အခန်း (၂၆၅-၂၆၆)
Vol. 27 Ch. 265-266
265 01
အခန်း (၂၆၅)
နန်းတော်ထဲမှာ တစ်ညတည်းနဲ့ ဖြူဖွေးနေတဲ့ နာရေးအလံတွေအများကြီးကို ချိတ်ဆွဲလိုက်ကြပြီး၊ ဒီအဖြူရောင်တွေက နန်းတော်ထဲကနေ နန်းတော်အပြင်ဘက်အထိ ပျံ့သွားခဲ့တယ်။
သတင်းရတဲ့သူ အားလုံးက အရင်ဆုံး ငိုကြွေးကြပြီးတော့ ငိုပြီးတာနဲ့ အမြန်ပဲ ထရပ်ကာ အစေခံတွေကို နာရေးအလံတွေ ချိတ်ဖို့ မှာကြတော့တာပါပဲ။ တောက်ပတဲ့ အရောင်တွေရှိတဲ့ အရာအားလုံးနဲ့ စည်းကမ်းနဲ့မညီတဲ့ အရာအားလုံးကို ဖယ်လိုက်ကြပြီး၊ အိမ်တော်ထဲက လူတိုင်းကလည်း နန်းတော်က ငိုကြွေးခြင်း အခမ်းအနားအတွက် အမိန့်တော်ကို စောင့်ရင်း ဝမ်းနည်းခြင်း အဝတ်အစားတွေကို ဝတ်ကြရတယ်။
အသေးအဖွဲ ကိစ္စတွေ အားလုံး ပြီးသွားတဲ့အခါ၊ အိမ်တော်တွေမှာ နာရေးအလံတွေ ချိတ်ဖို့အတွက် အခက်အခဲ စဖြစ်လာတော့တယ်။
အတွင်းမြို့ကို အဝင်အထွက် ပိတ်ထားတာကြောင့်၊ အဝတ်အထည်ဆိုင်တွေ အားလုံး တံခါးပိတ်ထားကြတယ်။ အဆင့်မြင့် အရာရှိကြီးတွေက ကိုယ်တိုင် လာဝယ်ကြပေမဲ့၊ ဆိုင်နည်းနည်းရဲ့ လက်ကျန် အထည်တွေက ဒီလောက် များပြားလှတဲ့ အိမ်တော်တွေအတွက် မလုံလောက်ပါဘူး။
အဖြူရောင် ပိတ်စတွေကို ဝယ်ချင်ရင် အပြင်မြို့ကိုပဲ သွားရမှာ ဖြစ်ပေမဲ့၊ မြို့တံခါး ကိုးပေါက်စလုံးမှာ အခုထိ အစောင့်အကြပ် တင်းကျပ်နေတာကြောင့် အပြင်ထွက်ဖို့ နည်းလမ်း မရှိပါဘူး။
အိမ်တော် အသီးသီးက သိပ်ကို စိုးရိမ် ပူပန်နေကြရတယ်။ ဧကရာဇ် နတ်ရွာစံတဲ့ သတင်းကို ရတဲ့သူတိုင်းက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အမြန်ဆုံး နာရေးအလံတွေ ချိတ်ရမှာပါ။ မဟုတ်ရင် တစ်ယောက်ယောက်က အပြစ်ရှာ တိုင်တန်းလိုက်ရင် အဲဒါက မလေးစားမှု အပြစ် ဖြစ်သွားမှာလေ။
မတတ်သာတဲ့ အဆုံးမှာတော့ တချို့လူတွေက မင်းသားသုံး အိမ်တော်ဆီ သွားပြီး အကူအညီ တောင်းကြတာကြောင့်၊ မင်းသားသုံး အိမ်တော်က လူတွေကလည်း ကိုယ့်အရှင်သခင်ဆီ သတင်း ပို့ကြတော့တယ်။
အဲဒီအချိန်မှာ ချီဟွေ့ကတော့ သိပ်ကို အလုပ်များနေခဲ့တယ်။ ကွယ်လွန်သူ ဧကရာဇ် နတ်ရွာစံပြီးနောက်မှာ၊ အရေးကြီးဆုံး ကိစ္စက ဧကရာဇ်သစ် နန်းတက်ပြီး အခြေအနေတွေကို စီမံဖို့ပါပဲ။
ရှေးအရင် မင်းဆက်တွေကတည်းက စည်းကမ်း ရှိတာက ကိုယ် နန်းတက်ရမယ့် အလှည့် ရောက်လာတဲ့အခါ၊ အလွန်အမင်း လောနေတဲ့ ပုံစံမျိုး မပြရဘဲ၊ အကြိမ်ကြိမ် ငြင်းပြီးမှ လက်ခံတဲ့ ပုံစံမျိုး လုပ်မှသာ မှန်ကန်တဲ့ လမ်းစဉ် ဖြစ်ပါတယ်။
အခု ရန်ချုံဟွာ ဦးဆောင်တဲ့ စာပေပညာရှင် အမတ်တစ်စုက အမတ်ကြီးတွေကို နန်းတက်ဖို့ တောင်းဆိုတဲ့ လျှောက်ထားလွှာတွေကို တင်ခိုင်းနေကြတယ်။ ပထမ တစ်ကြိမ် တင်တာကို ချီဟွေ့က ငြင်းလိုက်တယ်။
ဒုတိယ တစ်ကြိမ် ထပ်တင်တဲ့ အခါမှာလည်း၊ သူက ထပ်ပြီး ငြင်းခဲ့ပြန်ပါတယ်။
ချီဟွေ့က တတိယ အကြိမ် တောင်းဆိုတာကို စောင့်နေတုန်းမှာပဲ၊ ရုတ်တရက် အောက်ခြေက ဒီကိစ္စကို သတင်း လာပို့တာကြောင့်၊ သူက သိပ်ကို စိတ်ပျက်သွားခဲ့ရတယ်။
ဒါပေါ့၊ သူက ဒီကိစ္စတွေတင် မကဘဲ ထူးခြားတဲ့ လှုပ်ရှားမှုတွေ ရှိနေတဲ့ သူ့ညီအစ်ကိုတွေကိုလည်း စောင့်ကြည့်နေရသေးတယ်။
ဧကရာဇ် ဖြစ်လာပြီ ဆိုမှတော့ အရင်ကလို ပြုမူလို့ မရတော့ဘဲ၊ သဘောထားကြီးတာကို ပြရမှာ ဖြစ်တယ်။ ညီအစ်ကိုတွေက စော်ကားရင်တောင် အောင့်အည်း သည်းခံပြီး ဧကရာဇ် တစ်ယောက်ရဲ့ အရှိန်အဝါကို ပြရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပျောက်သွားတဲ့ ကျားချန်ဧကရာဇ်နဲ့၊ ရှာမတွေ့သေးတဲ့ တိုင်းပြည်ရဲ့ တံဆိပ်တော်ကိစ္စတွေကလည်း သူ့ရှေ့မှာ ပုံနေခဲ့ပြီလေ။
ရန်ချုံဟွာတို့ စာပေပညာရှင် အမတ်တစ်စုက ရုတ်တရက် စိတ်ပြောင်းပြီး ကူညီခဲ့လို့ ချီဟွေ့က ပလ္လင်ကို ရခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ သူက ကိုယ့်ရဲ့ ကိုယ်ပိုင် အင်အားနဲ့ ရခဲ့တာ မဟုတ်ဘူး။ အခု ဒုတိယမင်းသားက နာကျည်းတာကြောင့် တာဝန်တွေကို ပစ်ထားလို့၊ နန်းတော်နဲ့ အတွင်းမြို့ တစ်ခုလုံးက ရှုပ်နေခဲ့တယ်။ ရန်ချုံဟွာတို့က ရှေ့ထွက်ပြီး စီမံနေကြပေမဲ့၊ နေရာတိုင်းမှာ ပြဿနာတွေနဲ့ ပြည့်နေခဲ့တယ်။
ဒီကိစ္စကို ကြားရတဲ့အခါ၊ ချီဟွေ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက မြို့တံခါး ကိုးပေါက်ကို ဖွင့်ပေးလိုက်ပြီး၊ အပြင်မြို့ကို သွားဝယ်ခိုင်းဖို့ပါပဲ။ ဒါပေမဲ့ မကြာခင်မှာပဲ ဒါက မသင့်တော်မှန်း သိသွားတာနဲ့၊ အကြိမ်ကြိမ် စဉ်းစားပြီးတော့မှ ရန်အမတ်ချုပ်ကြီးဆီ လူလွှတ်ပြီး တင်ပြခိုင်းလိုက်တယ်။
ချီဟွေ့နဲ့ နှိုင်းယှဉ်ရင် ရန်ချုံဟွာက အများကြီး ပိုပြီး စေ့စပ် သေချာပါတယ်။
265 02
သတင်းကို ကြားရတဲ့ အခါမှာ၊ သူက အရင်ဆုံး မသိစိတ်အရ မျက်မှောင်ကြုတ်လိုက်မိတယ်။ အနာဂတ် ဧကရာဇ် ဖြစ်လာမယ့်သူက ဒီလောက် သေးငယ်တဲ့ အဖြူရောင် ပိတ်စ ကိစ္စကိုတောင် မဖြေရှင်းနိုင်ဘူးလားလို့ ထင်မိပေမဲ့၊ နောက်ပိုင်းမှာတော့ ဒီလို ဖြစ်နေတာကပဲ ပိုကောင်းတယ်လို့ ယူဆလိုက်ပြန်တယ်။ သူတို့ လိုချင်နေတာကလည်း ဒီအချက်ပဲ မဟုတ်လား။
အဖြူရောင် ပိတ်စ နည်းနည်းလေးလို့ ထင်ရပေမဲ့၊ ဒီကိစ္စက ရန်ချုံဟွာ အတွက်လည်း အခက်တွေ့စရာ ဖြစ်လာခဲ့တယ်။
သူက အကြိမ်ကြိမ် ချိန်ဆပြီးတော့မှ၊ ဧကရာဇ်သစ်ကို အရင်ဆုံး နန်းတင်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။
ဒါကြောင့် တတိယ အကြိမ်မြောက် နန်းတက်ဖို့ တောင်းဆိုတဲ့ လျှောက်ထားလွှာကို အတော်လေး ကမောက်ကမ ပြင်လိုက်ကြတော့တယ်။ ချီဟွေ့ကတော့ ရှေးအရင်က အကြိမ်ကြိမ် တောင်းဆိုမှ လက်ခံခဲ့ကြသလို၊ ကိုယ့်သိက္ခာကို ထိန်းဖို့အတွက် အနည်းဆုံး လေးကြိမ် ငါးကြိမ်လောက် ငြင်းပြီးမှ လက်ခံချင်တာကြောင့်၊ ရန်ချုံဟွာဆီ အထူး မှာထားခဲ့ဖူးတယ်။
အခုတော့ အဲဒီအရာတွေကို ဂရုမစိုက်နိုင်တော့ဘဲ၊ အလျင်စလိုနဲ့ နည်းနည်း အရှက်ရစရာ ကောင်းတဲ့ ပုံစံနဲ့ပဲ နဂါးပလ္လင်ပေါ်ကို တက်ထိုင်လိုက်ရပြီး၊ အောက်ခြေက အမတ် နည်းနည်းရဲ့ ဂါရဝပြုတာကို လက်ခံလိုက်တော့တယ်။
နဂါးဝတ်ရုံကို ဝတ်လိုက်ပြီးတဲ့ အခါမှသာ၊ သူ့ရင်ထဲမှာ နောက်ဆုံးတော့ တည်ငြိမ်သွားခဲ့ရတယ်။
ဧကရာဇ်သစ်က မြို့တံခါး ကိုးပေါက်စလုံးကို ဖွင့်ဖို့ အမိန့်ပေးလိုက်သလို၊ ကွယ်လွန်သူ ဧကရာဇ် နတ်ရွာစံတဲ့ သတင်းကိုလည်း တစ်လောကလုံးကို အသိပေးလိုက်ကာ တစ်ချိန်တည်းမှာပဲ မြို့တော်ထဲမှာ အစောင့်အကြပ်တွေကို တင်းကျပ်စေခဲ့တယ်။
ဒီကိစ္စတွေ ပြီးရုံရှိသေးတာမို့၊ ချီဟွေ့က အသက်ရှူပင် မဝသေးခင်မှာပဲ၊ အောက်ခြေက မိန်းမစိုး တစ်ယောက်က လာတင်ပြပြန်တယ်။ ကျုန်းကွေ့ဖေးက ချန်ချင်းနန်းဆောင်ကို သွားပြီး ကွယ်လွန်သူ ဧကရာဇ်အတွက် နာရေး ဝတ်ပြုချင်တယ်လို့ ဆိုတယ်။
စည်းကမ်းအရ ဆိုရင် ကွယ်လွန်သူ ဧကရာဇ် နတ်ရွာစံပြီးနောက်မှာ အရင်ဆုံး ရှောက်လျှန့်နဲ့ တာ့လျှန့်တို့ကို လုပ်ရမှာပါ။
ရှောက်လျှန့် ဆိုတာက ကွယ်လွန်သူကို အဝတ်အစား လဲပေးတာကို ပြောတာဖြစ်ပြီး၊ တာ့လျှန့် ဆိုတာက ရုပ်အလောင်းကို ခေါင်းတလားထဲ ပြောင်းတာကို ပြောတာပါ။
ဧကရာဇ် ဖြစ်နေတာကြောင့် စည်းကမ်းချက်တွေကတော့ ကွဲပြားပါတယ်။ အဝတ်အစားတွေနဲ့ ရှောက်လျှန့် လုပ်ရမယ့် အချိန်တွေမှာလည်း အထူး သတ်မှတ်ချက်တွေ ရှိနေခဲ့တယ်။
ရှေးအရင် မင်းဆက်တွေမှာ မိဖုရားတွေက ကွယ်လွန်သူ ဧကရာဇ်အတွက် ရှောက်လျှန့် လုပ်ပေးတဲ့ ကိစ္စတွေ ရှိခဲ့ပေမဲ့ အလွန်ပဲ ရှားပါတယ်။ အများအားဖြင့် မိန်းမစိုးတွေကပဲ လုပ်ကြတာပါ။ အခု ကျုန်းကွေ့ဖေးက ဒီကိစ္စကို အတင်း လုပ်ချင်နေတာက ကျားချန်ဧကရာဇ် မသေသေးတဲ့ အချက်ကို အခွင့်ကောင်းယူပြီး ဖော်ထုတ်ချင်တာ ထင်ရှားတာကြောင့်၊ ဧကရာဇ်သစ်က ဘယ်လိုလုပ် သဘောတူပါ့မလဲ။ ဒါပေမဲ့ အောက်ခြေက လူတွေကလည်း မတားနိုင်ကြပါဘူး၊ ဘာလို့လဲဆိုတော့ ကျုန်းကွေ့ဖေးက အခု အသက်ရှင်နေတဲ့ မိဖုရားတွေထဲမှာ အဆင့်အတန်း အမြင့်ဆုံး ဖြစ်နေတာကြောင့်မို့ ဧကရာဇ်သစ် ကိုယ်တိုင်ပဲ ရှေ့ထွက်ပြီး ဖြေရှင်းရတော့တယ်။
ပုံမှန်ဆို မြင့်မြတ်ပြီး သိက္ခာရှိတဲ့ ကျုန်းကွေ့ဖေးက အရင်က တည်ကြည်တဲ့ ပုံစံတွေကနေ ပြောင်းသွားခဲ့ပြီး ဆံပင်တွေ ဖရိုဖရဲ ဖြစ်တဲ့အထိ ငိုပြီး ဆူပူနေခဲ့တယ်။
ချီဟွေ့ကတော့ မတတ်သာဘဲ တစ်ဖက်က အချိန်ဆွဲနေသလို၊ တစ်ဖက်ကလည်း ကျိန့်အန်းချန်ကို အမြန်ဆုံး လုပ်ဖို့ မှာလိုက်တယ်။ ချန်ချင်းနန်းဆောင် ဘက်ကနေ ရှောက်လျှန့် လုပ်ပြီးပြီ ဖြစ်ကြောင်း သတင်း ပို့လာတဲ့ အခါမှပဲ၊ ဒီကိစ္စက ပြီးသွားခဲ့ရတယ်။
ရှောက်လျှန့် လုပ်ပြီးနောက် တစ်ရက်မှာတော့ တာ့လျှန့်ကို လုပ်ရမှာပါ၊ နောက်ထပ် ပြဿနာတွေ ထပ်မဖြစ်အောင်၊ ချီဟွေ့က ကိုယ်တိုင် လူတွေကို ခေါ်ပြီး လုပ်ခိုင်းလိုက်တယ်။
ကျုန်းကွေ့ဖေး သိသွားတဲ့ အခါမှာတော့ ကွယ်လွန်သူ ဧကရာဇ်ရဲ့ ခေါင်းတလားက ပိတ်ပြီး ဖြစ်နေခဲ့ပြီဖြစ်ကာ၊ ချန်ချင်းနန်းဆောင်ရဲ့ အဆောင်မကြီးထဲမှာ ထားထားပြီ ဖြစ်ပါတယ်။
ဒီလိုမျိုး အခြေအနေမှာတော့ ဘယ်သူ ရောက်လာပါစေဦး၊ ခေါင်းတလားကို ဖွင့်ပြီး စစ်ဖို့ မဝံ့ရဲကြတော့ပါဘူး၊ ဒါကြောင့် ဒုတိယမင်းသား အုပ်စုကလည်း လက်လျှော့လိုက်ရပြီး၊ တခြား နည်းလမ်းကိုပဲ ရှာကြရတော့တာပေါ့။
အဲဒီအချိန်မှာ ရွှီအိမ်တော်ထဲမှာလည်း၊ အဖြူရောင် နာရေးအလံတွေနဲ့ ပြည့်နေခဲ့ပါတယ်။
ကျောက်အာက ဝမ်းနည်းခြင်း အဝတ်အစားတွေကို လဲဝတ်လိုက်ပြီးနောက်၊ အိပ်ဆောင်ထဲမှာ ရပ်နေခဲ့တယ်။ သူ့နားထဲမှာတော့ ကျားချန်ဧကရာဇ်ရဲ့ ဟိန်းဟောက်သံတွေကို ကြားနေရပေမဲ့၊ စိတ်ထဲမှာတော့ အများကြီး ညည်းတွားနေမိတော့တာပဲ။
265 03
ဒုတိယမင်းသားတို့ အုပ်စုက ဒီလောက်အထိ ရဲရဲတင်းတင်း လုပ်ဝံ့ကြလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး။ ဖခင်အရင်းက ရှိနေပါလျက်နဲ့ နတ်ရွာစံပြီလို့ တစ်လောကလုံးကို ကြေညာလိုက်တာလေ။ အထူးသဖြင့် ဒုတိယမင်းသား နန်းတက်မယ်လို့ ယူဆထားကြပေမဲ့၊ ရုတ်တရက် ဆိုသလို မင်းသားသုံး အဖြစ် ပြောင်းသွားတာကလည်း လူတွေကို အံ့အားသင့်စေခဲ့တယ်။
"ငါ့သားကောင်းတွေကတော့ တကယ်ကို တော်ကြတာပဲ၊ ပိုပြီးတော့ တော်တာကတော့ ငါ့ အမတ်ကောင်းတွေပါပဲ"
ကျားချန်ဧကရာဇ်က ဒေါသကြောင့် တစ်ကြိမ် မူးလဲသွားခဲ့ဖူးတာကြောင့် ကျောက်အာက အိမ်မှာ သမားတော်တစ်ယောက်ကို ကြိုပြင်ထားခဲ့လို့ အပ်စိုက် ကုပြီးမှပဲ ကျားချန်ဧကရာဇ် သတိ ပြန်ရလာခဲ့တယ်။
ဒီသမားတော်က မြို့တော်ထဲက နန်းတွင်း သမားတော်တွေကလွဲရင် အတော်ဆုံးသူဖြစ်ပြီး၊ ကျောက်အာက လူလွှတ်ပြီး အတင်း ဖမ်းခေါ်လာခဲ့တာ ဖြစ်တယ်။ ဒါက သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဒီလိုမျိုး မကောင်းတဲ့ လုပ်ရပ်ကို လုပ်ခဲ့တာ ဖြစ်ပေမဲ့၊ အခြေအနေအရ မတတ်သာခဲ့ပါဘူး။
"ဧကရာဇ်မင်းမြတ် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ၊ အကယ်လို့သာ ဒေါသကြောင့် တစ်ခုခု ဖြစ်သွားမယ် ဆိုရင်တော့ သူတို့တွေ စိတ်တိုင်းကျ ဖြစ်သွားပါလိမ့်မယ်" မော့ကျားက ဆိုလိုက်တယ်။ ကြည့်ရတာ သူက လူကို ချော့တတ်တဲ့ စရိုက်မျိုး မဟုတ်တာကြောင့်၊ ပြောတဲ့ စကားတွေကလည်း ခြောက်ကပ်နေခဲ့တယ်။
"ဒါဆိုရင် အခု ဘယ်လို ဆက်လုပ်ရမလဲ။ ရှင် ပြောတာကတော့ ဧကရာဇ်ရဲ့ လူယုံတော် အမတ်ကြီးတွေနဲ့ ဆက်သွယ်နေတယ်ဆို၊ ဘယ်လို အခြေအနေ ရှိနေပြီလဲ" ကျားချန်ဧကရာဇ်ကို ဆေးတိုက်ပြီးလို့ အနားယူစေပြီးနောက်၊ အပြင်ထွက်လာတဲ့ အခါမှာ ကျောက်အာက မအောင့်နိုင်ဘဲ မေးလိုက်တယ်။
အဲဒီအချိန်မှာ ကျောက်အာရဲ့ စိတ်ထဲမှာ လမ်းပျောက်နေခဲ့ပြီ။
မူလက ကိုယ့်အသက်ကိုရော၊ ရွှီအိမ်တော်က လူတွေရဲ့ အသက်ကိုပါ ဘယ်လို ကာကွယ်ရမလဲလို့ စိုးရိမ်နေခဲ့ရသလို၊ မျက်စိရှေ့က လူနှစ်ယောက်ရဲ့ အသက်အတွက်ပါ ပူပန်နေရတုန်း၊ ရုတ်တရက် အခြေအနေတွေ ပြောင်းသွားပြီး ကျားချန်ဧကရာဇ်က နတ်ရွာစံသူ အဖြစ် သတ်မှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။
"ဒါမှမဟုတ်ရင် ကျွန်မ လူလွှတ်ပြီး ရှင်တို့ကို အတွင်းမြို့ကနေ အရင် ထွက်သွားအောင် လုပ်ပေးရမလား?"
"မဖြစ်ဘူး" မော့ကျားက ခေါင်းခါပြလိုက်တယ်။
သူက ခဏမျှ ရပ်ပြီးမှ ဆိုလိုက်တယ်။ "အပြင်ပန်းမှာ မြို့တံခါး ကိုးပေါက်ကို ဖွင့်ထားတယ်လို့ ထင်ရပေမဲ့၊ အမှန်တော့ မြွေကို အပေါက်ထဲက ထွက်လာအောင် မျှားခေါ်နေတာပါပဲ၊ အခု အခြေအနေ အမှန်ကို သိတဲ့သူတွေ အားလုံးက ဧကရာဇ်ကို လိုက်ရှာနေကြတာ။ ဒုတိယမင်းသားရဲ့ ရည်ရွယ်ချက်ကတော့ မရှင်းသေးပေမဲ့၊ အကယ်လို့သာ ဧကရာဇ်သစ်ရဲ့ လူတွေကသာ ရှာတွေ့သွားမယ် ဆိုရင်တော့..."
ကျန်တဲ့ စကားကို မော့ကျားက ဆက်မပြောပေမဲ့၊ ကျောက်အာက ဆိုလိုရင်းကို နားလည်လိုက်ပါတယ်။
ဧကရာဇ်သစ်အနေနဲ့၊ နတ်ရွာစံပြီလို့ ကြေညာထားတဲ့ ဧကရာဇ်အိုကြီး တစ်ယောက်ကို လောကမှာ ဆက်ပြီး အသက်ရှင်နေဖို့ ဘယ်လိုလုပ် ခွင့်ပြုပါ့မလဲ၊ မဟုတ်ရင် သူ့ပလ္လင်က ဘယ်လိုလုပ် တည်ငြိမ်နိုင်ပါ့မလဲ။
"ဒါဆိုရင် ဘယ်လို လုပ်ရမလဲ" ကျောက်အာက အိပ်ဆောင်ထဲကို တစ်ချက် လှမ်းကြည့်ပြီးနောက် မော့ကျားကို ပြန်ကြည့်လိုက်တယ်။
မော့ကျားက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမှ မပြောတော့ပါဘူး။
ကျားချန်ဧကရာဇ်က အခု မည်သူ့ကိုမှ မယုံတော့တာကြောင့်၊ ဒီနေရာမှာပဲ ငြိမ်ငြိမ်လေး နေနေရတယ်။
ဆိုလိုတာက လောလောဆယ် နည်းလမ်း မရှိသေးတာကြောင့် ဒီနေရာမှာပဲ ဆက်နေရဦးမှာ ဖြစ်ပါတယ်။
"မင်း ရွှီထင်းရှန်းဆီကို သတင်း ပို့လိုက်တာ၊ အကြောင်းပြန်လာပြီလား?"
ကျောက်အာက ခေါင်းခါပြလိုက်တယ်။ စူးကျိုးဘက်က ဘာအကြောင်းပြန်ချက်မှ မရှိသလို၊ သတင်း ပို့လိုက်တဲ့ လူလည်း ပြန်မရောက်သေးတာကြောင့် သူမက အဲဒီစာက လမ်းခုလတ်မှာ အတားခံလိုက်ရပြီလားလို့တောင် သံသယ ဖြစ်နေမိတယ်။
ကံကောင်းတာက သူမက ဒီကိစ္စကို ကြိုကာကွယ်ထားလို့၊ စာထဲမှာ အရေးကြီးတဲ့ ကိစ္စတွေကို မရေးဘဲ၊ ရွှီထင်းရှန်းကို သူမလွမ်းနေကြောင်းနဲ့ မြို့တော်ကို အမြန်ဆုံး ပြန်လာစေချင်ကြောင်းပဲ အရိပ်အမြွက် ရေးထားခဲ့တယ်။
ကျောက်အာကတော့ သိပ်ကို ခေါင်းကိုက်နေခဲ့ရပြီး၊ ရွှီထင်းရှန်းအနေနဲ့ အခုအချိန်မှာ သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာဖို့ပဲ ဆုတောင်းနေမိတော့တယ်။
265 04
မကြာခင်မှာပဲ ဝန်ကြီး အရာရှိတွေ၊ မင်းညီမင်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို နန်းတော်ဝင်ပြီး ငိုကြွေးဖို့ အမိန့်တော် ကျလာခဲ့တယ်။
ရွှီထင်းရှန်းက အိမ်မှာ မရှိပေမဲ့ ကျောက်အာက အဆင့် (၂) ကောင်းမိန် ဖြစ်နေတာကြောင့် သူမလည်း မဖြစ်မနေ သွားရမှာ ဖြစ်တယ်။
အဲဒါက ကွယ်လွန်သူ မိဖုရားခေါင်ကြီးရဲ့ နာရေး အခမ်းအနားနဲ့ လုံးဝ တူနေပြီး၊ အခုတစ်ကြိမ်ကတော့ ပိုပြီး ကြီးကျယ်လှတယ်။
မျက်စိတစ်ဆုံး မြင်ရသမျှ အဖြူရောင်တွေ ဖြစ်နေသလို၊ နားထဲမှာလည်း ဝမ်းနည်း ပူဆွေးတဲ့ ငိုရှိုက်သံတွေနဲ့ ပြည့်နေခဲ့တယ်။ အမှန်တကယ် ငိုသည်ဖြစ်စေ၊ ဟန်ဆောင် ငိုသည်ဖြစ်စေ၊ အနည်းဆုံးတော့ အသံထွက်အောင် ငိုကြရမှာပါ။ အထူးသဖြင့် ဆောင်းဦးနှောင်းပိုင်း ရောက်နေပြီမို့၊ မြို့တော်ရဲ့ ရာသီဥတုကလည်း သိပ်အေးလာခဲ့ပြီ၊ မာကျောပြီး အေးစက်တဲ့ မြေပြင်ပေါ်မှာ တစ်နေကုန် ဒူးထောက်နေရတာကို ဘယ်သူမှ ခံနိုင်မှာ မဟုတ်ပါဘူး။
မခံနိုင်ပေမဲ့လည်း ခံကြရမှာပါပဲ။
ကံကောင်းတာက ကျောက်အာက အတွေ့အကြုံ ရှိလာပြီမို့၊ မလာခင်ကတည်းက ဒူးပေါ်မှာ ထူထဲတဲ့ ဝါဂွမ်းဖုံးတွေကို ပတ်ထားလို့၊ နည်းနည်းတော့ သက်သာစေခဲ့ပါတယ်။
ဒါပေမဲ့ မနက်ကနေ ညအထိ၊ သုံးရက်တိုင်တိုင် လုပ်ပြီးတဲ့ အခါမှာတော့ တတိယမြောက်နေ့ ငိုကြွေးခြင်း အခမ်းအနား ပြီးတဲ့အခါ ကျောက်အာက လူတွေကို တွဲခိုင်းပြီးမှ မြင်းရထားပေါ် တက်နိုင်ခဲ့တော့တယ်။
ချွင်းလန်က ကျောက်အာရဲ့ ခြေထောက်တွေကို နှိပ်ပေးချင်ပေမဲ့၊ ကျောက်အာက အထိတောင် မခံနိုင်တော့ပါဘူး၊ ချွင်းလန်ကလည်း အိမ်ပြန်ရောက်မှ ရေနွေးနဲ့ အုပ်ပေးမယ်လို့ပဲ ပြောနိုင်တော့တယ်။
ရထားထဲမှာ၊ သခင်နဲ့ အစေခံ နှစ်ယောက် စကားပြောနေတုန်းမှာပဲ၊ ရုတ်တရက် မြင်းရထားက ရပ်သွားတာကြောင့် ချွင်းလန်က အပြင်ကို လွင့်ထွက်သွားလုနီးပါး ဖြစ်ခဲ့ရတယ်။ ကံကောင်းလို့ ကျောက်အာက လက်မြန်ခြေမြန် ဆွဲထားလိုက်သလို၊ ရထားပြတင်းပေါက်ကိုပါ လှမ်းကိုင်နိုင်ခဲ့တယ်။
"ကျောက်တာ နင် ရထားကို သတိထားပြီး မောင်းစမ်းပါ" ချွင်းလန်က ဆူလိုက်တယ်။
အပြင်ဘက်က ရထားမောင်းသမား ကျောက်တာရဲ့အသံ ထွက်လာတယ်။ "မကောင်းတော့ပါဘူး သခင်မကြီး၊ လူတစ်ယောက်ကို တိုက်မိသွားလို့ပါ" ဆိုပြီးနောက်မှာမှ သူ့ရဲ့ဒေါသတကြီး အသံကို ကြားလိုက်ရပြန်တယ်။ "ရထားက အနှေးကြီး သွားနေတာကို၊ မင်းတို့က ငွေညှစ်ချင်လို့လား ဘာလား၊ ဘာလို့ ရထားရှေ့ကို ဇွတ်တိုးဝင်လာတာလဲ?"
ဘယ်သူမှ ပြန်မပြောပေမဲ့၊ အမျိုးသမီး တစ်ယောက်ရဲ့ တိုးတိုးလေး ငိုရှိုက်သံနဲ့ "မေမေ" လို့ ခေါ်တဲ့ အသံကိုပဲ ကြားလိုက်ရတယ်။
ဒါကို မြင်တော့ ကျောက်အာက ရထားလိုက်ကာကို လှမ်းဖွင့်လိုက်ရာ၊ ရထားရှေ့မှာ လဲနေတဲ့သူ တစ်ယောက်နဲ့ ဆောင့်ကြောင့်ထိုင်နေတဲ့သူ တစ်ယောက်ကို မြင်လိုက်ရတယ်။
နှစ်ယောက်လုံးက အမျိုးသမီးတွေပါပဲ။
တစ်ယောက်က ငယ်ရွယ်ပြီး အပျိုရည် မပျက်သေးတဲ့ ပုံစံရှိသလို၊ နောက်တစ်ယောက်ကတော့ အသက်ကြီးပြီး အဲဒီမိန်းကလေးရဲ့မိခင် ဖြစ်ပုံရတယ်။
အဲဒီအချိန်မှာ ရထားနောက်က လိုက်လာတဲ့ ရွှီအိမ်တော်က အစောင့်အကြပ်တွေလည်း အနားကို ရောက်လာကြပြီး၊ မြင်းပေါ်က ဆင်းကာ လဲနေတဲ့ အမျိုးသမီးကြီးရဲ့ အခြေအနေကို စစ်ဆေးကြတော့တယ်။ အဲဒီမိန်းကလေးက အတော်လေး စိတ်လှုပ်ရှားနေပုံရပြီး၊ လက်စွပ်နဲ့ မျက်နှာကို အုပ်ကာ ငိုရင်း၊ သူ့မိခင်ကို မထိဖို့ တောင်းဆိုနေခဲ့တယ်။
ဒီလိုမျိုး အခြေအနေက နည်းနည်း အနေခက်ပါတယ်။ ဒါပေမဲ့ အမျိုးသားနဲ့ အမျိုးသမီး ခွဲခြားမှု ရှိနေတာကြောင့်၊ တစ်ဖက်လူက ပြဿနာ ရှာနေတယ်လို့လည်း ပြောလို့ မရနိုင်ပါဘူး။
"ချွင်းလန်၊ နင် သွားကြည့်လိုက်စမ်း"
ချွင်းလန်က အမိန့်အရ ရထားပေါ်က ဆင်းသွားတယ်။ အဲဒီငိုနေတဲ့ မိန်းကလေးကလည်း ကျောက်အာကို မြင်သွားပုံရတာနဲ့၊ ရုတ်တရက် ရှေ့ကို ပြေးဝင်လာပြီး - "နင်တို့ ငါ့အမေကို တိုက်မိလို့ ဒဏ်ရာ ရသွားပြီ၊ ဒီနေ့ အဖြေတစ်ခု မပေးဘူး ဆိုရင်တော့ ငါ ဒီမှာတင် ခေါင်းနဲ့ တိုက်သေပြလိုက်မယ်" ဆိုရင်း ကျောက်အာရဲ့ ဝတ်ရုံစကို အတင်း ဆွဲကိုင်ထားတော့တယ်။
သူမရဲ့ လုပ်ရပ်က သိပ်ကို ရုတ်တရက် ဆန်တာကြောင့် လူတိုင်း မှင်တက်သွားခဲ့ရတယ်။ အစောင့်အကြပ်တွေကလည်း ဒီလို အားနည်းတဲ့ အမျိုးသမီးတွေကို သတိမထားမိတာကြောင့်၊ အကယ်လို့ တစ်ယောက်ယောက်က ကျောက်အာကို ဒုက္ခပေးချင်ရင် အောင်မြင်သွားနိုင်ပါတယ်။
ဒါကြောင့် သူတို့က နည်းနည်း ရှက်ဒေါသ ထွက်လာပြီး၊ အဲဒီမိန်းကလေးကို နောက်ဆုတ်ဖို့ အော်ဟစ် ငေါက်ငမ်းကြတယ်။
နှမြောစရာ ကောင်းတာက ကျောက်အာကတော့ ခဏမျှ မှင်တက်သွားပြီးနောက်မှာ လက်ယပ်ပြလိုက်တယ်။ "သူမက အားနည်းတဲ့ အမျိုးသမီး တစ်ယောက်ပဲ၊ ငါ့ကို ဘာဒုက္ခ ပေးနိုင်မှာလဲ။ ငါ့ရထားလုံးက လူကို တိုက်မိတာ ဆိုမှတော့ အိမ်ကို ခေါ်သွားပြီး ဆေးကုပေးလိုက်ရုံပေါ့"
265 05
အဲဒီအချိန်မှာ နန်းတော်စောင့်တပ်တစ်စု ရောက်လာပြီး၊ ဘာဖြစ်လို့လဲလို့ မေးကြတယ်။
အစောင့်အကြပ် တစ်ယောက်က ရှေ့ထွက်ပြီး ဖြစ်စဉ် အမှန်ကို ရှင်းပြလိုက်တော့ တစ်ဖက်လူက မြေပြင်ပေါ်က လူနဲ့ ရထားရှေ့က မိန်းကလေးကို တစ်ချက် ကြည့်ပြီးနောက်၊ ဘာမှ မပြောဘဲ ထွက်သွားခဲ့တယ်။
အဲဒီ နန်းတော်စောင့်တပ်တွေ ထွက်သွားပြီးမှသာ ကျောက်အာရဲ့ မျက်ဝန်းတွေက တစ်ချက် ဝင်းသွားပြီး လဲနေတဲ့ အမျိုးသမီးကြီးကို ရထားပေါ် တင်ခိုင်းလိုက်သလို ငိုနေတဲ့ မိန်းကလေးကိုပါ ခေါ်ပြီး၊ အလျင်အမြန်ပဲ ထွက်လာခဲ့ကြတော့တယ်။
ရထားလုံးထဲမှာ ကျောက်အာက ထူးဆန်းတဲ့ အကြည့်တွေနဲ့ အဲဒီမိန်းကလေးကို စိုက်ကြည့်နေမိတယ်။
ဒီမိန်းကလေးက သိပ်ကို ရှက်တတ်ပုံရပြီး၊ ခေါင်းကို အမြဲ ငုံ့ထားပေမဲ့၊ ဖရိုဖရဲ ဖြစ်နေတဲ့ ဆံပင်တွေကြားက မြင်ရတဲ့ အသားအရေက ဖြူစင်သလို၊ မျက်နှာကလည်း သပ်ရပ်လှပနေခဲ့တယ်။
ဒါပေမဲ့ သေသေချာချာ ကြည့်ရင် သူက သာမန် အမျိုးသမီးတွေနဲ့ နည်းနည်း ကွဲပြားနေတာ သိနိုင်တယ်။ သူ့ကိုယ်ဟန်က ထွားကျိုင်းသလို၊ အရပ်ကလည်း သာမန် အမျိုးသမီးတွေထက် အများကြီး ပိုမြင့်နေခဲ့တယ်။
တစ်ဖက်မှာ ချွင်းလန်က မူးလဲနေတဲ့ အမျိုးသမီးကြီးကို ပြုစုပေးနေတုန်း၊ ဒီဘက်မှာတော့ ကျောက်အာက နှာခေါင်းရှုံ့ပြီး ဆိုလိုက်တယ်။ - "နင်က ဘာလို့ ဒီလိုမျိုး သရဲမ ရုပ်ဖမ်းထားရတာလဲ"
အဲဒီမိန်းကလေးက ခေါင်းမော့လိုက်ပြီး၊ နှာခေါင်းကို တစ်ချက် ပွတ်ကာ၊ မျက်နှာမှာ နည်းနည်း နေရခက်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။ "ငါလည်း မတတ်သာလို့ပါ၊ မြို့တံခါး ကိုးပေါက်က ဖွင့်ထားတယ်လို့ ထင်ရပေမဲ့ တကယ့်တော့ အစောင့်အကြပ်တွေက အရမ်း တင်းကျပ်တာလေ၊ ဒါကြောင့် အမျိုးသမီးအဖြစ် ရုပ်ဖျက်မှသာ ရမှာပေါ့။ အိမ်မှာလည်း ဘယ်သူက စောင့်ကြည့်နေမလဲ မသိတာမို့၊ ဒီလိုပဲ လုပ်လိုက်ရတာပါ"
ဒီမိန်းကလေးက အမှန်စင်စစ် ရွှီထင်းရှန်းပါပဲ။
သူ့ရဲ့ပြောပုံက သိပ်ကို ရိုးရှင်းပေမဲ့၊ လက်တွေ့မှာတော့ လမ်းခရီး တစ်လျှောက်မှာ ဘေးအန္တရာယ်တွေအများကြီးကို ဖြတ်ခဲ့ရတာပါ။ ကံကောင်းလို့ သူက လမ်းခရီးမှာ မြန်မြန် လာခဲ့တာကြောင့် မြို့တော်မှာ အစောင့်အကြပ်တွေ မတင်းကျပ်ခင်မှာတင် မြို့ထဲကို ဝင်နိုင်ခဲ့တယ်။
"ဒါဆိုရင် ငါ လူလွှတ်ပြီး ပို့လိုက်တဲ့ စာကိုရော၊ နင် ရခဲ့ရဲ့လား"
"စာလား?" တစ်ဖက်လူက ခေါင်းကို နည်းနည်း ခါပြလိုက်တယ်။ "ငါနဲ့အတူ ပါသွားတဲ့ ကျင်းယီဝေ့တွေက တစ်ခုခု ထူးခြားနေတယ်လို့ သိလိုက်သလို၊ စူးကျိုး ဒေသခံ အရာရှိတွေကလည်း ငါ့ကို အချိန်ဆွဲထားချင်နေပုံ ရတာနဲ့၊ ကိုယ်လည်း လှည့်ကွက် သုံးပြီး စူးကျိုးကနေ တိတ်တဆိတ် ထွက်လာခဲ့တာပါ။ ဟူစန်းကိုပဲ အဲဒီမှာ ဟန်ဆောင်ခိုင်းထားခဲ့တာ။ လမ်းတစ်လျှောက်မှာ စစ်ဆေးတာတွေက အရမ်း တင်းကျပ်သလို၊ အထူးသဖြင့် ထုန်းကျိုးဘက်မှာဆိုရင် အစောကတည်းက ပိတ်ထားတာမို့၊ လမ်းခရီးမှာ တော်တော်လေး နှေးသွားခဲ့ရတယ်။ ၁၀ ရက်ကျော်လောက် ကြာမှပဲ ရောက်လာနိုင်ခဲ့တာပါ"
ခက်ခက်ခဲခဲနဲ့ မြို့တော်ကို ရောက်လာတဲ့ အခါမှာတော့ သူက လက်ရှိ အခြေအနေကို မသိတာကြောင့် အပြင်မြို့မှာပဲ သတင်းစုံစမ်းနေခဲ့ရတယ်။ အဲဒီအချိန်မှာတင် ကျားချန်ဧကရာဇ် နတ်ရွာစံပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတာကြောင့် သူတို့ အုပ်စုလည်း ရင်ထဲမှာ သိပ်ကို ပူလောင်သွားပြီး၊ နန်းတော်ထဲကို ချက်ချင်း ဝင်ပြီး အခြေအနေတွေကို စုံစမ်းချင်ပေမဲ့ ဒါက မဖြစ်နိုင်တဲ့ ကိစ္စပါ၊ သူတို့ အုပ်စုက လူဆယ်ယောက်လောက်ပဲ ရှိသလို၊ စစ်အင်အားလည်း မရှိ၊ ဘယ်သူ့ကို ယုံရမလဲဆိုတာလည်း မသိကြဘူး။ ဒါ့အပြင် မြို့တံခါးတွေကိုလည်း ပိတ်ထားတာကြောင့် ခဏမျှ ငြိမ်နေခဲ့ရတာ ဖြစ်တယ်။
ကံကောင်းတာက ဧကရာဇ်သစ်က နန်းတက်ဖို့ လောနေတာကြောင့်၊ ကွယ်လွန်သူ ဧကရာဇ် နတ်ရွာစံတဲ့ သတင်းကို တစ်လောကလုံးကို အသိပေးလိုက်သလို သူ့ရဲ့ သန့်ရှင်း ပွင့်လင်းတာကို ပြဖို့အတွက် မြို့တံခါး ကိုးပေါက်ကို ပြန်ဖွင့်ပေးတာကြောင့် သူတို့လည်း ဒီအခွင့်အရေးကို သုံးပြီး မြို့ထဲကို ဝင်လာခဲ့တာ ဖြစ်တယ်။
အခုတစ်ကြိမ် ဝင်လာတာက လူနှစ်ယောက်တည်းဖြစ်ပြီး၊ အမျိုးသမီးတွေအဖြစ် ရုပ်ဖျက်မှသာ ဘေးကင်းစွာ ဝင်နိုင်ခဲ့တယ်။
လဲကျ မူးလဲနေတဲ့ အမျိုးသမီးကြီးကတော့ အမှန်စင်စစ် ဝေယွင်ကျယ်ပါပဲ။
ကံကောင်းတာက ကျင်းယီဝေ့တွေရဲ့ ရုပ်ဖျက်အတတ်က တော်တော်လေး အသုံးတည့်တာကြောင့်၊ မဟုတ်ရင် သူတို့ နှစ်ယောက် အတွက်တော့ အတွင်းမြို့ကို ဝင်ဖို့က အခက်အခဲတွေအများကြီး ရှိမှာပါ။
ချွင်းလန်က အမျိုးသမီးအဖြစ် ရုပ်ဖျက်ထားတဲ့ အရှင်သခင်ကို ကြည့်ပြီး၊ ပါးစပ်ကို လက်နဲ့ သေသေချာချာ ပိတ်ရင်း အံ့အားသင့်နေမိတယ်။
ဝေယွင်ကျယ်ကတော့ ကိုယ်က တစ်သက်လုံး သူရဲကောင်း လုပ်လာတဲ့သူ ဖြစ်ပါလျက်နဲ့၊ အရေးကြုံတော့ အမျိုးသမီးအဖြစ် ဟန်ဆောင်နေရတာကြောင့်၊ ဆက်ပြီးတော့ပဲ မူးလဲချင်ယောင် ဆောင်နေတော့တယ်။
265 06
ကျောက်အာက ရယ်လည်းရယ်ချင် ငိုလည်းငိုချင် ဖြစ်သွားပြီး၊ ပုဝါကို ထုတ်ပြီး သူ့မျက်နှာကို သုတ်ပေးလိုက်တယ်။ "နင်တို့လည်း ဒီလိုမျိုး ဖြစ်သွားရတယ်လို့၊ တကယ်ပါပဲ"
"မင်း တစ်ယောက်တည်း အိမ်မှာ တောင့်ခံနေရတာ၊ ပင်ပန်းသွားပါပြီ"
ကျောက်အာက သူ့ကို ကျားချန်ဧကရာဇ်ရဲ့ အကြောင်းကို ပြောပြဖို့ ပြင်ပေမဲ့၊ အဲဒီအချိန်မှာ မြင်းရထားက အိမ်ရှေ့ကို ရောက်နေပြီမို့၊ အိမ်ထဲရောက်မှပဲ ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
ရထားပေါ်က ဆင်းတဲ့ အခါမှာ၊ ကျောက်အာက ချွင်းလန်ရဲ့ တွဲကူမှုနဲ့ ဆင်းခဲ့ရတယ်။
ရွှီထင်းရှန်းက သူမရဲ့ နွမ်းလျနေတဲ့ ပုံစံကို ကြည့်ရင်း ရင်ထဲမှာ နာကျင်နေပြီး၊ မျက်မှောင်တွေလည်း တွန့်နေခဲ့တယ်။
အိမ်တော်ထဲကို ခက်ခက်ခဲခဲ ဝင်လာပြီးနောက်မှာတော့ သူက ကျောက်အာကို ရုတ်တရက် ပွေ့ချီလိုက်ပြီး၊ အဆောင်မကြီးဘက်ကို တိုက်ရိုက် ဦးတည် သွားတော့တာပဲ။
ဘေးနားက အစေခံတွေက အံ့အားသင့်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပေမဲ့၊ ချွင်းလန်က ရှေ့ထွက်ပြီး ဒီအစေခံမလေးက အစားကြီးသလို အင်အားလည်း သန်လို့၊ အထူး ခေါ်ထားတာ ဖြစ်ကြောင်း ရှင်းပြလိုက်ရတယ်။
ရွှီထင်းရှန်းက ကျောက်အာကို ပွေ့ပြီး အဆောင်မကြီးထဲကို အမြန် ဝင်သွားခဲ့ရာ၊ လမ်းတစ်လျှောက်မှာလည်း ချွင်းလန်က ပြဿနာတွေကို လိုက်ရှင်းပေးခဲ့ရတယ်။
အဆောင်မကြီးရဲ့ တံခါးဝ ရောက်တော့ ချွင်းလိုင်တို့ အစေခံမလေးတွေက ကြိုဆိုဖို့ ရှေ့တိုးလာတုန်းမှာပဲ၊ လေပြင်းတစ်ချက် ဝှေ့သွားသလို လူတစ်ယောက် မျက်စိရှေ့က ဖြတ်သွားတာကို မြင်လိုက်ရတယ်။
ရွှီထင်းရှန်းက ကျောက်အာကို နွေးထွေးတဲ့ ခုံတန်းပေါ်မှာ တင်လိုက်ပြီးနောက်၊ သမားတော်ကို သွားပင့်ဖို့ ပြင်တုန်း၊ ရုတ်တရက် ပုတီးလိုက်ကာကို ဖြန့်ပြီး လူတစ်ယောက် ထွက်လာခဲ့တယ်။
"မင်း ပြန်လာပြီလား" အဲဒီလူက မေးလိုက်တယ်။
အဲဒါက မော့ကျားပါပဲ။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်ဆုံကြတဲ့ အခါမှာတော့ အမျိုးသား နှစ်ယောက်လုံးက ဒီလို အခြေအနေမျိုး ဖြစ်မယ်လို့ မထင်ထားခဲ့ကြပါဘူး။
တစ်ယောက်က အမျိုးသမီးအဖြစ် ရုပ်ဖျက်ထားတာကြောင့်၊ မော့ကျားကတော့ တစ်ချက် ကြည့်ရုံနဲ့ မမှတ်မိခဲ့ဘူး။
ရွှီထင်းရှန်းကတော့ ကိုယ်နဲ့ ကျောက်အာတို့ရဲ့ အိပ်ဆောင်ထဲကနေ အမျိုးသား တစ်ယောက် ထွက်လာတာကို မြင်ရသလို သူ့ရဲ့ အပြုအမူကလည်း သိပ်ကို အေးဆေး လွတ်လပ်နေတာကြောင့်၊ အဲဒီအိပ်ဆောင်က သူ့နေရာ ဖြစ်နေသလိုမျိုး ခံစားလိုက်ရတယ်။
"မင်း ဘယ်လို ဖြစ်တာလဲ။ ခြေထောက်တွေ ထပ်ပြီး နာနေပြန်ပြီလား" မော့ကျားက စိုးရိမ်တကြီးနဲ့ အနားကို တိုးလာပြီး၊ ဘေးနားက အမျိုးသမီးကိုတော့ သတိမထားမိခဲ့ပါဘူး။
"သူက ဘာလို့ ဒီမှာ ရှိနေတာလဲ?" ရွှီထင်းရှန်းက မော့ကျားကို ချက်ချင်းပဲ မှတ်မိသွားခဲ့တယ်။
အသံ နှစ်ခုက တစ်ပြိုင်တည်း ထွက်လာတာ ဖြစ်တယ်။ တစ်ဖက်လူရဲ့ အသံက သာမန် အမျိုးသမီးနဲ့ မတူတာကို ကြားမှသာ၊ မော့ကျားက အံ့အားသင့်ပြီး လှည့်ကြည့်လိုက်တယ်။
"ဒါက ဘယ်သူလဲ။ မင်းက ရွှီထင်းရှန်းလား" မော့ကျားရဲ့ မျက်စိကလည်း သိပ်စူးရှတာမို့၊ သေသေချာချာ ကြည့်ပြီးနောက်မှာ မှတ်မိသွားခဲ့တယ်။
"သူက ဘာလို့ ဒီမှာ ရှိနေတာလဲ၊ ငါ စူးကျိုး သွားနေတုန်း၊ မင်းက ငါ့ကို ကွယ်ပြီးတော့ ဖောက်ပြန်နေတာလား အိမ်ထဲအထိ အချောအလှလေးကို ခေါ်ထားတယ်ပေါ့" ရွှီထင်းရှန်းရဲ့မျက်နှာက ဒေါသကြောင့် ပျက်နေပြီ ဖြစ်တယ်။
သူ့ကိုလည်း အပြစ်တင်လို့ မရပါဘူး၊ ဘယ်အမျိုးသားမဆို ဒီလို အခြေအနေမှာ ကောင်းတဲ့ဘက်က တွေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
အိပ်ဆောင် ဆိုတာက သိပ်ကို လျှို့ဝှက်တဲ့ နေရာပါ၊ အထူးသဖြင့် လင်မယား နှစ်ယောက်ရဲ့ အိပ်ဆောင်ထဲကို၊ အနီးကပ် ပြုစုတဲ့ အစေခံမလေးတွေကလွဲရင် သားကြီး ဖြစ်တဲ့ ရွှီယောင်ဟုန်တောင်မှ အရွယ်ရောက်ကတည်းက ဝင်ခဲတာ မဟုတ်လား။
"ငါက ဘယ်သူနဲ့ ဖောက်ပြန်လို့လဲ။ နင် ဘယ်တွေကို တွေးနေတာလဲ" ကျောက်အာက နာကျင်လို့ မျက်နှာကို ရှုံ့ပြီး ပြောလိုက်တယ်။
265 07
"ဘယ်သူ့ကို အချောအလှလေးလို့ ပြောနေတာလဲ။ နင့်ရဲ့ အခု ဝတ်ထားတဲ့ ပုံစံကို ကြည့်ဦး၊ အချောအလှလေး ဆိုတဲ့ စကားက နင့်အတွက်ပဲ သင့်တော်တာပါ"
အသံ နှစ်ခုက နောက်တစ်ကြိမ် တစ်ပြိုင်တည်း ထွက်လာပြန်ပါတယ်။
မော့ကျားက အေးစက်စက်နဲ့ ရယ်လိုက်တယ်။
ရွှီထင်းရှန်းကတော့ ဒေါသထွက်လွန်းလို့ အင်္ကျီလက်စွပ်တွေကို လိပ်ပြီး တိုက်ဖို့ ပြင်တော့တယ်။
နှမြောစရာက သူက ကိုယ့်ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်ကို အထင်ကြီးမိသွားတာပဲ၊ ကံကောင်းလို့ ကျောက်အာက သူ့ကို အချိန်မီ ဆွဲထားလိုက်တယ်။
"မော့ကျား၊ ရှင် ပါးစပ်ပိတ်ထားလို့ မရဘူးလား" သူက အရင်ဆုံး ပြင်းပြင်းထန်ထန် အော်လိုက်ပြီးမှ ရွှီထင်းရှန်း ဘက်ကို လှည့်ကာ လေသံကို လျှော့လိုက်တယ်။ "ခဏနေရင် ငါ နင့်ကို အားလုံး ရှင်းပြပါ့မယ်"
ကျောက်အာရဲ့ မျက်နှာမှာ ပင်ပန်းတာတွေ အထင်အရှား ရှိနေတယ်။ ခါးနဲ့ ခြေထောက်တွေကလည်း နာနေတာကြောင့် မျက်ခုံးတွေက တွန့်နေပေမဲ့၊ သူ့အသံကတော့ သိပ်ကို နူးညံ့နေပြီး မသိစိတ်အရ ချွဲနေတဲ့ အသံမျိုး ဖြစ်နေခဲ့တယ်။
ရွှီထင်းရှန်းက သူ့ရဲ့ ဒီလို ပုံစံမျိုးကို မြင်ရင် အမြဲ အရှုံးပေးတတ်တယ်။ ဒါ့အပြင် သူမရဲ့ အခြေအနေကလည်း မကောင်းတာ မြင်ရတာကြောင့် ဒေါသကို မြိုသိပ်ပြီး လူခေါ်ဖို့ မှာလိုက်တယ်။
ချွင်းလန်တို့က အမြန်ပဲ ရေနွေးနဲ့ ပုဝါတွေကို ယူလာကြသလို၊ ဆေးအရက်နဲ့ ဆေးဆီတွေကိုပါ ယူလာခဲ့ကြတယ်။
ကျောက်အာက မော့ကျားကို စိုက်ကြည့်လိုက်တာကြောင့် တစ်ဖက်လူက ရွှီထင်းရှန်းကို တစ်ချက် ကြည့်ပြီးမှ နှာခေါင်းကို ပွတ်ကာ အတွင်းဆောင်ထဲကို ဝင်သွားတော့တယ်။
အဲဒီအချိန်မှာ ရွှီထင်းရှန်းလည်း အခြေအနေ တချို့ကို ရိပ်မိသွားပြီ ဖြစ်ပေမဲ့၊ ဆက်ပြီး ဒေါသ မထုတ်တော့ဘဲ ငြိမ်နေခဲ့တယ်။ ချွင်းလန်တို့က ကျောက်အာရဲ့ ဖိနပ်နဲ့ ခြေအိတ်တွေကို ချွတ်ပေးပြီး၊ ဘောင်းဘီနားကို လိပ်လိုက်တဲ့ အခါမှသာ၊ အောက်မှာ ပတ်ထားတဲ့ ဝါဂွမ်းဖုံးတွေကို မြင်ရတော့တယ်။
ဝါဂွမ်းဖုံးတွေကို ဖြည်လိုက်တဲ့ အခါမှာတော့ ညိုမည်းနေတဲ့ ခြေသလုံးနဲ့ ဒူးတွေကို မြင်လိုက်ရတော့တယ်။
"ဘာဖြစ်လို့ ဒီလောက်အထိ ဖြစ်သွားရတာလဲ" ရွှီထင်းရှန်းက မျက်နှာ ပျက်သွားပြီး ကိုယ်တိုင် နာကျင်နေသလိုမျိုး ဖြစ်နေခဲ့တယ်။
"သုံးရက်တိုင်တိုင် ငိုကြွေးခြင်း အခမ်းအနားမှာ ဒူးထောက်ခဲ့ရတာလေ"
အဲဒီအချိန်မှာ ချွင်းလိုင်က ရေနွေးပူပူ စိမ်ထားတဲ့ ပုဝါကို ယူပြီး အုပ်ပေးလိုက်တယ်။ သွေးလည်ပတ်မှု ကောင်းအောင် ပုဝါက သိပ်ပူနေတာပါ။ ကျောက်အာရဲ့ ခြေထောက်တွေက မူလကတည်းက နာနေတာကြောင့်၊ ပုဝါ အုပ်လိုက်တဲ့ အခါမှာတော့ သည်းခံနိုင်စွမ်း မြင့်တဲ့ သူတောင်မှ မခံနိုင်တော့ဘဲ ဖြစ်သွားရတယ်။
သူမက မျက်ခုံးတွေ တွန့်ပြီး မသိစိတ်အရ နောက်ကို ဆုတ်ဖို့ ကြိုးစားလိုက်ပေမဲ့၊ တောင့်တင်းနေတဲ့ ခါးကို ထိသွားတာကြောင့် နာကျင်ပြီး ဘေးကို လဲသွားတော့တယ်။
ရွှီထင်းရှန်းက သူမကို အမြန်ပဲ ရင်ခွင်ထဲမှာ ပွေ့ဖက်ထားလိုက်တယ်။
ဒီရင်းနှီးလှတဲ့ ရင်ခွင်ထဲ ရောက်သွားတဲ့ အခါမှာတော့ ကျောက်အာက ရင်ထဲမှာ ဝမ်းနည်းတာတွေ ဖြစ်လာပြီး၊ ကိုယ့်ကိုယ်ကိုယ် သနားမိသလို ဒီရက်ပိုင်းအတွင်း စိတ်ပင်ပန်းခဲ့သမျှ အရာအားလုံးကြောင့် ငိုချင်စိတ်တွေ ပေါ်လာခဲ့တယ်။
"ငါ့ ခြေထောက်တွေလည်း နာတယ်။ ခါးလည်း နာတယ်"
ကျောက်အာမှာ ခါးနာတဲ့ ရောဂါ ရှိနေခဲ့တယ်။ အဲဒါက အဲဒီတုန်းက ဟုန်ဘန်းရဲ့ ဖမ်းတာကို ခံရစဉ်အတွင်း နင်နင်တို့ မောင်နှမကို ကိုယ်ဝန်ဆောင်ခဲ့ရလို့ အမြစ်တွယ်ခဲ့တဲ့ ရောဂါပါ။ ဒါ့အပြင် သူမက အမြဲတမ်း အချိန်အတော်ကြာ ထိုင်ပြီး စာရင်းတွေကို ကြည့်နေရတာကြောင့်လည်း ဖြစ်တယ်။ ခါးနာလာတိုင်း ရွှီထင်းရှန်းက သူမကို အမြဲ နှိပ်ပေးလေ့ ရှိတယ်။
နှိပ်ပေးလိုက်ရင်တော့ အမြဲပဲ သက်သာသွားတတ်စမြဲပါ။
ရွှီထင်းရှန်းက နှိပ်ပေးနေကျမို့၊ မသိစိတ်အရ သူမခါးတွေကို နှိပ်ပေးနေပြီး၊ နှိပ်ရင်း နှိပ်ရင်းနဲ့ပဲ ဒေါသတွေကို မေ့သွားခဲ့တယ်။
သူ နှိပ်ပေးနေတာကြောင့် ကျောက်အာလည်း ခြေထောက်ပေါ်ကို ဆေးအရက် လိမ်းနေရတာကို ခက်တယ်လို့ မထင်တော့ဘဲ သူ့ရင်ခွင်ထဲမှာ မှီရင်း မော့ကျား ဘာလို့ ဒီနေရာကို ရောက်နေလဲ ဆိုတဲ့ အကြောင်းတွေကို အစအဆုံး ပြောပြလိုက်တော့တယ်။
အတွင်းဆောင်ထဲမှာတော့ အပြင်က အမျိုးသမီးရဲ့ နူးညံ့တဲ့အသံနဲ့ ရှင်းပြနေတာတွေကို နားထောင်ရင်း မော့ကျားရဲ့မျက်နှာက တစ်လှည့်စီ ပြောင်းနေခဲ့တယ်။
265 08
အဲဒါက ညည်းတွားသံလို ဖြစ်နေသလို၊ မကျေနပ်သလိုလည်း ရှိနေပြီး၊ နည်းနည်းလည်း မနာလိုတဲ့ အရိပ်အယောင်တွေ ပါနေခဲ့တယ်။
"မင်းက ဒီလောက် အချိန်တွေအများကြီးကို သုံးပြီးတော့ မြို့တော်ကို လာပြီး ဆွေမျိုးရှာတာက သူ့အတွက်ကြောင့်လား?"
မော့ကျားရဲ့ မျက်နှာက ချက်ချင်းပဲ ပျက်သွားပေမဲ့ မကြာခင်မှာပဲ အရင်လို နက်နဲတဲ့ ပုံစံကို ပြန်ပြောင်းလိုက်တယ်။ "ဧကရာဇ်မင်းမြတ် အရမ်း တွေးနေမိပါပြီ"
"ကျန်း အရမ်းတွေးမိတယ် ဆိုရင်လည်း ထားလိုက်ပါတော့။ အမှန်တော့ အမျိုးသမီး တစ်ယောက်အတွက် မင်း ဒီလောက်အထိ လုပ်စရာ မလိုပါဘူး၊ လိုချင်ရင်လည်း လုလိုက်ရုံပါပဲ။ ဒါပေမဲ့ ရွှီထင်းရှန်းက တာ့ချန်းရဲ့ အောင်မြင်မှုတွေ ရအောင် လုပ်ခဲ့တဲ့ အမတ်ကြီး တစ်ယောက်ပါ၊ သူတစ်ပါးရဲ့ဇနီးကို လုတာမျိုးကတော့ ကျန်းအနေနဲ့ရော၊ ကျန်းရဲ့ သားမြေးတွေ အနေနဲ့ပါ မလုပ်သင့်တဲ့ ကိစ္စပဲလေ" ကုတင်ပေါ်က ကျားချန်ဧကရာဇ်က သူ့ကို တစ်ချက် ကြည့်ပြီး မိန့်လိုက်တယ်။
ဆိုလိုတာက ကျန်း အနေနဲ့ ရွှီထင်းရှန်း အပေါ် သစ္စာမပျက်စေရသလို၊ ကျန်းရဲ့ သားမြေးတွေကလည်း အဲဒီလိုပဲ ဖြစ်ရမယ်။ အကယ်လို့ မင်းသာ ကျန်းနဲ့ ဘာမှ မဆိုင်ဘူး ဆိုရင်တော့ ကိစ္စမရှိဘူး။
ပြဿနာက ရွှီထင်းရှန်းက အဆင့်မြင့် အရာရှိကြီး တစ်ယောက် ဖြစ်နေတာပါ၊ အကယ်လို့ အရှိန်အဝါကို အသုံးချချင်တာ မဟုတ်ရင် မော့ကျားရဲ့ မာန်မာနအရဆိုရင် သူ့ဖခင်အရင်းက ရာထူး မနိမ့်မှန်း သိနေရင်တောင်၊ ဆွေမျိုး သွားရှာချင်တဲ့စိတ် လုံးဝရှိမှာ မဟုတ်ဘူး။
အခုတော့ ဖခင်ကို ရှာတွေ့ပေမဲ့ ဒီလိုမျိုး ရှုပ်ထွေးတဲ့ အခြေအနေထဲ ရောက်နေရတယ်။ တစ်ချိန်တည်းမှာ ဒီအရှိန်အဝါကို မင်းကို ပေးနိုင်ပေမဲ့ သူတစ်ပါးရဲ့ဇနီးကို လုတဲ့ လုပ်ရပ်မျိုးကိုတော့ လုံးဝ မလုပ်ရဘူးလို့ သတိပေးတာကိုပါ ခံလိုက်ရတယ်။
အမှန်တော့ မော့ကျားလည်း သူတစ်ပါး ဇနီးကို လုဖို့ စိတ်ကူးမရှိပါဘူး၊ အမှန်အတိုင်း ပြောရရင် သူက ဘာလို့ ဒီအမျိုးသမီးကို ဒီလောက်အထိ စွဲလမ်းပြီး မရမက လိုက်နေလဲ ဆိုတာကို သူကိုယ်တိုင်လည်း မသိပါဘူး။
ဒီကာလအတွင်းမှာ၊ သူ့ကို ဖမ်းခေါ်ပြီး အဝေးကို ပြေးဖို့ အခွင့်အရေးတွေအများကြီး ရှိခဲ့ပေမဲ့၊ သူက အမြဲတမ်း ခြေလှမ်းတွေကို ရပ်ခဲ့မိတာပဲ မဟုတ်လား။
အပြင်က သဲ့သဲ့လေး ကြားနေရတဲ့ စကားပြောသံတွေကို နားထောင်ရင်း၊ မော့ကျားရဲ့ ရင်ထဲမှာတော့ သိပ်ကို ခါးသီး နာကျင်နေခဲ့ရတယ်။
ကျောက်အာ ပြောပြတာအရ၊ ကျားချန်ဧကရာဇ်က အခု အတွင်းဆောင်ထဲမှာ ရှိနေသလို၊ မော့ကျားကလည်း ကျားချန်ဧကရာဇ်ရဲ့ သားအရင်း ဖြစ်နေမှန်း သိလိုက်ရတော့ ရွှီထင်းရှန်းက ထိတ်လန့်လွန်းလို့ ခုံတန်းပေါ်ကနေတောင် ခုန်ထသွားလုနီးပါး ဖြစ်သွားခဲ့ရတယ်။
အတန်ကြာမှပဲ သူက တည်ငြိမ်မှုကို ပြန်ရခဲ့တယ်။
သူက ချက်ချင်းပဲ အထဲကို မဝင်ဘဲ၊ ချွင်းလိုင်က ကျောက်အာကို ဆေးအရက် လိမ်းပေးပြီးတဲ့အထိ စောင့်ခဲ့သလို၊ သူကိုယ်တိုင်လည်း ရေချိုးပြီး အဝတ်အစားတွေ လဲပြီးမှသာ၊ အတွင်းဆောင် တံခါးဝကို သွားပြီး တွေ့ခွင့် တောင်းလိုက်တော့တယ်။
အတွင်းက ဝင်ခဲ့ဖို့ အမိန့် ရတာနဲ့၊ ရွှီထင်းရှန်း အထဲကို ဝင်သွားခဲ့တယ်။
သူ အထဲဝင်သွားတာ အချိန်တော်တော် ကြာခဲ့တယ်။ ကျောက်အာမှာ ခုံတန်းပေါ်မှာ အိပ်ပျော်သွားတဲ့အထိ သူ ပြန်ထွက်မလာခဲ့ဘူး။
သူမ နောက်တစ်ကြိမ် နိုးလာတဲ့ အခါမှာတော့ အနောက်ဘက် အဆောင်ငယ်က ခုံတန်းပေါ်ကို ပြောင်းခံထားရပြီ ဖြစ်ပါတယ်။
ဒီနေရာက ကျောက်အာအနေနဲ့ ပုံမှန်ဆို အဆင်မပြေတာ ရှိရင် နေဖို့ ခဏ စီစဉ်ထားတဲ့ နေရာ ဖြစ်တယ်။ ရေချိုးတာ၊ အဝတ်လဲတာနဲ့ အနားယူတာတွေကို ဒီမှာပဲ လုပ်လေ့ ရှိတာကြောင့် အခုတော့ အိပ်ဆောင်အဖြစ် ခဏ သုံးနေလိုက်တယ်။
သူမက ခုံတန်းပေါ်က ထထိုင်ပြီး လူခေါ်ဖို့ ပြင်တုန်းမှာပဲ၊ တစ်ယောက်ယောက်က လိုက်ကာကို လှမ်းဖွင့်လိုက်တယ်။
အဲဒါက ရွှီထင်းရှန်း ပါပဲ။
ကျောက်အာက မေးလိုက်တယ်။ "ကိစ္စတွေကို ဘယ်လိုများ ဆွေးနွေးလိုက်ကြလဲ"
ရွှီထင်းရှန်းက ဝတ်ရုံကို ချွတ်ပြီး ခုံတန်းပေါ်ကို တက်လာကာ ဆိုလိုက်တယ်။ "ဧကရာဇ်မင်းမြတ် ဘေးကင်းတယ်ဆိုတာကို သိရပြီဆိုမှတော့ ဒီကိစ္စက မလောတော့ပါဘူး။ ငါတို့ လှုပ်ရှားတာထက်စာရင် သူတို့တွေ ဘယ်လို လှုပ်ရှားမလဲ ဆိုတာကိုပဲ စောင့်ကြည့်ကြတာပေါ့"
အစိုးရအဖွဲ့ထဲက ကိစ္စတွေက သိပ်ရှုပ်တာကြောင့် ရွှီထင်းရှန်း ပြန်ရောက်လာပြီမို့၊ ကျောက်အာလည်း အဲဒီအရာတွေကို ထပ်ပြီး မစဉ်းစားတော့ပါဘူး။
265 09
သူ့မျက်နှာမှာ ပင်ပန်းတာတွေကို မြင်ရတာကြောင့် သူမက သူ့ကို အိပ်ဖို့ ပြုစုပေးခဲ့တယ်။ သူ အိပ်ပျော်တဲ့အထိ အတူတူ နေပေးဖို့ စဉ်းစားခဲ့ပေမဲ့၊ နောက်ဆုံးတော့ ကျောက်အာ ကိုယ်တိုင်လည်း အိပ်ပျော်သွားခဲ့ရတော့တာပါပဲ။
သုံးရက်တိုင်တိုင် ငိုကြွေးခြင်း အခမ်းအနား ပြီးသွားပြီးနောက်မှာ၊ ကျန်တဲ့ ကိစ္စတွေက သာမန် အမတ်တွေနဲ့ ဘာမှ မပတ်သက်တော့ပါဘူး။
အနည်းဆုံးတော့ ခဏမျှ ရွှီအိမ်တော်နဲ့ မဆိုင်တော့ဘူးပေါ့။
စတုတ္ထမြောက် နေ့ကစပြီး၊ ဧကရာဇ်သစ်က ညီလာခံကို ကိုးရက်တိုင်တိုင် ရပ်လိုက်သလို၊ မြို့တော်ထဲမှာ တူရိယာတွေ တီးတာ၊ လက်ထပ်တာတွေကို တားမြစ်ခဲ့ပြီး၊ သတ်ဖြတ်တာတွေကိုလည်း ပိတ်ကာ ၂၇ ရက်တိုင်တိုင် ဝမ်းနည်းခြင်း အဝတ်အစားတွေ ဝတ်စေခဲ့တယ်။ ရက်ပေါင်း တစ်ရာအတွင်းမှာ အစိုးရ စာရွက်စာတမ်းတွေပေါ်မှာ အပြာရောင် မင်ကိုပဲ သုံးရမှာ ဖြစ်ပါတယ်။ မြို့တော်ထဲက ဘုန်းကြီးကျောင်းတွေနဲ့ နတ်ကွန်းတွေမှာလည်း ခေါင်းလောင်းသံ သုံးသောင်းတိုင်တိုင် ထွက်စေခဲ့တယ်။
ခဏချင်းအတွင်းမှာပဲ မြို့တော်ထဲမှာ ခေါင်းလောင်းသံတွေ ဆူညံသွားပြီး၊ အဆက်မပြတ် ကြားနေရတော့တယ်။
ခေါင်းလောင်းသံတွေ ရပ်သွားတဲ့ အခါမှာတော့ ကြီးကျယ်တဲ့ မြို့တော်ကြီးက သိပ်ကို တိတ်ဆိတ်သွားခဲ့တယ်။ လမ်းပေါ်မှာ လူသွားလူလာတွေ ရှိနေရင်တောင်မှ၊ ရှောင်ဖို့အတွက် ဘယ်သူမှ ရယ်တာမျိုး မလုပ်ကြသလို၊ ပြုံးပြတာလည်း မရှိကြပါဘူး။
အဲဒီအချိန်မှာပဲ၊ နန်းတော်ထဲမှာ ကိစ္စတစ်ခု ဖြစ်လာတယ်။ အဲဒါက တိုင်းပြည်ရဲ့ တံဆိပ်တော်က ရုတ်တရက် မြေပေါ်ကို ကျပြီး ကွဲသွားခဲ့တာပါပဲ။
******
266 01
အခန်း (၂၆၆)
ဒုတိယမင်းသားက ဧကရာဇ်သစ်ကို အပြစ်ရှာဖို့ လုံးဝလက်မလျှော့ခဲ့ဘူး။
အရင်က ကျုန်းကွေ့ဖေးက ကွယ်လွန်သူ ဧကရာဇ်အတွက် နာရေးဝတ်ပြုဖို့ ဆူပူခဲ့တဲ့ ကိစ္စကနေ၊ နောက်ပိုင်း နာရေးအခမ်းအနားက အသေးအဖွဲ ကိစ္စတွေ၊ အခုတစ်ခေါက် တိုင်းပြည်ရဲ့ တံဆိပ်တော်ကို အကြောင်းပြပြီး ပြဿနာရှာတဲ့အထိ၊ ဒါတွေအားလုံးက ထိပ်တိုက်ရင်ဆိုင်တာ မဟုတ်ဘဲ တစ်ဖက်လူရဲ့ ရင်ထဲမှာ ဒဏ်ရာရစေမယ့် သွယ်ဝိုက်တဲ့ နည်းလမ်းတွေပဲ ဖြစ်တယ်။
ဒီတိုင်းပြည်ရဲ့ တံဆိပ်တော်က တာ့ချန်း ဧကရာဇ်ရဲ့ အစိုးရသုံး တံဆိပ်တော် မဟုတ်ပါဘူး။
တံဆိပ်တော် ဆိုတာ ဧကရာဇ်က အာဏာအမျိုးမျိုးကို သုံးတယ်ဆိုတာ ပြတဲ့ တံဆိပ်တုံးပဲဖြစ်ပြီး၊ အစိုးရသုံးနဲ့ ကိုယ်ပိုင်ဆိုပြီး ကွဲပြားတာ ရှိတယ်။ အရင်မင်းဆက်မှာ ဧကရာဇ် သုံးတဲ့ တံဆိပ်တော် စုစုပေါင်း ၂၄ ခု ရှိပြီး၊ အဲဒါတွေကို 'ပေါင်ရှီ' လို့ ခေါ်ကာ အမျိုးမျိုးသော ထုံးတမ်းစဉ်လာတွေအတွက် သုံးကြတယ်။
တာ့ချန်း မင်းဆက် တည်ထောင်ပြီးနောက်မှာတော့ မင်မင်းဆက်ရဲ့ တံဆိပ်တော် ၂၀ ကို ဆက်ခံသုံးခဲ့သလို၊ အသစ် ၄ ခုကိုလည်း ထပ်ပြီး သတ်မှတ်ခဲ့တယ်။ အစိုးရသုံး မဟုတ်ဘဲ စုဆောင်းဖို့အတွက်ပဲ ထားတဲ့ တံဆိပ်တော် တစ်ခု ရှိနေခဲ့ရာ၊ အဲဒါက တိုင်းပြည်ရဲ့ တံဆိပ်တော် ပါပဲ။
ဒီ တိုင်းပြည်ရဲ့ တံဆိပ်တော် အကြောင်းကို ပြောရရင်တော့ အလွန်ရှည်လျားတဲ့ ချင်မင်းဆက် အချိန်အထိ သွားရပါလိမ့်မယ်။
'ဟော်ရှီပိ' ဆိုတဲ့ အမည်က တစ်လောကလုံး သိကြတဲ့အတိုင်းပါပဲ။ ချင်ဘုရင် ယင်းကျန့်က ခြောက်ပြည်ထောင်ကို သိမ်းပြီးတဲ့နောက်မှာ၊ ဒီကျောက်စိမ်းပြားကို တိုင်းပြည်ရဲ့ တံဆိပ်တော်အဖြစ် လုပ်ခဲ့တယ်။ အဲဒီအပေါ်မှာ 'ကောင်းကင်ဘုံက အမိန့်ရလို့၊ အသက်ရှည်ပြီး တိုင်းပြည် ဝပြောပါစေ' ဆိုတဲ့ စာလုံးကြီး ရှစ်လုံးကို ထွင်းထားပြီး၊ အဲဒါက ဧကရာဇ်အာဏာက နတ်ဘုရားတွေဆီက ဆင်းသက်လာလို့ တရားဝင်တယ်ဆိုတဲ့ သက်သေပါပဲ။
နောက်ပိုင်းမှာ ချင်ဘုရင် တုန်းထင်အိုင်ကို ဖြတ်သန်းချိန်အတွင်း ဒီတံဆိပ်တော် ပျောက်သွားတယ်လို့ ကောလာဟလတွေ ရှိခဲ့တယ်။ ချင်ဘုရင် ပြန်ရောက်တဲ့အခါ သုံးဖို့ တံဆိပ်မရှိတာနဲ့၊ လန်ထျန် ကျောက်စိမ်းနဲ့ အလားတူ တစ်ခုကို ပြန်လုပ်ခဲ့တယ်။ ဒါပေမဲ့ နှစ်နည်းနည်း ကြာတော့ အမှန်တကယ် တံဆိပ်တော်ကို တစ်ယောက်ယောက်က ပြန်ဆက်သတယ်လို့လည်း ဆိုကြပေမဲ့၊ သမိုင်းမှတ်တမ်းတွေမှာတော့ သေသေချာချာ ဖော်ပြထားတာ မရှိလို့ အတည်မပြုနိုင်ပါဘူး။
ဒါပေမဲ့ ဒီတိုင်းပြည်ရဲ့ တံဆိပ်တော်နဲ့ ပတ်သက်တဲ့ ထူးခြားတဲ့ ပုံပြင်တွေကတော့ ပြည်သူတွေကြားမှာ အများကြီး ပျံ့နေခဲ့ပြီး၊ မင်းဆက် အသီးသီးမှာလည်း အဲဒီအကြောင်း ကောလာဟလတွေ ရှိနေခဲ့တာပါ။
သမိုင်းအရာရှိ တစ်ယောက်က စိတ်ဝင်စားစရာ အချက်တစ်ခု တွေ့ခဲ့ဖူးတယ်။ အဲဒါက လောကကြီး ဆူပူတဲ့ အချိန်တိုင်းမှာ၊ ဒီတံဆိပ်တော်က မုချ ပေါ်လာလေ့ ရှိပြီး၊ အဲဒါကို ရတဲ့သူတိုင်းက အမှန်တကယ် ဧကရာဇ် ဖြစ်လာကြစမြဲပါပဲ။
ဒါကြောင့်လည်း မင်းဆက် အသီးသီးက ဧကရာဇ်တွေက ကိုယ့်ကိုယ်ကိုယ် ကောင်းကင်ဘုံက အသိအမှတ်ပြုတဲ့သူ ဖြစ်ကြောင်း သက်သေပြဖို့အတွက်၊ အဲဒါကို ရချင်ကြတာ ဖြစ်တယ်။
အဲဒါက အမှန်လား အမှားလား ဆိုတာကတော့ မသိနိုင်ဘူး၊ ဘယ်သူမှလည်း ကိုယ်တိုင် မြင်ဖူးတာ မရှိဘူးလေ။ တာ့ချန်း မင်းဆက်မှာလည်း တစ်ခု ရှိနေခဲ့တာကြောင့် အဲဒါက အဲဒီချိန်က ထိုက်ဇူဧကရာဇ် နန်းတက်ပြီး မကြာခင်မှာပဲ တစ်ယောက်ယောက်က လာဆက်သခဲ့တာလို့ ဆိုပါတယ်။
ထိုက်ဇူဧကရာဇ်က အဲဒါကို ရတဲ့အခါ သိပ်ကို ဝမ်းသာသွားပြီး တစ်လောကလုံးကို အသိပေးခဲ့တယ်။
အဲဒီတုန်းက ဒုတိယမင်းသားက ဒီတိုင်းပြည်ရဲ့ တံဆိပ်တော်ကို ရှာနေတာနဲ့ အချိန်တွေ ကြန့်ကြာသွားပြီး၊ ကျားချန်ဧကရာဇ်လည်း အစအနမရှိ ပျောက်သွားခဲ့ရတာ ဖြစ်တယ်။
အဲဒါက ကိုယ့်အခြေအနေ မတည်ငြိမ်တဲ့သူတွေရဲ့ ပုံမှန် အတွေးအခေါ် ဖြစ်ပြီး၊ နည်းလမ်း အမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် တရားဝင်တယ်ဆိုတာ သက်သေပြချင်ကြတာပါ။
ဒါပေမဲ့ လက်တွေ့ အမှန်တရားကတော့ မျက်နှာပြောင်တိုက်တတ်တဲ့သူတွေပဲ စည်းကမ်းချမ်းသာတွေကို ခံစားနိုင်တာဆိုတဲ့ အမှန်တရားကို ဒုတိယမင်းသား သိတဲ့အချိန်မှာတော့ အချိန်နှောင်းသွားခဲ့ပြီ။
ရှောက်လျှန့် လုပ်တုန်းက အခွင့်အရေးကို မဆုပ်ကိုင်နိုင်ခဲ့သလို၊ ခေါင်းတလားထဲက ကွယ်လွန်သူ ဧကရာဇ်က အတုဖြစ်ပြီး၊ အစစ်က မသေသေးဘူးဆိုတာကိုလည်း အထောက်အထား မရှိဘဲ မစွပ်စွဲနိုင်တာနဲ့၊ ဒုတိယမင်းသားက တိုင်းပြည်ရဲ့ တံဆိပ်တော် အပေါ်မှာပဲ အကြံထုတ်ရပါတော့တယ်။
ဒါကြောင့် သူက အသက် ၆ နှစ်ပဲ ရှိသေးတဲ့ မင်းသားရှစ်ကို တမင်ဆွလိုက်ပြီး၊ လူအများရှေ့မှာ အဲဒီနာမည်ကျော်တဲ့ တံဆိပ်တော်ကို ကြည့်ချင်တယ်လို့ တောင်းဆိုခိုင်းလိုက်တယ်။
သူနဲ့ မင်းသားလေးတို့က ဘေးကနေ မြှောက်ပင့်ပေးနေတာကြောင့် ဧကရာဇ်သစ်လည်း ရှောင်လို့ မရတော့ဘဲ လူလွှတ်ပြီး ယူခိုင်းလိုက်ရတော့တယ်။
အမှန်တော့ ဧကရာဇ်သစ်က ပြဖို့ သဘောတူကတည်းက ဒုတိယမင်းသားရဲ့ ရင်ထဲမှာ မကောင်းတဲ့ ခံစားချက် တစ်ခု ရှိနေပေမဲ့၊ ဧကရာဇ်သစ်က တံဆိပ်တော်ကို တမင်ကျကွဲအောင် လုပ်လိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ဘူး။
266 02
ဧကရာဇ်သစ် နန်းတက်စမှာ တိုင်းပြည်ရဲ့ တံဆိပ်တော် ကျကွဲသွားတာက အဲဒါက အစစ်ဖြစ်စေ အတုဖြစ်စေ ဧကရာဇ်သစ် အတွက်တော့ မကောင်းတဲ့ နိမိတ်တစ်ခုပါပဲ။ တံဆိပ်တော်ကို ရတဲ့သူမှသာ အမှန်ကယ်သော ဧကရာဇ် ဖြစ်တယ် ဆိုရင်၊ အခု တံဆိပ်တော် ဆုံးရှုံးသွားတာက ဘာကို ဆိုလိုတာလဲ။
မင်းသားရှစ်ကတော့ အဲဒီမှာတင် ထိတ်လန့်တကြား ငိုနေခဲ့ပြီး၊ ဒုတိယမင်းသားနဲ့ မင်းသားလေးတို့လည်း မျက်နှာတွေ ပျက်ကုန်ကြတယ်။
ဒီလို ကိစ္စ ဖြစ်ပြီးတော့ အားလုံးလည်း မပျော်မရွှင်ဘဲ လူစုခွဲခဲ့ကြရတယ်။ ဒါပေမဲ့ ဧကရာဇ်သစ်အနေနဲ့လည်း အသက်မဲ့တဲ့ ပစ္စည်းတစ်ခုအတွက်နဲ့ ငယ်လှတဲ့ ညီကို အပြစ်ပေးဖို့ မဖြစ်နိုင်ဘူးလေ။
နောက်ဆုံးတော့ တံဆိပ်တော်ကို လက်လွတ် ကျကွဲစေခဲ့တဲ့ မိန်းမစိုးလေးကိုပဲ ရိုက်သတ် စေခဲ့ပြီး၊ ဧကရာဇ်သစ်က မင်းသားရှစ်ကိုတော့ အပြစ်မယူခဲ့တာကြောင့် အဲဒီအတွက်နဲ့ပဲ 'ကြင်နာတတ်တဲ့မင်း' ဆိုတဲ့ နာမည်ကောင်းကို ရသွားပြန်တယ်။
ဒီဖြစ်ရပ်က တစ်လောကလုံးကို ပျံ့သွားတာကြောင့်၊ ရွှီအိမ်တော်ကလည်း မုချ သိသွားခဲ့တာပေါ့။
"သူက တကယ်ကို ရဲတင်းတာပဲ" ကျောက်အာက အံ့အားသင့်ပြီး ပြောလိုက်တယ်။
ရွှီထင်းရှန်း က သူ့ကို တစ်ချက် ကြည့်ပြီး အေးဆေးပဲ ပြောလိုက်တယ်။ "ဘာလို့ မရဲရမှာလဲ၊ ကျကွဲသွားတာက အပြင်ထုတ်မပြနိုင်တာထက်စာရင် အများကြီး ပိုကောင်းတာပေါ့၊ အခုလိုဆိုရင်တော့ အေးအေးဆေးဆေး ဖြစ်သွားတာပေါ့"
"ဒါပေမဲ့ အဲဒါက တိုင်းပြည်ရဲ့ တံဆိပ်တော်လေ" ကျောက်အာက အဲဒီတံဆိပ်တော်ရဲ့ ပုံပြင်တွေကို သိထားလို့ သိပ်တန်ဖိုးထားပြီး ပြောတယ်။
"အဲဒါက အစစ်မှ မဟုတ်တာ”
ကျောက်အာက မျက်တောင်ခတ်ရင်း၊ ရုတ်တရက် စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်တယ်။ "ဒါဆိုရင် ငါတို့က မင်းသားသုံးမှာ တံဆိပ်တော် အစစ် မရှိလို့ တမင် ရိုက်ခွဲပစ်လိုက်တာပါလို့ သတင်း လွှင့်လိုက်ရင် မရဘူးလား"
"ဒီကိစ္စက မင်း လုပ်စရာ မလိုပါဘူး"
မျှော်လင့်ထားတဲ့အတိုင်း နှစ်ရက် မကြာခင်မှာပဲ၊ အပြင်မှာ အဲဒီလို ကောလာဟလတွေ ပျံ့လာခဲ့တယ်။ အဲဒါက ဒုတိယမင်းသားရဲ့ လက်ချက်ဆိုတာ တွေးနေဖို့တောင် မလိုဘူးလေ။
"အခြေအနေတွေက ဒီလိုဖြစ်နေမှတော့ ဧကရာဇ်မင်းမြတ် ကျွန်တော်တို့က တံဆိပ်တော် အစစ်ကို ထုတ်ပြပြီးတော့ သူဟာ တရားမဝင်ကြောင်း သက်သေမပြနိုင်ဘူးလား” မော့ကျားက အကြံပေးလိုက်တယ်။
ဘေးမှာ ရပ်နေတဲ့ ရွှီထင်းရှန်းက သူ့ကို တစ်ချက် လှမ်းကြည့်ပြီးမှ ကျားချန်ဧကရာဇ် ဘက်ကို လှည့်ကြည့်လိုက်တယ်။
မျှော်လင့်ထားတဲ့အတိုင်း ကျားချန်ဧကရာဇ်က ဘာမှ ပြန်မပြောဘူး။
မော့ကျားက အသိဉာဏ် ထက်ပေမဲ့၊ ငယ်ငယ်ကတည်းက နန်းတွင်းမှာ ကြီးလာတာ မဟုတ်လို့ အစိုးရကိစ္စတွေကို ထိတွေ့ခွင့် မရခဲ့တာကြောင့်၊ သူ့ရဲ့ အကြံပေးချက် အတော်များများကတော့ 'အမြော်အမြင်' မရှိလှပါဘူး။
ရွှီထင်းရှန်းက စကားမပြောဘဲ နေလိုက်တာနဲ့၊ မော့ကျားလည်း ရိပ်မိသွားတယ်။ သူက တစ်ဖက်လူကို ကြည့်ပြီးမှ ကျားချန်ဧကရာဇ်ကို လှမ်းကြည့်ကာ "ဒါဆိုရင်... ဆိုလိုတာက"
266 03
"တိုင်းပြည်ရဲ့ တံဆိပ်တော် ဆိုတာ လုံးဝ မရှိဘူး၊ ဒါက ချီ မျိုးနွယ် တော်ဝင်မိသားစုရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ၊ နောက်ကို ဒါအကြောင်း ထပ်မမေးနဲ့တော့" ကျားချန်ဧကရာဇ်က မိန့်လိုက်တယ်။ အကယ်လို့သာ ရှိခဲ့ရင်၊ ကျန့်အန်းချန်တောင် မသိဘဲ နေပါ့မလား။
ဒီတိုင်းပြည်ရဲ့ တံဆိပ်တော် ဆိုတာက အဲဒီတုန်းက ထိုက်ဇူဧကရာဇ်က ကိုယ့်ဇာစ်မြစ် မသေချာလို့ တစ်လောကလုံးကို လှည့်စားဖို့ ဖန်တီးခဲ့တဲ့ အကာအကွယ်တစ်ခုပဲ၊ အဲဒါက ပါးစပ်ပြောပဲ ရှိပြီး လက်တွေ့မှာတော့ အထည်ဒြပ် မရှိဘူးလေ။
ဒါပေမဲ့ ဒီလျှို့ဝှက်ချက်ကို လောကမှာ တိုက်စူးနဲ့ကျားချန်ဧကရာဇ် နှစ်ယောက်တည်းပဲ သိတာပါ၊ မင်းသားတွေတောင် မသိကြဘူး။ ရွှီထင်းရှန်းကတော့ ခန့်မှန်းကြည့်ရုံပဲ ရှိပေမဲ့၊ အခုတော့ သူ့ခန့်မှန်းချက်က မှန်နေခဲ့ပြီ။
ရွှီထင်းရှန်းရဲ့မျက်ဝန်းတွေက ဝင်းသွားပြီး အသက်ပြင်းပြင်း တစ်ချက် ရှူကာ မေးလိုက်တယ်။ "ဒါဆိုရင် ဧကရာဇ်မင်းမြတ်၊ ကျွန်တော်မျိုးတို့ အနေနဲ့ အခုထိ ငြိမ်နေကြဦးမှာလား”
ခေါင်းအုံးကို မှီပြီး လဲနေတဲ့ ကျားချန်ဧကရာဇ်က သူ့ကို တစ်ချက် ကြည့်ပြီး မေးလိုက်တယ်။ "အမတ်မင်းမှာ ဘယ်လို အကြံကောင်းတွေ ရှိလို့လဲ”
"အမြဲတမ်း ငြိမ်နေမယ် ဆိုရင်တော့ အခြေအနေက အရမ်းဆိုးသွားနိုင်ပါတယ်။ ကျွန်တော်မျိုးတို့ဘက်ကနေ ရေကို အရင် မွှေပေးရပါလိမ့်မယ်။ ကျွန်တော်မျိုး ငါတို့ တောရွာတွေမှာ ငါးဖမ်းရင် ငါး ရှိ၊ မရှိ မသိရင် ရေထဲကို ကျောက်ခဲ တစ်လုံး အရင် ပစ်ချလိုက်ရုံပါပဲ၊ ငါးတွေက ထိတ်လန့်သွားရင် အပြင်ကို ခုန်ထွက်လာမှာပဲ၊ ငါး မရှိရင်တောင် ပုစွန်တော့ ရတာပေါ့"
"အမတ်မင်းရဲ့ဆိုလိုရင်းက" အမှန်တော့ ကျားချန်ဧကရာဇ်က ရွှီထင်းရှန်း ဆိုလိုတာကို နားလည်ပေမဲ့၊ တွန့်ဆုတ်နေတုန်းပါပဲ။
အခုတစ်ကြိမ် ဖြစ်ရပ်က ကျားချန်ဧကရာဇ်အပေါ် အကြီးအကျယ် ထိခိုက်စေခဲ့တယ်။ သူ့ရဲ့ အားကိုးရဆုံး ရှီးလီကျန်းနဲ့ ကျင်းယီဝေ့ နှစ်ခုစလုံးက သစ္စာဖောက်ခဲ့ကြလို့ ဒီအခြေအနေ ရောက်ခဲ့တာလေ။
အမှန်တော့ ဧကရာဇ်သစ်ရဲ့လှည့်ကွက်တွေကို ဖော်ထုတ်ဖို့က သိပ်လွယ်ပါတယ်။ နတ်ရွာစံပြီလို့ ကြေညာထားတဲ့ 'ကွယ်လွန်သူ ဧကရာဇ်' သာ လူရှေ့ထွက်ပြလိုက်ရုံပါပဲ။
ဒါပေမဲ့ ဘယ်လို ရှေ့ထွက်မလဲ။ ဘယ်သူက လူကောင်းလဲ။ ဘယ်သူက လူဆိုးလဲ။
အကယ်လို့ ဒါတွေကို မခွဲနိုင်ရင်၊ ကျားချန်ဧကရာဇ် ရှေ့ထွက်တာနဲ့ ချက်ချင်း အသတ်ခံရမှာပဲ။ အဲဒီအချိန်မှာ ဧကရာဇ်သစ်က ဟန်ဆောင်မနေတော့ဘဲ၊ အစွမ်းကုန် လုပ်ကြံတော့မှာလေ။
အထူးသဖြင့် ကျားချန်ဧကရာဇ်မှာ အစိုးရအဖွဲ့ထဲက အားကိုးရတဲ့ အမတ်ကြီးအချို့ ရှိနေသေးပေမဲ့၊ ကိစ္စတွေ စကတည်းက အဲဒီလူတွေက လူရှေ့ ထွက်မလာကြဘူး။ ယဲ့ကျွိနဲ့ လင်းမြောင်တို့ကလည်း အခုထိ မြို့တော်ကို ပြန်မရောက်သေးတာမို့၊ တစ်ယောက်ယောက်က တားထားတာ ဖြစ်ရမယ်။
စစ်အာဏာလည်း မရှိ၊ အစိုးရအဖွဲ့ထဲမှာလည်း လူမရှိတာကြောင့် ကျားချန်ဧကရာဇ်အနေနဲ့ အခုထိ တွန့်ဆုတ်နေရတာ ဖြစ်တယ်။
"ကျွန်တော်မျိုး ကိုယ်တိုင် ရှေ့ထွက်ပြီးတော့ ငါးကို အစာကျွေးပြီး မျှားထုတ်လိုက်ပါ့မယ်"
ရွှီအိမ်တော်ရဲ့အနောက်ဘက် ဘေးတံခါး ပွင့်လာပြီး၊ အတွင်းက အဘွားအို တစ်ယောက်နဲ့ အမျိုးသမီးငယ် တစ်ယောက် ထွက်လာတယ်။
"မောင်ရင်လေး၊ သခင်မကြီးကို ငါတို့ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါဦး၊ သခင်မရဲ့ စေတနာသာ မပါရင်တော့ ငါနဲ့ငါ့သမီးလေးဟာ..." အဘွားအိုက မျက်နှာကို အုပ်ကာ ငိုတော့တယ်။
ရွှီအိမ်တော်က အိမ်စေကတော့ သည်းခံပြီး၊ မဲ့ပြုံး ပြုံးကာ သူတို့ကို အဝတ်ထုတ်တစ်ခု ကမ်းပေးပြီး ပြောလိုက်တယ်။ "ရပါပြီ အဘွားရယ်၊ ခင်ဗျားရဲ့ ကျေးဇူးတင်စကားတွေကို ကျွန်တော်တို့ သခင်မကြီး သိပါပြီ။ နောက်တစ်ခါ ခရီးသွားရင်တော့ လမ်းကို သတိထားပြီး လျှောက်ပါဦး၊ ခင်ဗျား ဗိုက်ဆာလို့ မူးလဲတာက ကိစ္စမရှိပေမဲ့၊ ကျွန်တော်တို့ ရွှီအိမ်တော်မှာ လူသေမှု ဖြစ်တော့မလိုတောင် ဖြစ်သွားရတယ်"
266 04
"အားလုံးက ငါ အဘွားကြီးရဲ့အမှားပါ"
"ရပါပြီ၊ မြန်မြန် သွားကြတော့"
အဲဒီ အဘွားအိုနဲ့ အမျိုးသမီးငယ် နှစ်ယောက် တွဲပြီး ထွက်သွားပြီးမှ၊ အိမ်စေက မကျေမနပ် ရေရွတ်ပြီး တံခါးကို ပိတ်လိုက်တယ်။ ဒီလှုပ်ရှားမှုတွေ အားလုံးကို မလှမ်းမကမ်းက လူတစ်ယောက်က သေသေချာချာ စောင့်ကြည့်နေခဲ့တယ်။
လေအေး တစ်ချက် ဝှေ့သွားတာနဲ့ မြေပြင်ပေါ်က သစ်ရွက်ခြောက်တွေက လွင့်ပြီး ပြန်ကျလာတယ်။
တစ်ဖက်မှာတော့ အမျိုးသမီးငယ်က အဘွားအိုကို တွဲပြီး တဖြည်းဖြည်း လျှောက်နေကြတယ်။ လမ်းမှာ အိမ်ထောင်စု တစ်ခုကို သွားခဲ့ပေမဲ့ ရှာချင်တဲ့ လူကို ရှာမတွေ့တဲ့အပြင်၊ အိမ်စေတွေရဲ့ ဆဲတာကိုပါ ခံခဲ့ရလို့၊ နှစ်ယောက်လုံး နေစရာ မရှိတော့ဘဲ ချုံဝန်မန် တံခါးကနေတစ်ဆင့် မြို့ပြင်ကို ထွက်ခဲ့ကြရတော့တယ်။
ချုံဝန်မန် တံခါး ရောက်တော့ တံခါးဝမှာ နန်းတော်စောင့်တပ် အများကြီး ရှိနေတယ်။ သူတို့က သံချပ်ကာတွေ ဝတ်ပြီး သွားလာနေတဲ့ ပြည်သူတိုင်းကို စူးစိုက်ကြည့်နေသလို၊ ဖြတ်သွားတဲ့ ရထားနဲ့ မြင်းတွေကိုလည်း ရပ်ပြီး စစ်နေတာပေါ့။
အဲဒါက အရေးကြီးတဲ့ အချိန်မို့ ဆူပူတာတွေကို ကာကွယ်ဖို့လို့ အကြောင်းပြထားပေမဲ့၊ လက်တွေ့မှာ ဘာလုပ်နေလဲဆိုတာ သိတဲ့သူက သိကြပြီး၊ မသိတဲ့သူတွေ အတွက်တော့ မသက်ဆိုင်တဲ့ ကိစ္စပါပဲ။
အဲဒီလူနှစ်ယောက် ဖြတ်သွားတဲ့ အခါမှာလည်း၊ အစောင့်တွေက တားမေးကြတယ်။ ဆွေမျိုး လာရှာပေမဲ့ ရှာမတွေ့ကြောင်း ကြားရသလို၊ အမျိုးသမီးနဲ့ သက်ကြီးအိုတွေ ဖြစ်နေလို့၊ သူတို့ကို ထွက်ခွင့် ပေးလိုက်တော့တယ်။
အဲဒီနေ့ နေလယ်မှာ စူးကျိုးက ကိုယ်စားလှယ်မင်းကြီး ရွှီထင်းရှန်းက ရုတ်တရက် မြို့တော်ကို ပြန်ရောက်လာတာ ကောင်းကင်က ကျလာသလိုမျိုး ရှိနေခဲ့တယ်။
ဝမ်းနည်းခြင်း ဝတ်စုံတွေ ဝတ်ရတဲ့ ကာလ ဖြစ်နေလို့ နန်းတော် တစ်ခုလုံး အဖြူရောင်တွေနဲ့ ဖုံးနေတယ်။ နန်းတော်ထဲက နန်းတွင်းသူနဲ့ မိန်းမစိုးတွေကလည်း ခေါင်းငုံ့ပြီး တိတ်တဆိတ် သွားနေကြတာ။ အဲဒီအချိန်မှာပဲ အလျင်စလို ပြေးဝင်လာတဲ့ မိန်းမစိုး တစ်ယောက်က အဲဒီတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။ သတင်းက ချန်ချင်းနန်းဆောင်ဆီကို တဖြည်းဖြည်း ပျံ့သွားသလို အတွင်းအမတ်ရုံး ဘက်ကလည်း သိသွားကြပြီ။
ရွှီထင်းရှန်း ပြန်ရောက်လာပြီ။
သူ ဘယ်လို ပြန်ရောက်လာလဲဆိုတာ မသိကြပေမဲ့ သူ့မြင်းရထားကတော့ ကျိန့်ယန်မန် တံခါးမှာ အတားခံလိုက်ရတယ်။ ကျိန့်ယန်မန်က နန်းတော်စောင့်တပ်တွေက သူ့ကို ဝင်ခွင့်မပေးတာနဲ့၊ ရွှီထင်းရှန်းက အဲဒီမှာ ဆူနေခဲ့ပြီး၊ ဒီသတင်းက နန်းတော်ထဲ ရောက်လာတာ ဖြစ်တယ်။
"မြန်မြန် သွားပြီး ရန်အမတ်ချုပ်ကြီး ကို သွားပင့်လိုက်စမ်း"
ဧကရာဇ်သစ်က အမိန့်ပေးလိုက်တာနဲ့၊ အပြင်မှာ ရန်အမတ်ချုပ်ကြီး က တွေ့ခွင့် တောင်းလာတယ်။ ရန်ချုံဟွာ ကလည်း ဒီကိစ္စကို သိသွားလို့ ဧကရာဇ်သစ် စိတ်မလှုပ်ရှားအောင် လာတာ ဖြစ်မှာပါ။
"အမတ်မင်းရန်၊ ဒီ ရွှီထင်းရှန်းက ဘယ်လိုဖြစ်ပြီး ပြန်ရောက်လာတာလဲ၊ အမတ်မင်း ပြောတော့ စူးကျိုး မှာ လူတွေက သူ့ကို အချိန်ဆွဲထားမှာ ဆို။ လမ်းတစ်လျှောက်လုံးမှာလည်း စောင့်ကြည့်နေကြတာပဲကို၊ သူက မြို့တော်ကို ဘယ်လို ရောက်လာတာလဲ”
အောက်ခြေမှာ ရပ်နေတဲ့ ရန်ချုံဟွာရဲ့မျက်နှာလည်း မကောင်းပေမဲ့၊ အမြဲတမ်းလိုပဲ တည်ငြိမ်တဲ့ ပုံစံကိုတော့ ထိန်းထားတုန်းပါပဲ။
266 05
"ဧကရာဇ်မင်းမြတ်၊ ခရီးဝေးကြီး ဆိုတော့ အမှားရှိတာကတော့ သဘာဝပါပဲ၊ သူ ဘယ်လို ပြန်လာလဲ ဆိုတာကို အခုအချိန်မှာ တွက်နေဖို့ မလိုတော့ပါဘူး။ သူ့ကို ခဏပဲ တားနိုင်ပေမဲ့၊ တစ်သက်လုံးတော့ တားလို့ မရပါဘူး၊ ဧကရာဇ်မင်းမြတ် နတ်ရွာစံတဲ့ သတင်းကို တစ်လောကလုံး သိသွားပြီ ဆိုမှတော့ သူလည်း သတင်းကြားတာနဲ့ ပြန်လာမှာပါပဲ"
"ကျန်း ပြောချင်တာကတော့ အစကတည်းက သတင်းတွေကို ဖုံးပြီးတော့ အရာရာ ပြီးပြတ်မှ ကြေညာခဲ့သင့်တာ" နဂါးဝတ်ရုံ ဝတ်ထားတာ မကြာသေးတဲ့ ဧကရာဇ်သစ်က ညည်းလိုက်တယ်။
ရန်ချုံဟွာက သူ့ကို တစ်ချက် ကြည့်ပြီး "ဒါဆိုရင် ဘယ်လို အခြေအနေကိုမှ ပြီးပြတ်သွားပြီလို့ သတ်မှတ်မှာလဲ”
"ဒါပေါ့... ဒါပေါ့..." ဒါပေါ့၊ ကွယ်လွန်သူဧကရာဇ်ကို ရှာတွေ့ပြီးမှ၊ နောက်ကွယ်က စိုးရိမ်တာတွေကို ရှင်းပြီးမှပေါ့။ ဒါပေမဲ့ ဧကရာဇ်သစ်က ဒီစကားကို ထုတ်မပြောပေမဲ့၊ ရန်ချုံဟွာ ကတော့ ဆိုလိုရင်းကို သိပါတယ်။
"အကယ်လို့သာ အမြဲတမ်း ရှာမတွေ့ရင်ကော… ဧကရာဇ်မင်းမြတ် အနေနဲ့ ဧကရာဇ် မလုပ်တော့ဘူးလို့ ဆိုလိုတာလား”
ဧကရာဇ်သစ် စကားလုံး မရှိဘဲ ဖြစ်သွားရတယ်။
"ဧကရာဇ်မင်းမြတ်၊ ကျွန်တော်မျိုး အစက ဘာတွေ လျှောက်တင်ခဲ့လဲ ဆိုတာကို မမေ့ပါနဲ့ဦး"
အခွင့်အရေး ဆိုတာ လက်လွတ်လိုက်ရင် နောက်တစ်ခါ ပြန်မလာတော့ဘူး။ အကယ်လို့ ဒုတိယမင်းသား ပလ္လင်ရသွားရင်၊ သူလည်း အခုလို အခြေအနေမျိုးကို ရင်ဆိုင်ရမှာပါပဲ၊ ဧကရာဇ် လုပ်ရတာက လွယ်တဲ့ ကိစ္စ မဟုတ်ဘူး၊ ဘာမှ စိုးရိမ်စရာ မရှိဘဲ ပလ္လင်ပေါ် တက်နိုင်မယ်လို့ ဘယ်သူကများ ထင်လို့လဲ။
"အဖြစ်မှန်ကို အရင် တည်ဆောက်နိုင်မှ၊ ကျွန်တော်မျိုးတို့ အခွင့်အရေး ရမှာ ဖြစ်သလို၊ နောက်ပိုင်း ကိစ္စတွေကိုလည်း လုပ်ရ လွယ်မှာပါ။ ဧကရာဇ်မင်းမြတ်ဟာ ဒုတိယမင်းသားနဲ့ မတူဘူး ဆိုတာကိုလည်း သတိရရပါမယ်"
ရန်ချုံဟွာရဲ့ စကားက သေသေချာချာ သင်ပေးနေတာပဲ။ ဒါပေမဲ့ ဒုတိယမင်းသားရဲ့ ဖိနှိပ်တာကို ငယ်စဉ်ကတည်းက ခံလာရတဲ့ ဧကရာဇ်သစ်ရဲ့ နားထဲမှာတော့ အဲဒါက ကိုယ်က ဒုတိယမင်းသားကို မယှဉ်နိုင်ဘူးလို့ ပြောနေသလို ဖြစ်နေခဲ့တယ်။
လက်တွေ့မှာလည်း မယှဉ်နိုင်တာ အမှန်ပါပဲ၊ ဒုတိယမင်းသား မှာ တိန်ကော်ကုန်း ရှိသလို၊ တိန်ကော်ကုန်းကလည်း မြို့စောင့်တပ်ကြီးတွေရဲ့ စစ်အာဏာကို ကိုင်ထားပြီး၊ ဝူချန်စစ်ကြောင်းမှာလည်း သူ့ရဲ့လူယုံတွေ ရှိနေတာ။ သူတို့အတွက် တစ်ခုတည်းသော အခွင့်အရေးက နတ်ရွာစံကြောင်း အမိန့်တော်စာ ကနေ 'တရားဝင်မှု' ကို ယူဖို့ပဲ၊ တရားဝင်မှု ရမှ တခြားသူတွေက ခန့်ညားမှာဖြစ်သလို၊ ကိုယ်လည်း အစီအစဉ်တွေ ချပြီး နောက်ပိုင်း ကိစ္စတွေကို ဖြေရှင်းနိုင်မှာပါ။
"ဧကရာဇ်မင်းမြတ် စိုးရိမ်တော်မမူပါနဲ့၊ ရွှီထင်းရှန်း ပြန်ရောက်လာတာက အမှန်တရား ဖြစ်သွားပြီမို့၊ အများကြီး တွေးမနေပါနဲ့တော့။ အခုဆိုရင် အမတ်မင်းဟာ တာ့ချန်းရဲ့ဧကရာဇ် ဖြစ်နေပြီမို့၊ ကွယ်လွန်သူ ဧကရာဇ်ကို ရှာမတွေ့သရွေ့ ဘယ်သူမှ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးတို့ လုပ်ရမှာကတော့ သူတို့ကို ကွယ်လွန်သူ ဧကရာဇ်နဲ့မဆုံတွေ့စေဖို့ပါပဲ၊ သူတို့တွေ သံသယ ဖြစ်နေရင်တောင် အမတ်မင်းကို ဘာမှလုပ်ရဲမှာ မဟုတ်ပါဘူး"
ရန်ချုံဟွာရဲ့ စကားတွေကြောင့် ဧကရာဇ်သစ်မှာ တည်ငြိမ်သွားရပြီး၊ အဲဒီလူအပေါ် ထားတဲ့ မကျေနပ်တာတွေလည်း ပျောက်သွားတယ်။
"ဒါဆိုရင် အမတ်မင်းရန်၊ ကျန်းအနေနဲ့ အခု ဘာလုပ်သင့်သလဲ”
ရန်ချုံဟွာက ခဏစဉ်းစားပြီးမှ ဆိုလိုက်တယ်။ "ရွှီထင်းရှန်းက ကျိန့်ယန်မန် မှာ ဆူနေပြီမို့၊ သူ့ကို နန်းတော်ထဲ မဝင်ခိုင်းဘဲ တားဖို့ကတော့ အခုလောလောဆယ် မဖြစ်နိုင်တော့တာကြောင့် သူ့ကို ဝင်ခွင့် ပေးလိုက်ပါ။ ကျွန်တော်မျိုးတို့ ဘက်ကတော့ အရာရာကို ပုံမှန်အတိုင်းပဲ လုပ်ကြတာပေါ့၊ ဧကရာဇ်မင်းမြတ် ဟာ အမိန့်တော်စာအရ နန်းတက်တာ ဖြစ်လို့၊ ရှက်စရာ မရှိပါဘူး" ဒါကို မြင်တော့ ရန်ချုံဟွာက ဧကရာဇ်သစ်ကို ကယ်လို့ မရလောက်အောင် မိုက်တဲ့သူ မဟုတ်ဘူးလို့ စိတ်ထဲက မှတ်လိုက်တယ်။
266 06
ရွှီထင်းရှန်းက မကြာခင်မှာပဲ နန်းတော်ထဲ ဝင်လာတယ်။ သူက ချန်ချင်းနန်းဆောင်ကို သွားပြီး ဧကရာဇ်သစ်ကို တွေ့တာ မလုပ်ဘဲ၊ ကျင်ရှန်းက ရှို့ဟွမ်းနန်းဆောင် ဆီ တိုက်ရိုက် သွားလိုက်တယ်။
ဒီရှို့ဟွမ်းနန်းဆောင်က ကွယ်လွန်သူ ဧကရာဇ်ရဲ့ ခေါင်းတလားကို ခေတ္တ ထားတဲ့ နေရာပေါ့၊ ကွယ်လွန်သူ ဧကရာဇ်ကို ချန်ချင်းနန်းဆောင် မှာ ခုနစ်ရက် ထားပြီးမှ၊ ဒီနေရာကို ပြောင်းလိုက်တာပါ။ အကျိုးအကြောင်းအရဆိုရင် ဒီလောက်အထိ အလျင်စလို မလုပ်သင့်ပေမဲ့၊ ဧကရာဇ်သစ်က ချန်ချင်းနန်းဆောင်ဆီ အမြန်ဆုံး ဝင်နေချင်တာနဲ့၊ ကွယ်လွန်သူ ဧကရာဇ်ကို အမြန်ပဲ ပြောင်းလိုက်တာ ဖြစ်တယ်။
ရွှီထင်းရှန်းက လျော်တေဝတ်စုံကို ဝတ်၊ ခေါင်းမှာလည်း အဖြူရောင် ဦးထုပ်ကို ဆင်ပြီး အမြန ပြေးဝင်လာကာ၊ ကွယ်လွန်သူ ဧကရာဇ်ရဲ့ ဝိညာဉ်ခုံရှေ့ ရောက်တော့ အသည်းအသန် ငိုတော့တယ်။ သူက ရင်ဘတ်ကို ထု၊ မြေပြင်ကို ရိုက်ပြီး ရှိုက်ကြီးတငင် ငိုနေတာမို့၊ 'ခူးယုံ' ဆိုတဲ့ စကားကို အပြည့်အဝ ပြနေသလိုပဲ။
ဒီ ခူးယုံ ဆိုတာက ခူးလင် ကဲ့သို့ပင် နာရေး အခမ်းအနားရဲ့ ထုံးတမ်းတစ်ခုပဲ။ ဧကရာဇ် နတ်ရွာစံတာက သာမန် မဟုတ်လို့၊ ဘယ်လို ငိုရမယ်၊ ဘယ်လို လုပ်ရမယ် ဆိုတာ စည်းကမ်းတွေ ရှိတယ်။ ဒီ ခူးယုံ ဆိုတာ စိတ်ထဲက အလွန်အမင်း ဝမ်းနည်းတာကို ပြတဲ့ နည်းလမ်း တစ်ခု ဖြစ်တယ်။
ဘေးက အစောင့် မိန်းမစိုးတွေတောင် သူ့ငိုသံကြောင့် ဝေဝေဝါးဝါး ဖြစ်ကုန်ကြတယ်။ သူတို့ စိတ်ထဲမှာတော့ အမတ်မင်းရွှီ နဲ့ ကွယ်လွန်သူ ဧကရာဇ် တို့က တကယ်ပဲ သံယောဇဉ် နက်တယ်လို့ မှတ်မိကြသလို၊ ကိုယ်တွေလည်း ဒီ ရှို့ဟွမ်းနန်းဆောင်မှာ ဧကရာဇ်ရဲ့ ဂူဗိမာန် ပြီးတဲ့အထိ စောင့်ရဦးမှာမို့၊ နောင်လည်း ဂူစောင့် အဖြစ် သွားရမလား မသိတာနဲ့ ကိုယ့်ဘဝကိုယ် သနားပြီး အတူတူ မျက်ရည်ကျကြတော့တယ်။
"အမတ်မင်းရွှီ ဝမ်းနည်းတာကို ထိန်းပါဦး၊ ကျန်းရဲ့ ရင်ထဲမှာလည်း အလွန် နာကျင်ရတာ မှန်ပေမဲ့၊ သေသူကိုတော့ ပြန်ခေါ်လို့ မရတော့ပါဘူး၊ ခမည်းတော်ရဲ့ ဝိညာဉ်သာ ကောင်းကင်မှာ ရှိရင်၊ အမတ်မင်း အခုလို ဝမ်းနည်းတာကို မြင်ရတာကို အလိုရှိမှာ မဟုတ်ပါဘူး" ဘေးမှာ ရပ်နေတဲ့ ဧကရာဇ်သစ်က မျက်နှာမှာ ညှိုးငယ်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။
ရွှီထင်းရှန်းက အဲဒီတော့မှ မြေပြင်က ထပြီး၊ အရင်ဆုံး ကျောခိုင်းလို့ မျက်ရည်သုတ်ပြီးမှ၊ ဧကရာဇ်သစ်ကို ဦးညွှတ် ဂါရဝပြုတယ်။ "ဧကရာဇ်မင်းမြတ်၊ ကျွန်တော်မျိုး သိက္ခာမဲ့ သွားပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုး စဉ်းစားလို့ မရပါဘူး၊ ကျွန်တော်မျိုး မြို့တော်က မထွက်ခင်မှာတင်၊ ဧကရာဇ်မင်းမြတ်က ကျွန်တော်မျိုး အောင်မြင်စွာ ပြန်လာမယ့် အချိန်ကို စောင့်နေမယ်လို့ မိန့်ခဲ့တာလေ၊ ဘာဖြစ်လို့ အခုလိုမျိုး... အခုလိုမျိုး..."
အဲဒီလို ပြောရင်း သူက နောက်တစ်ခါ ရှိုက်ကြီးတငင် ငိုပြန်တယ်။ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်လောက်အောင် ဝမ်းနည်းနေပုံပဲ။ ဧကရာဇ်သစ်က သူ့မျက်နှာပေါ်က အမူအရာတွေကို သေသေချာချာ အကဲခတ်နေတယ်။ သူ့ဝမ်းနည်းတာက ဟန်ဆောင်တာနဲ့ မတူတာကို မြင်ရတော့မှပဲ၊ ဧကရာဇ်သစ်က ရင်ထဲမှာ စိတ်အေးသွားရတယ်။ အဲဒီအချိန်ကစပြီး၊ ကျားချန်ဧကရာဇ် ပျောက်သွားတဲ့ ကိစ္စက ဒီလူနဲ့ ဆိုင်၊ မဆိုင် ဆိုတဲ့ နောက်ဆုံး သံသယကတော့ လုံးဝပျောက်သွားပါတော့တယ်။
သူ့မျက်နှာမှာ ပိုပြီး နူးညံ့တဲ့ အမူအရာတွေ ရှိလာပြီး ဆိုလိုက်တယ်။ "အမတ်မင်းရွှီ အနေနဲ့ အရမ်းကြီး ဝမ်းနည်းမနေပါနဲ့ဦး၊ အမတ်မင်း စူးကျိုး ကို သွားရတာလည်း အလွန် ပင်ပန်းခဲ့ပါပြီ၊ အရင်ဆုံး အိမ်ပြန်ပြီး အနားယူပါဦး၊ နောက်ပိုင်း ကိစ္စတွေကိုတော့ ဖြည်းဖြည်းချင်းပဲ စီစဉ်ကြတာပေါ့"
"မရပါဘူး၊ ကျွန်တော်မျိုး ကွယ်လွန်သူ ဧကရာဇ်အတွက် ဝိညာဉ် စောင့်ကြပ် ပေးချင်ပါတယ်" ဆိုပြီး ရွှီထင်းရှန်းက ဝိညာဉ်ခုံရှေ့ သွားပြီး တိုက်ရိုက် ဒူးထောက်လိုက်တာ၊ လုံးဝ ပြန်မယ့် ပုံစံ မဟုတ်ဘူး။ ဧကရာဇ်သစ်ရဲ့ မျက်နှာ ခဏတောင့်သွားပြီးမှ ပြောလိုက်တယ်။ "အမတ်မင်းရွှီ အနေနဲ့ ဘာလို့ ဒီလောက်အထိ လုပ်နေရတာလဲ၊ အမတ်မင်း အခုလို လုပ်တာကို ခမည်းတော်လည်း အလိုရှိမှာ မဟုတ်ပါဘူး"
266 07
အဲဒီအချိန်မှာ ဘေးက ကျိန်းအန်းချန်ကလည်း ရှေ့တိုးလာပြီး ဖျောင်းဖျတယ်။ "အမတ်မင်းရွှီ၊ ဧကရာဇ်မင်းမြတ်ရဲ့ ခေါင်းတလားကို ရှို့ဟွမ်းနန်းဆောင် ဆီ ပြောင်းထားပြီးပြီမို့၊ စည်းကမ်းအရ ဘယ်သူမှ လာနှောင့်ယှက်လို့ မရပါဘူး။ အမတ်မင်းက ဖူးချင်တယ် ဆိုလို့၊ ဧကရာဇ်မင်းမြတ် က အရင် သံယောဇဉ်တွေကို ထောက်ပြီး အထူး ခွင့်ပြုပေးခဲ့တာပါ၊ ဒါပေမဲ့ ဒီမှာ ဝိညာဉ် စောင့်နေမယ် ဆိုရင်တော့ ဒါက စည်းကမ်းနဲ့ မညီပါဘူး"
"ဒါဆိုရင် ဆိုလိုတာက ငါ ကွယ်လွန်သူ ဧကရာဇ်အတွက် ဝိညာဉ်တောင် စောင့်ခွင့် မရှိဘူးလို့ ဆိုလိုတာလား" ရွှီထင်းရှန်းက ဘယ်လို စိတ်ဓာတ်တွေ ပြောင်းသွားလဲ မသိဘဲ၊ မျက်ဝန်းတွေ နီပြီး ကျိန်းအန်းချန်ကို စိုက်ကြည့်ကာ အတင်း ပြောတော့တယ်။
"အဲဒီလို ဆိုလိုတာလည်း မဟုတ်ပါဘူး၊ ဒါပေမဲ့..."
"အဲဒီလို လုပ်လို့ ရတယ် ဆိုမှတော့ ကျိန်းမိန်းမစိုးအနေနဲ့လည်း ထပ်ပြီး မတားပါနဲ့တော့”
ဒါကို မြင်တော့ ဧကရာဇ်သစ်နဲ့ကျိန်းအန်းချန်တို့လည်း မတတ်သာဘဲ ပြန်ခဲ့ကြရတယ်။ ဒါပေမဲ့ ရွှီထင်းရှန်းကို အနီးကပ် စောင့်ကြည့်ဖို့ လူတွေကို မှာထားတာကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။ ရွှီထင်းရှန်းက အဲဒီမှာ မစားမသောက်ဘဲ သုံးရက် စောင့်ပြီး၊ နောက်ဆုံးမှာ ဝိညာဉ်ခုံရှေ့မှာ မူးလဲသွားတော့မှ၊ လူတွေက သူ့ကို ရွှီအိမ်တော်ဆီ ပြန်ပို့ပေးခဲ့ကြတော့တယ်။
ဝမ်းနည်းခြင်း ဝတ်စုံတွေ ဝတ်ရတဲ့ ကာလ ဖြစ်နေတုန်းပဲ ဆိုပေမဲ့ တိုင်းပြည်မှာ ဧကရာဇ် တစ်ယောက် မရှိဘဲ တစ်ရက်မှ မနေနိုင်သလို၊ အစိုးရအဖွဲ့ထဲမှာလည်း အလုပ်တွေကို ရပ်ထားလို့ မရပါဘူး။ ဒါကြောင့် ညီလာခံ ကို ကိုးရက် ရပ်ပြီးနောက်မှာ၊ အရာရာက ပုံမှန် ပြန်ဖြစ်သွားတယ်။ ဒါပေမဲ့ အစိုးရ အလုပ်တွေမှာ သုံးတဲ့ တံဆိပ်တော်တွေနဲ့ စုတ်တံတွေမှာတော့ အနီရောင် သုံးခွင့် မရှိဘဲ၊ အားလုံးကို အပြာရောင် ပြောင်းသုံးစေခဲ့တယ်။
ရွှီထင်းရှန်းက အိမ်မှာ တစ်ရက် အနားယူပြီးနောက်၊ အစိုးရအဖွဲ့ထဲ ပြန်ဝင်ခဲ့တယ်။ နေ့တိုင်း ညီလာခံ တက်တာ၊ အလုပ်လုပ်တာတွေက အရင်ကနဲ့ ဘာမှထူးခြားမှု မရှိသလိုပဲ။ တိတ်တဆိတ်မှာတော့ သူ့ကို စောင့်ကြည့်နေတဲ့သူတွေ မုချ ရှိပေမဲ့၊ သူ့ဘက်က တစ်စုံတစ်ရာ ထူးခြားတဲ့ လှုပ်ရှားမှု မရှိလို့၊ ဘယ်သူမှ ဘာမှ မပြောနိုင်ကြပါဘူး။
ဒါ့အပြင် ဘယ်အရာကို 'ထူးခြားတဲ့ လှုပ်ရှားမှု' လို့ ခေါ်မလဲ။ အမတ်တွေကြားမှာ ဆက်ဆံ သွားလာတာက ထူးခြားတဲ့ လှုပ်ရှားမှုလား။ ဒါဆိုရင် အစိုးရအဖွဲ့ထဲက အမတ် အားလုံးမှာ ထူးခြားတဲ့ လှုပ်ရှားမှုတွေ ရှိနေကြပြီ ဖြစ်ရပါမယ်။
အဲဒီနေ့ နံနက်ခင်း ညီလာခံမှာ စောင့်ကြည့်ရေး အရာရှိ မောက်ဝမ်ဟောက် က ရုတ်တရက် သိပ်ကိုနာမည်ကျော်သွားတယ်။ သူက တိန်ကော်ကုန်းရဲ့သား ကျုန်းချင်းရန်ကို စည်းကမ်း ဖောက်ပြီး ကိုယ်လုပ်တော် ယူခဲ့တယ်လို့ လျှောက်တိုင်လိုက်လို့ပဲ။
တာ့ချန်း မင်းဆက်က မင်မင်းဆက်ရဲ့ စည်းကမ်းတွေကို ဆက်ခံထားတာ၊ မင်မင်းဆက် စည်းကမ်းအရ၊ အရာရှိတွေ ကိုယ်လုပ်တော် ယူတာမှာ သတ်မှတ်ချက်တွေ ရှိသလို၊ သာမန် ပြည်သူတွေ ဆိုရင်လည်း အသက် ၄၀ ကျော်တဲ့အထိ သားသမီး မရှိမှပဲ ကိုယ်လုပ်တော် ယူခွင့် ရှိတာလေ။
ဒါပေမဲ့ ဒီလို ကိစ္စတွေက လူတိုင်း သိနေပါလျက်နဲ့ မသိသလို နေကြတဲ့ ကိစ္စတွေပါ၊ ဘယ် ချမ်းသာတဲ့ မိသားစုမှာမှ ကိုယ်လုပ်တော်တွေအများကြီး မရှိဘဲ နေမလဲ၊ ပြည်သူက မတိုင်ရင် အရာရှိက အပြစ်မရှာ ဆိုတဲ့အတိုင်းပေါ့။ အခု မောက်ဝမ်ဟောက်က ဒီကိစ္စကို ထုတ်ပြောလာတော့ အမတ်ကြီးတွေက ဒီလူက အကျင့်ဟောင်း ပြန်ထလာပြန်ပြီဖြစ်ကာ ဧကရာဇ်သစ်ရဲ့ရှေ့မှာ မျက်နှာရအောင် လုပ်ချင်နေတာလို့ ယူဆပြီး၊ သူ့ကို လူပြက် တစ်ယောက်လိုပဲ သဘောထားလိုက်ကြတယ်။
ဒါပေမဲ့ အချို့လူတွေကတော့ ကျုန်းချင်းရန် ရဲ့ အဆင့်အတန်းကို သိတာကြောင့် ဒီကိစ္စက တစ်ယောက်ယောက်ရဲ့ ခိုင်းစေမှုကြောင့် ဖြစ်ရမယ်လို့ ယူဆလိုက်ကြတယ်။ အဲဒါက ဧကရာဇ်သစ်က ဒုတိယမင်းသား အုပ်စုကို စကိုင်ချင်တာ ဖြစ်ရမယ်။ ရာထူးသစ် ရတဲ့သူက အစပိုင်းမှာ အစွမ်းပြလေ့ ရှိတယ် ဆိုတဲ့အတိုင်း၊ သူတို့က မီးရှို့ချင်လို့ မဟုတ်ဘဲ၊ အာဏာကို အမြန်ဆုံး ဆုပ်ကိုင်ချင်လို့ မဖြစ်မနေ လုပ်ရတာ ဖြစ်တယ်။
266 08
ခဏချင်းအတွင်းမှာပဲ ညီလာခံထဲမှာ အခြေအနေတွေက အမျိုးမျိုး ပြောင်းသွားတော့တာပဲ။ တိန်ကော်ကုန်းရဲ့ သားဘက်က စကားပြောပေးသူတွေ ရှိသလို၊ စည်းကမ်း ဖောက်ဖျက်မှုအပေါ် အခြေခံပြီး ပြစ်တင်သူတွေလည်း ရှိနေခဲ့တယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က ဧကရာဇ်သစ်ရဲ့စိတ်နဲ့ ကိုက်ညီနေတယ်။ ပိုတိကျအောင်ပြောရရင် ရန်ချုံဟွာတို့ရဲ့စိတ်နဲ့ ကိုက်ညီနေတာမို့ ထောက်ခံသူတွေ များလှပါတယ်။
ဧကရာဇ်သစ်က အမတ်တွေရဲ့ ဒေါသကို ထောက်ပြီး၊ တိန်ကော်ကုန်းရဲ့ သားကို သုံးလစာ လစာ သိမ်းတဲ့ ပြစ်ဒဏ် ပေးခဲ့သလို၊ စည်းကမ်းနဲ့ မညီတဲ့ ကိုယ်လုပ်တော်တွေကိုလည်း ကိုယ့်နေရပ် ပြန်ပို့စေခဲ့တယ်။ အကျိုးအကြောင်းအရ ဆိုရင် ဒီလောက်နဲ့ပဲ ကိစ္စက ပြီးသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လုပ်တော် ယူတာက သေးတဲ့ ကိစ္စပဲမို့၊ အတည်တကျ အပြစ်ရှာနေဖို့ မလိုလို့ ဖြစ်တယ်။ အကယ်လို့သာ သေသေချာချာ စစ်မယ် ဆိုရင်၊ ညီလာခံက အမတ် အများစုက စည်းကမ်း ဖောက်နေကြသူတွေချည်းပဲ မဟုတ်လား။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ၊ မောက်ဝမ်ဟောက်က နောက်ထပ် ထိတ်လန့်စရာ စကားတွေကို ပြောလာပြန်တယ်။ သူက ယဲ့ကျွိနဲ့ တခြားအမတ်အချို့ဟာ ကြီးကျယ်တဲ့ စာမေးပွဲကြီး ပြီးသွားပါလျက်နဲ့ အပြင်မှာ အချိန်ဆွဲနေပြီး မြို့တော်ကို ပြန်မလာကြကြောင်းကိုပါ တိုင်လိုက်တာ ဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ သူက ရှည်လျားတဲ့ ပြစ်တင် ဝေဖန်မှုတွေကိုပါ ပြောလိုက်တော့တယ်။
ကွယ်လွန်သူ ဧကရာဇ်က အဲဒီသူတွေအပေါ် ထားတဲ့ တန်ဖိုးထားမှုတွေကနေ စပြောပြီး၊ ပြောလေလေ ဒေါသထွက်လေလေ ဖြစ်ကာ၊ နောက်ဆုံးမှာတော့ သစ္စာမရှိ၊ အကျိုးအကြောင်း မသိ၊ ကျေးဇူးကန်းတယ် ဆိုတဲ့ အဆင့်အထိ ပြောလိုက်တော့တယ်။ ဒါ့အပြင် သူက ရှေးအရင်ကတည်းက ရှိနေတဲ့ မကောင်းတဲ့ အလေ့အထတွေကိုပါ ထုတ်ပြောခဲ့တယ်။ ဥပမာ မြို့တော်က အရာရှိတွေ အပြင်ကို အလုပ်ထွက်တဲ့အခါ၊ ဒေသခံ အရာရှိတွေက ကိုယ့်ရာထူးတိုးဖို့ အတင်း မြှောက်ပင့်ပြီး၊ ကြီးကျယ်တဲ့ စားသောက်ပွဲတွေ လုပ် ဧည့်ခံလေ့ ရှိကြတာမျိုးပေါ့။
စာစစ်အရာရှိတွေ အနေနဲ့၊ စာမေးပွဲကျောင်းဆောင် ထဲမဝင်ခင်မှာ ဒေသခံ အရာရှိတွေနဲ့ တွေ့ခွင့် မရှိပေမဲ့၊ စာမေးပွဲကြီး ပြီးတဲ့ အခါမှာတော့ တွေ့လို့ မရဘူးလို့ ဘယ်သူမှ မသတ်မှတ်ထားဘူးလေ။ အဓိက စာစစ်အရာရှိ ဖြစ်နိုင်သူတွေက အစိုးရအဖွဲ့ထဲက အရေးကြီးတဲ့ အမတ်ကြီးတွေပဲ၊ ဒေသခံ အရာရှိတွေက ရာထူးတိုးဖို့ အဲဒီသူတွေကို အကျိုးအမြတ်တွေ ပေးကြစမြဲပါ။ ဟန်လင်းကျောင်းတော် ထဲမှာတင် ဒီလို ဆိုရိုးတစ်ခု ရှိနေခဲ့တယ်။ အဲဒါက မြို့တော်က ထွက်ပြီး စာစစ်အရာရှိ လုပ်တာက အကျိုးအမြတ် များတဲ့ အလုပ် ဖြစ်ပြီး၊ အဓိက ဖြစ်စေ၊ ဒုတိယ ဖြစ်စေ၊ တွဲဖက် ဖြစ်စေ၊ တစ်ခေါက် သွားရုံနဲ့တင် ဟန်လင်းကျောင်းတော်က ဆင်းရဲတဲ့ ဘဝကို နှစ်ပေါင်းများစွာ အေးအေးဆေးဆေး ဖြတ်သန်းနိုင်လောက်အောင် ငွေတွေ ရနိုင်တယ်လို့တောင် ဆိုကြတယ်။
မောက်ဝမ်ဟောက်က အဲဒီမှာ တံတွေးတွေ ပန်းတဲ့အထိ အားတက်သရော ပြောနေခဲ့တယ်။ အထက်မှာတော့ ဧကရာဇ်သစ်ရဲ့မျက်နှာက သိပ်ကိုပျက်နေခဲ့ပြီ။ ကံကောင်းလို့ သူက သိပ်မြင့်တဲ့ နေရာမှာ ထိုင်နေသလို၊ အမတ်တွေကလည်း သူ့မျက်နှာကို တိုက်ရိုက် စိုက်မကြည့်ရဲတာကြောင့်၊ လောလောဆယ်မှာ ဘယ်သူမှ သတိမထားမိကြဘူး။ ရွှီထင်းရှန်းကတော့ ဘာအမူအရာမှ မပြဘဲ၊ ဒီအရာ အားလုံးကို အေးဆေး ကြည့်နေခဲ့တယ်။
မောက်ဝမ်ဟောက် ပြောပြီးသွားတဲ့ အခါမှပဲ၊ သူက ရှေ့ထွက်လာပြီး၊ အထက်ကို ဦးညွှတ် ဂါရဝပြုလိုက်တယ်။ "ကျွန်တော်မျိုး မြို့တော်ပြန်ရောက်တာ မကြာသေးသလို၊ ခဏခဏလည်း အစိုးရ အလုပ်တွေနဲ့ အပြင်ထွက်နေရလို့၊ အမတ်မင်းရဲ့ အကြောင်းတွေကိုတော့ သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ အမတ်မင်းလင်းဟာ ကျွန်တော်မျိုးရဲ့ ဆရာအရင်းမို့၊ ဆရာ့ရဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ရင်တော့ ကျွန်တော်မျိုး အပြည့်အဝ ယုံကြည်ပါတယ်။ ဆရာက အမတ်မင်းမောက် ပြောသလိုမျိုး၊ အကျိုးအမြတ် ရဖို့ အဲဒီဒေသမှာ အချိန်ဆွဲနေမယ့်သူ လုံးဝမဟုတ်ပါဘူး၊ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့်ပဲ ခရီးလမ်း ကြန့်ကြာနေတာ ဖြစ်ပါလိမ့်မယ်။ ဧကရာဇ်မင်းမြတ် အနေနဲ့ သေသေချာချာ စဉ်းစား ချင့်ချိန်ပေးပါ"
"အမတ်မင်းရွှီက အတွင်းရေးတွေကို ဘယ်လိုများ သိနေလို့လဲ၊ အမတ်မင်းလည်း အဲဒီဒေသမှာ ရှိနေခဲ့လို့လား။ အကယ်လို့သာ အစိုးရအဖွဲ့ထဲမှာ နေရပ်တူ၊ ဆရာတူ၊ ဒါမှမဟုတ် စာမေးပွဲတူ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် အာမခံနေကြမယ် ဆိုရင်တော့ ငါတို့ အစိုးရ တစ်ခုလုံးက သန့်ရှင်း ဖြောင့်မတ်နေပြီပေါ့၊ အဲဒီလိုဆိုရင် ငါတို့လို စောင့်ကြည့်ရေး အရာရှိတွေ ရှိနေဖို့ကော လိုဦးမလား" မောက်ဝမ်ဟောက်က ဝတ်ရုံစကို ခါယမ်းပြီး၊ အေးစက်တဲ့ မျက်နှာနဲ့ ကြိမ်းမောင်းလိုက်တယ်။
266 09
ရွှီထင်းရှန်းမှာလည်း သူ့ကို ထောက်ခံတဲ့ အရာရှိ တစ်စု ရှိသလို၊ လင်းမြောင်မှာလည်း အစိုးရအဖွဲ့ထဲမှာ တပည့် သားမြေးတွေအများကြီး ရှိတာမို့၊ ဒီအရာရှိယုတ်က ကိုယ့်ဆရာကို အရှက်ရအောင် ပြောနေတာ မြင်ရတဲ့အခါ၊ အချို့သူတွေက ရှေ့ထွက်ပြီး အဲဒီလူနဲ့ အကျိုးအကြောင်း ငြင်းကြတော့တယ်။ အရင်ဆုံး 'ကောင်းကင်၊ မြေကြီး၊ ဧကရာဇ်၊ မိဘ၊ ဆရာ' ဆိုတဲ့ အမှန်တရားတွေကနေ စပြောသလို၊ လူသားချင်း စာနာမှု အကြောင်းကိုလည်း ဆွေးနွေးကြတယ်။ တစ်ယောက်ယောက်က ဆရာ့အပေါ် ပုပ်ခတ်နေတာကို၊ တပည့်က ရှောင်ဖို့ ဘာမှ မပြောဘဲ နေရမလား၊ အကယ်လို့ ပြောကာကွယ်ပေးရင် မကောင်းသူနဲ့ ပေါင်းသူ ဖြစ်သွားရမလား၊ ဒါဟာ ဘယ်လို အဓိပ္ပာယ်လဲ ဆိုပြီးပေါ့။
ဒါပေမဲ့ မောက်ဝမ်ဟောက်က ရှေးအရင်ကတည်းက နှုတ်ခမ်းထက်သူအဖြစ် နာမည်ကြီးလို့၊ ပြိုင်ဘက် ရှားပါးသူပါ။ အစိုးရအဖွဲ့ထဲ ဆယ်စုနှစ်တွေအများကြီး တည်မြဲနေတာက ကျားချန်ဧကရာဇ်က ဝေဖန်ရေး အရာရှိတွေကို အလေးထားတာကြောင့်တင်မကဘဲ၊ သူ့လျှာက 'နဂါးစမ်းရေဓား' လို ထက်လွန်းလို့ သာမန်လူတွေက သူ့ပြိုင်ဘက် မဟုတ်ကြလို့လည်း ပါတာပေါ့။ တစ်ယောက်ချင်း ငြင်းရာကနေ၊ မကြာခင်မှာ လူအများက သူ့ကို ဝိုင်းပြောလာကြပေမဲ့ သူက တစ်ချက်မှ နောက်မဆုတ်ဘဲ ဆက်ပြီး တိုက်နေခဲ့တယ်။ ခဏချင်းမှာပဲ ညီလာခံ တစ်ခုလုံး ရှုပ်သွားပြီး၊ ဒီစာပေပညာရှင် အမတ်ကြီးတွေ ဆဲဆို ငြင်းနေကြတာ လက်လှုပ်ရှားဖို့ပဲ ကျန်တော့သလိုမျိုး ရှိနေခဲ့တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် "လက်နှစ်ဖက်က လက်လေးဖက်ကို မယှဉ်နိုင်" ဆိုသလိုပဲ၊ အဲဒီအချိန်မှာ မောက်ဝမ်ဟောက်က သူ့ရဲ့ အစွမ်းထက်ဆုံး နည်းဗျူဟာကို သုံးလိုက်တော့တယ်။ အရင်ဆုံး သူက ကိုယ့်ကို လူအများက ဝိုင်းတိုက်ခိုက်နေတယ်လို့ ဝမ်းနည်း ပူဆွေးစွာ အော်ပြီး၊ ဧကရာဇ်သစ်အနေနဲ့ ကိုယ့်အတွက် တရားမျှတအောင် လုပ်ပေးမလားလို့ မေးလိုက်တယ်။ ဧကရာဇ်သစ်က သူ့အတွက် ဘယ်လို တရားမျှတအောင် လုပ်ပေးနိုင်မလဲ၊ သူက လင်းမြောင်တို့ မြို့တော် ပြန်မလာတာကိုပဲ အလိုရှိနေတာလေ။ ဒါပေမဲ့ သူက ခဏ တွန့်ဆုတ်နေတုန်းမှာပဲ ဒီမောက်ဝမ်ဟောက်က ရုတ်တရက် အသံကျယ်ကြီးနဲ့ အော်လိုက်တယ်။ "အမှန်တရားအတွက်ဆိုရင် အသက်ကို စွန့်ဝံ့ရမယ်၊ ယနေ့ ငါမောက်ဝမ်ဟောက်က ဧကရာဇ်မင်းမြတ်ကို သေခြင်းတရားနဲ့ သတိပေးပါ့မယ်။ ကျွန်တော်မျိုးတို့ရဲ့ ဧကရာဇ်အနေနဲ့ အမြင်အာရုံတွေကို အမြန်ဆုံး ရှင်းလင်းပြီးတော့ လူယုတ်မာတွေရဲ့ လှည့်ဖြားတာကို မခံရပါစေနဲ့တော့" ပြောပြီးတာနဲ့၊ သူက တိုင်လုံးကြီး တစ်ခုဆီကို ခေါင်းနဲ့ တိုက်ဖို့ အရှိန်နဲ့ ပြေးဝင်သွားပါတော့တယ်။
******