← Chapters

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

261 01

အခန်း (၂၆၁)

ရွှီထင်းရှန်းရဲ့ စကားသံ ဆုံးသွားတာနဲ့ တစ်ဝင်းလုံး တိတ်ဆိတ်သွားခဲ့တယ်။

အဲဒီစကားတွေကြောင့် စာသင်သားတွေတင်မကဘဲ၊ ရွှီထင်းရှန်းနဲ့အတူ လိုက်လာတဲ့ ဒေသခံ အရာရှိတွေ၊ ပြီးတော့ သတင်းကြားလို့ လာကြည့်ကြတဲ့ သာမန် ပြည်သူတွေပါ အံ့အားသင့်သွားပုံရတယ်။

လူအုပ်ထဲက တစ်ယောက်က ချီးမွမ်းလိုက်တယ်။ "ဒါ တကယ်ကောင်းတာပဲ၊ ပုံမှန်ဆိုရင် အလှူအတန်းတွေမှာ ဇာတ်ကွဲတာတွေ ကြည့်ရတာလည်း ငြီးငွေ့နေပြီ၊ အခု ဒီငြင်းခုံပွဲကြီးကို ငါတို့လည်း လာကြည့်ကြရအောင်။ မကြာခင်က ဒီမူဝါဒအသစ် ကိစ္စကြောင့် နေရာအနှံ့မှာ ကောလာဟလတွေ ထွက်နေတာ။ ငါတို့လို သာမန် ပြည်သူတွေကတော့ ဘယ်အရာက တကယ်ကောင်းသလဲဆိုတာ နားမလည်ကြဘူး၊ အခု ကိုယ်စားလှယ်မင်းက တစ်လောကလုံးရဲ့ရှေ့မှာ အကျိုးအကြောင်း ပြောပြမယ်ဆိုမှတော့ ဒါဟာ တကယ်ကောင်းတာလား၊ အပေါ်ယံလားဆိုတာ ငါတို့ နားထောင်ကြတာပေါ့"

"ငါတို့လည်း ဒီလို အခြေအနေမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး၊ အဲဒီအချိန်ကျရင်တော့ သေချာပေါက် စည်ကားမှာပဲ"

ခဏလေးအတွင်းမှာပဲ ဝိုင်းကြည့်နေကြတဲ့ ပြည်သူတွေကြားထဲမှာ ဆွေးနွေးပြောဆိုသံတွေ ပွက်လောရိုက်သွားခဲ့တယ်။

အဲဒီအရာရှိတွေနဲ့ စာသင်သားတွေရဲ့ မျက်နှာကတော့ အတော်လေး ကြည့်ရဆိုးနေခဲ့တယ်။ အထူးသဖြင့် မြေပြင်ပေါ်မှာ ထိုင်နေတဲ့ စာသင်သားတွေပါပဲ။ သူတို့က ကိုယ့်ကိုယ်ကိုယ် သိက္ခာရှိသူတွေလို့ သတ်မှတ်ထားကြပေမဲ့ အပြုအမူကတော့ လုံးဝ ယဉ်ကျေးမှု မရှိဘူး။ အရာရှိကို မြင်ရပါလျက်နဲ့ ဂါရဝမပြုတာကို ထားလိုက်ဦး။ သက်ကြီးရွယ်အို အဘိုးအိုတွေက မတ်တပ်ရပ်နေတုန်း သူတို့က ထိုင်နေကြပြီး နောက်ဆုံးတော့ အဲဒီအဘိုးအိုတွေကပါ သူတို့နဲ့အတူ မြေပြင်ပေါ်မှာ လိုက်ထိုင်ပေးခဲ့ရတယ်။

အမှန်တော့ သူတို့ ဘာလို့ မထကြတာလဲဆိုတာ အားလုံးက သိကြပါတယ်။ အဲဒါက ခြိမ်းခြောက်တဲ့ အရှိန်အဝါတစ်ခု ဖန်တီးချင်ရုံပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မျက်နှာပြောင်တိုက်နေတာဖြစ်ပြီး မင်းတို့ ငါတို့ တောင်းဆိုတာကို သဘောမတူရင် ငါတို့ လုံးဝ ထမှာမဟုတ်ဘူးဆိုတဲ့ အထာမျိုး ပြနေတာ ဖြစါတယ်။

အစက သာမန် ပြည်သူတွေက သူတို့အပေါ် သနားစိတ် ရှိခဲ့ကြသလို၊ လူထုရဲ့ အမြင်ကလည်း သူတို့ဘက်မှာ ရှိနေခဲ့တယ်။ ဒါပေမဲ့ အခုလို အခြေအနေကို မြင်လိုက်ရတဲ့အခါ၊ ကိုယ်စားလှယ်မင်းက တရားမျှတ ပွင့်လင်းသူဖြစ်တာ မြင်ရသလို ဟဲနန်က လာတဲ့ ပြည်သူတွေကလည်း ဟန်ဆောင်နေသူတွေ မဟုတ်တာ သိသွားကြတာကြောင့် မသိစိတ်အရ စိတ်ဓာတ်က တစ်ဖက်ကို ယိမ်းယိုင်သွားခဲ့ကာ စာသင်သားတွေကို စကားလုံးတွေနဲ့တောင် ပြန်ပြီး ဝေဖန်လာကြတော့တယ်။

ဒါပေမဲ့ သူတို့ရဲ့ ဒီလို အပြုအမူက များသောအားဖြင့် "ပွဲကြည့်သူက ဘေးဒုက္ခ မကြောက်ဘူး" ဆိုသလိုပါပဲ။

စူးကျိုးမြို့က ဒေသခံ ပြည်သူအများစုက ကုန်သည်တွေနဲ့ အလုပ်သမားတွေ ဖြစ်ကြတဲ့အပြင် လယ်လုပ်ပြီး မိသားစုကို ကျွေးနေကြသူတွေ မဟုတ်တာကြောင့် အကျိုးစီးပွား ထိခိုက်နေတဲ့သူတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဒီစာသင်သားတွေလည်း ကိုယ့်ရဲ့နေရခက်တဲ့ အခြေအနေကို မသိဘဲ မနေကြပါဘူး။ ဒါပေမဲ့ "ပစ်လိုက်တဲ့ မြှားက နောက်ပြန်မလှည့်ဘူး" ဆိုသလိုပဲ၊ သူတို့ကတော့ ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေ ရောက်နေပြီမို့၊ အားတင်းပြီး တောင့်ခံနေကြရုံပဲ ရှိတော့တယ်။

ရွှီထင်းရှန်းက အမိန့်ပေးလိုက်တာနဲ့ ကိစ္စတွေကို အမြန်ပဲ စီစဉ်လိုက်တော့တယ်။

ပုယန့်လီက ဒီကိစ္စကို တာဝန်ယူချင်ပေမဲ့ ရွှီထင်းရှန်းက ငြင်းလိုက်ပြီး ကျင်းယီဝေ့တွေကိုပဲ တာဝန်ပေးလိုက်တယ်။ အဲဒါက ဒေသခံ အရာရှိတွေကို လုံးဝမယုံဘူးဆိုတာ ထင်ရှားအောင် ပြလိုက်တာမို့၊ ဒေသခံ အရာရှိတွေက ပိုပြီးတော့တောင် အနေခက်သွားကြရတယ်။

အကျိုးအကြောင်းအရဆိုရင် ရွှီထင်းရှန်းက အဲဒီနေရာကနေ ထွက်သွားရမှာဖြစ်ပြီး တခြား ဒေသတွေက ပြည်သူတွေ ရောက်လာမယ့် အချိန်ကိုပဲ စောင့်ရမှာ ဖြစ်ပေမဲ့ သူက ထွက်မသွားဘဲ အဲဒီနေရာမှာတင် တဲတွေ ထိုးခိုင်းလိုက်ကာ ဒီလူတွေနဲ့အတူ တောင့်ခံဖို့ ဆုံးဖြတ်လိုက်တယ်။

ကံကောင်းတာက စူးကျိုးကုန်းယွမ် (စူးကျိုးစာမေးပွဲကျောင်းဆောင်) ရှေ့က ကွင်းပြင်က ကျယ်တာကြောင့၊ နောက်ထပ် လူနှစ်ထောင် ရောက်လာရင်တောင် ဆံ့ပါတယ်။ ပတ်ပတ်လည်မှာ တဲတွေကို တစ်လုံးပြီးတစ်လုံး ဆောက်လိုက်ကြတာ၊ မသိတဲ့သူတွေဆိုရင် ဒီနေရာမှာ ဘာလုပ်နေကြတာလဲလို့တောင် ထင်မိမှာပဲ။

ရွှီထင်းရှန်းက သူ့ရဲ့ အရာရှိအရှိန်အဝါတွေကို ဂရုမစိုက်ဘဲ၊ အဲဒီလယ်သမားတွေရဲ့ ဘေးနားကို သွားထိုင်လိုက်တယ်။

သူလည်း မြေပြင်ပေါ်မှာတင် ထိုင်ချလိုက်တာပါ၊ လယ်သမားတွေက ထိတ်လန့်သွားကြပေမဲ့ သူက အတင်းပြန်ထိုင်ခိုင်းပြီး မိသားစု အကြောင်းတွေကိုပဲ အေးအေးဆေးဆေး စကားပြောနေခဲ့တယ်။

261 02

ဒီလိုနဲ့ တာ့ချန်းမင်းဆက်မှာ တွေ့ရခဲတဲ့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခု ပေါ်လာခဲ့တယ်။

ခန့်ညား ထည်ဝါတဲ့ စာမေးပွဲကျောင်းဆောင်ကြီးရဲ့ ရှေ့မှာ နေရာတွေ ခွဲထားပြီး၊ ပတ်ပတ်လည်မှာ တဲတွေ ရှိနေသလို၊ ကွင်းပြင် အလယ်မှာတော့ လူအုပ်စု နှစ်စု ထိုင်နေကြတယ်။

တစ်ဖက်မှာတော့ ရှို့ချိုင်ဝတ်စုံတွေ ဝတ်ထားတဲ့ စာသင်သား အုပ်စုဖြစ်ပြီး၊ အားလုံးက ညစ်ပတ်နွမ်းလျနေတဲ့ မျက်နှာတွေနဲ့ ရှိနေကြတယ်။

တခြားတစ်ဖက်မှာတော့ ကျေးလက်တောရွာက လူတချို့ ထိုင်နေကြပြီး၊ သူတို့ရဲ့ အလယ်မှာတော့ မြွေနဂါးဝတ်ရုံ ဝတ်ထားတဲ့ အဆင့်မြင့် အရာရှိကြီး တစ်ယောက် ထိုင်နေခဲ့တယ်။ သူတို့က ပျော်ပျော်ရွှင်ရွှင် ရယ်မော ပြောဆိုနေကြတာမို့ မသိတဲ့သူတွေဆိုရင် နှစ်ပေါင်းများစွာ မတွေ့ရတဲ့ နေရပ်တူ မိတ်ဆွေတွေလို့တောင် ထင်မိမှာပဲ။

နေဝန်းနီကြီး အနောက်ဘက်ကို စောင်းသွားတဲ့ အခါမှာတော့ ရုံးစေ တစ်စု အဲဒီနေရာကို ရောက်လာကြတယ်။

သူတို့ရဲ့ လက်ထဲမှာ သစ်သားပုံးကြီးတွေနဲ့ ဝါးခြင်းတောင်းတွေကို ကိုင်ထားကြပြီး ကြည့်ရတာ နည်းနည်း အနေခက်နေပုံရတယ်။

အမှုထမ်းဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား တစ်ယောက်က ရွှီထင်းရှန်းရဲ့ အနားကို လျှောက်လာပြီး၊ မြို့ဝန်မင်းက အမတ်မင်းရွှီကို ညစာ စားဖို့ ဖိတ်ပါတယ်လို့ ဟန်ဆောင်ပြုံးပြီး လျှောက်တင်ပေမဲ့ ရွှီထင်းရှန်းကတော့ ငြင်းလိုက်တယ်။

အဲဒီအမှုထမ်းက အတော်လေး အခက်တွေ့သွားပေမဲ့ ဘေးနားမှာ စူးစိုက်ကြည့်နေတဲ့ ကျင်းယီဝေ့တွေကြောင့် ဆက်ပြီးမပြောဝံ့ဘဲ ခေါင်းငိုက်စိုက်ပြီး ပြန်ထွက်သွားခဲ့ရတော့တယ်။

ဒီရုံးစေတွေက စာသင်သားတွေအတွက် ထမင်းလာပို့တာပါ၊ စာမေးပွဲ ကန့်ကွက်တာ စကတည်းက ဒေသခံ အရာရှိတွေက ဒီလူတွေကို အိမ်ပြန်အောင် မဖျောင်းဖျနိုင်သလို၊ ပြဿနာကြီး ထပ်ဖြစ်မှာကိုလည်း စိုးရိမ်တာကြောင့်၊ နေ့တိုင်း သုံးနပ်စာ ထမင်းနဲ့ ရေကို အချိန်မှန် ပေးပို့နေခဲ့တာ ဖြစ်တယ်။

စာသင်သားတွေကတော့ ဆာလောင်နေကြပြီ ဖြစ်တယ်။ အထူးသဖြင့် ဒီလယ်သမားတွေရဲ့ ရှေ့မှာ ကိုယ့်ရဲ့ စာပေပညာရှင် ဂုဏ်သိက္ခာကို ထိန်းဖို့၊ တစ်နေကုန် ကျောကို မတ်အောင် ထားပြီး ထိုင်နေခဲ့ရတယ်။ အခု ထမင်းနဲ့ ရေ ရောက်လာတာ မြင်တော့ အချို့သူတွေကတော့ မထိန်းနိုင်တော့ဘဲ အမြန်ပဲ အဲဒီနေရာကို တိုးကပ်သွားကြတော့တယ်။

တစ်ယောက်ကတော့ အလျင်စလို ထလိုက်လို့ ခြေလက်တွေ ပျော့ပြီး လဲကျသွားသလို တချို့ကတော့ ပေါက်စီတွေကို လုယူပြီး အငမ်းမရ စားနေကြတော့တယ်။

အဲဒီအချိန်မှာ ကလေးလေးတစ်ယောက်ရဲ့ အသံ ရုတ်တရက် ထွက်လာတယ်။ "ဘိုးဘိုး သူတို့က ဘာလို့ အဲဒီလောက် အလျင်စလို စားနေကြတာလဲ"

အဲဒါက အဘိုးထျန်ရဲ့ မြေးလေး လျွီတန့်ပါပဲ။

အဲဒီအိမ်မှာ အဘိုးထျန်နဲ့ လျွီတန့် နှစ်ယောက်တည်းပဲ ကျန်တော့တာ ဖြစ်ပြီး၊ အဘိုးအိုက ခရီးထွက်ရမယ်ဆိုတော့ မြေးကို အိမ်မှာ တစ်ယောက်တည်း မထားခဲ့ရက်လို့ သူနဲ့အတူ ခေါ်လာတာ ဖြစ်တယ်။

အဘိုးထျန်က မြေးရဲ့ခေါင်းကို ပွတ်ပေးရင်း၊ ကြင်နာစွာနဲ့ ဖြေလိုက်တယ်။ "သူတို့ ဗိုက်ဆာနေလို့လေ"

"ဟိုတစ်ခေါက် ငတ်မွတ်ခေါင်းပါးမှုဘေး ကြုံရတုန်းကလိုလား၊ ထမင်းစားစရာ မရှိလို့ ဖေဖေနဲ့ မေမေတို့ ခရီးဝေး ထွက်သွားကြပြီးတော့ လျွီတန့်နဲ့ ဘိုးဘိုး နှစ်ယောက်တည်း ကျန်ခဲ့သလိုမျိုးလား"

"ဟုတ်တာပေါ့၊ လျွီတန့်ရဲ့အဖေနဲ့ အမေက ခရီးဝေး ထွက်သွားကြတာလေ၊ ခဏနေရင် လျွီတန့်ဆီကို ပြန်လာကြည့်ကြမှာပါ"

ဒီဘက်နဲ့ ဟိုဘက်က မဝေးတာကြောင့် လျွီတန့် စကားပြောနေတုန်းမှာပဲ တစ်စုံတစ်ယောက်ရဲ့ လှုပ်ရှားမှုက တောင့်တင်းသွားခဲ့ရတယ်။

သူတို့က သိပ်ကို ရှက်သွားကြတယ်။ ကိုယ့်ရဲ့ဆာလောင်နေတဲ့ ပုံစံက ကျေးလက်တောရွာက လူတွေရဲ့ လှောင်စရာ ဖြစ်သွားပြီ မဟုတ်လား။ ဒါပေမဲ့ ဆက်ပြီး အဲဒီအဘိုးအိုနဲ့ မြေးရဲ့ စကားဝိုင်းကို ကြားလိုက်ရတဲ့ အခါမှာတော့ လူအချို့က မှင်တက်သွားခဲ့ရတယ်။

ငတ်မွတ်ခေါင်းပါးမှု၊ ခရီးဝေး ထွက်သွားတာ၊ အိုမင်းသူနဲ့ ကလေးလေးပဲ ကျန်ရစ်တာ၊ ဒီအရာတွေရဲ့ နောက်ကွယ်မှာ ဘာဖြစ်နိုင်မလဲ။

အချို့သူတွေက ဖြူဖွေးတဲ့ ပေါက်စီတွေကို အငမ်းမရ စားနေတုန်းပဲ ဖြစ်ပေမဲ့၊ အချို့ကတော့ ဖြည်းဖြည်းချင်းပဲ စားတော့သလို၊ အချို့ကတော့ ရုတ်တရက် ထမင်းမဝင်တော့ဘဲ ဖြစ်သွားခဲ့ရတယ်။

မှောင်လာတဲ့ အခါမှာတော့ ရွှီထင်းရှန်းက အဲဒီလယ်သမားတွေကို တဲတွေထဲဝင်ပြီး အနားယူဖို့ ဖိတ်ပေမဲ့ ဒီစာသင်သားတွေကိုတော့ မဖိတ်ပါဘူး၊ အမှန်တော့ သူတို့ ပြင်ထားတဲ့ တဲတွေကလည်း ဒီလူတွေအတွက်ပဲ ဖြစ်ပြီး၊ စာသင်သားတွေအတွက် လုံးဝမပါဘူး။

261 03

ဒီစာသင်သားတွေက အတော်လေး ပင်ပန်းနေကြပြီမို့ ကိုယ့်စိတ်ထဲမှာတော့ ဒီအရာရှိက ကိစ္စတွေကို အေးအေးဆေးဆေး ဖြေရှင်းချင်ရင် ကိုယ့်အပေါ်မှာ လူကောင်းယောင် ဆောင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။

နှမြောစရာ ကောင်းတာက သူတို့ စိတ်ပျက်သွားကြရတာပါပဲ။

အဲဒီလယ်သမားတွေ အားလုံး တဲတွေထဲ ဝင်အနားယူသွားပြီးမှ၊ ရွှီထင်းရှန်းက ဒီလူအုပ်စုရဲ့ ရှေ့ကို လျှောက်လာခဲ့တယ်။

"ငါ မင်းတို့ကို ပြောမယ်၊ မင်းတို့ အားလုံးက စာတတ်ပေတတ်သူတွေပဲ၊ သူတော်စင်တို့ရဲ့ စာပေတွေကို ဖတ်ထားကြတာမို့ အကျိုးအကြောင်း အားလုံးကို သိကြမှာမို့၊ ငါ အများကြီး ထပ်မပြောတော့ပါဘူး။ မင်းတို့ထဲက အချို့ဆိုရင် အဖေတောင် ဖြစ်နေကြပြီပဲ၊ ကိုယ်လုပ်တဲ့ အလုပ်အတွက် ကိုယ်တိုင်ပဲ တာဝန်ယူကြစမ်းပါ။ ငါကတော့ ငြင်းခုံပွဲကြီး အမြန်ဆုံး ရောက်လာမယ့် အချိန်ကို မျှော်လင့်နေမိသလို၊ အဲဒီ အချိန်ကျရင်တော့ မင်းတို့ ဘယ်နေရာမှာ မှားနေသလဲ ဆိုတာကို ငါ မင်းတို့ကို ပြောပြနိုင်ပါလိမ့်မယ်"

လူအုပ်ထဲက တစ်ယောက်က ဆိုလိုက်တယ်။ "အမတ်မင်းရွှီက ကျွန်တော်မျိုးတို့ကို လှောင်နေတာလား။ လမ်းစဉ်ချင်း မတူရင် အတူတူ မကြံစည်အပ်ပါဘူး။ ကျွန်တော်မျိုးတို့ကတော့ တစ်လောကလုံးက စာသင်သားတွေအတွက် တောင်းဆိုနေတာပါ"

ရွှီထင်းရှန်းက ခပ်ဟဟ ရယ်လိုက်ပြီး ဆိုလိုက်တယ်။ "ငါ မင်းတို့ကို လှောင်နေတာ မဟုတ်ပါဘူး၊ အမှန်တကယ် အဲဒီလို ဖြစ်လာဖို့ကိုပဲ ရိုးရိုးသားသား မျှော်လင့်နေတာပါ။ မင်းတို့မှာ ကိုယ်ပိုင် ရပ်တည်ချက် ရှိတာကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ မင်းတို့လည်း ခေါင်းမော့ပြီး အပြင်လောကကြီးကို တစ်ချက်လောက် ကြည့်သင့်တာပေါ့၊ သူတော်စင် စာပေတွေထဲမှာတင် နစ်မြုပ်မနေဘဲနဲ့လေ။ စာတွေ ဖတ်လေလေ လူက ပိုပြီးတော့ အယူသည်းလေလေ ဖြစ်နေကြပြီး၊ လောကရဲ့ အခြေအနေကိုလည်း မသိ၊ ပြည်သူတွေရဲ့ ဒုက္ခကိုလည်း မမြင်ကြတော့ဘူး။ မင်းတို့လို လူမျိုးတွေသာ ရာထူး ဂုဏ်ရှိန်တွေ ရခဲ့ရင်တောင်မှ၊ အချို့သူတွေလိုပဲ တခြားသူရဲ့ လှည့်ဖြားတာကို ခံရမယ်၊ မကောင်းသူကို ကူညီပြီးတော့ ပြည်သူတွေကို နှိပ်စက်တဲ့သူတွေပဲ ဖြစ်လာကြလိမ့်မယ်၊ အဲဒီလိုဆိုရင်တော့ အရာရှိ မလုပ်တာကမှ ပိုပြီးတော့ ကောင်းဦးမယ်"

"ငါ ပြောစရာ ရှိတာကတော့ ဒီလောက်ပါပဲ၊ မင်းတို့ ဘာသာပဲ ဆက်ပြီး စဉ်းစားကြတော့"

ပြောပြီးနောက်မှာတော့ သူက လှည့်ပြီး ထွက်သွားခဲ့တယ်။ မီးတုတ်တွေရဲ့ အလင်းရောင်ကြားက သူ့ရဲ့ကျောပြင်က သိပ်ကိုတည်ကြည် ခန့်ညားနေခဲ့တယ်။

အမှောင်ထဲမှာ၊ တစ်ယောက်က တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသလို၊ တစ်ယောက်ကတော့ တိတ်တဆိတ်နဲ့ တစ်စုံတစ်ရာကို စဉ်းစားနေကြတယ်။ ဘယ်သူမှတော့ မသိနိုင်ဘူးပေါ့။

အမှောင်ထု ပျောက်ပြီး မိုးလင်းလာခဲ့တယ်။

အချိန်ကြာလာတာနဲ့အမျှ၊ ပြည်သူတွေက ပိုပြီး များများ ရောက်လာခဲ့ကြတယ်။

တခြား ဒေသတွေက ပြည်သူတွေ ရှိသလို ကျန်းနန်တစ်ဝိုက်က ပြည်သူတွေလည်း ပါဝင်ကြတယ်။ ဒီလူတွေက စာမေးပွဲကျောင်းဆောင် ရှေ့မှာ စုရုံးနေကြတာကြောင့်၊ ကျေးလက်က ဈေးတစ်ခုလိုပဲ စည်ကား ဆူညံနေတော့တယ်။

အချင်းချင်း မသိကြပေမဲ့လည်း၊ တစ်ယောက်နဲ့တစ်ယောက် စကားစမြည် ပြောရင်း၊ လယ်ယာ အကြောင်းတွေ၊ အထွက်နှုန်း အကြောင်းတွေကို ပြောကြသလို၊ မူဝါဒအသစ် အကြောင်းတွေကိုလည်း ဆွေးနွေးကြတာ၊ ရုတ်တရက် ဆိုသလိုပဲ နှစ်ပေါင်းများစွာ မတွေ့ရတဲ့ နေရပ်တူ မိတ်ဆွေတွေလို ခံစားလာကြရတယ်။

ဒီဘက်က လူအင်အားက တစ်နေ့ထက်တစ်နေ့ တိုးနေပေမဲ့၊ စာသင်သား အုပ်စုကတော့ ကြည့်ရတာ မလောက်မင ဖြစ်နေခဲ့တယ်။ ဒီရက်ပိုင်းအတွင်း စာသင်သား အချို့ ထပ်ရောက်လာကြပေမဲ့ အရှိန်အဝါကတော့ တစ်ဖက်ကို မယှဉ်နိုင်ဘူး။

ဒီရက်ပိုင်းအတွင်း တာ့ချန်းတစ်ခုလုံးက ကိစ္စတစ်ခုကိုပဲ ပြောနေကြတယ်။ အဲဒါက စူးကျိုးကုန်းယွမ်မှာ ကျင်းပမယ့် မူဝါဒအသစ် ဆိုင်ရာ ငြင်းခုံပွဲကြီး အကြောင်းပါပဲ။

အချိန်ကြာလာတာနဲ့အမျှ စူးကျိုးကုန်းယွမ်က စာသင်သားတွေ စာမေးပွဲ ကန့်ကွက်နေတဲ့ အကြောင်းကို လူအများကြီး သိသွားကြသလို၊ ကိုယ်စားလှယ်မင်းက ဒီကိစ္စအတွက် စူးကျိုးကုန်းယွမ်မှာ ငြင်းခုံပွဲ ကျင်းပမယ့် အကြောင်းကိုလည်း လူတွေ သိကုန်ကြပြီ။

ဒီအရာ အားလုံးရဲ့ နောက်ကွယ်မှာ နေရာအနှံ့က ထိုက်လုံငွေလွှဲဌာနတွေရဲ့ ကူညီမှုတွေ ပါနေသလို၊ ဝမ်မိသားစု ဟင်းသီးဟင်းရွက်ဆိုင်နဲ့ ပန်းဆိုင်တွေကလည်း ပါဝင်နေခဲ့တယ်။ တာ့ချန်းရဲ့ နေရာအနှံ့ကို ပျံ့နေတဲ့ ဒီလမ်းကြောင်းတွေကနေတစ်ဆင့် သတင်းက လေပြင်းမုန်တိုင်း တစ်ခုလိုပဲ၊ တောင်ပိုင်းကနေ မြောက်ပိုင်းအထိ လူတိုင်း သိသွားခဲ့ကြရတယ်။

"ဒ ရွှီထင်းရှန်းက တကယ်ပဲ ဘာလုပ်ချင်နေတာလဲ?"

လူအများကြီးက အဲဒီလို ပြောနေကြတယ်။

261 04

မြို့တော်က ဝန်ကြီးဌာန ခြောက်ခုကနေ ဧကရာဇ်ကျားချန်အထိ အားလုံးက အဲဒီလိုပဲ ပြောနေကြတာပါ။

အဲဒီလို ပြောနေတုန်းမှာပဲ တစ်စုံတစ်ယောက်က ရင်ထဲမှာ ဝမ်းသာနေသလို၊ တစ်စုံတစ်ယောက်ကတော့ သိပ်ကို ထိတ်လန့်နေခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ ဒီကိစ္စတွေ ဖြစ်လာတာကို တားနိုင်စွမ်း မရှိခဲ့ပါဘူး။

စူးကျိုးမြို့ထဲကို လူတွေ ပိုပြီး စုလာခဲ့ကြတယ်။

လယ်သမားတွေ၊ စာသင်သားတွေ၊ ကုန်သည်တွေ၊ ပြီးတော့ သာမန် ပြည်သူတွေ ပါဝင်ကြသလို၊ အဲဒီထဲမှာ နေရာအနှံ့က စာပေပညာရှင်တွေနဲ့ လောကကို စွန့်ခွာနေသူ(ပစ္စည်ဥစ္စာမမက်မောတော့တဲ့သူ)တွေလည်း မနည်းပါဘူး။

ဒီလူတွေက အစိုးရအဖွဲ့ထဲမှာ အရာရှိ လုပ်နေကြသူတွေ မဟုတ်ပေမဲ့၊ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို အမြဲစိတ်ဝင်စားနေကြသူတွေ ဖြစ်တယ်။ သူတို့က ပြည်သူတွေကြားမှာ သိပ်ကို ဩဇာကြီးသလို၊ အဲဒီထဲမှာ လက်ရှိခေတ်ရဲ့ ပညာရှင်ကြီးအချို့လည်း ပါနေခဲ့တယ်။

ဒီအချက်တွေကို ထောက်ပြီး ရွှီထင်းရှန်းက ငြင်းခုံပွဲကြီး စမယ့် အချိန်ကို တမင် ကြန့်ကြာအောင် လုပ်ခဲ့ပြီး နောက်ထပ် ၁၀ ရက် ကြာမှပဲ စမယ်လို့ သတင်း ထုတ်ပြန်လိုက်တယ်။

အဲဒီကာလအတွင်း နှစ်ဦးနှစ်ဖက်လုံးဆီ လူတွေ ပိုပြီး ဝင်လာကြတယ်။

နွမ်းလျနေတဲ့ စာသင်သားတွေက အရင်က စိတ်ပျက်နေတဲ့ ပုံစံတွေကနေ ပြောင်းသွားခဲ့ပြီး၊ အသစ် ရောက်လာတဲ့ သူတွေနဲ့အတူ တက်တက်ကြွကြွ ပြောဆိုဆွေးနွေးလာကြတော့တယ်။ မူဝါဒအသစ်ကို ထောက်ခံတဲ့ ဘက်မှာတော့ လယ်သမားတွေ ပိုများလာရုံတင်မကဘဲ တိုင်းပြည်ကို ချစ်ပြီး ပြည်သူတွေရဲ့ ဘဝကို စိတ်ဝင်စားတဲ့ ရည်မှန်းချက်ရှိသူတွေလည်း မနည်းပါဘူး။

နှမြောစရာ ကောင်းတာက အချိန်စေ့ခါနီးလေ စာမေးပွဲ ကန့်ကွက်တဲ့ စာသင်သား အုပ်စုက လူဦးရေ တိုးမလာဘဲ လျော့လာခဲ့ပေမဲ့၊ ပြည်သူတွေ ဘက်မှာတော့ အရင်အတိုင်းပဲ အရှိန်က လျော့မသွားပါဘူး။

နောက်ထပ် နေဝန်းကြီး ထွက်လာတဲ့ နေ့မှာတော့ မူဝါဒအသစ်ဆိုင်ရာ ငြင်းခုံပွဲကြီးကို စူးကျိုးကုန်းယွမ် ရှေ့မှာ တရားဝင် စလိုက်ပါတော့တယ်။

အခြားတရားဟောပွဲတွေလို နေရာတွေကို ခမ်းနားအောင် မပြင်ဘဲ၊ ဒီမှာ အရာရာကို ရိုးရိုးရှင်းရှင်းပဲ လုပ်ထားတယ်။ စားပွဲ၊ ကုလားထိုင်တွေ မရှိသလို၊ မျက်နှာရအောင် လုပ်ထားတဲ့ အခမ်းအနားတွေလည်း လုံးဝမရှိဘူး၊ မြေပြင်ပေါ်မှာ ကော်ဇောနီတစ်လွှာပဲ ခင်းထားပြီး၊ ငြင်းခုံပွဲ တက်လာသူ အားလုံးက မြေပြင်ပေါ်မှာပဲ ထိုင်ရတယ်။

"လူတိုင်း စိတ်ကြိုက် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်" ရွှီထင်းရှန်းက ပြောလိုက်တာနဲ့ ငြင်းခုံပွဲကြီးက ဒီလိုနဲ့ စပါတော့တယ်။

ဘယ်သူမှ ဦးဆောင်တာ မရှိတာကြောင့် အခြေအနေက ရှုပ်နေသလိုနဲ့ စနစ်တကျ ရှိနေခဲ့တယ်။ လူနည်းနည်းစီ စုပြီး အချင်းချင်း အကျိုးအကြောင်းတွေကို ဆွေးနွေး ငြင်းခုံနေကြတယ်။

သူတို့က ငြင်းခုံပွဲ ကျင်းပနေတယ်လို့ မထင်ရဘဲ၊ အချင်းချင်း ထိုင်ပြီး စကားစမြည် ပြောနေကြသလိုပဲ။ ကွင်းထဲမှာ လူဦးရေက သိပ်ကို များတာကြောင့် ဝိုင်းကြည့်နေသူတွေကတော့ အံ့အားသင့်ပြီး ငေးကြည့်နေမိတော့တယ်။

စူးကျိုးမြို့ထဲမှာလည်း လမ်းမတွေပေါ်မှာ လူသူ ကင်းမဲ့နေခဲ့ပြီး လူတိုင်းက ဒီနေရာကို ရောက်နေကြသလိုပဲ။

စာသင်သားတွေဘက်က အခြေအနေကတော့ မကောင်းပါဘူး။ တစ်ဖက်လူက လူအင်အား များလွန်းတယ်။ အကယ်လို့ စာပေပညာရှင် တစ်ယောက်နဲ့ တွေ့ရင် ကိစ္စမရှိပေမဲ့၊ နှစ်ယောက်လုံးက အဆင့်အတန်း တူကြလို့ ပြောတာတွေကို နားလည်နိုင်ကြတယ်။ ဒါပေမဲ့ လယ်လုပ်နေတဲ့ လယ်သမားတွေနဲ့ တွေ့တဲ့ အခါမှာတော့ အဲဒါက "ရှို့ချိုင်နဲ့ စစ်သား တွေ့သလို" (အကျိုးအကြောင်း ပြောလို့ မရတာ) မျိုး ဖြစ်သွားပြီး၊ ဘယ်လိုမှ ရှင်းလို့ မရတော့ဘူး။

မင်းတို့က သူတို့ကို စာပေ ဝေါဟာရတွေနဲ့ ပြောရင် သူတို့က နားမလည်ကြောင်းနဲ့ အရပ်စကားနဲ့ပဲ ပြောဖို့ တောင်းဆိုလိမ့်မယ်။ မင်းတို့က အရပ်စကားနဲ့ ပြောတဲ့အခါမှာလည်း၊ သူတို့က မင်းတို့ ပြောတဲ့ တစ်လောကလုံးက စာသင်သားတွေအတွက် တောင်းဆိုတာ ဆိုတာကို နားမထောင်ဘဲ အရင်က သူတို့ ဘဝတွေ ဘယ်လို ဆိုးခဲ့လဲ၊ မူဝါဒအသစ် ဖော်ဆောင်ပြီးနောက်မှာ ဘယ်လိုကောင်းလာလဲ ဆိုတာကိုပဲ ပြောပြကြတော့တာ။

တစ်ဖက်ကလည်း မင်းကို စကားပြောနေသလို၊ တစ်ဖက်ကလည်း ဆေးတံတွေကို သောက်နေကြပြီး အချို့ကတော့ ခြေထောက်ကို ကုတ်နေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ကြိုက် နေကြတာပါ။ မင်းတို့က သေသေချာချာ ပြင်ထားပေမဲ့၊ သူတို့ကတော့ ဘယ်စည်းကမ်းကိုမှ ဂရုမစိုက်ကြဘူး၊ မင်းတို့က ရည်မှန်းချက် အပြည့်နဲ့ လာပေမဲ့၊ သူတို့ကတော့ ရယ်ရယ်မောမောနဲ့ပဲ ပြန်တုံ့ပြန်တာကြောင့် မင်းတို့အနေနဲ့ ဆက်မပြောနိုင်တော့ဘဲ ထွက်ပြေးဖို့ပဲ ကြံကြတော့တယ်။

ဒီငြင်းခုံပွဲကြီးက သုံးရက်နဲ့ နှစ်ညတိုင်တိုင် ကြာခဲ့တယ်။ မရေမတွက်နိုင်တဲ့ လူတွေက လာကြည့်ကြသလို၊ ပြန်သွားကြတဲ့သူတွေလည်း ရှိတယ်။

261 05

ဗိုက်ဆာရင် စားစရာ ရိက္ခာခြောက်တွေ ရှိသလို၊ ရေဆာရင်လည်း ရေရှိနေခဲ့တယ်။ အချင်းချင်း အရှုံးမပေးသရွေ့တော့ ငြင်းခုံပွဲက ပြီးမယ့် ပုံစံ မရှိဘူး။ လူအများကြီးက စကားပြောပြီး ရှုံးသွားလို့ သိပ်ကို ရှက်ပြီး မျက်နှာကို ဖုံးလို့ ထွက်ပြေးသွားကြသလို၊ လူအများကြီးကလည်း သိပ်ကို ဒေါသထွက်လွန်းလို့ အဲဒီမှာတင် မူးလဲသွားတာတွေလည်း ရှိခဲ့တယ်။

ဒါကြောင့်ပဲ စကားများ ရန်ဖြစ်တဲ့နေရာမှာတော့ တစ်ခါတလေ စာပေပညာရှင်တွေက ကျေးလက်တောရွာက လူတွေကို မယှဉ်နိုင်ကြဘူး။

အကယ်လို့ မင်းတို့က အေးအေးဆေးဆေး ပြောရင်လည်း သူတို့က အေးအေးဆေးဆေး ပြောပါလိမ့်မယ်။ အကယ်လို့ မင်းတို့က ရိုင်းစိုင်းတဲ့ စကားတွေကို ပြောရင် သူတို့ ဆဲလိုက်တဲ့ အခါမှာတော့ လောကကြီးတောင် တုန်သွားနိုင်တယ်။ ပိုပြီး ပြင်းလာရင် မင်းတို့က လက်ရဲဇွတ်ရဲ လုပ်နိုင်ပါ့မလား။ မင်းတို့မှာ အင်အား မရှိပေမဲ့၊ သူတို့ရဲ့ လက်သီးကတော့ အိုးတစ်လုံးစာလောက် ကြီးတာကြောင့် မင်းတို့ကို လူအကြောင်း ကောင်းကောင်း သိသွားအောင် သင်ပေးနိုင်စွမ်း ရှိပါတယ်။

ဒီကြည့်ရတာ ထူးခြားမှု မရှိတဲ့ လယ်သမားတွေက နိမ့်ကျတဲ့ အဆင့်မှာ ရှိကြပြီး ခေါင်းငုံ့ပြီး အလုပ်လုပ်ကြသူတွေပါ၊ အထက်က ဆူပူ ရိုက်နှက်ရင်တောင် သည်းခံနိုင်ကြတယ်။ ဘဝကို ဆက်ပြီး ဖြတ်သန်းနိုင်သရွေ့တော့ သူတို့ရဲ့ သည်းခံနိုင်စွမ်းက စိတ်ကူးထားတာထက် ပိုပြီးမြင့်ပါတယ်။

ဒါပေမဲ့ အကယ်လို့ သူတို့ရဲ့ ရိက္ခာတွေကို လုမယ်ဆိုရင်တော့ သူတို့က မင်းနဲ့ အသေခံ တိုက်ဝံ့တဲ့သူတွေပါ၊ အခုအချိန်မှာ ဆူပူတာတွေ မဖြစ်ဘဲ တောင့်ခံထားနိုင်တာက သူတို့ရဲ့ ရင်ထဲမှာ ဒီစာသင်သားတွေကို အကျိုးအကြောင်း ပြောပြပြီး မူဝါဒအသစ်ကို ဆက်ပြီး ဖော်ဆောင်စေကာ တစ်လောကလုံးက ပြည်သူတွေ အကျိုးခံစားရစေဖို့ဆိုတဲ့ အတွေးကြောင့်ပါပဲ။

ဒီလူတွေက တစ်လောကလုံးက သန်းပေါင်းများစွာသော လယ်သမားတွေကို ကိုယ်စားပြုနေကြတာပါ၊ သူတို့ကပဲ တာ့ချန်းရဲ့ အခြေခံ အုတ်မြစ် ဖြစ်ပြီး၊ သူတို့ရဲ့ အပြည့်အဝ ထောက်ခံမှုကိုသာ ရမယ်ဆိုရင် ဘယ်သူမှ ပြဿနာ ရှာနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ဒီစာသင်သားတွေ ပြောနေတဲ့ "တစ်လောကလုံးက စာသင်သားတွေအတွက် တောင်းဆိုတာ" ဆိုတာက သူတို့ရဲ့ ရှေ့မှာတော့ အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ ဖြစ်နေပါတော့တယ်။

ဒီငြင်းခုံပွဲကြီးက အစကတည်းက ဒီစာသင်သားတွေ ရှုံးဖို့အတွက်ပါပဲ၊ အခုလို အခြေအနေ ဖြစ်လာတာကလည်၊ တစ်ယောက်ယောက်က ဒီအဖြစ်အပျက်ကို သုံးပြီး တစ်လောကလုံးကို ကြေညာလိုက်တာပါပဲ။

"ပြည်သူတွေရဲ့ စိတ်ဆန္ဒ ရတဲ့သူက အောင်နိုင်သူ ပဲ။ မင်းတို့လည်း အနားယူလိုက်ကြပါတော့"

စူးကျိုးကုန်းယွမ်ရဲ့ မျက်စောင်းထိုးက အဆောက်အဦ တစ်ခုရဲ့ ဒုတိယထပ်မှာ၊ စာပေပညာရှင် ဝတ်စုံတွေ ဝတ်ထားတဲ့ ပညာရှင်ကြီးအချို့ ထိုင်နေကြတယ်။

အဲဒီအထဲက အဘိုးအို တစ်ယောက်က ပြောလိုက်တယ်။ "အမှန်တော့ ငါတို့ ဒီတစ်ခေါက် မလာလည်း ရပါတယ်။ ဒီအမတ်မင်းရွှီကတော့ တကယ်ကို ထူးချွန်တဲ့ ပါရမီရှင် တစ်ယောက်ပါပဲ။ ရှေးအရင်ကတည်းက ပြည်သူတွေရဲ့ စိတ်ဆန္ဒကို ရတဲ့သူက အောင်နိုင်သူ ဖြစ်တယ်ဆိုပေမဲ့၊ တကယ်တမ်း ပြည်သူတွေရဲ့ စိတ်ဆန္ဒကို ဒီလောက်အထိ သုံးနိုင်တဲ့သူကတော့ အနည်းငယ်ပဲ ရှိတာပါ"

"ကံကောင်းတာက ဒီလူက စိတ်နှလုံး ဖြောင့်မတ်သူ ဖြစ်လို့ပေါ့၊ အကယ်လို့သာ လူယုတ်မာတစ်ယောက် ဆိုရင်တော့ ပြည်သူတွေအတွက် စိုးရိမ်စရာပဲ" သူ့ဘေးက အဘိုးအိုက မုတ်ဆိတ်တွေကို ပွတ်ရင်း အောက်ခြေက လူအုပ်ကြားထဲက ထင်ရှားတဲ့ ကြက်သွေးရောင် အစက်အပြောက်လေးကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ်။

ရွှီထင်းရှန်းက ထွက်မသွားဘဲ ပြည်သူတွေ ဘက်ကနေ ငြင်းခုံပွဲထဲကို ဝင်ခဲ့တယ်။

သူက ငြင်းခုံပွဲထဲ မဝင်ခင်ကတည်းက ပြောခဲ့ပါတယ်။ ဝင်လာသူ ဘယ်သူမဆို အဆင့်အတန်းကို မကြည့်ဘဲ၊ ဘယ်အုပ်စုလဲ ဆိုတာကိုပဲ ကြည့်မှာဖြစ်ကြောင်း၊ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ၊ ကိစ္စပြီးသွားတဲ့ အခါမှာလည်း ဘယ်တော့မှ အပြစ်ရှာမှာ မဟုတ်ကြောင်းကိုပေါ့။

နှမြောစရာ ကောင်းတာက ဘယ်သူမှ သူ့ရဲ့ပြိုင်ဘက် မဟုတ်ခဲ့တာပါပဲ။ ဒီနှစ်ရက်အတွင်း သူနဲ့ ငြင်းခဲ့သူ မှန်သမျှက သူ့ရဲ့စာနာတတ်တဲ့ စကားလုံးတွေကြောင့် အဖြေမရှိဘဲ ဖြစ်သွားခဲ့ကြရသလို ရှက်ရွံ့စွာနဲ့ ထွက်ပြေးသွားခဲ့ကြရတယ်။

သုံးရက်တိုင်တိုင် ကြာခဲ့ပေမဲ့ ရန်သူတစ်ယောက်မှ မတွေ့ရတာကြောင့်၊ သူက အမှန်တကယ်ပဲ "လူသား လက်နက်ကြီး"တစ်ခုလို ဖြစ်နေခဲ့တယ်။

"ခင်ဗျားတို့ နှစ်ယောက်ကလည်း အရာရှိ လုပ်နေကြတာ မဟုတ်ဘဲနဲ့၊ ဘာလို့ ဧကရာဇ်ထက်တောင် ပိုပြီးတော့ စိတ်ပူနေကြတာလဲ"

သူ့ရဲ မိတ်ဆွေ နှစ်ယောက်က ပြုံးပြီး ဘာမှ ပြန်မပြောတာ မြင်တော့ စရိုက်ကြမ်းတဲ့ ပညာရှင် တစ်ယောက်က အံ့အားသင့်ပြီး မေးလိုက်တယ်။ "ဒါဆိုရင် ခင်ဗျားတို့ စိတ်ကူး ပြောင်းလိုက်ကြပြီလား။ အရာရှိ သွားလုပ်ကြတော့မလို့လား၊ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အသက်တွေကလည်း ဒီလောက် ကြီးနေပြီကို..."

261 06

ဒီလူက တကယ်ကို စကားပြော မတတ်ပါဘူး။ ရဟန်းကို မြင်ပြီး ကတုံးလို့ ဆဲနေတာက ပြဿနာကို တမင်ရှာနေတာ မဟုတ်ပါလား။ ကံကောင်းလို့ အဲဒီလူ နှစ်ယောက်က ကိုယ်ကျင့်တရားကို နှစ်ပေါင်းများစွာ ထိန်းလာခဲ့ကြသူတွေ ဖြစ်သလို၊ ကိုယ့်မိတ်ဆွေဟောင်းအကြောင်းကိုလည်း သိကြတာကြောင့် သူနဲ့ တွက်ကပ်မနေခဲ့ကြဘူး။

"ငါတို့ကတော့ အသက်အရွယ်ကြီးနေပြီ ဆိုပေမဲ့ ကံကောင်းတာက ငါတို့မှာ တော်တော်လေး အသုံးတည့်တဲ့ တပည့်တွေ ရှိနေတာပဲလေ။ အရင်နှစ်တွေက သူတို့ကို အရာရှိ မလုပ်ခိုင်းခဲ့တာက အစိုးရအဖွဲ့ထဲမှာ ရှုပ်ထွေးမှုတွေ များလွန်းလို့၊ မကောင်းသူတွေနဲ့ ရောနှောသွားမှာ စိုးရိမ်သလို၊ သန့်ရှင်းဖြောင့်မတ်အောင်လည်း မနေနိုင်မှာကို ကြောက်လို့ပါ။ အခု ကြည့်ရတာတော့ ဒီအမတ်မင်းရွှီက အသိဉာဏ် ကြီးသလို၊ သနားကြင်နာတတ်တဲ့ စိတ်ဓာတ်လည်း ရှိတဲ့သူ တစ်ယောက်ပဲ။ သူ့ရဲ့အနာဂတ်က ဒီနေရာတင် ပြီးမှာ မဟုတ်ဘူး။ အကယ်လို့သာ သူ့နောက်ကို လိုက်ခဲ့မယ်ဆိုရင်တော့ ကြီးကျယ်တဲ့ ကိစ္စတွေကို လုပ်နိုင်မှာ ဖြစ်သလို၊ ပြည်သူတွေကိုလည်း အကျိုးပြုနိုင်မှာမို့ သူတို့ စာဖတ်ခဲ့ရတာ တန်သွားမှာပါ"

ဒီစကားကို ကြားတော့ ဘေးနားက လူလတ်ပိုင်း ပညာရှင် အနည်းငယ်က ခေါင်းညိတ်ကြပေမဲ့၊ စရိုက်ကြမ်းတဲ့ ပညာရှင်ကတော့ မှင်တက်သွားခဲ့ရတယ်။

သူက သူ့မိတ်ဆွေဟောင်း နှစ်ယောက်ကို ကြည့်ပြီးနောက် သူတို့ဘေးမှာ ဝိုင်းထားတဲ့ တပည့်တွေကို လှမ်းကြည့်က အရင်က အဲဒီလူ နှစ်ယောက်က အပိုတွေ လုပ်နေကြတယ်လို့ လှောင်ခဲ့မိပေမဲ့ အခုတော့ အနည်းငယ် အားကျလာခဲ့တယ်။

သူတို့ သုံးယောက်ထဲမှာ၊ သူ တစ်ယောက်တည်းပဲ လွတ်လွတ်လပ်လပ် နေတတ်ပြီး တပည့် လက်ခံဖို့အတွက်လည်း စိတ်မပါခဲ့ဘူး။ ဒါဆိုရင် သူကလည်း အဲဒီမိတ်ဆွေ နှစ်ယောက်ကို မရှုံးအောင် တပည့် တစ်ယောက်လောက် သွားပြီး လက်ခံရတော့မလား။

မူဝါဒအသစ် ဆိုင်ရာ ငြင်းခုံပွဲကြီးက နေဝင်ချိန် မတိုင်ခင်မှာပဲ၊ နောက်ဆုံးတော့ ပြီးသွားခဲ့တယ်။

အမှန်တော့ အဆုံးသတ်ကို ရောက်တဲ့ အခါမှာတော့ အခြေအနေက တစ်ဖက်သတ် ဖြစ်နေခဲ့ပြီမို့၊ လူအများကြီးက အကျိုးအကြောင်း မပြနိုင်တော့ဘဲ ရှုံးသွားခဲ့ကြရတယ်။

ရလဒ်ကတော့ ပြည်သူတွေ ဘက်က အပြတ်အသတ် အောင်နိုင်သွားခဲ့တာပါပဲ။

နောက်ဆုံး လူအုပ်စုက ရှက်ရွံ့စွာနဲ့ ထွက်သွားတာကို ကြည့်ရင်း၊ ရွှီထင်းရှန်းက ရယ်မောလိုက်တယ်။ သူက အတော်လေး ကျေနပ် အားရနေသလို၊ သူရဲကောင်း စိတ်ဓာတ်တွေလည်း ပြည့်နေခဲ့တယ်။

သူက ကွင်းထဲက ကျန်နေတဲ့ ပညာရှင် အနည်းငယ်ကို လက်အုပ်ချီ နှုတ်ဆက်ပြီး ဆိုလိုက်တယ်။ "အားလုံးရဲ့ ဝိုင်းဝန်း ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်စကားတွေကို ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး၊ အချုပ်ပြောရရင်တော့ ငါ ရွှီတစ်ယောက်အနေနဲ့ တစ်လောကလုံးက ပြည်သူတွေကိုယ်စား ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်"

ရက်ပေါင်းများစွာ ကြာခဲ့တာကြောင့် သူ့အသံက ဝင်နေခဲ့ပြီ ဖြစ်ပေမဲ့၊ တစ်ကိုယ်လုံးက အရှိန်အဝါတွေကတော့ အပြင်ကို ဟန်ချက်ညီညီ ထွက်နေပြီး အလွန်ပဲ တောက်ပနေခဲ့တယ်။

စာပေပညာရှင် အရာရှိကြီးတွေက အမြဲတမ်း ကိုယ့်ခံစားချက်ကို မြိုသိပ်ထားတတ်ကြပေမဲ့ ရွှီထင်းရှန်းကလည်း အမြဲတမ်း အဲဒီလိုပဲ နေခဲ့သူ ဖြစ်တယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ သူက ကိုယ့်ရင်ထဲမှာ အချိန်အတော်ကြာ ဖိနှိပ်ထားသမျှ အရာအားလုံးကို အစွမ်းကုန် ထုတ်ပြလိုက်တာ ဖြစ်တာကြောင့် အရမ်း စိတ်ကျေနပ်မှု ရခဲ့တယ်။

"အမတ်မင်းရွှီကလည်း အားနာလွန်းနေပါပြီ၊ ကျွန်တော်မျိုးတို့ လာခဲ့တာက နာမည်ကျော်ဖို့ မဟုတ်ပါဘူး။ ပြည်သူတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်လို့သာ ဖြစ်ပါတယ်။ အမှန်တော့ အခုတစ်ကြိမ်မှာ ကျွန်တော်မျိုးတို့ဘက်က အင်အား အများကြီး မစိုက်ထုတ်ခဲ့ရပါဘူး၊ ဒီအဘိုးအိုတွေကသာ တကယ်ကို တော်ကြတာပါ"

အဲဒီပညာရှင်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် သူတို့ထဲက တစ်ယောက်က ပြောလိုက်တယ်။ သူတို့ရဲ့အကြည့်ကတော့ ဘေးနားမှာ ပျော်နေကြတဲ့ လယ်သမားတွေအပေါ် ကျနေပြီး လေးစားမှုတွေ ပြည့်နေခဲ့ပါတယ်။

"အသက်ရှင်နေသရွေ့ သင်ယူရမယ်"ဆိုသလို သူတို့လည်း ဒီနေ့မှာ ဗဟုသုတတွေအများကြီး ရခဲ့ကြတယ်။ မူလက ကိုယ်တိုင် ရောက်လာတာက အခြေအနေကို ပြောင်းနိုင်လိမ့်မယ်လို့ ယူဆခဲ့ပေမဲ့ ဒီနေရာကို ရောက်လာတော့မှ ကိုယ်က ပင်လယ်ထဲက ရေတစ်ပေါက်လောက်ပဲ ရှိပြီး၊ ထည့်ပြောစရာတောင် မလိုတာကို သိသွားခဲ့တယ်။

"ကိစ္စတွေ ပြီးသွားပြီ ဆိုတော့လည်း ကျွန်တော်မျိုးတို့ ဆက်ပြီး မနေတော့ပါဘူး၊ ဒီမှာတင် နှုတ်ဆက်ပါတယ်"

"အကယ်လို့ ကျွန်တော့်မှာ အစိုးရ အလုပ်တွေ ရှိမနေဘူး ဆိုရင်တော့ သေချာပေါက် ကောင်းတဲ့ အရက်တွေနဲ့ ဧည့်ခံမိမှာပါ"

"နောင်တစ်ချိန် အခွင့်အရေး ရှိဦးမှာပါ"

261 07

ခဏမျှ နှုတ်ဆက် စကားပြောပြီးနောက်မှာတော့ နယ်မြေအသီးသီးက လာကြတဲ့ အဲဒီပညာရှင်တွေက အေးဆေးပဲ ထွက်သွားခဲ့ကြတော့တယ်။

ရွှီထင်းရှန်းက အဲဒီတော့မှ အဲဒီလယ်သမားတွေကို လှမ်းကြည့်ပြီး သူတို့ကို ကျေးဇူးတင်စကား ပြောကာ လက်အောက်ငယ်သားတွေကို အဲဒီလူတွေကို ကောင်းကောင်း နေရာချပေးဖို့ မှာလိုက်တယ်။

မှာစရာ ရှိတာတွေ မှာပြီးတဲ့ အခါမှာတော့ ရွှီထင်းရှန်းက ရင်ထဲမှာ ဟာတာတာ ဖြစ်သွားသလို ခံစားလိုက်ရတယ်။

သူက ကောင်းကင်ကို မော့ကြည့်ပြီး ဘာတွေကို စဉ်းစားနေလဲ မသိဘဲ၊ ဟူစန်းက သူ့ဘေးကို ရောက်လာတဲ့ အခါမှသာ အိပ်မက်က နိုးလာသလို ဖြစ်နေပြီး ခြေလှမ်း လှမ်းလိုက်တုန်းမှာတင် ကိုယ်ဟန်က ယိုင်သွားခဲ့ရတယ်။

"အမတ်မင်း" ဟူစန်းက သူ့ကို တွဲလိုက်တယ်။

သူက လက်ယပ်ပြပြီး ပြုံးကာ ဆိုလိုက်တယ်။ "ငါ ဘာမှ မဖြစ်ပါဘူး၊ ပင်ပန်းသွားလို့ပါ"

ရွှီထင်းရှန်းက တစ်ရက်တိတိ အနားယူပြီးမှပဲ အင်အားပြန်ရခဲ့ပြီး၊ အဲဒီနောက်မှာတော့ အလုပ်များတဲ့ အခြေအနေထဲကို ပြန်ရောက်သွားခဲ့ပြန်တယ်။

သူ အခုတစ်ကြိမ် လာတာက မူလက စာမေးပွဲ ကန့်ကွက်တဲ့ ကိစ္စကို ဖြေရှင်းဖို့ ဖြစ်တယ်။ ကိစ္စတွေ ပြီးသွားပြီမို့ မြို့နယ်အဆင့် စာမေးပွဲကို ပြန်ကျင်းပဖို့အတွက် စီစဉ်ရမယ်။ ဘာလို့လဲဆိုတော့ စာသင်သားအချို့က စာမေးပွဲကို ကန့်ကွက်နေပေမဲ့ အချို့ကတော့ အခြေအနေကို စောင့်နေကြတာမို့၊ ဒီကိစ္စကို ဆိုင်းငံ့ထားလို့ မရဘူးလေ။

တစ်ဖက်မှာတော့ စာမေးပွဲကျောင်းဆောင်ထဲက စာစစ်အရာရှိတွေကလည်း စိုးရိမ်လွန်းလို့ ဆံပင်တွေတောင် ဖြူကုန်ကြပြီ ဖြစ်တယ်။ ဒါပေမဲ့ အစိုးရရဲ့ အမိန့် မရတာကြောင့် သူတို့က ကျောင်းဆောင်ထဲက ထွက်ခွင့် မရှိကြဘဲ၊ နောက်ထပ် နှစ်ပတ် ကြာပြီးမှ စာမေးပွဲကို ပြန်ကျင်းပမယ်လို့ သတင်းရတဲ့ အခါမှပဲ စိတ်အေးသွားခဲ့ကြရတယ်။

တစ်ချိန်တည်းမှာပဲ၊ ရွှီထင်းရှန်းက နန်းတွင်းရေးရာဌာနက ဖန်တီးခဲ့တဲ့ ပြဿနာတွေကိုလည်း မမေ့ပါဘူး။ ဒီကိစ္စက သူ လုပ်တာ မဟုတ်ပေမဲ့၊ ကုန်သွယ်ခွန် တိုးတာကလည်း မူဝါဒအသစ်ထဲမှာ ပါတာမို့ သူကပဲ ပြန်ရှင်းပေးရမှာ ဖြစ်ပါတယ်။

သူက လူလွှတ်ပြီး စူးကျိုးမြို့တော်ရုံးက အမှုတွဲတွေကို ယူခိုင်းသလို၊ နေရာအနှံ့ကိုလည်း စုံစမ်းခိုင်းလိုက်တာကြောင့် ကိစ္စတွေရဲ့အစအဆုံးကို အကြမ်းဖျင်း သိလိုက်ရတယ်။

သူ့အတွက် ခက်တဲ့ ကိစ္စတစ်ခုက ဖမ်းထားတဲ့ ရက်ကန်း အိမ်ထောင်စုတွေနဲ့ အလုပ်သမားတွေပါပဲ။ ဥပဒေအရဆိုရင် ဒီလူတွေက ကြီးလေးတဲ့ အပြစ်ကို လုပ်ခဲ့ကြတာဖြစ်ပြီး လူအုပ်စုဖွဲ့ပြီး ဆူပူခဲ့လို့ သတ်ပစ်ရင်တောင် အပြစ်ကျေမှာ မဟုတ်ဘူး။ ဒါပေမဲ့ လူသားချင်း စာနာမှုအရ ဆိုရင်တော့ ဒီလူတွေထဲက အချို့က ကိုယ်ကျိုးအတွက် လုပ်ခဲ့ကြပေမဲ့၊ လီကျင်ကျုန်းကတော့ အမှန်တကယ်ပဲ လူမဆန်ခဲ့တာ ဖြစ်တယ်။

ဒါ့အပြင် ဒီလူတွေက စူးကျိုး တစ်ဝိုက်က ရက်ကန်းလုပ်ငန်း တစ်ခုလုံးကို ကိုယ်စားပြုနေတာမို့၊ အကယ်လို့သာ ဒီလူတွေကို ပြင်းပြင်းထန်ထန် အရေးယူလိုက်မယ် ဆိုရင် ပြည်သူတွေရဲ့ မကျေနပ်မှုတွေက ငြိမ်သွားမှာ မဟုတ်ပါဘူး။

ရွှီထင်းရှန်းက တစ်ညလုံး စဉ်းစားပြီးနောက်မှာတော့ ဒီကိစ္စကို ခေါင်းထဲက ထုတ်လိုက်ပြီး သူ ဘာမှ မသိသလိုပဲ နေဖို့ ဆုံးဖြတ်လိုက်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူကို သူက ဖမ်းခဲ့တာ မဟုတ်သလို၊ သူက နန်းတွင်းရေးရာဌာနအတွက် ပြဿနာ ရှင်းပေးမယ် ဆိုရင်တောင်၊ ကုန်သွယ်ခွန် တိုးမယ့် ကိစ္စကိုပဲ ရှင်းပေးမှာ ဖြစ်တယ်။ ဖမ်းခံရတဲ့သူတွေနဲ့ ပတ်သက်ရင်တော့ သူနဲ့ လုံးဝ မဆိုင်ဘဲ၊ ဘယ်သူက ဖမ်းလဲ၊ အဲဒီလူပဲ တာဝန်ယူရမှာပေါ့။

သူ့ရဲ့ ဒီလို တာဝန်မဲ့တဲ့အတွေးကြောင့် ကိုယ်စားလှယ်မင်းရဲ့ တုံ့ပြန်မှုကို စောင့်နေကြတဲ့ လူတွေကတော့ ရင်ထဲမှာ ထိတ်လန့်နေခဲ့ကြရတယ်။ ဒါပေမဲ့ ဘာမှထပ်ဖြစ်မလာတာကြောင့် အားလုံးက အံ့အားသင့်သွားကြပေမဲ့ အဲဒါက နောက်ပိုင်းမှ ဖြစ်တဲ့ ကိစ္စတွေ ဖြစ်တယ်။

ကိုယ့်အရှိန်အဝါက စူးကျိုးမှာ အထွတ်အထိပ် ရောက်နေချိန်မှာ ရွှီထင်းရှန်းက ကုန်သွယ်ခွန် ကိစ္စကို ပြန်တင်ပြခဲ့တယ်။

သူ့ရဲ့နည်းလမ်းက သိပ်ကို ရိုးရှင်းပါတယ်။ အခွန်ရုံးကို ပြန်ပြင်လိုက်ပြီး တံခါးမှာ ကြေညာချက် တစ်စောင် ကပ်လိုက်တယ်။

အဲဒီကြေညာချက်မှာ ရေးထားတာက သူ့ရဲ့ ကုန်သွယ်ခွန် အမျိုးအစား ခွဲပုံနဲ့ လုပ်မယ့် နည်းလမ်းတွေပါပဲ။ ကုန်သွယ်ခွန် တိုးမယ် ဆိုပေမဲ့၊ လက်တွေ့မှာတော့ အခွန်နှုန်းက သိပ်မမြင့်ပါဘူး၊ အရင်ကထက် နည်းနည်းပဲ ပိုတာဖြစ်လို့၊ ရက်ကန်း အိမ်ထောင်စုတွေနဲ့ ကုန်သည်ကြီးတွေရဲ့ အခြေခံကို ထိခိုက်တာ မရှိပါဘူး။

အမှန်တော့ အရင်က ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားရင် အဲဒီရက်ကန်းသမားတွေ၊ အလုပ်သမားတွေနဲ့ ကုန်သည်ကြီးတွေလည်း ကြောက်နေခဲ့ကြတယ်။ သူတို့က ရင်တထိတ်ထိတ်နဲ့ စောင့်နေခဲ့ကြပေမဲ့ မူဝါဒအသစ် ကိစ္စတွေကြောင့် ရက်ပေါင်းများစွာ ကြန့်ကြာသွားခဲ့တယ်။

261 08

အခု ကိုယ်စားလှယ်မင်းက အပြစ်မရှာတာ မြင်ရသလို အခွန်တိုးမယ့် ကိစ္စကိုလည်း လက်ခံလိုက်ကြတာကြောင့် အဲဒါက မမျှော်လင့်ဘဲ ရတဲ့ ကံကောင်းခြင်း တစ်ခုလို ဖြစ်သွားခဲ့ရတယ်။

အရာရာက အစီအစဉ်တကျ ဖြစ်နေပြီဆိုတာ မြင်ရတဲ့အခါမှာတော့ ရွှီထင်းရှန်းက မြို့တော်ကို ပြန်ပြီး အမိန့်တော် ပြန်လျှောက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

အခု နေရာအနှံ့မှာ မြို့နယ်အဆင့် စာမေးပွဲတွေ မပြီးသေးသလို၊ ပြုပြင်ပြောင်းလဲရေး ဘက်တော်သားတွေလည်း မြို့တော်မှာ အင်အား မရှိတာကြောင့် သူက မြို့တော်မှာ နောက်ထပ် ပြဿနာ တစ်ခုခု ဖြစ်မှာကို အမြဲ စိုးရိမ်နေခဲ့တာကြောင့် မြို့တော်ကို အမြန်ဆုံး ပြန်ချင်တာပါ။

သူက လူတွေကို သိမ်းခိုင်းပြီး ခရီးစဖို့ ပြင်နေတုန်း ပုယန့်လီ ရောက်လာခဲ့တယ်။

စူးကျိုးမြို့ကို ရောက်ကတည်းက ရွှီထင်းရှန်းက ဒေသခံ အရာရှိတွေနဲ့ ဆက်ဆံတာ အများကြီး မရှိခဲ့ပါဘူး။

အဲဒါကလည်း အဲဒီလူတွေကို တမင်လျစ်လျူရှုထားတာဖြစ်ပြီး၊ သူတို့နဲ့ ပတ်သက်ချင်စိတ် မရှိလို့ ဖြစ်တယ်။

ဒီစူးကျိုးမြို့ဝန် ပုယန့်လီကို သူက အကြိမ်နည်းနည်းပဲ တွေ့ဖူးသလို၊ စကားပြောတာလည်း သိပ်နည်းပါတယ်။ တစ်ဖက်လူက သူ့ကို ထမင်းကျွေးဖို့ ခဏခဏ ကြိုးစားပေမဲ့ သူကတော့ အလုပ်များတယ်လို့ အကြောင်းပြပြီး ငြင်းခဲ့တယ်။

နှမြောစရာ ကောင်းတာက ဒီနေ့မှာ အဲဒီလူက ကိုယ်တိုင် ရောက်လာတာပါပဲ။

"အမတ်မင်းရွှီက အဝေးက ရောက်လာတာမို့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်မျိုးကို အိမ်ရှင်တစ်ယောက်အနေနဲ့ ဧည့်ခံခွင့် ပေးစေချင်ပါတယ်။ မဟုတ်ရင်တော့ ကျွန်တော်မျိုး နောင်တစ်ချိန် အစိုးရအဖွဲ့ထဲမှာ အမတ်မင်းနဲ့ တွေ့တဲ့အခါ မျက်နှာပြစရာ ရှိမှာ မဟုတ်ပါဘူး"

စကားက ဒီလောက်အထိ ဖြစ်လာပြီမို့ ရွှီထင်းရှန်း အနေနဲ့လည်း ထပ်ငြင်းဖို့ ခက်သွားခဲ့ရတယ်။

အစိုးရအဖွဲ့ထဲမှာ အရာရှိ လုပ်တဲ့အခါ ရန်သူအများကြီး ထားဖို့ မသင့်တာကြောင့် ရန်သူလား မိတ်ဆွေလား မခွဲနိုင်သေးတဲ့ အခြေအနေမှာ၊ ရွှီထင်းရှန်းက ပုယန့်လီကို စိတ်အနှောင့်အယှက် မပေးချင်ပါဘူး။

ဒါကြောင့် သူနဲ့အတူ ထမင်းစားပွဲကို လိုက်သွားခဲ့ရပြီး၊ ကောင်းတဲ့ အရက်နဲ့ ဟင်းတွေကြားမှာ၊ လမင်းက သစ်ကိုင်းဖျား ရောက်တဲ့ အချိန်မှပဲ ပြီးသွားခဲ့တော့တယ်။

ပထမ တစ်ညမှာ အရက် အလွန်အမင်း သောက်ခဲ့မိလို့ နောက်တစ်နေ့မှာ ရွှီထင်းရှန်းက နည်းနည်း နောက်ကျမှ နိုးလာတယ်။ သူက လူတွေကို ခရီးစဖို့ မှာဖို့ ပြင်တုန်းမှာတင်၊ စူးစုန်း နယ်စားမင်း ဝူဟော်ရန်ကိုယ်တိုင် ရောက်လာပြန်ပါတယ်။

ပုယန့်လီ ပြောတဲ့ စကားတွေနဲ့ အတူတူပါပဲ။ မြို့ဝန်ရဲ့ ဖိတ်တာကို လက်ခံခဲ့မှတော့ နယ်စားမင်းရဲ့ ဖိတ်တာကို ငြင်းဖို့ အကြောင်းပြချက် မရှိတော့တာကြောင့်၊ ရွှီထင်းရှန်းက နောက်ထပ် တစ်ရက် ထပ်နေခဲ့ရပြန်တယ်။

အရက်သောက်ပွဲ ပြီးသွားတဲ့ အခါမှာတော့ မီးအိမ်တွေ ထွန်းထားတဲ့ အချိန်ကို ရောက်နေပါပြီ။ ရွှီထင်းရှန်းက မနက်ဖြန်တော့ ကိုယ့်ကို ဖိတ်မယ့်သူ မရှိတော့တာမို့၊ နောက်ဆုံးတော့ ခရီးစနိုင်ပြီလို့ စိတ်ထဲက တွေးမိလိုက်တယ်။

သူက နေတဲ့ နေရာကို ပြန်ရောက်တဲ့အခါ၊ မနက်ဖြန် စောစော ထွက်ဖို့ မှာဖို့ ပြင်တုန်းမှာပဲ၊ ဝေယွင်ကျယ်က အလျင်စလို ရောက်လာတယ်။

"ဘာဖြစ်လို့လဲ"

"အမတ်မင်း မြို့တော်ဘက်မှာ တစ်စုံတစ်ရာ ဖြစ်နေတဲ့ပုံ ရပါတယ်"

ရွှီထင်းရှန်းက တစ်ဖက်လူကို လှမ်းကြည့်လိုက်တယ်။

ဝေယွင်ကျယ်ရဲ့ မျက်နှာက လေးနက်နေပြီး ဆိုလိုက်တယ်။ "ကျင်းယီဝေ့တွေ မြို့တော်က ထွက်ပြီး အလုပ်လုပ်တဲ့ အခါမှာ၊ စည်းကမ်းအရ သုံးရက် တစ်ကြိမ် မြို့တော်နဲ့ ဆက်သွယ်ပြီး အခြေအနေတွေကို တင်ပြရပါတယ်။ အထူးသဖြင့် ကိုယ်စားလှယ်မင်းနဲ့အတူ လိုက်လာတဲ့ အခါမျိုးမှာဆိုရင် နေ့တိုင်း တစ်ကြိမ်တောင် လုပ်ရတာပါ"

ဒီကိစ္စနဲ့ ပတ်သက်လို့ ရွှီထင်းရှန်းက အံ့ဩတာ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ ဝေယွင်ကျယ်က မြို့တော်ကို လျှို့ဝှက်စာ ပို့တိုင်း သူ့ကို တစ်ခါမှ ဖုံးကွယ်တာ မရှိလို့ပါ။

အမှန်တော့ ဖုံးကွယ်တာ မရှိတာ မဟုတ်ဘဲ ကွမ်ကျိဂိုထောင်မှာ အတူတူ ဒုက္ခခံပြီးနောက်မှာတော့ သူက လုံးဝမဖုံးတော့ဘဲ နှစ်ယောက်ကြားက သံယောဇဉ်ကို ငဲ့ခဲ့တာ ဖြစ်တယ်။ ရွှီထင်းရှန်းကလည်း အလိုက်သိစွာနဲ့ တစ်ခါမှ မမေးခဲ့ပါဘူး။ ပထမအချက်က သူက ဖုံးစရာ ကိစ္စ မရှိလို့ဖြစ်သလို၊ ဒုတိယအချက်က အကယ်လို့ ကျားချန်ဧကရာဇ် သိဖို့ မသင့်တဲ့ ကိစ္စ တစ်စုံတစ်ရာ ရှိရင် ဝေယွင်ကျယ်က သူ့ကို သေချာပေါက် အရိပ်အမြွက် ပြလိမ့်မယ်လို့ ယုံလို့ ဖြစ်တယ်။

261 09

"ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ ငါ မြို့တော်နဲ့ အဆက်အသွယ် လုပ်တာ၊ ရက်ပေါင်းများစွာ ကြာတဲ့အထိ မြို့တော်ဘက်က လျှို့ဝှက်စာ ပြန်မလာသလို၊ လွှတ်လိုက်တဲ့ လူတွေလည်း တစ်ယောက်မှ ပြန်မရောက်သေးပါဘူး"

ရွှီထင်းရှန်းက ချက်ချင်းပဲ သတိဝင်လာပြီး အရက်အရှိန်လည်း လုံးဝ ပျောက်သွားခဲ့ရတယ်။

"ဘယ်နှစ်ရက် ရှိပြီလဲ"

"၁၀ ရက်နီးပါး ရှိပါပြီ။ မြို့တော်ဘက်က တစ်ခါတလေ စာပြန်တာ နောက်ကျတတ်ပေမဲ့ ငါက လူသုံးအုပ်စု ဆက်တိုက် လွှတ်လိုက်တာတောင်မှ၊ တစ်ယောက်မှ ပြန်မလာဘူး ဆိုတာကတော့ တကယ်ကို ထူးဆန်းနေပါပြီ။ အဲဒါက ကျင်းယီဝေ့မှာ ရန်သူရှိလို့ လမ်းခုလတ်မှာ အတားခံရတာ ဖြစ်နိုင်သလို၊ ဒါမှမဟုတ်ရင်လည်း မြို့တော်မှာ တစ်စုံတစ်ရာ ဖြစ်လို့၊ အဲဒီလူတွေ ဖမ်းခံထားရတာလည်း ဖြစ်နိုင်ပါတယ်"

ကျင်းယီဝေ့မှာ ရန်သူ ဘယ်လို ရှိနိုင်မလဲ၊ အကယ်လို့ ရန်သူ ရှိနေရင်တောင်၊ လူသုံးအုပ်စုလုံးကို ဖမ်းနိုင်လောက်အောင် အင်အားကြီးတဲ့သူက ဘယ်သူ ရှိမလဲ၊ ဒါကြောင့် အဖြေက တစ်ခုတည်းပဲ ရှိတော့တယ်။ အဲဒါက မြို့တော်မှာ တစ်စုံတစ်ရာ ဖြစ်နေတာပါပဲ။

အပြင်မှာ အလျင်စလို လျှောက်လာတဲ့ ခြေသံတွေကို ကြားလိုက်ရပြီး၊ နောက်မှာတော့ တံခါးခေါက်သံ ထွက်လာတယ်။

"ထောင်မှူးမင်း" အသံကို နားထောင်ရတာ ဝေယွင်ကျယ်ရဲ့ လက်အောက်ငယ်သား တစ်ယောက် ဖြစ်ပုံရတယ်။

ဝေယွင်ကျယ်က တံခါးကို သွားဖွင့်လိုက်တော့ သတင်းလာပို့တဲ့ ကျင်းယီဝေ့ရဲ့ မျက်နှာက ဖြူဖျော့နေတယ်။

"အမတ်မင်း၊ လီယောင်ကျစ် ပြန်ရောက်လာပြီ၊ သူ ပြောတာကတော့ မြို့တော်ရဲ့ တံခါး ကိုးပေါက်စလုံးကို ပိတ်ထားပြီး အဝင်အထွက် မပေးဘူးလို့ ဆိုပါတယ်။ သူက အခြေအနေ မဟန်တာနဲ့ ပြန်လှည့်ဖို့ ပြင်ပေမဲ့၊ တစ်ယောက်ယောက်ရဲ့ လုပ်ကြံတာကို ခံလိုက်ရပါတယ် ခင်ဗျာ။ အမတ်မင်း... လီယောင်ကျစ် ဒဏ်ရာ အပြင်းအထန် ရထားပါတယ်။ မြန်မြန် လိုက်ကြည့်ပေးပါဦး"

******

262 01

အခန်း (၂၆၂)

လီယောင်ကျစ်က သာမန် ကျင်းယီဝေ့ တစ်ယောက်ပါ၊ သူက ခန္ဓာကိုယ် သေးပေမဲ့ ပေါ့ပါးသွက်လက်သလို၊ ခြေရာလက်ရာ ဖျောက်တဲ့နေရာမှာလည်း သိပ်ကျွမ်းကျင်တဲ့သူမို့ "ယောင်ကျစ်" (သိမ်းငှက်ကလေး) လို့ အမည်ပြောင် ပေးခံထားရတဲ့သူ ဖြစ်တယ်။

ဝေယွင်ကျယ်နဲ့ ရွှီထင်းရှန်းတို့ ရောက်သွားတဲ့အချိန်မှာ အခုတစ်ခေါက် အတူလိုက်လာတဲ့ စစ်ဘက်ဆိုင်ရာ သမားတော်က လီယောင်ကျစ်ရဲ့ ဒဏ်ရာတွေကို ကုပေးနေပြီ။

လီယောင်ကျစ်က ဒဏ်ရာ တော်တော်ပြင်းတယ်။ ပုခုံးနဲ့ ကျောပြင်တွေမှာ မြှားတစ်စင်းစီ မှန်ထားတယ်။ ဒီလူကလည်း တကယ်ကို ကြံ့ခိုင်တဲ့သူပဲ၊ ခရီးကို အမြန်နှင်လာရလို့ မြှားဦးတွေကိုတောင် မနုတ်ဘဲ ရက်ပေါင်းများစွာ အောင့်အည်းပြီး စူးကျိုးကို အရောက်လာခဲ့တာ။

မြှားဦးတွေက အသားထဲမှာ ရက်ပေါင်းများစွာ မြုပ်နေလို့၊ အခုဆိုရင် သွေးသားတွေနဲ့ တစ်သားတည်း ဖြစ်နေပြီ၊ ဒါကြောင့် သမားတော်က ဒဏ်ရာကို လှီးပြီး မြှားဦးတွေကို အတင်းဆွဲထုတ်လိုက်ရတော့တယ်။

နာကျင်စွာ အော်သံတစ်ခုနဲ့အတူ သွေးတွေ စိုရွှဲနေတဲ့ မြှားဦးတစ်ခု မြေပြင်ပေါ် ကျလာတယ်။ သမားတော်က သွေးတိတ်အောင် ဒဏ်ရာပေါ်ကို ရွှေရောင် ဒဏ်ရာကုဆေးတွေ အများကြီး အမြန်ဖြူးပေးလိုက်တယ်။ ကံကောင်းတာက ကျင်းယီဝေ့တွေ သုံးတဲ့ ဆေးတွေက အဆင့်မြင့်လို့ သွေးက ခဏလေးနဲ့ တိတ်သွားခဲ့တယ်။

ကိစ္စတွေ ပြီးသွားတော့ အားလုံးလည်း ချွေးတွေနဲ့ စိုရွှဲနေကြပြီ။

လီယောင်ကျစ်ကို ကုတင်ပေါ်မှာ လဲလျောင်းခိုင်းပြီး အနားတောင် မယူရသေးခင်မှာပဲ ဝေယွင်ကျယ်က အခြေအနေတွေကို မေးတော့တာပဲ။

"...ကျွန်တော် မြို့ထဲဝင်တဲ့ အချိန်မှာတင် တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရတယ်။ ဝူချန်စစ်ကြောင်းက လူတွေ မြို့ထဲမှာ အုပ်စုလိုက် သွားနေတာကို တွေ့လိုက်ရတယ်။ အတွင်းမြို့ ဘက်ကို နီးလာလေလေ၊ လမ်းပေါ်မှာ လူသူ ကင်းမဲ့လာလေလေပဲ၊ အန်းတိန်မန် တံခါးကြီးကို ပိတ်ထားသလို တံခါးစောင့်မျှော်စင် ပေါ်မှာလည်း စစ်အင်အားတွေ အပြည့် ချထားတာကို တွေ့တာနဲ့ ကျွန်တော်လည်း ချက်ချင်း ပြန်လှည့်ခဲ့တာ၊ ဒါပေမဲ့ နောက်ကနေ လူတွေ လိုက်လာတယ်..."

"ကျွန်တော့်ကို လုပ်ကြံတဲ့ လူအုပ်က ဘယ်သူဘယ်ဝါလဲ မသိရပေမဲ့၊ လေ့ကျင့်မှု ကောင်းသလို လက်ဖြောင့်မြှားတွေကိုပါ ကိုင်ထားကြတယ်။ ကြည့်ရတာတော့ တပ်ရင်းကြီး သုံးခုက လူတွေ ဖြစ်ဖို့ များတယ်..."

အဲဒီအချိန်မှာ မြှားဦးကို ကိုင်ပြီး သေသေချာချာ ကြည့်နေတဲ့ ထောင်ကျန့်ရှင်းက ရုတ်တရက် ပြောလိုက်တယ်။ "တကယ်ပဲ တပ်ရင်းကြီး သုံးခုက လူတွေပါ၊ အဲဒီထဲကမှ ဝူကျွင်းတပ်ရင်းက လူတွေပဲ"

ထောင်ကျန့်ရှင်းက ဝူကျွင်းတပ်ရင်းက လူတစ်ယောက်မို့၊ အဲဒီတပ်ရင်းက သုံးတဲ့ လက်နက်တွေကို အတော်လေး ရင်းနှီးနေတယ်။ တစ်ဖက်လူက ဘယ်သူလဲဆိုတာ ဖုံးထားရင်တောင် လက်နက်ပေါ်က အမှတ်အသားတွေကိုတော့ ပြောင်းလို့ မရဘူးလေ၊ ဒီမြှားဦးပေါ်မှာ အဲဒီတပ်ရင်းရဲ့ အမှတ်အသား ရှိနေတယ်။

"ကျွန်တော် တစ်ခုခု ထူးခြားနေတယ်လို့ ခံစားရတဲ့ အချိန်မှာ၊ အပြင်မြို့ ဘက်မှာ နည်းနည်း စုံစမ်းကြည့်ခဲ့တယ်။ ဧကရာဇ်မင်းမြတ် နေမကောင်းဖြစ်နေလို့ ရက်ပေါင်းများစွာ ညီလာခံ မတက်တော့ဘူးလို့ လူတွေ ပြောနေကြတာ ကြားခဲ့ရတယ်"

ခဏလေးအတွင်းမှာပဲ၊၏ အခန်းထဲမှာ တိတ်ဆိတ်သွားပြီး၊ လူတိုင်းရဲ့ မျက်ဝန်းထဲမှာ ဖော်ပြလို့ မရတဲ့ ထိတ်လန့်တာတွေ ရှိနေခဲ့တယ်။

ငါတို့ မြို့တော်က မထွက်ခင်က ကျားချန်ဧကရာဇ်က အမှန်တကယ်ပဲ နေမကောင်း ဖြစ်နေပေမဲ့၊ အခြေအနေက မပြင်းထန်ဘဲ ရက်နည်းနည်း အနားယူရင် သက်သာမယ့် ကိစ္စပဲ။ အခု ဘယ်လောက်တောင် ကြာသေးလို့လဲ၊ ရက်ပေါင်းများစွာ ညီလာခံ မတက်နိုင်လောက်အောင် ဖြစ်သွားတာကတော့ မဖြစ်နိုင်ဘူး။

ကျားချန်ဧကရာဇ်က အမြဲတမ်း တိုင်းပြည်ရေးရာတွေကို ကြိုးစား လုပ်တဲ့သူ၊ အဲဒီတုန်းက ရှီးလီကျန်းကို မြှင့်ပေးဖို့ ခဏ ညီလာခံ မတက်တာကလွဲရင် နောက်ပိုင်းမှာ ဒီလိုမျိုး ကိစ္စ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။

262 02

သူက တိုင်းပြည်ကိစ္စတွေမှာ ဘယ်လောက်တောင် ကြိုးစားလဲဆိုတာ မသိသူ မရှိဘူး။ ညီလာခံ တက်ရတာ ပင်ပန်းနေတဲ့ အမတ်တချို့က "ဒီဧကရာဇ်မင်းမြတ် ညီလာခံ မတက်တော့တဲ့ နေ့ဆိုတာ၊ တောင်ပြိုတဲ့ နေ့ (ဧကရာဇ် နတ်ရွာစံခြင်း) မှပဲ ဖြစ်လိမ့်မယ်" လို့တောင် နောက်ပြောင် ပြောခဲ့ကြဖူးတာ။

ဒီ တောင်ပြိုတယ် ဆိုတာက အမှန်တကယ် တောင်ပြိုတာ မဟုတ်ဘဲ၊ ဧကရာဇ် နတ်ရွာစံတာကို ပြောတာပါ။

အရပ်စကားနဲ့ ပြောရရင်တော့ ကျားချန်ဧကရာဇ် နတ်ရွာစံသွားပြီ ဖြစ်ပါတယ်။

နတ်ရွာစံသွားပြီလား။

တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်းနဲ့ လူတိုင်းရဲ့ ရင်ထဲမှာ လေးလံသွားခဲ့ရတယ်။

နေမကောင်းဖြစ်လို့ ရက်ပေါင်းများစွာ ညီလာခံ မတက်တဲ့ ကျားချန်ဧကရာဇ်၊ ဖမ်းခံထားရတဲ့ ကျင်းယီဝေ့တွေ၊ လုပ်ကြံခံလိုက်ရတဲ့ လီယောင်ကျစ်။ မြို့တော်မှာ တစ်ယောက်ယောက်က ပုန်ကန်နေပြီလား။

ဒါပေမဲ့ အကယ်လို့ အမှန်တကယ် ပုန်ကန်တာ ဆိုရင်တော့ သတင်း မပေါက်အောင် မြို့တော် တစ်ခုလုံးကို ပိတ်ရမှာ မဟုတ်လား၊ ဘာလို့ အတွင်းမြို့ ကိုပဲ အဝင်အထွက် ပိတ်တာလဲ။ နောက်ပြီး ကျင်းယီဝေ့ဆိုတာ ဧကရာဇ်ရဲ့ ကိုယ်ရံတော် စစ်သည်တွေလေ၊ အမြဲတမ်း လျှို့ဝှက်စွာ လှုပ်ရှားကြသလို ကိုယ့်အချင်းချင်းကြားကလွဲရင် ပြင်ပလူတွေနဲ့ ဆက်သွယ်တာ မရှိဘူး၊ ဒါဆိုရင် ဖမ်းခံထားရတဲ့ ကျင်းယီဝေ့တွေက ဘယ်လို ဖြစ်နိုင်မလဲ၊ ကျင်းယီဝေ့တွေကပါ သစ္စာဖောက်ကုန်ကြပြီလား။

ကျင်းယီဝေ့တွေက ကျားချန်ဧကရာဇ်ရဲ့ အားကိုးရဆုံးသူတွေ ဖြစ်တာ အားလုံး သိကြတာပဲ မဟုတ်လား။

ဒါ့အပြင် လီယောင်ကျစ် လုပ်ကြံခံရတဲ့ ကိစ္စလည်း ရှိသေးတယ်။

ဒီအရာတွေထဲမှာ သံသယဖြစ်စရာတွေနဲ့ လှည့်ကွက်တွေအများကြီး ပြည့်နေခဲ့တယ်။

အဲဒီအချိန်မှာပဲ ရွှီထင်းရှန်းက အဲဒီအိပ်မက်ထဲက ကိစ္စတစ်ခုကို ပြန်မြင်ယောင်နေမိတယ်။

ကျားချန်ခေတ်ရဲ့ အမှောင်ဆုံးအချိန်က အရာရှိတိုင်းအတွက် ထိတ်လန့်စရာ အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်ခဲ့တယ်။

ကျားချန်ဧကရာဇ်က အာဏာကို တစ်ယောက်တည်း လက်ဝါးကြီး အုပ်ခဲ့သလို၊ မိန်းမစိုး အုပ်စုတွေနဲ့ ကျင်းယီဝေ့တွေကလည်း ဘေးဥပဒ်တွေ လုပ်ခဲ့ကြတယ်။ ဧကရာဇ်ရဲ့ လက်ပါးစေတွေက မင်းမူနေကြလို့ အစိုးရအဖွဲ့ထဲက အမတ်တွေ အားလုံးက ဘယ်အချိန်မှာ အကျဉ်းထောင်ထဲ ရောက်မလဲ ဆိုတာကို စိုးရိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေခဲ့ကြရတာ။

သမိုင်းက ဒီနေရာမှာ ပြန်ပြီး ထပ်တူကျနေပြီ၊ အရာရှိတွေက ခွေးထက်တောင် အဆင့်နိမ့်တဲ့ အဲဒီနှစ်တွေဆီ ပြန်ရောက်သွားသလိုပဲ၊ အပြင်ပန်းမှာ အမတ်ကြီးတွေက ခေါင်းငုံ့ နာခံနေပေမဲ့၊ လက်တွေ့မှာတော့ ကိုယ်ကျိုးစီးပွားတွေက စပြီး လှုပ်ရှားနေကြပြီ။

ရှေးအရင်ကတည်းက "ဧကရာဇ်ကို သုံးပြီး အာဏာပြတာ" ဆိုတဲ့ ကိစ္စတွေက မရှားပါဘူး။ စာပေပညာရှင် အရာရှိတွေက ကိုယ်ကျင့်တရားကို အလေးထားလို့၊ ပလ္လင်ကို လုဖို့ မဝံ့ရဲသလို လုပ်ဖို့လည်း မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အဲဒါက သူတို့အနေနဲ့ အားနည်းတဲ့ ဧကရာဇ်သစ် တစ်ယောက်ကို တင်ပြီး၊ ကိုယ့်စိတ်ကြိုက် ခြယ်လှယ်လို့ မရဘူးလို့ မဆိုလိုဘူးလေ။

ရည်မှန်းချက် မရှိဘဲ စကားနားယောင်တတ်ပြီး မာန်မာန ကြီးလှတဲ့ ဧကရာဇ် တစ်ယောက်ရှိရင် အဲဒီမိသားစုတွေအတွက် နောက်ထပ် ဆယ်စုနှစ်တွေအများကြီး အေးဆေး နေဖို့ လုံလောက်နေပြီ။

အဲဒီအိပ်မက်ထဲမှာ ဒီကိစ္စကို ဝူအမတ်ချုပ်ကြီးနဲ့ အရာရှိအများကြီး ပူးပေါင်းပြီး လုပ်ခဲ့ကြတာ။ ရွှီထင်းရှန်းက အဲဒီကိစ္စမှာ ပါဝင်တာ မရှိပေမဲ့၊ အတွင်းရေး တချို့ကိုတော့ သိနေခဲ့တယ်။

ဒါဆိုရင် အဲဒီလူတွေက နောက်ဆုံးတော့ မအောင့်နိုင်တော့ဘဲ လက်လှုပ်ရှားလိုက်ကြပြီလား။

မြေယာ ပြန်တိုင်းတဲ့ ကိစ္စက သူတို့ရဲ့ အသက်သွေးကြောကို ထိလိုက်လို့၊ အကြံကုန် ဂယောင်ခြောက်ခြား ဖြစ်ပြီး ရမ်းသန်း လုပ်လိုက်ကြပြီလား။

ခဏလေးအတွင်းမှာပဲ ရွှီထင်းရှန်းရဲ့ နှလုံးသားထဲမှာ အတွေးပေါင်းစုံ ဝင်လာပြီး ချွေးအေးတွေတောင် စီးလာခဲ့တယ်။

ဟုတ်တာပေါ့၊ ဟုတ်တာပေါ့၊ အခု မူဝါဒအသစ်က ဘယ်သူမှ တားလို့ မရအောင် အရှိန်ရနေပြီ ဆိုပေမဲ့၊ နိုင်ငံတော်ရဲ့ မူဝါဒ တစ်ခုက အမြဲတမ်း အသိဉာဏ် ကြီးတဲ့ ဧကရာဇ်ရဲ့ ထောက်ခံမှုကို လိုတာပဲ မဟုတ်လား။ အစကတည်းက တစ်ယောက်တည်း အားစိုက်နေရလို့ သိပ်ကို ခက်ခဲတယ်။ အခုလို အခြေအနေ ရောက်လာတာက ကျားချန်ဧကရာဇ်က နောင်တစ်ချိန် သမိုင်းမှာ အပြောခံရမယ့် အန္တရာယ်ကို ရင်ဆိုင်ပြီး အမတ်အများကြီးရဲ့ အင်အားကို သုံးလို့ အစွမ်းကုန် ကြိုးစားခဲ့လို့ ဖြစ်တယ်။

262 03

အကယ်လို့သာ ခေါင်းဆောင် ပြောင်းသွားခဲ့မယ်ဆိုရင် မူဝါဒအသစ်ရဲ့ ကောင်းမွန်တဲ့ အရှိန်က ချက်ချင်းပဲ ပြိုလဲသွားမှာ ဖြစ်ပြီး၊ အရာရာက အရင်လို ပြန်ရောက်သွားမှာပဲ။

ဒါကြောင့် သူတို့က ကြီးကျယ်တဲ့ စာမေးပွဲကြီး ကျင်းပမယ့် အချိန်ကို သုံးပြီး လက်လှုပ်ရှားလိုက်ကြတာ။ ကျားချန်ဧကရာဇ်က သူ့ရဲ့အင်အားစုတွေကို ပြုစုဖို့ အမြဲကြိုးစားခဲ့လို့ ကိုယ့်အပေါ် သစ္စာရှိတဲ့ အမတ်တွေကို မြို့တော်က ထွက်ခိုင်းပြီး စာစစ်အရာရှိတွေအဖြစ် တာဝန်ပေးကာ အတွေ့အကြုံတွေ စုခိုင်းခဲ့တယ်။ စူးကျိုးမှာလည်း ကိစ္စ နှစ်ခု ဆက်တိုက် ဖြစ်လို့၊ သူလည်း မြို့တော်က ထွက်လာခဲ့ရသလို ကျင်းယီဝေ့ အင်အားစု တချို့ကိုလည်း ခေါ်လာခဲ့ရတာကိုး။

အကယ်လို့ သူ့ခန့်မှန်းချက်သာ မမှားရင် ပုယန့်လီတို့ နှစ်ယောက်က သူ့ကို ရုတ်တရက် ထမင်းဖိတ်ကျွေးတာက သူ မြို့တော်ပြန်မယ့် အချိန်ကို ကြန့်ကြာအောင် လုပ်ချင်လို့ပဲ ဖြစ်ရမယ်။ ခန့်မှန်းထားတဲ့အတိုင်း ဆိုရင်တော့ မနက်ဖြန်မှာ နောက်ထပ် ထူးခြားတဲ့ ကိစ္စတွေ ထပ်ဖြစ်ဦးမှာပဲ၊ အချုပ်ပြောရရင် သူ မြို့တော်ပြန်မယ့် ခြေလှမ်းတွေကို မုချ ဟန့်တားကြလိမ့်မယ်။

"မြို့တော်မှာ တစ်ခုခု ဖြစ်နေတာ သေချာပြီ၊ ငါတို့ မဖြစ်မနေ ပြန်ရမယ်။"

ကိစ္စက သိပ်ကို အရေးကြီးနေပြီ ဖြစ်တာ သိလို့ ရွှီထင်းရှန်းက ဖုံးမထားတော့ဘဲ သူ့ရဲ့ ခန့်မှန်းချက်တွေကို ပြောပြလိုက်တယ်။

"အမတ်မင်း ခင်ဗျား အခု ပြန်ရင်တော့ အန္တရာယ် ရှိနိုင်ပါတယ်။ နောက်ပြီး သူတို့က အဲဒီလောက်အထိ ရဲတင်းပါ့မလား၊ ဧကရာဇ်ကိုတောင် လုပ်ကြံဝံ့ကြပါ့မလား?"

ရွှီထင်းရှန်းက မျက်မှောင်ကြုတ်ပြီး၊ ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်တယ်။ "ဧကရာဇ်ကို လုပ်ကြံဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး၊ အကယ်လို့ ဒီကိစ္စကို ငါသာ လုပ်မယ် ဆိုရင်တော့ မင်းသား တစ်ပါးပါးကို ရှေ့တန်းတင်ပြီးတော့ ဧကရာဇ်ကို ပလ္လင်စွန့်ခိုင်းဖို့ အတင်းလုပ်မှာပဲ၊ ပလ္လင်စွန့်တဲ့ အမိန့်စာ ရပြီဆိုမှတော့ ဧကရာဇ် နတ်ရွာစံသွားပြီလို့ ကြေညာလိုက်ရုံပါပဲ။ အဲဒီ အချိန်ကျရင်တော့ ဧကရာဇ်သစ် နန်းတက်မယ်၊ တစ်ပြည်လုံးကို အပြစ်ကင်းလွတ်ခွင့် ပေးမယ်၊ အရာရာမှာ ပျော်စရာတွေနဲ့ ပြည့်နေစေပြီးတော့ မကောင်းတဲ့ အရာအားလုံးကိုတော့ ဘယ်သူမှ မသိနိုင်တဲ့ ထောင့် တစ်နေရာမှာ ဖုံးထားလိုက်မှာပေါ့။ တခြားသူတွေက သံသယ ဖြစ်နေရင်တောင်၊ ထုတ်ပြောရဲကြမှာ မဟုတ်ဘူး"

"နန်းတော်ထဲမှာ ကျိန့်အန်းချန်လည်း ရှိနေသလို၊ အမတ်မင်းတုလည်း ရှိနေတာပဲ၊ သူတို့က ဘယ်လိုလုပ်ပြီး အရာရာကို ဖုံးထားနိုင်ပါ့မလဲ"

"အကယ်လို့ ကျိန့်အန်းချန် ဒါမှမဟုတ် တုကျိဖုန်းကသာ ဧကရာဇ်ကို သစ္စာဖောက်ခဲ့မယ် ဆိုရင်ကော"

ဒီစကား ထွက်လာတာနဲ့ အခန်းထဲမှာ အသက်ရှူကျပ်စရာ ကောင်းလောက်အောင် တိတ်ဆိတ်သွားပြန်တယ်။

ထောင်ကျန့်ရှင်းက အဲဒီတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။ "ဒါဆိုရင် အမတ်မင်းမှာ အကြံ ရှိပြီလား၊ ငါတို့ အခုလို ပြန်သွားတာက 'ခွေးကို ပေါက်စီနဲ့ ပစ်သလို' (ပြန်မလာနိုင်တော့ခြင်း) ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ပုယန့်လီတို့ နှစ်ယောက်ကလည်း အမတ်မင်းကို ကြန့်ကြာအောင်လုပ်ဖို့ ကြံထားတာဆိုတော့ ငါတို့ စူးကျိုး ကနေ ထွက်သွားမှာကို သူတို့ ငြိမ်ကြည့်နေမှာ မဟုတ်ပါဘူး"

ထောင်ကျန့်ရှင်းဆိုတဲ့ လူက အပြင်ပန်းမှာ အေးအေးဆေးဆေး ရှိပေမဲ့၊ အတွေးအခေါ်ကတော့ သိပ်ကို စေ့စပ်ပါတယ်။

"ငါတို့ 'တံတားကို ပေါ်ပေါ်ထင်ထင် ပြင်ပြီး၊ လမ်းဟောင်းကနေ တိတ်တဆိတ် သွားကြမယ်' (ရန်သူကို လှည့်စားခြင်း)"

ချန်ချင်းနန်းဆောင်က အရင်နေ့တွေထက် ပိုပြီးအေးစက် ခြောက်ကပ်နေသလိုပဲ။

ဒီနေရာက နန်းဆောင်တွေအများကြီးနဲ့ ကျယ်လွန်းလို့၊ ပုံမှန်ဆို ထောင့်တိုင်းမှာ မိန်းမစိုးတွေ ရပ်နေကြစမြဲပဲ။ တစ်ခါတလေ မင်းက သတိမထားမိတဲ့ ထောင့် တစ်နေရာကနေ လူတစ်ယောက် ရုတ်တရက် ထွက်လာရင် ကြိုပြင်မထားတဲ့သူတွေ ဆိုရင် ထိတ်လန့်သွားနိုင်တယ်။

ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒီမိန်းမစိုးတွေ အားလုံးက ပျောက်နေသလိုပဲ။

အိပ်ဆောင်ထဲမှာ အဝါရောင် လိုက်ကာကြီးတွေ ကျနေပြီး၊ နန်းတွင်း မီးအိမ်တွေက မြင့်မြင့် ချိတ်ထားလို့ နေရာအနှံ့ကို လင်းနေစေတယ်။

အပြင်မှာ နေ့အလင်းရောင် ရှိနေသေးပေမဲ့၊ ဒီမှာတော့ ညအချိန် ရောက်နေသလိုပဲ။

နဂါးကုတင် ရှေ့မှာ၊ လူတစ်ယောက် မတ်တပ်ရပ်နေတယ်။

အနီရောင် ဝတ်ရုံကို ဝတ်ထားတဲ့ အရာရှိ တစ်ယောက်ပါပဲ။

နဂါးကုတင် ပေါ်က လိုက်ကာတွေက တစ်ဝက်လောက် ကျနေပြီး၊ အဲဒီနောက်ကွယ်မှာ လူတစ်ယောက် လဲနေတယ်။

262 04

"ဧကရာဇ်မင်းမြတ်၊ ခင်ဗျားအနေနဲ့ ဘာလို့ ဆက်ပြီး တောင့်ခံနေဦးမှာလဲ။ ကိစ္စတွေက ဒီအခြေအနေအထိ ရောက်နေပြီဆိုမှတော့ ဧကရာဇ်ရဲ့ တံဆိပ်တော်ကို ပွင့်ပွင့်လင်းလင်းပဲ အပ်လိုက်ပါတော့ ပြီးရင် ဒုတိယမင်းသား ဆီကို ပလ္လင်လွှဲပေးလိုက်ပါ။ အဲဒီ အချိန်ကျရင် ဒုတိယမင်းသားက ခင်ဗျားကို အငြိမ်းစား ဧကရာဇ်အဖြစ် တင်မြှောက်ပြီးတော့ ခင်ဗျားကို အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းခွင့် ပေးမှာပါ"

"သစ္စာ... ဖောက်... ယုတ်... မာ..." ကျားချန်ဧကရာဇ်က ခက်ခက်ခဲခဲနဲ့ ဒီစကားကို ပြောလိုက်ပေမဲ့၊ တိုတောင်းတဲ့ ဒီစကားတစ်ခွန်းကပဲ သူ့ရဲ့ အင်အား အားလုံးကို ကုန်သွားစေသလိုမျိုး ရှိနေခဲ့တယ်။

အကယ်လို့ ရွှီထင်းရှန်းသာ ဒီနေရာမှာ ရှိရင် သေချာပေါက် အံ့အားသင့်သွားမှာပဲ။ နှစ်လ မပြည့်ခင်မှာတင်၊ ကျားချန်ဧကရာဇ် တစ်ကိုယ်လုံးက အရိုးပေါ် အရေတင် ဖြစ်သွားခဲ့ရတယ်။ အထူးသဖြင့် သူက မူလကတည်းက အရိုးအဆစ် ကြီးတဲ့သူ ဆိုပေမဲ့၊ အခုလို ပိန်ချုံးသွားတဲ့ ပုံက တကယ်ကို ကြောက်စရာ ကောင်းaeတယ်။

ဒီလောက်နဲ့တင် မပြီးသေးဘဲ၊ ကျားချန်ဧကရာဇ်က လှုပ်လို့ မရတော့ပုံပဲ၊ သူက သိပ်ကို နာကျည်းလို့ မျက်နှာမှာ အမူအရာတွေ တွန့်နေပေမဲ့၊ ခြေလက်တွေနဲ့ ခန္ဓာကိုယ်ကတော့ တစ်စက်မှ လှုပ်နိုင်ခြင်း မရှိတော့ဘူး။

"ကျွန်တော်မျိုးက ဘယ်လိုဖြစ်လို့ သစ္စာဖောက် ဖြစ်ရမှာလဲ။ ဧကရာဇ်မင်းမြတ်က အိမ်ရှေ့စံကို မတင်မြှောက်ခဲ့သလို၊ အရင်က အိမ်ရှေ့စံကလည်း စောစော ဆုံးသွားခဲ့ပြီလေ။ ကျွန်တော်မျိုးတို့က ဒုတိယမင်းသားကို အရှင်အဖြစ် တင်မြှောက်တာဟာ၊ အကျိုးအကြောင်းအရရော၊ ဘိုးဘွားတို့ရဲ့ စည်းကမ်းတွေအရပါ မှန်ကန်တဲ့ ကိစ္စပဲလေ၊ ဒါက ဘယ်လိုလုပ်ပြီး သစ္စာဖောက်တာ ဖြစ်နိုင်ပါ့မလဲ?"

"သစ္စာဖောက် မဟုတ်ဘူး ဆိုရင်လည်း၊ မင်းတို့ ဘာသာပဲ သူ့ကို ပလ္လင်ပေါ် တင်လိုက်ကြပါတော့လား၊ ဘယ်လိုပဲဖြစ်ဖြစ် ပလ္လင်လွှဲပေးတဲ့ အမိန့်တော်စာကိုလည်း မင်းတို့ ဘာသာပဲ ရေးထားကြတာပဲ၊ ဘာဖြစ်လို့ ငါကိုယ်တော်ဆီကို လာပြီး တောင်းဆိုနေကြဦးမှာလဲ" ကျားချန်ဧကရာဇ်က ဆက်တိုက် ပြောလိုက်တယ်။

သူ့ရဲ့အသံက သိပ်ကို တိုးညောင်းလှပေမဲ့၊ ကုတင်ရှေ့မှာ ရပ်နေတဲ့ အဲဒီလူကတော့ တစ်လုံးမကျန် ကြားနေခဲ့ရတာပါ။

အဲဒီလူက နည်းနည်း ဒေါသထွက်သွားပုံရပြီး မျက်ခုံးတွေ ကြွတက်သွားသလို၊ မျက်နှာပေါ်က အပြုံးတွေလည်း တောင့်တင်းသွားကာ၊ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်တယ်။

"ဧကရာဇ်မင်းမြတ် ခင်ဗျားအနေနဲ့ အခြေအနေကို သိသင့်ပြီလေ။ အခုလို ပြောတာက ခင်ဗျားအတွက်ပါ၊ ဒုတိယမင်းသားက စိတ်ရှည်တဲ့သူ မဟုတ်ဘူးဆိုတာ ခင်ဗျားလည်း သိမှာပါ။ ခင်ဗျားက သူ့ရဲ့ခမည်းတော် ဖြစ်နေလို့သာ၊ သူက ဒီလောက်အထိ သည်းခံပေးနေတာလေ၊ ခင်ဗျားက တကယ်ပဲ သားအဖချင်း ရန်သူ ဖြစ်အောင် လုပ်မှပဲ ကျေနပ်တော့မှာလား?"

ကျားချန်ဧကရာဇ်က မျက်လုံးတွေကို မှိတ်လိုက်ပြီး၊ တစ်ဖက်လူကို ဂရုမစိုက်တော့ဘဲ နေလိုက်တယ်။ သူ့မျက်နှာမှာတော့ အေးစက်လှတဲ့ လှောင်ပြုံးတစ်ခု ရှိနေတာကြောင့်၊ တစ်ဖက်လူက ကပြနေတဲ့ လူပြက် တစ်ယောက်ပဲလို့ သတ်မှတ်နေသလိုမျိုး ရှိနေခဲ့တာပါ။

ခဏလောက် စိုက်ကြည့်ပြီးတဲ့နောက်မှာတော့ အဲဒီ အနီရောင် ဝတ်ရုံနဲ့ လူက ဝတ်ရုံစကို ခါပြီး ထွက်သွားပါတော့တယ်။ နန်းဆောင်ထဲမှာ တိတ်ဆိတ်မှုတွေပဲ ပြန်စိုးမိုးသွားခဲ့ရပြန်တယ်။

အဲဒီလူဆီက သတင်းကို ရတဲ့အခါ ဒုတိယမင်းသားက ဒေါသထွက်လွန်းလို့ လက်ထဲက လက်ဖက်ရည်ခွက်ကို အဲဒီနေရာမှာတင် ရိုက်ခွဲပစ်လိုက်တော့တယ်။

သူက ဒေါသထွက်နေရုံတင်မကဘဲ စိုးရိမ်တာတွေကိုလည်း ဖုံးမထားနိုင်ဘဲ၊ နန်းဆောင်ထဲမှာ ဆက်တိုက် လမ်းလျှောက်နေခဲ့တယ်။

"တော်ပါတော့ မင်း ရပ်လိုက်စမ်းပါ၊ စိုးရိမ်နေရုံနဲ့ ဘာမှ ဖြစ်မလာဘူး" ဘေးနားက ကုလားထိုင်မှာ ထိုင်ပြီး လက်ဖက်ရည် သောက်နေတဲ့ ကျုန်းချင်းရန်က ဆိုလိုက်တယ်။

ဒုတိယမင်းသားရဲ့ မျက်နှာက စိုးရိမ်လို့ တွန့်နေခဲ့တယ်။ "ဦးလေး၊ ကျွန်တော် ဘယ်လိုလုပ်ပြီး မစိုးရိမ်ဘဲ နေနိုင်မှာလဲ။ အခု အရာရာ ပြည့်စုံနေပြီ ဆိုပေမဲ့၊ ဟို တိုင်းပြည်ရဲ့ တံဆိပ်တော်ကိုပဲ ရှာမတွေ့သေးတာ၊ တစ်ရက် ကြာလေလေ အန္တရာယ် များလေလေပဲ၊ အကယ်လို့ တစ်စုံတစ်ရာ အမှားအယွင်း ရှိလိုက်မယ် ဆိုရင်တော့..."

ဒုတိယမင်းသားက ဆက်ပြီး မပြောနိုင်တော့ဘဲ ဆိုလိုက်တယ်။ "သူက အဲဒီ တံဆိပ်တော်ကို ဘယ်နေရာမှာ ဖုံးထားမှန်း မသိဘူး။ ကျွန်တော် ကျိန့်အန်းချန်ကို ချန်ချင်းနန်းဆောင်ရဲ့ နေရာအနှံ့ကို ရှာခိုင်းပြီးပြီ၊ ဒါပေမဲ့ ရှာမတွေ့ဘူး။ ကျိန့်အန်းချန် ဆိုတဲ့ လူကလည်း ခမည်းတော် ဘေးမှာ နှစ်ပေါင်းများစွာ ခစားလာတာတောင်မှ၊ တံဆိပ်တော် ဘယ်မှာလဲ ဆိုတာကို မသိဘူးတဲ့၊ တကယ်ကို အသုံးမကျတဲ့သူပဲ။ မရဘူး၊ ကျွန်တော် သူ့ကို ထပ်ပြီး ရှာခိုင်းဦးမယ်၊ မတွေ့စရာ အကြောင်း မရှိပါဘူး"

အဲဒီလို ပြောရင်း သူက လူခေါ်ဖို့ ပြင်ပေမဲ့၊ ကျုန်းချင်းရန်က တားလိုက်တယ်။

"အကြိမ်ကြိမ် ရှာတာတောင် ရှာမတွေ့ဘူး ဆိုမှတော့ ထပ်ရှာနေလည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။ အခု မင်း လုပ်သင့်တာက တံဆိပ်တော်ကို ရှာဖို့ မဟုတ်ဘဲ၊ မင်း တကယ်ပဲ... လုပ်မှာလား ဆိုတာကိုပဲ"

262 05

ကျုန်းချင်းရန်ရဲ့ မျက်လုံးတွေကို ကြည့်ရင်း၊ ဒုတိယမင်းသားက မသိစိတ်ကနေ တုန်လှုပ်သွားပြီး ခေါင်းကို ခါယမ်းလိုက်တယ်။ "ဘယ်လိုပဲဖြစ်ဖြစ် သူက ကျွန်တော့်ရဲ့ ခမည်းတော်ပဲလေ"

"ဒါဆိုရင်တော့ မင်းက ကိစ္စတွေ ပေါ်သွားတဲ့ အခါကျရင် ဧကရာဇ်ရဲ့ အမိန့်တော်နဲ့ ကွပ်မျက်ခံရမယ့် အချိန်ကိုပဲ စောင့်နေလိုက်တော့ပေါ့။ ကိစ္စတွေက ဒီအခြေအနေအထိ ရောက်နေပြီဆိုမှတော့ မင်း တံဆိပ်တော် ရရုံနဲ့ ပြီးသွားမယ်လို့ တကယ်ပဲ ထင်နေတာလား။ သူက မဖြစ်မနေ သေရမယ်၊ စောစော သေတာနဲ့ နောက်ကျမှ သေတာပဲ ကွာမှာ၊ သူ သေမှသာ မင်း ပလ္လင်ပေါ် တက်နိုင်မှာလေ"

ကျုန်းချင်းရန်က အလေးအနက် ပြောလိုက်တဲ့ အခါမှာတော့ ဒုတိယမင်းသားရဲ့ နားထင်ကနေ ချွေးစက်ကြီးတွေ စီးကျလာခဲ့တယ်။

သူက သာမန်လူ မဟုတ်ပေမဲ့လည်း၊ "ဖခင်ကို သတ်သူ၊ ဧကရာဇ်ကို သတ်သူ" ဆိုတဲ့ နာမည်ဆိုးကိုတော့ လွယ်လွယ်နဲ့ လက်မခံဝံ့ဘူး။ ဒါကြောင့် သူက အမှန်တရားကို သိနေပေမဲ့လည်း၊ ရင်ထဲမှာ မျှော်လင့်ချက်လေး တစ်ခုကို ဆုပ်ကိုင်ထားတုန်းပါပဲ။

"ဦးလေး"

"မင်း သေသေချာချာ စဉ်းစားကြည့်ပါဦး၊ နေရာဒေသ အသီးသီးက စာမေးပွဲတွေ ပြီးသွားတာနဲ့၊ မြို့တော်ကနေ ထွက်သွားတဲ့ အမတ်တွေ တစ်ယောက်ပြီးတစ်ယောက် မြို့တော်ကို ပြန်လာကြတော့မယ်။ နောက်ပြီး ရွှီထင်းရှန်းလည်း ရှိသေးတယ်။ မင်း မမေ့ပါနဲ့ဦး၊ သူနဲ့အတူ ပါသွားတဲ့ လူတွေထဲက တစ်ဝက်လောက်က ကျင်းယီဝေ့ရဲ့ လက်ရွေးစင်တွေပဲ။ တုကျိဖုန်းကလည်း အခုထိ အကျဉ်းချခံထားရတုန်းပဲ မဟုတ်လား..."

အဲဒီအချိန်မှာပဲ အလျင်စလို ပြေးဝင်လာတဲ့ ခြေသံတွေ ထွက်လာခဲ့တယ်။

"ဒုတိယမင်းသား မကောင်းတော့ပါဘူး၊ ဧကရာဇ်မင်းမြတ် ပျောက်သွားပါပြီ"

ရွှီထင်းရှန်းရဲ့ ခန့်မှန်းချက်က မှန်နေခဲ့တယ်။ နောက်တစ်နေ့ မိုးမလင်းခင်မှာတင် မြို့ဝန်ရုံးက လူတွေ ရောက်လာကြတယ်။

သူတို့ ပြောတာက အခွန်ရုံးကို တိုက်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်က အကျဉ်းထောင်ထဲမှာ သေသွားပြီ ဆိုတာပါပဲ။

ရွှီထင်းရှန်း ဘာမှမပြောရသေးခင်မှာပဲ၊ သေတဲ့သူရဲ့ မိသားစုဝင်တွေက ဝမ်းနည်းခြင်း အဝတ်အစားတွေ ဝတ်ပြီး မြို့ဝန်ရုံး တံခါးဝကို ရောက်လာကြပြီး၊ ရက်ကန်းသမားတွေနဲ့ အလုပ်သမားအများကြီးကလည်း ဝိုင်းဝန်း ထောက်ခံလို့၊ မြို့ဝန်ရုံး အနေနဲ့ အဖြေတစ်ခု ပေးဖို့ တောင်းဆိုကြတော့တယ်။

သူတို့ ပြောတာက အစိုးရရဲ့ ဥပဒေကို ချိုးဖောက်ခဲ့ရင်တောင်မှ၊ အကြောင်းမဲ့ ဒီလောက်အထိ မြန်မြန် သေစရာ အကြောင်း မရှိကြောင်း၊ အဲဒါက အာဏာပိုင်တွေက အတင်းနှိပ်စက် စစ်လို့၊ တစ်ဖက်လူက ဒဏ်ရာတွေကို မခံနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာ ဖြစ်ရမယ်လို့ ဆိုကြတယ်။

ဒီလိုမျိုး အခြေအနေမှာ၊ ကိုယ်စားလှယ်မင်း အဖြစ် ရောက်နေတဲ့ ရွှီထင်းရှန်း အနေနဲ့ ထွက်သွားဖို့ မဖြစ်နိုင်တော့ဘူးပေါ့။

ရွှီထင်းရှန်းက ရှေ့ထွက်ပြီး အခြေအနေတွေကို မေးခဲ့သလို၊ သေတဲ့သူရဲ့ မိသားစုဝင်တွေနဲ့လည်း သေသေချာချာ ပြောခဲ့ပြီး၊ ဖြစ်စဉ် အမှန်ကို စုံစမ်းပေးမှာဖြစ်ကြောင်းနဲ့ အဖြေတစ်ခု ပေးမှာဖြစ်ကြောင်း ကတိပေးမှပဲ၊ အဲဒီလူတွေကို ပြန်လွှတ်နိုင်ခဲ့တယ်။

တစ်ချိန်တည်းမှာပဲ သူက မနားတမ်းပဲ အမှုတွဲတွေကို ယူခိုင်းသလို၊ သေတဲ့သူရဲ့ ရုပ်အလောင်းကိုလည်း သွားစစ်ခဲ့ပြီး၊ အဲဒီနေ့က တာဝန်ကျတဲ့ ထောင်စောင့်တွေကိုလည်း မေးခဲ့တယ်။ နှမြောစရာ ကောင်းတာက သူက ပင်ပန်းလွန်းလို့လား မသိဘဲ၊ အဲဒီမှာတင် ရုတ်တရက် မူးလဲသွားခဲ့ရတာပါပဲ။

နောက်ပိုင်းမှာ လူတွေက သူ့ကို ပြန်ထမ်းခေါ်လာကြပြီး၊ သမားတော်ကို ပင့်ပြခဲ့ရာ သမားတော်က သူက အလုပ်များလွန်းလို့ အပင်ပန်းခံရကာ နာတာရှည် ရောဂါ ဖြစ်သွားတာမို့၊ အချိန်အတော်ကြာ အနားယူဖို့ လိုကြောင်း ဆိုခဲ့တယ်။

ဒီလိုမျိုး အခြေအနေမှာ၊ ဘယ်သူမှ ကိုယ်စားလှယ်မင်းကို အမှုတွေကို ဆက်စစ်ဖို့ အတင်းမတောင်းဆိုဝံ့ကြတော့ဘဲ၊ အရာရာကို ခဏရပ်ထားလိုက်ကြရတော့တယ်။

နောက်တစ်နေ့ မနက်မှာ စူးကျိုးကနေ ထွက်တော့မယ့် ပြည်သူအချို့ ရွှီထင်းရှန်းကို နှုတ်ဆက်ဖို့ ရောက်လာကြတယ်။ အဲဒါက ဟဲနန်က လာတဲ့ လယ်သမား အုပ်စုပါပဲ။

ရွှီထင်းရှန်းက အဲဒီလူတွေကို တွေ့ပြီးနောက်မှာတော့ တံခါးပိတ်ပြီး ရောဂါ ကုနေခဲ့ကာ ဘယ်ဧည့်သည်ကိုမှ လက်ခံ မတွေ့တော့ပါဘူး။

စူးကျိုးမြို့ရဲ့ မြို့တံခါးဝမှာ၊ လူအဝင်အထွက်တွေက အတော်လေး စည်ကားနေခဲ့တယ်။

မကြာခင်က ကိစ္စတွေအများကြီး ဖြစ်နေလို့၊ မြို့တံခါးမှာ အစောင့်အကြပ်အများကြီး ထားထားပြီး၊ မြို့ထဲကို အဝင်အထွက် လုပ်တဲ့ ပြည်သူတွေကို တစ်ယောက်ချင်းစီ စူးစိုက်ကြည့်နေတာကြောင့်၊ တစ်ယောက်ယောက်က တိတ်တဆိတ် ထွက်ပြေးမှာကို စိုးရိမ်နေကြသလိုပါပဲ။

262 06

မလှမ်းမကမ်းကနေ သိပ်ကို ဆင်းရဲနွမ်းပါးတဲ့ ပုံစံရှိတဲ့ လယ်သမား အုပ်စု တစ်စု အဲဒီနေရာကို လျှောက်လာခဲ့တယ်။

သူတို့က အညံ့စား အဝတ်အစားတွေကို ဝတ်ထားကြပြီး၊ မျက်နှာတွေက ကြမ်းတမ်းလို့ နေပူထဲမှာ အလုပ်လုပ်ထားတာမို့ မည်းညစ်နေကြတယ်။ တချို့က ဝါးခြင်းတောင်းတွေကို ကိုင်ထားသလို၊ တချို့ကတော့ ပစ္စည်းတွေကို ထမ်းလာတာကြောင့်၊ ကြည့်လိုက်ရုံနဲ့ ကျေးလက်တောရွာက လူတွေ ဖြစ်တာ သိသာပါတယ်။

မကြာသေးခင်က ဒီလိုမျိုး လယ်သမားတွေက စူးကျိုးမြို့ထဲမှာ နာမည်ကြီးနေတာမို့ အရင်ကဆိုရင် တံခါးစောင့်တွေက နည်းနည်း နှောင့်ယှက်ချင် နှောင့်ယှက်လိမ့်မယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ တစ်ချက်ကြည့်ပြီးနောက်မှာ၊ သူတို့ကို ထွက်ခွင့် ပေးလိုက်တော့တယ်။

ဒီထူးခြားမှု မရှိတဲ့ လယ်သမား အုပ်စုက မြို့တံခါးက ထွက်သွားပြီးနောက်မှာ၊ သင်္ဘောဆိပ်ဘက်ကို ဦးတည် သွားခဲ့ကြတယ်။

စူးကျိုး တစ်ဝိုက်က မြစ်ချောင်းတွေ ပေါတာမို့၊ ရေလမ်းကနေတစ်ဆင့် ဘယ်နေရာကိုမဆို သွားနိုင်တယ်။ ဒါကြောင့် အဲဒီဒေသမှာ သင်္ဘောလုပ်ငန်းက သိပ်ထွန်းကားပြီး၊ သင်္ဘောဆိပ်မှာလည်း မနက်ကနေ ညအထိ နေရာအနှံ့ကို သွားမယ့် ကူးတို့သင်္ဘောတွေ ရှိနေခဲ့တယ်။

လယ်သမားတွေက သင်္ဘောပေါ် တက်လိုက်ကြပြီးမှပဲ၊ နောက်ဆုံးမှာ သက်ပြင်းတစ်ချက် ချနိုင်ခဲ့ကြတော့တယ်။

အဘိုးထျန်က အဲဒီထဲက မျက်နှာညိုညိုနဲ့ အမျိုးသား တစ်ယောက်ကို ဆိုလိုက်တယ်။

"အမတ်မင်း၊ ငါတို့ကတော့ လမ်းစဉ်ချင်း မတူတာမို့၊ ဒီနေရာအထိပဲ လိုက်ပို့နိုင်တော့မှာပါ၊ အမတ်မင်း လမ်းခရီးမှာ ဘေးကင်းပါစေကြောင်းနဲ့၊ ဟို အရာရှိယုတ်တွေရဲ့ လုပ်ကြံတာကို မခံရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်"

"ကျေးဇူးတင်ပါတယ် အဘိုးထျန်၊ ဒါ့အပြင် ကျေးလက်က မိတ်ဆွေများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် ရွှီ တစ်ယောက်အနေနဲ့ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်"

အညံ့စား အဝတ်အစားတွေကို ဝတ်ထားပြီး၊ မျက်နှာက မီးသွေးလို မည်းနေကာ၊ မေးစေ့မှာလည်း အသားလုံး တစ်ခု ရှိနေတဲ့ ရွှီထင်းရှန်းကို ကြည့်ရင် အရင်က ခန့်ညားတဲ့အသွင်ကို လုံးဝရှာတွေ့မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး ပုံစံက ကျင်းယီဝေ့တွေ သေသေချာချာ ခြယ်ပေးထားတာ ဖြစ်တယ်။

သူနဲ့အတူ လူဆယ်ယောက်ကျော် ရှိနေပြီး၊ ထောင်ကျန့်ရှင်းနဲ့ ဝေယွင်ကျယ်တို့လည်း ပါတယ်။ အားလုံးက လယ်သမားတွေလို ရုပ်ဖျက်ထားကြတယ်။

နှမြောစရာ ကောင်းတာက ဟူစန်း မပါတာပဲ၊ သူ့ရုပ်ရည်က ထင်ရှားလွန်းလို့ "ကိုယ်စားလှယ်မင်း" ရဲ့ ဘေးမှာပဲ ရှိနေရမှာဖြစ်ပြီး၊ စူးကျိုးမှာ ရှိနေမှသာ တစ်စုံတစ်ရာ ပြဿနာ ဖြစ်တာကို ကာကွယ်နိုင်မှာလေ။

"ကျေးဇူးတင်စရာ မလိုပါဘူး၊ ဒါတွေက ငါတို့ လုပ်သင့်တာပဲ"

ခဏလောက် ပြောပြီးနောက်မှာတော့ အဲဒီလယ်သမား အုပ်စုက သင်္ဘောခန်းထဲကနေ ထွက်သွားကြတယ်။ အဲဒီအချိန်မှာ သင်္ဘောက ထွက်ဖို့ အချိန်နီးနေပြီမို့ သင်္ဘောပေါ်မှာ လူအများကြီး သွားလာနေကြတယ်။

သူတို့က ဒေသခံ လေသံနဲ့ အသံကျယ်ကြီး အော်ပြီး၊ သင်္ဘောပိုင်ရှင်နဲ့ ငြင်းကြတော့တာပဲ၊ သင်္ဘောမှားတက်မိလို့ သင်္ဘော ပြောင်းစီးချင်တယ်လို့ ပြောတာပါ။ သင်္ဘောပိုင်ရှင်ကလည်း အဲဒီလူတွေကို စိတ်မရှုပ်ချင်တာနဲ့၊ လူဦးရေကို တွက်ပြီး သင်္ဘောခတွေကို ပြန်ပေးကာ အဲဒီလူတွေကို ဆင်းခိုင်းလိုက်တော့တယ်။

မကြာခင်မှာပဲ သင်္ဘောက ထွက်သွားခဲ့တယ်။ ကူးတို့သင်္ဘောတွေအများကြီးကြားမှာ ဒီသင်္ဘောက ထူးခြားတာ မရှိပါဘူး၊ စူးကျိုးက ဒေသခံ အရာရှိတွေကတော့ ကိုယ်တွေ အစွမ်းကုန် ကြိုးစားပြီး တားထားတဲ့ လူက တိတ်တဆိတ် ထွက်သွားပြီ ဆိုတာကို လုံးဝ မသိကြပါဘူး။

ရွှီအိမ်တော်

ချွင်းလန်က အပြင်ကနေ အမြန် ပြေးဝင်လာပြီး ဆိုလိုက်တယ်။ "သခင်မ၊ အစောင့်အကြပ် ကျောက်က ကျွန်မကို သတင်းလာပို့ခိုင်းလိုက်ပါတယ်။ အပြင်မှာ တစ်ခုခု ဖြစ်နေပုံရပါတယ်။ နန်းတော်စောင့်တပ်တွေက နေရာအနှံ့မှာ လိုက်ရှာနေကြပြီး၊ တစ်ယောက်ယောက်ကို ရှာနေပုံရပါတယ်"

မြို့တော်ထဲမှာ စူးကျိုးကုန်းယွမ်ရဲ့ ငြင်းခုံပွဲ ကိစ္စတွေက ဆူညံနေတုန်းမှာပဲ၊ မြို့တော်ရဲ့ ကောင်းကင်ကြီးက ရုတ်တရက် ပြောင်းသွားခဲ့တာပါ။

အရင်ဆုံး ကျားချန်ဧကရာဇ် နေမကောင်းလို့ ရက်ပေါင်းများစွာ ညီလာခံ မတက်ခဲ့ဘူး။ အဲဒီနောက်မှာတော့ အတွင်းမြို့ကို အဝင်အထွက် ပိတ်လိုက်တော့တယ်။

ဘာတွေ ဖြစ်နေလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ လူတိုင်းက ထိတ်လန့်နေကြရတယ်။

262 07

သတ္တိရှိတဲ့ လူအချို့က နန်းတော်ကို သွားမေးခဲ့ကြပေမဲ့၊ နှမြောစရာ ကောင်းတာက နန်းတော်ထဲက အစောင့်အကြပ်တွေက အပြင်ထက်တောင် ပိုပြီးတင်းကျပ်နေခဲ့တယ်။

အဲဒီနောက်မှ၊ အစိုးရအဖွဲ့ထဲက အဆင့်မြင့် အရာရှိကြီး အချို့ ရှေ့ထွက်လာပြီး ပြည်သူတွေကို ရှင်းပြခဲ့တာက ဧကရာဇ်မင်းမြတ်ရဲ့ ကျန်းမာရေးက နည်းနည်း မကောင်းလို့၊ ဆူပူတာတွေ မဖြစ်အောင် အခုလို လုပ်ရတာလို့ ဆိုခဲ့တယ်။

အခုထိ မသတ်မှတ်ရသေးတဲ့ အိမ်ရှေ့စံ ကိစ္စနဲ့၊ အသက်အရွယ် ရနေကြပြီ ဖြစ်တဲ့ မင်းသားအများကြီးရဲ့ အခြေအနေကို ပေါင်းစဉ်းစားလိုက်တဲ့အခါ၊ လူတိုင်းက ဆိုလိုရင်းကို နားလည်သွားကြတော့တယ်။ ဒါကြောင့် ပြဿနာ မဖြစ်အောင် ဘယ်သူမှ ထပ်ပြီး စကားမပြောဝံ့ကြတော့ပါဘူး။

အတွင်းမြို့ရဲ့ မြို့တံခါးကို ပိတ်ထားတယ် ဆိုပေမဲ့လည်း နေ့တိုင်း ရိက္ခာနဲ့ ဟင်းသီးဟင်းရွက်ပို့တဲ့ ရထားတွေက ဝင်ခွင့် ရနေတာမို့၊ အိမ်တော်တွေရဲ့ နေ့စဉ် ဘဝအပေါ်မှာတော့ ထူးခြားတဲ့ ထိခိုက်မှု မရှိပါဘူး။

အလွန်ဆုံး ရှိရင်တော့ ဘဝက အရင်ထက် နည်းနည်း ကျပ်သွားတာပဲ ရှိပြီး၊ ကန့်ကွက်နေလည်း ဘာမှ မထူးတာနဲ့ အားလုံးက ငြိမ်နေခဲ့ကြရတာပါ။

နေ့ရက်တွေက တစ်ရက်ပြီးတစ်ရက် ကုန်သွားခဲ့တယ်။ ဒီရက်ပိုင်းအတွင်း ကျောက်အာရဲ့ ရင်ထဲမှာ မကောင်းတဲ့ အငွေ့အသက် တစ်ခုကို အမြဲ ခံစားနေရတာနဲ့၊ ကျောက်ကျိတို့ကို အပြင်ဘက် အခြေအနေကို အမြဲ စောင့်ကြည့်ခိုင်းထားရာကနေ ဒီနေ့မှာတော့ ဒီလိုမျိုး ကိစ္စ ဖြစ်လာခဲ့တာ ဖြစ်တယ်။

သူမက မျက်မှောင်ကြုတ်ပြီး ခဏမျှ စဉ်းစားပြီးမှ မှာလိုက်တယ်။ "သူတို့တွေကို ဆက်ပြီး စောင့်ကြည့်ခိုင်းလိုက်ပါ၊ တစ်ခုခု ထူးခြားတာနဲ့ ချက်ချင်း လာသတင်းပို့ပါ"

ချွင်းလန်က ခေါင်းညိတ်ပြပြီးနောက် ထွက်သွားခဲ့တယ်။

ရွှီယောင်ဟုန်က အပြင်က လျှောက်ဝင်လာပြီး မေးလိုက်တယ်။ "အမေ တစ်ခုခု ဖြစ်လို့လား"

ကျောက်အာက အခြေအနေတွေကို အကျဉ်းချုပ် ပြောပြပြီးနောက် ဆိုလိုက်တယ်။ "မင်းလည်း စိုးရိမ်မနေပါနဲ့၊ တစ်ခုခု ဖြစ်လာရင်တောင်မှ ငါတို့က တော်ဝင်မိသားစု မဟုတ်တာကြောင့်၊ လေပြင်းမုန်တိုင်းတွေက ငါတို့ဆီကို ရောက်လာမှာ မဟုတ်ပါဘူး"

ဒီစကားထဲမှာ တစ်စုံတစ်ရာကို ရည်ညွှန်းနေတာဖြစ်ပြီး၊ ကျောက်အာရဲ့ စိတ်ထဲမှာ ခန့်မှန်းချက်တချို့ ရှိနေပြီ ဖြစ်တာကို ပြနေပေမဲ့၊ သူက ထုတ်မပြောဝံ့သလို ပြောလည်း မပြောသင့်ပါဘူး။

"မင်း ဒီကိစ္စတွေကို ဂရုမစိုက်ဘဲ အိမ်မှာပဲ အေးအေးဆေးဆေး နေပါ။ မင်းလည်း စာမေးပွဲ ဖြေပြီးတာ မကြာသေးဘူးဆိုတော့ အနားယူသင့်တာပေါ့"

ရွှီယောင်ဟုန်က စိုးရိမ်တာတွေကို မျိုသိပ်ပြီး ခေါင်းညိတ်ပြကာ၊ ကျောက်အာနဲ့ ခဏ စကားပြောပြီးမှ ထွက်သွားခဲ့တယ်။

ကျောက်အာရဲ့ စိတ်ထဲမှာ ရှုပ်နေတာကြောင့်၊ တစ်စုံတစ်ရာ လုပ်ချင်ပေမဲ့ အာရုံစိုက်လို့ မရဘဲ ရှိနေခဲ့တယ်။

သူက အခန်းထဲဝင်ပြီး ခဏ အိပ်ဖို့ ပြင်လိုက်တယ်။ အိပ်ရာနိုးလာရင်တော့ ဆက်ပြီး တွေးမနေတော့ဘူးလို့ ယူဆထားတာ ဖြစ်တယ်။ နှမြောစရာ ကောင်းတာက သူက ပိတ်ကားကို ကျော်လိုက်တာနဲ့ သူမအခန်းထဲမှာ လူနှစ်ယောက် ရောက်နေတာကို မြင်လိုက်ရတာပါပဲ။

262 08

မိန်းမစိုး ဝတ်စုံ ဝတ်ထားတဲ့ လူနှစ်ယောက် ဖြစ်တယ်။ တစ်ယောက်က သူ့ခုတင်ပေါ်မှာ လဲနေပြီး လှုပ်ရှားတာ မရှိဘဲ ရှိနေသလို၊ သူ့ဘေးနားမှာတော့ နောက်တစ်ယောက် မတ်တပ်ရပ်နေခဲ့တယ်။

"နင်တို့က ဘယ်သူတွေလဲ"

ကျောက်အာက လူခေါ်ဖို့ ပြင်လိုက်စဉ်မှာပဲ မျက်စိရှေ့မှာ အရိပ်တစ်ခု ဝဲသွားပြီးနောက် သူ့ပါးစပ်က တစ်ယောက်ယောက်ရဲ့ အုပ်ကိုင်တာကို ခံလိုက်ရတယ်။

သူမလည်း လွယ်လွယ်နဲ့ အရှုံးပေးမယ့်သူ မဟုတ်တာနဲ့၊ တံတောင်ဆစ်နဲ့ တစ်ဖက်လူရဲ့ ဝမ်းဗိုက်ကို တွန်းတိုက်လိုက်သလို၊ ဟောင်းနေပြီ ဖြစ်တဲ့ ခုခံကာကွယ်တဲ့ နည်းဗျူဟာကိုပါ သုံးလိုက်တယ်။ တစ်ဖက်လူက သူမရဲ့ တိုက်ခိုက်မှုကြောင့် မျက်နှာ ပျက်သွားပေမဲ့၊ သူ့ကို အတင်း ချုပ်ထားတုန်းပါပဲ။

"မင်းကတော့ တကယ်ပဲ ရက်ပေါင်းများစွာ မတွေ့ရရုံနဲ့ မိတ်ဆွေဟောင်းကိုတောင် မမှတ်မိတော့ဘူးပေါ့"

တစ်ဖက်လူရဲ့ မှောင်ပြာရောင်မျက်ဝန်းတွေကို စိုက်ကြည့်ရင်းကနေ၊ ကျောက်အာက သူမမှတ်ဉာဏ်ထဲက လူတစ်ယောက်ကို သတိရသွားခဲ့တယ်။

အဲဒါက မော့ကျားပါပဲ။

"ငါ လက်လွှတ်ပေးမယ်၊ မင်း အော်မဟစ်ပါနဲ့၊ ငါတို့ အေးအေးဆေးဆေး စကားပြောကြရအောင်"

မော့ကျားက လက်ကို လွှတ်ပေးလိုက်တာနဲ့ ကျောက်အာက သူ့ကို တွန်းထုတ်လိုက်ပြီး မေးလိုက်တယ်။ "ရှင် ဒီနေရာကို ဘယ်လို ရှာတွေ့တာလဲ၊ ဘာရည်ရွယ်ချက်နဲ့ လာတာလဲ၊ ရှင် ဘာလုပ်ချင်နေတာလဲ"

ဒီလောက် များပြားလှတဲ့ မေးခွန်းတွေကြောင့် မော့ကျားမှာ ရင်ထဲမှာ ခံစားချက်တွေအများကြီး ဖြစ်သွားခဲ့ရတယ်။

သူက ကျောက်အာကို ရှုပ်ထွေးတဲ့ အကြည့်တွေနဲ့ အတန်ကြာ စိုက်ကြည့်နေခဲ့တယ်။ ကျောက်အာ ဒေါသထွက်လုနီးပါး အချိန်ရောက်မှပဲ၊ သူက သူ့အကြည့်ကို ခုတင်ပေါ် လွှဲလိုက်ပြီး မေးစေ့နဲ့ ညွှန်ပြလိုက်တယ်။

ကျောက်အာရဲ့ ဦးနှောက်က အမြန် လည်ပတ်နေပြီး၊ ရုတ်တရက် မျက်ဝန်းတွေ ဝင်းလက်သွားတယ်။ "ဟို နန်းတော်စောင့်တပ်တွေ လိုက်ရှာနေတာက ရှင်တို့ကိုလား"

အဲဒီလို ပြောရင်းနဲ့ သူမက ကုတင်ရှေ့ကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားပြီး ကုတင်ပေါ်က အဘိုးအိုကို ကြည့်ကာ မေးလိုက်တယ်။ "သူက ဘယ်သူလဲ"

အဲဒီအဘိုးအိုရဲ့ အကြည့်ကတော့ စူးရှလှပြီး၊ သူ့ကို လူစားမတတ် စိုက်ကြည့်နေခဲ့တယ်။

ကျောက်အာက အဲဒီအကြည့်ကြောင့် နေရခက်သွားပြီး မသိစိတ်ကနေ ကြက်သီးတွေတောင် ထသွားတာနဲ့ ပြင်းပြင်းထန်ထန် ပြောလိုက်တယ်။ "မဖိတ်ဘဲ ရောက်လာတဲ့ ဧည့်သည်က၏ ဘာလို့ ဒီလောက်အထိ ရဲတင်းနေရတာလဲ။ မော့ကျာ၊ ရှင် ဒီလူကို မြန်မြန် ခေါ်သွားစမ်း၊ အရင်က သံယောဇဉ်ကို ငဲ့ပြီးတော့ ရှင်တို့ ဒီနေ့ လာတာကို ကျွန်မ မသိသလို နေပေးမယ်"

တိုးညောင်းတဲ့ ရယ်သံလေး တစ်ခု ထွက်လာပြီးနောက် မော့ကျားက မေးလိုက်တယ်။ "ငါတို့မှာ သံယောဇဉ် ရှိသေးတယ်ဆိုတာကို မင်း မှတ်မိသေးတာပဲလား။ ဒါနဲ့ မင်း တကယ်ပဲ သူ့ကို... ဒီပုဂ္ဂိုလ်ကို မမှတ်မိဘူးလား?"

"ကျွန်မက ဘာလို့ သူ့ကို မှတ်မိရမှာလဲ၊ သူက ဧကရာဇ် လည်း မဟုတ်ဘဲနဲ့!" ကျောက်အာက ပုံမှန်ဆို ဒီလို ပြုမူတဲ့သူ မဟုတ်ပါဘူး၊ အမှန်တော့ အရင်က ကြုံခဲ့ရတဲ့ ကိစ္စတွေကြောင့် မော့ကျားကို မြင်လိုက်တာနဲ့ သူမက စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားတာ ဖြစ်တယ်။

"သူက အမှန်တကယ်ပဲ ဧကရာဇ် ပါပဲ"

ကျောက်အာ အံ့အားသင့်သွားတဲ့ အကြည့်တွေကြားကနေ မော့ကျားက ကုတင်ရှေ့ကို လျှောက်သွားပြီး၊ကျောက်အာကို အမိန့်တော် ပြန်တမ်းဖတ်တဲ့ မိန်းမစိုး တစ်ယောက်ကို သတိရစေမယ့် ပုံစံမျိုးနဲ့ ရပ်လိုက်တယ်။

သူက မေးလိုက်တယ်။ "ဧကရာဇ်မင်းမြတ်ကို မြင်ရပါလျက်နဲ့၊ ဘာလို့ ဒူးမထောက်တာလဲ?"

"ငါ ဒူးထောက်... ငါ့ခေါင်းကိုပဲ ထောက်လိုက်တော့မယ်။ ရှင် အခုချက်ချင်း ထွက်သွားစမ်း၊ ထပ်ပြီး မထွက်သွားဘူး ဆိုရင်တော့ ငါ လူခေါ်တော့မယ်"

"မင်းက ရွှီထင်းရှန်းရဲ့ ဇနီးသည်လား။ ထိုက်လုံငွေလွှဲဌာနကို မင်းကပဲ ဖွင့်ခဲ့တာလား"

အသံ နှစ်ခုက တစ်ပြိုင်တည်း ထွက်လာတာ ဖြစ်တယ်။ ကျောက်အာက အဲဒီစကားကို ကြားပြီးနောက်မှာ မှင်တက်သွားပြီး ပြန်မေးလိုက်တယ်။ "ရှင်က တကယ်ပဲ ဘယ်သူလဲ"

262 09

ဒီကိစ္စကို သိတဲ့သူက နည်းနည်းပဲ ရှိတယ်။ အပြင်လူအများစုက ထိုက်လုံငွေလွှဲဌာနကို ရွှီထင်းရှန်းရဲ့ယောက်ဖက ဖွင့်ထားတာလို့ပဲ ယူဆထားကြတာပါ။ အဲဒီတုန်းက ဧကရာဇ်ရဲ့ရှေ့မှာ ပြောခဲ့ဖူးပေမဲ့ အဲဒါက လူနည်းနည်းပဲ သိတဲ့ လျှို့ဝှက်ချက် ဖြစ်တယ်။

"ငါ တကယ် မလိမ်ပါဘူး၊ ဒီပုဂ္ဂိုလ်က အမှန်တကယ်ပဲ ဧကရာဇ်မင်းမြတ် ပါ" မော့ကျားက နည်းနည်း စိတ်ပျက်ဟန်နဲ့ ဆိုလိုက်တယ်။

သူ့စကားက အမှန်ဖြစ်ကြောင်း သက်သေပြဖို့၊ သူက ကျားချန်ဧကရာဇ်ကို ပြစ်မှားမိပါတယ်လို့ဆိုပြီး မိန်းမစိုး ဝတ်စုံကို ဖြည်ချလိုက်ရာ၊ အတွင်းက တောက်ပတဲ့ အဝါရောင် နဂါးဝတ်ရုံလေး တစ်စွန်းတစ်စ ပေါ်ထွက်လာခဲ့တယ်။

လောကမှာ အဝါရောင်ကို ဝတ်နိုင်တဲ့သူက နည်းနည်းပဲ ရှိတယ်။ အပြင်ဘက်မှာ ကျားချန်ဧကရာဇ် နေမကောင်း ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပေါင်းလိုက်တဲ့ အခါမှာတော့ ဒီပုဂ္ဂိုလ်က အမှန်တကယ်ပဲ ဧကရာဇ် ဖြစ်နေပြီလား။

ကျောက်အာက ထပ်ပြီး မစဉ်းစားနိုင်တော့ဘဲ ဒုတ်ဆိုတဲ့ အသံနဲ့အတူ ဒူးထောက်လိုက်တော့တယ်။ "ကျွန်တော်မျိုးမ ဝမ်မိသားစုဝင်၊ ဧကရာဇ်မင်းမြတ်အား ဖူးမြော် ဂါရဝပြုအပ်ပါတယ်။ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ"

မော့ကျားက ငှက်ပိတုန်းလေးလို ငြိမ်သွားတဲ့ ကျောက်အာရဲ့ ပုံစံကို ကြည့်ပြီး မရယ်မိအောင် အောင့်ထားလိုက်ရတယ်။

အဲဒီအချိန်မှာပဲ အပြင်ဘက်က အသံကျယ်ကြီး အော်သံ ထွက်လာတယ်။ "အရှင်သခင်မ၊ မကောင်းတော့ပါဘူး၊ မကောင်းတော့ပါဘူး၊ အစောင့်အကြပ်ကျောက်က သတင်းပို့လိုက်ပါတယ်။ နန်းတော်စောင့်တပ်တွေ အိမ်တော်ထဲကို ဝင်ရှာတော့မယ်လို့ ဆိုပါတယ်"

******

All Chapters