တခြားသူထက် ပိုပြီး သန့်ရှင်းနေပါ့မလဲ။

သန့်ရှင်းတယ် ဆိုတာကလည်း ဧကရာဇ်ရဲ့အလိုနဲ့ ကိုက်ညီသလား ဆိုတဲ့အပေါ်မှာပဲ မူတည်တာပါ။ လောကမှာ လုံးဝဥဿုံ ရန်သူ ဒါမှမဟုတ် မိတ်ဆွေဆိုတာ မရှိပါဘူး၊ တူညီတဲ့ ရည်မှန်းချက် တစ်ခုအတွက်ဆိုရင် ရန်သူလည်း ဖြစ်နိုင်သလို၊ မိတ်ဆွေလည်း ဖြစ်နိုင်ပါတယ်။

အရင်က ဝူအမတ်ချုပ်ကြီးကို ဖြုတ်ချခဲ့တုန်းကလိုပဲ၊ အခုလည်း အဲဒီအတိုင်းပါပဲ။

ဒီလိုမျိုး အနေခက်စရာ ပတ်ဝန်းကျင်မှာ စကားပြောဖို့ မသင့်ပေမဲ့၊ ရွှီထင်းရှန်းရဲ့ ရင်ထဲမှာတော့ သိပ်ကို စိတ်လှုပ်ရှား ဝမ်းသာသွားခဲ့ရတယ်။ သူက ပြုံးပြီး ဆိုလိုက်တယ်။ "ဒီကိစ္စကိုတော့ မင်း ကြားဝင် စွက်ဖက်ဖို့ မလိုပါဘူး၊ ငါ့ရဲ့ ရည်ရွယ်ချက်က ဒီမှာ မဟုတ်ဘူး"

အရာရှိ အားလုံးက နန်းတွင်းထမင်း စားပြီးနောက်မှာ မျှော်လင့်တကြီးနဲ့ စောင့်နေကြတယ်။

တစ်နာရီလောက် စောင့်ပြီးတော့မှ ခဏ အနားယူပြီးပုံရတဲ့ ဧကရာဇ်ကျားချန် ရောက်လာတယ်။

အမတ်တွေနဲ့ ဧကရာဇ်က နှိုင်းယှဉ်လို့ မရပါဘူး။ ဥပမာပြောရရင် နဂါးပလ္လင်ပေါ်မှာ ခန့်ညားစွာ ထိုင်နေတဲ့ ဧကရာဇ်ကျားချန်နဲ့၊ အောက်ခြေမှာ ခါးတွေ နာနေကြသလို၊ တစ်ခါတလေ အပေါ့အပါးတောင် မထိန်းနိုင်တော့တဲ့ အရာရှိတွေပါပဲ။

ကုန်သွယ်ခွန် တိုးမြှင့်ရေးနဲ့ ပတ်သက်တဲ့ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲက ဒီလိုနဲ့ စပါတော့တယ်။

မနက်ခင်းနဲ့ မတူတာက အဲဒီတုန်းက အရာရှိတွေက ကြိုတင်ပြင်မထားသလို ရွှီထင်းရှန်းရဲ့ ရုတ်တရက် တိုက်ခိုက်တာကို ခံလိုက်ရတာ ဖြစ်တယ်။ အခုတစ်ကြိမ်မှာတော့ သူတို့က သေသေချာချာ ပြင်လာကြသလို၊ စိတ်ထဲကလည်း စကားလုံးတွေကို ပြင်ထားကြပုံ ရတယ်။ ဧကရာဇ်ကျားချန်က "ကိုယ်စီ အမြင်တွေကို တင်ပြကြပြီး၊ အကျိုးအပြစ်တွေကို ချိန်ဆကြပါ" လို့ မိန့်လိုက်တာနဲ့ အမတ်တစ်ယောက်က ချက်ချင်း လျှောက်တင်လိုက်တော့တယ်။

သူ လျှောက်တင်တာက ကုန်သွယ်ခွန် တိုးတာက ဘယ်လောက်အထိ လူမဆန်တဲ့ လုပ်ရပ် ဖြစ်ကြောင်းပါပဲ။

ဒီလို လူမဆန်တာနဲ့ ပတ်သက်ပြီး ရှင်းပြရာမှာ၊ အဲဒီအမတ်က အရင်မင်းဆက် ဝမ်လီခေတ်က အခွန် ကန့်ကွက်မှု အမှုကြီးကို သက်သေအဖြစ် ကိုးကားပြီး၊ ကုန်သွယ်ခွန် တိုးတာက ပြည်သူတွေရဲ့ ဆူပူမှုကို ဖြစ်စေနိုင်ကြောင်း၊ တိုင်းပြည်ရဲ့ အေးချမ်းမှုကို ထိခိုက်နိုင်ကြောင်း အသေးစိတ် တင်ပြခဲ့တယ်။

အမှန်တော့ ဒီလူက နည်းနည်း လိုရာဆွဲ ပြောနေတာပါ၊ ဝမ်လီ အခွန်ကန့်ကွက်မှု အမှုက ဝမ်လီ ဧကရာဇ်က လူမှား သုံးလိုက်လို့ မိန်းမစိုးတွေက ဘေးဥပဒ် လုပ်ခဲ့တာပါ။ အခွန်အရာရှိ လုပ်တဲ့ အဲဒီမိန်းမစိုးတွေက နယ်တွေကို သွားပြီး အကြောင်းအမျိုးမျိုးပြကာ ပြည်သူတွေအပေါ် အဆမတန် နှိပ်စက် သိမ်းခဲ့သလို၊ ကြားထဲကလည်း အကျိုးအမြတ်တွေကို ယူခဲ့ကြတယ်။ ဒါကြောင့်သာ ဒေသခံ ပြည်သူတွေက မကျေမနပ် ဖြစ်ပြီး ဆူပူသောင်းကျန်းမှုတွေ ဖြစ်ခဲ့ရတာပါ။

ဒါပေါ့၊ မိန်းမစိုးတွေရဲ့ ဘေးဥပဒ်အပြင်၊ အဲဒီဆူပူမှုတွေရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှု ရှိသလား ဆိုတာကိုတော့ ထည့်မပြောချင်တော့ပါဘူး။ ဒါပေမဲ့ ဒီအမှုက အရာရှိတွေက ကုန်သွယ်ခွန် တိုးဖို့ တင်ပြလာတိုင်းမှာ တစ်ဖက်လူကို တိုက်ခိုက်ဖို့အတွက် မရှိမဖြစ် သုံးလေ့ရှိတဲ့ "ကယ်တင်ရှင် ဆေးနည်း" ပါပဲ။

254 07

ဘယ်ဧကရာဇ်မဆို ပြည်သူတွေ ဆူပူလာမှာကို မကြောက်တဲ့သူ မရှိသလောက်မို့၊ အဲဒီအမတ်ကလည်း ဧကရာဇ်ရဲ့အကြောက်တရားကို အသုံးချပြီး လျှောက်တင်လိုက်တာပါ။

အဲဒီအမတ်က စလိုက်တာနဲ့၊ တစ်ဦးပြီးတစ်ဦးသော အရာရှိတွေက ဆက်တိုက် လျှောက်တင်ကြတော့တယ်။ အားလုံးက အဲဒီစကားကို ထောက်ခံကြပြီး၊ ငိုသံတွေ ပါနေသလားလို့တောင် ထင်ရအောင် သိပ်ကို စေတနာ ပါပါတယ်လို့ ပြောပြီး ပြောနေကြတော့တယ်။

သူတို့က ဧကရာဇ်ကျားချန်ရဲ့ ဝတ်ရုံစကို ဆွဲပြီး၊ "ရွှီထင်းရှန်း ဆိုတဲ့ လူယုတ်မာရဲ့ စကားကို လုံးဝ မယုံပါနဲ့၊ သူက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းပြည်ရဲ့ အခြေခံ အုတ်မြစ်ကို လှုပ်အောင် လုပ်နေတာပါ" လို့ ပြောဖို့ပဲ ကျန်ပါတော့တယ်။

******

All Chapters