← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

257 01

အခန်း (၂၅၇)

ဒီကိစ္စကို ခရိုင်ရုံးဆီ အမြန်ပဲ သတင်းပို့လိုက်တော့ စွန်းဟိုင်ရင်းက ကြားရတဲ့အခါ မျက်နှာ ပျက်သွားသလို၊ တစ်ချိန်တည်းမှာပဲ သိပ်ကို နာကျည်းတာနဲ့ အံကြိတ်နေမိတော့တယ်။

ခရိုင်ရုံးထဲမှာ ငွေပေးဝယ်ထားတာ ခံရတဲ့ ရုံးစေတွေကို ရှင်းပြီးတဲ့နောက်မှာတော့ သူကိုယ်တိုင် ရှေ့ထွက်ပြီး သူဌေးကြီးကျောက်ကို ဖမ်းလိုက်တော့တယ်။

ဒီဖြစ်ရပ်ကို ခိုင်ဖုန်းမြို့တော်ရုံးက သိသွားတဲ့အခါမှာတော့ မြို့ဝန်ကျန်းရှန်းကိုယ်တိုင် အမိန့် ထုတ်လိုက်ပါတယ်။

သူဌေးကြီးကျောက်က ပြည်သူတွေကို သွေးထိုးလှုံ့ဆော်ခဲ့ပြီး၊ ဆူပူသောင်းကျန်းအောင် ကြံစည်ခဲ့တာဟာ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကြီးပါပဲ။ အစိုးရက ထုတ်ထားတဲ့ အမိန့်အရ အစိုးရရဲ့ မူဝါဒအသစ် ဖော်ဆောင်တာကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပိတ်ဆို့ တားဆီးတဲ့သူတွေကို အခြေအနေ ပြင်းထန်ရင် ပိုင်ဆိုင်မှုတွေကို သိမ်းနိုင်သလို ခေါင်းဖြတ် ပြစ်ဒဏ်ကိုလည်း ချမှတ်နိုင်တယ်။

မြို့တော်ရုံးက လူတွေ ကိုယ်တိုင် ရောက်လာခဲ့ပြီး၊ လူအများရှေ့မှာ သူဌေးကြီးကျောက်ကို ခေါင်းဖြတ်ကွပ်မျက်လိုက်သလို၊ တစ်ဖက်လူရဲ့ ပိုင်ဆိုင်မှု အားလုံးကိုလည်း သိမ်းလိုက်ကာ သူ့ရဲ့လယ်ယာမြေတွေကိုလည်း အနီးနားက ပြည်သူတွေကို အညီအမျှ ခွဲဝေပေးလိုက်ပါတော့တယ်။

သူဌေးကြီးကျောက်ရဲ့ နမူနာ ရှိနေတာကြောင့်၊ ယန်ဝူခရိုင်ထဲက တခြား သူဌေးကြီးတွေကတော့ တစ်စုံတစ်ရာ ပြဿနာ ရှာချင်ရင်တောင်မှ ရမ်းသန်းပြီး မလုပ်ဝံ့ကြတော့ပါဘူး။ ခရိုင်ထဲမှာ မြေယာတွေ ပြန်တိုင်းတာက သိပ်ကို ချောချောမောမောနဲ့ ပြီးသွားခဲ့ပြီး ဆောင်းဦး ရိက္ခာတွေ မထွက်ခင်မှာတင် မြေယာ တိုင်းတာတဲ့ ကိစ္စတွေ အားလုံးကို အပြီးသတ်နိုင်ခဲ့တာကြောင့်၊ ခရိုင်ရုံးကနေ ကြေညာချက် ထုတ်လိုက်တာကတော့ ယခုနှစ် ဆောင်းဦး ရိက္ခာ အခွန်ကို မူဝါဒအသစ် အတိုင်းပဲ သိမ်းမယ်ဆိုတာပါပဲ။

အဲဒါက ခေါင်းခွန်ကို ပယ်ဖျက်ပေးလိုက်ရုံတင်မကဘဲ အကြောင်းအမျိုးမျိုးပြပြီး ကောက်တဲ့ အခွန်အတုတ် အားလုံးကိုပါ ပယ်ဖျက်ပေးလိုက်ပြီး မြေခွန်ထဲကိုပဲ ပေါင်းထည့်လိုက်တာဖြစ်ကာ နောင်မှာလည်း အခွန်ထပ်မတိုးဖို့ ကတိပေးခဲ့ပါတယ်။

ခဏလေးအတွင်းမှာပဲ ပြည်သူတိုင်းက ဝမ်းသာအားရ လက်ခုပ်တီးကြသလို၊ မူဝါဒအသစ် ကောင်းတဲ့အကြောင်းကိုလည်း သီချင်းလိုမျိုး သီဆိုနေကြတော့တယ်။

ဒီလိုနဲ့ သတင်းက တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပျံ့သွားတာကြောင့် ဒီကိစ္စကို အနီးနားက ခရိုင်တွေက ပြည်သူတွေလည်း သိသွားကြတော့တယ်။ ယန်ဝူခရိုင်က ပြည်သူတွေက ဒီနှစ်မှာ မိသားစုတွေထက် အခွန် နည်းနည်းပဲ ပေးရမှာကို သိလိုက်ရတဲ့အခါ တခြား ခရိုင်က ပြည်သူတွေလည်း ငြိမ်မနေနိုင်ကြတော့ဘူး။

ခဏခဏ ဆိုသလိုပဲ သတင်းစကား ကြားရတဲ့သူတွေက ယန်ဝူခရိုင်ဆီကို ကိုယ်တိုင်လာကြည့်ကြပြီး အဲဒီဒေသက ပြည်သူတွေ ပျော်နေကြတာကို မြင်ရသလို သူတို့ရဲ့ရှင်းပြချက်တွေကို အသေးစိတ် နားထောင်ပြီးတဲ့နောက်မှာတော့ သူတို့ရင်ထဲမှာလည်း မအောင့်နိုင်ဘဲ ဖြစ်လာကြတော့တယ်။ တိုးတိုးတိတ်တိတ် ပြောဆိုဆွေးနွေးကြရုံတင်မကဘဲ တချို့လူတွေဆိုရင် ကိုယ်နေတဲ့ ခရိုင်ရုံးဆီအထိ သွားပြီးတော့တောင် မေးကြတော့တယ်။

မေးကြည့်တဲ့ အခါမှပဲ မူဝါဒအသစ်က အမှန်တကယ် ပြင်နေတာဖြစ်ပြီး၊ မကြာခင်မှာပဲ ဖော်ဆောင်တော့မယ်ဆိုတာ သိလိုက်ရတယ်။

ဒါပေမဲ့ အဲဒီ "မကြာခင်" ဆိုတာက ဘယ်လောက်တောင် ကြာမှာလဲ။ ဒါကြောင့် အနီးနားက ခရိုင်တွေရဲ့ မူဝါဒအသစ်ကိုတော့ ပြည်သူတွေကပဲ အတင်းအကျပ် တောင်းဆိုပြီးတော့ကို ဖော်ဆောင်ခိုင်းခဲ့ကြတာဖြစ်ပြီး အားလုံးက အခွန်မပေးခင် အချိန်မှာ မူဝါဒအသစ်ကို ဖော်ဆောင်စေချင်ကြတာ ဖြစ်တယ်။

ရှေးအရင်ကတည်းက လူထုရဲ့ စိတ်ဆန္ဒ ရတဲ့သူက အောင်နိုင်သူ ဖြစ်တယ်ဆိုတဲ့ ဆိုရိုး ရှိတာကြောင့် ယန်ဝူခရိုင်ရဲ့အကြောင်းတွေကို လူအများက ကျယ်ကျယ်ပြန့်ပြန့် သိသွားကြပြီးတဲ့နောက်မှာတော့ စာမတတ်တဲ့ ပြည်သူအများကြီးတောင်မှ ဒီမူဝါဒအသစ်က အစိုးရက ပြည်သူတွေကို အကျိုးပြုနေတာဖြစ်ပြီး၊ ဟိုသူဌေးကြီးတွေရဲ့ အကျိုးစီးပွားကိုပဲ ထိခိုက်စေတာဆိုတာ သိသွားကြတော့တယ်။

ဒါကြောင့် မူဝါဒအသစ်ကို ပိတ်ဆို့တားဆီးသမျှ အရာအားလုံးက အဲဒီသူဌေးကြီးတွေရဲ့ လှည့်ကွက်တွေပဲမို့ လုံးဝမယုံသင့်ဘူးဆိုတာကိုလည်း သိသွားကြတယ်။

ဒီလိုမျိုး အခြေအနေမှာ မူဝါဒအသစ် ဖော်ဆောင်တာက သိပ်ကိုချောမွေ့ခဲ့ပါတယ်။ ကြားထဲမှာ တစ်ယောက်ယောက်က ဝင်စွက်တာတွေ ရှိပေမဲ့လည်း ပြတ်သားတဲ့ လက်ရုံးရည် ရှိနေတာကြောင့် အဲဒီအရာတွေကို ကြောက်နေဖို့ မလိုပါဘူး။

257 02

ဒီအရာတွေကို ပြောဖို့က လွယ်ပေမဲ့ လက်တွေ့မှာတော့ သိပ်ကိုခက်ခဲလှပါတယ်။

ပြည်သူတွေကို အသိပေးတာက ပထမအချက် ဖြစ်သလို ပြည်သူတွေ လှည့်စားတာ မခံရအောင် ကာကွယ်တာက ဒုတိယအချက် ဖြစ်တယ်။ ဒါပေမဲ့ အဲဒီဒေသခံ သူဌေးကြီးတွေရဲ့ ဆက်ဆံရေးက ရှုပ်ထွေးတာကြောင့် သူတို့ရဲ့ဆွေမျိုးတွေက အစိုးရအဖွဲ့ထဲမှာ အရာရှိ လုပ်နေတဲ့သူတွေလည်း ရှိနေကြစမြဲပါပဲ။ မြေယာတွေကို ကိုယ့်အပေါ်မှာ တိုင်းလာတဲ့အခါ အဲဒီလူတွေက အသိမိတ်ဆွေတွေကတစ်ဆင့် နည်းလမ်းရှာကြသလို၊ မူဝါဒအသစ်ကို ဦးဆောင်နေတဲ့ ဒေသခံ အရာရှိတွေဆီကိုလည်း စကားပါးပြီး ဖိအားပေးကြတော့တယ်။

တာ့ချန်းက လူမှုဆက်ဆံရေးကို အခြေခံတဲ့ လူ့အဖွဲ့အစည်း ဖြစ်တာကြောင့် ဒီလိုမျိုး ပြဿနာတွေကို မုချ ရင်ဆိုင်ရစမြဲပါပဲ။ သံယောဇဉ် တရားတွေနဲ့အတူ အနာဂတ် ရာထူး လမ်းကြောင်းတွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့်၊ အထက်အောက် တစ်ခုလုံး ရင်ဆိုင်ခဲ့ရတဲ့ ဖိအားတွေက တစ်ခါမှ မကြုံဖူးတဲ့ အခြေအနေ ဖြစ်နေခဲ့တယ်။

ကံကောင်းတာက ခိုင်ဖုန်းမှာ လူအပေါင်းရဲ့ ပြစ်တင် ရှုတ်ချတာကို မမှုဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တဲ့ မြို့ဝန် ကျန်းရှန်း ရှိနေခဲ့သလို၊ ပြီးခဲ့တဲ့နှစ်က ဟဲနန်မှာ ရာထူးက ပြုတ်သွားတဲ့ အရာရှိတွေရဲ့ နေရာမှာလည်း အရာရှိသစ်တွေကို အစားထိုး ခန့်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒီအရာရှိတွေက ငယ်ရွယ်ပြီး ရည်မှန်းချက် ရှိကြတယ်။ သူတို့ရဲ့ စရိုက်တွေက လောကီ အညစ်အကြေးတွေရဲ့ တိုက်စားတာကို မခံရသေးပါဘူး။ သူတို့က ငယ်ငယ်ကတည်းက သူတော်စင်တို့ရဲ့ စာပေတွေကို ဖတ်ပြီး ကြီးလာကြတာမို့၊ ကိုယ်ကျင့်တရားနဲ့ အရှက်တရားကို သိကြသလို "ကောင်းကင်နဲ့ မြေကြီးအတွက် စိတ်ဓာတ်ကို တည်ဆောက်ဖို့၊ ပြည်သူတွေရဲ့ အသက်အတွက် လမ်းပြဖို့၊ ရှေးသူတော်စင်တို့ရဲ့ ပညာတွေကို ဆက်ခံဖို့နဲ့၊ နောင်လာနောက်သားတွေအတွက် အေးချမ်းမှုကို ဖန်တီးဖို့" ဆိုတဲ့ အမှန်တရားတွေကိုလည်း သိနားလည်ကြတယ်။

အမှန်တော့ အရာရှိတိုင်းက မွေးရာပါ အကျင့်ပျက် အရာရှိတွေ မဟုတ်ကြပါဘူး၊ အကျင့်ပျက် ခြစားမှု ဆိုတာက သင့်တော်တဲ့ ပတ်ဝန်းကျင် ရှိမှသာ အမြစ်တွယ် ကြီးထွားလာနိုင်တာပါ။ ဒီအရာရှိတွေက အရာရှိလောကထဲကို စတင် ဝင်လာတာ ဖြစ်တာကြောင့် အဲဒီမကောင်းတဲ့ အဆင့်တွေကို ကျော်ဖြတ်နိုင်ခဲ့ကြပြီး ဒီလိုမျိုး သူတွေက မူဝါဒအသစ်ကို ဖော်ဆောင်တဲ့အခါ၊ အားစိုက်ထုတ်မှု နည်းပေမဲ့ ရလဒ်ကတော့ အဆမတန် ကောင်းခဲ့တာ ဖြစ်တယ်။

အဲဒီတုန်းက ရွှီထင်းရှန်းက ဒီလူတွေကို ဟဲနန်ဆီ စေလွှတ်ခဲ့တာက မူလက ဒီကိစ္စအတွက် ရည်ရွယ်ခဲ့တာ မဟုတ်ဘဲ အဲဒီဒေသကို ကယ်ဆယ်ရေး လာတုန်းက မြင်ခဲ့ရတဲ့ ရှုပ်ထွေးမှုတွေကြောင့်၊ သနားစိတ်နဲ့ ကူညီခဲ့တာပါ။

ကျန်းရှန်းရဲ့ ပြတ်သားမှုနဲ့ ရှားပါးလှတဲ့ သန့်ရှင်း ဖြောင့်မတ်မှုတွေကြောင့်လည်း၊ သူက အထူးတလည်ပဲ လက်တွဲ ကူညီခဲ့တာ ဖြစ်ပါတယ်။

ခိုင်ဖုန်းက မူဝါဒအသစ် ဖော်ဆောင်တာက သိပ်ကိုချောမွေ့နေကြောင်း သတင်းရတဲ့အခါမှာတော့ သူက အဲဒီတုန်းက ကိုယ့်ရဲ့ လုပ်ရပ်အတွက် သိပ်ကို ဝမ်းသာမိတော့တယ်။

ဒါပေမဲ့ အဲဒီဝမ်းသာမှုက ကြာရှည် မခံခဲ့ပါဘူး။ သူက အလုပ်များတဲ့ အခြေအနေထဲကို ချက်ချင်းပဲ ပြန်ပြီး နစ်မြုပ်သွားခဲ့ရတယ်။

သူ အရင်က ပြောခဲ့သလိုပဲ။ ဒီတိုက်ပွဲက စကာမျှပဲ ရှိသေးတယ်၊ မူဝါဒအသစ်ကို ဖော်ဆောင်နိုင်သလို ပိတ်ဆို့ တားဆီးတာတွေလည်း ရှိနိုင်တာအပြင် တာ့ချန်းရဲ့ နယ်မြေက ကျယ်ပြောလှတာကြောင့် အရာရာကို အမြစ်ပြတ်အောင် မဖော်ဆောင်နိုင်သေးသရွေ့တော့ ဘယ်သူမှ အောင်မြင်ပြီလို့ မပြောဝံ့ကြပါဘူး။

အမှန်တော့ ဒီရက်ပိုင်းအတွင်း၊ ရွှီထင်းရှန်းရဲ့ဘဝကလည်း လွယ်ကူလှတာ မဟုတ်ဘူး။ မူဝါဒအသစ်ကို သူက ဦးဆောင်နေတာကြောင့် ဖြစ်လာသမျှ လေပြင်းမုန်တိုင်း အားလုံးကို သူကပဲ ရှေ့တန်းကနေ ရင်ဆိုင်နေရတာ ဖြစ်တယ်။

ကံကောင်းတာက အခု သူ့မှာ ကူညီပေးမယ့်သူတွေအများကြီး ရှိနေတာကြောင့်၊ တစ်ကိုယ်တည်း အားကိုးရာမဲ့ ဖြစ်မနေတော့ဘဲ သူက သူ့ရဲ့စိတ်နှလုံး အားလုံးကို မူဝါဒအသစ် ဖော်ဆောင်ရေးထဲမှာပဲ မြှုပ်နှံထားနိုင်တော့တယ်။

အဲဒီအချိန်မှာပဲ ရွှီထင်းရှန်းကို အားမလိုအားမရ ဖြစ်စေမယ့် နောက်ထပ် ကိစ္စတစ်ခု ဖြစ်လာခဲ့ပြန်တယ်။

အဲဒါက ကုန်သွယ်ခွန် တိုးကောက်မယ့် ကိစ္စ ဖြစ်တယ်။

မူလက ဒီကိစ္စကို မူဝါဒအသစ် ဖော်ဆောင်ဖို့အတွက် အခွင့်အရေး တစ်ခုအနေနဲ့ပဲ သုံးခဲ့တာ ဆိုပေမဲ့လည်း တရားဝင် တင်လိုက်ပြီးတဲ့နောက်မှာတော့ မူဝါဒအသစ်နဲ့အတူ တစ်ပြိုင်တည်း ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေး ဘက်တော်သားတွေက အလုပ်များလွန်းလို့ အသက်ရှူပင် မဝဖြစ်နေကြတုန်းမှာပဲ ဒီကိစ္စကို နန်းတွင်း ရေးရာဌာန (မိန်းမစိုးများ အုပ်ချုပ်သော ဌာန)က ကြားဖြတ်ပြီး လုယူသွားခဲ့တယ်။

257 03

ကိုယ် ကြိုးစားထားတဲ့ အသီးအပွင့်ကို တခြားသူက ခူးသွားတာ မြင်ရတဲ့အခါ၊ ဘယ်သူကမှ ကျေနပ်ကြမှာ မဟုတ်ဘူး။ အထူးသဖြင့် အရင်မင်းဆက်က အခွန်သိမ်းတဲ့နေရာမှာ မိန်းမစိုးတွေကြောင့် ပျက်ခဲ့ရတာက မျက်စိရှေ့မှာ ရှိနေတုန်းမို့ မုချပဲ စိုးရိမ်မိကြတော့တယ်။

ဒါပေမဲ့ ဒီကိစ္စကို ဧကရာဇ်ကျားချန်က သဘောတူလိုက်ပြီ ဖြစ်သလို၊ ပြုပြင်ပြောင်းလဲရေး ဘက်တော်သားတွေကလည်း အစိုးရအဖွဲ့ထဲက တိုက်ခိုက်တာတွေကို ရင်ဆိုင်နေရတဲ့အပြင် မူဝါဒအသစ်ကိုပါ ဖော်ဆောင်နေရတာမို့၊ ကုန်သွယ်ခွန် ကိစ္စအတွက် အားစိုက်ဖို့ အချိန်မရှိကြတော့ပါဘူး။

မကျေနပ်ပေမဲ့လည်း ငေးကြည့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ကြဘူးလေ။

နန်းတွင်း ရေးရာဌာနကလည်း ကြီးကျယ်တဲ့ ကိစ္စတစ်ခုကို လုပ်ချင်ပုံရပြီး အခွန် ရှင်းလင်းရေး ဌာနကို အထူး ဖွဲ့လိုက်သလို စူးကျိုး နယ်မြေကို စမ်းသပ်နယ်မြေအဖြစ် ရွေးလိုက်တယ်။

မူဝါဒအသစ်က အတားအဆီးတွေနဲ့ ကြုံနေရတုန်းပဲ ဖြစ်ပြီး အဲဒါက ရှောင်လို့ မရနိုင်ပါဘူး။ အဲဒါက ရှစ်ရှန်း (ဒေသခံ စာပေပညာရှင်) လူတန်းစားပါပဲ။

ရှစ်ရှန်း ဆိုတာကတော့ အရာရှိ လုပ်ရင် အမတ်ဖြစ်ပြီး၊ အိမ်ပြန်ရင် အာဏာရှိသူ ဖြစ်ကြတဲ့ သူတွေ ဖြစ်တယ်။

အရပ်စကားနဲ့ ပြောရရင်တော့ ဘွဲ့ထူးဂုဏ်ထူးတွေ ရှိကြသလို ဒေသတွင်းမှာလည်း ဩဇာအာဏာ ရှိကြတဲ့ သူတွေ ဖြစ်တယ်။ ဒီလူတွေက ကိုယ်တိုင် ဘွဲ့ထူးတွေ ရှိနေတဲ့သူတွေ ဖြစ်နိုင်သလို၊ အသက်ကြီးလို့ အငြိမ်းစားယူပြီး နေရပ်ပြန်လာတဲ့သူတွေလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း အစိုးရအဖွဲ့ထဲ ဝင်ဖို့ စိတ်မပါဘဲ အိမ်မှာ အေးဆေး နေနေတဲ့သူတွေ ဖြစ်နိုင်သလို၊ အိမ်ထဲမှာ အခုထိ အစိုးရအဖွဲ့ထဲမှာ အရာရှိ လုပ်နေတဲ့သူတွေ ရှိနေတဲ့ မိသားစုတွေလည်း ဖြစ်နိုင်ပါတယ်။

ဒီလူတွေက မုချပဲ ကြီးမားတဲ့ အင်အားစုကြီး တစ်ခုဖြစ်ပြီး၊ ဒေသခံ မြေပိုင်ရှင်ငယ်လေးတွေကို ကျော်ပြီးတော့ အဲဒီဒေသခံ အာဏာရှိ စာပေပညာရှင်ကြီးတွေရဲ့အကျိုးစီးပွားကို အရင်ဆုံး သွားထိလိုက်တာပါပဲ။

အရာရာကို တစ်ကြိမ်တည်းနဲ့ အောင်မြင်အောင် လုပ်ဖို့ မဖြစ်နိုင်တာ သိတာကြောင့် ရွှီထင်းရှန်းက အခုဆိုရင် 'အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်း အသစ်'ကို ပြင်နေခဲ့ပြီ ဖြစ်ပါတယ်။ ဘွဲ့ထူး ဂုဏ်ထူး ရှိတိုင်း အခွန် ကင်းလွတ်ခွင့် မရနိုင်တော့ဘဲ စည်းကမ်းအသစ်တွေကို သတ်မှတ်ဖို့ လိုနေတာ ဖြစ်တယ်။

ရွှီထင်းရှန်းက လုပ်ထုံးလုပ်နည်း အသစ်တွေကို တင်လိုက်တဲ့အခါ၊ ညီလာခံထဲမှာ နောက်ထပ် ရှုပ်ထွေးမှုတွေအများကြီး ဖြစ်လာခဲ့ပြန်တယ်။ နောက်ဆုံးမှာတော့ ဧကရာဇ်ကျားချန် ကိုယ်တိုင် ဆုံးဖြတ်ချက် ချလိုက်ပြီး လုပ်ထုံးလုပ်နည်း အသစ်အတိုင်းပဲ လုပ်ဖို့ သတ်မှတ်လိုက်ပါတော့တယ်။

ဧကရာဇ်ကျားချန်က နန်းတက်စ အစောပိုင်း နှစ်တွေတုန်းက၊ နှုတ်ခမ်း ထက်တဲ့သူလို့ နာမည်ကြီးခဲ့ပေမဲ့ မကြာသေးခင် နှစ်တွေအတွင်း အရာရာ အဆင်ပြေနေလို့ သူ့ရဲ့စရိုက်က ပြောင်းသွားခဲ့တယ်။

အခုတစ်ကြိမ်မှာတော့ သူက နောက်တစ်ခါ ထိတ်လန့်စရာ စကားတွေကို မိန့်ကြားလိုက်တယ်။ "မင်းတို့က ဒီလောက်အထိ အပြင်းအထန် ငြင်းနေကြမှတော့ နောက်ပိုင်းမှာ အစိုးရအနေနဲ့ အဆင့် (၁) အရာရှိ ရာထူးကို ထားတော့မှာ မဟုတ်ဘူး။ ငါကိုယ်တော်က အဆင့် (၁) အရာရှိ တစ်ယောက်ကို ကျွေးဖို့အတွက် နှစ်တိုင်း မြင့်မားတဲ့ လစာတွေကို ပေးနေရရုံတင် မကဘဲ၊ လယ်ယာမြေ ဧက တစ်သောင်းရဲ့ အခွန်ကိုလည်း ကင်းလွတ်ခွင့် ပေးနေရတာလေ။ မင်းတို့ အားလုံးက ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းတဲ့ အရာရှိတွေပါလို့ ပြောနေကြတာပဲ။ အဲဒီ လယ်ဧက တစ်သောင်း ဆိုတာက ဘယ်ကနေ ရောက်လာတာလဲ"

သူက ဆက်ပြီးတော့ မိန့်ကြားလိုက်ပါတယ်။ "မင်းတို့ တစ်ယောက်ချင်းစီက ငါကိုယ်တော် မိန်းမစိုးတွေကို သုံးတာကို ကဲ့ရဲ့နေကြတာပဲ။ ငါကိုယ်တော် အမြင်မှာတော့ မိန်းမစိုးတွေက တကယ်ကို အသုံးတည့်ပါတယ်။ အနည်းဆုံးတော့ မိန်းမစိုးတွေက အစိုးရရဲ့ အခွန်အတုတ်တွေကို ခိုးပြီးတော့ ကိုယ့်အိတ်ကပ်ကို ဖြည့်နေမှာ မဟုတ်ဘူးလေ”

ဒီစကားတွေကြောင့် ညီလာခံ တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး ဘယ်သူမှ ရှေ့ထွက်ပြီး ကန့်ကွက်တာ မလုပ်ဝံ့ကြတော့ပါဘူး။ ဒါပေမဲ့ တိုးတိုးတိတ်တိတ်မှာတော့ ဧကရာဇ်ကျားချန်ရဲ့ ရက်စက်ပြီး ကျေးဇူးတရား ကင်းမဲ့တဲ့ စရိုက်အကြောင်း သတင်းတွေကတော့ ပျံ့လာခဲ့တော့တယ်။

ရွှီထင်းရှန်းက ဒီသတင်းတွေကို ကြားရတဲ့အခါ ရင်ထဲမှာ စိုးရိမ်တာတွေ ပိုပြီး တိုးလာခဲ့တယ်။

ဧကရာဇ်ကျားချန်ရဲ့ ဒီစကားတွေက ထိရောက်တာ မှန်ပေမဲ့၊ နည်းနည်းတော့ လွန်ကဲနေတာကြောင့် အဲဒါက မကြာသေးခင် နှစ်တွေအတွင်း သူ့ရဲ့ ပြုမူပုံတွေနဲ့ လုံးဝမကိုက်ညီပါဘူး။ အရင်က မိမိကို မူဝါဒအသစ် ဖော်ဆောင်ဖို့ အလျင်စလို တိုက်တွန်းခဲ့တာတွေနဲ့ ပေါင်းလိုက်တဲ့အခါ၊ ရွှီထင်းရှန်း အနေနဲ့ မကောင်းတဲ့ ကိစ္စအချို့ကို တွေးမိသွားခဲ့ပါတယ်။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်တဲ့အခါ အိပ်မက် ဆိုတာ လက်တွေ့ မဟုတ်ပါဘူး၊ ဒါ့အပြင် အဲဒီအိပ်မက်ထဲမှာ ဧကရာဇ်ကျားချန်က ကျားချန် ၁၈ နှစ်မှာ နတ်ရွာစံခဲ့တာ ဖြစ်ပေမဲ့၊ အခုဆိုရင် ကျားချန် ၂၀ နှစ် ကို ရောက်နေပြီလေ။

257 04

အဲဒါအပြင် အိပ်မက်ထဲမှာ ဧကရာဇ်ကျားချန် နတ်ရွာစံရတဲ့ အကြောင်းရင်းက ရုတ်တရက် သေတာဖြစ်ပြီး နောက်ပိုင်းမှာ နန်းတွင်း သမားတော်တွေရဲ့ စစ်ဆေးချက်အရ ဧကရာဇ်က နှစ်ပေါင်းများစွာ တိုင်းပြည်ရေးရာတွေကို အပင်ပန်းခံ လုပ်ခဲ့တာကြောင့် နာတာရှည် ရောဂါကြောင့် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဧကရာဇ်ကျားချန်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေအရ ကြည့်ရင်လည်း ရုတ်တရက် သေမယ့် လက္ခဏာမျိုး လုံးဝမရှိတာကြောင့် သူ ဆက်ပြီး မစဉ်းစားတော့ဖို့ ဆုံးဖြတ်လိုက်တယ်။

ဟဲနန်ပြည်နယ်၊ ခိုင်ဖုန်း နယ်မြေက ယွီခရိုင်၊ အင်းမိသားစုရဲ့ အိမ်တော်တံခါးကြီး အရှေ့မှာ လူလတ်ပိုင်း တစ်ယောက် ရပ်နေခဲ့တယ်။

ဒီလူက အသက် ၄၀ ကျော်လောက် ရှိပြီဖြစ်ပြီး၊ မျက်နှာညိုညို၊ ကိုယ်လုံးသွယ်သွယ်နဲ့၊ အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ထားတယ်။ ဝတ်ရုံရဲ့ လည်ပင်းနဲ့ လက်စွပ် နေရာတွေက ပွတ်တိုက်မှုတွေကြောင့် အရောင်နည်းနည်း ဖြူဖျော့နေတာကြောင့်၊ ကြည့်ရတာ အခွင့်အရေး မရသေးတဲ့ ဆင်းရဲသား ပညာရှင်တစ်ယောက်နဲ့ တူနေတယ်။

သူက အင်းမိသားစုရဲ့ အိမ်တော်တံခါး ရှေ့မှာ တစ်နာရီကျော်လောက် ရပ်စောင့်နေပေမဲ့၊ ဒီနေ့မှာတော့ ထူးဆန်းနေခဲ့တယ်။ ပုံမှန်ဆို အမြဲတမ်း ဖွင့်ထားလေ့ ရှိတဲ့ ဘေးတံခါးငယ်က ယနေ့အထိ ပိတ်ထားတုန်းမို့၊ ကြည့်ရတာ ဒီလူက မဖိတ်ဘဲ ရောက်လာတဲ့ ဧည့်သည် ဖြစ်ပြီး အိမ်ထဲက လူတွေရဲ့ ကြိုဆိုတာကို မခံရတာ ထင်ရှားနေတယ်။

"အမတ်မင်း၊ ကျွန်တော်တို့ ပြန်ကြရအောင်လား" နောက်လိုက် တစ်ယောက်က ဖျောင်းဖျလိုက်တယ်။

လမ်းဘေးမှာတော့ မြည်းရထားလုံးတစ်စီး ရပ်ထားခဲ့ပြီး၊ အခုတစ်ကြိမ်မှာတော့ သူတို့နှစ်ယောက်က အခမ်းအနားတွေ မပါဘဲ လူနှစ်ယောက်တည်းပဲ လာခဲ့တာ ဖြစ်တယ်။

"ထပ်ပြီး စောင့်ကြည့်ကြသေးတာပေါ့၊ ခိုင်ဖုန်း တစ်ခုလုံးမှာ ဒီ ယွီခရိုင် တစ်ခုတည်းပဲ အတားအဆီးတွေ ရှိနေတာလေ၊ ယွီခရိုင်ကို လာပြီးတော့မှ အင်းမိသားစုကို မတွေ့ရင်တော့ ကိစ္စတွေက အောင်မြင်မှာ မဟုတ်ဘူး။ အားလုံး ပြောနေကြသလိုပဲ။ အင်းမိသားစုရဲ့ကိစ္စကို မဖြေရှင်းနိုင်ရင် ယွီခရိုင်ရဲ့ မူဝါဒအသစ် ကိစ္စလည်း ပြေလည်မှာ မဟုတ်ဘူး၊ အစိုးရကလည်း သတင်းကောင်းကို စောင့်နေတာ မဟုတ်လား”

နောက်လိုက်က မကျေမနပ်ဖြစ်ပြီး ဆိုလိုက်တယ်။ "ဒါပေမဲ့ သူတို့ အင်းမိသားစုက လူကို တကယ်ပဲ အလေးမထားလွန်းရာ ကျပါတယ်။ အမတ်မင်းက မြို့တော်တစ်ခုလုံးရဲ့ မြို့ဝန်တစ်ယောက် ဖြစ်ပါလျက်နဲ့ သူတို့က တံခါးပိတ်ထားရဲတယ်ပေါ့!"

ကျန်းရှန်းက နှုတ်ခမ်းကို နည်းနည်း စေ့လိုက်ပြီး ခြောက်ကပ်နေတဲ့ အကြည့်တွေနဲ့ အဲဒီပိတ်ထားတဲ့ အနက်ရောင် တံခါးကြီးကို စိုက်ကြည့်နေမိတယ်။

"အမတ်မင်းရွှီက ငါ့ကို ဒီတာဝန်ကြီးကို ယုံယုံကြည်ကြည်နဲ့ အပ်ထားခဲ့တာ၊ ဒီ အင်းမိသားစုက ကိုက်ရခက်တဲ့အရိုး ဖြစ်နေရင်တောင်မှ၊ ငါ မဖြစ်မနေ ကိုက်ရလိမ့်မယ်။ ငါ နည်းနည်းပါးပါး အနှိမ်ခံရတာက ဘာမှမဖြစ်ပါဘူး၊ မူဝါဒအသစ်သာ အောင်မြင်မယ် ဆိုရင်တော့ ဘယ်လိုပဲ အနှိမ်ခံရပါစေ တန်ပါတယ်”

"ဒါဆိုရင် ကျွန်တော် ရထားလုံးပေါ်ကနေ ရေသွားယူပေးပါ့မယ်”

နောက်လိုက်က ရေဘူးကို သွားယူပြီးနောက် ကျန်းရှန်းရဲ့ အနားကို ပြန်ရောက်လာခဲ့တယ်။ ကျန်းရှန်းက ရေဘူးကို ယူပြီး အငမ်းမရ သောက်လိုက်တယ်။ သူ အမှန်တကယ်ပဲ ရေဆာနေခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ ရုတ်တရက် အခြေအနေတွေ ပြောင်းသွားခဲ့တယ်။ လမ်းဘေးကနေ လူအုပ်ကြီး တစ်စု ပြေးထွက်လာကြပြီး ပါးစပ်ကလည်း - "သူခိုးကို ဖမ်းကြဟေ့" လို့ အော်ရင်း၊ လက်ထဲက တုတ်တွေနဲ့ ရမ်းသန်း ရိုက်ကြတော့တယ်။

ကျန်းရှန်းနဲ့ သူ့နောက်လိုက်က ဘာလို့ အရိုက်ခံရတာလဲဆိုတာတောင် မသိလိုက်ဘဲ အကြောင်းပြချက် ပေးဖို့တောင် အချိန်မရတာကြောင့် လှည့်ပတ်ပြီးတော့ပဲ ရှောင်နေခဲ့ရတယ်။

အဲဒီလူတွေက တစ်ဖက်ကလည်း ရိုက်ကြသလို၊ တစ်ဖက်ကလည်း ဆဲနေကြပြီး၊ ရုတ်တရက် တစ်ယောက်က "လူမှားသွားပြီ" လို့ အော်လိုက်တဲ့ အခါမှပဲ အဲဒီလူအုပ်ကြီးက ငှက်အုပ်တွေ လန့်သလိုမျိုး ချက်ချင်းပဲ လူစုခွဲပြီး ထွက်ပြေးသွားကြတော့တယ်။

အဲဒီလူတွေ ထွက်သွားတဲ့ အခါမှာတော့ ကျန်းရှန်းက မြေပြင်ပေါ်မှာ လဲနေခဲ့ပြီး၊ ဦးခေါင်းမှာလည်း သွေးတွေ စီးနေတာကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပြီ ဖြစ်တယ်။

နောက်လိုက်ကလည်း တခြားသူထက် မသာပေမဲ့ အသက်ငယ်ပြီး သန်စွမ်းတာကြောင့် အနိုင်နိုင် တောင့်ခံထားနိုင်တယ်။ သူက ဒေါသတကြီးနဲ့ အင်းမိသားစုရဲ့ တံခါးကြီးကို စိုက်ကြည့်ရင်း အော်လိုက်တယ်။ "မင်းတို့ အင်းမိသားစု အစိုးရ အရာရှိကိုတောင်မှ ရဲရဲတင်းတင်း ရိုက်ဝံ့တယ်ပေါ့"

ဒါပေမဲ့ အဲဒီတံခါးကြီးကတော့ တစ်စက်ကလေးမှ လှုပ်တာ မရှိတာကြောင့်၊ သူက ကျန်းရှန်းကို တွဲထူပြီး၊ ရထားပေါ်ကို အမြန် တင်ကာ ထွက်ခွာသွားခဲ့ရတော့တယ်။

သူတို့ ထွက်သွားပြီးနောက်မှာတော့ အနက်ရောင် တံခါးကြီးက အတွင်းကနေ ပွင့်လာခဲ့ပြီး တစ်ယောက်ယောက်က အပြင်ကို ချောင်းကြည့်လိုက်တယ်။

257 05

"သခင်လေး၄ လူတွေ ထွက်သွားကြပါပြီ”

"ထွက်သွားတာ အကောင်းဆုံးပဲ။ နောက်တစ်ခါ ထပ်ပြီး လာနှောင့်ယှက်မယ် ဆိုရင်တော့ ငါ လူတွေကို ထပ်ပြီးတော့ ဆုံးမခိုင်းဦးမှာပဲ” အိမ်ထဲက ခမ်းနားတဲ့ ဝတ်စုံ ဝတ်ထားတဲ့ လူငယ်က ပြောလိုက်တယ်။

"ဒါပေမဲ့ သူက အစိုးရ အရာရှိ တစ်ယောက်လေခင်ဗျာ၊ သခင်လေး ၄... ကျွန်တော်တို့ ပြဿနာ အကြီးကြီး ဖြစ်သွားမလား"

"ဘာကို ကြောက်နေတာလဲ၊ ငါတို့ရဲ့ ဘိုးဘိုးကြီးက အစိုးရအဖွဲ့ထဲမှာ ရှိနေတာပဲ။ သူတို့တွေ လေတစ်ချက်တောင် မှုတ်ရဲမှာ မဟုတ်ပါဘူး”

ကျန်းရှန်းက အဲဒီနေရာမှာတင် သတိလစ်သွားခဲ့ပြီး ပြန်ပြီး သတိရလာတဲ့ အခါမှာတော့ မြို့တော်ရုံးကို ပြန်ရောက်နေခဲ့ပြီ ဖြစ်ပါတယ်။

သူ့နောက်လိုက်က မကျေမနပ် ဖြစ်တာနဲ့ မြို့တော်ဆီ စာတစ်စောင် ပို့လိုက်တယ်။ သူက တားဖို့ ပြင်လိုက်ပေမဲ့ စာက ထွက်သွားခဲ့ပြီ ဖြစ်တာကြောင့် ဒဏ်ရာတွေကို ကုရင်း အင်းမိသားစုရဲ့ ကိစ္စကိုပဲ ဆက်ပြီး စဉ်းစားနေရတော့တာပေါ့။

အဲဒီစာက အမြန်ဆုံး သတင်းပို့စနစ်နဲ့ ပို့ခဲ့တာမို့၊ အဲဒီနေ့ညမှာတင် ရွှီထင်းရှန်းရဲ့ လက်ထဲကို ရောက်လာခဲ့တယ်။

ရွှီထင်းရှန်းက စာကို ဖတ်ပြီးတဲ့နောက်မှာ သိပ်ကို ဒေါသထွက်သွားပြီး ကျောက်အာရဲ့ ရှေ့မှာတင် ဆဲဆို ကြိမ်းမောင်းတော့တယ်။

ကျောက်အာက သူ့လက်ထဲက စာကို ယူပြီး ဖတ်ကြည့်မှပဲ ဘာဖြစ်ခဲ့လဲဆိုတာ သိလိုက်ရတယ်။ သူက ကျန်းရှန်းကို သိပါတယ်၊ ဒါပေမဲ့ ကျန်းရှန်းကတော့ သူမက အမျိုးသမီး တစ်ယောက် ဆိုတာ မသိပါဘူး။

"ဒီ အင်းမိသားစု ဆိုတာက ဘယ်သူတွေလဲ။ ဒီလောက်အထိတောင် ရဲတင်းနေကြတာလား”

ရွှီထင်းရှန်းက အေးစက်စက်နဲ့ ရယ်လိုက်တယ်။ "အင်း ဆိုတာက မျိုးရိုးအမည် အနည်းငယ်ထဲမှာ ပါတာပေါ့၊ တစ်ပြည်လုံးမှာ အင်း မျိုးရိုးနဲ့ အရာရှိ ဘယ်နှစ်ယောက် ရှိလို့လဲ”

ရွှီထင်းရှန်းက မူဝါဒအသစ်ကို ဖော်ဆောင်နေတာမို့၊ ကျောက်အာကလည်း ကြားထဲကနေ အများကြီး ကူညီပေးခဲ့တာကြောင့် သူကလည်း အခုဆို အစိုးရအဖွဲ့ထဲက ကိစ္စတချို့ကို သိနေပါပြီ။ ခဏလောက် စဉ်းစားပြီးတဲ့နောက်မှာတော့ ဘယ်အင်းမိသားစုလဲ ဆိုတာကို သူ သိသွားခဲ့တယ်။

ဒီ အင်းမိသားစု အကြောင်းကို ပြောရရင် မျိုးရိုးစဉ်ဆက် စာပေပညာနဲ့ နာမည်ကြီးခဲ့တဲ့ မိသားစု ဖြစ်ပြီး အရင်မင်းဆက်ကတည်းက မျိုးနွယ်စုထဲမှာ အရာရှိတွေအများကြီး ပေါ်ခဲ့တာ ဖြစ်တယ်။ တာ့ချန်းမင်းဆက်ကို ရောက်တဲ့ အခါမှာတော့ မျိုးနွယ်စုထဲက ထူးချွန်တဲ့ သားမြေး တစ်ယောက်က အဆင့် (၂) အရာရှိကြီးတောင် ဖြစ်လာခဲ့တယ်။ အဲဒါက အရာရှိတွေ ခန့်ထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး အင်းကျန့် ပါပဲ။

ဒီ အင်းကျန့်က မင်းဆက် နှစ်ဆက်တိုင်အောင် အမှုထမ်းခဲ့တဲ့ ဝါရင့် အမတ်ကြီး တစ်ယောက် ဖြစ်ပြီး၊ သန့်ရှင်း ဖြောင့်မတ်ကာ၊ ကိုယ်ကျင့်တရား ကောင်းတဲ့သူအဖြစ် စာပေပညာရှင် အသိုင်းအဝိုင်း ကြားမှာ နာမည်ကြီးတဲ့သူ ဖြစ်တယ်။ သူကိုယ်တိုင်ကလည်း အေးအေးဆေးဆေး နေတတ်သူ ဖြစ်တာကြောင့်၊ မင်းဆက် နှစ်ဆက်တိုင်အောင် တည်တည်ငြိမ်ငြိမ် ရပ်တည်နိုင်ခဲ့တာမို့၊ "ထာဝရ စိမ်းလန်းတဲ့ သစ်ပင်"လို့တောင် တင်စားခံရသူ ဖြစ်တယ်။

"အမတ်မင်းအင်းက သန့်ရှင်းတဲ့ အရာရှိ တစ်ယောက် မဟုတ်ဘူးလား? ဘာဖြစ်လို့"

"အလွဲသုံးစား မလုပ်တဲ့သူကို သန့်ရှင်းတဲ့ အရာရှိလို့ ခေါ်နိုင်ပေမဲ့၊ သန့်ရှင်းတဲ့ အရာရှိတိုင်းက ဆင်းရဲတာတော့ မဟုတ်ဘူးလေ”

အဲဒီအိပ်မက်ထဲမှာလည်း သူက အမြဲတမ်း သန့်ရှင်းတဲ့ အရာရှိအဖြစ် နာမည်ကြီးခဲ့ပေမဲ့ လက်တွေ့မှာတော့ ဘယ်လို ရှိပါ့မလဲ။

******

258 01

အခန်း ၂၅၈

တကယ်တော့ ဒီလိုမျိုး ထူးဆန်းတဲ့ဖြစ်စဉ်ရဲ့ အမြစ်ကို လိုက်စစ်ကြည့်မယ်ဆိုရင် စာပေပညာရှင် တစ်ယောက်က တခြားစာပေပညာရှင် တစ်ယောက်အပေါ်မှာ အထူးတလည် မျက်နှာသာပေးတာတွေ ရှိနေလို့ပါပဲ။

ရွှီထင်းရှန်းက အားလပ်တဲ့ အချိန်တွေမှာ အခုခေတ် လူသားတွေကို အမျိုးအစား သုံးမျိုး ခွဲကြည့်ခဲ့ဖူးတယ်။ အဲဒါတွေကတော့ စာပေပညာရှင်တွေ၊ စာမတတ်တဲ့သူတွေနဲ့ ဧကရာဇ် တို့ပါပဲ။

ဧကရာဇ်မင်းမြတ်က တိုင်းပြည်အုပ်ချုပ်ဖို့ ကူညီပေးမယ့် လက်ထောက်တွေ လိုအပ်တယ်။ စာပေဖတ်မှပဲ အကျိုးအကြောင်း သိနိုင်တာမို့ စာပေပညာရှင်တွေက အောက်ခြေက စာမတတ်တဲ့ လူအုပ်ကြီးကို စီမံခန့်ခွဲနေကြတာပေါ့။

ဧကရာဇ်က အာဏာရှင်ဆန်ဖို့ လိုသလို၊ စာပေပညာရှင်တွေကလည်း အာဏာကို လိုချင်ကြတယ်။ အဲဒီအာဏာကလည်း ကြီးလေလေ ကောင်းလေလေလို့ ယူဆကြရာကနေ အမျိုးမျိုးသော ထူးဆန်းတဲ့ အခြေအနေတွေ ဖြစ်လာခဲ့ရတယ်။

သန့်ရှင်းစင်ကြယ်တာ၊ ကိုယ်ကျင့်တရား ကောင်းတာ ဆိုတဲ့ စကားလုံးတွေက မူလက သိပ်ဆင်းရဲတဲ့သူတွေကို တင်စားတဲ့ ဝေါဟာရတွေ ဖြစ်ပေမဲ့၊ စာပေပညာရှင်တွေ လွှမ်းမိုးထားတဲ့ အသိုင်းအဝိုင်းထဲမှာတော့ အဲဒီစကားလုံးတွေရဲ့ အမြင့်ဆုံး အဓိပ္ပာယ်က အဲဒီအရာရှိဟာ လာဘ်မစားတာကိုပဲ ရည်ညွှန်းပါတော့တယ်။

ဒါပေမဲ့ လာဘ်မစားတာက ဆင်းရဲတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါကလည်း အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့ ပြန်ပတ်သက်သွားပြန်ပါတယ်။

အရင်မင်းဆက်မှာ သန့်ရှင်းတဲ့ ဝန်ကြီးချုပ်အဖြစ် နာမည်ကြီးခဲ့တဲ့ စွီစွန့်ကျဲဆိုရင် အငြိမ်းစားယူပြီးနောက်မှာ မြေယာ ဧက နှစ်သိန်းလေးသောင်းကျော် ပိုင်ထားတာ စစ်တွေ့ခဲ့ရသလို၊ အခုမင်းဆက်မှာလည်း သန့်ရှင်းဖြောင့်မတ်တဲ့ အင်းကျန့် ရှိနေခဲ့ပါတယ်။ အင်းမိသားစု ပိုင်တဲ့ မြေယာက နှစ်သိန်းလေးသောင်းအထိ မများပေမဲ့၊ သောင်းနဲ့ချီတဲ့ ပမာဏ ရှိနေတာကတော့ သေချာလှပါတယ်။

ယွီခရိုင်က အင်းမိသားစုဟာ အမြဲတမ်း အေးအေးဆေးဆေး နေတတ်ပေမဲ့၊ အခုတစ်ကြိမ်မှာတော့ အကြံကုန် ဂယောင်ခြောက်ခြား ဖြစ်သွားလို့၊ အကြောင်းပြချက် ရှာပြီး ကျန်းရှန်းကို ရိုက်ခိုင်းခဲ့တာ ဖြစ်တယ်။ သူတို့က အင်းကျန့်ရဲ့ အရှိန်အဝါကို အားကိုးနေကြသလို၊ တစ်ဖက်လူအနေနဲ့ အမှန်တရားကို သိနေရင်တောင် အထောက်အထား ခိုင်ခိုင်လုံလုံ ရှာမတွေ့နိုင်တာကို အခွင့်ကောင်း ယူနေကြတာ ဖြစ်ပါတယ်။

"ဒါဆိုရင် နင် ဘယ်လို လုပ်ဖို့ စိတ်ကူးထားလဲ"

"မနက်ဖြန်ကျရင် ငါ အဲဒီ အဘိုးကြီး အင်းကျန့်ဆီကို သွားပြီး စကားပြောကြည့်မယ်”

ကျောက်အာကတော့ ဘာပြောရမှန်း မသိတော့ပါဘူး။ မူဝါဒအသစ်ကို ဖော်ဆောင်ကတည်းက ထင်းရှန်းက တစ်နေ့ထက်တစ်နေ့ ပိုပြီး ကြမ်းလာတယ်လို့ သူမ ခံစားနေရတယ်။

နောက်တစ်နေ့မှာ ရွှီထင်းရှန်းက အင်းအိမ်တော်ကို သေသေချာချာ စောင့်ကြည့်ခိုင်းထားပြီး အင်းကျန့် အိမ်ပြန်ရောက်လာတာကို သိရမှ သွားတွေ့ခဲ့ပါတယ်။

အင်းကျန့်က သူ့ရဲ့သန့်ရှင်းတဲ့ နာမည်နဲ့အညီ သူနေတဲ့ အိမ်က အစိုးရပေးထားတဲ့ အိမ်သာဖြစ်ပြီး၊ အိမ်ထဲက ပရိဘောဂတွေကလည်း ဟောင်းနေတာကြောင့် ဒါဟာ အဆင့် (၂) အရာရှိကြီး တစ်ယောက်ရဲ့ နေအိမ်ဖြစ်တယ်ဆိုတာ ယုံဖို့တောင် ခက်လှပါတယ်။

"အမတ်မင်းရွှီ အခုလို ရောက်လာတာဟာ ဘာကိစ္စ ရှိလို့လဲ မသိဘူး"

"ဒါပေါ့၊ ကိစ္စရှိလို့ လာခဲ့တာပါ”

အင်းကျန့်က ရွှီထင်းရှန်းထက် အသက်အရွယ် အများကြီး ကြီးပေမဲ့၊ မာန်မာန မပြဘဲ သူ့ကို ထိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အစေခံက လက်ဖက်ရည်ကြမ်း တည်ခင်းပေးပြီးနောက် ရွှီထင်းရှန်းက နည်းနည်း မြည်းကြည့်ပြီးမှ အင်းကျန့်က ဘာကိစ္စလဲလို့ ထပ်မေးပါတယ်။

သူ့မျက်နှာမှာ နူးညံ့တဲ့ အပြုံးတွေ ရှိနေတာကို ကြည့်ရတာ၊ တစ်စုံတစ်ရာ အပြစ်ရှိတဲ့သူနဲ့ လုံးဝမတူပါဘူး။ ဒါပေမဲ့ ရွှီထင်းရှန်း ကတော့ ဒီမြေခွေးအိုကြီးတွေက ဟန်ဆောင်တဲ့နေရာမှာ သိပ်ကျွမ်းကျင်တာ သိလို့ သူက စိတ်မလှုပ်ရှားဘဲ ဖြစ်ခဲ့သမျှ အကြောင်းစုံကို ပြောပြလိုက်ပါတယ်။

ရွှီထင်းရှန်း စကားပြောနေတုန်းမှာ အင်းကျန့်ရဲ့မျက်နှာပေါ်မှာ ဒေါသအရိပ်အယောင်တွေ ပေါ်လာပြီး စကားအဆုံးမှာတော့ သူက အောင့်အည်း မထားနိုင်တော့ဘဲ ဒေါသတကြီး ပြောပါတော့တယ်။ "အမတ်မင်းရွှီ ပြောပုံအရဆိုရင် ဒီကိစ္စက ငါ့ရဲ့အင်းမိသားစုက လူတွေ ခိုင်းတာလို့ ဆိုလိုတာလား၊ မင်းမှာ အထောက်အထား ရှိလို့လား။ ဘာအထောက်အထားမှ မရှိဘဲနဲ့ ဘာဖြစ်လို့ ငါ့ရဲ့ အင်းမိသားစု အပေါ်ကို အခုလိုမျိုး ပုပ်ခတ်ရတာလဲ”

"ဒါအတွက် အထောက်အထား လိုသေးလို့လား။ အမတ်မင်းအင်းလည်း အသက်မငယ်တော့ပါဘူး၊ အစိုးရအဖွဲ့ထဲမှာ အမှုထမ်းလာတာ ဆယ်စုနှစ်တွေ အများကြီး ရှိနေပြီပဲ။ ဒီအထဲက အမှန်တရားတွေကို ကျွန်တော့်လို နောက်ပေါက် အရာရှိ တစ်ယောက်က သတိပေးနေဖို့ လိုဦးမလား"

258 02

အင်းကျန့်က ဒေါသထွက်လွန်းလို့ မုတ်ဆိတ်တွေတောင် တုန်နေပြီး အေးစက်စက် ရယ်ကာ ဆိုလိုက်ပါတယ်။ "ကြည့်ရတာတော့ အမတ်မင်းရွှီက ဒီကိစ္စကို ငါ့ရဲ့အင်းမိသားစု ခေါင်းပေါ်ကို မရရအောင် ပုံချတော့မှာပေါ့။ တကယ်ကို အရှိန်အဝါ ကြီးလှပါလား။ တကယ်ကို ကြမ်းတမ်းတဲ့ အလုပ်ဟန်ပါပဲ"

ရွှီထင်းရှန်းက ရယ်လိုက်ပြီး "အမတ်မင်းအင်းက ကျွန်တော့်ကို ကြမ်းတမ်းတယ်လို့ပဲ ပြောပြော၊ အာဏာပြတယ်လို့ပဲ ဆိုဆို၊ ဒါပေမဲ့ ကျွန်တော် ဒီနေ့ လာတာကတော့ စေတနာနဲ့ပါ။ အမှန်တော့ ကျွန်တော် ဒီကို မလာဘဲ နေလို့ရပါတယ်၊ အမတ်မင်းကို ဘာဖြစ်လို့ စိတ်အနှောင့်အယှက် လာပေးနေရမှာလဲ။ မူဝါဒအသစ် ဖော်ဆောင်တဲ့အခါမှာ အတားအဆီးတွေ ရှိနေရင်တောင်မှ ကျွန်တော်က ဧကရာဇ်မင်းမြတ်ကို လျှောက်တင်လိုက်ရုံပါပဲ။ ဧကရာဇ်ရဲ့ ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်အရဆိုရင်တော့ အမတ်မင်းအင်းအနေနဲ့ ဒီကိစ္စမှာ အကောင်းဆုံး ရလဒ် ရမှာ မဟုတ်ပါဘူး၊ ဧကရာဇ်က အမတ်မင်းကို သူနဲ့ ဆန့်ကျင်ဘက် လုပ်နေတယ်လို့ပဲ ထင်သွားမှာပါ။ အဲဒီအချိန်ကျရင် အမတ်မင်းလည်း သိက္ခာကျရမယ်၊ မူဝါဒအသစ်ကလည်း ဆက်ပြီး ဖော်ဆောင်မြဲ ဖော်ဆောင်နေမှာပဲ။ ကျွန်တော့်အတွက် ဘာနစ်နာစရာ ရှိလို့လဲ။ ဒါပေမဲ့ ကျွန်တော်က ဘာဖြစ်လို့ ဒီကို လာခဲ့တာလဲ"

အဲဒီလို ပြောရင်း ရွှီထင်းရှန်းက စကားကို ရပ်လိုက်ပြီး ပြုံးနေတဲ့ မျက်ဝန်းတွေနဲ့ အင်းကျန့်ကို စိုက်ကြည့်လိုက်ပါတယ်။

အင်းကျန့်ရဲ့ မျက်နှာအိုကြီးက တင်းမာနေပြီး ဘာအမူအရာမှ မပြပေမဲ့ တုန်လှုပ်နေတဲ့ သူ့မျက်ဝန်းတွေကတော့ သူ့ရင်ထဲမှာ မအေးချမ်းနိုင်တာကို သက်သေပြနေခဲ့ပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အချို့လူတွေကို အမတ်မင်းအင်းကို ရှေ့တန်းမှာ ထားပြီး လက်ကိုင်တုတ်အဖြစ် အသုံးချတာကို မမြင်ချင်လို့ပါ၊ အဲဒါကြောင့်ပဲ သူတို့ စိတ်ကူးအတိုင်း မဖြစ်အောင် ကျွန်တော်က ဖိတ်ခေါ်ခြင်း မခံရဘဲ ရောက်လာခဲ့တာပါ။ အမတ်မင်းအင်း တစ်သက်လုံး အရာရှိ လုပ်လာတာ သတိရှိခဲ့သမျှ၊ ကိုယ့်ရဲ့နာမည်ကောင်းကို သားမြေးတွေရဲ့ လက်ထဲမှာ အဖတ်မတင်ဘဲ ပျက်သွားမှာကို ကျွန်တော် မကြည့်ရက်လို့လည်း ပါတာပေါ့”

"အမှန်တော့ ကျွန်တော် အရင်ကတည်းက ကြားဖူးပါတယ်။ အင်းမိသားစုရဲ့ အိမ်တွင်းစည်းကမ်းတွေက တင်းကျပ်လှသလို၊ သားမြေးတွေကလည်း ပညာကို ကြိုးစား သင်ယူကြတယ် ဆိုတာကိုပေါ့။ အခုတစ်ကြိမ်မှာတော့ ခိုင်ဖုန်း မြို့ဝန် ကျန်းရှန်းဟာ အင်းအိမ်တော်ရဲ့ တံခါးရှေ့မှာ ရိုက်ခံခဲ့ရတယ်။ ဒီသတင်းကို ကျွန်တော် ကြားကြားချင်းမှာတင် ဒါဟာ အင်းမိသားစုက လူတွေ လုပ်တာဆိုတာကို လုံးဝမယုံခဲ့ပါဘူး။ ဒါဟာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့သူတွေက အမတ်မင်းရဲ့အိမ်က သားမြေးတွေကို တမင် သွေးထိုးလှုံ့ဆော်ခဲ့တာပဲ ဖြစ်ရမယ်”

"အကယ်လို့ ကိစ္စတွေ ကြီးကျယ်သွားမယ် ဆိုရင်တော့ ဧကရာဇ်ရဲ ရှေ့မှာ အမတ်မင်းဟာ အစိုးရရဲ့ မူဝါဒအသစ်ကို ပိတ်ဆို့တားဆီးတဲ့သူ ဖြစ်သွားလိမ့်မယ်။ အင်းမိသားစုအတွက်လည်း၊ အကျိုးအမြတ် တစ်ပြားမှ မရတဲ့အပြင် ဧကရာဇ်ရဲ့ ငြီးငွေ့မှုကိုပဲ ရမှာပါ။ အဲဒီအချိန်ကျရင်တော့ အချို့လူတွေကပဲ နောက်ကွယ်ကနေ ခိုးရယ်နေကြလိမ့်မယ်။ ဒါပေါ့၊ အမတ်မင်းအင်းအနေနဲ့ ကျွန်တော့်ရဲ့ စကားကို ခြောက်လှန့်နေတယ်လို့ပဲ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်အရာက အမှန်လဲ ဆိုတာကိုတော့ အမတ်မင်းကိုယ်တိုင်ပဲ စဉ်းစားကြည့်ပါတော့ ကျွန်တော် ထပ်မပြောတော့ပါဘူး”

အင်းကျန့်ကတော့ ဆက်ပြီး နှုတ်ဆိတ်နေပါတယ်။

ရွှီထင်းရှန်းက သက်ပြင်းတစ်ချက် ချပြီးနောက် ထရပ်လိုက်တယ်။ "ပြောစရာ ရှိတာတွေကို ပြောပြီးပြီဆိုတော့ ကျွန်တော် ပြန်ပါတော့မယ်၊ အမတ်မင်းအင်းဟာ ထက်မြက်တဲ့သူ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

ရွှီထင်းရှန်းက လက်သီးအုပ်ချီ နှုတ်ဆက်ကာ တံခါးအပြင်ကို ထွက်ဖို့ ပြင်လိုက်တုန်း သူ့နောက်ကနေ အသံတစ်သံ ထွက်လာတယ်။ "အမတ်မင်းရွှီရဲ့ သတိပေးချက်အတွက် ငါကိုယ်တိုင် ကျေးဇူးတင်ပါတယ်။ စိတ်ချပါ၊ ငါ့ရဲ့ အင်းမိသားစုထဲမှာ အစိုးရရဲ့အမိန့်တွေကို မလိုက်နာတဲ့သူ ရှိနေမယ် ဆိုရင်တော့ ငါကိုယ်တိုင်လည်း လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ပါဘူး”

ရွှီထင်းရှန်းက နောက်လှည့်မကြည့်ဘဲ ခေါင်းကို အနည်းငယ် ညိတ်ပြပြီးနောက် ထွက်သွားခဲ့ပါတယ်။

သူ ထွက်သွားပြီးနောက်မှာတော့ အင်းကျန့်က သူ့ကျောပြင်မှာ ချွေးအေးတွေနဲ့ စိုရွှဲနေတာကို သတိထားမိလိုက်တယ်။ သူက သူ့သားမြေးတွေ မိုက်လွန်းတာကို နာကျည်းမိသလို၊ နောက်ကွယ်က သွေးထိုးတဲ့သူကိုလည်း သိပ်ကို မုန်းသွားခဲ့ပါတယ်။

258 03

သူက အလျင်အမြန်ပဲ အစေခံကို ခေါ်ပြီး စက္ကူနဲ့ စုတ်တံကို ယူခိုင်းကာ ဟဲနန်ဆီ စာတစ်စောင် ပို့လိုက်ပါတော့တယ်။

ကျန်းရှန်းရဲ့ဒဏ်ရာက သိပ်အပြင်းအထန်ကြီး မဟုတ်ပါဘူး။ ကြည့်ရတာ ကြောက်စရာ‌ ကောင်းပေမဲ့ အမှန်တော့ အရိုးအဆစ်တွေကို ထိခိုက်တာ မရှိပါဘူး။

သူက မြို့တော်ရုံးမှာ ရှိနေတုန်းမှာပဲ ယွီခရိုင်ရဲ့ ကိစ္စတွေကို စိုးရိမ်နေတာမို့၊ ယွီခရိုင်ရုံးကို အမိန့်ထုတ်လိုက်တာက အရင်ဆုံး ခရိုင်ထဲက တခြားမြေယာတွေကို အရင်တိုင်းဖို့ပါပဲ။ အင်းမိသားစုနဲ့ပတ်သက်လို့တော့ နည်းလမ်းတစ်ခုခုကို ထပ်ရှာဖို့ပဲ စဉ်းစားနေခဲ့ပါတယ်။

အရာရာ အစီအစဉ်တကျ လည်ပတ်နေတုန်းမှာပဲ ရုတ်တရက် အင်းမိသားစုက လူတွေ ရောက်လာပါတယ်။ သူတို့က အားဆေးတွေအများကြီး ယူလာရုံတင်မကဘဲ အင်းမိသားစုက သားမြေး တစ်ယောက်ကိုလည်း ကြိုးနဲ့ တုတ်ပြီး ခေါ်လာကြတယ်။

"အမတ်မင်းကြီးက အိမ်ကို စာပို့ပြီး မေးတဲ့ အခါမှပဲ အိမ်တော်သခင်က ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို သိလိုက်ရတာပါ။ စုံစမ်းကြည့်တဲ့ အခါမှာတော့ မြို့ဝန်ကျန်းကို ရိုက်ခဲ့တဲ့ သူတွေဟာ ဒီအသုံးမကျတဲ့ သားမြေးရဲ့ လက်ချက် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အသေသေချာချာ မေးကြည့်တော့လည်း၊ သူကိုယ်တိုင်က တခြားသူရဲ့ သွေးထိုးတာကို ခံခဲ့ရတာပါ၊ ဒါပေမဲ့ ကိစ္စက ဖြစ်သွားပြီဆိုတော့ သွေးထိုးခံရတာကို အကြောင်းပြနေတာဟာ တာဝန်ရှောင်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် အိမ်တော်သခင က ဒီလူကို ဖမ်းပြီးတော့ မြို့ဝန်ကျန်းရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဖို့ ခေါ်လာတာပါ။ နောက်ပြီး အင်းမိသားစု အနေနဲ့လည်း၊ အစိုးရရဲ့ အမိန့် ထွက်လာပြီ ဖြစ်တဲ့အတွက်၊ တာ့ချန်းရဲ့ ပြည်သူတွေ အနေနဲ့ မြို့တော်ရုံးရဲ့ အလုပ်တွေကို အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောချင်ပါတယ်”

ဒီစကားတွေက တိုပေမဲ့ အဓိပ္ပာယ်တွေအများကြီး ပါနေပါတယ်။

ပထမအချက်က ဒီကိစ္စက အင်းမိသားစုရဲ့ ခိုင်းစေမှု မဟုတ်ဘဲ၊ အသိဉာဏ် မရှိတဲ့ သားမြေးငယ်ရဲ့ လုပ်ရပ်ပဲဖြစ်ကြောင်း ပြောတာပါ၊ အဲဒီသားမြေးကလည်း တခြားသူရဲ့ သွေးထိုးမှုကို ခံခဲ့ရတယ်လို့ ဆိုပြီး တစ်စုံတစ်ယောက်ကို ရည်ညွှန်းလိုက်တာလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အင်းမိသားစုက ဘက်လိုက်တာ မရှိဘဲ ကျန်းရှန်းရဲ့ ဆုံးဖြတ်ချက်အတိုင်း ခံယူမယ်လို့ ဆိုပြီး သဘောထားကြီးမှုကို ပြခဲ့ပါတယ်။ အစိုးရရဲ့ အမိန့်ကို လိုက်နာမယ်လို့ ဆိုတာကြောင့်လည်း အာဏာရှိသူကို မြှောက်ပင့်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကနေ ကင်းလွတ်အောင် လုပ်ခဲ့သလို၊ သူတို့ရဲ့ သန့်ရှင်းတဲ့ နာမည်ကိုလည်း ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောရရင် နည်းနည်း မပြတ်သားပေမဲ့ ကျန်းရှန်းကတော့ ဝမ်းသာအားရ ဖြစ်သွားပါတယ်။

အင်းမိသားစုကိုသာ ကိုင်တွယ်နိုင်မယ် ဆိုရင် ယွီခရိုင်ရဲ့ မူဝါဒအသစ် ဖော်ဆောင်ဖို့က ခက်တဲ့ ကိစ္စ မဟုတ်တော့ပါဘူး။

သူကလည်း အဲဒီအင်းမိသားစုက သားမြေးကို တစ်စုံတစ်ရာ ပြင်းပြင်းထန်ထန် အရေးယူဖို့ မဖြစ်နိုင်ပါဘူး။ အင်းမိသားစုက ဒီလောက်အထိ မျက်နှာပေးလာမှတော့ ကျန်းရှန်းအနေနဲ့လည်း အခြေအနေကို သိရမှာပေါ့။ သူက အဲဒီလူငယ်ကို နည်းနည်း ဆုံးမရုံပဲ လုပ်ခဲ့ပြီး၊ ရက်နည်းနည်းလောက် ချုပ်ထားပြီးနောက်မှ အိမ်ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီလိုနဲ့ နှစ်ဦးနှစ်ဖက်လုံး မျက်နှာရသွားကြပေမဲ့ ကျန်းရှန်း တစ်ယောက်တည်းပဲ အကြောင်းမဲ့ အရိုက်ခံလိုက်ရပြီးမှ တစ်ဖက်လူကို ပြန်လွှတ်ပေးလိုက်ရလို့၊ နည်းနည်းတော့ နစ်နာနေပါတယ်။

ဒါပေမဲ့ လက်တွေ့ အခြေအနေက ပိုအားကောင်းနေတယ်။ အခုအချိန်မှာ မူဝါဒအသစ် ဖော်ဆောင်ဖို့က ပိုအရေးကြီးတာကြောင့် တစ်ဦးတစ်ယောက်ရဲ့ သိက္ခာက သေးတဲ့ ကိစ္စပါပဲ။ ဒါ့အပြင် ကျန်းရှန်းအနေနဲ့ အရိုက်ခံရတာကို လက်စားချေချင်ရင်တောင်မှ၊ သူက နောင်မှာလည်း အရာရှိ ဆက်လုပ်ရဦးမှာမို့၊ အင်းမိသားစုရဲ့ ဩဇာကြီးပုံနဲ့ အင်းကျန့် မလဲသေးသရွေ့တော့ တစ်ဖက်လူကို ကိုယ့်အပေါ် ကျေးဇူးတင်အောင် လုပ်ထားတာက ရန်သူဖြစ်အောင် လုပ်တာထက် အများကြီး ပိုကောင်းတယ်ဆိုတာ သူ ကောင်းကောင်း သိနေတာပေါ့။

ဒါကလည်း ရွှီထင်းရှန်း ဘာဖြစ်လို့ ကျန်းရှန်းကို တန်ဖိုးထားရတဲ့ အကြောင်းရင်းပါပဲ။ ဖြောင့်မတ်ပြီး မကောင်းမှုကို မုန်းတဲ့ အရာရှိတွေက မရှားပေမဲ့ အခြေအနေကို ချိန်ဆနိုင်ပြီး ပြေပြစ်အောင် လုပ်တတ်တဲ့ အရာရှိကတော့ ရှားလှပါတယ်။

အဲဒီတုန်းက ခိုင်ဖုန်းမြို့မှာ ဟဲနန်တစ်ပြည်လုံးက အဆင့်မြင့် အရာရှိကြီးတွေ စုနေကြပေမဲ့ ကျန်းရှန်းက အဲဒီလူတွေရဲ့ အရှိန်အဝါအောက်မှာ ကိုယ်လုပ်စရာ ရှိတာကို လုပ်ခဲ့သလို ပြည်သူအများကြီးကိုလည်း ကယ်နိုင်ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။

258 04

ခိုင်ဖုန်းမြို့တော်ရုံးရဲ့ မူဝါဒအသစ် ဖော်ဆောင်တာတွေ အောင်အောင်မြင်မြင်နဲ့ ပြီးသွားသလို၊ အချိန်ကလည်း နှစ်သစ်ကူး ကာလကို ရောက်လာခဲ့ပါပြီ။

ကျားချန် ၂၀ နှစ်က လေပြင်းမုန်တိုင်းတွေ ကြားမှာ ကုန်သွားခဲ့ပေမဲ့၊ နောက်ဆုံးမှာတော့ ကောင်းတဲ့ ရလဒ်တွေနဲ့ အဆုံးသတ်နိုင်ခဲ့တယ်။ နှစ်သစ်ကူး အချိန်ရောက်လာတဲ့အခါမှာတော့ အမတ်ကြီးတွေလည်း နည်းနည်း ငြိမ်သွားခဲ့ကြပါတယ်။

ဒါက 'နှစ်သစ်' ဆိုတဲ့ အဓိပ္ပာယ်က တာ့ချန်း ပြည်သူတွေအတွက် ထူးခြားလို့လည်း ဖြစ်နိုင်သလို နောက်ကွယ်မှာ တခြား လှည့်ကွက်တွေ ပြင်နေတာလည်း ဖြစ်နိုင်ပေမဲ့ ဘယ်သူ သိနိုင်ပါ့မလဲ။

မူဝါဒအသစ်တစ်ခု ဖော်ဆောင်တာက အမြဲတမ်း အခက်အခဲတွေနဲ့ အတားအဆီးတွေ များတာမို့၊ အခြေအနေကိုပဲ စောင့်ကြည့်ဖို့ ရှိပါတော့တယ်။

ဒီနှစ်မှာ ဧကရာဇ်ကျားချန်က သိပ်ကိုစိတ်အားထက်သန်နေပြီး၊ နှစ်သစ် မတိုင်ခင်မှာတင် အရာရှိ အားလုံးကို ကြီးကျယ်တဲ့ ဆုလာဘ်တွေ ထပ်ပေးခဲ့ပြန်ပါတယ်။

အခွန်ဝန်ကြီးဌာနက လစာရိက္ခာဌာနကို ဖွဲ့ပြီးနောက် လစာ စာရင်းတွေ ထုတ်လာကတည်းက ဧကရာဇ်ကျားချန်က အခါအားလျော်စွာ ဆုလာဘ်တွေကို ပေးတတ်ပါတယ်။

အခုက အရင်နဲ့ မတူတော့ပါဘူး။ အရင်က ဆုချရင်လည်း လူနည်းနည်းပဲ သိတာကြောင့် အောက်ခြေ အရာရှိတွေက ငွေရရင်တောင် ဘယ်က ရောက်လာမှန်း မသိဘဲ ဝေဝေဝါးဝါး ဖြစ်နေတတ်တာ။ အခုတော့ လစာ စာရင်းတွေပေါ်မှာ အသေးစိတ် အချက်တွေ အားလုံးကို ပြထားတာကြောင့် လစာ တိုးမြှင့်ခံရတဲ့ အရာရှိ အားလုံးက ဧကရာဇ်ကျားချန်ရဲ့ကျေးဇူးတွေကို မုချပဲ ချီးမွမ်းကြတော့တယ်။

နှစ်ဆန်းတစ်ရက်နေ့က နှစ်သစ်ကူးနေ့ ဖြစ်သလို ကြီးကျယ်တဲ့ ညီလာခံကျင်းပတဲ့ နေ့လည်း ဖြစ်ပါတယ်။ ဧကရာဇ်ကျားချန်က မင်းသားတွေ၊ မင်းညီမင်းသားတွေနဲ့ အရာရှိကြီးတွေကို ဦးဆောင်ပြီး၊ နိုင်ငံခြား သံတမန်တွေကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနေ့ကစပြီး နန်းတော်ထဲမှာ ဂုဏ်ပြုပွဲတွေ ဆက်တိုက် ကျင်းပနေတာမို့၊ ရွှီထင်းရှန်းလိုမျိုး အရှိန်အဝါရှိတဲ့ အရာရှိသစ်ကလည်း ဧကရာဇ်ရဲ့ဘေးမှာ မဖြစ်မနေ လိုက်ခဲ့ရပါတယ်။

ရွှီထင်းရှန်း အလုပ်များနေသလို၊ ကျောက်အာလည်း အားမနေပါဘူး။

ဒီနှစ်မှာ ရွှီအိမ်တော်က အရင်နှစ်တွေလို ခြောက်ကပ်မနေတော့ဘဲ၊ ရွှီထင်းရှန်းက အခုဆို အရာရှိအများကြီးနဲ့ သိနေပြီမို့ တာ့ချန်းရဲ့ဓလေ့အရ နှစ်သစ်ကူး ကာလတွေမှာ အပြန်အလှန် သွားလာ နှုတ်ဆက်ရတာက ရှောင်လို့ မရတဲ့ ကိစ္စ ဖြစ်တယ်။

ဒါကြောင့် နှစ်ဆန်း တစ်ရက်နေ့ကနေ ငါးရက်နေ့အထိ၊ ကျောက်အာ က အိမ်မှာ ဧည့်သည်တွေအများကြီးကို ဧည့်ခံခဲ့ရသလို၊ လင်းမြောင်ရဲ့ အိမ်ကိုလည်း သွားနှုတ်ဆက်ဖို့ မမေ့ခဲ့ဘူး။

ဆရာနဲ့ တပည့်အဖြစ် ဆယ်နှစ်ကျော် ရှိခဲ့ပေမဲ့ တခြားသူတွေရဲ့ အမြင်ကို ထောက်ပြီး အပြင်ပန်းမှာ ဆက်ဆံမှု မရှိခဲ့ကြဘဲ အခု အဖြစ်အပျက်တွေ ပြီးမှပဲ ရွှီထင်းရှန်းက တည်တည်ကြည်ကြည်နဲ့ ဆရာ့အိမ်ကို သွားနိုင်ခဲ့တာ ဖြစ်တယ်။

အဲဒီနေ့မှာ သူ၊ ချန်ကျန်းနဲ့ လင်းမြောင်တို့က အတူတူ အရက်အများကြီး သောက်ခဲ့ကြပြီး လူတိုင်းက သိပ်ကို ပျော်နေခဲ့ကြပါတယ်။

နှစ်ဆန်း ငါးရက်နေ့မှာတော့ ချန်အိမ်တော်က ကျောက်အာတို့ တစ်မိသားစုလုံးကို ဖိတ်ပါတယ်။

အမျိုးသား နှစ်ယောက်က နန်းတော်ထဲမှာမို့ ကျောက်အာက သားသမီးတွေကို ခေါ်ပြီး ကြိုရောက်နေခဲ့တယ်။

ကလေးတွေက ကိုယ်စီ သွားကစားနေတုန်း၊ စွီရှီနဲ့ ကျောက်အာတို့က ချန်ရှို့လန်ရဲ့ အကြောင်းကို ပြောဖြစ်ကြပါတယ်။

တစ်ညတည်းမှာတင် ချန်ရှို့လန် လင်မယား နှစ်ယောက်က ချမ်းသာတဲ့ ဘဝကနေ လမ်းဘေး ရောက်သွားခဲ့ရတယ်။ ကံကောင်းလို့ ချန်ရှို့လန်မှာ သူနဲ့အတူ ပါလာတဲ့ လက်ဝတ်ရတနာ နည်းနည်း ကျန်နေတာနဲ့၊ ရှီကျစ်ယိုက အဲဒီရတနာတွေကို ပေါင်ပြီး၊ မိသားစု တစ်ခုလုံး ခဏနေဖို့ နေရာတစ်ခုကို အရင် ရှာခဲ့ရပါတယ်။

ရှီကျစ်ယိုက ချန်ကျန်းကို ရက်စက်တဲ့သူလို့ ဆဲရုံတင်မကဘဲ ချန်ရှို့လန် ကလည်း အသုံးမကျတဲ့သူလို့ ပြစ်တင်နေခဲ့တယ်။ ဒီရှီကျစ်ယိုဆိုတဲ့သူက ပြဿနာ တက်လာရင် တခြားသူကိုပဲ အပြစ်ဖို့တတ်ပြီး၊ ကိုယ့်အမှားကိုတော့ တစ်ခါမှ ပြန်မစဉ်းစားခဲ့ပါဘူး။

ကျယ်လှတဲ့ အိမ်ကြီးကနေ သေးငယ်တဲ့ ဝင်းငယ်လေးထဲ ရောက်သွားသလို၊ ကောင်းတဲ့ စားသောက်မှုတွေကနေ သာမန်ထမင်းဟင်းတွေဆီ ပြောင်းသွားခဲ့ရတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဘဝကို ဆက်ဖြတ်သန်းရမှာမို့ နေ့စဉ် လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား စတာတွေက မရှိမဖြစ် ဖြစ်နေခဲ့တယ်။

ရှီကျစ်ယိုက ဘာအလုပ်မှ မလုပ်တတ်သလို ချန်ရှို့လန်မှာ လက်မှုပညာ ရှိပေမဲ့လည်း အခုတော့ အသုံးမဝင်တော့ပါဘူး။ လက်ဝတ်ရတနာတွေကို ပေါင်ထားတဲ့ ငွေနည်းနည်းလေးနဲ့ပဲ စားနေကြရတာမို့၊ တဖြည်းဖြည်းနဲ့ အိုးထဲမှာ ဆန်မရှိတဲ့ အခြေအနေ ရောက်လာခဲ့တော့တယ်။

258 05

အဲဒီအချိန်အတွင်း ရှီကျစ်ယိုက ဝမ်မိသားစု ပန်းဆိုင်ကို သွားပြီး ဆူပူသောင်းကျန်းခဲ့ပေမဲ့ အခုတော့ သူ့ကို ဘယ်သူမှ အလိုမလိုက်တော့ဘဲ၊ ရောက်သွားတာနဲ့ အပြင်ကို ပစ်ထုတ်ခံရသလို နောက်တစ်ခါ လာရင် အာဏာပိုင်တွေဆီ အပ်မယ်လို့တောင် ခြိမ်းခြောက်ခံခဲ့ရပါတယ်။

ရှီကျစ်ယိုက အဲဒီတော့မှ ဝမ်မိသားစု ပန်းဆိုင်က အပြင်ပန်းမှာ စီးပွားရေး လုပ်သူလို့ ထင်ရပေမဲ့ နောက်ကွယ်မှာ အဆင့် (၂) အရာရှိကြီး တစ်ယောက် ရှိနေတာကို သတိရလိုက်တော့တယ်။

သူက ချန်အိမ်တော်ကိုလည်း သွားပြီး သနားစရာ ကောင်းအောင် လုပ်ခဲ့ပေမဲ့ မအောင်မြင်ပါဘူး။ ချန်ကျန်းက အတွေ့မခံသလို စွီရှီကလည်း အခုတစ်ကြိမ်မှာ မကောင်းတဲ့ မရီးတစ်ယောက်အဖြစ် အစွမ်းကုန် သရုပ်ဆောင်ပြီး၊ တောရွာက လူတွေကို အထင်သေးသလို လုပ်ခဲ့တာကြောင့်၊ ချန်ရှို့လန်ကို ညီမအဖြစ် အသိအမှတ် မပြုချင်တော့ကြောင်း ပြောလိုက်ပါတော့တယ်။

နေရာ နှစ်ခုလုံးက အားကိုးရာ မရှိတော့တဲ့အခါ၊ ရှီကျစ်ယိုကတော့ လုံးဝ လမ်းပျောက်သွားခဲ့ရတော့တယ်။

ဘဝကို ဆက်ဖြတ်သန်းဖို့ သူက ချန်ရှို့လန်ကို အိမ်မှာ ပန်းတွေ လုပ်ခိုင်းပြီး အပြင်ထွက် ရောင်းခိုင်းပါတော့တယ်။

နှမြောစရာ ကောင်းတာက ဈေးကြီးပေးရင် ဘယ်သူမှ မဝယ်သလို၊ ဈေးလျှော့ရောင်းရင်လည်း အရင်းတောင် မကျေနိုင်ပါဘူး။ ရှီကျစ်ယိုက ဒီပန်းတွေက 'လက်မှုပညာရှင် သခင်မ'ရဲ့ လက်ရာတွေလို့ ဘယ်လောက်ပြောပြော ဘယ်သူမှ မယုံကြဘဲ သူ့ကို လိမ်နေတဲ့သူလို့ပဲ သတ်မှတ်ကြတော့တယ်။

'လက်မှုပညာရှင် သခင်မ' က ဝမ်မိသားစု ပန်းဆိုင်မှာပဲ ရှိတာ လူတိုင်း သိနေကြတာမို့၊ လမ်းပေါ်မှာ လာရောင်းနေမယ် ဆိုတာက ရယ်စရာ ကိစ္စ မဟုတ်လား။

အရာရာ အဆင်မပြေတဲ့ အခါမှာတော့ ရှီကျစ်ယိုက သူ့မိန်းမနဲ့ သားသမီးတွေကိုပဲ ဒေါသပုံချပါတော့တယ်။

မူလကတည်းက သူက ကလေး နှစ်ယောက်အပေါ်မှာ စိတ်မဝင်စားဘဲ၊ အစေခံတွေနဲ့ နို့ထိန်းတွေကိုပဲ လွှဲထားခဲ့တာ ဖြစ်တယ်၊၏၊ အခုတော့ ချန်ရှို့လန် အသုံးမကျတာကို အကြောင်းပြပြီး ကလေး နှစ်ယောက်အပေါ်မှာလည်း ရက်စက်စွာ ပြုမူတော့တယ်။

ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ရှို့လန်က လုံးဝပေါက်ကွဲသွားပြီး ရှီကျစ်ယိုနဲ့ ပြန်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်ပြီးနောက်မှာလည်း ဘဝကို ဆက်ဖြတ်သန်းရဦးမှာမို့၊ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရသလို ခါးသီးတာတွေကလည်း ကုန်သွားတာ မရှိပါဘူး။

ရှီကျစ်ယိုက တစ်နေ့လုံး အိမ်ပြန်မလာဘဲ အရက် မူးပြီး ပြန်လာတတ်သလို၊ တချို့နေ့တွေမှာတော့ အိမ်ကို လုံးဝ ပြန်မလာတော့ပါဘူး။ ချန်ရှို့လန် က ကလေး နှစ်ယောက်ကို ခေါ်ပြီး၊ အိမ်နီးနားချင်းတွေရဲ့ ကူညီမှုနဲ့ ပန်းတွေကို တဖြည်းဖြည်း ပြန်လုပ်လာခဲ့ပါတယ်။

အခုတစ်ကြိမ်မှာတော့ သူက ကိုယ့်ကိုယ်ကိုယ် 'လက်မှုပညာရှင် သခင်မ' လို့ မခေါ်တော့သလို၊ ဈေးကြီးတဲ့ ပန်းတွေကိုလည်း မလုပ်တော့ဘဲ၊ သာမန် ပန်းတွေကိုပဲ လုပ်ပြီး လမ်းဘေးမှာ ရောင်းကာ၊ ရတဲ့ ငွေနည်းနည်းလေးနဲ့ မိသားစုကို ကျွေးနေခဲ့ရပါတယ်။

အဲဒီအချိန်အတွင်းမှာပဲ နောက်ထပ် ကိစ္စတစ်ခု ဖြစ်လာတယ်၊ အဲဒါက ရှီကျစ်ယိုက အပြင်မှာ မယားငယ်ထားတာကို ချန်ရှို့လန် သိသွားတာပါပဲ။ အဲဒီမယားငယ်ကလည်း အရင်က သူ့ကို ပြုစုခဲ့တဲ့ အစေခံမလေး ဖြစ်နေခဲ့တယ်။

ဒါကလည်း ရှီကျစ်ယို ကိုယ့်ဘဝမှာ အမှန်ကန်ဆုံး လုပ်ခဲ့တဲ့ ကိစ္စတစ်ခု ဖြစ်ပါလိမ့်မယ်။ အဲဒီအစေခံမလေးကို ထားဖို့ သူက အပြင်မှာ အိမ်ငယ်လေး တစ်လုံး ဝယ်ထားခဲ့ပြီး၊ အိမ်ထဲမှာလည်း ပရိဘောဂ အစုံအလင် ထားပေးခဲ့တယ်။

ပြဿနာ တက်လာတဲ့ အခါမှပဲ ရှီကျစ်ယိုက အဲဒီနေရာကို သတိရလိုက်တယ်၊ ဒါပေမဲ့ သူက လှည့်ကွက် သုံးပြီး ကိုယ်ဘဝပျက်နေတာကို မပြောဘဲ၊ နေ့တိုင်း အဲဒီကို သွားစားတတ်သလို၊ ပိုက်ဆံမပါလာတဲ့ အကြောင်းပြချက်နဲ့ မယားငယ်ဆီက ငွေနည်းနည်းကိုလည်း တောင်းယူလေ့ ရှိတယ်။

ဒါပေမဲ့ သူ ရတဲ့ ငွေတွေကို အိမ်ယူပြီး မိသားစုကို ကျွေးတာ မလုပ်ဘဲ၊ လောင်းကစားဝိုင်းကိုပဲ သွားသုံးခဲ့တယ်။

သူက ရှုံးခဲ့တဲ့ နေရာကနေ ပြန်ထူနိုင်မယ်လို့ အိပ်မက် မက်နေတုန်းဖြစ်သလို၊ လောင်းကစားပြီး တစ်ညတည်း သူဌေးပြန်ဖြစ်ကာ အရင်က ဘဝမျိုး ပြန်ရဖို့ မျှော်လင့်နေခဲ့တယ်။

ဒါပေမဲ့ အချိန်ကြာလာတဲ့ အခါမှာတော့ အဲဒီမယားငယ်က အခြေအနေကို သိသွားပါတော့တယ်။

258 06

တစ်ဖက်လူကလည်း မိုက်တဲ့သူ မဟုတ်ပါဘူး၊ သူက ရှီကျစ်ယိုကို ငွေပေးနေတာက အဲဒီငွေတွေက မူလက ရှီကျစ်ယို ပေးထားတဲ့ ငွေတွေ ဖြစ်နေလို့ ဖြစ်တယ်။ သူက အမျိုးသမီး တစ်ယောက်မို့ ရှိသမျှ ငွေတွေကို ထိုင်စားနေရရုံတင်မကဘဲ ရှီကျစ်ယိုကပါ လာယူနေတာကြောင့်၊ ဘဝမှာ ဆက်နေဖို့ ခက်လာခဲ့ပါတယ်။

သူက စုံစမ်းကြည့်တဲ့အခါမှပဲ ရှီကျစ်ယိုက အခုလို အခြေအနေမျိုး ရောက်နေတာ သိသွားတာမို့၊ ရှီကျစ်ယိုကလည်း အခြေအနေ ပေါ်သွားပြီဖြစ်တာနဲ့ အိမ်ကို ပြန်သိမ်းပြီး ရောင်းဖို့ ပြင်တော့တယ်။ အဲဒီအခါမှာ အဲဒီလူယုတ်မာ နှစ်ယောက်က ချန်ရှို့လန်ရဲ့ရှေ့မှာတင် အပြင်းအထန် တိုက်ခိုက်ကြတော့တယ်။

နောက်ပိုင်းမှာ ရှီကျစ်ယို နဲ့ အဲဒီမယားငယ်တို့ ဘယ်လို ညှိလိုက်ကြလဲ မသိဘဲ၊ နှစ်ယောက်သား အဲဒီအိမ်ကို ရောင်းလိုက်ကြပြီး၊ ချန်ရှို့လန်နဲ့အတူ လာနေကြတော့တယ်။

အိမ်ရောင်းလို့ ရတဲ့ ငွေတွေကိုလည်း ရှီကျစ်ယို က လောင်းကစားဝိုင်းမှာ ထပ်ပြီး အကုန် ရှုံးခဲ့ပြန်တာကြောင့်၊ အဲဒီလူ နှစ်ယောက်က အိမ်မှာ ငွေမရှိလို့ နေ့တိုင်း အပြင်းအထန် တိုက်ခိုက်နေကြတော့တယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့၊ ချန်ရှို့လန်ကတော့ ဘာခံစားချက်မှ မရှိတော့ဘဲ၊ သူမရဲ့ ပန်းဆိုင်ငယ်လေးကိုပဲ အာရုံစိုက်ပြီး၊ သူမနဲ့ ကလေး နှစ်ယောက်ရဲ့ စားဝတ်နေရေးကိုပဲ တာဝန်ယူနေခဲ့ပါတယ်။

သူမမှာ အားကိုးစရာ ဘယ်သူမှ မရှိတော့သလို၊ ကလေး နှစ်ယောက်လည်း ရှိနေတာကြောင့် တစ်ရက်မှ အပြင်ထွက် ပန်းမရောင်းရင် အဲဒီနေ့မှာ ထမင်းစားဖို့ ရှိမှာ မဟုတ်ပါဘူး။

******

All Chapters